← Chapters

အခန်း (၁၂၁-၁၃၀)

Vol. 4 Ch. 121-130

အခန်း (၁၂၁-၁၃၀)

Vol. 4 Ch. 121-130

Vol 4, အခန်း ၁၂၁။ ပုံမှန်လက်တုံ့ပြန်မှု

“နာဗီလ်, ဆိပ်ကမ်းကို မြန်မြန်ကယ်ဖို့ပြင်တော့။” ရှုယီက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

နာဗီလ်လည်း ထိုအမိန့်ရပြီးနောက် သွားလိုက်၏။ ရှုယီမှာ မီးပင်လယ်ထဲဖုံးအုပ်နေသည့် ဆန်နက်ဆိပ်ကမ်းကို လှည့်ကြည့်ကာ ညာဘက်လက်က လက်ရန်းကို တင်းတင်းဆုပ်လျက် မျက်နှာထက် တုံ့ဆိုင်းဟန်ပေါ်လာသည်။

ဆန်နက်ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့သည့် အမည်မသိလူများကြားတွင် မှော်ပညာရှင်များစွာပါရှိသည်။ သူ့ကဲ့သို့ နဝမအဆင့်မှော်ပညာရှင်တစ်ဦးအနေနှင့် တခြားဘက်၏ မှော်ပညာရှင်များနှင့် ရင်ဆိုင်ရန် တိုက်ပွဲထဲ ဝင်သင့်ပေသည်။

သို့သော် မဟာမှော်ပညာရှင် ကမ်မီလာ၊ စတေးလ်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ လူများဖြစ်ကြသော ခမ်နက်ဒ်, ဟိန့်နှင့် အခြားလူများအားလုံးမှာ သူ တိုက်ပွဲထဲ ဝင်ရောက်မည်ကို ဆန့်ကျင်နေကြသည်။

၎င်းတို့၏ မျက်လုံးများထဲတွင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ အရေးအပါဆုံးသော ဥက္ကဌဖြစ်သည်။ သူဟာ စွမ်းအားကြီးနဝမအဆင့်မှော်ပညာရှင်ဖြစ်နေလျှင်တောင် အန္တရာယ်ကို ကိုယ်တိုင်တည့်တည့် တိုးမဝင်သင့်ပေ။

သူ့ထံ တစ်ခုခုဖြစ်ပွားလာပါလျှင် ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အကြီးမားဆုံးရိုက်ခတ်မှုဖြစ်လာလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအား စစ်ဘက်သုံးမှော်စက်များတပ်ဆင်ပေးထားသည့်ကို မဆိုထားနှင့်။ ၎င်းတို့အနေနှင့် မဟာမှော်ပညာရှင်ကမ်မီလာကဲ့သို့သော မဟာမှော်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ရပါလျှင်တောင် ဆက်တိုက် ထိန်းထားနိုင်မည်ဖြစ်ဆဲပင်။ ဤမှော်ပညာရှင်အနည်းငယ်သာပါရှိသည့် ရန်သူအဖွဲ့လေးက ၎င်းတို့၏ ပြိုင်ဘက်မဟုတ်ချေ။

ထိုသို့စဉ်းစားရင်း ရှုယီမှာ လက်ကိုဖြေလျက် ကိုယ်တိုင်ဝင်ပါမည့် အတွေးကိုလက်လျှော့လိုက်သည်။ သူဟာ နာဗီလ်၏ အမိန့်အောက်မှ မှော်မြန်နှုန်းမြင့်လှေများပေါ် ခုန်တက်သွားကြကာ လှိုင်းတံပိုးများကို အရှိန်ဖြင့်ဖြတ်လျက် ဆန်နက်ဆိပ်ကမ်းဆီဦးတည်သွားကြသည့် စွင့်ကားတောင်ပံ၏အဖွဲ့သားများနှင့် လူသားအစောင့်များကိုကြည့်နေလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ တိုက်ပွဲထဲမဝင်ရောက်ခင်က ဆန်နက်ဆိပ်ကမ်းရှိ ရန်သူများမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီး ဆန်နက်ဆိပ်ကမ်းမှာ လုံးဝပြန်မတိုက်နိုင်ခဲ့ချေ။

သို့သော် မှော်မြန်နှုန်းမြင့်လှေများထဲသို့ရောက်ရှိနေကြသည့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ ကမ်းရိုးတန်းဆီမရောက်မီတွင် ဆိပ်ကမ်းကို မြားမိုးများဖုံးအုပ်သွားပါ၏။

ဤမြားမိုးထဲတွင် မည်သည့် မျက်ကွယ်နေရာမှ မရှိဘဲ ဆက်တိုက်ကျဆင်းနေတော့သည်။

ဆိပ်ကမ်းရှိ ရန်သူများမှာ လုံးဝမရှောင်တိမ်းနိုင်ဘဲ မိနစ်အနည်းငယ်အတွင်း၌ပင် ရိတ်သိမ်းခံလိုက်ရသည့် ဂျုံပင်များကဲ့သို့ လဲကျကုန်၏။

ပထမဆုံး‌အသေးစားမှော်မြန်နှုန်းမြင့်လှေက ဆိပ်ခံတံတား၌ ရပ်လိုက်ချိန်တွင် ဆိပ်ကမ်းရှိ ရန်သူများမှာ အရှိန်လျော့သွားကာ ၎င်းတို့ကိုယ်တိုင်အတွက် အကာများပြေးရှာကြတော့သည်။

သို့ရာ၌ အနှီရန်သူများအနေနှင့် အစဉ်အလာအရ အကာများက မြှားများ၏ဒဏ်မှ ဟန့်တားပေးနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက အနက်ရောင်ဆလင်ဒါများကိုထုတ်၍ လောင်စာခန်းကို ပစ်မည်ဟု မစဉ်းစားမိခဲ့ကြချေ။ ထို့နောက် ပေါက်ကွဲမှုတစ်ခုနှင့်အတူ မီးလုံးများက ဆလင်ဒါမှထွက်လာကာ နားပင်းလောက်သည့် အားဖြင့် ပေါက်ကွဲထွက်သွားတော့သည်။

အကာမှာ တစ်စစီဖြစ်သွားရုံသာမက အကာနောက် ပုန်းကွယ်နေကြသည့် ရန်သူများပင် ပေါက်ကွဲကုန်သည်။

ရှုယီလည်း တစ်အောင့်ကြာကြည့်နေပြီးနောက် မှန်ဘီလူးကိုချထားလိုက်သည်။

စစ်ဘက်သုံးမှော်စက်ပမာဏများစွာနှင့် အတိုက်အခိုက်အတွေ့အကြုံများစွာတို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံ၌ နယ်မြေကြီးရှိတူညီသည့် စစ်သည်ပမာဏရှိသော စစ်တပ်အားလုံးကို ချေမှုန်းနိုင်သည့် တိုက်ပွဲအင်အားရှိပေသည်။

ဆန်နက်ဆိပ်ကမ်းကို ကျူးကျော်လာသည့် ရန်သူငါးရာကျော်နေလျှင်တောင် လက်နက်အပြည့်တပ်ဆင်ထားသည့် Frestech ကုန်သည်ကြီးများအသင်းအစောင့် တစ်ရာမှာ ထိုရန်သူငါးရာကို ကလေးများသဖွယ်ရှင်းလင်းနိုင်ပေသည်။ ၎င်းတို့မှာ လုံးဝပင် ခုခံနိုင်မည်မဟုတ်ပေ။

ပြန်လည်တိုက်ခိုက်နိုင်သူများမှာ ကျန်ရှိနေသည့် မှော်ပညာရှင်များသာဖြစ်သည်။

သို့သော် ထိုအစောင့်များထံရှိ စွမ်းအားကြီးစစ်ဘက်သုံးမှော်စက်များကို မြင်သော် မှော်ပညာရှင်များက ထွက်ပြေးရန် အခွင့်အရေး အမြန်ယူကြတော့သည်။ တိုက်ပွဲတစ်ဝက်မျှကြာပြီးနောက်၌ မည်သည့် မှော်ပညာအသုံးပြုမှုမှမရှိတော့ချေ။

နာရီဝက်လေးအတွင်း ဆန်နက်ဆိပ်ကမ်းတိုက်ခိုက်မှုမှာ ပြီးဆုံးသွားရုံသာမက သတ်ဖြတ်နေသံများလည်း တဖြည်းဖြည်းရပ်သွားတော့သည်။

ရှုယီက လက်ယမ်း၍ စွင့်ကားတောင်ပံကို ဆက်သွားဖို့ အမိန့်ပေးလိုက်သည်။

စွင့်ကားတောင်ပံက ဆိပ်ကမ်းထဲဝင်လိုက်ချိန်တွင် ဆိပ်ကမ်းတစ်ခုလုံး မည်းချိတ်နေသည်ကို မြင်လိုက်ကြရာ ရှုယီမှာ မျက်မှောင်မကုပ်မိဘဲ မနေနိုင်‌တော့ပေ။

ဆန်နက်ဆိပ်ကမ်းကို သုံးပင်မသုံးရသေးခင်တွင် ဤသို့ပျက်စီးသွားရသည်။

ဘဏ္ဍာငွေ ဆုံးရှုံးမှုများမှာ အဆင်ပြေသော်လည်း အရေးကြီးသည့်အရာမှာ လူထု စိန်ခေါ်မှုဖြစ်သည်!

ရှုယီ၏ မျက်နှာက မှောင်မိုက်နေပြီး မျက်လုံးများက ဆိပ်ကမ်းရှိ အလောင်းများကို ဝေ့ဝဲကြည့်လိုက်သည်။

အရာအားလုံးကိုမြင်ပြီးနောက် ရှုယီမှာ အံ့မဩမိဘဲ မနေနိုင်တော့ပေ။

ရန်သူအလောင်းများတွင် သားရဲလူမျိုးများပါရှိနေ၏!

Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများက သားရဲလူမျိုးများကို တစ်ခါပြီးတစ်ခါ သုတ်သင်ခဲ့ကတည်းက Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ဝံ့သည့် သားရဲလူမျိုးဟူ၍ မရှိတော့ပေ။

လူသားများကို အမုန်းတီးဆုံး သားရဲလူမျိုးလွတ်လပ်ရေးတပ်ရင်းသည်ပင် ဆန်နက်မြေရိုင်းမှ ပျောက်ကွယ်သွားသည်မှာ အချိန်ကြာပြီဖြစ်၏။

ဤသားရဲလူမျိုးများက မည်သည့်နေရာမှ လာခဲ့ကြသနည်း? အဘယ့်ကြောင့် ဆန်နက်ဆိပ်ကမ်းကို တိုက်ခိုက်လာသနည်း?

ဤဆိပ်ကမ်းကို အသုံးပင်မပြုရသေးရာ အနှီသားရဲလူမျိုးများက မည်သည်အတွက် ဤနေရာကို လာတိုက်ရသနည်း?

အလောင်းတစ်လောင်းကိုကြည့်လိုက်သော် ရှုယီမှာ မနေနိုင်အောင် အံ့ဩ‌သွားတော့သည်။

ဤအလောင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းကို ဝတ်ဆင်ထားပါ၏!

ရှုယီ၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်ထင်လာပြီးနောက် မထိန်းနိုင်အောင် ဒေါသများအပြည့်ပေါ်လာတော့သည်။ သူဟာ နာဗီလ်ထံ ဟိန်းဟောက်လိုက်လေသည်၊ “ရှင်ကျန်နေတဲ့လူအားလုံးကို ကျုပ်အတွက်ရှာပေး!”

နာဗီလ် ရှုယီကို သိကျွမ်းလာသည်မှာ အတော်အတန်ကြာပြီဖြစ်သော်လည်း ဤသည်က ပထမဆုံးအကြိမ် ရှုယီဒေါသဖြစ်သည်ကို မြင်တွေ့ရခြင်းပင်။ သူဟာ သတိထားလိုက်ပြီးနောက် စွင့်ကားတောင်ပံ၏ အစောင့်များနှင့် အဖွဲ့ကို အမိန့်ပေးကာဆိပ်ကမ်းကို ရှာစေသည်။

ကံသီလှစွာ ဤဆိပ်ကမ်းကို ဆောက်လုပ်ချိန်က ရှုယီအနေနှင့် ဆန်နက်မြေရိုင်းအား စဉ်းစားခဲ့မိပြီး အန္တရာယ်ကို တွေးမိသဖြင့် ဆိပ်ကမ်း၌ လျှို့ဝှက်ခံတပ်တချို့ တည်ဆောက်ထားခဲ့သည်။

ရန်သူများတိုက်ခိုက်လာချိန်တွင် အလုပ်သမားအများစုနှင့် စီမံခန့်ခွဲရေးမှာ ပုန်းဖို့သွားခဲ့ကြသည်။ ထိုသားရဲလူမျိုးများက ၎င်းတို့ကို မရှာနိုင်ခဲ့သဖြင့် အများစု ရှင်ကျန်ရစ်ကြသည်။

သို့သော်ထိုသို့ဆိုပါလျှင်တောင် နောက်ဆုံးတွက်ကြည့်လျှင် ဤသားရဲလူမျိုးတိုက်ခိုက်မှု၌ သားရဲလူမျိုးတို့၏ ဓားသွားအောက်တွင် အလုပ်သမားကိုးဦး သေဆုံးခဲ့ရသည်။

ထိုအလုပ်သမားကိုးဦးတို့၏ အလောင်းများကိုမြင်သော် ရှုယီ၏ မျက်နှာက မှောင်မိုက်လာသည်မှာ မိုးပင်ရွာလို့ရနိုင်သည်။

သူ၏စိတ်၌ နောင်တတို့ဖြင့်ပြည့်နေ၏။

ဤဆိပ်ကမ်းက အန္တရာယ်များမည်ကိုသိသော်လည်း သူဟာ တဇွတ်ထိုးလုပ်ခဲ့သည်။ သူဟာ ခမ်နက်ဒ် တို့ ဟိန့်ဇ်တို့၏အ‌ကြံကို နားမထောင်ခဲ့ဘဲ ဤဆိပ်ကမ်းဆောက်ဖို့ အခိုင်အမာဖြစ်နေခဲ့၏။

ယခုတွင် အလုပ်သမားကိုးဦးမှာ ၎င်းတို့၏အသက်များကို ဆုံးရှုံးလိုက်ရသဖြင့် သူနှင့်သက်ဆိုင်နေပါ၏။

ထိုအလုပ်သမားကိုးဦး၏ အလောင်းများကို ကြည့်ရင်း ရှုယီမှာ အသက်ပြင်းပြင်းရှူ၍မျက်နှာက ပုံမှန်ပြန်ဖြစ်လာသည်။

ဤအလုပ်သမားမှာ သေဆုံနေပြီးသားဖြစ်ရာ အခုနောင်တရနေလည်း အဓိပ္ပာယ်မရှိတော့။ ရှုယီမှာ ကိစ္စများကို ဤသို့ကိုင်တွယ်ခွင့်မပြုချေ။

၎င်းနှင့်ယှဉ်လျှင် ပိုအရေးကြီးသည့်အရာမှာ ထိုအလုပ်သမားများအတွက် ကိစ္စများစီစဉ်ကာ.... လက်စားချေပေးခြင်းဖြစ်သည်!

ဆန်နက်ဆိပ်ကမ်း၏ တာဝန်ရှိသူမှာ ပုန်းကွယ်နေသဖြင့် ရှင်ကျန်နေခဲ့သည်။ ရှုယီက ၎င်းတို့ကို ခေါ်ထုတ်လျက် သေဆုံးပြီး အလုပ်သမားကိုးဦးကိုစုံစမ်းခိုင်းပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ စည်းမျဉ်းများအတိုင်း ထိုအလုပ်သမားကိုးဦးအတွက် ဆွေမျိုးသားချင်းထံ လျော်ကြေးများထောက်ပံ့စေလိုက်သည်။

“ဥက္ကဌ သူတို့ထဲက ငါးယောက်က ကျွန်တော်တို့ လုပ်ငန်းစုကမဟုတ်ပါဘူး အမ်ရစ်ကုန်သည်ကြီးများအသင်းကပါ။” တာဝန်ရှိသူက သဘောမတူပေ။

ရှုယီက သူ့အားအေးစက်စွာကြည့်လိုက်သည်၊ “အမ်ရစ်ကုန်သည်ကြီးများအသင်းက လူတွေက လူမဟုတ်ဘူးလား? သူတို့တွေ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးနေမှတော့ သူတို့ကိုလည်း တစ်ညီတည်းဆက်ဆံရမှာပေါ့!”

“ဒါပေမယ့် .... ဒါပေမယ့် သူတို့က အမ်ရစ်ကုန်သည်ကြီးများအသင်းကလေ၊ ကျွန်တော်တို့သာ ဒီလိုလုပ်မယ်ဆိုရင်.... စိုးရိမ်မိတာက....”

“ကျုပ် အမိန့်ကိုနားထောင်စမ်းပါ!” ရှုယီက စကားဖြတ်ပြောလိုက်သည်၊ “ကျုပ် ကိုယ်တိုင် ဥက္ကဌခရုစ်ကိုရှင်းပြပြီးပြီ ခင်ဗျားအနေနဲ့ ကျုပ်အမိန့်အတိုင်း သင့်တော်အောင် လျော်ကြေးပေးလိုက်ဖို့ပဲလိုတယ်။”

ရှုယီမျက်နှာထက်ရှိ အေးစက်စက်ဟန်ကိုမြင်သော် တာဝန်ရှိသူမှာ ခေါင်းကျိန်းသွားပြီး ချက်ချင်း သဘောတူညီကာ ခေါင်းငြိမ့်လေသည်။

ကိစ္စများဖြေရှင်းပြီးနောက် ရှုယီက သားရဲလူမျိုးအလောင်းနှစ်လောင်းအား သယ်စေကာ ဆန်နက်ဆိပ်ကမ်းရှိ အလတ်စားပို့ဆောင်ရေးမှော်ကားပေါ် တင်ခိုင်းလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ဆန်နက်မြေရိုင်းကို အမြန်‌ဖြတ်မောင်း၍ အရှေ့ဘက်သို့ ဦးတည်လိုက်တော့သည်။

ညရောက်လာချိန်တွင် ရှုယီမှာ မှော်ကားကို လမ်ပူရီတိုင်းပြည်၏ ဒုတိယစစ်တပ်စခန်းထဲသို့ မောင်းဝင်သွားလိုက်သည်။

စခန်းကိုစောင့်ကြပ်ရန် တာဝန်ရှိသည့် စစ်သည်နှစ်ဦးကို ဟန့်တားလာ၏။ ရှုယီက ခေါင်းထုတ်ကာ အေးစက်စက်ပြောလိုက်သည်၊ “ကျုပ်က ရှုယီပဲ။ ကျုပ်ဆီမှာ တပ်မှူးကို အမြန်ပြောဖို့လိုနေတဲ့ကိစ္စရှိတယ်လို့ ကူပြီးသတင်းပို့ပေးပါဦး။”

စစ်သားနှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် တစ်ဦးက အမြန် စခန်းဆီပြေး‌ဝင်သွားတော့သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ အနောက်ဘက်စစ်တပ်၏ အကြီးမားဆုံး ရိက္ခာများနှင့် လက်နက်များကိုထောက်ပံ့သူဖြစ်ရာ တပ်မှူးသည်ပင် ရှုယီကိုမြင်တွေ့ချိန်၌ ယဉ်ယဉ်ကျေးကျေးပြုမူသည်။

တစ်အောင့်ကြာပြီးနောက် အနောက်ဘက်စစ်တပ်၏ ဒုဗိုလ်ချုပ်ထွက်လာလေသည်။ ရှုယီကို မြင်တွေ့ပြီးနောက် သူဟာ ချက်ချင်းအပြုံးကြီးကြီးဖြင့် ရှေ့တိုးလာပါ၏။

နှစ်ဦးသား အချင်းချင်းနှုတ်ဆက်ပြီးနောက် ဒုဗိုလ်ချုပ်၏ မျက်လုံးများက ရှုယီနောက်ရှိ‌မှော်ကားထံ ကျရောက်သွားပြီး မျက်လုံးထဲ စူးစမ်းလိုဟန်များပြည့်လာသည်။

“ဥက္ကဌရှု ဘာလို့ ဒီတစ်ခေါက် ခင်ဗျားရဲ့ မှော်ဆလွန်းလှလှလေးကို မမောင်းလာခဲ့တာလဲ?”

ရှုယီက မဖြေဘဲ ကားနောက်ခန်းဆီသွား၍ ဆွဲလိုက်သည်။ နောက်ခန်းကို ဖွင့်ပြီးနောက် အတွင်းရှိ သားရဲလူမျိုးအလောင်းနှစ်လောင်းက မြေပြင်ပေါ်ပစ်ကျလာ၏။

ဒုဗိုလ်ချုပ်နှင့် နံဘေးရှိ စစ်သည်များမှာ အံ့ဩကြကုန်သည်။

အလောင်းများကိုကြည့်လိုက်ရင်း ဒုဗိုလ်ချုပ်က မျက်မှောင်ကျုံ့သည်၊ “ဥက္ကဌရှု ဒါက ဘာအဓိပ္ပာယ်များလဲ?”

ရှုယီမှာ တည်ငြိမ်စွာဖြင့် ဆန်နက်ဆိပ်ကမ်းမှ တိုက်ခိုက်မှုကို ရှင်းပြလိုက်သည်။

ဒုဗိုလ်ချုပ် ၎င်းကိုကြားသည့်နောက် အမူအရာက ထူးဆန်းလာသည်။ စဉ်းစားလိုက်ပြီးနောက်တွင် နေရခက်စွာဖြင့် ပြောလေ၏၊ “ဒါက.... ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆိပ်ကမ်းတိုက်ခိုက်ခံရတာကို ကြည့်ရတာ.... ကျုပ်တို့ အနောက်ဘက်စစ်တပ်နဲ့သက်ဆိုင်နေတဲ့ပုံတော့ မပေါ်ဘူးမို့လား? ပြီးတော့လည်း....”

ဒုဗိုလ်ချုပ်က ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆက်ပြောသည်၊ “ဥက္ကဌရှု ရိုးသားရရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆန်နက်မြေရိုင်း သားရဲတွေအပေါ် ရှင်းလင်းရေးက သားရဲလူမျိုးနွယ်စုအတော်များများကို တိုက်ခိုက်ခဲ့တယ်လေ။ သူတို့အနေနဲ့ ဒီလိုမျိုး တုံ့ပြန်တာက ပုံမှန်ပါပဲ.....”

“ပုံမှန်ပဲ?” ရှုယီက အေးစက်စက်ရယ်ကာ မြေပြင်ထက်ရှိ သားရဲလူမျိုးအလောင်းများကိုကန်လိုက်သည်၊ “ဆန်နက်မြေရိုင်းသားရဲလူမျိုးတွေရဲ့ တုံ့ပြန်မှုကိုတော့ ပုံမှန်လို့ သတ်မှတ်နိုင်ပေမယ့် စခ်တိုင်းပြည်ရဲ့ သားရဲလူမျိုးတွေဆီကနေ တုံ့ပြန်ခံရတာက ပုံမှန်ပဲလို့ ခင်ဗျားထင်လား?”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!” ဒုဗိုလ်ချုပ်က မြေပြင်ထက်ရှိ သားရဲလူမျိုးအလောင်းနှစ်လောင်းကို အထိတ်တလန့်ကြည့်လိုက်ပြီးနောက် အသေအချာကြည့်ကာ ကောင်းကောင်းမြင်ရရန် ငုတ်တုတ်ပင်ထိုင်ချလိုက်သေး၏။

တစ်အောင့်ကြာပြီးနောက် သူ၏ အမူအရာက မှောင်မိုက်လာတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂၂။ အလုံအလောက် ခုခံမှုများ

ရှုယီ အနောက်ဘက်စစ်တပ်၏ စခန်းမှ လျှောက်ထွက်လာချိန်တွင် မျက်မှောင်ကုပ်ကာ ပြန်သွားလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက ဆန်နက်မြေရိုင်း သားရဲလူမျိုးများနှင့် လွန်ခဲ့သည့် ၂နှစ်ကြာ တိုက်ခိုက်ခဲ့လေရာ ၎င်းတို့အနေနှင့် ဤနေရာရှိသားရဲလူမျိုးများကို အတန်အသင့်နားလည်နေပြီဖြစ်သည်။ ၎င်းတို့မှာ ဆန်နက်ဆိပ်ကမ်းကိုတိုက်ခိုက်ခဲ့သည့် သားရဲလူမျိုးများက ဆန်နက်မြေရိုင်းရှိ သားရဲမျိုးနွယ်စုများနှင့် မဆိုင်မှန်း အလွယ်လေး ခွဲခြားနိုင်ပေသည်။

ဆန်နက်မြေရိုင်း၏ တောင်ဘက်တွင် စတက်တိန်းနယ်မြေရှိကာ မြောက်ဘက်၌ စခ်တိုင်းပြည်ရှိသည်။ စတက်တိန်းနယ်မြေတွင် မည်သည့်သားရဲလူမျိုးမှမရှိသဖြင့် ထိုသားရဲလူမျိုးများမှာ စခ်တိုင်းပြည်မှသာ လာရောက်နိုင်ပေသည်။

ထိုအတွက် အကြီးမားဆုံးသက်သေမှာ ဆန်နက်ဆိပ်ကမ်း၏တိုက်ခိုက်မှုအတွင်းတွင် မှော်ပညာရှင်များရှိနေခြင်းပင်!

ရှုယီအတွက် မှော်ပညာရှင်များက ထိုမျှ မရှားပါးပါသော်လည်း စိုင်စ်နယ်မြေကြီး၏ လူအများစုအတွက်မူ မှော်ပညာရှင်များက အတော်ရှားပါးလှသည်။

လမ်ပူရီတိုင်းပြည်၏ စစ်တပ်တွင်ပင် စွမ်းအားကြီးမှော်ပညာရှင်များအား များများစားစားရှာမတွေ့နိုင်ပါချေ။

မှော်ပညာအရည်အချင်းလုံးဝမရှိသည့် သားရဲလူမျိုးများအတွက် မှော်ပညာရှင်များရှာရန် ပို၍ပင် မဖြစ်နိုင်ပေ။

ဆန်နက်ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့သည့် သားရဲလူမျိုးများထံတွင် လက်နက်ကိရိယာများရှိရုံသာမက အားလုံးကို ကောင်းစွာ လေ့ကျင့်ပေးထားပြီး မှော်ပညာရှင်များနှင့်အတူ အလုပ်လုပ်ဆောင်ကြ‌သည်။ စခ်တိုင်းပြည်ဟူသည့် ဖြေရှင်းချက်မှလွဲ အခြားဖြစ်နိုင်ချေမရှိပါချေ။

ရှုယီ ထိုသို့ယူဆပြီးနောက် ဤသားရဲလူမျိုးအလောင်းနှစ်လောင်းကို အနောက်ဘက်စစ်တပ်စခန်းထံ ယူဆောင်လာသည်မှာ ၎င်းတို့ကို သတိပေးရန်ဖြစ်သည်။

စခ်တိုင်းပြည်မှာ ဆန်နက်မြေရိုင်းကို ရွှေ့လာပြီးနေပြီး ၎င်းတို့၏ နောက်ထပ်လှုပ်ရှားမှုမှာ ဆန်နက်မြေရိုင်းမှဆင့် လမ်ပူရီတိုင်းပြည်ကိုကျူးကျော်ရန်ပင်။

အနောက်ဘက်စစ်တပ်မှာ လမ်ပူရီတိုင်းပြည်၏ အနောက်ဘက်နယ်စပ်ကို စောင့်ကြပ်ရန် တာဝန်ရှိပါ၏။ ၎င်းတို့မှာ အနောက်ဘက်ဆန်နက်မြေရိုင်းနှင့် အနောက်မြောက်စခ်တိုင်းပြည်ထံမှ တိုက်ခိုက်မှုများကို ဟန့်တားရန် တာဝန်ရှိပါ၏။

ယခုတွင် စခ်တိုင်းပြည်မှာ ဆန်နက်မြေရိုင်းသို့‌ ရွှေ့လာနေရာ အနောက်ဘက်စစ်တပ်မှာ လှုပ်ရှားမှုတချို့ လုပ်ဆောင်ဖို့လိုအပ်သည်။

ဒုတိယအနေနှင့် ရှုယီမှာ ဤအခွင့်အရေးကိုအသုံးချက တပ်မှူး ဗာရီယန် လန်းတစ်ထံ ပူးပေါင်းရေးနည်းလမ်းသစ်တစ်ခု အဆိုပြုဖို့ စီစဉ်ထားပါ၏။ သူ့အနေနှင့် အနောက်ဘက်စစ်တပ်နှင့် ဆက်ဆံရေးကို ခိုင်မာစေလိုပြီး ဆန်နက်မြေရိုင်းနှင့် စခ်တိုင်းပြည်တို့အကြားရှိ အကာအကွယ်ကို မြောက်ဘက်စစ်တပ်နှင့် အားဖြည့်ကာ ဆန်နက်မြေရိုင်းရှိ အခြေအနေကိုတည်ငြိမ်စေ၍ ခြေကုပ်ယူထားပြီးသား အခြားလုပ်ငန်းစုများနှင့် Frestech ကုန်သည်ကြီးများအသင်းအား ကူညီပေးလိုသည်။

သို့သော် ရှုယီ မျှော်လင့်မထားသည်မှာ ရှုယီပေးသည့် သတိပေးချက်ဖြစ်စေ သို့မဟုတ် သူ၏ ပူးပေါင်းရေးအစီစဉ်အသစ်ကို‌ဖြစ်စေ တပ်မှုး လန်းတစ်က လုံးဝစိတ်ဝင်စားနေပုံပေါ်မနေပေ။

ရှုယီနှင့် တွေ့ဆုံချိန်တွင် တပ်မှုး လန်းတစ်မှာ ရှုယီအပေါ် အင်မတန်ယဉ်ကျေးသော်လည်း ၎င်းက ကျင့်ဝတ်အရသာဖြစ်ပြီး လုံးဝစိတ်မဝင်စားပါချေ။

ရှုယီမှာ မူလက ၎င်းကြောင့် အင်မတန်ရှုပ်ထွေးခဲ့ရသည်။ ရှုယီ၏ သတိပေးချက်နှင့် အနောက်ဘက်စစ်တပ်နှင့်သူ၏ နက်ရှိုင်းသောဆက်ဆံရေးတို့ကြောင့် ပူးပေါင်းရေးအစီစဉ်အသစ်မှာ အနောက်ဘက်စစ်တပ်အတွက် အင်မတန် အကျိုးရှိလှသည်။

ဤသည်မှာ ယခင်ကသာဆိုလျှင် တပ်မှုး လန်းတစ်အနေနှင့် ရှုယီ၏ အစီအစဉ်ကို သဘောတူမည်မှာ သေချာသဖြင့် အရာအားလုံး ချောချောမွေ့မွေ့ဖြစ်မည်ကို အာမခံ၍ရသည်။

သို့သော် ဤတစ်ခေါက်တွင် ရှုယီက အခြေအနေများစွာကို ပေးလာခဲ့သော်လည်း တပ်မှုး လန်းတစ်က ယူဆောင်မည့် မည်သည့် လက္ခဏာကိုမှ ပြလာခြင်းအလျဉ်းမရှိပေ။

