← Chapters

မတော်တဆပါလို့ပြောရင် ယုံမှာလား

Vol. 17 Ch. 247

မတော်တဆပါလို့ပြောရင် ယုံမှာလား

Vol. 17 Ch. 247

လုယန်ရှင်းပြချက်ကြောင်း သူတို့အမြင်မှားနေကြောင်း အားလုံး သဘောပေါက်သွားကြသည်။ သူတို့အချိန်ကြာမြင့်စွာ စူစမ်းနေခဲ့သည့် အနက်ရောင်ရွှေသန္ဓေသည် ရွှေသန္ဓေလုံးဝမဟုတ်။

သူတို့ကိုလည်း အပြစ်တင်၍မရ။ တောင်ထမ်းဝက်ကလည်း သည်းခြေရည်အပြည့်ရှိသည်။ သည်းခြေရည်အလွန်အကျွံ စွန့်ထုတ်သဖြင့် ရွှေသန္ဓေအဆင့်တွင် တိုက်တိုက်ဆိုင်ဆိုင် သည်းခြေကျောက်ဖြစ်ပေါ်လာသည်။ လင်းယုန်တောင်သူရဲကောင်းများက ရွှေသန္ဓေအဆင့်နတ်ဆိုးသားရဲများကို တစ်ခါမှရင်ဆိုင်ဖူးသည်မဟုတ်။ သူတို့မသိသည်မှာလည်း မဆန်းလှ။

အရေးကြီးသည့်အချက်က ရွှေသန္ဓေအဆင့်သတ္တဝါများ သည်းခြေကျောက်တည်နိုင်သည်ဟူသည့်အချက်ကို ဘယ်သူမှမတွေမိကြခြင်းဖြစ်သည်။

"ဒါက ပုံမှန်ပါပဲ။ သေမျိုးတွေမှာ သာမန်သည်းခြေကျောက်တွေဖြစ်တယ်။ ဒီတော့ ရွှေသန္ဓေအဆင့်မှာ ရွှေသန္ဓေအဆင့်သည်းခြေကျောက်တွေ ဖြစ်လာတာပေါ့။ သဘာဝကျပါတယ်"

နတ်မယ်က လုယန်ကို ယုတ္တိကျကျ ရှင်းပြသည်။

"နင်အတွေ့့အကြုံ နည်းသေးလို့ပါ။ ခန္ဓာကိုယ်ထဲမှာ ပိုးမွှားတွေ(ဗိုင်းရပ်)ကြီးထွားလာပြီး နေမကောင်းဖြစ်တာမျိုးရော ကြားဖူးလား။ ကျင့်ကြံသူတွေ ကျင့်စဉ်အဆင့်မြင့်လာတာနဲ့အမျှ ပိုးမွှားတွေလည်း ကြီးထွားလာတာကို ငါမြင်ဖူးတယ်။ နတ်ဝိညာဉ်အဆင့်တုပ်ကွေးဖြစ်တာရော မြင်ဖူးလား"

နတ်မယ်က ထူးဆန်းသည့် သူ့အသိဗဟုသုတများကို ကြွားလုံးထုတ်နေသည်။

လုယန် ခေါင်းခါသည်။ မြင်ဖူးဖို့မပြောနှင့် ကြားပင်မကြားဖူး။

"ရှေးဟောင်းခေတ်က ပိုးမွှားတွေဟာ သက်ရှိတွေနဲ့အတူ ကြီးထွားတယ်။ အတော်လေး ဒုက္ခရောက်ကြတယ်။ ယင်ထန်မသေမျိုး ကောင်းကင်ဆင်းရဲစည်းမျဉ်း ဖန်တီးခဲ့တာဟာ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ ပိုးမွှားတွေကို ကူညီရှင်းလင်းပေးဖို့အတွက်လည်းပါတယ်။ ဆင်းရဲဖြတ်ကျော်တဲ့အချိန် ပိုးမွှားတွေသေတယ်လေ"

နတ်မယ်က နောက်ထပ်လျှို့ဝှက်ချက်ကြီးတစ်ခု ထုတ်ပြောသည်။

"ညီသုံး၊ မင်းသေချာနားမလည်ရင် နောက်ကိုစွတ်မအော်နဲ့ကွ"

