အခန်း ၃၁
Vol. 3 Ch. 31
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတိုက်ပွဲ။ ငယ်ရွယ်ပြီး စိတ်အားထက်သန်သူ
စကားပြောလို့ပြီးတာနဲ့ ရှစ်ဟန်ရှန်က ပိုင်ရှောက်ကို တည့်အော်ပြောလိုက်သည်။ "စိတ်ကြီးဝင်နေတယ်ပေါ့လေ။ ဒီလူအိုကြီးက မင်းကို အနိုင်ယူပြမယ်။"
ပိုင်ရှောက်၏ ဘယ်ဘက်ခြမ်းမှ ဒေါသတကြီး ပြစ်တင်သံ ထွက်ပေါ်လာလေ၏။ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူတစ်ဝက်ရှိတဲ့ အကြီးအကဲတစ်ယောက်က ရှစ်ဟန်ရှန်၏ အံ့အားသင့်ဖွယ် အရှိန်အဟုန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရှေ့သို့ တက်လာခဲ့သည်။
"ဘုန်း!"
အပြာရောင်ဝတ်စုံနှင့် အကြီးအကဲသည် သူ၏ညာဖက်လက်ဖဝါးဖြင့် ရိုက်လိုက်ကာ နှေးကွေးသော်လည်း မြန်ပုံရသော သူ၏ လှုပ်ရှားမှု၌ ငြိမ်သက်ခြင်းတို့ကို ပေါင်းစပ်ထားလေသည်။
ခြေလှမ်းအနည်းငယ်နှင့် ရှစ်ဟန်ရှန်၏ ကြီးမားသော အသွင်အပြင်သည် ရှေ့သို့ ခုန်တက်သွားပြီး သူ၏ကြီးမားသော လက်သီးများသည် လေးလံသော ဥက္ကာခဲကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
“ဝုန်း”
လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့ကြရာ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသံကို ဖြစ်ပေါ်လာပြီး သူတို့ရပ်နေသည့်နေရာမှ လေလှိုင်းများ ပြန့်ကျဲသွားသဖြင့် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များသည် အရပ်ရပ်သို့ ပြန်လှည့်သွားလေတော့သည်။
ရှစ်ဟန်ရှန်နှင့် အပြာရောင်အကြီးအကဲ နှစ်ယောက်စလုံး တစ်ပြိုင်နက် တုန်ခါသွားကြသည်။
"ငါ့ရဲ့ လက်သီးတွေကို နည်းနည်းလောက် ထပ်ယူလိုက်စမ်း!"
ဒါပေမယ့် မကြာခင်မှာပဲ ရှစ်ဟန်ရှန်က ပြုံးလိုက်ပြီး ပြင်းထန်တဲ့ လက်သီးတွေကို ပစ်လွှတ်လိုက်လေ၏။ လက်သီးတစ်ချက်ချင်းစီက ကောင်းကင်ကို ဖြတ်ပျံနေတဲ့ ဥက္ကာပျံလို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှသည်။
"ဒုန်း ဒုန်း ဒုန်း!
