အားကိုးရသည့်ထောင်ယော်ယဲ့
Vol. 17 Ch. 255
"ဟား...ဒီနည်းလမ်းက အဆင်ပြေတာပဲ"
မုန်ကျင်းကျိုး စိတ်အေးလက်အေးပြုံးလိုက်သည်။
ထောင်ယော်ယဲ့က သူတို့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသဖြင့် သူတို့ဘာမှလုပ်စရာမလို။
"ဒီနည်းလမ်းကို ငါခုနကမှ တွေးမိတာ။ ညီမထောင်က တကယ်ဉာဏ်ကောင်းတာပဲ။ ငါတစ်ချက်ကြည့်လိုက်ရုံနဲ့ ငါ့ရည်ရွယ်ချက်ကို သူချက်ချင်းနားလည်တယ်"
လုယန် သူ့စိတ်ကူးသူ အတော်ကျေနပ်နေသည်။
အစပိုင်းတွင် အရိုးရိုင်းက နားမလည်။ ပုံရိပ်ယောင်စွမ်းအားကို ခုခံရန်ကြိုးစားသည်။ လုယန်က သူ့ကိုတားသည်။
"ဒါက ညီမထောင်ဖန်တီးတဲ့ ပုံရိပ်ယောင်ပါ။ ငါတို့သုံးယောက် ခေါင်းမူးတာပျောက်အောင် လုပ်ပေးတာ"
တကယ့်အပြင်လက်တွေ့တွင် သူတို့သုံးယောက် ရဲတင်းစွာ တိုက်ခိုက်နေသည်။ ရှေးခေတ်စစ်သူကြီးများ ရန်သူကို တဟုန်ထိုးတိုက်ခိုက်နေပုံမျိုးဖြစ်သည်။
ထောင်ယော်ယဲ့ သူတို့သုံးယောက်ကို တဖြေးဖြေး ကျင်လည်စွာထိန်းချုပ်နိုင်လာသည်။ ပြိုင်ဘက်များကို ဖရိုဖရဲဖြစ်သွားအောင် ရိုက်ထုတ်ပစ်သည်။
လင်းယုန်တောင်သူရဲကောင်းငါးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ အံ့အားသင့်နေကြသည်။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်များကို အထင်ကြီးမိသည်။ တိုက်ခိုက်ပုံကပင် သာမန်ကျင့်ကြံသူများနှင့် ကွဲပြားနေသည်။
"ဒါဘယ်လိုတိုက်ခိုက်နည်းကြီးလဲကွာ"
ရွံ့တောထဲမှလူများလည်း အံ့ဩနေသည်။
သမိုင်းကြောင်းတစ်လျှောက် လူသုံးယောက်ပူးပေါင်းတိုက်ခိုက်သည့် ပုံစံများသည် ဟန်ချက်မမျှခြင်း၊ သို့မဟုတ် ညီညွတ်မျုမရှိခြင်းကြောင့် စွမ်းအားပြည့်ထုတ်သုံးနိုင်ခြင်းမရှိခဲ့။
ဥပမာ လုယန်ကို လူခုနစ်ယောက်ဝိုင်းထားသည်ဆိုပါစို့။ သူတို့တိုက်ခိုက်စွမ်းအားက လူသုံးလေးယောက်စာနှင့်သာ ညီမျှသည်။
