← Chapters

အပြင်ထွက်၍ကစားချင်သည်

Vol. 17 Ch. 242

အပြင်ထွက်၍ကစားချင်သည်

Vol. 17 Ch. 242

အရဟတ်လက်သီးသည် ရွှေဗုဒ္ဓနိုင်ငံ၏ အဆင့်မြင့်လက်သီးပညာတစ်ခုဖြစ်သည်။ အဆုံးစွန်ထိ လေ့ကျင့်လျှင် အရဟတ်အရိယဖလကို ရနိုင်သည်။ သို့သော် ကျင့်စဉ်၏အဆိုသာဖြစ်သည်။ အောင်မြင်အောင် ကျင့်ကြံနိုင်သူဟု၍ တစ်ယောက်မှ လုယန်မကြားဖူး။

ထိုပညာရပ်များ၏နောက်ခံကိုကြည့်၍ ဆုံးဖြတ်လျှင် ဘုန်းကြီးတာအိုလက်သီးက ပိုကောင်းမည့်သဘောရှိသည်။

သို့သော် ပြဿနာက ထိုပညာရပ် ထာဝရနတ်မယ်တီထွင်ခဲ့သည့် ပညာဖြစ်နေသည်။

"လေ့ကျင့်ဖို့မလိုပါဘူး။ နာမည်ကြားတာနဲ့ ဒီလက်သီးဘာအတွက်သုံးလဲ သိသာနေပါပြီ"

"ဟေ့ ဟေ့ ဟေ့ နင်ဘယ်လိုအကြည့်နဲ့ ကြည့်နေတာလဲ။ ဘုန်းကြီးတာအိုလက်သီးက ငါဖန်တီးထားတဲ့ မသေမျိုးအဆင့်ပညာတစ်ခုပါ။ ဟိုအရဟတ်လက်သီးဆိုတာက ဒါနဲ့ယှဉ်စရာတောင် အကြောင်းမရှိဘူး"

နတ်မယ် ခုန်ထလာသည်။ လုယန်သူ့ကို အထင်သေးနေသည်ဟု ခံစားရသည်။

"ခင်ဗျားကို အထင်သေးလို့မဟုတ်ပါဘူး။ ခင်ဗျားရဲ့လက်သီးပညာနာမည်က နည်းနည်း...လိုအပ်ချက်ရှိနေတယ်ထင်လို့ပါ။ စွမ်းအားကြီးတဲ့ပုံစံလုံးဝမပေါက်ဘူး"

"နင်ဘာသိလို့လဲ။ လက်သီးပညာလေ့ကျင့်တာ တိုက်ခိုက်ဖို့နဲ့ ကြွားလုံးထုတ်ဖို့ပဲလို နင်ထင်နေလား။ မဟုတ်ဘူး။ လက်သီးပညာရဲ့ အရေးကြီးဆုံးရည်ရွယ်ချက်က ကျန်းမာရေးထိန်းသိမ်းဖို့ပဲ"

နတ်မယ် ဩဝါဒချွေသည်။ လုယန်၏ မှားယွင်းနေသည့်အမြင်ကို ပြုပြင်ပေးသည်။

"ကျင့်ကြံရတဲ့ရည်ရွယ်ချက်ဟာ ပိုကောင်းတဲ့ဘဝနဲ့ နေနိုင်ဖို့မဟုတ်လား။ အဲလိုနေနိုင်ဖို့ အရေးကြီးဆုံးကဘာလဲ။ ခန္ဓာကိုယ်ပဲလေ။

ဒါကြောင့် ဒီကျန်းမာရေးထိန်းသိမ်းနိုင်တဲ့ လက်သီးပညာတွေကို ငါသီးသန့်ဖန်တီးခဲ့တာ။ အပူငြိမ်းပြီး သလိပ်ရှင်းစေတဲ့ ဘုန်းကြီးတာအိုလက်သီး၊ အအေးဓာတ်ကိုဖယ်ရှားပြီး နာကျင့်မှုသက်သာစေတဲ့ ချီနဲ့အစာအိမ်ကို ပုံမှန်လည်ပတ်စေတဲ့ ဝဲကတော့လက်သီး၊..အဲလိုမျိုးတွေပေါ့။ ပညာရပ်ပေါင်း ထောင်ချီရှိတယ်။ ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းသိမ်းနိုင်ရင် အရဟတ်ဖြစ်မလာမှာကို စိုးရိမ်ဖို့မလိုတော့ဘူး။

ထောင်ချီပြီးရှိတဲ့ ဒီလက်သီးပညာတွေအားလုံးကို တတ်သွားပြီး အတူပေါင်းစည်းနိုင်ပြီဆိုရင် ငါ့ရဲ့အထွတ်အထိပ်လက်သီးပညာဖြစ်တဲ့ မသေမျိုးနတ်မယ်လက်သီးပညာကို နင်သင်ယူနိုင်မယ်လေ"

