အခန်း (၂၁-၃၀)
Vol. 5 Ch. 21-30
Vol 5, အခန်း ၂၁။ မိုးကြိုးလျှပ်စီး ပင်လယ်ဓားပြ
ရဂ်ဆာမှာ သူ့ရှေ့ရှိ အမှောင်ထုပင်လယ်ပြင်ထက်မှ အလင်းရောင်ကို တည့်တည့်စိုက်ကြည့်လိုက်ပြီး မျက်လုံးများထဲ အဆုံးမဲ့ အလိုလောဘများပြည့်လာသည်။
အနှီ ရူဒ်ဆန်တိုင်းပြည်က နီရှီမြို့ကို စိုင်စ်နယ်မြေကြီး၏ တောင်ဘက်ရှိ အကြီးဆုံးဆိပ်ကမ်းအဖြစ် ပြောင်းလဲလိုကြောင်း ပြောခဲ့ကတည်းက ရူဒ်ဆန်တိုင်းပြည်၏ ပင်လယ်ပြင်ရှိ ပင်လယ်ဓားပြများထံ၌ ဘဝကောင်းမရှိကြတော့ချေ။
နီရှီမြို့၏ ငြိမ်းချမ်းမှုကို အာမခံရန် ရူဒ်ဆန်တိုင်းပြည်၏ ပထမနှင့် ဒုတိယသင်္ဘောစုမှာ ဤအတောအတွင်း အရိုင်းဆန်နေခဲ့သည်။ ၎င်းတို့မှာ အားလပ်ချိန်၌ ပင်လယ်တွင် လှည့်လည်ကာ ပင်လယ်ဓားပြများကို ညှာတာမှုမရှိတိုက်ခိုက်ခဲ့ကြသည်။
အတိတ်က ပင်လယ်ဓားပြများမှာ ရူဒ်ဆန်တိုင်းပြည်၏ သင်္ဘောစုများကို ရှောင်ရှားရန် ၎င်းတို့၏ အမြန်နှုန်းကို အသုံးပြု၍ ရသော်လည်း ယခုတွင် ပထမနှင့် ဒုတိယသင်္ဘောစု နီရှီမြို့တစ်ဝိုက် ပိုက်ကွန်ထောင်ကာ လှေများစွာ ဟိုသည်သွားလာနေခြင်းကြောင့် ပင်လယ်ဓားပြများမှာ ရပ်တည်နိုင်ရန် နေရာမရှိတော့ပေ။ ၎င်းတို့မှာ နီရှီမြို့တဝိုက်ကို ထွက်ခွာရန်သာ တတ်နိုင်ခဲ့သည်။
အခြားပင်လယ်ဓားပြများထံမှ သတင်းအရ ဤနယ်မြေရှိ အကြီးဆုံးပင်လယ်ဓားပြဘုရင် တောင်ခရစ်ဂ်ကို ပထမသင်္ဘောစုက ဖမ်းဆီးအကျဉ်းချထားသည်။
တောင်ခရစ်ဂ်မှ အစ်ကိုဟု လျှို့ဝှက်ခေါ်ကာ တိတ်တဆိတ် အလုပ်အတူလုပ်သောသူဖြစ်သည့် နီရှီမြို့ မြို့စား ကောင့်ထ် မီလီတိုသည်ပင် ဖော်ထုတ်ခံရပြီး အဖမ်းခံခဲ့ရ၏။ သူ့အား နှစ်လအတွင်း ကွပ်မျက်မည်ဟုလည်း ပြောကြသည်။
နီရှီမြို့ အနီးတဝိုက် ပင်လယ်ရှိ ပင်လယ်ဓားပြအားလုံးနှင့် ရူဒ်ဆန်တိုင်းပြည်၏ ပင်လယ်ပြင်ရှိ ပင်လယ်ဓားပြအားလုံးမှာ ကြောက်လန့်နေကြတော့သည်။ ၎င်းတို့မှာ ထိတ်လန့်နေကြသဖြင့် ရူဒ်ဆန်တိုင်းပြည်၏ ပင်လယ်ပြင်မှ တိုက်ရိုက်ပင် ထွက်ခွာသွားကြ၏။
သို့သော် ရူဒ်ဆန်တိုင်းပြည်မှ ထွက်ခွာဖို့ ဆန္ဒမရှိသူ ရဂ်ဆာမှာ ပင်လယ်အနက်ပိုင်းသို့ ဝင်ရောက်၍ ယခင်က သူရှာတွေ့ထားသော ကျွန်းတစ်ခုထံ အခြေစိုက်နေရာအဖြစ် သုံးဖို့သွားကာ လှုပ်ရှားဖို့ အခွင့်အရေးစောင့်နေခဲ့သည်။
သို့သော် လက်ရှိ စိုင်စ်နယ်မြေကြီး၏ ရွက်လွှင့်ခြင်းအဆင့်ကြောင့် ကုန်သည်လှေဖြစ်စေ သာမန်ငါးဖမ်းလှေဖြစ်စေ ကမ်းရိုးတမ်းအနီး၌ ရွက်လွှင့်ရလိမ့်မည်။ လူအနည်းစုကသာ ပင်လယ်ပြင်အနက်ပိုင်းသို့ သွားဝံ့၏။
နီရှီမြို့၏ ကမ်းရိုးတန်းများက ယခုတွင် အတော်လေးလုံခြုံလာသည့် အချက်ကို ထည့်ပေါင်းလိုက်သော် ကုန်သည်များနှင့် ငါးဖမ်းသမားအားလုံးမှာ ကမ်းခြေအနီး၌သာ ရွက်လွှင့်ဖို့ ရွေးချယ်ကြသည်။
ထို့ကြောင့် ပင်လယ်အနက်ပိုင်းရှိ အခြေစိုက်နေရာကို ရဂ်ဆာပြန်လာပြီးနောက် နှစ်လလုံးလုံး မည်သည့် လုပ်ငန်းမှာ လုံးဝမရှိခဲ့ပေ။
ပင်လယ်ဓားပြများက ရှင်သန်နေထိုင်ရန် ၎င်းတို့၏ ဓားသွားများကို အားကိုးရပြီး တစ်နေ့စီအတွက် ဖြစ်ရာ စုဆောင်းထားသည့်အရာ များများစားစားမရှိချေ။
ရဂ်ဆာမှာ မိုးကြိုးလျှပ်စီး ပင်လယ်ဓားပြတို့၏ ခေါင်းဆောင်အနေနှင့် အမျှော်အမြင်အနည်းငယ်ရှိကာ ကျွန်းတစ်ကျွန်းထက်၌ အခြေစိုက်စခန်းဆောက်၍ ရိက္ခာများကို လက်ကျန်ထားတတ်သော်လည်း မည်သည့် လုပ်ငန်းမှ မရှိဘဲ နှစ်လကြာနေလာပြီးနောက် ရိက္ခာမှာ အတော်လေး နည်းပါးလာပြီဖြစ်သည်။
သူ၏လက်အောက်ငယ်သားများက လွန်ခဲ့သည့် သုံးရက်အကြာက ကမ်းရိုးတန်းအနီးတွင် သင်္ဘောစုကြီးတစ်ခုရှိကြောင်း ပြောလာခြင်းကြောင့်မဟုတ်လျှင် ရဂ်ဆာမှာ အဖမ်းခံရမည့်အရေးစွန့်စားကာ နီရှီမြို့ အနီးတဝိုက်သို့ တိုးလာမည်မဟုတ်ပေ။
ယခုတွင် သားရဲကြီးများကဲ့သို့သော သင်္ဘောကြီးသုံးစင်းကို မြင်လိုက်ရရာ ရဂ်ဆာမှာ အံ့အားသင့်သွားသော်လည်း ပိုလို့ပင် ပျော်ရွှင်မှုဖြင့် ပြည့်သွားလေ၏။
ထိုသင်္ဘောကြီးသုံးစင်းရှိ ကုန်စည်ပမာဏမှာ ၎င်းတို့၏ စိတ်ကူးကိုပင် ကျော်လွန်နိုင်သည်။
သူသာ ထိုသင်္ဘောသုံးစင်းအားလုံးကို ယူနိုင်ပါက ချမ်းသာလာလိမ့်မည်!
"ဘ...ဘော့စ်...." ရဂ်ဆာနံဘေး၌ ရပ်နေသည့် ဒုကပ္ပတိန်က ရုတ်တရတ်ပြောလာ၏။
"အမ်? ဘာလဲဟ?" ရဂ်ဆာမှာ နီးကပ်လာနေသည့် သင်္ဘောကြီးသုံးစင်းကို အပြည့်အဝ အာရုံစိုက်ထားခြင်းဖြစ်သည်။ သူဟာ ၎င်းတို့ကို သွားရည်ကျရင်း ချီးကျူးမှုအပြည့်ဖြစ်နေရာ ၎င်းကိုကြားသော် စိတ်မရှည်စွာ ဖြေလိုက်သည်။
"ဘော့စ်၊ အဲဒီ့... အဲဒီ သင်္ဘောသုံးစင်းက ဒီလောက်ကြီးတာ.... ကျွန်တော်တို့ တကယ်ပဲ လှုပ်ရှားရမှာလား?"
ရဂ်ဆာက မျက်မှောင်ကုပ်၍ သူ၏ ပူပန်နေသော ဒုကပ္ပတိန်ကို ကြည့်လိုက်ပြီးနောက် ဆဲရေးလိုက်၏၊ "အဓိပ္ပာယ်မရှိတာ! ငါတို့ မလုပ်ရင် ညီအစ်ကိုတွေကို အဆာခံခိုင်းရမှာလား? မင်း ကျွန်းရဲ့ အခြေအနေကို မသိတာလည်း မဟုတ်ဘူး၊ နောက်ထပ် ရက်နည်းနည်းပဲ ခံနိုင်တော့မှာလေ။ ပထမနဲ့ ဒုတိယ သင်္ဘောစုတွေကို တိုက်ဖို့ နီရှီမြို့ကို ချီတက်တာထက် ဒီအစားအသောက်လက်မှတ်ကို လုယူတာက ပိုကောင်းတယ်ကွ။"
"ဒါပေမယ့်.... ဒီသင်္ဘောသုံးစီးက အဲ့လောက်ကြီးတာ၊ ကျွန်တော့်အထင်.... သူတို့နဲ့ ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး။"
"-ျီးထုပ်!" ရဂ်ဆာက ဒုကပ္ပတိန်၏ နောက်စေ့ကို ရိုက်လိုက်ကာ၊ "ဒါက မင်း ပင်လယ်ဓားပြဖြစ်တဲ့ ပထမဆုံးနေ့လား? သင်္ဘောတစ်စီး ကြီးတာက အသုံးမဝင်ဘူး၊ လူတွေက ထိန်းချုပ်ထားတာပဲ။ ငါတို့ ချီတက်ပြီး သူတို့ကို သတ်လိုက်ရင် ဒီသင်္ဘောတွေကို ယူနိုင်မှာပဲ မဟုတ်လား?"
"ဒါပေမယ့်.... ဒါပေမယ့် သင်္ဘောသုံးစီးက အဲ့လောက်ကြီးတော့ လူအတော်များများ ပါလောက်တယ်လေ...." ထိုဒုကပ္ပတိန်မှာ အနည်းငယ် စိတ်မချဖြစ်နေဆဲပင်။
"သူတို့တွေက ရွက်လွှင့်တဲ့နေရာမှာတော့ လူသစ်ပဲရှိပါသေးတယ်ဟ! ငါတို့ကို မြင်တာနဲ့ အရှုံးပေးကြမှာပဲ မဟုတ်လား? တကယ်လို့ အဲဒါက အလုပ်မဖြစ်ရင်လည်း နည်းနည်းလောက် သတ်လိုက်ကြတာပေါ့။" ရဂ်ဆာက လက်ယမ်း၍ အေးစက်စက်နှာမှုတ်ကာဆိုသည်။ သူဟာ သင်္ဘောသုံးစင်းကို လှည့်ကြည့်၍ မနေနိုင်ဘဲ နှုတ်ခမ်းများကို သပ်လိုက်သည်၊ "ပြောနေတာရပ်၊ အဲဒီ့ သင်္ဘောသုံးစီးမှာ ဘာမှ မရှိရင်တောင် အဲဒီ့သင်္ဘောတွေကို ရတာနဲ့ ချမ်းသာပြီ...."
ရဂ်ဆာ၏ အမူအရာကိုမြင်သော် ဒုကပ္ပတိန်လည်း သည်းခံကာ မည်သည်ကိုမှ မဆိုတော့ချေ။
ရဂ်ဆာ၏ လက်ထောက်အနေနှင့် သူဟာ မိုးကြိုးလျှပ်စီး ပင်လယ်ဓားပြများ၏ အခြေအနေကို သေချာနားလည်လေသည်။
၎င်းတို့သာ ရှေ့မဆက်နိုင်တော့မည့် အချက်ကြောင့်မဟုတ်ပါက ရဂ်ဆာလည်း ထိုသို့အရေးကြီးသည့်အရာကို ရွေးချယ်မည်မဟုတ်ပေ။
သို့သော် နီရှီမြို့၏ ပင်လယ်ပြင်သို့ ဝင်ရောက်ကာ ပထမ သို့မဟုတ် ဒုတိယ သင်္ဘောစုတို့နှင့် တိုက်ခိုက်ကာ ဖျက်ဆီးခံရခြင်းထက်စာလျှင် ထိုသင်္ဘောသုံးစင်းထံမှ လုယူခြင်းက အန္တရာယ်ပိုနည်းလောက်သည်။
အဆုံးတွင် သင်္ဘောသုံးစင်းက မည်မျှ ကြီးမားပါစေ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လေ့လာမှုအရ သင်္ဘောသားများထံ၌ မည်သည့်လက်နက်များမရှိသဖြင့် ၎င်းတို့မှာ ကုန်သည်သင်္ဘောများဖြစ်ကြသည်။
"ဟေး ငါတို့ရဲ့ ရူဒ်ဆန်တိုင်းပြည်ပင်လယ်ပြင် အနက်ပိုင်းထဲလာပြီး ဂရုမစိုက်ဘဲ နေဝံ့တာက ငါတို့ကို စားစရာတွေပို့ပေးနေတာပဲ။
ထိုသို့စဉ်းစားရင်း ဒုကပ္ပတိန်မှာ သူ၏ ညာလက်ထဲရှိ ဓားကို ဆုပ်ကိုင်လိုက်သည်။ သူက အဝေးရှိ အမှောင်ထုပင်လယ်ပြင်တွင် လင်းလဲ့နေသည့် သင်္ဘောသုံးစင်းကို ကြည့်လိုက်သည်။
ဒီလူသစ်လေးတွေကတော့! ညဘက်မှာ ဒီလို မီးထွန်းထားရဲတာ ငါတို့ကို တကယ်ပဲ လာလုယက်ဖို့ တောင်းဆိုနေတာပဲ။
အိုင်း အိုင်း ဒီဆရာကြီးက ယဉ်ကျေးနေတော့မှာမဟုတ်ဘူး....
ဒုကပ္ပတိန်၏ အပြုံး ပေါ်လာကာစတွင် အနီးဆုံး ဧရာမသင်္ဘောထံမှ အပြာရောင် အလင်းတောက်များစွာ ထွက်လာကာ ၎င်းတို့ထံ တည့်တည့်ပျံသန်းလာသည်။
မျက်တောင်တစ်ခတ်အတွင်း ၎င်းအလင်းများက သူတို့ရှေ့ရောက်လာ၏။
"အဲဒါ ဘာလဲ?"
ရဂ်ဆာနှင့် သူ၏လက်ထောက်မှာ အံ့ဩနေရင်း ထိုအလင်းများက သူတို့ရှေ့ရှိ အမှောင်ထုပင်လယ်ထဲ ကျရောက်သွားသည်ကို ကြည့်နေလိုက်သည်။
"ဟုန်း ဟုန်း ဟုန်း"
တည်ငြိမ်သော ညပင်လယ်တွင် ပေါက်ကွဲသံများစွာဖြင့် လှိုင်းလုံးကြီးများ ပေါ်ထွက်လာ၏။
ရဂ်ဆာနှင့် သူ၏နောက်ရှိ လက်ထောက်အပြင် အခြားပင်လယ်ဓားပြအားလုံးမှာ ကူရာမဲ့စွာဖြင့် ၎င်းတို့အောက်ဘက်ရှိ သစ်သားလှေများကို လှိုင်းလုံးများ တိုက်စားသွားသည်အား ကြည့်နေကြရသည်။
၎င်းတို့ လေထဲ၌ ရှိနေစဉ်တွင်ပင် သစ်သားလှေများမှာ လှိုင်းလုံးကြီးများကြောင့် အက်ကွဲကုန်ကြသည်။
ရဂ်ဆာနှင့် သူ၏လက်ထောက်မှာ ၎င်းတို့ပါးစပ်ထဲမှ ခပ်ချိုချိုအရသာတစ်ခုကို ခံစားမိလိုက်ရင်း သွေးတစ်ပွက် အန်ထုတ်လိုက်ကြသည်။ အရာအားလုံးမှောင်မိုက်ကာ ၎င်းတို့လည်း အသိပျောက်သွားကြ၏။
မည်မျှ ကြာသွားမှန်း မသိလိုက်သော်လည်း ရဂ်ဆာမှာ မျက်ခွံပေါ်ထိုးနေသော အလင်းရောင်ကြောင့် နိုးလာသည်။
သူ၏ မူးနောက်နေသော ခေါင်းက ခဏတာ ငြိမ်သက်စေနေပြီးနောက်မှသာ တုံ့ပြန်နိုင်၏။ သူဟာ မျက်လုံးများကို အတင်းဖွင့်ကာ သူ၏ အထက်ရှိ ကောင်းကင်ပြာပြာကို ကြည့်လိုက်လေသည်။
"နိုးပြီလား?" သူ၏ နံဘေးမှ မည်သည့်အကြင်နာတရားမှ မရှိသည့် အသံတစ်သံပေါ်လာသည်။
ရဂ်ဆာလည်း ခေါင်းလှည့်လိုက်သော် ပင်လယ်ပြင်၌ သက်တမ်းအများစုကို ကုန်ဆုံးထားပုံရသည့် မုတ်ဆိတ်ရေးရေးနှင့် သက်လတ်ပိုင်း အသားညိုညိုလူတစ်ဦးကို တွေ့လိုက်ရ၏။
ထို့နောက် ဝေ့ဝဲကြည့်လိုက်သော် သူဟာ ဧရာမ ကုန်းပတ်တစ်ခုအပေါ်၌ ရှိကာ ဘေးပတ်လည်ရှိ လက်ရန်းများကို သံမဏိကောင်းများဖြင့် ပြုလုပ်ထားကြောင်း တွေ့ရလေသည်။
ဤကုန်းပတ်ကြီးမှာ သံဖြင့်ပြုလုပ်ထားသည့် အနှီသင်္ဘောကြီးများမှလွဲ အခြားတစ်ခု မဖြစ်နိုင်ပေ။
"ဆိုလိုတာက ငါ ဒီကောင်တွေဆီမှာ အဖမ်းခံလိုက်ရတယ်ပေါ့?" ရဂ်ဆာမှာ သူ၏ဘေးပတ်လည်မှ ကြိုးများကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကုပ်၍ ခေါင်းကိုလှည့်ကာ ထိုသက်လတ်ပိုင်းလူကြီးကို နှာမှုတ်လျက် မေးလိုက်သည်၊ "ဘာလို့ ထိန်းသိမ်းထားတာလဲ?"
သူဟာ ယမန်နေ့ညက ဖြစ်ပွားခဲ့သည်ကို မှတ်မိနေပြီဖြစ်သည်။
သူ့အနေနှင့် ဧရာမ သင်္ဘောသုံးစင်းကို တိုက်ခိုက်လိုခဲ့သော်လည်း ချဉ်းကပ်ခြင်းပင် မပြုနိုင်ခင်တွင် သင်္ဘောသုံးစင်းမှ အမည်မသိအရာကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
လိုရင်းဆိုရသော် သူ့အနေနှင့် မည်သည်ဖြစ်ပွားခဲ့ကြောင်းပင်မသိရဘဲ ပေါက်ကွဲမှာကြောင့် မေ့မျောသွားရသည်။
"ဘာလို့လဲဆိုတော့ ခင်ဗျားက နည်းနည်းအသုံးဝင်တယ်လေ။" နာဗီလ်မှာ ခေါင်းငုံ့ကာ ရဂ်ဆာကို ကြည့်လိုက်ပြီးနောက် စိတ်တိုင်းကျစွာ ခေါင်းငြိမ့်လေသည်။
ထိုပင်လယ်ဓားပြ၏ စိတ်အား သင့်တော်သည်ဟု ယူဆရကာ ကြည့်ရသည်မှာ ၎င်းထံမှ အဖြေရယူရန် ပြဿနာမရှိလောက်သည့်ပုံပင်။
"အသုံးဝင်တယ်?" ရဂ်ဆာက နာဗီလ်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။
ထိုလူများထံ၌ ဧရာမသင်္ဘောသုံးစင်းရှိသလို ထိုသို့သော ကြောက်မက်ဖွယ် လက်နက်များလည်းရှိရာ သူ့ထံ၌ မည်သို့သော အသုံးဝင်မှုရှိပါမည်နည်း?
"ဟုတ်တယ်လေ" နာဗီလ်က ရယ်သည်။ သူက ရဂ်ဆာနံဘေး၌ ထိုင်ရန် ခွေးခြေခုံတစ်ခုံ ဆွဲယူလိုက်၏၊ "ဟေး ခင်ဗျားကို ရဂ်ဆာလို့ ခေါ်တယ်မို့လား? ကျုပ်ကြားတာတော့ ခင်ဗျားက မိုးကြိုးလျှပ်စီး ပင်လယ်ဓားပြတွေရဲ့ ခေါင်းဆောင်ဆို?"
ရဂ်ဆာက အေးစက်စက်နှာမှုတ်လိုက်သည်။ သူဟာ ထိုလူများက သေချာပေါက် သူ့တစ်ဦးတည်းကို ကယ်ဆယ်ထားခြင်းမဟုတ်ဘဲ သူ့အဖွဲ့၏ အခြားပင်လယ်ဓားပြများထံမှ သူ့သတင်းများကို ရယူထားကြောင်း သိလေသည်။
"ကျုပ်ပဲ၊ ဘာလို့လဲ?"
နာဗီလ်မှာ ရဂ်ဆာ၏ သဘောထားကို ဂရုမစိုက်ဘဲ အပြုံးဖြင့် ပခုံးကိုပုတ်လိုက်၏။
ရည်ရွယ်ချက် ရှိမရှိကို မသိရသော်လည်း သူ၏လက်ဝါးမှာ ရဂ်ဆာ၏ ပခုံးထက်မှ ဒဏ်ရာပေါ်သို့ တည့်တည့်ဆင်းသက်လာခဲ့သည်။ ထိုနာကျင်မှုက ရဂ်ဆာကို မနေနိုင်အောင် မျက်မှောင်တွန့်မိသွားစေ၏။
"ခင်ဗျားတို့ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြတွေက အနီးအနားက ကျွန်းလေးတစ်ကျွန်းကို အခြေစိုက်ဌာနအဖြစ် ထားတယ်လို့ကြားမိတယ်?" နာဗီလ်က မေးလေသည်။
တစ်ဘက်ထံ၌ သူ၏အပေါင်းအပါများထံမှ သတင်းအချက်အလက် ဖောဖောသီသီရှိနေသဖြင့် ရဂ်ဆာလည်း အဓိပ္ပာယ်မဲ့စွာ မည်သည်ကိုမှ ဖုံးကွယ်ဖို့ ဆန္ဒမရှိတော့ပေ။
"ဟုတ်တယ် ကျုပ်မှာ ကျွန်းလေးတစ်ကျွန်းရှိတာ စိတ်ဝင်စားလို့လား?"
"ဒါပေါ့" နာဗီလ်က ရယ်မောလိုက်ကာ၊ "ဒီကျွန်းလေးကို ခင်ဗျားအနေနဲ့ အခြေစိုက်စခန်းအဖြစ်သုံးနိုင်မှတော့ အဲ့မှာ ကျုပ်တို့ လိုချင်တဲ့အရာလည်း ရှိမှာပဲ။ ဘယ်လိုလဲ? ရဂ်ဆာ, ခင်ဗျား ကျုပ်တို့နဲ့ အလုပ်အတူလုပ်ဖို့ စိတ်ဝင်စားလား?"
"အလုပ်အတူလုပ်ရမယ်?" ရဂ်ဆာမှာ နာဗီလ်ကို ငေးကြောင့်ကြည့်လိုက်သည်။
ဒီလူက ရူးနေတာလား?
ထိုလူဟာ ပင်လယ်ဓားပြတစ်ဦးကိုဖမ်းထားပြီး သာမန်ကုန်သည်များကဲ့သို့သူ့အား ငါးစာပစ်မကျွေးသလို ဖမ်းဆီးခြင်းလည်းမပြုသော်ငြား ပူးပေါင်းလိုနေသည်တဲ့လား?
ဘာမှ မရှိတဲ့ ပင်လယ်ဓားပြနဲ့.... ပူးပေါင်းစရာ ဘာရှိမှာလဲ?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၂။ ငွေနဲ့ဖြေရှင်းလို့ရတဲ့ ပြဿနာတွေက ပြဿနာမဟုတ်ဘူး
တစ်နာရီကြာပြီးနောက် စွင့်ကားတောင်ပံ၊ နံနက်ခင်းနေနှင့် အောင်ပွဲနတ်ဘုရားမ အိုင်းရစ်တို့မှာ နာဗီလ်ကိုသယ်ဆောင်၍ ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဖြစ်သော တောင်ဘက်လေးဆယ်ကီလိုမီတာမှ ကျွန်းငယ်တစ်ခုထံသို့ ပင်လယ်ဓားပြများကို ဖမ်းခေါ်သွားလေသည်။
ထိုကျွန်းကို ရဂ်ဆာမှ မိုးကြိုးလျှပ်စီးကျွန်းဟု အမည်မှည့်ထားပြီး မသေးလှပါချေ။ စွင့်ကားတောင်ပံ၏ ကုန်းပတ်၌ ရပ်ကာ ကြည့်လိုက်လျှင်ပင် တစ်ဘက်ကို မမြင်နိုင်ပေ။
တစ်ဘက်မှ တစ်ဘက် နာဗီလ်၏ မျက်လုံးများဖြင့် ခန့်မှန်းခြေအရ အနည်းဆုံး ငါးကီလိုမီတာကျော်သည်။
မှော်သင်္ဘောကြီးသုံးစင်းချဉ်းကပ်လာသည်ကို မြင်ချိန်၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသော ကမ်းခြေတွင် စုဝေးနေကြသည့် အမျိုးသမီးများနှင့် ကလေးငယ်များစွာရှိနေသည်။ ၎င်းတို့မှာ စတင်အော်ဟစ်လျက် ကလေးအချို့မှာမှု အင်မတန် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေလေ၏။
"ဒါတွေက ခင်ဗျားတို့ ပင်လယ်ဓားပြအဖွဲ့ရဲ့ ဆွေမျိုးတွေလား?" နာဗီလ်က သူ့ဘေးရှိ ရဂ်ဆာကို မေးလိုက်သည်။
"အင်း" ရဂ်ဆာက မည်သည့်ခံစားချက်မှ မပါဘဲ ခေါင်းငြိမ့်လေ၏။
"ကျွန်းပေါ်မှာ လူဘယ်လောက်,လောက်ရှိလဲ? အမျိုးသမီးနဲ့ ကလေးတွေကို ပြောတာ။" နာဗီလ်က မေးသည်။
ရဂ်ဆာမှာ နာဗီလ်ကို ထူးဆန်းစွာကြည့်လာ၏။ သူဟာ တစ်ချက်စဉ်းစားမိကာ အံ့ဩဟန်က မျက်နှာထက် ပေါ်လာလေသည်။
ထိုသင်္ဘောသုံးစင်းထံ၌ ထိုမျှ အင်အားကြီးသော လက်နက်များရှိရာ သေချာပေါက် သာမန်ကုန်သည်များမဖြစ်နိုင်ပေ။
ထိုလူမှာ ကျွန်းပေါ်ရှိ အမျိုးသမီးများနှင့် ကလေးများကို ဂရုစိုက်နေရာ ၎င်းတို့က.... ၎င်းတို့က တကယ်တမ်း ကျွန်ကုန်သွယ်သူတွေဖြစ်နေတာလား?
ရဂ်ဆာ၏ မျက်နှာထက်ရှိ ထူးဆန်းနေဟန်ကို မြင်သော် နာဗီလ်မှာ ထိုသူ ဘာတွေးနေမှန်း မသိသော်လည်း ၎င်းက အရေးမကြီးချေ။ ယခုတွင် ရဂ်ဆာနှင့် သူ၏ လက်အောက်ငယ်သားရာချီအားလုံး သူ၏ လက်ထဲတွင်ရှိသဖြင့် ၎င်းတို့အနေနှင့် သူကို မည်သည်မှ မလုပ်နိုင်ပေ။
"လူဘယ်လောက်ရှိလဲပြောပါ။ လူအလုံအလောက်ရှိရင် ပိုကောင်းတဲ့ ပူးပေါင်းနည်းလမ်းတစ်ခု စဉ်းစားနိုင်တယ်။"
နာဗီလ်က 'ပူးပေါင်းခြင်း'ဟူသည့်စကားကိုထပ်ပြောလာသော် ရဂ်ဆာမှာ အနည်းငယ် မယုံနိုင်ဖြစ်သွားသည်။
မည်သို့ဖြစ်ဖြစ် သူဟာ ၎င်းတို့နှင့်ပူးပေါင်းရန် ထိုက်တန်သည့်အရာကို မစဉ်းစားမိချေ။
"အင်း.... ညီအစ်ကိုတွေကိုပါ ပေါင်းလိုက်ရင် ကျွန်းပေါ်မှာ လူငါးရာကျော်လောက်ပဲ ရှိတယ်။" ရဂ်ဆာက ရိုးသားစွာ ဆိုသည်။
"ငါးရာ... ဒါက မလုံလောက်ဘူး၊ ဒါပေမယ့် အဆင်ပြေပါသေးတယ်။" နာဗီလ်က စဉ်းစားလိုက်ပြီးနောက် လက်သင်္ကေတတစ်ခုပြလာသည်။
စွင့်ကားတောင်ပံ၏ သင်္ဘောသားနှစ်ဦးက ခေါင်းငြိမ့်ပြီးနောက် ထွက်သွား၏။ တစ်အောင့်ကြာသည့်နောက် ရဂ်ဆာမှာ ရေများစင်နေသည့် အသံကို ကြားလိုက်ရသည်။
"လာ ကျွန်းကို အတူတစ်ချက်ကြည့်ကြမယ်။"
ရဂ်ဆာမှာ ရှုပ်ထွေးစွာဖြင့် နာဗီလ်နောက် လိုက်သွားသည်။ သူဟာ စွင့်ကားတောင်ပံ၏ ဘေးကို ရောက်လာပြီး နာဗီလ်က ကြိုးတစ်ချောင်းကိုဆွဲကာ လျှောချလိုက်သည်ကို တွေ့လေသည်။
ရဂ်ဆာ ငုံ့ကြည့်လိုက်သော် နာဗီလ်က သူပုံမှန်သုံးနေကျ သစ်သားလှေများထက် အနည်းငယ် ပိုမိုကြီးမားသည့် သံဖြင့်ပြုလုပ်ထားသော လှေတစ်စင်းပေါ် ဆင်းသက်လိုက်သည်ကို မြင်ရ၏။
"ဆင်းသွားလေ" သင်္ဘောသားနှစ်ဦးက ရဂ်ဆာကို နောက်မှ တွန်းလာသည်။
ဤသို့သောအခြေအနေတွင် ရဂ်ဆာမှာ ထိုမျှ မစဉ်းစားဘဲ ကြိုးကိုဆွဲကာ အလွယ်လေး လျှောဆင်းသွားလိုက်၏။
တစ်အောင့်ကြာသည့်နောက် သင်္ဘောသား အများအပြားလည်း ကြိုးများကို လျှောဆင်းလာသည်။
ထို့နောက် ရဂ်ဆာမှာ နာဗီလ်က သင်္ဘောရှေ့ရှိ ရှုပ်ထွေးသော ယန္တရားတစ်ခုထက်ရှိ ပွေလီလှသော ခလုတ်အချို့ကို နှိပ်နေသည်အား တွေ့လိုက်ရသည်။ ထိုသင်္ဘောက တုန်ယင်နေပြီးနောက် ရှေ့တိုးလာသည်။
တစ်ခဏတာအတွင်း သင်္ဘောမှာ အင်မတန် လျင်မြန်စွာ ရွေ့လျားလာ၏။ ၎င်းက ရဂ်ဆာ၏ ဘဝတွင် မြင်ဖူးခဲ့သမျှ၌ အမြန်ဆုံးသင်္ဘော၏ အမြန်နှုန်းကို အပြည့်အဝကျော်လွန်နေသည်။
ရဂ်ဆာမှာ သင်္ဘော၏ ဘေးရှိ မီတာလောက်မြင့်သောလှိုင်းများကိုကြည့်လိုက်ကာ ထိတ်လန့်သွားသည်။
မှော်သင်္ဘောဟုခေါ်သည့် သံမဏိမကောင်းဆိုးဝါးကို သူစီးနင်းနေစဉ်တွင် အင်မတန် မြန်လွန်းသည်ဟု ခံစားခဲ့ရသော်လည်း ယခု ဤလှေလေးမှာ ၎င်းထက်ပင် ပိုမြန်နေသေးသည်။
နှစ်မိနစ်အတွင်း အနှီလှေငယ်လေးက စွင့်ကားတောင်ပံနှင့် ကမ်းခြေအကြားရှိ မီတာတစ်ထောင်ကို ဖြတ်ကျော်လာပြီဖြစ်၏။
နာဗီလ်နှင့် သင်္ဘောသားတို့မှာ ခုန်ထွက်၍ ဖမ်းဆီးထားသော ရဂ်ဆာကို ကျွန်းပေါ်သို့ ခေါ်ယူလာကြသည်။
၎င်းတို့နောက်တွင် ကမ်းခြေသို့ ရေအမှုန်အမွှားများ ပက်ဖြန်းလျက် ရောက်လာကြသော ထပ်တူညီ သံမဏိသင်္ဘောများစွာလည်း ရှိ၏။
ထူးထူးဆန်းဆန်း လေးများကို သယ်ဆောင်ကာ ခုန်ထွက်သွားကြသော သင်္ဘောသား ဒါဇင်ချီရှိလေသည်။ ထို့အပြင် သင်္ဘောသားတစ်ဦးနှင့် မတူသည့် အသားအရေကောင်းကောင်းရှိကာ အထက်တန်းကျကျဝတ်ဆင်ထားသည့် လူငယ်အမျိုးသား အမျိုးသမီးများစွာလည်း ရှိနေသည်။
"ကပ္ပတိန် ရဂ်ဆာ, ဒီကျွန်းနဲ့ ရင်းနှီးတဲ့ လူနည်းနည်းရွေးပြီး ကျုပ်တို့ကို လိုက်ပြခိုင်းပေးပါ။" နာဗီလ်က ရဂ်ဆာထံ အပြုံးဖြင့် ပြောလိုက်သည်။
ရဂ်ဆာမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ၊ "ကျုပ် ပြောမယ် ခင်ဗျား တကယ်ပဲ ဘာလုပ်ချင်နေတာလဲ? ကျုပ်က ခင်ဗျားလက်ထဲမှာ ထောင်ချောက်မိနေပြီး ဘာကိုမှ မပြောနိုင်တော့ပေမယ့် ကျုပ်ကို သတ်လည်းမသတ်သလို လွှတ်လည်းမပေးတော့ ဘာများလုပ်ချင်နေတာလဲ?"