အပြာရောင်နှင့်အကြီးအကဲသည် ရှစ်ဟန်ရှန်၏ လေးလံသော လက်သီးများကို ခံနိုင်ရည်ရှိအောင် ဆယ်စုနှစ်များစွာကြာသည့် သူ၏လက်ဖဝါးနည်းပညာကို တွန်းထုတ်နေရင်း သူ၏နဖူးသည် သွေးကြောများ ပေါက်ထွက်နေလေပြီ။ သို့သော် သူသည် ရက်စက်ကြမ်းကြုတ်သော ရှစ်ဟန်ရှန်ကို ရင်ဆိုင်ရန် အားတင်းနေသည်ကို သိသာပါသည်။
"သေစမ်း... ဂိုဏ်းခေါင်းဆောင်နဲ့ ဒုဂိုဏ်းခေါင်းဆောင်က အဝေးရောက်နေတာကို ရှစ်ဟန်ရှန်သတင်းရပြီး တိုက်ခိုက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ရဲတယ်ပေါ့။ အကြီးအကဲကုန်းစွင်းရဲ့ ခွန်အားနဲ့ဆိုရင် သူက ရှစ်ဟန်ရှန်နဲ့ ပြိုင်ဘက်မဟုတ်ဘူး။"
ထိုမြင်ကွင်းကို ကြည့်လိုက်ရတော့ ချိုက်ထုံရဲ့ နှလုံးသားက လေးလံလာသည်။
ချင်းရွှေမြို့၏ သိုင်းပညာလောကတွင် ကာလကြာရှည်စွာ တည်ရှိခဲ့သော အဓိကအင်အားစုတစ်ခုအနေဖြင့် ကျောက်စိမ်းဖြူဂိုဏ်းတွင် ကျွမ်းကျင်သူများစွာရှိပြီး စွမ်းအားအကြီးဆုံးမှာ ဂိုဏ်းခေါင်းဆောင် ပိုင်ထျန်းဟောက်နှင့် ဒုဂိုဏ်းခေါင်းဆောင်တို့ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးသည် လောလောဆယ်တွင် ကျောက်စိမ်းဖြူဂိုဏ်းတွင် ရှိမနေကြ။
ဒါကြောင့် ရှစ်ဟန်ရှန်က လာတိုက်ရဲတာပင်။
အပြာရောင်ဝတ်စုံနှင့် အကြီးအကဲကုန်းစွင်းသည် ကျောက်စိမ်းဖြူဂိုဏ်း၏ ကျွမ်းကျင်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး နတ်ဘုရား ခွန်အားနယ်ပယ်အဆင့်တွင် ရှိသည်။ သို့သော် သူသည် အသက်အရွယ်ကြီးရင့်လာပြီး ရုပ်ပိုင်းဆိုင်ရာအခြေအနေ ကျဆင်းလာသောကြောင့် နုပျိုကြံ့ခိုင်သော ရှစ်ဟန်ရှန်နှင့် အမှန်တကယ်ပင် ပြိုင်ဘက်မဟုတ်ပါချေ။
"သံချပ်ကာတပ်သားတွေကို ချလိုက်ရတော့မလား"
ပိုင်ရှောက်ရဲ့စိတ်ထဲမှာ သံချပ်ကာတပ်သားတွေကို တပ်ချထားဖို့ အတွေး ဖျတ်ကနဲ ပေါ်လာပြီး တွန့်ဆုတ်နေခဲ့သည်။
သံနက်အိမ်တော်မှ ထုလုပ်ထားသော ချပ်ဝတ်တန်ဆာ အစုံငါးဆယ်သည် အနက်ရောင်မြင်းတပ်ဂိုဏ်းကို ရင်ဆိုင်ရန် ရည်ရွယ်ထားခြင်းပင်။ ပိုင်ရှောက်မှာ ဝှက်ဖဲရှိလေသည်။
ယခု ဤချပ်ဝတ်တန်ဆာများကို အသုံးပြုခြင်းဖြင့် ကျူးကျော်လာသော အနက်ရောင်မြင်းတပ်ဂိုဏ်းကို လွယ်ကူစွာ တွန်းလှန်နိုင်လိမ့်မည်မှာ သေချာသော်လည်း ပိုင်ရှောက်သည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ခေါင်းဆောင်များကို ဆန့်ကျင်ရန် ပိုလိုလားပါသည်။ ဤအခိုက်တွင် သူ၏ဝှက်ဖဲကိုထုတ်ပြခြင်းသည် သူတို့ကိုသတိရှိစေမည်မှာ သေချာပါ၏။
ထို့အပြင် သံချပ်ကာကြီးဝတ်ဆင်ထားသော သိုင်းပညာရှင်များသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ မြင်းတပ်သူရဲကောင်းများကို လိုက်နိုင်မည်မဟုတ်ပေ။
"ခဏစောင့်ကြည့်ဦးမယ်..." ပိုင်ရှောက်နောက်ဆုံးတော့ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
"အနက်ရောင်မြင်းတပ်ဂိုဏ်းက ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့။ သူတို့ရူးနေကြပြီပဲ"
"မြန်မြန်၊ မြန်မြန်၊ မြန်မြန်! ငါ လုံအောင်းက သူတို့ရဲ့ ခေါင်းကို သေချာပေါက် သွားယူမယ်!"
