← Chapters

အဆိပ်သင့်နေသည်

Vol. 17 Ch. 244

အဆိပ်သင့်နေသည်

Vol. 17 Ch. 244

"နင်တို့က ဘယ်သူလဲ"

လူလေးယောက်ကို နတ်မယ် သတိဖြင့်ကြည့်နေသည်။ လေးယောက်လုံး သူ့ထက်ကျင့်စဉ်အဆင့်မြင့်သည်။ ရွှေသန္ဓေအဆင့်များဖြစ်သည်။

လွီချန် ပြုံးလိုက်သည်။

သူတို့လေးယောက် မကြာခဏတောအုပ်ထဲတွင် လှည့်လည်သွားလာလေ့ရှိသည်။ အပြင်ပန်းတွင် တစ်ခြားလူများလိုပင် နတ်ဆိုးသားရဲများကို တိုက်ခိုက်၍ ရတနာများစုစည်းသည်။ အမှန်တော့ သူတို့အားလုံး လူယောင်ဆောင်ထားသည့် နတ်ဆိုးသားရဲများဖြစ်သည်။ လျှို့ဝှက်လူသတ်သည်။ ဓားပြတိုက်သည်။ မှော်လက်စွပ်များ သိမ်းပိုက်သည်။ ရသမျှအကုန်ယူသည်။ အကျိုးအမြတ်များများရဖို့ အကျင့်ပျက်လူသားမျိုးနွယ်များနှင့် မှောင်ခိုရောင်းဝယ်သည်။

အစက ဤကန်သခင်နှင့် နောက်ဆက်လုပ်မည့်အစီအစဉ်အတွက် ဆွေးနွေးရန် ရောက်လာခြင်းဖြစ်သည်။ မမျှော်လင့်ပဲ မိန်းကလေးတစ်ယောက်ကို တွေ့ရသည်။

ကောင်မလေးက အခြေတည်ထိပ်တန်းအဆင့်ဖြစ်သည်။ ချစ်စရာကောင်းပြီး နူးညံ့သည်။ အဝတ်အစား ဖရိုဖရဲဝတ်ထားပြီး ခြေဗလာဖြစ်နေသည်။ လူချမ်းသာမိသားစုမှ လေ့ကျင့်ရေးလာဆင်းရင်း သူ့သက်တော်စောင့်များနှင့် လူချင်းကွဲသွားဟန်တူသည်။

ထိုအဖြစ်မျိုးက မဆန်းလှ။ ကျယ်ပြန့်သည့် ဤတောအုပ်ကို ရွှေသန္ဓေအဆင့်ကျင့်ကြံသူများ နေရာအနှံ့ကင်းမလှည့်နိုင်။

သူတို့သိထားသလောက် ဤအနီးအနားတွင် နတ်ဝိညာဉ်အဆင့် ဆင်မျိုးနွယ် ရှေးဟောင်းနတ်ဆိုးသားရဲကြီးတစ်ကောင်ရှိသည်။ အလွန်တရာ စွမ်းအားကြီးသည်။

ထာဝရနတ်မယ်၏ဝတ်စုံ ဘာနှင့်လုပ်ထားမှန်း လွီချန်ခွဲခြားမသိ။ အတော်အဖိုးတန်မည်ဟု သူခန့်မှန်းမိသည်။

လေ့ကျင့်ရေးဆင်းလာသည့် လူချမ်းသာမိသားစုဝင်မိန်းကလေးတစ်ယောက်တွင် ပစ္စည်းကောင်းများပါလာမည်မှာ သေချာနေသည်။ နောက်ပိုင်းမှ မိသားစုဝင်များ သူတို့နောက်သို့လိုက်လာလျှင်လည်း ကိစ္စမရှိ။ ဤတောအုပ်တွင် သေခြင်းရှင်ခြင်းက ကံတရားပေါ်သာ မူတည်လေ့ရှိသည်။ လေ့ကျင့်ရေးဆင်းရင်း မတော်တဆအဖြစ်မျိုးမကြုံဟု ဘယ်သူမှအာမမခံနိုင်။

