အခန်း (၁၄၃)
Vol. 10 Ch. 143
တာ့လီအင်ပါယာထဲတွင် နန်းတွင်းက နေရာချထားပေးသော တောင်တန်းနတ်ဘုရားများ၊ မြစ်နတ်ဘုရားများအားလုံးက လူအများ၏ရှေ့တွင် ရုပ်ထုပုံသဏ္ဌာန် သို့မဟုတ် ကျောင်းဆောင်ပုံသဏ္ဌာန်နှင့် ရှိနေကြသည်။ တောင်(၅)တောင်၏ နတ်ဘုရားများကပင် ကွဲပြားမှုမရှိချေ။
သို့သော် တာ့လီအင်ပါယာ၏အပြင်ဘက် အရှေ့ပိုင်းကုန်းမြေကြီးပေါ်တွင်တော့ တောင်တန်းနှင့် မြစ်နတ်ဘုရားများ၊ ဖယောင်းတိုင်နီမြို့၊ လှုပ်ရှားတည်ငြိမ်မြစ်နှင့် သံအဆောင်မြစ်၏ မဟာမြစ်နတ်ဘုရားမှစ၍ နဂါးနှုတ်ခမ်းမေွှးစမ်းချောင်း၏ အဆင့်နိမ့်မြစ်အစောင့်တို့ကသာ နယ်မြေခံအရာရှိခံများနှင့် ပတ်သက်မှုရှိမည်ဆိုလျှင် အနီးနား၌ အစွမ်းထက်သော ကျင့်ကြံရေးဂိုဏ်းများ မရှိလျှင် သူတို့က တရားဝင်တောင်တန်းနှင့် နန်းတော်များ တည်ဆောက်နိုင်သည်။ ထိုအရာများက သာမန်တိုင်းပြည်နန်းတော်များထက် အရွယ်အစား နိမ့်ကျမှု မရှိချေ။
ခုံရုံးဝါတိုင်းပြည်၏ အဆင့်မြင့်ဆုံးနတ်ဘုရားများထဲမှ တစ်ပါးဖြစ်သည့်အတွက် ရေခဲစားစရာမဟာမြစ်နတ်ဘုရားက အနီးနားတွင် မြို့ရွာများ မရှိသည့်အတွက် ကီလိုမီတာ(၁၀၀)ခန့် အကျယ်ရှိသောနယ်မြေထဲတွင် နန်းတော်ကြီးတစ်ခု တည်ဆောက်ထားခဲ့သည်။
ထိုနန်းတော်ကြီးက ဧက(၁၀၀၀)ခန့် နေရာယူထားပြီး နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။ နန်းတော်၏ဝင်ပေါက်တွင်လည်း မဟာမြစ်ဟူသော ဆိုင်းဘုတ်တပ်ထားခဲ့၏။ သို့သော် ထိုနန်းတော်ကြီးကို ခုံရုံးဝါတိုင်းပြည် ချူးကလန်က တည်ဆောက်ပေးထားခြင်းဟု လူအများက သိထားကြသည်။ ချူးကလန်၏ မျိုးဆက်များက ကြွယ်ဝချမ်းသာလာခဲ့ပြီးနောက် ထိုနန်းတော်ကို တည်ဆောက်ပေးခဲ့ကြသည်။
အမှန်အတိုင်းပြောရလျှင်တော့ နန်းတော်၏ အစစ်အမှန် အရှင်သခင်က ရေခဲစားစရာမဟာမြစ်နတ်ဘုရားဖြစ်သည်။ ယနေ့ညတွင်တော့ နန်းတော်ကြီးက လင်းထိန်နေခဲ့၏။ အတွင်းထဲတွင် အလွန်ကြွယ်ဝချမ်းသာပြီး အဆင့်မြင့်သည့် ဧည့်သည်များ တက်ရောက်နေသော စားသောက်ပွဲတစ်ခု ကျင်းပနေပုံရသည်။
နံရံများပေါ်တွင်တော့ ထာဝရမီးအိမ်များ အတန်းလိုက် ရှိနေခဲ့သည်။ ထိုမီးအိမ်များက ကျင့်ကြံရေးဂိုဏ်းများထဲတွင်ပင် အလွန်အဖိုးတန်သော ရတနာများဖြစ်ကြသည်။ ထိုမီးအိမ်များက အဖိုးတန်ခြင်း မဟုတ်ဘဲ မီးအိမ်တစ်ခုချင်းဆီ၏ အတွင်းထဲတွင် ရှိနေသော ငါးကြီးအန်ဖတ်ကြောင့် အဖိုးတန်နေရခြင်းဖြစ်သည်။
ထာဝရမီးတောက်မီးအိမ်များကို နန်းတွင်းအုတ်ဂူကဲ့သို့သော နေရာမျိုးတွင် အများဆုံး အသုံးပြုကြပြီး သူတို့က သာမန်ဖယောင်းတိုင်များကဲ့သို့ ထွန်းညှိနိုင်ပြီး ဆီအဖြစ် အသုံးပြုနိုင်သော မီးစာကတော့ ပင်လယ်ရေနက်ထဲမှ ဝေလငါးအဆီစက်များ ချထားခြင်းဖြစ်သည်။ အကယ်၍ ငါးကြီးအန်ဖတ်ကသာ မြင့်မားသော အရည်အသွေးရှိနေလျှင် မီးအိမ်က ရာစုနှစ်တစ်ခုနီးပါးခန့် မငြိမ်းဘဲ လောင်ကျွမ်းနိုင်သည်။ ထို့ပြင် ထိုမွှေးရနံ့ကလည်း အချိန်တော်တော်ကြာရှိနေနိုင်ပြီး ထိုမွှေးရနံ့က ထိပ်တန်းစန္ဒကူးရနံ့များထက် နိမ့်ကျနေခြင်း မရှိချေ။
