ရှေးဟောင်းအရိုင်းသွေးဆက် နှိုးဆွခြင်း
Vol. 18 Ch. 259
ရှေးခေတ်မသေမျိုးလေးယောက်သည် မကြာခဏဆိုသလို နတ်မယ်၏ စားသောက်ဖို့ဖိတ်ကြားခြင်း ခံရသည်။ ရှားပါးသည့်အစားအသောက်များ မြည်းစမ်းကြရသည်။
နတ်မယ်၏ ပြိုင်ဘက်ကင်းဟင်းချက်နည်းများကြောင့် အစားအသောက်နှင့် အသုံးအဆောင်များကလည်း အလွန်တရာအဆင့်အတန်းမြင့်ဖို့လိူသည်။
ထမင်းစားတူ၊ ဟင်းချိုခွက်၊ ထမင်းပန်းကန်....။ ထိုပစ္စည်းများအားလုံး မပျက်စီးနိုင်အောင် အကြိမ်ကြိမ်စမ်းသပ်ထားသည်။ နှစ်သုံးသိန်းကျော်လွန်၍ ယနေ့ခတ်ထိတိုင် တည်တံ့နေသည်။ ထို့ကြောင့် အလွန်တရာတန်ဖိုးကြီးသည်.
ထို့ပြင် ထိုအသုံးအဆောင်များသည် မသေမျိုးငါးယောက်၏ စွမ်းအင်ရောင်လည်း အလိုလိုစိမ့်ဝင်ခဲ့သည်။
"ဒါဟာ ငါတို့ရှေးခေတ်မသေမျိုးငါးယောက် ဘယ်လောက်ပြိုင်ဘက်ကင်းသလဲဆိုတဲ့ သက်သေပဲ။ ဘာမှမလုပ်ဘဲ ထိုင်နေရုံနဲ့ အရာဝတ္ထုတွေထဲကို ငါတို့စွမ်းအင်ရောင်စိမ့်ဝင်အောင် လုပ်နိုင်တယ်။ နှစ်သုံးသိန်းကြာတာတောင် အရောင်မမှိန်ဘူး"
နတ်မယ်က သူ့ကိုယ်သူ့အသားပေးချီးကျူး၍ ကြွားလုံးထုတ်နေသည်။
သို့မဟုတ် သူ့ပစ္စည်းဟောင်းများကိုမြင်၍ ပျော်ရွှင်နေခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။
လုယန်-"..."
ပြန်တွေးကြည့်လျှင် သိပ်တော့လည်း မဆိုးလှ။ မသေမျိုးပစ္စည်းတစ်ခုရဖို့ ဝိညာဉ်ကျောက်လေးထောင်ဆိုသည်မှာ ဈေးတန်ပါသည်။
ထို့ပြင် ဤပိုးထည်သည် မပျက်စီးနိုင်သည့် အတုမဲ့ရတနာဖြစ်သည်.
