လက်သီးပညာပါရဂူ ပဲဝါနတ်မယ်
Vol. 17 Ch. 250
ဆိုင်မှထွက်ပြီးနောက် လင်းယုန်တောင်သူရဲငါးယောက်နှင့် ခဏလမ်းခွဲပြီး တည်းခိုခန်းသို့ ပြန်ကြသည်။ စားပွဲထိုးကို အနီးအနားမှ အစားအသောက်ကောင်းတစ်ချို့ဝယ်ပြီး အခန်းထဲသို့ပို့ပေးရန် ပြောသည်။
"ဒါပေမယ့်...တို့ဟူးဟင်းတော့ မပါစေနဲ့"
လုယန် အပေါ်ထပ်သို့မတက်မီ စားပွဲထိုးကိုသတိပေးသည်။
"အိပ်ယာတစ်ခုရဲ့ နူးညံ့မှုကို ဘာနဲ့မှယှဉ်လို့မရဘူး"
လုယန် အိပ်ယာပေါ်ပစ်လှဲရင်း ကျေနပ်သွားသည်။
"ဟုတ်တယ်၊ အိပ်တယ်ဆိုတာ အရမ်းသက်တောင့်သက်သာရှိတာ"
ပဲဝါက လက်ခံသည်။ ယခု လုယန်၏သိစိတ်နယ်မြေတွင် သူ့နေ့ရက်များကို အိပ်ရင်းအချိန်ဖြုန်းနေသည်။ သူစိတ်ကြည်လျှင် ကြာကြာအိပ်သည်။ စိတ်မကြည်လျှင် လျှော့အိပ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အမြဲစိတ်ကြည်သူဖြစ်သည်။
လုယန်စကားပြန်အပြောကို အတော်ကြာအောင် စောင့်နေသော်လည်း တုံ့ပြန်သံ သူမကြားရ။ လုယန်ပါးစပ်အနည်းငယ်ဟလျက် နှစ်ခြိုက်စွာအိပ်ပျော်နေပြီဖြစ်သည်။
တောထဲတွင်ကုန်လွန်ခဲ့သည့်နေ့ရက်များက အတော်ပင်ပန်းသည်။ လုယန် တမ်းတင်းထားသည့် လေးညှို့လို အမြဲတမ်း သတိထားနေရသည်။ သက်တောင့်သက်သာရှိသည့် အိပ်ယာပေါ်ရောက်သည်နှင့် သူ့စိတ်ကိုဖြေလျှော့လိုက်သည်။
မုန်ကျင်းကျိုးလည်း ခေါင်းအုံးထိသည်နှင့် အိပ်ပျော်သွားသည်။ ကလေးဘဝကတည်းက အလိုလိုက်ခံထားရသူဖြစ်သည်။ မိသားစုက သူလိုချင်တာမှန်န်သမျှ ဖြည့်ဆည်းပေးသည်။ ကောင်းကင်မှကြယ်များပင်ပါသည်။ တောနက်ထဲတွင် နေခဲ့ရသလို တစ်ခါမှဒုက္ခမခံခဲ့ဖူး။
"သခင်လေး၊ အစားအသောက်ရပါပြီ"
စားပွဲထိုးက အခန်းတံခါးကို အသာခေါက်သည်။ လုယန်နိုးသွားမည်စိုးသဖြင့် နတ်မယ်က ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး တံခါးသွားဖွင့်သည်။
"ရှူး...အသံကိုလျှော့ပြောပါ။ သူအိပ်နေတယ်"
နတ်မယ်က နှုတ်ခမ်းတွင်လက်ညှိုးကပ်၍ တိုးတိုးပြောသည်။
စားပွဲထိုးက အစားအသောက်ဗန်းကိုပေးသည်။
"နားလည်ပါပြီး ခင်ဗျာ"
နတ်မယ် ဗန်းကိုယူပြီး တံခါးပိတ်သည်။ အစားအသောက်များကို စားပွဲပေါ်တင်သည်။ လုယန်ခန္ဓာကိုယ်ကို အိပ်ယာပေါ်သို့ ပုံမပျက်ပြန်ထားသည်။
"ပျင်းစရာကောင်းလိုက်တာ။ ငါလည်းအိပ်တော့မယ်"
နတ်မယ် သမ်းတစ်ချက်ဝေ၍ သိစိတ်နယ်မြေတွင် အိပ်ပျော်သွားသည်။
စားပွဲထိုး လှေခါးသို့ ရောက်လာချိန်တွင် ထိုအခန်းထဲ၌ လူတစ်ယောက်သာမြင်ခဲ့သည်ကို ပြန်သတိရလာသည်။
"အခန်းထဲမှာ လူတစ်ယောက်ပဲ ရှိတာပါ။ အိပ်နေတယ်ဆိုတာဘယ်သူလဲ"
တစ်ယောက်ယောက် စောင့်ကြည့်ခံနေရသကဲ့သို့ သူ့ကျောရိုးထဲမှ စိမ့်တက်လာပြီး အောက်သို့ အမြန်ဆင်းလိုက်သည်။
"နတ်ဘုရားတွေ ကျုပ်ကိုကာကွယ်ပေးပါ။ ကျုပ်ကိုကာကွယ်ပါ။ ကျုပ်ဘာအမှားမှ မလုပ်ခဲ့ဖူးပါဘူး"
..........
