အမှန်ကိုးခွန်း မုသားတစ်ခွန်း
Vol. 18 Ch. 267
မူထန်မြက်ထိန်းချုပ်ထားသည့် သားရဲငါးကောင်သည် အတော်စွမ်းအားကြီးသည်။ ခေါင်းကိုးလုံးမြွေလောက် အဆင့်မမြင့်သော်လည်း ရွှေသန္ဓေသားရဲများကြားတွင် အတော်ဆုံးဖြစ်သည်။
အဆင့်တူကျင့်ကြံသူများပင် ရင်ဆိုင်ဖို့ ခက်ပေလိမ့်မည်။
သို့သော် သားရဲများကံမကောင်းကြ။ သူတို့ပြိုင်ဘက်က တာအိုလမ်းစဉ်ဂိုဏ်းတပည့်များဖြစ်သည်။ အထူးချွန်ဆုံး အခြေတည်အဆင့်များဖြစ်သည်။
အစောပိုင်းက ထောင်ယော်ယဲ့နှင့်အရိုးရိုင်းတို့ ရွှေသန္ဓေထိပ်တန်းသားရဲများကို ခက်ခက်ခဲခဲ ရင်ဆိုင်ကြရသည်။ သို့သော်ယခု သူတို့စွမ်းအားက အဆက်မပြတ်လေ့ကျင့်မှုကြောင့် သိသိသာသာတိုးတက်နေပြီဖြစ်သည်။
လုယန်၏စကားအရ အခြေတည်ထိပ်တန်းအဆင့်၏ အမြင့်ဆုံးသို့အနေအထားရောက်လာခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့ထက်အရင်တိုးတက်ခဲ့သည့် လုယန်နှင့်မုန်ကျင်းကျိုးကိုတော့ ပြောစရာမလို။ အခြေတည်အဆင့်၏ သာမန်အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်သည်။
ထိုရွှေသန္ဓေသားရဲငါးကောင်ကို မှုစရာမလို။
လုယန်က လက်လေးဘက်မျောက်ဝံနက်တစ်ကောင်ကို ရင်ဆိုင်သည်။ မျက်လုံးအိမ်များပင် အနက်ရောင်ဖြစ်သည်။
ဓားအော်သံနှင့်အတူ မျောက်ဝံနက် လက်တစ်ဘက်ပြတ်သွားသည်။ ဒေါသတကြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဂါး"
"မင်းဘာတွေအော်နေတာလဲ။ အရဟတ်လက်သီးစွမ်းအား"
လုယန် လက်တစ်ဘက်အရဟတ်လက်သီးဖြင့် ထိုးလိုက်သည်။ လက်သီးစွမ်းအား လျှော့ထားသော်လည်း ဆံပင်ကျွတ်သည့်အာနိသင်က မလျော့။
မျောက်ဝံနက် သူ့ဦးခေါင်းတွင် အေးစိမ့်လာသလို ခံစားရသည်။ လက်ဖြင့်ဦးရေပြားကို စမ်းကြည့်သည်။ လုံးဝပြောင်လက်နေသည်။
ဒီလူသား ဘယ်လိုလုပ်လိုက်သည်မသိ။
"ခေါင်းတုံးမျောက်ဝံနက်ကြီးပါလား။ ဒီလိုသားရဲမျိုး တစ်ခါမှမမြင်ဖူးဘူး"
လုယန် ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေရသလို ဟန်လုပ်၍ပြောလိုက်သည်။ အမျိုးအမည်မသိသည့် သားရဲများကို ကျင့်ကြံသူများ အကြောက်ဆုံးဖြစ်သည်။ ဤခေါင်းတုံးမျောက်ဝံအကြောင်း ဘယ်သူမှ မှတ်တမ်းမတင်ဖူး။ ကြောက်စရာစွမ်းအားမျိုး ရှိမည်ဟု ထင်ကြပေလိမ့်မည်။