"ဒါပေမယ့် စိတ်မကောင်းဘူး။ နင်ဒီပိုးထည်ကို သုံးနိုင်မှာမဟုတ်ဘူး"
နတ်မယ်က တကယ်စိတ်မကောင်းသည့်လေသံဖြင့် ပြောသည်။ လုယန် အံ့အားသင့်သွားသည်။
"ဘာဖြစ်လို့လဲ"
"ဒီစားပွဲခင်းကို ငါသန့်စင်ခဲ့တာ။ ငါတစ်ခါသေခဲ့ပြီးပြီဆိုပေမယ့် ငါ့သန့်စင်ခဲ့တဲ့ ပစ္စည်းပဲလေ။ ဒီတော့ ဒီစားပွဲခင်းကို ငါပဲသုံးနိုင်မှာ"
"ဒါဆို ကျုပ်ဝိညာဉ်ကျောက်လေးထောင်သုံးပြီး ညီမထောင်ကို လေလဲဆွဲခဲ့တာက ခင်ဗျားအတွက် စားပွဲခင်းတစ်ခု ဝယ်ဖို့သက်သက်ပေါ့"
"ဒုခေါင်းဆောင်၊ နင့်စေတနာကို ငါမမေ့ပါဘူး"
နတ်မယ်က အရိုးခံလေသံဖြင့် ပြောသည်။
အပြင်ဘက်တွင် လုယန်မျက်နှာ စိတ်လှုပ်ရှားသည့်အသွင်မှ စိတ်ပျက်သွားပုံ၊ မျှော်လင့်ရိပ်သန်းနေရာမှာ စိတ်ဓာတ်ကျသွားပုံတို့ကို ထောင်ယောက်ယဲ့ သတိထးမိသည်။ အတော်ထူးဆန်းသလို ခံစားနေရသည်။
"ဘာဖြစ်တာလဲ အကိုလု"
လုယန် သက်ပြင်းချသည်။
"ဘာမှမဟုတ်ပါဘူး။ ငါအရူးကြီးလုံးလုံးဖြစ်သွားသလို ခံစားရလို့ပါ"
ထိုသို့ပြောရင်း စားပွဲခင်းကို ကျောက်စိမ်းတံဆိပ်ထဲ ထည့်ရန်ကြိုးစားသည်။
သို့သော် မရ။
"နတ်မယ်၊ ခင်ဗျားစားပွဲခင်းကို ကျုပ်ရဲ့ကျောက်စိမ်းတံဆိပ်ထဲ ထည့်ခွင့်ပေးပါ"
"အို ဟုတ်သားပဲ"
စားပွဲခင်းသည် နတ်မယ်အပိုင်ဖြစ်၍ ကျောက်စိမ့်တံဆိပ်ထဲ တိုက်ရိုက်ထည့်မရ။
လေလံတာဝန်ခံက မုန်ကျင်းကျိုးကို ကြာပန်းရောင်းရသည့် ဝိညာဉ်ကျောက်များပေးသည်။ ထို့နောက် ကျောက်စိမ်းသေတ္တာဖြင့် အလုံပိတ်ထားသည့် မှော်အဆောင်သုံးခုလည်း ပေးသည်။
ဝိညာဉ်ပြောင်းအဆင့် အဝေးပို့မှော်အဆောင်သုံးခုဖြစ်သည်။ ဝိညာည်ပြောင်းအဆင့်သားရဲတိုက်ခိုက်လာလျှင် ထွက်ပြေးနိုင်သည်။ သို့မဟုတ် ထိုသားရဲသေအောင် နတ်ဆိုးချုပ်တောင်ကြားသို့ ပို့နိုင်သည်။ ဘက်စုံသုံးပစ္စည်းမျိုးဖြစ်သည်။
"လေ့ကျင့်ဖို့ တောထဲကိုသွားရအောင်"
လုယန် အားလုံးကို ခေါ်ထုတ်လိုက်သည်။
သူတို့၏မူလရည်ရွယ်ချက်ကို မမေ့ကြ။ လေလံရုံမှထွက်လာပြီးနောက် တောအုပ်ထဲသို့ တန်းသွားသည်။
ဤတစ်ကြိမ်တွင် လင်းယုန်တောင်သူရဲကောင်းငါးယောက် လိုက်မလာတော့။
