အခန်း (၁-၁၀)
Vol. 5 Ch. 1-10
Vol 5, အခန်း ၁။ အဓိကမြေဆီသို့ တက်လှမ်းခြင်း – ကန်ဒရာအင်ပါယာထံ ဝင်ရောက်ခြင်း
ငွေရောင်တောက်တောက်မှော်ဆလွန်းတစ်စီးက ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေကြား နယ်စပ်ကို လျင်မြန်စွာကျော်ဖြတ်၍ နိုင်ငံနှစ်နိုင်ငံကို သီးခြားထားသော တောင်ကုန်းမှ ဆင်းချသွားသည်။
တစ်အောင့်ကြာပြီးနောက် စထရူလမ်းမ၏ ထိုအပိုင်းကို ကျော်ဖြတ်မောင်းနှင်ကာ စတက်တိန်းနယ်မြေထံ ဝင်ရောက်လာပါ၏။
စတက်တိန်းနယ်မြေထံ ဝင်ရောက်သည့် စထရူလမ်းမတွင် မီတာဒါဇင်ချီမြင့်သည့် တောင်ကုန်းရှိကာ မြေပြင်နှာပြင်ပအထက် မီတာဒါဇင်ချီရှိသည်။ ကားထဲရှိ ဘက်မှကြည့်လျှင် တိမ်များကို အမြန်ဖြတ်သန်းသွားနေသလိုပင်။
၎င်းတို့ဘေးမှ ဖြတ်သွားသည့် သစ်ပင်တို့၏ ထိပ်ဖျားများကို ကြည့်ရင်း လူတစ်ဦးကို အမြင့်၌ ရှိနေသလို စိတ်လှုပ်ရှားစေနေလိမ့်မည်။
ကန်ဒရာအင်ပါယာ၏ ရူဒ်ဆန်တိုင်းပြည်သံတမန် လေ့ဒင်ဟာကာနင်မှာ မှန်ကိုချ၍ ခေါင်းထုတ်ကြည့်လိုက်သောကြောင့် မခံစားမိဘဲ မနေနိုင်တော့ချေ။
"ဒီလမ်းက ကောင်းကင်မှာ တည်ထားသလိုပဲ၊ တကယ်ကို အမြင်တစ်ခုရစေတယ်။ ကျုပ် ကန်ဒရာအင်ပါယာကို ပြန်တဲ့အခါကျရင် ဧကရာဇ်ကို ကျုပ်တို့ ကန်ဒရာအင်ပါယာမှာ ဒီလိုလမ်းတစ်လမ်းတည်ဆောက်ဖို့ သေချာပေါက် အကြံပေးရမယ်! ပိုကြီးကျယ်ခမ်းနားတဲ့လမ်းပေါ့!"
သူ၏ လက်ယာဘက်၌ ထိုင်နေသည့် ခမ်နက်ဒ်က ခပ်ရေးရေးမျှ ပြုံးလိုက်ပါ၏။ ဤသံတမန်ဟာကာနင်မှာ သူဟာ ကန်ဒရာအင်ပါယာမှ လူတစ်ဦးအဖြစ် ဘဝင်ကို ကြွားလုံးထုတ်ရန် တကယ်ပင် မမေ့လျော့နေချေ။
ဤ စထရူလမ်းမမှာ အပြီးသတ်ရန် ရွှေဒင်္ဂါး နှစ်သန်း တစ်သိန်းနှင့် သုံးသောင်း ကုန်ကျခဲ့ပါ၏။ တောင်ကုန်းကို ဖြတ်ဆောက်ထားသည့် လမ်းမမှာ ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့ကို ချိတ်ဆက်ထားပြီး ရှစ်ကီလိုမီတာသာရှည်သော်လည်း ရွှေဒင်္ဂါးရှစ်သိန်းကျော် ကုန်ကျခဲ့သည်။ ၎င်းမှာ ကီလိုမီတာ တစ်ထောင့်သုံးရာရှိ စထရူလမ်းမ၏ ကုန်ကျစရိတ်တစ်ဝက်လောက်ဖြစ်လေသည်။
ကောင်းကင်၌ လမ်းတစ်လမ်းတစ်ဆောက်ခြင်း ကုန်ကျစရိတ်မှာ မည်မျှ အံ့အားသင့်ဖွယ်ကောင်းသည်ကို ၎င်းမှ မြင်နိုင်ပေသည်။
ဤသံတမန်ဟာကာနင်မှာ ကန်ဒရာအင်ပါယာကို တူညီသည့် လမ်းမျိုးဆောက်စေလိုပြီး ပို၍ပင် ကြီးကျယ်ခမ်းနားစေလိုသော်လည်း ကုန်ကျစရိတ်ကို လုံးဝ ဂရုမစိုက်နေပေ။
ကန်ဒရာပင်ပါယာမှာ စိုင်စ်နယ်မြေကြီးရှိ အင်ပါယာနှစ်ခုအနက် တစ်ခုဖြစ်ကာ ၎င်းတို့၏နိုင်ငံမှာ လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့ကဲ့သို့ နိုင်ငံငယ်များကို များစွာ ကျော်လွန်နေသော်လည်း ကန်ဒရာအင်ပါယာ၏ ဧကရာဇ်သည်ပင် လမ်းတစ်လမ်းတည်ရန် ထိုမျှ များလှစွာသောငွေကို ဖြုန်းတီးမည်မဟုတ်ချေ။
မှန်ပါ၏၊ ထိုအတွေးကို ခမ်နက်ဒ်၏ စိတ်ထဲ၌သာ ထားလိုက်ပြီး သံတမန်ဟာကာနင်၏ စိတ်ဝင်စားမှုကို ဖယ်ရှားမပစ်လိုက်ပေ။
ကိစ္စအချို့ ပြောဆိုနေပြီးနောက် မှော်ဆလွန်းမှာ ဤလမ်းမ၏ တစ်ဝက်လောက်ရောက်လာပြီး ၎င်းတို့ကို ပတ်လည်ရှိ သစ်ပင်များကလည်း လမ်းကို ဝိုင်းရံနေကြသည်။
သစ်ပင်များထူထပ်ခြင်းကြောင့် တစ်လမ်းလုံး အတန်ငယ် မှောင်မိုက်လာ၏။
သို့ရာတွင် ခပ်ရှည်ရှည် သံတိုင်များက အတန်းလိုက်ရှိနေပြီး ထိုတိုင်များထက်၌ ဖန်လုံးလေးများရှိနေ၏။ ၎င်းတို့မှာ မှောင်မိုက်နေသော သစ်တောကို အပြည့်အဝ အလင်းဆောင်သည့် အဖြူရောင်အလင်းကို ထုတ်လွှတ်ပေးနေပါ၏။
သံတမန်ဟာကာနင်မှာ ထိုအလင်းရောင်များကို မနေနိုင်အောင် ကြည့်၍ ချီးကျူးလာလေသည်၊ "စီအီးအို ခမ်နက်ဒ်, ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တကယ်ကို မှန်တာပဲဗျ။ ဒီလိုနေရာမှာတောင် မီးအိမ်တွေထား,ထားသေးတာ တကယ်ကို မမျှော်လင့်ထားစရာပဲ။"
ခမ်နက်ဒ်က အသာပြုံးသည်၊ "ဥက္ကဌက ဒီလမ်းဟာ စတက်တိန်းနယ်မြေကို ချိတ်ဆက်ထားတဲ့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပြီး အရေးပါတဲ့လမ်းကြောင်းဖြစ်တယ်လို့ ပြောထားတယ်လေ။ နယ်မြေကြီးရဲ့ တခြားအပိုင်းက ဧည့်သည်တွေကို ကြိုဆိုဖို့အတွက် ဒီလမ်းကို အကောင်းဆုံးဆောက်တည်ထားရတာကြောင့် အသေးစိတ်တိုင်းကို ချိန်ဆထားရတယ်။"
သံတမန်ဟာကာနင်မှာ မပြုံးမိဘဲ မနေနိုင်တော့၊ "ဒီတော့ စတက်တိန်းနယ်မြေရဲ့ လမ်းတွေက ဒီလမ်းကို မယှဉ်နိုင်တဲ့ အဓိပ္ပာယ်ပေါ့? ခင်ဗျားတို့ ဥက္ကဌရှုက ကြွားလုံးထုတ်ရတာကို ဒီလောက်ဂရုစိုက်မယ်လို့ မထင်ခဲ့မိဘူး။"
ခမ်နက်ဒ်က ပြုံးကာ မည်သည်ကိုမှ ထပ်မပြောနေတော့ပေ။
မှော်ဆလွန်းကာ လမ်းမထက်ပြေးလွှားလျက် အိပ်မက်ငယ်တောအုပ်၏ မြေပြင်ထက်သို့ ရောက်လာခါနီးဖြစ်လေသည်။ ၎င်းတို့ရှေ့ရှိ သစ်တောက ပွင့်သွားကာ အနီရောင်တစ်ခု ပေါ်လာ၏။
"သံတမန်ဟာကာနင် ရှေ့ဘက်မှာ မှော်စွမ်းအားဖြည့်တင်းရေးရုံရှိတယ်။ ကျုပ်တို့အဲ့မှာရပ်ပြီး ကားအတွက် မှော်သလင်းကျောက်တွေလည်း ဖြည့်ရင်း နားကြတာပေါ့။ ဘယ်လိုထင်လဲ?" ခမ်နက်ဒ်က တောအုပ်၌ ရုတ်တရတ် ပေါ်လာသော အနီရောင်အဆောက်အဦကို ညွှန်ပြရင်း ထိုသို့မေးလိုက်လေသည်။
"အင်း ဧည့်သည်က အိမ်ရှင်နောက်လိုက်ရမှာပေါ့၊ ကျုပ်တို့ ခင်ဗျားရဲ့ အစီစဉ်ကို လိုက်နာမှာပါ။" သံတမန်ဟာကာနင်က ခေါင်းငြိမ့်သည်။
ယာဉ်မောင်းက ကားကို အသာကွေ့လိုက်ပြီး မှော်ဆလွန်းကလည်း နှေးကျသွားကာ မှော်စွမ်းအားပြန်လည်ဖြည့်တင်းရေးရုံအလယ်၌ ရပ်လိုက်သည်။
သံတမန်ဟာကာနင်က ခမ်နက်ဒ်၏ ဖိတ်ကြားမှုကြောင့် မှော်ဆလွန်းထဲမှ ထွက်လာသည်။ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သော် မှော်စွမ်းအားဖြည့်တင်းရေးရုံက ထိုမျှ မကြီးမားဘဲ စတုရန်းမီတာ တစ်ထောင်ပတ်လည်သာ ရှိသည်ကို တွေ့လိုက်ရသည်။
သို့သော် ၎င်းက သေးငယ်သော်လည်း အရာအားလုံးတပ်ဆင်ထား၏။
အနှီမှော်စွမ်းအားပြန်လည်ဖြည့်တင်းရေးရုံထံ၌ အဆီအနှစ်ပြည့်မှော်သလင်းကျောက်များကို သန့်စေပေးသည့် စက်နှစ်လုံးသာ ရှိရုံတင်မကဘဲ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းရေးရုံ၏ ရုံးခန်းဟု ယူဆရသော အဆောက်အဦငယ်လေးလည်းရှိသည်။ နေ့စဉ်လိုအပ်ချက်များကို ရောင်းချသည့် ဆိုင်ခန်းငယ်လေးတစ်ခုလည်း ရှိပါ၏။
ပြဿနာများကြုံရသည့် မှော်ဆလွန်းများကို ကူညီနိုင်သော ကားထိန်းသိမ်းရာ နေရာလေးတစ်ခုလည်းရှိသည်။
၎င်းအပြင် အထူးလုပ်သန့်စင်ခန်းတစ်ခုပင်ရှိသေးသည်။
မူလက သန့်စင်ခန်းကိုမြင်လိုက်ချိန်တွင် ၎င်းမှာ အခြားသန့်စင်ခန်းများနှင့် လုံးဝခြားနားနေသည်။ ၎င်းမှာ အင်မတန်သန့်ရှင်းလှသဖြင့် သံတမန်ဟာကာနင်လည်း သန့်စင်ခန်းဟုမထင်ဘဲ အခြားအခန်းတစ်ခုခုဟု ထင်မှတ်မိခဲ့သည်။
ခမ်နက်ဒ်က မိမိကိုယ်ကိုယ်ဖြေလျှော့စရာလိုအပ်သည်များ ရှိလာကြောင်းမေးလာပြီး အထဲခေါ်သွားပေးခဲ့သည်။ ထိုမှသာ ဤသန့်ရှင်းသောအခန်းက မိမိကိုယ်ကို'ဖြေလျှော့'ရန် နေရာမှန်း နားလည်လိုက်တော့သည်။
၎င်းက အတန်ငယ် ထူးဆန်းသော်လည်း အနှီသန့်ရှင်းရေးနေရာ၌ မိမိကိုယ်ကို ဖြေလျှော့ပြီးနောက်တွင် ခမ်နက်ဒ်က ဆီးခွက်ထက်ရှိ သတ္တုခလုတ်လေးအားနှိပ်လိုက်သည်ကို သံတမန်ဟာကာနင် မြင်လိုက်ရသည်။ ၎င်းခွက်ကို ဆေးကြောရန် ရေများထွက်လာပြီး မည်သည်မှ မကျန်ရှိတော့သည်ကိုမြင်လိုက်ရရာ သူဟာ အတော်လေးအံ့ဩသွားပါ၏။
သူလည်း ခမ်နက်ဒ်ထံမှ လေ့လာ၍ မိမိဘာသာ ခလုတ်ကိုနှိပ်ကာ ဆီးခွက်ကို ဆေးသွားသော ရေများကိုကြည့်ရင်း သံတမန်ဟာကာနင်မှာ နားလည်သွားတော့သည်။
ဤသန့်စင်ခန်းက အင်မတန်သန့်ရှင်းနေသည်မှာ အံ့ဩစရာမရှိပေ၊ ကြည့်ရသည်မှာ လူများက ၎င်းကို ပုံမှန် သန့်ရှင်းပေးသည့်အပြင် အလိုအလျောက်သန့်ရှင်းရေးကိရိယာကလည်း အခန်းကဏ္ဌကြီးကြီးမားမား၌ ပါဝင်ပုံပင်။
Frestech ကုန်သည်ကြီးများအသင်းက ထူးထူးဆန်းဆန်းအရာများလုပ်ခဲ့ကြသည်ဟု ဆိုကြသော်လည်း ၎င်းတို့၏ သန့်စင်ခန်းများကပင် ခြားနားနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူလှည့်ကြည့်လိုက်သော် ခမ်နက်ဒ်က ကျောက်စရစ်ဖြင့်ပြုလုပ်ထားသော လက်ဆေးကန်ဆီလျှောက်သွားကာ ၎င်းအပေါ်ရှိ သတ္တုခလုတ်ကို နှိပ်လိုက်သည်အား တွေ့ရလေသည်။ ထို့နောက် လက်ဆေးကန်အထက်ရှိ သတ္တုပိုက်မှ ရေများစီးကျလာတော့သည်။
ခမ်နက်ဒ်မှာ သူ၏လက်များကိုဆေးကြော၍ လက်ဆေးကန်အနီးရှိ ထူးထူးဆန်းဆန်း အဝိုင်းပစ္စည်းတစ်ခုအောက်၌ လက်များကို ထားလိုက်ပြီးနောက်တွင် ထိုအရာထံမှ လေသံထွက်လာသည်ကိုကြားရသည်။
တစ်အောင့်ကြာပြီးနောက် ခမ်နက်ဒ် လက်များ ပြန်ထုတ်လိုက်ရာ လုံးဝ ခြောက်သွေ့နေပါ၏!
သံတမန်ဟာကာနင်၏ အံ့အားသင့်နေဟန်ကိုမြင်သော် ခမ်နက်ဒ်မှာ သံတမန်ဟာကာနင်အား အပြုံးဖြင့် ဖိတ်ခေါ်လျက် ထပ်တူ လုပ်ဆောင်ရန် အရိပ်အမြွက်ပြလာသည်။
သံတမန်ဟာကာနင်လည်း အတန်ငယ် တုံ့ဆိုင်းနေပြီးနောက်မှ သူ၏လက်များကိုဆေးကြောရန် ခမ်နက်ဒ်ထံမှ လေ့လာလိုက်သည်။ တုံ့ဆိုင်းနေပြီးနောက်တွင် အဝိုင်းပစ္စည်းအောက်၌ သူ၏လက်များကို ထား၍ ခမ်နက်ဒ် လုပ်သလိုလိုက်လုပ်လိုက်၏။
သူ၏ လက်များအား ထိုနေရာ၌ ထားလိုက်သည်နှင့် သံတမန်ဟာကာနင်မှာ သိပ်မများလှသော်လည်း တည်ငြိမ်လှသည့် လေနွေးနွေးများကို ခံစားလိုက်ရသည်။
လက်များကို ရွေ့လျားရန်ခမ်နက်ဒ်ထံမှ လေ့လာရင်း ရေက သူ၏လက်များထံမှ အမြန်အဆန်အငွေ့ပျံ၍ ချက်ချင်းခြောက်သွေ့သွားသည်ကို ခံစားမိသည်။
သံတမန်ဟာကာနင်လည်း လက်များကို ပြန်ရုတ်လိုက်ပြီး မိမိစိတ်ထဲရှိ သိလိုစိတ်ကိုပင် မတောင့်ခံနိုင်တော့ဘဲ ခမ်နက်ဒ်ကို မေးလာသည်၊ "ဒါကဘာလဲ? ဘာလို့ ဒီလိုထူးဆန်းတဲ့ လုပ်ဆောင်ချက်ရှိနေရတာလဲ?"
ခမ်နက်ဒ်မှာ ၎င်းတို့ အသုံးပြုထားကာစ လက်ဆေးကန်ကို ညွှန်ပြ၍ ဖြေလာလေသည် "ဒါက ရေထုတ်ပေးရုံ သက်သက်ပါပဲ အဲ့လောက်မထူးဆန်းပါဘူး။"
ထို့နောက် ထူးဆန်းသည့် အဝိုင်းပစ္စည်းကို ညွှန်ပြလာသည်။
"ဒါကတော့ ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်ထားတဲ့ အသေးစားမှော်အခြောက်ခံစက်အသစ်ပါ။ ဒီမော်ဒယ်ကို အဓိကအနေနဲ့ လက်တွေအခြောက်ခံဖို့သုံးတာ၊ လက်ဆေးပြီးရင် လက်'ခြောက်ဖို့ပိုလွယ်တာပေါ့။ သံတမန်ဟာကာနင် ဒါကိုသုံးပြီး ဘယ်လိုထင်လဲ?"
သံတမန်ဟာကာနင်က သူ၏လက်များကိုကြည့်ပြီးနောက် ခေါင်းငြိမ့်လာသည်။
"ဒီပစ္စည်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ!လက်'ခြောက်အောင် အဝတ်သုံးဖို့မလိုတော့ဘဲ လက်တွေကို လုံးဝခြောက်အောင်လုပ်ပေးနိုင်တယ် အရမ်းအသုံးဝင်တာပဲ!" သူဟာ ခမ်နက်ဒ် ရှင်းပြလာမည်ကိုပင် မစောင့်တော့ဘဲ လက်ညှိုးထိုးလာကာ၊ "ဘာကိုမှမပြောနဲ့ဦး ကျုပ်အနေနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်အတွက် ဒီမှော်အခြောက်ခံစက် အခုတစ်ရာ ပြင်ထားပေးနိုင်ဖို့ မျှော်လင့်တယ်!"
ခမ်နက်ဒ်က အပြုံးဖြင့် ခေါင်းငြိမ့်လေသည်၊ "ဒါက ပြဿနာမဟုတ်ပါဘူး။ သံတမန်ဟာကာနင်ရဲ့ တောင်းဆိုမှုဖြစ်နေသရွေ့ ကျုပ်တို့တွေ သေချာပေါက် ဖြည့်ဆည်းပေးရမယ်လို့ ဥက္ကဌပြောထားပဲ။"
သံတမန်ဟာကာနင်လည်း ရယ်ကာ၊ "ဥက္ကဌရှုက အမြဲ တည့်တိုးဆန်တာပဲ၊ ဒါက ကျုပ်သိတဲ့အရာပါ။"
ခမ်နက်ဒ်၏ အပြုံး၌ သရော်မှုတစ်စ မထင်ဟပ်ဘဲ မနေနိုင်တော့ပေ။
သံတမန်ဟာကာနင်၏ 'တည့်တိုးဆန်သည်' ဟူသည်မှာ ဥက္ကဌက လွန်ခဲ့သည့် ၂နှစ်အတွင်း သူ့ထံ ရွှေဒင်္ဂါး သုံးထောင်မျှ ထိုက်တန်သည့် အိမ်သုံးမှော်စက်များ ပို့ပေးခဲ့သောကြောင့်ပင်။
မဟုတ်ပါက မည်သို့များ ဤလောဘကြီးသည့်လူက ဤမျှ ပျူငှာလျက် စတက်တိန်းနယ်မြေကို စစ်ဆေးရန် ခမ်နက်ဒ်နောက်ပင် လိုက်လာပါမည်နည်း?
သို့သော် ဥက္ကဌသည်လည်း ဤလူအတွက် ရင်းနှီးမြှုပ်နှံရင်း အသင့်အတင့်ပြန်ရခဲ့ပါ၏။
သံတမန်ဟာကာနင်မှာ နှစ်သစ်ကူးအတွင်း ကန်ဒရာအင်ပါယာသို့ အစီအရင်ခံရန် ပြန်သွားချိန်တွင် ရှုယီမှ သူ့ အားပေးခဲ့သည့် မှော်စက်မျိုးစုံကိုလည်း ယူဆောင်သွားခဲ့သည်။
ထိုထူးဆန်းသည့်အရာများက အခြားလူများကိုလည်း ဆွဲဆောင်သွားကာ မြို့တော် ဝင်မ်ဘယ်လ်ဒန်မြို့မှ မျိုးရိုးမြင့်များ၏ ချီးကျူးမှုလည်း ရခဲ့သည်။
ထိုမျိုးရိုးမြင့်များက သံတမန်ဟာကာနင်ကဲ့သို့ အသုံးမဝင်သူများမဟုတ်ဘဲ အချို့ထံ၌ သင့်တင့်သော အမျှော်အမြင်ရှိကြသည်။
လူများစွာက ထိုထူးကဲသောအိမ်သုံးမှော်စက်များထံမှ အခွင့်အရေးကို မြင်ခဲ့ကြသဖြင့် ကန်ဒရာအင်ပါယာမျိုးရိုးမြင့်များစွာမှာ သံတမန်ဟာကာနင်ကို အနှီအိမ်သုံးမှော်စက်များအကြောင်း မေးမြန်းခဲ့ကြသည်။ သံတမန်ဟာကာနင်အား Frestech ကုန်သည်ကြီးများအသင်းထံမှ မှာယူရန် တဆင့်တောင်းဆိုသည့် လူအချို့ပင် ရှိပါ၏။
ဤတစ်ကြိမ်တွင် သံတမန်ဟာကာနင်မှာ စတက်တိန်းနယ်မြေတစ်လျှောက်လုံး ထိုတောင်းဆိုမှုများအတွက်သာ အပြေးလာဖို့ ဆန္ဒရှိခဲ့ခြင်းဖြစ်ပါ၏။
ထိုမျိုးရိုးမြင့်များက သံတမန်ဟာကာနင်ကို ထိုသို့တောင်းဆိုခြင်းမှာ သူ့အတွက် ကိစ္စလေးတစ်ခုမျှသာဖြစ်သော်လည်း ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် ကိစ္စကြီးတစ်ခုဖြစ်ပါ၏။
အဘယ့်ကြောင့်ဆိုသော် ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များအနေနှင့် ကန်ဒရာအင်ပါယာကို ဝင်ရောက်ရန် အခွင့်အရေးရသည့် အဓိပ္ပာယ်ပင်။
လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ Drakeနယ်မြေနှင့် မီရန်ဒိုနယ်မြေတို့ကဲ့သို့ နိုင်ငံငယ်များနှင့်ယှဉ်သော် ကန်ဒရာအင်ပါယာမှာ ကြီးမားလှပါ၏။
Frestech ကုန်သည်ကြီးများအသင်းသာ အနှီနေရာ၌ ဈေးကွက်ကို ဖွင့်လှစ်နိုင်ခဲ့လျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် သံသယဝင်စရာပင်မလိုလောက်အောင် ခြေလှမ်းကျယ်ကြီးတစ်ခုဖြစ်လာလိမ့်မည်။
(*T/Nသံတမန်ဟာကာနင်ကို မမှတ်မိကြမှာစိုးလို့ပါ -
ရှုယီ ရူဒ်ဆန်တိုင်းပြည်ကို ပထမဆုံးတစ်ခေါက်လာတော့ အဝင်ဂိတ်မှာ သံတမန်ဟာကာနင်တို့ရဲ့ မြင်းလှည်းအဖွဲ့လိုက်ကြီးက ကလေးမလေးတစ်ယောက်ကို တိုက်မိမလိုဖြစ်ခါနီး ရှုယီ ဝင်ကယ်လိုက်ရင်း ပဋိပက္ခဖြစ်ခဲ့တဲ့ သံတမန်ပါနော်)
***
မှော်စက်မှုအင်ပါယာ
Vol, 5 အခန်း ၂။ အရေးပေါ်ကယ်ဆယ်ရေး
မှော်စွမ်းအားပြန်လည်ဖြည့်တင်းရေးရုံ၌ ရပ်ပြီးနောက် ခမ်နက်ဒ် နှင့် သံတမန် ဟာကာနင်တို့မှာ တစ်ဖန်ဦးတည်လိုက်ကြပြန်သည်။
မှော်ဆလွန်းက အိပ်မက်တောအုပ်ကို အမြန်ဖြတ်သွား၏။ သံတမန် ဟာကာနင်နှင့် ခမ်နက်ဒ် တို့မှာ မှော်ဆလွန်းထဲ၌ စကားပြောနေကြသည်။
အသေးစား မှော်အခြောက်ခံစက်နှင့်ယှဉ်လျှင် သူဟာ ရေစီးရေလာစနစ်ကို ပို၍ စိတ်ဝင်စားပါ၏။
သူဟာ ရေအားစနစ်ကို ပိုမိုအာရုံစိုက်နေသည်အားမြင်သော် ခမ်နက်ဒ် မှာ အနည်းငယ် အံ့ဩသွားသည်။
အဘယ့်ကြောင့်ဆိုသော် သံတမန်ဟာကာနင်မှာ ပုံမှန်အားဖြင့် အသုံးမဝင်သောကြောင့် ခမ်နက်ဒ်အနေနှင့် သူဟာ ရေစနစ်အား မှော်အခြောက်ခံစက်ထက်ပို၍ အရေးထားမည်ဟု မထင်ခဲ့ပေ။ သူ့အနေနှင့် ထိုကိစ္စကို အရင်မေးလာမည်ဟုလည်း မထင်ခဲ့။
ထိုသည်ကိုစဉ်းစားပြီး ခမ်နက်ဒ်မှာ ၎င်းကို အလေးအနက်စဉ်းစားဖို့ ဆုံးဖြတ်လိုက်လေသည်။
"ဒီအလိုအလျောက်ရေအားစနစ်က နာမည်အတိုင်းပဲ လူသားတွေထိန်းချုပ်ဖို့ မလိုဘဲ အလိုရှိတဲ့နေရာကို အလိုအလျောက် ရေထောက်ပံ့ပေးမှာပါ။ သံတမန်ဟာကာနင် ခင်ဗျား အဲဒါရဲ့ အသုံးပြုပုံကို ရေဆေးတာနဲ့ လက်ဆေးတဲ့နေရာအတွက် ထောက်ပံ့ပေးထားတာ တွေ့ခဲ့ရပြီးပါပြီ ဒါက ရေအားစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။"
"အိုး? ဒီတော့ ကျုပ်သာ မီးဖိုချောင်၊ ရေချိုးခန်းနဲ့ ဥယျာဉ်တို့လို တခြားနေရာတွေမှာ ရေလိုချင်ရင် အကုန်ဖြစ်နိုင်တယ်ပေါ့?" သံတမန်ဟာကာနင်က အင်မတန်စိတ်ဝင်စားဟန်ပေါ်နေ၏။
"ဟုတ်ပါတယ်။" ခမ်နက်ဒ် ခေါင်းငြိမ့်သည်၊ "တကယ်တော့ ဒီစနစ်ရဲ့ အဓိကအပိုင်းက ရေပိုက်တွေမှာရှိပါတယ်။ ဥပမာပြောရရင် ခင်ဗျားလက်ဆေးတဲ့အချိန်မှာ ရေထုတ်ပေးတဲ့ ပိုက်က လမ်းကြောင်းတစ်ခုပဲ။"
သံတမန်ဟာကာနင်က အနည်းငယ်ရှုပ်ထွေးသွားသည်ကိုမြင်သော် ခမ်နက်ဒ် ရှင်းပြလိုက်ပါ၏၊ "ဒီ 'လမ်းကြောင်း'က ကျုပ်တို့ ဥက္ကဌ အဆိုပြုထားတဲ့ စီမံကိန်းပါ။ အဲဒီ 'လမ်းကြောင်း'က ရေထုတ်ပေးတဲ့ နေရာကို ရည်ညွှန်းတယ်။ ရေအားစနစ်အတွက်တော့ ဘုံပိုင်ခေါင်းပေါ့။"
သံတမန်ဟာကာနင်လည်း တကယ်နားမလည်ပုံနှင့် ခေါင်းငြိမ့်ပြလာသည်၊ "ဒီတော့ ကျုပ်သာအလိုရှိရင် ရေအားစနစ်တစ်ခုကိုစီစဉ်လို့ရပြီး ဘယ်နေရာမှာအဆို ရေထုတ်လို့ရတာလား?"
"ဟုတ်ပါတယ်။"
"ဒါဆို ရေအားစနစ်အတွက် ရေက ဘယ်ကနေလာမှာလဲ? ဘာလို့ ရေက ပိုက်တွေရဲ့ ဘုံပိုင်ကနေ ထွက်လာရတာလဲ?"
