အခန်း (၁၄၄)
Vol. 10 Ch. 144
ကောင်းကင်ကြီးက မှောင်မည်းနေသော်လည်း အမှန်တကယ် နောက်ကျနေခဲ့ခြင်းတော့ မရှိချေ။ ထို့ပြင် ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲတွင် ရှိနေသော ကြည်လင်ရေစက်ခြံဝန်း၏ အပြင်အဆင်က အတော်လေးကို ထူးခြားသည်။
လီဟွိုင်က အိပ်ချင်သလို မခံစားရသေးပေ။ ထို့ကြောင့် ချန်းပင်အန်းက ကျောက်စိမ်းဆံထိုးများကို စာထွင်းသည့်အလုပ်နှင့် အလုပ်များနေသည့်အချိန်တွင် လီဟွိုင်က သူ့ကို သွားစားပွဲတောင်ပေါ်မှ တောင်တန်းနတ်ဘုရား လက်ဆောင်ပေးထားသော သစ်သားသေတ္တာလေးကို စားပွဲပေါ်သို့ တင်လိုက်သည်။
ထို့နောက် သူ၏သစ်သားရုပ်သေးနှင့် ဖုန်းရွှယ်ကျောင်းဆောင်မှ ဝေ့ကျင်းပေးခဲ့သော ရွှုံ့ရုပ်ထုလေးတို့ကို သေတ္တာလေးထဲသို့ ထည့်လိုက်သည်။ ထိုအရာများနှင့်အတူ ဖယောင်းတိုင်နီမြို့မှ ဝယ်လာခဲ့သော ရေဖြတ်ကမ်းပါးစာအုပ်ကိုလည်း ထည့်လိုက်သည်။
ထိုအရာများအားလုံးကို အလွန်လှပသော သေတ္တာလေးထဲသို့ ပြောင်းထည့်လိုက်သည်ကိုပင် နေရာတချို့ ကျန်နေသေးသည်။ ထိုသစ်သားသေတ္တာလေးက အနီရောင် ဖြစ်နေသော်လည်း သွားစားပွဲတောင်မှ ဝေ့ပိုစကားအရ ထိုသေတ္တာက မြေကြီးထဲတွင် နှစ်ပေါင်းများစွာ မြှုပ်နှံခဲ့ပြီးနောက် အဝါရောင်မှ အနီရောင် တဖြည်းဖြည်း ပြောင်းလာသည်ဟုဆိုခဲ့သည်။ ထိုဖြစ်စဉ်အတောအတွင်း သစ်သားများက ပျက်စီးမသွားသည့်အပြင် အလွန်ထူးခြားသော မွှေးရနံ့တစ်ခုပါ ရှိလာခဲ့သည်။
လီဟွိုင်က သစ်သားသေတ္တာလေး၏အနားသို့ကပ်ပြီး အနံ့ခံကြည့်လိုက်ရာ မွှေးရနံ့လေးများ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ ခေါင်းအုံးဆက်သွယ်ရေးစခန်းတွင် နောက်ဆုံးအကြိမ် ရနံ့ခံခဲ့တုန်းက အချိန်နှင့် ယှဉ်လိုက်လျှင် အနည်းငယ်လေးပင် လျော့ကျသွားခြင်း မရှိပေ။
မြို့ငယ်လေးထဲမှ ထွက်လာပြီး ချောက်ကမ်းပါးကျောင်းတော်သို့ သွားခဲ့သည့် အချိန်ကတည်းကစပြီး လီဟွိုင်က အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး လမ်းတလျှောက်တွင် အကျိုးအမြတ်တချို့လည်း ရခဲ့သည်။ အခန်းထောင့်တွင် ရှိနေသော စာအုပ်သေတ္တာလေးအပြင် ထိုအဝါရောင်သေတ္တာလေး၊ ဆေးရောင်ခြယ်ရုပ်သေးနှင့် ရွှံ့ရုပ်ထုများလည်း ရှိနေသေး၏။ ထို့ပြင် ရေဖြတ်ကမ်းပါးစာအုပ်ထဲတွင် နေထိုင်သော အဖိုးတန်ငွေငါးလေးများနှင့် စာအုပ်ထဲသို့ အိုက်လျန်ထည့်ပေးခဲ့သော အစိမ်းရင့်ရောင်ငါးလေး ရှိနေခဲ့သည်။
