အခန်း (၁၃၈)
Vol. 10 Ch. 138
ရှဲ့ရှဲ့က စခန်းချသည့်နေရာသို့ ပြန်ရောက်လာသည့်အချိန်တွင် လင်းရှို့ယီနှင့် အသူရာမိန်းမပျိုတို့၏ ကစားပွဲက ဆက်လက်ရှိနေခဲ့သည်။ ရှဲ့ရှဲ့က ကစားပွဲအခြေအနေကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှု မရှိတော့သည့်အတွက် မီးလှုံရန် မီးပုံအနားကို ကပ်သွားခဲ့သည်။
ချန်းပင်အန်းက သစ်ကိုင်းများ ခုတ်ယူပြီး တဲ(၃)လုံးဆောက်၍ လီပေါင်ဖျင်၏အနားသို့ ရောက်လာခဲ့သည်။ သူမကတော့ ပင်ပန်းနေသော အမူအရာနှင့် လျင်မြန်စွာ အိပ်ယာထဲတန်းဝင်သွားခဲ့သည်။ ကျန်ရှိနေသော တဲနှစ်လုံးထဲတွင်တော့ တစ်ခုကို လီဟွိုင်နှင့် လင်းရှို့ယီတို့က အတူတူအိပ်ကြပြီး ရှဲ့ရှဲ့ကတော့ တစ်ယောက်တည်း တဲတစ်လုံးထဲတွင် အိပ်ခဲ့သည်။
ယုလုကတော့ မြင်းလှည်းမောင်းသမား၏နေရာတွင် မကြာခဏအိပ်စက်ပြီး ညပိုင်းတွင် သူက စောင်တစ်ထည်ခြုံထားခဲ့၏။ အမှန်အတိုင်း ပြောရလျှင်တော့ တစ်ညလုံးနီးပါး သူတို့က နေထိုင်ရန် နေရာတစ်ခု ရှာဖွေခဲ့ကြရသည်။ ဥပမာအနေနှင့်ပြောရလျှင် တည်းခိုဆောင်တစ်ခုနှင့် သစ်တောထဲရှိ ကျောင်းဆောင်တစ်ခုဖြစ်၏။
မုန်တိုင်းထန်နေသော ညအချိန် တလက်လက်တောက်ပနေသော မီးအိမ် အလင်းရောင်များ၏ အကူအညီကြောင့် အလွန်ချမ်းသာကြွယ်ဝသော စံအိမ်တစ်ခုဆီကို ရောက်လာခဲ့သည်။ ထိုစံအိမ်၏ပိုင်ရှင်က ယခင်ဘဏ္ဍာရေးအမတ်ကြီး တစ်ယောက်ဖြစ်ခဲ့သည်။ သူက အနားယူပြီးနောက် တောင်တန်းထဲတွင် ထိုစံအိမ်ကို တည်ဆောက်ပြီး နေထိုင်ခဲ့သည်။
သူက အလွန် ဧည့်ဝတ်ကျေပွန်လှ၏။ လီပေါင်ဖျင်နှင့် ကလေးငယ်များက ပညာသင်ကြားရန် ခရီးထွက်လာခြင်းဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ သူက အလွန်ကျေနပ်နေခဲ့သည်။ သူတို့က တာ့ဆွေတိုင်းပြည်၏ ရန်သူဖြစ်သော တာ့လီအင်ပါယာမှ လူများဟု သိသွားခဲ့သည့်အချိန်တွင်ပင် သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့သည်။
စားစရာသောက်စရာများကို ပြင်ဆင်ပေးသည့် အချိန်တွင်တော့ သူက သူတော်စင်များ ချမှတ်ထားသော စည်းမျဉ်းများကို အတိအကျလိုက်နာပြီး သေချာအသေးစိတ် ပြင်ဆင်ပေးခဲ့သည်။ ထိုအရာက ချန်းပင်အန်းတို့ အဖွဲ့အတွက်တော့ အတော်လေးကို အတွေ့အကြုံရစေနိုင်၏။