ယခု လုယန်တို့သုံးယောက် ပူးပေါင်းတိုက်ကွက်က ဟာကွက်မရှိ။ စွမ်းအားအပြည့် ထုတ်သုံးနိုင်သည်။
"ဒါက ဗုဒ္ဓတိုက်ခိုက်နည်းများလား"
ဘေးမှဝိုင်းနေသူများ ထိုသို့ခန့်မှန်းမိကြသည်မှာ မဆန်းလှ။ ဗုဒ္ဓများသည် တိုက်ခိုက်လေ့သိပ်မရှိ။ လုယန်နှင့်မုန်ကျင်းကျိုးသည် ဗုဒ္ဓတပည့်များဖြစ်သည်မှာ ထင်ရှားနေသည်။ ကြမ်းတမ်းသည့်ဟန်ပန်ရှိသည့် အရိုးရိုင်းသည် ကာကွယ်သူအဖြစ် ဗုဒ္ဓဂိုဏ်းက လေ့ကျင့်ပေးထားသည့်လူဖြစ်မည်။
"ဗုဒ္ဓတိုက်ခိုက်နည်းဆိုတာ မြင်ရခဲတယ်။ ဒီနေ့မှ ငါတို့လက်တွေ့ကြုံရတာပဲ"
ထိုကိစ္စကို ကြွားလုံးထုတ်စရာဗဟုသုတဟုပင် သတ်မှတ်နိုင်သည်။
ဆံပင်ဆိုသည်က ပြန်ပေါက်နိုင်သည်။ ဗုဒ္ဓတိုက်ခိုက်နည်းပညာတစ်ခု မြင်ရဖို့ကမလွယ်လှ။
ကန်စပ်မှ ထောင်ယော်ယဲ့ အသက်ကိုမောပန်းစွာ ရှူရှိုက်နေရသည်။ ပုံရိပ်ယောင်ကိုထိန်းရင်း လူသုံးယောက်ကို ထိန်းချုပ်၍ ဝိုင်းနေသည့်ရန်သူများကို ထိုးဖောက်နေရသဖြင့် အတော်ပင်ပန်းနေသည်။
လုယန် ဒေါသဆွလိုက်သည်က တရားလွန်လွန်းသွားသည်ထင်သည်။ လူအုပ်ကြီးက သူ့ကိုအလွတ်ပေးမည့်အရိပ်အယောင် လုံးဝမရှိ။
"သူတို့ပန်းတိုင်က အမွှာကြာပန်းဆိုတော့ ကြာပန်းကိုယူလိုက်ရင် ရပြီပဲ"
ထောင်ယော်ယဲ့ ပုံရိပ်ယောင်ဖြင့် သူ့ကိုယ်သူဖုံးကွယ်ပြီး ကန်ထဲသို့ဆင်း၍ အမွှာကြာပန်းကို သွားယူသည်။
"ကြာပန်းမရှိ.."
အမှတ်မထင် နောက်လှည့်ကြည့်မိသည့်လူတစ်ယောက်က ကြာပန်းပျောက်နေသည်ကို သတိထားမိသွားသည်။
အော်ဟစ်သတိပေးရန် ပြင်လိုက်ချိန်တွင် ထောင်ယောက်ယဲ့က လက်ညှိုးဖြင့် သူ့ဦးခေါင်းကို အသာတို့လို်သည်။ ထိုလူ ပုံရိပ်ယောင်စက်ကွင်းထဲ ကျသွားသည်။
ကြာပန်းကိုရပြီးနောက် ထောင်ယော်ယဲ့ ချက်ချင်းထွက်ပြေးသည်။
"ကြာပန်းမရှိတော့ဘူးဟေ့"
နောက်ဆုံးတွင် အရေးကြီးဆုံးပစ္စည်းဖြစ်သည့် အမွှာကြာပန်း ခိုးယူခံလိုက်ရသည့်အဖြစ်ကို လူတစ်ယောက် သတိထားမိသွားသည်။
