ထူးဆန်းသည့်အနီရောင်ပိုးထည်
Vol. 18 Ch. 258
"ဒါဘာလဲသိလို့လား နတ်မယ်"
လုယန် မေးလိုက်သည်။
နတ်မယ်က ခေါင်းကုတ်၍ ပြန်စဉ်းစားနေသည်။ သို့သော် နည်းနည်းအိပ်ချင်မူးတူးဖြစ်နေသဖြင့် ရုတ်တရက် မမှတ်မိ။
"ဘာပါလိမ့်။ ယင်ထန်မသေမျိုးရဲ့ ဂြိုလ်တစ်ခုလုံး ဖုံးအုပ်နိုင်တဲ့ ကောင်းကင်ခြုံမသေမျိုးဝတ်ရုံလား။
ကိုးဆမသေမျိုးရဲ့ အတွေးတစ်ချက်နဲ့ အားလုံးကို ကိုယ်ယောင်ဖျောက်နိုင်တဲ့ တံလျှပ်ပုံရိပ်ပိုးထည်လား။
ဒါမှမဟုတ်...ချီလင်မသေမျိုးရဲ့ လက်ထပ်ပွဲမှာသုံးခဲ့တဲ့ မျက်နှာဖုံးပိုးပုဝါလား။
...ငါမမှတ်မိဘူး။ ဒါပေမယ့် ဒီပိုးထည်မှာ မသေမျိုးငါးယောက်ရဲ့ စွမ်းအင်ရောင်ပါနေတယ်။ ငါတို့ငါးယောက်ထဲက တစ်ယောက်ယောက်ပိုင်တာတော့ သေချာတယ်"
နတ်မယ် ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
လုယန်၏မျက်လုံးများ အရောင်လက်လာသည်။ ဇစ်မြစ်မသိသည့် ပိုးထည်တစ်ခု။ မသေမျိုးငါးယောက်၏စွမ်းအင်ရောင်ပါသည့်ပစ္စည်းသည် သာမန်မဟုတ်နိုင်။
ဒဏ္ဍာရီမသေမျိုးရတနာတစ်ခု ဖြစ်နိုင်သည်။
ထာဝရဂိုဏ်း၏ အိုးခွက်ပန်းကန်းတို့သည် မသေမျိုးရတနာများဖြစ်သည်။ အတူပေါင်းစပ်လျှင် ထူးခြားသည့်ရည်ရွယ်ချက်မျိုးဖြင့် အသုံးပြုနိုင်သည်။ ယခု မသေမျိုးငါးယောက်၏ စွမ်းအင်ရောင်စိမ့်ဝင်နေသည့်ဤပိုးထည်က ထိုပစ္စည်းများထက် သာလွန်ပေလိမ့်မည်။
ထာဝရနတ်မယ်ကလည်း အရေးကြီးသည့်အချိန်တွင် အသုံးဝင်ပေသည်။
ပရိတ်သတ်တစ်ယောက်က မေးခွန်းထုတ်သည်။
"ဒီလေလံပွဲက ဘယ်ခေတ်ကပေါ်ပြီး ဘာနဲ့လုပ်ထားမှန်းမသိတဲ့ ပိုးထည်စတစ်ခုကို ပွဲထုတ်နေတာလား။ ပစ္စည်းကောင်းများများမရှိလို့ အဖြည့်သက်သက်လေလံတင်နေတာလား"
ရှောင်ယွဲ့က အံ့ဩဟန်မရှိဘဲ နူးညံ့စွာပြုံးလိုက်သည်။
"ဒီပိုးထည်ကို ကျင့်ကြံသူတစ်ယောက် တောနက်ထဲမှာ နတ်ဆိုးသားရဲတစ်ကောင်သတ်ပြီး ရခဲ့တာပါ။ ကျွန်မတို့ရဲ့ အကျွမ်းကျင်ဆုံးပညာရှင်တွေတောင် ဒီပိုးထည်လုပ်ထားတဲ့ ကုန်ကြမ်းပစ္စည်းနဲ့ သက်တမ်းကို မခန့်မှန်းနိုင်ပါဘူး။
ရှေးဟောင်းခေတ်ကပစ္စည်း ဖြစ်နိုင်ပါတယ်။ မဟာစစ်ပွဲခေတ်အတွင်း သေဆုံးသွားတဲ့ ရှေးဟောင်းစွမ်းအားရှင်တစ်ယောက် ပိုင်ဆိုင်ခဲ့တာဖြစ်နိုင်တယ်။ ဒါကြောင့် အကဲဖြတ်လို့မရတာပါ။
