မငြင်းပါနဲ့ ကိုယ်တော်ရယ်
Vol. 17 Ch. 252
လေးရက်ဟူသည့်အချိန်က လျင်မြန်စွာ ကုန်လွန်သွားသည်။ လင်းယုန်တောင်သူရဲကောင်းငါးယောက် ကြိုတင်ချိန်းဆိုထားသည့်အတိုင်း မြိူ့တော်ဂိတ်တံခါးတွင် စောင့်နေကြသည်။ လုယန်နှင့်မုန်ကျင်းကျိုးကိုမြင်ချိန်တွင် သူတို့အံ့အားသင့်သွားကြသည်။
"သခင်းလေးတို့ရဲ့ဆံပင်တွေ ဘယ်ရောက်သွားတာလဲ"
နှာကောက်ခေါင်းဆောင်က ချက်ချင်းမေးသည်။ လုယန်တို့နှစ်ယောက်လုံး ခေါင်းတုံးများဖြစ်နေသည်။
သို့သော် မေးလိုက်ပြီးမှ နှာကောက်ခေါင်းဆောင် နောင်တရသွားသည်။ လုယန်တို့နှစ်ယောက် မျက်နှာတင်းသွားသောကြောင့်ဖြစ်သည်။
မုန်ကျင်းကျိုး၏ဆံပင်များက ပြန်မပေါက်သေး။ နောက်ထပ်ရက်တစ်ချို့ကြာဦးမည်။
သူ့ကိုတောင်းပန်ဖို့ သူ့ဒေါသပြေစေဖို့အတွက် လုယန်လည်း ခေါင်းတုံးရိတ်လိုက်ရသည်။
ပြီးခဲ့သည့်ရက်များအတွင်း ထာဝရနတ်မယ် အတောမသတ်နိုင်အောင် ရယ်နေခဲ့သည်။
နှာကောက်ခေါင်းဆောင်စိတ်ထဲ ခန့်မှန်းကြည့်နေသည်။ ဤသခင်လေးနှစ်ယောက်သည် ဗုဒ္ဓဂိုဏ်းမှ တပည့်များဖြစ်ဖြစ်မည်။ ဟိုအရင်ရက်များက ဆံပင်တုတပ်ထားခြင်းဖြစ်မည်။
သူတွေးလေလေ ဖြစ်နိုင်လောက်သည်ဟု ထင်လာလေဖြစ်သည်။ ထိုနှစ်ယောက််သည် သူတို့နောက်ခံအကြောင်း တစ်ခါမှမပြောခဲ့။ အဆင့်အတန်းကို မကြွားဝါတတ်သည့် ဗုဒ္ဓဂိုဏ်းဝင်များဖြစ်သောကြောင့်သာ ဖြစ်ရမည်။
ယခု အမွှာကြာပန်းရဖို့ ယှဉ်ပြိုင်ရာတွင် စွမ်းအားသာမက နောက်ခံအရှိန်အဝါကိုလည်း ထုတ်ပြရန်လိုအပ်သည်။
ထိုနှစ်ယောက် နတ်ဆိုးများသတ်စားခဲ့သည့်အဖြစ်ကိုလည်း နားလည်နိုင်ပါသည်။ ဗုဒ္ဓဝါဒတွင် အသားဘုန်းကြီးများ ရှိသည်သာဖြစ်သည်။ ရှားသော်လည်း ရှိသည်။
"သွားကြစို့"
မုန်ကျင်းကျိုး မသဲမကွဲသေသံဖြင့်ပြောသည်။ ထပ်ရှင်းပြချင်စိတ်မရှိ။
ရွှေစီးပွားဆိုင်မှပေးလိုက်သည့် မြေပုံအတိုင်း လိုက်သွားကြသည်။ သိပ်မကြာမီ အမွှာကြာပန်းရှိသည့်ရေအိုင်သို့ ရောက်လာသည်။
ယခု ရေကန်ပေးတွင် လူများဝိုင်းအုံနေသည်။ အခြေတည်ထိပ်တန်းအဆင့်ထက်နိမ့်သူဟူ၍ ရှားလှသည်။ အများစုက အခြေတည်ထိပ်တန်းအဆင့်များဖြစ်သည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူများလည်း ရှိနေသည်။
