← Chapters

အခန်း (၄၁-၅၀)

Vol. 4 Ch. 41-50

အခန်း (၄၁-၅၀)

Vol. 4 Ch. 41-50

Vol 4, အခန်း ၄၁။ နောင်တရလား?

“ကျုပ်ကို ဒီလိုမကြည့်ပါနဲ့ ခင်ဗျား ဘာစဉ်းစားနေမှန်းသိတယ်။”

ဆယ်ဗီနီမှာ ပြုံးနေသည့် ရှုယီကိုကြည့်ရင်း မနေနိုင်ဘဲ မျက်လုံးလှန်လိုက်မိသည်။

“စိတ်ချပါ ဒီတစ်ခေါက်လာတာက ရှင်ဘာလို့ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနနဲ့ ပူးပေါင်း‌မှုကို ရပ်တန့်လိုက်ကြောင်း မေးမလို့မဟုတ်ပါဘူး။ ဒါက ဘယ်သူမှ နားမလည်နိုင်မယ့်အရာတွေကို လုပ်တတ်တဲ့ ရှင့်ရဲ့ ပထမဆုံးအကြိမ်မှမဟုတ်တာ ကျင့်သားရနေပါပြီ။”

“အိုး? ဒီလိုလား?” ရှုယီမှာ အနည်းငယ် အံ့ဩသွားရသည်၊ “ဒီကိစ္စအတွက် ရောက်လာတာမဟုတ်ဘူး‌ဆိုတော့ မင်းသမီးလေး ဘာအတွက်နဲ့များ စတက်တိန်းနယ်မြေအထိ ကျုပ်ကို လာတွေ့ရတာများလဲ?”

“တရားဝင်စီးပွားရေးမဟုတ်ရင် ကျွန်မရှင့်ကို လာတွေ့လို့မရဘူးလား?” ဆယ်ဗီနီက မရွှင်မပျဖြင့်ဆိုလာသည်။

“ကိုယ်ပိုင်စီးပွားရေးများလား?” ရှုယီက ပို၍ ရှုပ်ထွေးသွားကာ၊ “ကျုပ်နဲ့ ခင်ဗျားမှာ ဘာကိုယ်ပိုင်စီးပွားရေးများရှိနေ‌လဲ?”

“ဘာလို့လဲဆိုတော့ ကျွန်မရဲ့ နယ်မြေကိစ္စဖြစ်တာကြောင့်၊ ဒါကို ကျွန်မရဲ့ ကိုယ်ပိုင်စီးပွားရေးလို့ သတ်မှတ်လို့ရတယ်။” ဆယ်ဗီနီက ပြန်ဖြေသည်၊ “အရင်တစ်ခေါက်က ကျွန်မရဲ့ နယ်မြေမှာ အသေးစားထုတ်လုပ်ရေးအခြေစိုက်ဌာန တစ်ခု တည်ဆောက်တဲ့နေရာမှာ ရှင် ကျွန်မကို ကူညီမယ်ဆိုပြီး သဘောတူညီမှုတစ်ခု ရှိထားခဲ့တယ် မဟုတ်လား? အရင်က ဘန်တာမြို့ရဲ့ မြို့စားအရှင်ဖြစ်ခဲ့တော့ အချိန်မရှိခဲ့ဘူး၊ ဒီတော့အခု ကျွန်မ မြို့စားအဖြစ်ကနေ နုတ်ထွက်ခဲ့ရတာ နှစ်တစ်ဝက်ရှိနေပြီဆိုတော့ ပြဿနာမရှိလောက်ပါဘူး။ ဒါကြောင့်ပဲ ကျွန်မ ရှင့်ကို ဘယ်အချိန် တရားဝင်စဖို့ စီစဉ်ထားသလဲဆိုတာ မေးဖို့ ရောက်နေတာပဲ မဟုတ်လား?”

“အိုး? ဒါက ရှင်းပါတယ်။” ရှုယီက ခေါင်းငြိမ့်၍ အေးဆေးနေဟန်ဖြင့် ပြောလိုက်သည်၊ “ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်ရေးအခြေစိုက်‌ဌာနတွေ တည်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျင်တယ်လေ။ ခင်ဗျားရဲ့နယ်မြေက မကြီးသလို နေထိုင်သူကလည်း သိပ်မများတော့ ကသီတဲ့ လိုအပ်ချက်တွေ မရှိပါဘူး။ တစ်ခုလောက် ဆောက်ဖို့က လွယ်မှာပါ။ ဒါပေမယ့် ဆယ်ဗီနီ, ထုတ်လုပ်ရေးအခြေစိုက်ဌာနရဲ့ အရေးကြီးဆုံး ရွေးချယ်မှုကို စဉ်းစားပြီးပြီလား?”

“အမ်း သေချာကို စဉ်းစားထားပြီးသားပါ။ ကျွန်မရဲ့နယ်မြေမှာက ရင်းမြစ်မကြွယ်ဝတာကြောင့် သတ္တုတွေ ထုတ်လုပ်ဖို့ အဆင်မပြေလှဘူး။ ပြီးတော့ လူများများစားစားမရှိတာကြောင့် လူအင်အား အတော်များများလိုအပ်တဲ့ အစိတ်အပိုင်းတွေကိုလည်း မလုပ်ကိုင်နိုင်ဘူး။ ဒီတော့ စဉ်းစားကြည့်ပြီးတဲ့နောက်မှာ ဒါက အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်တယ်။ တစ်ချက်ကြည့်လိုက်.....”

ဆယ်ဗီနီက စာတမ်းတစ်ခုထုတ်ပြရာ ရှုယီ ကြည့်ပြီးနောက်၌ အံ့ဩသွားသည်။

“ကျုပ်ပြောမယ် မင်းသမီးလေး..... ခင်ဗျား ကျုပ်ဆီကနေ လုပ်ငန်းလုယူဖို့ စီစဉ်နေတာများလား?”

ဤစာတမ်း၌ ဆယ်ဗီနီ၏ ကိုယ်ပိုင်နယ်မြေထက်တွင် သစ်သီးထုတ်လုပ်‌ရေးအခြေစိုက်ဌာနကြီးတစ်ခု ဖန်တီးပြီးနောက် စည်သွပ်သီးစက်ရုံကြီးတစ်ရုံနှင့် သစ်သီးဖျော်ရည်စက်ရုံကြီးတစ်ရုံ တည်‌ဆောက်မည့် အစီစဉ်ပါရှိပါ‌၏။

၎င်းလုပ်ငန်းနှစ်ခုတွင် Frestech ကုန်သည်ကြီးများအသင်းသာ ပါဝင်သည်၊ အကြောင်းရင်းမှာ အခြားလုပ်ငန်းစုများအနေနှင့် အမြတ်အစွန်း မမြင့်လှဟု ထင်ကြသဖြင့် စိတ်မဝင်စားခြင်းကြောင့်ပင်။

ယခုတွင် ဆယ်ဗီနီက ယင်းနယ်ပယ်နှစ်ခုသို့ဝင်ရောက်ချင်ရာ သဘာဝကျကျပင် Frestech ကုန်သည်ကြီးများအသင်းထံမှ လုပ်ငန်းလုယူသည်နှင့် ညီမျှနေတော့သည်။

“ဒါကို လုယူတယ်လို့ ဘယ်လိုယူဆနိုင်မှာလဲ?” ဆယ်ဗီနီက စဉ်းလဲစွာပြုံးလိုက်သည်၊ “မမေ့နဲ့၊ ရှင် ကျွန်မကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးတာပဲ လူတွေကို တူညီတဲ့မုန့်တစ်ခုစီက အပိုင်းလေးတွေ လုယူဖို့ ခွင့်မပြုသင့်ဘဲ အဲဒီမုန့်ကို ပိုပြီးကြီးလာအောင်လုပ်သင့်တာ ဒီတော့မှ လူတိုင်း သူတို့ရဲ့ လိုအပ်မှုကို ဖြည့်တင်းနိုင်မှာလို့လေ? ကျွန်မ အခု ဝင်ပါတာဟာ ရှင့် ဆီက ဒီမုန့်ကို လုယူဖို့မဟုတ်ဘူး။”

ရှုယီက ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ “ကောင်းပြီလေ ဒါဆို ဒီမုန့်ကို ပိုကြီးလာအောင် ဘယ်လိုလုပ်လို့ရနိုင်မယ်ဆိုတာ ကျုပ်ကို ပြောပြရင်ရော? အခု လမ်ပူရီတိုင်းပြည်မှာ ပျမ်းမျှလူနေမှုအဆင့်အတန်း ကန့်သတ်မှုရှိတော့ စည်သွပ်သီးတွေဖြစ်စေ အသီးဖျော်ရည်တွေဖြစ်စေ ဝယ်လိုအား မမြင့်လာသလို ဘန်တာမြို့လို ကြွယ်ဝတဲ့မြို့ရဲ့ ဈေးကွက်က အပြည့်ဖြစ်နေတယ်။ ကျုပ်တို့ ဈေးကွက်ကို ချဲ့ထွင်ဖို့ အားလုံးလုပ်ရမယ်ဆိုပေမယ့် နည်းလမ်းမရှိဘူး။”

“လမ်ပူရီတိုင်းပြည်က အပြည့်ဖြစ်နေပြီဆိုမှတော့ လမ်ပူရီတိုင်းပြည် အပြင်ဘက်ကို ကြည့်သင့်တယ်။ ဒါကို ပုံမှန်လုပ်နေကြ မဟုတ်ဘူးလား?” ဆယ်ဗီနီက ပြန်မေးလိုက်သည်၊ “ကျွန်မကို ဒီလိုမကြည့်နဲ့လေ၊ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ တခြားနိုင်ငံတွေ‌ဆီ ကုန်စည်တွေရောင်းချခွင့် မရှိမှန်းသိပေမယ့် ကျွန်မက မတူဘူးလေ။ ကျွန်မက မင်းသမီးဆိုတော့ ဒီလို ဦးစားပေးမှု ရနေဆဲပဲ။”

ရှုယီမှာ မနေနိုင်ဘဲ ရေရွတ်လိုက်၏၊ “အံ့အားသင့်စရာ ဦးစားပေးမှုကြီး”

ရှုယီ၏ မယုံကြည်ဟန်ကိုမြင်သော် ဆယ်ဗီနီလည်း မနေနိုင်ဘဲ ရယ်မောလိုက်ပြီးနောက် သက်ပြင်းချလာသည်။

“ရှင့်ရဲ့ မျိုးရိုးမြင့် ခေါင်းစဉ်ကို စွန့်လွှတ်ဖို့ ဘယ်သူက ပြောခဲ့လို့လဲ? ပြီးတော့ ရှင်က စာချုပ်ကိုလည်း ကိုယ့်ဘာသာဖျက်ပြီး မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနနဲ့ ပူးပေါင်းမှုကို ရပ်တန့်လိုက်သေးတယ်။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက အကျိုးအမြတ်အတော်များများ ခံစားခဲ့ရပေမယ့် ရှင့်ရဲ့ ဆုံးဖြတ်ချက်က လမ်ပူရီတိုင်းပြည်က လူအတော်များများကို ဒေါသဖြစ်စေတယ်။ ကျွန်မတောင် ရှင့်အတွက် သူတို့ကို မပြောပေးနိုင်ဘူး။”

“ခင်ဗျား ဒါကို အလွတ်ပေးဖို့ မဖြစ်နိုင်လောက်မှန်း ကျုပ်သိပါတယ်။” ရှုယီက ခေါင်းခါ၍ သက်ပြင်းချသည်၊ “ကောင်းပြီလေ ခင်ဗျားလည်း ပြောလာမှတော့ ရှင်းပြပါ့မယ်။ ကျုပ် ဌာနနဲ့ပူးပေါင်းဖို့ ရွေးချယ်တုန်းက အခြေအနေတွေက တွန်းအားပေးလာတာကြောင့်ရော နိုင်ငံက မှော်စက်မှုနယ်ပယ်တိုးတက်ဖို့ နည်းပညာ လွှဲပြောင်းပေးဖို့ကို ဆုံးဖြတ်ထားပြီးသားဖြစ်တာကြောင့်ရောပါတယ်။ ဒါကို ခင်ဗျားတို့ သိပြီးသားဖြစ်လောက်မယ်လို့ ထင်တယ်။”

“အင်း ကျွန်မ ရှင့်ရဲ့ဆန္ဒကို သိပါတယ်။” ဆယ်ဗီနီက နောင်တရနေဟန်ဖြင့် ပြောလာသည်၊ “ဒါပေမယ့် အစ်ကိုတော်အဲရစ်နဲ့ နိုင်ငံက လူအတော်များများက ရှင့်ရဲ့အတွေးတွေကို နားမလည်နိုင်ကြတာဟာ နှမျောစရာပဲ။ သူတို့ ရှင့်ကို တွန်းအားမပေးရင်တောင် အနှေးနဲ့ အမြန် ရှင်က ဒီနည်းပညာကို ဖော်ထုတ်လိုက်မှာပဲ။ အခု သူတို့က ရှင့်ဆီကနေ လုယူလိုက်တော့ ကျွန်မ အရမ်းကို မကျေမနပ်ဖြစ်ပြီး အစ်ကိုတော် အဲရစ်ဆီ အကြိမ်ပေါင်းများစွာ ညည်းညူခဲ့တယ်။”

“ဂရုစိုက်မှုနဲ့ ကူညီမှုအတွက်ကျေးဇူးတင်ပါတယ်။” ရှုယီက ခေါင်းငြိမ့်ရင်း ပြုံးနေ၏၊ “ဒါပေမယ့် ဒီနှစ်ခုက အဓိက အကြောင်းရင်းမဟုတ်ဘူး။ ကျုပ် သူတို့နဲ့အတူ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အဓိက အကြောင်းအရင်းက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အရင်က မပြင်ဆင်ထားခဲ့တာကြောင့်ပဲ။”

“မပြင်ဆင်ထားဘူး?” ဆယ်ဗီနီက မျက်မှောင်ကုပ်ကာ ရှုယီကို တအံ့တဩကြည့်လိုက်သည်၊ “ဒီအဓိပ္ပာယ်က.... အခု ရှင် ပြင်ဆင်ထားပြီပေါ့? ဒီတော့ ဒီပူးပေါင်းမှုကို ဖျက်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့? ရှင်သိရဲ့လား ရှင့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အဲဒီလုပ်ငန်းစုဆယ်ခုနောက်ကွယ်က မျိုးရိုးမြင့်အတော်များများ ဆုံးရှုံးမှုကြီးတွေ ခံစားခဲ့ရတာကိုလေ။ နိုင်ငံက အာဏာရှိတဲ့လူတွေ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ဖို့ အားမာန်အပြည့်နည်းလမ်းတွေ သုံးဖို့အတွက် ဆုံးဖြတ်ပြီးနေကြပြီ။”

“အားမာန်အပြည့်နည်းလမ်းတွေ?” ရှုယီက တစ်ချက်ရယ်သည်၊ “အရင်က.... သူတို့ရဲ့နည်းလမ်းတွေ ညင်သာခဲ့တယ်ထင်လို့လား? ဒါကို ပူးပေါင်းမှုလို့ သတ်မှတ်ထား‌ပေမယ့်လည်း လုယူတာနဲ့ ဘာကွာလို့လဲ?”

ဆယ်ဗီနီက ခဏတာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချကာ ဆိုလာသည်၊ “ဘာပဲဖြစ်ဖြစ် ရှုယီ ရှင် ဒီတစ်ခေါက် အရမ်းကို တဇွတ်ထိုးဖြစ်သွားတယ်။ ရှင် ဘာတွေပြင်ဆင်ထားမှန်းတော့ မသိပေမယ့် ဒီတစ်ခေါက် နိုင်ငံက အာဏာအကောင်းဆုံးလူတွေကို ရှင် ဆန့်ကျင်ခဲ့တာပဲ။ ရှင်တို့လုပ်ငန်းစုရဲ့ နေ့ရက်တွေကတော့ ခက်ခဲတော့မယ်၊ ထပ်ပြီး..... မဖွင့်နိုင်တော့တာလည်းဖြစ်နိုင်တယ်။”

“ဒီလိုလား?” ရှုယီက လုံးဝ စိုးရိမ်ဟန်ပေါ်မနေချေ။ သူက လက်များကိုဖြန့်၍ ပခုံးတွန့်ရင်း ထူးထူးဆန်းဆန်း‌ အေးဆေးနေဟန်ဖြင့် ဆိုလာ၏၊ “ကျုပ်တို့ မဖွင့်နိုင်လည်း ရပါတယ်။ ဒါက သူတို့နဲ့ လမ်ပူရီတိုင်းပြည်အတွက် အကောင်းဆုံးလို့ ခံစားရတယ်ဆို ကျုပ်လည်း ဂရုမစိုက်ဘူး။”

ဆယ်ဗီနီက မျက်‌မှောင်ကုပ်လိုက်သည်၊ “ရှုယီ ဘာတွေစဉ်းစားနေတာလဲ? Frestech ကုန်သည်ကြီးများအသင်းက ရှင်လက်နဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ရှင့်လက်ပေါ်က ရတနာမဟုတ်ဘူးလား? ရှင်က ဒါကို စွန့်လွှတ်တော့မလို့လား?”

“မဟုတ်ဘူး မဟုတ်ဘူး ဆယ်ဗီနီ, ကျုပ်အထင် ခင်ဗျား အမှားလုပ်မိပြီ။” ရှုယီက လက်ခါကာ၊ “ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကို စွန့်လွှတ်တာမဟုတ်ဘူး၊ လမ်ပူရီတိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းကိုပါပဲ။ ခြားနားချက်ကို နားလည်ရဲ့လား?”

ဆယ်ဗီနီ၏ အမူအရာက အနည်းငယ် အရုပ်ဆိုးသွား၏။

“ရှင်တကယ်ပဲ လမ်ပူရီတိုင်းပြည်ကို လက်လျှော့ဖို့ စီစဉ်ထားတာလား? မဟုတ်ဘူး! ရှင်ဒီလိုလုပ်လို့မရဘူးလေ! ရှုယီ မမေ့နဲ့၊ ဘန်တာမြို့ရဲ့ ကြွယ်ဝမှုကို ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ယူဆောင်လာတာ။ ရှင် လမ်ပူရီတိုင်းပြည်မှာ တည်ဆောက်ခဲ့တဲ့ နယ်ပယ်ကို စွန့်လွှတ်တာက ဘန်တာမြို့က လူတွေကို စွန့်လွှတ်တာနဲ့ အတူတူပဲ!”

“ခင်ဗျား အရမ်းပုံကြီးချဲ့လွန်းနေပြီ။ Frestech ကုန်သည်ကြီးများအသင်းက ဒီတိုင်း သာမန်လုပ်ငန်းစုလေးတစ်ခုဖြစ်ပြီး ကျုပ်က သာမန် ကုန်သည်လေးတစ်ယောက်ပါပဲ အဲဒီတာဝန်ကြီးကို မယူနိုင်ပါဘူး။ ပြီးတော့ လက်လျှော့တယ်ဆိုတာကလည်း.....” ရှုယီက အေးစက်စက်ရယ်သည်၊ “မင်းသမီးလေး ခင်ဗျား လက်လျှော့လိုက်တာနဲ့စာရင် ဒါကို ဘာမှလို့ သတ်မှတ်လို့တောင်မရဘူး မဟုတ်လား?”

ဆယ်ဗီနီက တုန်ယင်သွားကာ စိတ်လှုပ်ရှားရာမှာ တည်ငြိမ်သွားပြီး အမူအရာက ပိုမို ဖျော့တော့လာပါ၏။

တစ်အောင့်ကြာသည့်နောက် ဆယ်ဗီနီမှာ သက်ပြင်းရှည်ကြီးချလာသည်။

“ရှုယီ ရှင် နောက်ဆုံးတော့ ရှင့်ရဲ့ ခံစားချက်အမှန်တွေကို ပြောလာပြီပေါ့လေ။ ရှင်က အဆုံးကျတော့ ကျွန်မ ထီးနန်းကို လက်လျှော့လိုက်တာကြောင့် မပျော်မရွှင်ဖြစ်နေတာပေါ့? ရှင့်စိတ်ထဲ ကျွန်မကို မုန်းနေတယ် မို့လား?”

ရှုယီက အသာခေါင်းခါသည်၊ “ဒါက မတိကျဘူး။ ကျုပ်က ခင်ဗျား ထီးနန်းရယူပြီးနောက်ကျရင် မှော်စက်မှုနယ်ပယ်ကို ဘယ်လိုထောက်ပံ့ပေးပြီး ကျုပ်ရဲ့ အိပ်မက်ကလည်း လက်တွေ့ဖြစ်လာမယ်ဆိုတာကို အကြိမ်များစွာ စိတ်ကူးမိခဲ့လို့ မပျော်မရွှင်ဖြစ်နေတာပါ။ ဒါပေမယ့်လည်း ခင်ဗျားက ထီးနန်းကို ဒီလို လက်လျှော့လိုက်တော့ ဘယ်လိုလုပ် မပျော်မရွှင်ဖြစ်နိုင်မှာလဲ? မုန်းတာကတော့..... အဝေးကြီးပါပဲ။”

“တကယ်လား?”

“တကယ်ပါ” ရှုယီက အလေးအနက် ခေါင်းငြိမ့်သည်၊ “ကျုပ် ပြောပြီးသား ဘယ်ဆုံးဖြတ်ချက်ဖြစ်ဖြစ် ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် ကျုပ်မှာ ကြားဝင်ဖို့ အခွင့်အရေးမရှိဘူး။ ခင်ဗျားက အမုန်းတရားအကြောင်းပြောရင် နိုင်ငံမှာ (မုန်းဖို့)ပိုပြီး အရည်အချင်းပြည့်မီတဲ့ လူတွေ အများကြီးရှိတယ်။ ကျုပ် မမေးဘဲ မနေနိုင်လောက်တဲ့ အရာတစ်ခုရှိတယ်။ ဆယ်ဗီနီ, ခင်ဗျား ဒီဆုံးဖြတ်ချက်ချခဲ့တာကို တကယ်ပဲ နောင်တမရခဲ့ဘူးလား?”

ဆယ်ဗီနီက မျက်နှာထက် နာကျင်ဟန်ပေါ်လာသည်။ အနည်းငယ် ရုန်းကန်နေပြီးနောက် ခေါင်းခါ၍ သက်ပြင်းချကာ ပြောလေ၏၊ “ကျွန်မ မသိဘူး......”

“ခင်ဗျား တကယ်မသိတာလား?” ရှုယီက ပြန်မေး၏၊ “မင်းသမီးလေး ခင်ဗျားက အမှန်တရားကို ရင်မဆိုင်ချင်ရုံဖြစ်နေမှာကိုပဲ စိုးရိမ်မိတယ်။ ဘန်တာမြို့က ခင်ဗျား မြို့စားဖြစ်ချိန်တုန်းကနဲ့ ယှဉ်ရင် ဘယ်လိုပြောင်းလဲသွားတာကိုမြင်တော့ ခင်ဗျားမသိဘူးလို့ မထင်မိဘူး။ စဉ်းစားကြည့်လေ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းသာ ဘန်တာမြို့မှာ ဆက်နေရင် အခု ဘယ်လိုဖြစ်နေမလဲ?”

ဆယ်ဗီနီ၏ မျက်နှာထက်မှ နာကျင်မှုက ပို၍နက်ရှိုင်းလာပြီး ငြင်းဆန်ဖို့ ရုန်းကန်နေသည်၊ “ကျွန်မအထင်..... ဘာပဲဖြစ်ဖြစ် ဒါက ပြည်တွင်း ပဋိပက္ခဖြစ်တာနဲ့ယှဉ်ရင် ပိုကောင်းတယ်.....”

ရှုယီက သက်ပြင်းချ၍ ခေါင်းခါလိုက်ကာ ၎င်းကို ဆက်ဆွေးနွေးလိုခြင်းမရှိတော့ချေ။

သူ့ထံရှိ အနေအထားက ဆယ်ဗီနီနဲ့ ခြားနားသည်။ သူ့အတွက် လမ်ပူရီတိုင်းပြည်သာ ပိုမိုအားကောင်းလာချင်လျှင် ပြောင်းလဲရမည်ပင်။ အဖြစ်နိုင်ဆုံးအပြောင်းအလဲက ဆယ်ဗီနီ ထီးနန်းကိုရယူကာ နိုင်ငံကို ပြောင်းလဲမည့် မှော်စက်မှုနယ်ပယ်တိုးတက်မှုကို ထောက်ပံ့ရန်ပင်။

သို့သော် ဆယ်ဗီနီအတွက် ပြည်တွင်းပဋိပက္ခမဖြစ်ပွားလိုဘဲ နိုင်ငံရဲ့ တည်ငြိမ်မှုကို ဦးစွာထိန်းသိမ်းထားချင်သည်။

၎င်းအ‌ကြံကိုလည်း မှားသည်ဟု မဆိုသာပေ၊ အဲရစ် ထီးနန်းရယူပြီးကတည်းက နိုင်ငံမှာ အဲရစ်အား ထီးနန်းအတွက် ထောက်ပံ့ပေးခဲ့သည့် ခေါင်းမာမာ မျိုးရိုးမြင့်များ၏ ထိန်းချုပ်မှုအောက် ကျရောက်သွားခဲ့သည်။

မှော်စက်မှာနယ်ပယ်ကို ထောက်ပံ့ခြင်းဟူသည်မှာ ထိုလုပ်ငန်းစုဆယ်ခုမှ တဆင့် ၎င်းတို့၏ ကြွယ်ဝမှုကို စုဆောင်းရန်သာဖြစ်သည်။

ဆယ်ဗီနီအတွက် ၎င်းကို မတွေ့မမြင်ဖို့ မဖြစ်နိုင်သော်လည်း သူမထံ၌ ရှုယီ မျှော်လင့်ထားသည့် ပြတ်သားမှုမရှိချေ။

သူမထံ၌ ထိုစရိုက်မျိုးသာမရှိပါလျှင် ပထမနေရာ၌ပင် ထီးနန်းကို စွန့်လွှတ်ခဲ့လောက်မည် မဟုတ်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်လောက်က သူနဲ့ဆုံခဲ့သည့် အန်ကလိုနှင့် ဆယ်ဗီနီကို ယှဉ်ကြည့်ရင်း ရှုယီမှာ သက်ပြင်းမချမိဘဲ မနေနိုင်ချေ။

သူသာ ထိုနှစ်ဦး၏ စရိုက်ကို ပေါင်းစပ်နိုင်ရင် တကယ်ကို ပြီးပြည့်စုံသွားလောက်ပါ၏။

၎င်းက မဖြစ်နိုင်ချေ။ ရှုယီမှာ ၎င်းကို အိပ်မက်အဖြစ်သာ မက်နိုင်သည်ဖြစ်ရာ ထိုစိတ်ကူးကို လက်လျှော့လိုက်ပါ၏။ သူက အပြင်ဘက် ကောင်းကင်ကိုကြည့်ရင်း ထရပ်လေသည်။

“ကောင်းပြီလေ၊ ဒီအဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို မပြော‌တော့ဘူး။ ဆယ်ဗီနီ အချိန်ရောက်တော့မယ် အတူထွက်ကြတာပေါ့။ ဒီပူးတွဲစစ်ဆင်ရေးအတွက် ခင်ဗျားက တပ်မှူးပဲ။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၂။ တန်ဖိုးကြီး Frestech ကုန်သည်ကြီးများအသင်း အစောင့်များ

Frestech ကုန်သည်ကြီးများအသင်းမှာ Frestech ဦးပိုင်မြေ၌ ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခု တည်ဆောက်ခဲ့ပြီး တစ်ချိန်တည်း၌ ဆန်နက်မြေရိုင်းထံမှ မိုင်နှစ်ဆယ်အကွာ နေရာရှိ မြေတစ်ခု၏မြောက်ဘက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအတွက် စစ်တန်းလျားများဖန်တီးရန် မြေတစ်ကန့်စာ ဖွင့်လှစ်ခဲ့သည်။

ရှုယီနှင့် ဆယ်ဗီနီတို့ စကားပြောနေခဲ့ကြသည်မှာ ထိုအခြေစိုက်ဌာန၌ ဖြစ်၏။

နှစ်ဦး ထွက်လာချိန်တွင် စစ်ရေးကွင်းပြင်၌ စုစည်းနေကြသည့် သပ်သပ်ရပ်ရပ်အဖွဲ့နှစ်ဖွဲ့ရှိသည်။ ဘယ်ဘက်တစ်ဖွဲ့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များဖြစ်ပြီး ညာဘက်တစ်ဖွဲ့မှာ ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့် ငါးရာပင်။

၎င်းကို သုံးသပ်ကြည့်‌သော် အန်ကလိုအမြဲ ဝမ်းနည်းခံစားနေသည့် အတွေးဖြစ်သော 'စတက်တိန်းနယ်မြေက နိုင်ငံအစစ်တစ်ခုမဟုတ်'ဟူသည်မှာ အင်မတန် တိကျကြောင်းကို ရှုယီနားလည်လိုက်သည်။

မဟုတ်ပါက ဆယ်ဗီနီကဲ့သို့ လမ်ပူရီတိုင်းပြည်၏ မင်းသမီးလေးတစ်ပါးမှာ အခြားသောအချုပ်အခြာအာဏာအောက်ရှိ နိုင်ငံတစ်နိုင်ငံအတွင်းသို့ ကိုယ်ပိုင်အစောင့် ငါးရာကို မည်သို့ ခေါ်ဆောင်လာနိုင်ပါမည်နည်း၊ မဖြစ်နိုင်ပေ။

သို့သော် ဤနေရာတွင် ရှုယီက မတိုင်ခင်ကတည်းက ကောင့်ထ်ဝိန်ကို ပြောထားပြီးဖြစ်ရာ ဆယ်ဗီနီလည်း စတက်တိန်း နယ်မြေထဲသို့ သူမ၏ ကိုယ်ပိုင်အစောင့်များ အ‌လွယ်လေး ခေါ်လာ၍ ရသွားသည်။

စစ်ရေးကွင်းပြင်ရှိ လူများမှာ လိုင်းနှစ်လိုင်းရှိပြီး ၎င်းတို့အကြား ရှင်းရှင်းလင်းလင်း ခြားနားမှုရှိနေလေ၏။

ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့် ငါးရာ အားလုံးက တူညီသည်။ ၎င်းတို့မှာ လမ်ပူရီတိုင်းပြည် တော်ဝင်မိသားစု၏ တူညီသည့် သင်္ကေတကို ဝတ်ဆင်ထားပြီး အရေးကြီးဆုံးမှာ ၎င်းတို့အားလုံးက လူသားများဖြစ်ကြသည်။ တစ်တန်းတည်း ရပ်နေရင်း ၎င်းက အင်မတန် တူညီပုံရှိနေပြီး ၎င်းတို့ မျက်လုံးများမြင်နိုင်သလောက် ဝေးကွာသည့် စတုရန်းဖွဲ့စည်းပုံဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက အနည်းငယ်ဖရိုဖရဲဖြစ်နေ၏။

အသိသာဆုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထဲ အတော်လေး အရောအနှောရှိနေခြင်းပင်။

၎င်းတို့ကလည်း အယောက်ငါးရာဖြစ်သော်ငြား ၎င်းတို့အနက် အယောက်တစ်ရာကသာ လူသားများဖြစ်ကြသည်။ ကျန်လေးရာမှာ တစ်ရာ့ငါးဆယ်က နတ်သူငယ်၊ နှစ်ရာက လူပုလေးများဖြစ်ပြီး ကျန်ငါးဆယ်မှာ သိပ်မကြာခင်ကမှ စုဆောင်းခဲ့သော သားရဲလူမျိုး အစောင့်များဖြစ်ကြသည်။

ထို့အပြင် မျိုးနွယ်တစ်စုစီက အထူးပြုမတူညီရာ ၎င်းအစောင့်များအားလုံးမှာ မတူညီသည့် ကိရိယာများ တပ်ဆင်ထားကြပါ၏။

နတ်သူငယ်များမှာ နူးညံ့သည့် ချပ်ဝတ်များဝတ်ဆင်ရသည်ကို ကျင့်သားဖြစ်နေပြီး လူပုလေးများက တတ်နိုင်သမျှ လေးသည့် ချပ်ဝတ်များကို သဘောကျကာ သားရဲလူမျိုးများကမူ ချပ်ဝတ်တပ်ဆင်ရသည်ကို လုံးဝ သဘောမတွေ့ပေ။ ရှုယီသာ ၎င်းတို့အား မှော်အကာအရံချပ်ဝတ်ကို ဝတ်ဆင်ဖို့ တွန်းအားပေးထားခြင်းကြောင့် မဟုတ်လျှင် ချည်အဝတ်များ ဝတ်ဆင်ထားရုံနှင့် တိုက်ပွဲတွင်း အကြောက်အလန့်မရှိ သွားမည်သာ။

လူသားတစ်ရာတို့ အားလုံးလည်း မှော်အကာအရံစွမ်းရည်ရှိ တူညီသည့်ချပ်ဝတ်များဝတ်ဆင်ထားသော်လည်း ၎င်းတို့၏ လက်နက်များမှာ ထူးဆန်းသည်။ လက်နက် အမျိုးစုဲရှိနေပါ၏။

ရှုယီက လူသားအဖွဲ့ခေါင်းဆောင် ဟာ့ထ်အား ယခင်က ထိုအကြောင်း မေးမြန်းခဲ့ပြီး ကျရာလက်နက်များက ၎င်းတို့၏ တိုက်ပွဲအင်အားကို သက်ရောက်စေနိုင်သည်ဟု ခံစားမိသော်လည်း ဟာ့ထ်က ၎င်းမှာပြဿနာမဟုတ်ကြောင်း အတည်ပြုခဲ့သည်။

တူညီသည့် လက်နက်ရှိခြင်းက စစ်တပ်ကြီးတစ်ခုအတွက် မရှိမဖြစ်လိုအပ်သော်လည်း အစောင့်အဖွဲ့လေးတစ်ခုအတွက်တော့ မလိုအပ်နေပါချေ။

၎င်းတို့သာ တိုက်ပွဲအင်အားကို ဤသို့ ရောထွေးနေသည့် အစောင့်အဖွဲအတွက် ဆွေးနွေးချင်ပါလျှင် တိုက်ပွဲအင်အား ကြီးမားလှသည့် နတ်သူငယ်များ၊ လူပုလေးများနှင့် သားရဲလူမျိုးများမှာ အတိုင်းအတာတူ လူသားစစ်သည်များထက် များစွာ ပိုမို အားကောင်းကြပါ၏။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံ၌ စစ်ဘက်သုံးမှော်စက်အမျိုးစုံရှိသည်ကို မဆိုထားနှင့်။ အစောင့်တစ်ဦး၏ တိုက်ပွဲအင်အားမှာ သာမန်လူသားစစ်သည်တစ်ဦး ယှဉ်နိုင်သည့် အရာမဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ လက်နက်ကိရိယာများကိုမြင်သော် ဆယ်ဗီနီက မနေနိုင်ဘဲ စိတ်ထဲ သက်ပြင်းချမိသည်။

“ရှုယီ ရှင် ကျွန်မ အစောင့်ငါးထောင်ရဲ့ လက်နက်တွေကို ပြောင်းလဲချင်တယ်လို့ ပြောတုန်းက သူတို့ကို ဒီလို လက်နက်ဆင်ပေးဖို့ စီစဉ်ထားတာလား?”