မသေမျိုးနတ်မယ်လက်သီးသည် ဟိုတစ်နေ့က ထာဝရအရှင်ကို အနိုင်ယူခဲ့သည့် လက်သီးပညာဖြစ်သည်။ စွမ်းအားက အံ့ဩစရာကောင်းလောက်အောင် ကြီးမားသည်။ ထာဝရအရှင် သိက္ခာမဆည်နိုင်ဘဲ ကြောက်လန့်တကြား ထွက်ပြေးနေခဲ့ရသည်။

"ကဲ ဘယ်လိုသဘောရလဲ။ သင်ချင်လား"

လုယန်သူ့ကို အတုအယောင်ဟု ထင်မည်စိုးသဖြင့် အစွမ်းပြဖို့ အချိန်ရောက်ပြီဟု သူယူဆသည်။

ရှေးဟောင်းမသေမျိုးငါယောက်စားရင်းဝင်သည် ဘယ်လိုအတုအယောင်ဖြစ်နိုင်မည်နည်း။

"ကျုပ်ဒီပညာသင်ဖို့ လုံးဝစိတ်ကူးမရှိဘူး"

လုယန် အပြတ်ငြင်းသည်။

လိပ်အို ကန်ထဲမှတက်လာသည်။ ခေါင်းထဲတွင် မူးဝေနေဆဲဖြစ်သည်။

လက်သီးတစ်ချက်တည်းက ထိုမျှစွမ်းအားကြီးနေသည်။ တကယ်တန်းတိုက်ခိုက်လျှင် ရွှေသန္ဓေအဆင့်များပင် ယှဉ်နိုင်ဖို့ခက်လှသည်။

ထိုလူငယ်နှင့်အတူပါလာသည့်တစ်ယောက်က သူ့စွမ်းအားကိုပင် ထုတ်မပြသေး။ သို့သော် မုန်မျိုးရိုးနှင့် တန်းတူအဆင့်ရှိမည်မှာ သေချာနေသည်။

ဘယ်အဖွဲ့အစည်းမျိုးက ထိုပါရမီရှင်များကို ပြုစုပျိုးထောင်ပေးခဲ့သည်မသိ။

ထိုသို့တွေးမိသဖြင့် လိပ်အို ဆက်မတားတော့ဘဲ ပြိုင်ဘက်များကူရှာပေးဖို့သာ ဆုံးဖြတ်လိုက်သည်။

"ဒါကအခု ကျုပ်တို့ရှိနေတဲ့နေရာ။ ရေကန်ဘေးမှာပေါ့။ တောင်ဘက်ကို ဆယ်မိုင်ထပ်သွားရင် ငယ်ထိပ်မှာ အဖြူရောင်အကွက်တစ်ကွက်ရှိတဲ့ ကျားသစ်နက်တစ်ကောင်ရှိတယ်။ အရမ်းရက်စက်ကြမ်းတမ်းတယ်။ ရှေးဟောင်းသွေးဆက်ပဲ။ ရွှေသန္ဓေအခြေခံအဆင့်ဆိုပေမယ့် တိုက်ခိုက်တဲ့အခါ ရွှေသန္ဓေအလတ်တန်းကျင့်ကြံသူတွေကို အနိုင်ယူနိုင်တယ်။

ကျားသစ်နက်ရဲ့နယ်မြေကနေ တောင်ဘက်ကိုဆက်သွားရင် လရိပ်ဝံပုလွေအုပ်စုရှိတယ်။ အများစုက အခြေတည်ထိပ်တန်းအဆင့်ပါ။ ဝံပုလွေဘုရင်က ရွှေသန္ဓေအခြေခံအဆင့်ရှိတယ်။ သူတို့က တစ်ကိုယ်တည်းမလှုပ်ရှားဘူး။ လရိပ်ဝံပုလွေတစ်ကောင်တွေ့ပြီဆိုရင် အနီးအနားမှာ တစ်ခြားဝံပုလွေတွေ ပုန်းအောင်းနေတဲ့သဘောပဲ။ ဒီတော့ သခင်လေးတို့ အတော်သတိထားဖို့လိုတယ်။ ပြီးတော့ အရှေ့ဘကကိုသွားရင်...."

