← Chapters

သေဟန်ဆောင်ဖို့လိုသေးလို့လား

Vol. 18 Ch. 264

သေဟန်ဆောင်ဖို့လိုသေးလို့လား

Vol. 18 Ch. 264

အရိုးရိုင်း၏ ထူးဆန်းသည့်စိတ်ကူးကိုကြားပြီးနောက် လုယန်စိတ်အာရုံတွင် ပုံရိပ်တစ်ခု အလိုလိုပေါ်လာသည်။

ညကောင်းကင်အောက်တွင် တိတ်ဆိတ်သည့်အမှောင်ထုက အထီးကျန်တောအုပ်ကို လွှမ်းခြုံနေသည်။ တဖျစ်ဖျစ်အသံမြည်၍ တောက်လောင်နေသည့်မီးပုံသာ တစ်ခုတည်းသောအလင်းရောင်ဖြစ်သည်။ တောအုပ်၏ ခြောက်ခြားစရာငြိမ်သက်မှုကို အားဖြည့်နေသည်။

ဗိုက်ဖွင့်ပြီး ကလီစာများဖယ်ရှား၍ တောရိုင်းဆေးမြစ်များ ထုထောင်းလိမ်းကျံထားသည့် ဆိတ်တစ်ကောင် မီးပုံထက်တွင် ရှိနေသည်။ နတ်ဆိုးတစ်ပါးကို ယာဇ်ပူဇော်နေဟန်ဖြင့် အဓိပ္ပါယ်မဲ့ကကွက်မျိုး ကပြနေသည်။

မြင်ကွင်းက အတော်လေးထူးဆန်းသည်။ လက်ရှိလူသားမျိုးနွယ်တို့၏ အနုပညာခံစားနိုင်စွမ်းထက် ကျော်လွန်နေသည်။

"ကောင်းလိုက်တဲ့စိတ်ကူး။ အရိုးမျိုးနွယ်ပီသလိုက်တာ။ သူ့အတွေးအခေါ်က သူ့ဘိုးဘေးတွေလောက်နီးနီးရှိတယ်"

နတ်မယ် ပေါင်တစ်ချက်ပုတ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အရိုးရိုင်းတွင် တစ်ချိန်က သူ့မိတ်ဆွေဟောင်းတစ်ယောက်၏အရိပ်မျိုး ဝိုးတဝါး သူမြင်နေရသည်။

"ဒါတော့ ဝန်ခံရမယ်။ အရိုင်းမျိုးနွယ်တွေဟာ ခွန်အားကို အဓိကအားကိုးပြီး ဉာဏ်သိပ်မထက်ကြပေမယ့် အစားအသောက်နဲ့ ပတ်သက်လာရင်တော့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေ အများကြီးရှိတယ်။

အဓိကက သူတို့ကိုယ်တိုင်စိတ်ပါဝင်စားပြီး တီထွင်ဆန်းသစ်ချင်တဲ့ဆန္ဒ မြင့်မားလို့ပဲ။ အင်း..ဒါပေမယ့် ကြွားတာတော့မဟုတ်ပါဘူး။ အဲလိုဖြစ်နေတာက ငါကလည်း နည်းနည်းလေးကူညီပေးခဲ့လို့ပါ"

နတ်မယ်က လက်မနှင့်လက်ညှိုးကိုပူး၍ 'နည်းနည်း'ဟူသည့် အမူအရာကို လုပ်ပြသည်။

.

နတ်မှတ် သူ့ကိုယ်သူ နှိမ့်ချလွန်းသည်ဟု လုယန်တွေးမိသည်။ တကယ်တော့ နတ်မယ်သည် ရှေးဟာင်းအရိုင်းမျိုးနွယ်၏ အလင်းပြဆရာဖြစ်သည်။

"နတ်မယ်၊ အလောင်းထိန်းချုပ်မှော်ပညာတစ်ခုခု ခင်ဗျားသိတာရှိလား"