“အမ်..... ဒီလက်နက်တွေများများစားစား မထုတ်ရသေးတော့ အဲ့လောက် မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် အကျဉ်းချုံ့ မှော်ထပ်ဆင့်လေးနဲ့ မှော်ပေါက်ကွဲမြှားတွေကို သိပ်မကြာသေးခင်ကမှ ထုတ်လုပ်ထားတာလေ။” ရှုယီက ဖြေသည်။

“အကျဉ်းချုံ့ မှော်ထပ်ဆင့်လေးနဲ့ မှော်ပေါက်ကွဲမြှားတွေ?” ဆယ်ဗီနီမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ကြည့်လိုက်သော်လည်း ထိုလက်နက်များကို မည်သည့်နေရာမှာမှ မတွေ့ချေ။

“လူသားအစောင့်တွေကိုပဲ ဒါတွေဆင်ပေးထားတာ၊ သူတို့တွေ အားလုံးဝှက်ထားကြတယ် အလွယ်လေးထုတ်မှာမဟုတ်ဘူး။” ရှုယီက အပြုံးဖြင့် ဖြေဆိုသည်၊ “လူသားအစောင့်တွေကလွဲရင် တခြားမျိုးနွယ်စုတွေရဲ့ အစောင့်တွေက ပစ္စည်းအသေးစားလေးတွေကို အထင်သေးကြပြီး သူတို့နဲ့ မသင့်တော်တာကြောင့် မတပ်ဆင်ထားကြဘူး။”

“ဒီလိုကိုး.....” ဆယ်ဗီနီက ခေါင်းငြိမ့်ကာ ခေတ္တရပ်တန့်ပြီးနောက် မေးလာသည်၊ “ကျွန်မရဲ့ အစောင့်တွေကို တူညီတဲ့ လက်နက်တွေတပ်ဆင်ပေးလိုက်ရင် ဘယ်လောက်များကျမလဲ?”

ရှုယီက သူမကိုကြည့်ကာ ရယ်သည်၊ “ဒါက..... သူတို့တစ်ဦးချင်းစီမှာ တစ်ဦးချင်းစစ်ဘက်သုံးမှော်စက်ရှိရင် လတ်တလောမှာ တစ်ယောက်ကို ရွှေဒင်္ဂါးသုံးရာကျမယ်။ ဘယ်လိုလဲ? မင်းသမီးလေး စိတ်ဝင်စားလား?”

“ရွှေဒင်္ဂါးသုံးရာ?!” ဆယ်ဗီနီ၏ မျက်လုံးများ ပြူးကျယ်သွားသည်၊ “ဒီလောက် ဈေးကြီးတာ! ရှင်တို့ လုပ်ငန်းစုရဲ့ အစောင့်တွေက လူတစ်‌ထောင် ကျော်နေပြီလေ? အစောင့်တစ်ယောက်စီသာ တစ်စုံစာရရင် ရွှေဒင်္ဂါးသုံးသိန်းကျော်သွားမှာ မဟုတ်ဘူးလား? ဒါက.... ဒါက ကျွန်မတို့ လမ်ပူရီတိုင်းပြည် တော်ဝင်စစ်တပ်ရဲ့ နှစ်စဉ်အသုံးစရိတ်လောက်နီးနီးရှိတယ်။”

“တော်ဝင်စစ်တပ်နဲ့ အသုံးစရိတ်ကို ယှဉ်ရမယ်ဆိုတော့ သံသယတောင်မလိုဘဲ ကျော်တက်သွားမှာပါပဲ။” ရှုယီက အသာပြုံးကာ ဆိုသည်။

ဆယ်ဗီနီက သဘာဝကျကျပင် ရှုယီ၏စကားများထဲမှ အဓိပ္ပာယ်ကိုနားလည်ရာ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချ၍ ခေါင်းခါ၏၊ “ကျွန်မလည်း ကျွန်မရဲ့အစောင့်တွေကို ဒီပုံစံအတိုင်း လုပ်ပေးချင်ပေမယ့် တစ်စုံစီကို ရွှေဒင်္ဂါးသုံးရာကျမယ်လို့ မထင်ထားဘူးလေ။ အစုံငါးထောင်ဆိုရင် ရွှေဒင်္ဂါး တစ်သန်းခွဲအတိအကျပဲ ကျွန်မမှာ ငွေအဲ့လောက်မရှိဘူး။”

ရှုယီက ပခုံးတစ်ချက်တွန့်သည်၊ “တကယ်တော့ ကျုပ်ဆီမှာလည်း အဲ့လောက် ငွေများများမရှိပါဘူး။ ဒီတော့ စစ်ဘက်သုံးမှော်စက်တွေနဲ့ အပြည့်အဝဆင်ပေးထားတာက လူသားအစောင့်ရာချီကိုပါပဲ။ တခြားမျိုးနွယ်စုအစောင့်တွေကိုတော့ သူတို့အကြိုက်ဆုံး လက်နက်ရွေးယူခိုင်းထားတယ်။”

“ဒီလိုကိုး” ဆယ်ဗီနီက သက်ပြင်းချသည်။ သူမက အစောင့်တန်းကြီး နှစ်တန်းကိုကြည့်ရှုပြီးနောက် ဆက်ပြောပါ၏၊ “ကောင်းပြီလေ ရှင်က အားလုံးပြင်ဆင်ထားပြီးမှတော့ ဒီလုပ်ငန်းကို စကြတာပေါ့။”

ရှုယီက ဖိတ်ခေါ်ဟန် ပြလိုက်သည်၊ “တဆိတ်လောက် မင်းသမီးလေး။”

ဆယ်ဗီနီလည်း ခေါင်းငြိမ့်ကာ ပြင်ဆင်ထားသည့် စင်မြင်ပေါ် တက်သွားလိုက်သည်။ သူမက အစောင့်များကိုကြည့်ရင်း လည်ချောင်းရှင်းပြီးနောက် ကြည်လင်စွာ ဆိုလာ၏၊ “စစ်သည်တော်တို့‌ သင်တို့အားလုံးကို ဒီနေ့ဒီ‌နေရာမှာ စုစည်းလိုက်တာဟာ သားရဲလူမျိုးတချို့က ခွင့်လွှတ်ပေးလို့မရနိုင်တဲ့ ပြစ်မှုတစ်ခုကျူးလွန်ထားလို့ပါ။”

.....

ဆယ်ဗီနီ၏ ရှင်းလင်းချက်နှင့် အာဏာအပြည့်မိန့်ခွန်း အဆုံးသတ်သွားချိန်တွင် မှော်ကားများက စစ်ရေးကွင်းပြင်ထဲ ဝင်လာကြသည်။

အနှီမှော်ကားများမှာ ယခင်က မှော်ကားများနှင့် ခြားနားပါ၏။ ၎င်းတို့၏ ကိုယ်ထည်အား သံမဏိပြားထူထူများဖြင့် ဖုံးအုပ်ထားကာ အပြည့်အဝပိတ်လှောင်ထားပြီး ရှေ့တူရူ၌ ဖန်မျက်နှာပြင် ခပ်ထူထူကြီးရှိနေသည်။

၎င်းမှော်ကားများမှာ မည်သည့် ထောင့်ကနေ ကြည့်ကြည့် ခက်ထန်ဟန်ပေါ်နေကာ လူများအား အန္တရာယ်ရောင်ဝါကို ပေးစွမ်းနေလေ၏။

အနှီ ထူးထူးဆန်းဆန်း မှော်ကားများဝင်လာသည်ကို မြင်သော် ဆယ်ဗီနီမှာ အံ့ဩသွားပြီးနောက် ရှုယီကို မေးလေသည်၊ “ဒါက ရှင်အရင်ကပြောတဲ့ မှော်သံချပ်ကာယာဉ်တွေလား?”

“ဟုတ်ပါတယ် ဒီကားတွေကို ကိုယ်ထည်ပဲ ဖြစ်ဖြစ် တာယာပဲဖြစ်ဖြစ် စိတ်ကြိုက်လုပ်ထားတာမို့ အထဲက လူတွေကို မထိခိုက်စေနိုင်ဘဲ အထိအခိုက်ပမာဏတစ်ခုထိ တောင့်ခံနထုင်တာကြောင့် စစ်သားတွေကို စစ်မြေပြင်ဆီ တင်ဆောင်သွားဖို့ အရမ်းသင့်တော်တယ်။” ရှုယီဖြေလိုက်သည်။

ဆယ်ဗီနီက ရှေ့တိုးလာသည့် မှော်သံချပ်ကာယာဉ် အစီးငါးဆယ်ကိုကြည့်ရင်း အနည်းငယ် ပြောစရာမဲ့သွားသည်။

၎င်းအား 'အထိအခိုက်ပမာဏတစ်ခုကို တောင့်ခံနိုင်သည်'ဟု ခေါ်ဆိုသည်လား?

သံမဏိပြားထူထူကြီးများနှင့်တင် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ဟန့်တားရန် လုံလောက်သည် မဟုတ်ပေဘူးလား?

၎င်းသံမဏိပြားများထက်၌ မှော်အလင်းတောက်ပနေသည်ကို မဆိုထားနှင့် ၎င်းတို့ထက် မြှုပ်နှံထားသည့် မှော်အစီအရင်များရှိသည်မှာ သေချာသည်။

ခန့်မှန်းစရာပင်မလို ၎င်းတို့မှာ သေချာပေါက် အကာအကွယ်အစီအရင်များပင်။ ၎င်းတို့က မှော်သံချပ်ကာယာဉ်များ၏ အကာအကွယ်ကို တိုးစေပြီး မှော်မန္တာန်များ၏ သက်ရောက်မှုကို အဆင့်တစ်ခုထိ ခုခံနိုင်ပေ၏။

မှော်သံချပ်ကာယာဉ်ထဲ ထိုင်နေခြင်းဖြင့် စစ်မြေပြင်ဆီ တန်းတန်းမတ်မတ် ချီတက်နိုင်သည့် အဓိပ္ပာယ်ပင်။

“အဲ့လောက်ကြီးတော့လည်း မဟုတ်ပါဘူး။” ရှုယီက အပြုံးဖြင့် ခေါင်းခါပါ၏၊ “မမေ့နဲ့ဦး စွမ်းအားကြီးမှော်ပညာရှင်တွေကို လျစ်လျူရှုထားရင်တောင် စွမ်းအားကြီး မှော်အမြောက်တွေတော့ ရှိနေသေးတယ်လေ။”

“အဲဒီမှော်ပညာရှင်တွေက ဘယ်လိုများ လွတ်လွတ်လပ်လပ်ပြုမူနိုင်ရမှာလဲ? ဒီမှော်သံချပ်ကာယာဉ်တွေကို တိုက်ခိုက်တာက လူတစ်ယောက်ရဲ့ မှော်ပညာကို ဖြုန်းတီးတာပဲ။” ဆယ်ဗီနီက ရှုယီကို စိုက်ကြည့်လိုက်ပြီးနောက် အနှီ မှော်သံချပ်ကာယာဉ်များထံ ပြန်လှည့်လိုက်သည်၊ နောက်တွင် သူမက မနေနိုင်တော့ဘဲ သက်ပြင်းချရင်း ခေါင်းခါ၏၊ “လမ်ပူရီတိုင်းပြည်မှာသာ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေလို တူညီတဲ့လက်နက်တွေရှိရင် စခ်တိုင်းပြည်ကို လုံးဝ ပူပန်နေဖို့တောင် လိုမှာမဟုတ်ဘူး။”

“ဒါကတော့ .....” ရှုယီမှာ ခြောက်ကပ်ကပ်ရယ်ပါ၏၊ “ဒါက သေချာပေါက် မဖြစ်နိုင်ဘူး။ ကျုပ်အစောင့်တွေရဲ့ လက်နက်တွေနဲ့တင် ရွှေဒင်္ဂါး ငါးသိန်းကျော်သုံးခဲ့ရတာ တခြားကုန်ကျစရိတ်တွေကို မပြောနဲ့ဦး ထောက်ပံ့ကြေးတွေနဲ့ လေ့ကျင့်ရေးလက်နက်တွေရောပါသေးတယ်။ ပျမ်းမျှဆိုရင် အစောင့်တစ်ယောက်ဆီအတွက် ရွှေဒင်္ဂါး ရှစ်ရာကျော်ကုန်ကျတယ်၊ တော်ဝင်စစ်တပ်က အဲ့လောက်များများ သုံးနိုင်လို့လား?”

ဆယ်ဗီနီက သက်ပြင်းချသည်၊ “စစ်ဌာနချုပ်မှာ တစ်နှစ်ကို ရွှေဒင်္ဂါးငါးသိန်းတောင်မရဘူး၊ ဘယ်လို ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေလို ဇိမ်ကျနေပါ့မလဲ။”

“အရေးကြီးဆုံးက နိုင်ငံက အဲ့လူတွေက စစ်တပ်အပေါ် ငွေမသုံးချင်ကြဘူးလေ၊ အဲ့အစား သူတို့ အိတ်ထဲပဲ ထည့်ရတာပိုသဘောကျတယ်။” ရှုယီက အေးစက်စက်ပြုံးသည်၊ “ကျုပ်ကြားတယ်..... စီမံခန့်ခွဲရေးအစိုးရဌာနက မှော်စက်မှုနယ်ပယ် မြှင့်တင်ရေးနာမည်နဲ့ အဲဒီလုပ်ငန်းစုဆယ်ခုအပေါ်မှာ အခွန်တွေ လျှော့ချဖို့စီစဉ်နေတယ်ဆို? အိုင်း ဒီလူတွေကတော့ သူတို့ကိုယ်တိုင်အတွက် ငွေရှာတဲ့နေရာမှာ ဘာမျက်နှာမှ မလိုချင်ကြဘူးပဲ။”

ဆယ်ဗီနီက မျက်မှောင်ကုပ်လျက် တစ်ခဏတိတ်ဆိတ်နေပြီးနောက် ခေါင်းခါသည်၊ “ကျွန်မ ဒါကို မဆွေးနွေးချင်ဘူး။ ရှုယီ သူတို့ကို စခိုင်းလိုက်တော့။”

ဆယ်ဗီနီ၏ ပင်ပန်းနေဟန်ကိုမြင်သော် နံဘေးမှ ရှုယီက သက်ပြင်းချသည်။ သူက စင်ထက်၌ ရပ်ကာ ပြင်ဆင်ထားပြီးသားအစောင့်များကို ကြည့်လိုက်သည်။ ခေါင်းတချက် ငြိမ့်ပြပြီးနောက် သူက အော်လိုက်ပါ၏၊ “ကျုပ်အခု ဆန်နက်မြေရိုင်းသန့်စင်မှု စတင်ကြောင်း ကြေညာတယ်!”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၃။ အကျိုးဆက်များ

Frestech ကုန်သည်ကြီးများအသင်း ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးနွယ်စုမှားကို သန့်စင်ရန် မင်းသမီးလေး ဆယ်ဗီနီနှင့်အတူ အလုပ်လုပ်ခြင်းက လမ်ပူရီတိုင်းပြည်ရှိ အာရုံအတော်များများကို ဆွဲဆောင်သွားခဲ့ခြင်းမရှိချေ။

ရှုယီနှင့် မင်းသ‌မီး ဆယ်ဗီနီအား အထူး အာရုံစိုက်တတ်သော ⟨ ဘန်တာတိုင်းမ်စ် ⟩ နှင့် ⟨ လမ်ပူရီ အပတ်စဉ် ⟩ တို့သည်ပင် ရှုယီက ဤကိစ္စကို ဂရုစိုက်သောကြောင့် ဤကိစ္စကို ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိချေ။

သို့ရာတွင် လမ်ပူရီတိုင်းပြည်ရှိ အခြေအနေအား ထင်ရှားသည့် ဖြစ်ရပ်မရှိဟု မယူဆနိုင်ပေ။

အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုဆယ်ခုနှင့် ၎င်းတို့၏ ပူးပေါင်းမှုကို အဆုံးသတ်ခဲ့ရာ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် တစ်ဖက်သတ် စာချုပ် ဖောက်ဖျက်ကြောင်း ဖော်ပြခဲ့သဖြင့် ဌာနက ၎င်းတို့၏လုပ်ငန်းစုအတွက် နိုင်ငံတွင် မည်သည့်မှော်စက်များကိုမဆို ထုတ်လုပ်ခွင့် ပယ်ဖျက်ရမည်ဖြစ်သည်။

မျှော်လင့်မထားစွာဖြင့် Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို လုံးဝ ခုခံလာခြင်းမရှိပေ။

ထို ဆုံးဖြတ်ချက် ချလိုက်ချိန်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ လဝက်အတွင်း လမ်ပူရီတိုင်းပြည်၏ မြို့ ၆ခုရှိ ၎င်းတို့၏ ထုတ်လုပ်ရေးအခြေစိုက်ဌာနများကို ပိတ်ချကာ မှော်စက်ထုတ်လုပ်ရေးအားလုံးကို ရပ်တန့်ခဲ့သည်။

အခြား မရပ်တန့်သည်မှာ မြို့များစွာရှိ Frestech ကုန်သည်ကြီးများအသင်းထံမှ ဝန်ဆောင်မှုဌာနများသာ ကျန်ခဲ့ပြီး Frestech တံဆိပ်မှော်စက်များ ဝယ်ယူခဲ့သူများစွာထံ အရောင်းဝန်ဆောင်မှာများ ထောက်ပံ့နေသည်။

ကျန်သည်များကို မိုးကျတောင်ကြားမှ ရွှေ့လိုက်ပြီးဖြစ်၏။ မှော်သုတေသနဌာနနှင့် မှော်စက်ထုတ်လုပ်ရေးဌာနတို့အား ဆန်းဒ်တွန်အိမ်ရာထံ ပြောင်းရွှေ့ခဲ့၏။

ထို့အပြင် ထိုနေရာ၂ခုမှာ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ ထုတ်ကုန်များကိုသာ ထုတ်လုပ်ပြီး မည်သည့် ထုတ်ကုန်အသစ်ကိုမှ မဖန်တီးသလို မည်သည့်မှော်စက်ကိုမှလည်း မထုတ်လုပ်ခဲ့သဖြင့် ဌာန၏ စည်းမျဉ်းများကို ချိုးဖောက်ရာမကျပေ။

၎င်းအပြင် ပုံမှန်လည်ပတ်နေသည့် တစ်ခု‌တည်းသောစက်ရုံမှာ ခိုရိုကျေးရွာရှိ စည်သွပ်သီးစက်ရုံ ဖြစ်ပါ၏။

ထို့ကြောင့် တစ်ခဏအတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်၌ အလားအလာအရှိဆုံး လုပ်ငန်းစုအဖြစ်မှနေ၍ မည်သည့် မှော်စက်များကိုမှ မထုတ်လုပ်နိုင်တော့သည့် လုပ်ငန်းစု တစ်ခုဖြစ်သွားသည်။ လူများစွာကမူ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် သေမိန့်ဟု ထင်ကြသည်။

မှော်စက်များမထုတ်လုပ်နိုင်သည့် Frestech ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းအဖြစ် ဆက်ရှိနိုင်သေးမည်လား?

မှန်ပါ၏၊ လူများမှာ လက်ရှိအခြေအနေမှ ဝမ်းနည်းမှုကို ပြသခဲ့ရုံတင်မက ထိတ်လန့်ကာ ဒေါသထွက်သူများစွာပင် ရှိသည်။

မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနက Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ နည်းစနစ်ကို ဖော်‌ထုတ်ကာ လုပ်ငန်းစုဆယ်ခုနှင့် အလုပ်အတူလုပ်ရန် တွန်းအားပေးချိန်တွင် လူတိုင်းက ၎င်းမှာ စီးပွားရေးအခြေခံစည်းမျဉ်းကို ချိုးဖောက်၍ Frestech ကုန်သည်ကြီးများအသင်းထံမှ လုယူခြင်းဟု တွေးကြသည်။

ယခုတွင် ဥက္ကဌရှုက ၎င်းကို မတောင့်ခံနိုင်တော့ဘဲ မမျှတသည့်သဘောတူညီချက်ကို ချိုးဖျက်လိုက်ရာ ဌာနက သေချာပေါက် အပြည့်အဝအပြစ်ရှာကာ Frestech ကုန်သည်ကြီးများအသင်းကို ပျက်စီးရာပျက်စီးကြောင်း ရှာပေးလိမ့်မည်ပင်!

Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို မငြင်းဆန်ခဲ့သော်လည်း နိုင်ငံ၌ အနှီမေးခွန်းထုတ်သည့် အသံများစွာရှိသည်။

နိုင်ငံ၏ မြို့များစွာတွင် အတူတကွ စုစည်းနေသည့် နိုင်ငံသားများစွာရှိသည်။ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်း တည်ဆောက်ထားသည့် ဝန်ဆောင်မှုဌာနများအရှေ့၌ စုဝေး၍ ၎င်းတို့၏ ထောက်ခံမှုကို ပွင့်ပွင့်လင်းလင်း ဖော်ပြကြသည်။

မြို့သတင်းစာများတွင် Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံသည့် ဆောင်းပါးများစွာ ရှိသည်။

၎င်းတို့အကြားတွင် တိုက်ရိုက်အကျဆုံး ခေါင်းစီးမှာ ⟨ လမ်ပူရီ အပတ်စဉ် ⟩ ထဲ၌ ရှိပေ၏။

“မှော်စပ်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန = ဂိုဏ်းခေါင်းဆောင်တွေ?”

အနှီ ပနံသင့်လှသည့် ခေါင်းစဉ်က လူများကို အတန်ငယ် အံဩသွားစေရာ ပို၍တိုက်ရိုက်ကျကာ ပို၍ထကါလာသည့် ဆောင်းပါးတစ်ခုပင် ရှိခဲ့သေးသည်။

ဆောင်းပါးထဲတွင် လှံတံခေါင်းအား မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန၌ ချိန်ရွယ်ထား၏။ ၎င်းတို့မှာ ဌာနက မှော်စက်မှုနယ်ပယ်ကို စီမံခန့်ခွဲရန် မထိုက်တန်၊ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအား ပွင့်ပွင့်လင်းလင်း လုယက်နေသည့် လုပ်ငန်းစုဆယ်ခုကိုသာ ကူညီနေကြရုံဖြစ်ပြီး ဓားပြဂိုဏ်းခေါင်းတောင်များဟုပင် ဖော်ပြထား၏!

အနှီဆောင်းပါးထံ၌ အခြားသတင်းစာများကဲ့သို့ မရေမရာ ဘာသာစကားမျိုးကို သုံးထားခြင်းမဟုတ်ဘဲ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနဟု ထုတ်ဖော်ပြောဆိုထားသည်။ ဆောင်းပါး အဆုံးတွင်မူ Frestech ကုန်သည်ကြီးများအသင်းကို ဤသို့ ဆက်ဆံဝံ့စေရန် အားကောင်းကောင်းထောက်ပံ့ပေးထားသည့် ထိုလုပ်ငန်းစုဆယ်ခုနောက်ကွယ်မှ မျိုးရိုးမြင့်ကြီးများကို ထုတ်ဖော်ပြောဆိုထားသည်။

အတွင်းကြိတ်တချို့ကိုနားလည်ထားသူများက ၎င်းကို မြင်သော် နှလုံးရောဂါပင် ရလုမတတ်ဖြစ်သွားကြ၏။

၎င်း ⟨ လမ်ပူရီ အပတ်စဉ် ⟩မှာ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနထံ အမြှောက်စာကို ပစ်လွှတ်ရဲပြီး ၎င်းနောက်ကွယ်မှ လူများကိုပင် ထုတ်ဖော်ဝံ့သည်မှာ သေခြင်းကို တောင်းဆိုနေခြင်းသာ။

သို့ရာတွင် ရေးသားသူ အမည်ကို မြင်လိုက်ကြချိန်၌ နားလည်သွားနိုင်ကြတော့၏။

၎င်းမှာ ဘာရွန်ဟားနက်စ် ဖြန့်ချိထားသည့် ဆောင်းပါးဖြစ်ရာ နားလည်နိုင်ပေသည်။

သို့သော် စဉ်းစားကြည့်လျှင် အတွင်းပိုင်းကို သိကြသူများမှာ ၎င်းကြောင့် ပို၍ပင် အံ့ဩထိတ်လန့်နေကြ၏။

ဘာရွန်ဟားနက်စ်အနေနှင့် ၎င်း ⟨ လမ်ပူရီ အပတ်စဉ် ⟩ကို စီစဉ်နိုင်ပြီး ⟨ လမ်ပူရီ အပတ်စဉ် ⟩က အန်ဗီမာမြို့တော်တော်၌ အခြေတည်နိုင်ကာ လမ်ပူရီတိုင်းပြည်ရှိ အလွှမ်းမိုးနိုင်ဆုံး သတင်းစာများအနက် တစ်ခုဖြစ်လာခဲ့သည့် အကြောင်းအရင်းမှာ သူ၏နောက်ကွယ်မှ အရေးကြီးပုဂ္ဂိုလ်များ၏ ထောက်ပံ့မှုကြောင်း ဖြစ်သည်။

ယခုတွင် သူက အနှီဆောင်းပါးကို ဖြန့်ချိခဲ့ရာ ၎င်းက သူ၏နောက်ကွယ်ရှိ လူများ၏ ဆန္ဒကို ကိုယ်စားပြုပြီး ၎င်းတို့၏ သဘောထားကို အတိအလင်းဖော်ပြနေခြင်းပင်။

ဆောင်းပါးမှာ ထိုမျှအထိ ပြင်းထန်နေရာ သူ၏နောက်ကွယ်ရှိ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံနေသူများက ဤတစ်ခေါက်တွင် မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနကို အမှန်တကယ် မကျေမနပ်ဖြစ်နေကြခြင်းသာ။

၎င်းတို့အကြား အကြီးမားဆုံး တုံ့ပြန်ခဲ့သူမှာ ဆိုဝယ်လ်မြို့၏ ကောင့်ထ်စီယန်ဖြစ်ခဲ့ပြီး သူဟာ သူ၏ သဘောထားကို အရှင်းလင်းဆုံး ဖော်ပြခဲ့သည်။

ဌာနက မှော်စက်များအတွက် အခွန်မြှင့်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ကောင့်ထ်စီယန်က မှော်စက်များအတွက် အခွန်များပိုမို ဖြတ်တောက်ပေးကာ ဌာနထံပေးရမည့် အခွန်ပေးချေမှုများ ညီမျှစေရန် ယင်းလုပ်ငန်းစုများကို ခွင့်ပြုခြင်းဖြင့် ဆန့်ကျင်ခဲ့ပါ၏။

ထို့အပြင် တစ်ချိန်တည်းမှာပင် ကောင့်ထ်စီယန်က အထူးအခွန်များအပေါ် အင်မတန်ဆိုးဝါးသည့် သဘောထားရှိသည်။ ၎င်းက ဆိုဝယ်လ်မြို့ရှိ မှော်စက်လုပ်ငန်းများအား ဤနှစ် လမ်ပူရီတိုင်းပြည်၏ အခြားမှော်စက်လုပ်ငန်းစုများထက် များစွာပို၍ ကောင်းကောင်း လုပ်နိုင်စေခဲ့သည်။

ကောင့်ထ်စီယန်၏ မူဝါဒများကြောင့် ဆိုဝယ်လ်မြို့သို့ ပြောင်းရွှေ့သွားခဲ့သည့် မှော်စက်လုပ်ငန်းစုများစွာရှိသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ယခင် ထုတ်လုပ်ရေးအခြေစိုက်ဌာန ပတ်လည်တွင် ဆိုဝယ်လ်မြို့အပြင်ဘက်၌ တည်ဆောက်ထားသည့် မှော်စက်မှုဇုန်ကြီးတစ်ခု ရှိလေ၏။