"ကျုပ် ပြောခဲ့တယ်လေ၊ ခင်ဗျားနဲ့ ပူးပေါင်းချင်လို့ပါ" နာဗီလ်က အပြုံးခပ်ဖျော့ဖျော့ ရှိနေသော်လည်း ရဂ်ဆာမှာ တကယ်ကိုပင် မျက်နှာကို ထိုးချလိုက်ချင်သည်။
"ငါ့-င်ကြီးကိုပဲ ပူးပေါင်းနေလိုက်! ငါတို့က ပင်လယ်ဓားပြကွ၊ ဘယ်လိုလုပ် မင်းတို့နဲ့ ပူးပေါင်းနိုင်မှာလဲ?"
"ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ အထင်မသေးပါနဲ့။" နာဗီလ်က အပြုံးဖြင့် လက်ယမ်းလိုက်ကာ၊ "ပင်လယ်ဓားပြတွေကလည်း တန်ဖိုးရှိပါတယ် အထူးသဖြင့် ခင်ဗျားတို့မှာ သင့်တင့်တဲ့ ကျွန်းရှိတဲ့အချိန်မှာပေါ့။ ဟုတ်ပြီ ကျုပ်ပြောတာကိုသာ လိုက်နာပြီး လူနည်းနည်းရွေးပေးပါ။ မှတ်ထားဦး ဘာကိုမှ လုပ်ဖို့မကြိုးစားနဲ့ ခင်ဗျားရဲ့ ညီအစ်ကို ရာချီက ကျုပ်လက်ထဲရှိသေးတယ်။"
ရဂ်ဆာမှာ နာဗီလ်ကို ကြည့်လိုက်ပြီးနောက် ပင်လယ်ဓားပြတစ်ဦး၏ မသေချာသော ဆွေမျိုးထံသွားကာ စကားအချို့ပြောလိုက်သည်။
တစ်အောင့်ကြာသည့်နောက် လူငယ် အမျိုးသမီးငါးဦးနှင့် လူအိုနှစ်ဦးထွက်လာ၏။
နာဗီလ်က ၎င်းတို့ကို ကြည့်ကာ လူအိုနှစ်ဦးကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ သူဟာ အမျိုးသမီးငါးဦးကို လှေတစ်စီးစီထံမှ သင်္ဘောသားဆယ်ဦးလည်းဖြစ်သလို မတူညီသော ရောင်ဝါရှိသည့် လူငယ်အမျိုးသားနှင့် အမျိုးသမီးများတို့၏ အဖွဲ့သုံးဖွဲ့နှင့်အတူသွားရန် အဖွဲ့ခွဲပေးလိုက်ကာ ကျွန်းထံ ဦးတည်လိုက်၏။
၎င်းတို့ ထွက်ခွာချိန်တွင် နာဗီလ်မှာ လက်နက်ကိုင်သင်္ဘောသားများစွာကို ရဂ်ဆာနှင့်အတူ ပင်လယ်ဓားပြတို့ နေထိုင်ရာနေရာသို့ ဝင်ရောက်ရန် ခေါ်ဆောင်သွားသည်။
ရဂ်ဆာမှာ အချိန်တိုလေးအတွင်း ပင်လယ်ဓားပြဖြစ်လာခဲ့ခြင်းမဟုတ်သော်လည်း မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများမှာ အဆုံး၌ ပင်လယ်ဓားပြအဖွဲ့ဖြစ်သည်။ ၎င်းတို့ထံ၌ ပေါများသည့် ရင်းမြစ်များမရှိသဖြင့် ယခုအထိ ကျွန်းတွင် မည်သို့ အိမ်ရာကောင်းကောင်းမှ မရှိပေ။ ကျွန်းရှိလူများမှာ သစ်သားအပိုင်းအစများဖြင့် ပြုလုပ်ထားကာ လေနှင့်မိုးကို ရင်ဆိုင်ရန် အခြေခံ လုပ်ဆောင်ချက်ပင်မရှိသည့် အိမ်များ၌ နေထိုင်ကြသည်။
နာဗီလ်မှာ ထိုအိမ်များ၏ အခြေအနေကိုမြင်သော် ပို၍ပင် စိတ်တိုင်းကျသွားသည်။
တစ်ခဏအကြာတွင် သူဟာ ရဂ်ဆာကို သစ်သားအိမ်တစ်လုံးရှေ့ရှိ ကျောက်ဆောင်ထက် ထိုင်ချရန် ဆွဲခေါ်လိုက်၏။
"ဟေး ကပ္ပတိန် ရဂ်ဆာ, ခင်ဗျားတို့ရဲ့ ဒီက အခြေအနေအရ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြတွေကြည့်ရတာ ကောင်းကောင်းနေရပုံမပေါ်ဘူး။"
ရဂ်ဆာက နှာမှုတ်သည်၊ "အဓိပ္ပာယ်မရှိတာ! ကျုပ်တို့မှာသာ ငွေရှိရင် ဘယ်သူက ပင်လယ်ဓားပြဖြစ်လာချင်ပါ့မလဲ"
"အင်း ဒါက ကျိုးကြောင်းသင့်ပါတယ်။" နာဗီလ်မှာ ခေါင်းငြိမ့်လိုက်ရာ သူ၏အပြုံးက ပို၍ပင် တောက်ပလာ၏၊ "ဒါဆို ကပ္ပတိန် ရဂ်ဆာ, ခင်ဗျားတို့ ပင်လယ်ဓားပြအဖွဲ့ကလူတွေကို ပိုကောင်းတဲ့ဘဝမှာ နေစေချင်လား?"
ရဂ်ဆာက မျက်လုံးများ မှေးကျဉ်း၍ နာဗီလ်ကို ကြည့်လိုက်သည်။
"ဟာသလုပ်နေတာလား?"
"မဟုတ်ဘူး ဟာသမလုပ်ပါဘူး။ ကပ္ပတိန် ရဂ်ဆာ, ကျုပ် တကယ်ပဲ ခင်ဗျားနဲ့ပူးပေါင်းဖို့ စီစဉ်ထားပါတယ်။ ကြည့်ပါဦး ကျုပ်တို့က စတက်တိန်းနယ်မြေကနေ လာတာဆိုတော့ ဒီကအခြေအနေနဲ့ မရင်းနှီးတာကြောင့် ခင်ဗျားလို ကမ်းရိုးတန်းနဲ့ ရင်းနှီးနေမယ့် တစ်ယောက်ယောက်ကို ပူးပေါင်းဖို့ လိုအပ်နေတာ။"
ရဂ်ဆာက ကျွန်းအနား၌ ကမ်းကပ်ထားသော သံမဏိသင်္ဘောကြီးသုံးစင်းကို ကြည့်ကာ ခေါင်းခါသည်။
"ကြည့်ရတာ ခင်ဗျားအနေနဲ့ ကျုပ်တို့ရဲ့ အကူညီကို လုံးဝမလိုအပ်ပုံပဲ။ ခင်ဗျားသာ ဒီက အခြေအနေနဲ့ ရင်းနှီးလာချင်ရင် နီရှီမြို့က တစ်ယောက်ယောက်ကို ရှာလို့ရတယ်။"
"ရိုးသားရရင် ကျုပ်တို့ နီရှီမြို့ကို စီးပွားရေးအတွက် သွားနေရတာဆိုပေမယ့်လည်း ကပ္ပတိန် ရဂ်ဆာ, ခင်ဗျားအနေနဲ့ တရားဝင်လမ်းကြောင်းကနေတဆင့် ဝင်ဖို့ခက်တဲ့ အရာတချို့ကိုလည်း နားလည်လောက်မှာပါ...."
နာဗီလ် မျက်နှာထက်ရှိ အပြုံးကို မြင်သော် ရဂ်ဆာ၏ စိတ်ထဲ အတွေးများဖြင့် ရုတ်တရတ် ပြည့်သွားရသည်။
ဒီလူရဲ့ စကားတွေအရဆို သူက တခြားနေရာတွေမှာ.... အကူအညီလိုနေတာလား?
၎င်းကိုစဉ်းစားရင်း ရဂ်ဆာ၏ မျက်နှာထက်ရှိ အမူအရာက မတိုင်ခင်ကလို မအေးစက်နေတော့ပေ။၊ ခေတ္တရပ်တန့်ပြီးနောက် ပြန်မေးလိုက်သည်၊ "ဒါဆို ပြောပါ ခင်ဗျားတို့နဲ့ ပူးပေါင်းရင် ကျုပ်နဲ့ ကျုပ်တို့ ပင်လယ်ဓားပြအဖွဲ့ကို ဘာအကျိုးကျေးဇူးရစေမှာလဲ?"
"အရင်ဆုံး ငွေပေါ့။" နာဗီလ်က သာမန်ကာလျှံကာဖြင့် ရင်ဘတ်ထဲမွှေနှောက်ကာ ရွှေဒင်္ဂါးတစ်ပြားထုတ်ယူလိုက်သည်။
ယခုတွင် နေအလင်းရောင်က အားကောင်းနေရာ ရွှေဒင်္ဂါးက နာဗီလ်၏ လက်ထဲ၌တောက်ပစွာ အလင်းပြန်နေသဖြင့် ရဂ်ဆာနှင့် အဝေးမှကြည့်ရှုနေကြသော ကျွန်းသူကျွန်းသားများကို အသက်ရှူနှုန်းများ မြန်ဆန်လာစေသည်။
"နောက်ပြီး.... ငွေအပြင် တခြားအကျိုးအမြတ်တွေလည်း အများကြီးရှိသေးတယ်၊ ဒါပေမယ့် ကျုပ် ဒီတိုင်းပြောလိုက်ရင် ခင်ဗျား မယုံလောက်ဘူး။ ဘယ်လိုလဲ....." နာဗီလ်က လှည့်ကာ သူ၏နောက်ရှိ သင်္ဘောသားတစ်ဦးကို လက်ယမ်းပြလိုက်သည်၊ "ဟာရက်စ်, သူတို့ကို လာပြောပြလိုက်။"
ထိုသင်္ဘောသားလည်းရောက်လာကာ ရဂ်ဆာကိုကြည့်လိုက်ပြီးနောက် ဤကျွန်း၏ ကျွန်းသူကျွန်းသားများကိုကြည့်လိုက်သည်။ သူက ခေါင်းခါကာ မျက်လုံးများထဲ အထင်အမြင်သေးဟန်တို့ပြည့်သွားပါ၏။
၎င်းကို ကြားချိန်တွင် ရဂ်ဆာ၏ စိတ်ထဲ အင်မတန် ဒေါသဖြစ်သွားကာ သူ့ထံ ပြန်ကြည့်လိုက်လိုသော်လည်း သူ၏ စိတ်ကို လုံးဝပြောင်းလဲသွားစေမည့် စကားများကို ကြားလိုက်ရသည်။
"ဟေး ကျုပ်နာမည်က ဟာရက်စ်ပါ၊ ကျုပ်က ဆန်နက်မြေရိုင်းရဲ့ ကမ်းခြေတွေထဲကတစ်ခုဖြစ်တဲ့ ကာရက်စ်ခါကျွန်းကနေ လာခဲ့တာ။ ကျုပ်လည်း ခင်ဗျားတို့လို ပင်လယ်ဓားပြဖြစ်ဖူးတယ်။ ကျုပ်တို့ရဲ့ကျွန်းက ခင်ဗျားတို့ကျွန်းထက် နည်းနည်းလောက်ပိုကောင်းရုံဆိုပေမယ့် အရမ်းခက်ခဲခဲ့တယ်၊ ဒါပေမယ့်လည်း ကျုပ်တို့ ကာရက်စ်ခါကျွန်းက ဥက္ကဌရဲ့ မျက်လုံးကို ဖမ်းစားလိုက်မိတဲ့အချိန်မှာ လူတိုင်းရဲ့ ဘဝတွေက လုံးဝကွဲပြားလာခဲ့တယ်လေ...."
......
"နာဗီလ်, ဒီလိုလုပ်ရင် ပြဿနာမရှိဘူးလား?" အဝေးရှိ နာဗီလ် ၏လက်ထောက်က ဟာရက်စ်မှ ရဂ်ဆာနှင့် ပြောနေသည်အား ကြည့်ကာ နာဗီလ်ကို မေးလာသည်၊ "ဥက္ကဌ ပြောတော့ ကျွန်တော်တို့ ဒီလမ်းကြောင်းကို ထောက်လှမ်းသရွေ့ တာဝန်က ပြီးမြောက်မယ်ဆို။ ဒီလို အရှုပ်အထွေးတွေကို ဖြစ်စေရင် ဥက္ကဌက ဒေါသဖြစ်မှာမဟုတ်ဘူးလား?"
"မင်းက အဲ့လိုထင်တာလား.... ဥက္ကဌကြောင့်မဟုတ်ရင် ငါဒီလို လွတ်လွတ်လပ်လပ်လုပ်ရဲမယ်ထင်လား?" နာဗီလ်က သူ၏ လက်ထောက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
လက်ထောက်က ထိတ်လန့်သွားကာ၊ "ဒီတော့.... ဒါက ဥက္ကဌရဲ့ အကြံဆိုတဲ့ အဓိပ္ပာယ်ပေါ့?"
"ဒါကို ဥက္ကဌရဲ့အကြံလို့ အတိအကျယူဆလို့မရဘူး။" နာဗီလ်က ခေါင်းခါလိုက်သည်၊ "ဒါပေမယ့် မထွက်ခွာခင် ဥက္ကဌက ငါ့မှာသာ အခွင့်အရေးရှိရင် ကာရက်စ်ခါကျွန်းလိုမျိုး ရူဒ်ဆန်တိုင်းပြည်အနားမှာ အခြေစိုက်ဖို့ သင့်တော်မယ့် ကျွန်းရှိရင် ရှာဖို့ ပြောထားတယ်။ အရင်က ဒီတာဝန်ကို ဘယ်လို ပြီးမြောက်အောင်လုပ်ရမလဲ စိတ်ပူနေခဲ့ပေမယ့် အခု ဒီပင်လယ်ဓားပြတွေကိုယ်တိုင်က ငါတို့ဆီရောက်လာတာပဲ။"
လက်ထောက်က နားလည်သွားသည်၊ "ဒီတော့ ဒီလိုပေါ့၊ သူတို့ကို ထိန်းသိမ်းခိုင်းထားတာ မအံ့ဩတော့ပါဘူး။ ကျွန်တော်တို့ မြန်မြန်သွားပြီး နီရှီမြို့ရောက်ဖို့ အချိန်တွေပေါနေပေမယ့် ခင်ဗျားက အမြဲ တွက်ဆပြီး ရိက္ခာအတွက် စိုးရိမ်ပေးနေတာပဲ။"
နာဗီလ်က ရယ်သည်၊"ဒါက ငါ့ရဲ့ ပထမဆုံး ကိုယ့်ဘာသာထမ်းဆောင်ရတဲ့ တာဝန်ပါကွာ၊ ငါသာ အသေအချာမလုပ်ရင် ဘယ်လိုလုပ် ဥက္ကဌ အသိအမှတ်များများပြုလာအောင် လုပ်နိုင်ပါ့မလဲ?"
လက်ထောက်က ခေါင်းငြိမ့်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူက မေး၏၊ "ဒါဆို ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ?"
နာဗီလ်က အဝေး၌ အာရုံစိုက်ကာ နားထောင်နေသော ရဂ်ဆာကိုကြည့်လိုက်ပြီးနောက် အပြုံးဖြင့် ဆိုလာသည်၊ "ရှင်းပါတယ်။ ဥက္ကဌက ပြောတယ် ငွေနဲ့ရှင်းလို့ရတဲ့ ပြဿနာက ပြဿနာမဟုတ်ဘူးတဲ့၊ ပင်လယ်ဓားပြတွေက ငွေလိုနေကြတာလေ။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၃။ အဇ်ရှာရာ မျိုးနွယ်စုကို ရှာဖွေခြင်း
နောက်နေ့မနက်တွင် မှော်သင်္ဘောသုံးစင်းမှာ မိုးကြိုးလျှပ်စီးကျွန်းထံမှ ထွက်ခွာလာကြသည်။
၎င်းတို့ရောက်လာစဉ်က အနှီဧရာမ သင်္ဘောကြီးသုံးစင်းကို မြင်၍ ကျွန်းသူ၊ကျွန်းသားများ စိတ်ပူပန်နေစဉ်ကနှင့်စာလျှင် ၎င်းတို့ထွက်ခွာချိန်၌ ကျွန်းသားအားလုံး အပြုံးမျက်နှာများဖြင့် လိုက်ပို့ကြသည်။
ကျွန်းသူ ကျွန်းသားများအနေနှင့် ဤမမျှော်လင့်ထားသော ဧည့်သည်များနှင့် ၎င်းတို့၏ ခေါင်းဆောင်၌ မည်သည့် သဘောတူညီမှုရှိမှန်းမသိသော်လည်း အနှီမျှော်လင့်မထားသောဧည့်သည်များက ဧရာမသင်္ဘောသုံးစင်းထံမှ ကုန်စည်များစွာကို ရွှေ့နေကြသည်အား တွေ့လေသည်။
၎င်းတို့အကြားတွင် ၎င်းတို့လိုအပ်နေသည့် နေ့စဉ်လိုအပ်ချက်များသာမက အသားများစွာနှင့် သံဖြင့်ပြုလုပ်ထားသော ထူးထူးဆန်းဆန်းအရာများလည်း ပါဝင်သည်။
ထိုသံပစ္စည်းများထဲသို့ မှော်သလင်းကျောက်များအား ထည့်သွင်းလိုက်သရွေ့ ၎င်းတို့လည်း ပွင့်လာကာ ထူးထူးဆန်းဆန်းလုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ကြလိမ့်မည်။
ဥပမာ မှော်ပန်ကာ၏ ပန်ကာဒလက်မှာ အမြန်လည်လာကာ လေများထုတ်ပေးလာခြင်း။
ဥပမာ မှော်မီးဖိုက မီးညှိစရာမလိုဘဲ မီးတောက်များထွက်လာခြင်း။
ဥပမာ....
....
ကျွန်းပေါ်ရှိ ဗဟုသုတအချို့ရှိသူများကမူ ထိုအရာများမှာ စတက်တိန်းနယ်မြေ၌ အင်မတန်ကျော်ကြားသော အိမ်သုံးမှော်စက်များဖြစ်ကြောင်း သိကြ၏။
ထိုအရာများတစ်ခုစီမှာ ဈေးမပေါလှချေ။ ဈေးအပေါဆုံး မှော်ပန်ကာသည်ပင် တစ်လုံးကို ရွှေဒင်္ဂါးငါးပြား ကုန်ကျသည်။
အလည်လာသူများ ချန်ထားခဲ့သည့် အိမ်သုံးမှော်စက်များ အားလုံးကို ပေါင်းလိုက်ပါလျှင် ရွှေဒင်္ဂါးသုံးရာကျော် ကုန်ကျလိမ့်မည်။
အခြား ပစ္စည်းများကိုပါ ထည့်ပေါင်းလိုက်သော် ထိုဧည့်သည်များမှာ ၎င်းတို့ကျွန်းပေါ်၌ ရွှေဒင်္ဂါးငါးရာကျော်တန်ဖိုးရှိသော လက်ဆောင်များ ထားရစ်ခဲ့ကြပါ၏။
အပြန်အလှန်အနေဖြင့် ၎င်းတို့ရရှိသွားကြသည်မှာ ရေသန့်ပမာဏကြီးတစ်ခုဖြစ်သည်။
ထိုရေသန့်အား ပင်လယ်ပြင်၌ အဖိုးတန်သည်ဟု သတ်မှတ်နိုင်သော်လည်း သဘာဝရေပူစမ်းသုံးခုနှင့် သဘာဝရေကန်တစ်ကန်ရှိသော မိုးကြိုးလျှပ်စီးကျွန်းအတွက်မူ ဖော်ပြရန်ပင် မထိုက်တန်ချေ။
ကျွန်းသူကျွန်းသားများမှာ ပျော်ရွှင်နေကြသော်လည်း အနည်းငယ်သံသယတော့ ဖြစ်နေကြပါ၏ ။
ထိုဧည့်သည်များအားလုံးမှာ လက်နက်များကိုင်ဆောင်ထားကြပြီး ၎င်းတို့၏ ခေါင်းဆောင်မှာ ၎င်းတို့ထံမှ လုယူထို့ ဆန္ဒမရှိချေ။ သို့သော် အဘယ့်ကြောင့် ထိုဧည့်သည်များက ၎င်းတို့လိုအပ်သည့် ရေကို စွမ်းအားကြီးလက်နက်များဖြင့်သာ ဒီတိုင်း မလုယူလိုက်ဘဲ အဘယ့်ကြောင့် ထိုမျှ အဖိုးတန်သည့်ကုန်စည်များဖြင့် ကုန်သွယ်လာရသနည်း?
သူတို့က တကယ်ပဲ အမြဲပြုံးနေတဲ့ အသားညိုမှောင်မှောင်သက်လတ်ပိုင်းလူကြီး ပြောခဲ့သလိုများဖြစ်နိုင်မလား? သူတို့က သာမန်ကုန်သည်တွေဖြစ်ပြီး တန်ဖိုးညီမျှတဲ့အရာနဲ့ လဲလှယ်ချင်ရုံပဲလား?
ကျွန်းသူကျွန်းသားများမှာ ထိုအကြံကို အထင်အမြင်သေးသော်လည်း ထိုဧည့်သည်များချန်ထားခဲ့သည့် လက်ဆောင်မျိုးစုံကို ပျော်ရွှင်စွာလက်ခံခဲ့ကြသည်။
လူအနည်းစုကသာ အမြဲရှေ့တိုးတက်သော ကပ္ပတိန် ရဂ်ဆာက ထိုလူများထွက်သွားချိန်၌ တိတ်ဆိတ်သွားသည်ကို သတိထားမိသည်။ ၎င်းမှာ သူ့အား တစ်စုံတခုကစိတ်ရှုပ်ထွေးစေခဲ့သလို အမြဲ တစ်စုံတရာကို စိတ်ပူနေလေသည်။
"ကပ္ပတိန်, ရဂ်ဆာက ကျွန်တော်တို့နဲ့ ပူးပေါင်းချင်တယ်လို့ထင်လား?" လက်ထောက် လှည့်ကြည့်လိုက်သော် မိုးကြိုးလျှပ်စီးကျွန်းမှာ အဝေး၌ ကျန်နေခဲ့ပြီး အရိပ်အယောင်လေးပင် မမြင်ရသည်ကို တွေ့ရ၏။ သူဟာ နာဗီလ်ကို မမေးဘဲ မနေနိုင်တော့ပေ။
"ဒါပေါ့ ဆန္ဒရှိတာပေါ့။" နာဗီလ်က ယုံကြည်ချက်ရှိစွာဖြင့်ပြောသည်၊ "ဒီပူးပေါင်းမှုက သူနဲ့ သူ့ရဲ့မိုးကြိုးလျှပ်စီး ပင်လယ်ဓားပြတွေအတွက် အရမ်းကို အကျိုးရှိစေတာမို့ သဘောတူမှာပေါ့။"
"ဒါပေမယ့် ကျွန်တော်တို့ထွက်သွားမှ ကတိဖျက်လိုက်ရင်ရော...."
"အေးဆေးပေါ့ သူလုပ်ရဲမှာ မဟုတ်သလို လုပ်ချင်မှာလည်း မဟုတ်ဘူး။" နာဗီလ်က အသာပြုံးကာဆိုသည်၊ "ဒီလို အခွင့်ကောင်းတစ်ခုက သူ့ရှေ့မှာ ရှိနေတာကို ဖမ်းဆုပ်ရမယ်မှန်းမသိရင် ကယ်လို့မရတော့တဲ့ အရူးလို့ ပြောရုံပဲ တတ်နိုင်တယ်။ ဒါပေမယ့် သူသာ တကယ်ပဲ အဲ့လောက် မိုက်မဲရင် ပင်လယ်ဓားပြအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာမှာ မဟုတ်သလို အချိန်မီ ပြေးပေါက်တစ်ခုအနေနဲ့ ကျွန်းတစ်ကျွန်းပြင်ဆင်ထားမှာလည်း မဟုတ်ဘူး။ သူက အမျှော်အမြင်ရှိတဲ့ ပင်လယ်ဓားပြခေါင်းဆောင်ဆိုတော့ သေချာပေါက် ကျုပ်တို့နဲ့အတူ ပူးပေါင်းတာက အကျိုးကျေးဇူးများတယ်ဆိုတာကို နားလည်မှာပါ။"
လက်ထောက်လည်း ၎င်းကိုစဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်သည်၊ "အင်း ကျွန်တော်လည်း ဒီလိုပဲထင်တယ်။"
နာဗီလ်က ရယ်မောကာ၊ "တကယ်တော့ သူ ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒမရှိရင်တောင် ကိစ္စမရှိပါဘူး။ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြတွေမဟုတ်လည်း ငါတို့နဲ့ အတူအလုပ်လုပ်ဖို့ ရွေးလို့ရတဲ့ တခြားပင်လယ်ဓားပြအဖွဲ့တွေလည်း ရှိပါတယ်၊ အကန့်အသတ်ရှိတာမျိုးမဟုတ်ပါဘူး။ ငါတို့တွေ ကျွန်းရဲ့ အခြေအနေကို အတည်ပြုထားပြီး ကျွန်းရဲ့ တည်နေရာကိုလည်း မှတ်ထားပြီးတာကို မပြောနဲ့ဦး။ ငါတို့ဆီမှာ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြတွေ ရှိမရှိက အဲ့လောက်အရေးပါဘူး။"
နာဗီလ်က မိုးကြိုးလျှပ်စီးကျွန်းအကြောင်းပြောသည်ကိုကြားသော် လက်ထောက်မှာ မနေနိုင်အောင် ကျေနပ်စွာပြုံးလိုက်မိသည်။
"ဟုတ်သားပဲ ဒီမိုးကြိုးလျှပ်စီးကျွမ်းမှာ သဘာဝသတ္တုကြောနဲ့ သဘာဝဆိပ်ကမ်းရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ ဒါကို တိုးတက်အောင်လုက်လိုက်သရွေ့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ပင်လယ်စခန်းအဖြစ်သတ်မှတ်လို့ရတယ်။ ဥက္ကဌသာ ဒါကိုသိရင် သေချာပေါက် အတော်ဝမ်းသာသွားမှာပဲ။"
"ဒါတင်မကဘူးလေ။ ဒီမိုးကြိုးလျှပ်စီးကျွန်းရဲ့ အနေအထားက အရမ်းကောင်းပြီး ငါတို့လမ်းကြောင်းရဲ့ တည့်တည့်မှာရှိနေတာ။ ကီလိုမီတာတစ်ခုလုံးအတွင်း တခြားဘာကျွန်းမှမရှိတော့ ငါတို့သာ ဒါကိုရနိုင်ရင် ပင်လယ်ရဲ့ ဒီဧရိယာကို ထိန်းချုပ်နိုင်မှာပဲ။ လက်ရှိ ရူဒ်ဆန်တိုင်းပြည်ရဲ့ သင်္ဘောစုအင်အားနဲ့ဆို ဒီနေရာကို စီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ငါတို့လုပ်ငန်းစုက ဒါကိုယူလိုက်တာနဲ့ ပင်လယ်အနက်ပိုင်းနေရာအားလုံးကို ငါတို့ Frestech ကုန်သည်ကြီးများအသင်းပဲ ပိုင်ဆိုင်ရလိမ့်မယ်။"
"အင်း။ ဥက္ကဌက အမြဲ ပင်လယ်ကို ထိန်းချုပ်ခြင်းရဲ့ အရေးပါပုံကို အသားပေးပြီး ပြောပြမေတာကြောင့် ပင်လယ်ရဲ့ ဒီအပိုင်းကို သူအလေးထားမယ်ထင်တယ်။"
"ဒါပေါ့ ဥက္ကဌရဲ့ အမျှော်အမြင်က ငါတို့ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး။ အခု တစ်ခုတည်းသောပြဿနာက ရူဒ်ဆန်တိုင်းပြည်အနေနဲ့ ဒါကို လက်ခံမလား လက်မခံဘူးလားဆိုတာပဲ။"
နာဗီလ်က အရှေ့မြောက်ပိုင်းကို ကြည့်လိုက်သည်။
မိုးကုပ်စက်ဝိုင်း၌ မြင်နိုင်ရလောက်သည့် ခပ်မှုန်မှုန်အရာရှိနေသည်။
ရဂ်ဆာ ထောက်ပံ့ပေးခဲ့သည့် ရေကြောင်းပြဇယားအရ ၎င်းတို့မှာ နီရှီမြို့၏ ဆိပ်ကမ်းနှင့် နီးနေပြီဖြစ်၏။
နီရှီမြို့ဆိပ်ကမ်းကို ရောက်ရှိခြင်းမှာ ၎င်းတို့၏ ခရီးက အောင်အောင်မြင်မြင်အဆုံးသတ်သွားသည့် အဓိပ္ပာယ်ပါပင်။
ဤသည်မှာ ကီလိုမီတာသုံးထောင်ကျော်သည့် အင်မတန်ရှည်လျားလှသော ပင်လယ်ခရီးတစ်ခုဖြစ်ပါ၏။
၎င်းမတိုင်ခင်က နာဗီလ် သိထားသည့် အရှည်ကြာဆုံးခရီးမှာ ပင်လယ်၌ ကီလိုမီတာတစ်ထောင်အောက်သာရှိပြီး ကမ်းရိုးတန်းအနီး၌ နေခြင်းဖြင့် အဆုံးသတ်ခဲ့သည်သာ။
ဤတစ်ခေါက်၌ သူ၏ သင်္ဘောစုမှ ထိုအရှည်ထက် နှစ်ဆပိုသွားခဲ့ရုံသာမက မည်သူမှ မဝင်ရောက်ဖူးခဲ့သော ပင်လယ်ပြင်အနက်ပိုင်းသို့ပင် ဝင်ရောက်ခဲ့သည်။
၎င်းနှင့်ယှဉ်သော် သံသယဝင်စရာမလိုအောင် အဆများစွာ ပိုခက်ခဲခဲ့ပါ၏။
မှော်သင်္ဘောသုံးစင်းကြောင့်သာ မဟုတ်ပါလျှင် နာဗီလ်မှာ ဤခရီးကို အပြီးသတ်ရန် အင်အားပင်ရှိမည်မဟုတ်ချေ။
သို့သော် ဤခရီးမှာ အောင်မြင်မှုတစ်ခုဖြစ်ပြီး နာဗီလ်၏ လက်အောက်ငယ်သားများကို တန်ဖိုးရှိ အတွေ့အကြုံများရရှိစေပြီး ၎င်းတို့၏ နောက်ခရီးကို ပို၍ပင် ချောမွေ့သွားစေလိမ့်မည်။
၎င်းတို့ ပို၍ အတွေ့အကြုံရှိလာသည့် အခါတွင် နာဗီလ်မှာ ဥက္ကဌပြောသကဲ့သို့ လုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ၎င်းတို့မှာ အကန့်အသတ်မဲ့ပင်လယ်ပြင်သို့ ဝင်ရောက်နိုင်ကာ လောကရှိ အဝေးလံဆုံး နေရာများကို စူးစမ်းရှာဖွေနိုင်မည်ပင်။
……
Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစု နီရှီမြို့သို့ ရောက်ချိန်တွင် ရှုယီက ရူဒ်ဆန်တိုင်းပြည်၏ အနောက်တောင်အပိုင်းရှိ လမ်းတစ်ခုကို မှော်ဆလွန်းဖြင့် ဖြတ်မောင်းနေသည်။
၎င်းကိုသာ မျဉ်းဖြောင့်အတိုင်း တိုင်းလာလျှင် သူ့အနေနှင့် စွင့်ကားတောင်ပံမှ ကီလိုမီတာ ငါးရာအောက် ကွာဝေးသည်။
သို့သော် စွင့်ကားတောင်ပံက ပင်လယ်ပြင်၌ ခရီးဆက်နေကာ ရှုယီက စွန့်ပစ်မြေကို ဖြတ်လျက် မှော်ဆလွန်းကို မောင်းနှင်နေခြင်းဖြစ်၏။
ဆင်တူသည့် တစ်ခုတည်းသောအရာမှာ ဘေးဘီကိုကြည့်လိုက်ရင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရခြင်းပင်။
"ရှုယီ အဇ်ရှာရာမျိုးနွယ်စုက အနီးအနားမှာ ရှိတယ်ဆိုတာ သေချာရဲ့လား?"
