← Chapters

လုယန်၏ အပြောင်းအလဲ

Vol. 18 Ch. 270

လုယန်၏ အပြောင်းအလဲ

Vol. 18 Ch. 270

သူမျက်မှောင်ကျုံနေပုံလေးက အတော်ဆွဲဆောင်မှုရှိသည်။

နတ်မယ်ထိုသို့လှုပ်ရှားသည်ကို လုယန်ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ တိုက်ခိုက်ပုံက သာမန်ဟုထင်ရသော်လည်း အလွန်တရာအဆင့်မြင့်သည်။

နတ်မယ်က စွမ်းအားကို အတိအကျထိန်းချုပ်နိုင်သည်။ နည်းနည်းမှ အလေအလွင့်မရှိ။

ယခု လုယန်ကိုယ်ပွားကို နတ်မယ်ထိန်းချုပ်နေခြင်းဖြစ်သည်။ လုယန်စွမ်းအား၏ ရှစ်ဆယ်ရာနှုန်းသာရှိသည်။

လုယန်လည်း ထိုသားရဲကို တစ်ချက်တည်းသတ်ဖြတ်နိုင်ပါသည်။ သို့သော် နတ်မယ်လိုတော့ သပ်သပ်ရပ်ရပ်ဖြစ်မည်မဟုတ်။ စွမ်းအားအပို များစွာကုန်လိမ့်မည်။

"ဝှီး"

ပိုးချည်စက ပင်လယ်ထဲမှ နဂါးတစ်ကောင်လို လှုပ်ရှားနေသည်။ တစ်ချက်ရိုက်တိုင်း ပြိုင်ဘက်တစ်ယောက် သေသွားသည်။

မျက်တောင်တစ်ခတ်အတွင်း ရွှေသန္ဓေသားရဲနှစ်ကောင်နှင့် ကျင့်ကြံသူတစ်ယောက်ကို ခုတ်ဖြတ်ပြီးဖြစ်သွားသည်။

တစ်ဘက်က တိုက်ခိုက်လာလျှင်လည်း ပိုးထည်ကိုသုံး၍ နတ်မယ် ကာကွယ်သည်။ ပိုးထည်ပေါ်တွင် ခြစ်ကြောင်းရာပင် မကျန်ခဲ့။

အနီရောင်ပိုးထည်သည် ထာဝရဂိုဏ်းမှရခဲ့သည့် မသေမျိုးရတနာများနှင့် အဆင့်တူဖြစ်သည်။ ရွှေသန္ဓေအဆင့်မပြောနှင့်။ စုစည်းခြင်းအဆင့်များပင် မဖျက်ဆီးနိုင်။

"မင်းဘယ်သူလဲကွ"

နတ်မယ်၏တိုက်ခိုက်မှုများကိုကြည့်ပြီး မူထန်မြက်ထိတ်လန့်သွားသည်။ ခုနက အားလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ လုယန် မုချသေတော့မည်။ ယခု အနေအထား ရုတ်တရက်ပြောင်းသွားသည်။

လုယန် ကိုယ်ပွားဖန်တီးသည်ကို သူရှင်းလင်းစွာမြင်ခဲ့သည်။

သို့သော် ဘာကြောင့် ကိုယ်ပွားရုပ်ရည်က မိန်းမတစ်ယောက်အဖြစ် ပြောင်းသွားသည်မသိ။ ထိုမိန်းမ၏ဟန်ပန်အမူအရာကလည်း လုယန်နှင့်လုံးဝကွာခြားနေသည်။

လုယန်သည် စိတ်ကစဉ့်ကလျားရောဂါ ရှိနေသလော။ သို့မဟုတ် တစ်ခြားအကြောင်းကြောင့်လော

မူထန်မြက် စဉ်းစားမရ။

မူထန်မြက်၏အမေးကြောင့် နတ်မယ် မခိုးမခန့်ပြုံးသည်။

"အသိဉာဏ်ရလာတဲ့ ပေါင်းမြက်လေးတစ်ပင်က နံစော်နေတဲ့အလောင်းတွေကို ထိန်းချုပ်ပြီး ငါ့ကိုဘယ်သူလဲလို့ မေးရဲတယ်ပေါ့

ငါမသေမျိုးမဖြစ်ခင်က နင့်လိုသက်ရှိတွေကို မရေမတွက်နိုင်‌အောင် သတ်ဖူးတယ်"

