အခန်း (၅၁-၆၀)
Vol. 4 Ch. 51-60
Vol 4, အခန်း ၅၁။ သတိထားနေသော မီရန်ဒိုနယ်မြေ
ဘာရွန်လိုဖိခ် ချဉ်းကပ်လာသည်ကိုမြင်သော် ရှုယီက တစ္ဆေဆန်ဆန်ပြုံးလိုက်သည်။
တကယ်တမ်းတွင် မှော်ပညာရှင် ဘူကာရီမှန်သည်၊ အနှီ ဘာရွန်လိုဖိခ်က တကယ်ကို Frestech ကုန်သည်ကြီးများအသင်းအား ယခင် နှစ်ဝက်အတွင်း ရင်းနှီးမြှုပ်နှံဖို့ရန် ခက်ခဲအောင်လုပ်ဖို့ ကြိုးစားခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ်ထံမှ တံစိုးလက်ဆောင်ကိုပင် ပွင့်ပွင့်လင်းလင်းတောင်းဆိုခဲ့ရာ ရှုယီထံ အထင်အမြင်ဆိုးဆိုး ချန်ထားခဲ့စေသည်။
သို့သော် ထိုလူထံ၌ အားသာချက်တစ်ခုရှိသည်။ သူ၏ လောဘကို ဖြည့်ဆည်းပေးလိုက်သည်နှင့် သူဟာ Frestech ကုန်သည်ကြီးများအသင်းအား လုပ်တောင်လိုသမျှကို ထောက်ပံ့ပေးမည်ဖြစ်၏။
ဤမြို့လေး၌ နှစ်တစ်ဝက်တာအတွင်း စီမံကိန်းကို ပြီးဆုံးစေနိုင်ရန် လုပ်ဆောင်ရာတွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ အရေးပါမှု တချို့ သူ့တွင်ရှိသည်။ မြို့ဝန်အသစ်လာလျှင် နှစ်ဘက်စလုံးက ဆက်ဆံရေး တစ်ဖန်တည်ဆောက်ရမည်ဖြစ်ရာ ဤဘာရွန်လိုဖိခ်ကို အသုံးပြုရန်လောက် လွယ်နိုင်မည်မဟုတ်ပေ။
သူဟာ မကြာခဏ တံစိုးလက်ဆောင်များ လိုအပ်နေသော်လည်း သူ၏ အာသီသက နည်းပါးသည်ကို မဆိုထားနှင့်။
ယခုတွင် နှစ်တစ်ဝက်ကုန်လွန်သွားသည်တွင် သူ့အတွက် Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံခဲ့သည်မှာ အားလုံးပေါင်း ရွှေဒင်္ဂါးငါးထောင်ထက် မကျော်ပေ။
အရေးကြီးသည့် အရာကို ထိန်းချုပ်ထားသည့် မြို့ဝန်နေရာနှင့် ယှဉ်လျှင် ၎င်းအား ဈေးချိုသည်ဟု သတ်မှတ်၍ရသည်။
မီရန်ဒိုနယ်မြေရှိ အာဏာရှိပုဂ္ဂိုလ်တိုင်းသာ သူ့ကဲ့သို့ ဖြည့်ဆည်းပေးရလွယ်ကူပါလျှင် ရှုယီလည်း အင်မတန် ပျော်ရွှင်နေလောက်၏။
“ဘာရွန်လိုဖိခ် ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ အရင်လက Phil အစီရင်ခံစာတင်တော့ ခင်ဗျားအတွက် ချီးကျူးမှုတွေ အပြည့်ဖြစ်နေတာ ခင်ဗျားရဲ့ အကူအညီနဲ့ ကျုပ်တို့ရဲ့ ရှားပါးကမ္ဘာမြေရင်းမြစ် အရည်ကျိုစက်ရုံက ချောချောမွေ့မွေ့တိုးတက်လာတယ်လို့ ပြောတယ်။ ခင်ဗျားနဲ့ ပူးပေါင်းရတာကို အတော်လေး စိတ်ချတယ်လို့ ပြောသေးတယ်။” ရှုယီက အသာပြုံးကာ ဆိုလိုက်ပါ၏။
ဘာရွန်လိုဖိခ်က ရှုယီဆိုလိုရင်း မည်သို့ နားမလည်နိုင်ဘဲ ရှိမည်နည်း? သူက အလျင်အမြန်ပင် အပြုံးကြီးကြီးဖြင့် ရှုယီကို လက်ဆွဲနှုတ်ဆက်ကာ နွေးထွေးဟန်ဖြင့် ပြောလေသည်၊ “ကျုပ်ကို ယုံကြည်ပေးတဲ့အတွက် မန်နေဂျာ ဖီးလ်ကို ကျေးဇူးတင်ပါတယ်လို့။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ အမ်ပရစ္စတန်မြို့မှာ ရင်းနှီးမြှုပ်နှံတာဟာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ။ မြို့ဝန်အနေနဲ့ ခင်ဗျားတို့ ဆောင်ယူလာတဲ့ ပြောင်းလဲမှုတွေကြောင့် အတော်ကို ဝမ်းသာမိတာမို့ ခင်ဗျားတို့ရဲ့ အလုပ်မှာ ကောင်းကောင်း ကူညီမှာပေါ့။”
ရှုယီက ရယ်မောလိုက်သည်၊ “ကျုပ်တို့ လုပ်ငန်းစုရဲ့ ရင်းနှီးမြှုပ်နှံရတဲ့ ရည်ရွယ်ချက်က လူတွေဆီ ကြွယ်ဝမှုတွေ ယူဆောင်လာဖို့ပါ။ ဒါကို မှော်ပညာရှင်ကြီး ဘူကာရီနဲ့ ဆွေးနေပြီးသွားပြီဆိုတော့ ဒုခ်မီရန်ဒိုဆီမှာ ဒီကတိကို ကိုယ်တိုင် လာပေးရတာပါ။ ဒါပေမယ့် လက်ရှိ အခြေအနေကို သုံးသပ်ရရင် အဲဒီရည်ရွယ်ချက်ကို ရောက်ဖို့ ဝေးနေသေးတယ်။”
“ဘယ်လိုဖြစ်မှာလဲ ဘယ်လိုဖြစ်မှာလဲ၊ ကျုပ်တို့ မြို့က အတော်လေး ပြောင်းလဲနေပါပြီ။ မှော်ပညာရှင်ကြီး ဘူကာရီက ဒီအတွက် ခင်ဗျားကို ချီးကျူးနေတာလေ။” ဘာရွန်လိုဖိခ်က မှော်ပညာရှင် ဘူကာရီထံ မျှော်လင့်ချက်အပြည့်မျက်လုံးများဖြင့် ခေါင်းလှည့်ကာ ကြည့်လိုက်သည်။
မှော်ပညာရှင် ဘူကာရီက ဘာရွန်လိုဖိခ်ကို မျက်လုံးများ မှေးကျဉ်း၍ ကြည့်လာ၏။ သူက အသာနှာမှုတ်၍ ရှုယီဘက် လှည့်ကာ ပြုံးရင်း ခေါင်းငြိမ့်လိုက်သည်၊ “ဟုတ်ပါတယ် ဥက္ကဌရှု နောက်ဆုံးတစ်ခေါက် ဒီကို လာခဲ့တာ နှစ်လ ရှိနေပြီဆိုပေမယ့် ဒီလို အချိန်တိုလေးအတွင်းမှာ အမ်ပရစ္စတန်မြို့က အတော်လေးပြောင်းလဲသွားတာပဲ။ ခင်ဗျားတို့ လုပ်ငန်းစုရဲ့ အရည်အချင်းကြောင့် မအံ့ဩဘဲကို မနေနိုင်ဘူး။”
ရှုယီက အသာပြုံးသည်၊ “ဒါက ဘာမှ မဟုတ်ပါဘူး။ ကျုပ် ပြောခဲ့တယ်လေ အစပဲရှိပါသေးတယ်။ မှော်ပညာရှင်ကြီး ဘူကာရီ, အရင်က ဘန်တာမြို့ကို ရောက်ဖူးတော့ ဘန်တာမြို့ ဘယ်လိုဖြစ်လာခဲ့သလဲ သိလောက်မှာပါ။ ကျုပ်ရဲ့ ပန်းတိုင်က အမ်ပရစ္စတန်မြို့ကို နောက်ထပ် ဘန်တာမြို့ဖြစ်အောင် ပြောင်းဖို့ပဲ။”
မှော်ပညာရှင် ဘူကာရီက ချက်ချင်း ခေါင်းခါသည်၊ “ဘန်တာမြို့နဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ? ကျုပ် မြင်သလောက်တော့ ဘန်တာမြို့ရဲ့ ကြွယ်ဝမှုက ကန်ဒရာနဲ့ မာလိုအင်ပါယာတွေမှာရှိတဲ့ အကြီးဆုံးမြို့တွေနဲ့တောင် ယှဉ်လို့ရတယ်။ ဘန်တာမြို့က ထူးကဲတာမျိုးတွေရှိမယ့် ထပ်တူညီတဲ့အခြားနေရာမျိုး နယ်မြေကြီးတစ်ခုလုံးမှာ မရှိပါဘူး။ အမ်ပရစ္စတန်မြို့က ကျုပ်တို့ မီရန်ဒိုနယ်မြေမှာရှိတဲ့ သာမန်မြို့လေးတစ်မြို့ပါပဲ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ?”
နံဘေးရှိ ဘာရွန်လိုဖိခ်ကလည်း ခံစားချက်အပြည့်ဖြင့်ဆိုလာသည်၊ “အမှန်ပဲ အရင်က ကျုပ် ဘန်တာမြို့ကိုသွားတော့ တကယ်ကို အံ့အားသင့်သွားခဲ့တာ။ လက်ရှိ ဘန်တာမြို့ကတော့ ဒီခေတ် နယ်မြေကြီးမှာရှိတဲ့ တခြားမြို့တွေအားလုံးကို ကျော်လွန်နေလောက်ပါပြီ။”
ရှုယီက ဘာရွန်လိုဖိခ်ကို တအံ့တဩကြည့်လာပါ၏။ သူဟာ ဖီးလ်ထံမှ 'ငွေရှာခြင်းမှလွဲမည်သည်ကိုမှ မသိနားမလည်'ဟု အခေါ်ခံရသည့် လူဖြစ်သော်လည်း ဘန်တာမြို့မှာ ဤခေတ်တွင် အခြားမြို့တိုင်းကို ကျော်လွန်နေသည်ဟု ပြောနိုင်ရာ ကြည့်ရသည်မှာ တကယ်တမ်း ဗလာဖြစ်နေပုံတော့မရချေ။
“ဒါပေမယ့်.... ဥက္ကဌရှု ရိုးရိုးသားသားပြောရရင် ကျုပ် ဘန်တာမြို့ကို အခေါက်ပေါင်းများစွာရောက်ခဲ့ဖူးပေမယ့် လက်ရှိဘန်တာမြို့က..... အရင်ကနဲ့ ယှဉ်ရင် နည်းနည်းတော့ လိုအပ်နေသေးတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့ကနေ ထွက်လာပြီးနောက်မှာ ဘန်တာမြို့ရဲ့ ကြွယ်ဝမှုက ရုတ်တရတ် ကျဆင်းသွားတယ်။” မှော်ပညာရှင် ဘူကာရီက မျက်မှောင်ကုပ်၍ ဆိုသည်၊ “ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို တွန်းအားပေးရလောက်အောင် ဘာတွေစဉ်းစားနေမှန်းတော့ ကျုပ်လည်း နားမလည်တော့ဘူး။ ဒါက တကယ်ကို..... အရူးနှမ်းဆုံးအရာပဲ!”
မှော်ပညာရှင် ဘူကာရီ၏ မယဉ်ကျေးသော အကဲဖြတ်မှုကိုကြားသော် ရှုယီက ပြုံးသည်။ သူက ခေါင်းခါ၍ ဆို၏၊ “ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲလေ ကျုပ်မှာလည်း မှတ်ချက်ပြုစရာမရှိပါဘူး။ ဟုတ်ပါပြီ မှော်ပညာရှင်ကြီး ဘူကာရီ, ဒီလို မကျေနပ်စရာတွေကို မဆွေးနွေးတော့ဘဲ စီးပွားရေးအကြောင်း ဆွေးနွေးကြတာပေါ့။”
မှော်ပညာရှင် ဘူကာရီက ခေါင်းငြိမ့်၍ ဘာရွန်လိုဖိခ်ကို ကြည့်လိုက်သည်။
ဘာရွန်လိုဖိခ်က ချက်ချင်းနားလည်လိုက်ပြီး နှစ်ဦးသားထံ အပြုံးဖြင့် ဆိုလာသည်၊ “ကျုပ် လမ်းကို တစ်ချက်သွားကြည့်လိုက်ပါဦးမယ် အချိန်ယူကြပါ။”
ဘာရွန်လိုဖိခ်က လျှောက်ထွက်ကာ တံခါးပိတ်လိုက်ချိန်တွင် မှော်ပညာရှင် ဘူကာရီက ရှုယီအတွက် စာရွက်တစ်ရွက် ထုတ်လာသည်။
“ဥက္ကဌရှု ဒါက ကျုပ်နဲ့ ကျုပ်တို့နယ်မြေရဲ့ အဆင့်မြင့်မှော်ပညာရှင်တွေ ဒီအတောအတွင်း လေ့လာမှုလုပ်ခဲ့တဲ့ ရလာဒ်တွေပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက်ကြည့်ရင်း အကြံပေးပါဦး။”
ရှုယီလည်း ယဉ်ကျေးမနေဘဲ ယူကြည့်လိုက်၏။ ၎င်းမှာ မူကြမ်းတစ်ခုဖြစ်ပြီး ထိုအထက်၌ ရှုပ်ထွေးနေသည့် မှော်အစီအရင်တစ်ခု ရေးဆွဲထားသည်ကို တွေ့ရလေသည်။ မှော်အစီအရင်ဘေး၌ ရှင်းလင်းချက်များနှင့် အသေးစိတ်များပါ ပါရှိနေ၏။
ရှုယီမှာ ကြည့်ပြီးနောက် အတွေးနစ်သွားသည်။ မှော်ပညာရှင် ဘူကာရီက မျှော်လင့်နေသံဖြင့် မေးလိုက်၏, “ဘယ်လိုလဲ? ဥက္ကဌရှု ဒီမှော်လေသင်္ဘောရဲ့ ပင့်အားမြှင့် လေစွမ်းအား မှော်အစီအရင်က ဘယ်လိုလဲ?”
“အင်း..... ပြဿနာအထွေအထူးတော့မရှိသလို မှော်အစီအရင်မှာလည်း ပြဿနာမရှိဘူး၊ ဒါပေမယ့်.....”
“ဒါပေမယ့်?” မှော်ပညာရှင် ဘူကာရီက ချက်ချင်း စိတ်ရှုပ်ထွေးသွားပေ၏။
“ဒါပေမယ့် ခင်ဗျားတို့ ပြဿနာတစ်ခုကို လျစ်လျူရှုခဲ့မိတယ်။ ဒီမှော်အစီအရင်နဲ့ ပျံသန်းချိန်မှာ အင်အားထုတ်မယ်လို့ ယူဆလို့ရပေမယ့်လည်း စက်ပိုင်းဆိုင်ရာ ပြဿနာကို လျစ်လျူရှုထားတယ်။ ဒီအတွေးက မှန်ပေမယ့် မှော်လေသင်္ဘောက နောက်ကွယ် အင်အားပိုများများနဲ့ ပိုပြီး ချောချောမွေ့မွေ့ ပျံသန်းနိုင်ရင် စက်ရဲ့ ဒီဖိအားကို ကိုင်တွယ်ရမယ့် ပြဿနာကို စဉ်းစားဖို့လိုတယ်။ ဒီမှော်အစီအရင်ကို သုံးရင် မှော်လေသင်္ဘောရဲ့ ဝန်ဆောင်မှုသက်တမ်းက အတော်လေး လျော့ကျသွားလိမ့်မယ်။” ရှုယီက ဆို၏။
“ဒီလိုလား?” မှော်ပညာရှင် ဘူကာရီက မူကြမ်းကို ပြန်ယူကြည့်ကာ ခေါင်းငုံ့စဉ်းစားနေပြီးနောက် ရုတ်တရတ် အနည်းငယ် ရှက်ရွံ့သလိုခံစားလိုက်ရ၏၊ “ဒါက.... ဥက္ကဌရှု ရိုးရိုးသားသားပြောရရင် စက်အကြောင်းကို ကျုပ်တို့များများစားစားမသိထားတော့ ခင်ဗျားပြောတဲ့ အခြေအနေကို တကယ်နားမလည်ဘူး။ ဒါပေမယ့် ဥက္ကဌရှုက အထူးပြုဆိုတော့ ခင်ဗျားပြောသလို ဖြစ်မှာပါ။ ကြည့်ရတာ ကျုပ်တို့ရဲ့ ဒီဇိုင်းမှာ ဒါကို လျစ်လျူရှုခဲ့မိပုံပဲ။”
ဘူကာရီ မျက်နှာထက်ရှိ ရှက်ရွံ့နေဟန်ကိုမြင်သော် ရှုယီက အသာပြုံးကာ ဆိုလိုက်ပါ၏၊ “ဒါက ဘာမှမဟုတ်ပါဘူး လူတိုင်းက မွေးကတည်းက အရာအားလုံးသိနေတာမှမဟုတ်တာ။ ခင်ဗျားသာ ရှေ့လျှောက် မှော်စက်မှုအင်ဂျင်နီယာ အသိပညာတွေကို နည်းနည်းလောက် ထပ်လေ့လာလိုက်ရင် အရာအားလုံးကို ထည့်စဉ်းစားလာနိုင်လိမ့်မယ်။ ပြီးတော့ ကျုပ် ဒီမူကြမ်းကို ပြန်ယူသွားမှာပါ ဒီမှာ အတော်ကောင်းတဲ့ အပိုင်းအတော်များများပါတယ်။ ကျုပ်သာ အီဗီတာကို ပေးလိုက်ရင် သုတေသနလုပ်တဲ့အခါ အထောက်အကူဖြစ်လိမ့်မယ်။”
“အင်း ခေါင်းဆောင်အီဗီတာကိုပဲ အကူအညီတောင်းရတော့မှာပေါ့။ မှော်ပညာရှင် ဘူကာရီက ရှုယီထံ မူကြမ်းကို ပြန်ပေးလိုက်ပါ၏။ ခေတ္တရပ်တန့်လိုက်ပြီးနောက် သူက တုံ့ဆိုင်းစွာ ဆိုသည်၊ “ဒါက..... ဥက္ကဌရှု ကျုပ်တို့သာ ဒီမှော်စက်မှုအင်ဂျင်နီယာအသိပညာကို မကိုင်စွဲထားနိုင်ရင် စက်ရုံတစ်ရုံမှာ အတူ ရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်ဘူးလား?”
“ဒါတော့ မမှန်ဘူး။” ရှုယီက ခေါင်းခါသည်၊ “တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ခင်ဗျားသာ ဆန္ဒရှိရင် ကျုပ်တို့အနေနဲ့ အခု နည်းပညာကို ထောက်ပံ့ပေူပြီး ခင်ဗျားက မြေနဲ့ အလုပ်သမားတွေ ပြင်ဆင်ထားလို့ရတယ်။ ကျုပ်တို့က နည်းပညာထောက်ပံ့ရုံပဲ ဒီလိုနဲ့ ဝေစုရမှာပဲလေ။”
“ဒါဆို ကျုပ်တို့က ဒီနည်းပညာကို ထိဖို့ အရည်အချင်းမမီတာလား?” မှော်ပညာရှင် ဘူကာရီက မျက်မှောင်ကုပ်ကာ မေးသည်။
ရှုယီမှာ စိတ်ထဲသက်ပြင်းချမိ၏။
မီရန်ဒိုနယ်မြေမှာ နယ်မြေလေးတစ်ခုဖြစ်သည်။ တူညီသည့် တောင်းဆိုမှုအတွက် လမ်ပူရီတိုင်းပြည်၏ ထိုလူများမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာကို တိုက်ရိုက် တောင်းဆိုခဲ့ရုံပင်။
မှော်ပညာရှင် ဘူကာရီမှာ မီရန်ဒိုနယ်မြေရှိ ထိပ်တန်းမှော်ပညာရှင်မျအနက် တစ်ဦးဖြစ်ရာ သူဟာ ရှုယီနှင့် ၎င်းကို ဆွေးနွေးနေစဉ်တွင် ထိုမျှ ဂရုစိုက်နေသည်။
သို့သော် ၎င်းက ရှုယီ၏ ဆန္ဒနှင့် သင့်တော်ပါ၏။ မီရန်ဒိုနယ်မြေသာ လမ်ပူရီတိုင်းပြည်ကဲ့သို့ သန်မာသည့် သွင်ပြင်ရှိနေလျှင် ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းမှုကို စဉ်းစားမည်မဟုတ်ချေ။
“စိတ်ချပါ ကျုပ်တို့ လုပ်ငန်းစုမှာက အိမ်သုံးမှော်စက်နည်းပညာတွေကို လွှဲပြောင်းပေးရင်း အတွေ့အကြုံအလုံအလောက်ရှိပါတယ်။ ဘာ မျှော်လင့်မထားတာမှ မဖြစ်လာရင် တစ်နှစ်ပဲကြာလိမ့်မယ် ခင်ဗျား ဒီနည်းပညာကို လေ့လာနိုင်လောက်မှာပါ။ အချိန်ကျလာရင် ခင်ဗျားအနေနဲ့ ကိုယ်တိုင် ဒီအိမ်သုံးမှော်စက်တွေကို ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီး ကျုပ်တို့ လုပ်ငန်းစုနဲ့ ပူးပေါင်းစရာတောင် မလိုလောက်တော့ဘူး။” ရှုယီက စိတ်ရှည်ရှည်ရှင်းပြသည်။
မှော်ပညာရှင် ဘူကာရီမှာ ခေါင်းငြိမ့်လိုက်သော်လည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
“ဥက္ကဌရှု ကျုပ် နားမလည်ဘူး။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမြင်ကနေ ဒါကို စဉ်းစားရင် နည်းပညာကိုသိမ်းထားပြီး ကျုပ်တို့နဲ့ ပူးပေါင်းတာက ပိုပြီး သင့်တော်မှာပေါ့။ ခင်ဗျားသာ ကျုပ်တို့ဆီ နည်းပညာ တစ်ခုလုံးပေးလိုက်ရင် ခင်ဗျားနဲ့ ပူးပေါင်းဖို့မလိုတော့ဘူးလေ။ ဒါက ခင်ဗျားအတွက် ဆိုးဝါးမသွားဘူးလား?”
ရှုယီက အသာပြုံးရင်း ခေါင်းခါသည်၊ “ကျုပ်တို့လည်း အခြေခိုင်နေမှတော့ ခင်ဗျားသာ ကျုပ်တို့လုပ်ထားတဲ့ အရာတွေကို နားလည်သွားရင် ဒါကို မေးမှာမဟုတ်ဘူး။ ကျုပ်အတွက် အသေးစိတ်ကို ရှင်းပြဖို့က ခက်တာကြောင့် ဒါကိုကျုပ် ဆန္ဒရှိတာကြောင့်လိုပဲ သတ်မှတ်လိုက်ပါ။”
မှော်ပညာရှင် ဘူကာရီက ရှုယီကို မျက်မှောင်ကျုံ့ကာ ကြည့်ရင်း နားမလည်သည်မှာ ရှင်းလင်းပါ၏။
သို့သော် ရှုယီက ရှင်းပြဖို့ အစီစဉ်မရှိရာ သူလည်း ဆက်မမေးတော့။ သူက ယူလာသည့် အိတ်ကိုသာ မွှေနှောက်၍ ရှုယီထံ အခြားစာရွက်စာတမ်းများပေးလိုက်သည်။
“ဥက္ကဌရှု ဒါက ခင်ဗျားလိုချင်တဲ့ မှော်သလင်းကျောက်တွေနဲ့ ရှားပါးကမ္ဘာမြေရင်းမြစ်မိုင်းတွင်းတွေအတွက် ဒုခ် လက်မှတ်ထိုးထားတဲ့ လွှဲပြောင်းရေးစာချုပ်ပဲ၊ တစ်ချက် ကြည့်လိုက်ပါဦး။”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၂။ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာဖို့မှာ အင်မတန် အရေးကြီးလှ၏
ရှုယီက စာချုပ်ကို ဝါကျတစ်လုံးကိုမှ အလွတ်ပေးဖို့ ဆန္ဒမရှိဘဲ အာရုံစိုက်ကာ ဖတ်ရှုနေသည်အားမြင်သော် မှော်ပညာရှင် ဘူကာရီ၏ စိတ်နှလုံးထဲ သံသယဖြင့် ပြည့်သွားသည်။
ရှုယီကို တစ်နှစ်ကြာ သိလာပြီး ၎င်းတို့၏ ပူးပေါင်းမှု တရားဝင်စတင်သဖြင့် ရှုယီကို အကြိမ်များစွာ တွေ့ဆုံခဲ့ရသည့်နောက်တွင်ပင် ရှုယီနှင့် ပိုတွေ့ဆုံလေ နားလည်ရခက်လေဟု ခံစားမိ၏။
ဥပမာဆိုရသော် ဤစာချုပ်တွင် ဒုခ်မီရန်ဒိုက Frestech ကုန်သည်ကြီးများအသင်းထံ ရှားပါးကမ္ဘာမြေရင်းမြစ်နှင့် မှော်သလင်းကျောက်တွင်းတို့ကို တူးဖော်ခွင့်ပေးရုံသာဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ မီရန်ဒိုနယ်မြေထံသို့ အိမ်သုံးမှော်စက်နည်းပညာအား လွှဲပြောင်းပေးရသလို မီရန်ဒိုနယ်မြေ၌ မှော်စက် စက်ရုံငါးရုံတည်ဆောက်ဖို့ မီရန်ဒိုနယ်မြေနှင့် ပူးပေါင်းခဲ့သေးသည်။
မှော်ပညာရှင် ဘူကာရီအနေနှင့် မည်သို့ကြည့်ကြည့် ဤပူးပေါင်းမှုမှ အကျိုးအမြတ်ရသည်မှာ မီရန်ဒိုနယ်မြေဖြစ်ကြောင်း ရှင်းလင်းလေသည်။
ရှုယီ ထုတ်ပြောခဲ့သည့် ရှားပါးကမ္ဘာမြေသတ္တုရိုင်းများကို မီရန်ဒိုနယ်မြေ၌ မည်သို့ အသုံးပြုရမည်အား သိသူတစ်ဦးမှ မရှိသောကြောင့်လည်း ဖြစ်၏။
အရေးပါသည့် အိမ်သုံးမှော်စက်နည်းပညာအတွက် လဲလှယ်ခြင်းကိုမဆိုထားနှင့် မည်သည့်အသုံးဝင်မှုမှမရှိသည့် အရာများကို မီရန်ဒိုနယ်မြေအဖို့ တည်ငြိမ်သည့် နစ်နာကြေးအဖြစ်အဖြစ်သတ်မှတ်နိုင်သော အရာများအတွက် လဲလှယ်ရန် အသုံးပြုခြင်းဖြစ်သည်။
ဒုခ် မီရန်ဒိုအတွက် အရေးကြီးဆုံးမှာ ၎င်းတို့ အတူတည်ထောင်မည့် စက်ရုံဖြစ်သည်။
၎င်းတို့၏ ဘန်တာမြို့အပေါ် စစ်ဆေးမှုရလာဒ်များအရ မီရန်ဒိုနယ်မြေမှာ နားလည်သွားသည်။
Frestech ကုန်သည်ကြီးများအသင်းထံရှိ အိမ်သုံးမှော်စက်များအတွက် အလားအလာများစွာ ရှိနေပြီး အလုပ်များစွာကိုလည်း ထုတ်ပေးနိုင်၏။
၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ စက်ရုံများတည်ထောင်နိုင်ကာ မီရန်ဒိုနယ်မြေ၌ ၎င်းစက်ရုံငါးရုံသာရှိပါက ဘန်တာမြို့ထက် သုံး၊ လေးဆမျှသာ ပိုကြီးမားသော မီရန်ဒိုနယ်မြေအတွက် ကြီးစွာသော အထောက်အကူဖြစ်ပေလိမ့်မည်။
မှော်သလင်းကျောက်တွင်းမှာ ရှားပါးကမ္ဘာမြေရင်းမြစ်များထက် ပို၍ အဖိုးထိုက်တန်သည်ဟု ယူဆနိုင်သော်လည်း မှော်သလင်းကျောက်များအား စိုင်စ်နယ်မြေကြီးတစ်ဝှမ်း ရှာတွေ့နိုင်သည်။ ၎င်းတို့အား မီရန်ဒိုနယ်မြေတစ်ဝှမ်းတွင်လည်း ရှာတွေ့နိုင်ရာ ငွေဖြင့် ထိုက်တန်သည့် အရာမဟုတ်နေပေ။
Frestech ကုန်သည်ကြီးများအသင်း ရယူလိုသည့် မှော်သလင်းကျောက်တွင်းက မီရန်ဒိုနယ်မြေ၌ အကြီးဆုံးတစ်ခုဖြစ်နေလျှင်တောင် ခန့်မှန်းခြေများအရ ၎င်းက ရွှေဒင်္ဂါးတစ်သိန်းအောက်သာ တန်ပါ၏။
Frestech ကုန်သည်ကြီးများအသင်း လွှဲပြောင်းပေးမည့် အိမ်သုံးမှော်စက်နည်းပညာတိုင်းအတွက် တစ်မျိုးစီကို လွှဲပြောင်းခ ရွှေဒင်္ဂါးတစ်သိန်းကျော်ရှိပါ၏။
ရှုယီက မီရန်ဒိုနယ်မြေ၌ ရှားပါးကမ္ဘာမြေရင်းမြစ် အရည်ကျိုစက်ရုံနှင့် မှော်သလင်းကျောက်သန့်စင်စက်ရုံတို့ကို တည်ဆောက်မည့်အကြောင်း အဆိုပြုလာသည်ကို မဆိုနှင့်။ ၎င်းတို့မှာ ဒေသခံ အရေအတွက် တစ်ခုအထိ အလုပ်သမားများအဖြစ် စုဆောင်းဖို့ သဘောတူခဲ့သည်။
ထိုစက်ရုံနှစ်ရုံနှင့်တင် မီရန်ဒိုနယ်မြေအတွက် ကြီးစွာသော အကျိုးအမြတ်ယူဆောင်လာရန် လုံလောက်သည်။
ဥပမာဆိုရသော် ရှားပါးကမ္ဘာမြေရင်းမြစ် အရည်ကျိုစက်ရုံမှာ အမ်ပရစ္စတန်မြို့၌ ရှိနေခဲ့သည်မှာ နှစ်လအောက်ကြာနေပြီဖြစ်သော်လည်း ၎င်းတို့မှာ အမ်ပရစ္စတန်မြို့သို့ အခွန် ရွှေဒင်္ဂါးသုံးထောင် ပေးရပြီး ဒေသတွင်းအလုပ်ငယသမား တစ်ရာစုဆောင်းခဲ့၏။
အမျိုးမျိုးသော အကျိုးအမြတ်များကို လျစ်လျူရှုရသော် ထိုအလုပ်သမားလစာများနှင့်တင် တစ်လကို ရွှေဒင်္ဂါးဆယ်ပြားဖြစ်သည်။
ဤလစာမှာ မီရန်ဒိုနယ်မြေ၏ နယ်ပယ်များအားလုံးအကြားတွင် ဒုတိယမရှိပေ။
ထို့ကြောင့် လူတိုင်းက ရှားပါးကမ္ဘာမြေရင်းမြစ် အရည်ကျိုစက်ရုံတွင် အလုပ်လုပ်နိုင်သည့် အလုပ်သမားများကို မနာလိုအားကျကြသည်။
အမ်ပရစ္စတန်မြို့သားများအတွက် စက်ရုံ၌ အလုပ်လုပ်နိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။
၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းက နောက်ထပ် စည်သွပ်ငါးစက်ရုံနှင့် မြေဩဇာစက်ရုံတည်ဆောက်မည့်အကြောင်းကို ကြားချိန်တွင် အမ်ပရစ္စတန်မြို့သားများမှာ ထိုအလုပ်များအတွက် တိုက်ခိုက်လိုနေခြင်းကို ပြောဖွယ်ရာပင်မရှိတော့။ အနီးဝန်းကျင် မြို့များနှင့် မြို့များမှ လူများသည်ပင် တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြသည်။
Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများစုဆောင်းနေကြောင်း အတည်ပြုလိုက်သည်နှင့် ၎င်းတို့မှာ လူအပြုံလိုက်ကြောင့် စိစိညက်ညက်ပင် ကြေသွားလောက်သည်။
ပြောရလျှင် ရှုယီက သူ၏ ကတိကို စောင့်ထိန်းကာ အမ်ပရစ္စတန်မြို့သို့ တိုးတက်မှုနှင့် ကြွယ်ဝမှုကို ယူဆောင်လာခြင်းပင်။ ၎င်းနှင့်တင် မှော်ပညာရှင် ဘူကာရီအား သူနှင့် ပတ်သက်၍ စိတ်တိုင်းကျစေဖို့ လုံလောက်၏။
သို့သော်လည်း ၎င်းကြောင့် မှော်ပညာရှင် ဘူကာရီထံတွင် ရှုယီအပေါ် သံသယပြည့်လာရခြင်းသာ။
မှော်ပညာရှင် ဘူကာရီအတွက် Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ရပ်များမှာ ၎င်းတို့၏ ကုန်ကျစရိတ်ကိုသာ များစွာ တိုးလာခဲ့သည်။ ရှုယီထံ၌ သူ၏ ကုန်ကျစရိတ်ကို လျှော့ချရန် နည်းလမ်းများစွာရှိသည်။
ဥပမာဆိုရသော် သူဟာ တစ်လလျှင် အမ်ပရစ္စတန်မြို့သားများခံ ရွှေဒင်္ဂါး ငါးပြားလစာပေးလျှင်တောင် မှော်ပညာရှင် ဘူကာရီ အနေနှင့် ထိုလူများက ပြုံတိုးလာမည်မှန်း သေချာပါ၏။
သို့သော် ရှုယီက ထိုသို့သာ အခိုင်အမာပြုလုပ်နေပြီး ဒုခ် မီရန်ဒိုအား အရာများစွာကို ကတိပေးခဲ့လေသည်။
အစပိုင်းတွင် မှော်ပညာရှင် ဘူကာရီမှာ ရှုယီ၏ ကတိများကို မယုံကြည်ခဲ့ပေ၊ အကြောင်းအရင်းမှာ ကုန်သည်များ၏ ကတိများက မယုံကြည်ရဟု ခံစားရသောကြောင့်ဖြစ်၏။
သို့သော် Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့ ဤနှစ်ဝက်အတွင်း လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းက ရှုယီမှာ သူ၏ ကတိများကို တစ်ခုပြီးတစ်ခု ဖြည့်ဆည်းနေကြောင်း သက်သေပြနေပါ၏။
သူနှင့် ရှုယီတို့ ဤနှစ်ဝက်အတွင်း အဆက်အသွယ်လုပ်ခဲ့သည့် အကြိမ်များစွာနှင့် အမ်ပရစ္စတန်မြို့ ပြောင်းလဲမှုမျိုးစုံကို စဉ်းစားရင်း မှော်ပညာရှင် ဘူကာရီမှာ ခံစားချက်များဖြင့် ပြည့်သွားသည်။
ရှုယီနှင့် မှော်ပညာရှင်များအဖွဲ့အစည်း စာမေးပွဲတွင် တွေ့ဆုံနိုင်ခဲ့ခြင်းမှာ တကယ်တမ်းတွင် ကံကောင်းသည့် အရာသာဖြစ်သည်။
အရည်အချင်းစစ်စာမေးပွဲကို စဉ်းစားကြည့်သော် မှော်ပညာရှင် ဘူကာရီမှာ တစ်စုံတရာကို ရုတ်တရတ် စဉ်းစားမိသွား၏။
“ဟုတ်သားပဲ ဥက္ကဌ ခင်ဗျားရဲ့ လက်ရှိ စွမ်းအား..... ဒါက ဘယ်လောက် တိုးတက်မှုရှိလဲ?” မှော်ပညာရှင် ဘူကာရီမှာ မနေနိုင်ဘဲ ရုတ်တရတ် မေးလိုက်ပါ၏။
“အင်း?” ရှုယီမှာ စာချုပ်ကို ဖတ်ရှုပြီးကာစဖြစ်ရာ အသေးစိတ်တချို့ကို စဉ်းစားနေခြင်းဖြစ်သည်။ ရုတ်တရတ် ထိုမေးခွန်းကိုကြားသော် မအံ့ဩမိဘဲ မနေနိုင်တော့ချေ။ အနည်းငယ်စဉ်းစားပြီးနောက် သူက တုံ့တုံ့ဆိုင်းဆိုင်း ဆိုလေသည်၊ “ဒါက..... မစစ်ဆေးရသေးဘူး၊ ဒါပေမယ့် မဟာမှော်ပညာရှင်အဆင့်တော့ မရောက်လောက်သေးပါဘူး။”
“အိုး..... ကောင်းပါတယ်......” မှော်ပညာရှင် ဘူကာရီမှာ သက်ပြင်းချလေသည်။
ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့၊ “ဒါက ဘာကောင်းလို့လဲ?”