သို့သော် လီဟွိုင်က စာဖတ်ခြင်းကို ဝါသနာမပါသော လူတစ်ယောက်ဖြစ်သည့်အတွက် ချန်းပင်အန်းက ငွေစ(၁၀)စ နီးပါးခန့်သုံးပြီး ဝယ်ထားခဲ့သော စာအုပ်ကို ဖတ်သည်မှာ အလွန်ရှားပါးသည်။
လီဟွိုင်က ကျောက်စိမ်းဆံထိုးပေါ်တွင် စာရေးရန် အာရုံစိုက်နေသော ချန်းပင်အန်းကို လှည့်ကြည့်လိုက်၏။ ချန်းပင်အန်းက ထိုစာအုပ်အတွက် ငွေကြေးများစွာ သုံးပေးခဲ့သော်လည်း သူကတော့ ဝယ်လာသည့် အချိန်ကတည်းကစပြီး စာအုပ်ကို ထိပင်မထိခဲ့ချေ။
ထိုအချိန်တွင် သူက စာအုပ်ကို သေချာပေါက်ဖတ်မည်ဟု ချန်းပင်အန်းကို ကတိပေးခဲ့သော်လည်း ကတိမတည်နိုင်ခဲ့သည့်အတွက် အနည်းငယ် အပြစ်ရှိနေသလို ခံစားနေရသည်။ ထို့ကြောင့် သူက အသစ်အတိုင်း ရှိနေသေးသော ရေဖြတ်ကမ်းပါးစာအုပ်ကို ဆွဲထုတ်လိုက်ပြီး စာရွက်တစ်ရွက်ကို လှန်ကြည့်လိုက်၏။ ထိုအချိန်ကျမှသာ သူလည်း အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရသည်။
ရုတ်တရက်ဆိုသလို လီဟွိုင်က အတွေးတစ်ခုပေါ်လာပြီး နဖူးကို လက်နှင့်ရိုက်၍ အင်္ကျီကော်လံကို ပြန်ချလိုက်သည်။ ထို့နောက် သူ၏အင်္ကျီထဲတွင် လီလျှိုချုပ်ထားပေးသော အိတ်ကပ်လေးကို ကိုင်ကြည့်ပြီး သေချာခေါက်ထားသော စာရွက်လေးတစ်ခုကို ဆွဲထုတ်လိုက်သည်။
သူက ချန်းပင်အန်းကို လက်ပြပြီး အပြုံးနှင့် မေးလိုက်၏။
“ချန်းပင်အန်း …
ဒါ ဘာလဲဆိုတာသိလား…”
ချန်းပင်အန်းက ဆံထိုးလေးနှင့် ဓားကို သေချာပြန်ချထားလိုက်ပြီးနောက် မေးလိုက်သည်။
“အဲဒါက ဘာလဲ…”
လီဟွိုင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး စာအိတ်ထဲမှနေ၍ သပ်သပ်ရပ်ရပ် ခေါက်ထားသော စာရွက်လေးတစ်ရွက်ကို ဆွဲထုတ်ပြီး ရှင်းပြလိုက်သည်။
“အရင်တုန်းက ကျောင်းမှာ တခြားသူတွေ အမြဲတမ်း ဝင်လိုက်ထွက်လိုက် ရှိကြတယ်။ အဆုံးမှာတော့ လီပေါင်ဖျင်၊ လင်းရှို့ယီ၊ ရှစ်ချွန်ကျား၊ တုံရှိုကျင်းနဲ့ ငါတို့(၅)ယောက်ပဲ ကျန်တော့တယ်။ ငါတို့ကို နောက်ဆုံးသင်ခန်းစာ သင်ပေးနေတဲ့အချိန် ဆရာချီက ‘ချီ’ဆိုတဲ့ စကားလုံး ရေးထားတဲ့စာရွက်တစ်ရွက်ဆီ ငါတို့အားလုံးကို ပေးခဲ့တယ်…”
