← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

သစ်တောထဲတွင် စခန်းချနေစဉ် အတောအတွင်း တစ်ညလုံး စောင့်ရှောက်ရန်အတွက် လူတစ်‌ယောက် လိုအပ်သည်။ ဖယောင်းတိုင်နီမြို့၏ ခေါင်းအုံးဆက်သွယ်ရေးစခန်းကို မရောက်ခင် ချန်းပင်အန်းက ည၏ပထမတစ်ပိုင်းကို စောင့်ကြည့်ရန် တာဝန်ယူရပြီး ကျူးဟယ်ကတော့ ဒုတိယတစ်ပိုင်းကို စောင့်ကြည့်ရန် တာဝန်ယူခဲ့သည်။

ယခု ကျူးဟယ်က သူတို့အဖွဲ့နှင့်အတူ မရှိတော့သည့်အတွက် လင်းရှို့ယီက ည၏ပထမတစ်ပိုင်းကို စောင့်ကြည့်ရန် ‌တာဝန်ယူခဲ့သည်။ ချန်းပင်အန်းကတော့ ဒုတိယတစ်ပိုင်းကို စောင့်ကြည့်ရန် တာဝန်ယူထား၏။ သူတို့၏တာဝန်ကတော့ မထင်မှတ်ထားသော တိုက်ခိုက်မှုများကို စောင့်ကြည့်ရန်နှင့် မီးပုံကို မီးထိုးပေးရန် ဖြစ်သည်။

ချန်းပင်အန်းက ထိုတာဝန်နှင့် အတော်လေးကို ရင်းနှီးနေခဲ့၏။ ကြွေထည်မီးဖုတ်သည့် ဖြစ်စဉ်အတောအတွင်း မီးတောက်များကို ထိန်းသိမ်းခြင်းက အရေးအကြီးဆုံး ဖြစ်သည်။ ချန်းပင်အန်းက ‌မီးဖိုကြီးထဲတွင် နှစ်ပေါင်းများစွာ တပည့်တစ်ယောက်အဖြစ် လုပ်ဆောင်ခဲ့၏။

အဘိုး‌ကြီးယောင်က ချန်းပင်အန်းကို ပါရမီနိမ့်ကျသည်ဟု သတ်မှတ်ပြီး ကြွေထည်မီးဖုတ်သည့် နည်းလမ်းများကို လုံးဝသင်ကြားပေးခဲ့ခြင်း မရှိသော်လည်း ချန်းပင်အန်းကတော့ အလုပ်လုပ်ရာတွင် အမှားရှိသည်မှာ အလွန်ရှားပါးသည်။ ထို့ကြောင့် သူက တစ်ညလုံး စောင့်ကြပ်ရသည့်တာဝန်ကို ရင်းနှီးနေခဲ့၏။ ထိုအရာကတော့ လူ‌တစ်ယောက်၏ စိတ်ရှည်မှုနှင့် စိတ်စွမ်းအားကို စမ်းသပ်သောအရာတစ်ခုလည်း ဖြစ်သည်။

ထို့ပြင် ညအချိန်၌ စောင့်နေရင်း သူ၏ကိုယ်ပိုင်အလုပ်များကို လုပ်ဆောင်၍လည်း ရနိုင်သည်။ ထို့ကြောင့် သူက ယောင်ရှန်သိုင်းကျမ်းထဲတွင် ဖော်ပြထားသည့်အတိုင်း လမ်းလျှောက်ကျင့်စဉ်နှင့် မတ်တပ်ကျင့်စဉ်တို့ကို လွတ်လပ်စွာ လေ့ကျင့်နိုင်သည်။ ရံဖန်ရံခါ သူက မြက်ဖိနပ်များကို ယက်လုပ်တတ်ပြီး တစ်ခါတရံတော့ နဂါးခေါင်းဖြတ်ကျောက်တုံးအပိုင်းလေးကို ထုတ်ပြီး လီပေါင်ဖျင်၏ ဓားမောက်ကို သွေးပေးနေခဲ့သည်။

သူက မတ်တပ်ကျင့်စဉ်တွင် ပို၍ကျွမ်းကျင်လာနေသည်နှင့်အမျှ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသော မီးနဂါးလေးက နေထိုင်ရန် သွေးကြောမှတ်တစ်စုံကို ရွေးချယ်လာခဲ့သည်။ မတ်တပ်ကျင့်စဉ်နှင့် ချန်းပင်အန်း၏ အသက်ရှုလေ့ကျင့်ခန်းတို့ ပေါင်းစပ်လိုက်သည့်အချိန်တွင် သူက အလွန်ထူးခြားသော အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေကို ရောက်သွားတတ်သည်။

ယခုနှစ်တွင် နွေဦးရာသီအအေးဓာတ်က အချိန်တော်တော်ကြာ ရှိနေသေးသော်လည်း ယခင်နှစ်မှ နွေရာသီအပူဒဏ်ကို မှတ်မိနေသေးသည်။ ချန်းပင်အန်းကတော့ အေးစက်သလို ခံစားနေရခြင်း မရှိချေ။ သူက မီးပုံသေမသွားစေရန် ဒုတိယတစ်ပိုင်းကို တာဝန်ယူနေရင်း သေချာလုပ်ဆောင်နေခဲ့သည်။

