← Chapters

အခန်း (၁၄၁-၁၅၀)

Vol. 4 Ch. 141-150

အခန်း (၁၄၁-၁၅၀)

Vol. 4 Ch. 141-150

Vol 4, အခန်း ၁၄၁။ အဆင့်မြင့် ပြိုင်ပွဲ

နောက်နေ့မနက်ခင်း၌ ရှုယီမှာ အက်ဂ်နက်စ်အပါအဝင် မပြန်ချင်‌ဖြစ်နေသူ ဖရီယာကို ချီလျက် သူမနှင့်အတူ လိုက်လာကြသော လဇ်, လင်ဒါတို့အပါဝင် ခေါ်ကာ အကြီးအကဲ အီလူရှာ ကို နှုတ်ဆက်ခဲ့လိုက်သည်။

လူသားလေးဦးနှင့် နတ်သူငယ်တစ်ဦးတို့မှာ တောအုပ်အပြင်ဘက်၌ ရပ်နားထားခဲ့သော ရှုယီ၏ မှော်ဆလွန်းထဲ ဝင်လိုက်ကြသည်။ ၎င်းတို့မှာ အချိန်ကြာ ခွဲခွာခဲ့ရသည့် ဘန်တာမြို့သို့ မောင်းနှင်ရန် ၂နာရီ အသုံးပြုခဲ့ရပြီး မြို့စားအိမ်တော်ထဲ ဝင်လိုက်သည်။

ဆယ်ဗီနီ ထီးနန်းဆက်ခံပြီးနောက် ဘန်တာမြို့တွင် တစ်ဖန် မြို့စားအသစ်ရှိလာသည်။

လက်ရှိ မြို့စားဝယ်လ်မှာ ဆယ်ဗီနီ၏ အခိုင်အမာထောက်ခံသူဖြစ်ပါ၏။ သူဟာ ဤနှစ်၌ လေးဆယ်ပင် မပြည့်တက်သေးရာ လမ်ပူရီတိုင်းပြည်ရှိ ငယ်ရွယ်ပြီး အလားအလာရှိသည့် ကောင့်ထ်တစ်ဦးဟု သတ်မှတ်နိုင်သည်။‌

ဆယ်ဗီနီ သူ့အား ဘန်တာမြို့၏ မြို့စားအသစ်အဖြစ် ပို့ဆောင်ခဲ့ရာ ၎င်းက ဆယ်ဗီနီအနေနှင့် ဘန်တာမြို့ကို မည်မျှ အရေးထားကြောင်း ပြနေသည်။

ကောင့်ထ်ဝယ်လ် မြို့စားဖြစ်နေခဲ့သည့် နှစ်တွင် သူဟာ ဘုရင်မဆယ်ဗီနီ၏ အဓိပ္ပာယ်ကို လိုက်နာရန် အလုပ်ကြိုးစားပြီး ဘန်တာမြို့၏ မှော်စက်မှုနယ်ပယ်ကို အဆင့်မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ကြီးကြီးမားမား ထောက်ပံ့မှုကြောင့် လက်ရှိဘန်တာမြို့မှာ အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ရေးအခြေစိုက်ဌာနများကို ပြောင်းရွှေ့သွားခဲ့သဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူး‌ပေါင်းမှုကြောင့် လုပ်ငန်းစုများစွာနှင့်အတူ ယခင်ကကဲ့သို့ ကြွယ်ဝခြင်းမျိုးမရှိတော့သော်လည်း မြို့မှာ ယခင်က ကြွယ်ဝမှုအနက် အတော်များများကို ပြန်လည်ရယူခဲ့သည်။

ဘန်တာမြို့သို့ ဝင်လာလျှင် မှော်စက်များအတွက် ကြော်ငြာများစွာကို နေရာအနှံ့မြင်တွေ့ရလိမ့်မည်။

သို့သော် အသေအချာကြည့်ရှုလျှင် ထိုမှော်စက်များအားလုံးနီးပါး၌ Frestech ကုန်သည်ကြီးများအသင်း သင်္ကေတ ရှိသည်ကို မြင်ရလိမ့်မည်။

ဘန်တာမြို့၌ မှော်စက်များထုတ်လုပ်သည့် လုပ်ငန်းအများစုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ ပူးတွဲရင်းနှီးမှုဖြင့် ပေါ်ပေါက်လာသောကြောင့်ပင်။

အတိအကျဆိုရသော် ထိုလုပ်ငန်းစုများမှ မှော်စက်တစ်လုံးရောင်းချတိုင်း Frestech ကုန်သည်ကြီးများအသင်းက အမြတ်ရသည်။

၎င်းက Frestech တံဆိပ်ထံမှ ရရှိသည့် အမုတ်ထက် နည်းပါးနေလျှင်တောင် ဤပူးတွဲအရင်းနှီးလုက်ငန်းစာများနှင့် လမ်ပူရီတိုင်းပြည်၏ ဖွံ့ဖြိုးပြီး ဈေးကွက်ကြီးကြောင့် ဤနှစ်၏ လွန်ခဲ့သော ကိုးလတာအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်ထံမှ ရွှေဒင်္ဂါး ငါးသန်းကျော် အမြတ်ရ‌ခဲ့သည်။

သို့သော် ဤတစ်ခေါက်တွင် ရှုယီက ပူးတွဲအရင်းနှီးလုပ်ငန်းစုများအတွက် ဘန်တာမြို့သို့ ရောက်လာခြင်းမဟုတ်ပေ။ ထိုအစား လူအများစုက သူ့လို Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရောက်လာဖို့ မလိုအပ်သည့် ကိစ္စလေးဟု ထင်နေကြသည့် ကိစ္စအတွက် ရောက်လာခြင်းပင်။

ကောင့်ထ်ဝယ်လ်၏ အချိန်မီ ညွှန်ကြားမှုများကြောင့် ရှုယီ၏ မှော်ဆလွန်းမှာ မြို့စားအိမ်တော်သို့ အဟန့်အတားမရှိ ရောက်ရှိလာပြီး ရှုယီလည်း ကောင့်ထ်ဝယ်လ်နှင့် အမြန်တွေ့လိုက်သည်။

ရှုယီကို မြင်သော် ကောင့်ထ်ဝယ်လ်မှာ ချက်ချင်းပင် နွေးထွေးစွာ ပြုံးလိုက်ပါ၏။

“ဥက္ကဌရှု ၂နှစ်ကြာပြီးနောက်တော့ ဘန်တာမြို့ကို ပြန်ရောက်လာပြီပေါ့။ ကျုပ်က ခင်ဗျားကို မြို့သားတွေကိုယ်စားပြုပြီး စိတ်ရင်းနဲ့ ကြိုဆိုပါတယ်။”

ရှုယီက ရယ်၍ ကောင့်ထ်ဝယ်လ်ကို လက်ဆွဲနှုတ်ဆက်ပြီးနောက် ပြောသည်၊ “အရှင်ကောင့်ထ် အရမ်းလေးနက်လွန်းနေပါပြီ။ ဘန်တာမြို့က အမြဲကျုပ်ရဲ့ ဒုတိယဇာတိပါပဲ၊ ဘယ်လိုလုပ် ပြန်လာတာလေးအတွက် အထူးတလည်ကြိုဆိုမှုမျိုးလိုအပ်မှာလဲ?”

“ကောင်းပါပြီ ဥက္ကဌရှုအနေနဲ့ အမြဲတမ်း ဘန်တာမြို့ကို ဒုတိယဇာတိမြို့အဖြစ် မှတ်မိနေမယ်လို့ မျှော်လင့်ပါတယ်။ ရှေ့လျှောက်လည်း ဥက္ကဌအနေနဲ့ ဒီဌဇာတိမြို့ကို ပိုပြီး ပြန်လာနိုင်ဖို့လည်း မျှော်လင့်တယ်။” ကောင့်ထ်ဝယ်လ်က စိတ်ရင်းဖြင့် ပြုံးလျက်ဆိုသည်၊ “အခုဘန်တာမြို့က ဖွံ့ဖြိုးမှုရဲ့ အရေးကြီးဆုံး အပိုင်းမှာ ရှိနေတော့ ဥက္ကဌရှုရဲ့ အထောက်အပံ့ကို လက်လွှတ်လို့မရနိုင်ဘူးလေ။”

ရှုယီက အသာပြုံး၍ ခေါင်းခါသည်၊ “ဒီကိုလာတဲ့ လမ်းတလျှောက်က အခြေအနေကို သုံးသပ်ရမယ်ဆိုရင် ဘန်တာမြို့က အရမ်းကို တည်ငြိမ်တဲ့ ဖွံ့ဖြိုးမှုအခြေအနေမှာ ရှိနေပြီးသားပါ။ ကျုပ်မရှိရင်တောင် ဘန်တာမြို့က လမ်ပူရီတိုင်းပြည်ရဲ့ ထိပ်တန်းမြို့တွေထဲက တစ်မြို့ဖြစ်လာမယ်လို့ ယုံကြည်တယ်။”

နှုတ်ခွန်း ဦးကြိုပြုကြပြီးနောက် ၎င်းတို့မှာ အဓိက အကြောင်းထဲ အမြန်ဝင်ရောက်လာကြသည်။

ရှုယီ၏ ဤတစ်ခေါက် ဘန်တာမြို့သို့ အပြန်ခရီးမှာ အဓိကအနေနှင့် ဘန်တာမြို့၏ တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည့်ပွဲသို့ တက်ရောက်ရန်ဖြစ်သည်။ ဆောင်းဦးနှင့် နွေဦး ကောက်ရိတ်သိမ်းပွဲတို့အပြင် ကောက်ရိတ်ပြီးနောက် စက်ဘီးပြိုင်ပွဲကိုပါ ကျင်းပကြသည်။

စက်ဘီးပြိုင်ပွဲ‌ ခြောက်ခုသာ ရှိပါသေးသော်လည်း ပြိုင်ပွဲတစ်ခုစီက ယခင်ကထက် ပိုမိုကြီးမားလာသည်။ ဤနှစ် ပထမနှစ်ဝက် နွေဦး၌ ကျင်းပသည့် စက်ဘီးပြိုင်ပွဲ၌ပင် ပါဝင်ယှဉ်ပြိုင်သူ ငါးသောင်းကျော်ရှိသည်။

ဤနှစ်၏ ဆောင်းဦး စက်ဘီးပြိုင်ပွဲအတွက်မူ အနီးဝန်းကျင်မြို့များမှ ပါဝင်ယှဉ်ပြိုင်သူများအပြင် အဝေးရှိ မြို့များထံမှပင် လာရောက်ယှဉ်ပြိုင်သူ များစွာ ရှိသည်။

လမ်ပူရီတိုင်းပြည်အပြင် ဒရိတ်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့ထံမှ ယှဉ်ပြိုင်ရန်ပင် လာရောက်သူများစွာရှိ၏။

ထို့ကြောင့် ဘန်တာမြို့ရှိ ဤပြိုင်ပွဲကို နိုင်ငံတကာပွဲဟု ယူဆနိုင်သည်။ ၎င်းက လမ်ပူရီတိုင်းပြည်၌ လွှမ်းမိုးမှုကြီးတစ်ခု ရှိရုံသာမက အနီးဝန်းကျင်နိုင်ငံများတွင်ပါ လွှမ်းမိုးမှုကြီးရှိသည်။

အခြားပြိုင်ပွဲများနှင့်မတူဘဲ ဤပြိုင်ပွဲမှ စတင်၍ အဖွဲ့စာရင်းသွင်းခြင်းများကို စတင်လက်ခံလာကြမည်ဖြစ်သည်။

ဤစည်းမျဉ်းကြောင့် ထိုပြိုင်ပွဲ၌ အသင်းအဖြစ် စာရင်းသွင်းထားသူများစွာ ရှိနေပါ၏။

အဖွဲ့များကြားတွင် တစ်ယောက်တည်းဖြစ်နေသည့် အသင်းအဖွဲ့ အနည်းစုမှလွဲ၍ အသင်းအများစုကို မတူညီသော လုပ်ငန်းစုများ သို့မဟုတ် မျိုးရိုးမြင့်တစ်ဦးဦးတို့က ရင်းနှီးမြှုပ်နှံပေးထားသည်။

ဤအသင်းများတွင် အားလုံး၏ အာရုံကို ဆွဲဆောင်ထားသည့် အသင်းတစ်သင်းသာရှိပြီး အကြောင်းအရင်းမှာ Frestech ပြိုင်ပွဲအသင်းဟု အမည်ရသောကြောင့်ဖြစ်သည်။

Frestech ပြိုင်ပွဲအသင်းကို ထောက်ပံ့နေသည်မှာ သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်း ဖြစ်ပါ၏။

စက်ဘီးများကို Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ပေးထားသည်ပင်။

အချို့လုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာရရှိ၍ ၎င်းတို့၏ကိုယ်ပိုင်စက်ဘီးများကို တည်ဆောက်ထားပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းမှာ စက်ဘီးများနှင့် ပတ်သက်လာပါက အခြားလုပ်ငန်းစုများထက် များစွာ ပိုကောင်းသည်ဟု လူတိုင်း ယုံကြည်ကြသည်။

ထို့ကြောင့် လူအများစုက စက်ဘီးဝယ်ရာတွင် Frestech တံဆိပ်ကို ရွေးချယ်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ စက်ဘီးဈေးကွက်၏ ကြောက်မက်ဖွယ် ၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော်လည်း ဤသည်မှာ ရှုယီသတ်မှတ်ထားသည့် သီးခြားအရေအတွက်တစ်ခုပင်။

သူသာ ၎င်းကို အမှန်တကယ်အလိုရှိပါလျှင် ၉၀ရာခိုင်နှုန်း သို့မဟုတ် ပို၍ပင် မြင့်နိုင်သည်။

စက်ဘီးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် Frestech ပြိုင်ပွဲအသင်းမှာ သဘာဝကျကျပင် လူအများစု၏ အနိုင်ရသူအတွက် ရွေးချယ်မှုဖြစ်လာသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက ⟨ ဘန်တာတိုင်းမ်စ် ⟩၌ ဆုံးဖြတ်ချက်တစ်ခုကို ကြေညာခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှ ပေးအပ်၏မည့် ပြိုင်ပွဲဝင်ဆုလာဘ်ကို ၎င်းတို့၏ ကိုယ်ပိုင်လက်ထဲ မကျရောက်စေရန် Frestech ပြိုင်ပွဲအသင်းကို ဤတစ်ခေါက် ပြိုင်ပွဲရလာဒ်တွင် ထားပေးမည်မဟုတ်ပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက စက်ဘီးပြိုင်ပွဲ၏ ကောင်းမွန်စွာတိုးတက်ခြင်းကို မြှင့်တင်ရန် နောက်နှစ် ဆောင်းဦးပြိုင်ပွဲမှစတင်၍ Frestech ပြိုင်ပွဲအသင်းသည်လည်း ပြိုင်ပွဲထဲတွင် တရားဝင် ယှဉ်ပြိုင်မည်ဟု ဖော်ပြထားသည်။ Frestech ပြိုင်ပွဲအသင်းသာ ချန်ပီယံဖြစ်သွားလျှင် သက်ဆိုင်ရာဆုလာဘ်ကို ရရှိလိမ့်မည်သာ။

၎င်းကို ⟨ ဘန်တာတိုင်းမ်စ် ⟩၌ ကြေညာစဉ်တွင် ရှုယီ၏ စကားလုံးများက လူတိုင်းထံ ပျံ့နှံ့သွားခဲ့သည်။

“ကျုပ်တို့အနေနဲ့ Frestech ပြိုင်ပွဲအသင်းကို လိုက်မှီနိုင်ဖို့ ခင်ဗျားတို့ကို တစ်နှစ်အကြောပေးမယ်။ ခင်ဗျားတို့ မလုပ်နိုင်ရင်တော့ ချန်ပီယံဆုယူဖို့ မစဉ်းစားနဲ့တော့ပေါ့။

ထိုစကားလုံးများက သာမာန်ပြိုင်ပွဲဝင်များအတွက် အင်မတန် မောက်မာဟန်ပေါ်ကာ စိတ်ထဲ ရတက်မအေးဖြစ်သွားကြ‌သော်ငြား ၎င်းတို့လုပ်ဆောင်နိုင်သည်ဟူ၍ မရှိချေ။

သို့သော် အခြားလုပ်ငန်းစုများနှင့် မျိုးရိုးမြင့်များ၏ အသင်းများအတွက် ဆွပေးခြင်းဟူသည်မှာ သံသယဝင်စရာပင်မလိုတော့။

ထို့အပြင် စက်ဘီးထုတ်လုပ်သော အခြားလုပ်ငန်းစုများ ကိုယ်စားပြုသည့် အသင်းများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

ထိုအသင်းများအတွက် ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ၎င်းတို့လုပ်ငန်းစုမှ ထုတ်လုပ်ထားသည့် စက်ဘီးများကို အသုံးပြုမည်မှာ ရှင်းလင်းပါ၏။

၎င်းတို့သာ ဤပြိုင်ပဲ၌ အောင်မြင်မှုကောင်းများရနိုင်ပြီး Frestech တံဆိပ်စက်ဘီးများ သုံးသည့် ပြိုင်ပွဲဝင်များကိုပါ အနိုင်ယူနိုင်လျှင် ၎င်းတို့လုပ်ငန်းစုအတွက် ကြော်ငြာကောင်းဖြစ်မည်မှာ သံသယဝင်စရာပင်မလိုပေ။

ဘန်တာမြို့စက်ဘီးပြိုင်ပွဲမှာ အာရုံစိုက်မှုအမြောက်အများရရှိထားရာ ၎င်းတို့သာ အောင်မြင်ပါလျှင် ၎င်းတို့၏လုပ်ငန်းစုအား အမည်ကျော်လာစေမည်ဖြစ်သလို ရောင်းအားကလည်း သံသယဝင်စရာမလိုအောင် တက်လာမည်ဖြစ်သည်။

သို့သော် ယခုတွင် ရှုယီက ထိုစကားများကို ထုတ်ပြန်လာရာ ထိုအခြားလုပ်ငန်းစုများက အရည်အချင်းမပြည့်မီဟုပြောနေခြင်းဖြစ်ပေသည်မှာ သံသယဝင်ဖို့ပင်မလိုချေ။

ထိုလုပ်ငန်းစုများမှာ ဝန်မခံကြသော်လည်း ၎င်းကိုငြင်းဆန်နိုင်သူ မရှိပေ။

စက်ပစ္စည်းများ၏ စွမ်းဆောင်ရည်ကိုပြောရလျှင် မည်သည့်လုပ်ငန်းစုကဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်။

နောက်နေ့စက်ဘီးပြိုင်ပွဲ၏ အသေးစိတ်ကို ရှုယီထံ မိတ်ဆက်ပေးပြီးနောက် ကောင့်ထ်ဝယ်လ်မှာ ရှုယီအား မြို့စားအိမ်တော်၏ ညီလာခံခန်းမထဲသို့ ဖိတ်ခေါ်လိုက်သည်။

တံခါးပွင့်သွားချိန်၌ ရှုယီမှာ ရင်းနှီးသည့်မျက်နှာများစွာကို မြင်လိုက်ရလေသည်။

သေချာကြည့်လိုက်သော် ထိုလူများက ပူးတွဲအရင်းအနှီးလုပ်ငန်းစုများ၏ ဥက္ကဌများဖြစ်ကြောင်း သတိရလိုက်သည်။

သူ မှတ်မိသည်သာ မမှားပါလျှင် ထိုဥက္ကဌများလက်အောက်ရှိ လုပ်ငန်းစုများအားလုံးမှာ စက်ဘီးနှင့်ပတ်သက်၍ လုပ်ဆောင်သည့် လုပ်ငန်းစုများပင်။

ရှုယီနှင့် ကောင့်ထ်ဝယ်လ်တို့ ဝင်လာသည်ကိုမြင်သော် ဥက္ကဌအားလုံး အမြန် ထရပ်လိုက်၏။ ၎င်းတို့အားလုံးမှာ ကောင့်ထ်ဝယ်လ် ပြုံးခဲ့သည့် အပြုံးထက် အဆများစွာ ပိုမိုနွေးထွေးသည့် အပြုံးများကို ထုတ်ပြနေကြသည်။

နှုတ်ဆက်လိုက်ကြပြီးနောက် ကောင့်ထ်ဝယ်လ်က အလျင်အမြန် အဓိက ခေါင်းစဉ်ကို ပြောလိုက်၏။

စက်ဘီးများနှင့်စပ်လျဉ်းသည့် နက်ရှိုင်းသော ပူးပေါင်းမှုတစ်ခုအကြောင်း ဆွေးနွေးသည့် အခွင့်အရေးအတွက် ယနေ့တွင် ရှုယီ၏ အလည်လာရောက်ခြင်းကို အသုံးပြုရန် ထိုစက်ဘီးလုပ်ငန်းစုများ၏ ဥက္ကဌများအား ကောင့်ထ်ဝယ်လ်မှ ခေါ်ထားခြင်းဖြစ်သည်။

ရှုယီက ၎င်းကြောင့် အံ့ဩမသွား၊ တကယ်တမ်းတွင် သူဟာ ထိုကိစ္စအား ကောင့်ထ်ဝယ်လ်ကို ချပြထားပြီးဖြစ်သဖြင့် ၎င်းကို သူ၏ အစီအစဉ်ဟု ယူဆ၍ရသည်။

ရှူယီမှာ လွန်ခဲ့သည့် ရက်အနည်းငယ်အကြာက ⟨ ဘန်တာတိုင်းမ်စ် ⟩တွင် ဤဆွေးနွေးမှုအတွက် အစီအစဉ်အဖြစ် ယူဆရသော Frestech ကုန်သည်ကြီးများအသင်းထုတ်ပြန်ချက်ကို ပေးပို့ခဲ့သည်။

အနှီလုပ်ငန်းစုများက စက်ဘီးများ ထုတ်လုပ်ရန် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပူးတွဲအရင်းအနှီး နည်းလမ်းကို အားထားနေရသည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ခြယ်လှယ်ခြင်းကို မည်သည့်အခါကမှ မချိုးဖျက်နိုင်ခဲ့လျှင်တောင် အတော်လေး ငွေဝင်နေဆဲဖြစ်သည်။ ယခုတွင် ရှုယီက ၎င်းတို့နှင့်အတူ ပိုမိုနက်နက်ရှိုင်းရှိုင်းလုပ်ကိုင်လိုသဖြင့် များစွာ ကြိုဆိုခံရသည်။

သို့သော် ရှုယီက ပူးပေါင်းရေးနည်းလမ်းကို အဆိုပြုချိန်တွင် ဥက္ကဌများအားလုံး ကြက်သေ,သေကုန်ကြသည်။

ရှုယီက ၎င်းတို့ မျှော်မှန်း ယမ်းဆထားသည့် စက်ဘီးများနှင့် သက်ဆိုင်ရာ နည်းပညာ ပိုမိုပေးအပ်ကာ စက်ဘီးပရည်အ‌သွေးမြှင့်တင်ခြင်း နည်းလမ်းကို အဆိုမပြုပေ။ သူပြောလိုက်သည်နှင့် ၎င်းတို့နှင့်အတူ အထူးပြု ပြိုင်ပွဲတစ်ခု ကျင်းပမည်ဟု အကြံပြုခဲ့သည်!

“ရှင်းရှင်းပြောရရင် ဒါက မနက်ဖြန်ရဲ့ လူထုပြိုင်နဲ့ သီးခြားထားမယ့် ပြိုင်ပွဲဖြစ်လိမ့်မယ်။ ဘန်တာမြို့ပြိုင်ပွဲက ယေဘုယျလူထုပါဝင်နိုင်မယ့် ပြိုင်ပွဲဆိုရင် ကျုပ်တို့ ကျင်းပမယ့် ပြိုင်ပွဲကတော့ ဒီနယ်ပယ်ထဲက အရွေးချယ်ခံ အသင်းတွေ ဒါမှမဟုတ် ဒီနယ်ပယ်ထဲကလူတွေ ဖန်တီးထားတဲ့ အသင်းတွေပဲ ပါဝင်ရမယ့် ပြိုင်ပွဲပဲ။

ဥက္ကဌများက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီး ၎င်းတို့အနက်တစ်ဦးက မနေနိုင်ဘဲ မေးလာသည်၊ “ဒါပေမယ့် ဥက္ကဌရှု ဒီလိုလုပ်တာက ဘာအဓိပ္ပာယ်ရှိတာလဲ? ဒါက ပြိုင်ပွဲလေးတစ်ခုပဲဆိုရင်လည်း ဘန်တာမြို့ရဲ့ ပြိုင်ပွဲကတင် အာရုံအစိုက်ခံရဖို့ လုံလောက်နေပါပြီ။”

အခြား ဥက္ကဌများကလည်း ၎င်းကို သဘောတူသည်။ ရှုယီကမူ အသာပြုံးကာ ခေါင်းခါ၏။

“မဟုတ်ဘူး ကျုပ် ကျင်းပချင်တဲ့ပြိုင်ပွဲက အထူးပြု လူတွေကိုပဲ ဝင်ပြိုင်ခွင့်ပြုမှာ။ ပြိုင်ပွဲက အသင်းတွေအနေနဲ့ သူတို့လုပ်ငန်းစုတွေရဲ့ နာမည်တွေနဲ့ သူတို့လုပ်ငန်းစုကထုတ်တဲ့ စက်ဘီးတွေကိုပဲ အသုံးပြုခွင့်ပြုပြီး စက်ဘီးပြိုင်ပွဲအတွက် ပြိုင်ဆိုင်မှုအဆင့်အမြင့်ဆုံးကို ဖန်တီးမှာ။”

“အမြင့်ဆုံးအဆင့်က ပြိုင်ပွဲဝင်အဆင့်အမြင့်ဆုံးကိုပဲ ကိုယ်စားပြုတာတင်မကဘူး စက်ဘီးရဲ့ အဆင့်အမြင့်ဆုံးကိုပါ ကိုယ်စားပြုတယ်။ ကျုပ်‌ပြောတာကို နားလည်ရဲ့လား?”

ရှုယီ၏ ရှင်းလင်းချက်ကိုကြားပြီးနောက် ဥက္ကဌများမှာ စဉ်းစားပြီးနောက် တစ်ပြိုင်နက်တည်း မျက်လုံးများတောက်ပလာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၂။ အမ်ရစ်ဟိုတယ်

၎င်းတို့အနေနှင့် အထူးပြု အားကစားပွဲကျင်းပမည့် အကြောင်းအရင်းမှာ ရှုယီမှာ ကမ္ဘာမြေမှ ထိုပြိုင်ပွဲများကို အတုယူလျက် အထူးပြုအားကစားတစ်ရပ်တည်ထောင်လိုသောကြောင့်ပင်။ ထိုနေရာတွင် စက်ဘီးများ၌ အထူးပြုသည့် ကျွမ်းကျင်အားကစားသမားများရှိမည်ဖြစ်ပြီး ၎င်းတို့မှာ ကမ္ဘာမြေရှိ ကျော်ကြားသော ပြိုင်ပွဲဝင်သူများကဲ့သို့ စက်ဘီးစီးအားကစားနှင့် စက်ဘီးတို့ကို ကြီးကြီးမားမား အဆင့်မြှင့်တင်ကာ စိုင်စ်နယ်မြေသားများအား စက်ဘီးများကို ပိုမို လက်ခံလာစေရမည်ဖြစ်သည်။

ဘန်တာမြို့စက်ဘီးပြိုင်ပွဲမှာ အင်မတန်ရေပန်းစားသော်လည်း လူတိုင်းပါဝင်ဆင်နွှဲနိုင်သည့် ပွဲဖြစ်ပြီး အထူးပြုမရှိသောကြောင့် ၎င်းက မြို့သူမြို့သားများ၏ စိတ်ထဲတွင် အဆင့်မြင့်ပွဲမဟုတ်သဖြင့် ကြော်ငြာနိုင်စွမ်းက ထိုမျှ မကောင်းလှပေ။

၎င်းတို့သာ ရှုယီ၏ အကြံပြုချက်နောက်လိုက်၍ အမည်ကျော်အားကစားပွဲတစ်ခု ဖန်တီးနိုင်ပါလျှင် ကြော်ငြာနိုင်စွမ်းက များစွာ ပိုကောင်းလာလိမ့်မည်။

၎င်းအပြင် ရှုယီမှာ အခြားလုပ်ငန်းစုများက ဤပွဲမှ တဆင့် ၎င်းတို့၏ တံဆိပ်များကိုပါ အဆင့်မြှင့်နိုင်ရန် မျှော်လင့်ပါ၏။

၎င်းကို စဉ်းစားကြည့်သော် Frestech ကုန်သည်ကြီးများအသင်း ကျင်းပသည့် အဆင့်မြင့်ပွဲကို ဝင်ရောက်နိုင်ခြင်းက ထိုတံဆိပ်၏ အရည်အသွေးကို Frestech ကုန်သည်ကြီးများအသင်းမှ အသိအမှတ်ပြုသည့် အဓိပ္ပာယ်မဖြစ်သွားပေဘူးလား။

လူတစ်ယောက်က စက်ဘီးများကို အာရုံစိုက်လာလျှင် Frestech တံဆိပ်ကို ဂရုစိုက်ခြင်းမှတဆင့် အခြားလုပ်ငန်းစုများ၏ စက်ဘီးတံဆိပ်များကိုလည်း သတိပြုမိကြလိမ့်မည်။

၎င်းက ပြိုင်ဘက်များကို စိုးရိမ်နေရသည့် ကမ္ဘာမြေကနှင့် ခြားနားကာ ရှုယီမှာ မည်သည့်ပြိုင်ဘက်မှမရှိမည်ကို စိုးရိမ်နေရသည်။

စိုင်စ်နယ်မြေကြီး၌ စက်မှုစနစ်တစ်ခု တည်ထောင်မည့် သူ၏ အိပ်မက်ကို ဖန်တီးရန် Frestech ကုန်သည်ကြီးများအသင်းနှင့် သူကိုယ်တိုင်ကိုသာ အားထားနေရုံနှင့် မဖြစ်နိုင်ပေ။ လုပ်ငန်းစုများ လူများ ပိုမိုများပြားလာသရွေ့ သူ၏ အိပ်မက်ကို အကောင်အထည် ဖော်လာနိုင်လိမ့်မည်။

ထို့ကြောင့် ရှုယီမှာ အမြဲတမ်း ထိုနယ်ပယ်၌ ပြိုင်ဘက်များကို လေ့ကျင့်ပေးရန် ဂရုစိုက်နေပြီး ၎င်းတို့ကို မှော်စက်မှုနယ်ပယ်သို့ဝင်ရောက်ကာ အခိုင်အမာရပ်တည်ဖို့ ကူညီပေးနေခဲ့သည်။

ဘန်တာမြို့၏ စက်ဘီးလုပ်ငန်းစုများမှာ ဤနှစ်အတွင်း၌ ကောင်းကောင်းလုပ်ဆောင်ခဲ့သည်။ ၎င်းတို့မှာ ရှုယီ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ၎င်းက ရှုယီအနေနှင့် ၎င်းတို့၏တံဆိပ်ကို တည်ထောင်ရာ၌ ကူညီရန် ထိုပွဲကို အသုံးပြုဖို့ ဆန္ဒရှိလာရသော အကြောင်းအရင်းပါပင်။

ရှုယီက ထိုဥက္ကဌများထံ သူ၏ အတွေးကို ပြောပြလိုက်ပြီးနောက် ၎င်းတို့အားလုံးက လက်ခံပြီး ရှုယီ၏ အကြံကို ထောက်ခံဖို့ အပြည့်အဝဆန္ဒရှိကြောင်း ဖော်ပြကြတော့သည်။

ကြားခံဖြစ်သူ နံဘေးရှိ မြို့စားဝယ်လ်မှာ ၎င်းက လုပ်ငန်းစုများကို အလျင်အမြန်တိုးတက်ရန် အကူအညီဖြစ်စေမည်ဖြစ်သောကြောင့် ပျော်ရွှင်နေလေသည်။

ထိုလုပ်ငန်းစုများ ရှေ့လျှောက် အခိုင်အမာရပ်တည်လာသရွေ့ စက်ဘီးနယ်ပယ်တွင် Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်သည့် လုပ်ငန်းစုကြီးများဖြစ်လာကာ ဘန်တာမြို့သို့ များစွာ အကျိုးသက်ရောက်စေလိမ့်မည်။

ရှုယီနှင့် အခြားဥက္ကဌများရှေ့မှောက်တွင် ကောင့်ထ်ဝယ်လ်မှာ ဤပြိုင်ပွဲအား အပြည့်အဝထောက်ခံမည်ဖြစ်ကြောင်း ကတိ‌ပေးခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများလိုအပ်သည့် အရာရာတိုင်းကို သဘောတူမည်ဖြစ်၏။

ဤဆွေးနွေးမှုက အားလုံးစိတ်တိုင်းကျစွာဖြင့် အဆုံးသတ်သွားသည်။

အနှီဥက္ကဌများထွက်သွားချိန်၌ ကောင့်ထ်ဝယ်လ်က ရှုယီကို မေးလာသည်၊ “ဥက္ကဌရှု ခင်ဗျားအနေနဲ့ စက်ဘီးနယ်ပယ်နဲ့ပတ်သက်ပြီး ဒီလိုပူးပေါင်းမှုမျိုးကို အဆိုပြုနိုင်မှတော့ တခြားနယ်ပယ်တွေအတွက်ကျတော့ရော..... အမြန်တိုးတက်ဖို့ ကူညီနိုင်မယ့် နည်းလမ်းတွေ ရှိသေးလားဗျ?”