မတတ်သာသည့်အဆုံး မိန်းကလေးသေသည့်ကိစ္စ တစ်ခြားလူသားများကို အပြစ်လွှဲချလိုက်ရုံသာရှိသည်။ လူသားများကလည်း ထိုကိစ္စမျိုး မကြာခဏလုပ်ကြသည်။

ယခု ထိုမိန်းကလေး ဤနေရာတွင် ချက်ပြုတ်နေသည်။ အပူပင်ကင်း၍ လှည့်စားရလွယ်မည့်ဟန်ရှိသည်။

ဖြစ်နိုင်ခြေအားလုံးကို လွီချန်တွက်ချက်စဉ်းစားသည်။ အန္တရာယ်မရှိနိုင်ဟု အတည်ပြုပြီးမှ ထာဝရနတ်မယ်ထံ ချဉ်းကပ်ပြီး သူ့နောက်ခံအကြောင်း ဖော်ရွေသည့်အမူအရာဖြင့် စုံစမ်းသည်။

"ငါတို့က ဒီရေကန်ဘေးမှာ ဆေးမြစ်လာရှာတဲ့ ကျင့်ကြံသူတွေပါ။ မင်းလိုမိန်းကလေးတစ်ယောက် ဒီလိုနေရာမှာတွေ့ရမယ်လို့ မထင်ခဲ့ဘူး။ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ရွှေသန္ဓေအဆင့်နတ်ဆိုးသားရဲတွေ သွားလာလှုပ်ရှားလေ့ရှိတဲ့ နေရာပါ။ ငါတို့တောင် ဒီမှာကြာကြာမနေရဲဘူး"

ခုနက လက်သီးတစ်ချက်ဖြင့် သူအလွယ်တကူ သတ်လိုက်သည့် ကန်သခင်အကြောင်း ထာဝရနတ်မယ် ပြန်စဉ်းစားသည်။ ထိုကန်သခင်က အားနည်းသည်။ သူ့ကိုအန္တရာယ်မပေးနိုင်။ ထို့ကြောင့် ခေါင်းခါပြလိုက်သည်။

"အန္တရာယ်လား၊ အဲလောက်လည်းမဟုတ်လှပါဘူး"

"မင်းမကြုံဖူးသေးလို့ဖြစ်မယ်။ မင်းမိသားစုအကြီးအကဲတွေဘယ်ရောက်နေလဲ။ ဒီနေရာက တကယ်အန္တရာယ်များပါတယ်"

"သူတို့က ရွှေသန္ဓေအဆင့်သားရဲတစ်ကောင်ကို စိန်ခေါ်တိုက်ခိုက်ဖို့ သွားကြတယ်။ ငါပျင်းနေတာနဲ့ ပြေးထွက်လာတာ။...အဲ၊ မဟုတ်ဘူး။ သူက ငါ့မိသားစုအကြီးအကဲတော့မဟုတ်ဘူး"

နတ်မယ် ပြောနေရင်းမှ ယုတ္တိကျအောင် ပြန်ပြင်ပြောသည်။

လုယန်သည် သူ့ဂျူနီယာဖြစ်သည်။ သူကသာ အကြီးအကဲဖြစ်သည်။

လွီချန်တို့လေးယောက် အကြည့်ချင်းဖလှယ်လိုက်သည်။ ကောင်မလေး ခိုးထွက်လာခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

"ငါးဘုရင်၊ မင်းရှိနေလား"

လွီချန် သိစိတ်အာရုံမှ ကန်သခင်ကိုဆက်သွယ်လိုက်သည်။ ထိုမိန်းကလေးအခြေအနေကို စုံစမ်းရန်ကြိုးစားသည်။ အချီကြီးသိမ်းပိုက်ဖို့ အတူပူးပေါင်းကြမလားဟု သူမေးချင်သည်။

"ဒီမှာမရှိဘူးလား"

လွီချန် လေးငါးကြိမ်ဆက်သွယ်သော်လည်း ကန်သခင်ထံမှ တုံ့ပြန်သံမကြားရ။

အသွင်ပြောင်း၍ တစ်ခြားတစ်နေရာသို့ အမဲလိုက်ထွက်သွားသလားမသိ။

ထိုသို့ဆိုလျှင် ကန်သခင် ကံဆိုးသည်ဟုသာ တွေးရတော့မည်။ မထင်မှတ်ဘဲကြုံရသည့် ဤဆုလာဒ်ကို သူတို့လေးယောက်သာ သိမ်းယူရတော့မည်"