၎င်းက ယခင် ဘန်တာမြို့နှင့် မယှဉ်နိုင်သော်လည်း အနှီမှော်စက်မှုဇုန်ထံ၌ မှော်စက်အားလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းစုများစွာပါဝင်‌သည်ဖြစ်ရာ ၎င်းအား ပြီးပြည့်စုံသည့် စက်မှုဇုန်ဟု သတ်မှတ်နိုင်ပေသည်။

ဌာနမှ Frestech ကုန်သည်ကြီးများအသင်းအား နိုင်ငံ၌ မှော်စက်များ ထပ်မံထုတ်လုပ်မရနိုင်တော့ဟု ကြေညာလိုက်ချိန်တွင် ကောင့်ထ်စီယန်က ၎င်းတို့အား မည်သည့် မျက်နှာသာမှမပေးဘဲ ဌာန၏ စည်းမျဉ်းများကို လိုက်နာမည်မဟုတ်ဟု တိုက်ရိုက်ကြေညာကာ ဆန့်ကျင်ခဲ့သည်။

မြို့စားအနေနှင့် နိုင်ငံ၏ဌာန စည်းမျဉ်းများကို ဆန့်ကျင်ခြင်းမှာ အင်မတန် ပြင်းထန်သည့် ကိစ္စရပ်ဖြစ်သော်လည်း ကောင့်ထ်စီယန်က ဆိုဝယ်လ်မြို့၏ မြို့စားအဖြစ် နေရာ၌ မြဲမြဲမြံမြံထိုင်နေပြီး လုံးဝ ပြောင်းရွှေ့ပေးခြင်းမပြုချေ။

မှန်ပေသည်၊ အထက်ရှိ လူများ၏ တိုက်ပွဲမှာ နိုင်ငံ၏ သာမန်ပြည်သူများအတွက် လက်လှမ်းမီရန် ဝေးလွန်းပါ၏။

ထိုသာမန်ပြည်သူများအတွက် တစ်ခုကိုသာ သတိပြုမိကြသည်။ ၎င်းမှာ ယခု Frestech ကုန်သည်ကြီးများအသင်းအား နိုင်ငံတွင် မှော်စက်များထုတ်လုပ်ခြင်းမှ တားမြစ်ထားပြီး ၎င်းတို့အတွက် ဖန်တီးပေးခဲ့သော အလုပ်အရေအတွက်များစွာက ပျောက်ဆုံးသွားကာ လူများစွာက ၎င်းတို့၏အလုပ်များကို တိုက်ရိုက်ပင် ဆုံးရှုံးလိုက်ရတော့သည်။

လုပ်ငန်းစုများက လူများစတင်စုဆောင်းနေပါသော်လည်း ၎င်းတို့ပေးသည့် လစာများမှာ နည်းပါးလွန်းလှပြီး လူမှုဖူလုံရေးမူဝါဒများစွာလည်း ပျောက်ကွယ်သွားသည်။ သဘာဝကျကျပင် ၎င်းက လူများစွာကို မကျေမနပ်ဖြစ်စေ၏။

၎င်းအပြင် ထိုသည်ကြောင့် အပြင်းထန်ဆုံး ထိခိုက်ရသည်မှာ Frestech ကုန်သည်ကြီးများအသင်းအပြင် ၎င်းတို့အပေါ် မှီခိုနေကြသည့် အသေးစားလုပ်ငန်းစုများစွာလည်းပါသည်။

Frestech ကုန်သည်ကြီးများအသင်းက မှော်စက်များ ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်ပြီးနောက် ၎င်းတို့နှင့် သက်ဆိုင်သော အသေးစားလုပ်ငန်းစုများအားလုံးလည်း လွှမ်းမိုးခံလိုက်ရသည်သာ။

ဥပမာဆိုရသော် Frestech ကုန်သည်ကြီးများအသင်း အတွက် အစိတ်အပိုင်းများထုတ်လုပ်ပေးသည့် လုပ်ငန်းစုလေးများပင်။ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်များ ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်ပြီး လုပ်ငန်းစုဆယ်ခုထံ၌ ၎င်းတို့၏ ကိုယ်ပိုင်အစိတ်အပိုင်းထုတ်လုပ်ခြင်း စနစ်ရှိခြင်းကြောင့် ၎င်းလုပ်ငန်းစုလေးများအတွက် အမှာစာ ရယူဖို့ရာ ခက်ခဲသွားသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်များ ထုတ်လုပ်ခြင်း ရပ်တန့်ကြောင်း ကြေညာပြီးနောက် တစ်လအတွင်းတွင် ဘန်တာမြို့ရှိ အစိတ်အပိုင်းအထူးပြုလုပ်ငန်းစု ဆယ်ခုကျော်မှာ ပိတ်ချသွားလေ၏။

မှော်စက်များအတွက် အထူးအခွန်များကျလာပြီးနောက် ရပ်တန့်ခဲ့သော အခြားလုပ်ငန်းစုများထဲ ထည့်ပေါင်းလိုက်သော် နှစ်တစ်ဝက်အောက်အတွင်း ဘန်တာမြို့မှာ မှော်စက်ဆိုင်ရာ လုပ်ငန်းစုတစ်ဝက်ကို ဆုံးရှုံးလိုက်ရသည်။

လက်ရှိ ဘန်တာမြို့အား ကြွယ်ဝသည်ဟု သတ်မှတ်နိုင်သေးသော်လည်း လွန်ခဲ့သည့် နှစ်တစ်ဝက်နှင့် စာလျှင် ယှဉ်နိုင်ရန် ဝေးလံနေသေးပါ၏။

အရေးကြီးဆုံးအရာမှာ Frestech ကုန်သည်ကြီးများအသင်း၏ အမှတ်အသားက လမ်းများမှ ပျောက်ကွယ်သွားခြင်းပင်။ နေရာတိုင်း၌ တွေ့ရှိနိုင်သည့် တောင်ပံတစ်ဝက်သင်္ကေတမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာ၌ အစားထိုးလာသည်မှာ လုပ်ငန်းစု ဆယ်ခု၏ အမှတ်အသားများပင်။

အရာအားလုံးက အချက်လက်တစ်ခုကို ကြေညာနေပုံပင်ပေါ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့မှ ပျောက်ကွယ်သွားပြီဟု။

သို့ရာတွင်..... Frestech ကုန်သည်ကြီးများအသင်းက တကယ်ပဲ ပျောက်ကွယ်သွားမည်လား?

ဘန်တာမြို့ထံမှ အနောက်တောင်သို့ အမြင်ရွှေ့ကြည့်လိုက်လျှင် ဘန်တာမြို့မှ ကီလိုမီတာ နှစ်ရာပတ်လည် အကွာရှိ ဆန်နက်မြေရိုင်းကို ရောက်မည်။ သို့မဟုတ် ပို၍ တောင်ပိုင်းကျကျကိုသွားကာ စတက်တိန်းနယ်မြေဆီ ရောက်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းက မပျောက်ကွယ်ရုံမျှမက ထိုနေရာနှစ်နေရာ၌ အလျင်အမြန်တိုးတက်လာသည်ကိုပင် ရှာတွေ့နိုင်လေသည်။

ဆန်နက်မြေရိုင်းနှင့် စတက်တိန်းနယ်မြေရှိ လမ်းများမှတဆင့် ပြေးလွှားနေသော ပို့ဆောင်ရေးမှော်ကားများ မရေတွက်နိုင်အောင်ရှိနေပြီး Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို မတူညီသည့်နေရာများထံ ပို့ဆောင်နေကြသည်။

ဌာနက Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်၌သာ မှော်စက်များထုတ်လုပ်ဖို့ရန် တားမြစ်ထားသော်လည်း ရောင်းချခြင်းကိုတော့ မ‌တားမြစ်ထားချေ။

အကြောင်းအရင်းက?

ရှင်းပါသည်၊ ဤကိစ္စမှာ နိုင်ငံ၏စီးပွားရေးဌာနနှင့်သာ ဆိုင်ပြီး မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနက ၎င်းကို ကြားဝင်စွက်ဖက်ခွင့်မရှိပေ။

စီးပွားရေးဌာနက Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားလိုလျှင်တောင် လူတိုင်း၏ ဒေါသများဆောင့်တက်နေစဉ်တွင် အနှီတားမြစ်မှုကို မည်သို့များ ထုတ်ဝံ့မည်နည်း?

ဘုရင်ကြီးအဲရစ်သည်ပင် ထိုအမိန့်ကို မထုတ်ပြန်ရဲချေ.....

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၄။ ဘုရင်ဖြစ်သည်က ပျော်စရာကိစ္စမဟုတ်

အဲရစ်က လက်ထဲရှိ စာတမ်းကိုကြည့်ကာ မျက်မှောင်ကုပ်လိုက်သည်။

တအောင့်ကြာပြီးနောက် သူဟာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်၍ စာတမ်းကို ချထားတော့သည်။ သူက မျက်လုံးများပိတ်၍ နှာခေါင်းရိုးကို ဖိနှိပ်ကာ အနည်းငယ် ပြေလျော့ရန် ကြိုးစားနေသည်။

မွန်းလွဲတစ်ခုလုံး စာတမ်းများကို ပြန်ကြည့်နေပြီးနောက် ရေအိမ်သွားသည်မှလွဲ အနားယူခြင်း လုံးဝမရှိလေရာ အင်မတန် ပင်ပန်းနေတော့သည်။

စားပွဲထက်ရှိ စာရွက်စာတမ်းအပုံလိုက်ကြီးကိုကြည့်ရင်း အဲရစ်မှာ မနေနိုင်ဘဲ ခါးသက်သက်ပြုံးမိသည်။

ထီးနန်း ဆက်ခံမှုမပြုခင်က သူ စိတ်ကူးခဲ့သည်မှာ သူသာ နိုင်ငံ၏ဘုရင်ဖြစ်လာပါက အင်မတန် ပျော်ရွှင်ကျေနပ်ဖွယ်ကိစ္စဖြစ်လိမ့်မည်ဟုပင်။

သို့သော် ယခုတွင် သူ ထီးနန်းဆက်ခံထားရာ ပထမရက်အနည်းငယ်၌ ပျော်ရွှင်ခဲ့ရသည်မှလွဲ လွန်ခဲ့သည့် နှစ်တစ်ဝက်လုံး မရပ်မနားဘဲ အလုပ်လုပ်နေခဲ့ရပြီး အနားယူဖို့ အချိန် လုံးဝမရှိချေ။

ဤအင်မတန် အလုပ်များသည့်ဘဝက မင်းသားတစ်ပါးဖြစ်စဉ်က လတ်လျားလတ်လျား နေထိုင်သွားလာခဲ့စဉ်အချိန်များကို သူ့အား ပြန်စဉ်းစားမိစေသည်။

ထိုအချိန်က သူ့အနေနှင့် နိုင်ငံရေးကိစ္စများ စဉ်းစားနေဖို့ မလိုအပ်ဘဲ မည်သည့်အချိန်၌မဆို စားနိုင်၊ အိပ်နိုင်၊ ကစားနိုင်ပေသည်။

သို့သော် ယခု ဘုရင်ဖြစ်နေပြီး အလုပ်များလှသောကြောင့် ကောင်းကောင်းမအိပ်နိုင်သလို နေ့စဉ်နေ့တိုင်း စားဖို့ အချိန်ပင် မကျန်ရာ အားလပ်သည့် အခိုက်အတန့်လေးတစ်ခုပင်မရှိချေ။

ဆော့ကစားဖို့ရန်? သူ့အနေနှင့် အိပ်မက်ထဲ၌ပင် စာတမ်းများ ပြန်ဖတ်နေရသည်!

သူ၏ဖခင် စာရွက်စာတမ်းများကို စီမံခန့်ခွဲရင်း အလုပ်များနေသည်ကို မြင်ခဲ့စဉ်က ဂရုမစိုက်ခဲ့မိသော်လည်း ယခုတွင် သူကိုယ်တိုင်လုပ်ဆောင်နေရရာ ဘုရင်တစ်ပါးဖြစ်ခြင်းက အမှန်တကယ်ကို သက်တောင့်သက်သာမရှိလှကြောင်း နားလည်လိုက်ပါ၏။

တကယ်တမ်းတွင် သူပင်ပန်းရခြင်းအကြောင်းအရင်းမှာ စိတ်တိုင်းမကျခြင်းကြောင့် ဖြစ်သည်ကို သိပါ၏။

အဘယ့်ကြောင့် သူ့အနေနှင့် ဘုရင်ဖြစ်လာခဲ့ချင်ရသနည်း? သဘာဝကျစွာပင် ဘုရင်ဖြစ်ခြင်းက သင့်အား နိုင်ငံ၌ အကြီးမားဆုံးအာဏာကို ပေးစွမ်းလေသည်။

သို့သော် သူ ဘုရင်ဖြစ်လာပြီးနောက်တွင် သူဟာ မည်သည့် အားလုံးကိုမှ ထိန်းချုပ်ရခြင်း မရှိသည်ကို တွေ့ရလေ၏။

သူ စကားပြောဆိုချိန်၌ဖြစ်စေ အမိန့်ပေးချိန်၌ဖြစ်စေ မည်သူကမှ ဂရုမစိုက်ရာ ဘုရင်တစ်ပါးဖြစ်ခြင်း၌ မည်သည့်အဓိပ္ပာယ်ရှိသနည်း?

“ဒေါက် ဒေါက်”

တံခါးမှ ခေါက်သံထွက်လာပြီး အဲရစ်မဖြေနိုင်ခင်တွင် ပွင့်သွားကာ ရင်းနှီးနေသည့် သဏ္ဍာန်တစ်ခု ဝင်လာ၏။

သူ့ရှေ့၌ ပုံမှန်သာ အမြဲ လျှောက်လှမ်းနေတတ်ကာ အုပ်ချုပ်သူနှယ် ပြုမူလျက် သူ့ရှေ့ ဖြေးဖြေးဆေးဆေးရောက်လာသည့် သက်လတ်ပိုင်းလူကြီးကိုကြည့်ရင်း အဲရစ်မှာ ဖျစ်ညှစ်ပြုံးလိုက်မိသည်။

“ဒုခ့်စတက်ဂျ်, တစ်ခုခု လိုလို့လား?”

ဒုခ့်စတက်ဂျ်က ခါးအသာကိုင်းလိုက်သည်မှာ အဲရစ်ကို ဦးညွှတ်သည်ဟု မှတ်ယူနိုင်၏။

“အရှင်မင်းကြီး အခု အရှင်မင်းကြီးကို လာအနှောင့်အယှက်ပြုရတာက စစ်ဘက်အသုံးစရိတ်ညီလာခံ သုံးရက်အတွင်း ရှိမယ်ဆိုတဲ့အကြောင်း ပြောဖို့ပါ။”

ဒုခ့်စတက်ဂျ်၏ အသံအနေအထား၌ မည်သည့် လှိုင်းမှမပါဘဲ တည်ငြိမ်နေသော်ငြား အဲရစ်မှာ ၎င်းကို ကြားချိန်တွင် နှလုံးခုန်သံ တစ်ချက်‌လွဲချော်သွားရသည်။

ခဏတာ တိတ်ဆိတ်နေပြီးနောက်တွင် အဲရစ်က မေးလိုက်ပါ၏၊ “ဒုခ့်စတက်ဂျ်, ဒါကို သတိပေးရင်း ပြောချင်တာ တစ်ခုခုများရှိသေးလို့လား?”

“ဟုတ်ပါတယ်။” ဒုခ့်စတက်ဂျ်က ခေါင်းငြိမ့်သည်၊ “အရှင်မင်းကြီးက ဒီနှစ် အသုံးစရိတ် အထူးသဖြင့် မြောက်ဘက်စစ်တပ်အတွက် အသုံးစရိတ်ကို တိုးပေးချင်တယ်လို့ ကြားတယ် ဟုတ်ရဲ့လား?”

အဲရစ်က မျက်မှောင်ကုပ်သည်။ သူက ကောလဟာလလေးအနည်းငယ်ကိုသာ အစပျိုးလိုက်ရုံရှိသေးပြီး အနှီ ဒုခ့်စတက်ဂျ်က ချက်ချင်းရောက်လာပြီး သူ့အတွက် မည်သည့်အခွင့်အရေးမှ မပေးချေ။

သို့သော် သူဟာ ၎င်းကို စဉ်းစားရုံစဉ်းစားပြီး ထပ်တူညီစွာ ပြုံးနေဆဲဖြစ်သည်၊ “အင်း ကိုယ်တော့်ဆီမှာ ဒီအတွေးရှိပါတယ်။ အစီရင်ခံစာတွေအရ စခ်တိုင်းပြည်က ပြဿနာရှာဖို့ ပြင်ဆင်နေတယ်လေ။ နယ်စပ်ကို ကာကွယ်ဖို့အတွက် စစ်ဘက်အသုံးစရိတ်ကို တိုးဖို့ သင့်တော်ပါတယ်။ ပြီးတော့ နိုင်ငံရဲ့ အမြတ်ခွန်ကလည်း ဒီနှစ် အကောင်းသားဆိုတော့ အသုံးစရိတ်တိုးတဲ့နေရာမှာ ပြဿနာမရှိလောက်ဘူး။”

ဒုခ့်စတက်ဂျ်မှာ ခဏမျှ တိတ်သွားပြီးနောက် မေးလာလေသည်၊ “အရှင်မင်းကြီး အရှင်က အရမ်းအရေးကြီးတဲ့ ပြဿနာတစ်ခုကို မစဉ်းစားမိဘူးလား?”

“ဘာပြဿနာများလဲ?”

“နောက်နှစ်အစမှာ မျိုးရိုးမြင့်များစွာအပေါ်တင်နေတဲ့ အကြွေးက ကန့်သတ်ချိန်ကုန်ဆုံးတော့မယ်။ အရှင်သာ အချိန်ရောက်လာလို့ ဒီအကြွေးကို မပေးရင် အရေးကြီး ထောက်ခံသူအတော်များများကို ဆုံးရှုံးရမှာလေ....”

“အကြွေး?” အဲရစ်မှာ မျက်မှောင်ကုပ်လိုက်မိသည်။

ထို အကြွေးဟူသည်မှာ ယခင် သူ ထီးနန်းမဆက်ခံခင်က သူ့အတွက် မျိုးရိုးမြင့်များ၏ မြှုပ်နှံမှုများသာဖြစ်သည်။

ထိုလူများမှာ ၎င်းကို ယခင်က ထောက်ပံ့ခြင်းဟုသာ ခေါ်ဆိုခဲ့သည်။ သို့သော် သူ ထီးနန်းဆက်ခံလိုက်သည်နှင့် ယင်း‌အထောက်အပံ့များက ချက်ချင်း အကြွေးဖြစ်လာကာ အဲရစ်အား အကြွေးပြန်ပေးဖို့ တောင်းဆိုကြလေတော့သည်။

မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန ရွေးချယ်ခဲ့သည့် လုပ်ငန်းစုဆယ်ခု၏ ကျောရိုးမှာ ထိုလူများဖြစ်ကြသည်။

အဲရစ်မှာ အမြဲလိုလို Frestech ကုန်သည်ကြီးများအသင်းအား ကရိကထများစေခဲ့ရာ ၎င်းကို သုံးခြင်းဖြင့် သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ရှင်းနိုင်ရုံမျှမက အနှီအကြွေးကိုလည်း ပြန်ဆပ်နိုင်မည်။ ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပါပင်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းအား နည်းပညာ လွှဲပြောင်းပေးခိုင်းခြင်းမှာ နိုင်ငံအတွက် အင်မတန် အဆင်ချောလှသည်။

ထို့ကြောင့် အဲရစ်မှာ ဌာနက Frestech ကုန်သည်ကြီးများအသင်းအပေါ် ကိစ္စအသေးအဖွဲလေးများ ကျူးလွန်ခြင်းအား အမြဲ လွှတ်ပေးထားတတ်ပြီး သူ၏ပန်းတိုင်မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ဝင်ငွေကို လုယူရန်ပင်။

သို့သော် အင်မတန်တိုတောင်းလှသေးပြီး ဈေးကွက်၌ ထိုလုပ်ငန်းစုဆယ်ခုက Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကို မယှဉ်နိုင်သည့်အချက်ပါ ထည့်ပေါင်းလိုက်လျှင် ဤအတောအတွင်း ဝင်ငွေ များများစားစား မရယူနိုင်ခဲ့ကြချေ။ မျိုးရိုးမြင့်များပြော‌ဆိုနေကြသည့် အကြွေးမှာ အဲရစ်အင်မတန် ပူပန်ရသောအရာဖြစ်ပါ၏။

“ဒီအကြွေးပြန်ပေးဖို့ ရံပုံငွေတွေကို ခွဲပေပြီးရင် နိုင်ငံဘဏ္ဍာက နောက်နှစ်မှာ ကြပ်သွားလိမ့်မယ်။” အဲရစ်က ကူရာမဲ့နေသံဖြင့်ဆို၏။

ထီးနန်းကို နှစ်တစ်ဝက်တာ ကိုင်တွယ်နေခဲ့ပြီးနောက်တွင် အဲရစ်မှာ ဘုရင်တစ်ပါးနှင့်ယှဉ်ပါက သူဟာ ကုန်သည်နှင့်သာ ပိုတူကြောင်း သိလိုက်ရတော့သည်။

အကြောင်းမှာ နေ့စဉ်နေ့တိုင်း အခိုက်အတန့်တိုင်း၌ သူဟာ ငွေကိုသာ အမြဲပူပန်နေရလေသည်။ သူ့အနေနှင့် ယခင်က မပူပန်ခဲ့ရသည့် ရွှေဒင်္ဂါးလေး တစ်ပြားစာကဲ့သို့ အသေးအမွှားလေးကိုပင် ပူပန်နေရသည်။

ဘုရင်ဖြစ်လာပြီးနောက်မှသာ လမ်ပူရီတိုင်းပြည်အခြေအနေက လတ်တလော မည်မျှဆိုးရွားနေကြောင်း နားလည်လိုက်တော့၏။

လမ်ပူရီတိုင်းပြည်၏ အကောက်ခွန်မှာ လွန်ခဲ့သည့် ၂နှစ်က အဆမတန်တိုးများလာသော်လည်း ဤနှစ် အကောက်ခွန်မှာ ရွှေဒင်္ဂါး သုံးသန်းမကျော်လောက်ဟု စာရင်းများ ခန့်မှန်းထားကြဆဲပင်။

မြို့တစ်မြို့ထဲ၌ဆိုလျှင် အဆင်ပြေပေသော်လည်း နိုင်ငံတစ်နိုင်ငံအတွက် ၎င်းက အင်မတန် နှမျောဖွယ်ရာပင်။

စစ်ဘက်အသုံးစရိတ် ကာမိကာစဖြစ်သည်ကို မဆိုထားနှင့်။

အဲရစ် မြောက်ဘက်စစ်တပ်ကို ဦးဆောင်၍ စခ်တိုင်းပြည်ကို တိုက်ခိုက်ခဲ့စဉ် အချိန်က အစီရင်ခံစာများတွင် ၎င်းတို့မှာ တစ်နေ့ ရွှေဒင်္ဂါး ငါးသောင်းမှ ခုနစ်သောင်းပတ်လည်အထိ သုံးစွဲခဲ့သည်။

စခ်တိုင်းပြည်နှင့် တစ်လလောက် တိုက်ခိုက်ပြီးနောက်တွင် ၎င်းတို့မှာ ရွှေဒင်္ဂါး တစ်သန်းကျော် သုံးစွဲခဲ့ပြီးဖြစ်၏။

အနှီတိုက်ပွဲက ထိုမျှ မပြင်းထန်ခဲ့ချေ။ ၎င်းတို့သာ အမှန်အကန် စစ်တိုက်ရမည်ဆိုပါက စစ်ဘက်အသုံးစရိတ်များမှာ ၎င်း၏ အဆများစွာ ဖြစ်သွားလိမ့်မည်သာ။

မှန်ပါ၏၊ အဲရစ်အတွက် အရှိန်အဟုန် တစ်ခုဖန်တီးရန် အလို့ငှာ နိုင်ငံရှိ မျိုးရိုးမြင့်များက မြောက်ဘက်စစ်တပ်၌ ပမာဏများစွာ ရင်းနှီး‌မြှုပ်နှံထားရပြီး ၎င်းက သာမန်စစ်တပ်၏ ပုံမှန် သုံးစွဲမှုထက် များစွာ ကျော်လွန်ပေသည်။

သို့သော် မြောက်ဘက်စစ်တပ်၏ သတ်မှတ်သုံးစွဲမှုနှင့်တင် ၎င်းတို့ မတိုက်ခိုက်လျှင်တောင်မှ ရွှေဒင်္ဂါးတစ်သိန်းလိုအပ်ပေသည်။

နိုင်ငံ၏ အခြားစစ်တပ်များကိုပါ ပေါင်းလိုက်သော် ယခင် စစ်ဘက်အသုံးစရိတ် ရွှေဒင်္ဂါးသုံးသိန်းက အင်မတန် များလွန်းနေပြီဖြစ်သည်။

အဲရစ်မှာ စစ်မြေပြင်၌ ရှိနေခဲ့ပြီး စခ်တိုင်းပြည်၏ ကြမ်းကြုတ်မှုကို မြင်ခဲ့ရသည်ပင်။ သူ့အနေနှင့် လမ်ပူရီတိုင်းပြည်၏ လုံခြုံမှုကိုတိုးမြှင့်ရန် မြောက်ဘက်စစ်တပ်၏ ခွန်အားကို တိုးမြှင့်ဖို့လိုအပ်သည်အား နားလည်ပေသည်။

သို့သော် ပြဿနာက ..... ငွေ ဖြစ်သည်။

နိုင်ငံဘဏ္ဍာမှာ တစ်နှစ်ကို ရွှေဒင်္ဂါးသုံးသန်းပတ်လည်သာရှိသည်။ အခြေခံအသုံးစရိတ် ရွှေဒင်္ဂါးတစ်သန်း ဖယ်လိုက်ပြီး မျိုးရိုးမြင့်များရရှိသည့် အကျိုးအမြတ်ကို ထည့်ပေါင်းသော် နောက်ထပ် ရွှေဒင်္ဂါးတစ်သန်း ကုန်ကျသည်။

ကျန်သည့် တစ်သန်းအတွက် တစ်ပိုင်းကို နိုင်ငံ၏ နိုင်ငံတော်၏ အခြေခံအဆောက်အဦးများအတွက် ထုတ်ယူရမည်သာ။

ဥပမာ စီးပွားရေးဌာနက ဘန်တာမြို့ ပတ်လည်ကကဲ့သို့ ကနဦးကုန်ကျစရိတ် ရွှေဒင်္ဂါးနှစ်သိန်းရှိသည့် ဦးပိုင်မြေများ တည်ဆောက်ရန် အဆိုပြုထားသည်။

ထို့နောက် အခြားအရာများကို ထည့်ပေါင်းသော် ရွှေဒင်္ဂါး များများစားစား ကျန်ရှိမနေပေ။

အဲရစ်လိုသလို စစ်ဘက်အသုံးစရိတ်အတွက် ရွှေဒင်္ဂါး အနည်းဆုံး ငါးသိန်းထုတ်ဖို့က မလွယ်တော့။

“အရှင်မင်းကြီး အရှင့်ရဲ့ ပူပန်မှုကို ကျုပ်နားလည်ပါတယ်။” အဲရစ်မျက်နှာထက်ရှိ ခက်ခဲနေဟန်ကိုမြင်သော် ဒုခ့်စတက်ဂျ်က အသာပြုံးကာဆိုသည်၊ “ပထမဆုံး နိုင်ငံကို ကာကွယ်ဖို့ နိုင်ငံရဲ့ စစ်ဘက်အင်အားကို တိုးမြှင့်တာက သေချာပေါက် မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် စစ်ဘက်အသုံးစရိတ်ကို တိုးမြှင့်ဖို့ စဉ်းစားစရာမလိုပါဘူး။”

အဲရစ်က အံ့ဩသွား၏၊ “စစ်ဘက်အသုံးစရိတ်ကို မတိုးရင် ဘယ်လိုလုပ် စစ်တပ်အင်အားကို တိုးနိုင်မှာလဲ? ကိုယ်တော် မြောက်ဘက်စစ်တပ်မှာနေခဲ့တာ ငွေမရှိရင် စစ်သည်တွေအနေနဲ့ ကိုယ်ပိုင်ဝမ်းစာကိုတောင် မဖြည့်နိုင်တော့ ဘာအင်အားမရနိုင်တာကို ကိုယ်တော်သိထားတယ်။”

“ဒါက မှန်ပေမယ့် အရှင်မင်းကြီး နိုင်ငံရဲ့စစ်ဘက်အသုံးစရိတ်ကို ကန့်သတ်ထားပြီး တိုးဖို့ခက်တယ်လို့ စဉ်းစားဖူးလား။ စစ်သည်အရေအတွက်များစွာကို တိုက်ပွဲသက်ရောက်မှု မထိန်းသိမ်းနိုင်မယ့် ဒီကန့်သတ်ထားတဲ့အသုံးစရိတ်နဲ့ ထောက်ပံ့မယ့်အစား စစ်သည်ပမာဏ လျှော့ချပြီး လက်ရွေးစင်စစ်သည်တွေကို လေ့ကျင့်ပေးတာက ပိုကောင်းတယ်။ ဒါက တိုက်ပွဲအင်အားကို တိုးဖို့ ပိုလွယ်သွားစေတာပေါ့” ဒုခ့်စတက်ဂျ်က ဆိုသည်။

“လက်ရွေးစင်စစ်သည်တွေ?” အဲရစ်က မျက်မှောင်ကုပ်လိုက်သည်၊ “ဒုခ့်စတက်ဂျ် ကိုယ်တော်တို့ နိုင်ငံရဲ့ စစ်တပ်မှာ စစ်သည် ငါးသောင်းအောက်ပဲ ရှိတာကတင် ဒီအရေအတွက်လေးနဲ့ နိုင်ငံကို ကာကွယ်ဖို့ ခက်ခဲနေပိလေ။ သူတို့ကိုသာ ထပ်လျှော့လိုက်ရင် နိုင်ငံတဝှမ်းလုံး အပေါက်တွေ ရှိလာမှာမဟုတ်ဘူးလား? စခ်တိုင်းပြည်ကို ဆန့်ကျင်ပြီး ကာကွယ်နိုင်ရင်တောင် ဘာလုပ်နိုင်ဦးမှာ မို့လဲ?”

“ရှင်းပါတယ်။” ဒုခ့်စတက်ဂျ်က ပြင်ဆင်ထားသည်မှာ သေချာလှရာ အပြုံးဖြင့်ဆိုလာသည်၊ “တော်ဝင်စစ်တပ်က အကာအကွယ်တွေကို အဓိက တာဝန်ယူပြီး တခြားတာဝန်တွေအတွက် ကျုပ်လို မျိုးရိုးမြင့်တွေမှာ နိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိတယ်လေ။”

အဲရစ်မှာ အံ့ဩသွားပါ၏၊ “ဘာအဓိပ္ပာယ်လဲ?”

