← Chapters

အခန်း (၁-၁၀)

Vol. 4 Ch. 1-10

အခန်း (၁-၁၀)

Vol. 4 Ch. 1-10

Vol 4- ထီးနန်း, အခန်း ၁။ မူမမှန်မှုများ

နယ်မြေသစ်ကြီး ပြက္ခဒိန်၏ ၃၇၈၃ခုနှစ်မှာ တစ်ပတ်တာ ကုန်လွန်သွားပြီး လေအေးအေးက သေမင်းတောင်တန်းများတစ်လျှောက် ဖြတ်တိုက်သွားသည်။

နှင်းထူထူများက မနက်ခင်းကတည်းက ကျဆင်းနေကာ မွန်းတည့်ချိန်ထိတိုင် ရပ်တန့်ခြင်း အလျဉ်းမရှိပေ။

ကောင်းကင်တစ်ခွင်လုံးမှာ ဆီးနှင်းဖြူရောင်ခြယ်လျက် စစ်မီးလျှံတို့ကြောင့် လောင်ကျွမ်းခဲ့သော ကျတ်တီးမြေကို ဖုံးလွှမ်း ဖုံးအုပ်ထားရုံမျှမက သွေးရောင်များကလည်း ကွင်းပြင်၌ စွန်းထင်နေလေသည်။ ၎င်းက သေမင်းတောင်တန်းများအား ဆီးနှင်းနှယ် ဖြူလွင်နေစေ၏။

သွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူး ချာလွန်လီနီယာက နှင်းများထဲရှိ တောင်တန်းအသွယ်သွယ်တို့၏ ဝေဝါးဝါးအသွင်ကို ကြည့်ရှုနေသည်။ သူ့အားလည်း ဆီးနှင်းများဖြင့် ဖုံးလွှမ်းလျက်နှင့် နှင်းလူသာ အဖြစ်ပြောင်းလဲသွား၏။

သူ့အနေနှင့် အဝေးရှိ သေမင်းတောင်တန်းများကို ဤဆီးနှင်းများကြောင့် ရှင်းလင်းစွာ မမြင်နိုင်သော်လည်း လီနီယာမှာ ၎င်းအား မြောက်ဘက်စစ်တပ်၏ တပ်သားများက ကာကွယ်ထားကြောင်း သိပေသည်။

၎င်းတို့က မြောက်ဘက်စစ်တပ်ကို စောင့်ကြည့်နေသလို မြောက်ဘက်စစ်တပ်ကလည်း ၎င်းတို့၏ သေမင်းတောင်တန်းကို ပြန်လည်တိုက်ခိုက်ယူခြင်း ဖြစ်မလာရန် စောင့်ကြည့်နေကြ၏။

ထိပ်တိုက်ရင်ဆိုင်ခြင်းက ယခင်နှစ် မြောက်ဘက်စစ်တပ်မှ သေမင်းတောင်တန်းများကို အရယူလိုက်ကတည်းက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

နှစ်ဘက်စလုံးက ပြန်လည်ဆုတ်ခွာရန် ဆန္ဒမရှိကြချေ၊ အကြောင်းမှာ ၎င်းတို့ ဆုတ်လိုက်သည်နှင့် နယ်စပ်အား တစ်ဘက်စစ်တပ်သို့ ပေးသလိုဖြစ်သွားနိုင်ပြီး အကျိုးဆက်ကို မခန့်မှန်းနိုင်ပေ။

သို့သော် ဤရာသီဥတုမျိုးတွင် နှစ်ဘက်စလုံး တိုက်ခိုက်ခြင်းမပြုနိုင်လေရာ ရှားရှားပါးပါး ငြိမ်းချမ်းမှုမျိုးကို ခံယူနေကြလေ၏။

သို့သော် လီနီယာက ဤ ငြိမ်းချမ်းရေးကို စိတ်တိုင်းမကျချေ။

ယခုတွင် ဆယ်နှစ်ကြာမျှ စခ်တိုင်းပြည်မှ ထိန်းချုပ်ခဲ့သည့် သေမင်းတောင်တန်းများ ယူဆောင်ခံခဲ့ရရာ စခ်တိုင်းပြည်ရှိ လူများစွာက လီနီယာ၏ တပ်မှူးနေရာကို အစားထိုးဖို့ တောင်း‌ဆိုနေကြသဖြင့် လီနီယာလည်း ဤအတောအတွင်း ပြုသမျှနုနေရသည်။

သို့သော် သူ မည်မျှ ခံနေရသည်နှင့် စာလျှင် လီနီယာပိုဂရုစိုက်သည်မှာ သေမင်းတောင်တန်းများကို ဆုံးရှုံးလိုက်ခြင်းကြောင့် ရလာသည့် အရှက်တရားပင်။

စစ်သားတစ်ဦးအနေဖြင့် သူ၏ တာဝန်ကို မထမ်းရွက်နိုင်သည်က လီနီယာအတွက် မျက်နှာကို အညှာအတာမဲ့ ရိုက်ချလိုက်ခြင်းဖြစ်သည်။

သေမင်းတောင်တန်းများထံ ကြည့်လိုက်ချိန်တိုင်း သူ၏ မျက်နှာကစပ်ဖျင်းဖျင်းဖြစ်လာကာ စိတ်နှလုံးထဲ၌ ဒေါသမီးလျှံများ ပေါ်ထွက်လာရသည်။

သို့ရာတွင် မြောက်ဘက်စစ်တပ်က ပြသခဲ့သည့် တိုက်ပွဲအင်အားကို စဉ်းစားမိချိန်တွင် လီနီယာ၏ ခေါင်းပေါ်သို့ ရေခဲရေတစ်ပုံးလောင်းချလိုက်သလို တမုဟုတ်ချင်း ငြိမ်သက်သွား၏။

မြောက်ဘက်စစ်တပ်ထံ၌ ယခင်ကကဲ့သို့ တိုက်ပွဲအင်အားမျိုးရှိပါကာ သွေးဆာဝံ‌ပုလွေတပ်ရင်းကလည်း မပြောင်းလဲပါလျှင် ၎င်းတို့ တစ်ဖန်ပြန်တိုက်ခိုက်ပါက သွေးဆာဝံပုလွေတပ်ရင်းက အနိုင်ရမည်မှာ သံသယပင်မလိုကြောင်း သေချာသိလေ၏။

လမ်ပူရီတိုင်းပြည်‌ မြောက်ဘက်စစ်တပ်မှာ နှစ်ဝက်အတွင်းတွင် စခ်တိုင်းပြည်ထံ မချဉ်းကပ်ခဲ့ခြင်းကြောင့် လီနီယာမှာ ၎င်းတို့အနေနှင့် သွေးဆာဝံပုလွေတပ်ရင်းကို ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံအာဏာ၌ ကွာခြားမှုကို ကြောက်ရွံ့ခြင်းဟု ပြောနိုင်ပါ၏။

သို့သော် ၎င်းကို ပိုသိလေ လီနီယာမှာ ပိုမို ရှက်ရွံ့လေဖြစ်သည်။

"စောင့်နေလိုက်၊ ငါ သေမင်းတောင်တန်းတွေကို ပြန်ယူနိုင်မယ့် နေ့တစ်နေ့ရောက်လာလိမ့်မယ်!"

သူ၏အစောင့်များထံမှ တိုက်တွန်းမှုကြောင့် လီနီယာလည်း နှာမှုတ်ကာ တောင်တန်းများကို နောက်ဆုံးတစ်ချက်ကြည့်၍ တဲဆီ ပြန်လှည့်လာလိုက်သည်။

သူ၏ ကိုယ်ပေါ်မှ နှင်းများကို ခါချလိုက်ချိန်တွင် တဲရွက် တစ်ဖန်ပွင့်သွားကာ လီနီယာအား မနေနိုင်လောက်အောင် ခိုက်ခိုက်တုန်စေသည့် အေးစိမ့်မှုတစ်ခု ဝင်ရောက်လာသည်။

သူလှည့်အော်လိုက်ချိန်၌ ၎င်းက သူ၏ ခေါင်းဆောင်အရာရှိ အိုင်ဗီဂျောင်ဖြစ်ကြောင်းသိလိုက်ရတော့သည်။ လီနီယာလည်း ချက်ချင်း ပြောင်းကာ မေးခွန်းမေးလိုက်၏။

"ဘာများလဲ? အလျင်လိုလို့လား?"

အိုင်ဗီဂျောင်က လက်များကို ပွတ်ရင်း လုံးဝ စိုးရိမ်ပူပန်နေဟန်မရှိဘဲ အနည်းငယ် ရွှင်ပျဟန်ပေါ်နေသည်။

သူ၏ လက်များအား တဲထဲရှိ မီးဖြင့် အနွေးဓာတ်ပေးပြီးနောက်တွင် စာရွက်ထုပ်တစ်ထုပ်ကို ဂရုတစိုက်ထုတ်ကာ လီနီယာကို ပေးလာ၏။

လီနီယာလည်း ၎င်းကို သံသယအပြည့်ဖြင့်ကြည့်လိုက်ရာ မြေပုံပေါ်ရှိ အထူးအဆန်းပုံများက စက်တချို့ကို ဒီဇိုင်းဆွဲထားကြောင်း ပေါ်လွင်နေသည်ကို တွေ့ရလေသည်။

"ဒါကဘာလဲ?"

ဂျောင်က ရယ်ကာ၊ "မင်း အကြာကြီးစောင့်နေတဲ့ဟာလေ။"

လီနီယာ၏ မျက်လုံးများတောက်ပသွားကာ၊ "မှော်အမြောက်ရဲ့ မူကြမ်းလား?"

"အမှန်ပဲ"

ဂျောင်၏ အဖြေကိုကြားသော် လီနီယာမှာ ၎င်းတို့ကို အလျင်အမြန် လှန်လှောကာ ဂရုတစိုက် ဖတ်ရှုလိုက်သည်။

သို့သော် ၎င်းနှင့်ပတ်သက်ပြီး မည်သည်မှမသိလေရာ အာရုံစိုက်ထားပါလျှင်တောင် နားမလည်နိုင်ချေ။

သို့ရာ၌ အနှီဒီဇိုင်းများထံမှ သဲလွန်စတစ်ချို့ကို တွေ့နိုင်ပြီး မူကြမ်းထက်ရှိ အရာက ယခင်နှစ်က မြောက်ဘက်စစ်တပ် ယူဆောင်လာသည့် သွေးဆာဝံပုလွေတပ်ရင်းကို နာကျင်ခံစားရစေပြီး ၎င်းတို့၏ လမ်းကြောင်းကို ပြိုလဲစေခဲ့သည့် မှော်အမြောက်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သည်။

"ဘယ်ကနေရခဲ့တာလဲ?" လီနီယာက မေးလေသည်။

"စစ်ဌာနချုပ်က လမ်ပူရီတိုင်းပြည်ဆီကနေ ရခဲ့တာပဲ၊ ငါက မင်းအတွက် မိတ္တူတစ်ခု ဝယ်လာရုံတင်။" ဂျောင်က လီနီယာ၏ လက်ထဲမှ ထိုအရာကိုယူ၍ ဂရုတစိုက် ချထားလိုက်သည်၊ "ဒါကို ရဖို့ စစ်ဌာနချုပ်က ဈေးနှုန်းမြင့်မြင့်ပေးခဲ့ရတယ်။ မင်းအတွက် မိတ္တူယူဖို့တောင် အတော်အားထုတ်လိုက်ရတာ။"

လီနီယာလည်း အတန်ငယ် အံ့ဩသွားသည်၊ "စစ်ဌာနချုပ်က တကယ်ကောင်းတာပဲ။ ဒီလိုအရေးကြီးတဲ့အရာမျိုးကို လမ်ပူရီတိုင်းပြည်မှာ စည်းကမ်းကြပ်ပြီး ကာကွယ်ထားမှာပဲ၊ သူတို့ ဘယ်လိုရခဲ့တာများလဲ?"

ဂျောင်က ရယ်သည်၊ "သူတို့ ဘယ်လိုရတယ်ဆိုတာ ငါတို့ ဂရုမစိုက်ဘူး။ ငါမင်းကို သတင်းကောင်းတချို့ပြောချင်တယ်၊ ဘုရင်ကြီးက ဒီဟာကို မြန်မြန်လေ့လာဖို့ အမိန့်ပေးလိုက်တယ်လေ။ ငါ့အထင် ငါတို့ဆီမှာလည်း မှော်အမြောက်တွေရှိဖို့ သိပ်မကြာလောက်တော့ဘူး။"

လီနီယာ၏ မျက်နှာထက်၌ ရွှင်ပျဟန်ရှိမနေဘဲ မျက်ခုံးများကိုသာ တွန့်ချိုးလိုက်သည်။

"ကျွန်တော်က ခင်ဗျားလို အကောင်းမမြင်တတ်ဘူး။ နိုင်ငံရဲ့ မှော်ဌာနက လူတွေလည်း အရင်က ဒါကို လေ့လာပြီးပြီလေ၊ အဆုံးကျတော့ရော? သူတို့တွေ လူအတော်များများကို သေလောက်အောင် ဖောက်ခွဲမိခဲ့တယ်မဟုတ်လား! ဒီမူကြမ်းနဲ့တောင် ဒါကို သူတို့လုပ်နိုင်မယ်လို့ ကျွန်တော်မထင်ဘူး။"

"မလုပ်တာထက် ကြိုးစားကြည့်တာကပိုကောင်းတယ်လေ။" ဂျောင်က ခေါင်းခါသည်၊ "မဟုတ်ရင် အဲဒီ့ မြောက်ဘက်စစ်တပ်ကကောင်တွေကို တိုက်ခိုက်ရင်တောင် အနိုင်ရမယ်ထင်လို့လား?"

လီနီယာ၏ မျက်နှာက မှုန်မှိုင်းသွားကာ တစ်အောင့်ကြာပြီးနောက်တွင် တဖြည်းဖြည်း သက်ပြင်းချ၍ ခေါင်းခါပြ၏။

"ဒီပစ္စည်းတွေက အရမ်းအားကောင်းလွန်းတယ်၊ ကျွန်တော်တို့ တားနိုင်မှာမဟုတ်ဘူး။ ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့သာ ကျွန်တော်တို့ စခ်တိုင်းပြည်မှာရှိရင် ကျွန်တော်တို့တွေ လမ်ပူရီတိုင်းပြည်ကို အနိုင်ယူလောက်ပြီးပြီလို စဉ်းစားမိတဲ့ အချိန်များစွာရှိတယ်။ ဘယ်လိုလုပ် ဒီလိုနာကျင်ခံစားနေရဦးမှာလဲ။"

"အဲ့ကောင်က လမ်ပူရီတိုင်းပြည်က ဖြစ်နေတာဆိုးတာပဲ။" ဂျောင်က သက်ပြင်းချကာ ပြောသည်၊ "ဒါပေမယ့် ရပါတယ်၊ မှော်ဌာနရဲ့ အစီရင်ခံစာအရ သူတို့ရဲ့ မူကြမ်းနဲ့အတူတိုးတက်မှုက အရမ်းကို ချောမွေ့ပြီး သတင်းကောင်းစောင့်နေဖို့ပဲ လိုတယ်တဲ့လေ။"

လီနီယာက အေးစက်စက်နှာမှုတ်လေ၏၊ "ဒါဆို ကျွန်တော်တို့ကို ဘယ်လောက် ကြာအောင် စောင့်စေချင်တယ်ဆိုတာရော ပြောလိုက်ရဲ့လား? မမေ့နဲ့ဦး၊ တခြားဘက်က မြောက်ဘက်စစ်တပ်ကို လက်ရှိမှာ ဦးဆောင်ထားတာ အကြီးဆုံးမင်းသား အဲရစ်ဆိုတဲ့ သတင်းတွေရှိတယ်နော်။ အဲ့ကောင်လေးက ထီးနန်းအရယူဖို့ စစ်ဘက်ကို အမြတ်ထုတ်ချင်နေတာကြောင့် ကျွန်တော်တို့ စခ်တိုင်းပြည်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပဲ။ ဆောင်းရာသီကုန်လွန်သွားတာနဲ့ အဲ့ကောင်လေး မစောင့်နိုင်လောက်တော့ဘူးလို့ ထင်မိတယ်။ သူတို့ကို ခုခံဖို့ ကျွန်တော်တို့ဆီမှာ လက်နက်တစ်ခုမှ မရှိသေးရင် ဒီတိုင်းစောင့်ပြီး ကျွန်တော်တို့နိုင်ငံဆီ လာတိုက်မှာကိုပဲ ကြည့်နေရမှာလား?"

ဂျောင်က တစ်ချက်ရယ်၏၊ "မင်း ဒါကို စိုးရိမ်ဖို့မလိုပါဘူး။ စစ်ဌာနချုပ်က သတင်းတွေအရ ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းက ဆယ်ဗီနီကို ထောက်ခံတာကြောင့် မင်းသားလေးအဲရစ်က သူနဲ့ စည်းတားထားတယ်တဲ့လေ။ သူက Frestech ကုန်သည်ကြီးများအသင်း ဆီကနေ ဘာစစ်သုံးမှော်စက်ကိုမှ မဝယ်ခဲ့တော့ မြောက်ဘက်စစ်တပ်လည်း အရင်နှစ်ကလို အားမကောင်းနေပါဘူး။"

လီနီယာက မျက်မှောင်ကုပ်ကာ ခေါင်းခါသည်၊ "အဲ့ကောင်လေး ဘာတွေစဉ်းစားနေမှန်း ကျွန်တော်တကယ် မသိတော့ဘူး။ သူက အဲဒီအဆင်ပြေတဲ့ စစ်သုံးမှော်စက်တွေကို မသုံးဘဲနဲ့ ကျွန်တော်တို့ရဲ့ သွေးဆာဝံပုလေတပ်ရင်းကို အနိုင်ယူနိုင်မယ်လို့ အဲ့ကောင်လေးထင်နေတာလား?"

"မင်းသူ့ကို အထင်သေးလို့မရဘူး။" ဂျောင်က လေးနက်စွာ ပြော၏၊ "လမ်ပူရီတိုင်းပြည်မှာ သူ့ကို ထီးနန်းအတွက် ထောက်ခံနေတဲ့ မျိုးရိုးမြင့်တွေ အတော်များများရှိတော့ ငါတို့ စခ်တိုင်းပြည်အပေါ်တိုက်ခိုက်မှုမှာ အတော်လေး ထောက်ပံ့ထားကြတယ်။ ဒါကြောင့် ဒီတစ်ခေါက် ငါတို့ရင်ဆိုင်ရမယ့် မြောက်ဘက်စစ်တပ်က အကောင်းဆုံးထောက်ပံ့မှုတွေနဲ့တစ်ခုဖြစ်တာကြောင့် သူတို့ကို တိုက်ပွဲအင်အားမှာ အထင်သေးလို့မရဘူး။"

"သူတို့ဆီမှာ စစ်သုံးမှော်စက်တွေ မရှိသရွေ့ မြောက်ဘက်စစ်တပ်ကို ကျွန်တော် မစိုးရိမ်ပါဘူး။" လီနီယာက အထင်အမြင်သေးဟန် ပြလာကာ၊ "ပြောရမယ်ဆိုရင် မြောက်ဘက်စစ်တပ်ကကောင်တွေဟာ သူတို့ရဲ့ ဝမ်းစာဖြည့်ပြီး‌ အဝတ်နွေးနွေးတွေကို ဝတ်ပြီးနောက်မှာ ပိုလို့တောင် အားနည်းလာဦးမယ်။ ငတုံးမင်းသားကိုပါ ထည့်ပေါင်းလိုက်တော့ သူတို့ အင်အားပိုကောင်းလာရင် ထူးဆန်းနေလိမ့်မယ်။"

"ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ။" ဂျောင်က ဆိုသည်။

"ဒါပေါ့ ကျွန်တော်သိပါတယ်။" လီနီယာက ခေါင်းငြိမ့်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူက ရုတ်တရတ် ပြောလာ၏၊ "တကယ်တော့ စစ်ဌာနချုပ်က အဲ့ကောင်လေး ရှုယီကို ရှင်းဖို့ နည်းလမ်းတစ်ခုရှာဖို့ ကျွန်တော် အခိုင်အမာ အကြံပြုတယ်။ အဲ့ကောင်လေးက အကြီးမားဆုံး မူမမှန်မှုပဲ။ သူသာ ပိုစွမ်းအားကြီးတဲ့ စစ်သုံးမှော်စက်တွေ ဖန်တီးလိုက်ပြီး လမ်ပူရီတိုင်းပြည်ရဲ့လူတွေကလည်း အဲဒီမင်းသားအဲရစ်လို မတုံးအရင် ကျွန်တော်တို့ရဲ့ အခြေအနေက တကယ်ဆိုးလိမ့်မယ်။"

"ဒါက မကောင်းဘူး။" ဂျောင်က ခေါင်းခါသည်၊ "စစ်ဌာနချုပ်က သူဟာ တန်ဖိုးကြီးတယ်လို့ ထင်နေကြတော့ ငါတို့သာ သူနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ ထုတ်လုပ်ထားတဲ့ အရာတွေကို ငါတို့လက်တွေထဲ ရအောင်ယူမယ့်နည်းလမ်းတစ်ခုလောက်ရှာနိုင်ရင် ငါတို့ စခ်တိုင်းပြည်အတွက် အကျိုးအမြတ်ကြီးဖြစ်မှာပဲ။ မင်းနားလည်ထားရမှာက၊ ငါတို့ စခ်တိုင်းပြည်ရဲ့ ပစ်မှတ်က လမ်ပူရီတိုင်းပြည်တင်မကဘူး။"

လီနီယာက တွေးဆဆဖြင့် မျက်မှောင်ကုပ်ပြီးနောက် သက်ပြင်းချကာပြောသည်၊ "ခင်ဗျားရဲ့ စကားက အကျိုးအကြောင်းညီတာတော့ နားလည်ပေမယ့် ကျွန်တော်ကတော့.... ဒီကောင်လေးကို အသက်ရှင်ခွင့်ပေးထားရင် အဆုံးမှာ ကျွန်တော်တို့ရဲ့ ကိစ္စတွေကို ဖျက်ဆီးနိုင်တယ်လို့ ခံစားမိတယ်။ အဆုံးမှာ..... ကျွန်တော်တို့ စခ်တိုင်းပြည်ကို လမ်ပူရီတိုင်းပြည်က အနိုင်ယူလိုက်နိုင်လိမ့်မယ်....."

ဂျောင်က ရယ်ရင်း လီနီယာ၏ ပခုံးကို ပုတ်လိုက်သည်၊ "တွေးတာအရမ်းများနေပြီ။ လမ်ပူရီတိုင်းပြည်ရဲ့ နိုင်ငံအင်အားက ငါတို့ စခ်တိုင်းပြည်ထက် အများကြီးဆိုးဝါးတယ်။ ပြီးတော့လည်း သူတို့‌ရဲ့ နောက် အုပ်ချုပ်သူကို မဆုံးဖြတ်ရသေးတော့ နိုင်ငံက မတည်ငြိမ်သေးဘူးလေ။ ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့က မူမမှန်မှုတွေဆိုရင်တောင် သူတို့က ငါတို့ကို ဘာခြိမ်းခြောက်မှုပေးနိုင်မှာလဲ? မပြောနဲ့ဦး.... စစ်ဌာချုပ်ကလည်း အဲ့ကောင်လေးရှုယီကို စပြီး စောင့်ကြည့်နေပြီဆိုတော့ သူ့အနေနဲ့ ငါတို့ မျှော်လင့်မထားတဲ့ ဘယ်လိုအသစ်အဆန်းမျိုးကို စဉ်းစားနိုင်လောက်ဦးမလဲဆိုတာ မသိသေးဘူး။"

လီနီယာက တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် အသာခေါင်းငြိမ့်လာသည်။

"ဒီလိုဖြစ်ဖို့ မျှော်လင့်ပါတယ်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂။ အိမ်အသစ်

မှော်ကားတစ်စီးမှာ ဆန်ဒီမြစ်အထက်၌ အသစ်တည်ဆောက်ထားသော မီတာတစ်ရာရှည်ကာ ဆယ်မီတာကျယ်သည့် အားဖြည့်ကွန်ကရစ်တံတားကို ဖြတ်မောင်းကာ ဘန်တာမြို့တော် မြောက်ဘက်ဂိတ်ထံမှ နှစ်ကီလိုမီတာအဝေးရှိ အသစ်ဆောက် စစ်ဆေးရေးနေရာသို့ ရောက်လာသည်။

ဆယ်ဗီမှာ ပြာလဲ့လဲ့တောက်ပနေသော မျက်လုံးကျယ်ကျယ်များဖြင့် ပြတင်းအပြင်ကို ကြည့်နေသည်။ဤနေရာ၌ လူများစွာရှိသော်လည်း အင်မတန် သပ်ရပ်ပုံပေါ်ပြီး စည်းမဲ့ကမ်းမဲ့လုံးဝဖြစ်မနေရာ သူ့အား စိတ်လလှုပ်ရှားဟန် ရှိနေစေသည်။

မြောက်ဘက်ရှိ သူ၏ ဇာတိမြေမှလာခဲ့သည်မှာ လေးရက်ကြာခဲ့ပြီ။ ပထမဆုံး ၎င်းတို့မှာ မြင်းလှည်းတစ်စီးကို စီးပြီးနောက်မှ မှော်ကားတစ်စီးပြောင်းစီးခဲ့သည်။ ၎င်းတို့မှာ သူ၏ အစ်မကြီး အကြိမ်များစွာ ပြောပြခဲ့သော ဘန်တာမြို့တော်ထံရောက်ရန် ကီလိုမီတာတစ်ထောင်ကျော် ခရီးနှင်ခဲ့ရသည်။ ဆယ်ဗီမှာ ဤနေရာ၌ ကျင့်သားမရနိုင်မည်ကို စိုးရိမ်နေလေ၏။

သို့သော် ခမ်းနားသော တံတားကြီးအား ဖြတ်လာပြီးသည်နှင့် သူ၏ လောကအမြင်က ကျယ်ပြန့်လာကာ ဤသို့သော မြို့တစ်မြို့ကို လာရသည်က အင်မတန် ကံကောင်းလှသည်ဟု ခံစားမိသည်။

သူ ထွင်းဖောက်မမြင်နိုင်သလို ယခင်က စိတ်မကူးခဲ့ဖူးသည့် စစ်ဆေးရေးနေရာကိုမြင်ကာ မှော်ကားများက ၎င်းနေရာမှ ဝင်ချည်ထွက်ချည်ပြုနေသည်ကို မြင်သော် ဆယ်ဗီလည်း ယင်း ဘန်တာမြို့တော်က တကယ်ကို သူ၏ အစ်မကြီးပြောသည့်အတိုင်း အခြားမြို့များအား များစွာ ကျော်လွန်၍ အတိုးတက်ဆုံးဖြစ်နေသည်ဟု ခံစားမိသွားသည်။

ယမန်နေ့ညက အန်ဗီမာမြို့တော်၌ နေခဲ့ရခြင်းက ပို၍ ဇိမ်ကျသည်ဟု ဆယ်ဗီ ထင်ပါလျှင်တောင် ယခု သူမြင်တွေ့နေရသည့် ဘန်တာမြို့တော်ကဲ့သို့ အံ့ဩဖွယ်ကောင်းရန် လိုအပ်နေသေးသည်။

နေရာအနှံက လမ်းများဖြစ်စေ ထိုလမ်းများထက် မောင်းနှင်နေသည့် မှော်ကားများဖြစ်စေ ၎င်းတို့က ဤနေရာမှာ တခြားမြို့များနှင့် ကွာခြားကြောင်းပြသနေလေသည်။

ဆယ်ဗီ ခံစားမိသည်မှာ ဤနေရာရှိလူများက တက်ကြွကာ ဖျတ်လတ်နေကြသည်ဟုပင်။ ၎င်းတို့က အင်မတန်လျင်မြန်စွာ လှုပ်ရှားနေကြသည်မှာ သူ၏ ဇာတိမြေ၌ စိတ်ဓာတ်ကျစွာ လျှောက်လှမ်းနေကြသူများ သို့မဟုတ် သူ‌တွေ့ဖူးသော ဝိဉာဉ်ပျောက်သည့်နှယ် ဖြစ်နေသည့်လူများနှင့် မတူချေ။

မှန်ပါ၏၊ 'ဝိဉာဉ်ပျောက်'ဟူသည်မှာ သူ၏အစ်မကြီးထံမှလာသော စကားဖြစ်ပြီး ယခင်က ဆယ်ဗီ နားမလည်ခဲ့သော်လည်း ဘန်တာမြို့တော်၏ လူများကို မြင်သော ၎င်း၏ ဆိုလိုရင်းကို သူ ချက်ချင်းနားလည်လိုက်သည်။

"ဟေး ဆယ်ဗီ, ဘာတွေ ငေးနေတာလဲ၊ ဆင်းရတော့မယ်လေ။" သူ၏ နံဘေးရှိ မိဘများက ဆင်းသွားပြီးပြီဖြစ်သည်။ ဆယ်ဗီက ပြတင်းအပြင်ကိုကြည့်နေသည်အား မြင်သော် ၎င်းတို့က အော်ခေါ်လာကြသည်။

ဆယ်ဗီလည်း ဖြေဆိုလိုက်ပြီးနောက်မှ ခုန်ဆင်းလာ၏။

ဤဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးမှာ စွမ်းအင်အပြည့်နှင့် ဆယ်ဗီဖြစ်သည်။ သူက မိဘများ၏ လက်ထဲမှ အိတ်များကို ယူကာ သူ၏ ကျောထက်၌ တင်လိုက်သည်။ သူက စစ်ဆေးရေးနေရာရှိ လူများနှင့် စကားဆိုရန် ထွက်သွားသော သူ၏ အစ်မကြီးဆီ ပြေးသွားလေသည်။

အမှုထမ်းက စိတ်ရှည်စွာ ရှင်းပြသည်၊ "သခင်မလေး အာကာလီ, မင်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ အဖွဲ့ဝင်ဆိုတော့ မင်းကို စစ်ဆေးစရာဘာမှမလိုဘူး။ ဒါပေမယ့် မင်းရဲ့ မိဘတွေနဲ့ မောင်လေးက ဘန်တာမြို့တော်မှာ ဘယ်တုန်းကမှ စာရင်းမသွင်းခဲ့ဖူးတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ။"

အာကာလီက မျက်မှောင်ကုပ်ကာ၊ "ဘာလို့လဲ? သူတို့က ကျွန်မရဲ့ မိသားစုလေ၊ သူတို့အတွက် ကျွန်မက အာမခံပေးနိုင်တာကြောင့် ဘာလို့ သူတို့ကို စစ်ဆေးဖို့ လိုမှာလဲ? အရမ်း မလွန်ဘူးလား? အရင်နှစ်တုန်းက ဒီစည်းမျဉ်းမရှိပါဘူး။"

သူမ၏မိဘများနှင့် မောင်လေးကို ၎င်းတို့၏ ဇာတိမြို့မှ လိုက်လာရန် စည်းရုံးသည်ကပင် ခက်ခဲနေပြီရာ၊ ၎င်းတို့အား အလွယ်လေး အခြေချနေထိုင်စေပြီး ဘဝကောင်းလေးပေးရမည်ဟု စဉ်းစားထားပါ၏။ ဘန်တာမြို့ကိုရောက်လာသည်နှင့် ထိုသို့ တားဆီးခံရမည်ဟု ထင်မထားခဲ့သောကြောင့် မနေနိုင်ဘဲ အတန်ငယ် စိတ်တိုလာရသည်။

"ဒါက ဒီနှစ်မှ မြို့စားအရှင်ကြေညာလိုက်တဲ့ စည်းမျဉ်းအသစ်တွေပါ၊ ဒီစစ်ဆေးရေးနေရာကို ဆောက်လိုက်တဲ့ အကြောင်းအရင်းလည်းဖြစ်တယ်ဗျ။" အမှုထမ်းက အာကာလီမှာ သူမ၏ အထောက်အထားမှနေ၍ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်သုတေသနပညာရှင်တစ်ဦးဖြစ်ကြောင်း သိထားသဖြင့် အာကာလီကို အရမ်းယဉ်ကျေးပေးနေလေသည်။ ၎င်းတို့က စိတ်ရှည်သည့်အသံဖြင့် ဆက်လက်ရှင်းပြလိုက်၏၊ "ဒါက ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး၊ ဘန်တာမြို့ထဲဝင်လာတဲ့ ဒေသပြင်ပလူဦးရေးကို ပိုကောင်းကောင်းစီစဉ်နိုင်အောင်လို့ပါပဲ။ ကျွန်တော့်အထင် သခင်‌မလေး အာကာလီက အမျှော်အမြင်ရှိတဲ့ မှော်ပညာရှင်တစ်ဦးဆိုမှတော့ ဒါကို နားလည်လောက်မှာပါနော်?"