"ဘာရယ်၊ ဒါက ဒဏ္ဍာရီထဲက ခေါင်းတုံးမျောက်ဝံနက်လား"
မုန်ကျင်းကျိုးက တိုက်ခိုက်နေရင်း လုယန်၏ပြိုင်ဘက်ကိုကြည့်ပြီး မျက်နှာအကြီးအကျယ်ပျက်သွားသည်။
"ဒဏ္ဍာရီထဲမှာ ပြောထားတာက ဒီမျောက်ဝံနက်ရဲ့ စွမ်းအားအဆင့်ကို ခေါင်းမှာရှိတဲ့ ဆံပင်အရေအတွက်နှင့် တိုင်းတာတယ်တဲ့။ ဆံပင်တစ်ချောင်းရှိရင် ချီစုစည်းအဆင့်ကို ကိုယ်စားပြုတယ်။ ဆံပင်တစ်ချောင်းအဆင့်လို့ခေါ်တယ်။ ဆံပင်နှစ်ချောင်းဆို အခြေတည်အဆင့်။ ဆံပင်နှစ်ချောင်းအဆင့်။ ဆံပင်သုံးချောင်းဆို ရွှေသန္ဓေအဆင့်ပဲ။ ဆံပင်သုံးချောင်းအဆင့်။
အခု ဒီမျောက်ဝံက ဘာအဆင့်လဲ"
လုယန် မျက်နှာမည်းသွားသည်။
"ဆံပင်မဲ့အဆင့်"
"ကိုယ့်လူတို့၊ တိုက်ရင်းခိုက်ရင်း သရုပ်ဆောင်မနေကြပါနဲ့လား။ ငါက အာရုံလွင့်လွယ်လို့ပါ"
စုန့်ဟွာက လှမ်းအော်သည်။
"အိုး...ဟုတ်ပါပြီ။ အကျင့်ပါနေလို့ပါ"
စုန့်ဟွာ -"..."
မုန်မိသားစုနှင့် တာအိုလမ်းစဉ်ဂိုဏ်းမှလူများအားလုံး တကယ်လည်း တတ်နိုင်ကြပေသည်။ ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သည့် သားရဲများနှင့် တိုက်ခိုက်နေချိန်မှာပင် စနောက်နေနိုင်ကြသည်။ တစ်ခြားလူများဆိုလျှင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည်။
"မိတ်ဆွေလု၊ ငါ့ကိုကယ်ပါဦး"
ကူတိုင်ပေးနေသည့် စုန့်ဝူကောင်းကို သားရဲကောင်က အမြီးဖြင့်ရိုက်လိုက်သည်။ နံရိုးတစ်ဝက်လောက် ကျိုးသွားသည်။
လုယန်ကို မယှဉ်နိုင်မှန်းသိသဖြင့် သားရဲကောင်က အော်ဟစ်ဟိန်းဟောက်၍ စုန့်ဝူကောင်းကို ဆက်တိုက်ခိုက်သည်။
"တောင်ထားဦး"
လုယန် သားရဲကောင်ဆီ တဟုန်ထိုးပြေးဝင်သွားပြီး စုန့်ဝူကောင်းရှေ့မှ ကာရပ်လိုက်သည်။
ချင်ဖုန်းဓားကို သူ့ရှေ့တွင် ထောင်ထားသည်။ သားရဲကောင်မည်မျှကြိုးစားသော်လည်း ရှေ့သို့ တစ်လက်မပင်မရွေ့နိုင်။
သားရဲကောင်ကို အပြီးသတ်ကိစ္စတုံးရန် ပြင်လိုက်ချိန်တွင် စူးရှသည့်ဝေဒနာတစ်ခု ရုတ်တရက် သူခံစားလိုက်ရသည်။
ဓားမြှောင်တစ်လက် သူ့ရင်ဝကို ထိုးစိုက်နေသည်။
လုယန် ဖြေးညှင်းစွာ နောက်သို့လှည့်ပြီး မယုံနိုင်သည့်မျက်လုံးများဖြင့် စုန့်ဝူကောင်းကို ကြည့်လိုက်သည်။
"ဘာလို့..."
