← Chapters

အမွှာကြာပန်း

Vol. 17 Ch. 249

အမွှာကြာပန်း

Vol. 17 Ch. 249

လုယန် နားလည်အောင် အတော်ကြိုးစားပြောရသည်။ နောက်ဆုံးတွင် "သေမျိုးများသည် နတ်မယ်၏ဟင်းချက်လက်ရာကို ခံစားဖို့မထိုက်တန်ပါ"ဟူသည် အကြောင်းပြချက်ဖြင့် လက်စွမ်းပြချင်နေသည့် နတ်မယ်ကို ဖျောင်းဖျတားမြစ်သည်။

"လုယန်၊ နင်တွေးတာ မှားနေတယ်။ အရသာရှိတဲ့အစားအသောက်ဆိုတာ အားလုံးစားသင့်တယ်။ ဒါပေမယ့် လော‌လောဆယ်တော့ ထားလိုက်ပါလေ"

"နတ်မယ်၊ ခင်ဗျားက အရမ်းဉာဏ်ကောင်းတာပဲ"

လုယန် ရက်ရက်ရောရော ချီးကျူးသည်။

ထိုလုပ်ရပ်သည် မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာကို ကယ်တင်လိုက်သည်ဟု သူယူဆသည်။ အလွန်မြင့်မြတ်သည်။

ကျင့်ကြံသူလောကတွင် မြင့်မြတ်သည့်လုပ်ရပ်များဖြင့် မသေမျိုးအဖြစ်ကို ရနိုင်သည့်စည်းမျဉ်းတစ်ခု ရှိသည်ဆိုလျှင် သူသည် ဤလုပ်ရပ်ကြောင့် မသေမျိုးဖြစ်နိုင်သည်ဟု ယုံကြည်သည်။

သူတို့ခုနစ်ယောက် ရွှေစီးပွားနယ်မြေအသင်း၏ဆိုင်သို့ ရောက်လာသည်။ ကျောက်စိမ်းတံဆိပ်များထဲမှ သားရဲမျိုးစုံ၏အလောင်းများကို ထုတ်သည်။ သူတို့၏တိုက်ပွဲသိမ်းပစ္စည်းများကိုကြည့်၍ ဆိုင်ဝန်ထမ်း အံ့ဩသွားသည်။

"ဒါ...ဒါတွေအားလုံးက ရွှေသန္ဓေအဆင့် နတ်ဆိုးသားရဲတွေလား"

တစ်ချက်ကြည့်ရုံဖြင့် ဆိုင်ဝန်ထမ်း သိလိုက်သည်။ ရွှေသန္ဓေသားရဲများ၏ အလောင်းကလည်း ပုံမပျက်သလောက်နီးပါးရှိသည်။

ထိုသို့ဖြစ်နေသည်က လုယန်၏ တစ်ချက်ကောင်းဓားချက်များနှင့် မုန်ကျင်းကျိုး၏ ဦးနှောက်အတွင်းကြေ လက်သီးချက်များကြောင့်ဖြစ်သည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့၏နောက်ခံကို ပြန်တွေးမိချိန်တွင် ဆိုင်ဝန်ထမ်း နားလည်လာသည်။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်။ မျိုးဆက်တူများကြားတွင် ပြိုင်ဘက်ကင်းသူများ။

တကယ်လည်း မသေမျိုးငါးဂိုဏ်းတပည့်များသည် အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းသည်ဟု နာမည်ကျော်သည်။ ကိုယ့်ထက်အမြင့်သူများကို မတိုက်ခိုက်နိုင်လျှင် မသေမျိုးငါးဂိုဏ်းတပည့်ဟု ပြောရမည်ကို ရှက်ကြပေလိမ့်မည်။

လုယန်သည် မသေမျိုးငါးဂိုဏ်းထဲမှာပင် ထူးထူးခြားခြားထူးချွန်သူဖြစ်ကြောင်း သူမသိ။ ဓာတ်ငါးမျိုးဂိုဏ်းမှ စွမ်းအားအမြင့်ဆုံး အခြေတည်အဆင့်တပည့်ကို အနိုင်ယူခဲ့သည်။