"အရမ်းဇိမ်ကျတာပဲ"
လုယန် နိုးလာသည်။
"မွှေးလှချည်လား"
စားပွဲပေါ်မှ အသားပန်းကန်သုံးခွက်၊ အသီးအရွက်တစ်ခွက်နှင့် ဟင်းချိုတစ်ခွက်ကို မြင်လိုက်ရသဖြင့် သူအတော်အံ့အားသင့်သွားသည်။
ဒီအစားအသောက်တွေ ဘယ်ကရောက်လာတာလဲ။
စားပွဲထိုးကို အစားအသောက်ဝယ်ခိုင်းခဲ့သည်ကို သူမှတ်မိသည်။ သို့သော် တံခါးဖွင့်ခဲ့သည်ကို မမှတ်မိ။
"အိပ်ရင်းနဲ့လမ်းလျှောက်တဲ့အကျင့် ငါ့မှာရှိနေတာလား"
သူခေါင်းကုတ်လိုက်သည်။ အိပ်ချင်စိတ်များ၍ မေ့သွားခြင်းဖြစ်မည်ဟု တွေးနေသည်။
အစားအသောက်အရသာက အတော်ကောင်းသည်။ ထူးခြားသည့် ဒေသလက်ရာမျိုးဖြစ်သည်။ အတော်အရသာရှိသည်။ နူးညံ့သည်။ အခြေတည်အဆင့်နတ်ဆိုးသားရဲများ၏ အသားဖြစ်ဟန်တူသည်။ ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအင်ကို အားဖြည့်ပေးနိုင်သည်။
နတ်မယ်ကို သူ့ခန္ဓာကိုယ်ပေး၍ နတ်ဆိုးတောင်ကြားမြို့၏ အစားအသောက်များကို မြည်းကြည့်ခိုင်းရန် စဉ်းစားမိသည်။ သို့သော် နတ်မယ်အိပ်ပျော်နေသဖြင့် သူမနှိုးတော့။
ဗိုက်ပြည့်အောင်စားသောက်ပြီးနောက် ပြန်လည်အားပြည့်လာသလို ခံစားလိုက်ရသည်။ မနေ့ညကအခြေအနေနှင့်မတူတော့။
ဘေးအခန်းမှ မုန်ကျင်းကျိုးဆီ သူသွားသည်။
"ငါ့ရဲ့ အရဟတ်လက်သီးကို မင်းသင်ချင်တယ်ပေါ့"
လုယန်တောင်းဆိုချက်ကြောင့် မုန်ကျင်းကျိုး နည်းနည်းအံ့အားသင့်သွားသည်။
"ဒီမနက်ငါစဉ်းစားမိတယ်။ ငါက မှော်ပညာနဲ့ဓားပညာတွေမှာ တိုးတက်လာပြီ။ ဒါပေမယ့် လက်သီးပညာတစ်ခု လိုနေတဘ်။ တိုက်ခိုက်တဲ့အခါ မထင်မှတ်တဲ့အခြေအနေမျိုး ကြုံနိုင်တယ်။ လက်သီးပညာကလည်း အသုံးဝင်လာနိုင်တယ်လေ"
"မင်းက အရိပ်တုလက်သီးကို တတ်ထားပြီးသားမဟုတ်လား"
"အဲဒါနဲ့ အမယွမ်ကို ဆင့်ခေါ်ရမှာလား"
မုန်ကျင်းကျိုး လက်လျှော့လိုက်သည်။ ထိုပညာက တကယ်နည်းနည်းတော့လွန်သည်။ ထိုလက်သီးသိုင်းမျိုးသုံးလျှင် တိုက်ပွဲသည် အဓိပ္ပါယ်မရှိတော့။ ဆင့်ခေါ်မှော်ပညာအဖြစ် ပြောင်းသွားမည်။
ထို့ပြင် လုယန်၏အရိပ်တုလက်သီးကလည်း လက်သီးပညာဆိုသည်ထက် အသွင်ပြောင်းပညာနှင့် ပိုတူသည်။
"သင်ပေးဖို့အဆင်ပြေရဲ့လား"
"ငါ့ဆရာက ဒီပညာဖြန့်ဝေတာကို တားမြစ်မထားပါဘူး။ အရဟတ်လက်သီးက တန်ဖိုးကြီးပေမယ့် အမယွမ်ဆီကနေလည်း မင်းသင်လို့ရတာပဲ။ ငါ့ဆီကသင်နိုင်မလား သူ့ဆီကသင်နိုင်မလားဆိုတာပဲ ကွာမှာပါ"
