← Chapters

အခန်း (၁၄၇)

Vol. 10 Ch. 147

အခန်း (၁၄၇)

Vol. 10 Ch. 147

ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲတွင် ရေတွင်းအိုကြီး၏အနား၌ စံအိမ်တစ်ခု ရှိနေသည်။ မြက်ဖိနပ် စီးထားသော လူငယ်လေးက တစ်ယောက်တည်း တိတ်တဆိတ် ထိုင်နေခဲ့၏။ သူက လူတစ်ယောက်ကို စောင့်နေသလို ထင်မှတ်ရသည်။

အခန်းထဲတွင်တော့ ….

ကောင်လေးလီဟွိုင်က လျင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။ စားပွဲပေါ်တွင် ရှိနေသော ဆီမီးခွက်ကလည်း ငြိမ်းသွားပြီဖြစ်၏။

ထိုအချိန်တွင် ချန်းပင်အန်းက မြေပုံများစွာကို သိမ်းဆည်းထားလိုက်သည်။ တချို့ကတော့ တာ့လီအင်ပါယာ၏ တောင်ပိုင်းတွင် ရှိနေသော ပြည်နယ်များ၊ စီရင်စုများ အကြောင်းကို ပြသထားပြီး တချို့ကတော့ တာ့ဆွေအင်ပါယာ၏ ပိုင်နက်များအကြောင်းကို ဖော်ပြထားသည်။ ထိုမြေပုံများအားလုံးက သူ့ကို ရွမ်ရှို့လက်ဆောင်ပေးလိုက်ခြင်းဖြစ်၏။

ထိုမြေပုံများကို ခြင်းတောင်းထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ချန်းပင်အန်းက စားပွဲဘေးတွင် ထိုင်ချလိုက်ပြီး တူညီသော ပြဿနာတစ်ခုကို အကြိမ်ကြိမ် စဉ်းစားနေမိခဲ့သည်။ သူက ရွမ်ရှို့ကို သံသယဝင်စရာ မလိုအပ်ပေ။

သို့သော် ချွေးချန်းနှင့် နယ်မြေအရာရှိ ဝူယွမ်တို့က ပန်းပဲဆိုင်ထဲတွင် အတူတူပေါ်လာခဲ့ဖူးသည်။ ရွမ်ရှို့၏စကားအရ ထိုမြေပုံများကို နယ်မြေအရာရှိက ရက်ရက်ရောရောပေးခဲ့ခြင်း ဖြစ်၏။ ချန်းပင်အန်းနှင့် ကလေးငယ်များက တောင်ဘက်သို့ သွားလာခဲ့သည့်အချိန်တွင် ယဲ့ဖူတောင်ကြား၏အပြင်ဘက်၌ ထိုအဖွဲ့နှင့် တွေ့ခဲ့ရခြင်းဖြစ်သည်။

အတူတူသွားရန် ဆုံးဖြတ်လိုက်ပြီးနောက် ခုံရုံးဝါတိုင်းပြည်ထဲတွင် သူတို့၏ အတွေ့အကြုံများက ထူးဆန်းနေသလို ခံစားခဲ့ရသည်။ အဆုံးတွင်တော့ ချန်းပင်အန်းက စံအိမ်ထဲမှ နောက်တစ်ကြိမ် ထွက်လာပြီး ရေတွင်းအိုကြီးဘေးတွင်ထိုင်၍ ချွေးချန်းကို စောင့်နေခဲ့သည်။

…………..

မဟာမြစ်နန်းတော်ထဲတွင် အလွန်ကြောက်စရာကောင်းပြီး ဆိုးရွားသော အငွေ့အသက်တစ်ခု ပျံ့လွင့်နေခဲ့သည်။ ခန်းမကြီးတစ်ခုလုံး၏ ကြမ်းပြင်ပေါ်တွင်လည်း သွေးများ ဖုံးလွှမ်းနေခဲ့၏။ သီဆိုကခုန်သံများနှင့် စည်ကားနေခဲ့သော ခန်းမကြီးက ယခုတော့ ကမ္ဘာပျက်သကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

အဖြူရောင်ဝတ်ထားသော ချွေးချန်းက ကျောက်စိမ်းဖြူထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူ့မျက်လုံးကတော့ မလှမ်းမကမ်းနေရာတစ်ခုကို စောင့်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် မဟာမြစ်နတ်ဘုရားက ခန်းမထဲတွင် သူ့ရှေ့၌ ရပ်နေခဲ့၏။ သူက သူ၏ရေစွမ်းအင်များကို အသုံးချပြီး သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသော သွေးစီးကြောင်းများ ရနံ့ဆိုးများကို ဖယ်ရှားပစ်ခဲ့သည်။

မဟာမြစ်နတ်ဘုရားက မဟာမြစ်နန်းတော်ထဲမှ အစေခံမိန်းမလှလေးများ အားလုံးကိုလည်း မောင်းထုတ်ပစ်လိုက်သည်။ သူတို့က စကားလုံး မှားယွင်းလိုက်ရုံနှင့် ပြဿနာများတက်သွားနိုင်ပြီး လျှို့ဝှက်ချက်များ ပေါ်သွားမည်ဆိုလျှင် သေသွားနိုင်သည်။

ခုံရုံးဝါတိုင်းပြည်၏မြောက်ဘက်တွင် ရှိနေသော မြစ်(၁၈)ခုကို အုပ်ချုပ်ရသည့် အစွမ်းထက် မဟာမြစ်နတ်ဘုရား တစ်ယောက်ဖြစ်သည့်အတွက် သူတို့ကို တသားတည်းပေါင်းစည်းထားနိုင်ပြီး ထိုစည်းမျဉ်းကိုလည်း လေးလေးနက်နက် သိနေခဲ့သည်။

သူ အယုံကြည်ရဆုံး လက်အောက်ငယ်သား(၂)ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ထားသော အကြံပေးခေါင်းဆောင်ကတော့ အရက်မသောက်သလို အသားလည်း မစားချေ။ ထိုအစား သူက ရွှံ့ရုပ်ထုတစ်ခုကဲ့သို့ မတ်မတ်ထိုင်နေခဲ့၏။

ထိုအချိန်တွင် နောက်တစ်ယောက်ဖြစ်သော ဝတုတ်တုတ်ဖားပြုတ်ကတော့ နေရာတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်မှာ အသက်ကင်းမဲ့သလို ထင်မှတ်ရသည်။ သူက ယနေ့ဖြစ်ခဲ့သော သွေးထွက်သံယို အဖြစ်အပျက်များကြောင့် ကျောက်ရုပ်ဖြစ်နေသလို ထင်မှတ်ရ၏။

အနားတွင်တော့ ထန်ကျန်းက မူလနေရာတွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် တာ့လီအင်ပါယာ၏ ဝါးရွက်စိမ်းစံအိမ်မှ သူလျှိုတစ်ယောက် ဖြစ်သောသူက လက်ထဲတွင် တူတစ်စုံကိုကိုင်ပြီး တခြားလက်တစ်ဖက်တွင် အရက်ခွက်ကိုကိုင်၍ တဖြည်းဖြည်း အေးစက်လာနေသော စားသောက်ဖွယ်ရာများကို စားသုံးနေခဲ့သည်။

သူက ထိုကဲ့သို့ ကျေနပ်နှစ်သိမ့်သည့် ခံစားမှုများကို မရခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာခဲ့ပြီနည်း။ အကယ်၍ ထန်ကျန်းက နောက်ထပ်နှစ်အနည်းငယ်ကြာအောင် လူတိုင်းကို တလေးတစား ဦးညွှတ်ပြီး စကားပြောခဲ့ရမည်ဆိုလျှင် သူက တခြားသူများ၏ နောက်လိုက်တစ်ယောက်အဖြစ် အလုပ်လုပ်ရသည်ကို အသားကျသွားနိုင်သည်။