လုယန် သူတို့နှင့်ဆွေးနွေးခဲ့သည်။ တောအုပ်အပြင်ပိုင်းရှိ ရွှေသန္ဓေအလတ်တန်းမှ အလတ်တန်းဆင့်ထိ သားရဲအများစုသည် သူနှင့်မုန်ကျင်းကျိုးအတွက် လေ့ကျင့်ဖို့ အရည်အသွေးမမီ။ အကျိုးရှိရှိ လေ့ကျင့်နိုင်ရန် ရွှေသန္ဓေထိပ်တန်းအဆင့်သားရဲများ စုဝေးနေသည့် တောနက်ပိုင်းသို့ဝင်ရန် လိုအပ်သည်။
ထို့ကြောင့် လင်းယုန်တောင်သူရဲကောင်းငါးယောက်က ကျင့်စဉ်အဆင့်နိမ့်သဖြင့် ကိုယ့်လုံခြုံရေးကိုယ် အာမမခံနိုင်။ ထို့ပြင် တောနက်ပိုင်းကို သူတို့လည်း သိပ်မကျွမ်းကျင်။ ထို့ကြောင့် အထောက်အကူမဖြစ်နိုင်။
"အကိုလု၊ ရွှေသန္ဓေထိပ်တန်းအဆင့်သားရဲကို ချက်ချင်းသွားတိုက်ခိုက်တာက စိတ်လောလွန်းသလို ဖြစ်မနေဘူးလား။ အခြေတည်ထိပ်တန်းအဆင့်လောက်နဲ့ စသင့်တယ်ထင်တယ်"
ထောင်ယော်ယဲ့ စိုးရိမ်နေသည်။
သူနှင့်အရိုးရိုင်းသည် အခြေတည်ထိပ်တန်းအဆင့်သို့ရောက်သည်မှာ သိပ်မကြာသေး။ တစ်ဆင့်ချင်းသွားသင့်သည်ဟု သူယူဆသည်။
လုယန်လိုပင် အခြေတည်အဆင့်တွင် စွမ်းအားအမြင့်ဆုံးဖြစ်သည့် ဓာတ်ငါးမျိုးငါးဂိုဏ်း၏အဆင့်တူပြိုင်ဘက်များကို သူတိုက်ခိုက်ဖူးသည်။ တစ်ပွဲမှ မနိုင်ခဲ့။
ငှက်မသေမျိုးခန္ဓာသည် ဧကဝိညာဉ်မြစ်ထက် ပါရမီပိုအားကောင်းရမည်ဖြစ်သော်လည်း မျိုးဆက်တူများကြားတွင် သူက အဆုံးသုံးသာရှိသည်။ ထို့ကြောင့် သူ့တိုက်ခိုက်စွမ်းအားသူ ယုံကြည်မှုနည်းနေသည်။
လုယန်ပြုံးလိုက်သည်။
"ညီမထောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ခေတ်သစ်ပါရမီရှင်တစ်ယောက်အနေနဲ့ အဆင့်ပိုမြင့်တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ဆိုတာ ထင်သလောက်လည်း မခက်ပါဘူး။
အခြေတည်အဆင့်နတ်ဆိုးသားရဲတွေမပြောနေဲ့ ရွှေသန္ဓေ အခြေခံအဆင့် အလတ်တန်းဆင့် နတ်ဆိုးသားရဲတွေကိုတောင် မင်းအနိုင်ယူနိုင်ပါတယ်။ အဲလိုမဟုတ်ရင် လေ့ကျင့်ရေးဆင်းရတာ ဘာအကျိုးရှိတော့မှာလဲ"
အရိုးရိုင်း ချက်ချင်းနားလည်သွားသည်။
"ကျုပ်က အကိုလုကို တောအုပ်အပြင်ပိုင်းမှာ အကိုလုခေါင်းတုံးရိတ်ခဲ့တဲ့လူတွေနဲ့တွေ့ရင် ဒုက္ခများမှာစိုးလို့ တောနက်ထဲဝင်လာတယ်ထင်ခဲ့တာ။ ကျုပ်အတွေးက အတော်တိမ်သေးတာပဲ"
လုယန် - "..."
