လုမိသားစုအရိပ်တုလက်သီး- ပဲဝါလက်သီး
Vol. 18 Ch. 261
"မုန်ကျင်းကျိုး ခွေးသူတောင်းစား။ မင်းတိုက်ခိုက်တယ်ဆိုတာ ဒီလိုမျိုးလားကွ"
ကျားအသွင်ပြောင်းထားသည့်လုယန် ဒေါသတကြီး လှမ်းအော်သည်။
ငါကတော့ ဒီမှာခက်ခက်ခဲခဲတိုက်ခိုက်နေရတယ်။ မင်းကျတော့ ထိပ်တန်းဝိညာဉ်ကျောက်ကို ပစ်လွှင့်ရုံပဲပေါ့။
ဒီလိုဖြစ်သင့်ရဲ့လား။
"အင်း ဟုတ်တယ်။ ဒီလိုဖြစ်သင့်ရဲ့လား။ မင်းမှာကျတော့ ဝိညာဉ်ကျောက်တစ်လုံးမှမရှိပါလား။ ဘယ်လိုဖြစ်တာလဲ"
လုယန်နှင့်တိုက်ခိုက်နေသည့် နတ်ဆိုးနှစ်ကောင်လည်း မကျေမနပ်ဖြစ်သွားသည်။
"...မင်းတို့နှစ်ကောင် မပြောဘဲနေလို့မရဘူးလား။ ငါ့သိက္ခာ ထိခိုက်တယ်ကွ"
နတ်ဆိုးနှစ်ကောင် သူ့ကို အရေးမစိုက်။
သူတို့ပင်ပန်းကြီးစွာ တိုက်ခိုက်နေရသည်။ ရှုံးလုနီးပါးဖြစ်နေသည်။ ကျားနတ်ဆိုးနှင့် ခြင်္သေ့နတ်ဆိုးက ထိပ်တန်းဝိညာဉ်ကျောက်တစ်လုံး အလကားရသွားသည်။
ထိပ်တန်းဝိညာဉ်ကျောက်ဖြစ်သည်။ သူတို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း တစ်ခါမှမရဖူး။
သွေးဆက်အမုန်းတရားသည် အရေးကြီးပါသည်။ သို့သော် လက်တွေ့ဘဝကိုလည်း စဉ်းစားရမည်။
"ဒါဆို မင်းတို့နှစ်ကောင် သူ့ကိုသွားတိုက်ကြပါလား"
လုယန် အကြံပြုလိုက်သည်။
"ဟေ့ကောင် လုယန်။ ဒါတော့ မတရားဘူးကွ"
မုန်ကျင်းကျိုး အဝေးမှ လှမ်းအော်သည်။ ထိုသူတောင်းစားက သူချမ်းသားသည်ကို မနာလိုဖြစ်နေခြင်းဖြစ်သည်။
"အော်မနေနဲ့တော့။ မင်းရဲ့သားရဲနှစ်ကောင် ပြန်လာနေပြီ"
လုယန် သတိပေးလိုက်သဖြင့် မုန်ကျင်းကျိုး စကားရပ်သွားသည်။
"ဂါး"
ခြင်္သေ့ဟိန်းဟောက်သံ ပဲ့တင်ထပ်သွားသည်။ မိုးခြုန်းသံထက်ပင် ကြောက်စရာကောင်းသည်။ မုန်ကျင်းကျိုး တုန်ခါသွားပြီး ဦးနှောက်တစ်ခုလုံး ချာချာလည်သွားသည်။
ခြင်္သေ့နှင့်ကျား ပြန်ရောက်လာသည်။ အေးစိမ့်သည့်စွမ်းအင်ရောင်ကို ထုတ်လွှတ်နေသည်။
"မင်းတို့ဘာလို့ပြန်လာတာလဲ"
