အခန်း (၄၁-၅၀)
Vol. 5 Ch. 41-50
Vol 5, အခန်း ၄၁။ ရှေးရိုးဆန်သော ဝင်မ်ဘယ်လ်ဒန်မြို့တော်
ရီလိုင်းမှာ စားသောက်ဆိုင်တစ်ဆိုင်၏ ဒုတိယထပ်ရှိ စားပွဲတစ်ခု၌ ထိုင်ကာ ပြတင်းမှတဆင့် လမ်းထက် ဖြတ်သန်းသွားလာနေလျက်ရှိသည့် စည်ကားသော လူအုပ်ကိုကြည့်ရင်း သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။
သူဟာ ယခုဆိုလျှင် ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ ရှိနေသည်မှာ တစ်လခွဲကျော်ပြီဖြစ်၏။
အစီစဉ်အရ သူ၏ ဤတစ်ခေါက် ကန်ဒရာ အင်ပါယာသို့ ခရီးတွင် အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာတို့အကြားရှိ လမ်းများခင်းခြင်း အရေးကို ဆွေးနွေးရမည်ဖြစ်သည်။
သူနှင့် ဥက္ကဌခရုစ်တို့မှည ဤတစ်ကြိမ်၌ သံတမန်ဟာကာနင်နှင့်အတူ လာခဲ့သဖြင့် လွယ်ကူလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သံတမန်ဟာကာနင်၏ အဆင့်အတန်းနှင့်ဆိုလျှင် ၎င်းတို့မှာ ဝင်မ်ဘယ်လ်ဒန်မြို့တော်ရှိ အခြေအနေကို အလွယ်လေးဖွင့်လှစ်ကာ ကန်ဒရာအင်ပါယာနှင့် သဘောတူညီချက် အမြန်ရနိုင်သင့်သည်။
သို့သော် အမှန်တရားက သူစိတ်ကူးထားသည်နှင့် လုံးဝခြားနားနေ၏။
သံတမန်ဟာကာနင်မှာ ဧကရာဇ်၏ ယောက်ဖတော်စပ်သူဖြစ်သော်လည်း ကန်ဒရာအင်ပါယာ၌ မည်သည့် အာဏာအစစ်မှမရှိသလို ရာထူးကလည်း ရီလိုင်းထင်ထားသလောက် မမြင့်ပေ။
ဤရက်များအတွင်း သံတမန်ဟာကာနင်မှ တဆင့် တွေ့ဆုံနိုင်ခဲ့သော ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ မျိုးရိုးမြင့်များမှ တဆင့် ရီလိုင်းမှာ ထိုမျိုးရိုးမြင့်များက သံတမန်ဟာကာနင်ကို မျက်နှာသာအနည်းငယ်ပေး၍သာ ရီလိုင်းနှင့် တွေ့ခဲ့ကြသည်ကို မြင်နိုင်သော်လည်း ကိစ္စများဆွေးနွေးမည့်အချိန်ရောက်လာလျှင် ပါးနပ်သော်လည်း ခိုင်မာသည့်လေသံများဖြင့် သူ့ကို ငြင်းဆန်ခဲ့ကြသည်။
အာဏာအစစ်နှင့် ထိုမျိုးရိုးမြင့်များမှာ သံတမန်ဟာကာနင်ကို လုံးဝအာရုံမစိုက်ကြသဖြင့် လမ်းမများက အရေးကြီးသည့်အရာကို ယူဆောင်လာကြမည့်နှယ် မသတ်မှတ်ကြသည်မှာ သိသာသည်။
ရီလိုင်းကို လူလိမ်ဟု သတ်မှတ်ကာ သံသယဖြင့် ကြည့်လာသည့် မျိုးရိုးမြင့်များစွာပင် ရှိသည်။
ပထမတွင် သံတမန်ဟာကာနင်မှာ မျိုးရိုးမြင့်များနှင့် တွေ့ဆုံဖို့ ရီလိုင်းကို နွေးထွေးစွာ ကမ်းလင့်ခဲ့သည်။ သူဟာ မျိုးရိုးမြင့်များတွေ့ဆုံပွဲထံသို့ပင် ဦးဆောင်ခေါ်သွားကာ မျိုးရိုးမြင့်အတော်များများနှင့် သိကျွမ်းလာစေခွင့်ပြုခဲ့သေးသည်။
သို့သော် မျိုးရိုးမြင့်တစ်ဦးချင်းစီ၏ သဘောထားများကြောင့် သံတမန်ဟာကာနင်မှာ စိတ်ဝင်စားဖွယ်မကောင်းတော့ဟု ခံစားမိ၍လည်း ဖြစ်နိုင်သည်၊ တဖြည်းဖြည်းနှင့် ထိုကိစ္စကို ဂရုစိုက်ရန် ဆန္ဒမရှိတော့သဖြင့် သူ၏ တက်ကြွမှုကပါ ပျောက်ကွယ်သွားတော့သည်။
လွန်ခဲ့သည့် လဝက်အတွင်း သံတမန်ဟာကာနင်မှာ ရီလိုင်းနှင့် ဆုံသည်က ရှားလာသည်။ ရီလိုင်းက လမ်းအကြောင်း ပြောလာချိန်တိုင်း သံတမန်ဟာကာနင်ထံမှ ဝတ်ကျေတန်းကျေ အဖြေတစ်ခုသာရခဲ့သည်။
ထိုသို့ဖြင့် ရီလိုင်းမှာ ဥက္ကဌခရုစ်က မှားသွားပြီဖြစ်ကြောင်း သိလိုက်တော့သည်။
ဤသံတမန်ဟာကာနင်က လုံးဝအားကိုး၍ မရနိုင်ပေ။
ရီလိုင်းအနေနှင့် အနည်းငယ်နောင်တရနေခဲ့သည့် အကြိမ်များစွာပင် ရှိနေသေးသည်။ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာသို့ တရားဝင်လမ်းကြောင်းမှ တင်ရောက်ပြီး ကန်ဒရာအင်ပါယာနှင့်အတူ ပူးပေါင်းရေးကို ဆွေးနွေးပါလျှင် သက်ရောက်မှုက အများကြီး ပိုကောင်းလောက်ပါ၏။
ပြောရလျှင် လမ်းများ၏ အသုံးဝင်ပုံက အင်မတန်သိသာလေသည်။ ကန်ဒရာအင်ပါယာမှာ ၎င်းကို အရေးထားလိုက်သရွေ့ ရီလိုင်းမှာ ထိုအသစ်အဆန်းကို ကန်ဒရာအင်ပါယာ လက်ခံလာအောင် လုပ်နိုင်သည်အထိ ယုံကြည်မှုရှိပါ၏။
သို့သော် ရီလိုင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့မှာ ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ မျိုးရိုးမြင့်များစွာ အပေါ် အမြင်ဆိုးကို ချန်ထားခဲ့မိပြီဖြစ်သည်။ ၎င်းတို့အနေနှင့် ပူးပေါင်းရေးလက်မှတ်ထိုးချင်လျှင် အင်မတန် ခက်ခဲတော့မည်ဖြစ်သည်။
"ငါတို့များ အရမ်းစိုးရိမ်လွန်းနေတာလား?" ရီလိုင်းက မျက်မှောင်ကုပ်ကာ မေးလိုက်၏။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်၌ ပထမတန်းစားလုပ်ငန်းစုဖြစ်ကာ အားဖြည့်ကွန်ကရစ်နှင့် အဆောက်အဦမြင့်များ လမ်းများ တည်ဆောက်ခြင်းနည်းပညာရှိခြင်းကြောင့် အနီးဝန်းကျင်တိုင်းပြည်များတွင် ကျော်ကြားမှုတစ်ချို့ရှိသည်။ သို့သော် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များက ကန်ဒရာအင်ပါယာကဲ့သို့ ကြီးကျယ်သည့်အရာ၏ မျက်လုံးထဲ မဝင်သောကြောင့် ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ အနှီမျိုးရိုးမြင့်များက ၎င်းတို့ကို လုံးဝမကြားခဲ့ဖူးချေ။ သဘာဝကျစွာဖြင့် ရီလိုင်း ဖြစ်စေ အမ်ရစ်ကုန်သည်ကြီးများအသင်းဖြစ်စေ ၎င်းတို့မှာ ဂရုစိုက်မည်မဟုတ်ပေ။
ထို့ကြောင့် ရီလိုင်းမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းက စိုင်စ်နယ်မြေထက်ရှိ အင်ပါယာကြီးနှစ်ခုအနက် တစ်ခုဖြစ်သည့် ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် ကြိုးစားနေသည်မှာ အလောကြီးလွန်းသည်ဟု မစဉ်းစားမိဘဲ မနေနိုင်တော့ပေ။
တကယ်တမ်းတွင် လက်ရှိ အမ်ရစ်ကုန်သည်ကြီးများအသင်း၏တိုးတက်မှုနှင့် တိုင်းပြည်ငယ်များတွင် ဈေးကွက်များဆက်တိုက် ဖွင့်လှစ်ကာ အုတ်မြစ်တည်ဆောက်လျှင် အကောင်းဆုံးဖြစ်သည်။ အချိန်ကျလာလျှင် ကန်ဒရာအင်ပါယာဖြစ်စေ မားလိုအင်ပါယာကိုဖြစ်စေ ဝင်ရောက်မည့်အကြောင်း တွေးနိုင်မည်ပင်။
ဥက္ကဌခရုစ်မှာ မူလကထိုသို့ စီစဉ်ထားပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းက ရုတ်တရတ် ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် အကြံရခာခြင်းကြောင့် ဥက္ကဌခရုစ်ကလည်း ရှုယီ၏ သစ္စာရှိ မဟာမိတ်အနေနှင့် အတွေးတူနေတော့သည်။
သို့သော် လက်တွေ့က အင်မတန်ရက်စက်ပြီး ကန်ဒရာအင်ပါယာက အမ်ရစ်ကုန်သည်ကြီးများအသင်းကို အကြည့်တစ်ချက်ပင် မစွန့်ကြဲလာပေ။
၎င်းကိုကြားချိန်တိုင်း ရီလိုင်းမှာ စိတ်ထဲတွင် ရှုယီကို အပြစ်မတင်မိဘဲ မနေနိုင်ချေ။
ရှုယီက ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် အလျင်လိုနေခြင်းကြောင့်မဟုတ်လျှင် ဥက္ကဌရှုလည်း ထိုသို့ စိတ်လိုက်မာန်ပါလုပ်လိမ့်မည်မဟုတ်ချေ။
သို့သော် ၎င်းက အင်မတန်ထူးဆန်းသည်ကိုလည်း ရီလိုင်း တွေ့ရှိခဲ့ပါ၏။
သူဟာ ရှုယီကို ငါးနှစ်ကျော်ကြာသိလာခဲ့ပြီး ရှုယီက စိတ်လိုက်မာန်ပါလုပ်တတ်သူမဟုတ်ဘဲ လုပ်ဆောင်ခဲ့သမျှ အရာတိုင်းအတွက် အသေးစိတ်အစီအစဉ်ရှိကာ အားကောင်းသည့် အမျှော်အမြင်ရှိကြောင်း သိလေသည်။ သူဟာ မည်သည်ကို လုပ်ဆောင်သည်ဖြစ်စေ မူလ၌ သာမန်ဆန်ပုံပေါ်သော်လည်း နောက်တွင် လူတိုင်းကို ထိတ်လန့်စေမည့် အားကောင်းသော သက်ရောက်မှုတစ်ခု ရှိလာပေလိမ့်မည်။
ဤတစ်ခေါက်တွင် သူဟာ Frestech ကုန်သည်ကြီးများအသင်းကို ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်မှာ သေချာပေါက် စိတ်လိုက်မာန်ပါ လုပ်ခြင်းမဟုတ်ပေ။
သို့သော် စဉ်းစားကြည့်ရင်း ရီလိုင်း၏ အတွေးက ပြောင်းလဲကာ သူ့အား ရယ်သင့်လား ငိုသင့်လားပင် မသေချာစေတော့သည့် အချက်တစ်ချက်ကို ရှာတွေ့သွား၏။
သူဟာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုပြီး ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ နံရံကို ဝင်တိုက်မိခြင်းက Frestech ကုန်သည်ကြီးများအသင်းနှင့် လုံးဝမသက်ဆိုင်ပေ။
သံတမန်ဟာကာနင် ပြန်မလာခင်က သူဟာ အကြီးစားပို့ဆောင်ရေးမှော်ကား အစင်းနှစ်ဆယ်စာအပြည့် အိမ်သုံးမှော်စက်များစွာအတွက် Frestech ကုန်သည်ကြီးများအသင်းထံ သီးသန့်ခရီးထွက်ခဲ့ရသေးသည်။
သံမန်ဟာကာနင်နှင့် ရီလိုင်းတို့ ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို ဆိုက်ရောက်ပြီး ဆယ်ရက်လောက်အကြာတွင် ၎င်းတို့အားလုံး ကုန်သွားသည်။
သံတမန်ဟာကာနင်မှ ရီလိုင်းကို တိတ်တဆိတ်ပြောပြခဲ့သည့် အရေအတွက်အရ အနှီအိမ်သုံးမှော်စက်များထံမှ သူဟာ ရွှေဒင်္ဂါးနှစ်သိန်းကျော်အမြတ်ငွေရခဲ့သည်ပင်။
သံတမန်ဟာကာနင်မှာ ရူဒ်ဆန်တိုင်းပြည်၌ တစ်နှစ်ပတ်လုံး နေထိုင်ခဲ့လျှင်ပင် ရွှေဒင်္ဂါးသုံးသောင်းထက် ပိုမရဟုလည်း သိရသည်။ ဤတစ်ကြိမ်တွင် သူဟာ Frestech ကုန်သည်ကြီးများအသင်းထံမှ အိမ်သုံးမှော်စက်များကို ပြန်ရောင်းရုံနှင့် ထိုသို့သော ကြောက်မက်ဖွယ် အမြတ်ငွေရခဲ့၏။
သံတမန်ဟာကာနင်အနေနှင့် ရှုယီ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းအကြောင်း ပြောချိန်တိုင်း မျက်နှာထက် အပြုံးပန်းပွင့်လန်းလာသည်မှာ မဆန်းတော့ပေ။
သို့သော် ဝင်မ်ဘယ်လ်ဒန်မြို့တော်အား စိုင်စ်နယ်မြေကြီးရှိ နံပါတ်တစ်မြို့တော်ဟုလည်း သိကြသည်။ မြို့ရှိ တည်မြဲသော လူဦးရေမှာ တစ်သန်းခွဲရှိကာ ယာယီလူဦးရေက အနည်းဆုံး နှစ်သန်းကျော်သည်ဟု ဆိုကြ၏။
သံတမန်ဟာကာနင်မှာ အကြီးစားပို့ဆောင်ရေးမှော်ကား အစီးနှစ်ဆယ်အပြည့် အိမ်သုံးမှော်စက်များကို ယူဆောင်လာခဲ့သော်လည်း ရောင်းချပြီးနောက်တွင် ၎င်းမှာ ရေအိုင်ထဲ ကျောက်စရစ်ခဲပစ်ထည့်သကဲ့သို့ပင်။ ၎င်းက ဈေးကွက်ထဲ၌ မည်သည့်အပြောင်းအလဲကိုမှ လုံးဝမဖန်တီးပေးခဲ့ချေ။
ရီလိုင်းလည်း ပြတင်းအပြင်ကိုကြည့်လိုက်သော် ဝင်မ်ဘယ်လ်ဒန်မြို့တော်က ကြီးမား၍ သူ ယခင်က ရောက်ဖူးသည့် အခြားမည်သည့်မြို့တော်ထက်မဆို ပို၍ စည်ကားနေသော်လည်း သေချာကြည့်လိုက်လျှင် စိုင်စ်နယ်မြေကြီး၏ အခြားမြို့တော်များနှင့် များများစားစား ခြားနားခြင်းမရှိသည်ကို တွေ့ရလေသည်။
ကျောက်စရစ်ဖြင့် ပြုလုပ်ထားသော အဆောက်အဦအနိမ့်များက အတူတကွနီးကပ်နေပြီး ၎င်းတို့အကြား၌ လမ်းကျဉ်းသာရှိသည်။ လမ်းဘေးရှိ လူများက ၎င်းတို့လက်ထဲရှိ သစ်ရွက် ယပ်တောင်များကို ခတ်ကာ နွေနှောင်း၏ နောက်ဆုံးအပူလှိုင်းကို တိုက်ထုတ်ဖို့ ကြိုးစားနေကြသည်။
ရီလိုင်း၏ မျက်လုံးထဲရှိ အရာရာတိုင်းက ၎င်းကို ရှေးရိုးဆန်သည်ဟု တွေးထင်လာစေသည်။
အစပိုင်းတွင် သူဟာ ဤစည်ကားသော မြင်ကွင်းကို ကြည့်ရင်း အဘယ့်ကြောင့် ထိုသို့ ထူးထူးဆန်းဆန်း ခံစားနေရသည်မှန်း နားမလည်ပေ။
သို့သော် ခဏမျှ ကြာသည့်နောက် ရုတ်တရတ် နားလည်သွားပါ၏။
သူ့အနေနှင့် ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို ရှေးရိုးဆန်သည်ဟု ခံစားနေရခြင်းမှာ သူဟာ သူနှင့် အရင်းနှီးဆုံး ဘန်တာမြို့နှင့် ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို ဆက်တိုက် နှိုင်းယှဉ်နေခဲ့မိသောကြောင့်ပင်။
အတိုင်းအတာအရ ဘန်တာမြို့မှာ အဆပေါင်းများစွာ ပိုသေးငယ်ပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုကြီးများ ထွက်ခွာသွားခြင်းကြောင့် များစွာ သက်ဝင်စည်ကားမှု လျော့ကျခဲ့သည်။ ၎င်းက ယခင်ကကဲ့သို့ မခမ်းနားတော့သော်လည်း ဘန်တာမြို့၌ မည်သည့်အချိန်တွင်မဆို စည်ကားသိုက်မြိုက်မှုနှင့် သစ်လွင်မှုတို့ ပြည့်နေလိမ့်မည်သာ။
ထိုခံစားချက်ကို အထူးတလည်ဖော်ပြရမည်ဆိုလျှင် မြို့တော်အားလုံးကို ချိတ်ဆက်ထားသည့် ဘန်တာမြို့၏ အပိုင်းသစ်ရှိ ချောမွေ့သော လမ်းများ၊ ထိုလမ်းများ၏ တစ်ဖက်တစ်ချက်ရှိ လမ်းမီးတိုင်များနှင့် ထိုလမ်းများကို ဖြတ်သန်းသွားလာနေကြသော လူထုပို့ဆောင်ရေးမှော်ကားများတို့ပင်ဖြစ်သည်။
မြို့သစ်တွင် ပုံစံသစ်စက်ရုံများလည်းရှိသလို လေထဲသို့ ဆယ်မီတာကျော် တိုးထွက်နေသော အိမ်သုံးမှော်စက်များဖြည့်ထားသည့် အိမ်များလည်း ရှိသည်။
အားလပ်ချိန်တွင် လမ်းမများကို ဖြတ်မောင်းနေကြသည့် စက်ဘီးများနှင့် လမ်းလျှောက်နေတတ်ကြသော လူများကိုပါ ထည့်ပေါင်းလိုက်သော် အရာအားလုံးမှာ စိုင်စ်နယ်မြေကြီး၏ ရှေးရိုးဆန်သော မြို့တော်များနှင့် ကွဲပြားနေလေသည်။
မှန်ပါ၏၊ Freestyle course နှင့် မြို့စားများစွာတို့၏ အားထုတ်မှုကြောင့် ဘန်တာမြို့မှာ မြို့သစ်တစ်မြို့အဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းမှာ နယ်မြေကြီးရှိ အခြားမြို့တော်များနှင့် လုံးဝပင်ခြားနားနေလေသည်။
ထို့အပြင် ထိုကွဲပြားမှုတစ်ခုချင်းစီတိုင်းက အရာတစ်ခုကို ကိုယ်စားပြုနေပြီး ၎င်းမှာ တိုးမြှင့်ရေးဖြစ်သည်။
ရှုယီ၏ ယခင်က အပြောအရ ဘန်တာမြို့မှာ ယခုတွင် ခေတ်ပေါ်မြို့တော်ဖြစ်လာပြီး ၎င်းက စိုင်စ်နယ်မြေကြီး၏ ရှေးရိုးဆန်သော မြို့တော်များနှင့် မတူညီသည့် အဆင့်၌ ရှိသည်။
ဝင်မ်ဘယ်လ်ဒန်မြို့တော်မှာ စိုင်စ်နယ်မြေကြီး၌ အကြီးမားဆုံးမြို့တော်ဖြစ်ပါလျှင်တောင် ရီလိုင်းမှာ စိတ်ထဲ သာလွန်မှုကို ခံစားနေရဆဲပင်။
ကြီးတော့ရော ဘာဖြစ်လဲ? ဘန်တာမြို့ထက် ပိုပြီး တိုးတက်နေလို့လား?
နယ်မြေကြီးတွင် ဘန်တာမြို့နှင့်ယှဉ်နိုင်သည့် နေရာများမှာ ဆန်နက်မြေရိုင်းရှိ ဆန်နက်မြို့တော်နှင့် စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနဖြစ်သည်။
၎င်းကိုစဉ်းစားရင်း ရီလိုင်း၏ ခံစားချက်က များစွာပိုမို အေးဆေးလာသည်။
ကန်ဒရာအင်ပါယာသားများမှာ ကိစ္စများကို မည်သို့ အကဲဖြတ်ရမည်မှန်းမသိသဖြင့် ခေတ်နောက်ပြန်ဆွဲသော အတွေးများနှင့်သာ နေနိုင်ကြသည်။
ကန်ဒရာအင်ပါယာသာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို မကြိုဆိုလျှင် ၎င်းတို့ကို ကြိုဆိုမည့် အခြားတိုင်းပြည်များစွာရှိပါ၏။
ဤအင်ပါယာကြီးမှာ နောက်ဆုံးတွင် တုံ့ဆိုင်းမှုအတွက် တန်ကြေးသာ ပြန်ပေးရလိမ့်မည်။
ရီလိုင်းမှာ အတန်ကြာ ကိုင်ထားခဲ့မိသော ဝိုင်ခွက်ကိုချကာ စိတ်ထဲရှိ ပူပန်မှုကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
သူဟာ ပြတင်းအပြင်ဘက်ရှိ ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို အသေအချာကြည့်၍ ဆုံးဖြတ်ချက်ချလိုက်၏။
သူ့အနေနှင့် မနက်ဖြန်တွင် သံတမန်ဟာကာနင်ကို နှုတ်ဆက်စကားဆိုရပေမည်။
သူဟာ ကန်ဒရာမြို့တော်ရှိ အခြေအနေကို ဥက္ကဌခရုစ်ထံ ပြန်ပြောပြလျှင် ဥက္ကဌကလည်း တူညီသည့် ဆုံးဖြတ်ချက်ချမည်ဟု ယုံကြည်ပါ၏။
ရီလိုင်းမှာ ငွေချေရန် စားပွဲထိုးကို ခေါ်တော့မည်အပြု၌ ဒုတိယထက်၏ လှေကားမှ အသံဖွဖွကိုကြားလိုက်ရသည်။ လူရည်လည်သည့် ရောင်ဝါလွှမ်းခြုံနေသည့် ခပ်ပိန်ပိန် သက်လတ်ပိုင်းလူတစ်ဦး တက်လာလေ၏။
ထိုသက်လတ်ပိုင်းလူက ဘေးဘီကိုဝေ့ဝဲကြည့်ကာ ရီလိုင်းထံ မျက်လုံးများ ကျရောက်လာချိန်တွင် တည့်တည့်လျှောက်လာလေသည်။
ရီလိုင်းလည်း အံ့ဩသွား၏။ သူ၏ စိတ်လည်း အမြန်ပြန်လည်လာသော်လည်း ထိုလူကို မမှတ်မိကြောင်း အတည်ပြုလိုက်သည်။
ထိုသက်လတ်ပိုင်းလူက ရီလိုင်း၏ စားပွဲထံရောက်လာကာ ဖော်ရွေစွာပြုံးပြသည်။
"မေးပါရစေ ခင်ဗျားက လမ်ပူရီတိုင်းပြည်ရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဒုဥက္ကဌ ရီလိုင်းများလား?"
ရီလိုင်းမှာ ပို၍ပင် အံ့ဩသွားမိသည်။
ထိုသက်လတ်ပိုင်းလူမှာ သိသိသာသာပင် သူ့ကို လာမတွေ့ခင်၌ စုံစမ်းခဲ့ပါ၏။
"ကျုပ်ပါပဲ တစ်ခုခုလိုအပ်တာများရှိလို့လားဗျ?" ရီလိုင်းလည်း ဂရုတစိုက် ပြန်မေးလိုက်သည်။
ရီလိုင်း၏ အတည်ပြုချက်ကို ရသော် ထိုသက်လတ်ပိုင်းလူ၏ အပြုံးက ပို၍ပင် တောက်ပလာပါ၏။
"ဒုဥက္ကဌ ရီလိုင်း, ကျုပ်က လမ်းတွေအကြောင်းမေးဖို့ ခင်ဗျားဆီ ရောက်လာတာပါ။"
ရီလိုင်း၏ စိတ်က ရုတ်တရတ် အာရုံစိုက်လိုက်မိသည်။
ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ အချိန်ကြာရှိနေခဲ့ပြီးသည့် နောက်တွင် ဤသည်က တစ်စုံတစ်ယောက်မှာ အများပြည်သူသုံးလမ်းများအကြောင်း စိတ်ဝင်စားသည်ကို ဖော်ပြလာသည်အား ကြားဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ပါ၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၂။ ရူးသွပ်သော လမ်းမအစီအစဉ်
ဆယ်မိနစ်ကြာသည့်နောက် ရီလိုင်းမှာ စားသောက်ဆိုင်ရှိ အခြားသီးသန့်ခန်းထဲတွင်ရှိနေပြီး သက်လတ်ပိုင်းလူ၏ မိတ်ဆက်သံကိုကြားသော် မအံ့ဩသွားဘဲ မနေနိုင်တော့ပေ။
လမ်းများကို စိတ်ဝင်စားကြောင်းပြခဲ့သော ထိုသက်လတ်ပိုင်းလူမှာ ရီလိုင်း ခန့်မှန်းထားသလို ကန်ဒရာအင်ပါယာမှ မျိုးရိုးမြင့်မဟုတ်ဘဲ သတင်းရပြီးနောက် လမ်းများ၏ အကျိုးအမြတ်ကို အနံ့ခံမိသော ကန်ဒရာအင်ပါယာ၏ မိသားစုတချို့မှ လုပ်ငန်းစု ကိုယ်စားလှယ်တစ်ဦးပင်။
ထိုလူမှာ ကန်ဒရာအင်ပါယာမှပင်မဟုတ်ပေ!
"နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်?" ရီလိုင်းမှာ မျက်မှောင်ကုပ်ကာ ခေတ္တမျှ စဉ်းစားလိုက်သော်လည်း ထိုသို့သောတိုင်းပြည်မျိုးရှိသည်ကို ယခင်က မည်သည့်နေရာ၌ ကြားခဲ့ဖူးမှန်းမစဉ်းစားနိုင်ပေ။
ထိုတိုင်းပြည်၏ အမည်က ထူးကဲသဖြင့် ၎င်းကိုတစ်ခေါက်ကြားလိုက်ပြီးသည့်နောက် အထင်အမြင်တစ်ခုတော့ ကျန်ခဲ့လောက်သင့်သည်။
"ဘာအမြင်မှ မရှိတာ ပုံမှန်ပါပဲ။" သက်လတ်ပိုင်းလူက သူ၏ သွားဖြူဖြူများကို ထုတ်ကာ အပြုံးဖြင့် ပြောလာသည်၊ "ကျုပ်တို့ရဲ့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်က တိုင်းပြည်ဖြစ်လာတာ တစ်နှစ်အောက်ပဲရှိသေးပြီး တိုင်းပြည်အရမ်းသေးတော့ အာရုံစိုက်တဲ့လူက များများစားစားမရှိဘူးလေ။ ကျုပ်တို့က နယ်မြေကြီးမှာ ဘာကျော်ကြားမှုမှ မရှိလောက်ဘူး။"
"တစ်နှစ်အောက်?" ရီလိုင်းမှာ သူ့ကိုယ်သူ ဂါဇာဟု ရည်ညွှန်းလာသည့် ထိုသက်လတ်ပိုင်းလူကို သံသယဖြင့် ကြည့်လိုက်မိသည်၊ "ခင်ဗျားတို့ တိုင်းပြည် နာမည်မှာ.... အဓိပ္ပာယ်တစ်ခုခုရှိနေမလားလို့ မေးလို့ရမလား?"
ဂါဇာက ရယ်မောလိုက်ကာ၊ "ဒီနာမည်ကတင် အရာအားလုံးပြောပြနေပါတယ်။ ကျုပ်တို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်က အစဉ်အလာတိုင်းပြည်တစ်တိုင်းပြည်မဟုတ်ဘဲ လုပ်ငန်းစု ဆယ့်သုံးခုက စုပေါင်းပြီး တည်ထောင်ထားတဲ့ တိုင်းပြည်ပါ။"
"အာ?" ရီလိုင်းမှာ အတန်ငယ်အံ့အားသင့်သွားပါ၏၊ "လုပ်ငန်းစုတွေစုပေါင်း တည်ထောင်ထားတဲ့ တိုင်းပြည်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
ဂါဇာလည်း အပြုံးဖြင့် လက်ယမ်းလိုက်သည်၊ "ဒုဥက္ကဌ ရီလိုင်း, တိုင်းပြည်တစ်တိုင်းပြည်ဆိုတာက နယ်မြေအပိုင်းအခြားတစ်ခုကို ထိန်းချုပ်ဖို့ လုပ်ပိုင်ခွင့်ကို ရည်ညွှန်းပါတယ်။ ကျုပ်တို့ လုပ်ငန်းစုဆယ့်သုံးခုက လုံလောက်တဲ့ မြေနေရာကို အတူထိန်းချုပ်ပြီး လုံလောက်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေလည်း ရထားတာမို့ ကျုပ်တို့ကိုတိုင်းပြည်တစ်တိုင်းပြည်လို့ခေါ်လည်း ဘာမှ မမှားပါဘူး။"
ရီလိုင်းမှာ ခဏတာ မှင်တက်နေပြီးမှ ထိုအသိပညာအသစ်ကို အနည်းငယ် လက်မခံနိုင်ဖြစ်နေဆဲပင်။
"ခင်ဗျားတို့ လုပ်ငန်းစု ဆယ့်သုံးခုအတူလုပ်တာဆိုတော့ ဘယ်သူက ဦးဆောင်လဲ?"
"ကျုပ်တို့ လုပ်ငန်းစု ဆယ့်သုံးခုက ကောင်စီတစ်ခု ဖွဲ့စည်းပြီး မဲပေးမှုကနေတဆင့် တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ကြတာပါ။ တချို့အချိန်တွေမှာတော့ ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် လူတစ်ယောက်တော့ ရှိမယ်ဆိုပေမယ့်လည်း တိုင်းပြည်ရဲ့ အမည်ခံအုပ်ချုပ်သူအဖြစ် အကြွင်းမဲ့ အုပ်ချုပ်ခွင့်အာဏာအတွက် လူတစ်ယောက်ကိုဖြစ်ဖြစ် လုပ်ငန်းစုကိုဖြစ်ဖြစ် မပေးထားပါဘူး။" ဂါဇာက အပြုံးဖြင့်ဖြေဆိုသည်။
ရီလိုင်းမှာ သူ၏ခေါင်းကိုမထိမိဘဲ မနေနိုင်တော့ပေ။ သူက ခဏတာ စဉ်းစားနေပြီးနောက် ပြောလေသည်၊ "အဲဒီ့နည်းလမ်းကို နည်းနည်းရင်းနှီးနေသလိုပဲ...."
