အခန်း (၃၁-၄၀)
Vol. 5 Ch. 31-40
Vol 5, အခန်း ၃၁။ အလုပ်သမား သမဂ္ဂ
အာချီ ထောင့်ချိုးကို ကွေ့လိုက်သော် သူ့အား စောင့်နေသည့် လီယာကို တွေ့လိုက်ရသည်။
"လူသာက သူနဲ့ ဒိုမီနို ကုန်သည်ကြီးများအသင်းမှာ အတူအလုပ်လုပ်ဖို့ ကို့ကိုထပ်လာမေးပြန်ပြီလား?" လီယာမှာ အသာမျက်မှောင်ကုပ်လိုက်မိသည်။ သူမက လူသာလျှောက်သွားသည့် ဘက်ကိုကြည့်ရင်း ခေါင်းမခါမိဘဲ မနေနိုင်လိုက်ချေ၊ "သူ့ကို သဘောမတူလိုက်ဘူးမို့လား?"
"မတူဘူးပေါ့။" အာချီက အပြုံးဖြင့် ပြန်ဖြေ၏၊ "ကိုယ်သာ တကယ်သဘောတူလိုက်ရင် ကိုယ့်အဖေက ခြေထောက်ရိုက်ချိုးမှာပေါ့။"
လီယာလည်း ပြုံးလေသည်။
မကြာသေးခင်က လူသာမှာ အာချီကို Frestech ကုန်သည်ကြီးများအသင်းမှ ခေါ်ထုတ်ချင်နေကြောင်း ဖရေလီယာကြားသော် ဒေါသူပုန်ထသွားခဲ့သည်။ သူဟာ သေချာပေါက် သဘောမတူရ၊ မဟုတ်ပါက ခြေထောက်ရိုက်ချိုးက အိမ်မှ ကန်ထုတ်ပစ်မည်ဟု အာချီ့ကို သတိပေးခဲ့၏။
ဖရေလီယာမှာ Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် ၎င်းတို့၏ ဘဝများကို ပြောင်းလဲနိုင်ခဲ့သည်ဟု ယုံကြည်သဖြင့် Frestech ကုန်သည်ကြီးများအသင်းကို အင်မတန်ချစ်မြတ်နိုးလေသည်။ သူဟာ သူ့ရှေ့၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ Frestech ကုန်သည်ကြီးများအသင်း အကြောင်း သို့မဟုတ် ဥက္ကဌရှုအကြောင်း မကောင်းပြောခွင့် တစ်ခွန်းတောင် မပေးပါချေ။ သူဟာ တစ်ဘဝလုံး Frestech ကုန်သည်ကြီးများအသင်း၌ နေမည်ဖြစ်ပြီး မည်သည့်နေရာကိုမှ မသွားဟုလည်း အကြိမ်များစွာ ပြောခဲ့လေ၏။
ဖရေလီယာမှာ မတိုင်ခင်က အလုပ်သမားသပိတ်ကြောင့် အင်မတန်ဒေါသဖြစ်ကာ ထိုလူများအားလုံး ကျေးဇူးမသိတတ်သော အမှိုက်များဟုပင် ဆိုခဲ့သည်။
အာချီသာ လူသာ၏ ဖိတ်ခေါ်မှုကို တကယ်လက်ခံ၍ ဒိုမီနိုကုန်သည်ကြီးများအသင်းကို အပြေးသွားခဲ့ပါလျှင် ဖရေလီယာမှာ တကယ်ပဲ သူ့အား မိသားစုမှ ထုတ်ပယ်လိုက်သည်။
မှန်ပါ၏ ၎င်းတို့မှာ ဖရေလီယာ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ချစ်မြတ်နိုးမှုကို ပယ်ရှားလိုက်လျှင်တောင် ၎င်းတို့အမြင်အရ လီယာသည်လည်း Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာခြင်းက ရွေးချယ်မှုကောင်းဟု မထင်မိပေ။
အခြားလုပ်ငန်းစုများက Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများကို ဆွဲဆောင်ရန် ပိုမြင့်မားသည့် လစာများကမ်းလှမ်းလာပါလျှင်တောင် လီယာမှာ ၎င်းက ကောင်းမွန်သည်ဟု မထင်မိ။
၎င်းတို့အနေနှင့် အခြားလုပ်ငန်းစု၌ လစာပိုကောင်းလျှင်တောင် ဘာဖြစ်သနည်း?
လစာနှင့်စာလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အခြားအကျိုးအမြတ်အဖုံဖုံကို လီယာအနေနှင့် ပိုအရေးကြီးသည်ဟု ယူဆမိသည်။
ဥပမာ ယခင်နှစ်က လီယာ ကလေးမွေးပြီး နောက်နှစ်တစ်ဝက်လောက် အလုပ်မလုပ်နိုင်ချိန်က အခြားလုပ်ငန်းစုသာဆိုလျှင် လီယာကို တိုက်ရိုက်ထုတ်ပယ်လိုက်ပြီဖြစ်သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းကမူ လီယာကို နားခွင့်ပေးပြီး ခွင့်လစာပင်ပေး၏။
ထိုသည်က အိမ်၌ ကလေးမွေးဖို့ ပြင်ဆင်နေစဉ်တွင် လစာရနိုင်သည့် အဓိပ္ပာယ်ဖြစ်သည်။
သူမအနေနှင့် တစ်လကို အခြေခံလစာ ရွှေဒင်္ဂါးဆယ်ပြားသာရသော်လည်း ၎င်းကပင် လီယာအနေနှင့် Frestech ကုန်သည်ကြီးများအသင်းက အခြားလုပ်ငန်းစုများထက်ပို၍ လူသားဆန်မှုရှိသည်ဟု ခံစားမိသည်။
Frestech ကုန်သည်ကြီးများအသင်းက လီယာကို စစ်ဆေးရန် လူများဆက်တိုက်ပို့ပေးခဲ့သည်အား ပြောရန်ပင်မလိုပြီ။ ၎င်းတို့မှာ သူမအတွက် တစ်ခေါက်ပြီးတစ်ခေါက် နေ့စဉ်အသုံးအဆောင်များ ယူလာပေးပြီး ၎င်းက သူမ မီးဖွားနေစဉ်အတွင်း အထူးဂရုစိုက်မှုဟုလည်း ပြောခဲ့သည်။
၎င်းက လီယာအနေနှင့် အခြားမည်သည့် လုပ်ငန်းစုထံကမှ မကြားခဲ့ဖူးသော အရာပင်။
ထို့အပြင် သူမ မီးဖွားနေစဉ်အတွင်း လီယာမှာ Frestech ကုန်သည်ကြီးများအသင်း တည်ဆောက်ထားသည့် ဆေးရုံသို့ သူမ၏ Frestech ကုန်သည်ကြီးများအသင်းအလုပ်သမားအဖြစ် အထောက်အထားကို အသုံးပြု၍ ဝင်နိုင်သည်။ သူမမှာ မီးဖွားနေစဉ်အတွင်းနှင့် မီးဖွားပြီးနောက် အခမဲ့ဆေးဝါးဂရုစိုက်မှုကိုပင် ရခဲ့သည်။
၎င်းကတင် လီယာအား ဆေးဖိုးဝါးခ အနည်းဆုံး ရွှေဒင်္ဂါးနှစ်ဆယ် သက်သာစေခဲ့သည်။
၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်းပေးသည့် အခြားအကျိုးအမြတ် အဖုံဖုံကိုတွက်ချက်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ လစာမှာ လုပ်ငန်းစုများအကြား အမြင့်ဆုံးမဖြစ်နိုင်သော်လည်း ၎င်းတို့ပေးသည့် အကျိုးအမြတ်မှာ အခြားလုပ်ငန်းစုများ မယှဉ်နိုင်သည့်အရာဖြစ်၏။
အလုပ်သမားများအတွက် ဂရုစိုက်ပေးခြင်းကမူ ဥက္ကဌရှုနှင့် ရင်းနှီးသည့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌကလည်း ထိုအပိုင်း၌ ကောင်းကောင်းအာရုံစိုက်သည်ကလွဲ အခြားလုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်းကို လုံးဝမယှဉ်နိုင်ပေ။
၎င်းကိုစဉ်းစားရင်း လီယာမှာ မျက်လုံးများထဲ နောင်တရဟန် အချို့ပေါ်လာရင်း သက်ပြင်းချကာဆိုလေ၏၊ "လူသာနဲ့ တခြားလူတွေရဲ့ အတွေးတွေကို ကျွန်မတကယ်ပဲ မသိတော့ဘူး။ သူတို့ကို Frestech ကုန်သည်ကြီးများအသင်းမှာ ကောင်းကောင်းဆက်ဆံကြတာကို သူတို့က ပြဿနာရှာသေးတယ်။ အဆုံးကျတော့ဥက္ကဌကို ဒေါသဖြစ်စေပြီး အထုတ်ခံလိုက်ကြရတာပဲ။ သူတို့အခုကောင်းကောင်းလုပ်နေရင်တောင် အနာဂတ်မှာ သေချာပေါက် နောင်တရလိမ့်မယ်။"
အာချီက ပခုံးတွန့်သည်၊ "တခြားနည်းလမ်းမရှိဘူး၊ တချို့လူတွေက လောဘကြီးပြီး စိတ်တိုင်းမကျနိုင်ကြဘူးလေ။ ဟုတ်သားပဲ ပြောရင်းနဲ့ လီယာ မင်းတို့စက်ရုံကလည်း အဲဒီသတင်းရတယ်မို့လား?"
"အာ?" လီယာမှာ စဉ်းစားပြီးမှ တုံ့ပြန်လာသည်၊ "အလုပ်သမားသမဂ္ဂကိစ္စကိုပြောတာလား? ကျွန်မတို့စက်ရုံလည်း ရတယ်။"
"အင်း တကယ်ပဲ ဥက္ကဌ ဘာစဉ်းစားနေတာလဲကို မသိတော့ဘူး။ သူသာ ဒီလူတွေ ပြဿနာရှာတာကြောင့် ဒေါသဖြစ်ရင် အဲ့လူတွေကို မောင်းထုတ်ပြီးတဲ့အခါကျ ပြီးသွားမှာပေါ့ ။ဘာလို့ အလုပ်သမားသမဂ္ဂဖွဲ့ရတာလဲ? ပြီးတော့ အလုပ်သမားသမဂ္ဂကိုလည်း သူတို့အမြင်တွေပြောဖို့ အခွင့်ရေးပေးမယ်လို့ ပြောတာမို့ သူ့ဘာသာ ပြဿနာဖြစ်စေမှာမဟုတ်ဘူးလား?" အာချီက ရှုပ်ထွေးစွာ မျက်မှောင်ကုပ်လိုက်သည်။
လီယာက အာချီ၏ နဖူးကို ထိလိုက်ကာ၊ "ဥက္ကဌရဲ့အတွေးကို ကို'က ဘယ်လိုခန့်မှန်းမှာလဲ? ဒါပေမယ့် ကျွန်မအထင်တော့... အဲ့လူတွေ ပြဿနာရှာတာကို ဥက္ကဌအနေနဲ့ ကျွန်မတို့ သာမန်အလုပ်သမားတွေရဲ့ အတွေးကို အာရုံစိုက်ဖို့ လိုအပ်နေတယ်လို့ သတိပေးမိသွားတာနေမယ်။ ဒါကလည်း ကျွန်မတို့အတွက်ကောင်းတာပေါ့၊ အနည်းဆုံးတော့ ကျွန်မတို့အမြင်ကို သမဂ္ဂကနေ တဆင့်ပေးလို့ရတယ်လေ။"
"အင်း ကိစ္စကောင်းတော့ ကိစ္စကောင်းပါပဲ၊ ဒါပေမယ့် ကိုယ်တော့ လိုအပ်တယ်လို့မထင်ဘူးရယ်။ လုပ်ငန်းစုရဲ့ အကျိုးအမြတ်မျိုးစုံကတင်အရမ်းကောင်းနေပြီမို့ ကိုယ့်မှာ ဘာအမြင်မှ မရှိဘူး။"
"ဒါက တခြားလူတွေဆီမှာလည်း အမြင်မရှိတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလေ။" လီယာက ပြုံးကာဆိုသည်၊ "ဥပမာပြောရရင် ကျွန်မတို့အနေနဲ့ စက်ရုံနားမှာ သန့်စင်ခန်းနည်းနည်းလောက်ပိုရဖို့ မျှော်လင့်တယ်။ အခု အားလပ်ချိန်ကျရင် သန့်စင်ခန်းတွေမှာ တန်းစီရတာ အတော်ဒုက္ခများတယ်။"
အာချီက လီယာကိုကြည့်ကာ ရုတ်တရတ် နားလည်သွားပုံပြလာသည်။
အမျိုးသမီးများအတွက် အမျိုးသားများနှင့်ယှဉ်သော် သန့်စင်ခန်းသွားဖို့ပိုကြာသဖြင့် ဒုက္ခများလောက်ပါသည်။
"ဥက္ကဌက ဒီအတွက် အတော်သဘောထားကြီးတာပဲ၊ ကိုယ်တော့ ဒီအကြံက သေချာပေါက် အောင်မြင်မယ်လို့ထင်တယ်။" အာချီက ကောင်းကင်သို့ အပြုံးဖြင့်ကြည့်လိုက်သည်၊ "ဟုတ်သားပဲ နောက်ကျနေပြီပဲ၊ ကိုယ်တို့ အလုပ်သွားသင့်ပြီ။ ကိုယ်တို့ရဲ့ အမြင်ကတော့.... အလုပ်အတွက်ဆုံကြမှပဲ ပြောကြမှာ။"
"အင်း" လီယာက ခေါင်းငြိမ့်ကာ Frestech ကုန်သည်ကြီးများအသင်း၏ စက်မှုနယ်မြေထဲသို့ အာချီနှင့်အတူ ဝင်သွားသည်။
ဤသည်က အလုပ်သွားကြချိန်ဖြစ်သဖြင့် စက်မှုနယ်မြေသွားလမ်းတွင် ယူနီဖောင်းဝတ်ဆင်ထားသော Frestech ကုန်သည်ကြီးများအသင်းအလုပ်သမားများနှင့် ပြည့်နေသည်။
အလုပ်သမားများမှာ အဖွဲ့ဖွဲ့ကာ တစ်ဦးနှင့်တစ်ဦးစကားပြောပြီးနောက် အလုပ်သို့ ဦးတည်နေကြသည်။
သေချာနားထောင်ကြည့်လျှင် ၎င်းတို့၏ စကားဝိုင်းအများစုမှာ အလုပ်သမားလျှော့ချခြင်းအကြောင်းကို အဓိကထားနေကြ၏။
ထိုအလုပ်သမားများအားလုံးမှာ ဤတစ်ကြိမ် အလုပ်သမားလျှော့ချခြင်းတွင် ထူးဆန်းစွာ အမြင်တူနေကြသည်။ အထုတ်ခံလိုက်ရသည့် အလုပ်သမားများအတွက် ၎င်းက ထိုက်တန်ပြီး အထုတ်ခံရခြင်းအတွက် ၎င်းတို့ကိုယ်တိုင်ကိုသာ အပြစ်တင်သင့်သည်ဟု ခံစားရသဖြင့် ၎င်းတို့ကို စာနာရန်လည်း မထိုက်တန်ဟု ထင်ကြသည်။
ထို့အပြင် ထိုလူများမှာ ပိုမြင့်သည့်လစာနှင့် အခြားလုပ်ငန်းစုများ၌ အလုပ်ရသွားကြသဖြင့် ကျန်ရစ်ခဲ့သည့် အလုပ်သမားအချို့ကမူ အားကျနေကြသည်။
မှန်သည်၊ လူအများစုကမူ အာချီနှင့် လီယာတို့ကဲ့သို့ စိတ်ရှင်းကြပါ၏။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၌ နေထိုင်ခြင်း အကျိုးအမြတ်နှင့် အနာဂတ် အကျိုးအမြတ်ကြီးများကို နားလည်ကြသဖြင့် အားလုံးက Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံကာ ထွက်သွားကြသည့် အလုပ်သမားများကိုသာ ဝေဖန်ကြသည်။
ဤလူစီးကြောင်းမှာ စက်မှုနယ်မြေထဲ ဝင်ရောက်၍ လမ်းကြောင်းအသီးသီးသို့ ခွဲထွက်သွားကြလေ၏။
လီယာက မှော်ပန်ကာတပ်ဆင်ရေးစက်ရုံ၌ အလုပ်လုပ်ပြီး အာချီက သံမဏိပြားဂဟေဆက်ခြင်းစက်ရုံ၌ အလုပ်လုပ်သည်။ ၎င်းတို့လည်း မတူညီသည့်နေရာ၌ အလုပ်လုပ်ကြသဖြင့် စက်မှုနယ်မြေထဲ ဝင်လာချိန်၌ လက်ပြနှုတ်ဆက်ကာ လမ်းခွဲသွားကြသည်။
ဆယ်မိနစ်ဝန်းကျင်ကြာပြီးနောက် အာချီက သံမဏိပြားဂဟေဆက်စက်ရုံသို့ ဝင်လာသည်။ ဘေးဘီဝေ့ကြည့်လိုက်သော် စက်ရုံက များစွာပိုမို လစ်လပ်နေသည်ကို တွေ့လိုက်ရသည်။
သံမဏိပြား ဂဟေဆက်စက်ရုံရှိ အလုပ်သမားများမှာ နည်းစနစ်အချို့ကို နားလည်မှုရှိသဖြင့် သပိတ်မှောက်ရာတွင် ဤစက်ရုံက ပါဝင်ခဲ့သူမှာ ပိုများလေသည်။
ထို့နောက် အခြားလုပ်ငန်းစုများစုများက လူများကိုဆွဲခေါ်သွားကြသဖြင့် ဤစက်ရုံမှ ထွက်ခွာဖို့ ရွေးချယ်ခဲ့ကြသူများစွာ ရှိလေသည်။
ဤသံမဏိပြားဂဟေဆက်ခြင်းစက်ရုံထံ၌ ယခင်က လူပေါင်း အယောက် သုံးရာခုနစ်ဆယ့်ခြောက်ဦးရှိခဲ့သော်လည်း ယခုတွင် နှစ်ရာလေးဆယ့်သုံးဦးသာကျန်သည်။ တစ်ရာနှစ်ဆယ့်သုံးဦးက ရုတ်တရတ် ထွက်ကုန်ကြသဖြင့် စက်ရုံကြီးမှာ များစွာပိုမို လစ်လပ်ဟန်ပေါ်နေ၏။
ထို့အပြင် လုပ်ငန်းစုက ဤအဖြစ်ကြီးနှင့်ကြုံနေရသဖြင့် အလုပ်သမားများမှာ အနည်းငယ်ပူပန်နေကြသည်။ ၎င်းတို့အကြား၌ စကားဝိုင်းလေးများရှိနေသဖြင့် စက်ရုံက ပို၍ပင်မှိုင်းညို့နေပါ၏။
ထိုမြင်ကွင်းကိုမြင်သော် အာချီမှာ မနေနိုင်အောင် ခေါင်းခါကာ စိတ်ထဲသက်ပြင်းချမိသည်။
၎င်းက လုပ်ငန်းစုအတွက် ပြင်းထန်သော တိုက်ခိုက်မှုဖြစ်သော်လည်း အာချီမှာ Frestech ကုန်သည်ကြီးများအသင်းကို များစွာယုံကြည်နေဆဲပင် အထူးသဖြင့် ဥက္ကဌကိုဖြစ်သည်။
ဥက္ကဌမှာ မည်သည့်အရာမှမရှိဘဲ Frestech ကုန်သည်ကြီးများအသင်းကို ဖန်တီးခဲ့ပြီး လက်ရှိကဲ့သို့ ကြီးမားအောင် တိုးတက်စေခဲ့သည်။ ဤကိစ္စမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် တိုက်ခိုက်မှုကြီးတစ်ခုဖြစ်သည်က သံသယပင်ဝင်ဖို့မလိုသော်လည်း ဥက္ကဌအတွက်ကမူ ကိစ္စအသေးလေးတစ်ခုသာဖြစ်နိုင်ပါ၏။
ဥက္ကဌက ၎င်းကို မည်သို့လုပ်နိုင်ခဲ့ပါသနည်း? သူဟာ ထိုအံ့အားသင့်ဖွယ်နည်းလမ်းကိုသုံး၍ အလုပ်သမားတစ်သောင်းရှစ်ထောင်ကို တစ်ပြိုင်နည်း ထုတ်ပယ်ခြင်းဖြင့် ဤကိစ္စကို မည်သို့ ဖြေရှင်းနိုင်ခဲ့သနည်း?
အာချီမှာ သူ၏ ကိရိယာတန်ဆာပလာများကို ကောက်ယူကာ အလုပ်လုပ်ဖို့ပြင်လိုက်သည်။ သူဟာ အလုပ်စတင်ရန် သူ၏ နေရာသို့ သွားဖို့အပြင်တွင် ရုတ်ရတ် တံခါးထံမှ အုတ်အော်သောင်းတင်းဖြစ်သံကိုကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သော် မှော်စက်ဖွံ့ဖြိုးရေးဌာန၏ ယူနီဖောင်းများဝတ်ဆင်ထားကြသည့် မှော်စက်မှုအင်ဂျင်နီယာ လူပုလေးနှစ်ဦးမှာ လူသားအလုပ်သမား အဖွဲ့တစ်ဖွဲ့နှင့်အတူ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူသားအလုပ်သမားများမှာ ၎င်းတို့ပေါ်ရှိ ထူးထူးဆန်းဆန်းစက်များနှင့်အတူ မှော်ပို့ဆောင်ရေးယာဉ်လေးများစွာကို ဆွဲထုတ်နေကြ၏။
စက်ရုံရှိ အလုပ်သမားများမှာ မနေနိုင်အောင် အလုပ်များကိုရပ်တန့်ရင်း ထိုစက်များကိုကြည့်လိုက်သည်။
မန်နေဂျာ ဇိုနော့ခ်ရောက်လာကာ မှော်စက်မှုအင်ဂျင်နီယာ လူပုလေးနှစ်ဦးနှင့် စကားပြောပြီးနောက် စူးစူးစမ်းစမ်းကြည့်ရှုနေကြသော အလုပ်သမားများကို စိတ်လှုပ်တရှားလှည့်ကြည့်လာလေ၏။
"ညီအစ်ကိုတို့ ဒါက မှော်စက်ဖွံ့ဖြိုးရေးဌာနရဲ့ အသစ်ထုတ် အလိုအလျောက် ထုတ်လုပ်ရေးမှော်စက်ပဲ! ဒါနဲ့ဆို ငါတို့အလုပ်တွေက အခုကစပြီးအများကြီးပိုလွယ်သွားတော့မှာ!"
"အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်တွေ?"
အလုပ်သမားအားလုံးမှာ တစ်ဦးကိုတစ်ဦး ဗလာသက်သက်ကြည့်လိုက်မိသည်။
ယခင်က မှော်စက်ဖွံ့ဖြိုးရေးဌာနမှာ အလိုအလျောက်တစ်ပိုင်း ထုတ်လုပ်ရေးမှော်စက်များကို ထုတ်လုပ်ခဲ့ပြီး သံမဏိပြားဂဟေဆက်စက်ရုံတွင် ထိုအရာ များစွာရှိခဲ့သည်။
အနှီ အလိုအလျောက်တစ်ပိုင်းထုတ်လုပ်ရေးမှော်စက်များက ထုတ်လုပ်ရေးမှော်စက်များကိုထိန်းချုပ်သော အလုပ်သမားများထက် များစွာပို၍ သက်ရောက်မှုရှိပြီး ၎င်းတို့၏ အရည်အသွေးကလည်း ပို၍ တည်ငြိမ်ရာ စက်ရုံ၏ လုပ်ဆောင်နိုင်စွမ်းကို ကြီးမားစွာ တိုးတက်လာစေခဲ့သည်။
သို့သော် ဤအလိုအလျောက်ထုတ်လုပ်ရေးမှော်စက်က မည်သည်နည်း?
အလိုအလျောက်တစ်ပိုင်းထက် ဒီအလိုအလျောက်က ပိုအဆင့်မြင့်တာလား? ဒါဆို လူတွေ ထုတ်လုပ်စရာမလိုတော့တဲ့ အဓိပ္ပာယ်ပေါ့?
၎င်းမှာ အတန်ငယ် စိတ်ကူးမယဉ်ဝံ့စရာပင်....
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၂။ သွေးနှောများ၏ မှော်နည်းပညာ
၃.၇မီတာရှည်ပြီး ၃.၆မီတာအကျယ်ရှိကာ ခုနစ်မီလီမီတာထူသည့် သံမဏိပြားတစ်ပြားအား အလုပ်သမားနှစ်ဦးမှာ ထုတ်လုပ်ရေးမှော်စက်၏ အလုပ်အဆင့်၌ ထားလိုက်ကြသည်။
ထို့နောက် အလုပ်သမားတစ်ဦးက ခလုတ်ကိုနှိပ်လိုက်ရာ အလုပ်အဆင့်က ဆယ်မီတာ မြင့်၍လည်သွားသည်။ ထို့နောက် ၎င်းကို ဖိစက်ခေါင်းအောက်သို့ယူကာ ဘယ်ဘက်၌ သုံးဆယ့်ခုနစ်စင်တီမီတာ အတိအကျကျန်ချိန်တွင် ရပ်တန့်လိုက်သည်။
ထို့နောက်တွင် ဖိစက်ခေါင်း ကျလာကာ သံမဏိပြားက ဖိအားကြီးကြီးအောက်၌ အနည်းငယ်ကွေးညွတ်သွားလေသည်။
ထိုသံမဏိပြားမှာ အကွေးငယ်ပုံစံတစ်ခုဖြစ်လာလေ၏။ ဖိစက်ခေါင်းပြန်တက်သွားပြီး အလုပ်အဆင့်က သံမဏိပြား၏ အနေအထားကို ပြောင်းလဲလိုက်ပြီးနောက်တွင် ဖိစက်ခေါင်းမှာ တစ်ဖန်ပြန်ကျလာလေသည်။
၎င်းကို အကြိမ်ပေါင်းဒါဇင်ချီမျှ လုပ်ပြီးနောက်တွင် သံမဏိပြားမှာ ပန်းကန်လုံးပုံစံပြောင်းလဲသွားသည်။
ထိုပန်းကန်လုံးက ရွေ့လျားစက်ခါးပတ်သို့ ရောက်လာချိန်တွင် နံဘေးရှိ လုမီက ချက်ချင်းရှေ့တိုးလာကာ သူမ၏ လက်လေးကို ထုတ်၍ သံမဏိပြားကို ထိလိုက်လေ၏။ ဂရုတစိုက်ကြည့်ရှုလိုက်ပြီးနောက် ရှုယီထံ အံ့အားသင့်ဟန်ဖြင့်လှည့်လာသည်၊ "ဘုရားသခင် ဒါက တကယ်ကို ပြီးပြည့်စုံတဲ့ စံပြုအကွေးပဲ! ဘယ်လိုများလုပ်လိုက်တာလဲ?"
ရှုယီက အသာပြုံးလာသည်၊ "မင်း စန်ချယ်လီကို မေးကြည့်သင့်တယ်၊ ဒီအလိုအလျောက်မှော်ဖိစက်ရဲ့ ဗဟိုမှော်အစီအရင်ကို သူလုပ်ထားတာဆိုတော့ ကျုပ်ထက် သူက ပိုကောင်းကောင်းနားလည်မှာပဲ။"
ရှုယီနံဘေး၌ ရပ်နေသော စန်ချယ်လီက ရယ်မောကာ လက်ယမ်းလိုက်သည်။ သူက လက်ယာဘက်ရှိ ကမ်ဘီကို ညွှန်ပြကာ ပြောလေ၏၊ "ကျွန်တော်က မှော်အစီအရင်နည်းနည်းကိုပဲ ဒီဇိုင်းဆွဲခဲ့ရုံပါ။ ကမ်ဘီတို့အဖွဲ့ရဲ့ ကျွန်တော့်အတွေးကို ပြည့်ပြည့်စုံစုံ ပုံဖော်ပေးနိုင်တဲ့ အရည်အချင်းကြောင့်မဟုတ်ရင် ဘာမှ အသုံးဝင်မှာမဟုတ်ပါဘူး။"
ကမ်ဘီ ရယ်မောလိုက်ကာ သူဟာ မနှိမ့်ချတတ်သော်လည်း စန်ချယ်လီ၏ ခြေထောက်ကို ရိုက်ရန် လက်မြှောက်လိုက်သည်၊ "စန်ချယ်လီ ဒီဇိုင်းဆွဲထားတဲ့ ဒီမှော်အစီအရင်က အရမ်းကို အံ့အားသင့်ဖို့ကောင်းလို့ပါ၊ မဟုတ်ရင် ဒီစက်က ဒီလောက် အားကောင်းဖို့ မဖြစ်နိုင်ဘူး။"
လုမီက သူမ၏ လက်လေးကိုယမ်းကာ အော်လေ၏၊ "ကျွန်မမှာ ရှင်တို့ အချင်းချင်းချီးကျူးနေတာကို နားထောင်ရင်း ဖြုန်းဖို့ အချိန်မရှိဘူး၊ ကျွန်မက ဒီအလိုလျောက်မှော်ဖိစက်ရဲ့ နောက်ကွယ်က သဘောတရားကိုသိချင်ရုံပဲလေ? ဘာလို့ သတ်မှတ်အနေအထားမှာ ဖိချတာကို တိတိကျကျရပ်နိုင်ပြီး ဒီလောက်တိတိကျကျဆက်လုပ်နိုင်ရတာလဲ? အမှားနည်းနည်းလေးတောင်မရှိနေဘူးလေ?"
စန်ချယ်လီနှင့် ကမ်ဘီတို့က အချင်းချင်းကြည့်လိုက်ပြီးနောက် ရှုယီဘက်လှည့်လာသည်။
၎င်းတို့မှာ ဥက္ကဌမှ လုမီကို သွေးနှောတစ်ဦးအဖြစ် မိတ်ဆက်ပေးလာသည်ကို ကြားချိန်၌ အံ့အားသင့်ခဲ့ကြသည်။
သို့သော် ရက်အနည်းငယ်ကြာ အချင်းချင်းသိသွားပြီးနောက်တွင် နှစ်ဦးက ကျင့်သားရသွားပါ၏။
၎င်းတို့မှာ လုမီက မှော်သုတေသနဌာနအတွက် ရှုယီ ခန့်အပ်ထားသော အဆင့်မြင့်သုတေသနပညာရှင်ဖြစ်ကြောင်းသိသော်လည်း ဤအလိုအလျောက်ထုတ်လုပ်ရေးမှော်စက်မှာ လုပ်ငန်းစုအတွက် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ လုမီက ထိပ်တန်းအဆင့်သုတေသနပညာရှင်ဖြစ်လျှင်တောင် ၎င်းကိုသိဖို့ အရည်အချင်းမမီပေ။
မျှော်လင့်ထားသကဲ့သို့ ရှုယီက အသာပြုံးကာ လုမီကို ပြောလာသည်၊ "လုမီ ဒီနောက်က သဘောတရားကို ရှင်းပြဖို့က အရမ်းကို ကရိကထများတော့ အချိန်တိုအတွင်း ရှင်းပြလို့မရဘူး။ မင်းတကယ်ပဲ စိတ်ဝင်စားရင် ကျုပ်ရေးထားတဲ့ စက်မှုဆိုင်ရာသီအိုရီစက်အုပ်အတော်များများရှိတာမို့ မင်းဖတ်ကြည့်လို့ရတယ်။ အဲဒါတွေဖတ်ပြီးရင် မင်း အများစုကိုနားလည်လာမယ်လို့ ယုံကြည်တယ်။"
"စာအုပ်ထဲက သီအိုရီလား၊ ဒါက ဒီထူးထူးဆန်းဆန်းမှော်စက်တွေကို လုပ်နိုင်ခဲ့တဲ့ အကြောင်းအရင်းလား?" လုမီက မေးသည်။
"ဒါက အရမ်းကြီးတိကျနေတာမဟုတ်ပေမယ့်လည်း အခြေခံကတော့ ဒီသီအိုရီကိုသုံးထားတာလေ။" ရှုယီက အပြုံးဖြင့် ပြောသည်၊ "မင်းတို့ သွေးနှောတွေရဲ့ မှော်စက်တွေက မှော်ပညာကို အသားပေးထားပေမယ့် ကျုပ်တို့လုပ်ငန်းစုကလုပ်တဲ့ မှော်စက်တွေကိုတော့ စက်အပိုင်းမှာ အသားပေးထားတာ။ မင်း အဲဒီ့စာအုပ်တွေကို ဖတ်ပြီးရင် နှစ်ခုကြားက ခြားနားချက်တွေကို နားလည်လာလိမ့်မယ်။"
"အဲ့လောက်ထူးဆန်းတယ်လား?" လုမီက ရှုယီကို စူးစမ်းလိုဟန်ဖြင့် ကြည့်လာသည်၊ "ဟုတ်ပြီလေ ရှင် နောက်ကျရင် ကျွန်မကို အဲ့စာအုပ်တွေပေးလို့ရပါတယ်။"
"ကောင်းပြီ။" ရှုယီက သဘောတူလိုက်ပြီးနောက် ဘေးကိုကြည့်လိုက်သည်။ ထို့နောက် စန်ချယ်လီနှင့် ကမ်ဘီကို မှာလိုက်၏၊ "မင်းတို့နှစ်ယောက် ဒီမှာ အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်ကို ဆက်ပြီးစမ်းသပ်နေလိုက်ဦး။ ပြဿနာတစ်ခုခုရှိလာရင် ချက်ချင်းရေးချထားလိုက်။" နောက်၌ သူဟာ လုမီကို လက်ယမ်းပြကာ၊ "လုမီ ဒီအလိုအလျောက်ထုတ်လုပ်ရေးမှော်စက်က ဒီမှာ ရှိနေပြီး ထွက်ပြေးမှာမဟုတ်လို့ သင်္ဘောကျင်းကို အရင် တစ်ချက်သွားကြည့်ကြတာပေါ့။"
"အိုး။" လုမီက ခေါင်းငြိမ့်ကာ ဆန္ဒမရှိဟန်ဖြင့် အလိုအလျောက် ထုတ်လုပ်ရေးမှော်စက်နားမှ ခွာသွားသည်။
ကမ်ဘီဘေးမှ ဖြတ်သွားချိန်တွင် သူမက ရုတ်တရတ် ခြေဖျားထောက်ကာ သူမ၏ ခေါင်းထိပ်ကို ကမ်ဘီနှင့် ယှဉ်လိုက်သည်။ ထို့နောက် စိတ်မသက်သာစွာသက်ပြင်းချ၏၊ "အိုင်း အခုဆို ငါမကြီးထွားတော့တာ နှစ်တစ်ရာနီးပါးရှိပြီပဲ။"
ရှုယီ၊ စန်ချယ်လီနှင့် ကမ်ဘီတို့မှာ ရယ်ရမည်လား ငိုရမည်လားပင်မသိကြတော့ပေ။
ထိုလုမီမှာ နှစ်တစ်ရာကျော်နေပြီဖြစ်ကြောင်းသိသာလေရာ အဘယ့်ကြောင့် ကလေးငယ်တစ်ဦးနှယ် ပြူမူနေရသနည်း?