မြို့စားဝယ်လ်ကို မြို့စားတာဝန်ယူရန် ဆယ်ဗီနီမှ စေလွှတ်ထားခြင်းဖြစ်သောကြောင့် သူ့အား ဆယ်ဗီနီက ယုံကြည်သည်ဟု ယူဆနိုင်သည်။ ဆယ်ဗီနီမှာ သူ့အား ရှုယီရှေ့၌ အကြိမ်များစွာ အကဲဖြတ်ပြဖူးပါ၏။ သူ့အနေနှင့် ရှုယီမှာ အခြားကုန်သည်များနှင့်ခြားနားပြီး သူ၏ ကိုယ်ပိုင်အကျိုးအမြတ်ကို ဂရုမစိုက်ဘဲ မှော်စက်မှုနယ်ပယ်တိုးတက်‌ရေးကိုသာ ဂရုစိုက်ကြောင်း သိသည်။

ထို့ကြောင့် ယခု ရှုယီက စက်ဘီးလုပ်ငန်းစုများကို ပိုမိုကြီးထွားလာစေရန် ကူညီဖို့ ဆန္ဒရှိနေသဖြင့် သူလည်း ဘန်တာမြို့၏ လုပ်ငန်းစုများနှင့် သက်ဆိုင်သည့် အခြားမှော်စက်များအတွက် မနေနိုင်အောင် အကျိုးအမြတ်တချို့ ရယူလိုလာသည်။

ရှုယီလည်း အသာပြုံး၍ လက်ယမ်းသည်၊ “အရှင်ကောင့်ထ် ဒါက အလျင်စလို လုပ်လို့မရပါဘူး။ စက်ဘီးနယ်ပာ်နဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်တာက ပထမဆုံး စက်ဘီးနယ်ပယ်ကို မှော်စက်မှုနယ်ပယ်လို့ ယူဆမရနိုင်တာကြောင့်ပါ။ ဒီထဲကို ဝင်ရောက်ဖို့က အတားအဆီးနိမ့်ပြီး ထုတ်လုပ်ရေးကျွမ်းကျင်ဖို့ကလည်း မခက်ဘူးလေ။ ဘန်တာမြို့က စက်ဘီးတွေက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်ပြိုင်နိုင်တဲ့ အဆင့်တစ်ခုအထိ ရောက်နေပါပြီ။ တခြားလုပ်ငန်းစုတွေကတော့.....”

ရှုယီက မည်သည်ကိုမှ မဆိုသော်လည်း ကောင့်ထ်ဝယ်လ်ကတော့ သူ၏ဆိုလိုရင်းကို နားလည်လိုက်သည်။

၎င်းက ရှင်းပါသည်၊ စက်ဘီးများမှလွဲလျှင် အခြား မှော်စက်ဆိုင်ရာလုပ်ငန်းစုများမှာ ၎င်းတို့၏ မှော်စက်များဖြင့် ရှုယီ၏ မျက်လုံးထဲ မဝင်နိုင်ကြချေ။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို ယှဉ်ဖို့ အရည်အချင်းပင်မရှိပေ။

ထိုမှော်စက်များကိုသာ Frestech တံဆိပ်နှင့် ယှဉ်ရလျှင် အစအနတစ်ခုပင် မကျန်ရစ်ဘဲ လုံးဝဖိချေခံလိုက်ရလိမ့်မည်။

ထိုသည်က ၎င်းတို့ကို ကူညီခြင်းမဟုတ်ဘဲ ထိခိုက်စေခြင်း ဖြစ်ပေလိမ့်မည်။

၎င်းကို စဉ်းစားရင်း မြို့စားဝယ်လ်မှာ ခံစားမိသွား၏။

ရှုယီမှာ တကယ်ကိုပင် အခြားမှော်စက်လုပ်ငန်းစုများအကြောင်း စဉ်းစားပေးပါ၏။ မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုနှင့် ရရှိထားပြီးသား ဂုဏ်သတင်းတို့ကြောင့် အခြားလုပ်ငန်းစုများထံတွင် အခွင့်အရေးလုံးဝရှိမည်မဟုတ်ပေ။

သူဟာ ရှုယီကို တစ်ဖန် ချီးကျူးတော့မည်အပြု ရှုယီက ရုတ်တရတ် ခေါင်းစဉ်ပြောင်းမေးလာသည်၊ “အရှင်ကောင့်ထ်၊ ဒရိတ်ခ်နယ်မြေကနေ ယာဉ်တန်းပို့လိုက်ပြီလား?”

ကောင့်ထ်ဝယ်လ်မှာ အံ့ဩသွားပါ၏။ စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်ကာ၊ “အင်း ဒရိတ်ခ်နယ်မြေကနေ ယာဉ်တန်းတစ်ခု လွှတ်လိုက်တယ်။ သူတို့က ဒရိတ်ခ်နယ်မြေမှာရှိတဲ့ လုပ်ငန်းစုတွေထဲက တစ်ခုနာမည်ကိုသုံးပြီး လွန်ခဲ့တဲ့ သုံးရက်က ရောက်လာတာ။ သူတို့ လက်ရှိမှာ အသစ်ဆောက်ထားတဲ့ အမ်ရစ်ဟိုတယ်မှာ နေကြတယ်။”

“အမ်ရစ် ဟိုတယ်?” ရှုယီ ရေရွတ်လိုက်ပြီးနောက် ရုတ်တရတ် တစ်ချက်ပြုံးသည်။ သူဟာ ကောင့်ထ်ဝယ်လ်ကို နှုတ်ဆက်လိုက်တော့သည်၊ “ကျုပ်ဆီမှာ လုပ်စရာလေးတွေ ရှိနေသေးလို့။ အရှင်ကောင့်ထ် မနက်ဖြန် ပြိုင်ပွဲမှာ တွေ့ကြတာပေါ့။”

မြို့စားဝယ်လ်မှာ ရှုယီကို နေ့လည်စာအတွက် ဆက်ခေါ်ထား‌ချင်သော်လည်း ရှုယီမျက်နှာကိုကြည့်လိုက်သော် သူ့ထံ၌ အခြားအစီစဉ်များရှိနေကြောင်း သိလိုက်ရသဖြင့် ဤနေရာ၌ ဆက်မခေါ်ထားတော့ပေ။

သူ့ဟာ ရှုယီက ဒရိတ်ခ်နယ်မြေယာဉ်တန်းအကြောင်း မေးမြန်းလာခြင်းကို သံသယတချို့ရှိနေသော်လည်း ရှုယီကို အပြုံးဖြင့် နှုတ်ဆက်လိုက်ဆဲဖြစ်သည်။

မြို့စားအိမ်တော်မှ ထွက်ခွာလာပြီးနောက် ရှုယီလည်း သူ၏ မှော်ဆလွန်းထဲဝင်၍ ဖရီယာ၊ လဇ်, လင်ဒါနှင့် အက်ဂ်နက်စ်တို့ကို အနောက်ဘက်ရှိ အသစ်ဆောက်တည်ထားသော မြို့အပိုင်းထံ ခေါ်လာလိုက်သည်။

ဆယ်ဗီနီ ထီးနန်းဆက်ခံပြီးနောက် Frestech ကုန်သည်ကြီးများအသင်းနှင့် အတူအလုပ်လုပ်ကိုင်ခဲ့သဖြင့် ဘန်တာမြို့၏ တန့်နေခဲ့သည့် မြို့သစ်အပိုင်းကို တစ်ဖန် စတင် ဖွံ့ဖြိုးရေးလုပ်ဆောင်ခဲ့သည်။

ယခုတွင် မြို့သစ်ဧရိယာမှာ မြို့ဟောင်းဧရိယာထက် ဆယ်ဆပိုကြီးနေပြီဖြစ်၏။

စက်မှုနယ်မြေတွင် စက်ရုံတစ်ရာနီးနီးရှိရုံသာမက လူနေနယ်မြေ၌လည်း ဆိုင်ခန်းမျိုးစုံရှိကြသည်။ ၎င်းတို့မှာ လမ်းများ၌ ပြည့်နှက်ကာ မြင်ရသလောက် သက်ဝင်လှုပ်ရှားနေပါ၏။

မြို့သစ်နယ်မြေရှိ လူနေဧရိယာတွင် မျက်စိအဖမ်းထားဆုံးအရာမှာ မြေညီမှနေ၍ မီတာနှစ်ဆယ်ကျော် မြင့်မားကာ ထိုးထွက်နေသည့် ခုနစ်ထပ် အဆောက်အဦးဖြစ်သည်။

ထိုအဆောက်အဦးမှလွဲ၍ အမြင့်မားဆုံး အဆောက်အဦးများမှာ အများဆုံး ဆယ်မီတာ မြင့်မား၏။ ထို့ကြောင့် အဝေးမှကြည့်လျှင် ဤအဆောက်အဦးမှာ ကြက်ကလေးများအကြားရှိ ကြိုးကြာနှယ်ဖြစ်ကာ အာရုံအမြောက်အများကို ဆွဲဆောင်နေသည်။

ဤအဆောက်အဦးက ယခင်လကမှ တည်ဆောက်ခဲ့သော အမ်ရစ်ဟိုတယ်ဖြစ်လေသည်။

ထိုအမည်မှာ သဘာဝကျကျပင် အမ်ရစ်ကုန်သည်ကြီးများအသင်းမှ တည်ဆောက်ထားခြင်းကြောင့်ဖြစ်ပါ၏။

ထိုအဆောက်အဦးကြောင့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးနည်းပညာတွင် အောင်မြင်မှုအသစ်တစ်ရပ်ရှိလာသည်ကို ကိုယ်စားပြုနေသည်။

၎င်းမှာ ဤ‌အဆောက်အဦးကို မတည်ဆောက်ခင်က မီတာငါးဆယ်ကျော်မြင့်သော ကန်ဒရာအင်ပါယာ၏ အင်ပါယာနန်းတော်ကဲ့သို့ စိုင်စ်နယ်မြေကြီးရှိ မီတာဒါဇင်ချီများစွာ မြင့်မားလှသည့် အဆောက်အဦးများရှိသည်။

ထိုအဆောက်အဦးမြင့်များကို ဧရာမကျောက်တုံးများဖြင့်ပြုလုပ်ထားကာ လုပ်သားပမာဏ ကြောက်မက်ဖွယ်များပြားလှပြီး သာမာန်လူများ မတည်ဆောက်နိုင်သည့် အရာပင်။

သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ မီတာနှစ်ဆယ်မြင့် အမ်ရစ်ဟိုတယ်မှာ စတုရန်းမီတာတစ်ထောင်ဧရိယာကို ယူထားပြီး စုစုပေါင်းရွှေဒင်္ဂါး နှစ်သိန်းခြောက်သောင်းသာ ကုန်ကျပါ၏။

၎င်းပုံစံက သာမာန်လူအတွက် အတော်လေး ဝေးကွာနေဆဲဖြစ်သော်လည်း မရောက်ရှိနိုင်သည်တော့ မဟုတ်ပေ။

အရေးကြီးဆုံးအရာမှာ ဤဟိုတယ်က မည်သည့်အချိန်၌မဆို သာမာန်လူများ ဝင်လာနိုင်သည့် နေရာဖြစ်သည်။ ၎င်းတို့အနေနှင့် အလည်လာနိုင်သလို နေထိုင်လည်း နေထိုင်နိုင်ရာ ၎င်းတို့အလိုရှိသလိုလုပ်နိုင်ပါ၏။

ကန်ဒရာအင်ပါယာ၏ အင်ပါယာနန်းတော်မြင့်ကြီးကိုမူ သာမာန်လူများက မည်သို့ ဝင်နိုင်ပါမည်နည်း?

ထို့ကြောင့် ဤ အမ်ရစ်ဟိုတယ်ပြီးစီးသွားသည်နှင့် ဧည့်သည်များပြည့်နေတော့သည်။ အမ်ရစ်ဟိုတယ်ထိပ်ဖျားရှိ အထူးရှုခင်းကြည့်အထပ်တွင် လူများ ပြည့်လုနီးပါး‌ဖြစ်နေပါ၏။

လူတိုင်းက နေရာမြင့်မြင့်တွင် ရပ်နေလိုပြီး‌ အောက်ရှိ မြင်ကွင်းကိုကြည့်ချင်ကြသည်။

ဤသည်မှာ ယခင်က မှော်ပညာရှင်များနှင့် စွမ်းအားရှိသူများသာ လုပ်ဆောင်နိုင်သည့်အရာဖြစ်သော်လည်း ယခုတွင် မည်သူမဆို ဤနေရာမြင့်မြင့်ကို ရောက်လာနိုင်သည်။

ရှုယီမှာ အမ်ရစ်ဟိုတယ်၏ ဇိမ်အကျဆုံးအခန်းများအနက် တစ်ခန်းတွင် မင်းသ‌မီးလေးကာရိုလိုင်းနှင့် ဆုံခဲ့သည်။

သူမကို မြင်ချိန်တွင် မင်းသမီးလေးကာရိုလိုင်းမှာ ပြတင်းရှေ့၌ ရပ်ကာ ရှုမြင်ကွင်းကို တွေးဆဆဖြင့် ကြည့်နေလေသည်။

တံခါးပွင့်လာသံကြားသော် မင်းသမီးလေး ကာရိုလိုင်းက လှည့်ကြည့်မလာပေ။ ရှုယီ သူမနံဘေးရောက်သွားချိန်၌ သူမက ပြတင်းမှတဆင့် မြင်ကွင်းကို ကြည့်နေဆဲဖြစ်ပြီးနောက်မှ သက်ပြင်းချလာသည်၊ “ဥက္ကဌရှု ဒီမှာ ရပ်နေမှ ဘာလို့ လူအတော်များများ စွမ်းအားလိုချင်တယ်ဆိုတာကို နားလည်လိုက်တော့တယ်။ လူတွေကို ပုရွက်ဆိတ်ကလေးတွေလို ငုံ့ကြည့်ရတာက တကယ်ကို စိတ်ကျေနပ်စရာခံစားချက်ပေးစွမ်းတာပဲ။”

ရှုယီက ပြတင်းအောက်ဘက်ရှိ လူအုပ်ကိုကြည့်ကာ ၎င်းက ခုနစ်ထပ်အဆောက်အဦးမျှသာဖြစ်သည်ဟု စဉ်းစားမိသည်။ သူမသာ ကမ္ဘာမြေရှိ အထပ်တစ်ရာအဆောက်အဦးများနှင့် အနက်ရောင်အစက်လေးမျှသာရှိသည့် လူများကို မြင်လျှင် မည်သို့ ခံစားရလိမ့်မည်နည်း?

မင်းသမီးလေးကာရိုလိုင်းကို ကြည့်ရင်း သူမကို ၂နှစ်နီးပါး မတွေ့ခဲ့ရသည့်နောက် မင်းသမီးလေးကာရိုလိုင်းမှာ ပို၍ ထက်မြတ်လာလေသည်။ ယခင်ကနှင့်စာလျှင် သူမဟာ ငယ်စဉ်အခါကထက် ပို၍ပင် ဆွဲဆောင်မှုရှိလာရာ ပို၍ ရင့်ကျက်သည့် ခံစားချက်မျိုးရှိနေ၏။

ရှုယီ၏ အကြည့်ကို ခံစားမိသော် မင်းသမီးလေး ကာရိုလိုင်းက လှည့်လာကာ တောက်တောက်ပပ ပြုံးပြလိုက်လေသည်။

ဤအပြုံးမှာ ပန်းလေးတစ်ပွင့် ပွင့်အာလာသကဲ့သို့ အံ့မခန်း လှပလွန်းလှ၏။

ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ပေ၊ “မင်းသမီးလေး ၂နှစ်လောက်မတွေ့ခဲ့ရတော့ ပိုပြီးလှလာတာပဲ။ မိတ်ဆွေဟောင်းအနေနဲ့ အရမ်းအားရမိပါတယ်။”

“အားရရုံပဲလား?” မင်းသမီးလေးကာရိုလိုင်း၏ မျက်နှာမှာ အနည်းငယ်ဆိုးသွမ်းဟန်ပေါ်လာသည်၊ “လုံးဝ စိတ်မလှုပ်ရှားဘူးပေါ့?”

ရှုယီက ရယ်သည်၊ “မင်းသမီးလေးကြောင့် စိတ်လှုပ်ရှားရဖူးတယ်လို့ ကျုပ် ဘယ်တုန်းကမှ ဝန်မခံဖူးဘူး။” ထို့နောက် သူ၏ အပြုံးကပျောက်ကွယ်ကာ အလေးအနက်ဟန်ဖြင့် ဆိုလာသည်၊ “ဒါပေမယ့် မင်းသမီးလေး အခုက ဒါကို ဆွေးနွေးဖို့ အချိန်မဟုတ်ဘူးမို့လား?”

မင်းသမီးလေး ကာရိုလိုင်း၏ အပြုံးကလည်း အလျင်အမြန်ပျောက်ကွယ်သွားသည်။ သူမက သက်ပြင်းချလိုက်ပြီးနောက် ခေါင်းငြိမ့်လာ၏၊ “ဟုတ်တယ် ဥက္ကဌရှု။ ကျွန်မ ဒီတစ်ခေါက် တိတ်တိတ်လေးလာတာဟာ ရှင့်ဆီက အကူညီတောင်းဖို့ပဲ။ ရှင် လှုပ်ရှားဖို့ ဆန္ဒမရှိရင်တော့ ကျွန်မတို့ ဒရိတ်ခ်နယ်မြေက မျှော်လင့်ချက်မဲ့တဲ့ အခြေအနေထဲ ကျသွားနိုင်တယ်။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၃။ ရွှေဒင်္ဂါးငါးသန်း ထိုက်တန်တယ်?

မင်းသမီးလေးကာရိုလိုင်း၏ မျက်နှာမှာ ပန်းကလေးတစ်ပွင့်လိုဖြစ်နေရာ ၎င်းထက်ရှိ ဝမ်း‌နည်းနေဟန်ကို မြင်လိုက်ရချိန်တွင် နှမျောချင့်စဖွယ်ခံစားရပေလိမ့်မည်။ သို့သော်လည်း ရှုယီ မင်းသမီးလေးကာရိုလိုင်းကို ကြည့်လိုက်စဉ်၌ သူ၏ အမူအရာက မပြောင်း‌လဲသွားဘဲ အသံက အေးစက်သွားသည်။

“မင်းသမီးလေး ရိုသေသမှုနဲ့ပြောရရင် ဒီကိစ္စအားလုံးက ခင်ဗျားတို့ ဒရိတ်ခ်နယ်မြေအနေနဲ့ ကျုပ်ရဲ့ အကြံကို နားမထောင်ကြတာကြောင့် ဖြစ်တာမို့ ခင်ဗျားတို့ကိုယ်တိုင်ကိုပဲ အပြစ်တင်လိုက်ပါ။ အခုကျုပ်ကို ကယ်ဖို့ အကူအညီတောင်းနေတာက ရယ်ရတယ်မထင်ဘူးလား?”

မင်းသမီးလေး ကာရိုလိုင်း၏ မျက်နှာက မှောင်မိုက်သွားသော်လည်း ခဏတာရပ်တန့်ပြီးနောက်၌ ရုတ်တရတ် ဆွဲဆောင်မှု ရှိရှိပြုံးလာသည်။ သူမက ရှုယီ၏ လက်မောင်းကို တုံ့ဆိုင်းခြင်းမရှိကိုင်ကာ ခါယမ်းလိုက်လေသည်။

“ဒါက တကယ်ကို ကျွန်မတို့ အမှားဆိုပေမယ့်လည်း ဥက္ကဌရှုက သေချာပေါက် ဒီတိုင်းလေးထိုင်ပြီး ကြည့်နေမှာတော့ မဟုတ်တာကို ကျွန်မသိတယ် ဟုတ်တယ်မလား? မဟုတ်ရင် ရှင်သေချာပေါက် ကျွန်မကို လာတွေ့မှာမဟုတ်ဘူးလေ။”

ရှုယီက သူမကို အေးစက်စက်ကြည့်လျက် မည်သည်ကိုမှ မဆိုသလို အမူအရာကလဲ မပြောင်းလဲပေ။

ဤတစ်ခေါက် မင်းသမီးလေး ကာရိုလိုင်းနှင့် ဒရိတ်ခ်နယ်မြေ၏ ယာဉ်တန်းတို့ ဘန်တာမြို့ထံ ရောက်လာကြခြင်းမှာ ယာဉ်တန်းကို လောင်စာဖြည့်ရုံသာမကပေ။ ထိုအစား ၎င်းတို့ထံ၌ ရှုယီနှင့် ဆွေးနွေးစရာရှိပြီး တည့်တိုးပြောရလျှင် ရှုယီထံမှ အကူအညီတောင်းရန်ဖြစ်သည်။

ဘုရင်ကြီး အဲရစ် ထီးနန်းတက်စဉ်က ကောင့်ထ် စီယန်မှာ ဘုရင်အဲရစ်နှင့် ဒုခ့်စတက်ဂျ် တို့ Frestech ကုန်သည်ကြီးများအသင်း၏ ဆိုဝယ်လ်မြို့ရှိ လက်ကျန် လုပ်ငန်းများကို ပစ်မှတ်ထားလာမည်အား စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ရှုယီနှင့် ဆက်သွယ်ပြီးနောက် သူဟာ ဒရိတ်ခ်နယ်မြေထဲသို့ ထိုလုပ်ငန်းများကို စတင် ရွှေ့ပြောင်းခဲ့ပါ၏။

ဒရိတ်ခ်နယ်မြေ၏ ထောက်ပံ့မှုကြောင့် ထိုလုပ်ငန်းများကို ဒရိတ်ခ်နယ်မြေ၌ ဆက်ထားပြီး ခြေကုပ်ပင် ယူထားပါ၏။ ၎င်းတို့မှာ ကောင်းစွာ ဖွံ့ဖြိုးရုံသာမက ဒရိတ်ခ်နယ်မြေအနေနှင့် နည်းပညာပမာဏကြီးတစ်ခုလည်းရကာ ၎င်းတို့ကိုယ်တိုင် မှော်စက်များ သုတေသနလုပ်ရာ၌ စတင် ရင်းနှီးမြှုပ်နှံခဲ့ကြ၏။

မှန်ပါ၏၊ ၎င်းက ရှုယီ၏ တိတ်တဆိတ် ခွင့်ပြုရရှိထားသည်၊ မဟုတ်ပါက ဒရိတ်ခ်နယ်မြေ၏ မှော်စက်မီုနယ်ပယ်မှာ ဤမျှမြန်မြန် တိုးတက်နေမည်မဟုတ်ပေ။

သို့သော် ၎င်းက ချောချောမွေ့မွေ့ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သလို လမ်ပူရီတိုင်းပြည်၏ ခေါင်းဆောင်အပြောင်းအလဲလည်းရှိကာ ဖရိဖရဲဖြစ်ကုန်သောကြောင့် ရှုယီမှာ ခဏတာ ဒရိတ်ခ်နယ်မြေနှင့် အဆက်အသွယ်ပြတ်ခဲ့လေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာပိုင်းထောက်ပံ့မှုမရှိဘဲ ဒရိတ်ခ်နယ်မြေမှာ ၎င်းတို့၏ ကိုယ်ပိုင်သုတေသနကို စတင်ရင်းနှီးမြှုပ်နှံကာ တိုးတက်မှုများလုပ်ဆောင်ခဲ့သည်။ ၎င်းတို့အနေနှင့် Frestech တံဆိပ်နှင့် ခြားနားသည့် အိမ်သုံးမှော်စက်များစွာကို ထုတ်လုပ်ကာ အမြတ်အစွန်းပမာဏကြီးတစ်ခုရရှိရန် ဒရိတ်ခ်နယ်မြေအနီးရှိ နိုင်ငံ ၂နိုင်ငံတို့၌ ရောင်းချခဲ့သည်။

ရှုယီမှ ဒရိတ်ခ်နယ်မြေနှင့် တစ်ဖန် အဆက်အသွယ်လုပ်ပြီး ထိုအကြောင်း သိသွားချိန်တွင် သူဟာ ဒရိတ်ခ်နယ်မြေအား ၎င်းတို့ထုတ်လုပ်ခဲ့သည့် မှော်စက်များ၏ အချက်အလက်များ သူ့ထံပေးဖို့ တောင်းဆိုခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ ပြစ်ချက်များ ရှိမရှိ စစ်ဆေးဖို့ရန်ဖြစ်သော်လည်း ဒရိတ်ခ်နယ်မြေက ငြင်းဆန်ခဲ့ပါ၏။

ရှုယီက ဒရိတ်ခ်နယ်မြေကို သတိပေးချက်ပေးခဲ့ပြီး မှော်စက်များ ထုတ်လုပ်ခြင်းက စနစ်တစ်ခု ယူဆောင်ခြင်းဖြစ်သဖြင့် ၎င်းတို့သာ အုတ်မြစ်မရှိဘဲ ထုတ်လုပ်လျှင် ပြဿနာများရှိလာမည်ကို ပြောခဲ့သည်။

သို့သော် ဒရိတ်ခ်နယ်မြေမှာ ရှုယီ၏ သတိပေးချက်ကို လျစ်လျူရှုပြီး ၎င်းကို အသုံးချကာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်ချက်တချို့ပင်ဖြတ်ခဲ့သည်။

ရှုယီအနေနှင့် ကီလိုမီတာနှစ်ထောင်ကျော်အဝေးရှိ စတက်တိန်းနယ်မြေမှ‌နေ၍ ကြားဝင်စွက်ဖက်ရန် အရည်အချင်းမရှိသလို ဒရိတ်ခ်နယ်မြေကလည်း ပူးပေါင်းဖို့ ဆန္ဒမရှိပေ။ သဘာဝကျကျပင် သူ့အနေနှင့် ၎င်းတို့ကို တွန်းအားပေးဖို့ ဆန္ဒမရှိသဖြင့် ဒရိတ်ခ်နယ်မြေက ဥပေက္ခာပြုလာသည်တွင်လည်း သူလည်း ဂရုမစိုက်တော့ရုံသာ။

အစပိုင်းတွင် ပြဿနာမရှိသော်လည်း လွန်ခဲ့သည့်လ၌ ဒရိတ်ခ်နယ်မြေဘက်တွင် အရေးကြီးပြဿနာတစ်ခု ရှိလာသည်။

ဒရိတ်ခ်နယ်မြေထုတ် မှော်ပန်ကာနှင့် မှော်ရေခဲသေတ္တာတို့က မတော်တဆများစွာကို ဖြစ်စေခဲ့ပြီး ၎င်း၏ အစိတ်အပိုင်းကြီးများက ပျက်စီးကာ မတော်တဆများပိုမို ဖြစ်လာခဲ့သည်။ အနှီနိုင်ငံ နှစ်နိုင်ငံတို့၏ လူများက ဒရိတ်ခ်နယ်မြေကို မကျေမနပ်ဖြစ်ကာ ယုံကြည်မှု ပျောက်ဆုံးသွားကြ၏။

ထိုကိစ္စများကြောင့် အနှီနိုင်ငံ နှစ်နိုင်ငံတို့က ဒရိတ်ခ်နယ်မြေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့မှာ ဒရိတ်ခ်နယ်မြေ ရောင်းချသည့် နိမ့်ကျသောထုတ်ကုန်များကို အင်မတန်ဒေါသဖြစ်နေကြပြီး ဒရိတ်ခ်နယ်မြေအား ချက်ချင်း လျော်ကြေးပေးပြီး ဤပြဿနာများကို ဖြေရှင်းရန် အ‌စီစဉ်တစ်ခုကိုပါ တောင်းဆိုလာကြသည်။

လျော်ကြေးက အဆင်ပြေသော်လည်း ပြဿနာများကို ဖြေရှင်းရန်အတွက်တော့ ဒရိတ်ခ်နယ်မြေအတွက် ခက်ခဲသည်။

ဒရိတ်ခ်နယ်မြေ၌ ကျန်ရှိခဲ့သော Frestech ကုန်သည်ကြီးများအသင်း ဝန်ထမ်းများနှင့်အတူ ဂရုတစိုက်သုတေသနလုပ်ပြီးနောက် ၎င်းတို့ထုတ်လုပ်ထားသည့် မှော်ပန်ကာနှင့် မှော်ရေခဲသေတ္တာများတွင် ပြဿနာများစွာ ရှိနေသည်ကို တွေ့လိုက်ကြရသည်။ ၎င်းတို့အားလုံးမှာ ချို့ယွင်း ဒီဇိုင်းကြောင့်ပင်။

ချို့ယွင်းဒီဇိုင်းကိုပြောင်းလဲရန် ၎င်းတို့အနေနှင့် ထုတ်လုပ်ရေးလိုင်းတစ်ခုလုံးကို ပြောင်းလဲရမည်ဟု ဆိုလိုပါ၏။

ဒရိတ်ခ်နယ်မြေထံ၌ ထိုအစွမ်းအစမရှိသလို ထုတ်လုပ်ရေးလိုင်းအားလုံးကို ပြောင်းလဲပါက ခန့်မှန်းခြေ ရွှေဒင်္ဂါး သုံးသန်း အနည်းဆုံးကုန်ကျမည်ဖြစ်ရာ ၎င်းတို့အတွက် မဖြစ်နိုင်ပေ။

ထို့နောက် နိုင်ငံ ၂နိုင်ငံအတွက် လျော်ကြေးများကိုပါ ထည့်ပေါင်းလိုက်သော် ဒရိတ်ခ်နယ်မြေမှာ အနည်းဆုံး ၎င်းအတွက် ရွှေဒင်္ဂါးငါးသန်း သုံးစွဲရနိုင်သည်။

နှစ်စဉ် အမြတ်ခွန် ရွှေဒင်္ဂါး တစ်သန်းကျော်သာရရှိသည့် ဒရိတ်ခ်နယ်မြေအတွက် ၎င်းမှာ ၎င်းတို့ မခံနိုင်သည့် ဆုံးရှုံးမှုဖြစ်ကြောင်း သံသယပင် ဝင်ဖို့မလိုပေ။

သို့သော်လည်း ၎င်းတို့အနေနှင့် ထိုနိုင်ငံ နှစ်နိုင်ငံကို လျော်ကြေးပေးပြီး ဆက်လုပ်ရန် ထုတ်လုပ်ရေးလိုင်းများအား ပြောင်းလဲရမည်ဖြစ်သည်။ မဟုတ်ပါက ဒရိတ်ခ်နယ်မြေ ရင်းနှီးမြှုပ်နှံခဲ့သည့် သုတေသနမှာ လုံးဝကျရှုံးကာ ၎င်းတို့၏ ကနဦး ရင်းနှီးမြှုပ်နှံမှုလည်း လုံးဝပျက်သုဉ်းသွားမည်။

သို့ရာ၌ ဒရိတ်ခ်နယ်မြေတစ်ခုတည်းနှင့်တင် ထိုသို့လုပ်ဆောင်ရန် အင်အားမရှိပေ။

၎င်းတို့ထံ၌ ရှုယီထံမှ အကူအညီတောင်းရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။

သို့သော် ရှုယီက ဒရိတ်ခ်နယ်မြေ၏ လုပ်ရပ်များကြောင့် မကျေမနပ်ဖြစ်ခဲ့ရသည်။ ယခုတွင် ၎င်းတို့က ဒုက္ခဖြစ်နေပြီး အကူအညီလာတောင်းရာ မင်းသမီးလေး ကာရိုလိုင်းကဲ့သို့ အင်မတန်လှပသည့် မိန်းကလေးကို လွှတ်လိုက်လျှင်တောင် သူဟာ မည်သို့ အလွယ်လေးသဘောတူနိုင်မည်နည်း။

ရှုယီ၏ အေးစက်စက်အကြည့်ကိုမြင်သော် မင်းသမီးလေး ကာရိုလိုင်း၏ စိတ်ပြောင်းသွားသည်။ သူမက ခေါင်းငုံ့၍ သနားစဖွယ်ပြုမူရင်း ခပ်တိုးတိုးဆိုလေသည်၊ “ရှင် အရမ်းဒေါသဖြစ်နေတာကို ကျွန်မသိပါတယ်၊ ဒါပေမယ့် ကျွန်မတို့မှာလည်း ကျွန်မတို့ ဒုက္ခရှိတယ်လေ။ ကျွန်မတို့ ဒရိတ်ခ်နယ်မြေက နယ်မြေလေးတစ်ခုပဲဆိုတော့ ကိုယ်ပိုင်အရာကို မဖမ်းဆုပ်ထားနိုင်ရင် တခြားလူတွေ အနိုင်ကျင့်တာ ခံရမှာပေါ့။”

ရှုယီက နှာမှုတ်ပါ၏၊ “ဒီလိုနဲ့ ခင်ဗျားက ကျုပ်တို့ရဲ့ အရင်သဘောတူညီမှုတွေကိုဆန့်ကျင်ပြီး ကိုယ်ပိုင်တစ်ခုကို ဖန်တီးလိုက်တယ်ပေါ့? မမေ့နဲ့ဦး ကျုပ် အရင်က သတိပေးခဲ့ပေမယ့် ခင်ဗျားတို့ နားမထောင်ခဲ့တာပဲ။ အခု ပြဿနာတချို့ကြုံရတော့ ဘာလို့ ကိုယ့်ဘာသာ မဖြေရှင်းတာလဲ?”

