← Chapters

အခန်း (၁၃၇)

Vol. 10 Ch. 137

အခန်း (၁၃၇)

Vol. 10 Ch. 137

ရေပြင်ညီတောင်တန်းပေါ်တွင် ဝင်ပေါက်၌ ဆိုင်းဘုတ်ချိတ်ထားသော ကျောင်းဆောင်ငယ်လေးတစ်ခု ရှိနေသည်။ အပြင်ဘက်တွင်တော့ ရှေးအချိန်ကတည်းက ရှိနေပုံရသော စိမ်းလန်းပြီး ကြီးမားသည့် အပင်ကြီးတစ်ပင် ရှိနေသည်။

ကျောင်းဆောင်၏ အပြင်ဘက်တွင်တော့ မီးအိမ်ပေါင်းများစွာကြောင့် လင်းထိန်နေပြီး အစေခံများဟု ထင်မှတ်ရသော ယောကျ်ားကြီးများနှင့် အမျိုးသမီးတစ်ဒါဇင်နီးပါးခန့်က အဖွဲ့ငယ်လေးများဖွဲ့ပြီး အချင်းချင်း တိတ်တဆိတ် စကားပြောနေကြသည်။

ကျောင်းဆောင်အတွင်းထဲတွင်တော့ အသက်(၂၀)မှ (၄၀)ခန့်ရှိသော ယောကျ်ား(၅)ယောက်၊ (၆)ယောက်ခန့်က အရက်သောက်နေကြ၏။ သူတို့၏မျက်နှာက အရက်အရှိန်ကြောင့် နီရဲနေပြီး ရယ်သံများလည်း မရပ်မနားထွက်လာခဲ့သည်။ မြေပြင်ပေါ်တွင် အရက်များ မှောက်ကျထားသည့်အတွက် အနံ့များ စွဲနေခဲ့၏။

ထိုလူများက အဆင့်မြင့်သော နောက်ခံရှိကြောင်း သူတို့၏စကားလုံးနှင့် အပြုအမူများက သက်သေပြနေပြီး သူတို့က တိုင်းပြည်အတွင်း မကြာသေးခင်က ဖြစ်ခဲ့သော အဖြစ်အပျက်များ အပါအဝင် ခေါင်းစဉ်မျိုးစုံကို ဆွေးနွေးနေကြသည်။

အရက်မူးနေသည့်အချိန်တွင် လူတစ်ယောက်က သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆွဲချွတ်လိုက်ပြီး အရက်ခွက်ကိုမြှောက်၍ အသူရာမိန်းမပျိုရုပ်ထုကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“မင်းက နတ်ဘုရားတစ်ပါး၊ ဝိညာဉ်တစ်ယောက်ဖြစ်နေရင်တောင် ငါ ဂရုမစိုက်ဘူး။ ငါမကြောက်ဘူး။ တကယ်လို့ မင်းသာ ပေါ်လာရဲမယ်ဆိုရင် ငါကလည်း မင်းကို ငါတို့နဲ့အတူ အရက်သောက်ဖို့ ဖိတ်ခေါ်ရဲတဲ့သတ္တိရှိတယ်…”

“အသူရာမိန်းမပျို...

တကယ်လို့ မင်းက ဒီနေ့ည ဒီစင်ပေါ်ကနေ ဆင်းလာနိုင်မယ်ဆိုရင် ပျော်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သေချာပေါက် ဖြစ်သွားလိမ့်မယ်။ မင်းကို အသူရာမိန်းမပျိုအဖြစ် မျိုးရိုစဉ်ဆက် ယုံကြည်ကိုးကွယ်လာကြလိမ့်မယ်…”

အရက်မူးသမားက ဒယိမ်းဒယိုင်နှင့် လမ်းလျှောက်လာပြီး အရက်ခွက်ကို မော့သောက်လိုက်သည်။ သို့သော် အများစုကတော့ ခန္ဓာကိုယ်ပေါ်နှင့် မြေကြီးပေါ်သို့ ကျသွားခဲ့၏။ သူ့မိတ်ဆွေများက သူ့ကို အော်ဟစ်လက်ခုပ်တီးနေကြပြီး သူတို့ထဲမှ တစ်‌ယောက်ကတော့ အရက်နှင့် ရဲဆေးတင်ပေးလိုက်သည်။

သူက ယနေ့ညတွင် သူနှင့်အတူ အိပ်စက်ရန် အသူရာမိန်းမပျိုရုပ်ထုကို စင်ပေါ်မှ သယ်ဆောင်သွားမည်ဟု ပြောခဲ့၏။ ထိုသို့လုပ်ဆောင်လိုက်မည်ဆိုလျှင် သူက နတ်ဘုရားမတစ်ပါးနှင့် အိပ်စက်နိုင်သည့်အတွက် အချိန်တော်တော်ကြာ လူတိုင်းကို ပြောပြနိုင်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်သည်။ သူ၏စကားလုံးများကြောင့် ထိုလူအုပ်ကြီးက အားရပါးရရယ်လိုက်မိကြသည်။ တချိန်တည်းတွင်ကျောင်းတော်ထဲ၌ ကြားရုံသာ သက်ပြင်းချလေးတစ်ခု ပေါ်ထွက်လာသည်။

သိမ်မွေ့သော လေပြည်လေညင်းလေး တစ်ခုလည်း တိုက်ခတ်လာပြီး ထိုလူအုပ်ကြီးကတော့ ဆက်၍ သောက်နေခဲ့ကြ၏။ မည်သူကမျှ တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားမိခဲ့ခြင်းမရှိချေ။

………..