ဒါက သွေးနှောတွေရဲ့ သဘာဝများလား?
သင်္ဘောကျင်းက ဤနေရာနှင့်မဝေးသဖြင့် ရှုယီနှင့် လုမီတို့မှာ ထိုသို့ရောက်ရန် မိနစ်အချို့မျှသာ လျှောက်ဖို့လိုလိုက်သည်။
လုမီကို မြင်ကြသော် လူသား၊ လူပုလေးနှင့် နတ်သူငယ်အင်ဂျင်နီယာအားလုံး ရောက်လာပြီး ဝိုင်းရံလိုက်ကြသည်။
"ဟေး လုမီ ကြည့်ပါဦး ကျုပ် မင်းပေးထားခဲ့တဲ့ မူကြမ်းကနေ ပြဿနာကြီးတစ်ခုတွေ့ထားတယ်။ တွက်ကြည့်တော့ ဒီလိုမျိုး ဒီဇိုင်းဆွဲလိုက်ရင် မှော်သင်္ဘောက တစ်နာရီ ငါးဆယ်ကီလိုမီတာကျော်သွားတဲ့အခါကျ အမြန်နှုန်းက ဒီအပိုင်းကို အားလျော့စေမယ့် လွန်ကဲအားကို ဖန်တီးပေးပြီး ဒီအပိုင်းရဲ့ သက်တမ်းကို ကြီးကြီးမားမားလျှော့ချလိုက်လိမ့်မယ်။"
"ဒါလည်း ရှိတယ်။ ကြည့်ပါဦး ဒီမှော်အစီအရင်ကိုသာ ဒီအတိုင်း ချမှတ်ထားလိုက်ရင် ဒီနေရာက ထောင့်မှန်အရေးပေါ်ကျောက်ဆူးဒီဇိုင်းက ဒါကို ပိတ်ဆို့ပြီး မှော်အစီအရင်ကို သက်ရောက်မှု ပြသတာကနေ ထိန်းသိမ်းထားလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့အနေနဲ့ ဒီမရှိမဖြစ်မလိုအပ်တဲ့ အရေးပေါ်ကျောက်ဆူးကို ဖယ်ရှားပြီး ဒီမှော်အစီအရင်ရဲ့ သက်ရောက်မှုကို ပြဖို့ တခြားဒီဇိုင်းကို သုံးဖရအောင် အကြံပေးချင်တယ်။"
"မင်းက အသေးစားပြဿနာလေးတွေအားလုံးကို ပြောနေတာပဲ၊ ကျုပ်ကတော့ အကြီးဆုံးပြဿနာကိုတွေ့ခဲ့ရတယ်။ ကြည့်ပါဦး ဒီမှော်အစီအရင်ကိုသာ ဒီမှာ ခင်းကျင်းလိုက်မယ်ဆိုရင် မှော်အထွက်အားအစီအရင်အူတိုင်နဲ့ ထပ်သွားလိမ့်မယ်။ ဒီနယ်နိမိတ်က မကြီးပေမယ့်လည်း ကျုပ်တွက်ချက်မှုအရ လှိုင်းအရမ်းကြီးတာတို့လို အထူးအခြေအနေတစ်ခုခုရှိလာရင် တည်ငြိမ်ခြင်းရေစွမ်းအားမှော်အစီအရင်နဲ့အတူ မှော်အစီအရင်အထွက်အပြည့်အဝကို သုံးဖို့လိုပြီး သက်ရောက်မှုကလည်း ပြင်းထန်လိမ့်မယ်။ ဒါက ဒီမှော်အစီအရင်နှစ်ခုကို လုပ်ဆောင်ဖို့ စွမ်းရည်ကို အလွယ်လေး ဆုံးရှုံးသွားစေနိုင်ပြီး အန္တရာယ်များတဲ့ အခြေအနေတစ်ခုမှာ မှော်သင်္ဘောတစ်စီးလုံးကိုပါ အထိန်းအကွပ်မဲ့သွားစေနိုင်တယ်။"
"ဟေး မင်းတို့ကပဲ အဓိကပြဿနာကို တွေ့တာမဟုတ်ပါဘူး ဟုတ်ပြီလား။ ကျုပ် ရှာတွေ့ခဲ့တဲ့ ပြဿနာကလည်း အရမ်းကိုပြင်းထန်တယ်။ လုမီ ကြည့်ပါဦး....."
....
လုမီမှာ အင်ဂျင်နီယာများ ရှာတွေ့လာသော ပြဿနာမျိုးစုံအကြောင်း နားထောင်ရင်း အံ့ဩကာ ထိုနေရာ၌သာ ငေးကြောင်ရပ်နေတော့သည်။
လွန်ခဲ့သည့် တစ်ပတ်အကြာက သူမဟာ ထိုမှော်သင်္ဘောအတွက် ဒီဇိုင်းကိုထုတ်ယူလာချိန်တွင် အင်မတန် ယုံကြည်ချက်ရှိနေခဲ့ပါ၏။
ထိုဒီဇိုင်းမှာ မှော်စက်များ၌ သွေးနှောများစုဆောင်းခဲ့သည့် နှစ်ထောင်ချီသုတေသနများကို သုံးထားသောကြောင့် သွေးနှောများ၏ ထိပ်ဆုံးအဆင့်မူကြမ်းများထဲမှ တစ်ခုဖြစ်သည်။
သူမအနေနှင့် ထိုမူကြမ်းမှာ မှော်သင်္ဘောသုတေသနပညာရှင်များအကြားရှိ သူမ၏ လုပ်ပိုင်ခွင့်ကို ရယူခွင့်ပေးနိုင်မည်ဟု ထင်ခဲ့သလို ထိုသုတေသနပညာရှင်များကိုလည်း သွေးနှောတို့၏မှော်စက်ဆိုင်ရာ အသိပညာကို နားလည် လေးစားလာစေလိမ့်မည်ဟုလည်း ထင်ခဲ့၏။
အင်ဂျင်နီယာများမှာ ထိုစဉ်က မူကြမ်း၏ ဒီဇိုင်းကြောင့် အံ့အားသင့်ကာ ချီးကျူးခဲ့ကြလေသည်။
သို့သော် သူမမှာ တစ်ပတ်တည်းနှင့် ထိုလူများက ထိုပြဿနာအားလုံးကို ရှာတွေ့ခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ၎င်းမှာ တကယ်ကို လုမီ မျှော်လင့်မထားခဲ့သည့် အရာပင်။
ခဏမျှ နားထောင်ပြီးနောက် လုမီ၏စိတ်ထဲရှိ ထိတ်လန့်မှုက တဖြည်းဖြည်းပျောက်ကွယ်ကာ စိတ်တိုလာလေသည်။
အဲဒီ့မူကြမ်းမှာ သွေးနှောတွေရဲ့ အမွေအနှစ်ကို ဘယ်လိုလုပ်ပြဿနာ အတော်များများရှိနေနိုင်မှာလဲ?
ထိုလူများက ပေါက်ပန်းလေးဆယ် လျှောက်ပြောနေခြင်းဖြစ်ရမည်!
သို့ရာ၌ လုမီ မူကြမ်းကိုယူကာ အင်ဂျင်နီယာများနှင့် ပြဿနာတစ်ခုစီကို ဆွေးနွေးလိုက်ပြီးနောက် ထိုအင်ဂျင်နီယာများထုတ်ပြလာသည့် တွက်ချက်မှုတို့ကြောင့် အပြည့်အဝနစ်မွန်းသွားတော့သည်။
လုမီမှာ ထိုအင်ဂျင်နီယာများက ပြဿနာတစ်ခုတည်းအတွက် တွက်ချက်မှုပေါင်းရာချီလုပ်ဆောင်ရင်း အနည်းဆုံး စမ်းသပ်မှုပုံစံ တစ်ရာလောက်ပြုလုပ်ကြမည်ဟု ထင်မထားခဲ့ပေ။
ဤအုတ်မြစ်အခြေခံကြောင့် ၎င်းတို့ပေးလာသည့် အချက်အလက်မျိုးစုံက ပြီးပြည့်စုံကာ ပြဿနာလေးများအားလုံးကို အပြည့်အဝထုတ်ပြလာပါ၏။ ၎င်းကို ဖုံးကွယ်မထားနိုင်သလို လုမီလည်း မငြင်းဆန်နိုင်ပေ။
"Frestech ကုန်သည်ကြီးများအသင်းက ပြဿနာရှိဖို့ ရှားပါးပြီး ထူးဆန်းတဲ့ မှော်စက်တွေကို ထုတ်လုပ်နိုင်တာ မဆန်းတော့ပါဘူး။ ဒီလိုသုတေသနစိတ်အားထက်သနိပုံမျိုးက နည်းနည်းတော့ ကျောချမ်းစရာပဲ။" လုမီမှာ စိတ်ထဲသက်ပြင်းချရင်း ရှုယီကိုလည်း တစ်ချက်ကြည့်လိုက်သည်။
ထိုအင်ဂျင်နီယာများအနေနှင့် သုတေသနအတွက် ထိုစိတ်ဓာတ်မျိုးထားရှိခြင်းမှာ သူတို့အပေါ် ဥက္ကဌထံမှ လိုအပ်မှု တင်းကြပ်သောကြောင့်ပင်။
သူမထုတ်ပေးလာသည့် မူကြမ်းက ပြဿနာများစွာရှိနေသဖြင့် လုမီမှာ စိတ်ဓာတ်လည်းကျမိသလို စိတ်လည်းလှုပ်ရှားမိပါ၏။
Frestech ကုန်သည်ကြီးများအသင်းထံ၌ ဤသို့သော အားကောင်းသည့် သုတေသနအဖွဲ့ရှိရာ ဧရာမသံမဏိသင်္ဘောသုံးစင်းကို လုပ်နိုင်ခဲ့သည်က မဆန်းပေ။
ထိုအုတ်မြစ်အခြေခံနှင့် Frestech ကုန်သည်ကြီးများအသင်း၌ စစ်မှန်သည့် ပင်လယ်ပျော်မှော်သင်္ဘောတစ်စင်း ထုတ်လုပ်ကာ သူမ၏ ပန်းတိုင်ကို ဖော်ဆောင်နိုင်ဖို့ အင်အား အလုံလောက်ရှိပြီပင်။
သူမကိုယ်တိုင် ဧရာမသင်္ဘောကိုဆောင်ယူလျက် ပင်လယ်ပြင်၌ ကီလိုမီတာပေါင်း ထောင်ချီ သို့မဟုတ် သောက်းချီလောက်အထိပင် ရွက်လွှင့်ကာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်အကြာက အဆုံးမဲ့ပင်လယ်၏ တခြားဘက်သို့ ရောက်သွားကြသည့် သူမ၏ မျိုးနွယ်စုဝင်များအကြောင်း စဉ်းစားကြည့်မိသည်။ ထို့နောက် သူမဟာ Frestech ကုန်သည်ကြီးများအသင်းရှိ သူမ၏ မှော်စက်သုတေသနရလဒ်များကို ပြသ၍ ၎င်းတို့ကို မှင်သက်သွားစေမည်။ ၎င်းကို စဉ်းစားကြည့်သည်ကပင် လုမီ၏ စိတ်နှလုံးကို မီးတောက်များဖြင့် ပြည့်လာစေလေသည်။
လုမီက သင်္ဘောတည်ဆောက်ရေးအင်ဂျင်နီယာများနှင့်အတူ အာရုံစိုက် ဆွေးနွေးနေသည်ကိုမြင်သော် ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ပေ။
လုမီမှာ Frestech ကုန်သည်ကြီးများအသင်း၌ ရှိနေခဲ့သည်က တစ်လကြာပြီဖြစ်သော်လည်း သူမကိုသူမ အပြည့်အဝနစ်ဝင်စေခဲ့ခြင်းမရှိခဲ့ပေ။
သို့သော် ဤကိစ္စမှတဆင့် သူမဟာ မည်သည်ကလိုအပ်နေကြောင်း ရှာတွေ့နိုင်ပြီး အခြားအင်ဂျင်နီယာများနှင့်အတူ ဆွေးနွေးခွင့်ပြုလာသည်ကို ရှုယီ မြင်ရသည်မှာ အင်မတန် ဝမ်းသာဖွယ်ပင်။
စဉ်းစားကြည့်ရင်း ရှုယီမှာ လုမီကို သင်္ဘောကျင်းတဝိုက်လိုက်ပြမည့် အစီစဉ်ကိုလက်လျှော့၍ ထိုနေရာမှ တိတ်တဆိတ်ထွက်ခွာသွားသည်။ သူဟာ စက်မှုနယ်မြေ အလယ်ဗဟို၌ တည်ဆောက်ထားသည့် Frestech ကုန်သည်ကြီးများအသင်း၏ စီမံခန့်ခွဲရေးဌာနဆီ ပြန်လှည့်လာ၏။
သူ စီအီးအို ရုံးခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် ခမ်နက်ဒ်က သူ၏လက်ထဲရှိ ဖောင်မ်(form)တစ်ခုကို ခါးသက်သက်ဟန်ဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ရှုယီဝင်လာသည်ကိုမြင်သော် ခမ်နက်ဒ်က ခါးသက်စွာပြုံး၍ ခေါင်းခါသည်။
"ဥက္ကဌ ကျွန်တော်တို့ ဒီတစ်ခေါက်တော့ တကယ် ပြဿနာကြီးနဲ့ ကြုံရပြီပဲ။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၃။ အောက်ခြေမျဉ်း
"အိုး?" ရှုယီက တအံ့တဩမေးလာသည်၊ "ဘာပြဿနာလဲ? အလုပ်သမား တစ်သောင်းရှစ်ထောင်ကို တစ်ခါတည်း ထုတ်တာထက်ပိုပြီး အခက်တွေ့တာများလား?"
ခမ်နက်ဒ်မှာ ရှုယီကို ခါးသက်မှုများဖုံးကွယ်ထားသည့် အကြည့်ဖြင့်ကြည့်လာသည်။
"ဥက္ကဌ အတိအကျပြောရရင်... ဒီပြဿနာက အတိုင်းအတာကြီး အလုပ်သမားလျှော့ချခြင်းကြောင့်ပဲ။"
"ဘာအဓိပ္ပာယ်လဲ? ပြောပါဦး"
ခမ်နက်ဒ်က လက်ထဲရှိ အစီရင်ခံစာကို ရှုယီထံပေးလာသည်၊ "ဒါက လက်ရှိ ကျွန်တော်တို့လုပ်ငန်းစုရဲ့ မှာယူမှုတွေအတွက် ကျွန်တော်လုပ်ထားတဲ့ အစီရင်ခံစာပါ ကြည့်,ကြည့်ပါဦး။"
ရှုယီ ၎င်းကို ယူလိုက်သော် အချက်အလက်များက လက်ရှိ Frestech ကုန်သည်ကြီးများအသင်းအတွက် မှာယူမှုများ၌ အနည်းငယ်လျော့ကျသွားသည်ကို တွေ့ရလေသည်။
သို့သော် ၎င်းက သူတို့ မျှော်မှန်းထားပြီးသားဖြစ်၏။ ပြောရလျှင် အခြားလုပ်ငန်းစုများထက် Frestech ကုန်သည်ကြီးများအသင်းမှာ မည်မျှ အားသာချက်ရှိနေသည်ဖြစ်စေ မှော်စက်ဈေးကွက်တစ်ခုလုံးကို အပြည့်အဝ ခြယ်လှယ်ထားရန်တော့မဖြစ်နိုင်ပါချေ။
အဘယ့်ကြောင့်ဆိုသော် အတိုင်းအတာကြီးအလုပ်သမားလျှော့ချမှုက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းကို သက်ရောက်သွားသဖြင့် အချိန်မီ ကုန်တင်များမရခဲ့သည့် မှာယူမှုများစွာ ရှိခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်အရည်အသွေးမှာ အခြားလုပ်ငန်းစုများထက် ပိုမြင့်နေလျှင်တောင် ၎င်းတို့လိုအပ်သည့် မှော်စက်များကို ရရှိရန်အလို့ငှာ အခြားလုပ်ငန်းစုများထံမှ မှာယူဖို့ ဆုံးဖြတ်လိုက်ကြသည့် လူများစွာ ရှိနေလေ၏။
"ဘာက ပြဿနာလဲ?" ရှုယီက ခမ်နက်ဒ်ကို ရှုပ်ထွေးစွာ မေးလာလေသည်။
ခမ်နက်ဒ်က ခါးသက်သက်ရယ်၏၊ "ဥက္ကဌ သတိမထားမိသေးဘူးလား? ဒါက လက်ရှိ မှာယူမှုအရေအတွက်ဆိုပေမယ့် အချိန်ကိုကြည့်လိုက်ရင် အရင်လက ကျွန်တော်တို့ရရှိခဲ့တဲ့ မှာယူမှုတွေက အရင်နှစ်ကရခဲ့တာရဲ့ တစ်ဝက်နီးနီးရှိတယ်။ ဒီတော့ အဓိပ္ပာယ်က ဝယ်ယူသူအတော်များများအနေနဲ့ ကျွန်တော်တို့လုပ်ငန်းစုအပေါ် ယုံကြည်မှု ပျောက်သွားတာက ပြဿနာကြီးပဲလေ။"
ရှုယီက အသာပြုံးကာ ပူပန်နေဟန် လုံးဝမရှိချေ။
"ငါတို့ကို ယုံကြည်မှုပျောက်တယ်? ဒါကမမှန်ဘူး။ ငါ့အထင်တော့ သူတို့က စိတ်ရှည်မှုပျောက်သွားရုံပဲ။ ငါတို့လုပ်ငန်းစုက ထုတ်လုပ်နိုင်စွမ်းကိုပြန်ရလာတာနဲ့ သူတို့လည်း ငါတို့လုပ်ငန်းစုကနေ ထပ်မှာဖို့ ပြန်လာမယ်ဆိုတာ သေချာတယ်။"
ခမ်နက်ဒ်က ခေါင်းခါကာ သက်ပြင်းချသည်၊ "ဥက္ကဌ၊ ဆုံးရှုံးသွားတဲ့ ဈေးကွက်ကို ပြန်ယူဖို့ အတော်လေးအားစိုက်ရမှာ ပြီးတော့ သက်ရောက်မှုကလည်း အဲ့လောက်ကောင်းမှာမဟုတ်ဘူး။ ကြည့်ပါဦး ဒီအစီရင်ခံစာကိုသုံးသပ်ရရင် ရူဒ်ဆန်တိုင်းပြည်၊ မီရန်ဒိုနယ်မြေ၊ ဒရိတ်ခ်နယ်မြေနဲ့ ဖွင့်ထားကာစ နယ်မြေလေးသုံးခုရဲ့ ဈေးကွက်တွေမှာ လျော့ကျသွားတဲ့ မှာယူမှုတွေက မနည်းဘူး။ ကျွန်တော့်ရဲ့ အချက်အလက်အရ ဒီဈေးကွက်ရဲ့ ဆုံးရှုံးမှုနဲ့တင် ရွှေဒင်္ဂါးနှစ်သန်းကျော်လောက် ဆုံးရှုံးပြီးနေပြီ။ အဲဒီ အလုပ်သမားတစ်သောင်းရှစ်ထောင်ကို ထုတ်ဖို့ ပေးလိုက်ရတဲ့ ရွှေဒင်္ဂါး သုံးသန်းနှစ်သိန်းနဲ့ ခြောက်သောင်းကိုပါ ပေါင်းလိုက်ရင် ကျွန်တော်တို့တွေ ဒီကိစ္စမှာ ရွှေဒင်္ဂါးငါးသန်းလောက်အထိ ဆုံးရှုံးပြီးနေပြီလေ!"
ခမ်နက်ဒ်၏ မျက်လုံးများထဲရှိ ဒေါသအရိပ်အယောင်တို့ကိုမြင်သော် ရှုယီ ပခုံးတွန့်လိုက်မိသည်။ Frestech ကုန်သည်ကြီးများအသင်း၏ စီအီးအိုအနေနှင့် ခမ်နက်ဒ်မှာ ထိုသို့သော ပြင်းထန်သည့် ဆုံးရှုံးမှုများနှင့် အရေးကြီးကိစ္စမျိုး ပေါ်လာချိန်တွင် ဖိအားအတော်များများရင်ဆိုင်ရရာ သူ့အပေါ် စိတ်တွင်း၌ အတန်ငယ် ခါးသက်မှုများ ဖြစ်ပေါ်လာစေသည်က မဆန်းပေ။
သို့သော် ရှုယီမှာ ထိုဆုံးဖြတ်ချက်ကို လုံးဝနောင်တမရ။
သပိတ်မှောက်ခြင်းဖြင့် ပြဿနာဖြစ်စေခဲ့သော အလုပ်သမား တစ်သောင်းရှစ်ထောင်ကို ထုတ်ပယ်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ ရုတ်တရတ် တည်ငြိမ်လာခဲ့သည်။
လုပ်ငန်းစု၏ စက်ရုံပေါင်းစုံရှိ အလုပ်သမားများအားလုံး ယခုတွင် ပုံမှန်အတိုင်း အလုပ်လုပ်နေကြပြီဖြစ်သည်။
လေထုက ယခင်ကနှင့်ယှဉ်လျှင် အနည်းငယ်ကို၍ ညို့မှိုင်းနေပါလျှင်သော်မှ ၎င်းက အလုပ်ကိုပို၍ အကျိုးရှိစေသည်။
စန်ချယ်လီ အဆင့်မြှင့်ခဲ့သည့် အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်များကိုပါ ထည့်ပေါင်းလိုက်သော် ၎င်းတို့စက်ရုံများ၏ လုပ်ဆောင်နိုင်စွမ်းမှာ များစွာ တိုးတက်လာတော့သည်။
ရှုယီအနေနှင့် အလုပ်သမားများထံ၌သာ လိုက်လျောညီထွေဖြစ်ရန် အချိန်ပိုရှိလာလျှင် စက်ရုံတစ်ရုံစီ၏ ထုတ်လုပ်နိုင်စွမ်းကလည်း အလုပ်သမား တစ်သောင်းရှစ်ထောင်ကို မထုတ်ပယ်ခင်ကထက်ကို၍ မြင့်လာကာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းကို အလုံးစုံတိုးမြှင့်နိုင်မည်ဟု ယုံကြည်သည်။
"ဟုတ်ပြီ ဒီပြဿနာကို အပြီးအပြတ်ဖြေရှင်းဖို့ဆို ဆုံးရှုံးမှုတွေကို ရှောင်လွှဲလို့မရနိုင်ဘူး။ နှောင့်နှေးပြီး ပြဿနာဆက်ရှိနေစေမှာနဲ့ယှဉ်ရင် လုပ်ငန်းစုတစ်ခုလုံးကို မထိခိုက်လာခင် ဖြေရှင်းလိုက်တာက ပိုကောင်းတယ်။ ငါတို့ တစ်ခါတည်းနဲ့ ရွှေဒင်္ဂါးငါးသန်းကျော် ဆုံးရှုံးခဲ့ရပေမယ့်လည်း ဒီပြဿနာကို ဖြေရှင်းတာနဲ့ယှဉ်ရင်တော့ ရွှေဒင်္ဂါးငါးသန်းက ထိုက်တန်တယ်လို့ ထင်တယ်။" ရှုယီက အလေးအနက်ပြောလာသည်။
ခမ်နက်ဒ်မှာ ခဏတာ တိတ်ဆိတ်နေပြီးနောက်၌ အသာအယာခေါင်းငြိမ့်သည်။
သူဟာ လုပ်ငန်းစု စီမံခန့်ခွဲရေးတာဝန်ယူထားရသော စီအီးအိုအနေနှင့် ဤတစ်ကြိမ် လုပ်ငန်းစု၏ ဆုံးရှုံးမှုများအပေါ် နာကျင်နေလျှင်တောင် သပိတ်မှောက်ခြင်းနောက်ကွယ်က ပြဿနာမှာ မည်မျှ ပြင်းထန်ကြောင်း ရှုယီထက် ကောင်းကောင်းပိုသိသည်။
ရှုယီ၏ ပြဿနာဖြေရှင်းပုံက ပြင်းထန်သော်လည်း ဤနည်းလမ်းက ဖြေရှင်းရန် အပြီးပြတ်ဆုံးနည်းလမ်းဖြစ်လေ၏။
ရှုယီ၏ အညှာအတာကင်းစွာ ဖြေရှင်းပုံကြောင့် ကျန်ရှိနေသော ဝန်ထမ်းများမှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် သစ္စာရှိလာမည်ဖြစ်ပြီး မည်သည့် ပြဿနာမှ ရှာဝံ့မည်မဟုတ်တော့ပေ။
ထို့အပြင် ရှုယီက အလုပ်သမားသမဂ္ဂကိုပင် ဖွဲ့စည်းထားပြီး အလုပ်သမားများကို လုပ်ငန်းစုထံ ၎င်းတို့၏ အတွေးအမြင်များပေးပို့ရန် ပုံမှန်နည်းလမ်းတစ်ခုပေးထားသည်။ သူဟာ ထိန်းချုပ်ထားသည့် အတွေးအမြင်များကြောင့် သပိတ်မှောက်ခြင်းဖြစ်ပွားသည်ကို ထိထိရောက်ရောက် ရှောင်တိမ်းကာ လုပ်ငန်းစု အလုပ်သမားများ၏ ညီညွတ်မှုကိုလည်း တိုးမြှင့်စေသည်။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်းတွင် သပိတ်နှင့် အတိုင်းအတာကြီး အလုပ်သမားလျှော့ချခြင်းတို့ မတိုင်ခင်ကနှင့် ယှဉ်လျှင် ပို၍ ချောချောမွေ့မွေ့နှင့် ထိထိရောက်ရောက်လည်ပတ်နေသည်ဟု ဆိုနိုင်သည်။
စီအီးအိုအနေနှင့် ခမ်နက်ဒ်မှာ ၎င်းကို အလေးအနက် တန်ဖိုးထားသည်။
ထို့ကြောင့် အသေအချာ တွက်ချက်ပြီးနောက် ထိုကိစ္စနှစ်ရပ်မှာ Frestech ကုန်သည်ကြီးများအသင်းကို ဆိုးဝါးစွာ ရိုက်ခတ်စေခဲ့ပြီး ရွှေဒင်္ဂါးငါးသန်းဆုံးရှုံးမှုဖြစ်စေခဲ့ပါ၏။
၎င်းမှာ အခြားလုပ်ငန်းစုများအတွက် ပြင်းထန်သော ဆုံးရှုံးမှုဖြစ်နိုင်ကာ အမြတ်အစွန်း အဆင့်တူမရှိသည့် လုပ်ငန်းစုငယ်များဆိုလျှင် ပျက်စီးသွားနိုင်သလို ပထမတန်းလုပ်ငန်းစုများဆိုလျှင် ၎င်းတို့ကို ပြင်းထန်သော ဆုံးရှုံးမှုဟု ဆိုနိုင်လျှင်တောင် Frestech ကုန်သည်ကြီးများအသင်းအတွက် ၎င်းက သူတို့လက်မခံနိုင်သည့် ဆုံးရှုံးမှုတော့မဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များ၌ ဈေးကွက်များဖွင့်လှစ်ထားရာ ၎င်းတို့၏ ထုတ်ကုန်များကို နေရာအနှံ့၌ ရှာတွေ့နိုင်သည်။ ၎င်းတို့မှာ ထိုတိုင်းပြည်တစ်တိုင်းပြည်စီနှင့်လည်း ပူးပေါင်းထားသဖြင့် အမြတ်အစွန်းက တိုးလာခဲ့သည်သာရှိသည်။
လက်ရှိ အချက်အလက်များအရ Frestech ကုန်သည်ကြီးများအသင်း၏ ယခင်လ အသားတင်အမြတ်အစွန်းမှာ အံ့အားသင့်ဖွယ် ရွှေဒင်္ဂါး တစ်သန်းလေးသိန်းရှစ်သောင်းအထိ ရှိခဲ့သည်။ ၎င်းက ဇန်နဝါရီလ၏ ရွှေဒင်္ဂါး ကိုးသိန်းသုံးသောင်းအမြတ်အစွန်း၏ တစ်ဝက်နီးပါးတိုးလာခြင်းပင်။
ထိုလမ်းကြောင်းဖြင့် နှစ်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှာ နှစ်စဉ် ရွှေဒင်္ဂါး ဆယ့်ငါးသန်းကျော် အမြတ်အစွန်းအထိပင်ရှိလာနိုင်သည်။
ထို့ကြောင့် ရွှေဒင်္ဂါးငါးသန်းဆုံးရှုံးမှုက မနည်းလှလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းအတွက် လက်ခံနိုင်ဖွယ်တော့ရှိပါ၏။
ထိုကိစ္စနှစ်ရပ်၏ အဓိကလွှမ်းမိုးမှုက မှာယူမှုများအား နှောင့်နှေးစေခဲ့သည်ကိုမဆိုထားနှင့်။ ရေရှည်အမြင်နှင့်ကြည့်လျှင် Frestech ကုန်သည်ကြီးများအသင်းထံ၌ လုံလောက်သည့် ထုတ်လုပ်နိုင်စွမ်းရှိနေသရွေ့ Frestech တံဆိပ်မှော်စက်များ၏ မြင့်မားသောအရည်အသွေးကြောင့် ၎င်းတို့ထုတ်လုပ်သည်က မည်မျှ များသည်ဖြစ်စေ ရောင်းရလိမ့်မည်သာ။ ၎င်းတို့အနေနှင့် မရောင်းရမည်ကို စိုးရိမ်ရန်မလိုအပ်သလို အမြတ်အစွန်းမရမည်ကိုလည်း ပူပန်နေရန် မလိုပါချေ။
ထို့ကြောင့် ခမ်နက်ဒ်အနေနှင့် ပြဿနာဟု ခံစားနေမိခြင်းမှာ ဝယ်သူများက အခြားတံဆိပ်များထံမှ ဝယ်ယူရန် ရွေးချယ်ကာ Frestech ကုန်သည်ကြီးများအသင်းအတွက် ဈေးကွက်တစ်စိတ်တပိုင်းကို ရယူရန် ခက်ခဲသွားအောင် လုပ်ဆောင်နေခြင်းကိုဖြစ်၏။
ခမ်နက်ဒ်မှာ မနေနိုင်ဘဲ မျက်လုံးများလှိမ့်လိုက်တော့သည်။
ရှုယီနှင့် ဤမျှကြာအောင် ရှိလာပြီးနောက် ရှုယီက နယ်မြေကြီးတဝှမ်း မှော်စက်မှုနယ်ပယ်ကို ဖြန့်ကျက်ဖို့သာ အမြဲဂရုစိုက်ကြောင်းသိလေသည်။ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား နယ်မြေကြီးကို တစ်ဦးတည်းလွှမ်းမိုးရန် ဆန္ဒမရှိပေ။
ပုံမှန်ကုန်သည်တစ်ဦးအတွက် ၎င်းတို့ထံမှ ဈေးကွက်အလုယူခံရခြင်းမှာ ဘယ်တုန်းကမှ မမြင်လိုခဲ့သောအရာဖြစ်သော်လည်း ရှုယီကမူ ထိုသို့ဖြစ်နေသည်ကို မြင်ရဝမ်းသာနေသည်။
၎င်းကိုစဉ်းစားရင်း ခမ်နက်ဒ်လည်း ထိုပြဿနာအကြောင်း ထပ်ဂရုမစိုက်တော့ဘဲ အခြားပြဿနာထံ ပြောင်းလိုက်သည်။
"ဥက္ကဌ ခင်ဗျားအနေနဲ့ ဈေးကွက် အလုယူခံရတဲ့အပေါ် ဘာအတွေးအမြင်မှ မရှိပေမယ့်လည်း ဒီကိစ္စရဲ့ လွှမ်းမိုးမှုကြောင့် လုပ်ငန်းစုအတော်များများက ကျွန်တော်တို့လုပ်ငန်းစုနဲ့ပူးပေါင်းဖို့ ရည်ရွယ်ချက်တွေ ခဏရပ်တန့်ထားကြတယ်လေ။ နော်တန်နဲ့ ရီကာဖော်နယ်မြေတွေက တခြားလုပ်ငန်းစုတွေဘက်လှည့်ပြီး မှော်စက်တွေအပိုင်းမှာ ပူးပေါင်းဖို့ စီစဉ်နေကြတာ။ အနည်းဆုံးတော့ ဒါကို အလေးအနက်ထားလောက်မယ်မဟုတ်လား?"