“အနောက်မြောက်ခရိုင်ကို စောင့်ကြပ်နေတဲ့ မြောက်ဘက်စစ်တပ်ကို ယူလိုက်ပါ။ လက်ရှိမှာ စခ်တိုင်းပြည်ရဲ့ ကျူးကျော်မှုကို တားဆီးဖို့ မြောက်ဘက်နယ်စပ်ကို စောင့်ကြပ်ရမှာတင်မကဘူး အနောက်မြောက်ခရိုင်မှာပါ တပ်ဖွဲ့တွေ ချန်ထားဖို့လည်းလိုတယ်၊ ဒါပေမယ့် ကျုပ်က လိုအပ်တာရှိတယ်လို့မထင်ဘူး။ အနောက်မြောက်ခရိုင်မှာ ကိုယ်ပိုင်မျိုးရိုးမြင့်နယ်မြေ ခုနစ်ခုရှိတာကြောင့် အဲဒီမျိုးရိုးမြင့်မိသားစု ခုနစ်စုကိုပဲ သူတို့နယ်မြေတွေကို စောင့်ကြပ်ဖို့ တာဝန်ယူခိုင်းလိုက်ပါ။ ကျုပ်တို့က နယ်စပ်ကို ကာကွယ်ရမယ့်တာဝန်ကို သူတို့ဆီ မျှဝေသွားမယ်။”

အဲရစ်က ခေါင်းခါသည်၊ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ဒါက တော်ဝင်စစ်တပ်ရဲ့ တာဝန်လေ၊ မျိုးရိုးမြင့်တစ်ယောက်ရဲ့ အစောင့်တွေက သူတို့နယ်မြေတွေကို ကာကွယ်ဖို့အတွက်ပဲ တာဝန်ရှိတာ၊ ဘယ်လိုလုပ် နိုင်ငံနယ်မြေကို ကာကွယ်ဖို့ အတူ ဝင်ပါလို့ရမှာလဲ?”

“အရှင်မင်းကြီး အရှင် စခ်တိုင်းပြည်ကို တိုက်ခိုက်ဖို့ မြောက်ဘက်စစ်တပ်ကို ဦးဆောင်သွားတုန်းက မျိုးရိုးမြင့်တွေဆီကနေ ကိုယ်ပိုင်အစောင့်အတော်များများရဲ့ အကူအညီကို ရခဲ့တယ်လေ။ အခုကျမှ ဘာလို့ သူတို့ကို ဒီတာဝန် မျှယူဖို့ ခွင့်မပြုမှာလဲ?” အဲရစ်က တုံ့ဆိုင်းနေသည်ကိုမြင်သော် ဒုခ့်စတက်ဂျ်က ထပ်ပေါင်းပြောသည်၊ “အရေးကြီးဆုံးက အဲဒီကိုယ်ပိုင်အစောင့်တွေရဲ့ အသုံးစရိတ်ကို မျိုးရိုးမြင့်တွေကပဲ တာဝန်ယူမှာပါ၊ နိုင်ငံရဲ့ ဘဏ္ဍာက ပါဝင်ဖို့မလိုဘူး။ ဒါက စစ်ဘက်အသုံးစရိတ်ကို သက်သာအောင်ကူညီနိုင်မယ်မဟုတ်လား?”

အဲရစ်က မျက်မှောင်ကုပ်ကာ အတွေးနက်သွားသည်။

တစ်အောင့်ကြာသည်နောက် သူ၏ ညာလက်ဖြင့် မသိလိုက်ပါဘဲ စားပွဲကို ပုတ်နေရင်း နူးညံ့စွာဆိုလိုက်သည်၊ “ဒါက..... ကြည့်ရတာ အလုပ်ဖြစ်နိုင်တယ်.....”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၅။ ပြောင်းရွှေ့ခြင်း

အလတ်ဆိုဒ်ပို့ဆောင်ရေးမှော်ကားတစ်စီးမှာ ဆန်နက်မြေရိုင်းကို အလျင်အမြန် ဖြတ်သန်းသွား၏။

တာယာများဖြတ်သွားသည့်လမ်းမှာ Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံထားသည့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အသစ်ထုတ်နည်းပညာနှင့် ပြုလုပ်ထားခြင်းပင်။ ထိုလမ်းမှာ ဆယ်မီတာကျော် ကျယ်ရုံသာမက ကားကြီး လေးစင်းဝင်ဆန့်ပြီး ယခင်ကထက်လည်း ပို၍ ချောမွေ့ပါ၏။

တစ်နာရီ ငါးဆယ်ကီလိုမီတာနီးနီး ပြေးဆွဲနေလျှင်ပင် မည်သည့် လှုပ်ခါနေမှုကိုမှ ခံစားရလိမ့်မည်မဟုတ်သလို မည်သို့သော မသက်သာမှုကိုမှလည်း ခံစားရမည်မဟုတ်ပေ။

တကယ်တမ်းတွင် ၎င်းအမြန်နှုန်းက Frestech ကုန်သည်ကြီးများအသင်း သတ်မှတ်ထားသည့် အမြန်နှုန်း အကန့်သတ်ကို ကျော်လွန်သွားပြီဖြစ်သော်လည်း အဘိုးဆာခိုဇီကဲ့သို့ ဝါရင့်ယာဉ်မောင်းတစ်ဦးအတွက် အမြန်နှုန်း အကန့်သတ်ကို ကျော်လွန်ရန်မှာ ပုံမှန်ကိစ္စသာဖြစ်၏။

ဤမှော်ကားအား တစ်နာရီ ငါးဆယ်ကီလိုမီတာအထိသာ ကန့်သတ်ထား‌ခြင်းကြောင့် မဟုတ်ပါလျှင် သူဟာ သေချာပေါက် ပိုမြန်အောင် မောင်းလောက်သည်။

အဘိုးဆာခိုဇီမှာ လက်တစ်ဖက်က စတီယာရင်ဘီးကိုကိုင်လျက် ကျန်တစ်ဖက်က သစ်သီးဖျော်ရည်ပုလင်းကို ကိုင်ကာ သောက်ချလိုက်သည်။

ဆောင်းရာသီ ရောက်နေပြီဖြစ်သောကြောင့် သစ်သီးဖျော်ရည်ကို ခဏ ချထားသည့်နောက်တွင် အတန်ငယ် အေးမြနေပါ၏။ ၎င်းကို သောက်ချလိုက်သော် အဘိုးဆာခိုဇီလည်း မနေနိုင်အောင် တုန်တက်သွားရသည်။

ယာဉ်မောင်းနေစဉ်အတွင်း ပင်ပန်းရန် လွယ်ကူရာ ဖျော်ရည်အေးအေးသောက်ခြင်းက သူ၏ စိတ်ကို လှုံ့ဆော်ပေးရုံသာမက သူ၏ အာဟာရအတွက်လည်း ဖြည့်စွက်စွာဖြစ်သည်။ ၎င်းက ကုန်စည်ပို့ဆောင်ချိန်တွင် အဘိုးဆာခိုဇီ မကြာခဏ ပြုလုပ်နေကျ အရာဖြစ်ပါ၏။

လတ်လတ်ဆက်ဆက်ဖျော်ရည်ပုလင်းကို ချလိုက်ရာ နောက်ဘက်ရှိ ဘယ်ထရိုနိုးလာ၏။ သူက သန်းဝေကာ ထလိုက်ပြီး အပြင်ဘက်ကို ကြည့်၍ အဘိုး ဆာခိုဇီကို မေးလာလေသည်၊ “ကျုပ်တို့အခု ဘယ်ရောက်နေပြီလဲ?”

“ငါတို့ အခုပဲ ဆန်နက်မြေရိုင်းကို ရောက်တာလေ။” အဘိုး ဆာခိုဇီက သာမန်ကာလျှံကာသာ ဖြေလိုက်သည်။

ဘယ်ထရိုမှာ အပြင်ဘက်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လေ၏၊ “အင်း ကောင်းသားပဲ။ ဟုတ်ပြီလေ ကျုပ်ကို မောင်းခိုင်းလိုက်တော့ ခင်ဗျားမောင်းနေတာ နာရီပေါင်းများစွာကြာနေပြီ။”

“အဆင်ပြေပါတယ်။” အဘိုး ဆာခိုဇီက ငြင်းပယ်လိုက်သည်၊ “ခဏနေ ထုတ်လုပ်ရေးအခြေစိုက်ဌာနကို ရောက်တော့မှာပဲ အဲ့ရောက်မှ လဲလိုက်လို့ရတယ်။ ကောင်းကောင်း နိုးအောင်လုပ်ဦး ပြီးမှ ဒီအကြောင်းပြောမယ်။”

ဘယ်ထရိုလည်း စဉ်းစားပြီး အတင်းအကြပ်လုပ်မနေချေ။ သူက ခရီးသည်ထိုင်ခုံထဲသို့ တွားဝင်ရန် ကိုင်းချလိုက်ပြီးနောက် ထိုင်လာ၏။

ပြတင်းအပြင်ကို တစ်အောင့်ကြာ ကြည့်နေပြီးနောက် ဘယ်ထရိုက ရုတ်တရတ် ဆိုလာလေသည်၊ “ဟေး ဆာခိုဇီ ခင်ဗျား တကယ်ပဲ ပြောင်းရွှေ့ဖို့ စီစဉ်ထားတာလား?”

ဆာခိုဇီက သူ နိုးလာပြီးနောက် ချက်ချင်း ထိုမေးခွန်းမေးလာမည်ဟု မထင်ထားခဲ့ချေ။ အံ့ဩသွားပြီးနောက် သူက ခေါင်းငြိမ့်ကာ အတည်ပြုလိုက်သည်။

“ဒီတစ်ခေါက် စတက်တိန်းနယ်မြေက ဘယ်လိုရှိတယ်ဆိုတာကို ကောင်းကောင်းကြည့်ပြီးမှ တကယ်ပြောင်းဖို့ ဆုံးဖြတ်မှာ။ ဒါပေမယ့် စတက်တိန်းနယ်မြေမှာ တစ်နှစ်လောက်နေခဲ့တဲ့ ရွာက‌လူတွေပြောတာတော့ စတက်တိန်းနယ်မြေက တကယ်ကိုကောင်းတယ်လို့ ကြားတယ်။ ရာသီဥတုကကောင်းပြီး သက်တောင့်သက်သာ ဘဝမှာ နေနေကြတာလေ။ ဒီတော့ ငါ့အထင်..... ပြောင်းဖို့ ဆုံးဖြတ်မှာ သေချာသလောက်ရှိတယ်။”

ဘယ်ထရိုက မျက်မှောင်ကုပ်လေ၏။ သူက ဆာခိုဇီ၏ အမူအရာကို လှည့်ကြည့်၍ ဟာသလုပ်နေခြင်း အလျဉ်းမ‌ရှိကြောင်း အတည်ပြုလိုက်သည်။

“ဒါက.... ခင်ဗျားရဲ့ မိသားစုက မက်ဆီလန်‌ရွာမှာ နှစ်ရာချီကြာအောင် နေလာခဲ့တာလေ။ တကယ်ကြီး ပြောင်းတော့မလို့လား? ဘယ်လိုလုပ် လက်လျှော့နိုင်ရတာလဲ?”

ဆာခိုဇီက ဂရုမစိုက်စွာ ရယ်မောသည်၊ “ဘာလက်မလျှော့နိုင်စရာရှိလို့လဲ? ငါ ဘယ်နေရာမှာဖြစ်ဖြစ် နေလို့မရဘူးလား? အဆုံးကျရင် အဲ့မှာ ဘဝကောင်းလေးနဲ့နေနိုင်မှာမို့ ဒီတိုင်း အဲ့နေရာကိုပဲ ရွေးမှာပေါ့။ လက်ရှိဘန်တာမြို့ကို အဲဒီလုပ်ငန်းစုတွေက ဖျက်ဆီးလိုက်တော့ ငါ အဲ့မှာနေရင် ငါ့အတွက် ဘာကောင်းတာမှကို ကျန်ခဲ့မှာမဟုတ်ဘူး။”

“အဲ့လောက်လည်း မဆိုးပါဘူး.....” ဘယ်ထရိုက ငြင်းဆန်သည်၊ “အဲဒီလုပ်ငန်းစုတွေက Frestech ကုန်သည်ကြီးများအသင်းကို မယှဉ်နိုင်ပေမယ့်လည်း အနည်းဆုံးတော့ ဒီလုပ်ငန်းစုတွေရှိနေလို့ပဲ ဘန်တာမြို့အနေနဲ့ ပြန်ကောင်းလာတာ မဟုတ်လား?”

“မင်းက မယုံဘူးလား?” ဆာခိုဇီက အေးစက်စက်နှာမှုတ်သည်၊ “အဲ့လူတွေက Frestech ကုန်သည်ကြီးများအသင်းကို အတင်း အဓမ္မမောင်းထုတ်ခဲ့တာ သူတို့မလုပ်နိုင်မယ့်အရာရော ရှိသေးလို့လား? ဒါကို ဆွေးနွေးရရင် ငါတို့ မိသားစုထဲမှာတောင် ငါ့ရဲ့ ကလေးသုံးယောက်လုံး အလုပ်တွေဆုံးရှုံးလိုက်ကြပြီ။ သူတို့သာ ဘန်တာမြို့မှာ အလုပ်လုပ်ရင် အဲဒီ့လုပ်ငန်းစုတွေအတွက်ပဲ လုပ်နိုင်တယ်ဆိုပေမယ့် သူတို့ပေးတဲ့ လစာက ဘယ်လောက်လဲ သိရဲ့လား? တစ်လကို ရွှေဒင်္ဂါး ခြောက်ပြားတဲ့! ဒါက အရင်က သူတို့လစာရဲ့ တစ်ဝက်တောင်မရှိဘူး!”

ဘယ်ထရိုက စိတ်ဓာတ်ကျနေသံဖြင့် ဆို၏၊ “ရွှေဒင်္ဂါးခြောက်ပြားနဲ့ အသက်‌ရှင်နေထိုင်လို့ မရတာမှမဟုတ်တာ အရင်ကလည်း တစ်လကို ငွေများများစားစားမရှိဘဲ နေနိုင်ခဲ့သေးတာပဲ။”

“အတိတ်က အတိတ်ပဲ၊ မင်းသာ ငါ့ရဲ့ဝမ်းစာကိုတောင် မဖြည့်တင်းနိုင်ခဲ့တဲ့ နေ့တွေမှာ နေခိုင်းချင်ရင် ငါသေချာပေါက် ဆန္ဒရှိမှာမဟုတ်ဘူး။” ဆာခိုဇီက အေးစက်စက်နှာမှုတ်ကာ ဆိုသည်၊ “ငါ့ ကလေးသုံးယောက်လည်း ဆန္ဒမရှိဘူး၊ ဒီတော့ ဆွေးနွေးပြီးတဲ့နောက်မှာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာပဲ။ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်နိုင်သရွေ့ ငါတို့ရတဲ့ ဘယ်အလုပ်နဲ့မဆို ရွှေဒင်္ဂါး ၂၀နီးနီး ရနိုင်တယ်၊ ဒါက ဘန်တာမြို့မှာ နေတာထက် ပိုကောင်းတယ်။”

“ဒါက မှန်ပါတယ် ဒါပေမယ့် ဆာခိုဇီ, ခင်ဗျား ပြဿနာတစ်ခုကို မစဉ်းစားမိဘူးလား?” ဘယ်ထရိုက‌မေးလာသည်၊ “မြို့စားအိမ်တော်ရဲ့ စည်းမျဉ်းအသစ်တွေအရ ဘန်တာမြို့ကနေ ပြောင်းရွှေ့တယ်ဆိုတာ ဘန်တာမြို့သားတစ်ယောက်ရဲ့ အမည်နာမကို လက်လျှော့တဲ့ အဓိပ္ပာယ်ပဲလေ။ ဒါက ခင်ဗျားသာ ပြောင်းရွှေ့သွားရင် ပြန်လာဖို့ ခက်တဲ့ အဓိပ္ပာယ်ပဲ။ ကျုပ် စိုးရိမ်တာက.....နိုင်ငံလွှတ်တော်ကလည်း မကြာခင် တူညီတဲ့ စည်းမျဉ်းထုတ်မှာကိုပဲ။ ခင်ဗျားသာ ပြောင်းရွှေ့သွားပြီး နိုင်ငံကနေ နိုင်ငံသားအဖြစ် အသိမှတ်ပြုမခံရတော့ရင် ဘာလုပ်မှာလဲ?”

“သူတို့ လက်မခံလည်း အဆင်ပြေပါတယ်။” ဆာခိုဇီက လုံးဝ ဂရုမစိုက်ချေ၊ သူဟာ ထိုပြဿနာကို စဉ်းစားပြီးပြီဖြစ်ကြောင်း သိသာလှ၏၊ “အခုနကပြောတယ်လေ၊ ငါက ဘဝကောင်းတစ်ခုနဲ့ နေထိုင်နိုင်မယ့် ဘယ်နေရာကိုမဆို သွားမယ်လို့။ ဒါက ဘန်တာမြို့ဖြစ်စေ လမ်ပူရီတိုင်းပြည်နဲ့ဖြစ်စေ မအပ်စပ်တဲ့ အရာပဲ။”

“ဒါပေမယ့် ငါတို့က လမ်ပူရီတိုင်းပြည်ကလေ၊ ဒီလိုထွက်သွားတာကြတော့..... ခင်ဗျား တကယ်လုပ်ချင်တာလား?”

“ဘာလို့ မလုပ်ချင်ရမှာလဲ? အခု အဲဒီ ဘုရင်က အရာအားလုံးကို ဖျက်ဆီးပြီး ငါတို့ပြည်သူပြည်သားတွေကို ဂရုမစိုက်တာ ဘာလို့ မလုပ်ချင်ဘဲ ရှိမှာလဲ? ငါတို့လို ပြည်သူတွေအတွက် နိုင်ငံရဲ့ ကိစ္စကို ဂရုမစိုက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီ့ အရေးကြီးပုဂ္ဂိုလ်တွေက ငါတို့ကို သူတို့မျက်လုံးထဲထားတာမှမဟုတ်တာ။” ဆာခိုဇီမှာ အထင်အမြင်သေးဟန်ဖြင့် ဆိုသည်။

ဘယ်ထရိုလည်း ခဏတာ တိတ်ဆိတ်နေပြီးနောက် မနေနိုင်တော့ဘဲ ခါးသက်သက်ပြုံးလေ၏။

သူဟာ ဆာခိုဇီ၏ သဘောထားက မမှန်ဟု ခံစားနေရသော်လည်း ငြင်းဆန်ရန် မည်သည့်အကြောင်းအရင်းကိုမှ မရှာနိုင်ပေ။

အကြောင်းမှာ ဆာခိုဇီ၏ စကားအားလုံး မှန်ကန်နေသောကြောင့်ပင်။

ဘုရင်အသစ်အဲရစ် ထီးနန်းဆက်ခံလိုက်ပြီးနောက်တွင် လမ်ပူရီတိုင်းပြည်နှင့် ဘန်တာမြို့တို့ ပြောင်းလဲသွားခဲ့သည်။

ဂုဏ်အသရေထွန်းပြောင် ကြွယ်ဝသည့် ဘန်တာမြို့ကမူ လုပ်ငန်းစုဆယ်ခုအတွက် နယ်ရုပ်လေးတစ်ရုပ်ဖြစ်လာ၏။

Frestech ကုန်သည်ကြီးများအသင်းအား အတင်းနှင်ထုတ်ခြင်းအပြင် ၎င်းတို့မှာ အခြားမှော်စက်လုပ်ငန်းစုများကို တွန်းဖယ်၍ မှော်စက်မှုနယ်ပယ်ကို အရယူထားကြသည်။ အနှီလုပ်ငန်းစုဆယ်စုမှာ လက်ရှိတွင် ၎င်းတို့၏ လက်များကို အခြားပိုင်နက်များထံသို့ ဆန့်ထုတ်လျက် တဖြည်းဖြည်းနှင့် ဘန်တာမြို့ လုပ်ငန်းစုဟောင်းများထံမှ ဈေးကွက်များ ယူဆောင်နေကြသည်။

ထိုလုပ်ငန်းစုဟောင်းများက ၎င်းတို့၏ နောက်ခံများနှင့် တိုက်ခိုက်သော်လည်း ပို၍ ပို၍ ခက်ခဲလာသည်ကို တွေ့ရှိလိုက်ကြပြီး တဖြည်းဖြည်း ပြိုလဲသည့် လက္ခဏာများပြလာကြ၏။

၎င်းသာ သာမန်ပြိုင်ပွဲဆိုရုံဆိုပါက ဆာခိုဇီနှင့် ဘယ်ထရိုတို့ကဲ့သို့ သာမန်လူများနှင့် မည်သည့်တိုက်ရိုက် ဆက်နွယ်မှုမှ ရှိမည်မဟုတ်။ ၎င်းတို့မှာ ထိုလုပ်ငန်းစုများအကြား ယှဉ်ပြိုင်မှုမှ အကျိုးအမြတ်ပင် ရနိုင်ပါသေး၏။

သို့သော် ပြဿနာက အနှီလုပ်ငန်းစုဆယ်စုမှ ပိုက်နက်များကို ယူဆောင်လိုက်ပြီးနောက်တွင် ၎င်းက သာမန်ပြည်သူတို့၏ ဘဝများကို နက်နက်ရှိုင်းရှိုင်းထိခိုက်လာမည့် အချက်၌ မူတည်နေသည်။

ဥပမာ ဆာခိုဇီ ပြောခဲ့သလိုပင် အနှီလုပ်ငန်းစု ဆယ်စုက လက်ရှိတွင် ဘန်တာမြို့ စက်မှုနယ်ပယ်ကို ထိန်းချုပ်ထားရာ လတ်တလော၌ ရုတ်တရတ် ဘန်တာမြို့၏ ပျမ်းမျှလစာကို နှိမ်လိုက်ကြသည်။ ဤသည်က ၎င်းနယ်ပယ်ထဲ၌ ပါဝင်ထားသည့် သာမန်ပြည်သူအားလုံး လက်မခံနိုင်သည့် အရာပင်။

နောက်တွင် ၎င်းတို့နှစ်ဦး ပါဝင်ထားသည့် ပို့ဆောင်ရေးလုပ်ငန်းကိုဆိုရသော် ဘန်တာမြို့မှ အန်ဗီမာမြို့တော်သို့ ကုန်စဉ်များ ပို့ဆောင်ချိန်တွင် အခကြေးငွေက ရွှေဒင်္ဂါးသုံးဆယ်ပြားကုန်ကျသည်။ လမ်းတစ်လျှောက် သုံးစွဲမှုကို ဖယ်လိုက်သော် အနည်းဆုံး ရွှေဒင်္ဂါး ဆယ်ပြားကျော်ကျော် ကျန်ပါ၏။

အနည်းဆုံး ၎င်းတို့သာ တစ်လကို ခရီးဆယ်ခုပြေးဆွဲရလျှင် တစ်လကို ရွှေဒင်္ဂါးနှစ်ရာ နီးနီးရလေသည်။

၎င်းကို အညီအမျှခွဲဝေသော် နှစ်ဦးစလုံး ရွှေဒင်္ဂါးတစ်ရာနီးပါးရပါ၏။ ယခင်ဘန်တာမြို့၌ပင် ၎င်းအား ဝင်ငွေမြင့်သည်ဟု ဆိုနိုင်သည်။

သို့ရာတွင် ယခု အနှီလုပ်ငန်းစုဆယ်ခုက ဘန်တာမြို့၏ ပို့ဆောင်ရေးလုပ်ငန်းကို ထိန်းချုပ်လိုက်ရာ ပို့ဆောင်ခများကို များစွာ လျှော့ချလိုက်ပါ၏။ ၎င်းတို့အနေနှင့် ယခု အန်ဗီမာမြို့တော်တော်သို့ ပို့ဆောင်မည်ဆိုလျှင် ခရီးတစ်ထောက်လျှင် ရွှေဒင်္ဂါးဆယ့်ငါးပြားသာ ရနိုင်မည်ဖြစ်ရာ ၎င်းက တစ်ဝက်တိတိဖြတ်တောက်လိုက်သည့် အဓိပ္ပာယ်ပင်!

ထိုမျှနည်းပါးသည့် အခကြေးငွေနှင့်ဆိုလျှင် ၎င်းတို့၏ သုံးစွဲမှုကို ဖယ်လိုက်ပါက ခရီးတစ်ထောက်လျှင် ရွှေဒင်္ဂါးအနည်းငယ်သာ ရနိုင်မည်။

လမ်း၌ ပြဿနာရှိခဲ့လျှင် အနားပင်မရနိုင်ချေ။ မဟုတ်ပါက ငွေဆုံးမည်ဖြစ်သည်။

ထို့ကြောင့် ဤခရီးများအနက် နှစ်ခေါက်ပြေးဆွဲပြီးနောက် ဆာခိုဇီမှာ လုပ်ငန်းစုဆယ်ခုထံမှ မည်သည့် အမှာများကိုမှ လက်မခံဖို့ ဆုံးဖြတ်လိုက်တော့၏။ သူက Frestech ကုန်သည်ကြီးများအသင်းထံပြန်ကာ ဆန်နက်မြေရိုင်း၊ စတက်တိန်းနယ်မြေနှင့် ဘန်တာမြို့တို့အကြား ပို့ဆောင်ရေးအတွက် ကူညီတော့မည်သာ။

ဤခရီးများက အနည်းငယ်ရှည်ကြာပြီး ယခင်ကထက်စာလျှင် များစွာ ပိုမို ပင်ပန်း‌နိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်းပေးမည့် အခကြေးငွေများမှာ စိတ်ရင်းပါသည်။ ၎င်းတို့၏ အမြတ်အစွန်းကလည်း ယခင်ထက်စာလျှင် နည်းပါးသွားသော်ငြား များစွာ ဆိုးဝါးနေခြင်းတော့ မဟုတ်ပေ။

ဘန်တာမြို့၌ သီးသန့်ပို့ဆောင်သူများစွာရှိရာ ဆက်လက်မလုပ်နိုင်တော့သူအနည်းငယ်မှလွဲ၍ ကျန်သူများအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်ဖို့ ရွေးချယ်ထားကြသည်။

ထို့အပြင် ထိုလုပ်ငန်းစုဆယ်ခု၏ ဖိနှိပ်မှုနှင့် ဘန်တာမြို့ရှိ ပို့ဆောင်ရေးလုပ်ငန်းအများစုကို ယူဆောင်ထားခြင်းကြောင့် ဖာဆန် ရထားလုံးလုပ်ငန်းစုလည်း ဆက်လက်ဖို့ ခက်ခဲသွားရာ ဆက်လက်ကျန်ရှိနေဖို့ပင် မဖြစ်နိုင်တော့ချေ။

ဘယ်ထရိုမှာ ယခင် တစ်ခေါက် ဘန်တာမြို့တွင် ရှိစဉ်က ဥက္ကဌ ပွန်ဖီးနှင့် မတော်တဆဆုံခဲ့သည်။ သူ၏ မျက်နှာထက်၌ မှောင်မိုက်ဟန်ရှိနေကာ ယခင်ကထက်စာလျှင် များစွာပိုမို ပိန်ပါးနေ၏။

ထိုစဉ်က ဥက္ကဌပွန်ဖီး၏မျက်နှာ မည်မျှ မှောင်မိုက်နေသည်ကို စဉ်းစားရင်း ဘယ်ထရိုမှာ ရုတ်တရတ် ဆာခိုဇီက တကယ်ကို အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရလေသည်။

၎င်းတို့ ဘန်တာမြို့၌ ကြာရှည်ခံနိုင်တော့ရာ အဘယ့်ကြောင့် ဤနေရာတွင် အတင်းနေရမည်နည်း?

နိုင်ငံ၏ အရေးကြီးပုဂ္ဂိုလ်များမှာ သာမန်ပြည်သူတို့၏ ဘဝကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ချေ။

၎င်းတို့ ဂရုမစိုက်ကတည်းက အဘယ့်ကြောင့် သူ့အနေနှင့် ၎င်းတို့ကိုဂရုစိုက်ရမည်နည်း?

၎င်းကို စဉ်းစားပြီးနောက် ဘယ်ထရိုမှာ အလင်းရောင်ကို မြင်လိုက်ရပုံပေါ်ကာ ပို၍ တက်ကြွလန်းဆန်းသွားတော့သည်။

စဉ်းစားပြီးနောက် သူက ဆာခိုဇီကို မေးလိုက်၏၊ “ကောင်းပြီလေ ကျုပ်လည်း စတက်တိန်းနယ်မြေကို တစ်ချက်ကြည့်လိုက်မယ်၊ လူတိုင်းပြောသလို တကယ်ပဲ အဆင်ပြေဖို့ မျှော်လင့်ပါတယ်။”

ဘယ်ထရိုက အမြင်ပြောင်းလိုက်သည်ကိုမြင်သော် ဆာခိုဇီလည်း ရယ်မောလေ၏။

“အေးဆေးပေါ့ အဲ့နေရာက သေချာပေါက် မင်း စိတ်ကူးနိုင်တာထက် ပိုကောင်းတယ်။”

ဘယ်ထရိုက ခေါင်းငြိမ့်လိုက်ရင်း ဤခရီးအပေါ်၌ မျှော်လင့်ချက် နည်းနည်းပိုထားမိသွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၆။ သားရဲလူ‌မျိုးတွေမှာ တကယ်ကြီး လက်နက်တွေရှိတယ်!