“ကျွန်မတို့ မှားတာကို သိပါတယ်။” မင်းသမီးလေး ကာရိုလိုင်းက ဆွဲဆောင်မှုရှိရှိပြုံး၍ ရှုယီ လက်မောင်းကို ခါကာ အသံတိုးတိုးဖြင့် ဆိုလေသည်၊ “ရှင် ဒေါသထွက်ရင် လျော်ကြေးပေးလို့ရပါတယ်။ ဥပမာပြောရရင်.... ရှင်ဆန္ဒရှိမယ်ဆို ကျွန်မကိုယ်ကျွန်မ လျော်ကြေးအနေနဲ့ သုံးလို့ရတယ်.....”

ရှုယီက သူ၏ ညာလက်ကို ခါ၍ မင်းသမီးလေး ကာရိုလိုင်း၏ လက်များမှ ရုန်းထွက်လိုက်သည်။ သူက ခြေတစ်လှမ်းပြန်နောက်ဆုတ်ကာ ခေါင်းခါလိုက်ပြီးနောက် အလေးအနက်ပြောလေ၏၊ “မင်းသမီးလေး၊ ကျုပ်အထင် ခင်ဗျားအနေနဲ့ ဒီကိစ္စမှာ ခင်ဗျားက ဘာအရေးပါမှုမှမရှိတာကို သိလောက်မှာပါ။ ပြီးတော့ ကျုပ်လည်း စိတ်မဝင်စားလို့ အချိန်ဖြုန်းတာရပ်လိုက်ပါတော့။”

မင်းသမီးလေး ကာရိုလိုင်းမှာ ရှုယီကို စိုက်မကြည့်မိဘဲ မနေနိုင်တော့ပေ။ သူမဟာ ထူးခြားလှပသူဖြစ်ပြီး ဒရိတ်ခ်နယ်မြေ၏ နံပါတ်တစ်အလှလေးဖြစ်ရုံသာမက သူမ၏ အလှကို အသိအမှတ်ပြုထားသော အပြင်လူများစွာပင်ရှိသည်။ အလှအပတွင် သူမက ရှုယီ၏ ဇနီး စတေးလ်ကိုပင် ယှဉ်နိုင်ပြီး အခြားလူများက သူမထက် နိမ့်ကျ၏။ အဘယ့်ကြောင့် ဤနည်းလမ်းကို သုံးလိုက်ချိန်တွင် ရှုယီ လုံးဝ စိတ်မလှုပ်ရှားလေသနည်း?

သူဟာ အလှလေးများကို စိတ်မဝင်စားဟု ပြောလျှင် အဘယ့်ကြောင့် စတေးလ်ကို လက်ထပ်ပါမည်နည်း?

သူ၏ အစေခံများအားလုံးကလည်း ချွင်းချက်မရှိ လှပနေလေရာ သူဟာ ပုံမှန်ယောက်ျားများကဲ့သို့ အလှလေးများကို မခုခံနိုင်သည်မှာ သေချာသည်။

ရှုယီကမူ မင်းသမီးလေး ကာရိုလိုင်းမှာ အနှီအတွေးများ တွေးတောနေသည်ကို မသိပေ။ သူမက အနည်းငယ် အံ့ဩနေသည်ကို မြင်သော် သူက သက်ပြင်းချ၍ ဆက်ပြော၏၊ “ဒါပေမယ့် ခင်ဗျားအခုနက ပြောတာမှန်တယ်။ ကျုပ်သာ ဒီပြဿနာကို မဖြေရှင်းပေးချင်ရင် ခင်ဗျားကို လာတွေ့မှာမဟုတ်ဘူး။”

၎င်းကိုကြားသော် မင်းသမီးလေး ကာရိုလိုင်း၏ မျက်လုံးများ ပျော်ရွှင်စွာ ဝိုင်းစက်သွားတော့၏။

“တကယ်လား? တကယ်လား? ဥက္ကဌရှု ရှင်တကယ် ကျွန်မတို့ကို ကူညီချင်တာလား?”

“အင်း” ရှုယီက အသာခေါင်းငြိမ့်သည်၊ “ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ဒရိတ်ခ်နယ်မြေက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဖြစ်ဖြစ် ကျုပ်ကို ဖြစ်ဖြစ် ဘယ်လိုဆက်ဆံတယ်ဆိုတာကို ဖယ်လိုက်ရင် ကျုပ်စိတ်ထဲမှာ ဒရိတ်ခ်နယ်မြေက အရေးကြီးတွဲဖက်ပဲ။ ခင်ဗျားတို့အနေနဲ့ ကျုပ်တို့နဲ့ အလေးအနက်ပူးပေါင်းဖို့ ဆန္ဒရှိနေသရွေ့ အရင်က ကိစ္စကို မဖြစ်ခဲ့သလို သဘောထားပေးနိုင်တယ်။”

ရှုယီ၏ အလေးအနက်ဟန်ကိုမြင်သော် မင်းသမီးလေး ကာရိုလိုင်း၏ နှလုံးသား၌ ပျော်ရွှင်မှုတို့ ပြည့်သွားရသည်။

ရွှေဒင်္ဂါးငါးသန်းပမာဏက ဒရိတ်ခ်နယ်မြေ၏ အထက်ပိုင်း စီမံခန့်ခွဲမှု အဖွဲ့ဝင်တစ်ဦးစီ၏ စိတ်ထဲ၌ ရှိနေခဲ့ပြီး ၎င်းက မင်းသမီးလေး ကာရိုလိုင်း မကြာခဏ ပူပန်ရသည့် အရာလည်းဖြစ်သည်။

လူတိုင်းက Frestech ကုန်သည်ကြီးများအသင်းကသာ အကူအညီပေးချင်လျှင် ထိုပြဿနာကို အလွယ်လေး ဖြေရှင်းနိုင်ကြောင်း သိပါ၏။ သို့သော် ဒရိတ်ခ်နယ်မြေ ယခင်က လုပ်ခဲ့သည့် အရာကြောင့် မည်သူကမှ ရှုယီက ကူညီချင်မည်လားကို မသေချာတော့ပေ။

မင်းသမီးလေး ကာရိုလိုင်းမှာ ရှုယီနှင့် ဆုံရန် ဘန်တာမြို့ စက်ဘီးပြိုင်ပွဲကို အခွင့်အရေးအဖြစ်အသုံးချထားကာ သူမစိတ်ထဲ၌ ရှုယီ သဘောတူမည့် မျှော်လင့်ချက်သာရှိနေသည်။

သို့သော် ရှုယီက ကူညီရန် သဘောတူလာသည်ကို ကြားသည်တွင် မင်းသမီးလေး ကာရိုလိုင်း၏ နှလုံးသားထဲရှိ တောင်တန်းကြီး ပြိုကျသွားဟန်ဖြစ်ကာ သူမ မျက်နှာထက်ရှိ အပြုံးက ပထမဆုံးအကြိမ် အစစ်အမှန်တောက်ပလာတော့သည်။

မင်းသမီးလေး ကာရိုလိုင်း၏ မျက်နှာထက်မှ အပြုံးကိုမြင်သော် ရှုယီလည်း ခေါင်းခါ၍ စိတ်ထဲ သက်ပြင်းချမိသည်။

ကိုယ်ပိုင်ခံစားချက်များအရဆိုလျှင် ဒရိတ်ခ်နယ်မြေမှာ ၎င်းတို့၏ သဘောတူညီမှုကို ဆန့်ကျင်ခဲ့သည်က သူအား အင်မတန် စိတ်တိုင်းမကျဖြစ်စေခဲ့ပြီး သူ့အနေနှင့်လည်း ဒရိတ်ခ်နယ်မြေကို ကူညီဖို့ ဆန္ဒမရှိပေ။

သို့သော် အဘက်ဘက်မှ ခြုံကြည့်လျှင် ဒရိတ်ခ်နယ်မြေမှာ မှော်စက်မှုနယ်ပယ်ဖြင့် ဖုံးလွှမ်းခံထားရသည်။ ရှုယီ၏ အစီအစဉ်၌ ဤသည်က မှော်စက်မှုနယ်ပယ်ရှိ အုတ်မြစ်များနှင့် အရေးပါသောနယ်မြေဖြစ်သဖြင့် ထိုမျှလွယ်လွယ် အဆုံးမခံနိုင်ပါချေ။

ဒရိတ်ခ်နယ်မြေ မပေါ်လာလျှင်တောင် သူ၏ ကိုယ်ပိုင်အစီစဉ် ပို၍ ချောမွေ့လာစေရန် ထိုနေရာကို လွှမ်းမိုးမှုပြန်ရဖို့ နည်းလမ်းအချို့ ရှာမည်ဖြစ်သည်။

ယခုတွင် ဒရိတ်ခ်နယ်မြေ၏ နိုင်ငံအင်အားက ပျက်စီးကာ သူ ကူညီမည်ဟု မျှော်လင့်နေကြသဖြင့် ၎င်းမှာ သူ့ရှေ့ရောက်လာသော အံ့ဩဖွယ် အခွင့်အလမ်းဖြစ်သည်။

အစပိုင်း၌ မင်းသမီးလေး ကာရိုလိုင်းရှေ့ရှိ သူ၏ ထိုပုံစံက သရုပ်ဆောင်ရုံမျှသာပင်။

ထို့အပြင် သူ၏ သရုပ်ဆောင်စကေးက ထိုမျှ မကောင်းလှပေ။ ခမ်နက်ဒ်သာဆိုလျှင် သူ့ထက်ပိုကောင်းအောင် သရုပ်ဆောင်နိုင်လောက်သည်။

သို့သော် ခမ်နက်ဒ်ဆိုလျှင် မင်းသမီးလေး ကာရိုလိုင်းကို ထိုသို့ တည့်တိုးဆန်ဝံ့မည်မဟုတ်ပေ။

၎င်းကို စဉ်းစားရင်း ရှုယီက မင်းသမီးလေး ကာရိုလိုင်းကို ခေါင်းငြိမ့်ပြကာ ဆက်ပြော၏၊ “ခင်ဗျားတို့ကို ကူညီတာက ပြဿနာမဟုတ်ပေမယ့် မင်းသမီးလေး ကျုပ်က ကိုယ်ချင်းစာတတ်တာမဟုတ်ဘူး။ တောင်းဆိုရမှာတော့ရှိတာပေါ့။”

ဤသည်ကို မင်းသမီးလေး ကာရိုလိုင်းက သေချာပေါက် မျှော်လင့်ထားပြီးသားပင်။ သူမက ခေါင်းငြိမ့်ကာ ဆွဲဆောင်မှုရှိရှိ ပြုံး၍ ဆိုသည်၊ “ပြဿနာတော့ မရှိဘူးပေါ့။ ဥက္ကဌရှု ကူညီချင်နေသရွေ့ ဘာတောင်းဆိုမှုပဲရှိလာလာ ဆွေးနွေးလို့ရပါတယ်။”

မင်းသမီးလေး ကာရိုလိုင်း၏ ဆွဲဆောင်မှုရှိရှိ အပြုံးကို ကြည့်ရင်း ရှုယီ၏ မျက်လုံးများက တောက်ပနေကာ အလေးအနက်ဟန်ဖြင့် ပြောလိုက်သည်၊ “မင်းသမီးလေး ဒီကိစ္စက ရွှေဒင်္ဂါး ငါးသန်းတန်တယ်။ ကျုပ် အနေနဲ့ ဒီလောကမှာ ရွှေဒင်္ဂါးငါးသန်းထက် ပိုတန်တဲ့ အမျိုးသမီးမရှိဘူးလို့ ယုံတယ်။”

မင်းသမီးလေး ကာရိုလိုင်း၏ အမူအရာက ပြောင်းလဲသွား၏။

ရှုယီ၏ စကားလုံးများက သူမ အနေနှင့် မိမိကိုယ်ကို ရောင်းစားနေသလိုပင်။

သို့သော် စဉ်းစားလိုက်လျှင် သူမ၏ ယခုနက စကား‌များကလည်း မိမိကိုယ်ကို ရောင်းစားသည်နှင့် မခြားဘူးမို့လား?

ထိုသို့ စဉ်းစားမိပြီး မင်းသမီးလေး ကာရိုလိုင်း၏ အမူအရာက ပြောင်းလဲနေတော့သည်။ သူမက အရှက်တကွဲဖြစ်ခြင်း၊ ဒေါသ၊ ကူရာမဲ့မှုနှင့် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းမှုတို့ကို ခံစားလိုက်ရသည်။

ရှုယီလည်း သူမကို ခဏတာကြည့်လိုက်ပြီးနောက် ရုတ်တရတ် သူမ၏ လက်ကို ယူလိုက်ပါ၏။ သူ၏ အသံကမူ များစွာ နူးညံ့လို့လာသည်။

“တစ်ချိန်တည်းမှာပဲ ဒီလောကမှာ ရွှေဒင်္ဂါးငါးသန်းလေးနဲ့တင် ဝယ်နိုင်မယ့် မိန်းမတစ်ယောက်ရဲ့ စိတ်မျိုးမရှိဘူးလို့ ယုံကြည်မိတယ်။”

မင်းသမီးလေးကာရိုလိုင်းမှာ အံ့ဩသွားသည်။ သူမက ရှုယီ၏ အနှိုင်းမဲ့ကြည်လင်နေသော မျက်လုံးများနှင့် ရိုးရိုးရှင်းရှင်း မျက်နှာကိုကြည့်ကာ စိတ်နှလုံးထဲ ကွဲပြားသည့် ခံစားချက် လှိုက်တက်လာပြီး တမုဟုတ်ချင်း အရိုင်းဆန်သွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၄။ နိုင်ငံ၏ တံဆိပ်

အောက်တိုဘာလ တစ်ရက်နေ့မှာ ရှုယီအတွက် အဓိပ္ပာယ်ပြည့်ဝလှသောနေ့တစ်နေ့ဖြစ်သော်လည်း စိုင်စ်နယ်မြေကြီး၏ ကျန်လူများအတွက်တော့ ထူးခြားသည့် မဟုတ်ပေ။

လမ်ပူရီတိုင်းပြည်၌ပင် အောက်တိုဘာ တစ်ရက်နေ့မှာ ထိုမျှ မထူးကဲလှ။

ဘန်တာမြို့၌သာ ထိုနေ့၌ ပေါ်လာသည့် မတူကွဲပြားမှုတချို့ ရှိနေခြင်းပင်။

အကြောင်းအရင်းမှာ ထိုနေ့က ဘန်တာမြို့၏ စက်ဘီးပြိုင်ပွဲနေ့ဖြစ်သောကြောင့်ဖြစ်ပါ၏။

ပြည်တွင်းစစ်ကြောင့် ယခင်နှစ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရခြင်းအပြင် Frestech ကုန်သည်ကြီးများအသင်းက ဤပြိုင်ပွဲကို ယခုလေးနှစ်အကြာက ကျင်းပခဲ့သောကြောင့် ဘန်တာမြို့မှာ ဧပြီတစ်ရက်နှင့် အောက်တိုဘာ တစ်ရက်နေ့တိုင်း နှစ်စဉ် သက်ဝင်လှုပ်ရှားနေခဲ့သည်။

အချိန်များကုန်လွန်လာသည်နှင့် ၎င်းက ဘန်တာမြို့သားများအတွက် အထူးအားလပ်ရက်တစ်ရက်ပင် ဖြစ်လာတော့၏။

အထူးသဖြင့် ဤနှစ်၏ ဆောင်းဦးစက်ဘီးပြိုင်ပွဲကို မြို့စားအိမ်တော်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့က ကျင်းပခြင်းကြောင့်ပင်။ ၎င်းကို တစ်လကြိုကြေညာထားပြီး ရက်နီးလာသည်နှင့် ပြိုင်ပွဲဝင်လိုသူများစွာလည်း ရောက်လာကြသည်။

ဤနေရာသို့လာရောက်ရန် ကီလိုမီတာရှစ်ရာကျော်အကွာမှ စက်ဘီးများစီးနင်းရောက်လာကြသူများပင် ရှိ၏။

⟨ ဘန်တာတိုင်းမ်စ် ⟩မှ ထိုအရာများအကြောင်း သတင်းရေးပြီးနောက် လူတိုင်းအား ပါဝင်ရန် ပို၍ပင် စိတ်လှုပ်ရှားစေလေသည်။ ဤပြိုင်ပွဲရှိ ပြိုင်ပွဲဝင်အရေအတွက်မှာ အသစ်တစ်မျိုးအထိ မြင့်သွားကာ ယခင် ပြိုင်ပွဲများကိုပင် ကျော်လွန်နေ၏။

ပြိုင်ပွဲမတိုင်ခင်နေ့က စာရင်းသွင်း နောက်ဆုံးရက်ပါပင်။ နောက်ဆုံး ပါဝင်ယှဉ်ပြိုင်သူ အရေအတွက်က ခြောက်သောင်းကျော်ရှိပါ၏။

မှန်ပါ၏၊ လူများစွာ ပါဝင်ဆင်နွှဲခြင်း၏ အကြောင်းအရင်းမှာ မြိုစားအိမ်တော်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ ကြော်ငြာများကြောင့်အပြင် အခြားအရေးကြီး အကြောင်းအရင်းမှာ ဤတစ်ခေါက် ဆုလာဘ်များက ယခင်ဆုများထက် များစွာ ကျော်လွန်နေသောကြောင့်ပါပင်။

Frestech ကုန်သည်ကြီးများအသင်းတစ်လ ကြိုထုတ်ပြန်ထားသည့် ကြေညာချက်အရ ယခင်ပြိုင်ပွဲများနည်းတူ ထိပ်ဆုံးအယောက်တစ်ရာမှာ ငွေကြေးဆုရမည်ဖြစ်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ ဤတစ်ခေါက် ဆုကြေးကို များစွာ တိုးလိုက်ပါ၏။

ငါးဆယ့်တစ်မှ တစ်ရာအထိ တစ်ဦးစီမှာ ရွှေဒင်္ဂါးတစ်ရာရမည်ဖြစ်သည်။

ဆယ့်တစ်မှ ငါးဆယ်အထိ တစ်ဦးစီက ရွှေဒင်္ဂါးသုံးရာ ရမည်ဖြစ်၏။

လေးမှ တစ်ဆယ်အထိ တစ်ဦးစီမှာ ရွှေဒင်္ဂါး ငါးရာ ရမည်ဖြစ်ပါ၏။

တတိယနေရာမှာ ရွှေဒင်္ဂါးတစ်ထောင်ရမည်ဖြစ်သည်။

ဒုတိယနေရာမှာ ရွှေဒင်္ဂါး နှစ်ထောင်ရမည်ပင်။

ထို့အပြင် အနိုင်ရရှိသူက အံ့အားသင့်ဖွယ် ရွှေဒင်္ဂါး ငါးထောင်ရမည်ဖြစ်ပါ၏!

Frestech ကုန်သည်ကြီးများအသင်းမှာ အဓိကသတင်းစာများမှ တဆင့် ဆုလာဘ်များကိုကြေညာစဉ်တွင် နေရာတိုင်း၌ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

ချန်ပီယံ ရွှေဒင်္ဂါး ငါးထောင် အနိုင်ရမည်ပင်!

၎င်းတို့သာ ချန်ပီယာဖြစ်လာနိုင်လျှင် ဘဝသက်တမ်းတလျှောက်လုံး အလုပ်လုပ်ဖို့ မလိုတော့ပေ!

၎င်းတို့ ချန်ပီယံမဖြစ်လျှင်တောင် ဒုတိယနေရာက ရွှေဒင်္ဂါးနှစ်ထောင်မှာ ကြွယ်ဝမှုကြီးတစ်ခုပင်။

ထိပ်ဆုံးတစ်ရာထဲ ဝင်နိုင်သရွေ့ အနည်းဆုံး ရွှေဒင်္ဂါးတစ်ရာရမည်ဖြစ်၏။

ရွှေဒင်္ဂါးတစ်ရာက ဘန်တာမြို့ရှိ လူအများစုအတွက် များများစားစား မဟုတ်လှသော်လည်း အခြားနေရာရှိ လူများအတွက် လုံလုံလောက်လောက် ဆွဲဆောင်မှု ရှိပါ၏။

ထို့ကြောင့် ဤဆုကြေးမြင့်မြင့်နှင့်တင် ပွဲသို့ ရောက်လာသူ မရေတွက်နိုင်လောက်အောင်ရှိနေတော့သည်။

“အိုင်း ဥက္ကဌရှု၊ ခင်ဗျားတကယ်ကို အားလုံးပုံအောထားတယ်လို့ ပြောရမှာပဲ။” မြို့စားဝယ်လ်နှင့် ရှုယီတို့က အခမ်းအနား စင်မြင့်ထက်၌ အတူရပ်ကာ ခန်းဆီးနောက်ကွယ်မှ လူအုပ်ကြီးကို ကြည့်နေကြသည်။ သူဟာ မနေနိုင်ဘဲ ခံစားချက်အပြည့် သက်ပြင်းချလိုက်ပါ၏၊ “ကြော်ငြာနဲ့ ပြင်ဆင်ခ ကုန်ကျစရိတ်တွေအားလုံးကို မပြောနဲ့ဦး ဆုကြေး ကုန်ကျစရိတ်ကတင် ရွှေဒင်္ဂါးသုံးသောင်းရှိတယ်။ ပြီးတော့ ဒီပွဲက လူထုပွဲဖြစ်‌တာကြောင့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီကနေ ဘာအမြတ်မှ ရမှာမဟုတ်ဘူး။ ကျုပ်အထင်.... ဥက္ကဌရှုကလွဲပြီး ဒီလိုလုပ်မယ့် ဥက္ကဌ မရှိလောက်ဘူးထင်တယ်နော်?”

“မဟုတ်ပါဘူး အရှင်ကောင့်ထ် မှားနေပြီ။” ရှုယီက ခေါင်းခါ၍ ပြုံးကာဆိုသည်၊ “ကျုပ်တို့လုပ်ငန်းစုက ဒီပွဲကနေ ဘာဝင်ငွေမှမရဘဲ ရင်းနှီးမြှုပ်နှံဖို့ ရွှေဒင်္ဂါးတစ်သိန်းလောက်တောင် ဆုံးရှုံးရပေမယ့်လည်း ဒီကနေ ဘာအကျိုးအမြတ်မှ မရဘူးလို့ပြောရင်တော့ မှားသွားလိမ့်မယ်။”

“အိုး?” မြို့စားဝယ်လ်က ရှုယီကို စူးစမ်းလိုစွာ ကြည့်လာသည်၊ “ဘာလို့ ကျုပ် ဒါကို မမြင်နိုင်ရတာလဲ?”

ရှုယီက ပြုံး၍ အဝေးရှိ လူအုပ်ကို ညွှန်ပြလာသည်။

“ကြည့်လိုက်ပါ မြို့စားအရှင် ဒီပွဲမှာ ဝင်ပြိုင်တဲ့လူ ခြောက်သောင်းကျော်ရှိနေပြီး ကြည့်နေတဲ့လူတွေကလည်း ဒီအရေအတွက်ထက်တောင် ကျော်ဦးမယ်။ တစ်ချိန်တည်းမှာပဲ ဒီပွဲကနေတဆင့် ဒီကိစ္စကိုသိပြီး ဂရုစိုက်တဲ့လူတွေက ဒီမြင်ကွင်းထက်တောင် အဆပေါင်းမနည်းပိုများဦးမယ်။ ကျုပ်ရဲ့ ခန့်မှန်းခြေ ဘယ်လောက်နည်းနည်း ဒီပွဲအကြောင်း သိတဲ့လူတွေ တစ်သန်းကျော်နေဦးမှာပဲ။”

“သေချာပေါက် ဒီလောက် နည်းနည်းလေးတင်မကဘူး။” မြို့စားဝယ်လ်က ခေါင်းခါသည်၊ “အရင်က ကြော်ငြာတာနဲ့တင် တခြားနိုင်ငံတွေ မပြောနဲ့ဦး ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာတောင် နားမထိုင်း မျက်စိမကွယ်တဲ့ ဘယ်သူမဆို ဒီပြိုင်ပွဲကို သိကြတယ်။ တွက်ကြည့်ရင် လူငါးသန်းကျော်လောက်မယ်။”

“ဒီတော့ ပြောချင်တာက ဒါဟာ ကျုပ်တို့ လုပ်ငန်းစုကနေ ရနိုင်တဲ့ အကျိုးအမြတ် အပြည့်ပဲ။” ရှုယီက အပြုံးဖြင့် ဆိုသည်၊ “တကယ်တမ်း ဒါက အကောင်းဆုံး ကြော်ငြာနည်းလို့မထင်ဘူးလား? ဒီပြိုင်ပွဲကနေတဆင့် လူအတော်များများကို ကျုပ်တို့လုပ်ငန်းစုအကြောင်း သိလာစေနိုင်ပြီး သူတို့စိတ်ထဲ နက်ရှိုင်းတဲ့အမြင်တစ်ခု ချန်ထားလို့တောင်ရတယ်။ ကျုပ်အထင် သာမာန်ကြော်ငြာလေးနဲ့ဆို ရွှေဒင်္ဂါးတစ်သိန်းမပြောနဲ့ ရွှေဒင်္ဂါး နှစ်သိန်း၊ သုံးသိန်းသုံးရင်တောင် ဒီရလာဒ်ကို ရဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။”

မြို့စားဝယ်လ်လည်း အံ့ဩနေပြီးနောက် နားလည်သွားဟန်ပြလာသည်။

“တကယ်ကို ဒီပြိုင်ပွဲကို ချပြဖို့ ကျန်းမာရေး မြှင့်တင်မှုဆောင်ပုဒ်သုံးထားတာ အံ့ဩစရာမရှိဘူးပဲ။ ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လူတွေစိတ်ထဲမှာ ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပေးလိမ့်မယ်။”

“အရှင်ကောင့်ထ်က တကယ်ကို အမျှော်အမြင်ရှိတာပဲ။” ရှုယီက အပြုံးဖြင့်ဆိုသည်။

မြို့စားဝယ်လ်က ခေါင်းငြိမ့်လိုက်ပြီးနောက် ရှုပ်ထွေးနေဟန်အချို့ဖြင့် မေးလာ၏၊ “ဒါပေမယ့် ဥက္ကဌရှု လမ်ပူရီတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်း အကြောင်းကို မသိတဲ့လူ မရှိပါဘူး။ ခင်ဗျား ဒီပြိုင်ပွဲနဲ့ ကြော်ငြာဖို့ ငွေများများသုံးတာက ဖြုန်းတီးရာကျတယ်မထင်ဘူးလား?”

“ဟင့်အင်း မြို့စားအရှင် အမှတ်တံဆိပ် တစ်ခုတည်ထောင်တယ်ဆိုတာက အချိန်ကြာပြီး အမြဲတမ်းဆက်သွားဖို့ လိုတဲ့ စီမံကိန်းတစ်ခုပဲလေ။ ပြီးတော့ အမှတ် တံဆိပ်တစ်ခုတည်ထောင်တာဟာ အရမ်းကို ခက်ခဲပေမယ့်လည်း ဖျက်ဆီးဖို့ကတော့ လွယ်တယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ အမည်ကောင်းကို ဖန်တီးဖို့ အလုပ်ကြိုးစားပြီး ထိန်းသိမ်းဖို့ အလုပ်ကြိုးစားရမယ်၊ ဒါဆို အလွယ်လေး ပျက်စီးမှာမဟုတ်တော့ဘူး။”

ထိုသို့ပြောပြီးနောက် ရှုယီမှာ ရုတ်တရတ် ခေါင်းလှည့်၍ လူအုပ်ကို စိတ်ဝင်တစားကြည့်နေရင်း ရှုယီနှင့် ကောင့်ထ်ဝယ်လ်တို့၏ စကားဝိုင်းကို နားထောင်နေသည့် မင်းသမီးလေး ကာရိုလိုင်းကိုကြည့်လိုက်သည်။

“မင်းသမီးလေး ရိုသေသမှုနဲ့ ပြောရရင် ခင်ဗျားတို့ ဒရိတ်ခ်နယ်မြေမှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် နိုင်ငံရဲ့ တံဆိပ်တစ်ခုလုံးက အတော်ပျက်စီးသွားရပြီ။ လူတွေရဲ့ စိတ်ထဲက အမြင်ဆိုးကို ဖယ်ဖို့ တန်ကြေးကြီးကြီး ပေးရလိမ့်မယ်။ ခင်ဗျားအနေနဲ့ ဒီအတွက်ပြင်ဆင်ပြီး ဒရိတ်ခ်နယ်မြေကလည်း ဒီအချက်ကို နားလည်ဖို့မျှော်လင့်ပါတယ်။”

မင်းသမီးလေး ကာရိုလိုင်းမှာ အနည်းငယ် အံ့ဩသွားပြီးနောက် အသာပြုံးကာ ခေါင်းငြိမ့်သည်။ သူမက အလေးအနက်အသံဖြင့် ဆို၏၊ “ကျွန်မ နားလည်ပါတယ် ဒါပေမယ့် ဥက္ကဌရှု၊ ရှင်ပြောတဲ့ တံဆိပ်တစ်ခု တည်ထောင်ခြင်း ဆိုလိုရင်းကို နားမလည်ဘူး။ ဒါကို နားလည်ဖို့ ရှင်းပြကူနိုင်မလား?”