ထိုအချိန်ကျလျှင်တော့ တာ့လီအင်ပါယာ၏ မြင်းခွာများက ခုံရုံးဝါတိုင်းပြည်၏ နယ်မြေများကို ဖျက်ဆီးလိုက်သည့် အချိန်မျိုးတွင်ပင် သူက သာမန်လူတစ်ယောက်ကဲ့သို့ ဂုဏ်သိက္ခာရှိရှိ မတ်တပ်ရပ်ရန် မေ့လျော့နေပါလိမ့်မည်။

ဝိညာဉ်အဆောင်ဂိုဏ်းမှ ဖယ်ရှားခံလိုက်ရသော ကျင့်ကြံသူကလည်း အသတ်မခံလိုက်ရပေ။ သို့သော် သူကတော့ တကိုယ်လုံးချွေးများစိုရွှဲနေခဲ့၏။ သူ့အပြင် အသတ်မခံခဲ့ရသော အလွန်အမင်း ကံကောင်းသည့် တခြားလူနှစ်ယောက်လည်း ရှိနေသေးသည်။

သူတို့ကတော့ မတူညီသော နောက်ခံများမှ ရောက်လာကြသည့် လူငယ်ဓားသမား နှစ်ယောက်ဖြစ်ကြသည်။ ထိုအချိန်တွင် ချွေးချန်းက သူတို့ကို သေခြင်းတရားမှ ရှောင်လွှဲရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ခန်းမကြီးထဲတွင် ဝိညာဉ်အဆောင်ဂိုဏ်းမှ ကျင့်ကြံသူများခေါ်လာသော ‌မှော်သားရဲနှစ်ကောင် ရှိသည်။

အကယ်၍ အလယ်ဘုံ(၅)ဆင့်ကို မရောက်သေးသော ဓားသမားနှစ်ယောက်ကသာ သူတို့၏အသက်ဓားပျံကိုသုံးပြီး မှော်သားရဲတစ်ကောင်ဆီကို သတ်နိုင်ခဲ့မည်ဆိုလျှင် ချွေးချန်းက သူတို့ကို မဟာမြစ်နန်းတော်၏ အထူးဧည့်သည်များအဖြစ် သတ်မှတ်ပေးနိုင်သည် ဟု ပြောခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူတို့က ရေခဲစားစရာမြစ်၏ မဟာမြစ်နတ်ဘုရားကို ညီအစ်ကိုအဖြစ် သတ်မှတ်ချင်သည်ဆိုလျှင်ပင် ချွေးချန်းက သဘောတူမည်သာဖြစ်သည်။

ထိုကဲ့သို့ကြီးမားသော ဂုဏ်သိက္ခာတစ်ခုက ဓားသမား(၂)ယောက်၏အဆင့်အတန်းကို သိသိသာသာ မြင့်တက်သွားစေနိုင်သည်။ သူတို့က ခုံရုံးဝါတိုင်းပြည်၏ မြောက်ပိုင်းနယ်မြေထဲတွင် ချက်ချင်း နာမည်ကျော်ကြားလာနိုင်၏။

အထူးသဖြင့် ပုန်းအောင်းခြင်းနဂါးကျောင်းဆောင်မှ ချီကျင့်ကြံသူဖြစ်သည်။ သူက ကျောင်းဆောင်သခင် သဘောကျရသော တပည့်တစ်ယောက်ထက် မပိုခဲ့ပေ။ သို့သော် ယနေ့မှစ၍ သူက နောက်ထပ်ကျောင်းဆောင်သခင် ဖြစ်လာနိုင်သော ပါရမီရှင် တစ်ယောက်‌ ဖြစ်လာနိုင်သည်။ ထိုအရာတွင်သာမက မည်သူကမျှ သူ့ကို စိန်ခေါ်ရဲတော့မည်မဟုတ်ချေ။

ဓားသမား(၂)ယောက်လုံးက အဆင့်(၃)အထွဋ်အထိပ်ကိုသာ ရောက်နေကြပြီး သူတို့ အသက်ဓားပျံ၏အစွမ်းက ပျက်စီးလွယ်ပြီး ထိန်းချုပ်၍ မရနိုင်သေးပေ။ ထို့ကြောင့် မှော်သားရဲ(၂)ကောင်နှင့် သူတို့၏တိုက်ပွဲက အလွန်ပြင်းထန်ပြီး ခက်ခဲခဲ့သည်။ သူတို့က အနိုင်ရခဲ့သော်လည်း သူတို့၏နိုင်ပွဲက နိုင်သည်ဆိုရုံသာ သတ်မှတ်နိုင်သည်။ သူတို့ကလည်း ‌ဆိုးဆိုးရွားရွား ဒဏ်ရာများ ခံစားခဲ့ရ၏။ သို့သော် သူတို့၏အသက်ဓားပျံများက ပြင်းပြင်းထန်ထန် ပျက်စီးမသွားသည်မှာ ကံကောင်းသွားသည်။

ချွေးချန်းက အခြေအနေကို ကြည့်နေသေးသည့်အတွက် မည်သူကမျှ သူ့ကို မနှောင့်ယှက်ရဲကြပေ။ သို့သော် သူတို့က ထိုနေရာတွင် ထိုင်စောင့်မနေနိုင်တော့သည့်အတွက် စိမ်းပြာရောင် ဝတ်ဆင်ထားသော မဟာမြစ်နတ်ဘုရားက အသံတိုးတိုးနှင်‌့လှမ်းခေါ်လိုက်သည်။

“အင်...အင်မော်တယ်…”

ချွေးချန်းက သတိပြန်ဝင်လာပြီး ခန်းမကြီးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထို့နောက် သူက ဓားသမား(၂)ယောက်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။

“မင်းတို့(၂)ယောက်က အနိုင်ရပြီဆိုမှတော့ မင်းတို့က မဟာတာအိုလမ်းစဉ်ကို ဆက်လျှောက်လှမ်းဖို့ အခွင့်အရေးရှိသွားပြီ။ မင်းတို့(၂)ယောက်က ထွက်သွားပြီး ဒဏ်ရာကို အရင်ကုသလိုက်။ မဟာမြစ်နန်းတော်က မင်းတို့ကို အကောင်းဆုံးဆေးလုံးတွေ ပေးလိမ့်မယ်။ ပြီးတော့ မင်းတို့ရဲ့ဓားတွေကို သန့်စင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေအားလုံးလည်း ပေးလိမ့်မယ်…”

“ဆရာမရှိတဲ့ဓားသမား …

နောက်ပိုင်း မင်းက မဟာမြစ်နန်းတော်ထဲမှာ နေနိုင်ပြီး အဆင့်နိမ့်အဖွဲ့သားရာထူးကို ရမယ်။ ပုန်းအောင်းခြင်းနဂါးနန်းတော်က ဓားသမားကတော့ လောဘကြီးပြီး တဏှာကြီးတဲ့ မင်းရဲ့ဆရာကို ပြောလိုက်။ စီရင်စုထဲမှာရှိတဲ့ ပြည်နယ်အရာရှိတွေက မင်းတို့ရဲ့ပုန်းအောင်းခြင်းနဂါးကျောင်းဆောင်ကို ကျောင်းဆောင်အဖြစ်ကနေ နန်းတော်အဖြစ် အဆင့်မြှင့်ပေးဖို့ ကူညီပေးကြလိမ့်မယ်။ မဟာမြစ်နန်းတော်နဲ့ နန်းတွင်းထဲက အမတ်ကြီးတွေက တတ်နိုင်သမျှ ကူညီပေးကြလိမ့်မယ်။ သူက သတင်းကောင်းကို ထိုင်စောင့်နေဖို့ပြောလိုက်…”