ခမ်နက်ဒ်က တစ်ချက်ပြုံး၏၊ "ရေအားစနစ်အတွက် ရေက တကယ်တော့ ပြင်ဆင်ထားပြီးသား ရေလှောင်တမံကနေ မှော်ရေစုပ်စက်နဲ့စုပ်ပြီး ရလာတာပါ။ ပြီးတော့ အဲဒါကို ရေစစ်ဌာနကနေ စစ်ပေးပြီး အမြင့်နေရာတစ်ခုက ရေတိုင်ကီထဲ ပို့ပြီးမှ ပိုက်တစ်ခုဆီထဲ စီးဆင်းစေပါတယ်။"
"ဪ ဒီလိုကိုး....." သံတမန်ဟာကာနင်မှာ ရုတ်တရတ် နားလည်လိုက်သည်၊ "ရေက အရမ်းသန့်ရှင်းပုံပေါက်နေတာ မဆန်းပါဘူး၊ ကျုပ်အနေနဲ့.... သောက်ရင်တောင် ပြဿနာမရှိလောက်ဘူးလို့ ခံစားမိတယ်။"
"ဒါပေါ့ ပြဿနာမရှိပါဘူး။" ခမ်နက်ဒ်က ဂုဏ်ယူစွာပြုံးလာသည်၊ "ဒီရေပေးစနစ်ရဲ့ စစ်ထုတ်ခြင်းစနစ်က နတ်သူငယ်တွေရဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုဆိုတော့ ရေသန့်တာကို စိတ်ချထားလို့ရတယ်။ အဲဒါက မြေအောက်တွင်းတွေကနဲ့ တူးတဲ့ရေ ဒါမှမဟုတ် မြစ်တွေကနေ ရတဲ့ရေထက်တောင် ပိုကောင်းနေသေးတယ်။"
"တကယ်ကိုပဲ နတ်သူငယ်တွေရဲ့ လျှို့ဝှက်နည်းလမ်းလား?" သံတမန်ဟာကာနင်က အနည်းငယ် အံ့ဩသွားသည်။ "နတ်သူငယ်တွေက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ရင်းနှီးကြောင်း ကြားခဲ့ရပေမယ့် နတ်သူငယ်တွေက ခင်ဗျားတို့အတွက် ဒီနည်းလမ်းဖော်ထုတ်ပေးလာမယ်လိူ့ မထင်ထားဘူး။ ဒါက တကယ်ကို အံ့ဩစရာကြီးပဲ။"
"အံ့ဩစရာတွေအများကြီး ရှိနေပါသေးတယ်...." ခမ်နက်ဒ်က စိတ်ထဲ ကြိတ်ရယ်လိုက်သော်ငြား ပြောလာ၏၊ "ဒါက နတ်သူငယ်တွေအနေနဲ့ ကျုပ်တို့လုပ်ငန်းစုနဲ့အတူ ပူးပေါင်းတဲ့ စီမံကိန်းတွေထဲကတစ်ခုပါ၊ အလကားပေးတာတော့ ဘယ်ဟုတ်မလဲ။ ဥပမာပြောရရင် ဒီရေပေးစနစ်အတွက် ကျုပ်တို့လုပ်ငန်းစုက ဒါက နတ်သူငယ်တွေနဲ့အတူ ဝေမျှဖို့လိုတယ်။ အိမ်မက်ငယ်တောအုပ်ထဲက နတ်သူငယ်တွေလည်း ဒီရေပေးစနစ်ကို သုံးနေကြပြီး ဌာနတွေကိုလည်း ကျုပ်တို့လုပ်ငန်းစုက အခမဲ့ဆောက်ပေးထားတာပါ။"
"နတ်သူငယ်တွေ ခင်ဗျားတို့နဲ့ အတူပူးပေါင်းလာစေနိုင်တာကတင် မယုံနိုင်စရာဖြစ်နေပါပြီ" သံတမန်ဟာကာနင်က ပြောသည်။ သူ မေးခွန်းမေးဖို့ ပြင်လိုက်ချိန်တွင် ခမ်နက်ဒ် မျက်မှောင်ကုပ်လိုက်သည်ကို တွေ့လိုက်ရ၏။
သံတမန်ဟာကာနင်လည်း အံ့အားသင့်ကာ မတော်တဆဟု ထင်လိုက်မိသည်။ သူဟာ ခမ်နက်ဒ် အကြည့်နောက်ကို လိုက်ကြည့်သော် လမ်း၏ ယာဘက် ရှေ့ရှိ သစ်ပင်တစ်ပင်အောက်၌ လူတစ်ဦးလှဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
"ရပ်လိုက်"
ခမ်နက်ဒ်မှာ ရှေ့ရှိ ယာဉ်မောင်းကိုပြောလာသည်။
ယာဉ်မောင်းလည်း ခမ်နက်ဒ်၏ ရည်ရွယ်ချက်ကို သေချာနားလည်ကာ မြေပြင်ထက်၌ လှဲလျောင်းနေသူ နံဘေးတွင် ရပ်လိုက်၏။
ခမ်နက်ဒ်မှာ ကားထဲမှ အမြန်ထွက်၍ ထိုလူနံဘေးသို့ သွားကာကြည့်သည်။ သူက ထိုလူ၏ လည်ပင်းထက် လက်တင်လိုက်ပြီးနောက် ယာဉ်မောင်းကို ပြောလေ၏၊ "ကြည့်ရတာ သူ့ကို ရွှေ့လို့မရမယ့်ပုံပဲ၊ မြန်မြန်ဆေးရုံကားခေါ်လိုက်ပါ။"
ယာဉ်မောင်းလည်း ခေါင်းငြိမ့်၍ သူ၏ရင်ဘတ်ထဲက ထောင့်မှန်စတုဂံပုံဘူးကို ထုတ်လိုက်သည်။ သူဟာ ၎င်းအပေါ်၌ အကြိမ်ရေအချို့ ဖိနှိပ်လိုက်ပြီးနောက် ထိုသတ္တုဘူးကိုပြောလေသည်၊ "အရေးပေါ်ဌာနလားဗျ? ဒီမှာ အရေးကြီးလူနာရှိလို့ ကျေးဇူးပြုပြီး လူနာတင်ယာဉ်နဲ့ ဆေးပညာဝန်ထမ်းတို့လွှတ်ပေးပါဦး။ ဟုတ်ကဲ့ အိပ်မက်ငယ်တောအုပ်၊ စထရူ လမ်းမ...."
ယာဉ်မောင်းမှာ ခေတ္တရပ်တန့်၍ ဘေးဘီကိုကြည့်ကာပြောသည်၊ "ဆက်ရှင် ဖိုး(section four) ရှစ်ဆယ့်သုံးနဲ့ ဖိုး(four) ရှစ်ဆယ့်လေးကြားပါ။ ဟုတ်ကဲ့ လမ်းမ ဘေးမှာပဲ။ ကျေးဇူးပြုပြီး မြန်မြန်လာပေးပါ ဒီလူကြည့်ရတာ သိပ်မဟန်တော့ဘူး။"
ထိုသို့ လုပ်ဆောင်ပြီးနောက် ခမ်နက်ဒ်မှာ အနည်းငယ် စိတ်ချသွားဟန်ပေါ်သည်။ သို့သော် သူဟာ ဆေးပညာကို နားမလည်သလို ထိုလူကို အလျင်စလို မရွှေ့နိုင်သဖြင့် လုပ်နိုင်သည်က မရှိပေ။
မျက်မှောင်ကုပ်၍ စဉ်းစားကြည့်သော် ရုတ်တရတ် တစ်စုံတရာကို စဉ်းစားမိသည်။ သူက ရင်ဘတ်သို့ လက်လှမ်း၍ ဆလင်ဒါတစ်ခုထုတ်ကာ ကောင်းကင်ကို ညွှန်လျက် အဖုံးကိုဖွင့်လိုက်သည်။
"ဖုန်းး!"
အသံတိုးဖွဖွဖြင့် မီးခိုးအစိမ်းဖျော့ဖျော့ထွက်လာကာ ကောင်းကင်ကို ပျံတက်သွားသည်။
ငါးမိနစ် ဝန်းကျင်အကြာတွင် သစ်ပင်များထံမှ သစ်ရွက် လှုပ်သံများ ထွက်လာသည်။ ထိုသစ်ပင်များမှ ခုန်ထွက်လာသည့် ခပ်သွယ်သွယ် ပုံရိပ်နှစ်ခုရှိနေ၏။
သံတမန် ဟာကာနင်ကြည့်လိုက်သော် ၎င်းတို့၏ နားရွက်ချွန်များနှင့် ပြီးပြည့်စုံသောမျက်နှာများကို တွေ့ရလေသည်။ ၎င်းတို့မှာ တကယ်ကို နတ်သူငယ်နှစ်ဦးပင်!
သူဟာ ကန်ဒရာအင်ပါယာ၌ အရေးကြီးပုဂ္ဂိုလ်ဖြစ်ပါလျှင်တောင် သံတမန်ဟာကာနင်မှာ ယခင်က နတ်သူငယ်များကို မမြင်ခဲ့ဖူးချေ။ ဤသည်က သူ၏ ဘဝ၌ နတ်သူငယ်စစ်စစ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်!
ထိုနတ်သူငယ်နှစ်ဦးက ခမ်နက်ဒ်ကို ခေါင်းငြိမ့်ပြကာ သစ်ပင်အနီးလှဲနေသူကို မြင်လိုက်ပြီးဖြစ်သဖြင့် အကြောင်းအရင်း မေးမလာတော့ပေ။
နတ်သူငယ်နှစ်ဦးလည်း ထိုလူ၏ ဘေးသို့ရောက်လာကာ အသေအချာ ကြည့်ရှုတော့သည်။ နတ်သူငယ်တစ်ဦးကမူ ၎င်းတို့၏လက်မှ အစိမ်းရောင်အလင်းတစ်ခု ထုတ်ဖော်၍ နတ်သူငယ်မှော်အစွမ်းဖြင့် ထိုလူကို အရေးပေါ်ကုသမှု လုပ်ဆောင်လေသည်။ သံတမန်ဟာကာနင်မှာ အံ့အားသင့်နေရင်း မျက်လုံးများ မပွတ်မိဘဲ မနေနိုင်တော့ပေ။
မြေပြင်ထက်ရှိလူမှာ လူသားတစ်ဦးဖြစ်သည်လေ!
မည်သည့်အချိန်က နတ်သူငယ်များမှာ လူသားတစ်ဦးကို ကုသနိုင်ရန် အရာအားလုံးလုပ်ပေးဖို့ ဆန္ဒရှိလာပါသနည်း?
နတ်သူငယ်နှစ်ဦးကို ခမ်နက်ဒ် ဆင့်ခေါ်လိုက်သည်ကတင် သံတမန်ဟာကာနင်အား အံ့အားသင့်စေပြီးသားဖြစ်သည်။ ယခုတွင် ထိုနတ်သူငယ်နှစ်ဦးက လူသားတစ်ဦးကို ကယ်ဆယ်ရန် မှော်စွမ်းအားသုံးဖို့ ဆန္ဒရှိနေရာ သံတမန်ဟာကာနင်အား ပို၍ပင် မယုံကြည်နိုင်မှုများဖြင့် ပြည့်သွားစေသည်။
ဖြစ်နိုင်တာက.... Frestech ကုန်သည်ကြီးများအသင်းနဲ့ စတက်တိန်းနယ်မြေ နတ်သူငယ်တွေကြားက ဆက်ဆံရေးက ဒီအဆင့်ထိတောင် ရောက်နေတာလား?
နတ်သူငယ်တို့၏ အထူးကုသရေးမှော်အစွမ်းကြောင့် ထိုလူမှာ ရှင်းလင်းစွာပင် ပိုမိုကြည့်ကောင်းလာပြီး မျက်လုံးများပင် အသာဖွင့်လာနိုင်သည်။
သို့သော် သူဟာ အင်မတန်အားနည်းနေဆဲဖြစ်သလို မည်သည်ကိုမှလည်း မဆိုနိုင်ပေ။
ထိုအချိန်၌ ရှေ့ရှိ လမ်းမမှ ဆူညံသံအချို့ထွက်လာလေသည်။ ၎င်းမှာ ထူးဆန်းသည့်ငှက်တစ်ကောင်က နီးကပ်လာသလိုပင်။
ထိုအသံကို ကြားသော် ခမ်နက်ဒ်, ယာဉ်မောင်းဖြစ်သူနှင့် နတ်သူငယ်တို့၏ အမူအရာများမှာ ပြေလျော့သွားကြတော့သည်။
တစ်အောင့်ကြာသည့်နောက် အဖြူသန့်သန့်ဖြင့် ကြက်ခြေခတ် အနီရောင်မျဉ်းနှစ်ကြောင်းပါ အလတ်စားခရီးသည်တင် မှော်ကားတစ်စီးက လမ်းကိုဖြတ်မောင်းကာ ခမ်နက်ဒ်နံဘေးတွင်ရပ်လိုက်သည်။
အဖြူရောင်ဝတ် သက်လတ်ပိုင်းလူကြီးနှစ်ဦးက ကားထဲမှ ထမ်းစင်နှင့်အတူ ထွက်လာ၏။ တစ်ဦးက ထိုလူကို ကြည့်လာပြီးနောက် ၎င်းတို့နှစ်ဦးမှာ ထိုလူကို ထမ်းစင်ပေါ် တင်လိုက်သည်။ ထိုလူအား ကားထဲထည့်ပြီးနောက် မှော်ကားထဲဝင်၍ အမြန်မောင်းထွက်သွားကြ၏။
ဤဖြစ်စဉ်အတွင်း ၎င်းတို့နှစ်ဦးသားမှာ အင်မတန် မြန်မြန်ဆန်ဆန်လုပ်ဆောင်သွားသည်ပင်။ ၎င်းတို့မှာ ထိုသို့ အကြိမ်များစွာ လုပ်ဆောင်ဖူးသဖြင့် ရင်းနှီးနေကြောင်း ရှင်းလင်းပါသည်။
နံဘေးရှိလူများအနေနှင့် ခမ်နက်ဒ်သာ ၎င်းတို့ကို စကားလူံးအချို့ပြောခဲ့ပြီး ကျန်လူများက မည်သည်ကိုမှ မဆိုခဲ့ကြချေ။
မှော်ကားထွက်သွားချိန်တွင် နတ်သူငယ်နှစ်ဦးလည်း ခမ်နက်ဒ်ကို ဦးညွှတ်လိုက်ပြီးနောက် သစ်ပင်များထံ ပြန်ခုန်တက်သွားကာ ခြေရာပင်မကျန် ပျောက်ကွယ်သွားပါ၏။
ခမ်နက်ဒ်နှင့် ယာဉ်မောင်းတို့ မှော်ဆလွန်းထံ ပြန်လာသည်ကိုမြင်သော် သံတမန်ဟာကာနင်ထံတွင် ရှုပ်ထွေးဟန်ရှိနေလေသည်။
"စီအီးအို ခမ်နက်ဒ်၊ ခင်ဗျားတို့ အဲ့လူကို ကယ်ချင်မှတော့ ဘာလို့ အဆုံးထိ မလိုက်သွားရတာလဲ? ဘာလို့ ဆရာဝန်ရှာပြီး သူပိုကောင်းလာတာသေချာအောင်မလုပ်ပေးရတာလဲ?"
"သူ့ကို အရေးပေါ်ဌာနဆီ လွှဲလိုက်ပြီးသားပါ၊ အဲ့ကလူတွေက ကျန်တာကို ဂရုစိုက်ပါလိမ့်မယ် ကျုပ်အနေနဲ့ ဘာမှလုပ်ဖို့မလိုပါဘူး။" ခမ်နက်ဒ်က ပြန်ဖြေသည်။
"အဲဒီ အရေးပေါ်ဌာနက ဘာများလဲ?" သံတမန်ဟာကာနင်မှာ ပို၍ပင် ရှုပ်ထွေးသွားလေသည်၊ "ဒါက လူတွေကို ကယ်ဖို့ အထူးတလည်သုံးတာလား?"
"ဟုတ်ပါတယ် အဲဒါက ဥက္ကဌ အထူး ရံပုံငွေတည်မထားတာပါ။ အခုဆို စတက်တိန်းနယ်မြေမှာ နယ်မြေတစ်ခုလုံးအတွက် ဖြန့်ကျက်ထားတဲ့ အရေးပေါ်ဌာန စုစုပေါင်း ရှစ်ခုရှိတယ်။ ဥက္ကဌကတော့ ဒါက လုံလောက်ဖို့လိုနေသေးတယ်လို့ပြောတာပဲ၊ အစီစဉ်အရဆို အနည်းဆုံး နယ်မြေမှာ အရေးပေါ်ဌာနတစ်ရာရှိရမယ်တဲ့။"
သံတမန်ဟာကာနင်မှာ အနည်းငယ် ကြောင်အသွားသည်၊ "ဒါက ငွေဘယ်လောက်ကုန်ကျလဲ? ခင်ဗျားတို့ ဘာငွေမှ မပေးလိုက်တာတွေ့တယ်၊ ဒီအရေးပေါ်ဌာနက လူထုဝန်ဆောင်မှုပေးတာလား?"
"မဟုတ်ပါဘူး။" ခမ်နက်ဒ်က အပြုံးဖြင့်ခေါင်းခါသည်၊ "ဥက္ကဌရဲ့စည်းမျဉ်းတွေအရဆို ဒီအရေးပေါ်ဌာနတွေအနေနဲ့ လူနာရဲ့ အလျင်လိုမှုကို ဦးစားပေးရမယ်ဆိုပေမယ့် အခကြေးငွေတော့ ကောက်ဖို့လိုပါသေးတယ်။ ပုံမှန်အားဖြင့် တခြားလူတွေကို ကုသရေးအတွက် ပို့မယ်ဆိုရင် သူတို့လည်း ငွေပေးဖို့လိုတယ်လေ။”
"ဒါဆို အခုနက လူအတွက် ဆေးဖိုးဝါးခကရော...."
"သူတို့ကိုကျုပ်ရဲ့ ငွေစာရင်းထဲထည့်ဖို့ ပြောလိုက်ပါတယ်။"
"ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ငွေစာရင်းပဲမဟုတ်ဘူးလား အခကြေးငွေမပေးရတာနဲ့ ဘာကွာလို့လဲ?" သံတမန်ဟာကာနင်က စိတ်ထဲ ဝေဖန်လိုက်သော်ငြား အပြုံးဖြင့် ချီးကျူးလိုက်ပါ၏၊ "စီအီးအို ခမ်နက်ဒ်, ခင်ဗျားက တကယ်ကို သဘောထားကြီးတာပဲ။"
ခမ်နက်ဒ်က ရယ်သည်၊ "ချီးကျူးလွန်းနေပါပြီ"
ခမ်နက်ဒ်က လုံးဝဂရုမစိုက်သည်ကိုမြင်သော် သံတမန်ဟာကာနင်၏ စိတ်ထဲ သံသယပွားသွားရသည်။
Frestech ကုန်သည်ကြီးများအသင်း ထိုအရေးပေါ်ဌာနများကို တည်ထောင်ခြင်းမှာ ကန်ဒရာအင်ပါယာ၌ ချို့တဲ့သူများကို အစာရေစာ အဝတ်အထည်များပေးကမ်းသည့် လုပ်ငန်းစုများလိုပင်၊ ပရဟိတဟု ယူဆနိုင်သည်။
သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ရည်ရွယ်ချက်များအား သံသယမဖြစ်သော်လည်း သူမြင်သည့်အရာများကိုတော့ သံသယဖြစ်မိ၏။
ပထမဦးစွာ နတ်သူငယ်များနှင့် Frestech ကုန်သည်ကြီးများအသင်းကြားရှိ တရင်းတနှီးဆက်ဆံရေးပင်။
ရေပေးစနစ်မှ ထိုနတ်သူငယ်များနှင့် ခမ်နက်ဒ် မည်မျှရင်းနှီးသည်အထိ Frestech ကုန်သည်ကြီးများအသင်းမှာ နတ်သူငယ်များနှင့် ရိုးရိုးရှင်းရှင်း ရင်းနှီးနေရုံမဟုတ်ပေ။
နောက်တွင်.... ထိုယာဉ်မောင်းထုတ်ခဲ့သည့် သတ္တုဘူးလေးဖြစ်၏။
အဘယ့်ကြောင့် စကားလုံးအချို့ပြောလိုက်သည်နှင့် ကုသရေးအတွက် မှော်ကားက အမြန်ရောက်လာရသနည်း?
ထိုဘူးလေးက မည်သို့သောထူးဆန်းသည့် အရာဖြစ်သနည်း?
သံတမန်ဟာကာနင်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပို၍ ဆက်သွယ်လေ ၎င်းတို့ယူလာသည့်အရာများက ပိုအံ့ဩဖွယ်ကောင်းလေဖြစ်နေတော့သည်။
ဥက္ကဌရှုနှင့် ပြန်တွေ့လျှင် မည်သို့သော အံ့ဩဖွယ်ရာနှင့် ကြုံရလောက်ဦးမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃။ မီးနီ ရပ်၊ မီးစိမ်း သွား
မှော်ဆလွန်းမှာ အမြန်ရှေ့သို့ တိုးမောင်းသွားပြီး နာရီဝက်ပတ်လည်ကြာသည့်နောက် အလင်းရောင်တောအုပ်ငယ်ထဲမှ ထွက်ခွာသွားသည်။
နှစ်ဘက်စလုံးရှိ ဧရာမသစ်ပင်များမှာ ၎င်းတို့နောက်၌ ကျန်နေရာ အရှေ့ဘက်လမ်းပွင့်၍ ကျယ်ပြောသော မြေပြင်ညီကို လှစ်ဟပြလာ၏။
သံတမန်ဟာကာနင်က ရှေ့ကိုကြည့်ရင်း ထိုနေရာ၌ အဆောက်အဦမြင့်မြင့် အတန်းလိုက်ကြောင့် ဆွဲဆောင်ခံလိုက်ရလေသည်။
၎င်းတို့အနေနှင့် အတော်လေး ဝေးနေသေးသော်လည်း သံတမန် ဟာကာနင်အနေနှင့် ထိုအိမ်များမှာ မြေပြင်ထက်တွင် တိုင်များစိုက်ထူထားသကဲ့သို့ အနည်းဆုံး မီတာနှစ်ဆယ်ကျော်မြင့်သည်ကို အလွယ်လေးပြောနိုင်ပါ၏။
၎င်းတို့အနက် အမြင့်ဆုံးမှာ သုံးဆယ်မီတာပင်ကျော်ပါ၏!
ထိုသို့သော အဆောက်အဦမြင့်များမှာ ကန်ဒရာအင်ပါယာတွင်ပင် ရှားပါးလှသည်။
သံတမန် ဟာကာနင်အတွက် ထိုမျှ မြင့်သည်ကို မြင်ခဲ့ဖူးသည့် တစ်ခုတည်းသော အရာမှာ ကန်ဒရာအင်ပါယာ၏ အင်ပါယာနန်းတော်ဖြစ်သည်။
၎င်းအပြင် အထွဋ်အမြတ်အလင်းရောင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းကသာ ထိုမျှ မြင့်မားသည်။
သို့သော် ကန်ဒရာ အင်ပါယာနန်းတော်နှင့် အထွဋ်အမြတ်အလင်းရောင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့နှစ်ခုစလုံးမှာ ကန်ဒရာအင်ပါယာရှိ အရေးအပါဆုံး အဆောက်အဦများဖြစ်လေသည်။ ၎င်းတို့အား ထိုမျှ မြင့်မြင့်မားမားတည်ဆောက်နိုင်သည်မှာ အပြီးသတ်ရန် လူအင်အားပမာဏ အံ့အားသင့်ဖွယ်စုဆောင်းခဲ့ခြင်းကြောင့်သာ ဖြစ်၏။
သို့သော် ယခု သံတမန် ဟာကာနင် ရှေ့ကို ကြည့်လိုက်လျှင် အံ့အားသင့်ဖွယ်အမြင့်ထိတိုင်သည့် အဆောက်အဦ ဆယ်ခုကျော်ရှိပေသည်။
ထိုအဆောက်အဦမြင့်များထံသို့ မှော်ဆလွန်းနီးကပ်လာသည်နှင့် သံတမန် ဟာကာနင်မှာ ဆောက်လုပ်ရေးဆိုက်များစွာနှင့် ဆောက်လုပ်နေဆဲ အဆောက်အဦများကို မြင်တွေ့နေရသည်။
၎င်းတို့အား အပြီးမသတ်ရသေးလျှင်သော်မှ ထိုအဆောက်အဦများကို အပြီးသတ်ပြီးသည်နှင့် ဘေးပတ်လည်ရှိ အဆောက်အဦများထက် နိမ့်နေမည်မဟုတ်သည်ကို သံတမန် ဟာကာနင် သိပေသည်။
သံတမန် ဟာကာနင်မှာ ထိုအဆောက်အဦမြင့်များကို ငေးကြည့်ကာ မနေနိုင်အောင် ခမ်နက်ဒ်ကို မေးလိုက်ပါ၏၊ "အဲဒီ အဆောက်အဦမြင့်တွေကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း တည်ဆောက်ထားတာလား?"
"မဟုတ်ပါဘူး ကျုပ်တို့က ရင်းနှီးမြှုပ်နှံရုံတင်ပါ။ အမ်ရစ်ကုန်သည်ကြီးများအသင်းကသာ ဒါတွေကို ဆောက်ပေးတာ။" ခမ်နက်ဒ်က အပြုံးဖျော့ဖျော့ဖြင့်ဆိုသည်။
သံတမန် ဟာကာနင်မှာ ခက်ခက်ခဲခဲဖြင့် တံတွေးအပြည့်မြိုချလိုက်မိသည်။
ကန်ဒရာအင်ပါယာ၏ အင်ပါယာနန်းတော်ကို တည်ဆောက်ရန် ရွှေဒင်္ဂါးစုစုပေါင်း ခုနစ်သန်းကုန်ကျကာ အထွဋ်အမြတ်အလင်းရောင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ အံ့အားသင့်ဖွယ် ရွှေဒင်္ဂါးဆယ်သန်း ကုန်ကျခဲ့ပါ၏။
သူ့ရှေ့ရှိ အဆောက်အဦများမှာ ထိုနှစ်ခုကိုမယှဉ်နိုင်ပါသော်လည်း ထိုသို့သော အဆောက်အဦမြင့်များကို တည်ဆောက်နိုင်ရန် Frestech ကုန်သည်ကြီးများအသင်းမှာ အတော်လေး သုံးခဲ့ရလောက်သည်။
ခမ်နက်ဒ်၏ စကားလုံးများအဓိပ္ပာယ်အရ သူ့ရှေ့ရှိ အဆောက်အဦအားလုံးကို Frestech ကုန်သည်ကြီးများအသင်းမှ တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံထားသည်ပင်!
Frestech ကုန်သည်ကြီးများအသင်းက... တကယ်ကို ဒီလောက်တောင် ချမ်းသာတယ်လား?
ခမ်နက်ဒ်မှာ သံတမန် ဟာကာနင်၏ မျက်နှာကိုမြင်သော် သူ့အနေနှင့် တစ်စုံတရာကို အထင်လွဲနေသည်ဟု နားလည်လိုက်သည်။ သူဟာ အပြုံးဖြင့်ပြောလိုက်ပါ၏၊ "သံတမန် ဟာကာနင်, ဒီလို အဆောက်အဦမြင့်မျိုးက ဘယ်လောက်,လောက်ကုန်ကျမယ်လို့ ခင်ဗျားထင်လဲ?"
သံတမန် ဟာကာနင်မှာ မျက်လုံးများမှေးစဉ်း၍ တဖြည်းဖြည်းနီးကပ်လာသည့် အဆောက်အဦမြင့်များကို ကြည့်ကာ အနည်းငယ် တွက်ချက်လိုက်ပြီးနောက် မရေရာသည့်အသံဖြင့်ဆိုလာသည်၊ "အနည်းဆုံး.... အနည်းဆုံး ရွှေဒင်္ဂါးနှစ်သန်းလောက်လားလို့?"
ထိုအရေအတွက်ကို သံတမန် ဟာကာနင်မှာ ရည်ရွယ်ချက်ရှိရှိ နှိမ့်ကာပြောထားသည်ပင်။ ထို အဆောက်အဦမြင့်တစ်ခုအတွက် သူ့စိတ်ထဲရှိ တကယ့်ခန့်မှန်းချက်မှာ အနည်းဆုံး တည်ဆောက်ရန် ရွှေဒင်္ဂါးလေးသန်းလောက်ရှိရမည်။
သို့ရာတွင် သူ၏ အဖြေကိုကြားသော် ခမ်နက်ဒ်က အပြုံးဖြင့် ခေါင်းခါလာသည်။
"သံတမန်ကြီး အဆောက်အဦတစ်ခုစီသာ ရွှေဒင်္ဂါးနှစ်သန်းစီ ကုန်ကျမယ်ဆိုရင် ကျုပ်တို့လုပ်ငန်းစုအတွက် အဆောက်အဦ ဆယ့်ခုနစ်ခု တည်ဆောက်ဖို့ ရွှေဒင်္ဂါး အနည်းဆုံးသန်းသုံးဆယ်လောက် ကုန်ကျမှာပေါ့။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမြတ်က ကောင်းတယ်လို့ယူဆနိုင်ပေမယ့်လည်း အဲ့အဆင့်တော့ မရောက်သေးပါဘူး။"
သံတမန် ဟာကာနင်လည်း ထပ်တူခံစားရသောကြောင့် ချက်ချင်းမေးလိုက်သည်၊ "ဒါဆို အဆောက်အဦတစ်ခုစီအတွက် ဘယ်လောက်ကုန်ကျတာများလဲ?"
ခမ်နက်ဒ်က လက်လေးချောင်းထောင်ပြသည်။
"အဆောက်အဦတစ်ခုကို ပျမ်းမျှ ရွှေဒင်္ဂါးလေးသိန်းပတ်လည်လောက်ပေါ့။"
"ရွှေဒင်္ဂါးလေးသိန်းတည်း?"
မှော်ကားထဲ၌ ထိုင်နေသည့် အချက်ကြောင့်သာမဟုတ်ပါလျှင် သံတမန် ဟာကာနင်မှာ အံ့ဩလွန်းလို့ ထခုန်မိလောက်သည်။
ထိုအရေအတွက်က သူ့အတွက် မျှော်လင့်မထားလွန်းသည့်အရာဖြစ်နေသည်။
မိုးထိုးနေသည့် အဆောက်အဦတစ်ခုက တည်ဆောက်ရန် ရွှေဒင်္ဂါး လေးသိန်းသာ ကုန်ကျသည်တဲ့လေ!
အတော်ကို နည်းတာပဲ!
