← Chapters

ကြိုတင်ကြံစည်မှု

Vol. 18 Ch. 268

ကြိုတင်ကြံစည်မှု

Vol. 18 Ch. 268

"အချိန်မသေမျိုးရဲ့ မူလပုံစံက မူထန်မြက်လိုမျိုးလား။ နှစ်ခုလုံးက ဝိညာဉ်သစ်ပင်တွေကနေ အသိဉာဏ်ရလာတာပေါ့"

လုယန် အံ့ဩသွားသည်။ ဝိညာဉ်သစ်ပင်များ အသိဉာဏ်ရသည့်အဖြစ်ကပင် အလွန်တရာခက်ခဲသည်။ ထူးခြားသည့် အောင်မြင်မှုမျိုးရဖို့က ပို၍ပင်ခဲယဉ်းသည်။

သူသိသလောက်တော့ ဝိညာဉ်ပင်တစ်ပင် အသိဉာဏ်ရနိုင်သည့် နည်းလမ်းနှစ်မျိုးရှိသည်။ တစ်နည်းက တာအိုလမ်းစဉ်ဂိုဏ်း၏ ဆေးစိုက်ခင်းများမှ ဆေးဘုရင်လေးများကဲ့သို့ သက်တမ်းရှည်လွန်းသဖြင့် အချိန်ကြာလာသည်နှင့်အမျှ တဖြေးဖြေးအသိဉာဏ်ရလာခြင်းဖြစ်သည်။

ထိုဆေးဘုရင်လေးများသည် အနည်းဆုံး နှစ်တစ်သိန်းသက်တမ်းရှိသည်။ ထိုမျှရှည်လျားသည့် အချိန်အတွင်း ရိတ်သိမ်းမခံရသည့် ဝိညာဉ်ပင်သည် ကံထူး၍သာဖြစ်သည်။

နောက်တစ်နည်းက တိုက်ဆိုင်မှုမျိုးစုံ ကြုံကြိုက်ခြင်းဖြစ်သည်။ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်သွေးကြောထဲတွင် ပေါက်ဖွားပြီး နေရောညပါဝိညာဉ်စွမ်းအင်များ စုပ်ယူခွင့်ရခြင်း။ သို့မဟုတ် ကောင်းကင်စည်းမျဉ်းများနှင့် ထိတွေ့၍ တာအိုအထောက်အပံ့ရခြင်း။ သို့မဟုတ် စွမ်းအားရှင်တစ်ယောက်က ဉာဏ်အလင်းပေးခြင်းမျိုးဖြစ်သည်။

အသိဉာဏ်ရှိသည့် ဝိညာဉ်ပင်အရေအတွက်က နည်းပါးလွန်းသည်။ လောကကြီးက သူတို့အကြောင်း သိပ်မသိကြ။ ဂိုဏ်း၏ဆေးစိုက်ခင်းထဲမှ ဆေးဘုရင်လေးများအကြောင်းပင် နှံနှံ့စပ်စပ်လေ့လာနိုင်ဖို့ အတော်ခက်ခဲသည်။

ဝိညာဉ်ပင်တစ်ခုချင်းစီ၏ စရိုက်လက္ခဏာများက ကွဲပြားသည်။ နှိုင်းယှဉ်လေ့လာရန် သေချာသုတေသနပြုရန် မဖြစ်နိုင်။

သို့သော် တစ်ခုတော့ သေချာသည်။ သိစိတ်ဖွံ့ဖြိုးလာသည့် ဝိညာဉ်ပင်သည် သိစိတ်မရှိသည့် ဝိညာဉ်ပင်များထက် ရှင်သန်ကြီးထွားနိုင်စွမ်း အဆရာချီသာလွန်သည်။

ဥပမာ ဤမူထန်မြက်သည် ရွှေသန္ဓေအဆင့် ငါးဆယ်ခြောက်ဆယ်လောက် ထိန်းချုပ်နိုင်သည်။ ဖုံးကွယ်ထားသည့်သက်ရှိများ ရှိမရှိ ဘယ်သူမှသေချာမသိနိုင်။

"အချိန်မသေမျိုးသာ မူထန်မြက်နဲ့ နင်နှိုင်းယှဉ်ပြောနေတာကိုကြားရင် အတော်မကျေမနပ်ဖြစ်မှာပဲ။ နှိုင်းယှဉ်စရာကို မရှိတာပါ။