မှော်ပညာရှင် ဘူကာရီမှာ ကြောင်အသွားပြီးနောက် လက်ယမ်းကာ တုံ့ပြန်လာ၏၊ “မဟုတ်ပါဘူး မဟုတ်ပါဘူး ဥက္ကဌရှု အထင်မလွဲပါနဲ့။ ကျုပ်က ဒီတိုင်း..... ခင်ဗျားသာ ခင်ဗျား အသက်နဲ့ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာရင် အတော်လေး ကြောက်စရာကောင်းမှာပဲလို့ ခံစားမိလို့ပါပဲ။ ဒါပေမယ့် ခင်ဗျားရဲ့ အံ့ဩစရာ မှော်ပညာအရည်အချင်းကို စဉ်းစားကြည့်တော့ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ ခံစားမိတယ်.....”
ရှုယီက ရယ်မောလိုက်၏၊ “စိတ်အေးအေးထားပါ ကျုပ်က အဲ့လောက် အားမကောင်းပါဘူး။ ကျုပ်က လက်ရှိမှာ နဝမအဆင့်မှော်ပညာရှင်ဆိုပေမယ့်လည်း မဟာမှော်ပညာရှင် ပြောတာတော့ ကျုပ်အနေနဲ့ မဟာမှော်ပညာရှင်ဖြစ်ဖို့ အတော်လိုနေသေးတယ်တဲ့။ ကျုပ်သာ စစ်မှန်တဲ့ မဟာမှော်ပညာရှင်ဖြစ်လာချင်ရင် ကြိုးကြိုးစားစားလုပ်ဖို့ လိုနေသေးတယ်။”
မှော်ပညာရှင် ဘူကာရီ ခေါင်းငြိမ့်သည်၊ “အင်း မဟာမှော်ပညာရှင်ကြီး ကမ်မီလာက မှန်ပါတယ်။ နဝမအဆင့်မှော်ပညာရှင်နဲ့ မဟာမှော်ပညာရှင်ကြားမှာ အဆင့်တဆင့်လေးပဲ ခြားပေမယ့် အရမ်းကို ခက်ခဲတဲ့ ခြေလှမ်းပဲ။ ဥက္ကဌရှု ခင်ဗျားသာ မဟာမှော်ပညာရှင်ဖြစ်လာချင်ရင် အတော်ကြိုးစားရမှာပဲ။ ဒါပေမယ့် ဥက္ကဌရှု..... ခင်ဗျားက နေ့တိုင်း Frestech ကုန်သည်ကြီးများအသင်းကို လည်ပတ်ပေးနေရတော့ မှော်ပညာကို လေ့လာဖို့ အချိန်များများစားစား မရှိလောက်ဘူးမို့လား?”
“တကယ်ကိုပဲ အချိန်များများစားစားမရှိဘူး။” ရှုယီက ပခုံးတစ်ချက်တွ့န်ကာ ကူရာမဲ့စွာ သက်ပြင်းတစ်ချက်ချ၏၊ “ကျုပ်တို့ လုပ်ငန်းစုက ဒီနှစ်မှာ ကိစ္စအတော်များများနဲ့ ကြုံတွေ့နေရတာကို ခင်ဗျားလည်း သိမယ်ထင်ပါတယ်၊ စတက်တိန်းနယ်မြေမှာ နှစ်ရက်လောက်နားလိုက်တာကလွဲရင် ကျန်တဲ့အချိန်တွေမှာ အလုပ်များနေခဲ့တာ။ ဘယ်လိုလုပ် မှော်ပညာကို လေ့လာဖို့ အချိန်ရှိမလဲ?”
မှော်ပညာရှင် ဘူကာရီက သက်ပြင်းချသည်၊ “ဒီလိုဆိုရင်တောင် ဥက္ကဌရှုက နဝမအဆင့် မှော်ပညာရှင်တစ်ယောက်ဖြစ်နေပြီးသားပဲ။ ပြောရရင် ခင်ဗျားရဲ့ မှော်ပညာအရည်အချင်းက အတော်ကို ထိတ်လန့်စရာပဲ။ မဟာမှော်ပညာရှင် ကမ်မီလာပြောတာ မှန်တယ်လို့ထင်တယ်၊ ခင်ဗျားသာ မှော်ပညာကို လေ့လာဖို့ အချိန်အလုံအလောက် ရှာနိုင်ရင် သိပ်မကြာခင် မဟာမှော်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်လောက်တယ်။ ခင်ဗျားလည်း မဟာမှော်ပညာဖြစ်လာတာနဲ့နားလည်လောက်မှာပါ ခင်ဗျားရဲ့ ဂုဏ်ပုဒ်က လုံးဝကွဲပြားနေလိမ့်မယ်။”
“နားလည်တာပေါ့။ မမေ့နဲ့လေ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ မဟာမှော်ပညာရှင် သုတေသီနှစ်ယောက်ရှိတယ်။ ပုံမှန်ဆို သူတို့နှစ်ယောက်နဲ့ အတူရှိတော့ သူတို့အကြားက ကွာဟမှုကို သိကါတယ်။” ရှုယီက သက်ပြင်းချကာဆို၏၊ “ဒါပေမယ့် ရွေးစရာမရှိဘူးလေ ကျုပ်ရဲ့ မှော်အဆင့်နဲ့ယှဉ်ရင် ကျုပ်ရဲ့ လုပ်ငန်းစုတိုးတက်ဖို့ကို ပိုပြီးဂရုစိုက်တယ်။ အဆုံးကျတော့ ကျုပ်က လူတစ်ယောက်ဖြစ်ပြီး အချိန်ကလည်း အကန့်သတ်ရှိတော့ နှစ်ခုစလုံးကို အာရုံမစိုက်နိုင်ဘူး။”
မှော်ပညာရှင် ဘူကာရီက မျက်မှောင်ကုပ်၍ တင်းမာနေဟန်ဖြင့် ဆိုသည်၊ “ဥက္ကဌရှု ခင်ဗျား အရင်မှော်ပညာကို အာရုံစိုက်သင့်တယ်လို့ထင်တယ်။ ခင်ဗျားအနေနဲ့ မဟာမှော်ပညာရှင်တစ်ယောက်ရဲ့ ထူးကဲမှုကို တကယ်နားမလည်သေးဘူးလို့ ခံစားနေရတာပဲ။ ဒါကို ဒီလိုထားကြည့်၊ ခင်ဗျားသာ မဟာမှော်ပညာရှင်ဖြစ်လာရင် လမ်ပူရီတိုင်းပြည်က ခင်ဗျားကို တစ်ခုခုလုပ်ချင်ရင်တောင် အခက်အခဲတော့ ရှိလိမ့်မယ်လို့ထင်တယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လမ်ပူရီတိုင်းပြည်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေက နောက်ထပ် အဆုံးသတ်ကို ကြုံနိုင်လောက်မယ်။”
“တကယ်လား?” ရှုယီက အနည်းငယ် ရှုပ်ထွေးသွား၏၊ “မမေ့နဲ့ဦး မဟာမှော်ပညာရှင် ကမ်မီလာက ကျုပ်ဘက်မှာ တစ်ချိန်လုံးရှိနေတာကို ကျုပ်တို့လုပ်ငန်းစု ရင်ဆိုင်တဲ့နေရာမှာ သူတို့ ဘာအခက်တွေ့စရာမှ မရှိသလိုပါပဲ။”
“ဒါကတော့.... မဟာမှော်ပညာရှင်ကမ်မီလာက ဘာပဲဖြစ်ဖြစ် မဟာမှော်ပညာရှင်ကမ်မီလာလေ၊ ဒါက ခင်ဗျားကိုယ်တိုင် မဟာမှော်ပညာရှင် ဖြစ်တာနဲ့မှမတူတာ။” မှော်ပညာရှင် ဘူကာရီက ဆိုသည်၊ “မှန်တယ် ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ရဲ့ ချဉ်းကပ်မှုက ကျုပ်ကို ရှုပ်ထွေးစေတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကသာ ကျုပ်တို့ မီရန်ဒိုနယ်မြေရဲ့ လုပ်ငန်းစုတစ်ခုဖြစ်ရင် ဒုခ်မီရန်ဒိုက ခင်ဗျားကို အပြည့်အဝအထောက်အပံ့ပေးမယ်လို့ အာမခံဝံ့တယ်။ သူက အဲ့လောက် လွန်လွန်ကျူးကျူးတွေလုပ်မှာ မဟုတ်ဘူး။”
“အတိတ်ကို မေ့လိုက် သူတို့အကြောင်း မပြောတော့ဘူး။” ရှုယီက အသာပြုံးကာ လက်ထဲရှိ စာချုပ်ကို ခါလိုက်သည်၊ “ကျုပ် စာချုပ်ကို ဖတ်ပြီးပြီ၊ ဘာပြဿနာမှမရှိဘူး။ ကျေးဇူးပြုပြီး ဒုခ် မီရန်ဒိုကို ပြောပေးပါဦး ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ဒီစာချုပ်ကို သဘောတူပါတယ်လို့။”
ထိုသို့ပြောပြီးနောက် ရှုယီက ဖောင်တိန်တစ်ချောင်းနှင့် သူ၏ ကိုယ်ပိုင်ချိပ်တံဆိပ်ကို ထုတ်ကာ စာချုပ်ထက်၌ အမည်ရေးထိုးပြီး ချိပ်တံဆိပ်ပါ ခတ်နှိပ်လိုက်သည်။
ရှုယီက မဖြေသည်ကိုမြင်သော် မှော်ပညာရှင် ဘူကာရီက အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် ရှုယီက လက်မှတ်ထိုးရာ၌ ပြဿနာမရှိကြောင်း တွေ့ရသည့်အခါ ချက်ချင်း ဝမ်းသာလာ၏။
၎င်းတို့မှာ နှစ်တစ်ဝက်တာ ပူးပေါင်းခဲ့သော်လည်း ဤသည်က ရှုယီကိုယ်တိုင် လက်မှတ်ရေးထိုးသည့် ပထမဆုံးအကြိမ်ပါပင်။ ဤလက္ခဏာရပ်က ၎င်းတို့ပူးပေါင်းမှုမှာ ပိုနက်ရှိုင်းသည့် အဆင့်သို့ ရောက်လာသည့် အဓိပ္ပာယ်ပင်။
မှန်သည် ရှုယိမှာ ဤတစ်ခေါက် လက်မှတ်ထိုးရုံလေးအတွက် ရောက်လာခြင်းမဟုတ်ပေ။
ရှုယီထံမှ ယူလိုက်သည့် စာချုပ်ကို အတည်ပြုပြီးနောက် မှော်ပညာရှင် ဘူကာရီက ရှုယီကို အပြုံးဖြင့် ဆိုလိုက်လေသည်၊ “ဥက္ကဌရှု မစ္စတာ နျူမန် အရင်ရက်တုန်းက ပို့ခဲ့တဲ့ သတင်းအရ သူ ဒီကို နှစ်ရက်အတွင်း ရောက်လောက်တယ်။ ကျုပ်တို့ ခင်ဗျားကို ဒီမှာ နောက်နှစ်ရက်လောက် စိတ်ရှည်ရှည်စောင့်ပေးဖို့ တောင်းဆိုပါတယ်။”
“ကောင်းပြီလေ” ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်သည်၊ “ပြောရရင် ဒါက ကျုပ်တို့ သုံးဘက်စလုံးကြားက ကိစ္စကြီးနဲ့ ဆိုင်နေတာဆိုတော့ နှစ်ရက်လောက်ထပ်စောင့်ဖို့က မများပါဘူး။”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၃။ မြို့လူထုပို့ဆောင်ရေးစနစ်ထံမှ နုတ်ထွက်ခြင်း
သက္ကရာဇ် ၃၇၈၃ခုနှစ်၏ နောက်ဆုံးနေ့တွင် ⟨ ဘန်တာတိုင်းမ်စ် ⟩မှာ ၎င်းတို့ သတင်းစာ၏ ဒုတိယစာမျက်နှာထက်တွင် ထူးကဲသည့် သတင်းတစ်ရပ်ကို ဖော်ပြခဲ့ပါ၏။
“Frestech ကုန်သည်ကြီးများအသင်း၊ မီရန်ဒိုနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့သည် လမ်းကြောင်းသုံးခု ပူးပေါင်းရေးစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ မီရန်ဒိုနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့အား နည်းပညာဆိုင်ရာ အထောက်အပံ့တချို့ ထောက်ပံ့မည်ဖြစ်သည်။ ၎င်းတို့မှာ နိုင်ငံနှစ်ခုအတွင်း ပူးတွဲပိုင် အိမ်သုံးမှော်စက်အလုပ်ရုံများကို ဆောက်လုပ်သွားမည်ဖြစ်ပြီး မီရန်ဒိုနိုင်ငံနှင့် ရူဒ်ဆန်တိုင်းပြည်တို့ဟာလည်း Frestech ကုန်သည်ကြီးများအသင်းအတွက် သတ္တုတူးဖော်ခွင့်ပေးသွားမည်ဖြစ်သည်။”
လူများစွာက ဤသတင်းကို ⟨ ဘန်တာတိုင်းမ်စ် ⟩၌ မြင်တွေ့ကြသော်လည်း လူအများစုအတွက် ဤသတင်းမှာ ဘန်တာမြို့တွင် ကသောင်းကနင်း ဖြစ်သွားစေသည်အထိတော့ မကြီးမားပေ။
အဆုံးတွင် ဌာန၏ ပိတ်ပင်မှုကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်၌ မှော်စက်များ ထုတ်လုပ်ခြင်း မရှိတော့။ နောက်တွင် စီးပွားရေးဌာနမှ စည်းမျဉ်းသစ်များကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လမ်ပူရီတိုင်းပြည်၌ မှော်စက်များကို အနည်းငယ်သာ ရောင်းချတော့သည်။
ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်သားများအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ကမ္ဘာထဲမှ ပျောက်ကွယ်သွားသည်မှာ နှစ်တစ်ဝက်ရှိနေပြီဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မြို့အများစုတွင် ၎င်းတို့၏ ဝန်ဆောင်မှုဌာနများကို လည်ပတ်ထားဆဲဖြစ်ကာ ဘန်တာမြိုတော်၌ စည်သွပ်သီးစက်ရုံနှင့် သုတေသနဌာနအချို့ ဖွင့်ထားသော်ငြား လူအများစု၏ ဘဝ၌ ကျန်ရစ်ခဲ့သော Frestech ကုန်သည်ကြီးများအသင်း၏ တစ်ခုတည်းသောအစိတ်အပိုင်းမှာ ၎င်းတို့ ယခင်က ဝယ်ယူခဲ့သည့် အိမ်သုံးမှော်စက်များသာ ရှိသည်။
လူများထံ၌ မကောင်းသော အမှတ်တရများရှိနေကာ နှစ်တစ်ဝက်ကြာပြီးနောက်တွင် လမ်ပူရီတိုင်းပြည်ရှိ လူအအများစုက ၎င်းတို့နိုင်ငံ၌ လှိုင်းများစွာကို ဖန်တီးခဲ့သည့် လုပ်ငန်းစုအား တဖြည်းဖြည်း မေ့လျော့သွားကြသည်။
၎င်းတို့ကို ဘန်တာမြို့ရှိ လူများစွာကသာ တစ်ခါတရံ သတိရတတ်ပြီး Frestech ကုန်သည်ကြီးများအသင်းကို တမ်းတနေကြသည်။
ဖာဆန်ရထားလုံး လုပ်ငန်းစု၏ ဥက္ကဌ ပွန်ဖီးမှာ Frestech ကုန်သည်ကြီးများအသင်းအား သတိအရဆုံး လူများအနက် တစ်ဦးဖြစ်ပါ၏။
သူဟာ မြို့စားအိမ်တော်က လာဖာရယ်ကုန်သည်ကြီးများအသင်း ထုတ်လုပ်သည့် မှော်စက်များကို ဝယ်ယူရန် အင်မတန် မပျော်မရွှင်ဖြစ်နေပါသော်လည်း လူထုပို့ဆောင်ရေးစနစ်ထံမှ အမြတ်အစွန်းရနေဆဲဖြစ်ပြီး ၎င်းကို ဆက်လက်လုပ်ဆောင်ခြင်းက ဖာဆန်ရထားလုံးလုပ်ငန်းစု၏ အောင်မြင်မှုအတွက် အကူအညီပေးလေရာ ဥက္ကဌပွန်ဖီးလည်း စဉ်းစားပြီးနောက် လက်မလျှော့ဖို့ ရွေးချယ်လိုက်တော့သည်။ သူက မြို့စားအိမ်တော်၏ စဉ်းမျဉ်းများကို လိုက်နာက အရာအားလုံးကို လာဖာရယ်ကုန်သည်ကြီးများအသင်း၏ မှော်ကားများနှင့် လဲလိုက်တော့သည်။
သို့သော် ပြောင်းလဲပြီးနောက် လေးလမပြည့်ခင်တွင် ဥက္ကဌပွန်ဖီးမှာ လူထုပို့ဆောင်ရေးစနစ်ကို လည်ပတ်နေခြင်းကြောင့် မည်သည့်ငွေကိုမှ မရရုံမက ရွှေဒင်္ဂါးငါးသောင်းကျော် ဆုံးရှုံးခဲ့ရကြောင်း သိရှိသွားတော့သည်။
၎င်းမတိုင်ခင်က ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ မင်းသမီးလေး ဆယ်ဗီနီ၏ အတွေးကို လိုက်နာကာ ရှုယီ၏ ဈေးနှုန်းများ နိမ့်နိမ့်ထားစေသော အကြံကို နားထောင်ခဲ့သော်လည်း အမြတ်ရနိုင်ဆဲဖြစ်သည်။
အမြတ်စွန်းက မများသော်ငြား တစ်လလျှင် အနည်းဆုံး ရွှေဒင်္ဂါး နှစ်သောင်းရသည်။
သို့သော် ယခုတွင် ဆုံးရှုံးမှုရှိလာကာ ဆုံးရှုံးမှုက မနည်းလှရာ ဖာဆန်ရထားလုံးလုပ်ငန်းစုလည်း အရာအားလုံးကို စစ်ဆေးကြည့်ပြီးနောက် ဤဆုံးရှုံးမှုက အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်သည်ကို တွေ့လိုက်ရသည်။ အကြောင်းမှာ လာဖာရယ်တံဆိပ် မှော်ကားများထံ၌ အရည်အသွေးပြဿနာများ ရှိသောကြောင့်ဖြစ်၏။
ယခင်လနှင့်တင် ဖာဆန်ရထားလုံးလုပ်ငန်းစု၏ လာဖာရယ်တံဆိပ်မှော်ကား သုံးရာခုနှစ်ဆယ့်လေးစီးမှာ တစ်ရာခုနှစ်ဆယ့်ခြောက်ကြိမ်လောက် ပျက်စီးခဲ့သည်။ ၎င်းတို့အား ထိန်းသိမ်းရန် သူဟာ ရွှေဒင်္ဂါးနှစ်သောင်းသုံးထောင့်ခြောက်ရာ နှစ်ဆယ့်ငါးပြား ရင်းနှီးမြှုပ်နှံခဲ့ရလေ၏။
ဤ ပျက်စီးမှုနှုန်း မြင့်မားမှုကြောင့် လူထုပို့ဆောင်ရေးစနစ်ကို အပြင်းအထန် ထိခိုက်သွားလေသည်။ ၎င်းတို့အနေနှင့် အစားထိုးမှုများလုပ်ဆောင်ရသည့် အခြေအနေများပင် ရှိခဲ့၏။
ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ လည်ပတ်မှုကုန်ကျစရိတ် အနည်းဆုံး ရွှေဒင်္ဂါးသုံးထောင်ပေးရသည်။
၎င်းအပြင် ထိခိုက်မှုအကြီးစား ဖြစ်ရပ်များရှိသည်။ ၎င်းက အလုံအလောက်ပြင်းထန်ပါလျှင် ပြင်းထန်သည့် မတော်တဆများပင် ဖြစ်နိုင်ချေ ရှိ၏။
အပြင်းထန်ဆုံးတစ်ခုမှာ လာဖာရယ် တံဆိပ်မှော်ကားများအနက် တစ်စီးမှာ မြို့သစ်အပိုင်းတွင် ရုတ်တရတ် ထိန်းချုပ်မှုလွတ်သွားပြီး ဆိုင်ခန်းတစ်ခုကို ဝင်တိုက်မိခြင်းပင်။
၎င်းကို မြန်မြန်မောင်းနှင်ခဲ့ခြင်းမဟုတ်သလို မည်သူကမှ အသက်မဆုံးသွားသော်လည်း ဆယ့်သုံးဦး အပြင်းအထန်ဒဏ်ရာရကာ နှစ်ဆယ့်လေးဦးက အနည်းအကျဉ်း ထိခိုက်ခဲ့သည်။
ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ ဆေးဝါးခနှင့် လျော်ကြေး ရွှေဒင်္ဂါးငါးထောင်ကျော် ပေးခဲ့ရ၏။
၎င်းတို့ကို ပေါင်းကြည့်လျှင် လွန်ခဲ့သည့်လကတင် ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ လူထုပို့ဆောင်ရေးစနစ်ကို စီမံခန့်ခွဲဖို့ရန် ရွှေဒင်္ဂါး လေးသောင်း အပိုပေးခဲ့ရသည်။
အမြတ်အစွန်းများကို ဘေးဖယ်လိုက်လျှင် ရွှေဒင်္ဂါးနှစ်သောင်းကျော် ဆုံးရှုံးခဲ့ရ၏။
ထိုသို့ လများစွာ ဖြစ်ပျက်နေခဲ့ပြီး ယခုတွင် ဥက္ကဌပွန်ဖီးအနေနှင့် လူထုပို့ဆောင်ရေးစနစ်ကို လည်ပတ်ခြင်းက သူ၏ လုပ်ငန်းစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ခံစားနေရတော့သည်။
သို့သော် လူထုပို့ဆောင်ရေးစနစ်ကို ထိန်းသိမ်းထားခြင်းက ဖာဆန်ရထားလုံးလုပ်ငန်းစု၏ ဘန်တာမြို့ရှိ ကျော်ကြားမှုကို ကူညီပေးရုံသာမက မြို့စားအိမ်တော်ထံမှလည်း ဦးစားပေးဆက်ဆံမှုရလေရာ ၎င်းတို့ထံမှ ဂရုစိုက်မှုများစွာ ရရှိလေသည်။ သူ့အနေနှင့် ငွေဆုံးပါလျှင်တောင် ဥက္ကဌပွန်ဖီးမှာ လက်လျှော့ဖို့ မဆုံးဖြတ်သေးဘဲ ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေခဲ့သည်။
သို့သော်လည်း သူ၏ စိတ်ကိုပြင်ဆင်အောင် တွန်းအားပေးရန် လွန်ခဲ့သည့် ရက်အနည်းငယ်က မြို့စားအိမ်တော်မှာ စည်းမျဉ်းသစ် ထုတ်ပြန်ခဲ့သည်။
ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ လူထုပို့ဆောင်ရေးစနစ်ကို ဆက်လက်မလုပ်ဆောင်နိုင်တော့ချေ။
စည်းမျဉ်းအသစ်များက အင်မတန်ရိုးရှင်းပါသည်၊ မနက်ဖြန်မှ စ၍ ဘန်တာမြို့မှာ လူထုပို့တောင်ရေးစနစ် ပြေးဆွဲခြင်းအတွက် အထူး ထောက်ပံ့ငွေများကို ဖျက်သိမ်းတော့မည်ပင်။
မြို့စားအိမ်တော်၏ အကြောင်းအရင်းများမှာ ဖြောင့်မတ်လှ၏။ ၎င်းတို့မှာ ဘန်တာမြို့ရှိ ညီမျှသည့်စီးပွားရေးပြိုင်ဆိုင်မှုကို မြှင့်တင်ရန် မည်သည့်လုပ်ငန်းစုကိုမှ အထူးထောက်ပံ့ငွေ မပေးနိုင်တော့ပေ။
သို့သော် ဥက္ကဌပွန်ဖီးက ၎င်းတို့အားလုံးမှာ မြို့စားအိမ်တော်အနေနှင့် ငွေထပ်ထုတ်မပေးလိုတော့ရုံသာဖြစ်သည်ကို မည်သို့ မသိဘဲ ရှိမည်နည်း။
၎င်းတို့ ဤတစ်ခေါက် စည်းမျဉ်းကို မပြောင်းခဲ့သည့် အကြောင်းရင်းမှာ လူထုပို့ဆောင်ရေးစနစ်အတွက် ထောက်ပံ့ငွေကို နှစ်အစပိုင်း၌ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က မြို့စား မင်းသမီးလေး ဆယ်ဗီနီက ဆုံးဖြတ်ခဲ့ခြင်းပင်။
၎င်းတို့သာ ဤနှစ်၌ ပြောင်းလဲလိုက်လျှင် မင်းသမီးလေး ဆယ်ဗီနီကို မရိုမသေပြုခြင်းဖြစ်လိမ့်မည်မှာ သံသယပင် မလိုချေ။
သို့သော် ယခုက နှစ်သစ်ဖြစ်ရာ မြို့စားအိမ်တော်က ဤမူဝါဒကို ပြောင်းလဲလိုက်လျှင် သဘာဝကျသည့်ကိစ္စပင်ဖြစ်၏။ မင်းသမီးလေး ဆယ်ဗီနီသည်ပင် ၎င်းကို ဘာမျှ ဆိုနိုင်မည်မဟုတ်။
ဥက္ကဌပွန်ဖီးသည်လည်း မည်သည်ကိုမှ မဆိုနိုင်သည်မှာ ရှင်းလင်းလှသဖြင့် တိတ်တဆိတ်သာ လက်ခံလိုက်နိုင်တော့သည်။
ရက်များစွာ တွက်ချက်ပြီးနောက် ဥက္ကဌပွန်ဖီးမှာ ၎င်းတို့သာ မြို့စားအိမ်တော်မှ အထူးထောက်ပံ့ငွေကို ဆုံးရှုံးလိုက်ပါလျှင် ဖာဆန်ရထားလုံးလုပ်ငန်းစု၏ လူထုပို့ဆောင်ရေးစနစ်မှ အသားတင် ဆုံးရှုံးမှုမှာ ရွှေဒင်္ဂါးနှစ်သိန်း သို့မဟုတ် ရွှေဒင်္ဂါးသုံးသိန်းအထိပင် ရှိသွားလိမ့်မည်ကို နားလည်လိုက်သည်။
ယခင်၂နှစ်ကလို ဖာဆန်ရထားလုံးလုပ်ငန်းစုထံ၌ နှစ်စဉ်အမြတ်ငွေ ရွှေဒင်္ဂါးတစ်သိန်းကျော်ရှိပါက ၎င်းတို့မှာ ဂုဏ်သိက္ခာနှင့် မြို့စားအိမ်တော်၏ ထောက်ပံ့မှုအတွက် အနှီဆုံးရှုံးမှုကို လက်ခံနိုင်သည်။
သို့သော် ယခုတွင် မြို့စားအိမ်တော်က ဖာဆန်ရထားလုံးလုပ်ငန်းစုကို ရှင်းလင်းစွာပင် မထောက်ပံ့တော့ဘဲ ဖာဆန်ရထားလုံးလုပ်ငန်းစု၏ အမြတ်များကို လျော့သွားစေသည်။ ၎င်းတို့၏ ဤနှစ် ဘဏ္ဍာငွေများကို တွက်ချက်ကြည့်လျှင် စုစုပေါင်း အမြတ်ငွေက ရွှေဒင်္ဂါး ငါးသိန်းပင်မကျော်ချေ။
အနှီအမြတ်၌ ပထမနှစ်ဝက်ထံမှ အမြတ်စွန်းများစွာ ပါနေသည်ကို မဆိုနှင့်။
ဒုတိယနှစ်ဝက်လေးနှင့်ဆိုလျှင် ၎င်းတို့၏ အမြတ်များမှာ ရွှေဒင်္ဂါးနှစ်သိန်းအောက်သာ ရှိမည်။
ဤအခြေအနေတွင် ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ လူထုပို့ဆောင်ရေးစနစ်၏ ဆုံးရှုံးမှုကြီးကို မတောင့်ခံနိုင်တော့။
မျှော်လင့်ချက်မဲ့သလို ခံစားနေရပြီး ဥက္ကဌပွန်ဖီးမှာ မင်းသမီးလေး ဆယ်ဗီနီနှင့် ရှုယီတို့၏ သူ့အပေါ် မျှော်လင့်ချက်ကို မဖျက်စီးချင်သော်လည်း သူ့ထံ၌ ရွေးစရာမရှိတော့ဘဲ လက်လျှော့ကြောင်း ကြေညာလိုက်ရသည်။
ထို့ကြောင့် သက္ကရာဇ် ၃၇၈၃၏ နောက်ဆုံးနေ့ ⟨ ဘန်တာတိုင်းမ်စ် ⟩၌ နောက်ဆုံးအရေးတွင် ပါဝင်လာသည်။ ယခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်သည့်အရာရှိပါလျှင် ပထမစာမျက်နှာ၌ ရှိမည်ဖြစ်သော်လည်း ယနေ့တွင် ၎င်းက ဒုတိယစာမျက်နှာ၌သာ ရောက်သွား၏။
အကြောင်းမှာ ပထမစာမျက်နှာ၌ ဖာဆန်ရထားလုံးလုပ်ငန်းစုထံမှ အံ့အားသင့်ဖွယ်သတင်းတစ်ခုရှိနေခြင်းကြောင့်ပင်။
ဖာဆန်ရထားလုံးလုပ်ငန်းစုက နောက်နှစ်မှစကာ ဘန်တာမြို့၏ လူထုပို့ဆောင်ရေးစနစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်!