အမွှာကြာပန်းသည် သန္ဓေတည်ဆောက်ရာတွင် အံ့ဖွယ်အာနိသင်မျိုးရှိသည်။ သန္ဓေတည်ဆောက်ခါနီး ကျင့်ကြံသူများ လိုချင်တောင့်တကြသည်။
ရွှေသန္ဓေအဆင့်များအတွက် သိပ်အသုံးမဝင်။ အသုံးဝင်လျှင် ရေကန်စောင့်ငါးဘုရင်က ထိန်းသိမ်းထားနိုင်ခဲ့မည်မဟုတ်။
ရေကန်အလယ်တွင် ပွင့်ခါနီးကြာဖူးနှစ်ခုရှိသည်။ ပန်းရောင်အသွေးရှိ၍ နူးညံ့လှပသည်။ အမွှာနှင့်တူသည်။ အားလုံးကို ဆွဲဆောင်နေသည်။
"နေရာတိုင်းမှာ ရေတွေပြည့်နေတာပဲ။ ကြာပန်းကို လုရမယ့်အချိန်ရောက်လာရင် တိုက်ခိုက်ဖို့ အဆင်မပြေလောက်ဘူး"
အခြေတည်ထိပ်တန်းအဆင့်လူတစ်ယောက် မျက်မှောင်ကျုံ့နေသည်။ ရေတိုက်ပွဲများကို သူမကျွမ်းကျင်။ သူ့ပြိုင်ဘက်က ရေတိုက်ပွဲပညာများ ကျွမ်းကျင်နေလျှင် သူအရေးနိမ့်မည်။
"ကန်ထဲကရေတွေကို ထုတ်ပစ်မှဖြစ်မယ်"
ထိုသို့ပြောရင်း မှော်လက်စွပ်ကိုထုတ်၍ ကန်ရေဖြင့်စဖြည့်သည်။
ထိုအဖြစ်ကိုကြည့်၍ တစ်ခြားလူများလည်း စိတ်ကူးကောင်းတစ်ခုဟု ယူဆပြီး ကန်ရေကို ကူထုတ်ကြသည်။
မှော်လက်စွပ်များသည် အသက်မရှိသည့်အရာများကိုသာ ထည့်နိုင်သည်။ ထို့ကြောင့် ကန်ရေကိုသာ ထည့်နိုင်သည်။ ကန်ထဲမှသတ္တဝါများကို မထည့်နိုင်။
"သူက လက္ခဏာလေးပါးဂိုဏ်းက ကျားဖြူသူတော်ပဲ။ အသေသတ်တိုက်ကွက်တွေကို ကျွမ်းကျင်တယ်လို့ ပြောကြတယ်။ အခြေတည်အလတ်တန်းအဆင့်ပဲ ရှိပေမယ့် ရွှေသန္ဓေအကြိုအဆင့်တွေကို တိုက်ခိုက်နိုင်တယ်တဲ့"
ဤရက်ပိုင်းအတွင်း နှာကောက်ခေါင်းဆောင် အလကားထိုင်မနေခဲ့။ အမွှာကြာပန်းအတွက် ယှဉ်ပြိုင်ရနိုင်သည့်လူများအကြောင်း စုံစမ်းခဲ့သည်။
ကျားဖြူသူတော်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။
(**လက္ခဏာလေးပါးသည့် ဖုန်းရွှေအယူအဆ သတ္တဝါလေးမျိုးဖြစ်သည့် ကျားဖြူ၊လိပ်နက်၊နဂါးစိမ်း၊ဖီးနစ်တို့ကို ရည်ညွှန်းပါသည်)
လက္ခဏာလေးပါးဂိုဏ်းသည် နာမည်ကျော် ပထမအဆင့်ဂိုဏ်းဖြစ်သည်။ လက္ခဏာလေးမျိုးအမွေအနှစ်ပညာကြောင့် နာမည်ကျော်ကြားသည်။ ထူးချွန်သည့် အမွေခံများ အဆက်မပြတ် မွေးထုတ်နိုင်သည်။ ယုတ်လျော့သည့်အချိန်ဟူ၍ မရှိသလောက်ရှားသည်။