ရှုယီမည်သို့ပြောပြော တပ်မှုး လန်းတစ်က ၎င်းကို ရှောင်တိမ်းရန် အကြောင်းပြချက်များစွာ အသုံးပြု၏။

ဆွေးနွေးမှုအဆုံးသတ်တွင် ရှုယီက တပ်မှုး လန်းတစ်ကို နှုတ်ဆက်လိုက်ပြီး လှည့်လိုက်ချိန်တွင် ချက်ချင်း နားလည်လိုက်သည်။

ပြဿနာက လမ်ပူရီတိုင်းပြည်မှလာပါ၏။

ဆယ်ဗီနီ ဘုရင်မဖြစ်လာသည့်နောက် လူများ၏ စိတ်နှလုံးသားနှင့် သူမ၏ စွမ်းအားကြီးမားလှသောအင်အား‌တို့ကို ပြည်တွင်းစစ်တွင်ပြသခဲ့ခြင်းကြောင့် နိုင်ငံရှိ မျိုးရိုးမြင့်များစွာ၏ အထောက်အပံ့များကို ရထားသည်။ သူမဟာ လမ်ပူရီတိုင်းပြည်ကို အပြည့်အဝထိန်းချုပ်ဖို့ နှစ်တစ်ဝက်အောက်သာသုံးစွဲခဲ့၏။

ဘုရင်ကြီးအဲရစ်နှင့်ယှဉ်လျှင် ဘုရင်မဆယ်ဗီနီ၏ လမ်ပူရီတိုင်းပြည်အပေါ် ထိန်းချုပ်မှုမှာ ၎င်း၏ အထက်ကိုကျော်လွန်နေသည်။

ရှုယီမှာ ဆယ်ဗီနီထံ၌ အချိန်အလုံအလောက်ရှိနေသရွေ့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးကိုပင် ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါ၏။

ထို့အပြင် သူမဟာ ပြည်တွင်းစစ်အတွင်း သူမ၏ ဆန့်ကျင်ဘက်များအားလုံးကို ဖယ်ရှားခဲ့ခြင်းကြောင့် လမ်ပူရီတိုင်းပြည်အပေါ် ဆယ်ဗီနီ၏ ထိန်းချုပ်မှုမှာ လမ်ပူရီဆယ့်သုံးကိုပင် ကျော်လွန်နေနိုင်သည်။

ဤအခြေအနေတွင် တပ်မှုး လန်းတစ်အတွက် အနောက်ဘက်စစ်တပ်ကို သူ၏ ကိုယ်ပိုင်ဥယျာဉ်လေးနှယ်အသုံးပြုရန် မဖြစ်နိုင်ပေ။

သူသာ အမှားလုပ်လိုက်လျှင် ဘုရင်မက အလွတ်ပေးမည်မဟုတ်။

နိုင်ငံတော်ဝင်စစ်တပ်၏ ဗျူဟာများအရ နိုင်ငံကာကွယ်ရေးအဓိကတပ်ဖွဲ့များမှာ မြောက်ပိုင်းနယ်စပ် စခ်တိုင်းပြည်ကိုသာ အာရုံစိုက်ထားရမည်။ အနောက်ဘက်စစ်တပ်၏ အကာအကွယ်များက ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးတို့၏ အနှောင့်အယှက်များကို အဓိက ဟန့်တားရမည်ဖြစ်သည်။

ပဋိပက္ခလျော့နည်းဇုန်အဖြစ် ဆန်နက်မြေရိုင်းရှိနေသောကြောင့် အနောက်ပိုင်းမှ တိုက်ခိုက်မှုကို များများစားစားစိုးရိမ်နေစရာမလိုရာ အနောက်ဘက်စစ်တပ်၏ ရင်းနှီးမြှုပ်နှံမှုက ဘယ်တုန်းကမှ မြင့်မားမနေခဲ့ဖူးချေ။

အရေးအကြီးဆုံးမှာ နိုင်ငံ၏ ဘဏ္ဍာငွေများက ရင်းနှီးမြှုပ်နှံရန် လုံးဝလုံလောက်မနေခြင်းပင်။

ထို့ကြောင့် တပ်မှုး လန်းတစ်အတွက် အကောင်းဆုံးနည်းလမ်းမှာ အနောက်ဘက်စစ်တပ်ကို ရိုးရိုးသားသားစောင့်ကြပ်ဖို့သာလိုပြီး မည်သည့်အပိုစာသားမှလုပ်နေစရာမလိုပေ။

၎င်းကိုစဉ်းစားကြည့်ပြီးနောက် ရှုယီမှာ တပ်မှုး လန်းတစ်၏ ရှုပ်ထွေးနေသည့် တုံ့ပြန်မှုများကို နားလည်ကာ အနည်းငယ် ကူရာမဲ့သလိုခံစားသွားရသည်။

သူ၏ ဆယ်ဗီနီနှင့် ဆက်ဆံရေးက ကောင်းမွန်နေပါလျှင်တောင် ၎င်းက လမ်ပူရီတိုင်းပြည်၏ နိုင်ငံရေးဆိုင်ရာ မူဝါဒများနှင့်သက်ဆိုင်နေရာ ဆယ်ဗီနီအတွက် သူနှင့် Frestech ကုန်သည်ကြီးများအသင်းကို ကြည့်ရှုပေးရန်အတွက်လေးဖြင့် တကူးတက လုပ်ဆောင်ပေးဖို့ မဖြစ်နိုင်ပေ။

ရှင်းရှင်းပြောရလျှင် ၎င်းတို့အနေနှင့် အနောက်ဘက်စစ်တပ်အပေါ် မမှီခိုနိုင်ချေ။ ဆန်နက်မြေရိုင်း၌ တည်ငြိမ်စွာ ဖွံ့ဖြိုးရန် ၎င်းတို့ကိုယ်တိုင်အပေါ်သာ မှီခိုရမည်ဖြစ်သည်။

စဉ်းစားပြီးနောက် ရှုယီမှာ မှော်ကားကိုမောင်း၍ အနောက်ဘက်စစ်တပ်စခန်းမှ အမြန်ထွက်ခွာသွားတော့သည်။ သူဟာ အနောက်ဘက်စစ်တပ်စခန်းမှ နှစ်ရာကီလိုမီတာအောက်အဝေးရှိ ဆန်နက်မြို့သို့ အမြန်ပြန်လာခဲ့၏။

နောက်ထပ်နှစ်ပြီးနောက် ဆန်နက်မြို့မှာ တဖြည်းဖြည်း ပြည့်စုံသည့် မြို့တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

သန့်ရှင်းသည့် နေထိုင်မှု၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးကဏ္ဍများရှိရုံသာမက အမျိုးမျိုးသော အဆောက်အဦများလည်း ပေါ်လာသည်။

ဆန်နက်မြို့ထဲသို့ ဝင်လိုက်သည်နှင့် လမ်းနံဘေးတွင် တောက်ပနေသည့် လမ်းမီးများရှိနေလိမ့်မည်။

မှော်မီးအိမ်များက တစ်လျှောက်လုံးလင်းထိန်နေကာ အဆောက်အဦများမှ လာသည့် အလင်းရောင်ကြောင့် လမ်းများမှာ လုံးဝလင်းထိန်နေပါ၏။

၎င်းက ကမ္ဘာမြေရှိ မြို့ကြီးများနှင့် ယှဉ်၍မရသော်လည်း အနည်းဆုံးစိုင်စ်နယ်မြေကြီးအတွက်တော့ သေချာပေါက် ထူးကဲလှသည်။

အခြားနေရာများမှ ဆန်နက်မြေရိုင်းကို အလုပ်အတွက်ရောက်လာကြသူများမှာ ညဘက်ရှိ အလင်းကိုမြင်လိုက်သည်နှင့် နက်နက်ရှိုင်းရှိုင်းဖြားယောင်ခံလိုက်ရတော့သည်။

ဆန်နက်မြို့၏ စာရင်းများအရ ဆန်နက်မြို့ထံတွင် လူပေါင်းတစ်သိန်း‌ရှစ်သောင်းခြောက်ထောင်ကျော်ရှိပြီး စာရင်းမသွင်းရသေးသူမှာ ငါးသောင်းကျော်သည်။

လူနှစ်သိန်းနီးနီးရှိသည့်မြို့တစ်ခုမှာ လမ်ပူရီတိုင်းပြည်၌ဆိုလျှင် သေချာပေါက် ထိပ်တန်းမြို့တစ်ခုဖြစ်ပါ၏။

၎င်းတို့သာ ကြွယ်ဝမှုကိုနှိုင်းယှဉ်ရပါလျှင် လမ်ပူရီတိုင်းပြည်၌ ယှဉ်နိုင်မည့် မြို့‌တစ်မြို့ပင်မရှိပေ။

ရှုယီမှာ ဆန်နက်မြေရိုင်းမှာ တောက်ပစွာလင်းထိန်နေသည့် ဆန်နက်မြို့ထဲသို့ မှော်ကားကို မောင်းနှင်သွားလိုက်သည်။ ကြည့်လာကြသည့် အစောင့်နှစ်ဦးမှာ ထိုမျှ များများစားစားဂရုမစိုက်မိကြချေ။

ဆန်နက်မြို့မှာ ပို့ဆောင်ရေးမှော်ကားများတစ်ထောင်ကျော် ဝင်ထွက်နေသည်ကို နေ့တိုင်းမြင်နေရပြီး ညဘက်တွင်ပင် များစွာရှိနေဆဲဖြစ်သည်။ အလတ်စားမှော်ကားလေးတစ်စီးက ၎င်းတို့ကို ဂရုစိုက်မိစေဖို့ မလုံလောက်ပေ။

သို့သော်လည်း ရှုယီက အရှိန်ကိုလျှော့ကာ ထိုအစောင့်နှစ်ဦးကိုကြည့်လာချိန်တွင် အစောင့်နှစ်ဦးဝတ်ဆင်ထားကြသည့် အဝတ်များ၏ သင်္ကေတများမှ ဤတို့မှာ အမ်ရစ်ကုန်သည်ကြီးများအသင်းထံမှ အစောင့်များဖြစ်သည်ကို သတိပြုမိလိုက်သည်။

ဆန်နက်မြို့ကို Frestech ကုန်သည်ကြီးများအသင်း၊ အမ်ရစ်ကုန်သည်ကြီးများအသင်း၊ အာမန်နီ ကုန်သည်ကြီးများအသင်းနှင့် ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းတို့က စီမံခန့်ခွဲထားသည်ဖြစ်ရာ အစောင့်များကို ၎င်းတို့လုပ်ငန်းစုလေးစုမှ ထောက်ပံ့ပေးထားလေသည်။

ဤအပိုင်းတွင် လုပ်ငန်းစုလေးစု အားလုံးက ဆန်နက်မြို့၏ ဧရိယာတစ်ခုကို တာဝန်ယူထားကြပြီး ယခုတွင် အဆင်ပြေလာပြီဖြစ်သည်။

ရှုယီမှာ ယခင်က အစောင့်များကို များများစားစားဂရုမစိုက်သောကြောင့် ၎င်းကို ဂရုမစိုက်ခဲ့ပေ။

သို့သော် ဆန်နက်ဆိပ်ကမ်း၏ ဖြစ်ရပ်ပြီးနောက် ၎င်းနှင့်ပတ်သက်သည့် အပြစ်အနာအဆာကိုတွေ့လိုက်ရသည်။

ဤ‌နည်းလမ်းက ပုံမှန်အခြေအနေတွင် အဆင်ပြေသော်လည်း တစ်ခုခုရုတ်တရတ် ဖြစ်ပွားကာ အကာအကွယ်ပမာဏကြီးတစ်ခုလိုအပ်သည့် အခြေအနေကို ရောက်လာပါက ဤနည်းလမ်း၏ ဖုံးကွယ်ထားသော အန္တရာယ် ပေါ်ထွက်လာပေလိမ့်မည်။

ရှုယီမှာ မှော်ကားကို ဆန်နက်မြို့၏ ပူးတွဲစီမံခန့်ခွဲရေးခန်းမတံခါးထံ မောင်းနှင်လာခဲ့သည်။

သူခုန်ဆင်းလိုက်ချိန်၌ တံခါးရှိ အစောင့်များက ရှုယီကို သတိထားမိကာ ချက်ချင်း အထဲသို့ ဖိတ်ခေါ်လာလေသည်။

လုပ်ငန်းစုလေးခု၏ ဥက္ကဌများအနေနှင့် ဆန်နက်မြို့တွင် စီမံခန့်ခွဲဖို့ နေရန် မဖြစ်နိုင်လေရာ ပုံမှန်အားဖြင့် မြို့ကို စီမံဖို့ လုပ်ငန်းစုလေးခုမှ ကိုယ်စားလှယ်များကိုသာ လွှတ်လေ့ရှိသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ သံသယဝင်စရာပင်မလိုအောင် ဤလုပ်ငန်းစုလေးခု၏ ခေါင်းဆောင်ဖြစ်လေရာ ရှုယီ၏ စီမံခန့်ခွဲရေးခန်းမရှိ အဆင့်က အင်မတန်မြင့်မားလှသည်။

သူဟာ ညလယ်၌ ရုတ်တရတ်ရောက်ချလာရာ တမုဟုတ်ချင်း ရုတ်ရုတ်သဲသဲဖြစ်‌သွားစေပါ၏။

သိပ်မကြာလိုက် အိပ်ပျော်နေကြသည့် လုပ်ငန်းစုလေးခု၏ ကိုယ်စားလှယ်များအားလုံး လောလော, လောလော ရောက်လာတော့သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်မှာ လုပ်ငန်းစုထဲသို့ အစောပိုင်းတည်းက ဝင်ရောက်ခဲ့သည့် ဝန်ထမ်းဟောင်းဖြစ်သည်။ သူကရှုယီကို မြင်လိုက်ပြီး ရှုယီမျက်နှာထက်ရှိ လေးနက်နေဟန်ကိုမြင်ချိန်တွင် နှလုံးပင်တုန်ရီသွားသည်။

ရှုယီနောက်သို့ ငါးနှစ်မျှ လိုက်လာခဲ့ပြီးနောက် ဤသည်က ရှုယီ၏ မျက်နှာထက်တွင် ထိုသို့သော လေးနက်ဟန်ရှိနေပုံကို မြင်ရသည့် ပထမဆုံးအကြိမ်ဖြစ်ပါ၏။

တစ်ခုခု ကြီးကြီးမားမားဖြစ်ခဲ့လို့များလား?

ရှုယီက ကိုယ်စားလှယ်လေးဦးကို လက်ယမ်းပြကာ ထိုင်ခိုင်းလိုက်သည်။ ထိုလေးဦးကိုကြည့်ကာ ခဏတာ တိတ်ဆိတ်နေပြီးနောက် မေးလိုက်၏၊ “ဆန်နက်မြေရိုင်းမှာရှိနေတာ နည်းနည်းကြာပြီဆိုတော့ အခု ကျုပ် မေးခွန်းတစ်ခုမေးချင်တယ်၊ ရိုးရိုးသားသားဖြေဖို့ မျှော်လင့်ပါတယ်။”

ကိုယ်စားလှယ်လေးဦးက မျက်လုံးထဲ သံသယဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်သည်။

ဥက္ကဌရှုက ဤမျှလေးနက်နေရာ ကြည့်ရသည်မှာ မေးခွန်းက ဖြေဖို့ မလွယ်လောက်ပေ။

“ဥက္ကဌ မေးပါ။” ခဏတာ တိတ်ဆိတ်နေပြီးနောက် မည်သူကမှ မဖြေရာ Frestech ကုန်သည်ကြီးများအသင်းကိုယ်စားလှယ်က ပြောလာသည်။

အခြားလုပ်ငန်းစုကိုယ်စားလှယ်များလည်း သတိဝင်သွားပြီး အမြန်ပြောလေသည်၊ “ဟုတ်ပါတယ် ဟုတ်ပါတယ် မေးပါ ဥက္ကဌရှု။ ကျုပ်တို့သိသရွေ့ သေချာပေါက် ဖြေမှာပါ။”

“ကောင်းပြီ” ရှုယီက ခေါင်းငြိမ့်သည်၊ “ကျုပ်ကိုပြော ဆန်နက်မြေရိုင်းကို အပြည့်အဝထိန်းချုပ်ဖို့ လူဘယ်လောက်များများလိုလဲ၊ ဒါမှမဟုတ် ပိုပြီး အတိအကျပြောရရင် အကာအကွယ်အင်အား ဘယ်လောက်များများလိုလဲ? စခ်တိုင်းပြည်က ဆန်နက်မြေရိုင်းကိုကျူးကျော်လာရင်တောင် ပြန်တိုက်နိုင်အောင်လို့လေ?”

“အာ?”

ကိုယ်စားလှယ်လေးဦးစလုံးမှာ ရှုယီကို အထိတ်တလန့်ကြည့်လာကြသည်။

ဥက္ကဌရှု၊ သူ.... သူ တကယ်ကြီး စခ်တိုင်းပြည်နဲ့ စစ်ဖြစ်ချင်နေတာလား?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂၃။ ဖွံ့ဖြိုးတိုးတက်မှုနှင့် အမှီမလိုက်နိုင်သည့် အတွေးများ

“ဥက္ကဌ ၊ ခင်ဗျားရဲ့ ခံစားချက်ကို နားလည်ပြီး ဆိပ်ကမ်းမှာ ဆုံးသွားခဲ့တဲ့ ဝန်ထမ်းတွေအပေါ် ဒေါသဖြစ်တာကို နားလည်ပါတယ်၊ ဒါပေမယ့်....” ခမ်နက်ဒ် ရှုယီ၏ တည်ငြိမ်နေပုံကိုကြည့်ကာ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်လေသည်၊ “ဒါကလည်း ကျွန်တော်တို့လုပ်ငန်းစုရဲ့ အကာအကွယ်ကို မချင့်မချိန်ဘဲ တိုးလိုက်တဲ့ ဒီအကြောင်းအ‌ရင်းကြောင့်ဆိုတော့ ဒါကနည်းနည်း... တဇွတ်ထိုးဆန်ရာမကျဘူးလား?”

“မချင့်မချိန်?” ရှုယီက သူ့ကိုလှည့်ကြည့်လိုက်သည်၊ “ဒီနည်းလမ်းက ချင့်ချိန်မှုမရှိဘူးလို့ ဘာကြောင့်ထင်ရတာလဲ?”

ခမ်နက်ဒ်က ခါးသက်သက်ရယ်ကာ လက်များဖြန့်လိုက်သည်၊ “ဒီစကားလုံးက နည်းနည်း မယဉ်ကျေးရာကျပေမယ့်လည်း ဥက္ကဌ၊ ဘာလို့ ကျွန်တော်တို့အနေနဲ့ ချက်ချင်းကြီး လုပ်ငန်းစုအစောင့်တွေဆီမှာ ရွှေဒင်္ဂါးသုံးသန်း ရင်းနှီးမြှုပ်နှံဖို့လိုတာလဲကို ကျွန်တော်နားမလည်နိုင်ဘူး၊ ဒါက ရှေ့လျှောက် တဖြည်းဖြည်းချင်း တိုးသွားလို့ရတာပဲလေ။ ဥက္ကဌရဲ့အစီစဉ်အရ ဘာလို့ ကျွန်တော်တို့အနေနဲ့ တစ်လကို အနည်းဆုံး ရွှေဒင်္ဂါးငါးသန်း ရင်းနှီးမြှုပ်နှံဖို့လိုအပ်နေရတာလဲ? ဒါက ရှေ့လျှောက်မှာ လုပ်ငန်းစုဝန်ထမ်းတွေရဲ့ မတော်တဆမှုတွေကို ရှောင်တိမ်းဖို့အတွက်ဆိုရုံလေးနဲ့ဆိုရင်တော့ အကုန်အကျနည်းမယ့် တခြားနည်းလမ်းတွေရှိနေပါသေးတယ်။”

“ငါ အမြဲတမ်း ငါက ကုန်သည်တစ်ယောက်ပါလို့ ပြောပေမယ့် အခုကြည့်လိုက်ရင် ခမ်နက်ဒ် မင်းက တကယ်တမ်း အန်မာမိသားစုကနေလာတာပဲ။ မင်းရဲ့ ကုန်သည်တစ်ယောက်အနေနဲ့ အတွေးတွေက ငါ့ထက်တောင် အများကြီးကိုနက်‌နဲတယ်။” ရှုယီက အပြုံးဖြင့်‌ဆိုသည်။

ခမ်နက်ဒ်က မျက်မှောင်ကုပ်၍ သက်ပြင်းချကာဆို၏၊ “ဥက္ကဌ ကျွန်တော်တို့က လုပ်ငန်းစုလေးတစ်ခုပါပဲ။”

“မဟုတ်ဘူး ငါ့အတွက် Frestech ကုန်သည်ကြီးများအသင်းက လက်ထဲက ကိရိယာတစ်ခုသာသာပဲ။” ရှုယီက ခေါင်းခါသည်၊ “Frestech ကုန်သည်ကြီးများအသင်းက အခု ဒီလောက်တိုးတက်လာပြီဆိုတော့ အကောင်းဆုံး ကိရိယာဖြစ်နေပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ကိရိယာတစ်ခု ဖြစ်နေတုန်းလေ။ ငါ့ရဲ့ ပန်းတိုင်က စိုင်စ်နယ်မြေကြီးရဲ့ လူနေမှုဘဝတွေကို‌ ပြောင်းလဲဖို့ပဲ၊ ဒီပန်းတိုင်က ဘယ်တော့မှ မပြောင်းလဲဘူး။ ငွေရှာတာက ဒီပန်းတိုင်ကိုရောက်ဖို့ နည်းလမ်းတစ်ခုပါပဲ။”

ရှုယီ၏ မျက်နှာထက်ရှိ အမူအရာကိုမြင်သော် ခမ်နက်ဒ်မှာ သူ့အား ဆက်သွေးဆောင်ဖို့ကြိုးစားလည်း အသုံးမဝင်ကြောင်းသိသွားတော့သည်။ သူလည်း သက်ပြင်းတစ်ချက်သာချ၍ မည်သည်ကိုမှ မဆိုတော့ပေ။

သို့သော်လည်း မည်သို့ဖြစ်စေ ခမ်နက်ဒ်မှာ အဘယ့်ကြောင့် ရှုယီ ထိုသို့ပြုလုပ်သည်ကို နားမလည်ပေ။

ဆန်နက်ဆိပ်ကမ်းရှိ လူများစွာ သေဆုံးသွားခဲ့ခြင်းကြောင့် ရှုယီမှာ ရုတ်တရတ် ဆန်နက်မြေရိုင်းတစ်ခုလုံးကို ထိန်းချုပ်ရန် အကြံရလာသည်။

ဤအကြံကို ထိုမျှ မထူးဆန်းဟု ယူဆနိုင်လျှင် ရှုယီအနေနှင့် ဆန်နက်မြေရိုင်းကို ထိန်းချုပ်ပြီးနောက် စခ်တိုင်းပြည်ကိုပင် တိုက်ခိုက်လိုသည့် အတွေးမှာ ခမ်နက်ဒ် ထိတ်လန့်ပြီး ရှုပ်ထွေးနေရသည့် အတွေးဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းက ယခုတွင်အနီးဝန်းကျင်နိုင်ငံများ ဝန်းရံနေကြသော အတော်လေးကြီးမားသည့် လုပ်ငန်းစုဖြစ်လာလျှင်တောင် လုပ်ငန်းစုတစ်ခုသာဖြစ်နေဆဲပင်။

Frestech ကုန်သည်ကြီးများအသင်း၏ အင်အားနှင့် ပိုအရေးပါသည့် စစ်ဘက်သုံးမှော်စက်များ၏ အင်အားတို့ကြောင့် ဆန်နက်မြေရိုင်းကို ထိန်းချုပ်ရန်က မခက်ခဲလှပေ။ သားရဲလူမျိုးများက စည်းလုံးမှု လုံးဝမရှိသလို အင်မတန်လည်း အားနည်းကြသည်။

သို့သော် စခ်တိုင်းပြည်ကို တိုက်ခိုက်ရန်မှာ လုံးဝ စိတ်ကူးယဉ်အတွေးပင်။

နိုင်ငံတစ်နိုင်ငံနှင့် လုပ်ငန်းစုတစ်စု နှစ်ဘက်မှာ လုံးဝမတူညီလှချေ။

ခမ်နက်ဒ်မှာ ရှုယီ၏ မျက်နှာကိုကြည့်၍ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေကိုထိန်းချုပ်လိုက်ခြင်းကြောင့် သူ့ထံ၌ရှိသည့် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားခန့်မှန်းခြေအကြမ်းဖျင်းနှင့် စခ်တိုင်းပြည်ကို တိုက်ခိုက်နိုင်မည်ဟု ထင်စေခဲ့သည်လားဟု စဉ်းစားမိလိုက်သည်။။

ဤမေးခွန်းမှာ ခမ်နက်ဒ်အလွယ်လေးမေးနိုင်သည့် အရာမဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်း၏ စီအီးအို အနေနှင့် သူဟာ လုပ်ငန်းစုကို စီမံခန့်ခွဲရာ၌ အဓိက တာဝန်ယူထားရသည်။ သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုလမ်းကြောင်းကို လုပ်ဆောင်ရာ၌ အကြံပြုချက်အချို့သာပေးနိုင်ပြီး ထိန်းချုပ်နိုင်ခြင်းမရှိပေ။

ရှုယီထံ၌ Frestech ကုန်သည်ကြီးများအသင်းကို အကြွင်းမဲ့ထိန်းချုပ်ခွင့်ရှိသည်။ ရှုယီစိတ်ကို အဆင်သင့်သည်နှင့် အခြားလူများလည်း နာခံရုံသာတတ်နိုင်သည်။

ဤသည်မှာ ခမ်နက်ဒ် ဖီဆန်၍မရသည့် အရာဖြစ်၏။

ခမ်နက်ဒ်လည်း ခဏတာစဉ်းစားလိုက်ပြီး ရှုယီနှင့် နှစ်များစွာကြာအောင်အတူရှိလာသည့် နောက်တွင်တောင် ၎င်းတို့ထံ၌ ဆင်တူသည့် အတွေးများရှိနေလေရာ အဘယ့်ကြောင့် သူက ရုတ်တရတ် လမ်းကြောင်းအမှားပေါ်ရောက်သွားရသနည်း?

ခဏတာ ရပ်တန့်ပြီးနောက် ခမ်နက်ဒ်မှာ အလေးအနက်ပြောလိုက်ပါ၏၊ “ဥက္ကဌ ခင်ဗျား ဒါကို စဉ်းစားကြည့်မယ်လို့ ကျွန်တော် မျှော်လင့်နေတုန်းပဲ။ ကျွန်တော်တို့လုပ်ငန်းစုမှာက အကာအကွယ်တိုးမြှင့်ဖို့ အင်အားရှိပေမယ့် လုပ်ငန်းစုတစ်ခုမှာက အကန့်အသတ်တွေရှိတယ်လေ။ ကျွန်တော်တို့လုပ်ငန်းစုရဲ့ လက်ရှိ အမြတ်ငွေတွေနဲ့ဆိုရင် အစောင့်ငါးထောင်ထက်ပိုပြီး မတတ်နိုင်ဘူး။ ဒါကိုကျော်သွားရင် အစောင့်တွေရဲ့ အင်အားလည်း လျော့သွားမှာပဲ။”

ရှုယီက တစ်ချက်ပြုံးကာ ပြန်မေးလေ၏၊ “အဲဒီ လူငါးထောင်က နည်းတယ်ထင်လို့လား?”

ခမ်နက်ဒ်မှာ အံ့ဩသွားသည်၊ “ဒါပေါ့။ ဥက္ကဌ မမေ့နဲ့ဦး ကောင့်ထ်ဝိန်ရဲ့ လက်အောက်မှာတောင် စစ်သည် သုံးသောင်းပဲရှိတယ်။”

ရှုယီက ရယ်မောလိုက်၏၊ “အဲဒီ့ လူသုံးသောင်းက သန်မာလား? မမေ့နဲ့ဦး ကောင့်ထ်ဝိန်ရဲ့ လူသူံးသောင်းက ဟာ့ထ် ဦးဆောင်တဲ့ လူတစ်ရာကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုတာ။”

ခမ်နက်ဒ်က မျက်မှောင်ကုပ်လေသည်၊ “ဒီလို သုံးသပ်လို့မရဘူးလေ။ ဥက္ကဌ ကောင့်ထ်ဝိန် ခေါင်းဆောင်ဟာ့ထ်ဦးဆောင်တဲ့ အစောင့်တစ်ရာကို အကြောင်းအရင်းအတော်များများကြောင့် မကိုင်တွယ်နိုင်ခဲ့ပေမယ့် စစ်ပွဲမှာက.....”

“စစ်ပွဲမှာတောင် ကောင့်ထ်ဝိန်ရဲ့ လက်အောက်ငယ်သားတွေက ဟာ့ထ်ရဲ့ လူတစ်ရာကို ဘာမှမလုပ်နိုင်ဘူး။” ရှုယီက ခမ်နက်ဒ်ကို လက်ယမ်းကာ ဖြတ်ပြောလိုက်သည်။

ခမ်နက်ဒ်က ကြောင်အသွားကာ၊ “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒါက လူသုံးသောင်းလေ! ဘယ်လိုလုပ် လူတစ်ရာလေးကို မကိုင်တွယ်နိုင်မှာတဲ့လဲ!”

“ဒါကြောင့် မင်းမှာလည်း နယ်မြေကြီးပေါ်က လူအများစုလို အတွေးဟောင်းတွေ ရှိနေတယ်လို့ ဆိုလိုတယ်။” ရှုယီကအသာပြုံးသည် “ဒီလောကကြီးက မင်းသိပြီးသားလောကနဲ့ လုံးဝခြားနားတယ်။”

ခမ်နက်ဒ်က ရှုယီကို ထူးဆန်းစွာကြည့်လိုက်သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ စီအီးအို ဖြစ်နေဆဲဖြစ်သဖြင့် Frestech ကုန်သည်ကြီးများအသင်းက နယ်မြေကြီးရှိ လူအများစုထက် ပိုကောင်းကြောင်းကို သိပါ၏။

သို့သော် ထိုသို့ဆိုပါလျှင်တောင် ရှုယီ ဖော်ပြခဲ့သည့် အခြေအနေကို ယုံကြည်ချက်မရှိပေ။ အဘယ့်ကြောင့် ရှုယီက ဤမျှ ယုံကြည်ချက် ရှိနေရသနည်း?

