← Chapters

အခန်း (၂၁-၃၀)

Vol. 4 Ch. 21-30

အခန်း (၂၁-၃၀)

Vol. 4 Ch. 21-30

Vol 4, အခန်း ၂၁။ တားမြစ် လူသားစမ်းသပ်မှုများ

အစောင့်မှာ အံ့ဩကာ ရှောင်တိမ်းလိုက်ချင်သော်လည်း လှုပ်ရှားရန်ပြင်လိုက်သည်နှင့် အတင်းဟန့်တားခံလိုက်ရသည်။ သူ့ထံ၌ ရွေးစရာမရှိဘဲ ရှုယီ၏ အထိကို တိုက်ရိုက် ခံယူလိုက်ရ၏။

ရှုယီ၏လက်ချောင်းထံမှလာသော လျှပ်စစ်အမှုန်များ ချပ်ဝတ်၏ မျက်နှာပြင်ကို ထိတွေ့လိုက်ချိန်တွင် ချပ်ဝတ်က အပြာရောင်အလင်းလဲ့လဲ့ကို ဖန်တီးလျက် တောက်ပနေသည့် လျှပ်စီးကို ပြန့်ကျဲသွားစေသည်။

“အင်း အရမ်းကောင်းတယ်၊ ကြည့်ရတာ မှော်အကာအရံက အတော်လေး ခိုင်မာပုံပဲ။” ရှုယီမှာ စိတ်တိုင်းကျစွာ ခေါင်းငြိမ့်၍ အစောင့်ထံလက်ကမ်းလိုက်သည်၊ “ခင်ဗျားရဲ့ လက်နက် လာပေးပါဦး။”

မတိုင်ခင်က အံ့ဩနေခဲ့သော အစောင့်မှာ နားလည်သွားသည်။ သူက ခါးမှ ဓားကို လက်နှစ်ဖက်ဖြင့် ရှုယီထံ အလျင်အမြန်ပေးလိုက်လေ၏။

“ပြဿနာတစ်ခုခုရှိလို့လား?” ရှုယီက ဓားကိုယူကာ မေး၏။

“မရှိပါဘူး!” အစောင့်က သူ၏ရင်ဘတ်ကိုပုတ်ကာ ယုံကြည်ချက်ရှိရှိ အသံကျယ်ကျယ်ဖြင့် ပြောလေသည်၊ “ဥက္ကဌ၊ ကျေးဇူးပြုပြီး ခုတ်ချလိုက်ပါ၊ သေချာပေါက် ကျုပ်ကို ဒဏ်ရာ‌ရစေလိမ့်မှာ မဟုတ်ဘူး!”

ရှုယီက ရယ်သည်၊ “ကောင်းပြီလေ၊ ဒါဆို ကျုပ်လုပ်လိုက်မယ်။”

လက်နှစ်ဖက်ဖြင့် လွှဲယမ်းနေရင်း သူ၏လက်ထဲရှိ ဓားမှာ အစောင့်၏ ရင်ဘတ်ထံ ကျရောက်သွားသည်။

မတိုင်ခင်ကလိုပင် ဓားက ချပ်ဝတ်၏ မျက်နှာပြင်ကို ထိလိုက်သည့် အခိုက်အတန့်၌ အပြာရောင်အလင်းလက်လာကာ ၎င်းကို တားဆီးလိုက်သည်။

ရှုယီမှာ နူးညံ့သည့် အရာတစ်ခုကို ခုတ်ချလိုက်သည့်နှယ်ခံစားမိသည်။ ၎င်းက ချပ်ဝတ်နှင့် မရိုက်ခတ်မိသည်သာမက သူ့အား အားသုံးခြင်းမှ ဟန့်တားထားသည့် တစ်စုံတရာရှိနေကာ ခံစားရ အင်မတန်ထူးဆန်းပေ၏။

“အရမ်းကောင်းတယ်။” ရှုယီမှာ ပို၍ပင် စိတ်တိုင်းကျသွားသည်။ သူက ခေါင်းတစ်ချက်ငြိမ့်ကာ ပြန်ဆွဲလိုက်ပြီး ဓားကို အစောင့်ထံ ပြန်ပေးလိုက်ပါ၏။ ထို့နောက် သူ၏ ပခုံးကို ပုတ်ကာ မှော်စက်ထုတ်လုပ်ရေးဌာနထံ ဦးတည်လိုက်သည်။

“ဥက္ကဌ!” သူ၏ နောက်မှနေ၍ အစောင့်ဟာ ရုတ်တရတ် အော်ခေါ်လာသည်။

“အမ်?” ရှုယီမှာ အံ့ဩကာ ပြန်လှည့်လိုက်၏၊ “တစ်ခုခု လိုအပ်တာ ရှိလို့လား?”

အစောင့်မှာ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အပြုံးဖြင့် ပြောလာသည်၊ “ဥက္ကဌ ဆန်နက်မြေရိုင်းဆီဦးတည်သွားမယ့် စာရင်းထဲမှာ လူထပ်ထည့်လို့ရနိုင်သေးလားဗျ? ကြည့်ပါဦး ကျုပ်က ဒီလိုကောင်းမွန်တဲ့ချပ်ဝတ်ကို ဝတ်ထားပြီး ဒီလောက်ကောင်းတဲ့ လက်နက်လည်းရှိနေတာ၊ ဒီမှာပဲ ဂိတ်တွေကို စောင့်‌ကြည့်နေရရင်၊ ဒါက..... သိပ်မကောင်းဘူး မဟုတ်လားဗျ?”

“ခင်ဗျား လက်ယားနေတယ်လို့ပဲပြောလိုက်ပါ။ အဲဒါကို မျှတအောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ မခံစားရဘူးလား?” ရှုယီက အပြုံးဖြင့် ငေါက်လိုက်သည်၊ “ပြောပြပါရစေ၊ မှော်စက်ထုတ်လုပ်ရေးဌာနက အရမ်းကို အရေးကြီးတဲ့အလုပ်ပဲ။ ခင်ဗျားကို ဒီဂိတ်မှာ စောင့်ခိုင်းတာဟာ ခင်ဗျားကို ယုံကြည်တာဖြစ်လို့ ဒီအလုပ်ကို အထင်မသေးသင့်ဘူး။”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ကျုပ် ဒီအလုပ်ကို အထင်သေးတာ မဟုတ်ပါဘူး၊ ဒီတိုင်း..... နောက်ဆုံးမှာ လက်နက်ကောင်းရသွားတော့ ကျုပ်သာ မတိုက်ခိုက်ရင် ဖြုန်းတီးရာကျမယ်လို့ ခံစားမိလို့ပါ။ မဟုတ်ဘူးလား?” အစောင့်က ရယ်လျက် ဆိုသည်။

“ခင်ဗျားက သွားတိုက်ခိုက်ချင်တာပေါ့?” ရှုယီက ပြန်မေးလေ၏။

အစောင့်က ရယ်လျက် ခေါင်းကို ပွတ်ကာ အတည်လည်းမပြုသလို ငြင်းလည်း မငြင်းပယ်ပေ။

ရှုယီလည်း မနေနိုင်ဘဲ ခေါင်းခါလိုက်သည်၊ “စိတ်ချပါ၊ ကျုပ်တို့က ဆန်နက်မြေရိုင်းမှာပဲ မျက်ကန်း သားရဲလူမျိုးတွေကို ရှင်းလင်းရေးလုပ်မှာမဟုတ်ဘူး၊ ဒီလက်နက်ကိရိယာသစ်တွေနဲ့ အတွေ့အကြုံတချို့ရအောင်လည်း ခွင့်ပြုပေးဦးမှာပါ၊ ဒီတော့ ခင်ဗျားရဲ့ အလှည့်လည်း ကျန်ခဲ့မှာမဟုတ်ဘူး။ စောင့်လိုက်ပါဦး၊ ပထမအဖွဲ့ ပြန်လာပြီးနောက်ကျရင် ခင်ဗျားအလှည့် ဖြစ်လောက်မယ်။”

အစောင့်မှာ ရွှင်ပျဟန် ပေါ်လာသည်၊ “တကယ်လား?”

“အဓိပ္ပာယ်မရှိလိုက်တာ။” ရှုယီက သူ့အား မရွှင်မပျကြည့်ရင်း ဂရုစိုက်ဖို့ ပျင်းရိလွန်းလှရာ မှော်စက်ထုတ်လုပ်ရေးဌာနဆီ လျှောက်ဝင်သွားလိုက်သည်။

တံခါးကို ဖြတ်သွားချိန်တွင် ရှုယီမှာ 'ဒုန်း'ဟူသည့် အသံကျယ်ကျယ်ကို ကြားလိုက်ရလေ၏။

ကြည့်လိုက်သော် မှော်စက်ထုတ်လုပ်ရေးဌာန၏ ထောင့်တစ်ခုတွင် သံဖြင့်ပြုလုပ်ထားသည့် နံရံကို ဝင်တိုက်လိုက်သော စုတ်စုတ်ပြတ်ပြတ် မှော်ဆလွန်းတစ်စီးကို တွေ့လိုက်ရလေသည်။

မှော်ဆလွန်း၏ ရှေ့ဘက် အထိအခိုက်များကို သုံးသပ်ကြည့်ရလျှင် နံရံကို တိုက်မိချိန်၌ ၎င်းက အတော်လေး မြန်ဆန်စွာ ရွေ့လာခြင်းဖြစ်ရမည်။

ရှုယီလည်း လျှောက်သွားလိုက်သော် ရှေ့ဘက်မှ ထွက်လာသော နတ်သူငယ် အင်ဂျင်နီယာ ရယ်ဒန်ကို တွေ့လိုက်ရလေသည်။ သူက မူးဝေမှုမှ ပြိုလဲတော့မလိုဟန်ဖြင့် ခေါင်းကို ခါးလိုက်လေ၏။

“ဘယ်လိုလဲ? ဘယ်လိုလဲ?” နံဘေးရှိ ကမ်ဘီနှင့် အခြား လူပုလေးအင်ဂျင်နီယာများမှာ ရှေ့တိုးလာသည်၊ “အဆင်ပြေသေးလား? ဒဏ်ရာရသွားလား?”

ရယ်ဒန်မှာ ထိုနေရာ၌ တစ်အောင့်လောက်ရပ်နေပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူဟာ မျက်လုံးဖွင့်လိုက်ချိန်၌ ပုံမှန်ပြန်ဖြစ်သွားကာ အပြုံးဖျော့ဖျော့ဖြင့် ဆိုလာသည်၊ “ပြဿနာမရှိလောက်ဘူး၊ ကျုပ် ဒဏ်ရာရသွားသလို မခံစားရဘူး။”

ဘေးပတ်လည်ရှိ လူပုလေးနှင့် လူသားအင်ဂျင်နီယာတို့မှာ တစ်ချိန်တည်း ဩဘာပေးလိုက်ကြသည်။

“ကောင်းတယ်ဟေ့! အောင်မြင်မှုတစ်ခုပဲ!”

“ဟားဟား! ဒီလောက်လွယ်လိမ့်မယ်လို့ မထင်ထားခဲ့ဖူးဘူး၊ တကယ်ကို ကောင်းတာပဲ!”

“တကယ်ကောင်းတယ်၊ စမ်းသပ်မှုက အောင်မြင်သွားပြီ!”

......

ဩဘာပေးနေကြသော အင်ဂျင်နီယာများကိုကြည့်ရင်း ရှုယီက ခေါင်းခါလေသည်။ သူက ခြေလှမ်းကြီးများဖြင့် လျှောက်လာကာ အော်လိုက်၏၊ “ဘာတွေ စိတ်လှုပ်ရှားစရာရှိလို့လဲ!”

အင်ဂျင်နီယာများမှာ အံ့‌ဩနေပြီး ရပ်သွားကြသည်။ ၎င်းတို့က ရှုယီကို လှည့်ကြည့်လာပြီး ကမ်ဘီက အပြုံးဖြင့် ရှေ့တိုးလာ၏။

“ဥက္ကဌ၊ ဒီမှော်ဆလွန်းရဲ့ အကာအကွယ်စနစ်ကို အပြီးသတ်ပြီးပါပြီ၊ ဘာလို့ ကျုပ်တို့က မပျော်ဘဲနေမလဲ‌?”

“ခင်ဗျားရဲ့ ခေါင်းကို ပျော်နေလိုက်။” ရှုယီက သူ့ကို စိုက်ကြည့်ကာ၊ “ပြောပါဦး၊ စမ်းသပ်မှုတစ်ခုလုံးအတွက် ရယ်ဒန်ကို အထဲမှာ ထိုင်ခိုင်းထားတာလား?”

“ဟုတ်ပါတယ်၊ ရယ်ဒန်တစ်ယောက်တည်းကပဲ လူသားတွေလို ပုံစံရှိတော့ ကျုပ်တို့ လူပုလေး‌တွေနဲ့ကျတော့ လုပ်လို့မရဘူး။” ကမ်ဘီက ပုံမှန်ဟန်ဖြင့် ဖြေဆိုသည်၊ “ကဖ်နဲ့ တခြားလူတွေကတော့ စမ်းသပ်မှုလုပ်လို့မရဘူး။”

“ခင်ဗျားတို့ အားလုံး....” ရှုယီလည်း ခေါင်းခါကာ သက်ပြင်းချ၍ ပြောသည်၊ “ကဖ် မလုပ်နိုင်မှာကိုကျတော့ စိုးရိမ်ပြီး ရယ်ဒန် မလုပ်နိုင်မှာကိုကျတော့ ဘာလို့ မစိုးရိမ်တာလဲ?”

ကမ်ဘီက အံ့ဩသွား၏၊ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရယ်ဒန်က နတ်သူငယ်လေ၊ သူ့ရဲ့ ကိုယ်ခံအားက ကျုပ်တို့ လူပုလေးတွေထက်တောင်ပိုကောင်းတော့ ရိုက်ချက်လေး နည်းနည်းလောက်ကို ဘယ်လိုလုပ် မခံနိုင်ဘဲ နေမှာလဲ? ဟုတ်တယ်မလား ရယ်ဒန်?”

ရယ်ဒန်က အမြန်ခေါင်းငြိမ့်သည်၊ “ဟုတ်ပါတယ် ဥက္ကဌ။ စမ်းသပ်မှုထဲက အထိအခိုက်တွေကိ ကျွန်တော့်အတွက် ဘာမှမဟုတ်ပါဘူး၊ ပြဿနာမရှိပါဘူး။”

ရှုယီက အေးစက်စက်နှာမှုတ်လိုက်၏၊ “ဒီတော့ စမ်းသပ်မှုမှာ သက်ရှိလူတစ်ယောက်ကို ဒီတိုင်းပဲ သုံးလိုက်လို့ရတယ်ပေါ့? ကမ်ဘီ, ကျုပ် သတိ‌ပေးနေတာ ခင်ဗျားကို ရှေ့လျှောက် ဒီလိုလုပ်ဖို့ လုံးဝ ခွင့်မပြုဘူးနော်၊ နားလည်ရဲ့လား?”

၎င်းတို့ ယခင်က မမြင်တွေ့ဖူးသည့် ရှုယီ၏ အလေးအနက်ဖြစ်နေပုံကို မြင်သော် ကမ်ဘီမှာ ရှုပ်ထွေး‌သွားသော်လည်း သဘောတူလိုက်ဆဲပင်။

“တကယ်တော့ သက်ရှိလူတစ်ယောက်ကို သုံးတာထက် ခင်ဗျားက ကျုပ်တို့လုပ်ငန်းစုရဲ့ ထိပ်တန်းမှော်စက်အင်ဂျင်နီယာတွေထဲက တစ်ယောက်ကို သုံးတာကြောင့် ပိုပြီး ဒေါသဖြစ်တာ၊ ခင်ဗျားဘာလို့ ဒါကို မစဉ်းစားမိရတာလဲ? ခင်ဗျား စမ်းသပ်မှုလုပ်ချင်ရင် ရုပ်တုတစ်ခုလောက်လုပ်ဖို့က မခက်ဘူးမို့လား၊ ဘာလို့ ရယ်ဒန်ကို ဒီလိုစွန့်စားခိုင်းရတာလဲ?” ရှုယီက ၎င်းတို့ကို ဆက်ငေါက်နေလိုက်သည်၊ “ရယ်ဒန်သာ တစ်ခုခုဖြစ်သွားရင် ဒီဆုံးရှုံးမှုကို ခံယူနိုင်မှာလား?”

“ဒါပေမယ့် မတော်တဆမဖြစ်ခဲ့ဘူးလေ.....” ကမ်ဘီက ရေရွတ်လိုက်သော်လည်း ရှုယီ၏ မှောင်မိုက်နေဟန်ကိုမြင်သော် ဆက်လက်ငြင်းခုံနေဖို့ မကြိုးစားတော့ဘဲ ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပါ၊ “အင်း ကျုပ် သိပါပြီ၊ ရှေ့လျှောက် ဂရုစိုက်ပါ့မယ်။ ဒါပေမယ့် ဥက္ကဌ၊ ကျုပ်တို့သာ ရုပ်တုတစ်ခုကိုသုံးမယ်ဆိုရင် တိုက်ရိုက်ခံစားချက်ကို ပြောလို့မရဘူးလေ။”

“ဒါက သက်ရှိလူတစ်ယောက်ကို သုံးတာထက်တော့ ပိုကောင်းတယ်! ဒါက ကျုပ်သေချာပေါက် လက်မခံနိုင်တဲ့အရာပဲ၊ ကျုပ်အတွက် ဒါကို မှတ်ထားပါ! ရှေ့လျှောက် ဒါမျိုးလုပ်တာတွေ့ရင်၊ ကျုပ်က ခင်ဗျားကို တာဝန်ယူခိုင်းဖို့ မှော်စက်ထုတ်လုပ်ရေးဌာနဲ့ မန်နေဂျာ လုပ်ခိုင်းမှာ မဟုတ်တော့တာကို ယုံတယ်မလား?” ရှုယီက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ရှုယီက ထိုမျှ ဒေါသဖြစ်နေသည်ကိုမြင်သော် ကမ်ဘီပင် အပါအဝင် လူတိုင်းမှာ မငြင်းခုံဝံ့တော့ဘဲ သဘောသာတူလိုက်ကြသည်။

လူတိုင်းက နာခံနေကြသည်ကိုမြင်သော် ရှုယီလည်း ဒေါသကိုလျှော့ကာ သက်ပြင်းချ၍ ပြောလိုက်ပါ၏၊ “ကမ်ဘီ, ခင်ဗျား မှတ်ထားရမယ်၊ ခင်ဗျားတို့ အင်ဂျင်နီယာတွေက ကျုပ်အတွက် ဘယ်အရာထက်မဆို ပိုပြီး အရေးပါတယ်။ ကျုပ်အနေနဲ့ ဘယ်လိုဆုံးရှုံးမှုကိုမှ အဖြစ်မခံနိုင်ဘူး၊ ဒီတော့ ခင်ဗျားတို့ စမ်းသပ်မှုတွေ လုပ်တဲ့ အချိန်မှာ ခင်ဗျားတို့ကို အရာအားလုံးထက် ပိုပြီး လုံလုံခြုံခြုံထားစေချင်တယ်။ ပြီးတော့ ဒီလိုစမ်းသပ်မှုမျိုးအတွက် ညတေးသံမျိုးနွယ်စုရဲ့ စက်ရုံမှာ ပလက်စတစ်ရုပ်တုတွေလုပ်ခိုင်းလိုက်ရုံပါပဲ၊ ဘာလို့ ကိုယ်ကိုယ်တိုင်နဲ့ စမ်းသပ်နေမှာလဲ?”

“ဘာလို့လဲဆိုတော့ ရုပ်တုတွေက ရယ်ဒန်လုပ်နိုင်သလို တိုက်ရိုက်ခံစားချက်ကို မပေးနိုင်လို့ပါ။” ကမ်ဘီက ခေါင်းကုတ်လိုက်၏၊ “ဒီစမ်းသပ်မှုအားလုံးအတွက် အချိန်မဖြုန်းချင်ဘူးလေ။”

“ရုပ်တုတွေက ရယ်ဒန်လို ဒဏ်ရာလည်းမရနိုင်သလို သေလည်းမသေနိုင်ဘူး။” ရှုယီက အေးစက်စက်နှာမှုတ်ကာပြောသည်၊ “ပြီးတော့ ရုပ်တုတွေက တိုက်ရိုက်ခံစားချက်မပေးနိုင်ဘူးလို့ ဘယ်သူပြောလဲ? ကျုပ် အမြဲတမ်းပြောခဲ့တယ် မှော်စက်မှုအင်ဂျင်နီယာလုပ်ငန်းအတွက် အရေးကြီးဆုံးအရာက အချက်အလက်ပါလို့။ ရုပ်တုတွေက ခံစားချက်ကို မပြောပြနိုင်ပေမယ့်လည်း ရုပ်တု အရည်အသွေးကို ထိန်းချုပ်ထားလို့ ရတာကြောင့် အဲဒီအပေါ်မှာသုံးသပ်ပြီး အထိအခိုက်တွေကို အချက်အလက်အဖြစ် သွင်းလို့ရတယ်လေ။”

“အင်း.... ဥက္ကဌပြောမှ နားလည်သွားတယ်။” ကမ်ဘီက သူ၏ ခေါင်းကို သူပြန်ပုတ်ကာ၊ “ကျုပ်က တုံးအနေတုန်းပဲ။ ဒါက အရမ်းကို ရိုးရှင်းတဲ့ ပြဿနာလေးပဲ၊ လူတွေနဲ့ အတိအကျတူတဲ့ ရုပ်တုမျိုးတွေကို ညတေးသံမျိုးနွယ်စုစက်ရုံမှာ လုပ်ခိုင်းလိုက်ဖို့ပဲ လိုတာကို။”

“ခင်ဗျားက မတုံးအပါဘူး၊ ဒီအကြောင်းကို ပထမနေရာမှာ ထားပြီးတောင် မစဉ်းစားခဲ့တာပါ!” ရှုယီက အေးစက်စက် နှာမှုတ်၏၊ “ပြီးတော့ ခင်ဗျားတို့ အားလုံး၊ အထူးသဖြင့် ခင်ဗျား ရယ်ဒန်, ကမ်ဘီက ခင်ဗျားကို စမ်းသပ်ချင်တဲ့ အချိန်မှာ ခင်ဗျားက တကယ်ကြီး ကိုယ်,ကိုယ်တိုင် ရှေ့ထွက်လာခဲ့တယ်။ ကိုယ်ကိုယ်တိုင်ရဲ့ လုံခြုံမှုကို မစဉ်းစားဘူးလား?”

ရယ်ဒန်က ခါးသက်သက်ပြုံးကာ ခေါင်းခါသည်၊ “ကျွန်တော်က အဲ့လိုရိုက်ခတ်မှုလေးကြောင့်နဲ့ ထိခိုက်မိမယ်လို့ မထင်ထားခဲ့တာကြောင့်ပါ။”

“ဒါကို ဘာလို့လဲ‌ဆိုတော့ မှော်ဆလွန်းက အခုအချိန်မှာ မမြန်သေးလို့လေ။ တစ်နာရီကို တစ်ရာကီလိုမီတာလောက် ရောက်‌နိုင်တဲ့ ပြိုင်ကားတစ်စီးသာဆိုရင် ဒီလိုတိုက်မိတာကနေ အကောင်းတိုင်းရှိနေဦးမယ်ထင်လို့လား?” ရှုယီက မေးသည်။

ကမ်ဘီ၏ အဖွဲ့မှာ အံ့ဩသွားသည်၊ “တစ်နာရီကို တစ်ရာကီလိုမီတာကျော်? ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ?” ရှုယီက ၎င်းတို့ကို စိုက်ကြည့်လိုက်ပါ၏၊ “မှော်ဆလွန်းတွေ ထွက်ပေါ်မလာခင်က မှော်ကားတစ်စီးဟာ တစ်နာရီကို ခြောက်ဆယ်ကီလိုမီတာကျော်သွားနိုင်မယ်လို့ ထင်ခဲ့လို့လား?”

“ဒါပေမယ့် တစ်နာရီကို ခြောက်ဆယ်ကီလိုမီတာနဲ့ တစ်နာရီကို တစ်ရာကီလိုမီတာက လုံးဝမတူညီတဲ့ အရာပဲလေ.....”

“မီး‌စွမ်းအားမှော်အင်ဂျင်နဲ့ လေစွမ်းအား မှော်အင်ဂျင် နှစ်ခုက မတူညီတဲ့ အရာတွေလေ။” ရှုယီက ပြောသည်၊ “ခင်ဗျားတို့ကို သတင်းကောင်းတချို့ ပြောပြမယ်၊ မဟာမှော်ပညာရှင်ကမ်မီလာက မီးစွမ်းအားမှော်အင်ဂျင်ကို ထုတ်လုပ်ဖို့ အာရုံစိုက်နေပြီ။ မှော်သုတေသနဌာနက အစီရင်ခံစာအရ အရေးကြီးဆုံးမှော်အစီအရင်မှာ အဓိက တိုးတက်မှုကြီးတစ်ခု လုပ်ပြီးနေကြပြီ။ ခင်ဗျားတို့ အားလုံးကတော့ မီးစွမ်းအားမှော်အင်ဂျင်အတွက် ဖွဲ့စည်းပုံ တည်ဆောက်နိုင်အောင် ပြင်ဆင်ဖို့ပဲလိုတယ်။”

“တကယ်ကြီးလား? ကောင်းတာပေါ့!”

ရှုယီက ၎င်းတို့အတွက် တာဝန်သစ် စီစဉ်ပေးထားကြောင်းကို ကြားသော် အင်ဂျင်နီယာများမှာ လုံးဝ စောဒကမတက်ကြချေ။ ထိုအစား ၎င်းတို့အားလုံးမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မီးစွမ်းအားမှော်အင်ဂျင်အတွက် လုပ်ဆောင်ရမည့်အရာကို စတင်ကာပင်ဆွေးနွေးနေကြတော့သည်။

၎င်းတို့၏ စိတ်လှုပ်ရှားပုံများကိုမြင်သော် ရှုယီမှာ စိတ်ထဲ ပျော်ရွှင်လာရသည်။

၎င်းမှာ သူ့ထံ၌ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ထုတ်လုပ်ရေးတွင် ထိုသို့သော တိုးတက်မှုကြီးမျိုးကို ပြုလုပ်နိုင်ကာ မှော်စက်မှုနယ်ပယ်တည်ထောင်မည့် သူ၏အိပ်မက်ကို နီးကပ်လာစေနိုင်သော မှော်စက်များအကြောင်း တွေးကာ စိတ်အားထက်သန်နေကြသည့် အင်ဂျင်‌နီယာများ ရှိသောကြောင့်ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၂။ လုံခြုံမှုကို ဂရုစိုက်

အချက်ကျကျဆိုရလျှင် မှော်အကာအရံချပ်ဝတ်နှင့် ကမ်ဘီ၏ အဖွဲ့ လေ့လာနေသည့် အကာအကွယ်စနစ်တို့မှာ တူညီသည့် စနစ်မှလာ၏။ သဘာဝကျကျပင် ၎င်းတို့အားလုံးမှာ ဆယ်ဗီနီ၏ ကားတိုက်မှုမှ လာကြသည်။

မှော်ဆလွန်းကို ဒီဇိုင်း ဆွဲနေစဉ်တွင် ရှုယီမှာ ကမ္ဘာမြေရှိ ယာဉ်မောင်းကိုကာကွယ်ပေးသည့် လေအိတ်များကဲ့သို့ စနစ်တစ်ခုကို ဒီဇိုင်းဆွဲထားပြီးဖြစ်သော်လည်း သုတေသန၌ ပြဿနာတစ်ခုရှိနေသောကြောင့် မှော်ကားပထမအသုတ်ထံတွင် ၎င်းကို မတပ်ဆင်ပေးခဲ့ချေ။

ထို့အပြင် ရှုယီ၏ ရှုထောင့်မှ ဆိုလျှင် မှော်ဆလွန်း၏ အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီကို ခြောက်ဆယ်ကီလိုမီတာသာ ရှိသောကြောင့် ကားနှစ်စီးတိုက်မိလျှင်တောင် အထိအခိုက်များများစားစားဖြစ်စေလိမ့်မည်မဟုတ်ပေ။ အချက်အလက်များက သူသံသယဖြစ်ခဲ့သည်ကို သက်သေပြထား၏။

မှော်ဆလွန်းများ ထွက်ရှိခဲ့သည်မှာ တစ်လကျော်ကြာနေပြီဖြစ်သလို ဘန်တာမြို့၌ ယာဉ်တိုက်မှုများစွာရှိခဲ့သော်လည်း ၎င်းက သိပ်မမြန်လှ‌သလို Frestech ကုန်သည်ကြီးများအသင်းကလည်း စိတ်ချရသည့် သံမဏိသတ္တုစပ်များနှင့် သစ်သားကို အသုံးပြုထားသောကြောင့် ၎င်းတို့ ထိုင်ခုံခါးပတ်, ပတ်ထားသရွေ့ အများဆုံး ရင်ဘတ်မှ နာကျင်မှုကိုသာ ခံစားရပေမည်။

သို့သော်လည်း ဆယ်ဗီနီ၏ ယာဉ်မတော်တဆမှုကတော့ မတူညီပါချေ။

ဘာရွန် ဘယ်လီမှာ မူးပြီးမောင်းခဲ့သောကြောင့် ၎င်း၏ အမြန်ဆုံးနှုန်းကို ထိန်းသိမ်းထားရာ ၎င်းတို့တိုက်မိချိန်၌ အထိအခိုက်က အတော်လေး ပြင်းထန်သွားသည်။

ဆယ်ဗီနီနှင့် ဘာရွန် ဘယ်လီတို့က ၎င်းမတော်တဆမှု၌ ဒဏ်ရာမရသွားပါလျှင်တောင် ဆယ်ဗီနီကဲ့သို့ မင်းသမီးတစ်ဦးက မတော်တဆဖြစ်လုနီးပါးဖြစ်သွားသည်ကို စဉ်းစားကြည့်ရင်း ရှုယီလည်း တကယ်တမ်းမတော်တဆဖြစ်ပါလျှင် အင်မတန် နောက်ကျသွားလိမ့်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ သူဟာ မှော်သုတေသနဌာနနှင့် မှော်စက်ထုတ်လုပ်ရေးဌာနတို့ကို မှော်ဆလွန်းအတွက် ယာဉ်တိုက်မှုဆန့်ကျင်ရေးစနစ်တစ်ခု ဖန်တီးဖို့ အမိန့်ပေးလိုက်ခဲ့၏။

အဆုံးတွင် မှော်ဆလွန်း ယာဉ်တိုက်မှုဆန့်ကျင်ရေးစနစ်ကို ဖန်တီးပြီးသွားချိန်တွင် လူသားအစောင့်များနှင့် မိတ်ဆွေကောင်းများဖြစ်ခဲ့သည့် လူသားအင်ဂျင်နီယာတစ်ဦးက ရုတ်တရတ် အကြံကောင်းရသွားကာ ချပ်ဝတ်များ၌လည်း တူညီသည်စနစ်ကို သုံးလျှင် ကောင်းမည်ဟု စဉ်းစားခဲ့သည်။ ထို့ကြောင့် ၎င်းက ရှုယီမှ အစောင့်များကိုထံ တပ်ဆင်ပေးထားသည့် မှော်အကာအရံချပ်ဝတ်ကို မွေးထုတ်ပေးခဲ့လေ၏။

၎င်းမတော်တဆရှာဖွေတွေ့ရှိမှုက ကမ္ဘာမြေ၌ ရှုယီမကြာခဏတွေ့ကြုံနေကြ အရာဖြစ်ရာ ထိုမျှ မရှားပါးချေ။

ကမ်ဘီနှင့် အခြားလူများကို မှော်ဆလွန်း ယာဉ်တိုက်မှုဆန့်ကျင်ရေးစနစ်အတွက် အကြံများပေးလိုက်ပြီးနောက် ရှုယီမှာ မနီးမဝေးမှ မှော်သုတေသနဌာနသို့ သွားလိုက်သည်။

သူဝင်လာချိန်တွင် ပြေးထွက်လာသည့် အာကာလီနှင့် တိုက်မိသွား၏။

ရှုယီမှာ သတိလက်လွတ်ဖြစ်ကာ သူမ၏ ရင်ဘတ်နှင့် ဝင်ဆောင့်မိလေသည်။

“အာ? ဥက္ကဌ ဘယ်လိုလုပ် ဒီရောက်နေတာလဲ?” အာကာလီက ထိတ်လန့်သွားသော ယုန်လေးတစ်ကောင်နှယ် နောက်သို့ ပြန်ခုန်လိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်၍ တုန်လှုပ်ဟန်ပေါ်နေသည်၊ “လန့်သွားတာပဲ။”

ရှုယီလည်း ရယ်ရသလိုခံစားလိုက်ရကာ၊ “ခင်ဗျားက အရှင်းကြီး ကျုပ်ဆီ ပြေးဝင်လာတာမဟုတ်ဘူးလား? ခင်ဗျားက လန့်သွားရတယ်ပေါ့။ ပြောပါဦး ဘယ်ကိုသွားမလို့လဲ? ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ?”