"ရှင်က ငါးတစ်ကောင်ကိုရှာနေတာလား

နတ်မယ်၏အမေးကြောင့် လွီချန် ထိတ်လန့်သွားသည်။ ကန်သခင်ဆီ သိစိတ်အာရုံဖြင်ဆက်သွယ်နေသည်ကို ထိုမိန်းကလေး ဘယ်လိုသိနေသည်မသိ။

"စားကြရအောင်လေ။ ငါအခုမှ ငါးကင်လို့ပြီးသွားတာ"

နတ်မယ်က သစ်ကိုင်းများကို မီးခဲအဖြစ်ပြောင်းပြီး မီးခဲပြာအပူရှိန်ဖြင့် 'သူတောင်းစားငါးကင်'လုပ်နေခဲ့ခြင်းဖြစ်သည်။

ပြာပုံထဲမှ ကြီးမားသည့်ရွှံ့တုံးကြီးတစ်ခုကို ကော်ထုတ်သည်။ အပြင်လွှာကို ထုခွဲလိုက်သည်။ ထို့နောက် အလယ်သား ကြာပွင့်အလွှာကို ဆွဲခွာသည်။ မွှေးကြိုင်သည့်အနံ့တစ်မျိုး လေထဲသို့ဝေ့ဝဲတက်လာသည်။ လွီချန်တို့ အားပါးတရ ရှူရှိုက်လိုက်သည်။

တောကြီးမျက်မည်းတွင် အချိန်အတော်ကြာရှင်သန်ခဲ့ပြီး ထိုမျှမွှေးကြိုင်နေသည့် အစားအသောက်နံ့မျိုး ပထမဆုံးအကြိမ် ရှူရှိုက်ဖူးခြင်းဖြစ်သည်။

လူချမ်းသာမိသားစုများသုံးသည့် ဟင်းချက်ပစ္စည်းများက ပုံမှန်နှင့်ကွာခြားသောကြောင့်ဖြစ်မည်။ တောထဲ၌စားသောက်သည့် အစားအစာကပင် ထူးခြားနေသည်။

"စားကြပါ။ ဒါက ရှင်တို့ရှာနေတဲ့ငါးပဲ"

နတ်မယ်က မရှင်းမလင်းပြောသည်။

သူသည် မသေမျိုးစားဖိုမှူးဖြစ်သော်လည်း စားဖိုမှူးက စားဖိုမှူးသာဖြစ်သည်။ စားဖိုမှူများ သဘောအကျဆုံးက သူတို့ပြင်ဆင်သည့်အစားအသောက်ကို ဧည့်သည်များ မြိန်ရေယှက်ရေ စားသောက်သည်ကို ကြည့်ရခြင်းပင်ဖြစ်သည်။

ထို့ကြောင့် လောလောလတ်လတ် သူပြင်ဆင်ထားသည့် သူတောင်းစားငါးကင်ကို ရက်ရက်ရောရော ကျွေးသည်။

နတ်မယ်၏ အပူအပင်ကင်းဝေး၍ အန္တရာယ်မပေးနိုင်သည့် မိန်းကလေးတစ်ယောက်ဟုသာ လွီချန်တို့ မြင်ကြသည်။ ထို့ပြင် ငါးကင်နံ့ကလည်း မယုံနိုင်လောက်အောင် မွှေးပျံ့နေသည်။

ငါးကင်အရင်စားပြီးမှ ထိုကောင်မလေးကို ငရဲသို့ပို့ရန် ဆုံးဖြတ်လိုက်ကြသည်။ နည်းနည်းငြင်ငြင်သာသာချဉ်းကပ်ဖို့ ရည်ရွယ်ထားသည်။