ရှုယီလည်း ပြုံးကာ ခမ်နက်ဒ်ကို မရှင်းပြနေတော့ချေ။

ခမ်နက်ဒ်က စီအီးအိုဖြစ်သော်လည်း သူဟာ စီးပွားရေးအပိုင်းကို စီမံခန့်ခွဲရာ၌ အဓိက တာဝန်ယူထားသည်။ သူ့အား ကန့်သတ်ထားသည့် အရာများစွာရှိသဖြင့် အခြေအနေအားလုံးကို သုံးသပ်ရာနှင့် သူ့လိုဥက္ကဌကို မယှဉ်နိုင်ပေ။

မှန်ပါ၏၊ ခမ်နက်ဒ်တင်မကပေ။ စိုင်စ်နယ်မြေကြီးရှိ လူများအားလုံးနီးပါးမှာလည်း ခမ်နက်ဒ်ကဲ့သို့ ထပ်တူ စဉ်းစားကြလိမ့်မည်၊ ၎င်းတို့အနေနှင့် ရှုယီ အတွေးများကို နားမလည် ဟူ၍။

ရှုယီမှာ သူ၏ ကမ္ဘာမြေထံမှ စက်မှုအင်ဂျင်နီယာ အသိပညာကို အားကိုးပြီး ၎င်းတို့စိတ်ကူးများကို ကျော်လွန်နေသော မှော်စက်များကို ယူဆောင်လာခြင်း‌ကြောင့် ၎င်းတို့ကို အပြစ်တင်လို့လည်းမရပေ။ ၎င်းက စိုင်စ်နယ်မြေကြီးရှိ‌ နည်းပညာအဆင့်ကို ရှေ့သို့ တွန်းပို့နေခြင်းနှင့် ညီမျှ၏။

လူများက အတွေးများရှိ ပြောင်းလဲမှုကို အမှီလိုက်ရန် အချိန်အချို့ လိုအပ်သည်။

ရှုယီအနေနှင့် အခွင့်အရေးယူလိုသည့်အရာမှာ အချိန်ကွာဟချက်ဖြစ်သည်။

နှစ်ဦးသားမှာ တိတ်ကျသွားပြီး ၎င်းတို့ထိုင်နေကြသည့် မှော်ဆလွန်းကာ စတက်တိန်းနယ်မြေ မြောက်ပိုင်းကို ဦးတည်‌ကာ ကောင့်ထ်ဝိန်လက်အောက်နယ်မြေကို ဖြတ်သွားသည်။ ယခုတွင် ၎င်းတို့မှာ ရှုယီ၏ နယ်မြေဆီဦးတည်ရာ လမ်းမထက်သွားနေကြ၏။

ဤလမ်းမမှာ စထရူလမ်းမ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း တစ်ဝက်သာပြီးသေးသည်။ ယခုတွင် ယာဉ်လမ်းကြောင်းနှစ်ခုရှိပြီး အပြီးသတ် လမ်းကြောင်းခြောက်ခုကိုရောက်ဖို့လိုသေးသည်။

မှော်ဆလွန်းက လမ်းမထက် ဖြတ်သွားချိန်တွင် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ ဆန်နက်မြေရိုင်း၊ မီရန်ဒိုနယ်မြေနှင့် စတက်တိန်းနယ်မြေတို့မှ အလုပ်သမားပေါင်းစုံကို အလုပ်၌ မြင်တွေ့နေကြသည်။

ထိုလူ အများစုမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် အတူဖြစ်၏။ ၎င်းတို့အနက် အနည်းငယ်ကသာ Frestech ကုန်သည်ကြီးများအသင်းနှင့် အတူ မှော်စက်များကို စီစဉ်ပြီးထောက်ပံ့ပေးရန် တာဝန်ရှိကြသူများဖြစ်သည်။

လုပ်ငန်းစုနှစ်ခုမှာ ဤသို့ အလုပ်လုပ်ကိုင်လာသည်က ယခုဆိုလျှင် လေးနှစ်နီးပါးရှိလာပြီဖြစ်သည်။ နှစ်ဘက်စလုံးရှိ အလုပ်သမားများမှာ အချင်းချင်းရင်းနှီးကြလေရာ အင်မတန် ကျွမ်းကျင်ကြပါ၏။

စထရူလမ်းမ မန်နေဂျာဖြစ်သူ ရှုယီ၏ မိတ်ဆွေဟောင်း မန်နေဂျာ Riley၏ ခန့်မှန်းခြေများအရ စထရူလမ်းမမှာ နောက်နှစ်လယ်လောက်တွင် ပြီးပြတ်လောက်သည်။

ထိုအချိန်ရောက်လာလျှင် ကီလိုမီတာ တစ်‌ထောင်ဝေးကွာနေလျှင်တောင် စတက်တိန်းနယ်မြေ၏ အနောက်ဘက်ပက်လယ်မှ ရူဒ်ဆန်တိုင်းပြည်၏ မြို့ ကူရာကာမြို့ထံသို့ ချောမွေ့သောလမ်းတစ်လမ်း ရှိလာမည်ဖြစ်သည်။

၎င်းတို့သာ မှော်ကား၌ တစ်နာရီ လေးဆယ်ကီလိုမီတာဖြင့် ဆက်လက်မောင်းနှင်နေပါလျှင် ရောက်ရှိရန် တစ်ရက်သာကြာလိမ့်မည်။

ရှုယီနှင့် ခမ်နက်ဒ်တို့ထိုင်နေကြသည့် တစ်နာရီခြောက်ဆယ်ကီလိုမီတာအမြန်နှုန်းရှိ နောက်ဆုံးမော်ဒယ်မှော်ဆလွန်းကိုသာမောင်းနှင်လျှင် ဆယ်နာရီအနည်းငယ်ကျော်ရုံသာ ကြာလိမ့်မည်။

မှန်ပါ၏၊ စထရူလမ်းမကိုသာ အပြီးသတ်လိုလျှင် အရေးကြီးဆုံးအပိုင်းမှာ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်အကြားရှိ တောင်ကုန်းဖြစ်နေဆဲပင်။

အတိအကျဆိုရသော် စထရူလမ်းမမှာ ထိုအပိုင်းပြီးမှသာ အပြီးသတ်နိုင်လိမ့်မည်။

နှစ်ဦးသား စီးနင်းလာကြသည့် မှော်ဆလွန်းမှာ လမ်းပေါ်၌ ခဏတာပြေးနေပြီးနောက် မျက်လုံးဖြင့် မြင်နိုင်သည့် အကွာအဝေးရှိ အစိမ်းရောင်တောအုပ်ထဲ ဝင်သွားသည်။

ထိုတောအုပ်ထဲသို့ဝင်ခြင်းက လရိပ်မျိုးနွယ်စု ထိန်းချုပ်ထားသည့် ဧရိယာထဲဝင်ရောက်ခြင်းအဓိပ္ပာယ်ပင်။

Frestech ကုန်သည်ကြီးများအသင်း မတိုင်ခင်က စတက်တိန်းနယ်မြေတွင် မည်သူကမှ ပေါ့ပါးအိပ်မက်တောအုပ်ထဲသို့ မဝင်ဝံ့ကြချေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အား လရိပ်မျိုးနွယ်စု နတ်သူငယ်များက လက်တုံ့ပြန်လာနိုင်သောကြောင့်ပင်။

သို့သော် ယခုတွင် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သည့် ဤတောအုပ်က ဆူညံသံများပြည့်နေ၏။

တောအုပ်ထဲဝင်ရောက်လာချိန်တွင် အဝေးမှ မိုးချုန်းသံသဖွယ်ဆူညံသံများကို ကြားနေရသည်။

ကြည့်လိုက်သော် မြေပြင်ပေါ် ရုတ်တရတ် လဲကျကာ ကောင်းကင်ယံထိတိုင် ဖုန်များထသွားစေသည်။ ဧရာမသစ်ပစ်တစ်ပင်ကို တွေ့လိုက်ရသည်။

“ဥက္ကဌ ကျွန်တော်သာ ဒါကို ကိုယ်တိုင်မမြင်ရရင် နတ်သူငယ်တွေက သူတို့အိမ်မှာ လူသားတွေကို ဒီလိုကျယ်ကျယ်လောင်လောင်ဆူညံနေခွင့်ပေးထားမယ်ဆိုတာ မယုံလောက်ဘူး။ သူတို့က လူသားတွေကို သူတို့အတွက် အဖိုးတန်တဲ့ နှစ်ထောင်ချီသစ်ပင်တွေကိုတောင် ခုတ်ခွင့်ပြုထားသေးတယ်။ ခမ်နက်ဒ်က အဝေးရှိ လဲကျနေသည့် သစ်ပင်ကြီးကိုကြည့်ကာ စိတ်မကောင်းစွာ ဆိုလိုက်သည်။

ရှုယီက အသာပြုံး၏၊ “နတ်သူငယ်တွေက လူ့အသိုင်းအဝိုင်းထဲ တိုးတက်ပြီးဝင်ဆံ့နေချင်တာ၊ ဒီခြေလှမ်းကို လှမ်းမှရ‌မယ်လေ။”

“ဒါက ဥက္ကဌရဲ့ ဆွဲဆောင်မှုက တခြားလူတွေနဲ့ မတူလို့ပေါ့။ နတ်သူငယ်တွေက လူသားတွေနဲ့ နှစ်ထောင်ချီကြာနေထိုင်ခဲ့ပေမယ့်လည်း ဒါက သူတို့တကယ်ကြီး လူ့အသိုင်းအဝိုင်းထဲ ဝင်ချင်လာတဲ့ ပထမဆုံးအကြိမ်ပဲ။” ခမ်နက်ဒ်က ဆိုသည်။

ရှုယီက ရယ်မောလိုက်၏။ သူဟာ အခြားနတ်သူငယ်များကို သေချာမသိသော်လည်း ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့အတွက်မှု တကယ်ကို ဆွဲ‌ဆောင်မှုများစွာရှိနေပေသည်။

မဟုတ်ပါက အကြီးအကဲအီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့မှာ သူ့အားနတ်သူငယ်မလေးတစ်ဦးနှင့် လက်ထပ်ရန် တိုက်တွန်းမည်မဟုတ်ပေ။

သူဟာ အကြီးအကဲလီဆန်ယာနှင့် မကြာခင် မည်သို့မည်ပုံ တွေ့ရတော့မည်ကို စဉ်းစားရင်း ရှုယီ၏‌ခေါင်းမှာ မနာကျင်ဘဲ မနေတော့ချေ။

သူ့အနေနှင့် အကြီးအကဲ လီဆန်ယာက ဤတစ်ခေါက် သူ့အားသွားခွင့်ပြုပြီး တွေ့လိုက်သည်နှင့် နတ်သူငယ်အလှလေးတစ်ဦးရွေးချယ်ရန် တွန်းအားမပေးတော့ဖို့မျှော်လင့်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂၄။ စိတ်ရင်းကို ထုတ်ပြခြင်း

အကြီးအကဲလီဆန်ယာမှာ ၅မီတာရှည်သည့် ဧရာမစက်၏ လုပ်ဆောင်ပုံများကို အာရုံစိုက်နေရသောကြောင့် ရှုယီအား နတ်သူငယ်အလှလေးတစ်ဦး အတင်းရွေးခိုင်းရန် မစဉ်းစားနေပေ။ သူမ၏ မျက်လုံးများက အလင်းရောင်ဖြင့်ပြည့်လျက် စိတ်နှလုံး၌ စူးစမ်းလိုစိတ်များပြည့်နေသည်။

ဤသည်မှာ အကြီးအကဲလီဆန်ယာထိူသို့ ဖြစ်နေသည်ကို ရှုယီမြင်ရသော ပထမဆုံးအကြိမ်မဟုတ်လေရာ သူမ၏ အမူအရာကို ဂရုမစိုက်နေပေ။ သို့သော် သူမ၏ အဝတ်များကိုမြင်ချိန်၌ ရယ်ချမိလုနီးနီးဖြစ်သွားသည်။

ဤ ကျော့ရှင်း မြင့်မြတ် ဆန်းကျယ်ကာ လှပသည့် လရိပ်မျိုးနွယ်စု၏ အကြီးအကဲက အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးယူနီဖောင်းကို ဝတ်ဆင်ထားကာ အဖြူစွတ်စွတ်အသားရေပေါ်၌ ဖုန်အချို့ကပ်ညိနေသည်။ သူမ၏အဝတ်များကိုသာသုံးသပ် အကဲဖြတ်ရသော် သူမဟာ ပုံမှန်ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဟု ထင်မှတ်မိကြလိမ့်မည်။

သို့ရာတွင် နတ်သူငယ်မျိုးနွယ်စုအကြီးအကဲမှာ ပုံမှန်ဆောက်လုပ်ရေးလုပ်သားတစ်ဦးနှင့် ခြားနားပါ၏။ အလှအပမရှိသည့် ဤယူနီဖောင်းကို သူမအားဝတ်ပေးလိုက်ချိန်တွင် လူအုပ်ထဲ၌ လူများ အလွယ်လေးသတိပြုမိအောင် ဆွဲဆောင်သည့် ခံစားချက်ကို ပေးစွမ်းနေပါ၏။

သို့သော် ဤပုံရိပ်က တကယ်ကို ထူးခြားနေရာ ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။

မနေနိုင်ဘဲ နှစ်ကြိမ်လောက်ရယ်မောလိုက်ပြီးနောက် ရှုယီမှာ အကြီးအကဲ လီဆန်ယာကြည့်နေသည့် ဧရာမစက်ကြီးကို ကြည့်လိုက်သည်။ ထိုဧရာမစက်၏ လက်က အချင်းသုံးမီတာကျော်သည့် သစ်ပင်တစ်ပင်ကို ကောက်ယူကာ နံဘေးမှာ ထားလိုက်သည်ကိုမြင်သော် စိတ်ခံစားချက်များ မနေနိုင်အောင် ပြင်းပြလာရတော့သည်။

ဤသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အသစ်ထုတ် အလတ်ဆိုဒ် မှော်ကရိန်းဖြစ်ပြီး တန်ငါးဆယ်အထိ သယ်နိုင်သည်။ အမ်ရစ်ကုန်သည်ကြီးများအသင်း အသုံးပြုနေကြသည့် ဆယ်တန်သာ သယ်နိုင်သော အသေးစားမှော်ကရိန်းနှင့်ယှဉ်လျှင် ဤသည်က ကြီးမားသောအရွေ့တစ်ခုပင်။

စထရူလမ်းမအတွက် မြှင့်တင်ရေးအလုပ်ပမာဏတိုးမြှင့်ခြင်းက ကြီးမားလှလေသဖြင့် အသေးစားမှော်ကရိန်းမှာ အချိန်အများစု၌ ၎င်းတို့၏ လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ပေ။

ဤအလတ်စား မှော်ကရိန်းကြောင့် ၎င်းတို့၏ အလုပ်ကို အတော်လေးလျှော့ချပေးမည်မှာ သံသယပင်ဝင်စရာမလိုချေ။

ထို့အပြင် ဤအလတ်စားမှော်ကရိန်းမှာ စတင်ရုံသာရှိသေးသည်။ မှော်စက်ဖွံ့ဖြိုးရေးဌာနအတွက် စုစည်းထားသည့် နှစ်များစွာ အတွေ့အကြုံကြောင့် ၎င်းတို့ထံတွင် မှော်စက်မျိုးစုံအတွက် လုံလောက်သော အခြေခံအသိပညာနှင့် အတွေ့အကြုံရှိနေပြီဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့အနေနှင့် ပို၍ပင်မြင့်မားသည့် သတ်မှတ်ချက်များနှင့် မှော်စက်မျိုးစုံတို့ကို ထုတ်လုပ်နိုင်လိမ့်မည်။

ဤမှော်စက်များ၏ အကူအညီကြောင့် စထရူလမ်းမထံ၌ အပြီးသတ်ရန် မျှော်လင့်ချက်ရှိလာလိမ့်မည်။

၎င်းမတိုင်ခင် မည်သူကမှ ငါးဆယ်မီတာရှည်သည့် တောင်ကုန်းအတက်လမ်းတစ်လမ်းတည်ဆောက်နိုင်မည်ဟု မထင်ထားကြချေ။

သို့သော် ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းကို လက်တွေ့ဖြစ်အောင်လုပ်ခဲ့ပြီဖြစ်သည်။

အကြီးအကဲ လီဆန်ယာက ရုတ်တရတ်လှည့်လိုက်သော ရှုယီ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဥက္ကဌရှု ဒီအလတ်စားမှော်ကရိန်းရဲ့ စွမ်းပကားကတော့ တကယ်ကို ကောင်းမွန်လှပါတယ်။ ဒါက တကယ်တမ်း ကျွန်မတို့ မျိုးနွယ်စုရဲ့ ရှေးဟောင်းစစ်မက်သစ်ပင် စွမ်းအားကို ယှဉ်နိုင်တယ်။” အကြီးအကဲလီဆန်ယာက ပြောသည်။

“ရှေးဟောင်းစစ်မက်သစ်ပင်?” ရှုယီက အံ့ဩသွားကာ၊ “အဲဒါက ဘာများလဲ?”

“ဒါက ကျွန်မတို့မျိုးနွယ်စုရဲ့ အသန်မာဆုံးစစ်ဘက်သုံးစက်ပဲ၊ ဘယ်သူကမှ အဲဒီ့ စွမ်းအားကို မရပ်တန့်နိုင်ဘူး။ ဒါက စစ်မြေပြင်မှာ ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှုဖြစ်သလို မဟာမှော်ပညာရှင်တွေကတောင် ဒါအတွက် ခြိမ်းခြောက်မှုမဟုတ်နေဘူး။” အကြီးအကဲလီဆန်ယာက ဂုဏ်ယူနေဟန်ဖြင့်ဆိုသည်။

ရှုယီလည်း သူမကို ကြည့်လိုက်၏။ သူဟာ နတ်သူငယ်များထံ၌ ထိုသို့သော စွမ်းအားကြီးလက်နက် ရှိနေလျက်နှင့် အဘယ့်ကြောင့် လူသားများကို ရှုံးကာ နယ်မြေကြီး၏ ထိန်းချုပ်မှုကို ဆုံးရှုံးခဲ့ရသနည်းဟု မေးလိုက်ချင်သည်။

မှန်ပါ၏ ရှုယီမှာ ထိုမျှ ပါးနပ်မှုမရှိ ဖြစ်နေမည်မဟုတ်ပေ။

“အိုး? ကျုပ်တို့ရဲ့ မှော်ကရိန်းတွေက ဒီလောက် စွမ်းအားကြီးတယ်လား?” ရှုယီက အပြုံးဖြင့်ဆိုသည်၊ “ဒါပေမယ့် အကြီးအကဲလီဆန်ယာ ဒီမှော်ကရိန်းက ကျုပ်တို့ရဲ့ နောက်ဆုံးထုတ်ကုန်မဟုတ်ဘူး၊ ကျုပ်တို့အနေနဲ့ ပိုပြီးတောင်စွမ်းအားကြီးတဲ့ မှော်စက်တွေကို ထုတ်လုပ်ရလိမ့်မယ်။”

အကြီးအကဲလီဆန်ယာမှာ ရှုယီကို ကြည့်ကာ ခဏတာ စဉ်းစားလိုက်ပြီးနောက် ရှုယီကို မငြင်းဆန်ဘဲ ဆန့်ကျင်လိုက်သည်။ သူမက ခေါင်းငြိမ့်၍ သက်ပြင်းချကာဆိုလေ၏၊ “ဥက္ကဌှရှုက ဒီလိုလုပ်နိုင်လောက်မယ်လို့ ကျမယုံတယ်။ ရှင့်အနေနဲ့ ဆန်းကြယ်ဖြစ်ရပ်တချို့ကို ဖန်တီးထားပြီးသားမို့ ဘာလုပ်လုပ် အံ့ဩနေမှာမဟုတ်တော့ဘူး။”

ရှုယီမှာ အနည်းငယ် စူးစမ်းလိုနေ၏။ အကြီးအကဲ လီဆန်ယာထံ၌ လွှမ်းမိုးလိုသော အကျင့်စရိုက်ရှိရာ သူ့ရှေ့၌ ဤသို့ ရိုကျိုးနေသည် အကြောင်းရင်းတစ်ခုရှိရမည်။

သူမက ဒီသဘောထားနဲ့ သူ့ကို နတ်သူငယ်အလှလေးတစ်ယောက် လက်ခံဖို့ ဆွဲဆောင်ချင်နေတာတော့ မဖြစ်နိုင်ဘူးမို့လား?

အချက်အလက်များက ရှုယီ အတွေးလွန်နေပြီဖြစ်ကြောင်း သက်သေပြလာသည်။

စိတ်ထိခိုက်နေပြီးနောက် အကြီးအကဲလီဆန်ယာမှာ ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ ရှုယီနှင့်အတူ စထရူလမ်းမဆင်ခြေလျှောအကြောင်းစတင်ဆွေးနွေးတော့သည်။

အကြီးအကဲ လီဆန်ယာမှာ ရှုယီအား နတ်သူငယ်များထံရှိ အပင်ကောင်းကောင်းထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း အကုန်အကျသက်သာစေရန် အပင်များနှင့်တင် ဆင်ခြေလျှော တည်ဆောက်နိုင်သည်ဟု အဆိုပြုခဲ့သည်။

ရှုယီက ဤစီမံကိန်း၏ လုံခြုံရေး‌နှင့် တည်ငြိမ်မှုတို့အတွက် ပူပန်ကာ ၎င်းကို ငြင်းပယ်လိုက်သော်လည်း အကြီးအကဲလီဆန်ယာက လက်မလျှော့ပေ။ ထိုအစား သူမက ပေါ့ပါးအိပ်မက်တောအုပ်၌ ဆင်ခြေလျှောတစ်ခုကို အပင်များသူံးလျက် ဖန်တီးပြသည်။။

ထိုဆင်ခြေလျှောက တောင်ကုန်းသို့ရောက်ကာ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့ကို ချိတ်ဆက်ပြီးဖြစ်သည်။

အကြီးအကဲလီဆန်ယာက ရှုယီကို အပင်များဖြင့်ပြုလုပ်သည့် ဆင်ခြေလျှောထံခေါ်သွားချိန်တွင် အင်မတန် ဂုဏ်ယူဟန်ရှိနေ၏။

“ဘယ်လိုလဲ? ဥက္ကဌရှု ဒီဆင်ခြေလျှောက ပြီး‌ဖို့ လေးလအောက်ပဲကြာခဲ့ပြီး ရှင် အခိုင်အမာဖြစ်နေတဲ့ ကျောက်စရစ် ဆင်ခြေလျှောကလည်း အပြီးသတ်ဖို့ နောက်သုံးလလိုသေးတယ်။ ရှင်သာ ကျွန်မရဲ့ အကြံပြုချက်ကို လက်ခံရင် လမ်းမက အခုကတည်းက ပြီးနေလောက်ပြီ။”

ရှုယီက အပင်များဖြင့် အပြည့်အဝပြုလုပ်ထားပြီး အပေါ်သို့ တဖြည်းဖြည်းတက်သွားသည့် နှစ်ဆယ်မီတာအကျယ်ရှိ ဆင်ခြေလျှောကို ကြည့်ကာ မည်သို့ ပြန်ဖြေရမှန်းမသိတော့ပေ။

ဤဆင်ခြေလျှောအား အပင်များဖြင့် အပြည့်အဝပြုလုပ်ထားသော်လည်း မျက်နှာပြင်အား နတ်သူငယ်များက အချောသတ်ထားကာ လုံးဝကျစ်လျစ်နေပါ၏။ အနည်းငယ်ထူးဆန်းပုံရနေသည်မှလွဲ မာကျောသည့်လမ်းမျက်နှာပြင်နှင့် မခြားပေ။

ရှုယီမှာ သူ၏ မှော်ဆလွန်းထံလှည့်ကာ ဆင်ခြေလျှောအပေါ် မောင်းလိုက်သော် မြေပြင်ထက်မှ ချောမွေ့မှုအနည်းငယ်ခံစားရသည်။ ၎င်းက အမြန်နှုန်းကို သက်ရောက်စေမည်ဖြစ်သော်လည်း ယာဉ်ကို လုံးဝတုန်ခါခြင်းမရှိစေပေ။

နှိုင်းယှဉ်ရသော် ၎င်းက ပုံမှန်လမ်းများ၌ မောင်းနှင်ခြင်းထက် ပို၍ပင်သက်တောင့်သက်သာဖြစ်နေပါ၏။

၎င်းကို ဖြတ်မောင်းလိုက်ရင်း ရှုယီမှာ ဤဆင်ခြေလျှောကို စိတ်ထဲ အင်မတန် လက်ခံမိနေ၏။

နတ်သူငယ်များမှာ တကယ်ကို နယ်မြေကြီး၌ အဆန်းကြယ်ဆုံးမျိုးနွယ်စုဖြစ်ပြီး ဤသို့သော အဆန်းတကြယ်အရာများအားလုံးရှိနေကြသည်။

သို့သော် ၎င်းအား အပင်များဖြင့် ပြုလုပ်ထားသည်ကိုစဉ်းစားမိသော် ရှုယီမှာ စိတ်မချနိုင်ပေ။

“အကြီးအကဲ လီဆန်ယာ ခင်ဗျားမှာ ဒီလိုအစွမ်းအစရှိနေမှတော့ ဘာလို့ တောင်ကုန်းကို မြန်မြန်မချိတ်ဆက်ပေးခဲ့ရတာလဲ? အဲ့နည်းနဲ့ဆို ခင်ဗျား ရူဒ်ဆန်တိုင်းပြည်ထဲဝင်ဖို့ လွယ်သွားမှာလေ။” ရှုယီက မည်သည်ကိုမှ မမေးနိုင်ချေ။

“ဘာလို့ ကျွန်မတို့က ရူဒ်ဆန်တိုင်းပြည်ထဲကို ဝင်ချင်ရမှာလဲ?” အကြီးအကဲ လီဆန်ယာက ပြန်မေးသည်၊ “ဆန့်ကျင်ဘက်ပဲ၊ ကျွန်မတို့က လူသားတွေကို တောအုပ်ထဲ လုံးဝ ဝင်မလာစေချင်တော့ တောင်ကုန်းက အကောင်းဆုံး အဟန့်အတားပဲလေ။”

ရှုယီက ပခုံးတစ်ချက်တွန့်၍ အသုံးမဝင်သည့်မေးခွန်း မေးလိုက်မိသည်ဟု စဉ်းစားမိသည်။

လရိပ်မျိုးနွယ်စုမှာ လူသားများအား ပေါ့ပါးအိပ်မက်တောအုပ်သို့ ဝင်ရောက်ခြင်းမှ တားဆီးထားခြင်းမှာ ၎င်းတို့၏ အတွေးများပြောင်းလဲခြင်းက အခြေအနေကို ပြောင်းလဲစေခဲ့ခြင်းကြောင့်သာဖြစ်သည်။

“ဒီလိုဆိုရင်ရော အကြီးအကဲလီဆန်ယာ ဒီလမ်းကို ဆက်လုပ်ကြတာပေါ့။ ဒါပေမယ့် ကျုပ်တို့ ဒါရဲ့ဘေးမှာ တခြားလမ်းကိုလည်း ဆောက်မယ်။ ကျုပ်က စထရူလမ်းမကို တစ်ဝက်ခွဲဖို့ ငွေတချို့ထောက်ပံ့ပေးပြီး ရူဒ်ဆန်တိုင်းပြည်ထဲ ဝင်မယ့်လူတွေကို သွားချင်တဲ့လမ်းကြောင်းရွေးခွင့်ပေးလိုက်မယ်။”

အကြီးအကဲလီဆန်ယာမှာ အသာမျက်မှောင်ကုပ်လေသည်၊ “ဥက္ကဌရှု ကျွန်မရဲ့ အကြုံပြုချက်ကို ဘာလို့ လုပ်စေချင်လဲသိလား?”

“သိတာပေါ့” ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်လိုက်သည်။ သူဟာ ဘေးဘီကို ကြည့်ရင်း အကြီးအကဲလီဆန်ယာအား စကားလာပြောရန် အချက်ပြလိုက်သည်။

အကြီးအကဲလီဆန်ယာက ခေါင်းခါ၏။ သူမက လက်ကိုမြှောက်လိုက်သော် အပြာရောင်အလင်းတောက်လာကာ ၎င်းတို့ကို ဝိုင်းရံလိုက်၏။

“ဟုတ်ပြီ ဒီသီးသန့်မန္တာန်‌လေးနဲ့ဆို တခြားလူ‌တွေ ကျွန်မတို့ကို မြင်လည်း မမြင်နိုင်‌ဘူး ကြားလည်းမကြားရဘူး။ ရှင်ပြောချင်တာ ရှိရင်ပြောလိုက်။”

ရှုယီက အပြာရောင်အလင်းကိုကြည့်လိုက်ပြီးနောက် ဤအရာက ကမ္ဘာမြေရှိ အသံလုံနံရံများနှင့် တူသည်ဟု စဉ်းစားမိသည်။

သူ့အနေနှင့် ထိုမျှ အဆင်ပြေသည့် နေရာခြားမှော်ပညာရှိမည်ဟု မထင်ထားခဲ့မိသဖြင့် သူ၏မျက်လုံးများကို အမှန်တကယ် ပွင့်သွားစေသည်။

သက်ပြင်းတစ်ချက်ချပြီးနောက် ရှုယီက အကြီးအကဲလီဆန်ယာကိုကြည့်ကာ အလေးအနက်ဟန်ဖြင့် ပြောလိုက်သည်၊ “ကျုပ်အထင်.... အကြီးအကဲက ရူဒ်ဆန်တိုင်းပြည်ဆီသွားတဲ့ ဒီလမ်းမကို ထိန်းချုပ်ချင်နေတာပဲ။ ကျုပ်တို့သာ အကြီးအကဲရဲ့ အစီအစဉ်ကိုသုံးမယ်ဆိုရင် ရူဒ်ဆန်တိုင်းပြည်ဆီ ဦးတည်တဲ့ စထရူလမ်းမကို နှောက်ယှက်တာနဲ့ ညီမျှပြီး အကြီးအကဲ အလိုရှိတဲ့အချိန်တိုင်း လမ်းမကို ဖျက်နိုင်တယ် မဟုတ်လား။”

အကြီးအကဲလီဆန်ယာက ခေါင်းငြိမ့်သည်၊ “ဥက္ကဌရှု ရှင်ကတကယ်ကို ထက်မြတ်တဲ့လူသားတစ်ယောက်ပဲ။ ဒါအမှန်တကယ်ကို ကျွန်မရဲ့အစီအစဉ်ပဲ ကန့်ကွက်ချင်တာများရှိလား?”