အကြီးအကဲလီဆန်ယာက ခရီးသည်ခုံ၌ ထိုင်ကာ ဘေးပတ်လည်ရှိစွန့်ပစ်မြေကို ကြည့်၍ ရှုယီကို မျက်မှောင်ကုပ်ကာ မေးလာသည်။
နှစ်ဦးအကြားရှိ သဘောတူညီမှုအရ ရှုယီ အန်ဗီမာမြို့တော်မှ ပြန်လာပြီးနောက် သူဟာ အကြီးအကဲ လီဆန်ယာနှင့်အတူ ရူဒ်ဆန်တိုင်းပြည်ထံ ထွက်ခွာလာခဲ့သည်။ ၎င်းတို့မှာ မတိုင်ခင်က ရူဒ်ဆန်တိုင်းပြည်၌ ရှာတွေ့ခဲ့သော နတ်သူငယ်မျိုးနွယ်စု အဇ်ရှာရာ မျိုးနွယ်နှင့် ဆက်သွယ်မှုပြုလုပ်မည်ဖြစ်သည်။
အကြီးအကဲလီဆန်ယာက နတ်သူငယ်များနှင့် လူသားများအကြားရှိ ပူးပေါင်းမှုကို အပြည့်အဝလက်ခံထားသလို ယခင်က အကြီးအကဲ အီလူရှာ စိုးရိမ်ခဲ့သည့် ပြဿနာကိုလည်း သဘောတူထားသည်။
နတ်သူငယ်များသာ သီးသန့်ဆက်ကာ နေထိုင်လျှင် နယ်မြေကြီးမှ စွန့်ပစ်ခံရကာ သမိုင်းထဲ၌ ပျောက်ကွယ်သွားရလိမ့်မည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ ရူဒ်ဆန်တိုင်းပြည်တွင် အဇ်ရှာရာမျိုးနွယ်စုကို တွေ့ရှိခဲ့ကြောင်း သိရပြီးနောက် အကြီးအကဲ လီဆန်ယာမှာ အဇ်ရှာရာမျိုးနွယ်စုအား သူမ၏ လရိပ်မျိုးနွယ်စု သို့မဟုတ် ညတေးသံမျိုးနွယ်စုတို့နှင့် ထပ်တူဖြစ်လာစေရန် မျှော်လင့်နေပါ။ ၎င်းတို့အနေနှင့် ၎င်းတို့မျိုးနွယ်စုကို ချဲ့ထွင်ရန် Frestech ကုန်သည်ကြီးများအသင်းနှင့် အတူ အလုပ်လုပ်ရလိမ့်မည်။
ယခု နယ်မြေကြီး၌ နတ်သူငယ်မျိုးနွယ်စုများအကြောင်း သတင်းများ နည်းသထက်နည်းလာလေသည်။ နတ်သူငယ်မျိုးနွယ်စု၏ အကြီးအကဲအနေနှင့် အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲ အီလူရှာ တို့မှာ ထပ်တူဖြစ်ကြရာ နတ်သူငယ်မျိုးနွယ်စုကို ရှေ့ဆက်ရန် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်ခြင်းက နတ်သူငယ်များနှင့် လူသားများအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ကာ လိုက်လျောညီထွေစွာ အတူတကွ အလုပ်လုပ်နိုင်ကြသည်ကို မြင်ခွင့်ပေးခဲ့သည်။ မှန်ပါ၏ သူမအနေနှင့် အခြားမျိုးနွယ်စုများကိုပါ ထပ်တူဖြစ်နိုင်ဖို့ မျှော်လင့်သည်။
"အင်း စတေးလ်တွေ့ခဲ့တဲ့ခြေရာနဲ့ ဒီအနီးအနားက အဇ်ရှာရာမျိုးနွယ်စု နတ်သူငယ်တွေကို ဆက်သွယ်ခဲ့တယ်လေ။" ရှုယီက ခေါင်းငြိမ့်လိုက်သော်လည်း သံသယအချို့တော့ ရှိနေသည်၊ "ဒါပေမယ့် ဒါက တကယ်ကို ထူးဆန်းတာပဲ။ ဒီနားတဝိုက်မှာ မြေရိုင်းတစ်ခုပဲရှိတာ၊ နတ်သူငယ်တွေက တောအုပ်ရဲ့ အကာအရံအောက်မှာ နေရတာကို သဘောကျတာမဟုတ်ဘူးလား?"
"ပုံမှန်အခြေအနေမှာဆိုရင်တော့ ကျွန်မတို့နတ်သူငယ်တွေအနေနဲ့ သဘာဝအနီးမှာ နေရတာကို သဘောကျတာကြောင့် တောအုပ်ထဲမှာ နေရတာကို ကြိုက်ကြတယ်။ ဒါပေမယ့် ရွေးစရာမရှိရင် တခြားနေရာတွေမှာ မနေနိုင်ကြတာတော့ မဟုတ်ဘူး။ ရှင်တို့ လူသားတွေလည်း တခြားရွေးစရာမရှိရင် ဆိုးဝါးတဲ့ ပတ်ဝန်းကျင်မှာ နေကြတာပဲမဟုတ်လား?" အကြီးအကဲ လီဆန်ယာ၏ အသံထဲ၌ အနည်းငယ် ကူရာမဲ့ဟန်ပါနေသည်။
ရှုယီလည်း မြေရိုင်းကိုကြည့်လိုက်သည်။ ၎င်းက အနည်းငယ် ပျက်စီးနေသော်လည်း ဆိုးဝါးသည့် ပတ်ဝန်းကျင်ဟုတော့ မယူဆနိုင်ပေ။
နတ်သူငယ်များအနေနှင့် ဤပတ်ဝန်းကျင်ကို စိတ်တိုင်းမကျသည်မှာ ၎င်းတို့၏ တောင်းဆိုလိုမှုက အင်မတန်မြင့်မားသည်ဟု ဆိုလိုသည်။
သို့သော် နတ်သူငယ်များက ပြီးပြည့်စုံမှုကို မည်မျှ လိုလားသည်အား တွေးဆကြည့်လျှင် ၎င်းက မထူးဆန်းပေ။
"အိုင်း စတေးလ်လည်း လာနိုင်ရင်ကောင်းမယ်။ သူမ အရင်တစ်ခေါက်က ဒီကိုလာပြီး နတ်သူငယ်တွေနဲ့ ဆုံခဲ့ပေမယ့် အဇ်ရှာရာမျိုးနွယ်စုက ဘာဖြစ်နေမှန်းသိတော့ လူနှစ်ယောက်နဲ့ပဲ တွေ့ချင်ခဲ့တာ နှမျောစရာပဲ။ သူတို့က အကြီးအကဲလီဆန်ယာတို့လို နတ်သူငယ်တစ်ယောက်ကိုတောင် မယုံကြဘူးလေ။"
ရှုယီလည်း သက်ပြင်းချကာ ကားရပ်လိုက်သည်။ သူဟာ အသေးစိတ်အရမ်းမကျသော မြေပုံတစ်ခုကို ထုတ်ကာ ဦးတည်ရာကို ဆုံးဖြတ်လိုက်သည်။ ကြည့်ရသည်မှာ သူ့အနေနှင့် မြောက်ဘက်ကို အနည်းငယ်ဆက်သွားရလောက်မည့်ပုံဖြစ်သောကြောင့် ရှေ့သို့ ဆက်မောင်းသွားလိုက်သည်။
"ရွေးစရာမရှိဘူးလေ၊ ကျွန်မတို့နတ်သူငယ်တွေက ဘယ်တုန်းကမှ လူသားတွေကို မယုံကြည်ခဲ့ဖူးဘူး။ နတ်သူငယ်အချင်းချင်းကျပြန်တော့လည်း.... မျိုးနွယ်စုမတူတော့ အချင်းချင်း မယုံကြည်နိုင်ကြဘူး။" အကြီးအကဲလီဆန်ယာမှာ အင်မတန်ကူရာမဲ့လျက် ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ။
သူမအနေနှင့် ယခင်က နတ်သူငယ်များထံတွင် ပြဿနာရှိသည်ဟု မထင်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် အချိန်ကြာပူးပေါင်းကာ ကိစ္စများစွာကို ကြုံတွေ့ပြီးသည့်နောက်တွင် ယခင်က သူမထံ၌ ရှိခဲ့သော 'မာန'က မည်သည့်အဓိပ္ပာယ်မှ ရှိမနေဟု ခံစားရသည်။
"ကျွန်မတို့ ခဏနေကျရင် အဇ်ရှာရာမျိုးနွယ်စုက မိတ်ဆွေတွေကို ပြောနိုင်ဖို့ မျှော်လင့်တယ်။" အကြီးအကဲလီဆန်ယာက စိတ်ထဲ သက်ပြင်းတစ်ချက်ချလိုက်ပါ၏။
မှော်ဆလွန်းမှာ မြေရိုင်း၌ တစ်ခဏလောက် အမြန်ဖြတ်ပြေးသွားသည်။ အကြီးအကဲလီဆန်ယာ၏ အမူအရာက ရုတ်တရတ် ပြောင်းလဲကာ ရှုယီကို ရပ်ခိုင်းလိုက်၏။
"အမ်း?" ရှုယီလည်း မျက်ခုံးပင့်ကာအကြီးအကဲလီဆန်ယာကို ကြည့်လာသည်။
"ကျွန်မတို့ နတ်သူငယ်တွေရဲ့ အထူးအကာအရံကို ခံစားမိတယ် ဒါပေမယ့်..... ကြည့်ရတာ ပုံမှန်မဟုတ်ဘူး...." အကြီးအကဲလီဆန်ယာမှာ မျက်မှောင်အသာကုပ်၍ မျက်လုံးများထဲ သံသယပေါ်လာသည်။
မျက်လုံးများအား ခဏမျှ မှိတ်ကာ အကြီးအကဲလီဆန်ယာမှာ တံခါးကိုဖွင့်၍ ထွက်ပြီး ရုတ်တရတ် လက်မြှောက်လိုက်သည်။
တစ်ခဏကြာပြီးနောက် အကြီးအကဲလီဆန်ယာ၏လက်ထံမှ လာသော အစိမ်းရောင်ဖျော့ဖျော့အလင်းတစ်ပြရှိနေလေ၏။ ၎င်းမှာ ဟင်းလင်းပြင်က တွန့်လိမ်သွားသလိုဖြစ်ကာ တဖြည်းဖြည်း အခြားမြင်ကွင်းပေါ်လာလေသည်။
တစ်အောင့်ကြာသည့်နောက် အကြီးအကဲလီဆန်ယာလည်း လက်ယမ်းလိုက်သော် ဟင်းလင်းပြင်တွင် တံခါးတစ်ချပ် ပေါ်ထွက်လာ၏။
"သူတို့က တကယ်ကြီး နတ်သူငယ်အကာအရံနောက်မှာ ပုန်းနေတာပဲ၊ သူတို့ကို မရှာနိုင်တာ မအံ့ဩတော့ပါဘူး။" အကြီးအကဲလီဆန်ယာမှာ ရှုယီကို အပြုံးဖြင့် လက်ယမ်းပြလိုက်သည်၊ "လာလေ သူတို့တွေ ရှင့်ရဲ့ မှော်ဆလွန်းကို အထဲဝင်မလာစေချင်လောက်ဘူး။"
ရှုယီလည်း ခေါင်းငြိမ့်ကာ ကားထဲမှထွက်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင်ရှိ တံခါးရှေ့ကိုသွားလေသည်။ နောက်တွင် သူ၏မှော်စွမ်းအားကိုစုစည်း၍ ယုံကြည်ချက်ရှိရှိ လျှောက်ဝင်သွားပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၄။ တော်ဝင် သံတမန်
၎င်းက လရိပ်မျိုးနွယ်စုနှင့် ညတေးသံမျိုးနွယ်စုတို့၏ အကာအရံများထဲသို့ ဝင်ရောက်စဉ်ကကဲ့သို့ပင် အကာအရံထဲ ဝင်ရောက်လိုက်စဉ်၌ ရှုယီ ပုံရိပ်ယောင်တစ်ခုထဲ ကျဆင်းသွား၏။
သို့သော် ၎င်းက အနည်းငယ်ကွဲပြားသည်။
ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့၏ အကာအရံများထဲဝင်စဉ်က သူ့ရှေ့ရှိ ပုံရိပ်ယောင်ထံ၌ သဘာဝအလှအပ သို့မဟုတ် ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့၏ နတ်သူငယ်များ ထားရှိခဲ့သော သက်ရှိများကို မြင်ခဲ့ရသည်။
သို့သော်လည်း ထိုအကာအရံကို ဖြတ်သွားချိန်တွင် တိမ်များအထက်ရှိ မြင်ကွင်း ပုံရိပ်ယောင်က သူ့ရှေ့၌ ပေါ်လာရာ အတော်လေးမြင့်သည့်နေရာသို့ ရောက်နေသည့်နှယ်ပင်။
ပုံရိပ်ယောင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်ကာ ရှုယီမှာ အကာအရံနောက်ရှိ အခြေအနေကို မြင်ရပြီးနောက် အံ့ဩသွားလေသည်။
ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့၏ အကာအရံများက နတ်သူငယ်မျိုးနွယ်စုများကိုသာ ကွယ်ဝှက်ထားကာ အခြားလူများ နတ်သူငယ်မျိုးနွယ်စုကို ရှာတွေ့ခွင့်မပေးထားပေ။ သို့သော် အပြင်ဘက်ရှိ အကာအရံကို လှမ်းကြည့်လိုက်ချိန်တွင် အကာအရံမှာ ပတ်ဝန်းကျင်နှင့်အတူ ရောယှက်သွားသည်။
ဥပမာဆိုရသော် မိုးကျတောအုပ်ရှိ ညတေးသံမျိုးနွယ်စုဖြစ်သည်။ ညတေးသံမျိုးနွယ်စု၏ အကာအရံကိုကြည့်လိုက်လျှင် မိုးကျတောင်ကြားကိုသာ မြင်တွေ့ရမည်ဖြစ်ပြီး မည်သို့သော ကွဲပြားသည့်အရာကိုမှ မြင်ရမည်မဟုတ်ချေ။ အကာအရံမှာ လူများကို အခြား နေရာများသို့ လမ်းလွှဲခေါ်သွားရုံသာဖြစ်သည်။
သို့သော် ဤနတ်သူငယ်အကာအရံမှာ မြေရိုင်းတစ်ခု၌ရှိသော်လည်း အကာအရံအတွင်းပိုင်းမှာ ကျယ်ပြန့်သော တောအုပ်တစ်ခုဖြစ်နေသည်။
တောအုပ်မှာ မိုးကျတောင်ကြားနှင့်ရော အိပ်မက်ငယ်တောအုပ်နှင့်ရော မတူညီချေ။
မိုးကျတောအုပ်နှင့် အိပ်မက်ငယ်တောအုပ်တို့မှာ မြေပြင်ထက်တွင် ထူထပ်သော သစ်ပင်များ အပင်ငယ်များစွာဖြင့် ပြည့်နေသော သာမန်တောအုပ်များဖြစ်သည်။ သို့သော် ဤတောအုပ်က အနည်းငယ် ကျိုးတိုးကျဲတဲနိုင်ကာ သစ်ပင်တစ်ပင်စီက အနည်းဆုံး ဆယ်မီတာ ကွာဝေးပြီး မြေပြင်ထက်၌ မြက်ခင်းတစ်လွှာသာရှိသည်။ ရွက်ချွန်းတစ်ခုစီနီးပါးက ထပ်တူညီသည့်အမြင့်၌ ကြီးထွားကာ နှစ်ခုကြားရောသော အခြားမည်သည့်အပင်မှ မရှိသဖြင့် လူများအား ၎င်းမှာ လူလုပ်မြက်ဖြစ်ကြောင်းပြသနေသည်။
ရှုယီလည်း မော့ကြည့်လျှင်ပင် ထိပ်ဖျားကိုမမြင်နိုင်မည့် အနည်းဆုံး ဆယ်မီတာရှိသည့် အပင်များကိုကြည့်လိုက်ရာ အံ့အားသင့်မှုတို့ပြည့်သွားရသည်။
ဤထူးဆန်းသည့် တောအုပ်မှာ ကမ္ဘာမြေ၌ မပြောနှင့် စိုင်စ်နယ်မြေကြီး၌ပင် ထူးခြားသည်။
ရှုယီမှာ ဤတောအုပ်က သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်းသေချာသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းက သဘာဝနိယာမကို ဆန့်ကျင်နေလေသည်။ ဖြစ်နိုင်ချေက တစ်ခုသာရှိသည်၊ နတ်သူငယ်များအနေနှင့် ဤနယ်မြေကို ဤသို့ဖြစ်လာစေရန် ကောင်းကောင်း ထိန်းချုပ်ထားပါ၏။
ရှုယီမှာ အက်ဂ်နက်စ်က ဤသို့သော တောအုပ်မျိုးမှာ နတ်သူငယ်များ အိပ်မက်,မက်ခဲ့ရသည့် နေရပ်မျိုးဖြစ်ကြောင်း တိတ်တဆိတ်ပြောသည်ကို ကြားခဲ့ဖူးသည်။
၎င်းကို စဉ်းစားရင်း ရှုယီလှည့်ကြည့်လိုက်သော် အကြီးအကဲလီဆန်ယာလည်း ထိတ်လန့်အံ့အားသင့်ဟန်ရှိနေသည်ကို မြင်လိုက်ရ၏။
သို့သော် ရှုယီ၏ အံ့အားသင့်မှုနှင့် ကွဲပြားစွာ အကြီးအကဲလီဆန်ယာ၏ အံ့အားသင့်ပုံ၌ ရောယှက်နေသော မတူညီသည့်ခံစားချက်တစ်မျိုး ရှိနေသည်။
ရှုယီ၏ သံသယအကြည့်ကို အာရုံခံမိသော် အကြီးအကဲလီဆန်ယာက လှည့်လာကာ အံ့အားသင့်ဟန်ကို တဖြည်းဖြည်းရုတ်သိမ်းလိုက်သည်။ နောက်တွင် အလေးအနက်ပြောလာ၏၊ "ရှုယီ ဒီအဇ်ရှာရာမျိုးနွယ်စုက... သာမန်နတ်သူငယ်မျိုးနွယ်စု မဟုတ်တာလည်းဖြစ်နိုင်တယ်။"
"အဓိပ္ပာယ်မရှိတာ" ရှုယီက မျက်လုံးများ လှန်လိုက်သည်။
အကာအရံအတွင်းပိုင်းရှိ အခြေအနေက ဤသို့ဖြစ်နေရာ အဇ်ရှာရာမျိုးနွယ်စုမှာ သိသိသာသာပင် ညတေးသံမျိုးနွယ်စု၊ လရိပ်မျိုးနွယ်စုတို့နှင့် ခြားနားနေသည်။
စတေးလ်က ၎င်းတို့နှင့် မတိုင်ခင်က ဆက်သွယ်ခဲ့ချိန်တွင် ၎င်းကို မသိခဲ့သည်မှာ နှမျောစရာဖြစ်သည်၊ ထို့ကြောင့် ရှုယီလည်း သူ၏စိတ်ကို အချိန်မီမပြင်ဆင်နိုင်ခဲ့ပေ။
အကြီးအကဲလီဆန်ယာက သူနှင့်အတူရှိနေသဖြင့် များများစားစားစိုးရိမ်ဖို့မလိုသောကြောင့် ကောင်းသည့်အရာဖြစ်၏။
"အကြီးအကဲလီဆန်ယာ အခု ကျုပ်တို့ ဘာလုပ်ကြမလဲ?" ရှုယီက မေးသည်။
အကြီးအကဲလီဆန်ယာမှာ တောအုပ်ကို ရှုပ်ထွေးသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရှုယီကို လက်ယမ်းပြလာသည်၊ "ကျွန်မနောက်လိုက်ခဲ့၊ သူတို့တွေလည်း ကျွန်မတို့ရောက်နေတာကို သိလောက်ပြီးပြီလို့ထင်တယ်။"
ရှုယီလည်း ခေါင်းငြိမ့်ကာ တောအုပ်ထဲသို့ အကြီးအကဲလီဆန်ယာနှင့်အတူ လိုက်သွားသည်။
အခြားမည်သည့်အပင်မှမရှိသော မြက်ခင်း၌ လျှောက်လှမ်းရသည်က သက်တောင့်သက်သာရှိသော်လည်း တစ်ခဏကြာပြီးနောက် နှစ်ယောက်သားမှာ မြက်ခင်းပြင်တွင် တစ်ကီလိုမီတာကျော်ကျော်ရောက်လာပြီးဖြစ်သည်။
အကြီးအကဲလီဆန်ယာက ရုတ်တရတ် ရပ်လိုက်၏။
ရှုယီလည်း ချက်ချင်းရပ်ကာ ရှေ့သို့ကြည့်လိုက်သော် ၎င်းတို့ရှေ့၌ သိမ်မွေ့ပြီး များစွာတောက်ပနေခြင်းမျိုးမဟုတ်သော အဖြူရောင်အလင်းရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအလင်း၏ အလယ်တွင် ဖြည်းဖြည်းချင်း လျှောက်ထွက်လာသော သွယ်လျလျပုံရိပ်များရှိနေသည်။
ရှုယီလည်း အာရုံစိုက်ကာ တစ်ဖန် အံ့အားသင့်သွားပြန်၏။
ထွက်လာကြသည့် နတ်သူငယ်များ၏ မြင့်မြတ်၍လှပသော သွင်ပြင်များကို မပြောနှင့်၊ ၎င်းတို့မှာ ပိတ်ကျဲစအဖြူရောင်ဖြင့် အပြည့်အဝပြုလုပ်ထားသော ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြရာ ထိုနတ်သူငယ်တစ်ဦးချင်းစီတိုင်းကို အမတမသေမျိုးများကဲ့သို့ပင် ထင်ရစေသည်။
ရှုယီလည်း ၎င်းကြောင့် ချက်ချင်း မှင်သက်သွားလေသည်။
ယခင်က ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုသို့ ဝင်ရောက်ခဲ့စဉ်တွင် တိရိစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော အဝတ်များကို ဝတ်ဆင်ထားကြသည်ကို မြင်ခဲ့ရာ ကြည့်ရသည်မှာ ၎င်းတို့၏ နေထိုင်မှုအခြေအနေက အတော်လေးခက်ခဲခဲ့ပုံပင်။
သို့ရာတွင် အဇ်ရှာရာမျိုးနွယ်စု၏ နတ်သူငယ်များအတွက် ၎င်းတို့နေထိုင်ကြသည့် တောအုပ်က ပြီးပြည့်စုံလုနီးပါးဖြစ်နေသည်သာမက ၎င်းတို့ဝတ်ဆင်ထားသည့် အဝတ်များကပင် ပိုမြင့်သည့် အရည်အသွေးရှိသည်။ ၎င်းတို့၏ နေထိုင်မှုအခြေအနေများက များစွာ ပိုကောင်းသည်ကို မြင်နိုင်ပါ၏။
အဆုံး၌ အမည်မသိ အထည်သားဖြင့်ပြုလုပ်ထားသော အဝတ်များဝတ်ဆင်ထားသည့် နတ်သူငယ် အမတစ်ဦး ရောက်လာသည်။ သို့ရာတွင် သူမဝတ်ဆင်ထားသည့် ထူးကဲသော ခရမ်းရောင်ဝတ်ရုံနှင့် ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် 'မြပြာရောင်ကျိုင်း'တို့ကို သုံးသပ်ရသော် သူမဟာ အင်မတန်ထူးကဲဟန်ရှိ၏။
အကြီးအကဲလီဆန်ယာမှာ ထိုနတ်သူငယ်အမ၏လက်ထဲမှ ကျိုင်းကို ကြည့်ကာ ပင့်သက်ရှိုက်လိုက်ရင်းဖြင့် တအံ့တဩ အော်ကာပြောလာသည်၊ "ဒါက..... 'ဆန်းသစ်လ ကျိုင်းတော်' မဟုတ်ဘူးလား?"
နတ်သူငယ်အမက အပြုံးတစ်ချက်လှစ်ပြလာပြီး အမူအရာကလည်း များစွာပိုမို သိမ်မွေ့သွားသည်။ သူမက ခေါင်းတစ်ချက်ငြိမ့်၍ ဖြေပါ၏၊ "ဟုတ်တယ်။ မင်းက 'ဆန်းသစ်လ ကျိုင်းတော်'ကို သတိထားမိနိုင်မှတော့ မျိုးနွယ်စုတစ်ခုရဲ့ အကြီးအကဲပဲ ဖြစ်ရမယ် ဟုတ်ရဲ့လား?"
အကြီးအကဲလီဆန်ယာမှာ ထိုနတ်သူငယ်အမကို တအံ့တဩကြည့်ကာ တစ်အောင့်ကြာသည်နောက် ထိုနတ်သူငယ်အမထံ ရှုယီ ယခင်က မမြင်ခဲ့ဖူးသော ထူးဆန်းကာ မြင့်မြတ်သည့်အရိုအသေပေးဟန်ပြလာသည်။
"လရိပ်မျိုးနွယ်စုရဲ့ အကြီးအကဲဖြစ်သူ 'ဆာရာတိုယာ ဆိုက်ဖ်ဆန်ဒီ မွန်းရှဲဒိုး လီဆန်ယာ'က တော်ဝင်သံတမန်ကို နှုတ်ဆက်ပါတယ်။"
ရှုယီမှာ အကြီးအကဲလီဆန်ယာကို အချိန်ကြာသိလာခဲ့ပါသော်လည်း ဤသည်မှာ သူမ၏ နာမည်အပြည့်အစုံကို ပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ သို့သော်လည်း ရှုယီ၏ အာရုံကို ဖမ်းစားသွားသည်မှာ ၎င်းမဟုတ်သော်ငြား သူမ နောက်ဆုံး ပြောခဲ့သည့် အရာပင်။
တော်ဝင်သံတမန်?
ရှုယီမှာ ထိုနတ်သူငယ်အမကို မျက်လုံးများပြူးကျယ်လျက်ကြည့်လိုက်၏။
ဤနတ်သူငယ်အမက အကြီးအကဲ အီလူရှာ နှင့် အက်ဂ်နက်စ်တို့ သူ့အား တိတ်တဆိတ် ပြောပြခဲ့ဖူးသော နတ်သူငယ်တော်ဝင်မိသားစု၏ သံတမန်များ ဖြစ်နေနိုင်မလား?
လွန်ခဲ့တဲ့ နှစ်သုံးထောင်အကြာက မျိုးနွယ်စုစစ်ပွဲမှာ နတ်သူငယ်မျိုးနွယ်စု ကျရှုံးသွားပြီးနောက်တော့ နတ်သူငယ်တော်ဝင်ခုံရုံးကို ဖျက်သိမ်းလိုက်ပြီးလို့ ပြောခဲ့ကြတယ်မဟုတ်ဘူးလား?
ဘယ်လိုလုပ် တော်ဝင်သံတမန်တစ်ယောက် ရုတ်တရတ်ပေါ်လာရတာလဲ?
ရှုယီ၏ အံ့အားသင့်နေသောအကြည့်ကို သတိထားမိသောကြောင့်လည်း ဖြစ်နိုင်သည်၊ နတ်သူငယ်အမမှာ ရှုယီဘက်လှည့်လာပြီး အပြုံးဖျော့ဖျော့ဖြင့် ခေါင်းခါ၏။ ထို့နောက် အကြီးအကဲလီဆန်ယာကိုပြောလေသည်၊ "တော်ဝင်ခုံရုံးမှ မရှိတော့တာ ဘာကို တော်ဝင်သံတမန်လဲ? ဒါက အချိန်စီးကြောင်းနဲ့ ပျောက်ကွယ်သွားပြီးသား ဘွဲ့လေးတစ်ခုပါပဲ။ ဒီ'ဆန်းသစ်လကျိုင်းတော်'က ကျွန်မတို့ မျိုးနွယ်စုထိန်းသိမ်းထားတဲ့ ရတနာတစ်ခုပါပဲ တော်ဝင်ခုံရုံးနဲ့ ဘာဆက်နွယ်မှုမှ မရှိဘူး။"
အကြီးအကဲလီဆန်ယာမှာ ထိုနတ်သူငယ်အမ၏လက်ထဲရှိ မြပြာရောင်ကျိုင်းကို အသေအချာကြည့်လိုက်ပြီးနောက် ခေါင်းတစ်ချက်ငြိမ့်လေသည်။ ထို့နောက် သက်ပြင်းချကာဆို၏၊ "ဟုတ်ပါတယ် ကျွန်မတို့ နတ်သူငယ်တွေရဲ့ ခေတ်ကမရှိတော့ဘူးဆိုတော့ နတ်သူငယ် အင်ပါယာမြို့တော်ဆောင် နှစ်ပေါင်းထောင်ချီအကြာကတည်းက မရှိတော့တာကြောင့် တော်ဝင်ခုံရုံးလည်း မရှိတော့ဘူးပေါ့လေ။"
"ဟုတ်ပြီ အကြီးအကဲလီဆန်ယာ၊ အခုက အတိတ်ကို အောက်မေ့နေရမယ့် အချိန်မဟုတ်တော့ပါဘူး ကျွန်မတို့မှာ ဧည့်ခံပေးမယ့် ဂုဏ်ယူစရာဧည့်သည်တစ်ယောက်ရှိနေပြီလေ။" နတ်သူငယ်အမမှာ ရှုယီထံ တစ်ဖန်လှည့်လာကာ နတ်သူငယ်တစ်ဦးမှ ဧည့်သည်နှင့်တွေ့ချိန် ပေးလေ့ပေးထရှိသော ထုံးစံအရိုအသေတစ်ချက်ပေးလာသည်၊ "ဥက္ကဌရှု, အဇ်ရှာရာမျိုးနွယ်စုကနေ ကြိုဆိုပါတယ်။ ကျွန်မက အဇ်ရှာရာမျိုးနွယ်စုရဲ့ အကြီးအကဲ ဆီရီလစ် အန်ဗီ အဇ်ရှာရာ အွန်ဒင်း 'ပါ ကျွန်မကို အွန်ဒင်းလို့ပဲ ခေါ်လည်းရပါတယ်။"
ရှုယီလည်း သူ၏ထူးထူးဆန်းဆန်းအတွေးများကို ပြန်ရုတ်သိမ်းကာ အပြုံးဖြင့် ခေါင်းငြိမ့်လေသည်၊ "အကြီးအကဲ အွန်ဒင်း, ဟယ်လို တွေ့ရတာ ဂုဏ်ယူမိပါတယ်။"
"ရှင့်ကို တွေ့ရတာလည်း ဂုဏ်ယူစရာပါ။" အကြီးအကဲ အွန်ဒင်းက အသာပြုံးလိုက်ပြီးနောက် နှစ်ယောက်ထံ လက်များယမ်းပြလာသည်၊ "ကျွန်မနဲ့ အတူ လိုက်ခဲ့ကြပါ။"
ရှုယီနှင့် အကြီးအကဲလီဆန်ယာတို့မှာ အကြီးအကဲ အွန်ဒင်းနောက်လိုက်သွားကြပြီး အဖြူရောင်ဝတ်ရုံများနှင့် နတ်သူငယ်မလေးများ နှစ်တန်းကလည်း အလင်းထဲသို့ လိုက်ပါလာကြသည်။ ၎င်းတို့ရှေ့၌ အလင်းရောင်တစ်ဖြတ်ရှိနေပြီး အရာအားလုံးပုံမှန်ပြန်ဖြစ်သွားချိန်တွင် ရှေ့၌ မြက်ခင်းပြင်ကျယ် တစ်ခုရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုမြက်ခင်းပြင်တဝိုက်လုံး၌ ဧရာမသစ်ပင်ကြီးများဖြင့် ပြည့်နေဆဲဖြစ်ကာ ကျောက်စိမ်း'ဖြူမှ ထုလုပ်ထားသည့် ရုပ်တုကြီးများလည်း ရှိနေသည်။ ထိုနေရာ၌ ကျောက်စရစ်အကာအရံမျိုးစုံကြောင့် မြက်ခင်းပြင်အလယ်၌ မြက်ခင်းပြင်လေးတစ်ခုကို ဖန်တီးပေးထားသည်။
ရှုယီက ရုပ်တုများကိုကြည့်နေသည်အား မြင်သော် အကြီးအကဲ အွန်ဒင်းမှာ အသာပြုံးလျက် ရှင်းပြလာသည်၊ "ဒီရုပ်တုတွေက နောက်ဆုံးမျိုးဆက်နတ်သူငယ် ဘုရင်ကြီးနဲ့ အရေးပါတဲ့ အကြီးအကဲတွေရဲ့ ရုပ်တုတွေပါ။ သူတို့အားလုံး လွန်ခဲ့တဲ့ နှစ်သုံးထောင်အကြာက မျိုးနွယ်စုစစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတာလေ။"
အကြီးအကဲ အွန်ဒင်းက မျိုးနွယ်စုစစ်ပွဲများအကြောင်း ဖော်ပြလာသည်ကို ကြားသော် ရှုယီ ရုတ်တရတ် တစ်ခုတွေးမိသွားသည်။ သူဟာ အကြီးအကဲ အွန်ဒင်းကို ကြည့်၍ နောက်ဆုံး၌ မမေးမိဘဲ မနေနိုင်တော့ပေ၊ "အကြီးအကဲ အွန်ဒင်း, ခင်ဗျားကြည့်ရတာ လွန်ခဲ့တဲ့ နှစ်သုံးထောင်အကြာက မျိုးနွယ်စုစစ်ပွဲအပေါ် ထင်မြင်ချက်အလေးအနက်ရှိနေပုံပဲ၊ ဘာလို့ ကျွန်တော့်ကို လက်ဦးမှုယူပြီး ဖိတ်ခေါ်ရတာလဲ?"