နန်းမြို့တော်တွင် ပြဿနာရှာသူများဟု နာမည်ကျော်သည့် မုန်မိသားစု၏အကြီးဆုံးသား။

မုန်မိသားစုကို လက်စားချေလိုသူများ တန်းစီခိုင်းလျှင် မုန်အိမ်တော်မှ နန်းတော်တံခါးဝထိ ရှည်လျားပေလိမ့်မည်။ ထိုက်သင့်သည့်စွမ်းအားမရှိလျှင် မုန်ကျင်းကျိုး အစကတည်းက သေခဲ့ပြီးဖြစ်မည်။

ရွှေစီးပွားအသင်းဌာနချုပ်က မုန်မိသားစုဝင်များအတွက် "မတော်တဆသေဆုံးမှုအာမခံ"မူဝါဒ သတ်မှတ်ပေးဖို့ စဉ်းစားနေသည်ဟု သူကြားသည်။

"သခင်လေးတို့ ဒီအတွင်းသန္ဓေတွေကို မယူဘူးလား"

ရွှေသန္ဓေအဆင့်နတ်ဆိုးသားရဲ၏ အဖိုးတန်ဆုံးပစ္စည်းဖြစ်သည့် အတွင်းသန္ဓေကို သူကောက်ကိုင်ကြည့်သည်။ ရွှေသန္ဓေတည်ဆောက်မှု အောင်မြင်နိုင်ခြေမြင့်မားစေသည့် ဆေးလုံးများ ဖော်စပ်ရာတွင်သုံးသည်။ အခြေတည်ထိပ်တန်းအဆင့်ကျင့်ကြံသူများ အငမ်းမရလိုချင်ကြသည်။

ရွှေသန္ဓေအကြိုအဆင့်များအတွက် ရွှေသန္ဓေတကယ်ဖြစ်လာဖို့ သားရဲအတွင်းသန္ဓေနှင့်လုပ်ထားတဲ့ ဆေးတစ်လုံးသာလိုသည်။

"ကျုပ်တို့အတွက် အသုံးမဝင်ဘူး။ ရောင်းမယ်"

မုန်ကျင်းကျိုး လက်ဝှေ့ယမ်းပြသည်။

သားရဲအလောင်းများ၏တန်ဖိုးကို ဆိုင်ဝန်ထမ်းက အမြန်အကဲဖြတ်သည်။ ပုံမပျက်သည့် ရွှေသန္ဓေအလတ်တန်းဆင့်သားရဲသုံးကောင်၏ တန်ဖိုးသည့် အဝေးပို့မှော်အဆောင်တစ်ခုနှင့် ညီမျှသည်။

"အဝေးပို့မှော်အဆောင်ငါးခု ထပ်ပေးပါ"

အစွမ်းကိုသိပြီးဖြစ်၍ မုန်ကျင်းကျိုး နောက်ထပ်ငါးခုထပ်ဝယ်သည်။

ယခု အဆောင်ကိုးခု သူ့လက်ထဲတွင် ရှိနေသည်။ နတ်ဝိညာဉ်အဆင့်သားရဲကိုးကောင်ကို ရင်ဆိုင်ဖို့လုံလောက်သည်။ တောအုပ်ထဲတွင် သူတို့ လွတ်လပ်စွာသွားလာနိုင်သည်။

"ရော့...မင်းအတွက်လေးခု"

လုယန်ကို အဆောင်လေးခုပေးသည်။

"ခင်ဗျားတို့မှာ ပိုအဆင့်မြင့်တဲ့မှော်အဆောင်တွေရှိလား"

ဆိုင်ဝန်ထမ်းကို ထပ်မေးသည်။

"ပိုအဆင့်မြင့်တာ"