"မောက်မာလှချည်လား။ မင်းတို့နှစ်ယောက်က အခြေတည်အဆင့်ပဲရှိတာပါ။...အားလုံးအတူ‌ပေါင်းတိုက်ကြဟေ့"

မူထန်မြက် ဒေါသထွက်သွားပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။ အနီရောင်ပိုးထည်၏တိုက်ခိုက်စွမ်းအားသည် အခြေတည်အဆင့်ထက်မပို။ နောက်ထပ် အခြေတည်အဆင့်ပြိုင်ဘက်တစ်ယောက် တိုးလာသည့်သဘောသာဖြစ်သည်။

သူ့ဘက်တွင် ရွှေသန္ဓေအဆင့်အလောင်းခြောက်ဆယ်ကျော်ရှိသည်။ အခြေတည်အဆင့်နှစ်ယောက်ကို ရှုံးစရာအကြောင်းမရှိ။

ကျင့်စဉ်အဆင့်နှင့် အင်အားအရေအတွက် များစွာကွာခြားသည်။

နတ်မယ်က ရွှေသန္ဓေအုပ်စုကို အကြောက်အရွံ့မရှိရင်ဆိုင်သည်။ ထိုအခြေအနေမျိုးကို အသားကျနေသလိုရှိသည်။

အနီရောင်ပိုးစ ဝှီးခနဲပျံထွက်သွားသည်။ သားရဲတစ်ကောင်ကို တိုက်ခိုက်သည်။ ထိုသားရဲ အတင်းရုန်းကန်သော်လည်း လွတ်အောင်မရုန်းနိုင်။

နတ်မယ်က ပိုးထည်တစ်ဘက်စွန်းမှကိုင်၍ သားရဲကိုမြေပေါ်ရိုက်ချသည်။ ရိုက်ချက်ကြောင့် မြေပြင်သည်ပင် အနည်းငယ်တုန်ခါသွားသည်။

တစ်ခြားရွှေသန္ဓေထိန်းချုပ်ခံများ နေရာစုံမှ ဝင်တိုက်ခိုက်သည်။ လုယန်ကိုယ်ပွားကို ဖျက်ဆီးရန် ကြိုးစားကြသည်။

နတ်မယ်က ပိုးထည်ဖြင့်ချုပ်နှောင်ထားသည့်သားရဲကို တူတစ်လက်လို ဝှေ့ယမ်းလိုက်သည်။ အားပြင်းသည့်ရိုက်ချက် ထိသွားတိုင်း သေသူသေ၍ ဒဏ်ရာအပြင်းအထန်ရသူရသွားသည်။ ခြေကျိုးလက်ကျိုး ဖြစ်သွားသည်။ မူထန်မြက်ပင် သူတို့ကို နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ မထိန်းချုပ်နိုင်တော့။

သို့သော် နောက်ထပ်ရွှေသန္ဓေအလောင်းများ ဝိုင်းအုံလာသဖြင့် ပိုးထည်စဖြင့် လှုပ်ရှားရသည်က တဖြေးဖြေးအခက်ကြုံလာသည်။ ရန်သူများကို လွတ်လွတ်လပ်လပ် ရိုက်လှဲမချနိုင်တော့။

နတ်မယ် ချက်ချင်းဗျူဟာပြောင်းသည်။ ကြေမွသွားသည့် သားရဲကို ပိုးချည်စမှ လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်သူ ရစ်ပတ်လိုက်သည်။

ဤကိုယ်ပွားသည် လုယန်၏ပင်ကိုယ်ခန္ဓာလောက် မခိုင်ခံ။ ပိုးထည်အကာအကွယ်မရှိလျှင် ရောက်လာတော့မည့် ပြင်းထန်သည့်အနီးကပ်တိုက်ခိုက်မှုများကို ခံနိုင်မည်မဟုတ်။

ရွှေသန္ဓေကျင့်ကြံသူတစ်ယောက် ပြေးဝင်လာသည်။ နတ်မယ်မျက်ခုံးများကွေးညွှတ်သွားပြီး ထိုလူ့မျက်နှာကို အားပြင်းသည့်လက်ဝါးတစ်ချက် ရိုက်ချသည်။

"ယား"

နတ်မယ် မန်သွင်းအော်ဟစ်၍ သူ့လက်ဝါးစွမ်းအားကို နောက်ထပ်မြှင့်တင်ပြီး ထိုကျင့်ကြံသူကို မြေကြီးထဲဝင်သွားအောင် ရိုက်ချလိုက်သည်။

"ဂါး"