“ငါတို့မှာ အချိန်ရှိရင် အဲဒီစကားလုံးလေးကို သေချာကြည့်ပြီး အတုခိုးဖို့ သူက ပြောခဲ့တယ်။ ဒါက ငါတို့ရဲ့အိမ်စာလို့လည်း ပြောခဲ့တယ်။ အဲဒီနောက်မှာတော့ ဆရာချီက ငါတို့ဆီကနေ အဲဒီစာရွက်လေးကို ပြန်မယူခဲ့ဘူး။ ဆရာချီရဲ့လက်ရေးက သပ်သပ်ရပ်ရပ် ဖြစ်တဲ့အပြင် အိမ်နီးချင်းတွေရဲ့ စာသားတွေပေါ်မှာ ရေးထားတဲ့ စကားလုံးတွေလို မဟုတ်ဘူးလို့ ငါ့အမေကတောင် ခံစားမိခဲ့တယ်။ ဒါပေမဲ့ ဆရာချီက ငါတို့ရဲ့ဆရာဖြစ်တာ တော်တော်လေးကြာနေပြီဆိုတော့ ဒီစာရွက်အပိုင်းလေးက သူ့ကို အမှတ်ရနေအောင် ရေးပေးလိုက်တာဖြစ်မယ်လို့လည်း သူက ပြောခဲ့တယ်…”
“ဒါကြောင့် ငါ့အစ်မကို အင်္ကျီမှာ လျှို့ဝှက်အိတ်ကပ်တစ်ခု ချုပ်ခိုင်းပြီး စာအိတ်လေးနဲ့ သေချာထည့်ထားခဲ့တာ။ အဲဒီနောက်မှာတော့ လီပေါင်ဖျင်နဲ့ လင်းရှို့ယီတို့ရဲ့စာရွက်တွေကို မေးတဲ့အချိန်လီပေါင်ဖျင်ကတော့ ပျောက်သွားတာကြာပြီလို့ ပြောတယ်။ လင်းရှို့ယီကတော့ သူ့အိမ်ရဲ့ လုံခြုံတဲ့နေရာမှာ သိမ်းထားတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ငါတို့ခရီးသွားနေတဲ့ အတောအတွင်း ပျက်စီးသွားမှာ မဟုတ်ဘူးလို့ ပြောတာပဲ…”
လီဟွိုင်က စာရွက်လေးကို ဖြန့်လိုက်ပြီး ခေါက်ချိုးရာကို သေချာပြန့်သွားအောင် လုပ်ဆောင်နေခဲ့သည်။ ထိုအခါ သူ၏လက်ဝါးအရွယ်အစားခန့် ရှိသော ‘ချီ’ဟူသည့် စကားလုံးလေးတစ်ခု ပေါ်လာခဲ့သည်။
လီဟွိုင်က ထိုစကားလုံးလေးကို ခဏကြာ စိုက်ကြည့်နေပြီး ချန်းပင်အန်းကို လေးလေးနက်နက် ပြောလိုက်၏။
“ငါက မင်းကို ဒီစာရွက်ပေးချင်တယ် ချန်းပင်အန်း။ ငါက ဒါကို ဘာမှသုံးလို့လည်းမရတော့ အလုပ်ရှုပ်တယ်လေ…”
ချန်းပင်အန်းက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။
“တကယ်လို့ မင်းက ပျောက်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ ချောက်ကမ်းပါးကျောင်းတော်ကို မရောက်ခင် ငါက ထိန်းသိမ်းပေးထားလို့ရတယ်။ ဒါပေမဲ့ ဒါက မင်းတို့အတွက် ဆရာချီ ချန်ထားပေးခဲ့တဲ့ အိမ်စာဆိုမှတော့ ဆရာချီရဲ့ ကျောင်းသားဖြစ်တဲ့ မင်းတို့က သေချာပေါက် တန်ဖိုးထားပြီး သိမ်းသင့်တယ်လေ။ ဆရာချီက ငါတို့နဲ့အတူ မရှိတော့ပေမဲ့ မင်းတို့က သူ့ရဲ့စကားလုံးတွေကို အတုခိုးပြီး မရေးနိုင်ရင်တောင် မင်းအမေပြောသလိုပဲ သတိပေးချက်အနေနဲ့ သိမ်းထားသင့်တယ်.”
