အခန်း (၉၁-၁၀၀)
Vol. 4 Ch. 91-100
Vol 4, အခန်း ၉၁။ များစွာကွဲပြားသည့် ကိုယ်ကျင့်စရိုက်နှင့် ဆယ်ဗီနီ
သံချပ်ကာ မြင်းတပ်ကို ဦးဆောင်လာသူမှာ ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့် မြင်းတပ်ခေါင်းဆောင် မားလော့ခ် ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့်တို့ သားရဲလူမျိုးများကို ရှင်းရန် အလုပ်အတူလုပ်ခဲ့စဉ်က သူဟာ ဆယ်ဗီနီထံမှ အစောင့်ငါးရာကို ဦးဆောင်ခဲ့သူပင်။
ရှုယီသည် သူနှင့် အတူ ထိုစဉ်က အကြိမ်များစွာ အဆက်အသွယ်လုပ်ခဲ့သဖြင့် သူဟာ ဆယ်ဗီနီအတွက် မည်မျှ အရေးပါသည်ကို သိ၏၊ မဟုတ်ပါက သူမဟာ ထိုသို့သော အရေးကြီးတာဝန်တစ်ခုကို အပြည့်အဝထိန်းချုပ်ခွင့်ပေးမည်မဟုတ်ပေ။
ဆန်နက်မြေရိုင်း စစ်ဆင်ရေးပြီးနောက် မားလော့ခ်က သူ၏ အဖွဲ့ကို ဆယ်ဗီနီ၏ ကိုယ်ပိုင်နယ်မြေထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သူ့အတွက် ဤနေရာ၌ ရုတ်တရတ် ပေါ်လာသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ဆယ်ဗီနီလည်း ဤနေရာ၌ ရှိနေ၏။
မျှော်လင့်ထားသလိုပင် ရှုယီထိုသို့စဉ်းစားနေချိန်၌ ဘာရွန် ရစ်ခ်တိုမှော်ကျောင်းတော် ဂိတ်မှ ဖြတ်မောင်းလာသည့် အဖြူစွတ်စွတ် မှော်ဆလွန်းရှိသည်။ ၎င်းက မားလော့ခ်၏ သံချပ်ကာမြင်းတပ် ဖန်တီးပေးထားသည့် လမ်းကြောင်းမှ ဖြတ်လာကာ ရှုယီကို ဝိုင်းရံထားသော မြို့စောင့်များထံ ရောက်လာ၍ မြို့စောင့်တစ်ဦးကို တိုက်လိုက်ပြီးနောက်မှ ရပ်သွားသည်။
ရှုယီ အံ့ဩသွား၏။
ဤမှော်ဆလွန်းမှာ သူ ဆယ်ဗီနီကို ပေးထားသည့် တစ်ခုဖြစ်သည်မှာ သေချာသော်လည်း ဆယ်ဗီနီ၏ စရိုက်နှင့်ဆိုလျှင် မောင်းနှင်ချိန်၌ အင်မတန် သေသပ်သည်။ သူမအနေနှင့် ယခုမောင်းခဲ့သလို မည်သို့များ အရိုင်းဆန်ဆန်ပြုမူမည်နည်း?
ဆယ်ဗီနီက မောင်းလာတဲ့လူမဟုတ်လို့များလား?
သို့သော် တံခါးပွင့်လာချိန်တွင် ဆယ်ဗီနီထွက်လာ၏။
ဆယ်ဗီနီ၏ မျက်နှာကိုမြင်သော် ရှုယီမှာ တစ်ဖန်ကြောင်အသွားပြန်သည်။
ပုံမှန် ဆယ်ဗီနီတွင် မျက်နှာထက်၌ လူများကို တရင်းတနှီးဖြစ်စေသည့် အပြုံးမျိုးရှိတတ်သည်။
သို့သော် လက်ရှိ ဆယ်ဗီနီမှာ ရေခဲတစ်လွှာခြားထားသကဲ့သို့ အေးစက်စက်မျက်နှာပေးရှိနေ၏။ မျက်လုံးများထဲ၌လည်း အေးစက်မှုရှိနေသည်။
ထွက်လာပြီးနောက် ဆယ်ဗီနီ၏ အေးစက်စက်မျက်လုံးများက ရှုယီကို ဝိုင်းထားကြသည့် မြို့စောင့်များထံရောက်သွားသည်။ သူမ မျက်နှာထက်၌ ရှုပ်ထွေးနေဟန်ရှိနေပြီးနောက် အေးစက်စက်အသံဖြင် ဟောက်လိုက်၏၊ “ဘေးဖယ်ကြစမ်း!”
မြို့စောင့်များမှာ တစ်ဦးကိုတစ်ဦး နားမလည်စွာ ကြည့်လိုက်ကြသည်။
၎င်းတို့အနေနှင့် ဆယ်ဗီနီက မည်သူမည်ဝါမှန်းမသိကြလျှင်တောင် ဆယ်ဗီနီထုတ်လွှတ်ထားသည့် စွမ်းအားကြီးအရှိန်အဝါနှင့် သံချပ်ကာမြင်းတပ်တို့ကို သုံးသပ်ကြည့်ရင်း ဤမိန်းမငယ်လေးက သာမန်လူမဟုတ်သည်ကို နားလည်သွားသည်။
ဘေးရှိ ချိုပင်က စိတ်ထဲ ညည်းတွားလိုက်ပါ၏။
သူ့အနေနှင့် ဆယ်ဗီနီကို မှတ်မိသလို သူမနှင့် ရှုယီတို့ထံရှိ ဆက်ဆံရေးကိုလည်း သိသည်။
သူ့အနေနှင့် ယနေ့တွင် ရှုယီကို ဖမ်းရန် မမျှော်မှန်းထားသော်လည်း မင်းသမီးလေးဆယ်ဗီနီသာ ရုတ်တရတ် ဝင်စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်လျှင် သူ့အတွက် များစွာ ခက်ခဲသွားပေမည်။
အနည်းငယ်တုံ့ဆိုင်းနေပြီးနောက်၌ ချိုပင် ရောက်လာကာ ချောင်းအသာဟန့်၍ နေရခက်ဟန်ဖြင့် ဆယ်ဗီနီကို ပြောလာသည်၊ “မင်းသမီးလေး ဒါက.....”
“ဘေးဖယ်ကြစမ်းလို့!” ဆယ်ဗီနီမှာ သူ့အား ဖြတ်ပြောလိုက်သည်။
ချိုပင်နှင့် ရှုယီတို့ နှစ်ဦးစလုံး မှင်သက်သွားကြ၏။
ချိုပင်မှာ မင်းသမီးလေးဆယ်ဗီနီထံ၌ ထိုသို့သော အားကောင်းသည့် သဘောထားရှိမည်ဟု မထင်ခဲ့သလို ရှုယီလည်း ဆယ်ဗီနီက သူမ၏ စရိုက်နှင့် ဤသဘောထားမျိုးပြသမည်ဟု မထင်ထားခဲ့ဖူးချေ။
ရှုယီ၏ ဆယ်ဗီနီအပေါ် နားလည်မှုအရ သူမအနေနှင့် ကိစ္စများကို အတင်းအကြပ် မည်သည့်အခါမှ လုပ်မည်မဟုတ်ပေ။ သူမဟာ လူများအပေါ် ကြင်နာကာ ကောင်းကောင်းဆက်ဆံခြင်းကြောင့် ကျော်ကြားသည်။
ရှုယီနှင့် သူမတို့၏ ဆက်သွယ်မှုအကြာကြီးတွင် ဤအချက်ကို သက်သေပြပြီးဖြစ်၏။
ဆယ်ဗီနီအနေနှင့် အင်မတန်သိမ်မွေ့ကာ ညှာတာမှုကင်းမဲ့ခြင်းမရှိသဖြင့် မင်းသမီးတစ်ပါးနှင့် မတူသည့် အချိန်များစွာလည်းရှိသည်။
သို့သော် ယခုတွင် ဆယ်ဗီနီ၏ အေးစက်စက်မျက်နှာက မတူညီသည့် အသရေကို ပြသနေကာ တော်ဝင်မိသားစု၏ တစိတ်တပိုင်းက ပေါ်လွင်နေပါ၏။
ချိုပင်က ပါးစပ်အပြည့်တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။ သူက ပါးစပ်ဟကာ တစ်ခုခုပြောလိုက်ချင်ပါသော်လည်း ဆယ်ဗီနီက ရုတ်တရတ် လက်ပြလိုက်ရာ သူမနောက်ရှိ သံချပ်ကာမြင်းတပ်မှာ လက်နက်များကို ကိုင်မြှောက်လျက် ရှုယီကို ဝိုင်းထားသည့် မြို့စောင့်များကို ရွယ်ထားကြသည်။
မြို့စောင့်များ၏ မျက်နှာများက ချက်ချင်း သုန်မှုန်သွားကြ၏။
၎င်းတို့မှာ ဘန်တာမြို့၏ သာမန် မြို့စောင့်လေးများသာဖြစ်ပြီး ပုံမှန် လမ်ပူရီတိုင်းပြည် စစ်သည်များနှင့်ပင် မယှဉ်နိုင်ရာ သဘာဝကျကျပင် လက်ရွေးစင်တော်ဝင်မိသားစု ကိုယ်ပိုင်အစောင့်များနှင့် မယှဉ်နိုင်ချေ။
မင်းသမီးလေး ဆယ်ဗီနီက တကယ်ပဲ အမိန့်ပေးလိုက်လျှင် ၎င်းတို့လည်း သေချာပေါက် ခုခံနိုင်မည်မဟုတ်ပေ။
ထို့အပြင် မင်းသမီးလေးဆယ်ဗီနီက ၎င်းတို့အားလုံးကို သတ်ဖို့ အမိန့်ပေးလျှင်တောင် သေရုံသာရှိပြီး မည်သူကမျှ ၎င်းအတွက် မည်သည်ကိုမှ ဆိုမည်မဟုတ်။
ချိုပင်အနေနှင့် ၎င်းကို သေချာသိသည်မှာ ကောင်းသည့်အရာပင်။ ဆယ်ဗီနီ၏ မျက်နှာထက်ရှိ ပြင်းပြပြ အေးစက်နေဟန်ကိုမြင်သော် သူ၏ မျက်နှာမှာ အကြိမ်များစွာ ပြောင်းလဲသွားတော့သည်။ အဆုံးတွင် သူလည်း ခေါင်းငုံ့ကာသာ သက်ပြင်းချ၍ ရှုယီ ဘေးပတ်လည်ရှိ အစောင့်များကို လက်ယမ်းပြလိုက်၏။
မြို့စောင့်များမှာ ချမ်းသာရာရသွားကြပြီး ဘေးဖယ်ကာ ဆယ်ဗီနီနှင့် ရှုယီတို့ထံမှ အဝေးသို့ ရွှေ့လိုက်ကြသည်။
ဆယ်ဗီနေက ကြောင်အနေသည့် ရှုယီရှေ့ရောက်လာကာ လေးနက်ဟန်ဖြင့် ဆိုသည်၊ “ကျွန်မနဲ့အတူလိုက်ခဲ့ မြန်မြန်ထွက်သွားဖို့လိုတယ်။”
“ဘာလို့လဲ?” ရှုယီက ဆယ်ဗီနီကို ပထမဆုံးမြင်တွေ့ဖူးသကဲ့သို့ ကြည့်လိုက်သည်၊ “တစ်ခုခုဖြစ်လို့လား? ဒီတစ်ခေါက် လုပ်စရာတွေများနေတာ ဒီလိုထွက်သွားလိုက်ရင် လူတွေက ငါ့ကို ပုန်ကန်မှုကျူးလွန်တယ်လို့ ထင်မှာမဟုတ်ဘူးလား?”
“ဘာလို့ဆိုတာကို မမေးနဲ့” ဆယ်ဗီနီကခေါင်းခါ၏၊ “နိုင်ငံကာကွယ်ရေးတပ်မတော်ရဲ့ လက်ရွေးစင်တွေက လာနေတဲ့လမ်းမှာလို့ပဲပြောနိုင်တယ်။ ရှင့်ရဲ့ မှော်ပညာ အားကောင်းရင်တောင် လူတစ်ထောင်ကို မရပ်တန့်နိုင်ပါဘူး။ ဒီတော့ ရှင် အသက်ရှင်ချင်ရင် ဒီနေရာကနေ အခုချက်ချင်း ကျွန်မနဲ့အတူ ထွက်သွားရမယ်။”
ရှုယီမှာ မျက်ခုံးများစုကျုံ့သွားတော့သည်။
သူ့အနေနှင့် အင်မတန်စိတ်ရှုပ်ထွေးနေသည်၊ အဘယ့်ကြောင့် လမ်ပူရီတိုင်းပြည်က ရုတ်တရတ် ပြောင်းလဲကာ သူ့အပေါ် ရက်စက်လာရသနည်း?
သို့သော် သူ့အနေနှင့် ပို၍ ရှုပ်ထွေးနေသည်မှာ ဆယ်ဗီနီက ဤကိစ္စကို အင်မတန် အလေးအနက်တုံ့ပြန်ပြီး သူ့အားကာကွယ်ရန် သူမ၏ ကိုယ်ပိုင်အစောင့်များကို အသုံးပြုဖို့ရာပင် မတုံ့ဆိုင်းနေသောကြောင့်ဖြစ်၏။
၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးကောင်းကြသော်လည်း ဆယ်ဗီနီအနေနှင့် သူ့အား ဤသို့ကူညီသည်မှာ ပုန်ကန်မှုနှင့် ညီမျှသည်။
သူမဟာ မင်းသမီးလေးဖြစ်နေလျှင်တောင် ဤသည်က ခွင့်လွှတ်လို့မည့် ပြစ်မှုမဟုတ်။
ဆယ်ဗီနီ ဤသို့ လုပ်ဆောင်ခြင်းမှာ သံသယဝင်စရာမလိုလောက်အောင် များစွာ နစ်နာသည်။
“ကိစ္စမရှိဘူး။” ဆယ်ဗီနီက သက်ပြင်းချရင်း မျက်လုံးများထဲ ဝမ်းနည်းဟန်များ ဖြတ်ပြေးသွားသည်၊ “မင်းသမီးတစ်ပါးရဲ့ အဆင့်အတန်းကဘာမှမဟုတ်သလို လက်လျော့လိုက်တာကမှ ပိုကောင်းဦးမယ်။”
ရှုယီမှာ ပို၍ပင် ရှုပ်ထွေးသွားသော်လည်း ဆယ်ဗီနီက သူ့အား မေးခွန်းဆက်မေးနေဖို့ အခွင့်အရေးမပေးတော့ချေ။ သူမက လှည့်ကာ မှော်ဆလွန်းထဲဝင်၍ ရှုယီကို ထိုင်ရန် ညွှန်ပြလာသည်။
ဆယ်ဗီနီမျက်နှာထက်ရှိ ဆုံးဖြတ်ထားပြီးဟန်ကိုမြင်သော် ရှုယီမှာ အတန်ငယ် တုံ့ဆိုင်းနေတော့သည်။ သူဟာ ဌာနမှူးဖို့ဒ်ဒင်းကို ကိစ္စအနည်းငယ်ပြောပြီးနောက် ခရီးသည်ထိုင်ခုံ၌ ထိုင်လိုက်၏။
ရှုယီထိုင်လိုက်ပြီးနောက် ဆယ်ဗီနီဟာ မှော်ဆလွန်းကို စက်နှိုးလိုက်သည်။ သူမက စတီယာရင်ဘီးကို လှည့်၍ မှော်ဆလွန်းကို ကွေ့ကာ ဘာရွန် ရစ်ခ်တိုမှော်ကျောင်းတော်မှ အလျင်မောင်းထွက်၍ ကျောင်းတော်အပြင်ဘက် လမ်းမထက် ပျောက်ကွယ်သွားတော့သည်။
မားလော့ခ်ဦးဆောင်သည့် သံချပ်ကာမြင်းတပ်မှာလည်း သပ်ရပ်တိပသည့်ပုံစံကွက်ဖော်ကာ အမြန်လိုက်သွားတော့၏။
မွန်းတည့်နီးနီးတွင် အဖြူစွတ်စွတ် မှော်ဆလွန်းက ဆမ်မရာမြို့အပြင်သို့ မောင်းထွက်လာကာ အလျင်ရှေ့သို့ပြေးဆွဲရင်း ဆန်နက်မြေရိုင်းထဲ ဝင်ရောက်သွားလေသည်။
အဖြူစွတ်စွတ်မှော်ဆလွန်းက ရုတ်တရတ် ကွေ့ကာ လမ်းမမှ ဆင်းချကာ လမ်းနံဘေးရှိ ကုန်းမြင့်တစ်ဦးထံ ဦးတည်သွားသည်။
ဆယ်ဗီနီလည်း အပြင်ထွက်ကာ ကုန်းမြင့်ဆီသွား၍ သူမတို့နောက်ရှိ ဆမ်မရာမြို့ကို ကြည့်ရင်း ရှုပ်ထွေးနေဟန်များ ပေါ်လာသည်။
ရှုယီလည်း ထွက်လာကာ ဆယ်ဗီနီဘေးသို့ သွားလိုက်သည်။ သူမအား တွေးဆဆဖြင့် ခဏတာ ကြည့်ရှုနေပြီစနောက် အသံတိုးတိုးဖြင့်မေးလိုက်သည်၊ “ဆယ်ဗီနီ တစ်ခုခုဖြစ်ခဲ့လို့လား? မင်းကြည့်ရတာ ဒီနေ့ပုံမှန်မဟုတ်ဘူး။”
ဆယ်ဗီနီက ဆမ်မရာမြို့ကို ခဏတာကြည့်ရှုပြီးနောက် ခေါင်းယမ်းလာ၏၊ “ဟင့်အင်း ဘာမှမဖြစ်ပါဘူး။”
“တကယ်လား?” ရှုယီက သူမကို မယုံကြည်ချေ။
မည်သည်မှ မဖြစ်ပါလျှင် အဘယ့်ကြောင့် ဆယ်ဗီနီ၏ ပုံစံက အဘယ့်ကြောင့် ဤမျှ ရုတ်တရတ် ပြောင်းလဲသွားမည်နည်း?
တစ်စုံတရာဖြစ်ပွားခဲ့ကာ ၎င်းကိစ္စက အင်မတန် လေးနက်လောက်သည်။
မဟုတ်ပါက ဆယ်ဗီနီ၏ တည်ငြိမ်ကာ ပြတ်သားသည့် စရိုက်က ထိုမျှ ပြောင်းလဲသွားမည်မဟုတ်။
သို့သော် ဆယ်ဗီနီက မပြောချင်သည်မှာ ရှင်းနေသဖြင့် ရှုယီလည်း ဆက်မမေးနေတော့ချေ။
သူဟာ သူမနံဘေး၌ တိတ်တဆိတ်ရပ်လျက် အတူတူ ဆမ်မရာမြို့ကို ကြည့်လိုက်သည်။
ဆယ်ဗီနီ မျက်နှာထက်ရှိ အမူအရာအရ သူမဟာ ဆမ်မရာမြို့ကိုကြည့်နေခြင်းမဟုတ်ဘဲ လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို ကြည့်နေခြင်းပင်။
သို့သော် အဘယ့်ကြောင့် မျက်လုံးများထဲ ဆုံးဖြတ်ချက်အပြည့်ဖြစ်နေရသနည်း?
ကျောင်းတော်မှ ထွက်လာစဉ်က သူမပြောခဲ့သည့်စကားများနှင့် ဆက်စပ်ကြည့်သော် ရှုယီ အတွေးတစ်ခုရသွားသည်။
ဖြစ်နိုင်တာက.... ဆယ်ဗီနီအနေနဲ့ လမ်ပူရီတိုင်းပြည်ကနေ ထွက်သွားချင်လို့လား?
ဆယ်ဗီနီမှာ ရုတ်တရတ် ခေါင်းလှည့်လိုက်သည်၊ “ရှုယီ မှော်လှေရဲ့ တိုးတက်မှုက ဘယ်လောက်ရှိလာပြီလဲ?”
ရှုယီမှာ အံ့ဩသွားလေသည်၊ ဆယ်ဗီနီမှာ သူ့အား မှော်လှေအကြောင်းမေးမြန်းလာမည်ဟု ထင်မထားခဲ့ဖူးချေ။
“အာ.... အတော်လေးကောင်းပါတယ်။ ပထမဆုံးမှော်လှေက ကီလိုမီတာငါးရာခရီးအထိ ရောက်နိုင်ပြီမို့ တရားဝင်သုံးလို့ရပြီ။ နောက်လကျရင် ကျုပ်တို့လုပ်ငန်းစုအနေနဲ့ မှော်လှေနှစ်စီး ထပ်လုပ်ဦးမှာလေ။ မျှော်လင့်မထားတာတွေဖြစ်မလာခဲ့ရင်တော့ ဒီနှစ်ကုန်မှာ မှော်လှေငါးစီးလောက် ရနိုင်တယ်။” ရှုယီက ဆို၏။
“အဲဒီမှော်လှေတွေက ပင်လယ်ပြင်ကို ထွက်နိုင်မှာမဟုတ်လား?” ဆယ်ဗီနီ မေးလာသည်။
“ဟုတ်တယ် မစမ်းသပ်ရသေးပေမယ့်လည်း အချက်အလက်တွေက မှော်လှေတွေအနေနဲ့ ပင်လယ်ပြင်ဆီထွက်ဖို့ကို ပြဿနာမရှိကြောင်း ပြနေတယ်။” ရှုယီက ပြန်ဖြေလိုက်ကာ စိတ်ထဲရှိ သိလိုစိတ်ကို ဖိနှိပ်မရတော့ဘဲ မေးလိုက်၏၊ “ဆယ်ဗီနီ ခင်ဗျားလည်း လက်စ်လိုင်းလို ပင်လယ်ပြင်ကို သွားဖို့ စီစဉ်နေတာလား?”
ဆယ်ဗီနီက ခါးသက်သက်ပြုံးသည်၊ “ဖြစ်နိုင်ရင် စိုင်စ်နယ်မြေကြီးကနေ ထွက်သွားချင်တာ၊ ဝေးလေကောင်းလေပဲ။ ကျွန်မသာ ပင်လယ်ပြင်မှာ သီးသန့်ကျွန်းတချို့ ရှာတွေ့နိုင်ပြီး ကျန်တဲ့ဘဝကို အဲ့မှာ ရှင်သန်နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။”
ဆယ်ဗီနီ့အသံရှိ စိတ်ပျက်အားလျော့နေဟန်ကိုကြားသော် ရှုယီ အံ့အားသင့်သွားသည်။
သူ့အနေနှင့် ဆယ်ဗီနီထံတွင် ပြတ်သားသော စရိုက်ရှိခြင်းကြောင့် သူမကို အမြဲလေးစားခဲ့သည်။ သူမအနေနှင့် ဤလောကမှ ဖယ်ခွာလိုလာစေရန် မည်သည်များ ဖြစ်ပွားခဲ့ပါသနည်း?
တစ်အောင့် တိတ်ဆိတ်နေပြီးနောက် ရှုယီက ခေါင်းခါ၏၊ “ဒီဆန္ဒကို အခုတော့ အကောင်အထည်ဖော်လို့မရဘူး။ ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်လှေတွေကို အရင်ဆုံး ကျုပ်တို့ဘာသာအရင်သုံးမှာဖြစ်ပြီးတော့ အစီစဉ်အရ လုပ်ငန်းစုမှာ အနည်းဆုံးမှော်လှေ နှစ်ဆယ်ရှိ သင်္ဘောစုတစ်ခုကိုလိုအပ်တယ်။ ဒီပန်းတိုင်ကို ရယူဖို့ ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ဆို အနည်းဆုံး သုံးနှစ်ကြာမယ်လေ။”
“သုံးနှစ်?” ဆယ်ဗီနီက မျက်မှောင်ကုပ်သည်၊ “ဒါက အရမ်းကြာတာပေါ့”
ရှုယီက ပခုံးတွန့်၏။ သုံးနှစ်မှာ လုံးဝမကြာဘဲ တကယ်တမ်း အင်မတန်မြန်ဆန်လှသည်။
သင်္ဘောတည်ဆောက်ခြင်းနှင့် အခြားအရာများတည်ဆောက်ခြင်းက ခြားနားပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်လှေက မများပါလျှင်တောင် လှေတစ်စီးလုပ်ရန် အချိန်အနည်းငယ်တော့ ယူနေရဆဲပင်။
“ပြီးတော့ လက်စ်လိုင်းက မှော်လှေတွေအတွက် အမှာစာပေးခဲ့တာကြောင့် သူ့ရဲ့အမှာကို ဖြည့်ဆည်းဖို့ တစ်နှစ် ၂နှစ်ကြာဦးမှာ။ ခင်ဗျားအတွက် အပိုလှေ ရဖို့ အနည်းဆုံး ငါးနှစ်ကြာမယ်။” ရှုယီက ဆိုသည်။
“ငါးနှစ်?” ဆယ်ဗီနီရ ရှုယီကိုကြည့်ကာ စဉ်းစားလိုက်ပြီးနောက် ပြော၏၊ “ဒီတော့ အဓိပ္ပာယ်က ဒီကိစ္စကို လတ်တလောမှာ နှောင့်နှေးထားရုံပဲ တတ်နိုင်တယ်ပေါ့။ ရှုယီ ရှင်ကျွန်မကို တစ်ခုခုကူညီလို့ရမလား?”
ရှုယီမှာ ချက်ချင်း အပြုံးဖြင့်ဆိုသည်၊ “ပြဿနာမရှိပါဘူး ကျုပ်လုပ်ပေးနိုင်တာ ဖြစ်နေသရွေ့ ပြောသာပြော”
“ဟုတ်ပြီလေ ရှုယီ ကျွန်မ အခုနေဖို့ နေရာတစ်နေရာ ငှားပေးပါဦး”
ဆယ်ဗီနီ၏ မျက်လုံးများထဲရှိ အတန်ငယ် ကူရာမဲ့နေဟန်ကိုကြည့်ရင်း ရှုယီမှာ အံ့အားသင့်ကာ တစ်ခဏကြာအောင် မည်သည်ကိုမှ မဆိုနိုင်တော့ချေ။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၂။ သွေးနှောများ၏ အနီးစပ်ဆုံးနေရာ
ဆောင်းဦးပေါက်လာသည်နှင့် စိုင်စ်နယ်မြေကြီး၏ အခြားနေရာများအတွက် ရာသီဥတုက တဖြည်းဖြည်း အအေးပိုလာသည်။ စတက်တိန်းနယ်မြေအတွက် နွေရာသီနှင့် မခြားရာ ဤနေရာက နွေးနေဆဲဖြစ်ပြီး စိုထိုင်းနေသည်။
ကမ္ဘာမြေ၌ ဖြစ်စေ လမ်ပူရီတိုင်းပြည်၌ဖြစ်စေ ရှုယီမှာ ထိုမျှ ရေကူးရန် အချိန် သို့မဟုတ် အခွင့်အရေးမရခဲ့ပေ။ စတက်တိန်းနယ်မြေကို ရောက်ရှိပြီးနောက် ရာသီဥတုနှင့် ပင်လယ်နီးခြင်းတို့ကြောင့် ရှုယီမှာ တဖြည်းဖြည်း သမုဒ္ဒရာထဲ ရေကူးသည့် အလေ့အကျင့် ရလာတော့သည်။
သူဟာ ကမ်းခြေ၏ အထူးအပိုင်းတစ်ခုကိုပင် ရွေးချယ်ကာ ကမ်းခြေရေကူးဌာနတစ်ခုလုပ်ရန် ရံပုံငွေများ ရင်းနှီးမြှုပ်နှံခဲ့၏။
၎င်းတို့၏ အားလပ်ချိန်တွင် Frestech ကုန်သည်ကြီးများအသင်း အလုပ်သမားများက ကမ်းခြေနံဘေး၌ ရေကူးရန် မိသားစုများကိုပါ ခေါ်ဆောင်လာသည်။
စတက်တိန်းနယ်မြေ၏ ရာသီဥတုက ပူနွေးစိုစွတ်သဖြင့် ဤကမ်းခြေမှာ အင်မတန် ရေပန်းစားကာ အမြဲတစေ သက်ဝင်လှုပ်ရှားနေသည်။
မှန်ပါသည် ရှုယီမှာတော့ လူများစွာရှိ ကမ်းခြေသို့ မသွားချေ။
ကုန်းမြင့်ရှိ အိမ်တော်မှ သိပ်မဝေးသည့်နေရာတွင် သူ၏ ကိုယ်ပိုင်ကမ်းခြေဟု ယူဆနိုင်သော အခြားကမ်းခြေကို ဖွင့်လှစ်ထားသည်။
လူအုပ်နှင့်အတူ တစ်ခါတရံ အများပြည်သူကမ်းခြေသို့ သွားရောက်ခြင်းမှလွဲ ရှုယီမှာ အချိန်အများစုကို ဤနေရာ၌ ရေကူးအပန်းဖြေခြင်းဖြင့် ကုန်ဆုံးတတ်၏။
ယနေ့မှာ နေသာလှသဖြင့် ရှုယီလည်း အလုပ်ပြီးနောက် သူ၏ ကိုယ်ပိုင်ကမ်းခြေကို ဦးတည်လိုက်သည်။
စတေးလ်သည်လည်း ယနေ့၌ ပိတ်ရက်ရထားသောကြောင့် သူမနှင့် လဇ်တို့က ဖရီယာကို ကမ်းခြေသို့ ဆော့ကစားဖို့ ခေါ်ဆောင်လာသည်။
ဖရီယာမှာ လက်ရှိတွင် တစ်နှစ်ခွဲအရွယ် ဖြစ်သဖြင့် ပင်လယ်ထဲသို့ မသွားနိုင်သော်လည်း သဲနုနုများထဲတွင် အင်မတန် စိတ်ဝင်စားနေသည်။ သူမ၏ ခြေချောင်းလေးများအား သဲထဲ နှစ်ခြင်း သို့မဟုတ် ဆွဲကိုင်၍ တောင်ပို့လေးများ ဖန်တီးခွင့်ပြုခြင်းတို့ကြောင့် အင်မတန် ရွှင်ပျနေလေသည်။
ဖရီယာ မျက်မှာထက်ရှိ အပြုံးတောက်တောက်ကိုမြင်သော် ရှုယီမှာ ရုတ်တရတ် သက်ပြင်းချလေသည်၊ “ကလေးတစ်ယောက်က လွယ်လွယ်နဲ့ ပျော်စရာတွေ ရှာတွေ့နိုင်တယ်။”
စတေးလ်က သူ့ထံကြည့်လာသည်၊ “ဘာလဲ? ရှင် မင်းသမီးလေးကို စဉ်းစားမိပြန်တာလား? ကျွန်မ မေးခဲ့ပေမယ့် သူမက လာဖို့ ဆန္ဒမရှိဘူး။”
ရှုယီက ခေါင်းခါသည်၊ “သူမ ဘာတွေ ကြုံခဲ့ရမှန်း ကိုယ်တကယ်မသိဘူး။ ဘာလို့ရုတ်တရတ်ကြီး ဒီလောက် စိတ်ဓာတ်ကျနေပါလိမ့်? သူမ ဒီကိုရောက်နေတာ ၂လလောက်ရှိနေပြီး တစ်နေကုန် အခန်းထဲအောင်းနေတုန်းပဲ။ ဒီလိုသာဆက်နေရင် တစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်။”
စတေးလ်မှာ အသာမျက်မှောင်ကုပ်လေ၏၊ “ကျွန်မလည်း သူမကို အကြိမ်ပေါင်းများစွာ ပြောပေမယ့် စကားပြောချင်ပုံမရဘူး။ ကြည့်ရတာ တစ်ခုခုပြင်းထန်တာနဲ့ ကြုံခဲ့ပြီး တခြားလူတွေကို လွယ်လွယ်ပြောမရတာဖြစ်မယ်။ ကျွန်မ ခန့်မှန်းချက်သာမမှားရင် ဒါက တော်ဝင်မိသားစုနဲ့ ဆက်စပ်နေလောက်တယ်။”
“တော်ဝင်မိသားစု?” ရှုယီက မျက်မှောင်ကုပ်သည်၊ “လမ်ပူရီတိုင်းပြည် တော်ဝင်မိသားစုမှာ လူများများစားစားမရှိသလို သူမအနေနဲ့လည်း ထီးနန်းယူဖို့ မစီစဉ်ထားတော့ အဲရစ်က သူမကို ပြဿနာဖြစ်စေမှာမဟုတ်ဘူး။ သူမက ဘာတွေကို ပူပန်နေမှာလဲ?”
