အရဟတ်လက်သီးပါ
Vol. 17 Ch. 251
"လာပါ၊ မြင်းထိုင်ပုံစံရပ်ပြီး အရဟတ်လက်သီးကို စလှုပ်ရှားကြည့်ပါ"
ခုနက မုန်ကျင်းကျိုးလှုပ်ရှားခဲ့သည့်အတိုင်း လုယန် လှုပ်ရှားသည်။ စွမ်းအင်ကို ဒန်ထန်တွင်စုစည်းသည်။ မတ်မတ်ရပ်သည်။ ဘယ်ခြေကိုခွဲပြီး လက်ဝါးနှစ်ဘက်ကို စက်ဝိုင်းပုံဝှေ့ယမ်းသည်။
"ယား"
"အသံမကျယ်သေးဘူး။ ထပ်မြှင့်ဦး"
"ယား"
"ထပ်မြှင့်ဦး"
"ယား"
"ထပ်မြှင့်ဦး"
လုယန် အသံကိုမြှင့်အော်ရင်း နောက်ဆုံးတွင် မုန်ကျင်းကျိုးစံချိန်ကို မီသွားသည်။
"ငါ့ဆရာကပြောတယ်။ တိုက်ခိုက်တဲ့အချိန်အော်တာဟာ ကိုယ့်စွမ်းအားကို အပြည့်အဝထုတ်လွှတ်တဲ့ နည်းလမ်းပဲတဲ့။ ကျယ်ကျယ်အော်လေ စွမ်းအားပိုထုတ်နိုင်လေပဲ။ ပုံမှန်သုံးနေကျစွမ်းအားထက်တောင် ပိုထုတ်နိုင်တယ်တဲ့။
လက်သီးထိုးတဲ့အခါ လက်မောင်းကို မျက်လုံးနဲ့ တစ်တန်းတည်းထား။ လက်သီးကို တင်းတင်းဆုပ်ထား။ ကျောက်တုံးတစ်တုံး လက်ထဲဆုပ်ထားပြီး စွမ်းအားကုန်ထုတ်ပြီး ကြိတ်ချေနေသလို သဘောထားရတယ်"
တတိယအကြီးအကဲသင်ပြခဲ့သည့်အတိုင်း မုန်ကျင်းကျိုးက လုယန်ကို သင်ပေးသည်။
"အရဟတ်လက်သီးဟ ခန္ဓာကိုယ်အထက်ပိုင်းအောက်ပိုင်း ပေါင်းစပ်လှုပ်ရှားမှုကို အလေးပေးတယ်။ ခြေလှမ်းနဲ့အတူ လက်တွေကလှုပ်ရှားတယ်။ အပျော့်အမာအားနှစ်ခုကို ညီမျှအောင်ထားတယ်။ မင်းလှုပ်ရှားပုံက တောင့်တင်းလွန်းတယ်။ ရေလို ပျော့ပျောင်းညင်သာနေဖို့လိုတယ်"
လုယန်၏အမှားများကို မုန်ကျင်းကျိုး တစ်ခုချင်းတည့်မတ်ပေးသည်။ လက်သီးပညာလေ့ကျင့်ရာတွင် ထိုအမှားများ ကြုံရလေ့ရှိသည်။
လုယန် သိုင်းပညာတွင် အတော်ပါရမီရှိသည်။ ထို့ကြောင့်လည်း အရိပ်တုလက်သီးကို နေ့တစ်ပိုင်းဖြင့် တတ်ကျွမ်းပြီး နောက်ထပ်နေ့တစ်ပိုင်းအတွင်း လုမိသားစုအရိပ်တုလက်သီးအဖြစ် အဆင့်မြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။