"ခင်ဗျားနဲ့ ရင်းနှီးနေမှာပေါ့ ဘာလို့ဆို ဒီနည်းလမ်းက စတက်တိန်းနယ်မြေရဲ့ ကွန်ဂရက်နဲ့ နည်းနည်းဆင်တူနေတော့လေ။"
ရီလိုင်းမှာ အံ့ဩသွားသည်၊ "ခင်ဗျားက စတက်တိန်းနယ်မြေရဲ့ ကွန်ဂရက်အကြောင်း သိတာလား?"
စတက်တိန်းနယ်မြေမှာ နယ်မြေကြီး၏ အစွန်းနားမှ နယ်မြေငယ်လေးတစ်ခုသာဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များကို စတက်တိန်းနယ်မြေအပေါ် အာရုံစိုက်စေနိုင်ပါလျှင်တောင် ၎င်းတို့မှာ စိုင်စ်နယ်မြေကြီး၌ အမည်မသိဖြစ်သလို ၎င်းတို့ကို ဂရုစိုက်သူ များများစားစားလည်း မရှိပါချေ။
သို့သော် ဤဂါဇာမှာ စတက်တိန်းနယ်မြေ၏ အုပ်ချုပ်ရေးစနစ်အကြောင်းသိနေကာ လူများကို အံ့ဩသွားစေမည့် ၎င်း၏ ဗဟုသုတအဆင့်တစ်ခုကို ပြသခဲ့ပေသည်။
"သိတာပေါ့ ကျုပ်တို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ရဲ့ ပူးတွဲအုပ်ချုပ်ရေးစနစ်က တကယ်တမ်း စတက်တိန်းနယ်မြေရဲ့ ကွန်ဂရက်စနစ်ကို အတုယူထားတာလေ။ ပြောရရင် ကျုပ်က Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌ ရှုယီအတွက် ကျုပ်ရဲ့စိတ်ရင်းနဲ့လေးစားမှုကို ပြသရမှာလေ။ သူက ဒီလိုအုပ်ချုပ်ရေးနည်းလမ်းသစ်ကိုတောင် တွေးနိုင်တာဟာ တကယ်ကို ကျုပ်တို့အတွက် တံခါးသစ်တစ်ချပ်ဖွင့်ပေးလိုက်သလိုပါပဲ။ သူ့ကြောင့်သာ မဟုတ်ရင် ကျုပ်တို့နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်လည်း ပေါ်ထွက်လာမှာ မဟုတ်ဘူး။"
ဂါဇာ၏မျက်နှာထက်ရှိ လုံးဝကွယ်ဝှက်ထားခြင်းမရှိသော လေးစားနေပုံကိုမြင်သော် ရီလိုင်းမှာ စိတ်ထဲ ပို၍ပင် သံသယဖြစ်လာရသည်။
ဂါဇာ၏ မတိုင်ခင်က မိတ်ဆက်မှုအရ ၎င်းတို့၏ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်မှာ ကန်ဒရာအင်ပါယာ၏ တောင်ပိုင်းနှင့် နယ်နိမိတ်ထိစပ်နေသဖြင့် စတက်တိန်းနယ်မြေမှ ကီလိုမီတာ ငါးထောင်ကျော်ကွာဝေးပေသည်။
အဘယ့်ကြောင့် သူဟာ ကီလိုမီတာငါးထောင်ကျော်အဝေးမှ စတက်တိန်းနယ်မြေနှင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်း သိနေရပါသနည်း?
"ဒါက မထူးဆန်းပါဘူး ကျုပ်တို့ အားလုံးက ကုန်သည်တွေပဲမို့ သာမန်လူတွေနဲ့စာရင် သတင်းရတာပိုကောင်းတယ်လေ။ ကျုပ်တို့က Frestech ကုန်သည်ကြီးများအသင်းအကြောင်း ဂရုစိုက်မိတာကြောင့် စပြီး စုံစမ်းတာနဲ့ သတင်းပေါင်းစုံရလာတာပဲပေါ့။ ကျုပ်တို့ ဟွားယွဲ့ကုန်သည်ကြီးများအသင်းအပါအဝင် ကျုပ်တို့ လုပ်ငန်းစုဆယ့်သုံးခုလုံးက Frestech ကုန်သည်ကြီးများအသင်းရဲ့ ပေါ်ထွက်လာမှုကနေ တိုးတက်လာတာက ဆန်းကြယ်ဖြစ်ရပ်တစ်ခုလိုပဲမို့ လေးစားနေကြတာ။"
"ကျုပ် ဒါကို မငြင်းပါဘူး။" ရီလိုင်းက ခေါင်းငြိမ့်သည်၊ "Frestech ကုန်သည်ကြီးများအသင်းက တကယ်ကို သက်ရှိ ဆန်းကြယ်ဖြစ်ရပ်ပဲ၊ ဒါပေမယ့် ဥက္ကဌ ဂါဇာ ဒါက ကျုပ်ကို လမ်းခင်းဖို့ရှာတာနဲ့ ဆက်စပ်နေတဲ့ပုံမရဘူးနော် မှန်ရဲ့လား?"
ဂါဇာက အသာပြုံးသည်၊ "အားနာမိပါတယ် ကျုပ်လည်း Frestech ကုန်သည်ကြီးများအသင်းအကြောင်း ပြောလိုက်တာနဲ့ မရပ်နိုင်တော့လို့။ အဟင်း.... ဟုတ်ပြီ လမ်းတွေအကြောင်းပြောရရင် ဥက္ကဌ ရီလိုင်း, ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက လမ်းခင်းနိုင်တဲ့ တစ်ခုတည်းသော လုပ်ငန်းစု ဟုတ်တယ်မို့လား?"
ရီလိုင်းက ဂုဏ်ယူစွာပြုံးလျက်ပြောသည်၊ "ဒါတော့ဟုတ်တယ်။ လုပ်ငန်းထဲဝင်ဖို့ကြိုးစားနေတဲ့ လုပ်ငန်းစုများစွာရှိပေမယ့်လည်း ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကလွဲပြီး ဘယ်လမ်းကမှ လမ်းတစ်ခုလုံးကို မခင်းနိုင်ကြဘူး။"
"Frestech ကုန်သည်ကြီးများအသင်းတောင် မပါဘူးပေါ့?" ဂါဇာက အပြုံးဖြင့်ပြန်မေးသည်။
ရီလိုင်း၏ အမူအရာက အေးခဲသွားပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ လမ်းခင်းခြင်းလုပ်ငန်းထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိဖူးသော်လည်း အဓိကပစ္စည်းများဖြစ်သည့် ဘိလပ်မြေဖြစ်စေ သံချောင်းများဖြစ်စေ အမ်ရစ်ကုန်သည်ကြီးများအသင်း အသုံးပြုသည့် ဆောက်လုပ်ရေးမှော်စက်မျိုးစုံဖြစ်စေ အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ လာသည်။
Frestech ကုန်သည်ကြီးများအသင်း၏ ကြောက်မက်ဖွယ် သုတေသနစွမ်းအားကြောင့် ၎င်းတို့မှာ သုတေသနအနည်းငယ်သာလုပ်ဖို့သာလိုပြီး ၎င်းတို့ကိုယ်တိုင် လမ်းများကို လက်တွေ့ခင်းနိုင်ပါ၏။
"ဒါက... Frestech ကုန်သည်ကြီးများအသင်း ဆိုရင်တောင် အတွေ့အကြုံပိုင်းမှာ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို မယှဉ်နိုင်ပါဘူး။" ရီလိုင်းက လေးနက်ဟန်ဖြင့်ပြောသည်၊ "ဒီတော့ ခင်ဗျား လမ်းခင်းချင်ရင် ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ရှာတာက တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်မှုပဲ။"
ဂါဇာလည်း ခေါင်းငြိမ့်ကာ ထိုမေးခွန်းကို ဆက်မေးဖို့ အစီစဉ်မရှိတော့ပေ။ သူက ပြော၏၊ "ဒါဆို ဒုဥက္ကဌ ရီလိုင်း, ကျုပ်သာ ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ကီလိုမီတာငါးထောင်ကျော်တဲ့ လမ်းတစ်လမ်း တည်ဆောက်ခိုင်းချင်တယ်ဆို လုပ်ဖို့ ယုံကြည်ချက်ရှိလား?"
"ဘာ?" ရီလိုင်း၏ မျက်လုံးများပြူးကျယ်သွားသည်၊ "ကီလိုမီတာ ငါးထောင်? နောက်နေတာလား?"
"မဟုတ်ပါဘူး ကျုပ် စနောက်နေတာမဟုတ်ဘူး။" ဂါဇာ၏ အမူအရာက လေးနက်နေကာ ဟာသလုပ်နေဟန် တကယ်ကို မရှိပေ၊ "စတက်တိန်းနယ်မြေကနေ ကျုပ်တို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်အထိ မျဉ်းဖြောင့်အတိုင်းဆို မြေပုံပေါ်မှာ ကီလိုမီတာ ငါးထောင်ရှိတယ်။ ကျုပ်တို့သာ သူတို့ကို ချိတ်ဆက်ဖို့ လမ်းတည်ဆောက်မယ်ဆို သေချာပေါက် ကီလိုမီတာ ငါးထောင်ကျော်မှာပဲ။"
ရီလိုင်းမှာ ဂါဇာကို ခဏတာ ငေးကြောင်ကာ ကြည့်လိုက်၏။
"ဒါက.... ခင်ဗျား မှန်တယ်ဆိုပေမယ့်လည်း ဘာလို့ ဒီလမ်းကို တည်ဆောက်ချငခရတာလဲ? ဒီလမ်းရဲ့ ကုန်ကျစရိတ်က ကြောက်စရာကောင်းနေမှာကို သိလောက်မှာပါနော်?"
"သိတာပေါ့ဗျာ။" ဂါဇာက တစ်ချက်ပြုံးလိုက်သော်လည်း အမူအရာက ခိုင်မာနေဆဲပင်၊ "ကျုပ် သိရုံတင်မကဘူး ကျုပ်တို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ရဲ့ လုပ်ငန်းစု ဆယ့်သုံးခုလုံးလည်း ဒါကိုသိတယ်။ ဒါပေမယ့် ကျုပ်တို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကနေ စတက်တိန်းနယ်မြေကို ချိတ်ဆက်ဖို့ တိုက်ရိုက်အကျဆုံးနဲ့ အဆင်ပြေဆုံးနည်းလမ်းကို သုံးဖို့ဆို ဒါက အကောင်းဆုံးနည်းလမ်းပဲ။"
ရီလိုင်းမှာ အတန်ငယ် ဆွံ့အနေသည်။
ဂါဇာမှာ တကယ်ကို မှန်သော်လည်း ဤအကြံက အံ့ဩဖွယ်ရာပင်။
ကီလိုမီတာငါးထောင်ကျော်သည့် လမ်းတစ်လမ်းမှာ မည်မျှ ကြောက်မယ်ဖွယ်ကောင်းလိမ့်မည်နည်း။
လမ်းအများစုရှိသည့် လမ်ပူရီတိုင်းပြည်ရှိ လမ်းများအားလုံးကို ပေါင်းလိုက်ပါလျှင်တောင် ကီလိုမီတာငါးထောင် အောက်ထစ်ကို ကျော်နိုင်ရုံသာရှိသည်။
နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၏ ပထမဆုံးလမ်းမမှာ ကီလိုမီတာငါးထောင်ကျော်ချင်နေရာ အတော်ကို ချဲ့ကားရာကျလွန်းသည်။
"ဘာလို့ စတက်တိန်းနယ်မြေနဲ့ မဖြစ်မနေ ချိတ်ဆက်မှ ရမှာလဲ?" ရီလိုင်း၏ စိတ်ထဲရှိ အကြီးမားဆုံးသံသယမှာ ထိုမေးခွန်းပင်။
"Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေမှာရှိလို့လေ။" ဂါဇာ၏ အဖြေက တိုသော်လည်း အားကောင်းလှ၏။
ရီလိုင်းမှာ တစ်ဖန် ဆွံ့အသွားရပြန်သည်။
အဆုံးတွင် နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်က ထိုလမ်းကို တည်ဆောက်ခြင်း ပန်းတိုင်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ချိတ်ဆက်ရလွယ်ကူသွားစေရန်ဖြစ်သည်။
"Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ အတွက် အဲ့လောက် ဆွဲဆောင်မှုရှိတာလား?" ရီလိုင်းမှာ မနေနိုင်ဘဲ မေးမိပါ၏။
ဂါဇာက ရီလိုင်းကို အပြုံးဖြင့်ကြည့်ကာ ဆိုသည်၊ "ဒုဥက္ကဌ ရီလိုင်း, ခင်ဗျားသာ Frestech ကုန်သည်ကြီးများအသင်းက ဘယ်လောက် အံ့ဩဖို့ ကောင်းတယ်ဆိုတာကို မမြင်နိုင်ရင် ကျုပ်တော့ ဒါကို နောင်တရဖို့ပဲ ခံစားနိုင်တော့မယ်။"
ရီလိုင်းမှာ တစ်ဖန် ဆွံ့အသွားရပြန်သည်။
သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် ငါးနှစ်ကျော်ကြာအောင် ထိတွေ့ဆက်ဆံခဲ့ရပြီဖြစ်သော်လည်း သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို နားမလည်ခြင်းအတွက် တစ်ယောက်ယောက်ထံမှ အထင်သေးခြင်းမခံရဖူးပေ။ ထိုသည်က တကယ်ကို ဟာသပင်။
ထိုသို့စဉ်းစားရင်း ရီလိုင်းမှာ ဂါဇာနှင့် ငြင်းခုံမည့် အတွေးကို လက်လျှော့လိုက်၏။ သို့သော်လည်း တွေးကြည့်မိပြီးနောက်၌ သူဟာ မျက်မှောင်ကုပ်လိုက်မိဆဲပင်။
"ဒါတော့ မဟုတ်သေးဘူး ဥက္ကဌ ဂါဇာ။ ခင်ဗျားတို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်က ဒီလမ်းကို တည်ဆောက်ချင်နေတာ လက်တွေ့မကျဘူး။"
"အိုး? ဘာလို့လဲ?"
"ရှင်းပါတယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားဖော်ပြခဲ့တဲ့ တိုင်းပြည်ရဲ့ မြေအနေအထားကြောင့်ပေါ့။ စတက်တိန်းနယ်မြေနဲ့ ထိစပ်မနေဘဲ ကြားထဲမှာ ကန်ဒရာအင်ပါယာနဲ့ ရူဒ်ဆန်တိုင်းပြည်ရှိနေတာလေ။"
စိုင်စ်နယ်မြေကြီး၌ လမ်းများ တည်ဆောက်ရန် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီး၏ ပထဝီဝင်ကို သုတေသနပြုထားခဲ့သည်။ အဘယ့်ကြောင့် ဤဒုဥက္ကဌ ရီလိုင်းမှာ ထိုလမ်းခင်းခြင်း၌ ပြဿနာရှိကြောင်း မသိဘဲ ရှိရမည်နည်း?
"မဟုတ်ပါဘူး ချိတ်ဆက်နေတဲ့ လမ်းကြောင်းတစ်ခုရှိတယ်။" ဂါဇာက သူ၏ အိတ်ထဲမွှေနှောက်ကာ သားရေစက္ကူတစ်ပိုင်း ထုတ်လိုက်သည်။
၎င်းကို ဖွင့်လိုက်ချိန်၌ စိုင်စ်နယ်မြေကြီး၏ မြေပုံပေါ်လာ၏။
"ဒီကိုကြည့်လိုက်" ဂါဇာ၏လက်က မြေပုံ၏ ဘယ်ဘက်အောက်ခြေမှ ရူဒ်ဆန်တိုင်းပြည်၏ ညာထောင့်အောက်ဘက်ရှိ နေရာကို ညွှန်ပြလိုက်ပြီးနောက် အနောက်ဘက်ကို ဆက်သွားလေသည်။ ထို့နောက် မြေပုံအောက်ဘက် အဆုံးမဲ့ပင်လယ်ကို ဆန့်ကျင်ကာကောက်ကွေးကွေးတောင်တန်းပုံဖန်တီးလိုက်ကာ ၎င်းက ကမ်းရိုးတန်းနှင့် အပြည့်အဝထိစပ်လျက် ကန်ဒရာအင်ပါယာကိုဖြတ်သွားပြီးနောက် ကန်ဒရာအင်ပါယာ၏ ညာဘက်အောက်ခြေနေရာတစ်ခုတွင် ရပ်လိုက်သည်။
"ဒါက ကျုပ်တို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ရှိတဲ့နေရာပဲ။ ကြည့်လိုက် ဒီကနေ ဒီနေရာကိုဆို ကန်ဒရာအင်ပါယာ မလိုအပ်တဲ့ ရှည်လျားပြီးကျဉ်းမြောင်းတဲ့ နေရာရှိတာကြောင့် ဒီနေရာမှာ လမ်းတည်ဆောက်လို့ရတယ်။"
ရီလိုင်းလည်း ၎င်းကိုကြည့်ကာ နှုတ်ခမ်းများ မမဲ့ရွဲ့သွားဘဲ မနေနိုင်တော့ပေ။
"ဥက္ကဌ ဂါဇာ၊ ကျုပ်သာ ရိုင်းရိုင်းပြောရရင် ဒီအကြံက အရမ်းကို ရူးနှမ်းလွန်းတယ်။ ကျုပ်ရဲ့ ပထဝီဝင်ဗဟုသုတသာ ပြဿနာမရှိရင် ခင်ဗျားဆွဲတဲ့ မျဉ်းက ကမ်းရိုးတန်းတောင်တန်းတွေပေါ် တက်သွားတာပဲ။ ဒီတော့ လမ်းဆောက်ဖို့ဆို တောင်တန်းတွေကို ဖြတ်တောက်ရမယ့် အဓိပ္ပာယ်ပဲ။"
"ဒါဆို ဖြတ်လိုက်ပေါ့။" ဂါဇာက အသာပြုံး၍ ဆိုသည်။
"ခင်ဗျားက ရူးသွပ်နေတာပဲ!" ရီလိုင်းမှာ မအော်မိဘဲ မနေနိုင်တော့ပေ၊ "တောင်ပေါ်မှာ လမ်းဆောက်ဖို့ဆိုတာ ဘယ်လောက်ကုန်ကျမယ်မှန်း ခင်ဗျားသိလား? ပြောပြမယ် သာမန်လမ်းတစ်လမ်းက တစ်ကီလိုမီတာကို ရွှေဒင်္ဂါးငါးထောင်အောက် ကုန်ကျပေမယ့် တောင်တက်လမ်းဖွင့်ဖို့ကျတော့ ရွှေဒင်္ဂါးတစ်သောင်း ဒါမှမဟုတ် ဒီ့ထက် ပိုကုန်ကျလိမ့်မယ်! လမ်းရဲ့ ငါးထောင်ကီလိုမီတာကို တည်ဆောက်ဖို့ ရွှေဒင်္ဂါးသန်းငါးဆယ်လိုအပ်လိမ့်မယ်!"
ဂါဇာက ရီလိုင်းကို အပြုံးဖြင့် ထိုင်ရန် ဆွဲလိုက်သည်။
"အေးဆေးပေါ့ ကျုပ် မရူးပါဘူး။ မှန်ပါတယ် ဒီအစီစဉ်က ရူးသွပ်တာကို ဝန်ခံပေမယ့် ဒုဥက္ကဌ ရီလိုင်း, ကျုပ်တို့ ဘယ်အချိန်မှာ ဒီလမ်းကို ပြီးစေချင်တယ်လို့ မပြောရသေးဘူးမို့လား?"
ရီလိုင်းလည်း အံ့ဩသွားသည်၊ "ဘာအဓိပ္ပာယ်လဲ?"
ဂါဇာ့ထံ၌ စဉ်းလဲဟန် အပြုံးရိပ်တို့သန်းနေသည်။
"တကယ်တော့..... ကျုပ်တို့ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းချင်တဲ့ စိတ်ရင်းကို ပြချင်ရုံပါ။"
ရီလိုင်း မှင်တက်သွားပြန်၏။
သူ့အနေနှင့် ၎င်းကိုနားမလည်နိုင်ပေ၊ ဤ ဥက္ကဌ ဂါဇာဖြစ်စေ သူကိုယ်စားပြုသည့် နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ဖြစ်စေ အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ထိုမျှ အလေးထားကာ ဤရူးသွပ်ဖွယ်အဆင့်ထိပင် ရောက်နေရသနည်း။
Frestech ကုန်သည်ကြီးများအသင်းက တကယ်ကိုပဲ အဲ့လောက်အရေးကြီးတာလား?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၃။ ကျုပ်ကို ဘိလပ်မြေပေးပါ
ကီလိုမီတာ ငါးထောင်ကျော်သည့် လမ်းတစ်လမ်းကို တည်ဆောက်ပြီး ၎င်း၏ ထက်ဝက်က တောင်တန်းများကို ဖြတ်ကျော်ရမည့်အဓိပ္ပာယ်မှာ ဖွံ့ဖြိုးပြီးသားကမ္ဘာမြေ၌ပင် အင်မတန် ခက်ခဲသောကိစ္စဖြစ်သည်။
သို့သော် လမ်းတည်ဆောက်ခြင်း အခက်အခဲကို ပြောရလျှင် တစ်ခုတည်းသောအခြေခံပြဿနာမှာ ရံပုံငွေများဖြစ်ပြီး ၎င်းက ဖြေရှင်းရန် မဖြစ်နိုင်သော ပြဿနာပင်။
ရီလိုင်းပေးခဲ့သည့် ခန့်မှန်းကုန်ကျငွေ သန်းငါးဆယ်မှာ သိသာလှသည်။ ထိုသို့သော လမ်းတစ်လမ်းတည်ဆောက်လိုပါလျှင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုများမှာ ရွှေဒင်္ဂါးသန်းတစ်ရာကိုပင် ကျော်လွန်သွားနိုင်သည်။
ထိုသို့သော ရင်းနှီးမြုပ်နှံမှုကြီးတစ်ခုက စိုင်စ်နယ်မြေကြီးတွင် ကန်ဒရာအင်ပါယာ သို့မဟုတ် မားလိုအင်ပါယာတို့ကသာ ထိုပမာဏကို ထုတ်ပေးနိုင်မည်။
၎င်းအပြင် အခြားမည်သည့် တိုင်းပြည်၊ လုပ်ငန်းစုကမှ ထိုသို့သော ပမာဏကြီးကို ၎င်းတို့ကိုယ်တိုင် ထုတ်ပေးနိုင်မည်မဟုတ်ပေ။
၎င်းက နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည် ဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းဖြစ်စေပင်။
သို့ရာတွင် ဥက္ကဌခရုစ်က ကန်ဒရာအင်ပါယာမှ ရီလိုင်းပို့လိုက်သော သတင်းစကားကို ရှုယီထံ ပြောပြလိုက်ရာ ရှုယီက ထိုရူးသွပ်သည့် အစီစဉ်ကို ပြင်းပြင်းပြပြစိတ်ဝင်စားကြောင်းပြလာသဖြင့် ဥက္ကဌခရုစ်ကို အံ့အားသင့်သွားစေသည်။
ရှုယီက အိမ်တော်ဧည့်ခန်းနံရံထက် ချိတ်ဆွဲထားသော စိုင်စ်နယ်မြေကြီး၏ ကြီးမားကာ အသေးစိတ်ကျသည့် မြေပုံကို ဂရုတစိုက်ကြည့်ကာ သေချာ စဉ်းစားနေသည်အား မြင်သော် ဥက္ကဌခရုစ်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။
"ဟေး ရှုယီ မင်း တကယ်ပဲ ဒီလမ်းကို တည်ဆောက်ဖို့ စီစဉ်ထားလား?"
"ဘာလို့မရမှာလဲ?" ရှုယီလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောက်ပနေသော မျက်လုံးများနှင့် လှည့်လာသည်၊ "ကျုပ်တို့သာ ဒီလမ်းကို တည်ဆောင်လိုက်ရင် စတက်တိန်းနယ်မြေကနေ စိုင်စ်နယ်မြေကြီးရဲ့ အရှေ့ပိုင်းတိုင်းပြည်တွေနဲ့ ချိတ်ဆက်လိုက်တာနဲ့ အတူတူပဲလို့ မစဉ်းစားမိဘူးလား? ကြည့်ပါဦး ဒီလမ်းပြီးသွားရင် ကျုပ်တို့တွေ နယ်မြေကြီးရဲ့ အရှေ့ပိုင်းကို ရောက်ဖို့ ကန်ဒရာအင်ပါယာကို ဖြတ်သွားဖို့ မလိုတော့ဘူး။ ကျုပ်တို့နဲ့ နယ်မြေကြီးတစ်ခုလုံးကို ချိတ်ဆက်မယ့် နောက်ထပ် မြောက်ပိုင်းလမ်းကို တည်ဆောက်ဖို့ ကန်ဒရာအင်ပါယာကိုတောင် ဖြတ်သွားလို့ရတယ်။"
ဥက္ကဌ ခရုစ်က ခါးသက်သက်ပြုံး၍ ခေါင်းခါလိုက်သည်၊ "ငါပြောမယ် ရှုယီ မင်းမှာ အမြဲ ရူးသွပ်တဲ့ အကြံတွေရှိနေခဲ့ပေမယ့်လည်း ဒီတစ်ခုကတော့ အရမ်းကို လက်တွေ့မဆန်ရာကျလွန်းတယ်။ ဒီလိုလမ်းမျိုးက အနည်းဆုံးရွှေဒင်္ဂါး အတော်များများကုန်ကျမှာ ဒီလောက်အများကြီးထုတ်ပေးနိုင်လို့လား? အဲဒီ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်က အဲ့လောက်ငွေအများကြီး ထုတ်ပေးနိုင်မှာမဟုတ်ဘူးလို့ ငါအာမခံရဲတယ်။"
"ဥက္ကဌဂါဇာက ဘယ်အချိန်မှာ လမ်းကို ဆောက်ရမယ်လို့ မပြောခဲ့ဘူးလို့ ပြောတယ်မို့လား? သူနဲ့ ကျုပ်မှာ တူညီတဲ့အမြင်ရှိတော့ ဒီလမ်းမကို ဆောက်ဖို့လိုအပ်ပေမယ့် ကုန်ကျစရိတ်များလွန်းတာကြောင့် ချက်ချင်းဆောက်လို့မရဘူး။ ဒီလို စီမံကိန်းကြီးတစ်ခုအတွက်ကိုတော့ အချိန်တိုအတွင်းမှာ ဘယ်ပြီးလိမ့်မလဲ။ အင်း.... ခရုစ် ဒီစီမံကိန်းကိုသာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပေးမယ်ဆို အပြီးသတ်ဖို့ ဘယ်လောက်,လောက်ကြာမလဲ?"
ဥက္ကဌ ခရုစ်က မျက်မှောင်ကုပ်သည်။ သူဟာ မြေပုံကိုကြည့်ကာ ပြောလေ၏၊ "အနည်းဆုံးဆယ်နှစ်ကြာ အချိန်ယူရင်တောင် ဒါကို တည်ဆောက်ဖို့ အင်အားအကုန်သုံးရလိမ့်မယ်။"
"ကောင်းတယ် ဒါဆို ဒီလမ်းကို အပြီးသတ်ဖို့ နှစ် ၂၀ သတ်မှတ်လိုက်မယ်။ တစ်နှစ်စီ ရင်းနှီးမြှုပ်နှံရမယ့် ပမာဏက သိပ်မများလောက်တော့ ကိုင်တွယ်ဖို့ အရမ်းမခက်လောက်ပါဘူး။" ရှုယီက ဆိုသည်။
ဥက္ကဌ ခရုစ်မှာ အေးစက်စက်မပြုံးမိဘဲ မနေနိုင်တော့ပေ၊ "မင်းက တစ်နှစ်ကို ရွှေဒင်္ဂါးငါးသန်းတတ်နိုင်သလို ပြောနေတာပဲ။ မမေ့နဲ့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားအရာတွေအတွက်လည်း ငွေလိုနေသေးတယ်။"
"အခု စပြီးတည်ဆောက်ဖို့ လိုအပ်တယ်လို့ ကျုပ် မပြောခဲ့ဘူးမို့လား?" ရှုယီက အသာပြုံးသည်၊ "နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်က ဒီစီမံကိန်းကို မလောတော့ ကျုပ်လည်း လောဖို့ မလိုတာကြောင့် အခုမှ ဒါက အစီစဉ်ပဲရှိသေးတယ်လေ။ ဒါပေါ့ ကျုပ်တို့ရဲ့ စိတ်ရင်းကို ပြဖို့ အရင်ဆုံး စတက်တိန်းနယ်မြေကနေ ရူဒ်ဆန်တိုင်းပြည်ကို ကျော်ဖြတ်သွားမယ့် ကမ်းနားလမ်းတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်မယ် ဘယ်လိုထင်လဲ?"
ဥက္ကဌ ခရုစ်မှာ ရှုယီ၏ အကြံကြောင့် အံ့ဩသွားသည်။
"စတက်တိန်းနယ်မြေကနေ ရူဒ်ဆန်တိုင်းပြည်ကို ချိတ်ဆက်ထားတဲ့ ကမ်းနားလမ်း?" ဥက္ကဌ ခရုစ်မှာ မြေပုံကြည့်ကာ တဖြည်းဖြည်းခေါင်းငြိမ့်လိုက်ပါ၏၊ "ဒါက အကြံကောင်းပဲ။ အခု စတက်တိန်းနယ်မြေကနေ ရူဒ်ဆန်တိုင်းပြည်ကို ဦးတည်တဲ့ လမ်းက တစ်လမ်းပဲ ရှိတော့ အဆင်မပြေဘူးဖြစ်နေတာ။ တောင်ဘက်မှာ နောက်တစ်လမ်းထပ်ဆောက်လိုက်မယ်ဆိုရင် စတက်တိန်းနယ်မြေနဲ့ ရူဒ်ဆန်တိုင်းပြည်ကိုလည်း ချိတ်ဆက်သွားစေမှာပဲ။"
"ရိုးသားရရင် ကျုပ်တို့တွေ ဒီလမ်းနဲ့အတူ နယ်မြေရဲ့ တောင်ဘက်အပိုင်းတိုးတက်မှုကို အဆင့်မြှင့်လို့ရဖို့ မျှော်လင့်တယ်။" ရှုယီက ပြောသည်၊ "ဒီလမ်းက ဘယ်လောက်ကုန်ကျမယ်လို့ထင်လဲ?"
ဥက္ကဌခရုစ်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါသည်၊ "မမြင်ကြည့်ဘဲနဲ့ တိကျတဲ့ ပမာဏပြောလို့မရဘူး။ ဒါက လက်ရှိ စထရူလမ်းမထက်တော့ ပိုမြင့်မယ်လို့ပဲ ပြောနိုင်တယ်။"
"ဟုတ်ပြီလေ ကျုပ်တို့ အခုတော့ ဒီလိုပဲ သတ်မှတ်ထားလိုက်မယ်။ တတ်နိုင်သမျှ သင့်တော်တဲ့ အစီစဉ်ဆွဲထားနိုင်ဖို့ မျှော်လင့်ပါတယ်။"
"ဒီလမ်းကို တည်ဆောက်ချင်တာ သေချာရဲ့လား?" ဥက္ကဌခရုစ်က မေးသည်။
"သေချာတာပေါ့"
"ဟုတ်ပြီ ငါ ဒီစီမံကိန်းကို အမ်ရစ်ကုန်သည်ကြီးများအသင်း ကိုယ်စားလိုက်ခံလိုက်မယ်။" ဥက္ကဌခရုစ်က ခေါင်းငြိမ့်လိုက်ပြီးနောက် ရုတ်တရတ် အတွေးပြောင်းသွားသည်၊ "ဒါပေမယ့် ရှုယီ မင်း ငါ့ရဲ့တောင်းဆိုမှုတစ်ခုကို သဘောတူနိုင်မလား?"