ရှုယီက အပြုံး‌ဖြင့် ခေါင်းခါလိုက်ပါ၏၊ “ကန့်ကွက်စရာမရှိပါဘူး။ အဲ့အစား ဒါကို အခိုင်အမာဆန့်ကျင်တယ်။ စထရူလမ်းမရဲ့ ကျုပ်တို့လုပ်ငန်းစုအတွက် အရေးပါပုံကို အကြီးအကဲသိလောက်မှာပါ၊ ဒီတော့ ဘာပဲဖြစ်နေနေ ဒီလမ်းမကို ကျုပ် အနေနဲ့ ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်။ ကျုပ်တို့သာ အကြီးအကဲရဲ့ အစီအစဉ်ကိုလိုက်နာရင် ဒီလမ်းကို ချိတ်ဆက်လိုက်သည်ဖြစ်စေ အကြီးအကဲ မှီခိုနေမှာ မဟုတ်သည်ဖြစ်စေ ဒီလမ်းမကို ဆောက်တာက ကျုပ်အတွက် ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်တော့ဘူး။”

“ဒါက ရှင် ဒါကိုလုပ်မယ်ဆိုရင် အဲ့လောက်တော့ မပြင်းထန်ပါဘူး။” အကြီးအကဲလီဆန်ယာက တဖြည်းဖြည်း ခေါင်းခါသည်၊ “ကျွန်မက အရမ်းကို ရှားရှားပါးပါးပေါ်လာတတ်တဲ့ ပြင်းပြင်းထန်ထန်အခြေအနေတွေကို စိုးရိမ်တာပါ။ တစ်ခါတလေတောင် မပေါ်လာတတ်တာမို့ ဒါကို စိုးရိမ်နေစရာမလိုပါဘူး။”

“ဒါက မတူဘူး။ ဒီစထရူလမ်းမက ကျွန်တော်တို့လုပ်ငန်းစုအတွက် လူတစ်ယောက်ရဲ့ အသက်သွေးကြောလိုပဲမို့ ဘာပဲဖြစ်ဖြစ် ကျုပ်ထိန်းချုပ်မှကိုရမယ်။ အကြီးအကဲလီဆန်ယာ ဒီကိစ္စမှာ ဆွေးနွေးစရာမရှိပါဘူး။” ရှုယီက အလေးအနက်ဆိုသည်၊ “အကြီးအကဲ ဆန္ဒရှိရှိ မရှိရှိ ကျုပ်က တခြားလမ်းကို ဖောက်မှာပါပဲ။”

အကြီးအကဲလီဆန်ယာ၏ အမူအရာက အနည်းငယ်ပျက်ယွင်းသွားသည်၊ “ဥက္ကဌရှု ကျွန်မကအမြဲတမ်း ရှင့်ကို ကျွန်မတို့ လရိပ်မျိုးနွယ်စုရဲ့ အရင်းနှီးဆုံးမိတ်ဆွေ တွဲဖက်အဖြစ် ဆက်ဆံခဲ့ပါတယ်။ ရှင်က ဒီကိစ္စအတွက်နဲ့ ကျွန်မတို့နဲ့ ဆက်ဆံရေးဖျက်ဖို့ စီစဉ်နေတာလား?”

“ကျုပ်ဆီမှာ ဒီအတွေးမရှိပါဘူး။” ရှုယီက တစ်ချက်ပြုံးသည်၊ “ဒါပေမယ့် ဒီတစ်ခေါက် ဒီလမ်းမကို ထိန်းချုပ်ရမှာဖြစ်မှာမို့ ကျုပ်နဲ့ပတ်သက်ပြီး စိတ်ရင်း တချို့ ယူလာခဲ့ပါတယ်။”

“စိတ်ရင်း?” အကြီးအကဲလီဆန်ယာက ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်သည်။

ရှုယီနှင့် အကြိမ်များစွာ သဘောတူညီမှုများလုပ်ဆောင်ပြီးနောက် ရှုယီ၏ 'စိတ်ရင်း'ဟူသည်က အကျိုးအမြတ်တချို့ဖြစ်မည်ကို သိပါ၏။

“အကြီးအကဲ လီဆန်ယာ အကြီးအကဲသာ ဒီကိစ္စမှာ အလျှော့ပေးမယ်ဆိုရင် ကျုပ်က ခင်ဗျားတို့ လရိပ်မျိုးနွယ်စုကနေ ကျုပ်ရဲ့ကိုယ်ပိုင်အစောင့်တွေထဲထည့်ဖို့ နတ်သူငယ်စစ်သည် တစ်ထောင်ကို စုဆောင်းပါ့မယ်။” ရှုယီကဆိုသည်။

အကြီးအကဲ လီဆန်ယာမှာ အံ့ဩသွားလေသည်။

ရှုယီ၏ ကိုယ်ပိုင်အစောင့်များအဖြစ် တန်ဖိုးရှိသော နတ်သူငယ်စစ်သည် တစ်ထောင်ကို စုဆောင်းခြင်းက လရိပ်မျိုးနွယ်စုအတွက် မည်သည့်အကျိုးအမြတ်များရှိပါသနည်း?

ရှုယီ၏ စိတ်ရင်းက အဘယ်မှာနည်း?

ရှုယီမှာ အကြီးအကဲ လီဆန်ယာ၏ အတွေးများကို ဖောက်ထွင်းမြင်နိုင်နေသလိုနှင့် နှစ်သိမ့်ပြုံး ပြုံးပြလာသည်။

“ကျုပ်က အဲဒီ နတ်သူငယ်စစ်သည်တွေ ကျုပ်ရဲ့ ကိုယ်ပိုင်အစောင့်ထဲဝင်ပြီးရင် စစ်ဘက်သုံးမှော်စက်အသီးသီးတစ်စုံစာစီထောက်ပံ့ပြီး အနားယူတဲ့နောက်ကျရင် လရိပ်မျိုးနွယ်စုဆီ ပြန်ယူသွားခွင့်ပြုမှာပါ။”

၎င်းကိုကြားသော် အကြီးအကဲ လီဆန်ယာ၏ မျက်လုံးများ ရုတ်တရတ် တောက်ပလာ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂၅။ မင်းရဲ့ သဘောထားက ဘယ်လောက်ကြီးမားသလဲ

နောက်ထပ် နွေရာသီဖြစ်၏။

လောင်ကျွမ်းနေသည့် အပူက ယခင်နှစ်နှင့်ထပ်တူကျကာ စတက်တိန်းနယ်မြေကို ဖြတ်ဝင်လာသည်။

ရှုယီ၏ နယ်မြေက စတက်တိန်းနယ်မြေမြောက်ပိုင်း၌ ရှိသော်လည်း အပူမှ မလွတ်မြောက်နိုင်ဘဲ နွေရာသီ၏ ပြိုင်ဘက်မရှိ စွမ်းအားနှင့် သွန်းလောင်းခံထားရသည်။

စတက်တိန်းနယ်မြေသားများမှာ သဘာဝကျကျပင် ဤရာသီဥတုကိုနေသားကျနေကြသလို ဤနေရာသို့ရောက်ရှိနေသည်မှာ နှစ်များစွာကြာနေပြီဖြစ်ကြသည့် Frestech ကုန်သည်ကြီးများအသင်း၏ လူများကလည်း ဤရာသီကို ကျင့်သားရနေကြလေပြီ။

သို့သော်ငြားလည်း နယ်မြေကြီး၏ အခြား‌အပိုင်းများမှ လာသူများမှာ ဤနွေအစောပိုင်းအပူက နွေအလယ်တွင် ၎င်းတို့ကြုံဖူးနေကြ အပူတမျှရှိသဖြင့် အင်မတန်သက်တောင့်သက်သာမရှိ ဖြစ်နေကြသည်။ လူတိုင်း၏ ကိုယ်ကာ အပူ၌ နူးညံ့သွားကာ လှုပ်ရှားမှုများကလည်း ပုံပန်းသဏ္ဍာန်ပျက်သလိုဖြစ်နေသည်။

“ဘုန်း!”

သုံးဆယ်ကီလိုဂရမ်ရှိ သံမဏိဆလင်ဒါက မြေပြင်ပေါ်ကျလာပြီး အသံကျယ်ကြီးနှင့် ဖုန်လုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။

ဟာ့ထ်မှာ ခေါင်းခါလိုက်ပြီးနောက် လက်ယမ်းလိုက်သည်၊ “နောက်တစ်ယောက်”

အလယ်ဗဟို၌ ရပ်နေသူက စိတ်ဓာတ်ကျဟန်ရှိနေသည်။ သူဟာ လုံးဝဆန္ဒမရှိပါသော်လည်း မည်သည်ကိုမှ မပြောနိုင်ဘဲ အလယ်ဗဟိုမှ စိတ်ဓာတ်ကျနေပုံဖြင့် ဖယ်သွားတော့သည်။

သူ၏ နောက်မှ တန်းစီနေသည့် လူကြီးတစ်ဦးထွက်လာသည်ကို မြင်ချိန်တွင် ဟာ့ထ်နံဘေး၌ ထိုင်နေသည့် ဟိန့်ဇ်မှာ မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ပေ၊ “ဒီစံနှုန်းနဲ့ စမ်းသပ်နေတော့ အောင်မြင်နိုင်မယ့်လူ များများစားစားမရှိတော့ဘူး မဟုတ်လား?”

ဟာ့ထ်လည်း သူ၏လက်ထဲရှိ အချက်အလက်ဖောင်ကိုကြည့်ကာ သဘောတူလိုက်ပါ၏။

“အခုထိ အောင်မြင်တဲ့လူ ရှစ်ဆယ့်သုံးယောက်ပဲ ရှိသေးတယ်။”

“ဒါက အရမ်းနည်းနေသေးတယ်” ဟိန့်ဇ်လည်း မပြောဘဲ မနေနိုင်တော့ပေ၊ “ဒီနှုန်းနဲ့ဆို ငါတို့ လူတစ်ထောင်ကို စုဆောင်းချင်ရင် အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူက သိတော့မှာလဲ။”

ဟာ့ထ်က ပခုံးတွန့်သည်၊ “ဥက္ကဌ‌ပြောတာတော့ အရမ်းနည်းတာက အရမ်းများတာထက်ပိုကောင်းတယ်တဲ့။ ကျုပ်တို့တွေ သူချမှတ်ထားတဲ့ စံနှုန်းအတိုင်း စစ်ဆေးရေးလုပ်မှရမယ် သူတို့ မယှဉ်နိုင်ရင် ကျရှုံးမှာပဲ ဘာမှပြောစရာမရှိဘူးလေ။”

ဟိန့်ဇ်က ခပ်ဖြေးဖြေးခေါင်းခါ၏၊ “သူက ကိုယ်ပိုင်အစောင့်တစ်ထောင်ကို စုဆောင်းနေရုံပါပဲ၊ တင်းကြပ်တဲ့လိုအပ်ချက်ရှိတာက မမှားပေမယ့်လည်း ဒီလောက် တင်းကြပ်တာကတော့ ထူးဆန်းတယ်လေ။ သူက အရမ်းသန်မာစေချင်တာဆိုလည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် ဘာလို့ သူတို့ရဲ့ စိတ်တွေကပါ လိုက်လျောညီထွေရှိတတ်ဖို့ လိုအပ်ရတာလဲ? ဒါက အလုပ်သမားစုဆောင်းနေတာနဲ့ကို မတူတော့ဘူး။”

“ဥက္ကဌက သူ့ရဲ့ကိုယ်ပိုင်အစောင့်တွေကို စစ်ဘက်သုံးမှော်စက်တွေ လွယ်လွယ်သုံးနိုင်စေချင်တာကြောင့် ဒီတောင်းဆိုချက်က ကျုပ်တို့ လုပ်ငန်းစုအစောင့်တွေရဲ့ စံနှုန်းဖြစ်နေပြီးသားပါပဲ။” ဟာ့ထ်က ပြောသည်၊ “ပြောရရင် ဒါက ဥက္ကဌရဲ့ ကိုယ်ပိုင်အစောင့်တွေလေ၊ စစ်ဘက်သုံးမှော်စက်တွေကို ဘယ်လိုသုံးရမယ်မှန်းမသိရင် ဘယ်လိုလုပ်မှာလဲ?”

ဟိန့်ဇ်မှာ စဉ်းစားလိုက်ပြီး အနည်းငယ်ရှုပ်ထွေးနေဆဲပင်၊ “ငါ နားမလည်ဘူး သူသာ တကယ်ပဲ ဒါကို လိုအပ်နေရင် ဘာလို့ လုပ်ငန်းစုဆီကနေပဲ သူ့ရဲ့ကိုယ်ပိုင်အစောင့်တွေအတွက် အစောင့်နည်းနည်းလောက် မယူလိုက်တာလဲ? ဘာပဲဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်းက သူ့အပိုင်ပဲလေ တစ်ယောက်ယောက်က တစ်ခုခုပြောနိုင်မှာမို့လား?”

ဟာ့ထ်က ရယ်မောလေ၏၊ “ဒုဥက္ကဌ အခု ညည်းညူနေတာပဲမဟုတ်လား? ဒါပေါ့ ဥက္ကဌကတော့ ဒါက လုပ်ငန်းစုအစောင့်တွေနဲ့ သူ့ရဲ့ကိုယ်ပိုင်အစောင့်တွေကြားမှာ ရှေ့လျှောက်ဖြစ်လာနိုင်လောက်မယ့် ပြဿနာကို ရှောင်ရှားဖို့ ရှင်းလင်းအောင်လုပ်တာလို့ ပြောထားတယ်။”

“ဘာ ပြဿနာရှိမှာမို့လဲ?” ဟိန့်ဇ်မှာ ပို၍ပင် ရှုပ်ထွေးသွားသည်။ သူဟာ စစ်ဆေးမှုလုပ်ပြီးကာစ လူကိုကြည့်၍ ရှုယီမှာ အတွေးလွန်နေသည်ဟု စဉ်းစားမိသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ အတော်လေးကြီးမားကာ လမ်ပူရီတိုင်းပြည်ရှိ ပထမတန်းလုပ်ငန်းစုဖြစ်လာပြီဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ရှုယီ တစ်ဦးတည်း၏ လုပ်ငန်းစုဖြစ်သည်ဟု ပြောကြလျှင် မည်သူကမှ ကန့်ကွက်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် အဘယ့်ကြောင့် သူဟာ ဤသို့လုပ်ဆောင်ရင်း အစောင့်များ ထပ်မံစုဆောင်းနေရသနည်း?

ဤအစောင့်များမှာ ရှင်းလင်းစွာပင် လုပ်ငန်းစု၌ နှစ်များစွာ ရှိနေခဲ့သည့် အစောင့်များထက် ပိုအားနည်းကာ လုံးဝပင် မယှဉ်နိုင်ပေ။ သူသာ ကိုယ်ပိုင်အစောင့်များလိုချင်ပါလျှင် လုပ်ငန်းစုအစောင့်များက ပိုသင့်တော်သည်မှာ အသိသာပင်။

ထို့အပြင် ရှုယီမှာ လူသားအစောင့်များနှင့်တင်မရပ်သွားပေ။ သတင်းလွှဲပေးချိန်က သူဟာ သူ၏ကိုယ်ပိုင်နယ်မြေအတွက် အစောင့်များစွာ စုဆောင်းမည်ဖြစ်ပြီး လူသားအစောင့် အယောက်တစ်ထောင်သာမက နတ်သူငယ်အစောင့် အယောက်တစ်ထောင်နှင့် လူပုလေးအစောင့် အယောက်တစ်ထောင်တို့ပါ ပါဝင်မည်ဟု ပြောခဲ့သည်။

ထို့အပြင် သူချပြခဲ့သည့် သီးသန့်အချက်အလက်တွင် သူဟာ ဆန်နက်မြေရိုင်းမှ သားရဲလူမျိုးအစောင့် အယောက်တစ်ထောင်ကိုပါ စုဆောင်းမည့်ဟန်ရှိသည်။

သူသာ ၎င်းမှာ အစောင့်တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်လျှင် မျိုးနွယ်စုအရော စစ်တပ်ဖြစ်လာလိမ့်မည်။

အခြားမျိုးနွယ်စုများက လူသားများနှင့် ဆက်ဆံရေးကောင်းမရှိသဖြင့် ၎င်းတို့မှာ မျက်လုံးချင်း မဆုံနိုင်ကြချေ။ ၎င်းတို့ကိုသာ အတူတကွထားလိုက်ပါက ဤအစောင့်အဖွဲ့တွင် ပြဿနာများစွာရှိလာနိုင်၏။

ဟိန့်ဇ်က ရှုယီ၏ အစောင့်များ စုဆောင်းခြင်းကို ခဏတာ စောင့်ကြည့်နေသော်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ရှုယီကို လေးလံနေဟန်ဖြင့် သွားရှာတော့သည်။

ရှုယီက လက်ရှိတွင် မှော်စက်ဖွံ့ဖြိုးရေးဌာန၌ ရှိနေပြီး ထူးဆန်းသည့်အရာတစ်ခုကို ဝိုင်းလျက် ကမ်ဘီနှင့် အခြားအင်ဂျင်နီယာများနှင့်အတူ လေးလေးနက်နက်ဆွေးနွေးမှုလုပ်ဆောင်နေသည်။ ဟိန့်ဇ်က ပခုံးကို အားပြင်းပြင်းဖြင့် ပုတ်လိုက်မှသာ ဟိန့်ဇ်ရောက်နေမှန်းသတိပြုမိသွား၏။

ဟိန့်ဇ်က အစောင့်စုဆောင်းခြင်းအကြောင်းမေးလိုက်ချိန်တွင် သူဟာ အနည်းငယ် အံ့ဩသွားပြီးနောက်မှ တုံ့ပြန်လာသည်။

၎င်းကိုသုံးသပ်ရလျှင် ကြည့်ရသည်မှာ သူဟာ ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပုံပင်။

“ဒါက.... ဟိန့်ဇ် ခင်ဗျားစိတ်ပူဖို့ မလိုဘူးလို့ထင်တာပဲ။ ကျုပ်ရဲ့ ကိုယ်ပိုင်အစောင့်တွေဖြစ်လာဖို့အခွင့်အရေးက ဒီလောက်ကောင်းတာကို သူတို့ အချင်းချင်းသဘောမကျရင်တောင် ဘာပြဿနာမှ ဖြစ်မှာမဟုတ်ပါဘူး။”

“ဒါပေမယ့်.....”

ဟိန့်ဇ်မှာ ထပ်ပြောလိုက်ချင်ပါသော်လည်း ရှုယီက သူ၏ ပခုံးကို ဆွဲ၍ လူတိုင်းဝိုင်းထားကြသည့် ထူးဆန်းသော အရာကို ညွှန်ပြလာသည်၊ “ဟုတ်ပြီ အဲဒီကိစ္စအသေးအမွှားလေးတွေကို စိတ်ပူနေတာတော်တော့၊ ဒါကို ကြည့်လိုက်ဦး။ ဒါက ကျုပ် တကယ်ဂရုစိုက်ပြီး ဒုဥက္ကဌဖြစ်တဲ့ ခင်ဗျား ဂရုအစိုက်သင့်ဆုံးအရာပဲ။”

ဟိန့်ဇ်မှာ မျက်လုံး မလှန်မိဘဲ မနေနိုင်တော့ပေ။ သူဟာ ရှုယီ ထိုသို့ ပြုမူလာချိန်တွင် သူမည်သို့မေးမေး ရှုယီ မဖြေမည်ကို သိလေသည်။

သို့သော် ရှုယီကို သိလာသည်မှာ နှစ်များစွာကြာနေပြီဖြစ်သောကြောင့် ရှုယီက အဓိပ္ပာယ်မရှိသည့် အရာကို လုံးဝလုပ်မည်မဟုတ်သည်အား သိပါ၏။

သူ့ထံ၌ ထိုအစောင့်အားလုံးကို ရုတ်တရတ် စုဆောင်းရခြင်းအတွက် ရေရှည်စီမံကိန်း‌ သေချာပေါက် ရှိသည်။

ဟိန့်ဇ်မှာ အငြိမ်းစားတစ်ဝက် ယူထားပြီးဖြစ်သည်။ သူ့အနေနှင့် ဘန်တာမြို့မှ စတက်တိန်းနယ်မြေသို့ ရုတ်တရတ် တစ်လမ်းလုံးဖြတ်၍ ရောက်လာရသည်မှာ ရှုယီက ရုတ်တရတ် ကိုယ်ပိုင်အစောင့်များစုစည်းနေသည့် သတင်းကိုကြားသောကြောင့်ပင်။ သူဟာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို မစိုးရိမ်ဘဲ မနေနိုင်တော့သောကြောင့် ရှုယီကို လာမေးရခြင်းပင်။

သူ့အနေနှင့် ရှုယီထံမှ မည်သည့်အဖြေမှန်မှမရခဲ့သော်လည်း ရှုယီ၏ အသွင်ပြင်အရ သူ့ထံ၌ သူ့အစီအစဉ်ရှိပြီးသား ဖြစ်သဖြင့် စိုးရိမ်နေဖို့ မလိုတော့ပါချေ။

ထိုသို့စဉ်းစားရင်း ဟိန့်ဇ်က ခေါင်းခါလိုက်ပါ၏။ သူဟာ စိတ်ထဲရှိ ပူပန်မှုကို ချကာ သူ့ရှေ့ရှိ ထူးထူးဆန်းဆန်းအရာပေါ် အာရုံစိုက်လိုက်သည်။

ခဏတာကြည့်ရှုလိုက်ပြီးနောက် ဟိန့်ဇ်ကြည့်ရသည်မှာ တစ်စုံတရာကို သတိပြုမိသွားသလိုပင်။

“ဒါက.... လေစွမ်းအား မှော်အင်ဂျင်နဲ့ အတော်ဆင်တူတာပဲ။”

ရှုယီက ရယ်၍ ဟိန့်ဇ်၏ ပခုံးကို ပုတ်ပြီးနောက် ကျယ်လောင်စွာ ဆိုလာသည်၊ “ခင်ဗျားက တကယ်ကို ဝါရင့်တွဲဖက်ပဲ တစ်ချက်ကြည့်ရုံနဲ့ သတိပြုနိုင်တယ်။ ဟုတ်တယ် ဒါက ကျုပ်တို့ အသစ်ထုတ်လုပ်ထားတဲ့ မီးစွမ်းအား မှော်အင်ဂျင်ပဲ!”

ဟိန့်ဇ်၏ မျက်လုံးများ ပြူးသွား၏၊ “တကယ်ကြီး မီးစွမ်းအားမှော်အင်ဂျင်လား? ဒါက.... ဒါကို နောက်ဆုံးတော့ ဖန်တီးနိုင်ခဲ့ပြီပေါ့?”

“ဟုတ်တယ်!” ရှုယီက အပြုံးကြီးကြီးဖြင့် ဆိုသည်၊ “ဘယ်လိုလဲ? အရမ်းစိတ်လှုပ်ရှားမနေဘူးလား?”

ဟိန့်ဇ်မှာ ဆက်တိုက် ခေါင်းငြိမ့်လေတော့၏။

ဤ‌မီးစွမ်းအားမှော်အင်ဂျင်မှာ လွန်ခဲ့သည့် သုံးနှစ်ကျော်အကြာက ဖန်တီးလာသည့်အရာပင်။ ဤအတောအတွင်း Frestech ကုန်သည်ကြီးများအသင်းက ၎င်းအပေါ် လူအင်အားနှင့် ရင်းမြစ်ပမာဏများစွာရင်းနှီးမြှုပ်နှံခဲ့သော်လည်း တိုးတက်မှုအနည်းငယ်မျှသာ လုပ်နိုင်ခဲ့၏။

ရှုယီ၏ အကြာဆုံးတွဲဖက်အဖြစ် ဟိန့်ဇ်မှာ ရှုယီအနေနှင့် မီးစွမ်းအားမှော်အင်ဂျင်ထုတ်လုပ်ရေးကို မည်မျှအထိ အလေးထားမှန်းသိသလို ၎င်းအတွက် ရှုယီမည်မျှ အားထုတ်ထားခဲ့သည်ကိုလည်း သိပါ၏။

၎င်းက ရှုယီကို ထိုမျှရှည်ကြာအောင် ပဟေဠိဖြစ်စေခဲ့ပြီး မှော်စက်ဖွံ့ဖြိုးရေးဌာနအတွက် အခက်ခဲဆုံးသုတေသနစီမံကိန်းကို နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။ ဟိန့်ဇ်မှာ မီးစွမ်းအားမှော်အင်ဂျင်ထုတ်လုပ်ရေးက မည်သည်ကို‌ဆိုလိုကြောင်း ကောင်းစွာနားမလည်ပါလျှင်တောင် အင်မတန် စိတ်လှုပ်ရှားနေဆဲပင်။

“ကောင်းလိုက်တာ! နောက်ဆုံးတော့ အောင်မြင်သွားပြီ!” ဟိန့်ဇ်မှာ ရယ်လျက် ခေါင်းငြိမ့်သည်၊ “ဒီလိုဆိုမှတော့ ရှုယီ မီးစွမ်းအားမှော်အင်ဂျင်ကို ထုတ်လုပ်ပြီးသွားရင် ဘာဖြစ်မယ်လို့ မင်းပြောခဲ့တာ?”

ရှုယီမှာ မနေနိုင်‌ဘဲ ပြုံးလိုက်ပြီး ခေါင်းခါ၏။

ဟိန့်ဇ်မှာ ၎င်းကိုနားမလည်သော်လည်း သူ့ကြောင့် စိတ်လှုပ်ရှားနေဆဲပါပင်။

ရှုယီမှာ ဟိန့်ဇ်၏ ပခုံးကိုကိုင်၍ မီးစွမ်းအားမှော်အင်ဂျင်ကို ညွှန်ပြကာ ရှင်းပြလိုက်စဉ်တွင် စိတ်လှုပ်ရှားနေမိသည်၊ “ဟိန့်ဇ် ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်ကားတွေက တစ်နာရီ ခြောက်ဆယ်ကီလိုမီတာ အမြန်နှုန်းပြည့်ကို ဘယ်တုန်းကမှ မချိုးဖျက်နိုင်ခဲ့မှန်း ခင်ဗျားသိမှာပါ။”

“အင်း.... ဒါက လေစွမ်းအားမှော်အင်ဂျင်မှာ သဘာဝအကန့်အသတ်တစ်ခုရှိတာကြောင့် စက်ထဲမှာ အရွေ့တစ်ခု မလုပ်နိုင်ခဲ့လို့ ဒီအကန့်အသတ်ကို ကျော်ဖြတ်ဖို့အတွက် လေစွမ်းအားမှော်အင်ဂျင်ကို မှီခိုရဖို့က အရမ်းခက်တယ်လို့ ပြောခဲ့တယ်လေ။” ဟိန့်ဇ်က ဆိုသည်၊ “ပြီးတော့ မင်းရဲ့အပြောအရဆိုရင် ဒီမီးစွမ်းအားမှော်အင်ဂျင်နဲ့ဆိုရင် မှော်ကားတွေက တစ်နာရီ ခြောက်ဆယ်ကီလိုမီတာ အကန့်အသတ်ကို ချိုးဖျက်နိုင်သွားမှာလား?”

ရှုယီက ရယ်မောသည်၊ “ဘာလို့ တစ်နာရီခြောက်ဆယ်ကီလိုမီတာလေးပဲ ဖြစ်ရမှာလဲ? ပြောပြမယ် ဒီ‌မီးစွမ်းအားမှော်အင်ဂျင်နဲ့‌ဆိုရင် မှော်ကားတွေက တစ်နာရီ နှစ်ရာကီလိုမီတာ အမြန်နှုန်းအထိတောင် ရောက်နိုင်တယ်!”

ဟိန့်ဇ်မှာ အံ့ဩသွားကာ၊ “တစ်နာရီကို နှစ်ရာကီလိုမီတာ? ဒါက အရမ်း ပုံကြီးချဲ့ရာမကျလွန်းဘူးလား?”

“ဟင့်အင်း ဟင့်အင်း လုံးဝပဲ။ တစ်နာရီ နှစ်ရာကီလိုမီတာက အရမ်းတောင်နှေးနေသေးတယ်။ ကျုပ်စိတ်ထဲက ပန်းတိုင်ကိုရောက်ဖို့‌ဆို အနည်းဆုံး တစ်နာရီ လေးရာကီလိုမီတာ ရောက်ရမှာ! ပြီးတော့ မီးစွမ်းအားမှော်အင်ဂျင်ကို ထပ်ပြီး ထုတ်လုပ်နိုင်တာပြီး မှော်လေသင်္ဘောမှာ သုံးလိုက်တာနဲ့ မှော်လေသင်္ဘောကလည်း တစ်နာရီ တစ်ထောင်မီတာ အကန့်အသတ်ကို ကျော်ဖြတ်သွားနိုင်အောင် လုပ်လို့ရပြီ”

ဟိန့်ဇ်က ခေါင်းခါလေသည်၊ “ဒါက အရမ်းများလွန်းတယ်။ တစ်နာရီ တစ်ထောင်ကီလိုမီတာက တွေးကြည့်ရုံနဲ့တင် မဖြစ်နိုင်ဘူး။”

ရှုယီက ပြုံး၍ ကမ်ဘီကိုကြည့်လိုက်သည်။ ကမ်ဘီက ချောင်းတစ်ချက်ဟန့်ပြီးနောက် အလေးအနက်ဆိုလာ၏၊ “ဒုဥက္ကဌဟိန့်ဇ် ဥက္ကဌပြောတာ အမှန်ပါပဲ။ မီးစွမ်းအားမှော်အင်ဂျင်ကနေ ရထားတဲ့ လက်ရှိ အချက်အလက်တွေအရ သီအိုရီအရဆိုရင် မီးစွမ်းအားမှော်အင်ဂျင်နဲ့ တစ်နာရီတစ်ထောင်ကီလိုမီတာကို ရောက်နိုင်ချေရှိတယ်။ ဒါပေါ့ အခုတော့ သီအိုရီထဲမှာပဲရှိသေးပြီး ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ သုတေသနပမာဏကြီးကြီး လိုအပ်သေးတယ်။”

လူပုလေးများထံ၌ လိမ်ညာပြောခြင်းကို မကြိုက်သည့် အကျင့်စရိုက်ရှိရာ ဟိန့်ဇ်မှာ မတိုင်ခင်က ရှုယီကို သံသယဝင်နေလျှင်တောင် ကမ်ဘီက ပြောလာသည့်အခါ ယုံကြည်ရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

တစ်နာရီ တစ်ထောင်ကီလိုမီတာ? စဉ်းစားကြည့်လိုက်ရုံနှင့်တင် ဟိန့်ဇ်မှာ မူးဝေနေပြီဖြစ်သည်။

၎င်းက သီအိုရီအရသာဖြစ်‌နိုင်‌လျှင်တောင် အင်မတန် အံ့မခန်းဖြစ်ဖွယ်ရာပင်!

ခဏတာ စဉ်းစားပြီးနောက် ဟိန့်ဇ်မှာ ရှုယီကို မပြောဘဲ မနေနိုင်တော့ပေ၊ “တစ်နာရီ တစ်ထောင်ကီလိုမီတာမပြောနဲ့ တစ်နာရီ လေးရာကီလိုမီတာ ရောက်တာကတင် အရမ်းများနေပြီမဟုတ်ဘူးလား? ဒီကနေ လမ်ပူရီတိုင်းပြည်ကိုသွားဖို့ကို တစ်ထောင်ကီလိုမီတာအောက်ရှိတယ်။ မင်းရဲ့အပြောအရဆိုရင် နှစ်နာရီကျော်တည်းနဲ့ ခရီးသွားလို့ရနိုင်နေပြီမဟုတ်လား? အဲ့လောက် မြန်ဖို့လိုလို့လား?”

ရှုယီက အသာပြုံးသည်၊ “ကျုပ်ပြောမယ် ဟိန့်ဇ် ခင်ဗျားရဲ့ သဘောထားက အရမ်းသေးနေတာမဟုတ်ဘူးလား? လမ်ပူရီတိုင်းပြည်က ခေါင်းအစခြေအဆုံး ကီလိုမီတာ တစ်ထောင်ပဲရှိပေမယ့် ကန်ဒရာနဲ့ မာလို အင်ပါယာတွေက အဲ့လောက် မသေးဘူးလေ။”

ဟိန့်ဇ်က ရှုယီကို မျက်လုံးလှန်ပြကာ 'ငါ့ရဲ့သဘောထားက သေးတာမဟုတ်ဘဲ မင်းရဲ့သဘောထားက ကြီးလွန်းနေတာ'ဟု တွေးတောလိုက်၏။

လမ်ပူရီတိုင်းပြည်မှာ နယ်မြေကြီးထက်ရှိ နိုင်ငံငယ်လေးမျှသာဖြစ်ရာ မည်သို့များ ကန်ဒရာနှင့် မာလိုအင်ပါယာတို့ကို ယှဉ်နိုင်ပါမည်နည်း?