“ကျွန်မလည်း မသိပေမယ့် တော်ဝင်မိသားစုဆိုတာက မျိုးရိုးမြင့်တွေ အားလုံးကြားထဲမှာ အမှောင်မိုက်ဆုံးနေရာပဲ။ မင်းသမီးလေးက တော်ဝင်မိသားစုထဲမှာ ကြီးပြင်းလာရင်း တောက်ပနွေးထွေးပြီး တည့်တိုးဆန်တဲ့ စရိုက်ရှိတာက တကယ်ကို ရှားပါးတယ်။”
“လမ်ပူရီဆယ့်သုံးက သူမကို ကောင်းကောင်းကာကွယ်ပေးထားခဲ့လို့ ဖြစ်လောက်တယ်။” ရှုယီက သက်ပြင်းချကာဆိုသည်၊ “ဒီလိုဖြစ်လာတာ နှမျောစရာပဲ ဘာဖြစ်ခဲ့တယ်ဆိုတာ ကိုယ်တကယ်ပဲ သိချင်မိတယ်။”
“ဒါက တော်ဝင်မိသားစုရဲ့ လျှို့ချက်တစ်ခုဆိုတော့ မင်းသမီးလေးက တခြားလူတွေကို ပေါ့ပေါ့လေး ပြောပြမှာမဟုတ်တာကြောင့် ဒါကို မစဉ်းစားနဲ့တော့။” စတေးလ်က ခေါင်းခါသည်၊ “သူမကို ကူညီချင်ရင်တော့ အချိန်ပေးပြီး စဉ်းစားခွင့်ပြုလိုက်ပါ။ မင်းသမီးလေးမှာက သန်မာတဲ့စရိုက်ရှိတော့ သူမ အနေနဲ့ သေချာပေါက် လောင်းရိပ်ထဲကနေ ထွက်လာနိုင်မှာပဲ။”
“အင်း.... တခြားနည်းလည်းမရှိဘူး စိတ်ရှည်ရှည်ပဲ စောင့်နိုင်တော့တယ်။” ရှုယီမှာ အသက်ပြင်းပြင်းရှူရှိုက်၍ ခေါင်းခါကာ ဆယ်ဗီနီအတွက် စိုးရိမ်မှုများကို လွှင့်ထုတ်လိုက်တော့သည်။ သူက စတေးလ်ကိုကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးလေသည်၊ “ဟေး စတေးလ် ဒီရေကူးဝတ်စုံက အတော်လေး အဆင်ပြေသားပဲ။”
စတေးလ် ရှုယီနှင့် အတူ ကမ်းခြေသို့ မလာခင်တွင် သူမဟာ ရိုးရာရေကူးဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမအနေနှင့် ရေထဲ ဝင်ရန် အဆင်မပြေသဖြင့် စတေးလ်မှာ ရေကူးခြင်းကို စိတ်ဝင်မစားခဲ့ဖူးချေ။
ယခုတွင် ညတေးသံမျိုးနွယ်စုနှင့် အာမန်နီ ကုန်သည်ကြီးများအသင်းတို့ ထုတ်လုပ်ထားသော ရေစိုခံ ချည်ထည်ရေကူးဝတ်စုံကို ဝတ်ဆင်ထား၏။ ဤရေကူးဝတ်စုံအား ခန္ဓာကိုယ်အတိပုံစံ ဒီဇိုင်းဆွဲထားရာ ရေကူးဖို့ သင့်တော်ရုံသာမက သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကိုပါ ပေါ်လွင်စေ၏။
ကလေးတစ်ယောက် မွေးထုတ်ထားပြီးသားဖြစ်သော်လည်း စတေးလ်ဟာ ပြီးပြည့်စုံသော ကိုယ်လုံးလေးကို ထိန်းသိမ်းထားဆဲပင်။ သူမ ရေကူးဝတ်စုံဝတ်လိုက်ချိန်၌ သူမ၏ ကောက်ကြောင်းအားလုံးကို ဖော်ပြထား၏။ သူမ၏ ရွှေရောင်ဆံနွယ်နှင့် လှပသောမျက်နှာလေးကိုပါ ပေါင်းလိုက်သော် သူမနှင့် ရှုယီမှာ ဝါရင့်လက်ထပ်ပြီးသားစုံတွဲဖြစ်ပါလျှင်တောင် အာရုံစိုက်လာရန် ဆွဲဆောင်နေမိဆဲပင်။
ရှုယီ၏ ချီးကျူးသံကိုကြားသော် စတေးလ်မှာ လုံးဝမရှက်ရွံ့ဘဲ ရင်ဘတ်ကိုကော့ကာ ရှုယီထံ လှပသောကိုယ်လုံးလေးကို ပြလိုက်သည်။
“ဒီရေကူးဝတ်စုံက ဝတ်ရ တကယ်အဆင်ပြေသားပဲ။ ပြောရရင် နတ်သူငယ်တွေဆီမှာ တကယ်ပဲ ထူးထူးဆန်းဆန်းအရာတွေရှိတယ်။ ရှင်သာ သူတို့နဲ့ ပူးပေါင်းဖို့ အခိုင်အမာဖြစ်နေခဲ့တာကြောင့်မဟုတ်ရင် သူတို့ဆီကနေ ဒီလိုအဖိုးတန်လွန်းတဲ့အရာတွေကို ရနိုင်လောက်မှာမဟုတ်ဘူး။”
ရှုယီက ဂုဏ်ယူစွာပြုံးသည်၊ “သေချာတာပေါ့ မျိုးနွယ်စုတွေ အားလုံးဆီမှာ သူတို့ရဲ့ တန်ဖိုးရှိတယ်။ နတ်သူငယ်တွေအနေနဲ့ အရင်က နှစ်ပေါင်းများစွာကြာအောင် နယ်မြေကြီးကို အုပ်ချုပ်ခဲ့တာကို မပြောနဲ့ဦး လူသားတွေ မကျွမ်းကျင်နိုင်တဲ့ ဗဟုသုတအချို့လည်း ရှိလောက်ကြတယ်။ တကယ်တော့ သွေးနှောမျိုးနွယ်စု ပပျောက်သွားခဲ့တာ နှမျောစရာပဲ။ စာအုပ်တွေအရဆို သွေးနှောတွေဆီမှာ စက်တွေနဲ့ ပတ်သက်လာရင် အင်မတန်ကောင်းမွန်တဲ့ အသိပညာနဲ့ အရည်အချင်းတွေရှိတယ်တဲ့၊ ဒီတော့ သွေးနှောတွေသာ နယ်မြေကြီးမှာ ရှိနေသေးရင် သူတို့နဲ့ အတူ အလုပ်လုပ်ချင်မိတယ်။ သူတို့အနေနဲ့ မှော်စက်မှုနယ်ပယ်ကို တည်ထောင်တဲ့နေရာမှာ ကြီးကြီးမားမား အထောက်အကူဖြစ်မယ်လို့ ယုံကြည်တယ်။”
စတေးလ်က ပင်လယ်ဘက်လှည့်ကာ ပင်လယ်ပြင် အဝေးဆီညွှန်ပြလာ၏။
“ဒဏ္ဍာရီတွေမှာ ပြောတာတော့ သွေးနှောတွေက လုံးဝပျောက်ကွယ်သွားတာမဟုတ်ဘဲ သူတို့ရဲ့ စက်သင်္ဘောတွေကို နယ်မြေကြီးကနေ ထွက်ခွာဖို့ ယူပြီး အဆုံးမဲ့ပင်လယ်ပြင်အနက်ပိုင်းဆီ ဦးတည်သွားကြတယ်တဲ့။ ပင်လယ်ရဲ့ တစ်ဘက်မှာ တခြားနယ်မြေကြီးရှိပြီး သွေးနှောတွေလည်း တခြားနယ်မြေကြီးကို ရောက်ရင်း ခြေကုပ်တောင် ယူထားပြီးလောက်ကြပြီ။”
“အဆုံးမဲ့ပင်လယ်ပြင်ရဲ့ အနက်ပိုင်း?” ရှုယီက အဝေးပင်လယ်ပြင်ကိုကြည့်ကာ အသာပြုံးသည်၊ “ကိုယ်တို့လုပ်ငန်းစုက မှော်လှေတွေနဲ့ အနက်ပိုင်းပင်လယ်ခရီးအတွက် စမ်းသပ်တဲ့အခါကျရင် သေချာပေါက် သင်္ဘောစုတစ်ခု ဖန်တီးပြီး အဆုံးမဲ့ပင်လယ်ပြင်ကို စူးစမ်းတော့မှာ။ စတေးလ် မင်းယုံလား? သင်္ဘောစုသာ ဒီနေရာမှာ စတင်ပြီး ရှေ့ဆက်တိုးသွားရင် သူတို့တွေက ကိုယ်တို့နောက်ကနေတက်လာပြီး စိုင်စ်နယ်မြေကြီးရဲ့ အရှေ့ကမ်းရိုးတန်းဆီရောက်လိမ့်မယ်။”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” စတေးလ်၏ မျက်လုံးများက အလန့်တကြားပြူးကျယ်သွားသည်၊ “ရှင် အနောက်ဘက်ကို သွားရင် ဘယ်လိုလုပ် အရှေ့ဘက်ကိုရောက်နိုင်မှာလဲ?”
“ကိုယ်အရင်က မင်းကိုပြောပြဖူးတာ မှတ်မိလား? ကိုယ်တို့ကတကယ်တမ်း အလုံးကြီးတစ်လုံးအပေါ်မှာ ဖြစ်တာကြောင့် မင်းသာ အနောက်ဘက်ကိုဆက်သွားနေရင် ဒီအလုံးကို စက်ဝိုင်းပုံရစ်ပတ်နေမိပြီး တခြားဘက်ကို ရောက်သွားမှာပဲ။”
“ဒါက ရှင့်ရဲ့ ခန့်မှန်းခြေပဲ မဟုတ်ဘူးလား?” စတေးလ်က မျက်မှောင်ကုပ်သည်၊ “လှေတွေက ဆက်သွားနေပေမယ့်လည်း လုံးဝမထွက်ခွာခင်မှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာကို မြင်နိုင်တာက ကျိုးကြောင်းသင့်ပေမယ့်လည်း ကျွန်မတို့က အလုံးတစ်လုံးအပေါ်မှာ ရှိတယ်လို့ ပြောတာကတော့..... အရမ်းကို စိတ်ကူးယဉ်ရာကျသွားပြီ။ ဘာလို့ကျွန်မတို့ ပြုတ်မကျရတာလဲ?”
ရှုယီက ရယ်မောလေ၏။ ဤသည်မှာ ရှေးကမ္ဘာများကို ဝိဉာဉ်ကူးပြောင်းခဲ့ကြသည့် ဇာတ်လိုက်တိုင်း ကြုံတွေ့ရမည့် အရာဖြစ်သော်လည်း ဤပြဿနာမှာ ရှင်းပြဖို့ ခက်ခဲလွန်းလှချေသည်။
ထို့အပြင် ဤသီအိုရီကို သက်သေပြဖို့ ဥပမာမရှိသဖြင့် လူများယုံလျှင်ပင် ထူးဆန်းနေမည်ဖြစ်သည်။
“ဒီလေ့လာမှုကို စုစည်းနိုင်တံ့အခါ သက်သေပြပါ့မယ်။” ရှုယီက အဝေးကိုကြည့်ပြီးနောက် ကောင်းကင်ကို မော့ကြည့်ပေသည်။
တကယ်တမ်းတွင် မှော်လှေများနှင့်ယှဉ်ပါက ကမ္ဘာကို လှည့်ပတ်သွားလာရန် ပိုလွယ်သည့်နည်းမှာ မှော်လေသင်္ဘောများကို အသုံးပြုရန်ပင်။
အကြောင်းအရင်းမှာ မှော်လေသင်္ဘောအနေနှင့် သမုဒ္ဒရာ၌ လှည့်ပတ်သွားလာရန်မလိုသလို ရေစီးကြောင်းများနှင့် မထိခိုက်စေနိုင်သဖြင့် ပို၍ လုံခြုံသည်။
သို့ရာ၌ တစ်ယောက်ယောက်သာ ကောင်းကင်ယံ၌ ပျံသန်းလျှင် ရာသီဥတုက လွှမ်းမိုးမှုကြီးမား၏။ ၎င်းတို့သာ ပင်လယ်ပြင်ထက် မုန်တိုင်းတစ်ခုနှင့် ကြုံဆုံခဲ့သည်ရှိသော် အင်မတန် အန္တရာယ်များလွန်းလှသည်။
ယခုချက်ချင်း ကမ္ဘာပတ်ပျံရန်မှာ လုပ်နိုင်ဖို့ရာ အင်မတန် လိုအပ်နေသေးသည်။
အီဗီတာ အာရုံစိုက်လေ့လာနေသည့် မှော်လေသင်္ဘောများမှာ မှော်လှေများထက် အနည်းငယ် ပိုနှေးကြသည်။ ဤအချက်အထိ သူမအနေနှင့် ငါးတန်ကျော်ထက်ပို မသယ်ဆောင်နိုင်သည့် မှော်လေသင်္ဘောများကိုသာ ဖန်တီးနိုင်သလို ရှုယီ ချမှတ်ထားသည့် ကီလိုမီတာတစ်ထောင် ခရီးကို မအောင်မြင်နိုင်ခဲ့ပေ။ ၎င်းက စမ်းသပ်မှုသာရှိသေး၏။ ၎င်းကို မပြင်ဆင်ရသေးသည်သာမက သင်္ဘောကုန်တင်ပို့ဆောင်ရန်ပင် မသုံးရသေးချေ။
ဤသည်မှာ မှော်လေသင်္ဘောတို့က လေထဲပျံဝဲခြင်းကြောင့်ပင်။ မှော်လှေပျက်စီးခြင်းက ပင်လယ်၌ လူတစ်ဦးကို ပေါလောပေါ်နေစေသော်လည်း မှော်လေသင်္ဘောပျက်စီးပါက ကောင်းကင်မှ ကျလာလျှင် သေမည့်အဓိပ္ပာယ်ဖြစ်၏။
ထို့ကြောင့် အီဗီတာမှာ မှော်လေသင်္ဘောများတည်ဆောက်နေစဉ်တွင် ဂရုစိုက်ဖို့လိုကာ အသေးစိတ်တိုင်းက ပြီးပြည့်စုံပြီး စမ်းသပ်မှုတစ်မျိုးကို အကြိမ်ရာနှင့်ချီအောင် ထပ်ခါထပ်ခါလုပ်ဖို့လိုသည်။ သဘာဝကျစွာပင် မှော်လေသင်္ဘော တည်ဆောက်မှုက များစွာ ပိုမိုနှေးနေ၏။
သို့သော် ရှုယီမှာ သူမ၏ သဘောထားကို ထောက်ပံ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များ၌ မည်သည့် အဓိက အရည်အသွေးပြဿနာမှမရှိသော်လည်း မဖြစ်နိုင်လောက်သည့် အဓိပ္ပာယ်တော့မဟုတ်ပေ။
မည်သို့ဖြစ်စေ လိုအပ်ချက်များနှင့် ပတ်သက်ပြီး တင်းကြပ်ရမည်မှာ မှန်ကန်လေရာ ဤမျှ အရေးပါသည့်မှော်လေသင်္ဘောကိုဆိုလျှင် ပြောဖို့ပင် မလိုချေ။
မှော်လေသင်္ဘောအကြောင်းစဉ်းစားမိချိန်တွင် ရှုယီမှာ ရုတ်တရတ် သူ၏ အထက်ရှိ လေထဲမှ တဝီဝီမြည်သံတစ်ခု ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သော် ရှုယီမှာ ၎င်းတို့နောက် ကုန်းမြင့်ထက်မှ အရိပ်တစ်ခု လွင့်မျောနေသည်ကို တွေ့ရ၏။ ၎င်းက ရှုယီနှင့် စတေးလ်တို့၏ ခေါင်းအထက်၌ ရှိနေသဖြင့် အရိပ်က ၎င်းတို့ကို ကာထားသည်။
“ဘာလို့ သူတို့ ဒီကို ထပ်ရောက်လာတာလဲ?” စတေးလ်လည်း တအံ့တဩပင် ၎င်းတို့အထက်ရှိ မှော်လေသင်္ဘောကို မော့ကြည့်လိုက်သည်။
“ဖြစ်နိုင်တာက ဒီစမ်းသပ်မှုလုပ်နေတုန်း ကိုယ်တို့ကို မြင်လိုက်လို့နေမယ်။” ရှုယီက ဖြေလိုက်ပြီးနောက် ရုတ်တရတ် မှော်လေသင်္ဘောထဲမှ လူတစ်ဦး ခုန်ဆင်းလာသည်ကို မြင်လိုက်ရပါ၏။
ရှုယီနှင့် စတေးလ်တို့နှစ်ဦးစလုံး တစ်ပြိုင်တည်း ကြောက်ရွံ့သွားကြသည်။
ထိုသို့သော အမြင့်နေရာမှ ခုန်ဆင်းသည်ရှိသော် သဲနုနုပေါ်သို့ကျရောက်လျှင်တောင် အသားတုံးဖြစ်သွားလိမ့်မည်။
သို့သော် နှစ်ဦးသားက ချက်ချင်းမတုံ့ပြန်မိကြ။
မှော်လေသင်္ဘောအား စမ်းသပ်နေဆဲဖြစ်သဖြင့် ရှုယီနှင့် အီဗီတာတို့မှာ တင်းကြပ်ကြသည်။ မှော်လေသင်္ဘောအား မောင်းနှင်နိုင်သူများမှာ အနည်းဆုံး ပျံသန်းခြင်းမှော်အတတ်ကို တတ်မြောက်သည့် မှော်ပညာရှင်ဖြစ်ရမည်။
သို့သော် ထိုသို့စဉ်းစားကြည့်လျှင်တောင် နှစ်ဦးမှာ တပြိုင်တည်း မှော်ပညာများကို အသက်သွင်းကာ ၎င်းတို့ကိုယ်ကို ပြင်ဆင်ထားကြတော့သည်။
အခြေအနေဆိုးသည်ကို မြင်ရသည်နှင့် ထိုလူကို ကယ်မည်သာ။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၃။ အရည်အသွေးပြဿနာများ
အချက်အလက်များက ထိုနှစ်ဦးအနေနှင့် စိုးရိမ်ဖို့ မလိုသည်ကို သက်သေပြနေသည်။
ထိုလူမှာ ပထမတွင် လွတ်လွတ်လပ်ကျဆင်းနေသကဲ့သို့ အင်မတန် မြန်ဆန်စွာ ကျလာသော်လည်း လမ်းတစ်ဝက်ရောက်သည်နှင့် တဖြည်းဖြည်း အရှိန်လျော့ကာ နောက်ဆုံးတွင် ငှက်မွေးကဲ့သို့ လွင့်မျောကျလာသည်။
ထိုသို့ဆင်းလာပြီး အပြုံးဖြင့် ရှုယီနှင့် စတေးလ်တို့ထံ တိုးလာသည်မှာ အာကာလီပင်။
စတေးလ်မှာ သူမအား မပျော်ရွှင်စွာ ကြည့်လာသည်၊ “နင် ငါတို့ကို သေအောင်ခြောက်နေတာလား? ရုတ်တရတ် ဒီလိုကြီး ဆင်းလာရတယ်လို့။”
“ငါနည်းနည်းလောက် ပိုမြန်မြန် သွားချင်ခဲ့တာ။” အာကာလီက အပြုံးဖြင့် ပြန်ဖြေသည်။ သူမက အိတ်ကပ်ထဲမှ သေတ္တာလေးတစ်လုံးထုတ်ကာ နှိပ်လိုက်ပြီးနောက် ပြောသည်၊ “ဟေး အီဗီတာ ဒီမှာ ဥက္ကဌနဲ့ စတေးလ်ရှိတယ် နင်လာချင်လား?”
အီဗီတာ၏ အသံက ထိုသေတ္တာလေးမှ ထွက်လာသည်၊ “မလိုပါဘူး။ ဥက္ကဌကို အစီရင်သာခံလိုက် ငါ စမ်းသပ်လေယာဉ်နဲ့ ဆက်သွားလိုက်မယ်။ ခဏနေ နင့်ကို လာခေါ်စေချင်လား?”
“မလိုတော့ပါဘူး ဒါပေမယ့် နင်တကယ်ပဲ ဆင်းမလာချင်ဘူးလား? ရာသီဥတု ဒီလောက်ကောင်းနေတာ ရေကူးဖို့အတွက် အဆင်ပြေတယ်။ နင် ရေကူးဝတ်စုံ ယူခဲ့တယ် မဟုတ်လား? အဲဒါမသုံးရင် ဖြုန်းတီးရာကျတယ်။”
“နင်....” အီဗီတာ၏ သေတ္တာလေးမှ ထွက်လာသောအသံမှာ အနည်းငယ် ရှက်ရွံ့မှုပြည့်နေသည်၊ “ငါက ဒီတိုင်း..... ငါက ဒီတိုင်း ယူလာရုံပါ ဘယ်တုန်းကမှ..... ရေကူးဖို့ မစဉ်းစားထားဘူး.....'
ရှုယီမှာ မနေနိုင်အောင်ပြုံးရင်း အာကာလီ့လက်ထဲမှ မှော်ဆက်သွယ်ရေးကိရိယာကို ယူလိုက်သည်။
“ဟုတ်ပြီ အီဗီတာ မင်းလည်း ဆင်းလာခဲ့။ စမ်းသပ်လေယာဉ်ကို တခြားသုတေသနပညာရှင်တွေဆီ ဂရုစိုက်ဖို့ပေးလိုက်၊ မင်းကို မေးစရာရှိနေတယ်။”
အီဗီတာက ခဏတာ တိတ်ဆိတ်သွားပြီးနောက် အသံဖွဖွလေးပေါ်လာသည်။
“အင်း.... ကောင်းပြီလေ.....”
တစ်ခဏကြာပြီးနောက် အီဗီတာမှာ ၎င်းတို့အထက်ရှိ မှော်လေသင်္ဘောထံမှ ဆင်းလာသည်။
ရှုယီက ရေကူးအဝတ်သာ ဝတ်ထားပြီး အပေါ်ပိုင်းကိုယ်ထည်ကိုပြသထားသည်အား မြင်သော် အီဗီတာ၏ မျက်နှာမှာ အနည်းငယ် နီစွေးသွားသည်။ သူမက မိမိကိုယ်ကို တည်ငြိမ်စေကာ ရှုယီကို မေးလေ၏၊ “ဥက္ကဌ မေးစရာလိုတာရှိလို့လား?”
ရှုယီမည်သည်ကိုမှ မဆိုခင်တွင် အာကာလီက ရုတ်တရတ် အီဗီတာ၏ ကျောပိုးအိန်ကို ယူလိုက်သည်။ သူမက ၎င်းကို ဖွင့်၍ ရေကူးဝတ်စုံထုတ်ကာ အီဗီတာရှေ့ ဝင့်ကြွားဟန်ဖြင့် လှုပ်ခါပြလာ၏။
“အိုင်း အိုင်း မလာချင်ဘူးလို့ ပြောခဲ့သေးတယ်။ ကြည့်ပါဦး နင့်ရဲ့ ရေကူးဝတ်စုံကို ပြင်ထားပြီးသားလေ။”
အီဗီတာ၏ မျက်နှာမှာ နီရဲလာတော့သည်။ သူမအနေနှင့် အိတ်နှင့် ရေကူးဝတ်စုံကို အာကာလီထံမှ ပြန်လုယူချင်သော်လည်း သူမက အမြန်ရှောင်သွားသည်။
ရှုယီမျက်နှာထက်ရှိ စဉ်းလဲသော အပြုံးကို မြင်သော် အီဗီတာက ဒေါသဖြင့် ဆိုသည်၊ “ကျွန်မ ဒီတိုင်းထည့်လာရုံပဲ၊ ဘယ်တုန်းကမှ မထင်.... ဘယ်တုန်းကမှ မထင်ထားဘူး။”
ရှုယီက ရယ်မောသည်၊ “ဟုတ်ပြီလေ ဒီကိုရောက်နေပြီဆိုမှတော့ မင်းလည်း ဒါကို အခွင့်အရေးယူပြီး နားသင့်တယ်။ အီဗီတာ၊ အာကာလီ မင်းတို့ရဲ့ ရေကူးဝတ်စုံတွေကို ဘေးက အခန်းထဲမှာ သွားလဲလို့ရတယ် ဒီနေ့ မင်းတို့ကို ပိတ်ရက်ပေးနေတာ။”
အာကာလီက ပျော်ရွှင်သွားသော်လည်း ရှုယီ ပြင်ထားသည့် အဝတ်လဲခန်းထဲသို့ မသွားဘဲ သူမ၏ အပေါ်ထပ်ကို ချွတ်လိုက်သည်။
ရှုယီ၊ စတေးလ်နှင့် အီဗီတာတို့မှာ ထိတ်လန့်အံ့အားသင့်သွားကြ၏။ ၎င်းတို့ သူမကို တားမြစ်မည်အပြုတွင် သူမက ချွတ်ချလိုက်ပြီးဖြစ်ကာ ဝတ်ပြီးသား ရေကူးဝတ်စုံကို ပြသလာသည်။
ရှုယီမှာ မနေနိုင်ဘဲ ရယ်ရသလို ခံစားမိသွား၏၊ “ကျုပ်ပြောမယ် အာကာလီ မင်း ဒီလိုလုပ်ဖို့ကို စီစဉ်ထားပြီးသားလား? မင်းက ရေကူးဝတ်စုံကိုကြိုဝတ်ထားတော့ သက်တောင့်သက်သာမဖြစ်သလို မခံစားရဘူးလား?”
“လုံးဝပဲ” အာကာလီက သူမ၏ စကပ်ကို ချွတ်လိုက်ရာ ရှုယီမှာ ဥက္ကဌဗင်းဆင့်ဆီ သူ အကြံပြုခဲ့သည့် ဘီကနီ ရေကူးဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
စိုင်စ်နယ်မြေကြီးရှိ စတိုင်လ်မှာ အတော်လေးပွင့်လင်းသော်လည်း ဘီကနီကဲ့သို့ အသားအင်မတန်ဖော်ပြထားသော အရာမျိုးကို စိုင်စ်နယ်မြေကြီး၌ များသည်ဟု ယူဆနိုင်သည်။ ဥက္ကဌဗင်းဆင့်အနေနှင့် လူများစွာက ထိုသို့သော ရေကူးဝတ်စုံမျိုးကို ရွေးချယ်မည်ဟု မူလက မထင်ခဲ့ပေ။
သို့သော် အာကာလီက တစ်စုံဝယ်ကာ ပုံမှန်လို ဝတ်ထားမည်ဟု မစဉ်းစားခဲ့မိချေ။
း
သူမကိုယ်ပေါ်ရှိ ရှုယီ၏ မျက်လုံးများကိုမြင်သော် အာကာလီက ပြုံးကာ လှည့်ပြလိုက်သည်။
“ဘယ်လိုလဲ? ဥက္ကဌ ဒီရေကူးဝတ်စုံကို ဝတ်ထားတာ ကြည့်ကောင်းရဲ့လား?”
“အင်း... ကြည့်ကောင်းပါတယ် .... ဒါပေမယ့်....” ရှုယီက ခေါင်းငြိမ့်ကာ မနေနိုင်အောင်ပြုံးရင်း ဆက်ပြောသည်၊ “အာကာလီ ဒီလိုရေကူးဝတ်စုံမျိုးက.... အင်း.... ပစ္စည်းရှိပုံစံ မိန်းကလေးမျိုးနဲ့ပဲ သင့်တော်တာ ဒါပေမယ့် မင်းလိုလူကျတော့.....”
“ပစ္စည်းရှိတဲ့ ပုံစံ?” အာကာလီ သူမကိုယ်ကို ငုံ့ကြည့်လိုက်ရာ သူမ၏ ရင်ဘတ်က ပြားနေသည်ကို တွေ့သဖြင့် ချက်ချင်း ရှုယီ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။
သူမက ပွင့်လင်းကာ ရှုယီရှေ့၌ မည်သည်ကိုမှ မကွယ်ဝှက်ထားလျှင်တောင် ရှုယီထိုသို့ ပြောလာစဉ်တွင် မျက်နှာလေး နီရဲလာသည်ကို မတားနိုင်တော့ပေ။
ထို့နောက် ရှုယီက သူမ၏ ရင်ဘတ်ကို အင်မတန်သေးသည်ဟု ဆိုခြင်းက သူမအား အနည်းငယ် ဒေါသဖြစ်စသေဖြင့် မနေနိုင်ဘဲ စိုက်ကြည့်ပေးလိုက်သည်။
သူမအနေနှင့် ၎င်းကို ငြင်းပယ်လိုက်ချင်သော်လည်း မျက်လုံးများက ရှုယီနံဘေး၌ ရပ်နေသည့် စတေးလ်ဘက် မရောက်ဘဲ မနေလိုက်ချေ။
စတေးလ်၏ ရင်ဘတ်ထက်ရှိ အင်အားကြီး အမို့အမောက်များကို မြင်သော် အာကာလီမှာ ဒေါသတကြီး နှာမှုတ်ရုံသာ တတ်လိုက်နိုင်သည်။
သို့သော် ဖရီယာနှင့် ကစားနေကြသည့် တူညီသော ရင်ဘတ်အမျိုးအစားများရှိ လဇ်နှင့် လင်ဒါတို့ကို လှည့်ကြည့်လိုက်ရာ စိတ်ထဲတွင် လေးနက်သောအချည်းနှီးဖြစ်မှုကို ခံစားမိလိုက်သည်။
အာကာလီက အံကိုကြိတ်ကာ သူမအနေနှင့် ရှုယီကို မနေနိုင်တော့ဘဲ ပြောသည်၊ “ဥက္ကဌ ရှင်က.... ရင်သားကြီးတဲ့ မိန်းကလေးတွေကို သဘောကျတာလား?”
၎င်းကိုကြားသော် နံဘေး၌ တည်ငြိမ်သွားကာစ အီဗီတာမှာ တစ်ဖန် မျက်နှာရဲလာသည်။ စတေးလ်က ရှုယီကိုစိတ်ဝင်စားဟန်ဖြင့် ကြည့်ကာ သူ၏ အဖြေအတွက် စောင့်နေပေ၏။
“ဒါက....လူတိုင်းရဲ့ အမြင်ကနေဆို ပိုပြီး ပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့ မိန်းကလေးက တကယ်ပဲ ပို ရေပန်းစားတာပေါ့။ ဒါပေမယ့် ကျုပ်တို့ ဇာတိမှာ ဆိုရိုးရှိတယ်၊ သေးငယ်တဲ့ရင်သားတွေကလည်း ရှားပါးရင်းမြစ်တဲ့ ဒီတော့ လူတော်တော်များများက ကြိုက်ကြ၏တယ်။” ရှုယီက ခေါင်းငြိမ့်ကာ အာကာလီ၏ ပခုံးကို အားပေးသည့်နှယ် ပုတ်ပေးလိုက်၏၊ “မပူပါနဲ့ မင်းလည်း ဒီလိုရေပန်းစားပါတယ်”
အာကာလီက မျက်လုံးများ လှိမ့်လိုက်၏၊ “တခြားလူတွေ သဘောကျသလားမေးတာမဟုတ်ဘဲ အခုက ရှင့်ကိုမေးနေတာလေ။ ဥက္ကဌ ရှင် ကျွန်မရဲ့ပုံစံကို သဘောကျလား စတေးလ်ရဲ့ ပုံစံကို သဘောကျလား?”