မနက်ခင်းတစ်ခုလေးနှင့်တင် ၎င်းသတင်းက ဘန်တာမြို့တဝှမ်း ပျံ့နှံ့သွားသည်။
ထိုသတင်းရသူတိုင်းမှာ ကြောင်အကုန်ကြသည်။
ဖာဆန်ရထားလုံးလုပ်ငန်းစုက နုတ်ထွက်တော့မည်၊ ၎င်းက စီးနင်းရန် မည်သည့် လူထုပို့ဆောင်ရေး မှော်ကားမှမရှိတော့သည့် အဓိပ္ပာယ် မဟုတ်ပေဘူးလား?
သို့သော် ဘန်တာမြို့သားများမှာ သက်တောင့်သက်သာဖြစ်ပြီး လျင်မြန်သည့် မှော်ကားများဖြင့် သွားလိုရာသွားခြင်းကို ကျင့်သားရနေပြီသည်။ ရုတ်တရတ်ကြီး မရှိတော့လျှင် ၎င်းတို့ တစ်နေရာရာသွားပါက မည်သို့ လုပ်ဆောင်ရမည်နည်း?
လူချမ်းသာများအတွက် ပြဿနာ မရှိ၊ ၎င်းတို့အများစုမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ဆလွန်းများ ဝယ်ယူထားပြီးသားပင်။ သို့သော် မတတ်နိုင်သူများက မည်သို့ ဖြစ်မည်နည်း? စက်ဘီးများကို အားထားရမည်လား?
ဘန်တာမြို့သားများမှာ ၂နှစ်အတွင်း လူထုပို့ဆောင်ရေးစနစ်ကို ကျင့်သားရနေခဲ့ပြီး ရုတ်တရတ် ၎င်းက မရှိတော့ရာ လူများစွာက ကြောင်အကုန်ကြသည်။
နောက်တွင် လူများစွာက ဒေါသဖြစ်လာကြ၏။
ဖာဆန်ရထားလုံးလုပ်ငန်းစုက မင်းသမီးလေး ဆယ်ဗီနီနှင့် ရှုယီတို့၏ ထောက်ပံ့မှုဖြင့် လူထုပို့ဆောင်ရေးစနစ်ကို ယူဆောင်လိုက်ချိန်တွင် ငွေများရရှိခဲ့ကြသည်။ ယခု မင်းသမီးလေး ဆယ်ဗီနီနှင့် ဥက္ကဌရှုတို့ ဘန်တာမြို့မှ ထွက်သွားမှ ၎င်းတို့က ရုတ်တရတ် မလုပ်ချင်တော့သည်လား?
၎င်းတို့မှာ ဘန်တာမြို့၏ လူများကို မည်သို့ မှတ်ယူနေကြသနည်း!
သို့သော် စိတ်ထိန်းလိုက်ပြီးနောက် ထိုလူများမှာ အရေးပါသော ပြဿနာတစ်ရပ်ကို နားလည်လိုက်ကြ၏။
အဘယ့်ကြောင့် ဖာဆန် ရထားလုံးလုပ်ငန်းစု နုတ်ထွက်ရသနည်း?
ကုန်သည်များအတွက် ငွေဝင်ခြင်းက သေချာပေါက် ဦးစွာလာသည်ပင်။
၎င်းတို့သာ လူထုပို့ဆောင်ရေးစနစ်ထံမှ ငွေဝင်နိုင်ပါလျှင် တစ်ယောက်ယောက် ဥက္ကဌပွန်ဖီး၏ လည်ပင်းကို ဓားသွားဖြင့် ရွယ်ထားပါလျှင်တောင် သူဟာ သေချာပေါက် လက်လျှော့လိုက်ကြောင်း ကြေညာမည်မဟုတ်ပေ။
ဤမေးခွန်းကြောင့် လူများမှာ ⟨ ဘန်တာတိုင်းမ်စ် ⟩ရှိ သတင်းကို စတင်ဖတ်ရှုလာကြသည်။
⟨ ဘန်တာတိုင်းမ်စ် ⟩သတင်းက အသေးစိတ်မရေးထားသော်လည်း အရေးကြီးသောအချက် နှစ်ချက်ပါ၏။ ပထမမှာ မြို့စားအိမ်တော်က လူထုပို့ဆောင်ရေးစနစ်အတွက် ထောက်ပံ့ငွေ ဖယ်ရှားလိုက်ခြင်းဖြစ်ကာ ဒုတိယမှာ လာဖာရယ်ကုန်သည်ကြီးများအသင်း၏ ထိုစနစ်အတွက် အသုံးချထားသော မှော်ကားများအပေါ် လက်ဝါးကြီးအုပ်မှုကြောင့်ဖြစ်စည်။
လူတော်တချို့က ထိုသို့ပြောပြီး အနည်းငယ် စဉ်းစားလိုက်သရွေ့ ပြဿနာကို အကြမ်းဖျင်း နားလည်လိမ့်မည်သာ။
မြို့စားအိမ်တော်က လုပ်ငန်းစုဆယ်စုအနက် တစ်ခုကို ကာကွယ်ပေးထားပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် ယခင်က ရင်းနှီးခဲ့သော ဖာဆန်ရထားလုံးလုပ်ငန်းစုကို ဖိနှိပ်နေခြင်းဖြစ်သည်မှာ ရှင်းလင်းလှသည်။
မြို့စားအိမ်တော်မှ Frestech ကုန်သည်ကြီးများအသင်းအား ဒုတိယနှစ်ဝက်အတွင်း ပြုလုပ်ခဲ့သည့် အရာများနှင့် လုပ်ငန်းစုဆယ်စု၏ လုပ်ရပ်များကို စဉ်းစားကြည့်ရင်း မင်းသမီးလေး ဆယ်ဗီနီ မြို့စားဖြစ်စဉ်ကနှင့် Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့၌ ရှိဆဲဖြစ်စဉ်ကနှင့် နှိုင်းစာကြည့်သော် ဘန်တာမြို့သားများမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခါးသက်မှုပြင်းပြင်း ရှိလာသည်။
သက္ကရာဇ် ၃၈၇၃၏ နောက်ဆုံးနေ့တွင် ဘန်တာမြို့က အပြင်ပန်း၌ တည်ငြိမ်အေးချမ်းဟန် ပေါ်နေခဲ့သည်။
သို့သော် နှစ်သစ်ကူး ပထမနေ့တွင် ဘန်တာမြို့မှာ လုံးဝ မပျော်ရွှင်ကြတော့ဘဲ တည်ငြိမ်သည့် မျက်နှာပြင် အောက်၌ ဖုံးကွယ်ထားသော အက်ကြောင်းများရှိနေတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၄။ ထွက်ပြေးလွတ်မြောက်လာသည့် ဒုက္ခသည်များ
မင်းသမီးလေး ဆယ်ဗီနီ၏ နယ်မြေမှာ အရှေ့မြောက်ခရိုင်၌ ရှိပြီး နိုင်ငံ၏ အရှေ့ပိုင်းနယ်စပ်များအနီးတွင် တည်ရှိကာ ဘန်တာမြို့မှ ခုနစ်ရာကီလိုမီတာ ဝန်းကျင် ကွာဝေးသည်။
အကွာအဝေးက ဝေးကွာပြီး ဆယ်ဗီနီက သူမ၏ သဘောထားကို ပြသခြင်းနှင့်အတူ နယ်မြေအပြင်ဘက်က ကိစ္စများကို မစုံစမ်းသဖြင့် ဘန်တာမြို့၌ မည်သို့ ဖြစ်ပျက်နေသည်ကို မသိချေ။
သို့သော်လည်း သက္ကရာဇ် ၃၇၈၄၏ ပထမဆုံးနေ့တွင် ဆယ်ဗီနီ၏ ခံစားချက်က ဘန်တာမြို့သားများနှင့် ထပ်တူကျနေပြီး ထိုမျှ မကောင်းလှပေ။
နှစ်မကုန်ခင် လဝက်ဝန်းကျင်လောက်က သူမ၏ နယ်မြေဆီသို့ အနောက်ဘက်နှင့် အနောက်မြောက်ဘက်မှ ပြေးလာကြသည့် ဒုက္ခသည်များရှိလေသည်။
အစပိုင်းတွင် ၎င်းတို့က စုတ်ပြတ် ပိန်လှီနေကာ ဒုက္ခသည်ပုံ လုံးဝပေါက်နေကြ၏။ ဆယ်ဗီနီလည်း သူမ၏ လက်အောက်ငယ်သားများကို ချက်ချင်း ဂရုစိုက် ဖြေရှင်းခိုင်းလိုက်သည်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ သူမ၏ နယ်မြေထံ ရောက်လာသည့် ဒုက္ခသည်များ ပို၍ များပြားလာတော့သည်။
ဒီနေ့အထိ အချက်အလက်အားလုံးအရ လတစ်ဝက်တည်းနှင့် သူမ နယ်မြေကို ရောက်လာသည့် ဒုက္ခသည် နှစ်ရာကျော်ရှိသည်။
၎င်းက ဆယ်ဗီနီကို အင်မတန်အံ့ဩသွားစေ၏။
Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်များက နိုင်ငံတဝှမ်းပျံ့နှံ့သွားပြီဖြစ်ရာ နိုင်ငံ၏ ကောက်ပဲသီးနှံအထွက်နှုန်းက များစွာ တိုးတက်လာသည်ပင်။
နောက်တွင် မြေဩဇာအသုံးပြုမှုကြောင့် နိုင်ငံမှ နှစ်စဉ်ထုတ်လုပ်သော ကောက်ပဲသီးနှံမှာလည်း လူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လုံလောက်ရာ အိမ်နီးချင်းနိုင်ငံများထံ ရောင်းနိုင်သည့် အပိုကောက်ပဲစီးနှံများပင် ရှိသည်။
ပုံမှန်ဆိုရသော် သဘာဝဘေးအန္တရာယ်အချို့ ရှိလျှင်တောင် နိုင်ငံ၌ ကောက်ပဲသီးနှံအလုံအလောက် ရှိသင့်လေရာ ဒုက္ခသည်များ ရှိမည်မဟုတ်။
နိုင်ငံက ဤနှစ် ရာသီဥတုကောင်းသောကြောင့် မည်သည့် သဘာဝဘေးအန္တရာယ်မှ မရှိကြောင်းကို မဆိုထားနှင့်။
သို့သော် ယခုတွင် သူမရှေ့၌ ဒုက္ခသည်များရှိနေခြင်းက ဆယ်ဗီနီ၏ စိတ်ထဲ သံသယဖြစ်သွားစေသည်။
နှစ်သစ်ကူး ပထမနေ့တွင် လမ်ပူရီဆယ့်သုံး၏ အနိစ္စရောက်ခြင်းအတွက် ယဇ်ပူဇော်မှုတစ်ခု ရှိသည်။ ဆယ်ဗီနီမှာ သူမ၏ ဖခမည်းတော် မကွယ်လွန်ခင် တိုက်တွန်းမှုများကို စဉ်းစားမိချိန်တွင် မနေနိုင်တော့ဘဲ သူမ နယ်မြေ၌ ရောက်နေကြသော ဒုက္ခသည်များကို မေးခွန်းမေးဖို့ သွားရှာလိုက်တော့သည်။
ရိုးရှင်းသော မေးခွန်းအနည်းငယ် မေးပြီးနောက် ဆယ်ဗီနီမှာ ဘယ်တုန်းကမှ မထင်ထားခဲ့သည့် အဖြေတစ်ခုကို ရခဲ့၏။
အနှီဒုက္ခသည်များမှာ စားစရာမလုံလောက်သောကြောင့် ထွက်ပြေးလာခြင်းမဟုတ်ဘဲ အမှုထမ်းရန် ဆင့်ခေါ်ခံရခြင်းကြောင့် ထွက်ပြေးလာခြင်းပင်။
“အမှုထမ်းဖို့ဆင့်ခေါ်တယ်?” ဆယ်ဗီနီမှာ အသာမျက်မှောင်ကုပ်မိသွားသည်၊ “တော်ဝင်စစ်တပ်ထဲကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာအပြင် အရင်က ဘယ်လို ဆင့်ခေါ်တာမျိုးမှ မရှိပါဘူး။ ဘယ်ကနေ ထွက်ပြေးလာကြတာလဲ?”
“မဟုတ်ပါဘူး မဟုတ်ပါဘူး မင်းသမီးလေး အထင်လွဲနေပါပြီ။” ဖြေဆိုလာသူမှာ အနောက်မြောက်နယ်မြေမှ ထွက်ပြေးလာသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူက ခေါင်းခါကာ ဆို၏၊ “ကျွန်တော်တို့က နိုင်ငံဆီကနေ စစ်မှုထမ်းဖို့ ရှောင်ပြေးလာတာမဟုတ်ဘဲ ဒေသတွင်းအရှင်သခင်တွေရဲ့ ဆင့်ခေါ်မှုကနေ ထွက်ပြေးလာတာပါ။”
ဆယ်ဗီနီမှာ အံ့ဩသွားရ၏၊ “ဒေသတွင်း အရှင်သခင်တွေရဲ့ ဆင့်ခေါ်မှု? သူတို့က ရှင်တို့ကို ဘာအတွက် အမှုထမ်းဖို့ ဆင့်ခေါ်ရတာလဲ?”
“စက်ရုံတွေမှာ အလုပ်လုပ်ခိုင်းဖို့ပါ။ သူတို့က အလုပ်မလုပ်ရင် ကျုပ်တို့ကို ဘာမှမပေးတော့ စားဖို့ ဘာမှ မရှိဘူး။” သက်လတ်ပိုင်းလူက သက်ပြင်းချ၍ ဆိုသည်၊ “ဒါပေမယ့် စက်ရုံမှာ အလုပ်လုပ်တာက မနက်အစောကြီးသွားပြီး ညဘက်မှ ပြန်ရတာလေ။ နေ့တိုင်း ဒီလိုဖြစ်နေခဲ့ပြီး ကျုပ်လည်း လပေါင်းများစွာ ဒီလိုလုပ်ခဲ့တာကြောင့် ဆက်ပြီး မတောင့်ခံနိုင်တော့တာပါ။”
“ဟုတ်တယ် ကျုပ်တို့လည်း အတူတူပဲ။ ကျုပ်တို့ တစ်ညလုံး အလုပ်လုပ်ရပြီး နာရီနည်းနည်းလောက်ပဲ အိပ်ဖို့ အချိန်ပေးတဲ့ အခေါက်တွေလည်းရှိတယ်။ အရင်လက အလုပ်လုပ်ရင်း ဆုံးသွားတဲ့ လူနှစ်ယောက် ကျုပ်တို့ ရွာမှာရှိတယ်။” ပိန်လှီနေကာ ထိုမျှ အသက်မကြီးသေးသော်လည်း အသက်သုံးဆယ်မှ လေးဆယ်လောက်ရှိမည့် လူတစ်ဦးက သဘောတူလာသည်။
“ဟုတ်တယ် ဟုတ်တယ် ကျွန်မတို့ ဘက်မှာလည်းအလုပ်လုပ်ရင်း သေသွားတဲ့ လူတွေအများကြီးပဲ။ ကျွန်မတို့လည်း ဒီလိုဖြစ်မှာကို ကြောက်တာကြောင့် ထွက်ပြေးဖို့ အခွင့်ရေးရှာခဲ့တာ။” ဤတစ်ခေါက် ဆိုလာသည်မှာ သက်လတ်ပိုင်း မိန်းမတစ်ဦးဖြစ်သည်၊ “ကျွန်မတို့ရဲ့တစ်မိသားစုလုံး ထွက်ပြေးလာတာ၊ မဟုတ်လို့ တစ်ယောက်ယောက်နေခဲ့ရင် ဖမ်းမိသွားမှာပဲ။ ကျွန်မတို့သာ ဆက်လုပ်နေရင် တစ်မိသားစုလုံး ပင်ပန်းပြီး သေသွားလိမ့်မယ်။”
ပိန်လှီကာ ဖျော့တော့နေကြသည့် ဒုက္ခသည်များအားလုံးက တစ်ညီတည်းပြောလာကြသည်ကို မြင်သော် ဆယ်ဗီနီမှာ စိတ်ထဲ ထိတ်ပြာသွားရသည်။
“ရှင်တို့ကို ဘယ်နေရာမှာ အလုပ်လုပ်ခိုင်းခဲ့တာလဲ? တကယ်ကြီး ဒီလောက်တောင် ပင်ပန်းတာလား?”
“စက်ရုံတွေမှာ အလုပ်လုပ်ရတာပဲ၊ ကြည့်ရတာတော့ မှော်စက်တွေထင်တယ်”
“ဟုတ်တယ် အဲဒီမှော်စက်တွေလေ။ အဲဒီ့မှော်စက်တွေကို အိပ်မက်ဆိုးလို့တောင် မြင်နေပြီ!”
“အင်း ကျုပ် လုပ်ခဲ့တဲ့ဟာကို မှော်ရေနွေးအိုး ဆိုလားပဲ ခေါ်တယ်။ ကြည့်ရတာ ဒါဖြစ်လောက်မယ်။ ဒါက ရိုးရှင်းပြီး လုပ်ရမခက်ပေမယ့်လည်း တစ်နေ့လုံးလုပ်နေရတော့ ထပ်မလုပ်နိုင်တော့ဘူးလေ။”
“ကျုပ်တို့က မှော်လေပေးစက်တွေ လုပ်ခဲ့ရတာ”
“ကျုပ်တို့ လုပ်ခဲ့တာကတော့ မှော်မီးဖိုတွေ.....”
.....
ဒုက္ခသည်များ၏ ဆွေးနွေးမှုကို ကြားသော် ဆယ်ဗီနီ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။
သူမ အကြားအာရုံသာမမှားပါက ဤဒုက္ခသည်များကို ထိုအရှင်သခင်များသာ ဖမ်းမိလျှင် ၎င်းတို့က မရပ်မနားဘဲ မှော်စက်များလုပ်ရန် တွန်းအားပေးနေသည်လား?
သို့သော် ဆယ်ဗီနီ၏ စိတ်ထဲတွင် မှော်စက်အလုပ်ရုံတစ်ရုံ၌ အလုပ်လုပ်ခြင်းအား ရိုးရှင်းသည်ဟု သတ်မှတ်ထားသည် မဟုတ်ပေဘူးလား? ၎င်းက လယ်ကွင်းထဲ၌ အလုပ်လုပ်ခြင်းထက် ပိုလွယ်ကူသည်မဟုတ်ဘူးလား?
“မင်းသမီးလေး အရင်က မလုပ်ခဲ့ဖူးလောက်ဘူး။ ပြောပြပါရစေ၊ အဲဒီအလုပ်က တကယ်ကို ရိုးရှင်းပေမယ့် မနက်ကနေ ညအထိ တူညီတဲ့ အရာကိုပဲ လုပ်နေရပြီး အကြိမ်တစ်သောင်းကျော်လောက် လုပ်နေရတာကို ဘယ်သူကမှ မခံနိုင်ဘူးလေ။ ပြီးတော့ အစာစားချိန်မှာ နည်းနည်းပဲနားနိုင်ပြီး နောက်ထပ် နားရမယ့်အချိန်လုံးဝမရှိဘူး။” ဒုက္ခသည်တစ်ဦးက ဆယ်ဗီနီကို ရှင်းပြသည်။
ဆယ်ဗီနီက အံ့ဩနေသံဖြင့် မေးလေသည်၊ “မဟုတ်လောက်ပါဘူးနော်? ရှင်တို့တွေ တစ်နေ့ကို ရှစ်နာရီပဲ လုပ်ရတာမဟုတ်ဘူးလား? အချိန်ပိုလုပ်တာအတွက် အပိုကြေးပေးတယ်မဟုတ်ဘူးလား?”
“အချိန်ပို?” ဒုက္ခသည်များမှာ ဤတစ်ခေါက် အံ့ဩသွားကြ၏၊ “အချိန်ပိုက ဘာများလဲ?”
ဆယ်ဗီနီမှာ ပြောစရာမဲ့သွားသည် ဤဒုက္ခသည်များမှာ အချိန်ပိုက မည်သည်မှန်းတောင် လုံးဝ မသိကြပုံပေါ်၏။
“ဒါဆို လစာကရော? ဒီလိုအချိန်ကြာအလုပ်လုပ်ရတာ အတော်လေး ရမယ်မဟုတ်ဘူးလား? တစ်လကို ရွှေဒင်္ဂါး နှစ်ဆယ်..... အိုး မဟုတ်ဘူး ဒါက မဖြစ်နိုင်ဘူး။ တစ်လ ရွှေဒင်္ဂါးဆယ်ပြား?”
“ရွှေဒင်္ဂါးဆယ်ပြား?” ဒုက္ခသည်များက ဆယ်ဗီနီကို မျက်လုံးများ ပြူးကျယ်၍ ကြည့်လိုက်သည်မှာ အံ့မခန်း တစ်စုံတရာကို ကြားလိုက်ရသလိုပင်။
၎င်းတို့၏ အမူအရာများကို ကြည့်ရင်း ဆယ်ဗီနီမှာ ချက်ချင်းပင် သူမ အမှားလုပ်မိသည်ဟု နားလည်လိုက်သည်။
ဘန်တာမြို့အတွက် တစ်လရွှေဒင်္ဂါးဆယ်ပြားက သာမန်လစာဖြစ်သော်လည်း လမ်ပူရီတိုင်းပြည် ကျန်အပိုင်းများတွင် ၎င်းက အင်မတန် မြင့်မားသောလစာပင်။
“မင်းသမီးလေး၊ မင်းသမီးလေးအတွက် ရွှေဒင်္ဂါးဆယ်ပြားဆိုတာက အဲ့လောက်များတဲ့ပုံမပေါ်ပေမယ့် ကျုပ်တို့ အတွက်ကတော့..... အရင်က ရွှေဒင်္ဂါးဆယ်ပြားကို မြင်တောင်မမြင်ဖူးပါဘူး။” ဒုက္ခသည်တစ်ဦးက မနေနိုင်ဘဲ ဆိုလာ၏။
“ဟုတ်တယ် ကျုပ်တောင် ရွှေဒင်္ဂါးတွေကို ဘဝမှာ တစ်ကြိမ်ပဲ မြင်ခဲ့ဖူးတယ်။ ဒါကလည်း ဘန်တာမြို့ကို သွားပြီး အလုပ်လုပ်ခဲ့တဲ့ လူက ကျုပ်တို့ကို ပြခဲ့လို့ပါ။ သူက ဘန်တာမြို့မှာ အလုပ်လုပ်တာ တစ်လကို ရွှေဒင်္ဂါး ဆယ့်သုံးပြားရတယ်လို့ ပြောတယ်လေ။”
“အဲ့လောက်များတယ်လား? ဘာလို့ ခင်ဗျားလည်း ဘန်တာမြိုတော်ဆီ မသွားခဲ့ရတာလဲ?”
“ကျုပ်လည်း သွားချင်ပေမယ့် ကျုပ်မိဘတွေက အရမ်းအသက်ကြီးနေတာမို့ အရမ်းဝေးဝေးမသွားဝံ့လို့ပါ။”
“အခုကျတော့ရော? လမ်းပေါ်မှာ ခင်ဗျားရဲ့မိဘတွေက အရှင်သခင်တစ်ယောက်က သေတဲ့အထိ ရိုက်ခဲ့တာကြောင့် ဒီဝန်ပိုး မရှိတော့ဘူးလို့ ပြောခဲ့တာ မှတ်မိသေးတယ်။”
ထိုသို့ပြောသည့် လူငယ်က မျက်နှာထက် ဝမ်းနည်းဟန်ရှိနေရင်း ခေါင်းငုံ့၍ သက်ပြင်းချကာဆိုလေသည်၊ “အခု သွားရင်တောင် ရစရာဘာမှမရှိပါဘူး။ ကျုပ်တို့ ရွာရဲ့လူကပြောတယ် Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့က ထွက်သွားပြီးနောက်မှာ လုပ်ငန်းစုဆယ်ခုက ဘန်တာမြို့ကို လုံးဝ ထိန်းချုပ်ထားပြီတဲ့လေ။ ကျုပ်အခုသွားရင် အရင်နေရာကိုပဲ ပြန်ပို့ခံလိုက်ရလိမ့်မယ်။”
ထိုသို့ ဆိုပြီးနောက် လူငယ်က ရုတ်တရတ် မော့ကြည့်ကာ ဆယ်ဗီနီကို တောင်းပန်လာသည်၊ “မင်းသမီးလေး ကျုပ်တို့ကို သနားသောအားဖြင့် ပြန်မပို့လို့ရမလား? ကျုပ်တို့ကိုသာ ပြန်ပို့လိုက်ရင် အရှင်သခင်က သေချာပေါက် သေအောင် ရိုက်လိမ့်မယ်!”