တောင်တန်းတစ်ဝက်ခန့်တွင် ‌ချန်းပင်အန်းက မတ်တပ်ရပ်ကျင့်ကြံနေရင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိသွားသည်။ သူက ငုံ့ကြည့်လိုက်သည့်အချိန်တွင် သူ့လက်ထဲ၌ ကိုင်ထားသော သစ်ကိုင်း၏ အောက်ဘက်၌ ရှဲ့ရှဲ့ ရောက်လာကြောင်း တွေ့လိုက်ရ၏။

ချန်းပင်အန်းက သူ ရပ်နေသော သစ်ကိုင်းပေါ်မှ ခုန်ဆင်းတော့မည့်အချိန်တွင် ရှဲ့ရှဲ့က သူ့ကိုအပြုံးနှင့် လက်ပြလိုက်သည်။ သူမက လက်ဝှေ့ယမ်းပြလိုက်ပြီး ဆွဲဆောင်မှုရှိသော အသံနှင့်ပြောလိုက်၏။

“နင်ဆင်းလာဖို့မလိုဘူး။ ငါတို့က အဲဒီမှာပဲ စကားပြောကြမယ်…”

သူမ၏အသံထွက်ပေါ်လာပြီး သူမက သစ်ပေါ်ကြီးပေါ်သို့ အလွန်သွက်လက်ပေါ့ပါးစွာ တက်လာခဲ့သည်။ သူမက သစ်ပင်ကြီးကို ခြေကန်အရှိန်ယူပြီး တခြားသစ်ပင်ဆီသို့ ခုန်တက်လိုက်သည်။ ထို့နောက် နောက်တစ်ပင်ဆီသို့ ခုန်ကူးသွားခဲ့၏။ ထိုပုံစံအတိုင်း သူမက လေထဲသို့ လျင်မြန်စွာ မြောက်တက်လာခဲ့၏။

ခြေလှမ်းအနည်းငယ်အတွင်းသူမက ချန်းပင်အန်း ထိုင်နေသော သစ်ကိုင်း၏အနားတွင် ရှိနေသော သစ်ကိုင်းတစ်ခုပေါ်သို့ ရောက်လာခဲ့သည်။ သူမက သာမန်မိန်းကလေး တစ်ယောက် မဟုတ်သည်မှာ သိသာနေခဲ့၏။

ရှဲ့ရှဲ့က တဖက်သစ်ကိုင်းပေါ်တွင် ထိုင်ပြီး ပြန်လှည့်လာခဲ့သည်။ သူမက ခြေထောက်လေးကို လွှဲရမ်းနေရင်း အပြုံးနှင့် ပြောလိုက်၏။

“နင်က သိုင်းပညာရှင်တစ်ယောက်။ ငါကတော့ ကျင့်ကြံသူတစ်ယောက်။ ဒါကြောင့် ငါတို့က မတူကြဘူး။ မောက်မာတဲ့ ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ သိုင်းပညာရှင်တွေဆိုတာ ကျင့်ကြံဖို့အတွက် ပါရမီမရှိတဲ့ လူတွေသက်သက်ပဲ။ သူတို့က နိမ့်ကျတဲ့အရာတစ်ခုခုကိုပဲ လုပ်ဆောင်ကြရပြီး အဲဒီအရာက သိုင်းပညာအဖြစ် ပြောင်းလဲသွားတယ်…”

“ဒါကြောင့်လည်း သိုင်းပညာအဆင့်(၉)ဆင့်ကို နိမ့်ကျတဲ့ အဆင့်(၉)ဆင့်လို့ သတ်မှတ်ထားခဲ့ကြတာ။ အထူးသဖြင့် ကျင့်ကြံသူတွေက နန်းတွင်းရဲ့ တရားဝင်အရာရှိတွေဆိုရင် သိုင်းပညာရှင်တွေကတော့ အဆင့်နိမ့်တဲ့ တရားမဝင် အရာရှိတွေလိုပဲ။ ရလဒ်အရ အချင်းချင်း ရန်လိုမှုတွေ မကျေနပ်မှုတွေ ဖြစ်လာကြတယ်…”

“နင်က ဘာလို့ ငါ့ကို ဒီအကြောင်းအရာတွေ ပြောပြနေရတာလဲ…”

ချန်းပင်အန်းက မေးလိုက်သည်။

ရှဲ့ရှဲ့က သစ်ကိုင်းကို ကိုင်ထားရာမှ သူမ၏ခြေထောက်ကို လက်နှင့်ကိုင်လိုက်ပြီး တည့်တည့်သာ ပြောလိုက်၏။