ပညာရပ်နာမည်ကိုသိသူတိုင်း အမယွမ်ဆီမှ သင်ယူနိုင်သည်။
ထိုပညာကို အမယွမ်မသိလျှင်ပင် နာမည်ပေါ်အခြေခံ၍ ပညာရပ်တစ်ခု ချက်ချင်းဖန်တီးနိုင်သည်။
"ဒါဆိုရင် သိပ်ကောင်းတာပေါ့"
လက်သီးပညာအသစ်တစ်ခု သင်ရတော့မည်ဖြစ်၍ လုယန်စိတ်လှုပ်ရှားလာသည်။
"နင်က ငါ့ရဲ့ ဘုန်းကြီးတာအိုလက်သီးကို မသင်ဘဲ အရဟတ်လက်သီးကို သင်ချင်တယ်ပေါ့"
နတ်မယ် ဒေါသထွက်လန်းသဖြင့် ခြေဆောင့်နေသည်။ မသေမျိုးလက်သီးပညာများနှင့်ယှဉ်လျှင် အရတ်လက်သီးဟူသည့်နာမည်သည် လုံးဝစွမ်းအားကြီးပုံမပေါ်။
"ဘုန်းကြီးတာအိုလက်သီးကို တတ်သွားတာနဲ့ ငရုပ်ကောင်းလက်သီး၊ စမုန်စပါးလက်သီး၊ ဇီယာလက်သီးတွေလို လက်သီးပညာတွေ ထောင်ချီပြီး နင်သင်လို့ရတယ်။ နောက်ဆုံးမှာ ထာဝရနတ်မယ်လက်သီးကျို ကျွမ်းကျင်သွားမယ်။ အဲဒီ့အချိန်ရောက်ရင် နင်ပြိုင်ဘက်ကင်းဖြစ်ပြီလေ"
လုယန် သက်ပြင်းချသည်။
"နတ်မယ်၊ ခင်ဗျားလက်သီးပညာတွေရဲ့ နာမည်လေးပဲ ပြောင်းလိုက်မယ်ဆိုရင်တောင် ကျုပ်သင်မိမှာပါ"
တိုက်ခိုက်သည့်အချိန်တွင် ပြိုင်ဘက်များက 'အစွန်းရှစ်ပါးလက်သီး' 'ကောင်းကင်တုန်လက်သီးခြောက်ကွက်'လို နာမည်များ သုံးကြမည်။ 'မင်းလက်သီးပညာကဘာလဲ'ဟု မေးလာလျှင် 'ထာဝရနတ်မယ်လက်သီးပါ'ဟု လုယန်မပြောနိုင်။
တိုက်ပွဲမစမီကတည်းက အားတစ်ဝက်လျော့သွားမ်ည။
လုယန်နှင့်မုန်ကျင်းကျိုး သီးသန့်လေ့ကျင့်ကွင်းတစ်ခုသို့ရောက်လာပြီး အရဟတ်လက်သီးကို စသင်သည်။
"အရဟတ်လက်သီးရဲ့ သမိုင်းကြောင်းကိုတော့ ပြောမပြတော့ဘူး။ ဒါက စာအုပ်ထဲမှာရှိတာပဲ။ မင်းအချိန်ရရင် ဖတ်ကြည့်ပေါ့"
မိတ်ဆက်သည့်အပိုင်းကို ကျော်လိုက်ပြီး လက်တွေ့သင်ကြားသည့်အပိုင်းကို မုန်ကျင်းကျိုး တန်းသွားသည်။
"ဒီပညာရဲ့ အဓိကသဘောတရားက အထက်ကနေအောက် အောက်ကနေအထက်ကို ထိုးဖောက်တာပဲ။ ဘယ်ကိုအယောင်ပြပြီး ညာကိုတိုက်ခိုက်တယ်။ ဟန်ပြလှည့်စားမှုတွေသုံးတယ်။ တစ်ဘက်သားမခန့်မှန်းနိုင်အောင် အဓိကဦးစားပေးတယ်။ အပြောင်းအလဲမြန်တယ်။ အသက်ရှူနှုန်းနဲ့ စွမ်းအားကိုမြှင့်တယ်။ ဒီလိုမျိုးပေါ့"
