အခန်း ၃၅
Vol. 3 Ch. 35
ဂျင်ဆင်းမြို့။ မုန့်တောင်၏ သူခိုးကိုးယောက်
သံနက်အိမ်တော်သို့ ပြန်ရောက်ပြီး သုံးရက်အကြာတွင် စူးချန်ခုန်းသည် ချင်းရွှေမြို့သို့ထွက်ခွာပြီး ပဓာနချီစွမ်းအင်ပျံ့နှံခြင်းအတွက် အဓိကပါဝင်ပစ္စည်းများကို မည်သည့်နေရာတွင် ဝယ်ယူနိုင်သည်ကို ဆေးဖက်ဝင်အပင်ဆိုင်ပိုင်ရှင်ထံ မေးမြန်းခဲ့သည်။
ဆိုင်ပိုင်ရှင်က မပြောပြခင် ခဏလောက်စဉ်းစားလိုက်သည်။ “ မင်း ဂျင်ဆင်းမြို့ကို သွားကြည့်လို့ရတယ်။ ဂျင်ဆင်းမြို့က ဂျင်ဆင်းရိတ်သိမ်းသူတွေနဲ့ ဆေးဖက်ဝင်အပင်တွေ အများကြီးစုဝေးရာ သက်ရှည်တောင်အနီးမှာ ရှိတယ်။ မင်းအဲ့ဒီမှာ မင်းလိုတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ရနိုင်လောက်တယ်။ ဒါပေမဲ့ ခရီးက အရှည်ကြီးပဲ။ ချင်းရွှေမြို့နဲ့ မိုင်သုံးလေးရာလောက်ဝေးတယ်။”
"ဂျင်ဆင်းမြို့?"
စူးချန်ခုန်း၏ မျက်လုံးများ အနည်းငယ် အရောင်တောက်လာသည်။
ကျောက်စိမ်းဖြူဂိုဏ်းတွင် ပဓာနချီစွမ်းအင်ပျံ့နှံခြင်းဆေးအတွက် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်စေမည့် လမ်းကြောင်းများရှိသည်။ အခု စူးချန်ခုန်းက ဒီကိစ္စတွေကို သူ့လက်သူ့ခြေနဲ့ လုပ်ရတော့ပေမည်။
ဂျင်ဆင်းမြို့သည် ပဓာနချီစွမ်းအင်ပျံ့နှံခြင်းဆေးအတွက် အဓိကလိုအပ်သော ပါဝင်ပစ္စည်းများ ရှိနိုင်သည်ဟု ဆေးဖက်ဝင်အပင်ဆိုင်မှ လူကြီးထံမှ သိရပြီးနောက် သူသည် ဘာပဲဖြစ်ဖြစ် ကိုယ်တိုင် သွားကြည့်ရမည်ဖြစ်သည်။
သို့နှင့် စူးချန်ခုန်းသည် ဂျင်ဆင်းမြို့သို့ ခရီးထွက်ခဲ့သည်။ မိုင်သုံးလေးရာခရီးသည် အမှန်တကယ်ပင် ဝေးကွာလှသည်။ သာမန်လူတစ်ယောက် ရောက်ရှိလာဖို့ ရက်အတော်ကြာ ခရီးထွက်ဖို့ လိုပါသည်။
သို့သော် စူးချန်ခုန်း၏ ခံနိုင်ရည်နှင့် အရှိန်ဖြင့် သူသည် မရပ်တန့်ဘဲ မိုင်တစ်ရာနီးပါး ပြေးနိုင်သည်။ လမ်းတလျှောက် ခေတ္တနားပြီး အသက်ဝဝရှုကာ သူ မနက်မှ ထွက်လာလျှင် နေ့ခင်းဘက်တွင် ဂျင်ဆင်းမြို့သို့ ရောက်နိုင်သည်။
နေဝင်ရီတရော အချိန်နီးလာသည်နှင့်အမျှ နေမင်းကြီးသည် ၎င်း၏နောက်ဆုံး ရွှေရောင်ခြည်တန်းများကို ဖြာထွက်စေလေ၏။ ထိုအချိန်တွင် လိပ်အသက်ရှူနည်းမှ အရိုးကျုံ့ခြင်းကိုအသုံးပြု၍ အရပ်အမောင်းနှင့် အသွင်အပြင်ကို ပြောင်းလဲထားသော အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်တစ်ဦးသည် ဂျင်ဆင်းမြို့ အပြင်ဘက်တွင် ပေါ်လာသည်။