“ဒါကို ယှဉ်လို့မရဘူးလေ စတေးလ်က ကျုပ်ရဲ့ မိန်းမမို့ သူမကို ပိုသဘောကျတာပေါ့။”
“ကျွန်မက လူကိုမေးနေတာမဟုတ်ဘူး ဒါကို မေးနေတာ....” အာကာလီမှာ စတေးလ်၏ ရင်ဘတ်ကို ညွှန်ပြလာသည်။
“ဒါက..... အရှိတိုင်းဆိုရင်တော့ ကျုပ်က စတေးလ်ရဲ့ အမျိုးအစားကို ပိုရပ်တည်ရမယ်....” ရှုယီက စဉ်းစားပြီးနောက် ရိုးရိုးသားသားဖြေလိုက်သည်။
“ဟမ့်! သိသားပဲ!” အာကာလီက ဒေါသတကြီး လှည့်ကာ ကမ်းခြေဆီလျှောက်သွားတော့သည်။ သူမက ပင်လယ်ထဲ ခုန်ဝင်ကာ ရေကူးနေတော့၏။
“ရှုယီ ရှင်ဘယ်လို ပညာသားပါပါပြောရမယ်ဆိုတာမသိဘူးလား?” စတေးလ်က ရှုယီကို စိုက်ကြည့်၏၊ “ဒီလိုပြောတာက အာကာလီကို နာကျင်စေတယ်လေ။”
ရှုယီက ပြုံးကာ ရှင်းပြဖို့ မကြိုးစားပေ။
လှည့်လိုက်သော် ကြောင်အနေသည့် အီဗီတာကိုမြင်ကာ ရှုယီပြောလိုက်သည်၊ “အီဗီတာ မင်းလည်း လဲသင့်တယ်။ မှော်လေသင်္ဘောက စမ်းသပ်မှုကီလိုမီတာ နှစ်ရာလုပ်မှာဆိုတော့ တစ်မွန်းလွဲလုံး ကြာလောက်တယ်။ ဒီနေ့ ဒီတိုင်းနားလို့ရပါတယ်။”
အီဗီတာက ခဏတာ ရပ်နေပြီးနောက် ခေါင်းခါသည်၊ “ကျွန်မ မလုပ်သင့်ဘူး။ ကျွန်မ ရေကူးဝတ်စုံလဲပြီးမှ တစ်ခုခုဖြစ်ရင် အပြေးသွားဖို့က အဆင်မပြေဘူးလေ။ ကမ်းခြေမှာပဲ နေပူစာလှုံလိုက်ပါ့မယ်။ ဟုတ်သားပဲ ဥက္ကဌ ရှင် ကျွန်မကို မေးစရာရှိတယ်ဆို ဘာများလဲ?”
အီဗီတာက အခိုင်အမာဖြစ်နေသည်ကို မြင်သော် ရှုယီလည်း တွန်းအားမပေးတော့ပေ။
အီဗီတာထံ၌ သိမ်သိမ်မွေ့မွေ့စရိုက်ရှိသော်လည်း သူမ ဆုံးဖြတ်ပြီးသမျှကို မပြောင်းလဲနိုင်ချေ။ ဤသည်က သူမနှင့် အချိန်ကြာ အတူရှိလာပြီးနောက် သိခဲ့ရသည့် အရာပင်။
သို့သော်လည်း သူက အီဗီတာကို ဆင်းလာဖို့ ဒီတိုင်းပြောလိုက်ခြင်းသာဖြစ်ပြီး မည်သည်မှ မေးစရာမရှိပေ။
ယခုတွင် အီဗီတာက ထိုကိစ္စကို ထုတ်ပြောလာသဖြင့် ရှုယီလည်း စိတ်ကိုအမြန်လည်ပတ်လိုက်ရာ အရေးကြီးကိစ္စ တချို့ ကို စဉ်းစားမိလေသည်။
“အခု မင်းရဲ့ မှော်လေသင်္ဘောက တစ်ကြိမ်တည်းနဲ့ ဘယ်လောက်ကီလိုမီတာသွားနိုင်လဲ?”
အသေးစိတ်များအကြောင်းပြောရင်း အီဗီတာ မျက်နှာထက်ရှိ အမူအရာအစုံအလင်က ပျောက်ကွယ်ကာ အာရုံစိုက်လာသည်။
“ကျွန်မတို့ အကန့်အသတ်ကို မစမ်းသပ်ရသေးပေမယ့် အချက်အလက်တွေအရဆို ကီလိုမီတာ ရှစ်ရာကနေ တစ်ထောင် ပတ်လည်လောက်တော့ရှိမယ်။”
“ဒါဆို ဒီအကန့်အသတ်ကို မြှင့်လို့ ရဦးမလား? ဥပမာ ကျုပ်အနေနဲ့ မှော်လေသင်္ဘောကို ခရီးတစ်ထောက်မှာ ကီလိုမီတာသုံးထောင်ကျော် သွားနိုင်စေချင်တယ်ဆိုရင် ဖြစ်နိုင်မလား?” ရှုယီက မေး၏။
“သီအိုရီအရ မှော်သလင်းကျောက် သိုလှောင်ခန်းအရွယ်အစားကို တိုးနိုင်ရင် ကြာချိန်ကို မြှင့်တင်နိုင်တယ်။” အီဗီတာက စဉ်းစားပြီးနောက် ဖြေသည်၊ “ဒါပေမယ့် ဒီမှော်လေသင်္ဘော တစ်ခုလုံးရဲ့ ဒီဇိုင်းကို ပြန်ပြင်ပြီး အချိန်ကြာလည်ပတ်မယ်ဆိုရင် မှော်အစီအရင်ကို ထောက်ပံ့မယ့် စွမ်းအားနဲ့ ပြဿနာတွေ ပေါ်လာနိုင်တယ်။ ကီလိုမီတာသုံးထောင်ဆို မှော်အစီအရင်က နာရီငါးဆယ်ကြာ အလုပ်လုပ်ဖို့လိုပြီး မှော်အစီအရင်မှာ အရမ်းကို ပြင်းထန်တဲ့ ဗီဇရှိပြီး နာရီငါးဆယ်ကျော် ဆက်လုပ်နေဖို့လိုတယ်။ီ
“မှော်အစီအရင်တွေကို ဒီလေးလံတဲ့ဝန်ကို ခံနိုင်ရည်မရှိဘဲ ပြိုပျက်သွားနိုင်လား?”
“ဟုတ်တယ်” အီဗီတာက ခေါင်းငြိမ့်သည်၊ “ဒီပြဿနာက ကျွန်မတို့လုပ်ငန်းစုရဲ့ တခြားမှော်စက်တွေမှာ ဖြစ်ပြီးပြီ။ ဥပမာပြောရရင် ကျွန်မတို့ လုပ်ငန်းစု တည်ထောင်တုန်းက ရောင်းချခဲ့တဲ့ မှော်ပန်ကာ နှစ်သုတ်လိုပေါ့။ ဒါက အခုဆို လေးနှစ်နီးနီးရှိခဲ့ပြီး အတွင်းက မှော်အစီအရင်အတွက် ပုံမှန်ဆက်လုပ်ဖို့ ခဲယဉ်းတာကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာအတော်များများရှိတယ်။”
ထိုသို့ပြောရင်း အီဗီတာက ရှုယီကိုကြည့်ကာ ပြောဖို့ရန် တုံ့ဆိုင်းနေသည်။
“ဘာလဲ? ပြဿနာရှိရင် ပြောသာပြောပါ။” ရှုယီက ဆိုသည်။
“အင်း.... ဥက္ကဌ လမ်ပူရီတိုင်းပြည်က သူတို့ရဲ့ နယ်စပ်မှာ ကျွန်မတို့ရဲ့ နယ်ပယ်အားလုံးကို ပိတ်ချလိုက်တာကြောင့် ကျွန်မတို့လုပ်ငန်းစုရဲ့ အရောင်းထောက်ပံ့ရေးပြီးတဲ့နောက်မှာ ကျွန်မတို့ထုတ်ကုန်တွေကို ဝယ်ခဲ့တဲ့ ဖောက်သည်တွေကို လုပ်ငန်းစုက မထောက်ပံ့နိုင်တော့ဘူး။ ကျွန်မရဲ့ ခန့်မှန်းခြေအရ သုံးနှစ်လောက်ရှိတဲ့ အိမ်သုံးမှော်စက်တွေအားလုံး သူတို့သက်တမ်းရဲ့ အဆုံးကို ရောက်နေပြီး အရည်အသွေးပြဿနာတွေဖြစ်လာနိုင်ချေရှိတယ်။ ကျွန်မတို့ ဒါကို ဂရုမစိုက်ရင် လုပ်ငန်းစုရဲ့ ဂုဏ်အဆင့်ကို ရိုက်ခတ်မှုကြီးဖြစ်လာနိုင်တယ်။”
“ဒါကို စိုးရိမ်ဖို့က ကျိုးကြောင်းသင့်ပါတယ် ဒါပေမယ့်....” ရှုယီက ခါးသက်သက်ရယ်၏၊ “ကျုပ်အနေနဲ့ လမ်ပူရီတိုင်းပြည်ကြောင့် သစ္စာဖောက်အဖြစ် ဖမ်းခံခဲ့ရလုနီးနီးပဲ။ ကျုပ်ရဲ့ ဖမ်းဝရမ်းတွေလည်း ပြန့်နေပြီး Frestech ကုန်သည်ကြီးများအသင်းကိုလည်း လမ်ပူရီတိုင်းပြည်ကနေ ထုတ်လိုက်ပြီ။ တခြားနေရာတွေကို ပြောတာက အဆင်ပြေပေမယ့် လမ်ပူရီတိုင်းပြည်အတွက် တာဝန်ယူရတာကြတော့ ဖြေရှင်းဖို့ နည်းလမ်းကောင်းမဟုတ်ဘူးလေ။”
အီဗီတာမှာ အခြေအနေကို သေချာနားလည်၍ ၎င်းကိုကြားသော် သက်ပြင်းသာချလေ၏။ သူမက ခေါင်းခါကာ နည်းလမ်းကောင်းတစ်ခုမစဉ်းစားမိဘဲမနေနိုင်ချေ။
ရှုယီက ခဏတာစဉ်းစားကာ မျက်မှောင်ကုပ်၏၊ “ဟုတ်ပြီ ဘာပဲဖြစ်ဖြစ် မင်းပြောတဲ့ပြဿနာက အတော်အရေးပါတယ်။ ကျုပ် ဒါကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုစဉ်းစားထားတယ်၊ မတတ်နိုင်ရင်တောင် လမ်ပူရီတိုင်းပြည်မှာ ရှိတဲ့ ဖောက်သည်တွေကို အရာအားလုံးရှင်းပြပြီး လျော်ကြေးထောက်ပံ့လိုက်မယ်။ လုပ်ငန်းစုတစ်ခုအတွက် နာမည်ပျက်ဖို့ လွယ်ပေမယ့်လည်း တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းဖို့က တန်ကြေးပေးဖို့လိုတယ်။”
ရှုယီ၏ ကတိရပြီးနောက် အီဗီတာ၏ နှလုံးသားတွင်းရှိ ကျောက်တုံးကြီး ပြုတ်ကျသွားကာ အေးဆေးပြုံးနေတော့သည်။
“ဥက္ကဌ ရှင်က တခြားအေးစက်စက်နှလုံးသားနဲ့ ကုန်သည်တွေလို မဟုတ်ဘူးဆိုတာကို ကျွန်မသိပါတယ်။”
ရှုယီက ပခုံးတွန့်ကာ သမုဒ္ဒရာထဲ ရေကူးနေသည့် အာကာလီကိုကြည့်လိုက်သည်။
“ဒါက မသေချာပါဘူး အနည်းဆုံး အာကာလီကြောင့် ငါ့ရဲ့ ဆူပူမှုတွေကြားပြီး အခု နှလုံးသားမဲ့သွားလို့လေ။”
အီဗီတာနှင့် စတေးလ်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ပြုံးပြလေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၄။ အဆီအနှစ်ကြွယ်ဝသော မှော်သလင်းကျောက်
ရှုယီ၏ မှော်လှေများနှင့် မှော်လေသင်္ဘောတို့အပေါ် ခံစားချက်က ခြားနားသဖြင့် ၎င်းတို့အတွက် တောင်းဆိုချက်များက မတူချေ။
မှော်လှေအတွက် သူ့အနေနှင့် ၎င်းတို့အား ပို့ဆောင်ဆက်သွယ်ရေးလုပ်စေချင်ရုံသာဖြစ်ရာ ခံနိုင်ရည်စွမ်းက မှော်လှေများအတွက် အဓိကအရာဖြစ်ပြီး မြန်မမြန်ကိုမူ ဂရုမစိုက်ချေ။
မှော်လေသင်္ဘောအတွက်မူ လူများကို သယ်ယူပို့ဆောင်ရန် သုံးဖို့အမြန်နှုန်းကို ပို၍ဂရုစိုက်ကာ ကုန်တင်များက ဒုတိယဖြစ်သည်။
ထို့အပြင် သူ၏ ရေရှည်စီမံကိန်းများနှင့် ပတ်သက်လာပါက မှော်လေသင်္ဘောများထံ၌ သီးသန့်တန်ဖိုးရှိသည်။ ၎င်းက အနာဂတ်၌ အရေးကြီးအခန်းကဏ္ဍတစ်ခုတွင် သေချာပေါက် ပါဝင်မည်ဖြစ်သဖြင့် သူ၏ မှော်လေသင်္ဘောများအတွက် အရေးထားစရာများမှာ စွမ်းအား၊ လုံခြုံမှုနှင့် ရေရှည်ပင်လယ်ခရီးခံနိုင်ရည်စွမ်းများဖြစ်သည်။
အီဗီတာနှင့် ခဏကြာ ဆွေးနွေးပြီးနောက် ရှုယီမှာ အီဗီတာအား သုတေသနဆက်လုပ်ရန် ညွှန်ကြားချက် တစ်ခု ပေးခဲ့၏။ သူ့အနေနှင့် စွမ်းအားထောက်ပံ့မှုကိုလည်း အမြန်နှုန်းတိုးနေချိန်အတွင်း တိုးပေးစေချင်နေ၏။
ရှုယီ၏ မှော်လေသင်္ဘောအတွက် တောင်းဆိုချက်မှာ ၎င်းအနေနှင့် အနည်းဆုံး မဟာမှော်ပညာရှင်တစ်ဦး ပျံသန်းမှော်ပညာကို အသုံးပြုသည့် အမြန်နှုန်းထက် ကျော်လွန်နိုင်ဖို့ မျှော်လင့်ထားသည်။
မဟာမှော်ပညာရှင် ကမ်မီလာနှင့် ဆွေးနွေးပြီးနောက် မဟာမှော်ပညာရှင်တစ်ဦးက တစ်နာရီလျှင် ကီလိုမီတာငါးဆယ်ကျော် အမြန်နှုန်းအထိ ရောက်နိုင်ကြောင်း အတည်ပြုလိုက်ကြသည်။ ယခုတွင် မှော်လေသင်္ဘောက တစ်နာရီ ကီလိုမီတာလေးဆယ်အထိသာ သွားနိုင်သဖြင့် ရှုယီ၏ တောင်းဆိုမှုနှင့် ဝေးကွာနေသေး၏။
မှန်ပါ၏၊ အီဗီတာက မှော်လေသင်္ဘော၏ အမြန်နှုန်းအတွက် တိုးတက်မှုလုပ်ဆောင်ရန် နေရာများစွာ ရှိကြောင်း ဖော်ပြခဲ့သည်။
မှော်အစီအရင်၏ အထွက်နှုန်းဖြစ်စေ မှော်လေသင်္ဘောဒီဇိုင်း တိုးတက်မှုဖြစ်စေ အားလုံးမှာ ပျံသန်းမှုအမြန်နှုန်းကို တိုးစေနိုင်သည်။
မှန်ပါ၏၊ လက်ရှိ မှော်လေသင်္ဘောတိုးတက်မှု အမြန်နှုန်းနှင့်ဆိုလျှင် တစ်နာရီ ကီလိုမီတာ တစ်ထောင်ကျော်ရောက်သည့် လေယာဉ်များ၏ အဆင့်ကို ရောက်ဖို့ရန်နှင့် ယှဉ်နိုင်ဖို့ရန်မှာ အတော်လေး ဝေးကွာနေပါသေးသည်။
မှော်လေသင်္ဘောအကြောင်း မေးမြန်းပြီးနောက် ရှုယီမှာ အီဗီတာ တာဝန်ယူထားသည့် အခြားအကြောင်းအရာကို ပြောင်းလိုက်သည်။
၎င်းမှာ မှော်သလင်းကျောက် သန့်စင်ရေးစီမံကိန်းပင်။
အီဗီတာမှာ ပုံမှန်တူးဖော်ထားသည့် မှော်သလင်းကျောက်များအား အဆီအနှစ်ကြွယ်ဝသော မှော်သလင်းကျောက်အသစ်များဖြင့် သန့်စင်နိုင်သည့် မှော်အစီအရင်များကို အသုံးပြုရသည့် နည်းလမ်းများစွာကို ဖန်တီးထားပြီးသားဖြစ်သည်။
၎င်းအဆီအနှစ်ကြွယ်ဝသည့် မှော်သလင်းကျောက်များအား Frestech ကုန်သည်ကြီးများအသင်း ပြုလုပ်ထားသည့် မှော်စက်အမျိုးမျိုးတို့တွင် အသုံးပြုနေကြပြီဖြစ်သည်။ ဥပမာ မှော်ဆလွန်း၊ မှော်သံချပ်ကာယာဉ်များ၊ မှော်လှေနှင့် မှော်လေသင်္ဘောတို့အားလုံးမှာ ၎င်းအထဲ၌ပါဝင်သည့် မှော်စွမ်းအားသိပ်သည်းခြင်းမြင့်မားကာ မှော်အစီအရင် သက်ရောက်မှုက ပိုကောင်းလာသောကြောင့် ၎င်းတို့ကို အသုံးပြုကြလေသည်။ မှော်စွမ်းအား အထွက်နန်းမှာ ပုံမှန်အားဖြင့် သာမန်မှော်သလင်းကျောက်များကို အသုံးပြုခြင်းထက် ပိုကောင်းပါ၏။
သို့သော်လည်း ဤသို့သော အဆီအနှစ်ကြွယ်ဝသည့် မှော်သလင်းကျောက်များကို အသုံးပြုခြင်းကြောင့် ပြဿနာများရှိသည်။
ထိုပြဿနာများအနက် နစ်ခုမှာ အဆီအနှစ်ကြွယ်ဝသည့်မှော်သလင်းကျောက်အနေနှင့် လုံလုံလောက်လောက်မတည်ငြိမ်ခြင်းပင်။ ၎င်းအား ရေရှည်သိုလှောင်ထားဖို့ မသင့်တော်သလို အဆီအနှစ်လျော့ကျသွားသည်နှင့် အထွက်နှုန်း လျော့နည်းသွားဖို့ လွယ်ကူသည်က မတော်တဆများဖြစ်ရန် လွယ်ကူစေသည်။
အီဗီတာ၏ ထိုမှော်သလင်းကျောက် သန့်စင်မှုအတွက် အဓိကတာဝန်မှာ မှော်သလင်းကျောက်အသစ်များ၏ တည်ငြိမ်မှုကို တိုးမြှင့်ရန်ဖြစ်ပြီး ရလာဒ်တချို့လည်း ရရှိခဲ့သည်။
သူမ၏ သုတေသနအသစ်အရ အီဗီတာ၏ မှော်သလင်းကျောက်သန့်စင်ရေးအစီအရင်နှင့် သန့်စင်ထားသည့် မှော်သလင်းကျောက်များအား မှော်စွမ်းအားမလျော့သွားသလို မတည်မငြိမ်မဖြစ်လာစေဘဲ အခန်းအပူချိန်တွင် တစ်လကြာသိုလှောင်ထားနိုင်သည်။
၎င်းမှာ သာမန်မှော်သလင်းကျောက်များကို ကျော်လွန်နေပြီဖြစ်သော အရာပင်။
အရည်အသွေးနှင့် ပတ်သက်လာပါက သာမန်အဆင့်မြင့် မှော်သလင်းကျောက်များတွင် တူညီသော အရွယ်အစားရှိ အဆီအနှစ်ကြွယ်ဝသောမှော်သလင်းကျောက်၏ မှော်စွမ်းအားဆယ်ပုံ,ပုံလျှင် တစ်ပုံအောက်သာပါဝင်ပါ၏။
အီဗီတာအတွက် သာမန် မှော်သလင်းကျောက်များကို ဖယ်ထုတ်ခဲ့သည်မှာ ၎င်းတို့က အင်မတန်ကြီးမားပြီး နေရာအလွန်ယူသည့် ပြဿနာကြီးကြောင့်ဖြစ်သည်။
၎င်းတို့သာ သာမန်မှော်သလင်းကျောက်များကို အသုံးပြုပါလျှင် ဒီဇိုင်းတစ်ခုလုံးအတွက် များစွာခဲယဉ်းစေသည့် မှော်သလင်းကျောက်အထောက်အပံ့ခန်းများကို ပို၍ဆက်လက် ဖန်တီးဖို့လိုအပ်၏။
“မှော်လေသင်္ဘောကို ဥပမာကြည့် လက်ရှိ အလတ်ဆိုဒ်မှော်လေသင်္ဘောမှာ အများကြီးအရွယ်အစားတိုးထားတဲ့ အထောက်အပံ့ခန်းရှိနေတာဟာ မှော်သလင်းကျောက် အသုံးပြုမှုကို စဉ်းစားဖို့လိုအပ်တာကြောင့်ပဲလေ။ ဥက္ကဌ ရှင့်အနေနဲ့ ခရီးသွားကြာချိန်နဲ့ မှော်လေသင်္ဘောအမြန်နှုန်းကို တိုးချင်တယ်လို့ပြောခဲ့တယ် အထောက်အပံ့ခန်းရဲ့ အရွယ်အစားနဲ့ တခြားအရာတွေကို တိုးလာစေဖို့ နည်းလမ်းတစ်ခုက သန့်စင်ပြီး အဆီအနှစ်ကြွယ်ဝတဲ့ မှော်သလင်းကျောက်တွေကို စသုံးဖို့ပဲ။”
“စွမ်းအားအထွက်နှုန်းက ဆိုဒ်ကြီးမှော်စက်တွေရဲ့ အခြေခံပဲ။ စွမ်းအားအထောက်အပံ့ကို ပြောင်းလဲတာက မှော်စက်ရဲ့ ဒီဇိုင်းတစ်ခုလုံးကို လွှမ်းမိုးလိမ့်မယ်၊ မှော်လေသင်္ဘောအတွက် သင့်တော်တဲ့ဒီဇိုင်းတစ်ခု လုပ်နိုင်မယ်ထင်လား?” ရှုယီက မေး၏။
“ဒါပေါ့” အီဗီတာက ယုံကြည်ချက်ရှိရှိ ဖြေဆိုသည် “အချက်ကျကျပြောရရင် သာမန်မှော်သလင်းကျောက်တွေကို ထိန်းသိမ်းဖို့ သိုလှောင်ခန်းကြီးတွေသုံးတာက မှော်လေသင်္ဘောရဲ့ ဒီဇိုင်းနဲ့ စွမ်းအားကို အရမ်းထိခိုက်စေတယ်။ ကျွန်မဆို့သာ အဆီအနှစ်ကြွယ်ဝတဲ့မှော်သလင်းကျောက်တွေကို သုံးနိုင်မယ်ဆိုရင် ဒီဇိုင်းကို အများကြီးပိုလွယ်သွားအောင်လုပ်လို့ရမယ်။”
“အင်း နားလည်ပါတယ်။” ရှုယီက ခေါင်းငြိမ့်ပြီးနောက် မေးသည်၊ “ဒါဆို မင်းရဲ့ စိုးရိမ်စရာတွေကရော? ဒါကို ချိန်ဆပြီးပြီဆိုမှတော့ ဘာလို့ မှော်လေသင်္ဘောကို ဒီဇိုင်းဆွဲတုန်းက ဒါကို မသုံးခဲ့ရတာလဲ?”
အီဗီတာက ရှုယီကိုကြည့်ကာ အနည်းငယ်တုံ့ဆိုင်းနေသည်။
“ဥက္ကဌ.... တကယ်တော့ ကျွန်မက ဒါကို မစိုးရိမ်ပါဘူး၊ ဒါပေမယ့် ရှင်ကသာ စိုးရိမ်သင့်တာပါ။”
“ကျုပ်ကလား? ဘာများစိုးရိမ်စရာရှိလို့လဲ?” ရှုယီအံ့သွားသည်။
“တကယ်တော့ မှော်စက်မှုဖွံ့ဖြိုးရေးဌာနနဲ့ ကျွန်မတို့ရဲ့ မှော်သုတေသနဌာနတို့ အားလုံးက ရှုပ်ထွေးနေကြတာ။ အဆီအနှစ်ကြွယ်ဝတဲ့ မှော်သလင်းကျောက်သုတေသနက ပြည့်စုံလာနေတော့ ကျွန်မရဲ့ အမြင်အရ ထုတ်လုပ်ရေးကို စပြီး တရားဝင်သုံးလို့ရပြီ။ ကျွန်မတို့တွေ လုပ်ငန်းစု လက်ရှိထုတ်လုပ်နေတဲ့ မှော်စက်တွေကို အဆင့်မြှင့်နိုင်ပေမယ့် အခုထိ ရှင်က ဒါကို မှော်စက်တွေရဲ့ အစိတ်အပိုင်းလေးတွေမှာပဲ သုံးဖို့ တောင်းဆိုထားတယ်လေ။ ဒီတော့.... ကျွန်မအရမ်းသိချင်နေတာ ဥက္ကဌ ရှင် ဘာတွေစိုးရိမ်နေတာလဲ?”
ရှုယီက အီဗီတာကို တအံ့တဩကြည့်လာ၏၊ “ဒါက မင်းရဲ့ အမြင်လား?”
“ဒါက မှော်သုတေသနဌာနနဲ့ မှော်စက်ဖွံ့ဖြိုးရေးဌာနတို့ရဲ့ အမြင်ပါ။ နည်းပညာက ပြည့်စုံနေပေမယ့် ဥက္ကဌက ထုတ်လုပ်ရေးမှာ သုံးဖို့ ဆန္ဒမရှိတာကြောင့် အားလုံးရှုပ်ထွေးနေကြတာ။”
“အိုး? ကျုပ် အရင်က မင်းတို့အနေနဲ့ ဒါကို အဲ့လောက်ထိ ဂရုစိုက်နေမယ် မထင်ထားခဲ့ဘူး။” ရှုယီက တစ်ချက် ပြုံးသည်၊ “ဒီအတွက် အကြောင်းပြချက်က အခြေအနေ မမှန်သေးတာကြောင့်ပါ။ အီဗီတာ မင်းအရင်က တစ်ခုခုစဉ်းစားခဲ့မိတယ်မဟုတ်လား? ကျုပ်တို့ လုပ်ငန်းစုက အဆီအနှစ်ကြွယ်ဝတဲ့ မှော်သလင်းကျောက်တွေကို အရောင်းမြှင့်မှာစလိုက်ရင် မှော်သလင်းကျောက်တွေကို ဈေးပေါပြီး အရေးမပါဘူးလို့ ထင်ကြဦးမှာလား?”
အီဗီတာလည်း ခေတ္တမျှစဉ်းစားပြီးနောက် နားလည်ဟန်ပြလာသည်။
“ဥက္ကဌက အမြဲတမ်း ဒီဈေးပေါတဲ့မှော်သလင်းကျောက်တွေကို ဝယ်နေတတ်တာ မဆန်းပါဘူး၊ ရှင်က ဒါကို စဉ်းစားထားပြီးသားပဲ။”
“ဒါကတော့ ကျုပ်အနေနဲ့ မှော်စက်တွေက နယ်မြေကြီးတလျှောက် ကျော်ကြားလာမယ်ဆိုတာ ယုံကြည်ထားလို့လေ။ လူတိုင်း မှော်စက်တွေ စသုံးလာတဲ့အခါ မှော်သလင်းကျောက်တွေအတွက် ဝယ်လိုအားမြင့်လာမှာပဲ။ ဈေးကွက်ဈေးနှုန်းကို ဝယ်လိုအားက ဆုံးဖြတ်တယ်။ အခုဆိုရင် ဘယ်သူကမှ မှော်သလင်းကျောက်တွေကို အရေးမထားပေမယ့် အနာဂတ်ကိုရောက်လာတာနဲ့ မှော်သလင်းကျောက်တွေက အရမ်းကို တန်ဖိုးကြီးတဲ့ ရင်းမြစ်ဖြစ်လာပြီး နယ်မြေကြီးမှာရှိတဲ့ နိုင်ငံတွေအားလုံးလည်း ဒီရင်းမြစ်အတွက် တိုက်ခိုက်ကြလိမ့်မယ်။”
ရှုယီက ထိုသို့ပြောစဉ်တွင် သူဟာ ကမ္ဘာမြေရှိ ဆီကို စဉ်းစားမိသွားသည်။
မှော်သလင်းကျောက်များအား စိုင်စ်နယ်မြေကြီး တဝှမ်း၌ ရှာတွေ့နိုင်နေသဖြင့် လူတိုင်းက ၎င်းကို အလေးမထားကြချေ။
သို့သော် မှော်စက်များ ကျော်ကြားလာသည်နှင့် ဝယ်လိုအားက မြင့်မားလာမည်ဖြစ်သောကြောင့် နယ်မြေတဝှမ်းတွေ့ရသည့် ရင်းမြစ်မှာ အင်မတန် ဖမ်းရခက်လာမည်။
ရှုယီအနေနှင့် နိုင်ငံများက မှော်သလင်းကျောက်များအတွက် တိုက်ခိုက်ဖို့ ဆန္ဒရှိလာမည်ဟု ဆိုခြင်းက ချဲ့ကားထားခြင်းလုံးဝမဟုတ်ပေ။
အီဗီတာမှာ ရှုယီကဲ့သို့ ကမ္ဘာမြေမှ ရောက်လာခြင်းမဟုတ်သဖြင့် သဘာဝကျကျပင် ဗဟိုရင်းမြစ်များက နိုင်ငံတစ်နိုင်ငံအတွက် မည်မျှ အရေးပါသည်ကို မသိသလို ရှုယီဖော်ပြသည့် အခြေနေကိုလည်း နားမလည်နိုင်ပေ။
သို့သော် ၎င်းက သူအား ရှုယီ၏ စကားများကိုယုံကြည်ခြင်းမှ မဟန့်တားနိုင်ချေ။
ဤဥက္ကဌထံ၌ လျှောက်ပြောတတ်သည့် အကျင့်မရှိပေ။
မရေတွက်နိုင်သော အချက်အလက်များက ရှုယီ၏ အမြင်ရှိခြင်းမှာ အခြားလူများထက် များစွာ အားကောင်းလှသည်ကို သက်သေပြနေ၏။
မွန်းလွဲတွင် အာကာလီက ပင်လယ်ထဲ အကြိမ်များစွာရေကူးရင်း ဖရီယာနှင့်ပင် သဲနန်းတော်လေးတစ်ခု ဆောက်ခဲ့သေးသည်။ ထို့နောက် နေဆာလှုံရန် ကမ်းခြေ၌ လှဲချလျက် တစ်မွန်းလွဲလုံး အနားယူနေ၏။
အီဗီတာက လေညင်းခံရင်း ပင်လယ်အသံကို နားထောင်ရင်းဖြင့် ပျော်ရွှင်မှုကို ဖျက်ဆီးနေသည့် နည်းပညာအကြောင်းကို ရှုယီနှင့်ပြောနေသည်။
အာကာလီသည် ထိုနှစ်ဦးကို ပင်လယ်ထဲသို့ အကြိမ်များစွာ ဆွဲခေါ်သွားချင်သော်လည်း ၎င်းတို့ထံမှ အငြင်းခံလိုက်ရသည်။ သူမလည်း စတေးလ်ကိုသာ စိတ်ပျက်လက်ပျက်ဖြင့် ပင်လယ်ဆီဆွဲခေါ်သွားနိုင်ခဲ့၏။
နေ'က ပင်လယ်ထဲဝင်ရောက်ကာ နေရောင်စဉ်တန်းများက ပင်လယ်ပြင်ကို ပတ္တမြားရောင်ခြယ်လိုက်သောအခါ သဲသောင်ကို အနီလင်းဖျော့ဖျော့တစ်လွှာကလည်း ဖုံးအုပ်ထားတော့၏။
ပင်လယ်လေက အတန်ငယ် အေးလာသည်ကို ခံစားရသော် ရှုယီမှာ အချိန်က မသိလိုက်ပါဘဲ ကုန်ဆုံးသွားသည်ကို သတိရသွားပြီး အီဗီတာနှင့် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
“ဟုတ်ပြီ အီဗီတာ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြတော့မယ်။ မင်းကို အခုနက ပေးထားတဲ့ ပြဿနာနည်းနည်းကို သုတေသန လုပ်လို့ရတယ်၊ ကျုပ်စိတ်ထဲက မှော်လေသင်္ဘောကို တတ်နိုင်သမျှ မြန်မြန်ထုတ်လုပ်နိုင်အောင် ကြိုးစားပါ။ တခြားပြဿနာတွေအတွက်တော့ အခု ပြင်ဆင်မှုတချို့ လုပ်လို့ရသလို အချိန်ကျလာရင် မှော်သုတေသနဌာအနေနဲ့ သင့်တော်တဲ့အစီစဉ်တွေကို ရေးဆွဲနိုင်မယ်လို့ မျှော်လင့်တယ်။”
“ကောင်းပါပြီ” အီဗီတာ ခေါင်းငြိမ့်ကာ ရှုယီနှင့်အတူ ထရပ်လိုက်သည်။ အာကာလီ ပြန်လာသည်ကိုမြင်သော် သူမက မှော်ဆက်သွယ်ရေးကိရိယာကိုယူကာ ခလုတ်ကို နှိပ်လိုက်သည်။
ဆယ်မိနစ်လောက်ကြာပြီးနောက် အာကာလီက အခြောက်ခံခြင်းပြီးဆုံးသွားသလို ၎င်းတို့နှစ်ဦးကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည့် မှော်လေသင်္ဘောက ကမ်းခြေသို့ရောက်လာကာ သဲသောင်ပြင်၌ ရပ်တန့်လိုက်သည်။
“ဥက္ကဌ ကျွန်မတို့ အရင်သွားတော့မယ်”
အီဗီတာက ရှုယီနှင့် စတေးလ်ကို နှုတ်ဆက်ပြီးနောက် မှော်လေသင်္ဘောဆီ ဦးတည်လိုက်သည်။
အာကာလီက ရှုယီကိုကြည့်ကာ နှာမှုတ်၏။ သူမက ဘေးသို့လှည့်ကာ စတေးလ်ကို လက်ပြပြီးနောက် ထွက်သွားတော့သည်။
ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ပေ၊ “ဒီကောင်မလေးတော့ တစ်မွန်းလွဲလုံး အနားယူခဲ့တာပဲ မဟုတ်ဘူးလား?”