လီဟွိုင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုစာရွက်အပိုင်းလေးကို ရေဖြတ်ကမ်းပါးစာအုပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ထိုစာအုပ်ကို သစ်သားသေတ္တာလေးထဲသို့ ပစ်ထည့်လိုက်၏။
သူ မသိသည်မှာ ထိုစာအုပ်၏ တခြားစာမျက်နှာပေါ်တွင် နေထိုင်နေကြသော ငွေငါး(၃)ကောင်နှင့် အစိမ်းရင့်ရောင် ငါးငယ်လေးက သူတို့မူလရှိနေသောစာရွက်များမှ လျင်မြန်စွာ ထွက်လာပြီး ‘ချီ’ စကားလုံးသယ်ဆောင်ထားသည့် စာရွက်အပိုင်းလေးဆီသို့ ကူးခတ်လာကြသည်။ သူတို့က ရေထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည့်အတွက် ထိုစကားလုံး၏ ပတ်ပတ်လည်တွင် ဝမ်းမြောက်ဝမ်းသာ ကူးခတ်နေကြ၏။
လမ်းတလျှောက်တွင် အလွန်အမင်းကို ကံကောင်းသည့်အတွက် အကျိုးအမြတ်များ ရခဲ့သော လီဟွိုင်နှင့် ယှဉ်လိုက်မည်ဆိုလျှင် လင်းရှို့ယီကလည်း နိမ့်ကျနေခဲ့ခြင်း မရှိချေ။ သူက မတူညီသော အဆင့်အတန်းရှိနေသည့် ရှေးဟောင်းကျမ်းစာများကို ရရှိခဲ့သည်။ ထိုအထဲတွင် တိမ်တိုက်ပေါ်၌ ရွတ်ဖတ်ခြင်းကျင့်စဉ်နှင့် တောင်တန်းဝိညာဉ်မျိုးစုံကို ဖော်ပြထားသော တောင်တန်းရှာဖွေခြင်းမှတ်တမ်းတို့လည်း ပါဝင်နေသည်။ မျက်မမြင် တာအိုဘုန်းတော်ကြီးက ချန်းပင်အန်းကို ထိုစာအုပ်ပေးခဲ့သည့် အချိန်တွင် ချန်းပင်အန်းကလည်း မသန်စွမ်းလူငယ်လေးကို အရည်အသွေးမြင့်သော မြွေကျောက်တုံးတစ်တုံး ပေးခဲ့သည်။
ထိုအရာက သူ့ဆရာမျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသောရတနာတစ်ခုဟု ပြောခဲ့၏။ ထို့နောက် မှတ်တမ်းစာအုပ်ကို ချန်းပင်အန်းက လင်းရှို့ယီဆီသို့ လက်ဆောင်ပေးခဲ့၏။
လီပေါင်ဖျင်ကတော့ မင်္ဂလာအဆောင်ဓားနှင့် ဓားအားဖြည့်ဘူးသီးခြောက်တို့ကို ရခဲ့သည်။ ထိုအရာက ပစ္စည်း(၂)ခုသာ ဖြစ်သော်လည်း ထို(၂)ခုလုံးက အင်မော်တယ်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင်ပင် အလွန်အမင်းကို အဖိုးတန်သောရတနာများ ဖြစ်ကြသည်။
တစ်ဖက်တွင်တော့ ချန်းပင်အန်းက ဤခရီးလမ်းတွင် လူတိုင်းထက် ပို၍ကြိုးစားအားထုတ်ခဲ့သော်လည်း ညှိုးခြောက်နေသော ရွှေရောင်ကြာပန်းမျိုးစေ့လေးတစ်ခုသာ ရခဲ့သည်။ ယနေ့ထိ သူက ထိုအရာကို မည်သို့သုံးရမလဲ မသိခဲ့ချေ။ ထို့ပြင် သူက ချွေးချန်းဆီ၌ ငွေကြေးအမြောက်အများ အကြွေးတင်နေခဲ့၏။
လီဟွိုင်က စားပွဲပေါ်တွင် ခေါင်းမှီပြီး နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
“လင်းရှို့ယီက အရမ်းချမ်းသာတဲ့မိသားစုက ရောက်လာတာ။ ဒါပေမဲ့ တရားမဝင်သား တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့အဆင့်အတန်းက တော်တော်လေးကို စိတ်ပျက်ရတယ်။ ဒါကြောင့် သူက တခြားသူတွေထက်ပိုပြီး ခံစားချက်ပြင်းထန်တယ်။ သူပြောတဲ့စကားတွေကို ခေါင်းထဲထည့်မထားနဲ့ … ချန်းပင်အန်း…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
“နောက်ပိုင်း ငါ သူ့ကို သွားရှာလိုက်မယ်။ ငါတို့စကားပြောပြီးသွားရင်တော့ အကုန်လုံး အဆင်ပြေမှာပါ…”
ရုတ်တရက်ဆိုသလို လီဟွိုင်က ပြောလိုက်သည်။
“ရိုးသားတဲ့လူကောင်းတွေက အမြဲတမ်းလှည့်စားခံရတယ်။ ငါ့အဖေလည်း အဲဒီလိုပဲ။ မင်းလည်း အတူတူပဲ ချန်းပင်အန်း။ မင်းက နောက်ပိုင်း ဒီလိုရိုးသားတဲ့ လူကောင်းတစ်ယောက် မလုပ်သင့်ဘူးလို့ထင်တယ်။ မင်းက ကိုယ့်အတွက်လည်း စဉ်းစားဦး။ တခြားသူတွေရဲ့အကျိုးအတွက်ပဲ စဉ်းစားမနေနဲ့။ မဟုတ်ရင် မင်းအတွက် ဘာမှဖြစ်မလာရင် လီပေါင်ဖျင်က မင်းအတွက် ဒေါသထွက်ပြီး သေသွားလိမ့်မယ်..”
