← Chapters

အရဟတ်လက်သီး

Vol. 17 Ch. 241

အရဟတ်လက်သီး

Vol. 17 Ch. 241

နတ်ဆိုးချုပ်တောင်ကြားသည် ဓားပြများပေါများသည်ဟု နာမည်ကြီးကြောင်း လုယန်နှင့်မိုးကျင်းကျိုး ကြားသိရသည်။ ရွှေစီးပွားအသင်ဆိုင်ခွဲမှ ပစ္စည်းများဝယ်ယူပြီး တောနက်ထဲဝင်သည်နှင့် တိုက်ခိုက်ခံကြရသည်။

သူတို့မူလအစဉ်အစဉ်က ကျင့်စဉ်စွမ်းအားကို နှီမ့်ထားပြီး ဓားပြများကို မျှားခေါ်ဖို့ဖြစ်သည်။

ယခု ဓားပြမတွေ့ပဲ ဘော်ဒီဂတ်ဟု ကိုယ့်ကိုယ်ကို ကြေညာသများကို ဆွဲဆောင်မိခဲ့သည်။

"ကျုပ်တို့က အခြေတည်အဆင့်မှာ စွမ်းဆောင်ရည်အမြင့်ဆုံး သက်တော်စောင့်တွေပါ။ ဈေးနှုန်းလည်း သင့်တော်တယ်။ ဝန်ဆောင်မှုလည်း ကောင်းပါတယ်။ တောနက်ထဲမှာ လုံခြုံရေးနဲ့ သတင်းအချက်အလက်မျှဝေနိုင်မှုကို တိုးမြှင့်နိုင်ဖို့ ရွှေသန္ဓေအကြိုအဆင့်နတ်ဆိုးသားရဲတစ်ချို့နဲ့လည်း ရေရှည်ပူးပေါင်းပြီး အတူလုပ်ဆောင်ပါတယ်။

သခင်လေးတို့လို ဂိုဏ်းသားတွေ ဒါမှမဟုတ် လူချမ်းသာမိသားစုကလူတွေ လေ့ကျင့်ရေးလာဆင်းရင် ကျုပ်တို့က အပိုကြေးမယူပဲ ရွေးချယ်စရာအစီအစဉ်သုံးခု ချပေးနိုင်ပါတယ်"

နှာခေါင်းကောက်ခါင်းဆောင်က စိတ်အားထက်သန်စွာဖြင့် သူတို့၏ဘော်ဒီဂတ်ဝန်ဆောင်မှုကို ဆက်ကြော်ငြာနေသည်။

"ခင်ဗျားတို့ကိုငှားဖို့ ဝိညာဉ်ကျောက်ဘယ်လောက်ပေးရမလဲ"

မုန်ကျင်းကျိုး စိတ်ဝင်စားသွားသည်။ တောအုပ်နှင့်ပတ်သက်၍ တတ်နိုင်သမျှသတင်းစုဆောင်းဖို့လိုသည်။ ဤနယ်ခံစွမ်းအားရှင်များက အတော်သိထားသည်။

သူတို့နှစ်ယောက်အတွက် ဘော်ဒီဂတ်မလို။ သို့သော် ထိုလူများကို လမ်းပြအဖြစ်သုံးနိုင်သည်။

ထူးခြားသည့်သူတို့ဟန်ပန်နှင့် တည်ငြိမ်သည့်စကားပြောပုံကို အကဲခတ်၍ ထူးခြားနောက်ခံရှိသူများဟု နှာကောက်ခေါင်းဆောင်ခန့်မှန်းမိသည်။ ထို့ကြောင့် လက်ငါးချောင်းထောင်ပြသည်။

"ဝိညာဉ်ကျောက် ငါးသိန်းလား။ ဈေးချိုသားပဲ"

မုန်ကျင်းကျိုးက ပြောလိုက်သည်။

နှာကောက်ခေါင်းဆောင် မင်သက်မိသွားသည်။ သူက ဝိညာဉ်ကျောက်ငါးသောင်းဟု ရည်ညွှန်းလိုခြင်းဖြစ်သည်။ လိုအပ်လာလျှင် ထိုထက်ပင်ဈေးလျှော့ပေးနိုင်သေးသည်။