ဆယ်ဗီနီမှာ ကြောင်အနေပြီး ပြန်မဖြေချေ။ အခြားဒုက္ခသည်များကလည်း တုံ့ပြန်၍ ဆယ်ဗီနီကို အတူတကွ တောင်းပန်လာကြသည်။
“မင်းသမီးလေး မင်းသမီးလေးက သဘောထားအကောင်းဆုံးလို့ကြားခဲ့တယ်။ ကျေးဇူးပြုပြီး ထွက်ပြေးလာတဲ့ အပြစ်အတွက် ခွင့်လွှတ်ပေးပါ! ကျုပ်တို့က အသက်ဆက်ရှင်ချင်ရုံလေးပါပဲ။”
“ဟုတ်ပါတယ် မင်းသမီးလေး ကျုပ်တို့ တကယ်ပဲ ထွက်မပြေးချင်ပေမယ့် ပင်ပန်းတာကနေ သေမသွားချင်လို့ပါ။”
“မင်းသမီးလေး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.....”
......
ဆယ်ဗီနီက တောင်းပန်နေသည့် မျက်နှာလေးများကိုကြည့်ကာ သက်ပြင်းချသည်။ သူမ ထရပ်၍ တာဝန်ရှိသူများကို ဒုက္ခသည်များအား ဂရုစိုက်ဖို့ပြောပြီးနောက် ဤယာယီအဆောက်အဦမှ ထွက်လာ၏။
သူမနောက်ရှိ ဒုက္ခသည်များက ဆက်လက်တောင်းပန်နေကြသော်လည်း သူမက ၎င်းတို့ကို လျစ်လျူပြုရန် စိတ်ကို မာထားလေသည်။
သူမက လက်မခံလိုခြင်းမဟုတ်သော်လည်း ဤဒုက္ခသည်များ၏ အဖြေမှ ၎င်းတို့မှာ ကိုယ်ပိုင်နယ်မြေများ၏ ပြည်သူများဖြစ်သောကြောင့်ပင်။ တော်ဝင်လွှတ်တော်၏ စည်းမျဉ်းများအရ သူမဟာ မင်းသမီးတစ်ပါးဖြစ်နေလျှင်တောင် အခြားမျိုးရိုးမြင့်များ၏ နယ်မြေများတွင် ကြားဝင်စွက်ဖက်မည်မဟုတ်ပေ။
ဤဒုက္ခသည်များမှာ အခြားမျိုးရိုးမြင့်များ လက်အောက်ရှိ ပြည်သူများဖြစ်ရာ အနှီမျိုးရိုးမြင့်များကသာ မည်သို့ကိုင်တွယ်မည်ကို ဆုံးဖြတ်လိမ့်မည်။
သူမအနေနဲ့ ၎င်းတို့အား ယာယီ လက်ခံထားနိုင်သော်လည်း ကိုင်တွယ်ရန်တော့ အခွင့်အရေးမရှိပေ။
သူမ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့ကို ယာယီဂရုစိုက်ရုံသာဖြစ်၏။ သူမအနေနှင့် မည်သည်ကိုမှ မသိသလို ဟန်ဆောင်နိုင်ကာ အချိန်အနည်းငယ်ကြာ ဖုံးကွယ်ထားနိုင်ပါသည်။
ဤဒုက္ခသည်များ၏ မျိုးရိုးမြင့်များရောက်လာလျှင် တော်ဝင်လွှတ်တော်၏ စည်းမျဉ်းများနှင့် မျိုးရိုးမြင့်များအကြား မပြောထားသည့် စည်းမျဉ်းများအရ ဆယ်ဗီနီမှာ ၎င်းတို့ကို ဤနေရာ၌ ဆက်မထားနိုင်ပေ။
သူမက နယ်မြေထဲရှိ ကျယ်ဝန်းသည်ဟု ယူဆ၍မရသော လမ်းတစ်လျှောက် လျှောက်လှမ်းရင်း ထိုဒုက္ခသည်များနှင့် ပြောခဲ့သည်များကို စဉ်းစားကြည့်ရာ စိတ်ထဲ ခါးသက်သက်ဖြစ်လာတော့သည်။
သူမအနေနှင့် ကောက်ပဲသီးနှံပြဿနာကို ဖြေရှင်းခြင်းဖြင့် နိုင်ငံသားများကို ပိုကောင်းသည့်ဘဝတစ်ခုပေးနိုင်မည်ဟု ထင်ခဲ့၏။
သို့သော် ပြည်သူများက နာကျင်ခံစားနေရဆဲဖြစ်မည်ဟု မထင်ထားခဲ့ပေ။
သူမဟာ ရှင်းရှင်းလင်းလင်း မမေးခဲ့သော်လည်း ဒုက္ခသည်များ၏ အဖြေအရ ၎င်းတို့မှာ မှော်စက်ရုံများတွင် အလုပ်လုပ်ဖို့ တွန်းအားပေးခံခဲ့ရသည်။ အချိန်ပိုကြေးပေးခြင်းကိုမဆိုထားနှင့် လစာပင်မရကြချေ။
၎င်းတို့မှာ အမှုထမ်းရန် ဆင့်ခေါ်ခံရခြင်းဖြစ်ပြီး အမှုထမ်းခြင်းက လုပ်အားပေးအလုပ်ဖြစ်သောကြောင့်ပင်။
ထိုသည်ကို စဉ်းစားရင်း ဆယ်ဗီနီမှာ မနေနိုင်ဘဲ ခါးသက်သက်ရယ်မိသည်။
သူမက ရှုယီ Frestech ကုန်သည်ကြီးများအသင်းအတွက် ပြုလုပ်ခဲ့သည့် အလုပ်သမားစည်းမျဉ်းများကို မြင်တွေ့ခဲ့စဉ်က သူမအနေနှင့် ရှုယီမှာ အတွေးလွန်နေသည်ဟု စဉ်းစားခဲ့ခြင်းကြောင့် အံ့ဩမိခဲ့သည်။
ဤအလုပ်သမားများကို Frestech ကုန်သည်ကြီးများအသင်းက အလုပ်ပေးထားကတည်းက ၎င်းတို့၏ အစီစဉ်များကို လိုက်နာသင့်သောကြောင့် လိုက်နာရန် စည်းမျဉ်းများများစားစား လုပ်ဖို့ မလိုအပ်ပေ။ ထို့အပြင် အလုပ်ချိန်က အတော်လေး တင်းကြပ်လှဟန်ရှိ၏။
မှန်သည် ရှုယီမှာ၏ အတွေးများက မျိုးရိုးမြင့်များအနေနှင့် သာမန်ပြည်သူများအပေါ် ဖိနှိပ်ခြင်းကို ကိုယ်စားပြုနေသည်ဟု ဆိုခဲ့သော်လည်း ဆယ်ဗီနီမှာ ဝန်မခံခဲ့ပေ။
ယခု ကြည့်လိုက်သော် ရှုယီမှာ လုံးဝမှန်ပါ၏။
အနှီဒုက္ခသည်များ၏ ခါးသီးသောအတွေ့အကြုံများမှာ ၎င်းကို အပြည့်အဝဖော်ပြနေပါ၏။
ထိုဒုက္ခသည်များ၏ အလုပ်မှာ မှော်စက်များနှင့် စပ်လျဉ်းနေသည်ကို စဉ်းစားရင်း ဆယ်ဗီနီမှာ ပို၍ပင် စိတ်ဓာတ်ကျသလို ခံစားခဲ့ရသည်။
၎င်းမှာ မှော်စက်မှုနယ်ပယ်က လမ်ပူရီတိုင်းပြည်၌ တိုးတက်နေသော်လည်း ရှုယီ မြင်လိုခဲ့သည့် တိုးတက်မှုမျိုး မဟုတ်ဘဲ ဖြစ်နေသည် မဟုတ်ပါလား?
၎င်းကို စဉ်းစားရင်း ဆယ်ဗီနီမှာ ရှုယီကို ညည်းညူချင်သလို ခံစားပြီး ပြင်းပြင်းပြပြ လွမ်းဆွတ်သွားပါ၏။
လမ်ပူရီတိုင်းပြည်နှင့် ဘန်တာမြို့ကို စွန့်လွှတ်ခဲ့သည့် ထိုယောက်ျားမှာ ဤနှစ် ပထမဆုံးရက်၌ မည်သည်များ လုပ်ဆောင်နေသနည်း? သူဟာ လက်ရှိ လမ်ပူရီတိုင်းပြည်၏ အခြေအနေကို သိရဲ့လား?
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၅။ ရှင်သန်နေထိုင်ဖို့ အတွက် နည်းလမ်းမရှိလုနီးပါးပဲ
ရှုယီသာ ဆယ်ဗီနီက သူ့အနေနှင့် လမ်ပူရီတိုင်းပြည်နှင့် ဘန်တာမြို့ကို စွန့်လွှတ်ခဲ့သည်အား ညည်းညူနေသည်ကို သိပါလျှင် သူဟာ သေချာပေါက် မှားယွင်းခဲ့သည်ဟု ဆိုမည်ပင်။
အကြောင်းမှာ နှစ်သစ်ကူး အစပိုင်းလတစ်ဝက်တွင် သူဟာ သူ၏ မိသားစုကို ဘန်တာမြို့၏ ကြယ်ကြွေအိမ်ရာဆီ ပြန်ခေါ်သွားခဲ့သည်။
ထို့အပြင် ယမန်နေ့ကတင် သူဟာ မြို့စားအိမ်တော်ရှိ နှစ်သစ်ကူးပွဲတော်ကို သွားကာ မြို့စား ကာမာဒိုနှင့် 'ကောင်းမွန် ဖော်ရွေသည့်' စကားဝိုင်းတစ်ခု ရှိခဲ့ပါ၏။ ထို့နောက် ဘန်တာမြို့၏ မိတ်ဆွေဟောင်းတချို့နှင့် ဝိုင်သောက်လိုက်ရာ နှစ်သစ်ကူး ပထမနေ့မနက်၌ နိုးလာပြီး မအီမသာဖြစ်ကာ ခေါင်းကိုက်နေဆဲဖြစ်သည်အထိပင်။
သို့သော် နာကျင်မှုက သူ၏ အစီစဉ်ကို မထိခိုက်စေနိုင်ပေ။
သူ၏ အစီစဉ်အရ သူဟာ ပထမဆုံးနေ့တွင် လူများနှင့် တွေ့ဆုံမည်ဖြစ်၏။ ၎င်း၌ ဘန်တာမြို့ရှိ တွဲဖက်ဟောင်းများ ပါဝင်ရုံမျှမက လုပ်ငန်းစုဆယ်ခု၏ ကိုယ်စားလှယ်များနှင့် မြို့စား ကာမာဒိုပင် ပါဝင်သည်။
၎င်းတို့၏ စာချုပ်များ ပျက်သွားပြီဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့၌ ဌာနတချို့ ထားရှိထားဆဲဖြစ်ရာ ၎င်းတို့က အမည်အရ ဘန်တာမြို့ လုပ်ငန်းစုဖြစ်နေသဖြင့် အပြင်ပန်း၌ ယဉ်ကျေးမှု တချို့ ပြကြရသည်။
မြို့စား ကာမာဒိုနှင့် လုပ်ငန်းစုဆယ်ခု၏ အတွေးများမှာ ရှုယီနှင့် ထပ်တူဖြစ်၏။ ၎င်းတို့မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် မည်သည့်ယဉ်ကျေးမှုမှ မပြလိုသော်လည်း ရှုယီရောက်လာချိန်တွင် ၎င်းတို့မှာတလေးတစားရှိကာ မလေးစားပုံ မပြဝံ့ပေ။
နှစ်ဘက်စလုံး၏ ယဉ်ကျေးသမှုကို နားလည်၍ ရပါသော်လည်း ဥက္ကဌ ခရုစ်မှာ ကြယ်ကြွေအိမ်တော်သို့ မနက်စောစော နှစ်သစ်ကူးနှုတ်ဆက်ဖို့ ရောက်လာချိန်တွင် ရှုယီက တစ်မနက်ခင်းလုံး မြို့စား ကာမာဒိုနှင့် လုပ်ငန်းစု ဆယ်စုကိုယ်စားလှယ်တို့အား နှုတ်ဆက်ခြင်းဖြင့် ကုန်ဆုံးနေမည်ဟု မထင်ထားခဲ့သဖြင့် အင်မတန် စိတ်မရှည်ဖြစ်သွားခဲ့သည်။ ရှုယီ ပြန်ရောက်လာချိန်၌ မွန်းတည့်ရောက်နေပြီဖြစ်သည်။
“ကျုပ်ပြောမယ် ရှုယီ အဲဒီ့လူတွေက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို ဒါတွေအားလုံး လုပ်ခဲ့တာတောင် ဘာလို့ ခင်ဗျားက သူတို့အပေါ် ယဉ်ကျေးနေရသေးတာလဲ?” ဥက္ကဌ ခရုစ်မှာ ပြန်ရောက်လာချိန်၌ အင်မတန် ဝမ်းသာနေပုံရသော ရှုယီကို တွေ့သော် မျက်မှောင်ကုပ်လိုက်သည်၊ “ခင်ဗျားက အဲ့လူတွေ သဘောထားပြောင်းမယ်လို့ တွက်ချက်ထားလို့လား?”
“မဖြစ်နိုင်ဘူးပေါ့” ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “ဒါတွေက သာမန်တွေ့ဆုံမှုလေးပါပဲ၊ သူတို့ကို မျက်နှာသာပေးတာမဟုတ်ဘဲ ဘန်တာမြို့ကို မျက်နှာသာပေးတာပါ။”
“ဘန်တာမြို့ကို မျက်နှာသာပေးတာလား?” ဥက္ကဌ ခရုစ်က နှာမှုတ်၏၊ “ဘန်တာမြို့ရဲ့ မျက်နှာက သူတို့ကြောင့်ပျက်ပြီးသားဖြစ်နေပြီ။”
“အိုး? ဘာလို့ ဒီလိုပြောတာလဲ?” ရှုယီက ဆိုဖာပေါ်ထိုင်ချကာ ဥက္ကဌ ခရုစ်ကို တအံ့တဩကြည့်လိုက်လေ၏။
“ကျုပ်တို့ ဘန်တာမြို့က လွန်ခဲ့တဲ့ နှစ်လေးတွေအတွင်း အကောင်းဆုံး ဧရိယာထဲရှိခဲ့တယ်မို့လား? အန်ဗီမာမြို့တော်တော်နဲ့ ယှဉ်ရင်တောင် ပိုဆိုးမနေခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်ကို ကြည့်လိုက်ပါဦး အဲဒီလူတွေက ဘန်တာမြို့ကို ဖျက်ဆီးလိုက်တာကြောင့် အန်ဗီမာမြို့တော် မပြောနဲ့ အနီးနားက ခမာမြို့နဲ့ ဆော်လ်တန်မြို့တို့ကိုတောင် မယှဉ်နိုင်တော့ဘူး” ဥက္ကဌ ခရုစ်က ဒေါသတကြီးဆို၏။
“မဖြစ်နိုင်တာ။” ရှုယီက အံ့ဩစွာ မေးလိုက်လေသည်၊ “ဘန်တာမြို့က ဒီနှစ်အနည်းငယ်အတွင်း ကောင်းကောင်း ဖွံ့ဖြိုးနေခဲ့တာပဲ၊ သူတို့တွေ ဖျက်ဆီးပစ်ရင်တောင် တခြားမြို့တွေထက်တော့ ပိုအဆင်ပြေနေဦးမှာပဲ မဟုတ်ဘူးလား?”
“ဟမ့် အခုတော့ တကယ်ကို ပိုပြီး အားကောင်းနေပါတယ်။ ဒါပေမယ့် နောက်တစ်နှစ် ၂နှစ်ဆိုရင် ဖြစ်နိုင်တော့မယ့် အဓိပ္ပာယ်မဟုတ်ဘူးလေ။” ဥက္ကဌ ခရုစ်က နှာမှုတ်ကာ ဆို၏၊ “အခု အဲဒီလုပ်ငန်းစုဆယ်စုကလွဲရင် တခြားလုပ်ငန်းစုတွေအားလုံး ပြောင်းရွှေ့ဖို့ စီစဉ်ထားကြတယ်။ တစ်ချက်လောက်ကြည့်လိုက် ဘန်တာမြို့ရဲ့ ကြွယ်ဝမှုကို ကျုပ်တို့ လုပ်ငန်းစုတွေရဲ့ တိုးတက်မှုနဲ့ မြှင့်တင်ခဲ့ရတာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကတော့ အကြီးဆုံး ကဏ္ဍကနေ ပါတာပေါ့။ အခု ဒီလူတွေက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို မောင်းထုတ်လိုက်ပြီး ကျုပ်တို့ လုပ်ငန်းစုတွေကလည်း ကျုပ်တို့ရဲ့ စားဝတ်နေရေးကိုပါ ဖယ်ရှားခံရတော့မယ်ဆိုတော့ ဘန်တာမြို့မှာ ဘာ အလားအလာတွေများရှိတော့မှာလဲ?”
“စားဝတ်နေရေး ထပ်မလုပ်နိုင်တော့ဘူး?” ရှုယီက မျက်မှောင်ကုပ်သည်၊ “အဲ့ဒါက လွန်လွန်းမနေဘူးလား?”
“ဒါပေါ့!” ဥက္ကဌ ခရုစ်မှာ အသံကို မြှင့်လိုက်သည်၊ “မြို့စားအိမ်တော်က ဒီအတောအတွင်း ဘာ-ျီးထုပ် မူဝါဒတွေ ချမှတ်ခဲ့လဲ သိရဲ့လား?”
“အိုး? ဘာများလဲ? ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ ဆိုင်တာလား?”
“ဟုတ်တာပေါ့! မြို့စားအိမ်တော်က ကျုပ်တို့ကို နိုင်ငံမြေမှာ ပါဝင်မယ့် လမ်းခင်းဖို့နဲ့ အိမ်တွေဆောက်ဖို့ ဆက်သွယ်လာတာကြောင့် ဒါကို နိုင်ငံလွှတ်တော်က စီမံခန့်ခွဲမှာလေ။ ဒီနယ်ပယ်နှစ်ခုမှာ ပါဝင်နေတဲ့ လုပ်ငန်းစုတွေက သုတေသနလုပ်ပြီးနောက်မှာ သူတို့ဆုံးဖြတ်ထားတဲ့ မြို့စားအိမ်တော်ရဲ့ အစီစဉ်ကို လက်ခံကို လက်ခံရမယ်။ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက လမ်းခင်းတာပဲဖြစ်စေ အိမ်ဆောက်တာပဲဖြစ်စေ မြို့စားအိမ်တော်ကို အစီရင်ခံစာတင်ဖို့ပြီး မြို့စားအိမ်တော်ရဲ့ အထူးကြည့်ကြပ်မှုအောက်မှာ အပြီးသတ်ရတယ်။”
ရှုယီလည်း စဉ်းစားကြည့်သော် အမှားတစ်ခုကိုမှ မတွေ့ချေ။
အကြောင်းမှာ မြေဟူသည် ကန့်သတ် ရင်းမြစ်ဖြစ်ပြီး မျိုးရိုးမြင့်များ၏ တည်ရှိမှုကြောင့် နိုင်ငံမှ ထိန်းချုပ်ထားသည့် မြေများများစားစားမရှိလေသဖြင့် နိုင်ငံလွှတ်တော်အတွက် ထိုမြေများကို တင်းကြပ်စွာ ထိန်းချုပ်ဖို့ရန် မဖြစ်မနေလို့အပ်သည်။
“အဓိပ္ပာယ်မရှိတာ!” ဥက္ကဌ ခရုစ်က ဒေါသတကြီး လက်ယမ်းလိုက်၏၊ “သူတို့ ဂရုစိုက်တာက ဒါအကုန်ပဲဆိုရင် ကန့်ကွက်ဖို့ မရှိပါဘူး၊ ကျုပ်လည်း ငွေနည်းနည်းလောက်ပေးရမှာကို ဂရုမစိုက်ဘူး။ ဒါပေမယ့် မြို့စားအိမ်တော်က မိုင်ယာကုန်သည်ကြီးများအသင်းကို မြေကို စစ်ဆေးဖို့ တာဝန်ယူရမယ့် လုပ်ငန်းစုအနေနဲ့ သတ်မှတ်လိုက်တာက ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ရှင်းရှင်းလင်းလင်းကြီး ပစ်မှတ်ထားနေတာပဲ။ ဒီလုပ်ငန်းစုက ဘာတွေလုပ်နေလဲ သိလား?”
“ခင်ဗျားတို့ လုပ်ငန်းစုရဲ့ မြေအသုံးပြုမှုကို အကဲဖြတ်ဖို့ မဟုတ်ဘူးလား?” ရှုယီက ပြန်မေးသည်။
ဥက္ကဌ ခရုစ်က နှာမှုတ်၏၊ “ဒီလိုပဲဆိုရင်က အဆင်ပြေပါသေးတယ်! ဒါပေမယ့် မြို့စားအိမ်တော်က ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ လမ်းတည်ဆောက်ရေးမှာ ဖြစ်ဖြစ် ဆောက်လုပ်ရေး စီမံကိန်းတွေအားလုံးမှာဖြစ်ဖြစ် မိုင်ယာကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ တောင်းဆိုခဲ့တယ်။ ကျုပ်တို့အနေနဲ့ မိုင်ယာကုန်သည်ကြီးများအသင်းဆီကနေ ခွင့်ပြုချက်ရပြီးနောက်မှ လမ်းတည်ဆောက်ရေးကို စတင်နိုင်ပြီးတော့ ဆောက်လုပ်ရေးအတွင်းမှာလည်း မိုင်ယာကုန်သည်ကြီးများအသင်းဆီက ခွင့်ပြုချက်ကို လိုအပ်တယ်။”
“ဟုတ်ပါပြီ ဒါကို ပုံမှန်လို့ သတ်မှတ်လို့ရတယ်။ ဘာမှ အရေးကြီးတယ်လို့ မခံစားရဘူး။” ရှုယီက ခေါင်းခါ၏။
“ဒါကို လွန်တယ်လို့ သတ်မှတ်မရဘူးလား?” ဥက္ကဌ ခရုစ်၏ မျက်လူံးများ ကျယ်သွားသည်၊ “မိုင်ယာကုန်သည်ကြီးများအသင်းကလူတွေ ဘာပြောခဲ့လဲ သိလား?”
ဥက္ကဌ ခရုစ်၏ မျက်နှာထက်မှ ဒေါသထွက်နေဟန်ကိုမြင်သော် ရှုယီလည်း မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသည်။ “သူတို့က လွန်ကျူးတဲ့ အခြေအနေတွေ ပေးလာလို့လား?”
“လွန်ကျူးတယ်?” ဥက္ကဌ ခရုစ်က အေးစက်၏ရယ်မောကာ၊ “လွန်ကျူးတာတင်မကဘူး အရှက်ပါ မဲ့နေတာပဲ! မိုင်ယာကုန်သည်ကြီးများအသင်းက ကျုပ်တို့ လုပ်ငန်းစု ရရှိမယ့် လမ်းတွေအားလုံးနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေအားလုံးက ရှယ်ယာ သုံးဆယ်ရာခိုင်နှုန်းလိုချင်တယ်လို့ပြောတယ်! ပြီးတော့ သူတို့တွေ စစ်ဆေးဖို့ ဆောက်လုပ်ရေးနည်းစနစ်မျိုးစုံကိုပါ ပေးဖို့ တောင်းဆိုတယ်လေ!”
ရှုယီမှာ အံ့ဩသွားသော်လည်း နောက်၌ မနေနိုင်ဘဲ ပြုံးလာ၏။
“ဟားဟား သူတို့က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအပေါ် သုံးခဲ့တဲ့ နည်းလမ်းတွေကို ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းအပေါ် သုံးနေကြတာလား? ဒါကို သုံးသပ်ကြည့်ရင် မိုင်ယာ ကုန်သည်ကြီးများအသင်းက ခင်ဗျားရဲ့ နည်းစနစ်တွေကို ရတာနဲ့ ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ရေးစီမံကိန်းတွေကို တာဝန်ယူဖို့ အရည်အချင်းမရှိကြောင်း ဖော်ပြမယ့် စည်းမျဉ်းသစ်တစ်ခု မြန်မြန် ထုတ်လာလိမ့်လောက်မယ်နော်?”
“ကြည့်လေ ခင်ဗျားနားလည်မယ်ဆိုတာ သိတယ်။” ဥက္ကဌ ခရုစ်က လက်များဖြန့်၍ ကူရာမဲ့စွာဆိုသည်၊ “ပြောပါဦး ဒါက ကျုပ်ရဲ့ စားဝတ်နေရေးကို ဖယ်ရှားတာပဲ မဟုတ်ဘူးလား?”
ရှုယီက ပြုံး၍ ခေါင်းခါသည်၊ ”ကောင်းပြီလေ ဒီလိုဖြစ်နေမှတော့ ခင်ဗျား ကျုပ်ဆီကို ညည်းညူဖို့ လာတာတော့ မဟုတ်လောက်ဘူး၊ ဘာလုပ်ဖို့ စီစဉ်ထားလဲ?”
ရှုယီက အဓိက ခေါင်းစဉ်အား မေးမြန်းလာသည်ကိုကြားသော် ဥက္ကဌ ခရုစ်၏ မျက်နှာမှ ဒေါသနဲ့ ကူရာမဲ့မှုတို့ ပျောက်ကွယ်သွားကာ အလေးအနက်ဆိုလာသည်၊ “ရှုယီ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းသာ စတက်တိန်းနယ်မြေကို ပြောင်းရွှေ့ရင် အလုပ်ဖြစ်မယ်လို့ ထင်လား?”
သူဟာ ဥက္ကဌ ခရုစ်၏ အစီစဉ်ကို ခန့်မှန်းထားပြီးသားဖြစ်သော်လည်း သူကိုယ်တိုင်ပြောလာသည်ကိုကြားရာ ရှုယီလည်း အနည်းငယ် အံ့ဩသွားရသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းထံ၌ လုပ်ငန်းများစွာ ရှိရာ ဘန်တာမြို့ကြောင့် ထိခိုက်မည့် လုပ်ငန်းစုတော့မဟုတ်ချေ။ ဥက္ကဌ ခရုစ်ပင် ယခု ဤအတွေးရှိရာ လုပ်ငန်းစုဆယ်မှလွဲ ဘန်တာမြို့၏ လုပ်ငန်းစုအားလုံးလည်း ထိုသို့ စဉ်းစားနေလောက်သည်။
“အမှန်ပဲ ကျုပ် ဥက္ကဌ ဗင်းဆင့်တို့နဲ့ ဆွေးနွေးပြီးပြီ အားလုံးမှာလည်း ဒီအတွေးရှိကြတယ်။” ဥက္ကဌ ခရုစ်က ရှုယီ၏ ခန့်မှန်းမှုကို အတည်ပြုရန် ခေါင်းငြိမ့်ပြသည်၊ “မြို့စားအိမ်တော်က ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားရုံတင်မကဘူး အာမန်နီကုန်သည်ကြီးများအသင်း၊ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းနဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းတောင် ပါတယ်။ လုပ်ငန်းစုတွေ စားဝတ်နေရေးကို ဆုံးရှုံးနေရတာဟာ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းတစ်ခုတည်းတင်မကဘူး။”
ရှုယီမှာ မျက်မှောင်မကုပ်မိဘဲ မနေလိုက်ချေ။
မြို့စားအိမ်တော်ထံ၌ နိုင်ငံလွှတ်တော်၏ ထောက်ပံ့မှုရှိသော်လည်း အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် အာမန်နီကုန်သည်ကြီးများအသင်းတို့လို နောက်ခံအင်အားတောင့်တင်းသည့် လုပ်ငန်းစုများကိုသာမက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကိုပင် ဆန့်ကျင်ထားကြသည်။ ၎င်းတို့နောက်ကွယ်ရှိ ဂျိုဝဲလ်မိသားစုက ဆန့်ကျင်မည်ကို မစိုးရိမ်ကြခြင်းပေလား?
သို့တည်းမဟုတ်..... စတက်ဂျ်မိသားစုဦးဆောင်သည့် ရှေးရိုးစွဲမျိုးရိုးမြင့်များက နိုင်ငံ၏ အခြားမျိုးရိုးမြင့်များကို စတင်ကာ ဆန့်ကျင်နေကြခြင်းလား?
ထိုသို့သာဆိုလျှင် လမ်ပူရီတိုင်းပြည်မှာ ငြိမ်းချမ်းလိမ့်မည်မဟုတ်ပေ။
“အင်း...... ခင်ဗျားတကယ်ပဲ စတက်တိန်းနယ်မြေကို ပြောင်းရွှေ့ချင်ရင်တော့ ပြဿနာမရှိပါဘူး။” ရှုယီလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ ဆိုသည်၊ “စတက်တိန်းနယ်မြေဘက်မှာ အဆက်သွယ်လုပ်ဖို့က လွယ်ပါတယ် ကျုပ်ကူညီပေးလို့ရတယ်။ ဒါပေမယ့် ပြဿနာတစ်ခုကို စဉ်းစားဖူးလား? ခင်ဗျားရဲ့ အခြေအနေက ကျုပ်တို့ လုပ်ငန်းစုနဲ့ မတူဘူး၊ ခင်ဗျားသာ မြို့စားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ဖယ်ကျဉ်ရင် အမ်ရစ်ကုန်သည်ကြီးများအသင်းကို တခြားနေရာမှာ စာရင်းသွင်းထားဖို့လိုတယ်။”
“ဒါကို စဉ်းစားမိပါတယ်။” ဥက္ကဌ ခရုစ်က လေးနက်စွာပြန်ပြောသည်၊ “ခင်ဗျား ဘာကို စိုးရိမ်နေမှန်းသိပါတယ်။ တကယ်တမ်း ဒီလိုနဲ့ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဘန်တာမြို့လုပ်ငန်းစု မဟုတ်တော့ဘဲ နှစ်များစွာ အခြေတည်လာတဲ့ အုတ်မြစ်ကို ဆုံးရှုံးရလိမ့်မယ်။ နိုင်ငံလွှတ်တော်ရဲ့ စည်းကြပ်မှုကို ရှောင်ရှားဖို့အတွက် ကျုပ်တို့တွေ ပြည်ပလုပ်ငန်းစုတစ်ခု ဖြစ်လာရုံပါပဲ။”
“ဒါကို လက်ခံနိုင်လား?” ရှုယီက လေးနက်ဟန်ဖြင့် မေးသည်။
“လက်မခံနိုင်ရင်ရော?” ဥက္ကဌ ခရုစ်က သက်ပြင်းချသည်၊ “သူတို့က ကျုပ်တို့လုပ်ငန်းစုကို ရှင်းရှင်းလင်းလင်းကြီး သေတွင်းထဲပို့နေတာလေ၊ ကျုပ်သာ ကိုယ့်ဘာသာ အဆုံးသတ်ခွင့်ပြုလိုက်ရင် ငတုံးဖြစ်သွားမှာပေါ့။ ကျုပ်အနေနဲ့ တိုက်ခိုက်ဖို့ရော ဆန့်ကျင်ကာကွယ်ဖို့ရော အရည်အချင်းမရှိမှတော့ ပုန်းကွယ်နေရုံပဲပေါ့။”
ရှုယီမှာ သက်ပြင်းသာ ချလိုက်နိုင်သည်။
မင်းသားလေးအဲရစ် ဘုရင်ဖြစ်လာကတည်းက သူဟာ ဤလိုတစ်နေ့ကို မျှော်မှန်းထားပြီးဖြစ်သော်လည်း တစ်ဘက်က ထိုမျှ မြန်မြန်လှုပ်ရှားကာ ဤမျှ တည့်တိုးဆန်ဆန်ပြင်းထန်မည်ဟု မထင်ထားခဲ့ချေ။
ယခုတွင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဖြေရှင်းခြင်းအား အနည်းငယ် လျှော့ပါးလာသော်လည်း နောက်ခံအင်အားသိပ်မတောင့်သည့် အမ်ရစ်ကုန်သည်ကြီးများအသင်းကို ကိုင်တွယ်ဖြေရှင်းခြင်းက ၎င်းတို့နည်းလမ်းများအား တိုက်ရိုက်ကျစေသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းက ၎င်းတို့ ဖြေရှင်းလိုသည့် တစ်ခုတည်းသောလုပ်ငန်းစုမဟုတ်သည်မှာ ရှင်းလင်းလှသည်။ လွန်ခဲ့သည့် နှစ်ဝက်အတွင်း မြို့စားအိမ်တော်၏ လုပ်ရပ်များမှ ၎င်းတို့၏ ပန်းတိုင်မှာ ဘန်တာမြို့အား လုပ်ငန်းစုဆယ်စုထံ ပေးအပ်ရန် ဖြစ်လောက်သည်။ ကွဲကွဲပြားပြားဆိုရသော် ၎င်းတို့မှာ ထိုလုပ်ငန်းစုဆယ်ခုနောက်ကွယ်ရှိ မျိုးရိူးမြင့်များအား ပေလိုခြင်းသာ။
ပြဿနာမှာ ၎င်းတို့ အမှန်တကယ် ယုံကြည်ချက်ရှိကြသည်လား?