လီပေါင်ဖျင်၏အကြောင်းကိုပြောသည့်အချိန်တွင် ချန်းပင်အန်း၏မျက်နှာပေါ်၌ ရယ်ချင်နေသော အမူအရာတစ်ခု ပေါ်လာပြီး မေးလိုက်သည်။
“လီပေါင်ဖျင်က မင်းကို အမြဲပြဿနာရှာနေပေမဲ့ ဘာလို့ သူ့ကိုမတုံ့ပြန်ရတာလဲ…”
“ငါက သူ့ကိုပြန်မလုပ်ရဲဘူး။ ငါက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးလေ…”
လီဟွိုင်က တရားမျှတသော အမူအရာနှင့်ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အားရပါးရ ရယ်လိုက်၏။ ကျောက်စိမ်းဆံထိုးကို နာမည်ထွင်းနေသည့်အချိန်တွင် ခံစားနေရသော ပင်ပန်းမှုများကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
လီဟွိုင်ကလည်း ဝမ်းသာအားရရယ်လိုက်သည်။ သူသိသလောက် ပြောရမည်ဆိုလျှင် ချန်းပင်အန်းက ထိုသို့ရယ်မောသည်မှာ ရှားပါး၏။ တစ်ခုခုလုပ်ဆောင်ရာတွင်ဖြစ်စေ စကားပြောရာတွင်ဖြစ်စေ ချန်းပင်အန်းက အလွန်ဂရုစိုက်တတ်သည်။ သူကတော့ မှားယွင်းလုပ်ဆောင်မိမှာကိုကြောက်လန့်နေခဲ့၏။ ထိုအရာက သူ့အဖေနှင့် အတော်လေးတူညီသည်ဟု လီဟွိုင်က အမှတ်ရနေခဲ့သည်။
အကယ်၍ သူက ဝမ်းသာနေမည်ဆိုလျှင် နှုတ်ခမ်းကို တင်းတင်းစေ့ထားတတ်ပြီး ဝမ်းနည်းလျှင်တော့ မျက်လွှာချထားတတ်သည်။ လီဟွိုင်က ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး ချန်းပင်အန်းကို ရင်ထဲမှ စကားတချို့ပြောပြရန် ဆုံးဖြတ်လိုက်၏။
သူက စားပွဲပေါ်တွင် မှီထားပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သောအမူအရာနှင့် တိုးတိုးလေးမေးလိုက်သည်။
“ငါက ဘာလို့ လီပေါင်ဖျင်ကို အမြဲတမ်းသည်းခံနေရလဲဆိုတာ သိလား…”
“မင်းက သူ့ကိုသဘောကျလို့လား…”
ချန်းပင်အန်းက စနောက်လိုက်သည်။
“သေချာပေါက် မဟုတ်ဘူး။ ငါက ကလေးပဲ ရှိသေးတယ်…”
လီဟွိုင်က မျက်ခုံးပင့်၍ ပြောလိုက်သည်။
