အခန်း (၁၀၁-၁၁၀)
Vol. 4 Ch. 101-110
Vol 4, အခန်း ၁၀၁။ လမ်ပူရီတိုင်းပြည်မှ လူများအား လုယူခြင်း
ရှုယီ၏ မျက်လုံးများမှာ လက်ထဲရှိ ရေမွှေးအနည်းငယ်စွတ်ထားသည့် စာထံမှ ကိုယ်စားလှယ်၏ မျက်နှာထက်ကျရောက်သွားသည်။
“ကျုပ်အတွက် စစ်ဘက်သုံးမှော်စက်နည်းပညာကို လွှဲပြောင်းပေးဖို့က မဖြစ်နိုင်ဘူးလို့ မင်းသမီးလေးကို ပြောပေးပါ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အခုမရသေးဘူးလို့။”
ထိုကိုယ်စားလှယ်၏ မျက်နှာထက်တွင် အင်မတန်စိတ်ပျက်အားလျော့နေဟန်ပေါ်လာသည်။
“ဒါက တကယ်ကို နှမျောစရာပဲ။ ဥက္ကဌရှု နယ်စားကြီးနဲ့ မင်းသမီးလေးတို့က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ကို စစ်ဘက်ဆိုင်ရာမှော်စက်နည်းပညာတစ်စိတ်တပိုင်းပေးလိုက်တာနဲ့ ကျုပ်တို့ ဒရိတ်ခ်နယ်မြေကလည်း မင်းသမီးလေးဆယ်ဗီနီကို ဥက္ကဌရှုရဲ့တောင်းဆိုချက် တစ်ခုစီအတိုင်း အထောက်အပံ့တွေပေးသွားမယ်လို့ ကတိပေးထားပြီးကြပြီ။ ပြီးတော့ ကျုပ်တို့ ဒရိတ်ခ်နယ်မြေက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကိုဈေးကွက်အသစ်တွေဖွင့်ဖို့လည်း ကူညီပြီး တခြားနိုင်ငံတွေဆီ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း ထုတ်ကုန်တွေ ရောင်းချပေးမှာပါ။ ဒါက အရမ်းကို အံ့ဩစရာကောင်းတဲ့အခြေအနေပဲလေ နည်းပညာနည်းနည်းလောက် ဖလှယ်ဖို့ပဲလိုတာကို ဘာလို့ ဥက္ကဌရှုက သဘောမတူရတာလဲ?”
“အချိန်မကျသေးဘူး” ရှုယီက ခေါင်းခါ၏၊ “ဒါပေမယ့် မင်းသမီးလေးလည်း အရမ်းစိတ်မပျက်သွားလောက်ပါဘူး။ အခုတော့ ဒရိတ်ခ်နယ်မြေဆီ စစ်ဘက်သုံးမှော်စက်နည်းပညာကို လွှဲပေးဖို့ မဖြစ်နိုင်ပေမယ့်လည်း မင်းသမီးလေးရဲ့ အဆိုပြုချက်ကိုတော့ သဘောတူပါတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆိုဝယ်လ်မြို့က နည်းပညာဝန်ထမ်းတွေကို၏ ဒရိတ်ခ်နယ်မြေဆီ ပို့ဆောင်ပြီး ဒရိတ်ခ်နယ်မြေမှာ မှော်စက်ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခုဖန်တီးကြမယ်။”
ကိုယ်စားလှယ်၏ မျက်လုံးများ တောက်ပလာသည်၊ “တကယ်ကြီးလား?”
“အမှန်ပဲ” ရှုယီ ခေါင်းငြိမ့်သည်၊ “စစ်ဘက်သုံးမှော်စက်တွေကလွဲရင် ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ ဒရိတ်ခ်နယ်မြေမှာ မှော်စက်လုပ်ငန်းစုတွေကို တည်ထောင်ကြမှာပါ။ ကျုပ်တို့တွေ ဒရိတ်ခ်နယ်မြေမှာ ပြီးပြည့်စုံတဲ့ ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခုဖန်တီးဖို့ ကြိုးစားမှာပါ။ သေချာတာပေါ့ ဒါက ခင်ဗျားတို့နိုင်ငံရဲ့ သဘောတူညီမှုကို လိုနေသေးတယ်။”
“ပြဿနာမရှိဘူး! ပြဿနာမရှိပါဘူး!” ကိုယ်စားလှယ်က ခေါင်းဆက်ငြိမ့်၏၊ “နယ်စားကြီးနဲ့ မင်းသမီးလေးတို့ကလည်း ဥက္ကဌရှုရဲ့ တောင်းဆိုချက်ကို သေချာပေါ်က သဘောတူမှာပါ။”
“ကောင်းတာပေါ့” ရှုယီက အသာပြုံးလေ၏။
ဒရိတ်ခ်နယ်မြေကိုယ်စားလှယ်ကို ပြန်ပို့ပြီးနောက် နံဘေးတွင် ထိုင်နားထောင်နေခဲ့သော ခမ်နက်ဒ်မှာ မနေနိုင်အောင် မျက်မှောင်ကုပ်ကာမေးလာသည်၊ “ဥက္ကဌ ကျွန်တော်တို့ဆီမှာ အခု ဒရိတ်ခ်နယ်မြေကို လွှမ်းမိုးဖို့ နည်းလမ်းမရှိဘူးလေ။ ကျွန်တော်တို့သာ တကယ်ပဲ ဒရိတ်ခ်နယ်မြေမှာ စက်ရုံတွေဆောက်မယ်ဆိုရင် ဒရိတ်ခ်နယ်မြေက နည်းပညာကို ခိုးယူချင်တဲ့အခါ လုံးဝတားလို့ကို ရမှာမဟုတ်ဘူး။”
“သူတို့သာ အမြင်ကျဉ်းရင် လုပ်ပါစေပေါ့။” ရှုယီမှာ အပြုံးဖြင့်ဆိုလေသည်၊ “သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရကျိုးနပ်လားဆိုတာ ကြည့်ဖို့ အစားထိုးကာနီး နည်းပညာအချို့ကိုသုံးရတာက တော်တော်တန်တယ်လို့ ခံစားရတယ်။”
ခမ်နက်ဒ်မှာ မျက်လုံးများမလှိမ့်မိဘဲ မနေနိုင်တော့ပေ။
ရှုယီဆိုခဲ့သည့် 'အစားထိုးရမည့်နည်းပညာ'ဟူသည်မှာ လူများစွာ၏ မျက်လုံးထဲတွင် ရတနာများဖြစ်သည်။ သေလုမျောပါးအရိုက်ခံရလျှင်တောင် ၎င်းကို ရယူလိုသူများစွာရှိ၏။
ဥပမာဆိုရလျှင် စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်၊ Frestech ကုန်သည်ကြီးများအသင်းနှင့် နက်ရှိုင်းစွာပူးပေါင်းထားသည့် ရူဒ်ဆန်တိုင်းပြည်၊ စတက်တိန်းနယ်မြေ၏ အရှင်သခင်တို့ကိုကို အမြဲလိုချင်တပ်မက်နေခဲ့သည်ပင်။
“ဟုတ်သားပဲ စစ်ဘက်သုံးမှော်စက်နည်းပညာအတွက် ဝယ်လိုအားကိုပြောရရင် အရှင် ဝိန်က ဒီတစ်ခေါက်လည်း တူညီတဲ့ တောင်းဆိုချက်လုပ်လာခဲ့တယ်။ ဥက္ကဌ သူ့ကို ဘယ်လိုပြန်ဖြေဖို့ စီစဉ်ထားလဲ?” ခမ်နက်ဒ် မေးလာ၏။
ရှုယီ၏ နှုတ်ခမ်းများ ကွေးတက်သွားကာ စဉ်းလဲစွာပြုံးလာသည်။
“ငါက သူ့ကို နည်းပညာပေးမယ်လို့ မင်းတကယ်ထင်နေတာလား၊ သူက တကယ်ပဲ လက်တွေ့ကျတဲ့ စစ်ဘက်သုံးမှော်စက် စက်ရုံဖန်တီးနိုင်မယ်လို့လေ?”
ခမ်နက်ဒ်က ခေါင်းခါသည်၊ “မထင်ပါဘူး။ နည်းပညာအပြင် စနစ်ကောင်းနဲ့ နည်းပညာ ဝန်ထမ်းတွေလည်း လိုအပ်သေးတာပဲ။ အရှင် ဝိန်ဆီမှာ ကျွမ်းကျင်လုပ်သားတစ်ယောက်တောင် မရှိမှတော့ နည်းပညာရှိရင်တောင်မှ အရိုးစင်းဆုံး မှော်ထပ်ဆင့်လေးကိုတောင် ထုတ်လုပ်နိုင်မှာမဟုတ်လောက်ဘူး။”
ခဏတာ ရပ်တန့်ပြီးနောက် ခမ်နက်ဒ်က မေးလာသည်၊ “ဒါဆို ဒီအဓိပ္ပာယ်က ဥက္ကဌအနေနဲ့ အရှင် ဝိန်ဆီ နည်းပညာလွှဲပေးဖို့ စီစဉ်ထားတယ်ပေါ့?”
“ဟင့်အင်း ငါတို့တွေ ငါတို့ရဲ့ ပါတနာတွေကို မျက်နှာလိုက်လို့မရဘူး။ ဒရိတ်ခ်နယ်မြေကို နည်းပညာလွှဲပေးဖို့ မစီစဉ်ထားမှတော့ အရှင် ဝိန်ကိုလည်း ပေးလို့မရဘူးပေါ့။” ရှုယီက ခေါင်းခါသည်၊ “အရှင် ဝိန်ကို သူ့ရဲ့နယ်မြေက ငါတို့နယ်မြေနဲ့ ချိတ်ဆက်နေတာကြောင့် ငါတို့လုပ်ငန်းစုဆီကနေ ဝယ်ရတာကလွယ်ပါတယ်လို့ ပြောလိုက်ပါ။ သူ့ကို ဦးစားပေးမယ်လို့ ကတိပေးနိုင်တယ်လို့။”
ခမ်နက်ဒ်က မျက်မှောင်ကုပ်၏၊ “ဥက္ကဌ ကျွန်တော်တို့အနေနဲ့ ပါတနာတွေကို မျက်နှာမလိုက်ဘဲ ဆက်ဆံဖို့ လိုတယ်လို့ ပြောပေမယ့်လည်း အခု အရှင် ဝိန်ကို ဦးစားပေးမယ်လို့ပြောတာကတော့ မကောင်းဘူး.... ကျွန်တော်တို့ရဲ့ တခြားပါတနာတွေကို မပြောနဲ့ဦး ခင်ဗျားအနေနဲ့ ကောင့်ထ် အန်ကလိုကို အမြဲ ဦးစားပေးနေခဲ့တာပဲမဟုတ်လား?”
ရှုယီက သူ့ကို ကြည့်ကာ ရယ်ချင်ပက်ကျိဖြစ်သွား၏။
“ငါပြောမယ် ခမ်နက်ဒ် မင်းက အန်မာမိသားစုကဖြစ်တော့ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းနဲ့ အချိန်အတော်ကုန်ဆုံးခဲ့ရတယ်။ မင်း ငါတို့ Frestech ကုန်သည်ကြီးများအသင်းမှာ ရှိလာတာ အချိန်ကြာနေပြီပဲကို လျှို့ဝှက်ဦးစားပေးဆက်ဆံတာလေးနည်းနည်းလောက်ရဲ့ အကြောင်းတောင်မသိဘူးလား?”
ခမ်နက်ဒ်မှာ တစ်ဖန် မျက်လုံးသာလှန်လိုက်နိုင်သည်။
ရှုယီမှာ အစောက ဖြောင့်မတ်လွန်းစွာဆိုလာပြီး လူတိုင်းကို မျှမျှတတဆက်ဆံသင့်ကြောင်း ပြောခဲ့သဖြင့် သူဟာ ၎င်းစိတ်ဓာတ်ကို လိုက်နာပါသော်လည်း ရှုယီက ရုတ်တရတ် သူ၏ ပုံစံကို ပြောင်းလိုက်မည်ဟုထင်မထားခဲ့ပေ။
“ကောင်းပါပြီ ဥက္ကဌ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။” ခမ်နက်ဒ်မှာ ကူရာမဲ့စွာဆိုလေသည်၊ “ဒါပေမယ့် ဥက္ကဌ ကျွန်တော်လည်း သတိပေးရမယ်၊ ကျွန်တော်တို့ လုပ်ငန်းစုရဲ့လက်ရှိ ထုတ်လုပ်နိုင်စွမ်းနဲ့ဆို ကောင့်ထ် အန်ကလိုနဲ့ ကောင့်ထ် ဝိန်ကို ဦးစားပေးလိုက်ပြီး မင်းသမီးလေးဆယ်ဗီနီရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့တွေအနေနဲ့ တခြား အရှင်သခင်တွေနဲ့ ရူဒ်ဆန်တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို လက်ကျန် ပစ္စည်းတွေနဲ့ ထောက်ပံ့နိုင်မှာမဟုတ်ဘူး။ တခြားလူတွေ မကျေမနပ်ဖြစ်မှာ စိုးမိတယ်။”
“မကျေမနပ်ဖြစ်မယ်?” ရှုယီက အေးစက်စက်နှာမှုတ်၏၊ “သူတို့ မကျေနပ်ချင်ရင်လည်း မကျေနပ်ပါစေပေါ့ သူတို့မှာ အရည်အချင်းရှိရင်တောင် ဝယ်နိုင်တော့မှာမဟုတ်ဘူး။”
ခမ်နက်ဒ်လည်း ရယ်မောလေသည်။ ဥက္ကဌမှာ ပုံမှန်ဆိုလျှင် ကျိုးနွံဟန်ရှိသော်လည်း ကျိုးကြောင်းမသင့်ဖြစ်လာသည်နှင့် မည်သူ့ထက်မဆို ပို၍ပင် ဘဝင်မြင့်လှသည်။
သို့သော် ရှုယီ၏ စကားလုံးများက လွန်ကျူးလှသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအင်အား အလုံအလောက်မရရှိခြင်း ပြဿနာမှာ ရှိနေကာ ရှောင်တိမ်းမရနိုင်ပေ။
၎င်းပြဿနာက Frestech ကုန်သည်ကြီးများအသင်းအား စတင်တည်ထောင်စဉ်ကတည်းက တည်ရှိခဲ့ရာ ရှုယီအနေနှင့် အမြဲတမ်း ၎င်းကို ဖြေရှင်းဖို့ နည်းလမ်းရှာရန် ကြိုးစားခဲ့ရသည်။
သို့သော် မည်သည်မှမရှိဘဲ တိုးတက်လာသည့် မှော်စက်မှုနယ်ပယ်မှာ မလွယ်ကူလှချေ။ နည်းပညာ ဖွံ့ဖြိုးရေးဖြစ်စေ ထုတ်လုပ်ရေးလိုင်းဆောက်တည်ခြင်း သို့မဟုတ် အခြေခံလုပ်သားအများစုကို လေ့ကျင့်ပေးခြင်းတို့ဖြစ်စေ အားလုံးက အချိန်ပမာဏကြီးတစ်ခုလိုအပ်၏။
ရှုယီ၏ အာရုံစိုက်မှုကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ကနဦးပြီးပြည့်စုံသည့်မှော်စက်မှုနယ်ပယ်စနစ်ကို တည်ထောင်ပြီးသားဖြစ်သော်လည်း နည်းပညာဖွံ့ဖြိုးရေူဖြစ်စေ အခြေခံအကျဆုံးလုပ်သားများရှိနေခြင်းဖြစ်စေ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်လုံလောက်သည်မှ ဝေးကွာလှသည်။
Frestech ကုန်သည်ကြီးများအသင်း၏ ကြော်ငြာများကြောင့် အနီးဝန်းကျင်နိုင်ငံများအားလုံး မှော်စက်ဝယ်လိုအားတိုးမြင့်လာကာ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းဝယ်လိုအားနှင့်စပ်လျဉ်းတွင် အထောက်အပံ့ကို မထိန်းထားနိုင်သည်ကို မဆိုထားနှင့်။
ဤပြဿနာမှာ အိမ်သုံးမှော်စက်ဘက်နှင့် စစ်ဘက်သုံးမှော်စက်တို့က ၎င်းတို့အား ပို၍ပင် ခေါင်းကိုက်စေရာမှ အင်မတန် ပြင်းထန်လာသည်။
နှစ်ဦးသားမှာ ၎င်းကိစ္စကို ခဏတာ ဆွေးနွေးနေကြပြီးနောက် ခမ်နက်ဒ်က အကြံပေးလိုက်သည်၊ “ဥက္ကဌ ကျွန်တော်တို့တွေ လမ်ပူရီတိုင်းပြည်က လူနည်းနည်းထပ်စုရင်ရော?”
“ဒါက လက်တွေ့မကျဘူးလေ။” ရှုယီက မျက်မှောင်ကုပ်၏၊ “လမ်ပူရီတိုင်းပြည်က ငါတို့ကို စောင့်ကြည့်နေတော့ လမ်ပူရီတိုင်းပြည်ထဲကို သတင်းပို့ဖို့နည်းမရှိဘူး။ ပြီးတော့လည်း ငါတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးဖို့နဲ့ သူတို့အိမ်ကနေ ထွက်လာချင်တဲ့လူ များများစားစားမရှိဘူး။”
“ဒါက အရင်နဲ့မတူဘူး။” ခမ်နက်ဒ်က ခေါင်းခါသည်၊ “နိုင်ငံမှာရှိတဲ့ အခြေအနေက တင်းမာနေသလို ဒုခ့်စတက်ဂျ်ဆီမှာလည်း ကျွန်တော်တို့ကို ဂရုစိုက်နေဖို့ အချိန်ရော အင်အားရောမရှိဘူး။ ပြီးတော့ နိုင်ငံက သာမန်ပြည်သူတွေကလည်း အခြေအနေကို စိုးရိမ်နေကြတာဆိုတော့ သူတို့သာ လမ်ပူရီတိုင်းပြည်ကနေထွက်ခွာပြီး ကျွန်တော်တို့လုပ်ငန်းစုမှာ လုံခြုံသက်သာတဲ့ အလုပ်တစ်ခုရှာနိုင်ရင် လူအတော်များများအတွက် ဆွဲဆောင်မှုကြီးတစ်ခုဖြစ်လာမှာပဲ။”
“အင်း.... ဒါက နည်းနည်းတော့ ကျိုးကြောင်းသင့်ပါတယ်။” ရှုယီလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်၏၊ “ဒီလိုဆိုမှတော့ လမ်ပူရီတိုင်းပြည်ကနေ အလုပ်သမားတချို့ ထပ်စုဆောင်းဖို့ စဉ်းစားကြည့်လို့ရပါတယ်လေ။ အရေးကြီးဆုံးအခြေအနေက လုပ်ငန်းစုဆယ်ခုဆီကနေ နည်းပညာလုပ်သားတွေ အားလုံးကို လုယူလိုက်တာပဲ။”
ခမ်နက်ဒ်မှာ အသာအယာပြုံးလာလေသည်၊ “ဥက္ကဌ ကျွန်တော့်အထင် ကျွန်တော်တို့ အန်မာမိသားစုက ဒါနဲ့ပတ်သက်ပြီး ကူညီနိုင်လောက်တယ်။”
ရှုယီမှာ ခမ်နက်ဒ်ကို တအံ့တဩကြည့်လာသည်။
ခမ်နက်ဒ်အနေနှင့် အန်မာမိသားစုမှလာပါသော်လည်း ဤမျှ အချိန်ကြာအတူရှိပြီးနောက်တွင် အန်မာမိသားစု၏ ကိစ္စများကို ထုတ်ပြောသည်မှာ ရှားပါးလှသည်။
ရုတ်တရတ် ၎င်းကို ထုတ်ပြောလာသည်မှာ အန်မာမိသားစုအနေနှင့် ခမ်နက်ဒ်အား ထိုအကြောင်းအစပျိုးခိုင်းလိုက်ခြင်းဖြစ်သည်က သေချာလှ၏။
အန်မာမိသားစုနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အကြား ခိုင်မာသည့်ဆက်ဆံရေးကို လေးနက်စေရန် ပိုအရေးကြီးသည့်အကြောင်းအရင်းမှာ အန်မာမိသားစုကလည်း မင်းသမီးလေးဆယ်ဗီနီကို ထောက်ခံနေခြင်းပင်။
ယခုတွင် အခြေအနေက ဤမျှ တင်းမာလာရာ မျိုးရိုးမြင့်အကြီးအငယ်များကဲ့သို့ ကုန်သည်များအားလုံးကပင် ၎င်းတို့၏ ရပ်တည်ချက်ကို ထုတ်ပြလာ၏။
အန်မာမိသားစုမှာ ယခင်က မင်းသမီးလေးဆယ်ဗီနီကိုထောက်ခံသော်လည်း မင်းသမီးလေးက ထီးနန်းကိုစွန့်လိုက်ရာ မည်သည်ကိုမှ မလုပ်ဆောင်နိုင်တော့ချေ။
ယခုတွင် ဆယ်ဗီနီက ဒုခ့်စတက်ဂျ်အား လူသိရှင်ကြားစွဲချက်တင်ထားပြီး မင်းသားလေးဝီလျံ ထီးနန်ဆက်ခွင့်၊ သံသယကို မြှင့်တင်ပေးလိုက်ရာ ယခင်က ဆယ်ဗီနီကို ထောက်ခံသူများထွက်လာကြပြီး တစ်ဖန်ထောက်ခံကြတော့သည်။
၎င်းကိုစဉ်းစားရင်း ရှုယီမှာ ခေါင်းတချက်ငြိမ့်ပြီးနောက် ခမ်နက်ဒ်ကို ပြောလာသည်၊ “ကောင်းတယ် ဒီကိစ္စကို မင်းနဲ့ထားခဲ့လိုက်ပါ့မယ်။”
ခမ်နက်ဒ်က အပြုံးတစ်ခုထုတ်ပြလာသည်။ သူဟာ တခြားတစ်စုံတရာကို ပြောလိုက်မည်အပြုတွင် တံခါးမှ ခေါက်သံထွက်လာ၏။
“ဝင်လာခဲ့ပါ”
တံခါးပွင့်သွားကာ Frestech ကုန်သည်ကြီးများအသင်း၏ လူသားအစောင့်ခေါင်းဆောင် ဟာ့ထ်ဝင်လာ၏။
ရှုယီနှင့် ခမ်နက်ဒ်တို့အား ဦးညွှတ်ပြီးနောက် ဟာ့ထ်ဟာ အလေးအနက်အသံဖြင့်ပြောလာ၏၊ “ဥက္ကဌ ကျွန်တော်တို့တွေ အရှင် ဝိန် ရဲ့နယ်မြေက ထွက်ပြေးသွားတဲ့လူတွေကို ဖမ်းမိထားတယ်။ သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ?”
ရှုယီနှင့် ခမ်နက်ဒ်တို့မှာ အချင်းချင်း တအံ့တဩကြည့်နေကြသည်။
“သူတို့က အရှင် ဝိန်ရဲ့နယ်မြေကနေ တိတ်တဆိတ်ပြေးလာကြတာလား? ကျွန်တော်တို့နယ်မြေတွေက နီးတော့ လာဖို့က ပုံမှန်ပဲလေ ဘယ်လိုလုပ် တိတ်တဆိတ်ထွက်ပြေးလာတယ်လို့ ပြောလို့ရမလဲ? ဘာလို့ သူတို့ကိုဖမ်းလိုက်တာလဲ? ပြန်သွားခိုင်းလိုက်ရုံပဲလေ။” ခမ်နက်ဒ် မှာ မနေနိုင်ဘဲ မေးလိုက်သည်။
“ဒါက မတူဘူး။” ဟာ့ထ်က ခေါင်းခါသည်၊ “ဒီလူတွေက အလည်လာရုံပဲမဟုတ်ဘူး ကျွန်တော်တို့နယ်မြေမှာ အခြေချဖို့ စီစဉ်နေတာ။”
“အခြေချဖို့?”
ရှုယီနှင့် ခမ်နက်ဒ် တို့ အချင်းချင်းကြည့်လိုက်ပြိးနောက် မျက်လုံးများထဲ အံ့ဩရိပ်များ တွေ့လိုက်ကြရသည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၂။ လူများအား ဝယ်ယူခြင်း
သခင် ဝိန်သည် ရှုယီအား ၎င်း၏ကိုယ်ပိုင်နယ်မြေအဖြစ် မြေဧက နှစ်သိန်းလေးသောင်းကို ပေးခဲ့သည်။ သူသည် ရှုယီအား မြေကိုသာ ပေးခဲ့ပြီး လူတစ်ဦးကိုမျှ မပေးပေ။
ရှုယီသည် ဤနယ်မြေကိုရယူပြီးနောက် Frestech ကုန်သည်ကြီးများအသင်းတွင် အခြေချနေထိုင်သော အလုပ်သမား တစ်သောင်းခုနစ်ထောင်မျှသာ ရှိတော့သည်ဟု ဆိုလိုသည်။
စိုင်စ်နယ်မြေကြီး၏ ပျမ်းမျှလူဦးရေသိပ်သည်းဆအတွက် ဆယ့်ငါးစတုရန်းကီလိုမီတာအောက်ရှိသောမြေပေါ်တွင် လူတစ်သောင်းခုနစ်ထောင်ကျော်ရှိခြင်းအား ကောင်းသည်ဟုယူဆနိုင်သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းအများစု၌ လူများသောကြောင့် စတုရန်းတစ်ထောင်မီတာအထိ နေရာယူထားသည့် စက်ရုံတစ်ရုံက လူပေါင်းရာချီနှင့်ပြည့်နေလေပြီ။
စက်ရုံများနှင့် လူနေဧရိယာများအားလုံးကိုပါ ထည့်ပေါင်းလိုက်သော် ၎င်းတို့မှာ ဟက်တာငါးသောင်းအောက်သာ အသုံးပြုထားသည်။
၎င်းက ရှုယီ၏ ပိုင်နက်နယ်မြေကို အင်မတန် နေရာကျယ်ပုံပေါ်လာစေပြီး လူအလုံအလောက်မရှိဟုထင်ရစေသည်။
သို့သော် ပိုအရေးကြီးသည့် ပြဿနာမှာ ၎င်းတို့အနေနှင့် လူဦးရေပိုမိုမရနိုင်တော့သောကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို တိုးချဲ့ရန် ခက်ခဲကြောင်း တွေ့လိုက်ရသည်။
လမ်ပူရီတိုင်းပြည်မှ ဆက်တိုက်လာကာ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်ခဲ့သူများရှိသော်လည်း တစ်နှစ်အတွင်းတွင် ရောက်လာသည့် လူပေါင်းနှစ်ထောင်အောက်သာရှိသည်။ Frestech ကုန်သည်ကြီးများအသင်းအတွက် လူအင်အား လိုအပ်မှုများပြားလှာ ဤသည်က လုံလောက်ရန်ပင် ဝေးကွာနေသေးသည်။
ရှုယီမှာ ဤပြဿနာအတွက် အမြဲခေါင်းကိုက်နေခဲ့ရသော်လည်း ၎င်းပြဿနာအတွက် အဓိကအကြောင်းအရင်းမှာ လူဦးရေဖြစ်သည်။
သူ့အနေနှင့် လူအရင်းအမြစ်အလုံအလောက်မရနိုင်လေရာ Frestech ကုန်သည်ကြီးများအသင်းထံ၌ ရံပုံငွေပေါများနေလျှင်တောင် ၎င်းတို့၏ လူအင်အားကို တိုးမလာစေနိုင်ပေ။
Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့်အတူ အလုပ်လုပ်နေခဲ့ပြီး မီရန်ဒိုနယ်မြေ၌ ထုတ်လုပ်ရေးအခြေစိုက်ဌာနများကို ဖန်တီး၍ ထုတ်လုပ်နိုင်စွမ်းတိုးစေရန် ရင်းနှီးမြှုပ်နှံခဲ့သည်။
သို့သော် ရူဒ်ဆန်တိုင်းပြည်နှင့် မီရန်ဒိုနယ်မြေတို့မှာ Frestech ကုန်သည်ကြီးများအသင်း ထိန်းချုပ်ထားသည့် နယ်မြေများမဟုတ်ကြပေ။ ၎င်းတို့ထံ၌ Frestech ကုန်သည်ကြီးများအသင်းနှင့် နီးကပ်သည့် ဆက်ဆံရေးများရှိသော်လည်း ၎င်းနိုင်ငံများနှင့်ပတ်သက်ပြီး ပြောင်းလဲမှုများရှိလိမ့်မည်မဟုတ်ဟု အာမ မခံနိုင်ပါချေ။
လူအင်အားပြဿနာကို ဖြေရှင်းရန် အလို့ငှာ ရှုယီမှာ စတန်တိုင်နယ်မြေဒေသခံများစွာကို Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ရန် စုဆောင်းခဲ့သည်။
သို့သော် စိုင်စ်နယ်မြေကြီး၏ ထုံးတမ်းအစဉ်အလာများကြောင့် ၎င်းဒေသခံများမှာ အရှင်ဝိန်၏ နယ်မြေသားများဖြစ်သဖြင့် ၎င်းတို့မှာ အရှင် ဝိန်နှင့် သက်ဆိုင်သည်။
Frestech ကုန်သည်ကြီးများအသင်း ခန့်ထားသည့် လူများအနေနှင့် အရှင် ဝိန်ကို ပမာဏကြီးကြီးပေးဖို့လိုအပ်ရုံသာမက စီမံခန့်ခွဲခြင်းလည်း မပြုနိုင်ပေ။
၎င်းက ရှုယီအား ထိုလူများကို လေ့ကျင့်ပေးရန် ဆန္ဒမရှိဖြစ်စေသည်။ ထိုလူများက အမြဲတမ်း ရိုးရှင်းသည့်အလုပ်များကို လုပ်ခဲ့ရာ သူလည်း ၎င်းတို့အား မည်သို့သော နည်းပညာအလုပ်တွင်မှ ပါဝင်ခွင့်မပြုခဲ့ချေ။
သို့သော် ထိုသို့ဖြင့် ၎င်းအလုပ်သမားများကို ခန့်အပ်ခြင်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အကူအညီအသေးအမွှားသာ ယူဆောင်လာပေးသည်။
ရှုယီမှာ တစ်ခါက အရှင် ဝိန်၏နယ်မြေမှ နယ်မြေသားတချို့ကို သူ၏ နယ်မြေသို့ဝင်ရောက်ရန် အဆိုပြုခဲ့ဖူးသော်လည်း အရှင် ဝိန်က ပြတ်ပြတ်သားသားငြင်းပယ်ခဲ့လေ၏။
စိုင်စ်နယ်မြေကြီး၌ စတင်ရန် လူဦးရေအနည်းငယ်သာရှိသည်။ အရှင်သခင်များအတွက် လူများမှာ ၎င်းတို့၏နယ်မြေများတွင် အရေးအပါဆုံးသော ရင်းမြစ်ဖြစ်သောကြောင့် သဘာဝကျကျပင် အရှင် ဝိန်အနေနှင့် ရှုယီ၏ တောင်းဆိုမှုကို သဘောတူလိမ့်မည်မဟုတ်ပေ။
သို့သော် စိုင်စ်နယ်မြေကြီး၏ အစဉ်အလာအရ မျိုးရိုးမြင့်တစ်ဦး၏ နယ်မြေသားများသာ ထွက်ခွာချင်ပါလျှင် ၎င်းတို့အနေနှင့် တန်ကြေးတစ်ခုကို ပေးဖို့သာလိုပြီး ထိုအရှင်သခင်၏ တရားစီရင်ပိုင်ခွင့်ကို ဖယ်ရှားနိုင်သည်။
“ဥက္ကဌ ခင်ဗျားတကယ်ပဲ သူတို့အတွက် ပြောင်းရွှေ့စရိတ်ပေးဖို့ စီစဉ်ထားတာလား?” ဆာဘက်စ်က Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးပေါ် လေပေးစက်အနားစုဝေးနေကြသည့် လူများကိုကြည့်ကာ မျက်မှောင်ကုပ်လိုက်သည်။
“သေချာတာပေါ့” ရှုယီက ခေါင်းငြိမ့်သည်။
၎င်းတို့ကို ကြည့်လိုက်ချိန်တွင် ၎င်းက ဆာဘက်စ်ထံရှိ အထင်အမြင်သေးဟန်နှင့် ခြားနားနေသည်။ ရှုယီမှာ အတော်လေး စိတ်ဝင်စားနေဟန်ရှိသည်မှာ အဝတ်စုတ်များကို ဝတ်ဆင်ထားပြီး သူတောင်းစားနှင့်မခြားသည့် ထိုလူများက ရတနာများဖြစ်နေသလိုပင်။
“ဥက္ကဌ စတက်တိန်းနယ်မြေက ဒါကို ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်ထက် ပိုတင်းတင်းကြပ်ကြပ်စီမံခန့်ခွဲထားပြီး ဒုခ် စတက်တိန်းကလည်း ဒါကို သဘောတူထားတော့ ကျွန်တော်တို့သာ ဒီလိုလုပ်ချင်ရင် အနည်းဆုံး လူတစ်ယောက်ကို ရွှေဒင်္ဂါး တစ်ရာကျလိမ့်မယ်။ ပြီးတော့ သူတို့က အရှင် ဝိန်ရဲ့နယ်မြေကဆိုတော့ သေချာပေါက် ဈေးနှုန်းကို ပိုမြှင့်တောင်းမှာပဲ။” ဆာဘက်စ်က ထပ်လောင်းဆိုသည်။
“သူ ရွှေဒင်္ဂါးနှစ်ရာလောက်လိုချင်ရင်တောင် ဘာဖြစ်လဲ?” ရှုယီက ဆာဘက်စ်ထံ လေးနက်ဟန်ဖြင့်ကြည့်ကာ ပြောသည်၊ “အရှင် ဝိန်သာ သူ့နယ်မြေက လူသိန်းချီကို ငါ့ဆီပေးဖို့ ဆန္ဒရှိမယ်ဆိုရင် သူတို့ကိုဝယ်ဖို့ ငွေအားလုံးသုံးနိုင်တယ်။ ပြဿနာက အရှင် ဝိန်အနေနဲ့ ဒီလိုမလုပ်လောက်တော့ တတ်နိုင်သလောက် များများဝယ်ရလိမ့်မယ်။”
ဆာဘက်စ်က ခါးသက်စွာ ပြုံးသည်၊ “ဒါပေမယ့် ဥက္ကဌ ကျွန်တော်တို့လုပ်ငန်းစုက လက်ရှိမှာ ရံပုံငွေ ရွှေဒင်္ဂါးနှစ်သန်းအောက်ပဲရထားတော့ ဘယ်လိုလုပ် လူအများကြီးဝယ်နိုင်မှာလဲ?”