"ဒုက္ခပင်လယ်ဟာ အဆုံးမရှိဘူး။ ခေါင်းတစ်ချက်လှည့်လိုက်ရင် ကမ်းခြေပဲ"
လုယန် ထိုအပိုင်းကို ချက်ချင်းကျွမ်းကျင်သွားသည်။ မျက်လုံးတွင် ကရုဏာရိပ်သန်းလာသည်။ မေတ္တာရှင်တစ်ယောက်ပုံစံမျိုး ဖြစ်လာသည်။
မုန်ကျင်းကျိုး၏ အားကြိုးမာန်တက် သင်ပြနေသည့်စကားသံများ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
"ဆရာကပြောတယ်။ အရဟတ်လက်သီးဟာ လူတွေကို ကောင်းမှုလုပ်ဖို့ အားပေးတဲ့ပညာတဲ့။ 'ဒုက္ခပင်လယ်ဟာအဆုံးမရှိဘူး။ ခေါင်းတစ်ချက်လှည့်တာနဲ့ ကမ်းခြေပဲ'ဆိုတာဟာ မင်းရဲ့လက်သီးသိုင်းကွက်တွေနဲ့ လူတစ်ယောက်လက်နက်ချပြီး လူကောင်းအဖြစ်ပြောင်းလဲသွားအောင် လုပ်ရမယ်ဆိုတဲ့သဘောပဲ။ အဲလိုဆိုရင် အရဟတ်လက်သီးက တကယ်ပြည့်စုံသွားပြီ။
ဒါပေမယ့် လူတွေက သိစိတ်အမှောင်ဖုံးတတ်တဘ်။ လက်နက်ချက်ပြီး လူကောင်းအဖြစ် မပြောင်းလဲတတ်ကြဘူး။ ဒါကြောင့် သမိုင်းတစ်လျှောက်မှာ အရဟတ်လက်သီးကို တကယ်ကျွမ်းကျင်သွားတဲ့လူ နည်းနည်းပဲရှိတယ်"
မုန်ကျင်းကျိုးက ဝါရင့်ကိုယ်တော်တစ်ယောက်လို ရင်ဘတ်တွင် လက်တစ်ဘက်ကပ်ထားသည်။
"အရဟတ်လက်သီးကို သင်တဲ့အခါ စိတ်သွင်းတတ်ဖို့လည်း အရမ်းအရေးကြီးတယ်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓသားတော်အဖြစ် သဘောထားရမယ်။ ငါဒီပညာလေ့လာတုန်းကဆိုရင် ဗုဒ္ဓကျမ်းစာတွေတောင် ခဏလေ့လာခဲ့သေးတယ်"
"ဗုဒ္ဓကျမ်းစာကိုရွတ်ဆိုရမယ်ပေါ့"
နည်းလမ်းတစ်ခုတွေ့ပြီဟု လုယန် တွေးမိသည်။
ဗုဒ္ဓကျမ်းစားများကို သူအထွေအထူး လေ့လာစရာမလို။ ကျမ်းစာတိုက်တွင် အချိန်ဖြုန်းခဲ့စဉ်က စိန်သုတ္တာန်၊ ရွှေအလင်းသုတ္တန်၊ နှလုံးသုတ္တာန်လို ကျမ်းစာများကို ရက်အတော်ကြာလေ့လာဖူးသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် အတော်အထောက်အကူရသည်။
သူ့မျက်လုံးများကို ဖြေးညှင်းစွာမှိတ်လိုက်သည်။ သိစိတ်နယ်မြေမှ ထာဝရနတ်မယ်၏ နူးညံ့သည့်မျက်နှာကို မြင်လိုက်ရသည်။