လူချမ်းသာသခင်လေးက မျက်တောင်တစ်ချက်မခတ်ဘဲ ထိုသို့ဈေးဆယ်ဆပေးမည်ဟု ထင်မထား။

မုန်ကျင်းကျိုး ဝိညာဉ်ကျောက်နှစ်သိန်းထုတ်၍ ပုံလိုက်သည်။

"ရော့...လောလောဆယ် နှစ်သိန်း။ ကျန်တာနောက်မှပေးမယ်။ ခင်ဗျားတို့ဝန်ဆောင်မှုကောင်းရင် ထပ်တိုးပေးမယ်"

"စိတ်ချပါဗျာ၊ ကျုပ်တို့ဝန်ဆောင်မှုက ပေးသမျှဝိညာဉ်ကျောက်တစ်လုံးချင်းစီနဲ့ ထိုက်တန်စေရပါမယ်"

ငါးယောက်လုံး ဝိညာဉ်ကျောက်တုံးများကိုကြည့်၍ မျက်လုံးအရောင်လက်လာသည်။

ထိုမျှချမ်းသာသည်ဖောက်သည်မျိုး တစ်ခါမှမတွေးဖူး။

"ထူးဆန်းတယ်၊ ဒီနေရာက တဖြေးဖြေးပိုပူလာသလိုပဲနော်"

မုန်ကျင်းကျိုး သူ့ရင်ဘတ်သူ ယပ်ခတ်နေသည်။ အတော်ပူအိုက်လာသလို ခံစားရသည်။

"ငါလည်းအဲလိုခံစားနေရတယ်ကွ"

လုယန်လည်း စဉ်းစားရကြပ်နေသည်။

နှာကောက်ခေါင်းဆောင်က မဝံ့မရဲလေသံဖြင့်

"ကျုပ်တို့ခုနစ်ယောက် မြေတိုက်ထဲရောက်နေလို့ လေကောင်းကောင်းမရတာများဖြစ်မလား"

အကျဉ်းထောင်က မြေအောက်သို့ရောက်နေသဖြင့် လေပိတ်နေသည်။ လူခုနစ်ယောက် စကားပြောနေရင်းမှာပင် အောက်ဆီဂျင်က ချက်ချင်းလျော့ပါးသွားသည်။

လုယန်တို့နှစ်ယောက် မှော်အစွမ်းကို ဖျက်သိမ်းပေးသည်။ ခုနစ်ယောက်လုံး မြေပေါ်သို့ ပြန်ရောက်လာသည်။

"လိပ်အိုကြီး၊ ထွက်ခဲ့တော့။ အလုပ်ဖြစ်ပြီ"

နှာကောက် လှမ်းအော်လိုက်သည်။

ကျောက်ဆောင်ကြီးတစ်ခုအရွယ် ကြီးမားသည့်လိပ်တစ်ကောင် အဝေးမှ ဖြေးညှင်းစွာ လေးဘက်တွားသွား၍ လျှောက်လာသည်။ ထူးခြားသည့် အခြေတည်အဆင့်စွမ်းအင်ရောင်တစ်ခု ထွက်ပေါ်နေသည်။

ခုနက လင်းယုန်တောင်သူရဲကောင်းငါးယောက် ရွှေသန္ဓေအကြိုအဆင့်သားရဲနှင့် တိုက်ခိုက်မည်ဟုပြောသည်မှာ ထိုလိပ်အိုကို ရည်ညွှန်းဟန်ရှိသည်။

သူတို့အလုပ်ညှိနှိုင်းရာတွင် နတ်ဆိုးသားရဲတစ်ကောင်ကိုပင် ဝင်သရုပ်ဆောင်ခိုင်းထားသည်။

"ဒါက လိပ်အိုပါ။ ရှေ့နားမှာ ရေကန်ငယ်တစ်ခုရှိတယ်။ လိပ်အိုက ကန်ရဲ့ငါးပုံတစ်ပုံကို အုပ်ချုပ်တယ်"

နှာကောက်က မိတ်ဆက်ပေးသည်။

လိပ်အို ခေါင်းခါသည်။

"လင်းယုန်၊ ငါမင်းကို အကြိမ်ကြိမ်ပြောပြီးပြီ။ မင်းဈေးညှိတဲ့ပုံစံက ဓားပြတိုက်နေတဲ့လေသံပေါက်လို့ နားလည်မှုလွဲစရာတွေ အလွယ်တကူဖြစ်လာနိုင်တယ်။ ငါအဝေးကနေ ကြည့်နေတာ။ ဒီသခင်လေးနှစ်ယောက်က မြေပြင်ထောင်ဆွဲပညာကိုတောင် သုံးနိုင်တဲ့ပါရမီရှင်တွေပါ။ မင်းတို့ဝန်ဆောင်မှုကို သူတို့မလိုအပ်ပါဘူး"