“ဒါကြောင့် ငါတတ်နိုင်သလောက် များများဝယ်မယ်လို့ပြောတာပေါ့” ရှုယီက အသာအယာပြုံးလေသည်၊ “ငါတို့တွေ အရှင် ဝိန်ကို ရွှေဒင်္ဂါးတွေပေးမယ်ဆိုရင်တောင် သူလိုချင်လောက်မှာမဟုတ်တာကို မပြောနဲ့ဦး။”
“ဥက္ကဌက မှန်ပါတယ်။” ရောက်လာသူများကို စကားပြော၍ပြီးသွားကာစ ခမ်နက်ဒ် ရောက်လာကာ ရှုယီအတွက် ပြောပေးလာသည်၊ “ရွှေဒင်္ဂါးတွေအစား အရှင် ဝိန် လက်ရှိမှာ အလိုချင်ဆုံးက စစ်ဘက်သုံးမှော်စက်တွေပဲ။ ကျွန်တော့်အထင် ဥက္ကဌ သူနဲ့အတူ ညှိနှိုင်းတဲ့အချိန်မှာ ဒါကို တောင်းဆိုလာလောက်မယ်။”
ဆာဘက်စ်မှာ ပို၍ပင် မျက်မှောင်ကျုံ့လာတော့သည်။
သူဟာ ဘဏ္ဍာရေးကို အဓိကတာဝန်ယူရသည့် Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးမန်နေဂျာဖြစ်ကာ ထုတ်လုပ်ရေးကိုလုံးဝဂရုမစိုက်ပါသော်လည်း သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ ထုတ်လုပ်နှုန်းကိုသိလေသည်။ Frestech ကုန်သည်ကြီးများအသင်းက မည်သို့သော အခြေအနေကို ရင်ဆိုင်နေရသည်အားလည်း သိထားပါ၏။
“ဒါပေမယ့် ကျွန်တော်တို့သာ အရှင် ဝိန်ရဲ့ အခြေအနေကို သဘောတူလိုက်ရင် တခြားပြည်နယ်တွေကို ထောက်ပံ့နေရတဲ့ ပြဿနာကို ဘယ်လိုလုပ်မှာလဲ?”
“ဒါကြောင့် ဒီအခြေအနေကို ဖြေရှင်းဖို့ ငါတို့လုပ်ငန်းစုရဲ့ ထုတ်လုပ်နိုင်စွမ်း တန့်နေတာကို ဖြေရှင်းဖို့ နည်းလမ်းရှာရမှာလေ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူ့အရင်းမြစ်တွေက အရေးကြီးဆုံးအရာပဲ။ ငါတို့ သေချာပေါက် ဒီအခွင့်ကောင်းကို ကျော်လိုက်လို့မရဘူး။” ရှုယီက အလေးအနက်ဆိုသည်၊ “ဘဏ္ဍာရေးအရတော့ ဆာဘက်စ် မင်း သက်ဆိုင်ရာအချက်အလက်တွေ ပြင်ထားလို့ရတယ်။ အရှင် ဝိန်သာ တကယ်ပဲ ရွှေဒင်္ဂါးတွေလိုချင်ရင် သူ့ရဲ့ လိုအပ်မှုကိုရအောင် ဖြည့်ဆည်းပေးနိုင်ရမယ်။ ခိုင်မာတဲ့ထုတ်လုပ်အရေးအစီစဉ်ကိုတော့ ခမ်နက်ဒ် ငါ မင်းနဲ့ ထားခဲ့မယ်။”
“နားလည်ပါပြီ” ခမ်နက်ဒ်က ခေါင်းငြိမ့်သည်၊ “တကယ်တော့ ဒါက အလုပ်မဖြစ်ရင် ကျွန်တော်တို့တွေ ဆန်နက်မြေရိုင်းက လုပ်ငန်းစုတွေနဲ့အတူ အလုပ်လုပ်လို့ရပြီး သူတို့ကို အစိတ်အပိုင်းတွေရဲ့ တစ်ပိုင်းကို လုပ်ခိုင်းလိုက်လို့ရတယ်။”
ထိုသို့ပြောပြီးနောက် ခမ်နက်ဒ်က ရှုယီကို မေးခွန်းထုတ်ဟန်ကြည့်လိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း ထိုစစ်ဘက်သုံးမှော်စက်များကို ထုတ်လုပ်ခဲ့စဉ်က အစိတ်အပိုင်းများအားလုံးကို Frestech ကုန်သည်ကြီးများအသင်းကသာ လက်ဝါးကြီးအုပ်ထားလေသည်။ ၎င်းတို့အနေနှင့် အခြားလုပ်ငန်းစုများကို ဤကိစ္စ၌ ဝင်စွက်ဖက်ခွင့်မပြုခဲ့ချေ။
ယခုတွင် ခမ်နက်ဒ်က ရှုယီအနေနှင့် အခြားလုပ်ငန်းစုများကို စစ်ဘက်သုံးမှော်စက်ထုတ်လုပ်ရေးတွေ ပါဝင်ခွင့်ပြုရန် အဆိုပြုနေခြင်းပင်။
ရှုယီက ခဏတာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်၊ “ကောင်းပြီလေ ဒါပေမယ့် ဂရုစိုက်ရွေးဦး။ ငါတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ အချိန်ကြာ အလုပ်အတူလုပ်ခဲ့တဲ့ လုပ်ငန်းစုလေးတွေကို ဦးစားပေးလိုက်ပါ။”
“ကျွန်တော် ဒါကို သေချာစဉ်းစားလိုက်ပါ့မယ်။” ခမ်နက်ဒ်မှာ လေးနက်စွာပြန်ဖြေသည်။
“ကောင်းတယ် ဒါဆို ဒါကို လုပ်ကြတာပေါ့”
ရှုယီမှာ အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းတစ်ချက်ငြိမ့်လိုက်သည့် ဆာဘက်စ်ထံလှည့်လိုက်သည်၊ “ကောင်းပါပြီ ဥက္ကဌ။ ကျွန်တော် ဒီကိစ္စအတွက် ရင်းနှီးငွေရှာထားလိုက်ပါ့မယ်။ ဒါပေမယ့် ဥက္ကဌ စထရူလမ်းမရဲ့ ဒုတိယတစ်ပိုင်း စတော့မှာဆိုတော့ အဲဒီ့အတွက် အနည်းဆုံး ရွှေဒင်္ဂါးငါးသိန်းပြင်ဆင်ထားရမယ်။ ဒါကိုသာ တွက်ကြည့်ရင် လုပ်ငန်းစုမှာ ဒီအတွက် ငွေရင်းလုံလောက်မှုရှိမှာမဟုတ်ဘူး။ တစ်ခုခုလိုအပ်လာရင် ကျွန်တော်တို့ဒုက္ခရောက်ပြီး ကျွန်တော်တို့ အလုပ်သမားတွေကိုပါ ငွေပေးနိုင်လောက်တော့မှာမဟုတ်ဘူး။”
“ဒါကို စိတ်ပူဖို့မလိုပါဘူး။” ရှုယီက လက်ယမ်းလိုက်၏၊ “ငါ နျူမန်ကို ဆက်သွယ်ပြီးပြီ ရူဒ်ဆန်တိုင်းပြည်က နောက်သုံးလအတွင်းမှာ ငါတို့လုပ်ငန်းစုကနေ အိမ်သုံးမှော်စက် ပမာဏကြီးတစ်ခု မှာလိမ့်မယ်။ ဒီမှာယူမှုရဲ့ အမြတ်အစွန်းတွေဆီကနေ ငွေအရင်းအနှီးအလုံအလောက် ရနိုင်မှာပါ။”
“ဒါပေမယ့် ဒါက နည်းနည်း အန္တရာယ်များနေတုန်းပဲ....” ဆာဘက်စ်မှာ ရေရွတ်ရင်း ခေါင်းခါသည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးမန်နေဂျာအနေနှင့် ဆာဘက်စ်မှာ အမြဲသက်တောင့်သက်သာဖြစ်နေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များထံ၌ ရောင်းအားမြင့်မြင့်နှင့် အမြတ်ငွေမြင့်မြင့်ရှိခြင်းကြောင့် ဘဏ္ဍာရေးအခြေအနေမှာ အမြဲကောင်းနေပြီး ယခင်ကလည်း မည်သည့်ပြဿနာမှမရှိခဲ့ချေ။
သို့ရာ၌ လွန်ခဲ့သည့်နှစ်က Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးအခြေအနေက အနည်းငယ် တင်းကြပ်လာသည်။
လမ်ပူရီတိုင်းပြည်မှ ထွက်ခွာခြင်းကြောင့် ရောင်းအားကျဆင်းသွားခြင်း အခက်အခဲတစ်ခု ရှိနေခြင်းက ၎င်းတို့၏ အမြတ်အစွန်းကို အတန်ငယ် လျော့ကျသွားစေခြင်းမှလွဲ၍ အခြားအချိန်များတွင် ၎င်းတို့ထံ၌ ရောင်းအားမြင့်မြင့်နှင့် အမြတ်အစွန်းမြင့်မြင့်ရှိလေသည်။
သို့သော် တစ်နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ ငွေကြေးအမြောက်အများကို သုံးခဲ့သည်။
အထူးသဖြင့် အရှင် ဝိန်ထံမှ နယ်မြေကို ရပြီးနောက်တွင်ဖြစ်သည်။ ရှုယီမှာ နောက်ဆုံးတွင် မိမိထိန်းချုပ်နိုင်မည် နယ်မြေကို ရရှိပြီဖြစ်သောကြောင့် သူဟာ ဤမြေ၌ ပမာဏများစွာကို စတင်ရင်းနှီးမြှုပ်နှံတော့သည်။
စတုရန်း နှစ်ဆယ့်ငါးကီလိုမီတာအောက်ရှိသည့် ဤနယ်မြေတွင် အသုံးပြုနေသည့် လမ်းမ ဆယ့်သုံးခုရှိကာ အသုံးပြုနေသည့် နယ်မြေတစ်ခုချင်းစီတိုင်းနှင့် ချိတ်ဆက်ထားပါ၏။
ဤနယ်မြေကို ရရှိပြီးနောက် ရှုယီမှာ အလုပ်သမားများနေထိုင်ရာ ရပ်ကွက်များကို ဆောက်တည်ခဲ့သည်။
လူနေရပ်ကွက်များကို ယခုနေ လျှောက်ဝင်သွားကြည့်ပါလျှင် အဆောက်အဦလှလှလေးမျိုးစုံကို မြင်နိုင်လိမ့်မည်။
တစ်ချိန်တည်းမှာပင် ရှုယီမှာ အခြားလုပ်ငန်းစုများထံမှ နေ့စဉ်နေထိုင်ရေးလိုအပ်သည်များကို ပမာဏများစွာ မှာယူခဲ့ပြီး ဤနေရာရှိ နေထိုင်မှုကို အင်တန် သက်တောင့်သက်သာဖြစ်စေလေသည်။
ထို့အပြင် ရှုယီမှာ ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့အား ၎င်းတို့၏နယ်မြေထက်၌ အပင်များစိုက်ပျိုးရန် ဖိတ်ကြားခဲ့ခြင်းကြောင့် နယ်မြေတစ်ခုလုံးမှာ အင်မတန်သက်ဝင်လှပနေလေသည်။
ဤနယ်မြေသို့လာရောက်သူတိုင်းမှာ အခြားနေရာများနှင့် များစွာကွာခြားနေသည့် လူနေမှုပုံစံကြောင့် အံ့အားသင့်သွားလောက်သည်။
မင်းသမီးလေးဆယ်ဗီနီနှင့် သူမ၏ ကိုယ်ပိုင်အစောင့်များသည်ပင် ဤနေရာ၌ လေးလကြာနေထိုင်လာပြီးနောက်၌ အင်မတန်စိတ်တိုင်းကျနေကာ ထွက်ခွာရန် ဝမ်းနည်းနေခဲ့ကြသည်။
သို့သော် ဤနေထိုင်မှုပုံစံကိုဖန်တီးရန် ငွေများစွာကုန်ကျခဲ့ပါ၏။
ဤနယ်မြေကို ရရှိလိုက်ကတည်းက Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းကို တိုးတက်စေရာ၌ စုစုပေါင်း ရွှေဒငီဂါး လေးသန်းခြောက်သိန်းရှစ်သောင်းကို ရင်းနှီးမြှုပ်နှံခဲ့၏။
Frestech ကုန်သည်ကြီးများအသင်း ပြုလုပ်ခဲ့သည့် အမြတ်အစွန်းအများစုအား ဤမြေကို ဖွံ့ဖြိုးစေရာံ အသုံးပြုခဲ့သည်ဟုပင် ဆိုနိုင်သည်။
ထို့အပြင် ၎င်းက အားလုံးမဟုတ်သေးချေ။
ရှုယီ၏ အစီစဉ်အရ ဤနယ်မြေ၏ အစိတ်အပိုင်းများစွာကို ဖွံ့ဖြိုးစေဖို့ လိုအပ်သေးသည်။
ဥပမာဆိုရသော် ရှုယီ၏ နောက်ဆုံးပေါ်အစီအစဉ်၌ သူဟာ ဤနယ်မြေတွင် ရေပေးစနစ်တစ်ခုကို ချထားချင်နေသည်။
ဤစနစ်ကို ပြည့်စုံစေရန် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အသစ်ထုတ် မှော်ရေစုပ်စက်များကို လိုအပ်နေရုံသာမက ပိုက်များစွာလည်း လိုအပ်ပေသည်။
ထို့နောက် ညတေးသံမျိုးနွယ်စုထောက်ပံ့ပေးထားသည့် အရေးအပါဆုံး အစိမ်းရောင်အပင်စစ်ထုတ်အစိမ်းရောင်ပန်းသီးလည်း ရှိရာ ကုန်ကျစရိတ်မှာမူ အင်မတန်နည်းပါးသော်လည်း ဤစနစ်ကို ပြီးပြည့်စုံစေဖို့ အံ့အားသင့်ဖွယ်ပမာဏတစ်ခု ကုန်ကျခဲ့၏။
ဆာဘက်စ်၏ တွက်ချက်မှုများအရ ရှုယီ လိုချင်သည့် ရေပေးစနစ်ကို အပြီးသတ်ရန် အနည်းဆုံး ရွှေဒင်္ဂါးရှစ်သိန်းကုန်ကျမည်ပင်။
၎င်းတို့အနေနှင့် ငွေများစွာ သုံးစွဲခဲ့ခြင်းကြောင့် ရှုယီက အရှင် ဝိန်ထံမှ 'လူများဝယ်ယူ'လိုလာသည့်အချိန်တွင် ဆာဘက်စ်က ညည်းညူလာရခြင်းဖြစ်၏။
“စိတ်ချပါ” ရှုယီအနေနှင့် ဆာဘက်စ်၏ ပူပန်မှုများကို နားလည်သော်လည်း ဥက္ကဌအနေနှင့် ဆာဘက်စ်နှင့်ယှဉ်လျှင် စဉ်းစားစရာကပိုများသည်၊ 'ဒါက လုပ်ငန်းစုကို အမြတ်ပိုရလာစေဖို့ပါပဲ၊ ရှေ့လျှောက် ဘဏ္ဍာရေးမန်နေဂျာအနေနဲ့ မင်းပိုပြီးယုံကြည်ချက်ရှိလာလိမ့်မယ်။ ငါတို့ ဒါကို ဆက်ထိန်းထားနေသရွေ့ မကြာခင်မှာ အလင်းရောင်ကိုမြင်ရလိမ့်မယ်။ ပြီးတော့လည်း.... ကိစ္စအများကြီးကို ငါစဉ်းစားပြီးပြီဆိုပေမယ့် ဒါက အဆုံးမှာ တခြားလူတွေကို ပိုကောင်းတဲ့ဘဝမှာ နေထိုင်ခွင့်ပေးဖို့ပဲ မဟုတ်လား?”
“အင်း ဥက္ကဌမှန်ပါတယ်။” ခမ်နက်ဒ်က အပြုံးဖြင့်ဆိုလာသည်၊ “ဆာဘက်စ်, ကျွန်တော် အဲ့လူတွေကို ဘာလို့ ကျွန်တော်တို့နယ်မြေဆီ ပြောင်းလာချင်ရကြောင်းမေးတော့ သူတို့ ဘယ်လိုဖြေလဲသိရဲ့လား?”
ဆာဘက်စ်နှင့် ရှုယီတို့မှာ ခမ်နက်ဒ်ကို စိတ်ဝင်စားစွာကြည့်လာကြသည်။
“သူတို့ ဒီကိုပြောင်းလာချင်တာဟာ ဒီနေရာက ဘဝတွေက ပိုပြီးသက်တောင့်ဖြစ်လို့တဲ့လေ။ ဒါပေမယ့် သူတို့ အရေးအပါဆုံးလို့ စဉ်းစားမိတာက ခင်ဗျားစိတ်ပူနေတဲ့ ရေပေးစနစ်ဆိုတာကို သိလိုက်ရတော့ ရယ်ချင်မိသွားတယ်။ အပြင်မထွက်ဘဲ ရေသန့်ရဲ့ ချိုမြိန်တဲ့အရသာကို ခံစားနိုင်ဖို့က နတ်ဘုရားတွေတောင် မရနိုင်တဲ့ နေ့ကောင်းတစ်ရက်ပဲတဲ့။
ရှုယီမှာ ၎င်းကိုကြားသော် ထရယ်လိုက်သော်လည်း ဆာဘက်စ်ကမူ တိတ်ဆိတ်နေပါ၏။ သူက ထိုလူများကိုတစ်ခဏကြည့်ကာ ခေါင်းငြိမ့်လာသည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၃။ ပြည်တွင်းစစ်၏ အစ
တကယ်တမ်း အရှင် ဝိန်သာ ၎င်းကို အလိုရှိပြီး ထိုလူများလည်း ၎င်း၏နယ်မြေက ထွက်ခွာသွားလိုလျှင် ၎င်းတို့ကို တားမြးစ်ရန် နည်းလမ်းတစ်ရာလောက်ရှိသည်။ သူ့အနေနှင့် သေချာပေါက် သူ၏နယ်မြေသားများကို သူ၏နယ်မြေမှ ထွက်ခွာခြင်းအား တားဆီးမည်သာ။
အရှင်သခင်များ၌ ၎င်းတို့ကိုယ်ပိုင်နယ်မြေတွင် အကြွင်းမဲ့အာဏာရှိသောကြောင့် ၎င်းတို့မှာ သေချာပေါက် သူ၏စကားလုံးများကို ဆန့်ကျင်မည်မဟုတ်ဆန့်ကျင်မည်မဟုတ်အချိန်ရာ နံဘေးရှိ ရှုယီနယ်မြေထံ ပြေးသွားခြင်းအတွက် ဆိုဖွယ်ရာပင် မရှိတော့ပေ။
သို့သော် ရှုယီမှ အရှင် ဝိန်ထံ ထိုကိစ္စကို ပြောလိုက်ချိန်တွင် အရှင် ဝိန်၏ သဘောထားက ယခင်က ငြင်းပယ်ခဲ့ခြင်းနှင့် ခြားနားနေပါ၏။ သူ့လူများက ထွက်ခွာချင်နေကတည်းက ၎င်းတို့ကိုယ်တိုင်အတွက် လျော်ကြေးများပေးနိုင်သရွေ့ သူလည်း ထွက်သွားခွင့်ပြုမှာမဟုတ်သလို တားမြစ်မည်မဟုတ်ကြောင်းရှုယီကို ပြောလာသည်။
ဤသည်က သဘာဝကျကျပင် သွယ်ဝိုက်သောနည်းဖြင့် သဘောတူခြင်းဖြစ်၏။
ထို့ကြောင့် ခဏတာ ညှိနှိုင်းပြီးနောက် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား အရှင် ဝိန်နှင့်အတူ သဘောတူညီမှုတစ်ခု လုပ်ဆောင်ခဲ့သည်။
ဤသဘောတူညီမှုအရ အရှင် ဝိန်ထံရှိ လူငါးထောင်မှာ ရှုယီ၏နယ်မြေထံ လိုလိုလားလား ရွှေ့ပြောင်းခွင့်ပြုမည်ဖြစ်၏။
စိုင်စ်နယ်မြေကြီး၏ အသံတိတ်စည်းမျဉ်းများနှင့် စတက်တိန်းနယ်မြေမှချမှတ်ထားသော စည်းမျဉ်းများအရ ရှုယီမှာ ၎င်းတို့ပြောင်းရွှေ့မည့် နယ်မြေ၏ မြိုစားအဖြစ် ထိုလူများအတွက် အရှင် ဝိန်ထံ တစ်ဦးကို ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်ပေးရမည်ဖြစ်သည်။
ထိုလူများအတွက် အရှင် ဝိန်ကို လျော်ကြေးပေးခြင်းအပြင် ရှုယီအနေနှင့် အရှင် ဝိန်ထံ ရွှေဒင်္ဂါးရှစ်သိန်းကို ပေးရမည်ဖြစ်သည်။
ဤသဘောတူညီမှုမှာ ရွှေဒင်္ဂါး နှစ်သန်းနှင့် နှစ်သိန်းတန်ဖိုးရှိသည်။ Frestech ကုန်သည်ကြီးများအသင်းမှာ အရှင် ဝိန် သဘောတူညီထားသည့် ကုန်စည်များဖြင့် ပေးချေဖို့ အဆိုပြုထားပါ၏။
နောက်ဆုံး အပေးအယူအရ Frestech ကုန်သည်ကြီးများအသင်းမှာ အရှင် ဝိန်ကို ရွှေဒင်္ဂါးငါးသိန်းပေးကာ ကျန်သည်ကို အိမ်သုံးမှော်စက်တချို့နှင့် စစ်ဘက်သုံးမှော်စက်များ၏ စတုတ္ထအသုတ်ကိုသုံးကာ ပေးချေမည်ဖြစ်သည်။
၎င်းအပြင် အရှင် ဝိန်မှာ Frestech ကုန်သည်ကြီးများအသင်းအား သုံးကြိမ် ကူညီကာ တိုက်ခိုက်ပေးဖို့ တောင်းဆိုခဲ့၏။
နောက်ဆုံးတောင်းဆိုမှုမှာ စတက်တိန်းနယ်မြေရှိ အခြေအနေနှင့် စပ်ဆိုင်နေပါ၏။
ကောင့်ထ် ဖရန်ကို အနိုင်ယူပြီးနောက်၌ အရှင် ဝိန်မှာ ကောင့်ထ် ဖရန်၏ နယ်မြေထက်ရှိ ရင်းမြစ်အားလုံးကို ဝါးမြိုခြင်းမပြုနိုင်ခင် သူ၏အနီးအနားရှိ အရှင်သခင် သုံးပါးကို စစ်ကြေညာခဲ့သည်။
တစ်လတာလေးအတွင်း သူဟာ အရှင်သခင်နှစ်ဦးကို ချေမှုန်းခဲ့ပြီး ကျန်တစ်ဦးမှာ ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရသည်။
နောက်ဆုံး အရှင်သခင်ကို အနိုင်ယူရန်လည်း သိပ်မကြာလောက်တော့ပေ။
ဤအခြေအနေက စတက်တိန်းနယ်မြေရှိလူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
အရှင် ဝိန်သာ ထိုအရှင်သခင်သုံးပါးကို အနိုင်ရကာ ၎င်းတို့၏ အပိုင်စားနယ်မြေအားလုံးကို သိမ်းပိုက်လိုက်ပါလျှင် အရှင် ဝိန်လက်အောက် နယ်မြေမှာ အံ့အားသင့်ဖွယ် စတုရန်းတစ်သောင်းကီလိုမီတာအထိ ရောက်ရှိကာ သူ့အား စတက်တိန်းနယ်မြေမြောက်ပိုင်းတွင် အကြီးမားဆုံးနယ်မြေပိုင်ဆိုင်သူ အရှင်သခင်ဖြစ်လာစေလိမ့်မည်။
စတက်တိန်းနယ်မြေ၌ပင် ဒုခ် စတက်တိန်း ကလွဲ၍ သူဟာ အရှင်သခင်များအနက် အသန်မာဆုံးဖြစ်၏။
ထို့အပြင် လူဦးရေက မြောက်ပိုင်းတွင် တောင်ပိုင်းကထက် ပိုမိုသိပ်သည်းသောကြောင့် အရှင် ဝိန်က ထိုနယ်မြေသုံးခုကို ယူလိုက်သည်နှင့် သူ၏လက်အောက်၌ လူပေါင်းငါးသိန်းကျော်ရှိလာလိမ့်မည်။ ဒုခ် စတက်တိန်းပြီးလျှင် သူဟာ ပိုင်နက်နယ်မြေတွင် လူအများဆုံးရှိသူဖြစ်လာမည်သာ။
သူ၏လက်ရှိ စစ်တပ်အင်အားကြောင့် အရှင် ဝိန်၏ အင်အားအလုံးစုံက ဒုခ် စတက်တိန်းကို ယှဉ်နိုင်နေပြီဖြစ်သည်။ဤသည်မှာ စတက်တိန်းနယ်မြေရှိ အခြားအရှင်သခင်များကို ပူပန်လာစေ၏။
အရှင် ဝိန်၏ ခွန်အားမှာ ရုတ်တရတ်တိုးလာပြီး ကောင့်ထ် ဖရန် သူနှင့် အင်အားတူ အရှင်သခင်လေးပါးကို အနိုင်ရယူခဲ့သည်။ ၎င်းနောက်လည်း သူဟာမရပ်တန့်ဘဲ အခြားအရှင်သခင်များထံ သေချာပေါက် သူ၏စစ်တပ်ဖြင့် ပစ်မှတ်ထားမည်ဖြစ်သာ်။
သူ့အနေနှင့်... ဒုခ်စတက်တိန်းကိုပင် စိန်ခေါ်နိုင်လောက်သည်!