"သူယူသွားတာပဲ"
အဝေးမှထောင်ယော်ယဲ့ကို တစ်ယောက်က လက်ညှိုးထိုးပြသည်။
"သူ့နောက်ကို လိုက်ကြ"
လူတစ်ဝက်ကျော် ထောင်ယော်ယဲ့နောက်သို့ ပြေးလိုက်သွားသည်။ လုယန်တို့သုံးယောက် အသက်ရှူချောင်သွားကြသည်။
ကျန်နေသည့် အခြေတည်အဆင့်နှစ်ဆယ်သုံးဆယ်လောက်သည် သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိ။
ထောင်ယော်ယဲ့အတွက်လည်း သူတို့မစိုးရိမ်ပါ။ ပုံရိပ်ယောင်ပညာကျွမ်းကျင်သူဖြစ်၍ ထွက်ပြေးဖို့ လွယ်ကူသည်။ မုန်ကျင်းကျိုးပင် သူ့ပုံရိပ်ယေင်များကို အပြည့်အဝထွင်းဖောက်မြင်နိုင်မည်ဟု ယုံကြည်ချက်မရှိ။
အခြေတည်ကျင့်ကြံသူများကြားတွင် ထောင်ယော်ယဲ့၏ ပုံရိပ်ယောင်များက စွမ်းအားအကြီးဆုံးဖြစ်သည်။
လုယန်တစ်ယောက်သာ ထူးခြားသည့် 'နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်'ကြောင့် ပုံရိပ်ယောင်များကို မကြောက်ခြင်းဖြစ်သည်။
"သခင်လေးတို့ ထောင်မိန်းကလေးက ယွမ်မင်တည်းခိုခန်းမှာစောင့်ဖို့ မှာသွားတယ်"
ကျန်နေသည့်လူများကို အနိုင်ယူပြီးချိန်တွင် နှာကောက်ခေါင်းဆောင်က အမြန်ပြေးလာပြီးပြောသည်။
"ကောင်းပြီလေ၊ ကျုပ်သိပါပြီ။ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လင်းယုန်"
လင်းယုန်လေးဟုခေါ်သည့် နှာကောက်ခေါင်းဆောင်က လက်ကိုအမြန်ဝှေ့ယမ်းပြသည်။
"အိုး..အဲလိုမပြောပါနဲ့။ ဒီတစ်ခါ ကျုပ်တို့က ဘာမှကူညီနိုင်ခဲ့တာမဟုတ်ဘူး"
အရိုးရိုင်းက ထပ်ပြောသည်။
"ယွမ်မင်တည်းခိုခန်းဆိုတာ နတ်ဆိုးချုပ်တောင်ကြားမှာ အမထောင်နဲ့ကျုပ် တည်းခိုနေတဲ့နေရာပါ"
သူတို့မျိုးဆက်တွင် ထောင်ယော်ယဲ့သည် တတိယအဆင့်ဖြစ်သည်။ အရိုးရိုင်းက စတုတ္ထအဆင့်ဖြစ်သည်။
လုယန် ရယ်မောလိုက်သည်။
"တိုက်ဆိုင်နေပါလား။ ငါတို့လည်း ယွမ်မင်မှာ တည်းနေတာပဲ။ ကဲ...ပြန်ကြစို့။ ညီမထောင်က ငါတို့ထက်တောင် အရင်ရောက်နေလောက်တယ်"
....