သူက မတ်တပ်ရပ်ကျင့်စဉ်ကို ရပ်လိုက်ပြီး လမ်းလျှောက်ကျင့်စဉ်ကို ပြောင်းလဲလိုက်သည့် အချိန်တိုင်း ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသည့် ခံစားမှုတစ်ခုကို ခံစားမိခဲ့သည်။ သူက နေ့ခင်းပိုင်း ခရီးသွားလာနေသည့် အချိန်မျိုးတွင်ပင် ပင်ပန်းနေသလို ခံစားခဲ့ရခြင်း မရှိချေ။

ယနေ့ည‌တွင်တော့ ချန်းပင်အန်းက မီးပုံဘေးတွင် ဆက်၍ ထိုင်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များက ဒန်တျန်အနားတွင် ရှိနေသော သွေးကြောမှတ်များအတိုင်း လျင်မြန်စွာ သွားလာနေကြသည်မှာ ရေစီးကြောင်းကို ဆန့်ကျင်နေသော ငါးလေးတစ်ကောင်ကဲ့သို့ ထင်ရသည်။

ထို့နောက် ချီစွမ်းအင်များက ဓားချီစွမ်းအင်အမျှင်လေး နေထိုင်နေသော သွေးကြောမှတ်နားတွင် ယာယီလှုပ်ရှားနေခဲ့သည်။ သူကတော့ ဆက်သွယ်ရေးစခန်းတွင် အနားယူနေသော ခရီးသွားတစ်ယောက်၊ တောင်တစ်ဝက်တွင် အနားယူနေသော တောင်တက်သမားတစ်ယောက်ကဲ့သို့ ထင်ရသည်။

ထို့နောက် သူက အပေါ်ကိုဆက်၍ တက်သွားပြီး ချန်းပင်အန်း၏လည်ပင်းဆီသို့ ရောက်သွားခဲ့၏။ နောက်ဆုံးတွင်တော့ သူ၏မျက်ခုံးကြားထဲတွင် တစ်ကြိမ်တည်းနှင့် အဆုံးသတ်သွားခဲ့သည်။

ချန်းပင်အန်းက မျက်လုံးဖွင့်ကြည့်လိုက်ပြီး လေပူများကို မှုတ်ထုတ်လိုက်၏။ သူက မတ်တပ်ရပ်လိုက်ပြီးနောက် အနည်းငယ် ကုန်းကြည့်လိုက်၏။

ရုတ်တရက်ဆိုသလို ယုလုက မြင်းလှည်းပေါ်မှ ဆင်းလာပြီး သစ်ကိုင်းခြောက်များကိုသယ်၍ မီးပုံနားကို ကပ်လာကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူက မီးပုံဘေးတွင် ထိုင်ချလိုက်ပြီး သစ်ကိုင်းများကို ဂရုတစိုက် မီးထည့်နေခဲ့၏။ ထိုအခါ သစ်ကိုင်းများက လျင်မြန်စွာ လောင်ကျွမ်းလာခဲ့သည်။ ယုလုက မီးလှုံလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

ထို့နောက် ချန်းပင်အန်းကို အပြုံးနှင့် မေးလိုက်၏။

“ချန်းပင်အန်း …

အခုကစပြီး ငါရော ညပိုင်းကင်းစောင့်တဲ့ တာဝန်ယူလို့ရမလား။ မင်းက မတ်တပ်ကျင့်စဉ်နဲ့ လမ်းလျှောက်ကျင့်စဉ်တို့ကို လေ့ကျင့်လို့ရတယ်လေ။ အဲဒီအချိန်တွေမှာ အာရုံမလွင့်တာက အကောင်းဆုံးပဲ..”

“ငါ့မှာလည်း အဲဒီလိုလုပ်နိုင်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုး ရှိပါတယ်။ တကယ်လို့ မင်းသာ ငါ့ကိုယုံကြည်ပေးမယ်ဆိုရင် ငါက မိုးမလင်းခင် (၄)နာရီလောက် တာဝန်ယူပေးနိုင်တယ်…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“မင်းရဲ့ဆန္ဒကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အဲဒီလိုအစီအစဉ်မျိုး မလိုသေးဘူး…”

ချန်းပင်အန်းက လူတိုင်း၏ ဘေးကင်းလုံခြုံမှုကို သူ့လက်ထဲသို့ ထည့်လိုက်နိုင်သည်အထိ မယုံကြည်သေးကြောင်း ယုလုက သိနေခဲ့သည်။ သို့သော် သူကတော့ ထိုအရာကို စိတ်ပျက်သွားခဲ့ခြင်း မရှိချေ။ သုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“တကယ်လို့ ငါက အဲဒီတာဝန်ကို ယူပေးဖို့ လိုအပ်တယ်ဆိုရင်တော့ ငါ့ကိုအချိန်မရွေးပြောလို့ရတယ်။ ငါလည်း လူတိုင်းအတွက် တစ်ခုခု လုပ်ပေးချင်ပါတယ်။ မဟုတ်ရင် ငါက အသုံးမဝင်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားမိလိမ့်မယ်…”