ကျောက်စိမ်းဖြူဂိုဏ်း၏ ခြံဝင်းသည် ယခုအချိန်တွင် အုတ်အော်သောင်းနင်း ဖြစ်နေသည်။
အနက်ရောင်မြင်းတပ်ဂိုဏ်းသည် သူတို့၏တိုက်ခိုက်မှုကို လင်းစပျိုးသော အရုဏ်တက်ချိန်တွင် စတင်တိုက်ခိုက်ခဲ့ရာ ကျောက်စိမ်းဖြူဂိုဏ်း တပည့်အများစုက အိပ်ပျော်နေဆဲ သို့မဟုတ် အနားယူနေဆဲဖြစ်သည်။ သို့ဖြစ်ရာ သူတို့က လုံးလုံးလျားလျား ပြင်ဆင်မထားသည့်အချိန်တွင်း အငိုက်ဖမ်းခဲ့ကြသည်။ ယခုတော့ ထိုတပည့်များသည် ကျူးကျော်လာနေသော အနက်ရောင်မြင်းတပ်ဂိုဏ်းကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ခြံအပြင်ဘက်သို့ ထွက်ရန် စုဝေးနေကြလေ၏။
"ငါတို့...လူတွေကိုသတ်ရမှာလား။"
ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်တစ်ဦးသည် အသက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ဝန်းကျင်ခန့်ရှိပြီး ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ အနည်းငယ် ဖြူဖျော့ပြီး တုန်တုန်ယင်ယင် ဖြစ်နေ၏။
ဒီလူငယ်လေးဟာ ကျောက်စိမ်းဖြူဂိုဏ်းထဲကို ဝင်ခဲ့တာ နှစ်အတော်ကြာပြီဆိုပေမယ့် တစ်ခါမှ မတိုက်ခိုက်ဖူးခဲ့။ အပြင်ဘက်မှ တိုက်ပွဲသံများက သူ့အတွင်းမှ ထိန်းချုပ်မရသော ကြောက်ရွံ့မှုကို နှိုးဆွပေးနေသည်။ သတ်ရင်သတ် မသတ်ရင် သေရမယ် ဆိုတဲ့ အတွေးက လူအများစု မကြုံချင်ဖူးတဲ့ အရာပါ။
“ဒုန်း!”
လူငယ်သည် စစ်မြေပြင်သို့ သွားရန် တုံ့ဆိုင်းနေချိန်တွင် အနောက်မှ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာကာ ဦးခေါင်းနောက်ဘက်တွင် ပြင်းထန်စွာ နာကျင်လာပြီး ကြယ်များသည် သူ့မျက်စိရှေ့ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသကဲ့သို့ပင်။
"ဘယ်...ဘယ်သူလဲ" လူငယ်က သူ့ကို ဘယ်သူက ချက်ချင်းတိုက်ခိုက်သွားမှန်း မသိအောင် အံ့ဩသွားသည်။ အမှန်တော့ သူသည် မကြာသေးမီကမှ ခွန်အားသန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့တာဖြစ်သည်။ သူ၏နောက်မှ ပုန်းလျှိုးကွယ်လျှိုးနှင့် ရောက်လာသော လူတစ်ယောက်ကို မမြင်ပါဘဲ မြေပြင်ပေါ်သို့ ဘုတ်ကနဲ လဲကျသွားလေတော့သည်။
လဲကျသွားသော ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်ငယ်လေး၏ နောက်တွင် ပါးရိုးကျကျ၊ မျက်ထောင့်ကျဉ်းကျဉ်းနှင့် လူငယ်လေးတစ်ယောက် ရှိနေ၏။ သူက လိပ်အသက်ရှူနည်းမှ အရိုးကျုံ့ခြင်းကို အသုံးပြု၍ အရိုးဖွဲ့စည်းပုံကို ပြောင်းလဲရန် အသွင်ဆောင်ခဲ့သူ စူးချန်ခုန်းဖြစ်သည်။