ဒီပိုးထည်က မယုံနိုင်လောက်အောင် ခိုင်ခံ့ပါတယ်။ နတ်ဝိညာဉ်အဆင့်တစ်ယောက်တောင် ဒါကိုမဆုတ်ဖြဲနိုင်ပါဘူး"
"ဝိညာဉ်ပြောင်းအဆင့်ဆိုရင်ရော ဘယ်လိုလဲ"
"အဲဒါတော့ မစမ်းသပ်ကြည့်ရသေးပါဘူး။ ဒီပိုးထည်ရဲ့ မူလတန်ဖိုးက အပြည့်အဝရှိနေပါတယ်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဒါကိုဖျက်ဆီးလိုက်ရင် သူ့တန်ဖိုး ထိုးကျသွားမှာပါ။
...ကြမ်းခင်းဈေး ဝိညာဉ်ကျောက်တစ်ထောင် သတ်မှတ်ထားပါတယ်"
ရွှေစီးပွားအသင်းက ထိုအနီရောင်ပိုးထည့်တန်ဖိုးကို သေချာမသိ။ ရှေးဟောင်းပစ္စည်းဟု ကြေညာထားသော်လည်း အသစ်ရက်လုပ်ထားသလို တောက်ပနေသည်။ နှစ်သုံးသောင်းသက်တမ်းရှိသည်ဟုပြောလျှင် ယုံဖို့ခက်သည်။ ထို့ကြောင် ကြမ်းခင်းဈေးကို နိမ့်နိမ့်သတ်မှတ်ထားခြင်းဖြစ်သည်။
"ဝိညာဉ်ကျောက်တစ်ထောင်"
ကြည်လင်လဂိုဏ်းမှ အန်းကောက ဈေးပေးသည်။ ထိုပိုးထည်အရောင်သည် အတော်လှပြီး အဝတ်ချုပ်ရန် သို့မဟုတ် တဘက်စောင်ချုပ်ရန် သုံးနိုင်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။
"တစ်ထောင့်နှစ်ရာ"
ထောင်ယော်ယဲ့ ဈေးပေးသည်။
အန်းကော မျက်မှောင်ကျုံ့သွားသည်။ ထိုပိုးထည်အတွက် ပြိုင်ဘက်ပေါ်လာမည်ဟု ထင်မထား။ သူချက်ချင်းလှည့်ကြည့်သည်။ ဈေးပြိုင်ပေးသည့်မိန်းကလေးက သူ့ထက်ပိုလှနေသည်ကို တွေ့ရသည်။
ရည်ရွယ်ချက်ချင်း တူနေဟန်ရှိသည်။
ထို့ကြောင့်ပင် သူလက်မလွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။
"တစ်ထောင်ငါးရာ"
ထောင်ယော်ယဲ့၏ ပျင်းရိပျင်းတွဲအသံ ပေါ်လာသည်။ ဘယ်သူဈေးပေးပေး ဈေးမြှင့်ပေးမည့်ပုံမျိုးရှိသည်။
"နှစ်ထောင့်နှစ်ရာ"
"သုံးထောင်"
ပုံမှန်ဆိုလျှင် အန်းကောကို ပိုးပန်းလို၍ လေလံကူဆွဲပေးသူများစွာရှိသည်။ သို့သော်ယခု သူ့ပြိုင်ဘက်က ပိုလှနေသဖြင့် မကူညီကြဖို့ ပညာပါပါ ဆုံးဖြတ်လိုက်ကြသည်။
"သုံးထောင့်တစ်ရာ.."
"လေးထောင်"
အန်းကော ငြိမ်သွားသည်။ သူဈေးထပ်မြှင့်နိုင်သည်။ သို့သော် အမွှာကြာပန်းက လာဦးမည်။ သူ့ဝိညာဉ်ကျောက်အားလုံးကို ပိုးချည်တစ်ထည်အတွက် သုံးလိုက်၍မဖြစ်။
"ဝိညာဉ်ကျောက်လေးထောင် တစ်ကြိမ်....
ဝိညာဉ်ကျောက်လေးထောင် နှစ်ကြိမ်...