"ဪ ဒါကတကယ် မြေပြင်ထောင်ဆွဲပညာပေါ့"

ငါးယောက်လုံး အံ့အားသင့်သွားသည်။ ခုနက မှန်းဆရုံသာဖြစ်သည်။ သေချာမပြောရဲ။ သူတို့နောက်ခံဂိုဏ်းက ပေးထားသည့် အသက်ကယ်နည်းလမ်းတစ်ခုဟုသာ ယူဆခဲ့ကြသည်။

မည်သို့ဆိုစေ မြေပြင်ထောင်ဆွဲပညာသည် ဒဏ္ဍာရီမှော်ပညာဖြစ်သည်။ ကျင့်ကြံဖို့လည်း အလွန်တရာခက်ခဲသည်။ အခြေတည်အဆင့်လောက်ဖြင့် ကျွမ်းကျင်တတ်မြောက်ဖို့ မဖြစ်နိုင်သလောက်ရှိသည်။

"ဒီလိပ်က အမြင်စူးရှသားပဲ။ ဟုတ်တယ်၊ ကျုပ်သုံးခဲ့တာ မြေပြင်ထောင်ဆွဲပညာပါ"

လုယန် ဝန်ခံလိုက်သည်။ မုန်ကျင်းကျိုးက မျက်စောင်းထိုးသည်။

"သခင်လေးတို့ တောထဲမှာ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ"

"နတ်ဆိုးသားရဲတွေကို စိန်ခေါ်ဖို့ပေါ့။ ဒီနေရာမှာ စွမ်းအားမြင့်နတ်ဆိုးသားရဲတွေပေါတယ်လို့ ကျုပ်တို့ကြားဖူးတယ်။ ကျုပ်တို့စွမ်းရည်ကိုသွေးဖို့ သူတို့နဲ့တိုက်ခိုက်ချင်တယ်"

နှာကောက်ခေါင်းဆောင် ခေါင်းငြိမ့်သည်။ ကြုံရလေ့ရှိသည့် ပုံမှန်ရည်ရွယ်ချက်ဖြစ်သည်။

"ဘယ်အဆင့်လောက်ကို စိန်ခေါ်ချင်လဲ သခင်လေးတို့။ အခြေတည်အခြေခံအဆင့်လား။ ဒါမှမဟုတ် ဝါရင့်အခြေတည်ထိပ်တန်းအဆင့်တွေလား"

"ရွှေသန္ဓေအဆင့်ပါ"

"ရွှေသန္ဓေအဆင့်"

လူငါးယောက်ရော လိပ်အိုပါ သံပြိုင်‌ရေရွတ်ကြသည်။

"မကြွားပါနဲ့ သခင်လေးတို့။ အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့်ဆိုတာ အများကြီးကွာခြားပါတယ်။ အလွယ်တကူ ကြားစေ့ဖို့မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီတောနက်ထဲက လူသားတွေနဲ့ နတ်ဆိုးသားရဲတွေဟာ အလွန်ကြမ်းတမ်းကြပါတယ်။ ပေ့ါပေါ့လေးမတွေးသင့်ဘူး"

လိပ်အိုက သတိပေးသည်။ ထိုလူငယ်နှစ်ယောက်သည် ချမ်းသာသည့်ဖောက်သည်များဖြစ်ကြောင်း သူလည်းသိသည်။ သူတို့ကောင်းကောင်း ကာကွယ်ပေးလျှင် ဝိညာဉ်ကျောက်များစွာရမည်မှာ သံသယဖြစ်စရာမလို။

"ရွှေသန္ဓေအဆင့်ကို ထားလိုက်ပါဦး။ သခင်လေးတို့ ကျုပ်ကိုတောင် ယှဉ်နိုင်မယ်မထင်ဘူး"

လိပ်အိုက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ ရွှေသန္ဓေအဆင့်သို့ သူရော်ခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ခုခံနိုင်စွမ်းမယုံနိုင်လောက်အောင် မြင့်မားသည်။ တစ်ချိန်က မုဆိုးများကို ဝိညာဉ်အဖြစ်သန့်စင်ခဲ့သည့် ကျားနတ်ဆိုး အသက်ပြန်ရှင်လာလျှင်ပင် သူ့ခံစစ်ကို ထိုးဖောက်နိုင်မည်မဟုတ်။