စူးချန်ခုန်းသည် သူ သတိလစ်အောင် လုပ်လိုက်သော ကျောက်စိမ်းဂိုဏ်းတပည့်ကို ထောင့်တစ်ခုသို့ ဆွဲထုတ်ကာ သူ့အဝတ်အစားကို ချွတ်ပြီး သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်လေ၏။ သူ၏ မျက်လုံးများကတော့ ရေခဲတမျှ အေးစက်နေဆဲ။
မကြာမီတွင် စူးချန်ခုန်းသည် အဖြူရောင် ကျောက်စိမ်းဂိုဏ်းတပည့်၏ ၀တ်စုံဖြူကို ၀တ်ဆင်ထားသော်လည်း သူ၏ မျက်လုံးများထဲမှ အေးစက်မှုက ပြင်းထန်စွာ ခြိမ်းခြောက်တတ်ပုံပေါ်စေသည်။
"အနက်ရောင်မြင်းတပ်ဂိုဏ်းတဲ့လား ဟမ်? ဒါဆို ဒီနေ့... မင်းတို့ တန်ရာတန်ကြေး ပေးဆပ်ရမယ်!"
အသက်ပြင်းပြင်းရှူရင်း စူးချန်ခုန်းသည် ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်တစ်စုက သူတို့၏ အခြေစိုက်စခန်းအပြင်ဘက် စစ်မြေပြင်ဆီသို့ အလျင်အမြန် သွားနေကြသည်ကို တွေ့လိုက်ရသည်။
နှစ်ဝက်နီးပါး အနီးကပ် လုပ်ကိုင်ခဲ့ကြသော ရင်းနှီးသော မျက်နှာများသည် မျက်စိတစ်မှိတ်အတွင်း၌ပင် အနက်ရောင်မြင်းတပ်ဂိုဏ်း၏လက်ထဲ၌ ပျောက်ကွယ်သွားခဲ့ရသည်။ စူးချန်ခုန်း ထိခိုက်ဒဏ်ရာမရခဲ့သော်လည်း ဒေါသနှင့် လူသတ်ချင်စိတ်များ ရောနှောကာ သူ့နှလုံးက တဆတ်ဆတ်တုန်နေ၏။
အခုချိန် ထွက်သွားတာက အမျှော်အမြင်ရှိဆုံး ရွေးချယ်မှုဖြစ်မှာ သေချာပါသည်။ လူကြီးလူကောင်းတစ်ယောက်ဟာ ပြိုကျနေတဲ့နံရံအောက်မှာ ရပ်မနေပေမယ့် သူ့စိတ်ထဲက ဒေါသတွေ နာကျည်းမှုတွေကို ဖြေဖျောက်ဖို့ ခက်ခဲပြီး သူ့ရဲ့ ကျင့်ကြံမှုကို အာရုံစိုက်ဖို့ ခက်ခဲသွားစေပါလိမ့်မည်။
စူးချန်ခုန်း၏ အစီအစဉ်က ရိုးရှင်းပါ၏။ ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်အဖြစ် အသွင်ဆောင်ကာ အနက်ရောင်မြင်းတပ်ဂိုဏ်း သိုင်းပညာရှင် အများအပြားကို ရက်ရက်စက်စက် သတ်ပစ်ပြီး ကျန်းချန်နှင့် လျှိုစန်းတို့လို သူတို့၏ လက်ချက်ဖြင့် သေဆုံးသွားသူများကို လက်စားချေရန်ပင်။
"မြန်မြန်လုပ်၊ ဒီနေ့က ရန်သူတွေကို သတ်ပြီး ဆုလာဒ်တွေရဖို့ အခွင့်ကောင်းပဲ။"
ကျောက်စိမ်းဂိုဏ်း၏ တပည့်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကျောက်စိမ်းဖြူဂိုဏ်းတပည့်များနှင့် ရောနှောသော စူးချန်းခုန်းသည် ဆံရှည် အမျိုးသားတစ်ဦး၏ စိတ်လှုပ်တရှား အော်သံကို ကြားလိုက်ရသည်။