ခါး၌ ဓားရှည်တစ်ချောင်းဖြင့် စူးချန်ခုန်းသည် သိုင်းလောကမှ သာမန် ခရီးသွားတစ်ဦး ဖြစ်ပုံရသည်။
ပဓာနချီစွမ်းအင်ပျံ့နှံခြင်းအတွက် ဝယ်လိုသော ဆေးဖက်ဝင်ပစ္စည်းများသည် အလွန်တန်ဖိုးရှိပါသည်။ မရိုးသားသောသူများ ပစ်မှတ်ထားခံရခြင်းမှ တားဆီးရန် ထုံးစံအတိုင်း သတိဖြင့် ဆက်လက် လုပ်ဆောင်ရခြင်းပင်။
"ဒါက ဂျင်ဆင်းမြို့လား"
စူးချန်ခုန်းသည် သက်ရှည်တောင်တန်းများဖြစ်သည့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသော တောင်တန်းများကို မြင်တွေ့လိုက်ရသည်။
သက်ရှည်တောင်တန်းအတွင်း၌ ဂျင်ဆင်းကဲ့သို့သော အဖိုးတန်ဆေးပင်များစွာ ပေါက်ရောက်သည်။ အကယ်၍ လူတစ်ယောက်သည် သက်တမ်းရင့်သော ဂျင်ဆင်းပင်ကို ခူးဆွတ်နိုင်လောက်အောင် ကံကောင်းပါက ၎င်းသည် လူတစ်ဦးကို နေ့ချင်းညချင်း ချမ်းသာစေကာ တစ်သက်တာလုံး ဝမ်းရေးအတွက် ပူပန်မှုကင်းစွာ ပံ့ပိုးပေးနိုင်သည်။
ဂျင်ဆင်းခူးသူအများအပြားသည် သက်ရှည်တောင်တန်းသို့ စုရုံးရောက်ရှိလာကြပြီး အပြင်ဘက်တွင် စုရုံးခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဂျင်ဆင်းမြို့ဖြစ်လာသော သက်ရှည်တောင်ခြေရင်းတွင် မြို့ငယ်လေးတစ်ခု ဖြစ်ပေါ်လာသည်။
ဂျင်ဆင်းမြို့တွင် လူအများ အဆက်မပြတ် လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး လမ်းဘေးဈေးဆိုင်များက နှစ်ဖက်စလုံးတွင် စီတန်းနေကာ အလွန်ပင် အသက်ဝင်လှသည်။ စူးချန်ခုန်းသည် သိုင်းလောကမှ လူများစွာက သူတို့၏ခါးတွင် လက်နက်များကိုင်ဆောင်ကာ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။
ဂျင်ဆင်းမြို့သည် သေးငယ်သော်လည်း ၎င်း၏ထူးခြားမှုကြောင့် တော်တော်လေး ကြွယ်ဝချမ်းသာပြီး စရိုက်များစွာလည်း ရောနှောနေသည်။ သက်ရှည်တောင်တန်းတွင် သူတို့၏ကံကြမ္မာကို စမ်းကြည့်ရန် ဂျင်ဆင်းခူးသူများလည်းရှိပြီး ကုန်သည်များကတော့ အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူရန် ရှာဖွေနေကြသည်။
"အရင်ဆုံး တည်းခိုဖို့ တည်းခိုခန်းတစ်ခု ရှာမယ်။ ထမင်းစားပြီး အနားယူမယ်။ ပြီးတော့ မြို့ထဲရဲ့ ဘယ်နေရာမှာ ဆေးတွေရောင်းလဲ လိုအပ်နေတဲ့ ပစ္စည်းတွေ ဘယ်မှာ ဝယ်နိုင်မလားဆိုတဲ့ သတင်းတွေ မေးကြည့်မယ်" စူးချန်ခုန်းက ဂျင်ဆင်းမြို့ထဲကို ဝင်သွားရင်း သူဘာသာသူ တွေးနေလိုက်သည်။
ဂျင်ဆင်းမြို့လယ်တွင် စူးချန်ခုန်းသည် ယင်ခဲ့စုန်း တည်းခိုခန်းဟုခေါ်သော တည်းခိုခန်းတစ်ခုကို ရှာတွေ့ပြီး ဝင်သွားခဲ့သည်။
