လက်သီးတစ်ချက်
Vol. 17 Ch. 245
နတ်မယ် ရုတ်တရက် ထိတ်လန့်သွားသဖြင့် လက်ဝါးဖြင့် ရိုက်ချမိသည်။ ရှေးဟောင်းခေတ်က သူတိုက်ခိုက်ရင်းရလာသည့် အလိုလိုတုံ့ပြန်တတ်သည့်အကျင့်ဖြစ်သည်။ သူ့တိုက်ခိုက်သည့်နည်းများသည် အစကတည်းက သူနှင့်တစ်သားတည်းလို ဖြစ်နေသည်။
လွီချန်ထရပ်လာချိန်မှာပင် သူ့ခေါင်းပေါ် ကျောက်တုံးကြီးတစ်ခု ကျလာသလို ခံစားလိုက်ရသည်။ မြေပေါ်သို့ ဘုန်းခနဲ ပစ်လဲသွားသည်။
"အကျင့်မကောင်းတဲ့ကောင်တွေ။ ဘုန်းကြီးတာအိုလက်သီးစွမ်းအား"
သူ့မှော်လက်စွပ်ကို လုယူမည်ဟု ကြားသည်နှင့် သူ့ခေါင်းထဲတွင် မနှစ်မြို့စရာမှတ်ဉာဏ်များ နိုးထလာသည်။ တစ်ယောက်တစ်ချက်စီ ရိုက်ပစ်လိုက်သည်။
ပန်းရောင်သန်းပြီး နူးညံ့နေသည့် သူ့လက်များထဲတွင် ကြီးမားသည့်စွမ်းအားများ ပုန်းကွယ်နေသည်။ ထူးခြားသည့် ပညာရပ်စွမ်းအားနှင့် ပေါင်းစပ်လိုက်သဖြင် ရွှေသန္ဓေအဆင့်လေးယောက် လက်ဝါးတစ်ချက်ပင် မခုခံနိုင်ဘဲ မြေပေါ်လဲကျ၍ အနက်ရောင်သွေးများ အန်ထွက်လာသည်။
နတ်ဆိုးသားရဲများသည် လူသားများထက် အသက်ဓာတ်ပိုအားကောင်းသည်။ နတ်မယ်အရိုက်ခံရပြီးနောက် အစောပိုင်းက ဆူပွက်နေသည့်သွေးများ ချက်ချင်းအေးခဲသွားသည်။ သွေးစီးနှုန်းနှေးသွားသည်။ နောက်ဆုံးတွင် လုံးဝရပ်သွားသည်။ ဆူပွက်နေသည့်သွေးများ ငြိမ်သွားသည်။
ဘုန်းကြီးတာအိုလက်သီးသည် ကိုယ်တွင်းအပူကိုငြိမ်းစေ၍ အဆုတ်ကိုစိုစွတ်စေသည်။
ယခု ပူဖောင်းငါး၏ပြင်းထန်သည့်အဆိပ်ပါ မိထားသဖြင့် နတ်ဆိုးသားရဲလေးကောင် အသက်ရှူရပ်သွားကြသည်။
နာရီဝက်အတွင်း ရွှေသန္ဓေနတ်ဆိုးသားရဲငါးကောင် သေသွားခြင်းဖြစ်သည်။
"ချီလင်မသေမျိုးတောင် ငါ့ကိုဒီလိုအနိုင်မကျင့်ရဲဘူး။ နင်တို့လို နတ်ဆိုးပေါက်စလေးတွေက ငါ့ကိုလာစမ်းလို့ရမယ်ထင်နေလား"
နတ်မယ် နှာခေါင်းရှုံ့၍ တင်ပါးပေါက်လက်နှစ်ဘက်တင်ပြီးပြောသည်။ အတော်လေး ဝင့်ကြွားသည့်လေသံမျိုးပေါက်နေသည်။
"ရှေးဟောင်းခေတ်တုန်းကလည်း နင်တို့လိုပဲ ငါ့ကိုအနိုင်ကျင့်ချင်ကြတဲ့လူတွေ ရှိတယ်။ တကယ်စိတ်ရှုပ်စရာကောင်းတာပဲ။ နှစ်သုံးသိန်းကြာပြီးတာတောင် ဒီအကျင့်က မပြောင်းလဲသေးဘူး"
