နတ်မယ်စွန့်စားခန်း
Vol. 17 Ch. 243
"မှိုတွေကောက်မယ်...မှိုလေးတွေကောက်မယ်..မှိုပွင့်လေးတစ်ပွင့် ကောက်မယ်..."
ရှေးဟောင်းသားချော့တေးတစ်ပုဒ် တောနက်ထဲတွင် လွင့်ပျံနေသည်။ ပျော်ရွှင်တက်ကြွနေသည့် မိန်းကလေးတစ်ယောက်၏ သာယာကြည်လင်သည့်အသံဖြစ်သည်။
သို့သော် သူရုပ်ကိုမြင်လျှင် အကြီးအကျယ်အံ့ဩသွားကြပေလိမ့်မည်။
တည်ကြည်ဖြောင့်မတ်သည့်အသွင်ရှိသည့် ခေါင်းတုံးလူငယ်တစ်ယောက်ဖြစ်သည်။ သစ်ရွက်ဝတ်စုံ ဝတ်ထားသည်။ သူ့လိုလူတစ်ယောက်က သားချော့တေးဆိုနေသည်မှာ နားလည်ရခက်လှသည်။
နတ်မယ် ရေကန်ဘေးတွင် ဆောင့်ကြိုင်ထိုင်၍ သူ့ရုပ်သူပြန်ကြည့်ပြီး မျက်လုံးစွေသွားသည်။
"ဒီကောင်လေးလုယန်က ရုပ်မဆိုးပေမယ့် သူကယောက်ျားတစ်ယောက်ပဲ။ သူအခု အနားမှာမရှိဘူးဆိုတော့ ငါ့ပင်ကိုယ်အသွင်ကို ပြောင်းလိုက်မယ်"
ထိုသို့တွေးပြီး ချက်ချင်းလှုပ်ရှားသည်။ ယခုမှ လွတ်လွတ်လပ်လပ် အပြင်ထွက်လာခွင့်ရသည်။ သူ့ကိုစောင့်ကြည့်နေသူ တစ်ယောက်မှမရှိ။ သူ့စိတ်ကြိုက်နေချင်သည်။
လက်နှစ်ချောင်းကို အတူပူး၍ နှုတ်ခမ်းနားသို့ကပ်ပြီ တစ်စုံတစ်ခု တီးတိုးရေရွတ်လိုက်သည်။ ရွတ်ဆိုသည့်အသံက သူ့ဘေးပတ်လည်လေထုနှင့် တစ်သားတည်းကျသွားသည်။ လေဟာနယ်တွန့်လိမ်တုန်ခါသွားသည်။
လေဟာနယ် ပုံမှန်ပြန်ဖြစ်လာချိန်တွင် ရေကန်စပ်တွင်ရပ်နေသူမှာ ခေါင်းတုံးလုယန်မဟုတ်တော့။ ဆယ့်ခြောက်နှစ်ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ယောက် ဖြစ်လာသည်။
အပြစ်ကင်း၍ ဆွဲဆောင်မှုရှိသည်။ မျက်လုံးများက ဝိုင်စက်ကြည်လင်သည်။ ဆံပင်ရှည်များက ခါးအထိရောက်သည်။ အဝါဖျော့ဝတ်စုံ ဝတ်ထထားသည်။ ခြေဗလာဖြစ်သည်။ အိမ်မှခိုးထွက်လာသည့် ကောင်မလေးတစ်ယောက်အသွင်မျိုး ဖြစ်နေသည်။
"ဟီးဟီး၊ ငါက အရမ်းချစ်စရာကောင်းတာပဲ"
ရေကန်ထဲမှ သူ့အရိပ်သူပြန်ကြည့်၍ နတ်မယ် ကျေနပ်စွာပြုံးနေသည်။
ကန်ဘေးတွင် ခြေဗလာဖြင့်ထိုင်ပြီး ရေကိုခြေထောက်ဖြင့်ကန်၍ ကစားနေသည်။ လှိုင်းကြက်ခွပ်လေးများ ထလာသည်။
