← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

ထိုကဲ့သို့သော တုံ့ပြန်မှုကြောင့် ချွေးချန်းက အံ့ဩနေခဲ့ခြင်းမရှိဘဲ စိတ်ရှည်လက်ရှည် အမူအရာနှင့် ပြောလိုက်သည်။

“မင်းက ငါနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေတယ်ဆိုတာငါသိတယ်။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေမယ်လို့ မင်းက တွေးနေမှာပေါ့။ ဒါပေမယ့် မင်းက ငါ့ကို ခဏလောက်ခေါ်ထားပြီးမှ ငါ့ကို ပထမဆုံးတပည့်အဖြစ် လက်ခံဖို့ဆုံးဖြတ်လို့ရတယ်လေ….”

“လက်ရှိအချိန်မှာ ငါ့ရဲ့ကျင့်စဉ်အဆင့်က ဘာမှမထူးခြားဘူး။ ဒါပေမယ့် ငါ့မှာ ဗဟုသုတတွေ ၊ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ငါက တာ့ဆွေအင်ပါယာရဲ့ ထုံးတမ်းစဉ်လာတွေ ၊ ဓလေ့တွေကို ငါ့ရဲ့လက်ခုံလို သေသေချာချာ သိတယ်။ ဒါကြောင့် တာ့ဆွေတိုင်းပြည်ကိုသွားမယ့် မင်းတို့ရဲ့ခရီးလမ်းမှာ ငါ ပါလာမယ်ဆိုရင် လုံးဝကို ကွဲပြားသွားလိမ့်မယ်…”

ချန်းပင်အန်းက လုံးဝမလှုပ်ရှားသေးကြောင်း ချွေးချန်းက မြင်လိုက်ရသည်။ သို့သော် သူကတော့ ထိုအချက်ကြောင့် စိတ်ပျက်သွားခဲ့ခြင်းမရှိဘဲ ဆက်ပြောလိုက်၏။

“စိတ်မပူပါနဲ့ ။ မင်းက ငါ့ကို တပည့်အဖြစ် လက်ခံဖို့အတွက် လက်ဗလာနဲ့ လာခဲ့တာ မဟုတ်ပါဘူး။ အဲဒီအစား ငါက မင်းအတွက် အရမ်းအဖိုးတန်တဲ့လက်ဆောင်တွေကို ပြင်ဆင်ထားတယ်။ အဲဒီထဲက တစ်ခုကတော့ ကံကောင်းခြင်းမှော်သားရဲနဲ့ ဝိညာဉ်မှတ်တမ်းမိတ္တူစာအုပ်လေ။ အဲဒီအရာက အလယ်ဘုံ(၅)ဆင့် ကျင့်ကြံသူတိုင်း ရှိထားရတဲ့ အရာတစ်ခုပဲ။ အဲဒီအပြင် ငါ့ရဲ့မိတ္တူက ဝိညာဉ်(၅)မျိုး ၊ (၆)မျိုးလောက်နဲ့ သန့်စင်ထားတာကြောင့် ပိုပြီးတော့ တန်ဖိုးရှိတယ်…”

ချွေးချန်းက သူ၏လက်ဆောင်များကို တစ်ခုပြီးတစ်ခု ရေတွက်နေပြီး ဆက်ပြောလိုက်သည်။

“ပြီးတော့ လေ့လာဖို့ ရတနာ(၄)မျိုးတစ်စုံလည်း ရှိသေးတယ်။ အဲဒီထဲမှာ မင်စားငါးတစ်ကောင် ရှိနေတဲ့ စုတ်တံ ပါတယ်။ မင်းက စာရေးတဲ့အချိန်မှာပဲဖြစ်ဖြစ် စုတ်တံကိုသုံးပြီး ပန်းချီဆွဲတဲ့အချိန်မှာ ဖြစ်ဖြစ်၊ မင်းရဲ့အလုပ်တွေပြီးသွားပြီဆိုရင် စုတ်သံကို သန့်ရှင်းပေးစရာ မလိုဘူး။ မင်စားငါးက စုတ်တံတွေကို အလိုလို ဖယ်ရှားပေးလိမ့်မယ်။ အဲဒါက အရမ်းအံ့ဩစရာကောင်းတယ် မဟုတ်လား။ ပြီးတော့ ဒါက စာသင်သားတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတစ်ခုဆိုမှတော့ မင်းက သေချာပေါက် သဘောကျမှာပါ…”

“ဒီမင်ကတော့ ထင်ရှူးသုံးဆင့်မင်လို့ ခေါ်တယ်။ ဒီမင်ကို မင်းရဲ့လက်ညှိုးနဲ့ ထိကြည့်လိုက်မယ်ဆိုရင် လေလှိုင်းထဲမှာ အပ်ကလေးတွေ လှုပ်ရှားနေသလို သာယာနာပျော်ဖွယ်အသံတစ်ခု ထွက်လာနိုင်တယ်၊ တကယ်လို့ မင်းက မင်နည်းနည်းလေး သုံးပြီး တစ်ခုခုရေးမယ်ဆိုရင်လည်း မင်ရနံ့က နှစ်ပေါင်းများစွာ စွဲကျန်နေနိုင်တယ်…”