နံဘေးရှိ အကြီးအကဲလီဆန်ယာမှာ မျက်ခုံးများတွန့်ချိုးသွားသည်။ ဥက္ကဌရှုက အမြင်ကွယ်နေသူမဟုတ်ရာ အဘယ့်ကြောင့် ဤသို့သော အချိန်တွင် မျိုးနွယ်စုစစ်ပွဲများအကြောင်း အလျင်ထုတ်ပြောလာသည်ကို စဉ်းစားလိုက်သည်။
အကြီးအကဲ အွန်ဒင်းက လုံးဝဂရုမစိုက်ဘဲ အသာပြုံးလျက် ပြန်ဖြေလိုက်၏၊ "ဒီလောက,က အရာရာတိုင်းမှာ ကျဆုံးမသွားခင် အထွဋ်အထိပ်ကို ရောက်နေတဲ့ အတွေ့အကြုံရှိကြပြီး ကျွန်မတို့နတ်သူငယ်တွေကလည်း ချွင်းချက်မဟုတ်သလို လူသားတွေလည်း ချွင်းချက်မဟုတ်ပါဘူး။ မျိုးနွယ်စုစစ်ပွဲဖြစ်တာကလည်း နှစ်ပေါင်းသုံးထောင်ကြာနေပြီဆိုတော့ ဒါက မျိုးနွယ်စုအားလုံး ကြုံတွေ့ရမယ့် ကံတရားဖြစ်နေတာကြောင့် ကျွန်မတို့နတ်သူငယ်တွေအနေနဲ့ ရှင်တို့လူသားတွေကို တသီးတသန့်ကြီး မုန်းနေတာမျိုးမရှိပါဘူး။ ရိုးသားရရင် ရှင်တို့လူသားတွေကသာ ကျွန်မတို့ နတ်သူငယ်တွေကို ပိုပြီး ပစ်မှတ်ထားနေကြတာ မဟုတ်ဘူးလား?"
"ဒါက...." ရှုယီ၏ အမူအရာက အေးခဲသွားပြီးနောက် ခါးသက်သက်သာ ပြုံးလိုက်နိုင်သည်။
သူ ဖတ်ရှုထားခဲ့သည့် စိုင်စ်နယ်မြေကြီးအကြောင်း သမိုင်းစာအုပ်များအရ မျိုးနွယ်စုစစ်ပွဲများပြီးနောက်တွင် နတ်သူငယ်များမှာ တကယ်ကို တိုက်ရိုက်ပုန်းကွယ်သွားကြကာ လူသားများနှင့် ပဋိပက္ခဖြစ်ခြင်းက ရှားပါးပါ၏။
ထိုအစား လူသားများကသာ နတ်သူငယ်များ၏ ခြိမ်းခြောက်နိုင်သော အလားအလာကို အမြစ်ဖြတ်လိုကြခြင်းပင်။ မျိုးနွယ်စုစစ်ပွဲများအပြီး နှစ်ပေါင်းရာချီအကြာတွင်ပင် ၎င်းတို့မှာ နတ်သူငယ်များကို အပြည့်အဝဖျက်ဆီးဖို့ ဆက်တိုက် ရှာဖွေနေခဲ့ကြ၏။
အမုန်းတရားကိုပြောရလျှင် နတ်သူငယ်များက မည်သည့်အမုန်းမှ မရှိခဲ့ဘဲ လူသားများကသာ ထိုသို့ ဖော်ပြထားကြခြင်းဖြစ်သည်။
မှန်ပါ၏ နှစ်ပေါင်း သုံးထောင်ကြာပြီးနောက် မည်သည့်ဘက်၌ အမုန်းတရားရှိမရှိဟူသည်က မရှိတော့ချေ။
ထိုအစား နတ်သူငယ်များ စိုင်စ်နယ်မြေကြီးမှ ပျောက်ကွယ်သွားသောကြောင့် လူသားများမှာ နတ်သူငယ်များနှင့်ဆုံချိန်၌ တန်ဖိုးရှိသည့်အရာဟုသာ သတ်မှတ်ကြတော့သည်။
လွန်ခဲ့သည့် လေးနှစ်အကြာက ဘန်တာမြို့၌ အက်ဂ်နက်စ်ပေါ်လာချိန်တွင် ချီးကျူးမှုလှိုင်းကြီးတစ်ခုပင် ဖန်တီးခဲ့သေးသည်။
"ဟုတ်ပါပြီ ဒါက ကျွန်တော့်အမှားပါ ဒီကိစ္စကို မပြောခဲ့သင့်ဘူး။" ရှုယီက ခေါင်းခါလိုက်၏။ ထို့နောက် သူဟာ တစ်ချက်ပြုံးကာ ဆက်ပြောသည်၊ "ဒါဆို အကြီးအကဲ အွန်ဒင်း, ခင်ဗျားအနေနဲ့ အဇ်ရှာရာမျိုးနွယ်စု တည်နေရာကို ပိတ်ထားပြီး ကျွန်တော့်ကို ဖိတ်လိုက်တယ်ဆိုတော့ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကဘာများလဲ? ခင်ဗျားသာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းချင်တယ်ဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံမှာပါ။"
"ပူးပေါင်းဖို့ လောစရာမလိုပါဘူး။ ဒီမတိုင်ခင် ကျွန်မဆီမှာ ရှင့်ကိုအမြဲ တွေ့ချင်နေခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိတော့ ဥက္ကဌရှုအနေနဲ့ သူ့ကို တွေ့ရင် သေချာပေါက် ဝမ်းသာသွားမယ်လို့ ယုံပါတယ်။" အကြီးအကဲ အွန်ဒင်းက အသာပြုံးကာဆိုသည်။
"မိတ်ဆွေဟောင်း?" ရှုယီ အနည်းငယ် ရှုပ်ထွေးသွားသည်။
အကြီးအကဲ အွန်ဒင်း၏ အသံအနေအထားအရ သူမ၏ မိတ်ဆွေဟောင်းမှာ နတ်သူငယ်ဖြစ်ပုံမရချေ။
သူမေးခါနီးတွင် လျင်မြန်သော ခြေလှမ်းသံများစွာကိုကြားလိုက်ရသည်။
ရှုယီလည်း လှည့်ကြည့်လိုက်သော် ကလေးငယ်မလေးတစ်ဦး၏ ကြည်လင်သောအသံကို ကြားလိုက်ရပါ၏။
"ဘုရားသခင်! ရှင်တို့အားလုံးက (အရပ်)ရှည်လိုက်ကြတာ!"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၅။ သွေးနှောများ
သူ၏ခါးအမြင့်လောက်နေရာမှ လာသည့် အသံကိုကြားသော် ရှုယီမှာ တအံ့တဩငုံ့ကြည့်လိုက်ရာ ချစ်စဖွယ် ကလေးမလေးတစ်ဦးက သူ့ကို စူးစမ်းလိုဖွယ်အပြည့်ဖြင့်ကြည့်နေသည်အား မြင်ရလေသည်။
"ဒါက..." ရှုယီလည်း မျက်လုံးပြူးသွား၏။ ထိုသည်မှာ လူသားမိန်းကလေးမဟုတ်ဟု ချက်ချင်းပြောနိုင်သည်၊ သို့သော် ၎င်းမှာ...."
"သွေးနှောပဲ! ဘုရားရေ တကယ်ကြီး သွေးနှောဟ!"
ရှုယီ အံ့ဩသွား၏။ သူဟာ ထိုကလေးမလေးနှင့် အရပ်တူလောက်အောင် ကိုင်းချကာ မမှားကြောင်း သေချာစေရန် ဂရုတစိုက်ကြည့်လိုက်သည်။
ဤသက်ရှိပုံစံမှာ လူသားမိန်းမငယ်လေးတစ်ဦးနှင့်တူသော်လည်း လူသားမိန်းကလေးပုံစံနှင့် ကွဲပြားမှုလေးများတော့ ရှိသေးသည်။ အဓိက ခြားနားချက်မှာ သူမထံ၌ နားရွက်ချွန်ချွန်များရှိကြကာ ၎င်းတို့က နတ်သူငယ်တို့ထက်တော့ ပိုသေးငယ်ပါ၏။
ထို့နောက် သူမ၏ အရပ်အမောင်းလေးနှင့် ကြီးမားကာလှပသော မျက်လုံးများမှာ သွေးနှောများအား စာအုပ်များထဲ၌ ဖော်ပြထားသည့်အတိုင်းပင်။
မှန်ပါ၏ ၎င်းမှာ သွေးနှောပင်!
သို့သော် သွေးနှောများက ယခင်ကတည်းက စိုင်စ်နယ်မြေကြီးထံမှ ပျောက်ကွယ်သွားခဲ့ပြီမဟုတ်ပါလား?
စာအုပ်များအရ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော်အကြာက သွေးနှောများမှာ စိုင်စ်နယ်မြေကြီးထံမှ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
နတ်သူငယ်များမှာ အနှီနှစ်ပေါင်းနှစ်ထောင်အတွင်း ခြေရာအချို့ထုတ်ပြခဲ့ကာ လရိပ်မျိုးနွယ်စုကဲ့သို့ လူသားများနှင့် ပုံမှန်ဆက်သွယ်မှုလုပ်ခဲ့သော နတ်သူငယ်မျိုးနွယ်စုများရှိပါ၏။
သို့သော် သွေးနှောများမှာမူ ထိုနှစ်ပေါင်းနှစ်ထောင်အတွင်း ခြေရာတစ်ခုပင် မရှိခဲ့ဖူးချေ။ ၎င်းတို့အကြောင်း ကောလဟာလလေးတစ်ခုပင် မရှိပါချေ။
စာအုပ်များအားလုံးရှိ နောက်ဆုံးကောက်ချက်နှင့် လူတိုင်း၏ ဆုံးဖြတ်ချက်မှာ သွေးနှောများက နယ်မြေကြီးမှ လုံးဝပျောက်ကွယ်သွားကြပြီဖြစ်၏။
သို့မဟုတ် ကောလဟာလများကဲ့သို့ ပင်လယ်ပြင်အနက်ပိုင်းရှိ အခြားနယ်မြေကြီးထံ သွားခြင်းလည်းဖြစ်နိုင်သည်။ သို့သော် စိုင်စ်နယ်မြေကြီးတွင် သွေးနှောများချန်ထားခဲ့သည့် မည်သည့် ခြေရာလက်ရာမှ အမှန်တကယ်ပင် မရှိပေ။
သို့သော် ယခု ရှုယီရှေ့မှောက်တွင် သက်ရှိ သွေးနှောတစ်ဦးရောက်ရှိနေပါ၏!
ရှုယီမှာ သူ့ရှေ့ရှိ ချစ်စဖွယ်သွေးနှောအမကို ကြည့်ကာ မျက်နှာကို ထိကြည့်ရန် လက်မဆန့်မိဘဲ မနေနိုင်တော့ပေ။
ချောမွေ့သည့် အထိအတွေ့ကို ခံစားမိသော် ၎င်းက ပုံရိပ်ယောင်မဟုတ်သည်ကို အတည်ပြုလိုက်ရသည်။
"ဘုရားရေ! လူသား အသင်က တကယ်ကြီး မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို ပုံမှန်အတိုင်းထိလိုက်တယ်ပေါ့! အသင်က လူကြီးလူကောင်းမဟုတ်တဲ့ လူသားပဲဖြစ်ရမယ်!" သွေးနှောအမလေးမှာ အသံကျယ်ကျယ်ဖြင့် အော်လာသည်။
ရှုယီလည်း ချက်ချင်းနေရခက်သွားပြီးနောက် အမြန်ပင် အပြုံးဖြင့် ပြောလိုက်၏၊ "တောင်းပန်ပါတယ် ကျုပ်က ဒီတိုင်း... ဒီတိုင်း ဒါက အမှန်ဆိုတာ မယုံနိုင်ဖြစ်သွားလို့ပါ။ သွေးနှောတွေက စိုင်စ်နယ်မြေကြီးကနေ ပျောက်ကွယ်သွားပြီးသား မဟုတ်ဘူးလား? မင်း.... မင်းက ဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ? ပြီးတော့လည်း ဘာလို့ မင်းက အဇ်ရှာရာမျိုးနွယ်စုနဲ့ အတူရှိနေရတာလဲ?"
"ဟေး လူသား အရင်ဆုံး ကျွန်မဆီမှာ နာမည်ရှိတယ်။ ကျွန်မကို လုမီလို့ ခေါ်တယ်။ ဒုတိယအနေနဲ့ ကျွန်မတို့ သွေးနှောမျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်အကြာတုန်းက စိုင်စ်နယ်မြေကြီးကနေထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း သွေးနှောအားလုံး ထွက်သွားဖို့ ဆန္ဒရှိတာမဟုတ်ဘူး၊ နေခဲ့ကြတဲ့ ကျွန်မတို့ တာနာမိသားစုလိုပေါ့။"
ထိုသို့ပြောပြီးနောက် လုမီဟုခေါ်သော ထိုသွေးနှောမိန်းကလေးမှာ ခေါင်းငုံ့ကာ ဝမ်းနည်းသွားဟန်ပေါ်နေသည်။
"ဒါပေမယ့် ကျွန်မက တာနာမိသားစုမှာ ကျန်ခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ ကျန်တဲ့သူတွေ အကုန်လုံး သေသွားကြပြီ....."
ရှုယီမှာ ကလေးမလေးနှင့်တူသော ထိုသွေးနှောအမကို ကြည့်ရင်း မည်သို့ နှစ်သိမ့်ပေးရမယ်မှန်းမသိတော့ပါချေ။
သွေးနှောများမှာ အပြင်ပန်း၌ ကလေးငယ်များနှင့်ဆင်တူကြသော်လည်း ၎င်းတို့၏ လူသားများထက်ကျော်လွန်နေသော ဘဝသက်တမ်းမှာ နတ်သူငယ်များနှင့်ယှဉ်နိုင်သည်။
ထိုမိန်းကလေးမှာ ဆယ်နှစ်အရွယ်လူသားမိန်းကလေးတစ်ဦးပုံပေါ်သော်လည်း သူမ၏ အသက်အမှန်မှာ နှစ် တစ်ရာ သို့မဟုတ် နှစ်ရာဖြစ်နိုင်သည်။
၎င်းကိုစဉ်းစားရင်း ရှုယီမှာ ရုတ်တရတ် တခြားမေးခွန်းကို တွေးမိသွား၏။
"လုမီ မင်းပြောတာက မင်းတို့ သွေးနှောမျိုးနွယ်စုအနေနဲ့ စိုင်စ်နယ်မြေကြီးကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာက ဒဏ္ဍာရီတွေမှာပြောသလို ပင်လယ်ကိုဖြတ်ပြီး တခြားနယ်မြေကြီးဆီသွားခဲ့ကြတာလား?"
လုမီက ခေါင်းခါကာ၊ "ကျွန်မလည်းမသိဘူး။ စိုင်စ်နယ်မြေကြီးအပြင် တခြားနယ်မြေကြီးရှိမယ်ဆိုရင်တော့ ဒါက မျိုးနွယ်စုရဲ့ အကြီးအကဲတွေ ဆင်ခြင်သုံးသပ်ရမယ့်အရာပဲ။ အကြီးအကဲတွေကတော့ ကျွန်မတို့တွေ မြေပြန့်ပေါ်မှာ မနေဘဲ စက်လုံးကြီးတစ်လုံးပေါ်မှာ နေခဲ့တာဖြစ်နိုင်တယ်လို့ပြောတာပဲ။ ဒီတော့ စိုင်စ်နယ်မြေကြီးက ဒီလောကမှာရှိတဲ့ တစ်ခုတည်းသော နယ်မြေကြီးမဟုတ်ဘဲ အဆုံးမဲ့ပင်လယ်ပြင်ရဲ့ တစ်ဖက်မှာ တခြားနယ်မြေကြီးလည်း ရှိနိုင်သေးတယ်။ ဒါပေမယ့် အကြီးအကဲက ဒီနယ်မြေကြီးအကြောင်းကိုတော့ သေချာမသိပါဘူး...."
ရှုယီ၏ မျက်လုံးများ ပြူးကျယ်လာကာ လုမီ၏ ပခုံးကို လက်များဖြင့် ဖမ်းကိုင်လျက် ခါယမ်းလိုက်သည်။
"မင်းပြောချင်တာက.... သွေးနှောတွေက ပျောက်ကွယ်မသွားခဲ့ဘူးပေါ့? သူတို့က တခြားနယ်မြေကြီးကိုသွားကြတာလား?"
လုမီမှာ ရှုယီထံမှ ခါယမ်းခံရပြီးနောက် မူးဝေသွားကာ တအောင့်ကြာမှ ပြန်ကောင်းလာသဖြင့် ယောင်နနဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ် ဒါပေမယ့် သေတော့မသေချာဘူး...."
"ကောင်းတယ်!" ရှုယီက စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ ထို့နောက် စက်ဝိုင်းပုံစံအနည်းငယ် ပတ်လျှောက်လျက် မျက်နှာထက်ရှိ အပြုံးကို မထိန်းနိုင်တော့ပေ၊ "ကောင်းလိုက်တာ! သွေးနှောတွေက တကယ်ကို ပျောက်ကွယ်မသွားသေးဘဲ ဒီလောကမှာ ရှိနေကြသေးတယ်။ တခြားနယ်မြေကြီးက ဘာမှမဟုတ်တော့ဘူး ငါ့မှာ အခု ပင်လယ်ပျော်သင်္ဘောတွေတောင်ရှိနေပြီဆိုတော့ သူတို့ကို သွားရှာလိုက်လို့ရပြီပဲ!"
ရှုယီ ပတ်လျှောက်နေသည်ကိုမြင်သော် လုမီက ကြောင်အစွာ မော့ကြည့်လာသည်။ နံဘေးရှိ အကြီးအကဲ အွန်ဒင်းနှင့် အကြီးအကဲလီဆန်ယာတို့လည်း အံ့အားသင့်သွား၏။
သွေးနှောများမှာ ရှားပါးသည်ဟု ယူဆနိုင်သော်လည်း ရှုယီအတွက် သွေးနှောများသတင်းကို ရပြီးနောက် ဤမျှ စိတ်လှုပ်ရှားနိုင်လောက်သည်အထိတော့မဟုတ်လောက်ဘူးမို့လား?
ရှုယီမှာ အကြိမ်ရေများစွာ လှည့်ပတ်နေပြီးနောက် တည်ငြိမ်သွားသည်။ သူက အပြုံးကို ပြန်ရုတ်သိမ်းကာ လုမီနှင့် တစ်ညီတည်းဖြစ်ရန် ကိုင်းချလိုက်ပြီး အသေအချာမေးလာသည်၊ "လုမီ မင်းတို့ မျိုးနွယ်ဝင်တွေ စိုင်စ်နယ်မြေကြီးကနေ ထွက်သွားတဲ့ ဦးတည်ရာကို သိလား? ဒါမှမဟုတ် ပိုတိကျရရင် သူတို့ ဘယ်ဆိပ်ကမ်းကနေ ထွက်သွားသလဲ သိလား?"
လုမီက ခေါင်းခါကာ၊ "အတိအကျဘယ်နေရာမှန်းမသိဘူး၊ ဒါပေမယ့် အကြီးအကဲရဲ့ သုံးသပ်ချက်အရဆိုရင် တခြားနယ်မြေကြီးက အနောက်ဘက်မှာ ရှိလောက်တော့ မျိုးနွယ်ဝင်တွေအားလုံး အနောက်ပင်လယ်ကို သွားကြတာပဲ။"
"အနောက်ဘက်?" ရှုယီလည်း အနောက်ဘက်ကို ကြည့်လိုက်သည်။ သူစဉ်းစားမိသည်မှာ စတက်တိန်းနယ်မြေရှိ Frestech ဆိပ်ကမ်းမှ လွှတ်လိုက်ရင် အဆင်ပြေမလား? ထို့နောက် သူဟာ အခြားပြဿနာကို စဉ်းစားမိသွား၏၊ "လုမီ မင်းအခုနက ပြောခဲ့တဲ့ မြေအပြန့်မှာ နေတာမဟုတ်ဘဲ အတော်ကြီးတဲ့အလုံးတစ်ခုမှာ နေတယ်လို့ ခန့်မှန်းထားတာဆိုတော့ ဒါက ဘာကို အခြေခံပြီး ပြောတာများလဲ?
လုမီက မျက်မှောင်ကုပ်၍ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်ပြန်သည်။
"မသိဘူး...."
လုမီ၏ တုံ့ပြန်မှုအရ သူမအနေနှင့် သွေးနှောမျိုးနွယ်စုအတွင်းရှိ ကိစ္စအချို့ကို သေချာမသိပေ။
သို့သော် ထိုသို့စဉ်းစားသည်က မှန်ပါ၏။
သွေးနှောများ စိုင်စ်နယ်မြေမှ ထွက်ခွာခဲ့သည်က နှစ်ပေါင်းနှစ်ထောင်ကြာပြီဖြစ်သလို လုမီမှာ နှစ်တစ်ရာ နှစ်ရာမျှသာရှိသေးသဖြင့် ၎င်းကို မသိသည်က ပုံမှန်ပါပင်။
"ပြောရရင်..... လူသား ရှင်ဘာလို့ ကျွန်မကို တွေ့တာ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ?" လုမီက ရုတ်တရတ်မေးလာ၏၊ "ကျွန်မက သွေးနှောဖြစ်နေတာကြောင့်လား?"
ရှုယီလည်း အသာပြုံးလိုက်သည်၊ "ဒီလိုပြောလို့တော့ရပါတယ်။ ဒါပေမယ့် မင်းက သွေးနှောဖြစ်နေတာကြောင့်တင်မကဘဲ မင်းတို့သွေးနှောတွေရဲ့ မှော်စက်တွေအပေါ် နားလည်သိတတ်မှုကြောင့်က ပိုတယ်။ ကျုပ်ပြောတာကို သိရဲ့လား?"
လုမီ၏ မျက်လုံးများ တောက်ပသွားသည်၊ "ဒါပေါ့။ လူသား၊ ရှင်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌမဟုတ်လား? အဲဒီ့ ထူးထူးဆန်းဆန်းမှော်စက်တွေအားလုံးကို လုပ်ခဲ့တဲ့ လုပ်ငန်းစုလေ?"
"ဟုတ်ပါတယ် ကျုပ်ကို ကြားဖူးတာလား?" ရှုယီက အပြုံးဖြင့် ပြန်မေးသည်။
"ဒါပေါ့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ် ရှင့်ကို ဒီခေါ်လာဖို့ အကြီးအကဲ အွန်ဒင်းကို တောင်းဆိုခဲ့ပါ့မလဲ?" လုမီက ခေါင်းငြိမ့်သည်၊ "ဟေး လူသား ကျွန်မ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်း လုပ်ထားတဲ့ မှော်စက်တွေကို သုံးသပ်ကြည့်တော့ အရမ်းကို ထူးကဲတယ်လို့ထင်တယ်။ ကျွန်မတို့သွေးနှောတွေရဲ့ မှော်စက်တွေထက် ပိုမဆိုးတဲ့ သုတေသနအပိုင်းတွေတောင်ရှိနေသေးတယ်။"
"မဆိုးတာပဲလား?" ရှုယီမှာ မနေနိုင်အောင်ပြုံးကာ ဤသွေးနှောက အတော်လေးယုံကြည်ချက်ရှိသည်ဟု စဉ်းစားလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်းပြုလုပ်ထားသည့် မှော်စက်အားလုံးမှာ စိုင်စ်နယ်မြေကြီး၏ မှော်ပညာဗဟုသုတနှင့် ကမ္ဘာမြေမှ သူ၏မှော်စက်မှုအင်ဂျင်နီယာနည်းပညာကိုပေါင်းစပ်ထားခြင်းမှ ဖြစ်ပေါ်လာသည့် ထုတ်ကုန်များဖြစ်သော်လည်း လုမီ၏ ချီးကျူးမှုက ထိုမျှ မြင့်မြင့်မားမားမရှိလှချေ။
လုမီအနေနှင့် ရှုယီ၏ အတွေးကို မြင်နိုင်နေပုံဖြင့် ကြိတ်ရယ်လိုက်သည်။
"လူသား ရှင်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို တီထွင်ခဲ့တာလား?"
ရှုယီက ပခုံးတွန့်ကာ၊ "အများစုက ကျုပ်တို့လုပ်ငန်းစုရဲ့ သုတေသနပညာရှင်တွေလုပ်တာပါ ကျုပ်က အကြံပေးရုံပဲ။"
"အကြံက အရေးအပါဆုံးပဲလေ။" လုမီက ရုတ်တရတ် သူမ၏ ရင်ဝှက်ထဲမှ မူကြမ်းတစ်ခုကို ထုတ်ကာ ရှုယီကို ပေးလာသည်၊ "ရှင်တီထွင်ခဲ့တဲ့ မှော်စက်တွေကြောင့် ရှင့်ကို ဒီမူကြမ်းကြည့်ခွင့်ပေးနိုင်တယ်။"
"မူကြမ်း?"ရှုယီမှာ ၎င်းကို ယူလိုက်ချိန်၌ ရှုပ်ထွေးသွားသည်။ ဖွင့်ကြည့်လိုက်သော် ၎င်းမှာ စံပြုယန္တရားများစွာကို ရေးဆွဲထားကြောင်း တွေ့ရလေသည်။
ကြည့်,ကြည့်လိုက်သော် ရှုယီမှာ ချက်ချင်းတစ်စုံတရာကို နားလည်သွား၏။
"ကြည့်ရတာ ဒါက မှော်လေသင်္ဘောတစ်စီးရဲ့ မူကြမ်းဖြစ်ပုံပဲ?"
"အင်း!" လုမီက ခေါင်းငြိမ့်ကာ ရှုယီ၏ ပခုံးကိုပုတ်ရန် ခြေဖျားပင်ထောက်လာသည်။ သူမက ချီးကျူးဟန်အပြည့်ဖြင့် ဆိုလေ၏၊ "ရှင်က တကယ်ကို မှော်စက်တွေအတွက် ပါရမီရှိတာပဲ ရှင့်အကြောင်းသိထားတာ မမှားဘူးပဲ။"
ရှုယီမှာ ၎င်းကိုကြားသော် ဆွံ့အသွားသည်။ သူက ခေါင်းခါ၍ ဝင့်ကြွားနေသော လုမီကို ဂရုစိုက်ရန် ပျင်းလွန်းလှရာ လက်ထဲရှိ မူကြမ်းကိုသာ ငုံ့ကြည့်လိုက်ပါ၏။
သေချာကြည့်လိုက်သော် မူကြမ်းထက်ရှိ မှော်လေသင်္ဘောက Frestech ကုန်သည်ကြီးများအသင်း ပြုလုပ်ထားသည့် တစ်ခုနှင့် အင်မတန်ကွာခြားနေကြောင်း တွေ့လိုက်ရသည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောမှာ စက်အပိုင်းကို အဓိက အသားပေးထားပြီး မှော်စွမ်းအားအပိုင်းက စွမ်းအားအထောက်အပံ့မျှသာဖြစ်သည်။
သို့သော် ဤမူကြမ်းထက်ရှိ မှော်လေသင်္ဘောက မှော်စွမ်းအားအပိုင်းကို အသားပေးထား၏။ ဤမူကြမ်း၏ စက်အပိုင်းမှာ ဘောင်ကွပ်တစ်ခုမျှသာရှိသည်။
ဤမှော်လေသင်္ဘော၏ စွမ်းအားအထောက်အပံ့ကမူ မှော်စွမ်းအားကိုသာ သီးသန့် မှီခိုထားသည်။
ထိုနည်းဖြင့် အရာရာတိုင်းကို မှော်ဖြင့် ပြုလုပ်ထားရာ မှော်လေသင်္ဘောအား ပို၍ရိုးရှင်းသည့် ဒီဇိုင်းဖြင့် ပြုလုပ်နိုင်သည်။
သို့သော် နှိုင်းယှဉ်ရလျှင် ဤမှော်လေသင်္ဘောမှာ မှော်စွမ်းအင်စားသုံးမှု များစွာ မြင့်မားစေနိုင်သည့် မှော်စွမ်းအားပမာဏ အမြောက်အများလိုအပ်သည်။
ပေါက်ကွဲနိုင်သောစွမ်းအားနှင့် တိမ်းရှောင်နိုင်မှုတို့တွင်သာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောထက် ပိုမိုသန်မာသော်လည်း တည်ဆောက်ရာတွင် ကောင်းမွန်သည့် အသေးစိတ်နှင့် မှော်အစီအရင် မြင့်မားသော ကုန်ကျစရိတ်တို့ကြောင့် ၎င်းကိုပြုလုပ်ရန် အင်မတန် အကုန်အကျများပေမည်။ ထို့ကြောင့် ၎င်းကို Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများကဲ့သို့ အစုလိုက်အပြုံလိုက်ထုတ်လုပ်ဖို့ရာ ခက်ခဲ၏။
ထို့အပြင် စားသုံးမှုမြင့်မားသောကြောင့် ၎င်းကို နေ့စဉ်အခြေခံအဖြစ် အသုံးပြုပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောထက် စီးပွားရေးအပိုင်း၌ များစွာ နိမ့်ကျသလို လူများလက်ခံနိုင်ရန်ကလည်း နည်းပါး,ပါ၏။
ရှုယီလည်း ၎င်းကို ခဏတာကြည့်ကာ လုမီကို မေးခွန်းထုတ်ရန် အလျင်လိုမနေပေ။ စဉ်းစားပြီးနောက်မှ မေးလိုက်သည်၊ "ဟေး လုမီ မင်း ဒါကို ကျုပ်ဆီပြတာ ဘာလုပ်ချင်လို့လဲ?"
လုမီက တစ်တန်းတည်းဖြစ်နေသည့် ရှုယီ၏ မျက်လုံးများကိုကြည့်ကာ ချစ်ဖွယ်ပြုံးလိုက်သည်။
"လူသား ရှင့်ရဲ့ ကျွန်မအပေါ် လေးစားမှုကြောင့် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ပူးပေါင်းပြီး မှော်စက်တွေ အတူထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ!"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၆။ သွေးနှောတွေအားလုံးက မှော်ပညာမှာ ပါရမီရှင်တွေချည်းပဲ
"ဒါက ဝိဉာဉ်ကူးပြောင်းတာရဲ့ သဘာဝအားသာချက်များလား?"