"အင်း.... ဒါက ပြဿနာတစ်ခုပဲ။ ဒါပေမယ့် ဒီပြဿနာက ငါတို့လုပ်ငန်းစုနဲ့ မပူးပေါင်းတာမှာ ပြဿနာရှိနေတာမဟုတ်ဘဲ အဲဒီ့ နယ်မြေနှစ်ခုသာ တခြားလုပ်ငန်းစုတွေနဲ့ ပူးပေါင်းလိုက်ရင် လမ်းမှားရောက်သွားလိမ့်မယ်။ သူတို့က သူတို့ရဲ့အချိန်နဲ့ လူအင်အားကို ဖြုန်းတီးမိပြီး နယ်မြေနှစ်ခုကို မကောင်းမွန်တဲ့ မှော်စက်မှုနယ်ပယ်အဖြစ်တောင် ပြောင်းလိုက်နိုင်တယ်။"
ရှုယီက အနည်းငယ်တိတ်ဆိတ်နေပြီးနောက် ဆက်ပြောသည်၊ "ဒီလိုဆိုရင်ရော အဲဒီ့နယ်မြေနှစ်ခု ပူးပေါင်းမယ့် လုပ်ငန်းစုတွေကို စုံစမ်းလိုက်ရင် အဲဒီ့လုပ်ငန်းစုတွေကို တွေ့လိုက်မှာပဲ။"
ရှုယီ၏ အသံအနေအထားမှာ အင်မတန်တည်ငြိမ်နေသော်လည်း ထိုအသံ၌ အကြွင်းမဲ့လွှမ်းမိုးမှုပါနေသည်။
Frestech ကုန်သည်ကြီးများအသင်းက မှော်စက်မှုနယ်ပယ်ကို အပြည့်အဝထိန်းချုပ်ထားသဖြင့် ရှုယီမှာ ထိုစကားများပြောဖို့ အခွင့်အရေးရှိသည်။
ခမ်နက်ဒ်လည်း လုံးဝမအံ့ဩဘဲ သဘောတူညီမှုဖြင့် ခေါင်းငြိမ့်လိုက်ပါ၏။
"ဒါဆို နော်တန်နဲ့ ရီကာဖော်နယ်မြေတွေကိုကျတော့ရော? ဘယ်လိုလုပ်သင့်လဲ?" ခမ်နက်ဒ်ကမေးသည်။
"သူတို့နဲ့ဆက်သွယ်ဖို့လူတွေလွှတ်ပြီး ငါတို့လုပ်ငန်းစုအနေနဲ့ တခြားလုပ်ငန်းစုတွေ မပူးပေါင်းနိုင်တဲ့ မှော်စက်အပိုင်းမှာ ပူးပေါင်းဖို့ ဆန္ဒရှိကြောင်း ပြောလိုက်ပါ။"
ခမ်နက်ဒ် အံ့ဩသွားကာ၊ "ဥက္ကဌ ဒီအဓိပ္ပာယ်က......"
ရှုယီက ခေါင်းငြိမ့်ကာ၊ "ဟုတ်တယ် ငါတို့လုပ်ငန်းစုက သူတို့အတွက် ထုတ်လုပ်ရေးမှော်စက် တစ်စိတ်တပိုင်းကို ထုတ်ပေးဖို့ ဆန္ဒရှိတယ်။"
"ဒါဆို စစ်ဘက်သုံးမှော်စက်တွေကရော?" ခမ်နက်ဒ်က ဂရုတစိုက်မေးလာ၏။
ရှုယီလည်း သူ့ကို စိုက်ကြည့်ကာ၊ "ဘယ်လိုထင်လဲ?"
ရှုယီ၏ အမူအရာကိုမြင်သော် ခမ်နက်ဒ်မှာ သက်ပြင်းချ၍ စိတ်တည်ငြိမ်သွားသည်။
ဥက္ကဌမှာ မည်မျှ သဘောထားကြီးမားကာ အခြားလုပ်ငန်းစုများကို မည်သို့ စဉ်းစားပေးပြီး နယ်မြေကြီး၌ မှော်စက်မှုနယ်ပယ်ကို မည်မျှ ကျယ်ပြန့်စေလိုသည်ဖြစ်စေ သူ့စိတ်ထဲတွင် အောက်ခြေလိုင်းတော့ရှိပါ၏။
စစ်ဘက်သုံးမှော်စက်များမှာ Frestech ကုန်သည်ကြီးများအသင်း၏ အကြီးမားဆုံးဝှက်ဖဲဟု ယူဆနိုင်သော တစ်ဦးပိုင် လက်နက်များဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းအား မည်သူကမှ ဆန့်ကျင်နိုင်သည်အထိ လုံလုံလောက်လောက် မသန်မာခင်တွင် ထိုအရာကို ၎င်းတို့လက်ထဲ၌ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်က အကောင်းဆုံးပင်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၄။ အင်အားကြီး Frestech ကုန်သည်ကြီးများအသင်း
ဆန်ဒီမြစ်မှာ မိုးကျတောအုပ်၏ အရှေ့၌ စီးဆင်း၍ မီရန်ဒိုမြစ်ဟု အမည်တွင်သည့် မီရန်ဒိုနယ်မြေရှိရာကို ဖြတ်စီးသည်။ ၎င်းက မကျယ်ဝန်းလှသော မီရန်ဒိုနယ်မြေ၏ ပိုင်နက်ကို ဖြတ်သန်းပြီးနောက်တွင် နောက်တစ်တိုင်းပြည်ဖြစ်သည့် နော်တန်နယ်မြေသို့ဝင်ရောက်၏။
ထိုမြစ်မှာ နော်တန်နယ်မြေထဲသို့ ငါးဆယ်ကီလိုမီတာသာ စီးဆင်းပြီးနောက်တွင် ကျယ်ဝန်းကာသန့်ရှင်းသည့်ကန်တစ်ကန်ထဲ ဝင်ရောက်သွားသဖြင့် နော်တန်နယ်မြေသားများက ၎င်းကို နော်တန်မြစ်ဟု မခေါ်ဘဲ မီရန်ဒိုမြစ်ဟူသည့် အမည်ကိုသာ ဆက်လက်ထိန်းသိမ်းထားကြသည်။
၎င်းက ဒေသခံများအခေါ် မှန်ကြည်ကန်ဟူသည့် ကန်ထဲသို့ စီးဝင်သွားပြီးနောက်မှသာ တစ်ဖန် ခွဲထွက်သွားသည်။ ၎င်းမှာ နှစ်ဆနီးတီးကျယ်ဝန်းကာ သွင်ပြင်များလုံးဝပြောင်းလဲသွားသည့် မြစ်တစ်မြစ်ထဲစီးဝင်ကာ နော်တန်နယ်မြေရှိ အကြီးဆုံးမြစ်ဖြစ်သော အန်ဖီးဒ်မြစ်ဖြစ်လာသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်မှ ဒဏ္ဍာရီများက အထင်ရှားအကျော်ကြားဆုံး လူသား အမျိုးသမီးစစ်သည်တော် အန်ဖီးဒ်မှာ မှန်ကြည်ကန်ထဲ၌ ရေချိုးခဲ့သည်ဟု ပြောစမှတ်ပြုခဲ့ကြသည်။ သို့ရာတွင် သူမဟာ နတ်သူငယ်တို့၏ ပါရဂူနှင့် ဆုံခဲ့ပြီး နှစ်ဦးသားက မှန်ကြည်ကန်၌ ပြင်းထန်သော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ကြ၏။ နောက်ဆုံးတွင် ၎င်းတို့က မှန်ကြည်ကန်၌ ကွက်လပ်ကြီးတစ်ခု ဖန်တီးလိုက်ရာမှ မြစ်တစ်စင်းဖြစ်ပေါ်လာသည်။
ထို့ကြောင့် နောက်ပိုင်းမျိုးဆက်များက ၎င်းကို အန်ဖီးဒ်မြစ်ဟု ခေါ်တွင်ကြတော့သည်။
မှန်ကြည်ကန်မှ စီးထွက်လာသော အန်ဖီးဒ်မြစ်ရှိသည့် နေရာ ကန်၏ နံဘေးမှ မနီးမဝေးတွင် နော့ဆက်စ်မြို့ဟု ခေါ်သည့် မြို့လေးတစ်မြို့ရှိပါ၏။
၎င်းက မှန်ကြည်ကန်နှင့် နီးကပ်နေသဖြင့် မီရန်ဒိုနယ်မြေ၊ ရူဒ်ဆန်တိုင်းပြည်တို့၏ နယ်စပ်မှ ထိုမျှ မဝေးလှပေ။ အန်ဖီးဒ်မြစ်နှင့် မှန်ကြည်ကန်တို့မှလည်း မဝေးလှသလို နော်တန်နယ်မြေ၏ အဓိကလမ်းမများထဲမှ တစ်လမ်းမှာ အနှီမြို့ကို ဖြတ်သွားသဖြင့် နော့ဆက်စ်မြို့လေးမှာ နော်တန်နယ်မြေ၏ အခြားမြို့လေးများထက် များစွာ ပိုမိုကြီးမားနေလေ၏။ ၎င်းက မြို့တော်အချို့ထက်ပင် များများစားစားသေးငယ်ခြင်းမရှိပေ။
ထို့အပြင် မီရန်ဒိုနယ်မြေမှ ဖြစ်စေ ရူဒ်ဆန်တိုင်းပြည်မှ ဖြစ်စေ ကန်ဒရာအင်ပါယာသို့ အရောက်သွားလိုလျှင် ဤနေရာကို ဖြတ်သွားရပေမည်။ ထို့ကြောင့် နော့ဆက်စ်မြို့လေးမှာ တစ်နှစ်ပတ်လည်လုံး အမြဲစည်ကားနေတော့သည်။
ခရီးသွားများ ဖြတ်သွားခြင်းကြောင့် မြို့ခံများမှာ နော်တန်နယ်မြေရှိ အခြားနေရာများထက် များစွာပိုကောင်းသည့် ဘဝများရှိကြသည်။ ၎င်းတို့အနေနှင့် နယ်မြေ၏ အခြားအပိုင်းများမှ လူများ သို့မဟုတ် မီရန်ဒိုနယ်မြေ၊ ရူဒ်ဆန်တိုင်းပြည်တို့မှ လာရောက်ကြသူများနှင့် ဆုံကြချိန်တွင် အနည်းငယ် စိတ်ကြီးဝင်တတ်ကြ၏။
လွန်ခဲ့သည့်နှစ်လအတွင်းတွင် နော့ဆက်စ်မြို့လေးရှိလူများ၏ စိတ်ကြီးဝင်မှုမှာ လုံးဝပျောက်ကွယ်သွားသလို ခံစားနေကြရသည်။
အကြောင်းအရင်းက အင်မတန်ရိုးရှင်းလှပါ၏၊ ၎င်းတို့ရှေ့၌ ၎င်းတို့ထက် ပိုကောင်းမွန်သည့်ဘဝများတွင် နေထိုင်နေသည်မှာ သိသာသော လူတစ်စု ပေါ်ထွက်လာခြင်းကြောင့်ပင်။
ထိုလူများက မျိုးရိုးမြင့်များ သို့မဟုတ် ကုန်သည်များဆိုလျှင် အဆင်ပြေသေည်လည်း ထိုလူများအားလုံးမှာ သိသိသာသာကို သာမန်လူများဖြစ်ကြသည်။ ၎င်းတို့၏ အဆင့်အတန်းကလည်း မိမိတို့ထက် ပိုမိုမြင့်မားလှခြင်းလုံးဝမရှိပေ။
ထိုလူများအကြားတွင် နော့ဆက်စ်မြို့ အဝင်ဝ၌ အကောင်းဆုံးစားသောက်ဆိုင်များအနက် တစ်ခုကို ပိုင်ဆိုင်ထားသော မာဝေါ်ဆိုသည့် လူကြီးလည်းပါသည်။
မူလပုံစံကို မမှတ်မိလောက်အောင်ဖုန်မှုန့်များအတိလွှမ်းနေသည့် လူငယ်သုံးဦးကို မြင်သော် မာဝေါ်မှာ သူဖုန်းစားများဖြစ်ကြောင်းသိသာလှသော ထိုလူများကို မောင်းမထုတ်ခဲ့ပေ။ ထိုအစား ဖော်ရွေစွာပြုံးလျက် ထိုသုံးဦးကို နှုတ်ဆက်လာခဲ့သည်။
"ဟေး မင်းတို့အားလုံး အလုပ်ကပြန်လာကြတာလား?"
ထိုလူသုံးဦးလည်း စားသောက်ဆိုင်ကို ဝေ့ဝိုက်ကြည့်ကာ ထိုင်ရန် စားပွဲလွတ်တစ်ခုကို ရွေးလိုက်၏။ ထိုလူများအနက်တစ်ဦးကမူ စားပွဲကို ရိုက်၍ အော်လာသည်၊ "လူအိုကြီး မာဝေါ်ရေ ပုံမှန်အတိုင်းချဗျာ၊ ကျွန်တော်တို့ဆီ သေရည်နှစ်ပေါင် အရင်ယူလာခဲ့ပေးပါဦး။"
"ဟုတ်ပြီ ခဏနေရမယ်။"
လူအိုကြီး မာဝေါ်လည်း ပြန်ဖြေလိုက်သည်။ ထို့နောက် စားသောက်ဆိုင်၏ အကောင်းဆုံးဝိုင် နှစ်ပေါင်နှင့် အမဲသားနှစ်ပန်းကန်ကို အပြုံးဖြင့်ထုတ်ယူလာသည်။
ဝိုင်နှင့် စားစရာတို့ကို ချပေးပြီးနောက် လူအိုကြီး မာဝေါ်က မေးလေ၏၊ "ဘယ်လိုလဲ? နေ့လည်ကျရင် အလုပ်ကိုပြန်သွားဖို့ မလိုတော့ဘူးလား? မင်းတို့ မွန်းတည့်ကတည်းက သောက်တော့မယ်ပေါ့?"
ထိုလူသုံးဦးလည်း ရယ်မောလိုက်ပြီး တစ်ယောက်က လက်ယမ်း၍ အရင်ပြောလာသည်၊ "အရေးကြီးတဲ့လူတစ်ယောက်ရဲ့ ယာဉ်တန်းက ဒီနေ့လာမယ်လို့ပြောလို့ မန်နေဂျာက အဲ့လူဖြတ်သွားရအောင် လမ်းဆောက်လုပ်ရေးနားဖို့ ပြောထားတယ်လေ။ အဲ့လူဖြတ်သွားပြီး မနက်ဖြန်မှ အလုပ်ပြန်စကြမှာ။"
"ဒီလိုလား...." လူအိုကြီး မာဝေါ်က ခေါင်းငြိမ့်လိုက်သော်လည်း အနည်းငယ် စူးစမ်းလိုနေဆဲပင်၊ "အဲဒီ့အရေးကြီးပုဂ္ဂိုလ်က ဘယ်သူလဲလို့ သိချင်လိုက်တာ။ သူ ဖြတ်သွားတာကတင် မင်းတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို အလုပ်ရပ်ခိုင်းစေနိုင်တယ်ဆိုတော့ သူက တကယ် မျက်နှာသာပေးခံရတာပဲ။"
"ကန်ဒရာအင်ပါယာကလို့တော့ကြားထားတယ်။ သူတို့က ရူဒ်ဆန်တိုင်းပြည်ကို သွားခဲ့ပြီးတော့ အခု ကန်ဒရာအင်ပါယာကို ပြန်နေကြတာလေ။ ဘယ်သူဆိုတာတော့ အတိအကျမသိဘူး။"
"ကန်ဒရာအင်ပါယာကလား? တကယ်ကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ မထူးဆန်းတော့ပါဘူး...."
လူအိုကြီး မာဝေါ်က ရေရွတ်လိုက်ပြီးနောက် ကောင်တာသို့ ပြန်လာလိုက်သည်။
အနည်းငယ် ရှင်းလင်းရေးလုပ်နေပြီးနောက် တံခါးမှ အနက်ရောင်ပုံရိပ်အမြောက်အများ ရောက်လာကာ ပို၍ပင် ညစ်ပေရေနေသူများ ဝင်လာကြ၏။
မတိုင်ခင်က လူသုံးဦးကဲ့သို့ တူညီသည့် အဝတ်များကို ဝတ်ဆင်ထားသော ထိုလူများ ဝင်လာကြသည်ကိုမြင်သော် လူအိုကြီး မာဝေါ်မှာ ချက်ချင်းပင် ၎င်းတို့ကို အပြုံးဖြင့် နှုတ်ဆက်လိုက်ပါ၏။
အမ်ရစ်ကုန်သည်ကြီးများအသင်းထံမှ အလုပ်သမားများမှာ သဘောထားကြီးကြပြီး သောက်နေစဉ်အတွင်း ပြဿနာမဖြစ်စေသဖြင့် ၎င်းတို့မှာ မြို့လေး၏ စားသောက်ဆိုင်များအားလုံးတွင် အကြိုဆိုအခံရဆုံးသော ဧည့်သည်များဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းတို့မှာ လမ်းများတည်ဆောက်ခြင်းကြောင့် ပေရေနေလျှင်တောင် ရွှေဒင်္ဂါးအစစ်များထုတ်ယူလာသရွေ့ လူအိုကြီး မာဝေါ်လည်း ၎င်းတို့ကို စိတ်ရင်းဖြင့် နှုတ်ဆက်ရန်မှ မရပ်တန့်ခဲ့ပေ။
သို့သော် သူ၏အားလပ်ချိန်တွင် လူအိုကြီး မာဝေါ်မှာ စိတ်ထဲ တိတ်တဆိတ် ရေရွတ်မိပါ၏။
အဲဒီ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဘယ်နေရာကနေ လာခဲ့တာလဲ? ဘယ်လိုလုပ် သူတို့လက်အောက်က အလုပ်သမားတွေကို ဒီလောက်ကောင်းကောင်း ဆက်ဆံပေးနိုင်ရတာလဲ?
လူအိုကြီး မာဝေါ်မှာ အချိန်အနည်းငယ်ဖယ်၍ ၎င်းတို့ တည်ဆောက်နေကြသော လမ်းကိုကြည့်မိချိန်တွင် ထိုအလုပ်သမားများ၏ အလုပ်အများစုက ရိုးရှင်းသောအလုပ်ဖြစ်သည်ကို တွေ့ခဲ့ရသည်။ သူနားမလည်သည့် အရာတချို့နှင့် မည်သည့်အတွက် အသုံးပြုမှန်းမသိရသော ထူးဆန်းသည့် စက်တစ်လုံးကို လည်ပတ်နေခြင်းမှ လွဲလျှင် ၎င်းက ထိုမျှ ခက်ခဲသည့် အလုပ်မဟုတ်ပေ။
ထို့အပြင် ထိုအလုပ်သမားများမှာ အချိန်အင်မတန်တိကျစွာ အလုပ်လုပ်ကြရသည်။ ၎င်းတို့မှာ မနက်ခင်းတိုင်း ရှစ်နာရီမှ မွန်းတည့်အထိအလုပ်လုပ်ရပြီး နှစ်နာရီမှ ခြောက်နာရီအထိ အလုပ်လုပ်ရသလို တစ်ပတ်စီတိုင်းအနားယူဖို့ တစ်ရက်ရသည်။
ထိုအလုပ်က လူအိုကြီး မာဝေါ်အတွက် အတော်လေး သက်တောင့်သက်သာနိုင်လှပုံပေါ်ပါ၏။
သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ထိုအလုပ်သမားများကို အံ့အားသင့်ဖွယ်လစာပေးလေသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်း၌ ယစ်ထုတ်အလုပ်သမားတစ်ဦးမှချပြလာသော အရေအတွက်အရ အရိုးရှင်းဆုံးအလုပ်အတွက် အနိမ့်ဆုံးလစာမှာ တစ်လလျှင် ရွှေဒင်္ဂါးဆယ့်ငါးပြားဖြစ်သည်။
၎င်းမှော်စက်ကြီးများကို လည်ပတ်ပေးဖို့ လိုအပ်သည့် အလုပ်သမားများကဲ့သို့သော အနည်းငယ်ပိုမြင့်သူဆိုလျှင် တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်မှ သုံးဆယ်အထိ ရလိမ့်မည်။
ပြောရလျှင် လူအိုကြီး မာဝေါ်မှာ နော့ဆက်စ်မြို့လေးရှိ ဤစားသောက်ဆိုင်င်ကို နှစ်များစွာ ကြာအောင် ဖွင့်လှစ်ထားခဲ့သည်။ သူဟာ အရုဏ်ဦးမှ ညအထိ အလုပ်လုပ်ပြီး နားချိန်လည်းမရှိဘဲ တစ်နှစ်ကို ရွှေဒင်္ဂါး သုံးရာမှ လေးရာအထိ ပိုမရပေ။
ထိုအလုပ်သမားများကမူ ထိုသို့သော သက်တောင့်သက်သာနိုင်သည့် အလုပ်များလုပ်ရင်း သူနှင့် လစာအတူတူနီးပါးရကြလေ၏။
နော့ဆက်စ်မြို့လေး၏ သာမန်မြို့သားများနှင့်ယှဉ်လျှင် ၎င်းတို့မှာ အဆပေါင်းများစွာ ပိုရသည်။
ထို့ကြောင့် နော့ဆက်စ်မြို့လေး၌ အမ်ရစ်ကုန်သည်ကြီးများအသင်း လမ်းတည်ဆောက်နေသည့် လတွင် အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးလိုကြသည့် လူငယ်များစွာရှိနေတော့သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းက ကီလိုမီတာ တစ်ထောင်ကျော် ကွာဝေးသည့် လမ်ပူရီတိုင်းပြည်မှ လာသည်မှာ နှမျောစရာပင်။ စည်းမျဉ်းများအရ ၎င်းတို့မှာ နော်တန်နယ်မြေမှ အလုပ်သမားများ မစုဆောင်းနိုင်သဖြင့် အားလုံး၏ လျှောက်လွှာများကို ပယ်ဖျက်ခဲ့ကြသည်။
သို့သော် ၎င်းတို့၏ မြို့တော်ဝန်က လက်ရှိတွင် နယ်မြေ၏ အထက်ပိုင်းအလွှာထံသို့ လျှောက်လှဲချက်တစ်ခုတင်ထားကာ အမ်ရစ်ကုန်သည်ကြီးများအသင်းအား နော်တန်နယ်မြေထံမှ အလုပ်သမားများစုဆောင်းခွင့်ပေးရန် တောင်းဆိုထား၏။
ထို့အပြင် အမ်ရစ်ကုန်သည်ကြီးများအသင်းတည်ဆောက်နေသည့် လမ်းမက နယ်မြေတစ်ခုလုံးကို ဖြတ်သွားကာ ကန်ဒရာအင်ပါယာသို့ ရောက်ရှိမည်ဟု ဆိုကြသည်။ ထိုစီမံကိန်းက နှစ်တစ်ဝက်ကြာမည်ဖြစ်သဖြင့် ၎င်းတို့မှာ နော်တန်နယ်မြေ၌ နှစ်တစ်ဝက်ခွဲရှိနေမည့် အဓိပ္ပာယ်ပင်။ နယ်မြေမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းအား ဒေသတွင်းအလုပ်သမားများစုဆောင်းခွင့်ပေးဖို့ သဘောတူညီလောက်မည့်ပုံပင်။
၎င်းကို စဉ်းစားရင်း လူအိုကြီး မာဝေါ်မှာ အကြံတစ်ခုရသွားသည်။ သူဟာ မတိုင်ခင်က လူသုံးဦး၏ စားပွဲထံသွားကာ ခုံအလွတ်၌ထိုင်၍ ပြုံးလျက် ပြောလိုက်သည်၊ "ဒါက... မင်းတို့ကို မေးချင်တာရှိလို့။"
ထိုသုံးဦးမှာ စားသောက်ဆိုင်သို့ မကြာခဏလာသည့် ဧည့်သည်များဖြစ်ပြီး လူအိုကြီး မာဝေါ်နှင့် ရင်းနှီးသဖြင့် ၎င်းကိုကြားသော် ခေါင်းငြိမ့်လိုက်ကြသည်။
"ဘာများလဲ?"
လူအိုကြီး မာဝေါ်လည်း ခဏမျှ စဉ်းစားရင်း စကားလုံးများကို ချိန်ဆပြီးမှ မေးလေသည်၊ "မင်းတို့ လုပ်နေတဲ့ အလုပ်မှာ.... လိုအပ်ချက်က ဘာများလဲ?"
"လိုအပ်လျက်?" ထိုသုံးဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် ပခုံးတွန့်လိုက်ကြ၏၊ "လိုအပ်ချက်တော့မရှိပါဘူး အင်အားရှိသရွေ့ အဆင်ပြေတယ်။ ဒါပေါ့ အလုပ်အမျိုးအစားတွေတော့ မတူကြဘူးလေ။ ကျွန်တော်တို့ သုံးယောက်လိုမျိုးပေါ့၊ ကျွန်တော်က ကွန်ကရစ်တွေ ရောစပ်ဖို့ တာဝန်ယူရပြီး ပါဝင်ပစ္စည်းအချိုးအဆမှန်မှန်သုံးပြီးတော့ မှော်ဘိလပ်မြေရောစက်ကိုမောင်းရတာ။ သူတို့နှစ်ယောက်ကကျတော့ လမ်းခင်းဖို့ တာဝန်ယူရတာမို့ မှော်လမ်းခင်းစက်ကိုမောင်းပြီး လမ်းမျက်နှာပြင်ကို ပိပြားအောင်လုပ်ရတာကြောင့် အတွေ့အကြုံနည်းနည်းတော့လိုတယ်။"
"အိုး.... ဒါဆို လုပ်ငန်းစုထဲ အသစ်ဝင်တဲ့လူဆို ဘာလုပ်နိုင်လဲ?" လူအိုကြီး မာဝေါ်က မေးလာ၏။
ထိုလူက လူအိုကြီး မာဝေါ်ကိုကြည့်ကာ အပြုံးဖြင့်ဆိုသည်၊ "ဘာလဲ? လူအိုကြီး မာဝေါ်, ကျွန်တော်တို့လုပ်ငန်းစုမှာ အလုပ်လုပ်ချင်နေတဲ့ ဆွေမျိုးတချို့ရှိလို့လား?"
လူအိုကြီး မာဝေါ်က မေးသည်၊ "အဝေးက ငါ့ရဲ့ တူတစ်ယောက် စိတ်ဝင်စားနေလို့ အလုပ်ဖြစ်လောက်မယ်ထင်လား?"
သုံးယောက်က ခေါင်းခါကာ၊ "ကျွန်တော်တို့က ဘာကိုမှ ဆုံးဖြတ်လို့မရဘူး၊ ခင်ဗျား မန်နေဂျာကို မေးသင့်တယ်။ ဒါပေမယ့် လုပ်ငန်းစုက ခင်ဗျားတို့ နော်တန်နယ်မြေနဲ့ သဘောတူညီမှုမရသေးဘူးလို့ မန်နေဂျာပြောတာကြားတော့ ပြည်တွင်းအလုပ်သမားတွေကို စုဆောင်းနိုင်ဖို့ အချိန်နည်းနည်းယူရလိမ့်မယ်။"
"ဒီလိုကိုး...."
လူအိုကြီး မာဝေါ်က ခေါင်းငုံ့၍ စဉ်းစားလိုက်သည်။ ထို့နောက် သူဟာ ကောင်တာသို့သွား၍ အမဲသားတစ်ပန်းကန်ထပ်ယူလာကာ ထိုသုံးဦး၏ စားပွဲ၌ ချပေးပြီးနောက် အပြုံးဖြင့် ပြောလေသည်၊ "သတင်းတချို့ရှိရင် ကျေးဇူးပြုပြီး တတ်နိုင်သလောက်ပြောပြပေးပါဦး ငါ့ရဲ့တူလေးကို ပြောရမှာမို့။"
ထိုသုံးဦးက မတိုင်ခင်ကထက် များစွာပိုကြီးသည့် အမဲသားပန်းကန်ကိုကြည့်ပြီး ရယ်မောလိုက်ကြသည်။
"စိတ်ချပါ ကျွန်တော်တို့ တစ်ခုခုကြားတာနဲ့ သေချာပေါက် ပြောပြပါ့မယ်။"
အလယ်ရှိလူက ခေတ္တရပ်တန့်လိုက်ပြီးနောက် ရုတ်တရတ် တစ်ခုစဉ်းစားမိသွားသည်၊ "လူအိုကြီး မာဝေါ်, ခင်ဗျားရဲ့ တူကို အလျင်မလိုဘဲနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်စရာမလိုဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်တို့က အလုပ်ကနေ အတော်လေးရပေမယ့်လည်း အတော်ကိုညစ်ပတ်ပြီး ပင်ပန်းတော့ ဘာမှကောင်းတာမရှိသလို သူလည်း ကျင့်သားရမှာမဟုတ်ဘူး။"
"ဒါက တစ်နေကုန်အိမ်မှာပဲနေပြီး လယ်လုပ်နေတာထက် စာရင်ပိုကောင်းပါတယ်။" လူအိုကြီး မာဝေါ်က အပြုံးဖြင့်ဆိုသည်၊ "လူငယ်တွေက ညစ်ပတ်မှာနဲ့ ပင်ပန်းမှာကို ကြောက်စရာမလိုပါဘူး။"
"ဒါတော့ ဟုတ်တယ်ဆိုပေမယ့် ကျွန်တော် လမ်ပူရီတိုင်းပြည်ကနေ ထွက်မလာခင်က Frestech ကုန်သည်ကြီးများအသင်းလည်း ခင်ဗျားတို့ နော်တန်နယ်မြေမှာ ရင်းနှီးမြှုပ်နှံတော့မယ်လို့ ကြားထားတယ်။ ခင်ဗျားတို့ နော့ဆက်စ်မြို့တည်နေရာကြောင့် Frestech ကုန်သည်ကြီးများအသင်းက အလွတ်ပေးမှာမဟုတ်ဘူး။ Frestech ကုန်သည်ကြီးများအသင်းရောက်လာရင် ခင်ဗျားတို့ စိုးရိမ်စရာမလိုတော့ပါဘူး။"
"Frestech ကုန်သည်ကြီးများအသင်း?" လူအိုကြီး မာဝေါ်က မျက်မှောင်ကုပ်၍ စဉ်းစားလိုက်၏၊ "အရင်က လူတချို့ ဒီလုပ်ငန်းစုနာမည်ကို ပြောတာကြားဖူးတယ်။ ဘာလို့များလဲ? Frestech ကုန်သည်ကြီးများအသင်းက အရမ်းအင်အားကြီးလို့လား? ဘာလို့ ငါတို့လူတွေက သူတို့ ဒီမှာရင်းနှီးမြှုပ်နှံရင် အလုပ်အကြောင်း စိုးရိမ်ဖို့ မလိုတော့မှာလဲ?"