နတ်မယ် ထိုနေရာမှထွက်လာရင်း တတွတ်တွတ်ပြောနေသည်။ မကြာမီ ထိုကိစ္စကို မေ့လိုက်သည်။ အလောင်းလေးလောင်းကို ချန်ရစ်ထားခဲ့သည်။ သာယာသည့်သီချင်းတစ်ပုဒ်ကို ညည်းနေသည်။
ရှေးဟောင်းခေတ်တွင် လူတစ်ချို့က သူ့ကို အလွယ်တကူလှည့်စား၍ရမည့် မိန်းမလှတစ်ယောက်ဟု မြင်ကြသည်။ လှည့်စားရန် ကြိုးစားသည်။ နောက်ဆုံးရလာဒ်ကတော့ အပြောင်းအလဲမရှိ။ သူက ဉာဏ်ထက်သူဖြစ်၍ သူတို့အကြံကို ရိပ်မိသည်။ အားလုံးကိုသတ်လိုက်သည်။
"မှိုတွေကောက်မယ်...မှိုလေးတွေကောက်မယ်..မှိုပွင့်လေးတစ်ပွင့် ကောက်မယ်..."
.....
"လူသားခန္ဓာကိုယ်တွေဟာ တကယ်အားနည်းတာပဲ။ ဒီလောက်လွယ်လွယ်နဲ့ အဆိပ်သင့်တယ်ပေါ့။ လူတိုင်းသာ ငါ့ရဲ့ကျန်းမာရေးလက်သီးပညာတွေကို သင်ယူနိုင်ရင် သူတို့ခန္ဓာကိုယ်ကို မဟာဆေးပေါင်းစုကြီးအဖြစ်ပြောင်းနိုင်မှာ။ ဘယ်အဆိပ်မှ ဒုက္ခပေးနိုင်မှာမဟုတ်ဘူး။
ဟိုလုယန်ဆိုတဲ့ကောင်လည်း ငါဒီလောက်စေတနာနဲ့ သင်ပေးမယ်ပြောတာကို ဘာလို့မသင်ချင်ရတာလဲ။ ယင်ထန်တို့လေးယောက် ငါ့ရှေ့မှာဒူးထောင်တောင်းပန်တာတောင် သင်ပေးခဲ့တာမဟုတ်ဘူး"
နတ်မယ် လမ်းလျှောက်ရင်း သစ်ကိုင်းတစ်ခုကိုချိုး၍ ဝိညာဉ်ရတနာအဖြစ်သန့်စင်လိုက်သည်။ ထို့နောက် တော့နက်ထဲတွင် ပြိုင်ဘက်ကင်းဓားတစ်လက်လို ဝှေ့ယမ်းလိုက်သည်။
ထူးဆန်းသည့်အားလှိုင်းတစ်ခု သူ့ဆီမှ ဖြာထွက်သါားသည်။ ဘယ်ပိုးမွှားမှ အနားသို့မကပ်ရဲကြ။
ဤတောအုပ်သည် သူ့ကို ရင်းနှီးနေသည့်ခံစားချက်တစ်မျိုးပေးသည်။ သူမသေမျိုးမဖြစ်မီက တောနက်ထဲသို့ မကြာခဏသွားသည်။ ကျင့်စဉ်အဆင့်တိုးမြှင့်နိုင်ရန် ဆေးမြစ်များရှာသည်။ ပါရမီရှင်မျိုးစုံ၏ အလစ်တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့သည်။
ထိုအချိန်က သူအတော်နာမည်ကျော်ကြားသည်။ သူ့အလှတစ်ခုတည်းကြောင့်မဟုတ်။ ကြောက်စရာကောင်းသည့် သူ့တိုက်ခိုက်စွမ်းရည်နှင့် ဆန်းကြယ်သည့်သူ့အတွေးများကြောင့် ပိုကျော်ကြားသည်။
သူဘာတွေးနေသည် ဘာလုပ်မည်ကို ဘယ်သူမှနားမည်နိုင်။