လှိုင်းခတ်သံကြောင့် ငါးငယ်တစ်ကောင် စိတ်ဝင်စားသွားသည်။ သူ့အစာပေါ်လာပြီဟုထင်ပြီး အနီးသို့ ကူးခတ်လာသည်။ ထို့နောက် လူသားတစ်ယောက် ရေကစားနေမှန်းသိသွားသဖြင့် စိတ်ပျက်လက်ပျက် ပြန်ထွက်သွားသည်။
လုယန်၏သိစိတ်နယ်မြေတွင်ရှိစဉ်က အရားအားလုံးကို သူအာရုံခံနိုင်ပါသည်။ သို့သော် အားလုံးက စိတ်အတွေးဖြင့် ခံစားနားလည်ခြင်းဖြစ်သည်။ ယခုလို အစစ်အမှန်ထိတွေ့၍ ပျော်ရခြင်းမျိုးမဟုတ်။ ယခုလို ရေကိုယက်ကန်ရသည်ပင် ပျော်စရာကောင်းနေသည်။
ကန်ရေက အေးမြလတ်ဆတ်သည်။ ခြေထောက်ကို ရေစိုနေသည့်ခံစားချက်ကြောင့် သူကျေနပ်စွာပြုံးနေသည်။
ကန်ဘေးမှ ခပ်ရှည်ရှည်သစ်ကိုင်းတစ်ခု သူကောက်သည်။ မသေမျိုးစွမ်းအင်ဖြင့် ငါးမျှားကြိုးတစ်ခု ဖန်တီးသည်။ သစ်ကိုင်းထိပ်တွင်ချည်လိုက်သည်။ ရိုးရှင်းသည့် ငါးမျှားတံတစ်ခုဖြစ်လာသည်။
"လာပြီဟေ့"
ငါးစာပင်မသုံးပဲ ကြိုးကိုရေထဲချလိုက်သည်။ အပူအပင်ကင်းသည့်ဟန်ပန်မျိုး ရှိနေသည်။
ငါးမျှားကြိုးက သေးငယ်သည်။ သို့သော် မသေမျိုးစွမ်းအင်သာဖြစ်သည်။ အတုမဲ့မသေမျိုးစွမ်းအားဖြစ်သည်။ ငါးစာမလို။ ထိုကြိုးကပင် အကောင်းဆုံးငါးစာဖြစ်သည်။
ကန်ဘေးတွင် ကိုယ်တစ်ဝက်လှဲရင်း မျက်လုံးကိုမှေးထားသည်။ ကန်ဘေးတွင် ရွှံ့နွှံများရှိသော်လည်း မှော်ပညာတစ်မျိုးသုံး၍ သူ့ကိုယ်သူ သန့်ရှင်းအောင်ထိန်းထထားသည်။
လုယန်သာရှိလျှင် ထိုပညာသည် သူအမြဲသင်ယူချင်ခဲ့သည့် အဝတ်သန့်စင်ပညာရပ်ဖြစ်ကြောင်း သတိထားမိပေလိမ့်မည်။ သို့သော် နတ်မယ်သုံးသည့်ပညာက လန်ထင်သင်ပေးသည့်ပညာထက် များစွာ ပိုအဆင့်မြင့်သည်။ မသေမျိုးပညာရပ်အဆင့်ဖြစ်သည်။ စွမ်းအင်သုံးစွဲမှု မရှိသလောက်ပင်ဖြစ်သည်။
မကြာမီ ငါးကြီးတစ်ကောင် ကြိုးကိုလာဟပ်သည်။ မြဲမြံစွာ ကိုက်ခဲထားသည်။
ထိုမသေမျိုးစွမ်းအင်ကြိုးကို သူသန့်စင်လိုသည်။ သို့သော် အဆင့်ကွာခြားချက်က ကြီးမားလွန်းသဖြင့် သူမလုပ်နိုင်။
"ငါးဟပ်ပြီလား"
နတ်မယ် ပျော်ရွှင်စွာခုန်ထလိုက်သည်။ မျက်လုံးများ အရောင်တောက်နေသည်။ ခပ်ကြမ်းကြမ်းဆွဲမလိုက်သည်။ ခေါင်းကြီးကိုယ်သေးငါးတစ်ကောင် ပါလာသည်။