ကျားနတ်ဆိုးက လောဘရောင်တောက်နေသည့် မျက်လုံးဖြင့်
"ထိပ်တန်းဝိညာဉ်ကျောက်တစ်ခု မင်းထုတ်နိုင်တယ်ဆိုရင် မင်းဆီမှာ ထပ်ရှိသေးလို့ပဲဖြစ်မယ်လေ။ ငါတို့ကို အားလုံးပေးပါ။ မင်းအသက်ကို ချမ်းသာပေးမယ်"
ခြင်္သေ့က လည်ဆံမွှေးများခါလျက် မုန်ကျင်းကျိုးကို ရတနာတိုက်တစ်ခုဟု သဘောထား၍ ခြိမ်းခြောက်လိုက်သည်။
"မပေးရင် မင်းကိုဖမ်းချုပ်ပြီး မင်းရဲ့ဝိညာဉ်ကျောက်အားလုံးယူမယ်"
မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားပြီး နှာခေါင်းရှုံ့လိုက်သည်။
"လောဘကြီးလှချည်လား"
သူမတိုက်ခိုက်ချင်၍သာဖြစ်သည်။ ကြောက်၍မဟုတ်။
"မင်းတို့လို ရွှေသန္ဓေအလတ်တန်းဆင့် တိရစ္ဆာန်နှစ်ကောင်က ငါတို့မုန်မိသားစုဂိတ်တံခါးတောင် စောင့်ဖို့မတန်ဘူးကွ"
"သေချင်နေတဲ့ကောင်"
ကျားနှင့်ခြင်္သေ့ ဒေါသထွက်သွားသည်။ မုန်ကျင်းကျိုးကို တစ်စစီဆွဲဖြဲရန်ပြင်သည်။
"ကောင်းကင်တုန်ခြောက်ကွက်"
မုန်ကျင်းကျိုး ဆက်မကစားတော့။ မျက်လုံးတွင် ဒေါသရိပ်လွှမ်းလာသည်။ ကြောက်စရာစွမ်းအင်ရောင်ကို ထုတ်လွှတ်သည်။
အရဟတ်လက်သီးကို အဆက်မပြတ်လေ့ကျင့်ပြီးနောက် ကောင်းကင်တုန်ခြောက်ကွက်ပညာရပ်အပေါ် အမြင်သစ်များရလာသည်။ အရင်ထက် စွမ်းအားပို၍ထုတ်သုံးနိုင်လာသည်။
သရဲတစ်ကောင်လို သူလှုပ်ရှားသည်။ ခြေလှမ်းများက မြန်ဆန်ရှုပ်ထွေးသည်။ တိုက်ပွဲကွင်းတလျောက် လူးလာခေါက်ပြန် ပြေးလွှားနေမည်။ လက်သီးနှစ်ဘက်ကို လေလိုလွှဲယမ်းသည်။ နတ်ဆိုးနှစ်ကောင်ကို တိုက်ခိုက်သည်။
အငိုက်မိသွားသဖြင့် ကျားနှင့်ခြင်္သေ့ ပြင်းထန်သည့်လက်သီးချက်မိပြီး သွေးအန်ထွက်လာသည်။
သူတို့ အံ့၏တုန်လှုပ်သွားကြသည်။ အလိုလိုက်ခံထားရသည့် လူချမ်းသာသခင်လေးတစ်ယောက် ဝိညာဉ်ကျောက်များ စိတ်ထင်ရာစွန့်ကျဲနေသည်ဟုသာ ထင်ခဲ့ကြသည်။ ထိုမျှကြောက်စရာတိုက်ခိုက်စွမ်းအားမျိုး ရှိနေမည်ထင်မထား။
........