နှာကောက်ခေါင်းဆောင်က ဝက်သားခုတ်သည့်တာဝန်ယူထားသည့် ညီသုံးကို မာန်မဲလိုက်သည်။

ညီသုံး မကျေမနပ်ဖြစ်သွားသည်။ ခုနက လူအားလုံး အားတက်သရောဆွေးနွေးခဲ့သည်။ ဘယ်သူမှ သည်းခြေကျောက်မှန်းမသိကြ။ ယခုမှ သူ့ကိုလာအပြစ်တင်နေသည်။

ခေါင်းဆောင်ဆိုပြီး ဖိဟောက်နေသည်။

ထိုသို့တွေးရင်း တောင်ထမ်းဝက်၏ သည်းခြေအိတ်ကို သူဖြတ်ထုတ်လိုက်သည်။

တစ်ခု..နှစ်ခု..သုံးခု..လေးခု...ငါးခု။ သည်းခြေအိတ်ထဲတွင် သည်းခြေကျောက်များ ပြည့်နေသည်။ အပိုပြောခြင်းမဟုတ်။ တကယ့်လက်တွေ့ဖြစ်သည်။

"ဒီတောင်ထမ်းဝက်က တကယ်အကြောက်အလန့်မရှိဘူး။ တွေ့သမျှနတ်ဆိုးတိုင်းကို တိုက်ခိုက်တာ။ နဂါးတွေ ဖီးနစ်တွေတောင်ပါတယ်"

နတ်မယ်က ရှင်းပြသည်။

"ဒါဆို နတ်ဆိုးမျိုးနွယ်အားလုံးကို ရန်စသလို ဖြစ်မနေဘူးလား"

"မဖြစ်ပါဘူး။ သူတို့ကို အားလုံးက ရှောင်ကြတယ်။ စဉ်းစားကြည့်လေ၊ နတ်ဆိုးသားရဲတွေက ပါးစပ်နဲ့လက်သည်းကို အဓိကအားကိုးပြီး တိုက်ခိုက်ကြတာ။ တောင်ထမ်းဝက်ကို အနိုင်ယူမယ်ဆိုရင် သည်းခြေရည်တွေ စင်ထွက်လာနိုင်တယ်။ အရသာကခါးပြီး အရေပြားပေါ်မှာ စပ်ဖျင်းဖျင်းဖြစ်နေမှာ။ ဒါမျိုးကို ဘယ်သူသည်းခံနိုင်မှာလဲ။

ဒါပေမယ့် ဒီဝက်မျိုးနွယ်ရဲ့ဗီဇလက္ခဏာတွေကို အခြေခံပြီး အရသာရှိတဲ့ ဟင်းလျာတစ်မျိုး ငါဖန်တီးခဲ့တယ်။ ဒီဟင်းပွဲကို လူတွေအတော်ချီးကျူးကြတယ်"

"ဘာဟင်းမျိုး ဖန်တီးခဲ့တာလဲ"

"ဘူးခါးသီးကု သည်းခြေရည်နဲ့နှပ်ထားတာလေ။ အပူငြိမ်းပြီး အဆိပ်ပြေစေတယ်"

လုယန် ကြက်သီးထသွားသည်။

"ဒီဟင်းကို ချီးမွှမ်းကြတယ်ပေါ့။ ဒါမျိုးမြည်းစမ်းကြည့်နိုင်လောက်အောင် ကံထူးသွားတဲ့လူက ဘယ်သူလဲ"

"ကိုးဆမသေမျိုးပေါ့။ အဲဒီတုန်းက သူမသေမျိုးမဖြစ်သေးဘူး။ သူအဆိပ်သင့်နေလို့ ငါကယ်ခဲ့တာ။ သူသေလုမျောပါးဖြစ်နေတာတွေ့တော့ သူ့ကို ဘူးခါးသည်းခြေရည်တစ်ခွက်ပေးလိုက်တယ်။ အပူငြိမ်းပြီး အဆိပ်ပြေအောင်လို့လေ။