ညအိပ်ဝတ်စုံဝတ်ထားသည့်နတ်မယ်က သူ့ကို ခေါင်းစောင်း၍ ပြန်ကြည့်နေသည်။
"...နတ်မယ်၊ ကျုပ်မြင်ကွင်းရှေ့ကနေ ဘေးကိုဖယ်နေပေးလို့ရမလား။ အခုကျုပ် ဗုဒ္ဓကျမ်းစာတွေကို ပြန်စဉ်းစားနေလို့ပါ"
"ဪ"
နတ်မယ် ဘေးသို့ထွက်သွားသည်။ လုယန် ဗုဒ္ဓကျမ်းစာများကို ပြန်သုံးသပ်သည်။ စိန်သုတ္တာန်၊ ရွှေအလင်းသုတ္တန်နျှင့် နှလုံးသုတ္တာန်အကြောင်းအရာများ သူ့ိစတ်အာရုံတွင် ပေါ်လာသည်။ စာအုပ်ရေးသူ၏ ရည်ရွယ်ချက်ကို နားလည်အောင်ကြိုးစားသည်။ ကိုယ်တိုင် သူတို့နေရာတွင် ဝင်၍ခံစားကြည့်သည်။
မုန်ကျင်းကျိုး လုယန်ကို တအံ့တဩကြည့်နေသည်။
လုယန် မျက်လုံးမှိတ်ထားသည်။ လှုပ်ရှားမှုများ နှေးကွေးလာသည်။ သစ်ပင်အိုတစ်ပင်လို ယိမ်းနွဲ့နေသည်။ သို့သော် သူ့အမူအရာက ကရုဏာကြီးမားသည့်အဆင့်မြင့် ဘုန်းကြီးတစ်ပါးလို့ ဖြစ်လာသည်။
'လုယန်က ဘုန်းကြီးဖြစ်သင့်တဲ့လူများ ဖြစ်နေမလား'
မုန်ကျင်းကျိုး ကျိတ်တွေးနေသည်။
ဗုဒ္ဓကျမ်းစာနှင့်အရဟတ်လက်သီးပညာအပေါ် လုယန်၏နားလည်မှုက တဖြေးဖြေးနက်ရှိုင်းလာသည်။ လှုပ်ရှားမှုများက ရေစီးလို ညင်သာလာသည်။ တုံ့ဆိုင်းတွေဝေခြင်း လုံးဝမရှိ။ အကြိမ်ပေါင်း ရာချီထောင်ချီ လေ့ကျင့်ထားသလို လှုပ်ရှားမှုတိုင်းက ခန္ဓာကိုယ်နှင့် တစ်သားတည်းကျနေသည်။
"ဝုန်း"
"ဝုန်း"
လက်သီးချက်တိုင်း လေဟာနယ်တုန်ခါသွားသည်။ ဗုဒ္ဓကျမ်းရွတ်သံ သဲ့သဲ့ပေါ်လာသည်။ လေဟာနယ်ထဲတွင် ဘုန်းကြိးအိုတစ်ယောက် သုတ္တာန်များရွတ်၍ လူအများကို ဆုံးမနေသယောင်ရှိသည်။
မျက်စိမှိတ်လျက်သားဖြင့် မနက်ပိုင်းမှ ညနေအထိ လုယန် ဆက်တိုက်လေ့ကျင့်နေသည်။ မုန်ကျင်းကျိုးက သင်ပြစရာဘာမှမကျန်တော့သဖြင့် အနားတွင်ဆောင့်ကြောင့်ထိုင်၍ လုယန်မျက်လုံးပြန်ပွင့်လာမည့်အချိန်ကို စောင့်ကြည့်နေသည်။
"ဟူး.."