အလယ်ပိုင်းတိုက်နယ်မှ ဂိုဏ်းများကို အဆင့်များ ခွဲထားသည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူ မရှိသည့်ဂိုဏ်းများကို တန်းမဝင်သည့် အနိမ့်ဆုံးဂိုဏ်းများအဖြစ် သတ်မျှတ်သည်။
တတိယအဆင့်ဂိုဏ်းများသည် အနည်းဆုံး ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရှိသည်။
ဒုတိယအဆင့်ဂိုဏ်းများသည် အနည်းဆုံး လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူတစ်ယောက်ရှိသည်။
ပထမဆင့်ဂိုဏ်းများသည် အနည်းဆုံး စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရှိသည်။
ပထမအဆင့်အထက်တွင် ထိပ်သီးဂိုဏ်းများရှိသည်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရှိသည်။
ထိပ်သီးဂိုဏ်းများအထက်တွင် မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်းရှိသည်။
စံသတ်မှတ်ချက်အရ မသေမျိုးငါးဂိုဏ်းတွင် အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ကူးဖြတ်ခြင်းအဆင့်ကျင့်စဉ်ပညာရပ်များရှိရသည်။
သို့သော် ထိုဂိုဏ်းငါးဂိုဏ်းတွင် ဝှက်ဖဲများဘယ်လောက်ရှိသည်ကို ဘယ်သူမှ မခန့်မှန်းနိုင်ကြ။
"ပြီးတော့ ဟိုမိန်းကလေးက အန်းကောတဲ့။ ကြည်လင်လဂိုဏ်းချုပ်ရဲ့ အတွင်းတပည့်။ ကြည်လင်လဂိုဏ်းရဲ့ အခြေတည်အဆင့်တွေထဲမှာ စွမ်းအားအကြီးဆုံးပဲ။ ကြည်လင်လဂိုဏ်းချုပ်တောင် အဆင့်တူချင်းဆို သူ့ကိုမယှဉ်နိုင်ဘူးလို့ ပြောခဲ့ဖူးတယ်"
ကြည်လင်လဂိုဏ်းကို လသံလွင်နန်းတော်က ထောက်ပံ့ပေးထားသည်ဟု ကောလဟာလကြားဖူးသည်။ သို့သော် ဘယ်သူမှ အတည်မပြုနိုင်ကြ။
"ပြီးတော ဟိုလူက တွမ်ဟုန်ချန်း။ ကေင်းကင်တုန်ဓားသမားလို့ နာမည်ကျော်တယ်။ ရွှေသန္ဓေအဆင့် နတ်ဆိုးသားရဲတွေ အများကြီးသတ်ဖူးတယ်။ သူ့ကို သန္ဓေတည်ဆောက်ပြီးပြီလို့ လူတွေက ထင်ကြတယ်။ အမှန်တော့ ရွှေသန္ဓေအကြိုအဆင့်ပါ။ အခွင့်လမ်းကောင်းတစ်ခု ရှာနေတုန်းပဲ"
နှာကောက်ခေါင်းဆောင်က နာမည်ကြီးသူများကို တစ်ယောက်ချင်းလက်ညှိုးထိုး၍ ရှင်းပြနေသည်။ တစ်ချို့က နာမည်ကျော်အမွေအနှစ်ရှိသည့် ဂိုဏ်း သို့မဟုတ် မိသားစုများမှ လာသည်။ တစ်ချို့က နတ်ဆိုးချုပ်တောင်ကြားတွင် ကြမ်းတမ်းရက်စက်မှုကြောင့် နာမည်ကြီးသည့် နယ်ခံစွမ်းအားရှင်များဖြစ်သည်။