အမှုထမ်းက သူမအား 'အမျှော်အမြင်ရှိမှော်ပညာရှင်'ဟု ခေါ်လာပြီး အင်မတန်ယဉ်ကျေးပြနေသည်ကို ကြားသော် အာကာလီလည်း ဒေါသဆက်မ‌ဖြစ်နေတော့ချေ။ သူမလည်း စဉ်းစားပြီးနောက် လက်များကို ဖြန့်လိုက်သည်၊ "ကောင်းပြီလေ၊ ဘာကို စစ်ဆေးမှာလဲ? မြန်မြန်လုပ်ပေးပါ၊ ကျွန်မ သူတို့ကို အိမ်မှာ နားဖို့ ခေါ်သွားရဦးမှာမို့။"

"အင်း၊ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါဗျ။"

တကယ်တမ်း ဤစစ်ဆေးရေးမှာ ၎င်းတို့၏ ခရီးဆောင်အိတ်များကိုစစ်ဆေးကာ အထောက်အထားကို အတည်ပြုခြင်းသာဖြစ်ပြီး၊ ယခင်က ဘန်တာမြို့တော်၌ နေထိုင်ခဲ့သည်လား အလုပ်လုပ်ခဲ့သည်လားကို စစ်ဆေးခြင်းသာ။ ဖြစ်စဉ်က အင်မတန် ရိုးရှင်းပါ၏။

၎င်းတို့ စစ်ဆေးမှုပြီး‌ချိန်တွင် ငါးမိနစ်ထက်ပိုမကြာလိုက်ချေ။

အာကာလီမှလွဲ၍ အမှုထမ်းကို မေးခွန်းထုတ်ရန် သတ္တိရှိသူ တစ်ဦးမှ မရှိသဖြင့် အာကာလီနောက်မှ လူများသာ နှောင့်နှေးသွားရခြင်းပင်။

သို့သော် အမှုထမ်းက အာကာလီထံ မည်မျှ ယဉ်ကျေးနေသည်အား မြင်သော် တခြားလူများမှာ အာကာလီ၏ နောက်ခံက မသေးကြောင်း သိလိုက်ရသဖြင့် မည်သူကမှ စောဒကမတက်ချေ။

၎င်းတို့ မိသားစု စစ်ဆေးရေးနေရာမှ ထွက်လာချိန်တွင် ဆယ်ဗီက စစ်ဆေးရေးနေရာရှိ လူတန်းရှည်ကြီးထံလှည့်ကြည့်ပြီးနောက် အာကာလီထံ ပြန်လှည့်လိုက်သည်။ သူဟာ ခံစားချက်အပြည့်အသံဖြင့် မမေးဘဲ မနေနိုင်ချေ၊ "အစ်မကြီး၊ အရင်က အစ်မကို ကြွားနေတယ်ထင်ထားခဲ့ပေမယ့် အစ်မကတကယ်ပဲ ဘန်တာမြို့တော်မှာ အရေးကြီးပုဂ္ဂိုလ်လို့ မထင်ထားခဲ့မိဘူး။ အမှုထမ်းတွေတောင် အစ်မကို ယဉ်ကျေးပေးတယ်နော်။"

အာကာလီက ခပ်တိုးတိုးရယ်ကာ၊ "ငါက အရေးကြီးပုဂ္ဂိုလ်မဟုတ်ပါဘူး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ တောက်ပမှုကို ငှားထားရုံသပ်သပ်ပဲ။ အရေးကြီးတဲ့လူတစ်ယောက်ယောက်ကို ပြောရမယ်ဆိုရင်တော့ ဥက္ကဌရှုနဲ့ ဘုရင်မကြီးကို တွေ့တဲ့အချိန်ထိစောင့်၊ ဒါဆို အရေးကြီးပုဂ္ဂိုလ်က ဘာမှန်းသိလိမ့်မယ်။"

ဆယ်ဗီ၏ မျက်လုံးများတောက်ပနေသည်၊ "ကျွန်တော် ဥက္ကဌရှုနဲ့ ဘုရင်မကြီးကို တွေ့လို့ရတယ်လား? ကောင်းလိုက်တာ!"

အာကာလီလည်း ခေတ္တမျှ တုံ့ဆိုင်းနေကာ၊ "ဒါက..... ဥက္ကဌရှုကို တွေ့ဖို့ကတော့ ပြဿနာမရှိပေမယ့် ဘုရင်မကြီးကိုတော့..... ပြောရခက်တယ်။"

ဆယ်ဗီက အနည်းငယ်စိတ်ပျက်သွားသော်လည်း တစ်ဖန်စိတ်လှုပ်ရှားလာပြန်၏၊ "ဥက္ကဌရှုကိုပဲ တွေ့ရမယ်ဆိုရင်တောင် အဆင်ပြေတယ်၊ သူက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပဲလေ! သူနဲ့ ဆုံချင်တာ ကြာနေပြီ!"

အာကာလီလည်း ခပ်ဖွဖွရယ်ကာ၊ "ဟုတ်ပါပြီ၊ ဥက္ကဌရှုကို တွေ့ဖို့လွယ်ပါတယ်။ နင် သူ့ကိုတွေ့ချင်ရင် မနက်ဖြန် လုပ်ငန်းစုသွားတဲ့အခါ သူ့ကိုတွေ့နိုင်လောက်တယ်။ အခုကတော့ အိမ်ပြန်နားရအောင်၊ အမေနဲ့ အဖေ ပင်ပန်းနေလောက်ပြီ။"

"အွန်း!" ဆယ်ဗီက ခေါင်းငြိမ့်၍ ခရီးဆောင်အိတ်ကို ဆွဲလိုက်ပြီးနောက် ဘေးဘီကိုဝေ့ဝဲကြည့်ကာ အနည်းငယ် ရှုပ်ထွေးဟန် ပေါ်နေသည်၊ "အစ်မ၊ ကျွန်တော်တို့ ဘယ်ဘက်ကို လျှောက်ရမှာလဲ?"

"ဘာလျှောက်မှာလဲ၊ ငါ့အိမ်အသစ်က ကီလိုမီတာပေါင်းများစွာ ဝေးတယ်။ နင် လျှောက်ဖို့တော့ အဆင်ပြေပေမယ့် အမေနဲ့ အဖေကိုလည်း အဲ့အထိ လျှောက်စေချင်လို့လား?" အာကာလီက သူ့ကို စိုက်ကြည့်လာသည်။

"ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမှာလဲ?"

"စောင့်နေ" အာကာလီက ထိုသုံးဦးကိုချန်ကာ စစ်ဆေးရေးနေရာအနီးရှိ မြေကွက်လေးတစ်ခုဆီလာလိုက်သည်။

ထိုနေရာ၌ မှော်ကားများစွာ ရပ်ထား၏။ အာကာလီ ရောက်လာသည်ကိုမြင်သော် သက်လတ်ပိုင်းမိန်းမတစ်ဦးက ကြိုဆိုရန် ထွက်လာသည်။

"ဒီက သခင်မလေး၊ ကားငှားမို့လား? ကျွန်မကားကို လာစီးပါ၊ ဘန်တာမြို့တော်ထဲမှာ ဖြစ်နေသရွေ့ မင်းသွားချင်တဲ့နေရာကို သွားလို့ရတယ်။"

အာကာလီလည်း သူမ၏ မှော်ကားထက်မှ သင်္ကေတကိုကြည့်ကာ မေးလိုက်လေ၏၊ "ရှင်က မာကာဒိုကုန်သည်ကြီးများအသင်းနဲ့လား?"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ် ကျွန်မတို့က မာကာဒို ကုန်သည်ကြီးများအသင်းနဲ့ပါ။ ကျွန်မတို့ကားတွေက အရမ်း စိတ်ချရပြီး သေချာပေါက် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။" သက်လတ်ပိုင်း မိန်းမက ခေါင်းတဆတ်ဆတ်ငြိမ့်လေသည်။

"ကောင်းပြီလေ၊ တစ်စီးငှားမယ်။"

"တစ်စီးငှားမယ်?" သက်လတ်ပိုင်းမိန်းမက အံ့ဩသွားကာ၊ "သခင်မလေး၊ တစ်စီးလုံးငှားဖို့ စီစဉ်ထားတာလား?"

"ဟုတ်ပါတယ်"

ထိုသည်ကိုကြားသော် သက်လတ်ပိုင်းမိန်းမ၏ အမူအရာက ပို၍ပင် လေးစားလာလေသည်။

"သခင်မလေး ဘယ်ကို သွားချင်ပါလဲ?"

"မဝေးပါဘူး၊ မြို့သစ်ရဲ့ အရုဏ်ဦးရပ်ကွက်တင်။"

"အရုဏ်ဦးရပ်ကွက်?" သက်လတ်ပိုင်းမိန်းမက ပင့်သက်ရှိုက်ကာ အာကာလီကို တအံ့တဩကြည့်လာသည်။ သူမ၏ အမူအရာက အနည်းငယ် ထူးဆန်းနေသော်လည်း မျက်မှာထက်၌ အပြုံးခပ်ကြီးကြီး ရှိနေ၏၊ "ဒီတော့ အရုဏ်ဦးရပ်ကွက်ပေါ့ မထူးဆန်းပါဘူး။"

အာကာလီက သူမအပြုံးထဲရှိ အဓိပ္ပာယ်ကို ဂရုစိုက်ရန် အင်မတန် ပျင်းရိနေ၏။ သူမက သူမမိဘများနှင့် မောင်လေးကို ကားထဲဝင်ဖို့ခေါ်လိုက်ပြီးနောက် မြို့ဟောင်းကိုဖြတ်၍ မြို့‌အနောက်ပိုင်း အပြင်ဘက်ရှိ ဆန်ဒီမြစ် ကမ်းခြေအနီးမှ အရုဏ်ဦးရပ်ကွက်ဆီ ဦးတည်လိုက်တော့သည်။

၎င်းတို့ ထိုင်ချလိုက်ချိန်တွင် အာကာလီ၏ မိဘများနှင့် ဆယ်ဗီတို့က ကားအပြင်ဘက်ရှိ မြင်ကွင်းကြောင့် အံ့ဩနေသည်။ မှော်ကားမှာ အရုဏ်ဦးရပ်ကွက်နှင့် နီးကပ်လာချိန်၌ သုံးဦးသား ပို၍ပင် အံ့အားသင့်နေတော့၏။

အာကာလီ၏ မိခင်က မယုံကြည်နိုင်ဟန်ဖြင့် အာကာလီကို မေးလာသည်၊ "သမီးအလိမ္မာလေး၊ သမီးရဲ့ အိမ်အသစ်က ဒီမှာရှိတယ်လို့ ပြောတယ်မလား? ဒီလို အိမ်လှလှလေး၊ ဘယ်လောက်များ ကုန်ကျခဲ့လဲ?"

အာကာလီက အသာပြုံးကာ သူမ၏ လက်ကိုပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်၊ "အမေ ဘယ်‌လောက်ပဲဖြစ်ဖြစ် မပူပါနဲ့၊ စိတ်အေးအေးနဲ့ ဒီမှာနေလိုက်ပါ။ စိတ်ချ၊ ကျွန်မက တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ထောင်ကျော်ရနေတာပဲ၊ ဒီလိုအိမ်တစ်လုံး ဝယ်ဖို့က များများစားစားမကုန်ပါဘူး။"

အာကာလီက သူမဝင်ငွေအကြောင်း ပြောခဲ့သည်ကို ကြားဖူးပြီးဖြစ်သော်လည်း သူမ၏ မိဘများအတွက် ဤအရေအတွက်က အလှမ်းဝေးလွန်းလှသည်။ ၎င်းက အမှန်ဟု မထင်ခဲ့ဘဲ အာကာလီက သူတို့ကို နှစ်သိမ့်နေခြင်း သို့မဟုတ် ကြွားဝါနေခြင်းဟုသာ ထင်ခဲ့၏။

သို့သော် ဤအိမ်များကိုမြင်ချိန်တွင် အာကာလီ၏ စကားများကို အလေးအနက် တွေးတောမိသွားကြသည်။

တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ထောင်? ဒါက များလွန်းမနေဘူးလား?

ပြောရလျှင် ၎င်းတို့ရွာရှိ မိသားစု ရာချီ၏ ဝင်ငွေကို ပေါင်းလိုက်ပါလျှင်တောင် နှစ်စဉ်ဝင်ငွေက ရွှေဒင်္ဂါးတစ်ထောင်အထိ ရောက်မည်မဟုတ်ချေ!

ခဏကြာပြီးနောက် မှော်ကားက မြစ်ကမ်းဘေးရှိ သုံးထပ်ဗီလာလေးတစ်ခုရှေ့၌ ရပ်သွားသည်။

အာကာလီလည်း သက်လတ်ပိုင်း ယာဉ်မောင်းမိန်းမအတွက် ရွှေဒင်္ဂါးငါးပြားထုတ်ပေးကာ ကားထဲမှ အရင်ထွက်လိုက်၏။ သူမက ဗီလာဝင်ပေါက်ဆီသွားကာ လက်ဖြန့်၍ ဆိုသည်၊ "အမေ၊ အဖေ၊ ဆယ်ဗီ, ဒါက သမီးတို့ရဲ့ အိမ်အသစ်ပဲ!"

အာကာလီ၏ မိဘများနှင့် ဆယ်ဗီတို့လည်း ကားထဲမှ ထွက်လာကာ စတုရန်းမီတာ ငါးရာကျော်ရှိသည့် ဤခမ်းနားဇိမ်ကျသော ဗီလာကြောင့် အံ့ဩမှင်သက်သွားကြသည်။ ၎င်းတို့မှ ခဏတာကြာအောင် မှင်သက်နေကြ၏။

တစ်အောင့်ကြာပြီးနောက် အာကာလီ၏ မိခင်က ထစ်ထစ်အအဖြင့် မေးလာသည်၊ "သမီး..... ဒါ....ဒါ.... ဒါက တကယ် သမီးရဲ့ အိမ်လား?"

အာကာလီက အပြုံးဖြင့် ခေါင်းခါသည်၊ "ဟင့်အင်း အမေမှားနေပြီ။ ဒါက သမီးရဲ့ အိမ်မဟုတ်ဘူး၊ အခုကစပြီး သမီးတို့အတူတူနေကြရတော့မှာမို့ ဒါက သမီးတို့ရဲ့ အိမ်ပေါ့။"

အာကာလီ၏ မိခင်မှာ ဗီလာကို ငေးကြည့်နေပြီးနောက် မျက်လုံးများထဲ မျက်ရည်များဝေ့သီလာကာ ဆို့နင့်နေဟန်ဖြင့် ပြောလေသည်၊ "အမေ.... အမေ ထင်ခဲ့တာက.... အမေတို့တွေ နောက်ကျရင် လှည့်ပတ်သွားနေရမယ်လို့ပေါ့၊ ဒါပေမယ့်..... ဒါပေမယ့် အမေ မထင်ခဲ့ဘူး.... ဒီလို အိမ်လှလှလေးထဲမှာ နေရမယ်လို့ မထင်ခဲ့မိဘူး၊ ဒါ တကယ်ကို..... တကယ်ကိုပဲ....."

အာကာလီ၏ ဖခင်က သူ၏ဇနီးကို ပခုံးထက်မှီစေကာ အာကာလီကို ခေါင်းငြိမ့်ပြ၍ လေးနက်နေသံဖြင့် ပြောလိုက်သည်၊ "အာကာလီ, သမီး ခက်ခဲသွားရပြီ"

သူမ၏ မိဘများက ထိုသို့ဖြစ်နေသည်ကိုမြင်သော် အာကာလီလည်း နှာခေါင်းက စူးခနဲဖြစ်သွားပြီး မျက်ရည်အချို့က မနေနိုင်တော့ဘဲ မျက်လုံးများထဲမှ ထွက်အံလာလေသည်။

ဂရုမထားတတ်သည့် ဆယ်ဗီက လှုပ်လှုပ်ရှားရှားမဖြစ်ဘဲ စိတ်လှုပ်တရှား ရွှင်ပျနေသည်သာ ရှိ၏။

"အမေ၊ အဖေ၊ အစ်မ ဘာလို့ ငိုနေကြတာလဲ? ကျွန်တော်တို့ ဒီလိုကြီးပြီး လှတဲ့ အိမ်မှာနေရမှာကို ပျော်နေသင့်တာပေါ့။"

အာကာလီ၏ ဖခင်က မျက်လုံးထောင့်မှ မျက်ရည်ကိုသုတ်ကာ သက်ပြင်းချ၍ ပြောသည်၊ "ငါတို့ ဇာတိမြို့ကထွက်ပြီး ဒီမှာ အခြေချဖို့ကို ဝမ်းနည်း ခံစားနေရရုံပါပဲ။"

ဆယ်ဗီက နှုတ်ခမ်းများတွန့်ကွေးလိုက်က၊ "ဘာဝမ်းနည်းစရာရှိလို့လဲ? ကျွန်တော်တို့ အဲဒီ့ စုတ်ပျက်နေတဲ့နေရာမှာ မနေနိုင်တော့လို့ ထွက်လာပြီးပြီပဲ။"

သူ၏ မိဘများနှင့် အာကာလီတို့ တုံ့ပြန်လာမည်ကို စောင့်မနေတော့ဘဲ ဆယ်ဗီက ဗီလာထဲဝင်လိုက်သည်။

သူက မည်မျှ စိတ်မရှည်ဖြစ်နေသည်ကိုမြင်သော် အာကာလီ၏ ဖခင်ကသက်ပြင်းချပြီးနောက် ပြုံးလိုက်ပါ၏။

"ကောင်းပြီ၊ ငါတို့ အဲ့မှာ ဆက်မနေနိုင်တော့ဘူးဆိုတော့ ဝမ်းနည်းနေစရာ မလိုတော့ပါဘူး။ လာ အိမ်အသစ်ကို ကြည့်လိုက်ရအောင်!"

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃။ လူဦးရေမှာ လူအင်အားနှင့် မတူညီပါ

ဆယ်ဗီနီမှာ သူမ၏လက်ထဲရှိ အစီရင်ခံစာကို ဖတ်ရှုရင်း အသာမျက်မှောင်ကုပ်မိသွားသည်။

"ကြည့်ရတာ ဘန်တာမြို့တော်က အရင်နှစ်ကထက် ဒေသပြင်ပလူဦးရေပိုများလာပုံပဲ။ ဒါက နှစ်သစ်ကူးပြီး ပထမလတစ်ဝက်စာအတွက် အစီရင်ခံစာပဲရှိသေးပေမယ့် ဘန်တာမြို့တော်မှာ ဒေသပြင်ပလူဦးရေ ငါးထောင်ကျော်နေပြီ၊ ဒါတောင် ထည့်တွက်လို့မရတဲ့လူတွေကို ထည့်မတွက်ထားရသေးဘူး။ အားလုံးသာ အကုန်ထည့်ပေါင်းလိုက်ရင်တော့ လူတစ်သိန်းလောက်နီးနီးဖြစ်သွားမှာပဲ။"

ရှုယီက အသာပြုံးလိုက်ကာ၊ "ဒါက တစ်ခုခုမှားနေလို့လား? ဘန်တာမြို့တော်တစ်ဝှမ်းလုံးမှာ လူအင်အားတွေလိုနေတာလေ၊ ဒီလိုအပ်မှုကြီးကို ဘန်တာမြို့တော်ဒေသခံတွေနဲ့ချည်းပဲ ဖြည့်ဆည်းလို့မရတော့ ဒေသပြင်ပ လူဦးရေကိုလိုအပ်တာပေါ့။ မမေ့ပါနဲ့ဦး အရင်နှစ်က ထိပ်ဆုံး ဒေသပြင်ပလူဦးရေ နှစ်သိန်းတောင်ကျော်တယ်လေ။"

"ဒါပေမယ့် ဒီလမ်းကြောင်းအတိုင်း‌ဆိုရင် နှစ်သိန်းကျော်သွားနိုင်တယ်။ ဖြစ်နိုင်တာက..... သုံးသိန်းထက်တောင်ကျော်‌နိုင်တယ်။" ဆယ်ဗီနီက ခေါင်းခါ၍ ပူပန်စွာဖြင့် ထိုသို့ပြောလာသည်။

"များလေကောင်းလေပေါ့။" ရှုယီက ဂရုမစိုက်စွာပခုံးတွန့်သည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတင်မကဘူး၊ ကျုပ်အထင် ဘန်တာမြို့တော်က လုပ်ငန်းစုတွေအားလုံး ဒါကို မြင်ရင် အတော်ဝမ်းသာနေလောက်တယ်။ တခြားနည်းလမ်းမရှိဘူးလေ၊ လူအင်အားက အတော်လေးလိုအပ်နေတာ။"

ဆယ်ဗီနီက သူ့ကိုကြည့်လိုက်၏၊ "ရှင် ဂရုစိုက်ဖို့မလိုတော့ ရှင်က စိတ်အေးနေမှာပေါ့။ ဘန်တာမြို့တော်ရဲ့ ဒေသတွင်းလူဦးရေက တစ်သိန်းအောက်ပဲရှိတာကို အခု ဝင်လာတဲ့လူတွေက နှစ်သိန်းကျော်.....ဒါမှမဟုတ် သုံးသိန်းလောက်ဖြစ်နေပြီ။ မြို့စားအနေနဲ့ ဒါက ကျွန်မအတွက် ဖိအားအတော်များတယ်။"

"ဖိအားက ကောင်းတဲ့အရာပဲလေ။" ရှုယီက ပြုံးလေ၏၊ "ဘုရင်မကြီး၊ ဖိအားများလေလေ ခင်ဗျားရဲ့ ထူးချွန်တဲ့အရည်အချင်းတွေကို ပေါ်လွင်လာစေလေပဲ မဟုတ်ဘူးလား? စဉ်းစားကြည့်ပါ၊ ဘန်တာမြို့တော်မှာ ဒီနှစ် ဒေသပြင်ပလူဦးရေ သုံးသိန်းကျော်သွားတော့ လူဦးရေက..... အန်ဗီမာမြို့တော်ကိုတောင် ကျော်လွန်သွားနိုင်မှာပဲ မဟုတ်လား?"

ဆယ်ဗီနီက ခေါင်းအသာငြိမ့်သည်၊ "အင်း၊ အရင်နှစ်က စာရင်းတွေအရ အန်ဗီမာမြို့တော်ရဲ့ လူဦးရေက နှစ်သိန်းဝန်းကျင်ရှိပြီး ဒေသပြင်ပလူဦးရေကိုပါ ထည့်ပေါင်းရင် လေးသိန်းဝန်းကျင်လောက်ပေါ့။"

"ဒီတော့ အဓိပ္ပာယ်က အဲဒီလိုမြို့တစ်မြို့ကိုသာ တည်ထောင်နိုင်ရင်ဒါက တခြား‌လူတွေ လေးစားတဲ့ အရာဖြစ်လာလောက်တယ်။ ဒါကိုသာ ဉာဏ်ထက်ထက်လုပ်ဆောင်နိုင်ရင် ခင်ဗျားကို ဆန့်ကျင်နေတဲ့လူတွေအာလုံး ခင်ဗျားရဲ့ အုပ်ချုပ်မှုအရည်အချင်းကို လေးစားလာလိမ့်မယ်ထင်တယ်။ ဒါက ထီးနန်းဆက်ခံချင်ရင် ခင်ဗျားအ‌တွက် အတော်လေး အထောက်အကူဖြစ်မှာ။" ရှုယီက အလေးအနက်ဆိုသည်။

"ထီးနန်းဆက်ခံမယ်?" ဆယ်ဗီနီက ခါးသက်သက်ရယ်ပြီးနောက် လက်ထဲရှိ အစီရင်ခံစာကိုကြည့်လိုက်၏။ သူမက သက်ပြင်းချကာ ပြောသည်၊ "ဒီအစီရင်ခံစာမှာ ထူးဆန်းတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒီနှစ်ရောက်လာတဲ့ လူအများစုက မြောက်ဘက်နဲ့ အနောက်မြောက်ခရိုင်က စခ်တိုင်းပြည် နယ်စပ်နဲ့ နီးတဲ့နေရာက လူတွေချည်းပဲ။"

ရှုယီလည်း မျက်လုံးများကိုမှေးကျဉ်းကာ အသာနှာမှုတ်၏၊ "မြောက်ပိုင်းက သာမန်လူတွေမှာ ရာထူးမြင့်မြင့်မရှိပေမယ့်လည်း သူတို့က တုံးအတယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ဘူး။ အဲနေရာမှာနေပြီး ရှေ့လျှောက်‌ မင်းသားလေးတစ်ယောက်ကြောင့် စွန့်စားရင်း အန္တရာယ်ထဲမှာနေမယ့်အစား အဲ့နေရာကနေ ထွက်လာတာက ပိုကောင်းတာပေါ့။ ကျုပ်တို့ဘန်တာမြို့တော်က အကောင်းဆုံးရွေးချယ်မှုထဲက တစ်ခုပဲလေ။"

ဆယ်ဗီနီက ရှုယီက တအံ့တဩကြည့်လိုက်သည်၊ "ရှင် ဒီသတင်းကို ဘယ်ကရလာတာလဲ?"

ရှုယီက ခေါင်းခါလေ၏၊ "ဟင့်အင်း၊ ကျုပ် ဒီပြဿနာကို အာရုံမစိုက်ထားပါဘူး။ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက ကျုပ်တို့လုပ်ငန်းစုက သုတေသနပညာရှင်နှစ်ယောက်ရဲ့ ဆွေမျိုးတွေ မြောက်ပိုင်းကနေပြောင်းလာပြီး ဘန်တာမြို့တော်မှာ အခြေချဖို့ စီစဉ်နေကြလို့လေ။ ကျုပ် သူတို့ကိုမြင်တဲ့အချိန်မှာ မြောက်ပိုင်းက အခြေအနေနဲ့ ဘန်တာမြို့တော်မှာ အခြေချမယ့် အကြောင်းအရင်းကို မေးလိုက်တော့ အခြေအနေကို သိသွားတာ။"

"သုတေသနပညာရှင်နှစ်ယောက်? ခေါင်းဆောင် အီဗီတာနဲ့ အကြီးတန်းသုတေသီ အာကာလီလား?" ဆယ်ဗီနီက မေးလေသည်။

ရှုယီက အံ့ဩသွား၏၊ "ဘုရင်မကြီး၊ ခင်ဗျား အတော်လေးသိတာပဲ။"

ဆယ်ဗီနီက အသာပြုံးကာ ရှုယီမျက်လုံးများထဲမှ သံသယကို အဖြေပြန်မပေးလိုက်ချေ။ သူမက သူမ၏လက်ထဲရှိ အစီရင်ခံစာကိုသာ ညွှန်ပြလျက် ဆက်မေး၏၊ "ဒါဆို ဥက္ကဌရှု၊ ဒီနှစ်ရောက်လာတဲ့ ဒေသပြင်ပလူဦးရေ သုံးသိန်းကျော်နိုင်တာပေါ့နော်။ အရင်နှစ်ကလာခဲ့တဲ့ နှစ်သိန်းကိုဖယ်လိုက်ရင် ကျွန်မတို့ ဒါကို အပိုလူတစ်သိန်းနီးနီးအထိ အကျဉ်းချုံ့လိုက်လို့ရမလား?"

ရှုယီက မျက်မှောင်ကုပ်ကာ၊ "ဒါက မြို့စားအရှင်အနေနဲ့ ခင်ဗျား စဉ်းစားသင့်တဲ့အရာပါ၊ ကျုပ်နဲ့ ဘယ်လိုဆိုင်မှာလဲ?"

ဆယ်ဗီနီက စဉ်းလဲစွာပြုံးလိုက်ကာ၊ "ဘယ်သူက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို မြို့စားအိမ်တော်ရဲ့ အရင်းနှီးဆုံး တွဲဘက်ဖြစ်ခိုင်းလို့လဲ၊ ပြီးတော့ ဥက္ကဌရှုကိုရော ဘယ်သူက ဒီမြို့စားအရှင်ရဲ့ အထောက်ပံ့နိုင်ဆုံးလူဖြစ်ခိုင်းလို့လဲ?"

ရှုယီက ကူရာမဲ့စွာ ခေါင်းခါလိုက်သည်၊ "ကျုပ်ပြောမယ်၊ မြို့စားအရှင်၊ ကျုပ်ကို ဆွဲချနေတာတော့ မဟုတ်ဘူးမလား?"

"ဒီတော့?"