၎င်းတို့ အခြားလုပ်ငန်းစုများကို မောင်းထုတ်ပြီးနောက် ဘန်တာမြို့ကို ယခင်ကလို ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်မည်မှာ သေချာနေကြသည်လား?
ရှုယီ ၎င်းကို အင်မတန် သံသယဖြစ်မိပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၆။ လှိုင်းထလာခြင်း
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နှစ်သစ်ကူးအား ကျော်ဖြတ်လာချိန်တိုင်း အခြားမြို့များမှာ ဘန်တာမြို့သို့ အလုပ်ရှာရန် ရောက်လာကြသူများ မရေတွက်နိုင်အောင် ရှိတတ်သည်။
ထိုလူများမှာ ဒေသတွင်း လူဦးရေကို အဆများစွာ ကျော်လွန်လာစေသဖြင့် နှစ်တိုင်း ဤအချိန်ဆိုလျှင် ဘန်တာမြို့၌ လူများဖြင့် ပြည့်ကာ အလုပ်အင်မတန် များနေလိမ့်မည်။
သို့သော် ယခုနှစ် နှစ်သစ်ကူး ကုန်လွန်သွားသည်နှင့် ဘန်တာမြို့သားများမှာ ဘန်တာမြို့ရှိ အခြားနယ်မြေမှ လာသူများ ပို၍ နည်းသွားကြောင်း တွေ့လိုက်ရသည်။
ဖာဆန်ရထားလုံးလုပ်ငန်းစု၏ မှော်ကားများနှင့် အခြားနေရာများမှာ လာရောက်ကြသော လူများရှိသော်လည်း ယခင်ကထက် အလွန်အင်မတန် နည်းပါးလှသည်။
များစွာလျော့ကျသွားခြင်းက နှစ်များစွာတိုင် ထိုမြင်ကွင်းနှင့် ရင်းနှီးနေသော မြို့သားများကို ဘန်တာမြို့က ဤနှစ်၌ အထီးကျန်လာသည်ဟု ခံစားရစေသည်။
နှစ်သစ်ကူး တဖြည်းဖြည်း ကုန်လွန်သွားချိန်တွင် ဘန်တာမြို့သားများမှာ အံ့အားသင့်ဖွယ်တစ်စုံတရာကို သတိပြုမိသွားကြ၏။
လူများတိုးလာခြင်းနှင့် ဝင်ငွေတိုးလာခြင်းတို့ကြောင့် မြို့၏ လုပ်ငန်းစုကြီးများမှာ ထိုလူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဆိုင်များစွာ တည်ဆောက်ခဲ့ကြလိမ့်မည်။
သို့သော် ယခု ပိတ်သိမ်းကြောင်း ကြေညာသည့် ဆိုင်များသာ ရှိတော့၏။
ပထမဆုံး အမ်ရစ်ကုန်သည်ကြီးများအသင်းက မြို့ပြင်ရှိ အိမ်အရောင်းပြခန်းကို ပိတ်သိမ်းကြောင်း ကြေညာကာ အာမန်နီကုန်သည်ကြီးများအသင်းက အဝတ်ဆိုင်နှစ်ဆိုင် ပိတ်သိမ်းလိုက်သည်။
ထို့နောက် ဆိုင်များ ပိတ်သိမ်းကြောင်း အလျင်အမြန်ကြေညာကြသည့် လုပ်ငန်းစုများစွာ ရှိလေ၏။
ဘန်တာမြို့သားများ အိပ်မောကျနေသည့် ညတိုင်းတွင် ၎င်းတို့မှာ အပြင်ကို ထွက်ကြည့်ချိန်၌ ပိတ်သိမ်းသွားသည့် ဆိုင်ခန်းများစွာကို တွေ့ရလိမ့်မည်သာ။
လမ်းများ၌ လူပိုနည်းသွားခြင်းက လူများကို စိတ်ဓာတ်ကျစေလျှင် ဆိုင်ခန်းများ ပိတ်သိမ်းသွားခြင်းက လူများအတွက် ထိုခံစားချက်ကို ပို၍ပင် နက်ရှိုင်းလာစေသည်။
၎င်းမှာ မျက်တောင်တစ်ခတ်စာအတွင်း၌ အန်ဗီမာမြို့တော်ထက်ပင် ပို၍ကြွယ်ဝခဲ့သော ဘန်တာမြို့က ရုတ်တရတ် နိမ့်ကျသွားသလိုဖြစ်သည်။
ထိုလမ်းကြောင်းအတိုင်းသာ ဆက်ဖြစ်နေပါက ဘန်တာမြို့မှာ ယခင်ကကဲ့သို့ သေးငယ်ဝေးလံသည့် မြို့ပြန်ဖို့ သိပ်မကြာလောက်တော့ချေ။
ဘန်တာမြို့အနေနှင့် ယခင်က အင်မတန်သက်ဝင်လှုပ်ရှားမှုကြောင့် ငြိမ်းချမ်းမှု ဆုံးရှုံးခဲ့သည်ဟု တွေးတောနေသူများ ရှိပါလျှင်တောင် အနှီကြွယ်ဝသောဘန်တာမြို့က လူတိုင်းကို ပိုကောင်းသည့် ဘဝများ၌ နေထိုင်ခွင့်ပြုခဲ့သည်အား ဝန်ခံရပေမည်။
၎င်းတို့၏ ငြိမ်းချမ်းသောဘဝများထံ ပြန်လှည့်ရန်က အဆင်ပြေသော်လည်း ၎င်းက ဘန်တာမြို့ကို တစ်ဖန်ဆင်းရဲ စေလိမ့်မည်။ လူများက အလုပ်များ ဆုံးရှုံးကာ ဘဝများက တစ်ဖန်ခက်ခဲလာသည်က မည်သူမှ လက်ခံနိုင်သည့် အရာမဟုတ်ပေ။
သို့သော် ၎င်းတို့ လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ ၎င်းကို ရပ်တန့်နိုင်မည် မရပ်တန့်နိုင်မည်ဟူသည်က မတူညီသည့်ကိစ္စဖြစ်၏။
ထို့အပြင် လူတိုင်းအရှေ့ရှိ အချက်မှာ ဤလမ်းကြောင်းအား မရပ်တန့်နိုင်ခြင်းဖြစ်သည်။ ဘန်တာမြို့မှာ...... ပြန်လှည့်မရသည့် လမ်းပေါ်၌ လျှောက်လှမ်းနေပြီးသား ဖြစ်ပုံပင်။
ရင်းနှီးသည့် ဆိုင်များ ပိတ်သိမ်းကြောင်း ကြေညာမည့် လက္ခဏာများပြနေပြီး ဘန်တာမြို့တဝိုက်၌ လုပ်ငန်းစုဆယ်ခု၏ အလံဆယ်ခုသာ လွင့်မျောနေတော့သည်ကို မြင်သော် ဘန်တာမြို့သားများမှာ ထိုအလံများကို ကြည့်ချိန်တိုင်း မမုန်းတီးဘဲ မနေနိုင်ကြတော့ချေ။
ထိုလူများကြောင့်သာမဟုတ်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းက မည်သို့ကြောင့် ထွက်သွားမည်နည်း?
Frestech ကုန်သည်ကြီးများအသင်းသာ မထွက်သွားခဲ့လျှင် ဘန်တာမြို့ဟာ မည်သို့များ ဤကဲ့သို့ ဖြစ်လာနိုင်မည်နည်း?
အမုန်းတရားကို ခံစားနေကြသူများမှာ အလုပ်ကောင်းများကို ဆုံးရှုံးခဲ့ကြသူများသာ မကချေ။ အနှီလုပ်ငန်းစုဆယ်ခုက မျိုးရိုးမြင့် ကြီးကြီးငယ်ငယ်များထံမှ အကျိုးအမြတ်များကို ဖယ်ရှားခဲ့သည်ပင်။
ထိုမျိုးရိုးမြင့်များမှာ ဘန်တာမြို့ရှိ လုပ်ငန်းစုတစ်ခု၌ ရင်းနှီးမြှုပ်နှံလိုက်ရုံနှင့် နှစ်တိုင်း အကျိုးအမြတ်ရနိုင်ပြီး ဘဝကောင်းတွင် နေထိုင်နိုင်နေသည်သာ။
သို့သော် အနှီလုပ်ငန်းစုဆယ်ခုက အခြားလုပ်ငန်းစုများကို တွန်းထုတ်လိုက်ခြင်းနှင့်အတူ ၎င်းမျိုးရိုးမြင့်များလည်း ဆုံးရှုံးမှုကြီးများ ခံစားခဲ့ရတော့၏။
အမုန်းတရားကို နှိုင်းစာရလျှင် ထိုမျိုးရိုးမြင့်များက သာမန်ပြည်သူများထက်ပင် ပို၍မုန်းတီးကြသေးသည်။
အခြေအနေက မကောင်းလှသဖြင့် ထိုမျိုးရိုးမြင့်များမှာ ၎င်းတို့၏ အမုန်းတရားကို ဖုံးကွယ်ထားရုံသာ တတ်နိုင်သည်။
၎င်းတို့သာ အချိန်ကောင်းတစ်ခုကို စောင့်နေလျှင် အနှီအမုန်းတရားက သေချာပေါက် တိုးထွက်လာပေလိမ့်မည်။
သို့သော် မျိုးရိုးမြင့်များဖြစ်ကတည်းက မာန်မဲရနိုင်သည့် မျိုးရိုးမြင့်များနှင့် ခြားနားစွာ သာမန်ပြည်သူများက အမုန်းတရားကို ခံစားရသော်လည်း ၎င်းတို့အတွက် အရေးကြီးဆုံးအရာမှာ ဘဝကို ရှင်သန်နေထိုင်ရန်ဖြစ်သည်။
ယခုတွင် လုပ်ငန်းစုဆယ်ခုက မြို့ရှိ အလုပ်အများစုကို ယူဆောင်သွားပြီး လစာများကို လျှော့ချ၍ ယခင်က ဘန်တာမြို့၌ ရှိခဲ့သည့် လုပ်ငန်းစုများထက် များစွာပိုမို ခက်ခဲအောင် အလုပ်ခိုင်းကြသည်ပင်။
၎င်းတို့သာ ဘန်တာမြို့၌ နေထိုင်လျှင် အလုပ်ကောင်းတစ်ခု ရနိုင်တော့မည်မဟုတ်သည်မှာ ရှင်းလင်းလှသည်။
ထို့ကြောင့် စဉ်းစားပြီးနောက်တွင် ဘန်တာမြို့သားများမှာ ဘန်တာမြို့မှာ ထွက်ခွာ၍ အခြားနေရာများ၌ အလုပ်ရှာရန် ဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။
တကယ်တမ်း ၎င်းမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေ၌ Frestech ဦးပိုင်မြေ တည်ထောင်ခဲ့ချိန်တွင် လယ်သမားဟောင်းများစွာကို စုဆောင်းခဲ့ရာ အများစုက ၎င်းတို့၏ တစ်မိသားစုလုံးနှင့် ပြောင်းရွှေ့သွားကြသည်။
နှစ်စဉ် အခြားနေရာများမှ လာရောက်ခဲ့ကြသည့် လူအရေအတွက်များစွာကိုပါ ထည့်ပေါင်းလိုက်သော် ဘန်တာမြို့သားများအတွက် အခြားနေရာများသို့သွား၍ အလုပ်ရှာရန်မှာ လက်ခံရန် ခက်ခဲသည့် အရာမဟုတ်တော့ပေ။
ပထမလ မကုန်ဆုံးခင်တွင် ဘန်တာမြို့၌ မတူညီသည့် အခြေနေတစ်ခု ရှိခဲ့၏။
အတိတ်က နေရာအနှံ့အပြားမှ လူများစွာ လာရောက်ခဲ့သော်လည်း ဤနှစ်တွင် ဘန်တာမြို့မှ ထွက်သွားကြသူ များစွာ ရှိနေသည်။
အချို့က အရှေ့ပိုင်းရှိ မီရန်ဒိုနယ်မြေသို့ သွားကြ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ မီရန်ဒိုနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့နှင့်အတူ အလုပ်လုပ်နေသဖြင့် မီရန်ဒိုနယ်မြေ အမ်ပရစ္စတန်မြို့တွင် ထုတ်လုပ်ရေးအခြေစိုက်ဌာနသစ်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းတို့က ယခုတွင် လူပမာဏအများအပြားကို စုဆောင်းနေကြကာ မှော်စက်များနှင့် ရင်းနှီးသည့် အလုပ်သမားများကို လိုအပ်နေသည်ပင်။
တစ်ချိန်တည်းမှာပင် အမ်ရစ်ကုန်သည်ကြီးများအသင်းကလည်း မီရန်ဒိုနယ်မြေထဲ ဝင်ရောက်ခဲ့သည်။ ၎င်းတို့မှာ မီရန်ဒိုနယ်မြေ၏ အဘက်ဘက်နှင့် ချိတ်ဆက်နေသော လမ်းများ ဖန်တီးဖို့ရာ စီစဉ်ထားကြသဖြင့် လုပ်သားပမာဏ များစွာလိုအပ်နေသည်။
ထိုသို့ပင် အာမန်နီကုန်သည်ကြီးများအသင်း၊ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းနှင့် ဘန်တာမြို့၏ လုပ်ငန်းစုဟောင်းများက ၎င်းတို့၏ စက်ရုံအများစုကို အမ်ပရစ္စတန်မြို့သို့ ရွှေ့ပြောင်းလိုက်ကြသဖြင့် ၎င်းတို့လည်း ၎င်းတို့နှင့်အတူ ပြောင်းရွှေ့ဖို့ ဆန္ဒရှိသည့် အလုပ်သမားများကို စုဆောင်းနေကြသည်သာ။
ပြောရလျှင် မီရန်ဒိုနယ်မြေက အခွန်များစွာ ဖြတ်တောက်ပေးထားပြီး ထောက်ပံ့ထားသည့် မူဝါဒများကလည်း ထိုလုပ်ငန်းစုများကို ထိုနေရာ၌ ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်နေသည်။
၎င်းက အမ်ပရစ္စတန်မြို့၌ ထုတ်လုပ်သည့် ထုတ်ကုန်များကို လမ်ပူရီတိုင်းပြည်တွင်ရောင်းချပါက ပြည်ပသွင်းကုန်ဟု သတ်မှတ်နိုင်မည်ဖြစ်သော်လည်း လုပ်ငန်းစုများက ၎င်းတို့အနေနှင့် လမ်ပူရီတိုင်းပြည်၌ ၎င်းကုန်စည်များကို ရောင်းချဖို့ ဆန္ဒလုံးဝမရှိဟု ကြေညာထားကြသည်။
ပြောရလျှင် နယ်မြေကြီး၌ လမ်ပူရီတိုင်းပြည်အပြင် အခြားဈေးကွက်ကြီးများစွာလည်း ရှိပါသေးသည်။
အချို့မှာ တောင်ဘက်ရှိ ရူဒ်ဆန်တိုင်းပြည်သို့ တိုက်ရိုက်သွားကြ၏။
ယခင်နှစ်က Frestech ကုန်သည်ကြီးများအသင်း၊ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် အာမန်နီကုန်သည်ကြီးများအသင်းတို့မှာ ရူဒ်ဆန်တိုင်းပြည်ရှိ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ ဤနှစ်တွင် ရူဒ်ဆန်တိုင်းပြည်က ၎င်းတို့နှင့်အတူ ပို၍ နက်ရှိုင်းစွာ အလုပ်လုပ်နေခြင်းဖြစ်၏။
ရူဒ်ဆန်တိုင်းပြည်မှာ ထိုလုပ်ငန်းစုသုံးစုအား ပြည်တွင်းလုပ်သားများကို စုဆောင်းဖို့ တောင်းဆိုသော်လည်း ထိုလုပ်ငန်းစုသုံးစုမှာ ၎င်းတို့၏ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းရန် ဘန်တာမြို့သား အရေအတွက်များစွာကို စုဆောင်းဖို့ လိုအပ်နေဆဲပင်။
တစ်ချိန်တည်းမှာပင် ရူဒ်ဆန်တိုင်းပြည်မှာလည်း Frestech ကုန်သည်ကြီးများအသင်းထံမှ အိမ်သုံးမှော်စက်နည်းပညာကို ရရှိခဲ့သဖြင့် ၎င်းတို့စက်ရုံများအတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်နေသည်။
ရူဒ်ဆန်တိုင်းပြည်၌ သဘာဝကျကျပင် ထိုလူမျိုးများမရှိရာ ဘန်တာမြို့ထံမှ ကျွမ်းကျင်လုပ်သားများကို ရှာဖွေကြတော့၏။
ထို့အပြင် ရူဒ်ဆန်တိုင်းပြည်က ထိုလုပ်ငန်းစုသုံးခုထက်ပင် ပိုမြင့်သည့် လစာကို ထုတ်ပေးလေသည်။
ကျွမ်းကျင်အဆင့်မြင့် ပန်းပဲသမားတစ်ဦးအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ အချိန်ပိုကြေးထည့်မပေါင်းထားသည့် ရွှေဒင်္ဂါး ဆယ့်လေးပြားလစာကိုသာ ကမ်းလှမ်းခဲ့သည်။ ရူဒ်ဆန်တိုင်းပြည် စက်ရုံမှာ အနည်းဆုံးရွှေဒင်္ဂါး ဆယ့်ရှစ်ပြားနှင့် အဆင့်မြင့် အကျိုးအမြတ်များစွာကိုပါ ကမ်းလှမ်း၏။
တောင်ပိုင်း သို့မဟုတ် အရှေ့ပိုင်းသို့ သွားခြင်းအပြင် ကျန်သူများမှာ အနောက်ပိုင်းကိုလည်း သွားကြသည်။
၎င်းတို့အနက် အများစုက ဆန်နက်မြေရိုင်းသို့ဝင်ကာ ထိုနေရာ၌ ရပ်သွားကြသည်။ ၎င်းတို့မှာ လုပ်ငန်းစုလေးစု ရင်းနှီးမြှုပ်နှံထားခဲ့ပြီး ယခုတွင် အခြားဘန်တာမြို့လုပ်ငန်းစုများစွာပါ ရင်းနှီးမြှုပ်နှံထားသည့် ထုတ်လုပ်ရေးအခြေစိုက်ဌာန၌ အလုပ်သွားရှာကြသည်။
နောက်ဆုံးအပိုင်းမှာ ဆန်နက်မြေရိုင်း၏ တောင်ဘက်ကိုသွားရောက်၍ စတက်တိန်းနယ်မြေသို့ ဝင်သွားကြသည်။
ထိုလူ အများစုမှာ စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများသို့ ဝင်ရောက်သွားကြ၏။ တစ်စိတ်တပိုင်းအား အမ်ရစ်ကုန်သည်ကြီးများအသင်းက စုဆောင်းလိုက်ပြီး ၎င်းတို့အတွက် နောက်ဆုံးပေါ် ကမ်းနားဥယျာဉ်ရပ်ကွက်ကို တည်ဆောက်လိုက်သည်။
ဘန်တာမြို့မှ အလုပ်လာရှာသူ များစွာရှိနေသော်လည်း ရောက်ရှိကာ အခြေအနေကို သိရှိသွားကြပြီးနောက်တွင် အများစုက ထိုဦးတည်ရာများထဲမှ တစ်ခုကို သွားရောက်ကြပြီး ဘန်တာမြို့မှ တစ်ဖန်ထွက်လာသူများရှိလာ၏။
နှစ်သစ်ကူး ပထမဆုံးလတွင် ဘန်တာမြို့မှာ လူများ ဝင်လိုက်ထွက်လိုက်နှင့် အင်မတန် ဖရိုဖရဲဖြစ်နေလေ၏။
ပထမလကုန်လွန်သွားကာ ဒုတိယလ၏ တစ်ဖြတ်သို့ ရောက်လာသည်နှင့် လူများက ဆန်းကြယ်ဖြစ်ရပ်မြို့ဟု ခေါ်ဆိုခဲ့သည့် မြို့တွင် အတိအလင်း ဗလာဟင်းလင်းဖြစ်သွားသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။
အစောပိုင်းနွေဦးရာသီ၏ လေပြေအေးအေးလေး လူးလွန့်လာချိန်တွင် အကြိမ်များစွာ လုံးချေခံထားရသည့် စက္ကူလုံးတစ်လုံးက ဆယ်ဗီနီ၏ ခြေဖျားသို့ သက်ဆင်းလာ၏။
၎င်းကို ကြည့်ကာ ဆယ်ဗီနီလည်း ကောက်ယူ၍ ဖွင့်ကြည့်လိုက်သည်။ ၎င်းတွင် အာမန်နီကုန်သည်ကြီးများအသင်း၏ အဝတ်ဆိုင်အတွက် ကြော်ငြာတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းအပေါ်၌ လှပသောပုံများစွာရှိနေကာ အေးစက်စက်အထီးကျန်နေပြီး မည်သူမှမရှိသည့် လမ်းကို မော့ကြည့်လိုက်ရင်း ဆယ်ဗီနီမှာ ရင်ထဲ မနေနိုင်ဘဲ နာကျင်သွားရ၏။
ဤဘန်တာမြို့မှာ အန်ဗီမာမြို့တော်ထက်ပင် ပို၍ ကြွယ်ဝကာ လူများကလည်း အမြဲတစေ ပြုံးရွှင်နေသည်ကို သတိရလိုက်ရာ အဘယ့်ကြောင့် ဤသို့ ဖြစ်လာရသနည်း?
Frestech ကုန်သည်ကြီးများအသင်း ထွက်ခွာသွားခြင်းက ၎င်းကို သေချာပေါက် သက်ရောက်စေမည်မှန်းသိသော်လည်း မြို့ကို ဤမျှအထိ ထိခိုက်စေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဘန်တာမြို့မှာ မူလက Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်မှုနယ်ပယ်ကို တည်ထောင်ကာ ဘန်တာမြို့ကိုယ်တိုင်ကလည်း တိုးတက်လာခဲ့ခြင်းကြောင့် ကြွယ်ဝလာခဲ့သည်။
သို့သော် ယခုတွင် Frestech ကုန်သည်ကြီးများအသင်း ထွက်သွားခြင်းကြောင့် ဘန်တာမြို့မှာ ပျက်စီးသွားတော့သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့အတွက် ထိုမျှအရေးပါနေသည်လား?
တကယ်တမ်းတွင် ထိုမေးခွန်းကို မေးစရာမလိုချေ၊ ဆယ်ဗီနီမှာ အဖြေကို သိပြီးသားပင်။
သူမအနေနှင့် ဖြစ်ပြီးသားကိစ္စများအတွက် နောင်တရနေမည်မဟုတ်။ သူမ ဤတစ်ခေါက် ဘန်တာမြို့သို့ ရောက်လာသည်မှာ ရှုယီအား သူမနယ်မြေ၏ ဒုက္ခသည်ပြဿနာကို ဖြေရှင်းခြင်းအတွက် အကူညီတောင်းရန် ရှာခြင်းအပြင် အရေးကြီးလုပ်စရာလည်း ရှိပါ၏။
လက်ရှိ ဘန်တာမြို့မှာလည်း လက်ရှိ လမ်ပူရီတိုင်းပြည်နှင့် အသွင်အပြင်တူပါ၏။
ဤပြောင်းလဲမှုက ကောင်းသောပြောင်းလဲမှုမဟုတ်သလို ဤပြောင်းလဲမှုမှ အန္တရာယ်များစွာကိုလည်း ဆယ်ဗီနီ မြင်တွေ့နေရသည်။
သူမဟာ နိုင်ငံအရေးကိစ္စများနှင့် ပတ်သက်၍ ဝင်မစွက်ဖက်လိုခဲ့လျှင်တောင် မင်းသမီးလေးအဖြစ် လမ်ပူရီဆယ့်သုံး၏ သမီးတော်အဖြစ် ဤနိုင်ငံအတွက် လုပ်ရမည့် အရာတစ်ခုရှိသည်။
ပထမဆုံးအရာကို ဘန်တာမြို့ကနေ စတင်ရမည်ပင်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၇။ ဆယ်ဗီနီကုန်သည်ကြီးများအသင်း
မြို့စား ကာမာဒိုမှာ လျှောက်လွှာကို ကြည့်ရင်း မျက်နှာထက် အင်မတန် ထူးဆန်းဟန်ရှိနေသည်။
ဤလျှောက်လွှာက လုပ်ငန်းစုအသစ်တစ်ခုထံမှရောက်လာပြီး ဘန်တာမြို့၌ လုပ်ငန်းစုတစ်ခု တည်ထောင်ရန် လျှောက်ထားခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုရသော် ဤသို့သော ပုံမှန်လျှောက်လွှာမျိုးမှာ သူ့ကဲ့သို့ မြိုစား ကြည့်မည့်အရာမဟုတ်ပေ။
သို့သော် ဤလျှောက်လွှာမှာ တကယ်ကို ပုံမှန်မဟုတ်။
ပထမဆုံး လုပ်ငန်းစုဆယ်ခုမှလွဲ လုပ်ငန်းစုအားလုံး ပြောင်းရွှေ့သွားချိန်တွင် ဤနေရာ၌ လုပ်ငန်းစုတစ်ခုဖွင့်လှစ်လိုသူတစ်ဦးရှိနေသည်။ ၎င်းကပင် အင်မတန်ထူးဆန်းနေပြီဖြစ်၏။
ပို၍ မူမမှန်ဖြစ်သည်မှာ ၎င်းလျှောက်လွှာဖောင်၌ ဆယ်ဗီနီကုန်သည်ကြီးများအသင်းဟု ဖြည့်ထားသည်။
မြို့စား ကာမာဒိုမှာ အနှီ ဆယ်ဗီနီကုန်သည်ကြီးများအသင်းမှာ မင်းသမီးလေး ဆယ်ဗီနီ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်မည့်လုပ်ငန်းစုဖြစ်ကြောင်း သေချာသွားသည်။
လွန်ခဲ့သည့် တစ်လဝန်းကျင်က မင်းသမီးလေး ဆယ်ဗီနီမှာ ရုတ်တရတ် ဘန်တာမြို့သို့ရောက်လာပြီး မိမိကိုယ်ကိုလည်း ဖုံးကွယ်ထားခြင်းမရှိချေ။ ထို့ကြောင့် မြို့စား ကာမာဒိုက သူမအား မြို့စားအိမ်တော်သို့ ဖိတ်ကြားခဲ့ရ၏။
ထိုပွဲ၌ မင်းသမီးလေး ဆယ်ဗီနီမှာ သူမ၏ လုပ်ငန်းစုတစ်ခု ဖွင့်လှစ်လိုသည့် အတွေးကို မြို့စား ကာမာဒိုထံ ဖော်ပြခဲ့ပေသည်။
မြို့စား ကာမာဒိုမှာ မင်းသမီးလေး ဆယ်ဗီနီက ဟာသလုပ်နေသည်ဟု စဉ်းစားခဲ့သည်ပင်။
မျိုးရိုးမြင့်အများစုက တော်ဝင်လွှတ်တော်၏ စည်းမျဉ်းများကို ဆန့်ကျင်ကာ စီးပွားရေး၌ ပါဝင်ကြသော်လည်း မင်းသမီးလေး ဆယ်ဗီနီမှာ အမြဲတမ်း ၎င်းကို သေချာလိုက်နာပြီး ဘယ်တုန်းကမှ စီးပွားရေးထဲ ဝင်ပါခြင်း မရှိခဲ့ပေ။
Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့အား ရင်းနှီးခဲ့စဉ်ကတောင် မင်းသမီးလေး ဆယ်ဗီနီမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အကျိုးအမြတ်များကို စိတ်ဝင်စားပုံပြသခြင်း မရှိခဲ့။
သို့ရာတွင် မင်းသမီးလေး ဆယ်ဗီနီက ယခု သူမကိုယ်ပိုင်လုပ်ငန်းစုကို တည်ထောင်ချင်နေသည်တဲ့လေ? မည်သို့များ ဖြစ်နိုင်မည်နည်း?