အချိန်မသေမျိုးရဲ့ မူလပုံစံအစစ်က လောကသစ်ပင်ပါ။ အသိဉာဏ်မရှိရင်တောင် အလွန်ရှားပါးတဲ့ မသေမျိုးသစ်ပင်မျိုးပဲ။ အသိဉာဏ်မရခင်မှာတောင် သူ့သစ်ကိုင်းသစ်ရွက်တွေက ဂြိုလ်တစ်ခုကနေ နောက်တစ်ခုထိ ဆန့်ထွက်ကြီးထွားနိုင်တယ်။ ကျယ်ပြန့်တယ်။ အလွန်ကြီးမားတယ်။

အသိဉာဏ်ရပြီးတဲ့အချိန်မှာ သူအတော်အားနည်းနေတယ်။ မကောင်းတဲ့လူတွေ ပစ်မှတ်ထားလာမှာကို စိုးရိမ်တယ်။ ဒါကြောင့် သစ်ကိုင်းတစ်ခု ခွဲထုတ်လိုက်တယ်။ အဲဒီ့သစ်ကိုင်းက လူအသွင်ပြောင်းပြီး လောကမှ လှည့်လည်ကျင့်ကြံတယ်။ ကျင့်ကြံလို့ရလာတဲ့ အကျိုးကျေးဇူးတွေကို မူလသစ်ပင်ဆီ ပြန်ပို့တယ်။

သူမသေမျိုးဖြစ်တဲ့အချိန်မှာ ကောင်းကင်နိမိတ်က ခမ်းနားလွန်းလို့ ဖုံးကွယ်လို့တောင်မရဘူး။ ဖုံးကွယ်စရာလည်း မလိုဘူး။ အဲဒီ့အချိန်ကျမှ အချိန်မသေမျိုးပါရမီရှင်ဟာ လူမဟုတ်ပဲ သစ်ပင်တစ်ပင်ဆိုတာ လောကကြီးက သိလာကြတာ။

လောကသစ်ပင်က သက်တမ်း(အချိန်)ရှည်ကြာလွန်းလို့ ဖြစ်မှာပေါ့။ အချိန်မသေမျိုးက အချိန်နဲ့ပတ်သက်ပြီး ပင်ကိုယ်ပါရမီရှိတယ်။ နှစ်ကာလတွေကို အရိယဖလအဖြစ်တည်ဆောက်ပြီး မသေမျိုးဖြစ်လာတယ်"

နတ်မယ်သာ ရှင်းမပြလျှင် အချိန်မသေမျိုးသည် နတ်မယ်ချက်ကျွေးသည့်ဟင်းများကို စားသောက်ရင်း လည်ပတ်နေသည့် မီးအိမ်တစ်လုံးလို အချိန်စွမ်းအားကို ရလာသည်ဟု လုယန်ထင်မိပေလိမ့်မည်။

နတ်မယ်ရှင်းပြနေသည့် ရှေးဟောင်းလျှို့ဝှက်ချက်များကို သူဆက်နားမထောင်တော့။ လက်ရှိအခြေအနေက အရေးကြီးနေသည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် တိုက်ခိုက်မလား တောင်ကြားမြို့သို့ပြန်မလား ချက်ချင်းဆုံးဖြတ်ဖို့ လိုသည်။

လုယန် မုန်ကျင်းကျိုးနှင့် တစ်ခြားလူများကို သိစိတ်အာရုံမှ လှမ်းပြောသည်။

"အဝေးပို့မှော်အဆောင်တွေ ပြင်ပါ။ စုန့်မိသားစုဝင်တွေကိုခေါ်ပြီး နတ်ဆိုးချုပ်တောင်ကြားကို ပြန်ကြ"

သူချက်ချင်း ဆုံးဖြတ်လိုက်သည်။ ဤအခြေအနေတွင် ထွက်ပြေးရုံမှတစ်ပါး တစ်ခြားရွေးချယ်စရာမရှိ။

စုန့်မျိုးနွယ်တို့၏ ဝန်ထုပ်ဝန်ပိုးမရှိလျှင်ပင် အခြေတည်အဆင့်ခြောက်ဆယ်လောက်ကို သူတို့ရင်ဆိုင်နိုင်မည်မဟုတ်။