ဆယ်ဗီနီထံရှိ ညစ်ကျယ်ကျယ်အပြုံးကိုမြင်သော် ရှုယီက မျက်လုံးများလှိမ့်ကာ ထရပ်သည်။

"ဒီကိစ္စက ဘန်တာမြို့တော်နဲ့ အားလုံးဆိုင်နေတာပါ။ ကျုပ်တို့လုပ်ငန်းစုတစ်ခုတည်းကိုပဲ ဖြေရှင်းခိုင်းလို့မရသလို အပြင်ဘက်က လူတွေကိုလည်း လွှတ်ပေးလို့မရဘူးလေ။"

နှစ်ဦးသားက ဆယ်ဗီနီ၏ ရုံးခန်းမှ ထွက်ကာ မြို့စားအိမ်တော်ရှိ အကြီးမားဆုံးအစည်းအဝေးခန်းမထံ ရောက်လာကြသည်။

ခန်းမထဲတွင် ထိုင်နေကြသော ဘန်တာမြို့တော်ရှိ လုပ်ငန်းစု ကြီးကြီးသေးသေးအားလုံးမှ ကိုယ်စားလှယ်များရှိနေသည်။ ၎င်း၌ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခရုစ်, ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ မော်ဂန်, ဆာရန့်ခ် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရန့်ခ်, အာမန်နီ ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဗင်းဆင့်ထ်တို့ ပါဝင်ရုံသာမက များစွာသော လုပ်ငန်းစုအသေးစားလေးများ၏ ဥက္ကဌများလည်း ပါဝင်သည်။

မြို့တော်၌ ၂နှစ်ထက်ပင် ပိုမကြာသေးသော အိုင်ရီလန် ကုန်သည်ကြီးများအသင်းသည်ပင် ၎င်းတို့၏ ဒုဥက္ကဌက ဤနေရာ၌ ရှိနေသည်။

မှန်ပါ၏၊ သူ၏ နေရာမှာ ထောင့်တစ်ခု၌ဖြစ်ရာ ထိုမျှ ပေါ်လွင်ထင်ရှားမနေချေ။

ဆယ်ဗီနီနှင့် ရှုယီတို့ အခန်းထဲ အတူဝင်လာသည်ကိုမြင်သော် ကိုယ်စားလှယ်များ၏ စကားသံများ ရပ်သွား၏။

၎င်းတို့ ရှုယီနှင့် ဆယ်ဗီနီတို့ကို ကြည့်လိုက်ချိန်တွင် ထိုလူများမှာ လုံးဝ အံ့ဩမသွားဘဲ မျက်နှာထက်၌ အပြုံးရေးရေးများရှိနေကြသည်။

ရှုယီနှင့် ဆယ်ဗီနီတို့ရင်းနှီးကြသည်ကို ဘန်တာမြို့ရှိလူတိုင်း သေချာသိလေသည်။

ဤအစည်းအဝေးမှာ နောက်နှစ်စီးပွားရေးကို ဆွေးနွေးရန် မြို့စားအိမ်တော်၏ အမည်ဖြင့် ဘုရင်မကြီး ဆယ်ဗီနီက ကျင်းပခြင်းဖြစ်ရာ အနေအထားတစ်ခုရှိ လုပ်ငန်းစုများအားလုံး စုဝေးလာကြသည်ပင်။

သူမက ရှုယီနှင့်ဦးစွာ သီးသန့်ဆွေးနွေးထားပြီး မည်သူကမှ ၎င်းကို မကန့်ကွက်ချေ။

မြို့တော်ပြန်လည်ပြုပြင်ရေးစီမံကိန်းကို Frestech ကုန်သည်ကြီးများအသင်းက ဦးဆောင်ပေးထားခြင်းမဆိုထားနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ယခင်နှစ် ဘန်တာမြို့တော်တွင် အခွန်အမြင့်ဆုံးပေးရသည့် လုပ်ငန်းစုကြီးများအားလုံးကို ကျော်တက်နေသဖြင့် ရှုယီက ထိုအခွင့်အရေးအတွက် အရည်အချင်းမီပေသည်။

ခုံအပြည့်ဖြင့် လူများရှိသော်လည်း ဘယ်ဘက်ခြမ်းရှိ အလယ်ထိုင်ခုံကို လူတိုင်းက လိမ္မာပါးနပ်စွာ ချန်ထားခဲ့သည်။

ရှုယီက ထိုနေရာကို မည်သည့် ကျင့်ဝတ်မှမပြဘဲ ယူကာ ဘေးပတ်လည်ရှိ ဥက္ကဌများကို နှုတ်ဆက်ပြုံးပြပြီးနောက် ဆယ်ဗီနီထံ ပြန်လှည့်သွား၏။

လူတိုင်းက ဆယ်ဗီနီကိုကြည့်နေပြီး သူမကို လုံးဝ စိတ်လှုပ်ရှားအောင်မလုပ်ပါချေ။ နှစ်ဝက်ကြာအောင် မြို့စားဖြစ်ပြီးနောက်၌ သူမက ဤနေရာကိုယူထားရခြင်းအား ကျင့်သားရနေပြီဖြစ်၏။ လုပ်ငန်းစုပေါင်းစုံ၏ ကိုယ်စားလှယ်များနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် သူမဟာ အင်မတန် စိတ်အေးလက်အေးဖြစ်နေသည်။ သူမက အသက်နှစ်ဆယ်အရွယ် မိန်းကလေးပုံစံပေါက်မနေဘဲ ရင့်ကျက်ပြီးသားနိုင်ငံရေးသမားတစ်ဦးလိုပါပင်။

"လုပ်ငန်းစုအားလုံးတို့ရဲ့ ကိုယ်စားလှယ်ကြီးတို့၊ အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးလေး ဖြစ်ပါစေနော်။" ဆယ်ဗီနီက ဦးစွာ နှုတ်ဆက်ပြီးနောက် စာရွက်စာတမ်းအပုံလိုက်ကို ထုတ်ယူလိုက်သည်။ သူမက လက်ထောက်ကို ဝေခိုင်းလိုက်ပြီးနောက် အတိုချုပ် မိန့်ခွန်း‌တစ်ခုဆိုလေသည်။

ဤမိန့်ခွန်းက မရှည်ပါသော်လည်း အကြောင်းအရာများက မရိုးရှင်းပေ။

အနှီစကားလုံးအနည်းငယ်ထဲတွင် ဆယ်ဗီနီက ဘန်တာမြို့တော်ထံ အထောက်အပံ့ပေးကြခြင်းအတွက် လုပ်ငန်းစုများအား ချီးကျူးထားကာ နှစ်သစ်၌လည်း ထိုသို့ထပ်တူပြုရန် အားလုံးကို တိုက်တွန်းထားလေ၏။

ထို့နောက် သူမဟာ အထူးတောင်းဆိုချက်တစ်ခုကို ပြောလာသည်။

ဥပမာဆိုရပါက နှစ်သစ်တွင် လုပ်ငန်းစုအမျိုးမျိုးတို့က ၎င်းတို့၏ ဂုဏ်သတင်းကိုထိန်းသိမ်းကာ ဘန်တာမြို့တော်၏ ဂုဏ်သတင်းကို မည်သို့မှ မထိခိုက်စေဖို့ မျှော်လင့်နေသည်ပင်။

နောက်တွင် သူမက လုပ်ငန်းစုများအား ဘန်တာမြို့တော်၏ တည်ဆောက်ရေး၌ ပါဝင်ကာ ၎င်းတို့အဖွဲ့အစည်းအတွက် တာဝန်အနည်းငယ်ယူရန် တောင်းဆိုထားသည်။

၎င်း၌ ဆယ်ဗီနီက Frestech ကုန်သည်ကြီးများအသင်းကို အလေးအနက်ချီးကျူးကာ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်၏ လူထုပို့ဆောင်ရေးစနစ်ကို အားကောင်းစေရန် မှော်ကားတစ်ရာထုတ်ပေးမည့်အချက်အား ချီးကျူးလိုက်၏။

ဆယ်ဗီနီ၏ စကားလုံးများကိုကြားသော် လုပ်ငန်းစုအလျှိုလျှိုက Frestech ကုန်သည်ကြီးများအသင်းထံမှာ သင်ယူမည်ဖြစ်ကြောင်း ဖော်ပြကြလေ၏။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ‌မော်ဂန်က မြို့ပြင်၌ ဘန်တာမြို့တော်သားအားလုံးကို ကယ်ဆယ်ရေးစခန်းတည်ဆောက်ဖို့ရာ အကြံပြုလာ၏။

အာမန်နီ ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဗင်းဆင့်ထ်ကမူ ဘန်တာမြို့တော်ရှိ အသက်ခြောက်ဆယ်ကျော် လူကြီးများအားလုံးအတွက် ဆောင်းရာသီအဝတ်အထည်များနှင့် အိပ်ရာခင်း တစ်စုံစာပေးရန် အဆိုတင်သွင်းခဲ့သလို စောင့်ရှောက်ပေးမည့်လူမရှိသော လူအိုကြီးများအတွက် စောင့်ရှောက်ပေးရန်လည်း အကြံပြုကာ ၎င်းတို့၏ အခြေခံနေထိုင်ရေးအခြေအနေများကို အာမခံလေသည်။

အခြားလုပ်ငန်းစုများအားလုံးက ၎င်းတို့၏ လုပ်ငန်းစုအတိုင်းအတာအလိုက် အခမဲ့အကူအညီများပေးရန် အဆိုပြုကာ ဆယ်ဗီနီ၏ ဆင့်ခေါ်မှုများကို တုံ့ပြန်လိုက်ကြသည်။

ပြီးသွားသည့်နောက် ဆယ်ဗီနီက အမြန် လက်တွေ့ကျသည့်ခေါင်းစဉ်တစ်ခုပြောင်းလိုက်သည်။

ပထမတစ်ခုမှာ ဘန်တာမြို့တော်ထဲသို့ ဝင်လာသည့် လူအရေအတွက်ပမာဏကြီးကို မည်သို့ အကျဉ်းချုံ့ရမည့်အကြောင်းဖြစ်၏။

ထိုပြဿနာကိုကြားသော် လုပ်ငန်းစုအားလုံး၏ ကိုယ်စားလှယ်များအားလုံး စိတ်အေးသွားသလို ပြုံးနေကြတော့သည်။

အားလုံးက ၎င်းတို့လုပ်ငန်းစုများအားလုံးတွင် လူလိုနေသဖြင့် ဘန်တာမြို့တော်သို့ လူများပိုလာရန် စောင့်စားနေခဲ့ကြကြောင်း ညွှန်းဆိုလာကြသည်။

အပိုလူတစ်သိန်းမဆိုထားနှင့် နှစ်သိန်းဆိုလျှင်တောင် အားလုံးကို ရယူရန် ယုံကြည်ချက်ရှိကြသည်။

သို့ရာ၌ ထိုအချိန်တွင် ရှုယီက မေးခွန်းတစ်ခုမေးလာ၏။

"အားလုံးပဲ ကျေးဇူးပြုပြီး အရင်ဆုံး စိတ်အေးအေးထားပါ။" ရှုယီက ထရပ်ကာ ဝေ့ဝိုက်ကြည့်လိုက်သည်။ လူတိုင်းငြိမ်ကျသွားကာ သူ့ကို ကြည့်လာကြချိန်တွင် သူက လေးနက်နေဟန်ဖြင့် ပြောလိုက်၏၊ "အားလုံးက အလုပ်သမားတွေရှာနေကြပြီး မြို့တော်က လုပ်ငန်းစုအားလုံးမှာ အလုပ်သမားတွေလိုနေတာကို နားလည်ပါတယ်၊ ဒါပေမယ့် ကျုပ်အထင်..... အားလုံး အရမ်းအရေးကြီးတဲ့ပြဿနာကို လျစ်လျူရှုထားကြတယ်။"

အားလုံးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် ဥက္ကဌ မော်ဂန်က မျက်မှောင်ကုပ်ကာ မေးလာသည်၊ "ဘာပြဿနာများလဲ?"

ရှုယီက အသာပြုံးလေ၏၊ "ပြဿနာက လူဦးရေဟာ လူအင်အားနဲ့ မတူညီဘူးဆိုတာပဲ။"

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄။ တိုးချဲ့ခြင်း

"ဒါက ဘာအဓိပ္ပာယ်လဲ?" ဥက္ကဌ မော်ဂန်ကမေးသည်။

"ရှင်းရှင်းလေးပါ။ ဥပမာပေးရရင် ဥက္ကဌ မော်ဂန်, ခင်ဗျားရဲ့ လုပ်ငန်းစုအတွက် မိုင်းတွင်းထဲမှာ အလုပ်လုပ်မယ့် တစ်ယောက်ယောက်ကို ရှာနိုင်မယ်လို့ထင်လား?" ရှုယီက ပြန်မေးလိုက်၏။

ဥက္ကဌ‌ မော်ဂန်လည်း ခေါင်းခါသည်၊ "မဖြစ်နိုင်လောက်ဘူးပေါ့။ မိုင်းတွင်းထဲမှာ အလုပ်လုပ်တာကတောင် အရမ်းကိုခက်ခဲတဲ့အလုပ်ဖြစ်ပြီး အလုပ်က အန္တရာယ်များတယ်။ ကျုပ်တို့သာ သူတို့ကို အရင်မသင်ပေးရင် ပြဿနာဖြစ်လိမ့်မယ်။

"အမှန်ပဲ။ ကျုပ် နောက်‌ဥပမာတစ်ခုပေးမယ်။ လူတိုင်းက မှော်ကားတွေနဲ့ ရင်းနှီးလောက်မှာပါ၊ ဟုတ်တယ်မလား?" ရှုယီက မေး၏။

လူတိုင်း ပြုံးလိုက်ကြသည်။

မှော်ကား ထွက်ပေါ်လာသည်မှာ နှစ်တစ်ဝက်လောက်ကြာနေပြီဖြစ်ပြီး သိပ်မကြာသေးသော်လည်း မှော်ကားများက အမြန်နှုန်း၊ ဝန် သို့မဟုတ် ကုန်ကျစရိတ်များ၌ မြင်းလှည်းများထက် ပိုကောင်းသောကြောင့် လုပ်ငန်းစုအားလုံးမှာ မှော်ကားများ၏ အားသာချက်ကို သတိပြုမိကြသည်။ ယခုတွင် ၎င်းတို့အားလုံးမှာ မြင်းလှည်းများကို အစားထိုးနိုင်သည့် မှော်ကားများကို လက်ခံထားကြသည်။

Frestech ကုန်သည်ကြီးများအသင်းကသာ ထုတ်လုပ်ရေးကို ဆက်တိုက်မလုပ်နိုင်သည့် အချက်ကြောင့်မဟုတ်ပါက ဘန်တာမြို့တော်၏ မြင်းလှည်းများအားလုံးပျောက်ကွယ်ကာ မှော်ကားများဖြင့် အစားထိုးလိုက်ပြီးသားဖြစ်နေလိမ့်မည်။

"မှော်ကားတွေက ယာဉ်မောင်းလိုင်စင် လိုတယ် ဒါမှမဟုတ် ပိုတိကျရရင် မောင်းနှင်ဖို့ ကျွမ်းကျင်မှုပမာဏတစ်ခုရှိဖို့လိုတယ်။ လိုင်စင်ရလိုက်ရင်တောင် မောင်းတာနဲ့ ရင်းနှီးလာဖို့လိုပြီး သူတို့ရဲ့ မောင်းနှင်မှုအတွက် လေ့ကျင့်ဖို့ အချိန်လိုတယ်။ ဒီတော့ ဘယ်သူကမှ ဒီမှော်ကားတွေကို တစ်ယောက်ယောက်ကို မောင်းဖို့ဆိုပြီး ဆွဲခေါ်လိုက်လို့မရဘူး။" ရှုယီက ရှင်းပြသည်။

"ဥက္ကဌရှု ကျုပ် ခင်ဗျားပြောတာကို နားလည်တယ်။" ဥက္ကဌ ဗင်းဆင့်ထ်က နောက်မှ လိုက်ပြောလာသည်၊ "ခင်ဗျား ပြောနေတာက.... ဘန်တာမြို့တော်မှာ ဒီနှစ် လူတွေပိုများလာပေမယ့်လည်း သုံးလို့ရတဲ့လူကတော့ များမှာမဟုတ်ဘူးလို့ပေါ့? သူတို့က ကျုပ်တို့လုပ်ငန်းစုတွေအတွက် ဘာအဓိပ္ပာယ်မှမရှိဘူးလို့ ပြောတာမဟုတ်လား?"

"ဒီလိုအဓိပ္ပာယ်တော့ဟုတ်ပေမယ့် သူတို့က လုံးဝကြီး အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ဥပမာ ဘာနည်းစနစ်မှမလိုတဲ့ ရိုးရိုးရှင်းရှင်းအလုပ်တချို့ရှိရင်တော့ ဒေသပြင်ပအလုပ်သမားတွေကို ပေးလို့ရပါတယ်။ ပြီးတော့၊ ဒါကို အစောတုန်းက ဘုရင်မကြီးနဲ့ဆွေးနွေးပြီးပြီ၊ ကျုပ်တို့တွေ ဘန်တာမြို့တော်မှာ အလုပ်အကိုင်ဆိုင်ရာလေ့ကျင့်ရေးအစီစဉ်တစ်ခု ဖန်တီးဖို့ စီစဉ်ထားတယ်။ ကျုပ်တို့က ဘန်တာမြို့တော်မှာရှိတဲ့လူတိုင်းကို အလုပ်အကိုင်ကျွမ်းကျင်မှု တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုရစေချင်တာကြောင့် ဒါက အဲဒီလူတွေကို အကျိုးရှိစေရုံတင်မကဘူး ကျုပ်တို့ ဘန်တာမြို့တော်ကိုပါ အကျိုးရှိစေလိမ့်မယ်။"

"အလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်ရေး?" ဥက္ကဌအားလုံးက တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။

"ဘုရင်မကြီး၊ ဒီအလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်ရေးကိုလုပ်ဖို့ ဘယ်လိုများစီစဉ်ထားလဲဗျ?" ဥက္ကဌ ရန့်ခ်က ဆယ်ဗီနီကို လှည့်မေးလိုက်သည်။

ဆယ်ဗီနီက အသာပြုံးသည်၊ "လတ်တလောမှာ မြို့စားအိမ်တော်နာမည်နဲ့ အလုပ်အကိုင်ဆိုင်ရာလေ့ကျင့်ရေးကျောင်းကြီးတစ်ခုဆောက်ဖို့ စီစဉ်ထားတယ်။ ရှင်တို့ လုပ်ငန်းစုကြီးတွေအားလုံးက အဲဒီကျောင်းမှာ လေ့ကျင့်ရေးဧရိယာတစ်ခု သတ်မှတ်ပြီး ရှင်တို့လုပ်ငန်းစုက လိုအပ်တဲ့ အလုပ်အကိုင်ကျွမ်းကျင်မှုတွေကို လေ့ကျင့်ပေးလို့ရတယ်။"

"ဒါဆို အဲဒီ့ လေ့ကျင့်ပြီးသားလူတွေကို ဘာလုပ်ရမှာလဲ?" ဥက္ကဌ မော်ဂန်ကမေးသည်၊ "ကျုပ်တို့က အချိန်အားလုံးကို လေ့ကျင့်ပေးဖို့အတွက်သုံးလိုက်ပြီးမှ သူတို့က တခြားလုပ်ငန်းစုကိုသွားလိုက်ရင် မဆုံးရှုံးတော့ဘူးလား?"

"လေ့ကျင့်ရေးဆင်းနေတဲ့အချိန်မှာ ရှင်တို့လုပ်ငန်းစုအတွက် သူတို့ကို မလွှမ်းမိုးနိုင်မှ ဒါကို ဆုံးရှုံးတယ်လို့ ခေါ်တာမဟုတ်ဘူးလား?" ဆယ်ဗီနီက အပြုံးဖြင့်ပြန်မေးသည်။

ဥက္ကဌ မော်ဂန်လည်း အံ့ဩနေပြီးနောက်မှ ခြောက်ကပ်ကပ်နှစ်ကြိမ်ခန့်ရယ်ပြီး မည်သည်ကိုမှ မပြောတော့ချေ။

"အလုပ်အကိုင်ဆိုင်ရာလေ့ကျင့်ရေးအပြင် မြို့စားအိမ်တော်က အသေးစိတ်နဲ့ နားလည်မှုအရ အလုပ်အကိုင်ကျွမ်းကျင်အဆင့်လည်း သတ်မှတ်ပေးမှာပါ။ အဆင့်သတ်မှတ်နှုန်းကတော့ Frestech ကုန်သည်ကြီးများအသင်းဆီက အလုပ်အကိုင်ကျွမ်းကျင်အဆင့်သတ်မှတ်တဲ့ မှော်စက်ကို အားကိုးရမှာပေါ့။ အဆင့်အတိအကျအတွက် ဒီမှာရှိနေတဲ့ လူတိုင်းနဲ့ ဆွေးနွေးဖို့လိုလိမ့်မယ်။" ဆယ်ဗီနီက ပြောသည်။

အားလုံး၏ အကြည့်က ရှုယီထံ ထပ်မံကျရောက်လာပြန်၏။ မှန်ပါ၏၊ ဤအကြံပြုချက်က ရှုယီထံမှ လာကြောင်း ၎င်းတို့သိသည်ပင်။

သို့သော် လူတိုင်းမှာ ဤအဆိုပြုချက်က လိုအပ်သည်ဟု ခံစားရ၏။

ရှင်းလင်းတိကျသည့် အဆင့်တစ်ခုနှင့်ဆိုလျှင် လုပ်ငန်းစုကြီးများမှာ လူစုဆောင်းသည့်အချိန်၌ အားစိုက်ထုတ်စရာ များစွာသက်သာသွားပြီး ၎င်းတို့ကို တဖန် လေ့ကျင့်ပေးရန် အချိန်နှင့် အားထုတ်မှု ပမာဏများစွာ သုံးနေဖို့ မလိုတော့ချေ။

ဆယ်ဗီနီ ပြောခဲ့သည့် အလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်ရေးစနစ်ကိုသာ ၎င်းတို့ချိတ်ဆက်နိုင်လျှင် လုပ်ငန်းစုကြီးများအတွက် အထောက်အကူကြီးဖြစ်လိမ့်မည်။

ထို့ကြောင့် စဉ်းစားကြည့်ပြီးနောက်တွင် လူတိုင်းက အနှီ အကြံပြုချက်နှစ်မျိုးကို လက်ခံလိုက်ကြသည်။

ထို့နောက် ဆယ်ဗီနီက မြို့စားအိမ်တော်၏ နောက်နှစ်အတွက် စီးပွားရေးတိုးတက်မှုအစီစဉ်ကိုကြေညာကာ လူတိုင်းနှင့် ဆွေးနွေးပြီးနောက်တွင် အစည်းအဝေးက အဆုံးသတ်ကို ရောက်လာ၏။

ဆယ်ဗီနီမှာ ယေဘုယျအစီစဉ်အချို့ကိုသာ ကြေညာပြီး အသေးစိတ်များကိုရှားရှားပါးပါးသာကြေညာခဲ့သော်လည်း ဤသည်က မြို့တော်၏ လုပ်ငန်းစု ကြီးကြီးသေးသေးများအတွက် အထောက်အကူဖြစ်သည့် သတင်းအချက်အလက်ပါပင်။ ထိုသည်က ၎င်းတို့အား မြို့စားအိမ်တော်၏ နောက်နှစ်အစီအစဉ်နှင့် ချိန်ညှိရာ၌ အကူအညီဖြစ်လိမ့်မည်။

လိုရင်းဆိုရသော် ကောင့်ထ် Staggထံမှ တာဝန်လွှဲပြောင်းယူခဲ့သည့် မြို့စား ဆယ်ဗီနီမှာ ဘန်တာမြို့တော်ရှိ စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ကြောင်း ပြနေဆဲဖြစ်သည်။

၎င်းသည်ကပင် အားလုံးကို စိတ်ချစေသည်။ အစည်းအဝေးပြီးကာ မြို့စားအိမ်တော်မှ ထွက်ခွာလာကြပြီးနောက် အားလုံး၏ မျက်နှာထက်တွင် လင်းထင်းသည့် အပြုံးများရှိနေသည်။

"အားလုံးပဲ၊ ကျုပ်တို့ ဒီအခွင့်အရေးကိုယူပြီး ဆက်ဆွေးနွေးနိုင်ဖို့ နေရာတစ်ခုရှာပြီး လူစုကြရင်ရော။ အားလုံး ဘယ်လိုထင်လဲဗျ?" မြို့စားအိမ်တော်မှ ထွက်လာချိန်တွင် ဥက္ကဌ ရန့်ခ်က ရုတ်တရတ် ထိုသို့ အကြံပေးလာသည်။

လူတိုင်း ရပ်တန့်ကာ တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ပြုံးလိုက်ကြသည်။ ၎င်းတို့အားလုံးက ဥက္ကဌ ရန့်ခ်၏ အကြံကို လက်ခံကြောင်းပြလိုက်လေ၏။

၎င်းတို့အားလုံး မြို့၏ အသစ်အပိုင်းရှိ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းအနီး တည်ဆောက်ထားသော စားသောက်ဆိုင်တစ်ခုကိုလာကာ စားသောက်ဆိုင်တစ်ခုလုံးကို ငှားလိုက်သည်။

ကိုယ်စားလှယ်တစ်စုက အစည်းအဝေးလုပ်မည်ဖြစ်ပြီး စားသောက်ဖို့ရန်အတွက်သာ မဟုတ်ချေ။

နေရာယူပြီးနောက် လူတိုင်းက ၎င်းတို့ပြောချင်သည့် ပစ်မှတ်ရှိရာကို သွားရှာကြတော့သည်။

ရှုယီကို ရှာလိုသည့် လူများစွာရှိသော်လည်း ထိုသို့ လုပ်သည့်ပထမဆုံး တစ်ဦးမှာ ဥက္ကဌ ရန့်ခ်ပါပင်။

"ဥက္ကဌ ရန့်ခ်, ခင်ဗျား စခ်တိုင်းပြည်ဆီ ပစ္စည်းတွေရောင်းဖို့အကြောင်းပြောတဲ့အကြံအတွက် ကျုပ်ဆီမှာ အကြံတစ်ခုရှိတယ်။"

ရှုယီ ထိုသို့ပြောလိုက်စဉ်၌ ဥက္ကဌ ရန့်ခ်က အံ့ဩသွားသည်။

သူဟာ ရှုယီကို ယခင်က ထိုကိစ္စအား ပြောခဲ့သော်လည်း ရှုယီက ဂရုမစိုက်သဖြင့် ရှုယီ စိတ်မဝင်စားဟုထင်ကာ ထပ်မပြောတော့ခြင်းပင်။

ရှုယီက ၎င်းကို အလျင်ဦးစွာပြောလာကာ အကြံအသစ်ရှိသည်ဟုပါ ဆိုလာမည်ဟု ထင်မထားခဲ့ချေ။

သူ့ထံ၌ စခ်တိုင်းပြည်သို့သွားမည့် လမ်းကြောင်းသစ်တချို့ရှိနေသည်လား?

"ကျုပ်ဆီမှာတကယ်ပဲ သေချာဆုပ်ကိုင်ထိန်းချုပ်ထားတဲ့ လမ်းကြောင်းသစ်တစ်ခုရှိပေမယ့် သော့ချက်က ဆိုဝယ်လ်မြို့မှာရှိနေတာလေးပဲ။" ရှုယီက ခေါင်းငြိမ့်ကာဆိုသည်။

"ဆိုဝယ်လ်မြို့?" ဥက္ကဌ ရန့်ခ်မှာ အံ့ဩသွားရသည်။ သူက ရုတ်တရတ် ယခင်နှစ်က ရှုယီ ဆိုဝယ်လ်မြို့သို့ ခရီးထွက်ခဲ့ကြောင်းသတိရလိုက်သည်။

ဆိုဝယ်လ်မြို့မှာ မြောက်ဘက်ရှိ နယ်စပ်နှင့် အနီးဆုံး မြို့များထဲမှ တစ်မြို့ဖြစ်သည်။ ရှုယီက ထိုနေရာ၌ လမ်းကြောင်းတစ်ခု ဖန်တီးခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။

"ကောင်းပြီလေ၊ ခင်ဗျားဆီမှာ ဘာအကြံရှိတာလဲ?"

ရှုယီက ထူးဆန်းစွာ ပြုံးလျက်နှင့်၊ "ဥက္ကဌ ရန့်ခ်, ကျုပ်မေးချင်တယ် ခင်ဗျားတို့လုပ်ငန်းစုက စခ်တိုင်းပြည်ဆီ ရောင်းချိန်မှာ အတိုင်းအတာက ဘယ်လောက်များရှိလဲ?"

ဥက္ကဌ ရန့်ခ်က အသာမျက်မှောင်ကုပ်၏။ သူ့အနေနှင့် ဤသည်က ဆာရန့်ခ် ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းလျှို့ဝှက်ချက်ဖြစ်သောကြောင့် အလွယ်လေးထုတ်မပြောနိုင်ဟု ဆိုလိုက်ချင်သည်။

သို့သော် ရှုယီမျက်နှာထက်ရှိ ထူးထူးဆန်းဆန်းအမူအရာကိုမြင်သော် ဥက္ကဌ ရန့်ခ်လည်း စဉ်းစားကာဖြေလိုက်၏၊ "တစ်နှစ်ကို ရွှေဒင်္ဂါးနှစ်သိန်းကနေ သုံးသိန်းစာလောက်အထိ‌ရှိလောက်မယ်။ ဒါက မများပါဘူး၊ အပိုလမ်းကြောင်းတစ်ခုလို့တော့ သတ်မှတ်လို့ရတာပေါ့။"

ရှုယီက ခေါင်းငြိမ့်ကာ၊ ထိုမျှဂရုစိုက်ဟန်မရှိဘဲ မျက်နှာထက်ရှိ အပြုံးက ပိုမိုကြီးမားလာသည်။

"ဒါဆို ဥက္ကဌ ရန့်ခ်, ဒီအတိုင်းအတာကို တိုးချင်လား? ဥပမာပြောရရင်..... တစ်နှစ်ကို နှစ်သန်းကနေ သုံးသန်းအထိ?"

ဥက္ကဌ ရန့်ခ်က ရှုယီကို တအံ့တဩကြည့်လိုက်သည်။ သူ့မျက်နှာထက်ရှိ ထူးထူးဆန်းဆန်းအပြုံးကိုမြင်သော် စိတ်များလှုပ်ရှားလာရ၏။

"ဘာလဲ? ဥက္ကဌရှု ခင်ဗျားဆီမှာ ဘာအကြံရှိလို့လဲ?"

ရှုယီလည်း ပြုံးကာ ဥက္ကဌ ရန့်ခ်ထံ တိုးကပ်သွားပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။

ခဏကြာသည့်နောက် ဥက္ကဌ ရန့်ခ်က ရွှင်ပျကာ မယုံကြည်နိုင်ဟန်ရှိနေပြီး ထွက်သွားလေသည်။ နံဘေး၌ စောင့်နေခဲ့သော အိုင်ရီလန် ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌ ခိုဗက်ခ်က အမြန်ရှေ့တိုးလာသည်။

"ဥက္ကဌရှု....." ခိုဗက်ခ်၏ မျက်နှာထက်၌ အကြီးအကျယ်စိတ်လှုပ်ရှားနေသည့် အပြုံးမျိုးရှိနေသည်၊ "ခင်ဗျားနဲ့ စကားပြောလို့ရမလား?"

ရှုယီက သူ့ကို တည်ငြိမ်စွာကြည့်ကာ အသာခေါင်းငြိမ့်သည်။

ရှုယီမှာ အမြဲလိုလို အနှီ ခိုဗက်ခ်က အင်မတန် ကောက်ကျစ်သဖြင့် ဘယ်တော့မှ သူ့အားသဘောမကျဟု ထင်မိ၏။

သူဟာ ဖရီးမန်း၏ အကျိုးအပြုဆုံး အကူသာမဟုတ်ပါလျှင် ရှုယီလည်း သူ့ကို မြင်တွေ့ချင်လိမ့်မည်မဟုတ်ပေ။

ခိုဗက်ခ်ကလည်း ရှုယီ၏ သူ့အပေါ်သဘောထားကို သိသည်။ ရှုယီ၏ ထူးမခြားနားပုံကိုမြင်သော် သူဟာ မနေနိုင်တော့ဘဲ နေရခက်စွာ ခြောက်ကပ်ကပ်နှစ်ကြိမ်ခန့်ရယ်လိုက်ပြီးနောက် ဆက်ပြောသည်၊ "ဥက္ကဌရှု၊ ကျုပ် ဒီနေ့ ခင်ဗျားနဲ့ ကိစ္စနှစ်ခုကို ဆွေးနွေးဖို့လာတာပါ။"

"အင်း ပြောပါ" ရှုယီက ထူးမခြားနားစွာ ပြန်ဖြေလိုက်၏။

"ဒါက..... ပထမကိစ္စက.... ကျုပ်တို့ လုပ်ငန်းစုက တခြားမြို့တွေဆီကနေ အမှာစာတွေအများကြီးရခဲ့တယ်၊ ဒါပေါ့ အားလုံးက မှော်စက်အစိတ်အပိုင်းတွေအတွက်ပါ။" ခိုဗက်ခ်ကပြောသည်။

"ဒါက ကောင်းတဲ့ကိစ္စပါ။" ရှုယီက ခေါင်းငြိမ့်သည်၊ "ကျုပ်အမြဲ ဖရီးမန်းကို ပြောခဲ့တာ၊ ကျုပ်အနေနဲ့ ခင်ဗျားတို့ အိုင်ရီလန် ကုန်သည်ကြီးများအသင်း ဘန်တာမြိုတော်ကနေထွက်ပြီး လမ်ပူရီတိုင်းပြည်ရဲ့ အစိတ်အပိုင်းတိုင်းကို အစိတ်အပိုင်းတွေရောင်းဖို့ မျှော်လင့်တယ်လို့။ အခု တခြားဘက်တွေကလည်း ခင်ဗျားတို့ဆီ လာမှာယူကြတော့ အတော်ကောင်းကောင်းလုပ်နေတဲ့ အဓိပ္ပာယ်ပဲပေါ့။"

"ဥက္ကဌရှုရဲ့ ထောက်ပံ့မှုအတွက် ကျေးဇူးအရမ်းတင်ပါတယ်။" ခိုဗက်ခ်က ဆက်တိုက်ခေါင်းငြိမ့်နေ၏။ ခေတ္တမျှရပ်တန့်ပြီးနောက်တွင် သူက ခက်ခဲနေဟန်ပြလာသည်၊ "ဒါပေမယ့် ဒီအမှာစာတွေကြောင့် ကျုပ်တို့ လုပ်ငန်းစု ပြဿနာတစ်ခုကြုံနေရတယ်....."

ရှုယီက သူ့ကိုကြည့်လိုက်၏၊ "ဘာများလဲ? ခင်ဗျားက မကိုင်တွယ်နိုင်မှာကို ကြောက်နေတာလား?"

