← Chapters

အခန်း (၁၁-၂၀)

Vol. 4 Ch. 11-20

အခန်း (၁၁-၂၀)

Vol. 4 Ch. 11-20

Vol 4, အခန်း ၁၁။ ပူးပေါင်းမှု အခွင့်အရေး ဆုံးရှုံးခြင်း

နိုင်ငံ၏ မြောက်ပိုင်းမှာ သဘာဝကျစွာပင် တောင်ပိုင်းနှင့် ခြားနားသည်။ ဘန်တာမြို့မှာ နွေဦးရာသီရောက်နေပြီဖြစ်ပါသော်လည်း မြောက်ဘက်နယ်စပ်မှ နှစ်ရာ ကီလိုမီတာအောက် ဝေးကွာသော လော်ရန်မြို့မှာ ဆောင်းရာသီ၏ အအေးဓာတ်အတွင်း ရှိနေဆဲပင်။

သို့ရာတွင် မင်းသားလေးအဲရစ်မှာ လတ်တလော၌ မီးတောက်မီးလျှံများဖြင့် ပြည့်‌နှက်နေ၏။ ၎င်းက လေထုထဲရှိ အအေးဓာတ်ကို အလွယ်လေး ကျော်လွန်သွားရုံတင်မက နွေဦးကိုပင် ကျော်ကာ နွေအပူလို တောက်လောင်နေသည်။

ဤသည်က သူ၏ ကောင်းမှုကို ပြသရန် အချိန်ဖြစ်၏!

မြို့ပြင်ရှိ ဖျတ်လတ်မှာအပြည့်နှင့် လက်နက်ကိရိယာကောင်းစွာ တပ်ဆင်ထားကြသော မြောက်ဘက်စစ်သားသုံးသောင်းကိုကြည့်လိုက်ရင်း မင်းသားလေးအဲရစ်မှာ ယခုလိုမျိုး ဘယ်တုန်းကမှ ယုံကြည်ချက် မရှိခဲ့‌ဖူးချေ။

သူဟာ မြောက်ဘက်စစ်သားသုံးသောင်းနှင့် စခ်တိုင်းပြည် ဂိတ်ကို တိုက်ခိုက်နိုင်ရုံသာမက ၎င်းတို့၏ မြို့အထိ ချီတက်ကာ စခ်တိုင်းပြည်တစ်ခုလုံးကို သူ၏ လက်အောက် ကျရောက်စေနိုင်မည်ဟုပင် ခံစားနေရသည်။

ထိုအချိန်ဆိုလျှင် ၎င်းပြိုင်ဘက်မရှိ စစ်ရေးကောင်းမှုကြောင့် ထီးနန်းအတွက် မည်သူက သူနှင့်ယှဉ်ပြိုင်ရန် အရည်အချင်းမီပါတော့မည်နည်း?

သို့ရာတွင် သူ၏ ယေဘုယျအသိက ဤသည်မှာ လက်တွေ့မကျဟု ပြောနေသည်။

မြောက်ဘက်စစ်သားသုံးသောင်းမှာ ပို၍ အားကောင်းလာဟန်ပေါ်‌သည်မှာ နိုင်ငံ၏ မျိုးရိုးမြင့်ကြီးများ သူ့ထံပို့ပေးခဲ့သည့် ကုန်စည် အစုံစုံတို့ကြောင့်သာဖြစ်သည်။ ထောက်ပံ့ပို့ဆောင်ရေးပြဿနာမှာ မြောက်ဘက်စစ်တပ်‌ အမြဲဖြေရှင်းရသည့် ပဟေဠိဖြစ်ခဲ့သောကြောင့် မြောက်ဘက်စစ်တပ်၏ စိတ်ဓာတ်က ပြောင်းလဲကာ ၎င်းတို့၏ တိုက်ပွဲလုပ်ဆောင်နိုင်စွမ်းက တိုးလာဟန်ပေါ်သည်။

သို့သော် ထိုသို့ဆိုပါလျှင်တောင် စခ်တိုင်းပြည်တစ်ခုလုံးကို မြောက်ဘက်စစ်သားသုံးထောင်နှင့် အပြတ်သတ်ချေမှုန်းရန် မဖြစ်နိုင်ချေ။

ဒုခ့်စတက်ဂျ်နှင့် ဗျူဟာ‌အစည်းအဝေးလုပ်နေစဉ်တွင် ဒုခ့်စတက်ဂျ်မှာ မင်းသားလေး အဲရစ်အား စခ်တိုင်းပြည်ကို သိမ်းပိုက်ဖို့ မမျှော်လင့်နိုင်ကြောင်း သေချာသတိပေးထားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရာချီက လမ်ပူရီတိုင်းပြည်သည်ပင် ထိုသို့ မလုပ်နိုင်ခဲ့ရာ သူ့ထံ၌ ယခုရှိသည့် စွမ်းအားကြီးအထောက်အပံ့နှင့်ပင် မဖြစ်နိုင်ချေ။

ဤစစ်ပွဲကို စတင်သည့် အကြောင်းအရင်းမှာ ထီးနန်းကို ရယူရာတွင် မင်းသားလေး အဲရစ်၏ စစ်ရေးကောင်းမှုဖြင့် အခွင့်အရေးတိုးစေရန်ဖြစ်သည်။

ထို့ကြောင့် အဲရစ်၏ ရည်ရွယ်ချက်မှာ ဤတစ်ခေါက်တွင် ရှင်းလင်းနေပြီး စခ်တိုင်းပြည်၏ စစ်တပ်ကို အကြိမ်များစွာ တိုက်ခိုက်ကာ စခ်တိုင်းပြည်ထံမှ အကျိုးအမြတ်အချို့ရယူရန်ဖြစ်သည်။ ၎င်းက စခ်တိုင်းပြည်ထဲသို့ နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားရန်တော့ မဟုတ်ချေ။

သူ့ထံ၌ စခ်တိုင်းပြည်ကို အနိုင်ယူလိုက်ခြင်း၏ အရည်အချင်းရှိနေသရွေ့ ၎င်းက အင်မတန် အားကောင်းသည့် အာမခံဖြစ်လာလိမ့်မည်။

သူသာ တကယ်ပဲ စခ်တိုင်းပြည်ကို အပြတ်အသတ် အနိုင်ယူလိုပါလျှင် ဒုက္ခရှာနေခြင်းသာဖြစ်မည်။

ဒုခ့်စတက်ဂျ်၏ တိုက်တွန်းမှုများကို စဉ်းစားရင်း မင်းသားလေး အဲရစ်မှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်၍ အသာ နှာခေါင်းရှုံ့လိုက်မိသည်။

“ငါတို့ အရင်က စခ်တိုင်းပြည်ကို အနိုင်မတိုက်နိုင်ခဲ့တာဟာ မင်းတို့ မျိုးရိုးမြင့်တွေက အင်အားထောက်ပံ့ပေးဖို့ ဆန္ဒမရှိခဲ့တာကြောင့်လေ။ ငါ ထီးနန်းကို ရယူပြီးရင် သေချာပေါက် ငါ့လက်မှာ နိုင်ငံကို သေချာပေါက်ယူထားမယ်။ အဲဒီ့အချိန် နိုင်ငံရဲ့ အင်အားအလုံးစုံကို သိမ်းပိုက်နိုင်တဲ့အခါ စခ်တိုင်းပြည်ကို အနိုင်မယူနိုင်ဘူးလို့ မယုံဘူး!”

မှန်ပါ၏၊ မင်းသားလေးအဲရစ်မှာ ၎င်းကို တွေးရုံသာတွေးနိုင်ပြီး၊ ယခင်က ထုတ်မပြောခဲ့ဖူးပါချေ။

ဤသည်မှာ ဒုခ့်စတက်ဂျ်ခေါင်းဆောင်သည့် မျိုးရိုးမြင့်ကြီးများ၏ ထောက်ပံ့မှုကြောင့်သာ ထီးနန်းအတွက် ပြိုင်ဆိုင်ရာ၌ အားသာချက်ရနေခြင်းကြောင့်ပင်။

မဟုတ်ပါက၊ သူ၏ ကိုယ်ပိုင်ပင်အား‌နှင့် မည်သည့် စစ်ရေးကောင်းမှုကိုမှ မရနိုင်မည်ကို မဆိုထားနှင့် ကိုယ်ပိုင်အစောင့်ငါးထောင်ကို ထိန်းသိမ်းရန်ပင် ခက်ခဲနေလိမ့်မည်။

သူ၏ ကိုယ်ပိုင်အစောင့်ငါးထောင်ကို စဉ်းစားမိသော် မင်းသားလေး အဲရစ်မှာ မြောက်ဘက်စစ်တပ်ကို ကျော်ကာ နောက်အဖွဲ့ထံ အကြည့်ရောက်သွားပြီးနောက် မျက်ခုံးတို့ ပိုမိုတွန့်ချိုးလာလေသည်။

ဤဖွဲ့စည်းပုံက ပုံပျက်နေကာ မြောက်ဘက်စစ်တပ်၏ တူညီသော ပုံစံနှင့် ယှဉ်လျှင် ၎င်းတို့၏ ဖွဲ့စည်းပုံများအား နည်းပြမသုံးဘဲ ဆွဲထားသလိုဖြစ်နေ၏။

ဤဖွဲ့စည်းပုံမှ စစ်သားများမှာ အင်မတန် ပျင်းရိလှကာ အင်မတန် စိတ်ဓာတ်ကျနေကြသည်။ ဖျတ်လတ်မှုပြည့်နေသော မြောက်ဘက်စစ်သားများနှင့် စာလျှင် ၎င်းစစ်သားများက လိုအပ်ချက်များနေ၏။

ဤလ‌အနည်းငယ်အတွင်း မင်းသားလေး အဲရစ်မှာ စစ်စခန်းများ၌ အချိန်အများစုကို ကုန်ဆုံးခဲ့သောကြောင့် စစ်ရေးစစ်ရာများအကြောင်း မည်သည်ကိုမှ နားမလည်သည့် လူမဟုတ်တော့ချေ။

လက်ရှိသူဟာ အကြည့်တစ်ချက်တည်းနှင့် သူ၏ ကိုယ်ပိုင်အစောင့်ငါးထောင်မှာ မြောက်ဘက်စစ်သားတို့၏ အရေအတွက်တူနှင့်သာ ရင်ဆိုင်ရပါလျှင် သူ၏ ကိုယ်ပိုင်အစောင့်ငါးထောင်မှာ လုံးဝခုမခံနိုင်ဘဲ ပြိုလဲသွားနိုင်ကြောင်း သေချာသိလေသည်။

သို့သော် ၎င်းနှင့်ပတ်သက်ပြီး မည်သည်ကိုမှ မလုပ်နိုင်ချေ။ သူ၏ ဖခမည်း‌တော်က သူဟာ ဆက်ခံသူများအနက်တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်အစောင့်ငါးထောင်ကို ရယူခွင့်ရှိသည်ဟု ကြေညာခဲ့ပါသော်လည်း သူ၏ အာဏာက အကန့်အသတ်ရှိရာ ဤများပြားလှသော အစောင့်များကို ပျိုးထောင်ဖို့ မဖြစ်နိုင်ချေ။

လူငါးထောင်အား မျိုးရိုးမြင့်များ၏ ကိုယ်ပိုင်စစ်တပ်များဆီမှ သူ့ထံပေးခဲ့သည်ဖြစ်ရာ ၎င်းတို့၏အရည်အသွေးကို စိတ်ကူးကြည့်နိုင်သည်။

မင်းသားလေးအဲရစ်က အနှီလူငါးထောင်ကို မယုံကြည်သဖြင့် သဘာဝကျစွာပင် ၎င်းတို့ကို အရေးမထားချေ။

မှန်ပါ၏၊ သူ့အနေနှင့် အနာဂတ်တွင် ယုံကြည်ရသော လက်အောက်ငယ်သားများအဖြစ် ထိုအယောက်ငါးထောင်ကို လေ့ကျင့်ပေးလိုသည်၊ အကြောင်းအရင်းမှာ ၎င်းက သူ၏ ကိုယ်ပိုင်အင်အား ဖြစ်သောကြောင့်ပင်။

သို့သော် သူ၏ ကိုယ်ပင်အင်အားက လက်ရှိတွင် အင်မတန် အားနည်းနေသည်။ အဓိက အကြောင်းအရင်းမှာ သူ့ထံ၌ ငွေမရှိသောကြောင့် ၎င်းကို မစဉ်းစားနိုင်သေးချေ။

ထိုသို့စဉ်းစားရင်း မင်းသားလေးအဲရစ်မှာ ဆယ်ဗီနီကို အားကျ မနာလို မဖြစ်မိဘဲ မနေနိုင်တော့။

သူ့ထံသို့ တင်ပြချက်များအရ ဆယ်ဗီနီသည်လည်း သူမ၏ အစောင့်ငါးထောင်ကို စုစည်းပြီးဖြစ်သည်။

တိုက်ပွဲအင်အား လုံးဝမရှိသည့် သူ၏ အစောင့်ငါးထောင်နှင့် ယှဉ်လျှင် ဆယ်ဗီနီ၏ အစောင့်ငါးထောင်အနက် တစ်ပိုင်းကို သူမအား ထောက်ပံ့ပေးနေသည့် မျိုးရိုးမြင့်များ၏ ကိုယ်ပိုင်တပ်ဖွဲ့များရှိ လက်ရွေးစင်များထဲမှ ရွေးချယ်ထားသောကြောင့် ၎င်းတို့၏ တိုက်ပွဲအင်အားမှာ သူ၏လက်အောက်ငယ်သားများနှင့် လုံးဝခြားနားနေသည်။

နောက်အပိုင်းမှာ ဆယ်ဗီနီ စုဆောင်းထားသူများပင်။

နိုင်ငံ၌ ဆယ်ဗီနီ၏ ဂုဏ်သတင်းကောင်းနှင့် အစောင့်များကို ကောင်းကောင်းဆက်ဆံမှုအား ထည့်ပေါင်းလောက်လျှင် သူမ စုဆောင်းထားသည့် အစောင့်များအားလုံးမှာ လက်ရွေးစင်များဖြစ်သလို တိုက်ပွဲပင်အားကောင်းကောင်းရှိကြသည်။

ပိုအရေးကြီးဆုံးမှာ ဆယ်ဗီနီ၏ အစောင့်ငါးထောင်စလုံးအား Frestech ကုန်သည်ကြီးများအသင်းထံမှ စက်ဘက်သုံးမှော်စက်များဖြင့် လက်နက်တပ်ဆင်ပေးထားခြင်းဖြစ်သည်။

တိုက်ပွဲအင်အားတွင် ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့်များမှာ ၎င်းတို့အရေအတွက်ထက် အဆပေါင်းများစွာပိုသော မြောက်ဘက်စစ်သားများကိုပင် ယှဉ်နိုင်နေရာ မင်းသားလေးအဲရစ်၏ ကိုယ်ပိုင်အစောင့်များကို ထည့်ပြောရန်ပင် မလိုချေ။

ကိုယ်ပိုင်စစ်သုံးမှော်စက်များအပြင် Frestech ကုန်သည်ကြီးများအသင်းမှာ ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့်များကို မှော်အမြောက်များစွာ တပ်ဆင်ပေးထား၏။

ထိုသို့ဖြင့် ၎င်းတို့ နှစ်ဦးစလုံးထံ၌ အစောင့်ငါးထောင်ရှိပါလျှင်တောင် နှစ်ဦးကြား တိုက်ပွဲအင်အားက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးလိုပါပင်။

ဤကွာခြားမှုအတွက် အရေးပါးဆုံး အကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်၏။

ထိုသို့စဉ်းစားရင်း မင်းသားလေးအဲရစ်၏ စိတ်ထဲ၌ နောင်တတို့ တစ်စွန်းတစ်စထွက်ပေါ်လာရသည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းက သူ့အား လော်ရန်မြို့တွင် လာတွေ့စဉ်က ရှုယီမှာ လမ်ပူရီတိုင်းပြည်ကို တိုးတက်စေလိုသောကြောင့် မင်းသားလေးအဲရစ်နှင် ပူးပေါင်းမှုကို ဆန့်ကျင်မည်မဟုတ်သဖြင့် Frestech ကုန်သည်ကြီးများအသင်းအား လုံးဝ မဆန့်ကျင်ဖို့ တိုက်တွန်းခဲ့သည်။

မင်းသားလေး အဲရစ်မှာ သူ့ကိုယ်သူ ဆယ်ဗီနီထံမှ သီးခြားရပ်တည်ချင်သဖြင့် ဗစ်ကောင့်ထ် လက်စ်လိုင်း၏ အကြံပြုချက်ကို စဉ်းစားခြင်းပင် မပြုခဲ့ချေ။

ထို့နောက် ဒူလာခယ်တွန်မြို့၏ ကောင့်ထ်မီချယ်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းကို အကြံပြုကြောင်း စာတစ်စောင်ရေးခဲ့ချိန်တွင် မင်းသားလေးအဲရစ်မှာ ၎င်းကိုလည်း ငြင်းဆန်ခဲ့သည်။

ထို့နောက် ရက်များစွာအကြာတွင် ရှုယီက ထုတ်ကုန်ဖြန့်ချိပွဲတွင် သူ၏ သဘောထားအား လူတိုင်းရှေ့၌ ဖော်ပြကြောင်း သတင်းများထွက်လာရာ ၎င်းက မင်းသားလေး အဲရစ်အနေနှင့် ရှုယီ၊ Frestech ကုန်သည်ကြီးများအသင်းတို့နှင့် ပူးပေါင်းနိုင်ရန် ဖြစ်နိုင်ချေမရှိတော့သည့် အဓိပ္ပာယ်ပင်။

မင်းသားလေး အဲရစ်က လွန်ခဲ့သည့် ရက်အနည်းငယ်အကြာက ထိုသတင်းကို ကြားချိန်တွင် ဂရုစိုက်မနေဘဲ ရှုယီက တကယ်ကို မိုက်မဲသည်ဟု ထင်ခဲ့၏။

သို့သော် ယခုတွင် တိုက်ပွဲအင်အားအကြောင်းစဉ်းစားမိရာ Frestech ကုန်သည်ကြီးများအသင်းမှ တစ်ဖက်ကို ထောက်ပံ့နိုင်သည့် အင်အားကို သတိထားမိသဖြင့် သူဟာ တစ်ခုခုကို အမှန်တကယ်လွဲချော်နိုင်ခဲ့ကြောင်း သိရှိသွားတော့သည်။

သို့သော် ကိစ္စများက ဤအခြေအနေထိရောက်လာကတည်းက မင်းသားလေး အဲရစ်အနေနှင့် ပြန်မလှည့်နိုင်တော့မည်ကို သိသဖြင့် နောင်တရလျှင်လည်း အဓိပ္ပာယ်မရှိချေ။

ရှုယီက ဆယ်ဗီနီကို ထောက်ခံကြောင်း ပြလိုက်ပြီးနောက် အဲရစ်မှာ သူနှင့် နယ်နိမိတ်သတ်မှတ်(စည်းခြား)ရမည်ဖြစ်သလို မျိုးရိုးမြင့်ကြီးများ၏ သံသယကလည်း သူ့အတွက် အားနည်းချက်သာဖြစ်လာလိမ့်မည်သာ။

“ရပါတယ်၊ ငါ စစ်ရေးကောင်းရပြီး ထီးနန်းယူလိုက်တာနဲ့ တစ်နိုင်ငံလုံးကို ထိန်းချုပ်မှာပဲ။ Frestech ကုန်သည်ကြီးများအသင်းလို အသေးအမွှားလေးက ငါ့လက်ထဲပဲ ကျလာဦးမှာ။”

မင်းသားလေး အဲရစ်က လက်သီးဆုပ်လိုက်ကာ မျက်နှာထက်တွင် ယုံကြည်ချက်ရှိရှိ အပြုံးတစ်ခုက တစ်ဖန်ပေါ်ထွက်လာသည်။

“မင်းသားလေး အချိန်ရောက်တော့မယ်။ ကျုပ်တို့ အကြိုတိုက်ပွဲစည်းရုံးရေးအတွက် ပြင်ဆင်သင့်ပြီ။” ကောင့်ထ်စတက်ဂျ်က နံဘေးမှနေ၍ အသံတိုးတိုးဖြင့် သတိပေးလာသည်။

မင်းသားလေးအဲရစ် ရောက်မလာခင်က ကောင့်ထ် စတက်ဂျ်မှာ လော်ရန်မြို့၏ မြို့စားရာထူးကို တာဝန်ယူရမည်ဖြစ်ခဲ့သည်။

သူဟာ ပြောင်းရွှေ့မခံရခင်က ဘန်တာမြို့၏ မြို့စားတာဝန်ကို တစ်နှစ်အောက် ထမ်းဆောင်ခဲ့သည်။ သူ့အနေနှင့် အခြားနေရာသို့ မပြောင်းရွှေ့ခင် လော်ရန်မြို့၌ အချိန်အနည်းငယ်နေထိုင်ရလိမ့်မည်ဟု ထင်ထားခဲ့ပါသော်လည်း တစ်လမပြည့်ခင်၌ မင်းသားလေးအဲရစ်က မည်သည့်နေရာကမှန်းမသိ ထွက်လာကာ သူ့ထံမှ မြို့စားနေရာကို ယူလိုက်မည်ဟု ထင်မထားခဲ့ချေ။

ကောင့်ထ် စတက်ဂျ်မှာ သူ၏မိသားစုထံမှ ညွှန်ကြားချက်များရရှိကာ ဤအတောအတွင်း မင်းသားလေးအဲရစ်ကိုကူညီခဲ့ပါသော်လည်း အချိန်ကုန်လွန်လာလေလေ ကောင့်ထ် စတက်ဂျ်အနေနှင့် သူ့ မိသားစု၏ မင်းသားလေးအဲရစ်ကို ထောက်ပံ့ခြင်း ဆုံးဖြတ်ချက်အား သံသယဝင်လာလေလေဖြစ်သည်။

မင်းသားလေးအဲရစ်က မတုံးအဟု ပြော၍ရသလို အတော်လေး ဉာဏ်ထက်ကာ ရဲရင့်၍ လုံ့လရှိသူဟုလည်း သတ်မှတ်နိုင်ပါ၏။ သူ လော်ရန်မြို့သို့ လာကတည်းက နှစ်တစ်ဝက်အတွင်းတွင် အောင်မြင်မှုပမာဏတစ်ခုရရှိခဲ့ကာ မြောက်ဘက်စစ်တပ်၌ အုတ်မြစ်တစ်ခု တည်ဆောက်ခဲ့သဖြင့် သူ၏ လုပ်ဆောင်ချက်ကို ကောင်းမွန်သည်ဟု ယူဆနိုင်ပါ၏။

သို့သော် မင်းသားလေးအဲရစ်နှင့် အချိန်အနည်းငယ်ကြာ အတူရှိပြီးနောက်တွင် ကောင့်ထ် စတက်ဂျ်မှာ အင်မတန်ထင်ရှားသည့် ချို့ယွင်းချက်ကို သတိထားမိသွားသည်။ ဤသည်မှာ သူဟာ ကိုယ်ပိုင်မာနနှင့် ပတ်သက်လာပါက အင်မတန်ခေါင်းမာခြင်းပင်။

သူဟာ တစ်ခုခုအပေါ်သေချာသွားသည်နှင့် အခြားလူများပေးလာသည့် မည်သည့်အကြံပြုချက်ကိုမှ လက်ခံမည်မဟုတ်ချေ။

သူ့အနေနှင့် ချင့်ချိန်နေပုံပေါ်ပါလျှင်တောင် တကယ် လုပ်ဆောင်ရမည့်အချိန်ရောက်လာလျှင် သူ၏ ကိုယ်ပိုင်အကြံများနောက်သာ လိုက်နေဆဲဖြစ်ပြီး လုံးဝ ညှိနှိုင်းခြင်းမရှိပေ။

ဤသည်အား ရှင်းလင်းစွာပင် Frestech ကုန်သည်ကြီးများအသင်းကို ဆက်ဆံပုံ၌ မြင်နိုင်သည်။

ဘန်တာမြို့၏ မြို့စားတစ်နှစ်လောက် ဖြစ်ခဲ့ပြီးနောက်တွင် ကောင့်ထ် စတက်ဂျ်၏ ရှုယီအပေါ် အမြင်က ယခင်ကနှင့် စာလျှင် ကွဲပြားသွားပြီဖြစ်၏။

ဘန်တာမြို့မှ မထွက်ခွာခင်တွင် သူဟာ ရှုယီအပေါ် အမြင်သစ်ရှိနေပြီဖြစ်ကာ ဘန်တာမြို့သို့ ပထမဆုံးအကြိမ် ရောက်စဉ်ကလို ရန်လိုမှုများပြည့်မနေတော့ပေ။

သူဟာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ တန်ဖိုးကို နားလည်ရုံမျှမက ရှုယီနှင့် စတက်ဂျ်မိသားစုတို့၏ ပူးပေါင်းမှုဖြစ်နိုင်ချေကိုပင် အလေးအနက်စဉ်းစားမိခဲ့သေးသည်။

ထိုအတွေးကြောင့် ကောင့်ထ် စတက်ဂျ်မှာ မင်းသားလေးအဲရစ်အား Frestech ကုန်သည်ကြီးများအသင်းကို လုံးဝကြီး လမ်းပိတ်မထားဖို့ အဆိုပင်ပြုခဲ့သေး၏။

သို့သော် မင်းသားလေး အဲရစ်က ကောင့်ထ် စတက်ဂျ်၏ အကြံပြုချက်ကိုငြင်းပယ်ကာ ဘန်တာမြို့၌ နေခဲ့သည့် နှစ်အတွင်း ရှုယီထံမှ လှည့်စားခံလိုက်ရသည်ဟုပင် သံသယဖြစ်ခဲ့သည်။ သူဟာ ကောင့်ထ် စတက်ဂျ်အား စတက်ဂျ်မိသားစုကို ဆန့်ကျင်တော့မည်ဟုပင် ဆိုခဲ့သေး၏။

ထိုအခိုက်မှစကာ ကောင့်ထ် စတက်ဂျ်လည်း မင်းသားလေးအဲရစ်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဖို့ အခွင့်အရေးမရှိသလို စတက်ဂျ်မိသားစုအတွက်လည်း မဖြစ်နိုင်ကြောင်း သိလိုက်ရတော့သည်။

အင်မတန်သန်မာပုံရသော ဖျတ်ဖျတ်လတ်လတ် မြောက်ဘက်စစ်တပ် တပ်ဖွဲ့များကိုကြည့်ရင်း ကောင့်ထ် စတက်ဂျ်မှာ စိတ်ထဲသက်ပြင်းချလိုက်မိသည်။

“သူ့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ သဘောမတူရင်တောင်မှ သူတို့ဆီကနေ အဲဒီစစ်ဘက်သုံးမှော်စက်တွေ ဝယ်နေသရွေ့ မြောက်ဘက်စစ်တပ်ရဲ့ တိုက်ပွဲအင်အားက တက်လာလိမ့်မှာပဲ မဟုတ်ဘူးလား? Frestech ကုန်သည်ကြီးများအသင်းကို ဒီလိုငြင်းပယ်တာက တကယ်ပဲ ကောင်းလို့လား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂။ ဒါက ရန်သူကို ထောက်ပံ့နေတာပဲ!

မြောက်ဘက်စစ်တပ်မှာ စစ်ပွဲအတွက် ပြင်ဆင်ရန် အာရုံစိုက်နေချိန်တွင် စခ်တိုင်းပြည်၏ သေမင်းတောင်တန်းမြောက်ဘက်မှ စစ်တပ်ကလည်း ဒီတိုင်းမနေကြချေ။

မင်းသားလေးအဲရစ်က စခ်တိုင်းပြည်ကိုတိုက်ခိုက်ရန် မြောက်ဘက်စစ်တပ်ကို ဦးဆောင်မည့်အကြောင်း မဖုံးထားခဲ့သဖြင့် သဘာဝကျကျပင် စခ်တိုင်းပြည်၏ သတင်းပေးများထံမှ မလွတ်မြောက်ခဲ့ပေ။

စခ်တိုင်းပြည်ထံ၌ လမ်ပူရီတိုင်းပြည်အပေါ် အားသာချက်ရှိပါသော်လည်း စခ်တိုင်းပြည်အနေနှင့် လမ်ပူရီတိုင်းပြည်မှာ ၎င်းတို့ကို တိုက်ခိုက်မည့် ရှားရှားပါးပါး ကြိုးပမ်းမှုကို မည်သည့် လျစ်လျူရှုမှုမှ မပြဝံ့ချေ။

အကြောင်းမှာ မင်းသားလေးအဲရစ်ထံ၌ လမ်ပူရီတိုင်းပြည်၏ ထောက်ပံ့မှုများစွာရှိပြီး မြောက်ဘက်စစ်တပ်က သွေးဆာဝံပုလွေတပ်ရင်းထပ် ပို၍ပင် အားကောင်းသောကြောင့်ဖြစ်သည်။ ထို့အပြင် မြောက်ဘက်စစ်တပ်က ယခင်နှစ် သေမင်းတောင်တန်းများကို တိုက်ခိုက်ချိန်၌ ခွန်အားကြီးတိုက်ပွဲအင်အားကို ပြသထားသလို စခ်တိုင်းပြည်ကပါ ၎င်းတို့ကို အရှုံးပေးအောင် တွန်းအားပေးခဲ့ကြသည်။

မြောက်ဘက်စစ်တပ်ကသာ ယခင်နှစ်ကလို အားကောင်းပြီး မျိုးရိုးမြင့်ကြီးများထံမှ မင်းသားလေးအဲရစ်ထံ ထောက်ပံ့သည့် အထောက်အပံ့များနှင့်သာဆိုလျှင် စခ်တိုင်းပြည်မှာ သေချာပေါက် ၎င်းတို့ကို အလွယ်လေး ခုခံနိုင်မည်မဟုတ်ပေ။

သို့သော် သွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူးချာလွန်လီနီယာထံ၌ အဆုံးအဖြတ်သတင်းကောင်းတစ်ခုရှိနေသည်။

သူ၏ အစီရင်ခံမှုများမှတဆင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုမှာ ဘုရင်မ ဆယ်ဗီနီအတွက် ထောက်ပံ့မှုကို ပြသလိုက်သောကြောင့် မင်းသားလေးအဲရစ်ကလည်း သူ၏ ရပ်တည်ချက်ကိုပြသရန် Frestech ကုန်သည်ကြီးများအသင်းထံမှ မည်သည့်စစ်ဘက်သုံးမှော်စက်များကိုမျ ဝယ်မည်မဟုတ်ဟု ငြင်းဆန်ခဲ့ကြောင်းသိရသည်။

လက်ရှိ မြောက်ဘက်စစ်တပ်မှာ ယခင်နှစ်က ဝယ်ယူခဲ့သည့် စစ်ဘက်သုံးမှော်စက်အနည်းငယ်မှလွဲလျှင် တော်ဝင်စစ်တပ်က Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူကာ မြောက်ဘက်စစ်တပ်ထံပေးထားသည့် စစ်ဘက်သုံးမှော်စက် အနည်းငယ်သာရှိသည်။

လမ်ပူရီတိုင်းပြည်၏ စစ်တပ်မှာ အမြဲ ချို့တဲ့နေပြီး လမ်ပူရီဆယ့်သုံးက မင်းသားလေး အဲရစ်၏ စခ်တိုင်းပြည်အပေါ်တိုက်ခိုက်မှုကို မထောက်ခံခဲ့သည့် အချက်ကို ပေါင်းလိုက်ပါလျှင် စစ်ဌာနချုပ်က မြောက်ဘက်စစ်တပ်ထံသို့ စစ်ဘက်သုံးမှော်စက် များများစားစားမပေးခဲ့ချေ။ မြောက်ဘက်စစ်တပ်မှာ တကယ်ကြီး မတိုးတက်လာခဲ့ပေ။

တပ်မှူး လီနီယာ၏ မြောက်ဘက်စစ်တပ်အပေါ် အကြီးမားဆုံးပူပန်မှုမှာ အနှီထူးဆန်းသည့် စစ်ဘက်သုံးမှော်စက်များ အထူးသဖြင့် စွမ်းအားကြီး မှော်အမြောက်ကို ရင်ဆိုင်ရန် နည်းလမ်း မရှာနိုင်သေးပါချေ။

မင်းသားလေးအဲရစ်ထံ၌ မျိုးရိုးမြင့်ကြီးများ၏ အပြည့်အဝထောက်ပံ့မှုရှိကာ မြောက်ဘက်စစ်တပ်ထံ၌ စစ်ဘက်သုံးမှော်စက် အမြောက်အများရှိပါလျှင် လီနီယာမှာ ၎င်းတို့ကို ခုခံရန် ယုံကြည်ချက် မလောက်ချေ။

“ဟားဟား၊ ဒီမင်းသားက ငတုံးဖြစ်နေတာကောင်းတဲ့အရာပဲ စစ်ဖြစ်ရင် ဘာ ရပ်တည်ချက် မတူတာတွေရှိမှာလဲ! ဒါက သူ့ရဲ့ လက်တွေ ခြေထောက်တွေကို သူကိုယ်တိုင် ပြန်ချိုးနေသလိုပဲ!” လီနီယာက စားပွဲထက်ရှိ မြေပုံကိုရိုက်ကာ ထရယ်မောသည်၊ “ဒီငတုံးလေး သနားစရာမြောက်ဘက်စစ်တပ်နဲ့‌အတူ ချီတက်လာတဲ့အခါကျရင် ညီအစ်ကိုတို့ သူတို့တွေကို ကောင်းတာလေးတစ်ခု မြင်ခွင့်ပေးလိုက်ပြီး အရင်နှစ်အတွက် လက်စားချေကြမယ်!”