သတိူု့လေးယောက် ကျောက်တုံးကြီးများပေါ်တွင်ထိုင်၍ ငါးကင်ကို ဝိုင်းစားကြသည်။

လွီချန် မှော်လက်စွပ်ထဲမှ တူတစ်စုံထုတ်၍ ငါးကင်တစ်ဖဲ့ ညှပ်ယူလိုက်သည်။ ငါးကင်က နူးညံ့လွန်းသဖြင့် နည်းနည်းအားစိုက်လိုက်ရုံဖြင့် ကြေမွသွားသည်။ သူအံ့အားသင့်သွားသည်။ သူ့စွမ်းအားကို သေချာထိန်းညှိ၍ နောက်တစ်ဖဲ့ညှပ်ယူသည်။

ငါးဖတ်က သူ့ပါးစပ်ထဲတွင် အရည်ပျော်၍ လည်ချောင်းထဲအတိုင်း လျှောဆင်းသွားသည်။ သေချာပင် အရသာမခံလိုက်ရ။

ထာဝရနတ်မယ်က သစ်ကိုင်းနှစ်ခက်ကို ကန်ရေဖြင့်ဆေးကြောပြီး တူအဖြစ်သုံးသည်။

ငါးကင်ကို ဂရုတစိုက်ဖဲ့၍ ပါးစပ်ထဲထည့်ပြီး အရသာခံသည်။

"အရသာရှိလိုက်တာ။...ဒါနဲ့စကားမစပ် ရှင်တို့နတ်ဆိုးသားရဲတွေက ဘာလို့လူအသွင်ပြောင်းထားကြတာလဲ။ တောအုပ်ထဲမှာ သွားလာလှုပ်ရှားတဲ့အခါ သားရဲအသွင်က ပိုအဆင်ပြေတယ်လို့ ပြောကြတယ်မဟုတ်လား"

လေးယောက်လုံး ချက်ချင်းခုန်ထလာကြသည်။ နတ်မယ်ကို သတိဖြင့်စိုက်ကြည့်နေသည်။

"ငါတို့နတ်ဆိုးသားရဲတွေဆိုတာ မင်းသိတယ်ပါ့"

"အစောကြီးကတဲက သိပါတယ်"

"ဒါဆိုမင်းဘာလို့ အမူအရာမပျက်တာလဲ"

"ဘာပျက်စရာရှိလို့လဲ"

လွီချန် သူ့သတ္တိကို ချီးကျူးရန် ပြင်လိုက်စဉ် ခုနက သူမျိုချလိုက်သည့်ငါးဖတ်က မီးတောက်တစ်ခုလို အသွင်ပြောင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ့စွမ်းအင်သွေးကြောများကို လောင်ကျွမ်းနေသဖြင့် ချက်ချင်းစွမ်းအားလျော့သွားသည်။ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။

"ဘုတ်"

လွီချန် မြေပေါ်လဲကျသွားပြီး ဗိုက်ကိုလက်ဖြင့်နှိမ့်၍ လူလှိမ့်နေသည်။ တစ်ခြားလူသုံးယောက်လည်း ထိုနည်းတူခံစားနေရသည်။ မြေပေါ်တွင် လူးလှိမ့်ရင်း နတ်မယ်ကို မယုံကြည်နိုင်သည့်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူတို့၏ မူလပုံစံသို့ ပြန်ပြောင်းသွားသည်။ လွီချန်က မြေခွေးတစ်ကောင်ဖြစ်သည်။ တစ်ခြားသုံးယောက်က ဖြူကောင်၊ မြွေနှင့် တောခွေးအတို့ ဖြစ်သည်။

ငါးအသားက လုယန်၏သစ်သားကိုယ်ပွားကို ဖျက်ဆီးနိုင်လောက်အောင် အဆိပ်ပြင်းထန်ကြောင်း နတ်မယ် နားလည်လာသည်။ ကိုယ်ပွားပျက်စီးသွားလျှင် လုယန်ဘေးသို့ သူပြန်သွားရတော့မည်။

သူ့မသေမျိုးအရိယဖလကို လျှို့ဝှက်အသက်သွင်း၍ ငါးအဆိပ်များကို ဖယ်ရှားလိုက်သည်။

"ဒါဘယ်လိုငါးမျိုးလဲ. မင်းဘာလို့အဆိပ်ခတ်ခဲ့တာလဲ"