စပါးကြီးမြွေ မျက်လုံးများ နီရဲနေသည်။ ထောင်ယော်ယဲ့ကြောင့် ဒေါသပုန်ထနေသည်။ စိတ်အနှောက်အယှက်ပေးနေသည့်သဏ္ဌာန်ကို မျက်လုံးပြူး၍ ရှာဖွေနေသည်။ သူ့ကိုကစားနေသည့် ကောင်မလေးကို ဝါးမျိုပစ်ရန် ဆုံးဖြတ်ထားသည်။
နတ်ဆိုးများသည် စိတ်စွမ်းအင်အားနည်းကြသည်။ ထို့ကြောင့် ပုံရိပ်ယောင်ပညာကျွမ်းကျင်သည့် ထောင်ယော်ယဲ့သည် သူတို့၏သဘာဝကျိန်စာဖြစ်သည်။
တိုက်ပွဲတလျှောက် မြွေနတ်ဆိုးသည် ထောင်ယော်ယဲ့၏ အင်္ကျီစကိုပင် မထိနိုင်သေး။
'ဖျောင်း"
မှန်တစ်ခု ကွဲကြေသံလို အသံတစ်ခုထွက်လာပြီးနောက် လက်တွေ့အမှန်လောက ပေါ်လာသည်။
"မင်းကိုတွေ့ပြီ"
ပုံရိပ်ယောင်ကို ချိုးဖျက်ပြီးနောက် ထောင်ယော်ယဲ့ကို သူမြင်ရသည်။
ထိုအပြောင်းလဲမျိုး ဖြစ်လာမည်ကို ထင်မထားဟန်ဖြင့် ထောင်ယော်ယဲ့ ဘာလုပ်ရမှန်းမသိဘဲ နေရာတင်မင်သက်မိနေသည်။
မြွေနတ်ဆိုး ကြီးမားသည့် သွားစွယ်များကိုဖွင့်၍ ကြောက်လန့်အားငယ်နေသည့် ထောင်ယော်ယဲ့ကို တစ်ကိုယ်လုံး မျိုချလိုက်သည်။
သူအတင်းရုန်းကန်သော်လည်း မြွေနတ်ဆိုး၏စွမ်းအားကို မယှဉ်နိုင်ဘဲ တစ်ရစ်ချင်း ဝါးမျိုခံလိုက်ရသည်။
မလှမ်းမကမ်းတွင် စက္ကူထီးနီကိုင်ထားသည့် ထောင်ယော်ယဲ့အစစ်က မြွေနတ်ဆိုး သူ့အမြီးသူ မျိုချနေသည်အဖြစ်ကိုကြည့်၍ ခေါင်းခါနေသည်။
မြွေနတ်ဆိုးကို ကစားနေသည်ဟု ထင်ရသော်လည်း ထိုအလုပ် ဘယ်လောက်အန္တရာယ်ကြီးမှန်း သူသိသည်။
ထိုစပါးကြီးမြွေသည် ရွှေသန္ဓေထိပ်တန်းအဆင့် နတ်ဆိုးဖြစ်သည်။ သူ့ကို ပုံရိပ်ယောင်ထဲကျဖို့ အစွမ်းကုန်အားထုတ်ခဲ့ရသည်။
တစ်ချက်မှားသွားသည်နှင့် စပါးကြီးမြွေက ပုံရိပ်ယောင်ကို ချိုးဖျက်ပြီး သူ့ကိုတိုက်ခိုက်လာမည်။
ထိုသို့ဖြစ်လာလျှင် သူတကယ်ဒုက္ခရောက်မည်။
"တိုက်ခိုက်တဲ့နည်းလမ်းမျိုး လိုနေသေးတာပဲ"
သူ့ချို့ယွင်းချက်သူ နားလည်လာသည်။ လုယန်လို့ တိုက်ခိုက်စွမ်းရည်မျိုးသာရှိလျှင် မြွေနတ်ဆိုးကို အစောကတည်းက သူအနိုင်ယူနိုင်ခဲ့မည်။
ပုံရိပ်ယောင်လည်း သတ်နိုင်စွမ်းရှိပါသည်။ သို့သော် ကိုယ်ပစ်မှတ်က နက်ရှိုင်းသည့်ပုံရိပ်ယောင်တစ်ခုတွင် ရောက်နေမှသာ ဖြစ်နိုင်သည်။
အခြေတည်အဆင့်ကျင့်ကြံသူများကို ထိုအခြေအနေမျိုးရောက်အောင် ချုပ်နှောင်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။ သို့သော် ရွှေသန္ဓေအဆင့်များကို ထိုသို့လုပ်နိုင်ဖို့ များစွာပိုခက်ခဲသည်။
ထို့ကြောင့် သူသည် ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သည့် ရန်သူများကို မသတ်နိုင်သေးသည့်သဘောဖြစ်သည်။
သူ့လိုငှက်မသေမျိုးခန္ဓာပိုင်ရှင်အတွက် တိုက်ခိုက်ဖို့ထက် ခုခံဖို့သာ ပိုအာရုံစိုက်ရသည်။
ယခု သူ့လုပ်နိုင်စွမ်းအားလုံးက မြွေနတ်ဆိုးကို ထိန်းချုပ်ထားရုံသာဖြစ်သည်။
.........