နန်းတော်ထဲတွင် ရှိနေသော ပင်မထိုင်ခုံတွင် လက်ထဲ၌ အဖြူရောင်ကျောက်စိမ်းခွက်တစ်ခု ကိုင်ထားသော စိမ်းပြာဝတ် လူတစ်ယောက် ရှိနေ၏။ ထိုခွက်ထဲတွင်တော့ စေးကပ်ပြီး ရနံ့ပြင်းထန်သည့် ရွှေရောင်အရက်တစ်မျိုး ရှိနေသည်။ သူက အရက်များကို စက်ဝိုင်းသဖွယ် သိမ်မွေ့စွာ လှည့်ပတ်နေခဲ့၏။
ထိုလူ၏ရင်ဘတ်ပေါ်တွင် ရာထူးတံဆိပ်တစ်ခုကို ပန်းထိုးထားသော အဝိုင်းတစ်ခုရှိပြီး ထိုအရာက ရွှေနဂါးတစ်ကောင် ခွေနေသောပုံစံဖြစ်သည်။ ခန်းမကြီးထဲတွင် ရောက်နေသော ဧည့်သည်(၂၀)နီးပါးခန့်က အဆင့်အတန်းမြင့်သော ကျင့်ကြံသူများဖြစ်ကြပြီး သူတို့ကတော့ ထိုစိမ်းပြာဝတ်လူကြီးကို တလေးတစား ဆက်ဆံနေကြသည်။ ရံဖန်ရံခါ သူတို့က ထိုစိမ်းပြာဝတ်လူကြီးကို ဧည့်ခံနေသူထက်ပင် ပို၍သတိထားနေကြ၏။
………..
ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲတွင် ချွေးချန် ထွက်သွားသည်မှာ အချိန်အတော်လေးကြာခဲ့ပြီ ဖြစ်သည်။ ချန်းပင်အန်းက မီးရောင်အောက်တွင် ပထမဆုံး အဖြူရောင်ကျောက်စိမ်းဆံထိုးလေးကို စာထွင်းခြင်း ပြီးဆုံးသွားခဲ့သည်။
စားပွဲပေါ်တွင် မှောက်အိပ်နေသော လီဟွိုင်ကို လှည့်ကြည့်ပြီး သူက မေးလိုက်၏။
“မင်းက မင်းရဲ့ဆံထိုးပေါ်မှာ လီဟွိုင် ဒါမဟုတ် ဟွိုင်ရင် အဲဒီစကားလုံး(၂)ထဲက ဘာကိုသဘောကျလဲ။ တကယ်လို့ မင်းက ဆံထိုးပေါ်မှာ ပေါင်ဖျင်နဲ့ရှို့ယီတို့လို နာမည်ရေးချင်တယ်ဆိုရင်တော့ အရမ်းရိုးရှင်းပါတယ်။ ဟွိုင်ရင်ဆိုတာကတော့ နည်းနည်းပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်…”
လီဟွိုင်က တစ်ခုခုကို စဉ်းစားနေပုံရပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်…”
ချန်းပင်အန်းက အနက်ရောင်ကျောက်စိမ်းဆံထိုးလေးကိုယူပြီး ပြောလိုက်၏။
“မင်းက ဒီတစ်ခုကို သဘောကျလား။ ဒါက သစ်ပင်တစ်ပင် အရိပ်ကျနေတဲ့ အရောင်မျိုးပဲ…”
လီဟွိုင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အားတင်း၍ မေးလိုက်သည်။
“ချန်းပင်အန်း …
မင်းက လင်းရှို့ယီကို ဒေါသထွက်ပြီး မတိုက်ခိုက်ချင်ဘူးလား။ လင်းရှို့ယီက ကျင့်ကြံသူ တစ်ယောက်ဖြစ်ပေမဲ့ မင်းက သူ့ကို လက်သီးတစ်ချက် နှစ်ချက်လောက်အတွင်း အလွယ်တကူ အနိုင်ရနိုင်သေးတယ်လို့ ငါ ခံစားမိတယ်။ လင်းရှို့ယီက တော်တော်လေး ကပ်စေးနည်းတယ်။ သူက စကားများများတော့ မပြောချင်ဘူး။ သူက ငါတို့ထက်ပိုပြီး ဉာဏ်နီဉာဏ်နက်များပေမဲ့ စိတ်ကောင်းနှလုံးကောင်းတော့ ရှိတယ်…”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက ရယ်ချင်သွားခဲ့သည်။
“မင်း ခေါင်းထဲမှာ ဘာတွေစဉ်းစားနေတာလဲ။ ငါက ဘာလို့ လင်းရှို့ယီနဲ့ တိုက်ခိုက်ရမှာလဲ…”
“တကယ်လို့ လင်းရှို့ယီကသာ မင်းနဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းက သဘောတူလို့ ရတယ်လေ။ ဒါပေမဲ့ သူ့ကို သင်ခန်းစာပေးပြီး ကြီးကြီးမားမားတော့ ဒဏ်ရာမရစေနဲ့ပေါ့..”