လွီချန် မျက်လုံးပြူး၍မေးသည်။ နတ်မယ်ကို အာရုံလွှဲရန်ကြိုးစားရင်း အဆိပ်ကိုခုခံဖို့ ကျင့်စဉ်စွမ်းအားကို တိတ်တဆိတ်သုံးလိုက်သည်။

ထိုမိန်းမက သူတို့ဟန်ဆောင်ထားမှန်သိသည်။ မသိသလို ဟန်ဆောင်သည်။ အဆိပ်ခတ်ထားသည့်ငါးကိုပင် ကျွေးလိုက်သေးသည်။ အတော်ကောက်ကျစ်ဉာဏ်များသည့် စိတ်ဓာတ်ဖြစ်သည်။

"ဒါနင်တို့ရှာနေတဲ့ ငါးဘုရင်ပဲလေ။ သူက ငါ့ကိုစားဖို့ကြိုးစားတယ်။ ဒါပေမယ့် ငါသူ့ကိုစားလိုက်တယ်"

နတ်မယ် အပြစ်ကင်းသည့်လေသံဖြင့်ပြောသည်။

"နင်တို့သူ့ကို ရှာနေတာမဟုတ်လား။ သူက မကောင်းတဲ့နတ်ဆိုးသားရဲပါ။ အဲတော့ ဆက်မရှာကြနဲ့တော့"

နတ်မယ် နှာခေါင်းရှုံ့သည်။ ငါးဘုရင်၏ ရိုင်းစိုင်းသည့်အပြုအမူကို သူမကြိုက်။

ရှေးဟောင်းခေတ်က ဘယ်နတ်ဆိုးသားရဲမှ သူ့ကို ယခုလိုပုံစံဖြင့် မဆက်ဆံရဲ။ ပုန်ကန်မှုဟုသတ်မှတ်၍ ကိုယ့်ကိုယ်ကိုသတ်သေခိုင်းသည်။

"မင်းပြောတဲ့ ငါးဘုရင်ဆိုတာ ပူဖောင်းငါးမျိုးနွယ်လား"

လွီချန် တအံ့တဩ ရေရွတ်လိုက်လိုက်သည်။ ငါးဘုရင်သည် ဤကန်၏သခင်ဖြစ်သည်။ ရွှေသန္ဓေအဆင့်ပူဖောင်းငါးမျိုးနွယ်ဖြစ်သည်။ သေစေနိုင်လောက်အောင်ပြင်းထန်သည့်အဆိပ်များ တစ်ကိုယ်လုံးပြည့်နေသည်။

ထိုထက်အရေးကြီးသည်မှာ ဤမိန်းကလေးသည် အခြေတည်အဆင့်သာရှိသည်။ ကန်သခင်ကို ဘယ်လိုအနိုင်ယူနိုင်မည်နည်း။

"တိုက်ကြဟေ့။ သူ့ကိုသတ်။ ငါးစားတာတောင် သူမသေဘူး။ သူ့မှာဖြေဆေးရှိရမယ်"

လွီချန်တို့လူစု ပူးဖောင်းငါးအဆိပ်ကို ခဏထိန်းချုပ်ထားပြီး တိုက်ခိုက်ကြသည်။

"ပြီးတော့ တိုက်ခိုက်ရင်းနဲ့ သူ့မှော်လက်စွပ်ကို လုယူကြ"

ရွှေသန္ဓေအဆင့်လေးယောက် အခြေတည်အဆင့်တစ်ယောက်ကို တိုက်ခိုက်ခြင်းဖြစ်သည်။ မနိုင်စရာအကြောင်းမရှိ။

"ဪ..နင်တို့လည်း ဟိုငါးလိုပဲလား။ နင်တို့အားလုံးက အကျင့်ယုတ်တဲ့ နတ်ဆိုးသားရဲတွေပဲ"

သူတို့အပြုအမူကြောင့် ထာဝရနတ်မယ် မကျေမနပ်ဖြစ်သွားသည်။

သူတို့ကို အဆိပ်ဖြေပေးဖို့ ရည်ရွယ်ထားပါသည်။ ယခုလို သူ့ကို တိုက်ခိုက်လာမည်ဟု ထင်မထား။

All Chapters