စတေးလ်က အသာအယာပြုံး၏၊ “ဒါက မိန်းကလေးတစ်ဦး ဂရုအစိုက်ဆုံးအရာပဲ၊ ဒါပေါ့ ရှင်အဲ့လိုပြောလိုက်လို့ သူ မပျော်မရွှင်ဖြစ်နေတာ။ သူမက ရှင့်ရဲ့ ခွင့်ပြုချက်ကို ဂရုစိုက်တာ မပြောနဲ့ဦး၊ ဒါပေမယ့်လည်း ရှင်က သဘောမကျဘူးလို့ပါပြောလိုက်တယ်။ သူမ ပျော်နေမှ ထူးဆန်းနေလိမ့်မယ်။”
ရှုယီက ကူရာမဲ့စွာ ခေါင်းခါသည် “ကိုယ်က ကိုယ့်ရဲ့ အသိစိတ်ကို မဆန့်ကျင်နိုင်ရုံပါ ဟုတ်ပြီလား?”
“ဒီတော့ ရှင်က ရင်သားကြီးတဲ့ မိန်းကလေးတွေကို သဘောကျတဲ့အဓိပ္ပာယ်ပဲပေါ့?”
ရှုယီ၏ မျက်လုံးများက စတေးလ်၏ ရင်ဘတ်ပေါ်ကျရောက်လာကာ မျက်ခုံးပင့်သည်၊ “ဘယ်လိုထင်လဲ?”
စတေးလ်က တစ်ချက်ပြုံးပြီးနောက် ရှုယီ၏ နား,နားကပ်ကာ တီးတိုးဆိုလိုက်လေသည်၊ “ဘာလို့ အီဗီတာ အစောနက သူမရဲ့ ရေကူးဝတ်စုံကို မလဲချင်တာလဲ သိလား?”
“ရှက်နေလို့လား? ဘာပဲဖြစ်ဖြစ် ကိုယ့်လို ယောက်ျားတစ်ယောက် ဒီမှာရှိနေတာလေ။”
စတေးလ်က ခေါင်းခါသည်၊ “မဟုတ်ဘူး သူမက ရေကူးဝတ်စုံလဲပြီး ရှင့်ရှေ့မှ ကြွားချင်တာ သေချာတယ်၊ အထူးသဖြင့် ရှင် အဲ့စကားတွေပြောပြီးနောက်မှာပေါ့။”
ရှုယီ နှာခေါင်းပွတ်လိုက်သည်၊ “ဘာပြောချင်တာလဲ?”
“အဲ့ဒါပဲလေ” စတေးလ်က အပြုံးဖြင့်ဆို၏၊ “သူမက ရှက်လို့ မလဲချင်တာမဟုတ်ဘူး အာကာလီကို မနာကျင်စေချင်လို့.... ဘာလို့လဲဆိုတော့ အီဗီတာရဲ့ ခန္ဓာကိုယ်က ကျွန်မရဲ့ ခန္ဓာကိုယ်ထက်တောင် ပိုရှိသေးတယ်။”
ရှုယီက စတေးလ်၏ ရင်ဘတ်ကို တအံ့တဩကြည့်လိုက်ပြီးနောက် ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်တော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၅။ စထရူလမ်းမ
မီးလျှံနီနီမှော်ဆလွန်းတစ်စီးမှာ မီးလျှံကဲ့သို့ အလျှံညီးညီးဖြင့် လမ်းတစ်လျှောက် ပြေးလွှားနေသည်။ ရှုယီ၏ ကိုယ်ပိုင်အိမ်တော်သို့ ဝင်လာပြီးနောက် ၎င်းက လုံးဝ အရှိန်မလျော့သွားဘဲ အိမ်တော်အပြင်၌ ရပ်စောင့်နေသူ ရှုယီကို မြင်မှသာ ဘရိတ်အုပ်လိုက်တော့သည်။
ရပ်တန့်ပြီးနောက် ကား၏ အရှေ့ပိုင်းမှာ ရှုယီ၏ ခြေထောက်များကို ကျော်ဖြတ်သွားပြီဖြစ်သည်။
ကားတံခါးပွင့်လာကာ အကြီးအကဲ လီဆန်ယာက ယာဉ်မောင်းခုံ ထွက်လာလေသည်။ သူမက ရှုယီကို ခေါင်းငြိမ့်ပြကာ စိတ်တိုင်းကျဟန် ပေါ်နေ၏။
“အင်း မဆိုးပါဘူး။ ဥက္ကဌရှု ရှင်က လူသားတွေကြားမှာ တကယ် သတ္တိကောင်းရှိတာပဲ၊ ကျွန်မတို့ နတ်သူငယ်မျိုးနွယ်မိန်းကလေးတွေနဲ့ အတူရှိဖို့ ထိုက်တန်တယ်။”
ရှုယီ၏ မျက်နှာက မနေနိုင်တောင် တွန့်ရှုံ့သွားတော့သည်။
သူ၏ စိတ်ထဲတွင် နတ်သူငယ်များမှာ အမြဲလိုလိုတိတ်ဆိတ်၍ ကျော့ရှင်း၏။ နတ်သူငယ်မလှလှလေးတစ်ဦးက မှော်ဆလွန်းမောင်းနေသည်ကပင် သူ့အတွက် ထူးဆန်းနေပြီဖြစ်ရာ ပြိုင်ကားမောင်းသည်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
နတ်သူငယ်များ၏ ကိုယ်လုံးကိုယ်ထည်မှာ လူသားများထက် ပိုကောင်းလေရာ မှော်ဆလွန်း၏ တစ်နာရီလျှင် ကီလိုမီတာ ခြောက်ဆယ် အရှိန်နှုန်းအပြည့်မှာ ၎င်းတို့အတွက် လုံးဝမမြန်လှချေ။ သို့သော်လည်း ရှုယီအနေနှင့် မြန်သည့်ကားများမောင်နှင်လိုနေသည့် နတ်သူငယ်များအား လုံးဝ မချိတ်ဆက်နိုင်ပေ။
ကားမောင်းနေသည့် နတ်သူငယ်မလှလှလေးက နတ်သူငယ်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးဖြစ်နေပါက ဆိုဖွယ်ရာပင် မရှိတော့။
လူသားမိန်းမငယ်လေးတစ်ဦးကဲ့သို့ စိတ်အားတက်ကြွမှုအပြည့်ပြုံးရွှင်နေသည့် အကြီးအကဲလီဆန်ယာကို မြင်သော် ရှုယီမှာ မဟာမှော်ပညာရှင်ကမ်မီလာ၏ အသက်ကြီးကြီးမျက်နှာကို မစဉ်းစားမိဘဲ မနေနိုင်တော့ပေ။
မဟာမှော်ပညာရှင်ကမ်မီလာမှာ ပြိုင်ကားများကို ချစ်မြတ်နိုးရုံသာမက စတက်တိန်းနယ်မြေကို ရောက်လာပြီးနောက်တွင် သူဟာ လှိုင်းများစီးနင်းခြင်းကို သဘောကျလာသလို ပင်လယ်တလျှောက် မှော်စက်တပ်လှေငယ်များ မောင်းနှင်ခြင်းကိုပါ နှစ်ခြိုက်နေတော့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များကြား အသစ်ဖွဲ့စည်းထားသည့် ပင်လယ်အစောင့်များကိုပင် ပြိုင်ပွဲလုပ်ရန် စုစည်းခဲ့သေး၏။
Frestech ကုန်သည်ကြီးများအသင်း၏ လူငယ်များနှင့် ယှဉ်သော် ဤအသက်ခြောက်ဆယ်ကျော် လူဦးကြီးမှာ တစ်နေ့လုံး ပျော်စရာလိုက်ရှာနေတတ်လေသည်။
“ဒါက သူတို့အနေနဲ့ သာမန်လူတွေထက် ပိုတဲ့ လှုံ့ဆော်မှုကို လိုချင်တဲ့ အဆင့်ကို ရောက်သွားတာကြောင့်များလား?” ရှုယီလည်း မတွေးမိဘဲ မနေနိုင်တော့ချေ။
အကြီးအကဲလီဆန်ယာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ရှုယီကို နှုတ်ဆက်လိုက်ကာ မည်သူကမှ ဘေး၌ မရှိသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကုပ်ရင်း နှာမှုတ်လေသည်၊ “အာလီယာနဲ့ တခြားလူတွေရော? ဘာလို့ ရှင်နဲ့ အတူမရှိရတာလဲ?”
ရှုယီမှာ အလျင်အမြန်ရှင်းပြလေသည်၊ “လခြမ်းဆပ်ကပ်အဖွဲ့က ဒီနေ့သီချင်းအသစ်တစ်ပုဒ် လေ့ကျင့်နေတာကြောင့် စိတ်ဝင်စားနေကြတယ်။ ကျုပ် စတေးလ်ကို သူတို့ကို ကြည့်ရအောင် ခေါ်သွားခိုင်းထားတယ်။”
“ဒီလိုလား....” အကြီးအကဲ လီဆန်ယာက ခေါင်းငြိမ့်သည်၊ “ဒါလည်း ကောင်းတာပဲ။ သူတို့သာ အကနဲ့ အဆိုကို လေ့လာနိုင်ရင် ပိုပြီး ကြိုဆိုခံရမှာပဲ မဟုတ်လား?”
ရှုယီက နေရခက်စွာပြုံးလေသည်၊ “ဒါက.... ဘာပဲဖြစ်ဖြစ် အဲဒီ့ မိန်းကလေးတွေအနေနဲ့ ဘယ်လို ကရ ဆိုရမယ်ဆိုတာကို သိလောက်မယ်လို့ ကျုပ်ထင်ပါတယ်။ သူတို့က သာမန်မိန်းကလေးတွေထက်တောင် ပိုပြီး ဆွဲဆောင်မှုရှိဦးမယ်။”
“ကောင်းတာပေါ့၊ ဒါပေမယ့် ဥက္ကဌရှု၊ အာလီယာတို့တွေ ရှင်နဲ့အတူရှိလာတာ လေးလနီးနီးလောက်တောင်ရှိနေပြီကို တစ်ယောက်လောက်ရွေးဖို့ မဆုံးဖြတ်ရသေးဘူးလား?” အကြီးအကဲ လီဆန်ယာက မေးလေသည်။
ရှုယီက ခါးသက်သက်ရယ်လေ၏၊ “အကြီးအကဲ ကျုပ်အကြိမ်များစွာ ပြောပြီးပါပြီ ဒီဘဝမှာ စတေးလ်ကိုပဲ ကျုပ်ဇနီးအဖြစ်မှတ်ယူချင်တယ် တခြားလူတွေကို ထပ်ရွေးဖို့ စဉ်းစားမှာမဟုတ်ပါဘူး။ အာလီယာတို့တွေလည်း ကျုပ်အတွက် ဆွဲဆောင်မှုရှိသလို စွဲမက်စရာလည်း ကောင်းကြတာကို ဝန်ခံတယ်ဆိုပေမယ့် သူတို့ကို ကျုပ် ဇနီးအဖြစ် ယူမှာမဟုတ်ပါဘူး။ သူတို့အတွက်လည်း မမျှတတာကို မပြောနဲ့ဦးလေ၊ ဟုတ်တယ်မလား?”
အာလီယာတို့ နတ်သူငယ်မိန်းကလေးငါးဦးအဖွဲ့အား လရိပ်မျိုးနွယ်စုမှ အကြီးအကဲလီဆန်ယာ ပို့လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ ပန်းတိုင်မှာ အကြီးအကဲလီဆန်ယာနှင့် အကြီးအကဲ အီလူရှာတို့ ယခင်က ရှုယီထံပေးထားသည့် အဆိုပြုချက်ကို ဖြည့်ဆန်းရန်ဖြစ်သည်။ ၎င်းတို့က ဆက်ဆံရေးပိုမိုခိုင်မာလာစေရန် ရှုယီအား နတ်သူငယ်မိန်းကလေးတစ်ဦးနှင့် လက်ဆက်စေချင်သည်။
သို့သော် ရှုယီမှာ နိုင်ငံရေးလက်ဆက်ပွဲဟူသည့် အကြံကို မုန်းတီးနေသဖြင့် အာလီယာနှင့် အခြားနတ်သူငယ်မလေးများကို မကြာခဏ တွေ့ဆုံခဲ့ရပါလျှင်တောင် ၎င်းတို့အား လက်ဆက်ရန် မစဉ်းစားခဲ့ဖူးချေ။
“သူတို့က ရှင့်ရဲ့ ဇနီးဖြစ်ရမယ်လို့ ပြောနေတာမဟုတ်ဘူးလေ။” အကြီးအကဲလီဆန်ယာက အသာခေါင်းခါသည်၊ “ဥက္ကဌရှု အကြီးအကဲ အီလူရှာနဲ့ ကျွန်မလည်း ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီ၊ ကျွန်မတို့အနေနဲ့ နတ်သူငယ်တွေနဲ့ လူသားတွေကို အတူတူပိုရှိလာဖို့ မျှော်လင့်တာဖြစ်ပြီး ရှင်က ဒီအတွက် အကောင်းဆုံးရွေးချယ်မှုပဲလေ။ သူတို့ကို ရှင့် ဇနီးအဖြစ် ယူစရာမလိုဘူး၊ သူတို့နဲ့အတူရှိပြီး နတ်သူငယ်တစ်ပိုင်းမျိုးဆက်ကို မွေးထုတ်ပေးဖို့ပဲလိုတာ။”
ရှုယီမှာ မျက်မှောင်တင်းတင်းကျုံ့လိုက်သည်၊ “အကြီးအကဲ ဒါက... ခင်ဗျားအနေနဲ့ ကျုပ်ကို မြင်းတစ်ကောင်သားဖောက်သလို သုံးချင်နေသလိုပဲမလား?”
“ရှင်က ဒီလိုရှင်းပြဖို့ဆန္ဒရှိနေရင်လည်း အဆင်ပြေပါတယ်။” အကြီးအကဲ လီဆန်ယာက ပေါ့ပေါ့လေးပြောလာသည်၊ “ကျွန်မရဲ့ လူသားအသိုင်းအဝိုင်းအပေါ် လေ့လာချက်တွေအရ ရှင်တို့ လူသားအထီးတွေအနေနဲ့ မိန်းမလေးတစ်ယောက်နဲ့ အတူရှိဖို့ကို မငြင်းဆန်သင့်ဘူး မဟုတ်လား? ပြီးတော့လည်း ရှင်တို့လူသားအထီးတွေက ကျွန်မတို့ နတ်သူငယ်မလေးတွေကို စိတ်ဝင်စားကြတာ ကျွန်မသိပါတယ်။ ရှင်လည်း ချွင်းချက်မဟုတ်ဘူးလေ၊ မဟုတ်ရင် ရှင် ကျွန်မနဲ့ အီလူရှာအရှေ့မှာ နိုးကြွလာခဲ့မှာ မဟုတ်ဘူးမို့လား?”
အကြီးအကဲနှစ်ဦးနှင့်အတူ ဝတ်လစ်စလစ်ဖြစ်ခဲ့သည့်အချိန်ကို စဉ်းစားကြည့်ရင်း ရှုယီ၏ စိတ်နှလုံးမှာ မနေနိုင်အောင် လှုပ်ရှားလာသည်။ သူ၏ မျက်လုံးများက အကြီးအကဲလီဆန်ယာကိုကြည့်ရင်း အောက်သို့အနည်းငယ် အကြည့်မပို့မိဘဲ မနေနိုင်တော့ချေ။
နတ်သူငယ်များမှာ အမြဲလိုလို အကင်းပါးလှရာ အကြီးအကဲ လီဆန်ယာလည်း ရှုယီ၏ အမူအရာပြောင်းလဲမှုကို ချက်ချင်း သတိပြုမိသွားသဖြင့် ခေါင်းခါသည်၊ “ကျွန်မက အသက်ငါးရာကျော်ပြီးနေပြီ။ ရှင်တို့လူသားတွေရဲ့ စံနှုန်းအရ ကျွန်မက အိုနေပြီလေ။ ဥက္ကဌရှု ရှင့်အနေနဲ့ ကျွန်မလို မိန်းမတစ်ယောက်နဲ့အတူ မိတ်လိုက်ဖို့ကို စဉ်းစားနိုင်မှတော့ အာလီယာတို့လို မိန်းမငယ်လေးတွေကိုလည်း စိတ်ဝင်စားလောက်မှာပါ။”
ရှုယီလည်း နေရခက်စွာဖြင့် အကြည့်လွှဲကာ မိမိကိုယ်ကို ပြန်ထိန်းလိုက်သည်။ သူဟာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် အကြီးအကဲ လီဆန်ယာအား အထဲသို့ ဖိတ်လိုက်တော့သည်။
“ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့၊ အရင်ဆုံး စီးပွားရေးအကြောင်း ဆွေးနွေးသင့်တယ်။”
အကြီးအကဲလီဆန်ယာက မျက်မှောင်ကုပ်ကာ ရှုယီကိုကြည့်လာသော်လည်း သူ၏ ပြတ်သားနေဟန်ကိုမြင်သော် မည်သည်ကိုမှ မဆိုတော့ဘဲ လျှောက်ဝင်လာတော့သည်။
အကြီးအကဲလီဆန်ယာ ဝင်လာသည်ကိုကြည့်ရင်း ရှုယီလည်း သက်ပြင်းတစ်ချက်ချမိ၏။
၎င်းတို့နှစ်ဦးစလုံးမှာ နတ်သူငယ်မျိုးနွယ်စု၏ အကြီးအကဲများဖြစ်သော်လည်း အကြီးအကဲလီဆန်ယာနှင့် အကြီးအကဲ အီလူရှာတို့ထံ၌ ကွဲပြားသော ကိုယ်ကျင့်စရိုက်များရှိကြလေသည်။
နှိုင်းယှဉ်ကြည့်ရသော် အကြီးအကဲ အီလူရှာမှာ ရှုယီ၏ နတ်သူငယ်တစ်ဦးအပေါ် အမြင်နှင့် ပိုတူသည်။ မြင့်မြတ်၍ ထက်မြတ်ကာ တိတ်ဆိတ်ပြီး တင့်တယ်လှသလို လူများအား သူမ၏ အပြုအမူများမှ အင်မတန်ကြင်နာသည့် ခံစားချက်ကို ပေးစွမ်းသည်။
အကြီးအကဲလီဆန်ယာမှာ သာမန်လူသားတို့၏ နတ်သူငယ်များအပေါ် အယူအဆနှင့် ခြားနားလှသည်။ သူမဟာ အကြီးအကဲအီလူရှာ အင်မတန် အားမန်ရှိကာ ပွင့်လင်းလှသည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ပြီးနောက် သူမ၏ ခေါင်းဆောင်မှု အောက်မှ လရိပ်မျိုးနွယ်စုမှာ ညတေးသံမျိုးနွယ်စုကထက်ပင် ပို၍ လျင်မြန်စွာ တိုးတက်ခဲ့သည်။
ဤအထိ လရိပ်မျိုးနွယ်စုမှာ မြေဩဇာစက်ရုံသုံးရုံ၊ ရာဘာထုတ်စက်ရုံနှစ်ရုံနှင့် ရုက္ခဗေဒဆိုင်ရာစက်ရုံတစ်ရုံတို့ကို တည်ထောင်ခဲ့သည်။ နတ်သူငယ်များထံရှိ အပင်များထိန်းချုပ်နိုင်စွမ်းကို အသုံးပြုကာ လူသားများအတွက် အပင်ဒီဇိုင်းဖော်ခြင်းနှင့် ဥယျာဉ်ပျိုးခြင်းတို့ကို အထူးပြုလုပ်ဆောင်ကြသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်မှ ထွက်ခွာခဲ့သော်လည်း မြေဩဇာအရေးပါမှုကြောင့် လမ်ပူရီတိုင်းပြည်အနေနှင့် မြေဩဇာကို မှော်စက်များ၏ တစ်စိတ်တပိုင်းအဖြစ် မသတ်မှတ်ထားခဲ့သလို နိုင်ငံမှလည်း တားမြစ်ကန့်သတ်ထားခြင်းမရှိပေ။
မကြာသေးမီက ဆောင်းဦးကောက်ရိတ်သိမ်းပွဲကြောင့် တစ်လတာလေးနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ လရိပ်မျိုးနွယ်စုစက်ရုံများထံမှ မြေဩဇာ တန်ခုနစ်သိန်းကျော်စာ မှာယူခဲ့ရသည်ယ ၎င်းတို့အနေနှင့် လရိပ်မျိုးနွယ်စုထံ ရွှေဒင်္ဂါးတစ်သန်းကျော်ပမာဏ ပေးချေခဲ့ရလေသည်။ ၎င်းမှာယူမှုနှင့်တင် ညတေးသံမျိုးနွယ်စုအတွက် အမြတ်ငွေ တစ်နှစ်လုံးစာတန်ကြေးကို ကျော်လွန်နေပြီဖြစ်သည်။
သို့သော် ၎င်းမှာလည်း လရိပ်မျိုးနွယ်စုက ညတေးသံမျိုးနွယ်စုထက် အဆပေါင်းများစွာ ကြီးမားသောကြောင့်ပင်။
အမြတ်စွန်းတစ်ခုချင်းစီစာအရဆိုလျှင် ညတေးသံမျိုးနွယ်စု၏ တာယာစက်ရုံက ပို၍ ငွေဝင်ပါ၏။
၎င်းမှာလည်း ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပူးပေါင်းခြင်း၏ အကျိုးအမြတ်များကြီးမားမှုကို နားလည်လာခြင်းကြောင့်ဖြစ်သလို မျိုးနွယ်စုတစ်လုံးအတွက် တိုးတက်မှုများအပေါ် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲ အီလူရှာတို့၏ ခွင့်ပြုပေးမှုကြောင့်ပင်။ ၎င်းတို့မှာ ၎င်းတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် နတ်သူငယ်မလေးများနှင့် ရှုယီကို အတူရှိခွင့်ပြုဖို့ပါ စဉ်းစားထားကြသေးသည်။
အကြီးအကဲ အီလူရှာ၏ ချဉ်းကပ်မှုက ပို၍ညင်သာကာ သူမအနေနှင့် ရှုယီအား ဤကိစ္စကို အလေးအနက်စဉ်းစားဖို့သာ မျှော်လင့်ပြီး တွန်းအားမပေးပေ။ အကြီးအကဲ လီဆန်ယာကမူ လရိပ်မျိုးနွယ်စု၏ အလှဆုံး နတ်သူငယ်မလေး ငါးဦးကို တိုက်ရိုက် ရွေးထုတ်ကာ ရှုယီနောက်လိုက်စေပြီး သူ၏ ရွေးချယ်မှုကို ဂရုမစိုက်ချေ။
ရှုယီက ဤနည်းလမ်းကို မကြိုက်ဟု ဆိုပါလျှင်တောင် အကြီးအကဲ လီဆန်ယာက ရှုယီ၏ ဆန္ဒကို လုံးဝဂရုမစိုက်ချေ။ရှုယီအနေနှင့် အာလီယာနှင့် အခြားနတ်သူငယ်မလေးများအား ပြန်ပို့လိုက်ရန်အထိ မရက်စက်သဖြင့် သူဟာ ဤသို့သာ အချိန်ဆွဲထားနိုင်သည်။
မှန်ပါ၏ လရိပ်မျိုးနွယ်စု အကျိုးအမြတ်ကြီးများ ရခြင်းကြောင့် အကြီးအကဲလီဆန်ယာမှာ ရှုယီတစ်ဦးတည်းနှင့် ခိုင်မာသည့် ဆက်ဆံရေးတစ်ခုတည်းအတွက် စဉ်းစားထားခြင်းမဟုတ်ပေ။ ဤတစ်ခေါကါတွင် လရိပ်မျိုးနွယ်စုနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ကြား ပူးပေါင်းမှု ပိုမိုခိုင်မာစေရန် ရောက်လာခြင်းဖြစ်၏။
“အကြီးအကဲ လီဆန်ယာ ခင်ဗျားအနေနဲ့ ဒီကိုလာဖို့ အချိန်ရှိတယ်ဆိုတော့ ကျုပ်တို့နဲ့အတူ စထရူလမ်းမမြှင့်တင်ရေး စီမံကိန်းမှာ ပူးပေါင်းချင်တဲ့ အဓိပ္ပာယ်ပဲပေါ့?” နှစ်ဦးဝင်လာချိန်တွင် ရှုယီက အကြီးအကဲလီဆန်ယာကို ကိုယ်တိုင် လဘက်ရည်ငှဲ့ပေးကာ မေးလိုက်သည်။
ဤ စထရူလမ်းမမှာ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်ကို ချိတ်ဆက်ထားသည့် လမ်းမဖြစ်၏။
ဤလမ်းမမှာ ရှုယီ၏ ကိုယ်ပိုင် ပိုင်နက်နယ်မြေ၏ အနောက်ဘက်သို့ သွားကာ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်အကြား မြို့များကို ချိတ်ဆက်ထားပါ၏။
လမ်းမမှာ ကိုင်တွယ်ရန်လွယ်ကူပြီး တစ်ခုတည်းသောပြဿနာမှာ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့အား ချိတ်ဆက်ထားသည့်နေရာဖြစ်၏။
စတက်တိန်းနယ်မြေ၏ လမ်းပန်းဆက်သွယ်ရေးမှာ မြစ်ဝှမ်းကြီးတစ်ခုကဲ့သို့ပင်၊ ရူဒ်ဆန်တိုင်းပြည်နယ်စပ်၌ရှိကာ ထိုနေရာ၌ မီတာငါးဆယ်ကျော်မြင့်သော တောင်ကုန်းရှည်ရှည်တစ်ခုရှိသည်။
စတက်တိန်းနယ်မြေမှ ရူဒ်ဆန်တိုင်းပြည်ထံသို့ ဆက်တိုက်လမ်းတစ်လမ်း တည်ဆောက်ရန် ဤပြဿနာကို ကျော်လွှားရပေမည်။
ရှုယီအနေနှင့် ရူဒ်ဆန်တိုင်းပြည်ဘက်သို့ ဤလမ်းမစီမံကိန်းကို အဆိုပြုခဲ့ချိန်တွင် ရူဒ်ဆန်တိုင်းပြည်မှာ မဖြစ်နိုင်ဟုထင်ခဲ့၏။
အမ်ရစ်ကုန်သည်ကြီးများအသင်းသည်ပင် ၎င်းကို မဖြစ်နိုင်ဟု ထင်မှတ်ကာ ကီလိုမီတာနှစ်သောင်းကျော် လမ်းခင်းခဲ့၏။
ငါးဆယ်မီတာကျော်အမြင့်ရှိသောကြောင့် မြင်းလှည်းများနှင့် မှော်ကားများ ပျံတက်ရန်လည်း မဖြစ်နိုင်သဖြင့် ထိုနေရာ၌ လမ်းတစ်လမ်းဖောက်ရန် မဖြစ်နိုင်ပေ။
သို့သော် ရှုယီမှာ ထိုပြဿနာကိုဖြေရှင်းရန် ရိုးရှင်းကာ အကြမ်းဆန်သည့် နည်းလမ်းတစ်ခုကို ပြသခဲ့၏။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၆။ ပါးနပ်သော အကြီးအကဲ လီဆန်ယာ
ဤနည်းလမ်းကို ဝါကျတစ်ခုအဖြစ် အနှစ်ချုပ်ဆိုနိုင်၏။
အရမ်းမြင့်နေလား? ရှင်းပါတယ် ပြားအောင်လုပ်လိုက်ရုံပေါ့!