ကောင်တာမှာ စရန်ငွေပေးပြီးနောက် တည်းခိုခန်းပိုင်ရှင်က စူးချန်ခုန်းကို အခန်းတစ်ခန်းပေးလိုက်လေ၏။
ရေချိုးပြီးနောက် စူးချန်ခုန်းသည် ထမင်းစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
တည်းခိုခန်း၏ ပထမထပ်တွင် စားပွဲနှင့် ကုလားထိုင်များ ချထားပြီး ဧည့်သည်များက စားလိုက် သောက်လိုက် စကားပြောလိုက်နှင့် စည်ကားနေ၏။
"ဟဲဟဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အသက်ရှည်တောင်တန်းက လီလောင်စန်းက တစ်နှစ်သားအရွယ် ဂျင်ဆင်းရိုင်းတစ်ပင်ကို ရှာတွေ့ခဲ့တာလို့ ပြောတယ်။ ဒါပေမယ့် သူကံကောင်းပြီး မကြာသေးခင်မှာပဲ အခြားတစ်ဖွဲ့က သူ့နောက်ကို လိုက်ကြတယ်လေ။ သူတို့က ဂျင်ဆင်းကို အရင်ရှာတွေ့ခဲ့တာဆိုပြီး အခိုင်အမာ ပြောနေတော့တာပဲ။ ရလဒ်အနေနဲ့ လီလောင်စန်းက ဂျင်ဆင်းကို မရလိုက်ရုံသာမကဘူး။ လက်တစ်ဖက်တောင် ဆုံးသွားသေးတယ်။ ဂျင်ဆင်းခူးတဲ့သူတွေက တော်တော်ကို ရက်စက်တာပဲ။"
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ချမ်းသာရွာမှာ ဖြစ်ပျက်ခဲ့တာနဲ့ ယှဉ်ရင် ဒါက ဘာပြောပလောက်မလဲကွာ။ အရာရှိ လျှိုရဲ့ မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ပြီး အစေခံတွေရောအပါ လူသုံးဆယ်ကျော်ကို ညတွင်းချင်း အသတ်ခံလိုက်ရတာတဲ့။ ပြောကြတာကတော့ ရက်စက်တဲ့ ဓားပြတချို့က ငွေကြောင့် လူသတ်ကြတာဆိုပဲ။ တကယ်ကို ကြောက်စရာကောင်းတယ်နော်။”
ဧည့်သည်တော်များသည် အမျိုးမျိုးသော စိတ်ဝင်စားဖွယ် အဖြစ်အပျက်များနှင့် သတင်းများကို ဆွေးနွေးနေကြသည်။ စူးချန်ခုန်းသည် တည်းခိုခန်းရှိ ဧည့်သည်များ၏ စကားများကို ပေါ့ပေါ့ပါးပါး နားထောင်ရင်း သူ၏ စားဖွယ်သောက်ဖွယ်များကို စောင့်ဆိုင်းနေခဲ့သည်။
"ဟမ်"
ထိုအချိန်တွင် စူးချန်ခုန်းသည် သူနှင့်ရင်းနှီးသောပုံစံကို မြင်လိုက်ရသောကြောင့် ခဏလောက် ကြောင်တက်သွားခဲ့သည်။
တည်းခိုခန်း၏ပထမထပ်။
စားပွဲဘေးရှိ တည်းခိုခန်း၏ ထောင့်တစ်နေရာတွင် ထွားထွားကြိုင်းကြိုင်းနှင့် သန်သန်မာမာ အမျိုးသားတစ်ဦးသည် တစ်ယောက်တည်း ထိုင်လျက် စကားမပြောဘဲ ငြိမ်ငြိမ်သက်သက် စားသောက်နေသည်။ ထိုလူသည် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ဝန်းကျင်ခန့်ရှိပြီး အခြားသူများကို ပေါ့ပေါ့တန်တန် ချဉ်းကပ်ရန် ဝန်လေးစေသည့် စူးရှသော ရောင်ဝါ ရေးရေးလေးကို ထုတ်လွှတ်နေသည်။
"ယန်စုန့်?"