“ငါက လင်းရှို့ယီနဲ့ တုံရှိုကျင်းတို့လို နှာဘူးမဟုတ်ဘူး။ ငါ့အစ်မက ကျောင်းမှာရှိတဲ့ငါ့ဆီ ပစ္စည်းတစ်ခုခု ယူလာတဲ့အချိန်တိုင်း သူတို့က မျက်လုံးကျွတ်မတတ် စိုက်ကြည့်နေကြတာ။ အထူးသဖြင့် တုံရှိုကျင်းပဲ။ သူက ဆင်ခြေပေးပြီး ငါ့အိမ်ကိုလာတဲ့အချိန်တိုင်း ငါ့အစ်မ မရှိရင်တော့ နေမကောင်းတဲ့ ခွေးအကြီးလိုပဲ။ ဒါပေမဲ့ ငါ့အစ်မ အိမ်ပြန်ရောက်တာနဲ့ သူက ချက်ချင်းလှုပ်ရှားလာပြီး တစ်အိမ်လုံးရဲ့ရေတွေကို (၂)ကြိမ်လောက်တောင် ဖြည့်ပေးချင်ခဲ့တယ်…”
“ငါ့အမေက တုံရှိုကျင်းကို လင်းရှို့ယီထက် ပိုပြီးသဘောကျတယ်။ ဘာလို့လဲဆိုတော့ သူက ငါ့အဖေလို ရိုးသားတဲ့လူကောင်းတစ်ယောက်လို့ တွေးမိလို့ပဲ။ ငါ့အစ်မကတော့ လင်းရှို့ယီကို နည်းနည်းပိုပြီးတော့ ကြိုက်တယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူက စာသင်သားတစ်ယောက်နဲ့ ပိုတူလို့လေ…”
လင်းရှို့ယီနှင့် တုံရှိုကျင်းတို့အကြောင်းကို ကွေ့ဝိုက်၍ ပြောခဲ့ပြီးနောက် လီဟွိုင်၏ မျက်နှာပေါ်တွင် စိတ်ပျက်နေသည့် အမူအရာတစ်ခု အနည်းငယ်ပေါ်လာခဲ့သည်။ သူက မူလခေါင်းစဉ်သို့ ပြန်ရောက်သွားပြီး ဆက်ပြောလိုက်၏။
“ကျောင်းမှာ လူတိုင်းက ငါ့အဖေကို ဟာသလုပ်နေကြတာ။ သူက တမြို့လုံးမှာ အသုံးမကျဆုံး လူတစ်ယောက်လို့ပြောတယ်။ သူက ဘာအလုပ်မှမလုပ်ဘဲ ငါ့အမေကိုပဲ အားကိုးနေရတာလို့ ပြောခဲ့ကြတယ်…”
“အဖေတူသားဆိုတဲ့ စကားပုံလည်း ရှိတယ်လေ။ ဒါကြောင့် ငါက ကျောင်းမှာ အဆိုးဆုံးကျောင်းသား တစ်ယောက်ဖြစ်နေတာ အဓိပ္ပာယ်ရှိပါတယ်။ ဆရာချီက ငါတို့ကို စမ်းသပ်တဲ့အချိန်တိုင်း ငါက အမြဲတမ်း နောက်ဆုံးပဲရတာ…”
လီဟွိုင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်၏။
“လီပေါင်ဖျင်ကတော့ ကျောင်းမှာရှိတဲ့ လူတိုင်းထက် အချမ်းသာဆုံးမိသားစုကနေ ရောက်လာခဲ့တာ။ ဒါပေမဲ့ သူက ဘယ်သူနဲ့မှ မကစားဘူး။ လင်းရှို့ယီနဲ့တောင် မကစားဘူး။ သူက လေပွေတစ်ခုလိုပဲ သွားလာနေခဲ့တာ။ သူက စာသင်ခန်းထဲကို နောက်ဆုံးမှဝင်လာပြီး အတန်းပြီးသွားရင် ပထမဆုံး ထွက်သွားတဲ့လူတစ်ယောက်ပဲ..”