ငါးဆယ်မီတာအရှည်ကုန်းမြင့်မှာ နယ်မြေကြီး၏ လူအများစု ခုန်မသွားနိုင်သည့် ကျုံးဖြစ်လေရာ ရူဒ်ဆန်တိုင်းပြည်ဖြစ်စေ အမ်ရစ်ကုန်သည်ကြီးများအသင်းဖြစ်စေ ရှုယီက ရူဒ်ဆန်တိုင်းပြည်နှင့် ဆက်သွယ်မည့် လမ်းတစ်လမ်းဆောက်လုပ်လိုချိန်တွင် ရှုယီမှာ ထူးဆန်းလှသည်ဟု လူတိုင်းထင်လိုက်ကြသည်။
သို့သော် ရှုယီကဲ့သို့ နည်းပညာအရတိုးတက်ပြီးသား ကမ္ဘာမြေသားအတွက် မီတာငါးဆယ်ကုန်းမြင့်လေးတစ်ခုအား ဂရုစိုက်ဖို့ လုံးဝမလိုအပ်သည့်အရာဟု သတ်မှတ်ထားလေသည်။
ကမ္ဘာမြေတွင် ဤနည်းလမ်းကို ဖြေရှင်းရန် ပြဿနာများစွာရှိသော်လည်း စိုင်စ်နယ်မြေကြီး၌ နည်းပညာ အကန့်အသတ်ကြောင့် ရှုယီမှာ ဤကုန်းမြင့်ကို ပြားစေမည့် ရိုးရှင်းကာ အကြမ်းအဆန်ဆုံး နည်းလမ်းအား အသုံးပြုရန် ရွေးချယ်ရခြင်းပင်။
အတိအကျဆိုရလျှင် စတက်တိန်းနယ်မြေ၏ မြေမျက်နှာသွင်ပြင်အနိမ့်ကို ဖြည့်ရန် ကျောက်စရစ်နှင့်ဖုန်မှုန့်များ၏ ပမာဏကြီးတစ်ခုကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့မှာ ကုန်းမြင့်တစ်ဘက်ရှိ ရူဒ်ဆန်တိုင်းပြည်ကို အားအပြည့်ဖြင့် ချိတ်ဆက်မည်ဖြစ်သည်။
အရာအားလုံးကို ပြန့်ပြူးသွားစေရန်မှာ သဘာဝကျကျပင် မဖြစ်နိုင်ချေ။ ရှုယီ ခင်းစေလိုသည်မှာ တောင်ကုန်းသဏ္ဍာန်ဖြစ်သည်။
တောင်ကုန်း၏ အမြင့်နှင့် လမ်းမ အရောင်အသွေးအရ ဤတောင်ကုန်း၏ အလျားမှာ ငါးကီလိုမီတာရှိသည်။ အနည်းဆုံး ငါးဆယ်ကီလိုမီတာ အမြင့်ရှိသည့် ဤတောင်ကုန်းကြောင့် ကျောက်စရစ်ပမာဏမှာ အနန္တလောက်လိုအပ်မည်သာ။
စိုင်စ်နယ်မြေကြီး၏ ယခင်နည်းပညာနှင့်ဆိုလျှင် ကျောက်စရစ်များအား တူးထုတ်ခြင်းဖြစ်စေ သယ်ယူပို့ဆောင်ခြင်းဖြစ်စေ လူအင်အားကိုသာ မှီခိုနိုင်ပါ၏။ ဤသို့သော စီမံကိန်းကြီးကို အပြီးသတ်ရန် အလုပ်သမားတစ်သောင်းကျော်လိုအပ်ကာ ပြီးမြောက်ရန် အနည်းဆုံးဆယ်နှစ်ကြာမည်ဖြစ်သည်။
ဤသို့သော စီမံကိန်းမျိုးအား နိုင်ငံတစ်နိုင်ငံက တာဝန်ယူဖို့ မဖြစ်နိုင်ပါချေ။သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားသည့် မှော်စက်များကြောင့် ဤစီမံကိန်းမှာ များစွာပို၍ ရိုးရှင်းလာလေသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဂရုတစိုက်တွက်ချက်မှုများအရ ၎င်းတို့၏ နောက်ဆုံးခန့်မှန်းခြေမှာ ၎င်းတို့ထံတွင် ဆိုဒ်ကြီးနှင့် ဆိုဒ်လတ် မှော်မြေတူးစက်များ အလုံအလောက်ရှိနေသရွေ့ ဤစီမံကိန်းကြီးအတွက် လူသုံးထောင်ထက် ပိုမလိုအပ်ဘဲ ၂နှစ်အတွင်း အပြီးသတ်နိုင်သည်။
အရာအားလုံး ချောချောမွေ့မွေ့ဖြစ်သွားခဲ့ပါက စထရူလမ်းမအား ငါးနှစ်တာအတွင်း အပြီးခင်းနိုင်၏။
လူပမာဏနှင့် အချိန်က အင်မတန်လျော့ကျသွားပါသော်လည်း ရင်းနှီးမြှုပ်နှံမှုက များများစားစားလျော့နည်းမသွားခဲ့ပေ။
ခန့်မှန်းခြေများအရ စထရူလမ်းမမှာ အမ်ရစ်ကုန်သည်ကြီးများအသင်း ဆောက်လုပ်ခဲ့မည့် ဈေးအကြီးဆုံးလမ်းမှ သေချာပေါက် ဖြစ်လိမ့်မည်။
ရှုယီ၏ ပိုင်နက်နယ်မြေမှ နယ်စပ်သို့ ကီလိုမီတာ တစ်ရာ့လေးဆယ်ကျော်လမ်းမှာ ရွှေဒင်္ဂါးသုံးသိန်းကုန်ကျမည်ဖြစ်၏။
နောက်နွင် ရူဒ်ဆန်တိုင်းပြည်ဘက်ရှိ ၎င်းတို့၏ မြို့ ကာရာကာမြို့သို့သွားသော ကီလိုမီတာ ငါးရာ့ခြောက်ဆယ်ရှိ လမ်းက ရွှေဒင်္ဂါး တစ်သန်းနှင့် တစ်သိန်းကုန်ကျမည်ပင်။
ဤလမ်းနှစ်လမ်းအား ပုံမှန်နည်းလမ်းဖြင့်ခင်းမည်ဖြစ်လေရာ ၎င်းတို့အနေနှင့် ထပ်တူကုန်ကျသည့်က ပုံမှန်ပင်။
သို့သော်လည်း မြေပြန့်စေရေးစီမံကိန်းအတွက် ကုန်းမြင့်ဆီသွား၍ ရူဒ်ဆန်တိုင်းပြည်သို့ ဝင်ရောက်ရန် ငါးကီလိုမီတာလေးအတွက်နှင့် ရွှေဒင်္ဂါးရှစ်သိန်းအထိ ကုန်ကျသည်။
၎င်းတို့ကို အတူပေါင်းကြည့်သော် စထရူလမ်းမ၏ ကီလိုမီတာ ခုနစ်ရာမှာ ရွှေဒင်္ဂါးနှစ်သန်းကျော် ကုန်ကျမည်ဖြစ်လေရာ ရွှေဒင်္ဂါး နှစ်သန်းခွဲအထိပင် ရောက်သွားနိုင်၏။
ရူဒ်ဆန်တိုင်းပြည်မှာ ဤလမ်းအတွက် ရင်းနှီးမြှုပ်နှံရာ၌ တာဝန်ရှိပါလျှင်တောင် ဥက္ကဌ ခရုစ်မှာ ဤလမ်းဖောက်လုပ်ရေး ကုန်ကျစရိတ်က အင်မတန်မြင့်မားလှသလို မထိုက်တန်ဟု ခံစားမိသည်။
သူ့အတွက် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် လမ်းတစ်လမ်းအပေါ် ဤမျှ အသုံးပြုခြင်းက များလွန်းလှသည်။ ၎င်းတို့အနေနှင့် ဤလမ်းဖောက်မည့်အစား ရက်အနည်းငယ်မျှ ခရီးထွက်ကာ လျှောက်သွားနေခြင်းက ပိုကောင်းပါ၏။
သို့သော် ရှုယီမှာ ၎င်းတန်ဖိုးကို များများစားစားဂရုမစိုက်ခဲ့ပေ။
ကမ္ဘာမြေထက်တွင် အဝေးပြေးလမ်းမတစ်လမ်းမှာ ကီလိုမီတာ တစ်ခုစီအတွက် ယွမ်သန်းပေါင်းဆယ်နှင့်ချီကာ ကုန်ကျမည်ဖြစ်သည်။ ဤလမ်းက ကီလိုမီတာ တစ်ခုစီအတွက် ရွှေဒင်္ဂါးပိုနည်းစွာ ကုန်ကျနိုင်လေရာ များစွာ ဈေးချိုသည်ဟု ယူဆနိုင်၏။
စိုင်စ်နယ်မြေကြီး၌ ပစ္စည်းနှင့် အလုပ်သမားများမှာ ဈေးပေါလှပြီး လမ်း အရည်အသွေးမှာလည်း ကမ္ဘာမြေ၌ ဖောက်လုပ်ထားသည့် အဝေးပြေးလမ်းမများကို မယှဉ်နိုင်သော်ငြား ၎င်းကို ရှုယီအနေနှင့် လက်ခံနိုင်နေဆဲပင်။
ဤလမ်းမကို ဖောက်လုပ်ရန် ဤမျှ များပြားသည့်ပမာဏအား ရင်းနှီးမြှုပ်နှံရာ၌ အခိုင်အမာလုပ်နေရခြင်း အကြောင်းအရင်းမှာလည်း ရှုယီအနေနှင့် ဥက္ကဌ ခရုစ်အဆိုပြုထားသည့် နည်းလမ်းကို အသုံးမပြုလိုသောကြောင့်ပင်။
ရူဒ်ဆန်တိုင်းပြည်သို့ ပို့ဆောင်ဆက်သွယ်ခြင်းတွင် လမ်းလွှဲများအား အသုံးပြု၍ရသော်လည်း ၎င်း လမ်းလွှဲအတွက် လမ်ပူရီတိုင်းပြည်ထဲ ဝင်ရောက်ဖို့လိုလေ၏။
ပထမဦးစွာ လမ်ပူရီတိုင်းပြည်သို့ဝင်ရောက်မည့် ထုတ်ကုန်တိုင်းအတွက် အကောက်ခွန်ပေးချေရမည်ကို မဆိုထားနှင့် လမ်ပူရီတိုင်းပြည်သာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များအား တားမြစ်ဖို့ ရွေးချယ်လိုက်သည်ရှိသော် Frestech ကုန်သည်ကြီးများအသင်းအတွက် အဖြေရှာရန် အင်မတန် နောက်ကျသွားပေလိမ့်မည်။
အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းသည် ပင်လယ်သို့ဝင်ရောက်နိုင်မည့် မှော်လှေကြီးများကို တီထွင်နေကာ ဤစထရူလမ်းမအား ဖောက်လုပ်ခြင်းက နယ်မြေကြီးတလျှောက် ကုန်စည်များသယ်ယူပို့ဆောင်ရန် Frestech ကုန်သည်ကြီးများအသင်းအတွက် ပိုမိုလွယ်ကူစေပါ၏။
စတက်တိန်းနယ်မြေထံတွင်မူ ရာသီဥတုကောင်းကောင်းရှိကာ နေထိုင်ရန် အဆင်ပြေပြီး များများစားစားမထိခိုက်နိုင်သော်လည်း ဤနေရာရှိ လမ်းပန်းဆက်သွယ်ရေးက တကယ်တမ်းတွင် အကန့်အသတ်ရှိ၏။ ၎င်းတို့သာ ဤပြဿနာကို ဖြေရှင်းရန် ကြိုတင်နည်းလမ်းမရှာနိုင်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ သေလမ်းတစ်လမ်းသာ ရှိပေရော့မည်။
မှန်ပါ၏ ဤပြဿနာက အကြီးအကဲလီဆန်ယာ စဉ်းစားထားသည့် အရာမဟုတ်ပေ။ ဤတစ်ခေါက် သူမအနေနှင့် ရှုယီကို လာတွေ့ရခြင်းမှာ လရိပ်မျိုးနွယ်စု၏ လရိပ်သစ်တောကို ဖြတ်သွားမည့် စထရူလမ်းမ ဖြောင့်ဖြူးရေးစီမံကိန်းကြောင့်ဖြစ်သည်။
မြေပြင်ဖြောင့်ဖြူးစေရန် ၎င်းတို့အနေနှင့် လရိပ်သစ်တော၏ ရှုခင်းကို များစွာသက်ရောက်စေမည့် မြေမျက်နှာပြင် မြှင့်တင်ခြင်းကို လုပ်ဆောင်ဖို့လိုသဖြင့် ရှုယီမှာ လရိပ်မျိုးနွယ်စု၏ အထောက်အပံ့ကို ကြိုရထားဖို့လိုသည်။
အကြီးအကဲလီဆန်ယာထံ ဤစီမံကိန်းအား အဆိုပြုခဲ့ချိန်က အကြီးအကဲလီဆန်ယာမှာ အစပိုင်းတွင် ပူးပေါင်းရန် သဘောတူခဲ့သည်။
ထို့အပြင် ဤတစ်ခေါက် အကြီးအကဲလီဆန်ယာ ရောက်လာစဉ်၌ သူမဟာ ထိုမျှ ထူးဆန်းနေပုံမရသလို ရှုယီကလည်း သဘာဝကျကျပင် သူမအနေနှင့် ထိုပူးပေါင်းမှုကို သဘောတူသည်ဟု ထင်ခဲ့၏။
မျှော်လင့်ထားသလိုပင် ရှုယီ၏ အမေးကိုကြားပြီးနောက် အကြီးအကဲ လီဆန်ယာက ခေါင်းငြိမ့်သည်၊ “အင်း ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ပြောရရင် ရူဒ်ဆန်တိုင်းပြည်နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တာက ကျွန်မတို့ မျိုးနွယ်စုအတွက် အဆင်ပြေမှာပဲလေ။”
ရှုယီလည်း အသာအယာပြုံးကာ တည်ငြိမ်စွာ စောင့်နေလိုက်သည်။
အကြီးအကဲလီဆန်ယာက ခဏတာ ရပ်တန့်လိုက်ပြီးနောက် ပြောလေ၏၊ “ဒါပေမယ့်.... ဥက္ကဌရှု ကျွန်မအနေနဲ့ အခြေအနေတချို့ကို ပြောပြဖို့ လိုတယ်။”
“ပြောပါ”
“အရင်ဆုံး ဒီလမ်းတည်ဆောက်ရေးက လရိပ်သစ်တောကို အထိအခိုက်ကြီးကြီးမားမားဖြစ်စေလိမ့်မှာဖြစ်တာကြောင့် ကျွန်မတို့မျိုးနွယ်စုရဲ့ နေထိုင်ရေးကို လွှမ်းမိုးလာမှာပဲ။ ဥက္ကဌရှု ရှင့်အနေနဲ့ ကျွန်မတို့ကို လျော်ကြေးတချို့ ပေးဖို့လိုတယ်။”
ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ချေ။
နတ်သူငယ်များက လူသားများ၏ တွက်ချက်ခြင်းကို အထင်အမြင်သေးသည်ဟု မည်သူက ဆိုခဲ့ပါသနည်း? အကြီးအကဲလီဆန်ယာက လက်ရှိမှာ သူ့ကို ဈေးဆစ်နေတာမဟုတ်လား?
“သေချာတာပေါ့၊ ဒါပေမယ့် အကြီးအကဲ လီဆန်ယာအနေနဲ့ လျော်ကြေးက ရွှေဒင်္ဂါး ဘယ်လောက်ဆိုရင် လုံလောက်ပြီလို့ထင်လဲဗျ?” ရှုယီက အပြုံးဖြင့်မေးသည်။
“မဟုတ်ဘူး ရွှေဒင်္ဂါးချည်းပဲဆိုရင် ကျွန်မတို့အတွက် ဘာအဓိပ္ပာယ်မှမရှိသလို အခုလည်း ကျွန်မတို့ဆီမှာ မပြတ်လပ်နေဘူးလေ။” အကြီးအကဲ လီဆန်ယာက ခေါင်းခါသည်။
“အိုး? ဒါဆို အကြီးအကဲက ဘယ်လို လျော်ကြေးမျိုးလိုချင်တာများလဲ?” ရှုယီမှာ အတန်ငယ် အံ့ဩသွားပါ၏။
“ကျွန်မတို့အနေနဲ့ လက်တွေ့ကျတဲ့ အကူအညီတချို့ လိုအပ်တယ်။ ဥပမာပြောရရင် လရိပ်သစ်တောမှာ ရေအရင်းအမြစ်မလုံလောက်တာကြောင့် ကျွန်မတို့ မျိုးနွယ်စုလည်း သုံးဖို့ရေရှာတဲ့နေရာမှာ ပြဿနာရှိတယ်။ ဥက္ကရှု ရှင်တို့ စတွေ့တုန်းက ညတေးသံမျိုးနွယ်စုမှာရှိတဲ့ ရေပြဿနာကို ရှင်ဖြေရှင်းပေးခဲ့တယ်လို့ အီလူရှာ ပြောတာကို ကြားခဲ့သေးတယ်။ ဒီတော့ ကျွန်မတို့မျိုးနွယ်စုက ပြဿနာကိုရော ဖြေရှင်းပေးဖို့ ကူညီနိုင်မလား?”
ရှုယီလည်း အတွေးထဲနစ်သွားပြီးနောက် ခေါင်းငြိမ့်၏၊ “ဒါက အဖြေရဖို့အတွက်ဆို စစ်ဆေးမှုတချို့လုပ်ဖို့လိုပေမယ့်လည်း ပြဿနာတော့မရှိပါဘူး။ ဥပမာပြောရရင် ကျုပ်တို့လုပ်ငန်းစုကလည်း မြို့တစ်မြို့ကို ဝိုင်းထားနိုင်လောက်တဲ့ မှော်စက်တွေတောင် ထုတ်လုပ်ထားပြီးသားဆိုတော့ လရိပ်သစ်တောထဲမှာ မြေအောက်ရေတချို့ ရှာပေးလို့ရပါတယ်။ ကျုပ်အနေနဲ့ ခင်ဗျားတို့ မျိုးနွယ်ဝင်တွေရဲ့ အိမ်တစ်အိမ်စီတိုင်းဆီ ရေသန့်တွေ ယူလာနိုင်မယ့် ဘက်စုံစနစ်တစ်ခုတောင် တည်ဆောက်ပေးလို့ရတယ်။”
“တကယ်လား?” အကြီးအကဲ လီဆန်ယာမှာ ကျေနပ်အားရဟန်ပေါ်လာ၏၊ “တကယ်ကြီး အဲ့လိုဘက်စုံစနစ်မျိုးရှိတာလား? ကောင်းလိုက်တာ! ဥက္ကဌရှု ကျွန်မအခုပဲ ရှင့်ဆီကနေ ဒီစနစ်ကို ဝယ်ချင်တယ် ဒီအတွက် ငွေပေးရမယ်ဆိုရင်တောင် ပြဿနာမရှိဘူး။”
အကြီးအကဲ လီဆန်ယာ၏မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေဟန်ကိုမြင်သော် ရှုယီမှာ အတန်ငယ် ရှုပ်ထွေးသွားပါ၏။
နတ်သူငယ်မျိုးနွယ်စုတိုင်းက သန့်ရှင်းတဲ့ ရေရင်းမြစ်အတွက် ပြဿနာရင်ဆိုင်နေကြရတာလား?
ညတေးသံမျိုးနွယ်စုဖြစ်စေ လရိပ်မျိုးနွယ်စုဖြစ်စေ ၎င်းတို့ သူ့အား ပထမဆုံးဖြေရှင်းခိုင်းကြသည်မှာ ဤပြဿနာဖြစ်သည်။
ရေစနစ်နှင့်ပတ်သက်၍ ရှုယီသည် ၎င်းကို သူ၏ပိုင်နက်နယ်မြေတွင် သေးငယ်သောစွမ်းရည်ဖြင့် စတင်အသုံးပြုနေပြီဖြစ်သည်။
ဥပမာ သူ၏ အိမ်တော်အောက်ဘက်တွင် မှော်ရေစုက်စက်တစ်ခု ထားရှိကာ အိမ်တော်၌ ဆောက်ထားသည့် ရေစည်ထဲသို့ မြေအောက်ရေများကို ထုတ်ယူထားလေသည်။ ထို့နောက် ၎င်းရေက စည်ထဲမှနေ၍ ၎င်းတို့ကို လိုအပ်နေသည့် အခန်းများသို့ ပိုက်မျိုးစုံကိုဖြတ်၍ စီးဆင်းသွားလေသည်။
ဤရေစနစ်အား နှစ်လအောက်သာ လုပ်ဆောင်ထားခဲ့လေရာ စမ်းသပ်နေသည့် အပိုင်း၌သာရှိသေး၏။ ၎င်းစမ်းသပ်မှုပြီးလျှင် သူ့အနေနှင့် ပိုင်နက်နယ်မြေတဝှမ်းလုံး၌ အသုံးပြု၍ရမည်လား ဆုံးဖြတ်မည်ဖြစ်၏။
ရှုယီ၏ ပန်းတိုင်မှာ နောက်နှစ်၏ ပထမတစ်ဝက်တွင် သူ၏ ပိုင်နက်နယ်မြေရှိ အိမ်ထောင်စုတိုင်းကို ရေသန့်အသုံးပြုခွင့် ရခွင့်ပြုမည်ဖြစ်သည်။
“ရေပြဿနာအပြင် တခြားရှိသေးလား? တခြားတောင်းဆိုစရာတွေ ဘာတွေရော?”
“ရေပြဿနာကလွဲရင် အလျင်လိုနေတာမရှိပါဘူး”
အကြီးအကဲ လီဆန်ယာက အခြားတောင်းဆိုမှုများစွာကို ပြောလာပြီး ၎င်းတို့က ထိုမျှ အရေးမကြီးချေ။ သူမအနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ လရိပ်မျိုးနွယ်စုမှ ဘဝများကို ပိုမိုအဆင်ပြေလာအောင် လုပ်ဆောင်ပေးစေချင်နေ၏။
ဥပမာ အကြီးအကဲ လီဆန်ယာအနေနှင့် Frestech ကုန်သည်ကြီးများအသင်းက လရိပ်မျိုးနွယ်စု၏ မြေဩဇာစက်ရုံအတွက် စက်အသစ်တချို့ကို ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်နေသည်၊ ထိုနည်းဖြင့် ၎င်းတို့လည်း လုပ်ဆောင်နိုင်စွမ်းနှင့် အထွက်နှုန်းကို တိုးမြှင့်နိုင်မည်ဖြစ်၏။
သို့မဟုတ် လရိပ်မျိုးနွယ်စုအနေနှင့် လူသားများကဲ့သို့ လရိပ်တောအုပ်အပြင်ဘက်တွင် နတ်သူငယ်များအတွက် မြို့လေးတစ်မြို့တည်ဆောက်ချင်နေသည်။ သူမဟာ ရှုယီအား ဒုခ် စတက်တိန်းနှင့် အရှင် ဝိန်အား ခွင့်ပြုချက်ရယူရန် ပြောပေးစေလို၏။
သို့မဟုတ် အကြီးအကဲ လီဆန်ယာမှာ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် သူမအတွက် အထူးမှော်ဆလွန်းတစ်စင်း ဒီဇိုင်းဆွဲပေးမည်ကို မျှော်လင့်နေ၏....
....
အကြီးအကဲ လီဆန်ယာထံမှ ထိုတောင်းဆိုမှုကိုကြားသော် ရှုယီ၏ သူမကို ကြည့်ပုံက ပြောင်းလဲသွားသည်။
ပုံမှန်နတ်သူငယ်တစ်ဦးနှင့် ယှဉ်လျှင် ဤအကြီးအကဲ လီဆန်ယာမှာ ပါးနပ်သည့် လူသားကုန်သည်တစ်ဦးလိုပင်။ သူမထံတွင် သေချာပေါက် နတ်သူငယ်တို့၏ ဂုဏ်ဟူသည်မျိုးမရှိဘဲ သူမ အကျိုးအမြတ်များအတွက်သာ ပြုမူသည်။
လရိပ်မျိုးနွယ်စုနှင့် ပူးပေါင်းရာတွင် ရှုယီက ၎င်းကို သေချာမမြင်တွေ့ခဲ့သော်လည်း ယခုတွင်မူ ၎င်းအပေါ် အမြင်နက်နက်ရှိုင်းရှိုင်းရှိနေပြီဖြစ်သည်။
ရှုယီက သူမ၏ တောင်းဆိုချက်များကို သဘောတူလိုက်ပြီးနောက်တွင် အကြီးအကဲ လီဆန်ယာမှာ အင်မတန် ကျေနပ်သွားဟန်ပေါ်နေတော့၏။ ဤလျော်ကြေးများအား ဆုံးဖြတ်ပြီးသည့်နောက် သူမက အပြုံးဖြင့် ခေါင်းငြိမ့်သည်။
“အရမ်းကောင်းတယ် ဥက္ကဌရှုက တကယ်ကို ကျွန်မတို့ နတ်သူငယ်တွေရဲ့ အကောင်းဆုံး မိတ်ဆွေပါပဲ။ မြင့်မြတ်တဲ့ နတ်သူငယ်တစ်ဦးအနေနဲ့ ရှင့်ရဲ့ သဘောထားကြီးမှုကို တုံ့ပြန်ဖို့လိုတယ်။ ဥက္ကဌရှု ကျွန်မအနေနဲ့ ဒီအစီစဉ်အတွက် အနည်းဆုံး ရွှေဒင်္ဂါး ငါးသိန်းနဲ့ အချိန်ပမာဏကြီးတစ်ခုလောက် သက်သာစေနိုင်မယ့် ဒီဇိုင်းသစ်တစ်ခု ထောက်ပံ့နိုင်တယ် စိတ်ဝင်စားရဲ့လား?”
ရှုယီလည်း အံ့ဩသွားသည်။
မဖြစ်နိုင်ဘူး မဟုတ်လား? ဘယ်လိုနည်းလမ်းက ရွှေဒင်္ဂါးငါးသိန်းသက်သာစေနိုင်မှာလဲ? ပြီးတော့ အချိန်ပမာဏရော အများကြီး သက်သာစေမှာတဲ့လေ?
ဒါက တကယ်ကို စိတ်ကူးယဉ်သက်သက်ပါပဲ!
သို့သော် နတ်သူငယ်များ၏ ဆန်းကြယ်မှုကို စဉ်းစားကြည့်ရင်း ရှုယီ၏ အမူအရာက လေးနက်လာသည်။ သူက မတ်မတ်ထိုင်ကာ အကြီးအကဲ လီဆန်ယာကို ကြည့်လေ၏။
“ပြောပြပါ”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၇။ စိုးရိမ်မှု ထုတ်ဖော်သည်
အကြီးအကဲ လီဆန်ယာ၏ မီးတောက်နီနီ မှော်ဆလွန်းမီးဘောလုံးပျံထွက်သလို မောင်းထွက်သွားကာ မိုးကုပ်စက်ဝိုင်းကို ဖြတ်သန်းပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှုယီမှာ မနေနိုင်ဘဲ အပြုံးဖြင့် ခေါင်းယမ်းမိသည်။
အကြီးအကဲ လီဆန်ယာနှင့် စကားပြောရသည်မှာ လူသားကုန်သည်တစ်ဦးနှင့် ဆင်တူပြီး အကြီးအကဲ အီလူရှာနှင့် ခြားနားပါ၏။ သူဟာ အနည်းငယ် စိတ်လှုပ်ရှားကာ အာရုံစိုက်လာစေပြီး ၎င်းကို သင့်တော်စွာ ကိုင်တွယ်လာမိစေသည်။
သို့သော် သူဟာ လူသားကုန်သည်များစွာနှင့် အချိန်ပိုကုန်ခဲ့ရသဖြင့် ဤနည်းလမ်းက ပို၍နေသားကျဖို့ ပိုလွယ်သည်။
ထို့အပြင် နှစ်ဘက်စလုံးကသာ ၎င်းတို့၏ အကျိုးအမြတ်များအား ရှင်းရှင်းလင်းလင်းဖော်ပြထားလျှင် ၎င်းတို့နှစ်ဘက်စလုံး လိုအပ်သည်ကို ရရှိနေသရွေ့ ပူးပေါင်းဖို့ ပိုလွယ်ပေသည်။
အကြီးအကဲ လီဆန်ယာမှာ အတော်များသည့် တောင်းဆိုချက်များ ပြောခဲ့ပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းအတွက် မခက်ခဲချေ။ သို့သော် အဆုံး၌ သူမ ပေးခဲ့သည့် ဖြေရှင်းချက်က ရှုယီအား မယုံကြည်စရာကောင်းလောက်အောင် ခံစားမိသွားစေသည်။
ဤနည်းလမ်းမှာ ရှုယီမှ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပေးခဲ့သည့် နည်းလမ်းထက်ပင် ပို၍ အကြမ်းဆန်သေးသည်။
ရှုယီ၏ နည်းလမ်းမှာ ၎င်းတို့ လမ်းခင်းနိုင်မည့် တောင်ကုန်းတစ်ခုဖန်တီးခြင်းဖြစ်ရာ ၎င်းကတင် လွန်လှချေပြီ။ သို့ရာတွင် အကြီးအကဲလီဆန်ယာ၏ အစီစဉ်က ပို၍ပင် လွန်ပါသေး၏။
အကြောင်းမှာ သူမအနေနှင့် တောင်ကုန်းကို အစားထိုးရန် အပင်များအား အသုံးပြုလိုခြင်းကြောင့်ပင်။
ရှုယီအတွက် သူ၏စိတ်ထဲတွင် အပင်များမှာ ပျော့လှခြင်းကြောင့် ဤကိစ္စကို သံသယကြီးကြီးရှိခဲ့လေသည်၊ မည်သို့များ အလေးချိန်ပမာဏကြီးတစ်ခုကို သယ်ဆောင်ရမည့် တောင်ကုန်းနေရာ၌ အစားထိုးနိုင်ပါမည်နည်း?
၎င်း၏ အမြင့်ဆုံးအပိုင်းက မီတာငါးဆယ်ကုန်းမြင့်ကို ရောက်ရမည်လည်းဖြစ်ရာ မည်သို့သော အပင်မျိုးက ဤမျှ မြင့်မားနိုင်ပါမည်နည်း?
သို့သော် အကြီးအကဲလီဆန်ယာက နတ်သူငယ်များထံတွင် ဤပြဿနာကို ဖြေရှင်းမည့်နည်းလမ်းတစ်ခုရှိသည်ဟု ကတိပေးခဲ့သည်၊ အကြောင်းအရင်းမှာ နတ်သူငယ်များ နယ်မြေကြီးကို အုပ်ချုပ်ခဲ့စဉ်အခါက နတ်သူငယ်တို့၏ အကြီးဆုံးမြို့ဖြစ်သည့် လရောင်မြို့ ဒါနာဆပ်စ်အား ဧရာမအပင်ကြီးတစ်ပင် အပေါ်၌ တည်ထားခြင်းကြောင့်ဖြစ်သည်။ ၎င်း၏ ခံနိုင်သော အလေးချိန်မှာ လမ်းတစ်လမ်းစာထက်ပင် အဆပေါင်းများစွာ ပိုများသေးသည်။
နတ်သူငယ်များက ၎င်းကို ဖျက်သိမ်းကာ အနှီလောကသစ်ပင်က တည်ရှိမနေတော့ပါသော်လည်း နတ်သူငယ်များထံတွင် ထူးကဲသည့်အပင်များစိုက်ပျိုးဖို့ နည်းလမ်းများ ရှိနေဆဲပင်။ ထိုအပင်များ၏ လက္ခဏာများအရ ဤဝန်ကိုတင်နိုင်ရန် တောင်ကုန်းနေရာ၌ အစားထိုးနိုင်၏။
ရှုယီအနေနှင့် အင်မတန်သံသယဖြစ်မိပါ၏။
သူ၏အမြင်တွင် အရာအားလုံးအား လျစ်လျူရှုလိုက်သော် အပြင်များ၏ တည်မြဲမှုကတင် တောင်ကုန်းတစ်ခုကို အစားထိုး၍မရနိုင်ပေ။
၎င်းတို့ ဤလမ်းကို တည်ဆောက်လိုက်နိုင်ပါလျှင်တောင် အထောက်အပံ့ဖြင့် အသုံးပြုထားသည့် အပင်များက ပြောင်းလဲသွားခြင်း သို့မဟုတ် ညှိုးနွမ်းသွားခြင်းဖြစ်ခဲ့ပါက လမ်းတစ်ခုလုံးကို ပျက်စီးစေနိုင်သည်။
စက်မှုအင်ဂျင်နီယာတစ်ဦးအနေနှင့် ရှုယီမှာ ဤအစီစဉ်ကို လက်မခံနိုင်ချေ။
အကြီးအကဲ လီဆန်ယာလည်း ရှုယီအား ၎င်းကို လက်ခံဖို့ အတင်းအကြပ်မတိုက်တွန်းဘဲ စဉ်းစားစေခဲ့ပြီးနောက် ထွက်သွားခဲ့ခြင်းသာ။
“ဆင်းသက်လာခဲ့တဲ့ ဒဏ္ဍာရီလာ ရှင်သန်ခြင်းနတ်ဘုရားမသာရှိမယ်ဆိုရင် ဒီလိုလွန်ကျူးတဲ့လမ်းမျိုးကို ငါ ယုံကြည်နိုင်လောက်တယ်။” ရှုယီက ပခုံးတစ်ချက်တွန့်၍ မောင်းထွက်သွားသည့် မှော်ဆလွန်းထံမှ ပြန်လှည့်လာပြီးနောက် အံ့အားသင့်ဟန်ပေါ်လာသည်၊ “ခင်ဗျား ဘယ်အချိန်က ရောက်နေတာလဲ?”