ထိုအဘိုးအိုက လီပေါင်ဖျင်နှင့် ယုလုတို့ကို အတော်လေး သဘောကျနေခဲ့သည်။ လီပေါင်ဖျင်က ခရီးသွားမှတ်တမ်းများကို ဖတ်ရှုရတာ သဘောကျကြောင်း သိသွားသည့်အချိန်တွင် သူ စုဆောင်းထားသည့်စာအုပ်များထဲမှ သူမအတွက် ခရီးသွားမှတ်တမ်းတစ်ချို့ လက်ဆောင်ပေးခဲ့သည့်အပြင် ချန်းပင်အန်းတို့အဖွဲ့ကိုလည်း အနီးနားတွင် ရှိနေသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအရာက မြစ်ကမ်းဘေးတွင် ရှိနေသော နာမည်ကျော် ချောက်ကမ်းပါးတစ်ခု ဖြစ်နေခဲ့၏။ ချောက်ကမ်းပါး၏ မျက်နှာပြင်က မှန်ကဲ့သို့ ချောမွတ်နေပြီး ချောက်ကမ်းပါးပေါ်တွင်တော့ နှစ်ပေါင်းမြောက်များစွာ ရှိနေသော ရှေးဟောင်းစာများ ရှိနေသည်။ ထိုစကားလုံးများကိုတော့ ချောက်ကမ်းပါးပေါ်တွင် ရေးထိုးထားခြင်း ဖြစ်သည့်အတွက် ဖတ်ရှုရန်အလွန်ပင်ခက်ခဲသည်။
သမိုင်းကြောင်းထဲတွင် စာသင်သား မြောက်များစွာက ထိုရှေးဟောင်းစာများကို ဖတ်ရှုရန် ချောက်ကမ်းပါးဆီသို့ လာရောက်လည်ပတ်ကြသည်။ ထိုရှေးဟောင်းစာများက ခုံရုံးဝါတိုင်းပြည်နှင့် တာ့ဆွေတိုင်းပြည်ထဲတွင် အလွန်နာမည်ကျော်ကြား၏။ သို့သော် လက်ရှိအချိန်ထိ မည်သူကမျှ ထိုစကားလုံးများ၏ အစစ်အမှန်အဓိပ္ပါယ်ကို ဖော်ထုတ်နိုင်ခြင်းမရှိကြသေးပေ။
ထိုစကားလုံးများက မည်သည့်အရာများဖြစ်ကြောင်း လူတိုင်းတွင် ကိုယ်ပိုင် ထင်မြင်ချက်များ ရှိနေ၏။ သို့သော် ယခုချိန်ထိ အတည်တကျအဓိပ္ပါယ်တော့ မတွေ့ရသေးပေ။
ထိုအချိန်တွင် ချွေးချန်းကတော့ အဝေးမှနေ၍ ချောက်ကမ်းပါးကိုကြည့်လိုက်ပြီး ထိုစကားလုံးများကို လျှပ်စီးကောင်းကင်သခင် ရေသားထားခြင်းဖြစ်ကြောင်း ပြောလိုက်သည်။ ထိုစကားလုံးများထဲတွင် ကောင်းကင်ဧကရာဇ်က ရေနဂါးတစ်ကောင်ကို သတိပေးချက်တစ်ခု ပါဝင်နေကြောင်း ပြောခဲ့၏။
ထိုစကားကိုကြားသည့်အခါ အဘိုးအိုက အားရပါးရ ရယ်လိုက်သည့်အတွက် ချွေးချန်း၏စကားကို အလေးအနက်မထားကြောင်း သိသာနေသည်။ အတိတ်တွင် စာသင်သား မြောက်များစွာက ကမ်းပါးပေါ်တွင် ရှိနေသော စကားလုံးများကို အဓိပ္ပါယ်ဖော်ရန် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သော်လည်း သူတို့က ထိုစကားလုံးများ၏ အဓိပ္ပါယ်ကိုသိပြီဟု တစ်ယောက်မျှ မပြောရဲကြပေ။ ထို့ကြောင့်လည်း အဘိုးအိုက အသက်(၁၅)နှစ်အရွယ် ကောင်လေးတစ်ယောက်၏ မှတ်ချက်ကို အလေးအနက်မထားသည်မှာ အံ့ဩစရာတော့ မရှိချေ။