ခမ်နက်ဒ်မှာ သံတမန် ဟာကာနင်၏ အံ့ဩနေသောမျက်နှာကို အပြုံးဖြင့်ကြည့်လာသည်။ ဤကိစ္စကသာ သံတမန် ဟာကာနင်၏ အာရုံကို ဖမ်းစားနိုင်ပြီး သူ့အနေနှင့် ကန်ဒရာအင်ပါယာထံ ဖြန့်လိုက်နိုင်လျှင် အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် အထောက်အကူများစွာဖြစ်ပေလိမ့်မည်။
ဥက္ကဌခရုစ်လည်း ကြားပါက သေချာပေါက် သူ့ကို ကျေးဇူးတင်လာမည်ဖြစ်သည်။
မှန်ပါ၏၊ ၎င်းကို ဥက္ကဌက ကြိုတင်ပြင်ဆင်ထားသည်လေ။ ဥက္ကဌခရုစ်သာတကယ်ပဲ တစ်ယောက်ယောက်ကို ကျေးဇူးတင်လိုလျှင် ဥက္ကဌကို အရင်ကျေးဇူးတင်သင့်ပေ၏။
သို့သော် အဆုံး၌ ဤသို့သော အဆောက်အဦမြင့်များကို တည်ဆောက်ရန် အားဖြည့်ကွမ်ကရစ်များအသုံးပြုခြင်းမှာ ဥက္ကဌက အမ်ရစ် ကုန်သည်ကြီးများအသင်းကို သင်ကြားပေးထားသည့်အရာဖြစ်ပါ၏။
ဥက္ကဌအနေနှင့် ဆောက်လုပ်ရေးလုပ်ငန်း၌ စိတ်ဝင်စားမှုမရှိခြင်းကြောင့်သာမဟုတ်ပါလျှင် အမ်ရစ်ကုန်သည်ကြီးများအသင်း၌ အခွင့်အရေးရှိမည်မဟုတ်ပေ။
မှော်ဆလွန်းက ရှေ့ဆက်သွားနေပြီး မကြာမီတွင် ထိုအဆောက်အဦးများနှင့် အတော်လေးနီးလာ၏။
၎င်းတို့ နီးကပ်လာသည်နှင့် အနှီအဆောက်အဦမြင့်များကို မော့ကြည့်လိုက်လျှင် လူများက ၎င်းတို့ကို ခမ်းနားကြောင်း သိရပေလိမ့်မည်။
သံတမန် ဟာကာနင်မှာ ပြတင်းမှ ခေါင်းထုတ်၍ အဆောက်အဦများကို တစ်ချက်မျှ ကောင်းကောင်း ကြည့်လိုက်ချင်သော်လည်း သူ့ရှေ့ရှိ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းက သူ၏ အာရုံကို ဆွဲဆောင်သွားလေသည်။
အဆောက်အဦမြင့်များရှိနေသည့် နေရာတွင် ထိုအဆောက်အဦမြင့်များသာ ရှိနေရုံမကပေ။
အနှီအဆောက်အဦမြင့်များ အောက်ဘက်၌ လမ်းအသွယ်သွယ်ရှိနေပြီး ဤဧရိယာကို လုံးဝချိတ်ဆက်ထားလေ၏။
ဧရိယာတစ်ခုစီထံ၌ အဆောက်အဦမြင့်တစ်ခုရှိပြီး အဆောက်အဦမြင့်များ ပတ်လည်တွင် ပုံစံအမျိုးစုံနှင့် အိမ်များရှိလေသည်။ ၎င်းတို့အကြား၌ နတ်သူငယ်များ၏ ပုံစံရှိသော သစ်ပင်အိမ်များပင် ရှိနေပါ၏။
ထိုပုံစံမျိုးစုံနှင့် အိမ်များက အဆောက်အဦမြင့်များကို ဝိုင်းရံထားကာ လမ်း၏ တစ်ဘက်တစ်ချက်တွင် ဆိုင်ခန်းများလည်း အတန်းလိုက်ဖွင့်ထားကြပါ၏။
၎င်းကို ကြည့်လိုက်လျှင် ထိုဆိုင်ခန်းများရှိ ထုတ်ကုန် အရောင်စုံအသွေးစုံတို့မှာ အတော်လေးတောက်ပနေကြောင်း မြင်နိုင်သည်။
လမ်း၏ မည်သည့်ဘက်၌ဖြစ်စေ ဆိုင်ခန်းများ သို့မဟုတ် လူပင်လယ်ကြီးဖြစ်စေ ဤဧရိယာမှာ အင်မတန်စည်ကားလှသည်။
လမ်းထက်ရှိ ဆိုင်ခန်းများတွင် လူများစွာက အဝင်အထွက်လုပ်နေကြသည်။ တစ်ခေါက်ပြီးတစ်ခေါက် လူပုလေးများနှင့် နတ်သူငယ်များကို မြင်နိုင်သလို မျိုးနွယ်စုအစုံစုံ၏ သားရဲလူမျိုးတို့၏ ထူးခြားဆန်းပြားသောမျက်နှာများကိုလည်း တွေ့ရပါ၏။
သံတမန် ဟာကာနင်၏ အသိတွင် လူသားများမှလွဲ၍ အခြားလူမျိုးများမှာ လူသားများကို အညှိုးထားကြပြီး အတူတကွ ယှဉ်တွဲ၍ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်သည်မှာ ရှားလေသည်။
အထူးသဖြင့် ရက်စက်သောသားရဲလူမျိုးများဖြစ်ကာ ၎င်းတို့မှာ လူသားများကို စားပင်စားလေသည်။
သို့သော် ဤနေရာ၌ လူပုလေးများ၊ နတ်သူငယ်များဖြစ်စေ ထူးဆန်းဟန်ရှိ သားရဲလူမျိုးများဖြစ်စေ အားလုံးမှာ လူသားများနှင့်အတူ လိုက်လျောညီထွေ နေထိုင်နေကြ၏။ ၎င်းတို့ထံ၌ ရန်လိုဟန်ပင် လုံးဝရှိမနေချေ။
သံတမန် ဟာကာနင်အနေနှင့် လူအုပ်များထဲတွင် မတူညီသည့် မျိုးနွယ်စုသားများနှင့်အတူ လမ်းလျှောက်နေကြသော လူသားများကိုပင် တွေ့နိုင်လေသည်။
၎င်းတို့မှာ ရယ်မောရင်း အတူလမ်းလျှောက်နေသည်မှာ မိတ်ဆွေဟောင်းများသကဲ့သို့ဖြစ်နေပြီး နွေးထွေးသည့်လေထုကို ဖန်တီးနေပါ၏။
သံတမန်ဟာကာနင်မှာ မနေနိုင်အောင် သက်ပြင်းချလိုက်ပါ၏၊ "Frestech ကုန်သည်ကြီးများအသင်းက တခြားမျိုးနွယ်စုတွေကို လူသားတွေနဲ့အတူ ယှဉ်တွဲနေထိုင်ခွင့်ပြုနိုင်တယ်လို့ ကြားခဲ့ပြီးသားဆိုပေမယ့် ဒါကို မမြင်ခင်အထိ ယုံကြည်ဖို့ဆန္ဒမရှိခဲ့ဘူး။ အခု မြင်ရပြီဆိုတော့..... ဥက္ကဌရှုရဲ့ အစွမ်းအစကို တကယ်ပဲ ချီးကျူးရမယ်။"
ခမ်နက်ဒ်က တစ်ချက်ရယ်သည်။ ဥက္ကဌ၏ အခြား အရည်အချင်းများမဆိုထားနှင့် တခြားမျိုးနွယ်စုများနှင့် ဆက်ဆံရေးတည်ဆောက်သည့် အစွမ်းအစကတင် မည်သူကမှ ယှဉ်ဖက်ပြိုင်နိုင်မည့်အရာမဟုတ်ပေ။
မဟုတ်ပါက မည်သို့များ ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့မှာ ဥက္ကဌ၏ ဘက်သို့ နတ်သူငယ်အလှလေးများပို့ပေးလာရန် ဆန္ဒရှိပါမည်နည်း?
မောက်မာသော နတ်သူငယ်များသည်ပင် ထိုသို့လုပ်သဖြင့် သားရဲလူမျိုးများကိုဆို ထည့်ပြောဖို့ပင်မလိုပေ။
မြေခွေးမျိုးနွယ်စု၏ နံပါတ်တစ်အလှလေးတစ်ဦးဖြစ်သူ သခင်မလေး အေဗရယ်မှာ ဥက္ကဌကို နှစ်သက်နေသဖြင့် မည်သူ့ကိုမှ လက်ထပ်မည်မဟုတ်ဟု ကြွေးကြော်ထားသည်ဟုလည်း ဆိုကြသည်။
ထိုသို့ထပ်တူ ကြေငြာထားသည့် အခြားသားရဲလူမျိုးအလှလေးများမှာလည်း ရေတွက်ဖို့ရန်ပင် များပြားလွန်းလှ၏။
လူပုလေးများမှာမူ.... ရွေးချယ်စရာမရှိပေ၊ ၎င်းတို့မှာ လူသားတို့၏ အလှအပအမြင်နှင့် မအပ်စပ်သဖြင့် မည်သူကမှ ၎င်းကိုစဉ်းစားကြမည်မဟုတ်။
ဥက္ကဌက အခြားမျိုးနွယ်စုထံမှ အလှလေးများဝိုင်းရံခံနေရချိန်တွင် မည်မျှ အကူအညီမဲ့နေသည်ကိုစဉ်းစားရင်း ခမ်နက်ဒ်မှာ ရွှင်ပျစွာ မပြုံးမိဘဲ မနေနိုင်တော့ပေ။ ထို့နောက် ယာဉ်မောင်းထံပြောလိုက်ပါ၏၊ "ရှေ့ရောက်ရင် ဘယ်ဘက်ကိုကွေ့ပြီး ပြေးလမ်းဆီတက်လိုက်။"
"ပြေးလမ်း?" သံတမန်ဟာကာနင်မှာ ထို ဝေါဟာရသစ်ကိုကြားသော် ချက်ချင်းမေးလာသည်။ သို့သော် ကားက တုန်ယင်ကာ ခမ်နက်ဒ် မှာထားသလို ဘယ်ဘက်သို့မကွေ့ဘဲ ရပ်တန့်သွားပါ၏။
ခမ်နက်ဒ်လည်း မော့လာကာ ထိုအကြောင်းမေးမည်ပြင်လိုက်သော်လည်း ရှေ့၌ ဖြစ်နေသည်ကို သတိထားမိသဖြင့် ခေါင်းငြိမ့်လေသည်၊ "မီးနီပဲ ဒါဆို စောင့်ကြတာပေါ့"
"မီးနီ?" သံတမန်ဟာကာနင်မှာ ပို၍ပင် ရှုပ်ထွေးသွားတော့သည်။ သူက ခမ်နက်ဒ်၏ အကြည့်လားရာဘက်လိုက်ကြည့်လိုက်သော် ရှေ့တွင် လမ်းဆုံရှိနေကာ မြေပြင်မှ လေးမီတာပတ်လည်မြင့်သည့် တိုင်တစ်တိုင်ကို တွေ့လိုက်ရလေသည်။ ၎င်း၏ ထိပ်ဖျား၌ ဘောက်စ်လေးတစ်ခုရှိပြီး ထိုဘောက်စ်ထက်၌ မှော်အစီအရင်သုံးခုရှိနေလေသည်။
ညာဘက်အကျဆုံးမီးအိမ်က လက်ရှိ၌ တောက်ပနေပြီး အနီရောင်ကို ပြထားသည်။
၎င်းတို့ရှေ့၌ လက်ရှိတွင် အလတ်စားခရီးသည်တင်မှော်ကားတစ်စီးနှင့် မှော်ဆလွန်းနှစ်စီးရှိကာ လမ်းဆုံ၌ စောင့်နေကြ၏။ ၎င်းတို့အားလုံးမှာ တစ်ဘက်လမ်းမှ ဖြတ်သွားနေကြသော ကားများကို ကြည့်နေကြလေသည်။
ထိုထူးဆန်းသည့် မြင်ကွင်းကိုမြင်သော် သံတမန်ဟာကာနင်မှာ မနေနိုင်ဘဲ မေးလိုက်တော့သည်၊ "ဒါက မီးနီလား? ဘာအဓိပ္ပာယ်များလဲ?"
"မီးနီရပ် မီးစိမ်းသွား၊ ဒါက ဒီနေရာက အခြေခံယာဉ်ကြောဥပဒေပါ။ သံတမန်ဟာကာနင်၊ ခင်ဗျားအနေနဲ့ ဒါကို မှတ်ထားဖို့ မျှော်လင့်ပါတယ်။ ခင်ဗျား ရှေ့လျှောက် ဒီကိုလာတဲ့အခါ ကျေးဇူးပြုပြီး ဒီဥပဒေကို လိုက်နာပေးပါ။" ခမ်နက်ဒ်က အသာပြုံး၍ ရှင်းပြလာသည်။
"မီးနီရပ်? မီးစိမ်းသွား? ဒါက....."
သံတမန်ဟာကာနင်မှာ ပို၍ မေးချင်သော်လည်း လမ်းဆုံအထက် မှော်မီးအိမ်၌ မီးစိမ်းပေါ်လာသည်။ တစ်အောင့်ကြာပြီးနောက် မီးစိမ်းက ပျောက်ကွယ်ကာ ညာဘက်ရှိ မီးဝါလင်းလာ၏။ သံတမန်ဟာကာနင်မှာ မှော်ကားများက အရှိန်လျှော့ကာ ဖြတ်သွားကြသည်ကို မြင်နေရ၏။
တစ်ခဏကြာသည့်နောက် အလယ်ရှိ မှော်မီးအိမ်လင်းကာ အစိမ်းရောင်ဖြစ်နေသည်။
ရှေ့ရှိ ကားသုံးစင်းက စတင်ရွေ့လာပြီး ၎င်းတို့ရှိနေသည့် မှော်ဆလွန်းလည်း လိုက်ရွေ့ကာ လမ်းဆုံ ဘယ်ဘက်ကွေ့လိုက်ပါ၏။
သံတမန်ဟာကာနင်မှာ သူ့နောက်ရှိ လမ်းဆုံကို ပြန်လှည့်ကြည့်ရင်း ထူးဆန်းသည်ဟု မခံစားမိဘဲ မနေနိုင်တော့ချေ။
ဤစည်းမျဉ်းက အင်မတန်ထူးဆန်းလှသော်လည်း လူတိုင်းက လိုက်နာနေသရွေ့ လမ်းဆုံအား စနစ်ကျစေပြီး ဖရိုဖရဲမဖြစ်စေတော့ပေ။
မှန်ပါ၏၊ အခြားနေရာများတွင် ထိုသို့ဖြစ်ရန်မလိုပေ။
အဘယ့်ကြောင့်ဆိုသော် အခြားနေရာများတွင် မှော်ကားများစွာ မောင်းနှင်နေကြခြင်းမရှိသောကြောင့်ပင်။
"သံတမန်ဟာကာနင်၊ ဥက္ကဌက အခု ပြေးလမ်းမှာ ခင်ဗျားကိုစောင့်နေပါတယ်။ ကြိုဆိုတဲ့အနေနဲ့ ဥက္ကဌက ခင်ဗျားနဲ့အတူ ကားမောင်းပြိုင်ပွဲကြည့်ပါလိမ့်မယ်။"
ခမ်နက်ဒ်၏ အသံက သံတမန်ဟာကာနင်ကို သူ၏ အတွေးများထံမှ ပြန်ဆွဲထုတ်လိုက်လေသည်။
"ကားမောင်းပြိုင်ပွဲ?" သံတမန်ဟာကာနင်မှာ အသာမျက်မှောင်ကုပ်လိုက်သော်ငြား ဆက်မေးမနေပါချေ။
စတက်တိန်းနယ်မြေသို့ ရောက်လာခဲ့ကတည်းက သူဟာ အသစ်အဆန်းများစွာကို မြင်တွေ့ခဲ့ရပြီး အမြဲလိုလို ဆန်းသစ်နေခဲ့သည်။
သူသာ အမေးလွန်သွားလျှင် ကျေးရွာမှလာသည့် လယ်သမားတစ်ယောက်ကဲ့သို့ အတွေ့အကြုံမရှိသလို ခံမစားမိဘဲ နေနိုင်မည်မဟုတ်။
ထို့ကြောင့် သူလည်း ပါးစပ်ပိတ်၍ စိတ်ရှည်စွာသာ ကြည့်ဖို့စောင့်နေတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄။ ကန်ဒရာအင်ပါယာနှင့် ချိတ်ဆက်ရန် လမ်းတစ်လမ်းအသုံးပြုခြင်း
မိနစ်နှစ်ဆယ်လောက်ကြာပြီးနောက် ခမ်နက်ဒ် နှင့် သံတမန်ဟာကာနင်တို့ကို သယ်ဆောင်လာသော မှော်ဆလွန်းမှာ မြို့ငယ်လေးမီ ထွက်ခွာ၍ ထိုမြို့၏ တောင်ဘက် တစ်ဆယ်ကီလိုမီတာ ဝန်းကျင်ရှိ နေရာလွတ်တစ်ခုထံ ရောက်လာကြသည်။
ထိုနေရာ၌ နေရာကြီးတစ်ခုလုံးကို ဝန်းရံထားသည့် ခြံစည်းရိုးရှိကာ အဝေးမှလာသည့် အသံများကို ကြားနေရသည်။
ဤအဝိုင်းအပြင် မှော်ဆလွန်းအရောင်စုံများ၊ အလတ်စားခရီးသည်တင်မှော်ကားများနှင့် မြင်းလှည်းမျိုးစုံ ရှိနေသည့် ကွင်းပြင်ကျယ်ကြီးတစ်ခုလည်းရှိသည်။
ထိုမြင်းလှည်းများကိုမြင်သော် သံတမန်ဟာကာနင်၏ စိတ်ထဲမှ ရင်းနှီးသည့်ခံစားချက်တစ်ခု ပေါ်ထွက်လာလေသည်။
စတက်တိန်းနယ်မြေသို့ဝင်လာကာ ယခင်က မကြားဖူးသည့် အရာအားလုံးကိုမြင်ပြီးသည့်နောက် သူဟာ အခြားကမ္ဘာတစ်ခုကို ဝင်ရောက်လာရသလို ခံစားမိလေသည်။
ထိုရင်းနှီးသည့် မြင်းလှည်းများကို ကြည့်ရင်း သူဟာ စိုင်စ်နယ်မြေကြီး၌ ရှိနေဆဲဖြစ်သည်ဟု ခံစားမိသွားသည်။ သူဟာ တောင်ကုန်းမှ ဆင်းလာပြီးနောက် ကမ္ဘာသစ်တစ်ခုထံ ဝင်ရောက်သွားခဲ့ခြင်းမျိုးမဟုတ်ပါချေ။
ကွင်းပြင် အပြင်ဘက်၌ စုဝေးနေကြသော လူအုပ်ကြီးတစ်ခုရှိကာ ၎င်းတို့အားလုံးဝင်ရောက်လာသော နေရာတစ်ခုလုံးကို ဝိုင်းရံထားကြသည်။
၎င်းတို့အားလုံး၏ မျက်နှာများထက်၌ စိတ်လှုပ်ရှားဟန်များရှိနေကြသည်မှာ ဤနေရာတွင် ၎င်းတို့အမှန်တကယ် ဂရုစိုက်သည့်အရာတစ်ခုခုရှိနေသလိုပါပင်။
သံတမန်ဟာကာနင် မျှော်လင့်မထားသည်မှာ သူတို့၏မှော်ဆလွန်းက အခြားမှော်ဆလွန်းများကဲ့သို့ တူညီသည့်နေရာ၌ ရပ်နားခြင်းမပြုပေ။ ၎င်းက ကွေ့တစ်ခုကို ပတ်သွားကာ အနောက်ဘက်ရှိ ဖွင့်ထားသို့ဂိတ်တစ်ခုကို ဖြတ်မောင်းလာလေသည်။
ထွက်လာပြီးနောက် သံတမန်ဟာကာနင်အနေနှင့် အပြင်ဘက်၌ လုံးဝအတွေးမှားခဲ့ကြောင်း နားလည်လိုက်သည်။
၎င်းက ရိုးရိုးခြံစည်းရိုးလေးတစ်ခုမဟုတ်ဘဲ ထူပြောသော အဆောက်အဦတစ်ခုပင်။
သူဝင်လာစဉ်က ၎င်းမှာ လုံးဝမှောင်မိုက်နေသည့် ဂူထဲဝင်လာရသလိုဖြစ်နေ၏။
သူ့ရှေ့ရှိ အလင်းရောင်ကြောင့်သာမဟုတ်ပါလျှင် ခမ်နက်ဒ်က သူ့အား လျှို့ဝှက်နေရာတချို့ကို ခေါ်ဆောင်လာသည်ဟုပင် ထင်မိလောက်သည်။
ခမ်နက်ဒ်က လမ်းကို ဦးဆောင်လာရင်းဖြင့် နှစ်ဦးမှာ အတွင်းရှိ တံခါးထဲသို့ဝင်ရောက်၍ ဂိတ်ကြီးတစ်ခုဆီ ရောက်ရန် လမ်းအရှည်ကြီးတစ်ခုကို လျှောက်ခဲ့ရသည်။
ထိုဂိတ်ကို ခမ်နက်ဒ် ဖွင့်လိုက်ချိန်တွင် အတွင်းဘက်မှလာသည့် အသံကျယ်ကြီးတစ်ခုက သံတမန်ဟာကာနင်ကို ကြောက်လန့်သွားစေ၏။
သူတည်ငြိမ်သွားစဉ်၌ သူဟာ တစ်နည်းနည်းဖြင့် အပြင်ဘက်တွင် လျှောက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။
ဘေးဘီကိုကြည့်လိုက်သော် သူဟာ စင်မြင့်တစ်ခုထက်၌ ရှိနေကာ ဘေးပတ်ပတ်လည်တွင် လှေကားများရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုလှေကားများက လူတို့ဖြင့်ပြည့်နေ၏။ အမြင့်ဆုံးနေရာမှာ မြေပြင်မှ ဆယ်မီတာခန့်ရှိပြီး အနိမ့်ဆုံးမှာ မြေပြင်မှ နှစ်မီတာသာရှိသည်။
"ဒီတော့ အပြင်ကနေဆိုရင် ခြံစည်းရိုးလို့ထင်ရတဲ့ဟာက တကယ်တမ်း ပွဲကြည့်စင်ဖြစ်နေတာလား။" သံတမန်ဟာကာနင်မှာ ကန်ဒရာအင်ပါယာအနှံ့အပြားမှ သားရဲပြိုင်ပွဲကွင်းပြင်များကဲ့သို့သော ဤအဆောက်အဦကို စူးစမ်းလိုသော မျက်လုံးများဖြင့်ကြည့်လိုက်သော်လည်း ၎င်းက အဆများစွာပိုကြီးပါ၏။ ဤသို့သော အရာကိုတည်ဆောက်ရန် အနည်းဆုံး ရွှေဒင်္ဂါးသုံးသန်းတော့ကုန်ကျလောက်မည်ဟု စဉ်းစားမိသည်။
သို့သော် ခမ်နက်ဒ်မှာ Frestech ကုန်သည်ကြီးများအသင်းမှာ အဆောက်အဦမြင့်တစ်ခုစီအတွက် ရွှေဒင်္ဂါးလေးသိန်းသာ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ပြောခဲ့ကြောင်း တွေးမိချိန်တွင် မရေရာတော့ပေ။
ထိုအချိန်၌ သူ၏ရှေ့မှ ရင်းနှီးနေသည့်အသံထွက်လာ၏။
"ဟေး သံတမန်ဟာကာနင် စတက်တိန်းနယ်မြေကနေ ကြိုဆိုပါတယ်။"
သံတမန်ဟာကာနင် လှည့်လိုက်သော် ရှုယီက သူ့ရှေ့၌ ဘယ်အချိန်ကမှန်းမသိရောက်နေသည်ကို တွေ့လိုက်ရသည်။
"ဟား ဟား ဥက္ကဌရှု နောက်ဆုံးတွေ့ ခင်ဗျားကိုတွေ့ရပြီ" သံတမန်ဟာကာနင်မှာ ရှေ့သို့ အပြုံးကြီးကြီးဖြင့်တိုးသွားကာ ရှုယီအား နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။
လက်ရှိ ၎င်းတို့၏သွင်ပြင်ကိုသာကြည့်ပါလျှင် ၎င်းတို့မှာ ပထမဆုံးတွေ့ဆုံမှု၌ တိုက်ခိုက်လုနီးပါးဖြစ်ခဲ့ကြသည်ဟု မည်သူကမှ စဉ်းစားမိလိမ့်မည်မဟုတ်ပေ။
"သံတမန်ကြီး ကီလိုမီတာတစ်ထောင်ကျော်ဝေးတဲ့ ကာရာကာမြို့ကနေလာရတာ အတော်ခက်ခဲတယ်မဟုတ်လား?" ရှုယီမှာ သံတမန်ဟာကာနင်ကို ကူရှင်ခုံများတွင် ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် အပြုံးဖြင့်ထိုသို့မေးလိုက်သည်။
"ဟင့်အင်း ဟင့်အင်း လုံးဝမခက်ခဲပါဘူး။" သံတမန်ဟာကာနင်က အပြုံးဖြင့် ခေါင်းခါသည်၊ "ကျုပ် လာခဲ့တဲ့လမ်းက ချောမွေ့ပြီး သက်တောင့်သက်သာအရှိဆုံး မှော်ဆလွန်းထဲမှာ ထိုင်ခဲ့ရတော့ ဒီရောက်ဖို့ တစ်ရက်ပဲ ကြာလိုက်တယ်။ ကျုပ်တို့ ကန်ဒရာအင်ပါယာကနေ ကာရာကာမြို့ကို လာရတဲ့ လတစ်ဝက်နဲ့ယှဉ်ရင် ဒါက အဆများစွာပိုကောင်းပါတယ်။"
"အိုး? ကန်ဒရာအင်ပါယာရဲ့ မြို့တော် ဝင်မ်ဘယ်လ်ဒန်မြို့ကနေ ကာရာကာမြို့ကနေဆိုရင် ကီလိုမီတာ သုံးထောင်ပဲ ဝေးတာမဟုတ်ဘူးလား? လတစ်ဝက်လောက်တော့ မကြာဘူးမဟုတ်လား?" ရှုယီက မေးသည်။
သံတမန်ဟာကာနင်မှာ ရှုယီကို မျက်မှောင်ကုပ်၍ ကြည့်လာသည်။ သူ၏ ရှုပ်ထွေးနေဟန်ကိုမြင်သော် ထိုလူက ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်း ဟုတ်မဟုတ်ကို မသိတော့ပေ။
"ဒါက.... ဥက္ကဌရှု ဝင်မ်ဘယ်လ်ဒန်မြို့တော်ကနေ ကာရာကာမြို့ကို ချိတ်ဆက်နေတဲ့လမ်းမရှိဘူး။ ပြီးတော့လည်း ကျုပ်က တစ်လျှောက်လုံး မြင်းလှည်းစီးလာတာဆိုတော့ ဘယ်လိုများ မှော်ဆလွန်းလို မြန်နိုင်မှာလဲ?"
"အိုး ဟုတ်သားပဲ။" ရှုယီက သူ၏ ခေါင်းကိုရိုက်၍ ရုတ်တရတ် နားလည်သွားပုံပြလာသည်။ စဉ်းစားကြည့်ပြီးနောက် သူက ဆက်ပြောပါ၏၊ "ကောင်းပါပြီ သံတမန်ကြီးရဲ့ အနာဂတ်ခရီးကို ပိုပြီးလွယ်ကူစေဖို့နဲ့ သံတမန်ကြီးကို စတက်တိန်းနယ်မြေကနေကြိုဆိုဖို့ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စာ ကျုပ်တို့လုပ်ငန်းစုက နောက်ဆုံးပေါ် မှော်ဆလွန်းမော်ဒယ်ကို ပေးမယ်။ ဒါကို ဘယ်လိုသဘောရလဲ?"
"တကယ်လား? ကောင်းတာပေါ့!" သံတမန်ဟာကာနင်မှာ ပျော်ရွှင်မှုဖြင့် ပြည့်သွားသည်။
ထိုမှော်ဆလွန်းနှင့် ကာရာကာမြို့ထံမှ ခရီးထွက်လာပြီးနောက် မှော်ဆလွန်းမှာ မြင်းလှည်းများထက် အဆပေါင်းမနည်း ပို၍ သက်တောင့်သက်သာရှိသည်ကို နားလည်သွားခဲ့သည်။
သူ့အနေနှင့် ၎င်းကို ကာရာကာမြို့ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဆိုင်ခန်း၌တွေ့ခဲ့ပြီး ရူဒ်ဆန်တိုင်းပြည် မျိုးရိုးမြင့်များစွာက Frestech တံဆိပ် မှော်ဆလွန်းဝယ်ယူနေကြခဲ့သည်ကို မြင်ခဲ့ရသော်လည်း သံတမန်ဟာကာနင်မှာ အမြဲအထင်သေးနေခဲ့သည်။ သူ့အနေနှင့် မြင့်မြတ်သော မြင်းလှည်းနဲ့ယှဉ်လျှင် မှော်ဆလွန်းက သံအပိုင်းအစလေးသာဖြစ်ပြီး မည်သို့သော ထူးကဲမြင့်မြတ်မှုမှ လုံးဝမရှိဟု ထင်ခဲ့၏။
သို့သော် ယခုတွင် သူဟာ မှော်ဆလွန်းစီးသည့် အတွေ့အကြုံရသွားရာ ချက်ချင်းပင် သူ၏ မျက်စိမှိတ်ဘက်လိုက်ခြင်းက လုံးဝမိုက်မဲနေကြောင်း သိသွားသည်။
သူသာ ထိုသို့သော သက်သာလှသည့်ယာဉ်ကိုအသုံးမပြုဘဲ သူ၏ တင်ပါးကိုနာစေသည့် ထိုမြင်းလှည်းများကိုသာ ဆက်စီးဖို့ တင်းခံနေလျှင် မည်သို့များ ဆက်လက်၍ ညည်းညူနိုင်မည်နည်း?
ထို့ကြောင့် သူဟာ ကာရာကာမြို့သို့ပြန်ရောက်ချိန်၌ မှော်ဆလွန်းဝယ်ရန် စီစဉ်ထားပြီးသားဖြစ်သော်လည်း ရှုယီက သူ့ကို အရင်ဦးစွာ တစ်စီးပေးလာမည်ဟုမထင်ထားရာ ကျေနပ်အံ့အားသင့်သွားရသည်။
လက်ရှိ ဈေးကွက်တန်ဖိုးအရ သာမန် Frestech တံဆိပ်မှော်ဆလွန်းမှာ ရွှေဒင်္ဂါးရှစ်ရာကျသင့်သည်။ သို့သော်လည်း နောက်ဆုံးပေါ် Frestech တံဆိပ်မှော်ဆလွနါးမှာ တစ်စီးကို ရွှေဒင်္ဂါးနှစ်ထောင်အောက်နှင့် မရနိုင်ပေ။
ခဏတာ ပျော်ရွှင်နေပြီးနောက် သံတမန်ဟာကာနင်မှာ ရုတ်တရတ် ပြဿနာတစ်ခုစဉ်းစားမိကာ မျက်နှာက တောင့်တင်းသွားပါ၏။
"ဘာဖြစ်လို့လဲ?" သူ၏အမူအရာက ပြောင်းလဲသွားသည်ကိုမြင်သော် ရှုယီ မေးလိုက်သည်။
သံတမန်ဟာကာနင်က ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ "ဥက္ကဌရှု ကျုပ်ကို မှော်ဆလွန်းပေးရင်တောင် ကျုပ် ကန်ဒရာအင်ပါယာကိုမောင်းသွားနိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့.... ကာရာကာမြို့နဲ့ ဝင်မ်ဘယ်လ်ဒန်မြို့တော်ကြားက ကီလိုမီတာသုံးထောင်မှာ ရူဒ်ဆန်တိုင်းပြည်နဲ့ မီရန်ဒိုနယ်မြေက အများပြည်သူသုံးလမ်းမတွေပဲရှိတယ်။ တခြားလမ်းတွေကတော့....."
သံတမန်ဟာကာနင်က ခေါင်းခါ၏။ မှော်ဆလွန်းမှာ အများပြည်သူသုံးလမ်းမများ၌သာ မြန်မြန်သွားနိုင်ပြီး ကျောက်စရစ်ထူထပ်သောလမ်းများတွင် မြင်းလမ်းများထက် များများစားစားမသာပေ။
သံတမန်ဟာကာနင်၏ အတွေးများကို မြင်နိုင်နေသကဲ့သို့ ရှုယီက အပြုံးဖြင့်ဆိုလာသည်၊ "သံတမန်ကြီး ဒီအတွက် ကျုပ်စဉ်းစားထားပြီးသားပါ။ ကျုပ် ခင်ဗျားကို ပေးမယ့် မှော်ဆလွန်းက ကျုပ်တို့လုပ်ငန်းစုကနေ အဆင့်မြှင့်ထားတဲ့ နောက်ဆုံးပေါ်တစ်စီးလေ၊ တိုင်းပြည် ကူးသန်းရေးလုပ်ဆောင်ချက်တပ်ဆင်ထားတဲ့ အရည်အသွေးမြင့်မှော်ဆလွန်းပဲ။ ပြီးတော့ ဒီမှော်ဆလွန်းအသစ်မှာ ကျုပ်တို့လုပ်ငန်းစုကဖန်တီးထားတဲ့ လေစွမ်းအားမှော်ကူရှင်စနစ်လည်းပါတော့ မချောမွေ့တဲ့လမ်းတွေမှာ ခုန်ပေါက်နေတယ်လို့ မခံစားရတော့ဘူး။ ခင်ဗျား ဒါကိုသဘောကျမယ်လို့ ကျုပ်အာမခံပါတယ်။"
သံတမန်ဟာကာနင်က ရှုယီကို တအံ့တဩကြည့်၍ မယုံကြည်နိုင်ဖြစ်နေသည်။
မှော်ဆလွန်းများက ထိုမျှ စွမ်းအားကြီးသည်လား? ၎င်းတို့မှာ တကယ်ကြီး လမ်းပျက်များကိုပင် ဖြတ်မောင်းနိုင်သည်လား?