လိပ်အိုသည် ရေကန်သခင်ငါးယောက်ထဲမှတစ်ယောက်ဖြစ်၍ တောအုပ်အကြောင်း အတော်သိထထားသည်။

"လင်းယုန်လေးတို့အဖွဲ့က တည်နေရာတွေကို အတိအကျသိတယ်။ သခင်လေးတို့ကို လမ်းပြပေးပါလိမ့်မယ်"

လိပ်အိုက ပြောသည်။ သူသည် ရေကန်သခင်ဖြစ်၍ ဤနေရာတွင် ဆက်နေခဲ့ဖို့လိုသည်။ အကယ်၍ သူဆယ်ရက်လောက် ထွက်သွားလျှင် သူ့ပိုင်နက်ကို တစ်ခြားရွှေသန္ဓေအကြိုအဆင့်သားရဲလေးကောင်က ခွဲယူသွားကြမည်ကို သူစိုးရိမ်သည်။

ဤတောနက်ထဲတွင် ရေကန်ငယ်တစ်ခု အပိုင်စားရဖို့ဆိုသည်မှာ လွယ်သည့်ကိစ္စမဟုတ်။

"နယ်မြေအတည်တကျရှိတဲ့ ဒီနတ်ဆိုးသားရဲတွေက ရင်ဆိုင်လို့ရနိုင်တယ်။ သူတို့အလေ့အထတွေကို ကျုပ်တို့သိတယ်လေ။ တကယ်သတိထားရမှာက အတည်တကျမရှိဘဲ နယ်လှည့်နေတဲ့ နတ်ဆိုးသားရဲတွေပဲ။ သူတို့က အရမ်းကောက်ကျစ်ဉာဏ်များတယ်။ လူအသွင်ပြောင်းနိုင်တယ်။ လူသားတွေကို အလစ်အငိုက်တိုက်ခိုက်ရတာကြိုက်တယ်။ ကျုပ်မြင်ဖူးသမျှ သူတို့အစွယ်အောက်မှာ သေသွားတဲ့လူသားတွေ အနည်းဆုံးငါးဆယ်လောက်ရှိပြီ"

လုယန်နှင့်မုန်ကျင်းကျိုးတို့ လိပ်အိုကို ကျေးဇူးတင်စကားဆိုပြီး လင်းယုန်တောင်သူရဲကောင်းငါးယောက်နှင့်အတူ ကျားသစ်နက်နယ်မြေဆီ ထွက်လာခဲ့သည်။

"လုယန်၊ လုယန်။ ငါတို့တစ်ခုဆွေးနွေးအောင်"

နတ်မယ်က အသနားခံသည့်လေသံဖြင့် ပြောသည်။

"ဘာကိစ္စလဲ"

"နင်ဒီတောထဲမှာ ဘယ်လောက်ကြာအောင်နေမှာလဲ"

"အနည်းဆုံးဆယ်ရက်ပေါ့"

လုယန် တွက်ချက်ကြည့်သည်။ နတ်ဆိုးသားရဲမျိုးစုံနဲ့ သူတို့တိုက်ခိုက်ဖို့လိုသည်။ ညတိုက်ပွဲများလည်း ဆင်နွှဲရမည်။ လေ့ကျင့်သည့်ကိစ္စသည် အချိန်မလုံလောက်လျှင် အကျိုးရှိနိုင်သည်မဟုတ်။

ဤတောအုပ်ထဲတွင် အဆက်မပြတ်တိုက်ခိုက်၍ တိုက်ပွဲအတွေ့အကြုံယူပြီး ကျင့်စဉ်အခြေခံခိုင်မာအောင်လုပ်ဖို့ သူတို့ရည်ရွယ်ထားသည်။ သူတို့ရွှေသန္ဓေကို တည်ဆောက်နိုင်မည့်အခွင့်အရေးတွေ့လျှင် ပိုကောင်းသည်။

ထာဝရနတ်မယ် လက်ချိုးရေတွက်ကြည့်သည်။

"ကြည့်လေ၊ ငါက နေ့တိုင်း ဒီသိစိတ်နယ်မြေမှာနေရတယ်။ စားတာအိုပ်တာကလွဲလို့ နင်တို့တိုက်ခိုက်တာကိုပဲ ကြည့်နေရမှာ။ တကယ်ငြီးငွေ့စရာကြီး။

ဘဝရဲ့အဓိပ္ပါယ်ဟာ သက်ဝင်လှုပ်ရှားမှုပဲလို့ ပြောကြတယ်။ ငါအပြင်ကို ခဏမထွက်သင့်ဘူးလား"

"ကဲပါနတ်မယ်၊ ခင်ဗျားဘာဖြစ်ချင်တာလဲ"

"နင့်ရဲ့ဗောဓိကိုယ်ပွားတစ်ခု ငါ့ကိုငှားပါ"

နတ်မယ် ပြုံး၍မျက်နှာချိုသွေးသည်။

"ဒါပေမယ့် နင်ငါ့ကိုမငှားဘူးဆိုရင်လည်း ငါဘာမှမတတ်နိုင်ပါဘူး။ နင်ငှားနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့"