အမိန့်ပေးစင်တာရှိ အမှုထမ်းအားလုံး တစ်ပြိုင်တည်း ဩဘာပေးလိုက်ကြသည်။

သူ၏ ရဲဘော်ရဲဘက်များထံ၌ ယုံကြည်ချက်ပြည့်နေသည်ကိုမြင်သော် လီနီယာလည်း စိတ်ကျေနပ်စွာ‌ ခေါင်းငြိမ့်လေ၏။

၎င်းတို့အား ယခင်နှစ်က မြောက်ဘက်စစ်တပ်မှ အနိုင်ယူသွားကာ သေမင်းတောင်တန်းများကို ဆုံးရှုံးခဲ့ရသည်။

သို့သော်လည်း ၎င်းတို့၏ လမ်ပူရီတိုင်းပြည်အပေါ် အချိန်ကြာရှည်စွာ လွှမ်းမိုးခဲ့မှုကြောင့် စခ်တိုင်းပြည်နှင့် အထူးသဖြင့် သွေးဆာဝံပုလွေတပ်ရင်း၏ စစ်သားအားလုံးမှာ လမ်ပူရီတိုင်းပြည်ထက် သာလွန်သည့်နှယ် ခံစားမိကြသည်။

ယခင်နှစ်၏ ဆုံးရှုံးမှုက အားလုံး၏ တိုက်ခိုက်မှုကို အရှိန်မြင့်လာစေပြီး မနှစ်ကနှင့် ထပ်တူ ပြေပျောက်ဖို့ ကတိပြုစေသည်။

ကာကွယ်မှုနှင့် ပတ်သက်၍ အသေးစိတ်ချို့ ထပ်ဆွေးနွေးပြီးနောက် ခေါင်းဆောင် အရာရှိ အိုင်ဗီဂျောင် ဝင်လာလေသည်။

သူ့နောက်တွင် လိုက်ပါလာသည်မှာ သူ၏ ကိုယ်ပိုင်သက်တော်စောင့်များပင်။

လီနီယာလည်း မနေနိုင်ဘဲ ဂျောင်၏ သက်တော်စောင့်များ ကိုင်ဆောင်ထားသည့် အရာကိုကြည့်လိုက်သည်။

“အဲဒါက ဘာများလဲ?” ငွေရောင်တလက်လက် ထွက်ပေါ်နေသော အလွှာဖြင့် ဖုံးအုပ်ထားသည့်အရာတစ်ခုကဲ့သို့ ထောင့်မှန်စတုဂံပုံသေတ္တာလေးကိုမြင်သော် လီနီယာလည်း တအံ့တဩဖြင့် မမေးမိဘဲ မနေနိုင်ချေ။

“ပစ္စည်းကောင်းလေးပါ” ဂျောင်က အသာပြုံး၏။ သူက အစောင့်များကို ထိုပစ္စည်းအား အခန်းနံရံထက် ထားခိုင်းလိုက်ပြီးနောက် နောက်ထပ် သေးငယ်ကာ အမည်မသိ သတ္တုဖြင့်ပြုလုပ်ထားသည့် အဖြူရောင် ထောင့်မှန်စတုဂံသေတ္တာလေးကို ထုတ်လာကာ လီနီယာကို မေးလေသည်၊ “လီနီယာ, ဒီအခန်းက နွေးတယ်လို့ထင်လား အေးတယ်လို့ထင်လား?”

လီနီယာမှာ ပို၍ပင် ရှုပ်ထွေးသွားသည်၊ “ခင်ဗျား ဘာလုပ်ချင်တာလဲ?”

“မင်း နည်းနည်းတော့ သိမှာပါ။” ဂျောင်က လက်ထဲရှိ အဖြူရောင်သေတ္တာလေးကို လှုပ်ယမ်းလိုက်သည်၊ “အရင်ဆုံး ငါ့ကိုပြော၊ အေးတယ်လို့ ခံစားရလား နွေးတယ်လို့ ခံစားရလား?”

လီနီယာလည်း မျက်မှောင်ကုပ်ကာ ဂျောင်ကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။

သို့သော် သူဟာ ဂျောင်နှင့် အတူရှိခဲ့သည်က နှစ်များစွာ ကြာနေခဲ့ပြီဖြစ်သောကြောင့် စိတ်အနှောင့်အယှက်ပေးတတ်သည့် စရိုက်မျိုး မရှိကြောင်းသိသဖြင့် စဉ်းစားပြီးနောက် သူ၏ ကော်လံကို ဆွဲလိုက်သည်။

“ဒီအခန်းထဲမှာ လူအရမ်းများတော့ နည်းနည်း ပိတ်လှောင်သလိုခံစားရတယ်၊ ဒီတော့ နည်းနည်းနွေးတာ ဖြစ်မယ်။”

“နွေးတယ်?” ဂျောင်က အခန်းထဲရှိ အခြားလူများဘက်လှည့်လိုက်ကာ၊ “မင်းတို့ရော ဘယ်လိုလဲ? နွေးတယ်လို့ ခံစားရတာပဲလား?”

အခြားလူများအားလုံး ခေါင်းငြိမ့်လာ၏။

အခန်း‌ကျဉ်းလေးထဲ၌ သန်သန်မာမာယောက်ျားကြီး ဆယ်ယောက်ကျော်နှင့် ကြပ်ပိတ်နေကာ အစောပိုင်းနွေဦးရာသီဖြစ်၍ အပူချိန်က အ‌နည်းငယ် နွေးလာသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် သဘာဝကျစွာပင် ၎င်းတို့မှာ အနည်းငယ်ပူသလို ခံစားနေရသည်။

“ကောင်းပြီလေ မင်းတို့က ပူနေမှတော့ နည်းနည်းပိုအေးသွားအောင်လုပ်ပေးမယ်။ ငါ မင်းတို့ကိုပြရသေးတာပေါ့..... လေအေးပေးစနစ်က ဘာနဲ့ တူလဲဆိုတာ......” ဂျောင်က အနှီအဖြူရောင်သေတ္တာလေးကို ခဏမျှကြည့်ပြီးနောက် နံရံပေါ်၌ ချိတ်ထားသည့် သေတ္တာထံ ညွှန်ကာ နှိပ်လိုက်သည်။

“ဒင်”

တိုးဖျော့ကာ ညင်သာသည့်အသံဖြင့် နံရံထက်ရှိ သေတ္တာထက်၌ အနီရောင်အလင်းတစ်ပြက ရုတ်တရတ် ပေါ်လာသည်။ ထို့နောက် သံသေတ္တာအောက်ဘက်တစ်ဝက်က ဖြည်းဖြည်းချင်း အပေါ်တက်လာကာ အနက်ရောင်တွင်းတစ်ခုကို ပြသလာ၏။

အားလုံး ရှုပ်ထွေးနေချိန်တွင် သံသေတ္တာအောက်ရှိ အနီရောင် လှိုင်းလေးက လှုပ်ရှားလာကာ လေအေးလေးများ ထွက်လာပြီး အားလုံး၏ မျက်နှာကို ရိုက်ခက်ကာ များစွာပိုမို အေးမြလာစေသည်။

ထိုသံသေတ္တာထံမှ သက်တောင့်သက်သာနိုင်သော လေပြေလေးကို ခံစားမိချိန်တွင် လီနီယာလည်း ခဏမျှ စဉ်းစားလိုက်ပြီး ဂျောင်ကို မေးလိုက်သည်၊ “ဟေး ဂျောင်, ဒါက..... မှော်လေပေးစက်တော့ မဟုတ်လောက်ပါဘူးနော်? ဒါကို အရင်တစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းအကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတာကို မှတ်မိတယ်။”

“အမှန်ပဲ၊ ဒါက မှော်လေပေးစက်လေ။” ဂျောင်က ခေါင်းငြိမ့်ကာ ဆိုသည်၊ “ဘယ်လိုလဲ? သက်တောင့်သက်သာရှိရဲ့လား?”

“အများကြီး ပိုသက်တောင့်သက်သာဖြစ်သွားတယ်၊ ဒါပေမယ့် ဒါကို ဘယ်လိုရခဲ့တာလဲ?” လီနီယာက မျက်မှောင်ကုပ်ကာ မေးလာသည်၊ “Frestech ကုန်သည်ကြီးများအသင်းက ကျွန်တော်တို့ စခ်တိုင်းပြည်ကို ပစ္စည်းတွေရောင်းဖို့ ရောက်လာတာတော့ မဟုတ်ပါဘူးနော်?”

ဂျောင်က သူ့ကို ကြည့်လာပြီး ပြန်မဖြေပါချေ။ သူက လက်ထဲရှိ အဖြူရောင်သေတ္တာကို ချထားလိုက်ပြီး အခန်းထဲရှိ အခြားလူများကို ဝေ့ဝဲကြည့်လိုက်၏။

အခြားလူများလည်း နားလည်ကာ နှစ်ဦးကို အရိုအသေပြုပြီးနောက် အခန်းမှ ထွက်သွားကြတော့သည်။

ဂျောင်၏ အပြုအမူကိုမြင်သော် လီနီယာက ပို၍ပင် မျက်ခုံးများ တွန့်ချိုးမိ၏။ အခြားလူများ ထွက်ခွာသွားချိန်တွင် သူက ချက်ချင်းမေးလာသည်၊ “ဘာလဲ? ဒီမှော်လေပေးစက်ရဲ့ နောက်ခံမှာ ပြဿနာရှိလို့လား?”

“ဒါပေါ့” ဂျောင်က ခေါင်းငြိမ့်သည်၊ “ပြဿနာမရှိဘဲနဲ့ ဘယ်လိုလုပ် Frestech ကုန်သည်ကြီးများအသင်းက ဒီမှာ ပေါ်လာနိုင်မှာလဲ?”

“အမှန်ပဲ.....” လီနီယာက တုံ့ပြန်ကာ စဉ်းစားကြည့်ပြီးနောက်တွင် မေးလာခဲ့သည်၊ “ဒီဟာက ဒီကို ဘယ်လိုရောက်လာတာလဲ? ကျွန်တော်ရဲ့ ခန့်မှန်းချက်သာမမှားရင် အဲဒီ့ ကုန်သည်တွေက ဒါကို လမ်ပူရီတိုင်းပြည်ကနေ မှောင်ခို ဝယ်လာတာ ဖြစ်ရမယ် မဟုတ်ဘူးလား?”

“ဒါက တကယ်ကို မှောင်ခိုသွင်းတာပဲ၊ ဒါပေမယ့် ဒီတစ်ခေါက် ဒီကုန်သည်တွေကို အထင်သေးလို့မရဘူး။ သူတို့ရဲ့ အကူအညီကြောင့်သာမဟုတ်ရင် ငါတို့တွေ Frestech ကုန်သည်ကြီးများအသင်းဆီက မှော်စက်တွေကို အလွယ်လေးသုံးလို့ ရနိုင်မှာမဟုတ်ဘူးလေ။ မှော်လေပေးစက်ရဲ့ သက်ရောက်မှုက အတော်အဆင်ပြေတယ်လို့ မထင်မိဘူးလား?”

လီနီယာက လေအေးများ ထုတ်လွှတ်ပေးနေသည့် မှော်လေပေးစက်နှင့် ဂျောင် စားပွဲပေါ်တင်လိုက်သည့် အဖြူရောင်သေတ္တာလေးကိုကြည့်ပြီးနောက် ခေါင်းခါလေသည်၊ “ဒါက သုံးဖို့ လွယ်ပေမယ့် ကျွန်တော်တို့ဆီမှာ ရှိနေဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်းရဲ့ ပစ္စည်းတွေကို မှောင်ခိုသွင်းတာက သူတို့ကို ငွေဝင်အောင်ကူညီနေတာပဲ မဟုတ်လား? ဒီအတွက် ဘာအကျိုးအမြတ်မှ မရှိဘူး။”

“ဘာလဲ? မင်းက နိုင်ငံက လူတွေကို Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေအကြောင်း လျစ်လျူရှုခိုင်းထားမလို့လား?” ဂျောင်က လီနီယာကို ကြည့်ပြီး ရယ်လိုက်သည်၊ “ပြောပြမယ် ဒါက မဖြစ်နိုင်ဘူး။ ငါ့ကို ဒီ မှော်လေပေးစက်ပေးတဲ့ ဥက္ကဌဝေါကာက ဒီတစ်ခေါက် မှောင်ခိုသွင်းတဲ့ အိမ်သုံးမှော်စက်တွေကို တစ်လအတွင်းမှာ ရောင်းထုတ်နိုင်ခဲ့တယ်တဲ့။ သူ့အနေနဲ့ ပို့ဆောင်ဖို့ပဲလိုပြီး ငွေပမာဏ အတော်လေးရတယ်ဆိုပဲ။”

လီနီယာလည်း နှာမှုတ်ကာ၊ “သူက ငွေရဖို့ပဲ ဂရုစိုက်နေတာလေ၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းလည်း ငွေရမယ်ဆိုတာကို မတွေးမိခဲ့ဘူးလား? ကျွန်တော်သာဆိုရင် သူက ရန်သူကိုထောက်ပံ့ရင်း ပုန်ကန်နေတာလို့ပဲ ထင်တယ်!”

ဂျောင်က သက်ပြင်းချကာ ခေါင်းခါ၏၊ “ဒီလောက် တစ်ဖက်ပိတ်မနေပါနဲ့။ ငါတို့ဒီကနေ အတော်လေးရနိုင်တယ်။ စဉ်းစားကြည့်၊ စစ်ဘက်သုံးမှော်စက်တွေကလည်း Frestech ကုန်သည်ကြီးများအသင်းဆီက လာသလို အိမ်သုံးမှော်စက်တွေလည်း သူတို့ဆီကနေလာတာပဲလေ။ ငါတို့ ဒီအိမ်သုံးမှော်စက်တွေ ရပြီးသွားရင် မှော်ဌာနက အဲဒီလူအိုကြီးတွေလည်း ကိုးကားလို့ရပြီး စစ်ဘက်သုံးမှော်စက်တွေမှာ လေ့လာဖို့ အထောက်အကူဖြစ်လိမ့်မယ်။”

“ဘာလဲ? ဒါက စစ်ဌာနချုပ်က စီစဉ်မှုလား?” လီနီယာက ပြန်မေး၏။

“ဟုတ်တယ်” ဂျောင်က အတည်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်သည်၊ “မှော်ဌာနရဲ့ သုတေသနကို ကူညီဖို့ Frestech ကုန်သည်ကြီးများအသင်းဆီက ကုန်စည်တွေ ယူတာအပြင် ငါတို့တွေ ဒီအပေးအယူကနေတဆင့် Frestech ကုန်သည်ကြီးများအသင်းနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်တယ်။ ဒီကနေရမယ့် အကျိုးအမြတ်တွေကိုရော ငါမင်းကို ပြောဖို့လိုသေးလား?”

လီနီယာလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်။

“ကောင်းပြီလေ၊ ဒီအစီအစဉ်အတွက် အကြောင်းပြချက်ကို ကျွန်တော်နားလည်ပါတယ်၊ ဒါပေမယ့် ခင်ဗျားပြောခဲ့သလိုမျိုး နိုင်ငံက လူအတော်များများက Frestech ကုန်သည်ကြီးများအသင်းဆီကနေ အိမ်သုံးမှော်စက်တွေကို ဝယ်ချင်နေကြတော့ ဒါက Frestech ကုန်သည်ကြီးများအသင်းကို သူတို့ဆီကနေ ငွေတွေ ယူခိုင်းနေတာနဲ့ မတူဘူးလား? ဒါက အဆင်မပြေလောက်ဘူး မို့လား?”

ဂျောင်က ပခုံးတစ်ချက်တွန့်သည်၊ “တခြားနည်းမရှိဘူး‌လေ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပစ္စည်းတွေက သုံးလို့ကောင်းတာကိုး။ သူတို့တင်မကဘူး ငါတောင်စိတ်လှုပ်ရှားတယ်။ ဟုတ်ပြီ ငါ ဥက္ကဌဝေါကာကို Frestech ကုန်သည်ကြီးများအသင်းဆီကနေ ငါတို့တပ်ရင်းအတွက် မှော်စက်တချို့ ယူခိုင်းဖို့ စီစဉ်ထားပေမယ့် သူ ယူပေးနိုင်မလား မယူပေးနိုင်မလားကိုတော့ မသိဘူး။”

လီနီယာမှာ အံ့ဩသွားသည်၊ “ကျွန်တော်တို့က ဒါတွေကို ဘာအတွက် လိုအပ်မှာလဲ? ဟင့်အင်း၊ ကျွန်တော် သဘောမတူဘူး!”

“ဝေဖန်မစောနဲ့ဦး။” ဂျောင်က အပြုံးဖြင့် စာရွက်တစ်ရွက်ထုတ်လာသည်၊ “ကြည့် ဒါက Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်တဲ့ မှော်စက်အားလုံးရဲ့ မိတ်ဆက်ပဲ။ ကြည့်လိုက်၊ မှော်လေပေးစက်က ငါတို့တပ်ရင်းတစ်ခုလုံးအတွက် လိုအပ်တဲ့အရာမဟုတ်ပေမယ့် အနည်းဆုံး ဒီမှော်မီးအိမ်တွေတော့ တစ်သောင်းလောက်ရထားသင့်တယ် မဟုတ်လား? ဒါက ဖွင့်ဖို့လွယ်တော့ မီးတောက်လည်းမလိုသလို မှော်သလင်းကျောက်လေး တစ်တုံးနဲ့ အကြာကြီး ခံတယ်.....”

“ပြီးတော့ ဒီမှော်ရေခဲစက်။ မကြာခင် နွေရောက်တော့မှာဆိုတော့ ထောက်ပံ့ပို့ဆောင်ရေးဌာနက အသားနဲ့ အသီးအရွက်တွေ အစုံအလင် ပို့ပေးလာလိမ့်မယ်။ အားလုံးကို ပို့ပေးရတာဆိုတော့ လမ်းမှာ နည်းနည်းဆုံးရှုံးရတယ်လေ။ ငါတို့မှာသာ ရေခဲစက်ရှိရင် နည်းနည်းကြာကြာထပ် ထိန်းသိမ်းထားနိုင်ပြီး ပို့ဆောင်စရိတ်ကို သက်သာစေမှာပဲ။”

“ပို့ဆောင်ရေးပြဿနာကိုပြောရရင် ဒီ ပို့ဆောင်ရေးမှော်ကားကိုကြည့်လိုက်။ ဒီအရာက ကုန်စည် တန်ပေါင်းများစွာတင်နိုင်ပြီး မြင်းလှည်းတွေထက် အမာခံသလို ပိုလည်းမြန်တယ်။ ထောက်ပံ့ပို့ဆောင်ရေးဌာနကသာ ဒီပို့ဆောင်ရေးမှော်ကားတွေကို သုံးရင် ရှေ့လျှောက် ထောက်ပံ့ပို့ဆောင်ရေးကို စိုးရိမ်နေဖို့ မလိုတော့ဘူး။ ဒါပေါ့ ဒီပစ္စည်းက အရမ်းကြီးတော့ မှောင်ခိုသွင်းဖို့ မလွယ်လောက်ဘူး။”

“ဒီမှာ မှော်မီးဖိုလည်းရှိတယ်။ ငါတို့တွေ မီးမွှေးဖို့မလိုဘဲမီးဖိုကိုသုံးလို့ရတာကြောင့် ဒီပစ္စည်းကို သေချာပေါက် သုံးလို့ရမယ်လို့ ခံစားရတယ်။ မှော်ထမင်းပေါင်းအိုးပါ ထည့်‌လိုက်ရင် မီးမွှေးတာထက် ချက်ဖို့ ပိုလွယ်သွားပြီပဲ။ စစ်တန်းလျားတွေမှာဖြစ်ဖြစ် တောထဲတွေမှာဖြစ်ဖြစ် သုံးရတာ အရမ်းလွယ်တယ်။”

“ပြီးတော့ ဒါလည်း ရှိသေးတယ်.....”

....

ဂျောင်၏ မှော်စက်များအား တစ်ခုစီ မိတ်ဆက်ပေးနေသံအား နားထောင်ရင်း လီနီယာမှာ ဤသည်က 'ရန်သူကိုထောက်ပံ့ခြင်း'ဟူသည့် အတွေးနှင့် ဆက်လက်ရုန်းကန်နေသေးသော်လည်း မတတ်နိုင်ဘဲ ဂျောင်၏ မိတ်ဆက်မှုများဖြင့် ဆွဲဆောင်ခံလိုက်ရတော့သည်။

သူဆိုလျှင်တောင် ဝန်ခံရပေမည်။

Frestech ကုန်သည်ကြီးများအသင်းဆီက မှော်စက်တွေများ တကယ်ကို သောက်ရမ်း သုံးဖို့ လွယ်တာပဲ!

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃။ အရောင်းဗျူဟာ

“မရဘူး!”

ရှုယီက တဖြည်းဖြည်းခေါင်းယမ်းလိုက်၏။ သူ၏ မျက်နှာထားက တည်ငြိမ်ကာ အပြုံးရေးရေးရှိနေသောလည်း အသံထဲ၌ လူများအား ဆိုလိုရင်းကို နားလည်လွယ်နိုင်စေသည့် ခိုင်မာသောအနေအထားပါရှိသည်။

“ကျုပ်အနေနဲ့ ခင်ဗျားတို့ အားလုံးကို သာမန် အိမ်သုံးမှော်စက်တွေရဲ့ တစ်ပိုင်းကို ပေးနိုင်ပေမယ့်လည်း မှော်ကားတွေက ဘန်တာမြို့နဲ့ အနီးတဝိုက်မြို့တွေရဲ့ လိုအပ်ချက်ကိုတောင် မဖြည့်ဆည်းနိုင်သေးတာကြောင့် သဘာဝကျကျပဲ ခင်ဗျားတို့ကို ပေးလို့မရဘူး။”

မိုင်ယာဒါကုန်သွယ်ရေးလုပ်ငန်းစု ဥက္ကဌ လာဒစ် ဆမ်ဆွန်က စိတ်ပျက်သွားဟန်ရှိ၏၊ “ခင်ဗျား တငယ်ကြီး စည်းမျဉ်းတွေကို လိုသလိုလုပ်လို့မရဘူးနော်? ဥက္ကဌ ရှု၊ ကျုပ် ဒီကို ဆိုဝယ်လ်မြို့ကနေ တောက်လျှောက်လာခဲ့ရတာလေ၊ ကျုပ်ကို ဒီတိုင်း လက်ဗလာနဲ့ ပြန်လွှတ်လိုက်လို့မရဘူး မဟုတ်လား?”

“ဘယ်လိုများ လက်ဗလာနဲ့ပြန်မှာလဲဗျ?” ရှုယီက အံ့ဩသွားသယောင် ပြုမူလိုက်၏၊ “ကျုပ်တို့အနေနဲ့ သာမန်အိမ်သုံးမှော်စက်တွေအကြောင်း ဆွေးနွေးရတယ်လို့ မပြောခဲ့ဘူးလား။ ရှားပါးစက်ဘီးတွေကိုတောင် ရောင်းဖို့ စဉ်းစားထားပေမယ့် မှော်ကားတွေကိုကျ တကယ်မရလို့ပါ။ ကျုပ်တို့လုပ်ငန်းစုက ဒေသတွင်းဝယ်လိုအားကိုတောင် လိုက်မမီသေးသလို အမှာစာအရေအတွက် အတော်များများကိုလည်း အပြီးမသတ်ရသေးတော့ နောက်ထပ် အမှာတွေ ထပ်ယူလို့မရသေးဘူး။”

“ဒါပေမယ့် စခ်တိုင်းပြည်ဘက်ကနေ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ရောင်းဖို့ ဆန္ဒရှိသရွေ့ တစ်စီးကို ရွှေဒင်္ဂါးတစ်သောင်းနဲ့တောင် ကမ်းလှမ်းနိုင်တယ်လို့ ပြောတယ်လေ!” ဥက္ကဌ ဆမ်ဆွန်က အရှုံးမပေးချေ၊ “တစ်စီးကို ရွှေဒင်္ဂါး‌တစ်သောင်းနော်! ဥက္ကဌရှု၊ ခင်ဗျားရဲ့ ဆိုဒ်ကြီး ပို့ဆောင်ရေးမှော်ကားကို တစ်စီးမှ ရွှေဒင်္ဂါးငါးထောင်နဲ့ ရောင်းတာမဟုတ်လား? ခင်ဗျားသာ တစ်စီး ရွှေဒင်္ဂါးတစ်သောင်းနဲ့ ရောင်းဖို့ ဆန္ဒရှိရင် ပို့ဆောင်ရေးကုန်ကျစရိတ်နဲ့ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို ဘေးပို့ထားလိုက်၊ အနည်းဆုံး တစ်စီးစီကနေ အပိုငွေ ရွှေဒင်္ဂါး နှစ်ထောင် အနည်းဆုံးရမှာပဲ။ ဒါကြောင့် စိတ်မလှုပ်ရှားဘူးလား?”

“ကျုပ် အရမ်း စိတ်လှုပ်ရှားတာပေါ့။” ရှုယီက ခေါင်းငြိမ့်လိုက်သော်လည်း အသံအနေအထားက မအေးဆေးနေပါချေ၊ “ဒါပေမယ့်လည်း မရတာက မရတာပဲဗျ။ ကျုပ်တို့လုပ်ငန်းစုရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတော့ သူတို့ကို မထောက်ပံ့နိုင်ဘူး။”

“တကယ်ကြီး ဒီ‌လိုပေါ့?” ဥက္ကဌ ဆမ်ဆွန်က ရှုယီကို သံသယဖြင့်ကြည့်၍ ခေတ္တရပ်တန့်လိုက်ပြီးနောက် အသနားခံနေသည့်အသံဖြင့် ဆိုလာသည်၊ “ဥက္ကဌရှု၊ ခင်ဗျား အမှာစာတစ်ပိုင်းလောက်ကိုပဲ လမ်းကြောင်းပြောင်းလိုက်လို့မရဘူးလား? အဲ့ဘက်က ရိုးရိုးသားသားနဲ့ မှော်ကားတွေကို တောင်းဆိုနေတော့ ခင်ဗျားသာ သူတို့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးနိုင်ရင် အနာဂတ်မှာ သူတို့နဲ့ ပူးပေါင်းဖို့က အတော်ကို ချောမွေ့မယ်လို့ ကျုပ်ထင်တယ်။ ဒီဆက်ဆံရေးကို တည်ဆောက်ဖို့ မှော်ကား နည်းနည်းလောက်လေးသုံးတာက အရမ်းတန်တယ်လို့ ထင်တာပဲ။”

ရှုယီက သက်ပြင်းတစ်ချက်ချကာ လက်များဖြန့်လိုက်ရင်း ကူရာမဲ့စွာဖြင့် ပြောသည်၊ “ဖြစ်နိုင်ရင် ကျုပ်လည်း လုပ်ချင်ပါတယ်။ ဒါပေမယ့် ဒါက မဖြစ်နိုင်တာကို အချက်အလက်တွေက ပြနေတယ်လေ။ ကောင်းပြီလေ ဥက္ကဌ ဆမ်ဆွန်, ဒီကိစ္စကို မပြောဘဲ နေကြရအောင်။ ဒီတစ်ခေါက် ခင်ဗျား မှာမယ့် မှော်စက်တွေအကြောင်းပဲ ဆွေးနေကြ‌တာပေါ့။”

ရှုယီက လုံးဝ မလှုပ်ရှားသွားသည်ကို မြင်သော် ဥက္ကဌ ဆမ်ဆွန်လည်း ကူရာမဲ့နေတော့၏။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူက နောင်တရဟန်ဖြင့် ခေါင်းခါလိုက်သည်။

“ကောင်းပါပြီ၊ အဲ့ဘက်က သတင်းအချက်အလက်အရဆို စခ်တိုင်းပြည်မှာ အိမ်သုံးမှော်စက်တွေအတွက် ဝယ်လိုအားမြင့်နေပြီး အမြင့်ဆုံးကတော့ မှော်ပန်ကာပဲ။ ဒီတော့ ဥက္ကဌရှု၊ ဒီတစ်ခေါက် မှော်ပန်ကာတွေ အလုံအလောက် ထောက်ပံ့ပေးလိုက်ဖို့ တောင်းဆိုရမယ်။ ကျုပ်အထင်..... အနည်းဆုံး အလုံးတစ်သိန်းလောက်ရှိမယ်။”

“အလုံးတစ်သိန်း?” ရှုယီက အနည်းငယ် အံ့ဩသွားကာ မပြုံးမိဘဲ မနေနိုင်တော့ချေ၊ “ကြည့်ရတာ စခ်တိုင်းပြည်ရဲ့ ဝယ်လိုအားက အကျိုးရလာဒ်ကို တွေ့ပြီးတဲ့နောက်မှ ပေါက်ကွဲထွက်လာပုံပဲ။”

“တခြားနည်းလမ်းမရှိဘူးလေ၊ ရာသီဥတုက ပိုပူလာနေပြီ။ မှော်လေပေးစက်တွေက အတော် ဈေးမြောက်တော့ လူတိုင်း မသုံးနိုင်တာကြောင့် ပိုဈေးချိုတဲ့ မှော်ပန်ကာတွေက အကျော်ကြားဆုံးဖြစ်နေတာ။” ဥက္ကဌ ဆမ်ဆွန်က အပြုံးဖြင့်ပြောလာသည်၊ “တကယ်တော့ ကျုပ်တို့ ဆိုဝယ်လ်မြို့အတွက်လည်း အတူတူပဲ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်လုပ်ရေးအခြေစိုက်ဌာနက စတင်ကာစဆိုတော့ အချိန်မကျခင် မှော်ပန်ကာတွေ မှာချင်တဲ့လူတွေရှိတယ်။”

“ဒါကတော့ ကောင်းတာပေါ့။ ကုန်သည်တစ်ယောက်အနေနဲ့ ကျုပ်ရဲ့ ထုတ်ကုန်တွေ ဒီလိုကြိုဆိုခံရတာမြင်တော့ အတော်ကို ရွှင်ပျစေတာပဲ။” ရှုယီက အပြုံးဖြင့် ဆိုပါ၏။

“ဒါပေါ့၊ ဒါပေါ့။” ဥက္ကဌ ဆမ်ဆွန်က ဆက်တိုက် ခေါင်းငြိမ့်၏၊ “ဒီတော့ ဥက္ကဌရှု ကျုပ်တို့ အနေနဲ့ အနည်းဆုံး မှော်ပန်ကာ တစ်သိန်းလိုတယ်။ ကျန်တာတွေကတော့.... မှော်ထမင်းပေါင်းအိုးက အနည်းဆုံး ငါးထောင်၊ မှော်မီးဖိုအတွက်လည်း ငါးထောင်ဝန်းကျင်ပဲ။ မှော်မီးအိမ်တွေကတော့ ဝယ်လိုအား ပိုများလာတာကြောင့် အနည်းဆုံး နှစ်ထောင်လောက်နဲ့ အမျိုးအစားအစုံကတော့၊ အပါအဝင်(တစ်ခုခု အပါအဝင်).....”