ခိုဗက်ခ်လည်း အနည်းငယ် အံ့ဩနေပြီးနောက် ခေါင်းငြိမ့်လေသည်၊ "အင်း.... ဟုတ်တယ်။ ခင်ဗျားတို့ လုပ်ငန်းစုရဲ့ လက်ရှိ ထုတ်လုပ်ပုံနဲ့ဆို ကျုပ်တို့အတွက် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမှာစာတွေကို အပြီးသတ်ဖို့ ခက်ခဲနေပြီ၊ ပိုများတဲ့ အမှာစာတွေကို ထည့်မတွက်နဲ့ဦး....."

"ခင်ဗျား ခုနကပဲပြောခဲ့တာ တခြားမြို့တွေဆီက အမှာစာအတော်များများ လက်ခံခဲ့တယ်ဆို?" ရှုယီက ဖြတ်ပြောလိုက်သည်။

ခိုဗက်ခ်လည်း အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အတင်းခေါင်းငြိမ့်လာကာ၊ "ဟုတ်ပါတယ်..... ဒါပေမယ့် ဥက္ကဌရှု၊ ခင်ဗျား စိတ်ပူဖို့မလိုပါဘူး။ ကျုပ်တို့ သေချာပေါက် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမှာစာတွေကို အရင် အပြီးသတ်ပေးမှာပါ။ ပြီးတော့ အကောင်းဆုံးအရည်အသွေးနဲ့ အကောင်းဆုံးအလုပ်သမားတွေနဲ့ဖြစ်ရမယ်လို့ အာမခံပါတယ်!"

"ကျုပ် စိတ်မပူပါဘူး။" ရှုယီက ခေါင်းခါသည်၊ "ဒါပေမယ့် ခင်ဗျားအပြောကိုကြားရတာ၊ ကျုပ်တို့ လုပ်ငန်းစုရဲ့ အမှာစာတွေကို အပြီးသတ်ပြီးရင် အကြံအသစ်တွေများရှိနေလို့လား?"

ခိုဗက်ခ်က ခြောက်ကပ်ကပ်ရယ်ကာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ရှုယီကို ခက်ခဲနေဟန်ဖြင့် ပြောလာခဲ့သည်၊ "ဒါက ..... ဥက္ကဌရှု၊ ကျုပ်တို့အနေနဲ့ တခြားမြို့တွေဆီကနေ အမှာစာတွေရဖို့ ခက်တာကြောင့် ဒီအခွင့်အရေးကိုယူပြီး ကျုပ်တို့ လုပ်ငန်းစုကို လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှာ ချပြချင်တယ်။ ခင်ဗျားပဲ အမြဲပြောခဲ့တယ်မလား၊ မှော်စက်မှုနယ်ပယ်ကို နိုင်ငံရဲ့ မတူညီတဲ့နေရာတွေမှာ အမြစ်ပျိုးချင်တယ်လို့လေ? ကျုပ်တို့ လုပ်ငန်းစုရဲ့ အစိတ်အပိုင်းတွေကိုသာ တခြားနေရာတွေဆီရောင်းရင် သေချာပေါက် ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို အထောက်အကူဖြစ်ပြီးတော့....."

"တိုက်ရိုက်ပြောလိုက်ပါ၊ ခင်ဗျားက ကျုပ်တို့လုပ်ငန်းစုရဲ့ အမှာစာတွေကို ရပ်ချင်တာလား?" ရှုယီက သူ့အား ထပ်ကာဖြတ်ပြောလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၅။ စံနှုန်းမှ အဝေး

ရှုယီထံမှ ထွင်းဖောက်မြင်ခံလိုက်ရခြင်းကြောင့် ခိုဗက်ခ်မှာ ခဏတာ ကြောင်အသွားပြီးနောက် နေရခက်ဟန်ဖြင့် ဆိုလာသည်၊ "ဥက္ကဌရှု၊ ကျုပ်တို့ မဟုတ်.... မဟုတ်ပါဘူး၊ ကျုပ်တို့က ဒီတိုင်း..... ရှားပါးတဲ့ အခွင့်အရေးဆိုတော့ ဒါကို ဖမ်းဆုပ်ချင်တာပါ..... ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို အစိတ်အပိုင်းတွေ ထောက်ပံ့ဖို့ ဆန္ဒမရှိတော့တဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး၊ တကယ်ပါ! ကျုပ်ကိုယုံ၊ ကျုပ်တို့ သေချာပေါက် နောက်ဆုံးအသုတ်က အစိတ်အပိုင်းတွေကို အကောင်းဆုံးလုပ်ပေးမှာပါ! ကျုပ်တို့ သေချာပေါက် မလုပ်....."

ရှုယီက သူ့ကို တဖန်ရပ်ရန် လက်ပြလိုက်သည်။

"ကောင်းပါပြီ၊ ဘာမှမပြောပါနဲ့တော့ ခင်ဗျားရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်။" ရှုယီက ပြုံးပြကာ ခိုဗက်ခ် စိုးရိမ်နေသလို ဒေါသတစ်စွန်းတစ်စကိုမှ ထုတ်မပြလာချေ၊ "ကျုပ် ခင်ဗျားကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် ခိုဗက်ခ်, ကျုပ်ကိုပြော၊ ဒါက ခင်ဗျားရဲ့ အကြံလား ဒါမှမဟုတ် ဖရီးမန်းရဲ့ အကြံလား?"

"ဒါက...." ခိုဗက်ခ်၏ နေရခက်မှုက ပို၍ပင် ဆိုးဝါးလာသော်လည်း ရိုးသားစွာ ပြန်ဖြေပါ၏၊ "ဒါက ကျုပ်ရဲ့ အကြံပါ၊ ဖရီးမန်းက ဒါကို လုံးဝ သဘောမတူပါဘူး။"

ဖရီးမန်းမှာ ရိုးသားသူဖြစ်ကာ ရှုယီထံ သူ၏ ကြင်နာမှုအတွက် ပြန်ပေးချင်နေသဖြင့် သေချာပေါက် တခြားမှာယူမှုများအတွက်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ မှာယူမှုများကို လက်လျှော့မည်မဟုတ်ချေ။

သို့သော် ဤသည်က ခိုဗက်ခ်မှာ လူရည်လည်ကာ အိုင်ရီလန်ကုန်သည်ကြီးများအသင်းကို အလွယ်လေး ထိန်းချုပ်နိုင်သောကြောင့်ပင်။ ခိုဗက်ခ်က ဥက္ကဌ ဖရီးမန်းထက်စာလျှင် ပြောဆိုခွင့်ပိုရှိသဖြင့် အိုင်ရီလန်ကုန်သည်ကြီးများအသင်းက နောက်ဆုံး၌ ဤဆုံးဖြတ်ချက်ကို ချလိုက်ခြင်းသာ။

ရှုယီလည်း အနည်းငယ်စဉ်းစားပြီးနောက် ပြောလာ၏၊ "ဟုတ်ပြီ၊ ကျုပ် ခင်ဗျားရဲ့ ရွေးချယ်မှုကို နားလည်သလို ထောက်လည်း ထောက်ခံပါတယ်။ ဘာကြောင့်လဲဆို‌တော့ ကျုပ်ရဲ့ ရှုထောင့်ကနေဆို ကျုပ်အနေနဲ့ မှော်စက်မှုနယ်ပယ်ကြီးက လမ်ပူရီတိုင်းပြည်ရော စိုင်စ်နယ်မြေကြီးတစ်ခုလုံးမှာပါ ဖြန့်ကျက်သွားမှာကို ဆန္ဒရှိလို့ပါ။ ခင်ဗျားတို့လို ဘန်တာမြို့တော်ကနေ လှမ်းထွက်တဲ့ လုပ်ငန်းစုတွေများလေ ကျုပ်ရဲ့ ရည်ရွယ်ချက်ကို ပိုပြီး ကူညီရာကျလေပါပဲ။"

ခိုဗက်ခ်က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ၊ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ် ဥက္ကဌရှု၊ ကျုပ်လည်း ဒီနည်းလမ်းကို စဉ်းစားမိလို့ပါ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားနိုင်ငံတွေမှာတောင် တိုးတက်နေတာဆိုတော့ ကျုပ်တို့ အိုင်ရီလန် ကုန်သည်ကြီးများအသင်းက မယှဉ်နိုင်ပေမယ့် ကျုပ်တို့မှာလည်း ရည်မှန်းချက် ရှိသင့်တယ်မဟုတ်လား?"

"အင်း ဒီအတွေးက မှန်ပါတယ်။" ရှုယီက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်သည်၊ "ဒါပေမယ့် ခိုဗက်ခ်, ခင်ဗျားကိုသတိပေးရမယ်၊ ခင်ဗျားသာ ခင်ဗျားတို့လုပ်ငန်းစုတိုးတက်မှုကို စဉ်းစားချင်ရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဒီလောက်မြန်မြန်ပစ်ထုတ်လိုက်တာက ထက်မြတ်တဲ့ ရွေးချယ်မှုတော့မဟုတ်ဘူးနော်။"

ခိုဗက်ခ်က ၎င်းကို မတွေးထင်ထားသည့် ဟန်ပန်ရှိနေသော်လည်း ချက်ချင်းပြုံးလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျား အထင်လွဲနေပြီ။ ကျုပ်တို့က ဘယ်လိုများ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို ပစ်ထုတ်ချင်ရမှာလဲ? သေချာပေါက် ဒီလိုကိစ္စမျိုးမရှိပါဘူး။ ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ အခွင့်ကောင်းနဲ့ လုပ်နိုင်စွမ်းကို မထိန်းနိုင်လို့ လတ်တလောအတွက်ပဲ Frestech ကုန်သည်ကြီးများအသင်းအပေါ် ထောက်ပံ့မှုကို ရပ်တန့်ရတာပါ။ ကျုပ်တို့ရဲ့ လုပ်နိုင်စွမ်းကို လိုက်နိုင်လာတဲ့အခါ သေချာပေါက် Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ထပ်ပြီး ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်။"

ရှုယီက ပြုံးရုံပြုံးကာ လက်လည်းမခံသလို ငြင်းလည်းမငြင်းချေ။

"ကောင်းပြီလေ၊ ခင်ဗျားတို့က ဆုံးဖြတ်ချက်ချပြီးမှတော့ ကျုပ်လည်း မကန့်ကွက်ပါဘူး။ ဒီအသုတ်ပြီးတာနဲ့ ကျုပ်တို့ရဲ့ အစိတ်အပိုင်းပြဿနာကိုဖြေရှင်းဖို့ တခြားလုပ်ငန်းစုတွေကို ရှာကြည့်လိုက်ပါမယ်။ ဟုတ်သားပဲ၊ ခင်ဗျား ခုနက ပြောခဲ့တာ ဆွေးနွေးစရာနှစ်ခုရှိတယ်ဆို။ ဒါက ပထမတစ်ခုဆိုရင် ဒုတိယတစ်ခုက ဘာများလဲ?"

"ဒုတိယကိစ္စက....." ခိုဗက်ခ်က ရယ်လျက်ဆိုသည်၊ "ဥက္ကဌရှု၊ ခင်ဗျား..... ကျုပ်တို့ လုပ်ငန်းစုရဲ့ အစိတ်အပိုင်းတွေက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စံနှုန်းတွေနောက်လိုက်တာကို ရပ်တန့်နိုင်မယ်လို့ထင်လား?"

"အိုး?” ရှုယီက သူ့အား တအံ့တဩဖြင့်ကြည့်လိုက်သည်၊ "ဘာလို့ ဒီလိုအတွေးမျိုးရှိနေတာလဲ?"

"ဘာလို့လဲဆိုတော့ အရင်နှစ်က တခြားမှော်စက်အလုပ်ရုံတွေမှာ စစ်ဆေးဖို့သွားတုန်းက မှော်စက်အတော်များများက ကျုပ်တို့ဘန်တာမြို့တော်ရဲ့ စံချိန်ကို မလိုက်နာထားကြတာတွေ့ရပေမယ့်၊ သူတို့လည်း အတော်ကောင်းကောင်းရောင်းရတယ်။ ကျုပ်တို့သာ သူတို့အတွက် အစိတ်အပိုင်းတွေကို လုပ်ပေးချင်ရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ စံနှုန်းတွေကို လိုက်နာတဲ့အခါ ကိုက်ညီမှာမဟုတ်ဘူးလေ။ ဒါတော့ ကျုပ် စဉ်းစားမိတာက..... တခြားလုပ်ငန်းစုတွေရဲ့ အမှာစာတွေအတွက်ဆိုရင် ကျုပ်တို့ ဘန်တာမြို့တော်ရဲ့စံနှုန်းတွေကို ဆက်လိုက်ဖို့ မလိုလောက်ဘူးပေါ့?" ခိုဗက်ခ်က ရှုယီကို မျှော်လင့်တကြီးကြည့်လာသည်။

သီအိုရီအရ ဘန်တာမြို့တော်၏ စံနှုန်းကို Frestech ကုန်သည်ကြီးများအသင်းက အကြံပြုထားပြီး မှော်စက်လုပ်ငန်းစုများအကြား အတင်းသဘောတူခိုင်းထားခဲ့သော်လည်း တင်းတင်းကြပ်ကြပ်တိုက်တွန်းထားခြင်းတော့မဟုတ်ပေ။ ထို့ကြောင့် အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ ဆန့်ကျင်မှုက ထိုမျှ မလွန်ပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းကို ကြောက်ရွံ့သဖြင့် ခိုဗက်ခ်က ရှုယီ၏ လက်ခံမှုကို ဦးစွာယူသင့်သည်ဟု ခံစားမိနေသည်။

ရှုယီလည်း ခိုဗက်ခ်ကိုကြည့်ကာ တစ္ဆေဆန်ဆန်ပြုံးလိုက်၏၊ "အဲဒီလုပ်ငန်းစုတွေကို စစ်ဆေးတုန်းက သူတို့ရဲ့ မှော်စက်တွေက ကောင်းတယ်လို့ ခင်ဗျားထင်လား?"

"ဒါပေါ့ Frestech တံဆိပ်ကိုမယှဉ်နိုင်ဘူး။" ခိုဗက်ခ်က ချက်ချင်းပြောသည်၊ "ဒါပေမယ့် ကျုပ် ခံစားမိတာက သူတို့က ကျုပ်တို့ ဘန်တာမြို့တော်ရဲ့ မှော်စက်တွေနဲ့စာရင် မဆိုးသလို အတော်‌လည်း ရောင်းရတယ်။"

ရှုယီက အပြုံးဖြင့် လက်ခါလိုက်သည်၊ "ကောင်းပြီလေ၊ ခင်ဗျားရဲ့ စိတ်ကို ပြင်ဆင်ပြီးမှတော့ ကျုပ်မှာ ကန့်ကွက်စရာမရှိပါဘူး။ ဒီစံနှုန်းတွေကိုလည်း အတင်းလုပ်ခိုင်းတာမှမဟုတ်တာ၊ ဒီတော့ ခင်ဗျားတို့ အိုင်ရီလန် ကုန်သည်ကြီးများအသင်းက သူတို့ကို မလိုက်နာဖို့ ရွေးချယ်တာက ပြဿနာမရှိဘူး။"

ခိုဗက်ခ်က ရှုယီ၏ အမူအရာကို ကြည့်ရင်း ဂရုတစိုက်မေးသည်၊ "ဥက္ကဌရှု၊ ခင်ဗျားတကယ်ပဲ ဒေါသမထွက်ဘူးလား?"

ရှုယီက ရွှင်ပျနေဟန်ရှိသည်၊ "ဘာလို့ ဒေါသထွက်ရမှာလဲ? ဒါက ခင်ဗျားတို့ အိုင်ရီလန် ကုန်သည်ကြီးများအသင်းရဲ့ ဆုံးဖြတ်ချက်လေ၊ လုပ်ဖော်ကိုင်ဖက်အနေနဲ့ ကျုပ် အကြံတစ်ချို့တော့ ပေးရမယ်။"

"ကျေးဇူးပြုပြီးပေးပါ"

"ကုန်သည်တွေလုပ်တဲ့နေရာမှာ အထူးသဖြင့် စက်မှုကုန်စည်တွေကိုပေါ့လေ၊ စံနှုန်းရှိတာက ကောင်းပါတယ်။ စံနှုန်းက အကန့်အသတ်တွေကိုယူလာပေးရုံတင်မကဘူး အားသာချက်လည်းရှိတယ်။ ခင်ဗျား အခုမတွေ့သေးတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမယ့် သိပ်မကြာခင် နားလည်သွားမယ်လို့ထင်ပါတယ်။" ရှုယီက အလေးအနက်ပြောလိုက်၏။

ခိုဗက်ခ်၏ အမူအရာက တခြားဘက်ကို တွေးနေဟန်‌ရှိနေသဖြင့် ရှုယီလည်း ရှင်းပြရန် အင်မတန် ပျင်းရိလှသည်။

သူပြောသလိုပင် ဤသည်က အိုင်ရီလန် ကုန်သည်ကြီးများအသင်း၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် လက်ရှိတွင် သူ့ထံ၌ ၎င်းတို့ကို အပြစ်ပေးရန် နည်းလမ်းမရှိချေ။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ ဘန်တာမြို့တော်ရှိ အနေအထားက အိုင်ရီလန် ကုန်သည်ကြီးများအသင်းကို ဆုံးရှုံးအောင်ပြုလုပ်နိုင်သော်လည်း ရှုယီကထိုသို့လုပ်ရန် ဆန္ဒမရှိပေ။

၎င်းတို့အား ဆုံးရှုံးမှုကို ခံစားခွင့်ပြုကာ စံနှုန်းတစ်ခု၏ အကျိုးအမြတ်ကို နားလည်ခွင့်ပေးလိုက်သည်က ရှုယီ အတင်းဟန့်တားနေခြင်းထက် များစွာပိုကောင်းပါ၏။

ပို၍ ရက်ရက်စက်စက်ပြောရလျှင် အိုင်ရီလန် ကုန်သည်ကြီးများအသင်းက ဆုံးရှုံးမှုနှင့်ကြုံရလျှင် ၎င်းအား အခြားလုပ်ငန်းစုများအတွက် ဥပမာပေးခြင်းဟု သတ်မှတ်နိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းက အိုင်ရီလန် ကုန်သည်ကြီးများအသင်းကို ထောက်ပံ့နိုင်ရာ ၎င်းတို့အနေနှင့် လုပ်ငန်းစုများအား ပိုမို ထောက်ပံ့နိုင်ပါ၏။

ရှုယီ နှမျောသလိုခံစားနေရသည့် တစ်ခုတည်းသောအရာမှာ ဖရီးမန်းက လူကောင်းဖြစ်နေခြင်းပင်။

ခိုဗက်ခ် လှည့်သွားကာ အတော်လေး စိတ်ချသလိုခံစားနေသည်ကို ကြည့်ရင်း ရှုယီလည်း အပြုံးဖြင့် ခေါင်းခါလိုက်ပြီးနောက် သူ့အား အချိန်ကြာ စောင့်ဆိုင်းနေခဲ့သော အဖွဲ့ရှိရာဘက် လှည့်လိုက်သည်။

၎င်းကိုယ်စားလှယ်များအနေနှင့် ရှုယီထံ ဆွေးနွေးလိုသည့်အရာများမှာ အဓိကအားဖြင့် မှော်ထုတ်လုပ်ရေးစက်များနှင့် စပ်လျဉ်းနေသည်။

မှော်စက်မှုနယ်ပယ်က ကောင်းကောင်းတိုးတက်နေပြီး ယခင်၂နှစ်အကြာက ဝင်ရောက်ခဲ့သော လုပ်ငန်းစုများမှာ အတော်လေး ငွေဝင်သလို ဘုရင်မကြီး ဆယ်ဗီနီက စီးပွားရေးတိုးတက်မှု အထူးသဖြင့် မှော်စက်လုပ်ငန်းကို ထောက်ပံ့ကြောင်း ဖော်ပြထားသောကြောင့် ယင်းလုပ်ငန်းစုများမှာ ၎င်းတို့၏ ထုတ်လုပ်မှုကို တိုးချင်သည်က သဘာဝကျပါ၏။

ထို့အပြင် ဘန်တာမြို့တော်ကို ဤနှစ်လာသူလည်း များရာ ၎င်းတို့၏ လူအင်အားလိုအပ်မှုကို ဖြည့်ဆည်းနိုင်သဖြင့် ၎င်းတို့၏ ထုတ်လုပ်ရေးကို ချဲ့ထွင်ရန် အခွင့်ကောင်းဖြစ်သည်။

ထို့ကြောင့် အနှီကိုယ်စားလှယ်များက ရှုယီကို မှော်ထုတ်လုပ်ရေးစက်များအတွက် အမှာစာပိုယူရန် လာရှာကာ ၎င်းတို့၏ ထုတ်လုပ်ရေးအတိုင်းအတာကို ချဲ့ထွင်ဖို့ ပြင်နေကြသည်။

ရှုယီလည်း သာမန်ကာလျှံကာ ထိုလူများဖြင့် ပြောပြီး မှော်ထုတ်လုပ်ရေးစက် အမျိုးမျိုးအတွက် အမှာစာ တစ်ရာကျော်ကို အတည်ပြုလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းထံမှာ ထုတ်လုပ်ရေးလိုင်းများ အပြည့်ကို မှာယူသော လုပ်ငန်းစုများပင် ရှိနေသည်။

၎င်းတို့၏ ယခင်က ထုတ်လုပ်ရေးအတိုင်းအတာနှင့်ယှဉ်လျှင် ၎င်းအား ခြေလှမ်းကြီးတစ်လှမ်းဟု သတ်မှတ်နိုင်ပါ၏။

ရှုယီက သဘာဝကျစွာပင် အရာအားလုံးကို သဘောတူကာ အကြမ်းဖျဉ်းခန့်‌မှန်းချေအရ ဤဆွေးနွေးမှုနှင့်နင် ရှုယီမှာ စုစု‌ပေါင်း ရွှေဒင်္ဂါး ငါးသိန်းကျော်အထိရမည့် အမှာစာများကို လက်ခံရရှိခဲ့သည်။

ဤမှာယူမှုအား Frestech ကုန်သည်ကြီးများအသင်းအတွက် ယခုနှစ်၏ ပထမဆုံး သဘောတူညီချက်၊ ကြီးမားသော ဖွင့်လှစ်မှုဟု သတ်မှတ်နိုင်ပါ၏။

အားလုံးထွက်သွားချိန်တွင် ဥက္ကဌ ခရုစ်က ဝမ်းနည်းနေဟန်ဖြင့် ရောက်လာသည်။

"ဥက္ကဌရှု၊ ကျုပ် ခင်ဗျားကို မနာလိုဖြစ်မိနဲ့ အချိန်တွေများတယ်ဗျာ။ ဒီမှာထိုင်နေရုံနဲ့တင် အလုပ်တွေက ခင်ဗျားဆီရောက်လာတော့တာပဲ။ ကျုပ်တို့ လုပ်ငန်းစုမှာလည်း ဒီလိုစိတ်လှုပ်ရှားစရာ မြင်ကွင်းလေးရှိနိုင်ရင် မနက်‌ဖြန်မှာတောင် ပျော်ရွှင်လွန်းလို့ သေပစ်လိုက်နိုင်တယ်။"

ရှုယီလည်း မျက်လုံးလှိမ့်ပြလိုက်၏၊ "ခင်ဗျားတို့ အမ်ရစ် ကုန်သည်ကြီးများအသင်းက ငတ်မွတ်တော့မယ်လို့ ပြောနေသလိုပဲ။ တခြားလူတွေအရှေ့မှာ ဒီလိုသရုပ်ဆောင်တာကအဆင်ပြေပါတယ်၊ ဒါပေမယ့် ဘာလို့ ကျုပ်အရှေ့မှာ သရုပ်ဆောင်နေရတာလဲ? ခင်ဗျားတို့ အမ်ရစ် ကုန်သည်ကြီးများအသင်းက ရူဒ်ဆန် တိုင်းပြည်နဲ့ ကီလိုမီတာတစ်ထောင်လမ်းတစ်ခုအတွက် စာချုပ်ချုပ်ခဲ့တယ်လို့ ကြားထားတယ်။ ဒီစာချုပ်တန်ဖိုးနဲ့တင် ရွှေဒင်္ဂါးလေးသန်းရှိနေပြီလေ။"

"ဟေး ဥက္ကဌရှု၊ အပိုအလျှံနဲ့ အမြတ်က မတူဘူးလေ၊ ခင်ဗျား ဒါကို မသိဘူးလို့မပြောနဲ့။" ဥက္ကဌ ခရုစ်က မှားယွင်းသွားဟန်ပြလာသည်၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရောင်းအား ငါးသိန်းကနေ လေးသိန်းရနိုင်တယ်။ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကတော့ ဒီလေးသန်းထဲကနေ လေးသိန်းအောက်ပဲ ရတာလေ!"

"ဒါဆို ဒီလမ်းတွေနဲ့ ချိတ်ဆက်ထားတဲ့ မြို့တွေက အဆင့်မြင့်ဗီလာတွေကရော? ဒီကနေ ငွေနည်းနည်းပဲရတယ်လို့ မပြောနဲ့နော်။" ရှုယီက အပြုံးဖြင့်ပြောသည်။

"ဟားဟား..... ဒါက.....ဟားဟား....."ဥက္ကဌ ခရုစ်က အကြိမ်ရေအချို့ ခြောက်ကပ်ကပ်ရယ်လိုက်သော်လည်း ရှုယီကို ပြန်မဖြေပေ။

ရှုယီလည်း ခေါင်းခါသည်။ အိမ်ခြံမြေနယ်‌ပယ်မှာ ကမ္ဘာမြေ၌ အကျိုးအမြတ်အရဆုံးနယ်ပယ်ပင်၊ စိုင်စ်နယ်မြေကြီး၌လည်း ကွာခြားမည်ဟု သူမထင်မိချေ။

အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆန်ဒီမြစ်အနီးတွင် အရုဏ်ဦးရပ်ကွက်ကို တည်ဆောက်ကာ ဗီလာတစ်ခုစီတိုင်းက အနည်းဆုံး ရွှေဒင်္ဂါးကိုးထောင်ကုန်ကျလေသည်။

ရှုယီ၏ ခန့်မှန်းခြေအရ ဗီလာတစ်လုံးစီ၏ ကုန်ကျစရိတ်မှာ ရွှေဒင်္ဂါးလေးထောင်ဝန်းကျင်လောက်ရှိမည်။

အလုပ်သမားကုန်ကျစရိတ်နှင့် မြေကွက်ကုန်ကျစရိတ်ကို တွက်လိုက်လျှင်တောင် ဗီလာတစ်လုံး၏ ပျမ်းမျှကုန်ကျစရိတ်မှာ ရွှေဒင်္ဂါးခြောက်ထောင်ထက်မပိုချေ။

တွက်ကြည့်လိုက်သော် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ ဗီလာတစ်လုံးစီထံမှ ရွှေဒင်္ဂါးသုံးထောင်ကျော် ဝင်ငွေရနိုင်၏။

ဤရပ်ကွက်၌ ဗီလာ တစ်ရာနှင့် ရှစ်ဆယ့်ရှစ်လုံးရှိ၏။ ဤရပ်ကွက်နှင့်တင် ၎င်းတို့မှာ ရွှေဒင်္ဂါး ခြောက်သိန်းကျော် ဝင်လိမ့်မည်။

ဤသည်က ရပ်ကွက်တစ်ခုတည်းသာရှိသေးသည်။ ဆော်လ်တန်မြို့နှင့် ခမာမြို့တို့၌ ဆောက်ထားသော ရပ်ကွက်များကိုပါ တွက်ကြည့်လျှင် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ အားလုံးကို ရောင်းလိုက်ပါက အမြတ်ငွေ နှစ်သန်းနီးနီးရလိမ့်မည်။

ယခင်နှစ် လမ်းများထံမှ ဝင်ငွေကိုပါ ထည့်ပေါင်းပါက အမ်ရစ် ကုန်သည်ကြီးများအသင်း၏ နှစ်စဉ်အသားတင်အမြတ်ငွေမှာ Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ အခြားမည်သည့်လုပ်ငန်းစုများထက်မဆို ပိုမြင့်ပေသည်။

"ခ်..... ဥက္ကဌရှု၊ ဒါက ခင်ဗျားမသိတာလည်းမဟုတ်ဘူး။ အတော်လေး ငွေဝင်ပေမယ့်လည်း အတော်သုံးရတယ်လေ။ ပြီးတော့ နေရာတိုင်းမှာ ငွေမှမရတာ၊ အဲ့အစား အရှုံးပေါ်တဲ့ နေရာတွေလည်းရှိသေးတယ်။ ဥပမာပြောရရင်..... လက်ရှိမှာ ဆန်နက်မြေရိုင်းမှာ ရင်းနှီးမြှုပ်နှံထားတာက‌နေ အတော်လေး ဆုံးရှုံးနေတယ်လေ။"

ဥက္ကဌ ခရုစ်က နောက်ဆုံး၌ ဆန်နက်မြေရိုင်းအကြောင်း ထုတ်ပြောလာသည်ကိုကြားသော် ရှုယီမှာ မျက်မှောင်အသာကုပ်မိသွားသည်။

အနှီသားရဲလူမျိုးနေရာ၌ တကယ်ကို ပူပန်စရာများနှင့် ပြည့်နေ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၆။ အရှုံးပေးလာသည့်တိုင် ရိုက်နှက်ခြင်း

ခေတ္တမျှကြာပြီးနောက် ရှုယီက သက်ပြင်းဖွဖွချလေသည်။

"ဘာလဲ? သူတို့က ပြဿနာတွေ ပိုဖြစ်စေခဲ့လို့လား?"

ယခင်နှစ်အစတွင် Frestech ကုန်သည်ကြီးများအသင်း၊ အမ်ရစ်ကုန်သည်ကြီးများအသင်း၊ အာမန်နီကုန်သည်ကြီးများအသင်းနှင့် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းတို့မှာ ဆန်နက်မြေရိုင်းထက်တွင် ထုတ်လုပ်ရေးအ‌ခြေစိုက်ဌာနတစ်ခုတည်ဆောက်ခဲ့၏။

ပထမဆုံးတွင် ၎င်းထုတ်လုပ်ရေးအခြေစိုက်ဌာနက ချောချောမွေ့မွေ့ဖြစ်ခဲ့သော်လည်း ဆန်နက်မြေရိုင်းမှ သားရဲလူမျိုးများစွာကိုခန့်အပ်ကာ အလုပ်သမားစရိတ်ကို လျှော့ချ၍ လုပ်ငန်းစုလေးစုကို အကျိုးအမြတ်များစွာ ခံစားရစေခဲ့သည်။

သို့သော် နောက်ပိုင်း နှစ်တစ်ဝက်အတွင်း ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများမှာ ထုတ်လုပ်ရေးအခြေစိုက်ဌာနကို စတင်၍ အနှောင့်အယှက်ပေးလာခဲ့သည်။ ၎င်းက ထုတ်လုပ်ရေးအခြေစိုက်ဌာနကို တစ်ကြိမ်ပြီးတစ်ကြိမ် အလုပ်လုပ်ရာမှ ရပ်တန့်စေရန် တွန်းအားပေးလျက် ဆုံးရှုံးမှုကြီးများ ဖန်တီးခဲ့၏။

ထို့အပြင် ၎င်းမှာ အခြားသားရဲလူမျိုး မျိုးနွယ်စုများက ပြဿနာဖြစ်စေရုံတင်မဟုတ်ဘဲ စက်ရုံများရှိ အလုပ်သမားများကပါ ပြဿနာဖြစ်စေခဲ့သည်။ ၎င်းတို့မှာ လူသားများနှင့် တစ်ကြိမ်မက ပဋိပက္ခဖြစ်ပွားခဲ့ပြီး တစ်ယောက်ယောက်ကို သတ်မိလုနီးပါးပင်ဖြစ်ခဲ့၏။

၎င်းမတော်တဆများအားလုံးနှင့်အတူ ထုတ်လုပ်ရေးအခြေစိုက်ဌာနကို ထိန်းသိမ်းရန်မှာ ခက်ခဲလှသည်။ နှစ်ဆုံး၌ ၎င်းတို့၏ ဘဏ္ဍာငွေများကို တွက်ချက်လိုက်ချိန်တွင် လုပ်ငန်းစုလေးစုမှာ တကယ်တမ်း အနှီ ထုတ်လုပ်ရေးအခြေစိုက်ဌာန၌ ငွေဆုံးခဲ့ရသည်။

ဆုံးရှုံးမှုကြောင့် လုပ်ငန်းစုတစ်စုမှ နုတ်မထွက်ပါသော်လည်း ဤအခြေနေမျိုးသာဆက်ဖြစ်နေလျှင် ထုတ်လုပ်ရေးအခြေစိုက်ဌာနကို ဆက်လက် ထောက်ပံ့နေဖို့ မဖြစ်‌နိုင်လောက်တော့ချေ။

"အဲဒါတော့မဟုတ်ပါဘူး။" ဥက္ကဌ ခရုစ်က ကူရာမဲ့စွာ လက်များဖြန့်လိုက်သည်၊ "ကျုပ် တကယ်ပဲ အဲဒီသားရဲလူ‌မျိုးတွေက ဘာတွေစဉ်းစားနေမှန်း နားမလည်ဘူး၊ ခင်ဗျားသိလား? လူတိုင်းက အတူအလုပ်လုပ်ရင်းနဲ့ ငွေဝင်နိုင်တာက လူတိုင်းအတွက်ကောင်းတယ်ဆိုပေမယ့် ဒီကောင်တွေကကျတော့ ဘာမှ လုပ်စရာမရှိချိန်မှာ ပြဿနာရှာနေတယ်လေ။ သူတို့က ကျုပ်တို့ရဲ့ ထုတ်လုပ်ရေးကို ရပ်တန့်စေပြီး ဆုံးရှုံးမှုဖြစ်အောင်လုပ်တာကို မပြောနဲ့ဦး သူတို့ဘာသာရော ဆုံးရှုံးမှုတွေ မရှိလို့လား?"