“ချွေးတုံရှန်းက အကြံကုန်သွားတဲ့အတွက် တတ်နိုင်သမျှ အခြေအနေတွေကို အသည်းအသန် ရှာဖွေနေတယ်။ သူက ငါ့ဆီကို တိတ်တဆိတ် ရောက်လာပြီး ငါက နင့်ဆီမှာ သူ့အတွက် စကားကောင်း ပြောပေးဖို့ တောင်းဆိုခဲ့တယ်။ တကယ်လို့ နင်က သူ့ကို နင့်ရဲ့တပည့်အဖြစ် လက်ခံဖို့ ငြင်းဆန်မယ်ဆိုရင်တောင် သူက ငါ့ကိုရတနာတစ်ခု ပေးလိမ့်မယ်…”

“ငါက သူ့ရဲ့ပိုင်ရှင်မဲ့ဓားပျံကို လိုချင်တယ်။ ဒါပေမဲ့ သူကတော့ ငါ့ကိုမပေးချင်ဘူး။ အဲဒီအစား သူက ငါ့ကို ဝါးပုလွေတစ်ချောင်းပဲပေးဖို့ ဆန္ဒရှိတယ်။ သူက ငါ့ကို အဲဒီပုလွေပြတယ်လေ။ အဲဒါက လုတိုင်းပြည်ရဲ့ နန်းတွင်းလျှို့ဝှက်ရတနာတွေထဲက တစ်ခုဖြစ်တဲ့ အစစ်အမှန်ငါးပိုးကောင်ပုလွေပဲ…”

“အဲဒါက ဂိုဏ်းတစ်ဂိုဏ်းနဲ့ လုတိုင်းပြည်ရဲ့ ပထမဆုံး ဘုရင်ကြီးရဲ့ကြားထဲမှာ မဟာမိတ်ဖွဲ့တာကို ကိုယ်စားပြုတဲ့ သက်သေတစ်ခုပဲ။ မိန်းကလေး တစ်ယောက်ဖြစ်တော့ ငါက ဒီကမ္ဘာကြီးထဲမှာ လှပတဲ့ အရာတွေအားလုံးကို သဘောကျတယ်လေ။ ဒါကြောင့် ငါ နင့်ကို လာရှာခဲ့တာ…”

သူမကို မြင်သည့်အချိန်တွင် ချန်းပင်အန်းက မတ်တပ်ကျင့်စဉ်ကို ရပ်တန့်လိုက်ပြီးနောက် သူလည်း သစ်ကိုင်းပေါ်တွင် မတ်မတ်ထိုင်လိုက်သည်။ သူက ရှဲ့ရှဲ့ကို တည့်တည့်ကြည့်ပြီး ပြောလိုက်၏။

“ငါ နားထောင်နေပါတယ်။ ကျေးဇူးပြုပြီး ဆက်ပြောပါ…”

ရှဲ့ရှဲ့က အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ငါပြောချင်တာ အဲဒါပဲလေ။ ငါက သိုင်းပညာရှင်တွေနဲ့ ကျင့်ကြံသူတွေကြားထဲက ကွဲပြားမှုကို ပြောတယ်ဆိုတာ စကားစတစ်ခု ဖန်တီးလိုက်ရုံသက်သက်ပဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် နင်က ချွေးတုံရှန်းကို အကြိမ်ကြိမ်ငြင်းနေတာ မြင်ရတော့ ငါ တော်တော်လေး ကျေနပ်တယ်။ ဒါပေမဲ့ သူ့အတွက် စကားအကောင်းပြောပေးရမယ့်တာဝန်ရှိနေတော့ ငါလည်း ဘာလုပ်ရမလဲမသိဘူး..”

“နင်က ငါပြောမယ့်စကားတွေကို နားမထောင်ဘဲ မောင်းထုတ်မှာကိုပဲ ငါက စိုးရိမ်တာ။ တကယ်လို့ အဲဒီလိုဖြစ်လာမယ်ဆိုရင် သူ ငါ့ကို ကတိပေးထားတဲ့ ငါးပိုးကောင်ပုလွေက ငါ့လက်ထဲကို ရောက်လာမှာ မဟုတ်တော့ဘူး…”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“တကယ်လို့ ချွေးတုံရှန်းက မေးလာရင် နင်က သူ့အတွက် စကားကောင်းကောင်း ပြောပေးတယ်လို့ ငါ ပြောလိုက်ပါ့မယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ နင်က သိုင်းပညာနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ပိုပြီးတော့ ပြောပြပေးလို့ ရနိုင်မလား…”

ရှဲ့ရှဲ့က မျက်လုံးကျဉ်းကျဉ်းလေးထဲမှတဆင့် ချန်းပင်အန်း၏မျက်နှာကို စစ်ဆေးကြည့်နေသည်။ သူမက သူ့ကို နားလည်အောင် ကြိုးစားနေသလို ထင်မှတ်ရ၏။ သူမက ညင်သာစွာ ပြောပြလိုက်သည်။

“သိုင်းပညာနဲ့ ပတ်သတ်တဲ့ကိစ္စတွေမှာ ငါသိထားတဲ့အရာတွေအားလုံးက ကြားဖူးနားဝသက်သက်ပဲ။ ဒါကြောင့် ငါက နင့်ကို အချက်အလက်တွေ ဝေမျှပေးလို့ မရနိုင်ဘူး…”