“ကျွန်မသွားမှာက.....” အာကာလီလည်း စဉ်းစားလိုက်ပြီးနောက် ရယ်မောရင်း အသံအနေအထားကိုပြောင်းလိုက်လေသည်၊ “ရှင့်ကို မပြောပြပါဘူး။”

ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ချေ၊ “ကျုပ်ပြောမယ် ခင်ဗျား အလုပ်လုပ်နေရင်း တိတ်တိတ်လေး ထွက်ပြေးလာပြီးတော့ ဥက္ကဌဖြစ်တဲ့ ကျုပ်ကိုတောင် ဖုံးထားမလို့လား? ခင်ဗျား ထပ်မနေချင်တော့ဘူးလား?”

“ဘာလဲ? ဥက္ကဌ ကျွန်မကို အလုပ်ထုတ်ချင်လို့လား?” အာကာလီက လုံးဝ ကြောက်ရွံ့ဟန်မပေါ်နေချေ။

ရှုယီက ကူရာမဲ့စွာ ခေါင်းခါပြီး လက်ယမ်းလိုက်ပါ၏၊ “ဟုတ်ပြီလေ၊ ခင်ဗျားကျုပ်ကို မပြောချင်ရင် ဒီကနေ သွားလိုက်တော့ မျက်စိစပါးမွှေးစူးအောင်မလုပ်နဲ့။”

အာကာလီက ရယ်ကာ ရှုယီကို အရိုအသေပေးလိုက်သည်၊ “နားလည်ပါပြီ! ဥက္ကဌကို သတင်းပို့ပါတယ်၊ ကျွန်မအခု သွားပါတော့မယ်!”

အာကာလီ ထွက်ပြေးသွားသည်ကိုကြည့်ရင်း ရှုယီလည်း မျက်လုံးများလှိမ့်ကာ အီဗီတာ၏ ကိုယ်ပိုင် ဓာတ်ခွဲခန်းထဲ ဝင်လာလိုက်သည်။

“အာကာလီလား? သူ့ရဲ့မောင်လေးကို သွားတွေ့တာ ဖြစ်မယ်။” အီဗီတာက ရှုယီကို အသာပြုံးကာကြည့်နေလေ၏၊ “သူ့ရဲ့ မောင်လေးက ဒီနေ့ ယာဉ်မောင်းလိုင်စင်စာမေးပွဲဖြေမှာမို့ စိတ်ပူနေတော့ မနေ့တည်းက သွားဖို့ တောင်းဆိုထားတာ။ သူ့ရဲ့ မောင်လေးကို ဒီနေ့ အားသွားပေးချင်တယ်လို့ပြောတယ်။ ရှင့်အနေနဲ့ အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ ပြောလာမှာကို စိုးရိမ်တာကြောင့် ရှင့်ကို မပြောပြရဲတာပါ။”

“သူမက သူမရဲ့မောင်လေးကို ဂရုစိုက်နေတာလေ၊ ကျုပ်က ဘာလို့ သူမကို ဆူရမှာလဲ?” ရှုယီက ခေါင်းခါသည်၊ “ပြောရရင်..... သူမရဲ့ မောင်လေးက ဆယ့်ငါးနှစ်လောက်ပဲရှိသေးတာကို တကယ်ကြီး ယာဉ်မောင်းလိုင်စင်စာမေးပွဲဖြေတယ်တဲ့လား? သူ ရသွားရင် ဘာလုပ်ချင်လို့လဲ? ပို့ဆောင်ရေးကားမောင်းချင်လို့လား?”

“အင်း အာကာလီ ပြောတာကတော့ သူမရဲ့မောင်လေးကို ရှင့်ကိုတွေ့ပြီးတဲ့နောက်မှာ လေးစားမှုတွေပြည့်သွားပြီး ရှင်နဲ့ အတူအလုပ်လုပ်ချင်တယ်လို့ပြောတယ်၊ ဒီလိုဆို အာကာလီနဲ့လည်း လုပ်ငန်းစုအတူတူဖြစ်သွားပြီလေ။ ယာဉ်မောင်းလိုင်စင်ရပြီးရင် သူက ကျွန်မတို့လုပ်ငန်းစုရဲ့ ပို့ဆောင်ရေး အဖွဲ့ထဲဝင်ပြီး ပို့ဆောင်ရေးကားမောင်းသူဖြစ်လာချင်တာ။”

“သူက ကျုပ်တို့ လုပ်ငန်းစုရဲ့ ပို့ဆောင်ရေးအဖွဲ့ထဲကို လွယ်လွယ်လေး ဝင်လို့မယ်ထင်လို့လား?” ရှုယီက မျက်မှောင်အသာကုပ်ကာ၊ “သူက အရမ်းငယ်သေးတယ်၊ ကျုပ်အနေနဲ့ ကလေးတစ်ယောက်ကို မှော်ကားထဲမှာ တစ်နေ့လုံး လျှောက်ပတ်ခိုင်းခွင့် ပြုမှာမဟုတ်ဘူး။”

“ဆယ့်ငါးနှစ်ကို ငယ်တယ်လို့ သတ်မှတ်တယ်လား?” အီဗီတာက ရှုယီကို တအံ့တဩကြည့်လိုက်သည်၊ “နိုင်ငံရဲ့ နေရာအတော်များများမှာ ဆယ့်ငါးနှစ်အရွယ်ကောင်လေးတွေက လက်တောင်ထပ်နေကြပြီလေ။”

“ဆယ့်ငါးနှစ်မှာ လက်ထပ်တယ်?” ရှုယီက နှာခေါင်းရှုံ့၏၊ “သူတို့က အဲ့အရွယ်မှာ ဘာကိုမှတောင်မသိသေးဘူး၊ ဘာအတွက် လက်ထပ်နေကြတာလဲ?”

အီဗီတာက ရှုယီကို တအံ့တဩကြည့်လိုက်၏၊ “ဥက္ကဌ၊ ရှင့်အနေနဲ့ လူတွေကို ဘယ်အရွယ်မှာ လက်ထပ်သင့်တယ်လို့ထင်လဲ?”

“ပြောရရင်..... ခင်ဗျားအရွယ်?” ရှုယီက အီဗီတာကိုကြည့်လိုက်သည်။ သူက တစ်စုံတရာကိုစဉ်းစားမိကာ အီဗီတာက ထိုအကြောင်း စဉ်းစားထားသည်လား မေးလိုက်ချင်သော်လည်း စတေးလ်မှ အီဗီတာမှာ သူ့အားစိတ်ဝင်စားနေကြောင်း ပြောပြခဲ့သည်ကို သတိရသွားသဖြင့် ထိုစကားလုံးများကို အလျင်အမြန် ပြန်မျိုချလိုက်တော့သည်။

ရှုယီက သူ့ကိုယ်သူ ရပ်တန့်လိုက်သည်ကိုမြင်သော် အီဗီတာမှာ တစ်စုံတရာကို ခန့်မှန်းနိုင်သွားသည်။ သူမ၏ မျက်နှာက နီမြန်းလာကာ တစ်ဖက်လှည့်သွား၏။ ခေတ္တမျှ ရပ်တန့်နေပြီးနောက်တွင် အသံတိုးတိုးဖြင့် မေးလာလေသည်၊ “ဥက္ကဌ ရုတ်တရတ်ကြီး မှော်သုတေသနဌာနကို ရောက်လာတော့ သုတေသနတိုးတက်မှုအကြောင်းကို မေးဖို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား?”

“အာ.....အမ်း ဟုတ်တယ်။ အရင်ဆုံး ပြောပြဦး၊ ခင်ဗျားရဲ့ မှော်လေ‌သင်္ဘောသုတေသနရော ဘယ်လိုဖြစ်နေပြီလဲ?” ရှုယီက ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်လေသည်။

“တိုးတက်မှုနည်းနည်းတော့ရှိပါတယ်။” မှော်လေသင်္ဘောအကြောင်းပြောရင်း အီဗီတာ၏ မျက်နှာထက်ရှိ နီမြန်းမှုမှာ အနည်းငယ် ပျောက်ကွယ်သွားသည်၊ “သတ္တုသုတေသနအဖွဲ့က အရမ်းကိုပေါ့ပါးပြီး အရမ်းမာကျောသလို မှော်စွမ်းအားကို အရမ်းဆတ်ဆတ်ထိမခံတဲ့ သတ္တုစပ်သစ်တစ်မျိုးကို ဖန်တီးထားတယ်။ ဒါက မှော်လေသင်္ဘောအတွက် အဓိက သတ္တုအဖြစ်သုံးဖို့ အရမ်းကို သင့်တော်တယ်။”

“အင်း သတ္တုပြဿနာဖြေရှင်းပြီးပြီဆိုတော့ ပြဿနာတစ်ဝက်ဖြေရှင်းလိုက်တာပဲပေါ့။ ပြီးတော့ရော? ကမ်ဘီကို ခင်ဗျားရဲ့ မှော်လေသင်္ဘောလုပ်တဲ့နေရာမှာ ကူညီဖို့ သတ္တုစပ်သစ်ကို သုံးခိုင်းထားသေးလား?”

“ဒါပေါ့” အီဗီတာက ရွှင်ပျပျပြုံးလိုက်သည်၊ “ပြီးတော့၊ လေသင်္ဘောကိုကျွန်မ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးပြီ။ ကျွန်မ လူသုံးယောက်ဆံ့တဲ့ လေယာဉ်တွေလုပ်ထားပြီးပြီ၊ ရလာဒ်တွေကတော့ အရမ်းကောင်းတယ်။ ဥက္ကဌ.....”

“နေဦး? လူလိုက်ပါတဲ့ လေယာဉ်လား?” ရှုယီ၏ မျက်နှာထားပြောင်းသွားကာ အီဗီတာကို ဖြတ်ပြောဖို့ လက်ထောင်လိုက်ပါ၏၊ “ဆိုလိုတာက..... စမ်းသပ်မှုလုပ်နေစဉ်အတွင်းမှာ ခင်ဗျား မှော်လေသင်္ဘောထဲ လူတွေကို ထိုင်ခိုင်းထားတာလား?”

“ဟုတ်တယ်” အီဗီတာက ရှုယီ၏ တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့ဩသွားသည်၊ “အခု မှော်လေသင်္ဘောက အထဲမှာ ထိန်းချုပ်ကိရိယာ သွားထားလို့ ရနိုင်ပြီဆိုတော့ စမ်းသပ်မှုလုပ်ဖို့ အထဲမှာ ထိုင်ခိုင်းမယ့် လူတွေလိုတာပေါ့။”

ရှုယီက မျက်မှောင်ကုပ်ကာ ယခုနကမှ ကမ်ဘီ နှင့် အခြားလူများကို ပြောရမည့်အရာအား ထပ်ပြောရတော့မည်ကို သိလိုက်သည်။

“မှတ်ထားပါ ဒါကအဓိကအချက်ပဲ။ လူတစ်ယောက်ရဲ့ အသက်ကို အန္တရာယ်ရှိစေနိုင်မယ့် စမ်းသပ်မှုမျိုး လုပ်လို့မရဘူး နားလည်ရဲ့လား?” ရှုယီက အီဗီတာကို လေးနက်‌နေဟန်ဖြင့် သတိပေးလိုက်သည်။

“အင်း ကျွန်မနားလည်ပါတယ်။” အီဗီတာက ခေါင်းငြိမ့်သည်၊ “ဒါပေမယ့် ဒီစမ်းသပ်မှုအတွင်းမှာ ကျွန်မဘာသာ ကိုယ်တိုင်ကိုယ်ကျလုပ်ပြီး စမ်းသပ်ခဲ့တာပါ။ ဥက္ကဌ ကျွန်မရဲ့ မှော်အဆင့်နဲ့ဆို အန္တရာယ်ရှိလိမ့်မယ် ထင်လို့လား?”

“ခင်ဗျားဘာသာ စမ်းသပ်မှုလုပ်ခဲ့တာလား?” ရှုယီမှာ အံ့ဩသွားသည်။

“ဟုတ်တယ်လေ ဒီစမ်းသပ်မှုတွေက အရမ်းအန္တရာယ်များတယ်လို့လည်း ရှင်ပြောခဲ့တာပဲ၊ ဒီတော့ ကျွန်မလည်း ဒီထဲမှာ သာမန်လူတွေကို ထိုင်ခွင့်ပြုဖို့ စိတ်မချဘူး။ တခြားသုတေသနပညာရှင်တွေကိုလည်း မကူညီစေချင်တာကြောင့် ကိုယ့်ဘာသာလုပ်လိုက်တာ။ ပြီးတော့ ကိုယ့်ဘာသာ စမ်းသပ်တာကြောင့် အချက်အလက်စုဆောင်းတဲ့နေရာမှာ အများကြီးပို အဆင်ပြေတာပေါ့။” အီဗီတာက အပြုံးဖြင့်ဖြေသည်။

“အင်း..... ခင်ဗျားဘာသာ လုပ်တာဆိုရင်တော့ ဒါကိုလက်ခံလို့ရပါတယ်။” ရှုယီက ခေါင်းငြိမ့်သည်၊ “ဒါပေမယ့် အီဗီတာ, ခင်ဗျားက ပျံနိုင်တယ်ဆိုရင်တောင် သတိထားရမယ်။ တစ်ခုခုဖြစ်လာပြီး လေသင်္ဘောထဲကနေ မထွက်နိုင်ရင် ခင်ဗျားလည်း အန္တရာယ်ရှိနိုင်တယ်။”

“ကျွန်မနားလည်ပါတယ်၊ ဒါကြောင့် ကျွန်မ ယာဉ်တိုက်မှုဆန့်ကျင်ရေးစနစ်ကိုပါ မှော်လေသင်္ဘောထဲထည့်ထားလို့ တိုက်မှုဖြစ်ရင် အထိအခိုက်အများစုကို ခံနိုင်တာပေါ့။ ပြီးတော့ ရှင်ပြောခဲ့တဲ့ ejector ထိုင်ခုံကိုလည်း ထည့်ဖို့ စဉ်းစားထားတယ်၊ ဒီလိုဆိုရင် အန္တရာယ်တစ်ခုခုဖြစ်တဲ့အခါ ဒီတိုင်း ခုန်ထွက်လိုက်ရုံပဲ။ ပြီးတော့ တစ်ခုခုမှားသွားပြီး မှော်လေသင်္ဘောပျက်စီးသွားခဲ့ရင် အဲ့ထဲကနေ လွတ်မြောက်နိုင်တာပေါ့။”

“ခင်ဗျားက အားလုံးကို စဉ်းစားထားတာပဲ။” ရှုယီက ချီးကျူးလိုက်သည်၊ “မဆိုးဘူး အီဗီတာ, ခင်ဗျားက ကမ်ဘီတို့တွေနဲ့ ယှဉ်ရင် အများကြီးပိုပြီး အမျှော်အမြင်ရှိသလို အသေးစိတ်လည်းကျတယ်။ မှော်စက်ထုတ်လုပ်ရေးဌာနက အဲ့လူတွေသာ ခင်ဗျားလိုဆိုရင် ကျုပ်လည်း ပူပန်ရနည်းသွားမှာပဲ။”

အီဗီတာက အသာပြုံးသည်၊ “ဒါပေမယ့် ကျွန်မရဲ့ သုတေသန တိုးတက်မှုက နည်းနည်းနှေးနေတော့ သိပ်မကောင်းဘူး။”

“နှေးတာဘာညာက တခြားကိစ္စပါ၊ ပိုအရေးကြီးဆုံးက လုံခြုံဖို့ပဲ။” ရှုယီက လေးနက်ဟန်ဖြင့်ပြောလိုက်သည်၊ “ခင်ဗျားတို့အားလုံးက ကျုပ်တို့လုပ်ငန်းစုအတွက် တန်ဖိုးရှိတယ်၊ ဘာဆုံးရှုံးမှုကိုမှ မခံနိုင်ဘူး။ ခင်ဗျားတို့ အားလုံး ဒီမှာရှိနေသရွေ့ ဘယ်သုတေသနအတွက်ဆို မျှော်လင့်ချက်ရှိတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ ပထမဦးစားပေးက ခင်ဗျားကိုယ်တိုင်ရဲ့ လုံခြုံမှုပဲ ဖြစ်သင့်တယ်။”

ခေတ္တမျှရပ်တန့်ပြီးနောက်တွင် ရှုယီ၏ အမူအရာက အနည်းငယ် ပြေလျော့သွားကာ နူးညံ့သည့်အသံဖြင့် ဆိုလာ၏၊ “အလုပ်ကိစ္စကို ဘေးဖယ်ထားလိုက်ရင်တောင် ခင်ဗျားက စတေးလ်ရဲ့ သူငယ်ချင်းဖြစ်ပြီး ကျုပ်တို့လည်း သိလာတာ အတော်ကြာပြီဆိုတော့ သူငယ်ချင်းလို့ သတ်မှတ်လို့ရတယ်လေ။ ခင်ဗျား တစ်ခုခုဖြစ်မှာကို မမြင်ချင်ဘူး၊ ကျုပ် ပြောချင်တာကို သိတယ်မလား?”

အီဗီတာက ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမှ မဆိုချေ။ သူမက ခေါင်းသာငုံ့ကာ 'အမ်း'ဟု အသံပြုလာလေ၏။

ရှုယီက အီဗီတာ၏ အမူအရာ ပြောင်းလဲမှုကို သတိမပြု‌မိချေ။ သူက ဘေးဘီကိုကြည့်ပြီးနောက် မေးလိုက်၏၊ “ဟုတ်ပြီ၊ မှော်ဆလွန်းနဲ့ မှော်လေသင်္ဘောအပြင် တခြားစီမံကိန်းတွေရဲ့ တိုးတက်မှုအကြောင်းလည်း မေးချင်တယ်။ သတင်းကောင်းတစ်ခုခုများရှိလား?”

“အင်း ရှိပါတယ်။ အာကာလီ တာဝန်ယူထားတဲ့ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာက နောက်ထပ် တိုးတက်မှုတစ်ခု ရှိလာတယ်လေ။ ပဲ့တင်ထပ်ခြင်းနည်းပညာက အခု တစ်ကီလိုမီတာ အကွာအဝေးကို ရောက်နိုင်ရုံတင်မကဘူး တိကျမှုကလည်း အတော်တိုးတက်လာတယ်။ အခု‌ဆို မတူညီတဲ့ မှော်အစီအရင်နှစ်ခုကို ထိန်းချုပ်ဖို့ တူညီတဲ့ မှော်အစီအရင်ကို သုံးလို့ရနေပြီ။”

“အိုး? ဒါက သတင်းကောင်းပဲ၊ ဒါပေမယ့် ကျုပ် အာကာလီကို ပြောခဲ့တယ်၊ ဒီနည်းပညာကို လေ့လာနေချိန်မှာ တန်ပြန်တိုက်ခိုက်မှုအတွက် နည်းလမ်းတစ်ခုကိုလည်း ရှာရမယ်လို့လေ။ တစ်ယောက်ယောက်က ဒီနည်းပညာကို ကျော်လွှားမှုလုပ်နိုင်ခဲ့ရင် ကျုပ်တို့‌အနေနဲ့ အခံဘက်ဆီ ရောက်တဲ့အထိ တွန်းအားပေးမခံရဖို့ မျှော်လင့်တယ်။

“အဲ့လို ဖြစ်နိုင်တယ်လား?”အီဗီတာက ရှုယီကို သံသယအပြည့်ဖြင့် ကြည့်လိုက်သော်လည်း ခေါင်းတော့ငြိမ့်လိုက်ပါ၏။

“ဒါဆို အာကာလီအပြင် တခြားသတင်းကောင်းရှိသေးလား?” ရှုယီက မေးသည်။

“တခြား အရေးကြီးတိုးတက်မှုတွေအားလုံးကတော့ မဟာမှော်ပညာရှင်ကမ်မီလာရဲ့ ပတ်လည်ကို ဗဟိုပြုထားတာပဲ။” အီဗီတာက ရုတ်တရတ် ရယ်မောလာသည်၊ “ဥက္ကဌ လုံခြုံမှုအကြောင်းပြောချင်ရင် ရှင် သတိအပေးသင့်ဆုံးလူက မဟာမှော်ပညာရှင်ကမ်မီလာလို့ပဲ ကျွန်မထင်တယ်။”

ရှုယီလည်း ခါးသက်သက်ဟန်ဖြင့်သာ သူ့ခေါင်းသူပုတ်လျက် လက်ယမ်းပြလိုက်သည်၊ “ခင်ဗျား သူ့ကို ဂရုစိုက်ဖို့ မလိုပါဘူး၊ ကျုပ် သူ့ကို ဘာမှလုပ်လို့မရဘူး။”

ရှုယီ မျက်နှာထက်ရှိ ကူရာမဲ့နေဟန်ကိုမြင်သော် အီဗီတာက ပါးစပ်ကိုအုပ်လျက် တိတ်တဆိတ်ပြုံးလိုက်မိသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၃။ သတိထား၊ ပူတယ်

နွေဦးနေရောင်‌ခြည်က နွေးထွေးပါသော်လည်း လမ်ပူရီဆယ့်သုံးမှာ နေရောင်ခြည်၏‌ နွေးထွေးမှုကို လုံးဝမခံစားရပေ။ ထိုအစား သူ၏ကိုယ်မှာ အတိအေးစက်နေပြီး ကိုယ်တိုင်လည်း စောင်ခြုံထဲ၌တင်းတင်းကြပ်ကြပ် ကွေးကျုံ့ထားရသည်။

လမ်ပူရီဆယ့်သုံး၏ အပြုအမူကိုမြင်သော် နံဘေးရှိ ဒဲမာမှာ မနေနိုင်ဘဲ ဝမ်းနည်းဟန်ပေါ်လာသည်။

အရှင်မင်းကြီး၏ ခန္ဓာကိုယ်မှာ တစ်နေ့တခြားပိုပို‌ဆိုးလာသော်လည်း ဒဲမာက ဖြောင်းဖျဖို့ ကြိုးစားချိန်တိုင်း သူဟာ တစ်စက္ကန့်ပင် အနားယူဖို့ ဆန္ဒမရှိနေပေ။ သူဟာ အမြဲလိုလို စာရွက်စာတမ်းများကိုသာ ပုံမှန်အတိုင်း ဖြေဆိုနေပြီး နိုင်ငံရှိ ပြဿနာအားလုံးကို ကိုင်တွယ်နေလေသည်။ ၎င်းက လွန်ခဲ့သည့် နှစ်များစွာအကြာက နိုင်ငံကို ကိုင်တွယ်ခဲ့ပုံနှင့် မခြားပေ။

အိုး၊ လုံးတမခြားနားနေသည်တော့ မဟုတ်ပါချေ။ အရှင်မင်းကြီးမှာ ညီလာခံ ကျင်းပသည်မှာနည်းပြီး တစ်ခုလောက်ကျင်းပပါလျှင် သိပ်မကြာပေ။

လမ်ပူရီဆယ့်သုံးက အမိန့်ပေးကာ နန်းတော်စီမံခန့်ခွဲသူအနေနှင့် ဒဲမာက အလုပ်သမားများကို စည်းစနစ်ကျကျ ညွှန်ကြားပါလျှင်သော်မှ အရှင်မင်းကြီးဖျားနာနေကြောင်းသတင်းက ပျံ့နှံ့သွားဆဲပင်။

အနှီသတင်းက အန်ဗီမာမြို့တော်ရှိ မျိုးရိုးမြင့်များထံ ရောက်ရှိနေပြီဖြစ်ရာ မျိုးရိုးမြင့်များအကြား မငြိမ်မသက်ဖြစ်လာတော့သည်။

အန်ဗီမာမြို့တော်က အပြင်ပန်း၌ တည်ငြိမ်နေပုံပေါ်သော်လည်း အပြင်ဘက်အောက်တွင် ဖုံးကွယ်ထားသည့် ပြဿနာများစွာရှိသည်။

လူတိုင်းက ဘုရင်ကြီး၏ အခြေအနေကို မြင်ရန် စောင့်ဆိုင်းနေပြီး သူဟာ.....ကွယ်လွန်မည် မကွယ်လွန်မည်ကိုပါ မြင်ရရန် စောင့်ဆိုင်းနေကြ၏။

“အဟွတ်၊ အဟွတ်” လမ်ပူရီဆယ့်သုံးက ရုတ်တရတ် ချောင်းနှစ်ချက်ဆိုးလာသည်။

ဒဲမာ၏ စိတ်နှလုံးများတင်းကြပ်သွားကာ ရုတ်တရတ် ရှေ့တိုးလာသော်လည်း လမ်ပူရီဆယ့်သုံးက သူ၏ပါးစပ်နားမှ လက်ကိုဖယ်လိုက်ရာ လက်ဖဝါးထက်တွင် အနီရင့်ရင့်သွေးစတစ်စရှိနေသည်။

“အရှင်မင်းကြီး” ဒဲမာက ဝမ်းနည်းနေဟန်ဖြင့် ခေါ်လာသော်လည်း မည်သည်ကိုမှ မဆိုနိုင်ချေ။

လမ်ပူရီဆယ့်သုံးလည်း လက်ထဲရှိ သွေးစများကိုကြည့်ကာ တစ်ချက်ပြုံးသည်။ သူက နံဘေးမှ လက်ကိုင်ပဝါတစ်ခုကို ဒီတိုင်းယူကာ လက်ကို သုတ်၍ ဒဲမာကို ပြောလေ၏၊ “ကောင်းပြီ၊ မိန်းမတစ်ယောက်လို ငိုနေတာ ရပ်လိုက်တော့၊ ကိုယ်တော်က ဒါမျိုး မမြင်ချင်တာ သိတယ်မလား။”

ဒဲမာလည်း မျက်ရည်များကိုသုတ်ကာ သဘောတူလိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှု၍ မိမိကိုယ်ကိုယ်စိတ်ငြိမ်စေရန် တွန်းအားပေးလိုက်ချင်သော်လည်း လမ်ပူရီဆယ့်သုံးက မည်သည့်အသားမှ ကျန်တော့သည့်ပုံမပေါ်သည်ကိုမြင်သော် စိတ်မငြိမ်နိုင်တော့ကြောင်း သိလိုက်ရပါ၏။

ဒဲမာ၏ အမူအရာပြောင်းသွားသည်ကိုမြင်သော် လမ်ပူရီဆယ့်သုံးက မျက်မှောင်ကုပ်လေသည်၊ “ဘယ်လိုငိုရမလဲပဲ သိမနေနဲ့၊ ကိုယ်တော့်ကို သေချာနားထောင်။”

“အမ်?” ဒဲမာမှာ ရုတ်တရတ် ကြောင်အသွားပြီးမှ နိုးထလာသည်။ သူက အလျင်အမြန်ထရပ်ကာ လမ်ပူရီဆယ့်သုံးကို တည့်တည့်ကြည့်လိုက်ပါ၏။

ယခုဆိုလျှင် လမ်ပူရီဆယ့်သုံးနောက် လိုက်လာသည်မှာ နှစ်များစွာ ကြာညောင်းနေပြီဖြစ်သောကြောင့် ဘုရင်ကြီးက သူ့အား အင်မတန်အရေးကြီးသည့် အမိန့်ပေးတော့မည်ကို သိလိုက်သည်။

“ပထမဦးဆုံး အဲရစ်၊ မီဖန်းနဲ့ ဆယ်ဗီနီတို့ဆီ ကိုယ်တော့်ကို ပြန်လာတွေ့ဖို့ အမိန့်တွေပို့လိုက်။”

ဒဲမာက ခေါင်းငြိမ့်သဘောတူလိုက်သည်။

ဘုရင်ကြီးက သူ့ထံ၌ အချိန်သိပ်မကျန်တော့ကြောင်း သိပြီး ကလေးများကို နောက်ဆုံးစကားဆိုရန် အခေါ်လွှတ်လိုကြောင်း စဉ်းစားမိသောအခါ သူဟာ တစ်ဖန် ဝမ်းနည်းလာပြီး မျက်လုံးများ ဝေဝါးလာသည်။

“မင်းကို ငိုပဲ မငိုနေဖို့ ပြောထားတယ်လေ! ကိုယ်တော့် အမိန့်ကိုနားထောင်၊ ဘာအမှားမှ လုပ်လို့မရဘူးနော်!” လမ်ပူရီဆယ့်သုံးက ဟိန်းဟောက်၏။

ဒဲမာလည်း မျက်ရည်များကို မြန်မြန်ပြန်သုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ရာ အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။

“အရှင်မင်းကြီး ကျေးဇူးပြုပြီး အမိန့်ပေးပါ။”

“အင်း ဒီလိုမှပေါ့။” လမ်ပူရီဆယ့်သုံးက စိတ်တိုင်းကျစွာ ခေါင်းငြိမ့်၏၊ “ဒုတိယ၊ ဆိုဝယ်လ်မြို့ဆီ အမိန့်တစ်ခုပို့လိုက်။ ကောင့်ထ် စီယန်ကို အကာအကွယ်တွေ အားဖြည့်ခိုင်းပြီး မြောက်ဘက်နယ်စပ်ကနေ စခ်တိုင်းပြည် ဝင်လာမှာကို တားခိုင်းထား။”

ဒဲမာမှာ အံ့ဩသွားရသည်၊ “စခ်တိုင်းပြည်ကို မြောက်ဘက်စစ်တပ်က ဖိနှိပ်လိုက်ပြီလေ၊ ကျူးကျော်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

လမ်ပူရီဆယ့်သုံးက အေးစက်စက်နှာမှုတ်သည်၊ “အဲ့ငတုံးလေး အဲရစ်က မမြင်ဘူးလေ၊ ဒါပေမယ့် မင်းကလည်း ဒါကို မမြင်ဘူးလား? စခ်တိုင်းပြည်ကသာ ဒီလောက် အနိုင်ယူဖို့ လွယ်လွန်းနေရင် ကိုယ်တော်အစတည်းက ဒါကို လုပ်ပြီးနေလောက်ပြီ။”

ဒဲမာက တိတ်ဆိတ်သွားသည်။

သူဟာ စခ်တိုင်းပြည်က ပရိယာယ်ဆင်ကာ မင်းသားလေးအဲရစ်ဦးဆောင်သည့် မြောက်ဘက်စစ်တပ်ကို စခ်တိုင်းပြည်ထဲဝင်လာခိုင်းသည်ဟု သံသယဖြစ်မိသော်လည်း ရှေ့တန်းမှလာသောသတင်းများအရ မြောက်ဘက်စစ်တပ်မှာ သွေးဆာဝံပုလွေတပ်ရင်းကို ဆုံးရှုံးမှုကြီးများ ခံစားရစေခဲ့ပြီး စခ်တိုင်းပြည်၏ နယ်မြေထဲ ဝင်ရောက်ခဲ့သည်ပင်။

စခ်တိုင်းပြည်ထံ၌ အစီစဉ်ရှိပါလျှင်တောင် ထိုမျှထိတော့ သွားခွင့်ပြုလိမ့်မယ်မဟုတ်လောက်ပေ။

ထိုသို့ဆက်ဖြစ်နေပါက ၎င်းတို့လည်း ထို အတွက်ပေးဆပ်ရပေမည်။

“တတိယ၊ နိုင်ငံရဲ့ ဒုတိယစစ်တပ်ကို မြောက်ဘက်ဆီသွားခိုင်းပြီး အနောက်မြောက်ခရိုင်ထဲဝင်ရောက်ပြီးတော့ လတ်တလော အကာအကွယ်ကို ထိန်းချုပ်ခိုင်းထား။”

ဒဲမာမှာ လမ်ပူရီဆယ့်သုံး၏ တတိယအမိန့်ကြောင့် အံ့ဩသွားသည်။

“အရှင်မင်းကြီး ဘယ်လိုဖြစ်နိုင်မှာလဲ? ဒုတိယစစ်တပ်လည်း ထွက်သွားမယ်ဆို အန်ဗီမာမြို့တော်မှာ တော်ဝင်အစောင့်တွေနဲ့ ပထမစစ်တပ်ပဲ ကျန်တော့မှာ မဟုတ်ဘူးလား? ဒီအင်အားနဲ့ဆို...... အန်ဗီမာမြို့တော်မှာသာ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ?”