ယခင်အမတ်ကြီး၏ စံအိမ်ထဲမှ ထွက်လာပြီးနောက် ချန်းပင်အန်းက သစ်တောထဲတွင် ရွှံ့မီးဖိုတည်ဆောက်ပြီး လူတိုင်းအတွက် စားစရာပြင်ဆင်ပေးသည့်အချိန်၌ သူတို့က သူ့ကို ထူးခြားသော အမူအရာနှင့် စိုက်ကြည့်နေခဲ့ကြသည်။ တစ်ခါတစ်ရံ လီပေါင်ဖျင်ကတော့ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
“ဦးလေးငယ်…
ဦးလေးငယ်လုပ်ပေးတဲ့စားစရာတွေက တကယ်အရသာရှိတယ်။ ကျွန်မ ညာနေတာ မဟုတ်ဘူး။ ဦးလေးငယ်ရဲ့စားစရာတွေက အမတ်ကြီးမာရဲ့အိမ်မှာစားခဲ့တဲ့ စားစရာတွေလိုပဲ…”
လီဟွိုင်ကတော့ အနည်းငယ် အိပ်ချင်နေသလို ခံစားနေရသည့်အတွက် လင်းရှို့ယီကိုပြောပြီး တဲထဲသို့ ဝင်သွားခဲ့သည်။ သို့သော် လင်းရှို့ယီကတော့ အိပ်ချင်စိတ် မရှိသေးသည့်အတွက် အသူရာမိန်းမပျိုနှင့်အတူ ဆက်၍ ကျားကစားနေခဲ့သည်။
သူတို့ကစားပွဲ အဆုံးသတ်သွားသည့်အချိန်တွင် သူက အသူရာမိန်းမပျိုနှင့် တောင်ထိပ်ပေါ်သို့ လိုက်သွားမည်ဖြစ်ကြောင်း ချန်းပင်အန်းကို ပြောခဲ့သည်။ တောင်ထိပ်ပေါ်တွင် ရှိနေသော အသူရာမိန်းမပျို၏ ကျောင်းဆောင်နံရံထဲတွင် အဖိုးတန်သော ကျားကစားနည်းလက်စွဲစာအုပ်တစ်ခု သိမ်းဆည်းထားခဲ့၏။
ချန်းပင်အန်းကို စိတ်ချနေရန် သူက ပြောလိုက်သည်။ အသူရာမိန်းမပျိုက ကျောင်းဆောင်ကို ပြန်သွားမည်ဟုသာ ပြောခဲ့ခြင်းဖြစ်ပြီး သူက လိုက်သွားချင်ကြောင်း ပြောခဲ့သည်ဟု လင်းရှို့ယီက ရှင်းပြခဲ့၏။
ထို့ကြောင့် ချန်းပင်အန်းကလည်း ညအချိန်တောင်တန်းပေါ်၌ လမ်းလျှောက်သည့် အချိန်တွင် ဂရုစိုက်ရန် လင်းရှို့ယီကို ပြောခဲ့ခြင်းအပြင် တခြားမည်သည့်စကားမျှ မပြောခဲ့ပေ။ ထို့နောက် လင်းရှို့ယီက အသူရာ မိန်းမပျိုနှင့်အတူ တောင်တန်းများပေါ်တွင် လိုက်သွားခဲ့သည်။
ချန်းပင်အန်းကတော့ အဝေးမှ ငေးကြည့်နေခဲ့၏။ တောင်တန်းများပေါ်တွင် လိုက်နာရမည့် စည်းမျဉ်းတစ်ချို့ရှိပုံရသည်။ အသူရာမိန်းမပျိုက မြေပြင်ပေါ်တွင် လေဟုန်စီး၍ သွားလာနေသည်က သက်သေပြနေခဲ့၏။သူမ၏ရှေ့တွင် ပေါ်လာသော အစိမ်းရောင်မီးတောက်က သူတို့၏ပတ်ဝန်းကျင်ကို လင်းထိန်နေခဲ့သည်။