အာဏာကို အလေးပေးသည့် စတက်တိန်းနယ်မြေတွင် အရှင် ဝိန်သာ ဒုခ် စတက်တိန်းကို အနိုင်ယူနိုင်လျှင် အရှင် ဝိန်မှာ နောက်တက်မည့် ဒုခ်စတက်တိန်းဖြစ်လာကာ စတက်တိန်းနယ်မြေတွင် အာဏာအများဆုံးထိန်းချုပ်မည်ဖြစ်၏။
ရုတ်တရတ် စတက်တိန်းနယ်မြေ မြောက်ပိုင်းရှိ အခြေအနေက ပိုမိုတင်းမာလာသည်။
သို့ဖြစ်၍ စစ်ဘက်သုံးမှော်စက် မှာယူမှု အမျိုးစုံက Frestech ကုန်သည်ကြီးများအသင်းထံရောက်လာ၏။
ယခင်က Frestech ကုန်သည်ကြီးများအသင်းကို သံသယဝင်ခဲ့ကြသည့် အရှင်သခင်များရှိသော်လည်း ထိုစစ်ဘက်သုံးမှော်စက်များထံမှ အရှင် ဝိန်ရခဲ့သည့် အင်အားနှင့် တိုက်ပွဲ၌ သက်သေပြထားသည်ကိုမြင်ပြီးနောက် စတက်တိန်းနယ်မြေရှိ အရှင်သခင်အားလုံးထံ၌ သံသယများမရှိကြတော့ချေ။
အကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက မလုံလောက်လေရာ ထိုလိုအပ်ချက်အားလုံးကို တစ်ပြိုင်တည်း မဖြည့်ဆည်းပေးနိုင်သဖြင့် အရှင်သခင်များစွာက ဈေးနှုန်းများ တိုးပေးလာကြသည်။
အနှီအရှင်သခင်များထံ၌ ပေးဆောင်ရန် ရွှေဒင်္ဂါးမရှိသဖြင့် ၎င်းမတိုင်ခင်က အရှင်သခင်အများစုမှာ Frestech ကုန်သည်ကြီးများအသင်းကို ရင်းမြစ်များသုံး၍ ကုန်သွယ်ခဲ့ကြသလို အရှင်သခင်အများစုမှာ ထိုနည်းလမ်းကို အသုံးပြုနေကြဆဲပင်။
အတိတ်က သာမန်အရည်အသွေးရှိ သံသတ္တုရိုင်းတစ်လှည်းစာအား မှော်ထပ်ဆင့်လေး ဆယ်လက် သို့မဟုတ် မှော်လောင်ချာတစ်လက်ဖြင့် ကုန်သွယ်နိုင်သော်လည်း ယခုတွင် ၎င်းအတွက် အဆင့်မြင့်သံသတ္တုရိုင်း သုံးလှည်းနှင့်အထက် ပိုကုန်ကျလေသည်။
တစ်စုံတစ်ယောက်သာ စတက်တိန်းနယ်မြေကို အပေါ်စီးမှကြည့်လျှင် ထူးဆန်းသည့်မြင်ကွင်းကို မြင်ရမည်ဖြစ်သည်။
စတက်တိန်းနယ်မြေ၏ နေရာအစုံမှ သတ္တုရိုင်းအမျိုးစုံကို သယ်ဆောင်လာသော မြင်းလှည်းများမှာ အနောက်မြောက်ဘက်သို့ ပုရွက်ဆိတ်များသဖွယ်သွားရောက်လျက် ရှုယီ၏ အပိုင်စားနယ်မြေကို ဗဟိုပြုထားကြလေသည်။
ထိုသတ္တုရိုင်းမျိုးစုံကို ပို့လိုက်ကြပြီးနောက် အနှီမြင်းလှည်းများမှာ စစ်ဘက်သုံးမှော်စက်များနှင့်တကွ ၎င်းတို့၏မူလနေရာသို့ ပြန်လှည့်သွားကြ၏။
အချိန်အနည်းငယ်ကြာ စောင့်ကြည့်ပါလျှင် ၎င်းတို့ အပြန်လမ်း၌ ဓားပြလုယက်မှုများစွာလည်း ရှိနေလိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ရရှိထားသည့် ရင်းမြစ်များကိုသာ အခြေခံ၍ ကုန်သွယ်ကြပြီး ပို့ဆောင်ရေးအတွက် တာဝန်မယူထားချေ။
ပစ္စည်းဝယ်ချင်တယ်မဟုတ်လား? ကောင်းပြီ ကိုယ့်ဘာသာ အရောက်လာလိုက်။
ပစ္စည်းတွေယူသွားချင်တယ်လား? ကောင်းပြီ ကိုယ်တိုင်လုပ်လိုက်လို့ရတယ်။
ကမ္ဘာမြေပေါ်တွင် ဤမျှ တာဝန်မဲ့သော လုပ်ငန်းစုတစ်ခုရှိပါလျှင် ဝယ်ယူသူများအားလုံးက ၎င်းတို့အား သေလုနီးပါး ဆူဟောက်ကြလိမ့်မည်။
သို့သော် ဤနေရာတွင် လူတိုင်းက ၎င်းကို သာမန်ဟုခံစားရကာ ညည်းညူသည့်လူလည်း မရှိချေ။
စစ်ဘက်သုံးမှော်စက်များနှင့်လဲလှယ်ရန် သူ၏နယ်မြေထံသို့ ပို့ဆောင်သည့် သံသတ္တုရိုင်းပမာဏများစွာကို မြင်လိုက်သည့်အချိန်တိုင်း မနေနိုင်အောင် စိတ်မလုံသလိုခံစားလာရသည်။
အချစ်ကလေးရေ ငါတို့တွေ အခမဲ့ပို့ဆောင်တာကို မလုပ်ပါဘူး။
သို့ရာတွင် အရှင်သခင်များ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များကို ရယူရန် လွှတ်လိုက်သည့် ယာဉ်တန်းများအားလုံးမှာ ပျော်ရွှင်နေကာ လုံးဝမညည်းညူနေကြချေ။
Frestech ကုန်သည်ကြီးများအသင်းရဲ့ ပို့ဆောင်ခြင်းအတွက်လား? သူတို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဘူးလေ။
စတက်တိန်းနယ်မြေ၏ အရှင်သခင်များနှင့်ယှဉ်လျှင် ရှုယီမှာ ဆယ်ဗီနီကို လုံးဝ ခြားနားစွာ ဆက်ဆံပါ၏။
သူဟာ ဆယ်ဗီနီကို စစ်ဘက်သုံးမှော်စက်များစွာထောက်ပံ့ပေးခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် လမ်ပူရီတိုင်းပြည်သို့ စစ်ဘက်သုံးမှော်စက်များ တင်ပို့ခဲ့ရုံသာမက ဆယ်ဗီနီအား ၎င်းတို့ကို အကြွေးတင်ခွင့်ပါ ပြုထားသည်။
Frestech ကုန်သည်ကြီးများအသင်း လည်ပတ်လာသည့် ငါးနှစ်တာအတွင်း ဆယ်ဗီနီမှာ အကြွေးတင်ခွင့်အပြုခံထားရသလို ဦးစားပေးလည်းခံရသည့် ပထမဆုံး ဖောက်သည်ပင်။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်တိုင်းမှာ ကျော်ကြားလှလေရာ ဝယ်လိုအား မလုံလောက်ခြင်းဟူ၍ မရှိပေ။
၎င်းမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းကို ငွေကြိုချေထားသူများရှိပြီး ၎င်းတို့အနေနှင့် ၎င်းတို့၏ကုန်စည်များကို စောစောပေးရန် မျှော်လင့်ထားကြသည်။ ဘယ်အချိန်ကများ မည်သူက Frestech ကုန်သည်ကြီးများအသင်းကို ပိုက်ဆံအကြွေးတင်နေပါမည်နည်း?
သို့သော် Frestech ကုန်သည်ကြီးများအသင်းရှိ မည်သူကမှ ရှုယီ၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း ရှိမလာပေ။
လူတိုင်းမှာ ၎င်းက ရှုယီ၏ ဆယ်ဗီနီအပေါ် ရင်းနှီးမြှုပ်နှံမှုဖြစ်သလို အလောင်းအစားဟုယူဆ၍ရမှန်း နားလည်ကြသည်။
ဆယ်ဗီနီသာ လမ်ပူရီတိုင်းပြည်ကို လွှဲယူရာ၌ အောင်မြင်သွားပါလျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် သေချာပေါက် လမ်ပူရီတိုင်းပြည်ထံမှ လက်ရှိရင်းနှီးမြှုပ်နှံမှုနှင့်စာလျှင် ပိုမိုကြီးကြီးမားမားပြန်ရမည်ပင်။
တစ်ခုတည်းသော ပြဿနာမှာ မင်းသမီးလေး ဆယ်ဗီနီက.... အောင်မြင်ပါမည်လား?
သက္ကရာဇ် ၃၇၈၄ခု၏ ဆောင်းဦးနှင့် ဆောင်းရာသီတို့၏ သုံးလတာလေးအတွင်းတွင် ဆယ်ဗီနီမှာ ရှုယီထံ၌ အမျှော်အမြင်ကောင်းသောအကဲဖြတ်မှုရှိသည်ကို သက်သေပြရန် သံကဲ့သို့ အချက်အလက်တစ်ခု အသုံးပြုခဲ့သလို Frestech ကုန်သည်ကြီးများအသင်း ၏ ထောက်ပံ့မှုနှင့် အာဏာလည်း ကြီးမားလာသည်။
အောက်တိုဘာလအစ၌ မင်းသမီးလေးဆယ်ဗီနီမှာ သူမ၏ အပိုင်စားနယ်မြေထက်၌ မိန့်ခွန်းတစ်ခုပြောကြားကာ ဒုခ့်စတက်ဂျ် ကို သစ္စာဖောက်အဖြစ် ရှင်းရှင်းလင်းလင်း စွဲချက်တင်ခဲ့ပြန်သည်။ သူမဟာ ယခင်ဘုရင်၏ သွေးသားတော်စပ်သူ ညီမငယ်အနေနှင့် သူမ၏ အဆင့်အတန်းဟာ မင်းသမီးလေးဖြစ်ရာ သူ့အား လက်အောက်ခံအဖြစ်ထားမည်ဖြစ်ကြောင်းဆိုသည်။
သုံးရက်ကြာပြီးနောက် ဒုခ့်စတက်ဂျ်သည် မင်းသမီးလေးဆယ်ဗီနီ၏ စကားလုံးများက စွပ်စွဲချက်များသာဖြစ်ပြီး မင်းသားလေးဝီလျံ၏ ထီးနန်းဆက်ခံခွင့်ကို သွေဖယ်ကာ သူမ ကိုယ်တိုင် ထီးနန်းကို လွှဲယူနေလိုသည်ဟု ဖော်ပြခဲ့သည်။ သူဟာ မင်းသားလေးဝီလျံကိုယ်စားအမိန့်ပင်ထုတ်ကာ ဆယ်ဗီနီကို သစ္စာဖောက်အဖြစ် ခေါင်းစဉ်တပ်ခဲ့သည်။။
တစ်ပတ်ကြာသည့်နောက် နှစ်ဘက်စလုံးက စစ်တပ်များကိုစုစည်းကာ လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်ပွဲကို တရားဝင်စတင်လိုက်တော့သည်။
အစပိုင်းတွင် အားလုံးက မင်းသမီးလေးဆယ်ဗီနီအနေနှင့် မျှော်လင့်ချက်မဲ့တိုက်ပွဲကို တိုက်ခိုက်နေသည်ဟု ထင်ကြသည်။
အကြောင်းအရင်းမှာ ဘုရင်ကြီးအဲရစ် ထီးနန်းဆက်ခံသည့် နှစ်တွင် လမ်ပူရီတိုင်းပြည်တစ်ခုလုံးက ဒုခ့်စတက်ဂျ်၏ ထိန်းချုပ်မှုထဲ ကျရောက်လုနီးပါး ဖြစ်ခဲ့သောကြောင့်ပင်။
ဤအချိန်အတွင်း ဒုခ့်စတက်ဂျ်ဟာ ဆန့်ကျင်သည့်အသံများကို ပိတ်ထားရန် သူကိုယ်တိုင် နည်းလမ်းမျိုးစုံသုံးခဲ့ပြီး သူ့မိသားစု၏ အာဏာကို များစွာတိုးလာစေသည်။
မင်းသမီးလေးဆယ်ဗီနီမှာ ဤနှစ်အတွင်း ပုန်းအောင်းနေခဲ့သဖြင့် မျိုးရိုးမြင့်များစွာက ဘက်ပြောင်းသွားကြရုံသာမက သူမအနေနှင့် သူမ၏ ကိုယ်ပိုင်အစောင့်များ၏ တစ်စိတ်တပိုင်းကိုပင် ဖျက်သိမ်းခဲ့သေးသည်။
နှစ်ဘက်စလုံးအကြား အင်အားကွာခြားချက်မှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကဲ့သို့ပင်။
သို့သော်လည်း ပြည်တွင်းစစ်စတင်သည်နှင့် အချက်အလက်များက မည်သူကမှ မျှော်လင့်မထားသည့် အရာဖြစ်လာသည်။
ပထမဦးစွာ မင်းသမီးလေးဆယ်ဗီနီ ကြေညာချက်ထုတ်ပြီးနောက် လမ်ပူရီတိုင်းပြည်ရှိ မြို့ပေါင်း တစ်ဝက်လောက်နီးနီးမှာ သူမကို ထောက်ပံ့ကြောင်း ပြလာသည်။
တစ်ဝက်အောက်က ဘုရင်ဝီလျံနှင့် ဒုခ့်စတက်ဂျ်ကို ထောက်ခံကာ ကျန်သည့်မြို့များကတော့ ကြားနေသာဖြစ်လေရာ မင်းသမီးလေးဆယ်ဗီနီထံ၌ ပိုမိုအားကောင်းသည့် အဟုန်ရှိနေ၏။
ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့်များနှင့် ဒုခ့်စတက်ဂျ်လွှတ်လိုက်သည့် ဒုတိယစစ်တပ်တို့ တိုက်ခိုက်ရာတွင် ရလာဒ်က ထိတ်လန့်စရာကောင်းလှသည်။
ပထမစစ်တပ်ထက်သာ အားနည်းသည်ဟု ဆိုကြသည့် ဒုတိယစစ်တပ်မှာ လုံးဝ ပြန်မတိုက်ခိုက်နိုင်ခဲ့ချေ။
ဒုတိယစစ်တပ်၌ လူတစ်သောင်းငါးထောင်ရှိပြီး ဆယ်ဗီ၏ အစောင့်များ၌ လူသုံးထောင်သာရှိသည်။
ထိုသို့သော အံ့အားသင့်ဖွယ်အောင်မြင်မှုက လူတိုင်းကို မယုံနိုင်အောင်ဖြစ်စေ၏။
မည်သို့များ ဆယ်ဗီနီ၏ အစောင့်များက ဤသို့သော ထိတ်လန့်ဖွယ်တိုက်ပွဲအင်အားကို ထုတ်ပြခဲ့ပါသနည်း?
၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များဖြင့် တပ်ဆင်ပေးခြင်းကြောင့်ပေလား?
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၄။ အုတ်မြစ်မရှိတော့ခြင်း
လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်ပွဲမှာ လူတိုင်းကို ရှုပ်ထွေးစေသည့်အရာပင်။
လူအများစု၏ ခန့်မှန်းခြေအရ ပြည်တွင်းစစ်ဖြစ်ပွားသည်နှင့် ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေသို့ကျရောက်ကာ အချိန်ရှည်ကြာတော့မည်ဖြစ်သည်။
လူအများစုအတွက် ဒုခ့်စတက်ဂျ် ၏ ဘက်မှာ ရှင်းလင်းစွာပင် မင်းသမီးလေးဆယ်ဗီနီ၏ ဘက်ထက် အာဏာပိုရှိနေ၏။ တိုက်ပွဲစသည်နှင့် ဒုခ့်စတက်ဂျ်၏ ဘက်က အားသာမှုရပေလိမ့်မည်။
သို့သော် အချက်အလက်များက လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်မှာ အောက်တိုဘာလအလယ်တွင် စတင်ကတည်းက ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့်များမှာ အန်ဗီမာမြို့တော်ကို စီးနင်းတိုက်ခိုက်မည်ကို သက်သေပြနေ၏။
ဒုခ့်စတက်ဂျ်က ၎င်းကို အလျင်အမြန် တုံ့ပြန်ကာ အန်ဗီမာမြို့တော်ထံမှ မင်းသားလေး ဝီလျံနှင့်အတူ ထွက်ပြေးကာ စတက်ဂျ်မိသားစုကိုယ်ပိုင်နယ်မြေသို့ ပြန်လာပြီး မင်းသမီးလေးဆယ်ဗီနီနှင့်အတူ အဆုံးထိတိုက်ခိုက်လိုသော်လည်း ဒုခ့်စတက်ဂျ်ကလုံးဝ တန်ပြန် တိုက်ခိုက်နိုင်တော့မည်မဟုတ်သည်ကို မြင်နိုင်ကြသည်။
မင်းသမီးလေးဆယ်ဗီနီ၏ ပြင်းထန်သော ထိုးစစ်က တစ်ဆင့်ချင်းစီဖြစ်သောကြောင့် လမ်ပူရီတိုင်းပြည်၏ မြို့များမှာ မင်းသမီးလေးကို တစ်ယောက်ပြီးတစ်ယောက် စတင် ထောက်ခံလာကြတော့သည်။
မင်းသမီးလေးဆယ်ဗီနီ အန်ဗီမာမြို့တော်သို့ ရောက်ချိန်တွင် ကောင့်ထ် စီယန်ဦးဆောင်သည့် တော်ဝင်မိသားစုသစ္စာခံ မျိုးရိုးမြင့်များ၏ ထောက်ပံ့မှုနှင့်အတူ လမ်ပူရီတိုင်းပြည်ရှိ မြို့ သုံးဆယ့်လေးမြို့ကျော်မှာ မင်းသမီးလေးဆယ်ဗီနီအတွက် ထောက်ပံ့ကြောင်းပြသခဲ့သည်။
နှစ်လတာအတွင်း လမ်ပူရီတိုင်းပြည်ရှိ အခြေအနေက ပြောင်းလဲသွားပါ၏။
ဆောင်းရာသီရောက်နေပြီး တပ်ဖွဲ့များစေလွှတ်ရန် အဆင်မပြေခြင်းကြောင့်သာ မဟုတ်လျှင် မင်းသမီးလေးဆယ်ဗီနီမှာ စတက်ဂျ် မိသားစုအပေါ် တိုက်ခိုက်မှုကို ရှေ့ဆက်ကာ တစ်ပြိုင်နက်တည်း ထိုတပ်ဖွဲ့များအားလုံးကို ရှင်းပစ်မည်ဟု လူတိုင်းယုံကြည်ကြ၏။
“ဒါကို မျှော်လင့်ထားပြီးသားဆိုပေမယ့် ရလာဒ်က ဒီလိုဖြစ်လာမယ်မထင်ထားခဲ့ဘူး။” လက်စ်လိုင်းက ခါးသက်သက်ရယ်ကာ ခေါင်းခါသည်၊ “မင်းသမီးလေးဆယ်ဗီနီက မင်းတို့လုပ်ငန်းစုရဲ့ အထောက်အပံ့နဲ့ ဒီလိုစွမ်းအားကြီးအင်အားရလာမယ်လို့ မစဉ်းစားခဲ့ဖူးဘူး။ သူတို့ကြားက တိုက်ခိုက်မှုကို တစ်ကြိမ်လောက် မျက်မြင်တွေ့လိုက်ရတော့ အဲဒီ့မြင်ကွင်းကလေ.... ကျစ် ကျစ်၊ တိုက်ခိုက်မှုလို့တောင် သတ်မှတ်လို့ရမနေဘူး တစ်ဘက်သတ် အနိုင်ကျင့်နေသလိုပဲ။”
“ဒီတော့?” ရှုယီက လက်စ်လိုင်း ထိုသို့ခံစားမိနေသည်ကို ကြည့်ကာ အနည်းငယ် ရယ်ချင်သွားသည်၊ “တစ်ခုခုမှားနေတာတွေ့လို့ ကျုပ်ဆီကို အစောကြီးပြေးလာတာလား? သတိပေးထားရဦးမယ် စတက်ဂျ် မိသားစုက တိုက်ရိုက်မျိုးဆက်အနေနဲ့ ခင်ဗျားကို ပုန်ကန်မှုနဲ့ တရားစွဲလို့ရတယ်။ ခင်ဗျား ဒီမှာနေမယ်ဆိုရင် ကျုပ်ကို သစ္စာဖောက် ခိုလှုံခွင့်ပေးမှုနဲ့ တရားစွဲလိမ့်မယ်။”
“မင်းက ကြောက်နေတာလား?” လက်စ်လိုင်းက ရှုယီကို မျက်လုံးလှန်ပြသည်၊ “မင်းက အခု မင်းသမီးလေးလက်အောက်က အကြီးမားဆုံးထောက်ပံ့သူလေ မင်းအနေနဲ့ သစ္စာဖောက်တချို့ကို ခိုလှုံခွင့်ပေးရင်တောင် မင်းသမီးလေးအနေနဲ့ မင်းကို ဘာမှမလုပ်လောက်ဘူးထင်တာပဲ။ ပြီးတော့ ငါ့ကို အဖေက မိသားစုကနေ ထုတ်ပယ်ထားပြီးသားဆိုတော့ စတက်ဂျ် မိသားစုနဲ့ မဆိုင်တော့ဘူးလေ။”
“သူတို့သာ တကယ်ပဲ ခင်ဗျားကို ဖမ်းချင်ရင် ဒီဆက်ဆံရေးကို ရှောင်လွှဲလို့ရနိုင်မယ်ထင်လို့လား?” ရှုယီက လက်ယမ်း၏၊ “ဟုတ်ပြီ ဟာသလုပ်နေတာရပ်လိုက်ရအောင် ခင်ဗျား ဒီတစ်ခေါက် ဘာကိုမြင်ရဖို့ စီစဉ်ထားတာလဲ? ဒါပေမယ့် ကျုပ်တို့ပင်လယ်ပြင် မှော်လှေတွေက အပြီးသတ်ဖို့ အဝေးကြီးလိုသေးတော့ ခင်ဗျားရဲ့တောင်းဆိုမှုကို ရောက်မှာမဟုတ်သေးဘူး။”
“မဟုတ်ပါဘူး ငါဒီတစ်ခေါက်လာတာက မင်းဆီကနေ စစ်ဘက်သုံးမှော်စက်တစ်သုတ်ဝယ်ဖို့ပါ။” လက်စ်လိုင်းက ဆိုသည်။
ရှုယီက တမုဟုတ်ချင်း မျက်မှောင်ကုပ်လိုက်လေ၏။ စဉ်းစားကြည့်ပြီးနောက် သူဟာ လေးလေးနက်နက်ပြောလေသည်၊ “လက်စ်လိုင်း ကျုပ်တို့က မိတ်ဆွေတွေဆိုပေမယ့် ခင်ဗျားသာ ဒုခ့်စတက်ဂျ်ကို ထောက်ပံ့ခိုင်းချင်ရင် ခင်ဗျားကို တောင်းပန်ရုံပဲတတ်နိုင်ပါတယ်။”
“မင်း အထင်လွဲနေပြီ” လက်စ်လိုင်းက တဖြည်းဖြည်းခေါင်းခါ၍ ရယ်လျက်ပြောသည်၊ “အဖေ့ရဲ့ဘဝကိုက ဆုံးဖြတ်ထားပြီးသားပါ ဒါကိုပြောင်းလဲဖို့ ငါလည်း စိတ်မဝင်စားဘူး။ သူက ဒီလမ်းကိုရွေးခဲ့မှတော့ ရလာဒ်ကို ခံစားရမှာပေါ့။ အခု ငါက.... သူ့ရဲ့အသက်ကို ကယ်ချင်ရုံပါပဲ”
ရှုယီမှာ အံ့ဩသွားသည်၊ “ဒါကတော့... မဖြစ်နိုင်လောက်ဘူးမို့လား? ဒီအခြေနေမှာ ခင်ဗျားက သခင်ဒုခ်ရဲ့ အသက်ကို ရှုံးနိမ့်ပြီးနောက်မှာတောင် ဆက်ထိန်းထားစေချင်သေးတာလား?”
“ငါ အာမတော့ မခံနိုင်ပေမယ့် သူ့ရဲ့သားအဖြစ်နဲ့ ငါက အကောင်းဆုံးလုပ်ရမှာ။” လက်စ်လိုင်းက သက်ပြင်းချသည်။ ခဏတာတုံ့ဆိုင်းနေပြီးနောက် သူဟာ ရှုယီကို တောင်းပန်တိုးလျှိုးဟန်ဖြင့်ကြည့်၍ စိတ်ရင်းနှင့် ဆိုလာသည်၊ “ရှုယီ မင်းက မင်းသမီးလေး ဆယ်ဗီနီနဲ့ အရင်းနှီးဆုံးဖြစ်သလို Frestech ကုန်သည်ကြီးများအသင်းကလည်း သူမရဲ့အောင်မြင်မှုအတွက် သော့ချက်ပဲလေ။ မင်းသာ တစ်ခုတလေပြောလိုက်ရင် သူမအနေနဲ့ အနည်းဆုံးတော့ မင်းကို မျက်နှာနည်းနည်းပေးမယ်လို့ထင်တယ်.....”
ရှုယီမှာ မနေနိုင်အောင် စိတ်ထဲခါးသက်သက်ရယ်မိရသည်။
၎င်းကသာ အခြားအရာဆိုလျှင် သူတစ်ခုခုပြောလိုက်ပါက ဆယ်ဗီနီ သဘောတူညီမည်ကို သူ့အနေနှင့် ၉၀ရာခိုင်နှုန်း ယုံကြည်ချက်ရှိပါ၏။
သို့သော် ဒုခ့်စတက်ဂျ်အား အရေးကြီးသည့် ပုန်ကန်မှုဖြင့် တရားစွဲထားပြီး သူဟာ လမ်ပူရီဆယ့်သုံးအား အဆိပ်ခတ်ရာ၌ ပါဝင်လေသည်။ သူ့အနေနှင့် ဘုရင်အဲရစ်အားလည်း ကိုယ်တိုင်သတ်ခဲ့ပုံရလေ၏။
ဤသို့သော ကြီးလေးသည့်ပြစ်မှုမှာ အလွယ်လေး ခွင့်လွှတ်၍မရနိုင်ပေ။ ဆယ်ဗီနီမှာ သဘောထားကြီးပါလျှင်တောင် သူမအနေနှင့် သူ့အား ခွင့်လွှတ်ဖို့မဖြစ်နိုင်ချေ။
သို့ရာ၌ လက်စ်လိုင်းက သူ့ကို သိလာသည့်အချိန်ကြာနေပြီဖြစ်သလို ဤသည်က ပထမဆုံးအကြိမ် ဤသို့ နှိမ့်ချလာခြင်းဖြစ်သည်။ ရှုယီ စိတ်ထဲတွင် မဖြစ်နိုင်မှန်းသိနေလျှင်တောင် ခေါင်းငြိမ့်လိုက်ဆဲဖြစ်ကာ အကောင်းဆုံးကြိုးစားမည်ဟု ဆိုပါ၏။
“တကယ်တော့ ငါလည်း အရမ်းမျှော်လင့်နေမိတာကို သိပေမယ့် ဒါက ငါလုပ်သင့်တဲ့အရာပဲလေ။ ရလာဒ်အတွက်ကတော့..... ငါဒီတိုင်းပဲ လိုက်ကြည့်ရမှာပေါ့။” လက်စ်လိုင်းက သက်ပြင်းချသည်။ သူဟာ ခဏတာ မျက်လုံးများမှိတ်လျက် တွေးနေလိုက်ပြီးနောက် ရှုယီကို လှည့်ကာ နှုတ်ဆက်လိုက်၏။
လက်စ်လိုင်းကို ပြန်ပို့ပြီးသည့်နောက် ရှုယီက နောက်တစ်ခန်းသို့သွားလိုက်ရာ ဆယ်ဗီနီ လွှတ်လိုက်သည့် ကိုယ်စားလှယ်ရောက်နေသည်ကိုတွေ့ရလေသည်။
“ဥက္ကဌရှု ကျွန်တော်သာမမှားရင် အခုနက ထွက်သွားတာ ဗစ်ကောင့်ထ်လက်စ်လိုင်းဖြစ်ရမယ်?” ကိုယ်စားလှယ်က မျက်မှောင်ကုပ်ကာ အိမ်တော်တံခါးမကြီးကိုကြည့်လိုက်ပြီး ရှုယီကို မေးလာသည်၊ “သူက ဒုခ့်စတက်ဂျ်ရဲ့ သားပဲ၊ ဘာလို့ သူ့ကိုဖမ်းပြီး မင်းသမီးလေးဆီမပို့ရတာလဲ? ဒါက လုပ်ဆောင်ချက်ကောင်းတစ်ခုလေ။”
ရှုယီ၏ မျက်နှာက အေးစက်သွား၏၊ “သူက စတက်ဂျ် မိသားစုနဲ့ ဆက်ဆံရေးဖြတ်တောက်ထားပြီးသားပါ။ ပြီးတော့ သူက ကျုပ်မိတ်ဆွေပဲ။”
ကိုယ်စားလှယ်မှာ တစ်စုံတရာကိုပြောလိုက်ချင်သော်လည်း ရှုယီ၏ အမူအရာကိုမြင်သော် ခြောက်ကပ်ကပ်ရယ်၍ ထိုကိစ္စအား ထပ်မပြောဝံ့တော့ချေ။
လူတိုင်းက မင်းသမီးလေး ဆယ်ဗီနီအနေနှင့် Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုသည့် မှော်စက်မှုနယ်ပယ်ကို ဂရုစိုက်ခြင်းကြေင့် မင်းသမီးလေးနှင့် ရှုယီတို့က ရင်းနှီးသည်ဟု ဆိုကြပါလျှင် ပြည်တွင်းစစ်စတင်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့က ဆယ်ဗီနီကို ဂရုစိုက်ပေးခြင်းကြောင့် သူမဟာ အင်မတန်အင်အားကြီးလာသဖြင့် သူဟာ၎င်းနှင့် ထိုက်တန်ကြောင်းသိရှိလိုက်ကြသည်။
မင်းသမီးလေးဆယ်ဗီနီ၏စစ်တပ်အနေနှင့် ၎င်းတို့၏ ကြောက်မက်ဖွယ်တိုက်ပွဲအင်အားကို ထုတ်ဖော်နိုင်သည့် အဓိက အကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ပံ့မှုကြောင့်ဖြစ်သည်။
ထို့ကြောင့် မင်းသမီးလေးဆယ်ဗီနီမှာ သူမ၏စစ်တပ်အား အောင်မြင်မှုများဖြင့် ဦးဆောင်ရင်း ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ လမ်ပူရီတိုင်းပြည်ရှိ ဂုဏ်သတင်းကလည်း အလျင်အမြန်ကြီးထွားလာသည်။
၎င်းက Frestech ကုန်သည်ကြီးများအသင်းမှာ သစ်လွင်ကာ သုံးရလွယ်သည့် အိမ်သုံးမှော်စက်များကိုသာ ထုတ်လုပ်နိုင်သည်ဟု လူတိုင်း တွေးနေစဉ်ကနှင့် ခြားနားသည်။ ဤတစ်ခေါက်တွင် အားလုံး၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် အမြင်မှာ စစ်ပွဲ၌ စွမ်းပကားထုတ်ပြခဲ့သည့် စစ်ဘက်သုံးမှော်စက်များအား ထုတ်လုပ်သည့် Frestech ကုန်သည်ကြီးများအသင်း အပေါ် အာရုံစိုက်ထားသည်။
ဤအမြင်ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအဖြစ် ရှုယီမှာ လူတို့၏စိတ်ထဲတွင် ဂုဏ်သိက္ခာရှိကာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာတော့သည်။
ကိုယ်စားလှယ်မှာ ဆယ်ဗီနီမှ ရှုယီထံပို့ပေးနေကျ အဆက်အသွယ်ဖြစ်သဖြင့် Frestech ကုန်သည်ကြီးများအသင်းဟာ မင်းသမီးလေးဆယ်ဗီနီအတွက် မည်မျှ အရေးပါသည်ကို သိသလို မင်းသမီးလေး ဆယ်ဗီနီက ရှုယီကို အခြားလူများနှင့်ယှဉ်လျှင် ကွဲကွဲပြားပြားဆက်ဆံတတ်သည်အား နားလည်သည်။ သူ့အနေနှင့် ရှုယီရှေ့မှောက်တွင် မည်သည့်အာဏာကိုမှ မပြဝံ့ချေ။
ထို့ကြောင့် သူဟာ လက်စ်လိုင်းက မှော်ဆလွန်းတစ်စင်းထဲဝင်သည်ကို အသားတုံးတစ်တုံးအား အလွတ်ပေးလိုက်ရသလို ကြည့်ရင်းဖြင့် မည်သည့်အသံကိုမှ မထွက်နိုင်ပေ။
လက်စ်လိုင်းက မှော်ဆလွန်းဖြင့် မောင်းထွက်သွားသည်ကိုကြည့်ပြီးနောက် ရှုယီမှာ ကိုယ်စားလှယ်ဘက် လှည့်လိုက်သည်။
“မင်းသမီးလေးက ခင်ဗျားကို ပို့လိုက်တာလား? အစီစဉ်ရဲ့ နောက်ခြေလှမ်းတွေမှာ အပြောင်းအလဲတွေရှိလို့လား?”
ကိုယ်စားလှယ်က အမြန်ခေါင်းငြိမ့်လာ၏၊ “ဟုတ်ပါတယ် မင်းသမီးလေးက သူမကိုယ်တိုင် ခင်ဗျားနဲ့ဆွေးနွေးချင်နေတာဆိုပေမယ့် နိုင်ငံမှာ အရေးကြီးလုပ်စရာတွေများနေပြီး ထွက်မလာနိုင်လို့ ခင်ဗျားကို ယေဘုယျအကြံပေးခိုင်းလိုက်တာပါ။”
“အင်း သူမ အခုတော့ သေချာပေါက် မလာနိုင်လောက်ဘူး။” ရှုယီက ခေါင်းငြိမ့်သည်၊ “ကျုပ်ခန့်မှန်းတာသာမမှားရင် မင်းသမီးလေးက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်ဆီ ပြန်ပြောင်းလာအောင်လုပ်ဖို့စီစဉ်ထားတာ မဟုတ်လား?”