“တချို့အခြေခံသဘောတရားတွေက ကျင့်ကြံသူတွေကြောင့်ပဲ ငါက သိလာခဲ့တာ။ ‌အောက်ဘုံ(၅)ဆင့်မှာ ခန္ဓာကိုယ်သန့်စင်မှုကို အလေးထားတယ်။ ဒါက သိုင်းပညာလေ့ကျင့်မှုနဲ့လည်း တေူနေတဲ့အတွက် သူတို့ကို အောက်ဘုံ(၅)ဆင့်လိုမျိုးပဲ သတ်မှတ်ပြီး ပြောခဲ့တာ…”

သူမက လက်ညှိုးတစ်ချောင်း ထောင်လိုက်ပြီး ချန်းပင်အန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အနည်းငယ်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကြောမှတ်(၃၀၀)ကျော် ရှိတယ်။ သူတို့တွေအားလုံးက‌ တောင်တန်းကြီးတစ်ခုလို အချင်းချင်း ဆက်သွယ်နေကြတယ်။ သိုင်းပညာရှင်တွေအတွက်တော့ ပထမအဆင့်က ရွှံ့သန္ဓေသားအဆင့်ပဲ။ အဲဒီအဆင့်မှာ လူတစ်ယောက်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီစွမ်းအားတွေကိုရှာဖွေပြီး အဲဒီချီစွမ်း‌အားတွေ နေထိုင်ဖို့အတွက် အသင့်တော်ဆုံးသွေးကြောမှတ်တစ်ခုတည်းမှာ နေရာချပေးဖို့ ကူညီရတယ်။ သိုင်းပညာရှင်တွေရဲ့ပါရမီကွဲပြားမှုက အဲဒီနေရာမှာပဲ။ ဒီအကြောင်းတွေ နင့်ကိုဘယ်သူကမှ မပြောဖူးဘူးလား…”

ချန်းပင်အန်းက ရှဲ့ရှဲ့၏စကားကို သေချာအလေးထား၍ နားထောင်နေခဲ့သည်။ သူမ၏မေးခွန်းကိုကြားသည့်အခါ သူကပြန်ဖြေလိုက်သည်။

“အရင်တုန်းကတော့ ငါက ဒီအကြောင်းတွေ ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ထပ်အကြိမ်နည်းနည်းလောက် ထပ်ပြီးနားထောင်ရလို့လည်း ကိစ္စမရှိပါဘူး။ ဒါကြောင့် ဆက်ပြောပါ။ ငါက အဲဒါကိုကြားဖူးလား၊ မကြားဖူးဘူးလားဆိုတာကိုစဉ်းစားနေဖို့ မလိုပါဘူး…”

ရှဲ့ရှဲ့က သူမ ထိုင်နေသော သစ်ကိုင်းလေးကို ပုတ်လိုက်ပြီးနောက် အနည်းငယ် ခေါင်းမော့‌ပြီး ချန်းပင်အန်း ထိုင်နေသော သစ်ကိုင်းကိုကျော်၍ ကြည့်လိုက်သည်။

“သိုင်းပညာပါရမီရှင်တွေဆိုတာ အသက်ငယ်ငယ်လေးနဲ့ အဲဒီချီစွမ်းအားပေါက်ကွဲမှုကို ရှာတွေ့နိုင်တဲ့လူတွေပဲ။ သူတို့တွေက ခန္ဓာကိုယ်ထဲက မထင်မရှား အစိတ်အပိုင်းမှာရှိတဲ့ သွေးကြောမှတ်တွေထက် ပိုပြီးတော့ အရေးပါတဲ့ သွေးကြောမှတ်တွေကို ရွေးချယ်နိုင်ကြတယ်…”

“အဲဒီလိုအပ်ချက်(၂)ခု ပြည့်စုံသွားပြီဆိုရင်တော့ အဲဒီလူ‌က တခြားလူတွေထက် အသာစီးရသွားနိုင်တယ်။ လူတစ်ယောက်က သစ်တောထဲကို ဒါမှမဟုတ် တောင်ကုန်းငယ်လေးတစ်ခုပေါ်ကို ရောက်နေတဲ့အချိန် လူတစ်ယောက်က ဖယောင်းတိုင်နီမြို့လို မြို့တစ်မြို့ကို ရောက်နေပြီး လူတစ်ယောက်ကတော့ တာ့လီအင်ပါယာရဲ့မြို့တော်ကို ရောက်နေသလိုမျိုးပဲ။ အဲဒီ(၃)မျိုးက လုံးဝကိုမတူညီတဲ့အရာတစ်ခုလို့ ပြောလို့ရတယ်…”