သူမနှင့်လင်းရှို့ယီတို့က တက်ကြွစွာ စကားပြောဆိုနေကြပြီး သူတို့က လီပေါင်ဖျင်၏ ခရီးသွားမှတ်တမ်းထဲတွင် ဖော်ပြထားသော ညပိုင်းလမ်းလျှောက်သည့်ပုံစံကဲ့သို့ ဖြစ်နေသည်။
ရှဲ့ရှဲ့ ထွက်သွားသည့်အချိန်တွင် ချွေးချန်းက သစ်ကိုင်းပေါ်တွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။ ရံဖန်ရံခါ ကြောက်စရာကောင်းသော ဇီးကွက်အော်သံများ ထွက်ပေါ်လာခဲ့၏။ ထိုငှက်များက ခုံရုံးဝါတိုင်းပြည်ထဲတွင်တော့ နေရာမှားသောငှက်များဟု ခေါ်ကြသည်။ သူတို့က နိမိတ်ဆိုးသည်ဟု သတ်မှတ်နိုင်ပြီး ရံဖန်ရံခါသတင်းဆိုးများ ကံဆိုးမှုများကို သယ်ဆောင်ပေးနိုင်သည်။
သစ်တောထဲမှနေ၍ အနက်ရောင်မီးခိုးငွေ့တစ်ခု ထွက်ပေါ်လာပြီး ချွေးချန်း၏ဘေးတွင် ရောက်လာခဲ့၏။ ချွေးချန်းက အတွေးများကို စုစည်းလိုက်ပြီးနောက် မေးလိုက်သည်။
"မင်းက ထွက်သွားတော့မှာလား…"
မြို့ငယ်လေးထဲမှ ယင်နတ်ဘုရားက ခေါင်းညိတ်၍ ပြောလိုက်သည်။
"အဘိုးကြီးယန် ငါ့ကိုပေးခဲ့တဲ့ အဆောင်တွေက မြို့တွေကိုဖြတ်သွားတဲ့အချိန် လေလှိုင်းတွေကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် အဲဒီအဆောင်တွေက တာ့လီအင်ပါယာရဲ့ နယ်စပ်ကနေ ပြန်ဖို့အတွက်ပဲ လုံလောက်တော့တယ်…”
“ငါက မင်းတို့အားလုံးနဲ့အတူ ခုံရုံးဝါတိုင်းပြည်ထိ လိုက်လာပြီးသွားပြီ။ ဒါက ငါ ကတိပေးခဲ့တဲ့နေရာထက် ပိုပြီးတော့တောင် များနေပြီ။ ငါက ပန်းထိုးမြစ်နဲ့ ဝမ်ပင်တိုင်းပြည်ကို ပြန်ရောက်ဖို့တောင် ရုန်းကန်ရနိုင်တယ်…"
ယင်နတ်ဘုရား၏ပုံစံက ရေလှိုင်းလေးများ မီးတောက်လေးများကဲ့သို့ ဖြစ်နေပြီး မထင်မရှားပုံသဏ္ဍာန်နှင့် အကြိမ်ကြိမ် ပြောင်းလဲနေခဲ့သည်။
"မင်းက အဘိုးကြီးယန်နဲ့ ဘယ်လိုအပေးအယူမျိုး လုပ်ခဲ့တယ်ဆိုတာ ငါမသိဘူး။ ဒါပေမယ့် မင်းက ချန်းပင်အန်းတို့နဲ့ ပြဿနာတွေကို ပြေပြေလည်လည် ဖြေရှင်းဖို့မျှော်လင့်ပါတယ်…"
ချွေးချန်းက ယင်နတ်ဘုရားကို အတော်လေး ယဉ်ကျေးသည့် အမူအရာနှင့် ပြောလိုက်သည်။
"ငါ အကောင်းဆုံးကြိုးစားပါ့မယ်.."