"အင်အားကြီးတယ်? ဟား ဟား Frestech ကုန်သည်ကြီးများအသင်းက အင်အားကြီးတာထက်ကို ပိုတာပေါ့!" ထိုလူက သူ့အကြောင်းသူ ကြွားဝါနေသည့်နှယ် ဂုဏ်ယူနေဟန်ရှိသည်၊ "ကျွန်တော် ပြောပြမယ်၊ Frestech ကုန်သည်ကြီးများအသင်းသာ ခင်ဗျားတို့မြို့မှာ စက်ရုံ တစ်ရုံနှစ်ရုံလောက် ရင်းနှီးမြုပ်နှံလိုက်တာနဲ့ ခင်ဗျားတို့ မြို့လည်း လုံးဝပြောင်းလဲသွားစေရမယ်လို့ အာမခံတယ်။ ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်နဲ့ အနီးဆုံး မီရန်ဒိုနယ်မြေမှာရှိတဲ့ အမ်ပရစ္စတန်မြို့လေးကို သိလား? Frestech ကုန်သည်ကြီးများအသင်းက အဲ့မှာ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် အဲ့မြို့လေးက အမ်ပရစ္စတန်မြို့တော်ကြီးတောင် ဖြစ်လာတော့မယ်!"
"တကယ်ကြီး?" လူအိုကြီး မာဝေါ်မှာ အပြည့်အဝမယုံကြည်ခဲ့ပေ။
ထို Frestech ကုန်သည်ကြီးများအသင်းမှာ လုပ်ငန်းစုလေးတစ်စုသာဖြစ်ရာ မည်သို့များ ဤမျှ အင်အားကြီးနိုင်မည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၅။ သံတမန်၏ ယာဉ်တန်း
မွန်းတည့်ချိန်၏ အလုပ်အများဆုံးအချိန် ပြီးဆုံးသွားသည်နှင့် မာဝေါ်မှာ သိမ်းဆည်းပြီးလိုက်ပြီး ဧည့်သည်များများစားစားမလာတော့ကြောင်း တွေ့လေသည်။ စဉ်းစားပြီးနောက် သူဟာတည်းခိုဆောင် အရှေ့တံခါးကိုပိတ်ကာ မွန်းလွဲ၌ ပိတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် သူဟာ မြို့၏ အရှေ့တောင်ပိုင်းနှင့် မဝေးသော အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးဆိုက်ထံ ဦးတည်လိုက်၏။
သူ၏ ညီမငယ်မှာ တူတော်မောင်ကို စိုးရိမ်ကာ အမ်ရစ်ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်နိုင်မည်လား သိစေရန် ထိုလုပ်ငန်းစုအကြောင်းကို အကြိမ်ပေါင်းများစွာ မေးခဲ့သည်။ လူအိုကြီး မာဝေါ်မှာ သဘာဝကျစွာပင် အကောင်းဆုံးလုပ်မည်ဖြစ်၏။
ဆောက်လုပ်ရေးဆိုက်သို့ ရောက်လာချိန်တွင် လူတိုင်းက ထိုသုံးယောက်ပြောခဲ့သလို ထွက်ခွာသွားကြပြီဖြစ်သည်။ ကျန်နေသည့် အလုပ်သမားအနည်းငယ်မှလွဲ၍ အခြားအလုပ်သမားများမှာ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။
သူ၏ အထက်ရှိ နေကို မော့ကြည့်လိုက်ရင်း မာဝေါ်မှာ ထိုအလုပ်သမားများက တစ်ရေးအိပ်ရန် နားချိန်ယူနေသည်ဟု ခန့်မှန်းမိလိုက်သည်။ ဝေ့ဝဲကြည့်လိုက်သော် တာဝန်ကျအလုပ်သမားအချို့ ရှိနေဆဲဖြစ်သည်ကို တွေ့ရ၏။
လူအိုကြီး မာဝေါ်လည်း ရောက်လာပြီး ပြင်ဆင်လာခဲ့သည့် ဝိုင်နှင့်စားစရာတို့ကို ထုတ်ယူလိုက်သည်။ သူဟာ တစ်ဘက်နှင့် ရင်းနှီးသွားဖို့ စီစဉ်ကာ အခြေအနေကို မေးဖို့ ပြင်လိုက်သော်လည်း ၎င်းတို့ထံမှ အခိုင်အမာ အငြင်းခံခဲ့ရသည်။
"အားနာပါတယ် စည်းမျဉ်းတွေအရ အလုပ်လုပ်နေရင်း သောက်လို့မရလို့ပါ။ ကျွန်တော်တို့အားလုံး ဒီစည်းမျည်းအတိုင်းပဲ နေကြရတာ။" ထိုအလုပ်သမားများ၏ ခေါင်းဆောင်ဖြစ်ပုံရသည့် အသားညိုမှောင်မှောင် အလုပ်သမားက ပြောလာသည်။ သူက လက်ခံဖို့ ဆန္ဒမရှိရာ ကျန်သူများလည်း တစ်ခွန်းတစ်ပါဒမှ မဟကြတော့။
"ဒါက... ကျုပ် တကူးတကနဲ့ ဒီကိုယူလာတာဆိုတော့ ပြန်ယူသွားဖို့က အဆင်မပြေဘူး...."
ထိုအလုပ်သမားက ရယ်မောကာ၊ "ဒီက ဦးလေးကြီး တစ်ခုခုမေးချင်တာရှိရင် မန်နေဂျာကို သွားရှာလို့ရပါတယ်။ အဲ့မှာပါ..." ထိုအလုပ်သမားမှာ တစ်ဘက်ကို ညွှန်ပြလာသည်၊ "သူ့ကိုမြင်ရလား အဲဒါ ကျွန်တော်တို့ရဲ့ မန်နေဂျာပါ။ ဒီတိုင်းမေးလိုက်လို့ရပါတယ်၊ ကျွန်တော်တို့နဲ့ ယှဉ်ရင် သူ့ဆီမှာမေးတဲ့အခါ ပိုတိကျတဲ့ အဖြေကို ရပါလိမ့်မယ်။"
လူအိုကြီး မာဝေါ်လည်း သူ ညွှန်ပြသည့် လားရာကိုကြည့်လိုက်သော် အဝေး၌ တူညီသည့်ယူနီဖောင်းကို ဝတ်ဆင်ကာ ရပ်နေသည့်လူကို တွေ့လိုက်ရ၏။ သူဟာ ထိုလမ်းမ၌ တစ်စုံတရာကို စောင့်ဆိုင်းနေသည့်ပုံရသည်။
"သူက မင်းတို့ရဲ့ မန်နေဂျာလား?" လူအိုကြီး မာဝေါ်က ခဏတာ တုံ့ဆိုင်းနေပြီးနောက် အံကိုကြိတ်ကာ မန်နေဂျာထံ လျှောက်သွားလေသည်။
နီးကပ်လာချိန်တွင် လူအိုကြီး မာဝေါ်မှာ ထိုလူက တကယ်ကို အခြားအလုပ်သမားများနှင့် ကွဲပြားကြောင်းတွေ့လိုက်ရပါ၏။
သူဟာ တူညီသည့် ယူနီဖောင်းကို ဝတ်ဆင်ထားသော်လည်း သူ၏ ယူနီဖောင်းမှာ သိသာစွာပင် များစွာ သန့်ရှင်းနေ၏။ သူ၏မျက်နှာကလည်း အခြားလူများကဲ့သို့ နေလောင်နေခြင်းမရှိသဖြင့် သူဟာ ဆောက်လုပ်ရေးဆိုက်၌ အလုပ်မလုပ်ခဲ့သည်ကို မြင်နိုင်သည်။
လူအိုကြီး မာဝေါ် ချဉ်းကပ်လာသည့် အသံကိုကြားသသော် ထိုလူက မာဝေါ်ဘက် လှည့်လာသည်။ ထို့နောက် လူအိုကြီး မာဝေါ် လက်ထဲရှိ ဝိုင်ကိုကြည့်၍ မျက်မှောင်အသာကုပ်၏။
"ဒီက ဦးကြီး တစ်ခုခုများလိုလို့လား?"
ထိုလူမှာ တင်းကြပ်ဟန်ရှိသော မန်နေဂျာဖြစ်သော်လည်း အသံက သိမ်မွေ့ယဉ်ကျေးလေရာ လူအိုကြီး မာဝေါ်ကို များစွာပိုမို စိတ်သက်သာစေသည်။
သူ့အား အနည်းငယ်စကားဆိုပြီးနောက် မာဝေါ်က ဤနေရာသို့ လာရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်ပါ၏။
မန်နေဂျာက ဂျီနာဟု အမည်ရကာ စားသောက်ဆိုင်၌ အလုပ်သမားသုံးဦးပေးသည့် အဖြေကို ထပ်တူပေးလာသော်လည်း အချိန်က ပိုတိကျသည်။
သူ၏ အပြောအရ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ဒေသတွင်းအလုပ်သမားများအား ခန့်အပ်ဖို့ မစဉ်းစားနိုင်ခင် အနည်းဆုံးတစ်လကြာမည်ဖြစ်သဖြင့် မာဝေါ်ကို စိတ်ရှည်ရှည်စောင့်နိုင်ရန် မျှော်လင့်မိပါ၏။
"စိတ်ချပါ ခင်ဗျားရဲ့ တူမှာ အဆင်ပြေတဲ့ ကိုယ်ကာယ၊ အင်အားရှိသရွေ့ ဘာပြဿနာမှမရှိဘဲ ကျုပ်တို့က ခန့်အပ်မှာပါ။ နည်းစနစ်ပြဿနာကတော့ ဖြည်းဖြည်းချင်း သင်လို့ရပါတယ်။"
မန်နေဂျာ ဂျီနာ၏ အဖြေက လူအိုကြီး မာဝေါ်ကို ပို၍ စိတ်ချစေသည်။
သူထွက်ခွာသွားမည်ပြုစဉ်တွင် လူအိုကြီး မာဝေါ်က မနေနိုင်ဘဲ သိလိုစွာ မေးလိုက်မိသည်၊ "မေးလို့ရဦးမလား... ဒီနေ့လာမယ့် အရေးကြီးပုဂ္ဂိုလ်က ဘယ်သူများလဲ? မင်းက တကယ်ပဲ အလုပ်ကိုရပ်လိုက်ပြီး သူဖြတ်သွားမှာကို စိတ်ရှည်ရှည်စောင့်နေတော့လေ။"
မန်နေဂျာ ဂျီနာမှာ အသာပြုံးပြီး ခေါင်းခါလိုက်သည်၊ "အားနာပါတယ် ဒါက လျှို့ဝှက်ချက်တချို့နဲ့ သက်ဆိုင်နေတာကြောင့် ထုတ်ပြောဖို့ အဆင်မပြေလို့ပါ။"
"အိုး...." လူအိုကြီး မာဝေါ်မှာ ကူရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီးနောက် ထွက်သွားသည်။
လူအိုကြီး မာဝေါ်က လက်ထဲရှိ ဝိုင်ပုလင်းနှင့် အမဲသားထုပ်တို့ဖြင့် ထွက်ခွာသွားသည်ကိုကြည့်ရင်း ဂျီနာမှာ မနေနိုင်ဘဲ ခေါင်းခါကာ ပြုံးလိုက်သည်။
သူ့အနေနှင့် သံတမန်ဟာကာနင် ဖြတ်သွားခြင်းမှာ လျှို့ဝှက်ထားစရာလိုသည့်အရာဟု မထင်သော်လည်း ထိုအချက်အလက်ကို ကြုံရာလူတစ်ယောက်ထံ မပေးနိုင်ပါချေ။
လူအိုကြီး မာဝေါ် မေးခဲ့သည့် အလုပ်သမားများစုဆောင်းခြင်းအကြောင်းကိုမူ မန်နေဂျာဂျီနာမှာ တကယ်တမ်းသူ့ထက်ပို၍ပင် စိုးရိမ်နေသေးသည်။
နော်တန်နယ်မြေ၌ ယခုအထိ သုံးလကျော်ကြာ လမ်းခင်းနေခဲ့ပြီးနောက် ၎င်းတို့မှာ ငါးဆယ်ကီလိုမီတာ လမ်းကိုသာ ခင်းရသေးသည်။ ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းမှာ သံသယဝင်စရာမလိုလောက်အောင် နိမ့်နေ၏။
၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းနိမ့်ပါးမှုအတွက် အကြောင်းအရင်းမှာ နော်တန်နယ်မြေ၌ ရှိနေကာ လိုအပ်သည့်ပစ္စည်းများကို ပို့ဆောင်ဖို့ အချိန်လိုအပ်ခြင်းအပြင် အဓိက ပြဿနာက အလုပ်သမားလိုအပ်ခြင်းဖြစ်သည်။
လမ်ပူရီတိုင်းပြည်၏ စီးပွားရေးကောင်းမှုကြောင့် အနီးဝန်းကျင်တိုင်းပြည်များအားလုံး လမ်းများတည်ဆောက်လာကာ လမ်းမများက တိုင်းပြည်တစ်တိုင်းပြည်၏ တိုးတက်မှုအတွက် အရေးပါကြောင်း သိလာကြသည်။ ထို့ကြောင့် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များမှ လမ်းခင်းဖို့ မှာယူမှုများစွာ ရရှိကာ တစ်နှစ်ပတ်လည်လုံး အလုပ်များနေစေသည်။
ထို့အပြင် နော်တန်နယ်မြေမှ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် စတင်ပူးပေါင်းရုံသာရှိခြင်းကြောင့် ဤနေရာသို့ပို့သည့် ဆောက်လုပ်ရေးအဖွဲ့က မကြီးမားပေ။ ဤနေရာ၌ အလုပ်သမားတစ်ရာအောက်သာရှိသဖြင့် ပြဿနာများရှိလာမည်သာ။
အမ်ရစ်ကုန်သည်ကြီးများအသင်းသာ နော်တန်နယ်မြေနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ကာ ဒေသတွင်းအလုပ်သမားများ စုဆောင်းရန် ခွင့်ပြုနိုင်ပါက အဆင်ပြေမည်ဖြစ်သော်လည်း နော်တန်နယ်မြေမှာ ပထမအကြိမ် ပူးပေါင်းခြင်းဖြစ်သောကြောင့် သတိထားနေလေသည်။ ၎င်းတို့မှာ ဆုံးဖြတ်ချမချနိုင်ဘဲ လပေါင်းများစွာ အချိန်ဆွဲထားရာ မန်နေဂျာ ဂျီနာက အလုပ်ပြီးရန် သူ၏ အလုပ်သမားအနည်းအကျဉ်းအပေါ်၌သာ အားကိုး စေနိုင်သည်။
နောက်ဆုံးသတင်းအရ ဥက္ကဌခရုစ်ကိုယ်တိုင် ဒုခ် နော်တန်နှင့် လာရောက် ညှိနှိုင်းကာ တိုးတက်မှုတချို့ လုပ်မည်ဟူသည်က သတင်းကောင်းပင်။
မျှော်လင့်မထားသည်တို့သာ မဖြစ်လျှင် တစ်လအတွင်း နော်တန်နယ်မြေမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် သဘောတူညီချက်ရလောက်သည်။
ထိုအချိန်တွင် အမ်ရစ်ကုန်သည်ကြီးများအသင်းလည်း ဒေသတွင်း အလုပ်သမားများကို ခန့်အပ်နိုင်လိမ့်မည်။
ထိုအလုပ်သမားများထံတွင် အလုပ်အချို့ပြီးမြောက်ရန် နည်းစနစ်မရှိလျှင်တောင် အနည်းဆုံး ပိုကျွမ်းကျင်သည့် အလုပ်သမားများတချို့ကို ဝန်လျော့စေနိုင်ပြီး နည်းပညာနိုင်ရာအလုပ်၌ အာရုံစိုက်၍ရနိုင်စေမည်။ သဘာဝကျကျပင် ၎င်းက လမ်းခင်းသည့်နှုန်းကို တိုးလာစေမည်။
"နော်တန်နယ်မြေလေးနဲ့ ပူးပေါင်းဖို့ကတောင် ဒီလောက်ခက်နေတာ ကန်ဒရာအင်ပါယာနဲ့ ပူးပေါင်းဖို့ဆို ပိုခက်မှာ မဟုတ်ဘူးလား?"
မန်နေဂျာ ဂျီနာက ထိုသို့ မျက်မှောင်ကုပ်ကာ စဉ်းစားနေစဉ်တွင် ခင်းထားပြီးသား လမ်းမကို ကြည့်လိုက်သည်။
နာရီဝက်ပတ်လည် ကြာပြီးနောက် အဝေးရှိ အနက်ရောင်အစက်လေးမှာ တစ်အောင့်အကြာတွင် ယာဉ်တန်းကြီးတစ်ခုဖြစ်လာသည်။
လမ်းမပေါ်ထက် ပြေးလွှားနေသော ဘီးများ၏ လည်သံကိုကြားသော် မန်နေဂျာဂျီနာမှာ အံ့ဩသွားသည်။
သံတမန်ဟာကာနင်မှာ ကန်ဒရာအင်ပါယာသို့ ပစ္စည်းပမာဏများစွာ ယူဆောင်လာမည့်အကြောင်း ကြားခဲ့သော်လည်း ၎င်းတို့၏ ယာဉ်တန်းက ပို့ဆောင်ရေးမှော်ကားကြီးများဖြင့် ပြည့်နေမည်ဟု ထင်မထားခဲ့ပေ!
ရှေ့ဘက်မှ မောင်းလာသော အနက်ရောင်သန့်သန့်မှော်ဆလွန်းကို မြင်သော် မန်နေဂျာ ဂျီနာမှာ အနည်းငယ် ဆွံ့အသွားပါ၏။
ဤသံတမန်ဟာကာနင်မှာ ရူဒ်ဆန်တိုင်းပြည်၌ ဝါသနာအချို့ ပေါ်ပေါက်လာခဲ့ပုံရသည်။ သူ့အနေနှင့် အခြားနေရာများမှာ ရူဒ်ဆန်တိုင်းပြည်ကဲ့သို့ မှော်ဆလွန်းများဖြတ်မောင်းရန် လမ်းချောချောမွေ့မွေ့ရှိမည်ဟု မထင်ပေ။
ဤ နော်တန်နယ်မြေအတွက် ၎င်းတို့ ခင်းနေသည့် လမ်းမမှာ နော်တန်နယ်မြေရှိ အကြီးမားဆုံးလမ်းဖြစ်လျှင်တောင် နှိုင်းယှဉ်ကြည့်လျှင် လိုအပ်ချက်များစွာ ရှိသည်။
၎င်းအပေါ် မှော်ဆလွန်းဖြင့် မောင်းလျှင်တောင် သေချာပေါက် အင်မတန် ခလုတ်ကန်သင်းများပါ၏။
ထိုအစား ကိုယ်ထည်နှင့် တာယာတို့ကြီးမားသော ပို့ဆောင်ရေးမှော်ကားကြီးများကိုမူ ထိုလမ်းလေးက လုံးဝ မနှောင့်နှေးစေနိုင်ပေ။
တစ်အောင့်ကြာသည့်နောက် ရှေ့ရှိ မှော်ဆလွန်းမှာ လမ်းဆုံးသို့ရောက်လာကာ မန်နေဂျာ ဂျီနာရှေ့တည့်တည့်၌ ရပ်လိုက်သည်။
တံခါးပွင့်လာကာ ဝဖိုင့်ဖိုင့် သံတမန်ဟာကာနင်က အားသုံး၍ ထွက်လာ၏။ ခရီးသည်ထိုင်ခုံထက်၌ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌအဖြစ် တိုးမြှင့်ခံထားရပြီးသား ရီလိုင်းရှိနေသည်။
"သံတမန်ကို နှုတ်ဆက်ပါတယ်။" စိတ်ထဲရှိ ဝေဖန်လိုမှုကို ဘေးချိတ်ကာ မန်နေဂျာဂျီနာက သံတမန်ဟာကာနင်ကို တလေးတစား အရိုအသေပေးလိုက်ပြီးနောက် ဒုဥက္ကဌ ရီလိုင်းဘက် လှည့်လိုက်သည်။
"ဂျီနာ , ဒီက စီမံကိန်း ဘယ်လိုရှိလဲ?" ဒုဥက္ကဌ ရီလိုင်းက မေးသည်။
"ချောမွေ့တယ်လို့ သတ်မှတ်လို့တော့ရပေမယ့် လူ အလုံအလောက်မရှိဘဲ အမြန်သွားလို့မရနိုင်ဘူး။" မန်နေဂျာ ဂျီနာက ရိုးသားစွာ ပြော၏။
"အင်း မပူပါနဲ့။ ဥက္ကဌကတော့ နော်တန်နယ်မြေအနေနဲ့ ဒီလမ်းအပေါ်မှာ အလျင်မလိုတာမို့ အလောကြီးစရာမလိုဘူးပြောတယ်။" ထိုသို့ ပြောပြီးနောက် ဒုဥက္ကဌ ရီလိုင်းက သံတမန်ဟာကာနင်ဘက်လှည့်လိုက်သည်၊ "သံတမန်ကြီး ကန်ဒရာအင်ပါယာကသာ ကျွန်တော်တို့လုပ်ငန်းစုကို အထောက်အပံ့အလုံအလောက်ပေးဖို့ ဆန္ဒရှိရင် ကျွန်တော်တို့အနေနဲ့ လမ်းကို အတော်လေးပိုမြန်အောင် ခင်းနိုင်ပါတယ်။ ဒါကို သံတမန်ကြီးက တောင်းဆိုပေးလိုက်သရွေ့ တစ်လအတွင်း တစ်ရာကီလိုမီတာလမ်းတစ်လမ်းခင်းဖို့ ပြဿနာမရှိပါဘူး။"
သံတမန်ဟာကာနင်က ခေါင်းငြိမ့်ကာ ၎င်းကို လက်ခံခြင်းလည်းမပြုသလို ငြင်းပယ်ခြင်းလည်း မရှိပေ။
သူ ဤတစ်ခေါက် ကန်ဒရာအင်ပါယာကို ပြန်ရခြင်း အကြောင်းအရင်းမှာ အဓိကအနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အိမ်သုံးမှော်စက်ပမာဏ အမြောက်အမြားကို ပြန်ယူသွားရန်ဖြစ်သည်။
သူ့အနေနှင့် အနှီ အိမ်သုံးမှော်စက်များကို ရောင်းနိုင်သရွေ့ အနည်းဆုံးရွှေဒင်္ဂါးနှစ်သိန်း အမြတ်ငွေရနိုင်သည်။
၎င်းနှင့်ယှဉ်လျှင် သူဟာ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ လမ်းခင်းနှုန်းမည်မျှ မြန်သည်ဟူသော ကိစ္စလေးကို မည်သို့ ဂရုစိုက်နေနိုင်မည်နည်း။
Frestech ကုန်သည်ကြီးများအသင်းကိုစဉ်းစားမိသော် သံတမန်ဟာကာနင်မှာ ရုတ်တရတ် မေးခွန်းတစ်ခု စဉ်းစားမိသွားသည်၊ "Frestech ကုန်သည်ကြီးများအသင်းက နော်တန်နယ်မြေမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ကြားခဲ့တယ် မဟုတ်ဘူးလား? ဘာလို့ ဒီလမ်းမှာ Frestech ကုန်သည်ကြီးများအသင်းဆီက သင်္ကေတလေးတစ်ခုတောင် မမြင်ရတာလဲ?"
ဒုဥက္ကဌရီလိုင်းက ခေါင်းခါကာ ဆိုသည်၊ "သံတမန်ကြီး ရခဲ့တဲ့သတင်းက ကြာနေပါပြီ။ Frestech ကုန်သည်ကြီးများအသင်းက ပြောင်းလဲမှုတွေကြောင့် နော်တန်နယ်မြေက Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းမယ့် အစီစဉ်ကို ပယ်ဖျက်လိုက်ကြတယ်။ ကျွန်တော်သိသလောက်တော့ နော်တန်နယ်မြေက လမ်ပူရီတိုင်းပြည်ရဲ့ တခြားမှော်စက်လုပ်ငန်းစုတွေနဲ့ ပူးပေါင်းဖို့ စီစဉ်ထားပြီး ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ထားတယ်တဲ့။"
"အိုင်း နော်တန်နယ်မြေက ဘာတွေစဉ်းစားနေတာလဲ? Frestech ကုန်သည်ကြီးများအသင်းနဲ့ မပူးပေါင်းဘဲ တခြားလုပ်ငန်းစုကို ရှာမယ်ဆိုတော့ ဒုက္ခရှာနေတာပဲ မဟုတ်လား?" သံတမန်ဟာကာနင်က အထင်အမြင်သေးဟန် ပြလာသည်၊ "ကျုပ်အထင်တော့ ဒုခ် နော်တန်ရဲ့ ဦးနှောက်ပျက်သွားတာဖြစ်ရမယ်။"
ဒုဥက္ကဌ ရီလိုင်းနှင့် မန်နေဂျာ ဂျီနာတို့မှာ တစ်ဦးကို တစ်ဦး ပြုံးရင်းကြည့်လိုက်ကြသည်။ ထိုသံတမန်ဟာကာနင်မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အကျိုးအမြတ်များရပြီးနောက် Frestech ကုန်သည်ကြီးများအသင်း အကြောင်းကို မည်သည့်နေရာ၌ မဆို တကယ်ကြီး စဉ်းစားနေတော့သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းလည်း ကန်ဒရာအင်ပါယာနှင့် ပူးပေါင်းလိုလျှင် ဤသံတမန်ဟာကာနင်အပေါ် ရင်းနှီးမြှုပ်နှံမှု တိုးရမည်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၆။ Frestech ကုန်သည်ကြီးများအသင်းကို ရှောင်လွှဲ၍မရ
သံတမန်ဟာကာနင်မှာ နော့ဆက်စ်မြို့လေးမှ ဖြတ်သွားရုံဖြစ်သည်။
မန်နေဂျာ ဂျီနာ၏ ဦးဆောင်မှုဖြင့် ၎င်းတို့မှာ မြို့လေး၌ ဖွင့်လှစ်ခဲ့သည်မှာ လဝက်မျှသာရှိသေးသော စားသောက်ဆိုင်တစ်ခု၌ နေ့လည်စာစားပြီးနောက် သံတမန်ဟာကာနင်နှင့် ဒုဥက္ကဌ ရီလိုင်းတို့မှာ ကန်ဒရာအင်ပါယာသို့ ဆက်လက်ထွက်ခွာလာကြသည်။
ဒုဥက္ကဌ ရီလိုင်းမှာ သံတမန်ဟာကာနင်နှင့်အတူ ကန်ဒရာအင်ပါယာ၏ မြို့တော် ဝင်ဘဲလ်ဒန်မြို့တော်သို့ ကန်ဒရာမြို့တော်၏ ဝန်ကြီးများနှင့် တွေ့ဆုံရန် လိုက်လာခဲ့သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ သံတမန်ဟာကာနင်၏ ဆက်ဆံရေးကိုအသုံးချ၍ ကန်ဒရာ အင်ပါယာအား လမ်းများ၏ အဆင်ပြေမှု မရှိမဖြစ်လိုအပ်မှုတို့ကို နားလည်စေကာ ကန်ဒရာအင်ပါယာ တဝှမ်း လမ်းများခင်းခွင့်ပြုစေလိုသည်။
ထိုအစီစဉ်အရ အရာအားလုံးသာ ချောချောမွေ့မွေ့ဖြစ်သွားလျှင် အမ်ရစ်ကုန်သည်ကြီးများအသင်း အနေနှင့် နော်တန် နယ်မြေ၌ လမ်းခင်းပြီးချိန် တစ်နှစ်ခွဲအတွင်း အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာနှင့် အတူ အလုပ်လုပ်ခြင်းကို အစပြုရမည်ပင်။ ၎င်းတို့မှာ ကန်ဒရာအင်ပါယာသို့ဝင်ရောက်မည့် ထိုအခွင့်အလမ်း၏ အားသာချက်ကို ယူကာ လမ်းများကို ဆက်ခင်းမည်ဖြစ်သည်။
သို့သော် ၎င်းမှာ တစ်နှစ်ခွဲကြာပြီးနောက်မှသာဖြစ်ဂာာ မန်နေဂျာ ဂျီနာအနေနှင့် ယခုတွင်စိုးရိမ်စရာမလိုပေ။
သံတမန်ဟာကာနင်နှင့် ဒုဥက္ကဌ ရီလိုင်းတို့ကို ပို့ဆောင်ပြီးနောက် မန်နေဂျာ ဂျီနာမှာ နော့ဆက်စ်မြို့ အနောက်မြောက်ဘက်ရှိ မှန်ကြည်ကန်ဆီ သွားလိုက်သည်။
မှန်ကြည်ကန်ရှိ အန်ဖီးဒ်မြစ်ဝမှ မနီးမဝေးတွင် ဆိပ်ခံတံတားလေး တစ်စင်းရှိသည်။ ထိုနေရာကို မီရန်ဒိုမြစ်မှ မှန်ကြည်ကန်သို့လာသော သင်္ဘောများနှင့် အန်ဖီးဒ်မြစ်မှ စုန်ဆင်းလာသော သင်္ဘောများ ကမ်းကပ်ရန် အသုံးပြုပါ၏။
သို့သော် လွန်ခဲ့သည့် သုံးလက အမ်ရစ်ကုန်သည်ကြီးများအသင်း နော်တန်နယ်မြေသို့ လမ်းများခင်းရန် မလာရောက်ခင်တွင် မီရန်ဒိုနယ်မြေမှလာသော သင်္ဘောစုတစ်ခုရှိလေသည်။ ၎င်းတို့မှာ ထိုဆိပ်ခံတံတားကို ပြောင်းလဲ၍ အဆပေါင်းများစွာ ပိုကြီးမားအောင်လုပ်ပေးခဲ့၏။
ထိုရက်များတွင် အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် လမ်းခင်းရာ၌ အသုံးပြုထားသော ဆောက်လုပ်ရေးပစ္စည်းအများစုမှာ မီရန်ဒိုနယ်မြေ၌ ခင်းထားပြီးသား လမ်းမှ လာခြင်းအပြင် အများစုမှာ မီရန်ဒိုမြစ်ကို စုန်ဆင်းကာ ထိုဆိပ်ခံတံတားဆီ ရောက်ရှိကြသည်။
ဤတစ်ကြိမ် မန်နေဂျာ ဂျီနာမှာ ဆောက်လုပ်ရေးပစ္စည်းအသစ်များရောက်ရှိလာခြင်းကြောင့် လာရခြင်းဖြစ်သည်။
သို့သော် ဆိပ်ခံတံတားသို့ ရောက်ချိန်တွင် သင်္ဘောကြီးများ ဆယ်စင်းကျော်နှင့်အတူ မှန်ကြည်ကန်ကို ဖြတ်သန်းလာကြသော သင်္ဘောစုတစ်ခုကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။
သူ့အားပို၍ပင် အံ့အားသင့်စေသည်မှာ ထိုသင်္ဘောစု၌ Frestech ကုန်သည်ကြီးများအသင်း လွန်ခဲ့သည့် လေးလကမှ ထုတ်လုပ်ခဲ့ပြီး ကြော်ငြာပင်မလုပ်ရသေးသော အလတ်စားမှော်သင်္ဘောပါဝင်နေခြင်းပင်။
အနှီအလတ်စားမှော်သင်္ဘောမှာ သာမန်သစ်သားလှေများထက်ပိုသည့် ခံနိုင်ရည်စွမ်းများစွာ ပိုကြီးကာ အဆများစွာ ပိုမြန်သည်။ ၎င်းကို ချပြလိုက်သည်နှင့် အနီးဝန်းကျင်တိုင်းပြည်များရှိ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းစုအားလုံး ကြိုဆိုကြလေသည်။
သို့ရာတွင် အနှီအလတ်စားမှော်သင်္ဘောကို လက်ရှိ ရရှိနိုင်သည်မှာ လမ်ပူရီတိုင်းပြည်၏ ပေါ်တာကုန်သည်ကြီးများအသင်းသာရှိ၏။
ပေါ်တာကုန်သည်ကြီးများအသင်းမှာ အနှီအလတ်စား မှော်သင်္ဘော အစင်းသုံးဆယ် မှာယူပြီးနောက် လမ်ပူရီတိုင်းပြည်၏ ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းအများစုကို လအနည်းငယ်အတွင်း အလျင်အမြန်ယူဆောင်ခဲ့သည်။ ယခုတွင် ၎င်းတို့မှာ ပိတ်ချရမည့်ဆဲဆဲဖြစ်ခဲ့သော ဘန်တာမြို့၏ လုပ်ငန်းစုလေးတစ်ခုမှ လမ်ပူရီတိုင်းပြည်၏ ပထမတန်း လုပ်ငန်းစုတစ်ခု ဖြစ်လာပြီဖြစ်သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှ ဆောက်လုပ်ရေးပစ္စည်းများကို ပို့ဆောင်ချိန်တွင် အင်မတန်ဝေးလံလှသောကြောင့် ပေါ်တာကုန်သည်ကြီးများအသင်းကို အစားပို့ခိုင်းထားသဖြင့် မန်နေဂျာ ဂျီနာမှာ ၎င်းတို့ကို မြင်ရသည်အား အံ့ဩမနေပေ။
သို့သော် ၎င်းတို့မှာ အကြိမ်တိုင်း ထိုမျှ များပြားသည့် ဆောက်လုပ်ရေးပစ္စည်းများကို ပို့ဆောင်ခြင်းမရှိခဲ့ရာ အများဆုံး အားလုံးပို့ဆောင်ရန် အလတ်စားမှော်သင်္ဘော တစ်စင်းနှစ်စင်းမျှသာလိုသည်။ အဘယ့်ကြောင့် ရုတ်တရတ် သင်္ဘောအစင်းနှစ်ဆယ်အထိ ရောက်လာကြရသနည်း?