ဓားသမား(၂)ယောက်က ချွေးချန်းကို ကျေးဇူးတင်စကားပြောလိုက်ပြီး ထွက်ခွာသွားခဲ့ကြသည်။

ချွေးချန်းက ထန်ကျန်းကို လှည့်ကြည့်ပြီး ပြောလိုက်၏။

“ပြန်ရောက်ရင် မင်းက အပိုအလုပ်တွေ လုပ်ဖို့မလိုတော့ဘူး။ မင်းက တခြားသူလျှိုတွေလိုပဲ အေးအေးဆေးဆေး ဆက်ပြီးတော့ နေလိုက်တော့…”

ထိုအမိန့်ကို ကြားသည့်အခါ ထန်ကျန်းက လျင်မြန်စွာ မတ်တပ်ရပ်လိုက်သည်။ သူက ထွက်သွားတော့မည့်အချိန်တွင် ချွေးချန်း၏စကားကိုကြားလိုက်ရ၏။

“မင်းက ရေတွင်းထဲက ဖားသူငယ်ဆိုတဲ့ သဘောတရားကိုနားမလည်ဘူးလား။ မင်းက စားပွဲပေါ်မှာရှိတဲ့ အရက်တွေကို ယူမသွားဘူးလား…”

ထန်ကျန်းက အနည်းငယ်တွေဝေနေခဲ့သည်။

“ဒါက တာ့လီအင်ပါယာက မင်းအပေါ် တင်နေတဲ့ အကြွေးလို့ပဲ သတ်မှတ်လိုက်ပါ။ တကယ်လို့ မင်းက ဒါကိုမယူသွားရင်တော့ မင်းပဲ ဆုံးရှုံးရလိမ့်မယ်…”

ချွေးချန်းက စိတ်မရှည်နိုင်စွာ ပြောလိုက်သည်။

ထန်ကျန်း၏မထင်မရှားမျက်နှာပေါ်တွင် အ‌လင်းရောင်တစ်ခု ပေါ်လာခဲ့သည်။ သူက လက်နှစ်ဖက်ဆုပ်လိုက်ပြီး ခန်းမကြီးထဲမှ ထွက်သွားခဲ့၏။ သူ ထွက်သွားပြီးနောက် လူတိုင်းကို ကျောပေးထားခဲ့ပြီး လက်တစ်ဖက်က ပုခုံးပေါ်သို့တင်၍ လက်တစ်ဖက်က ချွေးချန်းကို ဦးညွတ်ပြီး နောက်တစ်ကြိမ ်ပြောလိုက်သည်။ သူက ပြန်လှည့်မလာရဲသေးဘဲ သူ၏မျက်လုံးများက နီရဲနေခဲ့၏။

“သခင်ကြီး …

တာ့လီအင်ပါယာက ကျွန်တော် ထန်ကျန်းအပေါ် ဘာအကြွေးမှ မတင်ခဲ့ပါဘူး။ တကယ်လို့ ကျွန်တော်က အဝေးနယ်မြေတစ်ခုကနေ တာ့လီအင်ပါယာ တိုးတက်လာတာကို ကြည့်နေရမယ်ဆိုရင်တောင် ဒီခံစားချက်က ဒီအရက်ရဲ့ အရသာထက် အဆပေါင်း(၁၀၀၀၀)လောက် ပိုပြီးတော့သာတယ် မဟုတ်လား..”

“တခြားသူတွေကို ချီးကျူးတတ်တဲ့ မင်းရဲ့စွမ်းရည်ကတော့ တကယ့်ကိုထိပ်တန်းပါပဲ။ ဒါပေမဲ့ ငါက ဒီလိုစကားတွေကို ခံနိုင်ရည်ရှိသွားပြီ။ ကောင်းပြီ မင်းအခုသွားလို့ရပြီ..”

ချွေးချန်းက အပြုံးနှင့် ပြောလိုက်သည်။

ခန်းမအပြင်ဘက်တွင်တော့ လူငယ်လေးတစ်ယောက် မဟုတ်တော့သော တာ့လီအင်ပါယာမှ သူလျှိုက အားရပါးရရယ်ပြီး သူစိမ်းနယ်မြေပေါ်ကို နင်းဖြတ်သွားခဲ့၏။ သူ၏ခြေလှမ်းများက ပေါ့ပါးပြီး သွက်လက်နေခဲ့သည်။

လူမရှိတော့သော ခန်းမကြီးကိုကြည့်ပြီး ချွေးချန်းက ရုတ်တရက်ပြောလိုက်၏။

“ငါ့ရဲ့မျိုးရိုးနာမည်က ချွေး။ ငါက တာ့လီအင်ပါယာရဲ့မြို့တော်ကနေ ရောက်လာတာ..”

အစစ်အမှန်အဆင့်အတန်းက မြစ်ဖြတ်ဖားပြုတ်တစ်ကောင်ဖြစ်သော ခပ်ဝဝလူကြီးက လုံးဝကို အံ့ဩသွားခဲ့သည်။ မြစ်နတ်ဘုရားကတော့ အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။

ထိုအချိန်တွင် ယင်မကောင်းဆိုးရွားအကြံပေးက မတ်တပ်ရပ်လိုက်ပြီး တလေးတစား ဦးညွတ်လိုက်သည်။

“တော်ဝင်နန်းဆရာကို အရိုအသေပေးပါတယ်…”

မဟာမြစ်နတ်ဘုရားက မှင်တက်သွားခဲ့၏။ ခဏကြာပြီးနောက် သူက အခြေအနေတရပ်လုံးကို လက်ခံပြီး မှတ်ချက်ပေးလိုက်သည်။

“ဒါဆိုရင် တာ့လီအင်ပါယာရဲ့ တော်ဝင်နန်းဆရာက ကျွန်တော့်ရဲ့အိမ်ငယ်လေးကို ကိုယ်တိုင်ရောက်လာတာပေါ့…”

မြစ်ဖြတ်ဖားပြုတ်ကတော့ ကြမ်းပြင်ပေါ်တွင် နောက်တစ်ကြိမ် ဝမ်းလျားမှောက်လိုက်ပြီး ကြမ်းပြင်နှင့်နဖူးကိုထိ၍ အကြိမ်ကြိမ် အရိုအသေပေးနေခဲ့သည်။

“စီရင်စုမြို့စားဝေ့ဆီမှာ လျှို့ဝှက်ထားတဲ့ နောက်ခံတွေရှိလား။ နောက်ပိုင်းမှာ သူက ငါတို့ရဲ့လမ်းကြောင်းကို ပိတ်ထားနိုင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်လား…”

ချွေးချန်းက မေးလိုက်သည်။

မဟာမြစ်နတ်ဘုရားက ခေါင်းခါပြီးပြန်ဖြေလိုက်၏။

“ဝေ့လီက ခုံရုံးဝါတိုင်းပြည်ရဲ့တောင်ပိုင်းမှာ ဆင်းရဲတဲ့မိသားစုတစ်ခုထဲကနေ မွေးဖွားလာတာ။ နန်းတွင်းထဲမှာ သူ့ကို ထောက်ပံ့ပေးမယ့် လူတစ်ယောက်မှမရှိဘူး။ မဟုတ်ရင် ဒီစီရင်စုထဲမှာ သူက ကျွန်တော့်ကို ကပ်နေဖို့တောင် မလိုဘူး။ အခု သူ့မှာ ရွေးချယ်ခွင့်မရှိတော့ မဟာမြစ်နန်းတော် ကျေနပ်အောင်လုပ်ပေးဖို့ စာသင်သား တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့သိစိတ်ကိုတောင် သစ္စာဖောက်ခဲ့ရတယ်…”