“မင်ကျောက်တုံးကတော့ တခြားကုန်းမြေကြီးပေါ်က အမည်မသိ ဘုန်းကြီးအိုတစ်ပါး ချန်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုပဲ။ အဲဒီအရာက စွန့်လွှတ်ခြင်းရေကန်လို့လည်း ခေါ်တယ်။ မင်းက စိတ်မဝင်စားဘူးလား။ ဒီစာရွက်ကတော့ ရွှေကျောက်တုံးစာရွက်ပဲ။ အဲဒါက တောင်တန်းနဲ့မြစ်နတ်ဘုရားတွေကို ဘုရင်ကြီးက တရားဝင်တာဝန်ပေးတဲ့အချိန်မှာ အသုံးပြုတဲ့ စာရွက်အမျိုးအစားလေ…”

ချွေးချန်းက ပင့်သက်ရှိုက်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ငါ မင်းအတွက် ပြင်ဆင်ထားတဲ့အထဲမှာအရမ်းအရမ်းကို တန်ဖိုးရှိတဲ့ လက်ဆောင်ကတော့ တစ်ဝက်သေဆုံးနေတဲ့ အသက်ဓားပျံတစ်ခုပဲ။ အဲဒီဓားပျံကို ထူးခြားတဲ့ပစ္စည်းတစ်ခုနဲ့ ဖန်တီးထားပြီး တော်တော်လေးကို ထက်တယ်။ အကောင်းဆုံးအရာကတော့ မင်းက သူ့ရဲ့ဓားချီစွမ်းအင်တွေကို အားဖြည့်ဖို့ မလိုသလို သူ့ရဲ့ဓားဆန္ဒတွေ တိုးတက်လာအောင် လုပ်ပေးဖို့လည်း မလိုဘူး။ မင်းက အဲဒီအရာကို ချက်ချင်းသုံးလို့ရတယ်…”

“ငါက ဓားပျံကို မထင်မှတ်ဘဲ ရထားခဲ့တာ။ ပြီးတော့ ငါ့ရဲ့ပစ္စည်းတွေထဲမှာ နှစ်ပေါင်းများစွာ သိမ်းထားခဲ့တယ်။ ငါက ဒီအတောအတွင်း အဲဒီအရာကို မသန့်စင်ခဲ့ဘူး။ အဲဒါက ဓားကောင်းတစ်လက် မဟုတ်လို့ မဟုတ်ဘူး။ ငါကိုယ်တိုင်က ဓားသမားတစ်ယောက် မဟုတ်လို့ပဲ။ ဒါကြောင့် ငါက အဲဒီလို အရမ်းကောင်းတဲ့ ဓားပျံတစ်လက်ကို သန့်စင်လိုက်မယ်ဆိုရင် နှမြောဖို့ကောင်းတယ်လို့ တွေးမိလို့ပဲ…”

ပထမတွင်တော့ ချွေးချန်းက တက်ကြွစွာ ပြောဆိုနေခဲ့သော်လည်း တဖြည်းဖြည်းနှင့် သူ့အသံက ပိုပြီးတိုးလာခဲ့သည်။ ချန်းပင်အန်းကတော့ သူ၏လက်ဆောင်များကြောင့် အနည်းငယ်လေးပင် လောဘတက်လာခြင်း မရှိသလို တစ်ဖက်တွင်တော့ သူက ပို၍များပြားသော လက်ဆောင်များကို ထုတ်လာလေလေ ချန်းပင်အန်း၏ မျက်လုံးထဲတွင် ငြင်းဆန်လိုသောအရာက ပို၍ပြတ်သားလာလေလေ ဖြစ်သည်။

ချွေးချန်းက စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက်တင်၍ သနားစဖွယ် မေးလိုက်သည်။

“ဒါက မလုံလောက်သေးဘူးလား။ ငါက မင်းရဲ့တပည့်ဖြစ်လာဖို့ လှိုက်လှိုက်လှဲလှဲနဲ့ ဒီနေရာကို ရောက်လာခဲ့တာ။ တကယ်လို့ မင်းက ငါ့ကိုမယုံဘူးဆိုရင် ငါက ကျိန်လို့ရတယ်။ တကယ်လို့ ငါက မင်းအပေါ် မကောင်းတဲ့စိတ်မျိုး နည်းနည်းလေး ရှိမယ်ဆိုရင် ငါ ရပ်နေတဲ့နေရာမှာ မိုးကြိုးပစ်ခံရပါစေ…”

“မလိုဘူး..”

ချန်းပင်အန်းက ခေါင်းခါပြီး ငြင်းဆန်လိုက်သည်။

ပထမဆုံး ချန်းပင်အန်းက ချွေးချန်းကို ဆရာရွမ်၏ ပန်းပဲဖို၌ တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် သူကတော့ ထိုကောင်လေးကို ဝူယွမ်၏ စာသင်သား လက်ထောက်ဟု အထင်မှားခဲ့၏။ အမိုးခုံးအဆောက်အဦတွင် ဒုတိယတစ်ကြိမ် တွေ့ခဲ့သည့် အတောအတွင်း ချွေးချန်းက သူ့ကိုယ်သူ ဦးလေး ချွေးချန်းဟူသော စကားလုံးမျိုး ပြောခဲ့သည်။ သူက ချန်းပင်အန်းကို ထူးဆန်းပြီး ရှုပ်ထွေးသော အချက်အလက်များစွာ ပြောပြခဲ့ပြီးနောက် ရွှံ့ပုလင်းလမ်းကြားထဲသို့ လိုက်လာပြီး စုန့်ကျိရှင်း၏ ခြံဝန်းတံခါးပေါ်တွင် တပ်ထားသော နှစ်သစ်ကူး စာသားများကို ခိုးယူသွားခဲ့သည်။