ကိုယ်စားလှယ်က ရှုယီကို တအံ့တဩကြည့်ပြီးနောက် ကျယ်လောင်စွာ ချီးကျူးလေ၏၊ “ဥက္ကဌရှု ခင်ဗျားက တကယ်ကို အမျှော်အမြင်ရှိတာပဲ! ဟုတ်ပါတယ် မင်းသမီးလေးက ဒီလိုစီစဉ်ထားတာ။ မင်းသမီးလေးက Frestech ကုန်သည်ကြီးများအသင်းကို အရင်ကလိုထပ်တူဖြစ်နိုင်ပြီး လမ်ပူရီတိုင်းပြည်ရဲ့ ကြွယ်ဝမှုအတွက်နဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် မျှော်လင့်နေတဲ့အကြောင်းပြောတယ်။ ပြီးတော့လည်း မင်းသမီးလေးအနေနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို နိုင်ငံမှာ သေချာပေါက် ထောက်ပံ့မယ်လို့ ပြောလိုက်ပါသေးတယ်၊ သူမ အနေနဲ့ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဘာအဟန့်အတားမှ တွေ့ခွင့်ပြုမှာမဟုတ်ဘူးတဲ့။”
“ဒီလိုလား?” ရှုယီမှာ လမ်ပူရီတိုင်းပြည်ရှိရာဘက် ကြည့်ရင်းပြုံးလေသည်။
မှန်ပါ၏ သူ့အနေနှင့် ဆယ်ဗီနီ၏ စိတ်ရင်းကို ယုံကြည်သလို ဆယ်ဗီနီက Frestech ကုန်သည်ကြီးများအသင်းကို ကူညီရန် အာဏာအလုံးစုံအအား အသုံးပြုကာ လမ်ပူရီတိုင်းပြည်ကို ထပ်မံဖွံ့ဖြိုးစေမည်အားသိပါ၏။
ရှုယီက ၎င်းကို မဆန့်ကျင်ခဲ့သော်လည်း ယခုတွင် ခြားနားမှုလေးတစ်ခုရှိနေပြီဖြစ်သည်။
ဤခြားနားမှုမှာ Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်၌ ရှိနေစဉ်ကတည်းက ၎င်းတို့အနေနှင့် လမ်ပူရီတိုင်းပြည်ကို အုတ်မြစ်အဖြစ်သတ်မှတ်ခဲ့ခြင်းပင်။ ထို့ကြောင့် ၎င်းတို့၏ ဖွံ့ဖြိုးရေးအစီစဉ်မှာ လမ်ပူရီတိုင်းပြည်၌ ပိုမိုအားကောင်းသည့် အုတ်မြစ်တစ်ခု ချမှတ်မည့် အဓိပ္ပာယ်ဖြစ်၏။
သို့သော် ယခုတွင် ၎င်းတို့ ထွက်ခွာခဲ့ရပြီး စတက်တိန်းနယ်မြေ၌ အသစ်တစ်ဖန်စတင်ထားခဲ့ရာ ရှုယီ၏ အစီစဉ်က များစွာပြောင်းလဲသွားခဲ့၏။
သူ့အနေနှင့် ဆယ်ဗီနီအလိုရှိသလို လမ်ပူရီတိုင်းပြည်တွင် Frestech ကုန်သည်ကြီးများအသင်းအား ရင်းနှီးမြုပ်နှံကာ မှော်စက်မှုနယ်ပယ်ကို ကြီးကြီးမားမားတည်ထောင်ချင်သော်လည်း လမ်ပူရီတိုင်းပြည်ကို သူ၏ အုတ်မြစ်အဖြစ် မမှတ်ယူလိုပေ။
Frestech ကုန်သည်ကြီးများအသင်း၏ အုတ်မြစ်မှာ လက်ရှိတွင် ရှုယီ၏ အပိုင်စားနယ်မြေ၌ ရှိလေ၏။
ရှုယီ၏ စိတ်နှလုံးထဲ၌ သူဟာ လမ်ပူရီတိုင်းပြည်ကို ရူဒ်ဆန်တိုင်းပြည်၊ မီရန်ဒိုနယ်မြေ၊ ဒရိတ်ခ်နယ်မြေနှင့် အခြားနိုင်ငံများကဲ့သို့ သတ်မှတ်ထားကာ ၎င်းတို့မှာ သူတို့အတွက် ဈေးကွက်များသာဖြစ်သည်။
သို့သော် သူနှင့် ဆယ်ဗီနီ၏ ဆက်ဆံရေးကြောင့် သူဟာ လမ်ပူရီတိုင်းပြည်ကို ပိုအာရုံစိုက်ထားပါ၏။ သို့သော်လည်း သူ့အနေနှင့် လမ်ပူရီတိုင်းပြည်တိုးတက်မှုကို အပြည့်အဝစဉ်းစားပေးဖို့ မဖြစ်နိုင်တော့ချေ။
လမ်ပူရီတိုင်းပြည်မှာ ၎င်းတို့အတွက် အလုပ်လုပ်ပေးရန် သူ့အပေါ် အခွင့်အရေးကို ဆုံးရှုံးထားပြီးသားဖြစ်၏။
ဆယ်ဗီနီက ဒီအကြောင်းကို သိပါရဲ့လား?
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၅။ အရှင်ဘုရင်မ
သက္ကရာဇ် ၃၈၇၄ခု၏ နောက်ဆုံးသောလတွင် လမ်ပူရီတိုင်းပြည်၌ အံ့အားသင့်ဖွယ်ပြောင်းလဲမှုဖြစ်လာသည်။
ဒီဇင်ဘာ ၃ရက်၊ ဒုခ့်စတက်ဂျ်က မင်းသမီးလေး ဆယ်ဗီနီကို အရှုံးပေးကာ သူမအား ဆက်ခံခွင့်အတွက် အသိအမှတ်ပြု၍ နောက်ဘုရင်မဖြစ်ရန် ထောက်ပံ့မည်ဖြစ်သည်ကို ကြေညာခဲ့သည်။
ဒီဇင်ဘာ ၈ရက်၊ မင်းသမီးလေး ဆယ်ဗီနီက သူမ၏ ကိုယ်ပိုင်အစောင့်များကို စတက်ဂျ် မိသားစု၏ နယ်မြေထံ ဦးဆောင်ခေါ်သွားကာ ဒုခ့်စတက်ဂျ်၏ အရှုံးပေးမှုကို လက်ခံလိုက်၏။
ဒီဇင်ဘာ ၉ရက်၊ ဒုခ့်စတက်ဂျ် အား သူ၏ အိပ်ရာထက်၌ အဆိပ်မိ သေဆုံးလျက်ရှိသည်ကို တွေ့ခဲ့ရသည်။
ဒီဇင်ဘာ ၁၀ရက်၊ မင်းသမီးလေး ဆယ်ဗီနီမှာ ဒုခ့်စတက်ဂျ်၏ ပြစ်မှုများကို ခွင့်လွှတ်၍မရနိုင်သလို စတက်ဂျ်မိသားစုက သစ္စာဖောက်များဖြစ်ကြပြီး နိုင်ငံကို တည်ထောင်စဉ်ကတည်းက စတက်ဂျ်မိသားစု၏ ထောက်ပံ့မှုများအရ အချို့ စတက်ဂျ် မိသားစုဝင်များ၏ စွဲချက်ကိုတော့ ခွင့်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
လတစ်ဝက်ကြာ ခြေရာကောက်စစ်ဆေးမှုမှတဆင့် နိုင်ငံ၏ လွှတ်တော်မှာ စတက်ဂျ်မိသားစု၏ ခေါင်းဆောင်ဆယ့်တစ်ဦးနှင့် ၎င်းတို့နှင့်အတူအလုပ်လုပ်ခဲ့သည့် အခြားမျိုးရိုးမြင့်များအား ပုန်ကန်မှုဖြင့်တရားစွဲထားသောကြောင့် သေမိန့်ရမည်ဟု ကြေညာလိုက်သည်။
တော်ဝင်မိသားစုမှာ စတက်ဂျ်မိသားစုနှင့် ပုန်ကန်သည့် မျိုးရိုးမြင့်များထံမှ နယ်မြေများပြန်ယူလိုက်သော်လည်း မျှော်လင့်မထားစွာဖြင့် ၎င်းတို့၏မိသားစုများကိုတော့ သေသည်အထိ တွန်းအားမပေးချေ။ ၎င်းတို့မှာ ထိုမိသားစုများ၏ မျိုးဆက်တချို့ကို ထိုမြေများ ပြန်ပေးခဲ့သည်။
နိုင်ငံလွှတ်တော်မှာ ထိုမိသားစုများအတွက် နယ်ပယ်တချို့ပင် ချန်ထားခဲ့သည်။ ၎င်းတို့အနေနှင့် ယခင်ကကဲ့သို့ ဘဝင်မခိုက်ပါလျှင်တောင် ၎င်းတို့၏ ငွေကြေးများကို စိုးရိမ်စရာမလိုတော့ဘဲ သာမန်ပြည်သူများထက် ပိုကောင်းသည့်ဘဝ၌ နေနိုင်လိမ့်မည်ဖြစ်သည်။
ဤကံတရားမှာ ပုန်ကန်မှုနှင့် စွဲချက်အတင်ခံထားရသည့် မိသားစုများအတွက် အင်မတန်မှ ကောင်းမွန်လှသည်။
ထို့ကြောင့် လူများစွာက ဆယ်ဗီနီ၏ သဘောထားကြီးမှုကို လမ်ပူရီတိုင်းပြည်တွင် အပြောများလာသည်။ ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်၏ သဘောထားအကြီးမားဆုံးဟု ဖော်ပြသည့် သတင်းစာများပင်ရှိလေသည်။
ဘုရင်မ ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်အား သေချာပေါက် ကြွယ်ဝမှုဆီ ဦးဆောင်သွားလိမ့်မည်ဖြစ်၏။
မှန်ပါ၏၊ ဆယ်ဗီနီက ထိုသစ္စာဖောက်များအား ကိုင်တွယ်ပုံနှင့်ပတ်သက်၍ သဘောမတူသူများလည်း ရှိပေသည်။
“အဲဒီမျိုးရိုးမြင့်တွေရဲ့ မျိုးဆက်တွေကို ဆက်ထားတာက သဘောထားပြည့်ဝတဲ့အရာဆိုပေမယ့်လည်း ဒါက သူတို့ကို အနာဂတ်မှာ လက်စားချေဖို့ အခွင့်အရေးရှာခွင့်ပေးလိုက်သလိုမဖြစ်နေဘူးလား?” ရှုယီမှာ လက်ထဲရှိ အနီရောင်ဖိတ်စာကိုကြည့်ကာ မျက်မှောင်ကုပ်ရင်း ဆယ်ဗီနီလွှတ်လိုက်သည့် ကိုယ်စားလှယ်ကို ပြောလိုက်သည်၊ “ဘုရင်မက ဒါကို နားမလည်လို့လား?”
ကိုယ်စားလှယ်က အပြုံးဖြင့်ဆိုသည်၊ “ဒါပေါ့ ဘုရင်မက နားလည်ပါတယ်၊ ဒါပေမယ့် ဘုရင်မလည်း နိုင်ငံတည်ငြိမ်မှုကို စဉ်းစားနေတာပါ။ ဒါက သူမအနေနဲ့ ဒီအခြေအနေတွေကို လက်ခံတဲ့ အကြောင်းရင်းပဲ။”
“ဒီအကြောင်းရင်းကို ငါသိပါတယ်။” ရှုယီက ပခုံးတွန့်ကာ နားလည်ကြောင်းပြလိုက်၏။
တကယ်တမ်းတွင် ရှုယီမှာ ဆယ်ဗီနီ၏ ချဉ်းကပ်မှုကို နားမလည်နိုင်သည်မဟုတ်ချေ။
ဆယ်ဗီနီ၌သာ အချိန်အလုံအလောက်ရှိကာ အခြေနေမှန်ရှိပါလျှင် ရှုယီအနေနှင့် သူမဟာ မည်မျှ သဘောထားကောင်းကောင်း သေချာပေါက် ပုန်ကန်မှာတွင်ပါဝင်နေသည့် ထိုမျိုးရိုးမြင့်များကို ကြင်နာမည်မဟုတ်ချေ။
ဤကိစ္စမှာ ပုဂ္ဂိုလ်ရေးရန်ညှိုးမဟုတ်သော်လည်း လမ်ပူရီတိုင်းပြည်၏ တည်ရှိမှုနှင့် ဆက်စပ်နေရာ ဤကိစ္စတွင် မည်သည့်သဘောထားကြီးမှုကိုမှ ပြသ၍မရချေ။
ဆယ်ဗီနီ၏ ထိုသို့ပြုလုပ်ပုံမှာ သံသယပင်ဝင်စရာမလိုလောက်အောင် လမ်ပူရီတိုင်းပြည်ရှိ ကမောက်ကမများကို မြန်မြန်တည်ငြိမ်သွားစေကာ နိုင်ငံအပေါ် ထိခိုက်မှုနှင့် အခြားလူများ အခြေအနေကို အခွင့်ကောင်းယူမည်အား လျော့ကျသွားစေသည်။
တင်ပြချက်များအရ စခ်တိုင်းပြည်မှာ မြောက်ဘက်နယ်စပ်ရှိ ၎င်းတို့၏ တပ်ဖွဲ့အင်အားကို တိုးနေလေရာ လမ်ပူရီတိုင်းပြည်ကို မျက်စိကျနေသည်မှာ သိသာလှသည်။
လမ်ပူရီတိုင်းပြည်၏ အခက်အခဲသာ အင်မတန်ရှည်ကြာသွားပြီး နိုင်ငံက ဖရိုဖရဲဖြစ်ကာ အင်အားယုတ်လျော့သွားပါလျှင် စခ်တိုင်းပြည် အနေနှင့် ကျူးကျော်လာရန် ဤအခွင့်အရေးကောင်းကိုယူဖို့ တုံ့ဆိုင်းနေမည်မဟုတ်ချေ။
ဤအခြေအနေသာ အမှန်တကယ်ဖြစ်ပွားခဲ့ပါက လမ်ပူရီတိုင်းပြည်မှာ အန္တရာယ်ရှိနိုင်သည်။
အကြောင်းမှာ ဆယ်ဗီနီက သူမ၏ သာလွန်နေသော အနေအထား၌ပင် ဒုခ့်စတက်ဂျ်နှင့် ညှိနှိုင်းဖို့ရွေးချယ်ကာ အရှုံးပေးခြင်းကို လက်ခံခဲ့သည်။
၎င်းက လမ်ပူရီတိုင်းပြည်အတွက် ပုန်းကွယ်နေသည့် အန္တရာယ်တချို့ ကျန်ခဲ့စေနိုင်သော်လည်း လက်ရှိ နိုင်ငံ ရင်ဆိုင်နေရသည့် အခက်အခဲနှင့်စာလျှင် ၎င်းကို ထုတ်ဖော်ပြောဖို့ရန်ပင် မလိုချေ။
ရှုယီက အတွေးများပြန်လည်လာသည်ကိုမြင်သော် ကိုယ်စားလှယ်လည်း ရှုယီလက်ထဲရှိ ဖိတ်စာ အရှေ့စာမျက်နှာကို အမြန်ညွှန်ပြ၍ ဂရုတစိုက်ပြောလိုက်သည်၊ “ဥက္ကဌရှု ခင်ဗျား ဖိတ်စာကိုတွေ့ပြီးပြီဆိုတော့ အချိန်ကျလာရင် အန်ဗီမာမြို့တော်ကို လာဖို့ ဖိတ်ပါတယ်။ ဘုရင်မလည်း ခင်ဗျားကို တွေ့ရင် သေချာပေါက် အရမ်းဝမ်းသာသွားမှာပါ။”
ရှုယီမှာ လက်ထဲရှိ ဖိတ်စာကို ငုံ့ကြည့်လိုက်သည်။
ဖိတ်ကြားချက်မှာ ရှုယီအား ဒဏ္ဍာရီများတွင် နတ်ဘုရားအား မွေးဖွားခဲ့သည့်နေ့ ဒီဇင်ဘာ ၂၅ရက်တွင် မင်းသမီးလေးဆယ်ဗီနီ၏ နန်းတက်ပွဲကို တက်ရောက်ရန် လမ်ပူရီတိုင်းပြည်ရှိ အန်ဗီမာမြို့တော်သို့ လာရောက်ဖို့ ဖိတ်ကြားခြင်း။ မင်းသမီးလေးဆယ်ဗီနီ လမ်ပူရီတိုင်းပြည်၏ ဘုရင်မအသစ်ဖြစ်လာမည်ကို ကြည့်ရန်ပင်။
၎င်းက သူမနှင့် ရှုယီတို့၏ ဆက်ဆံရေးကြောင့်ဖြစ်စေ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းပေးအပ်ခဲ့သည့် အထောက်အပံ့ကြီးကြောင့်ဖြစ်စေ ဆယ်ဗီနီအနေနှင့် ရှုယီကို ဖိတ်ကြားခြင်းက ပုံမှန်ပင်ဖြစ်သည်။ ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းက နိုင်ငံကို စစ်မက်ရန်စွယ်အေးချမ်းစေမည့် ဆယ်ဗီနီအား များစွာ ထောက်ပံ့ပေးခဲ့သဖြင့် ရှုယီအတွက် အဖိတ်ကြားခံရသည့် ဧည့်သည်တစ်ဦးဖြစ်ရန်က မှန်ကန်ပါသည်။
သို့သော် စဉ်းစားပြီးနောက် ရှုယီမှာ ခေါင်းခါလိုက်သည်၊ “ဟင့်အင်း ဒါက မင်းသမီးလေးရဲ့ နန်းတက်ပွဲပဲ ကျုပ်လိုသာမန် ကုန်သည်တစ်ယောက် တက်ရောက်ဖို့အရည်အချင်း မမှီပါဘူး။
ကိုယ်စားလှယ်က အံ့ဩသွားပြီးနောက် အမြန်လက်ခါ၏၊ “မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဥက္ကဌရှု ခင်ဗျားက မင်းသမီးလေးကိုယ်တိုင် ဖိတ်ကြားလိုက်တဲ့ ဂုဏ်သရေရှိဧည့်သည်ပါ။ ဘယ်လိုလုပ် အရည်အချင်းမမီရမှာလဲ? ကြည့်ပါဦး ဖိတ်ကြားချက်ပေါ်မှာ လက်မှတ်တစ်ခုရှိပါတယ်၊ အဲ့ဒါကိုတော့ မင်းသမီးလေးကိုယ်တိုင်ရေးထားတာပါ။ ခင်ဗျားအပြင် သူမအနေနဲ့ ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ဖိတ်ကြားလွှာ ဆယ်စောင်အောက်ပဲရှိတာကြောင့် ခင်ဗျားက မင်းသမီးလေးရဲ့စိတ်ထဲမှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ခင်ဗျားသာ ဝင်ပြီးဆင်နွှဲဖို့ အရည်အချင်းမမီဘူးဆိုရင် လူဘယ်လောက်တောင်များ အရည်အချင်းမီတော့မှာလဲ?”
ရှုယီက အပြုံးဖြင့်ခေါင်းခါ၏၊ “ကျေးဇူးပြုပြီး ဒါကို မင်းသမီးလေးဆီ ပြောပေးပါ။ ကျုပ် အနေနဲ့ မင်းသမီးလေး ထီးနန်းဆက်ခံတာကို ကျုပ်မျက်လုံးတွေနဲ့ ကိုယ်တိုင် မြင်ချင်ပေမယ့်လည်း အဲ့နေ့မှာ အချိန်မရှာနိုင်လို့ ကျေးဇူးပြုပြီး ကျုပ်အစား တောင်းပန်ပေးပါဦး။”
ကိုယ်စားလှယ်က မျက်မှောင်ကုက်သည်၊ “ဥက္ကဌရှု မင်းသမီးလေး နန်းတက်တာထက် ဘယ်ကိစ္စများ ပိုအရေးကြီးနေရတာလဲ?”
ရှုယီက သူ့ကို ကြည့်ကာ သာမန်ကာလျှံကာပြောလိုက်၏၊ “ခင်ဗျားအလုပ်မဟုတ်ပါဘူး။”
ကိုယ်စားလှယ်လည်း ဒေါသဖြစ်သွားသော်ငြား မင်းသမီးလေး ဆယ်ဗီနီ မတိုင်ခင်က သူ့ကို ပြောခဲ့သည်အား စဉ်းစားကာ သည်းခံပြီး ရှုယီကို ဆက်တိုက်တွန်းဖို့သာ တတ်နိုင်တော့သည်။
သို့သော်လည်း ရှုယီက စိတ်ကိုပြင်ဆင်ထားပြီးဖြစ်ရာ သူမည်သို့ပြောပြော သဘောတူမည်မဟုတ်ပေ။
ရှုယီက အခိုင်အမာဖြစ်နေသည်ကိုမြင်သော် ကိုယ်စားလှယ်လည်း သက်ပြင်းရှည်ကြီးသာ ချလိုက်နိုင်သည်၊ “ဥက္ကဌရှု မင်းသမီးလေးက တကယ်ပဲ ခင်ဗျားအနေနဲ့ သူမ နန်းတက်ပွဲကို တက်ရောက်ဖို့ မျှော်လင့်နေတာပါ။ သူမက ခင်ဗျားရဲ့ ထောက်ပံ့မှုသာမရှိရင် လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မဖြစ်လာမှာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ ဒါကြောင့် သူမအနေနဲ့ ခင်ဗျား ကြည့်နေတဲ့အချိန်မှာ ထီးနန်းဆက်ခံနိုင်ဖို့ မျှော်လင့်နေတာ။ ခင်ဗျားသာမသွားရင် သူမ သေချာပေါက် စိတ်ပျက်သွားမှာပဲ။”
“ခုနက ကျုပ်ပြောပြီးပြီလေ ကျုပ်အနေနဲ့ ဒီပွဲကို အရမ်းမြင်ချင်ပေမယ့်လည်း....” ရှုယီက ရုတ်တရတ်မျက်မှောင်ကုပ်လိုက်သည်။ စဉ်းစားကြည့်လိုက်ပြီးနောက် သူက သက်ပြင်းတစ်ချက်ချကာ ဆက်ပြောသည်၊ “ဟုတ်ပြီ အသုံးမဝင်တဲ့ အလိမ်အညာတွေ ရပ်လိုက်တာပေါ့။ မင်းသမီးလေးကို ပြောလိုက်ပါ၊ ကျုပ် ဒီပွဲကို မတက်ချင်ရတာဟာ သူမ ဘုရင်မဖြစ်လာတာနဲ့ ကျုပ်က သူမရဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ချင်လိမ့်မယ်။ မသွားရင်တော့ ကိုယ့်ကိုယ်ကို ဆက်လိမ်ထားလို့ရတာပေါ့။ ကိုယ်စားလှယ်က ရှုယီကို တအံ့တဩကြည့်လာသည်။
ရှုယီ၏စကားများမှ သူဟာ ရှုယီနှင့် မင်းသမီးလေးဆယ်ဗီနီတို့အကြား ဆက်ဆံရေးမှာ သူ စိတ်ကူးထားသည်ထက် ပိုနက်ရှိုင်းကြောင်းသိလိုက်ရပါ၏။
မဟုတ်ပါလျှင် ရှုယီအနေနှင့် ထိုစကားများကို သေချာပေါက် ပြောလိမ့်မည်မဟုတ်ပေ။
မင်းသမီးလေး ဆယ်ဗီနီမှ ရှုယီအကြောင်းပြောတိုင်း ရှိနေတတ်သည့် အမူအရာကို စဉ်းစားကြည့်ရင်း ကိုယ်စားလှယ်မှာ အံ့အားသင့်သွားဟန်ပေါ်လာ၏။
ဖြစ်နိုင်တာက.... မင်းသမီးလေးနဲ့ ရှုယီကြားမှာ.... မိတ်ဆွေဆိုတာကို ကျော်လွန်နေတဲ့ ဆက်ဆံရေးရှိနေတာများလား?