ရှုယီက ခေါင်းခါ၏။ ဤ မင်းသမီးလေး ကာရိုလိုင်းမှာ တကယ်ကို မည်သို့ကစားရမည်မှန်းသိကာ သူ့အပေါ်မူတည်၍ ပြောင်းလဲခဲ့ပါ၏။

သို့သော် ဒရိတ်ခ်နယ်မြေကို မှော်စက်မှုနယ်ပယ်တစ်ခုတည်ထောင်ရာ၌ ကူညီပြီး ရှုယီ၏ စက်မှုစနစ်ထဲသို့ ဝင်ဆံ့စေခြင်းမှာ သူလုပ်ဆောင်ရမည့်အရာဖြစ်သဖြင့် သူလည်း မငြင်းဆန်ဘဲ သဘောတူညီမှုဖြင့် ခေါင်းငြိမ့်ခဲ့သည်။

ရှုယီသဘောတူသည်ကိုမြင်သော် မင်းသမီးလေး ကာရိုလိုင်းမှာ ချက်ချင်းတစ်ချက်ပြုံး၏။ သူမက နံဘေးရှိ မြို့စားဝယ်လ်အကြောင်းကို ဂရုမစိုက်ဘဲ ရှုယီလက်မောင်းကို ဆွဲကာ သူမ၏ ခပ်ပြည့်ပြည့်ရင်ဘတ်ဖြင့် ဖိကာ မှီလိုက်သည်။ ထို့နောက် သူမက မြို့စားဝယ်လ်ထံ ချိုချိုသာသာပြုံးပြလိုက်ပါ၏။

“မြို့စားဝယ်လ် ဥက္ကဌရှုက ငွေဆုံးရှုံးမယ့် လုပ်ငန်းမျိုးလုပ်တယ်ထင်ရင် ရှင်မှားသွားပြီ။ ကျွန်မ သူ့ကို ဒီလောက်အကြာကြီးသိလာတာ၊ ငွေဆုံးရှုံးရမယ့် အလုပ်မျိုးလုပ်တာ မမြင်ခဲ့ဖူးဘူး။”

ရှုယီက သူမကို အေးစက်စက် ကြည့်လိုက်လေ၏၊ “ကျန်တာကိုမပြောနဲ့ဦး ကျုပ် ဒရိတ်ခ်နယ်မြေကိစ္စနဲ့တင် အတော်လေး ခံစားနေရပြီ။”

မင်းသမီးလေး ကာရိုလိုင်းမှာ ရှုယီက ဒရိတ်ခ်နယ်မြေအနေနှင့် ယခင်က သဘောတူညီမှုကို ချိုးဖောက်ခြင်းအပေါ် အင်မတန် မကျေမနပ်ဖြစ်နေသည်ကို သိရာ ၎င်းကို ငြင်းခုံစရာမရှိပေ။ သူမက လျှာတစ်လစ်သာထုတ်ကာ ပြုံး၍ ရှုယီ၏ လက်မောင်းထက် သူမ၏ ရင်ဘတ်ကို ပို၍ပင် ခပ်ပြင်းပြင်းဖိလိုက်သည်။ သူမက ကလူ၏သို့ မြှူ၏သို့ ဟန်ဖြင့် တိုးညှင်းညှင်းဆိုလာသည်၊ “အဆိုးဆုံး ကျွန်မ ရှင့်ကို လျော်ကြေးပေးနိုင်ပါတယ်။”

ရှုယီက အသာမျက်မှောင်ကုပ်လိုက်၏။ သူ့အနေနှင့် လက်ကို ပြန်ဆွဲလိုက်ချင်သော်လည်း မင်းသမီးလေး ကာရိုလိုင်းက ပို၍ပင် အားသုံးလာကာ လက်အား ပြန်မရုတ်နိုင်အောင် လုပ်လာမည်ဟု ထင်မထားခဲ့ပေ။

ဤအခြေအနေ၌ ရှုယီအနေနှင့် ဆွဲယူရန် သူ၏ အားအပြည့်ကို သုံးဖို့ ဖြစ်နိုင်မည်မဟုတ်သဖြင့် သူမ အလိုရှိသည်ကိုသာ လုပ်ခွင့်ပြုထားရုံတတ်နိုင်တော့သည်။

မင်းသမီးလေး ကာရိုလိုင်းက ရှုယီ လက်ကို ပြန်မဆွဲသည်အားမြင်သော် ဂုဏ်ယူစွာပြုံးလိုက်လေ၏။

နံဘေးရှိ ကောင့်ထ်ဝယ်လ်က ၎င်းကိုမြင်ချိန်၌ ရယ်ကာ ထိုနှစ်ဦးထံ ပြောလိုက်၏၊ “ကျုပ်က ဖွင့်ပွဲအခမ်းအနားအတွက် သဘာပတိလုပ်ရမှာ။ ခင်ဗျားတို့ နှစ်ယောက် ပြိုင်ပွဲကြည့်ချင်ရင် ဧည့်သည်ထိုင်ခုံမှာ စောင့်ကြည့်လို့ရပါတယ်။”

မြို့စားဝယ်လ်ထွက်သွားသည်ကိုကြည့်လိုက်ပြီးနောက် မင်းသမီးလေး ကာရိုလိုင်းက ရှုယီဘက် ရုတ်တရတ်လှည့်ကာ အသာမျက်မှောင်ကုပ်၍ မေးသည်၊ “ဥက္ကဌရှု ရှင်ရဲ့ အစေခံမလှလှလေးနှစ်ယောက်အကြောင်းနဲ့ ရှင့်သမီးလေးဖရီယာအကြောင်းကို သိပေမယ့် အဲဒီ့ နတ်သူငယ်မလှလှလေးက ဘယ်ကရောက်လာတာလဲ? ဘာလို့ ရှင်ရဲ့အခန်းထဲမှာ နောက်ကျတဲ့အထိရှိနေတာလဲ? ဖြစ်နိုင်တာက သူမကလည်း ရှင့်ရဲ့......”

မင်းသမီးလေး ကာရိုလိုင်း၏ မျက်နှာထက်ရှိ သံသယဝင်နေဟန်ကိုမြင်သော် ရှုယီမှာ မရယ်မိဘဲ မနေနိုင်တော့ပေ။

အကြောင်းမှာ ယခင်က သူ ဘန်တာမြို့မှ ထွက်ခွာချိန်တွင် ရှုယီမှာ ဘန်တာမြို့ရှိ စက်မှုဇုန်အားလုံးကို ပြောင်းရွှေ့ကာ ကြယ်ကြွေအိမ်တော်ကိုပင် ရောင်းထုတ်ခဲ့၏။ ဤတစ်ခေါက် ပြန်လာချိန်၌ သူ့ထံတွင် အိမ်မရှိတော့ပေ။

သူဟာ မြို့စားအိမ်တော်၌ နေရန် မြို့စားဝယ်လ်၏ ဖိတ်ကြားချက်ကို ငြင်းလိုက်သောကြောင့် အမ်ရစ်ဟိုတယ်၌ နေရန် ရွေးချယ်ခဲ့ရသည်။

တစ်ချက်မှာ မင်းသမီးလေး ကာရိုလိုင်းနှင့်အတူ ဒရိတ်ခ်နယ်မြေကြောင်း ပို၍ လွယ်လွယ်ကူကူဆွေးနွေးနိုင်ရန်ဖြစ်ပြီး ဒုတိယမှာ အမ်ရစ်ဟိုတယ်က ဘန်တာမြို့၌ ဇိမ်အကျဆုံး အဆောက်အဦးဖြစ်နေသောကြောင့်ပင်။ ဥက္ကဌခရုစ်က သူ့အား VIPကဒ်ပေးထားသဖြင့် ဤနေရာ၌နေရန် ငွေတစ်ပြားတစ်ချပ်မှ‌ပေးဖို့မလိုသည့် အချက်ပါထည့်ပေါင်းလိုက်သဖြင့် သူဟာ အခြားနေရာများကို ရွေးမနေတော့ပေ။

မင်းသမီးလေး ကာရိုလိုင်းက ဇိမ်အကျဆုံးအခန်း၌ နေသဖြင့် ရှုယီ နံဘေး၌ ရှိနေခဲ့သည်။ ယမန်နေ့ညက မင်းသမီးလေး ကာရိုလိုင်းမှာ ရှုယီ၏ တံခါးကို လာခေါက်ခဲ့ပါ၏။

မင်းသမီးလေး ကာရိုလိုင်းထံ၌ မတူညီသည့် အတွေးတချို့ရှိနေသော်လည်း တံခါးဖွင့်လိုက်ပြီး ရှုယီနှင့် အခန်းထဲအတူရှိနေသော နတ်သူငယ်မလေးတစ်ဦးကိုတွေ့ရချိန်တွင် အင်မတန် ရှုပ်ထွေးသွားသည်။

မင်းသမီးလေး ကာရိုလိုင်းမှာ ၎င်းကို သိပြီးနောက် ပြန်ဆုတ်ခွာသွားသော်လည်း နတ်သူငယ်မလေးပေါ်လာခြင်းကို အမြဲရှုပ်ထွေးနေခဲ့၏။ နောက်ဆုံးတွင် မနေနိုင်ဘဲ ရှုယီကို မေးလိုက်တော့သည်။

“ခင်ဗျား မှန်တယ်။” ရှုယီက သဘာဝကျကျပင် ပြန်ဖြေ၏၊ “သူမကို အက်ဂ်နက်စ်လို့ခေါ်တယ် ကျုပ်ရဲ့ နတ်သူငယ် ဇနီးအသစ်လေးပဲ။”

မင်းသမီးလေး ကာရိုလိုင်းက ရှုယီကို ခဏတာကြည့်လိုက်ပြီးနောက် အသက်ရှူသွင်းကာ ထိတ်လန့်ဟန်အပြည့်ဖြင့် သက်ပြင်းချသည်၊ “ရှင်က နတ်သူငယ်မလေးတွေကိုတောင် ယူနိုင်မှတော့ ကျွန်မရဲ့ ဆွဲဆောင်မှုကို လျစ်လျူရှုတာ မဆန်းဘူးပဲ။”

ရှုယီက အသာပြုံးသည်။ မင်းသမီးလေး ကာရိုလိုင်းသာ အက်ဂ်နက်စ်အတွက်နှင့် အကြီးအကဲ အီလူရှာ, အကြီးအကဲ လီဆန်ယာတို့မှာ ဆုံးဖြတ်ချက်ချရန် တွန်းအားပေးဖို့ မည်မျှ အချိန်ယူခဲ့ရကြောင်း သိပါလျှင် သူမထံ၌ မည်သို့သော အမူအရာရှိမည်နည်း?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၅။ မဟာမှော်ပညာရှင်တွေတောင် စက်ဘီးစီးဖို့ မယှဉ်နိုင်ဘူးတဲ့လား?

ဘန်တာမြို့စက်ဘီးပြိုင်ပွဲ၏ နောက်ဆုံးရလာဒ်များမှာ ထိုမျှ အံ့ဩဖွယ်မကောင်းလှပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ လူငါးဦး စေလွှတ်ခဲ့ပြီး ထိုလူငါးဦးကလည်း အားလုံးထက်အရင် ပန်းတိုင်သို့ ရောက်ရှိခဲ့ကာ ပထမမှ ပဉ္စမနေရာအထိ ယူထားသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ထိုလူငါးဦးအား အဆင့်သတ်မှတ်မည်မဟုတ်သလို ဆုများပေးမည်မဟုတ်ဟု ကြေညာထားသော်လည်း လူတိုင်းအတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမနေရာတို့မှာ Frestech ပြိုင်ပွဲအသင်းနှင့် သက်ဆိုင်ပါ၏။ အခြားလူများမှာမူ ၎င်းတို့ချန်ထားသည့် စွပ်ပြုတ်အကျန်ကို သောက်နေကြရုံသာဖြစ်၏။

Frestech ပြိုင်ပွဲအသင်း၏ ပြိုင်ပွဲဝင်များမှာ အစကတည်းက အကြွင်းမဲ့ဦးဆောင်မှုကို ရယူထားခဲ့သောကြောင့်ပါပင်။ အခြားပြိုင်ပွဲဝင်အများစုမှာမူ လက်ခံရုံသာတတ်နိုင်ပြီး အတန်ငယ်လည်း ဝမ်းနည်းနေကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ပြန်ချက်အရ ၎င်းတို့မှာ နောက်နှစ်တွင် ပြိုင်ပွဲသို့ တရားဝင် ဝင်ရောက်မည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ ၎င်းတို့က ဆုများ ယူတော့မည်ဖြစ်ခြင်းပင်။

သို့သော် တစ်နှစ်တာအတွင်း၌ ၎င်းတို့အနေနှင့် ဤသို့သောဧရာမကွာဟမှုကို မည်သို့များ ပြန်ဆွဲ၍ Frestech ပြိုင်ပွဲအသင်းကို အမှီလိုက်ရမည်နည်း?

ရက်များစွာကြာပြီးနောက် ⟨ဘန်တာတိုင်းမ်စ်⟩မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ နောက်ထပ် ကြေညာချက်တစ်ခု ထုတ်ပြန်လာ‌သည်။

ထိုကြေညာချက်၌ Frestech ကုန်သည်ကြီးများအသင်းမှာ နောက်နှစ်မှစတင်၍ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အထူးပြုစက်ဘီးပြိုင်ပွဲတစ်ခုကို အခြားလုပ်ငန်းစုများနှင့်အတူ လက်ခံကျင်းပမည်ဟု ဖော်ပြထားသည်။ ၎င်းအား တရားဝင်အားကစားပြိုင်ပွဲဟု သတ်မှတ်ရပေမည်။

Frestech ပြိုင်ပွဲအသင်းမှာ နောက်နှစ် လူထုဘန်တာမြို့ပြိုင်ပွဲသို့ တက်ရောက်မည်မဟုတ်ဘဲ အထူးပြုပြိုင်ပွဲ၌ ပါဝင်ဆင်နွှဲမည်ဖြစ်သည်။

ဤသတင်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်၏။

အထူးပြုပြိုင်ပွဲတစ်ခုဟု မည်သည်ကိုခေါ်ဆိုပါသနည်း?

၎င်းက ဘန်တာမြို့စက်ဘီးပြိုင်ပွဲနှင့် အဘယ့်ကြောင့် ကွာခြားသနည်း?

၎င်း၏ အထူးပြုအပိုင်းက မည်သည်နည်း? ပြိုင်ပွဲဝင်များက အားကောင်းခြင်းကြောင့် ဖြစ်ရုံပဲလား?

ထိုသည်က အမှန်ဆိုလျှင် ဘန်တာမြို့လူထုစက်ဘီးပြိုင်ပွဲ၌ ဝင်ပြိုင်မည့် လူများအတွက် အင်မတန်ကောင်းမွန်သည့် သတင်းပါပင်။

အားကောင်းသည့်ပြိုင်ပွဲဝင် ပိုနည်းသွားလျှင် ပိုကောင်းသည့်ဆုများရရှိဖို့ အခွင့်အရေးပိုမြင့်လာမည်ဖြစ်၏။

သို့ရာ၌ 'Frestech စက်ဘီးပွဲစဉ်အဆင့်ပြိုင်ပွဲ'ဟု အမည်ပေးထားသည့် ပြိင်ပွဲ၏ အသေးစိတ်များကို မြင်ကြချိန်၌ အားလုံး အံ့အားသင့်သွားကြသည်။

အကြောင်းမှာ ကြေညာချက်ထဲတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ပြိုင်ပွဲ၏ နှစ်စဉ်အနိုင်ရရှိသူက အင်မတန်မြင့်မားလှသည့် ရွှေဒင်္ဂါးငါးသောင်းဆုကို ရရှိမည့် အခွင့်‌အရေးရှိလာမည်ဖြစ်သည်ဟု ဖော်ပြထားသောကြောင့်ပင်။

ရွှေဒင်္ဂါးငါးထောင်လေ!

လူအများစုအတွက် ၎င်းက အိပ်မက်ပင် မမက်နိုင်ခဲ့ဖူးသော ဧရာမ ငွေပမာဏဖြစ်ပါ၏!

၎င်းတို့သာ ရွှေဒင်္ဂါးငါးသောင်းရနိုင်လျှင် ရှေ့လျှောက်မည်သည်ကိုမှ ပူပန်နေစရာမလိုတော့ပေ။ ၎င်းတို့အနေနှင့် အိပ်မက်မက်ခဲ့ရသော ဇိမ်ခံဘဝကို နေထိုင်နိုင်မည်ပင်!

လူများစွာအတွက် ရွှေဒင်္ဂါးငါးသောင်းရနိုင်မည်ဆိုလျှင် မဖြစ်မနေလုပ်ရမည်ဆိုပါကလည်း ကိစ္စမရှိပေ!

ထို 'Frestech စက်ဘီးပွဲစဉ်အဆင့်ပြိုင်ပွဲ'ဟူသည်မှာ တကယ်ကို ထိုမျှ အဖိုးတန်သည်လား?

“ဟေး ကောင်လေး မင်းတကယ်ပဲ ပွဲစဉ်အနိုင်ရသူကို ရွှေဒင်္ဂါးငါးသောင်းပေးမှာလား?”

ရှုယီ၏ လက်ရှိ အဆင့်အ‌တန်းကြောင့် သူ့အား ထိုသို့ ယဉ်ကျေးသမှုမပြုဘဲ စကားဆိုဝံ့သူမှာ မဟာမှော်ပညာရှင်ကမ်မီလာတစ်ဦးသာရှိပါ၏။

သူဟာ လက်ထဲရှိ ⟨ဘန်တာတိုင်းမ်စ် ⟩ကိုကြည့်လိုက်ပြီးနောက် ပြုံးနေသည့် ရှုယီကိုကြည့်ကာ နှာမှုတ်လိုက်သည်။

“ငါတစ်နှစ်ပတ်လုံး မှော်သုတေသနဌာနမှာ အလုပ်ကြိုးစားခဲ့ရတာကို မင်းက ရွှေဒင်္ဂါးတစ်သောင်းလစာပဲပေးတယ်။ အခုကျတော့ စက်ဘီးစီးကျွမ်းရုံလောက်လေးနဲ့ ရွှေဒင်္ဂါးငါးသောင်းပေးဖို့ ဆန္ဒရှိနေတာလား? ဒါက ငါ့တန်ဖိုးရဲ့ ငါးဆကွ! မင်းက ငါ့လို မဟာမှော်ပညာရှင်တစ်ယောက်က ဘာမှ မတန်ဘူးလို့ ထင်နေတာများလား?”

ရှုယီလည်း အမြန်လက်ယမ်း၍ ရှင်းပြလိုက်ရသည်၊ “မဟုတ်ပါဘူး မဟုတ်ပါဘူး၊ သေချာပေါက် မဟုတ်ဘူးပေါ့။ မဟာမှော်ပညာရှင်တွေက ကျွန်တော့်စိတ်ထဲ ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ နေရာတစ်ခု ရထားတာပါ၊ ဟုတ်တယ်မလား မဟာမှော်ပညာရှင် တယ်လုချီ?”

မဟာမှော်ပညာရှင်ကမ်မီလာကို ကြည့်နေခဲ့သည့် မဟာမှော်ပညာရှင် တယ်လုချီက အသာပြုံး၍ ခေါင်းငြိမ့်ကာ ပြောလာသည်၊ “အင်း ရှုယီက မဟာမှော်ပညာရှင်တွေကို အရေးထားတယ်လို့ ယုံကြည်ပါတယ်၊ ဒါပေမယ့်.....” မဟာမှော်ပညာရှင် တယ်လုချီက အသံကို ဆွဲကာ ပြောသည်၊ “ကမ်မီလာပြောခဲ့သလိုပဲ စက်ဘီး စီးရုံလေးမဲ့ ငါတို့ မဟာမှော်ပညာရှင်နှစ်ယောက်ထက်တောင် ပိုက်ဆံပိုရနိုင်နေသေးတယ်။ ဒါက မတရားဘူးမဟုတ်လား?”

မကြင်နာသည့် အကြည့်များနှင့် မဟာမှော်ပညာရှင်နှစ်ဦးကို ကြည့်ရင်း ရှုယီလည်း မနေနိုင်အောင် ခါးသက်သက်ရယ်လိုက်မိသည်။

ဤအားကစားပြိုင်ပွဲများကို စီစဉ်နေစဉ်က ရုတ်ရုတ်သဲသဲဖြစ်အောင် မည်သို့ ဖန်တီးရမည်ကိုပဲ စဉ်းစားနေခဲ့ပြီး ထိန်းချုပ်ရမည်ကိုတော့ မေ့နေခဲ့သည်။

ခဏတာစဉ်းစားပြီးနောက် ရှုယီမှာ အလေးအနက်ဟန်ဖြင့် ပြောလိုက်သည်၊ “အဘိုး မဟာမှော်ပညာရှင် တယ်လုချီ, ချန်ပီယံကပဲ ရွှေဒင်္ဂါးငါးသောင်းရမှာပဲ ပြီးတော့ မသေချာပါဘူး။ အချက်ကျကျဆို ပြိုင်ပွဲစည်းမျဉ်းတွေကြောင့် အမြင့်ဆုံးဆု ရဖို့ မဖြစ်နိုင်ဘူး။”

“ဒါဆို သူတို့ ဘယ်လောက်များများရနိုင်လဲ?” မဟာမှော်ပညာရှင် တယ်လုချီက ဆက်မေးသည်၊ “ရွှေဒင်္ဂါးငါးသောင်းက အများဆုံးဆိုတော့ ရွှေဒင်္ဂါးနှစ်သောင်းဖြစ်မှာပေါ့? ဒါက ငါတို့ထက် မြင့်နေတုန်းပဲလေ။”

“ဟုတ်တယ်!” မဟာမှော်ပညာရှင်ကမ်မီလာက သူ့ကို စိုက်ကြည့်လာသည်၊ “ကောင်လေး မင်းဒီနေ့ ဒါကို မရှင်းပြရင် မယဉ်ကျေးဘူးလို့ ငါ့ကို အပြစ်မတင်နဲ့!”

ရှုယီလည်း ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ “အဘိုး၊ မဟာမှော်ပညာရှင် တယ်လုချီ, မဟာမှော်ပညာရှင်တွေက ကျွန်တော့်အတွက် အရေးပါတာကို သိကြမှာပါ။ တကယ်တော့ အဘိုးတို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဘာပြဿနာမှမရှိဘဲ ရွှေဒင်္ဂါးငါးသောင်း ဒါမှမဟုတ် ရွှေဒင်္ဂါးတစ်သိန်းအထိ လစာကိုပေးနိုင်တယ်။ ပြီးတော့လည်း တခြားဘယ်မဟာမှော်ပညာရှင်တွေမဆို ကျွန်တော်တို့လုပ်ငန်းစုထဲ ဝင်လာချင်ရင် သူတို့ကိုလည်း လစာမြင့်မြင့်ပေးဖို့က ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့်..... ကျွန်တော်တို့လုပ်ငန်းစုရဲ့ လစာတည်ဆောက်ပုံကြောင့် ဒီလိုမလုပ်နိုင်တာမို့ ကျွန်တော့်ရဲ့ အခက်အခဲတွေကို နားလည်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

“မင်း နားမလည်သေးဘူးလား? တယ်လုချီနဲ့ ငါက ငါတို့ရဲ့ လက်ရှိလစာတွေကို ဂရုမစိုက်ပါဘူး။ တကယ်တမ်း တစ်သောင်းကတင် ငါတို့သုံးဖို့အတွက် လုံလောက်တာထက်ကို ပိုနေပြီ။ ငါတို့ လက်မခံနိုင်တာက ဘာလို့ ဒီချန်ပီယံဟာ ငါတို့လို မဟာမှော်ပညာရှင်နှစ်ယောက်ထက် ပိုပြီး ငွေရမိုင်တာလဲ? ပြီးတော့ အတော့်ကိုမြင့်နေတာလေ?”

“ဒါက..... အဘိုး တကယ်တော့ ချန်ပီယံ ဆုကို ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်း တာဝန်ယူထားတာမဟုတ်ဘဲ ပွဲ ကျင်းပတဲ့ လုပ်ငန်းစုအားလုံး တာဝန်ယူထားတာလေ။ လက်ရှိ ဝေစုကြောင့် ချန်ပီယံက ငါးသောင်းအပြည့်ရမယ်ဆိုရင်တောင် ကျွန်တော်တို့လုပ်ငန်းစုက ရွှေဒင်္ဂါးရှစ်ထောင်ထက် ပိုမပေးရပါဘူး။”

“ရှစ်ထောင်? အင်း..... ဒီလိုမှပေါ့။” မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်သည်၊ “ဒါပေမယ့်လည်း ဒါက အရမ်းကိုမြင့်နေသေးတယ်။ မှော်သုတေသနဌာနမှာ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ရာထက်တောင်ပိုမရတဲ့ အရည်အချင်းရှိမှော်ပညာရှင်တွေအများကြီးရှိနေသေးတယ်။”

“ဒါက မတူဘူးလေ။” ရှုယီက ခေါင်းခါသည်၊ “တကယ်တော့ ဒီပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က ကြော်ငြာဖို့ပဲ။ ဒီအားကစားပြိုင်ပွဲကရတဲ့ အာရုံစိုက်မှုကနေတဆင့် ကျွန်တော်တို့လုပ်ငန်းစုတွေကို ကြော်ငြာပေးလိမ့်မယ်။ ဒီတော့ ဆုကြေးပိုမြင့်လေ အဲ့နည်းနည်း အာရုံစိုက်မှုကို ပိုဆွဲဆောင်နိုင်လေ ဖြစ်တာပေါ့။”

မဟာမှော်ပညာရှင်ကမ်မီလာက ၎င်းကို စဉ်းစားလိုက်ပြီးနောက် အသာခေါင်းငြိမ့်သည်၊ “အင်း..... မင်းမှန်တယ်။ ဟုတ်ပြီ ကောင်လေး မင်းရဲ့စကားတွေက ကျိုးကြောင့်သင့်ပါတယ်။”

မဟာမှော်ပညာရှင်ကမ်မီလာက နောက်ဆုံး၌ အလွတ်ပေးလိုက်သည်ကိုမြင်သော် ရှုယီလည်း သက်ပြင်းချလိုက်မိသည်။

သူဟာ မဟာမှော်ပညာရှင်ကမ်မီလာ ထိုင်နေသည့် အရာကိုမြင်ပြီး အတွေးတစ်ခုဖြင့် ပြုံးကာ ပြောလိုက်သည်၊ “တကယ်တော့..... အဘိုး စက်ဘီးတွေတင်မကဘူး မှော်ဆလွန်းတွေ ပိုရေပန်းစားလာပြီးနောက်ကျရင် မှော်ဆလွန်းတွေအတွက် အထူးပြုအားကစားပြိုင်ပွဲတစ်ခုကျင်းပဖို့ပါ စီစဉ်ထားတယ်၊ ဒီအားကစားပြိုင်ပွဲက စက်ဘီးပြိုင်ပွဲထက်တောင်ပိုကြီးမှာဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေပိုများပြီး ဆုကြေးတွေက ပိုကြီးမှာပဲ။”

“ကားပြိုင်ပွဲလား?” မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများတောက်ပသွားသည်၊ “ဒါကောင်းတာပေါ့! ဟုတ်တယ် ဒီပွဲကို ကျင်းပသင့်တယ်! အချိန်ကျလာရင် ငါသေချာပေါက် ဝင်ပြိုင်မယ်!”

မဟာမှော်ပညာရှင်ကမ်မီလာက မည်မျှ စိတ်လှုပ်ရှားနေသည်ကိုမြင်သော် ရှုယီ၏ ပါးစပ်များ မမဲ့ရွဲ့မိဘဲ မနေနိုင်အောင်ဖြစ်သွားရသည်။

မဟာမှော်ပညာရှင်ကမ်မီလာက နောက်ဆုံးတွင် ကောင်းမွန်သော မောင်းနှင်မှုစွမ်းရည်ကို ပျိုးထောင်ရန် သူ၏ မသေဆုံးသောစိတ်ဓာတ်နှင့် အစွမ်းထက်သော မှော်ပညာကို မှီခိုအားထားကာ ပြိုင်ကားများနှင့်လည်း မေတ္တာမျှနေခဲ့သည်။

ရှုယီက ထိုအကြံမပေးလျှင်တောင် သူ၏ မှော်ဆလွန်းကို စမ်းသပ်သည်ဟုအမည်ခံကာ အရူးအမူးပတ်မောင်းလိမ့်မည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အကြာက အကြီးအကဲ လီဆန်ယာမှာ ရှုယီ၏ ကိုယ်ပိုင်အိမ်တော်သို့ ရောက်လာခဲ့သည်။

သူမသည်လည်း ပြိုင်ကားများကို နှစ်ခြိုက်သောကြောင့် နေ့စဉ်နေ့တိုင်း မဟာမှော်ပညာရှင်ကမ်မီလာနှင့်အတူ အရူးအမူးပတ်မောင်းနေခဲ့သည်။

တစ်လတာလေးအတွင်း နှစ်ဦးသားမှာ မှော်ဆလွန်း ခုနစ်စီးကျော်ကို ဖျက်ဆီးခဲ့၏။

ထိုနှစ်ဦးထံ၌ စွမ်းအားကြီးမှော်ပညာရှိနေသည်မှာ ကောင်းလှသည်၊ ထို့ကြောင့်သာ မတော်တဆဖြစ်လျှင်တောင် လုံခြုံနေခြင်းပင်။

ဤလောက၌သာ F1 ပြိုင်ပွဲရှိလာလျှင် မဟာမှော်ပညာရှင်ကမ်မီလာလည်း ဝင်ပြိုင်နိုင်ပြီး အကြီးအကဲလီဆန်ယာလည်း ဝင်လာနိုင်သည်ကို စဉ်းစားရင်း ရှုယီမှာ အင်မတန်ထူးဆန်းသလို ခံစားလိုက်ရသည်။

အသက်ခြောက်ဆယ်အရွယ်အဘိုးအိုတစ်ဦးက အသက်ငါးရာကျော်အရွယ်အို အမျိုးသမီးနှင့်အတူ F1ကားများကို ပြိုင်မောင်းမည်လား?

ဤသည်က တကယ်ကို ဟာသကြီးတစ်ခုပင်!

ထို့အပြင် အဆိုးဆုံးအရာမှာ ထိုဟာသက မှန်ကန်နေခြင်း!

ရှုယီမှာ သူ့စိတ်ထဲရှိ ထူးထူးဆန်းဆန်းအတွေးများကို ဖိနှိပ်၍ ချောင်းတစ်ချက်ဟန့်ကာ ဆက်ပြောသည်၊ “အဘိုး ဒီမတိုင်ခင် လက်ရှိ သုတေသနကို အပြီးသတ်ဖို့လိုသေးတယ်။ ကျွန်တော်တော့ အဘိုးက လေစွမ်းအားမှော်အင်ဂျင်မှာ အကန့်အသတ်ရှိတာကြောင့် မှော်ဆလွန်းအမြန်နှုန်းကို မတိုးနိုင်သေးတာကို ဘယ်သူထက်မဆို ပိုသိမယ်လို့ထင်တယ်။ အမြန်နှုန်းမြင့်မြင့်ရဖို့အတွက် အရင်ဆုံး မီးစွမ်းအားမှော်အင်ဂျင်ကို အပြီးသတ်ရမယ်။”

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို စိုက်ကြည့်လာကာ “အဓိပ္ပာယ်မရှိတာ! ငါ စတက်တိန်းနယ်မြေကနေ ဒီကို တစ်လမ်းလုံး ဘာကြောင့် အပြေးလာရတယ်လို့ထင်လဲ?”

ရှုယီက ခေါင်းငြိမ့်၍ ထရပ်ကာ မဟာမှော်ပညာရှင်တယ်လုချီကို စတင်ရန် လက်ဖြင့် အချက်ပြလိုက်သည်။

၎င်းတို့မှာ လက်ရှိတွင် မိုးကျတောင်ကြားရှိ မှော်သုတေသနဌာနခွဲ၌ ရှိနေကြသည်။

မဟာမှော်ပညာရှင်တယ်လုချီကို Frestech ကုန်သည်ကြီးများအသင်းတွင် ခန့်အပ်ပြီးနောက် သူဟာ ဤဌာနခွဲ၌ အမြဲနေသည်။

သူ၏ မဟာမှော်ပညာရှင်တစ်ဦးအဖြစ် အထူးအထောက်အထားကြောင့် ပြည်တွင်းစစ်အတွင်း ဤနေရာကို များများစားစားမထိခိုက်ခဲ့ပေ။

ထို့အပြင် လွန်ခဲ့သည့် ၂နှစ်က မဟာမှော်ပညာရှင်တယ်လုချီမှာ ရှာဖွေ့တွေ့ရှိမှုအတော်များများ လုပ်ဆောင်ခဲ့သည်။

သူ၏ လက်ရှိ အဓိကသုတေသနဦးတည်ချက်မှာ မီးစွမ်းအား မှော်အင်ဂျင်ဖြစ်လေသည်။

မဟာမှော်ပညာရှင်ကမ်မီလာအနေနှင့် ၎င်းအတွက် တာဝန်မရှိရခြင်း အကြောင်းအရင်းတစ်ခုမှာ ရှုယီအနေဖြင့် မဟာမှော်ပညာရှင်ကမ်မီလာ လွန်စွာ ရင်းနှီးမြှုပ်နှံပြီး အန္တရာယ်များလာမည်ဖြစ်သောကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ မဟာမှော်ပညာရှင်တယ်လုချီက မဟာမှော်ပညာရှင်ကမ်မီလာနှင့်စာလျှင် မီးစွမ်းအားမှော်ပညာကို ပိုမို သုတေသနလုပ်ခဲ့သောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် မဟာမှော်ပညာရှင်တယ်လုချီ မီးစွမ်းအားမှော်အင်ဂျင်၌ လုပ်ဆောင်ခဲ့သော သုတေသနမှာ စတက်တိန်းနယ်မြေရှိ အဓိက မှော်သုတေသနဌာနကနှင့် ဦးတည်ဘက် မတူသောကြောင့်ပင်။

လိုရင်းဆိုရသော် အဓိကမှော်သုတေသနဌာနမှာ မီးစွမ်းအားမှော်အင်ဂျင်ကို တည်မြဲစေရန် စွမ်းအင်ဆုံးရှုံးမှုနှင့် သုံးစွဲမှုကို‌လျော့ချရာ၌ အဓိကထားသည်။ မဟာမှော်ပညာရှင်တယ်လုချီ၏ သုတေသနဦးတည်ဘက်မှာမူ မီးစွမ်းအားမှော်အင်ဂျင်၏ စွမ်းအားတိုးရန်အတွက်သာဖြစ်၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၆။ တစ်ကိုက်စာတည်းနဲ့ ဝက်ပုတ်ဖြစ်မလာနိုင်ဘူး

စွမ်းအားတိုးမြှင့်ခြင်းဟူသည်မှာ မှော်ဆလွန်း၌ မီးစွမ်းအားမှော်အင်ဂျင်ကိုထားရှိရာတွင် ဘီးတပ်ယာဉ်များ၏ အမြန်နှုန်းကို မြှင့်တင်ရန်ဖြစ်သည်။

မီးစွမ်းအားမှော်အင်ဂျင်မှာ လေစွမ်းအားမှော်အင်ဂျင်ထက် တည်ငြိမ်မှုနည်းသောကြောင့် သုတေသနလုပ်ရန် ပို၍ အန္တရာယ်များသည်။ မဟာမှော်ပညာရှင်တယ်လုချီမှာ ၎င်းကို ယခင်က အချိန်အများစု၌ မိမိကိုယ်တိုင်လေ့လာပြီး ဌာနချုပ်ထံ အချက်အလက်များ ပြန်ပို့ပေးခဲ့သည်။ အခြားသုတေသနပညာရှင်များကို အတည်ပြုဖို့ ထိုအချက်အလက်များပေးပို့ပြီး စမ်းသပ်ရန်အတွက်မူ မှော်စက်ဖွံ့ဖြိုးရေးဌာနကို ပေးပို့ရ၏။

လွန်ခဲ့သည့် တစ်လအကြာက မဟာမှော်ပညာရှင် တယ်လုချီပို့ပေးခဲ့သည့် သုတေသနတွင် ၎င်းတို့သာ မီးစွမ်းအားမှော်အင်ဂျင်အတွက် သူဖန်တီးထားသည့် မီးစွမ်းအား မှော်အစီအရင်ကို အသုံးပြုပါလျှင် သီအိုရီအရ မီးစွမ်းအားမှော်အင်ဂျင်နှင့် မှော်ဆလွန်းများမှာ တစ်နာရီ တစ်ရာကီလိုမီတာအထိပင် ရောက်နိုင်သည်ဟု ဆိုထားသည်!