ယင်နတ်ဘုရားက ရုတ်တရက် အပြုံးနှင့် မေးလိုက်၏။
"မင်းက ကံကြမ္မာဆိုတာကို ယုံကြည်လား တော်ဝင်နန်းဆရာ..."
ချွေးချန်းက ခေါင်းခါပြီး တုံ့ပြန်လိုက်သည်။
"ငါက ကံကြမ္မာဆိုတာကို လုံးဝမယုံဘူး။ တကယ်လို့ မင်းက ငါ့ကို ကောင်းမှုကုသိုလ်တွေ စုစည်းဖို့အတွက် ကောင်းတဲ့အရာတွေလုပ်ဖို့ အကြံပေးချင်တယ်ဆိုရင်တော့ ငါလည်း မင်းကို အကြံတစ်ချို့ပေးရလိမ့်မယ်။ မတူညီတဲ့ ရည်မှန်းချက်နဲ့ စည်းမျဉ်းတွေ ရှိနေတဲ့သူတွေက မတူညီတဲ့ လမ်းကြောင်းကိုပဲ လျှောက်လှမ်းကြရတာပဲလေ…”
“ငါက ချန်းပင်အန်းကို ကာကွယ်ပေးနိုင်လား ကာကွယ်မပေးနိုင်လား စိုးရိမ်နေမယ့်အစား ရှုကျန်းရေကန်မှာရှိတဲ့ မြစ်ဖြတ်အင်မော်တယ်က မင်ရဲ့ဇနီးနဲ့သားကို ကျားစေ့လေးတွေအဖြစ် အသုံးချမှာကိုပဲ မင်းက စိုးရိမ်သင့်တာ"
ယင်နတ်ဘုရားက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
"လူသားတွေ လုပ်နိုင်တဲ့အရာကတောင် ကန့်သတ်ချက်ရှိတယ်လေ။ ကမ္ဘာမြေကြီးကတောင် မုန်းတီးနေတဲ့ ငါ့လို ယင်သတ္တဝါတွေကတော့ ဘာလုပ်နိုင်မှာလဲ…”
“မဟာတာအိုလမ်းစဉ်မှာ အဆုံးသတ်ဆိုတာ လုံးဝမရှိဘူး။ တစ်ချို့လမ်းကြောင်းတွေက ပိုပြီးတော့ ခက်ခဲကြမ်းတမ်းနေတာပဲရှိတယ်…"
ချွေးချန်းက ပြောလိုက်သည်။
"ယင်စွမ်းအားတွေကို စုဆောင်းနိုင်တဲ့သူတွေက ဝိညာဉ်တွေဖြစ်လာပြီး ယန်စွမ်းအားတွေကို စုဆောင်းနိုင်တဲ့သူတွေက နတ်ဘုရားတွေ ဖြစ်လာတယ်။ လူသားဟုတ်တာ မဟုတ်တာက ဘာမှထူးခြားမသွားဘူး။ မင်းက တစ်နေ့နေ့မှာ နတ်ဘုရားအဖြစ်ကို တက်လှမ်းဖို့ အခွင့်အရေး မရှိတာမှ မဟုတ်တာ…”
“အဲဒီတောင်တန်းဝိညာဉ်တွေကို စဉ်းစားကြည့်လိုက်။ သူတို့တွေရဲ့ ကျင့်ကြံမှုလမ်းကြောင်းကတော့ တကယ့်ကို ကြမ်းတမ်းလွန်းတယ်…”
“အဲဒါတော့ အမှန်ပဲ...."