ရှုယီက ကိုယ်ပိုင်အစောင့်များကို မည်သို့စုဆောင်းခဲ့သည်အား တွေးတောမိချိန်တွင် ဟိန့်ဇ်မှာ ရုတ်တရတ် ကြောက်မက်ဖွယ်အတွေး,တွေးမိကာ မနေနိုင်အောင် လေအေးများရှူရှိုက်မိသွားသည်။

ရှုယီမှာ တကယ်ကြီး ထိုသို့စဉ်းစားနေပါလျှင် သူ၏ သဘောထားမှာ ..... သိသိသာသာကို..... ကောင်းကင်ယံအား ဖွင့်လှစ်လိုနေခြင်းပင်!

***

မှော်စက်မှုအင်ပါယာ

Vol, 4, အခန်း ၁၂၆။ အားလပ်ရက်ရသော ဘုရင်မ

ပထဝီဝင်အနေအထားအကြောင်းပြချက်များကြောင့် စတက်တိန်းနယ်မြေမှာ တစ်နှစ်ပတ်လည်လုံး ပူနွေးနေလျှင်တောင် နွေရာသီသို့ ဝင်ရောက်လာသည်နှင့် စိုင်စ်နယ်မြေကြီး၏ အခြားနိုင်ငံများထက် များစွာပိုမို ပူ‌အိုက်နေသည်တော့မဟုတ်ပေ။

နှိုင်းစာကြည့်ရသော် အကျိုးအမြတ်ကြီးတစ်ခုရှိသည်။ ၎င်းက ပင်လယ်နှင့်နီးသဖြင့် ပင်လယ်မှလာသည့် လေပြေအေးအေးကို မည်သည့်အချိန်၌မဆို ခံစားနိုင်သည်။

ရှုယီ၏ ညွှန်ကြားချက်များအောက်တွင် Frestech ကုန်သည်ကြီးများအသင်းက ဝန်ထမ်းများ၏ ပြန်လည်ဖန်တီးရေးရည်ရွယ်ချက်များအတွက် ပုံမှန်အသုံးပြုသည့် ကမ်းခြေအပိုင်းကြီးကြီးတစ်ခုကို ဖွင့်လှစ်ထားသည်။ သို့သော် ပင်လယ်အနီး၌ ဆောက်တည်ထားသည်က အင်မတန်လှပပြီး ထောက်ခံပေးနေသည့် လူများစွာရှိသောကြောင့် ဖြတ်သန်းသွားလာသူများကို ဆွဲဆောင်ကာ အင်မတန်ကောင်းမွန်သည့် အားလပ်ရပ်နေရာလေးဖြစ်လာသည်။

နွေတစ်နွေစီတိုင်း ဤနေရာ၌ လူများပြည့်ကာ အင်မတန်အလုပ်များနေပြီး ရှုယီ၏ နယ်မြေအတွက် ခရီးသွားဝင်ငွေ‌အတော်အသင့်ရအောင် ဖန်တီးပေးသည်။

“ရှုယီ ရှင်က ဒီလူတွေ အများကြီးအတွက် ရှင့်ရဲ့ ပိုင်နက်နယ်မြေကို ဖွင့်ပေးလိုက်တာ တကယ်ပဲ ကောင်းလို့လား?” ဆယ်ဗီနီက ပင်လယ်အနီးရှိ သက်ဝင်လှုပ်ရှားနေသောနေရာကို သူမ၏ အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့်ကြည့်ပြီးနောက် ရှုယီထံ လှည့်မေးလိုက်သည်။

ရှုယီက ပခုံးတစ်ချက် တွန့်၏၊ “ဒါအတွက် ဆိုးရွားတာမရှိပါဘူး။ ကျုပ်နယ်မြေမှာက လူနည်းတော့ လူတွေ ဒီကို ရောက်လာပြီး ဒီလိုမျိုး လူဦးရေကိုဖန်တီးပေးတာက အရမ်းကို ကောင်းတဲ့ ကိစ္စပဲ။”

ဆယ်ဗီနီမှာ ရှုယီကိုကြည့်ကာ မျက်လုံးများထဲ ဆွဲဆောင်မှုရှိရှိ ဒေါသတစ်ချက်ပေါ်လာသည်၊ “ဒီတော့ ရှင်က ဘန်တာမြို့က လူတွေကို ခေါ်ဖို့ တန်ကြေးကြီးကြီးသုံးရမှာကို မနှမျောဘူးပေါ့?”

ရှုယီမှာ ခေါင်းမော့ရယ်လိုက်ကာ ထိုမေးခွန်းကို ရှောင်၍ ဆယ်ဗီနီကို မေးလိုက်ပါ၏၊ “ကျုပ်ကို မပြောပါနဲ့။ ဘုရင်မကရော လမ်ပူရီတိုင်းပြည်ရဲ့ ပြည်သူသန်းချီကို စွန့်ပြီး တိတ်တိတ်လေး အလည်အပတ်ထွက်လာတာ တကယ်ကောင်းလို့လား?”

ဆယ်ဗီနီက လက်များကို နောက်ပစ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် အသာပြုံးကာ ဆို၏၊ “ဘုရင်မတစ်ပါးက ဘယ်လောက်ပဲ တာဝန်ကြီးနေပါစေဦး သူမကိုယ်တိုင်အတွက်လည်း အချိန်လိုသေးတယ် မဟုတ်ဘူးလား? ပြီးတော့လည်း ကျွန်မ ဒီကိုလာတာ အလည်အပတ်ထွက်ဖို့ မဟုတ်ဘဲ ရှင်နဲ့ လုပ်ငန်းအကြောင်းဆွေးနွေးဖို့ပဲ။ ပြောရရင် အလုပ်အတွက်ပေါ့။”

ရှုယီက ရယ်သည်၊ “ဒါဆို ဂုဏ်ယူဖွယ် ဘုရင်မ၊ ဘုရင်မက ဒီကို စီးပွားရေးအကြောင်း‌ဆွေးနွေးဖို့ ရောက်လာမှတော့ ဘာလို့ ဒီလိုခပ်မိုက်မိုက် ဘီကီနီကို ဝတ်ထားရတာလဲ? ခင်ဗျားက ကျုပ်ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးအောင် စွဲဆောင်ပြီး ညှိနှိုင်းမှုမှာ အခွင့်အရေးတွေတိုးပေးစေဖို့ စီစဉ်နေတာလား?”

ဆယ်ဗီနီလည်း တစ်ချက် သွားဖြီးပြပြီးနောက် သူမ၏ မော်ဒယ်သစ်ဘီကီနီကို ငုံ့ကြည့်လိုက်သည်။ မျက်နှာထက် ရှက်သွေးထင်ဟပ်လာရင်း မျက်လုံးလေးများ၌ ရှက်ရွံ့ဟန် တစ်စွန်းတစပေါ်လာသည်။

“ကျွန်မရဲ့ ပုံပန်းသွင်ပြင်က ရှင့်ရဲ့ ကျိုးကြောင်းဆင်ခြင်မှုကို ထိခိုက်စေဖို့ အရည်အချင်းမီလို့လား?”

“ဒါပေါ့” ရှုယီက လေးနက်ဟန်ဖြင့် ခေါင်းငြိမ့်သည်၊ “ဆယ်ဗီနီ၊ ဘုရင်မတစ်ပါးအနေနဲ့ ခင်ဗျားရဲ့ အရေးပါမှုကို ဖယ်လိုက်ရင်တောင် ခင်ဗျားတစ်ကိုယ်တည်းနဲ့‌တင် ဆွဲဆောင်ဖို့ လုံလောက်နေတယ်။

“တကယ်လား?” ဆယ်ဗီနီ၏ မျက်လုံးများထဲ အနည်းငယ် ကျေနပ်အံ့အားသင့်ဟန်ပေါ်လာသည်၊ “စတေးလ်နဲ့ ယှဉ်ရင်ရော?”

“ဒါက....” ရှုယီက တစ်ချက်ပြုံးသည်၊ “စတေးလ်က ကျုပ် ဇနီးပဲ၊ ကျုပ်ရင်ထဲမှာ ဘယ်သူကမှ သူမနဲ့ မယှဉ်နိုင်တာကြောင့် ဒီနှိုင်းယှဉ်မှုက ခင်ဗျားအတွက် မမျှတပါဘူး။”

ဆယ်ဗီနီက သက်ပြင်းချကာ အမူအရာက ပုံမှန်အပြုံးလေးအတိုင်းပြန်ဖြစ်သွားသည်။ သူမက ရှုယီကို ကြည့်လိုက်၏, “ဟုတ်ပြီ ကျွန်မ အဝတ်တွေလဲထားပြီးသားမို့၊ ရှင်ကျတော့ရော?”

ရှုယီက သူ၏ အဝတ်များကိုကြည့်ကာ ခေါင်းခါ၏၊ “လဇ်တို့တွေ ပြင်ပေးထားတာဖြစ်လောက်မယ်။ ကမ်းခြေမှာ လဲလိုက်မယ်။”

နှစ်ဦးသားက ရှုယီ၏ ကိုယ်ပိုင်အိမ်တော်မှ ထွက်ခွာကာ အိမ်တော်နောက်ဘက်ရှိ တောင်ကုန်းဆီရောက်လာကြသည်။

ဤတောင်ကုန်းအောက်တွင် ရှုယီပြုလုပ်ထားသည့် ကိုယ်ပိုင်ကမ်းခြေရှိ၏။ ရှုယီနှင့် စတေးလ်တို့ လဇ်နှင့် လင်ဒါတို့အား ရေကူးရန် ခေါ်သွားချိန်က ရှုယီနှင့် စတေးလ်တို့မှာ ၎င်းတို့တစ်ဦးချင်းစီကို သယ်ဆောင်ကာ ပျံဆင်းသွားရသည်။ လူများလာပြီး ရေကူးရခြင်းကို သဘောကျသည့် အီဗီတာနှင့် အာကာလီတို့ မကြာခဏလာကစားကြရာ ရှုယီလည်း တောင်ကုန်းအနီး မလှမ်းမကမ်း၌ လေစွမ်းအား ဓာတ်လှေကားကို ထည့်သွင်းပေးထားသည်။

ရှုယီ ဓာတ်လှေကားထံရောက်လာပြီး ဓာတ်လှေကားကို ခေါ်တော့မည်အပြုတွင် ဆယ်ဗီနီက ဟန့်တားလာသည်။

လှည့်ကြည့်လိုက်သော် ဆယ်ဗီနီက ရှုယီထံ လက်များကမ်းပေးလျက် အသာပြုံးကာ ပြောလာ၏၊ “ရှုယီ ကျွန်မကို သယ်သွားပေး။”

ရှုယီလည်း အံ့ဩကာ မျက်မှောင်ကုပ်လိုက်မိသည်။

“ဒါက မသင့်တော်ပါဘူး ဘုရင်မ။ တစ်ယောက်ယောက်မြင်လို့ ကျုပ်စိတ်ထဲ မထားရင်တောင် ခင်ဗျားအတွက် ကောလဟာလ‌တွေ ထွက်လာလိမ့်မယ်။”

“မထွက်ပါဘူး။” ဆယ်ဗီနီက ခေါင်းခါ၍ တစ်ချက်ရယ်သည်၊ “ဒီနေ့က ရှားရှားပါးပါး အနားရတဲ့နေ့လေးလေ၊ ကျွန်မကို ဆန္ဒလေးနည်းနည်းပါးပါး မဖြည့်ပေးနိုင်ဘူးလား?”

ရှုယီမှာ ဆယ်ဗီနီကို အချိန်ကြာသိလာခဲ့ပြီး ယခင်က ဆယ်ဗီနီ ထိုသို့ အလိုလိုက်ခံရသလို ပြုမူနေသည်အား မမြင်ခဲ့ဖူးချေ။

ဆယ်ဗီနီ၏သွင်ပြင်က စတေးလ်နှင့် မင်းသမီးလေးကာရိုလိုင်းတို့ထက် အနည်းငယ် နိမ့်ကျသော်လည်း အတော်လေးကြည့်ကောင်းနေဆဲပင်။ သူမထံ၌ အင်မတန်အားကောင်းသည့် အမူအရာနှင့် နူးညံ့သည့်နှလုံးသားရှိရာ ကလေးမလေးတစ်ယောက်ကဲ့သို့ ပြုမူသည်က ရှားလှသည်။ ယခုတွင် ရုတ်တရတ် ထိုသို့ပြုမူလာလေရာ ရှုယီ၏ နှလုံးသားက မနေနိုင်စွာ ခုန်လှုပ်လာတော့၏။

စဉ်းစားကြည့်ပြီးနောက်၌ ရှုယီမှာ အပြုံးဖြင့် ခေါင်းခါလေသည်။ သူဟာ ယုံကြည်ချက်ရှိရှိဖြင့် လျှောက်သွားလိုက်ပြီး ဆယ်ဗီနီ၏ ခါးကို ထွေးဖက်လိုက်၏။ ထို့နောက် မှော်စွမ်းအားကိုသုံး၍ တောင်ကုန်းမြင့်မြင့်မှ ပျံဆင်းလိုက်တော့သည်။

၎င်းတို့ လေထဲရောက်သွားသည်နှင့် ဆယ်ဗီနီမှာ မနေနိုင်ဘဲ တအံ့တဩအော်လိုက်မိသည်။ ရှုယီက သူမအား အမြန်သယ်ဆင်းသွားချိန်တွင် ဆယ်ဗီနီမှာ ပို၍ပင် အော်လိုက်သော်လည်း အသံ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။

ရှုယီလည်း ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ။ ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်၏ ဘုရင်မဖြစ်နေပြီဖြစ်သော်လည်း အသက်နှစ်ဆယ်အရွယ်မိန်းမငယ်လေးဖြစ်ရာ တစ်ခါတရံ မိန်းမငယ်လေးလို ပြုမူသင့်ပေသည်။

တစ်အောင့်ကြာပြီးနောက် နှစ်ဦးသား တောင်ကုန်းအောက်ဘက်ရှိ သဲနုနုများပေါ် ဆင်းသက်လိုက်ကြ၏။

ဆယ်ဗီနီလည်း အသက်ရှူထုတ်ကာ ရင်ဘတ်ကိုဖိ၍ အနည်းငယ် တုန်လှုပ်ဟန်ပေါ်နေသည်။

“ရှုယီ ကျွန်မ ဟိုးအရင်ကတည်းက ပျံတာကို ကြုံဖူးကြည့်ချင်ခဲ့တာ ဒါက ကျွန်မစိတ်ကူးထားသလိုပဲ၊ အရမ်း..... စိတ်လှုပ်ရှားစရာကောင်းတယ်။”

ရှုယီမှာ မရယ်မိဘဲမနေနိုင်တော့ပေ၊ “ကျုပ်ပြောမယ် ဘုရင်မ၊ ခင်ဗျားသာ ကောင်းကင်မှာပျံသန်းချင်ရင် ခင်ဗျားနဲ့အတူ ပျံဖို့ မှော်ပညာရှင်တစ်ယောက်ရှာပေးလိုက်မယ်၊ ဒါက ဘာများခက်မှာမို့လဲ?”

ဆယ်ဗီနီက ခေါင်းခါလေသည်၊ “မှော်ပညာရှင်တစ်ယောက် ရှာဖို့က လွယ်ပါတယ်၊ ဒါပေမယ့် ကောင်းကင်ကိုထိုးခွင်း ပျံသန်းနေရင်း ကျွန်မကို သယ်နိုင်မယ့် လူတစ်ယောက်ရှာတွေ့ဖို့က မဖြစ်နိုင်ဘူး။”

“ဘာလို့လဲ?” ရှုယီ အံ့ဩသွားသည်။

ဆယ်ဗီနီက ရှုယီကို ကြည့်လာကာ သူမ၏ မျက်လုံးများက ဝမ်းသာနေသည်လား ဒေါသဖြစ်နေသည်လားကို ပြောရခက်ပါ၏။

“ဘာလို့လဲဆိုတော့ ရှင်ကလွဲပြီး ဘယ်မှော်ပညာရှင်ကမှ ကောင်းကင်မှာ ပျံဖို့ ကျွန်မကို သယ်သွားမှာ မဟုတ်လို့ပဲ။”

ရှုယီက မျက်လုံးများလှိမ့်သည်၊ “ခင်ဗျားက ဒါကိုတောင်း‌ဆိုတဲ့လူလေ ကျုပ်ကို အပြစ်တင်လို့မရဘူး။”

“ဒါပေါ့ ရှင့်ကို အပြစ်မတင်ပါဘူး။” ဆယ်ဗီနီက အသာပြုံး၏၊ “ကောင်းကင်မှာ ပျံသန်းနိုင်တာက ကျွန်မငယ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်ပဲ၊ ကျွန်မမှာ မှော်ပညာအတွက် ပါရမီမပါတာနှမျောစရာပဲ မဟုတ်ရင် သေချာပေါက် မှော်ပညာလေ့လာဖို့ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံလိုက်မှာ။ အခုလိုပုံစံဖြစ်နေပြီး ကျွန်မ မလိုချင်တဲ့ ပလ္လင်ပေါ်မှာထိုင်ရင်း နေ့တိုင်းနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ အလုပ်တွေကို ဖြေရှင်းဖို့ ဦးနှောက်အရည်ညှစ်နေရမှာမဟုတ်ဘူး။”

ရှုယီက ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ “လမ်ပူရီတိုင်းပြည်ရဲ့ ပြည်သူတွေအတွက် ခင်ဗျား ဒီဆုံးရှုံးမှုကိုသည်းခံရမယ်။ ကျုပ်လည်း ဒါနဲ့ပတ်သက်ပြီး မကူညီနိုင်ပေမယ့် တခြားကိစ္စတွေမှာတော့ နည်းနည်းပါးပါးကူညီပေးနိုင်ပါတယ်။ ဥပမာ ခင်ဗျား ကောင်းကင်ပေါ်ပျံချင်ရင် ကူညီဖို့ မှော်ပညာရှင် ရှာဖို့မလိုတော့ဘူးပေါ့။ ခင်ဗျား ကျုပ်တို့လုပ်ငန်းစုရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်မှော်လေသင်္ဘောကို ဝယ်သရွေ့ ကောင်းကင်မှာ လွတ်လွတ်လပ်လပ်ပျံနိုင်ပြီး ကြိုက်သလောက်နေလို့ရတယ်။”

ဆယ်ဗီနီက ရှုယီကိုကြည့်ကာ အနည်းငယ် ရယ်ရသလိုခံစားလိုက်ရသည်၊ “ရှုယီ ရှင်က ပိုပိုပြီး အကျိုးအမြတ်ကြည့်လာတာကိုသိလိုက်ရပြီ။ ဒီလိုအချိန်မှာတောင် ရှင့်လုပ်ငန်းစုရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ကို ကျွန်မဆီရောင်းဖို့ တကယ်မမေ့ဘူးပဲ။”

ရှုယီမှာ ချက်ချင်း ညည်းညူလေ၏၊ “ဒါက တာဝန်သိသိ အကြံပြုတာပါ ဟုတ်ပြီလား? မှော်လေသင်္ဘောက ကျုပ်တို့လုပ်ငန်းစုရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်ဖြစ်ပြီး လုပ်ငန်းစုရဲ့ တခြားမှော်စက်တွေအားလုံးကို ကျော်လွန်နေတဲ့ ဒီလောကရဲ့ အမြင့်မားဆုံး နည်းပညာစံနှုန်းကို ကိုယ်စားပြုတယ်။ ဒီမှော်လေသင်္ဘောနဲ့ဆို ခင်ဗျားလည်း လေစွမ်းအားမှော်ပညာသုံးထားတဲ့ မှော်ပညာရှင်တွေလိုမျိုး ကောင်းကင်မှာ ပျံနိုင်လိမ့်မယ်။ စဉ်းစားကြည့် ဒါက ဆွဲဆောင်ဖို့ မလုံလောက်ဘူးလား?”

“အင်း ကျွန်မအနေနဲ့ အရမ်းဆွဲဆောင်မှုရှိနေတာကိုတော့ ဝန်ခံပါတယ်.....” ဆယ်ဗီနီက ခေါင်းငြိမ့်သည်။ ရှုယီမှာ သူမက 'ဒါပေမယ့်'ဟု ပြောလာမည်ကို စိတ်ပြင်ဆင်ကာ စောင့်နေလိုက်ရာ ဆယ်ဗီနီက အနည်းငယ် ကောက်ကျစ်စွာပြုံး၍ ဆက်ပြောပါ၏၊ “ဒီတော့ ရှုယီ ကျွန်မအနေနဲ့ ရှင်တို့လုပ်ငန်းစုဆီက မှော်လေသင်္ဘောအစင်းတစ်ရာမှာဖို့ စီစဉ်ထားတယ် ဘယ်လိုထင်လဲ?”

“ဟမ်?” ရှုယီ အံ့ဩသွားသည်။

ဆယ်ဗီနီမျက်နှာထက်ရှိ အပြုံးကိုမြင်သော် ရှုယီ ချက်ချင်းနားလည်လိုက်သည်။

အဆုံး၌ ဆယ်ဗီနီက ဤအချိန်အတွက် ပြင်ဆင်လာခဲ့ပါ၏။

သူမအနေနှင့် မှော်လေသင်္ဘောများအပေါ် နားလည်မှုတချို့ရှိပြီး မှာယူရန်စီစဉ်ထားပြီးဖြစ်သော်လည်း ယခုတွင် ရှုယီ၏ စကားများကိုလိုက်နာကာ ထိုသို့တောင်းဆိုလာသည်။

၎င်းကိုစဉ်းစားရင်း ရှုယီမှာ ဒေါသဖြစ်သလို ရယ်ရသလိုလည်း ခံစားမိသည်။ သူက ဆယ်ဗီနီကို ခေါင်းခါပြ၏၊ “ကျုပ်ပြောမယ် ဘုရင်မ ကျုပ်တို့ မှော်လေသင်္ဘောကိုဝယ်တာက ဆိုးတဲ့အရာမဟုတ်တာကို ဘာလို့ ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ?”

“ရှင်းပါတယ် ဘာလို့လဲဆိုတော့.... ကျွန်မမှာ ပိုက်ဆံမရှိဘူးလေ။” ဆယ်ဗီနီက အသာပြုံးကာပြောသည်။

ရှုယီမှာ မပျော်မရွှင်စွာ ပြောလိုက်၏၊ “ခင်ဗျားက ပိုက်ဆံမပေးဘဲ မှော်လေသင်္ဘောဝယ်ချင်တာလား? ပြီးတော့ တစ်ရာတောင် ဝယ်ချင်တာလေ? ပြောပြမယ် ကျုပ်တို့ လုပ်ငန်းစုဆီက မှော်လေသင်္ဘောတစ်စီးစီကို ရွှေဒင်္ဂါးသုံးသိန်းရှိတယ်! ဟုတ်ပြီ ခင်ဗျားတို့လမ်ပူရီတိုင်းပြည်မှာ တကယ်ပဲ ဒီအတွက် ငွေမရှိဘူးဆိုတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းဖို့လုပ်ထားလဲ?”

ဆယ်ဗီနီက အသာပြုံးသည်၊ “ရှုယီ ကျွန်မတို့ လမ်ပူရီတိုင်းပြည်ဆီမှာ ချက်ချင်း သန်း ၃၀ထုတ်ပေးဖို့ အစွမ်းအစမရှိပေမယ့် Frestech ကုန်သည်ကြီးများအသင်းအတွက်ကတော့ မှော်လေသင်္ဘောကို ချက်ချင်းထောက်ပံ့ဖို့ မဖြစ်နိုင်ဘူးမို့လား?”

“ဟုတ်တယ်” ရှုယီက ကူရာမဲ့စွာ ခေါင်းငြိမ့်သည်။

ထုတ်လုပ်နိုင်စွမ်းပြဿနာမှာ Frestech ကုန်သည်ကြီးများအသင်း၏ ပြဿနာဟောင်းဖြစ်သည်။ ဝန်ထမ်းသစ်များခန့်အပ်ကာ အလိုအလျောက်မှော်စက်များ၏ တိုးတက်မှုကြောင့် ၎င်းကတိုးတက်လာသော်လည်း Frestech ကုန်သည်ကြီးများအသင်း ဆက်တိုက်ဖွံ့ဖြိုးလျက် မှော်စက်များပိုရေပန်းစားလာသည်နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်လုပ်ရေးကို ဆက်တိုက်မလုပ်နိုင်အောင်ပို၍ ရေပန်းစားလာ၏။

အထူးသဖြင့် ဆယ်ဗီနီ ဘုရင်မဖြစ်လာပြီး Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်ပြန်ချိန်တွင်ဖြစ်သည်။ လမ်ပူရီတိုင်းပြည်ရှိ အပိုရင့်သန်ပြီးဈေးကွက်များကြောင့် မှာယူမှုများက ပေါက်ကွဲထွက်လာခဲ့သည်။

မကြာသေးမီက Frestech ကုန်သည်ကြီးများအသင်းရှိ လူတိုင်းမှာ အင်မတန် အလုပ်များနေပြီး အားလပ်ရက်ပင် လျှော့ချခံလိုက်ရသည်။

“နှစ်ဘက်စလုံးက တစ်ဘက်စီရဲ့ လိုအပ်ချက်ကို တွေ့နိုင်ကတည်းက ဘာလို့ အပေးအယူကို နည်းနည်းလောက် မဆိုင်းထားမှာလဲ?” ဆယ်ဗီနီက ဆက်ပြောသည်၊ “ရှုယီ အမ်ရစ်ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ဗီလာအသစ်တွေကိုရောင်းတော့ သူတို့ကိုပေးဖို့အတွက် ပိုပြီးသင့်တော်တဲ့နည်းလမ်းကို လက်ခံခဲ့ကြတယ်ဆို။”

ရှုယီ အံ့ဩသွားသည်၊ “ခင်ဗျားက အရစ်ကျငွေပေးချေမှုကိုပြောနေတာလား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂၇။ အနောက်ဘက်စစ်တပ်ကို ပေးမယ်

အရစ်ကျပေးချေမှုမှာ ရှုယီမှ ဥက္ကဌခရုစ်ထံ အဆိုပြုထားသည့် အရာဖြစ်သည်။ ဤပေးချေမှုနည်းလမ်းက လိုက်လျောညီထွေမှုရှိသောကြောင့် အားလုံး တစ်ပြိုင်တည်းမပေးနိုင်သူများအား အိပ်မက်ထဲရှိ ဗီလာများပိုင်ဆိုင်စေနိုင်သဖြင့် အဆိုပြုလိုက်သည်နှင့် အင်မတန် ကြိုဆိုခံခဲ့ရပေသည်။

အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဗီလာအသစ်များအား ဘန်တာမြို့၏ လူချမ်းသာများ ပိုင်ဆိုင်ဖူးကြသော်လည်း အရစ်ကျငွေပေးချေမှုစနစ်ကြောင့် သာမန်အိမ်ထောင်စုများစွာကို ၎င်းတို့အလိုရှိသည့် ဗီလာများဝယ်ယူနိုင်ခွင့်ရစေခဲ့သည်။ ၎င်းက အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် ရောင်းအားကိုလည်း တိုးမြင့်သွားစေခဲ့၏။

၎င်းအဆိုပြုချက်လေးနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အိမ်ရာရောင်းအားမှာ သုံးဆတိုးသွားရာ ဥက္ကဌခရုစ်လည်း ရှုယီကို အင်မတန် ကျေးဇူးတင်နေတော့သည်။

သို့သော် သတင်းအချက်အလက်နှင့် ပို့ဆောင်ဆက်သွယ်ရေးစနစ်က ကမ္ဘာမြေကနှင့်မယှဉ်နိုင်သဖြင့် ဤလောကတွင် ပြီးပြည့်စုံသော ပေးချေမှုစနစ်မရှိရာ ဤနည်းလမ်းက နယ်မြေလေးများ၌သာ အလုပ်ဖြစ်ပြီး အင်မတန် အကန့်အသတ်ရှိပါ၏။

၎င်းကို ဥက္ကဌခရုစ်ထံ အဆိုပြုခြင်းမှလွဲ အခြားလုပ်ငန်းစုများထံ အကြံမပြုခဲ့ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာမူ ထုတ်လုပ်နိုင်စွမ်းက မလုံလောက်သဖြင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့၏ပစ္စည်းများကို အရောင်းမြှင့်တင်ရန်မလိုသောကြောင့် ဤနည်းလမ်းကို မသုံးခဲ့ဖူးပေ။

သို့သော် ယခု ဆယ်ဗီနီက ရုတ်တရတ် အရစ်ကျပေးချေမှုစနစ်ကို အသုံးပြုလိုကြောင်းအဆိုပြုလာခြင်းမှာ ရှုယီကို အံ့အားသင့်သွားစေသည်။

သို့သော် စဉ်းစားကြည့်လိုက်ရာ ဤအကြံပြုချက်က အင်မတန် အလားအလာရှိပါ၏။

လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးက အဆင်ပြေလှသော်လည်း အဆုံး၌ နိုင်ငံတစ်ခုဖြစ်နေဆဲပင်။ ရွှေဒင်္ဂါးများမရှိသော်လည်း အရင်းမြစ်များစွာ ရှိနေဆဲဖြစ်၏။

လုပ်ငန်းစုတစ်ခုနှင့် အပေးအယူလုပ်ချိန်၌ ထိန်းချုပ်မရနိုင်သည့် ပြဿနာများစွာရှိပါသော်လည်း လမ်ပူရီတိုင်းပြည်အား လက်ရှိ ထိန်းချုပ်ထားသည်မှာ ဆယ်ဗီနီဖြစ်သည်။

ရှုယီမှာ ဤဘုရင်မကို လုံ‌လုံလောက်လောက်ယုံကြည်မှုရှိကာ နားလည်ပါ၏။

ဆယ်ဗီနီ၏ လမ်ပူရီတိုင်းပြည်အပေါ် ထိန်းချုပ်မှု အားမနည်းသွားသရွေ့ သူဟာ လမ်ပူရီတိုင်းပြည်နှင့် ဤအပေးအယူလုပ်ရန် စိတ်သက်သာရာရပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ လက်ရှိတွင် Frestech ကုန်သည်ကြီးများအသင်းအပေါ် အခိုင်အမာမှီခိုနေသည့် လမ်ပူရီတိုင်းပြည်နှင့် အတူပူးပေါင်းနေသဖြင့် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးကို အားဖြည့်ချင်နေကြ၏။

အရစ်ကျငွေပေးချေမှုအစီအစဉ်မှာ ရေရည် အပေးအယူဖြစ်ရာ နှစ်ဘက်အကြားဆက်ဆံရေးကို ခိုင်မာစေလိမ့်မည်။

လမ်ပူရီတိုင်းပြည်၏ ပေးချေနိုင်စွမ်းကိုတော့ ရှုယီ ထိုမျှ စိုးရိမ်ခြင်းမ‌ရှိပေ။

Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ ပိုင်ဆိုင်သည့် မှော်စက်အလုပ်ရုံများမှာ လမ်ပူရီတိုင်းပြည်တဝှမ်း၌ မှိုလိုပေါက်နေပါ၏။ ဤအဆင့်အထိရောက်လာရင်း အိမ်သုံးမှော်စက်အမျိုးစုံနှင့် ထုတ်လုပ်ရေးမှော်စက်များများစွာကို ဖန်တီးနေပြီးသား စက်ရုံ ခုနစ်ဆယ့်ခြောက်ရုံရှိလေသည်။

လွန်ခဲ့သည့်လကတင် အနှီစက်ရုံ ခုနစ်ဆယ့်ခြောက်ရုံမှ ထုတ်လုပ်ပေးထားသည့် အိမ်သုံးမှော်စက်များမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးကိုပင် ကျော်လွန်သွားခဲ့သည်။

အရည်အသွေးကွာဟချက်ရှိသောကြောင့် အဆင့်မြင့်စျေးကွက်ရှိ တံဆိပ်ကို မယှဉ်နိုင်သော်လည်း အလယ်နှင့် အလတ်အဆင့်ဈေးကွက်များတွင် ယခင်က လုပ်ငန်းစုများ၏ အိမ်သုံးမှော်စက်များကို ယှဉ်နိုက်သည်။

လမ်ပူရီတိုင်းပြည်တွင် ဤလုပ်ငန်းစုများအား Frestech ကုန်သည်ကြီးများအသင်းထံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသောကြောင့် ၎င်းတို့အား Frestech တံဆိပ်အဖြစ်သတ်မှတ်၍ ရသည်။ ၎င်းတို့အားလုံးက လမ်ပူရီတိုင်းပြည်၏ ဒေသတွင်းစက်ရုံများဖြစ်သည့် အချက်ကိုပါ ထည့်ပေါင်းလိုက်သော် သဘာဝကျကိပင် ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်ရှိ လူများစွာ၏ ထောက်ပံ့မှုကို ရနေကြသည်။

၎င်းအပြင် လမ်ပူရီတိုင်းပြည်ကလည်း အနီးဝန်းကျင်နိုင်ငံ ခြောက်နိုင်ငံသို့ ထုတ်ကုန်များရောင်းချကာ ရွှေဒင်္ဂါး ပမာဏများစွာ ရှာနိုင်နေသည်။

ရှုယီ၏ အကြံပြုချက်အရ လမ်ပူရီတိုင်းပြည်မှာ အိမ်သုံးမှော်စက်များကို အထူးလမ်းကြောင်းများမှတဆင့် စခ်တိုင်းပြည်သို့ မှောင်ခိုတင်သွင်းကာ စခ်တိုင်းပြည်၌ အကျိုးအမြတ်အတွက် ရောင်ချနေကြသည်။

လမ်ပူရီတိုင်းပြည်ဘက်က ပြဌာန်းထားသည့် အချက်အလက်များအရ ယခင်နှစ်၏ လွန်ခဲ့သော သုံးလအတွင်းတွင် လမ်ပူရီတိုင်းပြည်မှာ ထိုစက်ရုံများထံမှ ထုတ်လုပ်သော မှော်စက်များကြောင့် ရွှေဒင်္ဂါးနှစ်သန်းကျော် ရရှိခဲ့ပါ၏။

၎င်းဝင်ငွေကြောင့် လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာမှာ ရွှေဒင်္ဂါးငါးသိန်းနီးနီး လက်ခံရရှိခြ့ပြီး ယခင်နှစ်က လမ်ပူရီတိုင်းပြည်အတွက် အခွန်ဝင်ငွေ ရွှေဒင်္ဂါးသုံးသန်းကျော် ရှာနိုင်ခဲ့၏။

ဤနှစ်တစ်ဝက်ကုန်လွန်ရုံသာ ရှိသေးသော်လည်း လမ်ပူရီဘုရင့်နိုင်သံမှာ မှော်စက်မှုနယ်ပယ်မှ အခွန် ရွှေဒင်္ဂါးနှသ်ငန်းကျော် စုဆောင်း‌ရနေပြီဖြစ်သည်။ မှော်စက်မှုနယ်ပယ်နှင့် ချိတ်ဆက်ထားသည့် အခြားနယ်ပယ်အသီးသီးမှ ပေးချေမှုများကို ထည့်ပေါင်းသော် ၎င်းနှင့်တင် နိုင်ငံ၏ဘဏ္ဍာမှာ ရွှေဒင်္ဂါးသုံးသန်းနှင့် လေးသိန်းရောက်ရှိနေပြီဖြစ်သည်။

ဤလမ်းကြောင်းအရ ဤနှစ်ကုန်ချိန်တွင် လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးဆိုင်ရာ အခွန်ငွေက သမိုင်းဝင် ရွှေဒင်္ဂါးငါးသန်းကိုပင် ရောက်ရှိနိုင်ပါ၏!