မဟာမှော်ပညာရှင်ကမ်မီလာမှာ ထိုသတင်းကို ရခဲ့ပြီး ချက်ချင်းပင် လမ်ပူရီတိုင်းပြည်ထံ အပြေးလာခဲ့၏။ သူဟာ ယခုတွင် ဤမီးစွမ်းအားမှော်အင်ဂျင်အသစ်ကို ဖန်တီးရန် မဟာမှော်ပညာရှင် တယ်လုချီနှင့်အတူ လုပ်ကိုင်လာသည်မှာ လတစ်ဝက်ရှိနေပြီဖြစ်၏။

ဤနေရာ၌ ပြီးပြည့်စုံသည့် မှော်စက်ဖွံ့ဖြိုးရေးဌာနမရှိသဖြင့် မဟာမှော်ပညာရှင် တယ်လုချီမှာ မှော်ဆလွန်းအောက်ခံကိုယ်ထည်ထက်ရှိ မီးစွမ်းအားမှော်အင်ဂျင်တစ်ခုနှင့်အတူ အသုံးပြုကာ ရိုးရှင်းပြီး အကြမ်းထည်ဆန်သည့် စမ်းသပ်မှုများကို လုပ်နေရသည်။

မဟာမှော်ပညာရှင်ကမ်မီလာ ၎င်းကိုစီးနင်းခြင်းမှာ အချက်အလက်စုဆောင်းဖို့ ပိုမိုလွယ်ကူအဆင်ပြေစေရန်ဖြစ်သည်။

ရှုယီမှာ ထိုနှစ်ဦး မည်သို့သော စမ်းသပ်မှုများ လုပ်ဆောင်ထားသည်ကို မသိပါသော်လည်း မဟာမှော်ပညာရှင်ကမ်မီလာက အကြမ်းအောက်ခံကိုယ်ထည်၌ ထိုင်နေသည်ကိုမြင်သော် အနည်းငယ် မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။

“ဘာစိုးရိမ်စရာရှိလို့လဲ?” မဟာမှော်ပညာရှင်ကမ်မီလာက လက်ယမ်း၏၊ “ငါ့ရဲ့ မှော်ပညာနဲ့ဆို လုံးဝ စိုးရိမ်စရာမရှိဘူး။”

ရှုယီလည်း ၎င်းက မှန်ကန်သည်ဟု စဉ်းစားမိသည်။ သူဟာ မည်သည်ကိုမှ မဆိုတော့ဘဲ ဘေးရွှေ့ကာ စမ်းသပ်မှုစတင်မည်ကို စောင့်ဆိုင်းနေလိုက်၏။

ပြင်ဆင်မှုအားလုံး လုပ်ဆောင်ပြီးသည်နှင့် မဟာမှော်ပညာရှင် တယ်လုချီမှာ အောက်ခံကိုယ်ထည်ရှိ မီးစွမ်းအား မှော်အင်ဂျင်ကို ဖိနှိပ်လိုက်သည်။ မီးနီရောင်အလင်းတစ်ခု တောက်ပလာကာ မီးစွမ်းအားမှော်အင်ဂျင်က အသက်ဝင်လာ၏။

“ကမ်မီလာ မှော်စွမ်းအားကို ဖြည်းဖြည်းချင်းပို့လွှတ်ပြီး မီးစွမ်းအားမှော်အင်ဂျင်ကို စနှိုးလိုက်တော့၊ ဒါက....”

မဟာမှော်ပညာရှင်တယ်လုချီ ပြီးအောင်မပြောရသေးခင်တွင် မဟာမှော်ပညာရှင် ကမ်မီလာ ဘေးပတ်လည်၌ မှော်အလင်း တောက်ပလာ၏။

“ဝုန်း!”

တဝီဝီမြည်သံကျယ် တစ်ခုထွက်လာပြီးနောက် ရှုယီမှာ တောက်ပနေသော မီး‌တောက် အနီရောင်ပုံရိပ်က သူ၏ မျက်လုံးများထဲဖြတ်သွားကာ မီး‌နီရောင်အလင်းတန်းတစ်ခုဖန်တီးလျက် အဝေးသို့ တိုးဝင်သွားသည်။

တစ်ခဏ ကြာပြီးနောက်။

“ဟုန်း!”

အသံကျယ်ကြီးတစ်သံထွက်လာ၏။

ရှုယီ အံ့အားသင့်သွားသည်။ သူ ကြည့်ဖို့ သွားလိုက်ချိန်တွင် ကောင်းကင်ယံသို့ ပြာများကာ ပျံတက်နေကာ ရုတ်တရတ် လင်းလာသည့် အပြာရောင်အလင်းရှိသည်ကို မြင်လိုက်ရသည်။ အလင်းဖြင့်ဖုံးကွယ်‌နေသည့် မဟာမှော်ပညာရှင် ကမ်မီလာက ရုတ်တရတ် ကောင်းကင်သို့ ပျံတက်သွားပြီး ရှုယီနှင့် မဟာမှော်ပညာရှင်တယ်လုချီ နံဘေး တစ်လျှောက်လုံး ပျံသန်းလာကာ ရယ်မောလိုက်သည်။

“စိတ်တိုင်းကျစရာပဲ! အရမ်းကို စိတ်တိုင်းကျစရာပဲ! တယ်လုချီ, ငါ ဒီအင်ဂျင်ကို သဘောကျတယ်! ဒီ့ထက်ပို မြန်မြန် ပျံနိုင်ရင် ပိုတောင်ကောင်းဦးမယ်!”

မဟာမှော်ပညာရှင် ကမ်မီလာက စိတ်လှုပ်ရှားနေသည်ကို မြင်သော် ရှုယီလည်း မနေနိုင်အောင် မျက်လုံးလှန်လိုက်မိသည်။

ဤသို့သော စမ်းသပ်မှုမျိုးကို မိမိအသက်အား ဂရုမစိုက်သည့် မဟာမှော်ပညာရှင် ကမ်မီလာမှလွဲ၍ မည်သူကမှ လုပ်ဝံ့မည်မဟုတ်ပေ။

မဟာမှော်ပညာရှင်တယ်လုချီလည်း ထပ်တူပင်။ သူ၏ အင်မတန် တည်ငြိမ်လှပုံနှင့် မည်သို့များ မဟာမှော်ပညာရှင် ကမ်မီလာနှင့် အတူ ပြဿနာဖြစ်စေချင်နေရပါသနည်း?

မြန်နှုန်းမြင့် ထိတိုက်ခြင်းမှ အပိုင်းပိုင်းကွဲအက်သွားသည့် အောက်ပိုင်းကိုယ်ထည်ကို ကြည့်လိုက်ရင်း ရှုယီမှာ မေးကို ပွတ်လိုက်ပြီး စိတ်ကျေနပ်အားရနေတဲ့ပုံပေါ်နေ၏။

မဟာမှော်ပညာရှင် ကမ်မီလာမှာ ရုတ်တရတ် ရှေ့တိုးသွားရာ ခန့်မှန်းခြေနှင့်တင် နောက်ဆုံး အမြန်နှုန်းမှာ တစ်နာရီ တစ်ရာကီလိုမီတာ ကျော်လောက်သည်။

ထို့အပြင် အောက်ခံကိုယ်ထည်၏ တွန်းအားက အင်မတန် လျင်မြန်လှသည်။ နှစ်စက္ကန့်အတွင်း၌ အမြန်နှုန်း သုညမှ ထိုအထိရောက်လာခဲ့သဖြင့် စွမ်းအားက အင်မတန်ကောင်းမွန်လှကြောင်း မြင်နိုင်သည်။

အင်မတန် တည်ငြိမ်သည့် လေစွမ်းအားမှော်အင်ဂျင်နှင့်ယှဉ်လျှင် မီးစွမ်းအားမှော်အင်ဂျင်က အားကောင်းလှသည့် မီးစွမ်းအားမှော်ပညာ၏ အထူးပြုကို ဖော်ထုတ်ပြထားသည်။

မှော်သုတေသနဌာနမှာ မီးစွမ်းအားမှော်အင်ဂျင်ကို ဖန်တီးခဲ့ပြီးဖြစ်သော်လည်း မဟာမှော်ပညာရှင်တယ်လုချီ ယခု ဖန်တီးခဲ့သော မီးစွမ်းအားမှော်ပညာနှင့် ယှဉ်လျှင် အတော်လေး ပိုအားနည်းသည်။။

ယခင်က ထုတ်လုပ်ထားသည့် မီးစွမ်းအားမှော်အင်ဂျင်မှာ လေစွမ်းအားမှော်အင်ဂျင်ထက် အနည်းငယ်သာ အားကောင်းသည်ဆိုလျှင် မီးစွမ်းအားမှော်အင်ဂျင်မှ ထုတ်ပေးသည့် စွမ်းအားမှာ လေစွမ်းအားမှော်အင်ဂျင်နှင့် ခြားနားသည်ဟုယူဆနိုင်၏။

ထိုသို့သော အားကောင်းသည့် ရလာဒ်ကြောင့် မှော်ဆလွန်း၏ အမြန်နှုန်းကို များစွာ တိုးလာစေနိုင်ရုံသာမက ရှုယီ ယခင်က ထုတ်လုပ်ချင်ခဲ့သည့် မှော်စက်ကြီးများစွာကိုလည်း ဖန်တီးနိုင်မည်ဖြစ်သည်။

မဟာမှော်ပညာရှင်တယ်လုချီ ဖန်တီးလိုက်သည့် မီးစွမ်းအားမှော်အင်ဂျင်က ဖွံ့ဖြိုးမှု ကနဦးအခြေအနေ၌သာ ရှိပြီး အလုံအလောက် မဖွံ့ဖြိုးသေးပေ။ အနည်းဆုံး တည်ငြိမ်မှုနှင့် ပတ်သက်လာလျှင် လုံလုံလောက်လောက် မတိုးတက်သေးရာ အမှန်တကယ် လည်ပတ်ဖို့က ဝေးနေသေးပါ၏။

သို့သော် ရှုယီမှာ ၎င်းနှင့်ပတ်သက်ပြီး မဟာမှော်ပညာရှင်တယ်လုချီကို တင်းကြပ်ဖို့ မစီစဉ်ထားပေ။

မှော်သုတေသနဌာနနှင့် မဟာမှော်ပညာရှင်တယ်လုချီတို့ နှစ်ဘက်စလုံးက မီးစွမ်းအားမှော်အင်ဂျင်ကို ထုတ်လုပ်ရာ၌ အာရုံစိုက်ထားသော်လည်း ဦးတည်ဘက်ကတော့ မတူပေ။

မှော်သုတေသနဌာနက တည်ငြိမ်မှုနှင့် သုံးစွဲမှုကို အဓိကထားကာ မှော်အစီအရင်ကို တည်ငြိမ်စေရန် ပို၍ အာရုံစိုက်ထားကြသည်။ မဟာမှော်ပညာရှင်တယ်လုချီ၏ဘက်မှာ မီးစွမ်းအားမှော်အင်ဂျင်၏ အဓိက မှော်အစီအရင်ကို ပြောင်းလဲရာ၌ အာရုံထားပြီးနောက် ၎င်းကို တည်ငြိမ်စေရန် စူးစိုက်ထားသည်။

စီမံကိန်း နှစ်ခုစလုံးမှာ ဆန့်ကျင်ဘက်ဖြစ်ပုံပေါ်သော်လည်း အဆုံးဤမူ တူညီသည့် ပန်းတိုင်၌ အာရုံစိုက်ထားကြသည်။

နှစ်ဘက်စလုံးသာ အောင်မြင်ပါလျှင် မီးစွမ်းအားမှော်အင်ဂျင်၏ တိုးတက်မှုကို အရှိန်မြှင့်ပြီး နည်းပညာရင့်သန်မှုကို ပိုမြန်လာစေလိမ့်မည်။

ရှုယီနှင့် မဟာမှော်ပညာရှင်တယ်လုချီတို့မှာ စွမ်းအား ရလာဒ်နှင့် မီးစွမ်းအား‌မှော်အင်ဂျင်လုပ်ဆောင်ချက်ကို ဆွေးနွေးခဲ့ပြီးနောက် မဟာမှော်ပညာရှင် ကမ်မီလာကို မဟာမှော်ပညာရှင်တယ်လုချီနှင့်အတူ ထားခဲ့လိုက်သည်။ သူဟာ မိုးကျတောင်ကြားရှိ ပူးတွဲရင်းနှီးမြှုပ်နှံထားသည့် စက်ရုံတစ်ရုံသို့ သွားလိုက်၏။

ဤပူးတွဲရင်းနှီးမြှပ်နှံထားသည့် စက်ရုံမှာ ဘန်တာမြို့နှင့်အတူ Frestech ကုန်သည်ကြီးများအသင်း ဖန်တီးထားသည့် စက်ရုံဖြစ်ကာ အဓိကအားဖြင့် မှော်ပန်ကာများ ထုတ်လုပ်သည်။

ဤနွေတွင် စက်ရုံ၏ မှော်ပန်ကာများကို အလုံးရှစ်သောင်းအထိ ရောင်းချခဲ့၏။ ၎င်းက စက်ရုံထံ ရွှေဒင်္ဂါးငါးသောင်းအမြတ်ငွေ ယူလာခဲ့ရုံသာမက Frestech ကုန်သည်ကြီးများအသင်းထံလည်း ရွှေဒင်္ဂါး နှစ်သောင်းယူလာခဲ့ပေးသည်။

ရွှေဒင်္ဂါးနှစ်သောင်းက ထိုမျှ များပြားလှပုံမပေါ်သော်လည်း ဤသည်မှာ လမ်ပူရီတိုင်းပြည်နှင့်အတူ Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံများအနက် တစ်ရုံသာဖြစ်သည်။ ထို့အပြင် ၎င်းက အင်မတန်လည်း သေးငယ်လှရာ အားလုံးကို အတူ တွက်ချက်ကြည့်လိုက်လျှင် အမြတ်အစွန်းများသည့် စက်ရုံများအနက် တစ်ရုံဖြစ်သည်ဟု သတ်မှတ်နိုင်သည်။

မှန်ပါ၏၊ ရှုယီ စက်ရုံသို့ ရောက်လာရခြင်းမှာ ဤစက်ရုံ၏ ဝင်ငွေကြောင့်မဟုတ်ဘဲ မင်းသမီးလေး ကာရိုလိုင်းက ဤစက်ရုံသို့ ရောက်လာခြင်းကြောင့်ပင်ဖြစ်၏။

ရှုယီ လျှောက်ဝင်လာချိန်တွင် မင်းသမီးလေး ကာရိုလိုင်းက စက်ရုံမန်နေဂျာနှင့်အတူ လျှောက်လာကာ လက်ရှိ အလုပ်ရှိ ထုတ်လုပ်ရေးမှော်စက်တစ်ခုကို ကြည့်နေသည်အား မြင်လိုက်ရသည်။

သူမ၏ နံဘေးတွင် Frestech ကုန်သည်ကြီးများအသင်းမှ ဤစက်ရုံအတွက် ထားပေးထားသည့် ကျွမ်းကျင် အလုပ်သမားတစ်ဦးရှိနေသည်။ သူက ထုတ်လုပ်ရေးမှော်စက်ကို ညွှန်ပြရင်း လက်ထဲရှိ မူကြမ်းများကို သုံးလျက် ရှင်းပြနေပါ၏။

မင်းသမီးလေး ကာရိုလိုင်းမှာ အလေးအနက် နားထောင်နေလေသည်။ ရှုယီ သူမ နံဘေးသို့ သွားချိန်မှသာ တုံ့ပြန်လာ၏။

“အာ ? ဥက္ကဌရှု ရောက်နေတာပဲ။”

သူမအနေနှင့် နည်းပညာကို အာရုံစိုက်ထားသောကြောင့်လည်း ဖြစ်နိုင်သော်ငြား မင်းသမီးလေး ကာရိုလိုင်း ရှုယီကို နှုတ်ဆက်ချိန်၌ အနည်းငယ် ငိုင်နေသည်။

ရှုယီက အလုပ်သမား၏လက်ထဲရှိ မူကြမ်းကို ကြည့်လိုက်သော် ၎င်းက မှော်ပန်ကာ အထိန်းကိုယ်ထည်ခုံဖြစ်သည်ကို တွေ့လိုက်ရသည်။ သူလည်း ခေါင်းငြိမ့်လိုက်ပြီးနောက် မင်းသမီးလေး ကာရိုလိုင်းကို မေးလိုက်၏၊ “ဘယ်လိုလဲ? နားလည်ရဲ့လား? ဘယ်လိုထင်လဲ?”

မင်းသမီးလေး ကာရိုလိုင်းမှာ အသိပြန်ဝင်လာသည်။ သူမက ရှုယီကို တောက်တောက်ပပပြုံးပြလိုက်ပြီးနောက် ထုတ်လုပ်ရေးမှော်စက်ဘက် လှည့်လိုက်၏။ သူမက မူကြမ်းကိုလှန်လိုက်ပြီးနောက် သက်ပြင်းချကာ ဆိုသည်၊ “ဒီစစ်ဆေးမှုပြီးတော့ ကျွန်မတို့တွေ အရင်က မှော်စက်တွေကို အရမ်းလျှော့တွက်မိခဲ့တာကို သိလိုက်ရတယ်။”

“အိုး? ဘာလို့ ဒီလို ပြောရတာလဲ?”

“ကျွန်မတို့တွေ ရှင်တို့ လမ်ပူရီတိုင်းပြည်က လုပ်ငန်းစုတွေလိုမျိုး Frestech ကုန်သည်ကြီးများအသင်းဆီကနေ နည်းပညာ ရလိုက်ကတည်းက ဒီမှော်စက်တွေကို လုပ်နိုင်မယ်ထင်ခဲ့တာလေ။ အရည်အသွေးက ယှဉ်လို့မရရင်တောင် သုံးလို့တော့ မဖြစ်နိုင်တာမဟုတ်ဘူးလို့ပေါ့၊ ဒါနဲ့ မှော်စက်တွေက အဲ့လောက် မခက်ဘူးထင်ခဲ့တာ။”

“ဒီတော့ ကိုယ်တိုင်လုပ်သုတေသနကလည်း အဲ့လောက် ရိုးရှင်းတယ်လို့ ထင်ခဲ့ကြတယ်ပေါ့?” ရှုယီက မေးသည်။

မင်းသမီးလေး ကာရိုလိုင်း၏ မျက်နှာထက်၌ ရှက်ရွံ့ဟန်လေးရှိနေကာ ခါးသက်သက်ပြုံး၍ ဆိုသည်၊ “ဟုတ်တယ် ဒါပေမယ့်လည်း မှော်စက်တစ်ခုကို အတုခိုးတာက အဲ့လောက်လွယ်တယ်ဆိုပေမယ့် ကျွန်မတို့ဘာသာ တီထွင်တာက အရမ်းကို ခက်ခဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲဒီ ပြဿနာဖြစ်တဲ့ မှော်စက်တွေမှာ အဓိကပြဿနာက ဗဟို အထိန်းကိုယ်ထည်ပဲ။ ကျွန်မတို့သာ ဒါကို ပြောင်းလဲချင်ရင် ရှင်တို့ Frestech တံဆိပ် မှော်ပန်ကာတွေနဲ့ မတူတာကို လုပ်ရ‌မှာလေ။ ကျွန်မတို့အနေနဲ့ အဲ့လောက် မခက်ဘူးလို့ ထင်ခဲ့ပေမယ့် အတော်လေး ဆုံးရှုံးခဲ့ရတာပဲ။”

“ဒါက မထူးဆန်းပါဘူး။” ရှုယီက အသာပြုံးလေသည်၊ “မှော်စက်ထုတ်လုပ်တာက ရိုးရှင်းတယ်ထင်ရပေမယ့် အစိတ်အပိုင်းအများကြီးရှိတယ်။ အတုခိုးတာကတော့ အဲ့လောက်မခက်ပေမယ့် ကိုယ်တိုင်ဖန်တီးဖို့ကျတော့ စနစ်တစ်ခုလုံးရဲ့ ပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်ကို နားလည်ရမယ်။ အလျင်စလို ထုတ်လုပ်လိုက်ရင် ပြဿနာမဖြစ်မှ ထူးဆန်းနေဦးမယ်။”

မင်းသမီးလေး ကာရိုလိုင်းက ခေါင်းငြိမ့်လိုက်ပြီးနောက် ရှုယီကို မေးလေသည်၊ “ဥက္ကဌရှု ဒါဆို ကျွန်မတို့သာ ရှေ့လျှောက် မှော်စက်အသစ်‌တွေကို ဖန်တီးနိုင်ချင်ခဲ့ရင် ဘယ်လိုလုပ်ရမှာလဲ?”

“ရှင်းပါတယ် တဆင့်ချင်းလုပ်ပေါ့။” ရှုယီက အလေးအနက်ပြောလိုက်သည်၊ “ခင်ဗျား တစ်ကိုက်စာတည်းနဲ့ ဝက်ဖြစ်လာမှာမဟုတ်ဘူးလေ။ မှော်စက်တွေကို ကိုယ်တိုင်ထုတ်လုပ်ဖို့က ပြဿနာမဟုတ်ပါဘူး ခင်ဗျားတို့အတွေးကို အတော်လေး ထောက်ခံပါတယ်။ ဥပမာပြောရရင် လမ်ပူရီတိုင်းပြည်က ပူးတွဲရင်းနှီးမြှုပ်နှံရေးလုပ်ငန်းစုတွေကို ကျုပ်အနေနဲ့ ဆန်းသစ်ပြောင်းလဲဖို့ ထောက်ခံထားပေမယ့် အုတ်မြစ်ကောင်းကို အရင်တည်ဆောက်ဖို့လိုတယ်။

ထိုသို့ပြောပြီးနောက် ရှုယီက စက်ရုံမန်နေဂျာဘက် လှည့်လိုက်သည်။

“မန်နေဂျာ ဖူဇီ ခင်ဗျားတို့ လုပ်ငန်းစုရဲ့ မှော်ပန်ကာ အလိုအလျောက် အပိတ်အဖွင့်နည်းပညာ တိုးတက်မှု ဘယ်လိုနေလဲ?”

ဝဖိုင့်ဖိုင့် မန်နေဂျာ ဖူဇီက အပြုံးဖြင့်ဖြေသည်၊ “ပြီးခါနီးပါပြီ။ သေချာတာကတော့ ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ ထောက်ပံ့မှုကြောင့်ပါပဲ။ မဟုတ်ရင် ကျုပ်တို့ရဲ့ သုတေသနနဲ့ပဲဆို နှစ်ပေါင်းများစွာ ကြာရင်တောင် မအောင်မြင်လောက်ဘူး။”

“နှိမ့်ချစရာမလိုပါဘူး။” ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “ကျုပ်တို့လုပ်ငန်းစုနဲ့အတူ မှော်ပန်ကာစက်ရုံတွေ တည်ထောင်ခဲ့တဲ့ လုပ်ငန်းစုတွေနဲ့ ကျုပ်တို့ လုပ်ငန်းစုကနေ မှော်ပန်ကာနည်းပညာကို ဝယ်ယူခဲ့တဲ့ လုပ်ငန်းစု စုစုပေါင်း လေးဆယ့်ခုနစ်ခုရှိပေမယ့် ခင်ဗျားတို့လုပ်ငန်းစုကပဲ ဒီအလိုအလျောက် အပိတ်အဖွင့်နည်းပညာကို ထုတ်လုပ်နိုင်တာ။ ဒါက ခင်ဗျားတို့ရဲ့ အားသာချက်ပါ၊ ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မန်နေဂျာ ဖူဇီက ဆက်ခေါင်းငြိမ့်သည်၊ “ဒါပေါ့ ဒါပေါ့၊ ကျုပ်တို့လည်း ဥက္ကဌရှုအနေနဲ့ ကျုပ်တို့ကို ဆက်ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

“ခင်ဗျားတို့ ကျိုးကြောင်းမဆင်ခြင်မလုပ်သရွေ့ကတော့ ကျုပ်သေချာပေါက် ဆက်ထောက်ပံ့မှာပါ။” ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် မင်းသမီးလေး ကာရိုလိုင်းကို လှည့်ပြောသည်၊ “မန်နေဂျာ ဖူဇီက ဒီအလိုအလျောက် အဖွင့်အပိတ်နည်းပညာကို ဖန်တီးခဲ့တာလေ။ နှစ်စကနေ အခု ဆယ်လပဲရှိသေးပြီး အောင်မြင်နေပြီ။ ကျုပ်အမြင်မှာတော့ ဒါက အရမ်းကို ပဓာနကျတဲ့ စီမံကိန်းဖြစ်ပြီး အထိန်းကိုယ်ထည်ထက် အဆင့်အတော်လေးနိမ့်တယ်။”

မင်းသမီးလေး ကာရိုလိုင်းက အသက်ပြင်းပြင်းရှူကာ ခေါင်းငြိမ့်သည်။

“ရှင်ပြောချင်တာကို နားလည်တယ်။ နည်းပညာက အလျင်လိုလို့မရဘူး၊ တစ်ဆင့်ခြင်းဖြည်းဖြည်းသွားပြီး အုတ်မြစ်တည်ဆောက်ဖို့လိုတယ်။”

ရှုယီက အသာပြုံးသည်။ မင်းသမီးလေး ကာရိုလိုင်းသာ ဒီသီအိုရီကိုနားလည်လျှင် ဒရိတ်ခ်နယ်မြေလည်း မှော်စက်မှုနယ်ပယ်လမ်းကြောင်း၌ တည်တည်မြဲမြဲ တိုးတက်လာလိမ့်မည်။

ထိုနည်းဖြင့် ဒရိတ်ခ်နယ်မြေမှာ သိပ်မကြာခင် မှော်စက်မှုနယ်ပယ်တည်ထောင်သူ ရှုယီအတွက် အရေးပါသည့် အစိတ်အပိုင်းလေးတစ်ခုဖြစ်လာမည်ဖြစ်၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၇။ မေမေ့ကို တွေ့ချင်တယ်

ဘန်တာမြို့စက်ဘီးပြိုင်ပွဲမှာ အောင်အောင်မြင်မြင် ပြီးဆုံးသွားကာ ရှုယီနှင့် ဘန်တာမြို့လုပ်ငန်းစုများလည်း သဘောတူညီမှုရရှိ၍ 'Frestech စက်ဘီးပတ်လမ်းအဆင့်ပြိုင်ပွဲ'ကို ကျင်းပဖို့ရန် ပြင်ဆင်နေကြတော့သည်။”

တစ်ချိန်တည်းမှာပင် ရှုယီက ဒရိတ်ခ်နယ်မြေကိုယ်စားပြု မင်းသမီးလေးကာရိုလိုင်းနှင့် ကနဦးသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီမှုအရ ဒရိတ်ခ်နယ်မြေ၏ လက်ရှိ မှော်စက်လုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်းမှ ချမှတ်ထားသည့် စံနှုန်းကိုလိုက်နာကာ Frestech ကုန်သည်ကြီးများအသင်း၏ လမ်းညွှန်မှုအောက်၌ ၎င်းတို့၏ သုတေသနကို လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုနည်းဖြင့် လမ်ပူရီတိုင်းပြည်အပါအဝင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ပစ္စည်း စံနှုန်းကို နိုင်ငံအများအပြားတွင် အသုံးပြုရမည်ဖြစ်သည်။

ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းအပေါ် ယခုအတွက် Frestech ကုန်သည်ကြီးများအသင်းနှင့် စာချုပ်လက်မှတ် မရေးထိုးရသေးပါသော်လည်း ရူဒ်ဆန်တိုင်းပြည်၏ တိုးတက်နေပုံနှင့်ဆိုလျှင် အချိန်သာလိုလိမ့်မည်။

ထိုနိုင်ငံများအား စံနှုန်းတစ်ခုထဲ၌ ထည့်သွင်းခြင်းက ရှုယီအတွက် အင်မတန်ကောင်းမွန်သည့်အရာပင်။

အဘယ့်ကြောင့်ဆိုသော် ၎င်းကြောင့် သူဟာ သူ၏ အစီစဉ်အတိုင်း ထိုလုပ်ငန်းစုများ၏ မှော်စက်မှုနယ်ပယ်များကို တည်ထောင်နိုင်ပြီပင်။ ထိုနည်းဖြင့် သူဟာ ပို၍ ပြီးပြည့်စုံသည့် မှော်စက်မှုနယ်ပယ်တစ်ခုကိုသာ အလွှာထပ်ဖို့ လိုတော့သည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ အစောပိုင်းမှော်စက်မှုနယ်ပယ်များထဲ၌ အပြီးပြည့်စုံဆုံးသော တစ်ခုမှာ လမ်ပူရီတိုင်းပြည်ပင်။

ရှုယီ မည်သည့်အခါကမှ လိုက်လျောမပေးခဲ့သော စစ်ဘက်သုံးမှော်စက်များမှ လွဲလျှင် လမ်ပူရီတိုင်းပြည်မှာ ထုတ်လုပ်ရေးမှော်စက်များ၏ အဆင့်နယ်ပယ်သို့ စတင် လျှောက်လှမ်းဝင်ရောက်နေပြီဖြစ်သည်။

ဘန်တာမြို့အပြင်ဘက်တွင် မှော်ဖိစက်နှင့် မှော် ကြိတ်စက်များ အဓိက တည်ဆောက်ပေးသည့် ထုတ်လုပ်ရေးမှော်စက် စက်ရုံတစ်ရုံရှိ၏။

ထိုထုတ်လုပ်ရေးမှော်စက်ရုံမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ လာခဲ့‌သော်လည်း ရှုယီ၏ ညွှန်ကြားချက်များအောက်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ စက်ရုံထဲရှိ အခြားအလုပ်သမားများအား ထုတ်လုပ်ရေးမှော်စက်များ မည်သို့ ထုတ်လုပ်ရကြောင်းသင်ကြားပေးရန် နည်းပညာ ဝန်ထမ်းများ စေလွှတ်ပေးခဲ့သည်။

ရလာဒ်များက ယခုတွင် အင်မတန် ကောင်းမွန်ပုံရပါ၏။

မှန်ပါသည်။ လူသားများ၏ အရည်အချင်းက လူပုလေးများနှင့် ခြားနားသောကြောင့် လူသား အလုပ်သမားများအနေနှင့် လူပုလေး ပန်းပဲဆရာကဲ့သို့ တူညီသည့် ကျွမ်းကျင်မှုရရှိရန် အချိန်အတော်ကြာ လိုအပ်လိမ့်မည်။