လူနှင့်သားရဲများ ပြိုင်တူတိုက်ခိုက်ကြသည်။ နတ်မယ် ဘယ်ခြေကို ရှေ့တစ်လှမ်းတိုး၍ သိုင်းဟန်ပြင်သည်။

"နတ်မယ်လက်သီးစွမ်းအား"

နူးညံ့သယောင်ထင်ရသည့် သူ့လက်သီးချက်များ မုန်တိုင်းတစ်ခုလိုကျလာသည်။ နောက်ကွယ်တွင် ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ကပ်ပါလာသည်။ လက်သီးချက်ဟုပင် မထင်ရ။ တားဆီးမရနိုင်သည့် မြစ်ရေလှိုင်းလုံးများ ရိုက်ခတ်သလို ထင်ရသည်။

နတ်မယ်လက်သီးက မြန်လွန်းသဖြင့် လက်သီးရိပ်များစွာ ပေါ်လာသည်။ လက်သီးချက်တိုင်းက ပြိုင်ဘက်၏ ဒန်ထန်ကို အတိအကျထိသည်။ မူထန်မြက်နှင့်ဆက်သွယ်မှုကို ချိုးဖျက်သည်။

"နင်တို့အားလုံး ရွှေသန္ဓေထိပ်တန်းအဆင့်တွေဆိုရင် ဒီခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး။ အဲလိုမဟုတ်တာ နင်တို့ကံဆိုးတာပဲ"

ထိန်းချုပ်ခံအများစုက ရွှေသန္ဓေအခြေခံဆင့်နှင့် အလတ်တန်းဆင့်များဖြစ်သည်။ ထိပ်တန်းအဆင့် နည်းနည်းသာပါသည်။

ထာဝရနတ်မယ်၏ လက်သီးပညာကို လုယန်စိတ်ဝင်စားသွားသည်။ နတ်မယ်လက်သီးစွမ်းအားကို ဒုတိယအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ပထမတစ်ကြိမ်က ထာဝရအရှင်ကို ရိုက်ခဲ့သည့်အချိန်ဖြစ်သည်။ ထာဝရမျိုးဆက်၏ တတိယခေါင်း‌ဆောင်သာဖြစ်၍ နတ်မယ်က ထာဝရအရှင်ကို အလွယ်တကူ နှိပ်ကွပ်နိုင်ခဲ့သည်။

ထိုစဉ်က နတ်မယ်ဘယ်လိုပညာသုံးသုံး ထာဝရအရှင်ကို နှိပ်ကွပ်နိုင်သည်။ ထို့ကြောင့် နတ်မယ်လက်သီးပညာ၏ အနှစ်သာရက သိပ်မထင်ရှားခဲ့။

ဤတစ်ကြိမ်က လုံးဝမတူတော့။ ကျင့်စဉ်အဆင့်တစ်ဆင့်မြင့်သည့် ပြိုင်ဘက်များကို နတ်မယ် ရင်ဆိုင်နေခြင်းဖြစ်သည်။ ထို့ကြောင့် နတ်မယ်လက်သီးသည် လောက၏ထိပ်တန်းလက်သီးပညာရပ်ဖြစ်ကြောင်း လုယန်ချက်ချင်းသတိထားမိသည်။ အတိုင်းအဆမရှိ လျှို့ဝှက်နက်နဲသည်။

လက်ရှိသူ့စွမ်းရည်အရ ထိုလက်သီးပညာ၏ အခြေခံများကိုပင် နားလည်နိုင်ဖို့ခက်ခဲသည်။

သို့သော် သူကြိုးစားကြည့်ချင်သည်။

"ဒါဆို အဲလိုလား။ တိုက်ပွဲမှာ စွမ်းအားသုံးစွဲမှုနဲ့ စည်းချက်မှန်အောင် တိုက်ခိုက်နိုင်ဖို့ အာရုံစိုက်ရမယ်။ လက်သီးချက်ဘယ်လောက်ပြင်းသလဲဆိုတာ အဓိကမကျဘူးပေါ့"

လုယန် စဉ်းစားနေသည်။ အခြေခံသဘောတရားတစ်ချို့ နားလည်လာသည်။

"လုယန်၊ သတိထား။ နင့်ဘက်ကို ကျင့်ကြံသူတစ်ချို့ လာနေပြီ"

"ကျုပ်မြင်ပါတယ်"