ယင်နတ်ဘုရားက ပြုံးလိုက်သည်။ ထို့နောက် သူက အချိန်တော်တော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး တာ့လီအင်ပါယာသို့ ချက်ချင်းပြန်သွားရန် ဆန္ဒရှိပုံ မရသေးပေ။
"မင်းက ငါ့ကို ပြောစရာတစ်ခုခု ရှိနေသေးတာလား…"
ချွေးချန်းက မေးလိုက်သည်။
"မင်းက အကြွေးပြန်ဆပ်တာအပြင် ချန်းပင်အန်းအပေါ် တော်တော် အလေးထားတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါကတော့ တခြားသူတွေမသိခင် အစောကြီးထဲက ချန်းပင်အန်းကို အလေးထားခဲ့တယ်ဆိုတာတော့ မင်းမသိတာ သေချာတယ်။ ငါ့ရဲ့မဟာတာအိုလမ်းစဉ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိတယ်ဆိုတာ ငါမင်းကို မပြောနိုင်ဘူး။ ဒါပေမယ့် ငါ မင်းကို ပြောပြနိုင်တာကတော့ ငါက မြို့တော်မှာ ရှိနေတဲ့အချိန်ကစပြီး ချန်းပင်အန်းကို သတိထားမိတဲ့အချိန်က အဘိုးကြီးယန်ထက် နောက်မကျသလို ချန်းပင်အန်းအပေါ် ရင်းနှီးမြှုပ်နှံခဲ့တာလည်း အဘိုးကြီးယန်ထက် မနည်းခဲ့ဘူး…"
"ငါပြောချင်တဲ့စကားက အဲဒီအရာတွေမဟုတ်ဘူး…"
ယင်နတ်ဘုရားက အပြုံးနှင့် ခေါင်းခါပြလိုက်သည်။
ချွေးချန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"တကယ်လို့ မင်းမှာ ပြောစရာ တစ်ခုခုရှိတယ်ဆိုရင်လည်း မြန်မြန်ပြော။ အခုချိန်မှာ ငါ့ရဲ့ခံစားချက်တွေက မကောင်းဘူး…"
ချွေးချန်း၏ အပြုအမူကြောင့် ယင်နတ်ဘုရား အမူအရာက ပြောင်းလဲသွားသည်။ သူက ပြောလိုက်၏။
"မင်းက လက်တွေ့အရည်အချင်းကို ကျင့်သုံးပြီး တိုင်းပြည်နဲ့လူသားတွေအပေါ် အကျိုးပြုစေချင်တဲ့ မင်းရဲ့လမ်းစဉ်ကို ငါအရမ်းလေးစားတယ်…”
“ကွန်ဖြူးရှပ်စာသင်သားတွေ တော်တော်များများကတော့ မင်းရဲ့လမ်းစဉ်ကို လက်ခံကြမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းဆီမှာ ထောက်ခံတဲ့သူထက် ဆန့်ကျင်တဲ့သူ ပိုပြီးများလိမ့်မယ်၊ ဒါပေမယ့် နောက်ပိုင်းနှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်းတစ်သန်းလောက် ကြာသွားရင်တော့ မင်းရဲ့လမ်းစဉ်ကို လူအတော်များများက ယုံကြည်လက်ခံလာကြလိမ့်မယ်…"
ထိုစကားကို ကြားသည့်အခါ ချွေးချန်းက အံ့ဩသွားခဲ့သည်။ သူက မျက်ခုံးပင့်လိုက်ပြီး ယင်နတ်ဘုရားကို ပြောလိုက်၏။
"မင်းက ငါ့ရဲ့လမ်းစဉ်ကို ထောက်ခံနေတယ်ဆိုတာ ငါမသိခဲ့ဘူး…"
ယင်နတ်ဘုရားက သူ့ကို လေးလေးစားစား ဦးညွတ်လိုက်သည်။ ထိုအရာက အကြီးအကဲများ ၊ သူတော်စင်များကို ကွန်ဖြူးရှပ်စာသင်သားများ၏ ဓလေ့ထုံးစံမျိုး ဖြစ်သည်။
သူက ပြောလိုက်၏။