ချိုက်ကျင်းကျန့်၏ အခြေအနေနှင့် မတူညီဘဲ ချန်းပင်အန်းက ချွေးချန်းဆီတွင် သတ်ဖြတ်ချင်စိတ် လုံးဝမတွေ့ခဲ့ရပေ။ သို့သော် သူက ချွေးချန်းကိုလည်း လုံးဝမယုံကြည်ခဲ့ချေ။ ချွေးချန်းက သူနှင့် ဝေးဝေးနေရန် မျှော်လင့်နေပြီး ချွေးချန်းက တာ့လီအင်ပါယာ၏ နယ်စပ်တစ်လျှောက် သူ့နောက်မှ လိုက်လာရန် လုံးဝမစဉ်းစားခဲ့ပေ။

ချန်းပင်အန်းက အရူးတစ်ယောက် မဟုတ်ချေ။ ချွေးချန်း၏ ရည်မှန်းချက်က သန့်စင်မှုမရှိကြောင်း သေချာပေါက် သိနေခဲ့၏။ မဟုတ်လျှင် သူက ဘာကြောင့်နယ်စပ်သို့ လိုက်လာပြီး သူ့တပည့် တစ်ယောက်ဖြစ်လာရန် အဖိုးတန်လက်ဆောင်များစွာနှင့် ကမ်းလှမ်းနေခဲ့ရသနည်း။

ချွေးချန်းက ချန်းပင်အန်း၏ဆံပင်ကို ကြည့်လိုက်ရာ ကျောက်စိမ်းဆံထိုးလေး ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ သူတို့၏ မူလသဘောတူညီချက်အရ ထိုအဘိုးကြီးက သူ့အတွက် ချန်းပင်အန်းဆီတွင် စကားတစ်ခွန်းပြောပေးရမည် ဖြစ်သည်။

အနည်းဆုံးတော့ သူက တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာဖြစ်ကြောင်း ထိုအဘိုးကြီးက ချန်းပင်အန်းကို ထုတ်ဖော်ပြောပြမှာ မဟုတ်သလို ချွေးချန်းက ချန်းပင်အန်းနှင့် ချီကျင့်ချွန်တို့ကို လှည့်ကွက်ဆင်ခဲ့ဖူးကြောင်းကိုလည်း ပြောပြလိမ့်မည် မဟုတ်ချေ။

အခြေအနေက ယခုလို ရှင်းရှင်းလင်းလင်းဖြစ်သွားသည့်အချိန်ကျမှ ထိုအဘိုးကြီးက သူ့ကို ဘာကြောင့် အလွယ်တကူ ခွင့်ပြုပေးခဲ့ကြောင်းနှင့် ယခုလိုအချိန်မျိုးတွင်မှ ဘာကြောင့် ကောင်းမှုသစ်တောထဲမှ ထွက်လာရန် ဆုံးဖြတ်ခဲ့ကြောင်းကိုတော့ ချွေးချန်းက စဉ်းစားနေခဲ့ခြင်း မရှိချေ။ နောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်များကို ဖော်ထုတ်နေခဲ့ခြင်းလည်း မရှိချေ။

တွက်ချက်ခြင်းနှင့် သုံးသပ်ခြင်း အပိုင်းတွင် အစစ်အမှန်သူတော်စင်တစ်ပါးကို ယှဉ်ပြိုင်ရန် ကြိုးစားခြင်းက အချည်းနှီးသာ ဖြစ်သွားနိုင်သည်။ ထို့ပြင် သူ၏ စိတ်ဝိညာဉ်က နှစ်ပိုင်းကွဲနေပြီး သူ၏ကျင့်ကြံမှုနှင့် စွမ်းရည်ကလည်း သူ၏ ယခင်အဆင့်အတန်းထက် အဆပေါင်းများစွာ နိမ့်ကျနေခဲ့သည်။

သူက တွက်ချက်မှုပိုင်းတွင် နေရာတစ်ခုသို့ ရောက်သွားသည့်အချိန်တွင် ထိုအဘိုးကြီး ချမှတ်ထားသော စည်းမျဉ်းတစ်ချို့ကို ဖောက်ဖျက်မိပြီး ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ကဲ့သို့ စိတ်ကစဉ့်ကလျားဖြစ်နေသော လူတစ်ယောက်အဖြစ်ကို ရောက်သွားမှာ ကြောက်နေခဲ့သည်။

“ချန်းပင်အန်း…

မင်းက ဖယောင်းတိုင်နီမြို့ ခေါင်းအုံးဆက်သွယ်ရေးစခန်းမှာ အခြေအနေတွေ သတင်းလာပေးတဲ့ စာသင်သားအဘိုးကြီးတစ်ယောက်ကို မတွေ့ခဲ့ဘူးလား..”