"ဝိညာဉ်ပြောင်းအဆင့်သားရဲတိုက်ခိုက်ရင်တောင် မပျက်စီးနိုင်တာမျိုးပေါ့"

"ခဏလေးဗျာ၊ ကျုပ်စစ်ဆေးကြည့်ဦးမယ်"

အဝေးပို့မှော်အဆောင်များ ဈေးအလွန်မြင့်မားသဖြင့် ဝယ်နိုင်သူရှားလှသည်။ ထို့ကြောင့် ဆိုင်ဝန်ထမ်း ထိုအဆောင်များအကြောင်း သိပ်မသိ။

"စိတ်မကောင်းပါဘူးခင်ဗျာ၊ ကျုပ်တို့ဆီမှာ နတ်ဝိညာဉ်အဆင့်အတွက်ပဲ ရောင်းဖို့ရှိပါတယ်။ ဝိညာဉ်ပြောင်းအဆင့်မှော်အဆောင်တွေက ကျုပ်တို့ဌာနချုပ်မှာပဲ ရနိုင်ပါမယ်။ သခင်လေးအတွက် မှာပေးရမလား"

"သုံးခုမှာပေးပါ"

"ကောင်းပါပြီ"

"အခုရက်ပိုင်း တောအုပ်ထဲမှာ ရတနာတစ်ခုခုပေါ်လာတဲ့သတင်းမျိုး ကြားသေးလား"

လုယန် စုံစမ်းလိုက်သည်။ ရွှေစီးပွားအသင်းသည် ဝိညာဉ်ကျောက်လုံလောက်အောင်ပေးလျှင် လိုချင်သည့်သတင်းမှန်သမျှ ရှာပေးနိုင်သည့်ဟု ကြွေးကြော်ထားသည်။

သို့သော် ချဲ့ကားကြေညာခြင်းသာဖြစ်သည်။ ဥပမာ အမယွမ်၏အသက်ကို သူတို့မစုံစမ်းနိုင်ပါ။

ဆိုင်ဝန်ထမ်းက သူတို့နှစ်ယောက်ကို အသံလုံအခန်းတ်စခုထဲ ခေါ်သွားပြီး အပြင်မှခိုးနားမထောင်နိုင်အောင် မှော်စက်ဝန်းတစ်ခုအသက်သွင်းလိုက်သည်။

အရေးကြီးသည့်သတင်းများသည် အများရှေ့တွင် ချပြလို့မရ။

"လူတစ်ယောက် အမွှာကြာပန်းကို တွေ့ခဲ့တယ်"

ဝန်ထမ်းက လိုရင်းကိုတန်းပြောသည်။

လုယန်နှင့်မုန်ကျင်းကျိုး မင်သက်မိသွားသည်။ မနေ့ညကပင် ထိုရတနာအကြောင်း ပြောခဲ့ကြသည်။ ယခု ထိုရတနာပေါ်လာသည်။

"ဘယ်မှာလဲ"

ဆိုင်ဝန်ထမ်း မြေပြင်ကိုဖြန့်၍ ရေကန်တစ်ခုကို ထောက်ပြသည်။ မြို့တောင်ဘက် မိုင်တစ်ရာ့တစ်ဆယ်က ရေကန်တစ်ခုမှာတွေ့တာ။ အစက ဒီကန်ကို ရွှေသန္ဓေထိပ်တန်းအဆင့် ငါးဘုရင်တစ်ယောက် အုပ်ချုပ်နေတာ။ အဆိပ်ပြင်းတဲ့ ပူဖောင်းခါးမျိုးနွယ်ပါ။ အဆင့်တူချင်းမှာ သူ့အဆိပ်ကို ခံနိုင်ရည်ရှိတဲ့လူရှားတယ်။ အဲဒီ့နေရာတစ်ဝိုက်မှာ ပြိုင်ဘက်ကင်းပဲ။

ပြီးတော့ သူက တစ်ခြားရွှေသန္ဓေသားရဲလေးကောင်နဲ့ အတူပေါင်းပြီး ဒုက္ခပေးနေတယ်ကြားတယ်။