သာမာန်ဂိုဏ်းဝင်များအတွက် တိုက်ပွဲကြီးတစ်ခုတွင် ချီးကျူးထိုက်သော လုပ်ရပ်ကို စွမ်းဆောင်နိုင်ခြင်းသည် အဆင့်တစ်ဆင့်တက်ရန် လျင်မြန်သော လမ်းကြောင်းတစ်ခုဖြစ်သည်။
သို့သော်လည်း စခန်းမှ ပြေးထွက်လာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် စစ်မြေပြင်သို့ ရောက်ရှိလာသောအခါတွင်တော့ ထိုအဖွဲ့သည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“သတ်ကြ”
အဝေးက အော်ဟစ်သံများက လေထဲတွင် ပဲ့တင်ထပ်နေကာ မြင်းများ၏ အနီးနားနှင့် တိုက်ပွဲတွင် တိုက်ခိုက်နေသော သိုင်းခံပညာရှင်တို့၏ ပေါက်ကွဲသံများက သွေးပွက်ပွက်ဆူစေ၏။ အစိမ်းလိုက် သတ်ဖြတ်ခြင်း။
"ရွှမ်း"
ကိုက်ပေါင်းများစွာ အကွာအဝေးမှ အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်သည် အရပ်မြင့်ပြီး သန်မာသော မြင်းကို အရှိန်ပြင်းပြင်းဖြင့် စီးနင်းလျက် ကျောက်စိမ်းဖြူဂိုဏ်းမှ သိုင်းပညာရှင်၏ ဦးခေါင်းကို ဓားကွေးဖြင့် ဖြတ်တောက်ပစ်လိုက်သည်။ ခေါင်းပြတ်ကြီးသည် အမြင့်သို့ ပျံတက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။
လှီးဖြတ်ထားသော လည်ပင်းမှ တစ်ကိုက်လောက်အကွာထိကို သွေးများ စိမ့်ထွက်လာသည်။
ဤသွေးထွက်သံယိုနှင့် လှုံဆော်သော မြင်ကွင်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်း သိုင်းပညာရှင်တို့ကို သတ်ပြီး ဆုကြေးငွေ ရယူမည်ဟု သူရဲကောင်းဆန်ဆန် ကတိပြုခဲ့သော ခုနက ဆံပင်ရှည်နှင့်အမျိုးသားကို ချက်ချင်း အံ့အားသင့်စေခဲ့သည်။ သူသည် အသက်မဲ့နေသကဲ့သို့ ထိုနေရာတွင် တောင့်တင်းနေလေတော့သည်။
ဒါက ကလေးကစားနည်းမဟုတ်။ လူတိုင်းက အသက်ကို ဖက်နဲ့ထုပ်ပြီး သူသေသေ ငါသေသေ စွန့်စားရတဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ အမှန်တကယ် ရုန်းကန်မှုပါပဲ။
"ဒီကျောက်စိမ်းဖြူဂိုဏ်းရဲ့ အခြောက်တွေက အရမ်းအားနည်းတာပဲလား။ သူတို့က သက်သက်သာသာနဲ့ နေနေရတာ ကြာနေလို့ဖြစ်မယ်။"
ရက်စက်ကြမ်းကြုတ်သော အနက်ရောင်မြင်းတပ်ဂိုဏ်းမှ မြင်းစီးသူရဲတစ်ရာကျော်သည် ကျောက်စိမ်းဖြူဂိုဏ်းက ရန်သူကို အချိန်အတော်ကြာအောင် မတွေ့ခဲ့ရဘဲ အသေအကြေ တိုက်ပွဲများကို မတွေ့ကြုံခဲ့ရသဖြင့် မသန်မာတော့ကြောင်း မသိမသာ လှောင်ပြောင်ပြောဆိုလိုက်သည်။
“သတ်!”