လုမီ၏ လေးနက်သောအကြည့်က လူသားကလေးမလေးတစ်ဦးကဲ့သို့ နုံအအလေးဖြစ်နေသည်ကိုမြင်သော် ရှုယီမှာ ထိုအတွေးထူးထူးဆန်းဆန်းကို စဉ်းစားမိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်အကြာက မျိုးနွယ်စုစစ်ပွဲများကြောင့် လူသားများမှာ နတ်သူငယ်များထံမှ စိုင်စ်နယ်မြေကြီးအပေါ် ထိန်းချုပ်မှုကို ရယူလိုက်သော်လည်း လူသားများနှင့် အခြားမျိုးနွယ်စုများအကြား ဆက်ဆံရေးက မကောင်းမွန်လှချေ။
နတ်သူငယ်များမပြောနှင့်၊ သားရဲလူမျိုးများနှင့်ဆိုလျှင် မီးနှင့်ရေကဲ့သို့ပင်။
သွေးနှောများနှင့် ဒဏ္ဍာရီလာ နဂါးများဆိုလျှင် စိုင်စ်နယ်မြေကြီးမှ ပျောက်ကွယ်သွားကြပြီဖြစ်သည်။
ရှုယီ မပေါ်လာခင်က လူသားများမှာ နတ်သူငယ်များ အခြားမျိုးနွယ်စုများနှင့် ဆက်သွယ်သည်ကရှားပါ၏။
သို့သော် ရှုယီ ပေါ်လာပြီးနောက် သူဟာ အံ့အားသင့်ဖွယ်ကောင်းစွာ နတ်သူငယ်များနှင့် အဆက်အသွယ်လုပ်ခဲ့သည်။ သူဟာ ညတေးသံမျိုးနွယ်စု၊ လရိပ်မျိုးနွယ်စုတို့နှင့်ပင် ပူးပေါင်းက ရင်းနှီးသော တွဲဖက်များဖြစ်လာကြသည်။
ထို့နောက် ရှုယီမှာ သားရဲလူမျိုးများနှင့်ရင်းနှီးလာကာ သားရဲလူမျိုးများပိုင်ဆိုင်သည့် ဆန်နက်မြေရိုင်းကို Frestech ကုန်သည်ကြီးများအသင်း၏ အနောက်ဥယျာဉ်နှယ် ပြောင်းလဲလိုက်သည်။
ယခုတွင် ပျောက်ကွယ်သွားခဲ့ပြီဟုပင် ပြောခဲ့ကြသော သွေးနှောတစ်ဦးက ရှုယီရှေ့ပေါ်လာခဲ့သည်!
ထို့အပြင် ဤသွေးနှောက ရှုယီနှင့် ပူးပေါင်းလိုနေသည်!
ရှေ့၌ ပေါ်ပေါက်လာခဲ့ပြီးသော မူမမှန်ကိစ္စရပ်များကြောင့် ရှုယီထိုသို့ စဉ်းစားမိသည်မှာ မဆန်းချေ။
မှန်ပါ၏ စဉ်းစားကြည့်သော် ထိုအရာအားလုံးက ချိတ်ဆက်နေသည်ကို ရတွေ့ရလိမ့်မည်။
ဖြစ်စဉ်မှာ ရှုယီက လူပုလေးများနှင့် အလုပ်လုပ်မည့်အကြောင်းစဉ်းစားမိသဖြင့် လူပုလေးမျိုးနွယ်စုထံသွားရာ အက်ဂ်နက်စ်နှင့် ဆုံခဲ့သည်။ ထို့နောက် သူဟာ ညတေးသံမျိုးနွယ်စုနှင့် အဆက်အသွယ်လုပ်ကာ နောက်ဆုံး၌ ပူးပေါင်းမှု အောင်မြင်သွားခဲ့ပါ၏။
ပြီးနောက်တွင် အရာအားလုံးမှာ နေရာတကျဖြစ်လာတော့သည်။
သွေးနှောတစ်ဦးသည်ပင် ထိုကိစ္စကြောင့် သူ့ရှေ့ပေါ်လာရခြင်းဖြစ်သည်။
ရှုယီမှာ အသံတိုးတိုးပြောနေကြသော အကြီးအကဲ အွန်ဒင်းနှင့် အကြီးအကဲလီဆန်ယာတို့ထံ အကြည့်တစ်ချက်ပို့လိုက်သည်။ အကြီးအကဲ အွန်ဒင်းမှာ သူ့ထံ၌ အခြားနတ်သူငယ်မျိုးနွယ်စုများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းသိသောကြောင့်သာ သူ့အားအရင်ဖိတ်ခေါ်ပြီး ဤသွေးနှောလုမီနှင့် ဆုံစေခြင်းဖြစ်သည်။
လုမီမှ သူနှင့် ဆုံတွေ့လိုပြီး အလုပ်အတူတူလုပ်လိုရခြင်းမှာ သွေးနှောများ၏ အရည်အချင်းနှင့်ဆင်တူသော Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကြောင့်ဖြစ်သည်။
"အင်း ...လုမီ၊ ကျုပ် မင်းရဲ့ အကြံကို တကယ်ပဲ လက်ခံပါတယ်။ မှော်စက်တွေသုတေသနလုပ်ရာမှာ သမိုင်းရှည်ကြီးတစ်ခုရှိတဲ့ သွေးနှောတွေရဲ့ အကူအညီတွေကို ရနိုင်တာက ကျုပ်တို့ လုပ်ငန်းစုရဲ့မှော်စက်တွေကို တိုးတက်စေဖို့ သေချာပေါက် အကူအညီဖြစ်လိမ့်မယ်။ ဒါပေမယ့်...." ရှုယီက ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆက်မေးသည်၊ "လုမီ မင်းက ကျုပ်တို့လုပ်ငန်းစုနဲ့ ပူးပေါင်းတာကနေ ဘာကိုလိုချင်တာများလဲ? မင်းအနေနဲ့ မှော်စက်တွေကို လေ့လာချင်ရုံပဲတော့ မဟုတ်ဘူးမို့လား?"
"အဓိပ္ပာယ်မရှိတာ ရှင်က ကုန်သည်တစ်ယောက်မဟုတ်ဘူးလား ကျွန်မက ရှင်နဲ့ စီးပွားရေးဆွေးနွေးနေတာလေ!" လုမီက ဖြောင့်မတ်သောအသံဖြင့်ပြောသည်၊ "ကျွန်မအနေနဲ့ ရှင်တို့လုပ်ငန်းစုနဲ့အတူ အလုပ်လုပ်ချင်တဲ့ အကြောင်းအရင်းက အဆုံးမဲ့ပင်လယ်ထဲ ရွက်လွှင့်နိုင်မယ့် ကျွန်မဆန္ဒအတွက် မှော်သင်္ဘောတစ်စင်းတည်ဆောက်ချင်တာကြောင့်ပဲ!"
"ပင်လယ်မှာ ရွက်လွှင့်မယ့် သင်္ဘောတစ်စင်း?" ရှုယီက လုမီကို တအံ့တဩကြည့်လိုက်လေသည်။ စဉ်းစားလိုက်ပြီးနောက် နားလည်သွားပါ၏၊ "ကျုပ် ခန့်မှန်းထားသာမမှားရင် မင်းရဲ့ မျိုးနွယ်ဝင်တွေကိုရှာဖို့ ပင်လယ်ကို ဦးတည်ချင်တာမဟုတ်လား?"
"အင်း" လုမီက ခေါင်းငြိမ့်၍ ဝမ်းနည်းဟန်ပြလာသည်၊ "ကျွန်မမိသားစုက လူတိုင်း သေသွားကြပြီဆိုတော့ အခုကျွန်မတစ်ယောက်တည်းရှိတော့တာလေ။ စိုင်စ်နယ်မြေကြီးမှာနေလို့လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ အဆုံးမဲ့ပင်လယ်ဆီ ထွက်ပြီး တခြားနယ်မြေကြီးမှာ ကျွန်မရဲ့ မျိုးနွယ်ဝင်တွေကို ရှာချင်ရုံပဲ။"
လုမီ၏မျက်နှာထက်မှ ဝမ်းနည်းကာ အထီးကျန်နေဟန်ကိုမြင်သော် ရှုယီ စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
နတ်သူငယ်များအား စိုင်စ်နယ်မြေကြီး၌ ရှားပါးသည်ဟု သတ်မှတ်၍ရပါသော်လည်း ရှုယီသိထားသည့် မျိုးနွယ်စုသုံးခုထဲတွင် စုစုပေါင်း အယောက်ငါးထောင်ကျော်ရှိသည်။
သို့သော် သူဆုံခဲ့ဖူးသည့် တစ်ဦးတည်းသော သွေးနှောမှာ ယခု လုမီသာရှိပါ၏။ မျိုးနွယ်စုတစ်ခုမဆိုထားနှင့် မိသားစုတစ်ခုစာပင်မရှိချေ။
ထို့အပြင် စိုင်စ်နယ်မြေကြီး၌ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ သွေးနှောများ၏ သတင်းလည်းမရှိခဲ့သဖြင့် စိုင်စ်နယ်မြေကြီး၌ ကျန်ရှိသည့် အခြားသွေးနှောတစ်ယောက်ပင် မကျန်တော့လောက်ပေ။
ဤသို့သော အထီးကျန်မှုကို စိတ်ကူးကြည့်လို့ရနိုင်ပါ၏။
"ဒီအတွေးကို ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်တဲ့ မှော်သင်္ဘောတွေအကြောင်း သိပြီးနောက်မှာ ရလာတာလား?" ရှုယီ မေးလိုက်သည်။
"ဟုတ်တယ် ရှင်တို့လုပ်ငန်းစုရဲ့ မှော်သင်္ဘောတွေကို မမြင်ရသေးပေမယ့်လည်း အွန်ဒင်းကို မေးပြီးတော့ အချက်အလက်အတော်များများရထားတယ်လေ။ ရှင်တို့ရဲ့ မှော်သင်္ဘောကို သံမဏိနဲ့အတိလုပ်ထားတာကြောင့် အရမ်းကိုကြီးမားခိုင်ခံ့တာ သိထားတယ်။ ကျွန်မအထင် အဲ့လိုသင်္ဘောမျိုးနဲ့ ပင်လယ်ထဲရွက်လွှင့်ဖို့ ပြဿနာမရှိလောက်ဘူးထင်တာကြောင့် ကျွန်မတို့မျိုးနွယ်စုတွေကို ရှာဖို့ ကူညီနိုင်လောက်တယ်။" လုမီက ဖြေ၏။
"ကျုပ်တို့မှော်သင်္ဘောတွေကို ချီးကျူးလို့ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လုမီ.... ရိုးရိုးသားသားပြောရရင် ကျုပ်တို့မှော်သင်္ဘောတွေရဲ့ သုတေသနကြောင့် ပင်လယ်အနက်ပိုင်းထဲကို သွားနိုင်ဖို့တော့ အရည်အချင်းရှိတယ်မထင်ပါဘူး။"
လုမီ၏မျက်လုံးများ ပြူးကျယ်သွားရင်း အနည်းငယ်စိုးရိမ်မှုရှိနေသည်၊ "မလုံလောက်သေးဘူးလား? ကျွန်မတို့ရဲ့ မျိုးနွယ်ဝင်တွေ အဲ့တုန်းက ပင်လယ်ပြင်ကို ထွက်ဖို့ လူပုလေးတွေနဲ့အတူ သံလှေနည်းနည်းလောက်ပဲ တည်ဆောက်ခဲ့ကြတာ။"
"မင်းတို့ မျိုးနွယ်ဝင်တွေအနေနဲ့ လူအရမ်းများတော့ အဲ့တုန်းက ဆုံးရှုံးမှုနည်းနည်းကို ခံနိုင်ခဲ့မှာပဲ၊ ဒါပေမယ့် လုမီ ဒီမှာ မင်းပဲရှိတာလေ။ ကျုပ်ပြောတာကို နားလည်ရဲ့လား?"
ရှုယီ၏ အလေးအနက်အမူအရာကိုမြင်သော် လုမီမှာ အံ့ဩသွားသည်။
"လူသား၊ ရှင်... ရှင် ကျွန်မကို စိုးရိမ်နေတာလား?"
ရှုယီ အံ့ဩသွား၏၊ "အမ်... ကျုပ်က လုံခြုံမှုအကြောင်း တွေးနေရုံပါပဲ။ ကြည့်လေ ပင်လယ်ပြင်မှာ ခရီးဆန့်ဖို့က မရိုးရှင်းဘူး၊ အဲ့က အန္တရာယ်တွေကို ခန့်မှန်းမရနိုင်တော့ လုံခြုံဖို့ဆို အရာအားလုံးအတွက် သေချာ ပြင်ဆင်ထားဖို့လိုတယ်။ ခင်ဗျားက အခု ဒီမှာ တစ်ယောက်တည်းမို့ ပင်လယ်ပြင်မှာ ကံမကောင်းစရာ တစ်ခုခုဖြစ်လာရင် အရာအားလုံး ဇာတ်သိမ်းသွားလိမ့်မယ်။ မှန်ရဲ့လား?"
လုမီက ရှုယီကို ခဏမျှ ငေးကြည့်လိုက်ပြီးနောက် ရုတ်တရတ် ရှေ့တိုးလာကာ သူမ၏လက်များကို ရှုယီနံဘေးတစ်ဝိုက်၌ ချ၍ ပျော်ရွှင်စွာပြောလာသည်၊ "အကြီးအကဲက တကယ်ကို မမှားဘူးပဲ၊ လူသားတွေ အားလုံးက လူဆိုးတွေ မဟုတ်ကြပါဘူး။ ကောင်းလိုက်တာ၊ ဟမ်... မဟုတ်သေးဘူး ရှင့်ကို ရှုယီလို့ ခေါ်တယ်မဟုတ်လား? ရှုယီက ရှင်က လူကောင်းတစ်ယောက်ပဲ ရှင့်ကို သဘောကျတယ်။ ကျွန်မအနေနဲ့ ကျွန်မတို့မျိုးနွယ်စု မှော်စက်အသိပညာ နည်းနည်းလောက်ပဲသုံးပြီး ရှင်နဲ့ အလုပ်အတူလုပ်ချင်ခဲ့တာဆိုပေမယ့် အခုတော့ ကျွန်မတို့မျိုးနွယ်စုက သုတေသနအားလုံးကို ရှင်နဲ့ ဝေမျှပေးဖို့ ဆန္ဒရှိတယ်!"
လုမီ မျက်နှာထက်ရှိ ရွှင်ပျနေသော အပြုံးကိုမြင်သော် ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။
သူဟာ လုမီကို သူ၏ မှော်စက်မှုအင်ဂျင်နီယာတစ်ဦးအနေနှင့် စိုးရိမ်မှုများအား ပြောလိုက်ရုံသာဖြစ်သော်လည်း ၎င်းကြောင့် လုမီ ထိုမျှ ရင်ထဲထိသွားမည်ဟု ထင်မထားခဲ့ပေ။
သို့သော် ၎င်းကလည်း ကောင်းသဖြင့် ရှုယီမှာ ရှင်းပြဖို့ မကြိုးစားနေတော့ပေ။ သူက အပြုံးဖြင့်သာ ပြောလိုက်၏၊ "ဒီလိုလား? မင်းရဲ့ ယုံကြည်မှုကို ရနိုင်တာက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ဒါပေမယ့် လုမီ ပင်လယ်ပျော် မှော်သင်္ဘောတစ်စင်းကို ထုတ်လုပ်ဖို့က အချိန်အတော်ကြာမှာဖြစ်သလို ခရီးအတွက် ပြင်ဆင်ဖို့ အချိန်ကလည်း ရှည်ကြာလိမ့်မယ်။ အားလုံးပေါင်းရင် ဒါတွေအားလုံးပြီးဖို့ အနည်းဆုံး ငါးနှစ် ဒါမှမဟုတ် ပိုတောင်ကြာနိုင်တယ်နော် ခင်ဗျားစောင့်ဆိုင်းဖို့ ဆန္ဒရှိရဲ့လား?"
လုမီက ခေါင်းငြိမ့်ကာ၊ "ဒါပေါ့။ ကျွန်မ နှစ်တစ်ရာ စောင့်လာခဲ့ပြီးပြီပဲ နောက်ငါးနှစ် ဆယ်နှစ်က ဘာဖြစ်သွားမှာမို့လဲ?"
"သူမက တကယ်ကို အနည်းဆုံး နှစ်တစ်ရာလောက်ရှိပြီပဲ...."
ရှုယီ၏ စိတ်ထဲ၌ ထူးထူးဆန်းဆန်းအတွေးတစ်ခုပေါ်လာသော်လည်း ထို့နောက်တွင် လုမီနှင့် ပူးပေါင်းရေး အသေးစိတ်ကို ဆွေးနွေးလိုက်သည်။
နောက်ဆုံးတွင် နှစ်ဘက်စလုံး သဘောတူညီချက်ရသွား၏။ လုမီမှာ မှော်သုတေသနဌာနသို့ ဝင်ရောက်မည်ဖြစ်သော်လည်း မှော်သင်္ဘောအတွက် လုပ်ကိုင်ဖို့ဦးစားပေးမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို ချပြလိုက်ရုံသာရှိသေးသဖြင့် ဤနယ်ပယ်တွင် အရည်အချင်းရှိသူများလိုအပ်နေလေသည်။ လုမီက ပင်လယ်ပြင်သို့ ထွက်ရန် ဂရုစိုက်သဖြင့် ဤသည်က ပူးပေါင်းမှုကောင်းပါပင်။
လုမီနှင့် မှော်သုတေသနဌာနအတွင်းဝင်ရောက်ခြင်းအတွက် လစာအကြောင်း ပြောနေစဉ်တွင် လုမီက မူလ၌ မလိုချင်ခဲ့သော်လည်း ရှုယီက ပေးဖို့တင်းခံနေပါ၏။
သို့သော် သူမ၏ လစာအကြောင်းအသေးစိတ်ပြောကာ ရှုယီမှ လစာသတ်မှတ်ဖို့ လုမီ၏မှော်စွမ်းအားကို မေးမြန်းချိန်တွင် သူအံ့ဩသွားခဲ့သည်။
လူသားကလေးမလေးတစ်ဦးဟုထင်ရသည့် ဤသွေးနှောအမမှာ တတိယအဆင့် မဟာမှော်ပညာရှင်တစ်ဦးဖြစ်နေ၏!
"ဒါက အရမ်းထူးဆန်းလို့လား?" ရှုယီမျက်နှာထက်ရှိ အံ့အားသင့်ဟန်ကိုမြင်သော် လုမီမှာ နှာအသာမှုတ်ကာ ဝင့်ကြွားဟန်ပြလာ၏၊ "ကျွန်မတို့ သွေးနှောတွေအားလုံးက မှော်ပညာမှာ ပါရမီရှင်တွေပဲ၊ မဟုတ်ရင် ဘယ်လိုလုပ် အဲ့လိုနက်နဲတဲ့ မှော်စက်သုတေသနတွေလုပ်နိုင်ခဲ့မှာလဲ? ရှင်သိရမှာက နတ်သူငယ်တွေရဲ့ စွမ်းအားအကြီးဆုံးမှော်စစ်သင်္ဘောတွေကို ကျွန်မတို့သွေးနှောတွေ ဒီဇိုင်းဆွဲပေးခဲ့တာလေ။ ရှင် မယုံရင် အွန်ဒင်းကို မေးလို့ရတယ်။"
ရှုယီ အကြီးအကဲ အွန်ဒင်းကို လှည့်ကြည့်လိုက်သော် အကြီးအကဲ အွန်ဒင်းက အသာပြုံးကာ ခေါင်းငြိမ့်၏။ ခဏတာ ငေးငိုင်နေပြီးနောက် ရှုယီလည်း ပုံမှန်ပြန်ဖြစ်သွားလေသည်။
လုမီကို တစ်ဖန်ကြည့်လိုက်ချိန်တွင် ရှုယီစိတ်ထဲ အပျော်တို့ပြည့်သွားရ၏။
ဒီတော့ မှော်သုတေသနဌာနမှာ မဟာမှော်ပညာရှင် တယ်လုချီ အပြင် နောက်ထပ် မဟာမှော်ပညာရှင်အဆင့် သုတေသီတစ်ယောက်ကိုထပ်ရလိုက်ပြီပေါ့?
ရှုယီကိုပါ ထည့်တွက်လိုက်လျှင် မဟာမှော်ပညာရှင် သုံးဦးဖြစ်လိမ့်မည်!
ကမ်မီလာကဲ့သို့ ခေါင်းဆောင်မှော်ပညာရှင်ကို ထည့်ပြောရန်ပင် မလိုပြီ!
ထိုသို့သော စွမ်းအားကြီးမှော်ပညာရှင်များကြောင့် ၎င်းတို့၏လုပ်ငန်းစုလည်း စိုင်စ်နယ်မြေကြီးရဲ့လုပ်ငန်းစုတွေကြားမှာ မရှိတော့ပေ။
ရှုယီမှာ လုမီ၏ မှော်ပညာခွန်အားကြောင့် အံ့အားသင့်ခဲ့ကာ လုမီကမူ ရှုယီကမ်းလှမ်းလာသည့် လစာကြောင့် အံ့အားသင့်နေခဲ့ရသည်။
"တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သောင်း? ပြီးတော့ အပိုဆုကြေးတွေလည်း ရှိသေးတယ်?" လုမီက ရှုယီကို မယုံနိုင်မှုအပြည့်ဖြစ်နေသော မျက်လုံးများနှင့် ပြူးကျယ်ကာ ကြည့်လာသည်၊ "ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဝင်တာက ဒီလောက်ငွေအများကြီးရတယ်လား? ကျွန်မသာ စောစောသိရင် စောစောဝင်ခဲ့ပါတယ်! အခု ကျွန်မဆီမှာသာ ရွှေဒင်္ဂါးတစ်သောင်းရှိရင်.... မဟုတ်ဘူး ကျွန်မ ရွှေဒင်္ဂါးငါးထောင်ပဲလိုတယ်၊ ဒါဆို ကိုယ့်ဘာသာ သင်္ဘောဆောက်လို့ရတယ်!"
"မဟုတ်ဘူး မဟုတ်ဘူး....." ရှုယီလည်း လက်များကိုယမ်းလိုက်သည်၊ "လုမီ မင်း စိတ်လိုက်မာန်ပါလုပ်လို့မရဘူးလေ။ မင်းက ကျုပ်တို့ မှော်သုတေသနဌာနရဲ့ အဆင့်မြင့် သုတေသနပညာရှင်ဖြစ်လို့ မင်းရဲ့ တဇွတ်ထိုးဆန်မှုအတွက် မင်းကိုယ်မင်း အန္တရာယ်ထဲ တွန်းပို့လို့ မဖြစ်ဘူး။ တစ်ခုခုသာဖြစ်ရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ဆုံးရှုံးမှုကြီးဖြစ်သွားလိမ့်မယ်။ စိတ်အေးအေးထားပါ နှစ်နည်းနည်းပဲကြာမှာဆိုပေမယ့်၊ ကျုပ်တို့သေချာပေါက် မင်းကို အဆုံးမဲ့ပင်လယ်ပြင်နဲ့ တစ်လောကလုံးကို ရှာဖွေနိုင်လောက်မယ့် စွမ်းအားကြီးမှော်သင်္ဘောတစ်စီးတည်ဆောက်ပေးပါ့မယ် ဟုတ်ပြီလား?"
လုမီ၏ မျက်လုံးရွဲကြီးများတွင် မျက်ရည်များပြည့်လာကာ အပြုံးဖြင့် ခေါင်းငြိမ့်လျက်ပြောလေသည်။
"ဟုတ်ပြီလေ ရှင်က ဒီလောက်ကောင်းတဲ့ အရာတွေပေးလာမှတော့ ကျွန်မကို ကျွန်မတန်ဖိုးထားရမှာပေါ့။"
ရှုယီလည်း သက်ပြင်းချလိုက်မိသည်၊ "ကောင်းတာပေါ့"
အဝေးရှိ အကြီးအကဲ အွန်ဒင်းနှင့် အကြီးအကဲလီဆန်ယာတို့မှာ မသိလိုက်သည့်အချိန်၌ ဆွေးနွေး၍ပြီးဆုံးသွားပြီဖြစ်၏။ ရှုယီလည်း လုမီနှင့် ဆွေးနွေးပြီးသည်ကိုမြင်သော် အကြီးအကဲ အွန်ဒင်း ရောက်လာကာ ရှုယီကို အပြုံးဖြင့် ပြောလေ၏၊ "ဥက္ကဌရှု အခု ကျွန်မတို့ကြားက ပူးပေါင်းမှုအကြောင်း ဆွေးနွေးလို့ရပြီလား?"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၇။ သတ္တုတွင်းထွက်များအား လေးလေးနက်နက် ရှာဖွေခြင်း
နီရှီမြို့မှာ ရုတ်တရတ် ရက်အနည်းငယ်အတွင်း၌ စည်ကားလာသည်။
သုံးရက်အကြာတွင် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုမှာ လွန်ခဲ့သည့် နှစ်လအကြာက တည်ဆောက်ခဲ့သည့် နီရှီမြို့ ဆိပ်ကမ်းသို့ ရောက်လာခဲ့သည်။ ဆိပ်ကမ်း၌ ကျောက်ချချိန်တွင် ၎င်းတို့မှာ နီရှီမြို့၌ ကသောင်းကနင်းဖြစ်သွားစေခဲ့၏။
လူများစွာက ဆိပ်ကမ်းကိုရောက်လာကာ ကီလိုမီတာ နှစ်ထောင်အကွာရှိ စတက်တိန်းနယ်မြေမှလာသော ထိုမှော်သင်္ဘောသုံးစီးကို ဝိုင်းရံထားကြသည်။
တောင်ကုန်းလေးများကဲ့သို့ ထိုနေရာ၌ ရပ်နေကြသော မှော်သင်္ဘောများကိုမြင်သော် လူတိုင်း အံ့အားမသင့်မိဘဲ မနေနိုင်ကြတော့ချေ။
ထိုသို့သော သင်္ဘောကြီးတစ်စင်းမှာ လူတိုင်း၏ မျှော်မှန်းချက်ထက်ကျော်လွန်နေပါ၏။
ထိုသင်္ဘောသုံးစင်းအား သံဖြင့်အတိပြုလုပ်ထားသည်ကို မဆိုထားနှင့်။ ၎င်းတို့မှာ အပြင်ဘက်မှ မည်သည့်သစ်သားအရိပ်အယောင်မှပင် မမြင်ရချေ။
ထိုသင်္ဘောသုံးစင်းကို မြင်ကြပြီးနောက် အံ့အားသင့်ခြင်းအပြင် လူတိုင်း၏ စိတ်ထဲ သိလိုစိတ်များပြည့်သွားသည်။
သံဖြင့်အတိပြုလုပ်ထားသော သင်္ဘောတစ်စင်းမှာ ထိတ်လန့်ဖွယ် အလေးချိန်တစ်ခုရှိကိုရှိရမည်။
မည်သို့များ ထိုသို့သော သင်္ဘောအလေးကြီးက ရေပေါ်,ပေါ်ကာ မြန်နှုန်းမြင့်မြင့်ဖြင့် သွားနိုင်ရသနည်း?
စတက်တိန်းနယ်မြေမှာ တည့်တည့်သွားလျှင် ကီလိုမီတာ နှစ်ထောင်နီးနီးရှိသဖြင့် ဤနှစ်ထောင်ကီလိုမီတာ၏ ပင်လယ်ခရီးမှာ သုံးထောင်ကီလိုမီတာနီးနီးရှိနိုင်သည်။
အနှီမှော်သင်္ဘောသုံးစင်းက စတက်တိန်းနယ်မြေမှ လွန်ခဲ့သည့် နှစ်ဆယ်ရက်အကြာက ထွက်လာခဲ့ရာ တွက်ချက်ကြည့်သော် ပင်လယ်ပြင်၌ တစ်နေ့ တစ်ရာကီလိုမီတာကျော်နှုန်းဖြင့် ခရီးနှင်လာခဲ့ကြသည်ပင်။
၎င်းကို မြန်ဆန်သည်ဟု သတ်မှတ်မရနိုင်သော်လည်း ဤသင်္ဘောသုံးစင်း၏ ကြီးမားပုံကြောင့် ပင်လယ်၌ ပေါ်နိုင်ခြင်းကပင် ပြောဆိုရန် ချဲ့ကားလွန်းရာကျနေပြီဖြစ်သည်။ ရက်နှစ်ဆယ်ကြာရွက်လွှင့်နိုင်ခြင်းက ဆန်းကြယ်ဖြစ်ရပ်တစ်ခုဖြစ်လာသည်မှာ ပြောစရာပင်မလိုချေ။
ဘေးပတ်လည်ရှိ လူများက သင်္ဘောထံမှ ဆက်တိုက် သယ်ချလာသော ကုန်စည်များကို မြင်ကြချိန်တွင် ပို၍ပင် အံ့အားသင့်သွားကြ၏။
ဤဧရာမသင်္ဘောသုံးစင်း၏ ကုန်စည်ထားနေရာက အသွင်အပြင်ကို ခန့်မှန်းကြည့်ရုံနှင့် ကြောက်မက်ဖွယ်ကောင်းလှမည်ဟု ခန့်မှန်းထားကြပါလျှင်တောင် အနှီသင်္ဘောသားများက သုံးရက်ဆက်တိုက် မရပ်တန့်ဘဲ ကုန်စည်များကို သယ်ထုတ်နေကြသည်ကို မြင်ကြချိန်တွင် မယုံကြည်နိုင်မှုများ ပြည့်သွားကြသည်။
၎င်းက သင်္ဘောသုံးစီးမျှသာဖြစ်သော်လည်း ဤအခြေအနေအရ အနှီသင်္ဘောသုံးစင်း၏ ကုန်စည်ထားနေရာမှာ တစ်ရာကျော်.... မဟုတ်၊ မြင်းလှည်း တစ်ထောင်ကျော်စာလောက်ရှိသည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤဆိပ်ကမ်းကို နီရှီမြို့နှင့် အတူတည်ဆောက်ရန် သန်းချီ ရင်းနှီးမြှုပ်နှံခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ၎င်းတို့သာ ဤမျှကြောက်မက်ဖွယ်ပမာဏကို ခရီးတစ်ထောက်စာတည်းနှင့် ပို့ဆောင်နိုင်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် လူအင်အား၊ ရင်းမြစ်များနှင့် အချိန်ကို သက်သာစေလိမ့်မည်။
မှော်သင်္ဘောသုံးစင်း၏ ကြောက်မက်ဖွယ်ကုန်စည်တင်ဆောင်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရသော် လူများစွာမှာ အတွေးများရှိလာ၏။
"ကပ္ပတိန် နာဗီလ်, ကောင်းသော မနက်ခင်းပါ။"
ဝဖိုင့်ဖိုင့်သက်လတ်ပိုင်းလူတစ်ဦးမှာ မှော်ဆလွန်းထဲမှ အပြုံးဖြင့် ထွက်လာပြီး သင်္ဘောသားများအား ကြီးကြပ်နေသူ နာဗီလ်ထံ လက်ဝှေ့ယမ်းပြလာသည်။
နာဗီလ်လည်း လှည့်ကြည့်ကာ တစ်ချက် ပြုံးပြလိုက်ပါ၏။
"ကောင်းသော မနက်ခင်းပါ ဥက္ကဌ ရန်းဒေါ့ဖ်"
ဤဥက္ကဌ ရန်းဒေါ့ဖ်မှာ နီရှီမြို့ရှိ ဟင်းခတ်အမွှေးအကြိုင်နှင့် ပရိဘောဂအဟောင်းဆိုင်ရာ လုပ်ငန်းစုတစ်ခု၏ ဥက္ကဌဖြစ်သည်။ ယမန်နေ့မတိုင်ခင်နေ့က ကျင်းပခဲ့သော နီရှီမြို့၏ မြို့စားအသစ် ကောင့်ထ် ကွမ်ပဏီ၏ အခမ်းအနားကို တက်ရောက်ပြီးကတည်းက သူဟာ လွန်ခဲ့သည့် သုံးရက်တာအတွင်း နေ့တိုင်း နာဗီလ်ထံ စကားလာပြောတတ်သည်။
"ကပ္ပတိန် နာဗီလ်, ဒီကုန်စည်တွေကို ချဖို့ ဘယ်လောက်ကြာမှာလဲ?" ဥက္ကဌ ရန်းဒေါ့ဖ်မှာ သင်္ဘောသုံးစင်းမှ ဆက်တိုက်ထွက်လာနေကြသော သင်္ဘောသားများကို မြင်သော် ထိုသို့မေးလာသည်။
"ဘာမှ နှောင့်နှေးစရာမရှိရင် အနောက်ကျဆုံးဆို မနက်ဖြန်၊ အစောဆုံးဆို ဒီနေ့ပဲ။" နာဗီလ်က ပြန်ဖြေ၏။ သူက မျက်ခုံးပင့်ကာ ပြန်မေးသည်၊ "ဘာလဲ? ဥက္ကဌ ရန်းဒေါ့ဖ်မှာ အကြံပေးစရာတစ်ခုခုများရှိလို့လား?"