ဘာလို့ အမှန်တရားကို ပါးစပ်ကထုတ်ပြောနေသည်မသိ။
လက်ရှိတွင် တောအုပ်အပြင်ပိုင်း၌ လုယန်၏ရန်သူများ ပြည့်နေသည်။ သူမျက်နှာပြလိုက်သည်နှင့် လူပါင်းများစွာ သူ့ကိုအမဲလိုက်ကြပေလိမ့်မည်။
"ဪ..ဒါနဲ့ ညီမထောင်၊ ပုံရိပ်ယောင်တစ်ခုလောက် ဖန်တီးပေးနိုင်မလား"
"ဘယ်လိုပုံရိပ်ယောင်လဲ"
လုယန်က အသစ်ပေါက်စဆံပင်များကို လက်ဖြင့်ပွတ်၍ ရှက်ကိုးရှက်ကန်းပြုံးသည်။
"ငါတို့ဆံပင်တွေ ပုံမှန်အတိုင်းရှိနေတယ်လို့ ထင်အောင်လုပ်နိုင်တဲ့ ပုံရိပ်ယောင်ပေါ့"
မုန်ကျင်းကျိုးလည်း ခေါင်းငြိမ့်သည်။
ထောင်ယော်ယဲ့ သက်ပြင်းချသည်။
"...ကောင်းပြီလေ"
မှော်ပညာအသေးစားလေးတစ်ခု သူအသက်သွင်းလိုက်သည်။ သူတို့လေးယောက်လုံး ပုံရိပ်ယောင်တစ်ခုထဲတွင် ရှိနေသည်။ အစစ်အမှန်နှင့်ကွဲပြားသည့် တစ်ချက်မှာ လုယန်နှင့် မုန်ကျင်းကျိုးတို့ခေါင်းတွင် ထူထဲနက်မှောင်သည့် ဆံပင်များရှိနေခြင်းဖြစ်သည်။
"ရွှေသန္ဓေထိပ်တန်းအဆင့် သားရဲတစ်ကောင်ကို ငါအရင်ရှာမယ်။ ဒါမှ ညီမထောင် လေ့ကျင့်လို့ရမှာ"
လုယန် ထို့သိ့ပြောပြီးနောက် သိစိတ်နယ်မြေမှ နတ်မယ်ကို မသေမျိုးဝိညာဉ်အာရုံဖြန့်၍ အနီးဆုံး ရွှေသန္ဓေထိပ်တန်းသားရဲတစ်ကောင်ရှာပေးဖို့ အကူအညီတောင်းလိုက်သည်။
"ကူညီပါဦး နတ်မယ်"
"ကူညီလို့တော့ရပါတယ်။ ဒါပေမယ့်အရင်ဆုံး ဒီအရိုင်းကောင်လေးရဲ့ ရှေးဟောင်းအရိုင်းသွေးဆက်ကို နှိုးဆွပေးချင်သေးတယ်"
နတ်မယ်က ပြန်ပြောသည်။ သူ့ဖန်တီးမှုများထဲမှတစ်ခုကို မြင်နေရသဖြင့် ကူညီပေးချင်စိတ် ပြင်းပြနေသည်။
အရိုင်းမျိုးနွယ်တွင် ရှေးဟောင်းအရိုင်းတို့၏ အသေးစိတ်မှတ်တမ်းများ မရှိကြ။ ထို့ကြောင့်လည်း ထာဝရနတ်မယ်၏ဖြစ်တည်မှုကို အရိုးရိုင်းမသိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သူ့ရှေးဟောင်းအရိုင်းသွေးဆက်ကို ဘယ်လိုအသက်သွင်းရမှန်းလည်း မသိ။ နည်းလမ်းရှာနေဆဲဖြစ်သည်။
တစ်ချိန်က ရှေးဟောင်းအရိုင်းမျိုးနွယ်များသည် ကျင့်စဉ်စွမ်းအား တိုးတက်လာသည်နှင့်အမျှ သူတို့သွေးဆက်ကို တဖြေးဖြေးလှုံ့ဆော်နိုင်ကြသည်။ သို့သော် ထိုနည်းလမ်းက သိပ်မကောင်းလှ။
ထာဝရနတ်မယ်၏ အကူအညီကြောင့် သွေးဆက်နှိုးဆွသည့်ဖြစ်စဉ်ကို သိသိသာသာ အရှိန်မြှင့်ပေးနိုင်ခဲ့သည်။