တုံ့ဆိုင်းဆိုင်းဖြင့် မျှော်လင့်ရိပ်သန်းနေသည့် နတ်မယ်အမူအရာကြောင့် လုယန်ရယ်လိုက်သည်။

"နင်ဘာရယ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး"

လုယန် မျက်နှာပိုးသပ်လိုက်သည်။

"ငှားလို့တော့ရပါတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ကောင်းကောင်းနေပါ။ ပြဿနာမရှာနဲ့။ ကျုပ်နဲ့မုန်ကျင်းကျိုး မြို့ထဲကိုမပြန်ခင် ခင်ဗျားပြန်လာဖို့လိုတယ်"

"လုံးဝပြဿနာမရှိပါဘူး။ ငါ့ဝိညာဉ်အာရုံနဲ့ နင့်တို့ကို အချိန်မရွေး ရှာနိုင်ပါတယ်"

နတ်မယ် ယုံကြည်ချက်အပြည့်ဖြင့် ကတိပေးသည်။

"ဒါဆို ကောင်းပြီလေ"

လုယန် ခြေလှမ်းရပ်လိုက်သည်။

"ဘာဖြစ်တာလဲ"

သူ့အပြုအမူကြောင့် မုန်ကျင်းကျိုးနှင့် လမ်းပြငါးယောက် အံ့အားသင့်သွားသည်။ လုယန် အန္တရာယ်တစ်ခုခု အာရုံခံမိသည်ဟု ထင်ကြသည်။

"ဘာမှမဟုတ်ပါဘူး။ ဒီတောအုပ်ရဲ့ တစ်ခြားနေရာတွေကို လေ့လာဖို့ ကိုယ်ပွားတစ်ခု လွှတ်ချင်လို့ပါ"

"ကိုယ်ပွား..."

လင်းယုန်‌တောင်သူရဲကောင်းငါးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ နားမလည်နိုင်အောင်ဖြစ်နေသည်။ မုန်ကျင်းကျိုးက ချက်ချင်းသဘောပေါက်သည်။ လုယန် ဗောဓိစေ့ကိုကိုင်၍ မြေအောင်းပညာသုံးပြီး မြေထဲသို့စုံ့ဝင်သွားသည်။ ထို့နောက် သစ်ပင်စိုက်မှော်ပညာကို သုံးသည်။ ဗောဓိပင်က မြေထဲမှ ထိုးထွက်လာသည်။ အပင်ပေါ်တွင် လုယန်နှစ်ယောက် 'သီး'နေသည်။

လုယန်နှစ်ယောက်လုံး သစ်ကိုင်းမှ ပြိုင်တူရုန်းထွက်ပြီး ခုန်ဆင်းလာသည်။ လုယန်က မူလပုံစံအတိုင်းရှိသည်။ နတ်မယ်က ကိုယ်ပွားခန္ဓာကိုယူသည်။ မြေပေါ်ရောက်သည်နှင့် ကိုယ်ပွားက အမြန်ပြေးထွက်သွားသည်။ ဒဏ္ဍာရီပုံပြင်ထဲကလို ဂျင်ဆင်းသီးက မြေပြင်ကိုထိသည်နှင့် ပျောက်ကွယ်သွားသည့်ပုံမျိုးဖြစ်သည်။

သူရဲကောင်းငါးယောက် မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်နေသည်။

"ကိုယ်...ကိုယ်ပွားလား"

ရွှေသန္ဓေအဆင့်မှာပင် ထိုပညာမျိုးသုံးနိုင်သူဟု သူတို့လုံးဝမကြားဖူးခဲ့။

"ဒါက အသေးအဖွဲပညာလေးပါ။ ပြောရလောက်အောင် မဟုတ်လှပါဘူး"

လုယန် နှိမ့်ချသယောင် ဟန်ဆောင်သည်။ လင်းယုန်တောင်သူရဲကောင်းငါးယောက်၏ လေးစားမှုကို ခံယူသည်။

"သခင်လေးလု၊ ဒီကိုယ်ပွားကို သခင်လေးထိန်းချုပ်နိုင်ရဲ့လား"

"ထိန်းချုပ်စရာမလိုဘူး။ သူ့ဘာသာ လှုပ်ရှားနိုင်ပါတယ်"

"ဒါဆိုရင်တော့ သခင်လေးရဲ့ကိုယ်ပွား သတိထားသင့်တယ်။ တစ်ချို့ကျင့်ကြံသူတွေက တစ်ယောက်တည်းလာတဲ့ ကျင့်ကြံသူတွေကို အငိုက်ဖမ်းပြီး တိုက်ခိုက်တတ်တယ်လို့ကြားတယ်။ ဒါကြောင့် လူအတော်များများ ပျောက်သွားတာ"

All Chapters