ရှုယီက ခေါင်းကိုပွတ်ကာ သက်ပြင်းချ၍ ပြောလေသည်၊ "တခြားနည်းလမ်းမရှိဘူး၊ သားရဲလူမျိုးတွေက အဲ့လောက်ကို တုံးအတယ်။ သူတို့မှာက ကြမ်းတမ်းတဲ့ဗီဇရှိပြီး လူသားတွေ သူတို့ကို စီမံခန့်ခွဲခွင့်ပြုဖို့ မယုံကြည်တော့ တခြားနည်းလမ်းမရှိဘူးလေ။"

"နည်းလမ်းမရှိဘူးလို့ ပြောတာက မမှန်ဘူး။" ဥက္ကဌ ခရုစ်ကခေါင်းခါသည်၊ "နတ်သူငယ်တွေ နယ်မြေကြီးကို အုပ်ချုပ်တုန်းက သားရဲလူမျိုးတွေအားလုံး ကြောင်ပေါက်‌ကလေးတွေလို နာခံကြတာပဲ။ ပြဿနာရှာတဲ့ ဘယ်သားရဲလူမျိုးမှမရှိဘူး၊ နတ်သူငယ်တွေကို ဆန့်ကျင်ဖို့ အသာထား။ အဆုံးကျတော့၊ နတ်သူငယ်တွေကို ဆန့်ကျင်လိုက်တာက သားရဲလူမျိုးတွေ ပုံမှန်အားဖြင့် အထင်သေးပြီး အားနည်းတယ်လို့ ထင်မိကြတဲ့ လူသားတွေဖြစ်နေတာပဲ။"

"အိုး? နတ်သူငယ်တွေက သားရဲလူမျိုးတွေနာခံအောင် ဘာနည်းလမ်းတွေသုံးခဲ့တာလဲ?" ရှုယီက စူးစမ်းလိုသံဖြင့်မေးသည်။

"အဲ့လောက်လည်း မထူးခြားပါဘူး၊ ရှင်းရှင်းလေးရယ်။ သူတို့ကို ဒီတိုင်း ရိုက်တာပေါ့။" ဥက္ကဌ ခရုစ်က အထင်အမြင်သေးဟန်ဖြင့် ဖြေလာသည်၊ "ပြောပြမယ်၊ သားရဲလူမျိုးတွေက အားနည်းသူကိုအနိုင်ကျင့်ပြီး သန်မာသူကို ကြောက်ရွံ့တယ်။ ခင်ဗျားသာ နည်းနည်းလောက် ပိုသန်မာပြီး အရှုံးပေးလာအောင် တွန်းအားပေးလိုက်ရင် လုံးဝ မခုခံရဲကြဘူး။ ဒါပေမယ့် ခင်ဗျားကသာ တွန်းအားမပေးရင် သူတို့အနေနဲ့ ခင်ဗျားမှာ ဘာအစွမ်းအစမှမရှိဘူးထင်ပြီး ပြစ်တင်စော်ကားကြလိမ့်မယ်။"

"ဘာလို့ဒါက ကမ္ဘာမြေပေါ်က မျိုးနွယ်စုတစ်ခုနဲ့ ဆင်တူနေပါလိမ့်?" ရှုယီလည်း ၎င်းကို စိတ်ထဲ၌ ရယ်ရသည့်နှယ်ခံစားလိုက်ရသည်၊ "ဒါဆို ခင်ဗျားရဲ့ အမြင်ကရော?"

"ကျုပ်ရဲ့ အမြင်..... ရိုးရိုးသားသားပြောရရင်၊ ဥက္ကဌ ဗင်းဆင့်ထ်, ဥက္ကဌ ရန်နာဆာနဲ့ ကျုပ်ဆီမှာ တူညီတဲ့ အမြင်ရှိတယ်။ ကျုပ်တို့အနေနဲ့ ဥက္ကဌရှု တွန်းအားပေးတာ လုံလောက်တယ်လို့မထင်ဘူး၊ ဒါကြောင့်ပဲ သားရဲလူမျိုးတွေက ကျုပ်တို့လုပ်ငန်းစုတွေကို အားနည်းတယ်လို့ ထင်ကြတာပဲ။" ဥက္ကဌ ခရုစ်က ရိုးသားစွာ ဆိုလေသည်။

"ကျုပ် အားနည်းခဲ့တာလို့ပဲ ပြောလိုက်ပါတော့။" ရှုယီက သူ့ကိုကြည့်ကာ၊ "ဟုတ်ပြီလေ၊ ဘယ်လိုထင်လဲ..... အားနည်းတာလား သန်မာတာလား? ကျုပ် ပြေးသွားပြီး ဆန်နက်မြေရိုင်းက သားရဲလူမျိုးနည်းနည်းလောက်ကို သတ်လိုက်ရမလား? ပြဿနာက ကျုပ်တို့အနေနဲ့ ငွေရှာဖို့ ကြိုးစားနေတာလေ၊ လူတွေကို အနိုင်ကျင့်ဖို့မှ မဟုတ်တာ။"

"အဲ့လောက်ထိ ချဲ့ကားစရာတော့လိုမလား?" ဥက္ကဌ ခရုစ်က လက်ယမ်းလိုက်သည်၊ "ကျုပ်တို့သုံးယောက်အထင်တော့ အစောင့်တွေကို အားဖြည့်သင့်တယ်။ အနည်းဆုံး ထုတ်လုပ်ရေးအခြေစိုက်ဌာနကို ကာကွယ်နိုင်လောက်ပြီး လုံလုံခြုံခြုံထားဖို့လေ။ ဒီနည်းနဲ့ဆို ကျုပ်တို့ရဲ့ အင်အားကို သားရဲလူမျိုးတွေဆီပြနိုင်ပြီးတော့ သူတို့လည်း ကြောက်ပြီး ကျုပ်တို့ကို ထပ်နှောင့်ယှက်ရဲမှာ မဟုတ်လောက်တော့ဘူး။"

"ဒီတော့? သူတို့ကို အားဖြည့်ဖို့ကို ဘယ်လိုစီစဉ်ထားလဲ? မမေ့နဲ့ဦး၊ လူအင်အား အထူးသဖြင့် အရည်အချင်းရှိ အစောင့်တွေကို ရှာဖို့ခက်တယ်။ ကျုပ်တို့ လုပ်ငန်းစုက ဒီအချိန်တစ်လျှောက်လုံး သုံးခဲ့ပေမယ့် အစောင့်တစ်ထောင်ကျော်တောင်မရသေးဘူး။" ရှုယီက ပြောသည်။

"ခင်ဗျားမှာ အရည်အချင်းရှိရင် နတ်သူငယ်အစောင့်တွေ၊ လူပု‌လေးအစောင့်တွေနဲ့ တခြားအစောင့်တွေအားလုံးကိုပါ ထည့်လိုက်မယ်ဆိုရင်ရော?" ဥက္ကဌ ခရုစ်က ရှုယီကိုကြည့်ကာ လက်ယမ်းလိုက်သည်၊ "ဒါပေမယ့် ကျုပ်ဆိုလိုချင်တာက ဒါမဟုတ်ဘူး။ အရည်အချင်းရှိ အစောင့်တွေကို ရှာဖို့က မလွယ်ပေမယ့် သူတို့ရဲ့ ခွန်အားကို တိုးဖို့ဆိုတာက အရေအတွက်ကိုပဲ တိုးလိုက်တဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူးမို့လား? ဥပမာပြောရရင်..... ပိုကောင်းတဲ့ လက်နက်တွေ ပေးလိုက်တာ‌မျိုး‌?"

ဥက္ကဌ ခရုစ်၏ မျက်နှာထက်ရှိ နက်နက်နဲနဲ အပြုံးကို မြင်သော် ရှုယီမှာ မနေနိုင်ဘဲ ဟာသမြင်လိုက်ရသလို ခံစားမိသွားသည်။

"ကောင်းပြီလေ ခရုစ်, ခင်ဗျား ဝိုင်းကြီးပတ်ပတ်သွားနေတာ။ အဆုံးကျတော့ ခင်ဗျားက ခင်ဗျားတို့ လုပ်ငန်းစု အစောင့်တွေအတွက် ကျုပ်ဆီက စစ်ဘက်သုံးမှော်စက်တချို့ ဝယ်ချင်နေတာပဲ။"

"အမှန်ပဲ။" ရှုယီက သိသွားပြီဖြစ်ရာ ဥက္ကဌ ခရုစ်လည်း ဖုံးကွယ်ဖို့ မကြိုးစားနေတော့ချေ၊ "ကျုပ်ဆီမှာ ဒီအတွေးရှိတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ ဒီလို စစ်ဘက်သုံးမှော်စက်တွေနဲ့ စွမ်းအားကြီးကိရိယာတွေကို သုံးဖို့ လွယ်နေတာပဲ။ ခင်ဗျားသာ ကျုပ်တို့လုပ်ငန်းစုကို ထပ်တူပေးနိုင်ရင် ကျုပ်တို့လည်း သူတို့ရဲ့ တိုက်ပွဲခွန်အားကို တိုးမြှင့်နိုင်မှာဆိုတော့ ဒီသားရဲလူမျိုးတွေ နှောင့်ယှက်တာကို စိုးရိမ်ဖို့ လိုတော့မှာလဲ?"

"ဒီအကြံက အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။" ရှုယီက သက်ပြင်းတစ်ချက်ချ၏၊ "သာမန်လက်နက်နဲ့ ချပ်ဝတ်တွေဆိုရင်တော့ အဆင်ပြေပေမယ့် ပိုအားကောင်းတဲ့ စစ်ဘက်သုံးမှော်စက်တွေကို တော်ဝင်စစ်တပ်က ထိန်းချုပ်ထားတာ။ သာမန်လုပ်ငန်းစုအစောင့်တွေကို ဒီလက်နက်တွေပေးခွင့်မပြုထားဘူး။"

ဥက္ကဌ ခရုစ်က သူ့ကို ကြည့်လာသည်၊ "ဒါဆို ခင်ဗျားရဲ့ အစောင့်တွေမှာ ဘယ်လိုလုပ်ရှိနေတာလဲ?"

"ဘာလို့လဲဆိုတော့ သူတို့က ကျုပ်တို့လုပ်ငန်းစုရဲ့ အစောင့်တွေဖြစ်နေရုံတင်မကဘူး ကျုပ်ရဲ့ ဗစ်ကောင့်ထ်အနေနဲ့ ကိုယ်ပိုင်စစ်တပ်ဖြစ်တာကြောင့်လည်းပါတယ်။ ဘာလဲ? ခင်ဗျားတို့ ဥက္ကဌ သုံးယောက်ထဲက တစ်ယောက်ယောက်ထဲ မျိုးရိုးမြင့်ရှိတာလား?"

ဥက္ကဌ ခရုစ်မှာ မျက်လုံးများ လှိမ့်လိုက်လေသည်၊ "ဒီကောင်လေးကတော့..... လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှာ မျိုးရိုးမြင့်ရော ကုန်သည်ရော နှစ်ခုစလုံးဖြစ်နေတာ ခင်ဗျားပဲ ရှိတာလေ၊ ဘာလို့ သိပြီးသားကို ပြန်မေးနေရတာလဲ?"

"ဒီတော့ ကျုပ် ဒီလိုလုပ်ချင်ရင်တောင် ဘာနည်းလမ်းမှမရှိဘူး၊ ဟုတ်ပြီလား?" ရှုယီက လက်များဖြန့်လိုက်သည်။

"ဟင့်အင်း၊ နည်းလမ်းတစ်ခုရှိပါတယ်။" ဥက္ကဌ ခရုစ်က စဉ်းလဲစွာပြုံးလာသည်။ သူက ရှုယီအတွက် စာတမ်းတစ်ခု ထုတ်ပြလာ၏။

ရှုယီလည်းယူလိုက်ရာ ၎င်းက စံပြုမျိုးရိုးမြင့်အမိန့်လျှောက်လွှာဖြစ်ကြောင်း တွေ့လိုက်ရသည်။

၎င်းကို ထုတ်ဝေထားသည်မှာ ဘန်တာမြို့တော်မှာ ဘာရွန် ကီရီဟူသည့် မျိုးရိုးမြင့်လေးတစ်ဦးဖြစ်၏။ လျှောက်လွှာပါ အကြောင်းအရာများမှာ ဘာရွန် ကီရီက ဆန်နက်မြေရိုင်းသို့ ခရီးသွားချင်သော်လည်း ထိုနေရာရှိ သားရဲလူမျိုးများကြောင့် စိုးရိမ်နေရသဖြင့် တော်ဝင်လွှတ်တော် ခွင့်ပြုပေးထားသည့် အစောင့်သုံးရာကို ရလိုခြင်း ဖြစ်သည်။

ထိုအစောင့်သုံးရာမှာ သူ့အား ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးစေရန် အလို့ငှာ ၎င်းတို့၏ တိုက်ပွဲအင်အားကို တိုးတက်စေချင်သည်။ ထိုသို့ဖြင့် သူဟာ မှော်ထပ်ဆင့်လေးသုံးရာနှင့် ခရီးဆောင် မှော်အမြောက်သုံးခုကို မှာလိုခြင်းဖြစ်သည်။

၎င်းကို ဖတ်ပြီးနောက် ရှုယီက အောက်ခြေရှိ ဘာရွန်ကီရီ၏စည်းတံဆိပ်ကို ခဏတာကြည့်လိုက်ပြီးနောက် ဥက္ကဌ ခရုစ်ကို အံ့ဩဟန်ဖြင့် ကြည့်လိုက်သည်။

"ခင်ဗျား တကယ်ကြီး နည်းလမ်းတွေ စဉ်းစားနိုင်တာပဲ၊ ဒါပေမယ့် ဒါက နိုင်ငံရဲ့ လွှတ်တော်ကို ခင်ဗျားတို့ဆီ အာရုံစိုက်လာစေနိုင်ပြီး ပြဿနာဖြစ်လာမှာ မဟုတ်တာကို သေချာလား?"

ဥက္ကဌ ခရုစ်က အသာပြုံးလိုက်၏၊ "ဘာတွေ စိုးရိမ်ဖို့လိုလို့လဲ? ဒါကို လုပ်မှာ ကျုပ်တို့လုပ်ငန်းစုတစ်ခုတည်းမှ မဟုတ်တာ။ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းရဲ့ အစောင့် နှစ်ထောင်ကလည်း ဘယ်ကနေလာတယ် ထင်လို့လဲ?"

ရှုယီလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ သူက အမိန့်ကိုပြန်ကြည့်လိုက်ရာ သူ‌၏ရှေ့ရှိ တံခါးတစ်ချပ်က တဖြည်းဖြည်းချင်းစီ ပွင့်သွားသလိုပါပင်။

နှစ်သစ်ကူးပြီးသွားသည်နှင့် ဆောင်းရာသီမှာ တစ်ရက်စီကုန်လွန်ကာ ကျော်ဖြတ်သွားသည်။

နွေဦးပန်းများပွင့်လာချိန်တွင် ဘန်တာမြို့တော်မှာ နေ့စဉ်နေ့တိုင်း လူများဝင်လာခြင်းဖြင့် ပို၍ ပို၍ သက်ဝင်လှုပ်ရှားလာလေသည်။

ဘန်တာမြို့တော်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်မှာ နွေဦး အစပထမလေပြေညင်းနှင့် စတင်ကာ အလုပ်စသည်နှင့် ငြိမ်နေနိုင်သည့် နေ့တစ်ရက်ပင် မရှိတော့ချေ။

ဘန်တာမြို့တော်တစ်ခုလုံးက ဆောက်လုပ်ရေးဆိုက်ကြီးတစ်ခုအသွင်ပြောင်းသွားပြီး ဆောက်လုပ်လက်စ အဆောက်အဦအမျိုးစုံရှိနေသည်။

ဘန်တာမြို့တော်မှာ နေ့စဉ် ပြောင်းလဲနေသလိုပါပင်။

မြို့သစ်အပိုင်းတွင် လမ်းများက ပိုမို ရှည်လာ၏။ ဘန်တာမြို့တော်ရှိ ရွာတိုင်းက လက်ရှိတွင် ချိတ်ဆက်ပြီးဖြစ်ရုံမက အဘက်ဘက်၌ လမ်းများရှိသဖြင့် လူများလည်း အသစ်တိုးချဲ့ထားသည့် လူထုပို့ဆောင်ရေးစနစ် မှော်ကားများဖြင့် ၎င်းတို့အလိုရှိသည့် နေရာတိုင်းကို စီးနင်းသွားနိုင်နေပြီဖြစ်သည်။

မြို့သစ်တွင် စက်ရုံအရေအတွက်များစွာရှိရုံသာမက ဘန်တာမြို့၏လူများ ယခင်က မမြင်ဖူး မကြားဖူးသည့် မတူညီသောအဆောက်အဦများစွာရှိနေသေးသည်။

ဥပမာဆိုရလျှင် ဆေးရုံနံဘေးရှိ သူနာပြုဂေဟာဖြစ်ပြီး ၎င်းကို အာမန်နီ ကုန်သည်ကြီးများအသင်းက လှူဒါန်းပေးထားခြင်းဟု ပြော၏။

ယင်းသူနာပြုဂေဟာတွင် အသက်ခြောက်ဆယ်ကျော်သရွေ့ ဆောင်းရာသီအဝတ်အထည်များနှင့် အိပ်ရာခင်းတစ်စုံစာရနိုင်မည်ဖြစ်သလို နေ့စဉ်အသုံးအဆောင်များလည်း ပါဝင်သည်။

၎င်းတို့ထံ၌ စောင့်ရှောက်ပေးမည့်သူမရှိပါလျှင် ဖျတ်လတ်မှုဆုံးရှုံးလိုက်ပြီးသော လူအိုတစ်ဦးမှာ သူနာပြုဂေဟာသို့ တိုက်ရိုက်ပြောင်းရွှေ့နိုင်ပါ၏။

သဘာဝကျကျပင် ထိုနေရာ၌ သင့်အား စောင့်ရှောက်မည့်လူများရှိသဖြင့် မည်သည်ကိုမှ ပူပန်နေစရာမလိုချေ။

သူနာ‌ပြုဂေဟာအပြင် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ထားသည့် မနီးမဝေးရှိ ကယ်ဆယ်ရေးစခန်းတစ်ခုလည်းရှိပါ၏။

၎င်းကယ်ဆယ်ရေးစခန်းမှာ အန္တရာယ်ထဲပြေးဝင်မိသွားသော လူများကို ကူညီရန်ဖြစ်သည်။ ဒုက္ခရောက်သူရှိနေသရွေ့ ဤနေရာ၌ အကူအညီတောင်းနိုင်ပါ၏။

ကယ်ဆယ်ရေးစခန်းမှာ အခြေခံအစားအစာနှင့် နေရာထိုင်ခင်း ထောက်ပံ့ရုံသာမက ဒုက္ခရောက်သူ၏ ဆုံးဖြတ်ချက်အလိုက် ၎င်းတို့အတွက် အလုပ်တချို့နှင့် မိတ်ဆက်ပေးမည်ဖြစ်သလို သို့တည်းမဟုတ် ၎င်းတို့၏ မိတ်ဆွေ၊ မိသားစုတို့ဆီ ပို့ပေးနိုင်လေသည်။

ထို့အပြင် ကယ်ဆယ်ရေးစခန်း၏ မနီးမဝေး၌ အလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်ရေးကျောင်းတစ်ခုအား မြို့စားအိမ်တော်နှင့် လုပ်ငန်းစုပေါင်းစုံတို့၏ ပူးပေါင်းမှု အောက်၌ တည်ဆောက်ထား၏။

အခကြေးငွေပေးဖို့မလိုဘဲ ဤနေရာ၌ မည်သူမဆို အလုပ်အကိုင်အရည်အချင်းတစ်ခု သင်ယူရန် ရွေးချယ်နိုင်ပါသည်။

၎င်းတို့ပေးထားသည့် အဖိုးအခအတွက် လေ့ကျင့်ရေးပြီးနောက် ၎င်းတို့လေ့ကျင့်ရေးနယ်ပယ်ရှိ ဘန်တာမြို့တော် လုပ်ငန်းစုတစ်ခုတွင် အနည်းဆုံး သုံးနှစ်တာ အလုပ်လုပ်ကိုင်ရမည်။

ထိုစည်းမျဉ်းကိုဖောက်ဖျက်ပါက ဘန်တာမြို့တော်ရှိ လုပ်ငန်းစုများအားလုံးက ၎င်းတို့ကို အမည်ပျက်စာရင်းသွင်းမည်ဖြစ်ရာ ဘန်တာမြို့တော်၌ အလုပ်တစ်ခုရှာနိုင်တော့မည်မဟုတ်ချေ။

၎င်းအဆောက်အဦသစ်များတွင် လုပ်ငန်းစုအထွေထွေပါဝင်ကြောင်း တွေ့ရှိနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အမည်ကိုတော့ ဘယ်တော့မှ မတွေ့ကြပေ။

အားလုံးက ၎င်းကြောင့် ရှုပ်ထွေးနေကြ၏။

Frestech ကုန်သည်ကြီးများအသင်းက ဥက္ကဌရှု ပြောခဲ့သလို 'အဖွဲ့အစည်းကို ဂရုစိုက်တဲ့လုပ်ငန်းစု' မဟုတ်ဘူးလား? ဘာလို့ အဖွဲ့အစည်းကို အကူအညီဖြစ်တဲ့ အရာတွေမှာ Frestech ကုန်သည်ကြီးများအသင်း မပါဝင်ရတာလဲ?

လူထု၏ သံသယကို အဖြေပေးလိုသောကြောင့်လည်းဖြစ်နိုင်၏၊ ဤနှစ် နွေဦးစက်ဘီးပြိုင်ပွဲတွင် Frestech ကုန်သည်ကြီးများအသင်းက သတင်းတစ်ခု ကြေညာလာ၏။

တစ်ပတ်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ အချိန်ကြာ မကျင်းပခဲ့ရသော ထုတ်ကုန်ဖြန့်ချိမှုသတင်းစာရှင်းလင်းပွဲကို ကျင်းပမည်ဖြစ်သည်။

ထို့အပြင် တာဝန်ယူမည့်လူမှာ တကယ်ကို ရှုယီကိုယ်တိုင်ပင် ဖြစ်မည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇။ သမီးလေး

လူတိုင်းက ရှုယီအား ရှားရှားပါးပါးအသွင်အပြင်တစ်ခု ပြုလုပ်ရန် စောင့်ဆိုင်းနေကြသော်လည်း ရှုယီမှာ ကြယ်ကြွေအိမ်တော်ရှိ အိပ်ခန်းတစ်ခန်းအပြင်ဘက်၌ စိတ်ပူပင်စွာဖြင့် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်နေလေသည်။ သူဟာ တံခါးထံသို့ တစ်ခေါက်ပြီးတစ်ခေါက် မျှော်လင့်ချက်ဖြင့် ကြည့်နေ၏။

အိမ်ခန်းတံခါးအား တင်းတင်းစေ့ပိတ်ထားပြီး သူဟာ အတွင်းဘက်မှလာသော တစ်ချက်တစ်ချက် အော်သံများနှင့် စတေးလ်၏ ညည်းညူသံတို့ကိုသာ ကြားနိုင်သည်။

စိုင်စ်နယ်မြေကြီး၏ လူသားအမျိုးသမီးများမှာ ကမ္ဘာမြေကနှင့်မခြားချေ၊ ၎င်းတို့သည်လည်း ကလေးကိုလွယ်ထားရကာ ကိုးလကြာပြီးနောက်မှ မွေးထုတ်ပေးရသည်။

မှန်ပါ၏၊ စတေးလ်မှာ မွေးခါနီးဖြစ်သည်!

ရှုယီမှာ သူ့ထံ၌ မည်သည့်ခံစားချက်ဖြစ်တည်နေမှန်းပင်မသိတော့ဘဲ အင်မတန်ရှုပ်ထွေးစွာ ခံစားနေရကာ ဖော်ပြရန် ခက်ခဲ၏။

သူ ကမ္ဘာမြေ၌ ရှိစဉ်က သူ၏ သုတေသနကို အာရုံစိုက်ထားရာ မိန်းကလေးများနှင့် ဆက်သွယ်ရန် အခွင့်အရေးနည်းပါးလှသဖြင့် ချိန်းတွေ့ရန်ကို ပြောစရာပင်မလိုချေ။ သို့သော် စိုင်စ်နယ်မြေကြီးသို့ရောက်ရှိပြီးနောက် စတေးလ်နှင့် ဆုံကာ လက်ထပ်ခဲ့ရုံမျှမက သူမနှင့်အ‌တူ ကလေးပင် ရတော့မည်ဖြစ်သည်!

စတေးလ်ကို လက်ထပ်လိုက်ကတည်းက ၎င်းကို မျှော်လင့်ထားပြီးဖြစ်သော်လည်း အမှန်တကယ်ဖြစ်လာရာ ရှုယီမှာ အနည်းငယ် အံ့ဩနေပြီး ဘာလုပ်ရမှန်းပင် မသိတော့ချေ။

သူ အဖေဖြစ်လာတော့မှာလား?

ဒါပေမယ့် အဖေတစ်ယောက်အနေနဲ့ ဘာများလုပ်သင့်လဲ?

စတေးလ်မွေးပေးတဲ့ကလေးက ယောက်ျားလေးဖြစ်မှာလား၊ မိန်းကလေးဖြစ်မှာလား?

သူတို့က သူ့ရဲ့ မျိုးရိုးနာမည်ကိုယူမှာလား?

မျိုးရိုးအမည်က ရှုဖြစ်ခဲ့ပါလျှင် အမည်ရင်းက မည်သည်ဖြစ်မည်နည်း?

.....

မေးခွန်းတစ်သီကြီးက ရှုယီစိတ်တွင်း၌ပြည့်နေ၏။

သူဟာ ဤလောက၌ ခြောက်‌နှစ်ကျော်မျှ နေခဲ့သော်လည်း ဤသည်က ရှုယီ၏ စက်များအကြောင်း မစဉ်းစားမိသော ပထမဆုံးအကြိမ်ပါပင်။

သို့ရာ၌ တံခါးကိုဖွင့်လိုက်ချိန်တွင် မေးခွန်းအားလုံးက မေးခွန်းတစ်ခုတည်းအဖြစ်ပြောင်းသွားသည်။

"စတေးလ် ဘယ်လိုနေလဲ? တစ်ခုခုဖြစ်သေးလား?" ရှုယီက စတေးလ်ကို တာဝန်ယူထားသည့် သူနာပြုကို ကြည့်ကာ စိတ်လှုပ်ရှားဟန်ဖြင့် မေးလိုက်လေ၏။

စတေးလ်က ယမန်နေ့ညက ဗိုက်နာနေသဖြင့် ရှုယီဖိတ်ခေါ်ခဲ့သော သီးသန့်ဆရာဝန်မှာ သူမအနေနှင့် သားဖွားရတော့မည်ဟု ပြောခဲ့သည်။ ယခု ဆယ်နာရီနီးနီးကုန်ဆုံးသွားပြီဖြစ်သော်လည်း စတေးလ်က မမွေးသေးလေရာ ရှုယီ စိတ်ပူလာရသည်။

သူနာပြုက လုံးဝစိတ်လှုပ်ရှားဟန်မပြဘဲ ရှုယီကို အပြုံးဖြင့် နှစ်သိမ့်ပေးလာသည်၊ "စိတ်ချပါ ဥက္ကဌရှု၊ မဒမ် စတေးလ်က အရမ်းကို ကျန်းမာနေတုန်းပါ။ သူမရဲ့ ခွန်အားကလည်း ကောင်းတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး။"

"ဒါဆို ဘာလို့ မမွေးသေးတာလဲဗျ?" ရှုယီက မေးလိုက်၏။

သူနာပြုက တစ်ချက်ပြုံးသည်၊ "ဥက္ကဌရှု၊ ကလေးမွေးတာက လွယ်တယ်ထင်လို့လား? ဘယ်လိုလုပ် ဒီလောက်မြန်မှာလဲ? ဒါက မဒမ်စတေးလ်ရဲ့ ပထမဆုံးကလေးဆိုတော့ ချောချောမွေ့မွေ့ထွက်လာဖို့က မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ် အဆင်ပြေတာမို့ စိတ်ချထားလို့ရပါတယ်၊ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။"

သူနာပြု၏ သေချာနေသော အသံအနေအထားကိုကြားသဖြင့် ရှုယီလည်း နည်းနည်း စိတ်ချသွားသည်။

"ကောင်းပြီ၊ သူတို့ကို မနှောင့်ယှက်နဲ့တော့၊ သူတို့ကို စတေးလ်ကို ကူညီတဲ့နေရာမှာ အာရုံစိုက်ခွင့်ပြုထားလိုက်ပါ။" နံဘေးရှိ မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီ၏ ပခုံးကိုပုတ်လိုက်ကာ သူ့အား စိတ်ချထားဖို့ ပြောလိုက်သည်။

"အင်း" ရှုယီက ခေါင်းငြိမ့်ကာ၊ သူနာပြုကို အထဲပြန်ဝင်ခွင့်ပေးလိုက်၏။

သူမ ထွက်သွားချိန်တွင် တံခါးက ရုတ်တရတ် ထပ်ပွင့်သွားပြန်သည်။

ရှုယီလည်း မြန်မြန်လှည့်ကြည့်လိုက်ရာ အက်ဂ်နက်စ် ထွက်လာသည်ကို တွေ့ရလေသည်။

"ဟေး အက်ဂ်နက်စ်, စတေးလ်ဘယ်လိုနေလဲ မြင်ခဲ့လား?" ရှုယီက အမြန်မေးလိုက်သည်။

အက်ဂ်နက်စ်၏ မျက်နှာထက်၌ ထူးဆန်းနေဟန်ရှိနေသည်၊ "သူမ အတော်လေးအဆင်ပြေပါတယ်၊ ကျွန်မထင်တာတော့ ပြဿနာမရှိလောက်ဘူး.... ဒါပေမယ့် ဥက္ကဌ၊ ရှင်တို့ လူသားတွေ ကလေးမွေးတဲ့ပုံက ကျွန်မတို့ နတ်သူငယ်တွေလိုပဲ။ မျိုးနွယ်စုမတူရင် ကွဲပြားလောက်မယ်ထင်နေတာ။"

ရှုယီလည်း ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ၊ "ဘာလဲ? အရင်က ခင်ဗျားတို့ မျိုးနွယ်ဝင် ကလေးမွေးတာ မြင်ဖူးလို့လား?"