ချွေးချန်းက မေးလိုက်သည်။

ချန်းပင်အန်းက အနည်းငယ် ရှုပ်ထွေးသွားသော အမူအရာနှင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ချွေးချန်းက ချန်းပင်အန်း၏ အမူအရာကို သေချာစစ်ဆေးကြည့်လိုက်ပြီး ချန်းပင်အန်းက ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိသာနေခဲ့၏။

“ဒါဆိုလည်း ငါ့ရဲ့ဝှက်ဖဲကို ထုတ်လိုက်ရမှာပေါ့။ ငါက မင်းကို ရှင်းရှင်းလင်းလင်း ပြောပြမယ်။ ချန်းပင်အန်း… ငါက မင်းဆီကို စိတ်ရင်းစေတနာနဲ့ လာခဲ့တာပဲ ။ ဒါပေမယ့် မင်းကတော့ ငါ့ကို ရက်ရက်စက်စက် ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် ငါက ငါ့ရဲ့လက်ဆောင်တွေကို တစ်ဝက်လျော့ချဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါက မင်းရဲ့စိတ်ကိုပြောင်းလဲဖို့ နောက်ဆုံးအခွင့်အရေးပဲ…”

ချန်းပင်အန်းကတော့ သူ့ကို တုံ့ပြန်မှုမရှိဘဲ လှည့်ထွက်သွားခဲ့သည်။

ထိုအရာကို မြင်သည့်အခါ ချွေးချန်းက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်ကျောက်တုံးတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လမ်းဘေး နေရာလွတ်တစ်ခုကို ပစ်ချလိုက်၏။

“ဒါက အဘိုးကြီးယန် မင်းအတွက် ပေးလိုက်တဲ့ သတင်းတစ်ခုပဲ။ မင်းက ဒီကျောက်တုံးကို ဖျက်ဆီးလိုက်မယ်ဆိုရင် အဖြစ်အပျက်တွေ အားလုံးကို သိသွားလိမ့်မယ်…”

“ပြီးရင် ငါက အပြစ်ကင်းစင်တယ်ဆိုတာ မင်းကို သက်သေပြနိုင်လိမ့်မယ်။ ချန်းပင်အန်း… ငါ့မှာ ဘာမကောင်းတဲ့စိတ်မှ မရှိဘူး။ ငါ ဒီကိုရောက်လာရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မင်းရဲ့တပည့်တစ်ယောက် ဖြစ်လာဖို့ပဲ။ ငါရဲ့ ရည်ရွယ်ချက်တွေက သန့်စင်ပြီး ရင်ထဲကလာတာ…”

ယင်နတ်ဘုရားက ပေါ်လာခဲ့ခြင်း မရှိသော်လည်း သတင်းစကားများကို သိမ်းဆည်းထားနိုင်သော အနက်ရောင်ကျောက်တုံးက လေထဲတွင် တစ်စစီ ပျက်ဆီးသွားခဲ့သည်။

သိပ်မကြာခင် လင်းရှို့ယီက ချန်းပင်အန်း၏အနားကိုကပ်လာပြီး တိုးတိုးလေးပြောလိုက်၏။

“ယန်မိသားစုဆေးဆိုင်က အဘိုးကြီးယန်က ချွေးတုံရှန်းကို ယုံကြည်ပေးလို့ရတယ်လို့ ပြောခိုင်းလိုက်တယ်။ သူက မင်းကို မကောင်းကြံဖို့ ကြိုးစားရဲမှာ မဟုတ်ဘူးလို့ ယင်နတ်ဘုရားက ပြောတယ်။ မင်းက သူ့ကို အစေခံတစ်ယောက်လို သတ်မှတ်ပြီး တာ့ဆွေတိုင်းပြည်ထဲမှာရှိတဲ့ ချောက်ကမ်းပါးကျောင်းတော်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ ခိုင်းချင်တဲ့အလုပ်ကို ခိုင်းလို့ရတယ်လို့ ပြောတယ်။ ဒီလို အခမဲ့တပည့် တစ်ယောက်ကို လက်ခံတာက အလကားတော့ မဖြစ်ပါဘူး…”

“ပြီးတော့ အခုကစပြီး ချွေးတုံရှန်းရဲ့ကံကြမ္မာက မင်းနဲ့ ဆက်သွယ်နေတယ်လို့လည်း ပြောတယ်။ မင်းရဲ့ဘေးကင်းလုံခြုံမှုက သူ့ရဲ့အသက်ရှင်မှုနဲ့ ဆက်သွယ်ထားတယ်။ ဒါ့ကြောင့် သူက မင်းကို နည်းနည်းလေးတောင် မကောင်းကြံရဲမှာ မဟုတ်ဘူး…”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး မေးလိုက်သည်။

“သူတို့က ဘယ်သူတွေလဲ…”

ချွေးချန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး မိတ်ဆက်ပေးလိုက်သည်။

“ဒီအရပ်ရှည်ရှည် အရူးလေးရဲ့နာမည်က ယုလုလို့ခေါ်တယ်။ “လု”ဆိုတာ ကံကောင်းမှုကို ပြောချင်တာ။ ဒီအသားမည်းမည်း မိန်းကလေးကတော့ ရှဲ့ရှဲ့လို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့ ကျေးဇူးတင်ပါတယ်ဆိုတာပေါ့။ ဘယ်သူကများ သူ့ကို ဒီလိုရယ်စရာကောင်းတဲ့ နာမည်မျိုးပေးလိုက်လဲ မသိဘူး…”