သူသတိရလာတော့ တစ်ငုံသောက်တယ်။ "ကောင်းတယ်"လို့ပြောပြီး ပြန်သတိလစ်သွားတယ်။

အဆိပ်ကြောင့်ဖြစ်မှာပေါ့။ ငါဘူးခါးသည်းခြေဟင်းယူလာတာမြင်တာ့ သူအတင်းရုန်းတယ်။ "ကောင်းတယ်"လို့ပြောတဲ့အချိန်မှာ သူ့မျက်နှာက ရှုံ့မဲ့နေတာပဲ။ တကယ်သနားစရာကောင်းပါတယ်"

"...ဟုတ်တာပေါ့။ အတော့်ကိုသနားစရာပါ။...အဲဒါပြီးတော့ သူအဆိပ်ပြေသွားလား"

"ပြေသွားတယ်။ သူသတိရလာတော့ နေ့တစ်ဝက်လောက် ထိုးအန်တယ်။ အဆိပ်တွေအားလုံး ပြန်ထွက်သွားတယ်"

လုယန် - "..."

ဘာကြောင့် ဤအဆိပ်ဖြေနည်းက သူထင်ထားသည်နှင့် မကိုက်ညီမှန်းမသိ။

"စကားဆက်မပြောတော့ဘူး။ သွားတိုက်ခိုက်တော့"

နတ်မယ်က လုယန်ကို သိစိတ်နယ်မြေမှ နောက်တစ်ကြိမ်နှင်ထုတ်လိုက်သည်။

"ဘာကိုတိုက်ခိုက်ရမှာလဲ"

လုယန် သူ့ဘာသာရေရွတ်နေသည်။ ထို့နောက် ချက်ချင်းသဘောပေါက်သွားပြီး ပတ်ဝန်းကျင်ကို ဝိညာဉ်အာရုံဖြန့်ကြည့်သည်"

"ဘာမှလည်းမတွေ့ပါလား။ မဟုတ်ဘူး၊ မြေအောက်မှာပဲ"

လုယန် ငုံ့ကြည့်သည်။ မြေပြင် ကျွံဝင်သွားသည်။ အောက်ဘက်တွင် နတ်ဆိုးသားရဲတစ်ကောင် ရှိနေသည့်သဘောဖြစ်သည်။

"တိုက်ခိုက်ဖို့ပြကြ"

လုယန် အားလုံးကို အော်ဟစ်သတိပေးလိုက်သည်။ မြေအောက်မှ သားရဲတစ်ကောင်လာနေသည်ကို သူခံစားမိသည်။

"ဘုန်း"

ထန်းပင်လုံးခန့်ရှိသည့် တီတစ်ကောင် မြေကြီးထဲမှ ထွက်လာသည်။ ငွေရောင်အစင်းကြောင်းလေးခုက လရောင်အောက်တွင် တောက်ပနေသည်။ နီရဲနေသည့်ပါးစပ်ကိုဟ၍ ဝမ်းခွဲထားသည့် ဝက်ရိုင်းနှစ်ကောင်ကို တစ်ခါတည်းမျိုချလိုက်သည်။

လုယန်အချိန်မီသတိပေးခဲ့သဖြင့် အားလုံး အချိန်မီခုန်ရှောင်နိုင်ခဲ့သည်။

"ဒါက ဘာလဲ"

မုန်ကျင်းကျိုး အံ့အားသင့်နေသည်။ တီကောင်တစ်ကောင်က ထိုမျှစွမ်းအားကြီးနေသည်။

"အဲဒါငွေလက်စွပ်ကောင်းကင်ဘုရင်တီကောင်ပဲ"

လုယန် ချက်ချင်းသိလိုက်သည်။

ဆေးစိုက်ခင်းကို စောင့်ကြပ်နေသည့်လောင်ပါးသည် ထိုတီကောင်မျိုးနွယ်လင်မယားကို မြေဆွဖို့သုံးခဲ့သည်။...ယခုတော့ တီကောင်နှစ်တွဲဖြစ်နေသည်။ ငွေလက်စွပ်ကောင်းကင်ဘုင်တီကောင်တို့သည် တီကောင်မျိုးနွယ်အားလုံး၏ ဘုရင်ဖြစ်သည်။

ဆေးစိုက်ခင်းမှ တီကောင်စုံတွဲက ငွေရောင်အစင်းကြောင်း ငါးခုပါသည်။ ခြောက်ခုမြောက်အစင်းကြောင်း စပေါ်နေပြီဖြစ်သည်။ ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့် ရောက်နေသည့်သဘောဖြစ်သည်။