ထိုမြင်ကွင်းကိုကြည့်၍ မုန်ကျင်းကျိုး ထိတ်လန့်တုန််လှုပ်သွားသည်။ သူ့မျက်လုံးတွင် သွေးရောင်လွှမ်းလာသည်။
"လုယန်"
လုယန်ကို သူပြေးကူချင်သော်လည်း သူရင်ဆိုင်နေသည့်သားရဲက ရူးသွပ်နေဟန်ဖြင့် တရကြမ်းတိုက်ခိုက်နေသည်။ မုန်ကျင်းကျိုး ဖောက်ထွက်မရ။
"စုန့်ဝူကောင်း၊ သေသင့်တဲ့ကောင်"
တစ်ခြားလူများလည်း နတ်ဆိုးသားရဲများကြောင့် အလုပ်များနေကြသည်။
စုန့်ဝူကောင်း၏ ကြောက်ရွံ့သည့်ဟန်ပန်များ ပျောက်ကွယ်သွားပြီး ဝင့်ကြွားသည့်အပြုံးတစ်ခု ပေါ်လာသည်။ ခေါင်းကိုခါယမ်းလျက်
"ဓားမြှောင်မှာ အဆိပ်ပါတယ်။ နတ်ဝိညာဉ်အဆင့်တွေတောင် သေမှာပဲ။ မင်းက သေတော့မယ့်လူဆိုတော့ ငါပြောပြလို့ရပါတယ်"
"မင်းက မူထန်မြက်ရဲ့အစာပေါ့"
"မင်းက ဒီလူတွေထဲမှာ စွမ်းအားအကြီးဆုံးပဲလေ။ မင်းကိုထိန်းချုပ်လိုက်ရင် ကျန်တဲ့လူတွေကို အရေးစိုက်စရာမလိုတော့ဘူး"
စုန့်ဝူကောင်း လက်ဝါးကို လှန်လိုက်သည်။ သစ်စေ့တစ်ခု ပေါ်လာသည်။ ထိုသစ်စေ့ကို လုယန်၏ဒန်ထန်ပေါ်သို့ ရိုက်ချလိုက်သည်။
"ဒါ မူထန်မြစ်ရဲ့ သစ်စေ့ပဲ။ စိတ်အေးအေးထားပါ။ မကြာခင် မင်းလည်း သခင့်ရဲ့ကျွန်တစ်ယောက် ဖြစ်လာမှာပါ။
...ဟာ...မူထန်သစ်စေ့က မင်းကိုယ်ထဲကို ဘာလို့မဝင်တာလဲ"
စုန့်ဝူကောင်း မျက်နှာအကြီးအကျယ်ပျက်သွားသည်။ တစ်ခုခုမူမမှန်ကြောင်း နားလည်လိုက်သည်။ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် လုယန်မျက်နှာတွင်ကြောက်စရာအပြုံးတစ်ခု ပေါ်လာသည်။
ရင်ဘတ်နေရာမှ လုယန်အသေးစားလေးတစ်ယောက် ထိုးထွက်လာသည်။
ထိုလုယန်က လေနှင့်အတူ ချက်ချင်းကြီးထွားလာပြီး မူလအရွယ်အစားသို့ ရောက်သွားသည်။ ချင်ဖုန်းဓားကိုကောက်၍ တိုက်ခိုက်ရန်ပြင်နေသည့်သားရဲကို တစ်ချက်တည်းခုတ်သတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အဆိပ်ဓားချက်မိထားသည့်လုယန်က နောက်ပြန်လဲကျသွားပြီး မြေကြီးနှင့်ပေါင်းစပ်သွားသည်။
"ကိုယ်ပွား"
စုန့်ဝူကောင်း မျက်လုံးပြူးသွားသည်။
ပြီးခဲ့သည့် လဝက်အတွင်း လုယန်သည် ကိုယ်ချုံ့ပညာဖြင့် ကိုယ်ပွားရင်ဘတ်ထဲတွင် ပုန်းခိုနေခဲ့သည်။ တိုက်ခိုက်ရာတွင် ကိုယ်ပွားကိုထိန်းချုပ်ရင်း ဝိညာဉ်အာရုံစွမ်းအားကို လေ့ကျင့်ခဲ့သည်။ ကိုယ်ပွားထိန်းချုပ်မှု တိုးတက်အောင် လေ့ကျင့်ခဲ့သည်။