ဆယ်ဗီနီက အသာအယာပြုံးသည်၊ “နည်းနည်းကြာနေပါပြီ၊ ဒါပေမယ့် ရှင် အကြီးအကဲလီဆန်ယာနဲ့ စကားပြောနေတာတွေ့လို့ မနှောင့်ယှက်လိုက်တာ။”
ဆယ်ဗီနီ၏ မျက်နှာက ချောင်ကျသွားသည်ကိုမြင်သော် ရှုယီလည်း စိတ်ထဲ သက်ပြင်းချမိရသည်။
ဆယ်ဗီနီက သူမ၏ ကိုယ်ပိုင်အစောင့်များအား သူမနှင့်အတူ ခေါ်ဆောင်လာပြီးနောက် ရှုယီမှာ သူမနေထိုင်ရန်အတွက် သူ၏နယ်မြေထဲတွင် တစ်နေရာစီစဉ်ပေးထားခဲ့သည်။ ပုံမှန်အားဖြင့် သူမဟာ ထွက်လာခဲကာ ထွက်လာစဉ်တိုင်း ရှုယီကို ကြည့်ရုံသာကြည့်ပြီး စတေးလ်ကို စကားပြောသည်။ အခြားအချိန်များ၌ သူမဟာ အိမ်ရှိ ပန်းချီကားရှေ့၌ ထိုင်နေရင်း အိမ်တွင်းပုန်းကောင်မလေးဖြစ်လာသည်။
ဤသည်က ဆယ်ဗီနီ၏ ယခင်က တောက်ပသိမ်မွေ့သောသွင်ပြင်နှင့် ကွဲပြားနေရာ ရှုယီဖြစ်စေ စတေးလ်ဖြစ်စေ သူမအား စိတ်ရှည်စွာ တိုက်တွန်းသော်လည်း သူမ၏ အပြုအမူများကို ပြောင်းလဲနိုင်ခြင်းမရှိပေ။
စတေးလ်၏ အပြောအရ သူမဟာ ဆယ်ဗီနီထံမှ 'မျှော်လင့်ချက်ပျောက်ဆုံးခြင်း'ကို ခံစားနေရသည်။
ရှုယီလည်း သူမအနေနှင့် ဤသို့ ဤနှယ်ဖြစ်လာရလောက်အောင် မည်သည်ကို ကြုံတွေ့ခဲ့ရသည်အား မသိသလို သူမအား နှစ်သိမ့်နိုင်မည့် နည်းလမ်းတစ်ခုကိုပင် မစဉ်းစားနိုင်ပေ။ သူဟာ ဆယ်ဗီနီက နေ့တိုင်း ပိန်ကျလာကာ မျက်နှာလေးက ကျန်းကျန်းမာမာ သွေးနီရောင်လွှမ်းနေခဲ့ခြင်းမှ လက်ရှိ ဖျော့တော့မှုအဖြစ်ပြောင်းလဲလာသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။
အမှန်တရားကိုရှာဖွေရန်အလို့ငှာ ရှုယီမှာ လမ်ပူရီတိုင်းပြည်၌ ကျန်ရစ်ခဲ့သည့် သူ၏ အချိတ်အဆက်တချို့ကို စုံစမ်းရန် အသုံးပြုခဲ့ပါသော်လည်း မည်သည်ကိုမှ မရှာနိုင်ခဲ့ပေ။
သို့သော် လက်စ်လိုင်းထံမှ သတင်းများအရ ဘုရင်အဲရစ်မှာ ဆယ်ဗီအနေနှင့် လမ်ပူရီတိုင်းပြည်မှ ထွက်ခွာရန် သူမ၏ ကိုယ်ပိုင်အစောင့်များအား ခေါ်ဆောင်လာခဲ့သည့် အပေါ် မည်သည့် မှတ်ချက်မှ မပြုခဲ့ကြောင်း သိရသည်။ နိုင်ငံ၌ ဤကိစ္စအပေါ် မည်သည့်အသံမှ မထွက်လေရာ မင်းသမီးဆယ်ဗီနီက လမ်ပူရီတိုင်းပြည်နှင့် မသက်ဆိုင်တော့သလိုပါပင်။
ဤကိစ္စက ထူးဆန်းနေသော်လည်း ဆယ်ဗီနီက မည်သည်ကိုမှ မဆိုသဖြင့် ရှုယီလည်း အမှန်ကို မသိရချေ။
ရှုယီ စဉ်းစားကြည့်ရာ မည်သို့သောအရာဖြစ်ပွားခဲ့ကြောင်း ဆယ်ဗီနီကို မေးမြန်းရန် နည်းလမ်းမရှိကြောင်း တွေ့ရသဖြင့် အပြုံးဖြင့်သာ မေးလိုက်၏၊ “တစ်ခုခုလိုအပ်လို့လား?”
ဆယ်ဗီနီက ခေါင်းခါသည်၊ “ဘာမှမဟုတ်ပါဘူး ဒီတိုင်း အခန်းထဲမှာနေရတာ ငြီးငွေ့လာပြီး လမ်းလျှောက်ဖို့ အပြင်ထွက်ချင်လာလို့။”
“အင်း ခင်ဗျား လမ်းပိုလျှောက်သင့်တယ်။” ရှုယီက ချက်ချင်းဆို၏၊ “အိမ်မှာပဲ ဆက်နေ,နေရင် ခင်ဗျား NEET တစ်ယောက်ဖြစ်လာလိမ့်မယ်။”
ဆယ်ဗီနီက ရှုယီကို တအံ့တဩကြည့်လာလေသည်၊ “NEETဆိုတာက ဘာလဲ?”
ရှုယီက ရယ်မောလေသည်၊ “သေလောက်အောင် အရိုက်ခံရမယ်ဆိုရင်တောင် ထွက်လာမှာမဟုတ်တဲ့ မိန်းကလေးတစ်ယောက်လေ အဲဒါ NEETပဲ။”
ဆယ်ဗီနီလည်း မပြုံးမိဘဲ မနေနိုင်တော့ချေ၊ “နားထောင်ရအကောင်းပေမယ့် အတော်စိတ်ဝင်စားစရာပဲ။”
ဆယ်ဗီနီက နောက်ဆုံး၌ ရွှင်ပျပျပြုံးလာသည်ကိုမြင်သော် ရှုယီလည်း စိတ်ထဲ သက်ပြင်းချမိသည်။ သူဟာ အဝေးရှိ ပင်လယ်ပြင်ကိုကြည့်ရင်း အိမ်နောက်ဘက်ကို ညွှန်ပြလိုက်၏၊ “ဒီကိုရောက်နေမှတော့ ကျုပ်တို့ ထိုင်စကားပြောကြရင်ရော?”
ဆယ်ဗီနီက မငြင်းဆိုဘဲ နောက်ဘက်သို့သွားသော ရှုယီနောက် လိုက်လာပါ၏။ ၎င်းတို့မှာ ကုန်းမြင့်ထက်ရှိ ဤအိမ်တော်ကိုဆောက်စဉ်က ရှုယီလုပ်ခဲ့သော အထူးလူသွားလမ်းဆီ ရောက်လာကြသည်။
ဤလူသွားလမ်းမှာ တောင်ကုန်းအထက်တွင်ရှိပြီး ပင်လယ်က ၎င်းတို့၏ အောက်ဘက်၌ ဖြစ်၏။ လူသွားလမ်းမှ ငုံ့ကြည့်လိုက်လျှင် အဆုံးမရှိသည့် ပင်လယ်ပြင်ကို မြင်နေနိုင်သည်။
ယခုမှာ မွန်းလွဲပိုင်းဖြစ်လေရာ နေ'က မိုးကုပ်စက်ဝိုင်နှင့် နီးကပ်လာပြီဖြစ်၏။ ၎င်းကိုကြည့်လိုက်သော် ပင်လယ်ထက်တွင် တောက်ပသောအဖြူရောင်အလင်းက အလင်းပြန်နေပါ၏။ ဤသည်မှာ ပင်လယ်ပြင်တစ်ခုလုံးက လှပသည့် အဖြူရောင် အကြေးခွံတစ်ခုကဲ့သို့ အင်မတန် ခမ်းနားလှသည်။
ရှုယီက သူ၏ အထူးပြုလုပ်ထားသည့် ခုံ၌ထိုင်ကာ နောက်ကို မှီလိုက်ပြီးနောက် သက်သာရာရစွာ သက်ပြင်းချလာသည်။
ရှုယီ၏ သွင်ပြင်ကိုမြင်သော် ဆယ်ဗီနီမှာ အသာမပြုံးမိဘဲ မနေနိုင်တော့ချေ။ သူမဟာ အခြားခုံ၌ထိုင်ရင်း ရှုယီကဲ့သို့ အတုယူကာ အဝေးရှိ မိုးကုပ်စက်ဝိုင်းကိုကြည့်လျက် ခေါင်းငြိမ့်လေသည်၊ “အင်း ဒီနေရာကနေ ပင်လယ်ကိုကြည့်ရတာက တကယ်ကို သက်တောင့်သက်သာရှိတာပဲ။ ရှုယီ ရှင်က ရှင့်ကိုယ်ရှင် ဘယ်လိုအနားပေးရမယ်ဆိုတာကို သိတဲ့လူလို့ ကျွန်မ မထင်ခဲ့မိဘူး။”
ရှုယီက ရယ်လေသည်၊ “ဒါပေါ့။ ကျုပ်က ပုံမှန်ဆို တစ်ချိန်လုံးပင်ပန်းနေတာလေ ကျုပ်သာ ဘယ်လိုအနားယူပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်ဆိုတာ မလေ့လာထားရင် ကျုပ်ပဲ ခံစားရမှာမဟုတ်ဘူးလား?”
ဆယ်ဗီနီကိုကြည့်လိုက်ရင်း ရှုယီက ဆက်ပြောသည်၊ “ဆယ်ဗီနီ တစ်နေ့လုံး အထဲမှာနေ,နေတာက မကောင်းဘူး။ ခင်ဗျား ကျုပ်ဆီကနေ သင်ပြီး တစ်ခုခုလုပ်သင့်တယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့စိတ်နဲ့ ကိုယ်ကို ပင်ပန်းခွင့်ပေးသင့်တယ် ဒီလိုဆို အဲဒီ့အရာတွေအားလုံးကို စဉ်းစားမိမှာမဟုတ်တော့ဘူး။ ခင်ဗျားပင်ပန်းရင် သက်တောင့်သက်သာ အနားယူလို့ရသလို ခင်ဗျားကိုယ်ခင်ဗျား ခံစားချက်အများကြီးပိုကောင်းလာမယ့် လူတစ်ယောက်အဖြစ် ရှာတွေ့နိုင်မှာပါ။”
ဆယ်ဗီနီလည်း ခဏတာ တိတ်ဆိတ်နေပြီးနောက် အသာခေါင်းငြိမ့်သည်၊ “ရှင် ကျွန်မကို စိုးရိမ်နေတာလား?”
ရှုယီလည်း အံ့ဩသွားသည်၊ ဆယ်ဗီနီက တိုက်ရိုက်မေးလာမည်ဟု ထင်မထားခဲ့ပေ။
ဆယ်ဗီနီ၏ တည်ငြိမ်သောဟန်ပန်လေးကိုကြည့်ရင်း ရှုယီက ခေါင်းငြိမ့်လိုက်၏။
“အင်း ကျုပ်တကယ်ပဲ ခင်ဗျားကို စိတ်ပူတယ်။ ခင်ဗျားကို ဒီလိုဖြစ်လာအောင် ဘာတွေဖြစ်ခဲ့မှန်းမသိပေမယ့် မိတ်ဆွေတစ်ယောက်အနေနဲ့ အခု အရမ်းစိတ်ပူနေတာ။ ကျုပ်က အရင်က ခင်ဗျားရဲ့ တောက်တောက်ပပပုံစံကို သဘောကျတာလေ၊ ဆယ်ဗီနီဆိုတာ အမြဲအကောင်းမြင်တတ်ပြီး ကြင်နာတဲ့အပြုံးလည်းရှိနေတတ်တာ။ အခုလိုမျိုးနဲ့မတူဘူး.... ဒီဆယ်ဗီနီက အသိစိတ်မဲ့နေပြီး ဘာအင်အားမှလည်းမရှိဘူး။”
ဆယ်ဗီနီ၏ နှုတ်ခမ်းလေးများက ခါးသက်သက်အပြုံးအဖြစ် တွန့်ကွေးသွားကာ ခေါင်းခါလေသည်၊ “ရှင်တင်မကဘူး ကျွန်မကိုယ်တိုင်လည်း ကျွန်မရဲ့ အခုပုံစံကိုသဘောမကျဘူး၊ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမစဉ်းစားနိုင်ဘူးဖြစ်နေတော့ ထွက်ပြေးရုံပဲတတ်နိုင်တယ်။ ဒါပေမယ့် ကျွန်မသာ ဆက်ထွက်ပြေးနေရင် ကျွန်မကို ပိုနာကျင်စေလာနိုင်တော့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး.....”
ဆယ်ဗီနီ့မျက်နှာထက်ရှိ ငေးငိုင်နေဟန်ကိုမြင်သော် ရှုယီစိတ်ထဲ နာကျင်သွားသည်။
ဆယ်ဗီနီထံ၌ အတော်လေးသန်မာသည့်စရိုက်ရှိသော်လည်း ဤကိစ္စက သူမကဲ့သို့ သန်မာသည့်လူအား ကူရာမဲ့လာစေသဖြင့် ဤကိစ္စမှာ မည်မျှ ပြင်းထန်သည်ကို သိနိုင်သည်။
သို့သော် ရှုယီအား အထူးဆန်းစေဆုံးအရာမှာ လမ်ပူရီတိုင်းပြည်၏ မင်းသမီးလေးအတွက် မည်သို့သောအရာက သူမအား ဤသို့နာကျင်ကာ ကူရာမဲ့လာစေရသနည်း?
သူမအနေနှင့် ထီးနန်းလိုချင်နေကာ ဘုရင်မဖြစ်လာနိုင်သောကြောင့် နာကျင်နေရသည်ဆိုလျှင် နားလည်ပေးနိုင်သည်။ သို့သော်လည်း ဆယ်ဗီနီက ထိုသို့သောလူမဟုတ်သည်ကို ရှုယီ သေချာသိ၏။
သူမသာ အမှန်တကယ် ထီးနန်းလိုချင်လျှင် လမ်ပူရီဆယ့်သုံး တိမ်းပါးသွားခဲ့စဉ်က သူမအား ထောက်ခံနေသည့် မျိုးရိုးမြင့်များကို ဆင့်ခေါ်ကာ ထီးနန်းအတွက် အဲရစ်နှင့် တိုက်ခိုက်ရန် အခွင့်အရေးကြီးတစ်ခုရှိခဲ့သည်။ ၎င်းမှာ သူမပင် အနိုင်ရလောက်သည့် အခွင့်အရေးကြီးဖြစ်၏။
သို့သော် သူမက ထိုမျိုးရိုးမြင့်များ၏ ဒေါသကို ခံယူကာ ထီးနန်းကို လက်လျှော့ရန် ရွေးချယ်ခဲ့ပါ၏။ သူမဟာ အဲရစ်ကို ထိုမျှ လွယ်လွယ်ကူကူ ထီးနန်းဆက်ခံစေခဲ့သည်က သူမအနေနှင့် ထီးနန်းကို လုံးဝဂရုမစိုက်ကြောင်းပြသနေလေသည်။
ထိုသို့ဆိုကတည်းက သူမဟာ အဘယ့်ကြောင့် ဤနာကျင်မှုကို ခံစားနေရသနည်း?
“ဆယ်ဗီနီ ကျုပ်ကိုယုံကြည်လား?” ရှုယီလည်း စဉ်းစားပြီးနောက် ဆယ်ဗီနီကို အလေးအနက်မေးလိုက်သည်။
ဆယ်ဗီနီလည်း ရှုယီကိုလှည့်ကြည့်လာရာ လေးနက်နေဟန်ကိုမြင်လိုက်ရသဖြင့် ရုတ်တရတ် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ပြန်ကြည့်ရန်လှည့်လာသည်၊ “တခြားလူတွေ ဒီမှာရှိလား?”
ရှုယီ အံ့ဩသွားသော်လည်း သူ၏ စိတ်ထဲ ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။
ဆယ်ဗီနီအနေနှင့် သူမ၏ စိတ်ကိုဖွင့်ပြကာ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် စီစဉ်ထားသည်မှာ သေချာလေသည်။
သူက နောက်ကို ထရပ်ကြည့်ကာ မည်သူမှမရှိသည်ကို အတည်ပြုလိုက်ပြီးသည့်နောက် ပြန်ထိုင်ချရင်း ဆယ်ဗီနီကို ခေါင်းငြိမ့်ပြလေသည်၊ “ပြဿနာမရှိဘူး။”
“ဒါဆိုကောင်းပြီ” ဆယ်ဗီနီက မျက်လုံးများမှိတ်ကာ ခဏတာ တိတ်ဆိတ်နေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ပေါ်လာသည်။ သူမက မျက်လုံးများဖွင့်လျက် အသက်ပြင်းပြင်းရှူရင်း ရှုယီကို အလေးအနက်ဟန်ပန် တည်ငြိမ်သည့် မျက်လုံးများဖြင့် ကြည့်လာသည်၊ “ရှုယီ ရှင်က ကျွန်မရဲ့ တစ်ဦးတည်းသော မိတ်ဆွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီကိစ္စကို ဘယ်သူကိုမှ မပြောနိုင်ခဲ့သလို စိတ်ထဲမှာပဲ သိမ်းထားခဲ့ပေမယ့် နာကျင်မှုကို မခံနိုင်တော့တာကြောင့် ဒီနာကျင်မှုလျော့ပါးဖို့ ရှင့်ကို ပြောပြချင်တယ် နားလည်ရဲ့လား?”
“သေချာတာပေါ့” ရှုယီက ခေါင်းငြိမ့်သည်၊ “မိတ်ဆွေတစ်ယောက်ရဲ့ နာကျင်မှုကို နားထောင်ပေးတာက မိတ်ဆွေတစ်ယောက်ရဲ့ တာဝန်ပဲ။”
“ဒါပေမယ့် ကျွန်မရှင့်ကိုပြောချင်တဲ့ကိစ္စမှာ ရှင်ကြားပြီးရင်တောင် ရှင့်အတွက် ဘာအကျိုးမှရလာမှမဟုတ်ဘူး နားထောင်ချင်သေးရဲ့လား?” ဆယ်ဗီနီက မေး၏။
ရှုယီလည်း ရယ်မောလိုက်သည်၊ “မင်းသမီးလေး ခင်ဗျားက ကျုပ်ကို အရမ်းအထင်သေးလွန်းနေတာ မဟုတ်ဘူးလား?”
“ရှင့်မှာ တူညီတဲ့ပြဿနာရှိနေတုန်းပဲ။ ရှင် ကျွန်မကို မကျေနပ်ချိန်ဆိုရင် သမားရိုးကျအတိုင်းပြောတယ်နော်။” ဆယ်ဗီနီက အသာပြုံးလိုက်ပြီးနောက် တစ်ဖန်အတွေးထဲနစ်သွားပြန်သည်။ သူမ၏ အမူအရာ ဆက်လက်ပြောင်းလဲနေသော်လည်း နောက်ဆုံးတွင် တည်ငြိမ်လာကာ ရှုယီကို တစ်ဖန်ပြန်ကြည့်လေ၏၊ “ဒါဆိုလည်း ကောင်းပြီ ရှုယီ ကျွန်မရှင့်ကို တစ်ခုမေးမယ် ရိုးရိုးသားသားဖြေပေးပါ။”
ရှုယီက အသာခေါင်းငြိမ့်၏၊ “မေးပါ”
“ရှုယီ ရှင့်ရဲ့ အစ်ကိုကြီးကသာ ရှင့်ရဲ့အဖေကိုသတ်ခဲ့မယ်ဆို ရှင်ဘာလုပ်မှာလဲ?”
ရှုယီမှာ အံ့ဩကာ မျက်နှာအမူအရာက မှောင်မိုက်သွားတော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၈။ သက်တမ်းတစ်ခုစာ နေထိုင်ပါ
နှစ်ဦးသားက တစ်ဦးကိုတစ်ဦး ခဏတာ တိတ်တဆိတ်ကြည့်နေပြီးနောက် ရှုယီဟာ တံတွေးတစ်လုပ်စာလောက် မြိုချလိုက်ရင်း တုံ့တုံ့ဆိုင်းဆိုင်းဆိုလေသည်၊ “ဖြစ်နိုင်တာ.... အရှင်မင်းကြီး လမ်ပူရီဆယ့်သုံးက...”
“ခန့်မှန်းစရာမလိုဘူး၊ ဟုတ်တယ်” ဆယ်ဗီနီက ခေါင်းငြိမ့်သည်။
သူဟာ ၎င်းကို ခန့်မှန်းပြီးသား ဖြစ်ပါလျှင်တောင် ဆယ်ဗီနီက အတည်ပြုပေးလာသည့်အခါ ရှုယီလည်း အံ့အားသင့်လျက် ခဏတာ ဆွံ့အသွားသည်။
ဆယ်ဗီနီ၏ ခါးသက်သက်အမူအရာကိုကြည့်ရင်း ရှုယီမှာ အဘယ့်ကြောင့် ဆယ်ဗီနီက ရုတ်တရတ် ဤသို့ဖြစ်လာကာ ရုတ်တရတ် အင်မတန် အထီးကျန်၍ကူရာမဲ့လာသည်ကို နားလည်လိုက်သည်။
၎င်းကိုသုံးသပ်ရလျှင် ဆယ်ဗီနီမှာ တကယ်ကို အင်မတန် သန်မာလှပါ၏။
တစ်စုံတယောက်ကသာ ထိုသို့သော အရာမျိုးနှင့်ကြုံရပါလျှင် ၎င်းတို့မှာ လဲပြိုနေလောက်ပြီသည်။
“ဒါက... ခင်ဗျား ဘယ်တုန်းက သိထားခဲ့တာလဲ?” ရှုယီလည်း စဉ်းစားပြီးနောက် မေး၏။
“သိတာ မကြာသေးပါဘူး။” ဆယ်ဗီနီက သက်ပြင်းချကာ၊ “ကျွန်မသိပြီးသားဆိုရင်တောင် ဘာလုပ်နိုင်မှာမို့လဲ?”
ရှုယီထံ၌ ပြောစရာမရှိပါချေ။
တစ်ခဏကြာပြီးနောက် ရှုယီလည်း မရဲတရဲမေးလိုက်၏။ “ခင်ဗျား... လမ်ပူရီဆယ့်သုံးအတွက် လက်စားမချေချင်ဘူးလား?”
“လုပ်ခဲ့တာပေါ့” ဆယ်ဗီနီလည်း ခါးသက်သက်ပြုံးကာ ဆို၏၊ “ဒါပေမယ့် အဲရစ်က အခု လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်လေ၊ ကျွန်မ ခမည်းတော်အတွက် လက်စားချေချင်ရင်တောင် နိုင်ငံမှာ ပြည်တွင်းပဋိပက္ခတွေပဲဖြစ်လာမှာ။ ခမည်းတော်က နိုင်ငံကို တန်ဖိုးအထားဆုံးဆိုတော့ ကျွန်မသိတယ်။ သူ့အနေနဲ့ သူ့အတွက် လက်စားချေပေးဖို့အတွက်နဲ့ နိုင်ငံကို ကသောင်းကနင်းဖြစ်စေချင်မှာမဟုတ်ဘူး။ ရှုယီ ကျွန်မ ဘာလုပ်သင့်တယ်လို့ထင်လဲ?”
ရှုယီလည်း တစ်ဖန် ပြောစရာမဲ့သွားပြန်သည်။
ဆယ်ဗီနီက သာမန်မိသားစုက ဆိုပါလျှင်တောင် ဤအခြေအနေတွင် ရွေးချယ်ဖို့က ခက်ခဲလှသည်။ သူမဟာ တော်ဝင်မိသားစုမှလာသည်ကိုမဆိုထားနှင့် သူမလုပ်မည့် အပြုအမူတိုင်းက လမ်ပူရီတိုင်းပြည်ကို ထိခိုက်စေလိမ့်မည်။
ဤရွေးချယ်မှုက ဆယ်ဗီနီအတွက် ပို၍ပင်ခက်ခဲစေပါ၏။
ရှုယီလည်း စဉ်းစားကာ နောက်ဆုံး၌ ခါးသက်သက်သာ ရယ်ပြလိုက်နိုင်သည်။
“ဆယ်ဗီနီ ကျုပ်နောက်ဆုံးတော့ ခင်ဗျားဘာလို့ ရုတ်တရတ် ထွက်ပြေးခဲ့ချင်တယ်ဆိုတာ နားလည်လိုက်ပြီ။ ဒီလိုအရာမျိုးကို ကြုံခဲ့ရတာ ကျုပ်သာဆိုရင်လည်း ထွက်ပြေးချင်မိမှာပဲ.....”
ဆယ်ဗီနီလည်း လမ်ပူရီတိုင်းပြည်ရှိရာဘက်ကို လှည့်ကြည့်ကာ သက်ပြင်းချလျက်ဆိုသည်၊ “အဲရစ်သာ လမ်ပူရီတိုင်းပြည်အတွက် လမ်းမှန်ရွေးပြီး ပိုသန်မာအောင်လုပ်နိုင်ရင် ထွက်ပြေးဖို့ ရွေးချယ်မိတာကို ဆန္ဒမရှိသလိုခံစားရမှာ မဟုတ်ဘူး၊ ဒါပေမယ့် လက်ရှိ လမ်ပူရီတိုင်းပြည်က....”
ဆယ်ဗီနီ၏ မျက်ခုံးများတွန့်ချိုးနေသည်ကိုမြင်သော် ရှုယီလည်း စိတ်ထဲ ခါးသက်သက်ရယ်မိရသည်။
ဆယ်ဗီနီမှာ ယခင်က အဲရစ်ထံ ထီးနန်းပေးအပ်ဖို့ ရွေးချယ်ခဲ့သော်လည်း ယခုတွင် ဤအခြေအနေ၌ ထွက်ပြေးဖို့ ရွေးချယ်ခဲ့၏။ သူမအနေနှင့် လမ်ပူရီဆယ့်သုံးအတွက် လက်စားမချေဘဲ အသိစိတ်ကို ထိန်းထားခဲ့သည်မှာ လမ်ပူရီတိုင်းပြည်၏ တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာအတွက်ကလွဲ အခြားမရှိပေ။
သို့သော် ဆယ်ဗီနီမှာ အဲရစ် ဘုရင်ဖြစ်လာပြီး တစ်နှစ်တည်းသာကြာပြီးသည့်နောက် လမ်ပူရီတိုင်းပြည်က ဤမျှ အခြေအနေဆိုးကာ ပုန်ကန်သူများပင် ပေါ်လာမည်ဟု ထင်မထားမိခဲ့ချေ။
ဆယ်ဗီနီ၏ စိတ်ထဲတွင် နောင်တ တချို့ရှိနေသည်လား?
သေချာသည်မှာ ရှုယီက ဤမေးခွန်းကို မေးမည်မဟုတ်။
စဉ်းစားပြီးနောက် ရှုယီလည်း သူမကို နှစ်သိမ့်ပေးလိုက်သည်၊ “အများကြီးစိုးရိမ်နေဖို့မလိုပါဘူး။ နိုင်ငံက မတည်ငြိမ်ပေမယ့်လည်း အားလုံးက ကောင်းတဲ့ဘက်ကို ဦးတည်နေကြတာပဲ။ သတင်းပေါင်းစုံအရဆို ဘုရင်ကြီးအဲရစ်က ဒုခ့်စတက်ဂျ်ဆီကနေ ခွဲထွက်ပြီး ဘုရင်တစ်ပါးရဲ့ လုပ်ပိုင်ခွင့်ကို ပြန်ရယူဖို့ ကြိုးစားနေတယ်လေ။ ပြီးတော့ သူက လမ်ပူရီတိုင်းပြည်ကို အလေးအနက်စဉ်းစားပေးနေတာကို မြင်နိုင်ပါတယ်။ ကြည့်လိုက် သူက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအပေါ် တားမြစ်ချက်တချို့ကိုတောင် လျှော့ချပေးပြီး ကျုပ်တို့ ထုတ်ကုန်တွေကို လမ်ပူရီတိုင်းပြည်ကနေဆင့် လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်ခွင့်ပြုထားတယ်။ ကျုပ်အထင်.... သူ ဒီလိုလုပ်နေသရွေ့ လမ်ပူရီတိုင်းပြည်လည်း ပိုပြီး အားကောင်းလာမှာပါ။”
ဆယ်ဗီနီလည်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် တဖြည်းဖြည်းခေါင်းငြိမ့်သည်၊ “ဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ သူသာ နိုင်ငံကို ကြွယ်ဝပြီး အားကောင်းလာအောင် လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်မ သူတို့ခွင့်လွှတ်မှာတော့ မဟုတ်ပေမယ့်လည်း နိုင်ငံအတွက်တော့ ဝမ်းသာမိမှာပါလေ။”
ရှုယီမှာ ဆယ်ဗီနီ၏ အတွေးများကို မထောက်ခံသော်လည်း နားတော့လည်ပါ၏။
တော်ဝင်မိသားစုမှ လာသည့် သူမအနေနှင့် နိုင်ငံအတွက် တာဝန်ရှိလေသဖြင့် သဘာဝကျကျပင် သူမ၏ ရွေးချယ်မှုများမှာ သာမန်လူများနှင့် ခြားနားနေသည်။
သူမ၏ ခံစားချက်နှင့်ပတ်သက်ပြီး ဆယ်ဗီနီအနေနှင့် အဲရစ်ကို ခွင့်လွှတ်ဖို့မဖြစ်နိုင်သော်လည်း လမ်ပူရီတိုင်းပြည်၏ ကောင်းကျိုးအတွက် အရှုံးသာပေးနိုင်သည်။
ဆယ်ဗီနီမှာ မိုးကုပ်စက်ဝိုင်းကို လှည့်ကြည့်ကာ ခဏတာ ငေးကြည့်နေပြီးနောက် ရုတ်တရတ် မေးလာလေသည်၊ “ရှုယီ ပြောပါဦး... ပင်လယ်ပြင်ရဲ့ တခြားဘက်မှာ တခြားနယ်မြေကြီး တကယ်ပဲရှိသလား?”
“ရှိကောင်းရှိနိုင်ပါတယ်” ရှုယီက အသာပြုံးကာ ဆိုသည်၊ “ယုတ္တိကျကျကောက်ချက်ဆွဲရရင် ဒီလောကမှာ ကျုပ်တို့ရဲ့ စိုင်စ်နယ်မြေကြီးပဲ ရှိတာတော့ မဟုတ်လောက်ဘူး။ ကျုပ်တို့လုပ်ငန်းစုက ပင်လယ်ပြင် မှော်လှေတွေကို ဖန်တီးလိုက်တဲ့အချိန်ကျရင် ကျုပ်လည်း သင်္ဘောစုတစ်စု ဖွဲ့စည်းပြီး ဒီလောကရဲ့ အမည်မသိနယ်မြေကြီးဆီ စူးစမ်းဖို့သွားမှာ။ ဆယ်ဗီနီ ခင်ဗျား အတူလိုက်ဖို့ စိတ်ဝင်စားလား?”
ဆယ်ဗီနီ၏ မျက်လုံးများက နောက်ဆုံး၌ ခံစားချက်လေးအနည်းငယ် ပေါ်လာရင်း ခေါင်းငြိမ့်ကာ ဆိုလေ၏၊ “အင်း ကျွန်မအရမ်းကို စိတ်ဝင်စားတယ်။ ကျွန်မအတွက် စိုင်စ်နယ်မြေကြီးအပေါ်မှာ ဘာကောင်းတဲ့ ခံစားချက်မှ မရှိတော့ နယ်မြေကြီးအသစ်တစ်ခုဆီ စွန့်စားခန်းထွက်တာက ကျွန်မအတွက် အရမ်းသင့်တော်တဲ့ ကိစ္စပဲလေ။”
ရှုယီက စိတ်ထဲသက်ပြင်းချလိုက်သော်လည်း သူဟာ အပြုံးကိုတော့ ထိန်းသိမ်းထားဆဲပင်၊ “နယ်မြေကြီးအသစ်ကို စူးစမ်းတာက ရင်ဖိုစရာဖြစ်လောက်ပေမယ့် ခင်ဗျား စိတ်ကူးထားသလိုတော့ ပျော်စရာကောင်းလောက်မှာ မဟုတ်တာကြောင့် အချိန်ကျလာရင် ကိုယ့်ဘာသာ ပြင်ဆင်ထားသင့်တယ်။”
“ရှင် သင်္ဘောစုကို မဖန်တီးနိုင်ခင် နှစ်အတော်များများကြာဦးမှာမို့လား? ဒီလိုအချိန်အကြာကြီးနဲ့ ကျွန်မစိတ်ကို ကောင်းကောင်းပြင်ဆင်နိုင်ပါတယ်။” ဆယ်ဗီနီက တစ်ချက်ပြုံးကာ လမ်ပူရီတိုင်းပြည်ရှိရာဘက်လှည့်လိုက်၏၊ “ဒါကလည်းကောင်းတာပဲ ဒီနှစ်တွေအတွင်း အဲရစ် ဘုရင်ကောင်းဖြစ်လာမှာကို ကြည့်နိုင်တာပေါ့”
“သူ မလုပ်နိုင်ရင်ရော”
သို့သော် ရှုယီက ထိုမေးခွန်းကို မမေးလိုက်ပေ။
ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်ရှိရာဘက်သို့ တစ်ခဏကြာ စိုက်ကြည့်နေပြီးနောက် သူမ၏ မျက်လုံးများကို မှိတ်ကာ အကြိမ်များစွာ အသက်ပြင်းပြင်းရှူလိုက်လေ၏။ သူမ၏ မျက်လုံးများ တဖန်ပြန်ပွင့်လာချိန်တွင် သူမ၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။
“ရှုယီ ကျွန်မ ရင်ဖွင့်တာကို နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီကိစ္စကို စိတ်ထဲမှာ လပေါင်းများစွာ ဖိနှိပ်ထားခဲ့ပြီး ရင်ဖွင့်စရာလူတစ်ယောက် မရှာနိုင်ရင် သေချာပေါက် ရူးသွားမလားပဲ။ အခု ရှင့်ကို ပြောပြလိုက်ပြီဆိုတော့ အများကြီး နေလို့ကောင်းသွားတယ်။”
ရှုယီလည်း အသာပြုံး၏၊ “ယဉ်ကျေးနေစရာမလိုပါဘူး ကျုပ်တို့က မိတ်ဆွေတွေပဲလေ ဒါက ကျုပ်လုပ်သင့်တဲ့အရာပါ။ ဒါပေမယ့်.... ဆယ်ဗီနီ ခင်ဗျား ကျုပ်ကို ဒီလိုအရေးကြီးလျှို့ဝှက်ချက်ကို ပြောပြခဲ့တော့ ကျုပ်တစ်ယောက်ယောက်ကို ပြောပြလိုက်မှာ မကြောက်ဘူးလား?”