“လူတစ်ယောက်မှာ သိုင်းပညာနဲ့ ပတ်သက်တဲ့ ပါရမီရှိမရှိ ဆိုတာကို တတိယမြောက် အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်ကတော့ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီစွမ်းအားတွေရဲ့သိပ်သည်းမှု၊ ထုထည်နဲ့ ရှည်လျားမှုပဲ။ တကယ်လို့ နင့်ရဲ့သွေးကြောမှတ်က တာ့လီအင်ပါယာရဲ့မြို့တော်နဲ့ တူညီနေမယ်ဆိုရင်တောင် နင့်ရဲ့အရည်အချင်းကို ထုတ်ဖော်နိုင်တဲ့ စွမ်းရည်မျိုးမရှိရင် ဘာမှအသုံးမဝင်နိုင်ဘူး။ အဲဒါက နင့်အတွက် အဓိပ္ပာယ်ရှိရဲ့လား…”

“အဓိပ္ပာယ်ရှိပါတယ်…”

ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။

“ချွေးချန်း ပြောနေတဲ့ အသက်ဓားပျံ‌ဆိုတာက ဓားသမားတစ်ယောာက်ရဲ့ အသက်သွေးကြောမှတ်ထဲမှာ အားဖြည့်ထားရတဲ့ ဓားပျံတစ်လက်ပဲ။ အဲဒီလိုဓားပျံတွေက ‌ဓားသမားရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်လို့ရနိုင်တယ်။ ဓားသမားရဲ့ သွေးကြောမှတ်အပြင်ဘက်ကို ထွက်လာပြီး ရန်သူကို တိုက်ခိုက်တဲ့အချိန်မျိုးမှာ အဲဒါက အရာဝတ္ထုတစ်ခုပုံစံ ပြောင်းလဲသွားတယ်။ သွေးကြောမှတ်ထဲကို ပြန်ရောက်သွားတဲ့အချိန်မှာတော့ ထိတွေ့လို့ မရနိုင်တဲ့ ပုံသဏ္ဌာန်မျိုး ပြောင်းလဲသွားတယ်။ အဲဒါက တော်တော်ထူးခြားတဲ့ပစ္စည်းတစ်ခုပဲ…”

“လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောမှတ်တွေက အိတ်ဆောင်ရတနာတွေလို တူညီတဲ့ အကျိုးအာနိသင်မျိုး ပိုင်ဆိုင်ထားတဲ့ ကမ္ဘာငယ်လေးတွေနဲ့ တူတယ်လို့ ငါ့ဆရာက တစ်ကြိမ် ပြောခဲ့ဖူးတယ်။ တကယ်လို့ လူတစ်ယောက်ကသာ သူတို့ရဲ့အသက်သွေးကြောမှတ်တွေကို ပြည့်ပြည့်ဝဝ လေ့ကျင့်နိုင်မယ်ဆိုရင် သူတို့က သွေးကြောမှတ်ထဲမှာ အရာအားလုံးကို သိမ်းဆည်းနိုင်လိမ့်မယ်။ ဓားပျံတစ်လက်ပဲဖြစ်ဖြစ်၊ ရတနာတစ်ခုပဲဖြစ်ဖြစ် တောင်ကြီးတစ်တောင်ကိုတောင် သိမ်းဆည်းထားနိုင်တယ်လို့ပြောတယ်..”

“သိုင်းပညာရှင်တွေအတွက်တော့ ဒုတိယအဆင့်ကိုရောက်ဖို့ အဓိကအချက်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ စမှတ်ကနေ ဆက်သွယ်ထားတဲ့ သွေးကြောမှတ်နဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ လမ်းကြောင်းတွေကို ချဲ့ထွင်ရတာပဲ။ အဲဒါက ကျဉ်းမြောင်းပြီး ပိတ်ဆို့နေတဲ့သွေးကြောတွေကို ပင်မလမ်းမကြီးတွေအဖြစ် ချဲ့ထွင်ပြီး ချောမွေ့အောင် လုပ်ပေးလိုက်သလိုမျိုးပဲ။ အဲဒါကြောင့်လည်း ဒီကမ္ဘာကြီးထဲမှာ သိုင်းပညာရှင်မျိုးစုံ ရှိနေခဲ့တာပဲ။ ဒါတွေရဲ့အဓိကအကြောင်းပြချက်ကြောင့် လူတိုင်းက မတူညီတဲ့ လမ်းကြောင်းတွေကို လျှောက်လှမ်းခဲ့ကြတာပဲ…”

“လူတစ်ယောက်ရဲ့စမှတ်၊ သူတို့သွားတဲ့လမ်းကြောင်း၊ သူတို့ရဲ့ဖြတ်လမ်းနည်းတွေ၊ သိုင်းပညာတစ်မျိုးချင်းဆီတိုင်းမှာ အပြင်လူကို ပြောလို့မရတဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိနေကြတယ်။ ဥပမာအနေနဲ့ပြောရရင် လက်သီးသိုင်းကို လေ့ကျင့်ထားတဲ့ သိုင်ပညာရှင်တွေ ဖွင့်ထားတဲ့သွေးကြောက လက်နက်မျိုးစုံ ကျွမ်းကျင်တဲ့လူတစ်ယောက်ဖွင့်ထားတဲ့ သွေးကြောနဲ့ လုံးဝကိုကွဲပြားတယ်…”