လီဟွိုင်က ကြောက်လန့်နေသော အမူအရာနှင့် ပြောလိုက်သည်။
“လင်းရှို့ယီက ချမ်းသာတဲ့မိသားစုက ရောက်လာတာ။ သူက ငါ့လိုမျိုး မမာကျောဘူး။ ငါက လီပေါင်ဖျင် ရိုက်တာကိုခံရပေမဲ့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ သူကတော့ ခံနိုင်မယ် မထင်ဘူး…”
ချန်းပင်အန်းက ထိုကိစ္စကို လီဟွိုင် နားလည်အောင် မည်သို့ရှင်းပြရမှန်း မသိခဲ့ချေ။ ထို့ကြောင့် သူက ရိုးရှင်းစွာ ပြန်ဖြေလိုက်၏။
“ကောင်းပြီလေ။ ငါက ဒီကိစ္စကို ခေါင်းထဲမှာ မှတ်ထားလိုက်မယ်…”
ထိုစကားကို ကြားသည့်အခါ လီဟွိုင်က အလွန်စိတ်သက်သာရာ ရသွားခဲ့၏။ သူ၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာပြီး စာအုပ်သေတ္တာငယ်လေးဆီသို့ ပြေးသွားကာ သစ်သားရုပ်သေးနှင့် ငွေတုံးလေးကို ထုတ်လိုက်သည်။
ထို့နောက် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး သစ်သားရုပ်သေးကို ငွေတုံးပေါ်သို့တင်၍ ဆက်ပြောလိုက်၏။
“လင်းရှို့ယီက ငါ့ကို ပြောခဲ့ဖူးတယ်။ ပြည်နယ်တွေ၊ စီရင်စုတွေနဲ့ မြို့ကြီးတွေကို တည်ထောင်တဲ့အချိန်မှာ ကွန်ဖြူးရှပ်သင်ကြားမှုတွေကို လိုက်နာကြရတယ်။ မြို့တွေမှာ မြို့နတ်ဘုရားစံအိမ်ရှိရပြီး တိုင်းပြည်တွေမှာတော့ မြို့နတ်ဘုရား ကျောင်းဆောင်တွေ ရှိရတယ်။ စီရင်စုကြီးကြပ်သူနဲ့ နယ်မြေခံအရာရှိလို အရာရှိတွေက လူသားတွေရဲ့ ကမ္ဘာကြီးကို အုပ်ချုပ်ကြရတယ်။ မြို့နတ်ဘုရားတွေကတော့ သေဆုံးသွားတဲ့ လူတွေရဲ့ကမ္ဘာကြီးကို အုပ်ချုပ်ပြီး သရဲတွေ၊ ဝိညာဉ်တွေက စည်းမျဉ်းဥပဒေကို လိုက်နာပြီး မကောင်းတဲ့အရာတွေ မလုပ်အောင် တားဆီးကြရတယ်…”
“ငါတို့သွားခဲ့တဲ့ မြို့နတ်ဘုရားကျောင်းဆောင်က အရမ်းကြီးတယ်။ အဲဒါက စီရင်စုမြို့တစ်ခုမှာ တည်ရှိနေတယ်။ ဒါပေမဲ့ ဘာလို့ သူ့ကို ကျောင်းဆောင်လို့ ခေါ်ရတာလဲ။ ဒါကို မြို့နတ်ဘုရားစံအိမ်လို့ပဲ ခေါ်သင့်တာ မဟုတ်လား။ ပြီးတော့ ငါတို့က အဲဒီမြို့နတ်ဘုရားကျောင်းဆောင်ထဲမှာ အချိန်အကြာကြီး သွားလာခဲ့တယ်။ ငါတို့က မြို့နတ်ဘုရားကိုတောင် တွေ့နိုင်ပေမဲ့ ငါတို့ကတော့ သူ့ကိုတောင် မမှတ်မိဘူး မဟုတ်လား…”
ချန်းပင်အန်းက သူ၏မေးခွန်းများကို ခဏကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“မင်းက ဒီမေးခွန်းတွေကို ချွေးတုံရှန်းဆီ သွားမေးသင့်တယ်…”
လီဟွိုင်က ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
“ငါ သူ့ကို မကြိုက်ဘူး။ သူက တော်တော်လေးကို ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တယ်…”
……………..