လမ်ပူရီတိုင်းပြည်၏ နှစ်ပေါင်းခြောက်ရာသမိုင်းတွင် နိုင်ငံကို တည်ထောင်စကတည်းက တစ်နှစ်တည်းနှင့် ထိုမျှ ကောင်းမွန်သည့် ဘဏ္ဍာငွေ အမြတ်ခွန်ကို မရခဲ့ဖူးချေ။

ဤမျှကောင်းမွန်သည့် ဘဏ္ဍာရေးအခြေနေကြောင့် ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်၌ ပြန်လည်တည်ဆောက်ရေးများလုပ်ဆောင်ရန် ယုံကြည်ချက်ရှိနေ၏။

ဆယ်ဗီနီ ထီးနန်းဆက်ခံခဲ့သည့် နှစ်တစ်ဝက်အောက်အတွင်း လမ်ပူရီတိုင်းပြည် ပြည်သူများ၏ ဘဝများမှာ များစွာ ပြောင်းလဲသွားခဲ့သည်။

၎င်းက လမ်ပူရီတိုင်းပြည်ရှိ ဆယ်ဗီနီ၏ ကျော်ကြားမှုကိုလည်း တိုးလာစေကာ နိုင်ငံအပေါ် ထိန်းချုပ်နိုင်စွမ်းလည်း တိုးလာသည်။

လမ်ပူရီတိုင်းပြည်၏ အခြေအနေသာ မတည်ငြိမ်ပါလျှင် မည်သို့များ ဘုရင်မဆယ်ဗီနီထံ၌ စတက်တိန်းနယ်မြေသို့ လာရောက်ရန် အချိန်ရှိပါမည်နည်း။

“အင်း.... အရစ်ကျငွေပေးချေမှုနဲ့ ပတ်သက်ပြီး ဘာပြဿနာမှတော့မရှိပေမယ့် ဆယ်ဗီနီ၊ မှော်လေသင်္ဘောအစင်းတစ်ရာက ရွှေဒင်္ဂါးသန်းသုံးဆယ် ကုန်ကျမှာ။ နှစ်တစ်ရာအထိခွဲလိုက်ရင်တောင် ခင်ဗျားအနေနဲ့ တစ်နှစ်ကို ရွှေဒင်္ဂါးသုံးသိန်းပြန်ပေးဖို့လိုပြီး ကျုပ် ဘာအတိုးကိုမှ ပြောင်းလဲမှာမဟုတ်ဘူးလို့ ယူဆလို့ရတယ်။ ဒီလိုအချိန်ကြာတာကို လက်ခံမှာ မဟုတ်တာကို မပြောနဲ့ဦး။” ရှုယီက စဉ်းစားလိုက်ပြီးနောက် အလေးအနက်ပြောလေသည်။

“ကျွန်မလည်း နှစ်တစ်ရာဆိုတဲ့ အချိန်ကို လက်ခံမှာမဟုတ်တာ အရှင်းကြီးပါ။ ဒီလိုဆိုရင်ရော၊ ကျွန်မတို့ အနှစ် နှစ်ဆယ် အချိန်ကန့်သတ်ထားမယ်ဆို ဘယ်လိုထင်လဲ?” ဆယ်ဗီနီက မေးသည်။

“အနှစ် နှစ်ဆယ်?” ရှုယီက မျက်မှောင်ကုပ်သည်၊ “ဘာအတိုးမှ မရှိရင်တောင် တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သန်းခွဲနော်။ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေက ကောင်းပေမယ့်လည်း ဒါက အရမ်းကိုကြီးမားတဲ့ ဖိအားဖြစ်လာလိမ့်မယ်။ မှော်လေ‌သင်္ဘောတစ်ရာလောက်လေးအတွက်နဲ့ ကျုပ် ဒီရွေးချယ်မှုကို မထောက်ခံဘူး။”

ဆယ်ဗီနီက အသာအယာပြုံးသည်၊ “နှစ်တိုင်း ပမာဏတူနေရမယ်လို့ ဘယ်သူပြောလဲ? ကျွန်မတို့ နိုင်ငံရဲ့ ဘဏ္ဍာက အဲ့လောက်မကောင်းသေးတော့ အစပိုင်းမှာ လျှော့ပေးမှာပေါ့။ နိုင်ငံဘဏ္ဍာရေးအခြေနေ ပိုကောင်းလာတဲ့အခါကျ ပိုမြင့်တဲ့ ပမာဏကို ပေးလို့ရတယ်လေ။ ကန့်သတ်ချိန်က နှစ် နှစ်ဆယ်ဖြစ်နေသရွေ့ အဆင်ပြေပေမယ့် ပမာဏကိုတော့ ဆွေးနွေးလို့ရပါသေးတယ်။”

“ဒါက နည်းလမ်းတစ်ခုဆိုပေမယ့် ဆယ်ဗီနီ ဘာလို့ ကျုပ်သဘောတူမယ် ထင်ရတာလဲ? ဒီလိုဆို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ဘာ အကျိုးအမြတ်မှ မရှိဘူးလေ။ ကျုပ်တို့ မိတ်ဆွေတွေဆိုပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ ဒါကို သဘောမတူနိုင်ဘူး။” ရှုယီက ဆိုသည်။

“ကျွန်မနားလည်ပါတယ်။” ဆယ်ဗီနီက အပြုံးဖြင့် ဆိုသည်၊ “ဒါကြောင့် ဒါ့အပြင် ပူးပေါင်းဖို့ တခြား‌နည်းလမ်းရှိသေးတယ် ရှင်စိတ်ဝင်စားလား?”

“ဘာများလဲ?” ရှုယီမှာ အနည်းငယ်စူးစမ်းလိုသွားသည်၊ “ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ဘာအကျိုးအမြတ်ရမှာလဲ?”

“အကျိုးအမြတ်တွေရှိတာပေါ့။” ဆယ်ဗီနီက ခေါင်းငြိမ့်သည်၊ “ရှုယီ ရှင် မတိုင်ခင်က တပ်မှူး လန်းတစ်ကို သွားတွေ့ခဲ့တယ်မဟုတ်လား? ရှင် သူ့ကို ဆန်နက်မြေရိုင်းက အကာအကွယ်တွေကို အားဖြည့်ခိုင်းပြီး စခ်တိုင်းပြည်ကျူးကျော်မှုကို ဟန့်တားခိုင်းခဲ့တယ်မဟုတ်လား?”

ရှုယီမှာ ဆယ်ဗီနီက ထိုအကြောင်းသိနေသဖြင့် မအံ့ဩသော်လည်း ဆယ်ဗီနီမှာ ဤကိစ္စကို ၎င်းတို့ဆွေးနွေးနေစဉ် အဘယ့်ကြောင့် ထည့်ပြောလာသည်အား သိလိုသွားသည်။

“ကျွန်မတို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုကြီးမားလွန်းလို့ အခု ဆန်နက်မြေရိုင်းကို ထိန်းချုပ်ဖို့ အစွမ်းအစမရှိသလို နိုင်ငံဘဏ္ဍာကလည်း ဒါကို မထောက်ပံ့နိုင်ဘူး။ ဒါပေမယ့် ကျွန်မတို့ လမ်ပူရီတိုင်းပြည်မှာ ငွေမရှိချိန်မှာ ရှုယီ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက အတော်ချမ်းသာနေတယ်လေ။”

ဆယ်ဗီနီ၏ အပြုံးကိုမြင်သော် ရှုယီ၏ အမူအရာက ထူးဆန်းလို့သွား၏။

ဖြစ်နိုင်တာက....

“ဒီပူးပေါင်းမှုက ရှင်းပါတယ်။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ငွေပေးပြီး ကျွန်မတို့ လမ်ပူရီတိုင်းပြည်က အင်အားပေးမယ်။ ကျွန်မက အနောက်ဘက်စစ်တပ်ကို ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမိန့်ကို လိုက်နာခိုင်းမယ်။ ဆန်နက်မြေရိုင်းနဲ့သက်ဆိုင်နေသရွေ့ ရှင့်ဆီမှာ အနောက်ဘက်စစ်တပ်ကို အပြည့်အဝထိန်းချုပ်ခွင့်ရှိလိမ့်မယ်။”

ရှုယီဟာ ထိုသို့ခန့်မှန်းထားပြီးသားဖြစ်သော်လည်း စိတ်ထဲ ထိတ်လန့်အံ့အားသင့်သွားဆဲဖြစ်သည်။

ဆယ်ဗီနီ၏ စကားများက သူ့ထံ အနောက်ဘက်စစ်တပ်အား လွှဲပေးခြင်းနှင့် ညီမျှ၏။

လမ်ပူရီတိုင်းပြည်၏ ဘုရင်မအနေနှင့် နိုင်ငံ၏ စစ်တပ်တစ်တပ်ကို လုပ်ငန်းစုတစ်ခုထံပေးအပ်ပြီး ထိုလုပ်ငန်းစု၏ ဥက္ကဌ နိုင်ငံ၌လည်း မရှိနေတော့ရာ ဤသည်က အံ့အားသင့်ဖွယ်ကောင်းလွန်းလှသည်!

“ဆယ်ဗီနီ ခင်ဗျား ဒီလိုလုပ်ရင် လမ်ပူရီတိုင်းပြည်ရဲ့လူတွေက ခင်ဗျားကို သေလောက်အောင် ဆူဆဲကြမှာကို မကြောက်ဘူးလား?”

ဆယ်ဗီနီက အသာနှာမှုတ်၏။

“ဘယ်သူဆန့်ကျင်ရဲလဲ၊ ဆန့်ကျင်ရဲတဲ့လူကို ရွှေဒင်္ဂါးသန်းသုံးဆယ်ရှာဖို့ နည်းလမ်းစဉ်းစားခိုင်းလိုက်မယ်။ သူတို့မှာ အရည်အချင်းမရှိရင် ပါးစပ်ပိတ်ထားဖို့ပဲ တတ်နိုင်မှာလေ။”

ဆယ်ဗီနီ၏ မျက်နှာထက်ရှိ ဟိတ်ဟန်ကိုမြင်သော် ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ချေ။

ဆယ်ဗီနီမှာ ယခင်က ဤသို့သော စကားမျိုး ပြောရန်ရှားပါးလှသည်။ နှစ်တစ်ဝက်ကြာ ဘုရင်မဖြစ်ပြီးနောက် သူမထံ၌ ကိုယ်ပိုင်ဟိတ်ဟန်ရှိလာလေပြီ။

“ဟုတ်ပြီလေ ကျုပ် ဝန်ခံရမယ် ဒီအကြံပြုချက်က ကျုပ်ကို အတော်ဖျားယောင်းနိုင်တာပဲ။ ဒါပေမယ့် ဆယ်ဗီနီ ကျုပ်အနေနှင့် ခင်ဗျားရဲ့ စကားထဲမှာ တခြားအဓိပ္ပာယ်ကိုကြားလိုက်တာကြောင့် ခင်ဗျားအဆိုပြုထားတဲ့ အရစ်ကျငွေပေးချေမှုကို သဘောတူဖို့ လုံလောက်မယ်မထင်ဘူး။ ဆယ်ဗီနီ ခင်ဗျားက..... အနောက်ဘက်စစ်တပ်ရဲ့ အသုံးစရိတ်အားလုံးကို ကျုပ်ကို ကိုင်တွယ်ခိုင်းဖို့ စီစဉ်နေတာလား?”

“ဒါပေါ့။” ဆယ်ဗီနီက ပခုံးတွန့်သည်၊ “ကျွန်မမှာသာ ငွေအလုံအလောက်ရှိရင် ဘယ်လိုလုပ် လူအများကြီးဆန့်ကျင်မယ့် အဆိုကိုပြုမှာလဲ?”

“ကောင်းတယ် ဒါဆို ကျုပ်ဒါကို ငြင်းရုံပဲတတ်နိုင်တာပေါ့။” ရှုယီက ခေါင်းခါသည်၊ “ခင်ဗျား ကျုပ်ဆီ အနောက်ဘက်စစ်တပ်ကို တကယ်မပေးရင် ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် ဒီတိုင်းဆိုလည်း ဘာအကျိုးအမြတ်မှမရှိဘူးလေ။”

“ဒါက မလုံလောက်သေးရင် တခြားအခြေအနေပေးလို့ရပါသေးတယ်။” ဆယ်ဗီနီက အပြုံးဖြင့်ဆို၏၊ “ဆန်နက်မြေရိုင်းမှာတင်မဟုတ်ဘူး စတက်တိန်းနယ်မြေမှာပါ အနောက်ဘက်စစ်တပ်က ရှင့် အမိန့်တွေကို လိုက်နာလိမ့်မယ်။ ဒါကို ဘယ်လိုထင်လဲ?”

ဆယ်ဗီနီ၏ မျက်နှာထက်ရှိ အပြုံးကိုမြင်သော် ရှုယီမှာ ထိတ်လန့်အံ့အားသင့်သွားသော်လည်း အမူအရာက ထပ်တူရှိနေဆဲပင်။

“ကောင်းပြီလေ သဘောတူညီမှုလုပ်ကြတာပေါ့”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂၈။ ခံတပ်များ

ဆယ်ဗီနီ၏ ဤတစ်ခေါက် စတက်တိန်းနယ်မြေခရီးမှာ အမည်အရ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်အကြား စီးပွားရေးကို ရှုယီနှင့်အတူ ဆွေးနွေးရန်ဖြစ်သော်လည်း သူမ၏ အတွေးများအရ ဤသည်မှာ ရက်အနည်းငယ် အနားယူဖို့ ဆင်ခြေတစ်ခုပါပင်။

သူမဟာ ဤရည်ရွယ်ချက်ကို အမှန်တကယ် လုပ်ဆောင်ခဲ့၏။ ရှုယီနှင့် ဆွေးနွေးခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းထံ အနောက်ဘက်စစ်တပ်အား ခန့်ထားခြင်းမှလွဲ၍ ကျန်သည့် ပူးပေါင်းမှုကို သူမခေါ်ဆောင်လာသည့် လက်အောက်ငယ်သားများက ကိုင်တွယ်လိမ့်မည်။

ထို့ကြောင့် ရှုယီမှာ ထိုအကြောင်းကို လုံးဝဂရုမစိုက်ပေ။ ညှိနှိုင်းမှုများကိုမူ ခမ်နက်ဒ်နှင့် အခြားဝန်ထမ်းများထံ လွှဲပေးထား သူ့အနေနှင့် ရက်အနည်းငယ်လောက် ဆယ်ဗီနီနှင့်အတူ ဆော့ကစားနေရုံပင်။

ဆယ်ဗီနီအရ ရှုယီမှလွဲလျှင် ရှုယီကဲ့သို့ လူမျိုး လမ်ပူရီတိုင်းပြည်၌ မရှိချေ။ မည်သူကမှ သူမရှေ့၌ ပေါ့ပေါ့ပါးပါး မပြုမူဝံ့ရာ ပုံမှန်မိတ်ဆွေကဲ့သို့ ဆက်ဆံပေးခြင်းက သူမကို အင်မတန် ပျော်ရွှင်စေပါ၏။

ဤနှစ်ရက်အတွင်း ဆယ်ဗီနီအား ရေကူးရန်ခေါ်ပြီး နေသာသည့် ကမ်းခြေကို ခံစားကြည့်စေခြင်းအပြင် ဆယ်ဗီနီအား သူ၏ နယ်မြေရှိ ကားမောင်းပြိုင်ပွဲများကျင်းပရာသို့လည်း ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့မှာ အသေးစားမှော်မြန်နှုန်းမြင့်လှေကိုပင် စီး၍ ပင်လယ်ရှိ လေကိုပါ ခံစားခဲ့သေးသည်။

နောက်ဆုံးနေ့၌ ရှုယီမှာ ဆယ်ဗီနီကို မှော်လေသင်္ဘောတစ်စင်းထံ ခေါ်သွားကာ ကောင်းကင်ယံသို့ ပျံတက်ခြင်း ခံစားချက်အား တွေ့ကြုံစေလေသည်။

၎င်းတို့ စီးနင်းပြီးနောက်၌ စိတ်လှုပ်ရှားနေသည့် ဆယ်ဗီနီမှာ ရှုယီအား သူမအတွက် ပထမဆုံးမှော်လေသင်္ဘောကို စိတ်ကြိုက်ပြုလုပ်ပေးဖို့ တိုက်ရိုက်တောင်းဆိုခဲ့သည်။

ဤမှော်လေသင်္ဘောကိုတော့ လမ်ပူရီတိုင်းပြည်မှ ပေးမည်မဟုတ်ဘဲ ဆယ်ဗီနီ၏ ကိုယ်ပိုင်အိတ်ထဲမှ စိုက်ထုတ်ရမည်ဖြစ်သည်။

ပြောရလျှင် ဆယ်ဗီနီမှာ လမ်ပူရီတိုင်းပြည်၏ ဘုရင်မဖြစ်သော်လည်း သူမ၏ ကိုယ်ပိုင်ဘဏ္ဍာရေးကတော့ မကောင်းလှပေ။ ယခုတွင် သူမဟာ မှော်လေသင်္ဘောတစ်စင်းအတွက် ရွှေဒင်္ဂါးသုံးသိန်းပေးဖို့ ဆန္ဒရှိလာရာ မည်မျှသဘောကျသည်ကို မြင်နိုင်ပါ၏။

နှစ်ရာကြာပြီးနောက် ဆယ်ဗီနီမှာ စတက်တိန်းနယ်‌မြေ အလည်အပတ်ခရီးတိုလေးပြီးနောက် လမ်ပူရီတိုင်းပြည်သို့ ပြန်သွားသည်။ သူမ၏ လည်ပတ်မှုကြောင့် သတိကြီးကြီးထားနေသည့် Frestech ကုန်သည်ကြီးများအသင်းမှာ သက်ပြင်းတစ်ချက်မှုတ်ထုတ်၍ ပုံမှန်ဘဝများသို့ ပြန်ရောက်သွားကြ၏။

နွေပေါက်လာသော် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များမှာ ရောင်းအားအမြင့်ဆုံးရောက်လာသည်။

ဇွန်လတစ်လလေးအတွင်း နောက်ဆုံးရေတွက်မှုအရ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပန်ကာ သုံးသိန်းခြောက်သောင်း၊ မှော်လေပေးစက် ရှစ်သောင်းနှင့် မှော်ရေခဲသေတ္တာ အလုံးပေါင်း သုံးသောင်းအောက်တို့ကို ရောင်းချခဲ့သည်။

ဤရေပန်းအစားဆုံး အိမ်သုံးမှော်စက်များနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်ွဂါးတစ်သန်းငါးသိန်းနှင့် ခုနစ်သောင်း ရောင်းအားအရေအတွက်ထိ ရရှိခဲ့၏။

မှော်စက်အလုပ်ရုံဘက်၌မူ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားများမှာ ရူဒ်ဆန်တိုင်းပြည်၌ ကြီးကြီးမားမား အကြိုဆိုခံရသည်။

ပထမဆုံး ၎င်းတို့မှာ အလတ်ဆိုဒ်နှင့် အသေးစားပို့ဆောင်ရေးမှော်ကား အစီးလေးထောင်ကျော်နှင့် အကြီးစားပို့ဆောင်ရေးမှော်ကား ခုနစ်ရာကျော် ရောင်းချခဲ့ပါ၏။ ပို့ဆောင်ရေးမှော်ကားများနှင့်တင် ၎င်းတို့မှာ ရွှေဒင်္ဂါးခြောက်သိန်းကျော် အမြတ်ငွေများရခဲ့ပါ၏။

ထို့နောက် မှော်ဆလွန်းများရှိရာ မျိုးရိုးမြင့်များနှင့် ကုန်သည်များက ၎င်းတို့ကို အလိုရှိကြသဖြင့် ဖြန့်ချိလိုက်သည်နှင့် ရောင်းအားပမာဏကြီးတစ်ခု ရှိလာသည်။

ဇွန်လ၌ မှော်ဆလွန်း အစီးရေ သုံးရာကျော်ကို ရူဒ်ဆန်တိုင်းပြည်၌ ရောင်းချကာ Frestech ကုန်သည်ကြီးများအသင်းအတွက် အမြတ်ငွေ ရွှေဒင်္ဂါးငါးသောင်းရလာခဲ့သည်။

ဤအမြတ်က အခြားဌာနများထက် ပိုနည်းသော်လည်း မှော်ဆလွန်းများအတွက် ကျယ်ပြန့်သည့် ဈေးကွက်တစ်ခုရှိသည်ဟု ယုံကြည်ပါ၏။

ရူဒ်ဆန်တိုင်းပြည်ရှိ သာမန်ပြည်သူများ၏ နေထိုင်မှု အဆင့်အတန်း တဖြည်းဖြည်းပိုကောင်းလာချိန်တွင် မှော်ဆလွန်းများကိုလည်း ကမ္ဘာမြေက ကားများကဲ့သို့ ကောင်းကောင်းရောင်းရကာ ၎င်းတို့၏ ရောင်းအားလည်း ပေါက်ကွဲထွက်လာလိမ့်မည်။

လမ်ပူရီတိုင်းပြည်အတွက် ၎င်းလက္ခဏာများ ရှိနေပြီဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်း၏ လမ်ပူရီတိုင်းပြည်နှင့် ပူးပေါင်းမှု‌တွင် မှော်ကားများမပါရှိရာ မှော်ဆလွန်းများကို လမ်ပူရီတိုင်းပြည်၌ ရောင်းချချိန်တွင် ကုန်စည်တင်ပို့သည်ဟု ယူဆနိုင်ပြီး အကောက်ခွန်ပေးချေဖို့လိုသည်။ ထို့ကြောင့် ဈေးနှုန်းက အတန်ငယ်ပိုမြောက်၏။

သို့သော် ထိုသို့‌ဆိုပါလျှင်တောင် မှော်ဆလွန်းများမှာ လမ်ပူရီတိုင်းပြည်၌ ရေပန်းစားဆဲပင်။

မှော်ဆလွန်းများ၏ မူလနေရာအနေနှင့် လမ်ပူရီတိုင်းပြည်၏ မျိုးရိုးမြင့်များနှင့် ကုန်သည်များအားလုံးမှာ တစ်စီးတော့ ပိုင်ဆိုင်ထားသင့်ပေသည်။

သင်သာ မြင်းလှည်းစီးနေတုန်းဆိုပါက အရှက်ရဖွယ်ဟု ယူဆနိုင်ကာ အပြင်ပင်ထွက်နိုင်မည်မဟုတ်ပေ။

ရှုယီ တကယ်ဂရုစိုက်သည်မှာ ပြည်သူတွေကြား မှော်ဆလွန်းဝယ်လိုအား အချို့ရှိနေခြင်းပင်။

ဤပြည်သူများမှာ မျိူရိုးမြင့်များ သို့မဟုတ် ကြွယ်ဝသည့် ကုန်သည်များ မဟုတ်သော်လည်း မှော်ဆလွန်းများကို အလိုရှိနေကြဆဲဖြစ်၏။

သို့သော် ဤပြည်သူများထံ၌ မှော်ဆလွန်းတစ်စီးအတွက် ချက်ချင်း ရွှေဒင်္ဂါးတစ်ထောင်ပေးချေရန် ဘဏ္ဍာရေးအင်အား အလုံအလောက်မရှိသဖြင့် ရှုယီမှာ ကမ္ဘာမြေရှိ အရစ်ကျငွေပေးချေမှုစနစ်များကို ခွင့်ပြုရန် စဉ်းစားနေမိသည်။

စိုင်စ်နယ်မြေကြီး၌ ဤသို့လုပ်ဆောင်ရန် စွန့်စားရာကျသော်လည်း ဈေးကွက်အကြောင်းစဉ်းစားပြီးနောက် ရှုယီမှာ ဤအကြံက ထိုက်တန်သည်ဟု တွေးမိသည်။

သို့သော်လည်း ဤပြည်သူများကို လျစ်လျူရှုလိုက်လျှင်တောင် ယခင်လက လမ်ပူရီတိုင်းပြည်၌ မှော်ဆလွန်း အစီးရေခြောက်ရာကျော်ရောင်းချနိုင်ပြီး ရွှေဒင်္ဂါးတစ်သိန်းကျော် အမြတ်ကို ဖန်တီးနိုင်ခဲ့သည်။

သို့သော် ပို့ဆောင်ရေးနှင့် ခရီးသည်တင်ကားတို့တွင် ရောင်းအားအရေအတွက်ကြီးတစ်ခုရှိသည်။ ဇွန်လ၌ ထိုမှော်ကားအမျိုးအစားနှစ်ခုအား လမ်ပူရီတိုင်းပြည်ရှိ အစီးရေ တစ်သောင်းသုံးထောင်အထိ ရောင်းရခဲ့ပါ၏!

၎င်းနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးနှစ်သန်းနီးနီး ကြောက်မက်ဖွယ် အမြတ်များရခဲ့သည်!