ဤလူ စူးချန်ခုန်း သတိရသွားသည်။ သူက ယန်စုန့်မှလွဲ၍ အခြားသူမဖြစ်နိုင်။
လွန်ခဲ့သည့်တစ်နှစ်ကျော်က စူးချန်ခုန်းသည် ကျောက်မိသားစုမှ ကျင်းပသော လေလံပွဲတစ်ခုတွင် ယန်စုန့်သည် အခြားသူတစ်ဦးထက် သာလွန်ကောင်းမွန်စေရန် အတွင်းအား လျှို့ဝှက်ချက် လက်စွဲစာအုပ်အတွက် ရောက်လာခဲ့ပြီး မီးတောက်နီအတတ်အတွက် လေလံကို ဈေးမြင့်မြင့် ဆွဲခဲ့သော်လည်း တစ်ခြားတစ်ယောက်မှ ဈေးနိုင်သွားခဲ့သည်။
ယန်စုန့်သည် ချင်းရွှေမြို့၏ သိုင်းပညာလောကတွင် “သဲပျံဓားသွား” ဟု ထင်ကြားကျော်ကြားရုံသာမက ရာဇ၀တ်ကောင် အမျိုးမျိုးအတွက် အာဏာပိုင်များကပေးသော ဆုကြေးငွေများကို စုဆောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ဓားသွားဖမ်းသူအဖြစ်လည်း လူသိများလေသည်။
ထိုအချိန်တုန်းက ယန်စုန့်သည် မျက်နှာဖုံးနှင့်လူက မီးတောက်နီအတတ်အား ဝယ်သွားခဲ့သည်ကို မကျေနပ်သောကြောင့် မဆိုင်းမတွ နောက်သို့ လိုက်သွားခဲ့သည်။ စူးချန်ခုန်းသည် ပြဿနာ မရှာချင်သောကြောင့် ဝင်မစွက်ဖက်ခဲ့ပေ။
ယခုတော့ ယန်စုန့်သည် ဤနေရာတွင် အနာတရကင်းစွာ ပေါ်လာခဲ့သည်။ သို့သော် သူသည် မြေခွေးမျက်နှာဖုံးနှင့် လူထံမှ လျှို့ဝှက်လက်စွဲစာအုပ်ကို လုယူသွားခဲ့သလော။ သို့မဟုတ် အခြားသဘောတူညီချက်တစ်ခုခုကို ရယူထားခြင်း ရှိမရှိ မသိရသေးပေ။ သူ ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရပေ။
စူးရှသော အာရုံရှိသည့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သော ယန်စုန့်သည် သူ့အား ကြည့်နေသည်ကို သတိပြုမိပုံရသည်။ သူက စားသောက်နေရာမှ စူးချန်ခုန်းကိုကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
စူးချန်ခုန်းသည် ဘာပြဿနာမှ မဖြစ်စေလိုသောကြောင့် သူ့အကြည့်ကို လွှဲလိုက်ရာ ယန်စုန့်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ခေါင်းကို ပြန်လှည့်ကာ ဆက်၍ စားနေလေသည်။
တည်းခိုခန်း၏ ပထမထပ်သည် သက်ဝင်လှုပ်ရှားနေသော်လည်း ရုတ်တရက် ခန်းမသည် တစ်မုတ်ချင်း ငြိမ်ကျသွားခဲ့သည်။
တည်းခိုခန်း၏အဝင်ဝသို့ လူငါးဦး၀င်လာကာ အားလုံး၏ ခါးတွင် လက်နက်များ တပ်ဆင်ထားသည်။ သူတို့က သိုင်းပညာရှင်တို့၏ ၀တ်စုံကိုဝတ်ဆင်ကာ မျက်လုံးထဲတွင် စူးရှသော အလင်းရောင်တို့ကြောင့် သူတို့သည် ပမွှားလေးများမဟုတ်ဟူသော အထင်အမြင်ကို ပေးစွမ်းနေကြသည်။
သိုင်းလောကထဲက လူတွေနဲ့တူတဲ့ ဒီလူငါးယောက်က တည်းခိုခန်းထဲကို ဝင်လိုက်တာနဲ့ အခန်းထဲကို ဝေ့ကြည့်လိုက်သည်။ သူတို့ရဲ့ အကြည့်တွေက အခန်းထောင့်က သစ်သားစားပွဲပေါ်မှာ ကျရောက်နေလျက်။ သို့မဟုတ် အတိအကျ ပြောရလျှင် ယန်စုန့် ထမင်းစားတဲ့ စားပွဲပေါ်မှာပင်။ သူတို့သည် သူ့ဆီသို့ တည့်တည့်လျှောက်သွားလိုက်ကြသည်။