နတ်မယ် ခဏစဉ်းစားသည်။

"သေဟန်ဆောင်တဲ့ပညာရော သက်ဆိုင်လား။ ဒါက နဂါးနဲ့ဖီးနစ်မျိုးနွယ်တွေ အရူးအမူးလေ့လာချင်ကြတဲ့ မသေမျိုးပညာရပ်ပဲ။ ပြီးတော့ ကူးဖြတ်ခြင်းအဆင့်ထိ သုံးလို့ရတယ်"

"...အဲဒါနဲ့ မဆိုင်ပါဘူး"

"ဒါဆိုရင်တော့ မရှိဘူး။ ငါသိထားတာမရှိဘူး။

လုယန် နောက်တစ်ခုစဉ်းစားမိသည်။

"နတ်မယ်၊ ခင်ဗျားမသေမျိုးဖြစ်ပြီးတဲ့နောက်မှာရော သေဟန်ဆောင်ပညာကို သုံးခဲ့သေးလား"

နတ်မယ်အားနည်းစဉ်အချိန်ကသာ သေဟန်ဟောင်ပညာကို သုံးခဲ့ခြင်းဖြစ်မည်ဟု လုယန်ယူဆသည်။ မသေမျိုးဖြစ်ပြီး၊ ရှေးဟောင်းမသေမျိုးငါးယောက်၏ခေါင်းဆောင်ဟု ကြေညာပြီးချိန်တွင် ထိုပညာကို သုံးဖို့လိုမည်မထင်။

"အင်း၊ သုံးခဲ့တာပေါ့"

"ဘယ်လို၊ မသေမျိုးဖြစ်ပြီးတာတောင် သုံးရသေးတယ်ပေါ့"

နတ်မယ်က ရှက်ရယ်ရယ်သည်။

"နင်သိလား၊ ငါက ငွေမစုတတ်ဘူးလေ။ သုံးချင်ရာလျှောက်သုံးတာ။ အဲဒီတုန်းက ငါ့လက်ထဲ ဝိညာဉ်ကျောက်တွေကုန်သွားတယ်။ တစ်ခုမှမကျန်တော့ဘူး။

ငါက အကိုးကွယ်ခံမသေမျိုးဆိုတော့ ငါ့နောက်လိုက်တွေဆီက ဝိညာဉ်ကျောက်တောင်းရမှာလည်း ရှက်တယ်။

"ဒီတော့ ငွေရဖို့နည်းလမ်းစဉ်းစားတယ်။ သိပ်မကြာခင် နည်းလမ်းတစ်ခု တွေးမိတယ်။

သေဟန်ဆောင်ပညာနဲ့ ငါသေသွားသလို ဟန်ဆောင်ဖို့လေ။ ယင်ထန်တို့လေးယောက်က ငါ့အသုဘကိုလာပြီး ဝိညာဉ်ကျောက်တွေ ကူငွေအဖြစ်ထည့်ကြတယ်။ အဲလိုနဲ့ ငါ့လက်ထဲ ငွေပြန်ရလာတာပေါ့။

ဒီနည်းလမ်းကို အကြိမ်အတော်များများ ငါသုံးခဲ့ဖူးတယ်။ တကယ်အလုပ်ဖြစ်ပါတယ်"

လုယန် - "..."

ထိုကိစ္စနှင့်ပတ်သက်၍ ဝေဖန်ထောက်ပြစရာများစွာရှိသည်။ ဘယ်နေရာက စပြောရမှန်း သူမသိတော့။

"နောက်တစ်ခု မေးချင်တာရှိတယ်။ အရိုးရိုင်းရဲ့ ရှေးအရိုင်းသွေးဆက်ကို ခဏလောက်ချိတ်ပိတ်ထားလို့မရဘူးလား။ ဒီတစ်ခါက ကျုပ်တို့ကံကောင်းသွားလို့ ရွှေသန္ဓေအဆင့်သားရဲတွေပဲ ရောက်လာတာ။ နောက်တစ်ခါဆို အဲလောက်ကံမကောင်းနိုင်ဘူး။ နတ်ဝိညာဉ်အဆင့်သားရဲမျိုး ရောက်လာရင် ဒုက္ခာရောက်နိုင်တယ်"