"ရှေးဟောင်းအရိုင်းသွေးဆက် နိုးထလာရင် ဒီကောင်လေးက နတ်ဆိုးသားရဲတွေအပေါ်မှာ လွှမ်းမိုးနိုင်တဲ့အကျိုးကျေးဇူးရလာမယ်။ နင်တို့အတွက် အတော်လေးအကူအညီဖြစ်လိမ့်မယ်"
လုယန် ခဏစဉ်းစားပြီးနောက် လက်ခံလိုက်သည်။
'အရိုးရိုင်း၊ မင်းရဲ့ရှေးဟောင်းအရိုင်းသွေးဆက် ဘယ်လိုအသက်သွင်းရမလဲဆိုတာ အခုငါပြောပြမယ်။ အသင့်ပြင်ပါ"
လုယန် ထိုနည်းလမ်းကို ဘယ်လိုသိနေမှန်း အရိုးရိုင်းမတွေးတတ်။ သို့သော် လုယန်သူ့ကို လှည့်စားမည်မဟုတ်ဟု သူယုံကြည်သည်။
"ကောင်းပါပြီ။ ကျုပ်အသင့်ဖြစ်ပြီ"
သိစိတ်နယ်မြေမှ ထာဝရနတ်မယ်က စကားတစ်ခွန်းပြောသည်။ လုယန်က အရိုးရိုင်းကို ပြန်ပြောပြသည်။
"ရှေးဟောင်းအရိုင်းသွေးဆက်ဟာ ထာဝရနတ်မယ်ဆီက ဆင်းသက်လာတယ်။ မသေမျိုးတစ်ယောက်ရဲ့ကောင်းချီးပဲ။ မင်းလက်နှစ်ဘက်ကိုဖြန့်ပြီး "ထာဝရနတ်မယ် အမြဲရှင်သန်ပါစေ"လို့ သုံးကြိမ်အော်ရမယ်။ မင်းခန္ဓာကိုယ် ပူနွေးလာလိမ့်မယ်။ ဒါဟာ သွေးဆက်နိုးထလာတဲ့ ရှေ့ပြေးလက္ခဏာပဲ"
သွေးဆက်မူလစွမ်းအားကို ထာဝရနတ်မယ်ထံမှရကြောင်း သိလိုက်ရသဖြင့် အရိုးရိုင်း အံ့ဩသွားသည်။
"နောက်ပြီးတော့ ထာဝရနတ်မယ်ရဲ့ ဂုဏ်အဆင့်အတန်းကို မင်းချီးကျူးရမယ်။ အတုမရှီ ပြိုင်ဘက်ကင်း မသေမျိုးငါးယောက်ရဲ့ခေါင်းဆောင် အဓိပဓိအရှင်လို့ သူ့ကိုခေါ်ရမယ်။
သူ့ကိုချီးကျူးတဲ့စကား သုံးကြိမ်အော်ရမယ်။..မှတ်မိလား"
သွေးဆက်နှိုးဆွခြင်းသည် နတ်မယ်ကို မြှောက်ပင့်ပြောခြင်းသာဖြစ်ကြောင်း လုယန်နားလည်လာသည်။
"အား..ပထမဆုံးပြောရမှာက ဘာရယ်...ထာဝရနတ်မယ်...ပြီးတော့ ဘာလဲ"
"ထာဝရနတ်မယ် အမြဲရှင်သန်ပါစေ"
အရိုးရိုင်း လက်နှစ်ဘက်ကို ဘေးသို့ဖြန့်၍ ကောင်းကင်ကိုမော့ပြီး အော်ဟစ်လိုက်သည်။
"ထာဝရနတ်မယ် အမြဲရှင်သန်ပါစေ"
"ထာဝရနတ်မယ် အမြဲရှင်သန်ပါစေ"
"ထာဝရနတ်မယ် အမြဲရှင်သန်ပါစေ"
လှိုက်လှိုက်လှဲလှဲ အော်ဟစ်သံကြောင့် သစ်ပင်ပေါ်မှ ငှက်များထိတ်လန့်တကြား ပျံသန်းသွားသည်။
သွေးဆက်နှိုးဆွသည့်ရွတ်ဆိုမှု အရှိန်ရလာသည်နျှင့် တစ်ကိုယ်လုံး ဆူပွက်လာသလို အရိုးရိုင်းခံစားရသည်။
အရေပြားများ အနီရောင်ပြောင်းသွားသည်။ ဝေဒနာကြောင့် သူ့မျက်နှာ ရှုံ့မဲ့နေသည်။ နဖူးမှ ချွေးသီးများကျလာသည်။ ခန္ဓာကိုယ် ပေါက်ကွဲထွက်တော့မလို ခံစားရသည်။
"ဟူး...ဟူး..."