သို့သော် မြို့စား ကာမာဒိုရှေ့ရှိ လျှောက်လွှာက ဟာသမဟုတ်ကြောင်း အတိအလင်းဆိုနေသည်။
ထို့အပြင် လုပ်ငန်းစုအမည်က ဆယ်ဗီနီကုန်သည်ကြီးများအသင်းဖြစ်၏။ ဤလျှောက်လွှာကို ပြုလုပ်သူနှင့် ဥက္ကဌဖြစ်သူမှာ ဆယ်ဗီနီ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားများအနက် တစ်ဦးဖြစ်သည်။ ဆယ်ဗီနီမှာ ထိုလူအား မြို့စား ကာမာဒိုနှင့် ပွဲ၌ မိတ်ဆက်ပေးခဲ့ပြီး ဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့သည်။
“ဂရုစိုက်ရမယ်?” မြို့စား ကာမာဒိုမှာ မနေနိုင်ဘဲ ခါးသက်သက်ရယ်ပါ၏။
ဆယ်ဗီနီက ထီးနန်းကို စွန့်လွှတ်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်စဉ်က လမ်ပူရီတိုင်းပြည်၌ ဆယ်ဗီနီ၏ ကျော်ကြားမှုက များစွာ တိုးလာခဲ့သည်။ ပြည်သူများ၏ စိတ်ထဲ၌ ဖြစ်စေ မျိုးရိုးမြင့်တို့၏ စိတ်ထဲ၌ ဖြစ်စေ သူမဟာ အင်မတန်မြင့်မားသည့် ဂုဏ်သိက္ခာရှိပေသည်။
အနှီ ဆယ်ဗီနီက ရုတ်တရတ် စက်ရုံတစ်ရုံဖွင့်လိုပြီး သူမကိုယ်တိုင် စီးပွားရေးထဲ ရင်းနှီးမြှုပ်နှံချင်နေသည်။ သူမဟာ ကိုယ်စားလှယ်တစ်ယောက်မသုံးဘဲ ကိုယ်တိုင်ရှေ့တိုးလာပါလျှင်တောင် မျိုးရိုးမြင့်များက သူမကို ဝေဖန်မှုပြုဝံ့နိုင်မည်မဟုတ်။
မြို့စား ကာမာဒိုအား ဆယ်ဗီနီကုန်သည်ကြီးများအသင်းကို ဂရုစိုက်ခိုင်းသည်မှာ ဟာသတစ်ခုဖြစ်သည်။
သူသာ ပြောချင်လျှင် မင်းသမီးလေးအား သူ့ကို ဂရုစိုက်ရန် ခွင့်တောင်းလိုက်မှာပင်။
သို့သော် မြို့စား ကာမာဒိုအား ပဟေဠိဖြစ်စေသည့် ပြဿနာရှိနေ၏။
မင်းသမီး ဆယ်ဗီနီသာ ဘန်တာမြို့သို့ ပြန်လာကာ လုပ်ငန်းစုတစ်ခုဖွင့်လိုလျှင် သူ့ထံ၌ ၎င်းကိုငြင်းဆန်ဖို့ အကြောင်းရင်းမရှိချေ။
သို့သော် မြို့စား ကာမာဒိုနှင့် လုပ်ငန်းစုဆယ်ခုက နားမထောင်မည့် အခြားလုပ်ငန်းစုများကို မောင်းထုတ်လိုက်ပြီးဖြစ်ကာ ၎င်းတို့အား ဘန်တာမြို့ကို ချုပ်ကိုင်ခွင့်ပြုထားသည်။ ယခုတွင် ဆယ်ဗီနီကုန်သည်ကြီးများအသင်း ပေါ်ထွက်လာသည်က သေချာပေါက် ဤအခြေနေကောင်းကို ဖျက်ဆီးမည်ဖြစ်သည်။
အကြောင်းမှာ ၎င်းက မင်းသမီးလေး ဆယ်ဗီနီဖန်တီးထားသည့် လုပ်ငန်းစုတစ်ခု ဖြစ်သောကြောင့် လုပ်ငန်းစုဆယ်ခုက အခြားလုပ်ငန်းစုဆယ်ခုကို ဖယ်ရှားခဲ့သလို မလုပ်နိုင်ချေ။
သို့သော် မင်းသမီးလေး ဆယ်ဗီနီက ထိုလုပ်ငန်းစုဆယ်ခု၏ အပြန်အလည်နားလည်သဘောတူညီမှုများကို ချိုးဖျက်လိုက်ပါလျှင် ၎င်းက အခြေနေတစ်ရပ်လုံးကို ထိခိုက်စေလိမ့်မည်။
မြို့စား ကာမာဒိုမှာ မင်းသမီးလေး ဆယ်ဗီနီက ၎င်းတို့ ကြိုးကြိုးစားစားသတ်မှတ်ထားသည့် စံနမူနာများကို ချိုးဖျက်မည်အား သေချာပါ၏။
အကြောင်းရင်းက ရှင်းပါသည်၊ လျှောက်လွှာထံ၌ ဆယ်ဗီနီကုန်သည်ကြီးများအသင်း၏ အဓိက လုပ်ငန်းမှာ မှော်စက်များဟု ရှင်းရှင်းလင်းလင်းရည်ညွှန်းထားသည်ပင်။
“မင်းသမီးလေးက ဒါကို ဖျက်ဆီးချင်လို့လား?” မြို့စား ကာမာဒိုမှာ မျက်ခုံးများ တွန့်ချိုးလိုက်၏။
မင်းသမီးလေးနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ကြား ရင်းနှီးသည့် ဆက်ဆံရေးကြောင့် မြို့စား ကာမာဒိုမှာ ဆယ်ဗီနီကုန်သည်ကြီးများအသင်းထံတွင် Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုများ မရှိဟု ဆိုလျှင် လုံးဝ ယုံကြည်မည်မဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းအား ယခင်က တွန်းအားပေးထုတ်ပယ်ခဲ့သော်လည်း မထင်မှတ်ထားစွာ လုံးဝ ပြန်မတိုက်ခိုက်ခဲ့ကြပေ။
မြို့စား ကာမာဒိုမှာ Frestech ကုန်သည်ကြီးများအသင်းက ဤအခွင့်အရေးကို ယူ၍ တိုက်ခိုက်ခြင်းဖြစ်မည်ဟု သေချာနေသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ဤသို့သော် အကွက်ကြီးတစ်ကွက်ကို ထုတ်ဖော်မည်ဟုတော့ မထင်ထားခဲ့ချေ။ ၎င်းတို့မှာ တကယ်ကို မင်းသမီးလေး ဆယ်ဗီနီအား ၎င်းတို့အတွက် ထွက်လာစေနိုင်ခဲ့သည်။
“ဒါကို ဘယ်လို ဖြေရှင်းရပါ့?” မြို့စား ကာမာဒိုက ထိုမေးခွန်းကို ရေရွတ်ရင်း အင်မတန် လှည့်ဖျားတတ်သည်ဟု ခံစားနေရသည်။
မြို့စား ကာမာဒိုမှာ ဆန္ဒမရှိပါလျှင်တောင် ဆယ်ဗီနီကုန်သည်ကြီးများအသင်းကို တည်ထောင်နေပြီဖြစ်သည်။
၎င်း စတင်သည့်နေ့တွင် ဆယ်ဗီနီကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ငှားရမ်းခဲ့သည့် ဆိုင်၌ အခမ်းအနားကြီးတစ်ရပ်ကိုကျင်းပကာ လူတိုင်းအား ၎င်းတို့မှာ ၎င်းတို့၏ လုပ်ငန်းကို စတင်ကြောင်း ကြေညာလိုက်သည်။
⟨ ဘန်တာတိုင်းမ်စ် ⟩နှင့် အနီးဝန်းကျင်မြို့များထံမှ သတင်းထောက်များရောက်လာကြသည်။ ⟨အန်ဗီမာတိုင်းမ်စ် ⟩နှင့် ⟨ လမ်ပူရီ အပတ်စဉ် ⟩တို့မှ သတင်းထောက်များပင် ရှိလေ၏။
ဆယ်ဗီနီကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုက ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ ၎င်းကို စတင် ဖွင့်လိုက်ချိန်၌ပင် လမ်ပူရီတိုင်းပြည်၏ လူအားလုံး ထိုအကြောင်းသိသွားကြသည်။
မင်းသမီးလေး ဆယ်ဗီနီနှင့် ရင်းနှီးသောလူများဆိုလျှင် ဤချဉ်းကပ်မှုက သူမ၏ သိုသိပ်သောသဘောထားနှင့် မကိုက်ညီဟု သတိထားမိကြသည်။
ဆယ်ဗီနီကုန်သည်ကြီးများအသင်းအား တည်ထောင်လိုက်ပြီးနောက် လတစ်ဝက်အတွင်း မှော်ထုတ်လုပ်ရေးစက်အမြောက်အား မိုးကျတောင်ကြားရှိ Frestech ကုန်သည်ကြီးများအသင်းချန်ခဲ့သည့် စက်ရုံအလွတ်သို့ ပို့ဆောင်လိုက်သည်။
၎င်းနောက် လူများစွာမှာ ဆယ်ဗီနီကုန်သည်ကြီးများအသင်းက မည်သည့်နေရာ၌ အလုပ်စမည်ဖြစ်ကြောင်းကို သိရှိသွားကြသည်။
တစ်ချိန်တည်းမှာပင် ဆယ်ဗီနီကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့မှ အလုပ်သမားများစွာ စုဆောင်းလိုက်သည်။
၎င်းတို့၏ လူစုဆောင်းရာတွင် ဆယ်ဗီနီကုန်သည်ကြီးများအသင်းမှာ လူတစ်ဦးလျှင် တစ်လကို အနည်းဆုံး လစာ ရွှေဒင်္ဂါးဆယ်ပြားရမည်ဟု သတ်မှတ်ခဲ့၏။
၎င်းက ယခင်က ဘန်တာမြို့၏ လစာမြင့်မြင့်များနှင့်ကွာခြားသော်လည်း လုပ်ငန်းစုဆယ်ခု သတ်မှတ်ထားသည့် လစာများကိုတော့ ကျော်လွန်နေလေသည်။
၎င်းကြောင့် ဘန်တာမြို့မှ အခြားနေရာသို့ ထွက်သွားဖို့ ပြင်ဆင်ရင်း ကျန်နေခဲ့ကြသည့် ပြည်သူများစွာမှာ ဆယ်ဗီနီကုန်သည်ကြီးများအသင်းအတွက် အလုပ် လျှောက်ကြတော့သည်။
နေခဲ့ကြသည့် လူအရမ်းနည်းကာ ၎င်းတို့မှာ အခြားလုပ်ငန်းစုများ၌ အလုပ်အတွေ့အကြုံရှိကြသည်။ ၎င်းတို့အားလုံးကို ဆယ်ဗီနီကုန်သည်ကြီးများအသင်းထဲ ဆွဲသွင်းလိုက်ကြသည်။
ထို့အပြင် ဆယ်ဗီနီကုန်သည်ကြီးများအသင်းမှာ ရုတ်တရတ် စက်ရုံဆယ်ရုံတည်ဆောက်၍ အိမ်သုံးမှော်စက်မျိုးစုံကို ထုတ်လုပ်တော့သည်။ ၎င်းက အလုပ်သမား လိုအပ်ချက်များလာစေပြီး နေထိုင်သူ အားလုံးကို ဝင်လာစေသည့်အထိပင်။
တစ်လအတွင်း၌ပင် မိုးကျတောင်ကြား၏ နှစ်တစ်ဝက်ကြာ ပိတ်ချထားခဲ့သော စက်ရုံများမှာ တစ်ဖန် မှော်စက်သံများဖြင့် ပြည့်နှက်နေပြီး အလုပ်များသည့် မြင်ကွင်းကိုဖန်တီးနေ၏။
မျက်တောင်တစ်ခတ်စာအတွင်း မိုးကျတောင်ကြားမှာ Frestech ကုန်သည်ကြီးများအသင်း ရှိစဉ်တုန်းကကဲ့သို့ ဖြစ်နေတော့သည်။
၎င်းမြင်ကွင်းကိုမြင်သော် ဘန်တာမြို့၌ နေထိုင်သူများမှာ မျှော်လင့်ချက်တစ်စလောက်ကို မြင်လာကြတော့သည်။
မင်းသမီးလေး၏ ပေါ်ထွက်လာမှုကြောင့် ဘန်တာမြို့မှာ ၎င်းတို့၏ ယခင်ကြွယ်ဝမှုကို ပြန်ရလာနိုင်၏။
လုပ်ငန်းစုဆယ်ခုက ဆယ်ဗီနီကုန်သည်ကြီးများအသင်းအား ထိုသို့ပြုလုပ်ခြင်းအတွက် ပစ်မှတ်ထားမည်ကို စိုးရိမ်နေသူအချို့လည်း ရှိပါသေးသည်။
သို့သော်လည်း သူမ၏ မင်းသမီးလေး ဂုဏ်ပုဒ်နှင့် ဆယ်ဗီနီကုန်သည်ကြီးများအသင်းကို စတင်လိုက်ကတည်းက လုပ်ငန်းစုဆယ်ခုဖြစ်စေ မှော်စက်စီမံခန့်ခွဲရေးဌာနဖြစ်စေ တော်ဝင်လွှတ်တော်နှင့် နိုင်ငံလွှတ်တော်ဖြစ်စေ အသံတစ်သံမှ မထွက်ခဲ့သည့် အချက်ကိုပါ ပေါင်းကြည့်လိုက်ကြသည်။ ၎င်းက ဘန်တာမြို့သားများကို ဆယ်ဗီနီကုန်သည်ကြီးများအသင်းအပေါ် ပို၍ ယုံကြည်မှုရှိလာစေသည်။
ထိုလူများက Frestech ကုန်သည်ကြီးများအသင်းကို အရှက်မဲ့စွာ ပစ်မှတ်ထားဝံ့ကြသော်လည်း ၎င်းတို့ထံ၌ သတ္တိပိုရှိနေလျှင်တောင် မင်းသမီးလေး ဆယ်ဗီနီကို တူညီသည့် နည်းလမ်းများ သုံးဝံ့မည်မဟုတ်ပေ။
“အတော်နုံအချက်” ရှုယီသက်ပြင်းချကာ လက်ထဲရှိ ⟨ ဘန်တာတိုင်းမ်စ် ⟩ကို ချ၍ အရှေ့မြောက်ဘက် ဘန်တာမြို့ ဦးတည်ရာကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ဆယ်ဗီနီမှာ ထိုလုပ်ငန်းစုကို မတည်ထောင်ခင်တွင် ယခင်က သူနှင့် ဆုံတွေ့ကာ ဆွေးနွေးခဲ့ပါ၏။ ထို့နောက် သူ၏ အမြင်ကို မေးမြန်းရန် အကြိမ်များစွာ ဆက်သွယ်လာခဲ့သေးသည်။
ရှုယီမှာ သူမက ယခင်ကတည်းက ထီးနန်းကို လက်လျှော့ခဲ့ခြင်းကြောင့် ထိုသို့ပြုလုပ်မည်အား တားဆီးခဲ့သည်။ သူမအနေနှင့် သီးသန့်နေထိုင်မည့် အတွေးကို လိုက်နာသင့်နေသည်ဖြစ်ရာ အဘယ့်ကြောင့် လမ်ပူရီတိုင်းပြည်၏ ကိစ္စများ၌ ကြားဝင်စွက်ဖက်နေရသနည်း?
သို့သော် ဆယ်ဗီနီမှာ ဆုံးဖြတ်ထားပြီးဖြစ်ကာ စဉ်းစားထားပြီးသားပင်။ ရှုယီလည်း သူမကို ဖြောင်းဖျမရမည်မှန်းသိသောကြောင့် ဤအကြံကို လက်လျှော့ကာ မည်သည့် အကြံပြုချက်မှ မပေးနေတော့။ သူဟာ သူမ၏ တောင်းဆိုချက်များနှင့် အကြံများအရသာ ကိစ္စများကို လုပ်ဆောင်လေသည်။
ဆယ်ဗီနီကုန်သည်ကြီးများအသင်းမှာ မည်သည်မှ မပါဘဲ ဖွင့်လှစ်ခဲ့သော်လည်း ဤမျှအချိန်တစ်ခုလုံးယူ၍ ဖွင့်လှစ်ခဲ့ပြီး ပထမဆုံးထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် နှစ်လကြာသည်မှာ အားလုံး ရှုယီက ၎င်းတို့အပေါ် ထောက်ပံ့ရာတွင် မည်သည့် အားစိုက်ထုတ်မှုမှ မလုပ်ခဲ့သောကြောင့်ပင်။
သို့သော် ရှုယီမှာ ဆယ်ဗီနီကုန်သည်ကြီးများအသင်း၏ ကြွယ်ဝမှုများအပေါ် အမြင်ကောင်းရှိပါ၏။
ထိုလူများမှာ ဆယ်ဗီနီ၏ ဂုဏ်ပုဒ်ကို ကြောက်ရွံ့၍ Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ တူညီသည့် ရက်ရက်စက်စက်နည်းလမ်းများကို သုံးကာ ဆယ်ဗီနီကုန်သည်ကြီးများအသင်းအား ကိုင်တွယ်ခြင်းမပြုပါသော်လည်း ၎င်းတို့မှာ ဆယ်ဗီနီကုန်သည်ကြီးများအသင်းအား ဆက်လက်လုပ်ဆောင်ခွင့်ပြုမည်မဟုတ်ပေ။
ရက်စက်သောနည်းလမ်းမရှိလျှင်တောင် ရှုယီအနေနှင့် ဆယ်ဗီနီကုန်သည်ကြီးများအသင်းကို ရပ်တန့်စေမည့် နည်းလမ်းများစွာကို စဉ်းစားရနိုင်သည်။
၎င်းတို့ကြားတွင် ဆယ်ဗီနီ သေချာပေါက် မကိုင်တွယ်နိုင်မည့် တိုက်ရိုက်ကျလွန်းကာ သက်ရောက်မှုရှိမည့် နည်းလမ်းတစ်ခုရှိသည်။
ရှုယီမှာ အကျိုးဆက်များကို ရှင်းရှင်းလင်းလင်းသိသော်လည်း ဆယ်ဗီနီကို သတိပေးဖို့ရန် မစီစဉ်ထားပေ။
ပထမဆုံး သူဟာ ထိုသို့လုပ်ပါလျှင်တောင် ဆယ်ဗီနီက သူ့ကို ယုံကြည်မည်မဟုတ်။
ထို့အပြင် ရှုယီမှာလည်း ထိုလူများအနေနှင့် ဆယ်ဗီနီကို လုံးဝလက်လျှော့သွားရန် ထိုနည်းလမ်းကို သုံးစေချင်ပါ၏။
ထိုအခါ ဆယ်ဗီနီက လက်လျှော့မည်ဖြစ်ပြီး သူမ၏ နယ်မြေသို့ပြန်ကာ ဘဝကောင်းကောင်း၌ နေထိုင်သည်ဖြစ်စေ လမ်ပူရီတိုင်းပြည်ကို ပြောင်းလဲရန် ပိုကောင်းသည့်နည်းလမ်းအား စဉ်းစားသည်ဖြစ်စေ ရှုယီကလည်း ၎င်းကို မြင်ရန် ဆန္ဒရှိ၏။
တစ်ခုတည်းသော ရှုယီကို နှောင့်ယှက်နေသည့်အရာမှာ သူ၏ အသိတရားဖြစ်သည်။
“အရင်းအနှီးက လောက,ကနေလာတယ်၊ ဦးခေါင်းကနေ ခြေဖျားအထိ၊ ဒွါရပေါက်တစ်ခုစီကိုလည်း အညစ်အကြေး၊ သွေးတွေနဲ့ ဖုံးလွှမ်းထားတယ်။” ရှုယီက သက်ပြင်းချကာ လက်များကို ငုံ့ကြည့်လိုက်သည်၊ “ငါလက်တွေ မကြာခင် ညစ်ပတ်ပြီး သွေးစွန်းတော့မှာပဲ.....”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၈။ ဟာရီကိန်းမုန်တိုင်းအဆင့်ပြောင်းလဲခြင်း အစီအရင်
သက္ကရာဇ် ၃၇၈၄၏ လေးလတာ ကုန်လွန်သွားပြီး နယ်မြေကြီး၏ မြောက်ပိုင်းတွင်ပင် လတ်တလော၌ နွေဦးသို့ ဝင်ရောက်လာကာ အေးခဲသောရာသီက ထွက်ခွာသွားပြီဖြစ်သည်။
သို့သော် စတက်တိန်းနယ်မြေတောင်ပိုင်းတွင် အတန်ငယ်နွေးထွေး ခြောက်သွေ့လာပါ၏။
ချွေးများက ရှုယီ၏ နှဖူးထံမှ စီးဆင်း၍ မေးစေ့တွင် စုဝေးကာ ချွေးစက်များအဖြစ် ကျသွားကြသည်။ ၎င်းက သူ့ရှေ့ရှိ ဓာတ်ခွဲခုံပေါ်သို့ အနည်းငယ်စီကျနေကာ ချွေးကွက် တစ်ကွက်ပင် ဖြစ်ပေါ်လာစေသည်။
နံဘေးရှိ အီဗီတာက ပုဝါတစ်ခုယူကာ သတိတကြီးဖြင့် သူ့အား ချွေးသုတ်ကူရင်း မျက်လုံးများ၌စိုးရိမ်မူပန်မှုတို့ ပြည့်နေ၏။
ပုံမှန်ဆိုလျှင် ရှုယီ၏ စိတ်မှာ အီဗီတာ၏ အပြုအမူကြောင့် လွင့်သွားနိုင်သော်လည်း လက်ရှိတွင် သူမထံ သုံးစွဲလိုသည့် မည်သည့်အတွေးမှရှိမနေပေ။ သူဟာ ခုံပေါ်ရှိ မှော်အစီအရင်ကို လုံးဝအာရုံစိုက်ထားကာ မျက်တောင်ပင်မခတ်ချေ။
မှော်အစီအရင်ကို တစ်ခဏကြည့်လိုက်ပြီးနောက် ရှုယီမှာ ခပ်ဖြေးဖြေးလက်လှမ်းကာ အီဗီတာ ပြင်ဆင်ပေးထားသည့် မှော်အစီရင်ပစ္စည်းများကို ယူလိုက်ပါ၏။
ရှုယီ ၎င်းကိုယူလိုက်ချိန်တွင် သူ၏မှော်ပညာကိုသုံး၍ ချက်ချင်း ထိုပစ္စည်းများကို သန့်စင်လိုက်ပါ၏။ သူ့ထံမှ တဟုန်ထိုးမှော်စွမ်းအားများနှင့်အတူ သူ၏ညာလက်ထဲရှိ မှော်နှင်တံတွင် အပြာရောင်အလင်းဖျော့ဖျော့တောက်ပလာသည်။
ရှုယီ၏ လက်ချလိုက်ရာ အလင်းက တစ်ဝက်ပြီး မှော်အစီအရင်ကို ထိသွားသည်။ အပြာရောင်အလင်းက လမ်းကြောင်းတိုင်းကို စီးဆင်းသွားကာ မှော်အစီအရင်တစ်ခုလုံးအား တမုဟုတ်ချင်း လင်းထိန်သွားစေသည်။
နှင်တံက မှော်အစီရင်တစ်လျှောက် ရွေ့လျားနေရင်း မှော်အစီအရင်ကို တိုးတက်စေရန် လမ်းကြောင်းသစ်တစ်ခု ဆက်လက် ဖန်တီးနေပါ၏။
ရှုယီ၏ လက် ဆက်လှုပ်နေသည်နှင့် မှော်အစီအရင်၏ လမ်းကြောင်းများလည်း ထွက်လာကာ မှော်အစီအရင်ကို ပိုကာ ပိုကာ ရှုပ်ထွေးလာစေသည်။
အီဗီတာက ရှုယီကို စိတ်ထဲလေးစားမှုအပြည့်ဖြင့် စောင့်ကြည့်နေပါ၏။
ဤလေစွမ်းအားမှော်အစီအရင်မှာ သတ္တမအဆင့်မှော်အစီရင်လေးမျှသာဖြစ်ရာ သူမ၏ အဆင့်၌ပင် ၎င်းကို ရေးဆွဲနိုင်သဖြင့် အဆင့်မြင့်ဟု မသတ်မှတ်နိုင်ချေ။
သို့သော် သူမဟာ သေချာပေါက် ရှုယီကဲ့သို့ ချောချောမွေ့မွေ့ မလှုပ်ရှားနိုင်ပေ။ သူဟာ အစကတည်းက အမှားတစ်ခုပင် မလုပ်ရာ အစီရင်၏ လမ်းကြောင်းတစ်ခုစီက အသေးမျှင်ဆုံး သွေဖီခြင်းလေးပင်မရှိသည့် မူကြမ်းနှင့် ထပ်တူပင်ကျနေ၏။
ထို့အပြင် ရှုယီထံမှ လာသည့် မှော်စွမ်းအားအရ သူ၏ မှော်စွမ်းအင်အဆင့်မှာ သာမန် နဝမအဆင့်မှော်ပညာရှင်ကို ကျော်လွန်နေပြီဖြစ်သည်။
မဟာမှော်ပညာရှင် ကမ်မီလာက သူ့အား မဟာမှော်ပညာရှင် အဆင့်၌ မဟုတ်ဟုဆိုလျှင်တောင် မလိုတော့ဟု အီဗီတာ စဉ်းစားမိသည်။
ရှုယီမှာ ဤနှစ်၌ သုံးဆယ့်ငါးပင် မပြည့်သေးရာ ဤတိုးတက်မှုနှုန်းနှင့်ဆိုလျှင် အသက်လေးဆယ်မပြည့်ခင် မဟာမှော်ပညာရှင် ဖြစ်လာဖို့ ပြဿနာမရှိချေ။
အီဗီတာ၏ ဗဟုသုတအရ စိုင်စ်နယ်မြေကြီး၏ သမိုင်းတွင် အသက်လေးဆယ်မတိုင်ခင် မဟာမှော်ပညာရှင်ဖြစ်လာခဲ့သည့် မှော်ပညာရှင် မရှိခဲ့ဖူးပါချေ။
ရှုယီသာ အသက်လေးဆယ်မပြည့်ခင် မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာပါက သူဟာ သမိုင်းတွင်သွားလိမ့်မည်။
ရှုယီက မှော်ပညာကို လေ့လာခြင်း၌ အချိန်အားလုံး မသုံးစွဲခဲ့သည်ကိုမဆိုထားနှင့်။ ၎င်းအပေါ်၌ အချိန်ကို အနည်းအကျဉ်းမျှသာ သုံးထားရာ အီဗီတာသည်ပင် မမှန်သေးဟု ခံစားမိသည်။
သို့သော် ထိုသို့ဆိုလျှင်တောင် သူ၏ မှော်အဆင့်က ဤမျှ မြန်မြန် တိုးတက်လာနေသည်။
ပြောရလျှင် ပါရမီအရည်အချင်း၌ ကွာခြားမှု တစ်ခုရှိသည်။
သို့သော် မှော်စက်များကို လေ့လာခြင်းက တကယ်တမ်း မှော်ပညာအသိတိုးလာစေရန် အင်မတန်ကောင်းမွန်လှသည်ဟု အီဗီတာ ဝန်ခံရပေမည်။
အီဗီတာကိုယ်တိုင်ပင် ပါဝင်နေသည့် သုတေသနပညာရှင်များမဆိုထားနှင့်။
သူမဟာ မှော်သုတေသနဌာနကို ဝင်ရောက်ချိန်က စတုတ္ထအဆင့်မှော်ပညာရှင်တစ်ဦးသာ ဖြစ်ခဲ့သည်။
ယခုတွင် သုံးနှစ်လောက်ရှိခဲ့ပြီး သတ္တမအဆင့်မှော်ပညာရှင်တစ်ဦးဖြစ်ဖို့ပင် နီးကပ်လာပြီဖြစ်၏။
သူမဟ အချိန်အားလုံးကိုသုံး၍ မှော်ပညာကို လေ့လာပါလျှင်တောင် ဤမျှမြန်မြန်ရောက်နိုင်မည်မဟုတ်သည်မှာ သေချာပါ၏။
အီဗီတာမှာ အဘယ့်ကြောင့်မှန်း နားမလည်ပါသော်လည်း ရှုယီနှင့် စကားဝိုင်းတစ်ခု၌ သူမ၏ သံသယများအတွက် အဖြေရခဲ့သည်။
ရှုယီက သူမအား ပြောခဲ့သည်မှာ အမှန်တွင် မှော်ပညာမှာ မှော်ပညာရှင်များက မှော်စွမ်းအားကို မှော်ဒြပ်စင်စွမ်းအင်၌ ပေါင်းစပ်ခြင်းဖြစ်သည်ဟုပင်။
မှော်စက်များကို လေ့လာခြင်းက ပါးနပ်စွာကိုင်တွယ်ဖြေရှင်းခြင်း၊ ယုတ္တိကျကျတွေးခေါ်ခြင်းနှင့် အကြားအလပ်ဖွဲ့စည်းပုံများကို သတိမူခြင်းတို့ လိုအပ်သည်ဟု ဆိုလိုသည်။ ၎င်းတို့ကိုသာ ဖမ်းဆုပ်နိုင်ပါလျှင် သင့်လျော်သည့် မှော်ဒြပ်စင်စွမ်းအင်ကို ပေါင်းစပ်နိုင်လိမ့်မည်ဖြစ်ရာ မန္တာန်များ ဖန်တီးဖို့ ပိုမိုလွယ်ကူလာပေမည်။
အီဗီတာမှာ ရှုယီ၏ စကားများမှတဆင့် ဤရှင်းလင်းချက်က မှန်ကန်ပုံပေါ်ကြောင်း ရှာတွေ့သွားခဲ့သည်။
မှော်စက်များကို လေ့လာနေချိန်တွင် ရှုယီထံမှ ထို ထူးထူးဆန်းဆန်းအရာများကို လေ့လာခဲ့ကြောင်း သိလိုက်ရ၏။
၎င်း၌ မှော်လေသင်္ဘောကို လေ့လာချိန်တွင် သိရှိခဲ့ရသော *အယ်ရိုဒိုင်နမစ်ပညာ၊ အဆင့်မြင့် အက္ခရာသင်္ချာများနှင့် အခြေခံရူပဗေဒတို့ပါဝင် နေရုံသာမက လူတစ်ဦး၏ အတွေးဖြစ်စဉ်ကို တိုးတက်စေရာ၌ ကူညီပေးသည့် ယုတ္တိကျကျယူဆခြင်းနှင့် ပြန်ပြောင်းတွေးတောခြင်းတို့ကိုပါ သိရှိခဲ့ရသည်။
(*အယ်ရိုဒိုင်နမစ်ပညာ = အရာဝတ္တုတစ်ခု၏ လေတွင်ဖြတ်သန်းရာ၌ သက်ရောက်သောအားများကို လေ့လာသည့် သိပ္ပံပညာရပ်)
မှော်စက်များကို လေ့လာနေရင်း အီဗီတာမှာ မှော်ပညာလေ့လာခြင်းက ယခင်နှင့်စာလျှင် ပို၍ လွယ်ကူလာသည်ဟု ခံစားမိသည်။