ရှုယီအနေနှင့် ကိုယ်စားလှယ်၏ အတွေးက မည်သည်အထိ ရောက်သွားမှန်းကို မသိပါချေ။ ခဏတာရပ်တန့်ပြီးနောက် သူဟာ အလေးအနက်ဆက်ပြောလိုက်၏၊ “ပြီးတော့လည်း မင်းသမီးလေးကို ကူပြောပေးပါဦး။ ဘာပဲဖြစ်နေနေ ကျုပ်က မင်းသမီးလေးအတွက် ထောက်ပံ့မှုကို ပြောင်းလဲပစ်မှာ မဟုတ်သလို Frestech ကုန်သည်ကြီးများအသင်းရဲ့ လမ်ပူရီတိုင်းပြည်အပေါ် ထောက်ပံ့မှုကလည်း ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့၊ နိုင်ငံတည်ငြိမ်လာတဲ့အခါကျရင် ကျုပ်တို့ တွေ့ဖို့ အခွင့်အရေးအများကြီးရှိသေးတာကြောင့် စိတ်ပျက်ဖို့ မလိုပါဘူးလို့။”
ကိုယ်စားလှယ်က ရှုယီကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။ သူဟာ ဆက်ပြီးဖျောင်းဖျဖို့ မကြိုးစားတော့ဘဲ ရှုယီနှင့် ကိစ္စအချို့ပြောပြီးနောက် နှုတ်ဆက်လိုက်တော့သည်။
ကိုယ်စားလှယ်ထွက်သွားသည်ကိုကြည့်ရင်း ရှုယီမှာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
သူ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆယ်ဗီနီက လမ်ပူရီတိုင်းပြည်၏ ဘုရင်မဖြစ်လာကတည်းက သူတို့နှစ်ဦးအကြားရှိ ဆက်ဆံရေးမှာ သူမ မင်းသမီးလေးဖြစ်စဉ်ကကဲ့သို့ သန့်စင်နေတော့မည်မဟုတ်ချေ။
Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်အကြား ပူးပေါင်းမှု ပိုမိုနက်ရှိုင်းလာသည်နှင့် ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးက ပို၍ရှုပ်ထွေးလာမည်သာ။
အဆုံးတွင် နှစ်ဦးသား ခင်မင်ရင်းနှီးမှုကို ဆက်ထိန်းထားနိုင်နေပါက ထူးဆန်းသည်ဟု ယူဆရပေမည်။
ဤသည်မှာ ၎င်းတို့နှစ်ဦးဆုံးဖြတ်နိုင်သည့် အရာမဟုတ်ပေ၊ အကြောင်းအရင်းမှာ ၎င်းတို့နောက်ကွယ်၌ လမ်ပူရီတိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ရှိနေပြီး နှစ်ခုစလုံး၌ မျှော်လင့်ချက်ဖြင့် လူများစွာရှိသည်။
အနာဂတ် အရှုပ်အထွေးများကိုစဉ်းစားရင်း ရှုယီမှာ ခါးသက်သက်ရယ်လိုက်တော့သည်။ သူက ခေါင်းခါကာ ထိုမကောင်းသည့်အတွေးများကို ပစ်လွှင့်လျက် Frestech ကုန်သည်ကြီးများအသင်းအတွက် ပို၍ အရေးကြီးသည်ဟု ယူဆ၍ရသည့် အခြားကိစ္စကို အာရုံပြောင်းလိုက်တော့၏။
လမ်ပူရီတိုင်းပြည် အခြေအနေကို သုံးလအတွင်း ဖြေရှင်းလိုက်ပြီး ယခု လမ်ပူရီတိုင်းပြည်မှာ ဆယ်ဗီနီထံရှိ အင်အားကြောင့် ပို၍ တည်ငြိမ်လာသည်။
သို့သော် စတက်တိန်းနယ်မြေမှာမူ ဆန့်ကျင်ဘက်ပင်။
အရှင်ဝိန်၏ မြောက်ပိုင်းရှိ အရိုင်းဆန်ဆန် နယ်မြေချဲ့ထွင်မှုက နောက်ဆုံးတွင် အခြားအရှင်သခင်များ၏ ခုခံမှုနှင့် ကြုံရပြီဖြစ်သည်။
စတက်တိန်းနယ်မြေတွင် အရှင်ဝိန်အနိုင်မယူရသေးသည့် အရှင်သခင်မှာ အခြားအရှင်သခင် သုံးဦးနှင့် မဟာမိတ်ဖွဲ့လိုက်၏။ ၎င်းတို့က အရှင်ဝိန် ပိုင်နက်နယ်မြေ မတည်ငြိမ်ခြင်းကို အခွင့်ကောင်းယူကာ အရှင်ဝိန်ကို အပြည့်အဝတိုက်ခိုက်လာကြသည်။
၎င်းအရှင်သခင်လေးထံ၌ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များရှိလေသည်။ ၎င်းတို့၏ အတိုက်အခိုက်အင်အားမှာ အရှင်ဝိန်၏ စစ်တပ်ကို မယှဉ်သာသော်လည်း ထိုမျှ မကွာလှသလို ၎င်းတို့၏စစ်သားများမှာ အရှင်ဝိန်တို့ထက် နှစ်ဆဖြစ်နေ၏။ ထို့ကြောင့် တိုက်ပွဲစတင်သည်နှင့် အရှင်ဝိန်မှာ သတိလက်လွတ်ဖြစ်သွားပြီး သူ၏ အထောက်အပံ့များကို ဆက်မထိန်းနိုင်တော့ဘဲ အနိုင်ယူခံလိုက်ရတော့လေသည်။
ဤသည်မှာ အခြား အရှင်သခင်များကို တိုက်ခိုက်ရာ၌ အရှင်ဝိန်၏ ပထမဆုံးအကြိမ် ရှုံးနိမ့်မှုဖြစ်သည်။
အရှင်ဝိန်မှာ ရှုံးနိမ့်ပြီးနောက် ဒေါသတကြီးဖြင့် ရှုယီကို လာရှာတော့သည်။ သူက ရှုယီအား Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အခြားအရှင်သခင်များကို မည်သည့်စစ်ဘက်သုံးမှော်စက်မှ မရောင်းရန် ရှင်းရှင်းလင်းလင်း တောင်းဆိုချက်ပြုလာသည်။
မဟုတ်ပါက သူ့အနေနှင့် ရှုယီထံ ပေးအပ်ထားသည့် အပိုင်စားနယ်မြေကို ပြန်ယူကာ Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းအားလုံးကို ယူဆောင်မည်ပင်။
ရှုယီက ချက်ချင်းအဖြေမပေးသလို ချက်ချင်းလည်း မငြင်းလိုက်ပေ။
သို့သော်ငြား အရှင်ဝိန်က ရှုယီကို စဉ်းစားဖို့ အချိန်မပေးဘဲ သုံးရက်တာသာပေးထားသည်။
ရှုယီမှာ ယခုတွင် ၎င်းပြဿနာကို အလေးအနက်စဉ်းစားနေရသည်။
သူသာ အရှင်ဝိန်၏ တောင်းဆိုချက်ကို သဘောတူလိုက်ပါက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အရှင်ဝိန်ကို အပြည့်အဝထောက်ခံသလိုဖြစ်သွားလိမ့်မည်။ ၎င်းက အခြားအရှင်သခင်များအား တခြားဘက်၌ ထားလိုက်ခြင်း အဓိပ္ပာယ်ဖြစ်သလို ဒုခ်စတက်တိန်းကိုပါ မကျေမနပ်ဖြစ်ရန် အခွင့်ရေးများသည်။
သို့သော် သူသာ သဘောမတူလျှင် အရှင်ဝိန်၏ ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။
အရှင်ဝိန်က ဟာသမဟုတ်ပေ။
ရှုယီ အနေနှင့် အရှင်ဝိန် ယမန်နေ့ ရာဇသံပေးသွားကတည်းက ၎င်းကို စဉ်းစားနေခဲ့သည်မှာ ယခုဆိုလျှင် နှစ်ရက်ရှိပြီဖြစ်သည်။ သူ့အနေနှင့် ဤအတောအတွင်း အားသာချက်များနှင့် အားနည်းချက်အားလုံးကို စဉ်းစားနေခဲ့လေရာ နောက်ဆုံး ဆုံးဖြတ်ချက် ချဖို့သာလိုအပ်တော့ရုံဖြစ်သည်။
မတိုင်ခင်က ရှုယီအနေနှင့် အတန်ငယ်တုံ့ဆိုင်းနေခဲ့ပါသော်လည်း ယခုတွင် ဆယ်ဗီနီက ထီးနန်းဆက်ခံတော့မည်ဟူသည့် သတင်းကို ရလိုက်သဖြင့် သူ၏ စိတ်နှလုံးထဲရှိ တံခါးက ပွင့်သွားသလိုပင်။
“အရင်က ငါ အလျှော့ပေးတာကို အလုံအလောက်လုပ်ခဲ့ပြီးပြီ၊ ဒီတစ်ခေါက်တော့..... ဘာကိုမှ အလျှော့မပေးနိုင်တော့ဘူး။”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၆။ ကောင့်ထ်ဝိန်၏ ရည်မှန်းချက်
အရှင်ဝိန်၏ နယ်မြေနှင့် ရှုယီထံ ပေးထားသည့် မြေအကြားရှိ နယ်မြေစပ်တွင် စတက်တိန်းနယ်မြေနှင့် ဆန်နက်မြေရိုင်း၏ မြောက်ဘက်နယ်စပ်မှ အဆုံးမဲ့ပင်လယ်ထဲသို့ စီးဝင်သည့် မြစ်တစ်စင်းရှိသည်။ ၎င်းအား ပေါကြွယ်ဝခြင်းမြစ်ဟုခေါ်တွင်သည်။
ဤကြွယ်ဝခြင်းမြစ်မှာ ထိုမျှ မကျယ်ဝန်းသော်လည်း ရှုယီ ဤအပိုင်စားနယ်မြေကိုယူလိုက်ပြီးနောက်၌ ဘန်တာမြို့အပြင်ဘက် ရမ်မြစ်နှင့် ထပ်တူကျအောင် လုပ်ဆောင်ခဲ့သည်။ သူဟာ ကြွယ်ဝခြင်းမြစ်၏ မြစ်ကမ်းများကို ချဲ့ထွင်ကာ မြစ်ရေများ ပင်လယ်ထဲသို့ စီးဝင်သည့်နေရာ၌ ဆည်ဆောက်ကာ မြစ်အားအနည်းဆုံးငါးဆယ်မီတာ ကျယ်၍ နှစ်ဆယ်မီတာအနက်ရှိအောင် လုပ်ခဲ့သည်။
အစပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်း၌ အဘယ့်ကြောင့် ရှုယီက ကြွယ်ဝခြင်းမြစ်ကို ဤအတိုင်းအတာသို့ ပြောင်းလဲလိုက်ကြောင်းနားမလည်ခဲ့ချေ၊ အကြောင်းအရင်းမှာ ၎င်းကိုပြောင်းလဲရန် ရွှေဒင်္ဂါးငါးသိန်းကျော် ကုန်ကျခဲ့ခြင်းကြောင့်ပင်။
လူများစွာအတွက် ဤသည်က လုံးဝ လိုအပ်ခြင်းမရှိနေချေ။
သို့သော် ယနေ့တွင် ကောင့်ထ်ဝိန်က ကြွယ်ဝခြင်းမြစ်ကမ်းသို့ လက်ရွေးစင်စစ်သည်တစ်သောင်းကို ဦးဆောင်ကာ ရောက်လာကြပြီး မြစ်က ကျယ်ဝန်းက နက်လှသည်ကို မြင်သော် ရှုယီ၏ လုပ်ရပ်များက ရှေ့ကို များစွာ ကြိုတွေးထားကြောင်း သိလိုက်ရသည်။
ဤသာမန်ကျုံးက သူ၏ တပ်ဖွဲ့များကို ပျံသန်းလာ၍ မရနိုင်စေသဖြင့် သဘာဝကျကျပင် Frestech ကုန်သည်ကြီးများအသင်း၏ အပိုင်စားနယ်မြေကို မတိုက်နိုင်တော့ပေ။
လွန်ခဲ့သည့် ငါးရက်အကြာက ကောင့်ထ်ဝိန်မှာ ရှုယီပို့လိုက်သည့် ပြန်စာကိုရလေသည်။
ထိုပြန်စာတွင် ရှုယီက အရှင်ဝိန်၏ 'စတက်တိန်းနယ်မြေရှိ အခြားအရှင်သခင်များထံ စစ်ဘက်သုံးမှော်စက်များ ရောင်းချမှု ရပ်တန့်ရေး' တောင်းဆိုမှုကို အခိုင်အမာငြင်းပယ်ထား၏။ ထို့အပြင် သူဟာ ဤသည်က သူ၏ အပိုင်စားနယ်မြေဖြစ်ခြင်းကြောင့် ကောင့်ထ်ဝိန်ထံတွင် ပြန်ယူရန် မည်သို့သော အခွင့်အာဏာမှမရှိကြောင်း ပြောထားသည်။
Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းများအတွက်လည်း ကောင့်ထ်ဝိန်ထံ၌ မည်သည့်အခွင့်ရေးမှ မရှိပေ။
ရှုယီ၏ ထုတ်ပြန်ချက်က မည်သည့် ယဉ်ကျေးမှုကိုမှ မပြဘဲ ကောင့်ထ်ဝိန်၏ အတွေးများက စိတ်ကူးယဉ်ဖြစ်ကြောင်း တိုက်ရိုက်ဖော်ပြထားသည်။
သူ့အတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ဆန်နက်မြေရိုင်း၌ နေထိုင်နေသည့် အပိုင်းအပါအဝင် အစောင့် နှစ်ထောင်အောက်သာရှိသည်။ ရှုယီ၏ နယ်မြေကို ကာကွယ်ပေးထားသည့် အစောင့်မှာ တစ်ထောင်ပတ်လည်သာရှိရာ သူ၏ စစ်တပ်ကို လုံးဝမတားဆီးနိုင်လောက်ပေ။
သို့သော်လည်း အစပိုင်းတွင်ပင် ၎င်းတို့အနေနှင့် ကြွယ်ဝခြင်းမြစ်၏ ဟန့်တားမှုကြီးနှင့် ကြုံကာ ရှုယီ၏ ပိုင်နက်ထဲဝင်ရောက်ဖို့ ခက်ကြောင်း တွေ့လိုက်ရတော့သည်။
မြစ်ကမ်း၌ စီတန်းထားသော စက်ရုံများနှင့် အိမ်လှလှလေးများနှင့် နယ်မြေများအားလုံးကို ချိတ်ဆက်ထားသော လမ်းမများအား ကြည့်ရင်း ကောင့်ထ်ဝိန်က နှာမှုတ်သည်။ သူ၏ မျက်လုံးများထဲ၌ မထိန်းချုပ်နိုင်လောက်သော လောဘပေါ်ထွက်လာ၏။
တကယ်တမ်းတွင် သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းအားလုံးကို ဝါးမြိုရန် စဉ်းစားထားပြီးသားဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်း၏ ပုန်းကွယ်နေသောတန်ဖိုးအား ၎င်းတို့၏ အိမ်နီးနားချင်းတစ်ဦးဖြစ်သလို အရှည်ကြာဆုံး ပူးပေါင်းခဲ့သူအဖြစ် သူဟာ သေချာအသိဆုံးဖြစ်လေသည်။
သူ့အနေနှင့် သူသာ Frestech ကုန်သည်ကြီးများအသင်းကို ထိန်းချုပ်နိုင်ပါလျှင် စတက်တိန်းနယ်မြေ၌ အသန်မာဆုံးအရှင်သခင်ဖြစ်လာကာ ဒုခ် စတက်တိန်းထက်ပင် ပို၍ သန်မာလာမည်ကို သိလေသည်။
သို့သော် ကောင့်ဝိန်အနေနှင့် ယခင်က အလုံအလောက်မသန်မာခဲ့သဖြင့် Frestech ကုန်သည်ကြီးများအသင်းကို သွားရည်ကျနေခဲ့လျှင်တောင် သူ၏ အချိန်ကို စောင့်နေခဲ့ရုံသာ တတ်နိုင်ခဲ့၏။
သို့ရာ၌ ကောင့်ထ် ဖရန်နှင့် အရှင်သခင်များစွာကို အနိုင်ယူပြီးနောက်တွင် ကောင့်ထ်ဝိန်၏ အင်အားက အဆများစွာ တိုးတက်လာတော့သည်။ သူဟာ များစွာပိုမို ယုံကြည်မှုရှိလာသလို ဒုခ် စတက်တိန်းကိုပင် အလွယ်လေးအနိုင်ယူရလောက်အောင် သန်မာနေပြီဟု ယုံကြည်ခဲ့သည်။
သို့သော် အရှင်သခင်လေးပါးက သူ့ကိုတိုက်ခိုက်ရန် အတူတကွပေါင်းစည်းလိုက်ရာ ပြဿနာရှိကြောင်း သိလိုက်ရတော့သည်။
သူ့အနေနှင့် ကောင့်ထ် ဖရန်နှင့် အခြားအရှင်သခင်များကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကြောင့်ဖြစ်သည်။ သူ့စစ်သည်များ၏ ကိုယ်ခံအားမှာ အခြားအရှင်သခင်များ၏ စစ်သည်များထက် များစွာကျော်လွန်နေရာ ၎င်းတို့ကို အလွယ်လေး အနိုင်ရနိုင်သည်။
ထို့အပြင် အရှင်သခင်လေးပါးထံတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရသောအခါ ၎င်းတို့ကလည်း Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များကို တပ်ဆင်ထားကြသဖြင့် နှစ်ဘက်စလုံးမှာ တူညီသည့် အုတ်မြစ်တွင် ရပ်တည်နေကြခြင်းကြောင့်ဖြစ်သည်။
သူနှင့် အညီအမျှ ယှဉ်နိုင်သည့်ပြိုင်ဘက်များထံမှ အလွယ်လေး အနိုင်ယူခံလိုက်ရခြင်းမှာ ခြားနားချက်က စစ်ဘက်သုံးမှော်စက်များ၌ အားလုံးမူတည်နေသည်။
ကောင့်ထ်ဝိန်အနေနှင့် ၎င်းကို မည်သူထက်မဆို ပိုသိပါ၏။
ထို့ကြောင့် နက်နက်နဲနဲ စဉ်းစားပြီးနောက်တွင် ကောင့်ထ်ဝိန်မှာ ရှုယီအား 'စတက်တိန်းနယ်မြေ၏ အခြားအရှင်သခင်များထံ စစ်ဘက်သုံးမှော်စက်များ ရောင်းခွင့်မပြု'ဟု ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်ကိုပြုခဲ့သည်။
ကောင့်ထ်ဝိန်က ရှုယီ၏ သဘောတူမှုကို မမျှော်လင့်ထားဘဲ သဘောမတူမှုကိုသာ လိုချင်ခဲ့သည်။ ထိုမှသာ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ပြီး ဝါးမြိုပစ်ရန် ဆင်ခြေရမည်ဖြစ်၏။
သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ထိန်းချုပ်နိုင်နေသရွေ့ စစ်လက်နက်အားသာချက်ကို ဆက်ထိန်းထားနိုင်သည်။ သူဟာ နယ်မြေရှိ အခြားအရှင်သခင်များအားလုံးကို အနိုင်ယူကာ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်၍ နောက်တက်မည့် ဒုခ် စတက်တိန်းဖြစ်လာနိုင်ပါ၏။
ထို့အပြင်.... သူ့အနေနှင့် စတက်တိန်းနယ်မြေမှ ခွာကာ နယ်မြေကြီး၏ အခြားနိုင်ငံများကို တိုက်ခိုက်ရင်း နယ်မြေကြီး၏ အုပ်ချုပ်သူအသစ် ဖြစ်လာရန်ပင် ယုံကြည်ချက်ရှိပေသည်!
သို့သော် သူ၏ ကြီးကျယ်မြင့်မြတ်သော ပန်းတိုင်ကို မရောက်ခင် ပထမဆုံးပြဿနာတစ်ခုကို အရင်ဖြေရှင်းရမည်ပင်။
“လှေတွေရော? မရောက်ကြသေးဘူးလား?” ကောင့်ထ်ဝိန်မှာ သူ၏ လူယုံကို စိတ်မရှည်စွာ လှည့်မေးလိုက်၏။
သူနှင့် သူ၏စစ်သည်တစ်သောင်းတို့မှာ ကြွယ်ဝခြင်းမြစ်ကမ်းတွင် တစ်မနက်လုံး ရပ်နေကြပြီး ဤမြစ်ကိုဖြတ်ရန် စစ်သည်များအား ခေါ်ဆောင်မည့် လှေများကို စောင့်နေခြင်းဖြစ်သည်။
“လှေတချို့ကို စုဆောင်းပြီးပါပြီ။ ဒါပေမယ့် များများစားစားမရှိဘူး။ ကျွန်တော် စိုးရိမ်တာ.... ကျွန်တော်စိုးရိမ်တာက လူအများကြီးကို တပြိုင်တည်း မပို့နိုင်မှာကိုပါ။” ထိုလူယုံထံ၌ ခက်ခဲဟန်ရှိနေရင်း ဖြေလာသည်၊ “အရှင် ကျွန်တော်တို့တွေ တံတားကိုဖြတ်ပြီးပဲ ချီတက်ကြရင်ရော။”
ကောင့်ထ်ဝိန်မှာ သူ၏ လူယုံညွှန်ပြလာသည့် နေရာကိုကြည့်ကာ မျက်လုံးများက မနီးမဝေးရှိ ကြွယ်ဝခြင်းမြစ်ဆီ ဖြတ်သန်းသွားသော တံတားကျယ် တစ်စင်းထံကျရောက်သွားသည်။
၎င်းကိုကြည့်လိုက်ရင်း ကောင့်ထ်ဝိန်၏ မျက်နှာက မှောင်မိုက်သွားသည်။ သူက ထိုလူယုံ၏ ခေါင်းကိုရိုက်ကာ ဆဲရေးလေ၏၊ “မင်းက ငတုံးလား? တံတားတစ်ဘက်မှာ မှော်လောင်ချာတွေနဲ့ မှော်ထပ်ဆင့်လေးတွေရှိနေတာ မမြင်တာလား? မင်းသာ ချီတက်သွားလိုက်ရင် ငါတို့လူတွေ တံတားတောင် မဖြတ်နိုင်ဘဲ သေသွားလိမ့်မယ်ပြောရင် ယုံလား?”
ထိုလူယုံက ခေါင်းပွတ်ကာ ရေရွတ်လာသည်၊ “အဲ့လောက်ကြီးတော့မဟုတ်ဘူးမလား? ကျွန်တော်တို့တွေ အရင်က မှော်လောင်ချာတွေနဲ့ မှော်ထပ်ဆင့်လေးတွေ ကို မသုံးဖူးတာလည်း မဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ လုံးဝမရင်ဆိုင်နိုင်ရလောက်အောင်တော့ မသန်မာကြပါဘူး။”
“အဓိပ္ပာယ်မရှိတာ ငါတို့သုံးနေတာ Frestech ကုန်သည်ကြီးများအသင်း ထောက်ပံ့ပေးတဲ့ မှော်လောင်ချာတွေနဲ့ မှော်ထပ်ဆင့်လေးတွေလေ သေချာပေါက် ငါတို့ကို အကောင်းဆုံးတွေ ပေးမှာတော့မဟုတ်ဘူး။ သူတို့သုံးနေတဲ့ မှော်လောင်ချာတွေနဲ့ မှော်ထပ်ဆင့်လေးတွေက ငါတို့ထက် အများကြီးပိုကောင်းတာသေချာတယ်။” ကောင့်ထ်ဝိန်က သူ့အား ဆက်လက် ဆူငေါက်နေလေသည်၊ “ပြီးတော့ ငါတို့ရဲ့ တံတားကို ဖြတ်ပြီးချီတက်မယ့် အဆုံးအရှုံးက အရမ်းများလွန်းတယ်။ ငါတို့သာ မြစ်ကနေသွားရင် ဒီအဆုံးအရှုံးကို တတ်နိုင်သလောက်များများ လျှော့ချနိုင်တယ်။ ပြီးတော့ ငါတို့မှာ လူနည်းနည်းလေးပဲ ရှိလို့လား? ငါပြောတာ နားလည်ရဲ့လား?”
လူယုံက ခေါင်းငြိမ့်လေသည်၊ “ဟုတ်ပါတယ် ဟုတ်ပါတယ် အရှင်က တကယ်ကို အမျှော်အမြင်ရှိလှပါတယ်။”
ကောင့်ထ်ဝိန်က နှာမှုတ်ကာ မျက်နှာချင်းဆိုင် ကမ်းရိုးတန်းဆီ မျက်မှောင်ကုပ်ရင်း လှည့်ကြည့်လေသည်။
သူ၏ စကားများက ပေါ့ပါးသော်လည်း သူ၏ အရေအတွက်များစွာ အသာစီးမှုနှင့်တောင် ကမ်းကို ဖြတ်ဖို့ အများအပြားဆုံးရှုံးများကို သိပါ၏။
သို့သော် သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ယူဆောင်နိုင်နေသရွေ့ မည်သည့်အရေးကြီးအဆုံးအရှုံးကိုမဆို လက်ခံနိုင်ပါသည်။
မည်သို့ဖြစ်ဖြစ် သူ၏ လက်အောက်ငယ်သားအားလုံးမှာ သူ၏ နယ်မြေထံမှ အတင်းခေါ်လာခြင်းဖြစ်ရာ ၎င်းတို့အားလုံးသေသွားလျှင်လည်း ထပ်မံစုဆောင်းနိုင်ပါသေး၏။
သူ့ထံ၌ အာဏာ အလုံအလောက်ရှိသရွေ့ နယ်မြေများနှင့် လူများထပ်ရနိုင်ပါသည်။
လူတစ်သောင်းဟူသည့် အသေးအဖွဲ့လေးမှာ မည်သည်မှတောင် မဟုတ်ချေ။
“အရှင် တစ်ယောက်ယောက် ပျံလာနေတယ်။” နံဘေးရှိ လူယုံက အဝေးရှိ ကောင်းကင်ကို ညွှန်ပြလာသည်။
“ပျံလာတာ?” ကောင့်ဝိန်မှာ တအံ့တဩမော့ကြည့်လိုက်သည်။ သူဟာ လူတစ်ဦးက တစ်ဘက်မှ အမြန်ပျံလာကာ မြစ်ကိုဖြတ်ပြီးနောက် ကောင့်ထ်ဝိန်၏ စစ်တပ်ရှေ့သို့ ဆင်းလာသည်ကို တွေ့လိုက်သည်။
ထိုလူ ဆင်းလာချိန်၌ ကောင့်ထ်ဝိန်မှာ မည်သူမှန်းသိလိုက်သောအခါ အံ့ဩသွားလေသည်။
ထိုလူမှာ တကယ်တမ်း ရှုယီဖြစ်ပါ၏!
“အရှင် ကျုပ်တို့ စကားနည်းနည်းပြောလို့ရမလား?” ရှုယီက ကောင့်ထ်ဝိန်ရှိရာဘက်ကို ကြည့်လာပြီးနောက် ကောင့်ထ်ဝိန်မျက်နှာထက် အကြည့်ရောက်လာသည်။
ရှုယီမျက်နှာပေါ်ရှိ အပြုံးဖျော့ဖျော့ကိုမြင်သော် ကောင့်ဝိန်မှာ နှလုံးခုန် တစ်ချက်ချော်ကာ အမူအရာပြောင်းလဲသွား၏။
သူဟာ ရုတ်တရတ် သူ့အနေနှင့် အင်မတန် အရေးကြီးသည့် ပြဿနာကို လျစ်လျူရှုခဲ့မိကြောင်း သိလိုက်ရသည်။
Frestech ကုန်သည်ကြီးများအသင်း၏ တိုက်ပွဲအင်အားကို တွက်ချက်စဉ်က သူဟာ အစောင့်များကိုသာ တွက်ချက်ကာ အင်မတန်အရေးပါသည့် တစ်ခုကို လုံးဝလျစ်လျူပြုခဲ့မိသည်။ ၎င်းမှာ စိုင်စ်နယ်မြေရှိ တိုက်ပွဲများကို အဆုံးအဖြတ်ပေးသည့် မှော်ပညာရှင်များ၏ တည်ရှိမှုဖြစ်သည်!
စတက်တိန်းနယ်မြေက သေးငယ်သောကြောင့် ၎င်းတို့၏ လူဦးရေမှာ နည်းပါးကာ နယ်မြေ၌လည်း မှော်ပညာရှင်များများစားစားမရှိပါချေ။ မဟာမှော်ပညာရှင် တစ်ဦးတလေတောင်မရှိပေ။
အရှင်ဝိန်ထံတွင် စစ်သည်များစွာရှိပြီး ယခင်ကထက်လည်း ပိုမို သန်မာလာသော်ငြား စတက်တိန်းနယ်မြေထဲရှိ မှော်ပညာရှင်အားလုံးကို ဒုခ် စတက်တိန်းက စုဆောင်းထယးသောကြောင့် သူ၏တပ်ထဲတွင် မည်သည့် မှော်ပညာရှင်မှမရှိပေ။ စတက်တိန်းနယ်မြေထဲရှိ အခြားမည်သည့်အရှင်သခင်ကိုမှ မှော်ပညာရှင်များအား စုဆောင်းခွင့်မပြုထားချေ။
ယခုတွင် ရှုယီက မြစ်ကိုဖြတ်ပျံလာရာ ကောင့်ထ်ဝိန်မှာ ရုတ်တရတ် အရေးကြီးပြဿနာကို စဉ်းစားမိသွားသည်။
သူ့ထံ၌ မည်သည့်မှော်ပညာရှင်မှမရှိချိန်တွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ မှော်ပညာရှင်များစွာရှိလေ၏။
အခြားမည်သည်ကိုမှ မဆိုထားနှင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာန၌ပင် မှော်ပညာရှင် လေးရာ့ခြောက်ဆယ့်သုံးဦးရှိကာ အားအနည်းဆုံးမှာ စတုတ္ထအဆင့်မှော်ပညာရှင်ဖြစ်သည်။ ၎င်းတို့အနက် တစ်ရာနှင့်ဆယ့်ခုနစ်ဦးမှာ ဆဌမအဆင့်နှင့်အထက် မှော်ပညာရှင်များဖြစ်၏။
လွန်စွာစွမ်းအားကြီးမားသည့် ဖြစ်တည်မှုဖြစ်သူ မဟာမှော်ပညာရှင်ကမ်မီလာကို ဖော်ပြနေရန်ပင်မလိုတော့!
တတိယအဆင့်နှင့်အထက် မှော်ပညာရှင်များမှာ မှော်အစီအရင်များကို ဖန်တီးနေသည်ကို စဉ်းစားကြည့်လျှင် Frestech ကုန်သည်ကြီးများအသင်းထံ၌ မှော်ပညာရှင်အင်အားမှာ ကောင့်ထ်ဝိန်ကို ကျော်လွန်နေရုံသာမက စတက်တိန်းနယ်မြေတစ်ခုလုံးကိုပင် ကျော်လွန်နေသည်ကို ယုံကြည်ပေလိမ့်မည်။
သူ့ရှေ့၌ ရပ်နေသည့် အပြစ်ကင်းစင်သဖွယ်တောက်တောက်ပပပြုံးနေသော လူငယ်ဥက္ကဌရှုကိုယ်တိုင်ကပင် စွမ်းအားကြီး နဝမအဆင့်မှော်ပညာရှင်ဖြစ်လေသည်!
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၇။ တံတားထက်ရှိ ခံစစ်တိုက်ပွဲ
ကောင့်ထ်ဝိန်၏မျက်နှာမှာ မှုန်မှိုင်းသွားတော့၏။ ခဏတာ စဉ်းစားပြီးနောက် သူဟာ လူတန်းထဲမှ ထွက်လာကာ ရှုယီကို ငုံ့ကြည့်၍ လေးလေးနက်နက်ဖြင့် ဆိုလိုက်သည်၊ “ဘာလဲ? ဥက္ကဌရှု မင်း ကျုပ်ရဲ့ စစ်တပ်ကြီးကိုမြင်ပြီး ကြောက်နေတာလား? ငါ့ရဲ့ အခြေအနေကို လက်ခံမှုဆန္ဒရှိရဲ့လား?”
ရှုယီက အသာပြုံးကာ ခေါင်းခါ၏၊ “မဟုတ်ပါဘူး ကျုပ် ဒီကိုရောက်လာတာက ကျုပ်တို့အနေနဲ့ အရင်က ကောင်းကောင်းပူးပေါင်းခဲ့ကြတော့ ကျုပ်တို့ကြား ဆက်ဆံရေးကောင်းကို ဖျက်ဆီးဖို့မလိုဘူးဆိုတာ အရှင့်ကောင့်ထ်ကို တိုက်တွန်းချင်လို့ပါ။ အခု စစ်တပ်ကိုပြန်ဆုတ်လိုက်မယ်ဆိုရင် ကျုပ်လည်း ဘာမှမဖြစ်ခဲ့သလို ပြန်သွားပြီး ကျုပ်တို့ရဲ့ ပျော်ရွှင်စရာ ပူးပေါင်းမှုကို ဆက်လို့ရပါတယ်။”
“ဟမ့်!” ကောင့်ထ်ဝိန်မှာ ခပ်ပြင်းပြင်းနှာမှုတ်လာသည်၊ “ပျော်ရွှင်စရာပူးပေါင်းမှု? ငါ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ စစ်ဘက်သုံးမှော်စက်တွေရဖို့ ငါ့နယ်မြေက အရေးကြီးရင်းမြစ်တွေ အတော်များများကိုပေးခဲ့ပြီးပြီ။ ငါတို့သာ ဒီတိုင်းဆက်သွားနေရင် မင်းက ငါ့နယ်မြေတစ်ခုလုံးကို ဝါးမြိုဖို့များ စီစဉ်နေတာလားပဲ?”
ရှုယီမှာ ကောင့်ထ်ဝိန်ကို တအံ့တဩကြည့်ကာ ဤလူက တကယ်ပဲ စွပ်စွဲချက်အမှားများကို ထောက်ပြရာ၌ တော်လှသည်ဟု စဉ်းစားလိုက်သည်။
အင်မတန် လောဘကြီးပြီး Frestech ကုန်သည်ကြီးများအသင်းကို ဝါးမြိုချင်နေသည်က သူကိုယ်တိုင်ဖြစ်နေသော်လည်း ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက သူ့အား ဝါးမြိုချင်နေသည်ဟု ဆိုလာသည်။
မှန်ပါ၏.... ရှုယီအနေနှင့် ရိုးသားရရင်လည်း ထိုသို့သောအတွေးမျိုးရှိပါသည်လေ.....
“အရှင် ကျုပ်က ကုန်သည်လေးတစ်ယောက်ပါပဲ ကျုပ်တို့ကြား ပူးပေါင်းက သာမန်စီးပွားရေးသဘောတူညီချက်လေးပဲလေ။ ခင်ဗျားက ကျုပ်တို့ လုပ်ငန်းစုကို ရွှေဒင်္ဂါးအလုံအလောက်ပေးတာဖြစ်ဖြစ် ကျုပ်တို့ လိုအပ်တဲ့ ရင်းမြစ်တွေပေးတာဖြစ်ဖြစ်လုပ်ရင် ကျုပ်တို့ကလည်း ခင်ဗျားလိုအပ်နေတဲ့ စစ်ဘက်သုံးမှော်စက်တွေကို ထောက်ပံ့ပေးမှာပါ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ကောင့်ထ်ဖရန်နဲ့ တခြားအရှင်သခင်တွေကို တိုက်ခိုက်တဲ့နေရာမှာ ကြီးကြီးမားမား ကူညီခဲ့တာပဲမဟုတ်လား?”
ကောင့်ထ်ဝိန်က အေးစက်စက်နှာမှုတ်လိုက်သော်လည်း ၎င်းကို မငြင်းဆန်ပါချေ။
ဤသည်မှာ လူတိုင်းသိသည့်အချက်ဖြစ်ရာ ၎င်းကို ငြင်းပယ်ရမည့်အစား အသေအချာလက်ခံလိုက်ပါ၏။
“ကောင်းပြီလေ ငါတို့ကြား စကားတွေ မဖြုန်းတော့ဘူး။ ငါမင်းကို မေးခွန်းတစ်ခုပဲမေးမယ် မတိုင်ခင်က ငါ့ရဲ့တောင်းဆိုမှုကို သဘောတူလား မတူဘူးလား?” ကောင့်ထ်ဝိန်က အေးစက်စက်အသံဖြင့်မေးလိုက်လေသည်။
ရှုယီကမူ ခေါင်းခါ၏၊ “အရှင်ကောင့်ထ် ကျုပ် အခုပဲပြောလိုက်ပါပြီ။ ကျုပ်က ကုန်သည်တစ်ယောက်ပါ။ ကုန်သည်တွေအတွက် စီးပွားရေးကို မျှမျှတတလုပ်ရမှာဖြစ်တော့ ဖောက်သည်တွေကို ကွဲကွဲပြားပြားဆက်ဆံဖို့က ကုန်သည်တစ်ယောက်ရဲ့ နိယာမတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် ဒါကို သဘောမတူနိုင်ပါဘူး။”
ကောင့်ထ်ဝိန်မှာ နောက်ထပ် အေးစက်စက်နှာမှုတ်လိုက်လေသည်၊ “မင်းက လူတွေကို ကွဲကွဲပြားပြား မဆက်ဆံဘူးလို့ ပြောနေသေးတယ်လား? တခြားလူတွေကို ထားလိုက်ပါဦး မင်းရဲ့ စစ်ဘက်သုံးမှော်စက်တွေနဲ့ မင်းသမီးလေး ဆယ်ဗီနီကို ထောက်ပံ့တုန်းက မင်း သူမကို တခြားလူတွေနဲ့ အရမ်းကိုမှ ကွဲကွဲပြားပြားဆက်ဆံခဲ့တာပဲ မဟုတ်လား?”
ရှုယီက ပခုံးတစ်ချက်တွန့်လာသည်၊ “ကျုပ်အထင် အရှင်ကောင့်ထ်အနေနဲ့ မင်းသမီးလေးဆယ်ဗီနီက တခြားလူတွေနဲ့ မတူတာကို သေချာသိလောက်မှာပါ။ အရေးကြီးဆုံးကတော့ သူမက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်းလေ။”
“မိတ်ဆွေသူငယ်ချင်း?” ကောင့်ထ်ဝိန်မှာ တစ်ချက်ရယ်လေသည်၊ “ဟာသပဲ! မင်းက မင်းကိုယ်မင်း ဂုဏ်ယူစရာဘုရင်မရဲ့ သူငယ်ချင်းလို့ပြောနေတာလား? ဟား!”