"ဪ...ငါးဆုပ်ခွက်ပဲ။ ကြည်ရဆိုးတယ်၊ စားလိုမကောင်းဘူး။ အဟာရလည်းမဖြစ်ဘူး"
နတ်မယ်စိတ်ပျက်လက်ပျက်ခေါင်းခါပြီး ငါးခေါင်းကို ပုတ်လိုက်သည်။ ကြိုးကိုလွှတ်ရန် အချက်ပြသည်။ ကန်ထဲသို့ ပြန်လွှင့်ပစ်လိုက်သည်။
"နောက်တစ်ခါ ပိုပြီးစားလို့ကောင်းတဲ့သတ္တဝါအဖြစ် ပြန်မွေးဖွားခဲ့ပါ"
ငါးကို သူအကြံပေးသည်။ အသက်ချမ်းသာပေးလိုက်သည်။ ထိုကျေးဇူးကို ထိုငါးပြန်ပေးဆပ်သင့်သည်။
ထိုငါးက အသိဉာဏ်မရှိသဖြင့် သူဘာပြောနေသည်ကို နားမလည်။
ငါးဆုပ်ခွက်ကို လွှတ်ပေးပြီးနောက်တွင် ရေကန်ထဲမှ တစ်ခြားသတ္တဝါမျိုးစုံ လာဟပ်သည်။ ငါးများ၊ ပုစွန်များ၊ ကဏန်းများ၊ လိပ်များအပြင် သူမသိသည့် ရှေးဟောင်းခေတ်နှောင်းမျိုးစိတ်များပါ လာဟပ်ကြသည်။
သို့သော် ကိစ္စမရှိ။ ကျယ်ပြန့်သည့် သူ့ဟင်းချက်အတွေ့အကြုံကြောင့် တစ်ခါမြည်းကြည့်ရုံဖြင့် ဘယ်ကောင်စားသင့်မစားသင့် သူသိသည်။
မကြာမီ ကန်ထဲမှဟင်းချက်ပစ္စည်းများ သူ့ဘေးပတ်လည်တွင် စုပုံသွားသည်။ ပြန်ထွက်ပြေးမည်စိုးသဖြင့် အနက်ရောင်မြေသားကို ကန်ရေနှင့်စပ်၍ ရွှံ့သားဖြစ်အောင်လုပ်သည်။ ကန်အသေးစားလေးတစ်ခု ဖန်တီးသည်။ ရထားသည့်အကောင်များကို လှောင်ထားသည်။
ထိုစဉ် ရုတ်တရက် အနက်ရောင်အရိပ်တစ်ခု ကန်ထဲမှထိုးထွက်လာသည်။ တစ်ကိုယ်လုံး ဆူးတောင်များဖုံးနေသည်။ ဖြူကောင်နှင့်ဆင်တူသည်။ သို့သော် ဆူးချွန်များကပို၍တိုသည်။
ဤကန်သည် လိပ်အိုထိန်းချုပ်ထားသည့်ကန်ထက် အဆများစွားပိုကြီးသည်။ ထို့ကြောင့် ကန်သခင်စွမ်းအားကလည်း ထူးခြားသည်။
ထိုအနက်ရောင်အရိပ်သည် ရွှေသန္ဓေထိပ်တန်းအဆင့် ကန်သခင်ဖြစ်သည်။ ကန်ရေလာသောက်သည့် လူနှင့်နတ်ဆိုးသားရဲများ မရေမတွက်နိုင်အောင် စားဖူးသည်။
နတ်မယ်ကိုမြင်သည်နှင့် သူသွားရေယိုလာသည်။ အခြေတည်ထိပ်တန်းအဆင့်ကောင်မလေးအသွင်မျိုး ရှိသော်လည်း ထိုလူသားကိုစားလျှင် နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု သူ့စိတ်ကအလိုလိုခံစားနေရသည်။
ထိုအဆင့်ရောက်လျှင် သူ့ပိုင်နက်ကို ထပ်ချဲ့နိုင်မည်။ စွမ်းအားလည်း ပိုတိုးလာမည်။