ချွေးချန်းက လက်တစ်ဖက် ထောက်ထားပြီး လက်တစ်ဖက်ကတော့ ကျောက်စိမ်းဖြူ ခုံလက်ရန်းကို ပုတ်နေခဲ့သည်။

“အရင်တုန်းက မြောက်ပိုင်းတိုင်းပြည်တွေကို သိမ်းပိုက်တဲ့အချိန်မှာ တာ့လီအင်ပါယာကတော့ သူတို့တွေကို တစ်စစီ ဖျက်ဆီးပစ်ဖို့ပဲ အလေးထားခဲ့တယ်။ ငါတို့ကို အညံ့ခံဖို့ ငြင်းဆန်တဲ့သူတွေကို ခြွင်းချက်မရှိ သတ်ပစ်ခဲ့တယ်။ မြို့တွေ ဖျက်ဆီးတာနဲ့ လူသောင်းပေါင်းများစွာကို သတ်ပစ်တာက စုန့်ချန်ကျင့်အတွက်တော့ ထူးဆန်းမနေဘူး။ ဒါက တာ့လီအင်ပါယာရဲ့ အစွမ်းကို ပြသတဲ့ လုပ်ရပ်တစ်ခုပဲ…”

“ဒါပေမဲ့ တောင်ပိုင်းကို သိမ်းပိုက်မယ့် ငါတို့ရဲ့ခရီးလမ်းကတော့ အဲဒီလိုလွယ်ကူချောမွေ့နေမှာ မဟုတ်ဘူး။ ငါတို့ရဲ့လမ်းကြောင်းမှာ ခုံရုံးဝါတိုင်းပြည်က ပထမဆုံး စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်တယ်။ ဒါကြောင့် ငါတို့က ဒီကိစ္စကို ဒီအတိုင်းထားလို့ မရနိုင်ဘူး…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အရှေ့ပိုင်းကုန်းမြေကြီး ကန်ကြည့်ကျောင်းတော်ရဲ့ မြောက်ပိုင်းမှာရှိနေတဲ့ တိုင်းပြည်တွေကနေ တာ့လီအင်ပါယာရဲ့တောင်ဘက် ယဲ့ဖူတောင်ကြားထိ အခြေအနေတွေကို သေချာဂရုတစိုက် စောင့်ကြည့်နေ‌တယ်။ နောက်ပိုင်း ဝေ့လီလို သစ္စာရှိတဲ့အရာရှိတွေ တဖြည်းဖြည်းတိုးလာလိမ့်မယ်…”

“အရေးကြီးဆုံးအရာကတော့ ဝေ့လီက တိုင်းပြည်ရဲ့တရားဝင်မှုကို ဆုံးဖြတ်နိုင်ဖို့ လိုအပ်သလို ပြည်နယ်အရာရှိတစ်ယောက်လို အဓိကဆုံးဖြတ်နိုင်ဖို့လည်း လိုအပ်တယ်။ မတူညီတဲ့ အခြေအနေတွေအပေါ် မူတည်ပြီး တာ့လီအင်ပါယာ တပ်ဖွဲ့တွေရဲ့အရှိန်ကလည်း ပြောင်းလဲသွားလိမ့်မယ်…”

အကြံပေးက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

ချွေးချန်းက အကြံပေးကို လှည့်ကြည့်ပြီး အမိန့်ပေးလိုက်၏။

“ဝေ့လီနဲ့ ပတ်သက်ပြီး မင်းရဲ့အတွေးတွေကို ပြောပါဦး…”

အကြံပေးက အပြုံးနှင့်ပြန်ဖြေလိုက်သည်။

“ဝေ့လီက အရမ်းဉာဏ်ကောင်းပေမဲ့ လုံလောက်အောင်တော့ ဉာဏ်မကောင်းသေးဘူး။ တကယ်လို့ သူသာ တော်တော်လေးဉာဏ်ကောင်းမယ်ဆိုရင် အစောပိုင်း ပြဿနာအတွင်း နှစ်ဦးနှစ်ဖက် ပြေလည်အောင် ကြိုးစားမှာ မဟုတ်ဘူး။ သူက တခြားသူတွေနဲ့ ရင်းနှီးမှုကို ထိန်းသိမ်းဖို့ကြိုးစားနေရင်း သူ့ရဲ့သိစိတ်အတိုင်း လိုက်နာဖို့ ကြိုးစားလို့မရနိုင်ဘူး။ ဒီလိုနှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ရလဒ်မျိုးက ဒီကမ္ဘာကြီးထဲမှာ မရှိဘူး။ အနည်းဆုံးတော့ မဟာမြစ်နန်းတော် ထိန်းချုပ်ထားတဲ့ ပိုင်နက်တွေထဲမှာတော့ မရှိဘူး…”

သူက ဝိညာဉ်အဆောင်ဂိုဏ်းမှ တုန်လှုပ်နေသော သစ္စာဖောက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“ဒီလိုခြိမ်းခြောက်ပြီး လာဘ်စားတတ်တဲ့ လူတစ်ယောက်ကတော့ နည်းနည်း...”

ချွေးချန်းက မြစ်အစောင့်တစ်ယောက်ဖြစ်သော အကြံပေး၏စကားကိုဖြတ်ပြီး ဝင်ပြောလိုက်သည်။

“နည်းနည်းလား... မင်းက ဒါကိုပုံမှန်အတိုင်း ပြောနေနိုင်ပေမဲ့ လူတိုင်းက မတူညီတဲ့ အခြေအနေပေါ်မူတည်ပြီး မတူသလို တုံ့ပြန်ကြတယ်။ လူတိုင်းက ဆွေပင်ဆိုတဲ့ မင်းလို သူတို့ရဲ့တိုင်းပြည်ကို သစ္စာရှိမှာ မဟုတ်သလို လူတိုင်းက အမှန်တရားအတွက် သေခြင်းတရားကို ပြတ်ပြတ်သားသား ရွေးချယ်ချင်တာ မဟုတ်ဘူး။ မင်းက ကိုယ်တိုင်သေဆုံးဖို့ ရွေးချယ်ခဲ့တဲ့အပြင် မင်းနဲ့အတူ မိသားစုတစ်ခုလုံးကိုလည်း ဆွဲခေါ်ခဲ့တယ်…”

အကြံပေးက လှုပ်ရှားသွားခြင်းမရှိဘဲ လက်နှစ်ဖက်ဆုပ်၍တုံ့ပြန်လိုက်သည်။

“တော်ဝင်နန်းဆရာက ကျွန်တော့်ကို အထင်ကြီးနေတာပဲ…”

‌ချွေးချန်းက လက်ကာပြလိုက်ပြီး ဆွေပင်ကို ဆက်ပြောရန် အချက်ပြလိုက်သည်။

“မဟာမြစ်နန်းတော်ရဲ့နေအိမ်ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)ကျော် အတောအတွင်း ဒီစီရင်စုထဲမှာ ကိစ္စတွေ အများကြီးဖြစ်ခဲ့တယယ်။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့က ရေလှောင်ကန်ကြီးတစ်ခုကို တိတ်တဆိတ် ဖောက်ပစ်ခဲ့တယ်။ ဒါကြောင့် တချို့စီရင်စုတွေမှာ ရေကြီးပြီး မိုးခေါင်မှုတွေ ကြုံလာရတယ်။ စီရင်စုမြို့စားဝေ့ကတော့ အဲဒီကိစ္စတွေကို သိနေတဲ့အပြင် သူ့ရှေ့မှာ ရှိနေခဲ့တဲ့မြို့စားတွေ၊ ကြီးကြပ်သူတွေက တစ်ခုခုမှားနေတယ်လို့တောင် သူက သံသယဝင်ခဲ့တယ်..”