ဝမ်းနည်းနေသော ချွေးချန်း၏အမူအရာက ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း အလွန်သိသာနေသည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။

“သူတို့နှစ်ယောက်လုံးက ပျက်စီးသွားတဲ့ လုတိုင်းပြည်က လူတွေလေ။ သူတို့တွေ ဆိုးဆိုးဝါးဝါးကြုံခဲ့ရတဲ့ ကိစ္စတွေကြောင့် ငါက တော်တော်လေး ဝမ်းနည်းခဲ့ရတယ်။ ရှဲ့ရှဲ့က ချောက်ကမ်းပါးကျောင်းတော်ထဲမှာ အချိန်အတော်ကြာ သင်ကြားဖူးတယ်။ ယုလုကတော့ အဲဒီလောက် ကံမကောင်းဘူး။ သူ့ရဲ့ မွေးရပ်မြေကနေ ထွက်လာပြီး သိပ်မကြာခင် တာ့လီအင်ပါယာနဲ့ လုတိုင်းပြည်ရဲ့တိုက်ပွဲက စတင်ခဲ့တယ်။ ဒါ့ကြောင့် သူတို့နှစ်ယောက်လုံးက အိမ်ကိုပြန်လာခဲ့ကြရတာပဲ…”

“အခု သူတို့ရဲ့တိုင်းပြည်က ပျက်စီးသွားပြီ။ သူတို့တွေ အသက်ရှင်သွားခဲ့တယ် ဆိုတာကလည်း ချောက်ကမ်းပါးကျောင်းတော်က တပည့်တွေဖြစ်နေလို့ပဲ။ တကယ်လို့ ငါသာ သူတို့ကို ချောက်ကမ်းပါးကျောင်းတော်ဆီ ခေါ်မသွားခဲ့ဘူးဆိုရင် သူတို့က လုံချွမ်တိုင်းပြည်ရဲ့ အနောက်ဖက်မှာရှိတဲ့ တောင်တန်းတွေထဲမှာ သေချာပေါက် သေဆုံးသွားလိမ့်မယ်။ သူတို့က မျက်စိစပါးမွှေးစူးနေတဲ့ တောင်တန်းနတ်ဘုရားတွေ သတ်ပစ်တာကို ခံရနိုင်သလိုလို ရက်စက်ကြမ်းကြုတ်တဲ့ တောင်တန်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရပြီး အသက်(၃၀) မတိုင်ခင် သေဆုံးသွားနိုင်တယ်။ ဒါကြောင့်လည်း သူတို့က ငါ့ကိုအရမ်းကျေးဇူးတင်ပြီး သခင်လေးလို့ ခေါ်နေကြတာ။ ငါက အဲဒီလိုခေါ်ဖို့ မလိုအပ်ဘူးလို့ ပြောနေပေမယ့် သူတို့က နားမထောင်ကြဘူး..”

ရှဲ့ရှဲ့က အပြုံးနှင့် ပြန်ပြောလိုက်သည်။

“တကယ်လို့ နင့်ကို သခင်လေးလို့ခေါ်တာက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တယ်လို့ ခံစားရတယ်ဆိုရင်လည်း ငါက အဲဒီလို ထပ်မခေါ်တော့ဘူး…”

ယုလုကတော့ အခြေအနေကို ရှောင်ပုန်းရန် ကြိုးစားနေခဲ့ခြင်းမရှိဘဲ အပြုံးနှင့် ပြောလိုက်သည်။

“ငါကတော့ သခင်လေးလို့ခေါ်တာ အသားကျနေပြီ။ ငါက ဒီလိုပဲ ဆက်ခေါ်တော့မယ်.”

ချွေးချန်းက ရှဲ့ရှဲ့ကို အပြုံးနှင့် ပြောလိုက်၏။

“ဒီလိုစဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှဲ့ရှဲ့….”

ခဏကြာတိတ်ဆိတ်သွားပြီးနောက် လင်းရှို့ယီက ယင်နတ်ဘုရားဆီမှာ နောက်ထပ်သတင်းတစ်ခုကို ရခဲ့ပုံပေါ်သည်။

“ယုလုနဲ့ရှဲ့ရှဲ့တို့ကို ငါတို့နဲ့ ခေါ်သွားတာ အကောင်းဆုံးဖြစ်မယ်လို့ အဘိုးကြီးယန်က ပြောတယ်။ အဲဒါက ငါတို့အတွက်လည်း အကျိုးရှိစေနိုင်တယ်။ တကယ်လို့ မင်းက ချွေးတုံရှန်းကို မင်းရဲ့တပည့်အဖြစ် လက်မခံချင်ဘူးဆိုရင်လည်း သူ့ကို လူသားဒိုင်းတစ်ခုအဖြစ် သတ်မှတ်လိုက်ဖို့ ပြောတယ်။ တကယ်လို့ မင်းက နောက်ပိုင်းအန္တရာယ်တစ်ခုခု တွေ့လာတယ်ဆိုရင် သူ့ကို မင်းကိုယ်စား တိုက်ခိုက် ခိုင်းလိုက်။ သူ့ဆီမှာ အိတ်ဆောင်ရတနာတစ်ခုနဲ့ အရင်းအမြစ်တွေ အများကြီး ရှိတယ်။ ဒီတော့ သူက အပြစ်ပေးမှုကြီးတစ်ခုကို ရင်ဆိုင်နိုင်ပါတယ်…”

ချွေးချန်းက တစ်ချိန်လုံး လင်းရှို့ယီ၏စကားကို ခိုးနားထောင်နေခဲ့သည်။ ထိုစကားကို ကြားသည့်အခါ သူလည်း ဒေါသထွက်သွားခဲ့၏။

"အဘိုးကြီးယန် ခွေးအိုကြီး …

ခင်‌ဗျားက ကျုပ်ကို ဒီလိုမျိုးလုပ်နိုင်တာလား.."

ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်သည်။

"တကယ်လို့ ငါက သူတို့နှစ်ယောက်ကို ခေါ်သွားမယ်ဆိုရင် နောက်ပိုင်း သူတို့က မင်းတို့ရဲ့အတန်းဖော်တွေ ဖြစ်သွားပြီ မဟုတ်လား…"

လင်းရှို့ယီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ပြန်ဖြေလိုက်သည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမှန်အတိုင်းပြောရရင် ‌လီပေါင်ဖျင်နဲ့ ငါက ချောက်ကမ်းပါးကျောင်းတော်ရဲ့ အစစ်အမှန်အခြေအနေကို မသိကြဘူး။ ဆရာကြီးမာကလည်း မြို့ထဲ‌ကနေ ထွက်လာတဲ့ခရီးစဉ် အတောအတွင်း ငါတို့ကို ဘာမှမပြောခဲ့ဘူး…"

လီဟွိုင်ကတော့ တစ်ချိန်လုံး ယုလုကို ခိုးကြည့်နေခဲ့သည်။ သူကတော့ သူနှင့် အဖော်တစ်ယောက်ရပြီဟု ခံစားနေခဲ့ရ၏။ အနည်းဆုံးတော့ သူက ဒေါသကြီးပြီး ကြမ်းတမ်းသော လီပေါင်ဖျင်နှင့် အေးစက်ပြီး တစ်ယောက်တည်းနေတတ်သော လင်းရှို့ယီတို့ထက်စာလျှင် ယုလုက ပို၍သဘောကောင်းပုံရသည်။

လီဟွိုင်၏အကြည့်ကို သတိထားမိသည့်အခါ နောက်ကျောတွင် လေးလံသော အထုပ်တစ်ခုကို သယ်ဆောင်ထားသော ယုလုက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။

ထိုအချိန်တွင် လီပေါင်ဖျင်ကတော့ ရှဲ့ရှဲ့ကို လှမ်းကြည့်လိုက်သည်။ သူတို့၏မျက်လုံးများက တစ်ကြိမ်ထက်မက ဆုံမိခဲ့ကြ၏။ မျက်မမြင်တာအိုဘုန်းတော်ကြီးနှင့် သူ့တပည့်များကို တွေ့ခဲ့ရသည့်အချိန်တွင် လီပေါင်ဖျင်က ကျိုးအာဟုခေါ်သော မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးကို ချက်ချင်း သဘောကျခဲ့သည်။

သို့သော် ရှဲ့ရှဲ့အပေါ်ကိုတော့ သဘောကျသည့် ခံစားချက်မျိုး ပေါ်မလာခဲ့ပေ။ ရှဲ့ရှဲ့၏မျက်နှာပါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူမ၏ အစစ်အမှန် ခံစားချက်များကို ဖော်ထုတ်ရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် သူမကလည်း လီပေါင်ဖျင်ကို သဘောကျပုံမရချေ။

သူတို့နှစ်ယောက်က ပထမဆုံးအကြိမ် တွေ့ခဲ့ခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့ အချင်းချင်း ရန်လိုမှုများက အကြောင်းပြချက်များ၊ ကျိုးကြောင်းဆင်ခြင်မှုများနှင့် မဆိုင်သည်မှာ သေချာသည်။

ချန်းပင်အန်းက ချွေးချန်းကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"ယုလုနဲ့ ရှဲ့ရှဲ့တို့က ငါတို့နဲ့ လိုက်လာလို့ရတယ်။ ဒါပေမယ့် မင်းကတော့မရဘူး…"

ချွေးချန်း၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး ပြန်မေးလိုက်သည်။

"ဘာလို့လဲ…"

"မင်းက လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ တွေးမိလို့ပဲ…"

ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။ ချန်းပင်အန်း၏ စကားလုံးက ကလေးဆန်သော်လည်း မည်သူကမျှ ရယ်စရာကောင်းသည်ဟု မတွေးခဲ့ပေ။ အမြဲလိုလို ပေါ့ပေါ့ပါးပါး နေတတ်သော လီဟွိုင်ကပင် မွန်းကျပ်နေသလို ဖိအားတစ်ခုကို ခံစားခဲ့ရသည်။

ယုလုက သူ့နောက်ကို လှည့်ကြည့်လိုက်ရာ အဝေးတွင် အလွန်ကြီးမားသော ဖုန်လုံးကြီးများကို တွေ့လိုက်ရသည်။ မြေပြင်ကြီးကလည်း မြင်းခွာသံများကြောင့် တုန်ခါနေပြီး ကြာပွတ်သံ တဖြောင်းဖြောင်းကိုလည်း ကြားနေရသည်။ သူတို့က ခဏကြာတိတ်ဆိတ်သွားခဲ့၏။