“ကျွန်မရှင့်ကိုယုံတယ် ရှင် ဒီလိုလုပ်မှာမဟုတ်ဘူး။” ဆယ်ဗီနီလည်း အပြုံးဖြင့် ခေါင်းခါသည်၊ “ရှင်ပြောရင်တောင် ဘယ်သူကမှ ယုံမှာ မဟုတ်ဘူးမို့လား?”
ရှုယီလည်း စဉ်းစားပြီးနောက် တစ်ချက်ပြုံးပြ၏။
တကယ်ကို သူဟာ လုပ်ငန်းစုတစ်ခု၏ ဥက္ကဌသာဖြစ်၏။ Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်မှ မောင်းထုတ်ခံထားရသဖြင့် ထိုနေရာ၌ ပြောရန် အခွင့်အရေးမရှိပေ။
ပြောခဲ့ပါလျှင်တောင် ထိုသို့သော အရေးကြီးကိစ္စကို သူ၏စကားလေးများနှင့် မည်သူက ယုံကြည်မည်နည်း?
မှန်ပါ၏ ရှုယီအတွက်ကလည်း ၎င်းကိစ္စကိုချပြဖို့မဖြစ်နိုင်ချေ။
ဤသည်မှာ သူနှင့် ဆယ်ဗီနီအကြားက အရေးကြီး လျို့ဝှက်ချက်ဖြစ်သည်။
ဆယ်ဗီနီက မည်သူ့ကိုမှမရွေးဘဲ ဤအရေးကြီးလျှို့ဝှက်ချက်ကို သူ့အား ရွေးပြောလာသည်က သူမအနေနှင့် သူ့အား အင်မတန်ယုံကြည်လှသည်ကို သက်သေပြနေပါ၏။
နှစ်ဦးက အတန်ကြာအောင် တစ်ဦးကိုတစ်ဦး တိတ်တဆိတ်ကြည့်နေကြပြီးနောက် ဆယ်ဗီနီက အပြုံးဖြင့် မတ်တပ်ရပ်လိုက်သည်။
“ကောင်းပြီလေ ကျွန်မ လပေါင်းများစွာ ထိန်းသိမ်းခဲ့တဲ့ လျှို့ဝှက်ချက်ကို အခုတော့ ပြောလိုက်ရပြီပဲ။ ရှုယီ ရှင့်အစီစဉ်အရ ကျွန်မ ရှင့်ကို နှောင့်ယှက်ဖို့ နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်လောက် ဒီမှာနေရဦးမယ် ကျွန်မကို စိတ်ကုန်မှာတော့ မဟုတ်ဘူးမလား?”
ရှုယီလည်း အရယ်တစ်ဝက်ဖြင့်ထရပ်ကာ ကြိုဆိုဟန်ပြလိုက်၏၊ “ကျုပ်က ခင်ဗျားကို ဒီမှာနေဖို့ အရမ်းကိုကြိုဆိုပါတယ်။ ခင်ဗျား ဘယ်လောက်နေချင်ချင် ထာဝရလည်း နေလို့ရတယ်။”
ဆယ်ဗီနီ၏ မျက်နှာက နီရဲသွားကာ ရှုယီကိုကြည့်လာသည်၊ “ရှင်တကယ်ပဲ ဒီနေရာမှာ ကျွန်မကို တစ်သက်လုံးထားချင်လို့လား?”
“ဒါက....” ရှုယီ ထိုသို့ပြောလိုက်မည်အပြုတွင် ရုတ်တရတ် ဆယ်ဗီနီ၏ ထူးထူးဆန်းဆန်းမျက်နှာထားကို မြင်ကာ နားလည်လိုက်၏။
သူ၏ စကားလုံးများက အတန်ငယ် အဓိပ္ပာယ်မရေမရာဖြစ်နေသည်။
ရှုယီလည်း နေရခက်ခက်ဖြင့် နှာခေါင်းကိုပွတ်ကာ စဉ်းစားကြည့်ပြီးနောက်တွင် အလေးအနက်ပြောလိုက်ပါ၏၊ “ဆယ်ဗီနီ ကျုပ်က ခင်ဗျားကို မင်းသမီးလေးအဖြစ် ဘယ်တုန်းကမှ မဆက်ဆံဘဲ မိတ်ဆွေတစ်ယောက်လိုပဲဆက်ဆံတာကို ခင်ဗျားလည်းသိမှာပါ။ ခင်ဗျားက မိတ်ဆွေဆိုမှတော့ ခင်ဗျားကိုကူညီတာက ကျုပ်လုပ်သင့်တဲ့အရာပဲလေ။ ခင်ဗျား စိုးရိမ်စရာမလိုပါဘူး ကျုပ်ရဲ့ နယ်မြေကို ခင်ဗျားအိမ်လိုပဲ သဘောထားပါ။”
“အိမ်လား?” ဆယ်ဗီနီ၏ မျက်နှာထက်၌ ခါးသီးဟန်ပေါ်လာသည်၊ “ဖခမည်းတော် ကွယ်လွန်ပြီးကတည်းက ကျွန်မ အိမ်လည်း ပျောက်ကွယ်သွားပါပြီ။”
ရှုယီ စိတ်ထဲသက်ပြင်းချမိသော်လည်း အပြုံးဖြင့် ပြောလိုက်ပါ၏၊ “ဒါဆို အိမ်အသစ်လို သဘောထားပေါ့”
“အဲ့လိုလား?” ဆယ်ဗီနီက ရှုယီကို တစ္ဆေဆန်ဆန်အပြုံးဖြင့်ကြည့်လာပြီးနောက် လက်ယမ်းပြ၏၊ “ဟုတ်ပြီ ဒီနေ့တော့ ဒီမှာပဲချန်ထားကြတာပေါ့။ ရှုယီ ကျွန်မရဲ့ စိတ်ထဲက အကြီးဆုံးလျှို့ဝှက်ချက်ကို ရှင့်ဆီ ချပြပြီးပြီဆိုတော့ အခုကစပြီး လျှို့ဝှက်ချက်လေးတွေ ထုတ်ပြဖို့ပါ ခဏခဏလာတော့မှာ ရှင့်ကိုယ်ရှင်ပြင်ဆင်ထားလိုက်။”
ဆယ်ဗီနီ၏ မျက်နှာအမူအရာကိုကြည့်ရင်း ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ချေ။
သူနှင့်အတူ ဟာသလုပ်နိုင်နေခြင်းက ဆယ်ဗီနီမှာ စိတ်ထဲရှိ အထုံးကို ဖွင့်ပြပြီးသည့် အဓိပ္ပာယ်ပင်။
သူမအနေနှင့် ၎င်းအထုံးကိုဖြေရန် ဘယ်သောအခါမှ ဖြစ်နိုင်လောက်မည်မဟုတ်သော်လည်း သူမ၏ သန်မာမှုနှင့် အချိန်ကုန်လွန်ခြင်းတို့ကြောင့် တဖြည်းဖြည်း ရုန်းထွက်လာနိုင်မည်သာ။
ရှုယီ လက်များကို ဖြန့်လိုက်၏၊ “ကြိုက်တဲ့အချိန် လာခဲ့”
ဆယ်ဗီနီလည်း ရှုယီကို အပြုံးဖြင့် လက်ပြပြီးနောက် ထွက်သွားတော့သည်။
ရှုယီမှာ စဉ်းစားကြည့်လိုက်သော်လည်း သူမကို မတားခဲ့ချေ။
ဆယ်ဗီနီက ယနေ့ သူမ၏ စိတ်ကို ချပြကာ သတ္တိမွေးခဲ့ရသည်။
သူမဟာ ယခုတွင် အင်မတန် အေးချမ်းနေပုံပေါ်သော်လည်း စိတ်နှလုံးသားထဲ၌ လှိုင်းများပြည့်နေလောက်သည်။
ဤအချိန်တွင် ခဏတာလောက် သူမတစ်ယောက်တည်းနေသည်က ပိုကောင်းပါ၏။
ရှုယီ ဆယ်ဗီနီကို ကြည့်လိုက်သည်။ နောက်ဘက်ကို သူမ လျှောက်သွားတော့မည်အပြုတွင် ရှေ့ဘက်မှ လူများစွာ ချီတက်လာနေသည့် အသံကိုကြားလိုက်ရ၏။
ခြံဝန်းထဲရှိ လဇ်၏ ထိတ်လန့်ဖွယ်အော်သံကိုကြားလိုက်သော် ရှုယီလည်း မျက်မှောင်ကုပ်ကာ ထပ်တူ အံ့ဩနေသည့် ဆယ်ဗီနီနှင့် အတူတကွ ထွက်သွားလိုက်သည်။
၎င်းတို့ ဂိတ်ကိုမရောက်ခင်တွင် အပြင်ဘက်မှ ဝင်လာသည့် ပုံရိပ်တစ်ခုရှိနေသည်။ နှစ်ဦးသား ထိုလူကိုကြည့်လိုက်သော် ၎င်းက ဆယ်ဗီနီ့လက်အောက်မှ သံချပ်ကာမြင်းတပ်၏ တပ်မှူး မားလော့ခ်ဖြစ်သည်ကို တွေ့လိုက်ရ၏။
မားလော့ခ်မျက်နှာထက်ရှိ ထိတ်လန့်နေပုံကိုကြည့်ရင်း နှစ်ဦးမှာ ပို၍ပင် အံ့ဩနေကြ၏။
သူ့အား ဤသို့ တုံ့ပြန်လာစေရန် မည်သည်များ ဖြစ်ပွားခဲ့ပါသနည်း?
မားလော့ခ်လည်း ဆယ်ဗီနီကိုမြင်သော် လဲကျသွားပြီ။ နှစ်ဦး စကားမဆိုနိုင်ခင်တွင် သူဟာ ဟောဟဲလိုက်ရင်း ဆိုလာသည်၊ “အရှင်....အရှင်မင်းကြီး..... အရှင်မင်းကြီး၊ ဆုံး....ဆုံး.... ဆုံးပါးသွားပြီ!”
“ဟမ်?”
ဆယ်ဗီနီနှင့် ရှုယီတို့မှာ တမုဟုတ်ချင်း ကြက်သေ,သေသွားတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၉၉။ အခြေအနေက မတည်ငြိမ်ပါ
“ပြောပါဦး.... ဒီတစ်ခေါက် အပြန်ခရီးမှာ မင်းသမီးလေးက ဘာများလုပ်မှာတဲ့လဲ?” ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့်များက ရှုယီ၏ ပိုင်နက်နယ်မြေမှ ထွက်ခွာကာ လမ်ပူရီတိုင်းပြည်ထံ အလျင်အမြတ်ဦးတည်သွားသည်ကိုမြင်သော် စတေးလ်လည်း သူမဘေးရှိ ရှုယီကို မမေးဘဲ မနေနိုင်တော့ချေ။
“ကိုယ်က ဘယ်လိုသိမှာလဲ?” ရှုယီလည်း ခါးသက်သက်ပြုံး၍ ခေါင်းခါ၏၊ “ဒါပေမယ့် မျှော်လင့်ထားတာတွေဖြစ်မလာရင် လမ်ပူရီတိုင်းပြည်က ဆယ်ဗီနီ စိုးရိမ်နေခဲ့တဲ့ ကသောင်းကနင်းထဲ ကျရောက်သွားလိမ့်မယ်။ ပြီးတော့.... ဒီတစ်ခေါက် သူမ လုံးဝ ထွက်မပြေးနိုင်တော့ဘူး။”
လွန်ခဲ့သည့် တစ်ပါတ်အကြာက ဘုရင်ကြီးအဲရစ် တိမ်းပါးသွားသည့် သတင်းမှာ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ဘုရင်ကြီးအဲရစ်မှာ ဤနှစ်၌ သက်တော် သုံးဆယ်သုံးဖြစ်ကာ ဘဝ၏ အကောင်းဆုံးအရွယ်ကို ရောက်နေပြီဖြစ်ရာ မည်သို့များ ရုတ်တရတ် တိမ်းပါးနိုင်မည်နည်း?
လမ်ပူရီတိုင်းပြည်မှာ သတင်းများအရ သူဟာ အလုပ်ပိနေသောကြောင့် သေဆုံးခဲ့သည်ဟု ဆိုကြသည်။
ဤသေဆုံးမှုက တကယ်ကို မစဉ်းစားနိုင်စရာပင်။
ဘုရင်ကြီးအဲရစ်မှာ လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် ကိစ္စများကို ဖြည်းဖြည်းချင်းကိုင်တွယ်ကာ အလုပ်ကြိုးစားခဲ့သော်လည်း အမြဲကျန်းမာနေခဲ့ပါ၏။ သေလုအောင် အလုပ်လုပ်ခြင်းကြောင့် ကွယ်လွန်သွားရခြင်းဟူသည်မှာ အင်မတန် မယုံကြည်နိုင်စရာကောင်းလှသည်။
သတင်းများထွက်လာပြီးနောက်ရက်တွင် ဆယ်ဗီနီက လမ်ပူရီတိုင်းပြည်သို့ ပြန်သွားခဲ့သည်။
အဲရစ်က လမ်ပူရီဆယ့်သုံးကို သတ်ခဲ့ပြီး ဆယ်ဗီနီအနေနှင့် သူ့အပေါ် မည်သို့သော သွေးသားတော်စပ်သည့် ခံစားချက်မှမရှိတော့သော်လည်း သူဟာ ဆယ်ဗီနီ၏ အစ်ကို ဖြစ်နေဆဲပင်။ ထို့အပြင် သူဟာ လမ်ပူရီတိုင်းပြည်၏ ဘုရင်ဖြစ်နေကတည်းက သူသာ ရုတ်တရတ် ဆုံးပါးသွားပါလျှင် ဆယ်ဗီနီအနေနှင့် သူ၏ ဈာပနသို့ သွားရမည်သာ။
ပိုအရေးကြီးသည့်အရာမှာ ဆယ်ဗီနီက အဲရစ်၏ သေဆုံးမှုကို သံသယရှိနေပါ၏။
လမ်ပူရီဆယ့်သုံးက သဘာဝမကျစွာ ကွယ်လွန်သွားသည်ဖြစ်ရာ အဲရစ် အသတ်ခံရခြင်းမဟုတ်လောက် ဟူသည်က ယုံကြည်နိုင်စရာမရှိပေ။
၎င်းအား ဆယ်ဗီနီမှ မထွက်ခွာခင် သူမ၏ ကိုယ်ပိုင်အစောင့်များအတွက် စစ်ဘက်သုံးမှော်စက်အသီးသီးတို့၏ အစုံငါးထောင်စာမှာယူခဲ့ခြင်းမှ မြင်နိုင်၏။
ဆယ်ဗီနီအနေနှင့် အဆိုးဆုံးဖြစ်ရပ်မြင်ကွင်းအတွက် စီစဉ်နေသည်မှာ သေချာလှသည်။
၎င်းက သူမ အဲရစ်ရင်ဆိုင်ချိန် လမ်ပူရီတိုင်းပြည်အား တည်ငြိမ်အောင်ထိန်းသိမ်းရန် ထွက်ပြေးဖို့ ရွေးချယ်ခဲ့ခြင်းနှင့် ခြားနားသည်။
ယခုတွင် အဲရစ်က ရုတ်တရတ်တိမ်းပါးသွားပြီဖြစ်ရာ သူမ၏ ထွက်ပြေးမည့် အကြောင်းရင်းက ပျောက်ဆုံးလျက် တည့်တည့်ရင်ဆိုင်ရုံသာ ရှိတော့သည်။
မထွက်သွားခင်က ရှိခဲ့သော ဆယ်ဗီနီ၏ မျက်နှာထက်ရှိ အလေးအနက် ပြတ်သားနေဟန်ကို စဉ်းစားကြည့်ရင်း ရှုယီစိတ်ထဲ သက်ပြင်းချလိုက်သည်။
လမ်ပူရီတိုင်းပြည်မှာ တကယ်တမ်းတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေပါ၏။
လမ်ပူရီဆယ်သုံး ပလ္လင်ထက်ရှိနေစဉ်က လမ်ပူရီဘုရင့်နိုင်ငငံမှာ အလျင်အမြန် တိုးတက်လာနေခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းထံမှ အထောက်အပံ့ဖြင့် ကြွယ်ဝခဲ့သည်။
သို့သော် လမ်ပူရီဆယ့်သုံး ကွယ်လွန်သွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်ထံမှ မောင်းထုတ်လိုက်ရာ နိုင်ငံရှိ အခြေနေက လျင်လျင်မြန်မြန်ပြောင်းလဲသွားခဲ့သည်။
ထီးနန်းဆက်ခံခဲ့သူ အဲရစ်မှာ နောက်ဆုံး၌ အင်မတန်ခက်ခက်ခဲခဲဖြင့် သူ၏ အာဃာတများကို ချကာ Frestech ကုန်သည်ကြီးများအသင်းအား ပြန်လည်ကြိုဆိုမည့် မူဝါဒတချို့ကို စတင်ချမှတ်လာခဲ့သည်။ ရှုယီလည်း Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဖွံ့ဖြိုးပြီးသား လမ်ပူရီတိုင်းပြည်၏ ဈေးကွက်သို့ ပြန်လည်ဝင်ရောက်နိုင်လောက်မည့် အလင်းရောင်ကို မြင်နေနိုင်ပြီဖြစ်သော်လည်း အဲရစ်က ရုတ်တရတ် တိမ်းပါးသွားမည်ဟု ထင်မထားခဲ့ပါချေ။
အဲရစ် ဆုံးပါးခြင်း သတင်းရောက်လာသည့် နောက်တွင် အဲရစ်၏ အကြီးဆုံးသား မင်းသားလေးဝီလျံက ထီးနန်းကိုဆက်ခံကာ ဒုခ့်စတက်ဂျ်အား သူ၏ ကိုယ်စားအုပ်ချုပ်သူအဖြစ် ခန့်အပ်ထားမည်ဖြစ်ကြောင်း သတင်းများ ထွက်လာခဲ့၏။
မင်းသားလေးဝီလျံမှာ ငါးနှစ်အရွယ်သာရှိသေးသဖြင့် နိုင်ငံ အရေးကိစ္စများကို မကိုင်တွယ်နိုင်ပါချေ။ လမ်ပူရီတိုင်းပြည်ရှိ အာဏာက ဒုခ့်စတက်ဂျ်လက်ထဲ ကျရောက်သွားပြီဖြစ်သည်မှာ ရှင်းလင်းလှသည်။
ဆယ်ဗီနီထံ၌ မင်းသားလေးဝီလျံ ထီးနန်းဆက်ခံခြင်းအပေါ် မည်သို့သော အမြင်မှမရှိသော်လည်း သူမဟာ သေချာပေါက် လမ်ပူရီတိုင်းပြည်က ဒုခ့်စတက်ဂျ်လက်ထဲကျရောက်သွားသည့် အတွေးကို သေချာပေါက် လက်မခံနိုင်ချေ။
အဲရစ်မှာ လမ်ပူရီဆယ့်သုံး သေဆုံးမှု၏ အဓိက လှုံ့ဆော်သူဖြစ်သော်လည်း သူမ ရထားခဲ့သည့် သတင်းမှတဆင့် ဒုခ့်စတက်ဂျ်မှာ အကြီးဆုံး ကြံရာပါဖြစ်ပြီး ဤအစီစဉ်ကို ကိုယ်တိုင်လုပ်ဆောင်ခဲ့သည်။
ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်အတွက်စဉ်းစားပေးရင်း အဲရစ်ကို သည်းခံနိုင်ခဲ့သော်လည်း ဒုခ့်စတက်ဂျ်ကိုတော့ သေချာပေါက် သည်းမခံနိုင်ပေ၊ သူမ၏ ဖခင်အား သတ်ခဲ့သည့် ရန်သူက လမ်ပူရီတိုင်းပြည်ကို ထိန်းချုပ်တော့မည်။
ဆယ်ဗီနီ မထွက်ခွာခင်က သူမဟာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။
ရှုယီမှာ ဆယ်ဗီနီ လမ်ပူရီတိုင်းပြည်ထံပြန်သွားသည့်အခါ လမ်ပူရီတိုင်းပြည်၌ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်တော့မည်ကို မှန်းဆကြည့်နိုင်သည်။
မျှော်လင့်မထားသည်များသာမဖြစ်လာလျှင် လမ်ပူရီတိုင်းပြည်မှာ လှိုင်းကြီးတစ်ခုအောက် ကျရောက်သွားမည်ဖြစ်ကာ ပြည်တွင်းပဋိပက္ခထဲပင် ရောက်သွားနိုင်၏။
ရှုယီအနေနှင့် လမ်ပူရီတိုင်းပြည်၏ အပြောင်းအလဲများအကြောင်းကို ထိုမျှ ဂရုမစိုက်သော်လည်း ဆယ်ဗီနီအကြောင်းကိုတော့ ဂရုစိုက်ပါ၏။
ဆယ်ဗီနီ၏ စိတ်ထဲတွင် အသိတရားအလုံအလောက်ရှိကာ သူမဟာ ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။
သို့သော် သူမ ရင်ဆိုင်ရမည့် အခြေအနေက အင်မတန် အန္တရာယ်များလိမ့်မည်။
သူမအနေနှင့် အဲရစ်၏ အုပ်ချုပ်မှုကို ပို၍ တည်ငြိမ်စေရန် ထီးနန်းအတွက် တိုက်ခိုက်ခြင်းကို လက်လျှော့ထားသောကြောင့် ဆယ်ဗီနီ၏ လက်ရှိ လမ်ပူရီတိုင်းပြည်မှ အုတ်မြစ်များမှာ ယခင်ကကဲ့သို့ အားမကောင်းတော့ချေ။
ထိုအစား စတက်ဂျ်မိသားစုက တော်ဝင်မိသားစုအပြီးတွင် အားအကောင်းဆုံးဖြစ်သလို လမ်ပူရီတိုင်းပြည်ကို ထိန်းချုပ်ခဲ့သည့် နှစ်အတွင်း ရရှိခဲ့သော ဒုခ့်စတက်ဂျ်ထံရှိ အာဏာကိုပါထည့်ပေါင်းလိုက်လျှင် စတက်ဂျ်မိသားစု၏ အာဏာမှာ တိုးလာပြီဖြစ်သည်။
ဆယ်ဗီနီ၏ ယခုတစ်ခေါက် လမ်ပူရီတိုင်းပြည်သို့ ခရီးတွင် မျှော်လင့်မထားသည်များ ဖြစ်မလာပါက သူမဟာ သေချာပေါက် စတက်ဂျ် မိသားစုကိုယ်စားပြုထားသည့် ရှေးရိုးစွဲအဖွဲ့နှင့် စတက်ဂျ်မိသားစုကို ထိပ်တိုက်တွေ့မည်ဖြစ်သည်။
ထိုရှေးရိုးစွဲမြင့်များမှာ လမ်ပူရီတိုင်းပြည်ရှိ အများပိုင်အကျိုးစီးပွားများကို ရယူထားသဖြင့် ၎င်းတို့ကို လက်လျှော့မည်မဟုတ်ပေ။
ဆယ်ဗီနီသာ လမ်ပူရီတိုင်းပြည်၏ ထိန်းချုပ်မှုအား ၎င်းတို့ထံမှ ပြန်ယူချင်လျှင် ၎င်းက မည်မျှ ခက်ခဲလှကြောင်း စိတ်ကူးကြည့်နိုင်ပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ အင်အားနှင့် ၎င်းတို့အတွက် လမ်ပူရီတိုင်းပြည်ထဲ ကြားဝင်ရန် မဖြစ်နိုင်သော်လည်း ရှုယီမှာ တတ်နိုင်သလောက် ဆယ်ဗီနီကို ကူညီပေးလိုနေဆဲပင်။
ဆယ်ဗီနီ ခေါ်ဆောင်လာခဲ့သည့် အစောင့်ငါးထောင်အတွက် ရှုယီမှာ စစ်ဘက်သုံး မှော်စက်အသီးသီးတစ်စုံစာစီကို ပြင်ဆင်ပေးခဲ့ကာ မှော်လောင်ချာတစ်ရာ၊ အလတ်ဆိုဒ်မှော်အမြောက် နှစ်ဆယ်၊ မှော်သံချပ်ကာယာဉ်အစီးနှစ်ဆယ်တို့နှင့် စမ်းသပ်မှော်ဆက်သွယ်ရေးကိရိယာအသစ် တစ်ရာလောက်ကိုပင် ပြင်ဆင်ပေးထားသည်။
၎င်းလက်နက်များနှင့် ဆယ်ဗီနီ့ ကိုယ်ပိုင်အစောင့်များ၏ ကိုယ်ခံအားမှာလည်း များစွာ တိုးလာသည်။
ထို့အပြင် ဆယ်ဗီနီ၏ အစောင့်များမှာ ဤလများအတွင်း ဤနေရာ၌ ဒီတိုင်းလေး ထိုင်နေခဲ့ကြသည်မဟုတ်။ ဤလများအတွင်း ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် အတူမကြာခဏ လေ့ကျင့်နေခဲ့ကြကာ စစ်ဘက်သုံးမှော်စက်များအား မည်သို့အသုံးပြုရမည်ကို လေ့ကျင့်ရေးတချို့ လုပ်ခဲ့ကြပြီးဖြစ်သည်။
၎င်းက ၎င်းတို့အနေနှင့် တိုက်ပွဲတွင် စစ်ဘက်သုံးမှောစက်များ၏ စွမ်းအားအပြည့်ကို အသုံးပြုနိုင်ကာ ၎င်းတို့၏ တိုက်ပွဲခွန်အားက ပုံမှန်ဖြစ်မည်မဟုတ်ဟု အာမခံရန် လုံလောက်သည်။
သို့သော် ရှုယီအနေနှင့် ဆယ်ဗီနီကို ၎င်းဖြင့်သာ အကူအညီပေးနိုင်ပြီး ကျန်သည့်အရာဖြင့် မကူညီနိုင်ချေ။
အကြောင်းရင်းမှာ..... စတက်တိန်းနယ်မြေရှိ အခြေအနေကလည်း မကောင်းလှချေ။
ကောင့်ထ် ဖရန်အား အနိုင်ရပြီးနောက် အရှင် ဝိန်၏ နယ်မြေက ပိုတိုးလာသည်။ သူ၏ စစ်တပ်မှာလည်း ယခင် စစ်သည် တစ်သောင်းအောက်မှ နှစ်သောင်းကျော်အထိ တိုးလာ၏။
ကောင့်ထ် ဖရန်အား အနိုင်ရပြီးနောက် အရှင် ဝိန်က ရှုယီထံ ပိုင်နက်မြေတချို့အားပေးအပ်ကာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်ပမာဏကြီးတစ်ခုမှာယူကာ အနီးဝန်းကျင် အရှင်သခင်များကို ဆက်တိုက်ခိုက်နေသည်။
ယခုတွင် အရှင်ဝိန်ထံ၌ စစ်တပ်ကြီးတစ်ခုရှိလာကာ စစ်ဘက်သုံးမှော်စက်များ ပိုများသလို ကောင့်ထ်ဖရန်ကို တိုက်ခိုက်ခြင်းမှ တိုက်ပွဲအတွေ့အကြုံကြောင့် သူ၏စစ်တပ်မှာ အခြားစတက်တိန်းနယ်မြေအရှင်သခင်များထက် များစွာပိုအားကောင်းသည်။ ၎င်းတို့စတင် တိုက်ခိုက်သည်နှင့် ၎င်းတို့က အရာအားလုံးကို ရှင်းပစ်မည်ဖြစ်သည်။
အခြားစတက်တိန်းနယ်မြေ အရှင်သခင်များမှာ အရှင် ဝိန်၏ စွမ်းအားကြောင့် ကြောက်ရွံ့ကာနိုးကြားနေကြသည်။
အားလုံးက အရှင် ဝိန် ထိုမျှ အားကောင်းသည်မှာ အရှင် ဝိန်ထံရှိ စစ်ဘက်သုံးမှော်စက်များမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ရရှိထားသောကြောင့်ဖြစ်သည်ကို သိကြသည်။
ဤအတောအတွင်း စတက်တိန်းနယ်မြေရှိ အရှင်သခင် အားလုံးနီးပါးမှာ Frestech ကုန်သည်ကြီးများအသင်း ထံမှ စစ်ဘက်သုံးမှော်စက်များကို စတင်မှာယူလာကြသည်။
၎င်းတို့က အရှင် ဝိန်ကဲ့သို့ပင် ရွှေဒင်္ဂါးဖြင့် မပေးချေနိုင်ကြချေ။
ထိုအရှင်သခင်များအနေနှင့် အရှင် ဝိန်ကို အတုယူကာ ၎င်းတို့၏ နယ်မြေများဖြင့် ပေးချေသော်လည်း ရှုယီက အားလုံးကို ခိုင်ခိုင်မာမာငြင်းဆိုခဲ့သည်။
ထိုအရှင်သခင်များ၏ နယ်မြေက ရှုယီ၏ နယ်မြေနှင့် လုံးဝချိတ်ဆက်မနေချေ။ ရှုယီ ထိုမြေများကို ရလိုက်ပါလျှင်တောင် စီမံခန့်ခွဲမည့် လူများမပို့နိုင်ပေ။
အတန်ငယ် ဝေးကွာသည့် နယ်မြေများကို ယူမည့်အစား အကျိုးအမြတ်အစစ်တချို့ရသည်ကမှ ပိုကောင်းဦးမည်။
ရှုယီ၏ ပန်းတိုင်မှာ ရင်းမြစ်မျိုးစုံသာဖြစ်၏။
စတက်တိန်းနယ်မြေ၏ အရှင်သခင်များမှာ အင်မတန်ချို့တဲ့လှကာ ၎င်းတို့အနက် တချို့မှာ ရွှေဒင်္ဂါး တစ်သောင်းလောက်တောင် မထုတ်နိုင်သော်ငြား ၎င်းတို့အပိုင်မြေက အင်မတန်ကြွယ်ဝသည်။ အရှင်သခင်ငယ်လေးတစ်ဦးသည်ပင် ၎င်းတို့လက်အောက်၌ မိုင်းတွင်းအနည်းငယ်နှင့် အခြားရင်းမြစ်များရှိ၏။
Frestech ကုန်သည်ကြီးများအသင်း လက်မှတ်ထိုးခဲ့သော စာချုပ်အမျိုးမျိုးအရ ဤလတွင် စတက်တိန်းနယ်မြေတစ်ခုလုံးထံမှ ရှုယီ၏ နယ်မြေသို့ ပို့ဆောင်ပေးကာ Frestech ကုန်သည်ကြီးများအသင်း စက်ရုံများထဲ ဝင်ရောက်ခဲ့သည့် ရင်းမြစ်ပမာဏများစွာရှိသည်။
၎င်း၏ တစ်စိတ်တပိုင်းအား စစ်ဘက်သုံးမှော်စက်များလုပ်ရန် အသုံးပြုပြီး အရှင်သခင်များထံ ရောင်းချမည်ဖြစ်သည်။ ကျန်တစ်ပိုင်းကိုမူ အခြားမှော်စက်မျိုးစုံအဖြစ် ပြောင်းလဲ၍ လမ်ပူရီတိုင်းပြည်၌ ရောင်းခဲ့သည့် တစ်ပိုင်းအပြင် ရူဒ်ဆန်တိုင်းပြည်နှင့် မီရန်ဒိုနယ်မြေတို့ထံ ပို့ခဲ့သည့် အစိတ်ပိုင်းကြီးတစ်ခုလည်း ရှိသေးသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းထံမှ ပမာဏကြီးတစ်ခု ဝင်ငွေ ရရှိခဲ့သည်။
အရှင်သခင်များက စစ်ဘက်သုံးမှော်စက်များကို အလောတကြီးလိုအပ်နေသည်ဖြစ်သောကြောင့် စစ်ဘက်သုံးမှော်စက်တန်ဖိုးများမှာ မတိုးလာသော်လည်း Frestech ကုန်သည်ကြီးများအသင်းထံ ၎င်းတို့ပို့ပေးခဲ့သည့် ရင်းမြစ်ဈေးနှုန်းများက လျော့ကျသွားသည်။
နောက်ဆုံး တွက်ချက်မှုအရ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းအရှင်သခင်များထံ စစ်ဘက်သုံးမှော်စက်များ ရောင်းခြင်းမှ အကျိုးအမြတ်များစွာ ရခဲ့သည်။
ထိုရင်းမြစ်များကို မှော်စက်များပြုလုပ်ရန် အသုံးပြုကာ ရောင်းချသည်ကို မဆိုထားနှင့်။
ယင်းမှော်စက်များမှာ မည်သည့် သတ္တုကုန်ကျစရိတ်မှ မရှိသည်နှင့် ညီမျှသဖြင့် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် အလုပ်သမားကုန်ကျစရိတ်သာပေးဖို့လိုအပ်လေရာ အမြတ်အစွန်းကို စိတ်ကူးကြည့်နိုင်၏။
လွန်ခဲ့သည့်လက စာရင်းများအရ Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးသုံးသန်းလောက်များသည့် အမြတ်အစွန်းကို ရရန် တစ်လသာသုံးခဲ့ရလေသည်!