မီးရောင်အောက်တွင် ယုလု၏မျက်လုံးများက အလွန်တောက်ပနေပြီး ချန်းပင်အန်းက သူ၏စိတ်ဆန္ဒကောင်းများကို ခံစားမိသည်။ ထို့ကြောင့် သူက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ငါ မင်းကို သေချာပေါက် ပြောပါ့မယ်…”

“ဒီနှစ်မှာ နွေရာသီက နောက်ကျပေမဲ့ ရာသီဥတုက နွေဦးရာသီနှောင်းပိုင်းလိုမျိုး ဖြစ်နေသေးတယ်…”

ယုလုက အေးအေးဆေးဆေး မှတ်ချက်ပေးလိုက်သည်။

“ဒီနှစ် ရာသီဥတုက တကယ့်ကို ထူးဆန်းနေတယ်…”

ချန်းပင်အန်းကလည်း ထောက်ခံလိုက်သည်။

စကားအနည်းငယ် ပြောလိုက်ပြီးနောက် ယုလုက မတ်တပ်ရပ်ပြီ ထွက်ခွာသွားခဲ့၏။ ချန်းပင်အန်းက သူ့နောက်ကျောကို စိုက်ကြည့်နေခဲ့သည်။ လင်းရှို့ယီ သူ့ကို တိတ်တဆိတ်ပြောခဲ့သော စကားများအရ ယုလုက အလွန်ထူးခြားသော ကျားကစားသမားတစ်ယောက်ကဲ့သို့ မထင်ရသလို ထူးခြားသည့် ရွှေ့ကွက်များကိုလည်း လုံးဝမလုပ်ခဲ့ပေ။

သို့သော် အမှန်အတိုင်းပြောရလျှင်တော့ သူက ရန်လိုတတ်သော ရှဲ့ရှဲ့ထက်ပင် ပို၍အဆင့်မြင့်သည့် ကျားကစားသမားတစ်‌ယောက် ဖြစ်နေသည်။ ယုလုက သူလုပ်ဆောင်သည့် အရာအားလုံးကို အသေးစိတ် လုပ်ဆောင်တတ်ကြောင်း ချန်းပင်အန်းက သတိထားမိခဲ့၏။ ထိုအချက်ကို လင်းရှို့ယီကလည်း လက်ခံခဲ့သည်။ ယုလုက နန်းတွင်းထဲတွင် အတွေ့အကြုံအရှိဆုံးအရာရှိများထက်ပင် ပို၍အရည်အချင်းရှိသည်ဟု မှတ်ချက်ပေးခဲ့၏။

ထိုအရာက အကြောင်းအရာများစွာကို ချန်းပင်အန်း လေ့လာထားခဲ့သော အရည်အသွေးတစ်ခုလည်း ဖြစ်သည်။ ဥပမာအနေနှင့် ပြောရလျှင် ယုလုက ချန်းပင်အန်း မြက်ဖိနပ်ယက်နေသည်ကို အကြိမ်ပေါင်းများစွာကြည့်ပြီး သူကိုယ်တိုင် ယက်လုပ်နိုင်ခဲ့သည်။ သူက ထိုအရာကို အဆင့်မြင့်မြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်၏။ အမှန်အတိုင်းပြောရလျှင် လက်ရှိ သူစီးနေသော မြက်ဖိနပ်ကလည်း သူကိုယ်တိုင် ယက်လုပ်ထားခြင်းဖြစ်သည်။

နောက်ထပ်ဥပမာတစ်ခုကတော့ ချန်းပင်အန်း ငါးမျှားသည့်အချိန်တိုင်း ယုလုက အနားတွင် တိတ်တဆိတ် လာရောက်ကြည့်နေတတ်သည်။ ချန်းပင်အန်း ငါးမျှားတံလုပ်ဆောင်ပုံ၊ ရေထဲသို့ ပစ်သည့်အနေအထား၊ ငါးကို ပင်ပန်းသွားအောင် လုပ်ဆောင်ပုံ၊ ရေထဲမှ ငါးကို ဆွဲထုတ်ပုံ၊ ငါးမျှားချိတ်ထဲမှ ငါးလွတ်မသွားအောင် ကာကွယ်ပုံများကို အသေးစိတ်လေ့လာထားခဲ့သည်။

တစ်ခါတရံ ချန်းပင်အန်း အလုပ်များနေသည့်အချိန်၌ ယုလုက ချန်းပင်အန်း၏ ငါးမျှားတံကိုယူပြီး ငါးမျှားခြင်းကို စမ်းသပ်ကြည့်ရန် တောင်းဆိုခဲ့သည်။ သူက ငါးမျှားသည့် အတွေ့အကြုံမရှိသော်လည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့၏။

ချန်းပင်အန်းက ထိုအရာများနှင့် ပတ်သက်ပြီး မှတ်ချက်တစ်ခုမျှမပေးခဲ့ချေ။ သို့သော် ဤ‌တချိန်လုံး ယုလုကို အနီးကပ် စောင့်ကြည့်နေခဲ့၏။ အကယ်၍ ယုလုကသာ လူကောင်းတစ်ယောက်ဖြစ်မည်ဆိုလျှင် သေချာပေါက် အလွန်ကောင်းမွန်သော အရာများကို လုပ်ဆောင်နိုင်ပါလိမ့်မည်။ သို့သော် အကယ်၍ သူကသာ လူဆိုးတစ်ယောက် ဖြစ်သွားမည်ဆိုလျှင်တော့ သူက မည်မျှ ဆိုးရွားသွားမည်ဖြစ်ကြောင်း ချန်းပင်အန်းကပင် မျှော်လင့်ရဲခြင်း မရှိချေ။