“ချန်းပင်အန်း …

လက်ရှိ နင်က အဆင့်(၂)မှာ အုတ်မြစ်တစ်ခု တည်ဆောက်နေတယ်လို့ ငါ ပြောနိုင်တယ်။ ဒါကြောင့်လည်း နင်က လမ်းလျှောက်ကျင့်စဉ်၊ မတ်တပ်ရပ်ကျင့်စဉ်နဲ့ လက်သီးသိုင်းလေ့ကျင့်မှုတွေကို မနားမနေ ကြိုးစားအားထုတ်နေတာပဲ။ နင့်ရဲ့တိုးတက်မှု အရှိန်အရဆိုရင် သိပ်မကြာခင် အဆင့်(၃)ကို ရောက်တော့မယ်။ စကားမစပ် နင့်ရဲ့အသက်သွေးကြောမှတ်က ဘယ်နေရာမှာလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား…”

“မပြောပြနိုင်ဘူး…”

ချန်းပင်အန်းက ခေါင်းခါပြီး ငြင်းဆန်လိုက်သည်။

“ဘာလို့ဒီလောက်တောင် ကပ်စေးနည်းနေရတာလဲ…”

ရှဲ့ရှဲ့က မ‌ကျေမနပ် ဖြစ်သွားသည့်အမူအရာနှင့် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သို့သော် ချွေးချန်း၏အခက်အခဲကို တွေးမိသွားသည့်အချိန်တွင် ချန်းပင်အန်းက သူမ၏တောင်းဆိုမှုကို ငြင်းဆန်လိုက်သည်မှာ သာမန်သာဖြစ်ကြောင်း ချက်ချင်းခံစားလိုက်မိ၏။ ထိုအရာက သူ၏အကျင့်စရိုက်လည်းဖြစ်သည်။

ထိုကဲ့သို့ အခြေအနေများကို ပြောရမည်ဆိုလျှင် ချန်းပင်အန်း၏အကျင့်စရိုက်က ကျောက်တုံးတစ်တုံးကဲ့သို့ဖြစ်နေပြီး အလွန်ခေါင်းမာ၍ ပြတ်သားသည်။ တစ်ဖက်တွင်တော့ သူက ခိုင်မာသော အကျင့်စရိုက်တစ်ခုကို ပိုင်ဆိုင်ထားပြီး လုံးဝလှုပ်ရှား၍ မရနိုင်ပေ။

“ငါက တတိယအဆင့်ကို သိပ်မကြာခင် ရောက်တော့မယ်လို့ ဘယ်အချက်ကိုကြည့်ပြီး ပြောရတာလဲ…”

ချန်းပင်အန်းက ရုတ်တရက်မေးလိုက်သည်။

ရှဲ့ရှဲ့က ပြန်ဖြေလိုက်၏။

“သိုင်းပညာရှင်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲလာတဲ့ ချီစွမ်းအားတွေကို အားကိုးရတာ။ အထူးသဖြင့် သိုင်းပညာရှင်တစ်‌ယောက်က သူတို့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်ပြီး အဖျက်စွမ်းအားတွေကို ရနိုင်ကြတယ်။ တကယ်လို့ သိုင်းပညာရှင် တစ်ယောက်က သူတို့ရဲ့သက်တမ်းကို ဆွဲဆန့်ချင်တယ်ဆိုရင် သူတို့က တတ်နိုင်သမျှ မြန်မြန် အဆင့်(၆)ကိုရောက်ဖို့ လိုအပ်တယ်။ သူတို့က အဲဒီနေရာကိုရောက်သွားပြီဆိုရင် နေ့စဉ်နေ့တိုင်း သူတို့ရဲ့စိတ်ဝိညာဉ်ကိုအားဖြည့်နိုင်ပြီး သူတို့ရဲ့ခန္ဓာကိုယ်ကို ကုသနိုင်ကြတယ်….”

“တကယ်လို့ သိုင်းပညာရှင်တစ်ယောက်ကသာ အဆင့်(၂) ဒါမှမဟုတ် အဆင့်(၃)မှာ အချိန်အကြာကြီး ရောက်နေမယ်ဆိုရင် အဲဒီမွေးရာပါချီစွမ်းအားပေါက်ကွဲမှုတွေက ပိုပိုပြီးတော့ ကုန်ဆုံးသွားနိုင်တယ်။ သူတို့က လူတစ်ယောက်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတဲ့အချိန်တိုင်း စွမ်းအားတွေက တဖြည်းဖြည်း‌ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် သိုင်းပညာလေ့ကျင့်နေရင်း သေဆုံးသွားကြတဲ့ အရူးတွေ အများကြီး ရှိနေတာ…”

“ချမ်းသာတဲ့ကလန်က သိုင်းပညာရှင်တွေကတော့ အဖိုးတန်ဆေးတွေ စိမ်ထားတဲ့ရေထဲမှာပဲ ရေချိုးပြီး သူတို့ရဲ့ဒဏ်ရာတွေကို ကုသကြတယ်။ ဒါပေမဲ့ ပြဿနာရဲ့အရင်းအမြစ်ကတော့ သူတို့က အဲဒီလိုနည်းလမ်းနဲ့ သူတို့ရဲ့စိတ်ဝိညာဉ်ကို အမှန်တကယ် အားမဖြည့်နိုင်ကြဘူး။ သိုင်းပညာကျင့်ကြံပြီး အင်မော်တယ် တစ်ယောက်ဖြစ်လာဖို့ လုံးဝမဖြစ်နိုင်ပေမဲ့ နင်သာ သိုင်းပညာရဲ့အထွဋ်အထိပ် အဆင့်(၉) ဒါမှမဟုတ် ဒဏ္ဍာရီထဲက အဆင့်(၁၀)ကို ရောက်သွားမယ်ဆိုရင် အနည်းဆုံး နှစ်(၁၀၀) နှစ်(၂၀၀)လောက်တော့ အသက်ရှင်နိုင်လိမ့်မယ်..”