“အန်ဗီမာမြို့တော်မှာ ပြောင်းလဲမှုဖြစ်လာမယ် ထင်လို့လား?” လမ်ပူရီဆယ့်သုံးက ဒဲမာကို သေချာကြည့်လိုက်သည်။

“ဟုတ်တယ်လေ၊ အကယ်၍ အရှင်သာ.....” ဒဲမာက ရုတ်တရတ် ရပ်တန့်လိုက်ပါ၏။

“ကိုယ်တော်သေသွားရင် အန်ဗီမာမြို့တော်မှာ တစ်ခုခုဖြစ်လာနိုင်တယ်ပေါ့?” လမ်ပူရီဆယ့်သုံးက အေးစက်စက်ရယ်သည်၊ “ဒါက မဖြစ်နိုင်ဘူး အသေအချာပဲ။ ဒီနေရာမှာ ဒုတိယစစ်တပ်ကိုထားတာက ဘာအဓိပ္ပာယ်မှမရှိဘူး၊ အနောက်မြောက်ခရိုင်ရဲ့ လုံခြုံမှုကို သေချာစေဖို့ ပိုအရေးပေးရမယ်။”

“အရှင်မင်းကြီး၊ အရှင်က မင်းသားလေးအဲရစ်ကို ဒီလောက် ယုံကြည်မှုနည်းတယ်လား?” ဒဲမာက အနည်းငယ် ထူးဆန်းသလိုခံစားလိုက်ရသည်။

“ကိုယ်တော်က သူ့နောက်ကွယ်က လူတွေကို စိတ်မချတာပါ။” လမ်ပူရီဆယ့်သုံးက ခေါင်းခါသည်၊ “သူတို့ကသာ တော်ဝင်မိသားစု စခ်တိုင်းပြည်ကို တိုက်ခိုက်ရာမှာ တကယ်ပဲ အပြည့်အဝထောက်ပံ့မယ်ဆိုရင် ဒီနေရာမှာပဲ စောင့်နေဖို့ မလိုဘူးလေ။ အဆုံးကျရင် အဲ့ကောင်လေး အဲရစ်က သူတို့အတွက် နယ်ရုပ်အဖြစ်ပြောင်းသွားမှာ။”

ဒဲမာ၏ အမူအရာက ပို၍ပင် ထူးဆန်းလာ၏။

“အရှင်မင်းကြီး ဒါတွေအားလုံးကိုသိနေမှတော့ ဘာလို့ ဆုံးဖြတ်ချက်ချဖို့ ဆန္ဒမရှိရတာလဲ? အရှင်မင်းကြီးသာ ဆက်ခံသူကို ကြိုပြီး ဆုံးဖြတ်လိုက်ရင် မင်းသားလေးအဲရစ်ကလည်း မျိုးရိုးမြင့်တွေကြောင့် ဒါတွေအားလုံးလုပ်ဖို့ လှုံ့ဆော်ခံရမှာ မဟုတ်ဘူးမလား?”

လမ်ပူရီဆယ့်သုံးက သက်မချလိုက်၏။ သူက အနောက်မြောက်ဘက်ကို ကူကယ်ရာမဲ့စွာဖြင့် လှည့်ကြည့်နေ၏။

“တကယ်တော့ သူတို့သုံးယောက်ထဲမှာ ဆယ်ဗီနီကသာ ထီးနန်းနဲ့ထိုက်တန်တာကို သိပြီးသားပါ။ ဒါပေမယ့် ဆယ်ဗီနီက ခံစားချက်အရမ်းနူးညံ့တော့ သူမသာ ထီးနန်းလိုချင်ရင် သူမရဲ့ ခံစားချက်တွေကို မာကျောအောင်လုပ်ရမယ်။ ကိုယ်တော် ဒီဆုံးဖြတ်ချက်ကို အဲရစ်ဆီ အခွင့်ရေးပေးဖို့ လုပ်ခဲ့တာမဟုတ်ပေမယ့်၊ သူက..... ကိုယ်တော့ကို စိတ်ပျက်စေခဲ့တယ်။”

ဒဲမာမှာ အနည်းငယ် တိတ်ဆိတ်နေပြီး သက်ပြင်းချလာသည်၊ “တကယ်တော့ ..... အရှင်မင်းကြီး၊ အရှင်သာ အားလုံးကို သူတို့ဆီရှင်းပြလိုက်ရင် အခြေအနေက ဒီထိ မရောက်လောက်ဘူးလို့ ကျွန်တော်ထင်တယ်။”

“မင်းက ကိုယ်တော့်ကို အပြစ်တင်နေတာလား?” လမ်ပူရီဆယ့်သုံးက ဒဲမာကိုကြည့်ကာ အပြုံးဖြင့် ပြောလေသည်၊ “မင်းကိုကြည့်ဦး၊ လူတွေက အမှန်တရားကို သေတော့မယ့် အချိန်မှပဲ ပြောနိုင်တာဆိုပေမယ့် အမှန်တရားကို နားထောင်ဖို့ ဒီလိုက အလွယ်ဆုံးပဲ။ ဒဲမာ, မင်း ကိုယ်တော်နဲ့အတူ ရှိလာတာ နှစ်များစွာကြာနေပြီး၊ အခုက မင်း ကိုယ်တော့်ကို ဒီလိုတည့်တိုးပြောတဲ့ ပထမဆုံးအကြိမ်ပဲ။”

ဒဲမာက ခါးသက်သက်ရယ်ကာ ခေါင်းခါသည်၊ “ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်က သေတော့မှာပဲဆိုတော့ မပြောရဲတာဘာမှ မရှိဘူးလေ။”

“အိုး?” လမ်ပူရီဆယ့်သုံးမှာ အနည်းငယ်အံ့ဩသွားသည်၊ “မင်းကရောဘာလို့ သေတော့မှာလဲ? မင်းရဲ့ ခန္ဓာကိုယ်လည်း မကောင်းတော့ဘူးလား?”

ဒဲမာက လမ်ပူရီဆယ့်သုံးကို ရှုပ်ရှုပ်ထွေးထွေးဖြင့် ကြည့်လိုက်သည်၊ “အရှင်မင်းကြီး ဒီလောက,ကနေ ထွက်သွားတာနဲ့ ကျွန်တော်လည်း လိုက်ခဲ့မယ်လို့ ဆုံးဖြတ်ထားတာကြောင့်ပါ။”

လမ်ပူရီဆယ့်သုံးမှာ စိတ်လှုပ်ရှားသွားသည်။ သူက ဒဲမာကို ခဏတာကြည့်လိုက်ပြီးနောက် ပြုံးပြလာ၏။

“ကောင်းပြီလေ၊ ကိုယ်တော်နဲ့ အတူရှိနေမယ့် လူတစ်ယောက်ရှိနိုင်တာက အတော်ကောင်းတယ်လို့ ယူဆလို့ရပါတယ်။”

ဒဲမာလည်း ပြုံးလာ၏။ တစ်အောင့်ကြာသည့်နောက် သူက လမ်ပူရီဆယ့်သုံးကို အေးဆေးသည့်အသံဖြင့် မေးလိုက်သည်၊ “အရှင်မင်းကြီး၊ ဒီတော့ အရှင်မင်းကြီး မင်းသားလေးနှစ်ပါးနဲ့ မင်းသမီးလေး ဆယ်ဗီနီတို့ကို ခေါ်တာက တော်ဝင်ဆက်ခံသူကို ကြေညာတော့မယ့် အဓိပ္ပာယ်ပေါ့?”

“အင်း” ဒဲမာ၏ ထုတ်ပြမှုကြောင့်လည်း ဖြစ်နိုင်၏၊ လမ်ပူရီဆယ့်သုံးက ဖုံးကွယ်မနေတော့ဘဲ ခေါင်းတစ်ချက်သာ ငြိမ့်ပြလာသည်။

“ဒါဆို..... ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာမမှားရင် ဒါက ဘုရင်မ ဆယ်ဗီနီပဲ ဖြစ်ရမယ်၊ ဟုတ်လားဗျ?” ဒဲမာက မေးပါ၏။

လမ်ပူရီဆယ့်သုံးက သက်ပြင်းချလာသည်၊ “အဲရစ်က ကိုယ်တော့်ကို အရမ်းစိတ်ပျက်စေတယ်၊ မီဖန်းကလည်း အမြဲတမ်းသိပ်အဆင်မပြေလှဘူး။ ဆယ်ဗီနီကို စိတ်ထားနည်းနည်းနူးညံ့ပေမယ့်လည်း တခြားအရည်အချင်းတွေက ပြဿနာမရှိဘူး။ ပြီးတော့.... သူမဆီမှာက ရှုယီဆိုတဲ့ အရမ်းကိုမှ အရေးကြီးတဲ့ ထောက်ခံသူရှိတယ်လေ။”

လမ်ပူရီဆယ့်သုံးက 'ရှုယီ'ဟူသည့်အမည်ကို ထုတ်ပြောလာသည်အားကြားသော် ဒဲမာမှာ မအံ့ဩမိဘဲ မနေနိုင်တော့ချေ။

“အရှင်မင်းကြီး၊ ရှုယီက ဒီလောက်အရေးပေးဖို့ ထိုက်တန်လို့လား?”

“ဒါပေါ့” လမ်ပူရီဆယ့်သုံးက အလေးအနက်ပြောလာသည်၊ “ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့သာ ဆယ်နှစ်စောပြီးပေါ်လာခဲ့ရင် ကိုယ်တော် သူ့ကို အပြည့်အဝ ထောက်ပံ့မိမှာပဲ၊ ဘာလို့လဲဆိုတော့ ကိုယ်တော်အနေနဲ့ သူနဲ့ Frestech ကုန်သည်ကြီးများအသင်းကို အလုံအလောက်ထောက်ပံ့နေသရွေ့ သူကလည်း လမ်ပူရီတိုင်းပြည်တစ်ခုလုံးနဲ့ နယ်မြေကြီးတစ်ခုလုံးကိုပါ ပြောင်းလဲပေးမယ်ဆိုတာ သေချာနေလို့ပဲ။ ဒါပေမယ့် သူပေါ်လာတဲ့အချိန်က မကောင်းနေတာတော့ တကယ်နှမျောစရာပဲ။ ကိုယ်တော့်အနေနဲ့..... ဆယ်ဗီနီကို သူ ဆက်ကူညီပေးနေပြီး နိုင်ငံကို ဖြည်းဖြည်းချင်းပြောင်းလဲပေးဖို့ပဲ မျှော်လင့်နိုင်တော့မယ်။”

“ရှုယီသာ အရှင်မင်းကြီးက သူ့ကို ဒီလောက် အရေးထားမှန်းသိရင် သေချာပေါက် ဂုဏ်ယူနေလောက်တယ်။”

“ဒါက မသေချာပါဘူး။ အဲ့ကောင်လေးက အပြင်ပန်းမှာ အရမ်းကို ကျိုးနွံနေတဲ့ပုံ ရှိပေမယ့် သူက စိတ်အတွင်းထဲမှာတော့ အရမ်းကို ပလွှားနေမယ်လို့ ပြောနိုင်တယ်။ မမေ့နဲ့၊ တော်ဝင်လွှတ်တော်က အဘိုးကြီးတွေ သူ့ရဲ့ မျိုးရိုးမြင့် ရာထူးကို ဖယ်ဖို့ကြိုးစားတုန်းက သူက လုံးဝကို ဂရုမစိုက်သလို ဖယ်ပါဖယ်ချင်နေတာလေ။ ကိုယ်တော် အဲ့မှာ မရှိခဲ့တော့ အဲ့လူတွေရဲ့ မျက်နှာကို မတွေ့ခဲ့ရတာ နှမျောစရာပဲ၊ အတော်ကို စိတ်ဝင်စားစရာကောင်းလောက်မှာ။ ဟားဟား.....”

နှစ်ကြိမ်မျှရယ်မောလိုက်ပြီးနောက် လမ်ပူရီဆယ့်သုံးမှ ရုတ်တရတ် ချောင်းဆိုးလာလေ၏။

“အရှင်မင်းကြီး၊ အရှင် ...... ဆေးနည်းနည်းလောက် သောက်ချင်သေးလား?” ဒဲမာက မေးသည်။

လမ်ပူရီဆယ့်သုံးက မျက်မှောင်ကုပ်ကာ အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ခေါင်းငြိမ့်လာ၏၊ “အင်း ယူလာခဲ့လိုက်။”

ဒဲမာလည်း စင်ဘက်သို့လှည့်ကာ ရှာဖွေလိုက်သည်။

အတွင်းရှိ ပုလင်းနှင့် ထိမိသောအခါ ဒဲမာ၏ မျက်နှာထက်၌ ရှုပ်ထွေးဟန်ပေါ်လာပြီး အမြန်ပုံမှန်ပြန်ဖြစ်သွားလေ၏။

ဆေးထုတ်ကာ ပြင်ဆင်ပေးပြီးနောက် ဒဲမာလည်း လမ်ပူရီဆယ့်သုံးဆီ ယူလာပေးလိုက်သည်။

လမ်ပူရီဆယ့်သုံးက စားတော့မည့်ဟန်ပြင်နေသည်ကိုမြင်သော် ဒဲမာမှာ ရုတ်တရတ် ခေါ်လိုက်၏၊ “အရှင်မင်းကြီး.....”

လမ်ပူရီဆယ့်သုံးက အံ့ဩကာ မော့ကြည့်လာသည်၊ “ဘာများလဲ?”

ဒဲမာက ဖျစ်ညှစ်ပြုံးကာ၊ “ဘာမှမဟုတ်ပါဘူး၊ ဒါက..... ဂရုစိုက်ပါ၊ ပူတယ်.....”

လမ်ပူရီဆယ့်သုံးလည်း အပြုံးဖြင့် ခေါင်းခါပြီး အားလုံးကို သောက်ချလိုက်ပါ၏။

ဆေးက ဗိုက်ထဲရောက်သွားသည်နှင့် လမ်ပူရီဆယ့်သုံး၏ မျက်နှာထားမှာ ရုတ်တရတ် ပြောင်းလဲသွားလေ၏။ သူ၏မျက်နှာက နာကျင်မှုတို့ ပြည့်နေသလို ဒေါသတို့လည်း ရောပြွမ်းနေပေသည်။ သူက ဒဲမာကို မျက်လုံးများပြူးကြည့်လိုက်သော်လည်း မည်သည်ကိုမှ မဆိုနိုင်တော့ချေ။

ဒဲမာက သက်ပြင်းချ၍ လမ်ပူရီဆယ့်သုံး၏ပခုံးထက် လက်တင်လိုက်ပြီး အိပ်ရာထဲ တွန်းချလိုက်လေသည်။

“အရှင်မင်းကြီး၊ ကောင်းကောင်းအနားယူပါ။”

လမ်ပူရီဆယ့်သုံး၏ ဒေါသဟန်ကိုမြင်သော် ဒဲမာလည်း အကြည့်လွှဲ၍ သူ၏ အကြည့်ကို ရှောင်လိုက်ပါ၏။

“အရှင်မင်းကြီး၊ အရှင့်မှာ မေးစရာတွေ များနေမယ်ဆိုတာသိပါတယ်။ ကျွန်တော့်အနေနဲ့ စိတ်မကောင်းဘူးလို့ပဲ ပြောနိုင်တယ်၊ ဒါပြီးရင်တော့ အရှင်နဲ့အတူ ဒီလောက,ကနေ ထွက်သွားမယ်လို့ ကတိပေးပါတယ်။ အဲ့နောက်မှ အရှင် ကျွန်တော့်ကို ဘာလုပ်လုပ် လုပ်ချင်တာလုပ်ပါ၊ လုံးဝ ခုခံမှာမဟုတ်ပါဘူး။”

လမ်ပူရီဆယ့်သုံးက ရုတ်တရတ် ပါးစပ်ဟကာ ဒဲမာ၏ မျက်နှာထက်သို့ သွေးများဖြင့် တံထွေးထွေးချလိုက်သည်။

ထို့နောက် အိပ်ရာပေါ် ပြန်လဲသွားကာ မည်သည့်အသံမှ မထွက်တော့ချေ။

လမ်ပူရီဆယ့်သုံး၏ ပြူးကျယ်နေသောမျက်လုံးများ၊ မျက်နှာထက်ရှိ ဒေါသအရိပ်အယောင်နှင့် ဆန္ဒမရှိမှုတို့ကို မြင်သော် ဒဲမာမှာ သက်ပြင်းတစ်ချက်ချလိုက်ပါ၏။ သူက လမ်ပူရီဆယ့်သုံး၏ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် အိပ်ရာနံဘေးမှ ကြိုးကို ပြန်ဆွဲလိုက်သည်။

တစ်အောင့်ကြာပြီးနောက် အရပ်ရှည်ရှည်နှင့် သန်သန်မာမာပုံရိပ်တစ်ခုက လမ်ပူရီဆယ့်သုံး၏ နားနေခန်းထဲသို့ ဝင်ရောက်လာသည်။

“မန်နေဂျာဒဲမာ, ပင်ပန်းသွားရပြီ။”

ဒဲမာက ထိုလူကို မည်သည့်အမူအရာမှ မရှိဘဲ ကြည့်လိုက်သည်၊ “ဒုခ့်စတက်ဂျ်, ပင်ပန်းခဲ့ရတာက ခင်ဗျားပါ။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၄။ ခင်ဗျား.....ငိုခဲ့သေးလား?

သွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူး ချာလွန်လီနီယာက တောင်ကုန်းမြင့်တစ်ခုထက်၌ ရပ်နေရင်း အဝေး‌ရှိ မြေပြင်ညီပေါ်သို့ ငေးကြည့်နေလေသည်။ အနက်ရောင်အစက်များက တဖြည်းဖြည်း အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရင်း သူ့ထံ၌ မယုံကြည်ဟန် ပေါ်လာသည်။

ထိုအနက်ရောင်အစက်များ ထွက်သွားသည်ကို တစ်အောင့်ကြာစောင့်ကြည့်နေရင်း သူက ရုတ်တရတ် တံတွေးထွေးကာ ခေါင်းဆောင်အရာရှိ အိုင်ဗီဂျောင်ကို မေးလိုက်လေ၏၊ “ဘယ်လိုလဲ..... သူတို့နောက် လိုက်မှာလား?”

ခေါင်းဆောင် အရာရှိ ဂျောင်က ခေါင်းခါသည်၊ “ဟင့်အင်း။ မြောက်ဘက်စစ်တပ်ရဲ့ ဖွဲ့စည်းပုံက ကောင်းတဲ့ပုံမပေါ်သလို ပြန်ဆုတ်တာကလည်း အတော်အေးဆေးဖြစ်နေပေမယ့် သူတို့ရဲ့ အင်အားအလုံးစုံက အဲ့မှာပဲ။ ငါတို့သာ အလျင်စလို ချီတက်သွားလိုက်ရင် တိုက်ခိုက်တဲ့ အချိန်မှာ အနိုင်မရနိုင်လောက်ဘူး။ ပြီးတော့လည်း..... သူတို့ချထားတဲ့ ထောင်ချောက်သာရှိရင် ငါတို့တွေ စိတ်ချရမယ့် နည်းလမ်းမရှိဘူး။”

“-ျီးထုပ်ထောင်ချောက်!” လီနီယာက လက်ခါကာ၊ “အဲ့‌ငတုံးမင်းသားက တစ်ချိန်လုံး ကျွန်တော်တို့ကို နှာတစ်ဖျားသာဦးဆောင်နေပြီး သူ့ရဲ့ အမိန့်တွေအားလုံးကလည်း အမှိုက်တွေပဲ၊ သူက ဘယ်လိုထောင်ချောက်ဆင်ရမယ်ဆိုတာကို သိမှာလဲ? သူ့မှာသာ အဲ့လို အရည်အချင်းရှိရင် ဘာလို့ ဒီမှာ လွယ်လွယ်လေး ကျွန်တော်တို့ကို ငါးစာချခွင့်ပြုမှာလဲ?”

“ဒါဆို သူက အချိန်ကောင်းမှာမှ ပြန်ဆုတ်သွားတာကိုရော ဘယ်လိုရှင်းပြမလဲ?” ခေါင်းဆောင် အရာရှိ ဂျောင်က အဝေးရှိ လမ်ပူရီတိုင်းပြည်၏ မြောက်ဘက်စစ်တပ်ကိုယ်စားပြု အနက်ရောင်လူအုပ်ကြီးကို ညွှန်ပြသည်၊ “သူတို့အနေနဲ့ နောက်ထပ် နှစ်ကီလိုမီတာလောက်ပဲ ထပ်တိုးဖို့ လိုတော့တာ၊ ပြီးရင် ငါတို့ဆီက အဝိုင်းခံရမှာပဲလေ။ ဒါပေမယ့် သူတို့က ဒီအကွာအဝေးကနေ ပြန်ဆုတ်ဖို့ ရွေးချယ်လိုက်ပြီး ငါတို့ကို ဒီနေရာကနေ ကာကွယ်ဖို့ရော လိုက်ဖို့ရောလုပ်မရအောင် ဖြစ်သွားစေတယ်။ ငါ့အမြင်အရတော့ ဒါက ငါတို့ကို လှည့်ဖျားဖို့ အမျှော်အမြင်ရှိတဲ့ လှုပ်ရှားမှုပဲ။”

“သေစမ်း!” လီနီယာက ဆဲရေးလိုက်သည်၊ အဝေးရှိ ပြန်ဆုတ်နေသော မြောက်ဘက်စစ်တပ်ကို ဆန္ဒမရှိသောအကြည့်ဖြင့်ကြည့်လိုက်သော်လည်း သူဟာ ၎င်းတို့နောက်လိုက်ရန်တော့ အမိန့်မပေးလိုက်ချေ။

ဂျောင်ပြောသလိုပင် မြောက်ဘက်စစ်တပ်က ရုတ်တရတ် ပြန်ဆုတ်ဖို့ ဤအချိန်ကို ရွေးချယ်လိုက်သည်က သူ၏ စိတ်ကို အနည်းငယ် နိုးကြားသွားစေသည်။

မြောက်ဘက်စစ်တပ်ကသာ ဆုံးရှုံးမှုအဖြာဖြာနှင့် သူတို့ တစ်လကျော်ခင်းထားခဲ့သည့် ဤထောင်ချောက်ကို မြင်ခဲ့ပါလျှင် မင်းသားလေး အဲရစ်က သူတို့ထင်ထားသလို ငတုံးတစ်ကောင်မဟုတ်ဟူသည့် အဓိပ္ပာယ်ပင်။ ထိုအစား သူဟာ ပါးနပ်သောခေါင်းဆောင်ဖြစ်ပါ၏။

၎င်းတို့နောက်ကိုသာ တကယ်လိုက်သွားပါက တစ်ဖက်က ချထားသည့် ထောင်ချောက်ထဲကျသွားနိုင်သည်။

ထိုသို့စဉ်းစားရင်း လီနီယာမှာ မနေနိုင်တော့ဘဲ စိတ်ထဲ၌ မကျေနပ်မှုအပြည့်ဖြင့် ဒေါသတကြီး ဆဲရေးလိုက်ပြန်၏။

ဤအစီအစဉ်မှာ တစ်လကျော်ကြာအောင် ဆုံးရှုံးမှုများပေးဆပ်ကာ သွေးဆာဝံပုလွေတပ်ရင်းအား 'အမြဲဆုံးရှုံးမှုခံစားနေရသည်'ဟု ဖိအားကြီးကြီးပေးလာသည့် အစီအစဉ်ဖြစ်သည်။ သို့သော် ၎င်းတို့ အောင်မြင်ခါနီးဆဲဆဲတွင် ၎င်း အသားတုံးကြီးထွက်သွားသည်ကိုသာ စောင့်ကြည့်နေလိုက်ရသဖြင့် သူဟာ မည်သို့ ခံစားနိုင်မည်နည်း?

သို့သော် တပ်မှူးတစ်ယောက်အနေနှင့် သူသာ တဇွတ်ထိုးလုပ်ပါက နာကျင်ဖွယ်တန်ကြေးကို ပေးဆပ်ရမည်မှန်း သိလေသည်။ ထို့ကြောင့် မည်မျှ မကျေနပ်နေပါစေ စိတ်တွင်း၌သာ အလောကြီးမှုများကို အတင်းဖိနှိပ်ထားနိုင်သည်။

အဝေးရှိ မြောက်ဘက်စစ်တပ်ကို ကြည့်နေရင်း လီနီယာက နှာမှုတ်ကာ ဒေါသအပြည့်မျက်နှာနှင့် ပြန်လှည့်လာသည်။

သူသာ ဆက်ကြည့်နေပါက ဆက်ပြီး တောင့်ခံထားနိုင်လောက်မည်မဟုတ်ချေ။

လီနီယာ၏ အပြုအမူကိုမြင်သော် ဂျောင်က ခါးသက်သက်ပြုံး၍ ခေါင်းခါရင်း ကူရာမဲ့သလို ခံစားလိုက်ရသည်။

အဝေးရှိ မြောက်ဘက်စစ်တပ်ကို ကြည့်လိုက်ပြီးနောက် သူလည်း လီနီယာနှင့် အတူဆင်းသွားလိုက်သည်။

၎င်းတို့ လမ်းတစ်ဝက်အရောက်တွင် မြင်းတစ်ကောင် ရုတ်တရတ်ရောက်လာပါ၏။

ထိုမြင်း၏ အသံကိုကြားသော် လီနီယာမှာ ဒေါသအပြည့်ဖြစ်သွားသည်။

“ဘယ် ခွေးကောင်‌လဲကွ? တိတ်တိတ်နေဖို့ အမိန့်ပေးထားပြီးသားမဟုတ်ဘူးလား? သူ့ကိုအဝေးဆွဲခေါ်သွားပြီး ခုတ်လိုက်စမ်းပါ!”

ဂျောင်က မျက်မှောင်ကျုံ့ကာ မော့ကြည့်လာပြီး ရှေ့တိုးလာကာနီး လီနီယာ၏ ကိုယ်ပိုင်အစောင့်များကို ပိတ်ဆို့လိုက်ပါ၏။

“ကြည့်ရတာ စစ်ထောက်လှမ်းရေးဌာနက သတင်းပေးသူထင်တယ်။”

“ထောက်လှမ်းရေးဌာန? သူတို့က ဒီကို ဘာလို့လာတာလဲ!” လီနီယာက နှာမှုတ်လိုက်သော်လည်း သူ၏ ကိုယ်ပိုင်အစောင့်များကို မသွားခိုင်းတော့ချေ။ သူလည်း ရပ်တန့်ကာ နီးကပ်လာသည့် မြင်းကို အေးစက်စက်ကြည့်လိုက်သည်။

တစ်အောင့်ကြာပြီးနောက် မြင်းက တောင်ကုန်းပေါ် ပြေးတက်လာကာ ၎င်းတို့ရှေ့၌ ရပ်သွားသည်။ ယူ‌နီဖောင်းဝတ် သန်သန်မာမာစစ်သားငယ်လေးတစ်ဦးက မြင်းပေါ်မှ ခုန်ဆင်းလိုက်ပါ၏။

“နှုတ်ဆက်ပါတယ် တပ်မှူး! ဒါက ထောက်လှမ်းရေးဌာနက နောက်ဆုံးရထားတဲ့သတင်းပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ!”

လီနီယာက အေးစက်စက်နှာမှုတ်လိုက်သော်လည်း လက်မလှမ်းလိုက်ချေ။

ဂျောင်က ခါးသက်သက်ပြုံး၍ ခေါင်းခါလိုက်၏။ သူဟာ လီနီယာက ထိုရှုံးနိမ့်မှုကြောင့် သတင်းပေးသူကို ဒေါသဖြင့် မဲနေခြင်းဖြစ်သဖြင့် ထိုသတင်းပေးသူကို ဂရုမစိုက်မှန်းသိလေသည်။

အစီရင်ခံစာကိုယူကာ ဖွင့်လိုက်ချိန်တွင် ခေတ္တမျှ အံ့ဩနေပြီးနောက် မျက်လုံးများ တောက်ပလာ၏။

“လီနီယာ, မြန်မြန်ကြည့်! သတင်းကောင်းပဲ! သတင်းကောင်းပဲကွ!”

“ဘာသတင်းကောင်းများရှိမှာလဲ?” လီနီယာက အေးစက်စက်နှာမှုတ်၍ မယုံကြည်ချေ၊ “ဘယ်လိုလုပ် သတင်းကောင်းရှိမှာလဲ? ကြည့်ရအောင်။”

လီနီယာက ဂျောင်ထံမှ အစီရင်ခံစာကို ယူကာ ကြည့်ပြီးနောက် ကြောင်အသွားသည်။

တစ်အောင့်ကြာပြီးနောက် သူဟာ နောက်လှည့်ကာ တောင်ကုန်းပေါ် ပြေးတက်သွားပါ၏။

မြောက်ဘက်စစ်တပ်က မိုးကုပ်စက်ဝိုင်းအောက် ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း လီနီယာက ခြေဆောင့်ကာ သက်ပြင်းချသည်၊ “သေစမ်း! အဲ့အမှိုက်မင်းသား အဲရစ်၊ သူက ကျွန်တော်တို့ရဲ့ ထောင်ချောက်ကို လုံးဝ ဖောက်မမြင်ခဲ့ဘူးပဲ! ဒီလို အခွင့်ရေးကောင်းကို လက်လွှတ်လိုက်ရတယ်လို့ကွာ!”

ဂျောင်က နောက်မှ အပြုံးကြီးကြီးဖြင့် လိုက်တက်လာသည်။ သူက လီနီယာ၏ ပခုံးကို ပုတ်ကာပြော၏၊ “ငါတို့ လွဲသွားလည်း အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့တွေစောင့်ပြီး ပြဇာတ်ကောင်းလေး ကြည့်ရတာပေါ့။ ဒီကောင်တွေ အချင်းချင်းဖျက်စီးတာကို ဘာမှမလုပ်ဘဲ ကြည့်နေတာက ပိုကောင်းတယ်မဟုတ်ဘူးလား?”