ထူးခြားမှုများ မရှိသော ညတစ်ညက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

ချန်းပင်အန်း၏ဘေးတွင် ဖြည်းညင်းစွာ တောက်လောင်နေသော မီးပုံကြီးအပြင် အဝေး၌ ရှိနေသော မြင်းလှည်းထဲတွင်လည်း မီးအိမ်တစ်ခု လင်းလက်နေခဲ့သည်။ ထိုမီးအိမ်က တစ်ညလုံး လင်းလက်နေခဲ့ခြင်းဖြစ်၏။ ကြည့်ရသည်မှာ ချွေးချန်းက တစ်ညလုံး စာအုပ်ဖတ်နေပုံရသည်။

ကောင်းကင်ပေါ်၌ အလင်းတန်းတစ်ခု ပေါ်လာသည့်အချိန်မှသာ ချန်းပင်အန်းက သူ၏လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။ သူက ရေပြင်ညီတောင်၏ တစ်ဝက် မြင်ကွင်းကျယ်သောနေရာကို ရောက်လာသည့်အချိန်တွင် လက်သီးသိုင်းကို စတင်လေ့ကျင့်နေခဲ့သည်။ သူက ထိုသို့လေ့ကျင့်လိုက်သည့်အချိန်တွင် လီပေါင်ဖျင်နှင့် လင်းရှို့ယီတို့ကလည်း တဖြည်းဖြည်းပူးပေါင်းလာခဲ့ကြ၏။

လီဟွိုင်ကတော့ ကလေး(၃)ယောက်ထဲတွင် ဇွဲလုံ့လအနည်းဆုံးဖြစ်သည်။ သူက ချန်းပင်အန်းနှင့်လက်သီးသိုင်း လေ့ကျင့်ရန် ခဏလေးသာလုပ်ဆောင်ပြီး အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ ယုလုနှင့် ရှဲ့ရှဲ့တို့ကတော့ ထိုအရာကို အသားကျနေပြီးသား ဖြစ်သည်။

ယနေ့တွင်တော့ ချွေးချန်းက ကန့်လန့်ကာကိုမြောက်ပြီး မြင်လှည်းပေါ်မှ ဆင်းလာခဲ့သည်။ သူက ချန်းပင်အန်းတို့(၃)ယောက်၏ လက်သီးသိုင်းလေ့ကျင့်မှုကို လေ့လာနေခဲ့၏။ ပထမတွင်တော့ သူက အထင်သေးနေခဲ့ပြီး မျက်ခုံးပင့်၍ မြင်းလှည်းပေါ်ကို ပြန်တက်သွားခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူလည်း သူတို့၏လေ့ကျင့်မှုကို ပို၍အာရုံစိုက်ကာ စောင့်ကြည့်နေခဲ့သည်။ မ‌နက်စာစာပြီးနောက် လူတိုင်းက တောင်ထိပ်ပေါ်သို့ဆက်၍ တက်လာခဲ့ကြ၏။ လမ်းတလျှောက်တွင်တော့ သူတို့က အသူရာမိန်းမပျိုကျောင်းဆောင်နှင့် သစ်ပင်အိုကြီးကို ဖြတ်ကျော်သွားခဲ့ရသည်။

အကယ်၍ ထိုသစ်ပင်ကြီး၏ အရွယ်အစားကိုကြည့်ပြီး သူ၏ကံကြမ္မာကို လျစ်လျှူရှုလိုက်မည်ဆိုလျှင် ထိုအရာက လီကျူးသုခဘုံထဲရှိ ရှေးဟောင်းသစ်ခါးပင်ကြီးကို ယှဉ်‌နိုင်လောက်သည်။

ချန်းပင်အန်းက ဆက်သွားမည်ဟု လင်းရှို့ယီက မတွေးခဲ့မိသော်လည်း ချန်းပင်အန်းက ‌ကျောင်းဆောင်ကို သေချာအာရုံစိုက်နေခဲ့သည့်အတွက် သူလည်း အံ့ဩသွားခဲ့သည်။ ထို့နောက် လီပေါင်ဖျင်၊ လီဟွိုင်နှင့် လင်းရှို့ယီတို့ကို ကျောင်းဆောင်ထဲသို့ ဝင်လာရန် ခေါ်လိုက်သည်။

ကျောင်းဆောင်၏ အတွင်းပိုင်းထဲတွင်တော့ လုံးဝကို ရှုပ်ပွနေပြီး အရက်နံ့များလည်း မွှန်ထူနေခဲ့သည်။ လီဟွိုင်က ကျောင်းဆောင်ထဲတွင် ရှိနေသော စင်မြင့်ပေါ်ရှိ နတ်သမီးရုပ်ထုကိုမော့ကြည့်လိုက်သည်။ သူက မည်သို့ကြည့်စေကာမူ ယမန်နေ့ညတွင် လင်းရှို့ယီနှင့် ကျားကစားခဲ့သော မိန်းကလေးဝိညာဉ်နှင့် ရုပ်ထု၏တူညီမှုကို ရှာမတွေ့ခဲ့ပေ။