အရိုးရိုင်း ထာဝရနတ်မယ်၏နာမည်ကို အဆက်မပြတ် ရွတ်ဆိုနေသည်။ အချိန်ကြာမြင့်စွာ ပုန်းကွယ်နေခဲ့သည့် ရှေးဟောင်းအရိုင်းသွေးဆက်က မီးတောင်ပေါက်ကွဲသလို တားမနိုင်ဆီးမရ နိုးကြားလာည်။
သူ့ခန္ဓာကိုယ် စွမ်းအားထပ်တိုးလာသည်။ တိုက်ပွဲအစတွင် ရွှေသန္ဓေထိပ်တန်းအဆင့်သားရဲကို သူအသာစီးမရခဲ့။ သို့သော်ယခု သူထိန်းချုပ်နိုင်လာသည်။
မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလွန်းသည်။ အခြေတည်ထိပ်တန်းအဆင့်ခန္ဓာကိုယ်က ရွှေသန္ဓေထိပ်တန်းအဆင့်နှင့် ယှဉ်နိုင်သည်။
ရှေးဟောင်းခေတ်မှ အရိုင်းမျိုးနွယ်များအားလုံး ထိုစွမ်းအားမျိုး ပိုင်ဆိုင်ခဲ့လောက်သည်ဟု အရိုးရိုင်းတွေးမိသည်။ ထာဝရနတ်မယ်၏ကောင်းချီးက သူတို့တိုက်ခိုက်စွမ်းအားကို ထူးထူးခြားခြားမြှင့်တင်ပေးခဲ့သည့်သဘောဖြစ်သည်။
"ထာဝရနတ်မယ်ဟာ ပြိုင်ဘက်ကင်းပဲ"
ကြေးခွံနတ်ဆိုး နောက်ဆုတ်ချင်စိတ်ပေါ်လာသည်။ အရိုးရိုင်းထံမှ အန္တရာယ်ရယ်အငွေ့အသက်ကို သူအာရုံခံမိသည်။ အပေါ်ယံစွမ်းရည်ကြောင့်မဟုတ်။ သွေးဆက်ထဲမှနိုးထလာသည့် အကြောက်တရားဖြစ်သည်။
အစောပိုင်းက အရိုးရိုင်းကို ကြောက်လည်းကြောက် မုန်းလည်းမုန်းသည်။ အမုန်းစိတ်က အကြောက်တရားထက် သာလွန်ခဲ့သည်။
ယခု အကြောက်တရားက အမုန်းစိတ်ကို လွှမ်းမိုးလာသည်။
......
ကျားအသွင်ပြောင်းထားသည့်လုယန်က ရွှေသန္ဓေအလတ်တန်းဆင့် နတ်ဆိုးသားရဲနှစ်ကောင်ကို ကျင်လည်စွာ ရင်ဆိုင်နိုင်သည်။
အသေသတ်တိုက်ကွက် ထုတ်သုံးတော့မည့်အချိန်တွင် ထက်မြက်သည့် သူ့အကြားအာရုံက မူမမှန်သည့်အသံတစ်ခုကို အာရုံခံမိသည်။
အဝေးမှလာနေသည့် ကလေးငိုသံဖြစ်သည်။ လုယန် ကျောရိုးထဲမှ စိမ့်တက်လာသည်။
ဤနေရာသည် တောကြီးမျက်မည်းဖြစ်သည်။ ရက်စက်ကြမ်းတမ်းသည့် နတ်ဆိုးသားရဲများ ပြည့်လျှံနေသည်။ ကလေးတစ်ယောက် ဘယ်လိုရှိနိုင်မည်နည်း။
တိုက်ခိုက်နေသည့် သားရဲနှစ်ကောင် အချင်းချင်းကြည့်နေကြသည်။ အကြောက်တရားက သူတို့မျက်လုံးထဲတွင် လွှမ်းမိုးနေသည်။
"လာနေပြီ"
"ဘယ်သူလဲ"
လုယန် တွေးမရအောင်ဖြစ်သွားသည်။
နတ်ဆိုးသားရဲနှစ်ကောင် ပြန်မဖြေကြ။ ငိုသံက တဖြေးဖြေးနည်းလာသည်။
ရုတ်တရက် ကလေးငိုသံ တိခနဲ ရပ်သါားသည်။ ခြောက်ခြားစရာကောင်းသည့် ရှေးဟောင်းစွမ်းအင်ရောင်တစ်ခု ထိုးထွက်လာသည်။