“ဒါကတော့ အကြွင်းမဲ့မှန်တယ်လို့ မထင်ဘူး…”

ချန်းပင်အန်းက တုံ့ပြန်ပြောဆိုလိုက်သည်။

“ပါရမီထူးချွန်တဲ့ သိုင်းပညာရှင်တွေက အဆင့်ကို မြန်မြန်တက်နိုင်ကြတယ်။ ငါ့လို ပါရမီမရှိတဲ့ လူတစ်ယောက်ကတော့ ပိုပြီးတော့မြန်မြန်ကြိုးစားလေလေ အမှားတွေပိုပြီးတော့ လုပ်မိလေလေပဲ။ ဒါကြောင့် ငါက နှေးနှေးပဲကြိုးစားပြီး ခြေတစ်လှမ်းခြင်းဆီ လျှောက်လှမ်းတာပိုကောင်းတယ်လို့ ခံစားမိတယ်။ ငါသာ ဘာအမှားမှ မလုပ်မိဘူးဆိုရင် ငါက မှန်ကန်တဲ့လမ်းကြောင်းအတိုင်း လျှောက်နေတာပဲ။ ပြီးတော့ ငါက အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကို အမီလိုက်ဖို့အတွက် သိုင်းပညာကျင့်ကြံနေတာ မဟုတ်ဘူး။ ငါက ငါ့ရဲ့ခန္ဓာကိုယ်ကို အားဖြည့်ဖို့သက်သက်ပဲ လုပ်ဆောင်နေတာ…”

အဆုံးတွင်တော့ ချန်းပင်အန်းက အမှန်တရားကိုပြောမည့်အစား ပို၍နားထောင်ရလွယ်သော ရှင်းပြမှုတချို့ကိုသာ ပြောလိုက်သည်။ သူက အသက်ရှင်သန်ရေးအတွက် သိုင်းပညာလေ့ကျင့်နေရခြင်းဖြစ်၏။

ချိုက်ကျင်းကျန့် သူ့ကို လုပ်ခဲ့သောအရာများ ဖြစ်ပေါ်လာခဲ့ပြီးနောက် သူက ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းရန် အခွင့်အရေး ကုန်ဆုံးသွားသည့်အပြင် သူ့ခန္ဓာကိုယ်ကလည်း ဆိုးဆိုးရွားရွား အခြေအနေကို ရောက်သွားခဲ့သည်။

သွားစားပွဲတောင်ရှိ တိုက်ပွဲတွင် သူရထားခဲ့သော ဒဏ်ရာများက သူ အားကြိုးမာန်တက် စုဆောင်းထားခဲ့ရသော သက်တမ်းများကို လုံးဝကုန်ဆုံးသွားစေခဲ့သည်။ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ကျန်ရှိနေသော တောင်ပိုင်းခရီးစဉ်တစ်လျှောက်လုံး ချန်းပင်အန်းက နေ့စဉ်နှင့်အမျှ လမ်းလျှောက်ခြင်း၊ ကျင့်ကြံခြင်းများကို လုပ်ဆောင်၍ အုတ်မြစ်တစ်ခုကို နောက်တစ်ကြိမ် တည်ဆောက်နေခဲ့ရသည်။

သူ့ခန္ဓာကိုယ်က လေလှိုင်းဒဏ်ကို ခံနေရသော အိမ်အိုကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သို့သော် လုံးဝပျက်စီးသွားခြင်းတော့ မဟုတ်သေးပေ။ သူ့အခြေအနေက ပြင်ဆင်လိုက်မည်ဆိုလျှင် တိုးတက်လာနိုင်သေး၏။

ရှဲ့ရှဲ့က အပြုံးနှင့် ပြောလိုက်သည်။

“လူတိုင်းမှာ သိုင်းပညာတိုးတက်မှုနဲ့ ပတ်သက်ပြီး မတူညီတဲ့ အခြေအနေတွေ ရှိကြတယ်။ တကယ်လို့ နှေးနှေးနဲ့တည်တည်ငြိမ်ငြိမ် လုပ်တာက ပိုကောင်းတယ်လို့ သတ်မှတ်ထားတယ်ဆိုရင်လည်း အဲဒါက ပိုကောင်းတယ်လို့ပဲ ပြောချင်တယ်..”