“ကျွန်တော်က သူတို့ကို ကိုယ်တိုင်သတ်ချင်တာ။” လီနီယာက ဂျောင်ကို ကြည့်လိုက်ပြီးနောက် လက်ထဲရှိ အစီရင်ခံစာကို ပြန်ကြည့်လိုက်သည်။ သူဟာ အဝေးရှိ မြောက်ဘက်စစ်တပ်ကိုကြည့်ရင်း ရုတ်တရတ် ထရယ်လေ၏၊ “ဒါပေမယ့် ခင်ဗျားမှန်တယ်၊ ခွေးတွေ အချင်းချင်းကိုက်မှာကို ကြည့်ရတာကလည်း ပျော်စရာပဲ။ ဟားဟား......”

ဂျောင်က စဉ်းလဲစွာ ပြုံးလိုက်သည်၊ “ဒါပေါ့၊ ငါတို့ စောင့်ကြည့်နေရုံနဲ့မရဘူး။ အချိန်ကျလာရင် သူတို့ကို နည်းနည်းလောက် ကူညီဖို့ လိုတာပေါ့.....”

ငွေဖြူရောင်မှော်ဆလွန်းလေးက မြို့စားအိမ်တော်ရှေ့၌ ခပ်စူးစူးအသံဖြင့် ရပ်တန့်သွားသည်။

ရှုယီမှာ တံခါးဖွင့်ကာ ထွက်လာချိန်တွင် ဘန်တာမြို့၌ အရှည်ဆုံးဟု မဆိုသာသည့် မြို့စားအိမ်တော်ကို ကြည့်ရင်း မနေနိုင်အောင် သက်ပြင်းချမိသည်။

အစီအစဉ်အရ သူဟာ ဆန်နက်မြေရိုင်းတွင် ဥက္ကဌ ခရုစ်တို့နှင့် အတူရှိနေသင့်၏။ ၎င်းတို့လုပ်ငန်းစုလေးစု၏ အစောင့်များမှာ ယခုတွင် အမြင်မရှိသည့် ထိုသားရဲလူမျိုးများကို ရှင်းလင်းနေလောက်သည်။

သို့သော် ဗော်လာမျိုးနွယ်စု၌ ဥက္ကဌ ခရုစ်နှင့်ဆုံချိန်တွင် ထိတ်လန့်ဖွယ်သတင်းတစ်ခုရခဲ့ပါ၏။ သူလည်း မြန်နိုင်သမျှမြန်အောင် ချက်ချင်း ပြန်ပြေးလာခဲ့ရသည်။

မြို့စားအိမ်တော်ရှေ့ရှိ ဧရာမအဖြူရောင်နှင်းဆီကြီးကိုမြင်ချိန်တွင် ရှုယီမှာ သက်ပြင်း‌တစ်ချက် ထပ်ချမိသည်။

“အရှင်မင်းကြီး၊ အရှင်ကတကယ်ပဲ အချိန်ကောင်းကို ဘယ်လိုရွေးရမယ်ဆိုတာ မသိဘူးပဲ။”

ပုံမှန်ဆူဆူညံညံနှင့် ယှဉ်လျှင် တိတ်ဆိတ်နေသည့် မြို့စားအိမ်တော်ကိုကြည့်ရင်း ရှုယီလည်း ခေါင်းခါကာ မြို့စားအိမ်တော်ထဲ လျှောက်ဝင်သွားလိုက်သည်။

သူဝင်လာချိန်တွင် သူဆုံရသည့် ဝန်ထမ်းတိုင်း၌ မျက်နှာထားတည်တည်များရှိနေကြသည်။ ၎င်းတို့က ရှုယီကို ပုံမှန်လုပ်ခဲ့သလို မနှုတ်ဆက်ကြဘဲ ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး ဆက်လျှောက်သွားကြသည်။

မြို့စားအိမ်တော်ထဲရှိ လေးလံလှသော လေထုကိုခံစားမိသော် ရှုယီက မျက်မှောင်ကုပ်ကာ မြို့စားအရှင်၏ ရုံးခန်းဆီ ဦးတည်လိုက်ပါ၏။

တံခါးပွင့်သွားချိန်တွင် ရှုယီမှာ ဆယ်ဗီနီက ပြတင်းရှေ့၌ ရပ်ကာ အပြင်သို့ ကြည့်နေသည်ကို တွေ့ရသည်။

မြို့စား၏ရုံးခန်းက အင်မတန်ကြီးမားလှကာ ကြမ်းပြင်မှ မျက်နှာကျက်အထိ သွားသော ပြတင်းများက ကြီးမားလှသည်။ ပြတင်းရှေ့၌ သေးသွယ်သွယ် ဆယ်ဗီနီရပ်နေသည့် အချိန်တွင် သူမ၏ နောက်ကျောက အင်မတန် ထိခိုက်လွယ်ပုံပေါ်နေသည်။

ပုံမှန်အားဖြင့် ရှုယီမျာ ထိုသို့ မခံစားရသော်လည်း ဤအခိုက်အတန့်တွင် သူဟာ ထိုနောက်ကျောမှလာသည့် နက်နက်ရှိုင်းရှိုင်းဝမ်းနည်းမှုနှင့် အထီးကျန်မှုကို ခံစားနိုင်လေသည်။

ရှုယီက စိတ်ထဲ သက်ပြင်းချမိဟ။ သူ့ကဲ့သို့ ရဲတင်းသော လူတစ်ဦးသည်ပင် ထိုသို့ ခံစားနိုင်ပါလျှင် ဆယ်ဗီနီလည်း ဤအခိုက်၌ တကယ်ကို ခံစားနေရမှန်း ပြောနိုင်‌ပါ၏။

“ကျွန်မ ပြောပြီးပြီလေ၊ တစ်ယောက်တည်း နေခွင့်ပြုပါလို့။” တစ်ယောက်ယောက် တံခါးဖွင့်လာသည်ကို ကြားသော် ဆယ်ဗီနီက လှည့်မကြည့်ဘဲ အသံတိုးတိုးဖြင့်သာ ဆိုလာသည်။

သူမ၏အသံက အင်မတန်တည်ငြိမ်နေသော်လည်း ပုံမှန်ရှိနေကြ သက်တောင့်သက်သာနိုင်မှုနှင့် ဖော်ရွေမှုတို့ ပျောက်ဆုံးနေခဲ့ပြီပင်။

ရှုယီကတော့ ပြန်မထွက်သွားပါဘဲ ခြေနှစ်လှမ်းတိုးသွားလိုက်သည်။

ခြေသံကိုကြားသော် ဆယ်ဗီနီလည်း မျက်မှောင်အသာကုပ်လျက် လှည့်လာ၏။ ထိုလူကို ဆူငေါက်တော့မည်ပြုလိုက်သော်လည်း ရှုယီကို တွေ့လိုက်ရသဖြင့် အံ့ဩသွားလေသည်။

“ဘယ်လိုလုပ် ရှင်ဖြစ်နေတာလဲ?”

“ကျုပ်ပါပဲ” ရှုယီက ဆယ်ဗီနီကို ရိုးစင်းစွာကြည့်လိုက်သည်။ သူမ၏ အမူအရာက ပုံမှန်လိုတည်ငြိမ်နေကာ မျက်လုံးများထဲ မည်သည့်လှိုင်းဂယက်မှမရှိ‌သလို ပုံမှန်နှင့် မခြားဟန်ရှိသည်ကိုမြင်လိုက်ရ၏။

သို့သော် ဆယ်ဗီနီကို သိသည့် ရှုယီလိုလူတစ်ဦးအတွက် သူမဟာ လူများကို နွေးထွေးသည့် ခံစားချက်ပေးသောကြောင့် လူများကလည်း သူမဟာ ဖော်ရွေသည်ဟု ခံစားရစေမည့် အပြုံးဖျော့ဖျော့တစ်ပွင့်က ဘယ်အချိန်မဆို မျက်နှာထက်၌ရှိနေလိမ့်မည်ကို သိပါသည်။

သို့သော် ဆယ်ဗီနီထံရှိ ထိုအပြုံးပျောက်ဆုံးကာ ရေသေလိုဖြစ်နေပြီး တည်ငြိမ်ကာ အသက်မဲ့နေ၏။

“ရှင်လည်း ကျွန်မစိတ်ပြောင်းအောင်လုပ်ဖို့ ရောက်လာတာလား?” ရှုယီက စကားမပြောသည်ကိုမြင်သော် ဆယ်ဗီနီက မေးလာသည်။

“ခင်ဗျားစိတ်ကို ပြောင်းမယ်?” ရှုယီမှာ အံ့ဩသွားလေသည်။

“ဒါပေါ့ ကျွန်မအစ်ကိုဆီကနေ ထီးနန်းယူခိုင်းဖို့လေ၊ ဘာများဖြစ်နိုင်ဦးမှာလဲ?” ဆယ်ဗီနီ၏ နှုတ်ခမ်းများထက် ခါးသက်သက်ဟန် ဖြတ်ပြေးသွားသည်၊ “ရှုယီ ရှင်အရင်က ကျွန်မကို အဲ့လောက်ထိ ထောက်ပံ့ခဲ့တာ၊ ကျွန်မ ထီးနန်းရယူပြီးရင် Frestech ကုန်သည်ကြီးများအသင်းကို ကူညီပြီး ရှင့်ကို ပိုသန်မာအောင် လုပ်ပေးနိုင်စေဖို့ပဲ မဟုတ်လား?”

ရှုယီက မျက်မှောင်ကုပ်လိုက်၏၊ “ခင်ဗျားပြောတာ မှန်ကောင်းမှန်နိုင်ပါတယ်၊ ဒါပေမယ့် ဆယ်ဗီနီ, ကျုပ်က လက်ရှိ ခင်‌ဗျားကို ပြောဖို့လိုတယ်၊ ဒါက ကိစ္စအသေးအမွှားပါ။ အရေးမပါ,ပါဘူး။”

“ကိစ္စအသေးအမွှား? အရေးမပါဘူး?” ဆယ်ဗီနီက ရှုယီကို အနည်းငယ် အံ့ဩစွာကြည့်လိုက်ပြီးနောက် ခေါင်းခါသည်၊ “မဟုတ်ဘူး၊ ရှင်လိမ်နေတာပဲ။ ဘယ်လိုလုပ် ဒါက ကိစ္စအသေးအမွှားလေး ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ် အရေးမပါဘဲ နေမှာဘဲ? ဒါက လူပေါင်းမြောက်များစွာအတွက် အရေးကြီးဆုံးအရာနဲ့ဆက်စပ်နေတာလေ၊ ရှင်က ချွင်းချက်မဟုတ်ပါဘူး။”

“ဒီအတောအတွင်း ခင်ဗျားကို လူတွေ ဘာပြောခဲ့လဲတော့ ကျုပ်မသိဘူး၊ ဒါပေမယ့် ကျုပ် ဒီနေ့ ခင်ဗျားကိုလာရှာတာက အဲဒီ အဓိပ္ပာယ်မရှိတဲ့ အရာတွေကို ဆွေးနွေးဖို့မဟုတ်ဘူး။” ရှုယီက ခေါင်းခါသည်။

“အိုး? ဒါ‌ဆို ဘာအတွက်လာတာလဲ?” ဆယ်ဗီနီ၏ နှုတ်ခမ်းများထက်၌ ထေ့ငေါ့ဟန် အပြုံးတစ်ပွင့်ရှိနေသည်၊ “ကျွန်မအစ်ကိုက ထီးနန်းယူလိုက်မှတော့ ကျွန်မအနေနဲ့ လက်လျှော့ပြီး နိုင်ငံကို တည်ငြိမ်အောင် သူ့ကို ထောက်ပံ့သင့်တယ်လို့ ပြောမလို့လား?”

“လူတွေ ခင်ဗျားကို ဒီလိုပြောခဲ့တာလား?” ရှုယီမှာ အနည်းငယ် အံ့ဩသွားပြီးနောက် နှာမှုတ်ကာ ဆိုလာသည်၊ “ကျုပ်ပြောမယ် သူတို့က -ျီးစကားတွေပြောနေကြတာပဲ!”

ဆယ်ဗီနီက သက်ပြင်းချကာ ခေါင်းခါသည်၊ “ကောင်းပြီ ဒါဆို ရှုယီ၊ ရှင်ဘာအတွက် ကျွန်မကို လာရှာတာလဲ?”

ရှုယီက ဆယ်ဗီနီကိုကြည့်ကာ တစ်အောင့်ကြာပြီးနောက်တွင် အလေးအနက်ဟန်ဖြင့် မေးလာပါ၏၊ “ကျုပ် ခင်ဗျားကို မေးချင်တာက ဆယ်ဗီနီ,ခင်ဗျား.....ငိုခဲ့သေးလား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၅။ သူမတူထူးကဲစွာ ချောချောမွေ့မွေ့ နန်းတက်ပွဲ

ဆယ်ဗီနီမှာ အံ့ဩသွားလေသည်၊ “ဘာလို့ ဒါကို မေးတာလဲ?”

ရှုယီက လက်များကို ဖြန့်လိုက်သည်၊ “ဒီလိုမေးတာက ပုံမှန်ပဲ မဟုတ်ဘူးလား? ဒီလိုကိစ္စမျိုးကြုံရင် ငိုတာက အရမ်းကို ပုံမှန်ဖြစ်တဲ့ တုံ့ပြန်မှုလေ၊ ဒီတော့ ဒီလိုမေးတာ ပုံမှန်ပဲ မဟုတ်လား? ပြီးတော့လည်း ပြောရရင် ငိုတာက ခင်ဗျားခံစားနေရတဲ့ ခံစားချက်တွေကို သက်သာအောင်ကူညီပေးနိုင်တော့ လူတစ်ယောက်အတွက် ကောင်းတယ်လေ။”

ဆယ်ဗီနီက ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်၊ “ဟင့်အင်း ကျွန်မ ဒီအခွင့်အရေးကို ဆုံးရှုံးခဲ့တာကြာပြီ၊ ရှင့်မေးခွန်းက ကျွန်မအတွက် ဘာအဓိပ္ပာယ်မှမရှိဘူး။ ရှုယီ ရှင်ဒီမှာ ရှိနေမှတော့ ကျွန်မရှင်နဲ့ ဆွေးနွေးစရာရှိတယ်။ အခု ဖခမည်းတော်က ကွယ်လွန်သွားပြီး အစ်ကိုက ဖခမည်းတော်ရဲ့ အမိန့်အရ ထီးနန်းယူလိုက်ရတော့ ကျွန်မအထင်.... ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ ပြင်ဆင်မှုတချို့ လုပ်ထားသင့်တယ်လို့ထင်တယ်.....”

ဆယ်ဗီနီက တုံ့ဆိုင်းနေသည်ကိုမြင်သော် ရှုယီက မပြုံးမိဘဲ မနေနိုင်တော့ချေ။

“ဘုရင်မ၊ ကျုပ်ကို ဘယ်နေရာကနေ ဒီလိုသတိပေးနေတာလဲ?”

“ဒါက..... မိတ်ဆွေတစ်ယောက်နေရာက‌ပါ။” ဆယ်ဗီနီက သက်ပြင်း‌ချကာ ပြောသည်၊ “ကျွန်မက ရှင်ခေါ်တဲ့ ဘုရင်မမဟုတ်တော့တာကြောင့်။ သိပ်မကြာခင် ဘန်တာမြို့ရဲ့ မြို့စားမဖြစ်နိုင်လောက်တော့ဘူး။”

ရှုယီက ဆယ်ဗီနီကို ကြည့်လိုက်သည်၊ “ဒီတော့ ဆိုလိုတာက ခင်ဗျားလည်း ဒါကို လက်ခံဖို့ စီစဉ်ထားတယ်ပေါ့?”

“ဘာလို့လဲ?” ဆယ်ဗီနီက ခါးသက်သက်ရယ်သည်၊ “ဖခမည်းတော်ရဲ့ အကြီးမားဆုံးဆန္ဒက နိုင်ငံကို ပိုပြီးအားကောင်းလာစေဖို့ပဲလေ၊ ကျွန်မက ကျွန်မကြောင့် နိုင်ငံကို ကသောင်းကနင်းကျရောက်သွားစေပြီး ခမည်းတော်ရဲ့ မျှော်လင့်ချက်ကို မဖျက်ဆီးချင်ဘူး။”

ရှုယီက သက်ပြင်းချကာ ခေါင်းခါသည်၊ “ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က လူတွေကို စိတ်ပျက်စေလိမ့်မယ်။”

ဆယ်ဗီနီက ရှုယီကို ကြည့်လာသည်၊ “အဲ့ထဲမှာ ရှင်ရောပါလား?”

“အင်း” ရှုယီက ခေါင်းငြိမ့်သည်။

“ကြည့်ရတာ ရှင်လည်း တခြားလူတွေနဲ့ အတူတူပါပဲ၊ ကျွန်မက ထီးနန်းမယူနိုင်သလို ရှင်လိုချင်တဲ့ အကျိုးအမြတ်လည်း မပေးနိုင်တော့ဘူးဆိုတော့ ကျွန်မကို စိတ်ပျက်ပြီပေါ့။”

“ဟင့်အင်း ကျုပ်က ခင်ဗျားကို ဒါကြောင့် စိတ်မပျက်ပါဘူး၊ အဲ့အစား..... ခင်ဗျားရဲ့ မိုက်မဲမှုကြောင့် စိတ်ပျက်တာ။” ရှုယီက ပြောသည်။

ရှုယီ၏ တည့်တိုးဝေဖန်မှုကိုကြားသော် ဆယ်ဗီနီမှာ မအံ့ဩမိဘဲ မနေနိုင်တော့သလို မျက်လုံးများအား မှေးကျဉ်းလိုက်သည်။

“မိုက်မဲမှု? ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရှင့်ရဲ့ မျှော်လင့်ချက်တွေနဲ့ စာရင် ဒီဆုံးဖြတ်ချက်က ဖခမည်းတော်ရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေဘူးလို့ ခံစားရတယ်။ ဖခမည်းတော်က အစ်ကိုတော်ကို ရွေးချယ်ခဲ့မှတော့ ကျွန်မလည်း သူ့ကို ထောက်ပံ့သင့်ပြီး ဖခမည်းတော် ကွယ်လွန်ပြီးတဲ့နောက် နိုင်ငံကို ဘေးဒုက္ခ ရောက်ခွင့်မပြုနိုင်ဘူး။”

“ခင်ဗျားရဲ့ အတွေးကို နားလည်ပါတယ်၊ ဒါပေမယ့် ပြောရရင်..... ဒီအတွေးက အရမ်းနုံချာတယ်။” ရှုယီက မည်သည့်ယဉ်ကျေးမှုမှ မပါဘဲ ဆိုသည်၊ “ဆယ်ဗီနီ, အရှင်မင်းကြီးရဲ့‌ နောက်ဆုံးအမိန့်တွေထဲက ဖုံးကွယ်ထားတဲ့ပြဿနာကို မဆွေးနွေးတော့ဘူး၊ ခင်ဗျားတကယ်ပဲထင်လား..... မင်းသားလေးအဲရစ်က ထီးနန်းကို လွှဲပြောင်းယူတာ လမ်ပူရီတိုင်းပြည်အတွက် ကောင်းတယ်လို့လေ?”

ဆယ်ဗီနီက မျက်မှောင်ကုပ်ကာ ရှုယီကို စူးစူးရဲရဲကြည့်လိုက်သည်၊ “ရှုယီ ရှင်က ကျွန်မမိတ်ဆွေဆိုပေမယ့်လည်း ရှေ့လျှောက် ရှင့်ဆီကနေ အဲရစ်အပေါ် သံသယရှိတဲ့ အကြောင်းမကြားချင်ဘူးလို့ အသေအချာသတိပေးရလိမ့်မယ်။ ဒါက သူ့ကို မရိုမသေပြုနေတာတင်မကဘူး ကျွန်မကိုပါ မလေးမစားလုပ်နေတာပဲ။”

ဆယ်ဗီနီ၏ အလေးအနက်ပုံစံကိုမြင်သော် ရှုယီလည်း သက်ပြင်းချလိုက်သည်။

“ကောင်းပြီ၊ ကျုပ် ခင်ဗျားနဲ့ မဆွေးနွေးတော့ပါဘူး၊ ဒါပေမယ့် ဆယ်ဗီနီ ခင်ဗျား အရှင်မင်းကြီးရဲ့ ဈာပနကို တက်ရောက်ဖို့ အန်ဗီမာမြို့တော်ကို သွားမှာလား?”

ဆယ်ဗီနီက ရုတ်တရတ် မျက်မှောင်ကုပ်လိုက်၏၊ “ဘာလဲ? ရှင်လည်း အဲ့လူတွေလို ကျွန်မကို မသွားဖို့ တိုက်တွန်းမို့လား?”

“မဟုတ်ပါဘူး၊ ကျုပ်က အဲ့လူတွေလိုမဟုတ်ဘူး၊ ခင်ဗျား သေချာပေါက် လက်ခံမှာ မဟုတ်မှန်းသိပါတယ်။” ရှုယီက ခေါင်းခါကာ၊ “ဒါပေမယ့် ကျုပ်တကယ် မျှော်လင့်တယ်.....ခင်ဗျား.....ဂရုစိုက်ဖို့ကို။”

ဆယ်ဗီနီက အသာပြုံးလေ၏၊ “စိတ်ချပါ၊ ကျွန်မ ဆုံးဖြတ်ပြီးပြီ။ အစ်ကိုတော်က ဒီအချိန်မှာ ကျွန်မကို ဘာမှလုပ်မှာမဟုတ်ဘူး။”

“မျှော်လင့်ပါတယ်။” ရှုယီက ပခုံးတွန့်သည်၊ “ကောင်းပြီ‌၊ ကျုပ် သမိုင်းစာအုပ်တွေထဲက ဆက်ခံမှုအတော်များများရဲ့ ဝမ်းနည်းဖွယ်ရာတွေကို မြင်ခဲ့ဖူးတော့ လမ်ပူရီတိုင်းပြည်က ခင်ဗျားရဲ့ အမျှော်အမြင်ရှိ ဆုံးဖြတ်ချက်နဲ့အတူ ချောချောမွေ့မွေ့ ဆက်ခံမှုတစ်ခုရနိုင်ဖို့ မျှော်လင့်ပါတယ်။”

ဆယ်ဗီနီက ပထမဆုံးအဖြစ် စိတ်ထဲကပါသော အပြုံးကို ပြုံးပြလာသည်။

“ရှုယီ ရှင်က ကျွန်မကို ဒီလိုပြောတဲ့ ပထမဆုံးလူဖြစ်သလို ကျွန်မအတွေးတွေကို အကောင်းဆုံး နားလည်ပေးတဲ့လူပဲ။”

ရှုယီက ပြုံးကာ သဘောတူခြင်း မတူခြင်းလည်း မလုပ်လိုက်ပါချေ။

ခေတ္တရပ်တန့်ပြီးနောက် ရှုယီက ပြောလေသည်၊ “ခင်ဗျားက ဆုံးဖြတ်ပြီးမှတော့ ကျုပ်ဆီမှာ ပြောင်းလဲဖို့ အခွင့်အရေးမရှိဘူးလေ။ ခင်ဗျားအနေနဲ့ ကိစ္စတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ကျုပ်အတွက်ကတော့..... ခင်ဗျားပြောသလိုပေါ့၊ ခင်ဗျားနဲ့စာရင် ကျုပ်အတွက် ပြင်ဆင်ဖို့ကိစ္စတွေပိုများတယ်။ ဘာလို့လဲဆိုတော့ ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းရင်ဆိုင်ရမယ့် ဒုက္ခက ပိုပြီး ပြင်းထန်နိုင်တာကြောင့်လေ။”

“စိတ်အေးအေးထားပါ၊ ကျွန်မ အစ်ကိုတော်ကို ပြောပြီးပြီ၊ သူ ရှင့်ကို ခက်ခဲအောင်မလုပ်ဖို့ ကတိပေးထားတယ်ဆိုတော့ ရှင် စိတ်ပူဖို့မလိုပါဘူး။”

ရှုယီက ပုံမှန်လို ပြန်နွေးထွေးလာသည့် ဆယ်ဗီနီ၏ အပြုံးကို ကြည့်လိုက်ကာ စိတ်ထဲ သက်ပြင်းချမိသည်။

ဆယ်ဗီနီက တော်ဝင်မိသားစုမှ ကြီးပြင်းလာတာတောင်မှ ဘာလို့ ဒီလောက် နုံအတဲ့ စရိုက်မျိုးနဲ့ ဆက်နေနိုင်တာလဲ?

သူသာ ဆယ်ဗီနီကဲ့သို့ နုံအပါလျှင် အဆုံး၌ သူ့ထံတွင် မည်သည့်အရာမှပင် ကျန်မနေလောက်ချေ.....

လမ်ပူရီဆယ့်သုံး၏ ဖျားနာမှုမှာ ပျံ့နှံ့ပြီးသားသတင်းဖြစ်ရာ လူများက အဆုံးသတ်ကြောင့် အံ့ဩမသွားကြသော်လည်း ထီးနန်းလွှဲပြီးနောက် လမ်ပူရီတိုင်းပြည်တွင် ကသောင်းကနင်းများ ဖြစ်လာမည်ကို စိုးရိမ်နေသူများစွာ ရှိသေးသည်။

ပြောရလျှင် ၎င်းမတိုင်ခင်က မင်းသားလေး အဲရစ်နှင့် ဘုရင်မ ဆယ်ဗီနီတို့ အချင်းချင်း ဆန့်ကျင်နေကြသည်မှာ လူသိများသည့်အချက်ပါပင်။ နိုင်ငံရှိ မျိုးရိုးမြင့်များစွာကလည်း ၎င်းတို့ကို ထောက်ခံရန် နှစ်ဂိုဏ်းကွဲခဲ့ကြသည်ပင်။

ယခုတွင် လမ်ပူရီဆယ့်သုံးကွယ်လွန်သွားပြီဖြစ်ရာ နှစ်ဘက်က ထီးနန်းရယူရန် ပြည်တွင်းစစ်ဖြစ်တော့မည်ကို စိုးရိမ်နေကြသည်။

သို့သော် ထိုပူပန်မှုအားလုံးက ဘုရင်မ ဆယ်ဗီနီထံမှ ကြေညာမှုကြောင့် ပျောက်ကွယ်သွားပါ၏။

⟨ဘန်တာတိုင်းမ်စ်⟩ရှိ လူထု ထုတ်ပြန်ချက်တွင် ဘုရင်မ ဆယ်ဗီနီက သူမ၏ လမ်ပူရီဆယ့်သုံးအပေါ် ထောက်ပံ့မှုကိုပြသကာ မင်းသားလေးအဲရစ် ထီးနန်းယူဖို့ကို ထောက်ခံခဲ့သည်။ သူမက ဘန်တာမြို့၏ မြို့စားနေရာမှ ဆင်းပေးဖို့ကိုပါ ဖော်ပြထားသလို နိုင်ငံလွှတ်တော်ရှိ သူမ၏ အရေးကြီးနေရာအပါအဝင် နိုင်ငံရှိ သူမ၏ တာဝန်မျိုးစုံကနေပါ ဆင်းပေးမည်ဟုဖော်ပြခဲ့သည်။

(T/N: ဆယ်ဗီနီက အကုန်ပြန်ပေးလိုက်ရတာမို့လို့ ဒီတိုင်း ရိုးရိုးမင်းသမီးလေးဖြစ်သွားပါပြီ၊ ဒါကြောင့် ဒီကနေစပြီး မင်းသမီးလေးလို့ သုံးပါမယ်။)

ဤကြေညာချက်ထွက်လာသည်နှင့် မင်းသမီးလေး ဆယ်ဗီနီမှာ သူမကြေညာထားသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ ၎င်းနောက် လမ်ပူရီဆယ့်သုံး၏ ဈာပန၌ တစ်ကြိမ်ထွက်ပြလာသည်မှလွဲ၍ သူမဟာ လူတိုင်းရှေ့မှာပျောက်ကွယ်သွားကာ သူမ၏ သတင်းများလည်း မရှိတော့ပါချေ။

ဆယ်ဗီနီ ပြုလုပ်ခဲ့သည့် အရာအားလုံးနှင့် မင်းသားလေး မီဖန်း၏ ထုတ်ပြန်ချက်တို့ကြောင့် မင်းသားလေးအဲရစ်မှာ လမ်ပူရီဆယ့်သုံး၏ အမိန့်ကို ချောချောမွေ့မွေ့လိုက်နာကာ ထီးနန်းဆက်ခံလိုက်ပါ၏။ သူဟာ လမ်ပူရီတိုင်းပြည်၏ ဘုရစ်အသစ် တရားဝင်ဖြစ်လာပြီး လမ်ပူရီဘုရင့်နိုငံ၏ ပြည်တွင်းစစ်ပွဲအပေါ် ပူပန်မှုကလည်း ပျောက်ကွယ်သွားသည်။

အားလုံးမှာ ၎င်းက သံသယပင်မလိုဘဲ အင်မတန်ကောင်းမွန်သည့်အခြေအနေဖြစ်ကြောင်း နားလည်ကြသည်။

ဘုရင်အသစ်အနေနှင့် ချောချောမွေ့မွေ့ နန်းတက်နိုင်ခြင်းမှာ လမ်ပူရီတိုင်းပြည်အတွက် အကောင်းဆုံးသတင်းဖြစ်လာပါ၏။

မည်သည့် ပြည်တွင်းပဋိပက္ခမှမရှိဘဲ လမ်ပူရီတိုင်းပြည်၏ တိုးတက်မှုနှုန်းနှင့် ၎င်းတို့အတွက် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာရန် ကြာတော့မည်မဟုတ်ချေ။

လမ်ပူရီဆယ့်သုံး၏ ဈာပနအပြီး သုံးလအကြာတွင် ဘန်တာမြို့မှာ ယခင်က ဝမ်းနည်းမှုများမှ သက်သာနေပြီဖြစ်သည်။ ယခုတွင် နွေ၏ အပူကကျရောက်လာပြီး တစ်မြို့လုံးအား ရဲရဲတောက်အပူတို့ ဖုံးလွှမ်းထားတော့သည်။

ဘန်တာမြို့၌ မြို့စားအသစ်တစ်ဦးရှိနေပြီဖြစ်သော်လည်း မင်းသမီးလေး ဆယ်ဗီနီ၏ မြို့စားဖြစ်ချိန်က ကောင့်ထ် စတက်ဂျ်ထက်ပင် ပိုတိုကာ တစ်နှစ်မပြည့်ခင် ထွက်သွားသောကြောင့် ဤလများအတွင်းတွင် မြို့စားအသစ်မှာ ကောင့်ထ် စတက်ဂျ်ကဲ့သို့ စိုက်ပျိုးရေးမူဝါဒများကို မချပြခဲ့ပေ။

ထို့ကြောင့် ဘန်တာမြို့က ယခင်ကကဲ့သို့ သက်ဝင်လှုပ်ရှားနေပြီး လမ်ပူရီဆယ့်သုံးကွယ်လွန်သွားချိန်ကထက်ပင် ပို၍ သက်ဝင်လှုပ်ရှားနေပါ၏။

ယခုတွင် နွေရောက်နေပြီဖြစ်ရာ မှော်စက်လုပ်ငန်းစုများအတွက် အကောင်းဆုံးအရောင်းရာသီရောက်နေပြီပင်။ ဘန်တာမြို့၏ မှော်စက်လုပ်ငန်းစုများမှာ အချိန်ကြာ ပြင်ဆင်ထားသည်ဖြစ်ရာ ၎င်းတို့၏ အိမ်သုံးမှော်စက်များကို အရောင်းမြှင့်တင်နေကြသည်။

၎င်းတို့အကြား ရေပန်းအစားဆုံးမှာ မှော်ပန်ကာ ဖြစ်၏။

ရေပန်းအစားဆုံး Frestech တံဆိပ် မှော်ပန်ကာအပြင် ဘန်တာမြို့၌ အခြားမှော်ပန်ကာ တံဆိပ် ဆယ့်ခုနစ်မျိုးရှိနေပြီဖြစ်သည်။

မှော်ပန်ကာက အစောဆုံးလွှဲပြောင်းပေးခဲ့သည့် နည်းပညာဖြစ်သလို ထုတ်လုပ်ရန် လိုအပ်ချက်မမြင့်မားသောကြောင့် နှစ်အနည်းငယ် ထုတ်လုပ်မှုလုပ်အပြီးတွင် အခြားတံဆိပ်မှော်ပန်ကားများမှာ အရည်အသွေး၊ လုပ်ဆောင်ချက်ဖြစ်စေ အခြားနေရာများ၌ဖြစ်စေ Frestech တံဆိပ် မှော်ပန်ကာထက် မဆိုးရွားတော့ပါချေ။

၎င်းတို့၏ ဈေးနှုန်းများက ပိုနည်းသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ၎င်းတို့၏ ရောင်းအားထုထည်က အတော်ကောင်းနေပြီဖြစ်သည်။

ဘန်တာမြို့၌ မမြင်နိုင်လောက်သော်လည်း အနီးဝန်းကျင်မြို့များတွင် အခြားတံဆိပ်မှော်ပန်ကားများမှာ ဈေးကွက်ကို တဖြည်းဖြည်းယူလာကြပြီး Frestech တံဆိပ်၏ ရောင်းအားကို တဖြည်းဖြည်း မှီလာကြပြီပင်။

မှော်ပန်ကာများအပြင် မှော်လေပေးစက်၊ မှော်ရေခဲသေတ္တာ၊ မှော်ရေခဲစက်နှင့် များစွာသော Frestech ကုန်သည်ကြီးများအသင်း လွှဲပြောင်းပေးခဲ့သည့် နွေရာသီဆိုင်ရာ အိမ်သုံးမှော်စက်များစွာကို ထုတ်လုပ်နေကြသည့် အခြားလုပ်ငန်းစုများရှိသည်။

ထို အိမ်သုံးမှော်စက်များက Frestech တံဆိပ်ပစ္စည်းများနှင့်စာလျှင် လိုအပ်ချက်ရှိနေလျှင်တောင် ၎င်းတို့၏ ဈေးနှုန်းများက ပိုနိမ့်သဖြင့် အခြားနေရာများ၌ ဈေးကွက် တစ်စိတ်တပိုင်းကို ရယူနေကြသည်။

ထို့ကြောင့် နွေရောက်နေပြီဖြစ်သော်လည်း ဘန်တာမြို့၏ လုပ်ငန်းစုကြီးများ၏ စက်ရုံများမှာ တစ်နေကုန် အင်အားအပြည့်အလုပ်လုပ်နေရပြီး အိမ်သုံးမှော်စက်အမျိုးစုံကို မရပ်မနားထုတ်လုပ်နေကြရပါ၏။

ဘန်တာမြို့ အသွားလမ်း၌ပင် ပမာဏကြီးများစွာတင်ဆောင်ထားသည့် ပို့ဆောင်ရေးမှော်ကားများစွာနှင့် အစားမထိုးရသေးသော ပို့ဆောင်ရေးမြင်းလှည်းများစွာ ရှိနေပါ၏။

ယာဉ်တစ်ခုစီတိုင်း၌ ကုန်တင်များပြည့်နေကာ ဘန်တာမြို့မှ ထွက်၍ လမ်ပူရီတိုင်းပြည်အတွင်းရှိ အခြားနေရာများကို ပို့ဆောင်နေရသလို လမ်ပူရီတိုင်းပြည်အပြင်ဘက်ပင် ပါသေးသည်။

ဥပမာဆိုရလျှင် စတက်တိန်းနယ်မြေ၊ ဒရိက်ခ်နယ်မြေ၊ ရူဒ်ဆန်တိုင်းပြည်နှင့် စခ်တိုင်းပြည်တို့အထိပင် .....