ထို့အပြင် အဆင့်နိမ့်၌ ရှိနေစဉ်ကနှင့် ယှဉ်ကြည့်ပါက ယခုတွင် သူမဟာ အဆင့်မြင့်မှော်ပညာကို လေ့လာနေခြင်းက အဆင့်နိမ့်မှော်ပညာကို လေ့လာခဲ့စဉ်ကထက် ပိုမိုလွယ်ကူနေပါ၏။ သူမအနေနှင့် ၎င်း၌ ကောင်းကွက်အနည်းငယ်ရှိကြောင်းဝန်ခံရပေမည်။
သို့သော် ၎င်းပြဿနာကို တွေးဆမိချိန်တိုင်း အီဗီတာမှာ ရှုယီအပေါ် လေးစားမိလာရ၏။
ရှုယီ စိတ်ထဲ၌ ရှိနေသည့် ထူးဆန်းသောဗဟုသုတများမှာ စိုင်စ်နယ်မြေကြီးရှိ မည်သူ့ထံတွင်မှ ထပ်တူညီ မရှိကြောင်း အီဗီတာ သေချာသည်။
ထို့အပြင် သူ့ထံ၌ ထိုဗဟုသုတက ထိုအတိုင်းရှိနေရာ ၎င်းမှ သူဟာ ထူးချွန်ပါရမီရှင်ဟု မြင်နိုင်၏။
အနည်းဆုံး မှော်စက်များနှင့် ပတ်သက်လာပါက အီဗီတာမှာ ရှုယီနှင့်ယှဉ်လျှင် လိုအပ်နေသလို ခံစားရသည်။
ဥပမာဆိုရသော် လက်ရှိတွင် ရှုယီ ပြုလုပ်နေသည့် 'ဟာရီကိန်းမုန်တိုင်းအဆင့်ပြောင်းလဲခြင်း အစီအရင်'ဖြစ်သည်။ ၎င်းမှာ မှော်လေသင်္ဘောအတွက် အမြန်နှုန်း ပြောင်းလဲဖို့ အီဗီတာ တီထွင်ခဲ့သည့် မှော်အစီအရင်ဖြစ်သည်။
သို့သော် အတွေ့အကြုံနှင့် ပတ်သက်ပါက အီဗ္တာမှာ မည်သို့ ချိန်ညှိနေသည်ဖြစ်စေ ၎င်းမှော်အစီအရင်ကို မှော်လေသင်္ဘောနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခြင်းမရှိပေ။ သူမဟာ မိမိလိုသလို မှော်လေသင်္ဘော၏ အမြန်နှုန်းကို မပြောင်းလဲနိုင်ချေ။
မူလတွင် အီဗီတာမှာ မဟာမှော်ပညာရှင်ကမ်မီလာအား ဤပြဿနာကို ပြင်ဆင်ရန် မှော်အစီအရင်ကို မည်သို့ ချိန်ညှိရမည့်အကြောင်း မေးခဲ့ပါ၏။
သို့သော် မဟာမှော်ပညာရှင်ကမ်မီလာက မှော်အစီအရင်ကို ချိန်ညှိမှုလုပ်ရာ၌ အီဗီတာလိုချင်သည့် သက်ရောက်မှု မရနိုင်ခဲ့သဖြင့် အီဗီတာလည်း ရှုယီကိုသာ မေးနိုင်တော့သည်။
ပြောရလျှင် မှော်သုတေသနဌာန သို့မဟုတ် မှော်စက်ဖွံ့ဖြိုးရေးဌာန၏ သုတေသနပညာရှင်များမှာ မည်မျှ တိုးတက်လာသည်ဖြစ်စေ မှော်စွမ်းအားနှင့် မှော်စက်ကို ပေါင်းစပ်ရာ၌ မည်သူကမှ ရှုယီကို မယှဉ်နိုင်ချေ။
အီဗီတာထံမှ တောင်းဆိုခံရပြီးနောက် ရှုယီမှာ အကြည့်တစ်ချက်နှင့်တင် ပြဿနာကို သတိထားမိကာ အဖြေကို အမြန်ထုတ်နိုင်သွားသည်။
နှစ်ဦးသားမှာ တစ်ပတ်လောက် အတူတကွလေ့လာနေပြီး နောက်ဆုံးတွင် ဤမှော်အစီအရင်ကို ဖန်တီးလိုက်နိုင်သည်။
ဤမှော်အစီအရင်မှာ အင်မတန်ရှုပ်ထွေးလှသောကြောင့် အီဗီတာလည်း တစ်ကြိမ်တည်းနှင့် အပြီးသတ်နိုင်မည်ဟု ယုံကြည်ချက်မရှိခဲ့ရာ ရှုယီကို ပထမဆုံး အကြိမ်ပေးခဲ့ပါ၏။
မိနစ်နှစ်ဆယ်ဝန်းကျင် ကြာပြီးနောက် ရှုယီ၏ လက်က ရပ်တန့်သွားကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်တော့သည်။
အီဗီတာလည်း လက်ထဲမှ ပုဝါဖြင့် အမြန်ရောက်လာကာ ရှုယီ၏ ချွေးများကို သုတ်ပေးဖို့ ပြင်လိုက်၏။
ရှုယီမှာ မူလက မတုံ့ပြန်သော်လည်း အီဗီတာ၏လက်က သူ၏မျက်နှာနှင့် ထိသွားချိန်တွင် နိုးကြားသွားတော့သည်။ သူက အီဗီတာလက်ထဲမှ ပုဝါကို အမြန်ယူ၍ မျက်နှာကို သုတ်လိုက်ပါ၏။
အီဗီတာ၏ မျက်လုံးထဲ၌ စိတ်ပျက်ဟန်ပေါ်သွားပြီးနောက် သူမဟာ မှော်အစီအရင်ကို အာရုံစိုက်လိုက်သည်။
၎င်းကို သေချာကြည့်ကာ အမှားမရှိကြောင်း သိရှိပြီးနောက် အီဗီတာက လက်တစ်ချောင်းထုတ်လိုက်၏။
မှော်စွမ်းအား တိုးဝင်သွားသည်နှင့် ဤမှော်အစီအရင်က ချက်ချင်း အပြာရောင်အလင်းဖျော့ဖျော့တောက်ပလာပြီးနောက် ၎င်းထံမှ လေပြည်တစ်သုတ်ထွက်လာသည်။
ရှုယီသည်လည်း လေပြေလေးကို ခံစားမိချိန်တွင် များစွာပိုမိုအေးမြသွားသည်။ သူက ထိုမှော်အစီအရင်ကိုကြည့်ပြီးနောက် အီဗီတာကို ခေါင်းငြိမ့်ပြပါ၏၊ “ဂီယာတွေကို ပြောင်းလိုက်တော့။”
အီဗီတာလည်း သဘောတူလိုက်ပြီးနောက် မှော်အစီအရင်ကို ဘယ်လက်ဖြင့် ချိန်ညှိကာ ညာလက်ဖြင့် မှော်စွမ်းအားကို ထည့်သွင်း၍ အစီအရင်မှ လေကို ပြောင်းလဲသွားစေသည်။
ထို့နောက် အီဗီတာမှာ ချိန်ညှိမှုများစွာလုပ်ဆောင်လိုက်ရာ ချိန်ညှိမှုတစ်ခုစီက မှော်အစီအရင်မှ လေကို ပိုမိုအားကောင်းလာစေသည်။
နောက်ဆုံးတစ်ခုသို့ရောက်ချိန်တွင် မှော်အစီအရင်မှ လေဟာ စားပွဲထက်ရှိ ပုလင်းများကိုပင် လှုပ်ခတ်နေစေပြီဖြစ်သည်။
“အရမ်းကောင်းတယ် အောင်မြင်သွားပြီ!” ရှုယီက ရယ်မော၍ အီဗီတာကို ရပ်တန့်ခိုင်းလိုက်သည်၊ “အီဗီတာ မင်းအနေနဲ့ အခု ဒီမှော်အစီအရင်ကို မှော်လေသင်္ဘောနဲ့ ပေါင်းစပ်ဖို့ပဲလိုတော့တယ်။”
“အင်း ဥက္ကဌရဲ့ အကူအညီအတွက် အများကြီးကျေးဇူးတင်ပါတယ်။” အီဗီတာက အသာပြုံးကာ ဆို၏၊ “ရှင့်ကြောင့်သာမဟုတ်ရင် ဒီပြဿနာကို ဘယ်အချိန်မှ ဖြေရှင်းလို့ပြီးမယ်မှန်းတောင် သိမှာမဟုတ်ဘူး။”
ရှုယီက ခေါင်းခါသည်၊ “ကျုပ်မရှိရင်တောင် ခင်ဗျား ဒါကို အနှေးနဲ့အမြန် ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်တယ်။ တကယ်တော့ ခင်ဗျားသိပါတယ် ခင်ဗျားရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ခင်ဗျားကိုပဲ အမြဲဖြေရှင်းစေချင်ခဲ့တာကြောင့် ဒါကိုလည်း ဖြေရှင်းပေးဖို့ ဆန္ဒရှိခဲ့တာမဟုတ်ဘူး။ မှော်လေသင်္ဘောတွေကို နည်းနည်းမြန်မြန် ထုတ်လုပ်ချင်တာကြောင့်သာ ခင်ဗျားရဲ့ တောင်းဆိုမှုကို သဘောတူလိုက်တာ။”
“နားလည်ပါတယ်” အီဗီတာက ခေါင်းငြိမ့်ပြီးနောက် သံသယအချို့ဖြင့် မေးလာ၏၊ “ဒါပေမယ့် ဥက္ကဌ ရှင်က မှော်စက်တွေနဲ့ပတ်သက်လာရင် ဘယ်သူထက်မဆို ပိုတော်တာ ရှင်းနေတာပဲကို၊ ဘာလို့အခု သုတေသနလုပ်တာ နည်းနည်းလာရတာလဲ? ရှင်သာ အရင်ကလို သုတေသနအပေါ်မှာ အချိန်ပိုသုံးရင် ထုတ်ကုန်များများပိုထုတ်နိုင်လိမ့်မယ်လို့ ထင်မိတယ်။”
“အခုနကပဲ ပြောလိုက်ပါတယ်၊ ကျုပ်က လူတစ်ယောက်တည်းပဲဖြစ်တာကြောင့် ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ကိုယ့်ဘာသာ ဖြေရှင်းစေချင်တာလေ၊ အရာအားလုံးမှာ ဝင်ပါလို့မှမရတာ။ ခင်ဗျားတို့ ကိုယ်တိုင် ထုတ်ကုန်သစ်တွေ ထုတ်လုပ်တာကို မြင်ချင်တယ် ကျုပ်က ဒါတွေကိုကြည့်ရအောင် စောင့်နေဖို့ပဲလိုတာလေ။” ရှုယီက အပြုံးဖြင့်ဆိုသည်၊ “အဆုံးကျတော့ ဒီလောကကြီးကို ကျုပ်တစ်ယောက်တည်းနဲ့ ပြောင်းလဲလို့မရဘူးမို့လား?”
“ဒါက လမ်ပူရီတိုင်းပြည်ကို ဂရုမစိုက်အောင်လုပ်ခဲ့တဲ့ အတွေးနဲ့အတူတူပဲလား?” အီဗီတာက မေးသည်။
ရှုယီလည်း ခဏတာတိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချ၏၊ “ဒီလိုပြောလို့မရဘူးလေ။ ဒါပေမယ့် လမ်ပူရီတိုင်းပြည်ရဲ့ ကိစ္စတွေက ပိုရှုပ်ထွေးတယ်၊ ကျုပ်လုပ်ချင်တာတွေ လုပ်လို့မရနိုင်ဘူး။”
ရှုယီက ၎င်းကို မဆွေးနွေးလိုသည်အားမြင်သော် အီဗီတာလည်း ခေါင်းစဉ်ပြောင်းကာ မှော်အစီအရင်အကြောင်း တစ်ဖန်ဆွေးနွေးလိုက်သည်။
၎င်းတို့ ပြီးစီးသွားချိန်တွင် ရှုယီက အီဗီတာ၏ ကိုယ်ပိုင်ဓာတ်ခွဲခန်းမှ ထွက်ကာ Frestech ဦးပိုင်မြေသို့ လာလိုက်၏။ သူက မြေ၏ အရှေ့ဘက်ကို ကြည့်လိုက်သော် လမ်းပေါ်၌ မှော်သံချပ်ကာယာဉ်များက ဖုန်များထဲမှ အသော့နှင်လာသည်ကို တွေ့လိုက်ရလေ၏။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၅၉။ နယ်မြေတစ်စိတ်တပိုင်းပေးမယ် ဆိုရင်ရော?
ယခင်နှစ် သားရဲလူမျိုးများ ရှင်းလင်းရေးမှစတင်ကာ Frestech ကုန်သည်ကြီးများအသင်း၏ ဆန်နက်မြေရိုင်းရှိ ထုတ်လုပ်ရေးအခြေစိုက်ဌာနမှာ ၎င်းတို့၏ တိုက်ခိုက်မှုများ နည်းပါးသွားသည်ကို တွေ့မြင်ခဲ့ရသည်။
နှစ်သစ်သို့ဝင်ရောက်လာပြီး ယခင်နှစ်မှ အစပြု၍ မည်သည့်သားရဲလူမျိုးကမှ တိုက်ခိုက်ဖို့ကိုမဆိုထားနှင့် ပြဿနာဖြစ်စေဖို့ပင် မဝံ့ရဲခဲ့ကြသည်မှာ သုံးလနီးနီးပင် ရှိရော့မည်။
မှန်ပါ၏၊ ငြိမ်းချမ်းနေလျှင်တောင် မည်သူကမှ သတိကို မလျှော့ထားကြချေ။
ဆယ်ဗီနီထံမှ အစောင့်ငါးရာမှာ တာဝန်ပြီးနောက် ထွက်သွားကာ ယခုတွင် ဆယ်ဗီနီကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ဌာန တည်ရှိရာ မိုးကျတောင်ကြား၌ ရှိနေသော်လည်း ၎င်းတို့နှင့်အတူ ပူးပေါင်းထားသည့် အခြားလုပ်ငန်းစုများနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က အခြေစိုက်စခန်းကို စောင့်ကြပ်နေကြသည်။ ၎င်းတို့မှာ ဆန်နက်မြေရိုင်းသို့ မျက်ကန်းသားရဲလူမျိုးများကို ရှင်းလင်းဖို့ တစ်ခေါက်ပြီး တစ်ခေါက်သွားရသည်။
လုပ်ငန်းစုများ၏ သဘောတူညီမှုများအရ လုပ်ငန်းစုတစ်ခုစီမှာ ဆန်နက်မြေရိုင်းတွင် အကာအကွယ်အတွက် အစောင့်ပမာဏ နှစ်ရာကို ထောက်ပံ့ပေးရသည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် ၎င်းတို့မှာ အစောင့်များကို လတိုင်းပြောင်းတတ်သည်။ ဆန်နက်မြေရိုင်းမှ အစောင့်များကို အနားယူခိုင်းခြင်းအပြင် ဟာ့ထ်၏ အကြံပြုချက်အရ လုပ်ငန်းစု၏ အစောင့်တစ်ဦးစီအား တိုက်ပွဲအတွေ့အကြုံအနည်းငယ် ရစေရန်နှင့် တိုက်ပွဲစွမ်းအားတိုးစေရန်ဖြစ်သည်။
ရှုယီအတွက် ၎င်းအလှည့်ပြောင်းခြင်းတွင် အခြားရည်ရွယ်ချက်ရှိပေသည်။ ၎င်းက အစောင့်များထံရှိ စစ်ဘက်သုံးမှော်စက်များကို အဆင့်မြှင့်ရန်နှင့် ထိုစစ်ဘက်မှော်စက်များကို စမ်းသပ်မည့် အတိုက်အခိုက်အားအစစ်ကို အသုံးပြုနိုင်စေသည်။
၎င်းမှော်သံချပ်ကာယာဉ်များထက်ရှိ Frestech ဦးပိုင်မြေထံသို့ ပြန်ပို့ခံလိုက်ရသည်များမှာ ဆန်နက်မြေရိုင်းထံမှ အလှည့်ပြောင်းလိုက်သည့် အစောင့်များပင်။
ရှုယီက လေထိန်းချုပ်မန္တာန်ကိုသုံး၍ ဦးပိုင်မြေအနောက်ဘက်ရှိ အစောင့်အခြေစိုက်စခန်းထံ ပျံသွားသည်။ အစောင့်များထံမှ စစ်ဆေးခံရပြီးနောက်မှသာ သူ ဝင်သွားတော့၏။
အနည်းငယ်ကြာ စိတ်ရှည်ရှည်စောင့်ဆိုင်းနေပြီးနောက် ပထမဆုံး မှော်သံချပ်ကာယာဉ်ဝင်လာသည်။
ရှုယီမှာ မှော်သံချပ်ကာ,ကားနောက်၌ ရွှေရောင်မှော်ဆလွန်းတစ်စီး လိုက်ပါလာသည်ကိုမြင်လိုက်ရသဖြင့် အံ့ဩသွားပေသည်။
၎င်းမှော်ဆလွန်းမှာ အခြေစိုက်စခန်းသို့ ဝင်လာချင်နေသော်လည်း တံခါး၌သာ ရပ်တန့်သွားသည်။
ယာဉ်မောင်းက ပြတင်းမှန်ချလိုက်ရာ စတက်တိန်းနယ်မြေ၏ သွင်ပြင်လက္ခဏာရှိ လူငယ်တစ်ဦးက ခေါင်းပြူထွက်လာကာ ဂိတ်ရှိ အစောင့်ကိုအော်လေသည်၊ “ကန်းနေလား! ဒါက အရှင်သခင်ရဲ့ ကားဆိုတာကို မမြင်ဘူးလား? ဘာလို့ မဖယ်တာလဲ!”
အစောင့်က ထူးမခြားနားဟန်ဖြင့် ဆို၏၊ “အားနာပါတယ် ဒါက စည်းကမ်းကြပ်ထားတဲ့ စစ်ဘက်နယ်မြေပါ။ ခွင့်ပြုချက်မရရင် မသက်ဆိုင်သူတွေ ဝင်ဖို့ ခွင့်မပြုထားပါဘူး။”
“မင်းဖင်ကြီးကို မသက်ဆိုင်နေလိုက်! ဒါက အရှင်သခင်ရဲ့ နယ်မြေလေ တားရဲတယ်လား? မင်းဆီကို အခု မမောင်းလာလောက်ဘူးလို့ ယုံလား?” ယာဉ်မောင်းသူက ဘဝင်ခိုက်စွာ အော်လာ၏။
အစောင့်က မဖြေဘဲ လက်နက်ကို ထုတ်ကာ မှော်ဆလွန်းကို ရွယ်နေသည်မှာ ရည်ရွယ်ချက်ကို ရှင်းလင်းနေစေသည်။
အစောင့်ဆီမှ တုံ့ပြန်မှုကိုမြင်သော် ယာဉ်မောင်းမှာ ဒေါသဖြင့် ပြည့်နှက်သွားသည်။ သူက ဆဲရေးလျက် မှော်ဆလွန်းကို စက်နှိုး၍ တိုက်ရိုက်မောင်းဝင်လာရန် ပြင်လိုက်တော့၏။
ထိုမြင်ကွင်းကိုမြင်သော် ဂိတ်ရှိ အစောင့်များက တိုက်ခိုက်ဖို့ ပြင်လိုက်ကြသည်။ အခြေစိုက်စခန်းထဲ၌ ဝှက်ထားသည့် အလတ်ဆိုဒ်မှော်အမြောက်များကိုပင် *အသက်သွင်းလိုက်ကြသည်။ ရှုယီက မျက်မှောင်ကုပ်၍ ထွက်လာ၏။
(*T/N » မှော်အမြောက်တွေမှာ မှော်အစီအရင်တွေသုံးထားလို့ အသက်သွင်းတယ်လို့ ပြောတာပါ။)
ရှုယီ ထွက်လာသည်ကိုမြင်သော် အစောင့်များက အနည်းငယ် ပြေလျော့သွားသော်ငြား မှော်ဆလွန်းကို စိုက်ကြည့်နေကြဆဲပင်။
ယာဉ်မောင်းက တစ်ဖန် ခေါင်းထွက်လာပြီး ရှုယီကိုကြည့်ကာ မေး၏၊ “ဟေး မင်းက ဒီမှာ မန်နေဂျာလား? မြန်မြန် အဲဒီမျက်ကန်းကောင်ကို ဖယ်လိုက်စမ်းပါ!”
ရှုယီလည်း ခေါင်းခါကာ သူ့အား လျစ်လျူရှုလိုက်သည်။ သူက မှော်ဆလွန်း၏ နောက်ခုံကို ကြည့်ကာ အသံမြှင့်လိုက်၏၊ “အရှင် ကျေးဇူးပြုပြီး ထွက်လာပေးပါ။ ဒီအခြေစိုက်စခန်းဆီကို ဘယ်ယာဉ်ကိုမှ ဝင်ခွင့်မပေးတာမို့ ကျုပ်တို့ကို ခွင့်လွှတ်ပါ။”
တစ်အောင့်ကြာပြီးနောက် မှော်ဆလွန်းထံမှ ချောင်းဟန့်သံတစ်သံထွက်လာပါ၏။ အရှင် ဝိန်က တံခါးကို ဖွင့်ကာ အသာပြုံး၍ ထွက်လာသည်။
အရှင်ဝိန်က ပထမဦးဆုံး အခြေစိုက်စခန်းဂိတ်ကို ကြည့်ပြီးနောက် ရှုယီကို အပြုံးဖြင့် ကြည့်လေသည်၊ “အားနာပါတယ် အခုနက အိပ်ပျော်နေလို့ ဒီရောက်နေပြီဆိုတာ မသိလိုက်ဘူး။ ဥက္ကဌရှုက မှန်ပါတယ် ဒီနေရာက ခင်ဗျားတို့လုပ်ငန်းစုရဲ့ အရေးကြီး အစောင့်စခန်းပဲလေ ကျုပ်တို့လို အပြင်လူတွေကို ဝင်ခွင့်ပြုလို့မရဘူး။”
အရှင် ဝိန်၏ အပြင်လူဟူသည့် စကားလုံးကို ဖိပြောသံအားကြားသော် ရှုယီက မျက်မှောင်ကုပ်၍ ဆိုလေသည်၊ “အရှင် အရှင့်ရဲ့ စကားက အရမ်းကို လေးလံလွန်းပါတယ်။ ဒီကို ရုတ်တရတ်ကြီးလာရတာ တစ်ခုခုများလိုအပ်လို့လား?”
ရှုယီက သူ့ကို ဝင်ခွင့်ပြုဖို့ စီစဉ်ထားခြင်းမရှိသည်ကို မြင်သော် အရှင် ဝိန်၏ မျက်နှာထားက မှောင်မိုက်သွားသော်လည်း ပြုံးလိုက်ဆဲပင်။ သူက နောက်၌ ရပ်ထားသည့် မှော်သံချပ်ကာယာဉ်များကို ညွှန်ပြကာ ပြော၏၊ “လမ်းမှာ သူတို့နဲ့ ဆုံခဲ့တာ မေးကြည့်တော့ ခင်ဗျားက အခြေစိုက်စခန်းမှာဆိုလို့ လိုက်လာခဲ့တာပဲ။”
“ဒီတော့ အရှင်က ကျုပ်ကို ရှာနေတဲ့ အဓိပ္ပာယ်ပေါ့? တစ်ခုခုလိုလို့လား?” ရှုယီက မေးသည်။
“တကယ်တော့ မှော်သံချပ်ကာယာဉ်တွေနဲ့ ဆိုင်နေတယ်။” အရှင် ဝိန်က ခြောက်ကပ်ကပ်နှစ်ချက် ရယ်ကာ ပြောသည်၊ “ဒီတစ်ခေါက် ကျုပ်လာမေးတာက ဥက္ကဌရှု ဒီမှော်သံချပ်ကာယာဉ်တွေကို ရောင်းဖို့ စီစဉ်ထားလား?”
ရှုယီက အနည်းငယ် အံ့ဩသွားကာ၊ “ဘာလို့လဲ? အရှင် စိတ်ဝင်စားလို့လား?”
“အင်း” အရှင် ဝိန်က ခေါင်းငြိမ့်၏၊ “ဥက္ကဌရှု ခင်ဗျားလည်း ကျုပ်နဲ့ တောင်ဘက်က ကောင့်ထ် ဖရန်တို့ ပဋိပက္ခ နည်းနည်းရှိတာကို သိမှာပါ၊ ဒီတော့ ကျုပ်အထင်..... ခင်ဗျားတို့ မှော်သံချပ်ကာယာဉ်တွေကလည်း အရမ်းကို သုံးရလွယ်တော့ ကျုပ်ကို နည်းနည်းလောက် ရောင်းပေးရင် ကျုပ်လည်း ပိုပြီး ယုံကြည်ချက်ရှိလာလိမ့်မယ်။”
“ပဋိပက္ခနည်းနည်း?” ရှုယီမှာ အနည်းငယ် ရယ်ရသလိုခံစားလိုက်ရ၏။
ကောင့်ထ် ဝိန်ကသာ ၎င်းတို့ကို ဆက်တိုက် သွားဆွနေသည်က ရှင်းလင်းပြီး ကောင့်ထ် ဖရန်က မနေနိုင်တော့ဘဲ စစ်ကြေညာလိုက်သည်သာ။ ယခု ၎င်းတို့က အချင်းချင်း သတ်ဖြတ်ဖို့ ကြိုးစားနေကြသည်ကို ပဋိပက္ခအနည်းငယ်ဟု ခေါ်ဆိုရမည်လား?
ရှုယီမှာ စတက်တိန်းနယ်မြေက နိုင်ငံတစ်နိုင်ငံလိုမဟုတ်ဟု အမြဲစဉ်းစားခဲ့ရာ ၎င်းကိစ္စက သက်သေပြနေသည်။
ကောင့်ထ် ဖရန်က ကောင့်ထ် ဝိန်၏ တောင်ပိုင်းမြေကို ထိန်းချုပ်ထားသည်။ သူဂာ အရှင် ဝိန်နှင့် အဆင့်တူတွင်ရှိပြီး နှစ်ဦးစလုံးက စတက်တိန်းနယ်မြေ၏ ကောင့်ထ်များဖြစ်ကြသည်။
သို့သော် ဆက်ဆံရေးကောင်းမရှိဘဲ ယခုတွင် တိုက်ခိုက်နေကြပြီ။
ဤအခြေအနေမှာ အမှောင်ခေတ်များရှိ အခြေအနေလိုပင်၊ အရှင်သခင်များက ၎င်းတို့၏ နိုင်ငံလေးများကဲ့သို့ နယ်မြေ၌ လုပ်ချင်ရာကို လုပ်ကြသည်။
၎င်းအရှင်နှစ်ဦးက အတူမရှိခဲ့ကြသော်လည်း ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည်ပင်။ ဤသို့သော ရုတ်တရတ်အပြောင်းအလဲအတွက် အကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်သည်။
အရှင် ဝိန်က Frestech ကုန်သည်ကြီးများအသင်းအား နယ်မြေအချို့ ငှားရမ်းဖို့ရန် စစ်ဘက်သုံးမှော်စက်အချို့ ရောင်းဖို့တောင်းဆိုလာပြီး ရှုယီကလည်း သူ၏ အကြံကို ခန့်မှန်းမိခဲ့ပါ၏။
သို့သော် ရှုယီမှာ အရှင် ဝိန်က ထိုသို့ အလျင်လိုနေမည်ဟု မထင်ထားခဲ့။
လွန်ခဲ့သည့် တစ်လလောက်က Frestech ကုန်သည်ကြီးများအသင်းမှာ သူ့ထံ လိုအပ်သည့် စစ်ဘက်သုံးမှော်စက်အနည်းငယ် ပေးဖို့ရာ သဘောတူခဲ့၏။ အဆုံးတွင် ယခင်လက သူဟာ ကောင့်ထ် ဖရန်ကို ဆက်တိုက် သွားဆွခဲ့ရာ ယခုတွင် ဤလ၌ တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
လတစ်ဝက်သာကုန်လွန်သွားပြီး တိုက်ခိုက်မှု အကြီးနှင့်အငယ် ဆယ်ခုကျော်ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း ကောင့်ထ် ဝိန်က ချွင်းချက်မရှိ အနိုင်ရခဲ့ကာ ကောင့်ထ် ဖရန်၏ နယ်မြေတစ်ဝက်ကျော်လောက်ကို ရယူလိုက်သည်။
၎င်းတို့သာ ဆက်တိုက်ခိုက်နေပါလျှင် ကောင့်ထ် ဝိန်အနေနှင့် ကောင့်ထ် ဖရန်ကို အနိုင်ယူပြီး နယ်မြေအားလုံးကို သိမ်းယူရန် သိပ်မကြာလောက်တော့ချေ။
စတက်တိန်းနယ်မြေအတွက် ဤသို့သော လုပ်ရပ်မှာ လူတိုင်း အပြန်အလှန်နားလည်မှုဖြင့် သဘောတူထားသည့် အရာပင်။
ကောင့်ထ် ဝိန်မှာ ကောင့်ထ် ဖရန်၏ နယ်မြေကို ယူရန် အလုံအလောက်သန်မာနေသရွေ့ ဒုခ်စတက်တိန်းက ထိုမြေကို သူ့ထံ ပေးအပ်မည်ဖြစ်ပြီး မေးခွန်းထုတ်မည်မဟုတ်ပေ။
၎င်းကို သုံးသပ်ရင်း ရှုယီမှာ စတက်တိန်းနယ်မြေ တောင်ပိုင်းရှိ အန်ကလိုကို စဉ်းစားမိသွားသည်။
Frestech ကုန်သည်ကြီးများအသင်းထံမှ လက်နက်အထောက်အပံ့နှင့် အန်ကလိုမှာ တစ်နှစ်တာလေးအတွင်း စတက်တိန်းနယ်မြေ တောင်ပိုင်းရှိ နယ်မြေကြီးတစ်ခုကို ပိုင်ဆိုင်ကာ စစ်သည် ရာနှင့်ချီ၍ မိမိဘာသာ ဖွဲ့စည်းခဲ့သည်။
ယခင်တစ်ခေါက် ကုန်သွယ်ရာ၌ ရောက်လာခဲ့သာ ပုဂ္ဂိုလ်အရ အန်ကလိုမှာ ၎င်းနယ်မြေကို သူ၏ ကိုယ်ပိုင်နယ်မြေအဖြစ် ပြုလုပ်ရန် ဒုခ် စတက်တိန်းထံ တောင်းဆိုချက် တင်ပြဖို့ ပြင်ဆင်ထားကာ အောင်မြင်မည်မှာ သေချာ၏။
စတက်တိန်းနယ်မြေ၏ အရှင်သခင်ဖြစ်လာသရွေ့ အန်ကလိုမှာ အရှင် ဝိန်နှင့် တစ်ညီတည်းဖြစ်သွားမည်ပင်။ သူဟာ အခြားအရှင်များကို တိုက်ခိုက်နိုင်ခဲ့ပြီး ၎င်းတို့၏ နယ်မြေကို ယူဆောင်ခဲ့၏။
အန်ကလို၏ အတွေးမှာ စတက်တိန်းနယ်မြေတစ်ခုလုံးကို ထိန်းချုပ်၍ သူ၏ စိတ်ကူးအတိုင်း ပြောင်းလဲပစ်မည်ဖြစ်သည်။
ဖြစ်စဉ်ကတော့ ကြာလိမ့်မည်ဆိုသည်က သံသယပင်မလိုနေ.....