လုယန်နှင့်မုန်ကျင်းကျိုးကိုတော့ ဘယ်သူမှမသိကြ။ နတ်ဆိုးချုပ်တောင်ကြားသို့ရောက်သည်မှာ ရက်ပိုင်းသာရှိသေးသည်။ တောထဲတွင်သာ အချိန်ကုန်ခဲ့သည်။ တစ်ခြားလူများနှင့် မဆက်ဆံဖြင့်။ ထို့ကြောင့် လူသိနည်းသည်။
"ဟိုခေါင်းတုံးနှစ်ကောင်က ဘယ်သူလဲ။ မြင်းဖြူဘုံကျောင်းကလား။ ဘုရားပျံဘုံကျောင်းကလား"
တစ်ယောက်က လုယန်နှင့်မုန်ကျင်းကျိုးကို သတိထားမိသွားသည်။ ပြောင်လက်နေသည့် သူတို့ဦးခေါင်းများက လူအုပ်ကြားတွင် ထင်ရှားနေသည်။
ကျားဖြူသူတော် မျက်မှောင်ကျုံ့နေသည်။
"အဲဒီ့ဘုံကျောင်းနှစ်ခုလုံးကို ငါ့ဆရာနဲ့အတူ သွားဖူးပါတယ်။ ဒီနှစ်ယောက်ကို တစ်ခါမှမမြင်ဖူးဘူး။
လေလွင့်ဘုန်းကြီးတွေလား။ ဒါမှမဟုတ် မထင်မရှားဘုံကျောင်းတစ်ခုခုကများလား"
လက္ခဏာလေးပါးဂိုဏ်းသားဖြစ်၍ ပထမအဆင့်အောက်မှ ဂိုဏ်းများကို သူအထင်မကြီး။ အာရုံစိုက်ဖို့မတန်ဟု သူယူဆသည်။
အန်းကောက လုယန်တို့ကို မျက်လုံးထောင့်မှ လှမ်းကြည့်သည်။ သူသိထားသည့် စွမ်းအားကြီးအခြေတည်အဆင့်များမဟုတ်သဖြင့် လျစ်လျူရှုလိုက်သည်။
ကောင်းကင်တုန်ဓား တွမ်ဟုန်ချန်းလည်း လုယန်တို့ အခြေတည်အဆင့်များဖြစ်မှန်း သိသဖြင့် လျစ်လျူရှူလိုက်သည်။ သူ့ပြိုင်ဘက်များက လူအုပ်ထဲတွင် ပုန်းကွယ်နေသည့် ရွှေသန္ဓေအဆင့်များသာဖြစ်သည်။
ထိုရွှေသန္ဓေကျင့်ကြံသူများသည် သူတို့၏ဂျူနီယာများ သန္ဓေတည်ဆောက်နိုင်ဖို့ အမွှာကြာပန်းကို လာယူခြင်းဖြစ်သည်။ အသေအကြေ တိုက်ခိုက်ကြမည်မဟုတ်။ အသက်အန္တရာယ်ရှိလာလျှင် ချက်ချင်းနောက်ဆုတ်သွားကြလိမ့်မည်။
ဘယ်ဗုဒ္ဓဘုံကျောင်းမှလာသလဲဟု ဘေးလူများတီးတိုးခန့်မှန်းနေသံကိုကြားသဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့၏ နဖူးမှသွေးကြောများ ဖောင်းထလာသည်။
"ဘုန်းကြီးက မင်းတို့ကွ။ မင်းတို့တစ်မိသားစုလုံး ဘုန်းကြီးတွေ"
"ငါခေါင်းတုံးရိတ်ရတာ မင်းကြောင့်ပဲ"
လုယန်က စ၍အပြစ်တင်သည်။
"ငါ့ကြောင့်တဲ့လား။ မင်းရဲအရဟတ်လက်သီးက လမ်းလွဲနေတာကွ။ မင်းစွန်စီဘုံကျောင်းကို ဝင်နိုင်အောင် ငါထောက်ခံစာရေးပေးမယ်"
လုယန်ပါရမီက စွန်စီးဘုံကျောင်းကိုဝင်ဖို့ အရည်အသွေးမီသည်။ ဘုံကျောင်းကလည်း ဝမ်းပမ်းတသာ ကြိုဆိုကြလိမ့်မည်။