ဝိညာဉ်ကျောက်လေးထောင် သုံးကြိမ်။..ရောင်းလိုက်ပါပြီ"
လေလံကြေညာသူ၏ တူငယ်လေး ကျလာသည်။ အနီရောင်ပိုးထည်ကို ထောင်ယော်ယဲ့၏ပစ္စည်းအဖြစ် သတ်မှတ်လိုက်သည်။
"ကူညီပေးတာ ကျေးဇူးတင်ပါတယ် ညီမထောင်။ လေလံပွဲပြီးရင် ဝိညာဉ်ကျောက်တွေ ပြန်ပေးပါ့မယ်"
လုယန် သိစိတ်အာရုံမှ လှမ်းပြောလိုက်သည်။ လေလံဆွဲဖို့ ထောင်ယောင်ယဲ့ကို သူအကူအညီတောင်းထားခြင်းဖြစ်သည်။
သူ့လိုယောက်ျားတစ်ယောက်က ပိုးထည်ကို လေလံဆွဲလျှင် လျှို့ဝှက်ချက်တစ်ခုခုရှိမည်ဟု တစ်ခြားလူများ သံသယဝင်လာနိုင်သည်။ လေလံအပြိုင်ဆွဲကြမည်။
ထောင်ယော်ယဲ့ လေလံဆွဲလျှင် မိန်းမတစ်ယောက်ဖြစ်၍ ပိုးထည်ကိုသဘောကျ၍ဟုသာ မြင်ကြမည်။
"ကျွန်မတို့ကြားမှာ ကျေးဇူးတင်စကားပြောနေစရာမလိုပါဘူး အကိုလု။ ဂိုဏ်းတူမောင်နှမတွေပဲလေ။ ဒီပိုးထည်ရဲ့နောက်ခံကို အကိုသိလို့လား"
ထောင်ယော်ယွဲ့က ပါးချိုင်များပေါ်အောင်ပြုံး၍မေးသည်။
လုယန်ခဏစဉ်းစားပြီးနောက် အမှန်အတိုင်း ပြောလိုက်သည်။
"ဒါက ထူးခြားနောက်ခံရှိတဲ့ ရှေးဟောင်းပစ္စည်းဖြစ်မယ်။ ဒါပေမယ့် ဒါဘာလဲဆိုတာတော့ ငါသေချာမသိသေးဘူး"
ဆယ့်ခြောက်နှစ်သာရှိသေးသည့် နတ်မယ်သည် စောစောစီစီး ဇရာလက္ခဏာပြနေသလိုရှိသည်။ တကယ်ဝမ်းနည်းစရာကောင်းသည်။
နောက်ထပ်လေလံတင်သည့် ပစ္စည်းများကို သူတို့လေးယောက်စိတ်မဝင်စားကြ။ အမွှာကြာပန်းအလှည့်ရောက်လာချိန်မှှ သူတို့ခါးမတ်လာကြသည်။ ငွေဘယ်လောက်ရမလဲ ကြည့်ချင်လာကြသည်။
အမွှာကြာပေါ်လာသည်နှင့် ပရိတ်သတ်ကြီးငြိမ်ကျသွားသည်။ အကြည့်များ စူးရှတောက်ပလာသည်။
ဘယ်အခြေတည်အဆင့်ကျင့်ကြံသူအတွက်မဆို အမွှာကြာပန်းသည် အနာဂတ်ကိုဖွင့်ပေးနိုင်သည့် တံခါးဖြစ်သည်။
ရှောင်ယွဲ့က ပြုံး၍မိတ်ဆက်ပေးသည်။
"အမွှာကြာပန်း။ ရှင်တို့အားလုံး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောနက်ထဲမှာ ဒီကြာပန်းကို မြင်ဖူးကြပြီးဖြစ်မှာပါ။ သူ့အာနိသင်ကိုလည်း နောက်ထပ်ရှင်းပြစရာလိုမယ်မထင်ပါဘူး။
ကြမ်းခင်းဈေး သုံးသောင်းသတ်မှတ်ပါတယ်"
"သုံးသောင်းတစ်ထောင်"
"အမွှာကြာပန်းကို ငါရမှဖြစ်မယ်။ သုံးသောင်းနှစ်ထောင်"
"ဒီဝိညာဉ်ကျောက်ပမာဏလောက်နဲ့ အမွှာကြာပင်းကို ရချင်တယ်ပေါ့။...သုံးသောင်းခွဲ"
ကျားဖြူသူတော် လှောင်ပြုံးပြုံး၍ ဈေးမြှင့်လိုက်သည်။
"သုံးသောင်းရှစ်ထောင်"
အန်းကော ဈေးပြိုင်လိုက်သည်။
"သေးလောင်း"
တုန်ဟွမ်ချန်း အော်ဟစ်လိုက်သည်။ သူ့သန္ဓေကိုတည်ဆောက်ဖို့ ခြေတစ်လှမ်းသာလိုတော့သည်။ အမွှာကြာပန်းသာလိုတော့သည်။
"သေးသောင်းတစ်ထောင်"
"လေးသောင်းငါးထောင်"
ဈေးနှုန်းက ဆက်တိုက်ထိုးတက်နေသည်။ အရိုးရိုင်း၏အပြုံးလည်း ပိုဝေဆာလာသည်။
နောက်ဆုံးတွင် ဈေးနှုန်းက ဝိညာဉ်ကျောက် လေးသောင်းကိုးထောင်သို့ ရောက်လာသည်။
"လေးသောင်းကိုးထောင် တစ်ကြိမ်...