လွန်ခဲ့သည့် ၂နှစ်အကြာက Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုတို့ ဤထုတ်လုပ်ရေးအခြေစိုက်ဌာနကို ဆောက်လုပ်စကနှင့် ယှဉ်လျှင် ယခုမှာ နေရာ ဆယ်ဆယူထားလေသည်။ ၎င်းက စတုရန်းတစ်ဆယ်ကီလိုမီတာအကျယ်ကိုပင် ကျော်လွန်နေသဖြင့် ၎င်းအား 'အခြေစိုက်ဌာန'လေးတစ်ခုဟုပင် မဖော်ပြနိုင်တော့ချေ။

လွန်ခဲ့သည့် နှစ်တစ်ဝက်၌ Frestech ကုန်သည်ကြီးများအသင်း ဆောက်လုပ်ခဲ့သော စက်ရုံများအပြင် လူများစွာရှိသောကြောင့် ဤနေရာမှာ တဖြည်းဖြည်း မြို့တစ်မြို့နှယ် ဖြစ်လာသည်။

ကနဦးစီစဉ်မှုပြောင်းလဲခြင်းအဆင့်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်ဧရိယာအတွက် စီစဉ်ထားပြီးဖြစ်သည်။

၎င်းက ဘန်တာမြို့အတွက် မြို့သစ်ဧရိယာစီစဉ်တုန်းကနှင့် ထပ်တူဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းမှာ စက်မှုဆိုင်ရာနှင့် လူနေမှု ဧရိယာများအဖြစ် သီးခြားခွဲထားသည်။ ဤနေရာမှာ ဘန်တာမြို့ရှိ မြို့သစ်နှင့် အင်မတန်ဆင်တူပါ၏။

ဥပမာဆိုရသော် အဘက်ဘက်၌ ဖြန့်ကျက်ထားသည့် လမ်းများရှိသည်။ ဘန်တာမြို့သို့ ချိတ်ဆက်ထားသည့် လမ်းအပြင် စတက်တိန်း နယ်မြေထံ ချိတ်ဆက်ထားသည့် တောင်ဘက်လမ်းတစ်လမ်းနှင့် ဆန်နက်မြေရိုင်း၏ အနက်ပိုင်းသို့ သွားသည့် အနောက်ဘက်လမ်းတစ်လမ်းရှိသည်။ ၎င်းမှာ အဆုံးမဲ့ပင်လယ်များဆီ ရောက်သည်ဟုပင် ဆို၍ရသည်။

အစီစဉ်များတွင် မြောက်ဘက် လမ်းတစ်လမ်းပင် ပါရှိ၏။

Frestech ကုန်သည်ကြီးများအသင်း၏ ကြေညာချက်အရ အနှီမြောက်ဘက်လမ်းမှာ ဆန်နက်မြေရိုင်းနှင့် စခ်ဘုရင်နိုင်ငံအကြားနယ်စပ် မြောက်ပိုင်းအထိ ရောက်ပြီးနောက် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းရှိ လမ်းကွန်ရက်ကို ချိတ်ဆက်သွားမည်ပင်။

၎င်းသာ အမှန်တကယ်ဖြစ်လာပါက ဆန်နက်‌မြေရိုင်းမှာ နေရာပေါင်းစုံကို ချိတ်ဆက်ထားသည့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာမည်။

ဆန်နက်မြေရိုင်း၏ အထူးအနေအထားနှင့်ဆိုလျှင် ၎င်းက လမ်ပူရီတိုင်းပြည်၏ (သို့မဟုတ်) အနောက်ပိုင်း(စိုင်စ်)နယ်မြေကြီး၏ ပင်လယ်နှင့် အနီးစပ်ဆုံး အချက်အချာ ဖြစ်လာလိမ့်မည်။

လတ်တလောပုံစံကိုဆိုရသော် Frestech ကုန်သည်ကြီးများအသင်းက ဤနေရာသို့ စက်ရုံအများအပြားကို ရွှေ့လာပြီး သံမဏိစက်ရုံကြီးနှစ်ရုံတည်ဆောက်ခြင်းနှင့်အတူ ဤနေရာမှာ အင်မတန်ကြွယ်ဝသည့်နေရာဖြစ်လာပြီး‌ဖြစ်သည်။

မရေတွက်နိုင်သော် မှော်ကား ကြီးကြီးသေးသေးများကလည်း Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများအတွက် ကုန်တင်ပို့ဆောင်နေကြသည်။ ၎င်းတို့မှာ ဦးတည်ဘက်ပေါင်းစုံသို့ ဆက်တိုက်သွားကာ ကုန်စည်များကို ပို့ဆောင်ပြီးရင်း ပိုမို ပို့ဆောင်နေကြလေ၏။

ဆာခိုဇီနှင့် ဘယ်ထရိုတို့မှာ ဤတစ်ခေါက်တွင် Frestech ကုန်သည်ကြီးများအသင်းထံမှ အမိန့်ရခဲ့သည်။ ၎င်းတို့မှာ ခရာမာမြို့မှ Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိစက်ရုံထံသို့ အပျော့စားသတ္တုများ ပို့ပေးနေခြင်းဖြစ်သည်။

ပုံမှန်အခြေအနေတွင် ဤကုန်တင်များပို့‌ဆောင်ပြီးနောက် ၎င်းတို့အနေနှင့် ပြန်နေလောက်ပြီဖြစ်သော်လည်း ဆာခိုဇီက ဘန်တာမြို့မှ စတက်တိန်းနယ်မြေထံသို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ခေတ္တအနားယူပြီးနောက်တွင် သူဟာ စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနအသစ်ထံသို့ ကြည့်ရှုရန် ဦးတည်လိုက်သည်။

၎င်းတို့၏ အချိန်ကို မဖြုန်းတီးရန်အလို့ငှာ ဤနေရာမှ စတက်တိန်းနယ်မြေဆီသို့ ပို့ဆောင်ရေးအလုပ်ရှိမည်လားကြည့်လိုခြင်းပင်။

၎င်းတို့၏ကံက မဆိုးလှဟု ဆိုရပေမည်။ အပျော့စားသတ္တုများအား Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိစက်ရုံထံ ပို့ဆောင်ပြီးနောက် ဆာခိုဇီနှင့် ရင်းနှီးခဲ့သည့် သံမဏိစက်ရုံ၏ မန်နေဂျာက သူ့ထံ Frestech ကုန်သည်ကြီးများအသင်း၏ တိတိပပသန့်စင်ထားသော သတ္တုစပ်များအား စတက်တိန်းနယ်မြေဆီ ပို့ဆောင်ပေးဖို့ရာ အလုပ်တစ်ခုပေးလာ၏။

ဤခရီး၏ အခကြေးငွေက မမြင့်ပါဘဲ ရွှေဒင်္ဂါးနှစ်ဆယ်လောက်သာရှိသော်ငြား ဆာခိုဇီက လက်ခံလိုက်ဆဲပင်။

၎င်းတို့၏ မှော်ကားအား ကုန်တင်ရန် သံမဏိစက်ရုံ၌ ချန်ခဲ့ပြီး ဆာခိုဇီနှင့် ဘယ်ထရိုတို့မှာ သံမဏိစက်ရုံမှ ထွက်ခွာ၍ ဘေးနားရှိ လူနေရပ်ကွက်များရှိရာထံသွားကာ ညတာ တည်းခိုဖို့ နေရာရှာရန် ပြင်လိုက်သည်။

လူနေရပ်ကွက်များ၏ လမ်းများကို ဖြတ်လျှောက်လာရင်း ဆာခိုဇီက သူ၏ ဘေးနားပတ်လည်ရှိ လူအုပ်ကိုကြည့်လိုက်ပြီးနောက် ရင်းနှီးပြီးသား Frestech ကုန်သည်ကြီးများအသင်း၏ အထူး လမ်းမီးအိမ်များကို တွေ့ရလေသည်။ ထို့နောက် ဘေးရှိ ရင်းနှီးနေသည့် စက်ရုံများကိုကြည့်ကာ မနေနိုင်တော့ဘဲ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချမိ၏။

“ကြည့်ပါဦး ဒီနေရာက ဘန်တာမြို့က မြို့သစ်နဲ့ ဘာမှကွာမနေဘူး။”

ဘယ်ထရိုက ခေါင်းငြိမ့်သည်၊ “အင်း ဒါကို ဥက္ကဌရှု စီစဉ်ထားတာဆိုမှတော့ ပုံစံက မကွာလောက်ဘူးပေါ့။” ပြောပြီးနောက်တွင် သူက အဝေးသို့ ထူးဆန်းသည့်အမူအရာဖြင့် ကြည့်လိုက်လေ၏၊ “ဒီကို မရောက်တာ ရက်နည်းနည်းလောက်ပဲ ရှိသေးတယ် ဒီမှာ အဲ့အပင်တွေအများကြီးပဲ။ ဒီနှုန်းနဲ့ဆို ဆန်နက်မြေရိုင်းကို မြေရိုင်းလို့ရော သတ်မှတ်လို့ မရလောက်တော့ဘူးပေါ့?”

ဆာခိုဇီက အဝေးကိုကြည့်လိုက်ရာ အစိမ်းရောင်များမြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချ၏၊ “နတ်သူငယ်တွေက အပင်စိုက်တဲ့နေရာမှာ တော်တယ်လေ၊ ဆန်နက်မြေရိုင်းကို ဒီလိုတောင် ပြောင်းလဲနိုင်ကြတယ်။ သူတို့သာ ခဏခဏလုပ်နေမယ်ဆိုရင် ဆန်နက်မြေရိုင်းက ပြောင်းလဲနေလောက်ပြီ။”

“နတ်သူငယ်တွေက ဒီလိုမလုပ်ချင်ဘူးထင်လို့လား? အရင်က ဆန်နက်မြေရိုင်းကို သားရဲလူမျိုးတွေက ထိန်းချုပ်ထားပြီး နတ်သူငယ်တွေကို ဝင်ခွင့်မပြုခဲ့ရုံပဲ။” ဘယ်ထရိုက သက်ပြင်းချကာ ဆိုသည်၊ “ဥက္ကဌရှုကြောင့် သားရဲလူမျိုးတွေနဲ့ နတ်သူငယ်တွေ တူညီတဲ့နေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တာ ဖြစ်လောက်တယ်။ ပြီးတော့ သားရဲလူမျိုးတွေက ဆန်နက်မြေရိုင်းကို ပြောင်းလဲဖို့ နတ်သူငယ်တွေကို ခွင့်ပြုထားတာပဲ။”

“သားရဲလူမျိုးတွေက အရူးမဟုတ်ဘူး။ Frestech ကုန်သည်ကြီးများအသင်းက သူတို့ကို ဘဝကောင်းကောင်းမှာ နေခွင့်ပြုထားလို့ ဥက္ကဌရှုကို နားထောင်ကြမှာပဲ။ ပြီးတော့ သားရဲလူမျိုးတွေက မြေရိုင်းတစ်ခုမှာ နေချင်တယ်ထင်လို့လား? ဆန်နက်မြေရိုင်းရဲ့ ပတ်ဝန်းကျင်သာ တိုးတက်လာရင် သေချာပေါက် ဝမ်းသာကြမှာပဲ။” ဆာခိုဇီက ပြောသည်။

“အင်း ပြောရရင် အရင်ကဆန်နက်မြေရိုင်းမှာ ဘာအဖိုးတန်တာမှမရှိခဲ့ဘူး။ ဒါပေမယ့် ဒါကိုသာပြောင်းလဲလိုက်ရင်..... လူအတော်များများ ပြောင်းရွှေ့လာလိမ့်မယ်။ ဥက္ကဌရှုက ဒီပြဿနာကို အရင်က စဉ်းစားခဲ့ရဲ့လား?” ဘယ်ထရိုက စိုးရိမ်နေသံဖြင့် ဆို၏။

“ပြောင်းရွှေ့တယ်?” ဆာခိုဇီက တစ်ချက်ရယ်ကာ အဝေးကို ညွှန်ပြလေ၏၊ “မမြင်ဘူးလား? သူတို့သာ ပြောင်းရွှေ့မယ်ဆိုရင် သူတို့ကို အရင်တောင်းဆိုရမှာပေါ့။”

ဘယ်ထရိုက ဆာခိုဇီ ညွှန်ပြသည့်နေရာကို ကြည့်လိုက်သော် ဆန်နက်မြေရိုင်းထံ ဦးတည်သည့် လမ်းပေါ်၌ သံမဏိပြားများ ကာရံထားသည့် မှော်ကားဆယ်စီးကျော်အတန်းတစ်တန်းက အမြန်မောင်းလာရာ ဖုန်များထသွားသည်။

“ဒါတွေက..... Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥပဒေခိုင်လုံရေးအသင်းလား?” ဘယ်ထရိုက ထို မာကျောလှသည့် မှော်ကားများကိုကြည့်က လုံးဝအံ့ဩနေသည်၊ “ဘုရားရေ! ဒီမှော်ကားတွေနဲ့ တစ်ယောက်ယောက်ဆီကို ပြေးသွားနေတာမဟုတ်ဘူးလား?”

“မဟုတ်ဘူး။ အဲဒီမှော်ကားတွေကိုကြည့်လိုက်..... သူတို့ကို မှော်သံချပ်ကာယာဉ်တွေလို့ ခေါ်လို့ရတယ်။ အပြင်ဘက်ကို ကြည့်လိုက် သွေးတွေမဟုတ်လား?”

ဘယ်ထရိုက မျက်လုံး‌များမှေးကျဉ်းလိုက်သော် မှော်သံချပ်ကာယဉ်ပေါ်တွင် အနီရင့်ရင့်အလွှာတစ်ခုကို တွေ့လိုက်ရသည်၊ ၎င်းက သွေးစက်များဖြစ်နိုင်ချေရှိ၏။

“သူတို့တွေ သားရဲလူမျိုး ဘယ်လောက်ကိုများ သတ်ခဲ့တာလဲ?” ဘယ်ထရိုမှာ မထိတ်လန့်ဘဲ မနေနိုင်တော့။

“ငါက ဘယ်လိုသိမှာလဲ? ဒါနဲ့ သားရဲလူမျိုးတွေက အများကြီး ပိုနာခံလာပြီး ဒီနေရာကို အချိန်အတော်ကြာအောင် နှောင့်ယှက်တာ တိုက်ခိုက်တာတွေ မလုပ်တော့ဘူးလို့ကြားတယ်။” ဆာခိုဇီက ရယ်လျက်ဆိုသည်၊ “ဒီသားရဲလူမျိုးတွေက တကယ်ဒါနဲ့ ထိုက်တန်တယ် သူတို့က ဥက္ကဌရှုကို ဒေါသဖြစ်အောင်လုပ်တာကိုး။ Frestech ကုန်သည်ကြီးများအသင်း၏ ဥပဒေခိုင်လုံရေးအသင်းက နှစ်ရက်နေတိုင်း သွားတော့ သူတို့လည်း ပိုပြီးနာခံဖို့ နားလည်လာကြတာပဲ။”

“သားရဲလူမျိုးတွေက အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာတဲ့လူကို ကြောက်ကြတယ်လေ။”

လှည့်ကြည့်လိုက်သော် လူများစွာက မှော်သံချပ်ကာယာဉ်များကို ကြည့်ရန်ရောက်လာကြပြီး သားရဲလူမျိုးနွယ်ပေါင်းများစွာလည်း လူအုပ်ကြားထဲရှိနေသည်ကို တွေ့လိုက်ရ၏။

သို့သော် ဘယ်ထရိုက ၎င်းကြောင့် စိတ်ရှုပ်ထွေးသွားသည်။ ၎င်းသားရဲလူမျိုးများက အနှီမှော်သံချပ်ကာယာဉ်များကို မြင်တွေ့ချိန်တွင် မျက်နှာများထက် ပျော်ရွှင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်ကို တွေ့ရသည်၊ မရွှင်ပျပုံလုံးဝ ပေါ်မနေချေ။

ဘယ်ထရိုမှာ ၎င်းကြောင့် ရှုပ်ထွေးသွားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥပဒေခိုင်လုံရေးအသင်းမှာ သားရဲလူမျိုးများကို ရှင်းနေသဖြင့် ၎င်းတို့အနေနှင့် မျိုးနွယ်တူမှဖြစ်သည့်အတွက် ဒေါသထွက်သင့်ရာ အဘယ့်ကြောင့် ပျော်ရွှင်နေကြသနည်း။

ထိုသားရဲလူမျိုးများက ဂရုမစိုက်တတ်သည့် လူများပေလား?

အနှီမှော်သံချပ်ကာယာဉ် နှစ်စီးမှာ စက်မှုနယ်မြေ၌ရော လူနေနယ်မြေ၌ရော မရပ်ဘဲ လူအုပ်ကြီးကို ဖြတ်ကျော်၍ အရှေ့မြောက်ဘက် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအခြေစိုက်စခန်းဆီ သွားလိုက်၏။

ကားများ မရပ်ခင်တွင် ဟာ့ထ်က ခုန်ထွက်လာပြီး ရပ်တန့်ခြင်းပင်မရှိဘဲ ရုံးခန်းဆီ ဦးတည်သွားသည်။

“ပြန်လာပြီပေါ့? ဒီတစ်ခေါက် ဘယ်လိုဖြစ်သွားလဲ? ဘယ်နှယောက်သတ်ခဲ့လဲ?” Frestech ကုန်သည်ကြီးများအသင်း၏ လူပုလေးအစောင့် ခေါင်းဆောင် အိုမာက ရုံးခန်းထဲ၌ ရှိနေပြီး ပျင်းပျင်းဖြင့် ဝိတ်တုံးကြီးကို မ'နေသည်။ ဟာ့ထ် ဝင်လာသည်ကို မြင်ချိန်၌ သူက ချက်ချင်း အပြုံးဖြင့် မေးလေ၏။

နံဘေးရှိ နတ်သူငယ်အစောင့် ခေါင်းဆောင် ဖူရီယိုက အိုမာထက်ပို၍ ပါးနပ်သည်။ သူက ဟာ့ထ်၏ အရုပ်ဆိုးနေဟန်ကို မြင်ချိန်တွင် အံ့ဩသွားသည်။

“ဘာလဲ? မထင်ထားတာတစ်ခုခု ဖြစ်လို့လား? ဆုံးရှုံးမှုများလို့လား?”

“ဘာ ဆုံးရှုံးမှုမှ မရှိပါဘူး၊ အဲဒီသားရဲလူမျိုး‌အကောင်တွေက ငါတို့ ညီအစ်ကိုတွေကို မထိခိုက်စေခဲ့ပေမယ့် တစ်ခုတော့ ဖြစ်သွားတယ်။” ဟာ့ထ်က လေးလေးနက်နက်ဖြေလာသည်။ သူက ခါးဆီလက်လှမ်းကာ ဓားရှည်တစ်‌ချောင်းယူ၍ စားပွဲထက်တင်လိုက်၏။

“ဒါက ဘာလဲ?” အိုမာနှင့် ဖူရီယိုတို့က ဓားကို တအံ့တဩကြည့်လေသည်။

“ဒါက ငါ သားရဲလူမျိုးတွေဆီကနေ ယူလာတဲ့ဟာပဲ။” ဟာ့ထ်က ရှင်းပြသည်။

အိုမာက မတုံ့ပြန်သော်လည်း ဖူရီယိုက တအံ့တဩ‌ဆိုလာ၏၊ “ဒီသားရဲလူမျိုးတွေဆီမှာ လက်နက်တွေရှိတာလား?”

ဖူရီယိုက ဓားရှက်ကို သေချာယူကြည့်ရင်း မျက်မှောင်ကုပ်၏။

“ဒီဓားရဲ့ လက်မှုက မဆိုးဘူး၊ ကြည့်ရတာ သားရဲလူမျိုးတွေလုပ်နိုင်တဲ့ဟာတော့ ဖြစ်ပုံမရဘူး။”

ဟာ့ထ်က ခေါင်းငြိမ့်သည်၊ “အဲဒါတင်မကသေးဘူး ဒီဟာကို တစ်ချက်ကြည့်.....”

ဟာ့ထ်က ဖူရီယို၏ လက်ထဲမှ ဓားကိုယူကာ ဓားရိုးကို ၎င်းတို့ဘက်လှည့်၍ ထိုနေရာရှိ ဓားသွားကို ညွှန်ပြသည်၊ “ဒီအကွေးကိုကြည့် အဟလေးတစ်ခုရှိတယ်။ ဒီဓားက စခ်တိုင်းပြည်ကလာတယ်ဆို‌တာ သေချာတယ်!”

“စခ်တိုင်းပြည်?” အိုမာနှင့် ဖူရီယိုတို့မှာ အံ့ဩသွားသည်၊ “ဒါက စခ်တိုင်းပြည်နဲ့ ဘယ်လိုပတ်သက်နေတာလဲ?”

“ဒါတော့ ငါမသိဘူး။” ဟာ့ထ်က ခေါင်းခါသည်၊ “ငါ မြောက်ပိုင်းစစ်တပ်မှာ ရှိခဲ့တုန်းက ဒီ စခ်တိုင်းပြည်က ကောင်တွေနဲ့ အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ရတာကြောင့် ဒါကို မှတ်မိတယ်။ ဒါပေမယ့် ဒီသားရဲလူမျိုးတွေ ဘယ်လိုမျိုး စခ်တိုင်းပြည်နဲ့ ဆက်သွယ်နေတယ်ဆိုတာကိုတော့ မသိဘူး။ ဓားတစ်ချောင်းတည်းဆိုရင် တစ်နေရာရာကနေ ရလာတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် ငါတို့နဲ့ တွေ့ခဲ့တဲ့ သားရဲလူမျိုးတွေ တစ်ယောက်စီတိုင်းမှာ လက်နက်တစ်မျိုးရှိနေတော့ ဒါက ပုံမှန်မဟုတ်ဘူး။”

အိုမာနှင့် ဖူရီယိုတို့က အချင်းချင်းကြည့်လိုက်ကြပြီးနောက် မျက်နှာထားက တည်ငြိမ်လာကြတော့သည်။

ဟာ့ထ် ပြောသလိုပင်၊ ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးများက မည်သို့ ပန်းပဲလုပ်ရမည်ကိုမသိသလို ဆင်းရဲကြသည်။ ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များကိုရယူရန် ခက်ခဲကြရာ လက်နက်များကို ဂရုပင်စိုက်နိုင်ခြင်းမရှိကြချေ။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက ဆန်နက်မြေရိုင်းကို ရှင်းလင်းပြီး သားရဲလူမျိုးများအား အသနားခံလာစေရန် ရိုက်နှက်အနိုင်ယူခဲ့သည်မှာ အင်အားကြီးသည့် အစောင့်များအပြင် အဓိကအကြောင်းရင်းမှာ နှစ်ဘက်ကြားရှိ လက်နက်အင်အား ကွာဟမှုကြောင့်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအားလုံးမှာ လက်နက်ကောင်းကောင်းရှိကြပြီး ကိုယ်ပိုင်စစ်ဘက်သုံးမှော်စက်များရှိကြသည်။ သားရဲလူမျိုးများထံတွင် မည်သည့် ချပ်ဝတ်မှမရှိဘဲ ၎င်းတို့၏ လက်နက်များမှာ ကျိုးပဲ့နေသည့် တု‌တ်ချောင်းများ သို့မဟုတ် ကျောက်ခဲများသာဖြစ်သည်။

ထိုသို့ လက်နက်အင်အားကွာဟမှုဖြင့် သားရဲလူမျိုးများက မှော်သံချပ်ကာယာဉ်များဖြင့် ချီတက်လာသော Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ရပ်တန့်နိုင်ပါမည်နည်း?

သို့သော် ယခုတွင် ဟာ့ထ်မှာ ဤတစ်ခေါက် သူနှင့် ဆုံခဲ့သော သားရဲလူမျိုးများက လက်နက်အပြည့်အဝတပ်ဆင်ထားကြောင်း တွေ့ခဲ့ရသည်။

၎င်းတို့က Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအတွက် မည်သို့သော ခြိမ်းခြောက်မှုမှ မဖြစ်သော်လည်း ဤအခြေအနေက အင်မတန် မူမမှန်လှရာ ၎င်းတို့သုံးဦးကို နိုးကြားသွားစေသည်။

ဖူရီယိုက ခဏတာ တိတ်ဆိတ်နေပြီးနောက် ကျန်နှစ်ဦးကို ပြောလိုက်၏၊ “ဘာပဲဖြစ်ဖြစ် ငါတို့ အရင်ဆုံး ဥက္ကဌဆီ အခြေအနေကို တင်ပြရမယ်။”

ဟာ့ထ်နှင့် အိုမာလည်း တစ်ဦးကိုတစ်ဦးကြည့်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၇။ အဓိကစင်မြင့်ကို လုယူသွားတယ်

ရှုယီက ဟာ့ထ်၏ အဖွဲ့ ပေးပို့ထားသည့် အစီရင်ခံစာကို ချကာ အတွေးထဲနစ်သွား၏။ သူဟာ နံဘေးရှိ လဇ်ကို ဖောင်တိန်တစ်ချောင်းယူစေပြီး စောင့်ဆိုင်းနေသည့် သတင်းပို့သူအတွက် စာတစ်စောင် ချရေးခိုင်းလိုက်ပါ၏။

“ကျုပ်ရဲ့ အမိန့်ကို ဟာ့ထ်ဆီ‌ပို့ပြီး သတိပိုထားခိုင်းရင်း ဆန်နက်မြေရိုင်းက အခြေအနေကို တတ်နိုင်သလောက် စုံစမ်းခိုင်းလိုက်ပါ။ စခ်တိုင်းပြည်နဲ့ ပူးပေါင်းနေတဲ့ သားရဲလူမျိုး ဘယ်လောက်များများရှိတယ်ဆိုတာ‌ကိုရော။ ပြီးတော့ ဒီသတင်းကို လမ်ပူရီတိုင်းပြည်ရဲ့ အနောက်ဘက်အစောင့်တွေဆီ ယူသွားခိုင်းလိုက်ပါဦး။ ဒီစာကိုတော့ မင်းသမီးလေး လက်အောက်က ခေါင်းဆောင်အရာရှိဆီယူသွားလိုက်၊ မင်းသမီးလေးကို ဒါပို့ဖို့ သူ နည်းလမ်းရှာလိမ့်မယ်။”

သတင်းပို့သူလည်း သဘောတူလိုက်ကာ စာကိုယူပြီးနောက် သံသယအနည်းငယ် ရှိနေသည်။

“ဥက္ကဌ ဘာလို့မင်းသမီးလေးဆီ တိုက်ရိုက်မပို့တာလဲဗျ? တစ်ဆင့်ချင်း လွှဲပေးနေရင် ပြဿနာတွေ ရှိနိုင်တယ်။”

“မလိုပါဘူး အခုက အရမ်းကို ထူးခြားတဲ့ကာလမို့ ကျုပ်အနေနဲ့ မင်းသမီးလေးကို တိုက်ရိုက်ဆက်သွယ်မှု လျှော့ချရမှာ။” ရှုယီက ခေါင်းခါပါ၏။

သတင်းပို့သူမှာ ပို၍ သံသယဝင်သွားရင်း တကယ်ပဲ မင်းသမီးလေးကို ဆက်သွယ်လို့ အဆိုးဘက်ဖြစ်မယ်ဆိုရင် ဘာလို့ မင်းသမီးလေးရဲ့ အစောင့်တွေကို ဆန်နက်မြေရိုင်းဆီမှာ သန့်စင်ပေးဖို့ လာခိုင်းရတာလဲဟု စဉ်းစားလိုက်မိ၏။

မည်သို့ဖြစ်စေ လမ်ပူရီတိုင်းပြည်သားများ၏ စိတ်ထဲတွင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှာ မင်းသမီးလေး ဆယ်ဗီနီနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေရာ ၎င်းတို့၏ ဆက်ဆံရေးကို ဘေးချိတ်ထားဖို့က မဖြစ်နိုင်ပေ။

သို့သော် ရှုယီက မရှင်းပြခဲ့ရာ သဘာဝကျကျပင် သတင်းပို့သူလည်း များများစားစား မေးဖို့ မရဲချေ။ ရှုယီထံ၌ မည်သည့် အမိန့်မှ မရှိတော့‌သည်ကိုမြင်သော် သူက ဦးညွှတ်ကာ ထွက်သွားတော့သည်။

သတင်းပို့သူထွက်သွားပြီးနောက် ရှုယီက တစ်ချက်ပြုံးပါ၏။

သူဟာ သံသယကို မြင်နိုင်သလို အဘယ့်ကြောင့် ထိုသံသယရှိနေသည့် အကြောင်းအရင်းကိုလည်း နားလည်လေသည်။

တကယ်ကိုပင် သူနှင့် ဆယ်ဗီနီအကြား ဆက်ဆံရေးက အားဖျော့သွားရန် ခက်ခဲသလို သူ့ထံ၌ ၎င်းကို အားပျော့စေမည့် အစီစဉ်လည်း မရှိပါချေ။

သို့သော် သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်အကြား ဆက်ဆံမှုကို လျှော့ချဖို့ ဆုံးဖြတ်ထားသည်။ ထိုသို့ပြုလုပ်ခြင်းမှာ အားလုံး လမ်ပူရီတိုင်းပြည်အတွက်ပင်။

အခြားဘက်မှာ Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်၌ လွှမ်းမိုးမှု မရှိစေလိုသောကြောင့် သူ့အနေနှင့် ၎င်းကို ဂရုမစိုက်ကြောင်း တခြားဘက်ကို ရှင်းရှင်းလင်းလင်း ပြောထားရလိမ့်မည်။

“ဆယ်ဗီနီက ဒါကို အပြင်းအထန်ကန့်ကွက်လာတာလည်း ဖြစ်နိုင်မလား?” ဆယ်ဗီနီက သူ့ထံမည်သို့ လာရောက် ညည်းညူတတ်သည်ကို စဉ်းစားရင်း ရှုယီမှာ မနေနိုင်တော့ဘဲ ခါးသက်သက် ပြုံးလိုက်ပါ၏။

ထိုသို့ပြောပြီးနောက် ရှုယီက ၎င်းကို တွေးတောနေသည်အား ရပ်တန့်ရန် ခေါင်းခါလိုက်ကာ ထောင့်တစ်ခုသို့ လှည့်လိုက်၏။

“အေဗရယ် ဘာလို့ ရပ်လိုက်တာလဲ? ဆက်လုပ်လေ။”

အေဗရယ်၏ မြေခွေးနားရွက်လေးနှစ်ဘက်က အနည်းငယ် လှုပ်သွားပြီးနောက် အပြုံးဖြင့်ဆိုလာသည်၊ “ဥက္ကဌက တစ်ခုခုစဉ်းစားနေတာကိုမြင်တော့ နှောင့်ယှက်မိမှာ ကြောက်လို့ပါ။”

“အိုး ဘာမှမဖြစ်ပါဘူး အရေးမကြီးဘူး။” ရှုယီက လက်ခါလိုက်သည်၊ “တစ်ခေါက်ထပ်ပြီးလေ့ကျင့်ကြည့် နားထောင်ရအောင်။ ခဏနေ ပွဲမှာ မင်း ဖျော်ဖြေရတော့မှာ အမှားတစ်ခုလောက်လုပ်မိရင် အာချီနဲ့ လဲယာတို့ မပျော်မရွှင်ဖြစ်လိမ့်မယ်။”

“ကောင်းပါပြီ” အေဗရယ်က ခေါင်းငြိမ့်သည်။ သူမက တစ်ဖန် လက်များမြှောက်လိုက်ရာ လက်ချောင်းသွယ်လေးများက သူမရှေ့ရှိ စန္ဒရားလက်ကွက်ထံကျရောက်လာပြီး သံစဉ်လှလှလေးများထွက်အံလာသည်။

စိုင်စ်နယ်မြေကြီး၏ အခြားအပိုင်းများမှာ မဖွံ့ဖြိုးသေးသော်လည်း နတ်သူငယ်များက နယ်မြေကြီးကို ယခင်က အုပ်ချုပ်ခဲ့ရာ ဂီတက အင်မတန် တိုးတက်နေပြီး တူရိယာအမျိုးပေါင်းများစွာရှိ‌သည်။ ကမ္ဘာမြေကနှင့် တူသည့် စန္ဒရားပင်ရှိ၏။

ဤလောကကို ရောက်လာပြီးနောက် ရှုယီ ပြုလုပ်ခဲ့သည့် ပထဆုံးမှော်စက်က မှော်ပန်ကာမဟုတ်ဘဲ အလိုအလျောက် စန္ဒရားမော်ဒယ်ဖြစ်ပြီး စန်ခိုင်ဆာကျောင်း၌ ပြုလိုက်ခဲ့ပြီး ဂီတနုတ်အချို့ကို တီးခတ်နိုင်လေသည်။

စတေးလ်မှာ ရှုယီအား မဟာမှော်ပညာရှင် ကမ်မီလာ၏ မှော်မျှော်စင်၌ ဆက်နေခွင့်ပြုရန် သဘောတူလိုက်သည်မှာ အနှီစန္ဒရားမော်ဒယ်ကို မြင်တွေ့ခဲ့ခြင်းကြောင့်သာ။

နှစ်ဦး၏ တွေ့ဆုံခြင်း သက်သေအဖြစ် ၎င်းစန္ဒရားမော်ဒယ်အား စတေးလ်က ရတနာတစ်ခုနှယ် ဝှက်ထားပြီး အလွယ်တကူ ထုတ်ပြမည်မဟုတ်ပေ။

သို့သော် စတေးလ်ထံ၌ မတူညီသည့် တူရိယာအစစ်များစွာ ရှိရာ ၎င်းတို့အားလုံးကို ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ မိန်းကလေးများက လေ့ကျင့်ရေးအတွက် အသုံးပြုကြသည်။

၎င်းတူရိယာများအနက် အေဗရယ်က စန္ဒရားကို ရွေးချယ်ခဲ့သည်။

ပြောရလျှင် သူမ၏ ရွေးချယ်မှုက မှန်ကန်လှပါ၏။

စန္ဒရားသည် အင်မတန်ရသမြောက်သည့် တူရိယာဖြစ်သလို အေဗရယ်ထံရှိ မြေခွေးမျိုးနွယ် သားရဲလူမျိုး သဘာဝဆွဲဆောင်မှုနှင့် အင်မတန် ကွဲပြားသည့် ဆွဲဆောင်မှုမျိုးကို ဖန်တီးမိသွားစေသည်။