ရှုယီက သူ့အတွေးများအား ခန့်မှန်းမိသော်လည်း ရှင်းမပြလာပေ။ ခေတ္တရပ်ဆိုင်းနေပြီးနောက် ပြောလေသည်၊ "ဒါပေါ့ မှော်ကားတွေ ဘယ်လောက်ကောင်းကောင်း လမ်းကို ပြောင်းလိုက်တာနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ သံတမန်ကြီး ကျုပ် မီရန်ဒိုနယ်မြေနဲ့ ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို ချိတ်ဆက်မယ့် လမ်းတည်ဆောက်ဖို့ အရင်က အဆိုပြုထားတာကို ဧကရာဇ်ဆီ တင်ပြလိုက်သေးလားဗျ?"
ထိုမေးခွန်းကိုကြားသော် သံတမန်ဟာကာနင်မှာ အံ့ဩသွားပြီးနောက် ခေါင်းငြိမ့်လျက် ဆိုလာသည်၊ "ဒါကိုပြောပြီးပြီ အရှင်မင်းမြတ်က အရမ်းစိတ်ဝင်စားနေတာ။ ဒါပေမယ့် ဖြေရှင်းရမယ့် ပြဿနာနည်းနည်းရှိသေးလို့။ မီရန်ဒိုနယ်မြေနဲ့ ဝင်မ်ဘယ်လ်ဒန်မြို့တော်ကြားမှာ နိုင်ငံသုံးခုရှိတာကြောင့် လမ်းတည်ဆောက်ဖို့ဆို အဲဒီ့သုံးနိုင်ငံကို ဖြတ်သွားဖို့လိုတယ်။"
ရှုယီက တစ်ချက်ပြုံးသည်၊ "ခင်ဗျားတို့ ကန်ဒရာအင်ပါယာက ပြောလိုက်တာနဲ့ အဲဒီ့နိုင်ငံသုံးနိုင်ငံလည်း သေချာပေါက်ဆန့်ကျင်မှာ မဟုတ်ပါဘူး။"
"ဒါပေါ့" သံတမန်ဟာကာနင်က ဂုဏ်ယူဟန်ဖြင့်ဆိုသည်၊ "အဲဒီ နိုင်ငံလေးသုံးခုက ကျုပ်တို့ကန်ဒရာအင်ပါယာရဲ့ ဆန္ဒကို မဆန့်ကျင်ဝံ့ပါဘူး။ ဒါပေမယ့် ဥက္ကဌရှု အရှင်မင်းမြတ်အနေနဲ့ လမ်းတစ်လမ်းကို အလောတလျင်တည်ဆောက်တာက ကောင်းတဲ့အရာလို့ မထင်ဘူး။ သူ့အနေနဲ့ ဆုံးဖြတ်ချက်မချခင် လမ်းတွေတည်ဆောက်တာက ဘာအကျိုးအမြတ်တွေရမယ်ဆိုတာကို မြင်ချင်သေးတာ၊ ဒီတော့....."
"ဒီတော့ ခင်ဗျားက ကျုပ်တို့ကို လမ်းတည်ဆောက်ဖို့ ကန်ဒရာအင်ပါယာဆီ လာစေချင်တယ်ပေါ့?" ရှုယီက မေးသည်။
"အမှန်ပဲ"
ရှုယီက ခဏတာတိတ်ဆိတ်နေပြီးနောက် ခေါင်းငြိမ့်လာသည်၊ "အရှင်မင်းမြတ်ရဲ့အတွေးတွေက မှန်ကန်ပါတယ်၊ ဒါပေမယ့် လမ်းတည်ဆောက်တာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့မဆိုင်ပါဘူး။ ဒါကို အမ်ရစ်ကုန်သည်ကြီးများအသင်းက လုပ်တာဆိုတော့ သံတမန်ကြီးအနေနဲ့ သူတို့နဲ့အတူ ဒါကို ဆွေးနွေးရလိမ့်မယ်။"
"ကျုပ်ကတော့ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနဲ့ ကန်ဒရာအင်ပါယာရဲ့ ဖိတ်ခေါ်မှုကို သေချာပေါက် ငြင်းဆန်မှာမဟုတ်ဘူးလို့ထင်တယ်။" သံတမန်ဟာကာနင်က ယုံကြည်ချက်ရှိရှိဆိုသည်၊ "ဒါ့အပြင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်စက်တွေ၊ အထူးသဖြင့် စစ်ဘက်သုံးမှော်စက်တွေကို ဧကရာဇ်က စိတ်ဝင်စားနေတာကြောင့် သူမျှော်လင့်နေတာ....."
"ဘုန်း!"
ရုတ်တရတ် အသံကျယ်ကျယ်တစ်ခုက သံတမန်ဟာကာနင်၏ စကားများကို ရပ်တန့်သွားစေသည်။
လူအုပ်ထံမှ နားပင်းလောက်သည့်အားပေးသံများထွက်လာကာ အသံများ ဆက်ထွက်နေသည်နှင့် သံတမန်ဟာကာနင်လည်း မည်သည်ကိုမှမပြောနိုင်တော့သလို မည်သည်ကိုမှလည်း မကြားရတော့ပေ။
သံတမန်ဟာကာနင်က ရှုယီ ပါးစပ်ဟလိုက်သည်ကိုမြင်လိုက်ရပြီး ရှုယီ၏ စကားလုံးများက သူ၏နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာပါ၏။
"သံတမန်ကြီး ဒီကိစ္စကို နောက်မှဆွေးနွေးကြတာပေါ့။ အခုတော့ ပြိုင်ပွဲကြည့်ဖို့ အာရုံစိုက်လိုက်ရအောင်။"
ရှုယီမျက်နှာထက်ရှိ အပြုံးကိုမြင်သော် သံတမန်ဟာကာနင်မှာ ထိတ်လန့်သွားသည်။
သူ၏အသံကို ဤပတ်ဝန်းကျင်၌ သူ၏နားထဲသို့ ထိုမျှ ရှင်းလင်းအောင်ပို့နိုင်ရန်မှာ သူဟာထိုသို့ ပြုရန် သူ၏စွမ်းအားကြီးရောင်ဝါကို အသုံးပြုခဲ့ခြင်း သို့မဟုတ် မဟာမှော်ပညာရှင်အဆင့်ရှိ ဟင်းလင်းပြင်မှော်ပညာကို အသုံးပြုခဲ့ခြင်းမဟုတ်ပါလျှင် သူဟာ ထိုသို့လုပ်နိုင်လောက်မည်မဟုတ်ပေ။
ရှုယီမှာ မှော်ပညာရှင်တစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြသောကြောင့် စွမ်းအားကြီးသိုင်းပညာလေ့ကျင့်ထားသူမဟုတ်ပေ။
သို့သော်..... သို့သော် သူဟာ ဟင်းလင်းပြင်မှော်ပညာကို ဤအဆင့်ထိ အသုံးပြုနိုင်နေသည်။
ဖြစ်နိုင်တာက.... သူ မဟာမှော်ပညာရှင်ဖြစ်နေပြီလား?
***
မှော်စက်မှုအင်ပါယာ
V 5, အခန်း ၅။ ကျွန်အထောက်အထားကိုဖယ်ရှားခြင်း
ရှုယီဝင်လာသည်ကိုမြင်သော် စတေးလ်မှာ ချက်ချင်းပင် သူမပြင်ထားသည့် အမူးပြေဟင်းရည်ကို သယ်လာသည်။
"သံတမန်ဟာကာနင်နဲ့ ဆွေးနွေးမှု ဘယ်လိုဖြစ်သွားလဲ?" စတေးလ်က အပြုံးဖြင့် မေးလိုက်ပါ၏။
ရှုယီလည်း အမူးပြေဟင်းရည်ကိုယူ၍ တစ်ငုံသောက်လိုက်ရာ သူ၏ခေါင်းထဲမှ မူးဝေမှုများအတော်လေး သက်သာသွားသည်။
သံတမန်ဟာကာနင်ထံ၌ မည်သည့်အရည်အချင်းမှမရှိသော်လည်း သူ၏ အယ်လ်ကိုဟောခံနိုင်စွမ်းက ကြောက်မက်ဖွယ်ရာပင်။
ရှုယီမှာ မိမိ၏ ခံနိုင်စွမ်းက ကောင်းမွန်သည်ဟု အမြဲထင်ခဲ့ပြီး သေရည်သေရက်ကို မိမိတို့၏ ဘဝဟု ရှုမြင်ကြသော လူပုလေးများနှင့်ပင် ယှဉ်နိုင်သည်။ သူဟာ မွန်းလွဲချိန်က သံတမန်ဟာကာနင်နှင့် ဆုံချိန်တွင် လုံးဝအနိုင်ယူခံလိုက်ရကာ မှောက်လုနီးနီးပင် ဖြစ်သွားမည်ဟု ထင်မထားခဲ့ပေ။
မှန်ပါ၏ ၎င်းမှာလည်း သူ၏ လူမှုရေးပွဲများကို ချုံ့၍ သောက်စားချိန်ကို အရေအတွက်ထိန်းချုပ်ထားသောကြောင့်ပင်။
"အဆင်ပြေပါတယ်" ရှုယီက ခေါင်းငြိမ့်၍ ဖြေလိုက်သည်၊ "ကိုယ်တို့လုပ်ငန်းစုရဲ့မှော်စက်တွေကို စိတ်ဝင်စားနေကြတဲ့ ကန်ဒရာအင်ပါယာရဲ့ မျိုးရိုးမြင့်တွေ ကုန်သည်တွေ အတော်များများရှိတယ်။ ဒီတစ်ခေါက် သံတမန်ဟာကာနင်က သူတို့ကို ဒီကောလဟာလတွေ စမ်းသပ်ဖို့လုပ်ရာမှာ ကူညီခဲ့ရုံပဲ ဆိုပေမယ့် ကိုယ်တို့နဲ့အတူ လာဆွေးနွေးမယ့် ကန်ဒရာအင်ပါယာလုပ်ငန်းစုတွေဆီက ကိုယ်စားလှယ်တွေရှိမှာပါ။"
"အင်.... ကျွန်မပြောပြီးသားပဲ မှော်စက်တွေက သုံးရလွယ်ပြီး အရမ်းလည်း ထူးကဲတော့ ကန်ဒရာအင်ပါယာသားတွေ သေချာပေါက် ကြိုဆိုကြမှာပါလို့။ ဒါကို အနီးဝန်းကျင်နိုင်ငံတွေက သက်သေပြထားပြီးသားလေ။" စတေးလ်က အသာပြုံး၍ဆိုသည်။
ရှုယီက သူ့အနေနှင့် ၎င်းကိုသံသယမဖြစ်ဖူးကြောင်း စဉ်းစားရင်း ရယ်မောလိုက်၏။
သို့သော် သံတမန်ဟာကာနင်ထံမှ သတင်းအရ ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုမှာ စစ်ဘက်သုံးမှော်စက်များကို သတိပြုထားမိသားဖြစ်ကာ စိတ်ဝင်စားမှုအချို့ပြခဲ့သည်။
သို့သော် သံတမန်ဟာကာနင်၏ သဘောထားကိုသုံးသပ်ကြည့်လျှင် ကန်ဒရာအင်ပါယာ တော်ဝင်မိသားစု၏ စစ်ဘက်သုံးမှော်စက်များအပေါ်နားလည်မှုက များစွာ လေးနက်မနေလောက်သဖြင့် ၎င်းတို့က အနည်းငယ်မျှသာ စိတ်ဝင်စားနေပုံပင်။ ၎င်းတို့အနေနှင့် လေးလေးနက်နက်မမြှုပ်နှံထားသဖြင့် ထိုမျှ စိတ်မဝင်စားပါချေ။
ရှုယီ၏ အစီစဉ်အရဆိုလျှင် စစ်ဘက်သုံးမှော်စက်များကို နယ်မြေကြီးတလျှောက်ဖြန့်ဖြူးရန် အချိန်မကျသေးပေ။
အဘယ့်ကြောင့်ဆိုသော် ကန်ဒရာအင်ပါယာ သို့မဟုတ် မာလိုအင်ပါယာတို့သာ စစ်ဘက်သုံးမှော်စက်များကို မျက်စိကျလာပါလျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ကို မိမိတို့၏ လက်ရှိအင်အားဖြင့် လမ်းညွှန်နည်းပြဖို့ ခက်ခဲပေသည်။
ထိုအင်ပါယာနှစ်ခုသာ နည်းပညာကို မျက်စိကျလာလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ မိမိတို့အပေါ် မိမိတို့ပျက်သုဉ်းခြင်းကို ယူဆောင်လာမိလိမ့်မည်။
ထို့ကြောင့် သံတမန်ဟာကာနင်ကို ပြောစဉ်က ရှုယီမှာ စစ်ဘက်သုံးမှော်စက်များအကြောင်းကို ဝေဝေဝါးဝါးသာပြောခဲ့ပြီး ၎င်းတို့၏အသုံးဝင်ပုံကို တတ်နိုင်သလောက် နှိမ့်ချဖို့ ကြိုးပမ်းခဲ့သည်။
ရှုယီအနေနှင့် ကန်ဒရာအင်ပါယာမှာ ၎င်း၏ ဆွေမျိုးများကြောင့် အလုပ်ရထားသူ အနှီ သံတမန်ဟာကာနင်ကိုသာ ပို့လိုက်ခြင်းကြောင့် အင်မတန်ဝမ်းသာမိသည်၊ မဟုတ်ပါက သူ့အား အရူးလုပ်၍ ကန်ဒရာအင်ပါယာအား လက်ရှိ၌ စစ်ဘက်သုံးမှော်စက်များထံမှ မျက်လုံးလွှဲစေရန် ခက်ခဲလှပေလိမ့်မည်။
စစ်ဘက်သုံးမှော်စက်များမှလွဲ၍ ရှုယီ၏ တုံ့ပြန်မှုက အင်မတန် စိတ်တိုင်းကျစရာကောင်းသည်။
သံတမန်ဟာကာနင်အနေနှင့် ကန်ဒရာအင်ပါယာ၏ မျိုးရိုးမြင့်များနှင့် ကုန်သည်များထံ မှော်စက်အချို့ ပြန်ယူသွားချင်လေရာ ရှုယီက ချက်ချင်းသဘောတူခဲ့လိုက်သည်။
ထို့အပြင် သံတမန်ဟာကာနင်မှာ မျိုးရိုးမြင့်များနှင့် ကုန်သည်များထံမှ အကြံတချို့ရထားသောကြောင့်လည်းဖြစ်နိုင်သည်၊ သူဟာ Frestech ကုန်သည်ကြီးများအသင်းထံမှ အိမ်သုံးမှော်စက်တချို့ဝယ်ယူမည်ဟု အကြံပြုလာရာ ရှုယီလည်း သဘောတူခဲ့ပါ၏။ သူဟာ သူ၏ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌအဆင့်အတန်းနှင့် သံတမန်ဟာကာနင်အား ထိုအိမ်သုံးမှော်စက်များအတွက် ဦးစားပေးဈေးနှုန်းဖြင့် ပေးမည်ဟုလည်း ပြောခဲ့ပေသည်။
ထို့ကြောင့် သံတမန်ဟာကာနင်မှာ ပျော်ရွှင်မှုဖြင့်ပြည့်ကာ ၎င်းတို့၏ ဆွေးနွေးမှုကလည်း အင်မတန်အဆင်ပြေခဲ့သည်။
အတန်ငယ်တုံ့ဆိုင်းနေပြီးနောက် ရှုယီမှာ စတေးလ်လက်ထဲမှ ရေစိုတဘက်ကိုယူကာ မျက်နှာသုတ်လိုက်သည်။
ယခုတွင် နွေရောက်နွေရောက်နေပြီဖြစ်ရာ မျက်နှာထက်ရှိ ရေခဲရေကြောင့် ရှုယီမှာ လန်းဆန်းသွားတော့သည်။
ရှုယီက မိမိကိုယ်ကို အာရုံစိုက်ရန် တွန်းအားပေးနေသည်ကိုမြင်သော် စတေးလ်လည်း အသာမျက်မှောင်ကုပ်လိုက်ပါ၏။
"ရှင့်ကိုလည်းကြည့်ပါဦး၊ ဒီမွန်းလွဲမသွားတော့ရင်ရော ဘယ်လိုလဲ?"
ရှုယီက ခေါင်းခါကာ၊ "ဟင့်အင်း ဒီမွန်းလွဲ အခမ်းအနားက အရမ်းအရေးကြီးတယ်၊ ကိုယ် ကိုယ်တိုင်တက်မှရမှာ။"
စတေးလ်က သက်ပြင်းချ၍ သူ့အားထပ်မံ ဖြောင်းဖျဖို့မကြိုးစားတော့ပါချေ။
သူမအနေနှင့် ဤမွန်းလွဲ အခမ်းအနားက မည်မျှ အရေးကြီးမှန်းသလို ရှုယီက ၎င်းနှင့်ပတ်သက်၍ အရေးထားသည်ကိုလည်း အသေအချာကို သိပေသည်။
"ဒါဆို အရင်နားလိုက်ပါဦး၊ ကျွန်မ အက်ဂ်နက်စ်ကို လာခိုင်းလိုက်မယ်။"
"အက်ဂ်နက်စ်?" ရှုယီမှာ အံ့ဩသွားသော်လည်း စတေးလ်က ထွက်သွားပြီဖြစ်ကြောင်းတွေ့ရလေသည်။
ရှုယီ ကြောင်အသွား၏။ စောနေသေးသည်ကိုမြင်သော် သူဟာ အိပ်ခန်းထဲ ပြန်သွားဖို့ ပျင်းရိလှသဖြင့် တောင်ကုန်းနံဘေးရှိ ခြံဝန်းဆီ သွားကာ ပက်လက်ထိုင်ခုံ၌ လှဲချလိုက်တော့သည်။
နွေရာသီ၏ ပထမလဖြစ်သော်လည်း ပင်လယ်ကို မျက်နှာမူထားသည့် တောင်ကုန်းထက်ရှိ ခြံဝန်းကြောင့် ပင်လယ်လေညှင်းများက တစ်သွဲ့ပြီးတစ်သွဲ့တိုက်ခတ်လာရာ အရိပ်ထဲ၌ လှဲလျောင်းခြင်းက အင်မတန် သက်တောင့်သက်သာဖြစ်လှသည်။
တစ်အောင့်ကြာသည့်နောက် ရှုယီ အိပ်ပျော်သွားလေ၏။
သူဟာ မည်မျှ ကြာအောင်အိပ်ပျော်သွားသည်မသိသော်လည်း ရုတ်တရတ် နိုးလာသည်။
ပင်လယ်ထက်ရှိ နေကိုကြည့်လိုက်သော် ရှုယီမှာ မွန်းလွဲ နှစ်နာရီပင် မရှိတတ်သေးကြောင်း ခန့်မှန်းမိသည်၊ သို့သော်ငြား အခမ်းအနားစတင်ရန် သိပ်မလိုတော့။ ရှုယီလည်း မျက်နှာပွတ်ပြီးနောက် ထရပ်လိုက်တော့၏။
ထရပ်လိုက်ချိန်တွင် သူ၏ခေါင်းမှ စူးရှရှနာကျင်မှုကို ခံစားလိုက်ရသည်။
ရှုယီမှာ မနေနိုင်ဘဲ ခါးသက်သက်ရယ်မောမိ၏။
သောက်စားပြီးနောက် ခေါင်းကိုက်ခြင်းမှာ ရှောင်လွှဲမရနိုင်။ သူဟာ ယခု မဟာမှော်ပညာရှင်ဖြစ်နေပြီ ဖြစ်ပါလျှင်တောင် ၎င်းကိုမည်သို့မှ မလုပ်နိုင်ပေ။
"ရှုယီ နိုးပြီလား?"
စတေးလ်၏ အသံက နောက်မှထွက်လာလေ၏။
ရှုယီလှည့်ကြည့်လိုက်သော် စတေးလ်နှင့် အက်ဂ်နက်စ်တို့မှာ အခန်းထဲမှ အတူထွက်လာသည်ကိုတွေ့သည်။
"ရှင့်ကို နှိုးတော့မလို့ဘဲ အခမ်းအနားက စတော့မယ်။" စတေးလ်မှာ အက်ဂ်နက်စ်ကို အမြန်ဆွဲခေါ်ကာ တစ်ချက်ကြည့်လိုက်သည်။
အက်ဂ်နက်စ်လည်း သူ့၏ ခေါင်းထံ လက်ဆန့်ထုတ်လာရာ ရှုယီ အနည်းငယ် ရှုပ်ထွေးသွားပါ၏။
"ဘာလုပ်နေတာလဲ?"
"ရှင့်ကို ပိုသက်သာသွားအောင်လုပ်ပေးနေတာ။" အက်ဂ်နက်စ်မှာ တောက်ပစွာပြုံ့းရင် ရှုယီ၏ ခေါင်းနှစ်ဘက်တွင် လက်များကိုထားလိုက်သည်။
တအောင့်ကြာသည့်နောက် ရှုယီမှာ အက်ဂ်နက်စ်ထံမှလာသော မှော်စွမ်းအင်အပြောင်းအလဲကို ခံစားမိပြီး သူ၏ခေါင်းထက်ရှိ လက်များထံမှ အေးမြသောခံစားချတစ်ခု ရလာသည်။ ၎င်းက သူ၏ဦးရေခွံကိုဖြတ်၍ ဖြည်းဖြည်းချင်းစိမ့်ဝင်သွားပြီး သူ၏ခေါင်းကိုက်မှုကလည်း ပြေလျော့သွားသည်ကို ခံစားမိသည်။
၂မိနစ်မျှကြာအောင် ဆက်နေပြီးနောက် မည်သည့်ခေါင်းကိုက်ခြင်းကိုမှ မခံစားရတော့ဘဲ လုံးဝ စွမ်းအင်အပြည့်ဖြစ်သွားပါ၏။
"ဒါက ဘာမှော်ပညာမျိုးလဲ?" ရှုယီ အံ့အားသင့်နေလေသည်။
အက်ဂ်နက်စ်က ခပ်လွင်လွင်ရယ်ကာ အင်မတန် ဂုဏ်ယူဟန်ပေါ်နေ၏။
"ဒါက ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စုရဲ့ အထူးစိတ်မန္တာန်၊ စိတ်စုစည်းရေးမန္တာန်လေ၊ ရှင့်ရဲ့စိတ်ကို ပုံမှန်ဖြစ်အောင် ပြန်ပြောင်းပေးလို့ရတယ်။"
"ဒီလောက် အံ့ဩစရာကောင်းတယ်လား?" ရှုယီ သက်ပြင်းချကာဆိုသည်။
နတ်သူငယ်များမှာ အမှန်တကယ်ကို ဤလောက၌ ရှေးအကျဆုံးရှေးဟောင်း မျိုးနွယ်စုဖြစ်ပြီး ၎င်းတို့ထံတွင် အခြားမျိုးနွယ်စုများထံ မရှိသော ဗဟုသုတမျရှိ၍ မှော်စွမ်းအားက ထပ်တူဖြစ်ပေသည်။
စိတ်မန္တာန်များမှာ လူသားတို့အတွက် သုတေသနလုပ်ကာစသာဖြစ်သော်လည်း အက်ဂ်နက်စ်အသုံးပြုခဲ့သော မန္တာန်ကိုသုံးသပ်ရလျှင် နတ်သူငယ်များမှာ စိတ်ပိုင်းဆိုင်ရာ မှော်ပညာ၌ နားလည်မှု နက်နက်နဲနဲရှိသည်ကို သေချာမြင်ရသည်။
"ဘယ်လိုလဲ? နေလို့ပိုကောင်းလာပြီလား?" အက်ဂ်နက်စ်က အပြုံးဖြင့်မေးလာသည်။
"အင်း အများကြီးပိုကောင်းသွားပြီ။" အက်ဂ်နက်စ်၏ မျက်နှာထက်ရှိ ဂုဏ်ယူနေဟန်ကိုမြင်သော် ရှုယီမှာ သူမ၏ နှာခေါင်းလေးကို ဆွဲမညှစ်မိဘဲ မနေနိုင်တော့ပေ၊ "ဒီလို အသုံးဝင်တဲ့ မှော်ပညာကို ငါ့ကိုသင်ပေးဖို့ တချို့အချိန်တွေမှာ လာရှာရမယ်။"
အက်ဂ်နက်စ်မှာ အံ့ဩသွားရင်း အနည်းငယ် နေရခက်ဟန်ပေါ်လာသည်၊ "ဒါက ကျွန်မတို့ နတ်သူငယ်တွေ လွှဲပေးလို့မရတဲ့ လျှို့ဝှက်ချက်ပဲ....."
အက်ဂ်နက်စ်၏ မျက်နှာလေးထက်ရှိ နေရခက်ဟန်ကိုမြင်သော် ရှုယီက ရယ်မောကာ ပခုံးပုတ်လိုက်သည်၊ "ဒါက လွှဲပေးလို့မရတဲ့ လျှို့ဝှက်ချက်ဆိုမှတော့ ထားလိုက်ပါတော့။ ငါသာ ဒါကို သင်ချင်ရင် အကြီးအကဲ အီလူရှာကို မေးပြီး သဘောတူအောင်ကြိုးစားကြည့်လို့ရတာပဲ။"
"အင်း အကြီးအကဲက သဘောတူနိုင်ပါတယ်...." အက်ဂ်နက်စ်မှာ မသေချာပေ။
"ဒါဆို ပြန်လာမှပဲ ဒီအကြောင်းပြောကြမယ် အရင်သွားပြီ"
ရှုယီက လက်ပြ၍ နှစ်ယောက်ကို နှုတ်ဆက်လိုက်လေသည်။
ခြေလှမ်း နှစ်လှမ်း,လှမ်းလိုက်ချိန်တွင် စတေးလ်က နောက်မှ လှမ်းခေါ်လာသည်။
"ရှုယီ ဒီနေ့ နည်းနည်းစောပြန်လာခဲ့နော်? ကျွန်မက မနက်ဖြန်သွားတော့မှာ...."
ရှုယီလည်း လက်ထောင်၍ 'OK'ဟု လက်သဏ္ဍာန်လုပ်ပြလိုက်သည်။
စတေးလ်မှာ ယခင်ကတည်းက ထိုလက်သင်္ကေတကို သင်ထားပြီးဖြစ်ရာ အပြုံးဖြင့် ခေါင်းငြိမ့်လိုက်ပါ၏။
အိမ်တော်မှာ ရှုယီထွက်ပြီး ရှေ့ခြံဝန်းထဲ ရောက်လာချိန်တွင် လဇ်နှင့် လင်ဒါတို့မှာ ရှေ့တံခါးထံသို့ တွန်းထိုးနေကြသည်အား တွေ့ရလေသည်။
လဇ်နှင့် လင်ဒါတို့ထံရှိ အတန်ငယ်စူနေသောဗိုက်ကလေးများကိုကြည့်ရင်း ရှုယီမှာ မနေနိုင်အောင် ပြုံးမိသည်။
လဇ်နှင့် လင်ဒါတို့မှာ သူနှင့်အတူ ၂နှစ်ကျော် ရှိလာခဲ့ပြီး ယခင်က မည်သည်မှ မဖြစ်ခဲ့ပေ။ နှစ်သစ်ကူးရောက်လာကာစမှသာ နှစ်ဦးစလုံး ကိုယ်ဝန်ရလာကြလေ၏။
စတေးလ်မှာ ဤတလောတွင် သူနှင့် နီးနီးနားနားကပ်တွယ်နေကာ လဇ်နှင့် လင်ဒါတို့ထံမှ လှုံ့ဆော်မှုကြောင့် သူမနှင့် တစ်ညကုန်ဆုံးမည်ဟုပင် မျှော်လင့်ခဲ့ပါသေး၏။
မှန်ပါ၏၊ သူနှင့် စတေးလ်တို့မှာ လက်ထပ်ခဲ့သည်က လေးနှစ်ရှိပြီး ဖရီးယာမှာ သုံးနှစ်ပင်ရှိနေပြီဖြစ်သော်လည်း စတေးလ်မှာ မည်သည်မှဖြစ်မလာခဲ့။ သူမ ပူပန်နေသည်မှာ အံ့ဖွယ်မရှိချေ။
"ဟေး ဖရီးယာ၊ ဖေဖေနဲ့အတူ သွားကစားချင်လား?" ရှုယီက ရှေ့သို့ပြေးလာသော ဖရီးယာကို ကောက်ချီ၍ မေးလိုက်၏။
"ဟုတ်ကဲ့! သွားချင်တယ်!" ဖရီးယာက အသံကျယ်ကျယ်ဖြင့် ရွှင်ပြစွာဖြေလာသည်။
ရောက်လာကြသော လဇ်နှင့် လင်ဒါတို့လည်း အံ့ဩနေပြီးနောက် အမြန်ပြောလာလေ၏၊ "သခင်၊ မွန်းလွဲမှာ အရေးကြီးအခမ်းအနားရှိတယ်မဟုတ်ဘူးလား? ဘာလို့ ဖရီးယာကို ခေါ်သွားမှာလဲ? ကျွန်မတို့ကိုပဲ ကြည့်ခိုင်းထားလိုက်ပါ။"
ထိုစကားလုံးများကိုကြားသော် ဖရီးယာ၏ မျက်လူံးကလေးများက ဝိုင်းစက်လာပြီး ရှုယီကို မျှော်လင့်တကြီး ကြည့်နေတော့သည်။
သူမဟာ သုံးနှစ်အရွယ်ရှိနေပြီဖြစ်သလို လောကကြီးကို နားလည်နိုင်နေပြီပင်။ သူမအနေနှင့် သူမ၏ ဖခင်ထံ၌ အိမ်တွင် အမြင့်ဆုံးလုပ်ပိုင်ခွင့်ရှိပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဖြစ်သည်ကို သိပေ၏။
ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ "ရပါတယ် ငါ ခေါ်သွားလိုက်မယ်။ ဖရီးယာက ကြီးလာလေပြီ၊ လုပ်ငန်းစုက ကိစ္စတချို့မှာ ပါဝင်ခိုင်းသင့်တယ်။ ပြောရရင် သူမ အရွယ်ရောက်လာတဲ့အခါ ဝင်ပါရတော့မှာလေ၊ တခြားလူတွေကို ဖရီးယာလေးနဲ့ သိခွင့်ပေးတာက ပုံမှန်ပါပဲ။ " လဇ်နှင့် လင်ဒါတို့မှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်သည်။
လွန်ခဲ့သည့် သုံးနှစ် ဖရီးယာကို မွေးဖွားခဲ့စဉ်က ရှုယီလုပ်ဆောင်ခဲ့သော ကြေငြာချက်အရ ဖရီးယာမှာ ရှုယီ၏ လက်ရှိ အမွေခံဖြစ်ပေသည်။
စိုင်စ်နယ်မြေကြီး၏ အစဉ်အလာအရ ဖရီးယာမှာ အရွယ်ရောက်ပြီးနောက်တွင် ရှုယီ၏ နေရာကို ယူဆောင်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်လာရမည်ဖြစ်သည်။
အစဉ်အလာအရ ဖရီးယာမှာ ၎င်းတို့၏ သခင်အသစ်ဖြစ်လာမည်။
ရှုယီမှာ ၎င်းတို့၏ ဝမ်းဗိုက်များကိုကြည့်ပြီးနောက် ရုတ်တရတ် ပြောသည်၊ "ဟုတ်သားပဲ လဇ်, လင်ဒါ ငါ ကွန်ဂရက်ကို လျှောက်လွှာလွှဲပေးပြီးပြီ။ သူတို့အနေနဲ့ မင်းတို့ရဲ့ ကျွန်အဆင့်အတန်းကို ဖယ်ရှားနိုင်မယ်လို့ မျှော်လင့်တယ်။ မျှော်လင့်မထားတာတွေသာဖြစ်မလာရင် မကြာခင် ဒီအဆင့်အတန်းကို ခွာလို့ရလောက်ပြီ။"
လဇ်နှင့် လင်ဒါတို့မှာ ကြက်သေ,သေသွားပြီးနောက် ပျော်ရွှင်သွားသည်။
"တကယ်လား?" နှစ်ဦးသားစိတ်လှုပ်ရှားမှုကြောင့် ပါးစပ်များကိုပိတ်ရင်း မျက်နှာထက် မယုံကြည်နိုင်မှုတို့ပြည့်သွားသည်။
စိုင်စ်နယ်မြေကြီးတွင် ၎င်းတို့ကျွန်များဖြစ်လာသည်နှင့် တစ်ဖန် ပြန်ရပ်တည်ဖို့ရန်က မဖြစ်နိုင်လုနီးပါးပင်။
အဘယ့်ကြောင့်ဆိုသော် ကျွန်ပိုင်ရှင်ထံ၌ ကျွန်အပေါ် အကြွင်းမဲ့အခွင့်အရေးရှိပြီး ၎င်းတို့ကို သတ်ပစ်ရန်ပင် အခွင့်အရေးရှိသည်။ ထို့ကြောင့် လူအများစု၏ မျက်လုံးထဲတွင် ကျွန်များမှာ အိမ်မွေးတိရစ္ဆာန်များနှင့် မခြားလှ။
လဇ်နှင့် လင်ဒါတို့မှာ ငယ်စဉ်ကတည်းက ကျွန်များဖြစ်ခဲ့ရာ ဤအထောက်အထားကို စွန့်ရမည်ဟု မစဉ်းစားဖူးချေ။
ရှုယီကဲ့သို့ မျှတစွာ ဆက်ဆံပေးနိုင်သည့် ရှုယီလို သခင်တစ်ဦးကို ရနိုင်ခြင်းနှင့် ရှုယီ၏ကလေးကို မွေးပေးနိုင်ခြင်းကပင် ၎င်းတို့ကို ဘဝနှင့်ပတ်သက်၍ အင်မတန် စိတ်ကျေနပ်စေဖို့ လုံလောက်သည်။
သို့သော် ရှုယီက တကယ်ကြီး ၎င်းတို့၏ ကျွန်အဆင့်အတန်းကို ပယ်ဖျက်ပေးလာမည်ဟု ထင်မထားခဲ့ပေ! ထို့အပြင် သူဟာ လျှောက်လွှာတစ်ခုကို ကွန်ဂရက်ဆီကိုပင် လွှဲပေးခဲ့သေးသည်!