“နေပါဦး!” ရှုယီက ရုတ်တရတ် ဥက္ကဌ ဆမ်ဆွန်ကို တားရန် လက်ထောင်လိုက်သည်။

“ဘာလဲ?” ဥက္ကဌ ဆမ်ဆွန်က အံ့ဩသွားပြီးနောက် မျက်မှောင်ကုပ်လာကာ၊ “ဥက္ကဌရှု ပြဿနာရှိလို့လား? ဒီ အိမ်သုံးမှော်စက်တွေအတွက် ကျုပ်ရဲ့ တောင်းဆိုမှုကို မဖြည့်ဆည်းနိုင်ဘူးလို့ ပြောချင်နေတာလား?”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ရှုယီက ခေါင်းခါကာ၊ “အင်းပေါ့ အတိအကျပြောရရင် ဒါလည်း မှန်ပါတယ်။”

ဥက္ကဌ ဆမ်ဆွန်လည်း အံ့ဩသွားပြီးနောက် ဒေါသဖြစ်လာသည်၊ “ဥက္ကဌရှု ခင်ဗျားကျုပ်ကို ကစားနေတာလား? ကျုပ်တို့တွေ ဒီအိမ်သုံးမှော်စက်တွေကိုတော့ ဆွေးနွေးလို့ ရနိုင်တယ်လို့ ခင်ဗျား ပြောခဲ့တာပဲ မဟုတ်လား? အခု ဒီအမှာစာပေးလာမှ မကျေနပ်တော့ဘူးလား? မမေ့နဲ့ဦး၊ ခင်ဗျားက ဆိုဝယ်လ်မြို့မှာ ကျုပ်တို့ လုပ်ငန်းစုနဲ့ ချိတ်ဆက်ပြီး စခ်တိုင်းပြည်ကို မှော်စက်တွေ မှောင်ခိုသွင်းချင်ကြောင်းပြောခဲ့တာလေ၊ အခု စပြီး ပူးပေါင်းလိုက်တာနဲ့ ဒီ‌လိုသဘောထားဖြစ်သွားတာလား? ကျုပ် တကယ်ပဲ ခင်ဗျားကို အဓိပ္ပာယ်ကောက်လွဲခဲ့တာပဲ!”

ရှုယီက တည်ငြိမ်နေဆဲဖြစ်ပြီး လက်ယမ်းလာသည်။ သူက အသာပြုံးကာ ပြောလိုက်သည်၊ “အခု ဒေါသမဖြစ်ပါနဲ့၊ ကျုပ်ပြောတာ အရင်နားထောင်ပါဦး။ ကျုပ်ရဲ့ ဆိုလိုရင်းက ခင်ဗျားတောင်းဆိုတဲ့ ပမာဏအတွက် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အားလုံး ထောက်ပံ့နိုင်ပေမယ့်လည်း ဥက္ကဌ ဆမ်ဆွန်လည်း တခြားအစီစဉ်ကို စဉ်းစားမိလိမ့်မယ်လို့ထင်ပါတယ်။ ဒီအမှာစာရဲ့ တစ်စိတ်တပိုင်းကို ယူပြီး တခြားလုပ်ငန်းစုတွေဆီပေးလိုက်ပါ။”

“တခြားလုပ်ငန်းစုတွေ?” ဥက္ကဌ ဆမ်ဆွန်မှာ အနည်းငယ် ရှုပ်ထွေးသွားသည်၊ “ဥက္ကဌရှု၊ စခ်တိုင်းပြည်ကို ရောင်းတာကနေ ရမယ့် အမြတ်အစွန်းကိုရော နားလည်ရဲ့လား? ခင်ဗျားက ဒါရဲ့ တစ်စိတ်တပိုင်းကိုယူပြီး တခြားလုပ်ငန်းစုတွေဆီ ဝေမျှပေးချင်တာလား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း ငွေမရချင်တာတော့ မဟုတ်ပါဘူးနော်?”

“ကျုပ်တို့ ရချင်ပါတယ်၊ ရချင်တာပေါ့။” ရှုယီက အပြုံးဖြင့် ဆိုသည်၊ “ဒါပေမယ့် ငွေရှာတာက ကျုပ်တို့ လုပ်ငန်းစုတစ်ခုတည်း မဖြစ်သင့်ဘူး၊ အကုန်အတူတူ ငွေရသင့်တယ်လို့ထင်တယ်၊ ခင်ဗျားရော ဘယ်လိုထင်လဲ?”

ဥက္ကဌ ဆမ်ဆွန်က ရှုယီကို ခဏတာ ကြည့်လိုက်ပြီးနောက် သံသယဖြင့် ခေါင်းခါသည်။

“ကျုပ် တကယ်ပဲ ဥက္ကဌရှု ဘာစဉ်းစားနေမှန်းမသိတော့ဘူး။ ခင်ဗျား ဒါကို အဆိုပြုလာရင် တခြားလုပ်ငန်းစုတွေရဲ့ မှော်စက်တွေက ဈေးပိုချိုတော့ မဖြစ်နိုင်တာမဟုတ်ဘူး။ သူတို့ရဲ့ အရည်အသွေးက ခင်ဗျားတို့ Frestech တံဆိပ်ထက် ဆိုးပေမယ့် စခ်တိုင်းပြည်သားတွေက ပြောလို့မရနိုင်တော့ သူတို့ကို ရောင်းရင် ကျုပ် ငွေပိုရနိုင်တာပဲ။ ဒါပေမယ့် ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုနဲ့ အမြတ်ငွေတွေ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား? ဒီလိုလုပ်ချင်တာသေချာရဲ့လား?”

“ဒါပေါ့ဗျာ” ရှုယီက ခေါင်းငြိမ့်သည်၊ သူဟာ ဟာသလုပ်နေဟန် မပေါ်ချေ၊ “ပြီးတော့ ကျုပ် နောက်ထပ် တောင်းဆိုစရာရှိတယ်၊ ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာရှိတဲ့ ဈေးနှုန်းတွေအလိုက် ဈေးနှုန်းတွေ ခွဲဖို့ပဲ။ ခင်ဗျား ဒီထုတ်ကုန်တွေကို စခ်တိုင်းပြည်မှာ ရောင်းတဲ့အခါ ဈေးနှုန်းက တူတဲ့နေရာတူပြီး ကွာဟရမယ့်နေရာ ကွာဟနေရမယ်။”

“ဒီတော့ ဆိုလိုတာက.... ဒါကို စခ်တိုင်းပြည်မှာရောင်းရင်တောင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဈေးနှုန်းက တခြားထုတ်ကုန်တွေထက် ပိုမြင့်နေသင့်တယ်ပေါ့?” ဥက္ကဌ ဆမ်ဆွန်က လုံးဝ ရှုပ်ထွေးနေသည်၊ “ဥက္ကဌရှု၊ စခ်တိုင်းပြည်သားတွေအနေနဲ့ အရင်က အိမ်သုံးမှော်စက်တွေကို မသုံးဖူးကြတော့ သေချာပေါက် ဈေးချိုတာတွေကို ပိုဝယ်ကြမှာပဲ။ ခင်ဗျားကို သတိမပေးဘူးလို့ မပြစ်မတင်ပါနဲ့၊ ဒါပေမယ့် ခင်ဗျား ဒီလိုလုပ်ရင် ခင်ဗျားတို့ Frestech အမှတ်တံဆိပ် မှော်စက်တွေကို စခ်တိုင်းပြည် ဈေးကွက်ဖွင့်ချိန်မှာ ထောက်ခံကြမှာမဟုတ်တော့ဘူး။”

“ကျုပ် နားလည်ပါတယ် ဒါပေမယ့် ဒါက ကျုပ်တို့ လုပ်ငန်းစုရဲ့ အရောင်းဗျူဟာပဲ။”

ဥက္ကဌ ဆမ်ဆွန်က ရှုယီကို ခဏတာ ကြည့်နေပြီးနောက် မနေနိုင်ဘဲ ခေါင်းခါကာ သက်ပြင်းချ၍ ပြောလိုက်သည်၊ “ဥက္ကဌရှု ကျုပ် တကယ်ပဲ ခင်ဗျားကို နားမလည်တော့ဘူး။”

ရှုယီက ရယ်ကာ ၎င်းကို လုံးဝ မှတ်ချက်ပြုမလာချေ။

တစ်ချက် စဉ်းစားပြီးနောက်တွင် ဥက္ကဌ ဆမ်ဆွန်က ရှုယီ၏ အဆိုကို နောက်ဆုံး၌ လက်ခံလိုက်တော့၏။

ပြောရလျှင် သူ ရှုယီအား သတိပေးခဲ့သလိုပင် အခြားအမှတ်တံဆိပ် အိမ်သုံးမှော်စက်များကို ရွေးချယ်လိုက်ပါက သူ့အနေနှင့် ကုန်ကျစရိတ်ကို များစွာ လျော့ချနိုင်မည်သာ။ ထို့နောက် ၎င်းအား စခ်တိုင်းပြည်သို့ ရောင်းချချိန်တွင် သူ၏ အမြတ်အစွန်းက မြင့်မားလာမည်ဖြစ်သဖြင့် ဤပူးပေါင်းမှုနည်းလမ်းကို ရွေးချယ်ရခြင်းအား အင်မတန် ဝမ်းမြောက်မိသည်။

သို့သော် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို လက်လျှော့ဖို့ ဆန္ဒမရှိပေ။ အဆုံး၌ Frestech အမှတ်တံဆိပ် မှော်စက်များမှာ အရည်အသွေးနှင့် လုပ်ဆောင်ချက်တို့၌ အခြားတံဆိပ်များထက် များစွာပိုကောင်းသည်။ နည်းနည်းလောက် ဈေးပိုကြီးပါလျှင်တောင် စခ်တိုင်းပြည်ရှိ ဝယ်လိုအား ကြီးမားမှုနှင့် ရောင်းအားကို စိုးရိမ်ဖို့မလိုချေ။

ယေဘုယျဆိုရပါက စခ်တိုင်းပြည်ထံ၌ ဈေးကွက်ထဲ စီးဆင်းနေသော မည်သည့်အိမ်သုံးမှော်စက်မှ မရှိသဖြင့် ဤသည်က Frestech ကုန်သည်ကြီးများအသင်းနှင့် မိုင်ယာဒါ ကုန်သွယ်ရေးလုပ်ငန်း ဦးဆောင်သည့် လုပ်ငန်းစုများ ပူးပေါင်းခြင်းမှ စခ်တိုင်းပြည်၌ အိမ်သုံးမှော်စက်များ စီးဆင်းသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

စခ်တိုင်းပြည်သားများမှာ Frestech ကုန်သည်ကြီးများအသင်း မပေါ်လာခင်က လမ်ပူရီတိုင်းပြည်သားများကဲ့သို့ ဤအရာအသစ်အဆန်းကို အင်မတန် စူးစမ်းလိုကြသည်။

ထို့အပြင် အိမ်သုံးမှော်စက်များကို အသုံးပြုပြီးနောက် သေချာပေါက် ၎င်းကို လမ်ပူရီတိုင်းပြည်သားများကဲ့သို့ လိုချင်လာကြသည်။

တကယ်တမ်းတွင် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့က ရန်သူများဖြစ်နေခြင်းကြောင့် မဟုတ်ပါလျှင် စခ်တိုင်းပြည်မှာ ရူဒ်ဆန် တိုင်းပြည်ကဲ့သို့ မှော်စက် အမျိုးစုံကို တင်သွင်းဖို့ ကြိုးစားလိမ့်မည်သာ။

ရှုယီ ဆွေးနွေးပြီးသည့်နောက်တွင် ရှုယီက ဥက္ကဌ ဆမ်ဆွန်အတွက် ပြင်ဆင်ပြီးသား စာရင်းကို ပေးလိုက်၏။

ဤစာရင်းထံ၌ ရှုယီ အကြံပြုထားသည့် အိမ်သုံးမှော်စက်အချို့ ပါရှိသည်။ ဥက္ကဌ ဆမ်ဆွန်သာ အခြားအမှတ်တံဆိပ်များထံမှ ဝယ်ယူလိုပါက ဤစာရင်းထဲမှာ ရွေးရမည်သာ။

ရှုယီလည်း ဤစာရင်းအတွက် အချိန် အတော်သုံးခဲ့ရပါ၏။

ဘန်တာမြို့ မှော်စက် စီးပွားရေးသမဂ္ဂ၏ ဥက္ကဌအနေနှင့် သူဟာ သဘာဝကျကျပင် ဘန်တာမြို့ လုပ်ငန်းစုများကို ဦးစားပေးသင့်သည်လေ။

သို့သော် ဘုရင်ကြီးနှင့် သဘောတူမှုအပါအဝင် ချင့်ချိန်မှုတစ်ချို့ ပြုလုပ်ပြီးသော် ရှုယီမှာ အခြား မြို့များ၏ အိမ်သုံးမှော်စက်လုပ်ငန်းများကိုပါ စဉ်းစားဖို့ လိုအပ်သည်။

ဤနေရာရှိ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရှုယီအနေနှင့် ဥက္ကဌ ဆမ်ဆွန်၏ အထိအခိုက်မဖြစ်စေသော အကျိုးအမြတ်များကို အာမခံရမည်ဖြစ်ရာ အနှီမှော်စက်လုပ်ငန်းစုများကို ရွေးချယ်ချိန်၌ ရှုယီမှာ ယင်းလုပ်ငန်းစုများ၌ မည်သည့် အဓိကအရည်အသွေးပြဿနာမှ မရှိကြောင်းသေချာစေရန် အလေးအနက် စစ်ဆေးမှု လုပ်ခဲ့ရ၏။

ဤသည်က ရှုယီအနေနှင့် ယင်းလုပ်ငန်းစုများကို ဈေးကွက်ကြီး တစ်ခုထဲ ထိုးဖောက်ရန် အခွင့်အရေးပေးခြင်းဖြစ်ပါသော်လည်း ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပေသည်။

အရည်အသွေးကိစ္စကြောင့် ပြဿနာတစ်ခု ဖြစ်ခဲ့လျှင် စခ်တိုင်းပြည်၌ မှော်စက်များအတွက် အမြင်ဆိုးကို ဖန်တီးစေလိမ့်မည်ဖြစ်ကာ အနာဂတ် တိုးတက်မှုကို ထိခိုက်စေလိမ့်မည်။

ဥက္ကဌ ဆမ်ဆွန်မှာမူ ၎င်းစာရင်းကို မည်သည့်ကန့်ကွက်ခြင်းမှ ပြုမ‌လာပေ။

သူဟာ မှော်စက်မှုနယ်ပယ်အကြောင်း များများစားစားနားမလည်သဖြင့် Frestech ကုန်သည်ကြီးများအသင်းမှလွဲ အခြား မည်သည့် မှော်စက်လုပ်ငန်းစုကိုမှ မသိချေ။

ရှုယီမှာ ဤပူးပေါင်းမှု၌ အသာစီးနေရာ၌ ရှိလေရာ သူလုပ်နိုင်သမျှမှာ ၎င်းစာရင်းကို အကြိမ်ရေအနည်းငယ်စစ်ဆေးပြီး လုပ်ငန်းစုများအား ဂရုတစိုက် ရွေးချယ်ရုံသာ။

ဥက္ကဌ ဆမ်ဆွန်နှင့် ကနဦး သဘောတူညီမှုရရှိကာ နောက်နေ့တွင် သူနှင့်အတူ စာရင်းရှိ လုပ်ငန်းစုများထံ သွားမည်ဖြစ်ကြောင်း သဘောတူလိုက်ပြီးနောက် ထုံးတမ်းများအတိုင်း ရှုယီမှာ ဥက္ကဌ ဆမ်ဆွန်အား အစားအသောက်ဖြင့် ဧည့်ခံရန် ဖိတ်ကြားရတော့သည်။

သို့သော် ရှုယီက ဥက္ကဌ ဆမ်ဆွန်နှင့်အတူ ဤဆွေးနွေးမှုကိုဆက်ရန်နှင့် Frestech တံဆိပ် အိမ်သုံးမှော်စက်များ၏ အသေးစိတ် တချို့ကို ဆွေးနွေးဖို့ရန် ခမ်နက်ဒ်အား ခေါ်လိုက်မည်ဖြစ်ကြောင်းရှင်းပြလိုက်ပါ၏။ ထိုအချိန်အတွင်း သူကိုယ်တိုင်ဟာတော့ မိုးကျတောင်ကြားမှ ထွက်ခွာရလိမ့်မည်ဖြစ်သည်။

ဘန်တာမြို့၌ သူ့အား စောင့်ဆိုင်းနေသည့် ပိုအရေးကြီးသော ကိစ္စတစ်ရပ်ရှိနေသည်လေ။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄။ ပျက်စီးသွားသည့် မှော်ဆလွန်း

Frestech ကုန်သည်ကြီးများအသင်းထံမှ ကြယ်ကြွေအိမ်ရာဆီသို့ တဖြည်းဖြည်းချင်း မောင်းနှင်သွားသည့် တံဆိပ်သစ်(brand new) အဖြူရောင် မှော်ဆလွန်းကားလေးတစ်စီး‌ရှိနေသည်။

ထိုမှော်ဆလွန်းက ဝင်ပေါက် နောက်ရှိ ပါကင်‌ထိုးသည့်နေရာ၌ ရပ်သွားကာ ရှုယီ ထွက်လာသည်။ သူဟာ မနေနိုင်ဘဲ အတွင်း၌ မတူညီသည့် အပွန်းအပဲ့များရှိနေသော အခြား အနက်ရောင်သီးသန့်မှော်ဆလွန်းကို ကြည့်လိုက်၏။ ထိုအခါ ခေါင်းခါ၍ မရယ်မိဘဲ မနေနိုင်တော့ချေ။

အနှီမှော်ဆလွန်းမှာ မဟာမှော်ပညာရှင်ကမ်မီလာအတွက် သီးသန့်တစ်စီးဖြစ်ပြီး ယနေ့ထိတိုင် သူ့ထံရှိလာသည်မှာ တစ်လကြာပြီဖြစ်သည်။

တစ်လတာလေးအတွင်းတွင် ရွှေဒင်္ဂါး ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးပြား ဈေးနှုန်းမြင့်မြင့်ပေးခဲ့ရသည့် ဤမှော်ဆလွန်းမှာ ဤကဲ့သို့ အထုထောင်းခံလိုက်ရသည်။ ယခုတွင် အခြစ်ရာများဖြင့် ဖုံးအုပ်နေရုံမျှမက ကိုယ်ထည်တစ်ခုလုံး၌ အပွန်းအပဲ့ များစွာရှိနေသည်။ ၎င်းက လွန်ခဲ့သည့်လက မည်သို့ 'နှိပ်စက်'ထားမှန်း မြင်နိုင်ပါ၏။

လွန်ခဲ့သည့်တစ်လက Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်ကုန် ဖြန့်ချိပွဲ၌ မှော်ဆလွန်းအသစ်ကို ဖွင့်ချပြခဲ့သည်။ ၎င်း၏ သက်တောင့်သက်သာနိုင်မှုနှင့် လျင်မြန်လှသော အမြန်နှုန်းကြောင့် ဘန်တာမြို့၏ မျိုးရိုးမြင့်များနှင့် ကုန်သည်များသာမက အခြားမြို့များ၏ မျိုးရိုးမြင့်များနှင့် ကုန်သည်များသည်လည်း ကြိုဆိုကြသည်။

ဤတစ်လလေးအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းမှော်ဆလွန်းအတွက် အမှာစာသုံးထောင်ရခဲ့သည်။

ရွှေဒင်္ဂါး ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးပြား ဈေးနှုန်းနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းမှော်ဆလွန်းတစ်မျိုးထဲမှ ရွှေဒင်္ဂါး သန်းသုံးဆယ်ရရှိခဲ့ပါ၏။

ထို့အပြင် ဤမှော်ဆလွန်းအား ထုတ်လုပ်ခဲ့စဉ်က အမြင့်ဆုံးဈေးကွက်ကို ရည်ရွယ်ထားခဲ့ရာ ဈေးနှုန်းက ပိုမြင့်ပါ၏။

မှော်ဆလွန်းတစ်စီး၏ ကုန်ကျစရိတ်မှာ ရွှေဒင်္ဂါးလေးထောင်အောက်ရှိသည်။

ဆိုလိုရင်းမှာ မှော်ဆလွန်းတစ်စီးထံမှ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရွှေဒင်္ဂါး ခြောက်ထောင်ကျော် အမြတ်ငွေရရှိသည့် အဓိပ္ပာယ်ပင်။

၎င်းတို့ အစီးသုံးဆယ်အတွက်ဆိုလျှင် ရွှေဒင်္ဂါးဆယ့်ရှစ်သန်း နီးပါးရှိ၏!

ဆာဘက်စ်မှ ထိုစာရင်းများ ထုတ်ယူလာချိန်တွင် ပြင်ဆင်ထားပြီးသား ရှုယီမှလွဲ၍ Frestech ကုန်သည်ကြီးများအသင်း၏ အခြား အဆင့်မြင့်အဖွဲ့ဝင်များအားလုံး အံ့ဩနေခဲ့ကြသည်။

အမ်မာမိသားစှဖြစ်ပြီး အခြားလူများထက် အတွေ့အကြုံပိုရှိသော ခမ်နက်ဒ်သည်ပင် ၎င်းကြောင့် အံ့ဩနေခဲ့၏။

ပြောရလျှင် ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းအတွက် ဆိုပါလျှင်တောင် ၎င်းတို့၏ နှစ်စဉ်အသားတင် အမြတ်ငွေများမှာ ရွှေဒင်္ဂါးသန်းသုံးဆယ်‌အောက်သာ ရှိသည်။ Frestech ကုန်သည်ကြီးများအသင်းက တစ်လစာ မှာယူမှုလေးများထံမှ ရွှေဒင်္ဂါးဆယ့်ရှစ်သန်း ဝင်ခဲ့လေသည်။

၎င်းနှင့်ယှဉ်လျှင် မည်သူကမှ Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်အစွန်းလည်ပတ်မှု အမြန်နှုန်းကို မမှီနိုင်ကြချေ။

မှန်ပါ၏၊ တစ်လအတွင်း မှာယူမှုများက Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဤတစ်လအတွင်း ထိုမျှ ဝင်သည်ဟူသော အဓိပ္ပာယ် မဟုတ်ပါချေ။

တစ်လလျှင် မှော်ဆလွန်း အစီးတစ်ရာအောက်သာ ထုတ်လုပ်နိုင်သည့် နှုန်းထားလေးနှင့် အနှီ ရွှေဒင်္ဂါးဆယ့်ရှစ်သန်း အမြတ်ငွေကိုရရန် အနည်းဆုံး ၂နှစ်ကြာလိမ့်မည်။

ထုတ်လုပ်ရေးလုပ်နိုင်စွမ်းမှာ ရှုယီ စိတ်အပူရဆုံးအရာဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ပစ္စည်းများကို မိတ်ဆက်လိုက်လျှင် အမှာစာများကို စိတ်ပူဖို့ မလိုသော်လည်း ပစ္စည်းများမိတ်ဆက်ပြီးသည်နှင့် အမှာစာ အရမ်းများကာ ၎င်းတို့၏ ထုတ်လုပ်ရေးကလည်း အမှီမလိုက်‌နိုင်တော့သဖြင့် တစ်ခါတည်း ဖြည့်မပေးနိုင်သည့် အမှာစာများစွာ ရှိလေသည်။

Frestech ကုန်သည်ကြီးများအသင်းအား တစ်ဦးတည်း ချုပ်ကိုင်ခွင့် ပေးလုနီးပါးရှိသည့် ဦးဆောင်မှုကြောင့် ၎င်းတို့အနေနှင့် အချိန်မီ အမှာစာများကို အပြီးမသတ်နိုင်ပါလျှင်‌တောင် အခြားဘက်က နည်းလမ်းမရှိချေ။ ၎င်းတို့အနေနှင့် စိတ်ရှည်ရှည်သာစောင့်ဆိုင်းနိုင်သော်လည်း ကောင်းသည့်အရာတော့ မဟုတ်ချေ။

ရှုယီ ဆန္ဒမရှိပါလျှင်တောင် ခမ်နက်ဒ်မှ သာမန်အလုပ်သမားများအထိ အားလုံး လုပ်အားပေး အချိန်ပို အဆိုင်းများဆင်းကြလေသည်။ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံများအတွက် အားလပ်ရက်ပင် မရှိလုနီးပါးဖြစ်နေပြီး ၎င်းတို့၏ အလုပ်ချိန်များမှာလည်း ပုံမှန်အားဖြင့် အင်မတန် ရှည်ကြာနေ၏။

၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ စီးပွားရေး ကောင်းခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်ကာ ရှုယီက ဥက္ကဌအနေနှင့် ထိုသို့ မြင်တွေ့ရခြင်းကို ဝမ်းသာသင့်ပါသော်လည်း ကိုယ်ပိုင်အမြင်မှဆိုလျှင် ၎င်းကို မမြင်တွေ့လိုပေ။

သူ့အနေနှင့် အလုပ်သမားများထံ၌ ပုံမှန် အနားယူချိန်ရနိုင်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များကို ထိခိုက်နိုင်သည်အထိ တစ်နေကုန်အလုပ် လုပ်ဖို့မလိုရန် မျှော်လင့်မိပါ၏။

စိုင်စ်နယ်မြေကြီး၏ ပတ်ဝန်းကျင်တွင် သူ့အတွက် အလုပ်သမားများကို အချိန်ပိုမလုပ်ရန် တောင်းဆိုဖို့ရာ မဖြစ်နိုင်‌သဖြင့် ၎င်းပြဿနာကို ဖြေရှင်းမည့် အခြားနည်းလမ်းကိုသာ ရှာနိုင်ပေသည်။

ထိုသို့ စဉ်းစားနေရင်း ရှုယီမှာ အိမ်တော်ဆီသို့ ဦးတည်လိုက်၏။

“ဟေး ပြန်လာပြီပေါ့။”

စတေးလ်၏ အသံက ရှုယီအား အတွေးထဲမှ ဆွဲထုတ်ပေးလိုက်သည်။

မော့ကြည့်လိုက်သော် စတေးလ်က အခန်းပြင်ရှိ လေသာဆောင်၌ ထိုင်နေ‌သည်ကို တွေ့လိုက်ရသည်။ သူမက စားပွဲကုလားထိုင်ကို မှီကာနွေးထွေးမှုကို ခံစားနေသော်လည်း နွေဦးနေရောင်ခြည်၏ လောင်မြိုက်ခြင်းတော့မဟုတ်ချေ။

“မင်း ဒီလို အသားညိုသွားမှာ မကြောက်ဘူးလား?” ရှုယီက သူမကို အပြုံးဖြင့် ကျီစယ်လိုက်လေသည်။ သူက လျှောက်သွား၍ သူမ၏ ပါးလေးပေါ် အနမ်းတစ်ပွင့်ပေးပြီးနောက် နံဘေးရှိ ကလေးလှည်းလေးထဲ၌ အိပ်နေသော သူ၏ သမီးလေးကို ယူလိုက်သည်။

တစ်လသာရှိသေးသည့် ကလေးလေးက ကြီးထွားသည်မှာ အင်မတန်မြန်ဆန်လှသည်။ သူမအား တစ်ရက်လောက် မတွေ့ရသည့်နောက်တွင် သူမဟာ မနေ့ကထက် များစွာပိုမို ထွားလာသည်ဟု ခံစားလိုက်ရ၏။ သူမ၏ သွင်ပြင်လက္ခဏာများက ပို၍ ဖွံ့ဖြိုးကာ မျက်နှာလေးက ဝိုင်းစက်လာပြီး သူမ၏ ရုပ်ရည်အား များစွာ ပိုမို သင့်တင့်လာစေ၏။

“စတေးလ်၊ သူမက ဘယ်သူနဲ့ တူတယ်လို့ထင်လဲ?” ရှုယီက သာမန်ကာလျှံကာမေးလိုက်သည်။

စတေးလ်လည်း ရှုယီလက်ထဲရှိ သူမ၏ သမီးလေးကိုကြည့်ကာ စဉ်းစားလိုက်ပြီးနောက်တွင် ပြောလာသည်၊ “တခြားလူတွေပြောတာတော့ သမီးလေးက အဖေနဲ့တူတယ်တဲ့၊ ကျွန်မလည်း ဒီလိုပဲထင်တယ်။ ကြည့်လေ သူမရဲ့ သွင်ပြင်တွေက ရှင့်လိုပဲ။ ဒီနှာခေါင်းကိုကြည့် ရှင်နဲ့ တကယ်တူတယ်။”

“ဟုတ်လား?” ရှုယီက ခေါင်းခါကာ၊ “ကိုယ်နဲ့တူတယ်ဆိုရင် ဆိုးတာပေါ့။ သူမက မိန်းကလေးဆိုတော့ မင်းဆိုတဲ့ အမေနဲ့ တူပြီး အရွယ်ရောက်လာရင် မင်းလို လှသင့်တာ။ ဒီလိုမထင်ဘူးလား အချစ်?”

သူမဟာ သူမ၏သွင်ပြင်နှင့် ပတ်သက်၍ ချီးကျူးမှုများအား ကျင့်သားရနေပြီဖြစ်သော်လည်း စတေးလ်က ရွှင်ပျစွာ ပြုံးလိုက်ဆဲပင် သူမ သမီးလေး၏ ပါးလေးကို ပုတ်ပေးပြီးနောက် အသာပြုံးကာ ပြောလေသည်၊ “သူမသာ အရွယ်ရောက်လို့ တကယ်လှလာရင် ယောက်ျားလေး အတော်များများရဲ့ နှလုံးသားကို ကိုင်လှုပ်မိလိမ့်မယ်။ အဲ့အချိန်ရောက်ရင်တော့ ဘယ်ကောင်လေးကများ သူမကို အခွင့်ရေးယူမလဲ သိချင်လိုက်တာ။”

ရှုယီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အသာနှာမှုတ်လာ၏၊ “သူမက ငယ်သေးတယ်လေ ဒါကို တွေးဖို့ မလိုသေးပါဘူး။”

စတေးလ်က ရှုယီအား သူ၏ အတွေးများကို မြင်နိုင်သလို ကြည့်ကာ လျှို့ဝှက်သောအပြုံးတစ်ခုပြလာသည်။

ရှုယီလည်း စတေးလ်ကိုကြည့်ကာ တစ်ခုခုပြောလိုက်ချင်သော်လည်း မဟာမှော်ပညာရှင်ကမ်မီလာက လျှောက်ဝင်လာသည်။

“ဟေး ကောင်လေး မင်းအချိန်မီရောက်လာတာပဲ။ ငါ မင်းကိုရှာနေတာ။”

မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်နှာထားကိုမြင်သော် ရှုယီလည်း မကောင်းတော့ကြောင်း သိလိုက်သည်။

သို့သော် သူ့ထံ၌ ပုန်းစရာနေရာမရှိသဖြင့် သူ့ကိုယ်သူ အားပေးကာသာ အပြုံးဖြင့် ပြောလိုက်သည်၊ “အဘိုးရဲ့ မှော်ဆလွန်းကို ခြံဝန်းထဲမှာ တွေ့ခဲ့တယ်၊ ဒီတော့ အဘိုးရောက်နေပြီမှန်းသိလိုက်တာ။ ဘာလို့လဲ? ကျွန်တော့်ကို တစ်ခုခုအတွက် လိုလို့လား?”