ဖာဆန်ရထားလုံးလုပ်ငန်းစုက ကုန်းပိုင်းပို့ဆောင်ရေးကို တာဝန်ယူထားသည့်အပြင် စန်းလန် တူးမြောင်းကြောင့် ဘန်တာမြို့၏ ရေကြောင်းပို့ဆောင်ရေးကလည်း တိုးတက်နေပြီဖြစ်သည်။

ပေါ်တာကုန်သည်ကြီးများအသင်း၌ အကြီးစားပို့ဆောင်ရေးသင်္ဘော အစီးသုံးဆယ်၊ အလတ်စားနှင့် ဆိုဒ်သေးပို့ဆောင်ရေးသင်္ဘော ခုနစ်ဆယ့်သုံးစီးရှိနေပြီဖြစ်သည်။ ၎င်းကိုတင်ဆောင်ခြင်း၏ အဆင်ပြေမှုကြောင့် ဘန်တာမြို့၏ လုပ်ငန်းစုကြီးများက အင်မတန် ကြိုဆိုကြသည်ပင်။ ပို့ဆောင်ရေးသင်္ဘော အစီးတစ်ရာ့ခုနစ်ဆယ်မှာ နေ့စဉ်နေ့တိုင်း ကုန်စည်များဖြင့်ပြည့်နေကာ ဤတူးမြောင်းကို သုံး၍ ဆန်ဒီမြစ်နှင့် ရမ်မြစ်တလျှောက် သွားကာ ထိုမြစ်များနှင့် ချိတ်ဆက်နေသော မြို့များကို ပို့ဆောင်နေရသည်။

“ဖခမည်းတော်သာ ဒီလို မြင်ကွင်းကိုမြင်နိုင်ရင် သေချာပေါက် အရမ်းပျော်နေမှာပဲ.....”

ဘန်တာမြို့နှင့် မနီးမဝေးရှိ ဆန်ဒီ မြစ်ကမ်းများမှ သက်ပြင်းချသံတစ်ခုထွက်လာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၆။ ဘန်တာမြို့ အပြင်ပန်း ကြွယ်ဝမှု

ရှုယီက အပြုံးဖြင့် လှည့်ကြည့်လိုက်ပါ၏၊ “အခု ခင်ဗျားကြည့်နေတာကလည်း အရှင်မင်းကြီးအတွက်ပဲ မဟုတ်ဘူးလား?”

“ဖြစ်နိုင်ပါတယ်....” ဆယ်ဗီနီက အပြုံးဖြင့် ခေါင်းငြိမ့်လိုက်လေသည်။

သုံးလကြာသွားပြီး ဆယ်ဗီနီမှာ လမ်ပူရီဆယ့်သုံး ကွယ်လွန်သွားကြောင်း ကြားသိခဲ့စဉ်ကလို ဝမ်းနည်းမှုအပြည့်ရှိမနေတော့ဘဲ ယခင်ကလို သိမ်မွေ့သည့် အပြုံးရှိနေပါ၏။ ယခင်ကနှင့်စာလျှင် သူမ၏ အပြုံးမှာ ပို၍ပင် သိမ်မွေ့လာကာ ၎င်းနှင့် ရင်းနှီးနေသလိုခံစားရစေသည်။

ဤအတောအတွင်း ဆယ်ဗီနီ လုပ်ဆောင်နေခဲ့သည့် အရာများကို တွေးတောကာ ရှုယီမှာ စိတ်ထဲ မနေနိုင်ဘဲ လေးစားလာမိသည်။

ပြောင်းလဲမှုကြီးတစ်ခုရှေ့မှောက်၌ တည်ငြိမ်နေနိုင်ပြီး အာဏာ၏ ဖြားယောင်းမှုကြီးအောက် ကျရောက်သွားခြင်းမရှိဘဲ စိတ်ကို ထိန်းသိမ်းထားနိုင်သည်မှာ ဤလောက၌ သူမကဲ့သို့ ခိုင်မာသည့် ဆန္ဒရှိသော လူအနည်းစုသာရှိသည်။

“ပြောရရင် ရှင်က ဖခမည်းတော်ကို ဘုရင်ကြီးလို့ခေါ်နေတုန်းနော်။” ဆယ်ဗီနီက မြစ်တလျှောက်ဖြတ်သွားသည့် ပေါ်တာကုန်သည်ကြီးများအသင်း၏ သင်္ဘောများကိုကြည့်ရင်း ရုတ်တရတ်ပြောလာသည်၊ “အစ်ကိုတော် ထီးနန်းဆက်ခံပြီးနောက်တော့ ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဘာမှလည်း မလုပ်ရသေးဘဲနဲ့ ရှင်က ဘာလို့ သူ့ကို လက်မခံနိုင်ဘဲ ဖြစ်နေရသေးတာလဲ?”

“ဒါက ကျုပ် လက်ခံနိုင်တာ လက်မခံနိုင်တာနဲ့ မဆိုင်ပါဘူး။” ရှုယီက ခေါင်းခါသည်၊ “ဒါက အလေ့အထပဲလေ။ ကျုပ်က ကျုပ်ဘဝမှာ ဘုရင်တစ်ပါးတည်းကိုပဲ မြင်ဖူးပြီး မင်းသားလေးအဲရစ်ကိုတော့..... လုံးဝမြင်ကြည့်လို့မရဘူး၊ ဒီတော့ ဒီလိုမခေါ်နိုင်တာပါ။ ပြီးတော့လည်း ကျုပ်က သာမန်ကုန်သည်လေးတစ်ယောက်ပါပဲ၊ ကျုပ် ခေါ်ပုံက အရေးမပါ,ပါဘူး။”

“ရှုယီ ရှင်ရဲ့ အကျင့်ဟောင်းထပ်ပေါ်လာပြန်ပြီ။” ဆယ်ဗီနီက ခပ်ညစ်ညစ်ပြုံးကာ ရှုယီကို လက်ဆန့်၍ လှမ်းတို့လိုက်သည်၊ “ရှင်က အမြဲ ကိုယ့်ကိုယ်ကို အထင်သေးတာပဲ။ ရှင်က တကယ် ကုန်သည်လေးတစ်ယောက်တဲ့လား? ဒီနိုင်ငံမှာ ရှင့်ကို ယှဉ်နိုင်မယ့်လူ တစ်ယောက်တောင်မရှိနိုင်ဘူး။ နိုင်ငံရဲ့ မြို့‌တစ်ဝက်လောက်က ဆုံးဖြတ်ချက်တွေကို သက်ရောက်စေနိုင်တဲ့ လူကတောင် ကုန်သည်လေးတစ်ယောက်ပဲဆိုရင် နိုင်ငံက တခြားကုန်သည်တွေကျတော့ ဘာများလဲ?”

“မင်းသမီးလေး၊ ကျုပ်ကို မနောက်ပါနဲ့။” ရှုယီက ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ “ဒီမြို့တွေက ငွေနည်းနည်းလောက်လိုချင်လို့ ဒီလိုဆုံးဖြတ်တာ ကျုပ်နဲ့ မဆိုင်ပါဘူး။ ခင်ဗျားရဲ့စကားတွေသာ မင်းသားလေးအဲရစ်နားထဲရောက်သွားရင် ကျုပ်တော့ ဒုက္ခရောက်မှာပဲ။”

“ဒါက ရှင့်ရဲ့ နောက်ထပ်အကျင့်ဆိုးတစ်မျိုးပဲ။” ဆယ်ဗီနီက အသာပြုံးသည်၊ “ရှင်ပြောချင်တဲ့ အဓိပ္ပာယ်မျိုးနဲ့ ပြောတာမဟုတ်ရင် ရှင်က ပုံသေစကား(formal) အတိုင်းပြောတယ်။ စိတ်ချပါ၊ အစ်ကိုတော်က ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကောင်းကောင်းဆက်ဆံဖို့ သဘောတူထားတာလေ၊ သူလုပ်ခဲ့တာတွေကိုလည်း ရှင်မြင်တာပဲ။ ကြည့်ဦး၊ အစ်ကိုတော် ထီးနန်းဆက်ခံတာ သုံးလရှိပြီဆိုပေမယ့် ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဘာမှ မလုပ်ဘူးလေ။ ဒီတော့ ရှင် နည်းနည်းလောက်ရဲတင်းပြီး အရင်ကလို Frestech ကုန်သည်ကြီးများအသင်းကို ဆက်တိုးတက်အောင်လုပ်လို့ရနိုင်ပါတယ်။”

ရှုယီက ကြည့်လိုက်သည်၊ “ခင်ဗျား ဒီကိုလာတာ မင်းသားလေး အဲရစ်အကြောင်း ပြောဖို့လား?”

“မဟုတ်ပါဘူး၊ လမ်ပူရီတိုင်းပြည်အကြောင်းပြောဖို့။” ဆယ်ဗီနီက ခေါင်းခါလိုက်ရင်း အမူအရာက ပိုလေးနက်လာသည်၊ “ရှုယီ၊ ကျေးဇူးပြုပြီး လမ်ပူရီတိုင်းပြည်ကို လက်မလျှော့ပါနဲ့နော်၊ ဟုတ်ပြီလား?”

ရှုယီက ခဏတာ တိတ်ဆိတ်နေပြီးနောက် ပြောလာသည်၊ “ကျုပ်အနေနဲ့ လမ်ပူရီတိုင်းပြည်ကို လက်လျှော့မယ်လို့ မပြောခဲ့ဖူးပါဘူး။”

“ဒါပေမယ့် ရှင် အဲ့လိုလုပ်နေတာပဲလေ။” ဆယ်ဗီနီက လေးနက်ဟန်ဖြင့်ဆိုသည်၊ “လွန်ခဲ့တဲ့ သုံးလအတွင်းမှာ ရှင် မိုးကျတောင်ကြားမှာ အရင်က ကျွန်မပြောခဲ့သလို မတိုးချဲ့ခဲ့တဲ့အပြင် မိုးကျတောင်ကြားမှာရှိတဲ့ ဌာနကိုလည်း ရွှေ့လိုက်တယ်။ ကျွန်မသိသလောက်ဆို Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနဌာနနဲ့ မှော်စက် ထုတ်လုပ်ရေးဌာနတို့ကိုလည်း စတက်တိန်းနယ်မြေမှာရှိတဲ့ ရှင်တို့လုပ်ငန်းစုရဲ့ အခြေစိုက်ဌာနဆီ ပြောင်း‌ရွှေ့တော့မှာ မဟုတ်လား?”

ရှုယီက အတည်လည်းမပြုသလို ငြင်းပယ်ခြင်းလည်းမလုပ်ဘဲ အမူအရာမဲ့နေသည်၊ “ဘယ်ကနေ သိလာတာလဲ?”

“ရှင်က ဒီလို ကြီးကြီးမားမားပြောင်းရွှေ့မှုကြီးကို လူတိုင်းဆီကနေ ဖုံးကွယ်ထားလို့ရမယ်ထင်နေလား?” ဆယ်ဗီနီက မည်သည့်ယဉ်ကျေးမှုမှမပြဘဲ ပြန်မေးလိုက်သည်၊ “ဒါ့အပြင် စတေးလ်နဲ့ ရှင့်သမီးလေး ဖရီယာတို့ကိုလည်း စတက်တိန်း နယ်မြေဆီပို့လိုက်ပြီလေ။ ဒီလိုလုပ်တာက ရှင် လမ်ပူရီတိုင်းပြည်ကနေ ထွက်သွားချင်လို့ပဲ မဟုတ်ဘူးလား?”

“ခင်ဗျား အတွေးလွန်နေပြီ။” ရှုယီက အပြုံးဖြင့်ဆိုသည်၊ “စတက်တိန်းနယ်မြေ ရာသီဥတုက ဒီကထက် အများကြီးပိုကောင်းတော့ စတေးလ်နဲ့ ဖရီယာကို ပို့တာက ပိုကောင်းတဲ့ ဘဝလေး ရစေချင်လို့ပါပဲ။”

“ကျွန်မကို မလိမ်နဲ့။” ဆယ်ဗီနီက ရှုယီကိုစိုက်ကြည့်ကာ အခိုင်အမာပြောလာသည်၊ “ရှုယီ ကျွန်မရှင့်ကိုသိလာတာ ဒီလောက်ကြာနေပြီ၊ ဘယ်လိုလုပ် ရှင့်အတွေးတွေကို မမြင်ဘဲ နေမှာလဲ? ရှင်က ရှင့်အစီစဉ်တွေကိုတောင်လုပ်ပြီး တစ်ဆင့်ချင်း အကောင်အထည်ဖော်နေပြီလေ။ တကယ်တမ်း ရိုးရိုးသားသားပြောရရင် ရှင် အရင်၂နှစ်ကျော်က စတက်တိန်းနယ်မြေဆီသွားကြည့်ကတည်းက ဒီအကြံရှိနေတာ မဟုတ်လား?”

ဆယ်ဗီနီ၏ မျက်လုံးများကို ခဏကြာကြည့်နေပြီးနောက်တွင် ရှုယီက ရယ်လျက် ဆိုလာသည်၊ “ကျုပ်က ကျုပ်အတွက် ထွက်လမ်းတစ်ခု ချန်နေရုံပါ။ မင်းသမီးလေး၊ ခင်ဗျားပဲ လွန်ခဲ့တဲ့ သုံးလတုန်းက အချိန်မီပြင်ဆင်ဖို့ တိုက်တွန်းခဲ့တာမဟုတ်လား? အခုကျတော့ ကျုပ်ကို စွပ်စွဲနေပြီ၊ ဒါက ဘာများလဲ?”

ဆယ်ဗီနီက မျက်နှာထက် ဝမ်းနည်းရိပ်ပေါ်လာပြီးနောက် အံကိုကြိတ်ကာ ပြောသည်၊ “ရှင့်အတွေးတွေကိုနားလည်ပါတယ်၊ ဒါပေမယ့် ရှုယီ.....ရှင် နည်းနည်းလောက် စိတ်ရှည်ပေးလို့မရဘူးလား? အစ်ကိုတော်ဆီမှာ ယုံကြည်မှုနည်းနည်းထားလိုက်ပါ၊ အနည်းဆုံးတော့ ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ဖို့ လှုပ်ရှားတော့မှ ဆုံးဖြတ်ချက်ချလိုက်ပါ။”

“ဒါဆို သိပ်နောက်ကျသွားမှာပေါ့။” ရှုယီက နှာမှုတ်ကာဆိုသည်၊ “ခင်ဗျားက ကျုပ်ကို စိတ်ရှည်ပြီး ယုံကြည်ခိုင်းချင်တယ်ပေါ့? ဆယ်ဗီနီ, ခင်ဗျားသာ ထီးနန်းဆက်ခံခဲ့ရင် ခင်ဗျားကို စိတ်ရှည်မှုနဲ့ ယုံကြည်မှုပေးနိုင်ပါတယ်၊ ဒါပေမယ့် မင်းသားလေးအဲရစ်.....သူက၊ သူက‌.....”

“ဒါပေမယ့် အကိုတော်ထီးနန်းဆက်ခံခဲ့တဲ့ သုံးလအတွင်းမှာ သူအရမ်းကောင်းကောင်းလုပ်ခဲ့ပြီးပြီလို့ ကျွန်မထင်တယ်။ အနည်းဆုံး သူက ရှင်စိုးရိမ်နေခဲ့သလို မဟုတ်ဘဲ ထီးနန်းဆက်ခံပြီးတာနဲ့ ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်လှုပ်ရှားတာမျိုးမလုပ်ခဲ့ဘူး မဟုတ်လား?” ဆယ်ဗီနီက အလျှော့မပေးချေ။

“ဒီလိုလား?” ရှုယီက ပြန်မေးသည်။ သူက ဆယ်ဗီနီကို ခဏမျှကြည့်ပြီးနောက် ရုတ်တရတ်မေးလာခဲ့၏၊ “မင်းသမီးလေး၊ ခင်ဗျားရဲ့ တာဝန်တွေကို လွှဲပေးပြီးနောက်မှာ ခင်ဗျားရဲ့ ကိုယ်ပိုင်နယ်မြေမှာပဲ အမြဲရှိနေခဲ့ပြီး ဘယ်တုန်းကမှ မခွာခဲ့ဘူးလို့ ကြားတယ် ဟုတ်ရဲ့လား?”

“ဟုတ်တယ်။” ဆယ်ဗီနီက ခေါင်းငြိမ့်သည်၊ “ဒါက အစ်ကိုတော်ကို စိတ်ချစေချင်လို့ပါ။ ရှင့်ကိုလာတွေ့တာက ဒီလတွေအတွင်း ကျွန်မရဲ့ နယ်မြေကနေထွက်လာတဲ့ ပထမဆုံးအကြိမ်ပဲ။”

“မင်းသားလေး အဲရစ်က ခင်ဗျားကို ကျုပ်နဲ့ လာတွေ့ခိုင်းခဲ့တာလား?” ရှုယီကမေး၏။

“မဟုတ်ဘူး၊ ဒါက ကျွန်မရဲ့ ရွေးချယ်မှုပဲ။ အစ်ကိုတော်က ဒီတိုင်း အခြေနေကို သတင်းပို့ခဲ့ရုံတင်။” ဆယ်ဗီနီက ဖြေသည်။

“ဒါက ခင်ဗျားကို တောင်းဆိုခဲ့တာနဲ့ မခြားဘူးလေ။” ရှုယီက ပခုံးတွန့်လိုက်သည်၊ “ကြည့်ရတာ မင်းသားလေးအဲရစ်က ခင်ဗျားရဲ့ စရိုက်ကို နားလည်ပုံပဲ။ ကောင်းပြီ၊ အကြောင်းရင်းက ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ခင်ဗျားက လနဲ့ချီအောင် ခင်ဗျားရဲ့နယ်မြေမှာ သီးသန့်နေခဲ့ရတော့ အပြင်ပိုင်းအခြေအနေကို မသိလောက်သေးဘူး။”

“ဘာလဲ? အခြေအနေက ကွဲပြားနေလို့လား?” ဆယ်ဗီနီက အနည်းငယ် ရှုပ်ထွေးသွားသည်၊ “ဒီကိုလာတဲ့လမ်းမှာ ဘာထူးဆန်းတာကိုမှ သတိမထားမိခဲ့ပါဘူး။ အဲ့အစား ဘန်တာမြို့ကိုလာတော့ ပိုပြီးကြွယ်ဝလာသလိုခံစားရ‌တာကြောင့် အရမ်းဝမ်းသာနေတာ။”

“ခင်ဗျားဒါကို အပြင်ပန်းကနေ မမြင်နိုင်ဘူး၊ တကယ့်အခြေအနေက..... ဥပမာပြောပြမယ်။ ဆယ်ဗီနီ, မကြာခင်က မြို့တွေရဲ့ လုပ်ငန်းစုတွေအတွက် ချိန်ညှိလိုက်တဲ့ အခွန်က ဘယ်လောက်လဲသိလား?”

“အခွန်ညှိနှိုင်းမှုလား?” ဆယ်ဗီနီက အသာမျက်မှောင်ကုပ်၏၊ “ဘယ်လို ညှိနှိုင်းလိုက်လဲ? ပိုများတာလား ဒါမှမဟုတ် ပိုနည်းသွားလား?”

“ဘယ်လိုထင်လဲ?” ရှုယီက အေးစက်စက်ရယ်မောလေသည်၊ “လွန်ခဲ့တဲ့ ၆ရက်လောက်တုန်းက မြို့စားအိမ်တော်ကနေ ဘန်တာမြို့အတွက် နောက်ဆုံး စီးပွားခွန်ကို ကြေညာခဲ့တယ်။ ဒီနှုန်းအရ Frestech ကုန်သည်ကြီးများအသင်းပါဝင်နေတဲ့ မှော်စက်မှုနယ်ပယ်ကတော့ နယ်ပယ်သစ်မို့လို့ စီးပွားခွန်နှုန်းအသစ်ကိုရတာပေါ့။ ရှင်းရှင်းပြောရရင် ဒါက မှော်စက်မှုနယ်ပယ်အပေါ်မှာ ကာကွယ်ရေးအခွန်အဖြစ် ၅%ကနေ ၈%အထိပဲ။”

“အပိုအခွန်တွေလား?” ဆယ်ဗီနီက ပို၍ပင် မျက်မှောင်ကုပ်လာသည်၊ “အရင်အခွန်တွေတော့ မပြောင်းလဲဘူးလား?”

“ဟင့်အင်း အရင်အခွန်တွေက ပိုတောင်မြင့်လာတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဥပမာယူကြည့်၊ ဥပမာ ကျုပ်တို့ရဲ့ နှစ်စဉ်ဝင်ငွေက ရွှေဒင်္ဂါးငါးသန်းကျော်ပြီး ပထမတန်းလုပ်ငန်းစုအမျိုးအစားထဲဝင်တယ်လေ။ ပထမတန်းလုပ်ငန်းစုတွေရဲ့ အခွန်နှုန်းက ၄၃%ကနေ ၅၆%အထိ ဖြစ်သွားပြီး ၁၃% တိုးလာတယ်။”

“၁၃%?” ဆယ်ဗီနီက အံ့ဩသွားသည်၊ “ဘယ်လိုလုပ်ရုတ်တရတ်ကြီး ဒီလောက်မြင့်သွားတာလဲ? အပိုခွန်တွေပါ ထည့်ပေါင်းရင် ၂၀%နီးနီး ဖြစ်သွားမှာ မဟုတ်ဘူးလား?'

“ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ၂၀%မဟုတ်ဘူး အဲ့ထက်ကျော်တယ်၊” ရှုယီက အေးစက်စက်ပြုံးကာ ဆိုသည်၊ “ဒါပေါ့၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လွဲရင် အခြားလုပ်ငန်းအများစုက မှော်စက်တွေမရောင်းတော့ အခွန်တွေက အဲ့လောက်မမြင့်ဘူးလေ။ အမြင့်ဆုံးက ၁၇%ပတ်လည်တိုးလာတဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းပဲ။”

“ဒါက ရူးနေတာပဲ!' ရှုယီထံမှ အချက်အလက်ကိုကြားသော် ဆယ်ဗီနီ၏ အမူအရာက မှောင်မိုက်သွားသည်၊ “ဒီလောက်အများကြီးရုတ်တရတ် တိုးလိုက်တော့ သူတို့အတွက် အမြတ်ဘယ်လောက်ကျန်တော့မှာလဲ?”

“မင်းသမီးလေး၊ ကျုပ်တို့ နှစ်စဉ်အမြတ်ငွေရဲ့ တစ်ဝက်ကျော်ကို ဒီအခွန်နှုန်းကြောင့် ပေးလိုက်ရတယ်ဆိုရင် ခင်ဗျားယုံလား?” ရှုယီက သရော်တော်တော်ပြုံးကာ ဆိုသည်။

ဆယ်ဗီနီမှာ တိတ်ဆိတ်သွားပြီးနောက် အနည်းငယ် ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းငြိမ့်လာ၏။

“ဒီလိုဆိုရင် ဘာလို့ ဘန်တာမြို့က ပိုပြီး သက်ဝင်လှုပ်ရှားပုံပေါ်နေရတာလဲ? ကြည့်လေ နေရာအစုံကို ကုန်စည်တွေပို့နေကြပြီး အများစုကလည်း မှော်စက်တွေပဲ၊ ဘာလို့လဲ?”

“ရှင်းပါတယ်၊ အမြတ်ငွေနည်းလာတော့ များများပိုမရောင်းရင် ငွေလုံးဝရမှာ မဟုတ်တော့ဘူးလေ။ ဒါက လုပ်ငန်းစုတစ်ခုရဲ့ အခြေခံလည်ပတ်မှုကို ထိန်းသိမ်းဖို့အတွက် ပြဿနာဖြစ်သွားတာပေါ့။” ရှုယီက သက်ပြင်းချ၍ ဆို၏၊ “ဆယ်ဗီနီ, အစောတုန်းက ခင်ဗျား မြို့ပတ်တော့ အပြုံးတွေ နည်းသွားတာကို သတိမထားမိခဲ့ဘူးလား?”

ဆယ်ဗီနီမှာ မှော်ဆလွန်းထဲ၌ ရှုယီနှင့်အတူ ဘန်တာမြို့ကို လျှောက်ပတ်စဉ်က ထိုသို့တွေးမိသဖြင့် သူမှန်ကြောင်း သိလိုက်သည်ပင်။

ဘန်တာမြို့က ပိုမိုကြွယ်ဝဟန်ရှိလာပြီး ကုန်စည်များကိုလည်း ပိုမိုတင်ပို့နေကြသော်ငြား လူများက သူမ မြို့စားဖြစ်ချိန်တုန်းကကဲ့သို့ ကျေနပ်ဖွယ်အပြုံးများ မရှိကြတော့ချေ။ ၎င်းတို့၏ မျက်နှာများက လေးနက်နေကာ မျက်ခုံးများလည်း တွန့်ချိုးထားကြသည်မှာ ဖိအားအတော်များနေကြပုံပင်။

“လုပ်ငန်းစုတွေက ငွေမရှာနိုင်တော့တာကြောင့် ကုန်ကျစရိတ်ကို ဖြတ်တောက်ဖို့ နည်းလမ်းတွေရှာကြတယ်။ အရေးကြီးဆုံးကုန်ကျစရိတ်က အလုပ်သမားလစာတွေပဲလေ။” ရှုယီက ရှင်းပြသည်၊ “လွန်ခဲ့တဲ့ လကတင် လုပ်ငန်းစုကြီးတွေရဲ့ စက်ရုံတွေမှာ အဓိကရုဏ်း ဆယ့်ငါးခုကျော်ရှိခဲ့ပြီး အားလုံးက လစာလျှော့ချတာကို ဆန္ဒပြနေကြတာပဲ။”

ဆယ်ဗီနီက အဝေးရှိ ဘန်တာမြို့ကို တိတ်တဆိတ်ကြည့်လိုက်သည်။

“အလုပ်သမားတွေက မပျော်မရွှင်ဖြစ်နေပေမယ့် မြို့က ကုန်သည်အများစုက ပိုလို့တောင် မပျော်သေးတယ်။ ကျုပ်ဆီ လာညည်းကြတဲ့ မှော်စက်လုပ်ငန်းစု ဥက္ကဌတွေလည်း အတော်များတယ်၊ သူတို့ တောင့်မခံနိုင်တော့ဘူးလို့ လာပြောကြတာလေ။” ရှုယီ၏ မျက်နှာထားကလည်း အရုပ်ဆိုးလာသည်၊ “ကျုပ်လည်း ဘာမှမလုပ်နိုင်တော့ တောင့်ခံဖို့ပဲ ပြောနိုင်တာပေါ့။”

“ဒါဆို..... သူတို့ တောင့်ခံနိုင်မှာလား?” ဆယ်ဗီနီက တုံ့တုံ့ဆိုင်းဆိုင်းမေးလိုက်လေ၏။

ရှုယီက အေးစက်စက်ရယ်ကာ ၊ “ဘယ်လိုထင်လဲ?”