အခြေတည်ထိပ်တန်းလေးယောက်က ရွှေသန္ဓေခြောက်ဆယ်ကို အနိုင်ယူနိုင်မည်လား။

မဖြစ်နိုင်။ စွမ်းအားကုန်ခမ်း၍သေရုံသာရှိမည်။

လုယန်နှင့်မုန်ကျင်းကျိုးတွင် အဝေးပို့မှော်အဆောင် ဆယ့်နှစ်ခုရှိသည်။ အားလုံးကိုခေါ်သွားဖို့ လုံလောက်သည်။

စုန့်ဝူကောင်းကို ဖယ်ထုတ်လိုက်လျှင် စုန့်မျိုးနွယ်သုံးယောက်နှင့် သက်တော်စောင့်နှစ်ယောက်။ ငါးယောက်သာကယ်ရမည်။

ချင်ဖုန်းဓားကိုကိုင်၍ လုယန် ရှေ့ဆုံးတွင် ရပ်နေသည်။ အိုင်ထဲမှပေါ်လာသည့် ရွှေသန္ဓေအဆင့်များကို သတိမပြတ်စောင့်ကြည့်နေသည်။ မှော်အဆောင်များ အမြန်ဝေငှရန် မုန်ကျင်းကျိုးကို အချက်ပြလိုက်သည်။ မူထန်မြက်က မတိုက်ခိုက်သေး။

ရွှံပေနေသည့် ရွှေသန္ဓေအဆင့်သဏ္ဌာန်နှစ်ခု စတင်တိုက်လိုက်လာသည်။ လူသားများဖြစ်သည်။ မျက်နှာတွင် ရွှံ့ဖုံးနေသည်။ သူတို့လူသားအသွင်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။

လုယန်က ဓားဖြင့် ဆီးကြိုသည်။ သူတို့လက်ကို ဖြတ်လိုက်သည်။ သို့သော် နာကျင်မှုကို လုံးဝခံစားရဟန်မတူဘဲ လုရန်ကို အဆက်မပြတ်တိုက်ခိုက်ကြသည်။

ထိုနှစ်ယောက်သည် ရွှေသန္ဓေအလတ်တန်းဆင့်သာရှိသော်လည်း တရကြမ်းတိုက်ခိုက်သည့်ပုံစံနှင့် ရုပ်ခန္ဓာပျက်စီးမှုအပေါ် အရေးမစိုက်သောကြောင့် လုယန်ကို ယာယီထိန်းထားနိုင်ကြသည်။

"သူတို့ကြားထဲ ရောက်မသွားစေနဲ့။ မှော်အ‌ဆောင်တွေရပြီးရင် ပြေးကြတော့"

မုန်ကျင်းကိုး သိစီတ်အာရုံမှ လှမ်းပြောသည်။

"ကောင်းပြီ"

လုယန် သူ့ဓားကို စွမ်းအားကုန်ဝင့်လိုက်သည်။ တိုက်ခိုက်သူနှစ်ယောက် နောက်သို့ဆုတ်သွားရသည်။ သူအပါအဝင် လူအားလုံး အဝေးပို့မှော်အဆောင်ကိုယ်စီ ဆွဲထုတ်လိုက်သည်။

မှော်အဆောင်များက အလိုလို မီးစတောက်လာသည်။ အားလုံးကို နတ်ဆိုးချုပ်တောင်ကြားသို့ ခေါ်သွားသည်။

ရုတ်တရက် ရယ်သံတစ်ခု ပဲ့တင်ထပ်၍ပေါ်လာသည်။

"ကျန်တဲ့လူတွေ ပြေးလို့ရတယ်။ လုယန်၊ မင်းကတော့မရဘူးကွ"

မူမမှန်မှန်း သိသဖြင့် လုယန်မျက်နှာပျက်သွားသည်။

စကားသံက နွံအိုင်အလယ်မှလာသည်။ မူထန်မြက် စကားပြောနေခြင်းဖြစ်သည်။

မူထန်မြက် ညင်သာစွာ ယိမ်းလွှဲလှုပ်ရှားလာသည်။ မြေအောက်တွင် မြှုပ်ထားသည့် ဝိညာဉ်ကျောက်များမှ ဝိညာဉ်စွမ်းအင်များ ချက်ချင်းဆွဲယူလိုက်သည်။ အလင်းပေါက် သလင်းတုံးများအဖြစ် ပြန်ပြောင်းသွားသည်။