လက်သီးသိုင်းကွက်များ တစ်ကြိမ်အပြည့်ကစားပြီးနောက် လုယန် ပင့်သက်တစ်ချက် မှုတ်ထုတ်လိုက်သည်။ အသက်ပြန်ရှူ၍ မျက်လုံးဖွင့်သည်။ ယခု သူ့မျက်လုံးများက တောက်ပကြည်လင်နေသည်။
"မင်းကျွမ်းကျင်သွားပြီလား"
မုန်ကျင်းကျိုး လုယန်ကို တအံ့တဩကြည့်နေသည်။ သူလေ့လာစဉ်က သုံးရက်ကြခဲ့သည်။ ယခု ဤသကောင့်သားက တစ်ရက်တည်းဖြင့် တတ်သွားသည်။
ဤလောကကြီးတွင် တရားမျှတမှုဟူ၍ ရှိသည်မထင်။
"နည်းနည်းတော့ တိုးတက်လာပါပြီ"
လုယန် ယှဉ်ကျေးမှုအရ နှိမ့်ချ၍ပြောသည်။
"စမ်းကြည့်ရအောင်"
လုယန်၏တိုးတက်မှုကို မုန်ကျင်းကျိုး စမ်းသပ်ချင်နေသည်။ လဝက်လောက်လေ့ကျင့်ထားသည့်သူ့ထက် တစ်နေ့တည်းလေ့ကျင့်ရသေးသည့်လုယန်က ပိုသာနိုင်မည်ဟု သူမထင်။
"စမ်းကြည့်တာပေါ့"
လုယန်လည်း စိတ်အားတက်ကြွနေသည်။
နှစ်ယောက်သား အသင့်ပြင်၍ ကိုယ်ဟန်ပြောင်းပြီး အရဟတ်လက်သီးသိုင်းကွက်ကို ပြိုင်တူလှုပ်ရှားသည်။ ကျွမ်းကျင်မှု စမ်းသပ်ရုံသက်သက် တိုက်ခိုက်ခြင်းဖြစ်သည်။
"ကျားနက် နှလုံးခိုးယူ"
"ကျားနက် နှလုံးခိုးယူ"
"မြေစိုက်တူလက်သီး"
"မြေစိုက်တူလက်သီး"
လက်သီးများက ပြင်းထန်သည့်အရှိန်ဖြင့် ရင်ဆိုင်တွေ့သည်။ လေ့ကျင့်ကွင်းတွင် မိုးခြုန်းသံများ ပဲ့တင်ထပ်နေသလိုထင်ရသည်။ ဘေးပတ်လည်သစ်ပင်အိုများပေါ်မှ သစ်ရွက်များ၏ ပွတ်တိုက်သံက ကျယ်လောင်လှသည်။
သူတို့လှုပ်ရှားမှုနှင့် အင်အားက ညီမျှနေသည်။ လက်ရည်ညီနေသဖြင့် တိုက်ခိုက်ရသည်က စိတ်လှုပ်ရှားစရာကောင်းသည်။ ဘယ်သူမှအနိုင်ရမည့်ပုံမပေါ်။
"အံ့ဩစရာပဲ။ မင်းက တစ်ရက်ပဲလေ့ကျင့်ရသေးတယ်။ ငါ့လိုပဲ အရဟတ်လက်သီးအခြေခံအဆင့်ကိ ရောက်လာပြီပေါ့။ တစ်နေ့ကျရင် ဒီပညာကိုမင်းကျွမ်းကျင်ပြီး လူတွေကို ကောင်းမှုလုပ်ဖို့ ဖျောင်းဖျနိုင်လောက်တယ်"
"ကံကောင်းသွားလို့ပါ"
လုယန် ထိုသို့ပြောနေသော်လည်း ဝင့်ကြွားသည့်သူ့အမူအရာက ကံကြောင့်ဟု လုံးဝယုံကြည်ပုံမရ။
နောက်ထပ်စကားဆက်ပြောရန်ပြင်နေစဉ် မုန်ကျင်းကျိုး၏ဦးခေါင်းဆီ သူအကြည့်ရောက်သွားပြီး ချက်ချင်းမျက်နှာပျက်သွားသည်။
"ဘာဖြစ်တာလဲ။ ငါ့ခေါင်းမှာ ဘာဖြစ်နေလို့လဲ"
မုန်ကျင်းကျိုး ကြောင်တက်တက်ဖြစ်သွားသည်။
"မဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး"