လုယန်စိုးရိမ်နေသည်။ နတ်ဝိညာဉ်အဆင့်သားရဲနှင့် ကြုံရလျှင် ပဲဝါလက်သီးပင် သူတို့ကို ကယ်နိုင်မည်မထင်။ အဝေးပို့မှော်အဆောင်ဖြင့် နတ်ဆိုးချုပ်တောင်ကြားသို့ ပြန်ရုံသာရှိသည်။

"ကိစ္စမရှိပါဘူး။ အရိုးရိုင်းရဲ့သွေးဆက်ကို ထိန်းချုပ်ဖို့မလိုဘူး။ သူ့တိုက်ပွဲ ပြီးခါနီးတဲ့အချိန် နင်တို့သတိမထားမိဘူးလား။ သူ့သွေးဆက်စွမ်းအားနဲ့ ကြေးခွံသားရဲကို နှိပ်ကွပ်နိုင်နေပြီလေ။

အဲဒါ သူ့ရှေးဟောင်းအရိုင်းသွေးဆက်က ရွှေသန္ဓေအဆင့်သားရဲတွေကို နှိပ်ကွပ်နိုင်ပြီဆိုတဲ့ သ‌ဘောပဲ။ ဒါပေမယ့် အရိုးရိုင်း ရွှေသန္ဓေအဆင့်ကို တက်သွားမယ်ဆိုရင်တော့ လုံးဝကွဲပြားသွားပြီ"

နတ်မယ်က အားလုံးကို သေချာသုံးသပ်ပြသည်။ ကျွမ်းကျင်မှုပိုင်းတွင် သူလုံးဝအထစ်အငေါ့မရှိဖူးခဲ့။ ရှေးဟောင်းအရိုင်းမျိုးနွယ်ကိုပင် တစ်ကိုယ်တောင်ဖန်တီးခဲ့သူဖြစ်သည်။

လုယန် စိတ်သက်သာရာရပြီး ပေါ့ပါးသွားသလိုခံစားရသည်။ ထိုသို့သာမဟုတ်လျှင် နောက်ထပ်နှစ်လသုံးလအတွင်း တောနက်ထဲတွင် သူကျီးလန့်စာစားဘဝဖြင့် နေရလိမ့်မည်။

"နင်ဆံပင်ရှည်ချင်လား။ ငါ့မှာ နည်းလမ်းရှိတယ်"

နတ်မယ် မပွင့်တပွင့်ပြုံး၍ပြောသည်။

"ဘာနည်းလမ်းလဲ"

"ဂျင်းစိမ်းလက်သီးပညာတွေရှိတယ်။ အဲဒါတွေ နင်တတ်သွားတာနဲ့ တစ်ခေါင်းလုံးကဆံပင်တွေ နက်မှောင်တောက်ပြောင်လာလိမ့်မယ်"

အမှန်အတိုင်းပြောလျှင် လုယန် သင်ချင်ပါသည်။ သို့သော် ထာဝရနတ်မယ်သည် ယုံကြည်ကိုးစား၍မရ။ လက်သီးသိုင်းနာမည်ကလည်း သံသယဝင်စရာဖြစ်နေသည်။ ထို့ကြောင့် သူမယုံရဲ။

"နေပါစေတော့၊ ကျုပ်ဆံပင်တွေ နောက်ဆယ်ရက်လောက်ဆို ပြန်ရှည်လာတော့မှာပါ"

ပုံမှန်ဆံပင်များသည် ထိုမျှမရှည်လွယ်။ လုယန်နှင့်မုန်ကျင်းကျိုးက ဦးရေပြားကို ညတိုင်းဝိညာဉ်စွမ်းအင်ဖြင့် လှုံ့ဆော်၍ ဆံပင်ကြီးထွားနှုန်းကို အရှိန်မြှင့်ခဲ့သောကြောင့်ဖြစ်သည်။ တကယ် အကျိုးရှိသည်။

လက်တွေ့လောကတွင် သူတို့လေးယောက် လတ်ဆတ်သည့် ခြင်္သေ့ကင်အသားကို စားနေကြသည်။ အရိုးရိုင်းက ခြင်္သေ့ခေါင်းကို ကိုက်စားနေသည်။