“ဒါက အဲဒီမှော်ဆလွန်းနဲ့ဆိုင်တယ်။” မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်ကာ‌ ပြောသည်၊ “ဘာဖြစ်ခဲ့မှန်းတော့ မသိပေမယ့်၊ ဒီမနက်မှ အဲ့ကောင်ကို ဘယ်လိုမှ စက်နှိုးလို့မရတော့ဘူး။ ငါ ကမ်ဘီကို မေးပြီးပြီ၊ သူပြောတာတော့ အင်ဂျင်ပြဿနာဖြစ်နိုင်တယ်တဲ့၊ ဒီတော့ သူက ပြင်ပေးမှာမို့ ငါ အချိန်ရှိရင် ယူလာစေချင်နေတယ်။”

ရှုယီလည်း မနေနိုင်စွာ မျက်လုံးများ လှိမ့်လိုက်၏။

ကမ်ဘီမှာ မှော်စက်ဖွံ့ဖြိုးရေးဌာန၏ မန်နေဂျာဖြစ်ရာ သူ့အား Frestech ကုန်သည်ကြီးများအသင်း တစ်ခုလုံး၌ ထိပ်တန်း မှော်စက်အင်ဂျင်နီယာဟု သတ်မှတ်နိုင်ပေသည်။ သူ့အနေနှင့် အရေးကြီးသုတေသနကို တာဝန်ယူသင့်သော်လည်း လက်ရှိတွင် သူ့အား မဟာမှော်ပညာရှင်ကမ်မီလာက စက်ပြင်တစ်ဦးနှယ် အသုံးပြုနေသည်။

သို့သော် သူ့အနေနှင့် သူ၏ အတွေးအမှန်များကို မပြောဝံ့ရာ ဖျစ်ညှစ်ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်၊ “အင်း ကမ်ဘီက မှော်ဆလွန်းနဲ့ ပတ်သက်ပြီး အတော်ရင်းနှီးတော့ သူ့ကို ပြင်ခွင့်ပေးဖို့ ပြဿနာမရှိပါဘူး။”

“သူ့ကို ပြင်ခွင့်ပြုတာက ပြဿနာမဟုတ်ပေမယ့် ပြဿနာက ဒီအတောအတွင်း ငါမောင်းရမယ့် မှော်ဆလွန်းမရှိတာပဲ။ ငါက အခုမှ ပျော်ရုံသေးတာမို့ ငါ့အတွက် နောက်တစ်စီးရှာပေးပါဦး။”

မဟာမှော်ပညာရှင်ကမ်မီလာက အင်မတန် စိတ်အေးလက်အေးဖြစ်နေသံဖြင့် ဆိုလိုက်သော်လည်း ရှုယီက မနေနိုင်ဘဲ ခါးသက်သက်ဟန် ပြလာသည်။

သူဟာ မှော်ဆလွန်းများအတွက် ထုတ်လုပ်နိုင်စွမ်း လိုအပ်မှုကို စဉ်းစားနေခဲ့ပါသော်လည်း ယခု မဟာမှော်ပညာရှင်ကမ်မီလာက 'အနိုင်ကျင့်'ရမည့် နောက်ထပ် မှော်ဆလွန်းကို တောင်းဆိုနေလေသည်။

ပြောရလျှင် အနီးဝန်းကျင်မြို့များရှိ မျိုးရိုးမြင့်များနှင့် ကုန်သည်ပေါင်းများစွာတို့အားလုံးမှာ မှော်ဆလွန်းတစ်စီးရဖို့ စောင့်ဆိုင်းနေခဲ့ကြရသော်လည်း မဟာမှော်ပညာရှင်ကမ်မီလာကမူ သူ၏ ဒုတိယမှော်ဆလွန်းနှင့် 'ကစားရန်'စီစဉ်ထားပြီးဖြစ်သည်။

“အဘိုး..... ဒါက..... အဘိုး ကစားစရာ မှော်ဆလွန်းမရှိမှတော့ မှော်လှေတွေနဲ့ ကစားရင်ရော? ဘော်ဒီယူတို့တွေ လုပ်ထားတဲ့ မှော်လှေက တစ်နာရီကို အမြန်နှုန်းပြည့် လေးဆယ်ကီလိုမီတာထိ ရောက်နိုင်နေပြီပဲ မို့လား?”

မဟာမှော်ပညာရှင်ကမ်မီလာက အထင်အမြင်သေးဟန် ပေါ်လာကာ၊ “အရမ်းနှေးတယ်၊ တစ်နာရီကို လေးဆယ်ကီလိုမီတာလေးနဲ့၊ ဘာလုပ်လို့ရမှာလဲ? မင်းသိတာပဲ၊ မှော်ဆလွန်းက တစ်နာရီ ခြောက်ဆယ်ကီလိုမီတာ အထိရောက်တယ်လေ! ဒါကို မောင်းတာက အများကြီးပို စိတ်ဝင်စားဖို့ကောင်းတာပေါ့!”

ရှုယီမှာ လုံးဝ ဆွံ့အနေလေသည်။

မဟာမှော်ပညာရှင်ကမ်မီလာမှာ မှော်ဆလွန်းကို တချိန်လုံး မြန်နှုန်းပြည့် မောင်းနှင်နေခြင်းကြောင့် မှော်ဆလွန်းက တစ်လတည်းနှင့် ထိုသို့ဖြစ်သွားသည်မှာ အံ့ဩစရာမရှိတော့ချေ။

သူ၏ ကြောက်မက်ဖွယ် လမ်းအမြင်ကိုပါ ထည့်ပေါင်းလိုက်လျှင် တစ်လကြာပြီးနောက်မှ ပျက်စီးခြင်းအား ဆန်းကြယ်ဖြစ်ရပ်ဟုပင် သတ်မှတ်နိုင်လောက်သည်.....

စဉ်းစားပြီးနောက် ရှုယီက အလေးအနက် ပြောလိုက်သည်၊ “ကောင်းပါပြီ..... အဘိုး၊ ကျွန်တော် အဘိုးအတွက် ကမ်ဘီကို တစ်စီး စီစဉ်ခိုင်းလိုက်ပါ့မယ်၊ ဒါပေမယ့်..... ဒီတစ်ခေါက် မောင်းတဲ့ အချိန်ကျရင် ဂရုစိုက်ပေးလို့ရမလား? ထပ် ပျက်သွားရင် ကျွန်တော်လည်း နောက်တစ်စီး မယူပေးနိုင်တော့ဘူး။ ဘန်တာမြို့မှာ ဖြစ်ဖြစ် တခြားမြို့တွေမှာဖြစ်ဖြစ် မှော်ဆလွန်းတွေကို စောင့်နေကြတဲ့ လူတွေ အများကြီးပဲလေ။”

“ဘာလဲ? ဘယ်သူ ငါ့ဆီက လုရဲလဲ?” မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများ ပြူးကျယ်လာ၏။ ခဏ ရပ်တန့်နေပြီးနောက် သူက ခေါင်းငြိမ့်ကာ‌ ပြောသည်၊ “စိတ်ချပါ၊ ငါ့ရဲ့ စကေးတွေက အရင်ထက်ပိုကောင်းနေပါပြီ၊ ဒီလောက်လွယ်လွယ်နဲ့ ပျက်စီးမှာမဟုတ်ဘူး။ ဟုတ်သားပဲ ရှုယီ လေစွမ်းအားမှော်အင်ဂျင်နဲ့ ပတ်သက်ရင် မှော်ဆလွန်းရဲ့ အမြန်နှုန်းကို ကန့်သတ်ထားတယ်လို့ ခံစားမိတယ်။ ဒီတော့ ငါ မီးစွမ်းအားမှော်အင်ဂျင်ဌာနထဲဝင်ပြီး သူတို့ သုတေသနထဲ ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်။”

“အမ်?” ရှုယီလည်း အံ့ဩသွားပြီးနောက် ရွှင်ပျလာတော့သည်။

မီးစွမ်းအားမှော်အင်ဂျင်၌ အလုပ်က ယခင်ကတည်းက စနေခဲ့ပြီးသား ဖြစ်သော်လည်း ကနဦးအခြေအနေများ၌ ရှိနေခြင်းကြောင့် ရှုယီမှာ လေစွမ်းအားမှော်အင်ဂျင်ကို အာရုံစိုက်ထားခဲ့ရာ မီးစွမ်းအားမှောအင်ဂျင်၏ တိုးတက်မှုက အမြဲ နှေးကွေးနေသည်။

ယခုတွင် လေစွမ်းအားမှော်အင်ဂျင်၌ အောင်မြင်မှု အနည်းငယ်ရလာကာ အချက်အလက်အချို့လည်း ရရှိထားသဖြင့် ရှုယီမှာ မီးစွမ်းအားမှော်အင်ဂျင်အား သုတေသနလုပ်ရန် အာရုံစိုက်ဖို့ စီစဉ်ထားပါ၏။

ထိုအခိုက် မဟာမှော်ပညာရှင်ကမ်မီလာမှာ ဝင်ရောက်လိုကြောင်းပြောလာရာ ၎င်းက အနှီသုတေသနကို အကြီးမားဆုံး အထောက်အကူဖြစ်စေသည်နှင့် မခြားပေ။

မဟာမှော်ပညာရှင်ကမ်မီလာက ထုတ်လုပ်ရေးအဖွဲ့ကို ဝင်ရောက်လိုက်ခြင်းကြောင့် မီးစွမ်းအားမှော်အင်ဂျင်သုတေသနမှာ လေစွမ်းအားမှော်အင်ဂျင်၏ တိုးတက်မှာထက် သေချာပေါက် ပို၍ ချောမွေ့လိမ့်မည်။

မဟာမှော်ပညာရှင်ကမ်မီလာမှာ ထိပ်တန်းအဆင့် သုတေသနပညာရှင်ဖြစ်သော်လည်း သူ၏ ထူးကဲသော နောက်ခံကြောင့် မည်သူကမှ သူ့အား မည်သည့်သုတေသန၌ ပါဝင်ရန် မတိုက်တွန်းနိုင်ဘဲ သူ၏ စိတ်ဝင်စားမှု၌သာ မူတည်နေပါ၏။

သူ၏ မှော်ကားမောင်းနှင်မှုကို ဝါသနာထုံခြင်းကြောင့် မီးစွမ်းအားမှော်အင်ဂျင်ကို လေ့လာရာ၌ ပါဝင်ချင်လာမည်ဟု မစဉ်းစားမိခဲ့ချေ။

သူ၏ လက်ရှိ စိတ်အားထက်သန်နေမှုအရ သေချာပေါက် ၎င်းသုတေသနတွင် အာရုံများစွာ စုစည်းထားတော့မည်ပင်။

ဤသည်က ရှုယီအတွက် ကျေနပ်အံ့ဩစရာပင်။

၎င်းကို စဉ်းစားကြည့်ရင်း ရှုယီမှာ မနေနိုင်ဘဲ ရယ်မောမိသည်၊ “အဘိုး၊ အစောတည်းက မီးစွမ်းအားမှော်အင်ဂျင် ထုတ်လုပ်မှုမှာ ပါချင်တယ်ဆို အစောတည်းကပြောရောပေါ့။ စောစောပြောရင် မှော်ဆလွန်းတစ်စီးနှစ်စီးမပြောနဲ့ ဆယ်စီး ဆယ့်နှစ်စီးဆိုလည်း ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်!”

မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများတောက်ပလေ၏၊ “တကယ်လား?”

ရှုယီ၏ အမူအရာက ချက်ချင်းအေးခဲသွားပြီး မည်သည်ကိုမှ မဆိုနိုင်တော့ချေ။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၅။ သားရဲလူမျိုးများအား ရှင်းလင်းခြင်း

မဟာမှော်ပညာရှင် ကမ်မီလာက ဒေါသတကြီးဟန်ဖြင့် လျှောက်ထွက်သွားသည်ကိုမြင်သော် စတေးလ်က ရယ်လာ၏။

“အဘိုးက တကယ်ကို တစ်ခုခုပဲ၊ ဘာလို့ အသက်ကြီးလေ ကလေးနဲ့ ပို‌တူလေ ဖြစ်နေရတာပါလိမ့်?”

ရှုယီထံ၌ ကူရာမဲ့ဟန်ရှိနေသည်၊ “အမှန်ပဲ။ သူအရင်က မှော်စက်တွေကို အတော်လေး ဆန့်ကျင်ခဲ့ပေမယ့် အခုကျတော့ သဘောထားပြောင်းသွားပြီး ဘယ်သူထက်မဆို ပိုပြီး အကောင်းမြင်လာတယ်။ အထူးသဖြင့် မှော်ဆလွန်းလို ထူးထူးဆန်းဆန်းအသစ်မျိုးကို သူက ဘယ်သူထက်မဆို ပိုပြီး စိတ်ထက်သန်နေတာပဲ။ ပြီးတော့လည်း.....သူက တကယ်ပဲ ကားမောင်းပြိုင်ချင်နေတယ်လေ! မှော်ဆလွန်းရဲ့ အမြင့်ဆုံး ခွင့်ပြုထားတဲ့ အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ငါးဆယ်ပဲ ရှိပေမယ့် သူက တကယ်ကြီး တစ်နာရီ ခြောက်ဆယ်ကီလိုမီတာနှုန်းထက်ပိုပြီး မောင်းနေတယ်!”

စတေးလ်က အပြုံးဖြင့်ဆိုသည်၊ “သူ့ကို ဘယ်သူက မဟာမှော်ပညာရှင်ဖြစ်ဖို့ ပြောခဲ့လို့လဲ? သူ့ရဲ့ မှော်ပညာနဲ့ဆို လေစွမ်းအားမှော်ပညာသုံးပြီး တစ်နာရီ ခြောက်ဆယ်ကီလိုမီတာထက်ပိုမြန်အောင် သွားနိုင်တယ်၊ ဒီတော့ ဒါကို နှေးတယ်လို့ ခံစားနေရမှာပေါ့။ ပြီးတော့လည်း သူက အရမ်းသန်မာတာကြောင့် တခြားလူတွေလို အန္တရာယ်ကို စိုးရိမ်ဖို့မလိုဘူးလေ။”

“ဟမ့်၊ ဒီလို လူကြီးတစ်ယောက်က လူငယ်တွေလို လှုပ်ရှားတက်ကြွတာတွေ လေ့လာချင်တာကို ကိုယ်တကယ် နားမလည်တော့ဘူး။” ရှုယီက အသာနှာခေါင်းရှုံ့လိုက်၏။

စတေးလ်လည်း မနေနိုင်ဘဲ ပြုံးကာ ရှုယီ၏ နဖူးကို ထိလိုက်လေသည်။

“အဘိုးကို ကလေးနဲ့တူတယ်လို့ ရှင်ပြောတယ်နော်၊ ဒါပေမယ့် ရှင်ကျတော့ရော? ရှင်လည်း သုံးဆယ် အစောပိုင်းပဲရှိသေးတာကို တစ်နေကုန် အဘိုးကြီးတစ်ယောက်လိုနေနေတာ၊ အရမ်းပျင်းဖို့ မကောင်းဘူးလား? တကယ်တော့ ဒါနဲ့စာရင် အရင်က ရှင်အရမ်း စိတ်ဓာတ်တွေ တက်ကြွနေပြီး စိတ်လှုပ်ရှားမှုနဲ့ အမြဲပြည့်နေတာကို ပိုသဘောကျတယ်။”

ရှုယီက သက်ပြင်းချသည်၊ “တခြား နည်းလမ်းမရှိဘူးလေ။ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုအသေးလေးမဟုတ်တော့သလို ကိုယ်ကလည်း သေးသေးမွှားမွှားလူတစ်ယောက်မဟုတ်တော့တာကြောင့် လှုပ်ရှားမှုတိုင်းကို ချင့်ချိန်နေရတယ်၊ ဒီတော့ ပိုပြီး အိုသွားတဲ့ပုံပေါ်နေတာပေါ့။ တကယ်တော့ ကိုယ်လည်း ဒီလိုမဖြစ်ချင်ပေမယ့် ကိုယ် စဉ်းစားရမယ့် လူတွေများတာကြောင့် ရွေးစရာမရှိဘူးလေ၊ မဟုတ်ဘူးလား? ကိုယ်တို့ရဲ့ ချစ်သမီးလေးကျတော့ရော?”

“ရှင့်သမီးကို ဆင်ခြေအနေနဲ့ မသုံးပါနဲ့။” စတေးလ်က သူ့အား မျက်လုံးလှိမ့်ပြကာ ပြန်ထိုင်ချလိုက်သည်။ သူမက နံဘေး‌နေရာကို ပုတ်ပြပြီး ရှုယီကို လာထိုင်ဖို့ ပြောလေ၏၊ “လာ ရှင် အချိန်မီရောက်လာတာပဲ။ ရှင်နဲ့ ကိစ္စတချို့ ဆွေးနွေးချင်နေတာ။”

ရှုယီက သူ၏ အိပ်ပျော်နေသော သမီးလေးကို ဘေးရှိ လဇ်ထံပေးလိုက်ကာ စတေးလ်၏ ဘေး၌ ထိုင်ချလိုက်သည်။

“ပြောလေ သားရဲလူမျိုးတွေနဲ့ ဆိုင်တာလား?”

“အင်း” စတေးလ်က ခေါင်းငြိမ့်လိုက်ပြီးနောက် မျက်မှောင်ကုပ်သည်၊ “ရှင်က ဆန်နက်မြေရိုင်းမှာ ဥက္ကဌ ခရုစ်ရယ် တခြားလူတွေရယ်နဲ့အတူ သားရဲလူမျိုးတွေကို ရှင်းလင်းဖို့အတွက် အဖွဲ့အစည်းတစ်ခု လုပ်ဖို့ စီစဉ်နေတယ်လို့ ကျွန်မကြားခဲ့တယ်။”

“ကိုယ်စီစဉ်နေတာပါ။” ရှုယီကခေါင်းငြိမ့်ကာ ဖြေသည်၊ “မကြာသေးခင်တုန်း သားရဲလူမျိုးတွေ ထုတ်လုပ်ရေးအခြေစိုက်ဌာနမှာ ကိုယ်တို့ကို အနှောင့်အယှက်လာပေးပြီး အကြိမ်ပေါင်းများစွာ လျှို့ဝှက်ကြံစည်နေခဲ့ကြတာလေ။ ပြဿနာတွေကို ရှောင်ရှားပြီး အလုပ်သမားတွေ ပိုလုံခြုံစေဖို့အတွက် သားရဲလူမျိုးတွေကို ကိုယ်တို့ရဲ့ အင်အားပြဖို့ ဆုံးဖြတ်လိုက်တာပဲ။ ကိုယ်သူတို့ကို ကြောက်သွားစေချင်တာ၊ ဒါမှာ ရှေ့လျှောက် ဒါမျိုးတွေ မလုပ်ရဲတော့မှာ။”

“ဒါဆို..... ဘယ်လောက်ဝေးဝေးထိထိ သွားဖို့ စီစဉ်ထားလဲ?” စတေးလ်က မေးသည်။

ရှုယီက သူမကိုကြည့်ကာ စဉ်းစားကြည့်‌လိုက်ပြီးနောက် ပြန်မေးလေသည်၊ “သားရဲလူမျိုးတွေကို မေးတာလား?”

“အင်း ဒီသတင်းက ဆန်နက်မြေရိုင်းမှာ ပြန့်နေပြီး သားရဲလူမျိုးတွေအားလုံးလည်း နည်းနည်းစိုးရိမ်နေကြတယ်။ ကျွန်မတို့ ဆန်းသစ်လ ကုန်သည်ကြီးများအသင်းရဲ့ လက်အောက်က သားရဲလူမျိုးမိန်းကလေးတွေအားလုံးလည်း အရမ်းစိုးရိမ်နေပြီး သူတို့ရဲ့ မျိုးနွယ်စုတွေကိုပါ ပစ်မှတ်ထားခံရမှာ ကြောက်နေကြတယ်။ ဒီတော့ ရှင့်ကို ဒီအကြောင်း မေးခိုင်းစေချင်ကြတဲ့ လူတွေအများကြီး။ ကျွန်မနဲ့ ဆက်ဆံရေးကောင်းတဲ့ သားရဲလူမျိုးနွယ်စုအတော်များများလည်း ကိုင်တွယ်နိုင်အောင်လို့ အခြေအနေကို သိချင်နေကြတယ်လေ။”

ရှုယီက ရယ်လေ၏၊ “ဘာလဲ? အခု သူတို့က ကြောက်နေပြီလား? စိတ်ချပါ၊ သူတို့က လူသားတွေအပေါ် ဖော်ရွေတဲ့ သားရဲလူမျိုးတွေဖြစ်နေသရွေ့ ကိုယ်တို့ရဲ့ ပစ်မှတ်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီအစီအစဉ်က သူတို့ကို လှန့်ဖို့ပါပဲ၊ ဘာပြဿနာမှ ဖန်တီးဖို့ မဟုတ်ဘူး။ အဆုံးကျတော့ ကိုယ်တို့ရဲ့ ဆန်နက်မြေရိုင်းမှာရှိတဲ့ အုတ်မြစ်က အခြေမခိုင်သေးဘူးလေ။”

စတေးလ်လည်း တိတ်ဆိတ်နေပြီးနောက်မှ ခေါင်းငြိမ့်လာသည်။

“အင်း ကျွန်မ အများစုကို‌နားလည်ပါတယ်၊ ဆန်နက်မြေရိုင်းက သားရဲလူမျိုးတွေကို ပြောပြလိုက်မယ်။”

“မင်း သူတို့ကိုပြောလိုက်ပါဦး ကိုယ်တို့လုပ်ငန်းစုတွေရဲ့ ရည်ရွယ်ချက်က ငွေရှာဖို့အတွက်ပဲလို့၊ ဒီတော့ သားရဲလူမျိုးတွေအနေနဲ့ ကိုယ်တို့ငွေရှာတာကို အဟန့်အတားမလုပ်သရွေ့ ဘယ်သူကိုမှ ပြဿနာရှာဖို့လည်း စိတ်မဝင်စားဘူးလို့။ ပြောရရင် သူတို့တွေ ကိုယ်တို့နဲ့ ကောင်းကောင်းပူးပေါင်းရင် အားလုံးအမြတ်ရမှာပဲလေ၊ ဒီတော့ ဘာလို့ ပြဿနာတွေ ဖြစ်နေစေချင်နေရတာလဲ?”

“ကျွန်မကို ဒီအကြောင်းပြောလို့လည်း အသုံးမဝင်ဘူး။” စတေးလ်က ပခုံးတွန့်သည်၊ “ကျွန်မကို ပြောတဲ့ သားရဲလူမျိုးတွေအားလုံး လူသားတွေနဲ့ မိတ်ဆွေဖြစ်ချင်တဲ့ သူတွေချည်းပဲ။ ထုတ်လုပ်ရေးအခြေစိုက်ဌာနကို တိုက်ခိုက်တဲ့ သားရဲလူမျိုးတွေက ရှင့်ရဲ့ အပြောကို နားထောင်မှာ မဟုတ်ဘူး။”

“သားရဲလူမျိုးတွေ အချင်းချင်းကို ပြောခိုင်းတာက ကိုယ်တို့ပြောတာထက် ပိုကောင်းတယ်လေ။” ထိုသို့စဉ်းစားရင်း ရှုယီက ရုတ်တရတ် လှည့်လိုက်သည်၊ “ကိုယ့်အတွက် စကားနည်းနည်းလောက် ထပ်ပြောပေးပါဦး။ ကိုယ်သာ ထုတ်လုပ်ရေးအခြေစိုက်ဌာနကို တိုက်ခိုက်နေတဲ့ သားရဲလူမျိုး‌နွယ်စုတွေက အဲ့မှာလုပ်နေတဲ့ တစ်ယောက်ယောက်နဲ့ ဆက်နွယ်မှုရှိကြောင်း တွေ့ရင် ယဉ်ကျေးနေမှာမဟုတ်ဘူးလို့။”

စတေးလ်က ရှုယီ၏ ရှားရှားပါးပါး လေးနက်နေဟန်ကိုကြည့်ကာ အနည်းငယ် ရှုပ်ထွေးသွားသည်။

“ရှုယီ၊ ဘာလို့ ရှင် ဆန်နက်မြေရိုင်းရဲ့ သားရဲလူ‌မျိုးတွေကို ဒီလောက်တောင် အရေးထားနေရတာလဲ? ရှင် တကယ်ပဲ သူတို့ကို စိတ်တိုင်းမကျရင် ဒီတိုင်း သူတို့နဲ့ ဆက်သွယ်တာကိုရပ်ပြီး သားရဲလူမျိုး အလုပ်သမားတွေ ခန့်အပ်ဖို့ ရပ်လိုက်လို့ရတာပဲ မဟုတ်လား?”

ရှုယီက သက်ပြင်းချသည်၊ “ကိုယ့်မှာ ဆန်နက်မြေရိုင်းကနေ သားရဲလူမျိုးတွေကို ဖယ်ထုတ်ဖို့ အင်အားမရှိသလို အင်အားအလုံအလောက်ရှိရင်တောင် ဒီလိုလုပ်ဖို့ ဆန္ဒရှိမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကိုယ် ဆန္ဒအရှိဆုံးအရာက စိုင်စ်နယ်မြေကြီးရဲ့ မျိုးနွယ်စုအားလုံးကို မှော်စက်တွေ ထုတ်လုပ်တဲ့နေရာမှာ အာရုံစိုက်ထားစေချင်လို့ပဲ။”

“ဆန်နက်မြေရိုင်းကို လက်လွှတ်ဖို့ကျတော့..... ပိုလို့တောင် မလုပ်ချင်သေးတယ်။ လူပုလေးတွေရဲ့ စစ်တမ်းအရ ဆန်နက်မြေရိုင်းအောက်မှာ ကြွယ်ဝတဲ့ သတ္တုကြောတွေ ရှိနေတယ်လေ။ တည့်တိုးပြောရရင် အဲ့အောက်မှာ ရတနာသိုက်ကြီးတစ်ခုရှိတယ်။ မင်းက ကိုယ့်ကို လက်လျှော့စေချင်လို့လား?”

စတေးလ်က ခေါင်းစောင်းကာ စဉ်းစားကြည့်သည် ၊”ဟုတ်ပြီလေ ရှင်က စဉ်းစားထားပြီးသား ဆိုမှတော့ ဘာမှ မပြောတော့ပါဘူး။ ရှင့်ရဲ့ စကားတွေကို သားရဲလူမျိုးတွေဆီ ပါးလိုက်ပါ့မယ်၊ သူတို့တွေအရမ်း မတုံးအဖို့ မျှော်လင့်ကြတာပေါ့။”

၎င်းအား ဆွေးနွေးပြီးနောက်တွင် ရှုယီက စတေးလ်အား ဆန်းသစ်လ ဆပ်ကပ်အဖွဲ့အကြောင်း ပြောလိုက်သည်။

သားရဲလူမျိုးမိန်းကလေးများမှာ လူ့အသိုင်းအဝိုင်းထဲ ဝင်ဆန့်ရာ၌ လွယ်ကူစေရန် လူသား ဓလေ့ထုံးတမ်းများကို စတင်လေ့လာနေကြပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အကနည်းစနစ်များကိုလည်း တိုးတက်နေခြင်းမှ မရပ်တန့်ထားကြချေ။ သားရဲလူမျိုးမိန်းကလေးများ၏ အချိန်ဇယားမှာ လက်ရှိတွင် ပြည့်ကြပ်နေ၏။

၎င်းတို့မှာ ကြိုးကြိုးစားစားလုပ်ဆောင်နေကြသည်။ စတေးလ်၏ အပြောအရ ၎င်းတို့က အသစ်အဆန်းများသင်ယူနေသည့် ယခုအခွင့်အရေးကို တန်ဖိုးထားနေကြပြီး သားရဲလူမျိုးမိန်း‌ကလေးအများစုမှာ လေ့လာချိန်၌ အနားယူဖို့ကိုပင် မေ့လျော့နေကြသည်။

အေဗရယ်က သူမ၏ လည်ချောင်းများ ခြောက်သွေ့သည်အထိ သီချင်းဆိုလေ့ကျင့်နေခဲ့ရာ စတေးလ်လည်း သူမကို အနားယူဖို့ ဖြောင်းဖျခဲ့ရသည်။

၎င်းကို ကြားသော် ရှုယီ၏ ခံစားချက်က များစွာ ပိုကောင်းလာ၏။

သူ အန်ဗီမာမြို့တော်၌ ရှိချိန်က ၎င်းတို့အား အတင်းပြန်ခေါ်လာခဲ့သော ဆုံးဖြတ်ချက်မှာ မှန်ကန်ပါ၏။ ၎င်းတို့သာ ပေါ့ပ်စတားများကဲ့သို့ လေ့ကျင့်ပြီးနောက်တွင် သေချာပေါက် လူသားများရှေ့ထပ်ပေါ်လာချိန်၌ လူအုပ်ကြီးကို အံ့ဩသွားစေမည်ဟု ယုံကြည်သည်။

“ကောင်းပြီ၊ ဒီမှာတင် တော်ကြတာပေါ့။ ကိုယ် ရေချိုးလိုက်ဦးမယ်၊ ဘုရင်မလာတော့မှာမို့ ကိုယ်ပြင်ဆင်ဖို့ လိုတယ်။”

ရှုယီ‌ လျှောက်ဝင်သွားသည်ကိုကြည့်ရင်း စတေးလ်က ပြုံးလိုက်သော်လည်း ရှုယီ ဝင်သွားချိန်တွင် သူမ၏ မျက်နှာအမူအရာက မနေနိုင်ဘဲ တစ်စုံတရာကို စဉ်းစားမိသည့်နှယ် ပြောင်းလဲသွားသည်။

သို့သော် တစ်အောင့်အကြာတွင် သူမဟာ တစ်စုံတရာကို တွေးမိသွားသယောင်ဖြင့် ဂုဏ်ယူပြုံး, ပြုံးလိုက်သည်။

ရှုယီက သဘာဝကျစွာပင် စတေးလ်၏ အမူအရာပြောင်းသွားသည်ကို မမြင်ပါချေ။ သူဟာ ဥက္ကဌ ဆမ်ဆွန်နှင့်အတူ ရှိခဲ့ပြီးနောက် ကမ်ဘီတို့နှင့်အတူ မှော်ဆလွန်းနှင့်ဆိုင်ရာ ပြဿနာများအတွက်လည်း သွားခဲ့ရသေးသဖြင့် အဆီဖုံးနေပြီဖြစ်သည်။

သူ့အနေနှင့် မိုးကျတောင်ကြား၌ ရေချိုးဖို့ အချိန်မရှိခဲ့ရာ ကြယ်ကြွေအိမ်ရာကို ပြန်ရောက်သည်အထိသာ စောင့်နိုင်ခဲ့သည်။ သူ့အနေနှင့် ဆယ်ဗီနီအား ပြင်ဆင်ပြီးမှသာ တွေ့လိုပါ၏။

ရေချိုးခန်းထဲဝင်လာ‌ပြီး သူဟာ အဝတ်များကို ချွတ်လိုက်ပြီး တံခါးကို ဖွင့်လိုက်ချိန်၌ ရှုယီမှာ ရုတ်တရတ် ကြောင်အသွားသည်။

တစ်အောင့်ကြာပြီးနောက် ရှုယီမှာ အလျင်အမြန် တစ်ဖက်လှည့်ကာ နေရခက်ဟန်ဖြင့် ပြောလိုက်၏၊ “လဇ်, ဘာလို့ မင်းလည်းရေချိုးနေရတာလဲ? ငါ အသံမကြားလိုက်ဘူး။ အဲ့ဒီစတေးလ်ကတော့ တကယ်ပဲ မပြော‌ဘူး.....”

တစ်ဝက်အရောက်တွင် ရှုယီက ရုတ်တရတ် သူ၏ နောက်ကျောမှ နူးညံ့သောကိုယ်လေးတစ်ခု ဖိကပ်လာသည်ကို ခံစားမိလေသည်။ လက်တစ်စုံက သူ့အား တင်းတင်းကြပ်ကြပ် ရစ်သိုင်းလာရာ နောက်ကျောဆီမှ နူးနူးညံ့ညံ့ ထုထည်နှစ်ခုကို ခံစားမိ၏။

“သခင်....ရှင်..... ရှင် ဒီကို ကျွန်မအတွက် ရောက်လာတာလား?” လဇ်က ရှုယီ၏ စကားများကို လုံးဝမကြားဘဲ အသံက တုန်ယင်နေသော်ငြား ကျေနပ်အံ့ဩမှုဖြင့်လည်း ပြည့်နေပေသည်။

ရှုယီ၏ ခန္ဓာကိုယ်ကာ လဇ်ထံမှ အဖက်ခံထားရသဖြင့် အနည်းငယ် တောင့်တင်းနေလေ၏။

တစ်အောင့်ကြာပြီးနောက် သူဟာ မိမိကိုယ်ကို စိတ်ထိန်းဖို့ တွန်းအားပေးကာ ချောင်းတစ်ချက်ဟန့်၍ နေရခက်နေသံဖြင့် ပြောလိုက်သည်၊ “အဲဒါက....လဇ်, မဟုတ်ဘူး.... ငါက ဒီကို ရေချိုးဖို့ပဲရောက်လာတာ၊ မင်းရှိနေမှန်း မသိခဲ့ဘူး။ တောင်းပန်ပါတယ်၊ ငါ သတိ‌မထားမိလိုက်ဘူး......”