လမ်ပူရီတိုင်းပြည်မှလွဲလျှင် ဒရိတ်ခ်နယ်မြေ၊ ရူဒ်ဆန်တိုင်းပြည်ဖြစ်စေ မီရန်ဒိုနယ်မြေဖြစ်စေ ၎င်းတို့အား အိမ်သုံးမှော်စက်များ၌ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပူးပေါင်းရန် ကန့်သတ်ထားကြသည်။

ပြောရလျှင် အိမ်သုံးမှော်စက်များ၌ အသုံးဝင်ပုံများစွာရှိသဖြင့် ထိုနိုင်ငံများတွင် အင်မတန် ကျော်ကြားကြလေသည်။ သို့ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်း၏ အတူတကွ ရင်းနှီးမြှုပ်နှံထားသော အိမ်သုံးမှော်စက် စက်ရုံများထံတွင် အင်မတန်သင့်တင့်သော ရောင်းအားများရှိလေသည်။

ထို့အပြင် ဒရိတ်ခ်နယ်မြေမဟုတ်ဘဲ လမ်ပူရီတိုင်းပြည်၏ လုပ်ငန်းစုများနှင့် ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းတို့၏ တံဆိပ် အိမ်သုံးမှော်စက်များကို အခြားနိုင်ငံများထံသို့ စတင်ရောင်းချကြတော့သည်။

လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့၏ လုပ်ငန်းစုများကသာ သတိထားနေကြသည်။ ၎င်းတို့မှာ တိုးတက်မှုနှင့် စပ်လျဉ်း၍ အင်မတန်သတိထားကြကာ ဒရိတ်ခ်နယ်မြေကဲ့သည့် ပြင်းထန်သောမတော်တဆများ မဖြစ်စေကြချေ။

မင်းသမီးလေး ကာရိုလိုင်းမှာ ဘန်တာမြို့၌ ရက်များစွာ နေထိုင်ခဲ့ပြီး နေ့စဉ်နေ့တိုင်းကို Frestech ကုန်သည်ကြီးများအသင်းမှ ပူးတွဲရင်းနှီးမြှုပ်နှံထားသည့် စက်ရုံများ၌ ကုန်ဆုံးနေခဲ့သည်။ သူမဟာ ထိုစက်ရုံများထုတ်လုပ်သည့် အိမ်သုံးမှော်စက်များ၏ နည်းပညာဆိုင်ရာမေးခွန်းများကို နားလည်နေပြီဖြစ်သည်။

သူမ အနေနှင့် နည်းပညာကို နားမလည်သော်လည်း ရှုယီထံ သူမ၏ သဘောထာားအား ပြသဖို့ ထိုသို့ လုပ်ဆောင်ခဲ့သည်။ သူမအနေနှင့် ဒရိတ်ခ်နယ်မြေက စိတ်ရင်းဖြင့် ထိုဖြစ်ရပ်ကြီးများကြောင့် ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုများကို ပြန်ရယူလိုကြောင်း သက်သေပြချင်သည်။

သို့သော် ရှုယီကမူ ဘန်တာမြို့၌ တစ်ပတ်မျှသာနေထိုင်ခဲ့ပြီးနောက် လဇ်, လင်ဒါ၊ ဖရီယာ၊ အက်ဂ်နက်စ်တို့နှင့် အတူ ထွက်သွားခဲ့သည်။

သူဟာ စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်သို့ မပြန်ဘဲ လမ်ပူရီတိုင်းပြည်၏ မြို့ အန်ဗီမာမြို့တော်သို့ သွားခဲ့သည်။

မင်းသမီးလေး ကာရိုလိုင်းက ရှုယီနှင့်အတူ သွားလိုခဲ့သော်လည်း ရှုယီက သူမကို ငြင်းဆိုခဲ့ပါ၏။

ရှုယီ၏ အစီစဉ်အရ မင်းသမီးလေးကာရိုလိုင်းအနေနှင့် စတက်တိန်းနယ်မြေထံသို့ Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်များရှိ နည်းပညာပိုင်းဝန်ထမ်းများထံမှ သင်ယူရန် အမြန်သွားရလိမ့်မည်။ သူမအနေနှင့် ဒရိတ်ခ်နယ်မြေ၏ မှော်ပန်ကာနှင့် မှော်ရေခဲသေတ္တာတို့၏ အ‌ရည်အသွေးပြဿနာတို့ကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းရလိမ့်မည်။

အချိန်က ထိုကိစ္စများတွင် မည်သူကိုမှ စောင့်‌ဆိုင်းမနေပေ။ ထို့ထက်ပိုမို နှောင့်နှေးနေလျှင် ဒရိတ်ခ်နယ်မြေက အဆုံးအရှုံးပိုမိုခံစားရပေမည်။

ထို့ကြောင့် မင်းသမီးလေးကာရိုလိုင်းမှာ ရှုယီနှင့်အတူ အင်မတန်ရှိနေချင်ပြီး နီးစပ်နေလိုလျှင်တောင် ရှုယီနှင့် ခွဲခွာကာ စတက်တိန်းနယ်မြေသို့ ဦးတည်ရပေမည်။

သူမဟာ ဘန်တာမြို့သို့ လာရောက်စဉ် စိတ်လှုပ်ရှားခဲ့တုန်းကနှင့် ကွာခြားနေပါ၏။ ဘန်တာမြို့မှ ထွက်ခွာစဉ်တွင် မင်းသမီးလေးကာရိုလိုင်းထံ၌ တစ်ချိန်လုံး ရွှင်ပျဖွယ် ရင်ထဲကပါပါပြုံးနေသည်။

၎င်းက Frestech ကုန်သည်ကြီးများအသင်းမှာ ထိုသဘောတူညီမှုကို သဘောတူညီလိုက်ကတည်းက ဒရိတ်ခ်နယ်မြေကို ထိုအရှုပ်အထွေးမှတဆင့် ကူညီရန် ၎င်းတို့၏ အင်အားအပြည့် အသုံးပြုမည်ဟု အာမခံထားသည်မှလွဲ၍ မည်သို့သော အကြောင်းအရင်းမှမရှိချေ။

မင်းသမီးလေးကာရိုလိုင်းမှာ ရှုယီက အလွယ်လေးကတိပေးတတ်သူမဟုတ်မှန်းသိသည်။ သူဟာ ထိုသို့ ကတိပေးလာကတိပေးလာလေရာ Frestech ကုန်သည်ကြီးများအသင်းမှာ အလုံးစုံလုပ်ဆောင်ပေးလာမည်ပင်။

Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ပံ့မှုကြောင့် ဒရိတ်ခ်နယ်မြေ၏ ပြဿနာကို ပြဿနာဟု ယူဆ၍ မရနိုင်တော့ပေ။

ထို့ကြောင့် ရှုယီကို ထားခဲ့ရစဉ်တွင် မင်းသမီးလေးကာရိုလိုင်းမှာ လဇ်, လင်ဒါ၊ ဖရီယာနှင့် အက်ဂ်နက်စ်တို့ ရှိနေသည်ကို ဂရုမထားဘဲ အားလုံးရှေ့၌ နွေးထွေးစွာ နမ်းရှုံ့ခဲ့လိုက်ပါ၏။

ဆွဲဆောင်နေသော စကားလုံးတချို့ပင် ဆိုခဲ့သေးသည်။

“ရှုယီ ကျွန်မရှင့်ကို ဘယ်အချိန်မဆို စောင့်နေမယ်နော်။”

ရှုယီမှာ ထိုစကားများကြောင့် ပြုံးခဲ့မိသည်။

မင်းသမီးလေး ကာရိုလိုင်းကို နှုတ်ဆက်ပြီးနောက် သူဟာ ဘန်တာမြို့မှ မှော်ဆလွန်းဖြင့် မောင်းထွက်သွားသည်။ တစ်ရက်တာအတွင်း၌ သူဟာ ဘန်တာမြို့မှ ကီလိုမီတာ လေးရာအဝေးရှိ အန်ဗီမာမြိုတော်သို့ ညအချိန်တွင် ရောက်ရှိလို့လာသည်။

အဝေးရှိ အန်ဗီမာမြို့တော်ဂိတ်များကိုမြင်သော် ရှုယီလည်း သက်ပြင်းချလိုက်တော့သည်။

ကိုယ်လက်အကြောဆန့်ပြီးနောက် ရှုယီလည်း လဇ်, လင်ဒါနှင့် အက်ဂ်နက်စ်တို့ကို ကြည့်လိုက်သည်။ သူဟာ မည်သို့ဖြစ်ဖြစ် ထိုသုံးဦးကို မှော်ကား မည်သို့ မောင်းရမည်အား သင်ခွင့်ပေးရမည်ဟု စဉ်းစားမိ၏။

မဟုတ်ပါက ထိုသို့ ခရီးဝေးသွားရချိန်တွင် တစ်ဦးတည်းမောင်းရသည်က အတော်လေး ပင်ပန်းလှပေလိမ့်မည်။

“ဟေး ဖရီယာ ခဏနေကျရင် မေမေ့ကို တွေ့ရတော့မှာလေ ပျော်ရဲ့လား?” ရှုယီမှာ မှော်ဆလွန်းကို ဂိတ်ထံသို့ ဖြည်းဖြည်းမောင်းရင်း နောက်ခုံ‌၌ ထိုင်နေသူ ဖရီယာကို မေးလိုက်ပါ၏။

“အွန်း အရမ်းပျော်တယ်” ဖရီယာလေးက တုံ့ဆိုင်းမနေဘဲ ခေါင်းငြိမ့် လာသည်၊ “မေမေနဲ့ အကြာကြီးမတွေ့ခဲ့ရတော့ တကယ်လွမ်းနေပြီ”

ရှုယီက ရယ်မောကာ၊ “အေးဆေးပေါ့ ဖေဖေတို့ မြို့ထဲဝင်သွားပြီးရင် မေမေ့ကို ချက်ချင်းတွေ့ရမှာ။ မေမေကလည်း သမီးကို အရမ်းလွမ်းနေလောက်မယ်လို့ အာမခံတယ်။”

“အွန်း သမီးသိပါတယ်။” ဖရီယာက တစ်ဖန်ခေါင်းငြိမ့်လိုက်ပြီးနောက် ရုတ်တရတ် ရှုယီကို မေးလေသည်၊ “ဖေဖေ မေမေ့ကို လွမ်းလား?”

“ဒါပေါ့ မေမေ့ကို အချိန်အကြာကြီး မတွေ့ရလို့ မလွမ်းဘဲ ဘယ်နေပါ့မလဲ?” ရှုယီက ဖြေလေသည်။

“ဒါပေမယ့် ဖေဖေက မေမေ့ကို လွမ်းနေတယ်လို့ မခံစားရဘူးနော့” ဖရီယာက ဆိုသည်။

“ဘာလို့ ဒီလိုထင်ရတာလဲ?” ရှုယီ အံ့ဩသွားသည်။

“ဘာလို့လဲဆိုတော့ မမကာရိုလိုင်းကလည်း အရမ်းကိုလှလို့လေ။”

ရှုယီက တအံ့တသဖြင့် ခေါင်းလှည့်လိုက်ရာ ဖရီယာ၏ လေးနက်နေပုံကိုမြင်သော် မပြုံးမိဘဲ မနေနိုင်တော့ပေ။

ဤ ကလေးပိစိကလေးမှာ ၂နှစ်ပင် မပြည့်တတ်သေး သလို ထိုမျှ သန်မာလှပြီး ဤသို့သော စကားများပင် ပြောတတ်နေသေးသည်။

နံဘေးရှိ လဇ်နှင့် လင်ဒါတို့က ခိုးရယ်နေကြ၏။

မင်းသမီးလေး ကာရိုလိုင်းက ရှုယီကို နေ့တိုင်း တွယ်ကပ်နေရာ ၎င်းတို့မှာ မင်းသမီးလေးကာရိုလိုင်း၏ အတွေးများကို မည်သို့များ မမြင်ဘဲရှိမည်နည်း?

မင်းသမီးလေး ကာရိုလိုင်း၏ ပုံပန်းသွင်ပြင်က မဒမ်စတေးလ်ကိုပင် မရှုံးသည်ကို စဉ်းစားမိသော် လဇ်နှင့် လင်ဒါတို့မှာ အတန်ငယ် မစိုးရိမ်မိဘဲ မနေတော့ပေ။

သခင်က မင်းသမီးလေးဆီကနေ အဆွဲဆောင် ခံရမှာတော့ မဟုတ်လောက်ဘူးမလား?

အက်ဂ်နက်စ်သာလျှင် ထူးဆန်းဟန် ပြမလာခြင်းပင်။ သူမက ဖရီယာကို ကောက်ချီလျက် သူမ၏ ပေါင်ပေါ်တင်ကာ အပြုံးဖြင့် ဆိုလာသည်၊ “ဖရီယာ မင်းသမီးလေး ကာရိုလိုင်းက အရမ်းလှပေမယ့်လည်း သမီးရဲ့ ဖေဖေက သေချာပေါက် သမီးရဲ့ မေမေကို လွမ်းမှာပဲလေ။ ဘာလို့လဲဆိုတော့ သမီးဖေဖေရဲ့ နှလုံးသားထဲမှာ သမီးမေမေက နံပါတ်တစ်ပဲမို့လို့ သိနေတာပေါ့၊ အဲ့လိုမထင်ဘူးလား?”

ပြောရလျှင် ဖရီယာမှာ ငယ်လွန်းသေးပြီး သူမ၏ ခံစားချက်များကို ဖော်ပြရန် မည်သို့သော စကားလုံးများသုံးရမည်ကိုလည်း မသိသေးချေ။ သူမဟာ အတွေးများကို ဖော်ပြဖို့ ခေါင်းသာငြိမ့်လိုက်ပါ၏။

ရှုယီလည်း ရယ်မောကာ မနေနိုင်ဘဲ သူမ၏ မျက်နှာလေးကို ဆွဲညှစ်လိုက်သည်။

“ဖေဖေတို့ ဖရီယာလေးလည်း အရွယ်ရောက်လာရင် သေချာပေါက် အလှလေးဖြစ်လာမှာ သမီးရဲ့မေမေထက်တောင် ပိုလှလာဦးမယ်။”

ဖရီယာက ရှုယီ သူမ၏ မျက်နှာလေးကို ဖျစ်ညှစ်လာချိန်၌ ရယ်မောနေတော့၏။ သူ၏မျက်လုံးများလည်း အက်ဂ်နက်စ်ထံရောက်ကာ ရုတ်တရတ် ရတတ်မအေးဖြစ်လာလေသည်။

သူဟာ မကြာခင် စတေးလ်ကို တွေ့ရတော့မည်ဖြစ်၏။

အက်ဂ်နက်စ်ကို လက်ခံခြင်းက စတေးလ်နှင့် သူ ဆွေးနွေးခြင်း၏ ရလာဒ်ဖြစ်သည်။ စတေးလ်ကလည်း ၎င်းကို လုံးဝ မငြင်းဆန်ဘဲ အပြည့်အဝထောက်ခံလေသည်။

အက်ဂ်နက်စ်ကို ရွေးချယ်ခဲ့သူကလည်း စတေးလ်သာဖြစ်၏။

သို့သော် မည်သို့ဖြစ်ဖြစ် အက်ဂ်နက်စ်က ရှုယီ၏ တရားဝင်လက်‌တွဲဖော်ဖြစ်လာမည်ဟု အကြီးအကဲ အီလူရှာ ကို သဘောတူပြီးသားဖြစ်ရာ ရှုယီမှာ စတေးလ်အပေါ် စိတ်မလုံမှုများ အပြည့်ဖြစ်လာသည်။

မကြာခင် စတေးလ်ကို မည်သို့ တွေ့ရမည်အား စဉ်းစားမိသော် ရှုယီ၏ စိတ်မှာ အနည်းငယ် မတည်မငြိမ်ဖြစ်လာရတော့ပါ၏။

စတေးလ်က အပြင်ပန်း၌ ဂရုမစိုက်ပုံပေါ်နေပြီး ရှုယီကို မည်သို့ ဂရုစိုက်သည်ဖြစ်ပါစေ စိတ်တွင်း၌ တကယ်ပဲ ဂရုမစိုက်ဘဲ နေလိမ့်မည်လား?

မှော်ဆလွန်းက ရှုပ်ထွေးနေသောအတွေးများရှိနေသူ ရှုယီနှင့် ကျန်လူများကို ဂိတ်ကိုဖြတ်၍ ဖြည်းညင်းစွာ တင်ဆောင်သွားသည်။

ဘုရင်မဆယ်ဗီနီ နန်းတက်ပြီးနောက် သူမ၏ ပထမမြောက်အကြီးမားဆုံးလှုပ်ရှားမှုမှာ လမ်ပူရီတိုင်းပြည်တဝှမ်း လမ်းများတည်ဆောက်ဖို့ဖြစ်သည်။

တစ်နှစ်တာ ဆောက်လုပ်ရေးပြီးနောက် ယခု လမ်ပူရီတိုင်းပြည်တွင် ကီလိုမီတာ ငါးသောင်းကျော် လမ်းများရှိနေပြီဖြစ်၏။

မြို့တိုင်းကို ချိတ်ဆက်ထားရုံသာမက အချို့မြို့များထံ၌ လမ်းတစ်လမ်းတည်းရှိရုံမကပေ။

ဆယ်ဗီနီ၏ ထောက်ပံ့မှုကြောင့် မြို့များလက်အောက်ရှိ ကျေးရွာများစွာလည်း လမ်းများရှိလာကြသည်။

⟨ လမ်ပူရီ အပတ်စဉ် ⟩ မှတဆင့် ဆယ်ဗီနီ ချမှတ်ထားခဲ့သော မူဝါဒများအရ သူမ၏ ကနဦးအစီအစဉ်မှာ လမ်ပူရီတိုင်းပြည်၏ အစိတ်အပိုင်းတိုင်းကို ဘန်တာမြို့ အနီးတဝိုက် ဧရိယာကဲ့သို့ အဆင်ပြေပြေ သွားလာနိုင်စေဖို့ပင်။

၎င်းကို လမ်ပူရီတိုင်းပြည်၏ အခြားမြို့များတွင် မပြဌာန်းထားပါသော်လည်း အန်ဗီမာမြို့တော်၌ ပြဌာန်းထားပါ၏။

ဘန်တာမြို့မှ လမ်းတွင် ရှုယီမှာ လွန်ခဲ့သည့် သုံးနှစ်အကြာက အပြီးသတ်ခဲ့သော အန်ဘန်လမ်းမမှ မောင်းနှင်ခဲ့သည်။ သို့သော် ထိုအန်ဘန်လမ်းမအပြင် အန်ဗီမာမြို့တော်သို့ ချိတ်ဆက်ထားသည့် အခြားလမ်းမ ခုနစ်လမ်းရှိကာ အားလုံးကို အန်ဗီမာမြို့တော်၏ တောင်ဘက်ဂိတ်မှ ငါးကီလိုမီတာအဝေးတွင် အတူတကွ စုစည်းထားပါ၏။

ထို့ကြောင့် လမ်းရှစ်လမ်းမှလာသည့် လမ်းသွားလမ်းလာများနှင့် ယာဉ်များက တောင်ဘက်ဂိတ်၌ စုစည်းသွားရာ အင်မတန် လူဦးရေထူထပ်လှသည်။

လူအုပ်နှင့် ဘီးတပ်ယာဉ်များက မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်နေကြသည်ကိုမြင်သော် ရှုယီ အသာမျက်မှောင်ကုပ်မိသွားသည်။

သူဟာ ဆယ်ဗီနီကို တစ်ခေါက် ထပ်တွေ့ချိန်တွင် သူလုပ်သင့်သည့် ပထမဆုံးအကြံပေးမှုမှာ မြို့ထဲသို့ ဝင်ရောက်ခြင်းအတွက် အခွန်စုဆောင်းရေးကို ဖျက်သိမ်းဖို့ရန်ဖြစ်၏။

၎င်းက တကယ်ကို အတော်လေး အချိန်ဖြုန်းတီးရာကျ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၈။ ရေပူစမ်းမြို့

“ကြည့်ဪတာ ရှင်လည်း ဒီပြဿနာကို သတိထားမိပုံပဲ။” ဆယ်ဗီနီက ရှုယီထံ ခေါင်းငြိမ့်ပြသည်၊ “ဒီတော့ ဆိုလိုတာက ဒီပြဿနာက အရမ်းကို ပြင်းထန်နေပြီ ထပ်ပြီး နှောင့်နှေးနေလို့မရတော့ဘူး။”

“နှောင့်နှေးတယ်?” ရှုယီမှာ အသာမျက်မှောင်ကုပ်လိုက်ပါ၏၊ “ဘာလဲ? ပြောင်းလဲဖို့ ခက်ခဲတာလား?”

အန်ဗီမာမြို့တော်အပြင်ဘက်ရှိ လူထူထပ်နေသော ဂိတ်များကို ကြည့်လိုက်ချိန်တွင် ရှုယီမှာ မြို့ ဝင်ခွင့်အခွန် ဖျက်သိမ်းခြင်းအကြောင်း ပြောလိုသွား၏။

သို့သော် မြို့ထဲ ဝင်လိုက်ချိန်တွင် စတေးလ်ကို တွေ့ဖို့ပင် အချိန်မရဘဲ တော်ဝင်နန်းတော်ထံမှ ဘုရင်မအနေနှင့် သူ့အား ချက်ချင်းတွေ့လိုသည်ဟု သတင်းပေးရန် ရောက်လာသော သတင်းပို့သူနှင့် တွေ့ခဲ့ရသည်။

ရှုယီထံ၌ ဆယ်ဗီနီနှင့်အတူ ဆွေးနွေးရန် ကိစ္စများစွာ ရှိနေခြင်းက ကိစ္စကောင်းပင်။ ရှုယီဟာ လဇ်, လင်ဒါနှင့် အက်ဂ်နက်တို့ကို စတေးလ်နှင့်ဆုံရန် သဘောတူထားသည့် နေရာသို့ ဖရီယာအားခေါ်သွားခိုင်းလိုက်ကာ ဆယ်ဗီနီနှင့် တွေ့ဆုံရန် သတင်းပို့သူနှင့်အတူ နန်းတော်ထဲသို့ဝင်လိုက်၏။

ဆယ်ဗီကို တွေ့ချိန်တွင် မြို့‌ထဲဝင်လာစဉ်က‌ တွေ့မြင်ခဲ့သည့်အရာကို သူမထံပြောပြလိုက်ကာ သူမအနေနှင့် မြို့ အဝင်စရိတ်ကဲ့သို့သော ခေတ်မမှီသည့်အရာကို ဖျက်သိမ်းရန် အကြံပြုလိုက်သည်။

ဆယ်ဗီနီက သူ့အား သဘောတူလိုက်သော်လည်း ပြဿနာအချို့တော့ ရှိနေပုံပါပင်။

“ဒါပေါ့” ဆယ်ဗီနီက ကူရာမဲ့နေဟန်ဖြင့် လက်များကို ဖြန့်လိုက်၏၊ “ဂိတ်အခွန်တွေက နိုင်ငံရဲ့ မြို့တွေအတွက် အရေးကြီးတဲ့ အမြတ်ခွန်ရင်းမြစ်ဆိုတော့ ဒါတွေကို ဖယ်ရှားဖို့ဆို လူအတော်များများရဲ့ ဆန့်ကျင်မှုကို ဆွဲ‌ဆောင်မိမှာပဲ။”

ရှုယီမှာ အသာမျက်မှောင်ကုပ်လိုက်မိကာ အတန်ငယ် ရှုပ်ထွေးသွားဟန်ပေါ်နေ၏။

“ဘယ်ခေတ်ရောက်နေပြီလဲ? မြို့တွေက အဓိက အခွန်အတွက် ဂိတ်အခွန်တွေမှာ မှီခိုနေရဆဲဆိုတော့?”

ဆယ်ဗီနီလည်း ရှုယီကို မျက်လုံးများ လှိမ့်ပြလိုက်ပါ၏၊ “ဒါပေါ့ တစ်နှစ်ကို ရွှေဒင်္ဂါးနှစ်သန်းကျော် အခွန်ရနေတဲ့ ဘန်တာမြို့နဲ့မတူဘူးလေ၊ သူတို့ကျတော့ ဂိတ်အခွန်လိုမျိုး အသေးအဖွဲ‌လေးကို စိုးရိမ်နေဖို့ လိုပါ့မလား? ပြောပြမယ် နိုင်ငံရဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေအရဆို လမ်ပူရီတိုင်းပြည်ရဲ့ မြို့ သုံးဆယ့်ခုနစ်ခုမှာ တစ်ဝက်လောက်ရဲ့ နှစ်စဉ်အခွန်က ရွှေဒင်္ဂါးနှစ်သိန်းအောက်ပဲရှိတယ်။ အဲဒီ‌မြို့တွေအတွက် ဂိတ်အခွန်တွေဆီကနေ တစ်‌နှစ်ကို ရွှေဒင်္ဂါးငါးသောင်းကျော် စုဆောင်းရနိုင်တာကြောင့် အရမ်းကို အရေးပါတာပေါ့။”

ရှုယီလည်း ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ၊ “နိုင်ငံက ဘန်တာမြို့ကို ဥပမာထား,ထားပေမယ့် မသင်ယူဘဲနဲ့ တူညီတဲ့အစဉ်အလာကို ထပ်လုပ်နေကြတာပဲ။ အဲဒီမြို့စားတွေက ဘာတွေများစဉ်းစားနေကြတာလဲ? ဆယ်ဗီနီ ဒါက ခင်ဗျားရဲ့ ဘုရင်မတစ်ပါးအနေနဲ့ တာဝန်မဟုတ်ဘူးလား? သူတို့အားလုံးက လမ်ပူရီတိုင်းပြည်ရဲ့ မြို့တွေလေ သူတို့ကြားထဲမှာ ထောက်ခံတာတွေ ခွဲခြားတာတွေ လုပ်လို့မရဘူး။”

ဆယ်ဗီနီက အသာနှာမှုတ်ကာ မိန်းမ‌ငယ်လေးကဲ့သို့ နှုတ်ခမ်းများစူလိုက်ပါ၏။

“ကျွန်မက နိုင်ငံမှာရှိတဲ့ မြို့အားလုံးကို ဘန်တာမြို့လို ကြွယ်ဝမလာစေချင်ဘူးလို့ထင်လို့လား? ဒါပေမယ့် ဒါက အချိန်ယူရမှာပဲ။ ပြီးတော့လည်း မြို့‌တစ်ခုစီတိုင်းက အခြေအနေက မတူဘူးလေ။ အနောက်မြောက်ခရိုင်မှာရှိတဲ့ မြို့တချို့အတွက် မြေမျက်နှာပြင် ရှုပ်ထွေးတာကြောင့် လမ်းတည်ဆောက်ဖို့ ခဲယဉ်းပြီး ပို့ဆောင်ဆက်သွယ်ဖို့လည်း ခက်ခဲတယ်။ ရှင်သာဆိုရင် အဲဒီမှာ စက်ရုံတစ်ရုံ ရင်းနှီးမြှုပ်နှံချင်လား?”

ရှုယီလည်း ခေါင်းခါရုံသာ တတ်နိုင်သည်။

ကုန်သည်တစ်ဦးအနေနှင့် သူဟာ အကျိုးအမြတ်ဆုံးရသည်ကို ရွေးချယ်မည်သာ။

အနောက်မြောက်ခရိုင်၏ တောင်တန်းများ၌ စက်ရုံတစ်ရုံ ရင်းနှီးမြှုပ်နှံဖို့ရန်မှာ အခြားမြို့များ၌ ရင်းနှီးမြှုပ်နှံသည်ထက် အဆများစွာပိုမိုကုန်ကျမည်ဖြစ်သဖြင့် ထိုသို့သော စီးပွားဆုံးရှုံးရမည်မျိုးကို လုပ်မည်မဟုတ်ပေ။

“ဒါကြောင့် ကျွန်မအနေနဲ့ နိုင်ငံ အခြေအနေကို ပြောင်းလဲချင်‌ရင်တောင် ဖြည်းဖြည်းပဲ လုပ်နိုင်တယ်။” ဆယ်ဗီနီက ရှုယီကို ကြည့်လိုက်၏၊ “ဒါက ရှင်ကျွန်မကို ပြောခဲ့ဖူးတဲ့ဟာပဲ မဟုတ်လား?”

ရှုယီလည်း သူ၏ နှာခေါင်းကိုထိလိုက်၏။ သူဟာ နိုင်ငံရေးကို ထိမည်မဟုတ်သလို လမ်ပူရီတိုင်းပြည်၏ ဘုရင်လည်းမဟုတ်သဖြင့် လမ်ပူရီတိုင်းပြည်၏ အရေးကိစ္စများကို ဂရုစိုက်နေရန် မလိုချေ။

“ဒါပေမယ့် ဒီပြဿနာအတွက် အဖြေမရှိတာတော့ မဟုတ်ဘူး။” ရှုယီက ရုတ်တရတ် ခေါင်းစဉ်ပြောင်းလိုက်သည်၊ “မြို့ဝင်ခွင့်အခွန်ကို ကြည့်လိုက်၊ နိုင်ငံတစ်ခုလုံးမှာ ပြဌာန်းလိုက်လို့ ဆန့်ကျင်ခံရမယ်ဆိုရင် နေရာနည်းနည်းလောက်မှ လုပ်ဖို့ အရင်ရွေးမယ်ဆိုရင်ရော?”

“နေရာနည်းနည်း ရွေးရမယ်?” ဆယ်ဗီနီက ရှုယီကို ရှုပ်ထွေးစွာ ကြည့်လိုက်ပါ၏။

“ အရှင်မင်းကြီး လမ်ပူရီဆယ့်သုံးကို ဘန်တာမြို့ကို အထူးစီးပွားရေးဇုန်ဖြစ်အောင် ဘယ်လိုလုပ်ခိုင်းခဲ့လဲ မှတ်မိလား?” ရှုယီက မေး၏။

“အွန်း ဒီအကြံက မဆိုးပါဘူး ဒါပေမယ့်နိုင်ငံက ပြောင်းလဲသွားပြီး အကောင်အထည်မဖော်နိုင်တော့တာက နှမျောစရာပဲ။ ကျွန်မတို့သာ ဒီအစီအစဉ်ကို လုပ်ဆောင်နိုင်ရင်ကောင်းမယ်လို့ စဉ်းစားခဲ့ပေမယ့် အခုတော့ ဘေးချိတ်ထားရဦးမယ်။” ဆယ်ဗီနီက ဆိုသည်။

“အခုက အရင်ကနဲ့မ‌တူဘူး။ ကျုပ် ဘန်တာမြို့ကို အထူးစီးပွားရေးဇုန်လုပ်ချင်ခဲ့တာက ဘန်တာမြို့မှာ ပြုပြင်ရေးတွေလုပ်ဖို့ ပိုလွယ်လာအောင်လို့ပါ။ အခုက နိုင်ငံတစ်ခုလုံး ခင်ဗျားရဲ့ လက်အောက်မှာရှိနေတာကို ဘာလို့ အထူးစီးပွားရေးဇုန်တစ်ခု အတင်းလုပ်ဖို့ လိုမှာလဲ? ဒါပေါ့ မြို့ဝင်ခွင့်အခွန်ပြောင်းဖို့ ဒီအစီစဉ်ကိုလည်း သုံးလို့ရတော့ အရင်ဆုံး မြို့နည်းနည်းကို ရွေးဖို့လိုတယ်။ ခင်ဗျား အဲဒီမြို့တွေကို အခွန်ယူဖို့ ရပ်ပြီး စမ်းသပ်ကြည့်လေ။” ရှုယီက ပြောသည်။

“ရှင်ပြောချင်တာကို နားလည်ပါတယ်။” ဆယ်ဗီနီက ခေါင်းငြိမ့်သည်၊ “စမ်းသပ်မှုရလာဒ်တွေသာ ကောင်းမယ်ဆိုရင် တခြားမြို့တွေလည်း ဆန့်ကျင်ဖို့ အကြောင်းပြချက်ရှိမှာမဟုတ်တော့ဘူး။ ဒါပေမယ့် ဘယ်ရလာဒ်မျိုးက ကောင်းတာလဲ? ပြီးတော့လည်း ရလာဒ်ကောင်းရင်တောင် အခွန်ရပ်ဖို့ အခြေအနေမပေးတဲ့ မြို့တချို့ရှိလာရင် ဘယ်လိုလုပ်ရမလဲ?”