စိုင်စ်နယ်မြေကြီး၌ ဤအပြုအမူမှာ သဘာဝကျကျပင် အစဉ်အလာကို စိန်ခေါ်ခြင်းမည်၏!
ရှုယီ၏ မျက်လုံးများထဲမှ သေချာနေဟန်ကိုမြင်သော် လဇ်နှင့် လင်ဒါတို့မှာ မနေနိုင်အောင် စိတ်လှုပ်ရှား၍ တစ်ပြိုင်တည်း မျက်ရည်များပင် ထွက်လာသည်။
ရှုယီမှာ ၎င်းတို့ စိတ်ထဲရှိ လှုပ်ရှားမှုကိုနားလည်ပါ၏။ သူက အပြုံးတစ်ခုလှစ်ဟလျက် ဆက်ပြောသည်၊ "မင်းတို့နှစ်ယောက်က အခု ကိုယ်လေးလက်ဝန်နဲ့ဆိုတော့ အရင်ကလို လှုပ်ရှားလွန်းတာ မကောင်းဘူး။ ငါ စတေးလ်ကို ပြောပြီးသား မင်းတို့အလုပ်အတွက် အစေခံနည်းနည်းလောက်ထပ်ရှာလိုက်မှာမို့ မင်းတို့ ဒီတိုင်းနားလို့ရတယ်။"
လဇ်နှင့် လင်ဒါတို့မှာ အင်မတန်ပျော်ရွှင်၍ မည်သည်ကိုမှပင် မဆိုတော့ပေ။
ရှုယိလည်း အသာပြုံးလိုက်ပြီးနောက် ဖရီးယာကို ကောက်ချီလိုက်သည်။ သူဟာ သူမအား ဂုတ်ပိုးထက်တင်၍ စီးခိုင်းကာ အိမ်တော်မှ လှမ်းထွက်လာပါ၏။
လဇ်နှင့် လင်ဒါတို့မှာ ရှုယီလျှောက်သွားသည်ကိုကြည့်ရင်း မျက်ရည်များကြောင့် အမြင်များဝေဝါးသွားကြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆။ ပင်လယ်သို့ ဦးတည်ခြင်း
ယနေ့မှာ နေသာသောနေ့ပင်။
ပင်လယ်လေညင်းက နွေအဦးအစ၌ နွေးထွေးနေပါ၏။ ပင်လယ်ပြင်မှလာသော လေထုစိုစိုစွတ်စွတ်က လူများကို လှဲချကာ အိပ်လိုစိတ်များဖြစ်လာစေသည်။
ရှုယီက ခေါင်းခါ၍ အိပ်ချင်စိတ်ကို ပစ်ထုတ်လိုက်သည်။
ယနေ့မှာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစု ပင်လယ်သို့ ထွက်ခွာမည့် ပထမဆုံးနေ့ပင်။ ၎င်းက အရေးအလွန်ပါသည့် ခွဲခြာခြင်းအခမ်းအနားကို သူမဟာ ချော်သွား၍ မဖြစ်ချေ။
"ဥက္ကဌ အဆင်ပြေရဲ့လား?" နံဘေးရှိ နာဗီလ်က ရှုယီ၏ အပြုအမူများကိုမြင်သော် ထိုသို့ စိုးရိမ်စွာ မေးမြန်းလာသည်။
"အဆင်ပြေပါတယ်။" ရှုယီက အသက်ပြင်းပြင်းရှူလိုက်ကာ ပင်လယ်နံ့ပါရှိသည့် လေကို ရှူသွင်းလိုက်သည်။
သူ့အနေနှင့် အတန်ငယ် အော်ဂလီဆန်သလိုခံစားရသော်လည်း စိတ်မှာ အနည်းငယ် ပိုကြည်သွားသည်။
အသားညိုညိုနှင့် နာဗီလ်ကို လှည့်ကြည့်ရင်း ရှုယီ မပြုံးမိဘဲ မနေနိုင်တော့ပေ။
ပထမဆုံး ပင်လယ်ပြင်စူးစမ်းရေးသင်္ဘောစု၏ တပ်မှူးအမည်ရ နာဗီလ်မှာ အင်မတန် စိတ်လှုပ်ရှားလျက်ရှိသည်။ သူဟာ စွင့်ကားတောင်ပံနှင့် ယခုနှစ်တွင် ဆောက်လုပ်ခဲ့သော 'နံနက်ခင်းနေ'နှင့် 'အောင်ပွဲနတ်ဘုရားမ အိုင်းရစ်'တို့ ထက်၌ နေ့စဉ်နေ့တိုင်း အချိန်ကုန်နေခဲ့သဖြင့် နေပင်လောင်သွားခဲ့သည်။
"အရာအားလုံးပြင်ဆင်ပြီးပြီလား?" ရှုယီက အပြုံးဖြင့်မေး၏။
"အင်း အရာအားလုံးကို ပြင်ဆင်ပြီးပြီ!" နာဗီလ်က ခေါင်းငြိမ့်လာသည်၊ "ဘယ်အချိန်မဆို ထွက်လို့ရပြီ!"
"ကောင်းတယ် အခမ်းအနားကို ခဏနေ တရားဝင်စလို့ရပြီ"
ရှုယီ ခေါင်းငြိမ့်ကာ ကမ်းခြေ၌ ပြင်ဆင်ထားသည့် စင်မြင့်ဆီ လျှောက်သွားလိုက်သည်။
ဤအခမ်းအနားကြောင့် ကမ်းခြေ၌ စုဝေးနေသူများစွာ ရှိနေပြီဖြစ်သည်။ ၎င်းတို့အများစုမှာ Frestech ကုန်သည်ကြီးများအသင်း ဝန်ထမ်းများဖြစ်ကြပြီး ကျန်သူများမှာ ဆူညံသံက မည်သည့်ကြောင့်ဖြစ်သည်ကို လာကြည့်ကြသူများဖြစ်၍ သတင်းရပြီး အခြားနိုင်ငံမှ လာသူများလည်းရှိသည်။
စင်မြင့်ထက်၌မူ ရူဒ်ဆန်တိုင်းပြည်မှ စေလွှတ်ထားသောသံတမန် နျူမန်ရှိနေပါ၏။
အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံး ပင်လယ်ပြင်ခရီး၏ ပန်းတိုင်မှာ ရူဒ်ဆန်တိုင်းပြည်၏ အကြီးမားဆုံး တောင်ပိုင်းဆိပ်ကမ်းမြို့တော် နီရှီမြို့တော်ဖြစ်လေသည်။
ထိုမှော်သင်္ဘောကြီးသုံးစီးထက်တွင်ရှိနေသည်မှာ ရူဒ်ဆန်တိုင်းပြည်သို့တင်ပို့မည့် စစ်ဘက်သုံးမှော်စက်များဖြစ်လေ၏။
လမ်းညွှန်ဆိုင်ရာ ခန့်မှန်းခြေများအရ ဤခရီးမှာ လတစ်ဝက်လောက်ကြာမည်ဖြစ်ပြီး နှစ်ရက်သာကြာမည့် စထရူလမ်းမမှသွားခြင်း ပိုနှေးသော်လည်း မှော်သင်္ဘောကြီးသုံးစင်းမှာ ဝန်'ပေါင်း တန်တစ်သောင်းငါးထောင်ကျော်တင်ထားသည်။
ယခုတွင် ပို့ဆောင်ရေးမှော်ကားကြီးများ၏ အများဆုံးဝန်'မှာ တန်နှစ်ဆယ်သာဖြစ်သည်။ အနှီမှော်သင်္ဘောကြီးသုံးစင်းအတွက် ခရီးတစ်ထောက်စာမှာ အကြီးစားပို့ဆောင်ရေးမှော်ကားများအတွက် ခရီးပေါင်း ခုနှစ်ရာ့ငါးဆယ်စာဖြစ်သဖြင့် များစွာပိုမို ထိရောက်မှုရှိသည်။
ထို့အပြင် မှော်သင်္ဘောများမှာ ပင်လယ်ပြင်မှ သွားလာခြင်းကြောင့် စွမ်းအင်စားသုံးရာတွင် လမ်းမမှသွားလာရသော အကြီးစားပို့ဆောင်ရေးမှော်ကားများနှင့် ယှဉ်ပါက အားသာချက်ပိုကောင်းသည်။
ဤအသွားအပြန်ခရီးအတွက် မှော်သုတေသနဌာန၏ တွက်ချက်မှုများအရ ရွှေဒင်္ဂါး နှစ်သောင်းထက်ပိုကုန်ကျမည်မဟုတ်သည့် သန့်စင်ပြီး အဆီအနှစ်ပြည့်မှော်သလင်းကျောက် တန်တစ်ရာကိုသာ အသုံးပြုဖို့ လိုအပ်လိမ့်မည်။
အကြီးစားပို့ဆောင်ရေးမှော်ကားများအတွက် အဆင်အပြေဆုံး စထရူ လမ်းမကို ယူပါလျှင်တောင် အသွားအပြန်ခရီးအတွက် သန့်စင်ပြီး အဆီအနှစ်ပြည့်မှော်သလင်းကျောက် ရွှေဒင်္ဂါးငါးဆယ်စာ ကုန်ကျမည်။
ခရီးပေါင်း ခုနစ်ရာ့ငါးဆယ်စာဆိုလျှင် ၎င်းမှာ ရေကြောင်းပို့ဆောင်ရေးထက် နှစ်ဆနီးနီးဖြစ်သည့် ရွှေဒင်္ဂါး သုံးခုနစ်ထောင့်ငါးရာကုန်ကျလိမ့်မည်။
အရေးအကြီးဆုံးမှာ ကုန်စည်တန်ပေါင်း တစ်သောင်းငါးထောင်ကိုတင်ပို့ရန် ခရီးများစွာသွားရမည်ဖြစ်ရာ စထရူလမ်းမအတွက် လမ်းကြောင်းများစွာ ဖြစ်လာစေမည်ပင်။
မှန်ပါ၏၊ ကုန်းကြောင်းမှာ များစွာ ပိုတိုပြီး ဆိပ်ကမ်းများဖြင့် မကန့်သတ်ထားသဖြင့် ရေကြောင်းပို့ဆောင်ရေးက အပြည့်အဝလွှမ်းမိုးထားသည်တော့မဟုတ်ပေ။
ရှုယီမှာ စင်မြင့်ထက်ရောက်လာကာ နျူမန်နှင့် အပြုံးချင်း ဖလှယ်လိုက်ပြီးနောက် အခမ်းအနားစတင်ကြောင်း ကြေငြာလိုက်သည်။
ဤသင်္ဘောစုဖွင့်လှစ်ခြင်းအခမ်းအနားမှာ ပုံမှန်စီးကြောင်းအတိုင်းလိုက်နာထားပြီး ရှုယီက သင်္ဘောစုနှင့် ၎င်း၏ အသုံးဝင်ပုံကို မိတ်ဆက်ပေးခြင်းဖြင့် ထိုသင်္ဘောစုထံရှိ စွမ်းအားကြီးလက္ခဏာရပ်များကို လူများထံပြောပြခဲ့သည်။ ထို့နောက် သူဟာ နျူမန်အား ရူဒ်ဆန်တိုင်းပြည်သည်လည်း ၎င်းခရီးစဉ်ကို အလေးထားကြောင်း ပြခိုင်းခဲ့သည်။
၎င်းနောက် နာဗီလ်မှာ သင်္ဘောစုကိုယ်စား မိန့်ခွန်းတက်ပြောခဲ့ရသည်။ သူဟာ အားလုံးကို သူ၏ စိတ်လှုပ်ရှားမှုအကြောင်းပြောပြကာ၊ လူတိုင်းကို ဤသင်္ဘောစုအား အကောင်းဆုံး ဦးဆောင်မည်ဖြစ်ကြောင်းနှင့် Frestech ကုန်သည်ကြီးများအသင်း အတွက် ဤရေကြောင်းခရီးကို ကြိုးကြိုးစားစားဖန်တီးမည်ဖြစ်ကြောင်း စိတ်လှုပ်တရှားပြောပြခဲ့သည်။
သောင်းသောင်းဖြဖြ ဩဘာပေးကြပြီးနောက် ရှုယီက တစ်ဖန် စင်မြင့်ပေါ်တက်ကာ သင်္ဘောစုအား ပြင်ဆင်ရန်ကြေငြာလိုက်သည်။
လူတိုင်းက ပင်လယ်အနီး Frestech ဆိပ်ကမ်းဆီ လှည့်လိုက်ကြသည်။
စွင့်ကားတောင်ပံ၊ နံနက်ခင်းနေနှင့် အောင်ပွဲနတ်ဘုရားမ အိုင်းရစ်တို့မှာ ကမ်း၌ စောင့်နေကြပြီး အရာအားလုံးပြင်ဆင်ထားကြပြီးဖြစ်သည်။
နာဗီလ်က ရှုယီလက်ထဲမှ အခွင့်အရေးများကို ထိန်းချုပ်ခြင်းအား ကိုယ်စားပြုသော တုတ်ချောင်းကို ယူ၍ အသစ်ထုတ် အမိုးပွင့်မှော်ဆလွန်းပေါ်တက်ကာ ဆိပ်ခံတံတားဆီ ဦးတည်လိုက်သည်။
စွင့်ကားတောင်ပံထက် ရောက်ချိန်တွင် ကမ်းခြေမှ ဖောက်လိုက်သော မီးရှူးမီးပန်းများစွာရှိနေ၏။ ၎င်းက မှော်ရောင်စုံအလင်းအလက်များကို ဖန်တီး၍ ကမ်းခြေကို အပြည့်အဝ လင်းထိန်သွားစေသည်။
ထို့နောက် ဧရာမမှော်သင်္ဘောသုံးစင်းမှာ ဥဩသံကျယ်များပေး၍ ၎င်းတို့ထက်၌ တင်ဆောင်လာသည့် မှော်အမြောက်ကြီးသုံးခုမှ အမြှောက်ဆံ တစ်သုတ်ထွက်လာသည်။
စွင့်ကားတောင်ပံက တုန်ယင်ကာ ဆိပ်ကမ်းမှ ဖြည်းဖြည်းချင်း ခွာသွားပါ၏။
စွင့်ကားတောင်ပံ လုံးဝထွက်ခွာသွားချိန်တွင် နံနက်ခင်းနေနှင့် အောင်ပွဲနတ်ဘုရားမ အိုင်းရစ်တို့က ၎င်းနောက် လိုက်သွားသည်။
မှော်သင်္ဘောသုံးစင်းမှာ မူလက ခပ်ဖြည်းဖြည်းရွေ့လျားနေသော်လည်း ကမ်းရိုးတန်းမှ ပိုဝေးသည်နှင့် တဖြည်းဖြည်း အရှိန်မြှင့်လိုက်ကြသည်။ သိပ်မကြာလိုက် ၎င်းတို့မှာ ပင်လယ်ပြင်တွင် အနက်ရောင်အစက်လေးသုံးစက်ဖြစ်ကာ ပင်လယ်ပြင်သို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ရှုယီလည်း ပင်လယ်မှ အကြည့်ခွာ၍ လေဖွဖွ မှုတ်ထုတ်လိုက်သည်။
"အရမ်း စိုးရိမ်နေတာလား?" နံဘေးမှ နျူမန်က အပြုံးဖြင့် မေးလာသည်။
"မစိုးရိမ်ဘူးလို့ပြောရင် အတုအယောင်ပဲ ဖြစ်မှာပေါ့ဗျာ။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ပြောရရင် ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ ပထမဆုံး ပင်လယ်ပြင်ခရီးဖြစ်ပြီး ကီလိုမီတာနှစ်ထောင်ကျော်တဲ့ ပထမဆုံးခရီးလည်းဖြစ်တော့ ဘာ မတော်မဆမှ မဖြစ်ရင် ထူးဆန်းနေမှာပဲ။"
"မတော်တဆဖြစ်မလားကို ကြောက်နေဖို့မလိုပါဘူး။" တစ်ဘက်မှ နျူမန်မှာ အင်မတန်ယုံကြည်ချက်ရှိဟန်ပေါ်နေသည်၊ "အဲဒီ့ သင်္ဘောသုံးစင်းက ဘယ်သစ်သားလှေတွေထက်မဆို အတော်လေးသန်မာတယ်။ စတက်တိန်းနယ်မြေရဲ့ သစ်သားလှေလေးတွေတောင် ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ပင်လယ်ဆီ ရောက်လာနိုင်သေးတာပဲ၊ ဘယ်လိုလုပ် အဲဒီ့လှေသုံးစင်းကပါ မရောက်နိုင်ရမှာလဲ?"
ရှုယီက ခေါင်းခါသည်၊ "ပင်လယ်ပြင်မှာ ကြိုတင်ခန့်မှန်းလို့မရတာတွေ များတယ်။ ကျုပ်တို့ အားလုံးအတွက် ပြင်ဆင်ထားပေမယ့်လည်း ကျုပ်တို့ ကြိုတင်မှန်းဆမရတာတွေအတွက် အမြဲစိုးရိမ်မိတယ်။"
"ဒါက ကျုပ်တို့ ဂရုစိုက်ရမယ့်အရာမဟုတ်ဘူးမို့လား?" နျူမန်က ပခုံးတစ်ချက်တွန့်လာသည်၊ "ဘာပဲဖြစ်ဖြစ် ပြင်ဆင်မှုအားလုံးလုပ်ထားတော့ ကျန်တာတွေကို သူတို့နဲ့ လွှဲထားလိုက်ပါ။"
ရှုယီမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းငြိမ့်သည်၊ "အင်း၊ ဒါက ကျုပ်အနေနဲ့ ဆုံးရှုံးမှာတွေ ပြန်ရမှာတွေကြောင့် ယိမ်းယိုင်နေတာပါ၊ ကျုပ်အနေနဲ့ သူတို့ကို ပိုပြီးယုံကြည်ထားသင့်တာပဲ။"
"ဒီလိုမှပေါ့။" နျူမန်က ရှုယီအား အပြုံးဖြင့် ပခုံးပုတ်ပေးလေသည်။
ရှုယီလည်း ပြုံးလိုက်ပါ၏။ သူ့အနေနှင့် အနှီမှော်သင်္ဘောသုံးစင်းမှာ စိုင်စ်နယ်မြေကြီးတွင် ပထမတန်းစားသင်္ဘောများဖြစ်သော်လည်း ကမ္ဘာမြေမှသင်္ဘောများကို မယှဉ်နိုင်သဖြင့် နျူမန်ထက် အမြဲပိုကာ စိုးရိမ်နေရသည်ဟု ထင်သည်။
ကမ္ဘာမြေရှိ သင်္ဘောများထံတွင် နည်းပညာမြင့်ကိရိယာများတပ်ဆင်ထားပြီး ပင်လယ်ပြင်၌ တစ်ခုခုဖြစ်ပွားထားကြောင်း တည်နေရာညွှန်ပြသည့် GPS ဂြိုဟ်တုများလည်း ရှိပေသည်။ အနှီမှော်သင်္ဘောများမှာ အတော်လေးလိုအပ်နေသေးသဖြင့် မတော်တဆများဖြစ်ပွားနိုင်လောက်သည်။
မှန်ပါ၏၊ ၎င်းမှာ ရှုယီအနေနှင့် နျူမန်နှင့်မတူညီသည့်ရှုထောင့်မှ ကြည့်ထားသော ပြဿနာပင်။
နျူမန်၏ရှုထောင့်မှဆိုလျှင် အနှီမှော်သင်္ဘောသုံးစင်းမှာ သာမန်သစ်သားလှေများထက် များစွာပိုမိုခိုင်ခံသဖြင့် တစ်ခုခုဖြစ်ပွားဖို့ မဖြစ်နိုင်လှပေ။
"ဟုတ်သားပဲ ပင်လယ်ပြင်က မတော်တဆတွေကို ပြောရရင်.... တကယ်တော့ စတက်တိန်းနယ်မြေနဲ့ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ကြားကပင်လယ်ပြင်မှာ ပင်လယ်ဓားပြအတော်များများရှိတယ်...." ထို တစ်ဝက်လောက်ပြောပြီးနောက် နျူမန်မှာ မိမိကိုယ်ကို သရော်ဟန် တစ်ချက် ရုတ်တရတ်ပြုံး၍ ခေါင်းခါ၏၊ "ဟုတ်သားပဲ ဒါကို စိုးရိမ်ဖို့မလိုဘူး။ ကျုပ်သာမမှားရင် ခင်ဗျား အဲဒီသင်္ဘောသုံးစင်းအတွက် စစ်ဘက်သုံးမှော်စက်တွေများများစားစား ထောက်ပံ့လိုက်တယ်မို့လား?"
ရှုယီက ရယ်ကာ ပြန်မဖြေပေ။
နျူမန်က နားလည်ဟန်ပြုံးကာ ဆက်မမေးတော့။
အနှီမှော်သင်္ဘောသုံးစင်က ပင်လယ်အနက်ပိုင်းသို့ တိုးဝင်သွားပြီဖြစ်ရာ အခမ်းအနားလည်း ပြီးဆုံးသွားသည်။
ရှုယီက နျူမန်ကို သူ၏အိမ်တော်သို့ ဧည့်သည်အဖြစ် ဖိတ်ခေါ်လိုက်သည်။
နျူမန်မှာ ဤနေရာသို့ အထူးတလည်ခရီးထွက်လာခြင်းဖြစ်ပြီး ထိုအခမ်းအနားတက်တာလောက် မရိုးရှင်းလှပေ။
သူဟာ ဘုရင်ကြီးတဲရုစ်၏ အမိန့်တော်ကိုလည်း ယူဆောင်လာပါ၏။
"ဥက္ကဌရှု အရှင်မင်းကြီးက ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်နဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကြားက ဆက်ဆံရေးကို နက်ရှိုင်းစေချင်တာကြောင့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့နိုင်ငံမှာ ပိုပြီး ရင်းနှီးမြှုပ်နှံလာဖို့လည်း မျှော်လင့်နေတယ်။ စာရင်းတွေအရဆို အခု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံထားတဲ့ အိမ်သုံးမှော်စက် စက်ရုံသုံးဆယ့်ခုနစ်ရုံက အရေအတွက် နည်းနည်းလေးတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လမ်ပူရီတိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ အိမ်သုံးမှော်စက် စက်ရုံ တစ်ရာလေးဆယ့်သုံးရုံနဲ့ယှဉ်ရင် ခြားနားချက်က ကြီးတယ်။" နျူမန်က လေးနက်ဟန်ဖြင့်ဆိုသည်။
ရှုယီက အသာပြုံး၏၊ "ဒါကိုတော့ ယှဉ်မရဘူးပေါ့။ လမ်ပူရီတိုင်းပြည်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့တဲ့နေရာဖြစ်ပြီး အဲ့မှာလည်း အနက်ရှိုင်းဆုံးအုတ်မြစ်တွေရှိတာကြောင့် အဲ့မှာ စက်ရုံအများဆုံး တည်ထောင်မှာပဲပေါ့ဗျာ။"
နျူမန်က ခေါင်းငြိမ့်သည်၊ "အင်း ဒါက အရှင်မင်းကြီးနားလည်ပေးနိုင်တဲ့ အရာဆိုပေမယ့်လည်း အရှင်မင်းကြီးအနေနဲ့ ကျုပ်တို့နိုင်ငံက Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်ထက်ပိုပြီး ထောက်ပံ့နေတယ်လို့ ခံစားမိတယ်ဆိုတော့ ဥက္ကဌရှုက ဘာလို့ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ မစဉ်းစားရတာလဲ? ခင်ဗျားသိထားရမှာ.... ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့လုပ်ငန်းစုမှာ အခွန်ငွေ ရွှေဒင်္ဂါးတစ်သန်းကျော်ပေးခဲ့တာကြောင့် အကျိုးအမြတ်ကို ပြောပြနေဖို့ မလိုတော့ဘူး...."
ရှုယီမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းငြိမ့်လာသည်၊ "အရှင်မင်းကြီးတဲရုစ်က ကျုပ်တို့လုပ်ငန်းစုကို အတော်လေးထောက်ပံ့နေတာ သိပြီး ကျုပ်လည်း အရမ်းကျေးဇူးတင်မိပါတယ်။ ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုတိုးဖို့ အစီစဉ်ကတော့ ရှိပြီးသားပါ။ အစီစဉ်ချဖို့ ဒုတိယနှစ်တစ်ဝက်မှာ ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်အတွက် ရွှေဒင်္ဂါး နှစ်သန်းကျော်ရင်းနှီးမြှုပ်နှံမှာဖြစ်လို့ ခင်ဗျားတို့နိုင်ငံက လုပ်ငန်းစု နှစ်ဆယ့်ခြောက်ခုနဲ့ သဘောတူညီမှုရပြီးသားပါပဲ...."
"ဒါက လုံလောက်ဖို့ ဝေးနေသေးတယ်။" နျူမန်က ရုတ်တရတ် ရှုယီကို ဖြတ်ပြောကာ တည့်တည့်စိုက်ကြည့်လာသည်၊ "ဥက္ကဌရှု ခင်ဗျားအနေနဲ့ ကျုပ် ဆိုလိုရင်းကို ခန့်မှန်းမိထားပြီးလောက်မှာပါ။ အရှင်မင်းကြီးပြောတဲ့ ပူးပေါင်းမှုက အိမ်သုံးမှော်စက်တွေအပြင် ပိုအရေးကြီးတာဟာ.... စစ်ဘက်သုံးမှော်စက်တွေပါပဲ။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇။ ရူဒ်ဆန်တိုင်းပြည်၏ တောင်းဆိုမှု
နျူမန်၏ စကားများကိုကြားပြီးနောက် ရှုယီ တိတ်ဆိတ်သွားသည်။
ဖြစ်နိုင်ပါလျှင် သူဟာ Frestech ကုန်သည်ကြီးများအသင်းအား မည်သည်ကိုမှ မထုတ်ပြဘဲ စစ်ဘက်သုံးမှော်စက်နည်းပညာအလုံးစုံကို ထိန်းချုပ်စေချင်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုမှသာ သူ့အနေနှင့် အင်အားအရာတွင် အားသာပြီး အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
သို့သော် သူ၏စိတ်ထဲ၌ လမ်ပူရီတိုင်းပြည် ပြည်တွင်းစစ်တွင်ဖြစ်စေ စခ်တိုင်းပြည်နှင့် အတူတွဲလုပ်ဆောင်ခဲ့သည့် ဒုခ် ဝိန်းကို Frestech ကုန်သည်ကြီးများအသင်းမှ အနိုင်ယူစဉ်ကဖြစ်စေ စစ်ဘက်သုံးမှော်စက်များ၏ အံ့မခန်းစွမ်းပကားကြောင့် ၎င်းတို့ကို လုံးဝမချပြရန် မဖြစ်နိုင်ကြောင်း သိလိုက်သည်။
ကန်ဒရာအင်ပါယာမှာ ကီလိုမီတာ ထောင်ချီဝေးကွာပြီး စိုင်စ်နယ်မြေကြီး၌ ဆက်သွယ်ရေးနည်းပညာတို့ များစွာ မတိုးတက်သေးသဖြင့် စစ်ဘက်သုံးမှော်စက်တို့၏ စွမ်းပကားကို ချပြခဲ့သော စစ်ပွဲနှစ်ပွဲထံမှ အသေးစိတ်များ ၎င်းတို့ထံ များများစားစားမရှိပေ။ ထို့ကြောင့် ကန်ဒရာအင်ပါယာမှာ ၎င်းကို စိတ်ဝင်စားရုံသာဖြစ်သော်လည်း စွဲစွဲလန်းလန်းမဟုတ်သောကြောင့် ရှုယီမှာ ၎င်းကို သံတမန်ဟာကာနင်ထံမှ အလွယ်တကူ ဖုံးထားနိုင်သည်။
သို့ရာတွင် ရူဒ်ဆန်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်တို့မှာ စတက်တိန်းနယ်မြေ၏ အိမ်နီးချင်းများဖြစ်ပြီး ၎င်းတို့အကြား ဆက်ဆံရေးများစွာလည်းရှိသည်။ ၎င်းတို့အနေနှင့် စစ်ပွဲနှစ်ပွဲ၏ အသေးစိတ်များကိုသိကာ စစ်ဘက်သုံးမှော်စက်များ၏ စွမ်းပကားကို သဘာဝကျကျ နက်နဲစွာ နားလည်နေပေမည်။
ရူဒ်ဆန်တိုင်းပြည်အနေနှင့် စစ်ဘက်သုံးမှော်စက်များကို စိတ်ဝင်တစားရှိခြင်းမှာ ရှုယီ ကြိုတင်ခန့်မှန်းထားပြီးသာ အရာဖြစ်သည်။
ထို့အပြင် ရှုယီ၏ အစီစဉ်အရ သူ့အနေနှင့် ရူဒ်ဆန်တိုင်းပြည်ထံ စစ်ဘက်သုံးမှော်စက်နည်းပညာ တစ်စိတ်တပိုင်းပေးဖို့ ပြင်ဆင်ထားပြီးသားဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ ၎င်းတို့ကို မည်သို့ပေးရမည်ဟူသည် ဖြစ်၏။
ခဏတာတိတ်ဆိတ်နေပြီးနောက် ရှုယီက အပြုံးဖြင့် မေးလိုက်လေသည်၊ "အရှင်မင်းကြီးက ဘယ်လိုစစ်ဘက်သုံးမှော်စက်များကို စိတ်ဝင်စားတာတဲ့လဲ?"