ရှုယီမှာ မနေနိုင်အောင် မျက်လုံးများလှန်မိရသည်။
ဆယ်ဗီနီအနေနှင့် လမ်ပူရီတိုင်းပြည်၏ ဘုရင်မဖြစ်လာသည်နှင့် ၎င်းတို့ထံ၌ ယခင်က ရှိခဲ့သော သူငယ်ချင်းဆက်ဆံရေးမှာ ထပ်တူဆက်မရှိနိုင်တော့ဟု ခံစားမိခဲ့ပါသော်လည်း ကောင့်ထ်ဝိန်ထံမှ ကြားရခြင်းက အင်မတန်နားကလော်စရာကောင်းလှသည်။
“ဟုတ်ပြီ အရှင်ကောင့်ထ် ကြည့်ရတာ ခင်ဗျားက ဒီနေ့ ခင်ဗျားရဲ့တပ်ဖွဲ့တွေကို ပြန်မဆုတ်သွားတော့မယ့်ပုံပါပဲနော်?” ရှုယီ မေးလိုက်သည်။
“အဓိပ္ပာယ်မရှိတာ!” ကောင့်ထ်ဝိန်က လက်ထဲရှိ ဓားကိုမြှောက်ကာ ရှုယီကို ရွယ်လိုက်သည်၊ “ငါက ဒီနေရာဆီ စစ်တပ်ကို ဦးဆောင်လာမှတော့ မင်းအနေနဲ့ အရှုံးပေးဖို့ အလျင်မလိုနေသင့်ဘူးလား? ငါပြောလိုက်မယ် မင်းသာ အရှုံးပေးချင်ရင် မင်းအတွက် နေရာတစ်နေရာချန်ထားပေးမယ်။ မင်း ဆန္ဒမရှိရင်တော့..... အိုင်း အိုင်း၊ မယဉ်ကျေးမိတာအတွက် အပြစ်မတင်ပါနဲ့တော့။”
ရှုယီ၏ မျက်လုံးများက ကောင့်ထ်ဝိန်အနောက်ရှိ ပုံရိပ်တစ်သောင်းဆီ ကျရောက်သွားသည်။ ၎င်းတို့၏ ဖွဲ့စည်းပုံက လုံးဝညီညွတ်မနေသလို ၎င်းတို့မှာ ပြောက်ကျားချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူလည်း တစ်ချက်ပြုံးကာ လက်များဖြန့်လိုက်လေ၏။ “အရှင်ကောင့်ထ်က နောက်မဆုတ်ချင်မှတော့ ကျုပ်လည်း နောက်မတွန့်နေတော့ပါဘူး။ ဒါဆို အရှင်ကောင့်ထ်.... ဒီတိုက်ပွဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာ ကျုပ်တို့ကို ကြည့်ခွင့်ပြုပါ။ ဒါက အဲ့အချိန် ခင်ဗျား အသက်ရှင်နေဦးမလားဆိုတာ အပေါ်တော့ မူတည်တာပေါ့။”
ကောင့်ထ်ဝိန်၏ အမူအရာက ပြောင်းလဲကာ ဟိန်းဟောက်လိုက်သည်၊ “မင်းက ဒီကိုရောက်နေတာကို ထွက်သွားချင်နေတာလား? သူ့ကို ငါ့အတွက် ဒီနေရာမှာ ဆက်ထိန်းထား!”
ကောင့်ထ်ဝိန်၏ အမိန့်ဖြင့် သူ့နောက်ရှိ လေးသမားအယောက်ငါးရာက မှော်ထပ်ဆင့်လေးများကို ဆွဲတင်ကာ လေးညှို့ဆွဲလိုက်ကြတော့သည်။
“ရွှပ် ရွှပ် ရွှပ် ရွှပ် ရွှပ်.....”
များပေါင်း မြောက်များစွာက ကောင်းကင်ယံကို ထိုးခွင်းပျံသန်းသွားလေသည်။ ရှုယီ ရှေ့မှောက်ရှိ ကောင်းကင်ယံက တစ်ခဏချင်းမှာပင် မြှားများအပြည့်ဖြစ်သွားကာ ကောင်းကင်ယံကို ဖုံးကွယ်သွားပြီး အင်မတန် ကြောက်ဖွယ်ကောင်းလာတော့သည်။
ထိုမြှားများအကြားမှ ပြန့်ကျဲလာသည့် မှော်စွမ်းအားအရိပ်အယောင်များကိုမြင်သော် ရှုယီမှာ မရယ်မိဘဲ မနေနိုင်တော့ချေ။
လူတစ်ဦးနှင့် ရင်ဆိုင်ရုံလောက်နှင့် ကောင့်ထ်ဝိန်မှာ မြှားတစ်ချောင်းလျှင် ရွှေဒင်္ဂါးသုံးပြားကုန်ကျသည့် မှော်မြှားများကို အသုံးပြုထားလေရာ သူ့အား တကယ်ကို ခပ်မြင့်မြင့်တွေးထားသည်ပင်။
မြှားမိုးက ကောင်းကင်ကို ပိတ်ဖုံးသွားရာ အကြမ်းဖျင်းခန့်မှန်းကြည့်ပါက ရွှေဒင်္ဂါးတစ်ထောင်နီးပါး ကျလောက်သည်။
ကောင့်ထ်ဝိန်မှာ အမြဲတမ်း ရှုယီအား စစ်သုံးစရိတ်က အရမ်းများလွန်းပြီး Frestech ကုန်သည်ကြီးများအသင်း စစ်ဘက်သုံးမှော်စက်များက ဈေးကြီးလှသည်ဟု ညည်းညူတတ်သည်မှာ မဆန်းတော့ချေ။
သူ၏ အသုံးပြုပုံနှင့် ထိုမျှ မကုန်လျှင်မှသာ ထူးဆန်းနေလိမ့်မည်။
ကောင်းကင်ကို ဖုံးအုပ်နေသည့် မြှားမိုးကိုကြည့်ရင်း ရှုယီက လက်ကိုယမ်းလိုက်ရာ သူ၏ပတ်ပတ်လည်တွင် အပြာရောင်ဖျော့ဖျော့ မှော်အကာအရံတစ်ခု ပေါ်လာ၏။
ထိုသာမန်မြှားများက မှော်အကာအရံကို ရိုက်ခတ်သွားကာ လုံးဝမတုံ့ပြန်ကြချေ။ ၎င်းတို့အနေနှင့် မြေပြင်ထက်သို့သာ အားလျော့စွာ ခုန်ဆင်းလျက် မှော်အကာအရံဘေးပတ်လည်သို့ ကျသွားကြ၏။
အနည်းငယ် ပိုအားကောင်းသည့် မှော်မြှားများမှာမူ ရေပြင်လှိုင်းဂယက်ငယ်လေးများထသွားသကဲ့သို့ မှော်အကာအရံထက်၌ လှိုင်းဂယက်ငယ်လေးများထလာကာ ၎င်းတို့၏ ဘေးပတ်လည်က တောက်ပမှုလည်း ပျောက်ကွယ်လျက် သာမန်မြှားများကဲ့သို့ မြေပြင်ပေါ်ကျသွားကြသည်။
အသက်တစ်ရှိုက်စာအတွင်း ရှုယီအား မြှားများဖြင့် ဝိုင်းရံထားကြသော်လည်း သူ၏ မှော်အကာအရံထဲ ဝင်ရောက်သွားသည့် မြှားတစ်စင်းမှ မရှိပေ။
ရှုယီ၏ အေးဆေးနေဟန်ကိုမြင်သော် ကောင့်ထ်ဝိန်မှာ မှောင်မိုက်လာပြီး လေးသမားများအား လက်ပြကာ ပစ်နေသည်ကို ရပ်တန့်ခိုင်းလိုက်သည်။
ယခင်က Frestech ကုန်သည်ကြီးများအသင်းထံမှ အချက်အလက်များအရ မှော်ထပ်ဆင့်လေး၏ ကြောက်မက်ဖွယ်စွမ်းအားနှင့် အဆင့်မြင့်မှော်ပညာရှင်တစ်ဦးကိုပင် ရင်ဆိုင်နိုင်သည်။
၎င်း အချက်အလက်က Frestech ကုန်သည်ကြီးများအသင်းထံမှ လာသဖြင့် ကောင့်ထ်ဝိန်မှာ ၎င်းကို သေချာမသိချေ။
ထို့အပြင် မှော်ထပ်ဆင့်လေးများကို Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ထားသောကြောင့် ရှုယီမှာ ဥက္ကဌအနေနှင့် ၎င်းတို့အားရင်ဆိုင်ရန် နည်းလမ်းတစ်ခုရှိလောက်သည်။
တစ်ဖက်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်အားမြင်သော် ရှုယီလည်း ကောင့်ထ်ဝိန်ကို လက်ယမ်းပြပြီးနောက် ပျံထွက်သွားတော့သည်။
ရှုယီ ကောင်းကင်ယံသို့ ပျံသွားသည်ကိုကြည့်ရင်း ကောင့်ထ်ဝိန်က အံကိုကြိတ်လိုက်၏။ သူဟာ သူ၏လေးကို ကောင်းကင်ယံသို့ ပစ်လွှတ်ချင်စိတ်အား ဖိနှိပ်ထားလိုက်သည်။
ဤအရာများကို ရှုယီအပေါ်၌ ဖြုန်းတီးရန်က အဓိပ္ပာယ်မရှိလှချေ။ သူ့အနေနှင့် ရှုယီ၏ နယ်မြေကို ကျူးကျော်ကာ ရရှိသည်နှင့် ရှုယီ၏ မှော်ပညာ မည်မျှ အားကောင်းကောင်း သူဟာ လူတစ်ဦးတည်းသာဖြစ်ရာ များများစားစားမထိခိုက်နိုင်ပေ။
မဟာမှော်ပညာရှင်ကမ်မီလာ၏ ကြောက်မက်ဖွယ်စွမ်းပကားကို ထည့်ပေါင်းလိုက်လျှင်တောင် လူအနည်းငယ်အတွက် အခြေနေတစ်ခုလုံးကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။
ဤသုံးသပ်မှုကြောင့် ကောင့်ထ်ဝိန်မှာ ယုံကြည်ချက်ရှိလာတော့သည်။
သို့ရာတွင် သူ့ထံ ထိုအတွေးပေါ်လာချိန်တွင် ရုတ်တရတ် တစ်ဖက်ကမ်းမှလာသည့် အသံများကို ကြားလိုက်ရရာ အမူအရာပြောင်းသွားတော့သည်။
“မကောင်းတော့ဘူး! မှော်အမြောက်တွေပဲ! ရှောင်ကြ!”
ကောင့်ထ်ဝိန်က ထိုသို့အော်ကာ မော့ကြည့်လိုက်ချိန်တွင် ဧရာမမီးလုံးကြီးများ မြစ်အထက် ကောင်းကင်ကို ဖြတ်သန်းပြီးနောက် ကောင့်ထ်ဝိန်နောက်ရှိ စစ်တပ်ထံကျရောက်လာသည်ကို မြင်လိုက်ရသည်။
“ဟုန်း!”
နားပင်းလောက်သည့် ပေါက်ကွဲသံနှင့် မီးလုံးကြီးမှာ စစ်တပ်အလယ်ဗဟို၌ ပေါက်ကွဲကာ မရေတွက်နိုင်သော မီးလုံးလေးများအဖြစ် ကွဲထွက်သွားသည်။
ထိုမီးလုံးများက ကောင့်ထ်ဝိန်၏ လက်အောက်ငယ်သားများအပေါ်သို့ ကျရောက်လာကာ ၎င်းတို့အား မီးတောက်လူသားများအဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။
ထို့အပြင် မီးလုံးမှန်သွားကြသည့် စစ်သည်အချို့မှာ လူသဏ္ဍာပင်မရှိတော့ရာ ၎င်းမီးလုံးများ၏ စွမ်းပကားက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်လေသည်။
မီးလုံးတစ်လုံးလောက်လေးဖြင့် ၎င်းက စစ်သည်တစ်ရာကျော်ကို တိုက်ခိုက်နိုင်စွမ်း လျော့နည်းသွားစေ၏။
သူ၏ နောက်ရှိ ဖရိုဖရဲ အခြေအနေကို ကြည့်ရင်း ကောင့်ထ်ဝိန်၏ စိတ်တွင် ဒေါသအပြည့်ဖြစ်သွားရသည်။
“ဒီသောက်ကောင် ရှုယီကတော့ အကောင်းဆုံးအရာတွေကို ဝှက်ထားတာပဲ!”
သို့သော် ယခု သူ မည်မျှ ဒေါသဖြစ်ဖြစ် ကိစ္စမရှိတော့။ ပထမ မီးလုံးပေါက်ကွဲသွားပြီးနောက် တစ်ဖက်ကမ်းမှ အသံများမရေတွက်နိုင်အောင် ထွက်လာသည်။ အသံတစ်သံစီတိုင်းက ကောင့်ထ်ဝိန်၏ စိတ်နှလုံးကို တုန်ယင်စေကာ အသံတစ်သံစီက ဧရာမမီးလုံးနောက်တစ်လုံးကို လွှတ်ပေး၏။
မရေတွက်နိုင်သော မီးလုံးများက ကောင့်ထ်ဝိန်၏ စစ်တပ်ထံသို့ မရေတွက်နိုင်လောက်သော ဥက္ကာပျံများကဲ့သို့ ကျရောက်လာကာ ဧရာမ ပေါက်ကွဲမှုများက ကြွယ်ဝခြင်းမြစ်၏ မြစ်ကမ်းနှစ်ဘက်စလုံး၌ မြည်ဟီးနေတော့သည်။
မတိုင်ခင်က ကောင့်ထ်ဝိန် နောက်ရှိ ယုံကြည်ချက်ရှိနေသူ စစ်သည်တစ်သောင်းမှာ ဤကြောက်မက်ဖွယ်မီးလုံးကြောင့် ကမောက်ကမဖြစ်လျက် အသေအပျောက်များလာ၏။
“သေစမ်း! ငါ့အတွက် ချီတက်ကြ! တံတားကိုချီတက်ကြ! ပြန်မဆုတ်ရဘူး! ပြန်ဆုတ်တဲ့ ဘယ်သူမဆို သေရမယ်!” ကောင့်ထ်ဝိန်က ဓားကိုဆွဲထုတ်ကာ ထွက်ပြေးဖို့ကြိုးစားနေသည့်တစ်ဦး၏ ခေါင်းကို ဖြတ်တောက်လိုက်သည်။ ထို့နောက် အော်လေ၏၊ “တံတားကနေ တစ်ဖက်ကို အရင်ဆုံးချီတက်မယ့်လူကို ရွှေဒင်္ဂါးငါးရာ ဆုချီးမြှင့်မယ်!”
ရွှေဒင်္ဂါးငါးရာ၏ စိတ်လှုပ်ရှားမှုကြောင့်ဖြစ်စေ ကြောက်ရွံ့မှုအပြည့် နှလုံးသားများကြောင့်ဖြစ်စေ ကောင့်ထ်ဝိန်၏ ငယ်သားများထံ၌ မည်သည့်အစီအစဉ်မှ မရှိဘဲ မြစ်တစ်ဘက်ကို စတင်ချီတက်ကြတော့သည်။
မြစ်ထဲခုန်ချသွားသည့် စစ်သည်အတော်များများလည်းရှိကာ တစ်ဖက်ကမ်းသို့ ကူးသွားရန် စီစဉ်ထားကြသည်။
သို့ရာတွင် တံတားပေါ်ခြေချလိုက်သည့် ပထမတစ်ဖွဲ့မှာ တံတားတစ်ဖက်ကိုကြည့်လိုက်သော် Frestech ကုန်သည်ကြီးများအသင်း၏ တန်းသုံးတန်းက ထိုနေရာ၌ ရပ်နေသည်ကိုတွေ့လိုက်ရလေ၏။ တစ်ဦးစီက ၎င်းတို့ကို ရွယ်ထားသည့် ထူထဲထဲ ဆလင်ဒါပစ္စည်းကိုကိုင်ထားသည်။
၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များထံမှ အော်ဟစ်သံကိုကြားလိုက်ရပြီးနောက် ထိုအစောင့်များ၏ လက်ထဲရှိ ဆလင်ဒါများမှာ အပြာဖျော့ဖျော့မှော်အလင်းကို ထုတ်လာသည်။
တစ်အောင့်ကြာပြီးနောက် မရေတွက်နိုင်သောမြှားများက ထိုဆလင်ဒါများမှ ထွက်လာ၏။
ဤမြှားများမှာ သာမန်မြှားများထက် ပိုတိုသော်လည်း အံ့မခန်းအမြန်နှုန်းနှင့် ပစ်လွှတ်နိုင်ပြီး အတော်လေးအားကောင်းလှသည်။ ကောင့်ထ်ဝိန်၏ စစ်သည်များဝတ်ဆင်ထားသည့် ခဲသတ္တုချပ်ဝတ်နှင့် ချပ်ဝတ်အစစ်တို့မှာ မြှားများဖြင့် အလွယ်လေး ထိုးဖောက်ခံလိုက်ရသည်။
ထိုမြှားများက စစ်သည်တစ်ဦး၏ ရင်ဘတ်ထဲ ထိုးဖောက်ကာ ထိုစစ်သည်နောက်ဘက်ရှိ စစ်သည်၏ ရင်ဘတ်အထိပင် ဝင်ရောက်သွားသည်။
မြှားတစ်ချောင်းတည်းနှင့် စစ်သည်နှစ်ဦး၏ အသက်ကို ယူဆောင်လိုက်သည်။
ဤတံတားကိုစောင့်ကြပ်နေသည့် အစောင့်များများစားစားမရှိသော်လည်း ၎င်းတို့လက်ထဲရှိ ဆလင်ဒါများမှာ မှော်ထပ်ဆင့်လေးများထက် ပိုမိုမြန်ဆန်ကာ ပိုမိုကျစ်လျစ်သည့် မြှားများကို ဆက်တိုက်ပစ်လွှတ်နေကြ၏။ ထို့အပြင် ၎င်းတို့က အတန်းသုံးတန်းရှိသဖြင့် ပထမအတန်း၏ မြှားများကို ပစ်လွှတ်ပြီးနောက်တွင် ဒုတိယအတန်းက ရှေ့တိုးက ပစ်လွှတ်လာသည်။
တတိယအတန်း ပစ်လွှတ်ပြီးနောက်တွင် ပထမတန်းက ဖြည့်သွင်းပြီးကာ ရပ်နားခြင်းမရှိ ဆက်လက်တိုက်ခိုက်လာ၏။
ထို့ကြောင့် ကောင့်ထ်ဝိန်၏ စစ်သည်များ တံတားထက် တက်လာချိန်တွင် မြှားများက ရပ်နားခြင်းမရှိဘဲ ၎င်းတို့ကို ဖြတ်ပျံသွားကြသည်။
အနှီသိပ်သည်းကာ ကြောက်မက်ဖွယ်ကောင်းလှသည့် မြှားမိုးအောက်တွင် ကောင့်ထ်ဝိန်မှာ စစ်သည်အသုတ်များစွာကို လွှတ်နေသော်လည်း အားလုံးကျကုန်၏။
တစ်ခဏအတွင်း၌ တံတား၏ ဤတစ်ဖက်တွင် အလောင်းများ အထပ်လိုက်ပုံနေကာ ရှေ့သို့မီတာနှစ်ဆယ်အောက်သာ တိုးသွားရသေးသည်။
“အရှင် ကျွန်တော်တို့.... ပြန်ဆုတ်သင့်လား?” ကောင့်ထ်ဝိန် နံဘေး၌ရပ်နေသည့် လက်အောက်ငယ်သားက သူ့ကိုကြည့်ကာ ပူပန်နေဟန်ဖြင့် မေးလိုက်သည်။
ကောင့်ထ်ဝိန်၏ မျက်နှာက မှုန်မှိုင်းနေပြီး လက်လျှော့လိုက်ချင်သော်လည်း အင်မတန် ဆန္ဒမရှိဖြစ်နေပါ၏။
ထိုငယ်သားမှာ သူ၏ စိတ်ထဲရှိ တုံ့ဆိုင်းမှုကို မြင်နိုင်သဖြင့် တိုက်တွန်းလိုက်လေသည်၊ “အရှင် ကျွန်တော်တို့က ယာယီပဲ ဆုတ်မှာပါ။ ဒီ Frestech ကုန်သည်ကြီးများအသင်းက ကျွန်တော်တို့ကို ထိန်းချုပ်ထားလို့မရဘူး။ ကျွန်တော်တို့ မဝင်သွားနိုင်ပေမယ့် သူတို့လည်း ထွက်သွားလို့မရဘူး။ ကျွန်တော်တို့ သူတို့ကို ပိတ်လိုက်တာနဲ့ သူတို့ရဲ့ နေရာသေးသေးလေးနဲ့ ဘာအထောက်အပံ့ကိုမှ မရနိုင်တာကြောင့် အနှေးနဲ့အမြန် အရှုံးပေးလာမှာပဲ။”
ကောင့်ထ်ဝိန်၏ အမူအရာက အနည်းငယ် ပြေလျော့သွားသည်။ စဉ်းစားပြီးနောက် သူ၏ လက်အောက်ငယ်သားက မှန်သည်ဟု ခံစားလိုက်မိ၏။
သူဟာ တစ်ဘက်ရှိ ဘာဖြစ်နေမှန်းမသိရသော ငြိမ်ဆိတ်နေသည့် ကမ်းရိုးတန်းကိုကြည့်လိုက်ပြီးနောက် ခပ်ပြင်းပြင်းနှာမှုတ်ကာ လက်ယမ်းလိုက်သည်။
“ပြန်ဆုတ်ကြ!”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၈။ မိသားစုဝင်တစ်ဦးလိုမျိုး
“ဒီလိုထွက်သွားတော့မှာလား?”
ကောင့်ထ်ဝိန်က သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ပြန်ဆုတ်ခွာသွားသည်ကို မြင်သော် တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ အံ့ဩကုန်ကြသည်။
အရှင်ဝိန်က ၎င်းတို့ကိုတိုက်ခိုက်ရန် စစ်သည်တစ်သောင်းကို ဦးဆောင်လာသည်အား မြင်စဉ်က ၎င်းတို့အများစုမှာ အင်မတန် စိတ်ရှုပ်ထွေးခဲ့ကြသည်။
မည်သို့ဖြစ်ဖြစ် ယှဉ်ကြည့်ပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ဘက်မှာ တကယ်ကို အားနည်းလှသည်။ ၎င်းတို့ထံ၌ စောင့်ကြပ်ခြင်းကို ကူညီနိုင်မည့် ကြွယ်ဝခြင်းမြစ်ရှိပါလျှင်တောင် လူတစ်သောင်းကို လူတစ်ထောင်နှင့်ယှဉ်တိုက်ဖို့ကို လူအများစုက မဖြစ်နိုင်ဟုသာ တွေးထင်ကြပေလိမ့်မည်။
သို့သော် တိုက်ပွဲစတင်လိုက်သည်နှင့် တိုက်ပွဲမှာ ၎င်းတို့ မျှော်မှန်းထားသည်ကို ကျော်လွန်လျက် အင်မတန်လွယ်နေသောကြောင့် ယုံကြည်ဖို့ရန်ပင် ခက်ခဲကြောင်း သိလိုက်ကြသည်။
အစမှ အဆုံးထိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ ကမ်း၌သာ နေပြီး မီးကျည်ကြီးများကို ပစ်လွှတ်ရန် မှော်အမြောက်ကြီးများကို အသုံးပြုခဲ့ကာ တံတားထက်တွင် ဆလင်ဒါမှော်ထပ်ဆင့်လေးအသစ်များကို အသုံးပြုခဲ့ကြသည်။
တံတားထက်ရှိ လူနှစ်ရာသာ ကောင့်ထ်ဝိန်နှင့် ထိတွေ့ခဲ့ပြီး အခြား Frestech ကုန်သည်ကြီးများအသင်း အစောင့်များမှာ ကောင့်ထ်ဝိန် မည်သို့မည်ပုံရှိသည်ကိုပင် မမြင်ခဲ့ကြရချေ။
အစမှအဆုံးထိ နှစ်ဘက်စလုံးမှာ နယ်နိမိတ်နီးနီးကပ်ကပ် မတိုက်ခိုက်ခဲ့ကြပေ။
တိုက်ပွဲက ဤသို့သာ အဆုံးသတ်သွားကာ ကောင့်ထ်ဝိန်မှာ သူ၏စစ်သည်များနှင့်အတူ ထွက်ပြေးသွားသည်!
ဤထူးဆန်းသည့်တိုက်ပွဲအား စိုင်စ်နယ်မြေကြီး၏ သမိုင်း၌ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါချေ။
ရှုပ်ထွေးနေသည့် အစောင့်များကို မြင်သော် ရှုယီက ရယ်မောလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်း အစောင့်များအနေနှင့် စစ်ဘက်သုံးမှော်စက်များနှင့် ပိုမိုအထိအတွေ့ရှိလျှင်သော်မှ ၎င်းတို့အနေနှင့် ၎င်းတို့၏ ထုံးစံ စစ်ပွဲအတွေ့အကြုံများကို မဖယ်ရှားနိုင် ဖြစ်နေကြဆဲပင်။
Frestech ကုန်သည်ကြီးများအသင်း မှော်စက်အသစ်များကို ထုတ်လုပ်လိုက်ကတည်းက စိုင်စ်နယ်မြေကြီး၏ စစ်ဘက်အခြေအနေတွင် မရှောင်တိမ်းနိုင်သည့် တော်လှန်ရေးတစ်ခုကို ဖန်တီးလိုက်ပြီးသားပင်။ ဤအပြောင်းအလဲကို မလုပ်ဆောင်သူရှိပါလျှင် ၎င်းတို့လည်း ကောင့်ထ်ဝိန်ကဲ့သို့ ဖြစ်လာကာ အခံဘက်၌သာ နေနိုင်ပြီး မျိုးသုဉ်းအောင်အသတ်ခံရနေစဉ်တွင်ပင် ရန်သူဘက်ကိုတောင် ချဉ်းကပ်နိုင်လောက်မည်မဟုတ်ပေ။
တကယ်တမ်းတွင် ဤပြောင်းလဲမှုအား လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်ပွဲတွင်လည်း ပြသပြီးဖြစ်သည်။
ဆယ်ဗီနီအနေနှင့် ဒုခ့်စတက်ဂျ်၏ စစ်တပ်ကို ကိုယ်ပိုင်အစောင့်ငါးထောင်အောက်လေးနှင့် ဦးဆောင်၍ အလွယ်လေး အနိုင်ယူနိုင်ခဲ့သည်မှာ ဆယ်ဗီနီ၏ အစောင့်များနှင့် ဆယ်ဗီနီကိုယ်တိုင်က ရှုယီ၏ နယ်မြေ၌ နေထိုင်သည့် လေးလတာအတွင်း Frestech ကုန်သည်ကြီးများအသင်းနှင့် အတူ စစ်ဘက်သုံးမှော်စက်အမျိုးမျိုးတို့ကို အသုံးပြုခြင်းအား လေ့ကျင့်ခဲ့သောကြောင့် ဖြစ်သဖြင့် တိုက်ခိုက်ရေးနည်းလမ်းအသစ်ကို ဖမ်းဆုပ်ထားခဲ့သည်။
အစစ်အမှန် ခွန်အားတွင် Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက် အရေအတွက်ကြီးတစ်ခုနှင့် ဆယ်ဗီနီ၏ ကိုယ်ပိုင်အစောင့်များမှာ ဒုခ့်စတက်ဂျ် လွှတ်လိုက်သည့် စစ်တပ်ကို ရင်ဆိုင်ရာ၌ ရန်သူကို ရေနွေးငွေ့ဖြင့် လှိမ့်ထားစလိုဖြစ်နေသည်။
လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်ပွဲအတွင်း တိုက်ပွဲတစ်ခုစီမှာ ထပ်တူညီသည့်နည်းလမ်းအတိုင်းဖြစ်ခဲ့သည်ဟု ဆိုနိုင်ပါ၏။ ၎င်းမှာ လူတိုင်းက အချိန်အတော်ကြာမည်ဟု ထင်ထားကြသည့် ပြည်တွင်းစစ်အနေနှင့် ဆယ်ဗီနီဘက်မှ သုံးလတာအောက်နှင့် အဆုံးသတ်သည် အထိ ဖြစ်သွားစေသည်။
ရှုယီမှာလည်း ၎င်းရလာဒ်ကြောင့် လုံးဝ အံ့ဩမသွားပေ။
သူ့အတွက် စစ်ဘက်သုံးမှော်စက်များနှင့် စစ်သားများမှာ သာမန်ဓားများနှင့် စစ်သည်များအား ရင်ဆိုင်ချိန်တွင် လူကြီးက ကလေးကို အနိုင်ကျင့်သလိုဖြစ်နေသည်။
အေးစက်စက်လက်နက်များ ခေတ်တွင် ပိတ်မိနေကြသည့်စစ်သည်များမှာ စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ထားသည့် စစ်သည်များကို မချဉ်းကပ်နိုင်ဘဲ ကျရှုံးမည်ဖြစ်၏။
ဤသို့ ခွန်အားကွာခြားမှုကြောင့် တိုက်ခိုက်ရန် မည်သို့ အဓိပ္ပာယ်ရှိပါတော့မည်နည်း?
ရှုယီမှာ ကောင့်ထ်ဝိန်၏ ကျိုးကြောင်းမသင့်သော တောင်းဆိုမှုကို Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ အင်အားအပေါ် ယုံကြည်ချက်ရှိခြင်းကြောင့် ငြင်းပယ်ခဲ့ခြင်းပင်။
လူတစ်သောင်းမဆိုထားနှင့် ကောင့်ထ်ဝိန်အနေနှင့် သူ၏ လူသုံးသောင်းစစ်တပ်တစ်ခုလုံးခေါ်လာလျှင်ပင် ရှုယီမှာ ၎င်းတို့အနေနှင့် ကြွယ်ဝခြင်းမြစ်ကို ခြေတစ်လှမ်းပင် ဖြတ်သန်းနိုင်မည်မဟုတ်သည်ကို သိပေ၏။
ယခု တိုက်ပွဲတွင် Frestech ကုန်သည်ကြီးများအသင်းက မည်သည့် မှော်ပညာရှင်တစ်ဦးကိုမှ မထုတ်ခဲ့သည်အား မဆိုထားနှင့်။
ရှုယီကို ဒုက္ခတွေ့စေသည့် တစ်ခုတည်းသောအရာမှာ ၎င်းနောက် သူ ရင်ဆိုင်ဖို့လိုအပ်သည့်အရာပင်။
ကောင့်ထ်ဝိန်မှာ ဤတိုက်ပွဲတိုလေးအတွင်း နှစ်ဘက်အကြား ခြားနာချက်ကို နားလည်သွားကာ Frestech ကုန်သည်ကြီးများအသင်းကို မကျူးကျော်နိုင်ကြောင်း သိသွားသော်လည်း လူဦးရေနှင့်ပတ်သက်လာလျှင် သာလွန်နေသည့် အားသာချက် သူ့ထံ၌မရှိချေ။
Frestech ကုန်သည်ကြီးများအသင်းထံ၌ ၎င်းတို့၏ အပိုင်စားနယ်မြေကို စောင့်ကြပ်ရာ၌ ပြဿနာမရှိသော်လည်း ကောင့်ထ်ဝိန်၏ နယ်မြေကို တိုက်ခိုက်ရန် အစောင့်တစ်ထောင်ကို မှီခိုခြင်းက တကယ်တမ်း ပြဿနာများဖြင့်ပြည့်နေပါ၏။
ရှုယီအနေနှင့် ကောင့်ထ်ဝိန်မှာ သူ၏ အားသာချက်ကို အသုံးပြုကာ Frestech ကုန်သည်ကြီးများအသင်းအား ပိတ်ဆို့မည်ကို သေချာသိသည်။
ကောင့်ထ်ဝိန်သာ Frestech ကုန်သည်ကြီးများအသင်း၏ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ကာ ၎င်းတို့၏ ရင်းမြစ်လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်လျှင် ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် ထိခိုက်မှုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ရှုယီအနေနှင့် ဤပြဿနာကို ဖြေရှင်းရန် အစီစဉ်များစွာရှိသောကြောင့် ၎င်းကို မစိုးရိမ်သော်လည်း ထိုသို့သော အခြေနေမျိုး ဖြစ်မလာစေချင်ပေ။
သူဟာ လူတိုင်းကို သတိပေးသည်ဟု ယူဆနိုင်လောက်မည့် သူ၏ အစွယ်များကို ထုတ်ပြရန် ကောင့်ထ်ဝိန်၏ မျက်နှာအားလုံးကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားပါ၏။
“ဟာ့ထ်!” ရှုယီသည် စောင့်ဆိုင်းကာ တိုက်ခိုက်မှုထဲ ဝင်မပါခဲ့ကြသည့် အစောင့်ငါးရာကို လှည့်ကြည့်လိုက်၏။
“ရှိပါတယ်!” ဟာ့ထ်က အာရုံစိုက်ကာ ပြန်ဖြေလာသည်။
“စလိုက်တော့”
“သိပါပြီ!”