လုယန်က အမှားတစ်ခုလုပ်ထားသကဲ့သို့ အကြည့်လွှဲသွားသည်။
သံသယဖြစ်လာသဖြင့် မုန်ကျင်းကျိုး သူ့ခေါင်းသူလက်ဖြင့်စမ်းကြည့်သည်။
တစ်ခုခု လစ်ဟာနေသလို ခံစားလိုက်ရသည်။
"ငါ့ဆံပင်တွေဘယ်ရောက်သွားတာလဲ'
ကျောက်စိမ်းတံဆိပ်ထဲမှ မှန်ငယ်တစ်ခုထုတ်၍ မုန်ကျင်းကျိုး သူ့ခေါင်းသူ့ အတော်ကြာအောင် ကြည့်နေသည်။
သူ့ခေါင်းက လုံးဝပြောင်လက်နေသည်။ ချောမွေ့လွန်းသဖြင့် စာကလေးတစ်ကောင် လာနားလျှင်ပင် ခြေချော်ကျနိုင်သည်။
ခေါင်းတုံးဖြစ်နေသည်။
အရဟတ်ကိုယ်တော်နှင့် တူနေသည်။
သိစိတ်နယ်မြေမှ ထာဝရနတ်မယ် ခွက်ထိုးခွက်လန် ရယ်မောနေသည်။
"လုယန်၊ ဘယ်လိုဖြစ်သွားတာလဲဆိုတာ မင်းရှင်းပြရင်ကောင်းလိမ့်မယ်"
မုန်ကျင်းကျိုး လုယန်ကို အပြစ်တင်သည်။ သူ့ဆံပင်သည် ခန္ဓာကိုယ်သန့်စင်ထားသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျွတ်ကျစရာအကြောင်းမရှိ။
ယခု သူ့ခြေရင်းဘေးပတ်လည်တွင် လောလောလတ်လတ်ကျွတ်ကျထားသည့်ဆံပင်များ ရှိနေသည်။
"ငါ..ငါလည်းမသိဘူးလေ။ ငါတို့တိုက်ခိုက်နေတဲ့အချိန် မင်းဆံပင်တွေ ကျွတ်ကျလာတာ ငါမြင်တယ်။ မင်းကို ပြောဖို့လုပ်တဲ့အချိန်ကျတော့ ဘာမှမကျန်တော့ဘူး"
လုယန် အထစ်ထစ်အငေါ့ငေါ့ ပြောသည်။ အဖြစ်အပျက်ကို သူလည်းတကယ်စဉ်းစားမရ။
ထို့နောက် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
"ငါနားလည်ပြီ"
"ဘာနားလည်တာလဲ"
"မင်းစဉ်းစားကြည့်လေ။ အရဟတ်လက်သီးရဲ့ ရည်ရွယ်ချက်က လူတွေကို ကောင်းတာလုပ်ဖို့ ဖျောင်းဖျနိုင်ဖို့ပဲ မဟုတ်လား။ မကောင်းတဲ့စိတ်ဆိုတာ ဘယ်ကလာလဲ။ စိုးရိမ်သောကတွေကနေလာတယ်။ ဗုဒ္ဓဝါဒမှာ'စိုးရိမ်မှုရဲ့ရင်းမြစ် ဆံချည်မျှင်သုံးထောင်"အကြောင်း ပြောထားတယ်။ ဒီဆံချည်မျှင်တွေမရှိရင် မကောင်းတဲ့စိတ်ဆိုတာပေါ်မလာတော့ဘဲ ကောင်းမှုတွေလုပ်နိုင်မယ်တဲ့။
ပြီးတော့ အခုမင်းပုံစံက အရဟတ်တစ်ယောက်လိုပဲလေ။ အရဟတ်လက်သီးပညာနဲ့ ကွက်တိကျပါတယ်"
မုန်ကျင်းကျိုး ကျားတစ်ကောင်လို လုယန်ဆီ ခုန်ပျံဝင်လာသည်။
"မင်းကမှ အရဟတ်နဲ့ပိုတူတာကွ"
လုယန် ကိုယ့်လိပ်ပြာကိုယ်မလုံသဖြင့် ထွက်ပြေးသည်။
"ငါအရဟတ်လက်သီးပညာ တတ်ပြီးပြီ။ မင်းငါ့ကို တိုက်ခိုက်လို့မရဘူး"
"အဲဒါ အရဟတ်လက်သီးမဟုတ်ဘူး။ ခေါင်းတုံးလက်သီးကွ။ မင်းမပြေးနဲ့"