ရှုယီမှာ လက်ရှိ အေဗရယ်သာ အန်ဗီမာမြို့တော်တော်၌ အားလုံးရှေ့ စန္ဒရားတီးပါလျှင် သူမဟာ သေချာပေါက် ရုန်းရင်း ဆန်ခက်များဖြစ်ပွားစေလိမ့်မည်။

သို့သော် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ လေ့ကျင့်ခန်း မပြီးခင်တွင် အေဗရယ်၏ တစ်ဦးတည်းသော ဖျော်ဖြေမှုက ရှုယီတစ်ဦးတည်းအတွက်သီးသန့်ပင်။

နားထောင်ဖို့ရန် သက်တောင့်သက်သာဖြစ်နေပြီး ဂီတသံ ငြိမ့်ငြိမ့်လေးထွက်လာသည်နှင့်အတူ ရှုယီလည်း အာရုံစိုက် နားထောင်နေရင်းမှ တစ်ခေါက်ပြီးတစ်ခေါက် စိတ်တိုင်းကျစွာ ခေါင်းငြိမ့်နေတော့၏။

ဤစန္ဒရားတေးသံက သူ၏ မှတ်ဉာဏ်မှလာခဲ့ပြီး ကမ္ဘာမြေမှ ကျော်ကြားသည့် လက်ထပ်မင်္ဂလာတေးသံပင်။

အနှီတေးသံက အင်မတန် တက်ကြွပါသော်လည်း လေးနက်လွန်းလှရာ မင်္ဂလာပွဲတစ်ခု၌ တီးခတ်ရန် သင့်လျော်သည်။

ယနေ့မှာ အာချီနှင့် လဲယာတို့၏ လက်ထပ်မင်္ဂလာပွဲနေ့ဖြစ်ပြီး ရှုယီထံ ဖရေလီယာက ဖိတ်စာတစ်စောင်ပို့ခဲ့သည်။ ရှုယီလည်း စတေးလ်နှင့်အတူ သွားဖို့ ဆုံးဖြတ်ထားပြီး နောက်မှ အေဗရယ်က ရှုယီထံ ရုတ်တရတ် ရောက်လာကာ ၎င်းတို့ထံ မည်သို့သော လက်ဖွဲ့မျိုးပေးမည့်အကြောင်း မေးမြန်းလာခဲ့၏။

ဤနေရာသို့ အေဗရယ် ရောက်လာပြီးနောက် လဲယာနှင့်ဆုံခဲ့ရာ ၎င်းတို့မှာ သူငယ်ချင်းကောင်းများဖြစ်ကြသည်။ ယခု လဲယာ၏ လက်ထပ်ပွဲဖြစ်ရာ သဘာဝကျစွာပင် အေဗရယ်ကို ဖိတ်ကြားထား၏။

ရှုယီလည်း သေချာစဉ်းစားပြီးနောက် အေဗရယ်အား ၎င်းတို့ထံ လွန်ကျူးပြီး လက်တွေ့မကျသည့် လက်ဆောင်ပေးခြင်းထက် ပိုမိုထူးကဲပေါ်လွင်နေမည့် စန္ဒရားဖျော်ဖြေမှုတစ်ခု ပေးရန်က ပိုကောင်းလေသည်။

အေဗရယ်လည်း ရှုယီ၏ အကြံပြုချက်ကို အင်မတန် သဘောတူသော်ငြား မည်သည့်သီချင်းရွေးရမည်ကို စိုးရိမ်နေခဲ့ရသည်။ ရှုယီက ရုတ်တရတ် ကိုးကားချက်တစ်ခုရကာ သူ၏မှတ်ဉာဏ်များထဲမှ အနှီလက်ထပ်‌မင်္ဂလာသီချင်းကို အေဗရယ်အတွက် ထုတ်နုတ်ပေးခဲ့၏။

ရက်အနည်းငယ် လေ့ကျင့်ပြီးနောက် အေဗရယ်မှာ ထိုသီချင်းကို ကျင့်သားရနေပြီဖြစ်သည်။ သူမအနေနှင့် တီးခတ်နေစဉ်အတွင်း အမှားအနည်းငယ် လုပ်နေမိသေးသော်လည်း မည်သူကမှ ၎င်းကို ယခင်က မကြားဖူးသဖြင့် ခြားနားမှုကို သတိပြုကြလောက်မည်မဟုတ်ကြောင်း ရှုယီ ယုံကြည်သည်။

အေဗရယ် မပြီးသေးခင် စတေးလ်ဝင်လာပါ၏။

ရှုယီလည်း လှည့်ကြည့်လိုက်ရင်း မျက်လုံးများ တောက်ပသွားသည်။

မင်္ဂလာပွဲသို့ သွားရမည်ဖြစ်သောကြောင့် စတေးလ်မှာ ဝတ်စားပြင်ဆင်ထားသည်။

သူမက လှပြီးသားဖြစ်သော်လည်း ထိုအဝတ်များနှင့် ပို၍ပင် တောက်ပနေသေးသည်။ ၎င်းက စက္ကန့်တစ်ခုစာလေးပင် အကြည့်မလွှဲချင်လောက်အောင် ဖြစ်စေသည်။

“ဟေး စတေးလ် မင်း ဒီလောက် လှပနေအောင် ဝတ်စားထားတာက လဲယာရဲ့ အဓိကစင်မြင့်ကို လုယူဖို့ ပြင်ဆင်နေလို့လား?” ရှုယီမှာ အပြုံးဖြင့် မနေနိုင်ဘဲ ပြောလိုက်မိသည်။

စတေးလ်က မျက်မှောင်ကုပ်ကာ သူမ၏ ခါးနားကို ဆွဲလိုက်သည်။

“ကျွန်မတော့ မထင်ပါဘူး။ ဒီအဝတ်တွေက အခု နည်းနည်း ကြပ်နေတယ် ကြည့်ရတာ အရင်ကနဲ့စာရင် ကျွန်မ ပိုဝလာပုံပဲ။”

“အရမ်းပိန်တာက မကောင်းပါဘူးကွာ။” ရှုယီလည်း သွားကာ သူမ၏ ခါးကို ညင်ညင်သာသာဆွဲယူလျက် ပွတ်သပ်လိုက်သည်။ အရယ်တစ်ချက်ဖြင့် သူကဆိုပါ၏၊ “အသားပိုများတော့ ပိုထိလို့ကောင်းတာပေါ့ မဟုတ်ဘူးလား?”

စတေးလ်က သူ့အား မျက်လုံးလှန်ပြကာ၊ “အေဗရယ် ဒီမှာ အခုထိ ရှိသေးတယ်နော်။”

“အေဗရယ်က အပြင်လူမှ မဟုတ်တာနော်?” ရှုယီက အနည်းငယ် နီမြန်းနေသည့် မျက်နှာရှိနေသော အေဗရယ်ကို လှည့်ပြောလိုက်သည်၊ “ဟုတ်ပြီ အေဗရယ်, မင်း ဒီသီချင်းနဲ့ ပတ်သက်ပြီး အတော်ကောင်းနေပြီ။ အချိန်ကျတော့မယ် ကျုပ်တို့ သွားသင့်ပြီ။”

ရှုယီက သူမကိုကြည့်ကာ ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ “ကျုပ်အထင် အဲဒီ ဖရေလီယာလည်း သူ့သားရဲ့ လက်ထပ်ပွဲဆီ မင်းကို ဖိတ်လိုက်မိလို့ နောင်တရလောက်တယ်။ မင်းက လက်ထပ်ပွဲမှာ အားလုံးရဲ့ အာရုံကိုဆွဲဆောင်မိပြီး သတို့သမီးအသစ်လေး လဲယာကို ဘယ်သူကမှ မကြည့်လောက်ဘူးဆိုတာ သေချာတယ်။”

အေဗရယ်မှာ မင်္ဂလာပွဲ သွားရမည်ဖြစ်သောကြောင့် ဂရုတစိုက် ဝတ်စားထားသည်ပင်။

သူမ၏ မြေခွေးမျိုးနွယ်စု သဘာဝဆွဲဆောင်မှုနှင့်အတူ သူမအား ပြင်းပြသည့်ဆွဲဆောင်မှုက ဖုံးလွှမ်းထားသည်။

စတေးလ်နှင့်အတူ ရပ်နေခြင်း‌ဆိုလျှင်တောင် သူမက အနည်းငယ်မျှသာ အားပျော့ရာ ၎င်းက ရှုယီကို ခံစားချက်အပြည့်ဖြင့် သက်ပြင်းချစေသည်။

အေဗရယ်၏ မျက်နှာလေးက ရှုယီထံမှ ချီးကျူးခံရပြီးနောက် အတန်ငယ် နီမြန်းလာသည်။ သူမက ခေါင်းငုံ့ ရှုယီနောက်လိုက်သွား၏။

အေဗရယ်၏ အသွင်ကိုကြည့်ရင်း စတေးလ်မှာ မပြုံးမိဘဲ မနေနိုင်လိုက်ချေ။ သူမက အေဗရယ်၏ ဘက်သို့ သွားကာ အသံတိုးဖွဖွဖြင့်ဆိုလေသည်၊ “ရှုယီက မင်းကို လက်ခံနိုင်ရင် ငါလည်း စိတ်မရှိပါဘူး။

အေဗရယ်၏ မျက်နှာလေးမှာ ပို၍ပင် နီရဲလာကာ ခေါင်းငုံ့လိုက်ပြီး မည်သည်ကိုမှ မဆိုတော့ချေ။

ရှုယီက တံခါးမှ ထွက်လုဆဲဆဲဖြစ်သော်လည်း စတေးလ်က သူ့နောက်ကွယ်တွင် တစ်စုံတရာ ရေရွတ်လိုက်သည်ကိုကြားသော် လှည့်ကြည့်လိုက်ရာ အေဗရယ်၏ အရှက်သည်းနေဟန်ကို တွေ့ရသဖြင့် ရှုပ်ထွေးသွားသည်။

သို့သော် မေးရန် အချိန်မရှိတော့။ သူက ထိုနှစ်ဦးကို လောဆော်လိုက်ပြီး သုံးဦးသား အိမ်တော်မှ ခွာကာ Frestech ဦးပိုင်မြေ၏ လူနေဧရိယာဆီ ဦးတည်လိုက်‌ကြသည်။

အာချီနှင့် လဲယာတို့၏ မင်္ဂလာပွဲမှာ ယခင်က ရှုယီနှင့် စတေးလ်တို့၏ လက်ထပ်ပွဲကို မယှဉ်သာသော်လည်း အတော်လေး ခမ်းနားနေဆဲပင်။

၎င်းတို့မှာ ဘန်တာမြို့မှ လာသော လူများအနက် စတက်တိန်းနယ်မြေကဲ့သို့ တိုင်းတပါးမြေတွင် ပထမဦးဆုံး လက်ထပ်သည့် စုံတွဲဖြစ်သောကြောင့် ရှုယီမှာ ၎င်းက အင်မတန်ထူးကဲလှသည်ဟု ခံစားမိ၏။ သူက Frestech ကုန်သည်ကြီးများအသင်း၏ အလေးထားမှုကို ပြသကာ ဥက္ကဌအနေနှင့် လာခဲ့သည်။

ရှုယီက သူ၏ဇနီးစတေးလ်နှင့်အတူ လာကတည်းက Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်များလည်း အားလုံးရောက်လာကြသည်သာ။

အဆင့်မြင့်အဖွဲ့ဝင်များအပြင် ဤနေရာ၏ အရှင်သခင် ကောင့်ထ် ဝိန်သည်ပင် ကိုယ်တိုင် တက်ရောက်လာသည်။

စတက်တိန်းနယ်မြေ၏ အရှင်သခင်တစ်ဦးအနေနှင့် သူ့အတွက် လမ်ပူရီတိုင်းပြည်သားများ၏ မင်္ဂလာပွဲကို တက်ရောက်သည်မှာ ရှားပါးသည်။

မှန်ပါ၏၊ ဤသည်မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို မျက်နှာသာပေးခြင်းဖြစ်ကြောင်း သံသယပင်မလိုပေ။

သို့သော် မည်သို့ဖြစ်ဖြစ် သားဖြစ်သူ၏ မင်္ဂလာပွဲသို့ လာရောက်သည့် အရေးကြီးပုဂ္ဂိုလ်‌များစွာရှိရာ မဒမ်စတေးလ်နှင့် သခင်မလေး အေဗရယ်တို့က ချွေးမဖြစ်သူ၏ အဓိကစင်မြင့်ကို လုယူသွားသော်လည်း ဖရေလီယာမှာ အင်မတန် ဝမ်းမြောက်နေ၏။

သူ့အနေနှင့် ရှုယီအား အတိတ်၌ တွေ့ဆုံခဲ့ရခြင်းမှာ သူ၏ ဘဝ၌ ကံအကောင်းဆုံးအခိုက်တန့်ဖြစ်သည်ဟု ခံစားနေရသည်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ စတက်တိန်းနယ်မြေထံသို့ ရွှေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းက မှန်ကန်ပေ၏။

မင်္ဂလာပွဲမှာ အင်မတန်ခမ်းနားလှပြီး ဖရေလီယာနှင့် အခြားဧည့်သည်များအားလုံး အင်မတန် ရွှင်ပြဟန်ရှိနေကြပေသည်။

သို့ရာတွင် လူတိုင်းကတော့ ဤပျော်ရွှင်ဖွယ်လေထုကို မခံစားနိုင်ပေ။

ဥပမာဆိုရသော် ရှုယီနှင့် ကောင့်ထ်ဝိန်ပင်။

နှစ်ဦးက မင်္ဂလာပွဲ၌ စကားစမြည်ပြောနေသည်မှာ ၎င်းတို့ဘေးပတ်လည်ရှိ လေထုကို အနည်းငယ် တင်းမာသွားစေပြီး အတန်ငယ် မရွှင်ပျဟန် ရှိနေ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၈။ နည်းပညာအတွက် မြေ ဖလှယ်ခြင်း

၎င်းတို့ စကားဝိုင်း၏ အဓိက ခေါင်းစဉ်မှာ တကယ်တမ်းတွင် သဘောတူညီမှု တစ်ခုဖြစ်၏။

မင်းသားလေးအဲရစ်က ထီးနန်းဆက်ခံလိုက်ပြီ ဟူသည့် သတင်းထွက်လာပြီးနောက် ရှုယီမှာ ကောင့်ထ်ဝိန်အား မြေပိုငှားဖို့ တောင်းဆိုခဲ့သည်။ သူ့အနေနှင့် အနှီမြေအား Frestech ဦးပိုင်မြေကို ချဲ့ထွင်ရာ၌ စက်ရုံများနှင့် သုတေသနဌာနများ ဆောက်ရန် အသုံးပြုလိုသည်။

ကောင့်ထ်ဝိန်က ပထမတွင် အင်မတန် လျင်မြန်စွာဖြင့် Frestech ကုန်သည်ကြီးများအသင်းထံ ယခင်ကနှင့် အတိုင်းအတာတူ စုစုပေါင်း ဟက်တာတစ်သိန်းမြေကို ငှားရမ်းဖို့ သဘောတူခဲ့သည်။

ထို့အပြင် ကောင့်ထ်ဝိန်က ရှုယီအနေနှင့် သူ၏အမည်အောက်ရှိ မြေမှ ရွေးယူနိုင်ကြောင်း ဆိုခဲ့သည်။ ထိုနည်းဖြင့် ရှုယီအစီစဉ်အရလည်း မြေနှစ်ကွက်ကို အတူတကွ ချိတ်ဆက်နိုင်သလို Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေ၌ အခြေစိုက်ဌာနကြီးတစ်ခုရလောက်မည်ဖြစ်ပြီး တိုးတက်ချင်သလောက် ပြဿနာမရှိဘဲ တိုးတက်စေရန်ခွင့်ပြုလိမ့်မည်။

သို့သော် လမ်ပူရီတိုင်းပြည်ရှိ အခြေအနေပြောင်းသွားကာ Frestech ကုန်သည်ကြီးများအသင်းအတွက် အခြေအနေက အနည်းငယ် ဆိုးလာသည်နှင့် ကောင့်ထ်ဝိန်၏ သဘောထားကြီးပုံက စတင်ပြောင်းလဲလာတော့သည်။

ရှုယီ၏ မြေထပ်ငှားရန် တောင်းဆိုမှုအတွက် ကောင့်ထ်ဝိန်မှာ စတင်နှောင့်နှေးစေကာ ယခင်လို မမြန်စေတော့ချေ။

Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်ရှိ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနက မှော်စက်များထုတ်လုပ်ခြင်းမှ ပိတ်ပင်တားမြစ်လိုက်သောအခါ ကောင့်ထ်ဝိန်၏ သဘောထားကာ ကြီးကြီးမားမား ပြောင်းလဲသွားတော့သည်။ သူက ရှုယီက ယခင်ကနှင့်စာလျှင် များစွာ ပိုမို ခက်ခဲလာစေ၏။

သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံ မြေငှားရမ်းမပေးခြင်းမဟုတ်ဘဲ ကြေးကို ကောင်းကင်ယံတမျှမြင့်မြင့်တိုးလိုက်ခြင်းပင်။

တူညီသည့် ဟက်တာတစ်သိန်း နယ်မြေအတွက် ယခင်ကဆိုလျှင် ရွှေဒင်္ဂါး သုံးသိန်းကုန်ကျမည်ဖြစ်သည်။ သို့သော် ယခု Frestech ကုန်သည်ကြီးများအသင်းက နောက်ထပ် မြေတစ်သိန်းဟက်တာ ငှားရမ်းဖို့တောင်းဆိုလာရာ ကောင့်ထ် ဝိန်က ရုတ်တရတ် ရွှေဒင်္ဂါး တစ်သန်းအထိ တိုးလိုက်ပေ၏!

၎င်းက သုံးဆထက်ပင် ပိုများသေးသည်။

မှန်ပါ၏ ရှုယီမှာ ကောင့်ထ် ဝိန်၏ တောင်းဆိုမှုကို သဘောမတူလိုသဖြင့် နှစ်ဘက်မှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ ဖြစ်နေကြသည်။

ဤလများအတွင်း ရှုယီမှာ ကောင့်ထ် ဝိန်နှင့် အကြိမ်များစွာ ညှိနှိုင်းခဲ့သော်လည်း ဘယ်‌တုန်းကမှ စိတ်ကျေနပ်ဖွယ်အဆုံးသတ်ကို မရချေ။

အကြောင်းအရင်းကို မသိရဘဲ ရှုယီမှာ အာချီနှင့် လဲယာတို့၏ မင်္ဂလာပွဲသို့ရောက်လာပြီးနောက် ကောင့်ထ် ဝိန်ကလည်း တက်ရောက်လာသည်။ သူက ရှုယီကို အလျင်ဦးစွာ ရှာကာ ထိုခေါင်းစဉ်ကို တစ်ဖန်ထည့်ပြောလာပြန်သည်။

သို့သော် ၎င်းက ယခင်ကနှင့် ထပ်တူဖြစ်ပြီး ကောင့်ထ်ဝိန်အနေနှင့် ရွှေဒင်္ဂါးတစ်သန်းထိ မဖြစ်မနေ ကြေးမြှင့်ထားဆဲပင်။

၎င်းက ရှုယီကို အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စေသည်။

အလျှော့ပေးဖို့ရန် အစီစဉ်မရှိကတည်းက အဘယ့်ကြောင့် လာရောက် ညှိနှိုင်းနေရသနည်း?

ရိုးရိုးသားသားဆိုရသော် Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေ၌ မြေကွက်သစ်ဖွင့်ဖို့လိုအပ်သောကြောင့် မြေလိုနေရာ ရှုယီမှာ ဤသည်က စတက်တိန်းနေမြေတွင် အသင့်တော်ဆုံးနေရာဖြစ်သည်ဟု စဉ်းစားမိခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဆန်နက်မြေရိုင်း၌ စတင်ဖွံ့ဖြိုးမှုများလုပ်ဆောင်နေပြီဖြစ်သည်။ ကောင့်ထ် ဝိန်နှင့် စကားဝိုင်းက မည်သည့်နေရာကိုမှ မရောက်ပါလျှင် ရှုယီမှာ လေးလံသောအလုပ်ဝန်ရှိသည့် စက်ရုံများကို ဆန်နက်မြေရိုင်းသို့ ပြောင်းရွှေ့နိုင်ပြီး ဤနေရာ၌ ချဲ့ထွင်နေဖို့ မလိုချေ။

ကောင့်ထ် ဝိန်၏ သဘောထားက ဤတစ်ကြိမ်တွင် ခိုင်မြဲနေရာ ရှုယီလည်း ပြင်ဆင်မှုများလုပ်ဆောင်ထားသဖြင့် ပူပန်မနေတော့ချေ။

ကောင့်ထ် ဝိန်မှာ ဤအခြေအနေတွင် ထိုသို့ ပြုမူနေဆဲဖြစ်ရာ ရှုယီလည်း မပျော်‌ရွှင်နေချေ။

“ကောင့်ထ် ဝိန် ကျုပ် အကြိမ်များစွာ ပြောပြီးပြီလေ။ ကျုပ်တို့ လုပ်ငန်းစုက ဒီလောက်ဈေးနှုန်းကို လက်မခံနိုင်ပါဘူး။” သူဟာ အခြားတစ်ဖက်၏ ပိုင်နက်၌ရှိနေသဖြင့် ရှုယီလည်း စိတ်ထဲ ဒေါသကို ဖိနှိပ်၍ လေးလေးနက်နက်သာဆိုလိုက်သည်၊ “ပြီးတော့ ကျုပ်တို့လုပ်ငန်းစုက ဒီနှစ်မှာ အတော်များများ ရင်းနှီးမြှုပ်နှံခဲ့တော့ မြေငှားဖို့ ရွှေဒင်္ဂါးတစ်သန်း ရုတ်တရတ်ထုတ်ဖို့ဆိုတာက ရွေးချယ်မှုကောင်းမဟုတ်ဘူးလေ။”

ကောင့်ထ် ဝိန်က ရှုယီကိုကြည့်ကာ လုပ်ပြုံး ပြုံးလိုက်သည်၊ “ခင်ဗျားတို့လုပ်ငန်းစု ဒီနှစ်မှာ အတော်များများ ရင်းနှီးမြှုပ်နှံခဲ့တာကို ကျုပ်သိပါတယ်။ ဒါကို နားလည်ပေမယ့် ဥက္ကဌရှု ဒီနေ့ ခင်ဗျားကို ကျုပ်လာရှာတာက တခြားအဖြေ‌ရှာတွေ့သွားလို့ပါ။”

“အိုး? ဘာများလဲ?” ရှုယီက အံ့ဩစွာမေးလိုက်သည်။

“ဥက္ကဌရှု ခင်ဗျားတို့လုပ်ငန်းစုက အတော်များများ ရင်းနှီးမြှုပ်နှံခဲ့ရတာကြောင့် ရွှေဒင်္ဂါးတစ်သန်းမထုတ်နိုင်ဘူးလို့ ပြောတာကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ရဲ့ သဘောတူညီမှုကို ရွှေဒင်္ဂါးတွေနဲ့ လုပ်ဖို့မလိုဘူး။” ကောင့်ထ် ဝိန်က မျက်လုံးများ‌ မှေးကျဉ်းကာ အပြုံးဖြင့်ဆိုသည်။

“ရွှေဒင်္ဂါးသုံးစရာမလိုဘူး?” ရှုယီက မျက်မှောင်ကုပ်သည်။ သူဟာ ကောင့်ထ် ဝိန်ကို ခဏတာကြည့်လိုက်ပြီးနောက် ထိုအဆီအပြည့်မျက်နှာထက်မှ လောဘရိပ်ကိုမြင်သော် အနည်းငယ် နားလည်သွားသည်၊ “ဘာလိုချင်တာများလဲ?”

“ဟဲဟဲ ဥက္ကဌရှုက လူတော်ပါပဲ။” ကောင့်ထ် ဝိန်၏ မျက်နှာမှ အဆီများမှာ ရယ်မောလိုက်သဖြင့် တုန်ခါသွားသည်၊ “ရွှေဒင်္ဂါးတွေနဲ့စာရင် ကျုပ်စိတ်ဝင်စားတဲ့အရာတစ်ခုရှိတယ်။ ဥပမာပြောရရင်တော့ ခင်ဗျားတို့ လုပ်ငန်းစုမှာရှိတဲ့ နည်းပညာတွေ......”

ရှုယီမှာ ဤတစ်ကြိမ်တွင် တကယ် အံ့ဩသွားရသည်။

သူ့အနေနှင့် ကောင့်ထ် ဝိန်လိုချင်သည်မှာ Frestech ကုန်သည်ကြီးများအသင်းထံရှိ နည်းပညာဟု မထင်ထားခဲ့ချေ။

ရှုယီနှင့် သဘောတူညီမှုများပြုလုပ်ချိန်တွင် သူ၏စိတ်၌ ရွှေဒင်္ဂါးများဖြင့်သာ ပြည့်နေပြီး အခြားမည်သည်ကိုမှ လိုခဲ့ခြင်းမရှိပေ။

အဘယ့်ကြောင့် ရုတ်တရတ်ကြီးနည်းပညာကို ဂရုစိုက်လာရသနည်း?

သူ့ကို တစ်ခုခုကများ လှုံ့ဆော်လိုက်တာလား?

“ဒါက..... ကျုပ် အရင်မေးကြည့်ချင်တယ် ကောင့်ထ် ဝိန်, ခင်ဗျားက ဘယ်လို နည်းပညာမျိုးကို ရည်ညွှန်းနေတာလဲ?” ရှုယီက မေးသည်။

“မှော်စက်လုပ်တဲ့ နည်းပညာပေါ့။” ကောင့်ထ် ဝိန်က ပုံမှန်အသံဖြင့်ဆိုသည်၊ “ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီက နည်းပညာတွေ ကျေးဇူးနဲ့ ချမ်းသာလာတဲ့ လုပ်ငန်းစုတွေ လမ်ပူရီတိုင်းပြည်မှာ အတော်များများရှိတာကြောင့် ကျုပ်လည်း စိတ်ဝင်စားလာမိတာပဲ။”

“ဒီတော့ အဓိပ္ပာယ်က.... မှော်စက်လုပ်ငန်းစုတစ်ခုမှာ ရင်းနှီးမြှုပ်နှံချင်တာလား?” ရှုယီက မေးသည်။

“ဒီလိုမျိုးပေါ့” ကောင့်ထ် ဝိန်က ခေါင်းငြိမ့်၏။

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ချေ။

ကောင့်ထ် ဝိန်အတွက် ထိုအကြံမျိုးရှိသည်က မထူးဆန်းပေ၊ သူသာ ကောင်းကောင်း လုပ်ဆောင်လျှင် မှော်စက်များထုတ်လုပ်ခြင်းမှာ ငှားခတောင်းရမ်းနေခြင်းထက် များစွာပိုမို အကျိုးအမြတ်ရသည်။

သို့သော် ရှုယီမှာ ကောင့်ထ် ဝိန်ကို မှော်စက်များနှင့် မဆက်စပ်ကြည့်နိုင်သလို စတက်တိန်းနယ်မြေတစ်ခုလုံးကိုပင် မှော်စက်များနှင့် ဆက်စပ်ခြင်းမပြုနိုင်ပေ။

အကြောင်းအရင်းက ရိုးရှင်းလှပါ၏၊ ဤနေရာရှိ လူများက အင်မတန်ပျင်းရိလှသည်ပင်။

Frestech ဦးပိုင်မြေ၌ ဒေသခံများစွာရှိသော်လည်း ဤနေရာသို့ ရွှေ့ပြောင်းလာခဲ့ကြသည့် လမ်ပူရီတိုင်းပြည်သားများနှင့် စာလျှင် ဤနေရာကလူများမှာ အင်မတန်ပျင်းရိလှပေ၏။ ၎င်းတို့၏ လုပ်နိုင်စွမ်းမှာ လမ်ပူရီတိုင်းပြည်သားများ၏ ငါးပုံ,ပုံ တစ်ပုံပင်မရှိချေ။

ကောင့်ထ် ဝိန်နှင့် ထိုလူများထံရှိ ဖော်ရွေတတ်သော သဘောထားကြောင့်မဟုတ်လျှင် ရှုယီမှာ ထိုဒေသခံလုပ်သားအားလုံးကို မောင်းထုတ်လိုက်ပြီးဖြစ်သည်။

ယခုတွင် ကောင့်ထ် ဝိန်က မှော်စက်ထုတ်လုပ်ရေးလုပ်ငန်းစုတစ်ခု ဖန်တီးချင်နေရာ ရှုယီက သူ့အား နည်းပညာ‌နှင့် စက်ကိရိယာများ ပေးလိုက်ပါလျှင်တောင် သူဟာ ဒေသခံလုပ်သားများကိုသာ ခန့်အပ်နိုင်သည်။

ဒေသခံလုပ်သားတို့၏ လုပ်နိုင်စွမ်း နည်းပါးပုံနှင့် အနီစက်ရုံထံ၌ မည်သို့သော အနာဂတ်ဖြစ်နေမည်နည်း?

မှန်ပါ၏ ရှုယီက ၎င်းကို သေချာပေါက် မဆိုပေ။ သူက ပြုံးရုံပြုံးပြီး မေးလေသည်၊ “ကောင်းပြီ ကောင့်ထ် ဝိန်, ခင်ဗျား ဘယ်နည်းပညာကို စိတ်ဝင်စားလဲ?”

“ဒါက..... ပထမဆုံး စည်သွပ်သီးစက်ရုံ ကျုပ်ကိုယ်တိုင် တစ်ရုံထောင်ချင်တယ်။ စိုးရိမ်ဖို့မလိုပါဘူး ဥက္ကဌရှု ကျုပ်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ စီးပွားကို လုယူမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ လုပ်ငန်းစုရဲ့ စည်သွပ်သီးတွေက ကျုပ်တို့ စတက်တိန်းနယ်မြေမှာရှိတဲ့ အသီးအားလုံးကို မသုံးတော့ ကျုပ်တို့ကြားမှာ ဘာ ပဋိပက္ခမှ ရှိလာမှာမဟုတ်ဘူး။” ကောင့်ထ် ဝိန်က ဆို၏။

“အင်း....ပြီးတော့ရော?” ရှုယီက ငြင်းဆန်ခြင်းလည်းမပြုသလို လက်လည်းမခံချေ။

“ဒါ့အပြင် ကျုပ်အနေနဲ့ အိမ်သုံးမှော်စက် အတော်များများကိုလည်း စိတ်ဝင်စားတယ်။ ကျုပ် စိတ်အဝင်စားဆုံးက မှော်ရေခဲသေတ္တာ၊ မှော်ရေခဲစက်နဲ့ မှော်လေပေးစက်တွေပဲ။ ခင်ဗျားလည်း ကျုပ်တို့ စတက်တိန်းနယ်မြေက တစ်နှစ်ပတ်လည်လုံး အရမ်းပူအိုက်နေတာကို သိမှာပါ၊ ဒီတော့ အဲ့အရာတွေက ဒီမှာ အရမ်းကို ကျော်ကြားတယ်လေ။”

ရှုယီမှာ စိတ်ထဲ ရယ်ချင်မိသွားသည်။

ဤနေရာရှိ ရာသီဥတုကိုကြည့်လိုက်လျှင် စတက်တိန်းနယ်မြေမှာ အနှီမှော်စက်များအတွက် သင့်တော်ပါ၏။

သို့သော် အကျင့်ပြခြစားမှုအဆင့်ကို ကြည့်လိုက်လျှင် စတက်တိန်းနယ်မြေက အရည်အသွေးပြည့်မီဖို့ လိုသေး၏။

စတက်တိန်းနယ်မြေထံ၌ အခြားနိုင်ငံများထက်စာလျှင် ချမ်းသာမှုနှင့် ဆင်းရဲမှုအကြား ပိုမိုကြီးမားသည့် အကွာအဟရှိနေသည်။ ကောင့်ထ် ဝိန်မှလွဲ၍ လူအများစုမှာ ကျောပေါ်၌ အဝတ်များကို ထိန်းထားရန်ပင် ခက်ခဲသည့် သာမန်ပြည်သူများဖြစ်ပြီး ဤနေရာ၌ လမ်ပူရီတိုင်းပြည်ထက်ပင် ကျွန်က ပိုများလေသည်။

ဤ‌ဈေးကွက်က ဆိုးလှရာ သူဟာ မည်သို့များ အိမ်သုံးမှော်စက်များစွာကို ရောင်းချနိုင်မည်နည်း?