ဥက္ကဌ ရန်းဒေါ့ဖ်က ရယ်မောကာ၊ "ကျုပ်က ဘာအကြံများပေးနိုင်မှာလဲဗျာ ကပ္ပတိန် နာဗီလ်နဲ့ ဆွေးနွေးစရာရှိနေရုံပါပဲ။ ကပ္ပတိန် နာဗီလ်ဆီမှာ ကျုပ်နဲ့ ဒီနေ့,နေ့လည်စာအတူစားဖို့ အချိန်နည်းနည်းများရမလားလို့ပါ?"
"လာပြီပဲ။" နာဗီလ်မှာ စိတ်ထဲ ကြိတ်ရယ်လိုက်သော်လည်း အလေးအနက်ဟန်ဖြင့် ခေါင်းခါလိုက်ပါ၏၊ "ကျုပ်အနေနဲ့ အားနာတယ်ပဲ ပြောနိုင်ပါတယ်။ မထွက်လာခင်တုန်းက ဥက္ကဌက ဘယ်သူ့ရဲ့ သီးသန့်ဖိတ်ကြားမှုကိုမှ လက်ခံလို့မရဘူးလို့ တင်းတင်းကြပ်ကြပ်ပြောထားခဲ့လို့ပါ။"
"ဒါပေမယ့် လွန်ခဲ့တဲ့ သုံးရက်အကြာက မြို့စားအရှင်ကျင်းပခဲ့တဲ့ ပွဲကျတော့....."
"အဲဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်အရမို့ ဥက္ကဌအစားသွားပေးခဲ့တာပါဗျာ။ ပြီးတော့ မြို့စားအရှင်က သီးသန့်လူမဟုတ်ဘဲ ရူဒ်ဆန်တိုင်းပြည်နဲ့ နီရှီမြို့ကို ကိုယ်စားပြုထားတဲ့ အရာရှိတစ်ယောက်လေ။" နာဗီလ်က အလေးအနက်ဟန်ထားကာ ဆိုလိုက်သည်။
"ဒါက...." နာဗီလ်က မည်မျှလေးနက်နေသည်ကို မြင်သော် ဟာသလုပ်နေပုံမပေါ်ချေ။ ဥက္ကဌ ရန်းဒေါ့ဖ်လည်း အနည်းငယ်စိုးရိမ်သွားသည်။
သူ့အနေနှင့် နာဗီလ်နှင့်အတူ တစ်စုံတရာကိုဆွေးနွေးရန် နေ့လည်စာတစ်နပ်နှင့် အခွင့်အရေးယူနိုင်မည်ဟု စဉ်းစားမိခဲ့သော်လည်း နာဗီလ်က မည်သည့်ချွင်းချက်မှ မရှိပုံလုပ်လာမည်အား တကယ်ကို မမျှော်လင့်ထားခဲ့ပေ။
သို့သော် နာဗီလ်က ရုတ်တရတ် တစ်ချက်ပြုံးလိုက်၏၊ "ဥက္ကဌ ရန်းဒေါ့ဖ်, ဥက္ကဌက ကျုပ်တို့ ထွက်မလာခင် ဖိတ်ကြားတာ လက်ခံလို့မရဘူးလို့ ပြောခဲ့ပေမယ့် ကိစ္စတွေကိုတော့ ဆွေးနွေးလို့ရပါသေးတယ်...."
ဥက္ကဌ ရန်းဒေါ့ဖ်၏ မျက်လုံးများတောက်ပသွားသည်။ ဘေးဘီကိုဝေ့ကြည့်လိုက်ရင်း သူဟာ နာဗီလ်ကို ဘေးသို့ အသာအယာဆွဲခေါ်သွားလေ၏။
နာဗီလ်လည်း လိုက်သွားကာ 'နံနက်ခင်းနေ'၏ ကိုယ်ထည်ကြီးနား ကွယ်နေသည့်နေရာတစ်ခုထံ ရောက်လာကြသည်။
ဥက္ကဌ ရန်းဒေါ့ဖ်က အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ပြောလာ၏၊ "ကပ္ပတိန် နာဗီလ်, ဒီတစ်ခေါက် ပြန်သွားပြီးနောက်ကျရင် ထပ်လာဦးမှာမဟုတ်လား?"
"ဒါပေါ့။" နာဗီလ်က ခေါင်းငြိမ့်၏၊ "ရူဒ်ဆန်တိုင်းပြည်မှာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ပို့စရာရှိတဲ့ အမှာတွေရှိသေးတော့ အရေးကြီးတာဝန်တစ်ခုရှိပါတယ်။"
"ဒါက.... ဖြစ်နိုင်ရင်.... ကျုပ်ပြောတာက ဖြစ်နိုင်ရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ကုန်စည်တွေ တင်ပို့ချိန်မှာ တခြားကုန်စည်တွေကိုရော တင်ပို့ပေးနိုင်လားလို့ပါ?" ဥက္ကဌ ရန်းဒေါ့ဖ်က ဂရုတစိုက်မေးလာသည်။
နာဗီလ်က ဥက္ကဌ ရန်းဒေါ့ဖ်ကို စဉ်းလဲစွာပြုံး၍ ကြည့်လိုက်၏၊ "ဒါကို ကျုပ် မဆုံးဖြတ်နိုင်ဘူး၊ ဒါက ဥက္ကဌနဲ့ ဆိုင်သွားပြီ"
နာဗီလ်က အတိအကျကြီး မငြင်းလိုက်သည်ကိုမြင်သော် ဥက္ကဌ ရန်းဒေါ့ဖ်မှာ စိတ်ပေါ့ပါးစွာ ပြုံးရင်းပြောလေသည်၊ "ဒါပေါ့ ဒါကို ဥက္ကဌရှုက ဆုံးဖြတ်ရမှာပေါ့။ ဒါပေမယ့် ကပ္ပတိန် နာဗီလ်, ခင်ဗျား ဥက္ကဌရှုနဲ့ တွေ့တဲ့အခါက ဒါကို ပြောပေးနိုင်မလား? ကျုပ်အနေနဲ့ ခင်ဗျားတို့ သင်္ဘောစု နီရှီမြို့ဆီလာတဲ့အခါ စတက်တိန်းနယ်မြေဆီ ကုန်စည်တချို့ တင်ပို့ပေးဖို့ ကူနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့?"
"ဒီတောင်းဆိုချက်ကို ဥက္ကဌဆီ တစ်ဆင့်ပြောပေးနိုင်ပေမယ့် ဥက္ကဌ သဘောတူမယ်လို့တော့ အာမ,မခံနိုင်ပါဘူး။"
ဥက္ကဌ ရန်းဒေါ့ဖ်က အလျင်အမြန်ခေါင်းငြိမ့်သည်၊ "ပြဿနာမရှိပါဘူး ပြဿနာမရှိပါဘူး၊ ဒါကို တစ်ဆင့်ပြောပေးနိုင်ရင်ပဲ ရပါပြီ။ ဒါပေမယ့် ကပ္ပတိန် နာဗီလ်, ခင်ဗျားအနေနဲ့ ကျုပ်ဆီက စကားတွေ နည်းနည်းလောက်ထပ်ပြီး တဆင့်ပြောပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက ဥက္ကဌရှု သဘောတူတာနဲ့ ကျုပ် ဒီကုန်စည်တွေအတွက် ပို့ဆောင်စရိတ်ကို ပေးဖို့ ဆန္ဒရှိပြီး ဥက္ကဌရှုကို သေချာပေါက် စိတ်တိုင်းကျစေရပါမယ်လို့။ ဘယ်လိုထင်လဲဗျာ?"
နာဗီလ်မှာ မရယ်မိဘဲ မနေနိုင်တော့ချေ၊ ဥက္ကဌက အရာအားလုံးကို တကယ်ပဲ ကြိုတင်ခန့်မှန်းနိုင်သည်ဟု စဉ်းစားမိ၏။
မထွက်ခွာခင်က ရှုယီမှာ နာဗီလ်ကို ထိုအကြောင်း အထူးတလည်ပြောလာပြီး မည်သို့ကိုင်တွယ်သင့်ကြောင်းပါ ပြောခဲ့သည်။
ထို့ကြောင့် နာဗီလ်လည်း မိမိကိုယ်တိုင်တွက်ဆလိုက်သည့်ပုံဖမ်းကာ အနည်းငယ် တုံ့ဆိုင်းပြလိုက်ပြီးနောက် အတင်းအကြပ်ခေါင်းငြိမ့်ရပုံပြလိုက်သည်။
"အင်း.... ဒါကို ဥက္ကဌဆီ တဆင့်ပြောပေးနိုင်ပါတယ်၊ ဒါပေမယ့် ဥက္ကဌ ရန်းဒေါ့ဖ်, ခင်ဗျားရဲ့ နည်းလမ်းကိုပြောင်းရင် ဥက္ကဌက ခင်ဗျားရဲ့ တောင်းဆိုချက်ကို ပိုပြီး သဘောတူလာလိမ့်မယ်လို့ ကျုပ်ထင်တယ်...."
"အမ်?" ဥက္ကဌ ရန်းဒေါ့ဖ်မှာ ချက်ချင်းပင် နာဗီလ်၏ စကားများထဲမှ ဆိုလိုရင်းကိုကြားကာ အမြန်မေးလာသည်၊ "ကပ္ပတိန် နာဗီလ်, ပြောပြပါ။"
နာဗီလ်မှာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် အသံကိုနှိမ့်ကာပြော၏၊ "ဥက္ကဌ ရန်းဒေါ့ဖ် ခင်ဗျားအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေကို အဓိကထုတ်လုပ်တာဆိုတော့ ဒီမှော်စက်တွေက သံသတ္တုနဲ့ တခြားသတ္တုရိုင်းတွေ ပမာဏ အများကြီးလိုအပ်တာကို သိလောက်မှာပါ။ ဒါပေမယ့် စတက်တိန်းနယ်မြေက နေရာလေးတစ်ခုဖြစ်ပြီး သတ္တုတွင်းထွက်ကလည်း အကန့်အသတ်ရှိတော့ ဥက္ကဌက တခြားနေရာတွေကနေ သတ္တုတွင်းထွက်တွေ ပိုဝယ်ဖို့ ရှာနေတာလေ...."
ဥက္ကဌ ရန်းဒေါ့ဖ်မှာ ကစားခံလိုက်ရသလိုဖြင့် ထိုစကားလုံးများအထဲမှ ဆိုလိုရင်းကို လုပ်ငန်းစုတစ်ခု၏ ဥက္ကဌအနေနှင့် ကြားလိုက်သဖြင့် ပြုံးကာဆိုလာသည်၊ "ဒါက ရှင်းပါတယ်။ ကျုပ်က နီရှီမြို့မှာ ရိုးရိုးလူတစ်ယောက်ဆိုပေမယ့် သတ္တုတွင်းထွက်တချို့ရဖို့က ပြဿနာမရှိပါဘူး။"
ထိုသို့ပြောပြီးနောက် ဥက္ကဌ ရန်းဒေါ့ဖ်မှာ အသာမျက်မှောင်ကုပ်၍ တစ်စုံတရာကို စဉ်းစားမိသွားသည်။
"ဒါပေမယ့် ကပ္ပတိန် နာဗီလ်, ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ရူဒ်ဆန်တိုင်းပြည်ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ဆို သတ္တုတွင်းထွက်ပမာဏများများလိုအပ်ရင် ဥက္ကဌရှုအနေနှင့် ရူဒ်ဆန်တိုင်းပြည်ဆီကနေ ဝယ်ဖို့ အရှင်မင်းကြီး တဲရုစ်ကို တိုက်ရိုက်ပြောလိုက်လို့ရတာပဲ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုလုပ်ဖို့လိုမှာလဲ?"
နာဗီလ်က သက်ပြင်းချသည်၊ "ဥက္ကဌက အရှင်မင်းကြီးတဲရုစ်ဆီ အဆိုပြုပြီးလို့ ခွင့်ပြုချက်လည်းရထားပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ကို မျှဝေဖို့ အရှင်မင်းကြီးတဲရုစ်က ရူဒ်ဆန်တိုင်းပြည်မှာရှိတဲ့ မိုင်းတွင်းငါးတွင်းဆီက သတ္တုတွင်းထွက်တွေကို ကျုပ်တို့ လုပ်ငန်းစုဆီ ရောင်းချဖို့ သင်္ဘောတူညီမှုတစ်ခုလုပ်ခဲ့တယ်လေ။ ဒါပေမယ့်လည်း ဥက္ကဌက လုံလောက်တယ်မထင်တာကြောင့် လမ်းကြောင်းအသစ်တချို့ပိုရှာချင်တာ ခင်ဗျားနားလည်ရဲ့လား?"
ဥက္ကဌ ရန်းဒေါ့ဖ်မှာ ၎င်းကိုစဉ်းစားလိုက်ပြီးနောက် မျက်ခုံးများ တဖြည်းဖြည်း ပြေလျော့သွားသည်။
အရှင်မင်းကြီးတဲရုစ်အနေနှင့် တိုင်းပြည်၏ သတ္တုတွင်းထွက်များရောင်းချရန် ဤစာချုပ်ကို Frestech ကုန်သည်ကြီးများအသင်းနှင့် ချုပ်ဆိုခဲ့သည်မှာ အရှင်မင်းကြီးအနေနှင့် ထိုအပိုင်း၌ လုပ်ငန်းကန့်သတ်လာလိမ့်မည်ဟု အဓိပ္ပာယ်ရသည်။
ထို့အပြင် ရူဒ်ဆန်တိုင်းပြည်ထံ၌ စီးပွားရေးတွင် မည်သည့်အကန့်အသတ်မှမရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ သီးသန့်သဘောတူညီမှုများလုပ်ရန် ပြဿနာရှိလောက်မည်မဟုတ်ပေ။
မှန်ပါ၏၊ ထိုကိစ္စကို သီးခြားလုပ်ဆောင်ဖို့လိုသဖြင့် ဥက္ကဌ ရန်းဒေါ့ဖ်လည်း ချက်ချင်းသဘောမတူလိုက်ပေ။ သူဟာ နာဗီလ်ထံ ၎င်းအား အသေအချာစဉ်းစားပြီး ရက်အနည်းငယ်အတွင်း အကြောင်းပြန်မည်ဟု ပြောခဲ့သည်။
နာဗီလ်လည်း ၎င်းကို ခန့်မှန်းထားပြီးသားပင်။ မည်သို့ဖြစ်ဖြစ် သူ၏ နီရှီမြို့သို့ ခရီးမှာ လမ်းကြောင်းတချို့ရှာ၍ နီရှီမြို့နှင့် ရူဒ်ဆန်တိုင်းပြည်တို့၏ ကုန်သည်အချို့နှင့် အဆက်အသွယ်လုပ်ကာ ထိုရည်ရွယ်ချက်ကို ပြသရန်သာဖြစ်သည်။
ဧရာမသင်္ဘောသုံးစင်း၏ အားကောင်းသော ထိတ်လှန့်မှုကြောင့် ဥက္ကဌ ရန်းဒေါ့ဖ်ကဲ့သို့ စိတ်လှုပ်ရှားသွားသူ များစွာ ရှိပေလိမ့်မည်။
သို့သော် ရိုးရိုးသားသားပြောရလျှင် နာဗီလ်မှာ ဥက္ကဌကအဘယ့်ကြောင့် သတ္တုတွင်းထွက်များကို ဤမျှ ဂရုစိုက်နေမှန်း နားမလည်ပေ။
စတက်တိန်းနယ်မြေမှာ သတ္တုတွင်းထွက်မကြွယ်ဝသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်ကို ပြည့်မီရန်လုံလောက်သလို အပိုအလျှံပင်ရှိနေဦးမည်။
သို့သော် ကြည့်ရသည်မှာ ဥက္ကဌက လုံးဝ စိတ်တိုင်းမကျပုံပင်။ သူဟာ နာဗီလ်အား ပင်လယ်ပြင်၌ ရွက်လွှင့်နေစဉ်တွင် တွေ့သမျှကျွန်းတိုင်းအား စူးစမ်းစေချင်ပြီး နီရှီမြို့ကို လာရောက်ပြီးနောက် ဤပြဇာတ်ကိုပါ ကခိုင်းခဲ့သေးသည်။
မိုးကြိုးလျှပ်စီးကျွန်းကလွဲလျှင် တွေ့ရှိခဲ့သည့် ကျွန်းငယ်များများစားစားမရှိသလို အများစုကလည်း မည်သည့်သတ္တုတွင်းထွက်မှ မရှိပေ။
"ဥက္ကဌက ဒီအစီရင်ခံစာသာ ရောက်သွားရင် စိတ်ပျက်သွားမလားမသိဘူး...."
နာဗီလ်မှာ ခေါင်းခါ၍ သက်ပြင်းချလိုက်၏။ ဥက္ကဌ ရန်းဒေါ့ဖ်က မှော်ဆလွန်းထဲဝင်သွားသည်ကို ကြည့်ပြီးနောက် သူလည်း အရိပ်ထဲမှ ထွက်လာလိုက်သည်။
သူလည်း ပြန်လှည့်ကာ သင်္ဘောသားများအား ပို၍မြန်မြန်လုပ်ဖို့ပြောတော့မည်အပြုတွင် မျက်လုံးထောင့်မှ အင်မတန်ရင်းနှီးနေသော မှော်ဆလွန်းတစ်စီးမှာ ဆိပ်ကမ်းဆီမောင်းနှင်လာသည်အား မြင်လိုက်ရ၏။
ထိုအဖြူရောင်မှော်ဆလွန်းမှာ 'နံနက်ခင်းနေ'၏ ဘေးရှိ ဆိပ်ကမ်း၌ ရပ်တန့်ကာ တံခါးပွင့်လာချိန်၌ ရှုယီ ပေါ်လာလေသည်။
နာဗီလ်လည်း အံ့ဩသွား၏။ သူ့ထံ သွားကာ နှုတ်ဆက်တော့မည်အပြုတွင် တစ်ဘက်တံခါးလည်း ပွင့်လာကာ ဆယ်နှစ်အရွယ်ပတ်လည် မိန်းကလေးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။
နာဗီလ်မှာ ချက်ချင်း ကြောင်ငေးငေးဖြစ်သွား၏။
ဥက္ကဌမှာ.... ဘယ်တုန်းက ဒီလောက်အရွယ်ရှိတဲ့ တရားမဝင်သမီးတစ်ယောက် ရှိလာရတာလဲ?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၈။ ယခင်ကထက် ပိုကြီးမားသည့် အဓိကရုဏ်း ဖန်တီးခြင်း
တစ်အောင့်ကြာပြီးနောက် နာဗီလ်မှာ တုံ့ပြန်ကာ ရှုယီဘက် အမြန်ပြေးလာသည်။
"ဥက္ကဌ ဘယ်လိုလုပ် ဒီရောက်နေတာလဲ?"
ရှုယီလည်း တစ်ချက်ပြုံးကာ၊ "ငါက ရူဒ်ဆန်တိုင်းပြည်မှာ သိပ်မဝေးဘူးလေ။ မင်းတို့ သင်္ဘောရောက်လာတဲ့ သတင်းကြားလို့ တစ်ချက်လာကြည့်တာ။" ထိုသို့ပြောပြီးနောက် သူဟာ မှော်သင်္ဘောသုံးစင်းဘက်လှည့်ကာ မေးသည်၊ "ဘယ်လိုလဲ? ခရီးက အဆင်ပြေရဲ့လား?"
နာဗီလ် ရယ်မောလိုက်သည်၊ "ကံကောင်းမှုနတ်ဘုရားမကြောင့် ခရီးစဉ်အတွင်းမှာ အသေးအဖွဲ့ပြဿနာတချို့ ရှိခဲ့ပေမယ့်လည်း အားလုံး ချောချောမွေ့မွေ့ဖြစ်ခဲ့ပါတယ်။ ပြီးတော့...." နာဗီလ်က ချောင်းဟန့်လိုက်ပြီးနောက် အသံကိုနှိမ့်လိုက်ကာ၊ "ဥက္ကဌ လွန်ခဲ့တဲ့ ရက်အတော်ကြာက ဒီကနေဆို ကီလိုမီတာနှစ်ရာအောက်ဝေးတဲ့ အဖိုးတန်ကျွန်းတစ်ကျွန်းကို ကျွန်တော်တို့ရှာတွေ့ခဲ့တယ်...."
"အဖိုးတန်တယ်?" နာဗီလ်ထံမှ မျက်လုံးတစ်ဖက်မှိတ်ပြလာသည်ကိုမြင်သော် ရှုယီ ချက်ချင်းနားလည်လိုက်သည်၊ "အခုကျွန်းရဲ့ အခြေအနေကရော?"
နာဗီလ်က လက်ဖြင့် 'အိုကေ'ဟု လုပ်ပြလာသည်။
"ပြဿနာလုံးဝမရှိပါဘူး ခဏနေရင် ဥက္ကဌကို အသေးစိတ် အစီရင်ခံစာပေးမယ်။"
ရှုယီ ခေါင်းငြိမ့်လိုက်သည်၊ "ဒီလိုလုပ်မယ်ဆို စိတ်ချပါပြီ။ ဒါပေမယ့် အခု ဒါကိုလုပ်ဖို့ အချိန်မရှိလောက်ဘူး။ မင်းဘာသာမင်းလုပ်ပြီး စတက်တိန်းနယ်မြေရောက်မှ ပြန် အစီရင်ခံတော့။"
"ဒါက...." နာဗီလ်မှာ ၎င်းကို စဉ်းစားကြည့်လိုက်၏။ သူ့အနေနှင့် မိုးကြိုးလျှပ်စီးကျွန်းနှင့် ပတ်သက်ပြီး အလျင်လိုနေသေးသည်ဟု ခံစားရသောကြောင့် ၎င်းကို အလောတကြီး တင်ပြဖို့မလိုသဖြင့် ချန်လှပ်ထားလိုက်သည်။
သို့သော် ရှုယီထံပြောရမည့် အခြားကိစ္စရှိသေး၏။
နာဗီလ်မှ အစောပိုင်းက ဥက္ကဌရန်းဒေါ့ဖ်နှင့်အတူ ဆွေးနွေးခဲ့သည့် အကြောင်း ပြောလာသည်ကိုကြားသော် ရှုယီလည်း အသာပြုံးလိုက်သည်။ သူက နာဗီလ်၏ ပခုံးကိုပုတ်ကာ ချီးကျူးလိုက်ပါ၏၊ "မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ ဥက္ကဌ ရန်းဒေါ့ဖ်တို့ ငါတို့လုပ်ငန်းစုက သူ့ရဲ့ တောင်းဆိုမှုအတွက် စဉ်းစားပေးနိုင်တယ်ဆိုပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ စတက်တိန်းနယ်မြေမှာ လာဆွေးနွေးပြီး အခု အလျင်မလိုသေးရင် အကောင်းဆုံးပဲလို့ ပြောလိုက်ပါ။ သတ္တုတွင်းထွက်တွေကတော့... သူလုပ်နိုင်သလောက်ပေါ့ တွန်းအားမပေးနဲ့။"
"အမ်?" နာဗီလ်မှာ အတန်ငယ်အံ့ဩသွားသည်။
ဥက္ကဌမှာ ယခင်က ဤကိစ္စကို အင်မတန် အရေးပါကြောင်းပြောခဲ့သော်လည်း ယခုမှ အဘယ့်ကြောင့် အရေးမပါတော့ပုံပေါ်နေရသနည်း?
နာဗီလ်၏ စိတ်ထဲရှိသံသယကိုမြင်သော် ရှုယီ အပြုံးဖြင့် ရှင်းပြလိုက်လေသည်၊ "ရူဒ်ဆန်တိုင်းပြည်မှာ ပူးပေါင်းမှုနဲ့ ပတ်သက်ပြီး ပြောင်းလဲမှု နည်းနည်းရှိလို့။ မျှော်လင့်မထားတာတွေသာဖြစ်မလာခဲ့ရင် ငါတို့လုပ်ငန်းစုက ရူဒ်ဆန်တိုင်းပြည်ရဲ့ သတ္တုတွင်းထွက်ရင်းမြစ်တွေ ဝေစုမြင့်မြင့်ရမှာမို့ လျှို့ဝှက်သတ္တုတွင်းထွက် သဘောတူညီမှု လုပ်မယ့်အကြောင်း စိုးရိမ်ဖို့ မလိုတော့ဘူး။ ဒါပေါ့ ဒီအဓိပ္ပာယ်က အဲ့ဒါတွေကို မလိုအပ်တာတော့မဟုတ်ဘဲ ဆက်လုပ်ရဦးမှာ။ ဘာလို့လဲဆိုတော့ ငါတို့လုပ်ငန်းစုရဲ့ သတ္တုတွင်းထွက် လိုအပ်မှုက အကန့်အသတ်ရှိမှာမဟုတ်လို့ပဲ၊ ငါပြောချင်တာကို နားလည်ရဲ့လား?"
"နားလည်ပါတယ်!" နာဗီလ်က ခေါင်းငြိမ့်လိုက်ပြီးနောက် သိလိုစွာမေးလာသည်၊ "ဥက္ကဌ ရူဒ်ဆန်တိုင်းပြည်က ကျွန်တော်တို့လုပ်ငန်းစုဆီကနေ အကူအညီလိုလို့ အပေးအယူလုပ်ဖို့ ဆန္ဒရှိသွားတာလား?"
"အဲ့လိုပေါ့" ရှုယီက အသာပြုံး၏။
အကြောင်းအရင်းမှာ အဇ်ရှာရာမျိုးနွယ်စုနှင့် ပူးပေါင်းမှုကြောင့်ဆိုသော်လည်း ယခု နာဗီလ် ကို ပြောဖို့ အဆင်မပြေချေ။
ရှုယီက ပြောမည်မဟုတ်သည်ကိုမြင်သော် နာဗီလ်လည်း မေးဖို့ စိတ်မပါတော့ပေ။
အလောတကြီး အစီရင်ခံစရာမရှိတော့သဖြင့် နာဗီလ်၏ မျက်လုံးများမှာ မည်သည့်အချိန်ကမှန်းမသိ 'နံနက်ခင်းနေ'ထံ ပြေးသွားကာ စိတ်ဝင်တစားဖြင့် မော့ကြည့်နေသော ကလေးမလေးထံ မရောက်သွားဘဲ မနေနိုင်တော့ချေ။
"ဥက္ကဌ ဒီကလေးမလေးက...."
"သူမကို လုမီလို့ခေါ်တယ်၊ သူမရဲ့ အထောက်အထားက ဘာဆိုတာ မင်းပြောနိုင်လား?" ရှုယီက အပြုံးဖြင့် မေးလိုက်၏။
နာဗီလ်က ခေါင်းခါသည်။ သူဟာ နတ်ဘုရားတစ်ပါးမဟုတ်လေရာ မည်သို့များ ထိုကလေးမလေးကိုကြည့်ရုံနှင့် သူမ၏ အထောက်အထားကို ပြောနိုင်ပါမည်နည်း။
သို့သော် ဥက္ကဌ၏ အသံအနေအထားအရ ထိုကလေးမလေး၏ အဆင့်အတန်းက သာမန်မဟုတ်လောက်ပေ။
သို့သော် သူမ၏ အဝတ်အစား၊ အသွင်အပြင် သို့မဟုတ် အရောင်အဝါကို သုံးသပ်ရသော် မျိုးရိုးမြင့်မိသားစုကြီးတစ်ခုထံမှ သခင်မလေးတစ်ဦးဟုတ်ပုံမရ။
ဥက္ကဌ၏ ရူဒ်ဆန်တိုင်းပြည်က အဆင့်အတန်းနှင့် ဆိုလျှင် အသိအမှတ်ပြုခံရနိုင်မည့် တစ်ဦးတည်းသောလူမှာ ရူဒ်ဆန်တိုင်းပြည်၏ မင်းသမီးလေးသာရှိသည်လည်း ဖြစ်နိုင်သည်?
သို့သော်ငြား သူမည်သို့ကြည့်ကြည့် မတူညီသည့် အရောင်များရှိ ချည်သားအထည်များကို ဝတ်ဆင်ကာ ဆံပင်စုတ်ဖွားဖြစ်နေသည့် ထိုမိန်းကလေးမှာ မင်းသမီးလေးတစ်ဦးနှင့်မတူပါချေ။
နာဗီလ်မှာ လုမီက မည်သူဖြစ်ကြောင်း မပြောနိုင်သည်ကိုမြင်သော် ရှုယီ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။
သို့သော် နောက်တွင် သူနားလည်သွားပါ၏။
သွေးနှောများက စိုင်စ်နယ်မြေကြီးမှ အချိန်အတော်ကြာ ပျောက်ကွဲသွားခဲ့ပြီးဖြစ်သည်။
စာအုပ်များ၌ သွေးနှောများ၏ မှတ်တမ်းရှိပါလျှင်တောင် ၎င်းတို့အားလုံးမှာ ဒဏ္ဍာရီသာဖြစ်လိမ့်မည်။
လူတိုင်းက သွေးနှောများမှာ နယ်မြေကြီးမှ ပျောက်ကွယ်သွားပြီဟု စဉ်းစားထားပြီးသားပင်။
ထို့အပြင် သွေးနှောများက လူသားကလေးငယ်များနှင့် ဆင်တူကာ ကွဲပြားမှုမရှိသလောက်ဖြစ်သည်။
ရှုယီကသာ သွေးနှောများ၏ မှော်စက်ဆိုင်ရာ အသိပညာအကြောင်း စိတ်ဝင်စားမိသဖြင့် စာအုပ်များစွာ၌ ၎င်းတို့အကြောင်းရှာဖွေကာ လုမီကို နတ်သူငယ်များနှင့် တွဲတွေ့ခဲ့ရခြင်းကြောင့်သာ မဟုတ်လျှင် သူ့အတွက်လည်း သူမက ဒဏ္ဍာရီလာ သွေးနှောတစ်ဦးဖြစ်ကြောင်း ချက်ချင်း ပြောနိုင်ရန် ခက်ခဲပေလိမ့်မည်။
ရှုယီက လုမီ၏ အထောက်အထားအကြောင်း ထုတ်ပြရန် အခွင့်အရေးယူတော့မည် အချိန်တွင် သူမက ရုတ်တရတ်ရောက်လာကာ စိတ်လှုပ်တရှား အော်ပြောလာ၏၊ "ဟေး ရှုယီ ဒီသင်္ဘောက တကယ် အံ့ဩစရာပဲ! ဘယ်လိုများလုပ်ခဲ့တာလဲ?"
ရှုယီ တစ်ချက်ပြုံးလိုက်သည်၊ "ဒါကို ကျုပ်တစ်ယောက်တည်းလုပ်ထားတာမဟုတ်ဘူး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အဖွဲ့ဝင်အရေအတွက် များစွာရဲ့အင်အားကို ယူပြီးလုပ်ထားရတာ။ ဘယ်လိုလဲ လုမီ? မှော်သင်္ဘောကို မြင်ပြီးတော့ မင်းရဲ့ ရွှေဒင်္ဂါးငါးထောင်သုံးပြီး ပင်လယ်ပျော်သင်္ဘောလုပ်မယ့် အတွေးက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား?"
လုမီမှာ သူမ၏ နှာခေါင်းလေးကိုရှုံ့ကာ နှာမှုတ်လိုက်ပြီးနောက် ရေရွတ်လေသည်၊ "ကျွန်မ အပြင်မထွက်တာကြာနေပြီဆိုတော့ ရှင်တို့လူသားတွေက ဒီလောက်အဆင့်မြင့်နေမယ်လို့ မထင်ခဲ့ဘူးလေ။" ထို့နောက် သူမက တစ်ဖန် စိတ်လှုပ်ရှားလာပြန်၏၊ "ဟေး ရှုယီ ဒီသင်္ဘောသုံးစီးက ဒီလောက် ခိုင်ခံ့တာ ပင်လယ်ကို ထွက်လို့ရနေပြီပဲ မဟုတ်လား? ရှင် ကျွန်မကို လိမ်နေတာပဲ ဖြစ်ရမယ်!"
ရှုယီက ပခုံးတွန့်ကာ၊ "ကျုပ်က မင်းကို ဘာအတွက် လိမ်ရမှာလဲ? သီအိုရီအရ ဒီသင်္ဘောသုံးစီးက ပင်လယ်ကို ထွက်နိုင်ပေမယ့်လည်း ပင်လယ်မှာ ရွက်လွှင့်တဲ့ ဘေးအန္တရာယ်တွေက မင်းရဲ့ စိတ်ကူးကို အများကြီးကျော်လွန်နေတာလေ။ မင်း ကျုပ်ကို မယုံရင် နာဗီလ်ကို မေးလိုက်လို့ရတယ်။"
ရှုယီက သူ့ထံ ညွှန်ပြလာသည်ကိုမြင်သော် နာဗီလ်မှာ အံ့ဩသွားပါ၏။
ရှုယီနှင့် လုမီတို့၏ စကားဝိုင်းကို ကြားစဉ်က သူ၏ စိတ်ထဲတွင် သံသယတို့ ပြည့်သွားခဲ့သည်။
ဤ လုမီဟု ခေါ်သော ကလေးမလေးမှာ ဥက္ကဌကို နာမည်တပ်ခေါ်နိုင်ရာ သူမ၏ အထောက်အထားက သေချာပေါက် မသေးလှသည့် အဓိပ္ပာယ်ပင်။
သို့သော် ထိုမိန်းကလေး နောက်၌ ထပ်ပြောလာသည့်အရာမှာ....