မည်သို့ဆိုစေ ယွမ်ကျိနှင့် မှော်ပါရမီတန်းတူရှိသူမျိုး လောကတွင်ရှာတွေ့ဖို့ မဖြစ်နိုင်။
"လုယန်၊ နင်က ဘုန်းကြီးဝတ်တော့မှာလား"
နတ်မယ်က တုံ့ဆိုင်းဆိုင်းလေသံဖြင့်မေးသည်။
"မဝတ်ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းက ငါ့အိမ်ပဲ။ တစ်ခြားဘယ်ကိုမှမသွားဘူး"
လုယန် သူ့ခံယူချက်ကို အခိုင်အမာကြေညာသည်။
"ဟိုမှာကြည့်လိုက်၊ ကြာပန်းက ပွင့်တော့မယ်"
လူတစ်ယောက်အော်သံကြောင့် အားလုံးအာရုံရောက်သွားသည်။
အမွှာကြာပန်း ပွင့်လာသည်။ မွှေးပျံသည့်ရနံ့တစ်မျိုး လေထဲတွင် ပြည့်နက်သွားသည်။ လူအုပ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ကျားဖြူသူတော် တစ်ချက်ဟိန်းဟောက်လိုက်သည်။ သူ့နဖူးတွင် 'ဘုရင်'ဟူသည့်စာလုံး ဖြေးညှင်းစွာ ပေါ်လာသည်။ ပါးနှစ်ဘက်တွင် အဖြူရောင်အမွှေးများ ထိုးထွက်လာသည်။ မျက်လုံးသူငယ်အိမ်များက ကျားတစ်ကောင်လို ဒေါင်လိုက်ဖြစ်သွားသည်။
"အမွှာကြာပန်းက ငါ့အပိုင်ပဲ။ ဘယ်သူမှယူဖို့မစဉ်းစားနဲ့"
အော်ဟစ်သံနှင့်အတူ လေအလျင်လို လျင်မြန်စွာသူလှုပ်ရှားသည်။
"မင်းအဲလိုပြောတိုင်း မင်းအပိုင်ဖြစ်ရောလားကွ။ အရဟတ်လက်သီးစွမ်းအား"
မုန်ကျင်းကျိုး လက်သီးဖြင့်ပြေးထိုးသည်။ သူ့အသွင်က နှစ်နှစ်ဆယ်ကြာ ကျင့်ကြံခဲ့သည့် ကိုယ်တော်တစ်ပါးလို ကရုဏာရိပ်လွှမ်း၍ တည်ငြိမ်သည်။
လက်သီးချက်များက အလွန်တရာအားပြင်းသည်။ ကျားဖြူသူတောင် ရွှံ့နွံထဲသို့ လွင့်ထွက်သွားပြီး မင်သက်မိနေသည်။
အဆင့်တူချင်းတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးခြင်းဖြစ်သည်။
အဆင့်တူတိုက်ပွဲများတွင် အခြေတည်အလတ်တန်းအဆင့်ဖြင့် အခြေတည်ထိပ်တန်းအဆင့် ပြိုင်ဘက်အားလုံးကို အလွယ်တကူ သူအနိုင်ယူခဲ့သည်။ တစ်ခါမှမရှုံးဖူး။
သို့သော် ဤတစ်ကြိမ် ရှုံးသွားသည်။
"ဘုန်းကြီးဆိုတာ သေချာသွားပြီ"
အန်းကောက အစောပိုင်းက သူ့သံသယကို အတည်ပြုလိုက်သည်။
"ဘုန်းကြီးက မင်းကွ"
မုန်ကျင်းကျိုး ဒေါသတကြီး ပြန်အော်သည်။
"ခေါင်းတုံးပြောင်နဲ့ အရဟတ်လက်သီးသုံးနေပြီးမှ ဘုန်းကြီးမဟုတ်ဘူးလို့ ငြင်းနေသေးတယ်ပေါ့"