"ပြောကြည့်လေ"
"တကယ်တော့ ငါ ဒီတောင်းဆိုချက်ကို အကြိမ်များစွာ လုပ်ပြီးပြီ။ မင်း.... ဘိလပ်မြေထုတ်လုပ်ရေးနည်းပညာကို ငါတို့လုပ်ငန်းစုဆီ လွှဲပြောင်းပေးလို့ရမလား?" ဥက္ကဌခရုစ်က မျှော်လင့်ဟန်ရှိနေသည်၊ "ငါတို့လုပ်ငန်းစုရဲ့ ဆောက်လုပ်ရေးစီမံကိန်းပေါင်းစုံကို လမ်ပူရီတိုင်းပြည်နဲ့ အနီးဝန်းကျင်တိုင်းပြည်တွေမှာပဲ ကန့်သတ်ထားတာမဟုတ်ဘဲ အကွာအဝေးက နှစ်ထောင်ကီလိုမီတာအထိတောင် ရောက်နိုင်တယ်လေ။ ဒါပေမယ့်လည်း ငါတို့က အကွာအဝေးကြီးတစ်ခုကနေ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းဆီက ဘိလပ်မြေကိုဝယ်ပြီး ပို့နေရတော့ ပမာဏကတစ်ခေါက်စီကို အရမ်းများနေရုံလေးပဲ။ ဒီတော့...."
"ကောင်းပြီလေ"
ဥက္ကဌခရုစ်မှာ ရှုယီကို ကြောင်ငေးကာ ကြည့်လိုက်သည်။
"မင်း... မင်းသဘောတူလိုက်တာလား?"
"ဟုတ်တယ် သဘောတူလိုက်တာ။" ရှုယီက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်သည်၊ "ကျုပ် ခင်ဗျားကို ဘိလပ်မြေထုတ်လုပ်ရေးနည်းပညာပေးနိုင်ပေမယ့် ကျုပ်တို့လုပ်ငန်းစုက သတ်မှတ်ထားတဲ့ စံနှုန်းကိုတော့ တိတိကျကျလိုက်နာရလိမ့်မယ်။"
ဥက္ကဌခရုစ်မှာ မယုံကြည်နိုင်ဟန် ရှိနေသည်။
သူဟာ ရှုယီထံ အကြိမ်များစွာ ထိုသို့တောင်းဆိုခဲ့ပါသော်လည်း အကြိမ်တိုင်း အငြင်းခံခဲ့ရ၏။ သို့ဖြစ်ရာ အဘယ့်ကြောင့် ရုတ်တရတ် သဘောတူရပါသနည်း?
"ဘာလို့လဲဆိုတော့ အချိန်ကျလာလို့လေ။" ရှုယီက အပြုံးဖြင့် ဖြေသည်။
ဥက္ကဌခရုစ်မှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်မိ၏။
အချိန်ကျလာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ? ဘာကို အတိအကျပြောနေတာများလဲ?
သို့သော်လည်း ရှုယီက ရှင်းမပြရာ ဥက္ကဌခရုစ်လည်း မမေးနိုင်ပေ။
မည်သို့ဖြစ်ဖြစ် ရှုယီ၏ ပုံစံနှင့်ဆိုလျှင် သဘောတူလိုက်ကတည်းက ပြန်ရုတ်သိမ်းမည်မဟုတ်ချေ။
စဉ်းစားကြည့်လိုက်ပြီးနောက် ဥက္ကဌခရုစ်မှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။
အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အဓိကလုပ်ငန်းမှာ လမ်းခင်းခြင်းနှင့် အဆောက်အဦများ ဆောက်လုပ်ခြင်းဖြစ်သည်။
မည်သည့်လုပ်ငန်းဖြစ်စေ ၎င်းတို့မှာ ဘိလပ်မြေပမာဏ အမြောက်အများလိုအပ်ပေ၏။
၎င်းမတိုင်ခင်က အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဘိလပ်မြေကိုသာ သီးသန့်သုံးနေခဲ့ရသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ရွှင်ပျဖွယ် ပူးပေါင်းမှုတစ်ခုရှိကာ ရှုယီနှင့် ဥက္ကဌခရုစ်တို့မှာ ဆက်ဆံရေးကောင်းသော်လည်း ဤသို့ အရေးကြီးသည့် အရာကို Frestech ကုန်သည်ကြီးများအသင်း ကိုင်တွယ်ထားသည်က ဥက္ကဌခရုစ် အတွက် သူ၏ ဘဝကို တစ်ယောက်ယောက်က ထိန်းချုပ်ထားသကဲ့သို့ စိတ်မချနိုင်ဖြစ်မိသည်။
ယခုတွင် ရှုယီက အမ်ရစ်ကုန်သည်ကြီးများအသင်းထံသို့ ဘိလပ်မြေထုတ်လုပ်ရေးနည်းပညာကို ပေးဖို့ သဘောတူလာလေရာ သူလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်မိပါ၏။
နှစ်ဦးသားမှာ အတန်ငယ်ကြာအောင် စကားဝိုင်းဖွဲ့နေကြပြီးနောက် အမြန်အဆန်ပင် ကနဦး သဘောတူညီချက်ရသွားကြသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ဘိလပ်မြေထုတ်လုပ်ရေးနည်းပညာအားလူံကို ဝယ်ယူရန် တစ်သန်းအသုံးပြုရမည်ဖြစ်၏။ ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် တိုင်းပြည်သုံးတိုင်းပြည်၌ ဘိလပ်မြေစက်ရုံများဖွင့်လှစ်ရာ၌ ကူညီရန် သက်ဆိုင်ရာ ဝန်ထမ်းများ ပို့ပေးမည်ဖြစ်သလို ဘိလပ်မြေ ထုတ်လုပ်ရန်လိုအပ်သည့် ထုတ်လုပ်ရေးမှော်စက်များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်၏။
ရှင်းရှင်းပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ၎င်းတို့ကိုယ်တိုင် ဘိလပ်မြေထုတ်လုပ်နိုင်ရန် ကူညီမည်ဖြစ်သည်။
ထိုဆွေးနွေးမှုပြီးသည့်နောက် ဥက္ကဌခရုစ်က သံသယအပြည့်အသံဖြင့် မေးလိုက်သည်၊ "ဟေး ရှုယီ မင်းဘာလို့ ဒါကို သဘောတူလိုက်တာလဲ? ဒီအတွက် ရွှေဒင်္ဂါးတစ်သန်းသုံးရမယ်ဆိုပေမယ့်လည်း ငါတို့လုပ်ငန်းစု တစ်နှစ်တစ်နှစ် မင်းတို့ဆီက ဘိလပ်မြေဝယ်ရင် ရွှေဒင်္ဂါးတစ်သန်းခွဲသုံးနေတာကို မင်းသိမှာပေါ့၊ ဒီလိုဆို မင်းတို့ရဲ့ အမြတ်အစွန်းက အနည်းဆုံး ရွှေဒင်္ဂါးငါးသိန်းလောက် ရတယ်လေ။ အခု ဒီနည်းပညာကို ငါတို့ဆီပေးလိုက်တော့ မင်းအနေနဲ့ ရှေ့လျှောက် ငါတို့ဆီက ဒီလောက်များတဲ့ ငွေတွေရမှာမဟုတ်တော့ဘူး။ ဖြစ်နိုင်တာက.... မင်း ဘိလပ်မြေလုပ်ငန်းကို လက်လျှော့လိုက်တော့မှာလား?"
"ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းတစ်ခုတည်းကပဲ ဘိလပ်မြေသုံးလို့ရတဲ့ လုပ်ငန်းစုလို့ထင်နေတာလား?" ရှုယီက ဥက္ကဌခရုစ်ကို အပြုံးဖြင့်ကြည့်သည်၊ "ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဘိလပ်မြေနဲ့ပတ်သက်ရင် အကြီးဆုံးဖောက်သည်ဆိုပေမယ့် ကျုပ်တို့ဆီက ဘိလပ်မြေဝယ်တဲ့ တခြားလုပ်ငန်းစုတွေလည်း ရှိပါတယ်။ ခင်ဗျားတို့လို အကြီးဆုံးဖောက်သည်ကို ဆုံးရှုံးလိုက်ရရင်တောင် ဘိလပ်မြေရောင်းတာကနေ ငွေအတော်လေး ရနိုင်နေတုန်းပဲလေ။"
"ဒါပေမယ့် ဒါက အရမ်းထူးဆန်းတယ်လို့ ခံစားနေမိတယ်။ မင်းက တကယ်ကို .... ကိုယ့်လက်ကိုယ်ဖြတ်နေတာပဲ....."
"အဲ့လောက်လည်း မပြင်းထန်ပါဘူး။" ရှုယီမှာ မနေနိုင်ဘဲ ပြုံးလိုက်မိသည်၊ "ကျုပ်တို့လုပ်ငန်းစုရဲ့ အဓိက လုပ်ငန်းက မှော်စက်တွေဆိုတော့ ဘိလပ်မြေထုတ်လုပ်တာက အရံလုပ်ငန်းပါပဲ။"
"အရံလုပ်ငန်းက တစ်နှစ်ကို အဲ့လောက်ငွေအများကြီးဝင်နိုင်တယ်လေ...." ဥက္ကဌခရုစ်မှာ ထိုသို့ မရေရွတ်မိဘဲ မနေနိုင်တော့ပေ။
ရှုယီလည်း တစ်ချက်ပြုံး၏။ သူဟာ မှော်စက်များကို လေ့လာနေစဉ်အတွင်း အရံထုတ်ကုန်များစွာကိုတီထွင်ခဲ့ကာ ၎င်းက သူ့ထံသို့ အကျိုးအမြတ်ကြီးများယူဆောင်လာပြီး ဘိလပ်မြေကလည်း ၎င်းတို့အနက်တစ်ခုပါပင်။
မှန်ပါ၏၊ ခေတ်သစ်စက်မှုစနစ်အတွက် ဘိလပ်မြေမှာ မရှိမဖြစ်လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများအနက်တစ်ခုဖြစ်ပြီး အင်မတန် အရေးပါသည့် နေရာ၌ရှိ၏။ ရှုယီအနေနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းထံ ထိုနည်းပညာကို ပေးခြင်းမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းက ၎င်းတို့၏အတိုင်းအတာကို ချဲ့ထွင်နိုင်မည်ကို မျှော်လင့်နေခြင်းဖြစ်သော်လည်း သူ့အနေနှင့် လက်လျှော့လိုက်သည်ဟုတော့ မဆိုလိုပါချေ။
ဥက္ကဌခရုစ်နှင့် အတန်ငယ်ကြာအောင် ပြောဆိုပြီးနောက် နှစ်ဦးသားမှာ ရှုယီ၏ ကိုယ်ပိုင်ရုံးခန်းမှ ထွက်၍ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားစက်ရုံသို့ သွားလိုက်ကြသည်။
ဥက္ကဌခရုစ်၏ ဤတစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းထံသို့ ခရီးမှာ အကြီးစားပို့ဆောင်ရေးမှော်ကားများ မှာယူဖို့ရန်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းက အခြားနေရာများသို့ ကျယ်ပြန့်သွားသည်နှင့် ပို့ဆောင်ရေးအတွက် လိုအပ်ချက်က ပိုများလာပါ၏။
၎င်းတို့မှာ ဆောက်လုပ်ရေးပစ္စည်းများပို့ဆောင်ရန် ဖာဆန် ပို့ဆောင်ရေးကုန်သည်ကြီးများအသင်းဟု အမည်ပြောင်းလိုက်သော ဖာဆန် ရထားလုံးလုပ်ငန်းစုအပေါ် မှီခိုနေခဲ့ရသော်လည်း ယခုတွင် လုံလောက်တော့ပုံမပေါ်သဖြင့် ဥက္ကဌခရုစ်မှာ အမ်ရစ်ကုန်သည်ကြီးများအသင်းပိုင် ပို့ဆောင်ရေးအဖွဲ့တစ်ခု တည်ထောင်ဖို့ စီစဉ်ထားပါ၏။
ပထမဆုံး သူ့အနေနှင့် ပို့ဆောင်ရေးမှော်ကားအလုံအလောက် ဝယ်ဖို့လိုပေမည်။
Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံအမျိုးမျိုးတို့၌ အသုံးပြုသည့် အလိုအလျောက်မှော်စက်များ၏ ထုတ်လုပ်မှု ပမာဏကြီးမားမှုကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ သပိတ်မှောက်ခြင်းနှင့် အတိုင်းအတာကြီး အလုပ်သမားလျှော့ချခြင်းတို့၏ အဆိုးဘက် ရိုက်ခတ်မှုများမှ ပြန်ကောင်းလာပြီဖြစ်သည်။ ၎င်းတို့မှာ ယခင်ကထက်ပင် ထုတ်လုပ်နိုင်စွမ်းတိုးတက်လာပြီး ချဲ့ထွင်ခြင်းပင် ပြုလာပြီဖြစ်၏။
ဝယ်လိုအားကြီးမားနေဆဲဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ လိုအပ်ချက်များကို မရောက်နိုင်သော်လည်း ရှုယီမှာ ယခုတွင် အစီစဉ်များ၌ နေရာလပ်အချို့ပိုရထားပြီဖြစ်၏။
ပို့ဆောင်ရေးမှော်ကားများမှာ အနီးဝန်းကျင်တိုင်းပြည်များရှိ အကျော်ကြားဆုံး မှော်စက်များအနက်တစ်ခုဖြစ်သည်။ ၎င်းကသာ ယခင်ကဆိုလျှင် အမ်ရစ်ကုန်သည်ကြီးများအသင်းက အနည်းငယ်မျှ လိုချင်ပါလျှင်သော်မှ အနည်းဆုံး နှစ်တစ်ဝက်ကြာပြီးမှသာ ပထမကုန်စည်အသုတ်ကို ရမည်ဖြစ်သည်။
သို့သော် ယခုတွင် ရှုယီမှာ ဥက္ကဌခရုစ်အား အကြီးစား ပို့ဆောင်ရေးမှော်ကားဆယ်စီး ပထမအသုတ်ကို သုံးလကြာလျှင် အပြီးသတ်ထားကြောင်း ပြောနိုင်နေပြီဖြစ်သည်။
ရှုယီထံမှ ထိုအတည်ပြုချက်ကို ရရှိပြီးနောက် ဥက္ကဌခရုစ်မှာ မှော်ကားစက်ရုံမှ အင်မတန်စိတ်တိုင်းကျစွာ ထွက်ခွာသွားတော့သည်။
သို့သော် သူထွက်လာချိန်၌ အပြင်ပန်းတွင် မှော်သံချပ်ကာယာဉ်နှင့်ဆင်တူသော်လည်း ၎င်းထံမှ ပိုက်အမာတစ်ခု ထွက်နေသည့် ထူးဆန်းသော အရာတစ်ခု ခပ်ဖြည်းဖြည်းမောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။
ဥက္ကဌခရုစ် တမုဟုတ်ချင်း မှင်သက်သွား၏။
ဒီ... ဒီထူးဆန်းတဲ့အရာက ဘာများလဲ?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၄။ မှန်သည် မှားသည်ကို မသိ
ဥက္ကဌခရုစ်က ရှုယီကို သံသယအကြည့်ဖြင့်ကြည့်လိုက်သော်လည်း ရှုယီမှာ ထိုထူးထူးဆန်းဆန်းမှော်ကားကို လုံးဝမမြင်လိုက်ဟန်ဖြင့် လက်ညှိုးထိုး၍ တည်ငြိမ်စွာ ပြောလာသည်၊ "သွားကြစို့"
ရှုယီက ရှင်းပြဖို့ လုံးဝမစီစဉ်ထားသည်ကိုမြင်သော် ဥက္ကဌခရုစ်၏ အတွေးများပြောင်းလဲသွား၏။ သူ၏မျက်နှာထက်ရှိ အံ့အားသင့်ဟန်က အပြုံးအဖြစ်ပြောင်းကာ မည်သည်ကိုမှ မမြင်လိုက်သည့်နှယ် ပြုမူ၍ Frestech ကုန်သည်ကြီးများအသင်း၏ စက်မှုနယ်မြေထဲသို့ ရှုယီနှင့်အတူ ပြုံးကာ လိုက်သွားသည်။
ဥက္ကဌခရုစ်က မှော်ဆလွန်းထဲဝင်ကာ လမ်းတလျှောက်သွား၍ ပျောက်ကွယ်သွားသည်ကိုကြည့်နေရင်း ရှုယီ၏ မျက်နှာထက်ရှိ အပြုံးလည်း ပျောက်ကွယ်သွားသည်။ သူက မှော်ကားစက်ရုံ၏ ဦးတည်ဘက်ကို ပြန်လှည့်ကြည့်ကာ မျက်မှောင်ကုပ်လိုက်ပါ၏။
တစ်အောင့်ကြာပြီးသည့်နောက် ရှုယီမှာ မှော်ကားစက်ရုံ၏ အနောက်မြောက်ဘက်ရှိ မှော်ကားစမ်းသပ်နေရာသို့ ဦးတည်လိုက်သည်။
ထိုစမ်းသပ်နေရာသို့ ရောက်ချိန်တွင် ဥက္ကဌခရုစ်မြင်ခဲ့သည့် မှော်ကားနှင့် ထပ်တူကျသည့် မှော်ကားများစွာက စမ်းသပ်နေရာသို့ ဖြတ်မောင်းလာကြသည်ကို မြင်လိုက်ရ၏။
ထိုကပေါက်တိကပေါက်ချာပုံစံမှော်ကားများကို ကြည့်ရင်း ရှုယီမှာ ခါးသက်သက်ရယ်လျက် မနေနိုင်အောင် ခေါင်းခါမိသည်။
ဖြစ်နိုင်ပါလျှင် သူဟာ တကယ်ပဲ ထိုထူးဆန်းသည့်ပုံစံမှော်ကားများကို မှော်တင့်ကားများဟုခေါ်ချင်မိ၏။
သို့သော် ထိုအရာ၌ ပုံမှန်မှော်ကားများထက် ပိုထူသည့် သံမဏိပြားတစ်ခုသာရှိကာ ပုံမှန်မှော်ကားများထံ၌ မရှိသည့် အထူးထုတ် တာယာနှင့် မှော်အမြောက်တစ်ခုရှိသည်။ ၎င်းတို့အား မှော် *IFVများဟု ခေါ်ဆိုရန်ပင် မလုံလောက်ရာ မှော်တင့်ကားများဖြစ်ဖို့ရန်က အရူးအိပ်မက်သာဖြစ်ချေမည်။
*IFV = Infantry Fighting Vehicle
(ခြေလျှင်တပ်တိုက်ခိုက်ရေးယာဉ်ဖြစ်ပြီး ခြေလျှင်တပ်ကို ပို့ဆောင်ဖို့နဲ့ ပစ်ခတ်ရေးထောက်ပံ့ဖို့ ဒီဇိုင်းဆွဲထားတဲ့ သံချပ်ကာ စစ်ဘက်သုံးယာဉ်ဖြစ်ပါတယ်။)
ရှုယီမှာ မှော် IFVများ ပတ်မောင်းနေသည်ကို စောင့်ကြည့်ကာ အချက်အလက်များ မှတ်တမ်းတင်နေသည့် သုတေသနပညာရှင်၏ ဘေးသို့ရောက်လာကာ မှော် IFVများကို ထုတ်လုပ်နေသည့် တိုလဲဒိုအမည်ရ လူသားအင်ဂျင် အဖွဲ့ခေါင်းဆောင်ကို အသံနက်နက်ဖြင့် မေးလိုက်သည်။ "ဘာလို့အခုနက အပြင်ဘက်မှာ မှော် IFVတွေ မောင်းတာကို မြင်ခဲ့ရတာလဲ?"
တိုလဲဒိုနှင့် အခြားသုတေသနပညာရှင်များမှာ ရှုယီရောက်လာသည်ကို မြင်ပြီးကြပြီဖြစ်၍ သူ့ထံ အစီရင်ခံဖို့ စိတ်လှုပ်ရှားနေကြသော်လည်း ထိုမေးခွန်းကိုကြားသော် မထိတ်လန့်မိဘဲ မနေနိုင်ကြတော့ချေ။
ခေတ္တမျှကြာပြီးနောက် တိုလဲဒိုက တုံ့ပြန်လာကာ ဂရုတစိုက်ဖြေသည်၊ "ဥက္ကဌ အချက်အလက်တွေအရ မှော် IFVတွေကို တရားဝင်စသုံးလို့ရပြီလို့ ကျွန်တော်တို့ထင်တာနဲ့ မှော် IFVတစ်စီးကို ရှုပ်ထွေးတဲ့လမ်းစစ်ဆေးရေး လုပ်ဖို့ စမ်းသပ်နေရာကနေ ထွက်မောင်းခိုင်းလိုက်ကြတာပါ။ ပြဿနာရှိတယ်ထင်လို့လားဗျ?"
"အိုး? ဒီလောက် မြန်မြန်ကြီး?" ရှုယီ အနည်းငယ် အံ့ဩသွားသည်၊ "ဒီအဖွဲ့ကို ဖွဲ့တာ နှစ်လထက်တောင် ပိုမကြာသေးဘူးကို IFVတွေအတွက် လုပ်ဆောင်ချက် စစ်ဆေးမှုတွေတောင် လုပ်နိုင်နေကြပြီလား?"
ရှုယီက မကျေမနပ် မဖြစ်သည်ကို မြင်သော် တိုလဲဒိုနှင့် အခြားသုတေသနပညာရှင်များက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချ၍ ပြုံးလိုက်ကြ၏။
"ဟုတ်ပါတယ် ဥက္ကဌ။ ကျုပ်တို့ နည်းနည်းလောက် ဘဝင်မြင့်ပြရမယ်ဆိုရင် ဒီမှော် FIVကို ထုတ်လုပ်ဖို့က လုံးဝမခက်ဘူးလို့ ခံစားမိကြပါတယ်။ ဒါကြောင့် ဒီမတိုင်ခင် မှော်အမြောက်သုတေသန အခြေခံအုတ်မြစ်ကြောင့် ဒါကို မှော်ကားတွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်သွားရုံတင်ပါ။ ဒီအလုပ်က နည်းနည်းရှုပ်ထွေးပေမယ့်လည်း တကယ်ကို အဲ့လောက်မခက်ခဲပါဘူး။"
"ဒီလိုလား?" ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ၊ "ဒီတော့ ဒါကို အရမ်းလွယ်တာ သိလိုက်ရတဲ့ အဓိပ္ပာယ်ပေါ့? ကောင်းတယ် မှော် FIV ထုတ်လုပ်လို့ပြီးတဲ့အခါက ပိုပြီးခက်တဲ့ တာဝန်ပေးမှာမို့ စိုးရိမ်စရာမလိုပါဘူး။"
တိုလဲဒိုနှင့် ကျန်သည့် သုတေသနပညာရှင်များမှာ တမုဟုတ်ချင်း အရုပ်ဆိုးဟန်များပေါ်လာကြ၏။
သို့သော် ထိုအရုပ်ဆိုးဆိုးဟန်အောက်တွင် မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှုတို့လည်းရှိနေသည်။
ရှုယီမှာ ၎င်းတို့၏ တုံ့ပြန်မှုကို အင်မတန်စိတ်တိုင်းကျမိ၏။ သူဟာ နှစ်ကြိမ်ခန့် စက်ဝိုင်းပတ်သွားနေသည့် မှော် FIVများကို လှည့်ကြည့်ပြီးနောက် တိုလဲဒိုကို မေးလိုက်ပါ၏၊ "ဒီစီမံကိန်းက မခက်ခဲဘူးလို့ ထင်တော့ ပြောပါဦး၊ ဒီနှစ်မှာ အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်လောက်မယ့် မျှော်လင့်ချက်ရောရှိလား?"
တိုလဲဒိုမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်၏၊ "မလုပ်နိုင်မှာတော့ စိုးရိမ်မိတယ်။ ဥက္ကဌ ဒီမှော် FIVတွေအနေနဲ့ ဘယ်လို ဆိုးဝါးတဲ့ အခြေနေအောက်မှာမဆို ပုံမှန်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပြီး အရေးအကြီးဆုံးက သူ့ရဲ့စွမ်းအားကို ဖော်ထုတ်နိုင်ဖို့လို့ တောင်းဆိုထားတယ်မဟုတ်လား။ ကျွန်တော်တို့အနေနဲ့ ဒီရည်ရွယ်ချက်နှစ်ခုကို ရနိုင်ဖို့ ယုံကြည်ချက်ရှိကြပေမယ့်လည်း ဒါက စမ်းသပ်မှုပမာဏကြီးတစ်ခုအပေါ်မှာ အခြေခံထားတယ်။ ဒီနှစ်မှာက နှစ်လပဲကျန်တော့တာဆိုတော့ အချိန်အလုံအလောက်မရှိဘူးလို့ ထင်ပါတယ်။"
ရှုယီလည်း ခေါင်းငြိမ့်ကာ ချီးကျူးလိုက်သည်၊ "အရမ်းကောင်းတယ် သတိထားတာက ကောင်းတာပေါ့။ ကျုပ်ရဲ့ ဘယ်သုတေသနစီမံကိန်းကိုမဆို တောင်းဆိုချက်က တတ်နိုင်သမျှ ပြီးပြည့်စုံအောင်လုပ်ဖို့ဆိုတော့ တွန်းအားပေးမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီစီမံကိန်းကို တတ်နိုင်သမျှ မြန်မြန် အပြီးသတ်နိုင်ပြီး မကြာခင်မှာ မှော် FIVတွေအစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်တယ်။"
"ဟုတ်ကဲ့ပါ!" တိုလဲဒိုမှာ ခေါင်းငြိမ့်ရင်းဖြေလာလေသည်။
ရှုယီလည်း ဘေးဘီကိုကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်၊ "ကျုပ် မြောက်ပိုင်းတောင်တန်းတွေမှာ စစ်ဘက်သုံးမှော်စက်တွေအတွက် စမ်းသပ်ရေးနေရာအဖြစ် အထူးတလည် သတ်မှတ်မယ့် နေရာတစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတယ်။ အချိန်ကျလာရင် ခင်ဗျားတို့အဖွဲ့လည်း အဲ့ကို ပြောင်းရမှာ။"
"တကယ်လားဗျ?" တိုလဲဒိုနှင့် အခြားသုတေသနပညာရှင်များမှာ ပျော်ရွှင်သွားဟန်များ ပြလာကြသည်။
ဤမှော်ကားစမ်းသပ်ရေးနေရာမှာ စက်မှုနယ်မြေထဲ၌ ရှိပြီး အင်မတန်ကြီးမားသော်လည်း စမ်းသပ်မှုများလုပ်ဆောင်ဖို့အတွက် အဆင်ပြေရန် အကန့်အသတ်ရှိနေဆဲပင်။
၎င်းတို့သာ လူနည်းနည်းနှင့် စမ်းသပ်ရေးနေရာသို့ ပြောင်းရွှေ့နိုင်လျှင် ၎င်းတို့၏ တိုးတက်မှုကလည်း မြင့်မားလာမည်။
"အပျော်မစောကြပါနဲ့ဦး။ စမ်းသပ်ရေးနေရာကို တည်ဆောက်ဖို့က အနည်းဆုံး နှစ်တစ်ဝက်ကြာမှာ။ အဲ့အချိန်ရောက်လာရင် ခင်ဗျားတို့ မှော် FIVက ပြီးလောက်ပြီ။"
ရှုယီ၏ စကားလုံးများက ၎င်းတို့၏မျက်နှာထက်ရှိ ပျော်ရွှင်မှုများကို လျော့ကျသွားစေသော်လည်း နောက်စကားလုံးများက တစ်ဖန် စိတ်လှုပ်ရှားမှုဖြင့် ပြန်ပြည့်လာစေသည်။
"ဒါပေါ့ မှော် FIVက မင်းတို့ရဲ့ ပထဆုံးသုတေသနစီမံကိန်းဆိုတော့ ရှေ့လျှောက် ဒီအပိုင်းမှာ တခြားစီမံကိန်းတွေရကြဦးမှာပဲ။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ပန်းတိုင်က တကယ်ကို ပြိုင်ဘက်ကင်းတဲ့ စစ်မြေပြင်ရဲ့ မှော်တင့်ကားကို ဖန်တီးဖို့ပဲလေ!"
စမ်းသပ်နေရာမှ ထွက်ခွာလာပြီးနောက် ရှုယီမှာ ခဏမျှ စဉ်းစားပြီး မှော်ဆလွန်းထဲဝင်၍ ပင်လယ်နံဘေးက သင်္ဘောကျင်းထံ ဦးတည်လိုက်သည်။
သူနီးကပ်မလာခင်မှာပင် သင်္ဘောကျင်းအပြင်ဘက်၌ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများမဟုတ်ကြသော မတူညီသည့် အဝတ်များဝတ်ဆင်ထားသည့် လူများစွာကို တွေ့လိုက်ရသည်။
ရှုယီ၏ မောင်းနှင်နေသည့် မှော်ကားက အမြင်စူးရှသူများ၏ သတိပြုခံလိုက်ရသည်။
မည်သူက အရင်အော်လိုက်မှန်းမသိသော်လည်း လူအုပ်ကြီးက ရှုယီ၏ မှော်ဆလွန်းကို ဝိုင်းရံလိုက်ကြသည်။
"ဒါက ငါ့ကိုယ်ပိုင်လုပ်ရပ်တွေရဲ့ အကျိုးဆက်ကို ခံစားနေရတာများလား?" ရှုယီမှာ ကူရာမဲ့စွာ ခါးသက်သက်ရယ်၍ တံခါးဖွင့်ကာ ထွက်လိုက်သည်။
"ဥက္ကဌရှု လုမီက အခုဒီမှာ ရှိလား?"
"ဟုတ်တယ် အခု လုမီက သင်္ဘောကျင်းမှာလား?"
"ဥက္ကဌရှု လုမီသာ တကယ်ပဲ ဒီနေရာမှာရှိရင် သူမကို ကျွန်တော်တို့နဲ့ တွေ့ခိုင်းလို့ရမလား?"
"ဟုတ်ပါတယ် ကျေးဇူပြုပြီး လုမီကို ကြည့်ရအောင် ထွက်လာခိုင်းပေးပါ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး ဒီတိုင်း မြင်ချင်ရုံပါပဲ!"
"မှန်ပါတယ် ကျွန်မတို့ လုမီကို မြင်ချင်ကြရုံပါပဲ!"
"ကျုပ်တို့ လုမီကို တွေ့ချင်တယ်! ဥက္ကဌရှု ကျေးဇူးပြုပြီး သဘောတူပေးပါ!"
"ကျွန်တော်တို့...."
....
ရှုယီ လက်မြှောက်လိုက်ရာ ဘေးပတ်လည်ရှိလူများ တိတ်ကျသွားပြီး အားလုံး ရှုယီကိုကြည့်လာကြ၏။
ဝေ့ဝဲကြည့်လိုက်ရင်း မျှော်လင့်နေသည့် အကြည့်များက သူ့ထံကြည့်နေသည်ကိုမြင်သော် ရှုယီမှာ အသာပြုံး၍ ပြောလိုက်ပါ၏၊ "လုမီက သူမကို လူတိုင်း ဒီလိုသဘောကျနေကြလို့ အရမ်းပျော်နေမယ်ထင်ပါတယ်။ ကောင်းပါပြီ လူတိုင်းက မရမက တောင်းဆိုနေမှ ကျုပ်အထဲဝင်ပြီး လုမီကို အပြင်ကို ထွက်လာဖို့ ဆန္ဒရှိရင် ခင်ဗျားတို့ကို လာကြည့်ဖို့ ပြောလိုက်ပါ့မယ်။ အားလုံး အဆင်ပြေရဲ့လား?"