လေးသောင်းကိုးထောင် နှစ်ကြိမ်..."
မုန်ကျင်းကျိုး စဉ်းစားသည်။ ရှောင်ယွဲ့က ဈေးနှုန်းခေါ်နေချိန်တွင် အနီးအနားမှလူများကြားရုံလောက် သူရေရွတ်လိုက်သည်။
"အရဟတ်လက်သီးသိုင်းတတ်တဲ့ ဟိုဗုဒ္ဓကိုယ်တော်တွေက တကယ်အမြင်ကတ်စရာကောင်းတယ်။ ဒီအမွှာကြာပန်းကနေ သူတို့နဲ့ပတ်သက်တဲ့ သဲလွန်စများ ရနိုင်မလား"
"ဝိညာဉ်ကျောက်ငါးသောင်း"
ကျားဖြူသူတော် ချက်ချင်းဈေးမြှင့်လိုက်သည်။
အမွှာကြာပန်းကိုသုံးဖို့ သူအလျင်မလိုသေးပါ။ သို့သော် ထိုဗုဒ္ဓကိုယ်တော်များကို တွေ့အောင်ရှာမည်ဟု သန္နိဌာန်ချထားသည်။
ဝိညာဉ်ကျောက်ငါးသောင်းသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက် တစ်သက်တာစုဆောင််းမှုထက်ပိုသည် ကျားဖြူသူတော်လို့ ဂိုဏ်းကြီးတစ်ခုမှ တပည့်များသာ တတ်နိုင်သည့်အတိုင်းအတာဖြစ်သည်။
"ငါးသောင်းသုံးထောင်"
အန်းကောက ဈေးထပ်မြှင့်သည်။
ကျားဖြူသူတော် ဣန္ဒေထိန်းလိုက်သည်။ သူနောက်ထပ်ဈေးပြိုင်ပေးလျှင် အန်းကောကို စော်ကားရာရောက်မည်။ ထို့ပြင် အမွှာကြာပန်းကလည်း ထိုမျှလောက်အဖိုးမတန်။
ဝိညာဉ်ကျောက် ငါးသောင်းသုံးထောင်ဖြင့် အန်းကော လေလံနိုင်သွားသည်။
လေလံပွဲပြီးသွားပြီးနောက် ထောင်ယော်ယဲ့က လုယန်ကို အနီရောင်ပိုးထည်ပေးသည်။
"နတ်မယ်၊ ဒါဘာလဲဆိုတာ အခုပြောနိုင်ပြီလား"
လုယန် တီးတိုးမေးလိုက်သည်။ ထိုပိုးထည်၏ဇစ်မြစ်ကို နတ်မယ်ပြောနိုင်လိမ့်မည်ဟု သူယူဆသည်။
နတ်မယ် ခဏစားစားနေသည်။ ထို့နောက် လက်ခုပ်တစ်ချက်တီးလိုက်သည်။ ပြန်သတိရသွားသည့် အမူအရာမျိုး ပေါ်လာသည်.
"အဲဒါ ငါသုံးတဲ့ စားပွဲခင်းပဲ"
"...နတ်မယ်၊ ခင်ဗျားတကယ်အားမနာတတ်ဘူးပဲ"
"နင်ဘာကိုပြောချင်တာလဲ"
"ခင်ဗျားနဲ့အနီးဆုံးကလူတွေကို အမြဲတမ်းလှည့်စားတာလေ"