ဆွေပင်က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ သူက တိကျတဲ့ သက်သေအထောက်အထားမရှာနိုင်ဘူး။ သူတို့က မဟာမြစ်နတ်ဘုရားရဲ့အစွမ်းကိုလည်း ကြောက်ကြတယ်လေ။ ဒါကြောင့် သူတို့က ဒီပြဿနာတွေကို အလျင်အမြန် ဘေးဖယ်လိုက်ပြီး ကျွန်တော်တို့နဲ့ တစ်ချိန်လုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ စီရင်စုရုံးတော်ရဲ့စကားအရ နှစ်စဉ်နှစ်တိုင်း ရေကြီးမှုတွေ၊ မီးလောင်မှုတွေ အကြိမ်ပေါင်းများစွာကြုံခဲ့ရတာပဲ။ ပျောက်ဆုံးသွားတဲ့ မှတ်တမ်းတွေထဲမှာ ရှိနေတဲ့အရာတွေကတော့ မဟာမြစ်နန်းတော် လျှို့ဝှက်ထားချင်တဲ့ကိစ္စတွေပဲ။ တိုင်းပြည်ရုံးတော်က ကျွန်တော်တို့ကို ဝိုင်းပြီး တိုက်ခိုက်မှာကို မကြောက်ဘူး။ ကျွန်တော်တို့ရဲ့ဂုဏ်သတင်းကို မထိခိုက်ချင်ရုံလေးပဲ.”

ထိုအရာကိုရှင်းပြလိုက်ပြီးနောက် ဆွေပင်က မဟာမြစ်နတ်ဘုရားကိုလှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“သခင်ကြီးက သူ့ရဲ့ဂုဏ်သတင်းကို အလေးထားတဲ့လူတစ်ယောက်ပဲ…”

မဟာမြစ်နတ်ဘုရားက စိတ်ညစ်နေသည့် အမူအရာနှင့်ပြုံးပြီး ပြောလိုက်သည်။

“ဆွေပင် …

မင်းက မင်းရဲ့ကယ်တင်ရှင်ကို ဒီလိုမျိုး လုပ်ချင်တာလား။ တကယ်လို့ ငါကသာ မြစ်ထဲမှာ လွင့်မျောနေတဲ့ မင်းရဲ့စိတ်ဝိညာဉ်ကို စုစည်းပြီး မင်းအတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးမပေးဘူးဆိုရင် မင်းက ဘယ်နှစ်ကြိမ်လောက် လူဝင်စားဖြစ်နေမလဲတောင် မပြော‌တတ်တော့ဘူး…”

ဆွေပင်က အပြုံးနှင့် တောင်းပန်ချင်ယောင်ဆောင်လိုက်သည်။ သူကတော့ မဟာမြစ်နတ်ဘုရား၏ ကြောက်မက်ဖွယ်ရာအစွမ်းကို ကြောက်လန့်နေခြင်း မရှိသည်မှာ အံ့ဩစရာကောင်းလှသည်။

အကြံပေး၏ မျက်နှာအမူအရာ မည်းမှောင်နေပြီး သူက ချွေးချန်း၏ရှေ့တွင်ရှိနေသော အရက်ခွက်ကို ကောက်ယူလိုက်၏။ သူက တစ်ငုံသောက်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“အဲဒီဝေလီက ရည်မှန်းချက်ကြီးသလို ပါရမီလည်းရှိတယ်။ သူက လက်ရှိစီရင်စုမြို့စားအဆင့်ကို တက်လှမ်းလာဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းကိုပဲ အားကိုးခဲ့တာ။ အဲဒီအပြင် သူက ပြဿနာတွေ အများကြီးကို ခေါင်းငုံ့ပြီး သည်းခံနေနိုင်တယ်။ တကယ်လို့ သူ့လို လူတစ်ယောက်ကသာ ကျွန်တော်တို့ ထိန်းချုပ်မှုကနေ လွတ်သွားပြီးနောက်ပိုင်း မြို့တော်မှာရှိတဲ့ အမတ်ရာထူးတစ်ခုကို ရသွားမယ်ဆိုရင်၊ အထူးသဖြင့် ဘုရင်ကြီးအရမ်းယုံကြည်ရတဲ့ အထွေထွေရေးရာဌာနက လူတစ်ယောက်ဖြစ်သွားမယ်ဆိုရင်တော့ သူ့ရဲ့မကျေနပ်မှုတွေနဲ့ပေါင်းပြီး ဒီနယ်မြေထဲမှာ မဟာမြစ်နန်းတော်ကို ပစ်မှတ်ထားလာမှာကို ကြောက်ရမှာမဟုတ်လား..”

“အဲဒါကို စဉ်းစားမိတဲ့အတွက် ကျွန်တော်က မဟာမြစ်နတ်ဘုရားကိုပြောပြခဲ့တယ်။ ကျွန်တော်တို့က ဒီလိုအရာရှိမျိုးကို သေချာပေါက် အသုံးချလို့ရတယ်။ ဒါပေမဲ့ သူတို့ရဲ့စိတ်ထဲမှာ အမှန်တရားနဲ့ပတ်သက်တဲ့ ခံစားမှုတစ်ခု ရှိနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့က သူတို့ကို ဘာတာဝန်မှ ယုံယုံကြည်ကြည်ပေးလို့မရဘူး…”

ချွေးချန်းက ဆွေပင်ကို စိုက်ကြည့်လိုက်သည်။

“ဒီလိုအရေးကြီးတဲ့အရာတွေကို ထိုးဖောက်နားလည်နိုင်တယ်။ တကယ်လို့ မင်းကသာ အရာရှိ တစ်ယောက်ဖြစ်လာမယ့်အစား ကျင့်ကြံဖို့ ရွေးချယ်လိုက်မယ်ဆိုရင် အဆင့်(၁၀)ကို ရောက်နိုင်မဲ့ အခွင့်အရေးမျိုးတောင်ရှိတယ်….”