"အင်း ကျွန်မတို့ မျိုးနွယ်စုမှာ ကလေးမွေးတာက အကြီးအကဲ အရေးထားပေးတဲ့ အရေးကြီးကိစ္စပဲ။ ဒါပေမယ့် ကျွန်မတို့ မျိုးနွယ်စုမှာက နတ်သူငယ်နည်းနည်းပဲရှိတော့ ဒီအရွယ်မှာ ကျွန်မ ကလေးမွေးတာ ဆယ်ယောက်လောက်ပဲမြင်ဖူးတယ်။" အက်ဂ်နက်စ်က ဖြေသည်။

အက်ဂ်နက်စ်မှာ အသက်နှစ်ဆယ်အရွယ် ကောင်မလေးပုံပေါ်နေသော်လည်း တကယ်တမ်းတွင် အသက်ရှစ်ဆယ်ကျော်နေပြီဖြစ်သည်။ ရှုယီမှာ အကြီးအကဲအီလူရှာက သူ့ထံ အကြိမ်များစွာ ညည်းညူခဲ့သည့်ကိစ္စကို မနေနိုင်ဘဲ နားလည်မိသွားရသည်။

နတ်သူငယ်များ၏ မွေးဖွားနှုန်းက အင်မတန်နိမ့်လှရာ အက်ဂ်နက်စ် ကိစ္စများကို နားလည်သည့် နှစ်များအတွင်း ကလေးမွေးသည်မှာ ဆယ်ယောက်သာရှိသေးသည်။ ဤသည်က နှမျောစရာ အရေအတွက်လေးပင်။

အကြီးအကဲအီလူရှာက အပြင်ဘက်မှ လွှမ်းမိုးမှုမရှိဘဲ စိုးရိမ်နေခြင်းက မဆန်းပေ၊ နတ်သူငယ်များမှာ မွေးဖွားမှုနှုန်းနည်းနည်းလေးနှင့် သုတ်သင်ခံရလိမ့်မည်။

အက်ဂ်နက်စ်ကိုကြည့်ပြီးနောက် ရှုယီမှာ တစ်ခုကိုတွေးမိသွားသည်။

"ဟုတ်သားပဲ အက်ဂ်နက်စ်, ခင်ဗျားလည်း ကလေးမွေးသင့်တဲ့အချိန်ရောက်နေပြီမို့လား? ခင်ဗျားသဘောကျတဲ့ နတ်သူငယ်အမျိုးသားချောချောလေးဘာလေး မရှိဘူးလား? လက်ထပ်ဖို့နဲ့ ကလေးမွေးပေးဖို့ရော စဉ်းစားပြီးပြီလား? ခင်ဗျားတို့ မျိုးနွယ်စုက‌ သဘောကျတဲ့ နတ်သူငယ်ရှိတယ်ဆိုရင် ကျုပ် မိတ်ဆက်ပေးဖို့ ကူညီလို့ရပါတယ်။"

အက်ဂ်နက်စ်မှာ လူသားမိန်းကလေးတစ်ဦးနှယ် ရှက်ရွံ့ဟန်ပေါ်မနေဘဲ အလေးအနက်စဉ်းစားပြီးမှ ခေါင်းခါ၏၊ "ဟင့်အင်း၊ ကျွန်မတို့ မျိုးနွယ်စုက တစ်ယောက်ယောက်နဲ့ အတူရှိဖို့ကို မစဉ်းစားခဲ့ဖူးဘူး။ ရိုးရိုးသားသားပြောရရင် ဥက္ကဌ၊ ကျွန်မက ရှင့်ကို ပိုသဘောကျတယ်။"

ရှုယီလည်း ကြောင်အသွားပြီးနောက် လက်ခါကာ၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ်က လူသား၊ ခင်ဗျားက နတ်သူငယ်လေ ဘယ်လိုလုပ် လက်ထပ်လို့ရမလဲ? ဒါက သေချာပေါက် မဖြစ်နိုင်တာလား?"

"ဟုတ်လား?" အက်ဂ်နက်စ်မှာ ရှုပ်ထွေးသွားကာ၊ "ဒီတော့ လူသားနဲ့ နတ်သူငယ် လက်ထပ်လို့ မရနိုင်ဘူးပေါ့?"

ရှုယီမှာ မနေနိုင်ဘဲ မျက်လုံးများလှိမ့်လိုက်သည်၊ "ဒါက ယေဘုယျအသိပဲမဟုတ်ဘူးလား? အကြီးအကဲ အီလူရှာက ဒါကိုမသင်ပေးထားလို့လား?"

"ဟင့်အင်း" အက်ဂ်နက်စ်က ခေါင်းခါ၍ အနည်းငယ် ဝမ်းနည်းသွားသည်၊ "ဒီတော့ နတ်သူငယ်တွေနဲ့ လူသားတွေ အတူရှိနိုင်ရင်တောင် တကယ်ကို နှမျောစရာပဲ။ ကျွန်မက ဥက္ကဌနဲ့ အတူရှိနေရတာကို သဘောကျတော့ အနာဂတ်မှာ ရှင့်ကို ကျွန်မရဲ့ လက်တွဲဖော်အဖြစ် သဘောတူဖို့လုပ်ထားတာလေ။"

ရှုယီမှာ အက်ဂ်နက်စ်ကြောင့် အရှုံးပေးလိုက်ရသည်။ စဉ်းစားပြီးနောက်တွင် သူက အက်ဂ်နက်စ်၏ ပခုံးကိုပုတ်ပေးကာ ပြောလိုက်၏၊ "အရမ်း စိတ်မပျက်ပါနဲ့။ တကယ်တော့ ခင်ဗျားက အရမ်း လှတယ်ပြီး ကျုပ်လည်း ခင်ဗျားရဲ့ ကိုယ်ကျင့်စရိုက်ကို သဘောကျတာကြောင့် နတ်သူငယ်တွေကြားမှာ ခင်ဗျား နာမည်ကြီးလောက်မှာပါ။ ဟုတ်ပြီ၊ မဖြစ်နိုင်တဲ့ကိစ္စတွေ တွေးတာ ရပ်လိုက်တော့။ ကျုပ် ခင်ဗျားကို တာဝန်တစ်ခုပေးမယ်၊ သွားပြီး စတေးလ်နဲ့အတူရှိနေပေးပါ။ တစ်ခုခု ပြဿနာရှိရင် ချက်ချင်း ထွက်လာပြီး ကျုပ်ကို ပြော။"

"ဟုတ်ပြီလေ" အက်ဂ်နက်စ်လည်း ခေါင်းငြိမ့်ကာ အခန်းထဲသို့ ပြန်လှည့်ထွက်သွား၏။

တံခါးပြန်ပိတ်သွားချိန်တွင် ရှုယီက မျက်မှောင်ကုပ်လိုက်၏။ သူက မဟာမှော်ပညာရှင်ကမ်မီလာဘက် လှည့်ကာ ညည်းညူလေသည်၊ "ဘာလို့ စတေးလ်နဲ့ ခင်ပွန်းဖြစ်နေတာတောင် ဒီလို အရေးပါတဲ့အချိန်မှာ သူမနဲ့ အတူရှိခွင့်‌မပေးရတာလဲ? ကျွန်တော် အပြင်မှာပဲ စောင့်နေနိုင်တယ်လား? လူသားမဆန်လိုက်တာ!"

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီ၏ ပခုံးကိုပုတ်ကာ တစ်ဖန် နှစ်သိမ့်ပေးလိုက်လေသည်၊ "မိန်းကလေးတွေအတွက် ကလေးမွေး‌တာက အရမ်းကိုအရေးကြီးပြီး လျှို့ဝှက်တဲ့ကိစ္စမို့လို့ ယောက်ျားတွေကို မမြင်စေချင်ကြဘူးလေ။ ပြီးတော့ မိန်းကလေးတွေက ကလေးမွေးချိန်မှာဆို အတော် အရုပ်ဆိုးတာ။ စတေးလ်က သူမရဲ့ ဒီလို အရုပ်ဆိုးတဲ့ ပုံစံကို မင်း မြင်အောင် ခွင့်ပြုမှာမဟုတ်ဘူး၊ ဒီတော့ စတေးလ်အတွက် စဉ်းစားပေးတယ်လို့ပဲ သတ်မှတ်ရအောင်။"

မှန်ပါ၏ ရှုယီမှာ အနည်းငယ် မကျေမနပ်ဖြစ်နေကာ အကြိမ်ရေအချို့ စောဒကတက်လိုက်သေးသော်လည်း မည်သည့်ကိုမှ မလုပ်နိုင်ဘဲ အခန်းအပြင်၌သာ ဆက်စောင့်နိုင်သည်။

သို့သော် နာရီဝက်ကြာပြီးနောက် သတင်းကောင်းပေါ်လာ၏။

"ဥက္ကဌ၊ ကလေးရဲ့ ခေါင်းထွက်လာပြီ!" ပထမဦးဆုံး အစီရင်ခံလာသူမှာ ရှုယီ အထဲပို့လိုက်သည့် အက်ဂ်နက်စ်ပင်။

"သခင်၊ ကလေးရဲ့လက် ထွက်လာပါပြီ!" ၎င်းက ဗီဗီယန်ဖြစ်သည်။

"သခင်၊ ကလေးက တစ်ဝက်ထွက်လာပြီ!"

"သခင်၊ ကလေး ထွက်လာတော့မယ်!"

"သခင်၊ ကလေးရဲ့ ခြေထောက်တွေထွက်လာပြီ!"

.....

၎င်းအစီအရင်ခံချက်များကိုကြားသော် ရှုယီမှာ ပို၍ ပို၍ စိတ်လှုပ်ရှားလာ၏။

တစ်အောင့်ကြာ စိတ်ရှည်ရှည်စောင့်ဆိုင်းနေပြီးနောက်တွင် တံခါးက ရုတ်တရတ် ပွင့်လာပြန်သည်။ သူတေသနက ရှုယီထံ အပြုံးဖြင့် အစီရင်လာခံ၏၊ "ဥက္ကဌရှု ဂုဏ်ပြုပါတယ်၊ ကလေး ထွက်လာပါပြီ!"

ရှုယီမှာ ပျော်ရွှင်မှုဖြင့် ပြည့်နှက်လျက် အပြုံးဖြင့် ရှေ့တိုးသွားလိုက်သည်။

"စတေးလ်ရော အခုဘယ်လိုနေလဲ? ကလေးကရော? အခု ကျွန်တော်ဝင်လို့ရပြီလား? ယောက်ျားလေးလား မိန်းကလေးလား? ဘယ်သူနဲ့တူကြလဲ?"

သူနာပြုက တံခါးအသာဟလျက် ရှုယီကို ဝင်လာဖို့ အချက်ပြလိုက်သည်။

ရှုယီမှာ အနှီသူနာပြုက သူ့အား ဆက်လက်ခန့်မှန်းခိုင်းမည်ဟု မထင်ခဲ့ချေ။ ရှုယီလည်း ချက်ချင်း တံခါးဖွင့်ကာ ဝင်သွားလိုက်၏။

အခန်းမှာ လူများနှင့်ပြည့်နေ၏။ အက်ဂ်နက်စ်, ဗီဗီယန်၊ လဇ် နှင့် လင်ဒါတို့အားလုံးမှာ အလယ်ရှိ ကုတင်ကို ဝိုင်းရံထားကာ ကုတင်ထက်၌ လှဲလျောင်းနေသည့် စတေးလ်ကို စုဝိုင်းထားသည်။

ရှုယီလည်း ကုတင်ဘေးကို အားတင်းကာသွားလိုက်သော် စတေးလ်၏ ဖျော့တော့တော့မျက်နှာလေးကို မြင်တွေ့ရသဖြင့် နှလုံးသားက တင်းကြပ်သွားသည်။ သူဟာ သူမ၏ လက်ကို လျင်မြန်စွာ ဆွဲကိုင်လျက် မေးလေသည်၊ "ဘယ်လိုလဲ? စတေးလ်? ဘယ်လိုခံစားနေရလဲ?"

စတေးလ်မှာ အနည်းငယ် အားနည်းနေပြီး ရှုယီကို မျက်လုံးများ ဖြည်းဖြည်းချင်းဖွင့်ကာ ကြည့်၍ အသာပြုံးလိုက်၏။

"အဆင်ပြေပါတယ်၊ ဒါပေမယ့်..... ရှုယီ ကျွန်မ တောင်းပန်ပါတယ်...."

ရှုယီမှာ အံ့ဩသွားကာ၊ "တောင်းပန်တယ်? ဘာတွေ တောင်းပန်နေတာလဲ?"

စတေးလ်ထံ၌ ရှုပ်ထွေးဟန်ရှိနေကာ၊ "ဘာလို့လဲဆိုတော့ မိန်းကလေး မွေးပေးခဲ့မိလို့ပါ။"

ရှုယီက ပို၍ပင် ရှုပ်ထွေးသွားလေ၏၊ "မိန်းကလေးက ဘာဖြစ်လို့လဲ? မင်းက ဘာလို့ တောင်းပန်နေရတာလဲ?"

စတေးလ်က ခေါင်းခါကာ မျက်လုံးများမှိတ်လိုက်သည်မှာ ထပ်ပြောဖို့ အင်အား မရှိတော့သလိုပင်။

ရှုယီက အားလုံးကိုကြည့်လိုက်သော် ပုံမှန်မျက်နှာထားနှင့် အက်ဂ်နက်စ်မှအပ ဗီဗီယန်အပါအဝင် လူတိုင်းထံ၌ နေရခက်ဟန် ရှိနေကြသည်။

ရှုယီက တွေးဆဆဖြင့် မျက်မှောင်ကုပ်လိုက်ပြီး ရုတ်တရတ် နားလည်သွား၏။

စဉ်းစားကြည့်ပြီးနောက်တွင် သူက ငုံ့ကိုင်းကာ စတေးလ်၏ ပါးလေးကို နမ်းလိုက်သည်။ သူက သူမ၏ ထပ်မံဖွင့်လှစ်လာသော မျက်လုံးများထဲ‌ကြည့်ကာ ဆုံးဖြတ်ထားဟန်ဖြင့် ဆိုလေ၏၊ "စတေးလ်၊ မင်းကို ဒီအတွက် စိုးရိမ်ဖို့မလိုဘူးလို့ ကိုယ်ပြောထားပြီးသားပါ၊ ကိုယ် မင်းကို သက်သာအောင်လုပ်ပေးမယ်။"

ထိုသို့ပြောပြီးနောက် ရှုယီက ထကာ သူနာပြုထံ လက်ဖြန့်ပြလိုက်သည်၊ "ကျုပ် သမီးရော? ဒီကိုပေးပါဦး၊ သူမက အဖေနဲ့ ဘယ်လိုတူတယ်ဆိုတာတောင် မမြင်ရသေးဘူး။"

သူနာပြုက လေထုအခြေအနေမှာ အနည်းငယ် ထူးဆန်းသလိုခံစားလိုက်ရသည်။ သူမက ရှုယီကိုကြည့်ကာ အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ကုတင်နံဘေးရှိ ပုခက်ထဲက ကလေးကို ချီယူလိုက်သည်။

ရှုယီလည်း ကလေးကို ချီကာ အဝတ်ကိုလှပ်လိုက်သည်။ မွေးကာစဖြစ်ခြင်းကြောင့် သူမ၏ မျက်နှာလေးက သေချာပေါက် လှပသည်ဟု ယူဆမရဘဲ ရှုံ့တွနေသည်ကိုမြင်သော် သူ၏ စိတ်နှလုံးအတွင်း၌ ထူးထူးဆန်းဆန်း ခံစားချက်များပြည့်သွားသည်။

ဒါက သူ့ကလေးလား?

သူ၏ သမီးကို ခဏတာကြည့်ရှုပြီးနောက် ရှုယီက အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အိပ်ရာထက်ရှိ စတေးလ်ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဝင်လာကာစ ကုတင်ဘေးရောက်နေသည့် မဟာမှော်ပညာရှင်ကမ်မီလာဘက်လှည့်၍ နောက်ဆုံးအနေဖြင့် အခန်းထဲ၌ လူတိုင်းကို ဝေ့ဝဲကြည့်ရင်း သူ၏ သမီးကို ခပ်မြင့်မြင့်မြှောက်ထားလိုက်သည်။

"အခုက‌စပြီး၊ ကြေညာတယ်....."

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈။ မှော်ကားပြပွဲ

လမ်ပူရီတိုင်းပြည်၏ တောင်ပိုင်းမှာ စိုင်စ်နယ်မြေကြီး၏ တောင်ပိုင်းဟု ယူဆနိုင်သောကြောင့် ဆောင်းရာသီက မတ်လကတည်း ဘန်တာမြို့ကို ချန်ရစ်ခဲ့ပြီးဖြစ်သည်။

မနက်ခင်းနေ ထွက်လာချိန်တွင် မြို့တစ်မြို့လုံးမှာ နွေးထွေးမှုဖြင့်ပြည့်သွား၏။

နေရောင်အောက်၌ ရှိနေခြင်းက လူများအတွက် အင်မတန် သက်တောင့်သက်သာရှိသည်။

နေရောင်ခြည်ကို ခံစားရန်လည်း ဖြစ်နိုင်သည်၊ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်ကုန်ဖြန့်ချိပွဲကို ခန်းမတစ်ခု၌ မကျင်းပဘဲ မြို့ပြင်မှ ဆန်ဒီမြစ်ကမ်းထက်ရှိ လမ်းဆုံတွင် ကျင်းပလေသည်။

မှန်ပါ၏၊ ဤသည်မှာ ယခုတစ်ခေါက်တွင် ၎င်းတို့ ကြေညာထားသည့် ထုတ်ကုန်များက အင်မတန် များပြားလှသောကြောင့် နေရာကျယ်ကျယ်လိုအပ်လေရာ ဘန်တာမြို့၏ စည်းဝေးခန်းမများက လုံလုံလောက်လောက်လည်း မကြီးချေ။

ဘန်တာမြို့အပြင်သို့ လူထုပို့ဆောင်ရေးမှော်ကားကို စီးနင်းလာကြကာ လမ်းဆုံသို့ရောက်ချိန်တွင် ၎င်းတို့ ပထမဆုံးတွေ့လိုက်ရသည်မှာလည်း မှော်ကားတစ်စီးဖြစ်၏။

သို့သော် လူထုပို့ဆောင်ရေးမှော်ကားနှင့်ယှဉ်ပါက ဤတစ်ခုမှာ များစွာပိုမို ကြီးမားလေသည်။

လူထုပို့ဆောင်ရေးမှော်ကားများမှာ ငါးမီတာ ပတ်လည်ရှည်လျားပြီး နှစ်‌မီ‌တာအောက်သာ ရှည်သော်လည်း အနှီမှော်ကားကမူ တစ်ဆယ်မီတာကျော်ရှည်လျားကာ လူထုပို့ဆောင်ရေးမှော်ကား၏ အရွယ်နှစ်ဆလောက်ရှိပြီး လေးမီတာနီးနီး ကျယ်ဝန်းပါ၏!

အမြင့်မှာမူ ပို၍ကြီးမားသည်။ အလတ်ဆိုဒ် မှော်ကားမှာ နှစ်မီတာထက် အနည်းငယ်သာပိုရှည်ပြီး သာမန်လူများ ခုန်လိုက်လျှင် ခေါင်မိုးကို ထိတွေ့နိုင်ပါ၏။ ဤအကြီးစားမှော်ကားမှာမူ သုံးမီတာကျော်ရှည်ကာ သာမန်လူများလည်း မည်သို့ခုန်ခုန် ခေါင်မိုးကို ထိနိုင်လိမ့်မည်မဟုတ်ချေ။

“အားလုံးပဲ၊ တစ်ချက်ကြည့်ကြပါ၊ ဒါက ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆိုဒ်ကြီးခရီးသည်တင်မှော်ကား အသစ်ဖြစ်ပါတယ်။ ဒါကို ထိုင်ခုံ သုံးဆယ့်ခုနစ်ခုံနဲ့ စီစဉ်ထားပြီး တစ်ခါစီးရင် လူကြီး သုံးဆယ့်ခုနစ်ယောက်တင်လို့ရပါတယ်။ အထူးအခြေအနေတွေမှာဆိုရင်တော့ အများဆုံး လူငါးဆယ်ဆံ့တယ်။ ပြီးတော့ ဒီယာဉ်မှာ နောက်ဆုံးပေါ် ဓာတ်လိုက်ခြင်းဆန့်ကျင်ရေးစနစ်ရှိတော့ မှော်ကားဟောင်းတွေနဲ့စာရင် အများကြီး ပိုသက်တောင့်သက်သာဖြစ်ပါတယ်.....”

လှပငယ်ရွယ်သည့် အမျိုးသမီးငယ်လေး၏ မိတ်ဆက်ပေးသံကိုကြားသော် အားလုံး၏မျက်လုံးများတောက်ပလာသည်။

“ဒါက အလတ်ဆိုဒ်မှော်ကားထက် ပိုကြည့်ကောင်းတာပဲ၊ ကြီးလည်းကြီးပြီး တစ်ကြိမ်တည်းနဲ့ လူအများကြီးသယ်နိုင်တော့ အများကြီး ပိုသင့်တော်တယ်။”

“ဟုတ်တယ်၊ ဒါက စီးရတာ အများကြီး ပိုသက်တောင့်သက်သာဖြစ်မယ်။ ဖာဆန် ရထားလုံးလုပ်ငန်းစုသာ ခရီးရှည်‌ကားတွေအတွက် ဒီမှော်ကားတွေကို သုံးပေးမယ်ဆိုရင် အများကြီး ပိုကောင်းလောက်တယ်။”

“ဥက္ကဌကို တစ်စီးလောက်ဝယ်ဖို့ သေချာပေါက် အကြံပေးရမယ်! ဒီလိုဆို ငါတို့လုပ်ငန်းစုသာ အဖွဲ့လိုက် ခရီးထွက်ရင် ပိုပြီး အဆင်ပြေမှာပဲ!”

......

ထိုလူများက ဆိုဒ်ကြီးခရီးသည်တင်မှော်ကားကို ကြည့်နေကြချိန်တွင် နံဘေး၌ အင်မတန်ကြီးမားလှသည့် မှော်ကားကို စိုက်‌ကြည့်နေသော လူတစ်စုရှိ၏။

၎င်းမှော်ကားအား အကြည့်တစ်ချက်နှင့်တင် ပို့‌ဆောင်ရေးမှော်ကားဟု ပြောနိုင်သည်။

သို့သော် ၎င်းက ယခင် Frestech ကုန်သည်ကြီးများအသင်းဖြန့်ချိခဲ့သော အလတ်ဆိုဒ်ပို့ဆောင်ရေးမှော်ကားနှင့် ခြားနား၏။ ဤမှော်ကားက ရှင်းလင်းစွာပင် ယခင်ကနှင့်ယှဉ်ပါက များစွာ ပိုကြီးပါ၏။

“ဟေး မိန်းကလေး၊ ဒီထဲမှာ ဘယ်လောက် သိုလှောင်လို့ရလဲ?” သာမန်အဝတ်များကို ဝတ်ဆင်ထားသော်လည်း လည်ဝယ်သည့် ကုန်သည်တစ်ဦး မျက်လုံးများနှင့် လူတစ်‌ဦးက ကားဘေးမှ မိန်းကလေးကို မေးလိုက်၏။

ထိုမိန်းကလေးက တောက်ပစွာပြုံးလျက် ပြန်ဖြေပါသည်၊ “ဒီက ဆရာ၊ ဒီဆိုဒ်ကြီး ပို့ဆောင်ရေးမှော်ကားက ဆယ်တန် ဝန်ကို တင်နိုင်တဲ့ စံနှုန်းရှိပါတယ်။”

“ဆယ်တန်?”

ထိုအဖြေကိုကြားသော် လူတိုင်းက လေအေးများကို ရှူရှိုက်မိသွားသည်။

“ဘုရားရေ၊ ဒီယာဉ်က တကယ်ပဲ ဆယ်တန်ကို သယ်နိုင်တယ်ပေါ့လေ? အရင်က ဒီအတွက် ခရီးပေါင်းမြောက်များစွာ သွားခဲ့ရပေမယ့် အခု ခရီးတစ်ခေါက်နဲ့ လုပ်နိုင်ပြီပေါ့?” လူအားလုံးမှာ မနေနိုင်ဘဲ တအံ့တဩပြောလာကြသည်။

“ဒါက အရမ်းချဲ့ကားရာကျမနေဘူးလား! ဒီကားက တကယ်ပဲ ဆယ်တန် သယ်နိုင်တယ်ပေါ့? တကယ်ရော ထွက်နိုင်လို့လား?” သံသယဝင်နေသူ တချို့လည်း ရှိသည်။

“ဒါက ထွက်နိုင်ရုံတင်မကဘူး သတ်မှတ်ဝန်ထက် ပိုမတင်ရင် တစ်နာရီကို လေးဆယ်ကီလိုမီတာကျော် အမြန်နှုန်းကိုပါ ထိန်းထားနိုင်သေးပါတယ်။” မိန်းကလေးက အပြုံးဖြင့် ဆိုပါ၏။

“ဒီလောက် အများကြီးသယ်ပြီး လေးဆယ်ကီလိုမီတာနဲ့သွားနိုင်တယ်လား? အရမ်း ချဲ့ကားရာကျမနေဘူးလားလို့?” ဤတစ်ခေါက်တွင် လူတိုင်းက အံ့အားသင့်နေသလို အတန်ငယ် မယုံကြည်နိုင်ဟန်လည်း ရှိနေသည်၊ “ဟေး မိန်းကလေး၊ မင်းတို့ ကြွားနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား? ဆယ်တန်ဆိုတာ ဘယ်လောက်မို့လို့လဲ၊ ဒီအရာက အဲ့လောက်ကိုသယ်ပြီး တစ်နာရီ လေးဆယ်ကီလိုမီတာနဲ့ သွားနိုင်တယ်တဲ့လား? မဖြစ်နိုင်တာကြီးကို?”

အနှီမိန်းကလေးမှာ အင်မတန် အရည်အချင်းရှိပြီး သူမ၏ အမူအရာကလုံးဝ ပြောင်းလဲမသွားဘဲ တူညီစွာပြုံးနေဆဲပင်။

“ဆရာ၊ ဒါတွေက စမ်းသပ်မှုတွေအများကြီးလုပ်ပြီးတဲ့နောက်မှာ ကျွန်မတို့ လုပ်ငန်းစုက သက်သေပြထားတဲ့ အချက်တွေပါ၊ ဘာ အလိမ်အညာမှမပါ,ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မတို့ လုပ်ငန်းစုရဲ့ ဂုဏ်သတင်းကို ယုံကြည်ပေးပါ၊ ကျွန်မတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်လိုအလိမ်အညာကိုမှ ပြောမှာမဟုတ်ပါဘူး။”

သံသယအပြည့်နှင့် လူများကို ပြောခိုင်းရန် စောင့်ဆိုင်းမနေတော့ဘဲ အခြားလူများက ၎င်းတို့က စတင် အပြစ်တင်လာကြတော့သည်။

“အမှန်ပဲ၊ Frestech ကုန်သည်ကြီးများအသင်းက အမြဲပြောတဲ့အတိုင်းဖြစ်အောင်လုပ်တယ်၊ ဘာတွေကြွားဝါနေဖို့လိုမှာလဲ?”

“အမှန်ပဲ၊ အဲ့လောက်ကြွားလိုက်လို့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ? ချက်ချင်းမြင်ရမှာပဲလေ။”

“Frestech ကုန်သည်ကြီးများအသင်းက ဂုဏ်သတင်းကောင်းရှိတယ်၊ ကျုပ်တော့ သူတို့ကို ယုံတယ်။”

“အင်း၊ တခြားလုပ်ငန်းစုတွေကတော့ ထားလိုက်ပါ၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေနဲ့ ပတ်သက်လာရင် သေချာပေါက် အကောင်းဆုံးပဲလေ။”

လူတိုင်းက ဆက်တိုက်ပြောဆိုနေကြပြီး ထိုမေးခွန်းမေးလာသူက တစ်ခုမှ မပြောနိုင်တော့ချေ။ ထို့နောက် ၎င်းတို့မှာ အားလုံးနှင့်အတူ ဆိုဒ်ကြီးပို့ဆောင်ရေးမှော်ကား၏ အသေးစိတ်များအကြောင်း မေးမြန်းနေကြတော့သည်။

၎င်းတို့ အဝင်ဝကို ဖြတ်ကာ ဂိတ်ကို စောင့်ကြပ်နေသည့် ဧရာမမှော်ကားကြီးနှစ်စီးကို ကျော်လွန်လာပြီးနောက် ခန်းမ အလယ်သို့ ရောက်လာကြသည်။

ဝေ့ဝဲကြည့်လိုက်လျှင် လူတိုင်း၏ အမြင်ကို ဖမ်းစားနိုင်သည်မှာ အလယ်ဗဟိုရှိ အတန်ငယ်ထူးဆန်းဟန်ရှိသော ကောင်းမွန်စွာ ပြုလုပ်ထားသည့် မှော်ကားဖြစ်သည်။

အနှီမှော်ကားမှာ အလတ်ဆိုဒ်မှော်ကားထက် ပိုသေးပုံပေါ်ကာ အလျား၊ အနံ သို့မဟုတ် အမြင့် ဖြစ်စေ အလုံးစုံ ကောက်ကြောင်းကို ကောင်းမွန်စွာ လုပ်ဆောင်ထားသည်။ အပြင်ဘက်မျဉ်းများက ချောမွေ့ကာ မျက်နှာပြင်ကို ဆေးရောင်တောက်တောက်ဖြင့် တစ်လွှာဖုံးထား၏။

နေရောင်အောက်တွင် အလင်းတန်းများက မှော်ကား၌ အလင်းပြန်နေရာ ပို၍ပင် တောက်ပနေစေ၏။ လူများစွာက တည့်တည့်ပင်မကြည့်နိုင်ကြသော်လည်း အကြည့်လည်း မလွှဲလိုကြချေ။

မည်သည့် ရှုထောင့်ကကြည့်သည်ဖြစ်စေ ၎င်းက အလတ်ဆိုဒ်မှော်ကားထက် များစွာပိုကောင်းမွန်ပါ၏။ ၎င်းထံရှိ ဇိမ်ကျကျဒီဇိုင်းနှင့်အတူ ၎င်းက လူများကို အထက်တန်းစားနှယ် ခံစားသွားရစေသည်။

ထို့ကြောင့် သဘာဝကျစွာပင် လူများစွာ အနှီမှော်ကားကို ဝိုင်းရံထားကာ အများစုမှာ မျိုးရိုးမြင့်များနှင့် မြို့၏ ကုန်သည်ကြီးများဖြစ်ကြသည်။

သာမန်မြို့သူမြို့သားများမှာမူ ကား၏ အသွင်အပြင်ကိုကြည့်ရုံနှင့်တင် ၎င်းတို့ မတတ်နိုင်သည့် အထက်တန်းစား ထုတ်ကုန်မှန်းသိလိုက်ကြသည်။ ၎င်းတို့မှာ အဝေးကနေသာ ကြည့်နိုင်ပြီး မေးမြန်းခြင်းပြုရန်ပင် မဝံ့ရဲကြချေ။

“တစ်စီးကို ရွှေဒင်္ဂါး ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးပြား?” မိန်းကလေး၏ အဖြေကိုကြားသော် ဘာရွန် ဘယ်လီမှာ အနည်းငယ် အံ့ဩသွားသည်၊ “ဒီလောက်တောင် ဈေးကြီးတယ်လား?”

သို့သော် အနှီကောင်းမွန်စွာပြုလုပ်ထားသည့် မှော်ကားကိုလှည့်ကြည့်ကာ ဘာရွန် ဘယ်လီမှာ ဤဈေးနှုန်းက အင်မတန်သင့်တော်သည်ဟု ခံစားမိသွား၏။

ဤသို့သော် အထက်တန်းစား လှပသည့် မှော်ကားကသာ နည်းနည်းလောက် ပိုဈေးမကြီးပါလျှင် ၎င်းက ထူးခြားကြောင်း မည်သို့ ပြနိုင်တော့မည်နည်း?