"ရွှေသန္ဓေအဆင့်ခြင်္သေ့သားဆိုတော့ နူးညံ့ပြီး ချိုနေတာပဲ။

လုယန်ရဲ့ မီးတောက်စစ်ပညာကလည်း တကယ်ကောင်းတယ်။ ပုံမှန်ဆို ဒီလိုကောင်လုံးကင်တဲ့အခါ အပြင်ပိုင်းက မီးကျွမ်းပြီး အတွင်းသားက မကျက်ဘဲဖြစ်နေမှာ။ အခုလုယန်က မီးတောက်စစ်အပူကို အတိအကျထိန်းချုပ်နိုင်တော့ အတွင်းရောအပြင်ရော တစ်ပြိုင်တည်း အပူပေးနိုင်တယ်။ အကျက်ညီသွားတယ်။ ဒီအပိုင်းမှာတော့ သူကငါ့ထက်သာပါတယ်"

မုန်ကျင်းကျိုး ခွဲခြားသုံးသပ်၍ ဝန်ခံသည်။

မီးတောက်စစ်တစ်မျိုးကိုပင် သူမကျွမ်းကျင်သေး။ ထို့ကြောင့် လုယန်ကို လုံးဝမယှဉ်နိုင်။

အမှန်တော့ တစ်ကိုယ်တော်ဝိညာဉ်မြစ်များသည် သဘာဝအလျောက် မီးတောက်စစ်တစ်မျိုး တွဲပါလာပြီးဖြစ်သည်။ သန့်စင်ယန်မီးတောက်စစ်ဟုခေါ်သည်။ သရဲဝိညာဉ်များအားလုံးကို နှိပ်ကွပ်နိုင်သည်။ ရွှေသန္ဓေအဆင့်ရောက်သည်နှင့် ထိုမီးတောက်ကို အလိုလိုကျွမ်းကျင်လာကြသည်။

ထိုစွမ်းရည်သည် အတော်ထူးခြားသည့် ပါရမီမျိုးဖြစ်သည်။ သို့သော် လုယန်နှင့်ယှဉ်တွေးကြည့်လျှင် ဘာမှမထူးခြားတော့သလိုဖြစ်နေသည်။

ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် အနားယူရန် ပြင်ဆင်ကြသည်။

"ထောင်ယော်ယဲ့နဲ့ငါ ပထမပိုင်းညတစ်ဝက်ကို ကင်းစောင့်မယ်။ မုန်ကျင်းကျိုးနဲ့ အရိုးရိုင်းက ကျန်တဲ့ညတစ်ဝက်ကို ကင်းစောင့်ပေါ့။ ဘယ်လိုလဲ"

"ကောင်းသားပဲ"

လုယန်နှင့် မုန်ကျင်းကျိုးက ညပိုင်းတောထဲတွင်နေထိုင်သည့် အတွေ့အကြုံရှိပြီးဖြစ်၍ ညကင်းတာဝန်ကို ခွဲယူကြသည်။

ထောင်ယော်ယဲ့နှင့် အရိုးရိုင်းကို ကင်းတာဝန်အတူတွဲပေးထား၍ သားရဲဖြစ်စေ လူဖြစ်စေ မထင်မှတ်ပဲ တိုက်ခိုက်လာလျှင် အချိန်မီမတုံ့ပြန်နိုင်လောက်။

ဤတောနက်ထဲတွင် သားရဲများသာ အန္တရာယ်ရှိသည်မဟုတ်။ လူသားများလည်း အန္တရာယ်ပေးနိုင်သည်။

လင်းယုန်သူရဲကောင်းငါးယောက်နှင့်အတူ တောနက်ထဲတွင်ရှိခဲ့သည့် ညတစ်ညက လူတစ်စု အလစ်ဝင်တိုက်ခိုက်သည်ကို သူတို့ကြုံခဲ့ဖူးသည်။

တိုက်ခိုက်လာသူများက သာမန်ကျင့်စဉ်စွမ်းအားမျိုးသာရှိသဖြင့် သူတို့ကံကောင်းသွားသည်။ လုယန်နှင့်မုန်ကျင်းကျိုး အမြန်ရှင်းပစ်နိုင်ခဲ့သည်။