အရိုင်းရိုင်း၏ သွေးဆက်စွမ်းအား တဖြေးဖြေးတည်ငြိမ်လာသည်။ မချိမဆန့်ခံစားနေရသည့် ဝေဒနာများ ပျောက်ကွယ်သွားသည်။
"မင်းဘယ်လိုခံစားရလဲ"
"တစ်ကိုယ်လုံး စွမ်းအားပြည့်နေသလိုပဲ"
"ဒါဆို..."
"ဘုန်း ဘုန်း ဘုန်း"
လုယန်စကားမဆုံးမီ အနီးမှ သားရဲများပြေးလာနေသံကို ကြားလိုက်ရသည်။
အသံများက နေရာစုံမှထွက်ပေါ်နေပြီး သူတို့ဆီ တဖြေးဖြေးချဉ်းကပ်လာသည်။
"ဝုန်း"
သစ်ပင်များ လဲပြိုသွားသည်။ သွေးနီရောင်မျက်လုံးနှင့် ကြေးခွံပါသည့်သားရဲတစ်ကောင် အရိုးရိုင်းကို စိုက်ကြည့်နေသည်။
"ဝုန်း"
နောက်ထပ် နတ်ဆိုးသားရဲတစ်ကောင် သူတို့နောက်ဘက်မှ ပေါ်လာသည်။ ထိုသားရဲလည်း အရိုးရိုင်းကို ရန်သူတစ်ယောက်လိုကြည့်နေသည်။
ရွှေသန္ဓေအဆင့်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ရောက်လာပြီး သူတို့လေးယောက်ကို ဝိုင်းထားသည်။
နတ်ဆိုးများ၏ ပစ်မှတ်က သိသာထင်ရှားနေသည်။ အရိုးရိုင်းဖြစ်သည်။
"အကိုလု၊ ကျွန်မလေ့ကျင့်ဖို့ ရွှေသန္ဓေထိပ်တန်းအဆင့် နတ်ဆိုးသားရဲရှာပေးမယ်ဆိုတာ ဒါကိုပြောတာလား"
ထောင်ယော်ယဲ့ တီးတိုးကပ်မေးသည်။ ထိုမျှများပြားသည့် နတ်ဆိုးသားရဲအုပ်ကို သူတစ်ခါမှထိပ်တိုက်မတွေ့ဖူး။
"နတ်မယ်၊ ဘယ်လိုဖြစ်ကုန်တာလဲ"
အရိုးရိုင်း၏ သွေးဆက်လှုံ့ဆောင်မှုဖြစ်စဉ် တစ်ခုခုမူမမှန်ကြောင်း လုယန်နားလည်လိုက်သည်။
"အင်း...ရှေးဟောင်းအရိုင်းသွေးဆက် အပြည့်အဝမနိုးထသေးလို့ဖြစ်မယ်။ နတ်ဆိုးတွေကို ထိန်းချုပ်နိုင်ရမယ့်အစား သူတို့ဒေါသကိုသွားဆွသလို ဖြစ်သွားတာ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ ငါကြိုတွေးမိပြီးသားပါ"
"နတ်မယ်၊ ခင်ဗျားကျုပ်မျက်နှာကို တည့်တည့်ကြည့်ပြီး အဲဒီ့စကား ထပ်ပြောစမ်းပါ"
ထာဝရနတ်မယ် အကြည့်လွှဲသွားသည်။
"ဒါက မသေမျိုးတစ်ယောက်ရဲ့ စမ်းသပ်ချက်ပါ"