မှန်သည်။ တည်းခိုခန်းသို့ ပြန်လာချိန်တွင် ထောင်ယော်ယဲ့က ရောက်နေနှင့်ပြီးဖြစ်သည်။ နံရံကိုမီ၍ ပျင်းရိပျင်းတွဲသမ်းဝေရင်း ညလက်တွင် သစ်သားသေတ္တာတစ်လုံးကိုင်၍ သူတို့ကိုစောင့်နေသည်။
"ရှင်တို့ပုံစံက ဘယ်လိုဖြစ်လာတာလဲ"
လုယန်တို့သုံးယောက်၏ ထူးဆန်းသည့်ပုံစံကိုကြည့်၍ ထောင်ယော်ယဲ့ မေးလိုက်သည်။
သုံးယောက်လုံး မျက်နှာကိုဖုံးနိုင်သည့် အနက်ရောင်ခေါင်းစွပ်အင်္ကျီဝတ်ထားသည်။ တစ်ခုခု မရိုးမသားကြံနေသူများနှင့် တူနေသည်။
ထိုဝတ်စုံမျိုးက နတ်ဆိုးချုပ်တောင်ကြားတွင် မထူးဆန်းလှ။ သို့သော် လုယန်အတွက် ထူးဆန်းနေသည်။
"ငါတို့အပြန်လမ်းမှာ ငါခေါင်းတုံးရိတ်ပေးခဲ့တဲ့ လူတစ်ချို့နဲ့တွေ့တယ်။ ငါတို့ကိုမှတ်မိမှာစိုးလို့ ဒီလိုရုပ်ဖျက်လာတာ။ နတ်ဆိုးတောင်ကြားက အခြေတည်ထိပ်တန်းအဆင့်ကျင့်ကြံသူအားလုံးကို ငါတို့ရန်စမိခဲ့တဲ့ပုံပဲ"
ထောင်ယော်ယဲ့ မျက်စောင်းထိုးသည်။
"အဲဒါကိုယ်ဒုက္ခကိုယ်ရှာတာပဲ။ အရဟတ်လက်သီးကို သုံးခဲ့လို့လေ။ ဘာလို့ အရဟတ်လက်သီးကြောင့် လူတွေက ဆံပင်ကျွတ်ကုန်တာလဲ။ အရဟတ်ဗုဒ္ဓအဖြစ် ပြောင်းပေးတာမျိုးလား"
"ဒါက မြင့်မြတ်မှုဆီ လမ်းညွှန်တယ်လို့ ခေါ်တယ်။ အရဟတ်လက်သီးပညာကျွမ်းကျင်တဲ့ လက္ခဏာပဲ။ ပြီးတော့ ဒီပညာဒီလောက်ထက်မြက်ပြီး လူတွေကို ဆံပင်ကျွတ်အောင်လုပ်နိုင်မယ်ဆိုတာ ဘယ်သူကြိုသိမှာလဲ"
လုယန် သူ့ကိုယ်သူ ကာကွယ်ရန်ကြိုးစားသည်။
လူရှင်းပြချက်ကို အရေးမစိုက်ဘဲ ထောင်ယော်ယဲ့က လက်ထဲမှ သစ်သားသေတ္တာကို မြှောက်ပြသည်။
"အမွှာကြာပန်းက ဒီထဲမှာ။ အပေါ်ထပ်ကို သွားကြစို့"
သေတ္တာက အရည်အသွေးမြင့် စန္ဒကူးသားဖြင့် လုပ်ထားသည်။ ဝိညာဉ်အာရုံမထိုးဖောက်နိုင်သလို အမွှာကြာပန်း၏စွမ်းအင်ရောင် ယိုစိမ့်မထွက်အောင်လည်း တားဆီးပေးနိုင်သည်။
"ဒါဆို ကျုပ်တို့သွားတော့မယ် သခင်လေးတို့"
လမ်းပြငါးယောက်က လုယန်တို့ကို လက်နှစ်ဘက်ဆုပ်၍ နှုတ်ဆက်သည်။
"သွားစို့၊ မုန်ကျင်းကျိုးနဲ့ငါလည်း ဒီတည်းခိုခန်းမှာနေတာပဲ"
"ဟုတ်လား"
ထောင်ယော်ယဲ့ အံ့အားသင့်သွားသည်။ ထို့နောက် မုန်ကျင်းကျိုး၏အကျင့်ကို ပြန်သတိရလာသည်။
"နတ်ဆိုးချုပ်တောင်ကြားမှာ ဒီတည်းခိုခန်းက ဈေးအကြီးဆုံးဖြစ်နေလို့လား"
"သိပ်မှန်တာပေါ့"
မုန်ကျင်းကျိုးက ပြုံး၍ပြောသည်။ ဈေးအမြင့်ဆုံးကိုသာ သူအမြဲရွေးချယ်လေ့ရှိသည်။ နေရေးထိုင်ရေးကိစ္စတွင်လည်း ထိုသို့ပင်ဖြစ်သည်။