"ရှင်တို့ လူသားတွေက ဒီအဆင့်ကို ရောက်နေပြီ" ဟူ၍ပင်။
"ရှင်တို့ လူသားတွေက"ဆိုတာ ဘာလဲ?
သူမက လူသားမဟုတ်ဘူးလား?
၎င်းကိုစဉ်းစားမိချိန်တွင် လုမီက နာဗီလ်ရှေ့ ခုန်ထွက်လာကာ မော့ကြည့်၍ မေးလာ၏၊ "ဟေး ရှင့်ကို နာဗီလ်လို့ ခေါ်တာလား? ပြောပါဦး ပင်လယ်ပြင်မှာ ရွက်လွှင့်တာက ရှုယီပြောသလို တကယ်ကြီး အန္တရာယ်ရှိတာလား?"
ရှုယီက သူ့ထံကြည့်လာသည်ကိုမြင်သော် နာဗီလ်လည်း ချက်ချင်း နားလည်လိုက်သည်။ ချောင်းဟန့်လိုက်ပြီးနောက် ခေါင်းငြိမ့်ကာ အလေးအနက်ပြန်ဖြေလိုက်ပါ၏၊ "ဟုတ်ပါတယ် လုမီ.... သခင်မလေးလုမီ။ အဆုံးမဲ့ပင်လယ်ပြင်ကိုရွက်လွှင့်တာက မင်း စိတ်ကူးနိုင်တာထက် အတော့်ကိုပိုပြီးကြောက်ဖို့ကောင်းပါတယ်။"
လုမီ၏ မျက်နှာထက်ရှိ သံသယကိုမြင်သော် နာဗီလ်မှာ အသံကိုမြှင့်လိုက်သည်၊ "ကျုပ်ကို အဲ့လိုသံသယနဲ့လာမကြည့်ပါနဲ့၊ ဒီသင်္ဘောသုံးစင်းက စတက်တိန်းနယ်မြေကနေ ဒီကို ကီလိုမီတာ နှစ်ထောင်ကျော်ရွက်လွှင့်လာပြီး ကျုပ်က ဒီသင်္ဘောစုကို ခေါင်းဆောင်လာတဲ့လူပဲ။ ဒီတော့ ကျုပ်တို့ ကြုံခဲ့ရတဲ့ ဘေးအန္တရာယ်တွေကို ဘယ်သူထက်မဆို ကောင်းကောင်းပိုသိတာပေါ့!"
လုမီမှာ တစ်စုံတရာကို ရေရွတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။ သူမ မော့ကြည့်လိုက်ချိန်တွင် အနည်းငယ် စိတ်ပျက်အားလျော့သွားဟန်ဖြင့် ရှုယီကို သက်ပြင်းချကာ ပြောလေသည်၊ "ဒီအဓိပ္ပာယ်က ကျွန်မ နှစ်နည်းနည်းစောင့်ရဦးမှာပေါ့။"
ရှုယီက ခေါင်းငြိမ့်ကာ "ဟုတ်တယ်။ မင်းကိုယ်တိုင်ပြောခဲ့တယ်မဟုတ်လား? နှစ်တစ်ရာတောင်စောင့်နေခဲ့ပြီးပြီမို့ နောက်ထပ် ငါးနှစ် ဆယ်နှစ်လောက်စောင့်ရလည်း ပြဿနာမရှိဘူးဆို?"
"အမ်း...." လုမီမှာ တိတ်ကျသွားပြီးနောက် ရုတ်တရတ် လက်ခုပ်တီးကာ ကျယ်လောင်စွာဆိုလာသည်၊ "ကောင်းပြီ ကျွန်မတို့ မတိုင်ခင်က လုပ်ထားတဲ့ သဘောတူညီမှုကို လိုက်နာကြတာပေါ့။"
သူမက စွင့်ကားတောင်ပံ၊ နံနက်ခင်းနေနှင့် အောင်ပွဲနတ်ဘုရားမအိုင်းရစ်တို့ဘက် မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုအပြည့်ရှိသည့်ဟန်ဖြင့်လှည့်လိုက်ကာ၊ "ဘာပဲဖြစ်ဖြစ် ဒီအားကောင်းတဲ့ မှော်သင်္ဘောသုံးစင်းကို မြင်နိုင်တာကတင် ကျွန်မရဲ့ မျှော်လင့်ချက်ကို ကျော်နေပါပြီ။ ရှင်တို့ ကျွန်မကို ကူညီဖို့ ဆန္ဒရှိနေသရွေ့ ပိုပြီးတောင်အားကောင်းတဲ့ မှော်သင်္ဘောကို လုပ်နိုင်ဖို့ နှစ်များများစားစားကြာမှာမဟုတ်လောက်ဘူး!"
"မင်းနားလည်ထားရမှာက မင်းကို ကျုပ်ကူညီနေတာမဟုတ်ဘဲ မင်းက ကျုပ်တို့ကို ကူညီနေတာပါ။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "လုမီ မင်းက အခုကျုပ်တို့လုပ်ငန်းစုရဲ့ အဆင့်မြင့် သုတေသနပညာရှင်ဖြစ်ပြီး ကျုပ်တို့လုပ်ငန်းစုရဲ့ ဝန်ထမ်းလည်းဖြစ်တာကြောင့် ကျုပ်အတွက် ကောင်းကောင်း အလုပ်လုပ်ပေးဖို့လိုတယ်။"
လုမီက သူမ၏ လက်သေးသေးလေးကို ယမ်းလိုက်သည်၊ "ဘယ်သူက ဘယ်သူ့ကို ကူညီတာပဲဖြစ်ဖြစ် နောက်ဆုံးမှာ အားကောင်းတဲ့ မှော်သင်္ဘောတစ်စီးလုပ်နိုင်နေသရွေ့ အဆင်ပြေတယ်။ ကျွန်မရဲ့ အိပ်မက်ကို အပြီးသတ်နိုင်သရွေ့ ရှင်အလိုရှိသမျှ ဘာမဆိုလုပ်နိုင်တယ်!"
ရှုယီက အသာပြုံးကာ၊ "အေးဆေးပေါ့ မင်းအနေနဲ့ ပိုအားကောင်းတဲ့မှော်သင်္ဘောတစ်စင်းထုတ်လုပ်နိုင်ရင် ဒါကလည်း ကျုပ်တို့လုပ်ငန်းစုရဲ့ ပန်းတိုင်တွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် လုမီ ကျုပ်တို့ ဒါကို သဘောတူထားပြီးပြီ။ မင်းကို မှော်သင်္ဘောထုတ်လုပ်မယ့်နေရာမှာ ဦးစားပေးခိုင်းမှာဆိုပေမယ့်လည်း တခြားစီမံကိန်းတွေလည်း လုပ်ဖို့လိုတယ်။"
"ကျွန်မနားလည်တယ် ရှင်စိတ်ချပါ။ ကျွန်မတို့ သွေးနှောတွေက ကတိကိုတည်ပြီး ရှင်တို့လူသားတွေလို မလှည့်ဖျားတတ်ပါဘူး။"
ရှုယီ မပြုံးဘဲ မနေနိုင်တော့ပေ။ သူတစ်ခုပြောတော့မည်အပြုတွင် ဘေးရှိ နာဗီလ်မှာ မနေနိုင်ဘဲ ပြောလာသည်။
"သွေးနှော? ဘုရားရေ! မင်းက တကယ်ကြီး သွေးနှောပဲ! အိုး ဒါက တကယ်ကို မယုံနိုင်လွန်းစရာကြီးပဲဟ! ဥက္ကဌ ဒါအမှန်ပဲလား? အခု ကျွန်တော့်ရှေ့မှာရှိနေတာက သွေးနှောလား? ဒါက အိပ်မက်ပဲဖြစ်ရမှာ! မယုံနိုင်စရာကြီး!"
ရှုယီမှာ အံ့ဩမှုကြောင့် ဗလုံးဗထွေးပြောလာသည့် နာဗီလ်ကို ကြည့်လိုက်သည်။ ၎င်းမှာ ဒဏ္ဍာရီလာနီးနီးဟူသော်လည်း နာဗီလ်အနေနှင့် ထိုမျှမအံ့ဩသင့်ပေဟုလည်း စဉ်းစားမိ၏။
ရှုယီ မပြောနိုင်ခင်တွင် လုမီက လက်များကို ခါးထက်တင်ကာ နာဗီလ်ကို မော့ကြည့်၍ အော်လိုက်၏၊ "ဟေး လူသား၊ သွေးနှောဖြစ်တာ ဘာမှားလို့လဲ? ဘာလို့ အရမ်းယုံရခက်နေတာလဲ? ကျွန်မက သက်ရှိ သွေးနှောတစ်ယောက် မဟုတ်လို့လား?"
နာဗီလ်က ငေးကြောင်ကြောင်ဖြင့် ခေါင်းငြိမ့်သည်။
"ဟုတ်တယ် မင်းက သွေးနှောပါ ဒါပေမယ့်... သွေးနှောတွေက နယ်မြေကြီးကနေ ပျောက်ကွယ်သွားတာ ကြာလှပြီမဟုတ်ဘူးလား?"
ရှုယီမှာ နာဗီလ်၏ ပခုံးကို အပြုံးဖြင့် ပုတ်လိုက်သည်၊ "ဟုတ်ပြီ အရာရာတိုင်းမှာ ချွင်းချက်ဆိုတာရှိတယ်။ နတ်သူငယ်တွေကိုလည်း လုံးဝပုန်းအောင်းနေတယ်လို့ ပြောခဲ့ကြတာပဲ မဟုတ်လား?ဒါပေမယ့် ငါတို့လုပ်ငန်းစုမှာ နတ်သူငယ်တွေကို တစ်နေ့လုံးမြင်နေရတာပဲလေ? အောင်ပွဲနတ်ဘုရားမအိုင်းရစ်ပေါ်မှာဆို နတ်သူငယ်သုတေသနပညာရှင် နှစ်ယောက်တောင်ရှိသေးတယ်။ သွေးနှောတွေက နတ်သူငယ်တွေထက်ပိုရှားပေမယ့်လည်း ဒီလောက် မချဲ့ကားသင့်ဘူးမို့လား?"
နာဗီလ်၏ ပါးစပ်ဟသွားသည်။ ဥက္ကဌက ၎င်းကို အင်မတန်လျှော့တွက်ထားသော်လည်း သွေးနှောများ နယ်မြေကြီး၌ ပြန်လည်ပေါ်ထွက်လာခြင်းက စိတ်ကူးပင်ကြည့်လို့ရသည့် အင်မတန်ထိတ်လန့်ဖွယ်သတင်းဖြစ်သည် မဟုတ်ပါလား!
နာဗီလ်၏ မယုံကြည်နိုင်ဖွယ်မျက်နှာကိုမြင်သော် ရှုယီ အနည်းငယ် ခေါင်းကိုက်သွား၏။
လွန်ခဲ့သည့်နှစ်အနည်းငယ်အကြာ ဘန်တာမြို့၌ လူတိုင်းရှိ အက်ဂ်နက်စ်ပေါ်လာစဉ်က ရုတ်ရုတ်သဲသဲဖြစ်ကာ မယုံကြည်နိုင်သူများမှာ အတော်ကြောက်မက်ဖွယ်ဟု ယူဆနိုင်သည်။ Frestech ကုန်သည်ကြီးများအသင်းသည်ပင် အက်ဂ်နက်စ်ကိုလာတွေ့ကြသူများ အချိန်ကြာဝိုင်းရံခံခဲ့ရသဖြင့် ထိခိုက်ခဲ့သေး၏။
သူသာ လုမီကို ပြန်ခေါ်သွားပြီး အများပြည်သူရှေ့ ကြေငြာလိုက်လျှင် ထိုတုံ့ပြန်မှုမှာ နာဗီလ် ယခုဖြစ်နေသလိုဖြစ်လိမ့်မည်။ ၎င်း၏ သက်ရောက်မှုက အက်ဂ်နက်စ်ထက်ပင် အဆပေါင်းများစွာ ပိုနိုင်၏။
နာဗီလ်၏ ချဲ့ကားသော တုံ့ပြန်မှုကြောင့် မကျေမနပ်ဖြစ်ကာ ဒေါသတကြီးပါးဖောင်းထားသည့် လုမီကိုမြင်သော် ရှုယီ စိတ်ထဲခါးသက်သက်ရယ်မိသည်။
အခြားမျိုးနွယ်စုများနှင့် ပူးပေါင်းရန် ၎င်းမှာ သူလက်ခံရမည့် အကျိုးဆက်များထဲမှတစ်ခုဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၂၉။ သပိတ်မှောက်ခြင်း
ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အနေနှင့် အခြားမျိုးနွယ်စုများနှင့်အတူ အလုပ်လုပ်ဆောင်ရခြင်း အကျိုးဆက်များကို လက်ခံဖို့လိုအပ်ကာ ၎င်းက ယူဆောင်လာသည်မှာ အံ့အားသင့်မှုသာမကချေ။
Frestech ကုန်သည်ကြီးများအသင်းထံ ကျော်ကြားမှုယူဆောင်လာခြင်းအပြင် ဆုံးရှုံးမှုများဖြစ်လာစေမည့် ထိတ်လန့်ဖွယ်အကျိုးဆက်များလည်းရှိသည်။
၎င်းတို့အနက်တစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းကို အမြဲ နှောင့်ယှက်နေသောပြဿနာဖြစ်၏။ ထိုသည်မှာ Frestech ကုန်သည်ကြီးများအသင်းထံတွင် အခြားမျိုးနွယ်စု အလုပ်သမားများစွာရှိသဖြင့် ၎င်းတို့အနေနှင့် အခြားလုပ်ငန်းစုများမယှဉ်နိုင်သည့် အကျိုးအမြတ်များရှိလျှင်တောင် စီမံခန့်ခွဲရပိုခက်လာသည်။
လူသားများအကြားတွင်ပင် အဖွဲ့ကွဲနေသူများရှိသဖြင့် မျိုးနွယ်စုများအကြား၌ ပြောဖို့ပင်မလိုချေ။
Frestech ကုန်သည်ကြီးများအသင်း ထိုမျှ မကြီးမားခင်အချိန်က ထိုပြဿနာမှာ မသိသာသော်လည်း ယခု Frestech ကုန်သည်ကြီးများအသင်းထံ၌ အိမ်သုံးမှော်စက်,စက်ရုံသုံးရာကျော်ရှိပြီး ၎င်းတို့လက်အောက်တွင် ဝန်ထမ်း တစ်သိန်းအထိရှိသည်။ လူသားလုပ်သားဖြစ်စေ အခြားမျိုးနွယ်လုပ်သားဖြစ်စေ အားလုံး အရေအတွက်တိုးလာသည်ဖြစ်ရာ ထိုပြဿနာက လေးနက်မှုပိုများလာသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားသိန်းချီကြားတွင် လူသားအလုပ်သမားများမှာ အယောင်ရှစ်သောင်းကျော်ဖြင့် အဓိက ဖွဲ့စည်းထားဆဲဖြစ်၏။
အခြားမျိုးနွယ်စုများမှာမူ လူပုလေး ရှစ်ထောင်ကျော် သားရဲလူမျိုး တစ်သောင်းခွဲကျော်နှင့် နတ်သူငယ် သုံးထောင်ကျော်မျှသာရှိသည်။ ထို့အပြင် ၎င်းတို့အများစုအား Frestech ကုန်သည်ကြီးများအသင်းမှ တိုက်ရိုက် စီမံခန့်ခွဲခြင်းမဟုတ်ပေ။
ထို့ကြောင့် လူဦးရေအရဆိုလျှင် လူသားအလုပ်သမားများက အခြားမျိုးနွယ်အလုပ်သမားများကို အပြည့်အဝ ကျော်လွန်နေကြသည်။
သို့သော် အခြားမျိုးနွယ်စုအလုပ်သမားများအကြား၌ နတ်သူငယ်အချို့ကို Frestech ကုန်သည်ကြီးများအသင်းမှ စီမံခန့်ခွဲထားရာ ၎င်းတို့ကို လျစ်လျူရှုနိုင်၏။ ထို့အပြင် ပန်းပဲဖိုရာ၌ သဘာဝအစွမ်းအစများနှင့် လူပုလေးများကမူ အများစုက ကျွမ်းကျင်ဆင့်မြင့် အလုပ်သမားများ သို့မဟုတ် မှော်စက်မှုအင်ဂျင်နီယာများ ဖြစ်ကြသဖြင့် လူသားအလုပ်သမားများနှင့်ယှဉ်သော် များစွာ ပိုမြင့်မားသည့် နေရာ၌ ရှိကြသည်။
ရှုယီ၏ နည်းစနစ်အတွက် မြင့်မြင့်မားမားတောင်းဆိုချက်ကြောင့် ၎င်းလူပုလေးအလုပ်သမားများကို Frestech ကုန်သည်ကြီးများအသင်း၌ ပိုကောင်းစွာ ဆက်ဆံပေးကြ၏။
လူပုလေးများက ရိုးရှင်းကာ အလွယ်လေးရင်းနှီးတတ်ပါလျှင်တောင် ထိုအထူး ဆက်ဆံရေးကြောင့် လူသားအလုပ်သမားများမှာ မမျှတဟု တွေးမိသဖြင့် မကျေနပ်ကြချေ။
အချိန်ကြာဖြစ်လာသည့် မကျေနပ်မှုက သဘာဝကျကျပင် ပွင့်ထွက်လာလိမ့်မည်။
ထို့ကြောင့် ရူဒ်ဆန်တိုင်းပြည်မှာ စတက်တိန်းနယ်မြေသို့ ပြန်ရောက်လာချိန်တွင် ရှုယီမှာ သူ့အား အံ့အားသင့်စေသည့်အရာနှင့် ကြုံကြိုက်ခဲ့ပါ၏။
Frestech ကုန်သည်ကြီးများအသင်း၌ တကယ်ကို အလုပ်သမားသပိတ်တစ်ခု ရှိနေလေသည်!
ခမ်နက်ဒ်က သူ့ထံထိုကိစ္စကို သတင်းပို့လာသည့်အချိန်တွင် ရှုယီ၏ အမူအရာက အင်မတန်ထူးဆန်းနေပါ၏။
သူဟာ ဒေါသမဖြစ်ဘဲ ထိုကိစ္စက အဓိပ္ပာယ်မရှိဟုသာ ခံစားမိပြီး မယုံနိုင်ဖြစ်နေလေသည်။
သူ၏ အလုပ်သမားများထံ ပေးထားသည့် ဆက်ဆံပုံမှာ စိုင်စ်နယ်မြေကြီးရှိ မည်သည့်လုပ်ငန်းစုထက်မဆို ပိုကောင်းနေသည်ကို ၎င်းတို့က တကယ်ကြီး သပိတ်မှောက်တယ်လား?
ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း မပေါ်လာခင်က လုပ်ငန်းစုများရှိ အလုပ်သမားများအတွက် အမြင့်ဆုံးလစာမှာ တစ်လလျှင် ရွှေဒင်္ငါးအနည်းငယ်မျှသာရှိသည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းပေါ်လာပြီးနောက် ရှုယီက ၎င်းတို့ကို တွန်းပို့ခြင်းကြောင့် ဘန်တာမြို့လုပ်ငန်းစုမျိုးစုံ၏ လစဉ်လစာများမှာ ဆက်တိုက် တိုးတက်လာခဲ့သည်။ ယခုတွင် ပျမ်းမျှ တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်အထိရောက်နေပြီဖြစ်၏။
ဤလစာဝင်ငွေမှာ လယ်သမားမိသားစုအချို့အတွက် နှစ်ပေါင်းများစွာ ဝင်ငွေနှင့်ပင် ထပ်တူကျနိုင်သည်။
၎င်းတို့က ဒါကို စိတ်မကျေနပ်ဖြစ်နေသေးတာလား? ပြီးတော့ သပိတ်တစ်ခုနဲ့ ပိုကောင်းတဲ့ ဆက်ဆံပုံရချင်သေးတယ်ပေါ့?
ရှုယီမှာ တကယ်ကို ထိုမျှ ဒေါသမထွက်ဘဲ ဤကိစ္စကို အနည်းငယ် မယုံနိုင်ရုံသာ ခံစားမိသည်။ မည်သို့ဖြစ်ဖြစ် သူ့ထံ၌ ဒေါသဖြစ်မည့် အတွေးတစ်စပင်မရှိချေ။
၎င်းမတိုင်ခင်က ရှုယီမှာ လုပ်ငန်းစုတစ်ခု၏ အလုပ်သမားများ သပိတ်မှောက်ခြင်းကို မကြားဖူးသလို ၎င်းတို့အနေနှင့် ပြဿနာလည်း မရှာဝံ့ကြပေ။
လုပ်ငန်းစုတစ်ခုအတွက် အလုပ်လုပ်ပေးနိုင်ရန် ခဲယဉ်းသောကြောင့် လူတိုင်းက တန်ဖိုးထားကြသည်။
သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းတည်ထောင်ထားသည့် မှော်စက်မှုနယ်ပယ်က အလုပ်များစွာကို ဖန်တီးပေးထားသောကြောင့် အခြားအလုပ်များ အလွယ်တကူရှာနိုင်၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပြီး များများစားစားတန်ဖိုးမထားကြတော့ပေ။
၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်မလုပ်ပါလျှင်တောင် အလုပ်သမားများလိုအပ်နေသည့် အခြားမှော်စက်လုပ်ငန်းစုများစွာရှိသေးသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများအားလုံးမှာ ကျွမ်းကျင်ပြီး လုပ်ငန်းအတွေ့အကြုံကြွယ်ဝသည်။ ၎င်းတို့ Frestech ကုန်သည်ကြီးများအသင်းထံမှ ရရှိထားသော နည်းစနစ်များကြောင့် ၎င်းတို့ကို အခြားလုပ်ငန်းစုများက ကြိုဆိုကြသဖြင့် အနှီအလုပ်သမားများမှာ မစိုးရိမ်နေကြချေ။
ထို့ကြောင့် ရှုယီ စဉ်းစားကြည့်ပြီးနောက်တွင် ထိုကိစ္စက မရှိမဖြစ်လိုအပ်သလို ထိုမျှမထူးဆန်းဟု နားလည်လိုက်၏။
အဆုံးတွင် လူတို့၏အလိုလောဘကို ဘယ်တော့မှ ဖြည့်ဆည်းနိုင်မည်မဟုတ်ပေ။
အခွင့်အရေးရှိပါကာ လူများမှာ အမြဲလိုလို ပိုကောင်းသည့် လမ်းကြောင်းကို ရွေးချယ်လိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအနေနှင့် လူပေါင်းသောင်းချီ၏ ဆန့်ကျင်မှုကို ရင်ဆိုင်နေရချိန်တွင် ကိုယ်ကျင့်တရားနှင့် အသိစိတ်တို့မှာ မည်သည့်အဓိပ္ပာယ်မှမရှိချေ။
သပိတ်ခေါင်းဆောင်ဖြစ်သူထံမှ ရယူထားသည့် ခမ်နက်ဒ်ပေးလာသော တောင်းဆိုချက်များကို ကြည့်ရင်း ရှုယီမှာ မရယ်မောမိဘဲ မနေနိုင်တော့ပေ။
ဤအဆိုပြုချက်တွင် ၎င်းတို့မှာ လူသားအလုပ်သမားများအတွက် ဆက်ဆံပုံကို အခြားမျိုးနွယ်စုအလုပ်သမားများရရှိသည့်အတိုင်း ထပ်တူ လိုချင်နေကြသည်။ လူသားအလုပ်သမားများနှင့် အခြားမျိုးနွယ်စုအလုပ်သမားများကို ထပ်တူဆက်ဆံစေလိုခြင်း အကြံမှာ ကျိုးကြောင်းညီညွတ်ပြီး လက်ခံနိုင်ဖွယ်ရှိသော်လည်း ၎င်းက ၎င်းတို့၏ ပြဿနာဖြစ်စေသော အလိုလောဘသာဖြစ်ပါ၏။
"ခမ်နက်ဒ်, ဒါကို မင်း ဘယ်လိုကိုင်တွယ်ဖို့စဉ်းစားထားလဲ?" ရှုယီက ရုတ်တရတ်မေးလေ၏။
ခမ်နက်ဒ်မှာ ရှုယီက ၎င်းအခွင့်အရေးကို သူ့အား စမ်းသပ်ရန် အသုံးပြုလိုကြောင်းနားလည်သည်။ စဉ်းစားလိုက်ပြီးနောက် ဖြေလိုက်၏၊ "ကျွန်တော်က အဲဒီအလုပ်သမားတွေရဲ့ ခေါင်းဆောင်ကို ပြောပြီး အခြေအနေတွေကို ဆွေးနွေးဖို့စီစဉ်ထားတယ်။ ကျွန်တော်တို့အနေနဲ့ အပြီးသတ်နိုင်ရင် အဆင်ပြေပေမယ့် မလုပ်နိုင်ရင်တော့ တစ်ခုကို တွေးရလိမ့်မယ်။"
ရှုယီက ခေါင်းခါကာ၊ "ဒါက အဆင်မပြေဘူး"
ခမ်နက်ဒ်မှာ အံ့ဩသွား၍ မေးလေသည်၊ "ဘယ်အပိုင်းက အဆင်မပြေတာလဲ?"
"ပထမဆုံး ငါတို့လုပ်ငန်းစုမှာ ထုတ်လုပ်နိုင်စွမ်းမလုပ်လောက်လို့ ဒီအလုပ်သမားတွေနဲ့ ညှိနှိုင်းနေရင် နှောင့်နှေးပြီး ထုတ်လုပ်ရေးကို ထိခိုက်လိမ့်မယ်။"
"ကျွန်တော့်အနေနဲ့ ညှိနှိုင်းချိန်ကို တတ်နိုင်သမျှ လျှော့ချနိုင်ပါတယ်။
"ဒါက သူတို့လိုချင်တဲ့အရာဆိုတော့ သူတို့အနေနဲ့ ကျိုးကြောင်းမသင့်တဲ့ အခြေအနေကို သဘောတူအောင် တွန်းအားပေးမှာပဲ။ ဒါပေမယ့် ငါတို့သဘောတူလိုက်ရင် အလုပ်သမားတွေကို ဆွဲချတာ ငါတို့ကိုယ်တိုင်ပဲဖြစ်နေမှာ။" ရှုယီက ဆိုသည်၊ "ဒုတိယက ငါတို့သာ အလုပ်သမားတွေနဲ့ တစ်ခေါက်ညှိနှိုင်းလိုက်ရင် ဒုတိယတစ်ခေါက်ရှိလာမှာမို့ ရှေ့လျှောက် ဖြေရှင်းဖို့ ပိုခက်သွားလိမ့်မယ်။"
"ဒါဆို ဥက္ကဌပြောချင်တာက ကျွန်တော်တို့ အဲဒီ့အလုပ်သမားတွေနဲ့ ဆွေးနွေးလို့မရဘူးပေါ့? ဒါပေမယ့် အချိန်ဆွဲထားလို့လည်းမရဘူးလေ...." ခမ်နက်ဒ်က မျက်မှောင်ကုပ်သည်။
ရှုယီမှာ ခမ်နက်ဒ်၏ အရည်အချင်းကို သိသဖြင့် သူ့ထံ၌ ကိုင်တွယ်ရန် နည်းလမ်းမရှိရန် မဖြစ်နိုင်ကြောင်း သေချာသိသော်လည်း သူ့အတွက် ၎င်းကိုဖြေရှင်းရန် အတွေးမှာ သေချာပေါက် ဒီတစ်ခေါက်တွင် ခမ်နက်ဒ်နှင့် ခြားနားနေ၏။ ထို့ကြောင့် သူဟာ ခမ်နက်ဒ်၏ အစီစဉ်ကို တိုက်ရိုက်ငြင်းပယ်လိုက်သည်။
"ငါတို့ ဆွဲထားလို့မရရင် မဆွဲဘူးပေါ့။" ရှုယီက သူ့လက်ထဲရှိ တောင်းဆိုချက်ကိုကြည့်ကာ တစ်ချက်ပြုံးသည်။ ထို့နောက် ၎င်းကို အခြားလက်တစ်ဘက်ဖြင့် ဖြဲပစ်လိုက်ကာ၊ "ငါတို့ ဒီသပိတ်မှာ ပါတဲ့ အလုပ်သမားအားလုံးကို ထုတ်ပစ်လိုက်မယ်။"
"အာ?" ခမ်နက်ဒ်မှာ သူ့နားကို သူ မယုံနိုင်သည့်နှယ် ရှုယီကို ထိတ်လန့်တကြားကြည့်လာသည်၊ "ဥ... ဥက္ကဌ၊ ခင်ဗျား..... ဒီသပိတ်မှာ အနည်းဆုံး လူတစ်သောင်းရှစ်ထောင်ကျော်တယ်နော်! အကုန်လုံးကို ထုတ်ပစ်ချင်တာလား? ဒါက လုပ်ငန်းစုရဲ့ ထုတ်လုပ်ရေးကို ထိခိုက်မှာတင်မကဘူး လုံးဝရပ်တန့်သွားတာတောင်ဖြစ်နိုင်တယ်! ကျွန်တော်တို့ ဒီလိုသာလုပ်ရင် အနည်းဆုံး ဒီကနေ ရွှေဒင်္ဂါးသုံးသန်းလောက် ဆုံးရှုံးနိုင်တယ်!"
ရွှေဒင်္ဂါးသုံးသန်းအရေအတွက်ကိုကြားသော် ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။
"ဟေး ခမ်နက်ဒ်, မင်းလည်း ဒီအစီစဉ်ကို စဉ်းစားမိတယ်မဟုတ်လား? မဟုတ်ရင် မင်း ဒီအရေအတွက်ကို ဘယ်လိုသိမှာလဲ?"
ခမ်နက်ဒ်မှာ အံ့ဩသွားပြီးနောက် ရယ်ရမည်လား ငိုရမည်လားပင်မသိတော့ဘဲ သူ့ကိုကြည့်လာသည်၊ "ကျွန်တော်က ဒီတိုင်းတွက်ချက်မှုတချို့လုပ်ကြည့်တာပါ၊ ဘယ်တုန်းကမှ မစီစဉ်ထားပါဘူး။"
ရှုယီမျက်နှာထက်ရှိ တည်ငြိမ်နေဟန်ကိုမြင်သော် ရှုယီနှင့် အလုပ်အတူအလုပ်လုပ်လာသည့် နှစ်များစွာ အတွေ့အကြုံကြောင့် ခမ်နက်ဒ်အနေနှင့် ရှုယီ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်း သေချာသွားသည်။
သို့သော် ရှုယီ၏ အကြံက အင်မတန် ထိတ်လန့်ဖွယ်ပင်။ ခမ်နက်ဒ်မှာ ယခင်က ရှုယီ၏ ဆုံးဖြတ်ချက်များကို မဆန့်ကျင်ခဲ့ဖူးပါလျှင်တောင် မပြောမိဘဲ မနေနိုင်တော့ပေ၊ "ဥက္ကဌ ကျွန်တော့်အထင်.... ကျွန်တော်တို့ အရမ်းအလျင်လိုနေမှာမဟုတ်ဘူးလား? ဒီလောက် တွန်းအားပေးဖို့မလိုပါဘူး။ လုပ်ချင်တာရှိရင် တခြားလူတွေကို သတိပေးဖို့ သပိတ်ထဲပါတဲ့ အလုပ်သမားတွေကို စည်းကမ်းပေးလို့ရပါတယ်။ ကျွန်တော်တို့ ဒီသပိတ်ရဲ့ ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားဖို့လိုတာပါ ဘယ်လိုလုပ် အလုပ်သမားတွေအားလုံးကို ပစ်မှတ်ထားမှာလဲ? အလုပ်သမားတချို့က လမ်းလွဲကြပြီး တကယ်တမ်းဘာလုပ်ချင်ကြမှန်းတောင်မသိကြတာလည်း ဖြစ်နိုင်တာကို သိထားရမယ်လေ။"
"သူတို့လုပ်ချင်တာကို သူတို့မသိဘူး?" ရှုယီက အေးစက်စက်ရယ်ကာ၊ "ငါတို့အားလုံးက အရွယ်ရောက်ပြီးသားပဲ၊ ဒါက ဘယ်လိုဟာသမျိုးလဲ? ဟုတ်ပြီ ငါဆုံးဖြတ်လိုက်ပြီ။ ခမ်နက်ဒ်, မင်းက ဒီကိစ္စကို ဂရုစိုက်တော့ အသေးစိတ်ကို မင်းဆီလွှဲပေးလိုက်မယ်။"
ခမ်နက်ဒ်မှာ ရှုယီထံမှ အဆိုပြုချက်ကို ခါးသက်သက်ဖြင့် ပြန်ယူလိုက်သည်။ ထိုအပေါ်က ခေါင်းဆောင်အမည်ကိုမြင်သော် သူဟာ ထိုလူကိုသာ သေအောင် ကိုက်လိုက်ချင်တော့သည်။
အဲ့လူက သူ့ကိုသူ ဘယ်လိုလူလို့ထင်နေရတာလဲ? တကယ်ကြီး ဥက္ကဌကို ဒေါသထွက်အောင်လုပ်ရဲတယ်ပေါ့!