ထို့နောက် စက်ဘီးများ၊ တာယာများ၊ ထုတ်လုပ်ရေးမှော်စက်များနှင့် ထိုသို့သော အရာမျိုးစုံကို ထည့်ပေါင်းလိုက်သော် Frestech ကုန်သည်ကြီးများအသင်းမှာ ဇွန်လ၌ ရွှေဒင်္ဂါးငါးသန်းကျော်အထိ ရောင်းရခဲ့၏။

၎င်းတို့၏ ကုန်ကျစရိတ်အားလုံးကို ဖယ်ကြည့်လိုက်လျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ ဤလ အသားတင်အမြတ်ငွေမှာ ရွှေဒင်္ဂါး သုံးသန်းကျော်ကျန်နေဆဲပင်။

ဤသည်ကလည်း စစ်ဘက်သုံးမှော်စက်များထံမှ အမြတ်အစွန်းများကို ထည့်တွက်ထားခြင်းမရှိပေ။

မှန်ပါ၏ စစ်ဘက်သုံးမှော်စက်များတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ထိုမျှလောက် ငွေများများစားစားမဝင်ပါချေ။

ရှုယီမှာ ကောင့်ထ်ဝိန်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမှ နယ်မြေကြီးတစ်ခု ရရှိထားသော်လည်း သူ့အနေနှင့်လည်း ကောင့်ထ်ဝိန်ကို စစ်ဘက်သုံးမှော်စက်များနှင့် ထောက်ပံ့ဖို့ လိုအပ်ပါ၏။

ထို့အပြင် ယခု ရှုယီမှာ ဆယ်ဗီနီနှင့် သဘောတူညီမှုရထားသောကြောင့် ဆယ်ဗီနီထံမှ အနောက်ဘက်စစ်တပ်ကိုပါ ခန့်ထားရသည်။ အနောက်ဘက်စစ်တပ်၏ တိုက်ပွဲ အင်အားကို တိုးမြှင့်ရန် အလို့ငှာ ရှုယီမှာ သဘာဝကျစွာပင် ၎င်းတို့အတွက် စစ်ဘက်သုံးမှော်စက်အချို့ ပြင်ဆင်ထားရပေမည်။

ရှုယီအနေနှင့် အနောက်ဘက်စစ်တပ်ကို တပ်ဆင်ပေးမည့် လက်နက်များအား ပြန်ယူရန် မဖြစ်နိုင်ဘဲ အလကုးပေးလိုက်ရမည်အား သေချာသိလျှင်တောင် ယခု သူဟာ လူလိုနေပါ၏။ အနောက်ဘက်စစ်တပ်၏ အထောက်အပံ့ကြောင့် ကိစ္စများစွာကို ဖြေရှင်းနိုင်ပါသည်။

Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ ဘဏ္ဍာရေးကြောင့် ဤသုံးစွဲမှုကိုတော့ ထောက်ပံ့ပေးနိုင်လေသည်။

ဇွန်လပြီးနောက် လောင်ကျွမ်းနေသည့် အပူရှိန်တွင်တောင် လမ်ပူရီတိုင်းပြည်၏ အနောက်ဘက်စစ်တပ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များ ပမာဏကြီးတစ်ခုကို တပ်ဆင်ကာ ဆန်နက်မြေရိုင်းဆီ ဦးတည်သွားကြသည်။

အနောက်ဘက်စစ်တပ်သာ ယခင်က ထိုသို့လုပ်ရဲလျှင် ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးများ၏ ပြင်း‌ထန်သော ခုခံမှုကို ကြုံတွေ့ရမည်သာဖြစ်သည်။ ၎င်းတို့မှာ လူသားနိုင်ငံက ဆန်နက်မြေရိုင်းကို ကျူးကျော်ကာ သားရဲလူမျိုးများပိုင်ဆိုင်သည့် နယ်မြေကိုယူဆောင်မည်ဟု စဉ်းစားကြလိမ့်မည်။

သို့သော် ဤအချိန်၌ ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများမှာ လုံးဝကို မတုံ့ပြန်ခဲ့ကြချေ။ အနောက်ဘက်စစ်တပ်က သားရဲလူမျိုးနွယ်စုများကို ဖြတ်သန်းသွားချိန်တွင် ၎င်းတို့ထံမှ နွေးထွေးသော ကြိုဆိုမှုများရရှိကာ ရိက္ခာများစွာပင် ရခဲ့သေးသည်။

ဤသည်က Frestech ကုန်သည်ကြီးများအသင်း ပါဝင်ထားသည့် အခန်းကဏ္ဍဖြစ်သည်က သိသာပါ၏။

Frestech ကုန်သည်ကြီးများအသင်း စက်ရုံများအတွက် ရင်းနှီးမြှုပ်နှံရန် ပထမဆုံးအကြိမ် လာရောက်စဉ်က သားရဲလူမျိုးအားလုံး ရန်လိုခဲ့ကြသည်။ သို့သော် နှစ်များစွာ တိုးတက်လာခဲ့ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများအားလုံးမှာ သားရဲလူမျိုးများ၏ လက်ခံမှုကို ရရှိခဲ့ကြ၏။

အကြောင်းအရင်းက ရိုးရှင်းပါ၏၊ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလူသားလုပ်ငန်းစုများက ၎င်းတို့အတွက် ပိုကောင်းသည့် ဘဝများယူဆောင်လာခဲ့ပေးသည်ပင်။

ဆန်နက်မြေရိုင်းကို အဆီးအတားမရှိ ဖြတ်ကျော်လာပြီးနောက် အနောက်ဘက်စစ်တပ်မှာ စခ်တိုင်းပြည်နှင့် ဆန်နက်မြေရိုင်းအကြားရှိ နယ်စပ်ဆီ ရောက်လာကြသည်။ Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့ အတူ အလုပ်လုပ်ကြရင်း ခံတပ်များစတင်ဆောက်တည်နေကြ၏။

ထိုခံတပ်များမှာ နှစ်ဘက်စလုံးတွင် တံတိုင်းများတည်ဆောက်ခြင်းနှင့် ကွဲပြားကာ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးပေါ် အားဖြည့်ကွန်ကရစ် နည်းပညာထံမှ ပြုလုပ်ထားခြင်းဖြစ်သည်။

ဆန်ဒီမြစ်ထက်၌ ဆည်ဆောက်ချိန်က အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ဤဆည်ကို Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာနှင့်အတူ တည်ဆောက်ခဲ့သည်။

သို့သော် နှစ်များစွာအကြာ လုပ်ဆောင်လာပြီးနောက် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ယခုတွင် ဤတည်ဆောက်သည့် နည်းလမ်းကို အင်မတန်ကျွမ်းကျင်နေပြီဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းထံမှ လာသည့် ရံပုံငွေများနှင့် ရင်းမြစ်များကိုပါ ထည့်ပေါင်းလိုက်သော် ဤခံတပ်များကို အံ့မခန်းလျင်မြန်စွာ တည်ဆောက်နေကြတော့သည်။

တစ်လတာလေးအတွင်း ကီလိုမီတာသုံးရာကျော် အထိရှိသည့် ခံတပ်ကို တည်ဆောက်ခဲ့သည်။

၎င်းကိုသာ အပြင်ကနေကြည့်လိုက်လျှင် ဤခံတပ်များမှာ မဟာတံတိုင်းကြီးကဲ့သို့ ဖြစ်နေသော်လည်း အနည်းငယ်တော့ ပိုသေးလွန်းနေသေးသည်။ ၎င်းက ငါးမီတာသာ မြင့်ကာ သုံးမီတာနက်၏။

သို့သော် မဟာတံတိုင်းကြီးနှင့်ယှဉ်လျှင် ဤခံတပ်များမှာ များစွာပို၍ မာကြောပါ၏။

အားဖြည့်ကွန်ကရစ်များကို အသုံးပြုခြင်းက သာမန်စစ်တပ်များ၏ တိုက်ခိုက်မှုကို အလွယ်လေးခုခံနိုင်သည်ကို မဆိုနှင့် ရှုယီကဲ့သို့ စွမ်းအားကြီး နဝမအဆင့်မှော်ပညာရှင်တစ်ယောက် နေ့တစ်ဝက်ကြာ ဖောက်ခွဲလျှင်တောင် ဖြစ်ပြီး ခြစ်ရာတစ်ခုပင် ထင်မည်မဟုတ်ပေ။

ဤခံတပ်ကို ဆန်နက်မြေရိုင်း၏ မြောက်ပိုင်း၌ တည်ဆောက်လိုက်ကတည်းက စခ်တိုင်းပြည်၏ တောင်ပိုင်းသို့ သွားရန် အားထုတ်ခြင်းအား တားမြစ်လိုက်နိုင်သည်ဟု ဆိုနိုင်သည်။ ဆန်နက်မြေရိုင်းအတွက် အနှောင့်အယှက်မရှိတော့ဘဲ လုံလုံခြုံခြုံ တိုးတက်လာလေသည်။

လမ်ပူရီတိုင်းပြည်အတွက် ဤသည်ကလည်း အင်မတန် အကျိုးရှိပါ၏။

ဆန်နက်မြေရိုင်းကို စိုးရိမ်စရာမရှိဘဲ လမ်ပူရီတိုင်းပြည်မှာ နိုင်ငံမြောက်ပိုင်းကို အာရုံပိုစိုက်လာနိုင်သည်။

ထို့ကြောင့် ဆယ်ဗီနီက ရှုယီထံ အနောက်ဘက်စစ်တပ်ပေးလိုက်ချင်းအပေါ် ဆန့်ကျင်သည့် အသံများစွာရှိသော်လည်း ရှုယီက ပူးပေါင်းမှုနည်းလမ်းကို အဆိုပြုလာချိန်တွင် အထောက်အပံ့အပြည့်အဝရခဲ့သည်။

မှန်ပါ၏ ရှုယီလည်း တကယ်တမ်း ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။

ဤအကာအကွယ်များမှာ စိုင်စ်နယ်မြေကြီး၏ လူများအတွက် မထိုးဖောက်နိုင်ဟန်ပေါ်သော်လည်း ရှုယီအတွက် ဤအကာအကွယ်များက မည်သည့် အဓိပ္ပာယ်မှလုံးဝမရှိသလို အမှန်တကယ်စွမ်းအားကြီးတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ဤခံတပ်များ တည်ဆောက်ရန် စုစုပေါင်း ရွှေဒင်္ဂါး သုံးသန်း ရင်းနှီးမြှုပ်နှံခဲ့သည်။

ဤပမာဏကိုသာ အခြားအရာများအတွက်သုံးလျှင် သေချာပေါက် ပြန်ရသည့်အရာပိုများလိမ့်မည်။

သို့သော် လမ်ပူရီတိုင်းပြည်၏ တော်ဝင်စစ်တပ်၏ လက်ခံမှုကို ရယူရန်နှင့် ဆန်နက်မြေရိုင်း၌ တည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးရန် ဤရွှေဒင်္ဂါးသုံးသန်းကို သုံးစွဲရပေမည်။

သို့သော် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် ဆန်နက်မြေရိုင်းမှာ တည်ငြိမ်သောနေရာ အဖြစ်ရှိနေသည်။ တည်ငြိမ်မှုက ပိုအရေးပါသည့် အခြားနေရာရှိပါ၏။

သို့သော် ထိုနေရာမှာ တည်ငြိမ်လာမည်မဟုတ်ပေ....

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၂၉။ ဖရီယာ၏ အနားယူချိန်

Frestech ကုန်သည်ကြီးများအသင်း၏ အားကောင်းသော အထောက်အပံ့ကြောင့် ကောင့်ထ်ဝိန်မှာ စတက်တိန်းနယ်မြေတောင်ပိုင်း အရှင်သခင်များစွာတို့အပေါ် အားကောင်းကောင်း ဆက်လက် တိုက်စစ်ဆင်နေတုန်းပင်။

လအနည်းငယ်အတွင်း ကောင့်ထ်ဝိန်မှာ သူ့အား ဆန့်ကျင်ဖို့စုစည်းခဲ့သည့် အရှင်သခင်လေးဦးကို အနိုင်ယူခဲ့သလို အခြားအရှင်သခင်သုံးဦးကို အနိုင်ယူခဲ့ပြီး စတုရန်းကီလိုမီတာ တစ်သောင်းကျော်သည့် နယ်မြေကြီးကို ရခဲ့သည်။ ကောင့်ထ်ဝိန်မှာ မည်သူကမှ မယှဉ်နိုင်သည့် စတက်တိန်းနယ်မြေဆရာကြီးဖြစ်လာသည်။

မြောက်ပိုင်း စတက်တိန်းနယ်မြေမှာ စစ်ပွဲမီးလျှံထဲကျရောက်နေပြီး တောင်ပိုင်းကလည်း မတည်ငြိမ်နေပေ။

အန်ကလိုက ပထမနှစ်အနည်းငယ်အတွက် သူ၏ အင်အားကို စုစည်းနေခဲ့သည်။ သူဟာ သူ၏နယ်မြေကို တိုးချဲ့‌ကာ အင်အားတိုးနေခဲ့သော်လည်း စတက်တိန်းနယ်မြေတောင်ပိုင်းတွင် လူများစွာက သူ့အား အာရုံစိုက်လာကြပြီး အရှင်ဝိန်နှင့်ယှဉ်ရသော် သူဟာ အချိန်ဆွဲကာ အခွင့်ကောင်းစောင့်နေခဲ့သည်ဟု ယူဆ၍ ရသည်။

သို့သော်လည်း သက္ကရာဇ် ၃၇၈၅တွင် အန်ကလိုမှာ သတ်မှတ်ချက်ကို ဆန့်ကျင်၍ စတက်တိန်းနယ်မြေ၏တောင်ပိုင်းတွင် စတင်ချဲ့ထွင်လာခဲ့သည်။

နှစ်ဝက်လေးအတွင်း အန်ကလိုမှာ သူ၏အပိုင်စားနယ်မြေကို နှစ်ဆတိုးနိုင်ခဲ့ပြီး ယခုတွင် စတုရန်း ကီလိုမီတာတစ်သောင်းကျော်ရှိ နယ်မြေကိုရရှိထားပြီဖြစ်သည်။

သူဟာ စတက်တိန်းနယ်မြေတောင်ပိုင်းရှိ အကြီးမားဆုံးနယ်မြေကို ပိုင်ဆိုင်ထားသည့် အရှင်သခင်မဟုတ်ပါသော်လည်း အတိုက်အခိုက်အင်အားတွင် အထူးသဖြင့် စစ်မြေပြင်၌ မည်သူကမှ သူဟာ အသန်မာဆုံးဖြစ်သည်ကို သံသယပင် မဝင်ရဲကြပေ။

အကြောင်းအရင်းက ရိုးရှင်းလှပါသည်၊ သူ့ထံ၌ Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ရှိနေခြင်းပင်။

အရှင်ဝိန်နှင့် စာချုပ်လက်မှတ်ထိုးပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ အရှင်ဝိန်နှင့် အန်ကလိုတို့မှလွဲ၍ အရှင်သခင်အားလုံးထံ စစ်ဘက်သုံးမှော်စက်များ ထောက်ပံ့ခြင်းကို ရပ်တန့်လိုက်သည်။

ခဲယမ်းမီးကျောက်မရှိခြင်း သို့မဟုတ် ၎င်းတို့ကို မထိန်းသိမ်းနိုင်ခြင်းတို့ကြောင့် စစ်ဘက်သုံးမှော်စက်များမှာ ကြာရှည်ခံရန် မဖြစ်နိုင်ပေ။

အစပိုင်းတွင် အခြားအရှင်သခင်များမှာ အရှင်ဝိန်နှင့် အန်ကလိုတို့အား ၎င်းတို့၏ လက်ကျန်လက်နက်များဖြင့် ခုခံနိုင်ခဲ့သော်လည်း အတန်ကြာသည့်နောက် ၎င်းတို့ပိုင်ဆိုင်ခဲ့သည့် စစ်ဘက်သုံးမှော်စက်များကို အသုံးမပြုနိုင်ကြတော့ပေ။ အခြားအရှင်သခင်များမှာ အရှင်ဝိန်နှင့် အန်ကလိုတို့ထံမှ ဖယ်ရှားခံရပြီး လုံးဝမခုခံနိုင်ခဲ့ကြပေ။

လူတိုင်းက အရှင်သခင်နှစ်ပါးအကြားတိုက်ပွဲတွင် အဆုံးအဖြတ်ပေးသူမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်သည်ကို သေချာသိကြ၏။

ပို၍ တိုက်ရိုက်ကျရလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေတိုးတက်မှုကို အပြည့်အဝထိန်းချုပ်နိုင်သည်။

၎င်းကို နားလည်ပြီးနောက် ဒီတိုင်းထိုင်မနေနိုင်ကြသူများစွာ ရှိလာသည်။”

“ကျီ ကျီ ကျီ ကျီ!”

စိုင်စ်နယ်မြေကြီး၌ ကမ္ဘာမြေကနှင့် မတူကွဲပြားသည့် အရာများစွာ ရှိပါသော်လည်း အချို့အရာများကတော့ တူညီပါ၏။

နွေရာသီရှိ ပုစဉ်းရင်ကွဲများမှာ ၎င်းတို့အနက် တစ်မျိုးဖြစ်သည်။

နွေရာသီတိုင်း ပုစဉ်းရင်ကွဲများ၏ တရင်းတနှီးအသံများကိုကြားသော် ရှုယီမှာ စိတ်ထဲ နွေးထွေးမှုတစ်ရပ်ကို ခံစားရသည်။

သူဟာ ဤလောကသို့ ရောက်လာသည်မှာ ရှစ်နှစ်ကြာနေပြီဖြစ်သည်။ သူဟာ ဤလောက၌ နေထိုင်ရခြင်းကို ကျင့်သားရနေပြီဖြစ်ကာ လက်ထပ်ပြီး၍ ကလေးရနေပြီဖြစ်သော်လည်း ကမ္ဘာမြေ၌ နေထိုင်ရခြင်းကို လွမ်းဆွတ်နေဆဲဖြစ်ပါ၏။

ပုစဉ်းရင်ကွဲများ၏ အသံကိုကြားသော် ကမ္ဘာမြေရှိ သူ၏ ငယ်ရွယ်မှုကို သတိရမိသည်။ သူဟာ နွေရာသီအတွင်း ပိုက်ကွန်များဖြင့် သူငယ်ချင်းများနှင့်အတူ အပြင်ထွက်ကာ တောင်‌တန်းများဆီသွား၍ လိပ်ပြာများ ပုစဉ်းရင်ကွဲများ လိုက်ဖမ်းခဲ့ကြသည်။

ဤနွေမှာ ပူလောင်နေဆဲဖြစ်ပြီး ရှုယီသည် သူ၏ အချိန်ဇယားမှ အနားယူကာ အနောက်ခြံဝန်းထဲရှိ သစ်ပင်တစ်ပင်အောက်၌ လေနုအေးများကို ခံစားနေသည်။ သူ၏ အပေါ်မှ ပုစဉ်းရင်ကွဲများ၏ အသံကိုနားထောင်ကာ ကမ္ဘာမြေက အချိန်များအကြောင်းတွေးနေစဉ်တွင် ကလေးတစ်ယောက်လို ရုတ်တရတ် ခံစားလိုက်ရသည်။ သူဟာ လင်ဒါကို သံဝိုင်ယာအချို့နှင့် ပိုက်ကွက်ဝိုင်ယာအချို့ရှာခိုင်းလိုက်ပြီးနောက် သစ်ပင်မှ အကိုင်းတစ်ခုချိုးကာ ပိုက်ကွန်တစ်ခု ဖန်တီးလိုက်သည်။

“ဟေး ဖရီယာ အဖေ မင်းအတွက် လိပ်ပြာလေးတွေနဲ့ ပုစဉ်းရင်ကွဲတွေဖမ်းပေးမယ် ဟုတ်ပြီလား?” ရှုယီက နံဘေးရှိ သူ ပိုက်ကွန်လုပ်နေသည်ကို ထိုင်‌ကြည့်နေသော ဖရီယာကိုကြည့်ကာ အပြုံးဖြင့်မေးလိုက်သည်။

ဖရီယာမှာ ၂နှစ်ရှိနေပြီဖြစ်ကာ ငယ်သေးပါသော်လည်း ပြေးတတ် ခုန်တတ်နိုင်သလို စကားလည်း ပြောတတ်နေပြီဖြစ်သည်။ ရှုယီ၏ မေးခွန်းကိုကြားသော် သူမဟာ ရှုယီလက်ထဲရှိ ပိုက်ကွန်ကိုကြည့်ကာ ကလေးသံလေးဖြင့် မေးလာလေသည်၊ “ဖေဖေ ဘာလို့ လိပ်ပြာလေးတွေနဲ့ ပုစဉ်းရင်ကွဲလေးတွေကို ဖမ်းချင်ရတာလဲဟင်?”

ရှုယီက အပြုံးဖြင့် ငုတ်တုတ်ထိုင်ချ၍ ဖရီယာ၏ ပါးလေးများကို ဆွဲညစ်ကာ မေးလိုက်သည်၊ “ဖရီယာလေးက လိပ်ပြာလေးတွေကို လှတယ်လို့ မထင်ဘူးလား?”

“အမ်း လိပ်ပြာလေးတွေက အလှဆုံးပဲ”

“ဟုတ်ပြီ လိပ်ပြာလေးတွေက ဘာလို့ အရမ်းလှတယ်ဆိုတာကို ပိုပြီး နီးနီးမကြည့်ချင်ဘူးလား?” ရှုယီက မေးသည်။

“ကြည့်ချင်တယ်။ ဖေဖေ လိပ်ပြာလေးတစ်ကောင်လောက်ကြည့်ဖို့ ခေါ်ပေးလို့ရလား?”

“ဒါပေါ့။ လာ ဖေဖေ့နောက်လိုက်ခဲ့ လိပ်ပြာလေးတွေနဲ့ စကားပြောဖို့ ခေါ်သွားပေးမယ်!”

ပုံမှန်ဆိုလျှင် ယခုက ဩဂုတ်လဖြစ်နေပြီဖြစ်ရာ မည်သည့် လိပ်ပြာမှ ရှိမနေတော့ပေ။

သို့သော် စတက်တိန်းနယ်မြေမှာ နယ်မြေကြီး၏ တောင်ပိုင်း၌ ရှိသောကြောင့် အမြဲလိုလိုနွေးထွေးနေပြီး ရှုယီ၏ နယ်မြေက ပင်လယ်အနီး၌ ရှိသဖြင့် လေထုက စိုထိုင်းနေရာ ပျံသန်းနေဆဲ လိပ်ပြာများစွာရှိလေ၏။

ရှုယီလည်း စိတ်လှုပ်ရှားနေသည့် ဖရီယာကို ရောင်စုံ လိပ်ပြာ‌လေးများ ပျံသန်းနေကြသည့် အိမ်တော်နံဘေးရှိ တောအုပ်လေးထဲ ခေါ်ဆောင်သွားလိုက်သည်။

ဖရီယားက ပျော်ရွှင်ကာ လိပ်ပြာကလေးများကို ခြောက်လှန့်နေ၏။ ရှုယီလည်း သူ၏ပိုက်ကွန်ကို ဆန့်၍ လိပ်ပြာများစွာကို အလွယ်လေးဖမ်းယူလိုက်လေသည်။

ရှုယီမှာ လိပ်ပြာလေးတစ်ကောင်ကို ဂရုတစိုက်ထုတ်ယူ၍ ဖရီယာလက်ထဲ ထည့်ပေးလိုက်၏။ သူ၏ မှော်အစွမ်းကို အသုံးပြု၍ ဖရီးလက်ထဲရှိ လိပ်ပြာလေးကို အပြင်ထွက်မသွားရန် ဖိနှိပ်ထားဖို့ရာ အင်အားနယ်ပယ်လေးတစ်ခုကို ဖန်တီးလိုက်သည်။

ဖရီယာထံ၌ ရွှင်ပျဟန်ရှိနေရင်း သတိကြီးစွာဖြင့် လိပ်ပြာလေးကိုကိုင်ထား၏။ ၎င်းကိုကြည့်ရင်းဖြင့် သူမဟာ ရုတ်တရတ် ရှုယီကို လှည့်မေးလေသည်၊ “ဖေဖေ ဒါက ဘာလို့ မပျံတော့တာလဲဟင်?”

ရှုယီ အံ့အားသင့်သွားပါ၏၊ “မင်း လိပ်ပြာလေးနဲ့ စကားပြောချင်လို့မဟုတ်ဘူးလား? အခုလက်ထဲမှာ ရှိနေပြီဆိုတော့ ခဏလောက် အတူကစားလိုက်ရင်ရော မကောင်းဘူးလား?”

ဖရီယာက ခေါင်းခါ၏၊ “ဒါပေမယ့် ပျံနေတာကို သဘောကျတာလေ။ ဒီမှာ နေတာ ကြည့်လို့မကောင်းဘူး။” သူမက ရှုယီလက်ထဲရှိ ပိုက်ကွန်ကိုကြည့်၍ ထိုသို့မေးကာ အထဲရှိ လိပ်ပြာလေးများကို ညွှန်ပြလာသည်၊ “ဖေဖေ သူတို့ကို လွှတ်ပေးသင့်တယ် အရမ်းသနားစရာကောင်းလို့။”

ရှုယီမှာ ဖရီယာကို တအံ့တဩကြည့်လိုက်ပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။

ဖရီယာမှာ ၂နှစ်သာရှိသေးသော်လည်း သဘောထားကောင်းမွန်သည့် မိန်းကလေးဖြစ်ရာ ၎င်းက သူ့အတွက် အရေးကြီးဆုံးအရာဖြစ်ပါ၏။

ရှုယီမှာ ဖရီယာ၏ ညွှန်ကြားချက်အောက်၌ လိပ်ပြာလေးများကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ကာ ပျံသန်းခွင့်ပြုလိုက်ပါ၏။

တောအုပ်ထဲ၌ လိပ်ပြာလေးများပျံသန်းနေကြသည်ကိုကြည့်ရင်း ဖရီယာမှာ ပျော်ရွှင်စွာဖြင့် ထပ်အော်နေတော့သည်။ သူမက တောအုပ်ထဲ ရှေ့ပြေးလိုက် နောက်ပြေးလိုက်ဖြင့် အင်အားအပြည့်ဖြစ်နေတော့၏။

ဖရီယာ၏ ပျော်‌ရွှင်နေဟန်ကိုမြင်သော် ရှုယီသည်လည်း အင်မတန်ပျော်ရွှင်လာတော့သည်။

သူဟာ ဤအတောအတွင်း စတက်တိန်းနယ်မြေနှင့် ဆန်နက်မြေရိုင်းတို့ကို ကိုင်တွယ်နေရသဖြင့် အင်မတန်အလုပ်များနေခဲ့ရသည်။ ယခုတွင် ဖရီယာနှင့် ကစားလိုက်ခြင်းက သူ့အား စိတ်သက်သာရာရစေ၏။

သူဟာ တောအုပ်အနက်ပိုင်းထဲ ဖရီယာကို ခေါ်သွားမည်အပြုတွင် တောအုပ်အစွန်း၌ စောင့်နေခဲ့သူ လဇ်က ရှုယီနှင့် ဖရီယာကို ပြောရန် ရုတ်တရတ် ပြေး‌ဝင်လာခဲ့သည်။

“သခင်လေး ဧည့်သည်ရောက်နေပါတယ်။”

လဇ်၏ မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေဟန်ကိုမြင်သော် ရှုယီ အတန်ငယ် အံ့ဩသွားပါ၏။

“ဘယ်သူများလဲ?”

“စီအီးအို ခေါ်လာတဲ့ ဧည့်သည်ပါ၊ ဒုခ် စတက်တိန်း ပို့လိုက်တဲ့ သံတမန်ဖြစ်လောက်ပါတယ်။”

“ဒုခ် စတက်တိန်းပို့လိုက်တာလား?” ရှုယီမှာ အံ့ဩသွားပြီးနောက် တစ်ချက်ပြုံးလာသည်၊ “ဟုတ်သားပဲ ဒုခ်က ဒါကို ထပ်ပြီး သည်းမခံနိုင်လောက်တော့ဘူး။”

ဖရီယာကို လဇ်နှင့် လွှဲထားခဲ့ပြီးနောက် ရှုယီမှာ ခြံဝန်းထဲပြန်သွားရာ ခမ်နက်ဒ်နှင့် ဒုခ် စတက်တိန်းလွှတ်လိုက်သည့် သံတမန်တို့ကို ဧည့်ခန်း၌ တွေ့လိုက်ရသည်။

ထိုသံတမန်သုံးဦးမှာ ရှုယီ၏ အသိများဖြစ်ကြ၏။

ပထမဆုံးတစ်ခေါက် သူ စတက်တိန်းနယ်မြေသို့ သွားစဉ်က ဤသုံးဦးမှာ ရှုယီ ဆုံခဲ့သည့် ဒုခ် စတက်တိန်းလက်အောက်မှ ဝန်ကြီးများဖြစ်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အတွက် အနည်းဆုံး ရွှေဒင်္ဂါးနှစ်သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး အပြည့်အသိပ် ကျွေးမွေး‌ထားခဲ့သဖြင့် ၎င်းတို့မှာ ရှုယီကို မြင်သော် ယဉ်ကျေးစွာပြုမူကြပါ၏။

နှစ်ဘက်စလုံးက အချင်းချင်း အပြုံးဖြင့်နှုတ်ဆက်လိုက်ကြပြီးနောက် ရှုယီက အဘယ့်ကြောင့်ရောက်နေသည်ကို မေးလိုက်လေသည်။

ထိုသုံးဦးလည်း တစ်ဦးကိုတစ်ဦးကြည့်ကာ ဝဖိုင့်ဖိုင့်ဝန်ကြီးတစ်ဦးက အပြုံးဖြင့် ဆိုလာလေသည်၊ “ဥက္ကဌရှု မဟုတ်ဘူး၊ ဗစ်ကောင့်ထ်ရှု ကျုပ်တို့ လာတာက ခင်ဗျားဆီကို သတင်းကောင်းတင်ပြဖို့ပါ။”

“သတင်းကောင်း?” ရှုယီက အိုး'ဟု အသံပြုလိုက်၏၊ “ဘာသတင်းကောင်းများလဲ?”

ဝဖိုင့်ဖိုင့်ဝန်ကြီးက ရယ်မောလေ၏၊ “ဗစ်ကောင့်ထ်ရှု ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ စတက်တိန်းနယ်မြေအ‌တွက် လုပ်ဆောင်ပေးခဲ့တဲ့ အကူညီအထောက်အပံ့တွေအရ ဒုခ်က ခင်ဗျားကို ဗစ်ကောင့်ထ်ကနေ ကောင့်ထ်အဖြစ် အဆင့်မြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတော့ ဆိုလိုတာက ဒီနေ့ကနေ့‌စပြီး ကျုပ်တို့အနေနဲ့ ခင်ဗျားကို ကောင့်ထ်ရှုလို့ ခေါ်ရတော့မှာပေါ့။”

နံဘေးရှိ ခမ်နက်ဒ်ထံ၌ ကျေနပ်အံ့ဩဟန်ရှိနေလေသည်။

သူဟာ မျိုးရိုးမြင့်မိသားစုမှ လာခဲ့သဖြင့် မျိုးရိုးမြင့်အဆင့်အတန်းမှာ သူ့အတွက် အင်မတန် အရေးပါလှ၏။ သူ့အနေနှင့် သူကိုယ်တိုင်ဟာ လမ်ပူရီတိုင်းပြည်၌ ဘာရွန်တစ်ဦးဖြစ်သဖြင့် အမြဲလိုလို ရှုယီ၏ အဆင့်အတန်းမှာ မမြင့်မည်ကို စိုးရိမ်နေခဲ့သည်။

ရှုယီထံ၌သာ ခေါင်းစဉ်တစ်ခုမရှိပါလျှင် သူဟာ လမ်ပူရီတိုင်းပြည် ဘာရွန်တစ်ဦးအနေနှင့် သာမန်ပြည်သူတစ်ဦးလက်အောက်၌ အလုပ်လုပ်နေခြင်းဖြစ်လာလိမ့်မည်။

မည်သူကမှ အဆင့်အတန်းနှင့် ပတ်သက်လာလျှင် ရှုယီကို သာမန်ပြည်သူတစ်ဦးအဖြစ် မသတ်မှတ်ထားကြ‌လျှင်တောင် သူ၏စိတ်ထဲ၌ တုံ့ဆိုင်းမှုတချို့ကို ဖြစ်ပေါ်စေသည်။

ယခုတွင် ရှုယီက ကောင့်ထ်ဖြစ်ပြီး ဒုခ် စတက်တိန်းထံမှလာသည့် ကောင့်ထ်အဆင့်ဖြစ်သဖြင့် လမ်ပူရီတိုင်းပြည်၏ ကောင့်ထ်အဆင့်နှင့် ယှဉ်လျှင် ဝေးကွာလွန်းနေဆဲဖြစ်လျှင်သော်မှ ရှုယီထံ၌ သင့်တော်သည့် မျိုးရိုးမြင့်အဆင့်အတန်းရှိစေရန် လုံလောက်သည်။

ရှုယီထံ၌ တည်ငြိမ်ဟန်ရှိနေပါ၏။ သူဟာ ပြုံးရုံပြုံးလျက် နားလည်ကြောင်းပြရန် ခေါင်းငြိမ့်လိုက်လေသည်။

သုံးဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် ဝဖိုင့်ဖိုင့် ဝန်ကြီးက မြေပုံတစ်ခုထုတ်ကာ ရှုယီရှေ့၌ ဖြန့်ပြလာ၏။

“ဥက္ကဌ.... မဟုတ်ဘူး၊ ဗစ်ကောင့်ထ်ရှု..... အိုး၊ မဟုတ်သေးပါဘူး ကောင့်ထ်ရှု အစဉ်အလာအရ ခင်ဗျားအနေနဲ့ နယ်မြေကြီးတစ်ခုကို လက်ခံရမှာပေါ့။ သုတေသနတစ်ချို့ လုပ်ပြီး‌တဲ့နောက်မှာ ဒုခ်က ခင်ဗျားရဲ့ နယ်မြေအဖြစ် ဒီမြေကွက်ကို ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို စိတ်တိုင်းကျရဲ့လား?”