ဤတီကောင်က အစင်းကြောင်းလေးခုပါသည်။ နတ်ဝိညာဉ်အဆင့်ဖြစ်သည်။

ထို့ပြင် လုယန်ဂုဏ်ယူရသည့် ဓားပညာကလည်း ထိုတီကောင်အပေါ် မထိုးဖောက်နိုင်လောက်။ ဓားဖြတ်ခုတ်လိုက်လျှင် နှစ်ကောင်ဖြစ်သွားမည်။ အခြေအနေပိုဆိုးလာနိုင်သည်။

မီးဖိုပေါ်ကင်ထားသည့် တတိယဝက်ရိုင်းကို မျိုချပြီးနောက် ကောင်းကင်တီကောင်က လျှာတစ်ချက်သပ်၍ လုယန်နှင့် မုန်ကျင်းကျိုးထံ လှည့်ကြည့်လာသည်။

နတ်ဝိညာဉ်အဆင့်ပြိုင်ဘက်မျိုး သူတို့တစ်ခါမှ ရင်မဆိုင်ဖူးကြ။ လင်းယုန်တောင်သူရဲကောင်းငါးယောက်လည်း ဘာမှကူညီနိုင်မည်မဟုတ်။

"ကောင်းကင်တုန်ခြောက်ကွက်"

မုန်ကျင်းကျိုး အရင်ဆုံးတိုက်ခိုက်သည်။ လက်သီးဆုပ်လိုက်သည်နှင့် သွေးကြောများ ဖောင်းထလာသည်။ မိုးမြေကိုတုန်ခါစေနိုင်လောက်သည့် အားအရှိန်မျိုးပေါ်လာသည်။

သို့သော် တီကောင်၏ကိုယ်ပေါ်တွင် အချွဲရည်အလွှာတစ်ခုရှိသည်။ မုန်ကျင်းကျိုး၏ လက်သီးစွမ်းအားက အရေပြားကို မထိုးဖောက်နိုင်မီ စုပ်ယူခံလိုက်ရသည်။

ကောင်းကင်တီကောင်က အမြီးကိုယမ်းလိုက်သည်။ မုန်ကျင်းကျိုး လွင့်ထွက်သွားပြီး အရိုးတစ်ချို့ကျိုးသွားသည်။

သူသာခန္ဓာကိုယ်ကျင့်ကြံသူမဟုတ်လျှင် ထိုတစ်ချက်ဖြင့် သေပြီးဖြစ်မည်။

နတ်ဝိညာဉ်အဆင့်နှင့် အခြေတည်အဆင့်ကြား ကွာဟချက်က ကြီးလွန်းသည်။ ရွှေသန္ဓေအဆင့်တစ်ခုလုံး ခြားနေသည်။

"ဖျက်ဓား"

လုယန် ဖျက်ဓားစွမ်းအား ထုတ်သုံးသည်။ ဓားအလင်းက ရေတံခွန်ကဲ့သို့ လေထုနှင့်အမှောင်ထုကို ထိုးခွဲသွားသည်။ လရောင်ဟပ်နေသည့် ချင်ဖုန်းဓားအလင်းက သေမင်းတမန်နှင့်တူသည်။

လုယန်၏ အားအပြင်းဆုံးဓားချက်ဖြစ်သည်။

ချင်ဖုန်းဓားက တီကောင်၏အချွဲလွှာကို ထိုးဖောက်၍ ခန္ဓာကိုယ်ထဲဝင်သွားသည်။ တီကောင်ဘုရင် နာကျင်စွာတစ်ချက်အော်ဟစ်၍ ထိုလူသားကို ခါချရန််ကြိုးစားသည်။

မြေပေါ်တွင် ပြင်းထန်စွာလူးလှိမ့်သည်။ လုယန်က မြေပြင်နှင့်ထိတိုင်း မြေအောင်းပညာသုံး၍ ကြိတ်ချေမခံရအောင် ရှောင်တိမ်းသည်။

"ဂါး...ဂါး..."