"ဒါဆို စမ်းကြည့်ကြတာပေါ့"

မုန်ကျင်းကျိုးကပြုံး၍ ကြွက်သားနှင့်အရိုးများကို ဆန့်ထုတ်လိုက်သည်။

အစွမ်းထုတ်ပြမထားလျှင် ထိုလူစုရှာပေးမည့် နတ်ဆိုးသားရဲများသည် သူတို့လေ့ကျင့်မှု အကျိုးရှိလောက်အောင် စွမ်းအားကြီးမည်မဟုတ်။

သူတို့အားလုံး ရေကန်စပ်သို့ ရောက်လာသည်။ လိပ်အိုနှင့်မုန်ကျင်းကျိုး မျက်နှာချင်းဆိုင် ရပ်နေသည်။

"စတော့"

လုယန် ကြေညာလိုက်ည်။

လိပ်အို အသက်ကိုအဝရှူပြီး သွေးဆက်ဗီဇစွမ်းအားကို အသက်သွင်းသည်။ သူ့လိပ်ခွံပေါ်တွင် ရွှေရောင်အမှတ်အသားတစ်ခု ခပ်ရေးရေးပေါ်လာသည်။ ရှေးခေတ်နတ်ဆိုးသားရဲ ကောင်းကင်ဖောက်လိပ်မျိုးနွယ်သွေးဆက်၏ အမှတ်အသားဖြစ်သည်။ ရှေးဟောင်းကောင်းကင်ဖောက်လိပ်မျိုးနွယ်တွင် မျိုးဆက်ဗီဇခုခံမှုစွမ်းအားကြောင့် နာမည်ကျော်သည်။

"ကျုပ်ရဲ့ခံစစ်ကိုတောင် မချိုးဖောက်နိုင်ဘူးဆိုရင်တော့ ဟို..."

"အရဟတ်လက်သီး"

မုန်ကျင်းကျိုး ရှေ့သို့ခြေတစ်လှမ်းခုန်တိုးလိုက်သည်။ ခြေထောက်များက လေးညှို့မှလွတ်လိုက်သည်နှင့် တူသည်။ ခန္ဓာကိုယ်အထက်ပိုင်းက မြားတံနှင့်တူသည်။ တစ်ကိုယ်လုံးတောင့်တင်းနေပြီး အားအပြည့်ဖြင့် ခုန်ထွက်သွားပြီး လိပ်အိုကို ထိုးချလိုက်သည်။ ရွှေရောင်အမှတ်အသား ကြေမွသွားသည်။ လိပ်အို အဝေးသို့ လွင့်ထွက်သွားသည်။

ရေပြင်ပေါ်တွင် ကျောက်တုံးတစ်ခုလို လေးငါးကြိမ် ပက်လက်မှောက်ခုံ ဒလိမ့်ခေါက်ကွေး ခုန်ပေါက်ပြီးမှ ရေထဲနစ်သွားသည်။

လင်းယုန်တောင်သူရဲကောင်းငါးယောက် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။

လိပ်အိုသည် ခံစစ်တွင် နာမည်ကြီးသည်။ သူတို့ငါးယောက်ပူးပေါင်းတိုက်ခိုက်လျှင်ပင် မချိုးဖောက်နိုင်။ သို့သော် မုန်ကျင်းကျိုးက လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွဲလိုက်သည်။

ဤရေကန်တွင် တစ်ခြားရွှေသန္ဓေအကြို သားရဲလေးကောင်ရှိသေးသည်။ လိပ်အိုနှင့်အတူ ရေကန်ကို အုပ်ချုပ်ကြသည်။ လိပ်အိုလွင့်ထွက်သွားသည်ကိုကြည့်၍ သူတို့လည်း အံ့အားသင့်နေသည်။

"အရဟတ်လက်သီးတဲ့လား။ ဒီပညာကိုမင်းသုံးတာ တစ်ခါမှမမြင်ဖူးပါဘူး။ အသစ်လေ့လာထားတာလား"