ဥက္ကဌက လွန်ခဲ့သည့် ၂နှစ်အတွင်း လုပ်ငန်းစုအရေးများထဲ ဝင်ပါသည်က ရှားပါလျှင်တောင် သူ၏ Frestech ကုန်သည်ကြီးများအသင်းရှိ အကြွင်းမဲ့ အာဏာကြောင့် တစ်ခုခုကို ဆုံးဖြတ်လိုက်သရွေ့ စီအီးအိုဖြစ်သည့် ခမ်နက်ဒ်သည်ပင် သူ့ကို မဆန့်ကျင်နိုင်ပေ။
သို့သော် အလုပ်သမားတစ်သောင်းရှစ်ထောင်ကို ထုတ်ပယ်ရမည့်အကြောင်း စဉ်းစားမိသော် ခမ်နက်ဒ်မှာ အပြင်းအထန် ခေါင်းကိုက်လာတော့၏။
ခမ်နက်ဒ် မျက်နှာထက်ရှိ နာကျင်နေဟန်ကိုမြင်သော် ရှုယီမှာ အသာပြုံးရင်း ခမ်နက်ဒ်၏ ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။
"ဟုတ်ပြီ ခမ်နက်ဒ်, ဒါကို စိတ်မပူပါနဲ့ ငါတကယ်ဒေါသမဖြစ်ဘူး။ ဝေဒနာ အတိုလေးက ရှည်ကြာမယ့် ဝေဒနာထက်ပိုကောင်းတယ်လို့ ထင်မိရုံပဲ။ ဒီသပိတ်က လုပ်ငန်းစုမှာရှိတဲ့ ပြဿနာတွေသာ အမှတ်တစ်ခုမှာ စုစည်းသွားရင် ပြန်လည်ဖွဲ့စည်းတာမျိုးတွေလုပ်သင့်တယ်လို့ ငါ့ကို သတိပေးလိုက်တာပဲ။ ဒီသပိတ်ခေါင်းဆောင်က မှန်ပါတယ်၊ လုပ်ငန်းစုက တခြားမျိုးနွယ်စုတွေအပေါ် ဆက်ဆံပုံကနည်းနည်းကွဲတော့ မမျှတဘူးလို့ ခံစားမိကြတာ မဆန်းပါဘူး။"
ခမ်နက်ဒ်က မျက်မှောင်ကုပ်၍ စဉ်းစားပြီးနောက် မေးလာသည်၊ "ဒါဆို..... ဥက္ကဌ ဘာလုပ်ဖို့ စီစဉ်ထားလဲ?"
"ရှင်းပါတယ် စိတ်တွေပျံ့လွင့်နေတဲ့ လူအားလုံးကို ထုတ်ပြီး ကျန်တဲ့အလုပ်သမားတွေကို အဆင့်သတ်မှတ်မယ်။ အရင်က အလုပ်သမားတွေအတွက် အဆင့်သတ်မှတ်ထားပေမယ့်လည်း ဒါက အရမ်းကို အကြမ်းဆန်တယ်။ ဥပမာပြောရရင် အလုပ်သမားတွေကို စီနီယာအလိုက်ခွဲတာက မမျှတဘူး။ အခုတော့ သူတို့ရဲ့ ကျွမ်းကျင်အဆင့်ကို သုံးသပ်ချက်ထဲထည့်ပြီး ဝန်ထမ်းတွေကို ပိုင်းခြားမယ်။ ပိုကျွမ်းကျင်ပြီး လုပ်ငန်းစုအတွက် ပိုကြာကြာအလုပ်လုပ်လေလေ သူတို့ရဲ့ အဆင့်တွေလည်းမြင့်ပြီး ပိုကောင်းတဲ့ ဆက်ဆံပုံရလေလေပေါ့။"
ခမ်နက်ဒ်လည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်၊ "ကျွန်တော့်မှာ ဒီအကြံရှိထားတာဆိုပေမယ့် လုပ်ငန်းစုက အရမ်းမြန်မြန်ဖွံ့ဖြိုးနေပြီး အလုပ်သမားကလည်းများတော့ ဒီပြန်လည်ဖွဲ့စည်းမှုလုပ်ဖို့ အချိန်မရှိဘူးဖြစ်နေခဲ့တာ။"
"ဒီတော့ အဓိပ္ပာယ်က ဒီအခွင့်အရေးကို ပြန်လည်ဖွဲ့စည်းမှုကြီးလုပ်ဖို့ အသုံးပြုရမယ်။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ဒီကိစ္စကြောင့်သာမဟုတ်ရင် ငါတို့လည်း ဒီပြန်လည်ဖွဲ့စည်းမှုကြီးလုပ်ဖို့ ဆင်ခြေရှိမှာမဟုတ်ဘူး။ အဲဒီ့အလုပ်သမားတွေက လူပုလေးတွေကို အရမ်းကောင်းကောင်းဆက်ဆံနေလို့ မမျှတဘူးပြောနေကြတာမို့လား? ကောင်းပြီလေ သူတို့သာ လူပုလေးတွေနဲ့ တူညီတဲ့ဆက်ဆံပုံလိုချင်ရင် လူပုလေးတွေလို အလုပ်ကြိုးစားသင့်တယ်။ သူတို့သာ ငြင်းရင်တော့ ရှင်းပါတယ် Frestech ကုန်သည်ကြီးများအသင်းက ထွက်သွားလိုက်ပေါ့။ ဒါပေမယ့် ထွက်ပြီးမှ ပြန်လာချင်ရင်တော့.... ဟဲဟဲ အစကနေပဲ ပြန်စလို့ရမယ်။"
ရှုယီ မျက်နှာထက်ရှိ သူတစ်ပါးဒုက္ခရောက်သည်ကို အားရဟန်ပေါ်နေပုံအား ကြည့်ရင်း ခမ်နက်ဒ် ခေါင်းခါမိသည်။
ဥက္ကဌက ဒေါသမထွက်ဟု ပြောနေသော်လည်း သူ၏ အမူအရာအရ ဒေါသထွက်နေဆဲသာဖြစ်ရမည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၀။ အတိုင်းအတာကြီးအလုပ်သမားလျှော့ချခြင်း ပြီးနောက်
Frestech ကုန်သည်ကြီးများအသင်းထံမှ အတိုင်းအတာကြီး အလုပ်သမားလျှော့ချခြင်းသတင်းထွက်လာချိန်တွင် အနီးဝန်းကျင်တိုင်းပြည်များရှိလူများ အံ့အားသင့်ကုန်ကြသည်။
လုပ်ငန်းစုများအနေနှင့် မလိုအပ်တော့သည့် အလုပ်သမားများကို ထုတ်ပယ်ရန်မှာ ပုံမှန်ပင်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းပေါင်း တစ်သောင်းရှစ်ထောင်ကို ထုတ်ပယ်သည်က ထူးခြားသည့်အရာဖြစ်၏။
လူများစွာ၏ ပထမဆုံး တုံ့ပြန်မှု Frestech ကုန်သည်ကြီးများအသင်းတော့ အဆုံးသတ်ပြီဟုပင်။
အဘယ့်ကြောင့်ဆိုသော် ပုံမှန်အခြေအနေတွင် လုပ်ငန်းစုတစ်ခုမှာ ပြိုလဲခါနီးမှသာ အတိုင်းအတာကြီး အလုပ်သမားလျှော့ချခြင်းမျိုးလုပ်တတ်သည်ပင်။
ထို့အပြင် တိုးတက်နေစဉ်၌ အဆိုပါလုပ်ငန်းစုမှာ ၎င်းတို့၏ လုပ်ငန်းတိုးတက်ရေးကို ကာကွယ်ရန် အလုပ်သမားပမာဏကြီးတစ်ခုကို စုဆောင်းလိမ့်မည်။
သို့သော် ၎င်းမတိုင်ခင် Frestech ကုန်သည်ကြီးများအသင်းမှာ တစ်ချိန်လုံး အလုပ်သမားများစုဆောင်းနေခဲ့သည်။
လွန်ခဲ့သည့် လဝက်ကပင် Frestech ကုန်သည်ကြီးများအသင်းမှာ စုဆောင်းရန်အတွက် ဘေးပတ်ဝန်းကျင်တိုင်းပြည်များရှိ ၎င်းတို့၏အချိတ်အဆက်များကို အသုံးပြုနေခဲ့သည်။ အဘယ့်ကြောင့် ရုတ်တရတ် အနှီအလုပ်သမားများကို ထုတ်ပယ်နေရသနည်း?
Frestech ကုန်သည်ကြီးများအသင်းမှာ ပေါ်ပေါက်လာသည့် သပိတ်ကြောင့်လား?
၎င်းတို့သာ သပိတ်ကြောင့် ထိုအလုပ်သမားများအားလုံးကို ထုတ်ပယ်လိုက်လျှင် ၎င်းက အင်မတန် တင်းကြပ်ရာကျမည်သာ။
ရုတ်တရတ် Frestech ကုန်သည်ကြီးများအသင်း၏ သပိတ်နှင့် အတိုင်းအတာကြီးအလုပ်သမားလျှော့ချခြင်းတို့ကြောင့် ဘေးပတ်ဝန်းကျင်တိုင်းပြည်ရှိလူများမှာ ပြင်းထန်သည့် ဆွေးနွေးမှုများထဲ ကျရောက်သွားကြသည်။ သတင်းစာမျိုးစုံကလည်း ထိုကိစ္စနှင့် စပ်လျဉ်းသည့် ဆောင်းပါးများကို ထုတ်ပြန်ကာ တင်ပြလာကြသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များ၌ အာရုံအစိုက်ခံရဆုံးလုပ်ငန်းစုဖြစ်ကာ မည်သူကမှ မယှဉ်နိုင်ချေ။ ယခုတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများကြောင့် အာရုံစိုက်မှု၏ ဗဟိုချက်ဖြစ်လာတော့သည်။
သို့သော် မတူညီသည့်လူများအတွက် ဂရုစိုက်သည့် ကိစ္စများက မတူညီကြပေ။
သာမန်လူအများစုမှာ အပျော်တမ်းစောင့်ကြည့်နေကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေးအချိတ်အဆက်ရှိသူများမှာ ထိုကိစ္စနှစ်ရပ်က Frestech ကုန်သည်ကြီးများအသင်းကို မည်သို့ သက်ရောက်စေမည်အား ဂရုစိုက်ကြသည်။
အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်းထံမှ မှာယူထားကြသူများမှာ အင်မတန်စိုးရိမ်နေကြလေ၏။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက ဘယ်တုန်းကမှ မလုံလောက်ခဲ့သလို ယခုတွင် အလုပ်သမား တစ်သောင်းရှစ်ထောင်ကို ထုတ်ပယ်လိုက်ရာ ၎င်းတို့၏ ပုံမှန်ထုတ်လုပ်ရေးကို များစွာ ထိခိုက်စေလာနိုင်သဖြင့် ပို၍ပင် လိုအပ်နေပေတော့မည်။
အချက်အလက်များက ၎င်းတို့မျှော်မှန်းထားသလိုဖြစ်လာ၏။ အတိုင်းအတာကြီး အလုပ်သမားလျှော့ချခြင်းပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ဖောက်သည်များထံ တောင်းပန်စာတစ်စောင်စီပို့ခဲ့သည်။ လုပ်ငန်းစုအတွင်းပိုင်း အပြောင်းအလဲများကြောင့် ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်မည်ဖြစ်သဖြင့် မှာယူမှုများက အနည်းငယ် နှောင့်နှေးမည်ဟု ဆိုထား၏။
ထိုစာများရထားကြသည့် ဖောက်သည်များမှာ ကူရာမဲ့စွာသာ လက်ခံနိုင်ကြသည်။
အခြားနည်းလမ်းမရှိချေ။ ဘေးပတ်ဝန်းကျင်တိုင်းပြည်များ၌ မှော်စက်များထုတ်လုပ်သည့် အခြားလုပ်ငန်းစုများရှိပါလျှင်တောင် အိမ်သုံးမှော်စက်များမှလွဲ၍ Frestech ကုန်သည်ကြီးများအသင်းသာ ထုတ်လုပ်နိုင်သည့် အခြားမှော်စက်များထုတ်လုပ်သောလုပ်ငန်းစုကို ရှာဖွေကာ အစားထိုးနိုင်ခြင်းမရှိပေ။
အိမ်သုံးမှော်စက်များကမူ Frestech တံဆိပ်ကသာ လူတိုင်းက အဆင့်မြင့်သည်ဟုသတ်မှတ်ကြကာ ပြိုင်ဘက်လည်း မရှိပါချေ။
လူအများစုမှာ အိမ်သုံးမှော်စက်များဝယ်ယူလျှင် Frestech တံဆိပ်ကိုသာ ဝယ်ယူပြီး မဟုတ်ပါက မည်သည်ကိုမှ ဝယ်မည်မဟုတ်ပေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်လုပ်ရေးကို သက်ရောက်မှုရှိကြောင်း ကြေငြာလိုက်လျှင်တောင် အများစုက Frestech ကုန်သည်ကြီးများအသင်းပြန်အဆင်ပြေလာသည်ကိုသာ စိတ်ရှည်ရှည်စောင့်ဆိုင်းနေကြပြီး အခြားတံဆိပ်များ၏ အိမ်သုံးမှော်စက်များကို ဝယ်ယူဖို့ စဉ်းပင်မစဉ်းစားကြပေ။
မှန်ပါ၏ အလောတလျင်လိုအပ်မှုကြောင့် အခြားတံဆိပ် အိမ်သုံးမှော်စက်များဝယ်ယူသူအချို့တော့ရှိပါ၏။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် စပ်လျဉ်းသည့် ကိစ္စနှစ်ရပ် ဖြစ်သွားသည့်နောက်တွင် အခြားတံဆိပ်များ၏ ရောင်းအားများမှာ ပမာဏမျိုးစုံ တိုးလာတော့သည်။
အခြားတံဆိပ် အိမ်သုံးမှော်စက်များအကြားတွင် နှစ်များစွာအလိုက် အသင့်အတင့် အရည်အသွေးတိုးတက်လာသည်မှာ များစွာရှိလေသည်။ ၎င်းတို့အနေနှင့် Frestech တံဆိပ်မှော်စက်များကို မယှဉ်နိုင်ပါလျှင်တောင် Frestech တံဆိပ်ထက် ဈေးနှုန်းနိမ့်မှုကြောင့် လူများစွာက လက်သင့်ခံကြသည်။
လိုရင်းဆိုရသော် ထိုကိစ္စနှစ်ရပ်က Frestech ကုန်သည်ကြီးများအသင်းအပေါ် လွှမ်းမိုးမှုအတော်လေးရှိသော်လည်း အခြားအိမ်သုံးမှော်စက်လုပ်ငန်းစုများအတွက်မူ အင်မတန်ကောင်းမွန်သည့် အခွင့်အရေးပင်။
ထို့အပြင် ထိုလုပ်ငန်းစုများအတွက် ရောင်းအားတိုးလာခြင်းနှင့် ယှဉ်ရလျှင် ထိုလုပ်ငန်းစုအများစုမှာ Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်ပယ်လိုက်သည့် အလုပ်သမားတစ်သောင်းရှစ်ထောင်ကိုပို၍ ဂရုစိုက်ကြပါ၏။
ထိုအလုပ်သမားမျာအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း၌ တစ်နှစ်လောက် အလုပ်လုပ်ခဲ့သူများဖြစ်သည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၌ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည်က ၎င်းတို့ထံတွင် အခြားလုပ်ငန်းစုများအတွက် ရှားပါးအရည်အချင်းများဖြစ်ကြသော နည်းစနစ်နှင့် အတွေ့အကြုံအသင့်အတင့်ရှိသည့် အဓိပ္ပာယ်ပင်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမား တစ်သောင်းရှစ်ထောင်အား ထုတ်ပယ်ခြင်း သတင်းထွက်လာသည့်နောက် လူပေါင်းများစွာက စတက်တိန်းနယ်မြေထံလာရောက်ကာ Frestech ကုန်သည်ကြီးများအသင်းထံမှ ထုတ်ပယ်လိုက်သော အလုပ်သမားများအတွက် ပြိုင်ဆိုင်ကြတော့သည်။
လတစ်ဝက်အတွင်း အထုတ်ခံလိုက်ရသော အလုပ်သမား တစ်သောင်းရှစ်ထောင်မှာ အလုပ်သစ်များရသွားကြသည်။
Frestech ကုန်သည်ကြီးများအသင်းက အနှီအလုပ်သမားများကို ထုတ်ပယ်ပစ်လိုက်ချိန်တွင် ၎င်းတို့ကို လျော်ကြေးအဖြစ် ရွှေဒင်္ဂါးငါးဆယ်ပေးခဲ့သဖြင့် မည်သည့် ဆုံးရှုံးမှုမှ မခံစားခဲ့ကြရချေ။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအလုပ်သမားများ အဖြစ်မှ အခြားလုပ်ငန်းစုအတွက် အလုပ်လုပ်ရန် ချောမွေ့စွာ ကူးပြောင်းသွားခဲ့ကြ၏။
ထို့အပြင် လုပ်ငန်းအများစုက ၎င်းတို့အတွက် တိုက်ခိုက်နေကြသဖြင့် အခြားလုပ်ငန်းစုများထံဝင်ရောက်ချိန်တွင် လစာများက Frestech ကုန်သည်ကြီးများအသင်း၌ ရှိစဉ်ကထက်ပင် ပိုမြင့်နေတော့သည်!
၎င်းက Frestech ကုန်သည်ကြီးများအသင်း၌ ရှိနေခြင်းထက်ပင် ပိုကောင်းနိုင်၏။
တစ်ခဏကြာအောင် မထုတ်ခံခဲ့ရသော အလုပ်သမားများမှာ ၎င်းကြောင့် စိတ်လှုပ်ရှားကုန်ကြသည်။
"ဟေး အာချီ, မင်း ဒါကို တကယ်ပဲ မစဉ်းစားတော့ဘူးလား?" မျက်နှာဝါဝါနှင့် လူငယ်တစ်ဦးက ယခုမှ အိမ်ထဲကထွက်လာသည့် အာချီကို တားကာ မျှော်လင့်တကြီးမေးလာသည်၊ "ဒိုမီနိုကုန်သည်ကြီးများအသင်းရဲ့လစာက Frestech ကုန်သည်ကြီးများအသင်းထက် အများကြီးပိုမြင့်တယ်ဟ။ သူတို့က ငါ့ကို တစ်လ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားတောင် ပေးတာနော်! မင်းက ဒုတိယအဆင့်ဂဟေဆက်သူဆိုတော့ ငါနဲ့အတူလိုက်လာရင် ငါ့ထက်တောင်ပိုရဦးမယ်! မင်း တစ်လကို ရွှေဒင်္ဂါးသုံးဆယ်တောင် ရနိုင်တယ်!"
အာချီက မျက်မှောင်ကုပ်ကာ စိတ်မရှည်စွာဖြင့် လက်ယမ်းလိုက်သည်။ သူက အေးစက်စက်နှာမှုတ်ကာပြော၏၊ "ငါ မသွားဘူး။ လူသာ၊ မင်းသွားချင်ရင်သွား ငါ့ကိုပါ ဆွဲခေါ်ဖို့ မကြိုးစားနေနဲ့။ မင်းက တကယ်ပဲ ငါမသိဘူးလို့ ထင်နေတာလား? ဒိုမီနိုကုန်သည်ကြီးများအသင်းက မင်းတို့သာ လုပ်ငန်းစုက တစ်ယောက်ယောက်ကို ဆွဲခေါ်လာရင် ရွှေဒင်္ဂါးဆယ်ပါး ဆုချမယ်လို့ ပြောထားတာလေ ဟုတ်တယ်မလား?"
ထုတ်ဖော်ခံလိုက်ရသည့် လူသာမှာ မှားယွင်းသွားဟန်ပြ၍ ကျယ်လောင်စွာ ညည်းတွားလိုက်၏၊ "ဒိုမီနိုကုန်သည်ကြီးများအသင်းက တကယ်ပဲ ဒီလိုပြောထားပေမယ့် အာချီရယ် မင်းက ငါ့သူငယ်ချင်းမို့ ငါနဲ့ အတူလိုက်စေချင်တာပါ၊ မင်း ငါနဲ့အတူ ရှိနိုင်မယ်လို့ မျှော်လင့်မိတာပါ! မင်းသာ လိုက်ဖို့ ဆန္ဒရှိရင် ဒိုမီနို ကုန်သည်ကြီးများအသင်းက ပေးမယ့် ရွှေဒင်္ဂါးဆယ်ပြားကို မင်းဆီပေးမယ်၊ ကြေးတစ်ပြားတောင် သိမ်းထားမှာ မဟုတ်ဘူး! ဘယ်လိုလဲ? ဒါဆို ငါ့ရဲ့ စိတ်ရင်းကို ပြဖို့ လုံလောက်လား?"
"ဒါဆိုရင်တောင် ငါမသွားဘူး။" အာချီက အေးစက်စွာ ဆို၏၊ "ငါ့ကို Frestech ကုန်သည်ကြီးများအသင်းမှာ ကောင်းကောင်းဆက်ဆံကြတာမို့ တခြားလုပ်ငန်းစုကို သွားဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ မင်းကတော့ လူသာ၊ မင်းငါ့ကို သူငယ်ချင်းလို ဆက်ဆံမှတော့ မင်းကိုငါ ပြောလိုက်မယ် မင်းအခု ဒိုမီနို ကုန်သည်ကြီးများအသင်းမှာ လစာပိုမြင့်မြင့်ရနိုင်ပေမယ့် နောက်ဖြစ်လာမယ့်ဟာကို မစဉ်းစားဖူးဘူးလား? ဒိုမီနိုကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနဲ့ ယှဉ်နိုင်မှာတဲ့လား? Frestech ကုန်သည်ကြီးများအသင်းမှာလိုမျိုး တူညီတဲ့ ဆက်ဆံပုံရနိုင်လား? မင်း လှုပ်ရှားဖို့ အရမ်း အိုနေတဲ့အခါကျရင်ရော ပင်စင်ရနိုင်မှာလား?"
လူသာက နှုတ်ခမ်းများစေ့လိုက်သည်၊ "ကျစ် မင်းအဲဒါကို Frestech ကုန်သည်ကြီးများအသင်းမှာ ရနိုင်မယ်လို့ထင်လား? Frestech ကုန်သည်ကြီးများအသင်းက ကြားကောင်းအောင်ပြောနေတာကို မပြောနဲ့ဦး သူတို့ ဘယ်လောက်ကြာကြာခံနိုင်မှာမို့လဲ။ မနက်ဖြန်ဆိုရင်တောင် စီးပွားပျက်သွားနိုင်တယ်။"
အာချီက မျက်မှောင်ကုပ်၍ ဒေါသတကြီးဆို၏၊ "လူသာ မင်းထွက်လိုက်တာနဲ့ပဲ Frestech ကုန်သည်ကြီးများအသင်းကို ကျိန်ဆဲနိုင်ပြီထင်နေတာလား! မင်းကို လုပ်ငန်းစုက ထုတ်လိုက်တာမို့ ဒေါသဖြစ်နေတာကို သိပေမယ့် အရင်က အဲ့လူတွေနောက်လိုက်ပြီး ပြဿနာမရှာဖို့ ငါမင်းကိုပြောခဲ့တာပဲ။ အခု မင်းကို Frestech ကုန်သည်ကြီးများအသင်းကနေ ပြဿနာရှာလို့ ထုတ်လိုက်တာတောင် မင်းကတခြားလူတွေကို အပြစ်တင်နေတုန်းလား?"
လူသားက မိမိကိုယ်ကို တင်းမာလိုက်ကာ အော်ပြောလေသည်၊ "ငါ ပိုကောင်းကောင်းဆက်ဆံခံချင်တော့ရော ဘာဖြစ်လဲ? ဒါကို ခွင့်မပြုဘူးလား? ဘာလို့ အဲဒီ့ လူပုလေးတွေကျ အရမ်းကောင်းကောင်းဆက်ဆံခံရပြီး ငါတို့လူသားတွေကျတော့ ထပ်တူမဆက်ဆံခံရတာလဲ? ငါသာဆိုရင် ဥက္ကဌက ဘက်လိုက်တယ်လို့ပြောမှာပဲ! သူက အဲဒီ့တခြားမျိုးနွယ်စုအလုပ်သမားတွေကို ကာကွယ်နေပြီး ငါတို့လူသားအလုပ်သမားတွေကို လုံးဝဂရုမစိုက်တာလေ! သူက လူသားရောဟုတ်သေးရဲ့လား?"
လူသာ၏ စိတ်လှုပ်ရှားနေပုံကိုမြင်သော် အာချီမှာ ပို၍ တည်ငြိမ်လာသည်။
သူက လူသာကို ခဏတာ မျက်လုံးများ မှေးကျဉ်း၍ ကြည့်နေလိုက်ပြီးနောက် တည်ငြိမ်စွာ ဆိုလာ၏၊ "လူသာ မင်းတို့ မှော်လေပေးစက်, စက်ရုံမှာ လူပုလေးအလုပ်သမားသုံးယောက်ရှိတယ်မဟုတ်လား?"
"ဟုတ်တယ် အဲဒီ လူပုလေးအလုပ်သမားသုံးယောက်က တခြားလူသားအလုပ်သမားတွေထက် ပိုကောင်းတဲ့လစာနဲ့ အကျိုးအမြတ်တွေရတာကို ငါလက်မခံနိုင်တာ။ ဥက္ကဌသာ ငါတို့ကို တူညီတဲ့ဆက်ဆံမှုပေးရင် ဘယ်လိုလုပ်ငါတို့က ပြဿနာရှာမှာလဲ? ငါတို့အားလုံးက တူညီတဲ့အလုပ်လုပ်နေတာပဲလေ ဘာလို့ သူတို့ကို ငါတို့ထက် ပိုကောင်းကောင်းဆက်ဆံရတာလဲ?" လူသာက ဒေါသတကြီးပြော၏။
အာချီက အေးစက်စက်ရယ်မောကာ၊ "လူသာ ငါမှတ်မိတာသာ မှန်ရင် အဲဒီ လူပုလေးအလုပ်သမားသုံးယောက်ထဲမှာ အားအနည်းဆုံးတစ်ယောက်က စတုတ္ထအဆင့် စက်မှုပညာရှင်ဖြစ်နေတုန်းဆိုပေမယ့် စက်ရုံမှာ အလုပ်လုပ်နေကြတုန်းပဲ မဟုတ်လား?"
လူသာက နှာမှုတ်သည်၊ "ဒီတော့ဘာဖြစ်လဲ?"
"မင်းကျတော့ရော?" အာချီက နောက်တစ်ကြိမ်အေးစက်စက်ရယ်ကာ၊ "မင်းက ဒုတိယအဆင့် ဂဟေဆက်ခြင်းစမ်းသပ်မှုကိုတောင် အောင်သေးလို့လား?"
လူသာ၏ မျက်နှာက နီရဲလာပြီးနောက် ဒေါသတကြီးဆို၏၊ "မင်းဘာလုပ်နေတာလဲ? ငါ့ကိုရယ်တာလား? မင်းက အဲဒီ့စမ်းသပ်မှုကိုအောင်တာနဲ့ပဲ ငါ့ကိုရယ်လို့ရမယ်ထင်နေတာလား? မင်းက ငါ့ထက် များများစားစားပိုမကောင်းပါဘူး ဟုတ်တယ်မလား?"
အာချီက ခေါင်းခါကာ၊ "ငါက ငါ့အကြောင်းပြောနေတာမဟုတ်ဘူး၊ လူပုလေးအလုပ်သမားသုံးယောက် အကြောင်းပြောနေတာ။ မင်းက ဒုတိယအဆင့် ဂဟေဆက်ခြင်းစမ်းသပ်မျှတောင် မဖြတ်ကျော်နိုင်သေးဘဲ အနည်းဆုံး စတုတ္ထအဆင့် စမ်းသပ်မှုကို ကျော်ဖြတ်ပြီးသား လူပုလေးတွေနဲ့ တန်းတူ ဆက်ဆံခံချင်တာ မရှက်ဘူးလား?"
လူသာ၏ အမူအရာက အေးခဲသွားသည်။ ခေတ္တရပ်တန့်လိုက်ပြီးနောက် သူက ဒေါသတကြီးလက်ယမ်းကာ ကျယ်လောင်စွာဆိုလေ၏၊ "ဟေး! အာချီ မင်းက ဘယ်ဘက်မှာ ရပ်တည်နေတာလဲ? မင်းလည်း ဥက္ကဌလိုမျိုး လူပုလေးတွေကို ပြောပေးနေတာလား? မင်းက လူသားရောဟုတ်သေးရဲ့လား? ငါ့သူငယ်ချင်းရောဟုတ်သေးရဲ့လား? ဟမ်?"
အာချီမှာ လူသာကိုကြည့်ကာ တစ်လုံးချင်းပြောလိုက်၏၊ "ငါက လူသားပါ ဒါပေမယ့် မှန်တဲ့ဘက်မှာပဲ ရပ်တည်တယ်။ ဥက္ကဌ ပြောထားပြီးသား မင်းမှာ ပိုကျွမ်းကျင်မှုရှိရင် ပိုကောင်းကောင်းဆက်ဆံခံရမယ်၊ ဒါက လူသားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အလုပ်သမားအားလုံးအတွက် အတူတူပဲ။ မင်းကတော့..... လူသာ မင်းသာ ဒီလို အဓိပ္ပာယ်မရှိ ဆက်ပြောနေဦးမယ်ဆိုရင်.... ငါတို့ ဆက်မတွေ့ကြတာ ပိုကောင်းမယ်။"
"ဆက်မတွေ့ဘူး" လူသာက အာချီကို ငေးကြောင်ကြည့်ကာ မနေနိုင်ဘဲ ခြေနှစ်လှမ်းနောက်ဆုတ်သွားသည်။ သူက အာချီကို လက်ညှိုးထိုး၍ အထစ်ထစ်အငေါ့ငေါ့ဆိုလာ၏၊ "မင်း.... မင်းက တကယ်ကြီး လူပုလေးတွေကို ကာကွယ်နေတာပဲ.... ပြီးတော့ ငါနဲ့လည်း အဆက်သွယ်ဖြတ်ချင်သေးတယ်ပေါ့? ငါ.... ငါက မင်းနဲ့အတူ အရွယ်ရောက်လာတဲ့ မင်းသူငယ်ချင်းလေ...." (😑)
အာချီ၏ အမူအရာက အနည်းငယ် ပြေလျော့ကာ ခဏတာတိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလျက် လူသာ၏ပခုံးကို ပုတ်လိုက်သည်။
“လူသာ မင်း ဒိုမီနိုကုန်သည်ကြီးများအသင်းမှာ ကောင်းကောင်းလုပ်မဖြစ်ရင် ပြန်လာဖို့နည်းလမ်းတစ်ခုစဉ်းစားပါ။ ငါ့ကိုယုံ Frestech ကုန်သည်ကြီးများအသင်းမှာ တခြားလုပ်ငန်းစုတွေအားလုံးထက် အများကြီးပိုကောင်းတဲ့ အနာဂတ်ရှိတာမို့ ဒီမှာနေတာက လုံခြုံပါတယ်။ တခြားလုပ်ငန်းစုအားလုံးထက် အများကြီးပိုကောင်းတယ်လေ။"
လူသာ တစ်ခုခုပြန်ပြောသည်ကို စောင့်မနေတော့ဘဲ အာချီက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
လူသာမှာ ထွက်သွားသည့် အာချီကို ငေးကြည့်နေ၏။ တစ်အောင့်ကြာသည့်နောက် သူ၏စိတ်ထဲ ဒေါသတို့တစ်ဖန်ပြည့်လာကာ နှာမှုတ်လိုက်ပြီးနောက် တခြားဦးတည်ဘက်ကို လှည့်ထွက်လာ၏။
ဒိုမီနိုကုန်သည်ကြီးများအသင်းမှာ သူသာ Frestech ကုန်သည်ကြီးများအသင်း အလုပ်သမားတစ်ဦးကို ဆွဲခေါ်လာနိုင်လျှင် ရွှေဒင်္ဂါးငါးဆယ်ပေးမည်ဟု ဆိုထားခဲ့သည်။
အာချီသာသဘောမတူလျှင် သူ၏ အချိန်ကို အသုံးချကာ တခြားတစ်ယောက် ရှာသင့်ပေ၏။
***