ပြောရလျှင် ဈေးအချိုဆုံး မှော်ရေခဲသေတ္တာမှာ အနည်းဆုံး ရွှေဒင်္ဂါးနှစ်ဆယ် ကုန်ကျပေသည်။

ရှုယီထံ၌ အချက်အလက်သီးသီးသန့်သန့်မရှိသော်လည်း စတက်တိန်းနယ်မြေအတွင်း လူ ၉၈%ကျော်က ဈေးအချိုဆုံး မှော်ရေခဲသေတ္တာကို မတတ်နိုင်ကြောင်း သေချာသည်။

မှန်ပါ၏ ရှုယီက ကောင့်ထ် ဝိန်ကို ထိုအကြောင်း မပြောဘဲ အပြုံးဖြင့်သာ ခေါင်းငြိမ့်၏၊ “ဒီအကြံမဆိုးဘူး။ ဒါဆို ကောင့်ထ် ဝိန် ကျုပ်တို့နည်းပညာကို လွှဲပြောင်းပေးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် နည်းပညာက ဈေးမချိုဘူး......”

ကောင့်ထ် ဝိန်က ရှုယီထံ လက်ညှိုးတစ်ချောင်း ထောင်ပြလာသည်။

“နည်းပညာတစ်ခုကို တစ်နှစ်စာ မြေ ဟက်တာတစ်သောင်း ဘယ်လိုလဲ?”

ရှုယီမှာ အံ့ဩကာ ဟာသကြောင့် ရယ်မိတော့မလိုပင် ဖြစ်သွားသည်။

ကောင့်ထ် ဝိန်၏ ကနဦးဈေးနှုန်းမှာ ဟက်တာတစ်သိန်းမြေအတွက် ရွှေဒင်္ဂါးတစ်သန်းရှိခဲ့သည်။ ထို့ကြောင့် နည်းပညာနှင့် မြေအလဲအလှယ်လုပ်ခြင်းက သူဟာ ရွှေဒင်္ဂါးတစ်သိန်းဝန်းကျင်ဖြင့် နည်းပညာတစ်ခု ဝယ်ရန် မျှော်လင့်နေသည့် အဓိပ္ပာယ်ပင်။

Frestech ကုန်သည်ကြီးများအသင်း၏ လွှဲပြောင်းခများမှာ လက်ရှိတွင် တစ်သိန်းကျော်နေပြီး ရွှေဒင်္ဂါးနှစ်သိန်းအထိ ရှိ၏။

ကောင့်ထ် ဝိန်က ၎င်းကိုသိလေရာ ဤဈေးနှုန်းက အင်မတန် သင့်တင့်လှသည် ထင်နေသည်။

ရှုယီသာ သဘောတူလျှင် အခကြေးငွေတွက်ချက်ရပါက သူ့အနေနှင့် အတော်လေးပင် ရလိုက်ဦးမည်ဖြစ်သည်။

သို့သော် ရှုယီအတွက် နည်းပညာများစွာကို လုပ်ငန်းစုဆယ်ခုထံ အလကားပေးခဲ့သလို လမ်ပူရီတိုင်းပြည်၏ လုပ်ငန်းစုများစွာထံလည်းပေးခဲ့ရာ အနှီနည်းပညာက လျှို့ဝှက်ချက်မဟုတ်နေပေ။ ရှုယီလည်း ထိုမျှ ဂရုစိုက်မနေပါချေ။

ရှုယီ၏ ကမ္ဘာမြေမှ စက်မှုအင်ဂျင်နီယာသီအိုရီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ စွမ်းအားကြီး သုတေသနရင်းမြစ်များနှင့်ဆိုလျှင် ၎င်းတို့မှာ သေချာပေါက် လက်ရှိ မှော်စက်များကို ကျော်လွန်နေသည့် မှော်စက်များကို ဖန်တီးနိုင်လိမ့်မည်။

ဤနည်းပညာများမှာ ရှုယီအတွက် ထိုမျှ တန်ဖိုးမကြီးပေ။

သူသာ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်းလိုအပ်သည့် မြေအတွက် လဲလှယ်နိုင်လျှင် ၎င်းတို့ကသာ အကျိုးပိုရမည်ဖြစ်သည်။

ရှုယီလည်း တမင်မျက်မှောင်ကုပ်ကာ စဉ်းစားရမည့်ဟန် ပြုမူလိုက်သည်။ ထို့နောက် ခက်ခဲနေပုံဖြင့် ကောင့်ထ် ဝိန်နှင့် ခဏတာ ဆွေးနွေးပြီးနောက် ကူရာမဲ့စွာ လက်ခံလိုက်ရသလို ပြုမူနေလေသည်။

သဘောတူညီမှုပြီးနောက် လများစွာကြာခဲ့သဖြင့် ကောင့်ထ် ဝိန်က အင်မတန်ပျော်ရွှင်သွားသည်။ သူက ရှုယီကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး ရယ်မောရင်း ဆိုလေသည်၊ “အရမ်းကောင်းတယ် ဥက္ကဌရှု ရှေ့လျှောက်လည်း ထပ်ပြီး ပူးပေါင်းကြတာပေါ့။ ကျုပ်တို့ ဒီဆက်ဆံရေးကောင်းကို ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။”

ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်လိုက်သည်၊ “အတိအကျပဲပေါ့”

ကောင့်ထ် ဝိန်မှာ စိတ်ကစားသွားပြီးနောက် ရှုယီနားတိုးကပ်ကာ အသံတိုးတိုး‌ဖြင့်မေးသည်၊ “ဥက္ကဌရှု ခင်ဗျားတို့လုပ်ငန်းစုရဲ့ စစ်ဘက်သုံးမှော်စက်တွေ....”

“မဖြစ်နိုင်ဘူး” ရှုယီက တိုက်ရိုက် ဖြတ်ပြောကာ အတိအကျဆိုသည်၊ “ဒီနည်းပညာရဲ့ အရေးပါမှုက များလွန်းတယ် ကျုပ်တို့လုပ်ငန်းစု ဒါကို ဘယ်သူ့ဆီမှ လွှဲပြောင်းပေးမှာ မဟုတ်ဘူး။”

“အင်း အင်း..... ဒီလိုဖြစ်သင့်ပါတယ် ဒီလိုဖြစ်သင့်ပါတယ်.....” ကောင့်ထ် ဝိန်က ဆက်တိုက်ခေါင်းငြိမ့်ပြီး မေးလေသည်၊ “ဒါဆို ..... ဥက္ကဌရှု..... နည်းပညာအကြောင်းမပြောတော့ဘူး ခင်ဗျားတို့လုပ်ငန်းစုဆီကနေ စစ်ဘက်သုံးမှော်စက်တချို့ ဝယ်မယ်ဆိုရင်ရော..... ပြဿနာမရှိလောက်ဘူးမို့လား?”

ရှုယီက မျက်လုံး‌များမှေးကာ ကောင့်ထ် ဝိန်ကိုကြည့်ပြီးနောက် အနည်းငယ် အံ့ဩသွားသည်။

ကောင့်ထ် ဝိန်က သူ့ကို လက်နက်အကျိုးဆောင်ရဲ့ ပြန်လမ်းမရှိတဲ့ လမ်းပေါ် တွန်းပို့ဖို့ ကြိုးစားနေတာလား....

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၄၉။ ပြည်ပလုပ်ငန်းစု(နိုင်ငံခြားကုမ္ပဏီ)တစ်ခု ဖြစ်လာခြင်း

“ဥက္ကဌ.....”

ဆာဘက်စ်က Frestech ကုန်သည်ကြီးများအသင်း၏ ယခင်လ ဘဏ္ဍာရေးအစီရင်ခံစာကို ရှုယီထံ ထူးထူးဆန်းဆန်းအမူအရာဖြင့် ပို့ပေးလာသည်။

“ဘာများလဲ? ပြဿနာရှိလို့လား?” ရှုယီလည်း ၎င်းကို ယူကာ တအံ့တဩမေးလိုက်ပါ၏။

“ပြဿနာမရှိပါဘူး ဒီတိုင်း..... ကျွန်တော်တို့လုပ်ငန်းစုရဲ့ အရင်လ အမြတ်စွန်းက.....တိုးသွားလို့!”

ဆာဘက်စ်၏ မယုံကြည်နိုင်ဟန်ကိုမြင်သော် ရှုယီက ရယ်မောလေသည်။ လက်ထဲရှိ အစီရင်ခံစာကိုကြည့်လိုက်ရင်း ဆာဘက်စ်ပြောသည့်အတိုင်း ဖြစ်နေသည်ကို တွေ့လိုက်ရ‌၏။

စာရင်းများအရ Frestech ကုန်သည်ကြီးများအသင်း၏ အသားတင်အမြတ်ငွေမှာ ယခင်လ၏ ကုန်ကျစရိတ်အားလုံးကို နုတ်ပြီးနောက်တွင် ရွှေဒင်္ဂါး တစ်သန်းရှိနေသည်!

ယခင်လများကတင် ကြီးကြီးမားမားတိုးလာခဲ့ရုံမက ယခင်နှစ်၏ ဤလမှ တိုးတက်ခြင်းပင်ဖြစ်သည်။

ဆာဘက်စ်ထံ၌ ထူးဆန်းနေဟန်ရှိနေသည်က မဆန်း။ အကြောင်းရင်းမှာ မူလခန့်မှန်းခြေအရ Frestech ကုန်သည်ကြီးများအသင်းမှာ ပိတ်ပင်တားမြစ်မှုကြောင့် ထိခိုက်သွားပြီး လုပ်ဆောင်မှုက လျော့သွားမည်ဖြစ်ရာ ၎င်းတို့၏ အမြတ်စွန်းများလည်း ကျဆင်းသွားရမည်ပင်။

သို့သော် အချက်အလက်များက လူအများစု မျှော်မှန်းထားသည်နှင့် ကွဲပြားနေသည်။

ပိတ်ပင်မှုအပြီး ပထမလတွင် Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်အစွန်းများနှင့် ရောင်းအားမှာ ကျဆင်းသွားသော်လည်း ဒုတိယ၌ အနှီကျဆင်းမှုက ရပ်တန့်ကာ ဆက်တက်လာနေသည်။ ၎င်းမှာ *ယခင်လ၌ ဆိုလျှင် ယခင်နှစ်က တူညီသည့်လကိုပင် ကျော်လွန်သွားသည်အထိ ဖြစ်၏။

(* T/N: ဥပမာ ပြောရရင် အခုနှစ် ၂၀၂၃ အောက်တိုဘာလမှာရတဲ့ အမြတ်က အရင် ၂၀၂၂ အောက်တိုဘာလကထက် ပိုများသွားတယ် လို့ပြောချင်တာပါ။)

“ဒါက ဘာမှ မထူးဆန်းပါဘူး။” နံဘေးရှိ စီအီးအို ခမ်နက်ဒ်က အပြုံးဖြင့် ပြောလာသည်၊ “ကျွန်တော်တို့တွေက လမ်ပူရီတိုင်းပြည်မှာ မှော်စက်တွေထုတ်လုပ်ဖို့ ပိတ်ပင်တားမြစ်ထားပေမယ့်လည်း စီးပွားရေးဌာနက သူတို့နိုင်ငံမှာ မှော်စက်တွေရောင်းဖို့ကိုတော့ မပိတ်ပင်ထားတာကြောင့် ခြားနားချက်က အဲ့လောက်မများနေဘူးလေ။”

“အင်း စက်ရုံတွေ နေရာပြောင်းတာကတော့ ထုတ်လုပ်ရေးကို ထိခိုက်စေပေမယ့်လည်း ဒီလိုအချိန်ကြာသွားတော့ လုပ်ငန်းစုကလည်း ပုံမှန် ထုတ်လုပ်နေပြီ။ တကယ်တော့ ကျွန်တော်တို့တွေ အရင်ကနဲ့ အဲ့လောက်မကွာပေမယ့် ယှဉ်ကြည့်ရင် ကျွန်တော်တို့ မိုးကျတောင်ကြားမှာ ရှိတုန်းကလို မတင်းကြပ်ခံထားရတော့ဘူး။ အဲ့အစား အရင်ကနဲ့စာရင် စက်ရုံအတော်များများလည်း ပိုရှိလာတာကြောင့် ထုတ်လုပ်‌နိုင်စွမ်းက တိုးလာတော့တာပဲ။” အိမ်သုံးမှော်စက်ဌာန၏ အန်းခေါ့ထ် ထပ်ပေါင်းပြောသည်။

“ဟုတ်တယ် ဌာနက ငတုံးတွေ အဲ့ဒီ သောက်ကျိုးနည်း ပိတ်ပင်တားမြစ်တယ်ဆိုတာကို ဘယ်လိုစဉ်းစားနေကြမှန်း မသိတော့ဘူး။ အဲဒါက နိုင်ငံကလူတွေက ငါ‌တို့ရဲ့ မှော်စက်တွေ ပိုဝယ်စေချင်လာအောင် လုပ်နေတာမဟုတ်ဘူးလား?”

“ဟုတ်တယ် ဟုတ်တယ်။ အခု ဘန်တာမြို့မှာ လှုပ်ရှားမှုတစ်ခုတောင်ရှိတယ် လူတိုင်းကို Frestech တံဆိပ်ပဲ ဝယ်ဖို့နဲ့ လုပ်ငန်းစုဆယ်ခုရဲ့ မှော်စက်တွေကို သပိတ်မှောက်ဖို့ ပြောနေကြတာလေ။'

“အဲဒီလှုပ်ရှားမှုက ပိုကြီးလာပြီး အနီးဝန်းကျင်မြို့တွေတောင် ဝင်ပါလာကြပြီလို့ကြားတယ်။ အခု အဲဒီလုပ်ငန်းစုတွေ ဘန်တာမြို့နဲ့ အနီးဝန်းကျင်မြို့တွေမှာ ထုတ်ကုန်တွေတောင် ရောင်းလို့မရနိုင်ကြတော့ဘူး.....”

.....

အခန်းထဲရှိ ဆွေးနွေးမှုကိုကြားသော် ရှုယီက မနေနိုင်ဘဲ ခေါင်းခါသည်။

ဌာနရှိလူများက Frestech ကုန်သည်ကြီးများအသင်း ကို ဤသို့ ပိတ်ပင်တားမြစ်ခြင်းမှာ ၎င်းတို့ကို သေမင်းထောင်ချောက်ထဲ တွန်းပို့ဖို့ ကြိုးစားနေခြင်းပင်။

သို့ရာတွင် Frestech ကုန်သည်ကြီးများအသင်းက ဆန်နက်မြေရိုင်း၌ ဤမျှအချိန်တိုလေးအတွင်း ထုတ်လုပ်ရေးအခြေစိုက်ဌာနအသစ်တည်ထောင်နိုင်မည်ဟု ထင်မထားခဲ့လောက်ချေ။ ပုံမှန်ထုတ်လုပ်ရေးကို ပြန်ရရန် တစ်လသာ ကြာခဲ့၏။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းအား ပစ်မှတ်ထားနေသည့် ဌာနက နိုင်ငံရှိ လူများစွာ၏ သံသယနှင့် ဒေါသဒဏ်ကို ခံနေကြရသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးသည့် သတင်းစာများနှင့် ကြော်ငြာအေဂျင်စီများတွင် Frestech ကုန်သည်ကြီးများအသင်းအတွက် ထောက်ပံ့မှုလှိုင်းလုံးကြီးတက်လာကာ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန၏ လှိုင်းကို ခုခံနေ၏။

ထိုလှိုင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ရောင်အားမှာ ကျန်ခဲ့သည့်လများ၌ တိုးလာခဲ့ခြင်းဖြစ်သည်။ ၎င်းက ယခင်လတွင် တစ်လတည်းနှင့် ရွှေဒင်္ဂါးတစ်သန်းစံချိန်ကိုပင် ကျော်လွန်သွားသည်။

ထို့ကြောင့် လုပ်ငန်းစုဆယ်စုမှ ပြုလုပ်ထားသည့် အိမ်သုံးမှော်စက်များမှာ လမ်ပူရီတိုင်းပြည်သားများထံမှ သပိတ်မှောက်ခံနေရကာ ၎င်းတို့၏ ရောင်းအားများလည်း အင်မတန်ဆိုးရွားနေတော့သည်။

အနှီလုပ်ငန်းစု ဆယ်ခုကို ဆန့်ကျင်၍ ဆန္ဒထုတ်ဖော်နေကြသည့် မြို့အတော်များများပင် ရှိနေ၏။ အနည်းငယ် လွန်ကျူးသူများဆိုလျှင် ထိုလုပ်ငန်းစုဆယ်ခု၏ အရောင်းဆိုင်များကိုပင် ဖျက်ဆီးလိုက်ကြသည်။ လမ်ပူရီတိုင်းပြည်၌ အတော်လေး ကသောင်းကနင်း ဖြစ်နေသည်ဟု သတ်မှတ်နိုင်သည်။

၎င်းကို သိရှိပြီးနောက်တွင် ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့။

ပြည်သူလူထုနှင့်စာလျှင် သူက ပိုသိကာ ကိစ္စများကို ပို၍ ရှင်းလင်းစွာ မြင်နိုင်ပါ၏။

Frestech ကုန်သည်ကြီးများအသင်းအတွက် ပြည်သူလူထု၏ ထောက်ခံမှုမှာ အစစ်အမှန်ဖြစ်ကြောင်း သိသော်လည်း အဓိကရုဏ်းများ အစပျိုးလာခြင်းက ထိုမျှ ရိုးရှင်းမနေပေ။

ထိုနိုင်ငံသားများကို တစ်စုံတစ်ယောက်က အသုံးချနေသလိုပင်။

ထိုအရာများဖြစ်ပွားနေသည့် မြို့များမှာ ယခင်က ဆယ်ဗီနီကို ထောက်ခံခဲ့သော မြို့များ ဖြစ်သည်လေ။ ၎င်းတို့မှာ လက်ရှိ ဘုရင်အဲရစ်နှင့် ဌာနကိုယ်စားပြု ရှေးရိုးစွဲမျိုးရိုးမြင့်များတို့နှင့် ယှဉ်သော် လုံးဝမတူညီသည့် ဘက်၌ ရှိနေသည်ဟု ဆို၍ရသည်။

ဤသည်မှာ ၎င်းတို့၏ တစ်ဖက်အပေါ် ရှင်းရှင်းလင်းလင်း နမိတ်ပြနေခြင်းပင်။

Frestech ကုန်သည်ကြီးများအသင်းအပေါ် ဌာန၏ ပိတ်ပင်မှုက ၎င်းတို့အား ဆင်ခြေကောင်းတစ်ရပ်ပေးခဲ့၏။

အတိအကျဆိုရသော် Frestech ကုန်သည်ကြီးများအသင်းကို အသုံးချနေခြင်း။

သို့သော် ရှုယီက ၎င်းကို ထိုမျှ ဂရုမစိုက်ပေ။

အဲရစ်၏ဘက်က သူ့အတွက် မည်သည့် ထောက်ခံမှုမှမပြသလို နေရာအစုံတွင် ဖိနှိပ်ထားသဖြင့် သဘာဝကျကျပင် သူလည်း ၎င်းတို့အတွက် မည်သည်ကိုမှ စဉ်းစားပေးရန် မလိုချေ။

ဆယ်ဗီနီက ရပ်တည်ပေးဖို့ ဆန္ဒရှိလျှင် ရှုယီလည်း သူမကို ထောက်ခံဖို့ ဖြစ်နိုင်သည်။

သို့သော်လည်း ဆယ်ဗီနီကို စဉ်းစားမိချိန်၌ ရှုယီလည်း စိတ်ထဲ ခါးသက်သက်ရယ်မောမိရသည်။

နောက်ဆုံးတစ်ခေါက်က အစောင့်ငါးရာကို ဤနေရာသို့ ခေါ်ဆောင်လာကာ ဆန်နက်မြေရိုင်း သားရဲလူမျိုး သန့်စင်ခြင်းတွင် ရှုယီကို ကူညီခဲ့ပြီးကတည်းက ဆယ်ဗီနီမှာ သူမ၏ နယ်မြေသို့ ပြန်သွားပြီး လွန်ခဲ့သည့် နှစ်လအတွင်း သူမနယ်မြေမှ ခြေတစ်လှမ်းပင် မထွက်လာခဲ့ပေ။

သူမ၏ နည်းလမ်းများက နိုင်ငံ၏ စီးပွားရေးတွင် ကြားဝင် စွက်ဖက်ရန် ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။

သူမအား ထောက်ပံ့နေသည့် မြို့များ လုပ်ဆောင်နေသည့် အရာများမှာ အချိန်ဖြုန်းနေရုံသာ။

“အဆင်ပြေပါတယ်လေ လတ်‌တလောတော့ ငါ့ဆီမှာ လမ်ပူရီတိုင်းပြည်အတွက် ဘာအစီစဉ်မှမရှိဘူး။” ရှုယီက စိတ်ထဲသက်ပြင်းချ၍ အခန်းထဲရှိ ဆွေးနွေးမှုကို ဟန့်တားရန် လက်ထောက်လိုက်သည်။

လူတိုင်းက ကြည့်လာရာ ရှုယီလည်း လက်ထဲရှိ အစီရင်ခံစာကို ကြည့်ရင်း ဆာဘက်စ်ကို ပြောလေ၏၊ “ဆာဘက်စ်, အပျော်သိပ်မစောနဲ့ဦး။ နောက်လ၊ နောက်လပြီးနောက်လ ဒါမှမဟုတ် လာမယ့် လတွေမှာ ငါ‌တို့လုပ်ငန်းစုရဲ့ ဘဏ္ဍာက အဲ့လောက်အဆင်ပြေနေမှာ မဟုတ်တော့တာ အသေအချာပဲ။”

ဆာဘက်စ်၏ အမူအရာက ပြောင်းလဲသွားသည်၊ “ဥက္ကဌ ရင်းနှီးမြှုပ်နှံမှု အသစ်တချို့ လုပ်ဖို့ အတွေးရှိလို့လား? သတိပေးရဦးမယ် ကျွန်‌တော်တို့ လုပ်ငန်းစုက ဒီနှစ်မှာ အတော်လေး ရင်းနှီးမြှုပ်နှံခဲ့တော့ ရံပုံငွေ များများစားစားမကျန်တော့ဘူး။ ဥက္ကဌသာ ဂရုမစိုက်ရင် ခက်ခဲတဲ့အခြေအနေထဲ ရောက်သွားလိမ့်မယ်။”

“သတိပေးစရာမလိုပါဘူး ငါသိပါတယ်။” ရှုယီက လက်ခါလိုက်သည်၊ “ရင်းနှီးမြှုပ်နှံမှုလိုအရာတွေက ငွေရဖို့ ဆိုပေမယ့် သူတို့အတွက်နဲ့တော့ ဘဏ္ဍာရေးပြဿနာထဲ တိုးဝင်လို့ မဖြစ်ဘူးလေ ဒါက တွင်းတစ်ခုပဲ ဖြစ်သွားလောက်မှာ မို့လား? ပြီးတော့လည်း ငါ လုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးမှာ ဆုံးရှုံးခဲ့ဖူးတာ ရှိလို့လား?”

အခန်းထဲရှိ လူတိုင်းတိတ်ဆိတ်သွားကြသည်။

အားလုံးက Frestech ကုန်သည်ကြီးများအသင်း လုပ်ဆောင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုအားလုံးကို ပြန်စဉ်းစားလိုက်ရာ ရှုယီ ပြောသလိုပင် ဆုံးရှုံးမှုမရှိခဲ့ကြောင်း‌ တွေ့လိုက်ကြ၏။ ထိုအစား မည်သည့် ရင်းနှီးမြှုပ်နှံမှုမဆို အစပိုင်း၌ ကောင်းမွန်သည်ဟု မဆုံးဖြတ်ကြဘဲ ရှုယီကို ရူးသွပ်သည်ဟု ဆိုကြသော်ငြား ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ဝင်ငွေရင်းမြစ်ကြီးတစ်ခု ဖြစ်လာသည်သာ။

ထိုသို့ အကြိမ်ပေါင်းများစွာ ကြုံပြီးနောက်တွင် ရှုယီ၏ ရင်းနှီးမြှုပ်နှံမှုများကို မေးခွန်းထုတ်သူ တစ်ဦးမျှ မရှိတော့ချေ။

သို့သော် ရိုးသားရလျှင် ရှုယီ၏ ဤတစ်ခေါက် ရင်းနှီးမြှုပ်နှံမှုများ ကျရှုံးကာ ၎င်းတို့လည်း များစွာ ဆုံးရှုံးရပါက Frestech ကုန်သည်ကြီးများအသင်း အပေါ် နက်နက်နဲနဲ လွှမ်းမိုးသွားလိမ့်မည်။

ဤသည်မှာ မင်းသမီးလေး ဆယ်ဗီနီအပေါ် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါ၏။

မှန်ပေ၏ ၎င်း နိုင်ငံရေး ရင်းနှီးမြှုပ်နှံမှုမှာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများနှင့် ကွဲပြားသည်။

“ကောင်းပါပြီ ဥက္ကဌ ကျွန်တော် ဥက္ကဌရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မေးခွန်းထုတ်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဥက္ကဌအနေနဲ့ လက်ရှိ လုပ်ငန်းစုရဲ့ ဘဏ္ဍာငွေကို ဂရုစိုက်ဖိုပ လိုအပ်ကြောင်း သတိပေးချင်တယ်။” ဆာဘက်စ်က အတွေးနစ်သွားပြီးနောက် ပါးနပ်စွာပြောလာသည်၊ “မရှိမဖြစ်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ရင် ကျွန်တော်တို့ လနည်းနည်းလောက်စောင့်ရမယ်လို့ အကြံပေးချင်တယ်။ အနည်းဆုံး မစဉ်းစားခင် ဆန်နက်မြေရိုင်းက အခြေစိုက်ဌာနကို အပြီးသတ်ချိန်ထိ စောင့်သင့်တယ်။”

“ဒီအကြံပြုချက်ကို မှတ်ထားမှာပါ။ ဒါပေမယ့် ဆာဘက်စ် ငါ ရုတ်တရတ်..... မင်းရဲ့ စကားကြောင့် လမ်းလွဲနေတာကို သိလိုက်ရတယ်။ တကယ်တော့ ငါက ဘာရင်းနှီးမြှုပ်နှံမှု အကြောင်းမှ ပြောမှာမဟုတ်ပါဘူး နောက်လနည်းနည်းလောက်အတွက် လုပ်ငန်းစုရဲ့ ဘဏ္ဍာရေး အဆင်မပြေဖြစ်မယ်ဆိုတာကို စဉ်းစား‌မိစေတဲ့ သတင်းတချို့ ရခဲ့လို့။”

“ဘာသတင်းများလဲ?” လူတိုင်းက ရှုယီကို သိလိုစွာ ကြည့်လာကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်ငွေများကို လများစွာလျော့ပါးသွားစေနိုင်သည့် သတင်း? ၎င်းက အင်မတန် မယုံကြည်နိုင်ဖွယ်ရာပင်။

ရှုယီက ဘဏ္ဍာရေး အစီရင်ခံစာကို ချကာ အမူအရာက လေးနက်လာတော့သည်။

“ဒီသတင်းအရ လမ်ပူရီတိုင်းပြည်ရဲ့ စီးပွားရေးဌာနက နိုင်ငံမှာ လည်ပတ်နေတဲ့ ထုတ်ကုန်မျိုးစုံကို အမျိုးစားခွဲမယ့် စည်းမျဉ်းအသစ်ထုတ်ပြန်လိမ့်မယ်။ နိုင်ငံအတွင်းမှာ ထုတ်လုပ်တာတွေက ထုတ်ကုန်အမျိုးစားတစ်ခုဖြစ်လာပြီး ပြည်တွင်းထုတ်ကုန်တွေလို့ သတ်မှတ်မှာ။ တခြားနိုင်ငံမှာ ထုတ်လုပ်ပြီး ရောင်းဖို့ ယူသွင်းလာတာတွေကိုတော့ သွင်းကုန်(ပြည်ပထုတ်ကုန်)အဖြစ်သတ်မှတ်လိမ့်မယ်......”

“ဒါဆို ကျွန်တော်တို့‌လို တခြားနေရာမှာထုတ်လုပ်‌ပြီး နိုင်ငံမှာ ရောင်းတာကျတော့ရော?” အန်းခေါ့ထ်က မနေနိုင်ဘဲ ရှုယီကို ဖြတ်ပြောလာသည်။

ပူပန်နေသည့် အန်းခေါ့ထ်ကိုကြည့်ရင်း ရှုယီက လေးနက်စွာ ပြောလိုက်၏၊ “ဒါက တခြားနိုင်ငံမှာ ထုတ်လုပ်ပြီး လမ်ပူရီတိုင်းပြည်မှာ ရောင်းချတာနဲ့ အတူတူပဲဆိုတော့ သွင်းကုန်တွေလို့ သတ်မှတ်လို့ရတာပေါ့။”

ခမ်နက်ဒ်၏ မျက်ခုံးများ မြင့်တက်သွားသည်၊ “ဒီတော့ ဆိုလိုတာ‌က ကျွန်တော်တို့တွေက တခြားလုပ်ငန်းစုတွေနဲ့ အတူတူသတ်မှတ်ပြီး အကောက်ခွန်ပေးရမှာပေါ့?”

“အမှန်ပဲ” ရှုယီက ခေါင်းငြိမ့်သည်။

ပြောပြီးသည်နှင့် အခန်းထဲရှိလူတိုင်းက မနေနိုင်ဘဲ အော်မိသွားသည်။

“မဖြစ်နိုင်တာ မဟုတ်ဘူးလား? ကျွန်တော်တို့လုပ်ငန်းစုက လမ်ပူရီတိုင်းပြည် လုပ်ငန်းစုလေ ဘယ်လိုလုပ် ပြည်ပသွင်းကုန်လို့ သတ်မှတ်နိုင်မှာလဲ?”

“အမှန်ပဲ ကျုပ်တို့က ဘန်တာမြို့အောက်က လုပ်ငန်းစုတစ်ခု‌ဆိုတော့ ပြည်တွင်းလုပ်ငန်းစုပဲလေ။ ဘာလို့ ကျွန်တော်တို့ရဲ့ ကုန်စည်တွေက ပြည်ပသွင်းကုန်ဖြစ်မှာလဲ? ပြည်ပထုတ်လုပ်ရေးအခြေစိုက်ဌာနတွေဆောက်ထားလို့ ကျွန်တော်တို့ကို ပြည်ပလုပ်ငန်းစုလို့ သတ်မှတ်လိုက်တာလား?”

“ဟမ့်! နားမလည်စရာ ဘာရှိလို့လဲ? ရှင်းရှင်းလင်းလင်းကြီးကို အဲဒီလုပ်ငန်းစုဆယ်ခုက ငါတို့နဲ့ မယှဉ်နိုင်လို့ ဒီလို အရှက်မဲ့တဲ့အကွက်သစ်ကို စဉ်းစားမိ‌တာပေါ့!”