“ငါက တော်တော်လေးကို ဆူညံပြီး စိတ်ညစ်စရာကောင်းတယ်လို့ တွေးတဲ့အချိန်တိုင်း ငါ့ကိုရိုက်နှက်တတ်တယ်။ ဒါပေမဲ့ ငါ့အဖေကိုတော့ လုံးဝဟာသမလုပ်ဘူး။ တစ်ကြိမ်မှာတော့ ငါ့အဖေက ငါ့ကိုရှာဖို့ကျောင်းကို ရောက်လာခဲ့တယ်။ လူတိုင်းက သူ့ကို အထင်သေးနေပေမဲ့ လီပေါင်ဖျင်ကပဲ ငါ့အဖေကို ငါ့ဆီခေါ်လာပေးတယ်။ သူက ငါ့အဖေကို ဦးလေးလီလို့တောင် ခေါ်ခဲ့တယ်…”
“စဉ်းစားကြည့်လိုက်မယ်ဆိုရင် နောက်ထပ်ရက်အနည်းငယ်လောက်ထိ သူက ဝမ်းသာနေခဲ့တာ။ တစ်စုံတစ်ယောက်က ငါ့ရှေ့မှာ ငါ့အဖေရဲ့မကောင်းကြောင်း ပြောတဲ့အချိန်တိုင်း လီပေါင်ဖျင်က ရှေ့ထွက်လာပြီး သူတို့ပြောချင်တာ မပြောရအောင် တားဆီးပေးတတ်တယ်…”
“ငါ နားလည်ပြီ…”
ချန်းပင်အန်းက နားလည်သွားသော အမူအရာ ဖြစ်သွားခဲ့သည်။
“စကားမစပ် … မင်းမှာ မုန်းတဲ့လူမရှိဘူးလား လီဟွိုင်…”
ထိုစကားကိုကြားသည့်အခါ လီဟွိုင်က အနည်းငယ်လှုပ်ရှားသွားခဲ့သည်။
“မရှိဘူး။ ငါက အိမ်ကိုပြန်သွားပြီး အရသာရှိတဲ့ကြက်ပေါင်တစ်ချောင်းကို စားလိုက်တဲ့အချိန်တိုင်း ငါ့အဖေနဲ့ ငါ့အစ်မက ငါ့အမေ ပြောပြနေတဲ့ အသေးအဖွဲ ပြဿနာလေးတွေကို အမြဲတမ်းနားထောင်နေရတယ်။ အဲဒီအချိန် နေ့ခင်းပိုင်းမှာ ငါ့ရဲ့မပျော်ရွှင်မှုတွေ ဒေါသထွက်သလို ခံစားရတဲ့အရာတွေအားလုံးကလည်း ချက်ချင်းမေ့သွားတာပဲ…”
ချန်းပင်အန်းက မီးစလေးကို သူ၏လက်ချောင်းလေးများနှင့် ဖိလိုက်ရာ ထိုအရာက အနည်းငယ် ပို၍တောက်ပလာခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“ဒါက တော်တော်လေးစားဖို့ကောင်းတယ်…”
လီဟွိုင်၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာတစ်ခုပေါ်လာပြီး မေးလိုက်၏။
“အဲဒါက ဘာများလေးစားဖို့ကောင်းလို့လဲ။ မင်းက လက်ဗလာနဲ့ မီးစလေးကို ကိုင်နိုင်တာကမှ ပိုပြီးတော့လေးစားဖို့ကောင်းတယ်လို့ ငါ တွေးမိတယ်။ မင်းက မြက်ဖိနပ်တောင်မစီးဘဲ တောင်တန်းတွေပေါ်မှာ သွားနိုင်တယ်။ သစ်ပင် ဘယ်လိုခုတ်ရမလဲဆိုတာသိသလို ဘယ်လိုငါးဖမ်းရမလဲဆိုတာလည်း သိတယ်…”
“ငယ်ငယ်လေးကတည်းက လီပေါင်ဖျင်က သစ်ပင်ကြီးတွေပေါ်ကို တက်ရတာ သဘောကျတယ်။ သူက ပျံသန်းနိုင်ပြီလို့ အမြဲတမ်း ပြောနေတာပဲ။ တကယ်လို့ သူက မြေပေါ်ပြုတ်ကျရင်တောင် လုံးဝမငိုဘူး။ သူက သူ့ဘာသာ ပြန်ရပ်ပြီး အိမ်ကိုပြန်သွားခဲ့တယ်။ သူ့မိဘတွေနဲ့ မိသားစုထဲမှာရှိတဲ့ အကြီးအကဲတွေ သူ့ဒဏ်ရာကို သတိမထားမိအောင် သူက ညမှောင်တဲ့အထိ စောင့်ပြီးမှပဲ အိမ်ပြန်တတ်တာ။ သူက ဘာကိုမှ မကြောက်ဘူး။ ဒါပေမဲ့ သူကတောင် ဒီလောကကြီးထဲမှာ မင်းက အတော်ဆုံးနဲ့ အကောင်းဆုံး လူတစ်ယောက်လို့ တွေးတယ်…”