"အားလုံးပဲ" နျူမန်က လက်ဆန့်ကာ အလေးအနက်ဆိုသည်၊ "ဥက္ကဌရှု အရှင်မင်းကြီးအနေနဲ့ စစ်ဘက်သုံးမှော်စက်နည်းပညာ အလုံးစုံရဖို့ကို မျှော်လင့်နေတယ်။"
"မဖြစ်နိုင်တာ" ရှုယီမှာ သူ့အား တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်၊ "စစ်ဘက်သုံးမှော်စက်တွေက ကျုပ်တို့လုပ်ငန်းစုအနေနဲ့ သုတေသနလုပ်နေဆဲမို့လို့ လွှဲပေးဖို့ မဖြစ်နိုင်သေးဘူး။ ပြီးတော့.... ပိုပြီး မယဉ်မကျေးပြောရရင် ကျုပ်တို့လွှဲပေးလိုက်ရင်တောင် ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်က သက်ဆိုင်ရာစစ်ဘက်သုံးမှော်စက်တွေကို လုပ်နိုင်မှာမဟုတ်ဘူး။"
နျူမန်က ရယ်မောကာ ရှုယီ၏ စကားများကို လုံးဝဂရုမစိုက်ပေ။
"ဒါက ပြဿနာမဟုတ်ပါဘူး။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ပူးပေါင်းဖို့ ဆန္ဒရှိနေသရွေ့ ကျုပ်တို့ နားလည်မယ်လို့ထင်တာပဲ။"
ရှုယီက ခေါင်းခါသည်၊ "နျူမန် စစ်ဘက်သုံးမှော်စက်တွေ ထုတ်လုပ်တာက ပြီးပြည့်စုံတဲ့ စနစ်တစ်ခု ထောက်ပံ့ပေးဖို့လိုအပ်တယ်၊ ဒါက ကျုပ်တို့လုပ်ငန်းစုအနေနဲ့ ခင်ဗျားတို့ကို နည်းပညာပေးလိုက်ရင်တောင် လုပ်နိုင်ပါ့မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ ခင်ဗျားတို့ဆီမှာ နည်းပညာဆိုင်ရာ အခြေစိုက်ဌာနရှိရင်တောင် လူတွေနဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လာရင် အခြေခံအုတ်မြစ်မရှိကြတော့ ဒီစစ်ဘက်သုံးမှော်စက်တွေ လုပ်ဖို့ မဖြစ်နိုင်ဘူး။"
နျူမန်မှာ ရှုယီ၏ မျက်လုံးများကိုကြည့်ရင်း လုံးဝအကြည့်မလွှဲပေ။
သူဟာ အမှန်ကို ပြောနေခြင်းပင်။
ရူဒ်ဆန်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ၂နှစ်အောက်မျှသာ ပူးပေါင်းခဲ့ရပြီး ၎င်းတို့၏ မှော်စက်မှုနယ်ပယ်ကလည်း အားနည်းနေဆဲပင်။ ထိုအနေအထားနှင့် ရူဒ်ဆန်တိုင်းပြည်မှာ မှော်ပန်ကာတစ်လုံးပင် မလုပ်နိုင်သေးရာ မည်သို့မျုး နည်းပညာလိုအပ်ချက် အတော်လေးပိုမြင့်သည့် စစ်ဘက်သုံးမှော်စက်များကို နားလည်ပါမည်နည်း?
နျူမန်လည်း ခဏတာ တိတ်ဆိတ်နေပြီးနောက် အလေးအနက်အသံဖြင့်ဆိုလာသည်၊ "ဥက္ကဌရှု ကျုပ် အမှန်ကို မဖုံးထားတော့ဘူး။ အရှင်မင်းကြီး စစ်ဘက်သုံးမှော်စက်တွေကို စိတ်ဝင်စားနေတာဟာ တကယ်တမ်း လမ်ပူရီတိုင်းပြည်ကြောင့်ပဲ....."
ရှုယီက နားလည်ပုံပြလာသည်။
နျူမန်မှာ တကယ်ကို တိုက်ရိုက်ကျပါ၏။
ရူဒ်ဆန်တိုင်းပြည်နှင့်စာလျှင် လမ်ပူရီတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်အတူလုပ်ဆောင်နေခဲ့ပြီး အဆင့်နိမ့် စစ်ဘက်သုံးမှော်စက်အချို့ကို နားလည်နိုင်နေပြီဖြစ်သည်။ ထို့အပြင် လမ်ပူရီတိုင်းပြည် တော်ဝင်စစ်တပ်မှာ မှော်ထပ်ဆင့်လေးများစွာရထားပြီး စစ်ပွဲအင်အားတိုးစေသည့် မှော်လောင်ချာ အပိုင်းလေးတစ်ခုလည်း ရထားသည်။
လွန်ခဲ့သည့် တစ်လက လမ်ပူရီတိုင်းပြည် မြောက်ပိုင်း သေမင်းတောင်တန်းများတွင် မြောက်ဘက်စစ်တပ်မှာ စခ်တိုင်းပြည်ထံ ဝင်ရောက်၍ ၎င်းတို့၏ သွေးဆာဝံပုလွေတပ်ရင်းကိုတိုက်ခိုက်ခဲ့သည်။
အနှီတိုက်ပွဲများတွင် လမ်ပူရီတိုင်းပြည်၏ မြောက်ဘက်စစ်တပ်မှာ ကြီးကြီးမားမား အောင်ပွဲခံခဲ့ရသည်။ စခ်တိုင်းပြည်၏ သွေးဆာဝံပုလွေတပ်ရင်းမှာ သေမင်းတောင်တန်းများမှ မောင်းထုတ်ခံလိုက်ရပြီး လုံးဝ အထိန်းအကွပ်မဲ့နေတော့သည်။
စခ်တိုင်းပြည်မှာ သေမင်းတောင်တန်းများ၏ အကာအရံကို ဆုံးရှုံး၍ လမ်ပူရီတိုင်းပြည်၏ မြောက်ဘက်စစ်တပ်ထံမှ ခြိမ်းခြောက်ခံခဲ့ရသည်။
လမ်ပူရီတိုင်းပြည် စတင်တည်ထောင်ခဲ့သည့် လွန်ခဲ့သော နှစ်ရာချီကတည်းက ဤသည်မှာ လမ်ပူရီတိုင်းပြည်၏ စခ်တိုင်းပြည်ကို ဒုတိယအကြိမ်မြောက် တိုက်ခိုက် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ထိုတိုက်ပွဲများ၌ အထိရောက်ဆုံးအရာများမှာ မြောက်ဘက်စစ်တပ်ထံရှိ စစ်ဘက်သုံးမှော်စက်များပင်။
လမ်ပူရီတိုင်းပြည်၏ မူမမှန်သော လုပ်ရပ်များက အနီးဝန်းကျင်နိုင်ငံများ၏ အာရုံကို ဆွဲဆောင်မိသွားသည်။ ရူဒ်ဆန်တိုင်းပြည်အနေနှင့် လမ်ပူရီတိုင်းပြည်အား အမြဲ ဖော်ရွေခဲ့သော်လည်း ၎င်းကို သတိထားမိပါ၏။
ရူဒ်ဆန်တိုင်းပြည်အနေနှင့် စစ်ဘက်သုံးမှော်စက်များကို စိတ်ဝင်စားနေရခြင်းမှာ လမ်ပူရီတိုင်းပြည်နှင့် မျှခြေတွင် ရှိလို၍ဖြစ်သည်။
ရှုယီမှာ တိတ်ကျသွားပြီးနောက် ပြန်ဖြေလေသည်၊ "ကျုပ်လည်း အရှင်မင်းကြီး တဲရုစ်ရဲ့ စိုးရိမ်မှုကိုနားလည်ပါတယ်၊ ဒါပေမယ့် နျူမန် ခင်ဗျား နားလည်ထားရမှာက ကျုပ်ပြောတာ အမှန်တွေပဲ။ ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ လက်ရှိ မှော်စက်မှုနယ်ပယ်အုတ်မြစ်နဲ့ဆို အချိန်တိုလေးအတွင်းမှာ စစ်ဘက်သုံးမှော်စက်တွေ လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့အနေနဲ့ လမ်ပူရီတိုင်းပြည်အကြောင်း စိုးရိမ်နေရင် လက်တွေ့အကျဆုံးနည်းလမ်းက ခင်ဗျားတို့စစ်တပ်ကို ပိုအားကောင်းစေဖို့ ကျုပ်တို့လုပ်ငန်းစုဆီကနေ စစ်ဘက်သုံးမှော်စက်တွေ ဝယ်ယူတာပဲ။"
နျူမန်မှာ ရှုယီကို အထူးတဆန်းကြည့်လိုက်သည်၊ "ဥက္ကဌရှု ခင်ဗျားက ကျုပ်တို့ကို ရောင်းချင်ရုံလေးနဲ့ သက်ဆိုင်ရာနည်းပညာပေးဖို့ ငြင်းတာလား?"
ရှုယီက တစ်ချက် သရော်ပြုံး,ပြုံးလိုက်၏၊ "အဲ့လိုပြောလို့ရပေမယ့် ကျုပ် ဘာမှ မလိမ်ထားဘူး။ အဆုံးမှာ ဒါက အရှင်မင်းကြီးတဲရုစ်ချထားတဲ့ ဆုံးဖြတ်ချက်ပဲလေ။"
နျူမန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချ၍ ခေါင်းငြိမ့်လာသည်၊ "ဟုတ်ပြီလေ ဒါကို အရှင်မင်းကြီးဆီ တစ်ဆင့်ပြောလိုက်ပါ့မယ်။"
သူဟာ ခေတ္တရပ်တန့်ပြီးနောက် တစ်ချက်ပြုံးလာသည်၊ "ကျုပ်တို့ အခု ဒီလိုကိစ္စတွေကို ဖယ်ထားလို့ရတယ်၊ မတိုင်ခင်ကဆွေးနွေးခဲ့တဲ့ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်း ပိုပြီးရင်းနှီးမြှုပ်နှံဖို့အကြောင်း ပြန်ဆွေးနွေးကြတာပေါ့။ အရှင်မင်းကြီးက ကျုပ်တို့အနေနဲ့ ခင်ဗျားတို့လုပ်ငန်းစုကို ဦးစားပေးဆက်ဆံရေးတွေပေးနိုင်တယ်လို့ပြောခဲ့တယ်၊ အဓိက,ကတော့......"
နျူမန်ကို ပို့ဆောင်ပြီးနောက် ရှုယီမှာ အတန်ကြာ တိတ်တဆိတ်ထိုင်နေလိုက်သည်။
အနီးဝန်းကျင်နိုင်ငံများအနေနှင့် စစ်ဘက်သုံးမှော်စက်များ၏ စွမ်းပကားကို သတိထားမိကြသည်မှာ သိသာသည်။ ၎င်းတို့မှာ ကိုယ်ပိုင်စွမ်းအား တိုးစေရန် စစ်ဘက်သုံးမှော်စက်များနှင့် ၎င်းတို့စစ်တပ်များကို လက်နက်ဖြည့်မည့် နည်းလမ်းပေါင်းစုံကိုသုံးနေကြသည်။
လမ်ပူရီတိုင်းပြည်ထံတွင် သဘာဝကျကျအားသာချက်ရှိသောကြောင့် ထိုအပိုင်း၌ အခြားနိုင်ငံများကို အတော်လေး ဦးဆောင်ထားသည်။
ယခုထိတိုင် လမ်ပူရီတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များကို ပထမဆုံး ရရှိခဲ့ရုံမက ၎င်းတို့ကိုယ်တိုင်ပင် ဆောက်တည်နိုင်နေပြီဖြစ်သည်။ ၎င်းတို့အနေနှင့် မှော်ထပ်ဆင့်လေးများ အသေးစားမှော်လောင်ချာများကို ပြုလုပ်နိုင်နေပြီဖြစ်၏။
အခြားနိုင်ငံများမှာ လမ်ပူရီတိုင်းပြည်ကဲ့သို့ Frestech ကုန်သည်ကြီးများအသင်းနှင့် မနီးစပ်သဖြင့် ၎င်းတို့၏ အကောင်းဆုံးနည်းလမ်းမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များ တိုက်ရိုက်ဝယ်ယူရန်ဖြစ်သည်။
ဒရိတ်ခ်နယ်မြေနှင့် မီရန်ဒိုနယ်မြေတို့မှာ ၎င်းနှင့်ပတ်သတ်၍ အတော်လေး နှံ့စပ်သည်။
ထိုနှစ်နိုင်ငံမှာ နယ်မြေအသေးစားများဖြစ်ကြပြီး စစ်တပ်များကလည်း မကြီးမားလှသဖြင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အသုံးပြုနိုင်မည့် စစ်ဘက်သုံးမှော်စက်များကို တိုက်ရိုက်ဝယ်ယူခဲ့ကြသည်။
လမ်ပူရီတိုင်းပြည်နှင့်ယှဉ်ပါလျှင် ထိုနယ်မြေနယ်ခု၏ စစ်တပ်များမှာ ပို၍ ပြီးပြည့်စုံပြီး အဆင့်မြင့်မှော်စက်များလည်းရှိ၏။
မှန်ပါ၏၊ စစ်သည်အရေအတွက် အကန့်အသတ်ရှိသဖြင့် စစ်ဘက်အင်အားမှာ လမ်ပူရီတိုင်းပြည်ကို မယှဉ်နိုင်ပေ။
သို့သော် ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းနယ်မြေနှစ်ခုနှင့် ခြားနားပါ၏။
စာရင်းများအရ ရူဒ်ဆန်တိုင်းပြည်ထံတွင် စစ်သည်တစ်သိန်းကျော်ရှိပြီး တော်ဝင်မိသားစုထံရှိ စစ်သည်များမှာ အယောက်ခြောက်ထောင်ကျော်သည်။
၎င်းတို့သာ ဒရိတ်ခ်နယ်မြေနှင့် မီရန်ဒိုနယ်မြေတို့ကဲ့သို့ စစ်ဘက်သုံးမှော်စက်များကို အစုံလိုက်အပြည့်ဝယ်ယူလျှင် အနည်းဆုံး ရွှေဒင်္ဂါးသန်းနှစ်ဆယ်ကျော် သုံးစွဲရမည်ဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်၏ စီးပွားရေးက လမ်ပူရီတိုင်းပြည်ထက် အမြဲကောင်းနေလျှင်တောင် ရွှေဒင်္ဂါးသန်းနှစ်ဆယ်ကဲ့သို့ အံ့ဩဖွယ်ပမာဏမှာ ၎င်းတို့အကန့်အသတ်ကို ကျော်လွန်နေ၏။
ထို့ကြောင့် ရူဒ်ဆန်တိုင်းပြည်မှာ စစ်ဘက်သုံးမှော်စက်နည်းပညာကို အလိုရှိကာ ၎င်းတို့ကိုယ်ပိုင်စစ်ဘက်သူံးမှော်စက်များကို စတင်ထုတ်လုပ်လိုနေသည်။
သို့သော် ရှုယီ ပြောခဲ့သလိုပင် ရူဒ်ဆန်တိုင်းပြည်ထံ၌ အားနည်းသည့် အုတ်မြစ်ရှိပြီး စစ်ဘက်သုံးမှော်စက်များ ထုတ်လုပ်နိုင်မည့် အခွင့်အရေးမရှိပေ။ ထို့ကြောင့် ပို၍ လက်တွေ့ကျသောနည်းလမ်းမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူရန်ဖြစ်သည်။
၎င်းတို့အနေနှင့် မှော်လောင်ချာများ သို့မဟုတ် အဆင့်မြင့် စစ်ဘက်သူံးမှော်စက်များကို မဝယ်ယူသရွေ့ ကုန်ကျစရိတ်က လက်ခံ၍ ရလောက်သည်။
လမ်ပူရီတိုင်းပြည်၏ အဓိကရန်သူမှာ စခ်တိုင်းပြည်ဖြစ်ရာ ရူဒ်ဆန်တိုင်းပြည်ထံ၌ ၎င်းတို့၏စစ်တပ်များကို လက်နက်တပ်ဆင်ရန် အချိန်အပြည့်ရနေသည်။
ရှုယီမှာ ၎င်းကို ဘုရင်ကြီးတဲရုစ်က စဉ်းစားပြီးနောက် သဘောတူမည်မှာ သေချာသည်။
အဆုံးတွင် ရူဒ်ဆန်တိုင်းပြည်မှာ ကန်ဒရာအင်ပါယာကဲ့သို့ ဧရာမ မဟုတ်ပါချေ။ ၎င်းတို့အနေနှင့် စတက်တိန်းနယ်မြေကို အလုံးအရင်းဝင်တိုက်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ရယူဖို့ မဖြစ်နိုင်ပေ။
ဒုခ်ဝိန်းသည်ပင် စခ်တိုင်းပြည် ထောက်ပံ့မှုကို မည်သည်မှ မလုပ်နိုင်ခြင်းကြောင့် သဘာဝကျကျလေး နှင့် ရူဒ်ဆန်တိုင်းပြည်က ၎င်းတို့ကိုယ်ကိုအထင်ကြီးနေမည်မဟုတ်ပေ။
စခ်တိုင်းပြည်အကြောင်း ထပ်စဉ်းစားရင်း ရှုယီမှာ ပြဿနာတစ်ခုစဉ်းစားမိသွားသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်နှင့် နီးစပ်ပြီး စခ်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းအား တိုက်ခိုက်ရန် ဒုခ်ဝိန်းကို တိုကိခိုက်ခဲ့ခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းအတွက် စခ်တိုင်းပြည်နှင့် အလုပ်တွဲလုပ်ဖို့ မဖြစ်နိုင်တော့ပေ။ စခ်တိုင်းပြည်သာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်နည်းပညာကို ရယူလိုလျှင် သို့မဟုတ် ဝယ်ယူလိုလျှင် မဖြစ်နိုင်တော့ပေ။
သို့သော် စခ်တိုင်းပြည်မှာ စစ်ဘက်သုံးမှော်စက်များက မည်မျှ စွမ်းအားကြီးမားကြောင်း သိသဖြင့် သဘာဝကျစွာပင် ၎င်းကို အလျော့ပေးမည်မဟုတ်ပေ။
၎င်းတို့သာ ပွင့်ပွင့်လင်းလင်း မရယူနိုင်ပါလျှင် စခ်တိုင်းပြည်မှာ လျှို့ဝှက်လှုပ်ရှားမှုများ လုပ်လာလိမ့်မည်။
ထိုလှုပ်ရှားမှုများကိုမူ ရှုယီမှာ မည်သည့်အချက်အလက်မှလည်းမရထားသလို မည်သည့်ကြိုတင်မှန်းဆချက်များလည်း မရှိပေ။
ထိုသည်ကို စဉ်းစားမိချိန်တွင် ရုတ်တရတ် တံခါးမှ ခေါက်သံတစ်ချက်ထွက်လာသည်။
ရှုယီလည်း တအံ့တဩမော့ကြည့်လိုက်သော် ထရီဇာက တံခါးနားရပ်၍ အင်မတန်စိတ်ဓာတ်ကျနေကြောင်း တွေ့လိုက်ရ၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၈။ ထရီဇာ၏ နောက်ခံ
ရှုယီ အံ့ဩသွားသည်။ သူဟာ အမြန်ထကာ စိုးရိမ်နေသံဖြင့် မေးလိုက်၏၊ "ထရီဇာ, ဘာများလဲ? တစ်ခုခုဖြစ်ခဲ့တာလား?"
ထရီဇာက မျက်ရည်ဝဲနေသည့် မျက်လုံးဝိုင်းများဖြင့် မော့ကြည့်လာသည်။ သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များစီးကျလာနေရာ သူမကိုယ်သူမ အငိုရပ်ရန်လည်း မတတ်နိုင်တော့ပေ။
သူမ၏ ပုံစံကိုမြင်သော် ရှုယီ အံ့ဩသွားပါ၏။
သူ ထရီဇာကို ကယ်ခဲ့ကတည်းက သုံးနှစ်ကြာခဲ့ပြီဖြစ်သည်။ ဤသုံးနှစ်တာအတွင်း ရှုယီအနေနှင့် ဤလှပပြီး နူးညံ့သော သခင်မလေးမှာ တကယ်တမ်း အင်မတတန်သန်မာကြောင်း သိထားပြီး သူမစိတ်၏ အားနည်းသောဘက်ခြမ်းကို မည်သူ့ထံမှ မပြခဲ့ပေ။ ယခုတွင် ရုတ်တရတ် ဤသို့ဖြစ်လာရာ သူမအား ဝမ်းနည်းမှုပြည့်စေသည့် တစ်ခုခုရှိနေလောက်သည်။
၎င်းကိုစဉ်းစားရင်း ရှုယီမှာ သက်ပြင်းဖွဖွချ၍ နူးညံ့စွာ ဆက်ပြောလိုက်ပါ၏၊ "ထရီဇာ, မင်းမှာ ဘာအခက်ခဲတွေ ရှိနေတယ်ဆိုတာ ငါ့ကို ပြောလိုက်ပါ။ မင်း ဒီမှာ နေလာတာ သုံးနှစ်ရှိနေပြီ မင်းကို ငါ့မိသားစုလိုပဲ သဘောထားပြီးသားပါ။ မပြောပြနိုင်စရာမရှိပါဘူး။"
ထရီဇာက ရှုယီကို ငေးကြည့်လာရင်း မျက်လုံးများထဲ မျက်ရည်တို့က စုဝေးနေကြဆဲပင်။ နောက်ဆုံး၌ မျက်နှာထက် မျက်ရည်များ စီးကျလာ၏။
"ဥက္က.... ဥက္ကဌ ကျွန်မ..... ကျွန်မ....."
မည်သည်ကိုမှ မဆိုနိုင်ခင်တွင် ထရီဇာက ရုတ်တရတ် ထိုင်ချကာ သူမဒူးကိုပိုက်၍ ငိုတော့သည်။
ဝမ်းနည်းမှုအပြည့်ဖြင့် ထရီဇာကိုကြည့်ရင်း ရှုယီလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပေ။
သူဟာ ပုံမှန်အားဖြင့် ငိုနေသောမိန်းကလေးတစ်ဦးကို ချော့မော့သည့်အတွေ့အကြုံရှားသဖြင့် ဘာလုပ်သင့်လဲ မသိတော့ပေ။
ထိုသည်ကိုစဉ်းစားမိသော် သက်ပြင်းချကာ ပြောလိုက်သည်၊ "ငါ စတေးလ်ကို သွားရှာလိုက်မယ်။ မင်း ငါ့ကို မပြောပြနိုင်တာရှိရင် သူမကို ပြောပြလို့ရတယ်။ အားလုံး အတူတူပဲ။"
သို့သော် ရှုယီ တစ်လှမ်း,လှမ်းလိုက်သည်နှင့် တစ်ယောက်ယောက်က သူ၏ ဘောင်းဘီ အောက်နားစကို ဆွဲထားသည်အား ခံစားလိုက်ရသည်။
လှည့်ကြည့်သော် ထရီဇာ၏ လက်များက သူ၏ ဘောင်းဘီအောက်နားစကို တင်းတင်းဆုပ်ကိုင်ထားသည်အား တွေ့ရသည်။ သူမက ရှုယီကို အသနားခံဟန်အပြည့်ဖြင့် မော့ကြည့်လာ၏။
ရှုယီ ရှုပ်ထွေးသွားလေသည်။
ထရီဇာက မည်သူကိုမှမရှာဘဲ သူ့ကိုလာရှာရသည်အထိ မည်သည်များ ဖြစ်ခဲ့ပါသနည်း?
"ဒါဆို.... အီဗီတာကိုအစား လာခိုင်းလိုက်ရင်ရော?" ရှုယီ စမ်းမေးကြည့်လိုက်၏။
ထရီဇာက ဤနှစ်များအတွင်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်သုတေသနဌာနတွင် အလုပ်လုပ်နေခဲ့ခြင်းဖြစ်သဖြင့် အီဗီတာနှင့် အဆက်သွယ်များစွာ ရှိခဲ့သည်။ အီဗီတာမှာ ရှုယီရှေ့မှောက်၌ သူမအား ဆက်တိုက်ချီးကျူးနေခဲ့သဖြင့် ရှုယီမှာ သူမက အီဗီတာနှင့် အတော်အတန်ရင်းနှီးလောက်သည်ဟု စဉ်းစားမိသည်။
နှစ်ဦးစလုံးက မိန်းမငယ်လေးများဖြစ်ပြီး အီဗီတာက အသက်အနည်းငယ်ပိုကြီးသဖြင့် သူမကိုပြောရန် ပိုလွယ်လောက်သည်။
သို့သော် ထရီဇာက ခေါင်းခါကာ ပြောရန် တုံ့ဆိုင်းနေသည်။
ရှုယီလည်း အနည်းငယ် ကူရာမဲ့နေပါ၏။ စဉ်းစားကြည့်ပြီးနောက် သူဟာ ထရီဇာကို ဆွဲထူကာ သူမမျက်လူံးများထဲကြည့်ပြီးနောက် အလေးအနက်ဆိုလိုက်သည်၊ "ထရီဇာ, မင်းကို အခုနကပြောခဲ့တယ်၊ ငါ့အနေနဲ့ မင်းကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံထားတာကြောင့် မင်းမှာ ဘာအခက်အခဲတွေပဲ ကြုံရကြုံရ ငါ့ကို မိသားစုဝင်လိုသဘောထားပြီး ပြောပြလို့ရပါတယ်။ ငါ မင်းကို ကူညီနိုင်ရင် သေချာပေါက် တတ်နိုင်သလောက်လုပ်မှာပါ။ ငါပြောတာ နားလည်ရဲ့လား?"
ထရီဇာက ရှုယီကို ငေးစိုက်ကြည့်လာပြီးနောက် အသာခေါင်းငြိမ့်သည်။
"ဟုတ်ပြီ ထိုင်ပြီး ဘာဖြစ်တာလဲ ငါ့ကိုပြောပါ" ရှုယီက နံဘေးမှ ထိုင်ခုံကို ပြလိုက်ပြီး ၎င်းအရှေ့၌ ထိုင်လိုက်သည်။
ထရီဇာက အံကိုဖွဖွကြိတ်ပြီးနောက် ထိုင်ချလေသည်။
ရှုယီ၏ လေးနက်သောမျက်ဝန်းများကိုကြည့်ရင်း ထရီဇာ၏ မျက်နှာထက် ဝမ်းနည်းဟန်ပေါ်လာ၏။ တစ်အောင့်ကြာသည့်နောက် သူမက အသံဖွဖွဖြင့် ဆိုသည်၊ "ဥက္ကဌ ကျွန်မ ရှင့်ဘေးမှာ ရှိလာတာ သုံးနှစ်ရှိနေပြီဆိုပေမယ့် ဘယ်က လာခဲ့တယ်ဆိုတာ မပြောပြဖူးဘူးမို့လား?"
ရှုယီက ခေါင်းငြိမ့်၍ တည်ငြိမ်စွာပြောသည်၊ "လူတိုင်းမှာ လျှို့ဝှက်ချက်ဆိုတာရှိတာပဲ၊ ငါ့အနေနဲ့ တခြားလူတွေကို အတင်းပြောဖို့ မတောင်းဆိုပါဘူး။ မင်းမပြောချင်မှတော့ မမေးတော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းကို ထရီဇာလို့ ခေါ်တယ်လို့ သိထားရုံပေါ့။"
ရှုယီ လိမ်လိုက်သည်။
သူ၏အိမ်၌ သူစိမ်းတစ်ယောက်ကို နေထိုင်ခိုင်းခြင်းက ထိုသူစိမ်းမှာ လှပသိမ့်မွေ့ပြီး မည်သူ့ကိုမှ မထိခိုက်စေမည့် ယုန်ငယ်လေးအသွင်ဖြစ်နေမည်ဆိုလျှင်ဆောင် ရှုယီအနေနှင့် သူမကို အလွယ်လေးလက်ခံမည်မဟုတ်ပေ။
ထရီဇာကို ခေါ်သွင်းလာပြီးနောက် ရှုယီမှာ ထရီဇာကို စုံစမ်းဖို့ လူများလွှတ်ထားခဲ့သည်။
သို့သော် ကြည့်ရသည်မှာ ထရီဇာက ကျောက်ဆောင်အောက်မှ ထွက်လာသလိုပင်။ လမ်ပူရီတိုင်းပြည်၌ သူမ၏ အချက်အလက်မရှိပေ။
၎င်းက ရှုယီအနေနှင့် သူမအား အင်မတန်သံသယပွားလာစေသည်။
ထရီဇာ၏ ပညာရေးအရ သူမဟာ မျိုးရိုးမြင့်မိသားစုတစ်ခုမှ ဖြစ်လောက်သည်။ ထို့အပြင် သူမဟာ ထူးချွန်လှရာ ၎င်းတို့မှာ ကျော်ကြားမှုအချို့ရှိလောက်ကြသည်။
သို့သော် စုံစမ်းကြည့်ရာတွင် မည်သည့်သတင်းမှ ရှာမတွေ့သည်က တကယ်ကို ထူးဆန်းလှပါ၏။
ထို့ကြောင့် အစမှနေ၍ ရှုယီမှာ သူမကို သတိထားနေခဲ့သည်။
ထရီဇာအနေနှင့် မှော်ပညာအတွက် အရည်အချင်းထုတ်ပြုခဲ့ပြီး မှော်စက်များ၌ အခြားလူများကို ကျော်လွန်နေသော နားလည်မှုကို ထုတ်ပြခဲ့လျှင်တောင် အလုပ်အတွက် မှော်သုတေသနဌာနသို့ ဝင်ရောက်ခဲ့သဖြင့် ရှုယီမှာ သူမအနေနဲ့ အဓိကနည်းပညာကို မချဉ်းကပ်စေနိုင်ရန် တိတ်တိတ်ကလေး ထိန်းချုပ်ခဲ့ပါ၏။
သို့သော် ထရီဇာမှာ သုံးနှစ်တာကြာအောင်ရှိနေခဲ့ရာ ရှုယီမှာ မည်သည့်သတင်းမှ ရှာမတွေ့ခဲ့သော်လည်း ဤနှစ်များတွင် သူမဟာ အင်မတန်ပုံမှန်ဖြစ်ခဲ့သည်။
တဖြည်းဖြည်းဖြင့် ရှုယီလည်း သူမ၏ နောက်ခံပြဿနာကို စတင်လျစ်လျူရှုခဲ့လိုက်တော့သည်။ သူဟာ သူမအား နောက်ခံထူးဆန်းသည့် ကလေးမလေးတစ်ဦးအဖြစ် ဆက်ဆံရုံသာ။
လွန်ခဲ့သည့် တစ်နှစ်က ထရီဇာမှာ ရှုယီနေရာမှပြောင်း၍ မှော်သုတေသနဌာန၏ အိပ်ဆောင်သို့ ရွှေ့ရန် ဆင်ခြေတစ်ခုပြုလာသည်။
ဤနေရာကို ရှုယီ၊ စတေးလ်နှင့် အခြားလူများကို တစ်ခါတရံ ကြည့်ရှုရန်လာရောက်ခြင်းမှလွဲ ရှုယီနှင့်ဆက်သွယ်မှု နည်းပါးလှသည်။
သူမက ရုတ်တရတ် ယနေ့ ဤနေရာသို့ရောက်လာကာ ရှုယီထံ ထိုအမူအပြထားသည်က အတော်လေးထူးဆန်းသည်။
ရှုယီ၏ စကားများကို ကြားသော် ထရီဇာမှာ လှုံ့ဆော်ခံလိုက်ရဟန်ရှိသည်။ သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ခေါင်းငြိမ့်လေ၏။ ထို့နောက် ခဏတာ တိတ်ဆိတ်နေပြီး အသံတိုးတိုးဖြင့်ဆိုလာသည်၊ "ဥက္ကဌ.... ဥက္ကဌ၊ ရှင်.... ရှင် အရင်သုံးနှစ်အကြာက ကျွန်မကို ကယ်ခဲ့တဲ့အချိန်ကို မှတ်မိသေးလား?"