ဟာ့ထ်၏ လက်တစ်ချက်အယမ်းနှင့် အစောင့်ငါးရာတို့မှာ ၎င်းတို့နောက်ရှိ မှော်သံချပ်ကာ ယာဉ်အစီးသုံးဆယ်ပေါ်ခုန်တက်လိုက်ကြသည်။ ၎င်းတို့မှာ တံတားကိုဖြတ်၍ ကောင့်ထ်ဝိန်၏ စစ်တပ် ပြေးသွားခဲ့သည့် ဘက်ကို ဦးတည်လိုက်ကြ၏။
……
“မင်းသမီးလေး ပြီးပါပြီ စိတ်တိုင်းမကျတဲ့နေရာများရှိလား?”
နံဘေးရှိ အစေခံမလေးမှာ ဂရုတစိုက်ဖြင့် ဆယ်ဗီနီ၏ ဝတ်စုံကို အချောသတ်လိုက်သည်။ အခြားအစေခံမလေးနှစ်ဦးက သူမ ရှေ့သို့ ကြည့်မှန်တစ်ချပ်ယူလာရာ ဆယ်ဗီနီ၏ သဏ္ဍာန်က အပြည့်အဝထင်ဟပ်နေတော့၏။
မှန်ထဲရှိ ဆယ်ဗီနီမှာ လှပကာ ကျက်သရေအပေါင်း ခညောင်းနေလေသည်။
ဆယ်ဗီနီလည်း အသာခေါင်းငြိမ့်လိုက်၊ “ဒါပဲ လုပ်လိုက်မယ်”
အစေခံမလေးများက မှန်ကို အဝေးသို့သယ်သွားချိန်တွင် အခြားအစေခံမလေးများတစ်ဖွဲ့လည်း ရောက်လာ၏။ တစ်ဦးချင်းစီ၏ လက်ထဲတွင် သေသပ်စွာ ပြုလုပ်ထားသည့် လက်ဝတ်ရတနာများရှိကာ ဆယ်ဗီနီ့ကိုယ်ပေါ်၌ ဂရုတစိုက် ဆင်ပေးလာသည်။
ယနေ့မှာ မင်းသမီးလေး နန်းတက်မည့်နေ့ဖြစ်သဖြင့် သူမအနေနှင့် ပြီးပြည့်စုံစွာ ဝတ်ဆင်ထားရန် လိုအပ်ပေ၏။ သူမ၏ အစိတ်အပိုင်းတစ်ခုစီတိုင်းမှာ ပြီးပြည့်စုံနေရန်လိုအပ်ပြီး အမှားအယွင်းတစ်ခုလေးပင် ခွင့်ပြုပေး၍ မရပေ။
ဆယ်ဗီနီလည်း သူမနံဘေး၌ အပြေးအလွှား အလုပ်များနေကြသည့် အစေခံမလေးများကိုကြည့်ကာ ငေးငိုင်နေဟန်ရှိလာပြီး စိတ်အာရုံများက အမည်မသိနေရာသို့ ပျံလွင့်သွားသည်။
ကိုယ်စားလှယ်က ရှုယီ တက်ရောက်မည်မဟုတ်ကြောင်း သတင်းပြန်ယူလာကတည်းက ဆယ်ဗီနီမှာ ဤကိစ္စတွင် စိတ်ဝင်စားမှုအနည်းငယ် ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ အရေးအပါဆုံး နန်းတက်ပွဲကပင် သူမအား အသေးငယ်ဆုံးသော စိတ်ဝင်စားမှုကိုပင် မခံစားမိစေချေ။
ဤရက်များ အတောအတွင်း သူမဟာ ငေးငိုင်နေသလိုပါပင်။ သူမဟာ နန်းတက်ပွဲအတွက် ပြင်ဆင်သည့်အချိန်ထိတိုင် တော်ဝင်လွှတ်တော် မျိုးရိုးမြင့်အိုကြီးများ၏ အစီစဉ်များကို နားထောင်ကာ အခမ်းအနားပေါင်းစုံ၌ ဝင်ရောက်ဆင်နွှဲခဲ့ရသည်။
ဤအခမ်းအနားများတွင် သူမ၏ အမူအရာက ပြီးပြည့်စုံနေခဲ့သော်လည်း စိတ်နှလုံးသားထဲတွင်တော့ ပင်ပန်းနေခဲ့သည်။ သူမအနေနှင့် မည်သည့်အဓိပ္ပာယ်မှမရှိသော အရာများကို လုပ်ဆောင်ခဲ့သည်ဟုပင် ခံစားနေခဲ့ရသည်။
ဆယ်ဗီနီအနေနှင့် သူမကိုယ်သူမ မည်သည်ကမှားယွင်းနေကြောင်း မေးမြန်းခဲ့သော်ငြား ထိုအဖြေနောက်လိုက်မိချိန်တွင် နူးညံ့သည့် ရှုယီ၏ အပြုံးက တစ်ချိန်ပြီးတစ်ချိန်ပေါ်လာတော့သည်။
“ရှုယီ မလာတော့လို့များ ဒီကိစ္စကို ငါစိတ်မဝင်စားတော့တာများလား?”
သူမ ပထမဆုံး အကြိမ်တွေးမိစဉ်က ဆယ်ဗီနီမှာ ထိတ်လန့်သွားခဲ့သည်။
ရှုယီက သူမအတွက် ထိုမျှ အရေးပါသည့် နေရာသို့ မတက်ရောက်ဟု ဘယ်တုန်းကမှ မစဉ်းစားခဲ့မိချေ။
ဖခမည်းတော်ကလွဲလျှင် ဆယ်ဗီနီမှာ တစ်စုံတစ်ယောက်က သူမစိတ်ထဲ ထိုသို့အရေးပါသည့်လူကို ရှာမတွေ့ခဲ့ဖူးချေ။
ထို့ကြောင့် အံ့ဩသွားခဲ့ရသည်။
မည်သည်က အရေးပါနေခဲ့သနည်း?
“ဒေါက် ဒေါက် ဒေါက်.....”
ရှေ့သို့လာနေသည့် ခပ်မြန်မြန်ခြေလှမ်းများရှိနေကာ ပုံရိပ်လေးတစ်ခုက ဆယ်ဗီနီ၏ ရင်ခွင်ထဲသို့ အစေခံမလေးများ၏ အော်သံများအကြား တိုးဝင်လာကာ သူမအား အတွေးထဲမှ ဆွဲထုတ်လိုက်တော့သည်။
ငုံ့ကြည့်လိုက်သော် ပြေးလာသည့် ထိုကလေးငယ်လေးက မင်းသားလေးဝီလျံဖြစ်နေ၏။
“ဒေါ်လေး ဒီနေ့တကယ်ကို လှနေတယ်။” မင်းသားလေးဝီလျံက ဆယ်ဗီနီကို ပွေ့ဖက်ကာ စိတ်လှုပ်တရှား အော်ပြောလာသည်။
ဆယ်ဗီနီလည်း အသာပြုံးကာ သူ့အား ခေါင်းပုတ်ပေးလျက် ဝမ်းမနည်းမိဘဲ မနေနိုင်တော့ပေ။
သူမသာ စိတ်ထဲ အရေးပါသည့်နေရာကို ကိုင်ဆောင်ထားသည့် လူများအကြောင်းပြောရသော် ဤ ငါးနှစ်ပင်မပြည့်တတ်သေးသည့် မင်းသားလေးဝီလျံက ၎င်းတို့အနက် တစ်ဦးဖြစ်ပါ၏။
အဲရစ်မှာ သူ၏ အမှားကြီးအတွက် တန်ကြေးပေးခဲ့ရသော်ငြား မင်းသားလေးဝီလျံကမူ မည်သည့်အမှားမှ မလုပ်ခဲ့ချေ။
ထို့အပြင် လမ်ပူရီဆယ့်သုံးနှင့် အဲရစ်က ၂နှစ်အတွင်း ဆုံးပါးသွားကြသဖြင့် ဆယ်ဗီနီ၏ တော်ဝင်မိသားစု၌ လူနည်းစုသာရှိသည်။
သူမ၏ အစ်ကို မင်းသားလေး မီဖန်းမှာ လမ်ပူရီဆယ့်သုံး ကံတော်ကုန်စဉ်ကတည်းက သူ၏ အပိုင်စားနယ်မြေ၌သာ နေထိုင်ခဲ့ပြီး ဘယ်တုန်းမှ ကိုယ်ထင်ပြမလာခဲ့ပေ။ ယခု ဆယ်ဗီနီ ထီးနန်းဆက်ခံရာတွင်လည်း သူမပါဝင်ပေ။ ထို့ကြောင့် ဆယ်ဗီနီထံရှိ တစ်ဦးတည်းသော မိသားစုဝင်အစစ်မှာ မင်းသားလေးဝီလျံသာရှိ၏။
၎င်းကိုစဉ်းစားရင်း ဆယ်ဗီနီ့စိတ်ထဲ ရုတ်တရတ် ရှုယီ၏ သဏ္ဍာန်ပေါ်လာတော့သည်။
သူမအနေနှင့် မအံ့ဩမိဘဲ မနေနိုင်တော့ပေ။
သတိမထားမိပါဘဲ သူမဟာ ရှုယီကို မိသားစုဝင်အဖြစ် စဉ်းစားမိနေသည်လား?
သူမ ထိုသို့တွေးနေစဉ်တွင် ၎င်းက အမှန်တရားဖြစ်လောက်သည်ကို သိရှိသွားရသည်။
သူမသာ ရှုယီကို မိသားစုဝင်ကဲ့သို့ မဆက်ဆံခဲ့လျှင် မည်သို့များ အဲရစ်က သူတို့၏ ဖခမည်းတော်ကို အဆိပ်ခတ်ခဲ့သည့် လျှို့ဝှက်ချက်ကို ပြောပြမိမည်နည်း?
ဤလျှို့ဝှက်ချက်အား ရှုယီ တစ်ကိုယ်တည်းကိုသာ ပြောပြခဲ့ပြီး မင်းသားလေး မီဖန်းမဆိုထားနှင့် သူမ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားများကိုပင် မပြောခဲ့ချေ။
၎င်းကို သုံးသပ်ကြည့်လျှင် ဆယ်ဗီနီ၏ စိတ်ထဲ၌ ရှုယီ၏ နေရာမှာ မိသားစုဝင်တစ်ဦးထက်ပင် အများကြီးပိုမြင့်မားနေလောက်သည်။
ပြောရလျှင် တော်ဝင်မိသားစုထဲ မွေးဖွားခဲ့သည့် ဆယ်ဗီနီအတွက် ထိုမိသားစုဟူသည်များမှာ ရန်သူများထက်ပင် ကြောက်မက်ဖွယ်ကောင်းလှလေသည်။
၎င်းကိုစဉ်းစားကြည့်ရင်း ဆယ်ဗီနီမှာ ခါးသက်သက်မပြုံးမိဘဲ မနေနိုင်တော့ပေ။
သူမအနေနှင့် ရှုယီကို မည်မျှ အသိမှတ်ပြုပြု ရှုယီက ဤမျှ အရေးကြီးသည့် သူမအတွက် နန်းတက်ပွဲကို မတက်ရောက်နိုင်ချေ။
ကြည့်ရသည်မှာ သူမဟာ ရှုယီစိတ်ထဲ အရေးမပါလှပုံပင်...
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၀၉။ စစ်ရပ်ဆိုင်းရေးဆွေးနွေးပွဲ
လမ်ပူရီတိုင်းပြည်သားများအတွက် မင်းသမီးလေးဆယ်ဗီနီမှာ နောက်ဆုံးတွင် ထီးနန်းယူကာ လမ်ပူရီတိုင်းပြည်၌ ဆဌမမြောက်ဘုရင်မဖြစ်လာသည်က အင်မတန် ကောင်းမွန်လှသည့်သတင်းပါပင်။
လမ်ပူရီတိုင်းပြည်အနေနှင့် လွန်ခဲ့သည့် ၂နှစ်အတွင်းတွင် ကပ်ဘေးများသင့်ခဲ့ကာ ဘုရင်နှစ်ပါး ကံတော်ကုန်၍ ဤနှစ်ပြည်တွင်းစစ်ပွဲပါ ရှိခဲ့သော်လည်း လူများစွာမှာ နောက်ဆုံးရလာဒ်ကို စိတ်တိုင်းကျကြသည်။
ဘုရင်မဆယ်ဗီနီမှာ နိုင်ငံ၌ အမြဲတမ်း ဂုဏ်သတင်းကောင်းရှိခဲ့သလို ယခုတွင် ဘုရင်မဖြစ်လာရာ လမ်ပူရီတိုင်းပြည်အတွက် ပျော်ရွှင်ဖွယ်ပြောင်းလဲမှုဖြစ်ခုဖြစ်၏။
ထို့အပြင် ဘုရင်မဆယ်ဗီနီအနေနှင့် အမြဲတစေ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့ခဲ့သလို သူမနှင့် ဥက္ကဌရှုတို့၏ ဆက်ဆံရေးကလည်း အင်မတန်ကောင်းမွန်လှသည်။
ယခုတွင် ဘုရင်မက လမ်ပူရီတိုင်းပြည်ကို တာဝန်ယူလိုက်ရာ သူမအနေနှင့် သေချာပေါက် Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်သို့ ပြန်လာစေကာ ကြွယ်ဝမှုဆီ ဦးတည်တော့ပေမည်။
သို့သော် လမ်ပူရီတိုင်းပြည်ရှိ လူအများစုမှာ တကယ်တမ်း Frestech ကုန်သည်ကြီးများအသင်းက လက်ရှိ၌ အင်မတန် အလုပ်များနေကြသဖြင့် လမ်ပူရီတိုင်းပြည်ကို အတန်ကြာ ပြန်မလာနိုင်သည်ကို မသိကြချေ။
ရှုယီမှာ လုပ်ငန်းစုအစောင့်များထဲမှ အစောင့်ငါးရာကို မှော်သံချပ်ကာယာဉ်များ၏ အားကောင်းသောရွေ့လျားနိုင်မှုနှင့်အတူ ခေါ်ထုတ်လာသော်လည်း ၎င်းတို့အနေနှင့် ကောင့်ထ်ဝိန်၏ နယ်မြေတဝိုက်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်သည်။ ၎င်းတို့မှာ ကောင့်ထ်ဝိန်၏ စုဆုံမှတ်များကို ဖျက်ဆီး၍ လက်အောက်ငယ်သား နှစ်ထောင်ကျော် ထပ်မံဆုံးရှုံးစေကာ သူ၏အပိုင်စားနယ်မြေကို ဖရိုဖရဲဖြစ်စေခဲ့သော်လည်း လူငါးရာကတော့ အင်မတန် နည်းလှသေး၏။
စတုရန်းတစ်သောင်းကီလိုမီတာကျော် အပိုင်စားနယ်မြေရှိသည့် အရှင်ဝိန်အတွက် သူ၏ နယ်မြေကို လူငါးရာလေးနှင့် ယူဆောင်ရန် မဖြစ်နိုင်ပေ။
ရှုယီအနေနှင့် ဤအဖွဲ့ကို လွှတ်လိုက်သည်မှာ အရှင်ဝိန်ကို သင်ခန်းစာတစ်ခု ပေးခြင်းသာဖြစ်၏။
အရေးကြီးဆုံးမှာ နောက်၌ ပါလာသည့်အရာပင်။
သက္ကရာဇ် ၃၈၇၄ခု၏ နောက်ဆုံးနေ့၌ ရှုယီမှာ နှစ်သစ်ကူးကို ဆင်နွှဲရန် စတေးလ်နှင့် ဖရီယာတို့နှင့်အတူ အိမ်၌ မနေဘဲ အရှင်ဝိန်၏ အပိုင်စားနယ်မြေ လမ်းမကိုဖြတ်၍ မှော်ဆလွန်းတစ်စီးကို အလျင်မောင်းနှင်သွားသည်။
ဤတစ်ခေါက် သူထွက်လာသည်မှာ အရှင်ဝိန်၏နယ်မြေရှိ အခြေအနေအား တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အရှင်ဝိန်နှင့် ညှိနှိုင်းဖို့ဖြစ်၏။
အရှင်ဝိန်၏ နယ်မြေ ဖရိုဖရဲဖြစ်နေခြင်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးမရှိပါချေ။
အကြောင်းမှာ ၎င်းက နေရာအနှံ့မှလာသည့် Frestech ကုန်သည်ကြီးများအသင်း၏ ရင်းမြစ်များကို အဟန့်ဖြစ်စေသလို Frestech ကုန်သည်ကြီးများအသင်း ပို့ဆောင်ချင်သည့် ထုတ်ကုန်များကိုလည်း တားဆီးနေသည်။
အရှင်ဝိန်၏နယ်မြေကို လုံးဝဝါးမြိုလိုက်ရန် အလုံအလောက် မသန်မာခင်တွင် ရှုယီမှာ အရှင်ဝိန်နှင့် ငြိမ်းချမ်းစွာ ပူးပေါင်းလိုပါ၏။
ယခင်က အခြေအနေကို ရှုယီမှာ အင်မတန်စိတ်တိုင်းကျသော်လည်း ၎င်းအား အရှင်ဝိန်၏ လောဘနှင့် ရည်မှန်းချက်က ဖျက်ဆီးလိုက်လေသည်။
ယခုတွင် ရှုယီသည် အရှင်ဝိန်နှင့် ညှိနှိုင်းမည်က သူ့အား လောဘနှင့် ရည်မှန်းချက်အတွက် ပြန်ပေးဆပ်ခိုင်းရန်ဖြစ်သည်။
မှော်ဆလွန်းမှာ ရုတ်တရတ် ဆောင့်ရပ်သွားရာ ရှုယီလည်း နောက်ခုံအထိ မြောက်တက်သွားသည်က မှော်ဆလွန်း၏ ခေါင်မိုးကိုပင် တိုက်မိလုနီးပါးပင်။
ရှုယီလည်း အပြင်ဘက်ရှိ အခြေအနေကိုကြည့်ကာ မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ချေ။
သူ စဉ်းစားနေစဉ်တွင် သူဟာ လမ်းမထက်ရှိ တွင်းကို သတိမမူမိခဲ့ချေ။ ယခုကြည့်လိုက်သော် ရှေ့ရှိ လမ်းမ၌ ချိုင့်ခွက်များပြည့်ကာ အင်မတန် အရုပ်ဆိုးနေသည်ကို တွေ့ရလေသည်။
ဤတွင်းများ၏ အခြေအနေကို သုံးသပ်ရသော် ဟာ့ထ်ဦးဆောင်သည့် အစောင့်များနှင့် အရှင်ဝိန်၏ လက်အောက်ငယ်သားများမှာ ဤနေရာ၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်လောက်သည်။
ဤနေရာအား တွင်းများဖြင့်ဖုံးအုပ်ထားရာ အသွင်သဏ္ဍာန်ကို အကဲဖြတ်ရသော် ၎င်းတို့အား အစောင့်များ ယူဆောင်သွားခဲ့သည့် အသေးစားတစ်လက်ကိုင် မှော်လောင်ချာများက ဖန်တီးခဲ့ခြင်းဖြစ်လောက်သည်။
မြေပြင်ထက်၌ ကျန်ရှိနေခဲ့သော အမှတ်အသားများအရ ဟာ့ထ်မှာ ရန်သူအဖွဲ့ကြီးနှင့် ကြုံခဲ့ရသောကြောင့် အသေးစားမှော်လောင်ချာများကို အကြိမ်များစွာ အသုံးပြုခဲ့ရခြင်းဖြစ်လောက်၏။
ရှုယီမှာ လမ်းမထက်ရှိ ချိုင့်ခွက်များကို ဂရုတစိုက် ရှောင်ကွင်းလျက် မနေနိုင်အောင် မျက်မှောင်တင်းတင်းကျုံ့ထားလိုက်ရသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းကိုပြုလုပ်ရန် အချိန်တစ်နှစ် ကုန်ဆုံးခဲ့ရသဖြင့် ၎င်းကို အရှင်ဝိန်၏ အပိုင်စားနယ်မြေတွင် အရေးအပါဆုံး ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းဟု ယူဆနိုင်သည်။
ယခုတွင် ဤတိုက်ပွဲက ၎င်းကို ဖျက်ဆီးလိုက်သဖြင့် လမ်းမကြီးတစ်ခုလုံးမှာ အတားအဆီးပြည့်နေတော့၏။
လမ်းမ နံဘေးကိုကြည့်လိုက်သော် လောင်ကျွမ်းထားသည့် အိမ်များစွာကိုလည်း မြင်တွေ့လိုက်ရသည်။
ထိုနေရာ၌ နေထိုင်ခဲ့သည်မှာ ဒေသခံများဖြစ်သော်လည်း ကြည့်ရသည်မှာ ဤတိုက်ပွဲ၌ ပါသွားခဲ့ကြပုံပင်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ကောင့်ထ်ဝိန်တို့အကြား စစ်ပွဲကြောင့် နေထိုင်သူများ၏ ဘဝများကို အပြင်းအထန်ရိုက်ခတ်သွားခဲ့သည်မှာ သေချာလှသည်။
လမ်းတလျှောက် သနားစဖွယ်အခြေအနေကိုကြည့်ရင်း ရှုယီ၏ မျက်နှာမှာပို၍ပို၍ မှောင်မိုက်လာပါ၏။
သူ့ထံ၌သာ ရွေးချယ်စရာရှိခဲ့ပါလျှင် လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ ဆန္ဒရှိမိသည်။ လူတိုင်း မှော်စက်များဖွံ့ဖြိုးရေးအပေါ် အာရုံစိုက်ကာ ဤမှော်စက်များ၏ အဆင်ပြေမှုနှင့်အတူ အားလုံး၏ ဘဝကို တိုးတက်စေနိုင်၏။
သို့သော် ယခု အရှင်ဝိန်၏ လောဘနှင့် ရည်မှန်းချက်တို့ကြောင့် ဤနေရာ၌ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြသည့် လူများ ပါဝင်သွားသည်က ရှုယီကို အင်မတန် ဒေါသဖြစ်စေသည်။
သူ့အား ပို၍ ဒေါသအဖြစ်စေဆုံးမှာ သူ့ထံတွင် ရွေးချယ်စရာ ရှိမနေခြင်းပင်။
သူ့အနေနှင့် အရှင်ဝိန်၏ ကျိုးကြောင်းမသင့်သော တောင်းဆိုမှုကို သဘောမတူနိုင်သလို အရှင်ဝိန်ကို အရှုံးပေးရန်လည်း မရွေးချယ်နိုင်ပါချေ။
ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်စရာမှာ အရှင်ဝိန်ကို ဆန့်ကျင်စစ်နွှဲရန် ဖြစ်သည်။
မှော်ဆလွန်းက ဤလမ်းမ၏ ပျက်စီးနေသည့် အပိုင်းကို ဖြတ်သန်းသွားကာ ဖြောင့်ဖြူးသည့်လမ်းမပေါ် ပြန်ရောက်လာပြီး အလျင်အမြန်အရှိန်မြင့်သွားသည်။ အပြင်ပိုင်းအသွင်အပြင်အရ အင်မတန် တင်းကြပ်လှပုံပေါ်သည့် အိမ်တော်တစ်ခုကို ရောက်ရန် နာရီဝက်သာကြာခဲ့၏။
ရှုယီ ထွက်လာချိန်တွင် သူဟာ လက်နက်အပြည့်တပ်ဆင်ထားသည့် စစ်သည်တစ်ရာနှင့် ချက်ချင်းအဝိုင်းခံလိုက်ရသည်။
ရှုယီလည်း ၎င်းတို့ကိုကြည့်ကာ အေးစက်စက်နှာမှုတ်လျက် ဆိုလိုက်၏၊ “အရှင်ဝိန်ကို Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက ဒီမှာလို့ သွားပြောလိုက်။”
“ရှုယီ?”
စစ်သည်များမှာ အံ့အားသင့်သွားကြသည်။ ၎င်းတို့အနေနှင့် လက်ထဲရှိ လက်နက်များကို ရှုယီထံ မချိန်ရွယ်ဘဲ မနေနိုင်ကြတော့ချေ။
“အားလုံး ရပ်လိုက်!” တာဝန်ယူထားဟန်ပေါ်သည့် စစ်သည်တစ်ဦးက ရုတ်တရတ် အော်ကာ ထိုစစ်သည်များကို ဟန့်တားလိုက်သည်။ သူက ရှုယီကိုကြည့်လာကာ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မေးလေသည်၊ “ရှု..... ဥက္ကဌရှု ခင်ဗျား.... ဘာအတွက် ဒီကိုရောက်နေရတာလဲ?”
ရှုယီမှာ အသာအယာပြုံးလိုက်လေသည်၊ “ကျုပ် အရှင်ကောင့်ထ်နဲ့အတူ ဆွေးနွေးစရာရှိလို့ပါ ကျေးဇူးပြုပြီး သတင်းကူပို့ပေးပါဦး။”
စစ်သည်များအားလုံးမှာ တစ်ဦးကိုတစ်ဦး နားမလည်စွာ ကြည့်ရှုလိုက်ကြသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ကောင့်ထ်ဝိန်နှင့် အတိအကျစစ်မက်ဖြစ်ပွားကာ ကောင့်ထ်ဝိန်ကလည်း ခုခံနိုင်ရုံသာတတ်နိုင်သည်ဟု ဆို၍ရသော်လည်း ရှုယီက ကောင့်ထ်ဝိန်နှင့် စေ့စပ်ညှိနှိုင်းရန် ဤနေရာကို ရောက်လာလေသည်.....
သူက ဘာကိုညှိနှိုင်းချင်နေတာလဲ?
ခေါင်းဆောင်က စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်သည်၊ “ကျေးဇူးပြုပြီး နည်းနည်းလောက် စောင့်ပါဦး”
ထိုသို့ပြောပြီးနောက် သူဟာ စစ်သည်များကို ပြောကာ အိမ်တော်ထဲ လှည့်ပြေးဝင်သွားသည်။
ရှုယီလည်း သူ၏ဘေးမှ စိတ်ရှုပ်ထွေးနေသူ စစ်သည်များကို ပြုံးပြလိုက်၏။ သူဟာ မှော်ဆလွန်း၏ ရှေ့ဘက်၌ ထိုင်ကာ စောင့်ဆိုင်းနေစဉ်၌ အင်မတန် တည်ငြိမ်ဟန် ပေါ်နေ၏။
သူ့အနေနှင့် ကောင့်ထ်ဝိန်က သူနှင့် ညှိနှိုင်းဖို့ရန် သဘောတူညီမည်ကို သေချာနေပုံရသည်။
ဟာ့ထ် ခေါင်းဆောင်သည့် အဖွဲ့လေးကို ကောင့်ထ်ဝိန်၏ နယ်မြေထက်၌ မဟန့်တားနိုင်ခဲ့သလို ၎င်းတို့အနေနှင့် တစ်စုံတဦးမှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ ကောင့်ထ်ဝိန်၏ လက်အောက်ငယ်သားများစွာကို အနိုင်ရယူခဲ့သည်။
ကောင့်ထ်ဝိန်ထံ၌ ၎င်းတို့နှင့် သဘောတူညီမှုရယူရန် မည်သည့်နည်းလမ်းမှမရှိခဲ့ဘဲ ယခု ရှုယီက ညှိနှိုင်းရန် ဤနေရာသို့ ရောက်လာရာ သူလည်း ပို၍ မလိုချင်နိုင်တော့ပေ။
မျှော်လင့်ထားသလိုပင် ခဏတာ ကြာပြီးနောက် အိမ်တော်ထဲမှ အိမ်တော်ထိန်းတစ်ဦး အပြေးရောက်လာကာ ရှုယီကို ရှုပ်ထွေးစွာကြည့်ပြီးနောက် တရိုတသေဖြင့် အထဲသို့ ဖိတ်လာသည်။
အဓိကခန်းမထဲရှိ ကောင့်ထ်ဝိန်ကို မြင်ပီးနောက် ကောင့်ထ်ဝိန်မှာ ကိုယ်အလေးချိန်အနည်းငယ်ကျသွားသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။
ကောင့်ထ်ဝိန်ကို ရှုယီသိလာသည့် သုံးနှစ်အတွင်း သူဟာ အမြဲတမ်း အဆီပြန်နေသည့် မျက်နှာနှင့် ဝက်တစ်ကောင်လိုဖြစ်ခဲ့သည်။
သို့သော် လက်ရှိကောင့်ထ်ဝိန်မှာ လုံးဝပိန်ပါးနေ၏။ သွယ်လျသည်ဟု ယူဆမရသော်လည်း မျက်နှာက များစွာပို၍ အချိုးအစားကျလာသည်။ သူ၏ ခပ်ဝိုင်းဝိုင်းမျက်နှာက လေးထောင့်ကျကျပုံစံဖြစ်လာကာ ယခင်ကနှင့်ယှဉ်သော် များစွာပို၍ ကျက်သရေရှိပါ၏။
မှန်ပါသည် ၎င်းကျက်သရေရှိမှုက သူ၏ ရေကဲ့သို့တည်ငြိမ်နေသည့် မျက်နှာနှင့် သက်ဆိုင်သည်။
ရှုယီအား အိမ်တော်ထိန်းက ဦးဆောင်ကာ ဝင်လာသည်ကို မြင်သော် ကောင့်ထ်ဝိန်၏မျက်နှာများစွာ မှောင်ကျသွားလျက် အေးစက်စက်ဆိုလာသည်၊ “ရှုယီ မင်းက တကယ်ကို အတင့်ရဲတာပဲ။ တကယ်ကြီး ဒီကို တစ်ယောက်တည်းလာတာ ငါမင်းကို သတ်မှာမဟုတ်ဘူးလို့ ယုံကြည်ချက်ရှိနေတာကြောင့်လား!”
ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “ဟင့်အင်း ခင်ဗျားမလုပ်ရဲပါဘူး”
ကောင့်ထ်ဝိန်က မျက်မှောင်ကုပ်၍ ဒေါသတကြီးပြောလာသည်၊ “မင်းက ငါမလုပ်ရဲဘူးလို့များ ပြောရဲတယ်ပေါ့! တစ်ယောက် လာ.....”
လမ်းတစ်ဝက်တွင် ကောင့်ထ်ဝိန်၏ လည်ချောင်းမှာ တစ်စုံတရာတစ်ဆို့နေသကဲ့သို့ ကျန်သည့် စကားများကို ထုတ်မပြောနိုင်တော့ပေ။
ရှုယီက သူ့အား အပြုံးဖြင့် ကြည့်ကာ အင်မတန် တည်ငြိမ်၍ အေးဆေးနေပုံပေါ်သည်။
ကောင့်ထ်ဝိန်မှာ ရှုယီကို မျက်လုံးပြူးကာ ကြည့်နေပြီး တစ်ခဏကြာသည့်နောက် လေလျော့သွားသော ပူဖောင်းလို ဖြစ်လာသည်။ သူဟာ သက်မချလျက် အိမ်တော်ထိန်းကို လက်ပြလိုက်လေ၏။
ထိုအိမ်တော်ထိန်းလည်း ပြန်ဆုတ်သွားပြီး ကောင့်ထ်ဝန်းက ရှုယီကို တည်ငြိမ်စွာ ကြည့်လာသည်။
“ဥက္ကဌရှု ခင်ဗျားက ဒီကို ကျုပ်နဲ့အတူ ညှိနှိုင်းဖို့ ရောက်နေတာလား?”
ရှုယီမှာ အသာအယာပြုံးလေသည်၊ “အရှင်ကောင့်ထ်က တကယ်ကို ထက်မြတ်တဲ့လူပဲ။ ဟုတ်ပါတယ် ကျုပ်အထင် အရှင်ကောင့်ထ် အနေနှင့် လက်ရှိ အခြေအနေက ကျုပ်တို့ နှစ်ဘက်စလုံးအတွက် မကောင်းတာကို သိလောက်မှာပါ။”
ကောင့်ထ်ဝိန်က အလေးအနက်အသံဖြင့်ဆိုသည်၊ “မင်းက ဘာလုပ်ချင်တာလဲ?”