လမ်း‌တလျှောက်တွင် လင်းရှို့ယီက ယင်နတ်ဘုရားနှင့် အများဆုံး ဆက်သွယ်ခဲ့သည့် လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက သရဲများ၊ ဝိညာဉ်များနှင့် ပတ်သက်သော ခေါင်းစဉ်များကို ပို၍ရင်းနှီးလာပြီး လီဟွိုင်ကို ရှင်းပြလိုက်၏။

အမှန်အတိုင်း ပြောရလျှင် ဤနယ်မြေထဲ၌ နေထိုင်သော နယ်မြေခံများစွာက သူတို့ကို အကာအကွယ်ပေးထားသော နတ်ဘုရားများကို အလွန်ကျေးဇူးတင်သည့် အတွက်ကြောင့် ကိုးကွယ်ယုံကြည်ရန် နတ်ဘုရားရုပ်ထုများကို ဖန်တီးတတ်ကြသည်။ ရလဒ်အနေနှင့် နတ်ဘုရားရုပ်ထုများက သူတို့၏ အစစ်အမှန်ရုပ်ရည်နှင့် တူညီမှုမရှိကြပေ။ သို့သော် ကိုးကွယ်ယုံကြည်မှုကိုတော့ ထိခိုက်စေခဲ့ခြင်းမရှိချေ။

လူတိုင်းက ကျောင်းဆောင်ကြီးကို သန့်ရှင်းရေးလုပ်ရန် (၁)နာရီနီးပါးခန့် အချိန်ကုန်ခဲ့သည်။ ထို့နောက်မှသာ သူတို့က ခရီးကိုဆက်၍ ထွက်ခဲ့ကြ၏။ လင်းရှို့ယီကတော့ ထွက်မသွားခင် နတ်သမီးရုပ်ထု၏ခြေထောက်နားတွင် ရှိနေသော ထိုင်ဖုံပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ သူက နှုတ်ဆက်သည့်အနေနှင့် အသူရာမိန်းမပျိုရုပ်ထုကို လက်နှစ်ဖက်ဆုပ်ပြီး ဦးညွှတ်လိုက်၏။

တချိန်တည်းတွင် ချွေးချန်းက ယုလုနှင့်အတူ ကျောင်းဆောင်ထဲသို့ဝင်လာပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေခဲ့သည်။ ထို့နောက် သူလည်း ရုပ်ထုရှိနေသော စင်မြင့်ရှိရာကို လျှောက်လာခဲ့၏။ သူက သာမန်ကြေးအမွှေးတိုင်ခွက်ထဲတွင် ရှိနေသော အမွှေးတိုင်အနည်းငယ်ကို တွေ့လိုက်ရသည်။ ထိုအရာက ရာစုနှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း မျက်နှာပြင်ကတော့ တောက်ပနေသေး၏။

ထိုအမွှေးတိုင်ခွက်ထဲတွင် အမွှေးတိုင်အကြွင်းအကျန်များစွာ ရှိနေသေးသည်။ ထိုကျောင်းဆောင်က ခုံရုံးဝါတိုင်းပြည်၏ နယ်မြေမှတ်တမ်းထဲတွင် စာရင်းမရှိသည့်အတွက် တရားမဝင်ကျောင်းဆောင်တစ်ခု ဖြစ်သော်လည်း အတော်လေး နာမည်ကျော်ကြားကြောင်း သိသာနေခဲ့သည်။

ရုတ်တရက်ဆိုသလို ချွေးချန်းက ညွှန်ကြားလိုက်၏။

“ယုလု …

မင်းက ကျောင်းဆောင်တစ်ခုကို တွေ့တဲ့အချိန်တိုင်း အရိုအသေပေးသင့်တယ်။ ဒီလိုလုပ်လိုက်မယ်ဆိုရင် မင်းက နယ်မြေတွေရဲ့ကံကောင်းမှုတွေကို စုစည်းနိုင်လိမ့်မယ်…”

ယုလုက သူပြောသောစကားကို နားမလည်ခဲ့ပေ။ သို့သော် ချွေးချန်း၏ ညွှန်ကြားချက်အတိုင်း (၃)ကြိမ် ဦးညွှတ်လိုက်သည်။ ထိုအချိန်တွင် ရှဲ့ရှဲ့ကတော့ ကျောင်းဆောင်ဝင်ပေါက် အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီး ခါးတွင် ဝါးပုလွေလေးကို ချိတ်ထားခဲ့သည်။