သို့သော် တစ်ခုတော့သေချာသည်။ သူသည် အားလုံး၏မသေမျိုးကျင့်စဉ်လမ်းအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။ အကြီးမားဆုံး အဟန့်အတားဖြစ်သည်။
ထိုအချိန်က ယင်ထန်နှင့်ချီလန်တို့ နာမည်မရသေး။ သူတို့အကြောင်း လောကကြီးက ဘာမှမသိသေး။ သူတို့၏အကြီးမားဆုံးဆန္ဒက စွမ်းအားကြီးသည့် ထာဝရနတ်မယ်ကို အနိုင်ယူဖို့ဖြစ်သည်။ တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ကျော်သွားပြီး လောကကြီး၏အာရုံစိုက်မှု ခံယူဖို့ဖြစ်သည်။
သို့သော် ထိုဆန္ဒက ဘယ်တော့မှမပြည့်ဝခဲ့။
ထာဝရနတ်မယ်က အန္တရာယ်မျိုးစုံ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ရာတွင် အတော်ကျွမ်းကျင်လာသည်။ တောနက်ထဲတွင် သူ့ကိုအလစ်တိုက်ခိုက်ဖို့ မဖြစ်နိုင်။
"ဂါး"
သားရဲတစ်ကောင်၏ ဒေါသတကြီးအော်ဟစ်သံ မနီးမဝေးမှ ထွက်ပေါ်လာသည်။ နတ်မယ် စိတ်ဝင်စားသွားသည်။
သူထိုနေရာသို့ မရောက်မီ မြေပြင်တုန်ခါလာသည်။ တုန်ခါမှုဗဟိုက တဖြေးဖြေးနည်းလာသည်။ ကြီးမားသည့်သတ္တဝါတစ်ကောင် ပြေးလာနေသည်နှင့်တူသည်။
"ဘုန်း ဘုန်း"
ကျောက်တုံးကြီးတစ်တုံးပေါ် သူခုန်တက်၍ ခြေဖျားထောက်ပြီး မျက်ခုံးပေါ်ညာလက်တင်၍ အဝေးသို့မျှော်ကြည့်သည်။
"အဲဒါ ဘာကြီးပါလိမ့်.."
သစ်ပင်များ တဝုန်းဝုန်းလဲကျနေသည်။ ဖုန်မှုန်များ လေထဲတွင်ပြည့်နေသည်။ တောအုပ်သစ်ပင်များထက်ပိုမြင့်သည် ကြီးမားသည့်ကိုယ်ထည်တစ်ခု၏ကျောကုန်းကို မြင်လိုက်ရသည်။
ဒေါသထွက်နေသည့် ဆင်တစ်ကောင်က လူတစ်စုနောက်သို့ ပြေးလိုက်နေသည်။ ခန္ဓာကိုယ်က ဆွတ်ဆွတ်ဖြူသည်။ အစွယ်ရှည်ခြောက်ချောင်းရှိသည်။
ထိုလူစု အတော်စွမ်းအားမြင့်သည်။ အားလုံး ရွှေသန္ဓေအလတ်တန်း သိုမ့ဟုတ် ထိပ်တန်းအဆင့်များဖြစ်သည်။ သို့သော် ဒေါသထွက်နေသည့်ဆင်ကြီးကို ခုခံဖို့ မတွေးရဲကြ။ ရှေ့သို့သာ ခြေကုန်သုတ်၍ပြေးနေသည်။
နတ်မယ် ကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်သည်။
ထိုလူစု သူ့ကိုမြင်သည်နှင့် အံ့အားသင့်သွားပြီး အတင်းအော်ပြောသည်။
"ဒါက နတ်ဝိညာည်အခြေခံအဆင့် သန့်စင်တဲ့ရှေးဟောင်းသွေးဆက် အစွယ်သုံးစုံဆင်ဖြူဘုရင်ပဲ။ သူဘာကြောင့် ဒီလိုဒေါသထွက်နေမှန်း ငါတို့မသိဘူး။ မိန်းကလေး၊ မင်းပြေးမှဖြစ်မယ်"