ထိုအချိန်တွင် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ မြင်းစီးသူရဲတစ်ဦးသည် မှင်တက်နေသော ဆံပင်ရှည်လူကို သတိပြုမိပြီး အရှိန်ပြင်းပြင်းဖြင့် သူ့ဆီသို့ ချီတက်လာသည်။
"သတိထား!" အနီးနားရှိ ကျောက်စိမ်းဖြူဂိုဏ်း တပည့်များက အသံကျယ်ကျယ်ဖြင့် သတိပေးသည်။ သို့ပေမယ့် ဆံပင်ရှည်နဲ့လူ အသိပြန်ဝင်လာတဲ့အချိန်မှာတော့ အနက်ရောင်မြင်းတပ်ဂိုဏ်းမှ မြင်းစီးသူရဲက သူ့မြင်းနဲ့ လူကို ဝင်တိုက်လိုက်လေပြီ။
"ဟီးး"
စစ်မြင်းသည် ၎င်း၏ ရှေ့ခွာများနှင့် နင်းချလိုက်သဖြင့် ကျယ်လောင်စူးရှသော မြင်းဟီသံကြီးကို ထုတ်လွှတ်လိုက်သည်။
ထိုအချိန်တွင်ပင် အနက်ရောင် အသွင်တစ်ခုက အကြမ်းပတမ်း ဝင်တိုက်လာ၏။ အနှီလူက စူးချန်ခုန်းပင် ဖြစ်သည်။
စူးချန်ခုန်းသည် မြင်း၏ဝမ်းဗိုက်အောက်သို့ အပြေးအလွှား ပြေးလာရင်း ခါးကို အနည်းငယ်ကွေးလိုက်သည်။ သူသည် မြင်းဝမ်းဗိုက်ကို ပွေ့ချီကာ ပြင်းထန်သော လက်အားဖြင့် တိရိစ္ဆာန်ကို အောက်သို့ လဲချလိုက်လေ၏။
"ဟီး"
စစ်မြင်းသည် နောက်ပြန်လှန်ကျသွားသဖြင့် သနားစရာကောင်းသော မြင်းဟီသံကြီးကို ထုတ်လွှတ်လျက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားချိန်တွင် မြင်းပေါ်မှ လူသည်လည်း နောက်ပြန်လှန် ပြုတ်ကျသွားတော့သည်။ ထိုလူသည် မြင်းအောက်တွင် ပိသွားသဖြင့် အရိုးကျိူးသွားကာ အဆက်မပြတ် အော်ဟစ်နေပြီး မလှုပ်မယှက် ဖြစ်နေ၏။
မြင်း၏အောက်ဘက်မှ အသည်းအသန် ရုန်းထွက်ရန် ကြိုးစားနေသော အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းသည့်လူကို စူးချန်ခုန်း မြင်လိုက်သောအခါ ကျန်းချန်၊ လျှိုစန်းနှင့် ယခင်က အဓိပ္ပါယ်မဲ့စွာ အသတ်ခံခဲ့ရသော အခြားသူများကို သတိရသွားသည်။ သူသည် မြင်းစီးသူရဲ၏ လည်မြိုကို နင်းလိုက်စဉ် သူ့မျက်လုံးများက အေးစက်ပြီး သက်ညှာခြင်း ကင်းမဲ့နေလျက်။
"ဂျွတ်!"
အရိုးကျိုးသံများကြားတွင် ထိုလူ၏ မျက်လုံးများ ပြူးထွက်သွားကာ သူ၏ ရုန်းကန်မှုများ ရုတ်တရက် ရပ်တန့်သွားလေတော့သည်။