သိထားရသည်မှာ ပေါ်တာကုန်သည်ကြီးများအသင်းထံ၌ စုစုပေါင်း မှော်သင်္ဘော အစင်းသုံးဆယ်သာရှိသည်။ ၎င်းတို့သာ အစီးနှစ်ဆယ် တစ်ပြိုင်နက်တည်း လွှတ်လိုက်ပါလျှင် ၎င်းက ၎င်းတို့၏ ပို့ဆောင်ရေးအင်အား အလုံးစုံနီးပါးကို လွှတ်လိုက်ခြင်းနှင့် မညီမျှသွားနိုင်ဘူးလား?
ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းစုတစ်ခု အနေနှင့် ၎င်းတို့မှာ အင်မတန် အသိဉာဏ်မဲ့ရာ မကျနေဘူးလား?
မန်နေဂျာ ဂျီနာမှာ ရှုပ်ထွေးစွာဖြင့် ရေကြည်ကန်ရှိ လှိုင်းများကိုကြည့်လိုက်ရာ ထိုသင်္ဘောစုက အမြန်နီးကပ်လာပါ၏။
သင်္ဘောစုက ဆိပ်ခံတံတားထံရောက်လာချိန်တွင် ပထမဆုံး အလတ်ဆိုဒ်မှော်သင်္ဘောက ကျောက်ချလိုက်ပြီး လူများစွာ ဆင်းလာကြသည်က မန်နေဂျာ ဂျီနာကို ပို၍ပင် ရှုပ်ထွေးသွားစေသည်။
သူ့အနေနှင့် ရှေ့ရှိလူနှစ်ဦးကို သတိထားမိ၏၊ ၎င်းတို့မှာ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးတာဝန်ခံများဖြစ်ကြသည်။ ထိုနှစ်ဦးနောက်မှ လိုက်လာကြသူများမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းမှ မဟုတ်သိမှာ ထင်ရှား၏။
ပို၍ပင် အံ့ဩဖွယ်ရာကောင်းသည်မှာ ထိုအဖွဲ့ဆင်းလာပြီးနောက် ၎င်းတို့ကြားတွင် လူပုလေးနှစ်ဦးနှင့် နတ်သူငယ်တစ်ဦးပါ,ပါလာခြင်းဖြစ်သည်။
မန်နေဂျာ ဂျီနာက ထိုလူပုလေးနှစ်ဦးနှင့် နတ်သူငယ်အထီးကို မျက်လုံးများပြူးကျယ်ကာ ကြည့်ရင်း စိတ်ထဲ သံသယတို့ပွားလာရသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ စံပြအဖြစ်ပြုမှုထားသောကြောင့် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များမှာ ၎င်းတို့၏ လုပ်ငန်းစုများထဲသို့ အခြားမျိုးနွယ်များအား လက်ခံခြင်းကို ခွင့်ပြုထားသော်လည်း Frestech ကုန်သည်ကြီးများအသင်းအပြင် မည်သည့် နတ်သူငယ်တစ်ဦးကမျှ လူသားလုပ်ငန်းစုတစ်ခုထဲ ဝင်ရောက်ခဲ့ကြောင်းကို မကြားခဲ့ဖူးပေ။
နတ်သူငယ်နှင့် လူပုလေးနှစ်ဦးဝတ်ထားကြသည့် အဝတ်များမှာ ဆိုဒ်မတူပါသော်လည်း ဒီဇိုင်းဖြစ်စေ အရောင်ဖြစ်စေ သိသိသာသာကိုပင် တူညီဝတ်စုံများဖြစ်သည်။
၎င်းတို့ရင်ဘတ်ရှိ တောင်ပံတစ်ဝက်သင်္ကေတကိုပါ ပေါင်းထည့်လိုက်သော် ထိုသုံးဦးမှာ Frestech ကုန်သည်ကြီးများအသင်းမှ ဖြစ်သည်က ထင်ရှားပါ၏။
သို့သော်... အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းက လူများက ဤနေရာကို မည်သည့်အတွက် ရောက်လာကြပါသနည်း?
ကောလဟာလတွေမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ သပိတ်မှောက်ခံရတာကြောင့်ရော အလုပ်သမားအစုလိုက်အပြုံလိုက် လျှော့ချခဲ့တာရောကြောင့် နော်တန် နယ်မြေက Frestech ကုန်သည်ကြီးများအသင်းအပေါ်မှာ ယုံကြည်မှုပျောက်ဆုံးပြီး ပူးပေါင်းဖို့ လက်လျှော့ခဲ့တယ်လို့ ပြောထားကြတယ်မဟုတ်ဘူးလား? သူတို့က လမ်ပူရီတိုင်းပြည်ရဲ့ တခြားလုပ်ငန်းစုတွေကိုပဲ ပြောင်းပြီး ပူးပေါင်းမှာ မဟုတ်ဘူးလား?
မန်နေဂျာ ဂျီနာမှာ သံသယအပြည့်ဖြစ်နေတော့သည်။ အမ်ရစ်ကုန်သည်ကြီးများအသင်းမှ ပစ္စည်းပို့ဆောင်ရေးတာဝန်ခံနှစ်ဦး ရောက်လာချိန်တွင် သူဟာ ၎င်းတို့ကို မေးဖို့ ဘေးသို့ ဆွဲခေါ်သွားလိုက်သည်။
တစ်အောင့်ကြာသည့်နောက် အခြေအနေကို နားလည်လိုက်၏။
ထို့ကြောင့် ပေါ်တာကုန်သည်ကြီးများအသင်းက ဤအလတ်စားမှော်သင်္ဘောအစင်းနှစ်ဆယ်ကျော် သင်္ဘောစုကြီးကို နော်တန်နယ်မြေထံ လွှတ်လိုက်သည်မှာ အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် ဆောက်လုပ်ရေးပစ္စည်းများ ပို့ဆောင်ပေးဖို့အပြင် အဓိကအားဖြင့် အန်ကဲမှော်ကုန်သည်ကြီးများအသင်းအတွက် ကုန်စည်မျိုးစုံကို အဓိက ပို့ဆောင်ပေးလို၍ ဖြစ်သည်။
၎င်း အန်ကဲမှော်ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းကို လက်လွှတ်လိုက်ပြီးနောက် နော်တန်နယ်မြေမှ ရွေးချယ်ထားသည့် ပူးပေါင်းမှု ပစ်မှတ်သစ်ဖြစ်သည်။
အန်ကဲမှော်ကုန်သည်ကြီးများအသင်းနှင့် နော်တန်နယ်မြေတို့ သဘောတူညီမှုအရ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းမှာ နော့ဆက်စ်မြို့အနီးတွင် အိမ်သုံးမှော်စက်,စက်ရုံသုံးရုံ တည်ဆောက်မည်ဖြစ်သည်။ ၎င်းတို့မှာ မှော်ပန်ကာ၊ မှော်မီးအိမ်နှင့် စက်ဘီးတို့အတွက် စက်ရုံများဖြစ်ပါ၏။
၎င်းရင်းနှီးမြှုပ်နှံမှုမှာ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းအတွက် ကိစ္စကြီးဖြစ်သောကြောင့် ၎င်းတို့အနေနှင့် အင်မတန်အလေးထားသဖြင့် ဥက္ကဌ *အန်ကဲ အီရန်ကိုယ်တိုင် ကုန်စည်များကို လာပို့ဆောင်ခြင်းဖြစ်လေသည်။
(*အန်ကဲ အီရန် = လမ်ပူရီတိုင်းပြည် မှော်ပညာရှင်အဖွဲ့အစည်းဥက္ကဌ Eren၏ သား'တော်စပ်သူ)
Frestech ကုန်သည်ကြီးများအသင်းမှ လူပုလေးနှစ်ဦး၊ နတ်သူငယ်နှင့် လူသားအင်ဂျင်နီယာသုံးဦးတို့မှာမူ အန်ကဲမှော်ကုန်သည်ကြီးများအသင်း ထိုစက်ရုံသုံးရုံတည်ဆောက်ရာတွင် ကူညီရန် ရောက်လာခြင်းဖြစ်ပါ၏။
အပြင်ပန်းတွင် အန်ကဲမှော်ကုန်သည်ကြီးများအသင်းထံ၌ အခြားတိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံရေးအတွေ့အကြုံအလုံအလောက်မရှိသောကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ကူညီဖို့ သက်ဆိုင်ရာ ဝန်ထမ်းများလွှတ်လိုက်ခြင်းပင်။
သို့သော် အန်ကဲအီရန်ကို မန်နေဂျာဂျီနာမှ သီးသန့်ပြောပြီးသည့်နောက် အန်ကဲမှော်ကုန်သည်ကြီးများအသင်း တည်ဆောက်မည့် စက်ရုံသုံးရုံမှာ Frestech ကုန်သည်ကြီးများအသင်း၏ စံနှုန်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိခဲ့ရသည်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုလူများကို လွှတ်လိုက်ခြင်းမှာ ကူညီဖို့ရန်အပြင် ၎င်းတို့၏ စက်ရုံများကို စစ်ဆေးဖို့ရန်လည်းပါသေးသည်။
မန်နေဂျာ ဂျီနာကမူ ၎င်းက ပြဿနာရှိသည်ဟု မထင်ပါချေ။
Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ စံနှုန်းများကို မြှင့်တင်ရန် လုပ်နိုင်သမျှ အရာအားလုံးလုပ်ဆောင်နေပြီး အခြားမှော်စက်လုပ်ငန်းစုများအားလုံးကိုလည်း ၎င်းစံနှုန်းကို လိုက်နာမည်ဟု မျှော်လင့်နေပေသည်။
အခြားမှော်စက်လုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်း၏ အကြွင်းမဲ့လုပ်ပိုင်ခွင့်နှင့် မှော်စက်များ၌ ဦးဆောင်နေသည့် အနေအထားကို ကြောက်ရွံ့နေခြင်းအပြင် ထိုစံနှုန်းမှ ခွဲထွက်ပါလျှင် ၎င်းတို့၏ ကိုယ်ပိုင်သုတေသနကို လုပ်ဆောင်ရန် လူအင်အားပမာဏ အမြောက်အများ ရင်းနှီး မြှုပ်နှံရန်လည်းလိုအပ်သောကြောင့် မလိုက်နာသည့် လုပ်ငန်းစုတစ်ခုပင် မရှိပေ။
ထို့ကြောင့် အန်ကဲ မှော်ကုန်သည်ကြီးများအသင်းမှာ နော်တန်နယ်မြေနှင့် သဘောတူညီမှုရရှိပြီး ထိုစက်ရုံများတည်ဆောက်ဖို့ရောက်လာချိန်တွင် အန်ကဲအီရန်မှာ Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏လုပ်ငန်းစုသုံးစုကို စစ်ဆေးဖို့ လူများလွှတ်ရန် အရင်ဦးစွာတောင်းဆိုလာခဲ့ပြီး ကိစ္စတစ်ခုတလေပင် ဖုံးကွယ်ထားခြင်းမရှိပေ။
၎င်းကိုသိပြီးနောက် မန်နေဂျာ ဂျီနာမှာ အနည်းငယ် ရယ်ရသည့်နှယ် ခံစားလိုက်ရသည်။
သူ့အနေနှင့် နော်တန်နယ်မြေက မည်သည်ကို စဉ်းစားနေသည်မှန်း နားမလည်တော့ပေ။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် မပူးပေါင်းခဲ့သော်လည်း အန်ကဲမှော်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဖို့ ရွေးချယ်ခဲ့သည်။
သို့သော် အန်ကဲမှော်ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစီအစဉ်များကို လိုက်နာနေရဆဲဖြစ်သည်။ အဆုံးတွင် နော်တန်နယ်မြေမှ Frestech ကုန်သည်ကြီးများအသင်းကို မရှောင်ကွင်းနိုင်ခဲ့ပေ။
သို့သော် စဉ်းစားကြည့်သော် အင်အားကြီးသည့် လမ်ပူရီတိုင်းပြည်၏ ပထမတန်းလုပ်ငန်းစု အမ်ရစ်ကုန်သည်ကြီးများအသင်းသည်ပင် Frestech ကုန်သည်ကြီးများအသင်းနှင့် နက်နဲသည့် ပူးပေါင်းမှုကို ဆက်ထိန်းထားရသေးသည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ လုံးဝမခွဲထွက်နိုင်ဟုပင် ဆို၍ရ၏။
ဥပမာဆိုရသော် အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် အရေးအကြီးဆုံးဖြစ်သည့် လမ်းတည်ဆောက်ရေး စီမံကိန်း၊ ဘိလပ်မြေ၊ သံမဏိချောင်းများနှင့် ၎င်းတို့လိုအပ်သည့် အမျိုးမျိုးသော ဆောက်လုပ်ရေးမှော်စက်များမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ လာကြ၏။
၎င်းတို့သာ ထိုအထဲမှ တစ်ခုခုကို ကျန်ခဲ့သည်ရှိသော် မန်နေဂျာ ဂျီနာအနေနှင့် မည်သို့ လမ်းခင်းရမည်ကို သိမည်မဟုတ်ပေ။
ထို့အပြင် အလုပ်အကြောင်းမဆိုထားနှင့် နေ့စဉ်ဘဝ၌ပင် တစ်ရက်တာအရကြည့်လိုက်ပါက မန်နေဂျာ ဂျီနာအနေဖြင့် မှော်မီးဖို၊ မှော်ပန်ကာ၊ မှော်လေပေးစက်၊ မှော်ဆလွန်း၊ မှော်မီးအိမ်၊ အသေးစားမှော်ရေစုပ်စက် အစရှိသည်တို့ကို အသုံးပြုနေရသည်....
ထိုမှော်စက်များထဲတွင် Frestech ကုန်သည်ကြီးများအသင်းထံမှ လာခြင်းမဟုတ်သည့် မှော်စက် အဘယ်၌ရှိသနည်း?
ထိုသို့စဉ်းစားရင်း မန်နေဂျာ ဂျီနာမှာ ရုတ်တရတ် အံ့အားသင့်သွားမိသည်။
မသိလိုက်ပါဘဲ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များမှာ သူ၏တစ်ဘဝလုံးကို ထိန်းချုပ်ထားနှင့်ပြီးဖြစ်နေသည်လား?
သူ့အား ပို၍ အံ့အားသင့်စေသည်မှာ သူ့အနေနှင့် ၎င်းမှော်စက်များမရှိဘဲ မရပ်တည်နိုင်တော့ခြင်းပင်။
ထိုအစား သူသာ အနှီမှော်စက်များကို ဆုံးရှုံးလိုက်ရလျှင် မည်သို့ဆက်ရှင်သန်ရမည်မှန်းမသိတော့ပေ။
"ဒါက ကောင်းတာလား ဆိုတာလား မသိတော့ပါဘူး....."
မန်နေဂျာ ဂျီနာမှာ အလတ်စားမှော်သင်္ဘောများထံမှ ထုတ်ကုန်များရွှေ့နေသည့် အလုပ်သမားများကိုကြည့်လိုက်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းထံမှ ဝန်ထမ်းများနှင့် စကားပြောနေသည့် အန်ကဲ အီရန်ကိုကြည့်ကာ မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။
တကယ်တမ်းသူသာ ထိုအတွေးများအားလုံးကို ဖယ်ရှားလိုက်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ သူ၏ဘဝထံသို့ အဆုံးမရှိ အကျိုးအမြတ်များယူဆောင်လာသော အသုံးဝင်သည့်မှော်စက်များစွာကို ပြုလုပ်ခဲ့ကြောင်း ဝန်ခံရပေမည်။
မည်သို့ဖြစ်စေ ၎င်းကို ကိစ္စကောင်းဟု သတ်မှတ်သင့်ပေ၏။
သူ့အနေနှင့် အဘယ့်ကြောင့် နော်တန်နယ်မြေက Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် ရှောင်တိမ်းလိုမှန်းမသိသော်လည်း အန်ကဲမှော်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် ရွေးချယ်ခြင်းက ကိစ္စကောင်းတစ်ရပ်ဖြစ်လာမည်မဟုတ်ပေ....
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၇။ တကယ်ကြီး ပင်လယ်ဓားပြတွေအဖြစ် အလုပ်လုပ်နေတာလား?
မန်နေဂျာ ဂျီနာမှာ နော်တန်နယ်မြေ၏ ဆုံးဖြတ်ချက်အကြောင်း စိုးရိမ်နေစဉ်တွင် ကီလိုမီတာ နှစ်ထောင်အဝေးက ရှုယီမှာ နော်တန်နယ်မြေ မြေပုံကို အေးဆေးကြည့်နေသည်။
သူဟာ နော်တန်နယ်မြေအနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် လက်လျှော့လိုက်ခြင်းအတွက် အင်မတန်မကျေနပ်ပါလျှင်တောင် ၎င်းက ပြဿနာကြီးဟု မထင်ပေ။
Frestech ကုန်သည်ကြီးများအသင်းအတွက် မည်သည့်ပြဿနာမှမရှိဘဲ တိုးတက်ဖို့ မဖြစ်နိုင်သဖြင့် ရှုယီ၏ အကြံမှာ အခြားမှော်စက်လုပ်ငန်းစုများ တိုးတက်ရန် နေရာအနည်းငယ် ဖယ်ချန်ပေးဖို့ဖြစ်သည်။
နော်တန်နယ်မြေမှ အန်ကဲမှော် ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဖို့ရွေးချယ်လိုက်ခြင်းမှာ သူ၏ ဆန္ဒကို ဆန့်ကျင်မနေဘဲ ထိုသို့မြင်ရသည်အား ဝမ်းမြောက်မိပါ၏။
သူ၏ မျက်လုံးများက မြေပုံပေါ်၌ ဖြတ်သန်းသွားပြီးနောက် မီရန်ဒိုနယ်မြေထံတွင် ရပ်တန့်ကာ ရူဒ်ဆန်တိုင်းပြည်ထံသို့ ဆင်းသွားသည်။
မြေပုံထက်ရှိ အနက်ရောင်အစက်များကို မြင်သော် ရှုယီက မေးကိုသပ်၍ အတွေးထဲနစ်မျောသွားတော့၏။
Frestech ကုန်သည်ကြီးများအသင်း၏ ရူဒ်ဆန်တိုင်းပြည်နှင့် ပူးပေါင်းမှုက အင်မတန်ချောမွေ့စွာ ဆက်သွားနေခဲ့ပေသည်။
ရူဒ်ဆန်တိုင်းပြည်၏ ထောက်ခံမှုကြီးကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန် Kingdom၌ စက်ရုံများဖွင့်လှစ်ခြင်းဖြစ်စေ သို့မဟုတ် ပြည်တွင်းကလုပ်ငန်းစုများနှင့် ပူးပေါင်းသည်ဖြစ်စေ တရားဝင်အစိုးရဘက်မှ မည်သည့် နှောင့်နှေးမှုမှ မရှိခဲ့ပေ။
Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည် တဝှမ်းလုံး၌ ပေါ်ပေါက်လာခဲ့ပြီး Frestech တံဆိပ် မှော်စက်များကို နေရာအနှံ့၌ ရောင်းချနေကြသည်။
ဤနှစ်၌ ကုန်လွန်ခဲ့ပြီးသော ကိုးလတာအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်ထံမှ ဝင်ငွေအဖြစ် ရွှေဒင်္ဂါး စုစုပေါင်း ငါးသန်းကျော်ရရှိခဲ့လေသည်။ ၎င်းမှာ လမ်ပူရီတိုင်းပြည်မှရသည့် ဝင်ငွေနှင့်ယှဉ်လျှင်ပင် များများကွာခြားမနေပေ။
မှန်ပါ၏ Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်၌ ရင်းနှီးမြှုပ်နှံရေးစက်ရုံများကို ပိုင်းခြားထားသဖြင့် လမ်ပူရီတိုင်းပြည်နှင့်အတူ အကျိုးအမြတ်တချို့ကို ခွဲယူဖို့လိုသည်။
သို့သော် ထိုသို့သော အတိုင်းအတာကြီးပူးပေါင်းမှုကြောင့် ရှုယီကို အမြဲ ပဟေဠိဖြစ်စေသည့် ပြဿနာတစ်ခုရှိလေ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ မည်သည့်ပူးပေါင်းမှု၌မဆို ဘုရင်ကြီးတဲရုစ်၏ ထောက်ခံမှုကြီးကြီးမားမား အမြဲရသော်လည်း ရှုယီ စိတ်တိုင်းမကျသည့်အရမှာ သတ္တုတွင်းထွက် ကုန်သွယ်ရေးဖြစ်ပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ ပိုင်နက်၌ ယခုတွင် စတက်တိန်းနယ်မြေသာ ရှိသေးသည်။
သို့သော် စတက်တိန်းနယ်မြေက ထိုမျှ မကြီးမားသဖြင့် သတ္တုတွင်းထွက်ရင်းမြစ်များက အကန့်အသတ်ရှိ၏။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအတိုင်းအတာတိုးလာသည်နှင့်အမျှ မှော်စက်များ၏ ဝယ်လိုအားလည်း တိုးလာပြီး စတက်တိန်းနယ်မြေ၏ သတ္တုတွင်းထွက်ရင်းမြစ်များမှာ Frestech ကုန်သည်ကြီးများအသင်း၏ သုံးစွဲမှုကို မကြာခင် လိုက်မှီနိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် အမြဲတမ်း ရှုယီမှာ အနီးဝန်းကျင်တိုင်းပြည်မျိုးစုံထံမှ သတ္တုတွင်းထွက်များ ဝယ်ယူခဲ့ရသည်။
၎င်းတို့အကြားတွင် လမ်ပူရီတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းကို သတ္တုတွင်းထွက်ရင်းမြစ် အများဆုံး ထောက်ပံ့ပေးခဲ့ပါ၏။
လွန်ခဲ့သည့်လကတင် အချက်အလက်များအရ Frestech ကုန်သည်ကြီးများအသင်းမှာ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းထံမှ သံသတ္တုရိုင်း တန်ပေါင်း ခုနှစ်သိန်းသုံးသောင်းနှင့် အပျော့စားသတ္တုရိုင်း တန်ပေါင်း လေးသိန်းရှစ်သောင်းတို့ကိ ဝယ်ယူခဲ့သည်။
ရူဒ်ဆန်တိုင်းပြည်ထံ၌ လမ်ပူရီတိုင်းပြည်နှင့် ထပ်တူနီးပါး မြေပမာဏရှိပြီး ၎င်းတို့၏ စုံစမ်းမှုအရ သတ္တုရိုင်းများ ပို၍ပင် များပြားသေးသည်။ သို့ရာတွင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ယခင်လက ရူဒ်ဆန်တိုင်းပြည်ထံမှ သံသတ္တုရိုင်းတန်ပေါင်း တစ်သိန်းခြောက်သောင်းနှင့် အပျော့စားသတ္တုရိုင်း တန်ပေါင်း တစ်သောင်းအောက်သာ ရခဲ့၏။
ရှုယီမှာ ဘုရင်ကြီးတဲရုစ်ထံ ထိုအကြောင်းကို ကြိမ်ဖန်များစွာ တင်ပြကာ ဘုရင်ကြီးတဲရုစ်အနေနှင့် ရူဒ်ဆန်တိုင်းပြည်ထံမှ သတ္တုတွင်းထွက်ရင်းမြစ်များ ပိုရောင်းပေးမည်ဟု မျှော်လင့်မိသည်။ သို့သော် ဘုရုင်ကြီးတဲရုစ်က ရှုယီကို မရေမရာ အဖြေသာ အမြဲပေးကာ ကျေနပ်စေမည့် အဖြေတစ်ခု ဘယ်တုန်းကမှ မပေးခဲ့ချေ။
ရှုယီမှာ ရူဒ်ဆန်တိုင်းပြည် ပြည်တွင်း၌ သတ္တုရိုင်းများ အရည်ကျိုကာ ရောင်းချရန် သံမဏိစက်ရုံနှင့် သတ္တုပျော့အရည်ကျိုစက်ရုံတို့ တစ်ရုံ နှစ်ရုံဆောက်မည်ဟုပင် ပြောခဲ့ပါသော်လည်း ဘုရင်ကြီးတဲရုစ်ကတော့ မလှုပ်မယှက်ရှိနေဆဲပင်။
အကြိမ်ပေါင်းမရေတွက်နိုင်အောင် စမ်းကြည့်ပြီးနောက်တွင် ရှုယီလည်း လက်သာလျှော့လိုက်နိုင်ပြီး အခြားလမ်းကြောင်းများမှ အဖြေရှာလိုက်ပါတော့၏။
နာဗီလ်မှာ နီရှီမြို့သို့ Frestech သင်္ဘောစုကို ဦးဆောင်လာချိန်တွင် ၎င်းအတွက်နှင့် သတ္တုရိုင်းများ တိတ်တဆိတ်ဝယ်ယူရန် ကြိုစားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခင်တစ်ခေါက်က အကြီးအကဲ အွန်ဒင်းနှင့် အဇ်ရှာရာ မျိုးနွယ်စုနှင့် ပူးပေါင်းရေးအကြောင်း ဆွေးနွေးပြီးနောက် ဘုရင်ကြီးတဲရုစ်က ရှုယီအတွက် များစွာ လွယ်ကူလာစေမည့် အပိုင်း၌ အလွန်အမင်း ခွင့်လွှတ်နိုင်ဖွယ်ရှိသည်။
အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဆက်လက်၍ တိုးတက်နေလိုဆဲဖြစ်သဖြင့် ၎င်းတို့ကိုယ်တိုင်အတွက် ရင်းမြစ်များ ပိုရရန် အရေးကြီးပါ၏။
သူ့အနေနှင့် အခြားတိုင်းပြည်များထံမှ သတ္တုတွင်းထွက်များဆက်တိုက်ပိုရအောင် မိမိကိုယ်ကို အခြားလူများက ထိန်းချုပ်နိုင်သည်အထိ မလုပ်လိုပေ။
ရှုယီမှာ ထိုခံစားချက်ကို များစွာ မုန်းတီးလှသဖြင့် အမြဲလိုလိုအခြားအဖြေရှာဖို့ ကြိုးစားနေခဲ့သည်။
ရူဒ်ဆန်တိုင်းပြည်ကို ခေတ္တမျှ ကြည့်နေရင်း သူဟာ (မြေပုံ)မြောက်ဘက်သို့ လှည့်၍ လမ်ပူရီတိုင်းပြည်ကိုဖြတ်ကျော်ကာ စခ်တိုင်းပြည်၌ ရပ်တန့်လိုက်သည်။
စခ်တိုင်းပြည်၏ လမ်ပူရီတိုင်းပြည်ထက် သုံးပုံတစ်ပုံပိုကြီးသော နယ်မြေနှင့် ၎င်းထက်ရှိ အနက်ရောင်အစက်များစွာကိုကြည့်ရင်း ရှုယီ၏ မျက်လုံးများက တစ်ဖန်တောက်လောင်လာတော့သည်။
စခ်တိုင်းပြည်နှင့် ပူးပေါင်းရန်က မဖြစ်နိုင်လုနီးပါးဖြစ်ဖြင့် စခ်တိုင်းပြည်ရှိ ရင်းမြစ်ပမာဏကြီးတစ်ခုကို လိုအပ်ပါလျှင် အနည်းအကျဉ်းမျှ လျှို့ဝှက်ဝယ်ယူခြင်းကလွဲ၍ အခြားတစ်ခုတည်းသောနည်းလမ်းမှာ တစ်တိုင်းပြည်လုံးကို သိမ်းပိုက်လိုက်ခြင်းသာဖြစ်၏။
သူ့အနေနှင့် ၎င်းကို မည်သို့ သိမ်းပိုက်မည်ဆိုသည်ကတော့..... သေချာတွေးတောပေရဦးမည်.....
"ဒေါက် ဒေါက်"
တံခါးမှ ခေါက်သံတို့က ရှုယီကိုအတွေးထဲမှ ဆွဲထုတ်လိုက်လေသည်။
"ဘက်တီလား? ဝင်လာခဲ့ပါ" ရှုယီက အသံကိုမြှင့်ကာ ပြောလိုက်သည်။
တံခါးပွင့်သွားချိန်တွင် အိမ်စေဝတ်စုံနှင့် ဘက်တီက ဖြည်းဖြည်းချင်းဝင်လာလေ၏။ သူမက ရှုယီကို အရင်ဆုံး အရိုအသေပြီးလိုက်ပြီးနောက်မှ နူးညံ့စွာပြောလာသည်၊ "ဥက္ကဌ၊ ဥက္ကဌကို လာတွေ့တဲ့ ဧည့်သည်တစ်ယောက်ရှိလို့ပါ"
"အိုး? ဘယ်ဧည့်သည်များလဲ? သူတို့ ဘယ်သူဆိုတာ ပြောလိုက်လား?" ရှုယီက ဘက်တီ၏ အိမ်စေဝတ်စုံကို ကြည့်လိုက်ပြီးနောက် အပြုံးဖြင့် မေးလေသည်။
ဘက်တီနှင့် ကာရိုးလ်တို့ ဤနေရာသို့ ရောက်ပြီးနောက် လဇ်နှင့် လင်ဒါတို့နှစ်ဦးစလုံး ကိုယ်ဝန်ဆောင်နေကြကာ လှုပ်ရှားဖို့ရန် ခက်ခဲနေပြီဖြစ်သည်ကို မြင်သော် ရှုယီနှင့် စတေးလ်တို့လည်း အခြားအစေခံများခန့်အပ်ဖို့ ဆန္ဒမရှိသဖြင့် ထိုနှစ်ဦးမှာ အလိုအလျောက် အိမ်စေ အခန်းကဏ္ဍကို တာဝန်ယူလိုက်ကြတော့သည်။
၎င်းတို့ကို လမ်ပူရီတိုင်းပြည် တော်ဝင်နန်းတော်၌ ကြပ်ကြပ်မတ်မတ် လေ့ကျင့်ပေးထားသောကြောင့် ထိုအလုပ်နှင့်ပတ်သက်ပြီး အင်မတန် ရင်းနှီးကြပါ၏။
ထို့ကြောင့် ၎င်းတို့ရောက်လာပြီးသည့် နှစ်လတာအတွင်း ၎င်းတို့မှာ အိမ်တော်တစ်ခုလုံးကို ကောင်းမွန်စွာထိန်းသိမ်းထားကြပြီး လူတိုင်း၏ လက်ခံမှုကို ရရှိထားကြပါ၏။
သို့သော် ရှုယီမှာ စိတ်ထဲတွင် ၎င်းတို့ကို လဇ်နှင့် လင်ဒါတို့ကဲ့သို့ ဘယ်တော့မှ မဆက်ဆံဘဲ တရားဝင်အထောက်အထားလည်း မပေးပါချေ။
ဘက်တီနှင့် ကာရိုးလ်ကမူ မည်သည့်ညည်းတွားမှုမှ မပြုဘဲ နေ့တိုင်း အင်မတန်ပျော်နေကြဟန်ရှိသည်။ ၎င်းတို့မှာ ဤနေရာက တော်ဝင်နန်းတော်နှင့်ယှဉ်လျှင် များစွာပိုမိုလွယ်ကူသည်ဟု အကြိမ်များစွာ ပြောခဲ့ကြ၏။
"သူက လက်စ်လိုင်းစတက်ဂ်ျလို့ပြောပြီးတော့ .... ဥက္ကဌကို တတ်နိုင်သမျှ မြန်မြန်တွေ့ခွင့်ပေး အချိန်များများစားစားမရှိဘူးလို့ ပြောလိုက်ပါတယ်။"
ဘက်တီ ထိုသို့ပြောနေစဉ်တွင် သူမ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းလို့သွားသည်။
သူမ ဤနေရာသို့ ရောက်သည့် နှစ်လအတွင်း ရှုယီကို လာတွေ့ကြသည့် ဧည်သည့်များစွာကို လက်ခံခဲ့ဖူးသည်။ သို့သော် ထိုဧည့်သည်များ လာချိန်တိုင်း အားလုံး အင်မတန်ယဉ်ကျေးကာ ဘယ်တုန်းကမှ အထက်စီးက မပြုမှုတတ်ကြချေ။
သို့သော် ရှုယီကတော့ လုံးဝအံ့ဩသွားဟန်မရဘဲ အပြုံးဖြင့် ပြောလာသည်၊ "သူလား။ ပြောသားပဲ ငါတို့ သင်္ဘောစု နီရှီမြို့ကို ရောက်တဲ့သတင်းကြားရင် လာမှာပါလို့။"
ဘက်တီမှာ စူးစမ်းလိုစွာဖြင့် စာကြည့်ခန်းထဲမှ ထွက်ကာ ဧည့်ခန်းထံသွားသော ရှုယီနောက်လိုက်သွားသည်။ သူမမှာ ထိုနေရာရှိ ထိုင်ခုံ၌ ပုံမှန်ဆန်လှစွာ ထိုင်နေသော အသက်သုံးဆယ်အရွယ် ယောက်ျားတစ်ယောက်ကို မြင်လိုက်ရပြီး ဧည့်သည်တစ်ယောက်ပုံစံနှင့် လုံးဝမတူချေ။
"ဟေး လက်စ်လိုင်း ဘယ်လိုလုပ် အဲ့လောက် မည်းသွားတာလဲ?" ရှုယီက လက်စ်လိုင်းကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလိုက်မိ၏၊ "ခင်ဗျားက အရင်ကဆို ကောင်ချောလေးပါ၊ အခုတော့ ကျောက်မီးသွေးဖြစ်နေပြီ။ အဲဒီ့ မျိုးရိုးမြင့်သခင်မလေးတွေသာ ခင်ဗျားကိုမြင်ရင် အရမ်းကို စိတ်ပျက်သွားကြမှာ မဟုတ်ဘူးလား?"