လုယန် ကြိုမျှော်လင့်ထားပြီးဖြစ်သည်။ ရွှေသန္ဓေအဆင့်ခြောက်ဆယ်ကျော်လုံး ထာဝရနတ်မယ်ကို ပြိုင်တူဝိုင်းတိုက်ခိုက်ဖို့မဖြစ်နိင်။ ထိုသို့ဝင်တိုက်လျှင် အချင်းချင်းထိခိုက်ဖို့သာရှိသည်။

ထို့ပြင် မူထန်မြက်ကလည်း ထိုမျှများပြားသည့် ကျင့်ကြံသူများကို တစ်ပြိုင်တည်းမထိန်းချုပ်နိုင်။ သူအပြည့်အဝ မကြီးရင့်သေး။ ထိန်းချုပ်နိုင်စွမ်းတွင် အကန့်အသတ်ရှိသည်။ ရွှေသန္ဓေထိပ်တန်းအဆင့်များချည်းဆိုလျှင် ရှစ်ယောက်သာ သူထိန်းချုပ်နိုင်သည်။

ယခု ရွှေသန္ဓေအဆင့်ခြောက်ယောက် နတ်မယ်ကို ဝိုင်းတိုက်နေသည်။ တစ်ခြားလူများက ဘေးတွင်ရပ်စောင့်နေသည်။ နတ်မယ်က တစ်ယောက်ကို ရိုက်ချလျှင် နောက်တစ်ယောက် အစားဝင်လာသည်။

မူထန်မြက်၏ ရည်ရွယ်ချက်က ရှင်းသည်။ နတ်မယ်ကို ခဏထိန်းထားပြီး လုယန်ကို ဝိုင်းတိုက်ဖို့ဖြစ်သည်။

အစောပိုင်းကအဖြစ်အပျက်ကြောင့် လုယန် စွမ်းအားပြန်ဖြည့်ခွင့် ရပြီးဖြစ်သည်။ ထိုပြိုင်ဘက်များကို သူမကြောက်တော့။

သူ့ဓားစွမ်းအင်ကို ချင်ဖုန်းဓားထဲသို့ ပို့လွှတ်သည်။ အစောပိုင်းကလောက် ဝင့်ကြွားမှုမရှိမတော့။

"လာစမ်း"

မူထန်မြက်က ရွှေသန္ဓေအဆင့်များကို ထိန်းချုပ်ထားသဖြင့် သိပ်မစိုးရိမ်။ သို့သော် ရင်ဆိုင်တွေ့သည်နှင့် လုယန်သည် ခုနကနှင့် လုံးဝမတူတော့မှန်း သဘောပေါက်သွားသည်။

ချင်ဖုန်းဓားတွင် ဓားစွမ်းအင်လုံးဝမရှိသလိုဖြစ်နေသော်လည်း ရွှေသန္ဓေကျင့်ကြံသူနှင့် ထိတွေ့ချိန်တွင် ဓားစွမ်းအင်ရောင်များ ထိုးထွက်လာသည်။ မူထန်မြက် အငိုက်မိသွားသည်။ ထိုဓားစွမ်းအင်ကို ခုခံရန်ပြင်လိုက်သည်။ သို့သော် ဓားစွမ်းအင်များ ပျောက်သွားပြန်သည်။ သူ့ကြိုးစားမှု အချဉ်းအနှီးဖြစ်သွားသည်။

အချိန်တိုအတွင်း လုယန်၏စွမ်းအားထိန်းချုပ်နိုင်စွမ်း တစ်နည်းနည်းနှင့် တိုးတက်လာခြင်ဖြစ်သည်။

ထိန်းချုပ်ပုံက သိပ်မသပ်ရပ်သေးသော်လည်း အဆင့်တစ်ခုခုန်တက်လာသည်မှာ သံသယဖြစ်စရာမရှိ။

ထိုသို့ဆက်သွား၍မဖြစ်။ မူထန်မြက် မြန်မြန်ပွဲသိမ်းနိုင်ဖို့လိုသည်။ အချိန်ဆွဲနေလျှင် ထင်မထားသည့် အပြောင်းအလဲများ ဖြစ်လာနိုင်သည်။

မူထန်၏အတွေးကို လုယန်မသိ။ အစောပိုင်းကအခြေအနေမျိုး သူထပ်ကြုံရပြန်သည်။ သူ့ရှေ့တွင် မြူဆိုင်းနေသည်။ မြူထုနောက်တွင် မထင်မရှားအလင်းစက်ဝန်းတစ်ခုရှိသည်။

"ဟမ်"

လုယန်၏အပြောင်းအလဲကို သတိထားမိသဖြင့် နတ်မယ်အံ့အားသင့်သွားသည်။

All Chapters