အခန်းတစ်ခုထဲတွင် …
မိန်းကလေးနှစ်ယောက်က တင်ပျဉ်ခွေ ထိုင်နေပြီး သူတို့(၂)ယောက်၏ ကြားထဲတွင်တော့ ရေနံဆီမီးအိမ်လေးတစ်ခုဆီ ရှိနေကြသည်။ တစ်ယောက်ကတော့ သူမ၏ ဝါးပုလွေလေးကိုသန့်ရှင်းရေး လုပ်နေပြီး တစ်ယောက်ကတော့ မျက်မှောင်ကြုတ်၍ နှာခေါင်းရှုံ့နေခဲ့၏။
“ရှဲ့ရှဲ့ …
ညပိုင်း နင် ဟောက်တဲ့အသံက တော်တော်ကျယ်တယ်…”
လီပေါင်ဖျင်က ပြောလိုက်သည်။
“ငါက အဝေးကြီးမှာရှိတဲ့ ငါ့တဲထဲမှာ အိပ်နေတာကိုတောင် နင့်ရဲ့ဟောက်သံကို ကြားရသေးတယ်…”
ရှဲ့ရှဲ့က အပြုံးနှင့် ခေါင်းမော့ပြီး ပြောလိုက်သည်။
“နင်က တခြားသူရဲ့ဟောက်သံကို ကြားတာ ဖြစ်မယ်။ ငါက အိပ်နေရင်လုံးဝမဟောက်ဘူး..”
“နင်က အိပ်တဲ့အချိန် မဟောက်ဘူးဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲ…”
လီပေါင်ဖျင်က မျက်ခုံးပင့်၍ မေးလိုက်သည်။
ရှဲ့ရှုဲ့က ဝါးပုလွေလေးကို လက်ချောင်းလေးများနှင့် ညင်သာစွာ ပုတ်လိုက်ပြီး လီပေါင်ဖျင်ကဲ့သို့ မျက်ခုံးပင့်၍ ပြန်ဖြေလိုက်၏။
“ဘာလို့လဲဆိုတော့ ငါက ကျင့်ကြံသူတစ်ယောက်လေ။ နင်တို့လို သာမန်လူတွေက နတ်ဘုရားတွေ၊ အင်မော်တယ်တွေလို လေးစားရတဲ့ လူတစ်ယောက်မလို့ပေါ့…”
“ဟုတ်လား။ ဒါဆိုရင် နင့်ဆီမှာ စာအုပ်သေတ္တာလေးရှိလား…”
လီပေါင်ဖျင်က ရန်စသည့် အမူအရာနှင့် မေးငေါ့၍ မေးလိုက်သည်။
ရှဲ့ရှဲ့က ထိုအရာကို တုံ့ပြန်ခဲ့ခြင်း မရှိချေ။ သူမက ရှဲ့ရှဲ့ကို အနိုင်ရပြီဟု ခံစားမိလိုက်သည့်အတွက် လီပေါင်ဖျင်က သူမ၏စာအုပ်သေတ္တာထဲမှ စာအုပ်များကို ဆွဲထုတ်လိုက်သည်။ ထိုသို့ဆိုလျှင် သူမက မီးအိမ်အောက်၌ စာတချို့ကို ဖတ်ရှုနိုင်၏။
သူမက အလွန်သဘောကျရသော ခရီးသွားမှတ်တမ်းစာအုပ်ကို ယူလိုက်သည်။ ထိုမှတ်တမ်းစာအုပ်ထဲတွင် ထူးဆန်းသည့်နေရာမျိုးစုံ၊ တစ္ဆေသရဲနှင့် ဝိညာဉ်မျိုးစုံ ပါဝင်နေခဲ့၏။ သူမက ထိုဇာတ်လမ်းများထဲတွင် လျင်မြန်စွာ နစ်မျောသွားခဲ့ပြီး မျက်မှောင်ကြုတ်လိုက် ခေါင်းညိတ်လိုက်နှင့် ဖြစ်နေခဲ့၏။ တခါတရံ သူမက ဝမ်းသာနေပြီး တခါတရံ မှင်တက်၍ တခါတရံ စိတ်ဓာတ်ကျသွားခဲ့သည်။ ထိုအချိန်တွင်ရှဲ့ရှဲ့ကတော့ သူမ၏လက်ချောင်းလေးကို သတိလက်လွတ် စိုက်ကြည့်နေပြီး ပါးနှစ်ဖက်ကို ထောက်ကြည့်နေခဲ့သည်။
……………….