ရှုယီမှာ မရေရာသည့် စတက်တိန်းနယ်မြေ မြေပုံထက်မှ ဝဖိုင့်ဖိုင့်ဝန်ကြီး ညွှန်ပြနေသောနေရာကိုကြည့်၍ သူ၏နယ်မြေသစ်ကိုမြင်သော် စိတ်ထဲ အေးစက်စက်ရယ်လိုက်သည်။

ဒုခ် စတက်တိန်းက ရှုယီကို နှစ်ဆယ့်လေးကီလိုမီတာအောက်သာရှိသည့် မြေကွက်ကိုပေးသော်လည်း ၎င်းက သူ၏အပိုင်စားနယ်မြေကို အဆများစွာ တိုးလာစေပါ၏။

သို့သော် သေချာ‌ကြည့်လျှင် ဤမြေကွက်မှာ ကောင့်ထ်ဝိန် ယူထားကာစ မြေကွက်နှင့် သက်ဆိုင်နေကြောင်း တွေ့ရလိမ့်မည်။

ရှုယီသာ ဤမြေကိုယူလိုက်ပါလျှင် ၎င်းက ကောင့်ထ်ဝိန်ထံမှ လုယူသည့် အဓိပ္ပာယ်မျိုးဖြစ်လာမည်သာ။

ဒုခ် စတက်တိန်းမှာ ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် ကောင့်ထ်ဝိန်အကြားမှ ပူးပေါင်းမှုကို ဖျက်ဆီးရန် ကြိုးစားနေခြင်းပင်။

ဒုခ် စတက်တိန်းမှာ ကောင့်ထ်ဝိန်၏ အခိုင်အမာရပ်တည်မှုကို ကြောက်ရွံ့နေကြောင်း သိသာလှ၏။

သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ကောင့်ထ်ဝိန်အကြားရှိ ပူးပေါင်းမှုကို ဖျက်ဆီး၍ ကောင့်ထ်ဝိန်ကို တိုက်ခိုက်ချင်နေသည်။

ဤသည်မှာ အင်မတန်အဆင့်နိမ့်လှသော ထောင်ချောက်လေးတစ်ခုပင်။ ရှုယီ မပြောနှင့် နံဘေးရှိ ခမ်နက်ဒ်သည်ပင် တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်နေရာ အေးစက်စက်ပြုံးနေပြီဖြစ်၏။

သူ၏ ရှုယီကို နားလည်ထားပုံအရ ရှုယီမှာ သေချာပေါက် ဤအဆင့်နိမ့်ထောင်ချောက်ထဲ ကျလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ရှုယီမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက်၌ အပြုံးဖြင့် ဆိုလေ၏၊ “ဒုခ်ရဲ့ နှစ်သက်ဖွယ်ရာ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ဒီမြေကို လက်ခံလိုက်ပါ့မယ်။”

ခမ်နက်ဒ်ထံ၌ အံ့အားသင့်ဟန်ရှိနေပြီး သံတမန်သုံးဦးက ပြုံးရွှင်နေတော့သည်။

ရှုယီလည်း ထိုသုံးဦးကို အပြုံးရေးရေးဖြင့်ကြည့်နေသည်မှာ သူ့အနေနှင့် ပြဿနာကို လုံးဝမသိနေပုံမျိုးပင်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၀။ ဂိုဏ်းဂဏ ဆုံးဖြတ်ခြင်း

အတိအလင်းဆိုရသော် ဒုခ် စတက်တိန်း၏ ထောက်ခံချက်မရှိလျှင် စတက်တိန်းနယ်မြေရှိ အရှင်သခင်များထိန်းချုပ်ထားသည့် မြေကွက်များအားလုံးအား တရားမဝင်ဟု သတ်မှတ်နိုင်သည်။

သို့ဖြစ်သောကြောင့် ကောင့်ထ်ဝိန် ယခုထိန်းချုပ်ထားသည့် နယ်မြေ ၈၀ရာခိုင်နှုန်းမှာ တရားမဝင်ချေ။

ကောင့်ထ်ဝိန်မှာ ယခင်က အရှင်သခင်ငယ်လေးတစ်ဦးသာဖြစ်သော်လည်း ယခုတွင် အခြားအရှင်သခင်များထံမှ နယ်မြေများလုယူထားသည်။ ဤသည်မှာ စတက်တိန်းနယ်မြေ၏ အသံတိတ်စည်းမျဉ်းဖြစ်ရာ လက်သီးဆုပ် ပိုကြီးမားသည့်သူက ထိုလူ၏ ပိုင်ဆိုင်မှုကို လုယူနိုင်ပြီး ဖြစ်သူကမှ မေးခွန်းထုတ်မည်မဟုတ်ပေ။

သို့သော် ယခု ဒုခ် စတက်တိန်းက အရှင်ဝိန်ပိုင်ဆိုင်သည့်မြေကို ရှုယီထံ ပေးမည်ဟု ကြေညာလာခဲ့၏။

သီအိုရီအရ ဒုခ် စတက်တိန်းမှာ စတက်တိန်းနယ်မြေ၏ နယ်မြေအားလုံးကို အလိုရှိသူထံ ပေးအပ်ချီးမြှင့်နိုင်သဖြင့် ပြဿနာမရှိပေ။

သို့သော် ထိုသို့ပြုလုပ်ခြင်းက ကောင့်ထ်ဝိန်၏ မျက်နှာကို ဖြတ်ရိုက်ခြင်းဟူသည်မှာ သံသယပင် ဝင်စရာမလိုချေ။

ဤသို့သော အပိုင်စားနယ်မြေကြီးကို ရှုယီထံပေးအပ်လာခြင်းမှာ ကောင့်ထ်ဝိန်နှင့် ရှုယီအကြားဆက်ဆံရေးကို သွေးခွဲဖို့ ကြိုးစားနေခြင်းဖြစ်သည်မှာ သိသာလှ၏။

ပိုအရေးကြီးစည်မှာ ၎င်းနယ်မြေမှာ စိုင်စ်နယ်မြေကြီး၏ မည်သည့်မျိုးရိုးမြင့်တိုင်းအတွက်မဆို အရေးပါပြီး နယ်မြေ မည်မျှကြီးမားသည်ဟူသည်က မျိုးရိုးမြင့်တစ်ဦး၏ အရာရာတိုင်းကို ကိုယ်စားပြုနေသည်ဟုပင် ဆိုနိုင်သည်။

ဒုခ် စတက်တိန်း ယခု ထိုသို့လုပ်ဆောင်သည်မှာ သိသာစွာပင် ရှုယီနှင့် ကောင့်ထ်ဝိန်တို့ ၎င်းအတွက် တိုက်ခိုက်ရန် ငါးစာပစ်ပေးလာခြင်းဖြစ်၏။

ရှုယီနှင့် ကောင့်ထ်ဝိန်မှာ တကယ်ကို ဤနယ်မြေအတွက် တိုက်ခိုက်လာပါက သဘာဝကျစွာပင် ဒုခ် စတက်တိန်း၏ အစီစဉ်ထဲ ကျရောက်လာမည်ဖြစ်သည်။

ကောင့်ထ်ဝိန်မှာ ဤမျှ အင်အားပြည့်နေပြီး အရေးအကြီးဆုံးအကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ပင်။ သူသာ Frestech ကုန်သည်ကြီးများအသင်းကြောင့် ပြိုလဲ၍ အထောက်အပံ့ကိုဆုံးရှုံးလိုက်လျှင် ကောင့်ထ်ဝိန်အတွက် သေစေနိုင်သော တိုက်ခိုက်မှုပင်။

ထိုသို့ဖြင့် ဒုခ် စတက်တိန်းကို ခြိမ်းခြောက်ရန်အထိ သန်မာနေသည့် ကောင့်ထ်ဝိန်မှာ မည်သည်မှ စိုးရိမ်စရာလေး မဟုတ်ဘဲ ဖြစ်လာမည်သာ။

ရှုယီနှင့် ကောင့်ထ်ဝိန်တို့ ဤနယ်မြေကြောင့် မတိုက်ခိုက်ကြပါလျှင်တောင် ဤနယ်မြေပိုင်ဆိုင်မှုက ၎င်းတို့အကြား စိုက်ဝင်နေသည့် ဆူးတစ်ချောင်းဖြစ်ကာ ၎င်းတို့၏ဆက်ဆံရေးကို ထိခိုက်စေလိမ့်မည်။

ပြောရလျှင် ဒုခ် စတက်တိန်း၏ လှုပ်ရှားမှုက အမျှော်အမြင်ကြီးလှပြီး သူ၏ ဒုခ်အ‌နေနှင့် အထောက်အထားကို အပြည့်အဝအသုံးချထားလေသည်။ သူဟာ အားစိုက်ထုတ်မရှိဘဲ ကောင့်ထ်ဝိန် သူ့အတွက် ပြသထားသည့် ခြိမ်းခြောက်မှုကို ဖယ်ရှားခြင်းပင်။

သူဟာ ရှုယီ၏ စတက်တိန်းနယ်မြေတဝှမ်း နယ်မြေအသစ်သတင်းကို ဖြန့်ခြင်းဖြင့် ပို၍ပင် တိကျအောင်လုပ်ဆောင်ကာ အရှင်သခင်အားလုံးကို ထိုအကြောင်းသိခွင့်ပေးလိုက်သည်။

ထို့ကြောင့် စတက်တိန်းနယ်မြေ အရှင်သခင်အားလုံး လည်‌ဆန့်ကာ မျှော်နေကြတော့၏။

Frestech ကုန်သည်ကြီးများအသင်းနှင့် ကောင့်ထ်ဝိန်တို့ အတူတူလုပ်ကိုင်နေသည်က အင်မတန်ကြောက်မက်ဖွယ်ရာပင်။ ၎င်းတို့၏ ဆက်ဆံရေးသာမပျက်စီးလျှင် နယ်မြေ၏ အခြားအရှင်သခင်များမှာ မည်သည့်မျှော်လင့်ချက်မှ မြင်ရတော့မည်မဟုတ်။

သို့ရာတွင် ရှုယီနှင့် ကောင့်ထ်ဝိန်တို့၏ တုံ့ပြန်မှုများက လူတိုင်းကို များစွာ အံ့ဩသွားစေသည်။

ပထမဦးစွာ ရှုယီမှာ ဒုခ် စတက်တိန်း၏ အမိန့်ကို အမြန်အဆန်လက်ခံခဲ့ပြီး ဤနယ်မြေကို လက်ခံမည်ဟုပင် ဖော်ပြလာသေးသည်။

ထို့နောက် လူတိုင်းကို အအံ့ဩစေဆုံးအရာမှာ ကောင့်ထ်ဝိန်က ၎င်းအပေါ် မည်သည့် ကန့်ကွက်မှုမှ မရှိခြင်းဖြစ်၏။

ရှုယီက နယ်မြေကိုလက်ခံမည်ဟု ဖော်ပြခဲ့ပြီးနောက် ကောင့်ထ်ဝိန်မှာ ထိုနယ်မြေမှ သူ၏ လက်အောက်ငယ်သားများကို ချက်ချင်းဖယ်ရှားခဲ့သည်။

သူ၏ စစ်တပ်သာမက နယ်မြေကို စီမံခန့်ခွဲရန် တာဝန်ယူထားကြသူများပါ ရွှေ့သွားခဲ့ကြ၏။ ဤသည်က သူ့အနေနှင့် ထိုနယ်မြေ၏ ထိန်းချုပ်မှုကို လုံးဝ ပေးအပ်လိုက်သည့် အဓိပ္ပာယ်ဖြစ်သည်။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက နယ်မြေထဲဝင်ကာ အမ်ရစ်ကုန်သည်ကြီးများအသင်းကလည်း လိုက်ပါလာသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ကေတများရှိ ဝန်ထမ်းအိမ်ရာများနှင့် စက်ရုံများစွာကို စတင်တည်ဆောက်ကာ Frestech ကုန်သည်ကြီးများအသင်းက တရားဝင်ယူလိုက်ကြောင်းကို ပြသနေသည်။

ဤဖြစ်စဉ်တစ်ခုလုံးအတွင်း Frestech ကုန်သည်ကြီးများအသင်းနှင့် ကောင့်ထ်ဝိန်၏ဘက်မှ ပဋိပက္ခမည်သည် လုံးဝဖြစ်ပွားခဲ့ခြင်းမရှိပေ။ ထိုအစား Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် ကောင့်ထ်ဝိန်၏ စစ်သည်တို့ ဆုံကြချိန်တွင် နှစ်ဘက်စလုံးကို အချင်းချင်းဖော်ရွေနေကြသည်။ ယမ်းမှုန့်အနံ့ပင် လုံးဝမရချေ။

ဤဖျော်ဖြေမှုက လူတိုင်းကို အံ့အားသင့်စေ၏။

ကောင့်ထ်ဝိန်မှာ စတက်တိန်းနယ်မြေမြောက်ပိုင်း၌ ပြိုင်ဘက်ကင်းလှသည်။ လူတိုင်းမှာ သူ၏ မာနကြောင့် သူ့ထံမှ နယ်မြေလုယူသွားသူကို အပြစ်ပေးလိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်ဆိုင်ရချိန်၌ သူဟာ လုံးဝခုခံခဲ့ခြင်းမရှိသလို ကန့်ကွက်သည့် စကားတစ်ခွန်းပင်မပြောခဲ့ပေ။

ဖြစ်နိုင်တာက.... သူ Frestech ကုန်သည်ကြီးများအသင်းကို ကြောက်နေလို့များလား?

မည်သူကမှ ကောင့်ထ်ဝိန်၏ အတွေးများကို မသိ‌ကြသော်လည်း ကောင့်ထ်ဝိန်၏ အပြုအမူများကို နောက်မှ နားလည်ကြပါ၏။

ဖြစ်နိုင်သည်မှာ သူ၏နယ်မြေကို ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသော်လည်း ထိုကိစ္စပြီးနောက် ကောင့်ထ်ဝိန်မှာ အခြားအရှင်သခင်နှစ်ပါးကို တိုက်ခိုက်ခဲ့သည်။ တစ်လတာလေးအတွင်း သူဟာ ထိုအရှင်သခင်နှစ်ပါးကို အနိုင်ယူ၍ ၎င်းတို့၏ နယ်မြေကိုလည်း ယူဆောင်ခဲ့သည်။

ထိုအရှင်သခင်နှစ်ပါး၏ နယ်မြေမှာ ဒုခ် စတက်တိန်း ရှုယီကို ပေးခဲ့သည့် နယ်မြေထက် များစွာပိုကြီးမားသည်။ တွက်ချက်ကြည့်သော် ကောင့်ထ်ဝိန်၏ နယ်မြေမှာ အတော်လည်း ပိုများလာ၏။

လတစ်ဝက်ကြာသည့်နောက် ဒုခ် စတက်တိန်းမှာ တူညီသည့် လှည့်ကွက်ကို ထပ်ကစားပြန်သည်။ သူဟာ ကောင့်ထ်ဝိန်၏ အခြားနယ်မြေအပိုင်းကို ရှုယီထံပေးလာကာ ထိုနယ်မြေက ရှုယီအပိုင်စားနယ်မြေမှ ဝေးပြီး ၎င်းတို့အကြား ကောင့်ထ်ဝိန်၏နယ်မြေအပိုင်းကြီးတစ်ခုပါသည်။

သို့ရာ၌ ကောင့်ထ်ဝိန်မှာ ဤတစ်ခေါက်၌လည်း မကန့်ကွက်ခဲ့ပေ။ သူဟာ ထိုနယ်မြေမှ လက်အောက်ငယ်သားအားလုံးကို ဖယ်ရှား၍ ရှုယီထံရှိ နယ်မြေနှစ်ပိုင်းကို ခွဲခြမ်း၍ အတူတကွချိတ်ဆက်ခွင့်ပြုလိုက်သည်။

ထိုသို့ဖြင့် ရှုယီ၏ နယ်မြေမှာ ထိတ်လန့်ဖွယ် စတုရန်းနှစ်ထောင်ကီလိုမီတာ ကျော်လွန်နေပြီဖြစ်၏။

နယ်မြေပိုဆုံးရှုံးခဲ့ရသည့် ကောင့်ထ်ဝိန်က အခြားအရှင်သခင်များကို ထပ်မံ ပစ်မှတ်ထားပြန်၏။ ဤတစ်ခေါက် ပို၍ပင် ပြင်းထန်ကာ အရှင်သခင်သုံးပါးကို အနိုင်ယူရန် တစ်လအောက်သာသုံးစွဲ၍ နယ်မြေကို တစ်ဖန်ချဲ့ထွင်လိုက်ပြန်သည်။

ထိုနှစ်ကြိမ်ပြီးနောက် ကောင့်ထ်ဝိန်၏ နယ်မြေမှာ စတုရန်းနှစ်သောင်းကီလိုမီတာနီးနီးကို ရောက်ရှိလာကာ ဒုခ် စတက်တိန်း ထိန်းချုပ်နေသည့် နယ်မြေပမာဏနှင့် သိပ်မကွာတော့ပေ။

ထို့အပြင် သူဟာ အခြားအရှင်သခင်များကို အနိုင်ယူခဲ့ခြင်းကြောင့် စစ်တပ်လည်း တိုးလာသည်။ ၎င်းက အကန့်သတ် ငါးသောင်းကို ကျော်ဖြတ်ကာ ဒုခ် စတက်တိန်း၏ လူခြောက်သောင်းရှိ စစ်တပ်ထက် စစ်သည်တစ်သောင်းသာ နည်းတော့သည်။

တိုက်ပွဲအင်အားကို ယှဉ်မည်ဆိုလျှင် ကောင့်ထ်ဝိန်၏ တိုက်ပွဲအတွေ့အကြုံများစွာရှိကာ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များတပ်ဆင်ထားကြသည့် စစ်သည်ငါးသောင်းက ဒုခ် စတက်တိန်း၏ စစ်သည်များထက် တကယ်တမ်းပို၍ သန်မာလေသည်။

ဤသည်မှာ ဒုခ် စတက်တိန်းနှင့် တိုက်ခိုက်ခဲ့သည့် အရှင်သခင်များ အကြိမ်ပေါင်းမနည်းကြုံ‌ခဲ့ရသည့် အချက်ပင်။

ဤကွာခြားမှုကြောင့် ကောင့်ထ်ဝိန်အား ဒုခ် စတက်တိန်းနေရာ၌ ဒုခ်အသစ်အဖြစ် အစားထိုးနိုင်မည်ဟု ယုံကြည်နေကြသည့် လူများစွာရှိသည်။

ဤနယ်မြေ၌ ကောင့်ထ်ဝိန်ကိုခုခံနိုင်သည့် တစ်ဦးတည်းသောသူမှာ တောင်ဘက်ရှိ ဗစ်ကောင့်ထ် အန်ကလိုသာ ရှိတော့သည်လား?

သို့သော်လည်း ကောင့်ထ်ဝိန်နှင့် အန်ကလိုတြို ဤစွမ်းအားကို ချပြနိုင်ခဲ့သည်မှာ Frestech ကုန်သည်ကြီးများအသင်းမှ ထောက်ပံ့မှုကိုရထားသောကြောင့် ဖြစ်သည်အား စဉ်းစားမိကြသည်။

အခြားအရှင်သခင်များမှာ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များကို ဆုံးရှုံးခဲ့ရသဖြင့် စစ်ဘက်သုံးမှော်စက်များနှင့် အရှင်သခင်နှစ်ပါးကို လုံးဝ မခုခံနိုင်ကြခြင်းဖြစ်သည်။

၎င်းကိုသုံးသပ်ရုံနှင့် စတက်တိန်းနယ်မြေ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည်မှာ အရှင်သခင်နှစ်ပါးမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းသာ ဖြစ်သည်။

သို့မဟုတ် ရှုယီလည်း ဖြစ်နိုင်ပါ၏။

ဤနွေညတွင် စတက်တိန်းနယ်မြေ ပင်လယ်ကမ်းခြေက ပူနွေးဆဲဖြစ်သည်။ မှောင်လာပြီဖြစ်လျှင်တောင် ကမ်းခြေ၌ လူများပြည့်နေဆဲပင်။

ယနေ့က Frestech ကုန်သည်ကြီးများအသင်း၏ အပတ်စဉ် အားလပ်ရက်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်း ဝန်ထမ်းများ အလုပ်ဆင်းပြီးနောက် မည်သည်ကိုမှပင် မစားကြဘဲ ရေကူးဝတ်စုံများလဲ၍ ပင်လယ်ကို ဦးတည်လာကြသည်။

ဤအများသုံးကမ်းခြေကို ရှုယီက များစွာ ရင်းနှီးမြှုပ်နှံထားရာ ယခုတွင် ဤက အင်မတန်ရေပန်းစားသည့် နွေအားလပ်ရက် ပန်းတိုင်ဖြစ်လာသည်။

ပင်လယ်အနီး၌ ဆိုင်ခန်းမျိုးစုံ‌ပြည့်နေသည့် ဆိုင်တန်းရှိသည်။ ၎င်းတို့မှာ ညစဉ်ညတိုင်း အစားအသောက်ကောင်းများ ဝိုင်ကောင်းများဖြင့် ထိန်ထိန်လင်းနေပါ၏။

ညရောက်လာချိန်၌ ကမ်းခြေလမ်းဆုံရှိ ဧရာမ မှော်မီးအိမ်ကြီး လင်းလာကာ ကမ်းခြေတစ်ခုလုံးကို အလင်းပေးနေတော့သည်။ လူများက အဖွဲ့များဖွဲ့၍ ရယ်မောကာ ကမ်းခြေအနီးရှိ ညည့်မဲ့မြို့ကို လှည့်လည်သွားနေကြသည်။

ရှုယီနှင့် စတေးလ်တို့မှာလည်း ၎င်းတို့၏ကိုယ်ပိုင်ကမ်းခြေ၌ လည်ပတ်လျက် လူများပြည့်နေသည့် အဝေးကကမ်းခြေကို ကြည့်နေကြသည်။ စတေးလ်က ခံစားချက်အပြည့်ဖြင့် မနေနိုင်စွာ ဆိုလာ၏၊ “လွန်ခဲ့တဲ့တစ်နှစ် ဒီနေရာကို လာတဲ့အချိန်ကို မှတ်မိသေးတယ်။ ဒီကမ်းခြေက မှုန်မှိုင်းနေပြီး မှောင်လာရင်လည်း လူတစ်ယောက်မှ မရှိခဲ့ဘူး။ ဒါပေမယ့် အခုတော့ ဒီလောက်သက်ဝင်လှုပ်ရှားလာတာ အန်ဗီမာမြို့တော်ရဲ့ ညမြင်ကွင်းကိုတောင် ယှဉ်လို့ရတယ်။”

ရှုယီမှာ တစ်ချက်ပြုံးလေ၏၊ “ဘာလဲ? အန်ဗီမာမြို့တော်ကို လွမ်းလို့လား? သိပ်မကြာခင် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့က အန်ဗီမာမြို့တော်မှာ ဖျော်ဖြေတော့မှာ မဟုတ်လား? မင်းသွားချက်ရင် သူတို့နဲ့ လိုက်သွားလေ။”

စတေးလ်က ခေါင်းခါသည်၊ “မဟုတ်ပါဘူး ကျွန်မက ခံစားချက်ပြင်းနေရုံပါ။ တကယ်တမ်း လက်ရှိ ကျွန်မအတွက် အန်ဗီမာမြို့တော်က အတော်ကို နောက်ပြန်ဆွဲနေပြီး ဘန်တာမြို့လိုအဆင်ပြေတာမျိုးမရှိတဲ့ နေရာအတော်များများရှိတယ်။ ကျန်တာမပြောနဲ့ဦး အခုတောင် အန်ဗီမာမြို့တော်မှာ ပြီးပြည့်စုံတဲ့ လူထုပို့ဆောင်ရေးစနစ်မရှိသေးဘူး။ ကျွန်မ အန်ဗီမာမြို့တော်ကို ရောက်ချိန်တိုင်း လည်ပတ်ဖို့ အရမ်းအဆင်မပြေဖြစ်ရတယ်။”

“နည်းလမ်းမရှိဘူးလေ လူထုပို့ဆောင်ရေးစနစ်က လူမှုဖူလုံရေး အစီစဉ်ဆိုတော့ ငွေအတော်များများမရနိုင်ဘူး။ ပြည့်စုံတဲ့ ပို့ဆောင်ရေးစနစ်ရှိဖို့ဆို အတော်များများ ရင်းနှီးမြှုပ်နှံရမှာ။ လမ်ပူရီတိုင်းပြည်ရဲ့ ဘဏ္ဍာက အခုပိုကောင်းလာပြီဆိုပေမယ့်လည်း သူတို့မှာ ဒီအတွက် သုံးစွဲဖို့ အပိုငွေမရှိဘူး။” ရှုယီက သက်ပြင်းချလျက်ဆိုသည်။

စတေးလ်က ရှုယီကိုကြည့်ကာ၊ “ရှင်က ဘုရင်မရဲ့ ပြဿနာတွေကို အတော်နားလည်တာပဲ။”

ရှုယီက စတေးလ်ကို အပြုံးဖြင့်ကြည့်ကာ နှာခေါင်းလေးကို တို့လိုက်၏၊ “ဘာလဲ? သဝန်တိုနေတာလား?”

စတေးလ်က အသာနှာမှုတ်လေ၏၊ “ကျွန်မ အရင်တစ်ခေါက်က ရှင်သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားတာတောင် သဝန်မတိုတာ ဘာလို့ အခုသဝန်တိုရမှာလဲ?”

ရှုယီက ရယ်သည်။ သူ့အနေနှင့် ဆယ်ဗီနီကို သယ်၍ တောင်ကုန်းအောက်ခေါ်သွားစဉ်က စောင့်နေသည့် စတေးလ်နှင့် အခြားလူများကို တွေ့ချိန်ကို စဉ်းစားမိသွားသည်။ စတေးလ်က မည်သည်ကိုမှ မဆိုခဲ့သော်လည်း စိတ်ထဲ၌ သေချာလေး မှတ်ထားပါ၏။

“ဟုတ်ပါပြီ ကိုယ်နဲ့ ဆယ်ဗီနီအကြားမှာ တစ်ခုခုဖြစ်လာဖို့ဆိုတာမဖြစ်နိုင်တာ မင်းသိထားသင့်ပါတယ်။” ရှုယီက စတေးလ်၏ ခါးကို ဖက်ကာ အသံတိုးတိုးဖြင့် ပြောလေသည်။

“ဒါဆို ဘာလို့ သူမက အဲ့လိုလုပ်ချင်ရတာလဲ?” စတေးလ်က မျက်လုံးများလှိမ့်လိုက်သည်၊ “ကျွန်မ မမြင်ရဘူးလို့ မထင်နဲ့၊ ဘုရင်မက တကယ်ပဲ ရှင့်ကို စိတ်ဝင်စားနေတာ။ သူမက ကောင်းကောင်းဖုံးထားပေမယ့်လည်း ကျွန်မလည်း မိန်းမတစ်ယောက်ပဲဆိုတော့ သူမစိတ်ကို ထဲက အတွေးတွေကို မြင်နိုင်တယ်။”

ရှုယီက မျက်မှောင်ကုပ်လေသည်၊ “မင်း အတွေးလွန်နေတာ မဟုတ်ဘူးလား? သူမရဲ့ အကျင့်နဲ့ဆို ကိုယ့်ကို စိတ်ဝင်စားရင် ကိုယ့်ရှေ့မှာ အဲ့လိုအရာတွေလုပ်မှာကို မဟုတ်ဘူး။ သူမ အရင်တစ်ခေါက် အဲဒီတိုင်း လုပ်နေတာက ကိုယ်နဲ့အတူ ဆွေးနွေးချင်တာကြောင့်ပဲ တကယ်ကိုဖြစ်နိုင်ပါတယ်။”

“မဟုတ်ဘူး ရှင်နားမလည်ဘူး။” စတေးလ်က ခေါင်းခါသည်၊ “မိန်းကလေးတစ်ယောက်က သူ့စိတ်ထဲမှာ ယောက်ျားတစ်ယောက်ကို လက်မခံရင် အဲ့လိုထိတွေ့တာ‌မျိုးတွေ သေချာပေါက်ကို လုပ်မှာမဟုတ်ဘူး။ ဘုရင်မက ကရော်ကမည်နိုင်တာတွေကို လုပ်မယ့်လူထင်‌လို့လား?”

“သူမက က‌ရော်ကမည်မနိုင်ပါဘူး၊ ဒါပေမယ့် ပြောရရင် ကိုယ်တို့နှစ်ယောက်က မဖြစ်နိုင်ဘူးလေ။ သူမက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မဖြစ်ပြီး ကိုယ့်မှာက မင်းဆိုတဲ့ ဇနီးရှိနေပြီဆိုတော့ ကိုယ်တို့အတူ ဖြစ်ဖို့ မဖြစ်နိုင်ဘူး။” ရှုယီက ခေါင်းခါသည်၊ “စတေးလ် သူမက တဇွတ်ထိုးလုပ်နေတာလို့ပဲ သတ်မှတ်လိုက်ပါ ဟုတ်ပြီလား?”

စတေးလ်က ပခုံးတစ်ချက်တွန့်သည်၊ “ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မရဲ့ ခင်ပွန်းကသာ ဘုရင်မရဲ့ နှလုံးသားကို လှုပ်ရှားစေနိုင်ရင် ကျွန်မရဲ့ မျက်လုံးတွေက ကောင်းလွန်းနေတဲ့ အဓိပ္ပာယ်ပဲမဟုတ်လား? ဒါပေမယ့် ရှုယီ ရှင်ဒါကို တကယ်ပဲ ဂရုမစိုက်ဘူးလား? မမေ့နဲ့ လမ်ပူရီတိုင်းပြည်ရဲ့ သတင်း‌စာတွေမှာ ထီးနန်းဆက်ခံသူအကြောင်း ဆွေးနွေးနေကြတဲ့ သတင်းတွေ အများကြီးပဲ။”

“ထီးနန်းဆက်ခံသူ?” ရှုယီ၏ နှလုံးခုန်သံမှာ တစ်ချက်ချော်သွားသည်။

All Chapters