မုန်ကျင်းကျိုး ရင်ကော့၍ မတ်မတ်ရပ်ပြီး လက်နှစ်ဘက်ကို ဘေးတွင်ချထားသည်။ မျက်လုံးက ရှေ့တည့်တည့်ကို ကြည့်သည်။ ဘယ်ခြေကို ဘယ်ဘက်သို့ တစ်ဝက်ရွှေ့ပြီး လက်ဝါးနှစ်ဘက်ကို အပေါ်သို့ပင့်၍ ဘေးသို့ကားလိုက်သည်။
"ယား"
လက်တွေ့သရုပ်ပြနေသည်က အတော်ကောင်းသည်။ ဒေါသထွက်နေသည့် ဝါဇရကိုယ်တော်လို တည်ကြည်ခန့်ညားသည်။ သူ့အသံက ကျယ်လောင်သည်။ ဗုဒ္ဓခြင်္သေ့ဟိန်းဟောက်နေသလိုရှိသည်။
"ဒုက္ခပင်လယ်ဟာ အဆုံးမရှိဘူး။ ခေါင်းတစ်ချက်လှည့်လိုက်တာနဲ့ ကမ်းခြေပဲ"
"ဒါက မြင်းထိုင်ကြာပွတ်လက်သီး"
"ဒါက ခြေကြွလက်သီး"
"ဒါက မဟာဂဠုန်ခြေသည်းဖြန့်"
အရဟတ်လက်သီးကို တစ်ကွက်ချင်း သရုပ်ပြသည်။ လုယန်၏သွေးများ ဆူပွက်လာသည်။
လက်သီးသိုင်းကွက်အားလုံး လှုပ်ရှားပြီးနောက် အရဟတ်လက်သီး၏ အနှစ်သာရကို အပြည့်အစုံပေါ်လာသည်။ နတ်ဆိုးများကို သုတ်သင်သည့် အရဟတ်ကိုယ်တော်တစ်ယောက် လုယန်ရှေ့တွင် ပေါ်လာသလိုရှိသည်။
အထူးသဖြင့် တတိယအကြီးအကဲ၏ နာမည်ကျော် ကောင်းကင်တုန်ခြောက်ကွက်သည် အရဟတ်လက်သီးမှ ဆင်းသက်လာကြောင်း သိထားပြီးဖြစ်၍ လုယန်ပို၍ စိတ်ဝင်စားနေသည်။
သူလည်း အရဟတ်လက်သီးမှ တစ်ခြားပညာရပ်များ ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်လိမ့်မည်။
"ဒါနဲ့..တတိယအကြီးအကဲက ကောင်းကင်တုန်ခြောက်ကွက်ကို ဒီအရဟတ်လက်သီးကနေ ဘယ်လိုရလာလဲဆိုတာ မင်းကိုပြောဖူးသလား"
လုယန်မေးလိုက်သည်။ အသိအမြင်တစ်ချို့ရနိုင်သည်ဟု တွေးမိသောကြောင့်ဖြစ်သည်။
"ပြောဖူးတယ်။ သူငယ်ငယ်က ရွှေဗုဒ္ဓနိုင်ငံကိုသွားတော့ အရဟတ်လက်သီးကျွမ်းကျင်တဲ့ နတ်ဆိုးချုပ်အရဟတ်ဆိုတဲ့ ကိုယ်တော်တစ်ယောက်နဲ့တွေ့တယ်။ အဲဒီ့ကိုယ်တော်က ငါ့ဆရာကို ကလေးရိုက်သလို ရိုက်ခဲ့တယ်တဲ့။
ဆရာက သူ့ကိုမနိုင်တော့ နောက်ထပ်အရိုက်မခံရအောင် ထွက်ပြေးခဲ့ရတယ်။ ဒါကိုစိတ်ပျက်ပြီး သူ့ကိုယ်ပိုင် ကောင်းကင်တုန်ခြောက်ကွက်ကို ဖန်တီးခဲ့တာ"
လုယန်- "..."
လက်သီးပညာတီထွင်သည့် နောက်ခံဇာတ်လမ်းက သူထင်ထားသလိုမဟုတ်။
"ဒါဆို နောက်ပိုင်းမှာ တတိယအကြီးအကဲက အဲဒီ့ကိုယ်တော်ကို နိုင်သွားလား"
"မနိုင်ဘူး။ အဲဒီ့ကိုယ်တော်က ငါ့ဆရာထက် ကျင့်စဉ်အဆင့်ကြီးတစ်ဆင့်လုံး ပိုမြင့်နေတာလေ"
(**အခြေခံ၊ အလတ်တန်း၊ ထိပ်တန်း၊ စသည့်အဆင့်များကို 'အဆင့်ငယ်'ဟု သတ်မှတ်သည်)