သူဟာ ဤထုတ်ကုန်ဖြန့်ချိပွဲသို့ တက်ရောက်သည်မှာ ပျင်းရိခြင်းကြောင့်အပြင် ရှုယီအား ပြဿနာဖြစ်စေရန် လာခြင်းလည်းဖြစ်၏။ သို့သော် သူဝင်လာကာ မှော်ကားကို တွေ့လိုက်သည်နှင့် ချက်ချင်း ဆွဲဆောင်ခံလိုက်ရမည်ဟု ထင်မထားခဲ့ချေ။ သူဟာ သူ၏ ရည်ရွယ်ချက်ကိုပင် မေ့လျော့ကာ ထိုမှော်ကားအကြောင်း အလေးအနက် မေးနေ‌မိသည်။

မှော်ကားကို ပတ်လျှောက်ပြီးနောက် ဘာရွန် ဘယ်လီလည်း စဉ်းစားကာ ၎င်းကို ညွှန်ပြ၍ မေးလိုက်သည်၊ “ကျုပ် အထဲဝင်ထိုင်ကြည့်လို့ရလား?”

မိန်းကလေးက ဘယ်ဘက်ခြမ်းအရှေ့တံခါးကို အပြုံးဖြင့် ဖွင့်ပေးပြီးနောက် ဖိတ်ကြားဟန် ပြလာသည်။

အခြားမျိုးရိုးမြင့်များနှင့် ကုန်သည်များက သူ့အား ကြည့်နေသည်ကိုမြင်သော် ဘာရွန် ဘယ်လီက ရွှင်ပျစွာပြုံး၍ ဂရုတစိုက် ကားထဲဝင်လိုက်သည်။

ထိုင်ချလိုက်ချိန်၌ သူ၏တင်ပါးအောက်ဘက်မှ သားရေနှင့် နူးညံ့သော ကူရှင်ကို ခံစားမိလိုက်ရာ ဤနေရာတွင် ထိုင်ခြင်းက အင်မတန်သက်တောင့်သက်သာဖြစ်လှသည်ဟု ခံစားနေရသည်။

သူ နောက်ကို မှီလိုက်ချိန်တွင် ကျောဘက်၌ သက်တောင့်သက်သာဖြစ်လှသော ကူရှင်ကို ခံစားမိပါ၏။ ထို့အပြင် သူ၏ ခါးကို ထောက်ခံပေးထားသည့် အထူးကူရှင်များလည်း ရှိရာ မည်သည့်ခွန်အားကိုမှ သုံးစရာမလိုဘဲ မတ်မတ်ထိုင်နေရင်းနှင့် သက်တောင့်သက်သာခံစားရသည်။

ဘာရွန် ဘယ်လီမှာ ဤနေရာ၌ တစ်နေ့လုံးထိုင်နေလျှင် သက်တောင့်သက်သာ မခံစားရမည်မဟုတ်လောက်ဟု ထင်မိ၏။

“ဒါက တကယ်ကိုကောင်းလိုက်တာ၊ ဒီထိုင်ခုံနဲ့တင် တန်နေပြီ!”

ဘာရွန် ဘယ်လီမှာ မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူက လက်မြှောက်လိုက်ရာ စတီယာရင်ဘီးကို မကိုင်နိုင်ကြောင်းတွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသွားသည်။

နံဘေးတွင် ရှိနေခဲ့သည့် မိန်းကလေးက ငုံ့ကိုင်းလိုက်ပြီး အသာပြုံး၍ ပြောလာ၏၊ “ဆရာ၊ ဒီအနေအထားက သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရရင် ဒါကို လိုသလို ချိန်ညှိလို့ရပါတယ်။”

“ဒါကို ချိန်ညှိလို့ရတာလား?” ဘာရွန် ဘယ်လီက အံ့ဩနေသည်။

“ဟုတ်ပါတယ်၊ ဒါကို ချိန်ညှိကြည့်ဖို့ လိုလားရှင့်?”

“အင်း၊ ခုံကို ရှေ့နည်းနည်းလောက်တိုးပေး ကျုပ်အတွက် စတီယာရင်ဘီးကို ကိုင်ဖို့ ခက်လို့။”

“ကောင်းပါပြီ၊ ဒီနေရာကို တစ်ချက်ကြည့်ပေးပါ.....”

မိန်းကလေးက ခုံအောက်ကို ငုံ့ကာ အားနည်းနည်းသုံးလိုက်သော် ဘာရွန် ဘယ်လီလည်း ခုံက ပို၍ သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။

သူ၏ ကိုယ်လည်း လျော့ရဲသွားကာ ခုံက သူ၏ကိုယ်နှင့်အတူ ရှေ့ကိုတိုးလာသည်။

ဘာရွန် ဘယ်လီမှာ စိတ်ထဲ ချီးကျူးမိ၏။ သူက ခုံအောက်ကို လက်ထည့်ကာ ထိုအချောင်းလေးကို ဆွဲလိုက်သည်တွင် ခုံက တစ်ဖန် လျော့သွားပြန်သည်။

ဘာရွန် ဘယ်လီမှာ အင်မတန်သက်တောင့်သက်သာဖြစ်သည့် အခြေအနေသို့ မရောက်မချင်း အကြိမ်ရေအချို့လောက် ရှေ့တိုးလိုက်၏။

တည့်တည့်ထိုင်ရင်း စတီယာရင်ဘီးပေါ်၌ လက်ထားကာ ရှေ့သို့ကြည့်လိုက်သော် ဘာရွန် ဘယ်လီမှာ ခံစားချက်က အင်မတန်ကောင်းသည်ဟု စဉ်းစားမိသည်!

သူက လှည့်လိုက်သော် ဘေးဘက်တွင် ထိန်းချုပ်ဘောင်ကွက်လေးတစ်ခုရှိကြောင်း တွေ့လိုက်ရသည်။

“ဘာများလဲ?”

“ဒါက မှော်လေပေးစက်၊ မှော်မီးအိမ်၊ ပစ္စည်းသေတ္တာနဲ့ တခြားအပိုင်းအတော်များများကို ထိန်းချုပ်ပေးတာပါ။” မိန်းကလေးက ရှင်းပြ၏။

“ဝါး၊ ဒီထဲမှာ မှော်လေပေးစက်နဲ့ မှော်မီးအိမ်တောင် ရှိတယ်လား?”

အနှီ မိန်းကလေး၏ အဖြေကို ကြားသော် ဘာရွန် ဘယ်လီမှာ အံ့ဩသွားရုံသာမက ဘေးဘက်ရှိ လူများလည်း အံ့ဩသွားသည်။

“ဒါက အရမ်းအားကောင်းလွန်းမနေဘူးလား?” ကုန်သည်တစ်ဦးက မနေနိုင်ဘဲ ပြောလာသည်၊ “ဒါဆို ဒါက အိမ်မှာ ထိုင်နေတာနဲ့ ဘာမှ မခြားတော့ဘူးပေါ့?”

မိန်းကလေးက အသာပြုံးသည်၊ “ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်း အနေနဲ့ ဒီမှော်ကားကို ဖန်တီးရတဲ့ အကြံက ခရီးသည်ကို သူနဲ့အတူ အိမ်ကိုပါ တစ်ပါတည်း ယူသွားရသလို ခံစားမိစေပြီး ခရီးမှာလည်း အိမ်ရဲ့ နွေးထွေးမှုနဲ့ သက်တောင့်သက်သာဖြစ်မှုကိုပါ ခံစားရစေဖို့ပါပဲ။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၉။ မြင်းလှည်းတွေကို အထင်သေးတာလား?

“ဘာလို့ ဒီမှော်ကားတွေအားလုံးကို တစ်ခါတည်း ချပြတာလဲ?”

မိန်းကလေးက ဧည့်သည်များထံမှ မေးခွန်းများလက်ခံနေရချိန်တွင် ရှုယီသည်လည်း မေးခွန်းပေါင်းစုံကို ဖြေဆိုနေရသော်လည်း သူရင်ဆိုင်ရသည့် လူများမှာ သတင်းစာပေါင်းစုံထံမှ သတင်းထောက်များဖြစ်ပါ၏။

Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံး ကျင်းပခဲ့သော ထုတ်ကုန်ဖြန့်ချိပွဲမှာ နှစ်ဝက်ကြာခဲ့ပြီဖြစ်သလို ယနေ့၏ ထုတ်ကုန်ဖြန့်ချိပွဲအား လွန်ခဲ့သည့် တစ်ပတ်အကြာက ကြေညာခဲ့သဖြင့် ၎င်းတို့မှာ ဤထုတ်ကုန်ဖြန့်ချိပွဲကို အလေးထားကြောင်းမြင်နိုင်ပြီး သဘာဝကျစွာပင် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၏ သတင်းစာများက ၎င်းကို အရေးထားကြသည်ပင်။

သတင်းထောက်များက ယနေ့ထုတ်ကုန်ဖြန့်ချိပွဲသို့ ရောက်ရှိပြီးနောက်တွင် ၎င်းတို့မှာ ချက်ချင်း အင်မတန်ထိုက်တန်ကြောင်း တွေ့ရှိသွားကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ယခင် ထုတ်ကုန်ဖြန့်ချိပွဲများတွင် ထုတ်ကုန်တစ်ခုကိုသာ ပြသသော်လည်း ဤတစ်ခေါက်တွင် တစ်ကြိမ်တည်းနှင့် မတူညီသည့် ထုတ်ကုန်ဆယ်မျိုးကျော် ဖြန့်ချိလိုက်သည်။

အဓိက ခေါင်းစဉ်မှာ မှော်ကားများဖြစ်ပြီး ၎င်းထုတ်ကုန်သစ်များအားလုံးကို မှော်ကားပုံစံတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ဤမျှ များပြားလှသည့် အသွင်သဏ္ဍာန်နှင့် လုပ်ဆောင်ချက်များမတူ ကွဲပြားသော မှော်ကားအမျိုးစုံတို့ကို မြင်ရသည်က ထိတ်လန့်အံ့အားသင့်စေလောက်သည်။

အထူးသဖြင့် မှော်ဆလွန်းဟု ရှုယီ ခေါ်သည့် အလယ်ဗဟိုရှိ မှော်ကားမှာ လူတိုင်း၏ အမြင်အာရုံကို ဆွဲဆောင်ထားသည်။

သတင်းထောက်များမှာ သာမန်လူများထက် ပိုမို အတွေ့အကြုံရှိသဖြင့် သဘာဝကျစွာ အကြည့်တစ်ချက်နှင့်တင် အနှီမှော်ဆလွန်းက ဈေးကြီးပါသော်လည်း တကယ်တမ်းတွင် ကုန်သည်များနှင့် မျိုးရိုးမြင့်များ၏ အလိုကို ဖြည့်ဆည်းပေးထားမှန်း ပြောနိုင်လေသည်။

၎င်း၏ ဈေးနှုန်းသာ တအားနိမ့်နေပါက ယနေ့ရောက်လာသော မျိုးရိုးမြင့်နှင့် ကုန်သည်များလည်း ၎င်းကို ထိုမျှ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ထို့အပြင် အနှီမှော်ဆလွန်းမှာ အသွင်အပြင်၊ လုပ်ဆောင်ချက်ဖြစ်စေ သက်တောင့်သက်သာနိုင်မှုဖြစ်စေ အရာအားလုံး ထိပ်တန်းဖြစ်ပြီး အနုပညာလက်ရာဟုပင် သတ်မှတ်နိုင်သဖြင့် ကောင်းကောင်းလက်ခံကြသည်မှာ သဘာဝကျသည်။

သို့သော် လူတိုင်းကို အံ့အားသင့်စေသည့် မှော်ကားများနှင့်ယှဉ်လျှင် သတင်းထောက်များမှာ အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းက တစ်ကြိမ်တည်းနှင့် ထိုမျှ များပြားလှသော မှော်ကားများကို ထုတ်လုပ်ပေးကြောင်းကိုသာ စိတ်ဝင်စားကြ၏။

ယခင် သတင်းစာရှင်းလင်းပွဲများနှင့် ယှဉ်လျှင် ၎င်းက ရှုယီ ပြောခဲ့ဖူးသည့် 'တစ်ကိုက်ချင်းစီ စားခြင်း သို့မဟုတ် ခြေတစ်လှမ်းစီ လှမ်းခြင်း' ဟူသည်နှင့် ကွဲပြားနေသည်လေ။

“ဘာလို့လဲတဲ့လား?” ရှုယီက သတင်းထောက်များကို ကြည့်ကာ အသာပြုံးလိုက်သည်၊ “ဘာလို့လဲဆိုတော့ ဒီထုတ်ကုန် ဖြန့်ချိပွဲကနေတဆင့် လူတိုင်းကို အချက်အလက်တစ်ခု ပြောပြချင်လို့ပါ။ ဒါကတော့ မှော်ကားတွေအတွက် တိုးတက်မှုအခွင့်အလမ်းပေါင်းများစွာရှိပြီး ထုတ်လုပ်နိုင်မယ့် အမျိုးအစားလည်း များစွာ ရှိပါတယ်။ အရင်က ကျုပ်တို့လုပ်ငန်းစု အရောင်းမြှင့်တင်ခဲ့တဲ့ အလတ်ဆိုဒ်‌ခရီးသည်တင်နဲ့ ပို့ဆောင်ရေးမှော်ကားတို့ချည်းပဲ မဟုတ်ဘဲနဲ့ပေါ့။”

သတင်းထောက်များအားလုံး ခေါင်းငြိမ့်လိုက်သည်။

တကယ်ကိုပင်၊ ဤထုတ်ကုန်ဖြန့်ချိပွဲသို့ ရောက်မလာခင်က အားလုံးမှာ ယခင်က Frestech ကုန်သည်ကြီးများအသင်း အရောင်းမြှင့်တင်ခဲ့သော မှော်ကားပုံစံနှစ်မျိုးကိုသာ သိခဲ့ကြသည်။ ယခုတွင် ဤထုတ်ကုန်ဖြန့်ချိပွဲ၌ မှော်ကားအမျိုးပေါင်းများစွာရှိနေပြီး အထူးသဖြင့် ၎င်းမှော်ဆလွန်းကို မြင်လိုက်ချိန်တွင် မှော်ကားများနှင့်ပတ်သက်ပါကအဆုံးမရှိသောဖြစ်နိုင်ချေများရှိသည်ကို အားလုံး နားလည်လိုက်ကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ဖြန့်ချိပွဲကြောင့် အားလုံးမှာ ၎င်းတို့၏ စိတ်ကို ရုတ်တရတ် ပြောင်းလိုက်ကြသည်ဟုပင် ပြော၍ရသည်။

ဤထုတ်ကုန်ဖြန့်ချိပွဲ၌ တွေ့ရသည့် မှော်ကားများမှ လူတိုင်းမှာ မှော်ကားပုံစံများကို ထပ်မံစဉ်းစားကြည့်နိုင်သည်။

“ဟုတ်ပါတယ် အနာဂတ်မှာ ကျုပ်တို့ လုပ်ငန်းစုက အသုံးပြုပုံ ကွဲပြားတဲ့ မှော်ကားအမျိုးအစားတွေကို ထပ်ပြီးတော့‌ ဖန်တီးသွားဦးမှာပါ။ ကျုပ်တို့တွေအနေနဲ့ လက်ရှိ မှော်ကားတွေရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေကိုလည်း မြှင့်တင်သွားမှာပါ။”

ရှုယီက ခေါင်းငြိမ့်၍ အားလုံး၏ ခန့်မှန်းချက်များကို အတည်ပြုလိုက်သည်။

“ဥပမာပြောရရင် ဒီမှော်ဆလွန်းမှာ နောက်ဆုံးပေါ် သံမဏိသတ္တုစပ်တွေကို သုံးထားပါတယ်။ ဒါက မှော်ဆလွန်းကို ပုံသဏ္ဍာန်ပြောင်းလဲမှုတွေမှာ ပိုမို ခုခံနိုင်စွမ်းရှိပြီး အားလည်းပိုကောင်းစေပါတယ်။ ဒီတော့ ဒီမှော်ဆလွန်းက အလတ်ဆိုဒ်မှော်ကားထက် သေးတယ်လို့ပဲ မစဉ်းစားကြည့်ပါနဲ့၊ ဒီထဲမှာ ထိုင်ဖို့က လုံခြုံမှုနည်းပါးသွားတာမျိုးမရှိပါဘူး။ တစ်ချက်တိုက်မိလို့ အသက်ဆုံးရှုံးမှာကိုလည်း စိုးရိမ်ဖို့မလိုပါဘူး။ အနည်းဆုံးတော့ မြင်းလှည်းတွေစီးတာထက် ပိုလုံခြုံပါတယ်။”

သတင်းထောက်များက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် တစ်ဦးက ရုတ်တရတ် လက်ထောင်ကာ အသံကျယ်ကျယ်ဖြင့် မေးလာသည်၊ “ဥက္ကဌရှု၊ ခင်ဗျားက မြင်းလှည်းတွေကို အထင်သေးတယ်လို့ ကျုပ်ကြားဖူးတယ်၊ တကယ်လားဗျ?”

ရှုယီက သူ့အားကြည့်လိုက်သော် ၎င်းအား အတင်းအဖျင်းပြောရာ၌ အထူးကျွမ်းကျင်သော သတင်းထောက်ဖြစ်ကြောင်း သတိထားမိသွားသည်။ သူက ခေါင်းခါကာ ဆိုပါ၏၊ “ဒါက အတိအကျမမှန်ပါဘူး။ အတိအကျပြောရရင် ကျုပ်က မြင်းလှည်းရဲ့ လုပ်နိုင်စွမ်းကို အထင်သေးတာပါ၊ မြင်းလှည်းကိုမဟုတ်ပါဘူး။”

စင်အောက်ရှိ သတင်းထောက်များက ကြောင်အသွားကြသည်၊ “ဒါက ဘာကွာလို့လဲ?”

“ကွာတာပေါ့။” ရှုယီက အပြုံးဖြင့်ဆို၏၊ “ကျုပ်အနေနဲ့ မြင်းလှည်းတစ်စီးရဲ့ လုပ်ဆောင်ချက်တွေကို အထင်သေးတာဟာ လုံခြုံမှု၊ သက်တောင့်သက်သာရှိမှုတွေမှာ ဖြစ်စေ အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ပို့ဆောင်ရေး၊ အမြန်နှုန်းတွေမှာဖြစ်စေ ကျုပ်ကို စိတ်တိုင်းမကျစေတာကြောင့်ပေါ့။ မှော်ကားတွေနဲ့ ယှဉ်ရင် မြင်းလှည်းတွေက လုံးဝမယှဉ်နိုင်ပါဘူး။ ကျုပ်တို့ လုပ်ငန်းစုက မှော်ကားတွေ ထုတ်လုပ်လိုက်မှတော့ ကျုပ်က ဘာလို့ မြင်းလှည်းတွေရဲ့ လုပ်ဆောင်ချက်ကို အထင်သေးလို့ မဖြစ်သင့်တာလဲ?”

“ဥက္ကဌရှု ဒါကို ခင်ဗျားမှာ ဒီသဘောထားရှိတာက ခင်ဗျားတို့လုပ်ငန်းစုရဲ့ မှော်ကားတွေကို ရောင်းဖို့ ကြိုးစားနေတာလို့ သတ်မှတ်လို့ရလား?” ထိုသတင်းထောက် ဆက်မေးလေသည်။

ရှုယီလည်း သူ့ကိုကြည့်ကာ မပြုံးမိဘဲ မနေနိုင်ချေ။ သူက လက်များကိုဖြန့်လျက် မေးလိုက်လေ၏၊ “ခင်ဗျားလား..... ဒီမှော်ကားတွေကိုရောင်းဖို့ ကျုပ်အနေနဲ့ နေရာတိုင်းကို လိုက်သွားဖို့ လိုအပ်တယ်လို့လေ?”

အခြားသတင်းထောက်များက သူ့အား ငတုံးတစ်ယောက်ကို မြင်ရသည့်နှယ်ကြည့်လာကြသည်ကို မြင်သော် အနှီအတင်းအဖျင်းကြိုက် သတင်းထောက်မှာ နားလည်းသွားကာ သူ၏ မေးခွန်းက တကယ်ကို မိုက်မဲလှသည်ကို ခံစားမိလိုက်သည်။

ရှုယီမှာ လုံးဝမှန်ပါ၏၊ သူ့အနေနှင့် မှော်ကားများကို ရောင်းဖို့မလိုအပ်ပေ၊ သူ့အနေနှင့် အစပိုင်းတွင်ရှိနေရန်ပင် မလိုပါချေ။ အကြောင်းမှာ မှော်ကားများ၏ လုပ်ဆောင်ချက်က မြင်းလှည်းများကို များစွာကျော်လွန်နေကြောင်း သိမြင်ကြပြီးနောက် ဘန်တာမြို့၏ လုပ်ငန်းစုများ အားလုံးနှင့် အခြားမြို့များထံမှ လုပ်ငန်းစုများစွာတို့ အားလုံးမှာ မှော်ကားများအတွက် Frestech ကုန်သည်ကြီးများအသင်းကို တကောက်ကောက်လိုက်နေကြတော့သည်။

Frestech ကုန်သည်ကြီးများအသင်းက ဝယ်လိုအားကိုပင် မလိုက်‌နိုင်တော့ရာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားအလုပ်ရုံမှာ အမြဲလိုလို အချိန်ပို လုပ်နေရသည်လေ။

ထိုသို့ဆိုပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းထံ၌ ၎င်းတို့၏ ထုတ်လုပ်မှုထက် အဆပေါင်းများစွာ ကျော်လွန်နေသော အမှာစာများရှိနေ‌ရာ ၎င်းတို့၏ အမှာစာများကို နောက်နှစ်စာအတွက်ပင် အစီစဉ်ဆွဲထားရပါ၏။

ဤအခြေအနေတွင် ရှုယီအနေနှင့် မှော်ကားများ ရောင်းထွက်ဖို့ရာ သဘောထားတစ်ခုထားရန် လိုအပ်မည်လား?

ပြောရလျှင် လူများကသာ မှော်ကားများဝယ်ယူဖို့ရန် Frestech ကုန်သည်ကြီးများအသင်းကို တောင်းဆိုနေရပြီး Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို လုံးဝ ရောင်းရန်မလိုချေ။

ထိုသတင်းထောက်က ဆက်မပြောတော့သည်ကိုမြင်သော် ရှုယီက အပြုံးဖြင့်ဆက်ပြောသည်၊ “ကောင်းပါပြီ၊ ခင်ဗျားက ဒီမေးခွန်းကို မေးလာမှတော့ ကျုပ်က ဒီအခွင့်အရေးကိုယူပြီး အသေးစိတ်အကြံပေးလိုက်ပါ့မယ်။”

သတင်းထောက်များအားလုံး အံ့ဩသွားကြပြီးနောက် ရှုယီကို အာရုံစိုက်လာကြသည်။

“ကျုပ် ခုနက ပြောခဲ့တယ်၊ မှော်ကားတွေနဲ့ ယှဉ်ရင် မြင်းလှည်းတွေက တကယ်ပဲ မယှဉ်နိုင်သလို လူတွေရဲ့ လိုအပ်ချက်ကို လိုက်မမှီတာကြောင့် မြင်းလှည်းတွေရဲ့ လုပ်ဆောင်ချက်ကို အထင်သေးတယ်လို့လေ။ အရေးကြီးဆုံးက ဒါက ကြီးမားတဲ့ပို့ဆောင်ရေးလိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်တာပဲ။”

ရှုယီလည်း ခေတ္တရပ်တန့်လိုက်ပြီးနောက် အဝင်ဝရှိ အကြီးစားပို့ဆောင်ရေးမှော်ကားကို ညွှန်ပြလိုက်သည်။

“ကြည့်လိုက်ပါ၊ ဆိုဒ်ကြီးပို့ဆောင်ရေးမှော်ကားမှာ ဆယ်တန်စာ ဝန်'တင်လို့ရတဲ့ စံနှုန်းရှိတယ်။ ကျုပ်တို့သာ မြင်းလှည်းတွေကို သုံးရင် ဖာဆန် ရထားလုံးလုပ်ငန်းစုရဲ့ မြင်းရှစ်ကောင်ဆွဲ‌ အကြီးဆုံး ပို့ဆောင်ရေးမြင်းလှည်းကတောင် သုံးတန်ထက် ပိုမသယ်နိုင်လို့ လေးတန်ကိုတောင် မရောက်နိုင်‌ဘူးလေ။”

“ဒါက လူတွေ လက်မခံနိုင်လောက်တဲ့အထိ လိုအပ်ချက်ရှိနေတာတော့ မဟုတ်ပါဘူး။” သတင်းထောက်တစ်ဦးက ငြင်းပယ်၏။

“ဒီလိုလား?” ရှုယီက အသာပြုံးကာ၊ “ခင်ဗျား အရေးကြီးပြဿနာ နှစ်ခုကို မေ့ခဲ့ပြီ။ တစ်ခုက ရင်းနှီးမြှုပ်နှံကုန်ကျစရိတ်နဲ့ တစ်ခုက လည်ပတ်မှုကုန်ကျစရိတ်။”

“အိုး? ဥက္ကဌရှု‌ ကျေးဇူးပြုပြီးရှင်းပြပါဦး။”

“ပထမဦးဆုံး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်အကြောင်းပြောကြတာပေါ့။ ခင်ဗျားတို့သိလား၊ ဖာဆန် ရထားလုံးလုပ်ငန်းစုအတွက် မြင်းလှည်းကြီးတစ်စီးကို ဆောက်လုပ်ဖို့ ဘယ်လောက်ကုန်ကျသလဲဆိုတာ? ပြောပြပါ့မယ်၊ ဥက္ကဌ ပွန်ဖီး ကိုယ်တိုင်က သူတို့အနေနဲ့ မြင်းလှည်းကြီးတွေကို စိတ်ကြိုက် အော်ဒါမှာရတယ်လို့ ပြောတယ်။ ဒီလိုလေးလံတဲ့ ကုန်တင်တွေကို ထောက်ပံ့ပေးဖို့အတွက် အခံနိုင်ဆုံး ပစ္စည်းတွေကို သုံးဖို့လိုတာကြောင့် မြင်းလှည်းတစ်စီးစီက ရွှေဒင်္ဂါး သုံးထောင်အထိ ကုန်ကျစရိတ်မြင့်တယ်။”

“ဒါပေမယ့် ခင်ဗျားရဲ့ ဆိုဒ်ကြီး ပို့ဆောင်ရေးမှော်ကားက ရွှေဒင်္ဂါးငါးထောင်ကုန်ကျတယ်လေ၊ ဒါက မြင်းလှည်းကြီးထက်တောင် အကုန်အကျပိုမြင့်သေးတယ်။” နံဘေးရှိ သတင်းထောက်တစ်ဦးက အသံကျယ်ကျယ်ဖြင့်ဆိုလာသည်။

“ခင်ဗျား မြင်း ရှစ်ကောင်ကို မေ့သွားပြီလား?” ရှုယီက ပြန်မေးလိုက်သည်။

၎င်း သတင်းထောက်က တမုဟုတ်ချင်း တိတ်ကျသွား၏။

“သုံးတန်ကနေ လေးတန်အထိဆွဲနိုင်တဲ့ မြင်းတွေက သေချာပေါက် မြင်းကောင်းတွေပေါ့။ ဒီတော့ ဖာဆန် ရထားလုံးလုပ်ငန်းစုက ဒီမြင်းတွေအတွက် အနည်းဆုံး ရွှေဒင်္ဂါးငါးထောင်‌သုံးရတယ်။ ဒါကြောင့် စုစုပေါင်းဆိုရင် ဖာဆန် ရထားလုံးလုပ်ငန်းစုက မြင်းလှည်းကြီးတစ်စီးကို ဆောက်လုပ်ဖို့ ရှစ်ထောင်ကျော်လောက် သုံးရတာပေါ့။

သတင်းထောက်များက တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီး မည်သည်ကိုမှ မဆိုနိုင်ကြတော့ချေ။

ရှုယီက အချက်အလက်နှင့် အရေအတွက် အမှန်များကို ထုတ်ပြလိုက်သောကြောင့် ၎င်းတို့လည်း လုံးဝ မငြင်းခုံနိုင်တော့ချေ။

“အခု ကျုပ်တို့ကရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကို ပြောလို့ပြီးပြီ၊ လည်ပတ်မှုကုန်ကျစရိတ်ကို ပြောကြမယ်။” ရှုယီက ဆက်သည်၊ “ဥက္ကဌ ပွန်ဖီး ကျုပ်ကို ပေးထားတဲ့ အချက်အလက်အရ လူတစ်ယောက်ကသာ မြင်းလှည်းကြီးကို သုံးချင်တယ်ဆိုရင် အနည်းဆုံး မြင်းတွေကို အစာကျွေးဖို့ တစ်နေ့ ရွှေဒင်္ဂါးနှစ်ဆယ်သုံးဖို့ လိုတယ်။ မြင်းလှည်းကြီးကို ထိန်းသိမ်းရမယ့်စရိတ်ကတော့ တစ်နှစ်ကို ရွှေဒင်္ဂါး နှစ်ထောင်အထိရှိတယ်။ ဒါကိုသာ နေ့တိုင်း ပျမ်းမျှတွက်ကြည့်ရင် တစ်နေ့ ရွှေဒင်္ဂါး ငါးဆယ်ကျော်ပေါ့။ စုစုပေါင်းဆိုရင် မြင်းလှည်းကြီးကိုသုံးဖို့ အနည်းဆုံး တစ်နေ့ ရွှေဒင်္ဂါးခုနစ်ဆယ်ကုန်ကျမှာဖြစ်ပြီး နောက်တစ်ခုပါ ထပ်သွားရင်တော့ ပိုကုန်မှာပေါ့။”

“ဒါဆို ဥက္ကဌရှု ခင်ဗျားတို့ အကြီးစားမှော်ကားက ထိန်းသိမ်းဖို့ တစ်နေ့ကို ဘယ်လောက် ကုန်မလဲ?” သတင်းထောက်တစ်ဦးက မေးလာသည်။

“ဒီအကြီးစားမှော်ကားမှာက စားသုံးမှုနဲ့ ပတ်သက်လာရင် နှစ်ပိုင်းရှိတယ်။ တစ်ခုကတော့ နေ့စဉ်ထိန်းသိမ်းမှုဖြစ်ပြီး ကျုပ်တို့ လုပ်ငန်းစုချမှတ်ထားတဲ့ စံနှုန်းအရဆို ကြီးကြီးမားမားဖြစ်တာမရှိရင် ဒီအကြီးစားမှော်ကားရဲ့ ထိန်းသိမ်းမှုက သာမန်အခြေအနေတွေမှာ တစ်နှစ်ကို ရွှေဒင်္ဂါးသုံးရာကနေ ငါးရာအထိ ဖြစ်နိုင်တယ်။”

“ဒီလောက်နည်းတယ်လား?” သတင်းထောက်များက တကယ် မယုံကြချေ၊ “နေ့စဉ်သုံးအတွက် တွက်ကြည့်ရင်ရော ဘယ်လောက်များလဲ?”