လင်းရှို့ယီက မျက်လုံးမှိတ်ပြီး စံအိမ်ထဲတွင် ထိုင်နေခဲ့၏။ သူက ကမ္ဘာမြေကြီး၏ ကြားထဲတွင် ရှိနေသော ရေစီးဆင်းမှုကို သေချာအာရုံစိုက်နေသည့်အလား တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။ ထိုအရာက သဲများကို တိုက်စားသွားသော ရေလှိုင်းများကဲ့သို့ ဖြစ်နေပြီး မသန့်စင်သောအရာများကို ဖယ်ရှားပေးနေခဲ့၏။ တချိန်တည်းတွင် အဖိုးတန်သော အဆီအနှစ်များကို ထိန်းသိမ်းပေးခဲ့သည်။
သူက ရေတွင်းထဲမှ ထွက်လာနေသော အဖြူရောင်မြူခိုးများကို နည်းနည်းချင်းဆီ စုစည်းနေပြီး သူ၏သွေးကြောမှတ်များထဲသို့ စုပ်ယူနေခဲ့၏။ ရေတွင်းဆီမှ ကျယ်လောင်သောအသံတစ်ခု ထွက်လာသော်လည်း လင်းရှို့ယီကတော့ လုံးဝလှုပ်ရှားခဲ့ခြင်း မရှိချေ။ သူက ရေတွင်းထဲမှ ထွက်လာသောအရာ၏ ပစ်မှတ်မဟုတ်သလို သူတို့က အချင်းချင်း အနှောင့်အယှက်လည်း မဖြစ်ကြပေ။
သွားစားပွဲတောင်ပေါ်တွင် လင်းရှို့ယီ သဘောကျခဲ့သော တိမ်တိုက်ပေါ်၌ ရွတ်ဖတ်ခြင်းကျမ်းစာက အမှန်တရား လျှပ်စီး(၅)သွယ်ကျင့်စဉ်ကို လေ့ကျင့်နိုင်သော လျှို့ဝှက်တာအိုကျင့်စဉ်တစ်ခု ဖြစ်သည်။ အောက်ဘုံ(၅)ဆင့် ကျင့်ကြံသူများ၏ လမ်းပြကျင့်စဉ်တစ်ခု ဖြစ်သည့်အတွက် ထိုကျင့်စဉ်ထဲတွင် ယေဘုယျ ညွှန်ကြားချက်တချို့သာ ပါဝင်နေခဲ့သည်။
သို့သော် တွက်ချက်ခြင်းနှင့် သုံးသပ်ခြင်းတွင် အထူးကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည့်အတွက် လင်းရှို့ယီက ထိုကျမ်းစာကို ကောင်းကောင်းအသုံးချနိုင်ခဲ့သည်။ သိပ်မကြာခင် လင်းရှို့ယီ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ်များစွာထဲမှ ဖောင်းကားနေသော ခံစားမှုတစ်ခုကို စတင်ခံစားလာရ၏။ သို့သော် သူကတော့ မရပ်ချင်သေးပေ။
သူတို့က ဤနေရာကိုရောက်ရန် ခရီးအရှည်ကြီး လာခဲ့ရခြင်းဖြစ်ပြီး သူက ထိုကဲ့သို့ သန့်စင်ပြီး များပြားသည့် စွမ်းအင်များကို ယခင်တုန်းကလည်း မကြုံဖူးပေ။ ထို့ကြောင့် သူက အနည်းငယ်လေးပင် လက်လွှတ်လိုခြင်း မရှိပေ။
(၁)နာရီနီးပါးခန့် ကြာပြီးနောက် လင်းရှို့ယီ၏မျက်နှာက အလွန်နီရဲလာခဲ့၏။ သူက အလွန်ကြီးမားသော စားသောက်ပွဲကြီးတစ်ခုတွင် စားပိုးနင့်နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ၏မဆင်မခြင် စားသုံးမှုကြောင့် သူက စားပိုးနင့်နေပြီး လုံးဝကို မွန်းကြပ်နေခဲ့၏။
ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က လင်းရှို့ယီ၏ ပုခုံးကို ပုတ်လိုက်ရာ သူ့ပါးစပ်ထဲမှ လေများ ထွက်သွားပြီး တစ်ဆို့နေသည့် ခံစားချက်ကလည်း ပျောက်ကွယ်သွားခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲတွင် အချိန်တော်တော်ကြာ ပိတ်မိနေခဲ့သော အငွေ့အသက်က ပုတ်အံ့အံ့ ရနံ့တစ်ခု ထွက်လာစေခဲ့သည်။
လင်းရှု့ယီ၏ပုခုံးကို ပုတ်လိုက်သောသူက နှာခေါင်းကို အလျင်အမြန်ပိတ်ပြီး အပြစ်တင်လိုက်သည်။
“မင်းက ရဲတင်းတာလား၊ ရူးမိုက်တာလား။ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ မင်းက မွန်းကြပ်ပြီး သေသွားမှာ မကြောက်ဘူးလား…”
ထိုစကားကို ကြားသည့်အခါ လင်းရှို့ယီက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ထို့နောက် ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် မေးလိုက်၏။
“ကျင့်ကြံသူတစ်ယောက်က ဒီကမ္ဘာကြီးထဲမှာရှိတဲ့ စွမ်းအားတွေကို တတ်နိုင်သမျှ များများစုပ်ယူသင့်တာ မဟုတ်ဘူးလား..”