လုယန်၏ ကျင့်စဉ်စွမ်းအားက အခြေတည်ထိပ်တန်းအဆင့်ဖြစ်သည်။ ဗောဓိကိုယ်ပွားသည် သူ့စွမ်းအား၏ ရှစ်ဆယ်ရာနှုန်းရထားသည်။ ထို့ကြောင့် နတ်မယ်သည်လည်း ယခု အခြေတည်ထိပ်တန်းအဆင့်တွင် ရှိနေသည့်သဘောဖြစ်သည်။
နတ်မယ်မျက်တောင်တစ်ချက်ခတ်ပြီးသည်နှင့် ကန်သခင်၏ဝါးမျိုခြင်း ခံလိုက်ရသည်။
ထာဝရနတ်မယ် ဝမ်းဗိုက်ထဲမှ တိုက်ခိုက်မည်ကို ကန်သခင်မစိုးရိမ်။ သူ့အစာအိမ်ထဲတွင် တိုက်စားအားပြင်းထန်သည့် အစာချေရည်များ ပြည့်နေသည်။ အတွင်းထဲမှ တိုက်ခိုက်မှုများကို ထိုအစာချေရည်များက ဖြိုခွဲပေးသည်။ စိုးရိမ်စရာမရှိ။
"ရေကွင်း...အင်း...ကိစ္စမရှိပါဘူးလေ။...ကတော့လက်သီးစွမ်းအား"
ညင်သာသည့်လက်သီးတစ်ချက် အစာအိမ်နံရံပေါ်ကျသွားသည်။ အတွင်းကလီစာများ ဗြောင်းဆန်သွားသလို ကန်သခင်ခံစားလိုက်ရသည်။ ကြီးမားသည့်အင်အားတစ်ခုက သူ့ကိုယ်ထဲ ဝင်မွှေနေသလိုထင်ရသည်။
"နေပါဦး။ ငါ့ကိုချမ်းသာ..."
သူစကားမဆုံးမီ ကတော့လက်သီးစွမ်းအားကြောင့် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။
နတ်မယ်က ကန်သခင်၏အသားတစ်တုံးကိုကိုင်ပြီး ရေမျက်နှာပြင်ပေါ်တက်လာသည်။
အစက ကန်သခင်ကိုရှင်းရန် ရေကွင်းမှော်ပညာသုံးဖို့ စိတ်ကူးခဲ့သည်။ သို့သော် ကန်သခင်လိုသတ္တဝါမျိုး သူတစ်ခါမှမမြင်ဖူး။ ထို့ကြောင့် အရသာကို မြည်းကြည့်ချင်သည်။ ရေကွင်းစွမ်းအားသုံးလျှင် ကန်သခင်တစ်ကိုယ်လုံး ခြောက်ကပ်သွားမည်။ စားချင်စရာ ကောင်းတော့မည်မဟုတ်။
ထို့ကြောင့် ကတော့လက်သီးကို သုံးခြင်းဖြစ်သည်။
ကတော့လက်သီးက ချီလည်ပတ်မှုမှန်စေပြီး အစာကြေညက်ဖို့ ကူညီပေးနိုင်သည်။ ရန်သူနှင့်တိုက်ခိုက်လျှင် ထိုရန်သူ၏ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်သည်။ သို့သော် ထိုရန်သူက ကျန်းမာနေလျှင်တော့ သေစေနိုင်သည့်လက်နက်တစ်ခုအဖြစ် ပြောင်းသွားသည်။
"လုယန်က ဘာလို့ဒီလောက်စွမ်းအားကြီးတဲ့ လက်သီးပညာကို မသင်ချင်ရတာလဲ။...ရေစိုနေတဲ့ခံစားချက်က အတော်နေရခက်တာပဲ။...ရေကွင်းစွမ်းအား"