သူတို့လေးယောက် မုန်ကျင်းကျိုး၏အခန်းသို့ သွားကြသည်။
"မင်းတို့နှစ်ယောက် နတ်ဆိုးချုပ်တောင်ကြားကို ဘာလို့ရောက်လာကြတာလဲ"
လုယန် စပ်စုလိုက်သည်။
သူတို့လည်း အမယွမ်၏အသက်ကို မေးမိ၍ ဤနေရာသို့ ပို့ခံရခြင်းလားမသိ။
"ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်မရဲ့ကျင့်ကြံမှုမှာ တိုးတက်မှုတစ်ချို့ရှိလို့ တစ်ယောက်ယောက်နဲ့ ဆွေးနွေးဖို့ စိတ်ကူးမိတယ်။ ကောင်းကင်ဂိတ်တောင်ထိပ်ကိုသွားပြီး ရှင့်ကိုရှာတယ်။ ဒါပေမယ့် အမယွမ်က ရှင်မရှိဘူးတဲ့။ မုန်ကျင်းကျိုးနဲ့အတူ နတ်ဆိုးချုပ်တောင်ကြားမှာ ဆယ်ရက်လေ့ကျင့်ရေးဆင်းဖို့သွားတယ်လို့ပြောတယ်။
အမယွမ်က ရှင်တို့နှစ်ယောက်ကို သူစောင့်ကြည့်နေတာတဲ့။ ရှင်တို့အတော်တိုးတက်နေပြီလို့ပြောတယ်။ ဒါကြောင့် ကျွန်မနဲ့အရိုးရိုင်းလည်း နတ်ဆိုးချုပ်တောင်ကြားကို သွားသင့်တယ်လို့ သူအကြံပေးတယ်။
အစက လီဟော်ရန်ကိုပါ ခေါ်လာမလို့ပါပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းတော့မသိဘူး။ လောလောဆယ် လီဟော်ရန် တာအိုလမ်းစဉ်ဂိုဏ်းက ထွက်သွားရင် ဘေးမကင်းဘူးလို့ အမယွမ်ကပြောတယ်။ ဒါကြောင့် သူနေခဲ့တယ်။
ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် ဒီကိုရောက်လာတာပဲ"
သူ့စကားကြားပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့ ကြောက်ချွေးပြန်သွားသည်။ အမယွမ်၏လက်တံသည် တကယ်ရှည်လှသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အပြောအဆို အပြုအမူသတိထား၍ အမယွမ်အကြောင်း သူတို့မကောင်းမပြောခဲ့မိသည်ကို ကျိတ်၍ဝမ်းသာမိကြသည်။
အထူးသဖြင့် မုန်ကျင်းကျိုးက ကြက်သီးထနေသည်။ တောနက်ထဲသို့ စရောက်ချိန်တွင် အမယွမ်က သူတို့ကို နယ်နှင်လိုက်ခြင်းဖြစ်သည်ဟု မကျေမနပ်ပြောမိမလို ဖြစ်ခဲ့သည်။ လုယန်သတိပေးခဲ့၍သာ သူ့စကားကို အချိန်မီပြန်ပြင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထောင်ယော်ယဲ့ သစ်သားသေတ္တာကို ဖွင့်လိုက်သည်။
အထဲတွင် အမွှာကြပန်းက ငြိမ်သက်စွာရှိနေသည်။
"အခက်အခဲတွေအားလုံး ကျော်ဖြတ်ပြီးမှ ဒီအမွှာကြာပန်းကို ရခဲ့တာဆိုတော့ ငါတို့ဘယ်လူခွဲယူကြမလဲ"
"လုယန်၊ ငါ ကြာစေ့တွေ လိုချင်တယ်။ အဲဒါတွေက အရမ်းစားကောင်းတာ"
ထာဝရနတ်မယ်က သိစိတ်နယ်မြေထဲမှ ခြေထောက်ကိုဆောင့်၍ လုယန်ကို သတိပေးသည်။
လုယန် မကြားချင်ယောင်ဆောင်နေသည်။
***********************************