“ရှဲ့ရှဲ့ရဲ့စကားအရ ခွက်သေးသေးလေးတစ်ခွက်က အရက်တွေ အများကြီး ထည့်နိုင်ပါ့မလား…”
ချွေးချန်းက တုံ့ပြန်ပြောဆိုလိုက်သည်။
“တကယ်လို့ ပိုများလေ ပိုကောင်းလေဆိုရင် သင်ကြားမှုတွေ တည်ထောင်ခဲ့တဲ့ အဘိုးကြီးတွေက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ စွမ်းအားတွေအားလုံးကို စုပ်ယူပြီးသွားပြီပေါ့။ တခြားကျင့်ကြံသူတွေအတွက် ကျန်နေနိုင်ပါ့မလား။ မင်းက ကိစ္စရပ်တွေကို ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ရမယ်။ တစ်ကြိမ်ကို ခြေတစ်လှမ်းပဲလှမ်းတာ အကောင်းဆုံးပဲ။ မင်း စုပ်ယူနိုင်တဲ့ ချီစွမ်းအင်ပမာဏက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဖွံ့ဖြိုးနေတဲ့ သွေးကြောမှတ် ဘယ်လောက်များများရှိလဲဆိုတဲ့ အပေါ်မူတည်တယ်…”
ထိုစကားကို ကြားသည့်အခါ လင်းရှို့ယီ၏ ရင်ထဲတွင် အကြောက်တရားတစ်ခု ပေါ်လာခဲ့သည်။ သူက နဖူပေါ်မှ ချွေးများကို လက်မြှောက်၍ သုတ်လိုက်၏။
ထိုအချိန်တွင် ချွေးချန်းက သူ့ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ရေတွင်းအိုကြီးကို လှမ်းကြည့်လိုက်သည်။ ထိုအထဲမှ စွမ်းအားများ ဆက်တိုက် ထွက်ပေါ်လာနေခဲ့၏။ သို့သော် အဖြူရောင်မြူခိုးများကိုတော့ ကျင့်ကြံသူများနှင့် သိုင်းပညာရှင်များကသာ မြင်တွေ့နိုင်ကြသည်။ သာမန်လူများကတော့ ရေတွင်းထဲသို့ ခေါင်းစိုက်ကြည့်မည်ဆိုလျှင်ပင် ဤနေရာက တခြားနေရာများထက် အနည်းငယ် ပိုအေးနေကြောင်းသာ ခံစားမိပါလိမ့်မည်။
ချွေးချန်းက လင်းရှို့ယီကို အပြုံးနှင့်ပြန်လှည့်ပြီး ပြောလိုက်၏။
“ငါက မင်းအသက်ကို ကယ်တင်ပေးခဲ့တယ်။ ဒီတော့ လျော်ကြေးအနေနဲ့ မင်းက ငါ့ကို အဆောင်တစ်ခု ငှားပေးလို့ရမလား။ ငါက ငှားရုံပါပဲ။ မင်းကို ပြန်ပေးမယ်…”
လင်းရှို့ယီ၏ မျက်နှာပေါ်တွင် တွေဝေနေသော အမူအရာတစ်ခု ပေါ်လာပြီး ချွေးချန်းက ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ။ ငါက မင်းရဲ့အဖိုးတန်ဆုံး အဆောင်(၄)ခုကို ငှားမှာ မဟုတ်ဘူး။ အဲဒီအစား ငါက ရွှေဖုန်မှုန့်အဆောင်ကိုပဲ လိုချင်တာ။ အဲဒါက ကောင်းတဲ့ အဆောင်တစ်ခုဆိုပေမဲ့ မင်းရဲ့ပစ္စည်းတွေထဲမှာတော့ အကောင်းဆုံးမဟုတ်ဘူးလေ…”
နောက်ဆုံးတွင်တော့ လင်းရှို့ယီက ခေါင်းညိတ်သဘောတူလိုက်သည်။
ထို့ကြောင့် ချွေးချန်းက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ လင်းရှို့ယီ၏ အိတ်ကပ်ထဲမှ ရွှေအဆောင်လေးတစ်ခု ထွက်လာပြီး ချွေးချန်း၏လက်ထဲကို ရောက်သွားခဲ့၏။ ချွေးချန်းက ထိုအဆောင်ကို သေချာစစ်ဆေးကြည့်နေခဲ့သည်။
အဆောင်စာရွက်များက အဆောင်ကလန်များ၏ အုတ်မြစ်ပစ္စည်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ ကမ္ဘာကြီးထဲတွင် သာမန်အဆောင်အများစုကတော့ အဝါရောင်ကိုးကွယ်ခြင်း စာရွက်များ ဖြစ်သည်။ ထိုစာရွက်များ၏အထက်တွင်တော့ အဝါရောင်တံဆိပ် စာရွက်များဖြစ်ပြီး သူတို့က အဝါရောင်ကိုးကွယ်ခြင်း စာရွက်ထက် ပို၍ခိုင်မာသည်။ ပုံမှန်အားဖြင့် ထိုအရာကို ကမ္ဘာကြီးထဲတွင် ရှိနေသော တာအိုဂိုဏ်းများတွင် အသုံးပြုကြ၏။