လက်စ်လိုင်း၏ အသားအရေမှာ ကျန်းမာသည့် ကြေးဝါရောင်အဖြစ်ပြောင်းလဲကာ ယခင်ကကဲ့သို့ ဖျော့တော့မနေတော့ဘဲ ရယ်မောလိုက်သည်။
"အရင်က ပြောပြီးပြီလေ အဲဒီ့မျိုးရိုးမြင့်သခင်မလေးတွေက ရုပ်ကိုပဲ ဂရုစိုက်တာပါဆို။ သူတို့သာ ငါ့ရဲ့ အခုပုံစံကိုမြင်ရင် ငါ့အတွက် အော်ဟစ်နေကြဦးမယ်ထင်လို့လား?"
ရှုယီက အပြုံးဖြင့် ခေါင်းခါကာ၊ "ယုံပါတယ်။ ဟုတ်ပြီ စကားတွေ မဖြုန်းတီးတော့ဘူး။ ပြောပါဦး ဒီတလော ဘယ်တွေရောက်နေတာလဲ? ခင်ဗျားကို ကြည့်ပါဦး ကျုပ်သာမမှားရင် ပင်လယ်ထဲထွက်သွားတာ ဖြစ်ရမယ် ဟုတ်လား?"
"မင်းမှန်တယ်။" လက်စ်လိုင်းက အပြုံးဖြင့်ဆိုသည်၊ "ငါ လွန်ခဲ့တဲ့နှစ်ဝက်တုန်းက ပင်လယ်မှာ ရှိနေခဲ့တာကြောင့်ပဲ အရမ်းမည်းသွားတာလေ။"
ရှုယီက လက်စ်လိုင်းကို ထူးဆန်းဟန်ကြည့်လိုက်သည်။
"ဟေး ခင်ဗျားတကယ်ကြီး ပင်လယ်ဓားပြဖြစ်လာချင်တာလား?"
"ပင်လယ်ဓားပြဖြစ်တာက ဘာအမှားမှ မရှိပါဘူးကွာ။" လက်စ်လိုင်းက ပခုံးတွန့်လိုက်ပြီးနောက် ရှုယီထံ လက်ကမ်းလာသည်၊ "ဟုတ်ပြီ မင်းငါ့ကို ကတိပေးထားတဲ့ သင်္ဘောရော? မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောစုက စတက်တိန်းနယ်မြေကနေ ရူဒ်ဆန်တိုင်းပြည်အထိ ပင်လယ်ပြင်မှာ ကီလိုမီတာနှစ်ထောင် သွားနိုင်တယ်လို့ ကြားခဲ့တယ်။ ဒီနည်းပညာနဲ့ဆိုရင် မင်းကတိပေးထားတဲ့ သင်္ဘောကို ငါ့ဆီပေးဖို့ ပြဿနာမရှိတော့ဘူးမို့လား?"
ရှုယီက လက်စ်လိုင်း ထုတ်လာသည့်လက်ကို ငုံ့ကြည့်ကာ လက်ချောင်းတစ်ချောင်းဖြင့် တို့ထိလိုက်၏။
"သင်္ဘောက ပြဿနာမဟုတ်ပါဘူး ဒါပေမယ့် ပိုက်ဆံကရော? ဒီကနေ ရူဒ်ဆန်တိုင်းပြည်ဆီသွားနိုင်မယ့် မှော်သင်္ဘောကြီးက ရွှေဒင်္ဂါးနှစ်သန်းကျော်ကုန်ကျပြီး ကျုပ်တို့လုပ်ငန်းစုကလည်း အခုမှ သုံးစီးပဲ လုပ်နိုင်သေးတယ်။ ရွှေဒင်္ဂါးနှစ်သန်းထုတ်ပေးနိုင်မယ်ဆိုတာ သေချာရဲ့လား?"
"ရွှေဒင်္ဂါးနှစ်သန်း?" လက်စ်လိုင်း အံ့ဩသွားသည်၊ "ဟေး ရှုယီ မင်းငါ့ကို ခြောက်နေတာလား? ဒါက သင်္ဘောလေးတစ်စင်းပဲကို ဘယ်လိုလုပ် အဲ့လောက်ကုန်ကျမှာလဲ?"
ရှုယီက ရယ်မောလိုက်သည်၊ "ကြည့်ရတာ ခင်ဗျား သင်္ဘောသုံးစင်းကို မတွေ့ရသေးဘူးထင်တယ် ဒီလိုတောင်းဆိုလာတာ မအံ့ဩတော့ပါဘူး။ ခင်ဗျား သူတို့ကို မြင်ပြီးရင် သေချာပေါက် ဒီလိုမေးခွန်းမျိုး မမေးလောက်တော့ဘူးလို့ အာမခံတယ်။
လက်စ်လိုင်းက မျက်မှောင်ကုပ်လိုက်သော်လည်း ဒေါသတော့ဖြစ်မသွားပေ။ ခေတ္တမျှသာ တိတ်ဆိတ်သွားပြီးနောက် လက်များဖြန့်ကားလျက် ယုံကြည်မှုရှိရှိပြောလာသည်၊ "ကောင်းပြီ ငါ တကယ်ပဲ ချက်ချင်း ရွှေဒင်္ဂါးနှစ်သန်းမထုတ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ရှုယီ မင်းအနေနဲ့ အဲ့လောက်ကြီးတဲ့ သင်္ဘောမျိုးလုပ်နိုင်နေမှတော့ ပိုသေးတဲ့ သင်္ဘောလည်း လုပ်နိုင်မှာပဲ မဟုတ်လား? အင်း..... ငါက အဲဒီ့.... မှော်စက်လှေထက် လေးငါးဆလောက် ကြီးတာကိုပဲ လိုနေတာ။ ငါ့အထင် အဲ့လိုသင်္ဘောမျိုးက ငါ့အတွက် ပင်လယ်အနှံ့ ရွက်လွှင့်ဖို့ အဆင်ပြေလောက်တယ်။"
ရှုယီမှာ ဖြေးညင်းစွာ ခေါင်းခါလိုက်သည်၊ "ဟင့်အင်း လက်စ်လိုင်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သင်္ဘောကြီးတွေ ပေါ်လာပြီဆိုတော့ သစ်သားလှေနဲ့ ပင်လယ်မှာ ရွက်လွှင့်တဲ့ ခေတ်ကကုန်ပြီ။ ကျုပ်အနေနဲ့ ခင်ဗျားကို သင်္ဘောကြီးကိုပဲ သုံးဖို့ စိတ်ရင်းနဲ့ အကြံပေးချင်တယ်၊ သင်္ဘောကြီးတစ်စင်းက ပင်လယ်မှာဆို လုံခြုံတာမို့ပဲ။"
လက်စ်လိုင်းက မျက်မှောင်ကုပ်သည်၊ "ငါပြောမယ် ရှုယီ မင်းက ငါ့ကို တမင်သက်သက် ဒေါသဖြစ်အောင်ဆွပေးနေတာလား? ငါ အဲ့လောက်ငွေအများကြီး မထုတ်နိုင်ပေမယ့် မင်းက ငါမတတ်နိုင်တဲ့ သင်္ဘောကြီးကို အကြံပြုတယ်လေ။ မင်းက အခုမထုတ်ပေးနိုင်လို့ တမင်သက်သက် ရှောင်သွားဖို့ ကြိုးစားနေတာလား?
"ဒါတော့ မမှန်ဘူး။ ကျုပ်ဆီမှာ သင်္ဘောရှိတော့ ခင်ဗျားမှာ ငွေမရှိရင်တောင် ပေးနိုင်တယ်၊ ဒါပေမယ့်....."
"ဘာလဲ? ငါ့ကို အသုံးချချင်တာလား?" ရှုယီ၏ မျက်နှာထက်ရှိ ထူးထူးဆန်းဆန်းအပြုံးကိုမြင်သော် လက်စ်လိုင်းသည်လည်း ပြုံးလိုက်သည်။ သူက သူ၏ ကိုယ်ကို ဖြေလျှော့၍ ကုလားထိုင်ကိုမှီလိုက်ကာ ရှုယီကို အေးဆေးစွာကြည့်ရင်း ဆိုလေသည်၊ "ဟုတ်ပြီ ငါ့ကို မင်းအသုံးချလို့ရတယ်၊ ဒါပေမယ့် မင်းဘယ်လောက် တန်ကြေးပေးနိုင်တယ် ဆိုတာအပေါ် မူတည်တာပေါ့။"
"ဘာအသုံးချတာလဲ ဒါကကြားလို့မကောင်းပါဘူး။ ပူးပေါင်းမှုလေးကို နားလည်ရဲ့လား?"
လက်စ်လိုင်းက တစ်ချက်ရယ်သည်၊ "ဟုတ်ပါပြီ ဘာခြားနားတာ ရှိလို့လဲ? ပြော ငါ့ကို ဘာများလုပ်ပေးစေချင်တာလဲ?"
ရှုယီက နံဘေးရှိ ဘက်တီကို လှည့်ကြည့်လိုက်သည်။
ဘက်တီက ချက်ချင်းပင်နားလည်ကာ နှစ်ဦးကို အရိုအသေပေး၍ ထွက်သွား၏။
ရှုယီက ထိုမျှ အလေးအနက်ထားနေသည်ကိုမြင်သော် လက်စ်လိုင်းမှာ သူ၏ အေးဆေးဟန်ကို ပြန်ရုတ်သိမ်း၍ ခုံ၌ ခါးမတ်ထိုင်ကာ ရှုယီကို ကြည့်လာသည်။
ရှုယီလည်း ချောင်းဟန့်လိုက်ပြီးနောက် အလေးအနက်ဆိုလာ၏၊ "လက်စ်လိုင်း ခင်ဗျား ပင်လယ်ဓားပြဖြစ်လာမှာကို ကျုပ်မတားဘူးဆိုပေမယ့် ဘာအုတ်မြစ်အခြေခံမှ မရှိဘဲ ဒီကနေထွက်ပြီး ပင်လယ်ဓားပြဖြစ်အောင်လုပ်မယ်ဆိုတာကတော့ သွားသေမှာနဲ့မခြားဘူး။"
"ဒါဆို မင်းမှာ ဘာအကြံရှိလဲ?"
ရှုယီက တစ်ချက်ရယ်ကာ အင်မတန် စွဲမက်ဖွယ်ပြုံးလေသည်။
"တကယ်တော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေက ရေတပ်တစ်ခု ဖွဲ့စည်းဖို့လုပ်နေတာ ခင်ဗျားစိတ်ဝင်စားလား?"
Report content on this page
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၈။ တိုင်းပြည်၏ အင်အား
ဆောင်းဦးလေပြေတိုက်ခတ်လာသည်နှင့် အေးစိမ့်မှုတချို့ ရောယှက်လာသည်။ ၎င်းက လမ်ပူရီတိုင်းပြည် တော်ဝင်နန်းတော်၏ အနောက်ဥယျာဉ်တော်ထဲရှိ အဆောက်အဦငယ်ပြတင်းထဲ ဝင်ရောက်လာသည်။
ဆယ်ဗီနီမှာ အနည်းငယ် ပင်ပန်းသလို ခံစားနေရသော်လည်း အေးစက်စက်လေပြေက သူမကို ရိုက်ခတ်လာစဉ်တွင် အနည်းငယ် တုန်လှုပ်ကာ အသိပြန်ဝင်လာတော့သည်။
ယခင်ကသာဆိုလျှင် ထိုလေပြေက အချိန်မှန်ရောက်လာပြီး သူမကတော့ အလုပ်ကိုပြန် ဦးစားပေးနိုင်ပြီဟု တွေးမိလိမ့်မည်။
သို့သော် ဤအကြိမ်တွင် သူမက ပြတင်းအပြင်ဘက်မှ ကျဆင်းနေသော သစ်ရွက်များကို ငေးစိုက်ကြည့်လိုက်သည်။ ခဏတာ အတွေးထဲ မျောနေပြီးနောက် ပြတင်းကို ပိတ်လိုက်သည်။
သူမက စားပွဲဆီ ပြန်လာကာ ချထားခဲ့သည့် စာရွက်စာတမ်းများကို ယူလိုက်သည်။ ကြည့်နေစဉ်တွင် သူမမျက်နှာထက်၌ စိတ်ပါစွာဖြင့် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ဤသည်မှာ ယခင်လမှ လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေး အစီရင်ခံစာဖြစ်သည်။
ထိုအစီရင်ခံစာအရ လက်ရှိ လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးအမြတ်ငွေမှာ တကယ်ကိုများစွာ တိုးတက်လာသည်က သိသာသည်။
လွန်ခဲ့သည့် လတစ်လတည်းနှင့် လမ်ပူရီတိုင်းပြည်၏ စုစုပေါင်း အမြတ်ငွေမှာ ရွှေဒင်္ဂါးငါးသိန်းကို ကျော်သွားပြီဖြစ်သည်။
ပြောရလျှင် ဆယ်ဗီနီ၏ ဖခင် လမ်ပူရီဆယ့်သုံးနှင့် အကိုတော် အဲရစ်တို့ ထီးနန်းဆက်ခံစဉ်က လမ်ပူရီတိုင်းပြည်၏ နှစ်စဉ် အမြတ်ငွေမှာ ရွှေဒင်္ဂါးတစ်သန်းမျှသာ ရှိခဲ့၏။ လများအတွက် ပျမ်းမျှ တွက်လိုက်လျှင် ရွှေဒင်္ဂါးတစ်သိန်းအောက် လျော့နေသေးသည်။
ဆယ်ဗီနီ ၂နှစ်အောက်ကြာအောင် ထီးနန်းဆက်ခံလာခဲ့ပြီး တိုင်းပြည်၏ ဘဏ္ဍာရေးအမြတ်ခွန်က အဆများစွာ တိုးလာခဲ့သည်။
လက်ရှိလမ်းကြောင်းအရ နှစ်ကုန်တွင် နှစ်စဉ် အမြတ်ခွန်မှာ ရွှေဒင်္ဂါးငါးသန်းပင် ကျော်သွားလောက်သည်။
ဆယ်ဗီနီအနေနှင့် ထိုငါးသန်းမှာ လုပ်ငန်းစုကြီး များစွာနှင့် မျိုးရိုးမြင့်များအတွက် ကိန်းဂဏန်းကြီးတစ်ခု မဟုတ်သည်ကိုသိပါ၏။
သို့သော် လမ်ပူရီတိုင်းပြည်ကဲ့သို့ ချို့တဲ့သည့်တိုင်းပြည်တစ်တိုင်းပြည်အတွက် ၎င်းက အံ့မခန်း အောင်မြင်မှုပါပင်။
နှစ်စဉ် အမြတ်ခွန်သာ ငါးသန်းကျော်သွားပါလျှင် ၎င်းမှာ လမ်ပူရီတိုင်းပြည် ပိုမိုကြွယ်ဝလာပြီး ဆယ်ဗီနီလည်း ထိုငွေဖြင့် ကိစ္စများစွာ လုပ်လာနိုင်သည့် အဓိပ္ပာယ်ပင်။
၎င်းအတွက် အသိအသာဆုံး သာဓကမှာ စစ်ဘက်အသုံးစရိတ်ပင်။
ဆယ်ဗီနီ ထီးနန်းမဆက်ခံခင်က နှစ်စဉ် စစ်ဘက်အသုံးစရိတ်မှာ ရွှေဒင်္ဂါးသုံးသိန်းသာရှိခဲ့သည်။ ထို့အပြင် စခ်တိုင်းပြည်၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ရန်အလို့ငှာ ၎င်းတို့မှာ နှမျောဖွယ် တိုင်းပြည်ဘဏ္ဍာငွေများထံမှ ရုန်းထွက်နေခဲ့ရ၏။
သို့သော် ယခုတွင် လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာငွေများ တိုးလာရာ ဆယ်ဗီနီအနေနှင့် စစ်တပ်၌ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ပြီဖြစ်သည်။
ယခင်နှစ်က လမ်ပူရီတိုင်းပြည်မှာ စစ်ဘက်အသုံးစရိတ်များ၌ ရွှေဒင်္ဂါးရှစ်သိန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
ဤနှစ်၌ အောက်တိုဘာလပင် မရောက်သေးခင် လမ်ပူရီတိုင်းပြည်မှာ စစ်ဘက်အသုံးစရိတ်တွင် တစ်သန်းခွဲကျော် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်၏။
နှစ်ဆုံးရောက်လာချိန်တွင် နှစ်သန်းပင် ကျော်သွားနိုင်သည်။
ထိုအရေအတွက်က ယခင် လမ်ပူရီတိုင်းပြည်၏ နှစ်စဉ် အမြတ်ခွန်ကိုပါ ကျော်လွန်နေသည်။
အနှီလုံလောက်သော စစ်ဘက်အသုံးစရိတ်ကြောင့် လမ်ပူရီတိုင်းပြည်၏ စစ်တပ်မှာ အလျင်အမြန် ပြောင်းလဲနိုင်ခဲ့ကြသည်။
ဆယ်ဗီနီ အရေးအပေးဆုံး မြောက်ဘက်စစ်တပ်ကို ဥပမာကြည့်နိုင်၏။ စစ်သားတစ်ဦးစီတိုင်း လက်နက်အပြည့်အစုံတစ်စုံစာရကြသည်သာမက ၎င်းတို့၏ တိုက်ပွဲအင်အားကို များစွာ တိုးမြှင့်ပေးမည့် စစ်ဘက်သုံးမှော်စက် အရေအတွက်များစွာကိုလည်း ရရှိကြသည်။
ဒုတိယနှစ်ဝက်မှ စတင်ကာ မြောက်ဘက်စစ်တပ်မှာ ဆယ်ဗီနီ၏ အမိန့်အရ စခ်တိုင်းပြည်ကို စတင် ဆန့်ကျင် တိုက်ခိုက်နေကြပြီဖြစ်၏။
ထို့အပြင် ပထမဆုံးတိုက်ပွဲအရ ဤနှစ်အတွင်း မြောက်ဘက်စစ်တပ်မှာ နယ်စပ်ကို အကြိမ်ပေါင်းမနည်းတိုက်ခိုက်ခဲ့သည်။ ၎င်းတို့မှာ နယ်စပ်ကို စောင့်ကြပ်နေကြသည့် သွေးဆာဝံပုလွေတပ်ရင်းနှင့် အကြိမ်များစွာတိုက်ခိုက်ခဲ့ပြီး တစ်ကြိမ်စီတိုင်း အနိုင်ရခဲ့သည်။
စခ်တိုင်းပြည်၏ သွေးဆာဝံပုလွေတပ်ရင်းထံ၌ လက်ရွေးစင် စစ်သည် ငါးသောင်းရှိသော်လည်း အနှီတိုက်ပွဲများအတွင်း မြောက်ဘက်စစ်တပ်ထံမှ အသတ်ခံခဲ့ရသူ တစ်သောင်းကျော်ရှိသည်။ ၎င်းတို့မှာ သွေးဆာဝံပုလွေတပ်ရင်း လက်အောက်ရှိ လက်ရွေးစင်အဖွဲ့များအနက်တစ်ုကိုပင် အလုံးစုံဖျက်ဆီးပစ်ခဲ့သည်။
လမ်ပူရီတိုင်းပြည်တည်ထောင်ကတည်းက စခ်တိုင်းပြည်မှာ အမြဲလိုလို အားသာချက်ရှိခဲ့သည်။ ထိုသို့သော လမ်ပူရီတိုင်းပြည်ကို ခုခံမတိုက်ခိုက်နိုင်ခဲ့သည့် အခြေအနေမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးချေ။
မြောက်ဘက်စစ်တပ်၏ အောင်ပွဲကြောင့် လမ်ပူရီတိုင်းပြည်၏ သတင်းစာများက ၎င်းကို တစ်နှစ်ပတ်လုံး ဖြန့်ချိနေခဲ့သည်။
လမ်ပူရီတိုင်းပြည်သားများမှာ စိတ်ဓာတ်တက်ကြွနေကြ၏။ စခ်တိုင်းပြည်ထံ တိုက်ရိုက်ချီတက်ကာ တိုက်ခိုက်ပြီး ၎င်းတို့မြေကိုသိမ်းဖို့ အော်ဟစ်နေကြသူများပင် ရှိလေ၏။
သို့သော် ဆယ်ဗီနီအနေနှင့် လမ်ပူရီတိုင်းပြည်က ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိုဆက်တိုက်အောင်မြင်မှုများ ရနိုင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းသိလေသည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် အရေးကြီးအကြောင်းအရင်းမှာ ၎င်းတို့ထံ၌ စစ်ဘက်သုံးမှော်စက်ပမာဏများစွာရှိခဲ့ခြင်းက မြောက်ဘက်စစ်တပ်ကို လက်နက်အပိုင်း၌ အကြွင်းမဲ့ အားသာနေစေခဲ့သည်။
၎င်းက မြောက်ဘက်စစ်တပ်ကို စစ်မြေပြင်၌ ရှင်းလင်းခွင့်ပေးထားသော်လည်း စစ်ပွဲမှာ စစ်မြေပြင်၌ အကန့်အသတ်ရှိရုံသာမက အခြားအကြောင်းအရာများစွာကြောင့်လည်း ထိခိုက်စေနိုင်သည်။
နှစ်တိုင်းပြည်အကြား စစ်ပွဲ၏ နောက်ဆုံးအောင်ပွဲကို အဆုံးအဖြတ်ပေးသည့် အရေးအကြီးဆုံးအရာမှာ နှစ်ဘက်စလုံး၏ အမျိုးသားအင်အားဖြစ်သည်။
လမ်ပူရီတိုင်းပြည်မှာ ဆယ်ဗီနီ ထီးနန်းဆက်ခံပြီးနောက် မှော်စက်မှုနယ်ပယ်၌ ရင်းနှီးမြှုပ်နှံခြင်းမှ အကျိုးအမြတ်များစွာ ရရှိထားပြီး ၎င်းတို့၏ အမျိုးသားရေးအင်အားကလည်း အတော်လေးတိုးတက်လာပြီဖြစ်ပါလျှင်တောင်။
လမ်ပူရီတိုင်းပြည်မှာ ကြာညောင်းလှစွာ အားနည်းအားနည်းနေခဲ့ရာ ၎င်းတို့အတွက် စခ်တိုင်းပြည်ကို ၂နှစ်တာအတွင်း ချေမှုန်းရန်မဖြစ်နိုင်ပေ။
ဆယ်ဗီနီအနေနှင့် ၎င်းတို့မှာ စခ်တိုင်းပြည်ကို ထိုမျှ လွယ်ကူစွာ အနိုင်ယူန်ုမည်ဟု မထင်ပါချေ။ သူမအနေနှင့် လမ်ပူရီတိုင်းပြည်အတွက် အရေးကြီးဆုံးသောအရာမှာ ၎င်းတို့၏ မြန်ဆန်သော တိုးတက်မှုကို ထိန်းသိမ်းပြီး အမျိုးသားရေးအင်အားကို အလျင်အမြန်တိုးတက်စေခြင်းဖြစ်ကြောင်း သေချာကိုသိလေသည်။
လမ်ပူရီတိုင်းပြည် အမှန်တကယ် သန်မာလာချိန်၌ စခ်တိုင်းပြည်ကို အနိုင်ယူရန်က ၎င်းတို့အတွက် ပုံမှန်ကိစ္စဖြစ်သည်။
သို့သော် ၎င်းကို လုပ်ဆောင်ရန် နောက်ထပ် အရေးကြီး အကြောင်းပြချက် ရှိသေးပြီး ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ခံမှုအပြည့်အဝကို တစ်ချိန်လုံးရထားရန်ဖြစ်သည်။
ဘုရင်မကြီးအနေနှင့် သူမဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် လေးနက်သော ဆက်ဆံရေးတစ်ခုရှိပါ၏။ သူမဟာ တစ်တိုင်းပြည်လုံး၌ Frestech ကုန်သည်ကြီးများအသင်းကို အနားလည်ဆုံးလူဖြစ်သည်ဟုပင် ဆို၍ရနိုင်သည်။ ဆယ်ဗီနီအနေနှင့် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ရှုယီက အင်အား မည်မျှများများကို ဖုံးဝှက်ထားသည်အား မည်သူထက်မဆို ကောင်းကောင်းပိုသိသည်။
၎င်းတို့ Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ပံ့မှုအပြည့်အဝရနေသရွေ့ လမ်ပူရီတိုင်းပြည်မှာ ၎င်းတို့၏ မှော်စက်မှုနယ်ပယ်တိုးတက်ရေးကို ဆက်ထိန်းထားနိုင်ကာ တိုင်းပြည်၏ စီးပွားရေးနှင့် အမျိုးသားရေးအင်အားကို တိုးတက်စေနိုင်မည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ သို့မဟုတ် ပိုအတိအကျဆိုရသော် ရှုယီ၏ ထောက်ပံ့မှုကို ရရှိရန်မှာ ထိုမျှ မလွယ်ကူပေ။
ဆယ်ဗီနီ ကျေးဇူးတင်သည်မှာ ရှုယီသာ Frestech ကုန်သည်ကြီးများအသင်းကို စစ်မှန်စွာ ဂရုစိုက်ပေးလျှင် သူ့အတွက် စခ်တိုင်းပြည် ဖြစ်စေ လမ်ပူရီတိုင်းပြည်ဖြစ်စေ ကွာခြားချက်ရှိမည်မဟုတ်ပေ။ သူ့အနေနှင့် Frestech တံဆိပ် မှော်စက်များက သွားလေရာတိုင်းတွင် ကျော်ကြားမည်ဖြစ်သောကြောင့် မည်သူနှင့်မဆို အတူ အလုပ်,လုပ်နိုင်သည်။
သို့သော် ရှုယီက အမြဲ ဆယ်ဗီနီကို ခိုင်ခိုင်မာမာထောက်ခံပြီး စခ်တိုင်းပြည်နှင့် ပူးပေါင်းဖို့ မစဉ်းစားခဲ့ဖူးချေ။
ထို့ကြောင့် ဆယ်ဗီနီအတွက် ရှုယီမှာ သူမ၏ ရင်းနှီးသောသူငယ်ချင်းဟု သတ်မှတ်ထားသည့်အပြင် လမ်ပူရီတိုင်းပြည်၏ အရေးအကြီးဆုံးမဟာမိတ်ဟုလည်း သတ်မှတ်ထားပါ၏။
ထိုသည်ကို စဉ်းစားရင်း ဆယ်ဗီနီမှာ သူမ၏ ဝမ်းဗိုက်ကို ထိကာ အမူအရာက အနည်းငယ်ထူးဆန်းလာသည်။
ခဏတာ ငေးမောနေပြီးနောက်၌ သူမက ခပ်ဖြည်းဖြည်းခေါင်းခါကာ သက်ပြင်းချလေ၏။ သူမဟာ စာရွက်စာတမ်းများကို ဆက်စစ်ဆေးတော့မည်အပြုတွင် တံခါးခေါက်သံ ရုတ်တရတ် ထွက်လာသည်။
"ဝင်လာခဲ့ပါ"
ဆယ်ဗီနီလည်း ပြန်ဖြေလိုက်ရာ မကြာမီတွင် အစေခံတစ်ခု ဝင်လာ၏။
"ဘုရင်မကြီး အရှင် ဒုခ် ဖက်စ်တာလင်နဲ့ အရှင် ကောင့်ထ်စီယန်တို့ ရောက်နေပါတယ်။"
အစေခံ၏ မရင်းနှီးသည့် မျက်နှာကိုမြင်သော် ဆယ်ဗီနီမှာ ရှုယီထံ ပေးခဲ့သော ဘက်တီနှင့် ကာရိုးလ်တို့ကို မနေနိုင်စွာ စဉ်းစားမိသွားပြီး ငေးငိုင်သွားပါ၏။
တစ်ခဏရပ်တန့်ပြီးနောက် ခါးသက်သက်ပြုံးကာ ထိုအစေခံထံ အမိန့်ပေးလိုက်သည်၊ "ဝင်လာခိုင်းလိုက်ပါ"
ထိုအစေခံက ထိုအမိန့်ကိုလိုက်နာဖို့ ထွက်သွားပါ၏။
များမကြာမီတွင် တံခါးအပြင်ဘက်မှ မတူညီသည့်အသံအနေအထားနှင့် လေးလံလံ ခြေသံများထွက်လာသည်။
တံခါးပွင့်သွားချိန်၌ တော်ဝင်စစ်တပ်တွင် မြင့်မားသည့် ဂုဏ်အဆင့်အတန်းရှိသလို 'လမ်ပူရီ သိမ်းငှက်'ဟုလည်း ကျော်ကြားသည့် ဒုခ် ဖက်စ်တာလင်နှင့် ယမန်နေ့က ဆယ်ဗီနီ၏အမိန့်အရ အန်ဗီမာမြို့တော်သို့ ရောက်လာသည့် ကောင့်ထ်စီယန်တို့ ဝင်လာလေသည်။
နှစ်ဦးသားက ဆယ်ဗီနီကို အရိုအသေပေးပြီးနောက် ဒုခ် ဖက်စ်တာလင်က မေးလာသည်၊ "ဘုရင်မကြီး ကျုပ်တို့ကို ဘာအတွက် ဆင့်ခေါ်လိုက်တာလဲဆိုတာ မေးလို့ရမလား?"