ထိုနေရာပတ်လည်တွင်ဝှက်ထားသည့် မှော်စက်ဝန်းတစ်ခု အသက်ဝင်လာသည်။ အလင်းစက်များ လုယန်ကိုဖုံးအုပ်သွားသည်။ အဝေးပို့စွမ်းအင်စနစ်ကို ဖျက်ဆီးလိုက်သည်။

"လုယန်"

"အကိုလု"

မုန်ကျင်းကျိုးတို့လူစု သယ်ဆောင်သွားခြင်းမခံရမီ ထိုအဖြစ်ကိုမြင်ရသဖြင့် အားလုံးလှမ်းအော်ကြသည်။

မူထန်မြက် လုယန်ကို သီခြားပစ်မှတ်ထားပြီး မှော်စက်ဝန်းတစ်ခုကြိုတင်စီစဉ်၍ ထိန်းချုပ်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်လာမည်ဟု ဘယ်သူမှထင်မထား။

အပြောင်းအလဲက ရုတ်တရက်ဆန်သည်။ အားလုံးအသိဝင်လာချိန်တွင် နတ်ဆိုးချုပ်တောင်ကြားသို့ ပြန်ရောက်နေပြီဖြစ်သည်။

"ငါတို့ဘာလုပ်ကြမလဲ"

စုန့်ဟွာတို့ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူတို့ဘေးကင်းသော်လည်း လုယန် ကျန်နေခဲ့သည်။ သွားကယ်ရမည်။

မုန်ကျင်းကျိုး တုံ့ဆိုင်းမနေဘဲ တောင်ကြားမြို့ဂိတ်တံခါးဆီ ပြေးသွားသည်။ လုယန်ကို ကယ်တင်ဖို့စီစဉ်ရန် နယ်ခံအစောင့်များကို သူ့မိသားစုတံဆိပ် ထုတ်ပြလိုက်သည်။

…

"ဒီလိုပစ်မှတ်ထားခံရမယ်လို့ ငါမမျှော်လင့်ထားဘူး"

လုယန် မူထန်မြက်ကို စိုက်ကြည့်၍ ပြောလိုက်သည်။ နှုတ်ခမ်းမှအပြုံးက ဟာသရိပ်မရှိ။

မူထန်မြက်က တည်ကြည်သည့်လူငယ်တစ်ယောက်လေသံဖြင့် ထပ်ပြောသည်။

"လုယန်၊ ငါမင်းကို နှစ်လလုံးလုံး စောင့်ကြည့်နေတာ။ အခုမှ မင်းက ငါ့ထောင်ချောက်ထဲဝင်လာတာလေ။ ငါကဘယ်လို ထွက်သွားခွင့်ပေးနိုင်မှာလဲ"

လုယန် စိတ်လေးလာသည်။ မူထန်မြက်က သူတောအုပ်ထဲ စဝင်လာကတည်းက စောင့်ကြည့်နေခြင်းဖြစ်မည်။

နှစ်လအတွင်း ကြုံခဲ့ရသည့် ရွှေသန္ဓေအဆင့် ကျင့်ကြံသူများကို ပြန်သတိရလာသည်။ ထိုလူများသည် မူထန်မြက် ထိန်းချုပ်ထားခြင်းဖြစ်လေသလော။

"မင်းထုတ်သုံးတဲ့စွမ်းအားအရ မင်းဟာဓားဝိညာဉ်မြစ်ပိုင်ရှင်ပဲဖြစ်မယ်"

ငါတို့ဝိညာဉ်သစ်ပင်တွေမှာ အသက်ကယ်နည်းလမ်းမျိုးစုံရှိတယ်။ ဒါပေမယ့် တိုက်ခိုက်ဖို့နည်းလမ်းတွေမရှိဘူး။ ငါ့တိုက်ခိုက်စွမ်းအားတိုးတက်ဖို့ ရွှေဝိညာဉ်မြစ် ဒါမှမဟုတ် ဓားဝိညာဉ်မြစ်ကျင့်ကြံသူတစ်ယောက်ကို အမြဲတမ်းစုပ်ယူချင်ခဲ့တာ။ ငါကြီးရင်မလာခင် အခွင့်အရေးရမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် မင်းရောက်လာတယ်။

ဒါက အရေးကြီးဆုံးအချက်မဟုတ်သေးဘူး။ အရေးကြီးဆုံးက မင်းရဲ့ကိုယ်ပွားပညာပဲ။

ကိုယ်ပွားပညာကို မင်းလွှဲပေးရင် မင်းအသက်ကို ငါချမ်းသာပေးဖို့စဉ်းစားမယ်"