"ဒီလောက်အကြာကြီး တိုက်ခိုက်နေတာတောင် ဒီလူသားသုံးလေးယောက်ကို မရှင်းနိုင်သေးဘူးလား"
အေးစက်စက်စကားသံက လူတိုင်း၏နားထဲတွင် ပေါ်လာသည်။ လုယန် လူအသွင်ပြန်ပြောင်း၍ ချင်ဖုန်းဓားကို အသင့်ကိုင်ထားသည်။
အသံရှင်က တောထဲမှ ဖြေးညှင်းစွာ ထွက်လာသည်။ ပုံစံအစစ်ပေါ်လာသည်။ ဆယ်မီတာကျော်မြင့်သည့် ခေါင်းကိုးလုံးမြွေကြီးဖြစ်သည်။
"ခေါင်းကိုးလုံးမြွေပဲ"
လုယန် ပင့်သက်တစ်ချက် လေးပင်စွာရှိုက်လိုက်သည်။
(**တရုတ်ဒဏ္ဍာရီလာ ကောင်းကိုးလုံးနတ်ဆိုးမြွေဖြစ်သည်။ ကြမ်းတမ်းရက်စက်မှုဖြင့် နာမည်ကျော်သည်။ ရေကြီးရေလျှံခြင်းကပ်ဆိုးများနှင့် ဆက်စပ်နေသည်။ ဦးခေါင်းကိုးလုံးမှ ရေနှင့်မီးကို မှုတ်ထုတ်နိုင်သည်။ ရောက်လေရာတွင် ကပ်ဆိုက်သည်။ အော်သံက ကလေးငိုသံနှင့်တူသည်၀
အသွင်အပြင်က ကျားနတ်ဆိုး ခြင်္သေ့နတ်ဆိုးမျိုးဆက်မဟုတ်။
သန့်စင်သည့် ခေါင်းကိုးလုံးမြွေသွေးဆက်ဖြစ်သည်။
"မင်းတို့နှစ်ယောက် ငါနဲ့အတူ ဒီဓားကိုင်ထားတဲ့ကောင်ကို သတ်ပါ"
ခေါင်းကိုးလုံးမြွေက ဩဇာသံအပြည့်အဖြင့် အမိန့်ပေးသည်။ သူလည်း ရှေးဟောင်းအရိုင်းမျိုးနွယ်သွေးဆက်ကြောင့် အာရုံခံမိခြင်းဖြစ်သည်။ တိုက်ပွဲကွင်းသို့ရောက်ချိန်တွင် လူလေးယောက်တွင် လုယန်စွမ်းအားအကြီးဆုံးဖြစ်မှန်း သူသိသည်။ အရိုးရိုင်းကိုသတ်ဖို့ လုယန်ကိုအရင်သတ်ရမည်။
ခေါင်းကိုးလုံးမြွေ၏ ကြောက်စရာစွမ်းအားကို သိထားသဖြင့် နတ်ဆိုးနှစ်ကောင် မငြင်းဆန်ရဲ။
"နတ်မယ်၊ သူ့ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ"
"ရွှေသန္ဓေထိပ်တန်းအဆင့်"
လုယန် အတော်အကြပ်ရိုက်သွားသည်။
ထိပ်တန်းရွှေသန္ဓေအဆင့် ခေါင်းကိုးလုံးမြွေအပြင် ရွှေသန္ဓေအလတ်တန်းဆင့် သားရဲနှစ်ကောင်လည်း ရှိသေးသည်။ သူ့လက်ရှိ ရင်ဆိုင်နိုင်သည့်စွမ်းအားထက် ကျော်လွန်နေသည်။
မုန်ကျင်းကျိုး၏ အဝေးပို့မှော်အဆောင်များဖြင့် သူတို့အချိန်မရွေးထွက်သွားနိုင်ပါသည်။
သို့သော် ထွက်မသွားကြ။ လုယန်နှင့်မုန်ကျင်းကျိုး အပြန်အလှန် နားလည်မှုယူထားသည်။
ဤတိုက်ပွဲသည် အရိုးရိုင်းနှင့် ထောင်ယော်ယဲ့တို့အတွက် လေ့ကျင့်နိုင်ဖို့ အခွင့်ကောင်းတစ်ခုဖြစ်သည်။ ရန်သူများကလည်း ရွှေသန္ဓေအဆင့်အတွင်းသာရှိသည်။ သူတို့ထက်ကျင့်စဉ်အဆင့်လည်းမြင့်သည်။ ရှားပါးအခွင့်အရေးတစ်ခုဖြစ်သည်။