ထို့အပြင် ၎င်းမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်အစွန်းများမှာ တစ်သန်းမှ ရွှေဒင်္ဂါး သုံး၊ လေးသိန်းအထိ လျော့ကျသွားခဲ့သည်မှာလည်း လမ်ပူရီတိုင်းပြည်၏ ဈေးကွက်အပြင်သို့ တွန်းထုတ်ခံခဲ့ရသောကြောင့်ပင်။
၎င်းက ရုတ်တရတ် ဆယ်ဆလောက်တိုးလာသည့်အတွက် ရှုယီသည်ပင် ခံစားချက်မပြင်းဘဲ မနေတော့ချေ။
စစ်ပွဲမှ ငွေဝင်ခြင်းမှာ တကယ်ကို ငွေရဖို့ အမြန်ဆုံးနည်းလမ်းပါပင်။
***
မှော်စက်မှုအင်ပါယာ
Vol 4 အခန်း ၁၀၀။ ဒရိတ်ခ်နယ်မြေ၏ ရပ်တည်မှု
ပထမဆုံးနှင်းထူသည့်အချိန်ကျလာစဉ်တွင် ဆိုဝယ်လ်မြို့တစ်ခုလုံးအား လုံးဝ အဖြူရောင်အတိလွှမ်းစားစေရန် တစ်မနက်သာ လိုအပ်လိုက်၏။
ကောင့်ထ် စီယန်မှာ အပြင်ဘက်ရှိ နှင်းကျနေပုံကိုကြည့်ရင်း လေးနက်ဟန်ရှိနေသည်။
မင်းသမီးလေး ဆယ်ဗီနီ လမ်ပူရီတိုင်းပြည်သို့ ပြန်ရောက်နေသည်မှာ တစ်လကြာပြီဖြစ်၏။
၎င်းက ပထမတွင် အင်မတန်ပုံမှန်ဖြစ်ခဲ့သည်။
မင်းသမီးလေး ဆယ်ဗီနီ အန်ဗီမာမြို့တော်သို့ပြန်လာပြီးနောက် သူမဟာ ဘုရင်ကြီးအဲရစ်၏ ဈာပနကို တည်ငြိမ်စွာ တက်ရောက်ခဲ့ပါသော်လည်း အစမှအဆုံးထိ သူမအကြောင်းမည်သည့် အချက်ကိုမှ ထုတ်ပြခြင်းမရှိခဲ့ပေ။
လူတိုင်းမှာ မင်းသမီးလေးဆယ်ဗီနီအနေနှင့် ယခင်က ဘုရင်ကြီးအဲရစ်ထံ ထီးနန်းလွှဲပြောင်းသေးခဲ့သဖြင့် ဘုရင်ကြီးအဲရစ်၏ သားတော် မင်းသားလေးဝီလျံ ထီးနန်းဆက်ခံခြင်းကို ဆက်လက်ထောက်ခံမည်ဟု ထင်ခဲ့ကြသည်။
သို့သော် မင်းသမီးလေးဆယ်ဗီနီမှာ လူတိုင်းအံ့ဩသွားစေမည့် မည်သို့သောအရာကိုမှ ထုတ်မပြဘဲ မေးခွန်းတစ်ခုစီတိုင်းကို မရေမရာသာဖြေဆိုခဲ့သည်။
ကောင့်ထ် စီယန်မှာ ဤတစ်ကြိမ်၌ အနည်းငယ် သတိထားနေမိသည်။
ဤတစ်ခေါက်တွင် မင်းသမီးလေးမှာ အားလုံးကိုအံ့ဩစေမည့် ရွေးချယ်မှုအား လုပ်ဆောင်လောက်၏။
မျှော်လင့်ထားသလိုပင် ဘုရင်ကြီး အဲရစ်၏ ဈာပနသို့ မင်းသမီးလေးဆယ်ဗီနီ တက်ရောက်ကာ သူမ၏ ကိုယ်ပိုင်နယ်မြေသို့ အစောင့်များအား ဦးဆောင်သွားပြီးနောက် လတစ်ဝက်အကြာတွင် သူမဟာ ရုတ်တရတ် ဘုရင်ကြီးအဲရစ်၏ သေဆုံးမှုက ပုံမှန်မဟုတ်ဘဲ အဆိပ်မိကာသေဆုံးခြင်းဖြစ်ကြောင်း ကြေညာလိုက်သည်!
ထိုသတင်းက လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို ထိတ်လန့်သွားစေ၏။
မင်းသမီးလေး ဆယ်ဗီနီ ထိုသတင်းကိုကြေညာလိုက်ချိန်တွင် သူမဟာ လှံတံခေါင်းကို ဒုခ့်စတက်ဂျ်ရှိရာဆီချိန်ထားပြီးဖြစ်သည်!
မင်းသမီးလေး ဆယ်ဗီနီက ဒုခ့်စတက်ဂျ်မှာ ဘုရင်ကြီးအဲရစ်ကို အဆိပ်ခတ်ရန် အခြားလူများကို စေခိုင်းခဲ့ကြောင်း သက်သေအလုံအလောက်ရှိနေပြီဖြစ်သည်ဟု ကြေညာခဲ့၏။ သူမ၏ မင်းသမီးလေးဖြစ်ကာ ပထမဆုံး ထီးနန်းဆက်ခံသူအဆင့်အတန်း အထောက်အထားတို့ကြောင့် သူမအနေနှင့် ဒုခ့်စတက်ဂျ်မှာ ဘုရင်အား အဆိပ်ခတ်ခြင်းဟူသည့် အကြီးမားဆုံး ပုန်ကန်မှုကြီးကို ကျူးလွန်ခဲ့ကြောင်း ကြေညာခဲ့၏!
လမ်ပူရီတိုင်းပြည်မှာ ၎င်းနောက် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
စတက်ဂျ်မိသားစုက ယခုတွင်နိုင်ငံကို ထိန်းချုပ်လာသည်မှာ ၂နှစ်ကြာနေပြီဖြစ်ရာ ဒုခ့်စတက်ဂျ်ထံ၌ အာဏာကြီးကြီးမားမားရှိသည်။ မင်းသမီးလေး ဆယ်ဗီနီအနေနှင့် သူ့အား ဤသို့ စွပ်စွဲခြင်းအတွက် သူမဟာ စတက်ဂျ် မိသားစုနှင့် အတူယှဉ်တွဲ မရပ်တည်နိုင်တော့ကြောင်း သေချာနေသည်။
ဒုခ့်စတက်ဂျ်လည်း ထိုစွဲချက်များကို အခိုင်အမာငြင်းဆိုကာ မင်းသမီးလေး ဆယ်ဗီနီက ဘုရင်ကြီးအဲရစ် ကွယ်လွန်သွားပြီးနောက် ထီးနန်းဆက်ခံလို၍ ဤစွဲချက်များ ဖန်တီးခြင်းဖြစ်သည်ဟု ဆို၏။ သူမအနေနှင့် ဘုရင် ဝီလျံ၏ မှန်ကန်သောနန်းမွေဆက်ခံမှုကို ငြင်းပယ်ကာ သူမကိုယ်တိုင်အတွက် ထီးနန်းလိုချင်နေသည်ဟု ဆိုခဲ့သည်။
မင်းသမီးလေး ဆယ်ဗီနီ၏ အချိန်ကိုက်ကျမှုက အင်မတန် တိုက်ဆိုင်နေသဖြင့် ၎င်းချေပချက်ကို ထောက်ခံသူများစွာရှိကာ လူများက သံသယဝင်လာကြသည်။
လမ်ပူရီတိုင်းပြည်က မင်းသမီးလေး ဆယ်ဗီနီကို ထောက်ခံသူများနှင့် ဒုခ့်စတက်ဂျ်ကို ထောက်ခံသူများဟု ဘက်များကွဲသွားကာ နိုင်ငံတွင် ဖရိုဖရဲဖြစ်လာတော့သည်။
ကောင့်ထ် စီယန်အတွက် စကားလုံးများက ဤတိုက်ပွဲ၌ အရေးမပါကြောင်းသိ၏။ သူသည်လည်း နောက်ဆုံးရလာဒ်က နှစ်ဘက်စလုံးအပေါ် အင်အားဖြစ်စေမည်ကို သိလေ၏။
ကောင့်ထ် စီယန်၏ အကြီးမားဆုံး နိုင်ငံအပေါ်သစ္စာရှိခြင်းမှာ လမ်ပူရီတိုင်းပြည်၏ အကျိုးအမြတ်များအတွက်ဖြစ်သည်။ သူ၏ မူလရည်ရွယ်ချက်များအရ နိုင်ငံဟာ အေးချမ်းတည်ငြိမ်နေပါက အကောင်းဆုံးဖြစ်သောကြောင့် မင်းသမီးလေးဆယ်ဗီနီမှ အဲရစ်ကို ထီးနန်းပေးလိုက်ကြောင်း ကြားချိန်တွင် စိတ်ပျက်ခဲ့ပါသော်လည်း စိတ်ထဲ အင်မတန်ပျော်ရွှင်မိရသည်။
သို့သော် ယခုတွင် ဆယ်ဗီနီက ဤသို့သော ထိတ်လန့်ဖွယ်သတင်းကို ကြေညာပြီး ထီးနန်းကို ယူချင်နေသော်လည်း လမ်ပူရီတိုင်းပြည်အတွက် အန္တရာယ်အများဆုံးအချိန်ဖြစ်နေ၏။
သို့သော်လည်း ကောင့်ထ် စီယန်အနေနှင့် လျှို့ဝှက်လမ်းကြောင်းများထံမှ ရရှိထားသည့် သတင်းအရ ဘုရင်ကြီးအဲရစ်မှာ တကယ်ကို မေးခွန်းထုတ်ဖွယ် သေဆုံးခြင်းဖြင့် ကွယ်လွန်သွားခဲ့သဖြင့် ဆယ်ဗီနီကို သံသယဖြစ်ရန် မည်သည့်အဓိပ္ပာယ်မှမရှိချေ။
အဲရစ်အနေနှင့် မင်းသားလေးဝီလျံကို သူ၏ဆက်ခံသူအဖြစ်သတ်မှတ်ခဲ့ခြင်းက မထူးဆန်းသော်လည်း ဒုခ့်စတက်ဂျ်ကို ကိုယ်စားအုပ်ချုပ်သူအဖြစ်ထားခဲ့ခြင်းက ထူးဆန်းသည်။
ကောင့်ထ် စီယန်သာမက နိုင်ငံရှိ မျိုးရိုးမြင့်များစွာကလည်း ဘုရင်ကြီးအဲရစ်မှာ မူလတွင် ဒုခ့်စတက်ဂျ်ကို အားကိုးခဲ့ကာ ဒုခ့်စတက်ဂျ်နောက်လိုက်ခဲ့သော်လည်း ပထမနှစ်ဝက်ကတည်းက ဘုရင်ကြီးအဲရစ်အနေနှင့် ဒုခ့်စတက်ဂျ်နှင့်ပတ်သက်ပြီး အမြင်မတူသည်များရှိလာကြောင်း သိထားကြသည်။ သူဟာ ဒုခ့်စတက်ဂျ်ကိုပင် ဆန့်ကျင်ကာ ဒုခ့်စတက်ဂျ်၏ အကြုံပြုချက်များကိုလည်း လုံးဝဆန့်ကျင်ခဲ့သည်။
ဤအခြေအနေမျိုးတွင် သူဟာ ဒုခ့်စတက်ဂျ်အား မည်သို့ ကိုယ်စားအုပ်ချုပ်သူအဖြစ် သတ်မှတ်ကာ နိုင်ငံကို ထိန်းချုပ်ခွင့်ပြုပါမည်နည်း?
၎င်းအား မည်သို့ကြည့်ကြည့် ကောင့်ထ် စီယန်အနေနှင့် မင်းသမီးလေးဆယ်ဗီနီ၏ စွဲချက်များကို သဘောတူရပေမည်။
မှန်ပါ၏၊ ဒုခ့်စတက်ဂျ်မှာ ဘုရင်ကြီးအဲရစ်က သူ၏ထိန်းချုပ်မှုကို ဖယ်ရှားချင်သည်အား မြင်နေသဖြင့် ဘုရင်ကြီးအဲရစ်ကို အဆိပ်ခတ်လိုက်ခြင်းဖြစ်ရမည်။ ထို့နောက် သူဟာ ပလ္လင်ပေါ်သို့ တစ်ဦးတည်းသောကလေးကိုတင်ရင်း သူ၏ရည်ရွယ်ချက်အမှန်ကလည်း လမ်ပူရီတိုင်းပြည်ကို ထိန်းချုပ်ရန်ဖြစ်သည်။
ကောင့်ထ် စီယန်သည် ရုတ်တရတ် အနည်းငယ်နောင်တရသွား၏။
သူနှင့် အခြားမျိုးရိုးမြင့်များသာ မင်းသမီးလေးဆယ်ဗီနီအား ပိုမိုထောက်ပံ့ပြီး တိုက်တွန်းခဲ့ကာ မင်းသားလေးအဲရစ်နှင့်ပင် ထီးနန်းအတွက် တိုက်ခိုက်ဖို့ တွန်းအားပေးခဲ့ပြီး မင်းသမီးလေးဆယ်ဗီနီက ထီးနန်းကို ဆက်ခံနိုင်ခဲ့လျှင် လမ်ပူရီတိုင်းပြည်က ယခု မည်သို့ဖြစ်နေလောက်မည်နည်း?
ထို့အပြင် မင်းသမီးလေးဆယ်ဗီနီသာ ထီးနန်းကို ဆက်ခံခဲ့လျှင် သူမဟာ သေချာပေါက် Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့မည်ဖြစ်၏။ မည်သို့များ Frestech ကုန်သည်ကြီးများအသင်းအား တွန်းထုတ်ကာ နိုင်ငံအတွက် ကြွယ်ဝမှုများ ဆောင်ယူလာခဲ့သည့် မှော်စက်မှုနယ်ပယ်က ထို စတက်ဂျ်မိသားစုဦးဆောင်သည့် လူများလက်အောက်ရောက်ကာ လုံးဝမတိုးတက်ဘဲ ရှိနေလိမ့်မည်နည်း။
လက်ရှိ လမ်ပူရီတိုင်းပြည်တွင် Frestech ကုန်သည်ကြီးများအသင်း၏ နယ်ပယ်များအနက် တစ်စိတ်တပိုင်းဖြစ်မှာ ဆိုဝယ်လ်မြို့သာရှိတော့သည်။
၎င်းအား ကောင့်ထ် စီယန်မှ အင်အားအပြည့်ဖြင့် ထိန်းသိမ်းထားခဲ့၏။
ဒုခ့်စတက်ဂျ်က ၎င်းနယ်ပယ်များအား ယူဆောင်ချင်သည့်မေးခွန်းကို ထပ်ခါထပ်ခါ မေးခဲ့သော်လည်း ကောင့်ထ် စီယန်မှာ သူ့အား အခိုင်အမာတားဆီးခဲ့လေသည်။
၎င်းတွင် အပြတ်သားဆုံး ကဏ္ဍမှာ လမ်ပူရီဆယ့်သုံး မဆုံးပါးခင်က ဆိုဝယ်လ်မြို့သို့ စေလွှတ်ကာ ကောင့်ထ် စီယန်၏ အမိန့်များကို နာခံစေခဲ့သည့် တတိယစစ်တပ်ဖြစ်သည်။
“မြို့စားအရှင် မင်းသမီးလေး ကာရိုလိုင်းရောက်နေပါပြီ” မြို့စားအိမ်တော်၏ အမှုထမ်းတစ်ဦးက တင်ပြလာသည်။
ကောင့်ထ် စီယန်လည်း လှည့်ကာ ခေါင်းငြိမ့်ပြလိုက်၏၊ “ဝင်လာခိုင်းလိုက်ပါ”
တခဏကြာပြီးနောက် အဖြူရောင်သားမွေးကုတ် ဝတ်ဆင်ထားသည့် မင်းသမီးလေး ကာရိုလိုင်းမှာ အဖြူရောင်ပန်းကလေးပွင့်သလို ဝင်လာသည်။
“မြို့စား စီယန် မတွေ့တာ လတစ်ဝက်လောက်ကြာပြီနော် ဒီတလော ဘယ်လိုနေလဲ?” မင်းသမီးလေး ကာရိုလိုင်းက အသာပြုံးကာ ဆိုသည်။
ကောင့်ထ် စီယန်လည်း ခေါင်းခါလိုက်၏ “မင်းသမီးလေးမြင်သလိုပဲ အဆင်မပြေလှပါဘူး”
မင်းသမီးလေး ကာရိုလိုင်းမှာ ၎င်းအဖြေကြောင့် အနည်းငယ် အံ့ဩသွားသည်မှာ သိသာလှသည်။ ခဏမျှကြာပြီးနောက် သူမက ကောင့်ထ် စီယန်ကိုကြည့်ကာ အပြုံးဖြင့် ပြတင်းရှိရာဆီကြည့်လိုက်သည်၊ “နှင်းတွေကျနေပြီ စခ်တိုင်းပြည်က ဒီအတောအတွင်း လာတိုက်မှာကို စိတ်ပူနေစရာမလိုတော့ပါဘူး။”
“နှင်းတွေက သူတို့ မတားနိုင်ဘူး” ကောင့်ထ် စီယန်လည်း ခေါင်းခါသည်၊ “လိုအပ်ရင် ကျုပ်တို့ ဆိုဝယ်လ်မြို့ တပ်ဖွဲ့တွေနဲ့ တတိယစစ်တပ်တို့မှာ နှင်းကျနေတဲ့အချိန် တိုက်ခိုက်ဖို့ အစွမ်းအစရှိတယ်။ ဒါပေမယ့် ကျုပ်က ဒါကို စိတ်မပူပါဘူး စခ်တိုင်းပြည်က တိုက်ခိုက်ချင်ရင်တောင် ဒီအချိန်ကို ရွေးလောက်မှာမဟုတ်ဘူး။”
“ဟုတ်တယ် သူတို့ သေချာပေါက် လမ်ပူရီတိုင်းပြည် အားအနည်းဆုံးအချိန်ကို ရွေးကြမှာပဲ။” မင်းသမီးလေး ကာရိုလိုင်းက ခေါင်းငြိမ့်သည်၊ “မျှော်လင့်မထားတာတွေသာ ဖြစ်မလာရင် နောက်နှစ်က အရမ်းကောင်းတဲ့ အခွင့်အရေးဖြစ်လောက်တယ်။”
ကောင့်ထ် စီယန်က ခါးသက်သက်ရယ်ပါ၏၊ “မင်းသမီးလေး မြင်နိုင်နေရင် စခ်တိုင်းပြည်က မတိုက်ခိုက်နိုင်လောက်မယ့် အကြောင်းရင်းမရှိတော့ဘူး။ ဟုတ်ပါတယ် ကျုပ်တို့ လမ်ပူရီတိုင်းပြည်က အရမ်းကို အန္တရာယ်ရှိတဲ့ အချိန်မှာရောက်နေပြီ အပေါ့ပါးဆုံး ခြေလှမ်းအမှားလေးကတောင် သမိုင်းကြောင်း ရာစုနှစ်ချီတဲ့ ကျုပ်တို့နိုင်ငံကို ဖျက်ဆီးသွားမှာပဲ။”
မင်းသမီးလေး ကာရိုလိုင်းမှာ တဖြည်းဖြည်းခေါင်းယမ်း၏၊ “မဟုတ်ပါဘူး အရှင်ကောင့်ထ် ကျွန်မတော့မထင်ဘူး”
“အိုး?” ကောင့်ထ် စီယန်က မင်းသမီးလေး ကာရိုလိုင်းကို တအံ့တဩကြည့်လာသည်။
“အရှင်ကောင့်ထ် ရှင်က လမ်ပူရီတိုင်းပြည် ကံတရားက ပြည်တွင်းစစ်ထဲကျရောက်အပြီးမှာ စခ်တိုင်းပြည်ဆီက တိုက်ခိုက်ခံရမှာကို စိတ်ပူနေတာမဟုတ်လား?”
ကောင့်ထ် စီယန်က အသာမျက်မှောင်ကုပ်ကာ ခေါင်းငြိမ့်ပါ၏။
“ဒါဆို အရှင်ကောင့်ထ် ပြည်တွင်းစစ်က အရမ်းကိုတိုတောင်းပြီး မင်းသမီးလေးဆယ်ဗီနီလည်း နိုင်ငံကို မြန်မြန်တည်ငြိမ်အောင်လုပ်လိုက်တာနဲ့ စခ်တိုင်းပြည်က မတိုက်ခိုက်ရဲတော့လောက်မှာကို စဉ်းစားမိဖူးလား?”
ကောင့်ထ် စီယန်လည်း အံ့ဩသွားသည်၊ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းသမီးလေး ကျုပ်တို့နိုင်ငံက အခြေအနေကို နားမလည်ပါဘူး၊ ကျုပ်တို့ မင်းသမီးလေးရဲ့ အလားအလာရ... မကောင်းလှဘူး။”
“ဒီလိုလား?” မင်းသမီးလေး ကာရိုလိုင်း၏ အပြုံးက ပန်းကလေးတစ်ပွင့်လိုပင်၊ “အရှင်ကောင့်ထ် ကျွန်မအထင် ရှင် အရေးကြီးအချက်တစ်ချက်ကို မေ့နေတာဖြစ်ရမယ်။ မင်းသမီးလေးဆယ်ဗီနီဆီမှာ ဘယ်သူမှ ယှဉ်လို့မရနိုင်တဲ့ ထောက်ပံ့သူရှိတယ်လေ။”
“ဘယ်ထောက်ပံ့သူက အဲ့လောက်အရေးပါမှာလဲ?” ကောင့်ထ် စီယန်က မျက်မှောင်ကုပ်ကာ ခေါင်းခါ၏၊ “မဖြစ်နိုင်ဘူး”
“မဟုတ်ဘူးလေ ဒါကဖြစ်နိုင်တာပေါ့.... ဒီအထောက်အပံ့က ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းဆီက ဖြစ်တာကြောင့်မို့လေ။” မင်းသမီးလေး ကာရိုလိုင်းမှာ အသာပြုံးကာ ဆိုသည်။
ကောင့်ထ် စီယန်မှာ စဉ်းစားရင်း ပို၍ပင် မျက်မှောင်ကျုပ်သွားပြီးနောက် ခေါင်းခါသည်၊ “ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းကို အထင်ကြီးလွန်းနေတာပဲ။ Frestech ကုန်သည်ကြီးများအသင်းက မင်းသမီးလေးအတွက် အထောက်အကူကြီးကြီးမားမားဆိုတာကို ကျုပ် ဝန်ခံပေမယ့် သူက တစ်နိုင်ငံလုံးရဲ့ အခြေအနေကို သက်ရောက်စေနိုင်လောက်အောင်အထိတော့ မသန်မာဘူးလေ။”
“ဒါက မသေချာပါဘူး” မင်းသမီးလေး ကာရိုလိုင်းမှာ ကောင့်ထ် စီယန်ကို တွေးဆဆကြည့်လိုက်ပြီးနောက် ၎င်းကို လက်လျှော့ဖို့ ရွေးချယ်လိုက်တော့သည်။
သူမ ဤတစ်ခေါက် ဆိုဝယ်လ်မြို့သို့ရောက်လာရခြင်းမှာ ကောင့်ထ် စီယန်နှင့် ပူးပေါင်းမှုကို ဆက်လက်ဆွေးနွေးရန်က အဓိကဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်း၏ ဆိုဝယ်လ်မြို့ရှိ နယ်ပယ် ထုတ်ကုန်များမှာ ဆိုဝယ်လ်မြို့နှင့် အနီးဝန်းကျင်မြို့များသို့ ဝင်ရောက်သည့်အပြင် ၎င်းတို့ အဓိကဝင်ရောက်သည့် အပိုင်းကြီးမှာ ဒရိတ်ခ်နယ်မြေဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များမှာ ဒရိတ်ခ်နယ်မြေ၌ အင်မတန်ရေပန်းစားလှသည်။ ဒရိတ်ခ်နယ်မြေလမ်းကြောင်းများမှတဆင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကိုလည်း ဒရိတ်ခ်နယ်မြေအနီးရှိ နယ်မြေနှစ်ခုထံရောင်းချသလို အင်မတန် ကောင်းမွန်စွာ ကြိုဆိုခံရလေသည်။
မင်းသမီးလေး ကာရိုလိုင်း ဤတစ်ခေါက် ကောင့်ထ်စီယန်နှင့် ဆွေးနွေးမည့် အကြောင်းအရင်းမှာ ဆိုဝယ်လ်မြို့ရှိ Frestech ကုန်သည်ကြီးများအသင်း နည်းပညာလုပ်သားတစ်စိတ်တပိုင်းကို ဒရိတ်ခ်နယ်မြေထံ ပြောင်းရွှေ့ကာ ဒရိတ်ခ်နယ်မြေ၌ ထုတ်လုပ်ရေးအခြေစိုက်ဌာနအသစ်တစ်ခု တည်ဆောက်ရန်ဖြစ်သည်။
“အရှင်ကောင့်ထ် ရှင် စိုးရိမ်နေသလိုမျိုးနဲ့ လမ်ပူရီတိုင်းပြည်က ပြည်တွင်းစစ် သေချာပေါက်ဖြစ်နိုင်သလို ဒီပြည်တွင်းစစ်မှာ ဆိုဝယ်လ်မြို့နဲ့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးရဲ့ နည်းပညာလုပ်သားတွေကို ကာကွယ်ရမှာဆိုတော့ ဒါကို သဘောတူမယ်မဟုတ်လား?”
“အင်း ကျုပ်ဒါကို အရမ်းသဘောတူပါတယ်၊ ဒါပေမယ့်... သူတို့ကို ဒရိတ်ခ်နယ်မြေဆီ ပို့ဖို့က တစ်ခုတည်းသော ရွေးချယ်စရာမဟုတ်ဘူးလေ၊ လမ်ပူရီတိုင်းပြည် အပြင်ဘက်ကို ပို့ပြီး Frestech ကုန်သည်ကြီးများအသင်းဆီ ပြန်လွှတ်လိုက်ဖို့ နည်းလမ်းတွေတောင် အများကြီးရှိတယ်။ ရှုယီက သူတို့ရဲ့ လုံခြုံမှုကို ကျုပ်လက်ထဲထည့်ထားတာ သူ့ကို စိတ်ပျက်စေလို့မဖြစ်ဘူး။” ကောင့်ထ် စီယန်က လေးနက်စွာဆိုလာသည်။
“ဒါပေမယ့် ဒါက Frestech ကုန်သည်ကြီးများအသင်းကို မင်းသမီးလေးဆယ်ဗီနီအတွက် အထောက်အပံ့ပိုရစေလောက်မှာမဟုတ်ဘူးလား?” မင်းသမီးလေး ကာရိုလိုင်းက အပြုံးဖြင့်ဆိုသည်။
ကောင့်ထ် စီယန်လည်း အံ့ဩသွားပြီးနောက် မျက်လုံးများတောက်ပလာ၏၊ “မင်းသမီးလေး ခင်ဗျား ပြောချင်တာက....”
မင်းသမီးလေး ကာရိုလိုင်းမှာ အသာအယာပြုံးကာ ကောင့်ထ်စီယန်ထံ လက်ကမ်းပေးလိုက်သည်၊ “အရှင်ကောင့်ထ် ကျွန်မက ဒရိတ်ခ်နယ်မြေကိုယ်စားရှင်နဲ့ ပူးပေါင်းမှုတစ်ခုကို တောင်းဆိုဖို့ ကိုယ်စားပြုပါတယ်။ ရှင်သာ ကျွန်မတို့ ဒရိတ်ခ်နယ်မြေကို မှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာနအသစ်တစ်ခု တည်ဆောက်တဲ့နေရာမှာ အကူအညီပေးချင်တယ်ဆိုရင် ကျွန်မတို့ ဒရိတ်ခ်နယ်မြေကလည်း မင်းသမီးလေးဆယ်ဗီနီကို အကြီးမားဆုံး အထောက်အပံ့ပေးဖို့ တတ်နိုင်သမျှ လုပ်သွားမှာပါ။”
ကောင့်ထ် စီယန်လည်း မင်းသမီးလေး ကာရိုလိုင်းကို တအံတဩကြည့်လိုက်လေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များထံ၌ ဒရိတ်ခ်နယ်မြေအပေါ် ထိုသို့သော ဆွဲဆောင်မှုကြီးရှိနေသည်လား? ထိုအရာက ၎င်းတို့၏ ရပ်တည်ချက်မရှိခြင်းကို စွန့်လွှတ်စေကာ တစ်ဘက်ကို ထောက်ပံ့ပေးလာစေသည်လား?
သို့သော် ၎င်းက မပြီးသေးချေ။
မင်းသမီးလေး ကာရိုလိုင်းက ဆက်ပြောသည်၊ “ရှင်သာ ကျွန်မတို့နယ်မြေဆီ စစ်ဘက်သုံးမှော်စက်တွေရဲ့ တစ်စိတ်တပိုင်းကို လွှဲပေးဖို့သဘောတူမယ်ဆိုရင် ကျွန်မတို့နယ်မြေက မင်းသမီးလေးဆယ်ဗီနီကို အပြည့်အဝထောက်ပံ့ပြီး ရှေ့လျှောက်စခ်တိုင်းပြည်နဲ့ ပဋိပက္ခတွေမှာ လမ်ပူရီတိုင်းပြည်ဘက်ကနေ ရပ်တည်ပေးသွားမှာပါ။ ဘယ်လိုလဲ? အရှင်ကောင့်ထ် ဒီအဆိုက ရှင့်ကို စိတ်လှုပ်ရှားစေလား?”
ကောင့်ထ် စီယန်မှာ မင်းသမီးလေး ကာရိုလိုင်း၏ ပန်းတစ်ပွင့်လို ပွင့်လန်းလာသည့် အပြုံးလေးကိုကြည့်ရင်း နှလုံးခုန်သံပင် တစ်ချက်ချော်သွားတော့၏။