"ယန်စုန့်ရေ.. ရန်သူတွေအတွက် ကမ္ဘာလေးက ကျဉ်းကျဉ်းလေးပဲနော်။ မင်းကိုဒီမှာတွေ့ရမယ်လို့ ငါမထင်ထားဘူး။"
လူငါးဦးမှ ဆံပင်တိုတို ကြွက်သားများနှင့် အမျိုးသားတစ်ဦးသည် ယန်စုန့်ကို အေးစက်စွာ စိုက်ကြည့်ကာ အသံဩဩဖြင့် ဆိုလေသည်။
စည်ကားနေသောခန်းမသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဧည့်သည်များအားလုံးသည် ယနေ့တွင် သိုင်းလောက ပဋိပက္ခကို သို့မဟုတ် ရန်ငြိုးတို့ကို ကိုယ်တိုင် မြင်ရတော့မည်ဖြစ်ကြောင့်း သိလျက် ထိုနေရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ဓားသွားဖမ်းသူတစ်ယောက်အနေဖြင့် ယန်စုန့်သည် မုန်တိုင်းများစွာကို ဖြတ်ကျော်ခဲ့သည်မှာ သိသာပါသည်။ လူထွားကြီးငါးဦး ရောက်လာတာက သူ့ကို ထိတ်လန့်စေမည်မဟုတ်ပေ။
ယန်စုန့်က အရက်ပုလင်းကို ချလိုက်ပြီး ပါးစပ်ထောင့်ကို သုတ်လိုက်ကာ ခေါင်းကို မော့လျက် "ခင်ဗျား ဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး။ လူကြီးမင်းတို့နဲ့ ကျွန်တော်တို့ ရန်ဖြစ်ဖူးခဲ့လို့လား။" ဟု ပြောလိုက်လေ၏။
ဆံပင်တိုတို ကြွက်သားတောင့်တောင့်နဲ့ အမျိုးသားက နှာမှုတ်လိုက်သည်။ "ငါ့ မျိုးရိုးနာမည်က စွန်း၊ ငါ့ကို စွန်းပုဝမ်လို့ခေါ်တယ်။ စွန်းပုဝူက ငါ့အစ်ကိုကြီးပဲ"
"ဒါဆို မင်းက မုန့်တောင်က သူခိုးကိုးကောင်ရဲ့ ခေါင်းဆောင် စွန်းပုဝူနဲ့ ပတ်သက်နေတာပေါ့။ အမှန်ပဲ ငါက ဆုကြေးငွေရဖို့အတွက် သူ့ခေါင်းကို ယူခဲ့တာ။ မင်းက လက်စားချေဖို့ ဒီကို ရောက်လာတာလား။"
ဒါကိုကြားတော့ ယန်စုန့်က သဘောပေါက်သွားပြီး အော်ပြောလိုက်သည်။
အာဏာပိုင်များကပေးသော ဆုကြေးငွေများကို စုဆောင်းသော ဓားသွားဖမ်းသူအနေဖြင့် ယန်စုန့်သည် အရာရှိများ အလိုရှိသော ဓားပြများစွာကို ကွပ်မျက်ခဲ့ပြီး မရေမတွက်နိုင်သော ရန်သူများကို မလွှဲမရှောင်သာခဲ့ပေ။
တစ်ချိန်က မုန့်တောင်၏ သူခိုးကိုးယောက်ဟု ခေါ်သော သောင်းကျန်းသည့် ဂိုဏ်းတစ်ခု ရှိခဲ့ဖူးသည်။ သူတို့၏ခေါင်းဆောင် စွန်းပုဝူကို အာဏာပိုင်များက အလိုရှိရာ ယန်စုန့်က ဆုကြေးငွေရယူရန် စွန်းပုဝူနှင့် သူ၏ဆွေမျိုးသားချင်းများ၏ နေရာကို ရှာဖွေခဲ့သည်။ ထို့နောက် သူသည် သူတို့ကို ခုတ်သတ်ခဲ့သည်။
ယခုဆိုလျှင် ဂျင်ဆင်းမြို့၌ ယန်စုန့်သည် မုန့်တောင်သူခိုးကိုးဦး၏ ကျန်ရစ်သော အဖွဲ့ဝင်များနှင့် ကြုံတွေ့နေရပြီး ဆံပင်တိုတိုနှင့် ကြွက်သားတောင့်တောင့် စွန်းပုဝမ်သည် အတိတ်အတွက် အတူတူပူးပေါင်းကာ လက်စားချေဖို့ ကြိုးပမ်းရန် လူငါးဦးကို ဦးဆောင်လာခဲ့သည်။
"မင်းသိသွားတာကောင်းတယ်။ ဒီနေ့ ငါ့အကိုကြီးကို ဂါရဝပြုဖို့ မင်းရဲ့ခေါင်းကို ယူသွားမယ်။"
စွန်းပုဝမ်က သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး သူ့မျက်နှာက ကြမ်းကြုတ်နေလျက်။ ကျန်လေးယောက်ကလည်း အေးစက်ပြီး ခက်ထန်သည့်ပုံပေါ်လေသည်။