“ကျွန်တော်က အချိန်ကို နောက်ပြန်ဆုတ်လို့မရတာ ရှက်ဖို့ကောင်းတယ်…”မြစ်အစောင့်ဆွေပင်က ပေါ့ပါးသွက်လက်စွာ ပြောလိုက်သည်။

ချွေးချန်းက မတ်တပ်ရပ်လိုက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူက အမွှေးတိုင်တစ်ဝက်ကို ထုတ်လိုက်သည်။ ခန်းမထဲတွင် ရှိနေသော လူတိုင်းက ဇဝေဇဝါဖြစ်နေခဲ့၏။ တာ့လီအင်ပါယာမှ လူငယ် တော်ဝင်နန်းဆရာက ဘာများလုပ်ချင်နေသနည်း။

ချွေးချန်းက တစ်ဝက်လောင်ကျွမ်းနေသော အမွှေးတိုင်ကို လေထဲတွင် မြှောက်လိုက်သည်။ ထို့နောက် လက်ဖျောက်တီးလိုက်၏။ အမွှေးတိုင်က လင်းထိန်လာပြီး ပတ်ပတ်လည်သို့ မီးခိုးငွေ့များ ထွက်လာခဲ့သည်။ ထို‌မီးခိုးငွေ့များက လေထဲတွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ တဖြည်းဖြည်းနှင့် ငယ်ရွယ်သော မိန်းမပျိုတစ်ယောက်၏ ပုံသဏ္ဌာန် ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။

ဆွေပင်၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးတွင်တော့ တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။

“ဒါက ဘယ်လိုဖြစ်နိုင်တာလဲ…”

သူက တီးတိုးရေရွတ်လိုက်မိသည်။

မဟာမြစ်နတ်ဘုရားက မျက်မှောင်ကြုတ်လိုက်မိပြီး သူအယုံကြည်ရဆုံး အကြံပေးကို လှည့်ကြည့်လိုက်၏။ သူက တော်ဝင်နန်းဆရာ၏ ထူးခြားသောစွမ်းရည်များကို အံ့ဩနေသော်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ အတော်လေး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

မိန်းမပျို၏ပုံရိပ်က တဖြည်းဖြည်း ခိုင်မာလာပြီး သူမ၏ရုပ်ရည်ကလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ သူမက လေထဲမှနေ၍ ခန်းမထဲကို ရောက်လာခဲ့၏။ သူမက ရေပြင်ညီတောင်တန်းပေါ်တွင် ရှိနေသော အသူရာမိန်းမပျိုကျောင်းဆောင်မှ နတ်ဘုရားမဖြစ်ကြောင်း သိသာနေသည်။ သူမက လင်းရှို့ယီနှင့် ကျားကစားခဲ့ပြီး ချွေးချန်းက အမွှေးတိုင်ထွန်းရန် ယုလုကို အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

မြို့ငယ်လေးထဲမှ အဘိုးကြီးယန်ကပင် စိတ်ဝိညာဉ်ထိန်းချုပ်ရာ၌ ကျွမ်းကျင်သော တော်ဝင်နန်းဆရာ၏ အရည်အချင်းကို ချီးကျူးခဲ့ရသည်။ ထို့ကြောင့် ချွေးချန်းက ထူးခြားသော လျို့ဝှက်ကျင့်စဉ်တချို့ကိုသုံးပြီး ကျောင်းဆောင်ထဲမှ မိန်းမပျိုကို ခိုးယူလာခဲ့ကြောင်း သိသာနေခဲ့သည်။

ပုံမှန်အားဖြင့်ပြောရမည်ဆိုလျှင် တရားမဝင်ကျောင်းဆောင်မှ နတ်ဘုရားများက သူတို့၏ပိုင်နက်ထဲမှ လွတ်လပ်စွာ ထွက်သွားရန် လုံးဝမဖြစ်နိုင်ပေ။ အထူးသဖြင့် ကျင့်စဉ်အဆင့် နိမ့်ကျသော နတ်ဘုရားများ ဖြစ်ကြ၏။

ထိုမိန်းမပျိုကိုမြင်သည့်အချိန်တွင် ဆွေပင်ဟုခေါ်သော အကြံပေးက အလွန်ဒေါသထွက်သွားခဲ့သည်။ သူ့မျက်နှာက မည်းမှောင်လာပြီး သူက တုန်ရီနေသော လက်ချောင်းလေးများနှင့် မိန်းမပျိုကို လက်ညှိုးထိုးလိုက်၏။ မူလတုန်းက တည်ငြိမ်နေသော အမူအရာကလည်း လှုပ်ရှားလာပြီး ပြောလိုက်သည်။

“အရှက်မရှိတဲ့ခွေးမ...

နင်က ရေပြင်ညီတောင်ကနေ ထွက်လာရဲသေးတာလား။ နင်က သစ္စာဆိုခဲ့တာကို မေ့သွားပြီလား။ အမိုက်မ...နင်က တိုင်းပြည်အပေါ်သစ္စာမရှိတဲ့အပြင် မိဘအတွေအပေါ် တာဝန်မ‌ကျေဘူး။ နင်က အရာအားလုံးကို သစ္စာဖောက်ခဲ့တဲ့ခွေးမပဲ…”

အကြံပေးကို မြင်သည့်အချိန်တွင် မိန်းမပျိုက အလွန်စိုးရိမ်ထိတ်လန့်ပြီး ကြောက်ရွံ့သွားခဲ့သည်။ သူမက တုန်လှုပ်နေသောအသံနှင့်ပြောလိုက်၏။

“အဖေ ...”

သို့သော် ထိုစကားကို ခေါ်လိုက်ပြီးနောက် သူမက အလွန်ရှက်ရွံ့နေသလို ခံစားရသည်။ သူမက မျက်နှာကို လက်နှင့်အုပ်လိုက်ပြီး ငိုကြွေးနေခဲ့၏။ သူမ၏ပုံစံက အလွန်သနားစရာကောင်းလှသည်။

ချွေးချန်းက တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျေနပ်နေသောအသံနှင့်မေးလိုက်၏။

"မင်းက အံ့ဩသွားတာလား…”

ထို့နောက် သူက မဟာမြစ်နတ်ဘုရားကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။

“ငါက ရှုတိုင်းပြည်ရဲ့မှတ်တမ်းတွေကို ဖတ်ခဲ့ဖူးတယ်။ အဲဒီထဲမှာ ရေပြင်ညီတောင်ပေါ်မှာရှိတဲ့ အသူရာမိန်းမပျိုကျောင်းဆောင်နဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ကို မှတ်တမ်းထင်ထားတယ်။ အဲဒီဇာတ်လမ်းအရတော့ ပျက်စီးသွားတဲ့ တိုင်းပြည်က အဆင့်မြင့်အရာရှိက ရေပြင်ညီတောင်တန်းပေါ်မှာရှိတဲ့ ဧရာမသစ်ပင်ကြီးရဲ့ဘေးမှာ သူ့ရဲ့တိုင်းပြည်အတွက် ကိုယ့်ကိုယ်ကိုအသေခံသွားခဲ့တယ်…”

“ဒါပေမဲ့ သူ့မိသားစုကတော့ သူနဲ့အတူလိုက်ပြီး မသေချင်ခဲ့ဘူး။ သူတို့က တခြားနေရာတွေကို ထွက်ပြေးသွားကြတယ်။ သူ့ရဲ့အငယ်ဆုံးသမီးလေးကပဲ လည်ပင်းကို ဓားနဲ့လှီးပြီး သူနဲ့အတူ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ သူ့ရဲ့သွေးတွေက ရှေးဟောင်းသစ်ပင်ကြီးပေါ်ကို ရောက်သွားခဲ့ပြီး သူ့ရဲ့စိတ်ဝိညာဉ်က အဲဒီနေရာမှာ နေထိုင်ခွင့်ရခဲ့တယ်။ အဆုံးမှာတော့ သူက ရေပြင်ညီတောင်ရဲ့အသူရာမိန်းမပျိုဖြစ်လာတယ်။ တော်တော် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းပဲ…”

မဟာမြစ်နတ်ဘုရားက လူမရှိသော ထိုင်ခုံတစ်ခုတွင်ထိုင်ပြီး ပြုံးလိုက်သည်။

“ဒါက မှားနေတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ။ အမှန်အတိုင်းပြောရရင်တော့ အခြေအနေက လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ဆွေပင်က ထွက်ပြေးဖို့ လက်လျော့လိုက်တဲ့အချိန်မှာ ပျက်စီးသွားတဲ့ တိုင်းပြည်ရဲ့ လက်ထောက်အမတ်ကြီးနဲ့အတူ သူတို့ရဲ့သစ္စာရှိမှုကို ပြသဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ တခြားသူတွေကလည်း နံရံကိုခေါင်းနဲ့ တိုက်တဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ရွှေစားတာတွေ လုပ်ကြတယ်…”