'ရေကွင်းစွမ်းအား'ဟုအော်လိုက်သည်နှင့် သူ့ကိုယ်ပေါ်နှင့်ဘေးပတ်လည်မှရေများ ချက်ချင်းပျောက်ကွယ်သွားသည်။ မမြင်နိုင်သည့်အားလှိုင်းတစ်ခုက သူ့ကို အပေါ်သို့ မ,တင်ပေးသည်။
ကန်ရေပြင်ပေါ်တွင်ရပ်လျက် ကန်သခင်၏အသားတုံးကိုကိုင်ရင်း သီချင်းတစ်ပုဒ်ညည်းလိုက်သည်။ ကန်စပ်သို့ အေးအေးလူလူ ပြန်လျှောက်လာသည်။
"ကန်သခင်အရသာက ဘယ်လိုနေမလဲမသိဘူး"
မသေမျိုးစာဖိုမှူးတစ်ယောက်၏ ဗီဇအာရုံက ကန်သခင်အသားသည် အတော်စားကောင်းမည်ဟု သူ့ကိုပြောနေသည်။
"ဒါပေမယ့်...ချက်ဖို့အိုးမရှိဘူး"
သူခေါင်းကုတ်လိုက်သည်။ အနီးအနားတွင် ချက်ပြုတ်စရာအသုံးအဆောင်များ ဘာမှမရှိ။
ထို့နောက် ကန်ထဲမှကြာရွက်များကို မြင်သွားပြီး သူ့မျက်လုံးများ အရောင်လက်လာသည်။
"ဟုတ်ပြီ၊ အသားကိုကြာရွက်နဲ့ထုပ်၊ အပေါ်ကရွှံ့နဲ့မံပြီး မီးကင်ရမယ်"
ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများ မရှိသဖြင့် အနီးအနားမှ ဟင်းခေတ်ပင်နှင့်ဆင်သူသည့် အပင်များကို အစားထိုးသုံးသည်။
"ထာဝရမီးတောက်စစ်"
မီးတောက်တစ်ခု မှုတ်ထုတ်လိုက်သည်။ လောကတွင် မသိသေးသည့် မီးတောက်စစ်တစ်ရာ့ရှစ်မျိုးတွင် မပါဝင်သည့် မီးတောက်မျိုးဖြစ်သည်။
ထာဝရမီးတောကသည် နူးညံ့သည်။ အသားကို အတွင်းအပြင်ညီမျှအောင် အပူပေးနိုင်သည်။ သိပ်မကြာမီ မွှေးပျံ့သည့်ရနံ့တစ်ခု ထွက်လာသည်။
သူစတင်စားသောက်ရန်ပြင်လိုက်ချိန်တွင် သူ့နောက်ဘက်မှ နူးညံ့သည့်စကားသံတစ်ခု ပေါ်လာသည်။
"မိန်းကလေး၊ မင်းတစ်ယောက်တည်း ဒီမှာဘာလုပ်နေတာလဲ။ အန္တရာယ်များတယ်နော်"
နတ်မယ် နောက်လှည့်ကြည့်သည်။ သူ့ပါးပြင်တွင် ရွှံ့စက်တစ်ချို့ရှိနေသည်။ 'သူတောင်းစားငါးကင်'လုပ်ရင်း စွန်းပေခဲ့ခြင်းဖြစ်သည်။
သူ့နောက်ဘက်တွင် လူလေးယောက်ရပ်နေသည်။ အားလုံး ရွှေသန္ဓေအဆင့်များဖြစ်သည်။ စိတ်ထင်၍လားတော့မသိ။ ထိုလူများ အစောပိုင်းကပြုံးသည့် အပြုံးများက မရိုးသားဟု ထင်မိသည်။ ထိုအပြုံးများကို ကြင်နာနွေးထွေးသည့် အမူအရာများက ချက်ချင်းအစားထိုးဝင်လာသည်။
"မိန်းကလေး၊ မင်းမိသားစုဝင်တွေဘယ်မှာလဲ"