ဆယ်ဗီနီလည်း အဝေးရှိ ဘန်တာမြို့ကို ပြန်ကြည့်ကာ အတွေးထဲနစ်သွားပြီး မည်သည်ကိုမှမဆိုတော့ချေ။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၇။ သားသတ်သမား၏ ဓားကို ကိုင်ဆောင်ခြင်း

မင်းသားလေးအဲရစ် ထီးနန်းလွှဲပြောင်းယူလိုက်ချိန်တွင် နိုင်ငံမှာ ပြောင်းလဲသွားပြီး ဘန်တာမြို့ရှိလူများစွာက ပူပန်နေကြသည်။

မင်းသမီးလေး ဆယ်ဗီနီ ဘန်တာမြို့၏ မြို့စားဖြစ်စဉ်က ဘန်တာမြို့မှာ ဆယ်ဗီနီ၏ နောက်ခံ ဥယျာဉ်လိုဖြစ်နေကာ သူမအား သစ္စာရှိထောက်ခံသူများဖြင့်ပြည့်နေပါ၏။

ယခုတွင်မင်းသားလေးအဲရစ်က ထီးနန်းဆက်ခံလိုက်သည့်နောက် ပုံမှန် အစဉ်အလာအရ ယခင်အခြေအနေကို ဖြေရှင်းလိမ့်မည်သာ။ ဆယ်ဗီနီအား ထောက်ခံမှုကို အတိအလင်းပြသခဲ့သည့် ဘန်တာမြို့မှာ မင်းသားလေးအဲရစ်သေချာပေါက် ဂရုစိုက်မည့်အရာပါပင်။

ဘန်တာမြို့ရှိ လုပ်ငန်းစုအားလုံးအနက် စိတ်အပူရဆုံးမှာ သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်း ဖြစ်ပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့တွင် မင်းသမီးလေးနှင့် အရင်းနှီးဆုံးဖြစ်သလို ဥက္ကဌက မင်းသမီးလေးဆယ်ဗီနီအတွက် အခိုင်မာဆုံးထောက်ခံသူဖြစ်ခဲ့ပြီး မင်းသားလေးအဲရစ်ကို အများပြည်သူရှေ့ အကြိမ်များစွာ ငြင်းပယ်ခဲ့သဖြင့် ယခင်တည်းက မင်းသားလေးအဲရစ်နှင့် အဆုံးသတ်ပြီးသားဖြစ်သည်။

လူတိုင်းအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ မင်းသားလေးအဲရစ်၏ အမြင်တွင် ဆူးတစ်ချောင်းဖြစ်သဖြင့် ထီးနန်းဆက်ခံလိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ သူ၏ အမြင်မှ မလွတ်မြောက်နိုင်တော့ချေ။

ထိုပူပန်မှုကြောင့် ရှုယီမှာ သူ၏ အစီစဉ်ကို အချိန်မီပြင်ဆင်ထားရကာ မိုးကျတောင်ကြားအား တိုးတက်မှုကို ရပ်တန့်၍ တန်ဖိုးအရှိဆုံးရင်းမြစ်များကို စတက်တိန်းနယ်မြေဆီသို့ မဖြစ်မနေပြောင်း‌ရွှေ့ခဲ့ရသည်။ ၎င်းတို့အားလုံးမှာ မင်းသားလေးအဲရစ် ပြုလုပ်ခဲ့သမျှကြောင့်ပင်။

သို့သော် အချက်အလက်များက လူတိုင်းကို အံ့ဩသွားစေသည်။

မင်းသားလေးအဲရစ်က ထီးနန်းရယူလိုက်ပြီးနောက်တွင် ဘန်တာမြို့အပေါ် မည်သည့် လွန်ကျူးသောလုပ်ရပ်ကိုမှမလုပ်ခဲ့သလို လူတိုင်းမျှော်လင့်ထားသလို Frestech ကုန်သည်ကြီးများအသင်းကိုလည်း မည်သည်မှ မလုပ်‌ခဲ့ချေ။ သူဟာ Frestech ကုန်သည်ကြီးများအသင်းမှ ဘန်တာမြို့၌ ပြုလုပ်ခဲ့သည့် တိုးတက်မှုများအားလုံးအတွက် ချီးကျူးထားသော ပြန်တမ်းကိုပင် ပြုလုပ်ခဲ့ရာ လူတိုင်း အံ့ဩသွားကုန်ကြသည်။

ထို့အပြင် မြို့စားအသစ်အား ခန့်အပ်ခဲ့သည်မှာ မင်းသားလေး..... မှန်ပါ၏၊ ယခုဆိုလျှင် ဘုရင်ကြီးအဲရစ်ဖြစ်လာပြီပင်။ သူ ဘန်တာမြို့သို့ ရောက်လာပြီးနောက် သူဟာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဖော်ဖော်ရွေရွေဆက်ဆံခဲ့သည်။ ၎င်းက ကောင့်ထ် စတက်ဂျ်ကဲ့သို့ လွှဲပြောင်းယူလိုက်သည်နှင့် ချက်ချင်း Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားလာသလိုမဟုတ်ချေ။

၎င်းအပြင် မြို့စားအသစ်မှာ မှော်စက်မှုနယ်ပယ်၏ တိုးတက်မှုကို ထောက်ခံမည်ဟုပါ ညွှန်းဆိုခဲ့သည်။ သူဟာ မင်းသမီးလေး ဆယ်ဗီနီ တည်ထောင်ခဲ့သည့် အုတ်မြစ်များဆီ သွားရောက်လည်ပတ်ခဲ့ကာ ဘန်တာမြို့အား လမ်ပူရီတိုင်းပြည်ရှိ အကြွယ်ဝဆုံးမြို့များအနက် တစ်မြို့ဖြစ်လာစေရမည်ပင်။

လူတိုင်းမှာ ဘုရင်ကြီးအဲရစ်နှင့် မြို့စားအသစ်တို့ ပြုလုပ်နေကြသည်ကို ရှုပ်ထွေးကြကုန်၏။

အရှင်မင်းကြီးအဲရစ်..... ဘာတွေများစဉ်းစားနေပါလိမ့်?

ထိုမေးခွန်းအတွက် အရှင်မင်းကြီးအဲရစ်မှာ သူ၏‌အနေအထားကို အတိအလင်းပြသရန် ⟨လမ်ပူရီ အပတ်စဉ်⟩ထံမှ အထူးအင်တာဗျူးတစ်ခု လက်ခံခဲ့သည်။

အင်တာဗျူး၌ သူဟာ သာမန်မင်းသားတစ်ပါးသာဖြစ်ပြီး ဆယ်ဗီနီနှင့် ထီးနန်းအတွက် ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် သူမကိုထောက်ပံ့ခဲ့သော Frestech ကုန်သည်ကြီးများအသင်းမှာ သဘာဝကျကျပင် သူ၏ ရန်သူဖြစ်သွားခဲ့ရပြီး သူသည်လည်း ၎င်းတို့ကို ဖြုတ်ချမည်ဖြစ်ကြောင်းဆိုခဲ့၏။

သို့သော် သူ ဘုရင်ကြီးဖြစ်လာသည်နှင့် ဘုရင်တစ်ပါး၏ ရှုထောင့်မှ စတင်စဉ်းစားမိရာ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုထားသည့် မှော်စက်မှုနယ်ပယ်က နိုင်ငံတိုးတက်မှုအတွက် အထောက်အကူကြီးကြီးမားမားတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့လေသည်။

သူဟာ ဘုရင်ဖြစ်သဖြင့် အလျင်ဦးစွာ စဉ်းစားရမည်မှာ နိုင်ငံ၏တိုးတက်မှုပင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် မှော်စက်မှုနယ်ပယ်တို့က နိုင်ငံအတွက် ကောင်းမွန်သဖြင့် သူ့အနေနှင့် ၎င်းတို့၏တိုးတက်မှုကို ထောက်ပံ့မည်ဖြစ်သည်။ ၎င်းတို့အပေါ် သူ၏ သဘောထားကို ပြောင်းလဲရန်က မထူးဆန်းပါချေ။

ဘုရင်ကြီးအဲရစ်၏ ပြန်ကြားချက်မှတဆင့် လူတိုင်း နားလည်လိုက်ကြသည်။

ပြောရလျှင် ဘုရင်ကြီးအဲရစ်၏ ရှင်းပြချက်မှာ အင်မတန်ကျိုးကြောင်းသင့်ပါ၏။

သူဟာ ဘုရင်ကြီးဖြစ်နေပြီ ဖြစ်သောကြောင့် သဘာဝကျစွာပင် သူ၏အမြင်မှာ ကျဉ်းမြောင်းနေ၍မရပေ။ သူ့အနေနှင့် မည်သည်ကိုမှ မလုပ်ဆောင်ခင် နိုင်ငံ၏ အကျိုးအမြတ်များကို စဉ်းစားဖို့လိုအပ်သည်။

ဆိုရပါက..... ဤအင်တာဗျူးကို တစ်နိုင်ငံလုံးထံသို့ ဖြန့်ချိပြီးနောက် မင်းသားလေးအဲရစ်ကို ထီးနန်းဆက်ခံခြင်းကို ဆန့်ကျင်နေခဲ့ကြသည့် ပြည်နယ်များမှာ ညည်းညူခြင်းရပ်တန့်သွားကြပါ၏။ နိုင်ငံရှိ ဘုရင်ကြီးအဲရစ်၏ ဂုဏ်သတင်းကလည်း သံသယပင်မလိုဘဲ တိုးပွားလာတော့သည်။

ဘုရင်ကြီးအဲရစ်အကြောင်း အစိုးရိမ်မိခဲ့ဆုံးသော ဘန်တာမြို့သည်ပင် ဘုရင်ကြီးကို ထောက်ခံသည့် အသံသစ်များစွာရှိခဲ့သည်။

ရုတ်တရတ် လမ်ပူရီတိုင်းပြည်မှာ ယခင်က ရှုယီထံ ဆယ်ဗီနီဖော်ပြခဲ့သလို ဖြစ်လာသည်။

တည်ငြိမ်သော ထီးနန်းနှင့်အတူ လမ်ပူရီတိုင်းပြည်မှာ အတည်ငြိမ်ဆုံးအဖြစ် တိုးတက်လာနိုင်လိမ့်မည်။

ဘန်တာမြို့နှင့် နိုင်ငံရှိ အခြေအနေကို မြင်သော် ရှုယီသည်ပင် အနည်းငယ် တုံ့ဆိုင်းမိခဲ့သည်။

သို့ရာတွင်.....အချက်အလက်များက လူတိုင်း၊ အထူးသဖြင့် ရှုယီမှာ အပျော်စောသွားကြောင်း သက်သေပြနေ၏။

မင်းသားလေးအဲရစ် ထီးနန်းဆက်ခံပြီးနောက် တစ်လအကြာ ပထမက တဖြည်းဖြည်းချင်းစီဆို‌သော်လည်း ဂရုတစိုက်ကြည့်ရှုလိုက်ပါက Frestech ကုန်သည်ကြီးများအသင်းအတွက် သတင်း‌ဆိုးများက ဆက်တိုက်ထွက်ပေါ်လာသည်။

ပထမဆုံးမှာ အခြားမြို့ပေါင်းစုံရှိ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများတွင် စစ်ဆေးမှုများရှိခဲ့၏။

အမည်အရ ဘုရင်ကြီးမှာ မှော်စက်မှုနယ်ပယ်တိုးတက်ခြင်းကို ဂရုစိုက်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းအတွက် စစ်ဆေးမှုလုပ်ခြင်းပါပင်။

သို့သော် တကယ်တမ်းမှာ ၎င်းစစ်ဆေးမှာအတွင်း စုံစမ်းမှုတစ်စိတ်တပိုင်းအဖြစ် ဖယ်ထုတ်ခံခဲ့ရသည့် ထုတ်လုပ်ရေးလိုင်းများနှင့် ထုတ်လုပ်ရေးမှော်စက်များစွာရှိခဲ့သည်။ အချို့အလုပ်သမားများနှင့် အင်ဂျင်နီယာအချို့ကိုပင် ခေါ်ဆောင်သွားခဲ့ကြသည်။

လူများအား လွှတ်ပေးပါသော်လည်း မှော်စက်များကတော့ ဘယ်တုန်းကမှ ပြန်မလာခဲ့ချေ။

၎င်းနောက်တွင် နိုင်ငံ၏လွှတ်တော်မှာ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနကို တည်ထောင်လိုက်သည်။

အမည်အတိုင်းပင် ၎င်းမှာ နိုင်ငံရှိ မှော်စက်မှုနယ်ပယ်၌ ပါဝင်ကြသော လုပ်ငန်းစုအားလုံးကို စီမံခန့်ခွဲပေးသော ဌာနပါပင်။

ဤအရာများကို ငြီးငွေ့နေသည်မှာ သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်း ဖြစ်သည်။

မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန၏ စည်းမျဉ်းများအရ မှော်စက်မှုနယ်ပယ်၌ ပါဝင်သည့် လုပ်ငန်းစုဖြစ်နေသရွေ့ ၎င်းဌာနထံမှ စီမံခန့်ခွဲမှုကို ခံယူရပေမည်။

ထိုစီမံခန့်ခွဲမှုဆိုသည်မှာ လုပ်ငန်းစုတစ်ခုစီကို မှော်စက်မှုစီမံခန့်ခွဲရေးဌာနနှင့် အတူအလုပ်လုပ်ဖို့ တောင်းဆိုခြင်းဖြစ်သည်။ ဥပမာဆိုရပါက ဌာနမှာ မှော်စက်မှုနယ်ပယ်၌ပါဝင်သမျှ လုပ်ငန်းစုအားလုံးကို ထုတ်လုပ်မှုမစတင်ခင်တွင် အထောက်အထားလက်မှတ်တစ်ခု ယူစေခြင်းဖြစ်၏။

၎င်းအထောက်အထားလက်မှတ်တွင် ဌာနက မတူညီသည့်မှော်စက်များအတွက် မတူညီသည့် လက်မှတ်များရှိသည်။

မှော်စက် အမျိုးပေါင်းတစ်ရာကျော်ကို ထုတ်လုပ်ထားသည့် Frestech ကုန်သည်ကြီးများအသင်းအတွက် အထောက်အထားလက်မှတ် တစ်ရာကျော်လိုအပ်ပေသည်။

အထောက်အထားလက်မှတ်တစ်ခုစီအတွက် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်ကိုမဆိုထားနှင့် ပေးချေမှုများကပင် မနည်းလှချေ။

မှော်ရေခဲသေတ္တာလက်မှတ်အတွက်နှင့်တင် ခွင့်ပြုပေးရန် အထောက်အထားလက်မှတ်တစ်ခုအတွက် ရွှေဒင်္ဂါးသုံးရာကျော်ကုန်၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ မှော်စက်များအားလုံးအတွက် အထောက်အထားလက်မှတ်ရရှိပြီးနောက်တွင် ၎င်းအတွက် ရွှေဒင်္ဂါးလေးသောင်းကျော်သုံးစွဲခဲ့ရသည်။

လုပ်ငန်းစဉ်အတွင်း၏ မရှောင်လွှဲနိုင်သည့် ပမာဏကလည်း ၎င်းအရေအတွက်ထက် မနည်းနေချေ။

ဤသည်က အထောက်အထားလက်မှတ်များကို လျှောက်ထားရန်အတွက်နှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါး ရှစ်သောင်းကျော် ပေးခဲ့ရသည့် အဓိပ္ပာယ်ပင်။

၎င်းအထောက်အထားလက်မှတ်များမှာ တစ်နှစ်သာကြာပါ၏.....

တစ်နှစ်ကို ရွှေဒင်္ဂါး သောင်းချီပေးရခြင်းအား များလွန်းလှသည်ဟု မသတ်မှတ်ပါလျှင်တောင် ဌာနမှပြုလုပ်ထားသည့် အခြားစည်းမျဉ်းမှာ ရှုယီ လက်မခံနိုင်သည့် အရာပင်။

နိုင်ငံ၏ မှော်စက်မှုနယ်ပယ်ဖွံ့ဖြိုးခြင်း အမည်အောက်တွင် ၎င်းတို့မှာ အခြားလုပ်ငန်းစုများ အတူတကွ တိုးတက်လာစေဖို့ရာ Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ထင်ရှားသောနည်းပညာအားလုံးကို ထိုအခြားမှော်စက်လုပ်ငန်းစုများထံ ပေးအပ်ဖို့ တောင်းဆိုခဲ့သည်။

ဤသည်က ရှုယီ အခိုင်အမာငြင်းပယ်လိုက်သည့် တောင်းဆိုမှုတစ်ခုပင်။

ထို့အပြင် ဌာနမှ အခြားလုပ်ငန်းစုများ၏ အမြင်ကို မေးမြန်းခဲ့ချိန်တွင် ၎င်းတို့အား အခြားလုပ်ငန်းအများစုမှ ငြင်းဆန်ခဲ့ပါ၏။

လုပ်ငန်းစုအားလုံးနီးပါးမှာ ၎င်းက စီးပွားရေးအခြေခံနိယာမကို လုံးဝဆန့်ကျင်သည်ဟု စဉ်းစားကြသည်။

ဌာနကသာ ၎င်းကို တိုးအားပေးလာလျှင် ၎င်းမှာ လမ်ပူရီတိုင်းပြည်ရှိ လုပ်ငန်းစုအားလုံး၏ သံဥပဒေများကို ချိုးဖျက်ခြင်းနှင့် ညီမျှပေလိမ့်မည်။

၎င်းတို့၏ ဂုဏ်သတင်းကို ဂရုစိုက်ရန် မည်သည့်လုပ်ငန်းစုကမှ ဌာနကို မထောက်ခံဝံ့ကြချေ။

၎င်းခိုင်ခိုင်မာမာဆန့်ကျင်မှုကြောင့် ဌာနလည်း အဆုံးတွင် လက်လျှော့ခဲ့ရပေသည်။

သို့သော်ငြားလည်း ထိုကိစ္စမှတဆင့် ရှုယီမှာ ဘုရင်ကြီးအဲရစ်၏ အတွေးအမှန်များကို သိခဲ့ရသည်။

သူဟာ Frestech ကုန်သည်ကြီးများအသင်းကို မထိလိုခြင်းမဟုတ်ပါဘဲ အင်မတန်ကိုမှ ထိခိုက်စေချင်နေပါ၏။

သို့သော် သူဟာ ဆယ်ဗီနီကြောင့် ပူပန်နေသည်ဖြစ်စေ သို့မဟုတ် လွှဲပြောင်းယူကာစ ထီးနန်းကြောင့်ဖြစ်စေ အချိန်အနည်းငယ်မျှ ချန်လှပ်ထားဖို့ လိုပေသည်၊ မဟုတ်ပါက အခြားလူများမှာ သူ့ထံ အကြံအစည်များရှိလာနိုင်၏။ သူဟာ ထိုမျှ တည့်တိုးမလုပ်နိုင်ခြင်း..... သို့မဟုတ် အမူအကျင့်အား အရုပ်မဆိုးစေလို၍ဟုလည်း ဆိုနိုင်သည်။

လိုရင်းဆိုရသော် သူဟာ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုထားသည့် မှော်စက်မှုနယ်ပယ်ကို တိုက်ခိုက်ရန် လူများ၏ အာရုံကို မဆွဲဆောင်မည့် နှေးကွေး သိမ်မွေ့သည့် နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပါ၏။

ရှုယီလည်း ၎င်း၏ အတွေးအမှန်များကို ခန့်မှန်းနိုင်လေသည်။

ဘုရင်တစ်ပါးအနေနှင့် သူဟာ မှော်စက်မှုနယ်ပယ်ကဲ့သို့ လမ်ပူရီတိုင်းပြည်အား နက်နက်ရှိုင်းရှိုင်း သက်ရောက်စေနိုင်သည့် အရာကို သူ့လက်ထဲ၌ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုလိမ့်မည်။

ဘန်တာမြို့ရှိ အခွန်ပြောင်းလဲမှုများမှာ ရှုယီအတွက်မူ သူက ထပ်မစောင့်နိုင်တော့ဟု ထင်မြင်စေသည့်အရာပါပင်။

၎င်းစီးပွားခွန်က ရှင်းလင်းစွာပင် Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုထားသည့် မှော်စက်မှုနယ်ပယ်အထက်မှ သားသတ်သမား၏ ဓားဖြစ်သည်။ ရည်ရွယ်ချက်မှာ အကြီးမားဆုံးအသားတစ်ကို ခုတ်ပိုင်းကာ သူ့အား ထီးနန်းရရန် ထောက်ခံပေးခဲ့သည့် မျိုးရိုးမြင့်များထံ ဖြည့်‌ဆည်းပေးဖို့ဖြစ်လေသည်။

အခွန်အပြောင်းအလဲများအား စဉ်းစားနေချိန်တွင် ရှုယီမှာ မနေနိုင်တော့ဘဲ စိတ်ထက် အေးစက်စက် ရယ်မိလေ၏။

မင်းသားလေးအဲရစ်မှာ မျိုးရိုးမြင့်များ၏ ထောက်ပံ့မှုကြောင့် ထီးနန်းကို ရယူခဲ့သော်လည်း ထိုမျိုးရိုးမြင့်များက သူ့အား မည်သို့ အလကား ထောက်ပံ့ပေးနိုင်မည်နည်း?

၎င်းလောဘသား မျိုးရိုးမြင့်များမှာ ၎င်းတို့ပေးခဲ့သည်ထက် အဆပေါင်းများစွာ ပိုပေးစေလိုကြပြီး ဆယ်ဆထက်ပင် ပိုနိုင်လေသည်။

ဝန်ကြီးချုပ်ဖြစ်လာခဲ့သလို မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန၏ ခေါင်းဆောင် ဖြစ်လာခဲ့သော ဒုခ့်စတက်ဂျ်မှာ ၎င်းကို ရှင်းရှင်းလင်းလင်း သက်သေပြနေပါ၏။

သို့သော် ၎င်းတို့မှာ ရှုယီ၏ ခန့်မှန်းချက်များသာဖြစ်ပြီး ဆယ်ဗီနီထံ ထိုသို့ မပြောနိုင်ပါချေ။

ဆယ်ဗီနီက အတွေးထဲနစ်နေသည်ကိုမြင်သော် ရှုယီလည်း စိတ်ထဲ သက်ပြင်းချမိသည်။

သူလည်း ဆယ်ဗီနီအနေနှင့် အခြေအနေအား မည်မျှ သိလောက်မည်ကို မသိပါချေ။

သူမသာ မင်းသားလေး အဲရစ်၏ လုပ်ရပ်များကိုသိပါလျှင် သူမကို ထောက်ခံခဲ့သူများအား ထီးနန်းအတွက် လက်လျှော့ခဲ့မိခြင်းကြောင့် စိတ်ဓာတ်ကျစေခဲ့ခြင်းကို နောင်တရနေမည်လား?

Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးပြေးလာ၏။ သူဟာ ရှုယီရှေ့၌ ရပ်နေရင်း အသက်ကိုလုရှူလျက် ရှုယီနှင့် ဆယ်ဗီနီတို့ကို ၎င်းတို့၏ အတွေးများမှ ခါထုတ်ပစ်လိုက်စေသည်။

“တစ်ခုခုဖြစ်ခဲ့လို့လား?” ရှုယီမှာ အနည်းငယ်ရှုပ်ထွေးနေလေသည်၊ သူဟာ မည်သည်မှ မဖြစ်ပါလျှင် သူနှင့် ဆယ်ဗီနီတို့၏ ဆွေးနွေးမှုကို နှောင့်ယှက်ခွင့်မပြုဟု ပြောထားခဲ့ပါ၏။

“ဥ....ဥက္ကဌ၊ ကာမာဒို.....မြို့စားအရှင် ရောက်နေတယ်။” လူငယ်လေးက အသက်လုရှူရင်း ဖြေလာသည်။

“အိုး? မြို့စားအရှင် ထပ်ရောက်လာပြီလား?” ရှုယီမှာ အံ့ဩသွားပြီးနောက် ဆယ်ဗီနီကို လှည့်ပြုံးပြလိုက်လေသည်၊ “ဘုရင်မ၊ ခင်ဗျား ပြဇာတ်ကောင်းလေးတစ်ခု ကြည့်ဖို့ စိတ်ဝင်စားလား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၈။ အခြားမြို့စားအရှင်

သူဟာ ရှုယီ ကြုံဖူးသည့် အခြားမြို့စားအရှင်သုံးဦးနှင့်ကွာခြားကာ မြို့စားအသစ် ကာနီရို ကာမာဒိုက ရှုယီအား မြို့စားအိမ်တော်သို့ မလာခိုင်း‌ချေ။ သုံးလအတွင်း သူဟာ ရှုယီကို မကြာခဏလာရှာလိမ့်ခဲ့သည်သာ။

ရှုယီအား ကာမာဒို တိတ်တဆိတ်ပြောရာ၌ သုံးသည့် စကားများအရ မှော်စက်မှုနယ်ပယ်မှာ ဘန်တာမြို့အတွက် အင်မတန်အရေးပါသည်။ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအနေနှင့် ရှုယီမှာ သူအနိုင်ရရန်လိုအပ်သည့် လူဖြစ်သည်။

သူက ထိုသို့ပြောသလို ထိုသို့လည်း လုပ်ဆောင်ပါ၏။

ဤသုံးလအတွင်းတွင် သူဟာ ရှုယီကို လာရှာခဲ့ရုံမျှမက ဆုံချိန်တိုင်းလည်း ရှုယီအပေါ် အင်မတန်ယဉ်ကျေးပါ၏။ သူဟာ သာမန်ကုန်သည်တစ်ဦးကို လာတွေ့သည့် မျိုးရိုးမြင့်မြို့စားအရှင်တစ်ဦးဟန် မပေါ်ချေ။

၎င်းအပြင် များစွာသော လူထုပွဲများ၌ သူဟာ ရှုယီကို ဘန်တာမြို့၏ စီးပွားရေးခေါင်းဆောင်ဟု အကြိမ်များစွာ ခေါ်ဆိုခဲ့ပေသည်။ ဘန်တာမြို့၏ တိုးတက်မှုအများစုမှာ ရှုယီထံသို့သာ ရောက်ရှိနေပြီး မြို့စားအနေနှင့် သူဟာ ဒုတိယအခန်းကဏ္ဍ၌သာ ပါဝင်ခဲ့သည်ဟုဆိုသေးသည်။

၎င်းအမြင်များအား မည်သူကမှ မဆန့်ကျင်ခဲ့ကြချေ၊ အကြောင်းမှာ အားလုံးက Frestech ကုန်သည်ကြီးများအသင်း၏ အသုံးဝင်ပုံကိုသိရှိကြပြီး ၎င်းက ဘန်တာမြို့ရှိ လူတိုင်းအတွက် ရှင်းလင်းလှသော အချက်ဖြစ်သောကြောင့်ပင်။

သို့သော် ရှုယီကတော့ ၎င်းကို ဘယ်တုန်းကမှ လက်မခံခဲ့ချေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ကောင်းစွာ ဖွံ့ဖြိုး‌ခဲ့သော်လည်း တည်ထောင်ချိန်က မကြာလှသေးသဖြင့် လုပ်ငန်းစုဟောင်းများနှင့်ယှဉ်လျှင် လိုအပ်ချက်များစွာရှိနေသေးသည်ကို သူ့အနေနှင့် ရှင်းလင်းစွာ သိပါသည်။

ဥပမာဆိုရသော် ရှုယီဖြည့်တင်းလိုသည့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များဖြစ်သည်။ သူ့အနေနှင့် အလုပ်လက်မဲ့လေလွင့်စစ်သည်အနည်းငယ်ကိုသာ စုဆောင်းနိုင်ပြီး နောက်ကွယ်တွင် ဂျိုဝဲလ်မိသားစုရှိနေသည့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုဟောင်းနှင့် မယှဉ်နိုင်ပေ။ စကားလုံးတစ်လုံးနှင့်တင် ၎င်းတို့မှာ ထောင်ချီသည့် အင်အားကြီးအစောင့်တို့ကို စုစည်းနိုင်ပါ၏။

ထို့အပြင်..... ၎င်းအတွက် အခြားအင်အားများလည်းလိုအပ်သည်။

ကာနီရိုက မြို့စားဖြစ်သော်လည်း ရှုယီထံ ထိုမျှ ယဉ်ကျေးပြနေသည်မှာ သေချာပေါက် ပုံမှန်မဟုတ်ပါချေ။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားမှော်စက်လုပ်ငန်းစုများထံ ရည်ရွယ်နေသည့် စီးပွားခွန်သစ်မှာ အားလုံးမြို့စား၏ လက်ထဲမှလာလေသည်။

ရှုယီ ကြွယ်ကြွေအိမ်ရာသို့ ပြန်ရောက်လာပြီး အထဲဝင်လိုက်သည်နှင့် မြို့စား ကာမာဒိုက ဥယျာဉ်ထဲ၌ လမ်းလျှောက်နေသည်ကို တွေ့ရလေသည်။

ရှုယီကိုတွေ့ချိန်တွင် မြို့စားကာမာဒိုက အပြုံးကြီးကြီးဖြင့် ရှေ့တိုးလာ၏။

“ဥက္ကဌရှု ခင်ဗျားတကယ် အလုပ်များနေတာပဲ။ ကျုပ် ခင်ဗျားကို ရှာဖို့ ကြယ်ကြွေအိမ်ရာဆီလာတိုင်း ဘယ်တော့မှ အိမ်မှာနားမနေဘူးနော်။”

ရှုယီက ပခုံးတွန့်ကာ၊ “တခြားနည်းလမ်းမရှိဘူးလေ လုပ်ငန်းစုမှာ ဂရုစိုက်စရာကိစ္စတွေများလို့ပါ။ အရမ်းနောက်ကျတဲ့အချိန်မှပဲ အိမ်ပြန်နားနိုင်တာ။ ပြီးတော့ ကျုပ် မိုးကျတောင်ကြားမှာနေရတဲ့အချိန်များတော့ အိမ်ပြန်မလာတတ်ဘူး။ မြို့စားအရှင် အရှင် ကျုပ်ကို ဒီမှာလာရှာရင် အချိန်အများစုမှ လက်ဗလာပဲ(အချည်းနှီး)ပဲ ဖြစ်သွားမှာဗျ။”

မြို့စား ကာမာဒိုက အပြုံးဖြင့်ဆိုသည်။ “ဒါတော့မဟုတ်ဘူးလေ၊ မဒမ်စတေးလ်က ဒီမှာရှိရင် ဥက္ကဌက အိမ်ကို ပုံမှန်ပြန်လာမှာပဲ။ အခု မဒမ်စတေးလ်မရှိတော့ ဥက္ကဌရှုမှာ အိမ်ပြန်လာဖို့ အကြောင်းပြချက်မရှိတော့တာများလား? ဖြစ်နိုင်တာက..... မဒမ်အိမ်မှာမရှိတဲ့အချိန် အချစ်သစ်လေးများတွေ့နေတာလား ဥက္ကဌရှု?”

ရှုယီက မျက်လုံးများလှိမ့်လိုက်သည်၊ “ကျုပ် တစ်ယောက်လောက်ရှာချင်ရင်တောင် မလုပ်ရဲပါဘူးဗျာ။ ကြည့်လေ၊ စတေးလ်က ကျုပ်ကို စောင့်ကြည့်ဖို့ သတင်းပေးတစ်ယောက်ထားခဲ့တယ်။”

ထိုသို့ပြောပြီးနောက် ရှုယီက သူ့အား ပြုစုပေးရန် စတေးလ်ထားရစ်ခဲ့သည့် နံဘေးမှ လဘက်ရည်ငှဲ့ပေးနေသော လဇ်ကို ညွှန်ပြလိုက်သည်၊ “လဇ်, နေ့လည်စာ သွားပြင်လိုက်ပါ။ အချိန်ရောက်တော့မယ် မြို့စားအရှင်က ဒီမှာ နေ့လည်စာစားမှာ။”

လဇ်ပြန်ဖြေမည်အပြုတွင် မြို့စား ကာမာဒိုက အလျင်အမြန်လက်ယမ်းလေသည်၊ “မလိုပါဘူး မလိုပါဘူး၊ ဒီမှာ သခင်မ မရှိမှတော့ ကျုပ် မနှောင့်ယှက်တော့ပါဘူး၊ ဥက္ကဌ ခရုစ်နဲ့ နေ့လည်စာစားဖို့ သဘောတူထားပြီးပြီ။ ရှုယီ၊ ဒီအစေခံလှလှလေးကို ခွေးခြေနှစ်ခုံယူခိုင်းလိုက်ပါ၊ ကျုပ်တို့ ဥယျာဉ်ထဲမှာပဲထိုင်ပြီး စီးပွားရေး ဆွေးနွေးကြတာပေါ့။”

“ခင်ဗျား ဥက္ကဌ ခရုစ်နဲ့ ဆုံဖို့ရှိလား”

ရှုယီက မြို့စား ကာမာဒိုကိုကြည့်လိုက်သော်လည်း မမေးပါချေ။ သူက လဇ်ကိုသာ မြို့စား ကာမာဒိုပြောသည့်အတိုင်း ခုံနှစ်ခုံနှင့် စားပွဲအသေးလေးတစ်ခုယူခိုင်းကာ လဘက်ရည်နှင့် အချိုပွဲတချို့ လုပ်ခိုင်းလိုက်လေသည်။ ထို့နောက် မြို့စား ကာမာဒိုဘက်လှည့်၍ အပြောကို စောင့်နေလိုက်၏။

မြို့စား ကာမာဒိုက ခေတ္တမျှ ရပ်တန့်ကာ ဥယျာဉ်ကို ဝေ့ဝဲကြည့်ပြီးနောက် ရုတ်တရတ် ခေါင်းခါလေသည်၊ “ဥက္ကဌရှု၊ ဒီအိမ်တော်မှာ သခင်မ မရှိတာက တကယ်ကို ကွဲပြားတာပဲ။ ကျုပ် ဒီကို ပထမဆုံးအကြိမ်လာတာကို မှတ်မိသေးတယ်၊ ဥယျာဉ်က သပ်ရပ်နေပြီး ပန်းပွင့်အမျိုးစုံနဲ့ ပြည့်နေတာ။ ဒါပေမယ့် အခုတော့..... နည်ူနည်း ဖရိုဖရဲဖြစ်နေတယ်လို့ မထင်ဘူးလား?”