ချန်းပင်အန်းက သူ၏ကျောက်စိမ်းထွင်းဓားလေးကို ပြန်ကောက်ပြီး အပြုံးနှင့် ရှင်းပြလိုက်သည်။
"မင်းက နည်းနည်းကြီးလာတဲ့အချိန်ကျရင် မင်းကိုယ်တိုင်ကလည်း ဘယ်လိုလေးစားစရာကောင်းလဲဆိုတာ သိလာပါလိမ့်မယ်…”
လီဟွိုင်ကတော့ ထိုအဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပေ။ သူ့မျက်လုံးထဲတွင် မျှော်လင့်နေသော အမူအရာတစ်ခုသာပေါ်လာပြီး ဆံထိုးလေးကို စိုက်ကြည့်လိုက်၏။
“မင်းက ငါတို့ကို ဒီဆံထိုးတွေ ဘယ်အချိန်ပေးမှာလဲ…”
ချန်းပင်အန်းက နာမည်ထိုးနေခြင်းကို ရပ်တန့်လိုက်ပြီးပြန်ဖြေလိုက်သည်။
"မင်းတို့အားလုံး ချောက်ကမ်းပါးကျောင်းတော်ကိုရောက်တဲ့အချိန်ကျရင်ပေးမယ်…”
“မင်းက တောင်တန်းရှာဖွေခြင်းမှတ်တမ်းကို ဘာလို့လင်းရှို့ယီဆီ ပေးလိုက်ရတာလဲ…”
လီဟွိုင်က မေးလိုက်သည်။
“မင်းက အဲဒါကို သဘောကျတယ်ဆိုတာ ငါ ပြောနိုင်တယ်…”
ချန်းပင်အန်းက ကျောက်စိမ်းဆံထိုးလေးတစ်ခုကို ယူလိုက်ပြီး မီးရောင်အောက်တွင် သေချာဂရုတစိုက်စစ်ဆေးနေခဲ့သည်။
“ငါက အဲဒီလိုပစ္စည်းကောင်းမျိုးကို မယူနိုင်မှာ စိုးရတယ်။ ပြီးတော့ ငါက မင်းတို့အားလုံးနဲ့ အတူတူရှိနေမှတော့ လင်းရှို့ယီကို စာအုပ်ပေးလိုက်လို့လည်း နာကျင်နေစရာ မလိုဘူးလေ…”
“မင်းက တစ်ညနေဖို့အတွက်နဲ့ ငွေစ(၂၀၀၀)လောက် သုံးရတာကိုရော မနာကျင်ဘူးလား…”
လီဟွိုင်က ဂရုစိုက်ပြီး မေးလိုက်သည်။
ချန်းပင်အန်းက ကျောက်စိမ်းဆံထိုးနှင့် ကျောက်စိမ်းထွင်းဓားကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ငါက ဒီမှာရှိတဲ့ရှုခင်းတွေကို ပိုများများမြင်ရဖို့ အပြင်ဘက်ကို ထွက်လာတာ။ မဟုတ်ရင် ငါ ဒီမှာသုံးခဲ့တဲ့ ငွေကြေးတွေက ထိုက်တန်မှာ မဟုတ်တော့ဘူး…”
ထွက်ခွာသွားသော ချန်းပင်အန်း၏ နောက်ကျောကိုကြည့်ပြီး လီဟွိုင်က ပြုံးလိုက်မိသည်။ ချန်းပင်အန်း ထွက်ခွာသွားသည့်အချိန်တွင် လီဟွိုင်ကိုယ်တိုင်ကလည်း နောက်ပိုင်းတွင် သူ့အတွက် တန်ဖိုးအရှိဆုံးအရာတစ်ခု ချန်းပင်အန်းကိုပေးမည်ဟု ကျိန်ဆိုခဲ့သည်။
လမ်းတလျှောက် သူတို့က ခရီးအရှည်ကြီး သွားလာခဲ့စဉ် လီဟွိုင်က အပေါ့အလေးသွားသည့် အချိန်တိုင်း တစ်ယောက်တည်း သွားရမှာကို အလွန်ကြောက်လန့်တတ်သည့်အတွက် ချန်းပင်အန်းက အနားတွင် တိတ်တဆိတ် ရပ်စောင့်ပေးခဲ့သည်။ အကယ်၍ ထိုအရာတစ်ခုတည်းအတွက်ဆိုလျှင်ပင် သူက ချန်းပင်အန်းကို ပြန်ပေးရမည်ဖြစ်၏။
Translated by Hein Htet.