ရှုယီက ၎င်းတို့၏ တောင်းဆိုမှုကို သဘောတူလာသည်အားကြားသော် လူအုပ်မှာ ချက်ချင်း နားပင်းလောက်အောင် ဩဘာပေးလာကြသည်။
ရှုယီ၏ မှော်ကားကို ပိတ်ထားသူများက ဘေးဖယ်ကာ ရှုယီအတွက် သင်္ဘောကျင်းထံ လမ်းတစ်ခု ဖန်တီးပေးလိုက်ကြ၏။
ရှုယီလည်း ထိုလူများထံ အပြုံးဖြင့် လက်ဝေ့ယမ်းပြပြီးနောက် မှော်ဆလွန်းထဲဝင်၍ သင်္ဘောကျင်းထဲ တည့်တည့်မောင်းဝင်သွားသည်။
သူထွက်လာချိန်၌ လုမီက သူ့ရှေ့၌ ရှိနေကာ နှုတ်ခမ်းလေးများကို စေ့ထား၏။
"ဥက္ကဌ ရှင် သူတို့ကို ဘယ်လိုများ သဘောတူလိုက်ရတာလဲ? ကျွန်မ အကြိမ်ပေါင်းမနည်းပြောပြီးပြီလေ၊ ကျွန်မ ဒီကိုလာတာ မှော်သင်္ဘောတွေ သုတေသနလုပ်ဖို့ပါလို့ လူတွေဆီကနေ အကြည့်ခံရဖို့ ရောက်နေတာမဟုတ်ဘူး။"
မပျော်မရွှင်ဖြစ်နေသည့် လုမီကိုမြင်သော် ရှုယီက တစ်ချက်ရယ်လိုက်သည်။ အက်ဂ်နက်စ်မှာ ယခင်က ဘန်တာမြို့၌ ရုတ်ရုတ်သဲသဲတစ်ခု ဖြစ်အောင် ဖန်တီးခဲ့စဉ်က လုမီကဲ့သို့ လူများက စိုက်ကြည့်နေသည်ဟု ခံစားနေခဲ့ရသည်။
လူသားများ၏ အခြားမျိုးနွယ်စုများကို မြင်တွေ့ရန် စိတ်ထက်သန်မှုက အပြင်းအထန်ဖြစ်လုနီးနီးပင်။
ရှုယီမှာ သူ၏ ရင်ဘတ်ထဲမှ စာတစ်စောင်ထုတ်၍ လွှဲပေးလိုက်သည်။
"ဒီမှာ ဒီစာကိုမြင်ပြီးရင် မင်း အပြင်ဘက်က လူတွေကို တွေ့ဖို့ ဆန့်ကျင်မနေလောက်တော့တာ သေချာတယ်။"
လုမီက ထိုစာကို သံသယဖြင့်ယူလိုက်သော်လည်း ခဏမျှ ဖွင့်ဖတ်ပြီးနောက် မကျေမနပ်ဖြစ်နေသည့် မျက်နှာက ချက်ချင်း အားရဝမ်းသာမှုဖြင့် ပြည့်သွားသည်။
ခဏကြာသည့်နောက် သူမက မယုံကြည်နိုင်စွာ မော့ကြည့်လာကာ ရှုယီကို ကျယ်လောင်စွာ မေးလိုက်သည်၊ "ဥက္ကဌ ဒါ အမှန်ပဲလား? တကယ်ပဲ ကျွန်မတို့ မျိုးနွယ်ဝင်တွေရဲ့ သတင်းကို ရခဲ့တာလား? ဒါက.... ရှင်ကျွန်မကို လိမ်နေတာလား?"
ရှုယီက ပခုံးတစ်ချက်တွန့်၏၊ "ဒီသတင်းကို ဟားနက်စ်က ⟨ လမ်ပူရီအပတ်စဉ် ⟩ သတင်းချန်နယ်တွေကနေ တဆင့် တွေ့ခဲ့တာ။ မင်းတို့ မျိုးနွယ်ဝင်တွေကို တကယ်မတွေ့ခင်တော့ ဒါ အစစ်လား အတုလား မသိဘူး။"
လုမီက အိုး'ဟုအသံပြုလိုက်ပြီးနောက် လက်ထဲမှ စာကို ပြန်ကြည့်ရင်း ရေရွတ်လာ၏၊ "မှန်မှန် မမှန်မှန် ကိစ္စမရှိပါဘူး၊ ကျွန်မတို့မျိုးနွယ်ဝင်သတင်းရနိုင်တာကတင် လုံလောက်နေပါပြီ။ ဒီနှစ်တွေတလျှောက်လုံး ဒါက ကျွန်မပထမဆုံးရခဲ့တဲ့ သတင်းပဲ...."
တကယ်တမ်းတွင် ၎င်းက ရှုယီကို အင်မတန် အံ့အားသင့်စေခဲ့သည်။
သူဟာ လုမီ၏ တည်ရှိမှုသတင်းကို ဖြန့်ဖို့ အဆိုပြုစဉ်က မျှော်လင့်ချက်တော့ များများစားစားမရှိပေ။
သို့သော် သူ့အနေနှင့် ကြေငြာပြီး နှစ်လအောက်အတွင်း ဟားနက်စ်မှာ သွေးနှောများ ပေါ်လာမှုသတင်းကို ရနေပြီးဖြစ်မည်ဟု ထင်မထားခဲ့ပေ။ သူဟာ ဥက္ကဌခရုစ်ကို သူကိုယ်တိုင်စာရေး၍ပင် ပို့ခိုင်းခဲ့သည်။
သွေးနှောများပေါ်ထွက်လာခြင်းသတင်းမှာ ဒရိတ်ခ်နယ်မြေ၏ အရှေ့မြောက်ပိုင်းရှိ တိုင်းပြည်တစ်တိုင်းပြည်ဖြစ်သော ဖော့လ်ခ်တိုင်းပြည်ပင်။ ⟨ လမ်ပူရီ အပတ်စဉ် ⟩မှာ ဖော့လ်ခ် တိုင်းပြည်၌ ရုံးခွဲတစ်ခု တည်ဆောက်ကာ ထိုသတင်းကို စုဆောင်းပေးခဲ့၏။
"ဥက္ကဌ ကျွန်မ ဖော့လ်ခ်တိုင်းပြည်ကိုသွားချင်တယ်!" လုမီက ရုတ်တရတ် ဆုံးဖြတ်လိုက်သည့် အသံဖြင့်ဆိုသည်၊ "ကျွန်မသွားပြီး မျိုးနွယ်ဝင်တွေကို ရှာချင်တယ်!"
ရှုယီလည်း အံ့ဩသွားပြီးနောက် မျက်မှောင်ကုပ်ကာ ခေါင်းခါသည်။
"ဟင့်အင်း လုမီ ကျုပ် မင်းရဲ့ခံစားချက်ကိုနားလည်ပေမယ့် ဒီလိုအကြံကို မထောက်ခံနိုင်ဘူး။ ကျုပ်တို့ဆီမှာ ဒီသတင်းက မှန် မမှန်ကို သက်သေပြနိုင်မယ့် နည်းမရှိတော့ မင်းတို့ မျိုးနွယ်ဝင်ဟုတ်မဟုတ် မသေချာနိုင်ဘူး။ ဒီသတင်းက ခင်ဗျားကို ထောင်ချောက်ဆင်ချင်တဲ့လူတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်လိုက်တာလည်း ဖြစ်နိုင်တယ်။"
လုမီ အံ့ဩသွားသည်၊ "တမင်သက်သက် ကျွန်မကို ထောင်ချောက်ဆင်တယ်? ဘာလို့လဲ?"
ရှုယီက သင်္ဘောကျင်းအပြင်ဘက်ကို ညွှန်ပြလိုက်သည်၊ "မင်းတို့ သွေးနှောတွေက နယ်မြေကြီးမှာ ဘယ်လောက်ရှားပါးတယ်ဆိုတာကို မသိတာလား? မင်းက သွေးနှောဖြစ်နေတာနဲ့တင် မင်းကို ထောင်ချောက်ဆင်ဖို့ လုံလောက်နေပြီ။"
လုမီမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆုံးဖြတ်လိုက်ဟန်ပေါ်လာသည်၊ "ဟင့်အင်း ဒါက ထောင်ချောက်ဆိုရင်တောင် ကျွန်မသွားကြည့်ချင်သေးတယ်! ကျွန်မရဲ့ မျိုးနွယ်ဝင်တွေကို ဆုံရဖို့ အခွင့်အရေးကို လက်မလွှတ်နိုင်ဘူး!"
ရှုယီမှာ လုမီ၏ ပခုံးထက်၌ လက်များတင်ကာ အလေးအနက်ဟန်ဖြင့် သူမမျက်လုံးများထဲ ကြည့်၍ ပြောလိုက်သည်၊ "လုမီ စိတ်အေးအေးထား။ ဒီသတင်း မှန် မမှန် ဆုံးဖြတ်ဖို့ မင်းကိုယ်တိုင်သွားဖို့မလိုဘူး တခြားနည်းလမ်းတွေ အများကြီးရှိတယ်။ ကျုပ် ဒါကိုစဉ်းစားပြီးသားမို့ ခင်ဗျားတို့ သွေးနှောတွေရဲ့ အမှတ်အသားတစ်ခုကို ထုတ်ပေးလိုက်လို့ရတယ်။ ကျုပ် အဲဒါကို ဖော့လ်ခ် တိုင်းပြည်ဆီ တစ်ယောက်ယောက်ကို ယူသွားခိုင်းပြီး အဲ့က သွေးနှောတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်မယ်။ ဒါသာမှန်ရင် အဲဒီသွေးနှောတွေလည်း မင်းကို ဆက်သွယ်ဖို့ ကြိုးစားကြမယ်လို့ထင်တယ်။ မဟုတ်ရင်တော့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး။ ကျုပ်ပြောတာကို နားလည်ရဲ့လား?"
လုမီမှာ ခဏတာ အတွေးထဲနစ်သွားပြီးနောက် တွန့်ဆုတ်စွာ ခေါင်းငြိမ့်သည်။
"ကောင်းပါပြီ ဒါပေမယ့် ဥက္ကဌ ကျွန်မတို့ မျိုးနွယ်ဝင်တွေအကြောင်း သတင်းတစ်ခုခုရှိရင် ချက်ချင်းပြောပါနော်။"
"ဒါက လွယ်ပါတယ်။" ရှုယီက အပြုံးဖြင့် သူမ၏ ပခုံးကိုပုတ်ကာ တံခါးကို ညွှန်ပြလိုက်သည်၊ "ဒါမတိုင်ခင် မင်းရဲ့ ပရိသတ်တွေဆီသွားပြီး ကိုင်တွယ်လိုက်ဦး။"
လုမီ၏ မျက်နှာက ရှုံ့တွသွားကာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခါးသက်သက်ဟန်ဖြင့် ထွက်သွားလိုက်၏။
တစ်ခဏကြာသည့်နောက် သင်္ဘောကျင်းအပြင်ဘက်မှ နားပင်းလောက်သော ဩဘာပေးသံများကြားလိုက်ရသည်။
ရှုယီမှာ ခါးသက်သက်အပြုံးဖြင့် ခေါင်းမခါဘဲ မနေနိုင်တော့ပေ။
၎င်းသာ ဆက်လက်ဖြစ်ပွားနေလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ဖျော်ဖြေရေးလုပ်ငန်းစုတစ်ခု ဖြစ်လာလိမ့်မည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၅။အကျိုးနည်းမှော်စက်တွေ
နိုဝင်ဘာလလယ် ရာသီဥတုမှာ စတက်တိန်းနယ်မြေ၌ နွေးထွေးဆဲဖြစ်ပြီး ရေကူးဝတ်စုံများနှင့် ရေကူးနေသူများရှိဆဲဖြစ်သော်လည်း လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်အကြား သေမင်းတောင်တန်းများတွင် ဆောင်းရာသီသို့ ဝင်ရောက်နေပြီဖြစ်သည်။
လွန်ခဲ့သည့် သုံးရက်အကြာက နှင်းများသိပ်သည်းစွာ ကျဆင်းပြီး သုံးရက်ဆက်တိုက် ဆက်ကျနေခဲ့သည်။ ဤမနက်ရောက်မှသာ နေက တိမ်ထူထူများနောက်မှ ထွက်ပြူလာပြီး ကြည်လင်သွားတော့သည်။
နေရောင်က မြေပြင်ကို ထိခတ်စဉ်တွင် စခ်တိုင်းပြည်ရှိ သေမင်းတောင်တန်းများ၏ မြောက်ဘက် နယ်စပ်မှ သုံးဆယ်ကီလိုမီတာအောက်ဝေးသော တက်ခ်လင်မြို့မှာ ၎င်း၏ စည်ကားသော အသွင်ကို ပြန်ဆောင်လာခဲ့သည်။
ယာဉ်တန်းများက မြောက်ဘက်ရှိ စခ်တိုင်းပြည်မှလာနေပြီး တချိန်တည်းမှာပင် လမ်ပူရီတိုင်းပြည်မှလာသော ယာဉ်တန်းများကလည်း တောင်ဘက် သေမင်းတောင်တန်းများထံ ရောက်လာသည်။
စခ်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည် လေသံများနှင့် လူများစွာမှာ ဤမြို့၌ စုစည်းကြရာ တမုဟုတ်ချင်း မြို့ကို သက်ဝင်စည်ကားစေလာသည်။
လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့ သဘောတူညီမှုပြုကာ တက်ခ်လင်မြို့တွင် နှစ်တိုင်းပြည်စလုံးအတွက် အခမဲ့ ကုန်သွယ်နယ်မြေသတ်မှတ်ခဲ့သည့် လွန်ခဲ့သော လေးလကတည်းက တက်ခ်လင်မြို့မှာ အင်မတန် သက်ဝင်လှုပ်ရှားခဲ့သည်။ ၎င်းက မြို့ငယ်လေးမှ ကြွယ်ဝသည့်မြို့တော်အဖြစ် ပြောင်းလဲသွားခဲ့၏။
မရေတွက်နိုင်သော စခ်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည် ကုန်သည်များမှာ ဤနေရာ၌ ကုန်သွယ်ရန် ၎င်းတို့၏ ကုန်စည်များကို ယူဆောင်လာပြီး ဤမြို့၏ ဖွံ့ဖြိုးမှုကို ဦးဆောင်ခဲ့သည်။
လေးလတာလေးအတွင်း ဤမြို့ငယ်လေးမှာ မိုးရွာပြီးနောက် မှိုပွင့်များထွက်လာသကဲ့သို့ စားသောက်ဆိုင် နှစ်ဆယ်ကျော်ရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြို့အနီး၌ နေထိုင်ကြသူများစွာမှာ အလုပ်အကိုင်များစွာ ရရှိမှုမှ ချမ်းသာလာဖို့ အခွင့်အရေးများရသွားကြသည်။
အနီးဝန်းကျင်ရွာများ၏ လယ်သမားများသည်ပင် ထိုစားသောက်ဆိုင်များထံ အသီးအရွက်များထောက်ပံ့ခြင်းမှ ဘဝများကို အလျင်အမြန်ပြောင်းလဲခဲ့ကြပါ၏။
ထို့ကြောင့် တက်ခ်လင်မြို့သူမြို့သားများဖြစ်စေ အနီးဝန်းကျင်ရွာများရှိ လယ်သမားများဖြစ်စေ ၎င်းတို့မှာ ထိုပူးပေါင်းမှုအတွက် နှစ်တိုင်းပြည်ကို အင်မတန် ကျေးဇူးတင်ရှိနေကြသည်။
အခမဲ့ကုန်သွယ်နယ်မြေကို ဤနေရာ၌ သတ်မှတ်ထားခြင်းကြောင့်သာ မဟုတ်လျှင် ၎င်းတို့အနေနှင့် မည်သို့များ ဤသို့ သက်တောင့်သက်သာရှိသော ဘဝများ၌ နေထိုင်နိုင်ပါမည်နည်း?
တက်ခ်လင်မြို့မှာ သေမင်းတောင်တန်းများအနီးတွင်ရှိသောကြောင့် ယခင်က စစ်ဘေးဒဏ်ကို အမြဲခံခဲ့ရသည်ဟု သိရသည်။ ၎င်းမှာ စခ်တိုင်းပြည် တစ်ခုလုံးတွင် အဆင်းရဲဆုံး မြို့များအနက် တစ်မြို့ဖြစ်ခဲ့ပါ၏။
သို့သော်လည်း လူများမှာ တက်ခ်လင်မြို့က ကြွယ်ဝလာသည်ကို မြင်ကြချိန်တွင် ဒေါသဖြစ်လာကြသည်။
သွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူး ချာလွန်လီနီယာမှာလည်း ၎င်းတို့ထဲမှ တစ်ဦးပင်။
သူ့အား ခေါင်းဆောင်အရာရှိ အိုင်ဗီဂျောင် က တက်ခ်လင်မြို့ထံ ဆွဲခေါ်လာချိန်တိုင်း သူဟာ အင်မတန် ဒေါသဖြစ်ပြီး ရှက်ရွံ့မိသည်။
သူ့အတွက် တက်ခ်လင်မြို့ ပိုမိုကြွယ်ဝလာလေ ပို၍ ရှက်ရွံ့လာလေဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော ဤအခမဲ့ ကုန်သွယ်နယ်မြေမှာ သူ၏ သောကနှင့် သိက္ခာကျဆင်းခြင်းကို ကိုယ်စားပြုထားသည့် မြို့ဖြစ်သည်။ ၎င်းက စခ်တိုင်းပြည်အနေနှင့် အနှီ အခမဲ့ကုန်သွယ်နယ်မြေကို လမ်ပူရီတိုင်းပြည်မှ လက်ခံရန် တွန်းအားပေးခံခဲ့ရသော အခြေအနေပါပင်။
၎င်းတို့ တွန်းအားပေးခံခဲ့ရသည်မှာ အင်မတန်ရိုးရှင်းလှသည်၊ အဘယ့်ကြောင့်ဆိုသော် စခ်တိုင်းပြည်အနေနှင့် စစ်မြေပြင်၌ လမ်ပူရီတိုင်းပြည်ကို အနိုင်မယူနိုင်ခဲ့ခြင်းကြောင့်ပင်။
သို့မဟုတ် အတိအကျဆိုရပါက ၎င်းမှာ သူဦးဆောင်ခဲ့သော သွေးဆာဝံပုလွေတပ်ရင်းမှာ လမ်ပူရီတိုင်းပြည်၏ မြောက်ဘက်စစ်တပ်ကို မတားဆီးနိုင်ခဲ့ခြင်းပင်။
သွေးဆာဝံပုလွေတပ်ရင်းကို မိမိ၏ ဘဝဟု သတ်မှတ်ထားသော ချာလွန်လီနီယာအတွက် ၎င်းမှာ အကြီးကျယ်ဆုံး အရှက်ရမှုပင်။
၎င်းမတိုင်ခင် နှစ်တစ်ရာအတွင်း စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်ကို တိုက်ခိုက်ချိန်တွင် အမြဲ အသာစီးရခဲ့သည်ယ သို့သော် သူ့အားသွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည့် နေ့များအတွင်း သွေးဆာဝံပုလွေတပ်ရင်းမှာ မြောက်ဘက်စစ်တပ်နှင့် ရင်ဆိုင်သည့် နှစ်အနည်းငယ်အတွင်း ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။
လွန်ခဲ့သည့် နှစ်နှင့် ဤနှစ်အစပိုင်းတွင် သွေးဆာ ဝံပုလွေတပ်ရင်းမှာ မြောက်ဘက်စစ်တပ်ကြောင့် လုံးဝပြိုကွဲသွားခဲ့ရပြီး ပြန်လည်တိုက်ခိုက်ရန် အစွမ်းအစပင် မရှိတော့ပေ။ ၎င်းတို့မှာ မြောက်ဘက်စစ်တပ်ကို စခ်တိုင်းပြည် ပိုင်နက်ထဲသို့ပင် ဝင်ရောက် ကျူးကျော်စေခဲ့သည်။ ၎င်းတို့မှာ တကယ်ကို သေမင်းတောင်တန်းများမှ ကီလိုမီတာ တစ်ရာအဝေးရှိ ပရိုမ်းစတားမြို့တော်ကို ခြိမ်းခြောက်ခဲ့ကြသည်။
သမိုင်းကြောင်း နှစ်ခြောက်ရာအတွင်း ၎င်းက ထိုသို့သော အခြေအနေဖြစ်ပွားခဲ့သည့် ပထမဆုံးသောအကြိမ်ပါပင်။
ထိုကိစ္စပြီးနောက် စခ်တိုင်းပြည်မှာ ထိတ်လန့်သွားခဲ့သည်။ သွေးဆာဝံပုလွေတပ်ရင်းမှာ လူတိုင်း ဆဲရေးခံရသည့် အရာဖြစ်လာကာ ၎င်းတို့ အလုံအလောက်မသန်မာသောကြောင့်ဟုသာ မှတ်ယူထားကြပါ၏။ တပ်မှူးအဖြစ်နှင့် သူဟာ တောင်းပန်ရန် သေကြောင်းကြံစည်သင့်သည်ဟုပင် ပြောခဲ့ကြသည်။
သို့သော်လည်း စခ်တိုင်းပြည်မှ မြောက်ဘက်စစ်တပ်ကို တိုက်ထုတ်ရန် အခြားတပ်ရင်းများ လွှတ်လိုက်ချိန်တွင် အားလုံး ချွင်းချက်မရှိ အနိုင်ယူခံခဲ့ရသည်။
ထို့ကြောင့် စခ်တိုင်းပြည်မှာ သွေးဆာဝံပုလွေတပ်ရင်းက ညံ့ဖျင်းခြင်းမဟုတ်ဘဲ မြောက်ဘက်စစ်တပ်က သန်မာလွန်းနေခြင်းဖြစ်ကြောင်း နားလည်သွားကြတော့သည်။
စခ်တိုင်းပြည်တစ်ခုလုံးမှာ ၎င်းကို စိုးရိမ်လာကြ၏။
လူတိုင်းက လမ်ပူရီတိုင်းပြည်သာ ၎င်းတို့၏ အားကောင်းသော စစ်တပ်အင်အားကို သုံးကာ စခ်တိုင်းပြည်ကို ကျူးကျော်လာလျှင် တားဆီးနိုင်ပါ့မည်လားဟု သောကဖြစ်နေကြတော့သည်။
အဆိုးဝါးဆုံးအခြေအနေ၌ လမ်ပူရီတိုင်းပြည်ဘက်မှ ညှိနှိုင်းရေးအတွက် အစပျိုးလာသည်က ကိစ္စကောင်းပင် ဖြစ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်းထဲသို့ တွန်းအားပေးသွပ်သွင်းခံရခြင်းမှာ အင်မတတ် ရှက်ဖွယ်ကောင်းလှသော်လည်း ၎င်းက စခ်တိုင်းပြည်အတွက် အင်မတန်ကောင်းမွန်သော သတင်းဖြစ်၏။
လမ်ပူရီတိုင်းပြည်က ဤတစ်ခေါက်တွင် လွန်လွန်ကျူးကျူးတောင်းဆိုလာခြင်းမရှိဘဲ နှစ်တိုင်းပြည်အကြား အခမဲ့ကုန်သွယ်နယ်မြေကို တောင်းဆိုလာသေးသည်။ ၎င်းတို့မှာ နှစ်တိုင်းပြည်စလုံးကို ပုံမှန်အတိုင်းကုန်သွယ်စေလိုပြီး စခ်တိုင်းပြည်အနေနှင့် သတ္တုတွင်းထွက်ရင်းမြစ်အချို့ကို ပေးလာရန်လည်း တောင်းဆိုခဲ့သည်။
ဤတောင်းဆိုမှုမှာ ၎င်းတို့အား တိုက်ရိုက်ရယူမည်မဟုတ်ဘဲ လမ်ပူရီတိုင်းပြည်ဘက်က ငွေသုံးကာ ဝယ်ယူမည်ဖြစ်၏။ ဈေးနှုန်းက မမြင့်မားသော်လည်း ပုံမှန်ကုန်သွယ်မှုဟု သတ်မှတ်နိုင်သေးသည်။
ထို့ကြောင့် စခ်တိုင်းပြည်မှာ လုံးဝတုံ့ဆိုင်းမနေဘဲ လမ်ပူရီတိုင်းပြည်ဘက်မှ တောင်းဆိုမှုများကိုသာ တိုက်ရိုက်လက်ခံခဲ့၏။
"တိုင်းပြည်လွှတ်တော်က အဲဒီ့ ငတုံးတွေက သူတို့ အုတ်ဂူကို သူတို့တူးနေတာပဲ!" လီနီယာမှာ တက်ခ်လင်မြို့ရှိ သက်ဝင်နေသော မြင်ကွင်းကို ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏၊ "အဲဒီ့ငတုံးတွေက လမ်ပူရီတိုင်းပြည်က အဲဒီ့ အသုံးမဝင်တဲ့ မှော်စက်တွေကိုသုံးပြီး ငါတို့တိုင်းပြည်ရဲ့ ကြွယ်ဝမှုနဲ့ ရင်းမြစ်တွေကို ယူချင်နေတာ မမြင်ကြဘူးလား?"
နံဘေးရှိ အိုင်ဗီဂျောင်က လီနီယာကိုကြည့်လိုက်ပြီးနောက် အသာပြုံးကာ ဆိုလေသည်၊ "လီနီယာ, မင်းအနေနဲ့ လမ်ပူရီတိုင်းပြည်ကို ဒေါသထွက်ပြီး မုန်းနေမှာကို သိပေမယ့် မှော်စက်တွေကို အသုံးမဝင်ဘူးလို့ပြောတာကတော့ မင်းကိုယ်မင်း လှည့်ဖျားနေတာပဲ။"
"မဟုတ်လို့လား?" လီနီယာမှာ အသံကို အနည်းငယ်မြှင့်လိုက်၏၊ "အဲဒီ့ အကျိုးနည်းမှော်စက်တွေကို စားလို့လည်း မရ သောက်လို့လည်းမရနဲ့ ဝယ်တော့ရော ဘာအသုံးဝင်လို့လဲ? ဟမ်?"
အိုင်ဗီဂျောင်လည်း ခေါင်းခါလိုက်၏။ လီနီယာ၏ လမ်ပူရီတိုင်းပြည်အပေါ် နက်နက်ရှိုင်းရှိုင်းမုန်းတီးမှုကြောင့် သူဟာ မှော်စက်များကို လွန်စွာ ဆန့်ကျင်နေသည်။
"ဟုတ်ပြီ မင်း အဲဒီ့ အိမ်သုံးမှော်စက်တွေကို အသုံးမဝင်ဘူးလို့ပြောရင်တောင် စစ်ဘက်သုံးမှော်စက်တွေကိုတော့ အသုံးမဝင်ဘူးလို့ ပြောလို့မရဘူးမို့လား? မမေ့နဲ့ဦး ငါတို့တွေကို တချိန်လုံး မြောက်ဘက်စစ်တပ်က လုံးဝအနိုင်ယူခဲ့တာ၊ ဒီအတွက် အကြောင်းအရင်းက အဲဒီ့ အကျိုးနည်း စစ်ဘက်သုံးမှော်စက်တွေကြောင့်ပဲလေ။"
လီနီယာ၏ အမူအရာက အေးခဲကာ တစ်အောင့်ကြာသည့်နောက် ဒေါသတကြီးဖြင့် နှင်းများဖုံးလွှမ်းနေသော မြေပြင်ပေါ် တံတွေးထွေးလိုက်သည်။
"ဖီ! အဲဒီ့ အကျိုးနည်း စစ်ဘက်သုံးမှော်စက်တွေကြောင့်သာ မဟုတ်ရင် ဘယ်လိုလုပ် မြောက်ဘက်စစ်တပ်က ကျုပ်တို့ကို အနိုင်ရမှာလဲ?"
"မြောက်ဘက်စစ်တပ်ရဲ့ အရည်အချင်းက ငါတို့ သွေးဆာဝံပုလွေတပ်ရင်းထက် ဆိုးတယ်လို့တော့ မထင်ပေမယ့်လည်း အဲဒီ့စစ်ဘက်သုံးမှော်စက်တွေကြောင့်သာ မဟုတ်ရင် သူတို့က ငါတို့ရဲ့ ပြိုင်ဘက်တောင်မဟုတ်ဘူး။" ဂျောင်က သက်ပြင်းချသည်၊ "ဒါပေမယ့် ပြဿနာက သူတို့တွေဆီမှာ အဲဒီ့အကျိုးနည်း စစ်ဘက်သုံးမှော်စက်တွေရှိနေတာပဲ။ ပြီးတော့ ပိုများလာပြီး ပိုပြီးတောင် စွမ်းအားကြီးလာသေးတယ်။ ငါတို့မှာတော့ ဘာမှကို မရှိဘူး။"
"ဒါတွေအကုန် သောက်ကျိုးနည်းမှော်ပညာဌာနကြောင့်ပဲ! သူတို့ လွန်ခဲ့တဲ့သုံးနှစ်က စွမ်းအားကြီး စစ်ဘက်သုံးမှော်စက်တွေ ထုတ်လုပ်မယ်ပြောခဲ့ပေမယ့် ဘယ်တုန်းက ဒီအထိ ထုတ်လုပ်ခဲ့လို့လဲ? မြောက်ဘက်စစ်တပ်ကတောင် မသုံးတော့တဲ့ မှော်အမြောက်တွေက လွှဲရင် ဒီသုံးနှစ်အတွင်း သူတို့ ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး!"
"ဒီကိစ္စတွေက ရှုပ်ထွေးလွန်းလို့ မှော်ပညာဌာနကိုတော့ အပြစ်တင်လို့မရဘူး။ သူတို့က အချိန်တိုအတွင်း မထုတ်လုပ်နိုင်ဘူးလေ။" ဂျောင်က သက်ပြင်းချ၍ပြောသည်။
"ဒါဆို Frestech ကုန်သည်ကြီးများအသင်းကကျ ဘယ်လိုလုပ် မကြာခဏဆိုသလို မှော်စက်အသစ်ထုတ်လုပ်နိုင်နေရတာလဲ? Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့တိုင်းပြည်က မှော်ပညာရှင်အားလုံးထက် ပိုအားကောင်းကြလို့လား?" လီနီယာက ပြန်မေးသည်။
ဂျောင်လည်း ၎င်းကို မည်သို့ ပြန်ဖြေရမည်မှန်း မသိတော့ပေ။ ခဏမျှ ကြာသည့်နောက် ခါးသက်သက်ပြုံး၍ ဆိုလာသည်၊ "Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက ပါရမီရှင်ဖြစ်နေတာကြောင့် နေမှာပေါ့။"
လီနီယာမှာ နှစ်ကြိမ်ခန့်ဆဲရေးလိုက်ပြီးနောက် ရုတ်တရတ် တစ်စုံတရာကို စဉ်းစားမိကာ မေးမြန်းရန် အသံကို နှိမ့်လိုက်သည်၊ "ဒါကိုပြောရင်းနဲ့ စစ်ဌာနချုပ် အရင်ကပြောတာ အောင်မြင်ရဲ့လား? ဘာလို့ တိကျတဲ့ သတင်းမပေးရသေးတာလဲ?"