"မင်းလှုပ်ရှားတာကို ငါစောင့်နေခဲ့တာ အတော်ကြာပြီကွ"
လုယန် ပြုံး၍ပြောသည်။
"မင်းငါ့အကြေင်း ဘယ်လိုသိသွားတာလဲ"
စုန့်ဝူကောင်း အံ့အားသင့်နေသည်။ သူတို့ချင်းတွေ့ကြသည်မှာ မကြာသေး။ အားလုံးကို ဟာကွက်မရှိလုပ်နိုင်ခဲ့သည်ဟု ထင်ထားသည်။ သူ့အကြောင်း ဘယ်လိုရိပ်မိသွားသည်မသိ။
"စုန့်ဝူကောင်း၊ မင်းဘာတွေဖြစ်နေတာလဲကွ"
စုန့်ဟွာက စုန့်ဝူကောင်းထက်ပင် ပို၍အံ့ဩနေသည်။
"မင်းထိန်းချုပ်ခံလိုက်ရတာလား"
လုယန် အန္တရာယ်မရှိကြောင်း တွေ့ရသဖြင့် အားလုံးစိတ်သက်သာရာရသွားပြီး ကျန်နေသည့်သားရဲလေးကောင်ကို အမြန်တိုက်ခိုက်ကြသည်။
ထို့နောက် စုန့်ဝမ်ကောင်းကို ဝိုင်းထားသည်။ သူတို့မျက်နှာတွင် ဒေါသရိပ်များ ပြည့်နေသည်။
လုယန် လှောင်ပြုံးပြုံးလိုက်သည်။ စုန့်ဝူကောင်းလုပ်ရပ်များ ကလေးဆန်လွန်းကြောင်း ရှင်းပြသည်။
"မူထန်မြက်က သားရဲတွေကိုထိန်းချုပ်ပြီး အဟာရအဖြစ် အသုံးချတယ်လို့ မင်းပြောတယ်။ ငါတို့ကြုံခဲ့ရတဲ့ သားရဲတွေအားလုံးကို မူထန်မြက်က ထိန်းချုပ်ထားတယ်။
အဲဒီ့နေရာမှာ မေးစရာရှိလာပြီ။ မူထန်မြက်က သားရဲတွေကို အဟာရအဖြစ်သုံးနိုင်တယ်ဆိုရင် ဘာလို့သားရဲတွေကို ထိန်းချုပ်ပြီး လူသတ်ခိုင်းတာလဲ။
ရှင်းပါတယ်။ လူတွေကိုလည်း အဟာရအဖြစ်စားနိုင်လို့ပေါ့။
လူတွေကို စားနိုင်တယ်ဆိုရင် လူတွေကိုလည်း ထိန်းချုပ်နိုင်မှာပဲလေ။
အဲဒီ့အကြောင်းကို မင်းဘာလို့သေချာရှင်းမပြခဲ့တာလဲ။ မင်းပြောတဲ့ စုစည်းခြင်းအဆင့်သမားတော့က ဒီမှတ်တမ်းကို ရေးတဲ့အချိန်မှာ ဒါကိုတန်းပြီးမတွေးမိတာလား။ ဒါမှမဟုတ် မင်းက တမင်မရှင်းပြဘဲ ချန်ထားတာလား"
လုယန် စုန့်ဝူကောင်းကို မြေပေါ်သို့ ကန်လှဲလိုက်သည်။
"အမှန်ကိုးခွန်းပြောပြီး မုသားတစ်ခွန်းပြောတယ်။ ဒီလိုလှည့်ကွက်မျိုးတွေကို ဟိုအရင်ကတည်းက ငါကျွမ်းကျင်ပြီးသားကွ။ ငါ့ရှေ့မှာ ဒီလိုလာလှည့်စားတာဟာ ငါ့ကိုအထင်သေးတာပဲ။
မူထန်မြက်ရဲ့တည်နေရာကို သိချင်လို့ အစောကတည်းက မင်းကိုငါမဖော်ထုတ်ခဲ့တာပါ"
တောအုပ်က ကျယ်ပြန့်သည်။ လမ်းပြမပါလျှင် မူထန်မြက်ကို ရှာတွေ့ဖို့ခက်သည်။
စုန့်ဝူကောင်းက လုယန်တို့ကိုလှည့်စားမည့်အကြံနှင့် ဤနေရာသို့ခေါ်လာသည်။ လုယန် မုန်ကျင်းကျိုးနှင့် ဆွေးနွေးပြီးနောက် ကစားပွဲကို ပြောင်းပြန်လှန်ပစ်ဖို့ ဆုံးဖြတ်ခဲ့သည်။