“မဟုတ်ဘူး သခင်၊ ကျွန်မကို တောင်းပန်ဖို့မလိုပါဘူး။ ကျွန်မကို သခင် ပိုင်တာပါ၊ သခင် မြင်ချင်သရွေ့ ဘယ်အချိန်မဆို ကြည့်လို့ရပါတယ်!” လဇ်က ထိုသို့ပြောကာ ရှုယီကို လွှတ်၍ သူ့ရှေ့ရောက်လာသည်။

သူ့ရှေ့ရှိ လဇ်၏ လုံးဝ ဝစ်လစ်စလစ်ဖြစ်နေသည့် ကိုယ်လေးကိုမြင်သော် ရှုယီမှာ ခေါင်းကို လှည့်လိုက်ချင်သည်။ သို့သော် ထို့နောက် စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာကာ မလှည့်တော့ဘဲ သူမကို မော့ကြည့်လိုက်ပြီး မြင်ကွင်းကို ကြည့်ရှုခံစားလိုက်လေ၏။

ရှုယီ၏ တုံ့ပြန်မှုကိုမြင်သော် လဇ်က ရွှင်ပျစွာပြုံး၍ လက်များကို ဖြန့်လိုက်သည်။ သူမ၏ မျက်နှာက နီရဲနေပါသော်လည်း အပြုံးကတော့ အင်မတန်ရွှင်ပျနေ၏။

“သခင် ကြည့်လို့ကောင်းလား?”

“ကောင်းတယ်” ရှုယီက ခေါင်းငြိမ့်သည်၊ “ဒါပေမယ့် မင်းဒီလို ဝစ်လစ်စလစ်ဖြစ်နေရင် အအေးမိလိမ့်မယ်။”

“အာ?” လဇ်၏ မျက်နှာက စိတ်ပျက်မှုတို့ ဖုံးလွှမ်းသွားကာ ၎င်းကိုကြားချိန်၌ ခေါင်းကိုငုံ့လိုက်သည်၊ “သခင်၊ ရှင်.....ရှင် ကျွန်မကို မလိုချင်ဘူးလား? သခင်က..... လင်ဒါနဲ့ အဲဒါကို လုပ်ပြီးသွားပေမယ့် ကျွန်မကို မလိုချင်သေးဘူးပဲ..... ကျွန်မကို သဘောမကျလို့လားဟင်?”

ရှုယီက ခေါင်းခါကာ ရှေ့တိုးသွားပြီး လဇ်၏ မျက်နှာလေးကို မေးမှကိုင်ကာ မော့လိုက်သည်။

လဇ်၏ မျက်လုံးများထဲမှ မျက်ရည်များကိုမြင်သော် ရှုယီက ရုတ်တရတ် လက်မြှောက်ကာ သူမ၏ ကြီးမား လုံးဝန်းသော တင်ပါးအား ရိုက်ချလိုက်ပါ၏။

လဇ်က ရှုယီကို အံ့ဩ ရှုပ်ထွေးမှုတို့ဖြင့် ကြည့်နေသည်။

“ကောင်းပြီ မင်းရဲ့ အဝတ်တွေပြန်ဝတ်လိုက်တော့။ ငါ ဘုရင်မကို တွေ့ရဦးမယ်၊ ငါမင်းကို လိုချင်ရင်တောင် အခု လုပ်လို့မရသေးလို့ပါ။” ရှုယီက ပြုံးကာ လဇ်၏ နားရွက်လေးနားကပ်၍ အသံတိုးဖွဖွဖြင့် ဆိုလိုက်သည်၊ “ညကျရင် လာရှာလှည့်၊ အခုလို့ ပြောခွင့်မပြုဘူးနော်။”

လဇ်၏ မျက်လုံးများ ပြူးကျယ်သွားရင်း ရှုယီကို မယုံနိုင်စွာ ကြည့်နေလေသည်။

တစ်အောင့်အကြာ၌ မျက်ရည်များ ထွက်ပြူလာသော်လည်း သူမ မျက်နှာထက်၌ ရွှင်ပျပျ အပြုံးတစ်စရှိနေပါ၏။

လဇ်၏ တုံ့ပြန်မှုကိုမြင်သော် ရှုယီက စိတ်ထဲ သက်ပြင်းတစ်ချက် ချမိသည်။

သူ လင်ဒါကို လက်ခံလိုက်ချိန်က လဇ်ကိုလည်း လက်ခံရန် ကံတရားအတိုင်းဖြစ်သွားပြီပင်။

မဟုတ်ပါက လဇ်မှာ ဤအိမ်၌ နေဖို့ မဖြစ်နိုင်လောက်တော့ချေ။

နှစ်ဦးသားက စတေးလ်၏ ခွင့်ပြုချက်ရထားပြီးဖြစ်သလို ရှုယီအတွက် ၎င်းတို့ကိုယ်ကို ပေးဖို့ ဆန္ဒရှိသဖြင့် ရှုယီလည်း ၎င်းတို့ကို လက်ခံလိုက်ရန် သိက္ခာစောင့်ထိန်းမနေတော့။

“ဒါကို.....မောင်းမဆောင်တစ်ခုလို့ သတ်မှတ်လို့ရတာမဟုတ်လား?” ရှုယီလည်း မနေနိုင်ဘဲ စဉ်းစားမိလေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၆။ ဒီမှာ မင်းက ဘုရင်မပဲ။

မွန်းတည့်၌ ထူးခြားသည့် အသွင်သဏ္ဍာန်နှင့် ရွှေအိုရောင်ဖျော့ဖျော့ မှော်ဆလွန်းတစ်စီးက ဆန်းဒ်တွန်အိမ်ရာထဲ မောင်းဝင်လာပါ၏။

တံခါးပွင့်လာချိန်တွင် ရှုယီက ညာဘက်ရှိ ခရီးသည်ထိုင်ခုံမှ ထွက်လာကာ ဘယ်ဘက် ယာဉ်မောင်းခုံက ဆယ်ဗီနီ ဆင်းလာလေသည်။

တံခါး ပိတ်လိုက်ချိန်၌ ဆယ်ဗီနီက ရှုယီ၏ မျက်နှာကိုကြည့်ကာ စိုးရိမ်နေဟန်ဖြင့် မေးလေ၏၊ “ဟေး ရှုယီ၊ ကျွန်မကားထဲထိုင်ပြီးတော့ ဘယ်လိုခံစားရလဲ? အရင် လဝက်လောက်ကမှ ယာဉ်မောင်းလိုင်စင်ရထားတာမို့ ရှင် မစိုးရိမ်ဘူးလား?”

ရှုယီက ရယ်သည်၊ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ခင်ဗျားက လက်သစ်ပဲ ရှိသေးတယ်ဆိုပေမယ့် မောင်းတာ အရမ်းတည်ငြိမ်နေတော့ ဘာကိုမှ မစိုးရိမ်ပါဘူး။ ပြီးတော့လည်း မဟာမှော်ပညာရှင်ကမ်မီလာရဲ့ကားထဲမှာ ထိုင်ခဲ့ရပြီးနောက်တော့ ဘယ်သူမဆို သူ့ထက်ပိုပြီး အမောင်းတော်တယ်လို့ ခံစားနေမိတာ၊ ဒါကြောင့် ကျုပ်အနေနဲ့ ထိတ်လန့်ဖို့ မဖြစ်နိုင်ဘူး။”

ဆယ်ဗီနီက မနေနိုင်ဘဲ ရယ်မောမိသည်။

သူမဂာ ရှုယီ ထိုသို့ ပြောခြင်းကို အကြိမ်ရေအနည်းငယ် ကြားဖူးရုံသာမက စတေးလ်သည်ပင် မဟာမှော်ပညာရှင်ကမ်မီလာအကြောင်း အကြိမ်များစွာ ညည်းညူသည်ကို ကြားဖူးပါ၏။ သူဟာ မှော်ဆလွန်းမောင်းချိန်၌ အရာအားလုံးကို တိုက်မိလေရာ သူ၏မောင်းနှင်ခြင်းအပေါ် နက်နဲသည့် အမြင်တစ်ရှိနေပြီဖြစ်သည်။

ယခုတွင် ရှုယီက သူမ၏ သင်ယူစကျွမ်းကျင်မှုက မဟာမှော်ပညာရှင်ကမ်မီလာထက် ပိုကောင်းသည်ဟု မြင်ကြောင်း ကြားလိုက်ရရာ ဆယ်ဗီနီမှာ ၎င်းကို ရယ်ရသလို ထူးဆန်းသည်ဟုလည်း ခံစားမိ၏။

မဟာမှော်ပညာရှင်ကမ်မီလာမှာ မဟာမှော်ပညာရှင်ဖြစ်လာနိုင်ခဲ့သူဖြစ်သဖြင့် မည်သည့် ရှုထောင့်မှကြည့်ပါစေ သူ၏ ဉာဏ်ရည်က သာမန်လူများထက် များစွာ ကောင်းနိုင်သည်။ အဘယ့်ကြောင့် မှော်ကားမောင်းရာ၌ အင်မတန် ဆိုးရွားနေရပါသနည်း?

“ကျွန်တော် အရင်ကမေးခဲ့ပြီး အကြိမ်ပေါင်းများစွာ မှော်ကား ဘယ်လိုမောင်းရမယ်ဆိုတာ သင်ပေးခဲ့ပေမယ့် အဆုံးကျတော့..... ဒါက တကယ်ကို ဉာဏ်ရည်နဲ့ မဆိုင်ဘူး၊ သူ့ရဲ့ ကိုယ်ကျင့်စရိုက်နဲ့ လုံးဝဆိုင်နေတာ။ စဉ်းစားကြည့်ပါ၊ ယာဉ်မောင်းလိုင်စင်တောင်မရသေးတဲ့လူတစ်ယောက်က ပထမဆုံးအကြိမ်မှာတင် မြန်မြန် မောင်းရဲပေမယ့် နောင်တရဖို့ကိုတော့ ငြင်းပယ်တယ်လေ။ သူ ဘယ်လိုမောင်းရမလဲ သိမှသာ ထူးဆန်းနေလိမ့်မယ်။”

ရှုယီ၏ ကူရာမဲ့ဟန်ကိုမြင်သော် ဆယ်ဗီနီက မနေနိုင်ဘဲ ပြုံးမိလေ၏။

မဟာမှော်ပညာရှင်ကမ်မီလာမှာ လူတိုင်း လေးစားရသည့် မဟာမှော်ပညာရှင်တစ်ဦးဖြစ်ပြီး စတေးလ်၏ အဘိုးဖြစ်သဖြင့် မည်သို့ဖြစ်စေ ရှုယီမှာ သူ့အား ရင်မဆိုင်‌နိုင်ဘဲ ဤကိစ္စ၌ အတော်လေး ခံစားနေရလောက်သည်။

“အမှန်ပဲ ဘာပဲဖြစ်ဖြစ်သူက မဟာမှော်ပညာရှင်တစ်ဦးလေ။ သူက ဘာပြဿနာကိုမှ ဖန်တီးမှာမဟုတ်သလို အများဆုံး မှော်ကားလေးနည်းနည်းလောက်ပဲ ဖျက်ဆီးမှာဆိုတော့ ဒါက ကျုပ် လက်ခံနိုင်တဲ့ အရာဖြစ်နေသေးတယ်။” ရှုယီက ပခုံးတွန့်ကာ ၎င်းတို့နှစ်ယောက်ကြားရှိ မှော်ဆလွန်းကိုကြည့်၍ မေးလိုက်သည်၊ “ခင်ဗျားကရော? ခင်‌ဗျားကို မမေးရသေးဘူး၊ မှော်ဆလွန်းမောင်းတာ ဘယ်လိုခံစားရလဲ?”

“အရမ်းကောင်းတယ်!” ဆယ်ဗီနီက အပြုံးဖြင့် ခေါင်းငြိမ့်ရင်း နောက်တွန့်မနေဘဲ ချီးကျူးလာသည်၊ “ကျွန်မ ပြောကိုပြောရမယ်၊ ဒီမှော်ဆလွန်းကို ယူသွားတာက မြင်းလှည်းစီးတာထက် အများကြီးပိုပြီး သက်တောင့်သက်သာရှိတယ်။ လမ်းမှာ ဘာ ချိုင့်ခွက်မှမရှိတော့ အရမ်းမြန်ပြီး မောင်းရလည်း လွယ်တယ်လေ။ ကျွန်မ ဒါကို ရမှတော့ အားတဲ့အချိန်တိုင်း လျှောက်သွားလိုက်မယ်။”

“ဒီလိုလား? ခင်ဗျား ဒီလောက်ပျော်နေရင် အရှင်မင်းကြီးကလည်း ဒါကို သဘောကျမယ်လို့ထင်တယ်။” ရှုယီက အပြုံးဖြင့်ပြော၏၊ “အရမ်းကောင်းတယ်၊ ခင်ဗျားပားရင် မိုးကျတောင်ကြားကို ရက်အနည်းငယ်အတွင်း လာခဲ့လေ။ ဘုရင်ကြီးက ဘာတွေသဘောကျသလဲ ပြောပြလို့ရသလို သူ့ရဲ့ အကြိုက်အလိုက် တစ်စီးဖန်တီးခိုင်းလို့ရတယ်။”

တကယ်တမ်းတွင် ဆယ်ဗီနီ၏ မှော်ဆလွန်းမှာ Frestech ကုန်သည်ကြီးများအသင်းမှ သူမအတွက် စိတ်ကြိုက်လုပ်ပေးထားခြင်းဖြစ်သည်။

ထင်ရှားသည့် ရွှေအိုရောင်ဖျော့ဖျော့အပြင် ဤမှော်ဆလွန်းအား ဆယ်ဗီနီ၏ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ဖန်တီးထားရာ ၎င်းက အခြားမှော်ဆလွန်းများထက် များစွာပိုမိုသေးကယ်သည်။ မျဉ်းများက ပို၍ သိမ်မွေ့က အတော်လေး ချစ်စဖွယ်ကောင်းပုံပေါ်နေသည်က လူငယ်မိန်းကလေးတစ်ဦးအတွက် ကားတစ်စီးနှင့်ပိုတူပါ၏။

ရှုယီကို ဆယ်ဗီနီနှင့်အတူ အကြိုက်အတိုင်းရရန် ပြုလုပ်ကာ မိန်းကလေးများအတွက် မှော်ဆလွန်းဈေးကွက်ပါ ဖွင့်လှစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ပြောရလျှင် ချမ်းသာသည့် မျိုးရိုးမြင့်များဖြစ်စေ ကုန်သည်များဖြစ်စေ ၎င်းတို့အိမ်ထောင်စု၏ အမျိုးသမီးများအတွက် မှော်ဆလွန်းတစ်စီး ပြင်ဆင်ပေးခြင်းက ၎င်းတို့လက်မခံနိုင်သည့် အရာမဟုတ်ချေ။

“ကောင်းပြီလေ၊ ရှင့်ကို ရက်အနည်းငယ်အတွင်း မူကြမ်းတစ်ခုပေးမယ်။” ဆယ်ဗီနီက ခေါင်းငြိမ့်ကာ ဖြေလိုက်၏။ ခဏတာ‌တုံ့ဆိုင်းနေပြီးနောက်၌ သူမက ပြောသည်၊ “ရှုယီ၊ ရှင် ဖခမည်းတော်ကို တစ်စီးပေးဖို့ စီစဉ်ထားတယ်ဆိုတော့ ကျွန်မရဲ့ အစ်ကိုတော် နှစ်ယောက်ကိုရော တစ်စီးစီပေးဖို့ မစီစဉ်ထား‌ဘူးလား?”

“ကျုပ်က အဲ့လောက် မတုံးအပါဘူး။” ရှုယီက ခေါင်းခါသည်၊ “တစ်စီးပေးဖို့ စီစဉ်ထားပေမယ့် ပြဿနာက .....သူတို့ လက်ခံပါ့မလား?”

ဆယ်ဗီနီမှာ တိတ်ကျသွားသည်။

သူမ၏ ဒုတိယအစ်ကို မီဖန်းက ရှုယီ၏လက်ဆောင်ကို လက်ခံနိုင်လောက်သော်လည်း သူ၏ အစ်ကိုကြီး အဲရစ်ကတော့ သူ၏ Frestech ကုန်သည်ကြီးများအသင်း အပေါ် သဘောထားကို ပြသထားသည်ပင်။ ရှုယီ၏ လက်ဆောင်က ရှေ့ရောက်လာလျှင်တောင် လက်ခံလိမ့်မည်မဟုတ်ချေ။

“ကောင်းပြီ၊ ဒီစိတ်ဓာတ်ကျစရာတွေကို မတွေးကြရ‌အောင်။ လာ ဆယ်ဗီနီ, ကျုပ် ဒီနေ့ ခင်ဗျားနဲ့အတူ မြေဩဇာစက်ရုံကို စစ်ဆေးရမယ်၊ အရင်ဆုံး စီးပွားရေးကို ဂရုစိုက်ကြတာပေါ့။ ဒီနေရာက အရာတွေက လက်ဆောင်လေးတချို့ထက် ပိုအရေးကြီးပါတယ်။” ဆယ်ဗီနီ၏မျက်နှာထက်မှ ရှုပ်ထွေးနေဟန်ကိုမြင်သော် ရှုယီက ပြောလာသည်။

“အင်း သွားကြ‌တာပေါ့။” ဆယ်ဗီနီလည်း ခေါင်းငြိမ့်ကာ ရှုယီနှင့် အတူ ဆန်းဒ်တွန် အိမ်ရာထဲ ဝင်သွားသည်။

ယခုတွင် မတ်လလယ်ရောက်နေပြီဖြစ်ရာ ဤနှစ်နွေဦးရာသီ စိုက်ပျိုးချိန်ကျနေပြီဖြစ်၏။

ဘန်တာမြို့၏ စီးပွားရေးနယ်ပယ်က Frestech ကုန်သည်ကြီးများအသင်း ဦးဆောင်မှုကြောင့် ကောင်းကောင်း ဖွံ့ဖြိုးနေက ၎င်းတို့၏ အခွန် အများစုက စီးပွားရေးများမှ လာပါသော်လည်း စိုက်ပျိုးရေးက အုတ်မြစ်ဖြစ်နေဆဲ ဖြစ်သောကြောင့် ဤအချက်က လုံးဝ မပြောင်းလဲချေ။‌

ထို့အပြင် ဆယ်ဗီနီက မြို့စားတာဝန်ယူလိုက်ချိန်၌ စိုက်ပျိုးရေး၊ စီးပွားရေး နှစ်ခုစလုံးမှာ သူမ၏ အုပ်ချုပ်မှု မူဝါဒဖြစ်လာမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ထို့ကြောင့် နွေဦးစိုက်ပျိုးရာသီ ရောက်လာသည်နှင့် ဆယ်ဗီနီမှာ မြို့စားအနေဖြင့် သဘာဝကျစွာပင် စိုက်ပျိုးရေးကို အရေးထားကာ မြေဩဇာစက်ရုံကို စစ်ဆေးဖို့အတွက် ရောက်လာကာ သူမ၏ အနေအဖားကို ဖော်ပြနေသည်။

နတ်သူငယ်အထီးတစ်ဦးက ၎င်းတို့ကို ကြိုဆိုဖို့ ရောက်လာ၏။

ရှုယီလည်း လက်ယမ်းလျက် နှုတ်ဆက်လိုက်လေသည်။

“ဟေး ယာဒို”

ရှုယီမှ ယာဒိုဟု ခေါ်လိုက်သည့် နတ်သူငယ်အထီးမှာ မြန်မြန်လှမ်းလာနေသော်လည်း နတ်သူငယ်တို့၏ တင့်တယ်မှုရှိနေဆဲပင်။ သူက နှစ်ဦးရှေ့ကို ရောက်လာသော် ဆယ်ဗီနီကို အလေးအနက် အရိုအသေပြုလိုက်ပြီးနောက် အသာပြုံးကာ ဆိုသည်၊ “မြို့စားအရှင်၊ တစ်ဖန်ပြန်ကြိုဆိုပါတယ်။”

ဆယ်ဗီနီက သူ့အား တအံ့တဩကြည့်ပြီးနောက် လက်ဆန့်ထုတ်လိုက်သည်၊ “ဟယ်လို ရှင်က ဒီနေရာရဲ့ မန်နေဂျာသစ် ယာဒိုများလား?”

“ဟုတ်ပါတယ်၊ ဒီစက်ရုံရဲ့ မန်နေဂျာနေရာကို အရင်နှစ်လကမှ ထားတာပါ။ လှပတဲ့ အရှင်မ၊ ပထမဆုံးအကြိမ်တွေ့ဆုံရတာ အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။” ယာဒို က ဆယ်ဗီနီကမ်းလာသည့် လက်ကိုကြည့်ကာ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက်၌ နူးညံ့စွာ ကိုင်လိုက်သည်။

နတ်သူငယ်များကြား၌ လက်ဆွဲနှုတ်ဆက်ခြင်း မရှိကြသလို စိုင်စ်နယ်မြေကြီး၏ လူသားများအကြား၌ပင် ရေပန်းမစားလေသော်လည်း ယာဒိုက လရိပ်မျိုးနွယ်စုမှ ထွက်လာချိန်တွင် အကြီးအကဲ လီဆန်ယာက သူ့အနေနှင့် လူ့အသိုင်းဝိုင်းရှိ လူသားတို့၏ ဓလေ့များကို လိုက်နာသင့်ကြောင်း အကြိမ်များစွာ သတိပေးခဲ့သဖြင့် ၎င်းကို လက်ခံဖို့သာ ရွေးချယ်လိုက်ပါ၏။

“ကောင်းပြီ မန်နေဂျာ ယာဒို, ရှင်က အခု မြေဩဇာစက်ရုံကို တာဝန်ယူထားမှတော့ ရှင် ကျွန်မတို့ကို အထဲ ဦးဆောင်ပြီး ခေါ်သွားပေးဖို့ တောင်းဆိုလို့ရမလား?” ဆယ်ဗီနီက ပြောသည်။

“ကောင်းပါပြီ၊ ဒါက ဂုဏ်ယူစရာပါ။ မြို့စားအရှင်၊ ဥက္ကဌရှု ကျေးဇူးပြုပြီး ဒီလမ်းအတိုင်းလာခဲ့ပါ။”

နှစ်ဦးသားက စက်ရုံထဲသို့ ယာဒိုနောက်မှလိုက်ကာ ဒီတိုင်း လှည့်ပတ်ကြည့်နေသည်။ ၎င်းတို့မှာ မြေဩဇာစက်ရုံက ယခင်နှစ် ဆယ်ဗီနီ လာလည်ချိန်ကထက် ပိုမို ကြီးမားလာသည်ကို တွေ့လိုက်ကြသည်။

အတွင်းရှိ နတ်သူငယ်လုပ်သားများမှာ နှစ်ဆနီးနီးဖြစ်သွားကြရုံသာမက မြေဩဇာထုတ်လုပ်ရေး လိုင်း နှစ်လိုင်းပင် ထပ်ပိုလာနေသေးသည်။

၎င်းတို့ ကြည့်လိုက်ချိန်တိုင်း နတ်သူငယ်များမှာ အလုပ်များနေကြသည်။ ၎င်းတို့ထံ၌ ရှုယီနှင့် ဆယ်ဗီနီထံ စူးစူးစမ်းစမ်းကြည့်လာဖို့ရန်ပင် အချိန်မရှိချေ။

ထိုမြင်ကွင်းကိုမြင်သော် ဆယ်ဗီနီက ကျေနပ်စွာပြုံး၍ ယာဒိုကို မေးလိုက်လေ၏၊ “မန်နေဂျာ ယာဒို, အခု ထုတ်လုပ်ရေးက ဘယ်လောက်ရှိပြီလဲ? ကျွန်မတို့ ဘန်တာမြို့ရဲ့ လိုအပ်ချက်ကို ပြည့်မှီဖို့ လုံလောက်ရဲ့လား?”

ယာဒိုက ခပ်ရေးရေးပြုံးသည်၊ “မြို့စားအရှင်၊ ဘယ်ထုတ်လုပ်ရေးကို ပြောတာလဲ မေးလို့ရမလားဗျ?”

ဆယ်ဗီနီက အတန်ငယ် အံ့အားသင့်သွား၏၊ “ဒါက ဘာအဓိပ္ပာယ်များလဲ?”

“အာ.... ကျုပ်ရှင်းပြမယ်။” ရှုယီက ပြောလာသည်၊ “မြို့စားအရှင် ဒီစက်ရုံက မြေဩဇာ အမျိုးအစားတစ်ခုတည်းကိုပဲ ထုတ်လုပ်တာ မဟုတ်တော့ဘူး။ ဂျုံနဲ့ ဆန်တို့အတွက် မြေဩဇာအပြင် သစ်သီးပင်တွေနဲ့ ပန်းပင်တွေကြီးထွားရာမှာ ကူညီနိုင်မယ့် မြေဩဇာအမျိုးအစားကိုပါ ထုတ်လုပ်နေပြီ။”

“အိုး? ဒီလိုလား?” ဆယ်ဗီနီက ယာဒိုကိုကြည့်ကာ အသာမျက်မှောင်ကုပ်လိုက်၏၊ “ရှင်တို့ရဲ့ ဂျုံနဲ့ ဆန်အတွက် မြေဩဇာထုတ်လုပ်ရေးကတောင် မလောက်သေးဘူး၊ ဘာလို့ တခြားမြေဩဇာအမျိုးအစားတွေကို ထုတ်လုပ်နေရတာလဲ?”

“တခြားမြေဩဇာတွေက ကျွန်တော်တို့အတွက် စမ်းသပ်မှုပါ။ မြို့စားအရှင် ဒါက ဥက္ကဌရှုဆီက အကြံပါဗျ။” ယာဒိုက ရှုယီထံ ဘောလုံးပြန်ပစ်ပေးလိုက်သည်။

ဆယ်ဗီနီ၏ မေးခွန်းထုတ်နေသည့်အကြည့်ကိုမြင်သော် ရှုယီက ပခုံးတွန့်၏၊ “ကျုပ်တို့သာ ဆန်စပါး၊ဂျုံတွေအတွက်ပဲ မြေဩဇာကို ထုတ်လုပ်ရင် ထုတ်ကုန်တွေက အရမ်း တစ်ပုံစံတည်းဖြစ်လွန်းလာပြီး အနာဂတ် မြေဩဇာနယ်ပယ်တိုးတက်မှုကို ဆိုးရွားလာစေလိမ့်မယ်။ ဒီတော့ သူတို့အနေနဲ့ မတူညီတဲ့ မြေဩဇာမျိုးကို ထုတ်လုပ်နိုင်ဖို့ မျှော်လင့်တာပါ။ အခုဆို သက်ရောက်မှုက ကောင်းတယ်လေ။ ခိုရို မြို့က သစ်သီးခြံတွေမှာ ဒီမြေဩဇာကိုသုံးပြီးတော့ ကြီးထွားလာတဲ့ အသီးတွေ ပိုများလာရုံတင်မကဘူး အရည်အသွေးကလည်း ပိုတောင်ကောင်းလာတယ်။ စည်သွပ်သီးစက်ရုံတွေရဲ့ စည်သွပ်သီးတွေက အတော်လေး အရသာပိုရှိလာတော့ ပိုပြီး ရောင်းရတာပေါ့။”

ဆယ်ဗီနီက ရှုယီကို မျက်လုံးလှိမ့်ပြလာသည်၊ “နောက်‌ဆုံးတော့ စည်သွပ်သီးစက်ရုံက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းအပိုင်ပဲလေ။ ရှင့်အနေနဲ့ ကျွန်မတို့ ဘန်တာမြို့ရဲ့ အကျိုးအမြတ်တွေကို ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အကျိုးအမြတ်အတွက် လွှင့်ပစ်လို့ရနိုင်မယ်ထင်နေတာလား?”

ရှုယီက ချက်ချင်း နစ်နာသွားဟန်ဖြင့်၊ “ဘယ်လိုဖြစ်နိုင်မှာလဲဗျာ! မြို့စားအရှင် အရင်နှစ်က ခင်ဗျား တိုက်တွန်းခဲ့တာကြောင့် ကျုပ်အနေနဲ့ မှော်စက်‌ဌာနကို မြေဩဇာ စက်ရုံအတွက် ထုတ်လုပ်ရေးလိုင်းနှစ်လိုင်းပိုထည့်ဖို့ အထူးတလည်ခိုင်းခဲ့ရတယ်။ အခုဒါကို မြင်နိုင်ပြီလေ။”

“အကျိုးရလာဒ်ကရော?” ဆယ်ဗီနီက ရှုယီအား ဟာသတွေ့လိုက်သည့်နှယ်ကြည့်လာသည်၊ “ကျွန်မတို့ လုပ်ငန်းစုက ရိုးရိုးကောက်ပဲသီးနှံတွေအတွက် မြေဩဇာသာမရှိနေရင် ကျွန်မ ရှင့်ကိုတကယ် အပြစ်ပေးမှာ။”

ရှုယီက ယာဒိုဘက် လှည့်လိုက်၏၊ “ဒါဆို မန်နေဂျာ ယာဒိုကို ဖြေခွင့်ပေးလိုက်ပါ။”

ယာဒိုက ဆယ်ဗီနီကို အပြုံးဖျော့ဖျော့ဖြင့်ကြည့်ကာ၊ “မြို့စားအရှင်၊ ကျွန်တော့်အထင် အရှင် ဒါကို စိတ်ပူဖို့ မလိုပါဘူး။ ဥက္ကဌရှုက ကျွန်တော်တို့ကို ထုတ်လုပ်ရေးလိုင်းနှစ်လိုင်း ထောက်ပံ့ပေးထားကတည်းက ကျွန်တော်တို့ မြေဩဇာစက်ရုံရဲ့ ထုတ်လုပ်နှုန်းက တစ်လကို တန်ပေါင်း သုံးသိန်းအထိ ချိုးဖောက်နိုင်သွားပါပြီ။ ဥက္ကဌရှုရဲ့ တောင်းဆိုမှုကြောင့် မြေဩဇာအများစုက ကောက်ပဲသီးနှံတွေအတွက်ဖြစ်ပြီး တစ်လကို တန်ပေါင်း နှစ်သိန်းငါးသောင်းအထိရှိပါတယ်။”

“တန်ပေါင်း နှစ်သိန်း ငါးသောင်း?” ဆယ်ဗီနီက ခေါင်းငြိမ့်သည်၊ “ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါက ဘန်တာမြို့ရဲ့ လိုအပ်ချက်အတွက် အဆင်ပြေမယ်လို့ထင်လား?”

“သေချာပေါက် ပြဿနာမရှိပါဘူး။” ယာဒိုက ခေါင်းတစ်ချက်ငြိမ့်၏၊ “ဘန်တာမြို့ရဲ့ လိုအပ်ချက်ကို အာမခံဖို့ တစ်လစီကို လက်ကျန် တစ်ပုံစီချန်ထားတာ အခုဆိုရင် တန်ပေါင်း တစ်သန်းကျော်နေပါပြီ။ ဒီလထုတ်လုပ်ခဲ့တာကို ပေါင်းလိုက်ရင် နောက်လ စိုက်ပျိုးချိန်အတွင်းမှာ တန်ပေါင်း တစ်သန်း‌ခွဲကျော်လောက်မယ်။ ဘန်တာမြို့ကို ထောက်ပံ့တာအပြင် တခြားမြိုတော်တွေအတွက်ပါ ချန်ထားလို့ရနိုင်မယ်လို့တောင် ထင်ပါတယ်။”

“တခြားမြို့တွေကို စိုးရိမ်ဖို့မလိုပါဘူး၊ အရင်ဆုံး ကျွန်မရဲ့ လက်အောက်ငယ်သားကို ဘန်တာမြို့ရဲ့ မြေဩဇာလိုအပ်ချက် အရင်တွက်ခိုင်းလိုက်ပါဦးမယ်။” ဆယ်ဗီနီက ရှုယီဘက်လှည့်ကာ လေးနက်သည့်အဓိပ္ပာယ်ဖြင့် ပြုံးပြလာသည်၊ “ဥက္ကဌရှု၊ ကျွန်မ မှတ်မိသေးတယ်.... ရှင့်အနေနဲ့ ဒီမြေဩဇာအတွက် ဖြန့်ချိခွင့်‌ကို သတ်မှတ်ဖို့ ကျွန်မမှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကတိပေးခဲ့တယ်မဟုတ်လား?”