မူထန်မြက်က လုယန်ကို အဝေးမှ စောင့်ကြည့်နေသည်။ လုယန်၏သစ်သားကိုယ်ပွားပညာကို သူအတော်စိတ်ဝင်စားနေသည်။

သက်တမ်းအတိုင်းအတာတစ်ခုမရောက်ဘဲ ဝိညာဉ်ပင်များသည် မလှုပ်ရှားနိုင်ကြ။ ကိုယ်ပွားတစ်ခုထိန်းချုပ်နိုင်သည့်နည်းလမ်းကို သူအတော်လိုချင်ခဲ့သည်။

လုယန်၏ကိုယ်ပွားပညာက သစ်သားဓာတ်ပညာဖြစ်သည်။ ဝိညာဉ်ပင်များနှင့် ကွက်တိကျသည်။

ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် သူရအောင်ယူရမည်။

ထို့ကြောင့် ထောင်ချောက်တစ်ခု သေချာဖန်တီး၍ လုယန်ကို တစ်ဆင့်ချင်းမျှားခေါ်ခဲ့ခြင်းဖြစ်သည်။ စုန်ဝူကောင်း၏ သရုပ်မှန်ပေါ်သွားသ်ောလည်း သူ့အစီအစဉ်မပျက်စီးနိုင်။

လုယန် နွံအိုင်သို့ ရောက်လာသည်နှင့် အားလုံးအဆင်ပြေသည်။

"ငါမင်းကို ဒီပညာပေးရင်လည်း မင်းသင်နိုင်မှာမဟုတ်ဘူး"

လုယန်ခေါင်းခါသည်။ သစ်ပင်စိုက်ပညာကို မှားလေ့ကျင့်မိရာမှ ထိုပညာကို သူတတ်ခဲ့ခြင်းဖြစ်သည်။ မူထန်မြက် သင်နိုင်မည်မထင်။

"ငါတို့ အေးဆေးထိုင်ပြီးဆွေးနွေးကြတာပေါ့။ ငါနဲ့အတူ ဂိုဏ်းကိုလိုက်ခဲ့ပါ။ ငါတို့ဂိုဏ်းမှာ မင်းကိုပြုစုပျိုးထောင်ဖို့ အထောက်အပံ့တွေအများကြီးရှိတယ်။ အဟာရဟုစည်းဖို့အတွက် မင်းဒီလောက်ဒုက္ခခံနေစရာမလိုပါဘူး။ ဒါက ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိပါတယ်"

မူထန်မြက် လှောင်ပြုံးပြုံးသည်။

"မင်းဘာတွေးနေလဲ ငါသိပါတယ်။ မင်းအဖော်တွေ တောင်ကြားမြို့က အကူအညီခေါ်ပြီး လာကယ်နိုင်အောင် အချိန်ဆွဲနေတာမဟုတ်လား။ ငါကြိုတင်ပြင်ဆင်မထားဘူးထင်လို့လား"

တောင်ရွှေ့မှော်စက်ဝန်း၊...အသက်သွင်းမယ်"

မူထန်မြက်၏ အရွက်များ စည်းချက်ကျကျ ယိမ်းနွဲ့လှုပ်ရှားသည်။ ရွှေသန္ဓေအဆင့်ထိန်းချုပ်ခံများက လက်ကိုယ်စီမြှောက်၍ နောက်ထပ်လျှို့ဝှက်မှော်စက်ဝန်းတစ်ခု အသက်သွင်းသည်။

အောက်ဘက်မှမြေပြင် တုန်ခါလာသည်ကို လုယန်ခံစားမိသည်။ ထို့နောက် ပြန်ငြိမ်သွားသည်။

"အခုငါတို့ တစ်ခြားနေရာတစ်ခုကို ရောက်လာပြီ။ နတ်ဆိုးတောင်ကြားက ဘိုးအေကြီးတွေလည်း ငါတို့ကို ရှာမတွေ့နိုင်တော့ဘူး။

ကဲ..ငါ့အစာဖြစ်လာဖို့ မင်းအသင့်ဖြစ်ပြီလား"

လုယန်မျက်နှာ လေးနက်တည်ကြည်သွားသည်။

သောက်သုံးမကျသည့် ဤမြက်ပင်က အမယွမ်ကိုဆင့်ခေါ်ဖို့ သူ့ကိုဖိအားပေးနေခြင်းလော။

All Chapters