ရှုယီက အသာပြုံးသည်၊ "ဒါပေါ့။ မင်း ငါ့ရှေ့မှာ မူးလဲသွားတာလေ၊ ငါတောင် မင်းကို သူဆင်းရဲထင်သွားတာ။ ဒါပေမယ့် မင်းကို ခေါ်လာပြီး ရေချိုးပေးခိုင်းလိုက်တော့မှ အရမ်းလှတဲ့မိန်းကလေးကို ခေါ်လာမှန်းသိလိုက်ရတယ်။"
ထရီဇာက အနေရခက်ဟန်ပြုံးပြလိုက်ပြီးနောက် တစ်ဖန် စိတ်ဓာတ်ကျသွားဟန်ပေါ်လာသည်။ သူမက အသက်ပြင်းပြင်းရှူကာ ဆက်ပြော၏၊ "ဥက္ကဌ အဲ့အချိန်က.... ကျွန်မ ကီလိုမီတာ နှစ်ထောင်လောက်ထွက်ပြေးလာပြီး ဆက်သွားဖို့ဘာအင်အားမှမရှိတော့ ဆက်ရှင်သန်ဖို့ မူးလဲသွားရတာပဲ။ ရှင်သာ မကယ်ခဲ့ရင် လမ်းပေါ်မှာ သေနေလောက်ပါပြီ။"
"ကီလိုမီတာ နှစ်ထောင်?" ရှုယီမှာ ထရီဇာ၏ စကားများထဲမှ အဓိကအချက်ကို ရှာတွေ့သွားသည်။
လမ်ပူရီတိုင်းပြည်မှာ ကြီးမားလှသည့်နိုင်ငံမဟုတ်သဖြင့် အရှေ့မှ အနောက် သို့မဟုတ် မြောက်မှတောင် ကီလိုမီတာ နှစ်ရာကိုရောက်ရန် မဖြစ်နိုင်ပေ။
ဘန်တာမြို့တော်မှာ လမ်ပူရီတိုင်းပြည် တောင်ပိုင်း၌ ရှိနေသေးသည်။ ထရီဇာသာ ကီလိုမီတာနှစ်ထောင်ကျော် လာခဲ့ရလျှင် အခြားနိုင်ငံမှလာခဲ့ခြင်းသာဖြစ်ရမည်။
ရှုယီ၏ အံ့အားသင့်နေဟန်ကိုမြင်သော် ထရီဇာက အသာခေါင်းငြိမ့်၏၊ "ဟုတ်ပါတယ် ဥက္ကဌ ကျွန်မရဲ့ နောက်ခံကို မပြောပြခဲ့တာက.... လမ်ပူရီတိုင်းပြည်က မဟုတ်လို့ပါပဲ၊ ပြီးတော့ ကျွန်မလာခဲ့တာက.... စခ်တိုင်းပြည်ကပါ။"
ရှုယီ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် တည်ငြိမ်မှု ပြန်ရလာသည်။
ထိုအဖြေက အံ့အားသင့်ဖွယ်ကောင်းသော်လည်း ရှုယီမှာ စဉ်းစားပြီးနောက် ထူးဆန်းသည်ဟု မထင်တော့ပေ။
ဤအဖြေကသာ အဘယ့်ကြောင့် ရှုယီအနေနှင့် လမ်ပူရီတိုင်းပြည်တွင် ထရီဇာအကြောင်း ရှာမတွေ့သည်ကို ဖြေရှင်းပေးလိမ့်မည်။
စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်၏ ရန်သူဖြစ်သဖြင့် စခ်တိုင်းပြည်ကိုစုံစမ်းဖို့ အင်မတန်ခက်ခဲသည်။
စဉ်းစားပြီးတောက် ရှုယီက အသာပြုံးကာ ပြောသည်၊ "စခ်တိုင်းပြည်က လာတာက ဘာမှမဖြစ်ပါဘူး။ စခ်တိုင်းပြည်နဲ့ လမ်ပူရီတိုင်းပြည်က ရန်သူတွေဆိုပေမယ့်လည်း ဒါက စခ်တိုင်းပြည်ရဲ့လူတိုင်းက ရန်သူဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ ထရီဇာ မင်း ဒါကို စိုးရိမ်ဖို့မလိုဘူး။"
ထရီဇာက ရှုယီကို ကျေးဇူးတင်ဟန်စွက်သည့်အကြည့်များဖြင့်ကြည့်လာသည်။
"ဥက္ကဌ ရှင်က အမြဲတမ်း သဘောထားကြီးတာ ကျွန်မသိပါတယ်။ ရှင်က အစေခံတွေကိုတောင် မျှမျှတတဆက်ဆံတာကြောင့် ရှင့်အနေနဲ့ ကျွန်မ စခ်တိုင်းပြည်ကလာတယ်ဆိုပြီး ရန်လိုနေမှာမဟုတ်တာကို သေချာပေါက် ယုံကြည်ပါတယ်။ ဒါပေမယ့်... ကျွန်မ လမ်ပူရီတိုင်းပြည်ကို ထွက်ပြေးလာပြီး လမ်ပူရီတိုင်းပြည်သားတွေက ရှင့်လောက် သဘောထားမကြီးဘူးလေ။ ဒီတော့ ကျွန်မရဲ့ နောက်ခံကိုဖုံးထားရတယ်။ ဥက္ကဌ ရှင်.... ကျွန်မကို အပြစ်မတင်ဘူးမို့လားဟင်?"
ရှုယီက ပခုံးတွန့်သည်၊ "ဒါပေါ့ အပြစ်မတင်ပါဘူး၊ ဒါပေမယ့် ထရီဇာ, အဆုံးကျရင် မင်းက အဓိကအချက်ကို နားမလည်ဘူး။ မင်းက ဒီမှာနေတာ သုံးနှစ်ရှိပြီး စခ်တိုင်းပြည်ကနေ ထွက်ပြေးလာတယ်ပြောမှတော့ မင်းအရင်က ဘယ်ကလာတာဖြစ်ဖြစ် ဘာကြောင့်ထွက်ပြေးတာဖြစ်ဖြစ် သုံးနှစ်အကြာတည်းက ပြီးခဲ့ပြီပဲ။ ဒီတော့ဘာလို့များ.... ဒီနေ့မှ ဒီလိုဖြစ်နေတာလဲ?"
သူမမေးလျှင်အဆင်ပြေဦးမည်၊ သို့သော် ထိုသို့လုပ်လိုက်ချိန်၌ ထရီဇာ၏မျက်နှာက ဝမ်းနည်းမှုတို့ပြည့်သွားကာ မျက်ဝန်းများထဲ မျက်ရည်တို့ရစ်သိုင်းလာတော့သည်။
ရှုယီမှာ သူမက ခေါင်းငုံ့၍ ငိုတော့မည်ပြုနေသည်ကို တိတ်တဆိတ်ကြည့်လိုက်ရင်း ဆက်ပြောမည်ကို တိတ်ကာစောင့်နေလိုက်၏။
သူမသာ သူ့ကိုအရာအားလုံးပြောပြရန် လာမရှာပါလျှင် ထရီဇာမှာ သူ့ရှေ့၌ သရုပ်ဆောင်နေဖို့မလိုပေ။
သူမ အပြောအရ ဤမျှ သူမကို ဝမ်းနည်းစေခဲ့သည်အရာမှာ စခ်တိုင်းပြည်မှ ထွက်ပြေးလာခြင်းနှင့် ဆိုင်လိမ့်မည်။
ရှုယီ ပထမဆုံး ထရီဇာကို ခေါ်လာချိန်က သူမကိစ္စများကို စတေးလ်မှလွဲ၍ မည်သူ့ကိုမှ မပြောပြခဲ့ပေ။ ထရီဇာကို စုံစမ်းနေသူများပင် လျှို့ဝှက်လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် ထရီဇာမှာ ထိုကိစ္စကိုကြုံရပြီး ရှုယီကို ချက်ချင်း လာရှာသည်ကလည်း သဘာဝပင်။
မည်သို့ဖြစ်ဖြစ် ထရီဇာက အကြမ်းခံသူဖြစ်၏။ အနည်းငယ် ငိုရှိုက်ပြီးနောက် သူမက မျက်ရည်များသုတ်ကာ ခေါင်းပြန်မော့လာသည်။ သူမက ရင်ဘတ်ထဲမှာ သေသေသပ်သပ်ခေါက်ထားသော သတင်းစာတစ်စောင်ကိုထုတ်လိုက်လေသည်။
ရှုယီလည်း တစ်ချက်ယူကြည့်လိုက်သော် သတင်းစာထက်တွင် မျက်ရည်စက်များကိုတွေ့ရခေသည်။ ၎င်းကို ဖတ်စဉ်က ထရီဇာ ငိုယိုနေခဲ့သည်မှာ သိသာပါ၏။
ဖွင့်ကြည့်လိုက်သော် ၎င်းက ⟨ လမ်ပူရီ အပတ်စဉ် ⟩တစ်စောင်ဖြစ်ကြောင်း တွေ့ရသည်။
ရှုယီက ထရီဇာကို မျက်မှောင်ကုပ်ပြီးကြည့်လာရာ အသာပြောလိုက်သည်၊ "ဥက္ကဌ သတ္တမစာမျက်နှာကို ဖတ်ကြည့်ပါ။"
"သတ္တမစာမျက်နှာ?" ရှုယီ မျက်မှောင်အသာကုပ်လေသည်။
သူ မှတ်မိသည်က မှန်လျှင် ⟨ လမ်ပူရီအပတ်စဉ် ⟩၏ စာမျက်နှာ ခုနစ်နှင့် ရှစ်မှာ အနီးဝန်းကျင်နိုင်ငံများ၏ သတင်းဖြစ်သည်။
စာမျက်နှာခုနစ်ကိုလှန်ကြည့်သော် ရေစိုနေသဖြင့် ခေါင်းစဉ်ကို သေချာမမြင်ရသည့်စာကြောင်းတစ်ခုကို သတိထားမိသည်။
စခ်တိုင်းပြည် ဒိုမီနစ်မြို့တော်၏ ဘဏ္ဍာရေးရုံးဝန်ထမ်း ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်အား ပုန်ကန်သူအဖြစ် သံသယရှိသဖြင့် သူ၏ တစ်မိသားစုလုံး အဖမ်းခံကာ ကွပ်မျက်ခံခဲ့ရသည်။
ရှုယီမှာ ရုတ်တရတ် ဝမ်းနည်းနေသူ ထရီဇာကိုကြည့်လိုက်သည်။
ထရီဇာက အသက်ပြင်းပြင်းရှူသည်၊ "ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်က ကျွန်မအဖေပါ။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၉။ တစ်ဦးထက်တစ်ဦး ပိုမိုသာလွန်အောင် ကြိုးစားခဲ့ကြသော မဟာမှော်ပညာရှင်နှင့် နတ်သူငယ်အကြီးအကဲ
ကောင်းကင်က တဖြည်းဖြည်းမှောင်လာ၏။
ခရမ်းရောင်ဝတ်စုံဖြင့် အိမ်တော်အပြင်ဘက် အမှောင်ထုထဲပျောက်ကွယ်သွားသော ထရီဇာကိုကြည့်ရင်း ရှုယီမှာ သက်ပြင်းမချမိဘဲ မနေနိုင်တော့ချေ။
ထရီဇာမှာ နောက်ဆုံး၌ သူမ၏ နောက်ခံကို ဖော်ပြလာသော်လည်း ၎င်းက သူထင်မှတ်မထားခဲ့သည့် အရာဖြစ်ပေသည်။
⟨ လမ်ပူရီ အပတ်စဉ် ⟩ရှိ သတင်းအရ ထရီဇာကို ယခုတွင် လုံးဝတစ်ကိုယ်တည်းဟု ယူဆနိုင်သည်။
ပုန်ကန်မှုမှာ လမ်ပူရီတိုင်းပြည်၌ ဖြစ်စေ စခ်တိုင်းပြည်၌ဖြစ်စေ သို့မဟုတ် အခြားတိုင်းပြည်တစ်ခုခု၌ဖြစ်စေ တိုင်းပြည်၏ အကြီးလေးဆုံးပြစ်မှုများအနက် တစ်ခုဖြစ်ပါ၏။
ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ် အနေနှင့် ပုန်ကန်မှုတွင် ပါဝင်လိုက်ကတည်းက တစ်မိသားစုလုံး ကွပ်မျက် ခံရမှာ သံသယဝင်စရာပင်မလိုချေ။
ထရီဇာ ယခင်က ထွက်မလာခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူမလည်း ကွပ်မျက်ခံရနိုင်သလို ထို့ထက်ဆိုးသည့် ကံကြမ္မာကိုပင် ရင်ဆိုင်ရနိုင်သည်။
သို့သော် ထရီဇာကို ထိုမျှ ဝမ်းနည်းစေသည်မှာ ၎င်းကြောင့်တင်မကပေ။
ထရီဇာ၏ အပြောအရ သူမ၏ မိသားစုထံမှ ထွက်ခွာကာ လမ်ပူရီတိုင်းပြည်သို့ ဝင်ရောက်လာချိန်တွင် ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်က သူမအား မည်သည်ကိုမှမပြောဘဲ သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားကို ဤနေရာသို့ ခေါ်လာခိုင်းခဲ့သည်။
သူမ ရောက်လာပြီးနောက် ထိုလက်အောက်ငယ်သားက ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်မှာ သူမအား စခ်တိုင်းပြည်ထံ ဘယ်တော့မှ ပြန်မလာစေချင်သလို လမ်ပူရီတိုင်းပြည်၌ ကောင်းကောင်းနေထိုင်ရန် နေရာတစ်ခုရှာဖို့ ပြောခဲ့သည်။
ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်အနေနှင့် လမ်ပူရီတိုင်းပြည်ရှိ သူ၏အဆက်အသွယ်များဖြင့် ထရီဇာ အတွက် တစ်နေရာလောက် ပြင်ဆင်ပေးချင်သော်လည်း ၎င်းတို့ရောက်လာသည်နှင့် ၎င်းတို့ကို ကူညီခဲ့သော လမ်ပူရီတိုင်းပြည်သားက ၎င်းတို့ကို ရောင်းချခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထရီဇာကို ကာကွယ်ရန်အလို့ငှာ ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်၏ လက်အောက်ငယ်သားက သေသည်အထိတိုက်ခိုက်၍ ထရီဇာကို ထွက်ပြေးဖို့ကူညီရုံသာ တတ်နိုင်ခဲ့သည်။
ထရီဇာအနေနှင့် စခ်တိုင်းပြည်သို့ ပြန်ခိုးဝင်ကာ ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်အား ထိုအကြောင်းမေးလိုသော်လည်း နည်းလမ်းလုံးဝရှာမတွေ့ပါချေ။
သူမနောက် လိုက်လာကြသည့် စစ်သည်များကို ရှောင်တိမ်းရန်အလို့ငှာ ထရီဇာမှာ တောင်ပိုင်းသို့သာ ဆက်လာနိုင်ခဲ့ပြီး စခ်တိုင်းပြည်နှင့် ဝေးသည်ထက်ဝေးစေခဲ့သည်။
အဆုံးတွင် သူမဟာ ဘန်တာမြို့သို့ရောက်ရန် သူမ၏ မှော်ပညာရှင်တစ်ဦးအဖြစ် အရည်အချင်းကို မှီခို၍ ဤနေရာသို့ရောက်လာရန် အားကုန်သုံးခဲ့ရပါ၏။ သူမအနေနှင့် ရှေ့မှောက်ရှိ မသေချာမရေရာမှုများအားလုံးကြောင့် ရှင်သန်လိုသည့် ဆန္ဒအားလုံးသည်လည်း ပျောက်ကွယ်သွားပါ၏။
"အဖေက သေချာပေါက် ကျွန်မကို ဒီပို့လိုက်တဲ့အတွက် စဉ်းစားထားတချို့ရှိရမယ်လို့ မျှော်လင့်ထားတာကြောင့်သာမဟုတ်ရင် ကျွန်မ လက်လျှော့ထားပြီးနေလောက်ပါပြီ။" ထရီဇာ ထိုသို့ပြောခဲ့စဉ်က မျက်လုံးများထဲ ဆုံးဖြတ်ထားသည့် အရိပ်ယောင်များရှိနေသော်ငြား နောက်တွင် ဝမ်းနည်းမှုတို့ ပြည့်လျှံလာပါ၏၊ "ဒါပေမယ့် အခုကျွန်မ အဖြေကို သိသွားပေမယ့်လည်း ဒါကိုကိုင်တွယ်ဖို့ နည်းလမ်းမရှိတော့တာ တွေ့လိုက်ရတယ်။"
ရှုယီလည်း ၎င်းကို တိတ်တဆိတ်သာ တုံ့ပြန်နိုင်သည်။
မိမိ၏ တစ်မိသားစုလုံး သေဆုံးသွားကြောင်း သိရှိပြီးနောက် တည်ငြိမ်နေနိုင်မည့်လူရှိရန် မဖြစ်နိုင်ပေ။
ထရီဇာကဲ့သို့ နူးညံ့ဟန်ရှိသည့် မိန်းကလေးဆိုလျှင် ပြောဖွယ်ပင်မရှိတော့ချေ။
သို့သော် ရှုယီမှာ ထရီဇာ၏ အခြေအနေကို စာနာစိတ်ဖြင့်သာ တုံ့ပြန်နိုင်ပြီး မည်သည်ကိုမှ မလုပ်ပေးနိုင်ပေ။
ဗစ်ကောင့်ထ် ဒိုရန် ကာလန့်ဇ်၏ မိသားစုမှာ ၎င်းက တိုင်းပြည်ကို သစ္စာဖောက်ခြင်းကြောင့် ကွပ်မျက်ခံလိုက်ရခြင်းဖြစ်ရာ ရှုယီနှင့် လုံးဝမဆိုင်ပေ။
ရှုယီအနေနှင့် ထိုကိစ္စထဲ ကြားဝင်ပါလိုလျှင်တောင် အခွင့်အရေးလုံးဝရှိမည်မဟုတ်။
၎င်းတို့မှာ အမှန်တရားပင်၊ ရှုယီလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ထရီဇာကို တတ်နိုင်သလောက်ကူညီရန်သာဖြစ်၏။
သို့သော် ထရီဇာက ရှုယီ လက်ကမ်းပေးလာသည်ကို ခေါင်းခါပြသည်။
"ဥက္ကဌ ဒီကိစ္စက ရှင်နဲ့မသက်ဆိုင်ပါဘူး။ ကျွန်မရှင့်ကို လာရှာတာက အကူအညီယူဖို့မဟုတ်ဘဲ၊ ဒီတိုင်း.... ဒီတိုင်း ရှင့်အပြင် ဒီအကြောင်း ဘယ်သူ့ကိုမှ ပြောပြမရလို့ပါပဲ။ ကျွန်မအနေနှင့် အရာအားလုံးကို ဖွင့်ထုတ်လိုက်ဖို့ တစ်ယောက်ယောက်ကို ရှာချင်ခဲ့ရုံပါ...."
ထရီဇာ၏ ဝမ်းနည်းမှုက လူတစ်ယောက်၏ စိတ်နှလုံးကို နာကျင်မှုဖြင့် ပြည့်လာစေသော်လည်း ရှုယီမှာ မည်သည်ကိုမှ မတတ်နိုင်သဖြင့် သူမကို နေရခက်ခက်ဖြင့်သာ နှစ်သိမ့်ပေးလိုက်ရသည်။
ထရီဇာမှာ အပြင်ပန်း၌ မြင်တွေ့ရသကဲ့သို့ နူးညံ့သူမဟုတ်ပေ။ ရှုယီထံ အရာအားလုံးကို ပြောပြပြီးသည့်နောက် သူမဟာ ဝမ်းနည်းနေပုံရသော်လည်း မိမိကိုယ်ကိုယ် တည်ငြိမ်အောင်ဖိအားပေးပြီး သူ့အား နှုတ်ဆက်ကာ ထွက်သွားပါ၏။
ရှုယီထံ၌ သူမကို ဆက်ထားရန် အကြောင်းပြချက်မရှိသဖြင့် သဘာဝကျစွာပင် သွားခွင့်ပေးလိုက်သည်။
ထရီဇာ ထွက်သွားသည့်ဘက်ကိုကြည့်လိုက်ရင်း ရှုယီ ဝမ်းနည်းလာမိသည်။
ထရီဇာမှာ ဤနေရာ၌ တစ်ဦးတည်းရှိနေခြင်းက သုံးနှစ်ရှိနေပြီဖြစ်သော်လည်း သူမ၏ မိသားစုကို လွမ်းဆွတ်နေဆဲပင်။ ယခုတွင် ⟨ လမ်ပူရီ အပတ်စဉ် ⟩ရှိ သတင်းများကြောင့် ၎င်းက သူမ၏ စိတ်တွင်းရှိ ထိုအတွေးကို တိတိပပ ဖြတ်တောက်လိုက်ပါ၏။
ထိုအခိုက်မှစ၍ ထရီဇာမှာ အမှန်တကယ် တစ်ဦးတည်းဖြစ်လာတော့သည်။
"ငါ ဗီဗီယန်နဲ့ အီဗီတာကို သူမကို နည်းနည်းကိုဂရုစိုက်ဖို့ ပြောရမယ်။" ရှုယီ တိတ်တဆိတ် ရေရွတ်လိုက်သည်။
ထရီဇာမှာ ရှုယီ၏ အိမ်၌ အချိန်အတော်အတန်ကြာ ရှိနေခဲ့ဖူးသဖြင့် သူမနှင့် ဗီဗီယန်၏ ဆက်ဆံရေးက မဆိုးလှပါချေ။
မှော်သုတေသနဌာနသို့ ဝင်ရောက်လာပြီးနောက် သူမဟာ အီဗီတာနှင့် အမြဲ နီးကပ်နေခဲ့သည်။
ထိုနှစ်ဦးအား ထရီဇာကို ဂရုစိုက်ခိုင်းခြင်းက သူမကို များစွာပိုမို ခံစား၍ကောင်းစေလိမ့်မည်။
၎င်းအပြင် ရှုယီမှာ အခြားအကြံကောင်းကို မစဉ်းစားနိုင်တော့ပေ။
စက်မှုအင်ဂျင်နီယာအပိုင်းတွင် ရှုယီက ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ပါ၏။ မှော်ပညာတွင်လည်း ရှုယီကို ပါရမီရှင်ဟု သတ်မှတ်နိုင်သည်။
သို့သော် ခံစားချက်များနှင့်ပတ်သက်လာလျှင် အထူးသဖြင့် မိန်းကလေးများ၏ အတွေးများနှင့်ပတ်သက်လျှင် ရှုယီထံ၌ ရိုးစင်းသောအတွေးများသာရှိပြီး ကောင်းကောင်းနားမလည်ပေ။
ထရီဇာ၏ လက်ရှိ ခံစားချက်ကို စဉ်းစားရင်း ရှုယီ သက်ပြင်းထပ်မချမိဘဲ မနေနိုင်တော့ပေ။ သူက ခေါင်းခါပြီးနောက် အထဲပြန်ဝင်သွားလိုက်သည်။
သူလှည့်လိုက်ချိန်တွင် ရုတ်တရတ် အဝေးမှ အလင်းတန်းနှစ်ခုက အမြန်နီးကပ်လာသည်။
သိပ်မကြာလိုက် ထိုအလင်းတန်းနှစ်ခုမှာ အိမ်တော်နှင့် လေးကီလိုမီတာသာ ကွာဝေးသည့် Frestech လယ်ယာသို့ ရောက်နေပြီဖြစ်၏။
ရှုယီမှာ လေထဲမှ မှော်အင်ဂျင်၏ ရင်းနှီးသောအသံများကို ကြားနေနိုင်သည်။
အနှီအလင်းတန်းနှစ်ခုက မိုးကုပ်စက်ဝိုင်းကိုဖြတ်၍ ညကို ဖြတ်သန်းကာ အိမ်တော်ဆီရောက်လာသည်။ ရှုယီမှာ မိမိခေါင်းမှ သွေးကြောများ ခုန်ထသွားသည်ကို ခံစားလိုက်ရပြီး နှုတ်ခမ်းများလည်း မနေနိုင်အောင် မဲ့ရွဲ့သွား၏။
"ကျွီ!"
ဘရိတ်နင်းသံ ခပ်ပြင်းပြင်းနှစ်ချက်က ရုတ်တရတ် အိမ်တော်ရှေ့မှ ထွက်လာသည်။
ထိုအလင်းတန်းနှစ်ခု ပိတ်ကျသွားရာ အိမ်တော်၏ မှော်မီးအိမ်များအောက်၌ အနက်ရောင်နှင့် အနီရောင် မှော်ဆလွန်းတစ်စီးစီ ပေါ်လာကြသည်။
အနက်ရောင်မှော်ဆလွန်း၏ တံခါးပွင့်လာကာ မဟာမှော်ပညာရှင်ကမ်မီလာ ထွက်လာ၍ ရယ်မောလိုက်သည်။
"ဟားဟား၊ ကျုပ်က ပထမဖြစ်နေတုန်းပဲ ဟားဟား..."
အနီရောင်မှော်ဆလွန်းတံခါးလည်းပွင့်ကာ အကြီးအကဲလီဆန်ယာထွက်လာသည်။
သူမဟာ ဝင့်ကြွားစွာရယ်မောနေသော မဟာမှော်ပညာရှင် ကမ်မီလာကိုကြည့်၍ အေးစက်စက်နှာမှုတ်လိုက်ပါ၏။
"ဘာတွေ ဂုဏ်ယူနေတာလဲ? ရှင် ကျွန်မထက် ၂စက္ကန့်စောထွက်တာ မမေ့နဲ့ဦး၊ ဒါကြောင့် တွက်ကြည့်ရင် ကျွန်မနိုင်တယ်။"
မဟာမှော်ပညာရှင်ကမ်မီလာက အကြီးအကဲလီဆန်ယာကို အထင်အမြင်သေးဟန်ဖြင့်ကြည့်ကာ၊ "ပိုပြီးမြန်မြန်စထွက်တာက ကျုပ်ဟာ ခင်ဗျားထက်ပိုသန်မာတယ်လို့ သက်သေပြနေတာပဲမဟုတ်ဘူးလား? ဘယ်သူက ဖြည်းဖြည်းစဖို့ ပြောခဲ့လို့လဲ? နှစ်စက္ကန့်တိတိ! ဒီလောက်အချိန်အကြာကြီးမှာ ခင်ဗျား ကြောင်ငေးနေတာလား?"
အကြီးအကဲလီဆန်ယာက မဟာမှော်ပညာရှင်ကမ်မီလာကို ဒေါသတကြီးကြည့်လိုက်သည်၊ "ရှင်ကမှ ကြောင်ငေးနေတဲ့လူလေ! ကျွန်မရဲ့ကားမှာ ပြဿနာရှိနေတာကြောင့် စထွက်တာနှေးပြီး ၂စက္ကန့်နောက်ကျသွားခဲ့တာ။ မဟုတ်ရင် ကျွန်မ သေချာပေါက် ရှင့်ထက် ပိုနှေးသွားခဲ့မှာ မဟုတ်ဘူး!"
မဟာမှော်ပညာရှင်ကမ်မီလာက လက်ယမ်းလိုက်သည်၊ "ဆင်ခြေပေးဖို့ မကြိုးစားပါနဲ့။ ဒါသာ ပြိုင်ကွင်းမှာဆို ခင်ဗျား စထွက်နောက်ကျလို့ ရှုံးနေလောက်ပြီ။ ဒါကိုတောင် မသိဘူးလို့မပြောနဲ့။"
အကြီးအကဲလီဆန်ယာက အသာမျက်မှောင်ကုပ်၍ နှာမှုတ်ကာ မဟာမှော်ပညာရှင်ကမ်မီလာကို လျစ်လျူရှုလျက် ရှုယီဘက် လှည့်လာသည်။
"ဥက္ကဌရှု ကျွန်မမှော်ဆလွန်း ဘာမှားနေတာလဲ ကူကြည့်ပေးပါဦး? ဘာလို့ နှစ်ခေါက်ဆက်တိုက် စထွက်ဖို့နှေးနေရတာလဲ?"
ရှုယီက ခါးသက်သက်အပြုံးဖြင့် ခေါင်းခါသည်။ မဟာမှော်ပညာရှင်ကမ်မီလာမှာ အသက် ခြောက်ဆယ့်လေးရှိပြီဖြစ်ပြီး အကြီးအကဲလီဆန်ယာမှာ အနည်းဆုံး အသက်လေးရာဖြစ်နေပြီး လူသားတို့၏ နှစ်နှင့်ဆိုလျှင် ခုနစ်ဆယ်နီးနီးဖြစ်သည်။ အဘယ့်ကြောင့် ၎င်းတို့မှာ ကလေးများနှယ်ပြုမူ၍ အမြဲလိုလို အချင်းချင်းယှဉ်ပြိုင်နေကြသနည်း?
မဟာမှော်ပညာရှင်ကမ်မီလာ အံ့ဩသွားသည်၊ အကြီးအကဲလီဆန်ယာမှာ ဂုဏ်မောက်ခြင်းဖြင့်ကျော်ကြားသော နတ်သူငယ်တစ်ဦးဖြစ်လေသည်!
သူမဟာ ဂုဏ်မောက်သောနတ်သူငယ်မျိုးနွယ်၏ အကြီးအကဲပဲဖြစ်သေး၏!
"အကြီးအကဲလီဆန်ယာက အရမ်းဒေါသထွက်လွယ်လို့ ကားကလည်း သူမရဲ့ အကျင့်တွေကို စယူနေတာလား မသိတော့ဘူး။"
ရှုယီက စိတ်ထဲ၌ ရေရွတ်လိုက်သော်လည်း မီးနီရောင်မှော်ဆလွန်းဘေးသို့ အပြုံးဖြင့် လာလေသည်။
စစ်ဆေးပြီးနောက် ရှုယီမှာ အမြန်ပင် ပြဿနာကိုတွေ့သွားသည်။
ထိုမှော်ကား၏ စွမ်းအားပေးအပိုင်းနှင့် မှော်အင်ဂျင်အကြား ဝိုင်ယာများက အနည်းငယ်လျော့ရဲနေသဖြင့် ပတ်လမ်းကိုမကောင်းဖြစ်လာစေသည်။ ၎င်းက နှစ်ကြိမ်တိုင် စထွက်နှေးခြင်းကို ဖြစ်စေခဲ့၏။
ဤသည်က ပြဿနာလေးဖြစ်ရာ ရှုယီလည်း အကြီးအကဲလီဆန်ယာကို ကူညီဖြေရှင်းပေးလိုက်သည်။
အကြိမ်များစွာ စမ်းကြည့်ပြီးနောက် အကြီးအကဲလီဆန်ယာက မဟာမှော်ပညာရှင်ကမ်မီလာကို ညွှန်ပြလာကာ၊ "လာ ထပ်စမ်းကြည့်ကြတာပေါ့"
မဟာမှော်ပညာရှင်ကမ်မီလာလည်း အေးစက်စက်နှာမှုတ်လိုက်သည်၊ "ပြိုင်ကြမယ်လေ ဘယ်သူ့ကိုကြောက်ရမှာလဲ?"