ဂျောင်လည်း ဘေးဘီကိုကြည့်ပြီးနောက် အသံနှိမ့်လိုက်သည်၊ "ငါအရင်က ရခဲ့တဲ့သတင်းအရဆို စစ်ဌာနချုပ်က လွှတ်လိုက်တဲ့ လူတွေအကုန် သူ့ရဲ့ ယုံကြည်မှုရနေကြပြီတဲ့။ မကြာခင် တန်ဖိုးရှိတဲ့ သတင်းတချို့ ရလာမယ်လို့ ယုံကြည်နေကြတယ်။"
"ကောင်းတယ်။" လီနီယာက ခေါင်းငြိမ့်သည်၊ "ကျုပ်တို့သာ လမ်ပူရီတိုင်းပြည်လို တူညီတဲ့ မှော်စက်တွေရနိုင်ရင် ကျုပ်သေချာပေါက် အဲ့မြောက်ဘက်စစ်တပ်က ကောင်တွေကို ကောင်းကောင်းအနိုင်ယူပြမယ်။"
"အင်း" ဂျောင်မှာ ခေါင်းတစ်ချက် ငြိမ့်လိုက်ပြီးနောက် ရှေ့သို့ ညွှန်ပြလာသည်၊ "ဒါပေမယ့် ဒီမတိုင်ခင် ငါတို့ ဘာဝယ်သင့်လဲ ကြည့်ရအောင်။ ငါတို့မိသားစုက Frestech တံဆိပ် မှော်လေပေးစက် ဝယ်လာပေးစေချင်နေတာ၊ ငါ့ကလေးကတော့ Frestech တံဆိပ် စက်ဘီးတဲ့လေ။ မင်းရော?"
လီနီယာမှာ သူ့ရှေ့ရှိ လေပြေအေးအေးတွင် ယမ်းခါနေသော တောင်ပံတစ်ဝက်အလံကို ကြည့်လိုက်ရာ မျက်နှာထက် ရွံရှာနေဟန်ပေါ်လာပြီး အေးစက်စက်နှာမှုတ်လိုက်သည်၊ "ကျုပ် သွားသောက်တော့မယ် ခင်ဗျားဝယ်လို့ပြီးမှ လာရှာလိုက်။"
လီနီယာက သူ၏ လက်အောက်ငယ်သားများစွာကို အသစ်ဖွင့်ထားသည့် စားသောက်ဆိုင်ဆီ ခေါ်သွားသည်အားကြည့်ရင်း ဂျောင်လည်း ပြုံးလိုက်မိ၏။ သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားကျော်ကြားသည့် လမ်ပူရီတိုင်းပြည်မှော်စက်လုပ်ငန်းစုများ၏ ဆိုင်များထံ ဦးတည်လိုက်သည်။
ဆိုင်ထဲဝင်လာချိန်တွင် လူများပြည့်နေသည်ကို တွေ့ရ၏။
ဝေ့ဝဲကြည့်လိုက်သော် ဂျောင်မှာ အသိများစွာကိုပင် သတိထားမိလိုက်သည်။
၎င်းတို့မှာ ဂျောင်နှင့်ထပ်တူ မိသားစုဝင်များက သုံးရလွယ်သည့် အိမ်သုံးမှော်စက်များကို အသုံးပြုဖို့ ဝယ်ခိုင်းလိုက်သည်မှာ သိသာသည်။
တိုင်းပြည်နှစ်တိုင်းပြည်မှ အခမဲ့ကုန်သွယ်နယ်မြေဖွင့်လိုက်ကတည်းက လမ်ပူရီတိုင်းပြည်၏ အိမ်သုံးမှော်စက်မျိုးစုံမှာ စခ်တိုင်းပြည်ထံ ဝင်ရောက်လာကြသည်။ ယခုတွင် စခ်တိုင်းပြည်ရှိ လူတိုင်းနီးပါးမှာ ၎င်းအိမ်သုံးမှော်စက်များ ယူဆောင်လာသည့် အဆင်ပြေမှုကို နားလည်နေပြီဖြစ်သည်။
လအနည်းငယ်အတွင်း အိမ်သုံးမှော်စက်များမှာ စခ်တိုင်းပြည်၌ မငြိမ်သက်မှုများစွာကို ဖန်တီးခဲ့သည်။
ယခု မိသားစုတစ်ခုထံ၌ အိမ်သုံးမှော်စက်တစ်ခုပင်မရှိလျှင် အိမ်နီးချင်းများက လှောင်ရယ်ကြလိမ့်မည်။
ရှေ့တန်းမှ စစ်သည်ဖြစ်ခဲ့သည့် ဂျောင်သည်ပင် သူ့မိသားစု၏ တောင်းဆိုမှုကြောင့် ထိုအိမ်သုံးမှော်စက်များကို ဝယ်ယူရန် တွန်းအားပေးခံခဲ့ရသည်။
တကယ်တမ်း ဂျောင်က လီနီယာကဲ့သို့ အနှီအိမ်သုံးမှော်စက်များကို မမုန်းတီးပေ။ ထိုအစား သူဟာ ဤပစ္စည်းများက အင်မတန်သုံးရလွယ်၍ အဆင်ပြေလှသည်ဟု စဉ်းစားမိသည်။
သို့သော် ကိုယ်တိုင်လာရန် အချိန်မရခဲ့ပေ။ ယခုတွင် အားလပ်ချိန်အနည်းငယ်ရ၍ အိမ်ကိုပို့ရန် များစွာဝယ်ယူဖို့ ဆုံးဖြတ်ထား၏။
ဆိုင်ကို ပတ်လျှောက်နေပြီးနောက် ဂျောင်မှာ စဉ်းစားခြင်းပင် မပြုဘဲ Frestech တံဆိပ် အိမ်သုံးမှော်စက်များကို ရွေးချယ်ကာ သူလိုချင်သည့် ဈေးနှုန်းကိုရွေးလိုက်၏။
လမ်ပူရီတိုင်းပြည် ကြော်ငြာများ၌ဖြစ်စေ လူများအကြား အတင်းအဖျင်းများမှဖြစ်စေ Frestech တံဆိပ် အိမ်သုံးမှော်စက်များမှာ ညီမျှခြင်းပင် မရှိဘဲ အကောင်းဆုံးဖြစ်သည်။
သွေးဆာဝံပုလွေတပ်ရင်း၏ ခေါင်းဆောင်အရာရှိ အနေနှင့် ဂျောင်ထံတွင် အကောင်းဆုံးကို ဝယ်ယူရန် ငွေကြေးများရှိပါ၏။
မည်သည်ကို ဝယ်ယူလိုကြောင်း ဆုံးဖြတ်ပြီးနောက် ဂျောင်မှာ ဆိုင်ရှိ ကောင်တာလေးတစ်ခုထံ ပေါ့ပေါ့ပါးပါးသွားလိုက်သည်။
ဤကောင်တာမှာ ဒရိတ်ခ်နယ်မြေမှလာသော ထုတ်ကုန်များကိုရောင်းချပြီး ဧည့်သည်များလက်ခံရန်တာဝန်ရှိသူကလည်း ဒရိတ်ခ်နယ်မြေမှဖြစ်သည်။
ဂျောင်မှာ ထိုကောင်တာကို ခဏမျှ ကြည့်လိုက်ပြီးနောက် သာမန်ကာလျှံကာ မေးလိုက်သည်၊ "နွေကုန်လွန်သွားတာနှမျောစရာပဲ မှော်ပန်ကာဝယ်ဖို့ အခွင့်အရေးကို လွဲချော်သွားပြီ။"
တာဝန်ရှိသူက မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် တစ်ချက်ပြုံးပြလာသည်၊ "ဒီက ဖောက်သည် နွေကကုန်သွားပေမယ့် မှော်ပန်ကာ ကြိုဝယ်တာကလည်း ရွေးချယ်မှုကောင်းပါပဲ။"
ဂျောင်မှာ ဘေးဘီကိုကြည့်လိုက်ကာ ထိုတာဝန်ရှိသူနှင့် အကြည့်ချင်းဆုံလိုက်သည့်နောက် နှစ်ဦးစလုံးမှာ နားလည်ဟန် ပြုံးလိုက်ကြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၆။ နှစ်စဉ် အလုပ်မှတ်တမ်း
ဆောင်းရာသီရောက်ရှိမှုက စတက်တိန်းနယ်မြေရှိ ရာသီဥတုကို မထိခိုက်စေသော်လည်း နီးကပ်လာသည့် နှစ်ဆုံးကမူ လူများကို အတန်ငယ်သက်ရောက်မှုရှိသည်။
ဥပမာ စတက်တိန်းနယ်မြေအပြင်ဘက်မှ နှစ်သစ်ကူးအားလပ်ရပ်မတိုင်ခင်တစ်နှစ်က လာခဲ့သော အလုပ်သမားများမှာ အိမ်သို့ ပြန်ကာ ဆင်နွှဲဖို့ စတင်ပြင်ဆင်နေကြသည်။
လွန်ခဲ့သည့် ၂နှစ်အကြာက အလုပ်သမားများအားလုံး ဖာဆန်ပို့ဆောင်ရေးကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးလိုင်းများကို စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာန၌ စီးနင်းရန် ရွေးချယ်ပြီးအိမ်ပြန်ခဲ့ကြ၏။
ယာဉ်များက အကန့်အသတ်ရှိပြီး ယာဉ်ကြောပိတ်ဆို့မှုများသောကြောင့် လူများစွာမှာ မထွက်ခွာခင် ရက်များစွာ စောင့်ဆိုင်းရသည်။ နေရာစုံသို့ ပို့ဆောင်ရေးမှော်ကားများစီးကာ တိုက်ရိုက်ထွက်သွားသူများပို၍ပင်များသေးသည်။
သို့သော်လည်း ဒီဇင်ဘာရောက်လာချိန်တွင် လုပ်ငန်းစုထံမှ သတင်းကောင်းတစ်ခု ထွက်လာပါ၏။
ဥက္ကဌမှာ အလုပ်သမားတစ်ဦးစီကို အိမ်သို့ ပို၍ လွယ်ကူစွာ ပြန်ခွင့်ပေးရန် ဖာဆန် ပို့ဆောင်ရေးကုန်သည်ကြီးများအသင်းနှင့် အထူးသဘောတူညီမှုတစ်ခုလုပ်ခဲ့သည်။ ဒီဇင်ဘာလလယ်မှစတင်ကာ စတက်တိန်းနယ်မြေမှာ နေရာစုံသို့ ပြေးဆွဲကာ အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်းအလုပ်သမားများကို အိမ်ပြန်ပို့ရန် သုံးမည့် အထူးလူထုပို့ဆောင်ရေးမှော်ကားများရှိလာမည်ဖြစ်၏။
ထို့အပြင် ၎င်းအား အလုပ်သမားတို့အတွက် အကျိုးအမြတ်ဟု သတ်မှတ်နိုင်သည်။ ထိုအဓိပ္ပာယ်မှာ အလုပ်သမားများသာ လူထုပို့ဆောင်ရေးယူပါလျှင် အခကြေးငွေပေးစရာမလိုအပ်ဘဲ လုပ်ငန်းစုကသာ ပေးမည်ဖြစ်သည်။
ထိုသတင်းပြန့်သွားချိန်၌ Frestech ကုန်သည်ကြီးများအသင်း အလုပ်သမားများအားလုံး ပျော်ရွှင်နေကြတော့သည်။
အလုပ်သမားများစွာက ၎င်းကို တိတ်တဆိတ်ဆွေးနွေးကြ၏။ အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်၍ အင်မတန် ဝမ်းသာကာ သပိတ်မှောက်ခြင်းဖြင့် ပြဿနာဖြစ်စေခဲ့ပြီး နောက်ဆုံး၌ တစ်ပြိုင်တည်း အထုတ်ခံခဲ့ရသော အလုပ်သမား တစ်သောင်းရှစ်ထောင်ကို ရယ်မောနေကြသည်။
"ဟားဟား ဒီငတုံးကောင်တွေကတော့။ Frestech ကုန်သည်ကြီးများအသင်းက အများကြီးပိုသန်မာတာမို့ သူတို့ ပြဿနာဖြစ်တော့မယ်လို့ ပြောခဲ့သားပဲ။ သူတို့ကို အခုကြည့်လိုက် ဥက္ကဌကို ဒေါသထွက်အောင်လုပ်လို့ မောင်းထုတ်ခံလိုက်ရတာကို ဘယ်လိုလုပ် ဒီအကျိုးအမြတ်တွေ ခံစားနိုင်မှာလဲ?"
ထိုအလုပ်သမားများမှာ သူတပါးဒုက္ခရောက်ခြင်းကို မွေ့လျော်နေလျှင်ပင် ကိစ္စမရှိ၊ အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း ရုတ်တရတ် ကြေငြာလိုက်သည့် အကျိုးအမြတ်များကို အင်မတန် စိတ်တိုင်းကျပေသည်။
၎င်းကြောင့် အလုပ်သမားများမှာ ဤအတောအတွင်း အင်မတန် စိတ်အားထက်သန်ကာ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံအားလုံးရှိ ထုတ်လုပ်နိုင်စွမ်းလည်းတိုးတက်လာပြီး အချိန်မီ မှာယူမှုများစွာကို ပြီးစီးခဲ့သည်။
"ဟား ဥက္ကဌ ကျွန်တော်တို့ ဒါကို တွက်ကြည့်ရင် အမြတ်အစွန်းက ၁၃.၇% တိုးသွားပြီး ရွှေဒင်္ဂါး ခုနစ်သိန်းရှစ်သောင်းကျော် အမြတ်ကို ပေးခဲ့တယ်။ ကျွန်တော်တို့လုပ်ခဲ့တာက ဒီအကျိုးအမြတ်အတွက် ရွှေဒင်္ဂါးလေးသောင်းအောက် သုံးခဲ့ရုံပဲကို ဒီလောက်တောင် ရခဲ့တာပဲ။" ဘဏ္ဍာရေးမန်နေဂျာ ဆာဘက်စ်မှာ သူ၏လက်ထဲရှိ ဘဏ္ဍာရေးအစီရင်ခံစာကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
"ဒါပေမယ့် ဒါက ဒီတလောမှာပါပဲ။ အလုပ်သမားတွေ ပုံမှန်ပြန်ဖြစ်သွားတာနဲ့ သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းလည်း ပုံမှန်ပြန်ဖြစ်သွားမှာ။" အိမ်သုံးမှော်စက်ဌာနမန်နေဂျာ အန်းခေါ့ထ်က ဆိုသည်။
အဓိက ထိုင်ခုံ၌ ထိုင်နေသည့် ရှုယီက လက်ယမ်းလိုက်သည်၊ "ငါတို့ ဒီအကျိုးအမြတ်တွေပေးတာက ငွေရဖို့ မဟုတ်ဘဲ ငါတို့ရဲ့ အလုပ်သမားတွေကို ပိုကောင်းလာစေချင်လို့ပဲ။ ဒီတော့ ငွေပိုဝင်တာက ကောင်းတဲ့အရာဖြစ်သလို ဘာမှမရလည်း ပုံမှန်ပါပဲ။ ဒါနဲ့စာရင် အလုပ်သမားတွေကို ပိုပြီး စိတ်အားထက်သန်လာပြီး ပုံမှန်ထုတ်လုပ်နိုင်စွမ်းတိုးလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို လေ့လာသင့်တယ်။"
"ဒါက.... အရမ်းလက်တွေ့မကျဘူး။" ဟိန့်ဇ်မှာ ရှုယီ၏ ညာဘက်မှာထိုင်နေရင်း ခေါင်းခါသည်၊ "အလုပ်သမားတွေရဲ့ စိတ်အားထက်သန်မှုက ရက်နည်းနည်းပဲခံတော့ အချိနိအကြာကြီး ထိန်းထားဖို့ မဖြစ်နိုင်ဘူး။"
အခန်းထဲရှိ အခြားသော အဆင့်မြင့် အဖွဲ့ဝင်များလည်း ဟိန့်ဇ်အပြောက မှန်ကန်သည်ဟု ခံစားမိသဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။
ရှုယီလည်း အသာပြုံးသည်၊ "အချက်အလက်တွေက အလုပ်သမားတွေအနေနဲ့ အလုပ်ပိုကြိုးစားဖို့ အလားအလာရှိကြောင်း ပြနေပေမယ့်လည်း နည်းလမ်းကိုတော့ ရှာမတွေ့သေးဘူး။ အလုပ်သမားတွေရဲ့ စိတ်အားထက်သန်မှုကို ဘယ်လို တိုးအောင်လုပ်သင့်ပြီး လုပ်ဆောင်နိုင်စွမ်းကို ဘယ်လိုမြှင့်တင်ပေးရမယ်ဆိုတဲ့ အကြံတွေကို စက်ရုံ စီမံခန့်ခွဲတဲ့ ခင်ဗျားတို့လိုလူတွေက စဉ်းစားဖို့ လိုအပ်တယ်။"
အားလုံးက နေရခက်ဟန် ပေါ်လာသော်လည်း မငြင်းဆန်ဘဲ မျက်မှောင်ကုပ်၍ စဉ်းစားနေကြသည်။
"ကောင်းပါပြီ ဒါကို ခဏနေကျရင် စဉ်းစားကြမယ်။ နောက်ခေါင်းစဉ်အကြောင်း ပြောကြတာပေါ့။" ရှုယီက လက်ခုပ်တစ်ချက်တီးက လူတိုင်း၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ ထို့နောက် ခမ်နက်ဒ်ကို လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြသည်၊ "ခမ်နက်ဒ်, မင်း အရင်ဆုံး ဒီနှစ် လုပ်ငန်းစုရဲ့ အလုပ်ကို အစီရင်ခံပေးရမယ်။"
ခမ်နက်ဒ်လည်း သဘောတူကာ ထရပ်လိုက်သည်။ သူက ပြင်ဆင်ထားပြီးသား အစီရင်ခံစာများကို ယူကာ မျက်နှာထက်တွင် လေးနက်ဟန်ဖြင့် ဖြည်းဖြည်းချင်းပြောသည်။
စီအီးအို ခမ်နက်ဒ်၏ အစီရင်ခံမှုအရ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထိတ်လန့်ဖွယ်တိုးတက်မှူအဆင့်ကို ထိန်းသိမ်းထားသည်အား မြင်နိုင်သည်။
တစ်နှစ်တာလေးအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ တိုင်းပြည်ငါးခုနှင့် စတင်ပူးပေါင်းကာ ထိုတိုင်းပြည်ငါးခုတွင် အိမ်သုံးမှော်စက် စက်ရုံ ဆယ့်ခုနစ်ခု ရင်းနှီးမြှုပ်နှံခဲ့၏။
စတက်တိန်းနယ်မြေအပြင် ဤနှစ်၌ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည် ဒရိတ်ခ်နယ်မြေတို့နှင့်အတူ ရင်းနှီးမြှုပ်နှံထားသည့် အိမ်သုံးမှော်စက် စက်ရုံ ခြောက်ဆယ့်ငါးရုံနှင့် လွန်ခဲ့သည့် ၂နှစ်က တည်ဆောက်ခဲ့သည့် စက်ရုံများကို ပေါင်းထည့်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းထံ၌ ကိုယ်ပိုင်နှင့် ပူးတွဲပိုင်ဆိုင်သော အိမ်သုံးမှော်စက် စက်ရုံ တစ်ရာနှင့် ငါးဆယ့်လေးရုံရှိပြီဖြစ်သည်။
ထိုစက်ရုံများမှာ တစ်နှစ်ပတ်လည်လုံး လည်ပတ်နေရပြီး ထုတ်လုပ်ခဲ့သမျှ အိမ်သုံးမှော်စက်များအားလုံးကို ရောင်းချရသည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အမြတ်အစွန်းများစွာ ထုတ်ပေးရုံသာမက တိုင်းပြည်ပေါင်းစုံအတွက်လည်း အကျိုးအမြတ်ကြီးများ ယူဆောင်လာပေးသည်။
ထိုတိုင်းပြည်များအတွက် အရေးကြီးဆုံးအရာမှာ ၎င်းတို့ Frestech ကုန်သည်ကြီးများအသင်းနှင့် အတူတည်ဆောက်ခဲ့သည့် စက်ရုံများတွင် အလုပ်သမားအများစုမှာ ဒေသတွင်း အလုပ်သမားများဖြစ်ကြသည်။ ၎င်းက ထိုတိုင်းပြည်များအတွက် အလုပ်သမားပြဿနာကို ဖြေရှင်းပေးပါ၏။
ထိုစက်ရုံများ၏ တည်ရှိမှုကြောင့် အနီးဝန်းကျင်ဧရိယာများ၏ စီးပွားရေးကို ဦးဆောင်ကာ လူနေမှုအဆင့်အတန်းကို ပိုကောင်းလာစေသည်။
လိုရင်းပြောရသော် Frestech ကုန်သည်ကြီးများအသင်းထံ၌ ထိုလုပ်ငန်းစုများနှင့် ဝမ်းမြောက်ဖွယ်ပူးပေါင်းမှုရှိသည်။ တိုင်းပြည်တစ်တိုင်းပြည်စီမှာ Frestech ကုန်သည်ကြီးများအသင်းကို ပိုမိုရင်းနှီးမြှုပ်နှံစေလိုပြီး ပူးပါင်းမှုကို ခိုင်မာစေချင်ကြသည်။
၎င်းကိုပြောရင်း ခမ်နက်ဒ်က ခေတ္တရပ်တန့်၍ ရှုယီထံ ကြည့်လာပြီးနောက် ဆက်ပြောသည်၊ "ဥက္ကဌ အိမ်သုံးမှော်စက်တွေထက်ပိုပြီး ပူးပေါင်းချင်ကြတဲ့ တိုင်းပြည်အတော်များများရှိတယ်။ ဥပမာပြောရရင် လမ်ပူရီတိုင်းပြည်က အမြဲတမ်း ကျွန်တော်တို့နဲ့အတူ စစ်ဘက်သုံး မှော်စက်,စက်ရုံတစ်ခု တည်ထောင်ချင်နေတာ။ ရူဒ်ဆန်တိုင်းပြည်ကလည်း ထုတ်လုပ်ရေးမှော်စက်တွေကို အရမ်းစိတ်ဝင်စားနေတယ်။ တခြားတိုင်းပြည်ငယ်လေးတွေကလည်း မှော်စက်အမျိုးမျိုးနဲ့ မှော်ကားတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတာ။"
ရှုယီမှာ တွေးဆဆဖြင့် သူ၏ လက်ချောင်းနှင့် စားပွဲပေါ် အကြိမ်ရေအနည်းငယ်ခန့် ခေါက်နေပြီးနောက် ပြောလာသည်၊ "အမည်အရ ငါက ကြေငြာချက်ထုတ်ဖို့ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုတယ်။ ဒီတော့ ငါတို့လုပ်ငန်းစုအနေနဲ့ တခြားလူတွေကို ထုတ်လုပ်ရေးမှော်စက်နဲ့ တခြားမှော်စက်တွေအတွက် ပူးပေါင်းရေးဆွေးနွေးဖို့ ကြိုဆိုမှာပါ။"
ခမ်နက်ဒ်နှင့် တခြားလူများမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် ခေါင်းငြိမ့်လာကြသည်။
ရှုယီထံ၌ ထိုအတွေးရှိနေပြီးသားဖြစ်သဖြင့် ဤအခွင့်အရေးကိုယူကာ ဤအစီစဉ်ကို ချလာသည်မှာ ၎င်းတို့ အံ့ဩသွားမည့်အရာမဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ကြေငြာပြီးနောက် တိုင်းပြည်ပေါင်းစုံမှ ကုန်သည်များ မရေတွက်နိုင်အောင် ဤနေရာသို့ ရောက်လာကြမည်ကိုပင် စိတ်ကူးကြည့်နိုင်သည်။
လူများစွာမှာအခြားမှော်စက်မျိုးစုံကို သွားရည်ယိုသွားရည်ယိုနေခဲ့ရာ ယခု ရှုယီက သဘောတူလိုက်သဖြင့် ၎င်းတို့လည်း သေချာပေါ်က ဤအခွင့်အရေးကို ဖမ်းဆုပ်ကြလိမ့်မည်။
"စစ်ဘက်သုံးမှော်စက်တွေကျတော့ရော?" ခမ်နက်ဒ်က မေး၏။
"အချိန်မကျသေးတော့ ဒီအကြောင်းပြောဖို့ မလိုသေးဘူး။" ရှုယီက သာမန်ကာလျှံကာသာ ပြောလာသည်။
"အင်း" ခမ်နက်ဒ်လည်း ခေါင်းငြိမ့်၍ ထိုကိစ္စနောက် မလိုက်တော့ဘဲ အစီရင်ဆက်ခံလိုက်သည်။
၎င်းတို့၏ တိုင်းပြည်ပေါင်းစုံနှင့် ပူးပေါင်းရေးအကြောင်းပြောပြီးသည့်နောက် Frestech ကုန်သည်ကြီးများအသင်း၏ အခြေအနေအကြောင်း ပြောရန် အချိန်ရောက်လာသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ အိမ်သုံးမှော်စက် စက်ရုံများကို အခြားတိုင်းပြည်အမျိုးမျိုးထံ ပြောင်းရွှေ့ခဲ့သဖြင့် ၎င်းတို့၏ အဓိက အခြေစိုက်ဌာနထံတွင် ၎င်းတို့၏ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများသာ ကျန်ခဲ့သည်။
၎င်းအပြင် အခြေစိုက်ဌာန၏ အဓိကထုတ်လုပ်ရေးက ထုတ်လုပ်ရေးမှော်စက်များနှင့် စစ်ဘက်သုံးမှော်စက်များအပေါ် ဦးစားပေးထားသည်။
အရေးအကြီးဆုံးအရာမှာ မှော်စက်အသစ်များထုတ်လုပ်ခြင်းပင်။
ခမ်နက်ဒ်က ထိုအချက်ကို ပြောပြီးချိန်တွင် မှော်သုတေသနဌာန၏ ခေါင်းဆောင် အီဗီတာနှင့် မှော်စက်ဖွံ့ဖြိုးရေးဌာန၏ မန်နေဂျာ ကမ်ဘီတို့ အစီအရင်ခံရမည့်အလှည့်ရောက်လာသည်။
ထိုနှစ်ဦး၏ တင်ပြချက်များက အင်မတန်ရိုးစင်းလှကာဤနှစ် Frestech ကုန်သည်ကြီးများအသင်း လုပ်ဆောင်ခဲ့သည့် တိုးတက်မှုများကို မိတ်ဆက်ရုံသာဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ကနှင့် ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်းထံ၌ ထိုမျှ တိုးတက်မှုများများစားစားမရှိဘဲ ထုတ်ကုန်အသစ်များပြောစဉ်တွင် မှော် IFVများကိုသာ အပြီးသတ်ရသေး၏။
အခြားစီမံကိန်းမျိုးစုံကိုလည်း ၎င်းတို့၏ ယခင် စီမံကိန်းများတိုးတက်ရာတွင် အသားပေးထားသည်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မှော်စက်အသစ်များပင် ထုတ်လုပ်နိုင်ပါ့မလားဟု မေးခွန်းထုတ်နေကြသူများစွာလည်း ရှိနေပြီဖြစ်သည်။
ရှုယီမှာ ထိုသံသယများကို နှာသာမှုတ်မိ၏။
"ထုတ်ကုန်သစ်ထုတ်လုပ်တာနည်းလာတာဟာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်သုတေသနတွေက အဆင့်သစ်တစ်ခုကို တက်လှမ်းသွားပြီး မှော်စက်တွေက အခုဆို ပိုရှုပ်ထွေးလာတဲ့ အဓိပ္ပာယ်ပဲ။ ပုံမှန်အားဖြင့် ကျုပ်တို့အတွက် ထုတ်ကုန်သစ်ကို ထုတ်လုပ်ဖို့ ပိုတောင်ခက်ခဲလိမ့်မယ်။ ဒီလို သင်္ဘောကြီးတစ်စင်းအတွက် တစ်နှစ်တည်း ဒါမှမဟုတ် လနည်းနည်းနဲ့ တည်ဆောက်ရင်တောင် ဆိပ်ကမ်းကိုခွာတာနဲ့ မြုပ်သွားမှာပဲ!"
အစည်းအဝေးခန်းမထဲရှိ လူတိုင်း ပြုံးလိုက်ကြသည်။
ဧရာမ ပို့ဆောင်ရေးမှော်သင်္ဘောကြီးသုံးစင်း ပေါ်ထွက်လာမှုကြောင့် ၎င်းက သင်္ဘောများအပေါ် လူတို့၏ အမြင်များကို ဖြိုဖျက်နေရုံတင်မဟုတ်ပေ။ အနှီ Frestech ကုန်သည်ကြီးများအသင်းအတွင်းလူများအတွက်တောင် ဧရာမမှော်သင်္ဘောကြီးသုံးစင်း အပြီးသတ်သွားသည်ကို မြင်ချိန်၌ အနည်းငယ် မယုံနိုင်သလို ခံစားမိခဲ့ကြ၏။
ထိုသို့သော သင်္ဘောကြီးကို၎င်းတို့အနေနှင့် ယခင်က အိပ်မက်ပင် မမက်ဖူးခဲ့ပေ။
သို့သော် ထိုသင်္ဘောသုံးစင်းမှာ စတက်တိန်းနယ်မြေမှ ရူဒ်ဆန်တိုင်းပြည်၏ နီရှီမြို့သို့ သွားကြသည်။ ၎င်းတို့ ကီလိုမီတာ ငါးထောင်အကွာကို သွားခဲ့သည်မှာ တစ်လနီးပါးကုန်ပြီဖြစ်သဖြင့် လူတိုင်းကို အံ့အားသင့်သွားစေ၏။
အနှီပို့ဆောင်ရေး မှော်သင်္ဘောကြီးများ၏ ပေါ်ထွက်လာမှုကြောင့် ၎င်းတို့မှာ စိုင်စ်နယ်မြေကြီးရှိ ရေကြောင်းပို့ဆောင်ရေး အဓိပ္ပာယ်ကိုပင် ဖြိုဖျက်ခဲ့သည်။
ထိုသို့သော အံ့မခန်းစွမ်းဆောင်ရည်များရှိသည့် အရာများအတွက် မည်သို့များ သာမန်ကာလျှ၌ကာလေး တိုးတက်နိုင်မည်နည်း?
"ဥက္ကဌ တကယ်တော့ ဥက္ကဌသာ ကျုပ်တို့ကို နှစ်တိုင်း ဒီမှော်စက်အသစ်တွေ အများကြီး ထုတ်ဖို့ တောင်းဆိုလာရင် မလုပ်နိုင်တာတော့ မဟုတ်ကြပါဘူး။" ကမ်ဘီက မလိုလားသည့် အသံဖြင့်ဆို၏။
ရှုယီက ရယ်မော၏၊ "ကျုပ်တို့ရဲ့ အဓိကစီမံကိန်းတိုးတက်မှုကို မနှောင့်နှေးစေချင်ရင် ခင်ဗျားတို့ အားလပ်ချိန်မှာ အသေးစားလေးတွေကို တိုးတက်အောင်လုပ်လို့ရတယ်။ ပုံမှန်အရဆို ကျုပ်တို့ရဲ့ အဓိက စီမံကိန်းတွေကို နှောင့်နှေးစေရင် ခင်ဗျားကို ပြဿနာရှာလို့ဆိုပြီး အပြစ်မတင်ပါနဲ့။"
ကမ်ဘီက ခေါင်းကုတ်လိုက်သည်၊ "ဒါဆို နှစ်တစ်နှစ်စီရဲ့ အဓိက စီမံကိန်းကို ဥက္ကဌဆုံးဖြတ်ချက်ချလိုက်ဖို့ လိုအပ်ရုံပဲလေ။"
"ဒါကို ကျုပ်လည်း ပြောတော့မလိုပဲ။ ဒီနှစ်ရဲ့ အဓိကသုတေသနစီမံကိန်းဘယ်လိုဖြစ်မယ်ဆိုတာ ကျုပ်ဆုံးဖြတ်ပြီးပြီ။"
အီဗီတာနှင့် ကမ်ဘီတို့မှာ ချက်ချင်း ရှုယီကို အာရုံစိုက်လာကြတော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၇။ ကုန်ကျစရိတ်တိုးခြင်း
"နောက်နှစ်ထဲမှာ မှော်သင်္ဘောအပြင် ကျုပ်တို့ရဲ့ အဓိက စီမံကိန်းက မှော်လေသင်္ဘောပဲ။"
ရှုယီ အသံထွက်လာပြီးနောက် လူတိုင်း၏ မျက်လုံးများက အီဗီတာထံ ကျရောက်သွားကြသည်။
လူတိုင်းမှာ အီဗီတာက မှော်လေသင်္ဘော ထုတ်လုပ်ရေးအတွက် တာဝန်ရှိကြောင်း သိလေသည်။
အီဗီတာလည်း ခေါင်းငြိမ့်လိုက်၏၊ "ဥက္ကဌ ကျွန်မ အကောင်းဆုံး လုပ်ပါ့မယ်။"
"အကောင်းဆုံးလုပ်တာတင်မကဘဲ ကျုပ်အနေနဲ့ သီးသန့် တောင်းဆိုမှုတစ်ခု လုပ်ချင်သေးတယ်။" ရှုယီက အလေးအနက်ပြောလိုက်သည်၊ "အီဗီတာ ကျုပ်ကို ပြော မှော်လေသင်္ဘောရဲ့ တိုးတက်မှုက ဘယ်လိုဖြစ်သွားပြီလဲ?"
အီဗီတာမှာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေလာလေသည်၊ "အချက်အလက်တွေအရတော့ မှော်လေသင်္ဘောရဲ့ တင်ဆောင်နိုင်မယ့် အလေးချိန်အပြည့်က လက်ရှိမှာ ဆယ့်ခုနစ်တန်ရှိပြီး အကြီးမားဆုံး တင်ဆောင်နိုင်စွမ်းက သုံးဆယ့်ခြောက် ကုဗမီတာရှိပါတယ်။ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ခုနစ်ဆယ် ကီလိုမီတာကို ရောက်နိုင်ပြီး ဆက်တိုက် အရှည်ဆုံးသွားနိုင်တဲ့ ခရီးက ကိုးရာ့နဲ့ သုံးဆယ်ကျော်ကီလိုမီတာပါ။"
အီဗီတာ၏ တင်ပြမှုကို ကြားသော် ကျန်သူများမှာ ချီးကျူးဟန် သက်ပြင်များ ချလိုက်ကြသည်။
၎င်းတို့အနေနှင့် မှော်လေသင်္ဘောအကြောင်း များများစားစားမသိကြပါလျှင်တောင် အီဗီတာ တင်ပြခဲ့သည့် အချက်အလက်များအရ မှော်လေသင်္ဘောမှာ အင်မတန်ကောင်းမွန်သည့် အနေအထားသို့ ရောက်နေပြီပင်။
အရေးအကြီးဆုံးအရာမှာ မှော်လေသင်္ဘောက ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းနိုင်နေသည်။ ၎င်းနှင့်တင် မှော်ကားများ မှော်သင်္ဘောများထက် များစွာပိုကောင်းနေပြီဖြစ်၏။
ဥက္ကဌအနေနှင့် မှော်လေသင်္ဘောများကို အလေးပေးသည်မှာ ၎င်းကြောင့်ဖြစ်သည်က ရှင်းလင်းပါ၏။
"အင်း ဒါကို ကောင်းတယ်လို့ သတ်မှတ်လို့ရပါသေးတယ်။" ရှုယီက ခေါင်းငြိမ့်လိုက်သော်လည်း စိတ်တိုင်းကျပုံမရပေ၊ "ဒါပေမယ့် ဒါက ကျုပ်ရဲ့လိုအပ်ချက်ကို မရောက်သေးဘူး။ အီဗီတာ ကျုပ်အနေနဲ့ ကီလိုမီတာ တစ်ထောင့်ငါးရာ ဆက်တိုက်ပျံသန်းနိုင်ပြီး တစ်နာရီ တစ်ရာကီလိုမီတာ ရောက်တာကိုခိုချင်တယ် ဒါကို လုပ်နိုင်မလား?"
"တစ်နာရီကို တစ်ရာကီလိုမီတာ?" လူတိုင်း အံ့အားသင့်သွားကြလေသည်။
အသစ်ထုတ်လုပ်ထားသည့် မီးစွမ်းအားမှော်အင်ဂျင်သုံး မှော်ဆလွန်းသည်ပင် အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ရှစ်ဆယ်သာ ရောက်နိုင်သည်။
ဥက္ကဌက မှော်လေသင်္ဘောကို တစ်နာရီ တစ်ရာကီလိုမီတာကျော် ရောက်စေချင်နေတယ်ဆိုတော့ ဒီလိုအပ်ချက်က အရမ်းမြင့်မနေဘူးလား?
အီဗီတာက ၎င်းကိုစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချဟန် ခေါင်းငြိမ့်သည်။
"ပြဿနာ မရှိပါဘူး။"
"ကောင်းတယ်" ရှုယီမှာ ၎င်းကို စိတ်တိုင်းကျပါ၏။ သူဟာ ပြုံးရင်း အီဗီတာကို ထိုင်ခိုင်းလိုက်ပြီးနောက် ကမ်ဘီဘက်လှည့်လိုက်သည်၊ "အီဗီတာကတော့ ယုံကြည်ချက်ရှိတယ် ခင်ဗျားကရော ကမ်ဘီ?"
ကမ်ဘီလည်း သွားဖြီးပြကာ၊ "မှော်သုတေသနဌာနက မူကြမ်းဖန်တီးနိုင်သရွေ့ ကျုပ်တို့ မှော်စက်ဖွံ့ဖြိုးရေးဌာနက ဘာပြဿနာမှာ မရှိပါဘူး။"
ရှုယီက ပြုံးလိုက်ပြီးနောက် ခမ်နက်ဒ်ကို ဆက်ပြောခိုင်းသည်။
ဤနေရာရှိလူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အထက်ပိုင်း စီမံခန့်ခွဲရေးဖြစ်သော်လည်း လုပ်ငန်းစု၏ အရာအားလုံးကိုတော့ မသိကြပါချေ။ ခမ်နက်ဒ်၏ အစီအရင်ခံချက်ကိုနားထောင်ရင်းဖြင့် လုပ်ငန်းစုကို ခန့်မှန်းချေနီးပါး နားလည်သွားကြသည်။
၎င်းတို့မှာ ယခင်က မသိသော်လည်း သိသွားကြသည်နှင့် အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းက သတိပင်မမူလိုက်မိပါဘဲ ထိုမျှ ကြီးမားသည့် လုပ်ငန်းစုဖြစ်လာသည်ကို အံ့ဩစွာ သိလိုက်ကြရသည်။ ၎င်းတို့မှာ စတက်တိန်းနယ်မြေကို ထိန်းချုပ်ထားရုံသာမက လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့ ကဲ့သို့သော တိုင်းပြည်များကို များစွာ သက်ရောက်နိုင်သည်။
ထိုသည်မှာ လမ်ပူရီတိုင်းပြည် ပထမတန်းလုပ်ငန်းစုတစ်ခုအတွက်ပင် လုပ်ဆောင်ရန် ခက်ခဲမည့် အရာဖြစ်သည်။
သို့သော်လည်း ၎င်းတို့၏ အံ့အားသင့်မှုက အစသာရှိသေးသည်။ ခမ်နက်ဒ်မှာ နောက်ဆုံးတွင် ဆာဘက်စ်အား နှစ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာကို ပြခိုင်းလိုက်ချိန်၌ အားလုံး၏ အံ့အားသင့်မှုက တုန်လှုပ်မှုအဖြစ်ပြောင်းလဲသွားသည်။
ဆာဘက်စ် လုပ်ဆောင်ထားသည့် ဘဏ္ဍာရေးအစီရင်ခံစာ၌ Frestech ကုန်သည်ကြီးများအသင်းမှာ အိမ်သုံးမှော်စက်များတစ်ခုတည်းမှ စုစုပေါင်း အမြတ်ငွေ ရွှေဒင်္ဂါးဆယ်သန်းကျော် ရထားသည်။
သက်ဆိုင်ရာ မှော်စက်များအပိုင်းတွင် ဆောက်လုပ်ရေးမှော်စက်များနှင့် မှော်ကားများ၏ အမြတ်အစွန်းက ရွှေဒင်္ဂါး ခြောက်သန်းကျော်သည်။
ထို့နောက် ထုတ်လုပ်ရေးမှော်စက်များက Frestech ကုန်သည်ကြီးများအသင်းထံ အမြတ်အစွန်း ရွှေဒင်္ဂါး တစ်သန်းရှစ်သိနိးပတ်လည် ယူဆောင်လာပေးသည်။
၎င်းအပြင် စက်ဘီး၊ ဘိလပ်မြေ၊ မြေဩဇာနှင့် အခြားထုတ်ကုန်တို့မှာ ရွှေဒင်္ဂါးတစ်သန်းကျော် အမြတ်အစွန်းကို ထုတ်ပေးခဲ့သည်။
ဤနှစ်၌ တည်ထောင်ခဲ့သော သံမဏိစက်ရုံ ငါးရုံထံမှ အမြတ်အစွန်း ရွှေဒင်္ဂါးလေးသန်းကိုပါ ထည့်ပေါင်းလိုက်သော် ဤနှစ်တစ်နှစ်တည်းနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အသားတင်အမြတ်ငွေမှာ ရွှေဒင်္ဂါးနှစ်ဆယ့်သုံးသန်းကျော်အထိရှိပေသည်!
ထိုအရေအတွက်က ယခင်က မည်သူမှ မကြားခဲ့ဖူးသော အရေအတွက်ပင်။
ယခင်နှစ်၏ နှစ်ဆုံးအစီရင်ခံစဉ်က Frestech ကုန်သည်ကြီးများအသင်း၏ အသားတင် အမြတ်ငွေမှာဆယ်သန်းကျော်ရုံသာ ရှိခဲ့သည်။
တစ်နှစ်တည်းနှင့် နှစ်ဆကျော်ပင် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ကြပါချေ!
ဤသို့သော တိုးတက်မှုနှုန်းမှာ မယုံနိုင်စရာပင်!
"ဥက္ကဌ .... ကျွန်တော်တို့....လမ်ပူရီတိုင်းပြည်မှာဆို ကျွန်တော်တို့ကို အထက်တန်းစားလုပ်ငန်းစုတစ်ခုအဖြစ်သတ်မှတ်လို့ရနိုင်ပြီလား?" အခန်းက တိတ်ဆိတ်သွားပြီးနောက် အန်းခေါ့ထ်မှာ တံတွေးခက်ခက်ခဲခဲမြိုချကာ ပြောလာသည်။
"အဓိပ္ပာယ်မရှိတာ!" ဟိန့်ဇ်မှာ ဆူငေါက်လိုက်ပြီးနောက် ဂုဏ်ယူဟန်ဖြင့် ပြောလာသည်၊ "လမ်ပူရီတိုင်းပြည်မှာ အကြီးမားဆုံးလုပ်ငန်းစုဖြစ်တဲ့ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းတောင် တစ်နှစ်ကို ရွှေဒင်္ဂါးဆယ်သန်းရနိုင်ရင် တော်ကာကျနေဦးမယ်။ ငါတို့လုပ်ငန်းစုက လမ်ပူရီတိုင်းပြည်မှာဆို ငွေအများဆုံးဝင်တဲ့ လုပ်ငန်းစုဆိုတာ အသေအချာပဲလို့ ငါပြောရဲတယ်!"
၎င်းတို့မျက်နှာထက်ရှိ စိတ်လှုပ်ရှားဟန်များကိုကြည့်ရင်း ရှုယီမှာ အပြုံးဖြင့် ခေါင်းခါလိုက်သည်။
"အားလုံးပဲ အပျော်မစောကြပါနဲ့ဦး။ တကယ်တော့ ကျုပ်တို့ လုပ်ငန်းစု အနေနဲ့ အခု ငွေအတော်လေးဝင်နေပေမယ့်လည်း အဲဒီလုပ်ငန်းစုဟောင်းကြီးတွေနဲ့ ယှဉ်ချင်ရင် အရမ်းကို လိုအပ်နေသေးတယ်။ ဘာပဲပြောပြော ကျုပ်တို့တွေ တည်ထောင်လာတာ အချိန်တိုသေးတော့ လုံလောက်တဲ့ နောက်ခံလည်းမရှိဘူး။"
"ဥက္ကဌ ဥက္ကဌက ဘယ်နယ်ပယ်ကို ရည်ညွှန်းနေတာများလဲ?" ကမ်ဘီက သံသယအပြည့်ဖြင့်မေးလာ၏။
"နယ်ပယ်များစွာပေါ့။" ရှုယီက အပြုံးဖြင့်ဖြေသည်၊ "ကျုပ်တို့သာ အဲဒီ လုပ်ငန်းစုဟောင်းကြီးတွေကို အမှီလိုက်ချင်တယ်ဆိုရင် ဒါမှမဟုတ် အစီစဉ်ကိုပါ လိုက်နာပြီး ကန်ဒရာအင်ပါယာထဲ ဝင်ချင်တယ်ဆိုရင် နယ်မြေကြီးပေါ်က ပထမတန်းလုပ်ငန်းစုတွေကို အရင်ယှဉ်ပြိုင်ပြီး နယ်ပယ်အတော်များများကို အားဖြည့်ဖို့လိုတယ်။ ငွေဘယ်လောက်ဝင်တယ်ဆိုတာကိုပဲ မကြည့်နဲ့၊ ငွေလည်း အများကြီးသုံးဖို့ လိုအပ်တာမို့လို့။"
ထိုသို့ပြောရင်း ရှုယီမှာ လက်ခုပ်တစ်ချက်တီး၍ ဆာဘက်စ်ကို ပြန်ထိုင်ခိုင်းလိုက်ပြီးနောက် အသံကျယ်ဖြင့် ဆက်ပြောလာသည်၊ "ကျုပ်တို့ အခု လုပ်ငန်းစုရဲ့ ကောင်းတဲ့ အပိုင်းတွေအကြောင်း ပြောပြီးပြီဆိုတော့ အခု ဆိုးတဲ့အပိုင်းတွေအကြောင်း ပြောဖို့ လိုပြီ။ အားလုံး ပေါ့ပေါ့ပါးပါးပြောလို့ရပါတယ်၊ လုပ်ငန်းစုရဲ့ ဘယ်အပိုင်းတွေကို အဆင့်မြှင့်ဖို့ လိုနေသေးလဲ။ မယဉ်ကျေးနေဘဲ ပေါ့ပေါ့ပါးပါးပြောပါ။"
အားလုံး တစ်ဦးကိုတစ်ဦး ဒီတိုင်းကြည့်လိုက်မိကြသည်။
အနည်းငယ်တိတ်ဆိတ်နေပြီးနောက် အီဗီတာက ပထမဆုံး လက်ထောင်လာပါ၏။
"အင်း အီဗီတာ ခင်ဗျား အရင်ပြောလို့ရတယ်။"
အီဗီတာက ခေါင်းငြိမ့်လိုက်ပြီးနောက် အလေးအနက်ဟန်ဖြင့် ပြောသည်၊ "ဥက္ကဌ ကျွန်မတို့ လုပ်ငန်းစုအနေနဲ့ မှော်သုတေသနဌာနကို မှော်ပညာရှင်တွေ ဆက်ပြီးစုဆောင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အဆင့်မြင့်မှော်ပညာရှင်တွေကို ပိုစုဆောင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ဘာလို့လဲဆိုတော့ အတိုင်းအတာကြီးမှော်စက်တွေအတွက် စွမ်းအားလိုအပ်မှုက တိုးနေတာကြောင့်ပါ။ အဆင့်နိမ့် မှော်အစီအရင်တွေကလည်း အလုပ်မဖြစ်တော့လို့ ဒီစီမံကိန်းတွေမှာ ထောက်ပံ့မယ့် အဆင့်မြင့် အစီအရင်တွေအတွက် အဆင့်မြင့်မှော်ပညာရှင်တွေကို လိုအပ်ပါတယ်။"
"ကောင်းတယ် ဒါက အရမ်းကောင်းတယ် အကြံပြုချက်ပဲ။ ဖြစ်နိုင်ရင် ကျုပ်လည်း မှော်သုတေသနဌာနအတွက် မဟာမှော်ပညာရှင်တချို့ စုဆောင်းချင်နေတာ။ ဖြစ်နိုင်ရင် ကျုပ် ခေါင်းဆောင်မှော်ပညာရှင်တချို့ကိုတောင် ရှာချင်သေးတယ်။"
လူတိုင်းက တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြန်၏။
ဥက္ကဌက စိတ်ကူးယဉ်နေတာလား?
မဟာမှော်ပညာရှင်များမှာ တိုင်းပြည်ပေါင်းများစွာ၌ မြင့်မားသည့်နေရာ၌ ရှိရာ အဘယ့်ကြောင့် ၎င်းတို့လုပ်ငန်းစုထဲ ဝင်လာပါမည်နည်း?
ခေါင်းဆောင်မှော်ပညာရှင်ဆိုလျှင်? ၎င်းတို့မှာ ကန်ဒရာနှင့် မားလို အင်ပါယာတို့၏ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များဖြစ်ရာ မည်သို့များ Frestech ကုန်သည်ကြီးများအသင်း အတွက် သုတေသနပညာရှင်များဖြစ်လာကာ အလုပ်လုပ်ပေးမည်နည်း?
Frestech ကုန်သည်ကြီးများအသင်းထံ၌ ကမ်မီလာကဲ့သို့ ခေါင်းဆောင်မှော်ပညာရှင်နှင့် တယ်လုချီ, Junaနှင့် သွေးနှော လုမီတို့ကဲ့သို့ မဟာမှော်ပညာရှင်သုံးဦး ရှိနေနိုင်သည်ကပင် နယ်မြေကြီး၌ အံ့ဩဖွယ်ဟုသတ်မှတ်နိုင်သည်။ ရှုယီ ပို၍ လိုချင်နေဆဲဖြစ်သည်က အရူးတစ်ယောက်၏ အိပ်မက်ပင်။
သို့သော် စဉ်းစားကြည့်လိုက်လျှင် ရှုယီသည်ပင် နယ်မြေကြီး၏ လုပ်ငန်းစုများ၌ ရှားရှားပါးပါးမြင်ရသော မဟာမှော်ပညာရှင်ဖြစ်သဖြင့် ထိုအတွေးက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
အီဗီတာမှာ ရှုယီကို အင်မတန်ယုံကြည်သဖြင့် ရှုယီ၏ အဖြေကြောင့် လက်ခံသည့်နှယ် ပြုံးကာ ခေါင်းငြိမ့်ပြလေသည်။
အီဗီတာစတင်လိုက်ခြင်းကြောင့် အခြားလူများလည်း ၎င်းတို့၏ ပူပန်မှုများကို ပယ်ရှားကာ ရှုယီဘက်လှည့်လိုက်ကြ၏။
သို့သော် အီဗီတာ၏ အဆင့်မြင့်မှော်ပညာရှင်များအတွက် တောင်းဆိုမှုနှင့်ယှဉ်လျှင် အခြားလူတို့၏ တောင်းဆိုချက်များက ပို၍ ရိုးရှင်းသည်။
လိုရင်းပြောရသော် ၎င်းတို့ လိုချင်သည့် တစ်ခုတည်းသော အရာမှာ ငွေဖြစ်သည်။
ထို့ကြောင့် ထိုလူများ၏ တောင်းဆိုချက်အားလုံးကို တွက်ချက်ပြီးနောက် ဘဏ္ဍာရေးမန်နေဂျာ ဆာဘက်စ်မှာ ကိန်းဂဏန်းတစ်ခုရသွားခဲ့သည်။
"ဥက္ကဌ ဒီပြဿနာအားလုံးကို ဖြေရှင်းဖို့ဆို လုပ်ငန်းစုက နောက်နှစ်မှာ အနည်းဆုံး ရွှေဒင်္ဂါးငါးသန်း ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။"
လူတိုင်း တုန်လှုပ်သွားကြသည်။
၎င်းတို့သာ မတွက်ချက်ခဲ့လျှင် မသိသော်လည်း တွက်ပြီးသည်နှင့် ၎င်းတို့၏ တောင်းဆိုမှုများက ထိုမျှ ငွေကုန်ကျကြောင်း သိလိုက်ရသည်။
ရှုယီလည်း လုံးဝမအံ့ဩမိချေ။ သူက အီဗီတာနှင့် ကမ်ဘီတို့ကိုသာ အပြုံးနှင့် ညွှန်ပြ၍ ပြောလာသည်၊ "မှော်သုတေသနဌာနနဲ့ မှော်စက်ဖွံ့ဖြိုးရေးဌာနရဲ့ အသုံးစရိတ်ကို သုံးဆယ်ရာခိုင်နှုန်းတိုးပေးလိုက်။ လုပ်ငန်းစုက နောက် ၂နှစ်အတွင်းမှာ ပိုမြင့်တဲ့ ထုတ်လုပ်ရေးတောင်းဆိုချက်တွေ ရှိလာမှာဆိုတော့ နည်းပညာသုတေသနကို တိုးမြှင့်ဖို့လိုတယ်။"
မည်သူကမှ ၎င်းကို မကန့်ကွက်ကြချေ။
ရှုယီမှာ သုတေသနအတွက် အမြဲတင်းကြပ်သဖြင့် ၎င်းကို ရင်းနှီးမြှုပ်နှံရန် ဘယ်တုန်းမှ မနှမျောပေ။
မှော်သုတေသနဌာနနှင့် မှော်စက်ဖွံ့ဖြိုးရေးဌာနတို့မှာ အင်မတန်ထူးကဲသော ဌာနများဖြစ်ကြပြီး ၎င်းတို့၏ အဆင့်အတန်းက အခြားဌာနများထက်ပိုမြင့်သည်။
သို့သော်လည်း မည်သူကမှ ၎င်းတို့ရရှိသည့် အရာများနှင့် ရှုယီက ၎င်းတို့ကို မည်မျှ အလေးထားသည့်အကြောင်းအား အငြင်းမပွားကြချေ။ လူတိုင်းရပ်တန့်သွားပြီးနောက်တွင် ရှုယီမှာ ရုတ်တရတ် စားပွဲ၏ အစွန်းဘက်ကို ညွှန်ပြလိုက်သည်။
"ဒါ့အပြင် ကျုပ်တို့ လုပ်ငန်းစုအစောင့်တွေရဲ့ အသုံးစရိတ်ကို ငါးဆမြှင့်ရမယ်။"
"ဟမ်?"
ဤအစည်းအဝေး၌ တစ်ခွန်းတပါဒမှ မပြောခဲ့သည့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ခေါင်းဆောင် Hart အပါအဝင် အားလုံးမှာ မျက်လုံးများပြူးကျယ်ကာ မယုံကြည်နိုင်ဟန်များရှိနေကြသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ ကုန်ကျစရိတ်ကို များသည်ဟု သတ်မှတ်နိုင်ပြီးသားပင်။ ဆာဘက်စ် အစောပိုင်းက လုပ်ပေးခဲ့သော ဘဏ္ဍာရေးအစီအရင်ခံစာအရ အစောင့်များ၏ နောက်နှစ်အတွက် ကုန်ကျစရိတ်မှာ ရွှေဒင်္ဂါးသုံးသိန်းရှိနေပြီဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်များထံပေးထားသည့်၎င်းကုန်ကျငွေမှာ ပူးပေါင်းထားသော မည်သည့် အခြားလုပ်ငန်းစုထက်မဆို ကျော်လွန်နေသည်။
သို့သော် ယခုရှုယီက ငါးဆတိုးလိုကြောင်းပြောလာရာ ၎င်းက ရွှေဒင်္ဂါး တစ်သန်းခွဲဖြစ်၏!
ဘုရားရေ! Frestech ကုန်သည်ကြီးများအသင်းရဲ့ ဒီနှစ်အသားတင်အမြတ်ငွေက ရွှေဒင်္ဂါးသန်း ၂၀ကျော်နေတာကပင် အဆင်ပြေလှနေပြီဖြစ်သော်လည်း အစောင့်များအပေါ် တစ်သန်းခွဲရင်းနှီးမြှုပ်နှံသည်မှာ ရူဒ်ဆန်တိုင်းပြည် သို့မဟုတ် လမ်ပူရီတိုင်းပြည်၏ စစ်တပ်များ၏ စစ်ဘက်အသုံးစရိတ်နှင့်ယှဉ်လျှင် နည်းပါးနေခြင်းမရှိပါပေ။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၈။ ကျွန်း'ဖွံ့ဖြိုးရေး
မိုးကြိုးလျှပ်စီးကျွန်း၏ သဲသောင်ကမ်းခြေရှိ ရဂ်ဆာမှာ တောင်ဘက်ပင်လယ်များ၌သာ ရနိုင်သော ခပ်နွေးနွေးနေရောင်ကို ခံစားနရင်း မြောက်ဘက်ရှိ ပင်လယ်ထံ ငေးမောကြည့်လိုက်သည်။
ရေက သဲသောင်ကို လှိုင်းများဖြင့် လာရောက်ရိုက်ခတ်ချက်ရှိကာ သူ၏ ခြေထောက်ပေါ်သို့ ထိခတ်သွားသော်လည်း သူ့အနေနှင့် အေးသည်ဟု မခံစားရပါချေ။
ပင်လယ်လှိုင်းများ ပြန်ဆုတ်သွားချိန်တွင် သဲသောင်ထက်၌ အဖြူရောင် အမြှုပ်များသာ ကျန်ရှိနေပြီး ၎င်းက ဘီယာပုလင်းထဲရှိ အမြှုပ်များနှင့် ဆင်တူသည်။
ရဂ်ဆာမှာ သူ၏ နှုတ်ခမ်းကို သပ်လိုက်ရင်း အိမ်၌ သောက်ခဲ့သော အရသာရှိသည့် ဘီယာကို သတိရသွားသည်။
ထိုဘီယာကို ယခင်တစ်ခေါက် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုမှ ဝယ်ယူကာ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများထံ ပေးခဲ့သော ကုန်စည်များအကြား ရောနှောထားခဲ့သည်။ သူဟာ ၎င်းတို့အားလုံးကို မည်သည့် ယဉ်ကျေးမှုမှ မပြဘဲ မိမိအတွက် အကုန်ယူသွားခဲ့၏။
သို့သော်လည်း သေရည်က မည်မျှကောင်းသည်ဖြစ်စေ နောက်ဆုံး၌ ကုန်သွားသည်ပင်။
သူသာ ကောင်းမွန်သည့် သေရည်ကို ထပ်မံသောက်လိုလျှင် မိုးကြိုးလျှပ်စီးကျွန်း၌ ထိုသို့လုပ်ရန်က မဖြစ်နိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ ကမ်းခြေသို့သွား၍ နီရှီမြို့ထံမှ ဝယ်ယူရန်ဖြစ်သည်။
သို့သော် သူရထားသည့် သတင်းအရ ရူဒ်ဆန်တိုင်းပြည်မှာ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများကို ဖမ်းဝရမ်းထုတ်ထားပြီး မိုးကြိုးလျှပ်စီးပင်လယ်ဓားပြကပ္ပတိန်ဖြစ်သော သူ၏ ပုံတင်ကို ဖြန့်ဝေထားသည်ဟုပင်။ သူ ကမ်းခြေသို့ သွားလိုက်သည်နှင့် အဖမ်းဆီးခံရပြီး ကွပ်မျက်ခံရမည့် ကံကြမ္မာနှင့် ရင်ဆိုင်ရလိမ့်မည်။
ထို့ကြောင့် ရဂ်ဆာမှာ မိုးကြိုးလျှပ်စီးကျွန်း၌သာ နေနိုင်ပြီး အဝေးရှိ ပင်လယ်ပြင်ကို ငေးမောကာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစု ဆိုက်ရောက်လာဖို့ကိုသာ စောင့်ဆိုင်းနေရသည်။
ယခင်တစ်ခေါက်က နာဗီလ်အမည်ရှိ Frestech ကုန်သည်ကြီးများအသင်းသင်္ဘောစု၏ ကပ္ပတိန်က မထွက်ခွာခင်တွင် မျှော်လင့်မထားသည့် တစ်စုံတရာမဖြစ်လာပါက Frestech ကုန်သည်ကြီးများအသင်းသင်္ဘောစုဖြင့် ပုံမှန် လာရောက်မည်ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ဖွံ့ဖြိုးရေးအစီစဉ်၌ မိုးကြိုးလျှပ်စီးကျွန်းကိုပါ ထည့်သွင်းထားနိုင်၏။
ရဂ်ဆာမှာ ၎င်းတို့၏ သင်္ဘောစုက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မြင်ခဲ့ရပြီး သူ၏ အဆက်အသွယ်များမှတဆင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို မေးခဲ့သဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များရှိ ထိပ်တန်းလုပ်ငန်းစုများအနက် တစ်ခုဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူဟာ ၎င်းတို့ကို အင်မတန်ယုံကြည်ချက်ရှိကာ မျှော်လင့်နေတော့၏။
သို့သော် နာဗီလ်ထွက်သွားခဲ့သည်မှာ လေးလကြာပြီဖြစ်ပြီး မည်သည့်သတင်းမှလည်း မရသေးချေ။
ရဂ်ဆာမှာ နေ့စဉ်နေ့တိုင်းစောင့်ဆိုင်းရင်း စိတ်ပျက်အားငယ်မှုတို့ ပြည့်လာရသည်။
"သောက်ကျိုးနည်း ငါအဲဒီ့ နာဗီလ်ဆိုတဲ့ လူဆီမှာ ကစားခံလိုက်ရတာများလား?" ထိုသို့စဉ်းစားရင်း ရဂ်ဆာမှာ သဲသောင်ပေါ် တံတွေးထွေး၍ အသံခပ်တိုးတိုးဖြင့် ဆဲရေးလိုက်သည်။
"ကပ္ပတိန် ဘယ်သူ့ဆီကနေ ကစားခံလိုက်ရတာလဲ?" သူ၏ နောက်ဘက် သဲသောင်ပေါ်တွင် ခြေလှမ်းသံများထွက်လာသည်။ ရဂ်ဆာ နံဘေးရောက်လာသူမှာ မိုးကြိုးလျှပ်စီး ပင်လယ်ဓားပြတို့၏ ဒုကပ္ပတိန် ဒရွမ်ဖြစ်၏။
"အဲဒါ Frestech ကုန်သည်ကြီးများအသင်းက ကောင်တွေပဲ မဟုတ်လား?" ရဂ်ဆာမှာ ဆဲရေးလိုက်သည်၊ "သူတို့က ငါတို့ မိုးကြိုးလျှပ်စီးကျွန်းကို တိုးတက်အောင်လုပ်ပေးချင်တယ်လို့ သေချာပေါက် ပြောခဲ့ပေမယ့် အခုထိတောင် ပြန်မလာကြသေးဘူး။ သူတို့ ငါ့ကိုကစားနေတာပဲ မဟုတ်ဘူးလား?"