ဒုခ် ဖက်စ်တာလင်မှာ ဤနှစ်တွင် အသက်ခြောက်ဆယ့်ခုနစ်ရှိပြီဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်က ခိုင်ခံ့ကာ တက်ကြွမှုတို့ ပြည့်လျှမ်းနေသည်။ သူ၏စိတ်ဓာတ်ဖြစ်စေ ခန္ဓာဖြစ်စေ အားလုံးမှာ မြင့်မားသည့် အခြေအနေ၌ ရှိ၏။
သူ၏ တလက်လက်ထနေသော ငွေရောင်ဆံပင်များကြောင့် မဟုတ်လျှင် သူဟာ အသက်လေးဆယ်အရွယ်သာ ရှိသေးသည်ဟု ထင်ကြလိမ့်မည်။
ဆယ်ဗီနီက ကုလားထိုင်မှ ထကာ စားပွဲတဝိုက် ပတ်လာပြီး ဒုခ် ဖက်စ်တာလင်နှင့် ကောင့်ထ်စီယန် တို့ကို သူ့တို့ရှေ့ရှိ ဆိုဖာ၌ ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။ သူမက စကားပြောလိုဟန်ပေါ်နေရင်း မေးလာပါ၏၊ "ဒုခ် ဖက်စ်တာလင် ရှင်က ကျွန်မတို့ လမ်ပူရီတိုင်းပြည်မှာ စခ်တိုင်းပြည်ကို နားအလည်ဆုံးလူဖြစ်လောက်တယ်။ ကျွန်မကို ပြောပြနိုင်မလား ကျွန်မတို့ လမ်ပူရီတိုင်းပြည်ရဲ့ လက်ရှိအင်အားနဲ့ဆို စခ်တိုင်းပြည်ကို အနိုင်ယူဖို့ အခွifhအရေးများရှိလား?"
"မဖြစ်နိုင်ဘူး။" ဒုခ် ဖက်စ်တာလင်က တုံ့ဆိုင်းမှုမရှိ ခေါင်းခါသည်၊ "ဘုရင်မကြီး ကျုပ်တို့အနေနဲ့ စစ်မြေပြင်မှာ အားသာချက်ရှိနေပေမယ့်လည်း ဒါက စစ်ဘက်သုံးမှော်စက်တွေ ဖန်တီးထားတဲ့ အားသာချက်သက်သက်ပဲ။ ကျုပ်တို့သာ ဒီလက်နက်အားသာချက်ကို ဆုံးရှုံးသွားရင် ကျုပ်တို့တိုင်းပြည်ရဲ့ စစ်တပ်က နယ်စပ်ကို ဒီတိုင်း ကာကွယ်နိုင်မှရမယ်။"
"ဒါဆို ဒီအားသာချက်ကို သိမ်းထားရင်ရော?"ဆယ်ဗီနီက မေးသည်။
နံဘေးရှိ ကောင့်ထ်စီယန် က ဆယ်ဗီနီကိုကြည့်ပြီးနောက် အမြန် အကြည့်လွှဲလိုက်သည်မှာ ထိုမေးခွန်းအကြောင်း ဂရုမစိုက်လိုပုံပင်။
"ဒီအားသာချက်ကို ထိန်းသိမ်းထားရင်ရော?" ဒုခ် ဖက်စ်တာလင်က မျက်မှောင်ကုပိကာ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါ၏၊ "မဖြစ်နိုင်သေးဘူး။ ဘုရင်မကြီး နှစ်တိုင်းပြည်ကြားက စစ်ပွဲကို တိုက်ပွဲ တစ်ပွဲနှစ်ပွဲမပြောနဲ့ ဆယ်ပွဲနဲ့တောင် မဆုံးဖြတ်နိုင်ဘူး။ တိုက်ပွဲ ထောင်ချီရာချီနောက်မှာပဲ စစ်ပွဲကို ဆုံးဖြတ်နိုင်မယ့် အကြိမ်ရေအများကြီးရှိတယ်။ ဒါပေမယ့် အဲဒီ့တိုက်ပွဲရာချီ ဒါမှမဟုတ် ထောင်ချီအတွက် အရေးအကြီးဆုံး ထောက်ပံ့ပို့ဆောင်ရေးပြဿာနာကို အာမခံဖို့ ကျုပ်တို့ လမ်ပူရီတိုင်းပြည်အနေနဲ့ စခ်တိုင်းပြည်ကို မယှဉ်နိုင်ဘူး။"
ခဏတာ ရပ်တန့်ပြီးနောက် ဒုခ် ဖက်စ်တာလင်က ထပ်ပေါင်းပြောသည်၊ "ဘုရင်မကြီး ဘုရင်မကြီးက ဆက်ခံလာတဲ့ ၂နှစ်အတွင်း ကောင်းကောင်းလုပ်ခဲ့ပြီးသားပါ။ ကျုပ်အထင် ဒီလိုဆက်သွားနေသရွေ့ စခ်တိုင်းပြည်အကြောင်း စိတ်ပူစရာမလိုအပ်မယ့် နှစ်တွေ အများကြီးရှိလာလိမ့်မယ်လို့ထင်တယ်။"
ဒုခ် ဖက်စ်တာလင်၏ မျက်နှာထက်ရှိ စိတ်ရင်းကိုမြင်သော် ဆယ်ဗီနီက အသာပြုံး၏။ ထို့နောက် ခေါင်းငြိမ့်ကာ ဆို၏၊ "ကောင်းပြီ။ ဒုခ် ဖက်စ်တာလင် ရှင်က ဒီလိုထင်မှတော့ ကျွန်မ စိတ်ချပါပြီ။ ရှင့်အနေနှင့် ဒီအမြင်ကို လူထုဆီချပြမယ်လို့ မျှော်လင့်တယ်။ ဒါက အဆင်ပြေတယ်ထင်လား?"
ဒုခ် ဖက်စ်တာလင်မှာ အံ့အားသင့်ကာ အနည်းငယ်စဉ်းစားပြီးနောက် ဆယ်ဗီနီ၏ ဆိုလိုရင်းကိုနားလည်သွားသည်။ သူက ကျယ်လောင်စွာရယ်မောကာပြော၏၊ "ကောင်းပြီလေ! ကျုပ်အနေနဲ့ တိုင်းပြည်အတွက် ဒီအိုနေတဲ့ အရိုးတွေကို အမြဲသုံးမှာပါ။ တိုင်းပြည်အတွက်ဖြစ်နေသရွေ့ ဘာမဆိုလုပ်နိုင်တယ်!"
ဆယ်ဗီနီက ဒုခ် ဖက်စ်တာလင်ကို အသာပြုံးပြလိုက်ပြီးနောက်ကောင့်ထ်စီယန် ဘက် လှည့်သွားလိုက်၏။
"ကောင့်ထ်စီယန် ရှင်က ဒီနှစ်တွေအတွင်း ဆိုဝယ်လ်မြို့ကနေ မှော်စက်ပေါင်းစုံကို မှောင်ခိုထုတ်နေတာဆိုတော့ ဒီအတွက် အရေအတွက် အတိအကျရှိလား။”
ကောင့်ထ်စီယန် က မျက်မှောင်ကုပ်ကာ အဘယ့်ကြောင့် ဆယ်ဗီနီက ရုတ်တရတ် ထိုမေးခွန်းမေးလာမယ်မှန်းမသိချေ။
တကယ်တမ်းတွင် လမ်ပူရီဆယ်သုံး ရှင်သန်နေဆဲကာလက ဆိုဝယ်လ်မြို့မှ စခ်တိုင်းပြည်သို့ မှော်စက်များစွာကို မှောင်ခိုသွင်းခဲ့သည်။ ၎င်းကို ရှုယီမှ တဆင့် လမ်ပူရီဆယ့်သုံးကို အကြံပေးချက်မှ တဆင့် 'တရားဝင်မှောင်ခိုသွင်းခြင်း’ဟုပင် ယူနိုင်သည်။
အဲရစ်နှင့် ဆယ်ဗီနီတို့ ထီးနန်းဆက်ခံခဲ့သည့် နှစ်များအတွင်း ထီးနန်းရယူသည့် နှစ်များအတွင်း ၎င်းအတွက် လက်ခံသူရှိသည့် ရှိသယောင်ဖြင့်၎င်းက ဘယ်တုန်းကမှ ပြောင်းလဲမသွားခဲ့ပေ။
မည်သို့ဖြစ်ဖြစ် ထို မှောင်ခိုခြင်းမှတဆင့် လမ်ပူရီတိုင်းပြည်မှာ စခ်တိုင်းပြည်ထံမှ အမြတ်အစွန်းများစွာ ရရှိခဲ့သဖြင့် မည်သူကမှ အကြောင်းအရင်းမရှိဘဲ ၎င်းကို ပိတ်ပင်မည်မဟုတ်ပေ။
ဆယ်ဗီနီအနေနှင့် ၎င်းကိုသတိထားမိပြီး ကောင့်ထ်စီယန် ကို အတိုင်းအတာတိုးဖို့ သီးသန့်အကြံပြုခဲ့၏။
သို့သော် အဘယ့်ကြောင့် ရုတ်တရတ် ထိုမေးခွန်းမေးလာရသနည်း?
ကောင့်ထ်စီယန် မှာ ခဏတာ တိတ်ဆိတ်နေပြိးနောက် ပြန်ဖြေသည်၊ "အတိအကျရဖို့တော့ခက်ပေမယ့် လျှို့ဝှက်ာထားတဲ့ ခန့်မှန်းချေအရ ဒီနှစ်မှာတင် မှောင်ခိုသွင်းတာကနေ ရွှေဒင်္ဂါးနှစ်သန်းကျော်ရထားပြီးပါပြီ။"
"ရွှေဒင်္ဂါးနှစ်သန်း?" ဆယ်ဗီနီက မျက်မှောင်ကုပ်ကာ ခေါင်းခါ၊ "ဒါက အဲ့လောက်မများဘူးပဲ။"
ကောင့်ထ်စီယန် နှင့် ဒုခ် ဖက်စ်တာလင်တို့ နှစ်ဦးစလုံး အံ့ဩသွားသည်။
၎င်းက မှောင်ခိုတင်သွင်းရုံသာဖြစ်ပြီး နှစ်သန်းရသည်က မများသေးဘူးတဲ့လား? ဘုရင်မကြီးက.... ဘာတွေလုပ်ဖို့များ စီစဉ်ထားတာပါလိမ့်?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၃၉။ အခမဲ့ ကုန်သွယ်ဧရိယာ
"ဒါက သိသိသာသာကို သစ္စာဖောက်တာပဲ!" ဟိန့်ဇ်က လက်ထဲရှိ ⟨ လမ်ပူရီ အပတ်စဉ် ⟩ကို စားပွဲပေါ်ချကာ ဒေါသတကြီး အော်ဟစ်လာသည်။
ရှုယီက ⟨ လမ်ပူရီ အပတ်စဉ် ⟩ရှိ ခေါင်းစီးကြီးကိုကြည့်ကာ တစ်ချက်ပြုံးသည်။
"ဘာလို့ ဒီလိုပြောရတာလဲ?"
"မေးဖို့ လိုသေးလို့လား?" ဟိန့်ဇ်က ရှုယီကို မယုံနိုင်စွာကြည့်လိုက်သည်၊ "ငါတို့ Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်ကို ဒီလိုထောက်ပံ့ပေးထားပေမယ့် လမ်ပူရီတိုင်းပြည်က အခု ငါတို့ ရန်သူ စခ်တိုင်းပြည်နဲ့ အလုပ်လုပ်နေပြီလေ။ ဒါကမှ သစ္စာဖောက်တာ မဟုတ်ရင် ဘာဖြစ်မလဲ? ပြီးတော့လည်း သူတို့က ငါတို့ Frestech ကုန်သည်ကြီးများအသင်းကို သစ္စာဖောက်နေရုံတင်မကဘဲ ငါတို့ လမ်ပူရီတိုင်းပြည်ရဲ့ ပြည်သူသန်းချီကိုပါ သစ္စာဖောက်တာပဲ! စခ်တိုင်းပြည်က လမ်ပူရီတိုင်းပြည်ရဲ့ သေမျိုး ရန်သူဖြစ်နေတာကို ဘယ်လိုများ ဒီလို ပူးပေါင်းလိုက်နိုင်ရတာလဲ?"
ရှုယီက အသာပြုံး၍ ခေါင်းခါသည်၊ "မဟုတ်ဘူး ဟိန့်ဇ် ခင်ဗျား အတွေးတွေက အရမ်းကို ကျဉ်းမြောင်းလွန်းနေပြီ။ တိုင်းပြည်တွေကြားမှာ ထာဝရရန်သူဆိုတာမရှိဘူး၊ တစ်ချိန်မှာ ပူးပေါင်းလာမယ်ဆိုတာက မထူးဆန်းပါဘူး။ ပြီးတော့လည်း ခင်ဗျား ဆောင်းပါးကို သေချာဖတ်ခဲ့ရဲ့လား? လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်နဲ့ အခမဲ့ကုန်သွယ်နယ်မြေဖွင့်ရုံမို့ တကယ်ကြီး ပူးပေါင်းဖို့က အဝေးကြီးမှာပဲ။ ပြီးတော့လည်း ကျုပ်သိထားတဲ့ ဆွေးနွေးမှုအသေးစိတ်အရဆို လမ်ပူရီတိုင်းပြည်က ဒီတစ်ခေါက်မှာ အားသာချက်ကြီးကြီး ရလိုက်တယ်။"
"ဆွေးနွေးမှု?"ဟိန့်ဇ်က ရှုယီကို သံသယဖြင့်ကြည့်လာသည်။ စဉ်းစားပြီးနောက် မနေနိုင်စွာ မေးလေ၏၊ "ဘာလဲ ရှုယီ မင်း ဒီကိစ္စကိုသိနေတာလား?"
"ဒါပေါ့" ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်လိုက်၏၊ "ဒီကိစ္စကို ကျုပ်ပဲ ဆယ်ဗီနီဆီ အကြံပြုလိုက်ပြီး အခမဲ့ကုန်သွယ်နယ်မြေအကြံကိုတောင် ပေးခဲ့တာ။ ဒါကို မသိဘဲနေမလား?"
ဟိန့်ဇ်က ရှုယီကို ကြောင်အကာကြည့်လိုက်မိသည်။ ခဏကြာပြီးနောက် သူဟာ ထစ်ထစ်အအဖြင့် ဆိုလာသည်၊ "မင်းပြောတာက.... စခ်တိုင်းပြည်နဲ့ ပူးပေါင်းမှုက မင်းရဲ့ အကြံပေါ့?"
"ဒီလိုပြောတယ်ဆိုရင်လည်း မမှားပေမယ့် ဆယ်ဗီနီက လမ်ပူရီတိုင်းပြည်အနေနဲ့ အကျိုးအမြတ် အတော်များများကို ရနိုင်မယ်လို့ ခံစားမိတာကြောင့် ကျုပ်အကြံကို သဘောတူခဲ့တာပဲ။ ပြောရရင် သူမက ဒီကိစ္စကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့တော့ အရည်အချင်းက တကယ်ကို ထူးချွန်ပါပေတယ်။"
ဟိန့်ဇ်မှာ ရှုယီကို ခဏမျှ မျက်မှောင်ကုပ်ကြည့်နေလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းယမ်းလေသည်။
"ရှုယီ ငါ့အနေနဲ့ မင်း ပုံမှန်လုပ်နေတဲ့အရာတွေကို နားမလည်နိုင်ပေမယ့်လည်း ဒီတစ်ခေါက်က.... အရမ်းအကျိုးအကြောင်းမသင့်ရာကျမနေဘူးလား? စခ်တိုင်းပြည်နဲ့ လမ်ပူရီတိုင်းပြည်ကြားက အမုန်းတရားကိုမပြောနဲ့ဦး စခ်တိုင်းပြည်က အရင်တစ်ခေါက်ကပဲ ငါတို့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ဖို့ ဒုခ် ဝိန်းနဲ့တောင် အတူတူလုပ်ခဲ့တဲ့ အချက်ကို သုံးသပ်ရင် မင်းအနေနဲ့ စခ်တိုင်းပြည်နဲ့အတူ ပူးပေါင်းဖို့ ဆွေးနွေးတာတောင် မလုပ်သင့်ဘူး။"
"ကျုပ် ထပ်ပြောမယ် ဒါက ရိုးရှင်းတဲ့ ပူးပေါင်းမှုလေးမဟုတ်ဘူး။ ခင်ဗျားတကယ်ပဲ ဒီအကြောင်းပြောချင်ရင် ဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ လမ်ပူရီတိုင်းပြည်တို့ စခ်တိုင်းပြည်ရဲ့ ကြွယ်ဝမှုကို လုယူဖို့ သုံးမယ့် အခမဲ့ကုန်သွယ်ဇုန်ပဲ။ နားလည်ရဲ့လား?" ရှုယီက ဆိုသည်။
ဟိန့်ဇ်က ခေါင်းခါကာ၊ "နားမလည်ဘူး။ ဒီအခမဲ့ကုန်သွယ်နယ်မြေက နှစ်ဘက်စလုံးပေါ်ပေါ်ထင်ထင်စီးပွားလုပ်မယ့် နေရာတစ်ခုပဲလေ။ စခ်တိုင်းပြည်က မိုက်မဲနေတာမှမဟုတ်တာ ဘယ်လိုလုပ် သူတို့ရဲ့ ကြွယ်ဝမှုကို ခိုးယူခွင့်ပေးမှာတဲ့လဲ?"
"ဒါက.... ဘယ်သူက ပိုသန်မာတယ်ဆိုတဲ့ အခြေအနေမှာ ဉာဏ်တစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘူး။" ရှုယီက ပခုံးတွန့်၍ အေးဆေးစွာ ပြောသည်၊ "ဟိန့်ဇ် စဉ်းစားကြည့်ပါဦး၊ စခ်တိုင်းပြည်နဲ့ လမ်ပူရီတိုင်းပြည်ကြားက အခမဲ့ကုန်သွယ်နယ်မြေမှာ ဘယ်လိုလုပ်ငန်းမျိုးက အလွယ်ကူဆုံးဖြစ်မယ်လို့ထင်လဲ? ဒါမှမဟုတ် နည်းနည်းလောက်ပို တည့်တိုးပြောရရင် စခ်တိုင်းပြည်အနေနဲ့ လမ်ပူရီတိုင်းပြည်ဆီကနေ အလိုချင်ဆုံးဖြစ်တဲ့ ထုတ်ကုန်က ဘယ်ထုတ်ကုန်ဖြစ်ပြီး လမ်ပူရီတိုင်းပြည်အနေနဲ့ စခ်တိုင်းပြည်ဆီကနေ အလိုချင်ဆုံးက ဘာများဖြစ်မလဲ?"
ဟိန့်ဇ်မှာ မျက်မှောင်ကုပ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများက ရုတ်တရတ် တောက်ပသွားသည်။
"သိပြီ! စခ်တိုင်းပြည်က မှော်စက်တွေကို ဝယ်လိုအားပြင်းပြင်းပြပြရှိမှာပဲ။ လမ်ပူရီတိုင်းပြည်နဲ့ စခ်တိုင်းပြည်တို့က အရင်က ရန်သူတွေဖြစ်ခဲ့တာကြောင့် အချင်းချင်း ကာဆီးထားကြတော့ စခ်တိုင်းပြည်အနေနဲ့ မှော်စက်တွေကို မှောင်ခိုသူတွေဆီကနေပဲ ဝယ်နိုင်တယ်။ အခု အခမဲ့ကုန်သွယ်နယ်မြေရှိပြီဆိုတော့ စခ်တိုင်းပြည်သားတွေလည်း မှော်စက်တွေဝယ်ဖို့ မစောင့်နိုင်ကြလောက်တော့ဘူး။"
"ဒီတော့ ဒီအဓိပ္ပာယ်က အခမဲ့ကုန်သွယ်နယ်မြေကို စခ်တိုင်းပြည်ဆီ မှော်စက်တွေရောင်းဖို့အတွက် အသုံးချမှာပဲ။ စခ်တိုင်းပြည်သားတွေလည်း လမ်ပူရီတိုင်းပြည်နဲ့ ရူဒ်ဆန်တိုင်းပြည်တို့နဲ့ မခြားဘဲ အရင်ကတည်းက မှော်စက်မျိုးစုံကို လိုချင်နေခဲ့ကြတာကို သေချာတယ်။ အခု နှစ်ဘက်စလုံးက ကုန်သွယ်ကြပြီဆိုတော့ စခ်တိုင်းပြည်လည်း ဝယ်လိုအားကြီးတစ်ခု ရှိလာလိမ့်မယ်။" ရှုယီက အပြုံးဖြင့်ဆိုသည်။
"အင်း သူတို့တွေလည်း ဘန်တာမြို့နဲ့ ဆက်သွယ်မှုပထမဆုံးလုပ်တဲ့အချိန်မှာ အနီးဝန်းကျင်တိုင်းပြည်တွေလို တူညီတဲ့ ဝယ်လိုအား ရှိမှာပဲ။" ဟိန့်ဇ်က ခေါင်းငြိမ့်လိုက်ပြီးနောက် မေးလာသည်၊ "ဒါပေမယ့် စခ်တိုင်းပြည်က လူတွေက အရူးမဟုတ်တော့ သေချာပေါက် ဒါကို ကန့်သတ်ထားမှာပဲ။"
"ဒါကပဲ အခမဲ့ကုန်သွယ်နယ်မြေဖန်တီးရတဲ့ အကြောင်းအရင်းလေ။" ရှုယီရယ်မောလိုက်သည်၊ "လမ်ပူရီတိုင်းပြည်နဲ့ စခ်တိုင်းပြည်ကြားက သဘောတူညီမှုအရဆို ဒီအခမဲ့ကုန်သွယ်နယ်မြေမှာရှိတဲ့ ကုန်သွယ်မှုအားလုံးက လုံးဝအခမဲ့ပဲ၊ ဘယ်ဘက်ကမှ လုံးဝစည်းကမ်းသတ်မှတ်လို့မရဘူး။ ဒီတော့ စခ်တိုင်းပြည်အနေနဲ့ မှော်စက်ပမာဏကြီးတစ်ခု ဝင်လာတာကို တားချင်ရင်တောင် နည်းလမ်းမရှိဘူး။"
"ဒါက အရမ်းထူးဆန်းတယ် ဘာလို့ စခ်တိုင်းပြည်က ဒီအခြေနေကို သဘောတူခဲ့ရတာလဲ?" ဟိန့်က ရှုပ်ထွေးစွာ မေးလိုက်ပါ၏။
"အကြောင်းပြချက်က ရှင်းပါတယ်။ ပထမဆုံး လမ်ပူရီတိုင်းပြည်ရဲ့ မြောက်ဘက်စစ်တပ်က စခ်တိုင်းပြည်ရဲ့စစ်တပ်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အမြဲနိုင်နေခဲ့တာလေ။ စခ်တိုင်းပြည်က ဖိအား အတော်လေးခံစားနေရပြီး အခုဆိုလမ်ပူရီတိုင်းပြည်က အတိုက်အခိုက်ရပ်စဲပြီး စီးပွားရေး အသင့်အတင့်လုပ်ဖို့ ဆန္ဒရှိလာတော့ စခ်တိုင်းပြည်လည်း သေချာပေါက် ဒါကို လိုချင်မှာပဲ။"
"အင်း.... ဒါတော့ မှန်တယ်။"
"ဒုတိယအနေနဲ့ စခ်တိုင်းပြည်က အရင်တည်းက မှော်စက်မျိုးစုံလိုချင်နေခဲ့တာ။ လမ်ပူရီတိုင်းပြည်ဘက်က ကာဆီးမှုကြောင့်နဲ့ ကျုပ်တို့လုပ်ငန်းစုကို ပစ်မှတ်ထားတာကြောင့်သာ စခ်တိုင်းပြည်က သက်ဆိုင်ရာနည်းပညာကို ဘယ်တော့မှ မရနိုင်ခဲ့တာ။ အခုဆို သူတို့က လမ်ပူရီတိုင်းပြည်နဲ့ အခမဲ့ကုန်သွယ်နိုင်ပြီမို့ လမ်ပူရီတိုင်းပြည်ဆီကနေ မှော်စက်ပမာဏအတော်များများဝယ်နိုင်တော့မှာ ဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင်မှော်စက်တွေကို ဘယ်တော့မှ ထုတ်လုပ်နိုင်မှာမဟုတ်တော့ဘူး။ ဒါမှမဟုတ်ရင်.... လမ်ပူရီတိုင်းပြည်ဆီကနေ သက်ဆိုင်ရာ နည်းပညာကို တိုက်ရိုက်ဝယ်မှရမယ်။"
"မဖြစ်နိုင်တာ လမ်ပူရီတိုင်းပြည်ဘက်က သေချာပေါက် နည်းပညာကို ကန့်သတ်ထားမှာပေါ့။" ဟိန့်ဇ်က ခေါင်းခါသည်၊ "မဟုတ်ရင် သူတို့ စခ်တိုင်းပြည်ကို မှော်စက်တည်ဆောက်နည်းသင်ပေးလိုက်တဲ့အခါ ကျားကို လက်သပ်မွေးနေသလို ဖြစ်မသွားဘူးလား?"
ရှုယီက ခေါင်းခါသည်။ ၎င်းက အပြင်ပန်း၌ မှန်ကန်ပုံရသော်လည်း ဆယ်ဗီက ၎င်းအတွက်ပြင်ဆင်ကာ လိုအပ်သည့် စည်းမျဉ်းများ ပြုလုပ်ထားပြီးသားဖြစ်သည်။
သို့သော် အကျိုးအမြတ်တို့၏ ဆွဲဆောင်မှုအောက်တွင် လမ်ပူရီတိုင်းပြည်၏ မှော်စက်နည်းပညာမှာ စခ်တိုင်းပြည်သို့ မှော်စက်မျိုးစုံနှင့် အတူစီးဆင်းသွားမည်ဖြစ်သည်။
၎င်းမှာ ကန့်သတ်မရနိုင်သည့် အရာဖြစ်သောကြောင့် ရှုယီမှာ ဆယ်ဗီနီအား ၎င်းတို့အနေနှင့် စခ်တိုင်းပြည်ထံ မှော်စက်နည်းပညာ အစိတ်အပိုင်းလေးတစ်ခု ရောင်းချသင့်ကြောင်း အကြံပြုခဲ့သည်။
မှန်ပါ၏ ထိုအပိုင်းမှာ အိမ်သုံးမှော်စက်များအဖြစ်သာ ကန့်သတ်ထားပါ၏။ ၎င်းမှာ ထုတ်လုပ်ရေးမှော်စက်များကို ချဉ်းကပ်နိုင်မည်မဟုတ်ရာ သေချာပေါက် စစ်ဘက်သုံးမှော်စက်များကို ထိနိုင်မည်မဟုတ်ပေ။
၎င်းက စခ်တိုင်းပြည်ထံသို့ မှော်စက်ဆိုင်ရာ နည်းပညာကို ပေးအပ်ကာ ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်ခွင့် ပေးမည်ဖြစ်သော်လည်း ရှုယီက စိုးရိမ်မနေပေ။
အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ မှော်စက်နည်းပညာများနှင့် ပတ်သက်လာလျှင် အကြွင်းမဲ့ အားသာချက်ရှိသည်။ ထို့အပြင် ၎င်းအားသာချက်မှာ အခြားလုပ်ငန်းစုများကိုင်ဆောင်ထားသည်တို့ထက် ပိုများသဖြင့် Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ နည်းပညာကို ထိန်းချုပ်နိုင်သရွေ့ စခ်တိုင်းပြည်အနေနှင့် လာဘ်ထိုးကာ ရယူနိုင်မည်မဟုတ်ပေ။
ထို့အပြင် ၎င်းတို့သာ စခ်တိုင်းပြည်ကို အကျိုးအမြတ်အနည်းငယ်နှင့် ထိုမျှော်လင့်ချက်မပေးပါက ၎င်းတို့လည်း လမ်ပူရီတိုင်းပြည်နှင့်အတူ ထိုအခမဲ့ကုန်သွယ်ရေးနယ်မြေဖွင့်ရန် အလွယ်လေး သဘောတူလိမ့်မည်မဟုတ်ပေ။
လမ်ပူရီတိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့အနေနှင့်မူ စခ်တိုင်းပြည်၌ မှော်စက်များရောင်းချခြင်းမှ အကျိုးအမြတ်ကြီးတစ်ခုရရှိမည့်အပြင် စာချုပ်အရ စခ်တိုင်းပြည်မှာ ၎င်းတို့၏ သတ္တုတွင်းထွက်အချို့ကို လမ်ပူရီတိုင်းပြည်ထံ တင်ပို့ရမည်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့အတူ လက်မှတ်ရေးထိုးထားသည့် စာချုပ်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ သေမင်းတောင်တန်းများအနီး မိုင်းတွင်းနှစ်တွင်းဖွင့်လှစ်ခွင့်များပင် ရခဲ့သည်။
၎င်းက ရှုယီအတွက် များစွာ အရေးပါ၏။
စခ်တိုင်းပြည်ကို အချိန်တိုအတွင်း ထိန်းချုပ်ဖို့ မဖြစ်နိုင်သဖြင့် ၎င်းမတိုင်ခင် Frestech ကုန်သည်ကြီးများအသင်းလိုအပ်သည့် သတ္တုတွင်းထွက်များကို စခ်တိုင်းပြည်ထံမှ ရယူရန် အခြားနည်းလမ်းများအား အသုံးပြုခြင်းမှာ အင်မတန် လက်တွေ့ကျသော နည်းလမ်းဖြစ်သည်။
သို့သော် ရှုယီအနေနှင့် ၎င်းကို ဟိန့်ဇ်ထံ ထပ်မံရှင်းပြဖို့ မလိုတော့ပေ။
ဤနှစ်မှစတင်၍ ဟိန့်ဇ်မှာ အသက်ကြီးလာပြီး သူ၏ ကိုယ်ပိုင် အကျင့်စရိုက်ကြောင့် သူ့ကိုယ်သူ Frestech ကုန်သည်ကြီးများအသင်း၏ ကိစ္စများထံမှ သီးခြားထားရန် စတင်လာသည်။
သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌဖြစ်နေဆဲဖြစ်သော်လည်း စီမံခန့်ခွဲရေးနှင့် အစီစဉ်ချထားခြင်းတို့တွင် လုံးဝဝင်မပါတော့ပေ။ သူဟာ အခြေခံအားဖြင့် တစ်ဝက်အငြိမ်းယူထားခြင်းပင်။
သူဟာ ရှုယီထံ ဒေါသကိုပြရန် ဤနေရာသို့ ဘန်တာမြို့မှ ရောက်လာကာ Frestech ကုန်သည်ကြီးများအသင်းအတွက် လေးနက်သောခံစားချက်များကို ပြသခြင်းမှာ အခြားအကြောင်းအရင်းဖြစ်သည်။
ရှုယီနှင့်အတူ အခမဲ့ကုန်သွယ်နယ်မြေအကြောင်း ပြောပြီးနောက် ဟိန့်ဇ်မှာ တိတ်ဆိတ်သွားလေ၏။ သူက ရှုယီကိုကြည့်ကာ ပြောဖို့ တုံ့ဆိုင်းနေသည်။
ရှုယီက အသာပြုံးကာ၊ "ဘာများလဲ? ကျုပ်တို့က မိတ်ဆွေဟောင်းတွေလေ ကျုပ်ရှေ့မှာ ဘာများမပြောနိုင်တာရှိလို့လဲ? ဒီလုပ်ငန်းစုကို ကျုပ်တို့နှစ်ယောက် နည်းနည်းစီနဲ့ တည်ထောင်လာတာမို့ လုပ်ငန်းစုနဲ့ဆိုင်ရင် ဒီတိုင်းပြောလိုက်လို့ရတယ်။"
ဟိန့်ဇ်က နေရခက်ဟန်ပေါ်လာသည်။
"မင်းသိတာလား?"
ရှုယီက ပခုံးတွန့်သည်၊ "ကျုပ်တို့ သိလာတာ ဒီလောက်ကြာနေပြီ ခင်ဗျားကို နားမလည်ဘဲ နေပါ့မလား? အဲလက်စ်ကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ် ခင်ဗျား ဒီလိုတုံ့ဆိုင်းပြီး နေရခက်နေမှာလဲ?"
ဟိန့်ဇ်က ခါးသက်သက်ပြုံးကာ ခေါင်းခါသည်၊ "ငါတကယ်ပဲ အရှက်ရမိတယ်။ အဲလက်စ် အဲ့လို ကြောက်စရာကိစ္စကို အရင်က လုပ်ခဲ့ပေမယ့် မင်းက သူ့ကို လုပ်ငန်းစုအတွက် အလုက်ဆက်လုပ်ခွင့်ပေးထားတုန်းပဲဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ငါ့စိတ်ထဲ အရမ်းနေလို့မကောင်းဘူး။ အခု..... အခု...."