“ဒါကို များတယ်လို့ သတ်မှတ်လို့ရနေပါပြီ။” ရှုယီက ခေါင်းခါသည်၊ “ကျုပ်တို့ လုပ်ငန်းစုကသာ မှော်ကားတွေနဲ့ ပတ်သက်ပြီး တိုးတက်မှုအသစ်တွေ ထပ်လုပ်ရင် ထိန်းသိမ်းမှု ကုန်ကျစရိတ်ကို နောက်ထပ် လျှော့ချနိုင်မှာပါ။”

“ဒါဆို နောက်တစ်ပိုင်းကရော? မြင်းတွေက မြက်စားတွေ ခင်ဗျားရဲ့ မှော်ကားကလည်း ပြေးဆွဲဖို့ ဘာကိုမှ မလိုအပ်တာတော့ မဖြစ်နိုင်လောက်ဘူးမို့လား?” နောက်ထပ် သတင်းထောက်က မေးလာ၏။

“ဒါပေါ့၊ မြင်းတစ်ကောင်ပြေးဖို့ဆိုရင် မြင်းကို အစာကျွေးဖို့လိုတယ်။ ကျုပ် အထင် မှော်ကားတွေက မှော်သလင်းကျောက် သုံးရတာကို သိလောက်ကြမှာပါ။ ဒီတော့ ဒီအကြီးစားပို့ဆောင်ရေးမှော်ကားအတွက်လည်း ဘာခြားနားမှုမှမရှိဘဲ သူလည်း မှော်သလင်းကျောက်ကိုပဲ စားသုံးတာပါ။ ကျုပ်တို့လုပ်ငန်းစုရဲ့ ကနဦးစမ်းသပ်မှုတွေအရ ဒီအကြီးစားမှော်ကားက သာမန်အမြန်နှုန်းနဲ့သွားရင် တစ်ရာကီလိုမီတာမှာ ဆယ်သုံး Evs[ T/N: အီဗီတာ ဖန်တီးထားတဲ့ ယူနစ် ] စားလိမ့်မယ်။ ကျုပ်တို့ လုပ်ငန်းစုထုတ် စံပြုမှော်သလင်းကျောက်တွေကိုသုံးရင်တော့ စုစုပေါင်း ရွှေဒင်္ဂါးဆယ့်သုံးပြားကုန်ကျမယ်။”

“ဒီအဓိပ္ပာယ်က ကုန်စည် ဆယ်တန်ကို ကီလိုမီတာတစ်ရာအထိ သယ်သွားချင်ရင် ရွှေဒင်္ဂါးဆယ့်သုံးပြားကုန်ကျမယ်လို့ ဆိုလိုတာပေါ့?” သတင်းထောက်များအားလုံးထံ၌ မယုံကြည်ဟန်ရှိနေကြသည်။

ရှုယီက အသာပြုံးလေ၏၊ “နောက်ထပ် အရေးကြီးအချက်ရှိတဲ့ အမြန်နှုန်းရှိသေးတယ်။ ပုံမှန် ဝန်' ဆယ်တန်ကို သယ်ရင် ဒီအကြီးစားမှော်ကားက တစ်နာရီကို လေးဆယ်ကီလိုမီတာ အမြန်နှုန်းနဲ့ သွားနိုင်တယ်။ မြင်းလှည်းတွေကရော ဘယ်လိုလဲ?”

သတင်းထောက်များမှာ အချင်းချင်းကြည့်ပြီးနောက် ပြုံးလိုက်ကြသည်။

မြင်းလှည်းတွေ? ဆယ်တန်သယ်ဖို့မပြော‌နဲ့ဦး ဘာကုန်စည်မှမပါဘဲ သွားရင်တောင် တစ်နာရီမှာ ကီလိုမီတာ သုံးဆယ်ပဲ သွားနိုင်တယ်လေ။

သတင်းထောက်များ၏ တုံ့ပြန်မှုကိုမြင်သော် ရှုယီလည်း လက်များဖြန့်လိုက်၏၊ “အခု ကျုပ်ကိုပြောလေ၊ ဘာလို့ ကျုပ်အနေနဲ့ မြင်းလှည်းတွေကို အထင်သေးလို့ မဖြစ်ရတာလဲ?”

သတင်းထောက်များ အားလုံး ရယ်မောလိုက်ကြသည်။

၎င်းနောက်တွင် အတင်းအဖျင်းကြိုက်သတင်းထောက်က လက်ထောင်လာပြန်၏။

“ဥက္ကဌရှု၊ မှော်ကားတွေအကြောင်းမေးခွန်းတွေ အများကြီး မေးလို့အပြီးမှာ ကျုပ် ကိုယ်ရေးကိုယ်တာမေးခွန်းတစ်ခု မေးချင်သေးတယ်။ ဒါက ခင်ဗျားရဲ့ အခုမှမွေးထားတဲ့ သမီးလေးအကြောင်းပါ၊ ဖြေဖို့ ဆန္ဒရှိရဲ့လားဗျ?”

အခြားသတင်းထောက်များက သူ့အား မျက်မှောင်ကျုံ့ကြည့်လိုက်ရင်း မနေနိုင်ဘဲ အထင်အမြင်သေးဟန်များပြလာကြသည်။

ဤသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန် ဖြန့်ချိပွဲဖြစ်ရာ အဘယ့်ကြောင့် ထိုလူက ကိုယ်ရေးကိုယ်တာမေးခွန်းမေးရသနည်း။

သို့ရာတွင် ရှုယီ၏ သမီးလေးအကြောင်းဟူသည့် မေးခွန်းကိုကြားပြီးနောက် သတင်းထောက်များအားလုံး ရှုယီကို အာရုံစိုက်ကြည့်လာကြသည်။

“ဒီမေးခွန်းက တကယ်ရောက်လာတာပဲ။” ရှုယီက နားလည်ဟန် ပြုံးကာ ခေါင်းငြိမ့်သည်၊ “ဒီနေ့ ကျုပ်ရဲ့ ခံစားချက်ကောင်းနေတော့ မေးလို့ရပါတယ်။ မေးပါ။”

“ကောင်းပါပြီ၊ ဥက္ကဌရှု၊ ခင်ဗျားရဲ့ သမီးလေး မွေးလာတဲ့ နေ့မှာပဲ သူမကို တစ်ဦးတည်းသောဆက်ခံသူအဖြစ် ကင်ပွန်းတပ်ခဲ့တယ်ဆို၊ မှန်လားဗျ?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၀။ အတိအလင်းရပ်တည်မှု

ရှုယီမှာ လုံးဝ တုံ့ဆိုင်းမနေဘဲ အသာပြုံးကာ ခေါင်းငြိမ့်လိုက်သည်၊ “ဟုတ်ပါတယ်။”

ရှုယီ၏ အဖြေကိုကြားသော် သတင်းထောက်များက ရုတ်ရုတ်သဲသဲဖြစ်သွားကြလေ၏။

စင်အောက်မှ လက်ပေါင်းများစွာလည်း ထောင်လာကြသည်။

“ဥက္ကဌရှု၊ ခင်ဗျားရဲ့ သမီးလေးကို ခင်ဗျားရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်စေချင်တာ သေချာလားဗျ?”

“ဥက္ကဌရှု၊ ခင်ဗျားရဲ့ တစ်ဦးတည်းသောဆက်ခံသူအကြောင်းပြောလာတော့ ဒီအဓိပ္ပာယ်က ခင်ဗျားသမီးကလွဲရင် ဘယ်မိသားစုဝင်ကိုမှ ဘာမိသားစု အကျိုးအမြတ်မှ ချန်ခဲ့မှာ မဟုတ်တဲ့ အဓိပ္ပာယ်လား?”

“ဥက္ကဌရှု ခင်ဗျားမှာသာ သားတစ်ယောက်ရှိလာခဲ့ရင် သူ့ကို ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေ ဆက်ခံခွင့်ပြုဖို့ တကယ်စဉ်းစားမှာ မဟုတ်တော့ဘူးပေါ့?”

“ဥက္ကဌရှု.....”

.....

သတင်းထောက်များ၏ စိတ်လှုပ်ရှားမှုများ ငြိမ်သွားပြီး တစ်ဖန် တိတ်သွားချိန်တွင် အားလုံးကို ရှုယီကို ကြည့်လာကြသည်။ သူက တစ်ချက်ပြုံးကာ မေးလေ၏၊ “ဘာလို့ ဒီလို မေးတာလဲဗျ? သူက ကျုပ်ရဲ့ သမီးလေ၊ သူမအနေနဲ့ ဆက်ခံသူဖြစ်ခွင့် မရှိလို့လား?”

“အဓိက အချက်က တစ်ဦးတည်းသောလေ!” စင်အောက်ရှိ သတင်းထောက်တစ်ဦးက အော်သည်၊ “ဥက္ကဌရှု တစ်ဦးတည်းသော ဆိုတဲ့ အဓိပ္ပာယ်က ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ တခြားကလေးတွေကို ဘာမိသားစု ပိုင်ဆိုင်မှုကိုမှ ပေးဖို့ မစီစဉ်ထားတဲ့ အဓိပ္ပာယ်များလား?”

“ကျုပ် အထင်တော့ ခင်ဗျားရဲ့ နားလည်မှုက နည်းနည်းမတူနေဘူး။” ရှုယီက ခေါင်းခါကာ၊ “တစ်ဦးတည်းသော အမွေဆက်ခံသူဆိုတာက ကျုပ်ရဲ့ သမီးလေးဟာ ကျုပ်ရဲ့ ခေါင်းစဉ်ကို ဆက်ခံရမယ့် အဓိပ္ပာယ်ပါ။ ပိုင်ဆိုင်မှုကတော့..... မတူတဲ့ကိစ္စပဲ။”

“ခေါင်းစဉ်?” သတင်းထောက်များက ကြောင်အသွားသည်၊ “ဒါက ပိုင်ဆိုင်မှုနဲ့ မသက်ဆိုင်ဘူးလား? Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ခေါင်းစဉ်ကရော? ဒါလည်း မဆိုင်ဘူးလား?”

ရှုယီက ထိုသို့မေးလာသည့် သတင်းထောက်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။

“Frestech ကုန်သည်ကြီးများအသင်းကို ကျုပ်ပိုင်တာ မဟုတ်ဘူးလေ၊ ဘယ်လိုလုပ် ကျုပ်ရဲ့ ကလေးတွေက ဥက္ကဌ ရာထူးကို အမွေဆက်ခံမှာလဲ? Frestech ကုန်သည်ကြီးများအသင်းကို ကျုပ်ပိုင်ရင်တောင် ဥက္ကဌနေရာက အရည်အချင်းရှိတဲ့လူပဲ ပိုင်သင့်တယ်။ ကျုပ်ရဲ့ကလေးက စီးပွားရေးမှာ မထက်မြတ်ရင် Frestech ကုန်သည်ကြီးများအသင်း သူတို့လက်ထဲ ပျက်စီးသွားတာကို ကျုပ်က စောင့်ကြည့်နေရမှာလား?”

သတင်းထောက်များအားလုံးလည်း စဉ်းစားကြည့်သော် ရှုယီက ကျိုးကြောင်းသင့်သည်ဟု ခံစားမိလိုက်သည်။ သို့သော် ၎င်းက စိုင်စ်နယ်မြေကြီး၏ ထုံးတမ်းများနှင့် မကိုက်ညီနေချေ။

ထုံးတမ်းအစဉ်အလာအရ Frestech ကုန်သည်ကြီးများအသင်းကို အကြွင်းမဲ့ ထိန်းချုပ်ထားသည့် ရှုယီအတွက် ၎င်းအား တခြား တစ်ဦး,ဦးထံ ပေးရန် ဆန္ဒမရှိနေလောက်ချေ။

မည်သို့ဖြစ်စေ သူဟာ နောက်ဥက္ကဌအဖြစ် ဆက်ခံသူကို လေ့ကျင့်ပေးမည် သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းကို တိတ်တဆိတ် ထိန်းချုပ်လိမ့်မည်သာ။

သို့သော် ရှုယီ၏ သဘောထားအရ သူဟာ ဒုတိယနည်းလမ်းကိုသာ သုံးလိမ့်မည်ဖြစ်ပုံပင်။

ပြောရလျှင် သူ၏ ကလေးသာ သူ၏ ခေါင်းစဉ်ကို ဆက်ခံလိုက်ပါလျှင် ၎င်းတို့မှာ မျိုးရိုးမြင့် ဖြစ်လာလိမ့်မည်။

သူ၏ ကလေးက ရှုယီကဲ့သို့ မျိုးရိုးမြင့် ကုန်သည်ဖြစ်လာနိုင်ရန် မထူးခြားနိုင်လောက်သဖြင့် လုပ်ငန်းစုကို တိတ်တဆိတ် ထိန်းချုပ်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။

စဉ်းစားကြည့်ရင်း သတင်းထောက်များမှာ နားလည်သွားကြသည်။

သို့သော် စဉ်းစားကြည့်ပြီးနောက် ပြဿနာများကို ထပ်စဉ်းစားမိကြလေ၏။

“ဥက္ကဌရှု၊ ခင်ဗျားရဲ့ သမီးလေးက ခင်ဗျားရဲ့ ခေါင်းစဉ်ကို ဆက်ခံရမယ်ဆိုတော့ ဘာလို့ ခင်ဗျားရဲ့ သားအတွက် ချန်ထားပေးဖို့ မစဉ်းစားရတာလဲ?” သတင်းထောက်တစ်ဦးက မေးသည်၊ “ခင်ဗျားက ဒီလိုလုပ်ရင်း ဘုရင်မ ဆယ်ဗီနီကို ထောက်ပံ့ကြောင်းပြနေတာလို့ ပြောတဲ့လူတွေတောင် များနေပြီ၊ အမှန်ပဲလားဗျ?”

ဤမေးခွန်းက သတင်းထောက်များအားလုံး တကယ် ဂရုစိုက်မိသည့် မေးခွန်းပင်။

ရှုယီ၏ အဖြေကသာ ဘုရင်မ ဆယ်ဗီနီကို ထောက်ပံ့ကြောင်း တရားဝင်ပြသလိုခြင်းကြောင့်ဟု ဖော်ပြလာပါလျှင် Frestech ကုန်သည်ကြီးများအသင်းက ဘုရင်မ ဆယ်ဗီနီ၏ အဖွဲ့သို့ ဝင်ရောက်မည်ဟု အဓိပ္ပာယ်ရလိမ့်မည်။

ရှုယီက ထိုသို့ မလုပ်ခဲ့လျှင်လည်း လူတိုင်းက ထိုသို့ တွေးမည်သာ။ ရှုယီကသာ သူ၏ ရပ်တည်ချက်ကို မပြခဲ့လျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မည်သည့်အချိန်၌ မဆို ရပ်တည်ချက်များပြောင်းလဲနိုင်ကာ အရာများစွာအတွက် ကြားနေဖြစ်မည့် အဓိပ္ပာယ်သာ ဖြစ်လိမ့်မည်။

ရှုယီသာ ယခု သူ၏ ရပ်တည်မှုကို ပြလာလျှင် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ပြောင်းလဲရန် ခက်ခဲလိမ့်မည်။ ရှုယီ ထိုသို့ပြုလုပ်ခြင်းက ဘုရင်မ ဆယ်ဗီနီအတွက် လောင်းကြေးထပ်ခြင်းနှင့် ညီမျှသည်။

ဘုရင်မ ဆယ်ဗီနီသာ အဆုံး၌ ထီးနန်းကို မရယူနိုင်ခဲ့ဘဲ မင်းသားလေး အဲရစ် ဘုရင်ဖြစ်လာလျှင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အတွက် စောင့်ကြိုနေမည့် ရလာဒ်များကို စိတ်ကူးကြည့်နိုင်၏။

ထို့ကြောင့် ရှုယီမှာ သူ၏ သမီးကို တစ်ဦးတည်းသောဆက်ခံသူအဖြစ် သတ်မှတ်လိုက်သည်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုဖြစ်ပုံပေါ်သော်လည်း ရှုယီ၏ ထင်ရှားသော အထောက်အထားနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အရေးပါမှုတို့ကြောင့် ၎င်းမှာ ဖြစ်နိုင်ချေများစွာရှိနေပြီး မိသားစုကိစ္စလေးတစ်ခု မကတော့ချေ။

ရှုယီက သတင်းထောက်များထံရှိ အတွေးများကို မည်သို့ မမြင်ဘဲ၊ ၎င်းတို့မေးလိုသည့်အရာကို မည်သို့ နားမလည်ဘဲ နေမည်နည်း? သို့သော် သူက သေချာစဉ်းစားပြီးနောက်မှ ရွေးချယ်မှုလုပ်လိုက်သဖြင့် ထိုမေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင် သဘာဝကျစွာ စိတ်ပူမည်မဟုတ်။

“အရင်ဆုံး ကျုပ်ဆီမှာ အခု သားမရှိသေးဘူး။” ရှုယီက အသာပြုံး၍ ပြောသည်၊ “ဒုတိယ၊ စတေးလ်နဲ့ ကျုပ်ဆီမှာ နောက်ထပ် အချစ်ပုံဆောင်ခဲလေးရှိပြီး သားလေးတစ်ယောက်ဖြစ်နေရင် ကျုပ်က ဆက်ခံသူကို ဆုံးဖြတ်ပြီးမှတော့ ပြောင်းလဲနေမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပြဿနာတစ်ခုဟာ ပိုအရေးပါလေ ပြန်ရုတ်သိမ်းလို့ မရတော့‌လေပဲ၊ ဒါမှမဟုတ် ထပ်ပြီး ကောင်းမွန်မှာ မဟုတ်တော့တာပေါ့။ ကျုပ်ရဲ့ ကလေးတွေလည်း သဟဇာတဖြစ်အောင်နေနိုင်ဖို့ မျှော်လင့်တယ်၊ သူတို့အနေနဲ့ အချင်းချင်း မကျေမနပ်ဖြစ်နေမှာ ဒါမှမဟုတ် ဆက်ခံမှုကြောင့် အချင်းချင်း အတိုက်အခံဖြစ်နေမှာကို မြင်ဖို့ ဆန္ဒမရှိပါဘူး။”

သတင်းထောက်များ၏ မျက်လုံးများအားလုံး အံ့ဩမှုအပြည့်ဖြင့် ပြူးကျယ်သွားကြသည်။

“ဥက္ကဌရှု၊ ဒီစကားတွေကို ဘုရင်ကြီးကို အပြစ်တင်တဲ့စကားတွေအဖြစ် သတ်မှတ်လို့ရလား?” သတင်းထောက်တစ်ဦးက မနေနိုင်ဘဲ အသံကျယ်ကျယ်ဖြင့်မေးလာသည်။

ရှုယီက ခပ်တိုးတိုးရယ်ကာ လက်များကိုဖြန့်၍၊ “ဒါက ခင်ဗျားရဲ့ နားလည်မှုပဲလေ၊ ကျုပ်နဲ့ မဆိုင်ဘူး။”

သတင်းထောက်များက ရှုယီ၏ မရေမရာ စကားလုံးများကို အာရုံမစိုက်ဘဲ ရှုယီ ပြောခဲ့သည့် စကားလုံးများကိုသာ စာအုပ်များထဲ၌ တစ်လုံးပြီးတစ်လုံး ရေးနေလိုက်သည်။

တစ်အောင့်ကြာပြီးနောက် နောက်ထပ်သတင်းထောက်က မေးလာလေသည်၊ “ဥက္ကဌရှု၊ ခင်ဗျား နောက်ဆုံးမေးခွန်းကို မဖြေရသေးဘူး။ ခင်ဗျားရဲ့ သမီးကို တစ်ဦးတည်းသောအမွေဆက်ခံသူအဖြစ် သတ်မှတ်တာက ဘုရင်မ ဆယ်ဗီနီကို ထောက်ခံကြောင်းပြချင်လို့ တမင်လုပ်လိုက်တာလား?”

“ကျုပ်အတွေးထဲ ဒါက တစ်စိတ်တပိုင်းပါနေလို့ ဒီလိုလည်း စဉ်းစားလို့ရပါတယ်။” ရှုယီက ခေါင်းငြိမ့်သည်၊ “ဒါပေမယ့် ကျုပ်အတွက် ဒါက စတေးလ်နဲ့ရတဲ့ ပထမဆုံးကလေးဖြစ်တာကြောင့် ကျုပ်ရင်ထဲမှာ အရမ်း အရေးပါတယ်။ သူမကို မွေးလိုက်ကတည်းက ကျုပ်ဆီမှာ ရှိသမျှ အရာအားလုံးကို ပေးချင်မိတယ်။ ကျုပ်ရဲ့ ခေါင်းစဉ်တွေ ဥက္ကဌ ရာထူးတွေဆိုတာက အရေးမပါ,ပါဘူး။ ဒါက ဖခင်တစ်ယောက်ရဲ့ ပုံမှန်အတွေးပဲမို့ ခင်ဗျားတို့ အားလုံးနားလည်နိုင်မယ်လို့ ထင်ပါတယ်။”

သတင်းထောက်များမှာ နောက်တစ်ပိုင်းကို ချရေးလိုက်သော်လည်း ပထမပိုင်းရှိ အဖြေက ပို၍အရေးပါသည်ဟု ထင်ကြသည်။

ရှုယီမှာ ဘုရင်မ ဆယ်ဗီနီကို ထောက်ပံ့ကြောင်းပြရန် ဤဆုံးဖြတ်ချက်ကို တကယ် အသုံးပြုခဲ့သည်ဟု ဆိုလိုကြောင်း သတင်းထောက်များ၏ မေးခွန်းများကို အတည်ပြုခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ လမ်ပူရီတိုင်းပြည်၌ အရေးပါမှုနှင့် ဘုရင်မ ဆယ်ဗီနီ အနေနှင့် ရှုယီထံမှ ထောက်ပံ့မှုရခြင်းမှာ ဆယ်ဗီနီထံ အင်မတန် အရေးပါသည့် လက်မှတ်ပြားပေးလိုက်သည်နှင့် ညီမျှ၏။ ၎င်းက ဆယ်ဗီနီ ထီးနန်းဆက်ခံခြင်းအတွက် အင်မတန် အရေးပါလိမ့်မည်။

ရှုယီ၏ နည်းလမ်းများမှာ အနည်းငယ် နောက်ပြန်ဆွဲနေသော်လည်း ထိုသို့ပြုလုပ်ခြင်းက ဘုရင်ကြီးကို လှုံ့ဆော်ပေးလိုက်သည့် အဓိပ္ပာယ်ပင်။

ဒီလိုလုပ်ရင် ဘုရင်ကြီးက သူ့ကိုဆန့်ကျင်ပြီး မင်းသားလေးအဲရစ်ကို တော်ဝင်ဆက်ခံသူ ဖြစ်အောင်တွန်းအားပေးမိသလို ဖြစ်မသွားဘူးလား?

“ငတုံး သတင်းထောက်တွေရဲ့ အပြောကို မေ့ထားလိုက်၊ ဘယ်လိုထင်လဲ ဒဲမာ?”

လမ်ပူရီဆယ့်သုံးက ပြောပြီးပြီးချင်းတွင် တစ်ဖန် ချောင်းဆိုးလာပြန်သည်။

နွေဦးရာသီရောက်နေပြီဖြစ်သော်လည်း လမ်ပူရီဆယ့်သုံး၏ ခန္ဓာကိုယ်က ပိုကောင်းလာပုံမပေါ်သလို အားနည်းလာသည်က သိသာပါ၏။

ဆောင်းတွင်း ကုန်လွန်‌သွားသဖြင့် သူ့အနေနှင့် အိပ်ခန်းထဲ၌ တစ်နေ့လုံးနေဖို့ မလိုပါလျှင်သော်မှ အခန်းထဲမှ သိပ်မထွက်ဖြစ်ပေ။

“ဆက်ခံသူကို ဆုံးဖြတ်တာက တစ်နိုင်ငံလုံးကို သက်ရောက်စေမှာပါ၊ ကျွန်တော်က ဘယ်လိုလုပ် ခံစားချက်တွေကိုသုံးနိုင်မှာလဲ? အဲရစ်ဖြစ်ဖြစ် ဆယ်ဗီနီဖြစ်ဖြစ် မီဖန်းဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ထီးနန်းဆက်ခံဖို့ ဆုံးဖြတ်ဖြတ်၊ ဘယ်သူကပဲ နိုင်ငံကို အကျိုးပြုဆုံးဖြစ်ဖြစ် ကျွန်တော် သဘောကျတာအပေါ် မူတည်ပြီး ဆုံးဖြတ်လို့မရဘူးလေ။”

ဒဲမာက ခေါင်းငြိမ့်ကာ ပြောလာသည်၊ “ဒါပေမယ့် အရှင်မင်းကြီး ရှုယီက နည်းနည်းမှန်တယ်လို့ ကျွန်တော်ထင်တယ်။ ဆက်ခံသူကို ဆုံးဖြတ်နိုင်ပြီး မင်းသားလေးတွေ မင်းသမီးလေးတွေကို အချင်းချင်းတိုက်ခိုက်ခွင့် မပြုဖို့က အရှင့်အတွက်ရော သူတို့အတွက်ရော နိုင်ငံတစ်ခုလုံးအတွက်ရော သိပ်ကို ကောင်းတဲ့အရာပဲ။ ဘာလို့ အရှင် ဒီတိုင်းပဲ မဆုံးဖြတ်တာလဲ?”

“မင်းက ကိုယ်တော့်ကို အပြစ်တင်နေတာလား?” လမ်ပူရီဆယ့်သုံးက အသာပြုံးလိုက်ပြီးနောက် သက်ပြင်းချလာသည်၊ “ကိုယ်တော်လည်း ဒီလိုမလုပ်ချင်ဘူးထင်လို့လား? ဒါပေမယ့် တော်ဝင်မိသားစုက ရှုယီတို့လို မိသားစုလေးတစ်ခုမဟုတ်ဘူး၊ ဆက်ခံသူမှာ အရေးကြီးအချက်တွေ အများကြီးရှိတယ်၊ အလွယ်လေး ဆုံးဖြတ်လို့မရနိုင်ဘူး။ ရှုယီ ပြောခဲ့တယ်မဟုတ်လား? သူ့ကလေးတွေက လုံလောက်အောင် ထက်မြတ်မနေရင် Frestech ကုန်သည်ကြီးများအသင်းကို သူတို့လက်ထဲထည့်ပြီး ဖျက်ဆီးမှာကို မမြင်ချင်ဘူးလို့လေ?”

“ဒါပေမယ့် ရှုယီက Frestech ကုန်သည်ကြီးများအသင်းကို တခြားလူတွေဆီပေးလို့ရတယ်လေ၊ အရှင်ကကျတော့ နိုင်ငံကို တခြားလူဆီပေးလို့မရဘူး။ ဒီထီးနန်းကို အရှင့်ရဲ့ ကလေးတွေကြားထဲမှာပဲ ဆုံးဖြတ်လို့ရတယ်၊ ဒီတော့.....” ဒဲမာက ခေတ္တရပ်တန့်ပြီးနောက် အံကြိတ်ကာ စိတ်ပြင်ဆင်လိုက်သည်၊ “အရှင်မင်းကြီး၊ ဆုံးဖြတ်ချက်ကို တတ်နိုင်သမျှ မြန်မြန်ချပေးပါ။ နှောင့်နှေးနေရင်၊ ကျွန်တော်စိုးရိမ်မိတာက....”

လမ်ပူရီဆယ့်သုံးက ဒဲမာကို တိတ်တဆိတ် စိုက်ကြည့်နေပြီးနောက် အသာ ခေါင်းခါသည်။

“ဒဲမာ, မင်း ကိုယ်တော့် အရှေ့မှာ ဘယ်တုန်းကမှ မင်းရဲ့ အမြင်ကို မပြောခဲ့ဖူးဘူး၊ ဒီလို့ ဘာလို့ ဒီနေ့မှ ဒီလောက် တက်ကြွနေရတာလဲ?”

ဒဲမာက ခါးသက်စွာပြုံးကာ ပြန်မဖြေချေ။

လမ်ပူရီဆယ့်သုံးက သက်ပြင်းထပ်ချသည်။

“ကောင်းပြီလေ၊ မင်းရဲ့ ဆိုလိုရင်းကို ကိုယ်တော်နားလည်ပါတယ်။ ကိုယ်တော့်ရဲ့ ခန္ဓာကိုယ်ကို စိုးရိမ်နေတာ မဟုတ်လား? ကိုယ်တော်က ကြာကြာ မတောင့်ခံနိုင်လောက်တော့ဘူး ထင်လို့လား?”

ဒဲမာက ငုံ့လိုက်ပြီး တစ်အောင့်ကြာသော် တဖြည်းဖြည်းချင်း မျက်နှာထက်ရှိ မျက်ရည်စီးကြောင်း နှစ်ကြောင်းဖြင့် ပြန်မော့လာသည်။

“အရှင်မင်းကြီး.... ကျွန်တော်..... ကျွန်တော် အရှင့်ကို တိတ်တိတ်လေး စောင့်ကြည့်နေခဲ့တာ..... နေ့တိုင်းနေ့တိုင်း ပိုပို အားနည်းလာတယ်၊ တကယ်ပဲ အရှင့်ကို ကယ်ဖို့ နည်းလမ်း စဉ်းစားမရတော့ဘူး။ ကျွန်တော်တကယ်ပဲ.... အရမ်း နာကျင်ရတယ်။ အရှင့်စိတ်ထဲမှာ အရေးကြီးဆုံးက နိုင်ငံဆိုတာကိုသိတာကြောင့် နိုင်ငံအတွက် ဒီကိစ္စကို တတ်နိုင်သမျှ မြန်မြန်ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အရှင် စိတ်ချရတာ၊ လုပ်နိုင်.... လုပ်နိုင်.....”

“ကိုယ်တော့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်တာလား?” လမ်ပူရီဆယ့်သုံးက အသာပြုံးသည်။ သူက ရှေ့ရှိ ဒဲမာကို လာရန် လက်ယမ်းပြသည်။

ဒဲမာက နံဘေးသို့ရောက်ချိန်တွင် လမ်ပူရီဆယ့်သုံးက ရုတ်တရတ် လက်မြှောက်ကာ ရိုက်ချလိုက်သည်။

“ဖောင်း”

ဒဲမာမှာ မျက်နှာထက်၌ ပူထူသွားသလိုခံစားလိုက်ရကာ လမ်ပူရီဆယ့်သုံးကို တအံ့တဩကြည့်လိုက်၏။

“ဘာလဲ? ကိုယ်တော်က သေဖို့ပဲ ထိုင်စောင့်နေတဲ့ လူလို့ ထင်နေတာလား?”

အင်မတန် အားနည်း‌နေခဲ့သည့် လမ်ပူရီဆယ့်သုံးမှာ ခြင်္သေ့တစ်ကောင်လို ဒေါသဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်က အားနည်းသော်လည်း အရှိန်အဝါက အားကောင်းလှသည်မှာ တောင့်မခံနိုင်လောက်အောင်ပင်။

“ကိုယ်တော်က ရှင်ဘုရင်ပါ! တခြားလူတွေကို သနားဖို့မလိုသလို တခြားလူတွေဆီကနေလည်း သနားခံရဖို့ မလိုဘူး! ကိုယ်တော်က ရှင်ဘုရင်ဖြစ်ကတည်းက နိုင်ငံအတွက် တာဝန်ကို ယူကိုယူရမှာပဲ! ထိုက်တန်တဲ့ ဆက်ခံသူတစ်ယောက် ရွေးချယ်တာဟာ ကိုယ်တော့်အတွက် နောက်ဆုံးနဲ့ အရေးပါဆုံး တာဝန်ဖြစ်တာကြောင့် ဒီတာဝန်ကို အလေးအနက် အပြီးသတ်ရမယ်။ ဒီတော့ ကိုယ်တော် မသေဆုံးသရွေ့ ဒီကိစ္စမှာ ရှိသမျှ အားအကုန်စိုက်ထုတ်မှာပဲ နားလည်ရဲ့လား?”

ဒဲမာက လမ်ပူရီဆယ့်သုံးကို တွေဝေစွာကြည့်ပြီးနောက် တစ်အောင့်အကြာတွင် ခေါင်းအသာငြိမ့်လာသည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး၊ ကျွန်တော် အရှင့်ကို အပြစ်တင်မိသွားတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

လမ်ပူရီဆယ့်သုံးက နှာမှုတ်လိုက်ပြီးနောက် ဒဲမာထံ လက်လှမ်းလိုက်သည်။

“ကိုယ်တော် ဆယ်ဗီနီဘက်က အကြောင်းကို ဖတ်ပြီးပြီ။ မြောက်ဘက်က အစီရင်ခံစာယူလာပေး၊ အဲ့ကောင်လေး အဲရစ် ဒီအတောတွင်း ဘာတွေလုပ်နေလဲ ကြည့်ရအောင်။”

***

All Chapters