“ဥက္ကဌရှု..... ဥက္ကဌရှု?” ရှုယီက အတွေးထဲ မျောသွားသည်ကိုမြင်သော် အရှင် ဝိန်လည်း သူ၏ အကြံကို စဉ်းစားနေသည်ဟု ထင်လိုက်၏။ ထို့နောက် တောင်ဘက်ကို လှည့်၍ ဆုံးရှုံးသွားဟန် အနည်းငယ်ပေါ်ရာ ကောင့်ထ် ဝိန်လည်း အသံကိုမြှင့်လိုက်ပါ၏။
“အာ? အာ..... အားနာပါတယ် ကျုပ် စိတ်လွင့်သွားတာ။” ရှုယီက အပြုံးဖြင့်ဆို၏။ သူက ချောင်းတစ်ချက်ဟန့်၍ လေးနက်ဟန်ဖြင့် ပြောလေသည်၊ “အရှင် မှော်သံချပ်ကာ ယာဉ်တွေက ကျုပ်တို့လုပ်ငန်းစုရဲ့ စစ်ဘက်သုံးမှော်စက်အသစ်တွေပါ၊ ဒါကို သိလောက်မှာပါပဲ။ ပုံမှန်အားဖြင့်တော့ နောက်ဆုံးပေါ် စစ်ဘက်သုံးမှော်စက်တွေကို အလွယ်လေး မရောင်းပေမယ့်.....”
၎င်းကိုကြားသော် ကောင့်ထ် ဝိန်က ပျော်ရွှင်ဟန် ပြုံးလာ၏။
ရှုယီ၏ အသံထဲ၌ ထိုအရာကို ရောင်းချနိုင်သည့် အဓိပ္ပာယ်ပါနေသည်။
မျှော်လင့်ထားသလိုပင် ရှုယီက ဟန်ဆောင်ထားသံဖြင့် ဆိုသည်၊ “ဒါပေမယ့်..... ကျုပ်တို့ လုပ်ငန်းစု စတက်တိန်းနယ်မြေကို ရောက်လာကတည်းက အရှင်က ကျုပ်တို့ကို ဂရုစိုက်ပေးခဲ့တယ်လေ။ ကျုပ်တို့ လုပ်ငန်းစု ဒီအတိုင်းအတာထိ ချောချောမွေ့မွေ့ တိုးတက်နိုင်ခဲ့တာက အရှင့်ရဲ့ ထောက်ပံ့မှုကြောင့်ပါတယ်ဆိုတာကို မေ့လိုက်လို့မရပါဘူး။”
“ဒါပေါ့ ဒါပေါ့” ကောင့်ထ် ဝိန်က အပြုံးဖြင့်ခေါင်းငြိမ့်သည်၊ “ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းလို လူတိုင်းရဲ့ဘဝကို တိုးတက်ဖို့ ကူညီနိုင်တဲ့ လုပ်ငန်းစုတစ်ခုအတွက် ကျုပ်လည်း ခင်ဗျားတို့ကို ထောက်ပံ့ဖို့လိုတယ်လေ။ ဒုခ်က ကျုပ်အနေနဲ့ ခင်ဗျားကို ကူညီနိုင်သလောက်ကူညီရမယ်လို့လည်း အမိန့်ပေးထားသေးတယ်။”
ရှုယီမှာ စိတ်ထဲ၌ ရယ်သွမ်းလိုက်ပါ၏။
အရှင် ဝိန်ဖြစ်စေ ဒုခ် စတက်တိန်း၏ ထောက်ပံ့မှုဖြစ်စေ ပိုက်ဆံဟူသည့် အရာတစ်ခုတည်းအပေါ်သာ မူတည်ပါ၏။
စတက်တိန်းနယ်မြေ၌ ချောချောမွေ့မွေ့ တိုးတက်ရန် Frestech ကုန်သည်ကြီးများအသင်းမှာ ဆက်ဆံရေးတည်ဆောက်ဖို့ ရွှေဒင်္ဂါး ငါးသိန်းကျော်ပေးခဲ့ရသည်။
၎င်းတို့၏ အသုံးစရိတ်မှာလည်း ရွှေဒင်္ဂါးတစ်သန်းကျော်ပါ၏။
ဤရင်းနှီးမြှုပ်နှံမှုကြီး၌ ပြန်ရမည့်အရာမရှိပါလျှင် မယုံနိုင်စရာဖြစ်နေလိမ့်မည်။
“အင်း..... လိုရင်းပြောရရင်..... အရှင်၊ အရှင်သာတကယ်ပဲ ဒီမှော်သံချပ်ကာယာဉ်ကို လိုအပ်တယ်ဆိုရင် ဆွေးနွေးလို့ မရနိုင်တာတော့မဟုတ်ပါဘူး၊ ဒါပေမယ့်.....”ရှုယီက တမင် ခေတ္တရပ်တန့်ကာ ကောင့်ထ် ဝိန်ကိုကြည့်၍ တစ္ဆေဆန်ဆန်ပြုံးလိုက်ပါ၏၊ “ဒီမှော်သံချပ်ကာယာဉ်ရဲ့ တန်ဖိုးက တစ်စီးကို အရှင့်ရဲ့ မှော်ဆလွန်းထက်တောင် ပိုဈေးကြီးနေသေးတယ်၊ ဒီတော့.....”
“ကျုပ်နဲ့ ဈေးနှုန်းကို မဆွေးနွေးပါနဲ့၊ ကျုပ်မှာ ရွှေဒင်္ဂါးများများစားစား မရှိဘူး။” အရှင် ဝိန်က ရှုယီကို ဖြတ်ပြောကာ လေးနက်စွာဆိုလာ၏၊ “ဥက္ကဌရှု ခင်ဗျားက အမြဲတမ်း အပိုင်စားရမယ့် မြေလိုချင်နေတာမဟုတ်လား? အခု တစ်စိတ်ပိုင်းလောက် ပေးမယ်ဆိုရင်ရော?”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၀။ တစ်ဦးတည်းနှင့် အမှန်တကယ် သက်ဆိုင်သောနယ်မြေ
“အဟမ်း အဟမ်း အဟမ်း.....”
ရှုယီမှာ တံတွေးသီးမလိုပင် ဖြစ်သွားသည်။
သူ့အနေနှင့် အရှင် ဝိန်ကို ဈေးနှုန်းတိုးတောင်းကာ အနည်းငယ်စီ တိုးဖို့ ကြိုးစားရန်ပြင်နေခြင်းပင်။ မည်သို့ဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်းကသာ မှော်သံချပ်ကာယာဉ်များကို ထုတ်လုပ်နိုင်လေရာ အရှင် ဝိန်သာ လိုအပ်နေလျှင် ရှုယီက မည်သည့် ဈေးနှုန်းထားထား နှာတစ်ဖျားသာနေမည်။
သို့သော် ရှုယီမှာ ဤသို့ ဖြစ်လာမည်ဟု ထင်မထားခဲ့။ သူ့အနေနှင့် အများဆုံး အရှင် ဝိန်ထံမှ မိုင်းတွင်းများ၊ မြေအချို့ငှားရမ်းခြင်း၊ သူ၏ မြေငှားရမ်းခြင်းသဘောတူညီမှုကို တိုးပေးခြင်း သို့မဟုတ် သူစုဆောင်းခဲ့သည့် ဒေသတွင်းလုပ်သားပမာဏပြောင်းလဲပေးခြင်းတို့ကိုသာ လိုချင်ခဲ့သော်လည်း အရှင် ဝိန်မှာ ချက်ချင်းပင် နယ်မြေပေးရန် ထုတ်ပြောလာသည်!
ရှုယီမှာ အရှင် ဝိန်ကို ခဏတာမျှ ငေးကြည့်လိုက်ပြီးနောက် မျက်လုံးများ ကျယ်ကာ မေးလိုက်သည်၊ “ခဏနေပါဦး! အရှင် ဘာပြောလိုက်တာလဲ? ကျုပ်ကို နယ်မြေပေးချင်တာလား? ဒါက ဘာအဓိပ္ပာယ်လဲ?”
“ဒါက ဒီအဓိပ္ပာယ်ပဲပေါ့ ဘယ်လိုအဓိပ္ပာယ်ရှိနိုင်ဦးမှာလဲ?” အရှင် ဝိန်က ပုံမှန်အတိုင်း ပြန်ဖြေသည်၊ “ခင်ဗျားမှာသာ ခင်ဗျားပိုင်တဲ့ နယ်မြေရှိရင် Frestech ကုန်သည်ကြီးများအသင်းလည်း တွန်းအားပေးခံရမှာ မဟုတ်ဘူးလို့ အကြိမ်များစွာ ပြောခဲ့တဲ့ မဟုတ်လား? အခု ဒီဆန္ဒကို ဖြည့်ဆည်းပြီး ကျုပ်နယ်မြေ တစ်စိတ်တစ်ပိုင်းကို ပေးနိုင်တယ်။”
“ဒါက အလုပ်ဖြစ်လို့လား?” ရှုယီက အံ့ဩသွားသည်၊ “ခင်ဗျားရဲ့ နယ်မြေ ကျုပ်ကို ပေးတာကို ဒုခ် စတက်တိန်းက သဘောတူမှာလား?”
“ကျုပ် သဘောတူသရွေ့ အဆင်ပြေတယ်။ ဒုခ် သဘောတူ မတူကတော့..... ဥက္ကဌရှု အနေနဲ့ ဒုခ်သဘောတူလာအောင် ဘယ်လိုလုပ်ရမယ်လို့ ကျုပ် သင်ပေးဖို့ မလိုဘူးမို့လား?” အရှင် ဝိန်က စဉ်းလဲဟန်ဖြင့် ဆိုလာသည်။
ရှုယီက နားလည်ကြောင်းပြဖို့ ခေါင်းငြိမ့်လိုက်၏။
သူဟာ ဒုခ် စတက်တိန်း သဘောတူလာစေမည့် နည်းလမ်းကို သိပါ၏၊ ၎င်းက ယခင်ကလည်း အလုပ်ဖြစ်ခဲ့သော ငွေသုံးခြင်း နည်းလမ်းပါပင်။
ရှုယီလည်း အနည်းငယ်စဉ်းစားပြီးနောက် စိတ်ထိန်းကာ အရှင် ဝိန်ကို မေးလိုက်သည်၊ “ဟုတ်ပါပြီ အရှင်က ဒါကို တကယ်လုပ်ဖို့ စီစဉ်ထားတာလား? ကျုပ်ကို မြေ ဘယ်လောက်ထိ ပေးမှာလဲ? အရမ်းနည်းရင်တော့ လုံလောက်မှာ မဟုတ်ဘူး။”
အရှင် ဝိန်က Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အခြေစိုက်စခန်းကို ညွှန်ပြ၍ ပြုံးကာဆိုသည်၊ “ဒီအပိုင်းဆိုရင်ရော? အပြင်လူတွေကို ဝင်ခွင့်မပြုဘူးလို့ ပြောခဲ့တယ်မဟုတ်လား? ခင်ဗျားရဲ့ နယ်မြေဖြစ်နေသရွေ့ ဒါကို ယုံကြည်ချက် ရှိရှိ ပြောလို့ရတယ်။”
ရှုယီက မျက်မှောင်ကုပ်လိုက်သည်ကိုမြင်သော် အရှင် ဝိန်က ရယ်လာသည်၊ “ဟာသလုပ်တာပါ ဥက္ကဌရှု စိတ်ထဲမထားပါနဲ့။ အေးဆေးပေါ့ ကျုပ် ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်မှတော့ ကပ်တွက်နေမှာ မဟုတ်ပါဘူး။ ဒါဆိုရင်ရော ဥက္ကဌရှု ကျုပ်ဆီကနေ လတ်တလော ငှားရမ်းထားတဲ့ ဟက်တာ နှစ်သိန်းကျော်မြေကို လွှဲပေးမယ်ဆို ဘယ်လိုထင်လဲ?”
ရှုယီ၏ မျက်လုံးများ တောက်ပသွားသော်လည်း အရှင် ဝိန်ကို ခေါင်းခါပြလိုက်သည်၊ “အရှင် အရမ်းကပ်တွက်လွန်းနေတာ မဟုတ်ဘူးလား? ဟက်တာနှစ်သိန်းက လုံလောက်ဖို့ လိုသေးတယ်။”
အရှင် ဝိန်၏ မျက်နှာမှာ အနည်းငယ် အရုပ်ဆိုးသွားသည်၊ “ဥက္ကဌရှု ခင်ဗျား အရမ်းလောဘကြီးလို့မရဘူးလေ။ နယ်မြေလိုအရာတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ခင်ဗျားသိလောက်မှာပါ တစ်စိတ်တပိုင်းလောက်ကို လွှဲပြောင်းပေးတာက ဘယ်လိုဆုံးဖြတ်ချက်ကြီးဆိုတာကိုရော နားလည်မှာပါ။”
“နားလည်ပါတယ် ဒါပေမယ့် ဟက်တာနှစ်သိန်းစာမြေက ကျုပ်တို့ လုပ်ငန်းစု ဆက်ဖွံ့ဖြိုးဖို့အတွက် လုံလောက်ဖို့ လိုနေသေးတယ်၊ ဒီတော့ နေရာနည်းနည်းပိုရရင် အဆင်ပြေတယ်။ အဲ့လိုမထင်ဘူးလား အရှင်?”
“နယ်မြေလိုအရာတွေက အစုံလိုက်ရှိတာကြောင့် ကျုပ်ခင်ဗျားကို ပေးလိုက်ရင် ကျုပ်မှာ တစ်စိတ်တပိုင်းလျော့သွားပြီ။ ကျုပ်က ဒီတိုင်းလေး ပိုပေးနိုင်မယ်ထင်နေတာလား?”
“ဒါက ရှင်းရှင်းလေးပဲ မဟုတ်လား၊ အရှင် ဘာလို့ တခြားနေရာတွကနေ မြေထပ်ရဖို့ မလုပ်မှာလဲ? ဒါပေါ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အရှင့်ကို အားလုံး ထောက်ပံ့နိုင်ပါတယ်။”
“ဒါက..... အလုပ်မဖြစ်တာတော့ မဟုတ်လောက်ဘူး၊ ဒါပေမယ့်......”
......
ရှုယီနှင့် အရှင် ဝိန်တို့မှာ ဆက်လက် ဈေးဆစ်နေကြသော်လည်း နောက်ဆုံး နှစ်ဖက်စလုံး သဘောတူညီမှုရသွားသည်။ Frestech ဦးပိုင်မြေထံမှ သိပ်မဝေးသည့် ပင်လယ်အထိ နယ်မြေအားလုံးဟာ Frestech ကုန်သည်ကြီးများအသင်း အပိုင် ဖြစ်လာသည်။
ရှုယီမှ ယခင်က အီဗီတာကို ရေးဆွဲခိုင်းခဲ့သည့် မြေပုံအရ ဤမြေကွက်မှာ ဟက်တာ နှစ်သိန်းလေးသောင်းအထိရှိသည်။
နယ်မြေလွှဲပြောင်းခြင်းကို ဆွေးနွေးပြီးနောက် ရောက်လာသည့်က ဈေးနှုန်းပင်။
အရှင် ဝိန်မှာ ဤမြေအတွက် ရွှေဒင်္ဂါးဆယ်သန်း ဈေးနှုန်းမှ စတောင်းပါ၏။
ဤဈေးနှုန်းက အင်မတန်နည်းပါးပြီး ကမ္ဘာမြေ၌ဆိုလျှင် ၎င်းက အလကားပေးလိုက်ခြင်းနှင့် ညီမျှမှန်းသိသော်လည် အားလုံးကို ဈေးဆစ်ကာ နောက်ဆုံး ရွှေဒင်္ဂါး ရှစ်သန်းအထိ ဆစ်နိုင်ခဲ့သည်။
ဤသို့သော ပေးချေမှုကြီးအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးဖြင့်ပေးရန် မဖြစ်နိုင်သလို အရှင် ဝိန်ကလည်း ရွှေဒင်္ဂါးမလိုချင်ပါချေ။
၎င်းတို့အကြား သဘောတူညီမှုအရ Frestech ကုန်သည်ကြီးများအသင်းမှာ အရှင် ဝိန်အား မှော်သံချပ်ကာယာဉ် အစီးရေတစ်ရာ၊ မှော်ထပ်ဆင့်လေးတစ်ထောင်၊ မှော်အမြောက်ကြီး ငါးလုံးနှင့် ကိုယ်ပိုင်စစ်ဘက်သုံးမှော်စက် သုံးထောင်တို့ကို ပေးမည်ဖြစ်သည်။
လက်နက်ကိရိယာများအပြင် အရှင် ဝိန်မှာ Frestech ကုန်သည်ကြီးများအသင်းအား သူ၏နယ်မြေ၌ စည်သွပ်သီးစက်ရုံသုံးရုံနှင့် အိမ်သုံးမှော်စက်အလုပ်ရုံ ငါးရုံ တည်ထောင်ဖို့ ကူညီရန်ပါ တောင်းဆိုခဲ့သလို သက်ဆိုင်ရာ နည်းပညာကိုပါ ပေးရမည်ဖြစ်သည်။
၎င်းနှင့်အတူ ထိုပစ္စည်းများ၏ တန်ဖိုးကိုပေါင်းလိုက်သော် ရွှေဒင်္ဂါး ငါးသန်းအထိပင်မရောက်ပေ။
အရှင် ဝိန်ကို အဆုံး၌ သဘောတူစေခဲ့သည်မှာ ရှုယီက ခက်ခဲနေသည့်အခြေအနေများ၌ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် သူ့ကိုကူညီရန် အစောင့်များ စေလွှတ်ဖို့ ကူညီနိုင်ကြောင်း အစပျိုး ကမ်းလှမ်းခဲ့သောကြောင့်ဖြစ်သည်။
အရှင် ဝိန်မှာ Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ အင်အားကို မမြင်ခဲ့ဖူးသော်လည်း နတ်သူငယ်နှင့် လူပုလေးစစ်သားများရှိနေကြခြင်းအပြင် လူသားစစ်သည်များအားလုံးကလည်း အင်မတန် ကြမ်းတမ်းလှဟန်ပေါ်ရာ ၎င်းတို့က အင်မတန် စွမ်းအားကြီးလောက်သည်ကို သေချာသည်။
ထို့အပြင် ဆန်နက်မြေရိုင်းမှ ပျံ့လာသော သတင်းများလည်းရှိ၏။ Frestech ကုန်သည်ကြီးများအသင်းမှာ ထိုနေရာရှိ အကြမ်းတမ်းဆုံး သားရဲလူမျိုးနွယ်စုများကို တိုက်ခိုက်ခဲ့ပြီး လွှမ်းမိုးမှု အပြည့်အဝထိန်းသိမ်းထားသည်ဟုပင်။
ယခုထိပင် သေဆုံးခဲ့သည့် Frestech ကုန်သည်ကြီးများအသင်း အစောင့်တစ်ဦးပင်မရှိသလို အပြင်းအထန်ဒဏ်ရာရခဲ့သူ တစ်ဦးပင်မရှိပေ။
သူ့ထံ၌သာ ကူညီမည့် ထိုမျှ ကြောက်မက်ဖွယ်သန်မာလှသော အစောင့်များရှိနိုင်ပါလျှင် အရှင် ဝိန်၏ ယုံကြည်ချက်ကို များစွာ တိုးလာစေနိုင်သည်။
နှစ်ဦးသား သဘောတူညီမှုရခဲ့ပြီးနောက် ကနဦးစာချုပ် လက်မှတ်ရေးထိုးလိုက်ကြသည်။
စာချုပ်အရ ရှုယီက ဒုခ် စတက်တိန်း၏ သဘောတူညီချက်ကို ရသရွေ့ ဤစာချုပ်မှာ သက်ရောက်မှု ချက်ချင်းရှိလာမည်ဖြစ်သည်။
အရှင် ဝိန်ကို ပို့ပြီးနောက် ရှုယီမှာ မနေနိုင်တော့ဘဲ ရွှင်ပျစွာ ရယ်မောလိုက်ပါ၏။
သူ လမ်ပူရီတိုင်းပြည်၌ ရှိခဲ့စဉ်က မျိုးရိုးမြင့် ခေါင်းစဉ်ရခဲ့ပြီး နယ်မြေလည်းရဖူးသည်။
ထိုနယ်မြေက သေးနုပ်လှသည်ကို မဆိုထားနှင့် နိုင်ငံကလည်း ထိန်းချုပ်ထားဆဲဖြစ်ရာ သူ၏ နယ်မြေဟု မယူဆနိုင်ပေ။
လမ်ပူရီတိုင်းပြည်ရှိ အခြေအနေ ပြောင်းလဲလာပြီးနောက် သူဟာ မျိုးရိုးမြင့်ခေါင်းစဉ်ကို စွန့်လွှတ်ကြောင်းကြေညာကာ နယ်မြေကိုပါ စွန့်လွှတ်ခဲ့ရသည်။
၎င်းမှာ သူ မစွန့်လွှတ်ပါလျှင် တော်ဝင်လွှတ်တော်က လမ်ပူရီဆယ့်သုံး ရှင်သန်စဉ်တုန်းကကဲ့သို့ သူ၏ မျိုးရိုးမြင့် ခေါင်းစဉ်ကို ဖယ်ရှားက နယ်မြေကို ပြန်ယူခြင်းမျိုး လုပ်လာသည်မှာ ရှင်းလင်းလှသောကြောင့်ပင်။
ထို့ကြောင့် အတိအကျဆိုရသော် သူ၏ လမ်ပူရီတိုင်းပြည်ရှိ နယ်မြေမှာ ဘယ်တုန်းကမှ သူ၏ အပိုင်မဖြစ်ခဲ့။
အဆုံးတွင် သူနှင့် Frestech ကုန်သည်ကြီးများအသင်းထံရှိ အင်အားကြောင့် လမ်ပူရီတိုင်းပြည်၌ နယ်မြေပိုင်ဆိုင်ခွင့်မရှိတော့ပေ။
သို့သော် စတက်တိန်းနယ်မြေတွင် ၎င်းကိုရနိုင်၏။
စတက်တိန်းနယ်မြေ၏ နိုင်ငံအင်အားမှာ အင်မတန်အားနည်းလှပြီး အရှင်များကလည်း အချင်းချင်းတိုက်ခိုက်နေကြသည်။ ဒုခ်စတက်တိန်းက ၎င်းတို့ စီမံခန့်ခွဲခြင်း မပြုလိုသလို စီမံခန့်ခွဲခြင်းလည်း မပြုနိုင်ချေ။
အရှင်ဝိန်သာ ကောင့်ထ်ဖရန်ကို အနိုင်ယူလိုက်လျှင် သူဟာ ကောင့်ထ် ဖရန်၏ နယ်မြေကို ရမည်ဖြစ်၏။
အရှင် ဝိန်မှ သူ၏နယ်မြေအား ရှုယီထံ လွှဲပေးသည်မှာ လမ်ပူရီတိုင်းပြည်၌မဖြစ်နိုင်သော်လည်း စတက်တိန်းနယ်မြေတွင်မူ သေချာပေါက် ဖြစ်နိုင်သည့် အရာပင်။
ရှုယီမှာ ဒုခ် စတက်တိန်းကို ကိုင်တွယ်နိုင်ကာ ဒုခ် စတက်တိန်း၏ ခွင့်ပြုချက်ကို ရပြီး ဤနေရာ၌ အရှင်တစ်ပါး ဖြစ်လာမည်ကို သေချာနေပါ၏။
သူသာ လုပ်နိုင်လျှင် ဤနယ်မြေမှာ သေချာပေါက် သူ၏ အပိုင်ဖြစ်လာမည်။
ဤနယ်မြေမှာ ဟက်တာ နှစ်သိန်းလေးသောင်းသာရှိသော်လည်း နယ်မြေတစ်စိတ်တပိုင်းအား သေးငယ်သည်ဟု ယူဆမရချေ။
ထို့အပြင် ရှုယီမှာ ဤနယ်မြေရှိ အရာရာတိုင်းကို ထိန်းချုပ်နိုင်ရာ မည်သူ၏ အမြင်ကိုမှ ဂရုစိုက်နေရန်မလိုချေ။
တစ်ခုတည်းသော လိုအပ်ချက်မှာ သူ့အနေနှင့် ဤနယ်မြေကို ကာကွယ်ရန် အလုံအလောက် သန်မာဖို့လိုသည်။
ရှုယီမှာ လမ်ပူရီတိုင်းပြည်၌ ယုံကြည်ချက် မရှိသော်လည်း စတက်တိန်းနယ်မြေ၌မူ ပြဿနာမရှိချေ။
အရှင် ဝိန်၏ စစ်သည် တစ်သောင်းအား စတက်တိန်းနယ်မြေတွင် အတော်များပြားလှသည်ဟု ယူဆနိုင်ရာ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များတပ်ဆင်ပေးပြီးနောက်တွင် သူနှင့် ညီမျှသည့် ကောင့်ထ် ဖရန်၏ တပ်ဖွဲ့ကို ဖျက်ဆီးနိုင်လိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ တစ်ထောင်အောက်သာရှိသော်လည်း အရှင် ဝိန်၏ ပျံ့ကျဲနေသော တပ်စုအင်အားနှင့် ယှဉ်လျှင် ၎င်းတို့မှာ နိမ့်ကျမနေဘဲ များစွာကျော်လွန်နေသည်။
ဤတပ်စုမျိုးနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ အရှင်များကြားရှိ တိုက်ပွဲများ၌ ပါဝင်ရန် အရည်အချင်း မရှိကောင်း မရှိနိုင်သော်လည်း နယ်မြေကို ကာကွယ်ရန်တော့ ပြဿနာမရှိချေ။
သူ့ကိုယ်သူ ပြန်စဉ်းစားကြည့်သော် ရှုယီမှာ သူ၏ စိတ်ပိုင်းဆိုင်ရာက ပြောင်းလဲသွားကြောင်း တွေ့ရ၏။
ဤသို့ မလာခင်တွင် သူဟာ ခရီးသည်တစ်ဦးလိုသာ ခံစားနေခဲ့ရပြီး သူ၏ အိမ်ဟု ခေါ်တွင်နိုင်မည့် နေရာမရှိခဲ့ပေ။
သို့သော် အရှင် ဝိန်နှင့် စာချုပ် လက်မှတ်ထိုးပြီးနောက် ဤနေရာအား သူ၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုအဖြစ် ချက်ချင်း အသိအမှတ်ပြုလိုက်၏။ သူဟာ မည်သည့်နေရာကိုကြည့်ကြည့် နွေးထွေးသည့်ခံစားချက်ကို ခံစားနေရသည်။
ဘေးပတ်လည်ကို အနည်းငယ် ကြည့်ရှုလိုက်ပြီးနောက် ရှုယီမှာ အသက်ပြင်းပြင်းရှူကာ ပုံမှန်ပြန်ဖြစ်သွားသည်။ ခဏမျှ ရပ်တန့်ပြီးနောက် သူဟာ အစောင့်လေ့ကျင့်ရေးစခန်းသို့ တစ်ဖန်ပြန်သွားလိုက်တော့သည်။
ပြန်လာသည့်အစောင့်များက မှော်သံချပ်ကာယာဉ်များထဲမှ ထွက်၍ ဟာ့ထ်၏ အမိန့်အောက်တွင် လေ့ကျင့်ရေးကွင်းများ၌ သပ်ရပ်သော စတုရန်းပုံစံကို ဖွဲ့စည်းလိုက်ပါ၏။
နတ်သူငယ်နှင့် လူပုလေး စစ်သည်အနည်းငယ်ရှိသော်လည်း ၎င်းတို့က လုံးဝဂရုမစိုက်ဘဲ ဟာ့ထ်၏ အမိန့်များကို လိုက်နာနေဆဲပင်။
တစ်နှစ်နီးနီးတိုက်ခိုက်လာပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ မျိုးနွယ်စုမတူသည့် အစောင့်များမှာ နက်ရှိုင်းသည့် ခင်မင်မှုရှိလာကာ ၎င်းတို့အကြားတွင် မည်သည့် အတားအဆီးမှရှိမနေတော့ချေ။
မာနကြီးသော နတ်သူငယ်စစ်သည်များသည်ပင် လူသားအစောင့်ခေါင်းဆောင် ဟာ့ထ်၏ အမိန့်များကို နားထောင်ဖို့ ဆန္ဒရှိနေ၏။
အစောင့်များ၏ မျက်နှာထက်ရှိ ခိုင်ကြည်နေဟန်များကိုမြင်သော် ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်လိုက်ပါ၏။ သူက ၎င်းတို့ကို မိန့်ခွန်းတိုလေးပြောပြီး ၎င်းတို့ မပြန်ခင် ဤတလောအတွင်း ကူညီထောက်ပံ့ခဲ့သည်များကို ချီးကျူးလိုက်သည်။
နောက်တွင် အစောင့်များ လူစုခွဲလိုက်ကြ၏။ ဟာ့ထ်က ရှုယီနံဘေးသို့ ထူးဆန်းဟန်ဖြင့်ရောက်လာကာ ပထမဆုံး ရှုယီကို ဦးညွှတ်လိုက်ပြီးနောက် အိတ်တစ်အိတ်ပေးလိုက်၏။
ရှုယီက အံ့ဩကာ ယူလိုက်၏၊ “ကျုပ်အတွက် လက်ဆောင်ယူလာတာလား?”
ဟာ့ထ်က ခေါင်းခါသည်၊ “အခု ဒါတွေက ကျုပ်လက်ခံရရှိခဲ့တဲ့ အမှာစာတွေပါ။”
***