တီကောင်ဘုရင်က ခပ်အုပ်အုပ်သံရှည်ဆွဲ၍ အော်နေသည်။ လုယန်၏ အကျိုးမရှိသည့် တိုက်ခိုက်မှုကို လှောင်ပြောင်သရော်နေဟန်ရှိသည်။

တီကောင်ဘုရင် စကားပြောတတ်ပါသည်။ သို့သော် ထိုမျှအားနည်းသည့် လူသားများနှင့် သူမဆက်ဆံလို။

ပါးစပ်ကိုကျယ်ကျယ်ဟ၍ လုယန်ကို ကိုက်ခဲရန်ကြိုးစားသည်။ လုယန်က ချင်ဖုန်းဓားကိုဆွဲနှုတ်၍ တိုက်ခိုက်မှုကို ရှောင်သည်။

လုယန် ရင်လေးလာသည်။ သူ့ဖျက်ဓားပညာကို အားအပြည့်စိုက်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရွှေသန္ဓေထိပ်တန်းအဆင့်နှင့် နတ်ဝိညာဉ်အကြိုအဆင့်သားရဲများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။ သို့သော် တီကောင်ဘုရင်ကို ထူးထူးခြားခြားထိခိုက်အောင်မလုပ်နိုင်။ ဒေါသဆွသလိုသာဖြစ်လာသည်။

ထို့ပြင် ခုနကတိုက်ခိုက်မျုကြောင့် သူ့ဝိညာဉ်စွမ်းအင် များစွာကုန်ခမ်းသွားသည်။

"သောက်လခွမ်း၊ အတော်ဒုက္ခပေးတာပဲ"

လုယန်အခြေအနေမလှသည်ကို မြင်သဖြင့် မုန်ကျင်းကျိုး အဝေးပို့မှော်အဆောင်ငါးခုကို အိတ်ကပ်ထဲမှထုတ်လိုက်သည်။

သို့သော် လူကခုနစ်ယောက်ဖြစ်နေသည်။ သူနှင့်လုယန် ထွက်ပြေးလျှင် လမ်းပြငါးကို တီကောင်ဘုရင် အလွတ်ပေးမည်မဟုတ်။

"သခင်လေးတို့၊ ကျုပ်တို့အတွက် မစိုးရိမ်နဲ့။ သွားသာသွားပါ"

မုန်ကျင်းကျိုးလက်ထဲမှ မှော်အဆောင်ကိုမြင်သဖြင့် နှာကောက်ခေါင်းဆောင် အော်ဟစ်လိုက်သည်။

သူတို့အလုပ်မျိုးသည် အမြဲတမ်း အသက်ကိုဖက်နှင့်ထုပ်ထားရသည်။ မထူးဆန်းလှ။

မုန်ကျင်းကျိုး အံကိုတင်းတင်းကြိတ်လိုက်သည်။ ထွက်ပြေးခြင်းသည် သူ့စတိုင်မဟုတ်။ သို့သော် သူတို့ထွက်မပြေးလျှင် အားလုံးသေလိမ့်မည်။

နောက်ဆုံးတွင် မျက်စိကိုမှိတ်၍ မှောင်အဆောင်တစ်ခု ဆွဲထုတ်ပြီး လုယန်ဆီပစ်ပေးလိုက်သည်။

"လုယန်၊ ဖမ်းလိုက်"

လုယန် ရှေ့သို့ခုန်ထွက်လာသည်။ သို့သော် တီကောင်ဘုရင်က လှောင်ပြုံးပြုံး၍ ကြီးမားသည့် သူ့ခန္ဓာကိုယ်ကို လုယန်နှင့် မုန်ကျင်းကျိုးကြားတွင်ကာဆီး၍ မှော်အဆောင်ကို အောက်သို့ဖိထားလိုက်သည်။

"ထွက်ပြေးချင်တယ်ပေါ့"

တီကောင်ထံမှ ပထမဆုံးစကားသံထွက်လာသည်။ လုယန်၏ ကြိုးစားမှုကို လှောင်ပြောင်နေသည်။

"လုပ်လိုက်တော့"

လုယန် အော်ဟစ်လိုက်သည်။

"မင်းပြောစရာမလိုပါဘူးကွာ"

မုန်ကျင်းကျိုးက ပျင်းရိပျင်းတွဲ ပြန်ပြော၍ အဝေးပို့မှော်အဆောင်ကို အသက်သွင်းလိုက်သည်။