ရှေးဟောင်းခေတ်တွင် အစွမ်ခြောက်ချောင်းဆင်ဖြူသည် နဂါးများ၊ ဖီးနစ်များ၊ ထောက်တဲ့များ ချုန်းချီများလောက် မထင်ရှားလှ။ သို့သော် သူတို့ထက် နည်းနည်းသာနိမ့်သည့် နာမည်ကြီးနတ်ဆိုးမျိုးနွယ်ဖြစ်သည်။ ထိုမျိုးနွယ်မှ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင် အနည်းဆုံးသုံးယောက်လောက် မွေးထုတ်နိုင်ခဲ့သည်။
ဆင်ဖြူလိုက်ခံနေရသူများက နတ်မယ်ကိုတစ်ချက်ကြည့်သည်နှင့် အခြေတည်ထိပ်တန်းအဆင့်သာရှိမှန်းသိသည်။ သူတို့ပင် ထိုဆင်ဖြူကို ထိပ်တိုက်ရင်မဆိုင်ရဲ။ ထိုကောင်မလေး ထွက်မပြေးလျှင် ကံဆိုးတော့မည်။
ထိုကောင်မလေး အသေဆိုးနှင့်သေမည်ကို သူတို့မကြည့်ရက်။
ကောင်မလေးကလည်း အကြောက်ကြီးကြောက်နေပုံရသည်။ နေရာတွင် မလှုပ်မယှက်ရပ်နေသည်။
တစ်ယောက်က အားစိုက်ထုတ်၍ နတ်မယ်ကို ချီမ,ပြေးရန်ကြိုးစားသည်။ သို့သော် နတ်မယ်က မြေပြင်နှင့်တစ်သားတည်းလိုဖြစ်နေသည်။
ထိုလူ အတော်အံ့အားသင့်သွာသည်။ သူသည် ရွှေသန္ဓေထိပ်တန်းအဆင့်ဖြစ်သော်လည်း ထိုကောင်မလေးကို မချီနိုင်။
နည်းနည်းတော့မူမမှန်သလိုရှိသည်။
တစ်ခြားလူများလည်း နတ်မယ်ကို ဝိုင်းဆွဲရန်ကြိုးစားသည်။ သို့သော် မရ။ ဆင်ဖြူက သူတို့နားသို့ရောက်သည်။ ထို့ကြောင့် အချိန်ဆက်မဆွဲနိုင်တော့ဘဲ ဆက်ပြေးကြသည်။
"ဆင်ကလေး၊ နင်ကအတော်သောင်းကျန်းနေတာပဲ။ နင်တို့မျိုးနွယ်ခေါင်းဆောင်က လူသားတွေကို အန္တရာယ်မပေးပါဘူးလို့ ငါ့ရှေ့မှာကျိန်ဆိုခဲ့တယ်"
ဆင်ဖြူမျိုးနွယ်ထဲမှာပင် မသိကြသည့် လျှို့ဝှက်ချက်တစ်ခုကို နတ်မယ် ထုတ်ပြောသည်။
သို့သော် ဆင်ဖြက အသိလွတ်ရူးသွပ်နေပြီဖြစ်၍ သူ့စကားကိုနားမလည်တော့။
နတ်မယ် သက်ပြင်းချလိုက်သည်။ ထိုဆင်ဖြူကို သူမတားလျှင် ထွက်ပြေးသည့်လူစု သေတော့မည်။
လုယန်၏ကိုယ်ပွားခန္ဓာအတွက် သူစိတ်မကောင်းဖြစ်မိသည်။
အသက်ကိုတစ်ချက်အဝရှူ၍ ကိုယ်ဟန်ပြောင်းသည်။ ညာလက်သီးကို ခါးတွင်ကပ်လိုက်သည်။
"နတ်မယ်လက်သီးစွမ်းအား"
လက်သီးကို ဖြေးညှင်းစွာ တွန်းထုတ်လိုက်သည်။
....