ရေပြင်ညီတောင်တန်းမှ ထွက်လာပြီးနောက် သူတို့အဖွဲ့က ခုံရုံးဝါတိုင်းပြည်၏ မြို့တစ်ခုကို ရောက်လာခဲ့သည်။ ချန်းပင်အန်းတို့က နယ်စပ်၏ ကြီးကျယ်ခမ်းနားမှု၊ မြစ်(၃)စင်း ဆုံနေသည့်နေရာနှင့် အလွန်စည်ကားသော ဖယောင်းတိုင်နီမြို့ကို ရောက်ခဲ့ဖူးသည်။ ထို့ကြောင့် သူတို့က အပြင်ဘက်မြို့များထဲတွင် စောင့်ကြိုနေသော မြင်ကွင်းများ၊ ရှုခင်းများကိုကြည့်ရှုရန် စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ထိုသို့ဆိုရာတွင် လီဟွိုင်ကတော့ အတော်လေးကြောက်လန့်နေသေး၏။ သူ၏လက်ထဲတွင် အမြဲလိုလို ကိုင်ထားတတ်သော ဆေးရောင်ခြယ် သစ်သားရုပ်သေးလေးကိုပင် သူ၏စာအုပ်သေတ္တာလေးထဲသို့ ပြန်ထည့်ထားခဲ့သည်။ တာ့လီအင်ပါယာ၏ လုံချွမ်တိုင်းပြည်မှ ရလာခဲ့သည့် ချန်းပင်အန်းတို့အဖွဲ့၏ အမည်စာရင်းနှင့် ခရီးသွားလာခွင့် စာရွက်စာတမ်းများကြောင့် မြို့ထဲကို ဝင်ရသောဖြစ်စဉ်က အလွန်လျင်မြန်ပြီး ချောမွေ့နေခဲ့သည်။

ခုံရုံးဝါတိုင်းပြည်က တာ့ဆွေအင်ပါယာနှင့် နီးစပ်နေခဲ့သော်လည်း တာ့လီအင်ပါယာက ကုန်းမြေကြီး၏ မြောက်ပိုင်းနယ်မြေတခွင်လုံးကို သိမ်းပိုက်ထားပြီးသား ဖြစ်သည်။ တောင်ပိုင်းချဲ့ထွင်မှုကလည်း သေချာပေါက် ဖြစ်လာနိုင်၏။ ထို့ကြောင့် ခုံရုံးဝါတိုင်းပြည်က တာ့လီအင်ပါယာမှ ရောက်လာသော စာသင်သားများကို အထူးဂရုစိုက်ပြီး သေချာဆက်ဆံကြသည်။

မည်သို့ဖြစ်စေကာမူ ခုံရုံးဝါတိုင်းပြည်ကလည်း တချိန်ချိန်တွင် တာ့လီအင်ပါယာ၏ လက်အောက်ခံတိုင်းပြည်တစ်ခု ဖြစ်လာရန် အခွင့်အရေးအလွန်များ၏။ တချိန်တုန်းက လုတိုင်းပြည်က အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းတွင် အုပ်စိုးနိုင်ခဲ့သည်။ သို့သော် ယခုတော့ တိုင်းပြည်က ပျက်စီးသွားသည့်အပြင် နန်းတွင်းမှ အဖွဲ့သားများကလည်း အဆင့်နိမ့် အကျဉ်းသားများအဖြစ် ကျရောက်သွားခဲ့ရသည်။ ထို့ကြောင့် ခုံရုံးဝါတိုင်းပြည်က ထိုအရာကို ဥပမာယူပြီး လျစ်လျူရှုထားရဲခြင်း မရှိချေ။

မြို့ထဲကို မဝင်ခင် ချန်းပင်အန်းက မြို့ထဲတွင် သွားရောက်လည်ပတ်နိုင်သည့် နေရာများ အကြောင်း နယ်မြေခံများကို မေးထားခဲ့သည်။ ချောက်ကမ်းပါးကျောင်းတော်ကို သွားနေသည့် ခရီးစဉ်အတောအတွင်း ‌ချန်းပင်အန်းက လီပေါင်ဖျင်တို့ကို နာမည်ကျော်တောင်တန်းများ၊ မြစ်များနှင့် တခြားစိတ်ဝင်စားစရာ မြင်ကွင်းများကို ပြသချင်ခဲ့သည်။ သူတို့ကသာ လုံခြုံနေသ၍ ကိစ္စမရှိချေ။

လီပေါင်ဖျင်တို့က ခေါင်းငိုက်စိုက်၍ ချောက်ကမ်းပါး‌ကျောင်းတော်သို့ သွားလာနေရသည့်အဖြစ်မျိုး မဖြစ်စေချင်ခဲ့ပေ။ သူတို့က လမ်းတလျှောက်တွင် ရှိနေသော မြင်ကွင်းများကို လွဲချော်ပြီး‌ တောထဲတွင် သွားလာမှုနှင့် အသက်ရှင်နေရသည့် မှတ်ဉာဏ်များနှင့်သာ အဆုံးမသတ်စေချင်ခဲ့ပေ။

မြို့ထဲတွင်တော့ သူတို့က ခုံရုံးဝါတိုင်းပြည်ထဲ၌ သက်တမ်းအကြာဆုံး မြို့နတ်ဘုရားကျောင်းဆောင်ကို သွားလည်ကြမည်ဖြစ်သည်။ ထိုကျောင်းဆောင်ထဲတွင် နာမည်ကျော်ကြားသော နံရံဆေးရေးပန်းချီများက အပြစ်ပေးမှု(၁၈)မျိုးကို ဖော်ပြထားခဲ့သည်။ ထိုနံရံဆေးရေးပန်းချီများက အလွန်အသက်ဝင်နေသည့်အတွက် သူတို့က အပြစ်ပေးမှု တွင်းနက်ကြီးထဲကို အမှန်တကယ် ကျရောက်သွားသလို ခံစားရနိုင်၏။