“ရှင်းပါတယ်၊ ခင်ဗျားအနေနဲ့ အချိန်ရလာရင် ဒီပြောင်းလဲမှုကို တွန်းအားပေးလိုက်ရုံပေါ့။ အခြေအနေမပေးဘူးဆိုတာမျိုးက အနောက်ဘက်ခရိုင်က မြိုတော်တွေလိုမျိုး ဖြစ်နိုင်တယ်၊ သူတို့ကတော့ နိုင်ငံရဲ့ ဘဏ္ဍာကနေ အထူး ထောက်ပံ့ကြေး ယူလို့ရတယ်လေ။”

ရှုယီမှာ ကမ္ဘာမြေ၌ ပြုလုပ်ခဲ့ကြသော ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးအပေါ် အခြေခံကာ ဆယ်ဗီနီကို သင့်တော်သည့်အစီစဉ်တစ်ခု ပြောပြလိုက်သည်။

သူ့အနေနှင့် ၎င်းကို မည်သို့ အကောင်အထည်ဖော်ရမည့် အသေးစိတ်အား မရှင်းလင်းသလို ၎င်းအတွက် အရည်အချင်းလည်း မရှိသော်ငြား ယေဘုယျအကြံသာပေးနိုင်ဖို့လိုသည်။

ဆယ်ဗီနီမှာ ထိုယေဘုယျအစီစဉ်များကိုကြားပြီးနောက် မျက်လုံးများတောက်ပလာရာ သူမစိတ်ထဲ အဖြေတစ်ခုရသွားသည်မှာ ရှင်းလင်းပါ၏။

“ပြီးတော့ နိုင်ငံက ထောက်ပံ့ငွေတွေနဲ့တင် အဲဒီ ချို့တ့နေတဲ့ မြို့ကို အခြေနေပြောင်းလို့ရမှာတော့ မဟုတ်ဘူး။ ဒီတော့ ကျုပ်တို့အနေနဲ့ ဒီမြို့တွေအတွက် တခြားအဖြေရှာပြီး သူတို့ရဲ့ အခွန်ကို တိုးဖို့ အကြံပေးတယ်၊ ဒါက သော့ချက်ပဲ။”

ဆယ်ဗီနီက ရှုယီကို ကြည့်လိုက်သည်၊ “ဒါကို လွယ်လွယ်လေး ပြောနေတာပဲ၊ ဒါပေမယ့် တကယ်ပဲ ဒီလို နည်းလမ်းကောင်းရှိရင် ကျွန်မလည်း သုံးပြီးနေလောက်ပြီ။”

ထိုသို့ပြောပြီးနောက် ရှုယီ၏ မျက်နှာထက် ပေါ်လာသော တစ္ဆေဆန်ဆန်အပြုံးကို မြင်သော် ဆယ်ဗီနီလည်းအတွေးတစ်ခုရသွား၏၊ “ရှင့်မှာ အဖြေရှိပြီးသားလား?”

ရှုယီက တစ်ချက်ပြုံးကာ၊ “ဒါက အပေါ်ယံအတွေးပါပဲ၊ အဖြေလို့တော့ သတ်မှတ်လို့မရနိုင်ဘူး။”

“ကိစ္စမရှိဘူး ပြောပြပါ။” ဆယ်ဗီနီ၏ မျက်နှာထက် စိတ်ဝင်စားရန် ပေါ်လာ၏။

ရှုယီလည်း အသာချောင်းဟန့်ပြီးနောက် ဖြည်းဖြည်းချင်းပြောပြလိုက်သည်။

“မတူညီတဲ့ မြို့တွေမှာ မတူညီတဲ့ အခြေအနေတွေရှိနေ‌တယ်ဆိုမှတော့ ကျုပ်တို့တွေ မြို့တစ်ခုစီကို ဘန်တာမြို့အတိုင်း မှော်စက်မှုနယ်ပယ်နဲ့ပဲ ဖွံ့ဖြိုးရမယ်လို့ ကန့်သတ်မနေသင့်ဘူး။ ပြောရရင် ငွေဝင်နိုင်တဲ့ တခြားနယ်ပယ်တွေ အများကြီးရှိတာပဲလေ။”

ဆယ်ဗီနီလည်း အံ့ဩသွား၏။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုယီက အခြားနယ်ပယ်များအကြောင်း ပြောလာသည်ကိုကြားသော် ၎င်းက သူမ၏ မျှော်မှန်းချက်ကို ကျော်လွန်သွားသည်။

“ဥပမာပြောရရင်.... ဘာဆာရူမြို့။ ကျုပ် အရင်တစ်ခေါက် အဲ့ကနေဖြတ်သွားတော့ ဘာဆာရူမြို့မှ ဘာရှားပါးရင်းမြစ်မှမရှိသလို မြစ်ချောင်း တောင်တန်းတွေများတော့ မြေမျက်နှာသွင်ပြင်လမ်းကြောင်းကလည်း မကောင်းတာကြောင့် တိုးတက်မှာအ‌တွက် အရမ်းကို အကန့်အသတ်ရှိတာ တွေ့ခဲ့ရတယ်။ ဒါပေမယ့် အဖိုးတန် ရင်းမြစ်တစ်ခုတော့ ရှိနေတယ်လေ။”

“ဘာ ရင်းမြစ်များလဲ?” ဆယ်ဗီနီလည်း ဘာဆာရူမြို့ထံ၌ မည်သို့သော ရင်းမြစ်ရှိကြောင်း စဉ်းစားရင်း မေးလိုက်သော်လည်း မည်သည့် အဖိုးတန်သည်ကိုမှ မစဉ်းစားမိပေ။

“ရေပူစမ်းတွေ”

“ရေပူစမ်းတွေ?” ဆယ်ဗီနီက အသာမျက်မှောင်ကုပ်၏၊ “ဘာဆာရူမြို့ အနားက တောင်တွေမှာ သဘာဝရေပူစမ်းအတော်များများရှိပြီး အဲ့ထဲတွေမှာ စိမ်ရင် အရမ်းနေလို့ကောင်းတယ်လို့ ကြားဖူးပေမယ့် ဒါက ဘာအသုံးဝင်တာများရှိလို့လဲ?”

“အသုံးဝင်တာပေါ့။” ရှုယီက အသံကို ပုံကြီးချဲ့ဟန်ဖြင့် မြှင့်လိုက်သည်၊ “ရေပူစမ်းတွေက ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက်တင် ကောင်းတာမဟုတ်ဘူး၊ ပထဝီဝင်အပူရင်းမြစ်ကောင်းတွေလည်းရှိတယ်။ ဒါကိုသာ ကောင်းကောင်းသုံးနိုင်မယ်ဆိုရင် ဘာဆာရူမြိုတော်မှာ ခရီးသွားအတော်များများကို ဆွဲဆောင်မယ့် ရေပူစမ်းမြိုတော်တစ်ခု ဆောက်တည်လို့ရတယ်။ ပထဝီဝင် အပူရင်းမြစ်တွေ ကြွယ်ဝတာကြောင့် ဘာဆာရူမြို့အနေနဲ့ လိုအပ်ချက်ရောက်ဖို့ ကိစ္စနည်းနည်းပဲလုပ်ဖို့လိုမယ်။”

“ရေပူစမ်းမြို့?” ဆယ်ဗီနီက တွေးဆဆဖြင့် ခဏတာ မျက်မှောင်ကုပ်လိုက်ပြီးနောက် ခေါင်းငြိမ့်ပါ၏၊ “ဒါက အတော်ကောင်းတဲ့ အကြံပဲ၊ ဒါပေမယ့် ကနဦးရင်းနှီးမြှုပ်နှံမှု အတော်များများ လိုမှာဆိုတော့ ပြဿနာရှိတာက....”

ခေါင်းငုံ့ကာ စဉ်းစားရင်း ဆယ်ဗီနီမှာ အချိန်တိုအတွင်း ဖြေရင်းနိုင်မည့် ပြဿနာမရှိကြောင်း တွေ့လိုက်ရသည်။ လက်တလောတွင် ဘေးဖယ်ကာ ရှုယီကို မေးလိုက်လေ၏၊ “ဒါဆို အနောက်မြောက်ပိုင်းက မြို့တွေကရော? အဲ့နေရာမှာက ဘာရေပူစမ်းတွေမှ မကြွယ်ဝသလို လမ်းခရီးကလည်း ဘာဆာရူမြို့ထက်တောင်ဆိုးတော့ ရှင့်ဆီမှာ ဒါကို ပြောင်းလဲဖို့ ဘာနည်းလမ်းတွေများရှိလဲ?”

ရှုယီက ရယ်မောကာ၊ “ဘုရင်မခင်ဗျာ၊ ဘုရင်မ အလိုရှိသရွေ့ အနောက်မြောက်မြိုတော်တွေရဲ့ လမ်းခရီးက ဆိုးရွားနေရင်တောင် သူတို့ရဲ့ ပို့ဆောင်ရေး လမ်းကြောင်းတွေကို ချိတ်ဆက်မယ့် လမ်းကြောင်းတစ်ခုလုပ်ဖို့ နည်းလမ်းတစ်ခုရှိပါသေးတယ်။”

ဆယ်ဗီနီလည်း သက်ပြင်းချ၍ ခေါင်းခါလိုက်၏၊ “ မဟုတ်ပါဘူး ကျွန်မ အဲ့နေရာကို အမ်ရစ်ကုန်သည်ကြီးများအသင်းကို စုံစမ်းခိုင်းတော့ ဥက္ကဌခရုစ်ကိုယ်တိုင် သူတို့လုပ်ငန်းစု လုပ်နိုင်တာမရှိဘူးလို့ ပြောခဲ့တယ်လေ။ အမ်ရစ်ကုန်သည်ကြီးများအသင်းတောင် မလုပ်နိုင်မှတော့ မဖြစ်နိုင်ဘူးထင်တာပဲ။”

ရှုယီက ရယ်သည်၊ “ဘာလို့လဲဆိုတော့ ဒါကို ဥက္ကဌခရုစ်က ကျုပ်နဲ့ အရင်မဆွေးနွေးဖူးလို့ပေါ့။ သူသာ ကျုပ်တို့လုပ်ငန်းစုက ပိုအသုံးတည့်ပြီး အင်အားကြီးတဲ့ ဆောက်လုပ်ရေးမှော်စက်တွေ ထုတ်လုပ်ခါနီးဖြစ်တယ်ဆိုတာကို သိရင် သူသေချာပေါက် အဲ့စကားတွေကို ပြန်ရုတ်သိမ်းမယ်လို့ယုံတယ်။”

ဆယ်ဗီနီက ရှုယီကို ကြည့်ကာ ဒေါသထွက်သလို ရယ်ရသည်ဟုလည်း ခံစားမိလိုက်၏။

“အဆုံးကျတော့ ရှင်က ရှင်တို့လုပ်ငန်းစုရဲ့ ထုတ်ကုန်အသစ်တွေအကြောင်း ပြောဖို့ ရောက်နေရုံပေါ့? ဥက္ကဌရှု ရှင့်မှာ မှော်စက်အသစ်တွေကို ထုတ်လုပ်ဖို့ အချိန်ရင် ဘယ်အချိန်ကျ ရှင်တို့လုပ်ငန်းစုဆီကနေ ကျွန်မ မှာထားတဲ့ မှော်လေသင်္ဘောအစင်းတရာကို ပို့ပေးနိုင်မလဲဆိုတာ မေးချင်တယ်? ဒီမှော်လေသင်္ဘောတစ်ရာနဲ့ဆို ဘယ်မြေမျက်နှာသွင်ပြင်ကမှ ကျွန်မကို တားနိုင်မှာမဟုတ်တော့ဘူး ဟုတ်တယ်မလား?”

“ဒါက...” ရှုယီက နေရခက်စွာပြုံးသည်၊ “ဘုရင်မ မှော်လေသင်္ဘောတွေကအရမ်းကို အကန့်အသတ်များလို့ ခင်ဗျားထင်သလောက် အားမကောင်းပါဘူး။ ဘယ်အချိန်လွှဲပေးနိုင်မယ်ဆိုတာကတော့.... လုပ်ငန်းစုက ထုတ်လုပ်နိုင်စွမ်းကို တိုး‌နေတာမို့ အဖြေအတိအကျရဖို့ သိပ်မလိုတော့ဘူးထင်ပါတယ်။”

ဆယ်ဗီနီက အေးစက်စက်နှာမှုတ်၍ ရှုယီကို ဆက်မမေးတော့ပေ။

ရှုယီလည်း ချွေးများသုတ်ကာ ထိုခေါင်းစဉ်ကို အရင်ဘေူချိတ်ထားဖို့ ဆုံးဖြတ်လိုက်ပါ၏။ သူက သူ၏ ရင်ဘတ်ကို မွှေနှောက်၍ စာအုပ်လေးတစ်အုပ်ထုတ်ပေးလိုက်သည်။

“ကျုပ် မြို့ထဲ ဝင်လာတော့ ဂိတ်မှာ မှော်ကားပုံစံအစုံတွေ့ခဲ့ရပြီး ပြဿနာတစ်ခုရုတ်တရတ် စဉ်းစားမိသွားတာ။ ဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတယ် ဘုရင်မ ကြည့်လိုက်ပါဦး။”

ဆယ်ဗီနီကတော့ ထိုစာအုပ်မှာ ရှုယီ ယခုမှလုပ်ထားသည်ဟူသည်ကို မယုံသော်လည်း အင်မတန်လေးနက်နေသဖြင့် ခေါင်းငြိမ့်ကာ ယူလိုက်သည်။

အဖုံးဖွင့်လိုက်ချိန်တွင် ပထမစာမျက်နှာ၌ စာလုံးကြီးများဖြင့် ရေးထားသည်ကို မြင်လိုက်ရ၏၊ ၎င်းမှာ — မှော်စက်မှုနယ်ပယ်ရှိ စွမ်းအင်စံပြုခြင်း၏ အရေးကြီး အခန်းကဏ္ဍ ဟူ၍ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၉။ စွမ်းအင်ထိန်းချုပ်ခြင်း

ဆယ်ဗီနီမှာ စာအုပ်ကို ဖြည်းဖြည်းချင်း အလေးအနက်ဖတ်ရှုနေရာ တစ်လုံးချင်းဖတ်နေလုနီးပါးပင်။

စာအုပ်က ပါးကာ ရေးထားသည့် စာလုံးများများစားစားမရှိသော်လည်း ဆယ်ဗီနီမှာ ထိုစာအုပ်၏ နောက်ဆုံးစာလုံးကို ဖတ်ရှုပြီးသည်အထိ နာရီဝက်ကြာခဲ့သည်။

ဖတ်ရှုပြီးနောက် ဆယ်ဗီနီမှာ မျက်လုံးများပိတ်၍ ဆယ်မိနစ်ကျော်ကြာ အတွေးထဲနစ်ပြီးမှ ပြောလာသည်။

“ရှုယီ ကျွန်မတို့လမ်ပူရီတိုင်းပြည်ဆီ ယူလာမယ့် အကျိုးအမြတ်တွေကိုပဲ ဒီမှာရေးထားတယ်၊ စွမ်းအင်စံပြုခြင်းကနေ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကို ယူလာနိုင်မယ့် အကျိုးအမြတ်တွေကို ပြောပြလို့ရမလား?”

ရှုယီလည်း အသာပြုံးလေ၏၊ “ဘုရင်မ ခင်ဗျား အမှန်ကိုကြားချင်လား လိမ်ညာတာကို ကြားချင်လား?”

ဆယ်ဗီနီက မပျော်ရွှင်စွာဖြင့် ရှုယီကို စိုက်ကြည့်လာသည်၊ “ဘုရင်မကို လိမ်လည်လှည့်ဖျားတာက သေဒဏ်ခံရမယ့် အပြစ်ပဲ။”

ရှုယီက ရယ်၍ဆို၏၊ “ဒါက ဆိုးရွားဖို့ လှည့်ဖျားတာမဟုတ်ရင်ရော? အနည်းဆုံးတော့.... အလိမ်အညာမို့ အဲ့လောက် ထိခိုက်မှုမရှိဘူးပေါ့?”

“အလုပ်ဖြစ်မှာမဟုတ်ဘူး။” ဆယ်ဗီနီက အလေးအနက်ပြောသည်၊ “ကျွန်မသာ ဒီစွမ်းအင်စံပြုခြင်းကနေ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းဆီ ယူလာပေးမယ့် အကျိုးအမြတ်တွေကို မသိရဘူးဆိုရင် နိုင်ငံလွှတ်တော်က အဖွဲ့ဝင်တွေလည်း ရှင့်ရဲ့အကြံပြုချက်နဲ့ ဒီပြုပြင်ရေးကို လိုက်လုပ်ဖို့ စိတ်ချကြမှာမဟုတ်ဘူး။”

“ဒါဆို ဘုရင်မကတော့ ကျုပ်ကို ယုံကြည်တဲ့ အဓိပ္ပာယ်ပေါ့။” ရှုယီက မေးသည်။

“ကျွန်မသာ ရှင့်ကို မယုံရင် ဒါတွေအကုန် ဘယ်လိုလုပ်ပြောပြမှာလဲ?” ဆယ်ဗီနီက ရုတ်တရတ် သက်ပြင်းချသည်၊ “ဒီမှာ ဘယ်သူမှမရှိဘူး၊ တစ်ချိန်လုံး ဘုရင်မလို့ ခေါ်နေတာရပ်လိုက်တော့။ အရင်ကလို တစ်ယောက်နဲ့ တစ်ယောက် နာမည်ပဲခေါ်ရအောင် ဟုတ်ပြီလား?”

ရှုယီလည်း အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် တဖြည်းဖြည်းခေါင်းငြိမ့်သည်၊ “ဟုတ်ပါပြီ ဆယ်ဗီနီ, ဒီစွမ်းအင် စံပြုခြင်းက လမ်ပူရီတိုင်းပြည်ရဲ့ စွမ်းအင် စီမံခန့်ခွဲရေးကို တစ်ခုတည်းအဖြစ် စုစည်းပေးပြီး ထိန်းချုပ်မှုကို တင်းကြပ်နိုင်တယ်လေ ဒီအစီရင်ခံစာမှာ ရေးထားသလိုပေါ့။ ဒီစွမ်းအင်စံပြုခြင်းက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကတော့ ကျုပ်သာ ကျုပ်တို့လုပ်ငန်းစုကို အားစိုက်ထုတ်မှု အတော်လေးသက်သာစေနိုင်မယ်လို့ပြောရင် ယုံကြည်လား?”

“အိုး?” ဆယ်ဗီနီက အနည်းငယ် စူးစမ်းလိုလာ၏၊ “ဘာ အားစိုက်ထုတ်မှုကို သက်သာစေတာလဲ?”

“နှိုင်းစာချက်တစ်ခု ပေးဖို့” ရှုယီမှာ ခဏတာရပ်တန့်လိုက်ပြီးနောက် ပြောသည်၊ “မှော်ပန်ကာ တစ်လုံးအတွက် မှော်သလင်းကျောက် အရည်အသွေးနဲ့ အရွယ်အစားမတူတာကြောင့် ကျုပ်တို့လုပ်ငန်းစုက မှော်ပန်ကာကို ဒီဇိုင်းဆွဲတဲ့အချိန်မှာ ဒီမတူညီတဲ့အပိုင်းတွေကို စဉ်းစားဖို့လိုတယ်။ ကျုပ်တို့အနေနဲ့ ဒီဇိုင်းနဲ့ပတ်သက်လာရင် အချိန်များများပိုပေးတဲ့အခါ မရှိမဖြစ် လိုအပ်တာမျိုးမဟုတ်တဲ့ ကုန်ကျစရိတ်ကို ဖြစ်လာစေတယ်။”

“ဒီတော့ ရှင်က မှော်ပန်ကာအားလုံးကို အမျိုးအစားတူ မှော်သလင်းကျောက်တွေ သုံးစေချင်တာလား?” ဆယ်ဗီနီက ချက်ချင်းမေးလေသည်။

“ဟုတ်တယ်။” ရှုယီက ခေါင်းငြိမ့်သည်၊ “တကယ်တော့ ကျုပ်တို့လုပ်ငန်းစုက အမြဲ ဒီလိုလုပ်နေတာပဲလေ။ ဥပမာပြောရရင် ကျုပ်တို့ လုပ်ငန်းစု တည်ထောင်ထားတဲ့ မှော်သလင်းကျောက်သန့်စင်စက်ရုံအသစ်က တူညီတဲ့မှော်သလင်းကျောက်တွေ လုပ်ဖို့ အဓိကထား,ထားတယ်။ မှော်စက်အသစ်တွေကို ထုတ်လုပ်တဲ့အခါမှာ ကျုပ်တို့လုပ်ငန်းစုက ချမှတ်ထားတဲ့ စံနှုန်းကြောင့် အိမ်သုံးမှော်စက်အသစ်တွေကို သုံးတဲ့လူတွေအနေနဲ့ သန့်စင်ထားပြီးသား မှော်သလင်းကျောက်တွေကို ဝယ်လိုက်ဖို့ပဲလိုတယ်။”

“အင်း ဒါအကြံက မဆိုးဘူးပဲ။” ဆယ်ဗီနီက ချီးကျူးသည်၊ “ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်နယ်ပယ်အပေါ် အကြွင်းမဲ့လွှမ်းမိုးမှုနဲ့ဆိုရင် လူတွေကို တွန်းအားပေးဖို့ အိမ်သုံးမှော်စက်တွေကို အသုံးပြုချင်တဲ့အခါကျ ရွေးစရာမရှိဘဲ ရှင်တို့စံနှုန်းကို လိုက်နာရတော့မှာပေါ့။ သူတို့ကို စံနှုန်းသစ်မှော်သလင်းကျောက်တွေသုံးဖို့လည်း တိုက်တွန်းလို့ရတယ်။”

“အချက်အလက်တွေက ခင်ဗျားထင်သလောက်မကောင်းပါဘူး။” ရှုယီက ခါးသက်သက်ပြုံး၍ ပြောသည်၊ “ကျုပ်တို့ Frestech တံဆိပ် အိမ်သုံးမှော်စက်တွေက အကျော်ကြားဆုံး အိမ်သုံးမှော်စက်တွေဆိုပေမယ့်လည်း ဒီစံနှုန်းသစ်ကို ပြဌာန်းလိုက်ပြီးနောက်ကျရင် ထောက်ခံမှုကြီးကြီးမားမားရှိလာမယ်ဆိုပေမယ့်..... ဒီချဉ်းကပ်မှုက ကျုပ်တို့ရဲ့ စံပြုမှော်သလင်းကျောက်တွေကို မသုံးချင်တဲ့ ဖောက်သည်ဟောင်းတွေကို တခြားတံဆိပ်တွေ ပြောင်းသုံးမိစေလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့ လုပ်ငန်းစုရဲ့ အိမ်သုံးမှော်စက်ဌာန ရောင်းအားက အရင်လမှာ ၁၃% ကျသွားတယ်လေ။”

“တကယ်ကြီး အဲ့လောက်တောင်ကျသွားတယ်လား?” ဆယ်ဗီနီမှာ မနေနိုင်ဘဲ မျက်ခုံးပင့်လျက် အံ့ဩသွားပုံရသည်။

အိမ်သုံးမှော်စက်အပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းမှာ သံသယဝင်စရာမလိုလောက်အောင် အကောင်းဆုံးဖြစ်ပြီး ၎င်းတို့၏ ဦးဆောင်မှုကို အခြားယှဉ်နိုင်သည့် လုပ်ငန်းစုများမှာ ပမာ‌ဏလေးတစ်ခုစာပင် မရှိပေ။

Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များက အခြားတံဆိပ်များထက် အနည်းငယ် ပိုမို ဈေးကြီးသော်လည်း Frestech တံဆိပ်၏ ကောင်းမွန်သည့် လုပ်ဆောင်ချက်နှင့် အရည်အသွေးတို့ကြောင်ပ လူများမှာ အမြဲလိုလို အိမ်သုံးမှော်စက်များဝယ်ယူရာတွင် Frestech တံဆိပ်အား ၎င်းတို့၏ ပထမဆုံးရွေးချယ်မှုအပြည့်ထားရှိကြသည်။

သို့ရာ၌ ဤအခြေအနေတွင် Frestech တံဆိပ်၏ ရောင်းအားမှာ ၁၃ရာခိုင်နှုန်းကျဆင်းသွားသည်က တကယ်ကို အံ့ဩဖွယ်ရာပင်။

“ဒါတော့မမှန်ဘူး....” ဆယ်ဗီနီက ရှုပ်ထွေးစွာ ပြောလိုက်သည်၊ “စံပြုမှော်သလင်းကျောက်တွေကို သုံးပြီး အိမ်သုံးမှော်စက်တွေရဲ့ လည်ပတ်ချိန်ကို တိုးနိုင်သလို သူတို့ရဲ့ သက်တမ်းကိုတောင် ဆွဲဆန့်နိုင်တာကို ဘာလို့ လူတွေက လက်ခံဖို့ ဆန္ဒမရှိကြတာလဲ? ရှင်က စံပြုမှော်သလင်းကျောက်တွေရဲ့ လုပ်ဆောင်ချက်ကို ကြော်ငြာမထားခဲ့လို့များလား?”

“မဟုတ်ပါဘူး ဒီစံနှုန်းကို ပြဌာန်းဖို့ ကျုပ်တို့လုပ်ငန်းစုက အနည်းဆုံး ရွှေဒင်္ဂါးနှစ်ရာ ရင်းနှီးမြှုပ်နှံခဲ့ပြီး စံပြုမှော်သလင်းကျောက်တွေရဲ့ အကျိုးကျေးဇူးကိုလည်း ကြော်ငြာခဲ့တယ်လေ။ ဒါပေမယ့်.... အိမ်သုံးမှော်စက်ဝယ်တဲ့ ဖောက်သည်အတော်များများအတွက် ဂရုအစိုက်ဆုံးက သုံးလို့လွယ်မလား ဘယ်လောက်အဆင်ပြေမလဲ ဆိုတာ လောက်ပဲ။ ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်စက်တွေက စံပြုမှော်သလင်းကျောက်တွေကိုပဲ အသုံးပြုသလိုမျိုး ဝယ်လို့ရနိုင်မယ့် နေရာလည်းနည်းနည်းပဲရှိတယ်။ သူတို့ သုံးဖို့အဆင်မပြေမှတော့ လက်လျှော့ဖို့ ရွေးချယ်လိုက်ကြ‌တာပေါ့။”

“မဖြစ်နိုင်တာ။” ဆယ်ဗီနီက ရုတ်တရတ် ခေါင်းခါသည်၊ “ရှုယီ ရှင်ဒါကို ကြိုတင်မခန့်မှန်းထားတာ မဖြစ်နိုင်ဘူး၊ ဒါ‌ဆိုဘာလို့ ဒီလိုလုပ်ခဲ့တာလဲ?”

ရှုယီက နှုတ်ခမ်းများစေ့ကာ ပြုံးသည်၊ “ဟုတ်တယ် တကယ်ကို ခန့်မှန်းထားပြီးသားမို့ တကယ်က စမ်းသပ်တာ သက်သက်ပဲလေ။ ကျုပ်အနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့တင် ဒီစွမ်းအင်စံနှုန်းပြုခြင်းကို ပြဌာန်းနိုင်မလားလို့ ကြည့်ချင်တာ။”

“ဒီတော့ ရှင်ကျရှုံးသွားလို့ ကျွန်မဆီ အကူအညီလာတောင်းတာပေါ့?” ဆယ်ဗီနီမှာ ရှုယီကို မကောင်းဆိုးဝါးသဖွယ် ပြုံးကြည့်လာသည်။

“ဒါက.... ဘုရင်မ....” ဆယ်ဗီနီ သူ့အား ကြည့်လာသည်ကိုမြင်သော် ရှုယီလည်း အသံအနေအထားပြောင်းလိုက်သည်၊ “ ဆယ်ဗီနီ ခင်ဗျားက ကျုပ်ရဲ့ မိတ်ဆွေကောင်း‌ဆိုတော့ မိတ်ဆွေတွေကို ကူညီတာက မိတ်ဆွေတစ်ယောက်လုပ်သင့်တဲ့အရာပဲလေ။ လမ်ပူရီတိုင်းပြည်အတွက်လည်း အကျိုးအရမ်းရှိမှာဆိုတော့ ခင်ဗျားကျုပ်ကို မငြင်းလောက်ပါဘူး ဟုတ်တယ်မလား?”

ဆယ်ဗီနီမှာ ရှုယီကို ခဏတာကြည့်လိုက်ပြီးနောက် လက်ထဲရှိ စာအုပ်လေးကို ငုံ့ကြည့်သည်။ ခဏတာ စဉ်းစားပြီးနောက် ဆယ်ဗီနီ ခေါင်းအသာငြိမ့်လာ၏။

“ဟုတ်ပြီ ကျွန်မ သဘောတူရင်တောင် ရှင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ? တခြားနည်းလမ်းတွေမရှိဘဲ အားအပြည့် ပြဌာန်းချင်ရင် နိုင်ငံလွှတ်တော်က သေချာပေါက် လက်ခံမှာမဟုတ်ဘူး။”

“ဒါပေါ့။” ဆယ်ဗီနီက ခေါင်းငြိမ့်လာသည်ကိုမြင်သော် ရှုယီလည်း ယုံကြည်ချက်ရှိရှိပြုံးလေသည်၊ “ပထမဆုံး ခင်ဗျား အနေနဲ့ တော်ဝင်မိသားစုနာမည်ရှိတဲ့ လုပ်ငန်းစုတစ်စု တည်ထောင်ဖို့ အကြံပေးတယ်။”

“တော်ဝင်မိသားစုဆီမှာ လုပ်ငန်းစုတစ်ခုရှိပြီးနေပြီ၊ လူးဝစ်စီမံခန့်ခွဲတာ။ ရှင် သူ့ကို မသိဘူးလား?” ဆယ်ဗီနီမှာ တအံ့တဩပြန်မေးလိုက်သည်။

“ဒါက မတူဘူး။” ရှုယီ ခေါင်းခါသည်၊ “ဒီလုပ်ငန်းစုအနေနဲ့ ဒီလုပ်ငန်းစုကို တော်ဝင်မိသားစုကပဲပိုင်တယ်လို့ လူတိုင်းကို ပြောသင့်တယ်။ ဒီလုပ်ငန်းစုရဲ့ စီးပွားရေးအတွက်တော့ လမ်ပူရီတိုင်းပြည်ကလူတွေပဲ ဝင်ပါနိုင်ပြီး တခြား ဘယ်ကုန်သည်ကိုမှ ကြားဝင်ခွင့်မပြုနဲ့။”

ဆယ်ဗီနီ အံ့ဩသွားသည်၊ “ဒါက အရမ်းမလွန်ဘူးလား? တော်ဝင်လွှတ်တော်ရဲ့ စည်းမျဉ်းတွေမှာ ဘယ် မျိုးရိုးမြင့်တွေကိုမှ စီးပွားရေးထဲဝင်မပါခိုင်းထားဘူး၊ တော်ဝင်မိသားစုကတောင် ချွင်းချက်မဟုတ်ဘူး။”

“ဒါက ကိစ္စမရှိပါဘူး၊ ဘယ်နာမည်ပဲ ဖြစ်ဖြစ် ဒီအချက်အလက်ကို ဖြန့်လိုက်ဖို့ပဲလိုတာ။ လိုရင်းပြောရရင် ဘယ်သူ့ကိုမှ ဒီနယ်ပယ်ထဲ ဝင်ခွင့်မပြုရဘူး။”

ဆယ်ဗီနီက အသာမျက်မှောင်ကုပ်၊ “အဲ့လောက် ပြင်းထန်တာလား?”

ရှုယီက နှာမှုတ်ကာ၊ “ဒါပေါ့ ဆယ်ဗီနီ ဒီလုပ်ငန်းက နယ်မြေကြီးရဲ့ အုတ်မြစ်ကို ထိန်းချုပ်ပြီး ဒီလုပ်ငန်းကို ထိန်းချုပ်နိုင်တာနဲ့တင် အာဏာအစစ်ကို ထိန်းချုပ်နိုင်မယ်လို့ ပြောနိုင်တယ်။ ခင်ဗျားသာ တော်ဝင်မိသားစုကို လမ်ပူရီတိုင်းပြည်ကို ထိန်းချုပ်စေချင်ရင် ဒီလုပ်ငန်းကို ထိန်းချုပ်ရမယ်။”

ဆယ်ဗီနီက ရှုယီကို တအံ့တဩကြည့်လာသည်။

ရှုယီကို အချိန်ကြာသိလာပြီးနောက် သူမအနေနှင့် ယခင်က သူ၏ လေးနက်နေဟန်ကို အကြိမ်များစွာ မြင်ဖူးသော်လည်း ဤမျှ လေးနက်နေသည်ကိုတော့ မမြင်တွေ့ခဲ့ဖူးချေ။

သူ၏ လေသံ‌အနေအထားကြောင့် ဆယ်ဗီနီအနေနှင့် ရှုယီ၏ အမြင်တွင် ဤလုပ်ငန်းစုရဲ့ စီးပွားက သူမ စိတ်ကူးထားသည်ထက် များစွာပိုမို အရေးပါမည်ကို သိလိုက်သည်။

ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆယ်ဗီနီက ခေါင်းငြိမ့်ပါ၏၊ “ဟုတ်ပြီလေ ကျွန်မ ဒါကို စဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ကျွန်မကို မပြောရသေးဘူးနော် ဒီလုပ်ငန်းစု ဘယ်လုပ်ငန်းထဲဝင်ရမှာလဲ?”