“ဟုတ်တယ် ဒီလိုပဲ ဖြစ်ရမယ်! အဲ့ကောင်တွေ တကယ် အရှက်မရှိတာပဲ!”

“အရမ်းအောက်တန်းကျတယ်! အရှက်မရှိလိုက်တာ!”

.....

ရှုယီက ခဏတာ တိတ်တဆိတ်စောင့်နေလိုက်ပြီး လူတိုင်း တဖြည်းဖြည်း ငြိမ်ကျသွားချိန်တွင် ၎င်းတို့က ရှုယီကို ပြန်ကြည့်လာကြသည်။

“ခင်ဗျားတို့ရဲ့ ဒေါသကို နားလည်ပေမယ့် ရိုးရိုးသားသားပြောရရင် ကျုပ် ဒီသတင်းကိုရတော့ ဒေါသအဲ့လောက်မထွက်ဘဲ အတော်လေး ရယ်ရတယ်လို့တောင် ထင်မိတယ်။” ရှုယီက တစ်ချက်ပြုံးသည်၊ “ကြည့်လိုက်ပါ သူတို့က ကျုပ်တို့ကို နိုင်ငံမှာ မှော်စက်တွေထုတ်လုပ်တာကနေ ပိတ်ပင်ဖို့ မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာနကို ခိုင်းခဲ့တာပဲ ဒါက ဘာထူးဆန်းလို့လဲ?”

ခမ်နက်ဒ်က မျက်မှောင်ကုပ်သည်၊ “ဒါပေမယ့် ဥက္ကဌ ဒီလိုဆို ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်က အကောက်ခွန်ကြောင့် လမ်ပူရီတိုင်းပြည်မှာ မှော်စက်တွေရောင်းရင် အတော်လေးမြင့်တက်လာမှာလေ။ ကျွန်တော်တို့ရဲ့ အမြတ်တွေ လျော့သွားလိမ့်မယ်။”

“ဒါကြောင့်ပဲ နောက်လနည်းနည်းကြာရင် ငါတို့ရဲ့ ဘဏ္ဍာရေးက အရုပ်ဆိုးမယ်လို့ ပြောတာပေါ့။” ရှုယီက လက်များဖြန့်ကာ အပြုံးဖြင့်ဆိုသည်၊ “ပြောရရင် လမ်ပူရီတိုင်းပြည်က အခုချိန်မှာ ငါတို့လုပ်ငန်းစုရဲ့ အကြီးမားဆုံး ဈေးကွက်ဖြစ်လို့ သေချာပေါက် ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိမှာပဲ။”

အန်းခေါ့ထ်မှာ စဉ်းစားကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ ပြောလာသည်၊ “ဥက္ကဌ ကျွန်တော်တို့ရဲ့ ဈေးနှုန်းတွေကို မြှင့်လိုက်ရင်ရော?”

“မရဘူး” ရှုယီက ခေါင်းခါသည်။

“ဘာလို့မရတာလဲ?” အန်းခေါ့ထ်က ရှုပ်ထွေးသွားသည်၊ “ဒါက စီးပွားရေးဌာနရဲ့ ပြဿနာပဲ ငါတို့သာ အကောက်ခွန်မြင့်တာကြောင့် ဈေးနှုန်းကို တိုးမြှင့်တာပဲ ဘာလက်မခံစရာရှိလို့လဲ?”

“စီးပွားရေးဌာနရဲ့ ပြဿနာကို မှော်စက်ဝယ်ဖို့ လိုအပ်နေတဲ့ သာမန်လူတွေဆီ လွှဲပေးလိုက်တာက ငါလုပ်ချင်တဲ့အရာမဟုတ်ဘူး။” အန်းခေါ့ထ်က ဆက်ပြော‌လိုဆဲဖြစ်နေသည်ကိုမြင်သော် ရှုယီ၏ အသံက ပို၍လေးလာကာ၊ “ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီ ဆွေးနွေးဖို့ မလိုတော့ဘူး။”

အန်းခေါ့ထ်က ရပ်တန့်ကာ ပါးစပ်ထဲရှိ စကားလုံးများကို မျိုချလိုက်၏။

ခမ်နက်ဒ်က အန်းခေါ့ထ်ကိုကြည့်လိုက်၏။ ဤလူက ဥက္ကဌ အချိန်ကြာရှိလာပြီးနောက်တွင်သော်မှ ဥက္ကဌ၏ အကျင့်စရိုက်ကို နားမလည်သေးသည်လားဟု စဉ်းစားမိသည်။

စဉ်းစားရင်း ခမ်နက်ဒ်က ရှုယီကို မေးလိုက်ပါ၏၊ “ဒါဆို ဥက္ကဌ ကျွန်တော်တို့‌ နောက်ကျ ဘာလုပ်သင့်လဲ?”

လူတိုင်း သူ့ကိုကြည့်နေရာ ရှုယီက တစ်ချက်ပြုံးသည်၊ “ဒါကို ပြောခဲ့တာ ကြာပြီ၊ ငါတို့ လုပ်ငန်းစုက ကိတ်မုန့်ကြီးတစ်ခု လုပ်ဖို့လိုတယ် တခြားလူတွေဆီက မလုယူသင့်ဘူး။ လမ်ပူရီတိုင်းပြည်က ငါတို့ကို မကြိုဆိုမှတော့ ငါတို့ကို ကြိုဆိုတဲ့ နေရာတွေဆီပဲ အကြည့်လွှဲလိုက်ရုံပေါ့။ လမ်ပူရီတိုင်းပြည်က နယ်မြေကြီးမှာရှိတဲ့ တစ်ခုတည်းသောနိုင်ငံမဟုတ်ပါဘူး ဟုတ်တယ်မို့လား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၅၀။ အမ်ပရစ္စတန်မြို့

အမ်ပရစ္စတန်မြို့မှာ *မီရန်ဒိုနယ်မြေ၏ အနောက်တောင်ပိုင်းတွင် တည်ရှိသည်။ ၎င်းက တောင်ဘက်တွင် ရူဒ်ဆန်တိုင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ မြောက်ဘက်နှင့် အနောက်ဘက်၌ လမ်ပူရီတိုင်းပြည်ဖြင့် ဝိုင်းရံထား၏။

(*T/N: မီရန်ဒိုနယ်မြေက စတက်တိန်းနယ်မြေနဲ့ ဒရိတ်ခ်နယ်မြေတို့လို နိုင်ငံကြီးတစ်ခုအထိ မဟုတ်တဲ့ နယ်မြေဖြစ်ပါတယ်။ အမ်ပရစ္စတန်မြို့က ဘန်တာမြို့တို့လောက်တောင်ကြီးတဲ့ မြို့ကြီးမဟုတ်ဘဲ မြို့လေးတစ်မြို့ပါ။ ဥပမာ- ဘန်တာမြို့က ရန်ကုန်မြို့ကြီးလို ဖြစ်ပြီး အမ်ပရစ္စတန်မြို့ကတော့ ရန်ကုန်မြို့‌ကြီးထဲက မြို့လေးတစ်မြို့လိုမျိုးဖြစ်ပါတယ်။)

မြစ်များက ထိုမြို့၏ ဗဟိုသို့ စီးဝင်ပြီးနောက် အရှေ့ဘက်သို့ ဆက်၍ စီးဆင်းသည်။

ထိုမြစ်ကို လမ်ပူရီတိုင်းပြည်တွင် ဆန်ဒီမြစ်ဟု ခေါ်ဆိုသော်ငြား မီရန်ဒိုနယ်မြေတွင်မူ မီရန်ဒိုမြစ်ဟု ခေါ်တွင်ပေ၏။

၎င်းအတွက် အကြောင်းအရင်းမှာ မီရန်ဒိုနယ်မြေရှိ ငါးဆယ်မီတာကျယ်သည့် မည်သို့သောမြစ်ကိုမဆို မြစ်တစ်စင်းဟု သတ်မှတ်နိုင်သောကြောင့်ပင်။

ထိုမြစ်မှလွဲ အမ်ပရစ္စတန်မြို့မှာ မီရန်ဒိုနယ်မြေ၏ အခြားမြို့များနှင့် မခြားမနားဘဲ ငြိမ်းချမ်းကာ တည်ငြိမ်ပါ၏။

ဤအမ်ပရစ္စတန်မြို့မှာ နယ်မြေကြီး၌ နှစ်ပေါင်းရာနှင့်ချီတိုင် တည်ရှိခဲ့သည်။ နယ်မြေကြီးက မည်သို့ ပြောင်းလဲသွားခဲ့သည်ဖြစ်စေ မည်သူကမှ မည်သည့် လက္ခဏာရပ်မှ ထူးထူးခြားခြားမရှိသည့် ဤမြို့လေးတစ်မြို့ကို စိတ်ဝင်စားမည်မဟုတ်ပေ။

အမ်ပရစ္စတန်မြို့၏ လူများလည်း တစ်ထပ်တည်း တွေးတောလေသည်။ ၎င်းတို့မှာ ဤသို့ဤနှယ် နှစ်ပေါင်းရာနှင့်ချီ နေထိုင်ခဲ့ပြီး သေဆုံးသည့် နေ့ထိတိုင် နေ့တိုင်းကို ငြိမ်းချမ်းသော ဘဝများ နေထိုင်ခဲ့ကြသည်။

သို့ရာတွင် နယ်မြေကြီးက သက္ကရာဇ် ၃၇၈၃၏ ဒုတိယနှစ်တစ်ဝက်ကို ဝင်ရောက်လာချိန်တွင် ယင်းမြို့၏ ငြိမ်းချမ်းမှုက ပျက်စီးသွားသည်။

၎င်းက မီရန်ဒိုမြစ်သို့ လှေကြီးများ စုန်ဆင်းလာသည့် နေ့တစ်နေ့တွင်ဖြစ်သည်။

ထိုလှေများအပေါ်၌ လမ်ပူရီတိုင်းပြည်၏ အမှတ်အသားရှိနေသော်လည်း မြစ်ဆန်ပိုင်းနှင့် မနီးမဝေးရှိ ဘန်တာမြို့လေသံနှင့် စကားပြောကြသည့် လူတချို့အပြင် အတော်လေးကြမ်းတမ်းဟန် ထူးထူးဆန်းဆန်းသွင်ပြင်ရှိသည့် သားရဲလူမျိုးကြီးများလည်း ရှိနေသည်!

သို့ရာတွင် အမ်ပရစ္စတန်မြို့သားများကို အံ့ဩသွားစေသည်မှာ ထိုသားရဲလူမျိုးကြီးများက ပြေးလွှားကာ သတ်ဖြတ်လုယက်နေကြခြင်းမရှိခြင်းပင်။ ထိုအစား လှေမှ ဆင်းလာကြပြီးနောက် လူသားတို့၏ ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်နေကြသည်။

အချိန်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက် ထိုသားရဲလူမျိုးများမှာ ဒဏ္ဍာရီလာ သားရဲလူမျိုး ကျွန်များမဟုတ်သည်ကို တွေ့လိုက်ရလေသည်။။

အကြောင်းမှာ လှေပေါ်ရှိ လူသားများက ထိုသားရဲလူမျိုးများကို မတင်းကြပ်ထားဘဲ သာမန်လူများနှင့် မခြားမနား ဆက်ဆံခြင်းကြောင့်ပင်။

အချိန်ကုန်လွန်လာသည်နှင့် လူများလည်း ထိုထူးထူးဆန်းဆန်း သားရဲလူမျိုးများကို အကြည့်လွှဲဖယ်လိုက်မှ တစ်စုံတရာကို အံ့အားသင့်ဖွယ် သတိထားမိသွားကြသည်။

၎င်းတို့ သတိမထားမိခင်က မီရန်ဒိုမြစ်‌ဘေးတွင် တည်ဆောက်ထားသည့် ဆိပ်ခံတံတားကြီးတစ်စင်းရှိနေ၏!

ထို့အပြင် ၎င်းဆိပ်ခံတံတားနှင့် မနီးမဝေး၌ ဧရာမ အဆောက်အဦကြီးတစ်ခု ရှိနေ၏။ ၎င်းက မြို့ရှိ အကြီးမားဆုံး ဘုရားကျောင်း အရွယ်အစား နှစ်ဆနီးပါးပင် ရှိသည်။

လူတိုင်းက ထိုအဆောက်အဦကြောင့် အံ့ဩနေကြသည်။

၎င်းကို နားလည်ခြင်းအလျဉ်းမရှိကြ၊ အဘယ့်ကြောင့် ထို လမ်ပူရီတိုင်းပြည်သားများက ဤမြို့လေးသို့ ထိုသို့သော ဆိပ်ခံတံတားကြီးတစ်စင်းနှင့် အမည်မသိအဆောက်အဦကို ဆောက်လုပ်ဖို့ ရောက်လာရသနည်း?

ထိုလူများက မြို့ဝန်နှင့် အတူလိုက်ပါလာပြီး နယ်မြေက ခွင့်ပြုပေးထားသည့် အနှီအရာများကို စစ်ဆေးရန် ရောက်လာသော ကောင့်ထ်တို့ကဲ့သို့ အရေးကြီး ပုဂ္ဂိုလ်များ ရောက်လာကြလျှင်တောင် လူများမှာ စိုးရိမ်နေဆဲပင်။

သို့သော် ထိုပူပန်မှုက သိပ်မကြာလိုက်ချေ။ သိပ်မကြာခင်တွင် မြို့သားများမှာ ထိုလူများ ၎င်းတို့အတွက် အကျိုးမြတ်များစွာ ယူလာခြင်းဖြစ်ကြောင်း နားလည်‌လိုက်ကြတော့၏။

ထိုလှေမှ လိုက်ပါလှသည့် လူသားများနှင့် သားရဲလူမျိုးများ အယောက်တစ်ရာကျော်သည်။ ၎င်းတို့မှာ လှေမှ ကုန်စည်အမျိုးစုံကို ချလိုက်သော်လည်း မည်သည့်အစားအစာ အဝတ်အစားကိုမှ မပြင်ဆင်ခဲ့ချေ။ ၎င်းတို့သာ ထိုပြဿနာကို ဖြေရှင်းလိုလျှင် မြို့ဆီ လှည့်သွားရမည်ဖြစ်သည်။

ထိုလူကြီးများအားလုံးက ချမ်းသာဟန်ရှိပြီး သဘောထားကြီးကြသည်။ ၎င်းတို့ တစ်နပ်စာစားချိန်၌ ပါဝင်ပစ္စည်းများ ကုန်ကျသည်ထက် အဆများစွာ ပိုသော ငွေဒင်္ဂါးများစွာကို ပေးခဲ့ကြသည်။

ထို့အပြင် ၎င်းတို့စားချိန်မှလွဲ ထိုလူကြီးများက အလုပ်ကြိုးစားသဖြင့် ညအချိန်တွင် ဝိုင်သောက်ရခြင်းကို နှစ်သက်ကြသည်။

အမ်ပရစ္စတန်မြို့၏ ဝိုင်အား ထိုမျှလောက် ကောင်းမွန်သည်ဟု သတ်မှတ်၍မရသော်လည်း ထိုလူများ အထူးသဖြင့် သားရဲလူမျိုးများက အရာအားလုံးကို ယူဆောင်ကာ အကုန်သောက်ကြလေသည်။

၎င်းတို့ စွဲသွားသည်နှင့် ရွှေဒင်္ဂါးတစ်ပြားပင် အဆုံးခံနိုင်ကြ၏။

တစ်လတာလေးအတွင်းတွင် မြို့ရှိလူများမှာ ၎င်းဆန်းကြယ်သည့် သင်္ဘောစု‌ကြောင့် ၎င်းတို့လည်း အံ့ဩဖွယ်အကျိုးအမြတ်များရခဲ့သည်ကို တအံ့တဩ တွေ့ရှိခဲ့ရသည်။

၎င်းက သိပ်မကြာလိုက်သည်မှာ နှမျောဖွယ်ရာပင်။ ဆိပ်ခံတံတားနှင့် အမည်မသိ အဆောက်အဦကို တည်ဆောက်ပြီးနောက် ထိုလူများမှာ မြို့မှ ထွက်ခွာသွားတော့သည်။

သို့သော် ရက်အနည်းငယ်ထက်ပင် ပိုပြီး စိတ်မပျက်လိုက်ရဘဲ ဤမြို့သို့ လူသားရာနှင့်ချီ ရောက်ရှိလာကြသည်။

ထိုလူများမှာ မီရန်ဒိုမြစ်မှ ရောက်လာခြင်းမဟုတ်ဘဲ ရောက်လာစဉ်၌ မှော်ကားဟု ခေါ်ဆိုသည့် ထူးထူးဆန်းဆန်းအရာတစ်ခုကို စီးနင်းလာကြသည်။

ဤမြို့၌ ရပ်တန့်လိုက်ကြပြီးနောက် ထိုလူများက မြို့ကို ပတ်လျှောက်ကြလေသည်။

၎င်းတို့မှာ လမ်းတစ်လမ်းတည်ဆောက်ရန် ပြင်ဆင်နေကြသည်ဟု ဆိုသည်။

လမ်း?

အမ်ပရစ္စတန်မြို့မှာ လမ်ပူရီတိုင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေရာ ထိုအရာက လမ်ပူရီတိုင်းပြည်တဝှမ်းရှိကြောင်း ကြားခဲ့ဖူးသည်။ သို့သော်လည်း အဘယ့်ကြောင့် ထိုအရာကို ဤနေရာသို့ လာဆောက်ရသနည်း?

သို့သော် အဖြေက မြို့သားများအတွက် အရေးမကြီးပေ။ အရေးကြီးဆုံးမှာ ထိုလူများ ရောက်လာခြင်းကြောင့် မြို့ရှိ စားသောက်ဆိုင်နှင့် ယာယီတည်းခိုခန်းလုပ်ငန်းတို့မှာ ကြွယ်ဝလာကြတော့၏။

သတင်းကောင်းကောင်းရထားသည့် ကုန်သည်များသည်ပင် ထိုလူများကို တောင်းဆိုပြီးနောက် ထိုလူများ၏ အလိုကို ဖြည့်ဆည်းပေးရုံအတွက် အသစ်တည်ဆောက်ထားသည့် ဆိပ်ခံတံတားပေါ်၌ စားသောက်ဆိုင်တစ်ဆိုင် ဆောက်တည်လိုက်သည်။

၏လအနည်းငယ်ကြာပြီးနောက် မြို့ထဲတွင် လမ်းသုံးလမ်းပိုရှိလာသည်။

တစ်လမ်းက အနောက်ဘက်သို့သွားကာ လမ်ပူရီတိုင်းပြည်ဆီသို့ ဦးတည်သွားသည်။

နောက်တစ်လမ်းမှာ အရှေ့ဘက်သို့သွားကာ မီရန်ဒိုနယ်မြေ၏ မြို့ဆီ ဦးတည်၏။

နောက်ဆုံးလမ်းအနေနှင့် တောင်ဘက် ရူဒ်ဆန်တိုင်းပြည်ဆီ ဝင်ရောက်သွားသော်လည်း မည်သည့်ဘက် ဦးတည်မှန်းကိုမူ မသိကြ။

လမ်းနှင့် ဆိပ်ခံတံတားဆောက်တည်ပြီးနောက် နောက်ထပ် လူတစ်စုက ညတွင်းချင်း မြို့ထဲသို့ လွှမ်းမိုးဝင်ရောက်လာကြသည်။

၎င်းထူးဆန်းသည့် အဆောက်အဦထဲသို့ ထူးဆန်းသည့် သတ္တုပစ္စည်းများကို ယူဆောင်သွားကြသည်။ ထို့နောက် မြို့၏ အစိုးရ‌သင်ပုန်းတွင် ကြေညာစာတစ်ခုရှိကာ မြို့က အလုပ်သမားများစုဆောင်းနေကြောင်း ကြေညာထားသည်။

ခေါ်စာထဲရှိ လစာကိုမြင်သော် ထိုထူးထူးဆန်းဆန်းအဆောက်အဦ၏ တံခါးထံ တိုးသွားကြသည့် လူလှိုင်းကြီး ရှိနေ၏။

ဘာကြောင့်လဲလို့ မေးတာလား?

အဓိပ္ပာယ်မရှိတာ! တစ်လ ရွှေဒင်္ဂါးဆယ်ပြားလေ! ပြီးတော့ နေ့လည်စာလည်း ပါသေးတယ်! အားလပ်ရက်တွေအတွက် ဆုလာဘ်တွေတောင် ရှိတယ်။

ဘယ်သူက ဒီလိုအလုပ်ကောင်းမျိုးကို မလိုချင်ဘဲနေမှာလဲ?

အဆုံးတွင် ကျော်ကြားမှုအချို့ရှိခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်၌ ဤမြို့တွင် အလုပ်သမားအယောက်တစ်ရာ စုဆောင်းခဲ့သည်။ ၎င်းတို့က ဆိပ်ခံတံတားနှင့် မနီးမဝေးမှ ထူးထူးဆန်းဆန်းအဆောက်အဦထဲ.... မဟုတ်၊ ရှားပါးကမ္ဘာမြေရင်းမြစ်များ အရည်ကျိုစက်ရုံထဲသို့ ဝင်သွားကြသည်။

အစုဆောင်းမခံခဲ့ရသည့် ကျန်သူများမှာ အရမ်းစိတ်မပျက်ကြချေ။ Frestech ကုန်သည်ကြီးများအသင်းအရ ၎င်းတို့မှာ ရှေ့လျှောက် ဤနေရာ၌ အိမ်သုံးမှော်စက်အလုပ်ရုံများစွာ ဆောက်လုပ်မည်ဖြစ်ရာ အလုပ်သမားများ စုဆောင်းမည့်ပင်။

အလုပ်သမားများ စုဆောင်းရန်လာသည့် ခပ်ဝဝသက်လတ်ပိုင်းလူကြီး၏ အပြောအရ သူဟာ သိပ်မကြာခင်တွင် အမ်ပရစ္စတန်မြို့ရှိ လူတိုင်း သင့်တော်သည့် အလုပ်တစ်ခု ရလာမည်ဟု သဘောပင်တူခဲ့သည်။ ၎င်းတို့အနေနှင့် အစားအစာ၊ အဝတ်အထည်တို့ကို ပူပန်နေရန် မလိုတော့ရုံသာမက ပိုကောင်းသည့် ဘဝ၌ပင် နေနိုင်မည်ဖြစ်သည်။

မြို့လေးတစ်မြို့၏ လူများကို လိမ်ညာခြင်းက အဓိပ္ပာယ်မရှိသောကြောင့် မည်သူကမှ သူ၏စကားလုံးများကို သံသယမဖြစ်ချေ။

လူတိုင်းက ဆောင်းရာသီအဆုံးသတ်ကို မျှော်လင့်ချက်ဖြင့် စောင့်စားနေကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌက နွေဦးပေါက်လာကာ ရာသီဥတုပြောင်းသွားပါလျှင် စက်ရုံများဆောက်လုပ်ဖို့ ပိုမိုလွယ်ကူမည်ဟု ပြောခဲ့သောကြောင့်ပင်။

မြို့သားများအတွက် ၎င်းတို့လက်ထဲသို့ရောက်ရှိလာသည့် အလုပ်လှလှလေးများကို မြင်နိုင်နေကြပြီပင်။

ထိုအချိန်၌ တစ်ခေါက်ပြီးတစ်ခေါက် ကမ္ဘာမြေရင်းမြစ်အရည်ကျိုစက်ရုံမှ ထုတ်ယူသွားကြသည့် ကုန်စည်များစွာ ရှိလိမ့်မည်ကို သတိမထားမိကြချေ။ ၎င်းအား ဆိပ်ခံတံတားထက်ရှိ လှေများထက်သို့ ဖြစ်စေ မှော်ကားကြီးများထက်သို့ ဖြစ်စေ တင်ဆောင်ထားကြသည်။

၎င်းတို့၏ နောက်ဆုံး ပန်းတိုင်မှာ အနောက်ဘက် လမ်ပူရီတိုင်းပြည်သို့ ဝင်ရောက်ရန်ဖြစ်၏။

လူတိုင်းက မနက်ဖြန်၏ စိတ်ကူးထဲ နစ်မြုပ်နေစဉ်တွင် မီရန်ဒိုမြစ်မှ ဆန်တက်လာသည့် လှေတစ်စင်းမှာ ဆိပ်ခံတံတား၌ ရပ်သွားသည်။

တစ်ချိန်တည်းမှာပင် မြို့ထဲသို့ အရှေ့ဘက်မှ ဝင်ရောက်လာသည့် သာမန်မြင်းလှည်းတစ်စီးရှိနေကာ မြို့၏ အစိုးရအဆောက်အဦဝင်ပေါက်၌ ရပ်တန့်သွားသည်။

မှော်ပညာရှင် ဘူကာရီက မြင်းလှည်းထဲမှ ထွက်လာပြီး အမ်ပရစ္စတန်မြို့၏ မြို့ဝန် ဘာရွန်လိုဖိခ်က ရှေ့တိုးလာသည်။

“မှော်ပညာရှင်ကြီး ဘူကာရီကို နှုတ်ဆက်ပါတယ်။ ဥက္ကဌရှု မရောက်သေးပါဘူး ကျုပ်တို့ ဘေးမှာ ထိုင်စောင့်နေရင်ရော?”

“မလိုပါဘူး။ ဒီမှာပဲ စောင့်လိုက်ပါ့မယ်။” မှော်ပညာရှင် ဘူကာရီက လက်ယမ်းကာ ဝင်ပေါက်၌ ရပ်၍ မြို့အဝင်ကို မျှော်လင့်ဟန်ဖြင့် ကြည့်နေလိုက်သည်။

“ဒါက..... မှော်ပညာရှင်ကြီး ဘူကာရီ ဒီမှာရပ်နေရင်..... အာရုံတွေ အများကြီး စိုက်ခံရလိမ့်မယ်ဗျ။ ဥက္ကဌရှုလည်း ဒါကို သဘောကျလိမ့်မယ်လို့ မထင်ဘူး။” ဘာရွန်လိုဖိခ်က အသံတိုးတိုးဖြင့် သတိပေးလေ၏။

“အိုး? အိုး..... ဟုတ်သားပဲ။” မှော်ပညာရှင် ဘူကာရီလည်း တုံ့ပြန်ကာ စဉ်းစားပြီးနောက် အစိုးရ အဆောက်အဦထဲ ဝင်သွားတော့သည်။

ဘာရွန်လိုဖိခ်မှာ သက်ပြင်းတစ်ချက်မှုတ်ထုတ်၍ သူ့နောက် အမြန်လိုက်သွား၏။

လမ်းတစ်လျှောက်၌ မှော်ပညာရှင် ဘူကာရီမှာ ရုတ်တရတ် တစ်စုံတရာကို သတိရကာ ဘာရွန်လိုဖိခ်ကို လှည့်၍ ခေါင်းငြိမ့်ပြရင်း ချီးကျူးဟန်ဖြင့် ဆိုလာသည်၊ “ဘာရွန်လိုဖိခ် အပြင်ဘက် အခြေအနေကို သုံးသပ်ရရင် အမ်ပရစ္စတန်မြို့က တကယ် ပြောင်းလဲသွားတာပဲ။ ခင်ဗျားတို့မြို့က လူတွေ ပိုတက်ကြလာပြီး အတော်လေးလည်း ချမ်းသာလာတယ်လို့ ခံစားမိတယ်။ ကျုပ် လျှောက်လာတုန်းက အသားနံ့တောင် ရလိုက်သေးတာပဲ။”

ဘာရွန်လိုဖိခ်က “တကယ်ကို ဒီလိုပါပဲ‌ဗျာ၊ ကျုပ်တို့ အမ်ပရစ္စတန်မြို့က အရင်ကထက် အများကြီး ပိုကောင်းလာတယ်။ ဒါပေမယ့် ဒါတွေအားလုံးက မှော်ပညာရှင် ဘူကာရီကို ကျေးဇူးတင်ရမှာပါ။ ခင်ဗျားသာ Frestech ကုန်သည်ကြီးများအသင်းကို ဒီနေရာဆီ မညွှန်ပေးလိုက်ရင် ကျုပ်တို့ မြို့လေးက ဒီလို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။”

“ဒါဆို ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်သင့်တာမဟုတ်ဘူးလား ဘာလို့ ကျုပ်ကို ကျေးဇူးတင်နေရတာလဲ?” မှော်ပညာရှင် ဘူကာရီက လက်ယမ်းကာ ရပ်တန့်လိုက်ပြီးနောက် ရုတ်တရတ် လေးနက်စွာ ဆိုလာသည်၊ “ဒါပေမယ့် ကျုပ်ကြားတာတော့ ဒီနှစ်ဝက်အတွင်းမှာ ခင်ဗျား Frestech ကုန်သည်ကြီးများအသင်းဆီ ကျိုးကြောင်းမသင့်တဲ့ တောင်းဆိုချက်တစ်ချို့ လုပ်ခဲ့တယ်ဆို။ Frestech ကုန်သည်ကြီးများအသင်းရဲ့ တာဝန်ခံဆီကနေ ငါးကြိမ်လောက် တံစိုးလက်ဆောင်တောင်းဆိုခဲ့တယ် မဟုတ်လား?”

ဘာရွန်လိုဖိခ်၏ အမူအရာပြောင်းလဲသွားကာ ခေါင်းခါရင်း မိမိကိုယ်ကို တည်ငြိမ်နေရန် တွန်းအားပေးလိုက်သည်၊ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဒုခ်နဲ့ ကောင့်ထ်က ဖလမ့်တွန်တို့က Frestech ကုန်သည်ကြီးများအသင်းရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ အကြိမ်များစွာ ပြောထားတော့ ဘယ်လိုလုပ် သူတို့ကို ခက်‌ခဲအောင်လုပ်ရမှာလဲဗျာ?”

“ဒီလိုလား? ဒါပေမယ့် ဒါကို ကျုပ်ထွက်မလာခင် ကောင့်ထ် ဖလမ့်တွန်ကိုယ်တိုင်ပြောခဲ့တာ၊ ကောလာဟာလကို ယုံကြည်နေတာ သူပဲ မဟုတ်ဖို့ မျှော်လင့်ပါတယ်နော်?” မှော်ပညာရှင် ဘူကာရီက မှောင်မိုက်စွာ ဆိုသည်။

ဘာရွန်လိုဖိခ်လည်း ချွေးအေးများပြန်လာသော်ငြား ပြောလိုက်‌တော့မည်အပြုတွင် တံခါးမှလာသည့် ရယ်သံတစ်ချက်က သူ့အား ဖြတ်တောက်လိုက်သည်။

“အရှင်ကောင့်ထ်က အမှားလုပ်မိတာဖြစ်ရမယ်။ ကျုပ်တို့ လုပ်ငန်းစုက အရှင်ဘာရွန်နဲ့ ပူးပေါင်းရတာ ဝမ်းသာပါတယ် ဘယ်လိုလုပ် ဒီလိုအရာမျိုး ဖြစ်နိုင်မှာလဲဗျာ?”

ဘာရွန်လိုဖိခ်မှာ ဆောင်းရာသီအတွင်း စွပ်ပြုတ်နွေးနွေးလေး တစ်ပန်းကန်သောက်ရသကဲ့သို့ ပျော်ရွှင်ဟန်ပေါ်သွားသည်။ သူက ဝင်လာသည့် ရှုယီကို လှည့်ကြည့်ရင်း ကျေးဇူးတင်ဟန်ဖြင့် နှုတ်ဆက်လိုက်ပါ၏။

All Chapters