လုယန် စပ်စုလိုက်သည်။

"ဆရာက သူ့ကောင်းကင်တုန်ခြောက်ကွက်ကို အရဟတ်လက်သီးပညာကနေ စိတ်ကူးရခဲ့တာတဲ့။ ကောင်းကင်တုန်ခြောက်ကွက် လေ့ကျင့်တာ ပိုကျွမ်းကျင်ဖို့ ဒီလက်သီးပညာကိုလည်း လေ့လာသင့်တယ်လို့ ငါ့ကိုအကြံပေးတယ်လေ"

"အရဟတ်လက်သီးကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ရင် အရဟတ်အရိယဖလကို ရနိုင်တယ်လို့ ပြောကြတယ်။ မင်းအောင်မြင်လောက်တယ်ကွ"

လုယန် စနောက်လိုက်သည်။

"အိုး...တော်စမ်းပါကွာ။ အရဟတ်အရိယဖလတဲ့လား။ ငါ့ကိုဘုန်းကြီးဝတ်လိုက်ပါလို့ တိုက်ရိုက်ပြောလည်းရပါတယ်"

"မင်းက လက်တွေ့မှာလဲ ဘုန်းကြီးဖြစ်နေပြီပဲလေ"

"တော်စမ်းပါ။ ငါမသေမျိုးဖြစ်လာတာနဲ့ ငါစောင့်ထိန်းရတာတွေအားလုံးကို ချိုးဖျက်ပြီး အားရပါးရပျော်ပစ်မယ်"

သန့်စင်ယန်အခြေအနေကို ချိုးဖျက်လျှင် ကျင့်ကြံနှုန်း နှေးကွေးသွားမည်။ မသေမျိုးဆိုသည်မှာ ကျင့်ကြံမှု၏ အထွတ်အထိပ်ဖြစ်သည်။ ထို့ကြောင့် အမြန်နှုန်းသည် အရေးမပါတော့။

"ဘာရယ် အရဟတ်လက်သီးတဲ့လား"

အသံတိတ်နေခဲ့သည့် ထာဝရနတ်မယ်က တစ်စုံတစ်ခုကို ပြန်သတိရလာဟန်ရှိသည်။

"နတ်မယ်၊ အရဟတ်လက်သီးပညာကို သိလို့လား"

လုယန် လက်သီးပညာအသစ်တစ်ခု သင်လိုသဖြင့် စပ်စုလိုက်သည်။ ယခုလက်ရှိတွင် အရိပ်တုလက်သီးသာ သူတတ်ထားသည်။

ထာဝရနတ်မယ် လှောင်ပြုံးပြုံးသည်။

"ဘာအရဟတ်လက်သီးလဲ။ တစ်ခါမှမကြားဖူးဘူး။ အရဟတ်အရိယဖလကို တိုက်ရိုက်ရနိုင်တဲ့ ဒီထက်ပိုအဆင့်မြင့်တဲ့ လက်သီးပညာရှိတယ်။ နင်သင်ချင်လား"

"ဘာလက်သီးလဲ"

"ဘုန်းကြီးတာအိုလက်သီး"

"...ဒါက ကိုယ်တွင်းအပူကို ရှင်းပေးပြီး အဆုတ်ကိုစိုစွတ်စေတဲ့ လည်ချောင်းနာသက်သာစေတဲ့ ပညာလား"

(**တိုင်းရင်းဆေးပညာနှင့် ဆက်စပ်သည့်စကားဖြစ်သည်။ အပူငြိမ်းပြီး သလိပ်ပျော်စေခြင်းကို ရည်ညွှန်းသည်။ လီဟော်ရန် ချော်ရည်ပူထဲစိမ်ရစဉ်က လည်ချောင်းကွဲအောင် အော်ခဲ့ရသဖြင့် ကျိုးလုလုက စေတနာဖြင့် ဘုန်းကြီးသစ်သီးကို ရေစိမ်၍ ယူလာပေးဖူးသည်။ လည်ချောင်းနာသက်သာစေဖို့ သို့မဟုတ် ပို၍အော်နိုင်စေဖို့ဖြစ်သည်။ လက်သီးကျင့်စဉ်ပညာဖြစ်၍ 'ဘုန်းကြီးတာအိုလက်သီး'ဟု ဘာသာပြန်ပါသည်။ ဘုန်းကြီးသစ်သီးလက်သီးဟုပြောလျှင် ဖတ်မကောင်းသောကြောင့်ဖြစ်သည်။)

All Chapters