ရှုယီက တစ်ချက်အသာပြုံးသည်၊ “ဟုတ်ပါတယ် မြို့စားအရှင်၊ ခင်ဗျားက ဒီမှာ ဘုရင်မပါပဲ။”

'ဘုရင်မ'ဟူသည့် စကားကိုကြားသော် ဆယ်ဗီနီမှာ အံ့ဩကာ ရှုယီကို ကြည့်မိသွားသည်။

သို့သော် ရှုယီက စနောက်နေဟန်မပေါ်သဖြင့် ဆယ်ဗီနီက စိတ်ထဲသက်ပြင်းချကာ မည်သည်ကိုမှ မဆိုချေ။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၇။ မူးပြီးမောင်းခြင်း

မြေဩဇာစက်ရုံကို စစ်ဆေးပြီးနောက် ဆယ်ဗီနီမှာ ကားမမောင်းတော့ဘဲ ရှုယီ ယခင်က ပြောခဲ့ဖူးသည့် ခိုရိုရွာသို့ သွားလိုက်သည်။

ဂျုံနှင့် ဆန်စပါးမှာ စိုက်ပျိုးရေး၏ အခရာများဖြစ်သော်လည်း ခိုရိုရွာ၏ အသီးပင်များအား အရေးကြီးနယ်ပယ်တစ်ခုဟု သတ်မှတ်၍ရသည်။ ထို့ါပြင် ၎င်းက ၂နှစ်အတွင်း လျင်မြန်စွာကြီးထွားလာကာ ခိုရိုရွာ၏ လူများထံသို့ ဝင်ငွေအမြောက်အများ သယ်ဆောင်လာပေးသဖြင့် ဆယ်ဗီနီ၏ အာရုံကို ဆွဲဆောင်မိသွားခဲ့သည်။

“အရင်နှစ် ဆောင်းဦးကောက်ရိတ်သိမ်းချိန်အရ ဒီနွေဦးမှာ ကောက်ရိတ်သိမ်းပမာဏက အံ့ဩစရာကောင်းလောက်မယ်လို့ ခံစားနေရတယ်။” ရွှေအိုရောင် လယ်ကွင်းများကိုကြည့်ရင်း ရှုယီက တွေးဆဆပြောလာသည်၊ “ဆယ်ဗီနီ, ကျုပ်အထင်..... ဘန်တာမြို့မှာက အခြေခံစားသောက်ကုန် အလုံအလောက်ရှိတယ်လို့ ထင်တယ် ဒါကြောင့် ကျုပ်တို့တွေ သေချာပေါက် စည်သွပ်သီးစက်ရုံလို စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးအသစ်တွေ ဆက်လုပ်ဖို့ ကြိုးစားလို့ရနိုင်တယ်။”

“ဘန်တာမြို့ကိုပဲ စဉ်းစားရင်တော့ ပြဿနာမရှိဘူး။ ပြဿနာက ကျွန်မတို့က ဘန်တာမြို့ကိုပဲ စဉ်းစားရမှာမဟုတ်တာပဲ။” ဆယ်ဗီနီက ခေါင်းခါသည်၊ “ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကြောင့် လယ်မြေပမာဏကြီးတစ်ခုကို ရိတ်သိမ်းနိုင်ပြီးကောက်ပဲသီးနှံအထွက်နှုန်းကလည်း တိုးလာပေမယ့် အရင်နှစ် စာရင်းတွေအရ နိုင်ငံရဲ့ လိုအပ်ချက်ကို ထောက်ပံ့ဖို့တော့ မလုံလောက်ဘူး။”

ရှုယီမှာ အနည်းငယ် အံ့ဩသွား၏၊ “စတက်တိန်းနယ်မြေဆီကနေ ကျုပ်တို့ ပို့ပေးနေတဲ့ ကောက်ပဲသီးနှံ တန်ပေါင်းတစ်သိန်းနဲ့တောင် မလုံလောက်ဘူးလား?”

“မလောက်ဘူး။” ဆယ်ဗီနီက ခေါင်းခါသည်၊ “စိုက်ပျိုးရေး‌ဌာနရဲ့ စာရင်းတွေအရ နိုင်ငံမှာ လက်ရှိ လူပေါင်း ခြောက်သန်းကနေ ခုနစ်သန်းအထိရှိတယ်။ လူတိုင်းကို အခြေခံ အစားအစာပမာဏပေးရုံနဲ့တောင် တစ်နှစ်ကို တန်ပေါင်း တစ်သန်းနဲ့ နှစ်သိန်းလိုအပ်တယ်။ နိုင်ငံရဲ့ အရင်နှစ်က သီးနှံအထွက်နှုန်း စုစုပေါင်းက တန်‌ပေါင်း တစ်သန်း‌အောက်ပဲ ရှိတာကြောင့် ရှင် ပို့ပေးခဲ့တဲ့ တန်ပေါင်းတစ်သိန်းနဲ့ဆိုရင်တောင် အခြေခံလိုအပ်ချက်ကို ရောက်ဖို့ မလုံလောက်သေးဘူး။”

ရှုယီမှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်၏၊ သူ ယခင်က ၎င်းအချက်အလက်ကို မကြားခဲ့ဖူးချေ။

ဘန်တာမြို့ အခြေအနေမှ သူဟာ လက်ရှိ လမ်ပူရီတိုင်းပြည်အနေနှင့် အစားအစာအကြောင်း ထပ်မံစိုးရိမ်ဖို့ မလိုတော့ဟု ထင်ခဲ့မိသည်။

“ဖြစ်နိုင်တာက..... ဆာလောင်ပြီး သေသွားတဲ့လူတွေ ရှိနေလို့လား?”

“ဆာလောင်လို့ သေတာတော့မဟုတ်ပေမယ့် ဝမ်းစာမဖြည့်နိုင်ကြဘူးလေ။” ဆယ်ဗီနီက ရှုယီကိုကြည့်ကာ ရွှင်ပျပျပြုံးလိုက်၏၊ “ရှုယီ၊ ကျွန်မရှင့်ကို အမြဲကျေးဇူးတင်နေတာ။ ရှင် စိုက်ပျိုးရေးသုံးမှော်စက်တွေကို တီထွင်ခဲ့တဲ့အတွက် နိုင်ငံရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းလည်း အများကြီးတိုးလာခဲ့တာကြောင့်မဟုတ်ရင် နှစ်တိုင်း ဆာလောင်ပြီး သေဆုံးတဲ့လူတွေ အတော်များနေလောက်တယ်။”

“ဒါက ချီးကျူးဖို့ ထိုက်တန်တာမရှိပါဘူး။”ရှုယီက လက်ယမ်းကာ မျက်မှောင်ကုပ်၍ ပြောသည်၊ “ခင်ဗျား ပြောချင်ရင် မြေဩဇာ အရောင်းမြှင့်တင်သင့်တယ်။ နိုင်ငံက မြို့တိုင်းသာ ကျုပ်တို့ ဘန်တာမြို့လို ဖြစ်နိုင်ရင်တော့ လူတွေလည်း သူတို့ဝမ်းစာကိုဖြည့်နိင်ပြီး အစားအစာအကြောင်း ပူစရာလိုမှာမဟုတ်တော့ဘူး။”

“ဒါက ရှင့်ရဲ့ တာဝန်လေ။” ဆယ်ဗီနီက ရှုယီကို ညွှန်ပြကာ၊ “ဒီမြေဩဇာစက်ရုံက ရှင်တို့ လုပ်ငန်းစုက စီစဉ်ထားတာမဟုတ်ဘဲ နတ်သူငယ်တွေစီစဉ်ထားမှန်း ကျွန်မသိတယ်၊ ဒါပေမယ့် ရှုယီ၊ ရှင့်ဆီမှာ နတ်သူငယ်တွေကို မြေဩဇာစက်ရုံတစ်ရုံဖွင့်ဖို့ ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ရှိနေမှတော့ သူတို့တွေ စက်ရုံများများဖွင့်လာအောင် လုပ်သင့်တယ်။ နိုင်ငံရဲ့ လိုအပ်ချက်ကို ရောက်အောင် ဒါမှမဟုတ်ရင်လည်း..... သူတို့ဆီကနေ မြေဩဇာထုတ်လုပ်တဲ့ နည်းလမ်း သင်ယူတာမျိုးပေါ့။”

ဆယ်ဗီနီ၏ ရှင်းရှင်းလင်းလင်းစကားများကို ကြားသော် ရှုယီက ခါးသက်သက် ရယ်လိုက်၏။

သူ့အနေနှင့် ၎င်းတို့ထံမှ ဖော်မြူလာကို မသင်ယူချင်လိုခြင်းမဟုတ်သော်လည်း လရိပ်မျိုးနွယ်စု၏ နတ်သူငယ်များက မတုံးအသလို ထိုနေရာ၌ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထားကြသည်။ ရှုယီ မြေဩဇာစက်ရုံသို့ လာတိုင်း မည်သည့်လက်ဆုပ်လက်ကိုင်ပြစရာကိုမှ မတွေ့ချေ။ ယခုအထိပင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဖော်မြူလာနှင့် ပတ်သက်သည့် မည်သည့် အရေးပါသော အချက်အလက်ကိုမှ မရခဲ့သေးချေ။

သို့သော် ရှုယီက ထိုမျှ မပူပန်နေပေ။

မည်သို့‌ဖြစ်စေ လရိပ်မျိုးနွယ်စုက သူ၏ အမည်အောက်၌ စက်ရုံဖွင့်ထားရာ ၎င်းတို့အနေနှင့် အမြဲတမ်း တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေဖို့ မဖြစ်နိုင်ပေ။

ရှုယီမှာ လူအတော်များများက သူ့အနေနှင့် လျှို့ဝှက်ဖော်မြူလာကို ရယူပြီးနောက်တွင် နတ်သူငယ်များကို မောင်းထုတ်သင့်သည်ဟု တိတ်တဆိတ်ပြောသည်များကိုကြားခဲ့ရရာ သူကိုယ်တိုင် မြေဩဇာစက်ရုံလည်ပတ်ရန်က အန္တရာယ်မရှိချေ။

ဤလောက၏ မြေဩဇာစက်ရုံက ကမ္ဘာမြေကတစ်ခုနှင့် ကွာခြားသည်၊ မြေဩဇာပြုလုပ်ရန် ဓာတုဗေဒကို မှီခိုရမည့်အစား နတ်သူငယ်တို့၏ ရှေးဟောင်းလေ့လာမှုများကို အခြေခံထားသည်။ ဖော်မြူလာတစ်ခုမှ နှစ်ထောင်ချီ အလုပ်လုပ်ခြင်းမှ လာ၏။

၎င်းတို့ ယူလိုက်ပါလျှင်တောင် နတ်သူငယ်များမှလွဲ သာမန်လူများမှာ ကောင်းကောင်း လုပ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ရှုယီအတွက် အကောင်းဆုံးနည်းလမ်းမှာ အတူတကွ အလုပ်ဆက်လုပ်နိုင်ခြင်းဖြစ်၏။

နတ်သူငယ်များအား လူသားတို့၏ လိုအပ်ချက်အလိုက် မြေဩဇာ ထုတ်လုပ်ခွင့်ပြုခြင်းမှာ ၎င်းတို့ဖုံးကွယ်ထားသည့် တန်ဖိုးကို အသုံးပြုဖို့ အကောင်းဆုံးနည်းပင်။

နတ်သူငယ်များက အကျိုးအမြတ်အနည်းငယ်သာ ရနိုင်ပါသော်လည်း ရှုယီ၏ ထိန်းချုပ်မှုနှင့် ဖြန်ဖျေပေးခြင်းမှတဆင့် ၎င်းတို့အားလုံးကို လက်ခံနိုင်ပါ၏။

အဆုံးတွင် နတ်သူငယ်များနှင့် လူသားတို့၏ လိုအပ်ချက်က ထိုမျှ ပဋိပက္ခမများချေ။

“ဆယ်ဗီနီ, ကျုပ် ခံစားမိတာတော့..... ခင်ဗျား ကျုပ်ကို အလုပ်သမားကဒ်နည်းနည်းလောက်ထပ်ပေးသင့်တယ်၊ ဒါဆို ကျုပ် လရိပ်မျိုးနွယ်စု နတ်သူငယ်တွေကို ဘန်တာမြို့ဆီ ထပ်ဝင်လာခိုင်းလို့ရပြီး နောက်ထပ် မြေဩဇာစက်ရုံနှစ်ရုံ တည်ထောင်လို့ရမယ်။ ဒါမှမဟုတ်လည်း...... စတက်တိန်း နယ်မြေမှာပဲ တစ်ခု စဖွင့်ထားလိုက်မယ်။ လရိပ်မျိုးနွယ်စုက အဲ့မှာဆိုတော့ သူတို့ရဲ့ ထုတ်လုပ်ရေးအတိုင်းအတာက ပိုကြီးလာမှာပဲ။ ဘာပဲဖြစ်ဖြစ် စတက်တိန်း နယ်မြေဆီသွားတဲ့လမ်းက အခုပြီးပြီဆိုတော့ ဆိုဒ်ကြီးပို့ဆောင်ရေးမှော်ကားတွေနဲ့ဆို ဒါတွေကို ပို့ပေးဖို့ ပိုလွယ်မှာပါ။”

“အင်း..... ဒီအကြံပြုချက်နှစ်ခုက မဆိုးဘူး။ ကျွန်မ စဉ်းစားလိုက်မယ်၊ နှစ်ခုစလုံးလည်း လုပ်လို့ရနိုင်တာပဲ။ ပြီးတော့ ကျွန်မလည်း ခံစားနေရတာ.....”

ဆယ်ဗီနီက လှည့်လာကာ ရှုယီထံ သူမ၏ အတွေးများအကြောင်း ပြောမည်အပြုတွင် ရုတ်တရတ် ရှုယီ၏ မျက်နှာထားပြောင်းသွားပြီး ရှေ့သို့ ခုန်လိုက်လေသည်။

“ရှင် ဘာတွေလုပ်နေ.....”

ဆယ်ဗီနီမှာ အံ့ဩနေဟန်ဖြင့် ထိုသို့ပြောနေရုံသာ ရှိသေးသည်၊ ရှုယီက သူမကို ဖိချလိုက်ပြီးနောက် 'ဒုန်း'ဟူသော အသံကိုကြားလိုက်ရလေ၏။

ကြည့်ရသည်မှာ မှော်ဆလွန်းက တစ်ခုခုနှင့် တိုက်မိသွားပုံပင်။ ကားကာ ရုတ်တရတ် ယမ်းခါသွားပြီး လမ်းနံဘေးရှိ မြေကွက်ထဲဆင်းသွားကာ အမှိုက်များကို တိုက်မိချိန်မှ ရပ်သွားတော့သည်။

မှော်ဆလွန်းရပ်သွားချိန်တွင် ဆယ်ဗီနီမှာ ဘာဖြစ်မှန်း နားလည်သွား၏။

ကားမတော်တဆမှုပါပင်။

ဆယ်ဗီနီမှာ မနေနိုင်ဘဲ စိတ်ထဲ ဗလာဖြစ်သွားရသည်။

သူမအနေနှင့် ယာဉ်မတော်တဆမှုများစွာအကြောင်း အစီရင်ခံစာများ ရဖူးသော်လည်း သူမထံ ဖြစ်လာချိန်တွင် ဘာလုပ်ရမှန်းမသိတော့ချေ။

သို့သော် တစ်မိလောက်သာကြာလိုက်ပြီး သူမလည်း ချက်ချင်း အသိပြန်လည်လာတော့သည်။

“ရှုယီ၊ ရှင်အဆင်ပြေရဲ့လား?”

တိုက်မိသွားချိန်တွင် ဆယ်ဗီနီမှာ ရှုယီ၏ နာနာကျင်ကျင်ညည်းတွားသံကို သေချာကြားခဲ့ပါ၏။

ရှုယီ၏ လက်များက လက်ရှိတွင် သူမပေါ်၌ ရှိကာ ၎င်းတို့က အားကောင်းဟန်ပေါ်သော်လည်း သူ၏ အမူအရာက နာကျင်မှုဖြင့် ပြည့်နေသည်။ ကြည့်ရသည်မှာ အနာတရ အတော်များသွားပုံပင်။

“ရှီး” ရှုယီလည်း အသက်ပြင်းပြင်းရှုပြီးနောက် တံတွေး ထွေးလိုက်သည်။ မျက်နှာအမူအရာက ပိုမိုပြေလျော့လာကာ ဆယ်ဗီနီ၏ စိုးရိမ်နေဟန်ကိုမြင်သော် ခေါင်းခါလေ၏၊ “အဆင်ပြေပါတယ်။ ကျုပ်ဆီမှာ မှော်အကာအရံရှိတယ်၊ အဲ့လောက်များများစားစားမဖြစ်သွားဘူး။”

“ဒီလိုလား?” ဆယ်ဗီနီက ရှုယီက သံသယဖြင့်ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မပြောတော့ချေ။

ရှုယီလည်း ဆယ်ဗီနီကို ဂရုတစိုက်ကြည့်ကာ သူမ ဒဏ်ရာမရကြောင်း အတည်ပြုပြီးမှ စိတ်အေးသွားသည်။

သို့သော် သူစိတ်အေးသွားချိန်တွင် ၎င်းတို့၏ အနေအထားက အတော်ဆိုးနေကြောင်း တွေ့လိုက်ရ၏။

တစ်ယောက်ယောက်သာ ဘေးကကြည့်နေပါက ရှုယီမှာ လက်ရှိတွင် ဆယ်ဗီနီကို တွန်းလှဲနေသလိုပင်။

“ခ်..... ဟုတ်ပြီ အရင်ထွက်ကြတာပေါ့။ ကျုပ်တို့ ကားထဲမှာပဲ ဆက်နေရင် အန္တရာယ်များတယ်။” ရှုယီက ခြောက်ကပ်ကပ် ချောင်းဟန့်ကာ ကိုယ်ကိုဖယ်ခွာလိုက်သည်။

တံခါးကို တွန်းဖွင့်လိုက်သော် ဆယ်ဗီနီ၏ ရွှေအိုရောင်မှော်ဆလွန်းလေး၏ ရှေ့ပိုင်းမှာ အနည်းငယ်ပျက်စီးနေပြီး အခြားမည်သည့် ထိခိုက်မှုမှတော့ မရှိပေ။

သို့သော် လမ်းပေါ်ကြည့်လိုက်ချိန်၌ တစ်ဖက်တွင် ကျွမ်းထိုးမှောက်ခုံဖြစ်နေသည့် မှော်ဆလွန်းတစ်စီး လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

“ဘယ်ကောင်က ဒီလောက် အရူးအမူးမောင်းနေတာလဲဆိုတာ တွေ့ချင်မိတယ်။”

ရှုယီက မျက်ခုံးများတွန့်ချိုးကာ မှော်ဆလွန်းထံသွားလိုက်သည်။ ယာဉ်မောင်းခုံကိုကြည့်လိုက်ချိန်တွင် အသိမဲ့နေသော အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရ၏။

“ဘာလို့ သူ့ကိုကြည့်ရတာ နည်းနည်းလောက် ရင်းနှီးသလို ဖြစ်နေတာပါလိမ့်?” ရှုယီလည်း စဉ်းစား၍ တံခါးကိုဆွဲကာ လူငယ်လေးကို ကားထဲမှ ထုတ်လိုက်သည်။

သူ့အား မြေပေါ်ချထားလိုက်ချိန်တွင် ထိုလူငယ်လေးက ဘာရွန်ဘယ်လီဖြစ်ကြောင်း တွေ့ရလေ၏!

ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ချေ။

“ဒီလူက ငါနဲ့ ငါတို့လုပ်ငန်းစုအပေါ် အမြင်ကြီးကြီးမားမားရှိပေမယ့် မှော်ဆလွန်းရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ဘဲ တစ်စီးဝယ်လိုက်သေးတယ်။”

ရှုယီလည်း ငုံ့ကိုင်းကာ ဘာရွန် ဘယ်လီ၏ မျက်နှာကို ပုတ်လိုက်ရာ မျက်မှောင်အသာကျုံ့လာသည်။ သူက အကြိမ်ရေအနည်းငယ် ညည်းတွားနေပြီးနောက် မျက်လုံးများပွင့်လာ၏။

ရှုယီဖြစ်ကြောင်း မြင်ချိန်တွင် ဘာရွန် ဘယ်လီ၏ မျက်လုံးများမှာ ရုတ်တရတ် ပြူးကျယ်သွားတော့သည်။

“ဘာလို့ မင်းဖြစ်နေရတာလဲ?”

ဘာရွန် ဘယ်လီ ပြောလိုက်ချိန်တွင် ရှုယီမှာ သူ့ထံမှ လာသည့် အရက်နံ့ပြင်းပြင်းကိုရလိုက်ပြီး နှာခေါင်းမရှုံ့မိဘဲ မနေနိုင်‌လိုက်ချေ၊ “ဘာလို့ ကျုပ် ဖြစ်လို့မရတာလဲ? ဘာရွန် ဘယ်လီ, ပြောပြပါရစေ ခင်ဗျား မတော်တဆမှု ဖြစ်စေခဲ့တယ်။”

ဘာရွန်ဘယ်လီက မှော်ဆလွန်းကို ခက်ခက်ခဲခဲကြည့်ကာ ရင်ထဲ၌ အနည်းငယ် နာကျင်သွားသည်။ ရှုယီဘက် ပြန်လှည့်လိုက်ချိန်တွင် မျက်လုံးများက တစ်ဖန်စူးရှလာကာ နှာမှုတ်လေသည်၊ “မတော်တဆ? ဟမ့်၊ ကျုပ် ခင်ဗျားကားကို တိုက်မိရင်တောင် ဒါက ဘယ်လိုလုပ် ဒုက္ခ‌ဖြစ်စေတယ်လို့ သတ်မှတ်မှာလဲ? ဥက္ကဌရှု ကျုပ် ခင်ဗျားကို အကြိမ်များစွာ ပြောခဲ့ပြီးပြီ၊ ခင်ဗျားကို ခင်ဗျား အထင်သိပ်မကြီးနေနဲ့လို့။ ခင်ဗျားက အဆင့်နိမ့်ကုန်သည်လေးတစ်ယောက်ပါပဲ၊ ဘယ်လိုများ ကျုပ်ရှေ့မှာ မာနကြီးပြဖို့ အရည်အချင်းရှိမှာလဲ?”

ရှုယီက ရယ်မောလိုက်သည်၊ “ကောင်းပါပြီဗျာ၊ ကျုပ်က တကယ်ကို အဆင့်နိမ့် ကုန်သည်လေးပါပဲ၊ ဒါပေမယ့် ခင်ဗျား ဘုရင်မ ဆယ်ဗီနီကို အထင်သေးဝံ့လို့လား?”

“ဘုရင်မ?” ဘာရွန် ဘယ်လီက အံ့ဩသွားသည်။ သူဟာ ရှုယီကြည့်ရာသို့လိုက်ကြည့်လိုက်သော် လယ်ကွင်းထဲရှိ တခြားကားထဲမှ ထွက်လာသည့် ဆယ်ဗီနီကို တွေ့လိုက်ရလေသည်။

မှော်ဆလွန်းလေး၏ ရွှေအိုရောင်ဖျော့ဖျော့ကို တွေ့လိုက်ရချိန်တွင် ဘာရွန် ဘယ်လီ၏ အမူအရာက ပြောင်းလဲသွားတော့၏။

အနှီ ရွှေအိုရောင်ဖျော့ဖျော့ မှော်ဆလွန်းက ဘန်တာမြို့၏ မျိုးရိုးမြင့်အသိုင်းအဝိုင်း၌ အတော်လေး ကသောင်းကနင်းဖြစ်သွားစေခဲ့သေးသည်၊ အကြောင်းမှာ ၎င်းက မှော်ဆလွန်း အနက်နှင့် အဖြူအပြင် တခြားတစ်ခုတည်းသော အရောင်ဖြစ်နေ‌ခြင်းကြောင့်ပင်။ ၎င်းက မျိုးရိုးမြင့်များ အင်မတန်သဘောကျသည့် ရွှေအိုရောင်ဖြစ်ပေ၏။

မှော်ဆလွန်း ရွှေအိုရောင်ကို ရနိုင်မည်ဟု မျှော်လင့်ရင်း မှာယူလာကြသော မျိုးရိုးမြင့်နှင့် ကုန်သည်များရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းအား ဘုရင်မကိုသာ ပေးအပ်မည့်အရာဖြစ်သော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။

ထို့ကြောင့် အနှီရွှေအိုရောင်ဖျော့ဖျော့ မှော်ဆလွန်းကို မြင်လိုက်သည်နှင့် ဤသည်က ဘုရင်မ၏ ကိုယ်ပိုင်ကားမှန်း လူတိုင်းသိကြသည်။

ဘာရွန် ဘယ်လီကဲ့သို့ မှော်ဆလွန်းများကို မြတ်နိုးသူအတွက်လည်း ရွှေအိုရောင်ဖျော့ တစ်စီးရရန် ကြိုးစားခဲ့ဖူးရာ ၎င်းကို မည်သို့ မသိရှိမည်နည်း?

သူဟာ တကယ်ကြီး ဘုရင်မ၏ ကားကို တိုက်မိခဲ့သည်!

ဒီကိစ္စကို ဘယ်လို အဆုံးသတ်ရပါ့မလဲ?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၈။ ဘယ်ရှုထောင့်ကလဲ?

“အရမ်း ဒုက္ခများတယ်။” ဆယ်ဗီနီက ရှုယီကို မျက်ခုံးများ တွန့်ချိုးလျက် ကြည်လာသည်။

“ဒုက္ခများတယ်?” ရှုယီထံ၌ ရှုပ်ထွေးဟန်ရှိနေ၏။

လွန်ခဲ့သည့် နာရီဝက်အကြာက သူဟာ ဘန်တာမြို့ထဲသို့ ကိစ္စတစ်ခုလုပ်ဆောင်ရန် လာခဲ့ပြီး လမ်း၌ ဘာရွန် ဘယ်လီနှင့် ဆုံခဲ့သည်။ သူဟာ လက်ရှိတွင် အမည်မသိမိန်းကလေးတစ်ဦးနှင့်အတူ လမ်းပတ်လျှောက်ကာ အင်မတန် လွတ်လွတ်လပ်လပ်ဖြစ်နေသည်ကို တွေ့ခဲ့သဖြင့် ချက်ချင်း မြို့စားအိမ်တော်သို့ လာကာ ဆယ်ဗီနီကို မေးမြန်းခြင်းဖြစ်သည်။

ဆယ်ဗီနီ၏ မတော်တဆမှု ဖြစ်ပြီးခဲ့သည်မှာ သုံးရက်သာကြာသေးသည်။ ကားနှစ်စီးတိုက်မိချိန်တွင် ဆယ်ဗီနီနှင့် ဘာရွန် ဘယ်လီတို့မှာ အပြင်းအထန် ဒဏ်ရာမရသွားကြသော်လည်း ဘာရွန် ဘယ်လီအား မြို့စားအိမ်တော်သို့ မေးမြန်းရန် အတွက် ခေါ်သွားခဲ့သည်။

ရှုယီမှာ ထိုသို့သော အရေးကြီးကိစ္စက ဘာရွန် ဘယ်လီအား သင်ခန်းစာပေးရန် အချိန်ကြာ အချုပ်ကျစေလောက်မည်ဟု ထင်ခဲ့သော်လည်း သုံးရက်တည်းနှင့် လမ်းထွက်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူဟာ အင်မတန်စိတ်လက်ပေါ့ပါးဟန်ပေါ်နေရာ ဘာမှ မဖြစ်ခဲ့သလိုပါပင်။

၎င်းက ရှုယီကို အင်မတန် ရှုပ်ထွေးသွားစေ၏။

ထိုသို့သော ကိစ္စကြီးတစ်ခုဖြစ်ပွားခဲ့သည်ကို ဆယ်ဗီနီက ထိုမျှလွယ်လွယ် အလွတ်ပေးရန် စီစဉ်ထားခဲ့သည်လား?

“ကျွန်မ မလွှတ်ပေးရင်ရော ဘာလုပ်နိုင်မှာမို့လို့လဲ?” ဆယ်ဗီနီက သက်ပြင်းတစ်ချက်ချ၏၊ “ဒုတိယနေ့မှာ စတက်ဂျ်မိသားစုက ကျွန်မဆီကို ရွှေဒင်္ဂါးငါး‌သိန်းပေးဖို့ လူလွှတ်လိုက်တယ်လေ။ မျိုးရိုးမြင့်တွေကြားက စည်းမျဉ်းတွေအရ ဘာရွန် ဘယ်လီသာ ကျွန်မကို စိတ်ရင်းနဲ့တောင်းပန်ပြီး ဒုခ့်စတက်ဂျ်က ဖခမည်းတော်ကို တောင်းပန်အောင် မလုပ်တာကတင် ကျွန်မကို မျက်နှာသာပေးရာကျနေပြီ။ ကျွန်မသာ ဘာရွန် ဘယ်လီကို တစ်ခုခုဆက်လုပ်မယ်ဆိုရင် တခြားမျိုးရိုးမြင့်တွေကိုပါ မကျေမနပ်ဖြစ်စေပြီး တော်ဝင်မိသားစုက မျိုးရိုးမြင့်တွေကို အနိုင်ကျင့်ပါတယ်လို့ ထင်သွားကြလိမ့်မယ်။”

ရှုယီက ကြောင်အနေသည်၊ “အမှားရှိလို့လား? ဆယ်ဗီနီ, ခင်ဗျားက မင်းသမီးလေ! ဒီလို ယာဉ်မတော်တဆမှုကြီးတစ်ခုက ဒီတိုင်း တစ်ချက်လေးတောင်းပန်ရုံနဲ့ ပြီးသွားတယ်လား?”

“ဒါက အဲ့လောက်လည်း မပြင်းထန်ဘူးမဟုတ်လား?” ဆယ်ဗီနီက ရှုယီကို ကြည့်ကာ ရှုယီ၏ တုံ့ပြန်မှုက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသွားသည်၊ “ကျွန်မလည်း လုံးဝ ဒဏ်ရာမရသွားသလို ဘာရွန် ဘယ်လီကမှ သွေးတွေ အတော်များများ အန်ခဲ့တာကို ရှင်မြင်ခဲ့တယ်မဟုတ်လား?”

“သူက အရင် ပြဿနာဖြစ်အောင်လုပ်တာလေ! သူသေသွားရင်တောင် ဒါက သူယူရမယ့် တာဝန်ချည်းပဲ၊ သူနဲ့ ထိုက်တန်တာပဲ!” ရှုယီက ဒေါသတကြီးဆိုပါ၏၊ “အဲ့ကောင်က အဲ့လိုအချိန်ကြီးမှာတောင် သောက်ထားတာလေ! တာဝန်ယူတဲ့အကြောင်း ပြောချင်ရင် ဒါက အားလုံးသူ့အပေါ် မူတည်တယ်။ ကျုပ်သာဆိုရင် ဒီကောင့်ကို ထောင်ထဲထည့်လိုက်ပြီ၊ မဟုတ်လို့ကတော့ သူက တစ်နေ့နေ့မှာ တစ်ယောက်ယောက်ကို တကယ်သတ်မိမှာပဲ!”