“အမှန်အတိုင်းပြောရရင် သူရဲ့အငယ်ဆုံးသမီးကပဲ မသေချင်ခဲ့တာ။ သူက ကျောင်းဆောင်ထဲကနေ ထွက်ပြေးပေမဲ့ ဆွေပင်က သူ့ကိုဖမ်းပြီး ရှေးဟောင်းသစ်ပင်ကြီးရဲ့အောက်မှာ သူ့ဓားနဲ့ သတ်ပစ်ခဲ့တယ်။ သူက လက်တုံ့ပြန်ဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့ပေမဲ့ သူ့ရဲ့ကောင်းမှုကံတွေက ရှိနေသေးတယ်…”

“သူက သေဆုံးသွားပြီးတဲ့အချိန်မှာ တော်တော်လေး သဘောကောင်းတော့ ဖြတ်သွားဖြတ်လာ သာမန်လူတွေကို အကာအကွယ်ပေးခဲ့တယ်။ ဒါကြောင့်လည်း သူက ရှုတိုင်းပြည်ရဲ့မှတ်တမ်းထဲမှာ နာမည်ကောင်းရသွားခဲ့တာ…”

မဟာမြစ်နတ်ဘုရားက အရက်တငုံသောက်ပြီးဆက်ပြောလိုက်သည်။

“အဲဒီနောက်မှာတော့ သူ့အဖေက ကျွန်တော့်ရဲ့ လက်အောက်ငယ်သား တစ်ယောက်ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့‌ ကျွန်တော့်ရဲ့ထောက်ခံပေးမှုနဲ့ ရေပြင်ညီတောင်ရဲ့အနားမှာရှိတဲ့ မြစ်တချို့မှာ မြစ်အစောင့်ဖြစ်လာခဲ့တယ်။ ဆွေပင်က အပြစ်ရှိသလို ခံစားရလို့ဖြစ်နိုင်သလို တခြားအကြောင်းပြချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်တုံ့ပြန်ဝိညာဉ်က အဆုံးသတ်ခါနီးရောက်တဲ့အချိန် ရွှေကပ်ထားတဲ့ ရွှံ့ရုပ်ထုတစ်ခု လုပ်ပေးဖို့ လူတစ်ယောက်ကို တိတ်တဆိတ်တောင်းဆိုခဲ့တယ်။ အဲဒါကြောင့် သူ့သမီးက အသက်ရှင်နိုင်သေးတာပဲ..”

ချွေးချန်းက အံ့ဩသွားခဲ့သည်။ သို့သော် မြစ်အစောင့်ဆွေပင်ကတော့ ပို၍ပင်ဒေါသထွက်လာပြီး ကြုံးဝါးပြောဆိုလိုက်၏။

“နင်က မှော်သားရဲတစ်ကောင်ထက်တောင ်ပိုဆိုးသေးတယ်။ ငါကတော့ ဘဝတလျှောက်လုံး မှန်မှန်ကန်ကန်နဲ့ သစ္စာရှိရှိ နေခဲ့တယ်။ ဆွေကလန်က နှစ်ပေါင်း(၃၀၀)ကျော် ရှိနေပေမဲ့ အဆုံးမှာတော့ နင့်လိုအပြစ်သားတစ်ယောက်ကို ဘယ်လိုမျိုး မွေးထုတ်မိခဲ့တာလဲ..”

ချွေးချန်းက ပျင်းရိသော အမူအရာနှင့်ထိုင်နေပြီး ပါးကို လက်နှင့်ထောက်ထားခဲ့သည်။ သူက ‌ဒေါသထွက်နေသော သားအဖနှစ်ယောက်ကိုကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။

“ဆွေပင် တော်လောက်ပြီ…”

ဒေါသထွက်နေသော‌ဆွေပင်က တော်ဝင်နန်းဆရာကိုလည်း ဂရုမစိုက်နိုင်တော့ပေ။

“ကျွန်တော်က ကျွန်တော့်ရဲ့သမီးကို ဆုံးမနေတာပါ။ အဲဒါက ဘာများမှားသွားလို့လဲ..”

သူက ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းလုပ်ထားတာတွေက လုံလောက်ပြီလို့ ငါခံစားမိတယ်။ ဒါက မင်းအတွက် လုံလောက်တဲ့ အကြောင်းပြချက်ကောင်းတစ်ခုလား…”

ချွေးချန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဆွေပင် …

မလေးမစားမလုပ်နဲ့။ တကယ်လို့ မင်းက‌ နောက်ထပ်မလေးမစားပြောရဲရင် ငါက မင်းသွားတွေအားလုံးကို နှုတ်ပစ်မယ်…”

ယနေ့မဟာမြစ်နတ်ဘုရားက သူ၏လက်အောက်ငယ်သားကိုယ်စား ပထမဆုံးအကြိမ် တောင်းပန်လိုက်ခြင်းလည်းဖြစ်သည်။ သူက နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်ပြီး ချွေးချန်းကို တလေးတစား ဦးညွတ်လိုက်၏။

“ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ တော်ဝင်နန်းဆရာ…”

ချွေးချန်းက ကျောက်စိမ်းဖြူထိုင်ခုံပေါ်မှ ခုန်ထလိုက်ပြီး လက်နှစ်ဖက်ကိုထောက်၍ အကြောဆန့်လိုက်၏။

“ကောင်းပြီ ငါအခုပဲ ထွက်သွားတော့မယ်။ မဟုတ်ရင် လူတစ်ယောက်က ငါ့ကို သေချာပေါက် သံသယဝင်လာတော့မယ်…”

သူက ဧရာမစားပွဲကြီးကိုပတ်ပြီး လှေကားမှ ဆင်းသွားခဲ့သည်။ သူ၏လက်နှစ်ဖက်ကိုတော့ အင်္ကျီထဲသို့ ထည့်ထားပြီး သူက တစ်ချိန်လုံး ခေါင်းမမော့ရဲသော မိန်းမပျိုကိုကြည့်၍ ပြောလိုက်၏။

“မင်းအဖေရဲ့စကားတွေကို နားထောင်မနေနဲ့။ မင်းလို ငယ်ရွယ်ပြီး နူးညံ့တဲ့ မိန်းကလေးတစ်ယောက်က ဂီတပညာ၊ ကျားထိုးပညာ၊ လက်ရေးပညာနဲ့ ပန်းချီပညာတွေကို သင်ယူသင့်တယ်။ မင်းရဲ့နှလုံးသား လှုပ်ရှားသွားတဲ့အချိန် အခန်းထဲမှာ ပုန်းနေပြီး မင်းရဲ့ချစ်သူ‌ကို စိတ်ကူးယဉ်နေလို့လည်း ရတယ်။ ဒါကမှ အသက်ရှင်ရတဲ့ မျှော်လင့်ချက်ပဲ…”

“တောင်တန်းတွေ ဖျက်ဆီးခံရပြီး မြစ်တွေ‌ဖြတ်တောက်ခံရတာ။ သွေးသံရဲရဲတိုက်ပွဲတွေနဲ့ တိုင်းပြည်တွေ ဖျက်ဆီးခံရတာ ဘာလုပ်ရမှာလဲ။ ဒါတွေအားလုံးက မင်းအဖေလို ယောကျ်ားတွေရဲ့‌ တာဝန်မကျေပွန်မှု၊ အသုံးမကျမှုကြောင့်ပဲ။ ဒါပေမဲ့ ဆွေပင်ကတော့ မင်းကို သူနဲ့အတူ သေရွာထိ ဆွဲခေါ်လာခဲ့သေးတယ်။ တကယ်ဆို မင်းရဲ့အဖေကသာ ရှက်သင့်တာ…”