ထို့ပြင် အထူးဥပမာများလည်း ရှိနေသေးသည်။ ဥပမာအနေနှင့် ပြောရလျှင် မုန်တိုင်းလာပြီးသော ရာသီဥတုကို သဘောကျသည့် စိမ်းပြာအဆောင်စာရွက် အမျိုးအစား၊ မတူညီသော အရောင်များ ရှိနေသည့် တုန်ခါခြင်းအဆောင်စာရွက်များ၊ ရှင်ဘုရင်များ၏ တော်ဝင်အမိန့်ပြန်တမ်းအတွက် အသုံးပြုသော စာရွက်များစွာရှိသည်။ တခါတရံ ပွဲတော်များ အတောအတွင်း အရာရှိများကို ဆုလာဘ်အဖြစ် ထိုစာရွက်များကို ပေးသနားသော်လည်း သာမန်လူများကတော့ မည်မျှကြွယ်ဝချမ်းသာစေကာမူ ဝယ်ယူ၍ မရနိုင်ပေ။
တာအိုဂိုဏ်းများ အသုံးပြုကြသော အဆောင်စာရွက်များက အဆောင်ဖန်တီးရန်ဖြစ်ပြီး တာအိုအဆောင်များကတော့ ရိုးရာအစဉ်အလာအရ ဤကမ္ဘာကြီးထဲတွင် ရှိနေသော အဆောင်အားလုံး၏ အခြေခံအုတ်မြစ်ဟုလည်း သတ်မှတ်နိုင်သည်။ ထိုအရာကို အဆောင်ဂိုဏ်းခွဲအားလုံး၏ ဘိုးဘေးများပင် လေးစားကြရ၏။ သို့သော် အဆောင်ဟူသည်မှာ အဆောင်စာရွက်ပေါ်တွင် ရေးသားထားရန် မလိုအပ်ပေ။
ဉာဏ်အလင်းပွင့်နေသော ပညာရှင်များက တာအိုလမ်းစဉ် သင်ကြားမှုများကို လိုက်နာပြီး အဆောင်စာရွက် မလိုအပ်ဘဲ လေထဲတွင် အဆောင်ဖန်တီးနိုင်စွမ်း ရှိကြသည်။
ထို့ပြင် စစ်ကျောင်းပညာရှင်များကလည်း ကွန်ဖြူးရှပ် စာသင်သားများကဲ့သို့ ကိုယ်ပိုင်အဆောင်များ ရှိနေကြ၏။ သို့သော် သူတို့၏အဆောင်များကတော့ စစ်ကျောင်းအဆောင်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် အနည်းငယ် ပို၍ရှုပ်ထွေးသည်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် သာမန်စာရွက်တစ်ခုကို ထိုအဆောင်များအတွက် အသုံးပြုနိုင်ပြီး သာမန်စကားလုံးက မတူညီသော အမျိုးအစား ရှိနေသည့် စာရွက်(၇)ခု၊ (၈)ခုလောက်အဖြစ် ခွဲခြားသွားခဲ့သည်။ ထိုအရာက သူတို့ကို ဖန်တီးထားသော လက်ရေးပညာရှင်အပေါ် မူတည်နေခဲ့၏။
တစ်ဖက်တွင်တော့ ဗုဒ္ဓပညာရှင်များက သူတို့၏လက်တံဆိပ်များကို အလေးထားပြီး ဗုဒ္ဓလမ်းစဉ်အဆောင်များလည်း ရှိနေသေးသည်။ သို့သော် သူတို့ကတော့ အတော်လေးကို ရှားပါး၏။
“ဒီအဆောင်မှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းရည်တွေ ရှိနေတာလဲ…”
လင်းရှို့ယီက စိတ်ဝင်တစား မေးလိုက်သည်။ ချွေးချန်းက ထိုရွှေဖုန်မှုန့်အဆောင်ကို သူ၏အင်္ကျီလက်ထဲသို့သိမ်းပြီး ဂရုတစိုက် ပြန်ဖြေလိုက်၏။
“မင်းက အလယ်ဘုံ(၅)ဆင့်ကို ရောက်တဲ့အချိန်ကျရင် သိပါလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ မင်းရဲ့ရည်ရွယ်ချက်အတိုင်း နှလုံးကြိုးတွေကို စိတ်ကူးပုံဖော်နိုင်လိမ့်မယ်။ မင်းရဲ့ကျင့်စဉ်အဆင့်က မြင့်တက်လာပြီး မင်းရဲ့တာအိုကျင့်ကြံမှုက မြင့်လာတာနဲ့အမျှ မင်းပိုင်ဆိုင်တဲ့ နှလုံးကြိုးအရေအတွက်နဲ့ သိပ်သည်းမှုကလည်း ပိုပြီးတော့ များလာလိမ့်မယ်။ အဲဒါက အဝေးကနေတောင် ပစ္စည်းတွေကို စစ်ဆေးနိုင်တယ်လို့ ဆိုလိုတာပဲ…”