တာ့လီအင်ပါယာမြင်းတပ်၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက လေထဲတွင် ပျံ့နှံ့နေသည်၊ ထိုအရာက လူအယောက်(၃၀) (၄၀)ခန့်ရှိသော အပေါ့စားမြင်းတပ်ဖွဲ့တစ်ခု ဖြစ်သော်လည်း သူတို့ဆီမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာနေသေးသည်။

ထိုအရာကို မြင်သည့်အခါ ယုလုက မျက်မှောင်ကြုတ်လိုက်မိ၏။

တစ်ချိန်တည်းတွင် ချွေးချန်းက သူ၏လက်နှစ်ဖက်ကို အင်္ကျီလက်ထဲမှ ထုတ်လိုက်ပြီး သူတို့ကို အေးအေးဆေးဆေးနေရန် အချက်ပြလိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး တည်ငြိမ်ရန် ကြိုးစားပြီး ပြောလိုက်၏။

"ငါက မင်းရဲ့တပည့်လုပ်ဖို့ ဒီနေရာကို ရောက်လာခဲ့တယ်ဆိုတာ စာသင်သားအိုကြီး တစ်ယောက်က ငါ့ကို အတင်းအကျပ် တွန်းအားပေးနေလို့ပဲ။ တကယ်လို့ ငါ့ကို မင်းရဲ့တပည့်အဖြစ် လက်ခံဖို့ ငြင်းဆန်နေမယ်ဆိုရင်လည်း ရတယ်။ ငါက ယုလုနဲ့ ရှဲ့ရှဲ့တို့ရဲ့သခင်လေးအဖြစ် မင်းတို့နဲ့အတူ ချောက်ကမ်းပါးကျောင်းတော်ကို လိုက်ခဲ့မယ်။ မင်းက ငါ မရှိသလို နေလို့ရတယ်။ ဘယ်လိုလဲ…"

ချန်းပင်အန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

"မင်းသာ ငါ့ကို လာမရှုပ်ရင် ကိစ္စမရှိဘူး။ မင်းကို တပည့်အဖြစ် လက်ခံဖို့အတွက် ကြိုးစားမနေဘူးဆိုရင် မင်း ကြိုက်တာ လုပ်လို့ရတယ်…"

ချွေးချန်းက စကားပြန်ပြောတော့မည့်အချိန်တွင် မြင်းတပ်ဖွဲ့က သူတို့ကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။ ယုလုကတော့ တစ်ချိန်လုံး ထိုမြင်းတပ်ဖွဲ့ကိုသာ စိုက်ကြည့်နေခဲ့ပြီး ခေါင်းငုံ့နေခဲ့၏။ သူကတော့ လက်တစ်ဖက်မြှောက်ပြီး ဖုန်မှုန့်များမှ သူ့ကိုယ်သူ ကာကွယ်ထားခဲ့သည်။

ထိုအချိန်တွင် ရှဲ့ရှဲ့ကတော့ လမ်းမကြီး၏ဘေးသို့ ရှောင်ပေးလိုက်၏။

ချွေးချန်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်မှာ ကံဆိုးသွားသည်။ မြင်းတပ်သားများက အလွန်လျင်မြန်စွာ ဖြတ်ကျော်သွားသည့်အချိန်တွင် ချွေးချန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ဖုန်မှုန့်များ ပြည့်နှက်သွားခဲ့၏။ သူကတော့ ပါးစပ်အဟောင်းသားဖြစ်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။

လီဟွိုင်က ချွေးချန်းအပေါ် သနားသလို ခံစားလိုက်ရပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

“ငါက သူ့အပေါ် နည်းနည်းလေးတော့ သနားလာသလို ခံစားနေရပြီ…"

ထိုအချိန်တွင် ချွေးချန်းက မျက်နှာပေါ်မှ ဖုန်မှုန့်များကို သုတ်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ငါ လုပ်တဲ့အရာတွေက ဒါနဲ့ပဲ ထိုက်တန်တာလား…"

…………….

ရွမ်ချုံ ဖန်တီးထားခဲ့သော စည်းမျဉ်းများအရ လီကျူးသုခဘုံထဲကို ဖြတ်သန်းသွားလာကြသော ကျင့်ကြံသူတိုင်းက တာ့လီအင်ပါယာနန်းတွင်း၏ ခွင့်ပြုချက်မရှိဘဲ လေထဲတွင် ပျံသန်းသွားလာခြင်း ၊ ဓားပျံများနှင့် သွားလာခြင်းကို တားမြစ်ထားသည်။ ရွမ်ချုံက ဥပမာအနေနှင့် သတ်ထားခဲ့သည့်အတွက် တာ့လီအင်ပါယာထဲတွင် ရှိနေသော ကျင့်ကြံသူများအားလုံးကလည်း မတတ်သာဘဲ ထိုစည်းမျဉ်းကို လက်ခံထားကြရသည်။