“ဘာမှမစိုးရိမ်နဲ့ နောက်ပိုင်းမဟာမြစ်နတ်ဘုရားက မင်းကိုသေချာပေါက် ကာကွယ်ပေးလိမ့်မယ်။ တကယ်လို့ မင်းအဖေက မင်းကို အပြစ်တင်ရဲရင် မဟာမြစ်နတ်ဘုရားက သူ့ကို ကောင်းကောင်းဆုံးမပေးဖို့ ပြောလိုက်…”

ဆွေပင်က ကြောင်ကြည့်နေမိခဲ့သည်။

မဟာမြစ်နတ်ဘုရားကတော့ ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။

ထိုမိန်းမပျိုက အားတင်းပြီး သူမ၏အဖေကိုခိုးကြည့်လိုက်သည်။ သို့သော် လျင်မြန်စွာ ခေါင်းငုံ့ပြီး ငိုရှိုက်၍ ပြောလိုက်၏။

“အဖေ သမီးက တာဝန်မကျေပါဘူး…”

ချွေးချန်ူက လျင်မြန်စွာ လျှောက်သွားပြီး ထိုမိန်းမပျို၏ခေါင်းကို ညှင်သာစွာ ပုတ်လိုက်သည်။

“ခွေးမလေး...”

သူက အပြုံးနှင့် အပြစ်တင်လိုက်၏။

တာ့လီအင်ပါယာ၏တော်ဝင်နန်းဆရာ ထွက်သွားတော့မည်ကိုမြင်သည့်အခါ မဟာမြစ်နတ်ဘုရားက သူ့နောက်သို့ အလျင်အမြန်ပြေးလိုက်လာပြီး တိတ်တဆိတ် ပြောလိုက်သည်။

“တော်ဝင်နန်းဆရာ …

ဒီည ဒီမှာအနားယူမသွားတော့ဘူးလား….”

“ငါက ဒီနေရာရဲ့ကြောက်မက်ဖွယ်ရာ အငွေ့အသက်တွေကိုကြောက်တယ်…”

ချွေးချန်းက ပြန်ဖြေလိုက်သည်။

မဟာမြစ်နတ်ဘုရားက ရယ်ရမလား၊ ငိုရမလားပင်မသိတော့ချေ။

တံခါးကို ရောက်သည့်အချိန်တွင် ချွေးချန်းက တိတ်ဆိတ်နေသော သားအဖ(၂)ယောက်ကို လှည့်ကြည့်ပြီးနောက် ရေခဲစားစရာမြစ်၏ မဟာမြစ်နတ်ဘုရားကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“မင်းကတော့ သူ့ထက်ပိုပြီးတော့ကံကောင်းပါတယ်။ မင်းမှာ ခေါင်းမာပြီး ရှေးရိုးဆန်တဲ့အဖေမျိုး မရှိဘူး…”

မဟာမြစ်နတ်ဘုရားက ယခင်တုန်းကထက်ပင် ပို၍ကျိုးနွံလာပြီး ပြောလိုက်သည်။

“တော်ဝင်နန်းဆရာက ကျွန်တော့်ရဲ့အဖေကို တွေ့ပြီးသွားပြီလား…”

ချွေးချန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“အဲဒီအဘိုးအိုက ငါ့ကိုတောင်တန်းထဲက အရသာရှိတဲ့ စားစရာတွေနဲ့တောင် ဧည့်ခံခဲ့သေးတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် မင်းရဲ့စားစရာတွေ၊ မိန်းမလှလေးတွေထက်တောင် ပိုပြီးတော့ကောင်းသေးတယ်…”

“ကျွန်တော်က ကျွန်တော့်အဖေနဲ့ မယှဉ်ရဲပါဘူး…”

မဟာမြစ်နတ်ဘုရားက ရယ်လိုက်သည်။

ချွေးချန်းက မဟာမြစ်နတ်ဘုရား၏ ပုခုံးကို ပုတ်လိုက်၏။

“တာ့လီအင်ပါယာက ခုံရုံးဝါတိုင်းပြည်ကို သိမ်းပိုက်တဲ့အချိန်ကျရင် ငါက ခြေထောက်နှစ်ဖက်နဲ့ ဖျက်ဆီးခဲ့တဲ့ အပျက်အစီးတွေအတွက် သေချာပေါက် လျော်ကြေးပြန်ပေးမယ်။ ပြီးတော့ ဒီကျောက်စိမ်းထိုင်ခုံက မင်းရဲ့မျိုးနွယ်စုအတွက် နည်းနည်းလေး အသုံးဝင်နိုင်တယ်။ ဒါကြောင့် မင်းအတွက် လက်ဆောင်အနေနဲ့ ထားခဲ့ပေးမယ်..”

“ကျွန်တော်က တော်ဝင်နန်းဆရာကို သစ္စာရှိရှိ အလုပ်အကြွေးပြုဖို့ဆန္ဒရှိပါတယ်..”

မဟာမြစ်နတ်ဘုရားက တည်ငြိမ်စွာပြောလိုက်သည်။

ချွေးချန်းက သူ့ကို အလေးအနက်မထားတော့ဘဲ သူ့ကို လိုက်ပို့ရန် မလိုကြောင်း မဟာမြစ်နတ်ဘုရားကို ပြောလိုက်သည်။ ထို့နောက် ချွေးချန်းက တစ်ယောက်တည်း မဟာမြစ်နန်းတော်ထဲမှ ထွက်ခွာသွားခဲ့ပြီး ရေခဲစားစရာမြစ်ထဲသို့ ခုန်ချသွားခဲ့၏။

သူ၏လက်နှင့်ခြေထောက်က လှုပ်ရှားမှု မရှိသော်လည်း သူကတော့ ရေထဲတွင် ဖြတ်သန်းသွားလာနိုင်သေးသည်။ သူက လှပစွာ ကူးခတ်သွားခဲ့သည်မှာ ရှေးအချိန်ကတည်းက ဤနေရာတွင် နေထိုင်ခဲ့သော အဖြူရောင်ရေနဂါးတစ်ကောင်ကဲ့သို့ ထင်ရသည်။ သူက ရေစီးကြောင်းအတိုင်း တဖြည်းဖြည်းနှင့် မြို့နတ်ဘုရားကျောင်းဆောင်အဟောင်း ရှိနေသော ရေတွင်းအောက်ခြေကို ရောက်လာခဲ့၏။

သူက ဆောင်းဦးကျူပင် တည်းခိုဆောင်၏အနားသို့ ချက်ချင်းပြန်မသွားခဲ့ဘဲ ထိုနေရာတွင် အချိန်တော်တော်ကြာ မလှုပ်မယှက် ရပ်နေခဲ့သည်။ သူက ရေတွင်းအောက်ခြေတွင် ရပ်နေပြီး လက်နောက်ပစ်၍ ကောင်း‌ကင်ပေါ်ကို‌မော့ကြည့်နေခဲ့၏။

ရေတွင်းပေါ်တွင် ထိုင်နေသော လူငယ်လေးက အပေါ်မှနေ၍ ရုတ်တရက် မေးလိုက်သည်။

“မင်းက ဘာလို့အပေါ်ကို တက်မလာရတာလဲ…”

“ငါက တက်မလာရဲလို့လေ…”

ချွေးချန်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

Translated by Hein Htet.

All Chapters