ကြေးခွံနတ်ဆိုးနှင့် အပြင်းအထန်တိုက်ခိုက်နေသည့် အရိုးရိုင်းကို လုယန်တစ်ချက်ကြည့်သည်။ ရှေးဟောင်းအရိုင်းသွေးဆက်က အဆက်မပြတ် နိုးထနေသည်။
ထိုဖြစ်စဉ်ကို နှောက်ယှက်လျှင် ကျင့်စဉ်လမ်း၌ အခက်အခဲကြုံလာနိုင်သည်။
မုန်ကျင်းကျိုးနှင့် ထောင်ယော်ယဲ့တို့လည်း တိုက်ပွဲကိုယ်စီ နွှဲနေရသည်။
ထို့ကြောင့် ခေါင်းကိုးလုံးမြွေကို လုယန် တစ်ယောက်တည်းရင်ဆိုင်ရုံသာရှိသည်။
"ဟေ့၊ နင်သူ့ကို မနိုင်ဘူးလေ"
နတ်မယ်က လုယန်ကို သတိပေးသည်။
"နိုင်ခြေရှိပါတဘ်။ ကျုပ်မှာ တိုက်ကွက်တစ်ကွက်ရှိတယ်။ သဘောတရားအရတော့ အနိုင်ရနိုင်တယ်။ ဒါပေမယ့် တစ်ခါမှဒါကိုထုတ်မသုံးဖူးသေးဘူး။ ခင်ဗှားအကူအညီလိုတယ်နတ်မယ်"
"ဟမ်"
အပြင်လောကတွင် လုယန်ဖြေညှင်းစွာမျက်လုံးမှိတ်လိုက်သည်။ အိပ်ပျော်တော့မည့်ဟန်ဖြင့် ခန္ဓာကိုယ်က ယိမ်းထိုးနေသည်။
ခေါင်းကိုးလုံးမြွေ သူ့အဖြစ်ကိုကြည့်၍ လှောင်ပြုံးပြုံးနေသည်။
"အိပ်စက်ခြင်းအရဟတ်လက်သီးလာ။ မင်းရွှေသန္ဓေအဆင့်ရောက်နေရင်တော့ ဒီတိုက်ကွက်က ငါ့အပေါ် အကျိုးသက်ရောက်မှု ရှိကောင်းရှိပါလိမ့်မည်။
"မဟုတ်ဘူး။ ဒါက အိပ်စက်ခြင်းအရဟတ်လက်သီးမဟတု်ဘူး။ ငါကိုယ်တိုင်တည်ထွင်ထားတဲ့ လုမိသားစုအရိပ်တုလက်သီးပညာပဲ"
"လုမိသားစုအရိပ််တုလက်သီး..."
ခေါင်းကိုးလုံးမြွေ အံ့အားသင့်နေသည်။
လုယန်၏လှုပ်ရှားမှုများ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ် ကျုံ့သွားသည်။ အသွင်အပြင်က တဖြေးဖြေးပို၍ မိန်းမဆန်လာသည်။
"ပေါက်တတ်ကရပြောနေတာပဲ"
ခေါင်းကိုးလုံး မြွေနတ်ဆိုးနှာခေါင်းတစ်ချက်ရှုံ့ လုယန်ဆီ ဦးစွာပြေးဝင်လာသည်။
နူးညံ့သည့်လက်သီးတစ်ချက် နတ်ဆိုးမျက်နှာဆီ လျှပ်စီးတန်းအရှိဖြင့် တိုးဝင်သွားသည်။ မြွေနတ်ဆိုး ရှောင်တိမ်းချိန်မရဘဲ လွင့်ထွက်သွားသည်။
ခေါင်းကိုးလုံးနတ်ဆိုး မျက်နှာတည်သွားသည်။ လုယန်ကိုငြိမ်၍ ကြည့်နေသည်။
ယခုလုယန်သည် ငယ်ရွယ်လှပသည့် မိန်းကလေးတစ်ယောက်အသွင်သို့ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။
"လုမိသားစုအရိပ်တုလက်သီး၊ ပဲဝါလက်သီးစွမ်းအား"