"သခင်လေးစုန့်ဟွားနဲ့ တစ်ခြားသခင်လေးတို့။ အားလုံးအဆင်ပြေကြရဲ့လား။ ဒီနေရာမှာ ခုနက အသံဗလံတွေကြားလိုက်လို့ပါ။ အစွယ်ခြောက်ချောင်းဆင်ဖြူရဲ့နယ်မြေထဲကို မှားဝင်မိခဲ့တာတော့ မဟုတ်ဘူးမို့လား။ အဲဒီ့နေရာကို လုံးဝသွားလို့မရဘူး"
သက်တော်စောင့်များ ဟောဟဲဆိုက်အောင် ပြေးလိုက်လာသည်။ ထိုသခင်လေးများသည့် နန်းမြို့တော် စုန့်မိသားစုဝင်များဖြစ်သည်။ နောင်တစ်ချိန်ရာထူးတိုးဖို့ နတ်ဆိုးချုပ်တောင်ကြားသို့ အတွေ့အကြုံလာယူခြင်းဖြစ်သည်။
စိတ်ချရစေရန် စုန့်မသားစုက သူတို့အတွက် သက်တော်စောင့်များ ငှားပေးလိုက်သည်။
အစပိုင်းတွင် ထိုသခင်လေးများ အပိုးကျိုးပါသည်။ သို့သော်နောက်ပိုင်းတွင် သက်တော်စောင့်များက ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ အမျိုးမျိုးတားမြစ်ကြသဖြင့် သူတို့စိတ်ညစ်လာသည်။
သူတို့ဘာမှမလုပ်ရလျှင် အတွေ့အကြုံလာယူသည့်ကိစ္စ ဘာအဓိပ္ပါယ်ရှိတော့မည်နည်း။ ရှုခင်းလာကြည့်သလိုသာ ဖြစ်တော့မည်။
ထို့ကြောင့် သက်တော်စောင့်များ သတိမထားမိသည့်ချိန်တွင် သူတို့လစ်ထွက်လာခဲ့သည်။ သိပ်ဝေးဝေးမရောက်လိုက်။ ဆင်ဖြူ၏နယ်မြေထဲသို့ဝင်မိပြီး ဒေါသကိုသွားဆွသလို ဖြစ်ခဲ့သည်။
စုန့်ဟွားတို့လူစု မြေပေါ်တွင်ထိုင်၍ မင်သက်မိနေကြသည်။ ဘာပြောရမှန်းမသိကြ။
သူတို့ကြည့်ရာဆီသို့ သက်တော်စောင့်များ လှမ်းကြည့်သည်။ သူတို့ပါ မင်သက်မိပြီး အတွေးထဲနစ်မျောသွာသည်။
ကြောက်စရာစွတ်ကြောင်းကြီးတစ်ခုရှိသည်။ ကြီးမားသည့်သတ္တဝါကောင် လျှောတိုက်ဖြတ်သွားခဲ့သလို ဖြစ်နေသည်။ သစ်ပင်ကြီးများစွာ လဲပြိုနေသည်။
စွတ်ကြောင်းအဆုံးတွင် တောင်ကုန်းငယ်တစ်ခုအရွယ်ရှိသည့် ဆင်ဖြူတစ်ကောင် လဲကျသတိမေ့နေသည်။
"ဘာဖြစ်သွားတာလဲ"
စုန့်ဟွားတို့ မဖြေနိုင်ကြ။ ဘယ်လိုဖြေရမှန်းလည်းမသိ။
ဆယ့်ခြောက်ဆယ့်ခုနစ်အရွယ် အခြေတည်မိန်းကလေးတစ်ယောက် နတ်ဝိညာဉ်အဆင့်ဆင်ကြီးကို ရင်ဆိုင်သည်။ လက်သီးတစ်ချက်တည်းဖြင့် မေ့မျောသွားအောင်လုပ်ခဲ့သည်။
ထိုလက်သီးချက်ကြောင့် မိန်းကလေး၏ စွမ်းအင်အားလုံး ကုန်ခမ်းသွားသည်ထင်သည်။ မြေပေါ်သို့ ပုံလျက်သားလဲကျသွားပြီး မြေပြင်နှင့်ပေါင်းစပ်၍ ပျောက်ကွယ်သွားသည်။
.......