“ယေဘုယျအနေနဲ့ စွမ်းအင်လုပ်ငန်း။ ဒီလုပ်ငန်းစုနာမည်က လမ်ပူရီတိုင်းပြည် စွမ်းအင်ကုန်သည်ကြီးများအသင်းဖြစ်လိမ့်မယ်။” ရှုယီပြော၏။

“စွမ်းအင်? မှော်သလင်းကျောက်လား?” ဆယ်ဗီနီမှာ ပို၍ ရှုပ်ထွေးသွားသည်၊ “မှော်သလင်းကျောက်တွေက နေရာတိုင်းမှာရှိနေတာ ဘယ်လိုလုပ် အရေးပါမှာလဲ?”

ရှုယီက ခေါင်းခါသည်၊ “ဆယ်ဗီနီ ခင်ဗျားသာ ဒီလိုစဉ်းစားရင် လမ်ပူရီတိုင်းပြည်က တိုးတက်ဖို့ အခွင့်ကောင်းကို လက်လွှတ်လိုက်ရလိမ့်မယ်။ ကျုပ် ရဲရဲတင်းတင်း ခန့်မှန်းထားတာရှိတယ်၊ အနာဂတ်စိုင်စ်နယ်မြေကြီးမှာ စွမ်းအင်ကို ထိန်းချုပ်ထားတဲ့လူတွေက နယ်မြေကြီးကို ထိန်းချုပ်ရလိမ့်မယ်။ ဒီစွမ်းအင်က ယေဘုယျ ရည်ညွှန်းမှုလေးတစ်ခုပဲ ဆိုပေမယ့် အခုတော့ မှော်သလင်းကျောက်ကို ကိုယ်စားပြုတာပေါ့။”

ဆယ်ဗီနီက သံသယအပြည့်ဖြင့် ခဏတာရပ်တန့်သွားသည်။

သို့သော် ရှုယီက အတန်ကြာ ယုံကြည်ချက်ရှိနေသေးသည်ကိုမြင်သော် ဆယ်ဗီနီ၏ ရှုပ်ထွေးမှုက တဖြည်းဖြည်း ပျောက်ကွယ်လာ၏။

“ဟုတ်ပြီ ကျွန်မရှင့်ကို ယုံတယ်။” သူမဟာ ယုံကြည်မှုကို မြှင့်တင်လိုက်သကဲ့သို့ ခေါင်းငြိမ့်သည်၊ “ရှုယီ ရှင့်ရဲ့ ကြိုတင်ခန့်မှန်းချက်တွေက အခုထိ မကျဆုံးသေးတော့ ကျွန်မအနေနဲ့ ရှင့်ရဲ့ စွမ်းအင် ခန့်မှန်းချက်ကိုယုံကြည်မှာပါ။ ဒါပေမယ့် စွမ်းအင်က မှော်သလင်းကျောက်တွေကိုပဲ ရည်ညွှန်းတယ်ဆိုရင် နယ်မြေကြီးမှာ မှော်သလင်းကျောက်တွေက နေရာတိုင်းမှာရှိနေတာကြောင့် အပြည့်အဝ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလေ။”

“ဒါကြောင့် ကျုပ်အနေနဲ့ စွမ်းအင်စံပြုခြင်းအ‌တွက် ဒီလိုတောင်းဆိုလာရတာပေါ့ ဟုတ်ပြီလား?” ရှုယီက စားပွဲထက်ရှိ စာအုပ်လေးကို ညွှန်ပြလာသည်၊ “မှော်သလင်းကျောက်တွေက နေရာတိုင်းမှာရှိပေမယ့် သန့်စင်မှုမြင့်မားပြီး အဆီအနှစ်ကြွယ်ဝတဲ့ သန့်စင်ပြီးမှော်သလင်းကျောက်တွေကို နေရာတိုင်းမှာ ရှာမတွေ့နိုင်ဘူး။”

ဆယ်ဗီနီ၏ မျက်လုံးများက ချက်ချင်းတောက်ပလာပါ၏။

“ရှုယီ ရှင်က မှော်သလင်းကျောက်သန့်စင်ခြင်းနည်းပညာကို ပေးချင်နေတာလား?”

ရှုယီလည်း အသာပြုံး၍ ဆယ်ဗီနီထံ လက်လှမ်းလိုက်သည်။

“ဘုရင်မအနေနဲ့ လမ်ပူရီတိုင်းပြည်ကို ကိုယ်စားပြုပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ စိုင်စ်နယ်မြေကြီးပေါ်မှာ ပထမဆုံးမှော်စွမ်းအင်ဖြည့်တင်းရုံကို ဖွင့်ဖို့ ဆန္ဒရှိရဲ့လား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၅၀။ ကားထဲဝင်ဖို့ စိတ်ဝင်စားလား?

ရှုယီ တော်ဝင်နန်းတော်မှ ထွက်လာချိန်တွင် ညရောက်နေပြီဖြစ်သည်။

သူဟာ စတေးလ် ကြိုတင်ငှားယူထားသည့် တည်းခိုခန်းသို့ အမြန်သွားလိုက်သော် စတေးလ် မရှိရုံသာမက ကြိုရောက်နေပြီးသား အက်ဂ်နက်စ်တို့သည်လည်း မရှိတော့သည်ကို မြင်လိုက်ရသည်။

အစေခံများကို မေးကြည့်ပြီးနောက် မဒမ်စတေးလ်က ရှုယီကို အချိန်ကြာစောင့်စားနေပြီးသည်တွင် စိတ်လှုပ်ရှားနေသည့် ဖရီယာ၊ အက်ဂ်နက်စ်နှင့် ကျန်သူတို့ကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားသည်ဟု ဆိုသည်။

“မဒမ်က ဥက္ကဌ ပြန်လာလို့ သူတို့ ပြန်မရောက်သေးရင် မြို့အနောက်ပိုင်းမှာ အသစ်ဆောက်ထားတဲ့ ဆန်းသစ်လကပွဲရုံမှာ လာရှာဖို့ ပြောခဲ့ပါတယ်။”

“ဆန်းသစ်လကပွဲရုံ? ဘာလဲ? ဒီနေ့ ဆန်းသစ်လဆပ်ကပ်အဖွဲ့က ဖျော်ဖြေမှာလား?”

ဆန်းသစ်လဆပ်ကပ်အဖွဲ့ ရှုယီနှင့်အတူ စတက်တိန်းနယ်မြေသို့ ပြန်လာချိန်ကဆိုလျှင် ၎င်းတို့လေ့ကျင့်သည်မှာ တစ်နှစ်ရှိပြီဖြစ်သည်။

လမ်ပူရီတိုင်းပြည်၏ အခြေနေတည်ငြိမ်သွားသည်နှင့် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့လည်း ဖျော်ဖြေမှုများ တစ်ဖန်လုပ်ဆောင်လာခဲ့၏။

တစ်နှစ်ကုန်လွန်သွားသော်လည်း ဆန်းသစ်လ ဆပ်ကပ်အဖွဲ့၏ လမ်ပူရီတိုင်းပြည်ရှိ ကျော်ကြားမှုက မကျဆင်းသွားခဲ့ပေ။ ၎င်းတို့ပြန်လာသည်နှင့် တက်တက်ကြွကြွအားပေးခံကြရသည်။

သို့သော် ဆန်းသစ်လဆပ်ကပ်အဖွဲ့အနေနှင့် လမ်ပူရီတိုင်းပြည်၌ အုတ်မြစ်မရှိသဖြင့် ဖျော်ဖြေချိန်တွင် စင်မြင့်ငှားရမ်းဖို့လိုသည်က အင်မတန် အဆင်မပြေဖြစ်လှသည်။

ထို့ကြောင့် စတေးလ်မှာ အန်ဗီမာမြို့တော်၌ ဆန်းသစ်လအဖွဲ့ အသုံးပြုရန်အတွက် နေရာတစ်ခုတစ်ဆောက်ရန် ဆုံးဖြတ်ခဲ့ပါ၏။ ၎င်းကို ရှုယီနှင့်အတူ အဆိုပြုကာ ဘုရင်မဆယ်ဗီ၏ ထောက်ခံမှုဖြင့် လမ်ပူရီတိုင်းပြည်နှင့် ပူးပေါင်းပြီး ကမ္ဘာမြေရှိ ကဇာတ်ရုံများကဲ့သို့ ဆန်းသစ်လကဇာတ်ရုံကို တည်ထောင်ခဲ့ကြလေသည်။

ပြောဖို့ လိုအပ်သည့်မှာ ဆန်းသစ်လ ကဇာတ်ရုံက စုစုပေါင်း ရွှေဒင်္ဂါး ခြောက်သိန်းကုန်ကျခဲ့ပါ၏။ စတေးလ်မှာ ရှုယီထံမှ ဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းထံမှ ဖြစ်စေ တစ်ပြားတချပ်မှ မယူချေ၊ ၎င်းတို့အားလုံးမှာ သူမဆီမှသာဖြစ်သည်။

ယခင်က ဆန်းသစ်လဆပ်ကပ်အဖွဲ့၏ ဖျော်ဖြေပွဲများထံမှ စုဆောင်းထားခဲ့သော ငွေများအပြင် အပိုင်းကြီးတစ်ခုမှာ သားရဲလူမျိုးများအနေနှင့် ဆန်းသစ်လ ကုန်သည်ကြီးများအသင်းထံမှတဆင့် အလုပ်သမား အထောက်အထား ရရှိရန် ပေးဆောင်ခဲ့ကြသည့် အခကြေးငွေမှလာသည်။

မှန်ပါ၏၊ ၎င်းမှာ မလုံလောက်သေးသဖြင့် စတေးလ်က ဆန်းသစ်လကုန်သည်ကြီးများအသင်း အမည်ဖြင့် ခီမဲရာ ကုန်သည်ကြီးများအသင်းထံမှ ချေးငွေအချို့ယူခဲ့သည်။

ခီမဲရာကုန်သည်ကြီးများအသင်းတွင် ချေးငွေအတွက် အတိုးမြင့်လှသော်လည်း ဆန်းသစ်လဆပ်ကပ်အဖွဲ့၏ ဖျော်ဖြေပွဲများက အမြဲ ရောင်းထွက်နေပြီး ဆန်းသစ်လ ကုန်သည်ကြီးများအသင်းမှာ ၎င်းထံမှ ငွေအများအပြားရရှိလေသည်။ စတေးလ်၏ ခန့်မှန်းခြေအရ ချေးငွေအားလုံးကို ပြန်ဆပ်ရန် ၂နှစ်သာကြာပေလိမ့်မည်။

ရှုယီမှာ စတေးလ်ထံ၌ သန်မာသည့်စရိုက်ရှိကြောင်း သိထားသ‌ဖြင့် စတေးလ်က ၎င်းပြဿနာကို တစ်ဦးတည်းဖြေရှင်းလိုသည်ဟု ဆိုခဲ့ချိန်တွင် အစကတည်းက စတေးလ်ထံသို့ မည်သည့် ဘဏ္ဍာငွေအထောက်အပံ့မှ မပေးခဲ့ပေ။

“ဟုတ်တယ် ဆန်းသစ်လ ဆပ်ကပ်အဖွဲ့က အပတ်စဉ်တိုင်း ဖျော်ဖြေပွဲ သုံးပွဲကျင်းပပြီး ဒီနေ့က လအလယ်မှာ ဖြစ်သွားတော့ ဖျော်ဖြေပွဲက ပုံမှန်ထက် ပိုကြီးနေလိမ့်မယ်။” ထိုသို့ပြောပြီးနောက် အိမ်စေလေးမှာ နောင်တရသွားဟန်ပေါ်လာသည်၊ “အရင်လက သွားဖို့ ကျွန်မကို လာမေးခဲ့တဲ့ အပေါင်းအသင်းတချို့တောင်ရှိသေးတယ်....”

ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ပေ၊ “ဘာလဲ? ကျုပ် ရုတ်တရတ် လာလည်လို့ ဒီအခွင့်အရေးလွတ်သွားတာလား?”

အိမ်စေလေး၏ အမူအရာက ရုတ်တရတ် တည်သွားကာ အမြန်လက်ယမ်းလာသည်၊ “မဟုတ်ပါဘူး မဟုတ်ပါဘူး ဥက္ကဌ၊ ဒီလိုပြောတာမဟုတ်ပါဘူး အထင်မလဲပါနဲ့။ ကျွန်မက ဥက္ကဌကို ညည်းနေတာမဟုတ်ပါဘူး၊ ဥက္ကလာလို့ အရမ်းဝမ်းသာမိပါတယ်။ ဒီသတင်းရပြီးတော့ မဒမ်က လတစ်ဝက်လောက် ပြင်ဆင်ခဲ့ပြီး ဒီတလော အရမ်းဝမ်းသာနေခဲ့တာလေ။”

စတေးလ်ဖြစ်စေ ရှုယီဖြစ်စေ ၎င်းတို့မှာ ၎င်းတို့၏ လက်အောက်ငယ်သားများအပေါ် အင်မတန် ကောင်းမွန်ပါ၏၊ ထို့ကြောင့် ဤအိမ်စေလေးက ရှုယီရှေ့၌ ထိုသို့သော စကားများပြောခြင်းပင်။

တကယ်တမ်းတွင် အခြားမျိုးရိုးမြင့် သို့မဟုတ် ကုန်သည်၏ အိမ်ဆိုပါလျှင် ၎င်းတို့၏ သခင်များရှေ့ ညည်းညူဝံ့သူများမှာ အဆုံးသတ်ကောင်းမည်မဟုတ်ပေ။

“ဟုတ်ပါပြီ စိတ်လှုပ်ရှားစရာမလိုပါဘူး ကျုပ်လည်း ခင်ဗျား ညည်းနေတယ်လို့ အထင်မလွဲပါဘူး။ စဉ်းစားနေမိရုံပါ၊ ခင်ဗျားရဲ့ အဖော်က မိန်းကလေးလား ယောက်ျားလေးများလားလို့?”

အိမ်စေလေး၏ မျက်နှာက အတန်ငယ်နီရဲသွားသည်၊ “ဒါပေါ့ မိန်းကလေးပါ။”

“ဒီလိုလား?” ရှုယီက ရယ်လိုက်ပြီးနောက် ခေါင်းခါကာ မည်သည်ကိုမှ ထပ်မေးမနေတော့ပေ။ သူက သူ့အတွက် အစားအသောက်ပြင်စရာမလိုတော့ဟု အိမ်စေလေးကို ပြောကာ ထွက်သွားဖို့ ပြင်လိုက်သည် သူဟာ စတေးလ်နှင့် အခြားလူများကို ဆန်းသစ်လကဇာတ်ရုံ၌ သွားရှာကာ ၎င်းကို လမ်း၌ ဖြေရှင်းလိုက်မည်ပင်။

သူထွက်လာချိန်၌ အ‌ဆောက်အဦးရှေ့တွင် အနက်ရောင်မှော်ကားတစ်စင်းမှာ စူးရှရှအသံဖြင့် ရုတ်တရတ် ရပ်သွားလေသည်။

တံခါးပွင့်လာချိန်၌ မဟာမှော်ပညာရှင် အီစန်ခယ်က ကားမှ ထွက်လာလေ၏။

ရှုယီကို မြင်သော် မဟာမှော်ပညာရှင် အီစန်ခယ်မှာ ချက်ချင်းလက်များဖြန့်၍ ရှေ့သို့ အပြုံးကြီးကြီးဖြင့် တိုးလာလေသည်။

ရှုယီလည်း သူ့အား တစ်ချက်ပွေ့ဖက်ကာ အသာပြုံး၍ ပြောလိုက်၏၊ “မဟာမှော်ပညာရှင်ကြီး တကယ် အမြန်ရောက်လာတာပဲ။ ကျွန်တော်ရောက်တာတောင်မကြာသေးဘူး မဟာမှော်ပညာရှင်ကြီးက ဒီကို ရောက်နေပြီ။”

“ဥက္ကဌရှု၊ လူတွေ ဘယ်လောက်များများက မင်းကို အာရုံစိုက်ထားလဲ‌ဆိုတာ မသိဘူးလား?” မဟာမှော်ပညာရှင် အီစန်ခယ်မှာ အပြုံးဖြင့် ပြောလေသည်၊ “မင်း မြို့ထဲဝင်လာတာနဲ့ ဒီသတင်းကို ရပြီးသား‌လူတွေ အတော်များများရှိမယ်လို့ ငါပြောရဲတယ်။ မင်းကို ဘုရင်မက ချက်ချင်း ဆင့်ခေါ်လိုက်လို့သာ ဘယ်သူကမှ မလှုပ်ရဲတာ။ ငါကလွဲရင် ဘုရင်မနဲ့ မင်းတို့တွေ့ဆုံပြီးတာနဲ့ လာတွေ့ရလောက်အောင်အထိ စိတ်မရှည်တဲ့လူ မရှိလောက်တာလည်း ဖြစ်နိုင်တယ်။”

“အိုး? မဟာမှော်ပညာရှင်ကြီးက ကျွန်တော့်ကို တွေ့ဖို့ ဒီလောက်ထိတောင် အလျင်လိုနေတာဆိုတော့ တစ်ခုခု အမြန် ဆွေးနွေးစရာရှိလို့များလား?” ရှုယီက အပြုံးဖြင့်မေးသည်။

“အလျင်လိုနေတာ‌အသေအချာပဲ အရမ်းကို အလျင်လိုနေတာ။” မဟာမှော်ပညာရှင် အီစန်ခယ်မှာ ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီးနောက် ပိုနီးကပ်လာကာ အသံကို နှိမ့်၍ ပြောလေသည်၊ “ဥက္ကဌရှု ခင်ဗျားရဲ့ စက်ဘီးပြိုင်ပွဲအပြင် မှော်ဆလွန်းပြိုင်ပွဲကိုပါ ကျင်းပဖို့ စီစဉ်ထားတယ်လို့ကြားတယ်နော်?”

ရှုယီ အံ့ဩသွားသည်။

သူဟာ ၎င်းကို မတိုင်ခင်က မဟာမှော်ပညာရှင် ကမ်မီလာနှင့် မဟာမှော်ပညာရှင် တယ်လုချီ တို့ထံသာ ပြောပြခဲ့ရာ မဟာမှော်ပညာရှင် အီစန်ခယ်က လတစ်ဝက်အောက်လေးနှင့် သိသွားမည်ဟု ထင်မထားခဲ့ပါချေ။

သို့သော် ၎င်းတို့အားလုံးက မဟာမှော်ပညာရှင်များဖြစ်ပြီး အချင်းချင်းဆက်သွယ်ရန် ကိုယ်ပိုင်နည်းလမ်းများရှိသည်ကို စဉ်းစားမိသော် ရှုယီ နားလည်လိုက်သည်။

“ဟုတ်ပါတယ် ကျွန်တော် ဒီလိုစဉ်းစားထားပေမယ့် အစမ်းအစီအစဉ်လေးတစ်ခုပါပဲ။ တရားဝင်လုပ်နိုင်ဖို့က အဝေးကြီးလိုပါသေးတယ်။” ရှုယီမှာ ငြင်းပယ်ခြင်းမပြုသလို အတည်လည်းမပြု‌ချေ။ “အနည်းဆုံးတော့ လက်ရှိ မှော်ဆလွန်းတွေရဲ့ အမြန်နှုန်းနဲ့ဆိုရင် အရမ်းနှေးနေသေးတယ်။”

“ဒါက နှေးတယ်?” မဟာမှော်ပညာရှင် အီစန်ခယ်မှာ နားလည်ဟန်ပြုံးလိုက်သည်၊ “ဥက္ကဌရှု မင်းသာ မီးစွမ်းအား မှော်အင်ဂျင်ကို သုံးမယ်ဆိုရင် တကယ်ကို အဲ့လောက်တော့ မမြန်ဘူးပေါ့။ ဒါပေမယ့် မင်းသာ တခြားမှော်အင်ဂျင် အမျိုးအစားကို သုံးမယ်ဆိုရင်ရော? ဥပမာ မင်းတို့လုပ်ငန်းစု လက်တလော သုတေသနလုပ်နေတဲ့ မီးစွမ်းအားမှော်အင်ဂျင်လေ?”

ရှူယီမှာ အသာမျက်မှောင်ကုပ်လိုက်သည်။

မဟာမှော်ပညာရှင် တယ်လုချီနှင့် မဟာမှော်ပညာရှင် အီစန်ခယ်တို့ နှစ်ဦးစလုံးမှာ မဟာမှော်ပညာရှင်များဖြစ်ကြပါရာ ရင်းနှီးနေဖို့က ပုံမှန်ပင်။

သို့သော်လည်း မီးစွမ်းအားမှော်အင်ဂျင် Frestech ကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်ချက်ဖြစ်သည်။ မဟာမှော်ပညာရှင် တယ်လုချီ အနေနှင့် မည်သည့်အကြောင်းအရာကိုမဆို မဟာမှော်ပညာရှင် အီစန်ခယ်ထံ ပြောပြလျှင် ကျိုးကြောင်းမသင့်နိုင်တော့ပေ။

သို့သော်လည်း ထိုအကြောင်းစဉ်းစားရင်း ရှုယီမှာ မှားယွင်းသလိုခံစားနေရ၏။

မဟာမှော်ပညာရှင် တယ်လုချီ နှင့် မဟာမှော်ပညာရှင် အီစန်ခယ်တို့အကြားရှိ ရင်းနှီးမှုက မည်မျှ နက်ရှိုင်းနေသည်ဖြစ်စေ သူ့အနေနှင့် လျှို့ဝှက်ချက်တို့၏ သဘောသဘာဝကို နားလည်သင့်သည်။ မဟာမှော်ပညာရှင် တယ်လုချီ မှာ အမြဲလိုလိုတည်ငြိမ်သူဖြစ်ရာ မည်သို့များ ဤသို့ လုပ်နိုင်ပါရမည်နည်း?”

ထိုသို့စဉ်းစားရင်း ရှုယီ၏ တွန့်ချိုးထားသော မျက်ခုံးများ ပြေလျော့ကာ အပြုံးဖြင့် မေးလိုက်ပါ၏၊ “မီးစွမ်းအားမှော်အင်ဂျင်အတွက် ကျွန်တော်တို့လုပ်ငန်းစုက သုတေသနရော ထုတ်လုပ်လို့ရော မပြီးသေးပါဘူး။ ဒါက လေစွမ်းအားမှော်အင်ဂျင်ထက် အများကြီးပိုအားကောင်းပေမယ့်လည်း ကျွန်တော်တို့မှာ ဒါရဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက်ကို ဆုံးဖြတ်ဖို့ နည်းလမ်းမရှိဘူးလေ။”

“ဒီလိုလား?” မဟာမှော်ပညာရှင် အီစန်ခယ်၏ အပြုံးက ရုတ်တရတ် ဆန်းကြယ်သောစိတ်လှုပ်ရှားဟန်ကို ပြလာကာ၊ “ဒါဆို ဥက္ကဌရှု မင်း ငါ့ကားထဲထိုင်ဖို့ စိတ်ဝင်စားလား?”

“မဟာမှော်ပညာရှင်ကြီးရဲ့ ကား?”

ရှုယီမှာ မဟာမှော်ပညာရှင် အီစန်ခယ်၏ တံခါးအပြင်ဘက်၌ ရပ်ထားသည့် မှော်ဆလွန်းအနက်ကိုကြည့်လိုက်ပြီးနောက် ရုတ်တရတ် သူလျှောက်မထွက်သွားခင်တွင် ဘရိတ်အုပ်လိုက်သံစူးစူးကိုကြားခဲ့ရသည်အား သတိရသွား၏။ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ထားသည့် မှော်ဆလွန်းနှင့် ခြားနားပုံပေါ်နေလေသည်။

“ဒါက မဟာမှော်ပညာရှင် အီစန်ခယ် သီးသန့် ပုံစံပြောင်းထားတဲ့ မှော်ဆလွန်းများလား?”

ထိုသို့စဉ်းစားကာ ရှုယီ အင်မတန်စိတ်ဝင်စားသွားသည်။

လက်ရှိပြောရလျှင် မှော်ဆလွန်းအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ လာလေသည်။ မှော်ဆလွန်းများကို ထုတ်လုပ်ရန် အင်မတန်ရှုပ်ထွေးလှသောကြောင့် အခြားလုပ်ငန်းစုများမှာ ဤနည်းပညာကို နားမလည်ကြသေးချေ။

မဟာမှော်ပညာရှင် အီစန်ခယ် မှော်ဆလွန်းတစ်စီးဖန်တီးရန် မဖြစ်နိုင်ပါလျှင်တောင် မှော်ဆလွန်းပုံစံပြောင်းနိုင်လျှင် သူ၏ မှော်ဆလွန်းနည်းပညာကို နားလည်မှုက မနိမ့်လှသည့် အဓိပ္ပာယ်ပါပင်။

ရှုယီမှာ အခြားလူများက Frestech ကုန်သည်ကြီးများအသင်းနှင့် အဆင့်တူ နည်းပညာကို နားလည်ကြချိန်တွင် စိတ်လှုပ်ရှားခြင်းမရှိဘဲ အလေးအနက်နားလည်သောအခါ ဝမ်းသာမိသည်။

သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအပြင် အခြားလူများကလည်း မှော်စက်များနှင့် ပတ်သက်လာလျှင် နည်းပညာအသစ်အဆန်းနှင့် ပိုကောင်းသည်ကို နားလည်နိုင်ဖို့ပင် မျှော်လင့်မိသေးပါ၏။

အကြောင်းမှာ ထိုနည်းဖြင့် အခြားလူများမှာ မှော်စက်မှုနယ်ပယ်တိုးတက်ရေးတွင် အမှန်တကယ်ပါဝင်နိုင်ပြီး ရှုယီ၏ စိတ်ထဲရှိ စံပြစက်မှုစနစ်ဆီသို့ နောက်‌ထက်ခြေလှမ်း, လှမ်းနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရှုယီမှာ အနက်ရောင်မှော်ဆလွန်းကို စိတ်လှုပ်ရှားဟန်ဖြင့်ကြည့်၍ ခေါင်းငြိမ့်လိုက်ပါ၏၊ “ကောင်းပြီလေ!”

မဟာမှော်ပညာရှင် အီစန်ခယ်လည်း အတန်ငယ် အံ့ဩသွားသော်ငြား ရှုယီ၏ တုံ့ပြန်မှုကြောင့် အသိဝင်လာကာ အပြုံးဖြင့် ရှုယီကို ဖိတ်ခေါ်လိုက်သည်။

ခရီးသည်ခုံ၌ ထိုင်လိုက်ချိန်၌ သူ၏မှော်ဆလွန်းက တကယ်ကို Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ဆလွန်းနှင့် ခြားနားကြောင့် တွေ့လိုက်ရသည်။

ယာဉ်မောင်း၏ နေရာအောက်၌ ခြေနင်းအပိုပါကာ ထိန်းချုပ်နေရာ ဗဟို၌ မှော်လေပေးစက်ကို ထိန်းချုပ်ထားသည့် ခလုတ်များအပြင် သူမသိသည့် လုပ်ဆောင်ချက်များအတွက် ခလုတ်အသစ်တချို့လည်းပါ‌သည်။

ထိုအပိုခလုတ်များရှိနေသောကြောင့် ထိန်းချုပ်နေရာ၏ ပုံစံကပြောင်းလဲသွားသည်။

၎င်းက အတိအကျပြောင်းလဲသွားပုံကိုမူ ပလက်စတစ် ဘောင်ကွက်က ပိုင်းခြားထားခြင်းကြောင့် ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

ရှုယီက ကား၏ နောက်ဘက်အထဲကို လှည့်ကြည့်လိုက်သော်ငြား ထိုနေရာ၌ မည်သည်မှ ခြားနားနေသည်ကို မတွေ့ရပေ။

မဟာမှော်ပညာရှင် အီစန်ခယ်က ဤမှော်ဆလွန်းအပေါ် မည်မျှ ယုံကြည်ချက်ရှိနေသည်အား စဉ်းစားကြည့်ရင်း ရှုယီမှာ အကြီးမားဆုံးခြားနားမှုက မမြင်နိုင်သည့် မှော်ဆလွန်း၏ ဗဟိုအပိုင်းဖြစ်လောက်မည်ဟု ခံစားမိသည်။

“ဥက္ကဌရှု မင်းခါးပတ်ပတ်ပြီးပြီလား?” ယာဉ်မောင်းခုံ၌ ထိုင်နေပြီးသား မဟာမှော်ပညာရှင် အီစန်ခယ်က မေးလာသည်။

“အင်း ကြိုက်တဲ့အချိန် စလို့ရပြီ” ရှုယီက ခေါင်းငြိမ့်သည်။

“ကောင်းပြီလေ သွားကြတာပေါ့!”

မဟာမှော်ပညာရှင် အီစန်ခယ်က ခလုတ်ကိုနှိပ်လိုက်ရာ ရှုယီမှာ မှော်စွမ်းအားအတက်အကျအပြည့်နှင့် မှော်ဆလွန်းကို ချက်ချင်းခံစားမိသွားသည်။

ထိုမှော်စွမ်းအားအတက်အကျများမှ လာသည့် အားကောင်းသော လေစွမ်းအားမှော်ဒြပ်စင်စွမ်းအင် အတက်အကျများကို ခံစားမိသော် ရှုယီမှာ သံသယမဝင်မိဘဲ မနေနိုင်တော့ပေ။

စက်နှိုးပုံအရ ဤမှော်ဆလွန်းမှာ ပုံမှန်တစ်စီးနှင့် မခြားပေ။ ၎င်းတို့အားလုံးမှာ လေစွမ်းအားမှော်အင်ဂျင်ကို အသုံးပြုထားသောကြောင့် မဟာမှော်ပညာရှင် အီစန်ခယ် ပြောခဲ့သည့် 'အခြားမှော်အင်ဂျင်'က မည်သည့်နေရာ၌ ရှိနေသနည်း?

သိူ့သော်လည်း ရဒျယီမှာ မှော်ဆလွန်း၏ ခြေနင်းပြားများ အောက်ခြေမှ လာသည့် မီးစွမ်းအားမှော်ဒြပ်စင်စွမ်းအင်ကို ခံစားနေရပြီးနောက် မှော်ဆလွန်းမှာ ရုတ်တရတ် ရှေ့သို့ မြင်းရိုင်းတစ်ကောင်နှယ်ရှေ့တိုးသွားလေသည်။

ရှုယီလည်း အံ့အားသင့်သွား၏။

ဤသည်မှာ အန်ဗီမာမြို့တော်ရှိ မြို့လယ်ခေါင်ဖြစ်သည်!

ဤအမြန်နှုန်းနှင့် တစ်ယောက်ယောက်ကို တိုက်မိနိုင်၏!

သူ၏ အတွေး မပြယ်သေးခင်မှာပင် မှော်ဆလွန်းက လမ်းတစ်လမ်းထဲသို့ ဝင်သွားကာ ရှေ့ရှိ လမ်းသွားလမ်းလာများနှင့် နီးကပ်လာ၏။

“မဟာမှော်ပညာရှင် အီစန်ခယ် လူတွေကို သတ်ချင်နေတာလား?” ရှုယီ၏ စိတ်ထဲ ဒေါသတို့လွှမ်းသွားသည်။

သူဟာ ဤမှော်ဆလွန်းကို တွန်းအားပေးရပ်တန့်ဖို့ မှော်စွမ်းအားသုံးလုဆဲဆဲတွင် မဟာမှော်ပညာရှင် အီစန်ခယ်က ညာလက်ကို ယမ်း၍ သူ၏ဘေးပတ်လည်ရှိ မှော်စွမ်းအင်လှိုင်းများကို နှောင့်ယှက်ဖျက်ဆီးကာ သူ့အား မှော်ဒြပ်စင်စွမ်းအင်ကို မစုစည်း‌နိုင်အောင်လုပ်လာသည်။

ရှုယီမှာ အံ့ဩဒေါသဖြစ်သွားသော်လည်း မည်သည်ကိုမှ မလုပ်နိုင်လိုက်ပေ။ သူ့အနေနှင့် မှော်ဆလွန်းက ရှေ့တိုးကာ လမ်းပေါ်ရှိ လူများကို တိုက်မိလု‌နီးနီး ဖြစ်နေသည်ကိုသာ ကြည့်နေနိုင်တော့သည်။

***

All Chapters