လျှိုပါ့ချောင်က လီကျူးသုခဘုံ အပြင်ဘက်တွင် သူ၏ဓားပျံနှင့်အတူ ဆင်းသက်လာခဲ့သည်။ သူက ငွေစအနည်းငယ် ပေးလိုက်ပြီးနောက် ဆက်သွယ်ရေးစခန်းတွင် ကျင့်ကြံသူများအတွက် ပြင်ဆင်ထားသော မြင်းလှည်းတစ်စီးကို ငှားလိုက်၏။

သူက လုံဝေတိုင်းပြည် ချန်းကလန် တည်ထောင်ထားသော ကျောင်းအသစ်ဆီသို့ မြင်းလှည်းနှင့် လာခဲ့သည်။ ထိုနေရာတွင် သူ၏မိတ်ဆွေကောင်း ချန်းစုန့်ဖုန်းက ကလေးတစ်ဒါဇင်ခန့်ကို စာပေသင်ကြားပေးနေခဲ့၏။

ပြတင်းပေါက်မှတစ်ဆင့် လျှိုပါ့ချောင်ကို မြင်လိုက်ရသည့်အချိန်တွင် ချန်းစုန့်ဖုန်းက သူ့ကိုယ်စား အတန်းကို ဆက်သင်ပေးရန် လူတစ်ယောက် ရှာဖွေချင်ခဲ့သည်။ သို့သော် လျှိုပါ့ချောင်က စောင့်နေမည်ဖြစ်ကြောင်း အလျင်အမြန် လက်ကာပြလိုက်၏။

တစ်နာရီကြာပြီးနောက် သင်ခန်းစာ ပြီးဆုံးသွားခဲ့ပြီး ကလေးများအားလုံးက သူတို့၏ဆရာကို တလေးတစား အရိုအသေပေးလိုက်ကြ၏။

ထို့နောက် ချန်းစုန့်ဖုန်းက အခန်းထဲမှ လျင်မြန်စွာ ထွက်လာခဲ့၏။ လျှိုပါ့ချောင်၏ အနားသို့ ရောက်သည့်အချိန်တွင် လျှိုပါ့ချောင်၏ဓားကို စိတ်ဝင်စားသော အမူအရာနှင့် စိုက်ကြည့်ပြီး မေးလိုက်၏။

"ဒါဆိုရင် ဒါက တာ့လီအင်ပါယာ မြို့တော်ထဲမှာရှိတဲ့ နဂါးသံကြိုးရေတွင်းထဲက အဆောင်ဓားလား…"

လျှိုပါ့ချောင်က မျက်ခုံးပင့်၍ လက်နှစ်ဖက်ကို နောက်စေ့ပေါ်တွင် တင်ထားပြီး ရှင်းပြလိုက်သည်။

"အဲဒီအရူးကောင် စုန့်ချန်ကျင့်က မြို့တော်ကို ရောက်သွားရင် ငါ ဆွဲထုတ်ဖို့ အဆောင်ဓားကို ချန်ထားပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒီကိုလာတဲ့လမ်းမှာတော့ လူတစ်ယောက်က အဆောင်ဓားကို ထုတ်ယူသွားပြီဆိုတဲ့ သတင်းတွေ ကြားရတယ်။ ငါက အဲဒါတွေကို မယုံခဲ့ပါဘူး။ စုန့်ချန်ကျင့်က ကောလာဟလတွေ လွှင့်နေတယ်လို့ပဲ ထင်ထားခဲ့တာ။ ဒီလိုဆိုရင် ငါမရောက်ခင် ဘယ်သူကမှ အဆောင်ဓားကိုယူဖို့ ကြိုးစားမှာ မဟုတ်ဘူးလေ…”

“ဒါပေမယ့် ငါ အဲဒီကို ရောက်သွားတဲ့အချိန်မှာတော့ အဲဒီအဆောင်ဓားကို ယန်ဟွာလို့ခေါ်တဲ့ မိန်းမက ရသွားတာ တွေ့လိုက်ရတယ်…"

လျှိုပါ့ချောင်က ပြောနေရင်း တဖြည်းဖြည်းပို၍ ဒေါသထွက်လာခဲ့သည်။

"ငါက စုန့်ချန်ကျင့်ကို ရှင်းပြခိုင်းခဲ့ပေမယ့် ဘာပြန်ပြောလဲ မင်းပဲ စဉ်းစားကြည့်ပါဦး။ သူက ငါ့ကို လူတစ်ယောက်နဲ့ သတင်းပို့လိုက်တယ်။ တကယ်လို့ ငါက ဓားကို လိုချင်တယ်ဆိုရင် ယန်ဟွာကို သွားရှာပြီး သူ့ဆီကနေ အတင်းအကျပ်လုယူဖို့ ပြောခဲ့တယ်။ ငါ့ဘဝမှာ ဒီလိုအရှက်မရှိတဲ့ အဆင့်(၁၀)သိုင်းသခင်တစ်ယောက်ကို လုံးဝမမြင်ဖူးဘူး…”

“အဲဒီနောက်မှာတော့ ယန်ဟွာက ဒီတိုင်းပြည်ရဲ့ သံအဆောင်မြစ်မှာ တရားဝင်နတ်ဘုရားမတစ်ပါး ဖြစ်လာတာကို သိခဲ့ရတယ်။ ငါက ဘာပြောနိုင်တော့မှာလဲ။ ဘဝဆိုတာ အဲဒီလိုပဲလေ…"

Translated by Hein Htet.

All Chapters