"ဒီနားမှာ နတ်ဝိညာဉ်အဆင့်ဆင်ဖြူရှိတယ်လို့ ပြောတာလား"
တိုက်ပွဲရှည်တစ်ပွဲ နွှဲပြီးနောက် လုယန်မောပန်းနေသဖြင့် မြေပေါ်တွင်ထိုင်နားရင်း လင်းယုန်တောင်သူရဲငါးယောက် ပြောပြနေသည့် အနီးအနားမှ အန္တရာယ်ကြီးသည့် နတ်ဆိုးသားရဲများအကြောင်း နားထောင်နေသည်။
"ဒီဆင်ဖြူကြီးက နတ်ဝိညဉ်အဆင့်ရှိတယ်လို့ ပြောကြတယ်။ နယ်မြေစွဲအလွန်ကြီးတယ်။ သူ့နယ်မြေကို တစ်ယောက်ယောက်ဝင်လာတာနဲ့ ရက်ရက်စက်စက်နင်းသတ်ပစ်တာ။
ပြီးတော့ ဒေါသလည်းကြီးတယ်။ တစ်ခြားနတ်ဝိညာည်အခြေခံအဆင့် နတ်ဆိုးသားရဲတွေကိုလည်း အဲလိုပဲဆက်ဆံတာ။ နှုတ်မဆက်ဘဲ ကျူးကျော်လာတဲ့လူမှန်သမျှ တိုက်ခိုက်တယ်။ တစ်ခါတုန်းကလည်း ဒီကိစ္စကြောင့် တစ်ခြားနတ်ဝိညာဉ်အဆင့်သားရဲတစ်ကောင် တိုက်ခိုက်ခဲ့ဖူးတယ်။ ဆင်ဖြူလည်း အတော်အထိနာပြီးမျှ အနိုင်ရတယ်။ တစ်ခြားသားရဲကတော့ အသေဆိုးနဲ့သေသွားတယ်"
"အင်း..."
မုန်ကျင်းကျိုး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ တကယ်ကြမ်းတမ်းသည့်ဆင်ဖြစ်သည်။
"ဟုတ်တယ်။ သခင်လေးတို့နှစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းအား ထူးခြားမှန်းကျုပ်သိပါတယ်။ ရွှေသန္ဓေအဆင့်သားရဲတွေကို အလွယ်တကူ အနိုင်ယူနိုင်တယ်။ ဒါပေမယ့် အစွယ်ခြောက်ချောင်းဆင်ဖြူနဲ့ ရင်ဆိုင်ရရင်တော့ အဆုံးသတ်မကောင်းနိုင်ဘူး။
ဒီတော့ သူ့နယ်မြေကိုရှောင်မှဖြစ်မယ်"
"နားလည်ပါပြီ"
လုယန် ခေါင်းငြိမ့်သည်။ သူသည် အမြဲတမ်း သူတစ်ပါးအကြံကို လက်ခံတတ်သူဖြစ်သည်။
"ငါပြန်လာပြီ လုယန်"
နတ်မယ်ဝိညာဉ်က သိစိတ်နယ်မြေထဲသို့ ပျံဝင်လာသည်။ တစ်ခြားလူများ သတိမထားမိကြ။
"ပြန်လာတာမြ်လှချည်လား။ သုံးရက်တောင်မပြည့်သေးဘူး"
နတ်မယ်စရိုက်အရ အနည်းဆုံး သုံးရက်လောက်တော့ ကစားနေလိမ့်မည်ဟု လုယန် ထင်ခဲ့သည်။
"အင်း..နင့်ကိုယ်ပွားက သိပ်မခိုင်ဘူး။ ငါကစားရင်းနဲ့ ပျက်စီးသွားပြီ"
နတ်မယ်က သနားစရာလေသံဖြင့်ပြောသည်။
"ခင်ဗျားက ဘာလုပ်ခဲ့လို့လဲ"
"ပြောမပြဘူး"
နတ်မယ်က လျှာတစ်လစ်ထုတ်ပြသည်။ ကိုယ်ပွားခန္ဓာပျက်စီးခဲ့သည့်ကိစ္စကို သူအတော်ရှက်နေသည်။
အကယ်၍ လုယန်၏မူလခန္ဓာကိုသုံး၍ တိုက်ခိုက်ရလျှင် ခန္ဓာကိုယ်မပျက်စီးစေဘဲ ဆင်ဖြူကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုလှဲနိုင်မည်ဟု 'သူ့ကိုယ်သူ' ယုံကြည်ချက်ရှိသည်။