ဦးတည်ချက် မေးလိုက်ပြီးနောက် သူတို့အဖွဲ့က ကျယ်ပြန့်သောလမ်းမအတိုင်း မြို့နတ်ဘုရားကျောင်းဆောင်ဆီသို့ လျှောက်သွားခဲ့ကြသည်။ ရုတ်တရက်ဆိုသလို သူတို့၏နောက်မှနေ၍ ဆူဆူညံညံအသံတစ်ခု ထွက်လာခဲ့၏။

ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်ရာ အလွန်အံ့ဩစရာကောင်းသော မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ သူက တာ့လီအင်ပါယာထဲတွင် ထိုကဲ့သို့ မြင်ကွင်းမျိုးကို လုံးဝမမြင်ဖူးချေ။ ထိုအရာကတော့ အလွန်ထူးခြားသော လူငယ်နှင့် မိန်းမပျို(၇)ယောက်၊ (၈)ယောက်အဖွဲ့ဖြစ်ပြီး သူတို့အားလုံးက အဆင့်အတန်းမြင့်သည့် ဝတ်စုံများကိုဝတ်၍ သူတို့ကိုတော့ ဆံပင်ဖြူနှင့် အကြီးအကဲတစ်ယောက်က ဦးဆောင်လာပြီး လမ်းတလျှောက်တွင် တယိမ်းတယိုင်နှင့် လျှောက်လာကြသည်။

သူတို့ထဲမှတစ်ယောက်ကတော့ အနက်ရောင် ကျားဖြူကြီးကို စီးထားပြီး တခြားတစ်ယောက်ကတော့ ပေ(၂၀)ရှေည်လျားသော အနီရောင်မြွေကြီးတစ်ကောင်ကို ခေါ်လာခဲ့သည်။ တခြားတစ်ယောက်ကတော့ နောက်ကျောတွင် အလွန်ကြီးမားသော ကျွဲချိုပုံသဏ္ဌာန် လေးတစ်ခုကို သယ်ဆောင်ထားသည်။

အလွန်စည်ကားနေသော လမ်းမကြီးပေါ်တွင် ရှိနေသောလူများက ထိုကျင့်ကြံသူအဖွဲ့အတွက် လျင်မြန်စွာ လမ်းဖယ်ပေးလိုက်ကြသည်။ အခြေအနေကို နားမလည်သော ကလေးငယ်များကိုတော့ သူတို့မိဘများက လမ်းဘေးတွင် ရှိနေသော ဆိုင်ထဲတွင် ပုန်းအောင်းနေရန် အတင်းအကြပ် ဆွဲခေါ်သွားကြသည်။

ဧရာမအနီရောင်မြွေကြီး၏ပိုင်ရှင်က သူ၏သတ္တဝါကြီးကို ထူးထူးခြားခြား ထိန်းချုပ်နေခဲ့ခြင်း မရှိချေ။ သူကတော့ အေးအေးဆေးဆေးအမူအရာနှင့် လမ်းမပေါ်တွင် သွားလာနေခဲ့၏။ ထိုမြွေကြီး၏ခေါင်းပေါ်တွင် အနီရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး အမြှီးကတော့ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်လာနေခဲ့၏။

သူက လမ်းမအတိုင်းတည့်တည့်သွားလာနေပြီး ရံဖန်ရံခါ လမ်းဘေးနှစ်ဖက်တွင် ရှိနေသော ဆိုင်များဆီသို့ လျောသွားတတ်သည်။ သူက မြို့ထဲတွင် ကြောက်လန့်နေသည့် နေထိုင်သူများကို ခေါင်းငုံ့ကြည့်နေခဲ့၏။

ထိုမြွေကြီး၏အကြည့်ကြောင့် ကလေးငယ်လေး တစ်‌ယောက်ကတော့ အလွန်ကြောက်လန့်သွားခဲ့ပြီး မျက်ရည်များ ကျလာခဲ့သည်။ သူ့မိဘများက ကြောက်လန့်တကြား သူ့ပါးစပ်ကို လက်နှင့် အလျင်အမြန် ပိတ်လိုက်ကြသည်။ မြွေကြီးက ရှေ့ကို ဆက်သွားခဲ့သည်မှာ ကံကောင်းသွားခဲ့၏။

ကလေးငယ်၏အဖေက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည့်အချိန်တွင် မြွေက ထိုလူ၏မျက်နှာကို အမြှီးနှင့် ရိုက်လိုက်သည်။ ထို့ကြောင့် သူက လေထဲတွင် အကြိမ်ပေါင်းများစွာ လည်သွားပြီးမှ မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့၏။ သူက သွေးအန်လိုက်ရပြီး ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ရသည်။ ထို့နောက် သူ့မိန်းမနှင့် ကလေးကိုခေါ်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့၏။

လမ်းသွားလမ်းလာတချို့ကတော့ ထိုမိသားစု၏ ကံဆိုးမှုကို ကျေနပ်နေကြကြောင်း အဝေးတွင် ရပ်နေသော ချန်းပင်အန်းက မြင်နေရသည်။ တချို့ကတော့ ကြောက်လန့်နေကြပြီး တချို့ကတော့ အံ့ဩစွာ ကြည့်နေကြသည်။ သို့သော် မည်သူကမျှ ထိုမြွေ၏ အပြုအမူကို မသင့်တော်ကြောင်း ဝင်မပြောခဲ့ကြပေ။