လွန်ခဲ့တဲ့သုံးရက်က လူတစ်ယောက် အမှတ်မထင် ငါးဘုရင်နယ်မြေကို ဝင်သွားမိတယ် သေတော့မယ်လို သူထင်ခဲ့ပေမယ့် မတိုက်ခိုက်ခံရဘူး။ အဆိပ်မိပြီးသေနေတဲ့ ရွှေသန္ဓေနတ်ဆိုးသားရဲလေးကောင်ရဲ့အလောင်းတွေကို တွေ့ခဲ့တယ်။ အလောင်းစစ်ဆေးကြည့်ပြီးမှ ဒါကိုအတည်ပြုခဲ့တာ။

ပြီးတော့ တစ်စစီဖြစ်နေတဲ့ ငါးဘုရင်အလောင်းကိုလည်း ကန်ထဲမှာတွေ့တယ်။

ငါးဘုရင်နဲ့ နတ်ဆိုးသားရဲလေးကောင်း အကျိုးအမြတ်ခွဲဝေရင်း ပြဿနာတက်ပြီး တိုက်ခိုက်ကြတာလို့ ကျုပ်တို့ခန့်မှန်းတယ်။ ငါးဘုရင်က သားရဲလေးကောင်ကို အဆိပ်ခတ်တယ်။ ဒါပေမယ့် သူလည်း အသေရိုက်သတ်ခံရတယ်။

နောက်တော့ ရေကန်ထဲမှာ အရင်က ငါးဘုရင်သေချာဝှက်ထားတဲ့ အမွှာကြာပန်းကို သူတွေ့တယ်။

ငါးရက်အတွင်းမှာ ဒီကြာပန်း ပွင့်လိမ့်မယ်။ လူအတော်များများ ဒီသတင်းကိုသိပြီးလို့ အရယူဖို့ ပြင်ဆင်နေကြပြီ"

"အမွှာကြာပန်း..."

လုယန်နှင့်မုန်ကျင်းကျိုးမျက်နှာတွင် စိတ်ဝင်စားသည့်အပြုံးများ ပေါလာသည်။

ဘယ်လိုရွှေသန္ဓေတည်ဆောက်ရမည်ကို သူတို့မသိသေး။ လုယန်က ဓားသန္ဓေမလိုချင်။ မုန်ကျင်းကျိုးက တစ်ကိုယ်တော်သန္ဓေ မတည်ဆောက်ချင်။ စိတ်ကူးစိတ်သန်းတစ်ခုခုရဖို့ ပြင်ပပစ္စည်းများလိုအပ်သည်။

အမွှာကြာကို လေ့လာခြင်းဖြင့် ရွှေသန္ဓအတွေးအမြင်များ ရလာနိုင်သည်။ ထိုအဖြစ်မျိုး တာအိုလမ်းစဉ်ဂိုဏ်းတွင် ဖြစ်ဖူးသည်။

ဂိုဏ်းအကိုတစ်ယောက် ရွှေသန္ဓေတည်ဆောက်စဉ်အတွင်း တိုက်တိုက်ဆိုင်ဆိုင် အမွှာကြာက သူ့အခန်းထဲတွင် ပွင့်နေခဲ့သည်။ လရောင်အောက်တွင် ကြာပန်းကိုကြည့်ရင်း စိတ်ကူးဉာဏ်တစ်ခုရလာပြီး အလွန်အားကောင်းသည့် ယင်ယန်ရွှေသန္ဓေတည်ဆောက်နိုင်ခဲ့သည်။

ယင်ယန်ရွှေသန္ဓေကိုသုံးလျှင် လှောင်ပြောင်သရော်စကားများ နှုတ်မှလွယ်လွယ်ထွက်လာသည်။ တစ်ခြာလူများကို ရန်စရာတွင် ထူးချွန်သည်။