“ကျွန်မလည်း မလုပ်ချင်ဘူး ထင်လို့လား?” ဆယ်ဗီနီက ရှုယီထံ မျက်လုံးများ မှိတ်ပြလိုက်ပြီးနောက် ကူရာမဲ့စွာ သက်ပြင်းချသည်၊ “ဒါပေမယ့် ရှုယီ၊ နိုင်ငံရဲ့ စည်းမျဉ်းအားလုံးကို ကျော်ဖြတ်သွားရရင်တောင် လူတစ်ယောက်ကို မှော်ကားနဲ့ တိုက်မိတာအတွက် ဘာပုဒ်မတစ်ခုမှ မရှိဘူး။ ဒါမှမဟုတ်ရင်လည်း မှော်ကားတွေအတွက် အထူးတလည်ချမှတ်ထားတဲ့ စည်းမျဉ်းမရှိဘူးလို့ ပြောလို့ရတယ်။ သူက ကျွန်မကို တိုက်မိတာကြောင့်သာ တောင်းပန်ဖို့ တွန်းအားပေးခံလိုက်ရတာ၊ ဒါပေမယ့် သူသာ သာမန်လူတစ်ယောက်ကို တိုက်မိလို့ သူတို့ကို သတ်လိုက်မိရင်တောင် သူ့ကို တမင်တကာ လူသတ်သမားလို့ သတ်မှတ်လို့ရမှာမဟုတ်ဘူး။ သူ့အနေနဲ့ ရွှေဒင်္ဂါးနည်းနည်းလေးပေးပြီး တောင်းပန်ဖို့တောင် လိုအပ်နေမှာမဟုတ်ဘူး။”

“ဒါက.....” ရှုယီလည်း ခဏမျှ စဉ်းစားနေပြီးနောက် ခါးသက်သက်ပြုံးပြလာသည်။

မှန်ပါ၏၊ လမ်ပူရီတိုင်းပြည်နှင့် စိုင်စ်နယ်မြေကြီးအတွက်ပင် မှော်ကားများမှာ ထူးကဲသည့်အရာဖြစ်၏။ မည်သို့များ မှော်ကားများအတွက် ဥပဒေရှိလိမ့်မည်နည်း?

တကယ်တမ်း ဘာရွန်ဘယ်လီသာ ဆယ်ဗီနီကို တိုက်မိလောက်သည်အထိ ကံဆိုးမနေခဲ့လျှင် သူ့အတွက် မည်သည်မှ ဖြစ်ပွားခဲ့လိမ့်မည်မဟုတ်ချေ။

ရှုယီလည်း စဉ်းစားကာ ဆက်ပြောလာသည်၊ “ကောင်းပြီလေ ဘုရင်မ၊ ဘာရွန် ဘယ်လီက တာဝန်ယူသင့်သည်ဖြစ်စေ မယူသင့်သည်ဖြစ်စေ ခင်ဗျားက ဒါကို သုံးပြီးတစ်ခုခုလုပ်ဖို့ မစီစဉ်ထားတာတော့ မဟုတ်ဘူးမို့လား? ကျုပ်အထင်..... ဘာရွန် ဘယ်လီက ခင်ဗျားကို တမင်သက်သက် သတ်ဖို့ ကြိုးစားတယ်လို့တောင် စွပ်စွဲလို့ရနိုင်တယ်။ ဘုရင်မကို လျှို့ဝှက်သတ်ဖြတ်ဖို့ကြိုးစားတာက အရမ်းကိုပြင်းထန်တဲ့ ပြစ်မှုမဟုတ်ဘူးလား?”

“ဟင့်အင်း” ဆယ်ဗီနီက ခေါင်းခါသည်၊ “ရှင့်ရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်၊ ဒါပေမယ့်.... အခုက အချိန်မကျသေးဘူး။”

“အချိန်မကျသေးဘူး?” ရှုယီက မျက်မှောင်ကုပ်၏။

“ဟုတ်တယ် အချိန်မကျသေးဘူး၊ ကျွန်မ အခုဘာကိုမှ မလုပ်နိုင်သေးဘူး။” ဆယ်ဗီနီက ခေတ္တရပ်တန့်ပြီးနောက် ခေါင်းငြိမ့်ကာ ထပ်ပေါင်းပြောလာသည်၊ “ဒါက လူအတော်များများတွေးမယ့်အရာပဲ၊ ရှင် သံသယဖြစ်ဖို့ မလိုပါဘူး။”

“အဲ့ထဲမှာ ကောင့်ထ်စီယန် ရောပါလား?” ရှုယီက မေးသည်။

“အင်း”

ရှုယီလည်း တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်လိုက်၏၊ “ကောင်းပြီလေ၊ အခု ကျုပ်မှာ အရည်အချင်းမရှိတာကြောင့် ဒီကိစ္စကို ဝင်မစွက်ဖက်တော့ဘူး။ ဒါပေမယ့် ဆယ်ဗီနီ အနည်းဆုံးတော့ ဒီကိစ္စကို အသုံးချပြီး မှော်ကားတွေရဲ့ အရေးပါပုံကို နိုင်ငံဆီ ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျုပ်အရင်က အကြံပြုခဲ့တဲ့ ယာဉ်စည်းကမ်းတွေကသာ ဥပဒေဖြစ်လာရင် ဒါက နိုင်ငံအတွက် သိပ်ကောင်းတဲ့အရာဖြစ်လာမယ်လို့ ကျုပ်ထင်တယ်။”

“အင်း၊ ကျွန်မ ဒီကိစ္စကို ကိုင်တွယ်ဖို့ အခု လူတစ်ယောက်ကို ရှာနေတာ။” ပြောရင်းနှင့် ဆယ်ဗီနီက ရုတ်တရတ် ပြုံးလိုက်သည်၊ “ပြောရရင် ဒီကိစ္စကြောင့် ဘယ်သူကမှ ကျွန်မရဲ့ အကြံပြုချက်ကို မကန့်ကွက်ခဲ့ဘဲ အရမ်းချောချောမွေ့မွေ့ပြီးသားတယ်လေ။ ရှုယီ ရှင် ဒီမတော်တဆမှုကို ကျေးဇူး မတင်သင့်ဘူးလား?”

ရှုယီက ဆယ်ဗီနီကို လေးနက်နေဟန်ဖြင့် ကြည့်ကာ ခေါင်းခါသည်၊ “ဟင့်အင်း၊ ခင်ဗျား အန္တရာယ်ဖြစ်ဖို့ထက် ယာဉ်နဲ့ပတ်သက်တဲ့ ဥပဒေတွေကို မ‌ပြဌာန်းဖို့ ပိုမျှော်လင့်တယ်။”

ရှုယီ မျက်နှာထက်မှ ရှားရှားပါးပါးလေးနက်နေဟန်ကိုမြင်သော် ဆယ်ဗီနီမှာ ရုတ်တရတ် နွေးတက်လာပြီး မျက်နှာသည်လည်း အတန်ငယ် နီမြန်းလာသည်။

ခဏကြာပြီးနောက် သူမက ရှုယီ၏ အကြည့်ကိ မခုခံနိုင်တော့ဘဲ ခေါင်းခါလိုက်လေသည်။ တစ်စက္ကန့်လောက် ရပ်တန့်နေပြီးနောက်တွင် တစ်ဖန်ပြန်မော့ကြည့်လိုက်သည်။

သူမမျက်နှာထက်ရှိ ရှက်သွေးရဲရဲလေးများက ပိုမိုနီမြန်းလာသော်လည်း သူမက ရှုယီ၏ အကြည့်ကို မလွှဲဘဲ ဆုံလိုက်၏။

“ရှုယီ ကျွန်မ ရှင့်ကို ဒီအတွက် ကျေးဇူးမတင်ရသေးဘူး။ အဲ့နေ့က ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်။”

ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “ဒါက ဘာမှမဟုတ်ပါဘူး။ ခင်ဗျား ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့် ဒါက ကျုပ် လုပ်သင့်တာပါပဲ။”

“ဘယ်ရှုထောင့်ကနေပဲဖြစ်ဖြစ်?” ဆယ်ဗီနီက ရှုယီကို လေးနက်‌စွာကြည့်လိုက်သည်၊ “အထူးသဖြင့် ဘယ်ရှုထောင့်လဲ?”

“ဒါက..... ပထမဆုံး လူသားဆန်မှု အခြေခံရှုထောင့်လေးပါပဲ။ လူတစ်ယောက် အန္တရာယ်ထဲကျတော့မှာကိုမြင်တော့ သာမန်လူတစ်ယောက်အနေနဲ့ ကျုပ်က သူတို့ကို မကူညီချင်ရတော့ဘူးလား?”

“အိုး? ပြီးတော့ တခြား ဘယ်ရှုထောင့်တွေ ကျန်သေးလဲ?” ဆယ်ဗီနီက အနည်းငယ် လက်လျှော့ဖို့ ဆန္ဒမရှိသေးချေ။

ရှုယီလည်း ပြုံး၍ ဖြေလိုက်၏၊ “ခင်ဗျားက ဘုရင်မဖြစ်တဲ့ ရှုထောင့်လည်းပါတယ်။ စဉ်းစားကြည့်လေ ကျုပ်ရဲ့ ခန္ဓာကိုယ်နဲ့ ဘုရင်မကို ကာကွယ်ပေးတာက တကယ်ကို အရေးပါတဲ့ ကောင်းမှုပဲ။”

ဆယ်ဗီနီမှာ ရှုယီကိုကြည့်ရင်း ပြုံးလိုက်မိသည်။ ခဏရပ်တန့်နေပြီးနောက် သူမက ဆက်မေးလိုက်၏၊ “ပြီးတော့ရော..... တခြားဘယ် ရှုထောင့်တွေရှိသေးလဲ?”

ဆယ်ဗီနီ၏ ပြင်းပြသောအကြည့်ကိုမြင်သော် ရှုယီက ဘေးသို့ နေရခက်စွာ ခေါင်းအား ရွှေ့လိုက်သည်။ ခဏတာ‌ တုံ့ဆိုင်းနေပြီးနောက်တွင် သူက အသံဖွဖွဖြင့် ဆိုလာ၏၊ “ပြောရရင် ခင်ဗျားက မိန်းကလေးဖြစ်ပြီး ကျုပ်က ယောက်ျားတစ်ယောက်ဖြစ်တာကြောင့်ပဲလေ။ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့က သဘာဝပဲ။”

“တကယ်လား?” ဆယ်ဗီနီက ရွှင်ပျစွာ လက်ခုပ်တစ်ချက်တီး၏၊ “ဒီတော့ ရှင် ကျွန်မကို သာမန် မိန်းကလေးတစ်ယောက်လို ဆက်ဆံတယ်ပေါ့?”

ရှုယီက ဝမ်းနည်းစွာ သူမအား စိုက်ကြည့်လိုက်သည်၊ “ကျုပ်ပြောမယ်.....ခင်ဗျား ကျုပ်ကို စနောက်နေတာလား? ခင်ဗျားရဲ့ ရာထူးတွေကို ဖယ်လိုက်ရင်၊ ခင်ဗျားက မိန်းကလေးတစ်ယောက်ဖြစ်ရုံတင်မကဘဲ အရမ်းကိုလှတဲ့ မိန်းကလေးလည်း ဖြစ်တယ်မဟုတ်လား?”

ဆယ်ဗီနီက မျက်လုံးများမှေးကျဉ်းလျက် ရယ်လေသည်၊ “ကျွန်မ ဒီချီးကျူးမှုကိုကြားရတာ အရမ်းဝမ်းသာပါတယ်။ ဒါဆို ရှုယီ ရှင် ကျွန်မကို အခုကစပြီး သာမန်မိန်းကလေးတစ်ယောက်လို ပိုပြီးဆက်ဆံပေးနိုင်မလား၊ အမြဲတမ်း မင်းသမီးတစ်ယောက်လို မဆက်ဆံဘဲနဲ့လေ?”

ရှုယီက ပခုံးတွန့်၏၊ “ခင်ဗျားက ခင်ဗျားရဲ့ အထောက်အထားကို ပြောင်းလဲလို့မရနိုင်တာကြောင့် ဒါကို သဘောတူဖို့ ကျုပ်အတွက် ခက်ခဲတယ်။ ဒါပေမယ့် ပြောရရင် ကျုပ်က ခင်ဗျားကို မင်းသမီးတစ်ယောက်လို အနည်းဆုံး ဆက်ဆံပေးတဲ့ လူပဲမဟုတ်လား? တခြားလူတွေက ခင်ဗျားဘေးမှာ သီးသန့် အခုလို ပြုမူနေမှာမဟုတ်ဘူးလေ?”

“အင်း၊ ကျွန်မ ဒီခံစားချက်ကို အရမ်းကြိုက်တယ်။ ရှင် ကျွန်မကို ဒီလိုဆက်ပြီး ဆက်ဆံပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

ဆယ်ဗီနီ၏ မျက်နှာထက်ရှိ ရွှင်ပျနေဟန်ကိုမြင်သော် ရှုယီမှာ အနည်းငယ် ရယ်ရသလို ခံစားမိသွားသည်။

ဆယ်ဗီနီကို စတွေ့စဉ်ကတည်းက သူမဟာ အမြဲလိုလို မင်းသမီးကောင်းလေးတစ်ပါးနှယ် ပြုမူနေခဲ့ကာ အမြဲလိုလို ဂုဏ်သိက္ခာရှိ၊ အမျှော်အမြင်ရှိကာ တည်ငြိမ်ဟန် ပေါ်သော်လည်း အဆုံး၌ သူမမှာ အသက်နှစ်ဆယ် အစောပိုင်း မိန်းကလေးတစ်ဦးသာဖြစ်ပြီး သာမန်မိန်းကလေးတစ်ဦးနှင့် တူညီသည့် ဘက်ခြမ်းလည်းရှိပါ၏။

ဖြစ်နိုင်သည်မှာ သူမအနေနှင့် သူမနှင့်အတူ ပုံမှန်ပေါင်းသင်းဆက်ဆံပေးနိုင်မည့် တစ်ယောက်ယောက် လိုချင်နေခြင်းပင်။

ဆယ်ဗီနီနှင့်အတူ ယာဉ်စည်းကမ်းဥပဒေများအကြောင်း ဆွေးနွေးကာ ဘန်တာမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆွေးနွေးပြီးနောက် ရှုယီက မြို့စားအိမ်တော်မှ ထွက်သွားသည်။

သူ ထွက်လာချိန်တွင် အနက်ရောင်မှော်ဆလွန်းတစ်စီးက ရုတ်တရတ် အမြန်မောင်းလာလေသည်။

ရှုယီ ဘေးဖယ်လိုက်ချိန်၌ ၎င်းမှော်ဆလွန်းက ရုတ်တရတ် စူးရှရှမြည်သံထွက်လာကာ သူ့ထံမှ နှစ်မီတာအကွာလေး၌ ရပ်တန့်သွားသည်ပင်။

ရှုယီလည်း ထိုမှော်ဆလွန်းကို မျက်မှောင်ကုပ်ကြည့်လိုက်ရာ ၎င်းကို မောင်းနှင်နေသူက ဘာရွန် ဘယ်လီဖြစ်ကြောင်း တွေ့လိုက်ရပါ၏။

ရှုယီ ကြည့်လာသည်ကိုမြင်သော် ဘာရွန် ဘယ်လီက ရှုယီကို နှိုးဆွဟန် လက်ဟန်လုပ်ပြလာသည်။

ရှုယီလည်း အေးစက်စက်ရယ်ကာ ပြတင်းကိုခေါက်၍ ဘာရွန် ဘယ်လီအား ထွက်လာရန် လက်ညှိုးတစ်ချောင်းဖြင့် သင်္ကေတပြလိုက်ပါ၏။

ဘာရွန် ဘယ်လီက တံခါးဖွင့်ကာ ရှုယီကို နှိုးဆွနေဟန်ဖြင့် ရပ်ကြည့်နေသည်။

“ဟေး ဒါက ဥက္ကဌရှုမဟုတ်လား? ဘာလဲ? ဘုရင်မနဲ့ တွေ့ခဲ့တာလား? သူမဆီသွားပြီး ကျုပ်အကြောင်း ညည်းခဲ့တာလား? ကျုပ် ပြောပြီးပြီလေ၊ အချိန်မဖြုန်းပါနဲ့လို့။ ဘုရင်မက ကျုပ်ကို ထိလို့မရဘူးဆိုတော့ ခင်ဗျားလို ကုန်သည်လေးတစ်ယောက်က အိပ်မက်တောင် မက်မနေနဲ့!”

ရှုယီလည်း သူ့ကိုကြည့်လိုက်ကာ လျစ်လျူရှုလိုက်သည်။ သူက မောင်းသူ၏ ခုံ၌ ထိုင်နေသူကို ကြည့်ကာ သူ့ကိုလည်း ထွက်လာရန် သင်္ကေတပြလိုက်လေသည်။

ထိုလူထွက်လာချိန်၌ ရှုယီက သူ့အား မျိုးရိုးမြင့်လေးတစ်အဖြစ် သတိပြုမိလေ၏။ သူဟာ ဘာရွန် ဘယ်လီနှင့် အတော်နီးကပ်သူဖြစ်လောက်မည်။

“ဒီမှော်ကားက ခင်ဗျားဟာလား?” ရှုယီက မေး၏။

၎င်းမျိုးရိုးမြင့်လေးကလည်း ရှုယီထံ ဘာရွန် ဘယ်လီကဲ့သို့ ဂုဏ်ဝင့်ပြနေသည်။ ရှုယီ၏ မေးခွန်းကို ကြားချိန်၌ သူက ခေါင်းမော့ကာ နှာမှုတ်လိုက်လေသည်။ “ဒီတော့ ဘာဖြစ်လဲ? ကျုပ်ဟာလေ? ဥက္ကဌရှုမှာ ပြဿနာရှိလို့လား?”

ရှုယီလည်း သူ့အား ကြည့်ပြီး‌နောက် လျစ်လျူရှုလိုက်သည်။ သူက မှော်ဆလွန်းရှေ့သို့ လျှောက်သွားကာ ညာလက်ထောင်၍ မှော်စွမ်းအားများ စုစည်းနေလိုက်သည်။

ရှုယီ၏ လက်ဖဝါးထက်၌ မီးလုံးကြီးတစ်လုံး စုဝေးလာလေ၏။

ရှုယီ၏ အပြုအမူကိုမြင်သော် ဘာရွန် ဘယ်လီနှင့် မျိုးရိုးမြင့်လေးတို့မှာ အံ့ဩသွားကြသည်။

“မင်း ဘာလုပ်ချင်နေတာလဲ?”

၎င်းတို့ အသံများ ထွက်အံလာသည်နှင့် ရှုယီ၏ ညာလက်လည်း ကျလာကာ မီးလုံးက မှော်ဆလွန်းပေါ် ဆင်းသက်သွားတော့သည်။

“ဟုန်း!”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၉။ ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ?

ပြင်းထန်သောပေါက်ကွဲမှုက မြို့စားအိမ်တော်ရှေ့ရှိ လမ်းထက်မှ လူတိုင်း၏ အကြည့်များကို ဆွဲဆောင်လိုက်သည်။ အားလုံးမှာ ပေါက်ကွဲမှုပြီးနောက် မှော်ဆလွန်းကျန်နေခဲ့သည်ကိုမြင်သော် ကြောင်အသွားကြသည်။

မှော်ဆလွန်းကို ဝယ်နိုင်သူမှာ မျိုးရိုးမြင့် သို့မဟုတ် ကြွယ်ဝသော ကုန်သည်သာရှိပြီး သာမန်လူများကမူ ၎င်းတို့ကို မတတ်နိုင်ချေ။

မည်သူက ထိုသို့ ပြုလုပ်ဝံ့သနည်း? မည်သူက ထိုသို့လုပ်ရန် အရည်အချင်းရှိသနည်း?

၎င်းတို့၏ သံသယများအားလုံးမှာ မှော်ဆလွန်းရှေ့၌ ရှုယီ ရပ်နေသည်ကို မြင်လိုက်သည်နှင့် ပျောက်ကွယ်သွားတော့သည်။

ရှုယီက မှော်ဆလွန်းထက်၌ ရေစွမ်းအားမှော်အစီအရင်ကို အသုံးပြုကာ ပေါက်ကွဲမှုအကြွင်းအကျန်များကို ကာထားလိုက်သဖြင့် ဘေး၌ ရပ်နေကြသော ဘာရွန် ဘယ်လီနှင့် မျိုးရိုးမြင့်လေးတို့ကို မထိခိုက်‌မိချေ။

ထိုနှစ်ဦးမှာ ရှုယီ၏ လုပ်ရပ်ကြောင့် ထိတ်လန့်နေကြသည်။ တစ်အောင့်ကြာပြီးနောက် မျိုးရိုးမြင့်လေးက တုံ့ပြန်လာကာ ဒေါသတကြီး ခုန်လိုက်လေ၏။

“ရှုယီ မင်းဘာလုပ်တာလဲ! မင်း.....” သူ့ မှော်ဆလွန်းလေး၏ အကြွင်းအကျန်များကိုကြည့်ရင်း သူ၏ မျက်နှာထားက နာကျင်ခံစားရခြင်းကြောင့် တွန့်ရှုံ့လာသည်၊ “မင်းက သောက်သေခြင်းတရားကို တောင့်တနေတာပဲ! မင်းက ငါ့မှော်ဆလွန်းကို ဖျက်ဆီးရဲတယ်ပေါ့လေ!”

ရှုယီက သူ့အား တည်ငြိမ်စွာကြည့်ကာ ရုတ်တရတ် မေးလိုက်သည်၊ “မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိလား?”

“ယာဉ်မောင်းလိုင်စ်?” မျိုးရိုးမြင့်လေးက နောက်ဆုတ်ကာ၊ “ဒါပေါ့ ဘာလုပ်မလို့လဲ?”

“မင်းမှာ ယာဉ်မောင်းလိုင်စင်ရှိနေမှတော့ စမ်းသပ်မှုလုပ်တုန်းက စည်းမျဉ်းတွေကို သိလောက်မှာပါ။ မင်းအနေနဲ့ မင်းရဲ့မှော်ကားကို ယာဉ်မောင်းလိုင်စင်မရှိတဲ့သူဆီ ပေးမောင်းလို့မရဘူး၊ မဟုတ်ရင် မင်းရဲ့ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ခွင့်ဆုံးရှုံးရမယ်။ ငါ မင်းကို အခုပြောနေတာက မင်း ဒီစည်းမျဉ်းကို ချိုးဖောက်လိုက်လို့ပဲ၊ ဒီတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ မင်းရဲ့ မှော်ဆလွန်းကို ဆိုင်းငံ့ထားလိုက်ပြီလို့ ကြေညာတယ်။ ကန့်ကွက်ချင်တာရှိရင် ဘန်တာမြို့ရဲ့ မှော်စက် စီးပွားရေးသမဂ္ဂဆီမှာ စွဲချက်တင်လို့ရတယ်။”

မျိုးရိုးမြင့်လေးနှင့် ဘာရွန် ဘယ်လီက ရှုယီကို မယုံနိုင်စွာကြည့်လိုက်ကြသည်မှာ သူက ၎င်းတို့အား အကြီးမားဆုံးဟာသကြီးကို ပြောလိုက်သလိုပင်။

“ငါ.....ငါပြောမယ် ရှုယီ မင်းရူးနေတာလား?” မျိုးရိုးမြင့်လေးက မနေနိုင်ဘဲ အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲလာသည်၊ “ငါက ငါ့ရဲ့မှော်ဆလွန်းကို ဘယ်လီဆီ ငှားလိုက်တာကြောင့် မင်းက ဒီလိုဖျက်ဆီးလိုက်တာလား? ဒါက ဘယ်လို သောက်အကြောင်းတရားကြီးလဲ? ငါက စည်းမျဉ်းချိုးဖောက်ပြီး ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ခွင့် ဆုံးရှုံးသွားရင်တောင် မင်းက ဘယ်လိုလုပ် ငါ့ကားကို ဒီလိုဖျက်ဆီးနိုင်မှာလဲ?”

ဘာရွန် ဘယ်လီကလည်း ထိတ်လန့်သလို ဒေါသပါထွက်နေ၏၊ “ရှုယီ မင်းရူးနေတာဖြစ်ရမယ်! မင်း အနေနဲ့ ဘယ်အချိန်တုန်းက မှော်ဆလွန်းကို ဖျက်ဆီးဖို့ အရည်အချင်းမီသွားတာလဲ? မင်းကို ဘယ်သူက ဒီသတ္တိပေးလိုက်တာလဲ! ပြီးတော့ ငါက ဘယ်အချိန်တုန်းက ငါ့ရဲ့ ယာဉ်မောင်းလိုင်စင်ကို ဆုံးရှုံးဖူးလို့လဲ? အရင်လ နည်းနည်းအကြာလောက်ကမှ ရထားတာလေ!”

ရှုယီက ဘာရွန် ဘယ်လီထံလှည့်ကာ၊ “မင်း အရက်မူးပြီးမောင်းတဲ့ အချိန်မှာ ဘုရင်မကို တိုက်မိလိုက်ကတည်းက မင်းရဲ့ လိုင်စင်ကို ဆိုင်းငံ့ထားပြီးပြီ။”

၎င်းကို ကြားသော် ဒေါသအပြည့်မျက်နှာနှင့် ဘာရွန် ဘယ်လီမှာ ငြိမ်ကျသွားသည်။ သူက အသက်ပြင်းပြင်းရှူ၍ ရှုယီကို လက်ညှိုးထိုးကာ အေးစက်စက်နှစ်ချက်ရယ်လာ၏၊ “ကောင်းတယ်၊ အရမ်းကောင်းတယ်! ရှူယီ မင်း ဒီထဲဝင်ပါဖို့ စိတ်ပြင်ဆင်လိုက်ပြီပေါ့လေ? ငါ မင်းကို သတိပေးနေတယ်၊ မင်းက သာမန်ကုန်သည်လေးတစ်ယောက်၊ နည်းနည်းထက်မြတ်တာလေးလောက်နဲ့ ငွေနည်းနည်းလေးရှာနိုင်နေတာကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပြီလို့ မထင်လိုက်နဲ့! မင်း ဒီကိစ္စထဲ ဝင်ရှုပ်ရဲရင် မင်းဘယ်လိုသေ‌လဲတောင် မင်းသိလိုက်မှာ မဟုတ်ဘူးကွ!”

ရှုယီက အေးဆေးနေဟန်ဖြင့် ပခုံးတွန့်လေသည်၊ “ငါက စည်းမျဉ်းကို လိုက်နာနေရုံပါပဲ၊ ဒါကို မင်းလိုသလို အဓိပ္ပာယ်ကောက်လို့ရတယ်။ ဟုတ်သားပဲ ဘာရွန် ဘယ်လီ, ငါ မင်းကို သတိပေးစရာတစ်ခုရှိတယ်။ မင်း ဘုရင်မကို တိုက်မိတုန်းက မူးနေတာကြောင့် စာမေးပွဲစည်းမျဉ်းအရ နောက်ငါးနှစ်အတွင်း ယာဉ်မောင်းလိုင်စင်မရနိုင်တော့ဘူးနော်။”

ဘာရွန် ဘယ်လီ၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။ သူက ရှုယီကို ကြည့်လိုက်ပြီးနောက် အေးစက်စက်နှာမှုတ်လေ၏၊ “မှော်စက်တွေကို ထိန်းချုပ်နိုင်တာနဲ့ပဲ အရာအားလုံးကို ထိန်းချုပ်နိုင်တယ်လို့ ထင်မနေနဲ့။ ပြောပြလိုက်မယ်၊ မင်း ဆုံးဖြတ်ဖို့ အရည်အချင်းမမှီတဲ့ အရာတွေ အများကြီးရှိတယ်!”

ထိုသို့ပြောပြီးနောက် ဘာရွန် ဘယ်လီက မျိုးရိုးမြင့်လေးကို ဆွဲခေါ်သွားလိုက်သည်။

မျိုးရိုးမြင့်လေးက သူ၏ မှော်ဆလွန်းကို ဆန္ဒမပါဟန်ဖြင့် ကြည့်လိုက်သော်လည်း ဘာရွန် ဘယ်လီထံမှ ဆွဲခေါ်သွားခံရဆဲပင်။

နှစ်ဦးထွက်သွားသည်ကိုမြင်သော် ရှုယီလည်း ခေါင်းခါလိုက်သည်။ သူ မြို့စားအိမ်တော်ဘက် လှည့်လိုက်သောအခါ အစောင့်များထွက်လာသည်ကို တွေ့ရ၏။

ခဏအကြာ၌ ရှုယီမှာ ဆယ်ဗီနီကို ထပ်တွေ့လိုက်ရလေသည်။

“ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ?” ရှုယီကို ခဏတာ စိုက်ကြည့်နေပြီးနောက် ဆယ်ဗီနီက မျက်မှောင်ကုပ်ကာ မေးလာလေသည်။

“ဒါက ဘာမှ မဟုတ်ပါဘူး၊ ဘာရွန် ဘယ်လီက ကျုပ်ရှေ့မှာ အဲ့လောက်ဘဝင်မြင့်ပြနေတာမြင်တော့ မပျော်မရွှင်ဖြစ်သွားရုံပဲ။” ရှုယီက ဖြေ၏။

ဆယ်ဗီနီမှာ ရှင်းလင်းစွာပင် ၎င်းကို မယုံချေ၊ “ဒါက တကယ်ပဲ အဲ့လိုလား?”

“အဲ့လိုပါပဲ။” ရှုယီက လေးနက်ဟန်ဖြင့် ခေါင်းငြိမ့်သည်၊ “ရှင် ဘယ်တုန်းက ကလေးတစ်ယောက်လို ဖြစ်လာတာလဲ?” ဆယ်ဗီနီက ရှုယီကို မျက်လုံးများ လှိမ့်ပြလိုက်သည်၊ “ဒီလို အငြှိုးနဲ့ချဉ်းကပ်တာမျိုးက ရှင့်ပုံစံနဲ့ မကိုက်ဘူး။

ရှုယီက ခပ်ဖျော့ဖျော့ပြုံးသည်၊ “လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက ကျုပ်အနေနဲ့ ပိုလူကြီးဆန်လာတာကို သူမ သဘောမကျဘူးလို့ ပြောတာကြောင့် နည်းနည်းလောက် လူငယ်ဆန်တာမျိုး ထုတ်ပြလို့ မသင့်ဘူးလား? ကြည့်ပါဦး၊ ဒါက လူတွေကို 'အလွယ်လေးဒေါသထွက်တဲ့လူငယ်'လို့ ထင်သွားစေတယ်လေ၊ မဟုတ်ဘူးလား?”

ရှုယီက လေးနက်နေဟန်ဖြင့် ပေါက်က‌ရပြောနေသည်ကိုမြင်သော် ဆယ်ဗီနီမှာ မရယ်မိဘဲ မနေနိုင်တော့ချေ။

တစ်အောင့်လောက် ရယ်မောနေပြီးနောက်တွင် ဆယ်ဗီနီမှာ ရှုယီကိုကြည့်ကာ ခေါင်းခါလိုက်၏။ သူမက လက်ယမ်းကာ သက်ပြင်းချ၍ ဆိုသည်၊ “ဟုတ်ပါပြီ၊ ကျွန်မ ရှင်ဘာတွေးနေမှန်းကို မသိတော့ဘူး၊ ဒါပေမယ့် ရှင်မပြောချင်ရင် မမေးတော့ဘူး။ ရှင့်ရဲ့ အတွေးတွေကို ယုံပါတယ်၊ ဒါပေမယ့် သတိပေးထားရဦးမယ်၊ ဘာရွန် ဘယ်လီကို ဒီလိုလုပ်တာက စတက်ဂျ်မိသားစုကို ဆွပေးလိုက်တာလို့တောင် ယူဆလို့ရတယ်နော်။ ကျွန်မအထင်....ရှင် ပိုပြီး ဂရုစိုက်သင့်တယ်။”

ရှုယီက ပခုံးတွန့်ကာ၊ “စတက်ဂျ်မိသားစုက ဘာပဲဖြစ်ဖြစ် ကျုပ်ကို မုန်းနေတာပဲ မဟုတ်လား? ဒါလေး ပေါင်းလိုက်လို့ ဘာမှမဖြစ်သွားပါဘူး။”

ရှုယီ၏ ဂရုမစိုက်ဟန်ကိုမြင်သော် ဆယ်ဗီနီက အနည်းငယ်ပူပန်စွာဖြင့် ပြောလိုက်၏၊ “ရှုယီ၊ စတက်ဂျ်မိသားစုက နိုင်ငံမှာ အကြီးဆုံး မျိုးရိုးမြင့် မိသားစုလေ၊ သူတို့က ရှင်ထင်တာထက် အများကြီး ပိုအားကြီးတယ်။ ရှင် သူတို့ကို အထင်သေးလို့မရသလို ပေါ့ပေါ့လေး‌စဉ်းစားလို့လည်းမရဘူး။”

ရှုယီက မည်သည်ကိုမှ မဆိုဘဲ ပြုံးသည်။

ဆယ်ဗီနီလည်း မျက်မှောင်ကုပ်ကာ ရိုးသားစွာ ပြောလိုက်၏၊ “ဒါကို ကျွန်မပေးတဲ့ အကြံကို နားထောင်နေတယ်လို့ပဲ ယူဆလိုက်ပါ။ ရှင် ဂရုစိုက်ဖို့လိုတယ်၊ ဟုတ်ပြီလား?”