မြို့စား ကာမာဒိုက စတေးလ်အကြောင်းထည့်ပြောလာချိန်တွင် ရှုယီက စိတ်ထဲ အေးစက်စက်တစ်ချက်ရယ်လိုက်သော်လည်း အပြုံးဖြင့် ပြောလိုက်ပါသေးသည်၊ “မြို့စားအရှင် မှန်ပါတယ်၊ ကျုပ် ဒီအတွက် တစ်ယောက်ယောက်ကို ဂရုစိုက်ဖို့ မခိုင်းခဲ့ဖူးဘူး။ စတေးလ် ဒီမှာ မရှိတော့ ဒါကို ဂရုစိုက်မယ့်လူမရှိတော့ဘူး။ ဒီအိမ်တော်မှာ လဇ်ပဲရှိတော့ သူမအနေနဲ့ ကျုပ်ကို ဂရုစိုက်တာကတင်ပင်ပန်းနေပါပြီ၊ ဒီတော့ သူမဆီမှာ တခြားကိစ္စတွေအတွက် အချိန်မရှိဘူးလေ။”

“အင်း..... ကျုပ် ဒါကို နားလည်ပါတယ်။ ဒါပေမယ့် ဥက္ကဌရှု မဒမ်စတေးလ်က သွားတာ တစ်လလောက်ရှိနေပြီ၊ ပြန်လာဖို့ မစီစဉ်ထားဘူးလား?” မြို့စား ကာမာဒိုက မေးလာ၏။

ရှုယီက ခေါင်းခါကာ၊ “ဒါက..... သူမက စတက်တိန်းနယ်မြေမှာအရမ်း ပျော်နေသလို ဖရီယာကလည်း အဲ့မှာ နေသားကျနေပါပြီ။ သူတို့ပျော်နေမှတော့ နည်းနည်းလောက် နေလို့ရအောင်လို့ ပြန်မလာခိုင်းတာပါ။”

“ဒီလိုကိုး?” မြို့စား ကာမာဒိုက ရှုယီကို နက်နဲစွာကြည့်ကာ ပြုံးလိုက်သော်လည်း ထိုအကြောင်း ဆက်မမေးလာပေ။

ကိစ္စအချို့ပြောပြီးနောက် လဇ်က ပရိဘောဂများယူလာရာ နှစ်ဦးသား ဥယျာဉ်ထဲ ထိုင်လိုက်ကြတော့သည်။

နေက ယနေ့ သိပ်မပူသလို လေညင်းလေးလည်းရှိနေသဖြင့် ဥယျာဉ်ထဲထိုင်ရန် အင်မတန် သက်တောင့်သက်သာရှိလှသည်။

နှစ်ဦးက စကားပြောနေရင်း လဘက်ရည်သောက်နေကြ၏။ မြို့စား ကာမာဒိုက ရုတ်တရတ် သူ၏ခွက်ကို ချကာ လေးနက်ဟန်ပြလာသည်။

“ဥက္ကဌရှု ကျုပ် ဒီနေ့လာရှာတာက အရင်တစ်ခေါက်က ကိစ္စအတွက်ပဲ။ ကျုပ် မေးချင်တာ၊ ခင်ဗျားစဉ်းစားထားပြီလား?”

“ဒါက.....” ရှုယီမှာ ခက်ခဲဟန်ထုတ်ပြလေသည်၊ “ကျုပ် အရင်တစ်ခေါက်က မြို့စားအရှင်ကိုပြောခဲ့ပါတယ်၊ နိုင်ငံရဲ့ မှော်သုတေသနဌာနနဲ့ အပြည့်အဝ ပူးပေါင်းမှုလုပ်တာက ကျုပ်တို့လုပ်ငန်းစုရဲ့ တိုးတက်မှုနဲ့ ဆက်စပ်နေတဲ့အရာပါ။ ကျုပ်က ဥက္ကဌဆိုရင်တောင် တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ ဒီတော့..... ကျုပ်တို့ လတ်တလော ဒါကို လုပ်ငန်းစုမှာဆွေးနွေးနေပြီး အဖြေကတော့ ထွက်မလာသေးပါဘူး။”

“ဒါဆို ဥက္ကဌရှု ဒါကို ခွင့်ပြုမယ်လို့ထင်လား?” မြို့စား ကာမာဒိုက ရှုယီကို တွန်းအားပေးဟန်ကြည့်လိုက်သည်၊ “ဒါမှမဟုတ် ဖြစ်နိုင်တာက၊ ဒါက ဥက္ကဌရှုရဲ့ ဒီပူးပေါင်းမှုအတွက် သဘောထားများလား? ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက လွှမ်းမိုးမှုနဲ့ဆိုရင် ဒါကို ထုတ်ပြောနေဖို့တောင်လိုမယ်လို့မထင်ဘူး။ ခင်ဗျား သဘောတူနေသရွေ့ ဒီကိစ္စအတွက် မျှော်လင့်ချက်ကြီးရှိမယ်လို့ထင်တာပဲ။”

“ကျုပ်အတွက်က.... ဒီသဘောတရားကို လက်ခံတာပေါ့။” ရှုယီက ရယ်မောလိုက်သည်၊ “နိုင်ငံရဲ့ မှော်သုတေသနဌာနနဲ့ပူးပေါင်းပြီး မှော်စက်တွေ ထုတ်လုပ်တာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း အတွက်ဖြစ်စေ နိုင်ငံအတွက်ဖြစ်စေ အရမ်းကို အကျိုးရှိတယ်လေ။ ဘယ်လိုလုပ် ကျုပ်က ဆန့်ကျင်နိုင်မှာလဲ?”

“ဥက္ကဌရှု၊ ခင်ဗျားက အမျှော်အမြင်ရှိတဲ့လူပဲ၊ တကယ်ကို အားသာချက်တွေမြင်နိုင်တယ်။” မြို့စား ကာမာဒိုက ခေါင်းငြိမ့်လေသည်၊ “ဘုရင်ကြီးရဲ့ ညွှန်ကြားချက်တွေအရ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း သဘောတူနေသရွေ့ နိုင်ငံရဲ့မှော်သုတေသနဌာနက ခင်ဗျားတို့လိုအပ်တဲ့ ဘယ်ရင်းမြစ်ကိုမဆို ခင်ဗျားတို့ လုပ်ငန်းစုဆီ လွှဲပေးမှာပါ။ ဒါက နိုင်ငံရဲ့မှော်သုတေသနဌာနမှာရှိတဲ့ မှော်ပညာရှင်အားလုံးကို ခင်ဗျားတို့လုပ်ငန်းစုအတွက် အလုပ်လုပ်ခိုင်းလို့ ရတဲ့ အဓိပ္ပာယ်ပါပဲ။ ကျုပ်ထင်တာတော့..... ဒီလို အင်အားကြီးမှော်ပညာရှင်တွေရဲ့ အကူအညီနဲ့ဆို ခင်ဗျားတို့လုပ်ငန်းစုက သေချာပေါက် ပိုကောင်းတဲ့ ရလာဒ်တွေရလာမှာပဲ။”

“အင်း၊ ကျုပ် သေချာနားလည်ပါတယ်။” ရှုယီက အပြုံးဖြင့်ခေါင်းငြိမ့်သည်၊ “ဒါပေမယ့် မြို့စားအရှင် ဒါက ကိစ္စကြီးတစ်ခုဆိုတာ ခင်ဗျားသိမှာပါ ဒီတော့ ခင်ဗျားအနေနဲ့ ကျုပ်တို့ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ရမလား?”

ရှုယီမျက်နှာထက်ရှိ အမူအရာကိုမြင်သော် မြို့စား ကာမာဒိုက စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်၊ “ကောင်းပြီလေ၊ ခင်ဗျားရဲ့ စိုးရိမ်မှုတွေကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ဥက္ကဌရှု၊ ခင်ဗျားအနေနဲ့ တတ်နိုင်သမျှ အဖြေတစ်ခုပေးနိုင်ဖို့ မျှော်လင့်တယ်။ အရှင်မင်းကြီးက ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို စိတ်ရှည်မှုကြီးကြီးထားပေးထားတော့ ခင်ဗျားအနေနဲ့ သူ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။”

“အတိအကျပဲပေါ့။” ရှုယီထံ၌ အပြုံးကြီးကြီးရှိနေရာ သူ့အနေနဲ့ ဆန္ဒမရှိနေဟန် လုံးဝမပေါ်ချေ။

မြို့စား ကာမာဒိုက ရှုယီကိုကြည့်လိုက်ပြီးနောက် လဘက်ရည် တစ်ငုံသောက်လေသည်။ ထို့နောက် သာမန်ကာလျှံကာပြောလိုက်သည်၊ “ဟုတ်သားပဲ၊ ဥက္ကဌရှု ခင်ဗျားတို့လုပ်ငန်းစု မကြာသေးခင်က ဆိုဝယ်လ်မြို့ကို စစ်ဘက်သုံးမှော်စက် အသစ်တွေ လွှဲပြောင်းပေးခဲ့တယ်လို့ ကျုပ်ကြားထားတယ်နော်?”

ရှုယီက အံ့ဩသွားဟန်မပေါ်ဘဲ ယုံကြည်ချက်ရှိရှိဆိုလာပါ၏၊ “အင်း၊ ဒါက တတိယစစ်တပ်အတွက် လက်နက်တွေ ပြင်ဆင်ဖို့ပါ။ ဒါက အရှင်မင်းကြီး လမ်ပူရီဆယ့်သုံး ကွယ်မလွန်ခင်က အမိန့်မို့လို့ပါ။”

“ကျုပ်သိပါတယ် ဒါပေမယ့်.... ဥက္ကဌရှု၊ ခင်ဗျား ဒါကို ရပ်တန့်သင့်တယ်။ ဆိုဝယ်လ်မြို့ဆီ သာမန်ကုန်စည်တွေပို့တာက အဆင်ပြေပေမယ့် စစ်ဘက်သုံးမှော်စက်တွေပို့တာကို ရပ်သင့်တယ်။” မြို့စား ကာမာဒိုက လက်ယမ်းလိုက်သည်။

“ဘာလို့လဲဗျ?” ရှုယီက အံ့ဩသွားကာ၊ “ဒါက ဆယ့်သုံးယောက်မြောက်အရှင်မင်းကြီးရဲ့ အမိန့်မို့လို့ ကျုပ်က အရှင့်ရဲ့ နောက်ဆုံးဆန္ဒကို လိုက်နာနေရုံပါပဲ။”

ရှုယီက 'ဆယ့်သုံးယောက်မြောက်အရှင်မင်းကြီး'ဟု ဆိုလာသည်ကိုကြားသော် မြို့စား ကာမာဒိုက မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ချေ။

“နိုင်ငံအခြေအနေက အခုဆို မတူတော့ဘူး၊ ခင်ဗျားအနေနဲ့ အရင်က အမိန့်တွေကို လိုက်နာဖို့မလိုဘူး။ မမေ့နဲ့ နိုင်ငံမှာရှိတဲ့ စစ်ဘက်သုံးလက်နက်ကိရိယာအားလုံးကို တော်ဝင်စစ်တပ်က စီမံခန့်ခွဲထားတာကြောင့် ခင်ဗျားအနေနဲ့ ဒါတွေကို ခွင့်ပြုချက်ရမှ တင်ပို့လို့ရမယ်။ ဒီထဲမှာ ခင်ဗျား စတက်တိန်းနယ်မြေဆီ တင်ပို့နေတဲ့ စစ်ဘက်သုံးလက်နက်တွေလည်းပါတယ်၊ နားလည်ရဲ့လား?”

“ဒါက သတိပေးချက်များလား?”

ရှုယီက အလေးအနက်ထားဟန်ရှိနေသည့် မြို့စား ကာမာဒိုကိုကြည့်ကာ အခြားလူများကသာ မြို့စား ကာမာဒို၏ လက်ရှိ အမူအရာအနေအထားကိုမြင်နိုင်ပါလျှင် မြို့စားအသစ်က ရှုယီကို ဦးစားပေးဆက်ဆံသည်ဟု ထင်ကြပေဦးမည်လားဟု စဉ်းစားလိုက်မိသည်။

ထိုသို့စဉ်းစားပြီးနောက် ရှုယီက မေးလိုက်၏၊ “ဒါဆို မြို့စားအရှင် သာမန်အိမ်သုံးမှော်စက်တွေကိုရော? ကျုပ်တို့လုပ်ငန်းစုက အိမ်သုံးမှော်စက်တွေကို တခြားနိုင်ငံတွေဆီရောင်းဖို့အတွက် ဆယ့်သုံးယောက်မြောက် အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ရခဲ့တော့ အခု ပြန်ရုတ်သိမ်းရမှာမို့လား?”

မြို့စား ကာမာဒိုက ခေါင်းခါကာ၊ “မလိုပါဘူး သာမန်အိမ်သုံးမှော်စက်တွေက နိုင်ငံရဲ့ လုံခြုံမှုကို အနှောင့်အယှက်မဖြစ်ဘူး။ ဒါပေမယ့် တခြားနိုင်ငံတွေဆီ ထုတ်ကုန်တွေရောင်းဖို့အတွက် စည်းမျဉ်းသစ်ရှိတယ်။”

“အိုး? မြို့စားအရှင် ကျုပ်ကို ပြောပြရင်ရောဗျ?”

“အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်တွေအရ တခြားနိုင်ငံတွေနဲ့ ပြည်နယ်တွေဆီရောင်းမယ့် ကုန်စည်တွေက သက်ဆိုင်ရာ အကောက်နှုန်းရလိမ့်မယ်။ ပမာဏအတိအကျကတော့..... မျှော်လင့်မထားတာသာဖြစ်မလာရင် လအကုန်မှာ ကြေညာလောက်တယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ ပြည်ပကုန်သွယ်မှုအများဆုံး လုပ်ငန်းစုဆိုတော့ ဥက္ကဌရှု ခင်ဗျားကိုယ်တိုင် ပြင်ဆင်ထားသင့်တယ်။”

“အိုး?” ရှုယီက ဟာသလိုခံစားလိုက်ပြီး‌ မေးလိုက်ပါ၏၊ “ဒါဆို တိုးလာမှာလား လျော့သွားမှာလား?”

“သတင်းအတိအကျမရှိသေးဘူးဆိုတော့ ဥက္ကဌရှု ခန့်မှန်းဖို့ မကြိုးစားသင့်ဘူး။” မြို့စား ကာမာဒိုက ခေါင်းခါပြီးနောက် ခေတ္တရပ်တန့်ပြီးပြောလေသည်၊ “ဒါပေမယ့် ကျုပ် ဥက္ကဌရှုကို အခွန်နှုန်း ညှိနှိုင်းမှုတိုင်းက လမ်ပူရီတိုင်းပြည်ကို အားကောင်းစေဖို့ဆိုတာကို သတိရနေဖို့ တောင်း‌ဆိုချင်ပါတယ်၊ ဒီတော့ ခင်ဗျားအနေနဲ့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို နားလည်နိုင်ဖို့ မျှော်လင့်တယ်။”

ရှုယီက စိတ်ထဲ အေးစက်စက်ရယ်လိုက်သော်ငြား အပြုံးဖြင့် သဘောတူလိုက်ဆဲပင်။

“နားလည်ပါတယ်။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၂၉။ Frestech ကုန်သည်ကြီးများအသင်းကို ပိတ်တော့မယ်!

မြို့စား ကာမာဒိုက သူ၏ ကိုယ်ပိုင်မြင်းလှည်းကို ကြယ်ကြွေအိမ်ရာမှ မောင်းထွက်သွားပြီး ဆယ်ဗီနီက ဥယျာဉ်အနီးရှိ အဆောက်အဦလေးမှ ထွက်လာသည်။

ရှုယီဘေးကို ရောက်လာချိန်တွင် အိမ်တော်မှ ထွက်လာသည့် မြင်းလှည်းကို စောင့်ကြည့်ရင်း ဆယ်ဗီနီက အသာမျက်မှောင်ကုပ်ကာ သက်ပြင်းချလိုက်သည်။

“သူက တကယ်ကြီး မြင်းလှည်းစီးတာပဲ။ သူက မှော်စက်မှုနယ်ပယ် တိုးတက်မှုကို ထောက်ခံပြီး ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံတယ်ဆိုတာ ဘယ်သူက ယုံမှာလဲ?”

ရှုယီက ဆယ်ဗီနီကို တအံ့တဩကြည့်လိုက်၏။

“ခင်ဗျား အာရုံစိုက်မိနေတာကမှ တကယ်ထူးဆန်းနေတာပါ..... ဒါပေမယ့် ဒါကိုတော့ ကျုပ်အပါအဝင် ဘန်တာမြို့က လူတိုင်း သတိထားမိပြီးသားပဲ။ မြို့စားအရှင်က အပြင်ပန်းမှာ ကျုပ်တို့ကို ထောက်ခံပုံပေါ်ပေမယ့် သူလုပ်ခဲ့သမျှ အရာအားလုံးအားလုံးက မှော်စက်မှုမယ်ပယ်ကို ပစ်မှတ်ထားတာချည်းပဲ။ ဒါမှမဟုတ် ပို အတိအကျပြောရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားတာချည်းပဲ။”

ဆယ်ဗီနီလည်း အနည်းငယ်စဉ်းစားလိုက်ပြီး မေးလေသည်၊ “ရှင်တို့လုပ်ငန်းစုနဲ့ နိုင်ငံရဲ့ မှော်သုတေသနဌာနအကြား ပူးပေါင်းမှုအတွက် အသေးစိတ်အချက်အလက်တွေကရော?”

ရှုယီက အေးစက်စက်ရယ်သည်၊ “မြို့စားအရှင်က ဒီတောင်းဆိုချက်ကိုလုပ်ဖို့ ဘုရင်ကြီးအဲရစ်ကို ကိုယ်စားပြုထားတာလေ။ အခြေအနေတသီကြီးရှိပေမယ့် ကျုပ်တို့အတွက် အကျိုးအမြတ်များ‌တာတွေလည်းရှိပါတယ်။ အနှစ်ချုပ်ရရင် သူတို့က ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်စက်ဆိုင်ရာ နည်းပညာအားလုံးကို မှော်သုတေသနဌာနဆီ ပေးစေချင်နေတာ။”

“အားလုံးကို ပေးရမယ်တဲ့လား?” ဆယ်ဗီနီ၏ မျက်လုံးများ အံ့အားသင့်စွာ ဝိုင်းစက်သွားသည်၊ “အစ်ကိုတော်က..... ရူးနေတာလား?”

ရှုယီလည်း ပခုံးတွန့်ကာ၊ “ကျုပ်လည်း ဒါတော့မသိပါဘူး၊ ဒါပေမယ့် ဒီအတောအတွင်း မြို့စား ကာမာဒိုက ဒီကိစ္စအတွက်နဲ့ ကျုပ်ကို အကြိမ်ပေါင်းများစွာ လာရှာခဲ့ပြီး တစ်ခါပြီးတစ်ခါ လေသံကပိုလေးနက်လာ‌တယ်လေ။ ခုနက သူ့ရဲ့စကားတွေကို ခင်ဗျားကြားပါတယ်၊ မြို့စားအရှင်အနေနဲ့ ကျုပ်ကို ခြိမ်းခြောက်နေတယ်လို့ ယူဆလို့ရတယ်။ ကျုပ်သာ မနာခံဖို့ ရွေးချယ်နေဆဲပဲဆိုရင်..... မင်းသမီးလေး၊ ခင်ဗျား ဘယ်လိုထင်လဲ..... ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို စောင့်ကြိုနေမယ့် ကံကြမ္မာကိုလေ?”

ဆယ်ဗီနီလည်း အတန်ကြာ တိတ်ဆိတ်သွားရင်း မျက်နှာထားက တဖြည်းဖြည်း လေးနက်လို့လာပါ၏။

“ဟင့်အင်း! ကျွန်မ အစ်ကိုတော်ကို ဒီလိုလုပ်ခွင့်မပြုနိုင်ဘူး! သူက နိုင်ငံရဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်နေရုံတင်မကဘဲ တော်ဝင်မိသားစုရဲ့ ဂုဏ်အရည်အသွေးအပေါ်မှာ သက်ရောက်မှုကြီးတစ်ခုရှိလာမယ့် နိုင်ငံအပေါ်ထားတဲ့ ရှင်တို့လုပ်ငန်းစုရဲ့ယုံကြည်မှုတွေကိုပါ ဖျက်ဆီးနေတာပဲ။ ကျွန်မ သေချာပေါက် ပြန်ရောက်ရင် ဒီကိစ္စကို အစ်ကိုတော်နဲ့ ဆွေးနွေးလိုက်မယ်၊ သူ့ကို ဒီလိုအမှားမျိုး လုပ်ခွင့်မပေးနိုင်ဘူး!”

ရှုယီက ဆယ်ဗီနီ၏မျက်နှာထက်မှ ရှားရှားပါးပါးမခံမရပ်ဖြစ်နေဟန်ကို ကြည့်ကာ ခေါင်းခါလေသည်။

“ဟင့်အင်း ဆယ်ဗီနီ, ခင်ဗျား ဒီလိုမလုပ်ရင် အကောင်းဆုံးပဲ။ ခင်ဗျားအနေနဲ့ ထီးနန်းကို လက်လျှော့လိုက်မယ့်အကြောင်း ကြေညာချိန်ကတည်းက ဒီအခွင့်အရေးကို ဆုံးရှုံးပြီးသားဖြစ်နေပြီ။ ဒီလိုလုပ်ချင်ရင် ဘုရင်ကြီးအဲရစ်ကို သံသယဖြစ်သွားစေနိုင်ပြီး ခင်ဗျားအတွက်မကောင်းဘူး။”

“ဒါဆို ကျွန်မက ဘာလုပ်ရမှာလဲ? ရှင်က လက်ခံဖို့ စီစဉ်ထားတာလား?” ဆယ်ဗီနီက ရှုယီကို မျက်မှောင်ကုပ်ကြည့်ပြီးနောက် ရုတ်တရတ် ခေါင်းခါလေသည်၊ “မဟုတ်ဘူး ရှုယီ၊ ကျွန်မရှင့်ကို နားလည်တယ်၊ ရှင်က အလွယ်လေး ခံစားရမယ့် လူမဟုတ်ဘူး။ ဒီတော့ ရှင်က Frestech ကုန်သည်ကြီးများအသင်းနဲ့ ရှင့်မိသားစုကို စတက်တိန်းနယ်မြေဆီ တဖြည်းဖြည်း ပြောင်းရွှေ့ဖို့ ရွေးချယ်ထားတာပဲ၊ ရှင်က လမ်ပူရီဘုရင်နိုင်ငံကို လက်လျှော့ဖို့ စီစဉ်ထားတာမဟုတ်လား?”

ရှုယီက ပြုံးလိုက်ပြီး ဝန်ခံခြင်းလည်းမပြုသလို ငြင်းပယ်ခြင်းလည်း မလုပ်ပါချေ။

“ဒါဆို မင်းသမီးလေး.....အခု ခင်ဗျားသိပြီဆိုတော့ ကျုပ်ကို ဖြောင်းဖျဖို့ ကြိုးစားချင်သေးလား?”

ဆယ်ဗီနီမှာ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

တစ်အောင့်ကြာပြီးနောက် သူမက ခါးသက်သက်ပြုံးကာ ခေါင်းခါပါ၏။

“ကျွန်မ မသိဘူး..... အရင်ဆုံး ကြိုးစားခွင့်ပေးပါဦး၊ အစ်ကိုတော်သာ ကျွန်မကို နားထောင်ပြီး သူ့အမှားတွေကို ပြင်မယ်ဆိုရင် မျှော်လင့်ချက်ရှိပါသေးတယ်၊ ဟုတ်တယ်မလား?”

ရှုယီက စိတ်ထဲ သက်ပြင်းချကာ ဆယ်ဗီနီကို ရှင်းပြရန် အင်မတန်ပျင်းရိနေလေသည်။

ဆယ်ဗီနီမှာ တော်ဝင်မိသားစုမှလာပါသော်လည်း ရှုယီအတွက်တော့ အမြဲတမ်း နုံအပုံသာပေါ်သည်။

အဲရစ်သာ သူ၏ အမှားများပြင်ရန် သူမစကားကို နားထောင်ပါလျှင် မည်သို့များ ဤအခြေအနေထိ ရောက်လာခဲ့မည်နည်း?

တကယ်တမ်းဆိုရလျှင် ဘုရင်ကြီးအဲရစ်ထံ၌ လုပ်ဆောင်ရန် ပြင်ဆင်ထားသည့် အရာများစွာရှိလေသည်။ ရှုယီအတွက် သူဟာ နိုင်ငံ၏ မျိုးရိုးမြင့်ကြီးများ ထိန်းချုပ်ခြင်းကို ခံနေရသည် သနားစဖွယ် ရုပ်သေးလေး‌တစ်ဦးမျှသာဖြစ်သည်။

ရှုယီနှင့် မြို့စား ကာမာဒိုကြား စကားဝိုင်းကိုကြားပြီးနောက် ဘန်တာမြို့၏ အခြေအနေကလည်း အပြင်ပန်း၌ မြင်ရသလို မကောင်းကြောင်း မြင်သည်တွင် ဆယ်ဗီနီထံ၌ ရောက်လာစဉ်ကလို ခံစားချက်ကောင်း တစ်စမျှပင် မကျန်ရစ်တော့ချေ။

သူမက ဘန်တာမြို့တွင် ဆော့ကစားရန် စိတ်ဝင်စားမှုပျောက်ဆုံးကာ နေ့လည်စာစားပြီးနောက်၌ ဘန်တာမြို့မှ ကားမောင်းထွက်လာလိုက်တော့၏။ ရှုယီမှာ ထိုမျှ ထူးကဲဟန်မပေါ်သည့် ငွေဖြူရောင်မှော်ဆလွန်းလေးအား သူမထံပေးလိုက်ရာ သူမလည်း ၎င်းနှင့် ဘန်တာမြို့မှ ထွက်သွားတော့သည်။

သူမ ထွက်ခွာသွားသည့် ဦးတည်ရာအရ သူမဟာ လက်မလျှော့လောက်ဘဲ အန်ဗီမာမြို့တော်ထံ ဦးတည်သွားခြင်းပင်။

ရှုယီမှာ သူမအနေနှင့် ဘုရင်ကြီးအဲရစ် တွေ့ဆုံခြင်းမှာ အသုံးမဝင်မည်မှန်း သေချာပါသော်လည်း သူမကို မဟန့်တားလိုချေ။

အဓိပ္ပာယ်မရှိပါလျှင်‌တောင် သူက ဆယ်ဗီနီအား အကောင်းဆုံးလုပ်ဆောင်ခွင့်ပေးလိုက်သည်။

ဆယ်ဗီနီအား လိုက်ပို့ပေးပြီးနောက်၌ ရှုယီမှာ သူ၏ စီးပွားရေးအခြေနေရှိရာဆီ အမြန်ပြန်သွားလိုက်၏။

Frestech ကုန်သည်ကြီးများအသင်းအား ဘာရွန် ဘယ်လီ ပထမဆုံးရောက်စဉ်ကလို နေရာ ပြောင်းရွှေ့ရန် မလွယ်တော့ပါချေ။

ထိုစဉ်က Frestech ကုန်သည်ကြီးများအသင်းထံ၌ စက်ရုံ နှစ်ရုံနှင့် ထုတ်လုပ်ရေးလိုင်းနှစ်လိုင်းသာ ရှိခဲ့သည်။ ၎င်းတို့ အနေနှင့် မှော်စက်အချို့ကိုသာ ပြောင်းရွှေ့ဖို့လိုပြီး နေရာပြောင်းရွှေ့ခြင်းက ပြီးစီးခဲ့သည်ပင်။

သို့သော် လက်ရှိ Frestech ကုန်သည်ကြီးများအသင်းထံ၌ မှော်သုတေသနဌာ‌နနှင့် မှော်စက်ထုတ်လုပ်ရေးဌာနတို့တွင်ပင် လူငါးရာကျော်ရှိပြီး အတိုင်းအတာကြီးပါ၏။

ရှုယီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်စဉ်ကတည်းက တစ်လကြာနေပြီးဖြစ်ရာ လိုင်းတစ်ဝက်လောက် ရွှေ့ပြီးပြီပင်။

မိုးကျတောင်ကြားရှိ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံ သုံးဆယ့်ခုနစ်ရုံကို အားလုံးပြောင်းရွှေ့ရန်မှာ ခက်ခဲသည့် ပြဿနာဖြစ်ရုံမျှသာမက အခြေခံအားဖြင့် မဖြစ်နိုင်ပါချေ။

ရှုယီမှာ မိုးကျတောင်ကြားထံ မှော်ဆလွန်းအား မောင်းနှင်သွားပြီး သူရပ်လိုက်ချိန်တွင် Frestech ကုန်သည်ကြီးများအသင်း ယူနီဖောင်းများဝတ်ဆင်ထားသည့် အလုပ်သမားများစွာထံမှ ဝိုင်းရံခံလိုက်ရသည်။

“ခင်ဗျားတို့အားလုံး ရုံးချိန်မှာမဟုတ်ဘူးလား? ဒီမှာ ဘာတွေလုပ်နေကြတာလဲ?” ရှုယီ ထွက်လိုက်ချိန်တွင် အလုပ်သမားများ ဝိုင်းလာသဖြင့် မျက်မှောင်ကုပ်ကာ မေးလိုက်ပါ၏။

အလုပ်သမားများက တစ်ဦးကိုတစ်ဦးကြည့်ကာ တစ်ခဏမျှ တုံ့ဆိုင်းနေကြပြီးနောက် အသက်သုံးဆယ်ပတ်လည်ရှိ စက်ဘီးစက်ရုံ ယူနီဖောင်းဝတ်ဆင်ထားသော မိန်းမရွယ်တစ်ဦးမှာ အသံကျယ်ကျယ်ဖြင့် ပြောလာသည်၊ “ဥက္ကဌ၊ ကျွန်မတို့ကို အမှန်အတိုင်း ပြောပြလို့ရမလား? ကျွန်မတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ပိတ်တော့မှာမလား?”

“ဟုတ်တယ် ဥက္ကဌ ကျုပ်တို့ တကယ်ပဲ ပိတ်ရတော့မှာလား? ကျုပ်အတွက် လုပ်ငန်းစုကို ဝင်ဖို့တောင် အတော်ခက်ခဲခဲ့တာ၊ တကယ် ပိတ်တော့မယ်ဆိုရင် ဘယ်မှာ အလုပ်တွေသွားရှာရတော့မှာလဲ?”