ရှဲ့ရှဲ့က ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သိုင်းပညာလေ့ကျင့်မှုနှင့် ပတ်သက်ပြီး နဂိုကတည်းက များများမသိခဲ့ပေ။ သူမက သိုင်းပညာကျင့်ကြံမှုကို ချီစွမ်းအားကျင့်ကြံမှုနှင့် ဆက်စပ်၍ ပြောပြခဲ့ခြင်းသာဖြစ်သည်။ သူမက ကျူးဟယ်ထက် ပို၍အတွေ့အကြုံများ ရှိနေသော်လည်း ကျူးဟယ်လို အဆင့်(၅) သိုင်းပညာရှင်တစ်ယောက်၏လေ့ကျင့်မှုနှင့် သေချာပေါက်ရင်းနှီးမှုမရှိနိုင်ပေ။

ထို့ပြင် ဖုလုလမ်းကြားထဲတွင် ရှိနေသော လီကလန်၏ မျိုးနွယ်ခေါင်းဆောင် ကိုယ်တိုင်ကပင် ကျူးဟယ်ကို အလွန်ထူးခြားသော သိုင်းပညာရှင် ဆရာတစ်‌ယောက် အဖြစ် ချီးကျူးခဲ့သည်။ ထို့ကြောင့် ကျူးဟယ်က သိုင်းပညာလေ့ကျင့်မှုတွင် သင်ပေးရာ၌ မည်မျှထူးချွန်ကြောင်း သိသာနေ၏။

သို့သော် ကျူးဟယ်က ဘဝတလျှောက်လုံး မြို့ငယ်လေးထဲတွင်သာနေခဲ့ရသည့်အတွက် ဤကမ္ဘာကြီးထဲတွင် ရှိနေသော သိုင်းပညာရှင် အများစုကဲ့သို့ မဟုတ်တော့ပေ။ အဆင့်(၉)ဟူသည်မှာ သိုင်းပညာ၏ အထွဋ်အထိပ်ဟုသာ ယုံကြည်နေခဲ့သည့်အတွက် သူက အဆင့်(၉)ကို အဆုံးသတ်အဆင့်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

အမှန်အတိုင်းပြောရလျှင်တော့ အဆင့်(၉)၏အထက်တွင် အဆင့်(၁၀) ရှိနေသေး၏။ ထိုအဆင့်(၂)ဆင့်က စကားလုံးတစ်ခုသာ ကွာဟသော်လည်း ကွဲပြားမှုက အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။ ထို့ပြင် အဆင့်(၆)နှင့် အဆင့်(၉)ပညာရှင်၏ ကြားထဲတွင် ရှိနေသော ကွာဟမှုကလည်း ပို၍ပင်ကြီးမားနေသေး၏။

သိုင်းပညာရှင်များ၏လေ့ကျင့်မှုက မဟာတာအိုလမ်းစဉ်နှင့် လုံးဝမပတ်သက်ပေ။ ထို့ကြောင့် သိုင်းပညာရှင်များကသာ ဗုဒ္ဓလမ်းစဉ် မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ထက် ပို၍ကြံ့ခိုင်သောအရာကို ရရှိချင်သည်ဆိုလျှင် ထိုအရာမျိုးကို ရရှိရန် အတော်လေး ခက်ခဲနိုင်သေးသည်။

အရာအားလုံးကိုဘေးဖယ်ထားလိုက်မည်ဆိုလျှင် အလွန် တိုတောင်းသော သူတို့၏သက်တမ်းက သူတို့၏ရှေ့တွင် ရပ်နေသော ဧရာမက အတားအဆီးကြီးတစ်ခု ဖြစ်နေသည်။

ချန်းပင်အန်း၏မျက်နှာပေါ်တွင် စိတ်ဝင်စားနေသော အမူအယာတစ်ခု ပေါ်လာပြီး ပြောလိုက်၏။

“နင်တို့လို ကျင့်ကြံသူတွေက ငါတို့သာမန်လူတွေအားလုံးရဲ့အထက်မှာ ရပ်တည်နိုင်ပြီး လွတ်လွတ်လပ်လပ် နေထိုင်နိုင်ကြတယ်လို့ ငါ အမြဲ တွေးထားခဲ့တာ။ ဒါပေမဲ့ ကျင့်ကြံသူတွေက ခန္ဓာကိုယ်သန့်စင်မှုကိုလည်း အလေးထားတယ်လို့ နင်ပြောခဲ့တယ်။ အဲဒါက ဘာလဲ…”

မြို့ငယ်လေးထဲတွင် ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့်နှင့် နဂါးအိုမြို့မှ ဖူနန်းဟွာတို့က မြို့ငယ်လေး၏ကန့်သတ်မှုကို ခံခဲ့ရသော်လည် သူတို့၏ခန္ဓာကိုယ်များက သာမန်လူများထက် အ‌ဆပေါင်းများစွာ ပို၍အဆင့်မြင့်ကြောင်း နင်ယောင်က သူ့ကို သတိပေးထားခဲ့သည်။ ပြောရမည်ဆိုလျှင် ချန်းပင်အန်းက သူတို့၏‌အဓိကနေရာကို တိုက်ခိုက်ခြင်းမရှိဘဲ သူတို့လို ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ရန် အလွန်ခက်ခဲလှ၏။

Translated by Hein Htet.

All Chapters