ဒရွမ်မှာ ရဂ်ဆာကို တအံ့တဩကြည့်လိုက်မိသည်။
"ကပ္ပတိန် ကျွန်တော်က ခင်ဗျား ဘာမှ မပြောတော့ တစ်ခုခုစဉ်းစားနေတာ ထင်နေတာ၊ ဒါပေမယ့် သူတို့ပြန်လာမှာကို စောင့်နေတာပဲ။" ဒရွမ်က ခေါင်းခါသည်၊ "ကပ္ပတိန် ခင်ဗျားက ဝါရင့်ပင်လယ်ဓားပြလေ၊ အဲဒီ့ကုန်သည်တွေရဲ့ အပြောကို မယုံကြည်သင့်ဘူးဆိုတာ မသိဘူးလား? အဲဒီ နာဗီလ်က ကြားကောင်းအောင် ပြောခဲ့ပေမယ့် အဆုံးကျတော့ ကျွန်တော်တို့ကို လှည့်ဖျားသွားတာပဲ။ ကျွန်တော်သာဆိုရင် ကျွန်တော်တို့က ပင်လယ်ဓားပြတွေပဲဆိုတော့ များများစားစားမစဉ်းစားဘဲ ကိုယ့်မူပိုင်လုပ်ငန်းကိုပဲ ဆက်လုပ်ဖြစ်မှာ။"
ရဂ်ဆာက သက်ပြင်းချသည်၊ "ဒါကို သိတာပေါ့၊ ဒါပေမယ့် ပင်လယ်ဓားပြဖြစ်တာက ကောင်းတဲ့ အရာမဟုတ်ဘူး။ လူတိုင်းကို ငွေအတွက် အလုပ်ရဖို့ အခွင့်အရေးပေးလာရင် ဆုပ်ကိုင်ထားချင်မှာပဲလေ။"
ဒရွမ်မှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ဆိုလာ၏၊ "ကပ္ပတိန် ခင်ဗျားက ကျွန်တော်တို့အတွက် စဉ်းစားပေးနေမှန်းသိပေမယ့် ဒီတစ်ခေါက် အတွေးလွန်နေပါပြီ။"
ရဂ်ဆာမှာ အဝေးရှိ ပင်လယ်ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ခါးသက်သက်အပြုံးဖြင့် ခေါင်းခါလေသည်၊ "တကယ်ကိုပဲ အတွေးများနေတာပဲ။"
သူက ထိုသို့ပြောပြီးနောက် သူ၏ တင်ပါးကို ပုတ်ကာ ထရပ်လိုက်ပြီး ကျွန်းဆီ ပြန်လှည့်သွားတော့သည်။
ဒရွမ်က ရုတ်တရတ် အံ့အားသင့်သွားကာ၊ "ကပ္ပတိန် ဘာလုပ်မလို့လဲ?"
"အဓိပ္ပာယ်မရှိလိုက်တာ ဒါပေါ့ ငါတို့တွေ ပင်လယ်ဆီသွားပြီး ငါတို့ အလုပ် ငါတို့လုပ်ဖို့ ပြင်ဆင်ကြတော့မှာ...."
သူ့စကားပင် မဆုံးသေးခင် ရဂ်ဆာမှာ လှည့်လာရင်း မှင်သက်သွားသည်။ သူဟာ ဒရွမ်၏ နောက်ဘက်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြောင်ကြည့်နေပါ၏။
ဒရွမ်လည်း ရုတ်တရတ် အသိဝင်ကာ နောက်သို့လှည့်၍ ပင်လယ်ပြင်ကိုကြည့်လိုက်သော် အနက်ရောင်အစက်များစွာ အမြန်အဆန် နီးကပ်လာသည်ကိုတွေ့ရလေသည်။
သိပ်မကြာလိုက်ပါဘဲ ထိုအနက်ရောင်အစက်များက ပင်လယ်ပြင်ထက်မှ သင်္ဘောများစွာအဖြစ်ပြောင်းလဲသွား၏။
၎င်းတို့က ဝေးကွာနေဆဲဖြစ်သော်လည်း သင်္ဘောများ၏ အပြင်လိုင်းများမှ ၎င်းတို့ဟာ ယခင်တစ်ခေါက်တွင် မိုးကြိုးလျှပ်စီးကျွန်းသို့ လာခဲ့ကြသော ဧရာမသင်္ဘောကြီးသုံးစင်းနှင့် တူညီသည်ဟု ပြောနိုင်ပါ၏။
၎င်းတို့မှာ ယခင်တစ်ခေါက်က သုံးစင်းရှိခဲ့သော်လည်း ယခုတွင် ခုနစ်စင်းဖြစ်နေပြီဖြစ်သည်။
ထိုသင်္ဘောကြီး ခုနစ်စင်းက ပင်လယ်ပြင်၌ တောင်တန်းလေးများသဖွယ် ရွက်လွှင့်နေကြခြင်းအပြင် ၎င်းတို့ပတ်လည်၌ ပိုသေးသည့် မှော်သင်္ဘောအစင်းနှစ်ဆယ်ကျော်လည်း ရှိနေသည်။
မှန်ပါ၏ ၎င်းတို့ သေးငယ်နေသည်က ဧရာမသင်္ဘောခုနစ်စင်းနှင့် ယှဉ်လိုက်ချိန်၌သာ ဖြစ်သည်။
တကယ်တမ်း ထိုသင်္ဘော အစင်းနှစ်ဆယ်မှာ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများ အသုံးပြုသည့် သင်္ဘောများထက်ပင် အဆများစွာ ပိုကြီးပါ၏။
"မဖြစ်နိုင်တာ သူတို့.... သူတို့ တကယ်ကြီးပြန်လာတယ်!"
ဒရွမ်မှာ အဝေးမှ မြန်မြန်နီးကပ်လာနေသည့် သင်္ဘောများကို ငေးကြောင်ကြည့်ရင်း တစ်အောင့်ကြာသည့်နောက် ရဂ်ဆာထံ ပြန်လှည့်လိုက်သည်။
"ကပ္ပတိန် ဒါက... ကျွန်တော်... ကျွန်တော်တို့ ဘာလုပ်ရမလဲ?"
"ဘာလုပ်ကြမလဲ?" ရဂ်ဆာမှာ တစ်စက္ကန့်မျှ မှင်သက်နေပြီးနောက် ဒေါသတကြီးပြောလာသည်၊ "ဘာတွေပြောနေတာလဲ? ဘာကို ငေးကြောင်နေတာလဲ၊ မြန်မြန် အားလုံးကိုသွားခေါ် ဧည့်သည်တွေကို ကြိုဆိုဖို့ ပြင်ဆင်ရမယ်!"
"အိုး ဟုတ်တယ် ဟုတ်တယ်...." ဒရွမ်က အမြန်ပြန်ဖြေလိုက်ပြီးနောက် ကျွန်းထဲသို့ ဝင်သွားသည်။
သို့သော် လမ်းတစ်ဝက်အရောက်တွင် ကျွန်းသူကျွန်းသားများစွာ ရောက်လာသည်ကို တွေ့လိုက်ရ၏။
၎င်းတို့က စိတ်လှုပ်တရှားဖြင့် အဝေးကို လက်ညှိုးထိုးလျက် ပျော်ရွှင်နေကြသည်ကိုမြင်သော် ဒရွမ်မှာ သူနှင့် ရဂ်ဆာတို့ကပဲ Frestech ကုန်သည်ကြီးများအသင်း သင်္ဘောစု ရောက်ရှိမှုကို သတိထားမိခြင်းမဟုတ်မှန်းနားလည်လိုက်သည်။
ဆယ်မိနစ်ပတ်လည်ကြာပြီးနောက် ဧရာမသင်္ဘောကြီး ခုနစ်စင်းနှင့် မှော်သင်္ဘောငယ် အစင်းနှစ်ဆယ်တို့မှာ မိုးကြိုးလျှပ်စီးကျွန်း ကမ်းရိုးတန်းသို့ တစ်ချိန်တည်း ချဉ်းကပ်လာကြသည်။
ယခင်တစ်ခေါက်ကကဲ့သို့ပင် ရေတိမ်မှုကြောင့် ထိုမှော်သင်္ဘောများမှာ ကမ်းရိုးတန်းကို အပြည့်အဝမချဉ်းကပ်နိုင်ဘဲ ကမ်းရိုးတန်းမှ မီတာ ရာချီအကွာ၌ ရပ်တန့်ဖို့ ရွေးချယ်လိုက်ကြရသည်။
ယခင်က ရဂ်ဆာစီးခဲ့ဖူးသော မှော်စက်လှေငယ် ဆယ်စင်းမှာ ထိုမှော်သင်္ဘောများထံမှ ထွက်လာ၏။ ၎င်းတို့ထက်ရှိ လူပေါင်းဒါဇင်ချီမှာ ကမ်းရိုးတန်းထံ အမြန်ရောက်ကြလေသည်။
မှော်စက်လှေများ ကျွန်းအနီးရောက်လာချိန်တွင် ၎င်းတို့ကို ဦးဆောင်လာသူမှာ နာဗီလ်ဖြစ်သည်။
အဝေးရှိ ရဂ်ဆာကိုမြင်သော် နာဗီလ်မှာ အသာပြုံး၍ လက်ယမ်းလိုက်လေ၏။
"ကပ္ပတိန် ရဂ်ဆာ မတွေ့တာကြာပြီနော်"
ရဂ်ဆာလည်း အဝေးရှိ ခမ်းနားသည့် သင်္ဘောစုကိုကြည့်ကာ အသက်ပြင်းပြင်းရှူပြီးနောက် ရှေ့တိုးလာသည်။
"ခေါင်းဆောင် နာဗီလ်, ခင်ဗျားက တကယ်ပဲ ကျုပ်ကို အကြာကြီးစောင့်ရအောင်လုပ်ခဲ့တာပဲ။"
နာဗီလ်လည်း အသာပြုံးလိုက်သည်။ သူဟာ ထိုပင်လယ်ဓားပြကပ္ပတိန်၏ အမူအရာထံမှ သူရောက်လာမည်ကို စိတ်ရင်းဖြင့် စောင့်ဆိုင်းနေသည်ဟု ပြောနိုင်သည်။
သို့သော် စဉ်းစားကြည့်လျှင် ၎င်းက မှန်သည့်ပုံပေါ်၏။
ပင်လယ်ဓားပြများမှာ တင်စီးလှပုံပေါက်သော်လည်း ၎င်းတို့၏ ဘဝများက လုံးဝအဆင်မပြေလှပေ။
ပင်လယ်ပြင်၌ တစ်နေကုန် နေရခြင်းကြောင့် မည်သည့်အချိန်၌ မဆို အသက်ဆုံးရှုံးသွားနိုင်သည်။
၎င်းတို့သာ မရှင်သန်နိုင်ပါလျှင် မည်သူကမှ ပင်လယ်ဓားပြဖြစ်ချင်မည်မဟုတ်ပေ။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက မိုးကြိုးလျှပ်စီးကျွန်း၌ စတည်းချကာ ၎င်းတို့ကိုတိုးတက်စေလိုသောကြောင့် မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများကို ဘဝအခြေအနေတိုးတက်ရန် အခွင့်ကောင်းပေးအပ်ခြင်းပင်။ ရဂ်ဆာမှာ ၎င်းကို လက်ခံရန် ဝမ်းမြောက်မနေမှသာ ထူးဆန်းနေမည်။
ထိုသို့စဉ်းစားရင်း နာဗီလ်မှာ စကားလုံးများ မဖြုန်းတီးတော့ပေ။ သူက လက်ယမ်း၍ သူနှင့် အတူလာကြသည့် Frestech ကုန်သည်ကြီးများအသင်း အစောင့်များကို မှော်စက်လှေငယ်များထက်၌ ပြင်ဆင်လာခဲ့သော ကုန်စည်များအား ထုတ်ခိုင်းလိုက်သည်။
"ကပ္ပတိန် ရဂ်ဆာ, ဒါက လက်ဆောင်လေးတစ်ခုပါ ကျွန်းရဲ့ မိတ်ဆွေတွေကို ဒါလေးလက်ခံဖို့ တောင်းဆိုချင်ပါတယ်။"
ဝိုင်ပါ ပါရှိသည့် ကုန်စည်များကိုကြည့်ရင်း ရဂ်ဆာမှာ မနေနိုင်စွာ တံတွေးမြိုချပြီးနောက် ခေါင်းငြိမ့်ကာ ကျွန်းသူ ကျွန်းသားများကို လာကူညီခိုင်းလိုက်သည်။
ကျွန်းသူကျွန်းသားများလည်း မစောင့်နိုင်တော့ရာ ပျော်ရွှင်စွာဖြင့် ချီတက်လာကြတော့သည်။
နာဗီလ်ကမူ ထို ကုန်စည်များကို ဂရုမစိုက်ဘဲ ရဂ်ဆာကို ဘေးသို့ ဆွဲကာ အလေးအနက်ဟန်ဖြင့် ပြောလိုက်သည်၊ "ကပ္ပတိန် ရဂ်ဆာ, ကျုပ် ဒီကိုလာတာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း အနေနဲ့ ကျုပ်တို့ရဲ့ ဖွံ့ဖြိုးရေးအစီစဉ်မှာ ဒီမိုးကြိုးလျှပ်စီးကျွန်းကိုပါ ထည့်သွင်းထားကြောင်း တရားဝင်ပြောချင်လို့ပါ။ ဒီတော့ အခုကစပြီး ခင်ဗျားအနေနဲ့ ကျုပ်တို့ရဲ့ ဖွံ့ဖြိုးရေးအစီစဉ်ကို ညှိုနှိုင်းဆောင်ရွက်ဖို့ပဲလိုတာ နားလည်လား?"
နာဗီလ်၏ အမိန့်ပေးသည့် အသံအနေအထားက ရဂ်ဆာကို မျက်မှောင်ကုပ်သွားစေသော်လည်း နောက်မှ စိတ်ငြိမ်ငြိမ်ထားကာ အပြုံးဖြင့် ခေါင်းငြိမ့်လိုက်၏။
ထို Frestech ကုန်သည်ကြီးများအသင်းမှာ ဤမိုးကြိုးလျှပ်စီးပင်လယ်ဓားပြများထက် အဆများစွာ ပိုအားကောင်းသည်။ Frestech ကုန်သည်ကြီးများအသင်းသာ အလိုရှိလျှင် မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများအားလုံးကို အမြစ်ပြတ်သုတ်သင်ကာ ကျွန်းကိုယူ၍ရသည်။
၎င်းတို့ သူနှင့်ပူးပေါင်းလိုသည့်အချက်ပင် သဘောထားကြီးလွန်းနေပြီဖြစ်သည်။
"အင်း ဒါဆို ကပ္ပတိန် နာဗီလ်, ကျုပ်တို့ ဘာလုပ်ဖို့လိုလဲဗျ?" ရဂ်ဆာက မေးလေသည်။
ရဂ်ဆာမှာ ရိုသေသမှုရှိပြီး နာခံမည့်ပုံပေါ်သည်ကိုမြင်သော် နာဗီလ်လည်း စိတ်တိုင်းကျစွာ ခေါင်းငြိမ့်မိသည်။
"ဘာမှ လုပ်စရာမလိုပါဘူး ကျွန်းပေါ်ကလူတွေကို ပြန်စီစဉ်ဖို့ပဲလိုတာ၊ လုပ်ငန်းစုက ဒါကို ကိုင်တွယ်ဖို့ လူတွေ ပို့လိုက်ရုံပဲ။ ဒါ့အပြင် ခင်ဗျားတို့ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြတွေအတွက် တခြားအစီစဉ်လည်းရှိသေးတယ်။"
"အမ်?" ရဂ်ဆာမှာ အနည်းငယ် အံ့ဩသွားသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ မိုးကြိုးလျှပ်စီးကျွန်းကိုသာ လိုချင်ပြီး ၎င်းတို့ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများကို ဂရုစိုက်မည်မဟုတ်ဟုထင်ခဲ့သည်။
"ခဏလောက် စောင့်ပါဦး"
နာဗီလ်က ရဂ်ဆာကို စောင့်ခိုင်းကာ မှော်စက်လှေငယ်တစ်စီးထံ သွားလိုက်သည်။ သူက လူတစ်ဦးကို စကားပြောလိုက်ပြီးနောက် ၎င်းတို့နှစ်ဦးမှာ အတူရောက်လာကြ၏။
"ဒီလူနဲ့ မိတ်ဆက်ပေးပါ့မယ် ဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောစု အစောင့်ကိုယ်ရံတော် တပ်မှူး ဆရာလက်စ်လိုင်းပါ။"
နာဗီလ်က ထို လက်စ်လိုင်းအမည်ရသူကို မည်မျှ တလေးတစားပြုမူနေသည်အားမြင်သော် ရဂ်ဆာလည်း မထီမဲ့မြင်မပြုဝံ့ဘဲ အရိုအသေပေးလိုက်ပါ၏။
"ရဂ်ဆာက ဆရာလက်စ်လိုင်းကို နှုတ်ဆက်ပါတယ်။"
လက်စ်လိုင်းမှာ ရဂ်ဆာကို အပြုံးဖြင့်ကြည့်လိုက်သည်။ သူက သန်မာပြီး လေးစားနေသော အမူအရာ၌ ပါးနပ်ဟန်ရှိသည်ကိုမြင်သော် စိတ်တိုင်းကျစွာ ခေါင်းငြိမ့်လိုက်သည်။
"ရဂ်ဆာ, မင်းရဲ့ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြညီနောင်တွေကို ခေါ်ပြီး ငါနဲ့လိုက်ခဲ့ကြ"
"အာ? ကျုပ်တို့ သွားရတော့မှာလား? ဘယ်ကိုလဲ?" ရဂ်ဆာမှာ တအံ့တဩမေးလိုက်သည်။
"ငါတို့က စည်းမျဉ်း မလိုက်နာတဲ့ ကောင်တွေကို ရှင်းဖို့သွားမှာ။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၄၉။ ငါက ပင်လယ်ဓားပြဘုရင်ဖြစ်လာချင်တဲ့ ယောက်ျားသားပဲ
သုံးရက်ကြာသည့်နောက် ရဂ်ဆာမှာ အစောင့်များ၏ အလတ်စားမှော်သင်္ဘော ကုန်းပတ်ထက်တွင် ၎င်းတို့နောက်ရှိ အငွေ့ပျံနေသော ကျွန်းကို ကြည့်နေ၏။ သူဟာ သူ့ရှေ့ရှိ အရာအားလုံးက အစစ်အမှန်မဟုတ်သည့်နှယ် ခံစားနေရသည်။
၎င်းကျွန်းငယ်လေးမှာ ဤဧရိယာရှိ ပင်လယ်ဓားပြများ၏ အသန်မာဆုံး အဖွဲ့ သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြများ၏ အသိုက်ဖြစ်သည်။
သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြများ၏ ခေါင်းဆောင် ပင်လယ်ဓားပြဘုရင် တောင်ခရစ်ဂ်မှာ ရူဒ်ဆန်တိုင်းပြည်ထံမှ အဖမ်းခံရကာ ခေါင်းြ*တ်ကွပ်မျက်ခံခဲ့ရသည်က သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့၏ အင်အားကို တကယ်မသက်ရောက်ပေ။
အနီးဝန်းကျင်ဧရိယာတွင် သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့မှာ ၎င်းတို့လက်အောက်ရှိ သင်္ဘော ခုနစ်ဆယ့်ခြောက်စင်းပါ တပ်ဖွဲ့နှင့် အဆီးအတားမဲ့ လှုပ်ရှားကြသည့် ပင်လယ်ဓားပြနှစ်ထောင်ရှိရာ မည်သူကမှ ၎င်းတို့ကို မတားဝံ့ကြပေ။
လက်စ်လိုင်းမှာ သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့အား ရှင်းပစ်လိုကြောင်း ရဂ်ဆာကို ပြောလာချိန်တွင် ရဂ်ဆာက လက်စ်လိုင်းမှာ ရူးသွပ်နေပြီဟု ထင်မိသွားသည်။
သူ့ထံ၌ အလတ်စားမှော်သင်္ဘော ဆယ်စင်းသာရှိသည်ကို သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့အား တိုက်ခိုက်လိုနေသည်လား?
သို့သော် အမှန်တရားက ရဂ်ဆာကို သူ့မျက်လုံးပင် သူမယုံနိုင်အောင် လုပ်ခဲ့သည်။
အနှီစွမ်းအားကြီး အလတ်စားမှော်သင်္ဘောများနှင့် ရင်ဆိုင်ရချိန်တွင် ဘဝင်မြင့်နေခဲ့ကြသော သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့ထံ၌ ပြန်လည်တိုက်ခိုက်ရမ်ပင် အခွင့်အရေးလုံးဝမရှိခဲ့ပေ။
အစမှ အဆုံးထိ ထိုသင်္ဘောများမှာ အလတ်စားမှော်သင်္ဘောအနီးပင် မချဉ်းကပ်နိုင်ခဲ့ကြ။
၎င်းတို့မှာ မီတာပေါင်းရာချီဝေးကွာပြီး တစ်ထောင်မီတာအထိပင် ရှိနိုင်သော်လည်း အလတ်စားမှော်သင်္ဘောများက တိုက်ရိုက်တိုက်ခိုက်ခဲ့ကြသည်။ တုန်လှုပ်ဖွယ် မှော်အမြောက်များက မှော်ဒုံးပျံများကို ပစ်လွှတ်လိုက်ပြီး မီတာပေါင်း ရာချီအဝေးမှ ပစ်မှတ်များကို တိတိကျကျ ထိမှန်ခဲ့သည်။
သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့မှာ ဖိခြေခံလိုက်ကြရတော့သည်။
ပစ်ခတ်မှ ပထမအပိုင်းနှင့်တင် သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့၏ ဧရာမသင်္ဘောကြီး၌ အပေါက်ကြီးတစ်ခု ပေါ်လာသည်။
ထို့နောက် နောက်ထပ် နှစ်ကြိမ်စာဖြင့် သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့မှာ လုံးဝပြိုလဲကာ ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားလေတော့သည်။
အဆုံးတွင် သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့မှာ ၎င်းတို့၏ သင်္ဘောများနှင့် ပင်လယ်ဓားပြအားလုံးကို စေလွှတ်ခဲ့ပါသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏အစောင့်သင်္ဘောစုကိုပင် မထိနိုင်ဘဲ အမြစ်ပြတ်သုတ်သင်ခံလိုက်ရသည်။
ရဂ်ဆာ ပင်လယ်ဓားပြဖြစ်ခဲ့သည်မှာ နှစ်၂၀ကျော်ကြာနေပြီဖြစ်ကာ ပင်လယ်ပြင်၌ ရှိခဲ့သည်က အချိန်ကြာနေပြီး သွေးလွှမ်းသော တိုက်ပွဲများစွာကို မြင်ခဲ့ဖူးပါသော်လည်း ဤသည်က ထိုသို့သော တိုက်ပွဲမျိုးအား မြင်ဖူးသည့် ပထမဆုံးအကြိမ်ပင်။
၎င်းတို့အနေနှင့် အခြေခံအကျဆုံးတိုက်ခိုက်မှုလေးများပင် မစတင်လိုက်ရဘဲ တိုက်ပွဲက အဆုံးသတ်သွားခဲ့သည်။
ထို့အပြင် ၎င်းတို့၏ အောင်ပွဲမှာ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်။
သင်္ဘောခုနစ်ဆယ့်ခြောက်စီးနှင့် သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့မှာ ၎င်းတို့၏ သင်္ဘောအားလုံးကို ချွင်းချက်တစ်ခုပင်မရှိဘဲ ဆုံးရှုံးခဲ့ရသော်ငြား Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့က ဆုံးရှုံးမှုတစ်ခုပင် မခံခဲ့ရပေ။
ထိုခြားနားမှုက ဆန်းကြယ်ဖြစ်ရပ်လိုမျိုး အင်မတန်ကြီးမားပါ၏။
သို့သော်လည်း ရဂ်ဆာမှာ ဤတိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီး ၎င်းက ဆန်းကြယ်ဖြစ်ရပ်မဟုတ်ကြောင်း သေချာသိသည်။ ၎င်းတို့အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့က သန်မာလွန်းနေသောကြောင့်ပင်။
၎င်းတို့ထံရှိ အလတ်စားမှော်သင်္ဘောတို့၏ စွမ်းပကားကြောင့် တောင့်ခံနိုင်သည့်သူရှိမည်ဟု ရဂ်ဆာ မထင်မိချေ။
သို့မဟုတ် ပင်လယ်ဓားပြများနှင့်ယှဉ်သော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့မှာ အခြားလောကမှ တပ်ဖွဲ့တစ်ခုလိုပင်။ နှစ်ဦးအကြားရှိ အတိုက်အခိုက်နည်းလမ်းကပင် မတူညီပေ။
ပင်လယ်ဓားပြများမှာ ဒုံးပျံများ၏ တိုက်ခိုက်မှုအောက်၌ ပိတ်မိနေခဲ့ကြသည်။ ၎င်းတို့၏ နောက်ဆုံး ဆုံးဖြန်ချက်မှာ ရှေ့သို့ ချီတက်၍ တပ်ဖွဲ့ကိုတိုက်ခိုက်ဖို့ရန် ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့က ၎င်းတို့ကို ချဉ်းကပ်ရန်ပင် အခွင့်အရေးမပေးခဲ့ဘဲ အလွယ်လေး ရှင်းလင်းပစ်ခဲ့ကြသည်။
သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြများ လက်အောက်ရှိ သင်္ဘောခုနစ်ဆယ့်ခြောက်စီးမပြောနှင့် အစီးရေ ခုနစ်ရာ့ခြောက်ဆယ်ဆိုလျှင်တောင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်ဖွဲ့၏ ပြိုင်ဘက်ဖြစ်မည်မဟုတ်ချေ။
ရဂ်ဆာကို ပို၍ပင် စိတ်ပျက်အားလျော့စေသည်မှာ အလတ်စားမှော်သင်္ဘောတို့၏ လျင်မြန်သော အမြန်နှုန်းပင်။ ၎င်းတို့မှာ အနည်းဆုံး သစ်သားလှေများထက် လေးဆ ငါးဆ ပိုမြန်ပါ၏။
ထို့အပြင် အနှီအလတ်စားမှော်သင်္ဘောများအတွက် လေစုန်ဖြစ်ဖြစ် လေဆန်ဖြစ်ဖြစ် အရေးမပါပေ။ အခြေအနေမည်သို့ရှိရှိ ၎င်းတို့မှာ ဤသို့သော အမြန်နှုန်း မြင့်မားမှုကို ထိန်းသိမ်းနိုင်သည်။
ဤမျှ အမြန်နှုန်းကွာခြားမှုကြောင့် ပင်လယ်ဓားပြမည်မျှ ရှိသည်ဖြစ်စေ ၎င်းတို့ကို လုံးဝမဖမ်းဆီးနိုင်ချေ။
ထို့အပြင် ဤလွှမ်းမိုးထားသော အမြန်နှုန်းအားသာချက်ကြောင့် ပင်လယ်ဓားပြများမှာ ထွက်ပြေးလိုလျှင်တောင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။
လက်စ်လိုင်းမှာ တိုက်ပွဲမတိုင်ခင်က ရဂ်ဆာထံ သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့ကို သုတ်သင်လိုကြောင်း ပြောခဲ့ရာ ရဂ်ဆာက ၎င်းကို ဟာသတစ်ခုနှယ် မှတ်ယူခဲ့သည်။
သို့သော် တိုက်ပွဲတစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရပြီးနောက် ရဂ်ဆာမှာ မှင်သက်နေရုံသာ တတ်နိုင်သည်။ ၎င်းကို အဖြေပေးရန် မည်သည်ကိုမှ မပြောနိုင်တော့ချေ။
"ဟုတ်ပြီ ရဂ်ဆာ အခု အကြီးမားဆုံး သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြကို ရှင်းပြီးပြီဆိုတော့ တခြားအန္တရာယ်များတဲ့ ပင်လယ်ဓားပြအဖွဲ့တွေရှိသေးလား? သူတို့အကြောင်းပြောပြပါဦး။" လက်စ်လိုင်းက လက်ထဲရှိ အဝေးကြည့်မှန်ပြောင်းကို ချကာ ရဂ်ဆာကို ပြောလာသည်။
ရဂ်ဆာလည်း လက်စ်လိုင်းကို ကြောင်ငေးကာ လှည့်ကြည့်လာ၏။ သူဟာ ရယ်လိုက်ချင်သော်လည်း မရယ်မောနိုင်ပေ။
ဘယ်တခြား အန္တရာယ်များတဲ့ ပင်လယ်ဓားပြအဖွဲ့တွေ ရှိနေသေးလဲတဲ့လား?
ဟာသပဲ! သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတွေတောင် တစ်ချက်တည်း လဲပြိုသွားတာ ဘယ်တခြားပင်လယ်ဓားပြတွေကများ အန္တရာယ်များတော့မှာလဲ?
လက်စ်လိုင်းမှာ ရဂ်ဆာ၏ အတွေးကို မြင်နေနိုင်သဖြင့် အပြုံးဖြင့် ပြောလိုက်၏၊ "ကျုပ်က အန္တရာယ်များတာကိုပြောတာ ကျုပ်တို့အတွက် အန္တရာယ်များတာမဟုတ်ဘူး၊ အဲဒီ့ကောင်တွေအနေနဲ့ မိုးကြိုးလျှပ်စီးကျွန်းရဲ့ တိုးတက်မှုကို အထိအခိုက်မဖြစ်စေရအောင်လို့။ ဒါကြောင့် ကျုပ်ရဲ့ ဒီတစ်ခေါက်တာဝန်က ဒီခြိမ်းခြောက်မှုတွေကို ရှင်းလင်းပေးဖို့ပဲ ကျုပ်ပြောတာကို နားလည်ရဲ့လား?"
ရဂ်ဆာက ခါးသက်သက်ရယ်မောပြီးနောက် ခေါင်းခါသည်၊ "ဒါက လိုအပ်တယ်လို့တော့ မထင်ပါဘူး။ အခုဆို သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတွေကို လွယ်လွယ်လေးရှင်းလိုက်တော့ ဒီနယ်မြေမှ အားလုံးက ခင်ဗျားကို ဆရာကြီးလို့ သတ်မှတ်လိုက်ကြပြီ။ ခင်ဗျားကို ဘယ်ပင်လယ်ဓားပြအဖွဲ့ကမှ ဆန့်ကျင်ရလောက်အောင်အထိ အမြင်ကွယ်မနေလောက်ပါဘူး။ မိုးကြိုးလျှပ်စီးကျွန်းက ခင်ဗျားရဲ့ ပိုင်နက်လို့ ပြောထားသရွေ့ သံသယဝင်စရာမလိုလောက်အောင် လုံခြုံနေမယ့်လို့ ကျုပ် ယုံကြည်တယ်။"
"အိုး? ဒီလိုလား?" လက်စ်လိုင်းက ပခုံးတွန့်ကာ အနည်းငယ် စိတ်ပျက်သွားဟန်ပေါ်လာသည်၊ "တကယ်ကို နှမျောစရာပဲ ငါက နည်းနည်းလောက်လေ့ကျင့်ရအောင် ပင်လယ်ဓားပြတချို့ရှာနိုင်မယ်ထင်ခဲ့တာ။ အဲဒီ့ သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတွေက လုံးဝမခုခံနိုင်တော့ လုံးဝ စိတ်တိုင်းမကျမိဘူး။"
ရဂ်ဆာ၏ မျက်နှာက အကြိမ်ရေအနည်းငယ်ခန့် မဲ့ရွဲ့သွားသည်။
သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတွေက မခုခံနိုင်ဘူး? သူတို့ ခုခံချင်ပေမယ့်လည်း ခင်ဗျားက လွယ်လွယ်လေး နင်းချေလိုက်တာဗျ ဟုတ်ပြီလား!"
"ဒါက.... ဆရာ လက်စ်လိုင်း မေးခွန်းတစ်ခုလောက်မေးလို့ရမလား?" ရဂ်ဆာက ရုတ်တရတ် ပြောလာသည်။
"မေးလေ"
"ဆရာလက်စ်လိုင်း ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ ဒီလို အားကောင်းတဲ့ သင်္ဘောစုကြီးရှိနေမှတော့ ဘာလို့ ကျုပ်တို့လို ပင်လယ်ဓားပြတွေကို လာရှာခဲ့ရတာလဲ? ဒီလောက်သန်မာနေရင် တစ်ခုခုလုပ်နိုင်တာပဲ မဟုတ်လား? ဘာလို့ ဒီမှာ အချိန်လာဖြုန်းရတာလဲ?"