“ဥက္ကဌ၊ ကျေးဇူးပြုပြီး လုပ်ငန်းစုကို မပိတ်ပါနဲ့။ ကျွန်မတို့မိသားစုက ရှင်သန်ဖို့အတွက် ဒီက ကျွန်မရဲ့လစာကိုမှီခိုနေရတာပါ၊ ကျွန်မသာ ဒီအလုပ်ကိုဆုံးရှုံးရရင် ကျွန်မတို့ တစ်မိသားစုလုံး အစားတောင် စားနိုင်မှာ မဟုတ်တော့ဘူး။”

“ဟုတ်တယ် ဟုတ်တယ်၊ လတ်တလောကပဲ ပိတ်ချလိုက်နဲ့ မှော်စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းစု အတော်များတယ်။ ကျွန်တော်ရဲ့ ညီလေးက အလုပ်ကို ဆုံးရှုံးထားတာ၊ ကျွန်တော်လည်း အလုပ်ဆုံးရှုံးရမယ်ဆိုရင် ကျွန်တော်တို့ မိသားစုတော့ အဆုံးသတ်ပြီပဲ။”

“ဥက္ကဌ ဒါ အမှန်ပဲလား? ဟမ်?”

“ဥက္ကဌ ......”

......

သူ၏ ဘေးပတ်လည်မှ မျှော်လင့်ချက်တို့ဖြင့် မရေမရာဖြစ်နေကြဟန်များကို မြင်သော် ရှုယီလည်း မျက်မှောင်ကုပ်ကာ ရှင်းပြလိုက်သည်၊ “ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ပိတ်တော့မယ်လို့ ဘယ်သူပြောခဲ့တာလဲ? အဓိပ္ပာယ်မရှိတာ!”

“ဒါ‌ဆိုဘာလို့ မှော်သုတေသနဌာနနဲ့ မှော်စက်ထုတ်‌လုပ်ရေးဌာနတွေကို ပြောင်းရွှေ့လိုက်ရတာလဲ? သိပ်မကြာခင် သံမဏိစက်ရုံနဲ့ မှော်စက်အလုပ်ရုံ‌တို့ကိုလည်း ရွှေ့တော့မယ်လို့ကြားတယ်။” ထိုမိန်းမရွယ်မှာ အသံကျယ်ကျယ်ဖြင့် ထပ်မေးလာပြန်သည်။

“ဟုတ်တယ်၊ ကျုပ်လည်း အိမ်သုံးမှော်စက်အလုပ်ရုံအတော်များများကို ပိတ်တော့မယ်လို့ ကြားခဲ့တယ်။”

“ဥက္ကဌ.....”

......

ရှုယီက လက်ထောင်ကာ အားလုံးကို ရပ်တန့်စေလိုက်သည်။ သူက ဝေ့ဝဲကြည့်လျက် အလေးအနက်ဆိုလေ၏၊ “ကျုပ် အခု အားလုံးကို အလေးအနက် ပြောနေတာပါ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစု အသေးစားလေးမဟုတ်တာကြောင့် အလိုရှိသလို ပိတ်လိုက်လို့မရဘူး။ ပြီးတော့ ကျုပ်တို့ လုပ်ငန်းစုရဲ့ လက်ရှိ အမြတ်စွန်း အခြေအနေက ကောင်းတယ်လို့ အားလုံးကို ပြောချင်ပါတယ်။ အမ်း..... လိုရင်းပြောရရင် ကျုပ်တို့တွေ ငွေအတော်များများရှာလို့ရနိုင်တယ်။ ကျုပ်တို့ရဲ့ အမှာစာတွေ မနည်းသွားသလို ဒါပေမယ့် တိုးလည်းတိုးမလာတာကို မမြင်ကြဘူးလား?”

“ဒါပေမယ့် မှော်စက်တွေထုတ်လုပ်တာက ငွေအကြွေးတင်တဲ့အဓိပ္ပာယ်ဖြစ်ပြီး ကိုယ်ထုတ်လုပ်လိုက်တာထက် ပို အကြွေးကျမယ်လို့ လူတွေပြောတာကြားခဲ့တယ်။”

ရှုယီက ထိုသို့ပြောလာသူကို မျက်လုံးလှန်ပြလိုက်ပါ၏၊ “ဒါသာ အမှန်ဆိုရင် ကျုပ် ကြေညာပြီးနေပြီ။ ဘာလို့သာ ငွေမဝင်နေရင် ဘာလို့ ဒါကို ဆက်လုပ်သလို အမှာစာတွေ ထပ်ယူ နေရမှာလဲ?”

“အင်း..... အမှန်ပဲ”

“ဟုတ်တယ် ဟုတ်တယ် ဥက္ကဌက ကျုပ်တို့ထက် ပိုဉာဏ်ကောင်းတာပဲ၊ ဘယ်လိုလုပ် ငွေရှုံးတဲ့ ကိစ္စကို လုပ်မှာလဲ?”

“ဟားဟား အမှန်ပဲ၊ ကျုပ်တို့တွေ အတွေးလွန်နေကြရုံပါပဲ။”

......

ခံစားချက်များပိုကောင်းလာကြသည့် အလုပ်သမားများကို ကြည့်ရင်း ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပါချေ။

ထိုသာမန်အလုပ်သမားများမှာ တကယ်ကို အပြောင်းအလဲမြန်ကြသည်။

မှန်ပါ၏ အတိအကျဆိုရလျှင် သူက ၎င်းတို့ကို မလိမ်ညာခဲ့ပါချေ။

“ကောင်းပြီ၊ အားလုံး အလုပ်ပြန်သွားလုပ်သင့်တယ်။ လုပ်ငန်းစုက ရေရှည်ကို သုံးသပ်ပြီး ပြောင်းလဲမှုတချို့လုပ်နေရုံပါ၊ လုပ်ငန်းစုကို ပိတ်တော့မယ့် အဓိပ္ပာယ်မဟုတ်ပါဘူး။ ခင်ဗျားတို့ စိတ်ချထားနိုင်ပါတယ်၊ တခြားဘန်တာမြို့လုပ်ငန်းစုတွေအားလုံး ပိတ်သွားရင်တောင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ပိတ်မှာမဟုတ်ပါဘူး။ ဘယ်လိုလဲ? အခု ယုံကြည်ကြပြီလား?”

အလုပ်သမားများက တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ဩဘာပေးလိုက်ကြသည်။

“ယုံပါတယ်!”

“ကောင်းတယ်၊ ဒါဆို လူစုခွဲလိုက်ကြပါတော့။”

ရှုယီက လက်ယမ်းလိုက်သည်။ အလုပ်သမားများလည်း တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် ရယ်လျက်ဖြင့် လူစုခွဲသွားကြသည်။

၎င်းပွဲအသေးစားလေးကို တွေ့ကြုံခဲ့ရသည့် ရှုယီက စီအီးအိုရုံးခန်းထဲသို့ အမြန်လျှောက်ဝင်သွားကာ ခမ်နက်ဒ်၏ စားပွဲကို ရိုက်ချလိုက်သည်။

“ဒါကို စုံစမ်းလိုက်၊ ဘယ်သူက ဒီကောလဟာ‌လတွေကို ဘယ်သူဖြန့်လဲ ရှာလိုက်။” ရှုယီက လေးလေးနက်နက်ပြောလေသည်။

ခမ်နက်ဒ်က ရှုယီကိုကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်လေ၏၊ “ဥက္ကဌ၊ ဖြစ်နိုင်တာက.... ဒါတွေက ကောလဟာလ မဟုတ်လောက်ဘူး။ ဥက္ကဌ ဒီလိုလုပ်နေတာက ပိတ်ချဖို့ စဉ်းစားနေရင်း လုပ်တာမဟုတ်ဘူးလား?”

ရှုယီက ခမ်နက်ဒ်ကို အလေးအနက်ကြည့်လိုက်လေသည်။

“ငါ ပြောပြီးပြီလေ၊ မှော်သုတေသနဌာနနဲ့ မှော်စက်ထုတ်လုပ်ရေးဌာနတွေကို ရွှေ့တာက ရေရှည်အတွက် စဉ်းစားထားရုံပဲလို့၊ ဒါက ဘာနဲ့မှ မဆိုင်နေဘူး။ ငါတို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ အုတ်မြစ်တွေချဖို့ကို ကြိုးကြိုးစားစားလုပ်ခဲ့ရတာ၊ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် လက်လျှော့ရမှာလဲ?”

ခမ်နက်ဒ်က ခေါင်းခါလေသည်၊ “ဥက္ကဌ၊ ခင်ဗျား ကျွန်တော့်ကို အမှန်အတိုင်းပြောဖို့ ဆန္ဒမရှိဘူးလား?”

“ဒါက အမှန်ပဲလေ။” ရှုယီက အလေးအနက်ဆိုသည်၊ “လူတွေက ငါတို့သွေးကို စုပ်ချင်နေတော့ စုပ်ခွင့်ပေးလိုက်မယ်။ ငါတို့ မသေသေး‌သရွေ့တော့ ငါသူတို့ကို ဆက်စုပ်ခွင့်ပြုမှာပါ။ ဘယ်သူက အရင်ဆုံး တောင့်မခံနိုင်တော့မလဲ တွေ့ချင်တယ်။”

ခမ်နက်ဒ်က ရှုယီကို မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

ဥက္ကဌက.... စစ်ကြေညာနေတာလား?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၀။ မျိုးရိုးမြင့်တစ်ယောက် မဟုတ်တော့ဘူး

နွေပူပူက အများစုကုန်လွန်သွားပြီဖြစ်သလို စက်တင်ဘာလရောက်နေပြီဖြစ်၏။

လွန်ခဲ့သည့် ၂နှစ်တွင် အိမ်သုံးမှော်စက်လုပ်ငန်းစုများနှင့် အသေးစားအစိတ်အပိုင်းလုပ်ငန်းစုများအတွက် အလုပ်အများဆုံးအချိန်ဖြစ်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်အတောအတွင်း ရာသီစာအိမ်သုံးမှော်စက်များကို ဝယ်လိုအားအမြင့်ဆုံးဖြစ်သောကြောင့်ဖြစ်သည်။

သို့သော် ဤနှစ် ဘန်တာမြို့ကဖြင့် ကွာခြားပါ၏။

နွေနေပူပူ၌ တစ်ကိုယ်ထီးတည်း ကျန်ရှိနေနိုင်သည့် သစ်ကိုင်းတစ်ကိုင်းလိုပင် ဘန်တာမြို့ရှိ လုပ်ငန်းစာများအားလုံးမှာ မှော်စက်များထုတ်လုပ်ရာ၌ ကူရာမဲ့နေကြသည်။ ၎င်းတို့မှာ ယခင်ကဲ့သို့ မလည်ပတ်တော့ဘဲ မှော်စက်ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်ကြသည့် လုပ်ငန်းစု အမြောက်အများရှိနေကြပြီဖြစ်သည်။

အကြောင်းအရင်းကရော? ရိုးရှင်းလှသည်၊ သဘာဝကျစွာ ငွေ မဝင်နိုင်သောကြောင့်ပင်။

မြို့စားအသစ် ကာမာဒိုက အခွန်အပြောင်းအလဲများကို ကြေညာကာ မှော်စက်များအတွက် အခွန်ပိုစုဆောင်းချိန်တွင် ဘန်တာမြို့၏ မှော်စက်လုပ်ငန်းစုများမှာ တိုက်ခတ်မှုကြီးကြီးမားမား ခံစားခဲ့ရသော်လည်း ထိုသို့ဖြင့်လည်း ငွေဆက်ဝင်နိုင်ပါသေးသည်ဟု ခံစားမိခဲ့ကြသည်။ အဆိုးဆုံး အမြတ်အစွန်းလျော့သွားမည်ဖြစ်သော်လည်း နည်းနည်း ပိုလုပ်လျှင် ဆုံးရှုံးမှုများကို ကာမိမည်ဟုပင်။

သို့သော် လွန်ခဲ့သည့် လအနည်းငယ်အတွင်း လက်ရှိအခွန်မူဝါဒနှင့်‌စပ်လျဉ်း၍ လူတိုင်းကို ပြောလာသည့် အချက်အလက်များမှာ မှော်စက်လုပ်ရင်းဖြင့် ငွေဝင်ရန် မဖြစ်နိုင်လုနီးပါးပင်။ ၎င်းတို့အား ထုတ်လုပ်ရင်းနှင့် အကြွေးပင်တင်နိုင်သည်။

ထို့ကြောင့် လများစွာ ရုန်းကန်နေပြီးနောက်တွင် အမြတ်အစွန်းနည်းလာသည့် လုပ်ငန်းစုများမှာ ၎င်းတို့၏ ဆုံးရှုံးမှုတိုးမြင့်လာခြင်းကို ရှောင်ရှားရန် ရပ်တန့်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ပထမဆုံးတစ်ခါရှိလျှင် ဒုတိယတစ်ခါလည်းရှိလာမည်သာ။

နွေရာသီ နှစ်လတာလေးအတွင်း ဘန်တာမြို့၏ မှော်စက်လုပ်ငန်းစု ဆယ်ခုကျော်မှာ ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်ကြသည်။ တစ်ချိန်တည်းတွင် ထုတ်လုပ်မှုနည်းပါးလာကာ ထုတ်လုပ်မှု ရပ်တန့်ရန် တစ်လှမ်းသာလိုတော့သည့် လုပ်ငန်းစုများစွာလည်းရှိပါ၏။

၎င်းလုပ်ငန်းစုများအကြား တစ်ခုတည်းသော ချွင်းချက်မှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်ပေသည်။

အခြားလုပ်ငန်းစုများအားလုံး ထုတ်လုပ်မှုရပ်တန့်လိုက်ကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းက မျှော်လင့်ထားသည်ထက် ကျော်လွန်နေပါ၏။ ၎င်းတို့မှာ ဘန်တာမြို့မှ မထွက်ခွာခဲ့သလို မိုးကျတောင်ကြားအ‌ခြေစိုက်ဌာနကို စတက်တိန်း နယ်မြေထံ ပြောင်းရွှေ့ခြင်း မပြုခဲ့ရုံသာမက မိုးကျတောင်ကြား၌ ထုတ်လုပ်ရေးလိုင်းများပို၍ပင် ဖန်တီးခဲ့သေးသည်။ ၎င်းတို့မှာ ထုတ်လုပ်ရေး ရပ်တန့်လိုက်ကြသည့် လုပ်ငန်းစုများထံမှ အလုပ်သမားများကိုရယူကာ ၎င်းတို့၏ ထုတ်လုပ်ရေး၌ အင်အားအပြည့်ထည့်သွင်းလိုက်လေသည်။

အခြားလုပ်ငန်းစုများထံမှ ထုတ်လုပ်ရေးလိုင်းအသစ်များနှင့် ကျွမ်းကျင်လုပ်သားများကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပန်ကာ၊ မှော်လေပေးစက်၊ မှော်ရေခဲသေတ္တာ၊ မှော်ရေခဲစက်နှင့် ဤနွေရာသီ၌ လိုအပ်သည့် အခြားအိမ်သုံးမှော်စက်များ၏ ထုတ်လုပ်မှုနှုန်းတိုးလာခဲ့သည်။

ထို့အပြင် ဘန်တာမြို့၌ ၎င်းတို့နှင့် ယှဉ်ပြိုင်မည့် လုပ်ငန်းစု နည်းပါးသွားခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဤနွေရာသီအတွင်း အိမ်သုံးမှော်စက်ရောင်းအားမှာ တိုးလာသည်။

မှော်လေပေးစက်များနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ နှစ်လအတွင်း အလုံးပေါင်း နှစ်သိန်းရောင်းချခဲ့ပြီး ယခင်နှစ်နွေမှ ရောင်းအားအရေအတွက်၏ နှစ်ဆဖြစ်သွားခဲ့သည်။

ထို့နောက် အခြားအိမ်သုံးမှော်စက်များကို ပေါင်းလိုက်သော် Frestech ကုန်သည်ကြီးများအသင်းမှာ ဤနှစ်တွင် အိမ်သုံးမှော်စက်ပမာဏ အနည်းဆုံး နှစ်ဆ ရောင်းရခဲ့၏။

အခြားလူများမှာ မူလက အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုသို့ပြုလုပ်ခဲ့ကြောင်း ရှုပ်ထွေးနေကြသော်လည်း နောက်တွင် နားလည်သွားကြလေသည်။

အခြားလုပ်ငန်းစုများမှာ အခွန်ပြောင်းလဲမှုအသစ်ကြောင့် အမြတ်များလျော့ခဲ့သလို ငွေပင် ဆုံးခဲ့ကြသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်စွန်းမှာ အမြဲတမ်း အင်မတန်မြင့်မားနေသဖြင့် အခွန်ပြောင်းလဲမှုအသစ်ကြောင့် အနည်းငယ်လျော့သွားပါလျှင်တောင် အတော်များများ ငွေဝင်နေဆဲပင်။

ထိုသို့ဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ ရောင်းအားမြင့်မားမှုထုထည်ကို အခွန်တိုးလာခြင်းမှ ဆုံးရှုံးမှုများအား ပြင်ဆင်ရန် အသုံးပြုခဲ့သည်။

သို့သော်လည်း ၎င်းက အခြားလုပ်ငန်းစုများအား မနာလိုသာ ဖြစ်သွားစေသည်။

Frestech အမှတ်တံဆိပ် မှော်စက်များမှာ ဤအခြေအနေ၌ ဤမျှ သင့်တင့်သော အမြတ်စွန်းကို ထိန်းထားနိုင်သည်မှာ Frestech တံဆိပ်က အခြားတံဆိပ်များထက် အမြဲတမ်း ဈေးပိုကြီးနေခြင်းကြောင့်ဖြစ်သည်။

၎င်းကြောင့် Frestech တံဆိပ်အနေနှင့် ဈေးကွက်အတော်များများကို ဆုံးရှုံးခဲ့ရသော်လည်း ဆက်လက်ရှင်သန်နိုင်နေသည်။

Frestech အမှတ်တံဆိပ်မှာ အင်မတန်ဈေးကြီးလျှင်သော်မှ ဝယ်သူအင်မတန်များပြားရခြင်းမှာ ၎င်းက အခြားတံဆိပ် အိမ်သုံးမှော်စက်များထက် ပိုမြင့်သည့် အရည်အသွေးရှိခြင်းကြောင့်အပြင် Frestech တံဆိပ်အား နှစ်များစွာကြာအောင် တည်ထောင်လာခြင်းကြောင့်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ကြော်ငြာများကြောင့် လူများက Frestech တံဆိပ်မှာ အမြင့်‌ဆုံးတံဆိပ်ဖြစ်ကြောင်း ယုံကြည်ကြသည်။ Frestech တံဆိပ်ကို ဝယ်ယူခြင်းက မျက်နှာရသည်ဟု ဆိုနိုင်၏။

၎င်းတစ်ခုတည်းနှင့်တင် Frestech တံဆိပ်နှင့် အခြားတံဆိပ်များအကြား ကွာဟချက်ကို ဖန်တီးလိုက်သည်။ အရည်အသွေးနှင့် လုပ်ဆောင်ချက် ကွာခြားချက်မှာ ပို၍ပင် မြင့်မားပါ၏။

ထိုအကြောင်းရင်းနှစ်ချက်ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ အခြား လုပ်ငန်းစုများ မည်သည်ကိုမှ မတတ်နိုင်ချိန်တွင် ၎င်းတို့၏ ရောင်းအားနှင့် အမြတ်အစွန်းကို ထိန်းထားနိုင်ခဲ့သည်။

“အဲဒီ့လူတွေ ငါတို့ကို မနာလိုဖြစ်ဖို့ မလိုပါဘူး။” ဟိန့်ဇ်က ဆာဘက်စ်ပေးလာသည့် ယခင်လ၏ ဘဏ္ဍာရေးအစီရင်ခံစာကိုကြည့်ကာ သက်ပြင်းတစ်ချက်ချသည်၊ “ဒီနှစ် ရောင်းအားက အရင်နှစ်ရဲ့ နှစ်ဆရှိပေမယ့် အရင်လ အမြတ်စွန်းက ရွှေဒင်္ဂါးတစ်သိန်းသုံးသောင်းပဲရှိတယ်။ အရင်နှစ်ရဲ့ သုံးပုံတစ်ပုံတောင်မရှိဘူး ဒါက တကယ်ကိုပဲ.....”

နံဘေးရှိ ခမ်နက်ဒ်က မျက်မှောင်ကုပ်ရင်း တည်ငြိမ်ဟန်ရှိနေသည့် ရှုယီကို ကြည့်ကာ ရှုပ်ထွေးနေလေသည်။

ရှုယီမှာ လွန်ခဲ့သည့် ၂လအကြာက ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၏ သွေးကိုစုပ်ခွင့်ပေးမည်ဖြစ်သလို Frestech ကုန်သည်ကြီးများအသင်းအား ခြောက်ခမ်းသွားအောင် မစုပ်သရွေ့တော့ လက်ခံနိုင်ကြောင်း သူ့ထံပြောခဲ့သည်။

ဤနှစ်လအတွင်း သူဟာ ရှုယီ၏ ဆုံးဖြတ်ချက်ထံမှ သက်ရောက်မှုများကို တွေ့ခဲ့ရကာ အင်မတန် ရှုပ်ထွေးနေလေသည်။

ရှုယီသာ ၎င်းကို ခန့်မှန်းထားကာ နိုင်ငံရှိ အိမ်သုံးမှော်စက်ဈေးကွက် အများစုကို ပြန်ယူရန် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအတိုင်းအတာကို ချဲ့ထွင်ခြင်းဆိုလျှင် ခမ်နက်ဒ်မှာ ရှုယီ၏ ကြိုမြင်မှုကို လေးစားမိလိမ့်မည်။

သို့သော် ရှုယီနှင့် အချိန်ကြာ အတူရှိနေပြီးနောက်တွင် ရှုယီ Frestech ကုန်သည်ကြီးများအသင်း မည်မျှအထိ တိုးတက်နိုင်ကြောင်းကို ဂရုမစိုက်ဘဲ မှော်စက်မှုနယ်ပာ်တစ်ခုလုံး မည်သို့ တိုးတက်မည့်အကြောင်းကို များစွာပိုဂရုစိုက်ကြောင်း သိလေသည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ ဘန်တာမြို့ရှိ မှော်စက်လုပ်ငန်းစုအားလုံးမှာ မြို့စားကာမာဒို၏ မူဝါဒများကြောင့် သေလောက်သည်အထိ နှိပ်စက်ခံထားရခြင်းမှာ ရှုယီ မြင်တွေ့လိုသည့် အရာမဟုတ်ပေ။

“ဥက္ကဌက ပြောင်းလဲသွားတာများလား? သူက သူ့ရည်ရွယ်ချက်ကို ဂရုမစိုက်တော့ဘဲ ကိုယ်ပိုင်စိတ်ဝင်စားမှုကိုပဲ ဂရုစိုက်တဲ့လူဖြစ်လာတာလား?” ခမ်နက်ဒ်က စိတ်ထဲ ခန့်မှန်းလိုက်ပါ၏။

သူ၏ စိတ်ထဲ၌ ထိုသို့ပြုလုပ်ခြင်းက အရည်အချင်းရှိ ကုန်သည်ဖြစ်သည့် အဓိပ္ပာယ်ဖြစ်ကြောင်း သိသော်လည်း ကုန်သည်တစ်ဦးအနေဖြင့် အရည်အချင်းမရှိခဲ့သည့် ရှုယီမှာ ယခင်က ဆွဲဆောင်မှုဖြင့် ပြည့်နေခဲ့သည်။ ထိုကြောင့်ပင် လူတိုင်းကဲ့သို့ မာနကြီးခဲ့သည့် သူက ရှုယီ၏ လက်အောက်တွင် ၂နှစ်တာမျှ အလုပ်လုပ်ကာ လက်အောက်ငယ်သားဖြစ်ဖို့ ဆန္ဒရှိခဲ့ခြင်းပင်။

ခမ်နက်ဒ်က ရှုယီအား အတွေးများကို ခန့်မှန်းဖို့ ကြိုးစားနေသည့်နှယ် စိုက်‌ကြည့်နေမိသည်။ ရှုယီ၏ မျက်လုံးများက လူတိုင်းကို ဝေ့ဝဲကြည့်လာရင်း မျက်မှောင်များကျုံ့ထားကြသည်ကိုမြင်သော် ပြုံးလိုက်လေ၏။

“ဟုတ်ပြီ၊ အားလုံး ကျုပ်တို့လုပ်ငန်းစု ရင်ဆိုင်နေရတဲ့ ပြဿနာကို နားလည်မယ်လို့ထင်ပါတယ်။”

လူတိုင်းက တစ်ဦးကိုတစ်ဦးကြည့်ကာ သက်ပြင်းချ၍ ခေါင်းငြိမ့်လိုက်ကြသည်။

အိမ်သုံးမှော်စက်ဌာန မန်နေဂျာ အန်းခေါ့ထ်က ခါးသက်သက်ပြုံး၍ ဆိုသည်၊ “ဥက္ကဌ ရိုးသားရရင် ကျွန်တော်တို့ရဲ့ အိမ်သုံးမှော်စက်ဌာနက ဒီတစ်ခေါက် ရွှေဒင်္ဂါး တစ်သိန်းရနိုင်မယ်လို့မထင်ဘူး။ ဒါက တကယ်ပဲ..... ကျွန်တော့်ကို အသုံးမဝင်ဘူးလို့ ခံစားရစေတယ်။”

“ဒါက မင်းကြောင့်မဟုတ်ပါဘူး။” သံမဏိစက်ရုံ တာဝန်ခံ လူပုလေး နာရူက နှာမှုတ်လိုက်သည်၊ “အဲဒီငတုံးမြို့စားက ဒီသောက်အခွန်မူဝါဒကို ဖန်တီးခဲ့တာကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ် ငါတို့လုပ်ငန်းစုက တစ်လမှာ ငွေနည်းနည်းလေးပဲရတာ ဘယ်ဖြစ်နိုင်မလဲ? သောက်ရမ်းကိုပဲ! ကျုပ်လက်အောက်က သံမဏိစက်ရုံနှစ်ရုံလည်း အရင်လက ငွေတွေတကယ်ဆုံးသွားတယ်! ရှက်စရာပါပဲ!”

အန်းခေါ့ထ်က သူ့အား စာနာစွာကြည့်လိုက်သည်၊ “တခြားနည်းမရှိဘူးလေ လုပ်ငန်းစု‌အတော်များများက ထုတ်လုပ်မှုရပ်တန့်လိုက်ကြတော့ ဝယ်လိုအား နည်းသွားတာပေါ့။ မြို့စား ကာမာဒိုက လူပုလေးအတော်များများရှိတာကြောင့် လုံခြုံရေးအခွန်ပါ ပေါင်းလိုက်တော့ ခင်ဗျားတို့ အများကြီး မဆုံးရှုံးသွားတာကတင် တော်သေးတယ်။”

“ငါ့-င်ကြီးကို လုံခြုံရေး!” နာရူက ဒေါသတကြီးဆိုသည်၊ “လူပုလေးအလုပ်သမားများတော့လည်း ဘာဖြစ်လို့လဲ? ဘာက မလုံခြုံတာလဲ? ဒါက အဲဒီ ကာမာဒို ငါတို့ လူပုလေးတွေကို ခွဲခြားဆက်ဆံနေတာပဲ! ငါသူ့ကို နိုင်ငံရဲ့ အခြားမျိုးနွယ်စုစီမံခန့်ခွဲရေးဌာနမှ အစီရင်ခံချင်တယ်!”

“နိုးထလိုက်တော့ နာရူ, အခြားမျိုးနွယ်စုစီမံခန့်ခွဲရေးဌာနက အလုပ်သမားကဒ်တွေပေးတာရှားလာပြီ၊ သူတို့ ဂရုမစိုက်နိုင်တော့ဘူး။ ငါ့အထင် သိပ်မကြာခင် လူသားလုပ်ငန်းစုတွေမှာ တခြားမျိုးနွယ်စုတွေကို အလုပ်လုပ်ခွင့်မပြုကြောင်းပါ ကြေညာချက်ထုတ်လာတော့မယ်လြိ့ထင်တယ်။”

ညတေးသံမျိုးနွယ်စု ပလက်စတစ်စက်ရုံကို စီမံခန့်ခွဲသည့် နံဘေးမှ အမ်လုဒ်က သက်ပြင်းချကာ ဆိုလာသည်၊ “မင်းရဲ့ သံမဏိစက်ရုံကို လုံခြုံရေးခွန်ပေးဖို့ တွန်းအားပေးတာခံခဲ့ရတယ်ဆိုပေမယ့် ငါတို့ ပလက်စတစ်စက်ရုံကို ပိတ်ချရင် ပိတ်ချ ဒါမှမဟုတ်ရင် လူသားတွေကို စီမံခန့်ခွဲခွင့်လွှဲပြောင်းပေးဖို့ တွန်းအားပေးခံထားရတယ်။”

“ဟုတ်တယ် ပြောရရင် မင်း ဘာလုပ်မှာလဲ? တကယ် ပိတ်ချမှာလား?” နာရူက သိလိုစွာမေးလာသည်။

“ဟင့်အင်း ငါတို့တွေ စတက်တိန်းနယ်မြေဆီရွှေ့ဖို့ စီစဉ်ထားတယ်။ ငါတို့အပြင် လရိပ်မျိုးနွယ်စုရဲ့ မြေဩဇာစက်ရုံလည်း ငါတို့နဲ့အတူ ထွက်သွားဖို့ စီစဉ်ထားတယ်။ ဘာပဲဖြစ်ဖြစ် လရိပ်မျိုးနွယ်စုက စတက်တိန်းနယ်မြေမှာ နေတာပဲလေ။” အမ်လုဒ်က ဖြေသည်။

နာရူက ရှုယီကို မျက်မှောင်ကုပ်ကာ လှည့်ကြည့်လိုက်၏၊ “ဥက္ကဌ ကျုပ်ပြောမယ်၊ ခင်ဗျားတို့ လူသားအမှုထမ်းတွေက ငတုံးတွေလား? သူတို့က ကျုပ်တို့ကို အဝေးမောင်းထုတ်နေတော့ ဒီကနေရမယ့် အကျိုးအမြတ်ဘာရှိလို့လဲ?”

ရှုယီက ပခုံးတွန့်ကာ၊ “ခင်ဗျား သူတို့ကို သွားမေးသင့်တယ်။ ကောင်းပြီ လူတိုင်းက လုပ်ငန်းစုရဲ့ ခက်ခဲတဲ့ အခြေအနေကို နားလည်မှတော့ ကျုပ်အနေနဲ့ အားလုံး မအံ့ဩလောက်ဘူးလို့ ထင်မိတဲ့ အရာတစ်ခုကို ကြေညာပါမယ်။”

၎င်းကိုကြားသော် အားလုံး သူ့ကိုကြည့်လာကြသည်။

နာရူက မေးလေ၏၊ “ဥက္ကဌ ကျုပ်တို့ လုပ်ငန်းစုကို ပိတ်ချတော့မယ်လို့ တကယ် ကြေညာတော့မို့လား?”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” ရှုယီက ခေါင်းခါသည်၊ “ကျုပ် ကြေညာချင်တာက..... ကျုပ် တော်ဝင်လွှတ်တော်ဆီမှာ ဗစ်ကောင့်ထ်အဖြစ်ကနေ နုတ်ထွက်ဖို့ လျှောက်ထားပြီးပြီ။”

“အာ?”

အခန်း၌ တအံ့တဩအော်သံဖြင့် ပြည့်သွားသည်။

***

All Chapters