ဆယ်ဗီနီက မည်မျှ လေးနက်နေသည်ကိုမြင်သော် ရှုယီမှာ သဘာဝကျစွာပင် သူမအား မျက်နှာသာပေးကာ ငြင်းဆန်မနေတော့ချေ။ လေးနက်နေဟန်ဖြင့်သာ ခေါင်းငြိမ့် သဘောတူလိုက်ပါ၏။

နှစ်ဦးက ခဏတာ တိတ်ဆိတ်နေပြီးနောက် ဆယ်ဗီနီက ခေါင်းငြိမ့်ပြလာသည်၊ “ကောင်းပြီ‌၊ ရှင်အရင်ပြန်လိုက်တော့။ ကျွန်မအထင် ဒီလို‌လုပ်ပြီးတဲ့နောက်မှာ စီစဉ်စရာတွေ အတော်များများရှိလောက်တယ်။ သတိရပါ အကူအညီလိုရင် စိတ်မပူနေဘဲ ကျွန်မကို အရင်လာရှာလိုက်။”

ရှုယီက တစ်ချက်ပြုံးပြသည်၊ “ဒါပေါ့။ အဆုံးကျတော့ ဆယ်ဗီနီ, ဒါက ခင်ဗျားအတွက် ဒေါသထွက်ပေးတာပါပဲ။”

ဆယ်ဗီနီက ပြုံးသည်၊ “ကျွန်မ သိပါတယ်”

ရှုယီက မြို့စားအိမ်တော်ရှေ့လမ်းထက်ရှိ မှော်ဆလွန်းကို အမှုန့်ချေကာ ဘန်တာမြို့ထက် ဖြန့်ကျဲလိုက်သည်မှာ တောင်ပံတစ်စုံရလာသကဲ့သို့ အနီးဝန်းကျင် မြို့များသို့ပါ ပျံ့နှံ့သွားသည်။ ရက်အနည်းငယ်အတွင်း ၎င်းက လမ်ပူရီတိုင်းပြည်၏ သတင်းစာအားလုံး၌ ပေါ်ထွက်လာ၏။

အချက်အလက်များကို အဓိကထားသည့် သတင်းစာများအတွက် အခြေအနေကိုသာ အသေးစိတ် တင်ပြထားသည်။ ၎င်းတို့က ရှုယီမှ ဘာရွန် ဘယ်လီနှင့် ပဲလ်လယ်ဟု ခေါ်တွင်သည့် မျိုးရိုးမြင့်လေးအား ပြောခဲ့သော စကားများကို ထပ်ခါရေးထားသည်။ ၎င်းတို့ အများဆုံးရေးထားသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်မောင်းလိုင်စ်အပေါ် စည်းမျဉ်းများပင်။

အတင်းအဖျင်းကို အဓိကထားသည့် သတင်းစာများတွင်မူ သတင်းပေါင်းစုံဖြစ်နေ၏။

၎င်းလူပြိန်းကြိုက်သတင်းစာများမှာ ရှုယီနှင့် ဘာရွန် ဘယ်လီကြား ရန်ညှိုးကို အသေးစိတ်ပြထားသည်။

လူတိုင်းသိကြသည့် တားမြစ်ချက်တချို့ကြောင့် ၎င်းလူပြိန်းကြိုက်သတင်းစာများမှာ ရှုယီက ၎င်းအား စတက်ဂျ်မိသားစု၏ နိုင်ငံရေးအမြင်ကို ဆန့်ကျင်ကြောင်း ချပြရန် အသုံးပြုနေသည်ဟု မပြောဝံ့ကြပါချေ။ ၎င်းတို့မှာ ရှုယီကိ ၎င်းကိုသုံး၍ အတိတ်က ဝမ်းနည်းမှုများကို ပြန်ဆပ်ခိုင်းနေသည်ဟုသာ အဓိကသုံးသပ်ထား၏။

ပို၍ ယုံကြည်ရသည့် သတင်းစာများ၌မူ ဘာရွန် ဘယ်လီက ဘန်တာမြို့သို့ ရောက်လာချိန်တွင် Frestech ကုန်သည်ကြီးများအသင်းအား သူ၏ နယ်မြေမှ မောင်းထုတ်ကာ ရန်ညှိုးကို ဖန်တီးခဲ့ခြင်းဟု ပြောထားကြသည်။

မယုံကြည်ရသည့်သတင်းများမှာ ရှုယီနှင့် ဘာရွန် ဘယ်လီက မျိုးရိုးမြင့်ကောင်မလေးတစ်ဦးအား နှစ်ယောက်ပြိုင်ကြိုက်မိနေသောကြောင့် ရန်ညှိုးရှိနေသည်ဟု ခန့်မှန်းထားကြသည်၊ ထို့ကြောင့် တစ်ဦးကို တစ်ဦး မကျေနပ်၍ဟုပင်။ ဘာရွန် ဘယ်လီက Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားသည့်အတွက် ရှုယီက မ‌ထိန်းနိုင်တော့ဘဲ ပေါက်ကွဲသွားသည်ဟုဆိုကြ၏။

မျိုးရိုးမြင့်သခင်မလေး ဘယ်သူဆိုသည်ကမူ စိတ်ကူးထဲ၌သာ ချန်ထားခဲ့သည်......

သို့သော် မည်သို့ဖြစ်ဖြစ် ကိစ္စထဲ ဝင်ပါသည့် လူများဖြစ်ကြသော ရှုယီ၊ စတက်ဂျ်မိသားစုမှလာသည့် ဘာရွန် ဘယ်လီ, ၎င်းကိစ္စနှင့် နှီးနွယ်နေသည့် ဆယ်ဗီနီ၊ မှော်ဆလွန်း၊ အခြားမြို့ရှိ လူများနားမလည်သော 'ကားမတော်တဆ'၊ 'မူးပြီးမောင်းခြင်း'၊ 'ယာဉ်မောင်းလိုင်စင်'ဟူသည့် စကားလုံးများ တို့ကြောင့် ၎င်း၌ ဖုံးကွယ်ထားသည့် သတင်းတန်ဖိုးက သတင်းစာအမျိုးစုံတို့ကို အရူးအမူး သတင်းများ တင်ပြစေတော့သည်။

ဤအ‌ချိန်အတွင်း ၎င်းအား လမ်ပူရီတိုင်းပြည်အတွက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးကိစ္စဟုပင်ပြောနိုင်ပါ၏။

ရှုယီ၊ ဘာရွန် ဘယ်လီနှင့် မှော်ဆလွန်း‌တို့မှာ လူများ အပြောအများဆုံး စကားများဖြစ်လာတော့သည်။

“ကျွန်တော်ပြောဦးမယ် ဥက္ကဌ၊ ဒီလိုရလာဒ်မျိုးဖြစ်လာမယ်လို့ ခန့်မှန်းထားပြီးသားလား၊ ဒီတော့ တမင်သက်သက်ဒီလိုလုပ်တာလား?” ခမ်နက်ဒ်က စားပွဲထက် ဖြန့်ထားသည့် သတင်းစာမျိုးစုံနှင့် သူ၏ လက်အောင်ငယ်သားများ ယူဆောင်လာသည့် ထိုကိစ္စလွှမ်းမိုးနေသည့် အစီရင်ခံစာများကိုကြည့်နေလိုက်သည်။ သူဟာ မနေနိုင်ဘဲ ခေါင်းခါကာ သက်ပြင်းချ၍ ရှုယီကို ထိုသို့ မေးလိုက်လေ၏။

ရှုယီက အသာပြုံးကာ မဖြေချေ။

ထိုကိစ္စပြီးနောက် ဆယ်ဗီနီနှင့် ခမ်နက်ဒ်တို့လို လူများစွာက အဘယ့်ကြောင့် သူ့အားထိုသို့လုပ်ကြောင်းမေးခဲ့သည်။

သူ၏ တစ်ခုတည်းသောအဖြေမှာ 'ဘာရွန် ဘယ်လီကို မြင်ရသည်က စိတ်မချမ်းမြေ့စရာကောင်းတယ်' ဟုသာ။

သို့သော် ထိုအဖြေကို ယုံသူ တစ်ဦးမှမရှိပေ။

မည်သို့ဖြစ်ဖြစ် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်သောကြောင့် ဘာရွန် ဘယ်လီကဲ့သို့ သေးသေးမွှားမွှားလေးမဟုတ်ပေ။ ပဲလ်လယ်ဟုခေါ်သည့် ခံစားနေခဲ့ရသော မျိုးရိုးမြင့်လူငယ်လေးကိုပင် လူဦးရေ၏ အများစုက ဇာတ်ကောင်အသေးအမွှားဟုယူဆကြသည်။

၎င်းတို့ကြားက ကိစ္စအား မည်သို့ဖြစ်ဖြစ်ကိစ္စလေးဟု သတ်မှတ်၍ မရချေ။

ရှုယီအမြဲ ပြုမှုခဲ့သည့် လမ်းကြောင်းအရ သူဟာ ဒေါသတကြီးတုံ့ပြန်တတ်သူ တစ်ဦးမဟုတ်ပါချေ။

ထို့ကြောင့် လူများစွာက ခန့်မှန်းနေကြသည်မှာ ရှုယီက ထိုသို့ အံ့အားသင့်ဖွယ်ကိစ္စကို မည်သည့် အစီစဉ်များဖြင့် ပြုလုပ်ခဲ့သနည်း ဟူ၍ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၀။ Frestech ကုန်သည်ကြီးများအသင်းကို သပိတ်မှောက်

ခမ်နက်ဒ်မှာ သဘာဝကျကျပင် ရှုယီ ပြောသည်ကို မယုံချေ။

သူဟာ ရှုယီနှင့် ၂နှစ်နီးနီး အတူရှိခဲ့ပြီးဖြစ်သောကြောင့် ရှုယီက ကိစ္စများအား မည်သို့ကိုင်‌တွယ်ကြောင်းသိသလို ထိုသို့ ဒေါသတကြီးပြုမူမည်မဟုတ်သည်ကိုလည်း သိပါ၏။

ထိုကိစ္စအတွက် လွှမ်းမိုးမှုကြီးတစ်ခုရှိနေသဖြင့် ရှုယီက ၎င်းအား စဉ်းစားမိခဲ့ခြင်းသာဖြစ်ရမည်၊ ဒေါသတကြီးတုံ့ပြန်လိုက်ခြင်းသာမဖြစ်နိုင်။

သို့ရာတွင် အထူးဆန်းဆုံးအရာမှာ ရှုယီက သူ့၏ အတွေးအမှန်များကို မည်သူ့ကိုမှ မပြောခဲ့ခြင်းပင်။ ခမ်နက်ဒ်က စတေးလ်ကို မေးချိန်၌ပင် အဖြေမှန်မရခဲ့သဖြင့် ခမ်နက်ဒ်ကို စိတ်ရှုပ်သွားစေသည်။

သို့သော် ရှုယီက ရှင်းမပြရန် အခိုင်အမာဖြစ်နေသဖြင့် မည်သည်ကိုမှ မလုပ်နိုင်ချေ။

ခမ်နက်ဒ်လည်း ၎င်းကို စဉ်းစားကြည့်လိုက်ပြီး ခန့်မှန်းဖို့ လက်လျှော့လိုက်ပါ၏။ သူက လက်ထဲရှိ အစီရင်ခံစာမျိုးစုံကိုကြည့်ရင်း မျက်လုံးများထဲ ပူပန်မှုအနည်းငယ် ပေါ်လာသည်။

“ကောင်းပြီလေ၊ ဒါကို စိတ်မပူဘဲ နေကြရအောင်။ ဘာပဲဖြစ်ဖြစ် ငါတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီကနေ အကျိုးအမြတ်လည်းရသလို အဆုံးအရှုံးလည်းရှိတာပဲ။”

“အိုး? ဘာအကျိုးအမြတ်တွေလဲ? ဘာဆုံးရှုံးမှုတွေလဲ?” ရှုယီက မေးသည်၊ “လိုရင်းပြောရရင် အကောင်းက အ‌ဆိုးထက် ပိုကောင်းလား?”

“ဒါက ဘယ်လိုကြည့်သလဲဆိုတာ အပေါ်မှာ မူတည်တယ်။” ခမ်နက်ဒ်က ခေါင်းခါသည်၊ “အကောင်းကတော့ ဒီကိစ္စကြောင့် Frestech ကုန်သည်ကြီးများအသင်းနဲ့ နာမည် ထပ်ပြီး ပျံ့နှံ့သွားတာပဲ။ ဒါက သတင်းစာတွေအနေနဲ့ ကျွန်တော်တို့ရဲ့ မှော်ဆလွန်းတွေကို အလကား ကြော်ငြာပေးသလိုဖြစ်တာပေါ့။ နိုင်ငံမှာရှိတဲ့လူတိုင်း မှော်ဆလွန်းသစ်တွေကို လက်ခံလောက်မယ်လို့ ယုံတယ်။”

“အင်း ဒါနဲ့တင် ကြော်ငြာဖို့အတွက် အချိန်အတော်သက်သာသွားတာပေါ့၊ ဟုတ်လား?” ရှုယီက အပြုံးဖြင့်‌ဆိုသည်၊ “ဒါကို သုံးသပ်ကြည့်ရုံနဲ့ ဒီတစ်ခေါက် အတော်လေးရမယ်လို့ ထင်တယ်။”

ခမ်နက်ဒ်က ခါးသက်သက်ရယ်၏၊ “ပြဿနာက အဆိုးဘက်လွှမ်းမိုးမှုကလည်း အတော်ပြင်းထန်နေတာပဲ။ ဒီကိစ္စလွှမ်းမိုးမှုကြောင့်နဲ့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ တောင်းဆိုသံတွေရှိနေတယ်လေ။ ကျွန်တော်တို့ရဲ့ ဘယ်ထုတ်ကုန်ကိုမှ ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ကြေညာထားတဲ့ မြို့ ဆယ့်သုံးမြို့လည်းရှိတယ်။ သူတို့ဆီမှာ ဖွင့်ထားပြီးသား လက်လီအရောင်းနေရာတွေကို ပိတ်လိုက်ကြပြီ။”

“အမ်၊ ဘယ်မြို့တွေလဲ?”

“ပထမဆုံးက လော်ရန်မြို့ပါ၊ ပြီးတော့ အဲမှာ....”

ခမ်နက်ဒ်မှ မြို့ဆယ့်သုံးမြို့ကို အစီရင်ခံပြီးနောက် ရှုယီက ပြုံးလိုက်သည်။

“အာ ထင်ထားသလိုပဲ၊ ဒါတွေအားလုံး မင်းသားလေးအဲရစ်ကိုထောက်ခံတဲ့ မြို့တွေပဲ။” ရှုယီလည်း စဉ်းစားပြီး မေးမြန်းလိုက်သည်၊ “ဘာဆာရူမြို့ကရော? သူတို့ရဲ့ တုံ့ပြန်မှုကဘယ်လိုလဲ? ပြီးတော့ ဘာလို့ ဒူလာခယ်တွန်မြို့ပါတယ်လို့ မကြားလိုက်တာပါလိမ့်?”

ခမ်နက်ဒ်က ရှုယီကိုကြည့်ရင်း အမူအရာမှာ အနည်းငယ် ထူးဆန်းလာသည်။

“ဘာဆာရူမြို့နဲ့ ဒူလာခယ်တွန်မြို့တို့က ဘာပြန်တမ်းကိုမှ သေချာမထုတ်ရသေးပါဘူး၊ ဒါပေမယ့် ဒူလာခယ်တွန်မြို့က လူတွေကတော့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေကို ပစ်မှတ်ထားနေကြတယ်။ သူတို့တွေက လက်တွေ့ပြဖို့ အိမ်သုံးမှော်စက်မျိုးစုံကို တမင်ဖျက်ဆီးထားကြတယ်။ ဘာဆာရူမြို့မှာတော့..... ဘာမှ မဖြစ်သေးပါဘူး။”

“အရမ်းကောင်းတယ်၊ ကြည့်ရတာ ငါတို့တွေ ယုံကြည်ရတဲ့ မဟာမိတ် ရလိုက်တဲ့ပုံပဲ။” ရှုယီက စိတ်တိုင်းကျစွာ ခေါင်းငြိမ့်သည်၊ “ပြီးတော့ နောက်တစ်ခုရှိ‌သေးတယ်....”

“ဥက္ကဌ ကျွန်တော့်အထင် ဒါနဲ့ပတ်သက်ပြီး အရမ်းစိတ်အားထက်သန်နေဖို့ မသင့်ဘူးလားလို့။ ဘာဆာရူမြို့ကို ထားလိုက်ပါ၊ ဒါပေမယ့် ဒူလာခယ်တွန်မြို့က စောင့်‌ကြည့်နေတုန်းပဲ။ ကျွန်တော့်အထင် မကြာခင်မှာ ဒူလာခယ်တွန်မြို့က အခြေအနေ အဆုံးသတ်သွားမယ်လို့ ထင်မိတဲ့ သတင်းဆိုးလည်းရှိသေးတယ်။ ဒူလာခယ်တွန် မြို့လည်း ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို သပိတ်မှောက်ဖို့ ကြေညာဖို့အတွက် သိပ်မကြာလောက်တော့ဘူး။”

“သတင်းဆိုး..... ဒါက ငါတို့ လမ်ပူရီတိုင်းပြည်က လူတွေအတွက် အရမ်းကိုကောင်းတဲ့သတင်းမဟုတ်ဘူးလား?” ရှုယီက အပြုံးဖြင့်ဆိုသည်။

ခမ်နက်ဒ်က တစ်ဖန်ခါးသက်သက်ရယ်လိုက်သည်၊ “ဟုတ်ပါတယ်၊ အမျှော်အမြင်ရှိပြီး မြင့်မြတ်တဲ့ မင်းသားလေး အဲရစ်က မြောက်ဘက်စစ်တပ်ကို ဦးဆောင်ပြီး စခ်တိုင်းပြည်စစ်တပ်ကို အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်ခဲ့သလို စခ်တိုင်းပြည်ထဲ သွားတဲ့လမ်းကိုပါ ချီတက်နေကြပြီ။ ဒါက ကျွန်တော်တို့လမ်ပူရီတိုင်းပြည်ရဲ့ သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှုပါပဲ! ဒါက နိုင်ငံက လူအများစုအတွက် အရမ်းကောင်းတဲ့သတင်းလို့ သတ်မှတ်ရလိမ့်မယ်။”

“ဒီတော့ ငါတို့ ဒီအတွက် ပျော်သင့်တာမဟုတ်လား? ပြောရရင် ငါတို့က ဒီနိုင်ငံရဲ့ နိုင်ငံသားတွေလေ၊ ဒီတော့ ဘာလို့ သတင်းဆိုးဖြစ်မှာလဲ?” ရှုယီက အသာပြုံးကာ ပြောသည်။

ခမ်နက်ဒ်က မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။

ရှုယီက ဤသတင်း၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် အရေးပါမှုကို မသိဟု မယုံကြည်ချေ။

Frestech ကုန်သည်ကြီးများအသင်းကို သပိတ်မှောက်ကြောင်းကြေညာနေသည့် မြို့များစွာရှိနေကြပြီး အများစုမှာ ထိုသတင်း၏ လွှမ်းမိုးမှုမှလာသည်။

မင်းသားလေး အဲရစ် ထိုသို့သော အံ့အားသင့်ဖွယ်အနိုင်ရမှုကို ဖန်တီးခဲ့သောကြောင့် မင်းသားလေး အဲရစ်ထံသစ္စာရှိကြောင်း အလျင်အမြန်ဖော်ပြနေသည့် မြို့များစွာရှိနေသည်။ မင်းသားလေးအဲရစ်အား ထီးနန်းဆက်ခံရာ၌ ထောက်ပံ့လိုနေသည့် မျိုးရိုးမြင့်မိသားစုကြီးများနှင့် မြို့စားများစွာပင် ရှိနေသည်။

မင်းသားလေးအဲရစ်က နိုင်ငံ၌ အလေးသာနေသဖြင့် ဘုရင်မ ဆယ်ဗီနီကိုပင် ကျော်လွန်ကာ ထီးနန်းဆက်ဆံမည့် တစ်ဦးတည်းသော အလောင်းအလျာပါဖြစ်လာလုနီးပါးပင်။

သို့ရာတွင် ဘုရင်ကြီးက မည်သည်ကိုမှ မဆိုချေ။ သြူ မြောက်ဘက်စစ်တပ်ကို သာမန်ဂုဏ်ပြုလွှာသာပို့လိုက်ပြီး မင်းသားလေး အဲရစ်အတွက် တစ်ခွန်းမှ မရေးလိုက်ခြင်းက အတွေးများကို နှိုးဆွလေသည်။

“ဒီတော့ အဓိပ္ပာယ်က..... ပြောဖို့အရမ်းစောနေသေးသလို ဒီလောက်မြန်မြန်ဘေးဖယ်သွားကြတဲ့ မြို့‌တွေအတွက် ကိစ္စကောင်းမဟုတ်ဘူးပေါ့။” ရှုယီက ယုံကြည်ချက်ရှိရှိပြုံးကာ ခမ်နက်ဒ်ကို မေးလိုက်သည်၊ “ခမ်နက်ဒ်, မြို့ပေါင်းများစွာက Frestech ကုန်သည်ကြီးများအသင်းကို သပိတ်မှောက်ကြောင်း ကြေညာထားကြတော့ ငါတို့ရဲ့ အရင်လ ရောင်းအား ဘယ်လိုရှိလဲ?”

ခမ်နက်ဒ်၏ အမူအရာက ပို၍ပင် ထူးဆန်းလာသည်၊ “ဒါက..... အချက်အလက်အရ၊ ကျွန်တော်တို့ရဲ့ အိမ်သုံးမှော်စက်ရောင်းအား ၁၇%အထိတိုးလာပြီး မှော်စက်အလုပ်ရုံက ၂၈% တိုးလာတာကြောင့် အခြေအနေကို ကောင်းတယ်လို့ ယူဆလို့ရပါတယ်။”

ရှုယီက ရယ်မောလေသည်၊ “ကြည့်လေ၊ ဒီလောကမှာ အမြင်ရှိတဲ့ လူတွေအများကြီး ရှိနေသေးတာပဲ။ ဒီမြို့ဆယ့်သုံးမြို့လည်း သပိတ်မှောက်ချင်ရင်မှောက်ပေါ့၊ သူတို့က ခေတ်‌နောက်ပြန်ဆွဲပြီးနေဖို့ ဆန္ဒရှိနေမှတော့ လုပ်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် လူအများစုကတော့ ငါတို့ ဘန်တာမြို့သားတွေလို အဆင်ပြေပြီး ကိုယ်တိုင်အတွက်လုံလောက်တဲ့ဘဝကို တောင့်တနေကြဆဲပဲလေ။”

ခမ်နက်ဒ်လည်း ရယ်လိုက်ကာ၊ “ဥက္ကဌ အရမ်း‌မှန်တယ်။”

“ဟုတ်ပြီလေ၊ ဒါက ငါတို့ လွှမ်းမိုးလို့မရတဲ့ ကိစ္စပဲ၊ ဒီတော့ ဒါကို မစိုးရိမ်ဘဲ နေကြတာပေါ့။ အခု လုပ်သင့်တာကို လုပ်ရမယ်။” ရှုယီက ထရပ်ကာ စဉ်းစားလိုက်ပြီးနောက် ခမ်နက်ဒ်ကို ပြောလေသည်၊ “ဟုတ်သားပဲ၊ ဥက္ကဌရမ်းဒက်စ်ဆီ စာတစ်စောင် ပို့ကူပါဦး။ မြို့ပေါင်းများစွာက ငါတို့ Frestech ကုန်သည်ကြီးများအသင်းကို သပိတ်မှောက်နေတော့ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းရဲ့ ခိုလှုံမှုအောက်က Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်တွေကိုပါ ထိခိုက်မှာကနေ ရှောင်ဖို့ စဉ်းစားကြည့်သင့်တယ်လို့ ပြောလိုက်ပါ။”

ခမ်နက်ဒ်က ခေါင်းခါသည်၊ “ဥက္ကဌ ဒါကို ပြောတာ နောက်ကျနေပြီ။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို သပိတ်မှောက်တယ်လို့ ကြေညာတဲ့‌မြို့တွေမှာရှိတဲ့ လူတွေက အဲ့မြို့က ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ ဆိုင်တွေကို ဖျက်ဆီးပြီးနေပြီ။ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက လတစ်ဝက်တည်းနဲ့ ရွှေဒင်္ဂါး သုံးသိန်း ဆုံးရှုံးသွားတယ်။”

ရှုယီ၏ မျက်နှာထက်၌ တောင်းပန်ဟန်ပေါ်လာသည်၊ “သူတို့တွေ ငါတို့ကြောင့် ငြိစွန်းကုန်တာ မဟုတ်လား? ဥက္ကဌ ရမ်းဒက်စ်ကို ကူပြီး တောင်းပန်ကြောင်း ပြောပေးပါဦးကွာ။”

ခမ်နက်ဒ်က အသာပြုံးလေသည်၊ “ဒါက ဘာမှမဖြစ်ပါဘူး။ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ ရွေးချယ်ထားမှတော့ စွန့်စားမှုကို လက်ခံဖို့ ရွေးချယ်ရမှာပဲလေ။ အဖေက ဒီကိစ္စအတွက် ဆုံးဖြတ်ပြီးလို့ ဥက္ကဌ ရမ်းဒက်စ်ကို လုပ်ခိုင်းထားပြီးပြီ၊ ဒါကို ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုမှာ အထိခိုက်ခံခွင့်ပြုမှာမဟုတ်ဘူး။”

“အရမ်းကောင်းတယ်၊ နားလည်မှာအတွက် မားကွစ္စ်အမ်မာကို ကူပြီး ကျေးဇူးတင်ပေးပါဦး။”

ရှုယီလည်း ထိုသို့ ပြောပြီးနောက် ခမ်နက်ဒ်ကို ခေါင်းငြိမ့်ပြကာ စီအီးအိုရုံးခန်းမှ ထွက်သွားပြီး မိုးကျတောင်ကြားထဲသို့ ဦးတည်လိုက်၏။

Frestech ကုန်သည်ကြီးများအသင်း တိုးတက်လာချိန်တွင် လူများမှာ အိမ်သုံးမှော်စက်များကို ဝယ်လိုအား ပိုမြင့်လာခဲ့ကြသည်။ ယခင်က အိမ်သုံးမှော်စက် စက်ရုံများမှာ ၎င်းတို့၏ ဝယ်လိုအားကို လိုက်မှီဖို့ပင် ဝေးကွာလွန်းခဲ့၏။

ယခင်နှစ်ဝက်မှစတင်၍ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်အလုပ်ရုံမျိုးစုံကို မိုးကျတောင်ကြား နက်နက်ထဲသို့ ပြောင်းရွှေ့ဖို့ စီစဉ်ကာ အိမ်သုံးမှော်စက် စက်ရုံများအတွက် အပြင်နေရာကို ချန်ထားလိုက်သည်။

ထို့ကြောင့် မှော်စက်အလုပ်ရုံများအား အနက်ပိုင်းသို့ ပြောင်းရွှေ့လိုက်ချိန်တွင် မှော်စက်ထုတ်လုပ်ရေးဌာနနှင့် မှော်သုတေသနဌာနကပါ လိုက်ပြောင်းရ၏။

ထို့အပြင် လျော့ရဲရဲ စီမံထားကာ အပြင်လူများအား ဝင်ခွင့်ပေးသည့် အခြားအလုပ်ရုံများနှင့်မတူချေ။ မည်သည့် အပြင်လူကိုမှ မှော်စက်ထုတ်လုပ်ရေးဌာနနှင့် မှော်စက်သုတေသနဌာနထဲသို့ဝင်ခွင့်မပြုသလို အခြားဌာနမှ ဝင်လိုသည့် ဝန်ထမ်းများသည်ပင် အရင်ဦးစွာ ခွင့်ပြုချက်ယူရသည်။

ဥက္ကဌဖြစ်သည့် ရှုယီအတွက်လည်း အထဲဝင်ခွင့်မရခင် အထောက်အထားပြဖို့လိုပါ၏။

သူ၏ အထောက်အထားကို တံခါးအပြင်ဘက်ရှိ အစောင့်အားပေးလိုက်ပြီးနောက် ရှုယီမှာ အရိုအသေပေးနေသည့် အစောင့်ကို ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ကြည့်ကာ မေးလေ၏၊ “ဒီလက်နက်ကိရိယာအစုံအသစ်က ဘယ်လိုခံစားရလဲ?”

အစောင့်က ရယ်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်၏၊ “အရမ်းကောင်းပါတယ်! ဒီချပ်ဝတ်အသစ်နဲ့ ကျွန်တော်တို့ ယှဉ်တိုက်တဲ့အချိန်မှာ လူပုလေးအတော်များများကို အနိုင်ယူနိုင်တယ်။”

“အိုး? ရလာဒ်ကောင်းမယ်မှန်းသိပေမယ့် ဒီလောက်ကောင်းတယ်ဆိုတာ မသိခဲ့ဘူး။” ရှုယီက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်၏။

ပြောရလျှင် ပုံမန်အကဲဖြတ်မှုအရ လူပုလေးတစ်ဦးမှာ အနည်းဆုံး လူသားစစ်သည်ငါးဦးစာ သန်မာသည်။

Frestech ကုန်သည်ကြီးများအသင်း၏ လူပုလေးအစောင့်များက လက်ရွေးစင်များဖြစ်ကြရာ လူသားစစ်သည် ဆယ်ဦးအထိ ယှဉ်တိုက်နိုင်ပါ၏။

ယခု Frestech ကုန်သည်ကြီးများအသင်း၏ မှော်အကာအရံချပ်ဝတ်အသစ်နှင့် ဤအစောင့်က လူပုလေးအစောင့်အများစုကို ယှဉ်တိုက်နိုင်ခဲ့ရာ တကယ်ကို တိုက်ပွဲအင်အား၌ အလွန်အကျူး တိုးတက်မှုပါပင်။

“ကမ်ဘီနဲ့ ခေါင်းဆောင် စီလူကာတို့က လူပုလေးတွေကိုလည်း ဒီမှော်အကာအရံချပ်ဝတ်တွေပေးဖို့ တောင်းဆိုနေတာ မဆန်းတော့ပါဘူး၊ ဒီတော့ သူတို့တွေ ခင်ဗျားတို့ကို အနိုင်မတိုက်နိုင်ကြောင့်ဖြစ်နေတာပဲ။” တွေးကြည့်ရင်း ရှုယီက ရယ်မောလိုက်လေသည်၊ “ဒါဆို လူပုလေးတွေလည်း တူညီတဲ့ချပ်ဝတ် ဝတ်လိုက်တဲ့အခါ ခင်ဗျား သူတို့ကို အနိုင်ယူနိုင်ဦးမယ်လို့ ထင်လား?”

အစောင့်က ခေါင်းခါသည်၊ “ဒါတော့ မဖြစ်နိုင်လောက်ဘူး။ လူပုလေးတွေက ကျုပ်ထက် ပိုပြီး အားကောင်းနေပြီးသားလေ။ ဒါပေမယ့် လူပုလေးတွေက သန်မာရငခတောင် ကျုပ်ကို ဒဏ်ရာရအောင်လုပ်ဖို့ ခက်လောက်မယ်၊ ဒီလိုဆို သရေကျမယ်လို့ ခံသားရတယ်။”

“အရမ်းကောင်းတယ်၊ ဒီတော့ ဒီမှော်အကာအရံချပ်ဝတ်ရဲ့ သက်ရောက်မှုက စိတ်ကျေနပ်စရာကောင်းကြောင်းပြနေတာပေါ့။”

ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် ရုတ်တရတ် လက်တစ်ချောင်းထုတ်လိုက်သည်။ လျှပ်စီးကြောင်းလေးတစ်ခုနှင့် သူဟာ အစောင့်၏ ချပ်ဝတ်ကို အလျင်အမြန် ထိလိုက်ပါ၏။

All Chapters