လက်စ်လိုင်းက ရဂ်ဆာ၏ ပခုံးကို အပြုံးဖြင့် ပုတ်လိုက်သည်။
"အဲ့ပြဿနာကို အဲ့ကောင်လေးရှုယီကို မေးသင့်တာ ကျုပ်ကို လာမမေးနဲ့။ ကျုပ်က သူ့အတွက် လမ်းကြောင်းဖွင့်ဖို့ စုံစမ်းရေးအတွက် ဒီသင်္ဘောစုကို ဦးဆောင်ရေးတာဝန်ရှိသူပဲ ဘာကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားတကယ်ပဲ သိချင်ရင်တော့ အဲ့ကောင်ရှုယီက ခင်ဗျားတို့ ပင်လယ်ဓားပြတွေကို ဂရုစိုက်တာမဟုတ်ဘဲ ပင်လယ်ပြင်က ရင်းမြစ်တွေကိုဂရုစိုက်တာလို့ ပြောနိုင်တယ်။ ဥပမာပြောရရင် ခင်ဗျားတို့ မိုးကြိုးလျှပ်စီးကျွန်းမှာ သံသတ္တုတွင်းတစ်ခုရှိတာကို ရှုယီ ဂရုအစိုက်ဆုံးပဲလေ။"
"ရင်းမြစ်တွေ? သံသတ္တုတွင်း?" ရဂ်ဆာမှာ ခေတ္တမျှ တွေးဆတနပြီးနောက် ရုတ်တရတ် သူ၏အောက်ဘက်ရှိကုန်းပတ်ကို ကြည့်ကာ နားလည်လိုက်သည်၊ "ကျုပ်နားလည်ပြီ။ ကျန်တာ မပြောနဲ့ဦး ဒီသင်္ဘောကြီးတစ်ခုနဲ့တင် သံသတ္တုတွေအတော်သုံးထားတာပဲ...."
လက်စ်လိုင်းက အသာပြုံးသည်။ ဤသင်္ဘောကို သံသတ္တု ပမာဏများစွာနှင့်တင်ပြုလုပ်ထားခြင်းမဟုတ်ဘဲ အခြားရင်းမြစ်များစွာလည်း ပါရှိသေးသည်။
အရေးအကြီးဆုံးအရာမှာ ဤအလတ်စားမှော်သင်္ဘောက သင်္ဘောများတည်ဆဆာက်ရာတွင် Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနအထွဋ်အထိပ်ကို ကိုယ်စားပြုထားပြီး ရင်းမြစ်များနှင့် ဖြေရှင်းရုံတင်မရနိုင်သော ကိစ္စဖြစ်သည်။
မှန်ပါ၏ သူ့အနေနှင့် ရဂ်ဆာကို ထိုကိစ္စများအား ပြောပြနေဖို့ မလိုအပ်ပေ။
လက်စ်လိုင်းမှာ အဝေးရှိ ကျွန်းငယ်လေးကို ကြည့်ရန် အဝေးကြည့်မှန်ပြောင်းကို အသုံးပြုလိုက်သည်။ သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတို့မှာ ကျွန်းမှ ထွက်ပြေးလွတ်မြောက်ရန် သင်္ဘောလေးများအား လုယူဖို့ ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။
ထိုပင်လယ်ဓားပြများက အန္တရာယ်ကြုံစဉ်အတွင်းတွင် မည်မျှ အရုပ်ဆိုးနေသည်အားမြင်သော် လက်စ်လိုင်းမှာ ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ။
၎င်းက သူ၏ အကြံဆိုလျှင် အနှီပင်လယ်ဓားပြများကို အမြစ်ပြတ်ဖျက်ဆီးကာ တစ်ဦးပင် ချန်ထားခဲ့မည်မဟုတ်။
ထိုကောင်များက ပင်လယ်ဓားပြအနေနှင့် အညှာအတာကင်းသည့် အရာများစွာကို ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့ကို သနားညှာတာခြင်းလုံးဝမရှိပေ။
တကယ်တမ်း ကုန်းပတ်ပေါ်၌ ရပ်နေသူ ရဂ်ဆာနှင့်ပင် လက်စ်လိုင်းမှာ လုံးဝမပူးပေါင်းချင်ပေ။
သူသာ ပင်လယ်အနီးတဝိုက်ကို လမ်းပြပေးမည့် ရင်းနှီးကျွမ်းဝင်သူတစ်ယောကို လိုအပ်နေခြင်းကြောင့်မဟုတ်လျှင် လက်စ်လိုင်းမှာ ရဂ်ဆာနှင့် သူ၏ မိုးကြိုးလျှပ်စီးပင်လယ်ဓားပြများကို ချက်ချင်း ငါးစာကျွေးပစ်လိုက်မည်သာ။
အတွေးများပြောင်းလဲသွားသော်လည်း လက်စ်လိုင်းမှာ အမူအရာမပြောင်းဘဲ ရဂ်ဆာကို မေးလိုက်သည်၊ "ရဂ်ဆာ, အနီးဝန်းကျင်နယ်မြေမှာ ပင်လယ်ဇယားတစ်ခုခုများရှိလား?"
ရဂ်ဆာက ခေါင်းခါသည်၊ "မရှိမှာတော့ စိုးရိမ်မိပါတယ်။ ကျုပ်တို့ပင်လယ်ဓားပြတွေက ကျွန်းတွေရဲ့ အနေအထားကို သတိရတဲ့ မှတ်ဉာဏ်ကိုပဲ အားကိုးခဲ့ကြတာမို့ပါ။"
"အင်း ကောင်းပြီလေ ဒါဆို ကျုပ်ကို ဒီနယ်မြေတဝိုက်ခေါ်သွားပေးပါ။ မိုးကြိုးလျှပ်စီးကျွန်းရဲ့ ကီလိုမီတာ နှစ်ရာအတွင်းက ကျွန်းတွေအားလုံးဆီ ခေါ်သွားပေး။"
"နှစ်ရာကီလိုမီတာ?" ရဂ်ဆာမှာ လက်စ်လိုင်းကို တအံ့တဩကြည့်ရင်း ဤလူက ရူးနှမ်းနေသည်ဟု စဉ်းစားမိလိုက်၏။
ကီလိုမီတာနှစ်ရာက ကုန်းပေါ်တွင် များများစားစားမဟုတ်သော်လည်း ဤလေလှိုင်းထန်သော ပင်လယ်ပြင်မှာ ကျယ်ပြောပြီး အကန့်အသတ်မဲ့၏။
ဤနယ်မြေရှိ ကျွန်းများအားလုံးကို ပတ်သွားရန်မှာ နှိုင်းယှဉ်မရနိုင်အောင် ကြီးမားကာ မပြီးမြောက်နိုင်သည့် စီမံကိန်းပါပင်။
"အိုး ကျုပ်ပြောတာ ပြဿနာရှိလို့လား။ ကျွန်းတွေအားလုံးကို သွားဖို့တော့မလိုပါဘူး ပိုကြီးတဲ့ ကျွန်းတွေကို တွေ့ချင်ရုံပဲ အထူးသဖြင့် ရင်းမြစ်တွေရှိတဲ့ကျွန်းပေါ့။ ကျုပ်ပြောတာ နားလည်ရဲ့လား?"
"ဒီလိုကိုး..." ရဂ်ဆာက သက်ပြင်းချလိုက်သည်။ သူဟာ အနီးအနားပင်လယ်ပြင်အကြောင်းကို အမြန်စဉ်းစားကာ အနှီအခြေအနေများနှင့် အံကိုက်သည့် ကျွန်းများကို စစ်ထုတ်လိုက်သည်၊ "ကျုပ်သိသလောက်ဆို အနီးဝန်းကျင်ဧရိယာမှာ မိုးကြိုးလျှပ်စီးကျွန်းထက် ပိုကြီးတဲ့ ကျွန်းပေါင်း ၂၀ရှိတယ်။ သူတို့ဆီမှာ ခင်ဗျားလိုချင်တဲ့ ရင်းမြစ်ရှိမရှိကိုတော့.... ကျုပ်လည်း သိပ်မသေချာဘူး။"
"ကောင်းတယ် ကျုပ်ကို အဲဒီ့ကျွန်းပေါင်း ၂၀ဆီ အရင်ခေါ်သွားပေး။ သူတို့ကို စစ်ဆေးပြီးရင် အရှေ့ဘက်ကို သွားရှာကြမယ်။"
"အရှေ့ဘက်?" ရဂ်ဆာမှာ အံ့ဩသွားပါ၏၊ "ဆရာလက်စ်လိုင်း ခင်ဗျားသာ အရှေ့ဘက်ကိုဆက်သွားရင် ရူဒ်ဆန်တိုင်းပြည်ရဲ့ ဧရိယာကနေထွက်ပြီး ကန်ဒရာအင်ပါယာရဲ့ပင်လယ်ပြင်ကို ရောက်သွားလိမ့်မယ်။ ခင်ဗျား....."
"ဘာလဲ? ပြဿနာရှိလို့လား?" လက်စ်လိုင်းက ပြန်မေးလိုက်၏။
ရဂ်ဆာလည်း အမြန်ခေါင်းခါလိုက်ပါ၏၊ "ပြဿနာ မရှိပါဘူး၊ ပြဿနာမရှိပါဘူး။ ကန်ဒရာအင်ပါယာရဲ့ ပင်လယ်က ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ပင်လယ်ဧရိယာထက် ဆယ်ဆကျော်လောက်ပိုကြီးနေလို့ပါ။ အဲ့က ပင်လယ်ဓားပြတွေက သေဆုံးခြင်းနတ်ဘုရားပင်လယ်ဓားပြတွေထက် ဆယ်ဆကျော်လောက် ပိုပြီး အားကောင်းကြတော့ စိုးရိမ်မိတာက...."
"စိုးရိမ်စရာမလိုပါဘူး။" လက်စ်လိုင်းက လက်ယမ်းလိုက်၏၊ "ကျုပ်က ပင်လယ်ဓားပြတွေရဲ့ ဘုရင်ဖြစ်လာမယ့် ယောက်ျားသားပဲ။ ဘယ်ပင်လယ်ဓားပြအဖွဲ့မဆို ကျုပ်လမ်းကို လာပိတ်တာနဲ့ သေလမ်းတစ်လမ်းပဲရှိရမယ်!"
ရဂ်ဆာက ယုံကြည်ချက်ရှိသော လက်စ်လိုင်းကိုကြည့်လိုက်သည်။ ဤလူမှာ အသက်သုံးဆယ်ပတ်လည်လောက်ရှိသော်လည်း အဘယ့်ကြောင့် သွေးပူနေသော ဆယ်ကျော်သက်လူငယ်လေးတစ်ဦးကဲ့သို့ ပြောဆိုနေရသနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၅၀။ အမျိုးမျိုးသော ပြိုင်ပွဲများ
နောက်ထပ် နွေဦးရာသီရောက်လာသည်။
ဧပြီလရောက်လာချိန်၌ ဘန်တာမြို့မှာ တဖန်ပြန်လည် သက်ဝင်လာလေ၏။
အဘယ့်ကြောင့်ဆိုသော် နှစ်စဉ်ဘန်တာမြို့ နွေဦးစက်ဘီးပြိုင်ပွဲအချိန် ဖြစ်သောကြောင့်ပင်။ စက်ဘီးစီးခြင်းကို နှစ်သက်သူအားလုံး နေရာအနှံ့မှ ရောက်လာကြပါ၏။
ထိုလူများမှာ ဘန်တာမြို့မှ လာရောက်ကြခြင်းတင်မကဘဲ အခြားမြို့တော်များမှ လာရောက်ကြသူများလည်းရှိပြီး လူအများစုဆိုလျှင် အခြားတိုင်းပြည်များမှပင် ရောက်လာကြသည်။
ပို၍ ချဲ့ကားရာကျလွန်းသည်မှာ ကီလိုမီတာ နှစ်ထောင်ကျော်အကွာ နော်တန် နယ်မြေမှ လာရောက်ကြသည့် ပြိုင်ပွဲဝင်များပါ ရှိနေခြင်းပင်။
ဤနှစ် ဖေဖော်ဝါရီလကတည်းက အမ်ရစ်ကုန်သည်ကြီးများအသင်းတည်ဆောက်နေသည့် လမ်းမှာ နော်တန် နယ်မြေသို့ ရောက်ရှိကာ ရူဒ်ဆန်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်ကြားရှိ လမ်းစနစ်ကို ချိတ်ဆက်သွားသောကြောင့် ဖာဆန် ပို့ဆောင်ရေးကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်မှ နော်တန်နယ်မြေဆီသို့ သွားသော ရှည်လျားလွန်းသည့် လူထုပို့ဆောင်ရေးစနစ်ကို ဖန်တီးခဲ့ရာ ကိစ္စများကို အင်မတန် အဆင်ပြေသွားစေသည်။
ဤသည်မှာ ကီလိုမီတာ တစ်ထောင့်ငါးရာကျော်သော ခရီးတစ်ခုဖြစ်ပါ၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် တစ်လျှောက်လုံး လူထုပို့ဆောင်ရေးမှော်ကားများနှင့် လာလျှင်ပင် ဤနေရာသို့ရောက်ရန် သုံးရက်နီးနီးကြာလိမ့်မည်။
⟨ ဘန်တာတိုင်းမ်စ် ⟩၏ သတင်းထောက်များက ထိုသတင်းကိုရကာ အဝေးမှလာသည့် ပြိုင်ပွဲဝင်များကို အထူးတလည် အင်တာဗျူးကြတော့သည်။
သတင်းထောက်များထံမှ မေးခွန်းများအတွက် ဖြေဆိုကြရာတွင် နော်တန်နယ်မြေမှလာသည့် ပြိုင်ပွဲဝင်မှာ ဘန်တာမြို့၌ သူ၏ အိပ်မက်ဖြစ်မြောက်လာသည့် ကျွမ်းကျင်အဖွဲ့အစည်း စက်ဘီးပြိုင်ပွဲများကို ကျင်းပမည့်အကြောင်း သတင်းကိုကြားရသည်ဟုဆိုသည်။
ခရီးကမည်မျှ ဝေးသည်ဖြစ်စေ သူဝင်ပြိုင်ရမည်ပင်။
ထိုသတင်းကို ⟨ ဘန်တာတိုင်းမ်စ် ⟩၌ ဖြန့်ချိကာ လမ်ပူရီတိုင်းပြည်မှတဆင့် အခြားတိုင်းပြည်များစုံသို့လည်း ရောက်ရှိ၍ လူများမှာ ပို၍ပင် စိတ်အားထက်သန်လာကြသည်။
ဘန်တာမြို့ရှိ လူများမှာ အချိန်တစ်ခုအထိ တိုးလာကာ အင်မတန်လူဦးရေထူထက်လာပြီး ပုံမှန်နှင့်ယှဉ်လျှင် အဆပေါင်းများစွာပင် ပို၍ စည်ကားသက်ဝင်နေတော့သည်။
သို့သော် ပြိုင်ပွဲများစွာ ပြီးသည့်နောက် ဘန်တာမြို့သားများအတွက် တစ်နှစ် နှစ်ကြိမ်ကျင်းပသော စက်ဘီးပြိုင်ပွဲမှာ ၎င်းတို့အတွက် ပျော်ပွဲရွှင်ပွဲတစ်ခုကဲ့သို့ ဖြစ်နေသည်။
မြို့စားအိမ်တော်သည်ပင် ထိုပြိုင်ပွဲနှင့် ပူးပေါင်းထား၏။ နှစ်တိုင်း ဤအချိန်တွင် ၎င်းတို့မှာ လုပ်ငန်းစုအားလုံးကို အားလပ်ရက်သုံးရက်ပေးထားသဖြင့် လူများမှာ ထိုပွဲတော်တွင် တတ်နိုင်သမျှ များများ ပါဝင်နိုင်ကြလေသည်။
ထို့အပြင် ဤနှစ်၏ စက်ဘီးပြိုင်ပွဲမှာ ယခင်ကနှင့်စာလျှင် ပို၍ အမြင်ကို များစွာဖမ်းစားနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ⟨ ဘန်တာ တိုင်းမ်စ် ⟩၌ ကြေငြာထားသော သတင်းအရ နှစ်တစ်ဝက်တာ ပြင်ဆင်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ နွေဦးစက်ဘီးပြိုင်ပွဲ အပြီးတွင် စက်ဘီးထုတ်လုပ်ရေးလုပ်ငန်းစု ခုနစ်ခုနှင့်အတူ ကျွမ်းကျင်ပြိုင်ပွဲ ပွဲစဉ်ကို ကျင်းပမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် စက်ဘီးလုပ်ငန်းစု ခုနစ်ခုမှာ ယှဉ်ပြိုင်ရန် ကျွမ်းကျင်အသင်းတစ်ခုစီဖွဲ့စည်းကာ ချန်ပီယံအတွက် ပြိုင်ဆိုင်ကြမည်ဖြစ်သည်။
ကြေငြာထားသည့် စည်းမျဉ်းများအရ ဤပြိုင်ပွဲစဉ်မှာ နွေဦးပြိုင်ပွဲပြီးနောက် စတင်ကျင်းပမည်ဖြစ်ကာ အောက်တိုဘာမတိုင်ခင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဆောင်းဦးစက်ဘီးပြိုင်ပွဲ မရောက်ခင် အဆုံးသတ်မည်ဖြစ်သည်။ အချိန်က နှစ်တစ်ဝက်တာပင်။
ယခုအတွက် ပွဲစဉ်မှာ လမ်ပူရီတိုင်းပြည်၏ မြို့တော်ရှစ်ခုတွင် ပြိုင်ပွဲရှစ်ပွဲကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတစ်ခုစီမှာ အနိုင်ရသူတစ်ဦးရှိမည်ဖြစ်ကာ ၎င်းတို့၏ ပြိုင်ပွဲရှိ အဆင့်များအရ အမှတ်များပေးမည်ဖြစ်သည်။ နောက်ဆုံးချန်ပီယံကို ပွဲစဉ်အတွင်း ၎င်းတို့ရရှိခဲ့သော အမှတ်များနှင့် အဆင့်ဆုံးဖြတ်မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှာ နောက်နှစ်အစ၌ ထိုပွဲစဉ်အား လမ်ပူရီတိုင်းပြည်အပြင် အခြားတိုင်းပြည်များ၏ မြို့တော်များ၌ပါ ကျင်းပနိုင်ချေရှိသလို ပြိုင်ပွဲအတိုင်းအတာကိုလည်း ချဲ့ထွင်မည်ဖြစ်ကြောင်း ကြေငြာလာသည်။
သို့သော် သာမန်ပြည်သူများအတွက် ၎င်းတို့မှာ ပြိုင်ပွဲစည်းမျဉ်းများကို ဂရုမစိုက်ဘဲ ဆုများကိုသာ ဂရုစိုက်ပါ၏။
ယခင်နှစ်က Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းကို ကြေငြာစဉ်တွင် ပွဲစဉ်၏ အနိုင်ရသူများမှာ ရွှေဒင်္ဂါးငါးသောင်းရမည်ဟု ဆိုခဲ့ရာ လူတိုင်းကို တုန်လှုပ်သွားစေသည်။
သို့သော် ပွဲစဉ်ကို အတည်ပြုလိုက်သည့် ဤနှစ်တွင် ကြေငြာလာသော ဆုကြေးငွေက လူများကို ၎င်းတို့မျက်လုံးပင် ၎င်းတို့မယုံနိုင်အောင် ဖြစ်သွားစေသည်။
ရွှေဒင်္ဂါးတစ်သိန်း!
ချန်ပီယံဆုရမည့် လူမှာ အနည်းဆုံး ရွှေဒင်္ဂါးတစ်သိန်းရမည်ဖြစ်၏!
လူတိုင်းနီးပါးမှာ ထိုကိန်းဂဏန်းကို ကြားကြစဉ်တွင် ခဏတာ အသက်ရှူပင် အောင့်ထားမိကြသည်။
ဘုရားရေ Frestech ကုန်သည်ကြီးများအသင်းက ရူးသွပ်နေတာပဲ!
ရွှေဒင်္ဂါးတစ်သိန်းလေ!
ဒါက ဘယ်လိုအယူအဆမျိုးလဲ!
ရွှေဒင်္ဂါးတစ်သိန်းမှာ မိသားစုတစ်စုအတွက် ပိုက်ဆံအကြောင်း လုံးဝဂရုစိုက်စရာမလိုဘဲ တစ်ဘဝလုံးနေနိုင်ရန် လုံလောက်သည်ဟု သိရသည်။
ရွှေဒင်္ဂါးတစ်သန်းမှာ လမ်ပူရီတိုင်းပြည်၏ မြို့ငယ်လေးများတချို့၏ နှစ်စဉ် ဝင်ငွေနှင့်ပင် ညီမျှသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ရူးသွပ်သည့် အရာများစွာကို လုပ်ခဲ့ပါလျှင်သော်မှ ထိုတုန်လှုပ်ဖွယ် ဆုကြေးငွေကိုမြင်သော် လူတိုင်း ရူးသွပ်မှု အနံ့ကို ရသလိုပင် ခံစားလိုက်ကြရသည်။
ဖြစ်နိုင်သည်မှာ ဤဆုကြေးက လာမည့် ပြိုင်ပွဲ၌ လူအများစု အာရုံစိုက်ထားသော အရာဖြစ်သောကြောင့်ပင်။ ထိုအစား လူအများစု၏ နွေဦးစက်ဘီးပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုက လျော့ကျသွားသည်။
သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများ၏ ⟨ ဘန်တာတိုင်းမ်စ် ⟩၌ ကြေငြာမှုများက အားလုံး၏ အာရုံကို ထိုပြိုင်ပွဲထံ ပြန်ယူလာပေးခဲ့သည်။
ဖော်ပြချက်တွင် Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုခုနစ်ခုမှာ နွေဦးပြိုင်ပွဲက Frestech စက်ဘီးပွဲစဉ်၏ ပထမပွဲဟု ဖော်ပြထားသည်။ ၎င်းတို့ လုပ်ငန်းစုရှစ်ခုအားလုံးက ကောင်းကောင်းလုပ်ဆောင်ခဲ့သည့် ပြိုင်ပွဲဝင်များကို အာရုံစိုက်၍ ၎င်းတို့အကြားရှိ ထူးချွန်သော အဖွဲ့ဝင်များကို ရွေးချယ်ကာ အဖွဲ့များထဲ ဝင်စေမည်ဖြစ်သည်။
လုပ်ငန်းစုရှစ်ခုထံမှ သတင်းများအရ အဖွဲ့ရှစ်ဖွဲ့ထဲသို့ ဝင်ရောက်ခြင်းဖြင့် ကျွမ်းကျင် စက်ဘီးစီးသူဖြစ်လာသည်နှင့် အနည်းဆုံး တစ်နှစ်ကို လစာ ရွှေဒင်္ဂါး ငါးထောင်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဆုကြေးငွေလည်း ရမည်ဖြစ်သည်။
တွက်ချက်ကြည့်လိုက်သော် ၎င်းတို့အနေနှင့် တုန်လှုပ်ဖွယ် ရွှေဒင်္ဂါးတစ်သိန်းကို မရနိုင်လျှင်တောင် တစ်နှစ်ကို ရွှေဒင်္ဂါးထောင်ချီဝင်ဖို့ မခက်တော့ပေ။
ထိုသတင်းပြန့်သွားချိန်တွင် နွေဦးပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လူတိုင်း၏ စိတ်အားထက်သန်မှုက တစ်ဖန်တိုးလာကြပြန်သည်။
ဤတစ်ကြိမ်က ယခင်ကနှင့်ခြားနားသည်။ သင်သာ ဤပြိုင်ပွဲ၌ ကောင်းကောင်းလုပ်ဆောင်နိုင်လျှင် ကျွမ်းကျင်ပြိုင်ပွဲဝင်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ကာ ကျွမ်းကျင် ပြိုင်ပွဲဝင်ဖြစ်လာမည်ဖြစ်ပြီး များပြားလှသော လစာလည်းရမည်ဖြစ်၏။
ထို့ကြောင့် လေထုက အခြားပြိုင်ပွဲများနှင့် ခြားနားနေတော့သည်။ လူတိုင်းက နေရာကောင်းရကာ ကျွမ်းကျင်ပြိုင်ပွဲဝင်အဖွဲ့၌ နေရာရရန် ကြိုးစားဖို့ အာရုံစိုက်နေကြသဖြင့် ပြိုင်ပွဲဝင်စိတ်ဓာတ်က အင်မတန် ပြင်းထန်လှသည်။
ဤသို့ ပြင်းထန်နေသည့် လေထုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ⟨ ဘန်တာတိုင်းမ်စ် ⟩မှ တဆင့် အခြားသော သတင်းများစွာကို ကြေငြာခဲ့ရာ အားလုံးထံမှ လျစ်လျူရှုခံလိုက်ရ၏။
ထိုသတင်းမှာ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဘန်တာမြို့အပြင်ဘက်တွင် မှော်ဆလွန်းများ ပြိုင်ပွဲအတွက် ပြိုင်ကွင်းတစ်ခုတည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
၎င်းပြိုင်ကွင်းကို စတက်တိန်းနယ်မြေ၌ တစ်နှစ်ကျော်ကြာ တည်ဆောက်ခဲ့ပြီး ထိုနေရာ၌ အင်မတန်နာမည်ကြီးလှသော်လည်း လမ်ပူရီတိုင်းပြည်၌မူ ပထမဆုံးပေါ်လာသည့် အချိန်ဖြစ်သဖြင့် အာရုံများများစားစားကို မဆွဲဆောင်နိုင်ခဲ့ပေ။
၎င်းအပြင် အခြားသော အဓိက ပြဿနာရှိသေးသည်။ ရွှေဒင်္ဂါးဒါဇင်ချီသာကုန်ကျသော စက်ဘီးတစ်စီး၊ ရွှေဒင်္ဂါးတစ်ရာသာကုန်ကျသော အရည်အသွေးအပြည့်ဝဆုံးစက်ဘီးနှင့် ယှဉ်လျှင်ပင် ဈေးအပေါဆုံး မှော်ဆလွန်းက ရွှေဒင်္ဂါးတစ်ထောင်ကျော်ကုန်ကျသည်။ ထို့ကြောင့် ၎င်းက သာမန်လူများထံ မရောက်နိုင်ပေ။
သို့ဖြစ်၍ မှော်ဆလွန်းမှာ သာမန်အကျဆုံးလူများအတွက် အခြားလောကတစ်ခုဖြစ်နေပြီး မအပ်စပ်လှချေ။ သဘာဝကျစွာပင် မှော်ဆလွန်းပြိုင်ပွဲများက ၎င်းတို့၏ အာရုံကို ဆွဲဆောင်မည်မဟုတ်။
မှန်ပါ၏ သာမန်လူများက ဂရုမစိုက်လျှင်တောင် အခြားလူများကတော့ ဂရုမစိုက်သည့် အဓိပ္ပာယ်မဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆလွန်းများအား ပထမဆုံး ချပြစဉ်ကတည်းက ၂နှစ်ရှိပြီဖြစ်ကာ ရောင်းချခဲ့သည့် မှော်ဆလွန်းမှာ အစီးရေ ခုနှစ်သောင်းသုံးထောင်ကျော်ပါ၏။
၎င်းမှာ သန်းချီသည့် စက်ဘီးများ ရောင်းထွက်ခြင်းနှင့် စာလျှင် မထူးကဲလှသော်လည်း အရေအတွက် အနည်းငယ်လေးဟုတော့ မသတ်မှတ်နိုင်ပေ။
လမ်ပူရီတိုင်းပြည်၌ပင် Frestech တံဆိပ် မှော်ဆလွန်း လေးသောင်းကျော် ရောင်းချခဲ့၏။
ဘန်တာမြို့တွင် မှော်ဆလွန်း အစီးရေတစ်သောင်းငါးထောင်ကျော်ရှိသည်။
၎င်းအတွက် အကြောင်းပြချက်မှာ မှော်ဆလွန်းများကို ဘန်တာမြို့၌ ပထမဆုံး စတင်ချပြခဲ့သဖြင့် အလျင်အမြန်လက်ခံခဲ့ကြသည်။
တစ်ဘက်တွင်မူ ဘန်တာမြို့၏ စီးပွားရေးတိုးတက်မှုကို Frestech ကုန်သည်ကြီးများအသင်းက ဦးဆောင်ခဲ့သောကြောင့် သာမန်ကုန်သည်များအပြင် များစွာပိုမိုချမ်းသာလာကြသည့် မြို့သူမြို့သားများစွာရှိသည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် ကုန်စည်များတင်ပို့ပေးခဲ့သည့် အဘိုး ဆာခိုဇီက ဥပမာပင်။ သူဟာ ယခင်က သာမန်လယ်သမားတစ်ဦးသာဖြစ်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများအတွက် ကုန်စည်များတင်ပို့ပေးခဲ့သဖြင့် ရွှေဒင်္ဂါးငါးထောင်ကျော် စုဆောင်းရခဲ့သည်။
ယခင်နှစ်ကတင် အဘိုး ဆာခိုဇီမှာ ရွှေဒင်္ဂါးတစ်ထောင့်ငါးရာထုတ်ကာ Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ဆလွန်း လိုင်းအသစ်ကို ဝယ်ယူခဲ့သည်။
၎င်းက ဥပမာတစ်ခုသာရှိသေး၏။
ဘန်တာမြို့တွင် နှစ်များတလျှောက် ၎င်းတို့ကိုယ်ပိုင်အားထုတ်မှုမှဆင့် ချမ်းသာလာကြသော အဘိုး ဆာခိုဇီကဲ့သို့ လူများရှိသည်။
ဘန်တာမြို့သားများအတွက် မှော်ဆလွန်းက မရနိုင်သည့် အရာမဟုတ်ပေ။
မှန်ပါ၏ မှော်ဆလွန်းဝယ်ခြင်းနှင့် မှော်ဆလွန်းပြိုင်ပွဲအတွက် အရည်အချင်းပြည့်မှီခြင်းက မတူညီသည့် အရာနှစ်ခုဖြစ်သည်။
အဘိုး ဆာခိုဇီကဲ့သို့ လူများအတွက် မှော်ဆလွန်းက တတ်နိုင်သည့်အရာဖြစ်သော်လည်း အင်မတန်ဈေးကြီးလှသဖြင့် ထိခိုက်မှုများ မရှိစေလိုပေ။
၎င်းကို ပြိုင်ပွဲအတွက် ထုတ်ယူရနန်မှာ မတော်တဆများရှိနိုင်သဖြင့် သာမန်လူများက ၎င်းနှင့်အတူကစားရန် မတတ်နိုင်ပေ။
ထိုသို့ဖြင့် မှော်ဆလွန်းပြိုင်ပွဲများကိုစိတ်ဝင်စားကြသူများမှာ ငွေကြေးအခြေအနေကောင်းမွန်သူများသာဖြစ်သဖြင့် မှော်ဆလွန်းတစ်စီးနှစ်စီး ပျက်သွားလျှင်တောင် မနာကျင်ကြချေ။
တစ်ချိန်တည်းမှာပင် ထိုလူများက အားလပ်ချိန်များစွာရှိကာ မှော်ဆလွန်းပြိုင်ပွဲအတွက် ပြင်ဆင်ရန် စွမ်းအင်နှင့် စွမ်းအားပေါများလှသည်။
အနှီအခြေအနေများအားလုံးကို စစ်ထုတ်လိုက်ပြီးနောက် တကယ်တမ်းကျန်ရှိသူ များများစားစားမရှိတော့ပေ။
ဘန်တာမြို့၌ ဤမှော်ဆလွန်းပြိုင်ပွဲ၌ ဝင်ပြိုင်ရန် ဆုံးဖြတ်ထားကြသူ အယောက်ငါးဆယ်အောက်သာရှိသည်။
ထိုလူများအကြားတွင် အားလုံးမှာ ကုန်သည်ကြီးများနှင့် မျိုးရိုးမြင့်မိသားစုများမှလာသော 'လူချမ်းသာ ဒုတိယမျိုးဆက်များဖြစ်ကြသည်။
စတက်ဂ်ျမိသားစုမှ ရှင်ကျန်ရစ်သူအနည်းစု၏ တစ်ဦးဖြစ်သော ဘာရွန် ဘယ်လီမှာ ထိုလူများထဲမှ တစ်ဦးပင်။
***