ညကင်းတာဝန်စသည်နှင့် ထောင်ယော်ယဲ့က ဝိညာဉ်အာရုံကို ဘေးပတ်လည်သို့ ချက်ချင်းဖြန့်လိုက်သည်ကိုမြင်သဖြင့် လုယန် သတိပေးသည်။

"မင်းရဲ့ဝိညာဉ်အာရုံကို တစ်ချိန်လုံးဖြန့်မထားနဲ့။ အဲလိုလုပ်ရင် မင်းမကြာခင် စွမ်းအားကုန်ခမ်းသွားလိမ့်မယ်။ ညတာကရှည်တယ်လေ။ မင်းဘယ်လောက်ကြာအောင် ထိန်းထားနိုင်မှာလဲ"

ထောင်ယော်ယဲ့သာမဟုတ်။ ရွှေသန္ဓေအဆင့်နှင့် ဝိညာဉ်စွမ်းအင်တန်းတူရှိသည့် လုယန်ပင် ထိုသို့အသုံးမပြုရဲ။

"ဒါဆို ဘယ်လိုလုပ်ရမှာလဲ"

ထောင်ယော်ယဲ့ ဝိညာဉ်အာရုံ ပြန်ရုတ်သိမ်းလိုက်သည်။

"မျက်လုံးနဲ့ကြည့်၊ နားနဲ့နားထောင်။ အာရုံငါးပါးနဲ့ ပတ်ဝန်းကျင်ကို သတိထားပြီးစောင့်ကြည့်ပေါ့။

အစပိုင်းမှာ နည်းနည်းတော့ ခက်ခဲမယ်။ ဒါပေမယ့် သုံးလေးကြိမ် စမ်းလုပ်ကြည့်ပါ။ မင်းပါရမီနဲ့ဆို သိပ်မကြာခင် ဒီနည်းလမ်းနဲ့ အသားကျသွားပါလိမ့်မယ်။

အဲဒါကိုကျွမ်းကျင်ထားရင် တိုက်ပွဲတွေမှာလည်း အရမ်းအသုံးဝင်တယ်။

ဝိညာဉ်အာရုံကို အရမ်းအားမကိုးနဲ့။ အလွန်အကျွံအားကိုးလွန်းရင် ရန်သူ့ထောင်ချောက်ထဲကို အလွယ်တကူ ကျသွားနိုင်တယ်"

ထိုနည်းလမ်းက ထာဝရနတ်မယ် သင်ပေးခဲ့သည့် နည်းလမ်းဖြစ်သည်။ ယခု လုယန်က ထောင်ယော်ယဲ့ကို ပြန်မျှဝေသည်။

ထောင်ယော်ယဲ့ ခေါင်းငြိမ့်၍ လုယန်ညွှန်ကြားသည့်အတိုင်း ဘေးပတ်လည်ကို အာရုံစိုက်ပြီးစောင့်ကြည့်သည်။

နှစ်ယောက်သား နောက်ထပ်စကားမပြောဘဲ ငြိမ်သက်စွာထိုင်နေကြသည်။

ကင်းတာတန်ပြောင်းသည့်အချိန်တွင် ထောင်ယော်ယဲ့က သစ်ပင်တစ်ပင်ပေါ် ခုန်တက်သွားပြီး သက်တောင့်သက်သာလှဲချလျက် အိပ်ပျော်သွားသည်။

ထိုမြင်ကွင်းကိုကြည့်၍ ထောင်ယော်ယဲ့နှင့်အတူ အရေပြားသရဲရှင်းလင်းရန် ရှန်မိသားစုအိမ်တော်တွင် နေခဲ့စဉ်ကအဖြစ်ကို လုယန်ပြန်သတိရလာသည်။

ရှန်အိမ်တော်မှ အိပ်ယာသည် တာအိုလမ်းစဉ်ဂိုဏ်းမှအိပ်ယာလောက် မကောင်းသဖြင့် အိပ်မပျော်ဟု ထောင်ယော်ယဲ့ ညည်းညူခဲ့သည်။

"ရင့်ကျက်လာတာ ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ"

All Chapters