ရှုယီလည်း မှော်ဆလွန်းထဲဝင်ရန် ပြင်နေသည့် မဟာမှော်ပညာရှင်ကမ်မီလာကို အမြန်တားကာ ခါးသက်သက်ပြုံးပြလိုက်သည်၊ "နောက်ကျပြီး မှောင်နေပြီကို ပြိုင်မောင်းဦးမလို့လား?"
"ဒါက ငါတို့ကို မထိခိုက်ပါဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက လက်ယမ်းကာ ကားထဲဝင်ဖို့ပြင်လိုက်သည်။
ရှုယီက တစ်ဖန် အမြန်တားလိုက်ပြန်၏။
"ဒါက အဘိုးကိုမထိခိုက်စေပေမယ့် တခြားလူတွေကို မထိခိုက်စေတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလေ။ ဒီလောက်နောက်ကျနေတာ တခြားလူတွေကို ကြောက်လန့်သွားစေဖို့ လွယ်တယ်။ ပြီးတော့လည်း အခု ပြိုင်မောင်းရင် ဘယ်နှကြိမ်ရှိပြီလဲ? ဒါကို မျှတအောင်လုပ်ဖို့ ခက်မှာပဲ မဟုတ်လား?"
မဟာမှော်ပညာရှင်ကမ်မီလာနှင့် အကြီးအကဲလီဆန်ယာတို့မှာ တစ်ဦးကိုတစ်ဦးကြည့်ရင်း သူမှန်သည်ဟု စဉ်းစားမိလိုက်သည်! ထိုမှသာ ခေါင်းငြိမ့်၍ ထိုအကြံကို လက်လျှော့လိုက်၏။
ရှုယီလည်း သက်မချလိုက်ပါ၏။
သူဟာ ကားမောင်းပြိုင်ပွဲကျင်းပဖို့ စီစဉ်ထားခြင်းကြောင့် ဤနွေဦးရာသီမှစ၍ Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေ၌ ကားမောင်းပြိုင်ပွဲအတွက် အထူးတလည် ပြိုင်ပွဲကွင်းတစ်ကွင်း ဆောက်နေခဲ့သည်။
ထိုပြိုင်ပွဲကိုကြားပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာနှင့် အကြီးအကဲလီဆန်ယာတို့ ချက်ချင်း စာရင်းပေးသွင်းလာခဲ့ကြ၏။
၎င်းတို့မှာ စွမ်းအားကြီးသောကြောင့် မှော်ဆလွန်းများမောင်းရာတွင် မတော်တဆများကို စိုးရိမ်ဖို့မလိုချေ။ ထို့ကြောင့် ၎င်းတို့မှာ ထိုမှော်ဆလွမ်းများကို အမြန်နှုန်းကန့်သတ်ထားသည်အထိ မောင်းနှင်ပြီး အခြားပြိုင်ပွဲဝင်များထက်ပို၍ မြန်ကြ၏။
ထိုနှစ်ဦး၏ စွမ်းအားကြီး မှော်ပညာကြောင့် ၎င်းတို့၏ လုပ်နိုင်စွမ်းက သာမန်လူများကိုကျော်လွန်ကာ ထိုကားများပြိုင်မောင်းစဉ်တွင် ပို၍ပင်ထိတ်လန့်နေကြသည်။
ထို့ကြောင့် အကြိမ်များစွာ မောင်းနှင်ခဲ့ပြီးနောက် နှစ်ဦးသား ပြိုင်ပွဲ၌ ချန်ပီယံနှင့် ဒုတိယဆုကို ရခဲ့ကြ၏။
ယနေ့ပြိုင်ပွဲအတွက် ၎င်းတို့၏ စံချိန်မှာ လက်ရှိတွင် ညီမျှနေသည်။
ထို့ကြောင့် နှစ်ဦးသား မကျေနပ်ဘဲ တစ်ဘက်ကို ဖိနှိပ်လိုကြပြီး အနိုင်ပွဲတစ်ခုအတွက် ကလေးများသဖွယ်ပင် ပြုမူနေကြလေ၏။
ယခုတွင် ထိုနှစ်ဦးက ၎င်းတို့၏ ငြင်းပယ်မှုကို လက်လျှော့လိုက်ရာ ရှုယီမှာ ဤမွန်းလွဲ ပြိုင်ပွဲရလာဒ်ကို အင်မတန် သိလိုပါသော်လည်း လက်ရှိတွင် ဖိနှိပ်ထားပြီးထိုအကြောင်း မမေးလိုက်တော့ပေ။
မဟာမှော်ပညာရှင်ကမ်မီလာကိုကြည့်ရင်း ရှုယီ တစ်ခုခုကို ရုတ်တရတ် စဉ်းစားမိသွား၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀။ ပြင်ဆင်စရာ ဘာမျှမရှိ
"အဲဒီလူတွေဆီကနေ ပြပွဲတစ်ခုလို ဆက်ဆံမခံချင်ဘူးငါမသွားဘူး။"
မဟာမှော်ပညာရှင်ကမ်မီလာက ၎င်းကိုပြောပြီးနောက် လက်တစ်ချက်အဝေ့ဖြင့် ထွက်သွားသည်။
"သူတို့က ဘယ်လိုလုပ်အဘိုးကို ပြပွဲလိုဆက်ဆံမှာလဲ? သူတို့က အဘိုးရဲ့ ဂုဏ်ကျက်သရေကို ခိုလှုံချင်နေကြရုံပါပဲ!"
ရှုယီမှာ နောက်ကနေ အော်လိုက်ပါသော်လည်း မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်နှာမှုတ်၍ ပြန်ပင်မလှည့်ဘဲ ထွက်သွားသည်။
ရှုယီလည်း ကူရာမဲ့စွာသာ သက်ပြင်းချလိုက်နိုင်၏။ သူဟာ ခေါင်းခါ၍ ဆယ်ဗီနီလည်း စိတ်ပျက်နေလောက်ကြောင်း စဉ်းစားမိသည်။
စိတ်ပျက်ရမည်မှာ ဆယ်ဗီနီတင်မကဘဲ လမ်ပူရီတိုင်းပြည်ရှိ လူတိုင်း စိတ်ပျက်လောက်သည်။
ယခင်နှစ်ကုန်က မဟာမှော်ပညာရှင်ကမ်မီလာမှာ မဟာမှော်ပညာရှင်အဆင့်ကိုကျော်ဖြတ်၍ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာမည့် ဟင်းလင်းပြင်ဥပဒေသများကို နားလည်ခဲ့သည်။
ထို့နောက် သူဟာ မှော်ပညာရှင်များ အဖွဲ့အစည်း၏ ဌာနချုပ်၊ ကောင်းကင်ယံရှိ မြိုတော်ဆီသွား၍ ဌာနချုပ်၏ အသိအမှတ်ပြုမှုကိုရရှိကာ အသိအမှတ်ပြု ခေါင်းဆောင် မှော်ပညာရှင် ဖြစ်လာလေသည်။
ထိုသတင်းပျံ့သွားပြီးနောက် လမ်ပူရီတိုင်းပြည်သာမက အနီးဝန်းကျင်တိုင်းပြည်များသည်ပင် အုတ်အော်သောင်းတင်းဖြစ်ခဲ့ကြသည်။
ပြောရလျှင် မဟာခေါင်းဆောင်မှော်ပညာရှင်တစ်ဦး ပေါ်ထွန်းခဲ့သည်မှာ နှစ်ရာချီကြာနေခဲ့ပြီ ဖြစ်သဖြင့် ခေါင်းဆောင်မှော်ပညာရှင်မျာ နယ်မြေကြီးထက်၌ ပြိုင်ဘက်မရှိ စွမ်းအားအကြီးမားဆုံးသော မှော်ပညာရှင်များဖြစ်ကြသည်။
ခေါင်းဆောင်မှော်ပညာရှင်များအကြားတွင် သူဟာ အတန်ငယ် အားနည်းသော်လည်း မဟာမှော်ပညာရှင်ကမ်မီလာ.... အိုး၊ ယခုဆိုလျှင် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာဟု ခေါ်ဆိုသင့်သော သူ့အား ထိပ်တန်းမှော်ပညာရှင်ဟု ယူဆ၍မရပေ။ မည်သည့် ပွဲတော်၌မဆို သူဟာ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်ပြီး ဟင်းလင်းပြင်ဥပဒေသများကို နားလည်နိုင်သလို မှော်ပညာ၏ ဆိုလိုရင်းအစစ်ကို နားလည်ပြီး နတ်ဘုရားများအဆင့်သို့ဝင်ရောက်သော သာလွန်သူ မှော်ပညာရှင်တစ်ဦးဖြစ်သည်။
ခေါင်းဆောင်မှော်ပညာရှင်နှင့် မဟာမှော်ပညာရှင်အကြား ခြေတလှမ်းသာ ကွာပြီး ထိုခြေတလှမ်းမှာ စိုင်စ်နယ်မြေကြီးရှိ မှော်ပညာရှင် သန်းချီ များအတွက် မတောင့်ခံနိုင်သည့် ကွာဟချက်ဖြစ်သည်။
ယခုတွင် စိုင်စ်နယ်မြေကြီး၌ မှော်ပညာရှင်ပေါင်း တစ်သိန်းကျော်ရှိလေသည်။ ၎င်းတို့အကြားတွင် မှော်ပညာရှင်များအဖွဲ့အစည်းမှ အသိအမှတ်ပြုထားသော ခေါင်းဆောင်မှော်ပညာရှင်မှာ အယောက်နှစ်ဆယ်ကျော်သာရှိသဖြင့် ခေါင်းဆောင်မှော်ပညာရှင်များက မည်မျှရှားပါးသည်ကို မြင်တွေ့နိုင်သည်။
ယခုတွင် မဟာမှော်ပညာရှင်ကမ်မီလာက နှစ်ဆယ့်ရှစ်ယောက်မြောက် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်သည်။
၎င်းကိစ္စကို စိုင်စ်နယ်မြေကြီးတစ်ခုလုံးအတွက် အရေးပါသည်ဟု ယူဆနိုင်သည်၊ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်မှော်ပညာရှင်ဟူသည်မှာ နယ်မြေကြီး၏ အထွဋ်အထိပ်တွင်ရှိ၏။ ကန်ဒရာ သို့မဟုတ် မာလိုအင်ပါယာ၌ပင် ၎င်းတို့ကို ထိပ်တန်းဟု သတ်မှတ်ထားသည်။
လမ်ပူရီတိုင်းပြည်အတွက် ၎င်းက အထူးတလည်အရေးပါမှုရှိသည်။
လမ်ပူရီတိုင်းပြည်အား တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းလေးရာကျော်နေပြီဖြစ်ပြီး ခေါင်းဆောင်မှော်ပညာရှင်လည်း တစ်ဦးသာ ထွက်ပေါ်လာခဲ့ဖူးသည်။ ၎င်းမှာ တိုင်းပြည်ကို ဖန်တီးရန် တိုင်းပြည်၏ ပထမဆုံးအုပ်ချုပ်သူနှင့်အတူ လိုက်ပါခဲ့သည့် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လေသည်။
ယခုတွင် နှစ်ပေါင်းလေးရာကုန်လွန်သွားပြီး လမ်ပူရီတိုင်းပြည်၏ ဒုတိယ ခေါင်းဆောင်မှော်ပညာရှိ ပေါ်ထွက်လာခဲ့သည်။ ၎င်းက လမ်ပူရီတိုင်းပြည်ကို မည်မျှ ထိတ်လန့်အံ့အားသင့်သွားစေမည်ကို စိတ်ကူးကြည့်နိုင်ပါ၏။
မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာသည့် သတင်းကို ရပြီးနောက် လမ်ပူရီတိုင်းပြည်မှာ သူ့အား တုံ့ဆိုင်းခြင်းမရှိ ဘွဲ့ထူးဂုဏ်ထူးများ တစ်သီတတန်းပေးခဲ့သည်။ ၎င်းတို့မှာ မဟာမှော်ပညာရှင်ကမ်မီလာ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာကြောင်းကို အားလုံးထံ ကြေငြာရန် အထူးတလည်ကျင်းပသည့် လမ်ပူရီတိုင်းပြည် အခမ်းအနားတစ်ခုထံကိုပင် ဖိတ်ကြားခဲ့သည်။
သို့သော် လူများမထင်ထားခဲ့သည်မှာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက တက်ရောက်ရန် ငြင်းဆိုခဲ့ပြီး မည်သည့်အကြောင်းပြချက်ကိုမှ မပေးခဲ့ခြင်းပင်။
ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက် ပေါ်ထွက်လာဖို့အတွက် အင်မတန်ခက်ခဲလှပြီး သူဟာ ၎င်းတို့အား မျက်နှာသာလုံးဝမပေးသဖြင့် လမ်ပူရီတိုင်းပြည်၏ ဘက်မှ အင်မတန်ပူပန်နေကြသည်။
ဆယ်ဗီနီနှင့်တင် ရှုယီထံ စာအမြောက်အများပို့လျက် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ အဘယ့်ကြောင့် မတက်ရောက်လိုကြောင်းကို မေးမြန်းထားလေသည်။
ရှုယီမှ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို ထိုအကြောင်းမေးပြီးနောက် ရလာသည့်အဖြေကြောင့် ရယ်ရမည်လားငိုရမည်လားပင်မသိတော့ချေ။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ အခမ်းအနားကို မုန်းတီးရုံသာဖြစ်သည်။ ထိုသို့သော ကိန်းကြီးခမ်းကြီးနိုင်သည့် အမှတ်သညာပြုအခမ်းအနားမျိုးက သူ့အား အော်ဂလီဆန်စေသောကြောင့် တက်ရောက်ဖို့ ငြင်းဆန်ခဲ့ခြင်းပင်။
ရှုယီမှာ ထိုအကြောင်းပြချက်ကို လက်ခံနိုင်သော်လည်း လမ်ပူရီတိုင်းပြည်ဘက်က လက်မခံနိုင်ပေ။
ထို့ကြောင့် ဤနှစ်တစ်ဝက်အတွင်း တစ်ခေါက်ပြီးတစ်ခေါက် လမ်ပူရီတိုင်းပြည်မှာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာထံ တရားဝင်ဖိတ်ကြားလွှာများပေးပို့နေခဲ့သည်။ ၎င်းတို့အနေနှင့် သူ့အား အခမ်းအနားကို တက်ရောက်မည်ဟု မျှော်လင့်ထားသော်လည်း အချိန်တိုင်း ငြင်းပယ်ခံခဲ့ကြရသည်သာ။
ဤတစ်ခေါက်တွင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ၏ တုံ့ပြန်မှုက ပို၍ပင် အေးစက်လာရာ ရှုယီလည်း ဆယ်ဗီနီထံ ထိုအကြောင်းကို စာရေးကာ ရှင်းပြပြီး ဤကိစ္စအပေါ် အချိန်ဖြုန်းခြင်းမှ လမ်ပူရီတိုင်းပြည်ကို ရပ်တန့်ခိုင်းရန် စဉ်းစားမိလိုက်သည်။
၎င်းတို့သာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို ဒေါသဖြစ်လာစေလျှင် လမ်ပူရီတိုင်းပြည်အတွက် မဟန်လှချေ။
"ဥက္ကဌရှု ဒီကိစ္စက နားလည်ဖို့လွယ်ပါတယ်။ စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးက သူတို့ရဲ့ အင်အားကို ဂရုအစိုက်ဆုံးပဲ၊ တခြားလူတွေ ဘာစဉ်းစားသလဲဆိုတာ ဂရုစိုက်မှာမဟုတ်ဘူး။" အကြီးအကဲလီဆန်ယာက ရုတ်တရတ် ရှုယီနံဘေးရောက်လာကာ ပြောလေသည်။
ရှုယီလည်း သူမကို လှည့်ကြည့်လိုက်ကာ တစ်ချက်တွေးမိ၏၊ "အကြီးအကဲလီဆန်ယာ ခင်ဗျားတို့ နတ်သူငယ်မျိုးနွယ်စုမှာ ခေါင်းဆောင်မှော်ပညာရှင်ရှိလောက်မှာပေါ့?"
"ဒါပေါ့" အကြီးအကဲလီဆန်ယာက ခေါင်းငြိမ့်၏၊ "မျိုးနွယ်စုစစ်ပွဲတွေမတိုင်ခင် ကျွန်မတို့နတ်သူငယ်တွေ ထိပ်တန်းမှာ ရှိတုန်းက ခေါင်းဆောင်မှော်ပညာရှင်တွေကို ဘာမှလို့တောင်သတ်မှတ်မရဘူး။ ကျွန်မတို့ဆီမှာ မဟာခေါင်းဆောင်မှော်ပညာရှင် ငါးယောက်တောင်ရှိနေသေးတယ်။ အခုကျတော့...." အကြီးအကဲလီဆန်ယာက ခေါင်းခါလိုက်ပြီး မျက်လုံးများထဲ ဝမ်းနည်းရိပ်ပေါ်လာသည်၊ "ကျွန်မတို့ နတ်သူငယ်တွေကြားမှာ ခေါင်းဆောင်မှော်ပညာရှင်တွေရှိသေးတာကို သေချာပေမယ့်လည်း သူတို့ဆီက ဘာသတင်းမှတော့မရဘူး။"
"ဒါဆို ရူဒ်ဆန်တိုင်းပြည်ရဲ့ အဇ်ရှာရာမျိုးနွယ်စုမှာရော ခေါင်းဆောင်မှော်ပညာရှင်ရှိလောက်လား?" ရှုယီက မေးသည်။
"မသိပေမယ့် ရှင် အဇ်ရှာရာမျိုးနွယ်စုနဲ့ ဆက်သွယ်ခဲ့သေးတာလား? သတင်းနည်းနည်းလောက်တောင်မသိထားဘူးလား?" အကြီးအကဲလီဆန်ယာက ပြန်မေး၏။
ရှုယီက ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ "ခင်ဗျားတို့ နတ်သူငယ်တွေက လူသားတွေအပေါ် ဘယ်လိုသတိထားတယ်ဆိုတာ သိလောက်မှာပါ။ ညတေးသံမျိုးနွယ်စုနဲ့ ခင်ဗျားတို့ လရိပ်မျိုးနွယ်စုနဲ့ ဆက်ဆံရေးကြောင့် အဇ်ရှာရာ မျိုးနွယ်စုကို သိနိုင်ပေမယ့်လည်း အဇ်ရှာရာမျိုးနွယ်စု ဘယ်မှာတည်ရှိတယ်ဆိုတာကိုတောင် ကျုပ်တို့မသိဘူး။"
"သူတို့တွေကတော့ အခုဆို ခေတ်တွေက မတူတော့ဘူး၊ အရင်ကလို ပုန်းအောင်းနေတာက အဓိပ္ပာယ်မရှိပါဘူး။" အကြီးအကဲလီဆန်ယာက အသာနှာမှုတ်သည်။ ခေတ္တရပ်တန့်ပြီးနောက် ရှုယီကို ပြောလာ၏၊ "ဒီလိုဆိုရင်ရော အချိန်နည်းနည်းကြာပြီးရင် ကျွန်မ ရှင်နဲ့အတူ ရူဒ်ဆန်တိုင်းပြည်ကို လိုက်ခဲ့မယ်။ ကျွန်မရှိရင်တော့ အဇ်ရှာရာမျိုးနွယ်စုက ရှင့်ကို ပိုကြီး လွယ်လွယ်ကူကူလက်ခံမယ်လို့ ယုံတယ်။"
ရှုယီမှာ ပျော်ရွှင်သွားလေသည်၊ "ကောင်းတာပေါ့! နှောင့်နှေးနေလို့မရဘူး၊ ကျုပ် နောက်လအတွက် အချိန်နည်းနည်းဖယ်ထားလိုက်မယ် အတူသွားလို့ရတာပေါ့။ ဘယ်လိုထင်လဲ?"
"နောက်လ?" အကြီးအကဲလီဆန်ယာမှာ အသာမျက်မှောင်ကုပ်၍ ခေါင်းစောင်းကာ စဉ်းစားလိုက်သည်၊ "နောက်လဆိုရင် ပြိုင်ပွဲနှစ်ခုပဲရှိတာဆိုတော့ အဲ့ပြိုင်ပွဲနှစ်ခုကြားမှာ သွားလိုက်မယ်။"
ရှုယီမှာ မနေနိုင်အောင် ချွေးအေးများပြန်လာရသည်။
သူ့အနေနှင့် မြင့်မြတ်၊ ကျော့ရှင်း၊ ဆန်းကြယ်ကာ မာနကြီးသည့် အကြီးအကဲလီဆန်ယာကဲ့သို့ နတ်သူငယ်မျိုးနွယ်စုအကြီးအကဲ တစ်ဦးက ပြိုင်ကားများကြောင့် ဤမျှ ဖမ်းစားခံလိုက်ရမည်ဟု ထင်မထားပေ!
အကြီးအကဲလီဆန်ယာမှာ ရှုယီ၏ ထူးဆန်းသောအကြည့်ကို ကြည့်ကာ တစ်ချက်စဉ်းစားမိ၏။ သူမဟာ ရုတ်တရတ် မျက်လုံးများကိုမှိတ်ကာ တစ်စုံတရာကို စဉ်းစားရင်း သူမကိုယ်တိုင်ထံမှ မှော်စွမ်းအင်တစ်မျှင်ကိုထုတ်လိုက်သည်။
တစ်အောင့်ကြာသည့်နောက် အကြီးအကဲလီဆန်ယာမှာ အိမ်တော်ညာဘက်ရှိ အမှောင်ထဲသို့ အော်လိုက်သည်။
"အက်ဂ်နက်စ် ထွက်လာခဲ့!"
ရှုယီလည်း ထိုနေရာသို့ တအံ့တဩကြည့်လိုက်မိသည်။ သူဟာ အမှောင်ထဲမှ အလင်းတစ်ပြကိုတွေ့လိုက်ရပြီးနောက် အက်ဂ်နက်စ်ပေါ်လာလေသည်။
"အက်ဂ်နက်စ် မင်းက ဥက္ကဌရှုရဲ့ လက်တွဲဖော်ဖြစ်နေပြီးသား ဒါကလည်း မင်းရဲ့အိမ်ပဲလေ၊ ဘာလို့ ပုန်းနေရတာလဲ?" အကြီးအကဲလီဆန်ယာက မျက်မှောင်ကုပ်ကာ မေးသည်။
ရှုယီလည်း အနည်းငယ် ရှုပ်ထွေးသွားကာ၊ "ဟုတ်တယ် အက်ဂ်နက်စ် ဘာလို့ပုန်းနေရတာလဲ?"
အက်ဂ်နက်စ်က ခေါင်းအသာလွှဲကာ မျက်လုံးများကိုလည်း အကြီးအကဲလီဆန်ယာ၏ အကြည့်မှ လွှဲလိုက်သည်။ တစ်အောင့်မျှ တုံ့ဆိုင်းနေပြီးနောက် အသံတိုးတိုးဖြင့်ဆိုလာသည်၊ "အကြီးအကဲလီဆန်ယာ၊ ကျွန်မက ရှင့်ကို ကြောက်လို့ပါ"
ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။
အဘယ့်ကြောင့် အက်ဂ်နက်စ်က အကြီးအကဲလီဆန်ယာကို ကြောက်ရွံ့နေရသနည်း?
သို့သော် စဉ်းစားကြည့်လိုက်ရာ နားလည်သွားသည်။
အကြီးအကဲလီဆန်ယာနှင့် အကြီးအကဲ အီလူရှာ တို့၏ ကိုယ်ကျင့်စရိုက်က အင်မတန်ကွဲပြားကာ သူမက များစွာပိုမို တင်းကြပ်သည်။
သူမက ညတေးသံမျိုးနွယ်စု၏ အကြီးအကဲမဟုတ်ပါလျှင်တောင် အက်ဂ်နက်စ်အတွက် အကြီးအကဲတစ်ဦးနှင့် မျက်နှာချင်းဆိုင်ရာတွင် အတော်အတန် အရိုအသေပြုရဆဲဖြစ်သည်။
သို့သော် ကြောက်ရွံ့ရန်မှာ.... အတော်လေးလွန်ပါ၏။
"ငါ့ကို ကြောက်တယ်?" အကြီးအကဲလီဆန်ယာက မျက်မှောင်ကုပ်သည်။ သူမက အက်ဂ်နက်စ်ကိုကြည့်လိုက်ပြီးနောက် နားလည်ဟန်ပြလာ၏၊ "နားလည်ပါတယ်၊ မင်း ငါ့ကိုကြောက်တာ မဆန်းပါဘူး။ အက်ဂ်နက်စ်၊ မင်းက ဥက္ကဌရှုနဲ့ ဒီလောက်ကြာကြာအတူရှိလာတာတောင် ဘာလို့ သန့်စင်တဲ့ခန္ဓာကိုယ်ရှိနေရသေးတာလဲ? ဘာလို့ ဥက္ကဌရှုနဲ့ မိတ်မလိုက်ရသေးတာလဲ?"
"ဟ?" ရှုယီ၏ မျက်လုံးများပြူးကျယ်လျက် အကြီးအကဲလီဆန်ယာကို ကြည့်လိုက်မိသည်။
ထိုသည်က မည်သို့သော မေးခွန်းဖြစ်သနည်း?
သူဟာ ယခုအထိ အက်ဂ်နက်စ်နှင့် 'မိတ်လိုက်ခြင်း' မပြုရသေးသော်လည်း ဤသည်က အကြီးအကဲလီဆန်ယာ မေးသင့်သည်အရာမဟုတ်ပေ?
အကြီးအကဲလီဆန်ယာက ရှုယီကိုလှည့်ကြည့်ကာ မေးသည်၊ "ဥက္ကဌရှု ရှင် အက်ဂ်နက်စ်ကို ရွေးမယ်လို့ ပြောတုန်းက ကျွန်မတို့မျိုးနွယ်စုက မိန်းကလေးတွေကို ပြန်ခေါ်သွားပြီးပြီလေ။ ဒါပေမယ့် အခု နှစ်တစ်ဝက်ကုန်သွားတာတောင် အက်ဂ်နက်စ်ကို လုံးဝမထိရသေးဘူးပေါ့? ရှင် အက်ဂ်နက်စ်ကို စိတ်တိုင်းမကျလို့လား? ဒါမှမဟုတ် ဒါက ကျွန်မနဲ့ အကြီးအကဲ အီလူရှာ ကြောင့်လို့ပဲ ပြောခဲ့တာလား?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး သူနဲ့မဆိုင်ပါဘူး၊ ဒါက ကျွန်မပါပဲ...." အက်ဂ်နက်စ်က လက်များကို အမြန်ယမ်းလိုက်သည်။
"မင်းလား? ဘာလို့များလဲ?" အကြီးအကဲလီဆန်ယာက အသံနက်နက်ဖြင့်မေးလာသည်။
အက်ဂ်နက်စ်မှာ ရှုယီကိုကြည့်လိုက်ပြီးနောက် မျက်နှာထက် ရှက်သွေးဖြန်းများက လုံးဝဖုံးလွှမ်းသွားတော့၏။
"ကျွန်မ.... ဥက္ကဌက ပြောတယ်.... သူက ကျွန်မကို တွန်းအားမပေးပါဘူးတဲ့။ ကျွန်မနဲ့အတူ မိတ်လိုက်ဖို့ကို ကျွန်မစိတ်က အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပါ့မယ်တဲ့၊ ဒါပေမယ့်.... ဒါပေမယ့်....."
"ဒါပေမယ့် မင်းက အဆင်သင့် မဖြစ်သေးတာလား?" အကြီးအကဲလီဆန်ယာက အေးစက်စက်နှာမှုတ်ကာမေးသည်။
အက်ဂ်နက်စ်လည်း ခေါင်းငုံ့လျက် ခပ်တိုးတိုးဖြင့် 'အင်း'ဟု အသံပြုလာ၏။
အကြီးအကဲလီဆန်ယာက အက်ဂ်နက်စ်ကို သေချာကြည့်လိုက်ပြီးနောက် ရှုယီကို မျက်မှောင်ကုပ်၍ လှည့်ကြည့်လာသည်။ ခေတ္တရပ်တန့်ပြီးနောက် သူမက အသံကိုလျှော့ကာ အက်ဂ်နက်စ်ကို ပြောလိုက်၏၊ "အက်ဂ်နက်စ်၊ မိတ်လိုက်တာက ဘယ်မျိုးစိတ်တွေအတွက်မဆို ဗီဇပဲမို့လို့ ပြင်ဆင်ထားစရာမလိုပါဘူး။ မင်း ဥက္ကဌရှုကို သဘောကျပြီး သူနဲ့အတူရှိချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား? ဒါဆို သူနဲ့ မိတ်လိုက်တာက အရမ်းကိုသဘာဝကျတဲ့အရာပဲလေ၊ ဘာမှာ ရှက်စရာကြောက်စရာမရှိဘူး။ ခြေတလှမ်းရဲရဲလှမ်းလိုက်၊ ဒါက မင်းကြုံတွေ့ရမယ့် လမ်းပဲ။"
ရှုယီက အကြီးအကဲလီဆန်ယာကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။
သူမ၏ စကားများက ကျိုးကြောင်းသင့်သော်လည်း 'မိတ်လိုက်သည်'ဟု ပြောချိန်တိုင်း တစ်ကြိမ်ပြီးတစ်ကြိမ် သူ့ကို နေရခက်လာစေသည်။
မည်သို့ဖြစ်ဖြစ် အက်ဂ်နက်စ်က ခေါင်းငြိမ့်လိုက်၏။ သူမက ရှုယီကိုလှည့်ကြည့်ကာ မျက်နှာလေးက အနည်းငယ်နီရဲနေသော်လည်း ဆုံးဖြတ်လိုက်ဟန်ရှိနေသည်။
"အင်း အကြီးအကဲလီဆန်ယာ၊ ကျွန်မ သေချာပေါက်....."
ရှုယီ၏ မျက်နှာက အနည်းငယ် မဲ့ရွဲ့သွားသည်။ သူဟာ သူ၏မှော်ပညာကိုသုံး၍ အက်ဂ်နက်စ်နံဘေးသို့ နေရာတိုရွှေ့ပြောင်းကာ သူမ ပါးစပ်ကို အုပ်လိုက်သည်။
"ဒါက.... အကြီးအကဲလီဆန်ယာ၊ ဒါက ကျုပ်တို့ စုံတွဲကြားက ကိစ္စပါ၊ ခင်ဗျား ပူဖို့မလိုဘူး မဟုတ်လားဗျ?"
ရှုယီ သူမထံပို့လာသည့် အကြည့်ကို မြင်သော် အကြီးအကဲလီဆန်ယာမှာ နားလည်မှုလွဲ၍ ခေါင်းငြိမ့်လိုက်သည်၊ "ရှင်မှန်ပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု ရှင် နတ်သူငယ်တွေနဲ့ ဘယ်လိုမိတ်လိုက်ရမယ်မှန်းမသိရင်ကျွန်မကူညီနိုင်ပါတယ်။ အင်း.... ရှင့်ရဲ့ အကြိုက်က အရမ်းကို ထူးခြားတော့ ရှင်သာ တကယ်သဘောကျမယ်ဆို ကျွန်မကိုယ်တိုင် ပြနိုင်တယ်။"
ရှုယီ၏မျက်နှာလည်း အကြိမ်များစွာ ရှုံ့တွသွားကာ သွေးအန်လုနီးနီးဖြစ်သွား၏။ သူက အလေးအနက်ဖြင့် တစ်လုံးချင်းပြောလိုက်လေသည်၊ "မဟုတ်ဘူး ခင်ဗျားရဲ့ ကောင်းစေချင်တဲ့ဆန္ဒကို ကျေးဇူးတင်ပါတယ်။ ဒါကို အက်ဂ်နက်စ်နဲ့ပဲ လေ့လာလိုက်ပါ့မယ်။ အင်း ကျုပ် ကောင်းကောင်း.... လေ့လာမှာပါ...."