“ရှင်းပါတယ် ကျုပ်တို့ ရပ်လိုက်လို့ရတယ်” ရှုယီမှာ လက်များကို ဖြန့်လိုက်သည်၊ “တိုက်ပွဲကို ဆက်လုပ်တာက ကျုပ်တို့အတွက် အကျိုးမရှိမှတော့ ရပ်ဖို့ ရွေးချယ်သင့်တာပေါ့”
“မင်း ပြောတာနဲ့ပဲ ငါတို့က ရပ်ရမှာလား?” ကောင့်ထ်ဝိန်မှာ နှာမှုတ်လိုက်လေသည်၊ “မင်းတို့ လက်အောက်ငယ်သားတွေက ငါ့နယ်မြေမှာ အတော်များများလုပ်ခဲ့ပြီးတာကို မင်းကို မေ့လိုက်ချင်ရုံလေးလုပ်နေတယ်ပေါ့?”
ရှုယီက ခေါင်းခါပါ၏၊ “အရှင်ကောင့်ထ် ကျုပ် တတ်နိုင်သမျှ မြန်မြန်ပြန်ပြီး ကျုပ်ဇနီးနဲ့ ကလေးတို့နဲ့အတူ နှစ်သစ်ကို ကုန်ဆုံးချင်နေတာကြောင့် ခင်ဗျားကို စကားပြောရင်း အချိန်မဖြုန်းတော့ဘူး။ ကျုပ်ဒီတစ်ခေါက်လာတာ ခင်ဗျားနဲ့ စစ်ရပ်ဆိုင်းရေးသဘောတူညီမှုလုပ်ဖို့ပဲ သဘောတူရဲ့လား?”
ကောင့်ထ်ဝိန်၏ အမူအရာက ရှုယီ၏ မယဉ်ကျေးသော စကားများကြောင့် တွန့်ရှုံ့ကာ မျက်နှာပင် နီလာတော့သည်။ သူဟာ ဒေါသကို ဖွင့်ဟလိုက်ချင်သော်လည်း ရှုယီ၏ တည်ငြိမ်နေပုံကိုမြင်သော် အနှီဒေါသကို ဖွင့်ထုတ်ခြင်းက အဓိပ္ပာယ်မရှိကြောင်း သိလေသည်။
စဉ်းစားကြည့်လိုက်ပြီးနောက် ကောင့်ထ်ဝိန်လည်း စိတ်ထဲရှိ ဒေါသကို ဖိနှိပ်လျက် အေးစက်စက်နှာမှုတ်ကာ ဆိုသည်၊ “ဟုတ်ပြီလေ ဒီစစ်ဆိုင်းရေးကို သဘောတူတယ်။ ဒါပေမယ့် ဥက္ကဌရှု ခင်ဗျား ကျုပ်နယ်မြေမှာ အဆုံးအရှုံးတွေ ဖြစ်စေခဲ့တာကြောင့် လျော်ကြေးနည်းနည်းပြန်ပေးသင့်တယ်မထင်ဘူးလား?”
ရှုယီက တဖန်ခေါင်းခါလိုက်သည်၊ “အရှင်ကောင့်ထ် ခင်ဗျားအထင်လွဲနေပြီ။ ခင်ဗျားကမှ ကျုပ်တို့ရဲ့ ဆုံးရှုံးမှုတွေကို လျော်သင့်တာလေ ကျုပ်တို့က ခင်ဗျားရဲ့ဆုံးရှုံးမှုကို လျော်ရမှာမဟုတ်ဘူး။”
“ဟာသပဲ!” ကောင့်ထ်ဝိန်မှာ ဒေါသဖြစ်ကာ ထခုန်မိလေသည်၊ “ငါ့ရဲ့ လက်အောက်ငယ်သားတွေက မင်းတို့နယ်မြေထဲကို ခြေတစ်လှမ်းတောင် မလှမ်းရသေးတာ ဘာဆုံးရှုံးမှုရှိမှာလဲ?”
“ရှိတာပေါ့။ ကျုပ်နယ်မြေကို ပို့ဆောင်ရမယ့် ရင်းမြစ်အတော်များများ နှောင့်နှေးကုန်တာကြောင့် ကျုပ်လုပ်ငန်းစုရဲ့ ထုတ်ကုန်တွေအားလုံး နှောင့်နှေးပြီး ဒီကနေ ဆုံးရှုံးမှုကြီးတွေခံစားနေရပြီ။ အရှင်ကောင့်ထ် ဒီမှာ လျော်ကြေးရှိလောက်မယ်ထင်လား?”
“-ျီးထုတ်ပဲ!” ကောင့်ထ်ဝိန်မှာ နောက်ဆုံးတွင် မနေနိုင်အောင် ဆဲရေးမိလိုက်၏၊ “မင်းက ငွေနည်းနည်းလောက် လျော့ပြီးဝင်တာလေ ဒါပေမယ့် ငါကျတော့ရော? ငါ့လူတွေ ဘယ်နှယောက်တောင် သေသွားခဲ့လဲ?”
“ခင်ဗျားက ဒီစစ်ပွဲကို စတင်ခဲ့တာကြောင့် ဆုံးရှုံးမှုကို ခံနိုင်သင့်တယ်။ ဒါက ကျုပ်နဲ့မဆိုင်ဘူး။” ရှုယီက အေးစက်စက်ဆိုသည်၊ “အရှင်ကောင့်ထ် ခင်ဗျားသာ ကျုပ်ရဲ့အခြေအနေတွေကို လက်ခံဖို့ ဆန္ဒရှိမယ်ဆိုရင် အရမ်းကို ရိုးရှင်းပါတယ်။ ကျုပ်ဆီမှာ ကုန်စည်တွေကို သယ်ယူဖို့နဲ့ ထုတ်ကုန်တွေပို့ဖို့ တခြားနည်းလမ်းတွေအများကြီးရှိပေမယ့် တခြားအရှင်သခင်တွေရဲ့ တိုက်ခိုက်မှုတွေကို ရပ်ဖို့ ခင်ဗျားဆီမှာ နည်းလမ်းရှိလား?”
ကောင့်ထ်ဝိန်က ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမှ မဆိုနိုင်လိုက်ချေ။
တစ်အောင့်ကြာပြီးနောက် သူဟာ ထိုင်ခုံ၌ ပြန်ထိုင်ချကာ ရှုယီကို စိတ်ဓာတ်ကျနေဟန်ဖြင့် ပြောလိုက်ပါ၏၊ “ကောင်းပြီ မင်းရဲ့အခြေအနေတွေကိုပြော......”
ရှုယီမှာ အသာပြုံးလေသည်၊ “အရမ်းကောင်းတယ် အရင်ဆုံး ကျုပ် ပိုကြီးတဲ့ အပိုင်စားနယ်မြေတစ်ခုကို တောင်းဆိုချင်တယ်.....”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၀။ စတက်တိန်းနယ်မြေကို ဖုံးအုပ်ထားသည့် ဦးထုပ်
ကောင့်ထ်ဝိန်မှာ ရှုယီ ချပြလာသည့် မည်သည့်အခြေအနေကိုမှ ငြင်းပယ်နိုင်ခြင်းမရှိပေ။
အကြောင်းမှာ ၎င်းတို့၏ စစ်ပွဲအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ အဆုံးအရှုံးများကို ခံနိုင်ရည်ရှိပြီး ဖြေရှင်းမည့်နည်းလမ်းများကို မည်သည့်အခက်အခဲမှ မရှိဘဲ ရှာတွေ့ခဲ့သော်လည်း သူကတော့ ဤဆုံးရှုံးမှုများကို လုံးဝခံနိုင်ရည်မရှိပေ။
သူဟာ ကောင့်ထ်ဖရန်နှင့် အခြားအရှင်သခင်များကို အနိုင်ယူခဲ့သောကြောင့် သူ၏လက်အောက်တွင် စစ်သည်သုံးသောင်းကျော်ရှိခဲ့သည်။ စစ်သည်များနှင့် ပတ်သက်လာလျှင် သူဟာ ဒုခ် စတက်တိန်းအောက်၌ ရှိရုံဖြစ်သော အရှင်သခင်များအနက်တစ်ဦးပါပင်။
၎င်းတို့သာ တိုက်ပွဲအင်အားကို ယှဉ်ကြည့်လျှင် သူဟာ ဒုခ် စတက်တိန်းကိုပင် ကျော်လွန်နိုင်သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းအား ဆန့်ကျင်သည့် တိုက်ပွဲတွင် သူ့အနေနှင့် ၎င်းတို့ကို လုံးဝမကိုင်တွယ်နိုင်ကြောင်း သိလိုက်ရသည်။
ရှုယီ၏ အပိုင်စားနယ်မြေကို မတိုက်ခိုက်နိုင်ခြင်းအား မဆိုထားနှင့် Frestech ကုန်သည်ကြီးများအသင်းကို ပိတ်ဆို့ခြင်းပင် မလုပ်နိုင်သလို Frestech ကုန်သည်ကြီးများအသင်း လွှတ်လိုက်သည့် အဖွဲ့လေးတစ်ခုကိုပင် ကိုင်တွယ်နိုင်ခြင်းမရှိပေ။
ဟာ့ထ် ဦးဆောင်သည့် လူသားစစ်သည် ငါးရာမှာ ကောင့်ထ်ဝိန်၏ နယ်မြေထက်ရှိ အရာရာတိုင်းကို ဖျက်ဆီးကာ ကောင့်ထ်ဝိန်အား လက်ရွေးစင်စစ်သည်ထောင်နှင့်ချီ ဆုံးရှုံးစေခဲ့သလို အရေးကြီးအထောက်အပံ့များလည်း ပါသည်။
နှစ်ဘက်စလုံးက ဤကဲ့သို့ ဆက်လက်တိုက်ခိုက်နေလျှင် ကောင့်ထ်ဝိန်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အစောင့်ငါးရာလေးကြောင့် သေသည်အထိ ညှင်းပန်းခံရမည်ဟု ယုံကြည်လေ၏။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းနှင့် တိုက်ခိုက်ခြင်းမှ လာသည့် အရေးအပါဆုံး ဆုံးရှုံးမှုမှာ သူ့အား စစ်ဘက်သုံးမှော်စက်များကို ထပ်မံ ထောက်ပံ့ခံရခြင်း မရှိတော့ခြင်းပင်။
Frestech ကုန်သည်ကြီးများအသင်းနှင့် တိုက်ခိုက်နေစဉ်တွင် တောင်ဘက်ရှိ အရှင်သခင်လေးပါးက ယခင်က ကောင့်ထ်ဝိန် ရယူခဲ့သည့် အပိုင်စားနယ်မြေကို ဆက်လက်တိုက်ခိုက်နေခဲ့ကြသည်။
အစပိုင်းတွင် ကောင့်ထ်ဝိန်မှာ အလွယ်လေးခုခံကာ ပြန်လည်တိုက်ခိုက်နိုင်ခဲ့၏။
သို့သော် အနီးကပ်တိုက်ခိုက်မှုများစွာ လုပ်ပြီးနောက် ကောင့်ထ်ဝိန်မှာ ပြင်းထန်သည့် ပြဿနာတစ်ခုတွေ့လိုက်ရလေသည်။
သူဟာ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်နေခဲ့ခြင်းကြောင့် သူ၏ စစ်ဘက်သုံးမှော်စက် အထောက်အပံ့မှာ ဆုံးရှုံးသွားတော့သည်။ တိုက်ခိုက်ခြင်းမှ သုံးစွဲမှုကြီးကိုပါ ထည့်ပေါင်းလိုက်သော် သူ၏ စစ်ဘက်သုံးမှော်စက်အထောက်အကူများနှင့် မည်မျှ ကြာအောင်အထိ ဆက်လက်တိုက်ခိုက်နိုင်မည်မှန်းမသိချေ။
ခန့်မှန်းခြေအရ သူ့အနေနှင့် အထောက်အပံ့များကို လက်ထဲ၌ တစ်ပတ်ကြာမျှသာ ထိန်းထားနိုင်တော့သည်။
သူနှင့် မတူညီစွာ သူတိုက်ခိုက်နေသည့် အရှင်သခင်လေးပါးထံ၌ စစ်ဘက်သုံးမှော်စက်ပမာဏကြီး တစ်ခုသိုလှောင်ထားပါ၏။
စစ်ဘက်သုံးမှော်စက်များ၏ ဆုံးရှုံးမှုနှင့် အရှင်သခင်လေးပါးက ၎င်းတို့ကို အသုံးပြုနိုင်ဆဲဖြစ်ကြောင်းအား စဉ်းစားမိချိန်တွင် ကောင့်ထ်ဝိန်၏ စိတ်နှလုံးမှာ အေးစက်သွားတော့သည်။
သူ့အနေနှင့် လက်ရှိတွင် စစ်သည်များလက်ထဲရှိ စစ်ဘက်သုံးမှော်စက်များက မည်မျှ သန်မာလှသည်ကို စတက်တိန်းနယ်မြေ၏ မည်သည့် အရှင်သခင်ထက်မဆို ကောင်းကောင်းပါသိပါ၏။ ဤအခြေအနေရောက်လာသည်နှင့် သူ၏ လက်အောက်ငယ်သားများမှာ ထိုအရှင်သခင်လေးပါး၏ တိုက်ခိုက်မှုကို ခံနိုင်တော့မည်မဟုတ်ပေ။
သူသာ မည်သည့် စစ်ဘက်သုံးမှော်စက်ကိုမှ မရနိုင်ပါလျှင် ဆက်တိုက် ဆုတ်ခွာရုံသာတတ်နိုင်မည်။ သူ့အနေနှင့် သူ၏ သိမ်းယူထားသည့် နယ်မြေမှ ဆုတ်ခွာရမည်ဖြစ်ရုံသာမက သူ့အနေနှင့်..... မဟုတ် ထိုအရှင်သခင်လေးပါးက လက်လျှော့မည်မဟုတ်ရာ သေချာပေါက် သူရှုံးနိမ့်သွားသည်အထိ တိုက်ခိုက်ကြလိမ့်မည်။
ကောင့်ထ်ဝိန်မှာ ဤအခြေနေကို သေချာသိသဖြင့် ရှုယီက ညှိနှိုင်းဖို့မလာပါလျှင်တောင် ရှုယီနှင့် ညှိနှိုင်းကြည့်ဖို့ အတွေးရှိထားပါ၏။
ရှုယီပေးလာသည့် အခြေအနေများက အင်မတန် လွန်ကျူးနေသော်လည်း သူ၏ နယ်မြေအားလုံးကို အရှင်သခင်လေးပါးထံအပါခံကာ မိမိအသက်ကိုဆုံးရှုံးရမည်နှင့်စာလျှင် ၎င်းကို လက်ခံဖို့ များစွာ ပို၍လွယ်ကူပေသည်။
ရှုယီအနေနှင့် ဤအခြေအနေများပေးလာချိန်တွင် ကောင့်ထ်ဝိန်စဉ်းစားခြင်းမပြုဖူးသလို အိပ်မက်ပင်မမက်ဖူးသည့် အခြေအနေကိုပါ ပေးခဲ့သည်။
ကောင့်ထ်ဝိန်က ရှုယီပေးသည့် အခြားအခြေအနေများကို သဘောတူနေသရွေ့ Frestech ကုန်သည်ကြီးများအသင်းမှာ ကောင့်ထ်ဝိန်ကို အရေးကြီး ပါတနာများစာရင်း၌ ပထမထားမည်ဖြစ်သည်။ ၎င်းတို့မှာ စစ်ဘက်သုံးမှော်စက်များ၌ သူ့ကို ဦးစားပေးကာ စစ်ဘက်သုံးမှော်စက်အသစ်များစွာအတွက် အခွင့်အလမ်းပါပေးမည်ဖြစ်သည်!
ဤအခြေအနေကိုကြားသော် ရှုယီပေးလာသည့် အခြားအခြေအနေများကြောင့် ဖြစ်ခဲ့သည့် ကောင့်ထ်ဝိန်၏ ဒေါသမှာ ပျောက်ကွယ်သွားတော့သည်။ သူဟာ စဉ်းစားရန်သိပ်မကြာဘဲ ရှုယီ၏ အခြေနေအားလုံးကို သဘောတူလိုက်တော့သည်။
ရှုယီ ဖော်ပြခဲ့သော 'အရေးကြီးပါတနာ'ဟူသည့် ဆိုလိုရင်းမှာ စတက်တိန်းနယ်မြေ၏ အရှင်သခင်များထံ စစ်ဘက်သုံးမှော်စက်များ ထောက်ပံ့ပေးရာတွင် သူ့အနေနှင့် ကောင့်ထ်ဝိန်ကို ဦးစားပေးကာ အခြားအရှင်သခင်များကို နောက်၌ထားမည်ဖြစ်၏။
၎င်းက ကောင့်ထ်ဝိန်အနေနှင့် အခြားအရှင်သခင်များကို ရင်ဆိုင်ရသောအခါ လက်နက်အရာတွင် တစ်ဖန်အားသာနေမည်ဖြစ်သည်။
စစ်ဘက်သုံးမှော်စက်များ၌ အားသာချက်ရှိနေသရွေ့ စတက်တိန်းနယ်မြေ၏ အခြားအရှင်သခင်များက မည်သို့များ သူ၏ ပြိုင်ဘက် ဖြစ်နေတော့မည်နည်း?
အခြားအရှင်သခင်များကို အနိုင်ယူနိုင်နေသရွေ့ ရှုယီ ဦးစားပေးဖော်ပြလာသည့် အခြေအနေများကို သဘောတူသည်က မည်သို့ အရေးကြီးပါမည်နည်း?
ထို့ကြောင့် ကောင့်ထ်ဝိန်နှင့် ရှုယီတို့မှာ ပျော်ပျော်ရွှင်ရွှင်ဆွေးနွေး၍ အကြိုအပစ်အခတ်ရပ်စဲခြင်းသဘောတူညီမှု ပြုလုပ်ခဲ့ကြသည်။
အပစ်အခတ်ရပ်စဲခြင်းသဘောတူညီမှုအရ နှစ်ဘက်စလုံး ရပ်တန့်လိုက်ပြီးတောက်တွင် ကောင့်ထ်ဝိန်မှာ မြောက်ဘက်ရှိ အခြား စတုရန်း ခြောက်ရာကီလိုမီတာမြေကွက်ကို ရှုယီထံ ပေးအပ်ကာ ထိုမြေပေါ်က လူများကိုပါ ချန်လှပ်၍ အားလုံး အပြည့်အဝကို ပေးအပ်လိုက်ရမည်ဖြစ်သည်။
၎င်းနယ်မြေနှင့် ရှုယီ၏ ကိုယ်ပိုင်နယ်မြေတို့မှာ စတက်တိန်းနယ်မြေ မြောက်ဘက်အထိ နယ်မြေအရှည်ကြီးဖြစ်လာသည်။
ဤမြေကွက်မှာ အနောက်ဘက် အဆုံးမဲ့ပင်လယ်ကို မျက်နှာချင်းဆိုင်ကာ စတက်တိန်းနယ်မြေနှင့် အရှေ့ဘက် ရူဒ်ဆန်တိုင်းပြည်ကို နယ်နမိတိထိစပ်နေသည်။ မြေပုံတစ်ပုံပေါ်၌ ကြည့်လိုက်ပါလျှင် ၎င်းက စတက်တိန်းနယ်မြေထိပ်ဖျား၌ ဦးထုပ်တစ်လုံးကဲ့သို့ စတက်တိန်းနယ်မြေ၏ မြောက်ဘက်အပိုင်းကို ဖုံးအုပ်ထားမည်ဖြစ်သည်။
သို့သော် ကောင့်ထ်ဝိန်ကမူ ၎င်းကို လုံးဝဂရုမစိုက်ချေ။
စတက်တိန်းနယ်မြေမှာ ပထဝီဝင်အနေအထားကြောင့် အင်မတန် အဟန့်အတားဖြစ်ခဲ့သည်။ ၎င်းထံ၌ အခြားနိုင်ငံများနှင့် ချိတ်ဆက်ရန် နည်းလမ်းအနည်းငယ်မျှသာရှိသဖြင့် မြောက်ပိုင်းတစ်ခုလုံးကို ပိတ်ဆို့ထားလျှင်တောင် ကောင့်ထ်ဝိန်ကို လုံးဝ မထိခိုက်စေပေ။
ဤနယ်မြေက အမည်အရ စတက်တိန်းနယ်မြေအပိုင် ဖြစ်နေဆဲဖြစ်သည်ကို မဆိုထားနှင့်။ စတက်တိန်းနယ်မြေသားများသာ မြောက်ပိုင်းရှိ ဆန်နက်မြေရိုင်းကို ဝင်ရောက်လိုလျှင် ရှုယီလည်း မညည်းညူနိုင်ပေ။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းထံ၌ လူအကန့်အသတ်ရှိ၏။ ၎င်းတို့ထံ၌ ၎င်းတို့၏ ယခင်နယ်မြေကို ကာကွယ်ရန် မည်သည့်ပြဿနာမှမရှိသော်လည်း အကာအရံအဖြစ် သဘာဝကျုံးမရှိသည့် ဤနယ်မြေအရှည်ကြီးကို ကာကွယ်ရန်မှာ အခြေခံအရ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကောင့်ထ်ဝိန်အနေနှင့် ဤအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ထိုးချိန်တွင် အင်မတန် စိတ်လက်အေးဆေးနေတော့သည်။
သူ့အတွက် ရှုယီမှာ နယ်မြေရှိ လူအားလုံးကို လိုချင်ပါလျှင်တောင် မည်သို့သော ခြိမ်းခြောက်မှုမှ မဖြစ်စေသလို အားပင် နည်းသွားစေနိုင်၏။
ကောင့်ထ်ဝိန်အနေနှင့် သူ၏နယ်မြေပေါ်ရှိ လူများကို သေချာသိသည်။
တိုက်ခိုက်နိုင်သူများအား သူ၏စစ်တပ်သို့ စုဆောင်းပြီးဖြစ်ရာ ကျန်လူများမှာ ဖျားနာ၊ အသက်ကြီး၊ လူငယ်လေးများနှင့် မိန်းမများသာဖြစ်သည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားကို တိုးလာစေမည်မဟုတ်ပင် အားသာနည်းစေလိမ့်မည်။
ရှုယီက သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည့် ထိုအသုံးမဝင်သူများကို ထိန်းသိမ်းထားမည်ဖြစ်၏။
ရှုယီ မထွက်သွားခင်တွင် ကောင့်ထ်ဝိန်က လေးလံနေဟန်ဖြင့် ရှုယီအား ထိုပြည်သူများကို ဂရုစိုက်ပေးဖို့ပါ ပြောလိုက်သေးသည်။
ရှုယီ သဘောတူလိုက်ချိန်၌ ကောင့်ထ်ဝိန်မှာ စိတ်ထဲ မနေနိုင်ဘဲ ရယ်မောမိသည်။
ဤရှုယီမှာ တကယ်ကိုပင် သူ့အား အသာစီးရနေသည်ဟု ထင်မှတ်နေသည်လား? တကယ်ကို ဟာသပါပင်!
“အဲဒီ့ ကောင့်ထ်ဝိန်က သူ အတော်လေး ရလိုက်တယ် ထင်နေလောက်တယ်။” ရှုယီမှာ နံဘေးရှိ ခမ်နက်ဒ်ထံ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လွှဲပေးလိုက်၏၊ “တိုက်ခိုက်ဖို့ပဲ တွေးနေတဲ့အဲ့လူက ငါ့အနေနဲ့ ဒီနယ်မြေကိုရယူတာက တိုက်ခိုက်ချင်တာ မဟုတ်တာကိုတောင် မစဉ်းစားမိဘူး။”
“ဘယ်လိုလုပ် သူ့လိုလူက ဥက္ကဌရဲ့ အတွေးတွေကို နားလည်မှာလဲ?” ခမ်နက်ဒ်က ရယ်မောလိုက်ပြီးနောက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြည့်လိုက်သည်။ သူက ခေါင်းငြိမ့်၍ ပြော၏၊ “အရမ်းကောင်းတယ် ဥက္ကဌ ဒီလိုဆိုရင် ကျွန်တော်တို့ပိုင်နက်က ဆန်နက်မြေရိုင်းနဲ့ ချိတ်ဆက်သွားနိုင်ပြီး လရိပ်မျိုးနွယ်စုကို ဖုံးအုပ်သွားသလို အရှေ့ဘက် ရူဒ်ဆန်တိုင်းပြည်နဲ့လည်း ဆက်သွားပြီ။ စထရူလမ်းမ အပြီးသတ်ပြီးတာနဲ့ ကျွန်တော်တို့လုပ်ငန်းစုရဲ့ ထုတ်ကုန်တွေလည်း ရူဒ်ဆန်တိုင်းပြည်နဲ့ နယ်မြေကြီးရဲ့ တခြားနေရာတွေကို အလွယ်လေး ဝင်ရောက်နိုင်လိမ့်မယ်။”
“အဲဒါက အရေးအကြီးဆုံးမဟုတ်သေးဘူး လမ်ပူရီတိုင်းပြည်ရဲ့ အခြေအနေက ပြောင်းလဲသွားတော့ ငါတို့လုပ်ငန်းစုအတွက် အကြီးမားဆုံး အဟန့်အတားမရှိတော့ဘူးလေ။ နယ်မြေကြီးကိုဖြတ်သန်းပြီး ပို့ဆောင်ဖို့က ပြဿနာမဟုတ်ဘူး။ အချိန်အများစုမှာ လမ်ပူရီတိုင်းပြည်ကို ဖြတ်သန်းသွားဖို့က အဆင်ပြေသွားပြီ။ ဒီနယ်မြေကို တောင်းဆိုခဲ့တာက အဓိကအနေနဲ့ ငါတို့ဆီမှာရှိတဲ့ နယ်မြေနဲ့ ဆန်နက်မြေရိုင်းတို့ ချိတ်ဆက်မှုနဲ့ ဆက်စပ်နေတယ်၊ ဒီလိုနဲ့ တစ်ခုလုံး တိုးတက်အောင်လုပ်ဖို့ ပိုလွယ်သွားပြီလေ။” ရှုယီက ဆိုသည်။
ရှုယီက လမ်ပူရီတိုင်းပြည်၏ အတွင်းပိုင်းအခြေနေကို ပြောလာသည်အားကြားသော် ခမ်နက်ဒ်မှာ တုံ့ဆိုင်းစွာဖြင့် ရှုယီကို ကြည့်လျက် မေးလိုက်၏၊ “ဥက္ကဌ ဘာလို့ ဘုရင်မဆယ်ဗီနီရဲ့ နန်းတက်ပွဲအခမ်းအနားကို တက်ဖို့ ဆန္ဒမရှိရတာလဲ? ကျွန်တော်တို့လုပ်ငန်းစုက သေချာပေါက် အနာဂတ်မှာ လမ်ပူရီတိုင်းပြည်နဲ့ ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေးထဲတင်ရောက်ရမှာဆိုတော့ ဘုရင်မနဲ့ ဆက်ဆံရေးကိုသုံးဖို့က ကျွန်တော်တို့အတွက် အရမ်းကို အထောက်အကူဖြစ်တယ်လေ။”
ရှုယီက လမ်ပူရီတိုင်းပြည်ရှိရာဘက်လှည့်ကာ တဖြည်းဖြည်းခေါင်းခါသည်၊ “ဒါကို ငါတဇွတ်ထိုးလုပ်နေတာလို့ပဲ သတ်မှတ်လိုက်ပါ။”
ရှုယီ၏ အသံထဲမှ ရှုပ်ထွေးနေပုံကိုကြားသော် ခမ်နက်ဒ် နားလည်သွားသည်။ သူက ရှုယီကိုကြည့်ကာ တစ်ချက်ပြုံးပြ၏။
“ဟုတ်ပါပြီ ဒါက ဥက္ကဌဆီက ရှားရှားပါးပါးတဇွတ်ထိုးလုပ်မှုဆိုတော့လည်း ဘာကိုမှ မပြောတော့ပါဘူး။”
ရှုယီက သူ၏ ပခုံးကို အပြုံးဖြင့်ပုတ်လိုက်သည်၊ “ဟုတ်ပြီ ငါ တဇွတ်ထိုးလုပ်လို့ရပေမယ့် မင်းကတော့ မရဘူး။ နောက်ကျနေပြီ မင်းမြန်မြန် အန်ဗီမာမြို့တော်ကို ပြန်သင့်တယ်။ ကောင့်ထ်အန်မာက သေချာပေါက် မင်း အိမ်ပြန်လာတာကို စောင့်နေမှာပဲ။ မင်းကို ငါဒီမှာဆက်ထားရင် ကောင့်ထ်အန်မာလည်း သေချာပေါက် ငါ့ကို လာညည်းလိမ့်မယ်။”
ခမ်နက်ဒ်က ခေါင်းခါသည်၊ “အဖေက အမြဲကျွန်တော် ခင်ဗျားဘက်ရှိနေဖို့ ထောက်ခံနေတာပါ၊ ကျွန်တော် နှစ်သစ်ကူးအတွက် မသွားရင်တောင် ဘာမှ ပြောမှာမဟုတ်ဘူး။ တကယ်တမ်း ဥက္ကဌအကြောင်း ညည်းမယ့်လူက ဆိုဖီယာပဲ.....”
'ဆိုဖီယာ'ဟူသည့် အမည်ကိုကြားသော် ရှုယီ ခါးသက်သက်ပြုံးလိုက်သည်။
“ဆိုဖီယာက စေ့စပ်ပြီးသားမဟုတ်လား? သူမအနေနဲ့ ငါ့ကို စိတ်ကူးယဉ်လိုပဲ သတ်မှတ်ဖို့ပြောလိုက်ပါ။ ငါ့ကို မေ့လိုက်တာက အကောင်းဆုံးပဲ။ ဒါက သူမအတွက် ပိုကောင်းလိမ့်မယ်။”
“သူမသာ ဒီတိုင်း မေ့လိုက်လို့ပြောတာနဲ့ မေ့နိုင်ရင်ဘယ်လောက်ကောင်းမလဲ။” ခမ်နက်ဒ်က သက်ပြင်းချသည်၊ “ဥက္ကဌ ကျွန်တော် ဆိုဖီယာရဲ့ အကျင့်စရိုက်ကို သေချာသိတယ်။ သူမက သူမ ဂရုစိုက်တဲ့ အရာတွေအတွက် တခြားလူတွေထက် အများကြီးပိုပြီး အလေးအနက်ထားတတ်တယ်။ သူမသာ ဒါကြောင့်နဲ့ တစ်ခုခု ထိတ်လန့်စရာလုပ်လိုက်ရင် အဲ့လောက်မထူးဆန်းပါဘူး။”
ရှုယီက ခမ်နက်ဒ်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။၊ “သူမက ဘာလုပ်ချင်လို့လဲ?”
ခမ်နက်ဒ်က ခေါင်းခါကာ၊ “ကျွန်တော်လည်း မခန့်မှန်းနိုင်လို့ ဖြစ်နိုင်ချေကို သတိပေးချင်ရုံပဲလေ။”
ရှုယီက စဉ်းစားကာ မျက်မှောင်ကုပ်၍ ခေါင်းခါသည်။
မိန်းကလေးတစ်ဦး၏ အတွေးများအား သူ မပြောနှင့် လောကရှိ လူအများစုပင် မခန့်မှန်းနိုင်ပါချေ။
သို့သော် ဆိုဖီယာမှာ ရဲတင်းလျှင်တောင် တကယ်တမ်းမည်သည်ကို လုပ်နိုင်မည်နည်း?