လုယန်ရှင်းပြမှ ထောင်ယော်ယဲ့ နားလည်လာသည်။ အစောပိုင်းက သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်နေသည်မှာ အကြောင်းမဲ့မဟုတ်။
မုန်ကျင်းကျိုးကတော့ မအံ့ဩပါ။ ခုနက အော်ဟစ်သည်များက သရုပ်ဆောင်မှုသက်သက်သာဖြစ်သည်။
"စုန့်ဝူကောင်းက မူထန်မြက်ရဲ့ ထိန်းချုပ်မှု ခံလိုက်ရပြီ။ မင်းတို့တွေကိုလည်း သံသယမကင်းဘူး။ ဒီတော့ နတ်ဆိုးချုပ်တောင်ကြားကိုပြန်ပြီး မင်းတို့ဖြူစင်ကြောင်းပြဖို့ စစ်ဆေးမှုခံယူကြပါ"
လုယန် အေးစက်စက်ပြောလိုက်သည်။
မိသားစုထဲတွင် သစ္စာဖောက်ပေါက်လာသဖြင့် စုန့်ဟွားတို့လည်း အပြစ်မကင်းသလို ခံစားရသည်။ ထို့ကြောင့် စစ်ဆေးခံဖို့ ပြန်ရုံသာရှိတော့သည်။
"ဟားဟားဟား"
စုန့်ဝူကောင်း ခြောက်ကပ်ကပ်ရယ်လိုက်သည်။ သူ့အသံက လူသားအသံမဟုတ်တော့။
"မင်းတို့သိသွားလည်း ဘာထူးမှာလဲ။ ဒီကနေထွက်သွားနိုင်မယ် ထင်နေလို့လား"
နွံအိုင်ထဲမှ ရေနွေးအိုးဆူသကဲ့သို့ ရေပွက်များ အဆက်မပြတ်ထလာသည်။ ရွှံ့ညွှန်ဖုံးနေသည့်သဏ္ဌာန်များ ပေါ်လာသည်။ လူသားများရော သားရဲများပါ ပါသည်။ သူတို့စွမ်းအင်ရောင်အရ အားလုံး ရွှေသန္ဓေအဆင့်များဖြစ်မည်။ အနည်းဆုံး ငါးဆယ်ခြောက်ဆယ်ခန့်ရှိသည်။
ရွှေစီးပွားဆိုင်ရှင်ပြောသည့်စကားကို လုယန် ရုတ်တရက် ပြန်သတိရလာသည်။
'တောနက်ထဲမှာ နေ့တိုင်း လူတွေပျောက်နေတယ်။ အထူးသဖြင့် အခုရက်ပိုင်း အပျောက်အရှပိုများတယ်'
"ခုတလော ကျင့်ကြံသူတွေပျောက်နေတယ်ဆိုတာ ဒါကြောင့်များလား။
မဟုတ်သေးဘူး။ မူထန်မြက်က အလွန်ဆုံး သက်ရှိဆယ်ခုပဲ ထိန်းချုပ်နိုင်တာမဟုတ်လား"
နွံအိုင်ထဲမှ ပေါ်လာသည့် ထိန်းချုပ်ခံများကို ထည့်မတွက်လျှင်ပင် စုန့်ဝူကောင်းနှင့် သားရဲဆယ်ကောင်ရှိခဲ့သည်။ ထိန်းချုပ်ခံ ဆယ့်တစ်ခုရှိပြီးဖြစ်သည်။
"နတ်မယ်၊ ဘာတွေဖြစ်ကုန်ပြီလဲ"
နတ်မယ် မျက်မှောင်ကျုံ့သည်။
"စုန်ဝူကောင်းပြောတာ မမှားပါဘူး။ သာမန်မူထန်မြက်က အလွန်ဆုံး သက်ရှိဆယ်ခုပဲ ထန်းချုပ်နိုင်တယ်။
ဒါပေမယ့် နင့်ရှေ့မှာမြင်နေရတာက သာမန်မူထန်မြက်မဟုတ်ဘူး။ သာမန်ဝိညာဉ်ပင်လည်းမဟုတ်ဘူး။
သူက အသိဉာဏ်ဖွံ့ဖြိုးနေပြီ။ အချိန်မသေမျိုးလို ဝိညာဉ်တစ်ခုဖြစ်လာပြီ"