"ငါက တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာကို အရိုအသေပေးတာ မဟုတ်ဘူး။ အဲဒီအစား မင်းက လမ်းစဉ်အသစ်တစ်ခုကို ပျံ့နှံ့လာအောင် အကြံပြုရဲတဲ့အနေနဲ့ လေးစားမှုကိုပြသတာ…"
ထိုစကားကို ပြောပြီးနောက် ယင်နတ်ဘုရားက အဝေးကို ရောက်သွားခဲ့သည်။ ထိုအချိန်ကျမှသာ ချွေးချန်းက သတိပြန်ဝင်လာပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် ကျေနပ်မှုများ ရောနှောခံစားနေခဲ့ရ၏။
သူက ရှေ့ကို တစ်လှမ်းလျှောက်လိုက်ရာ သူ့ခြေထောက်အောက်တွင် ရှိနေသော သစ်ကိုင်းက ကွေးသွားခဲ့သည်။ ထို့နောက် သူက နောက်ကျောတွင် ရှိနေသော အင်္ကျီလက်ကို တင်းတင်းဆုပ်လိုက်၏။ သူ၏မျက်လုံးထဲတွင် ရှုံးနိမ့်နေသော အမူအရာတစ်ခုက လုံးဝကို မှေးမှိန်သွားခဲ့ပြီး နောက်တစ်ကြိမ် ရည်မှန်းချက်များ ၊ ဆန္ဒများနှင့် ပြည့်နှက်လာခဲ့သည်။
…………………
လင်းရှို့ယီက စခန်းကိုပြန်ရောက်လာပြီးနောက် သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။ သူက လက်ထဲတွင် ရှေးဟောင်းစာအုပ်တစ်ခုကို ကိုင်ထားပြီး မီးဖိုဘေးတွင် ထိုင်လိုက်၏။
"ဘာဖြစ်လို့လဲ...."
ချန်းပင်အန်းက မေးလိုက်သည်။
လင်းရှို့ယီက အံကြိတ်ပြီး ပြောလိုက်၏။
"တော်တော်လေးဆိုးတဲ့ အမှိုက်ကောင်တွေ..။ တကယ်လို့ ခုံရုံးဝါတိုင်းပြည် စာသင်သားတွေက ကျောင်းဆောင်ထဲမှာ စုပြီးအရက်ပဲ သောက်တာဆိုရင်တော့ ဘာမှပြောစရာမလိုဘူး။ ဒါပေမယ့် သူတို့က ဘာလို့ဒီလိုယုတ်မာရိုင်းစိုင်းတဲ့အရာမျိုးကို လုပ်နိုင်ကြရတာလဲ။ ဒါက လောကတစ်ခွင်လုံးမှာရှိတဲ့ စာသင်သားတွေအားလုံးကို အရှက်ခွဲလိုက်တာ။ တကယ်လို့ ငါသာ အသူရာမိန်းမပျိုရဲ့နေရာမှာဆိုရင် အဲဒီခွေးကောင်တွေကို ကျောင်းဆောင်ထဲကနေ အတင်းအကျပ်မောင်းထုတ်တယ်…"
"သူတို့ ဘာပဲလုပ်လုပ် အသူရာမိန်းမပျိုကတော့ သူတို့ကို ဘာမှမလုပ်ခဲ့ဘူး မဟုတ်လား…"
ချန်းပင်အန်းက မေးလိုက်သည်။
လင်းရှို့ယီက ခေါင်းညိတ်တုံ့ပြန်လိုက်၏။
"ဒီလိုဆိုရင် မင်းကလည်း အခြေအနေကို နားလည်ပြီး လိုက်လျောညီထွေလက်ခံဖို့ သင်ယူရမယ်လေ…"
ချန်းပင်အန်းက ပြောလိုက်သည်။
လင်းရှို့ယီက ရှုပ်ထွေးနေသော အမူအရာနှင့် ချန်းပင်အန်းကို မော့ကြည့်လိုက်၏။ ချန်းပင်အန်း၏ မျက်နှာလေးကို မြင်လိုက်ရသည့်အချိန်တွင် သူလည်း တည်ငြိမ်အေးချမ်းမှုကို ချက်ချင်း ခံစားလိုက်ရ၏။ ထို့နောက် သူက သက်ပြင်းချလိုက်ပြီး တိတ်တဆိတ် ပြောလိုက်သည်။
"ငါ နားလည်ပါပြီ....."
Translated by Hein Htet.