ထိုအချိန်ကို သူစောင့်နေခြင်းဖြစ်သည်။

မမြင်နိုင်သည့် ကုဗပုံအကာအကွယ်တစ်ခု တီကောင်ဘုရင်ကို ဖုံးလွှမ်းသွားသည်။ အဖြစ်အပျက်ကို နားမလည်သဖြင့် သူအတင်းရုန်းသည်။ သို့သော် အကာအကွယ်ကို ချိုးဖျက်၍မရ။

တီကောင်အဖြစ်ကိုကြည့်၍ ရွှေစီးပွားနယ်မြေအသင်းဆိုင်မှ ပြောလိုက်သည့်စကားကို ပြန်သတိရလာသည်။

"တောနက်ထဲမှာ အသက်အန္တရာယ်ကြုံလာရင် ဒီအဝေးပို့မှော်အဆောင်ကိုသာ အသက်သွင်းလိုက်။ ဒါက နတ်ဆိုးချုပ်တောင်ကြားကို ပြန်ပို့ပေးလိမ့်မယ်။ နတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲတွေတောင် ဒီစွမ်းအားကို မဖျက်ဆီးနိုင်ဘူး"

ပြောင်းပြန်တွေးကြည့်လျှင် ထိုမှော်အဆောင်သည် လူကိုပြန်ပို့နိုင်လျှင် နတ်ဆိုးသားရဲကိုလည်း ပို့နိုင်မည်မဟုတ်ပါလော။

......

ကုဗပုံအကာအကွယ်က တီကောင်ဘုရင်ကိုဖုံးအုပ်ပြီးနောက် အလင်းတန်းတစ်ခုအသွင်ပြောင်း၍ နတ်ဆိုးချုပ်တောင်ကြားဆီ ပျံသန်းသွားသည်။

မြို့တော်ဂိတ်တံခါးရှေ့တွင် "နတ်ဆိုးချုပ်တောင်ကြား" ဟူသည် စာလုံးကြီးသုံးခုက တီကောင်ဘုရင်ကို တားဆီးလိုက်သည်။

နတ်ဝိညာဉ်အဆင့်သားရဲတစ်ကောင် ရုတ်တရက်ပေါ်လာသည်ကိုမြင်ရသဖြင့် အစောင့်များ မင်သက်မိသွားသည်။ ဤနေရာတွင် ဆယ်နှစ်ကျော်သူအလုပ်လုပ်ခဲ့သည်။ လူအသွင်ပင်ဟန်မဆောင်ဘဲ တောင်ကြားကို တိုက်ရိုက်တိုက်ခိုက်ရလောက်အောင်ရဲတင်းသည့် နတ်ဆိုးသားရဲမျိုး လုံးဝမမြင်ခဲ့ဖူး။

"ရဲတင်းလိုက်တဲ့ နတ်ဆိုးသားရဲ။ ညအမှောင်အားကိုးပြီး နတ်ဆိုးချုပ်တောင်ကြားကို လာတိုက်ခိုက်ရဲတယ်ပေါ့"

တောင်ကြားမြို့ထဲမှ အားကောင်းသည့်စကားသံတစ်ခု ပေါ်လာသည်။ ညပိုင်းတာဝန်ကျနေသည့် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သည်။

မြို့တော်ထဲမှ သူ့ဆီသို့ ပျံသန်းလာသည့် ထွားကျိုင်းသန်မာသည့်ကျင့်ကြံသူကို တီကောင်ဘုရင် စိတ်ပျက်လက်ပျက်ကြည့်နေရသည်။ မျှော်လင့်ချက်များ လုံးဝကုန်ခမ်းသွားသည်။

"ဒါက မတော်တဆဖြစ်တာပါလို့ပြောရင် ခင်ဗျားယုံမလား"

တီကောင်ဘုရင် အားတင်း၍ ပြုံးပြရန်ကြိုးစားသည်။

တာဝန်ကျကျင့်ကြံသူ လှောင်ပြုံးပြုံးသည်။

"ငါယုံမယ်လို့ရော မင်းထင်လား"

ကြီးမားသည့် သူ့လက်ကိုဆန့်ထုတ်၍ တီကောင်ဘုရင်ကို အသေရိုက်သတ်လိုက်သည်။

All Chapters