"ဟုတ်ပါပြီ မိတ်ဆွေဟောင်းကြီးရာ ပြောဖို့မလိုတော့ဘူး ကျုပ်နားလည်ပါတယ်။" ရှုယီက ဟိန့်ဇ်၏ ပခုံးကို အပြုံးဖြင့် ပုတ်လိုက်သည်။ သူက စားပွဲထက်မှ စာရွက်စာတမ်းတစ်ခုကိုယူကာ ဟိန့်ဇ်ထံပေးလိုက်၏၊ "ဒီမှာ ကျုပ် စီစဉ်ထားပြီးသား။ အဲလက်စ်လည်း ဒါကို စိတ်ကျေနပ်မယ်ထင်တယ်။"
ဟိန့်ဇ်က ထိုစာရွက်စာတမ်းကိုယူလိုက်သော် ၎င်းက အလုပ်စာတမ်းတစ်ခုဖြစ်ကြောင်း တွေ့ရလေသည်။
၎င်းကိုကြည့်ရန် ဖွင့်လိုက်သော် အကြောင်းအရာများမှာ အဲလက်စ်အား Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယပို့ဆောင်ရေးသင်္ဘောစု ကပ္ပတိန်အဖြစ်ကို ခန့်အပ်မည့် အကြောင်းအရာများဖြစ်သည်။ သူ့အနေနှင့် အဓိကအားဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်အကြား ကုန်စည်များပို့ဆောင်ရေးအတွက် တာဝန်ရှိမည်ပင်။
၎င်းက အင်မတန်ကောင်းမွန်သောအလုပ်ဖြစ်ပြီး လစာလည်းကောင်းပါ၏။ ရှုယီမှာ ဤရာထူးကို အဲလက်စ်အတွက် စီစဉ်ပေးခြင်းက မျက်နှာသာပေးသည်ဟု ယူဆနိုင်၏။
ဟိန့်ဇ်က စာတမ်းကို ပိတ်ကာ ရှုယီကို စိတ်လှုပ်တရှားကြည့်လာသည်။ သူ စကားဆိုတော့မည်အပြု ရှုယီက လက်ထောင်ကာ တားလိုက်၏။
"ဟုတ်ပြီ ကျုပ်တို့ကြား ယဉ်ကျေးနေစရာမလိုပါဘူး။ အဲလက်စ်ကို ကောင်းကောင်းလုပ်ဖို့ပြောလိုက်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက် ကောင်းနေသရွေ့ ကျုပ်လည်း သူ့ကို ကာရာကာမြို့ရုံးခွဲမှာ လုပ်ငန်းတစ်ချို့ကိုင်တွယ်ခွင့်ပေးဖို့တောင် စဉ်းစားထားတယ်။ နောက်ပိုင်းကတော့ သူ့ရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်မှာပေါ့။"
ဟိန့်ဇ်က ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်၊ "ဟုတ်ပြီ! ဟုတ်ပြီ! ငါသေချာပေါက် အဲ့ကလေးကို ကောင်းကောင်းသင်ပေးလိုက်ပါမယ်! သူသာ ရှေ့လျှောက် အမှားတစ်ခုလောက် လုပ်ရဲရင် ငါကိုယ်တိုင် သူ့ခြေထောက်တွေကို ချိုးလိုက်မယ်!"
ရှုယီက အသာပြုံးသည်။ တကယ်တမ်း အဲလက်စ် ယခင်က ကျူးလွန်ခဲ့သော အမှားမှာ သူ့အတွက် ဘဝတစ်သက်တာ အကျဉ်းစံဖို့အတွက်ပင် လုံလောက်သည်။
ဟိန့်ဇ်ကြောင့်သာ မဟုတ်လျှင် သူဟာ မည်သို့များ ငြိမ်းချမ်းသည့် ဘဝကို နေနိုင်ကာ တစ်ဖန် ပြန်လာဖို့ အခွင့်အရေးရပါမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၀။ မင်း အထီးကျန်မှာ မဟုတ်ဘူး
ဟိန့်ဇ်ကို ပြန်ပို့ပြီးနောက် ရှုယီမှာ လက်ထဲမှာ စာရွက်စာ တမ်းများစွာကိုကိုင်ရင်း ပြတင်းအပြင်ကိုကြည့်လိုက်သည်။ စဉ်းစားကြည့်ပြီးသော် သူဟာ မှော်ဆလွန်းကို သင်္ဘောကျင်းထံ မောင်းသွားလိုက်သည်။
သူနီးကပ်လာချိန်တွင် ပင်လယ်ပြင်မှာ နားပင်းလောက်ဖွယ် အော်မြည်နေသံထွက်လာသည်။ လှည့်ကြည့်လိုက်သော် သူဟာ ပင်လယ်ပြင်မှလာနေသော ရေများ နင်းကန် ထွက်လာသည်ကို တွေ့၏။
နေလုံးကြီးက အနောက်အရပ်မှ တောက်ပနေပြီး ကောင်းကင်မှ ရေစက်များကျ၍ နေရာအနှံ့သို့ ဖြန့်ကျက်နေရာ ၎င်းက တောက်ပသည့် နေရောင်ခြည်နှင့်တကွ သက်တံလှလှလေးများကို ဖန်တီးလိုက်သဖြင့် အင်မတန် လှပနေတော့သည်။
ရှုယီလည်း မျက်လုံးများကျဉ်းမြောင်း၍ ရေများကျနေသည့်နေရာသို့ ခေါင်းပြန်မလှည့်မီ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ပင်လယ်ပြင် ငါးရာမီတာသို့ ရောက်သွားကာ မှော်စက်လှေကဲ့သို့သော အလတ်စားမှော်သင်္ဘောတစ်စီးနှင့်တူသော်လည်း အဆများစွာပိုကြီးမား၍ သုံးဆယ်မီတာရှည်ကာ ငါးမီတာမှ ခြောက်မီတာအထိ ရှိသည့် သင်္ဘောတစ်စီးထံအရောက်၌ ရပ်တန့်လိုက်ပါ၏
သူကြည့်လိုက်ချိန်တွင် ထိုအလတ်စားမှော်သင်္ဘောထက်၌ အပြာရောင်အလင်းတစ်ပြပေါ်လာသည်။ အနီရောင်အလင်းအချို့နှင့်အတူ အနက်ရောင်အစက်အပြောက်များကို ပစ်လွှတ်လိုက်ရာ လေထဲ၌ ခပ်ရှည်ရှည် မျဉ်းကွေးသဏ္ဍာန်ဖြစ်ပေါ်လာပြီးနောက် ငါးရာမီတာအဝေးက ပင်လယ်သို့ ဆင်းသက်သွားသည်။
"ဝုန်း!"
နောက်ထပ် အသံကျယ်နှင့်အတူ တစ်ဖန်ပြန်ငြိမ်သက်လာကာစ ပင်လယ်မှာ ဆယ်မီတာရှည်သော လှိုင်းများဖြင့် ပြည့်သွားသည်။ ထိုဧရာမလှိုင်းကြီးများက ပေါက်ကွဲမှု အလယ်ဗဟိုမှ ရောက်လာကာ ဆယ်မီတာ ကျော်ကျော်လောက်အထိ သစ်သားပုပ်လှေများကို တွန်းထုတ်လိုက်သည်။
ထိုသစ်သားလှေက အရင်အတိုင်းရှိနေသေးဆဲဖြစ်သည်ကိုမြင်သော် ရှုယီမှာ မနေနိုင်ဘဲ ခေါင်းခါမိသည်။
ပစ်မှတ်က ပြီးပြည်စုံသည့် အနေအထား၌ ရှိနေဆဲဖြစ်ရာ အင်မတန် စိတ်ပျက်ဖွယ်ပင်။
အဝေးရှိ အလတ်စားမှော်သင်္ဘောကိုကြည့်လိုက်ရင်း ရှုယီမှာ သူ၏ မှော်စွမ်းအားကို စုစည်းကာ ပျောက်ကွယ်သွားသည်။ မျက်တောင်တစ်ခတ်စာအတွင်း၌ သူဟာ မီတာတစ်ထောင်ကျော် အဝေးက ထိုအလတ်စားမှော်သင်္ဘော၏ ကုန်းပတ်ထက်ရှိ လေထုတွင် ပေါ်ထွက်လာတော့သည်။
ကုန်းပတ်ထက်ရှိ လုမီက ပထမဆုံးတုံ့ပြန်လာသူဖြစ်သည်။ သူမက လေထဲ၌ ရှုယီပေါ်ထွက်လာသည်ကို လှည့်ကြည့်ကာ ချက်ချင်းပင် ပျော်ရွှင်နေသော ကလေးမလေးတစ်ဦးကဲ့သို့ အပြုံးမျိုးပြုံးလာ၏။
"ဟေး ဥက္ကဌ ဒီနေ့ ဘယ်လို အားလပ်ချိန်ရသွားတာလဲ?"
"လုပ်စရာမရှိလို့ မင်းတို့ရဲ့ တိုးတက်မှုကို ကြည့်ချင်သွားတာ။" ရှုယီလည်း ပြန်ဖြေလိုက်ပြီးနောက် လုမီ၏ နှုတ်ဆက်သံကို ကြားကာ ရောက်လာသည့်လူများကိုလည်း နှုတ်ဆက်လိုက်သည်၊ "ဘယ်လိုလဲ? တိုးတက်မှုတစ်ခုခုများရှိလား? ပစ်မှတ်အဖြစ်သုံးထားတဲ့ သစ်သားလှေ အတော်လေးကောင်းနေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။"
၎င်းကိုကြားသော် လုမီအပါအဝင် လူတိုင်းက တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီးနောက် အရှက်ရဟန်များ ပေါ်လာကြပါ၏။
"ဒါက...." မှော်ဒုံးပျံကို အခြေခံသည့် သင်္ဘောကို တာဝန်ယူထားသူ လူပုလေးအင်ဂျင်နီယာ ဘော်ဒီယူက ခေါင်းကုတ်ကာ နေရခက်စွာဖြင့် ဖြေလာသည်၊ "ဥက္ကဌ ကျုပ်တို့ အဲ့လောက်ကောင်းကောင်း မတိုးတက်သေးပါဘူး။ သုံးရက်ကြာအောင် စမ်းသပ်ခဲ့ပြီး အခုထိ.... ခေါင်းဆောင် ဖူရီယိုကလွဲရင် ဘယ်သူကမှ အဲဒါကို မထိကြသေးဘူး...."
"အိုး?" ရှုယီက ကုန်းပတ်ပေါ်၌ သစ်ပင်တစ်ပင်နှယ်ရပ်နေသော Frestech ကုန်သည်ကြီးများအသင်း နတ်သူငယ် အစောင့်ခေါင်းဆောင် ဖူရီယိုကိုကြည့်လိုက်သည်။
ဖူရီယိုက မည်သည့် အမူအရာမှ မပြဘဲ ဖြေလာပါ၏၊ "ကျုပ်တို့ နတ်သူငယ်တွေက ပုံမှန်အားဖြင့် ပစ်တဲ့နေရာမှာဆို ခင်ဗျားတို့ အားလုံးထက် ပိုပြီး ကျွမ်းကျင်ကြလို့ပါပဲ။"
"ဒီလိုလား?" ရှုယီမှာ ကုန်းပတ်ထက်ရှိ အခြားလူများကိုကြည့်လိုက်သော် ကုန်းပတ်ပေါ်၌ အခြားနတ်သူငယ်များလည်း ရှိနေသည်ကို တွေ့သော် သူ့အား ညွှန်ပြကာ မေးလိုက်သည်၊ "ဒါဆို ဘာလို့ ရယ်ဒန်က မထိခဲ့တာလဲ?"
ဖူရီယိုမှာ ရယ်ဒန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်၊ "ရယ်ဒန်က အခု သုတေသနပညာရှင်ဖြစ်နေပြီး စစ်သည်တော်မဟုတ်တော့ သူ့ရဲ့ ပါရမီက ဖြုန်းတီးခံလိုက်ရပြီပေါ့။"
ရယ်ဒန်က ချောင်းတစ်ချက်ဟန့်ကာ နေရခက်ဟန် ပြလာ၏။
"ဟုတ်ပါပြီ ကျုပ် ဝန်ခံပါတယ် ဖူရီယို ခင်ဗျားက ပစ်တဲ့နေရာမှာ တခြားလူတွေထက်စာရင် ပိုပြီး ပါရမီရှိပေမယ့် ကျုပ်တို့ အခုသိဖို့လိုတာက ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ ဘယ်ပါရမီအပိုင်းကို ပြောနေတယ်ဆိုတာကိုပါ? ဒီအဓိပ္ပာယ်က ခင်ဗျားထိအောင် ဘာကိုသုံးပြီးပစ်ခဲ့တာလဲ? ဘာလို့ တခြားလူတွေက ဘာလို့ မထိနိုင်တာလဲ?" ရှုယီက မေးသည်။
ဖူရီယိုမှာ အသာမျက်မှောင်ကုပ်၍ စဉ်းစားနေပြီးနောက် ဖြေလာသည်၊ "ကျုပ်အထင်.... ကျုပ်တို့ နတ်သူငယ်တွေရဲ့ အမြင်က တခြားမျိုးနွယ်သားတွေထက် ပိုကောင်းတာကြောင့်ပဲ။ ပြီးတော့ ကျုပ်တို့ နတ်သူငယ်စစ်သည်တွေက လေးမြားတွေသုံးလေ့ရှိတာကြောင့် မြှားရဲ့ ပျံသန်းမှုကို ချိန်ညှိနိုင်တယ်။ အင်း... ကျုပ်တကယ်တော့ ပထမဆုံး ပစ်ချက် တချို့ကို မထိခဲ့ပေမယ့် အကြိမ်ရေနည်းနည်းလောက်ပြီးသွားတော့ ဘယ်လိုအလုပ်ဖြစ်လဲ သိလာတာနဲ့ နောက်ပစ်ချက်တွေမှာ ထိလာတာပဲ။"
ရှုယီမှာ ဘော်ဒီယူကို ကြည့်၍ မျက်မှောင်ကုပ်ကာ ပြောလိုက်သည်၊ "ဖူရီယိုက ပုံစံကို ရှာတွေ့ပြီဆိုမှတော့ ဘာလို့ သူနဲ့ ညှိနှိုင်းပြီး စမ်းသပ်မှုကို မပြောင်းလဲရတာလဲ?"
ဘော်ဒီယူလည်း ကူရာမဲ့စွာဖြင့် လက်များဖြန့်လိုက်ကာ၊ "ဥက္ကဌ ဒါက သူတို့ရဲ့ နတ်သူငယ်တွေအနေနဲ့ ပါရမီဆိုတော့ အစားထိုးစရာမရှိဘူးလေ။"
"မဟုတ်ဘူး ကျုပ်တော့ အဲ့လိုမထင်ဘူး။" ရှုယီက ခေါင်းခါသည်၊ "နတ်သူငယ်တွေရဲ့ အမြင်အတိုင်းဆိုရင် အဲဒီ့ပြဿနာကို ဖြေရှင်းဖို့ မှော်အမြောက်အပေါ်မှာ တယ်လီစကုပ်ကို ထည့်လို့ရတယ်။ ဖူရီယို ပြောခဲ့တဲ့ ပုံစံကကျတော့ ကျုပ်အရင်က ပြောတာကို မေ့သွားပြီလား? အဲဒီ့ ပုံစံဆိုတာတွေက အချက်အလက်နဲ့ စမ်းသပ်ရုံပဲဆိုတာလေ။"
ဘော်ဒီယူ၏ အမူအရာက ရုတ်တရတ် ပြောင်းလဲသွားကာ၊ "ဥက္ကဌ ခင်ဗျားပြောချင်တာက .... ဖူရီယိုနဲ့ ကျုပ်တို့ ဆက်တိုက်ပစ်နေပြီးတော့ ပစ်ချက်တွေကို အချက်အလက်နဲ့ မှတ်ထားသင့်တဲ့ အဓိပ္ပာယ်လား?"
"အဓိပ္ပာယ်မရှိတာ!" ရှုယီက မာဆတ်ဆတ်ပြောလိုက်သည်၊ "ဒီလောက်အကြာကြီးလုပ်လာခဲ့တာတောင် ဒါကို မသိဘူးလား?"
ဘော်ဒီယူက ခေါင်းကို ထိကာ ရေရွတ်လာ၏၊ "ဒါက ကျုပ်တို့ရဲ့ ပထမဆုံး မှော်အမြောက်တီထွင်တဲ့ အကြိမ်ဆိုတော့ အရည်အချင်းက အလုံအလောက်မရှိသေးလို့ပါ...."
"ဒါဆိုလည်း တတ်နိုင်သလောက် အရည်အချင်းရှိလာအောင်လုပ်လေ!" ရှုယီက သူ့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ဖူရီယိုနှင့်အတူ မှော်အမြောက်ကို လေ့လာရန် သူနှင့် အခြားသုတေသနပညာရှင်များကို ချန်ခဲ့ပြီး လုမီကို ဘေးသို့ ဆွဲခေါ်သွားသည်။
"ဟေး လုမီ ဒီတလော သင်္ဘောကျင်းမှာ ဘယ်လိုနေလဲ?" ရှုယီက မေး၏။
"အရမ်းကောင်းတယ်" လုမီက အပြုံးတစ်ချက်ဖြင့် ဖြေလေ၏၊ "လူတိုင်းက ကျွန်မအပေါ် အရမ်းကောင်းပေးကြပြီး လူအတော်များများကလည်း မှော်စက်တွေအကြောင်း ဆွေးနွေးနေလို့ အရမ်းကို ဝမ်းသာမိပါတယ်။"
"ဒီလိုလား? ဒါဆိုရင် ကောင်းတာပေါ့။"ရှုယီက ခေါင်းငြိမ့်သည်၊ "ဒါပေမယ့် မင်းက ဒီမှာ တစ်ဦးတည်းသော သွေးနှောဆိုတော့ အထီးမကျန်ဘူးလား?"
လုမီ၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ် ဖြတ်ပြေးသွားရင်း ခေါင်းငုံ့လိုက်သည်။
"ကျွန်မ တကယ်ကို အထီးကျန်တယ်လို ခံစားရတဲ့ အချိန်တွေများပေမယ့် နှစ်တစ်ရာကြာပြီးနောက်တော့ ကျင့်သားရနေပါပြီ။"
ထို့နောက် သူမက စိတ်အားပြန်တက်သွားပြန်သည်။
"ဒါပေမယ့် ဒါက ကိစ္စမရှိပါဘူး! ဒီသင်္ဘောကျင်းမှာ အကြာကြီး ရှိနေပြီးနောက်တော့ ကျွန်မတို့တွေ သေချာပေါက် ပင်လယ်ပျော် မှော်သင်္ဘောလုပ်နိုင်မယ်ဆိုတာ သေချာတယ်! အချိန်ရောက်လာရင် ကျွန်မ မှော်သင်္ဘောကို တခြားနယ်မြေကြီးဆီ ရွက်လွှင့်ပြီး ကျွန်မ မျိုးနွယ်ဝင်တွေကို မြင်နိုင်တော့မှာ!"
"ဟဲ ဟဲ ဒါက အနည်းဆုံး နှစ်ပေါင်းများစွာကြာဦးမှာ။ ဒီမတိုင်ခင် မင်းတို့ မျိုးနွယ်ဝင်တွေကို ကြိုပြီး တွေ့မယ့် ဖြစ်နိုင်ချေ စဉ်းစားထားတာမျိုးရှိလား?" ရှုယီက အပြုံးဖြင့် မေးသည်။
"အမ်? ဘာကိုပြောချင်တာများလဲ?"
"လုမီ အရင်တစ်ခေါက်က မင်းတို့ မျိုးနွယ်စုတွေရဲ့နောက်ဆုံးသတင်းဆိုတာက စိုင်စ်နယ်မြေကြီးက ထွက်ခွာသွားတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ကိစ္စလို့ ပြောခဲ့တယ်မို့လား?"
"ဟုတ်တယ်လေ ဘာလို့လဲ"
"ဒါပေမယ့် ဒီတလော ကျုပ် စာအုပ်တွေအများကြီးဖတ်ထားတော့ သွေးနှောမျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်အကြာတုန်းက ပြောင်းရွှေ့သွားပြီးတဲ့နောက်မှာ သွေးနှောတွေကို တွေ့တဲ့အကြောင်း ကောလဟာလတွေ ပြန့်နေခဲ့ကြတယ်။ ဒါတွေက ကောလဟာလတွေဖြစ်ပြီး သက်သေပြစရာမရှိပေမယ့် မင်းကို တွေ့ပြီး တခြားဖြစ်နိုင်ချေကို တွေးမိသွားခဲ့တယ်။"
"ဘာဖြစ်နိုင်ချေလဲ?" ရှုယီ၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်နိုင်သည့်နှယ် လုမီ၏ မျက်လုံးများက တောက်ပလာတော့သည်။
"ကြည့်လေ မင်းနဲ့ မင်းတို့မိသားစုက စိုင်စ်နယ်မြေကြီးကနေ ထွက်ခွာဖို့ မရွေးချယ်ခဲ့ဘူးဆိုတော့ တခြား နေဖို့ ရွေးချယ်ခဲ့ကြတဲ့ သွေးနှောမိသားစုတွေလည်း ရှိလောက်မယ့် အဓိပ္ပာယ်ပဲ။ ဒီတော့ ကျုပ်အထင် အခု စိုင်စ်နယ်မြေကြီးပေါ်မှာ သွေးနှောတစ်ယောက်မှ မရှိတာမျိုးမဟုတ်ဘဲ တခြားလူတွေရှိလောက်တယ်။"
လုမီမှာ မျက်လုံးများ ပြူးကျယ်သွားတော့သည်၊ "တကယ်လား? ဒါဆို ဥက္ကဌ ရှင် သူတို့ကို ရှာမှာလား?"
"ကျုပ်လည်း ဒါက အမှန်လို့ အာမ,မခံနိုင်သလို ရှာတွေ့မယ်လို့လည်း အာမ,မခံနိုင်ပေမယ့် ရှာကြည့်ဖို့တော့ အကောင်းဆုံးလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီမတိုင်ခင် ကျုပ် မင်းရဲ့ သဘောတူညီမှုနဲ့ အထောက်အပံ့ကို လိုအပ်တယ်။"
"ရှင်သာ ကျွန်မတို့ မျိုးနွယ်ဝင်တွေကို ရှာနိုင်မယ်ဆိုရင် ရှင်လိုတာမှန်သမျှ လုပ်ပေးနိုင်ပါတယ်!" လုမီက ချက်ချင်း ကျယ်လောင်စွာ ဆိုလေသည်။
"သိပ်ကောင်းတယ်" ရှုယီက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်၊ "လုမီ ကျုပ်အနေနဲ့ မင်းရဲ့တည်ရှိမှုကို စိုင်စ်နယ်မြေကြီးမှာ ကြေငြာမယ့် ခပ်တုံးတုံးနည်းလမ်းတစ်ခု သုံးချင်တယ်။ မင်းရဲ့ တည်ရှိမှုသတင်းက ကျန်တဲ့ သွေးနှောမျိုးနွယ်တွေရဲ့ နားထဲရောက်သွားရင် အကောင်းဆုံးပေါ့၊ ဒါဆို သူတို့လည်း မင်းက နယ်မြေကြီးအပေါ်မှာ ရှိနေတုန်းဆိုတာ သိကြလိမ့်မယ်။ သူတို့လည်း မျိုးနွယ်ဝင်တွေကို ရှာတေတာဆိုရင် သေချာပေါက် မင်းကို လာရှာကြလိမ့်မယ်ထင်တယ်။"
"ရှင် တကယ်ကြီး ဒီသတင်းကို နယ်မြေကြီး တစ်ခုလုံးမှာ ဖြန့်လိုက်ချင်တာလား?"
"တခြားနေရာတွေတော့ မပြောနိုင်ပေမယ့် အနည်းဆုံး အနီးအနားတိုင်းပြည်တွေမှာတော့ ပြဿနာမရှိဘူး။ Frestech ကုန်သည်ကြီးများအသင်းသာ တခြားတိုင်းပြည်တွေမှာ ဖွံ့ဖြိုးလာရင် ဒီသတင်းကို အဲဒီ့တခြားတိုင်းပြည်တွေမှာပါ ဖြန့်လို့ရတယ်။" ရှုယီက သေချာသည့်အသံဖြင့် ဆိုလာကာ၊ "ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။"
"ဘာပြဿနာများလဲ?"
"မင်းက နာမည်ကျော်ဖြစ်လာလိမ့်မယ်။ လုမီ မင်းအနေနဲ့ သွေးနှောတွေက စိုင်စ်နယ်မြေကြီးမှာ အခု ဘယ်လောက်ရှားတယ်ဆိုတာ သေချာသိလောက်မှာပါ။ လူတွေသာ မင်းရဲ့ တည်ရှိမှုကိုသိသွားကြရင် သေချာပေါက် အံ့ဩမှု အကြီးစားတစ်ခုကို ဖန်တီးမိမှာပဲ။ ဒီသတင်းကို ဖြန့်ပြီး တခြားသွေးနှောတွေသိအောင်လုပ်ဖို့ဆို မင်းအနေနဲ့ လူထုအရှေ့ကိုထွက်ပြီး မင်းရဲ့ အထောက်အထားကို ပြရမယ်။ ဒါက မင်းရဲ့ ဘဝပုံစံကို အများကြီးထိခိုင်နိုင်မှာဆိုတော့ ဒါနဲ့ ပတ်သက်ပြီး မင်းမှာ ပြဿနာတစ်ခုခုများရှိလား?"
လုမီမှာ သူမ၏ မျက်ခုံးသွယ်သွယ်များကို တွန့်ချိုးလိုက်သည်။
သူမအနေနှင့် ရှုယီ ပြောလာသည့် နာမည်ကျော်တစ်ဦး၏ ပူပန်မှုများကို နားမလည်သော်လည်း သူမဟာ လူသားများစွာအတွက် ရှားပါးဝတ္တုတစ်ခုအဖြစ် မည်သို့ ဆက်ဆံခံရမည်ကို စဉ်းစားကြည့်သော် ၎င်းကို ခက်ခဲသလို ခံစားလိုက်ရသည်။
သို့သော် ရှုယီပြောသည့် ဖြစ်နိုင်ချေကို စဉ်းစားမိသော် ၎င်းအကြံက အင်မတန် ဆွဲဆောင်မှုရှိသည်ဟု ခံစားမိသွား၏။
ရှုယီမှာ လုမီကို အတင်းတိုက်တွန်းခြင်းမပြုဘဲ တည်ငြိမ်စွာ ကြည့်နေသည်။
တကယ်တမ်းတွင် သူဟာ ဤဆုံးဖြတ်ချက်ကိုချရန် အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။
ထိုသို့ ပြုလုပ်ရခြင်းအကြောင်းအရင်းမှာ တကယ်တမ်းတွင် သီးခြားဖြစ်နေသော အယူအဆကို ဖယ်ရှားရန်ဖြစ်၏။
လုမီအနေနှင့် တစ်ဘက်ရှိ သူမ၏ မျိုးနွယ်ဝင်များကိုရှာရန် အဆုံးမဲ့ပင်လယ်ပြင်သို့ ရွက်လွှင့်လိုသည်။
သို့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်အကြာက သွေးနှောတို့၏ သုတေသနမှာ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်ကိုပင် မယှဉ်နိုင်ချေ။
ထိုစဉ်က သင်္ဘောများ၏ အဆင့်နှင့်ဆိုလျှင် ပင်လယ်ပြင်သို့ ရွက်လွှင့်ခြင်းအတွက် သေဆုံးနိုင်ချေ ၉၀%ရှိ၏။
ပို၍ အဆိုးမြင်ရသော် သွေးနှောမျိုးနွယ်စုမှာ ပင်လယ်ပြင်၌ သေပြီးသားပင်ဖြစ်လောက်သည်။
အကောင်းမြင်ကြည့်ပြီး သွေးနှောများအနေနှင့် အခြားနယ်မြေကြီးကို တွေ့ကြပါလျှင်တောင် ထိုနယ်မြေအသစ်၌ ငြိမ်းချမ်းစွာ အခြေချနိုင်ခဲ့ခြင်းရှိ မရှိကိုလည်း မသိရပေ။
နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များစွာရှိသည်။
စိုင်စ်နယ်မြေမှ ထွက်ခွာသွားသော သွေးနှောများမှာ ပျောက်ကွယ်သွားပြီး စိုင်စ်နယ်မြေ၌သာ သွေးနှောများ ကျန်ရှိတော့သည်လည်း ဖြစ်နိုင်၏။
ထိုသို့ဆိုလျှင် လုမီ အိပ်မက်မက်ခဲ့ရသော ပင်လယ်ခရီးက မည်သည့်အဓိပ္ပာယ်မှမရှိဘဲ အဆုံးသတ်ကာ တကယ်ကို ဝမ်းနည်းဖွယ်ကောင်းလှပေမည်။
ထို့ကြောင့် ၎င်းမတိုင်ခင် ရှုယီမှာ စိုင်စ်နယ်မြေကြီး၌ သွေးနှောများကို ရှာဖွေရန် အကောင်းဆုံးကြိုးစားဖို့ ဆုံးဖြတ်လိုက်တော့သည်။
ထိုနည်းနှင့်ဆိုလျှင် သူမအနေနှင့် စိုင်စ်နယ်မြေကြီးမှ ထွက်ခွာသွားသော သွေးနှောများကို မရှာနိုင်လျှင်တောင် လုမီမှာ တစ်ဦးတည်းဖြစ်တော့မည်မဟုတ်သလို မျိုးနွယ်စု အမြစ်ပြတ်သွားခြင်းအတွက် ဝမ်းနည်းမှုကိုလည်း ရင်ဆိုင်ရမည်မဟုတ်တော့ချေ။
လုမီ၏ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်လာပြီးနောက် လုပ်ဆောင်မှုမှတဆင့် ရှုယီမှာ သွေးနှောများက မှော်စက်အပိုင်းတွင် ပါရမီပါကြောင်းသိလိုက်ရသည်။
လုမီ Frestech ကုန်သည်ကြီးများအသင်းသို့ဝင်ရောက်လာပြီးနောက် မှော်စက်များ၏ တိုးတက်မှုအမြန်နှုန်း တိုးလာခြင်းနှင့်အတူ မှော်စက်အသစ်များအတွက် အထောက်အကူပေးနိုင်သော အကြံများလည်းရကာ ၎င်းတို့ထံ၌ ရှိပြီးသား မှော်စက်အမျိုးအစားအစုံကိုလည်း အဆင့်မြှင့်လာနိုင်သည်။
၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်း၌ သွေးနှောအချို့ ထပ်ရနိုင်လျှင် သံသယပင်ဝင်စရာမလိုအောင် ၎င်းတို့၏ မှော်စက်ထုတ်လုပ်နိုင်စွမ်းက ပို၍ပင် သန်မာလာမည်ဖြစ်၏။
မှန်ပါ၏ ရှုယီမှာ လုမီ တစ်ဦးတည်း ဖြစ်နေခြင်းကို သနားစဖွယ်ကောင်းသည်ဟု ခံစားမိသည်။
လုမီမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရှုယီကို မော့ကြည့်ကာ ခေါင်းငြိမ့်သည်။
"ကောင်းပြီ ဥက္ကဌ ကျွန်မတို့ အဲ့လိုလုပ်ကြမယ်။ ကျွန်မရဲ့ မျိုးနွယ်ဝင်တွေကို ရှာနိုင်ရင် ရှင့်ကို အရမ်းကျေးဇူးတင်မိမှာပဲ။"
ရှုယီလည်း အသာပြုံးကာ လုမီ၏ ပခုံးကိုပုတ်လိုက်သည်၊ "အေးဆေးပေါ့ မင်း သေချာပေါက် တစ်ယောက်တည်းဖြစ်မှာမဟုတ်ဘူးလို့ ကျုပ်ယုံတယ်။"
လုမီလည်း တက်ကြွစွာဖြင့် 'အင်း'ဟု အသံပြုကာ မျက်နှာထက်၌ တောက်တောက်ပပအပြုံးတစ်ခုကို ပြသလာသည်။
ရှုယီလည်း ရုတ်တရတ် ရယ်မိသွား၏၊ "လုမီ မင်းသဘောတူလိုက်မှတော့ မနက်ဖြန်ကစပြီး စတေးလ်ဆီ နေ့တိုင်း အစီရင်ခံသင့်တယ် နားလည်လား?"
"အာ?" လုမီက အံ့ဩသွားကာ၊ "ဘာလို့ ကျွန်မက စတေးလ်ကို အစီရင်ခံဖို့လိုတာလဲ?"
"ဘာလို့လဲဆိုတော့.... မင်းက ရှေ့လျှောက် ကြယ်ပွင့်ဖြစ်လာတော့မယ်လေ။"
***