လင်းရှို့ယီကတော့ သူ၏လက်ချောင်းလေးများကို လှုပ်ရှားနေခဲ့ပြီး အဆောင်များကို ကိုင်ကြည့်နေခဲ့၏။သူက ချန်းပင်အန်း၏အနားတွင် ရပ်နေခဲ့သည်။ လီပေါင်ဖျင်နှင့် လီဟွိုင်တို့ကတော့ ဈေးဆိုင်များ၏အနားတွင် ကပ်‌၍ရပ်နေခဲ့၏။ ချွေးချန်း စီးလာသောမြင်းလှည်းကလည်း မူလလမ်းကြောင်းမှ ဘေးဖယ်ထားခဲ့သည်။ ယုလုက မြင်းလှည်းကိုထိန်းပြီး လမ်ဘေးတွင် ရပ်ထားခဲ့ခြင်းဖြစ်၏။

အင်မော်တယ်အဖွဲ့က ချန်းပင်အန်းတို့အဖွဲ့အနားကို လျင်မြန်စွာ ရောက်လာခဲ့ကြသည်။ အဘိုးအိုက သူ့နောက်တွင် ရှိနေသော ကျင့်ကြံသူ လူငယ်လေးများကို တစ်စုံတစ်ခု ပြောလိုက်ပုံရသည်။ သူတို့အားလုံးက ချန်းပင်အန်းတို့ကို စိုက်ကြည့်လိုက်ကြ၏။ တချို့ကတော့ ရန်လို‌သောအမူအရာရှိနေပြီး တချို့ကတော့ စိတ်ဝင်စားနေကြသည်။

တချိန်တည်းတွင် အနီရောင်မြွေကြီး၏ပိုင်ရှင်က သူ၏သတ္တဝါကြီးကို ပြန်ခေါ်လိုက်ပြီး သူ့အနားတွင်သာနေရန် ညွှန်ကြားလိုက်သည်။ အဘိုးအိုက သူတို့၏ခရီးစဉ် အတောအတွင်း ကျင့်ကြံသူများကို တွေ့ရမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် သတိပေးထားကြောင်း သိသာနေ၏။

ချန်းပင်အန်းတို့အဖွဲ့ကို ဖြတ်သွားသည့်အချိန်တွင် အဘိုးအိုက သူတို့ကို ပြုံးပြလိုက်သည်။ သူက လင်းရှို့ယီကိုလည်း အနည်းငယ်ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် အဖွဲ့(၂)ဖွဲ့က ပြဿနာမဖြစ်ဘဲ လူချင်းကွဲသွားခဲ့ကြ၏။

ချွေးချန်းက မြင်းလှည်းထဲမှ ထွက်လာပြီးနောက် ရှဲ့ရှဲ့က သူ့လမ်းကြောင်းကို ပိတ်ထားခြင်း မရှိသော်လည်း ခြေထောက်နှင့်ကန်၍ ဖယ်လိုက်၏။ သူက မြင်းလှည်းပေါ်မှ ခုန်ဆင်းလာပြီးနောက် ချန်းပင်အန်းကြားသာရုံ အသံနှင့် ပြောလိုက်သည်။

“တာ့လီအင်ပါယာရဲ့ အပြင်ဘက်မှာ အရာအားလုံးက ဒီလိုမျိုးပဲ…”

ထိုကျင့်ကြံသူအဖွဲ့ ထွက်သွားပြီးသည့် အချိန်မှသာ နန်းတွင်းရဲမက်များက ထိုနေရာကို ရောက်လာပြီး သေချာစီစဉ်ပေးနေကြသည်။ သို့သော် သူတို့က တာဝန်အရ ဟန်ပြသာဖြစ်ပြီး အသုံးဝင်သောအရာများ လုပ်ဆောင်ပေးခြင်း မရှိချေ။

“ဒီကိစ္စတွေ ဖြစ်နေတာကို အရာရှိတွေက ဂရုမစိုက်ဘူးလား…

ချန်းပင်အန်းက မေးလိုက်၏။

ချွေးချန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“သူတို့က ဂရုမစိုက်ချင်တာလည်း ဖြစ်မယ်။ တစ်ခုခုကို ကြောက်နေလို့လည်း ဖြစ်နိုင်တယ်။ အဲဒီကျင့်ကြံသူတွေရဲ့ အခွင့်အရေးကို လုယူလို့ သေသွားတဲ့ အရာရှိတွေတောင် ရှိတာပဲလေ…”

ချန်းပင်အန်းက လီပေါင်ဖျင်နှင့် လီဟွိုင်တို့ကို လှည့်ကြည့်ပြီး တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်၏။

“ဆက်သွားကြစို့…”

ချွေးချန်းက သူ၏မြင်းလှည်းပေါ်သို့ ပြန်မတက်တော့ပေ။ သူက ချန်းပင်အန်းတို့အဖွဲ့နှင့်အတူ ဖြည်းညင်းစွာ လမ်းလျှောက်သွားခဲ့၏။ သူ၏အင်္ကျီလက်(၂)ဖက်က လေထဲတွင် လှုပ်ရှားနေသည်မှာ အလွန်သိမ်မွေ့ခန့်ညားသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

Translated by Hein Htet.

All Chapters