(***'လှောင်ပြောင်ခြင်း'အဓိပ္ပါယ်ရသည့်စကားစုတွင် 'ယင်ယန်'ဆိုသည့်စုတ်ချက်များ ပါဝင်နေသည်။)

လုယန် ထိုအကိုနှင့် ရင်းနှီးပါသည်။ ယခု ရွှေဗုဒ္ဓနိုင်င့တွင် လေ့ကျင့်ရေးဆင်းနေသည့် သူ့ဆရာတူအကိုနှစ် ဖြစ်သည်။

ထို့ပြင် စွန်စီးဘုံကျောင်း၏ကျောင်းထိုင်ကိုယ်တော် ရှိသေးသည်။ မသေမျိုးငါးဂိုဏ်းတွင် တစ်ဦးတည်းသော ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။ သူ့ရွှေသန္ဓေတည်ဆောက်စဉ်ကလည်း အမွှာကြာပန်းကို အထောက်အကူယူခဲ့သည်။

သူ့ရွှေသန္ဓေပေါ်တွင် ကြာပင့်အမှတ်အသားတစ်ခုရှိသည်။ ငြင်းခုန်သည့်အချိန် ကျမ်းစာပို့ချသည့်အချိန်တွင် သူ့ပါးစပ်ထဲမှ ကြာပွင့်များထွက်လားခြင်း၊ ခြေတစ်လှမ်းလှမ်းတိုင်း ကြာတစ်ပွင့်ပေါ်လာခြင်း စသည့်အကျိုးကျေးဇူးများရသည်။ အတော်အထင်ကြီးစရာကောင်းသည်။

ထိုစွမ်းရည်များသည် အပြင်စွမ်းအားပေါ်အားကိုးသည့် မှော်ပညာစွမ်းရည်များနှင့်မတူ။ သဘာဝအတိုင်း အလိုအလျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဆင့်မြင့်ကျင့်ကြံသူများစွာ အလေးထားကြသည်။ အမွှာကြာ၏အာနိသင်ထူးခြားမှုက ထင်ရှားနေသည်။

"ကြာစေ့တွေကလည်း အရသာရှိတယ်"

နတ်မယ်က လုယန်ကို နောက်ထပ်ကောင်းကွက်တစ်ခု ပြောသည်။

ငါးဘုရင်ကိုသတ်တုန်းက ကြာပွင့်ကို သူမြင်ပါသည်။ သို့သော် မပွင့်သေး။ အလျင်စလို ခူးဆွတ်လျှင် ကြာပန်းဝိညာဉ်သန္ဓေ ပျက်စီးသွားမည်။

မသေမျိုးစားဖိုမှူးတစ်ယောက် သို့မဟုတ် လောက၏တစ်ဦးတည်းသောမသေမျိုးအနေဖြင့် ထိုရတနာကို သူအလဟဿမဖြုန်းတီးနိုင်။

"ကြာစေ့ဟင်းချိုဟာ သန္ဓေတည်နိုင်စွမ်းနဲ့ကောင်းချီးကို ကိုယ်စားပြုတယ်။ နောင်တစ်ချိန် နင်ကလေးလိုချင်ရင် နင့်မိန်းမအတွက် ချက်ပေးလို့ရတာပေါ့"

"...နတ်မယ်၊ ခင်ဗျား အဆင့်တွေအများကြီးကျော်ပြီး တွေးနေတာပဲ။ ကျုပ်မှာ စေ့စပ်ထားတဲ့လူတောင် မရှိသေးဘူး"

"နင်ရှိလာမှာပါ။ ဒါဟာ မသေမျိုးတစ်ယောက်ရဲ့ ကောင်းချီးဆုတောင်းပဲ"

နတ်မယ် ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။ သူဆုတောင်းများသည် ဘယ်တုန်းကမှ မလွဲချော်ဖူး။

လုယန်စိတ်ထဲတွင် သူ့အနာဂတ်ကံကြမ္မာက စိန်ခေါ်မှုများပြည့်သည်ဟု ခံစားနေရသည်။

All Chapters