လက်ရှိအချိန်တွင် လင်းရှို့ယီကတော့ အဆင့်(၃)အထွဋ်အထိပ်ကို ရောက်နေသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ လအနည်းငယ်လေးအတွင်း ထိုအဆင့်ကို ရောက်သည်မှာ အလွန်အံ့ဩစရာကောင်းသော တိုးတက်မှုဖြစ်ပြီး ထိုသို့လျင်မြန်သော တိုးတက်မှုအရှိန် ရှိနေသည်မှာ လင်းရှို့ယီဆီ၌ ထူးခြားသော ကျင့်ကြံရေးပါရမီနှင့် အိုက်လျန်၏ နဂါးအရက်ကြောင့်ဖြစ်သည်။
တချို့ချမ်းသာကြွယ်ဝသောလူများကတော့ မုဆိုးများဆီမှ မြွေကြီးများကို ဝယ်လိုကြပြီး သူတို့၏သည်းခြေကျောက်ကို အရက်နှင့် ပေါင်းစပ်၍ အံ့ဩစရာကောင်းသော ဆေးများ ပေါင်းစပ်ဖန်တီးကြသည်။ တက်လှမ်းခြင်းအဆင့် မဟာနတ်ဆိုးတစ်ကောင်၏ နတ်ဆိုးဝင်ရိုးနှင့် ပေါင်းစပ်ထားသော ဆေးတစ်ခုက မည်မျှပြင်းထန်လဲဟူသည်ကို စိတ်ကူးကြည့်၍ပင် ရနိုင်သည်။
ချွေးချန်းက အပြုံးနှင့် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
“အိုက်လျန်က မင်းရဲ့ကျင့်ကြံမှုခရီးလမ်းအစောပိုင်းမှာ မင်းရဲ့ဆရာတစ်ယောက် ဖြစ်နေတယ်။ မင်းက ဒီအခွင့်အရေးကိုကျေးဇူးတင်သင့်တယ်။ မဟုတ်ရင်တော့ ငါက…”
“မင်းက ဘာလုပ်မှာလဲ…”
လင်းရှို့ယီက တည့်တည့်သာ ပြန်မေးလိုက်သည်။
“ငါက မင်းကိုတော်တော်လေး ဆန့်ကျင်မိမှာပဲ…”
ချွေးချန်းက အပြုံးနှင့်ပြောလိုက်၏။
မူလတုန်းကတော့ “ငါ မင်းကို သတ်ပစ်မည်”ဟု သူက ပြောချင်နေသော်လည်း နောက်ဆုံးတွင်တော့ သူ့စကားကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
သူ၏သွေးကြောထဲတွင် ဖောင်းကားနေသည့် ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် လင်းရှို့ယီက နောက်တစ်ကြိမ် မျက်လုံးမှိတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို အသုံးချ၍ စွမ်းအင်များကို စုဆောင်းနေပြီး အင်မော်တယ် တံတားကို ဆက်လက်တည်ဆောက်နေခဲ့သည်။
ထိုအချိန်တွင် ချွေးချန်က စံအိမ်ထဲမှ ခုန်ထွက်သွားပြီး လင်းရှို့ယီဆီမှ ငှားယူထားသော ရွှေဖုန်မှုန့်အဆောင်ကိုကိုင်၍ ရေတွင်းအိုကြီးဆီကို လျှောက်သွားခဲ့၏။
“ချွေးတုံရှန်း မင်း ဘာလုပ်တာလဲ…”
လင်းရှို့ယီက အော်ဟစ်လိုက်သည်။
ချွေးချန်းက ရေတွင်းအစွန်သို့ လျှောက်သွားပြီး လင်းရှို့ယီကို အပြုံးနှင့် ပြန်လှည့်လိုက်ကြည့်လိုက်၏။ ထို့နောက် သူက အဆောင်ကို ခေါင်းပေါ်သို့ မြှောက်လိုက်ပြီး ညှင်သာစွာ ဝှေ့ယမ်းလိုက်သည်။
တချိန်တည်းတွင် သူက နောက်ပြန်ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရေတွင်းထဲသို့ ရောက်သွား၍ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
“ရေတွေ ဖယ်ရှားလိုက်တော့…”
Translated by Hein Htet.