← Chapters

အခန်း (၁၄၈)

Vol. 10 Ch. 148

အခန်း (၁၄၈)

Vol. 10 Ch. 148

“တက်လာခဲ့…”

ချန်းပင်အန်းက ရေတွင်းအပေါ်မှနေ၍ ပြောလိုက်သည်။

“မလာဘူး…”

ချွေးချန်းက ရေတွင်းအောက်ခြေမှနေ၍ ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

ချန်းပင်အန်းက အလွန်တည်ငြိမ်သောအသံနှင့် ပြောလိုက်သည်။

“ငါတို့က အရင်စကားကောင်းကောင်းပြောပြီးမှ အကြောင်းပြချက်တွေ ပြောကြရအောင်။ ငါတို့က ချက်ချင်း တိုက်ခိုက်ဖို့မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဆီမှာ ခွန်အားသက်သက်ကလွဲရင် ဘာမှမရှိဘူး။ ဒါကြောင့် ငါက ချွေးတုံရှန်းဆိုတဲ့မင်းကို တိုက်ပွဲမှာ အနိုင်ရနိုင်မှာလား…”

“ငါ လက်မခံဘူး…”

လူငယ်လေးချွေးချန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ဘာကြောင့်လဲ…”

ချန်းပင်အန်းက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ငါက အပူဒဏ်ကိုကြောက်တယ်။ ရေတွင်းအောက်ခြေမှာပိုပြီးတော့ အေးတယ်လေ..”

ချွေးချန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ချန်းပင်အန်းက ပင့်သက်ရှိုက်ပြီး မတ်တပ်ရပ်လိုက်၏။ သူက ရေတွင်းအိုကြီး၏ ပတ်ပတ်လည်တွင် ဖြည်းညင်းစွာ လှည့်ပတ်သွားလာနေခဲ့သည်။

ချွေးချန်း၏အသံက ရေတွင်းအောက်ခြေမှနေ၍ လျင်မြန်စွာ ရောက်လာပြီး နောက်တစ်ကြိမ် ပြန်ပြောလိုက်၏။

“ချန်းပင်အန်း..

ဟန်ဆောင်မနေနဲ့တော့။ မင်းက ငါ့ကို မင်းရဲ့တပည့်အဖြစ် အသိအမှတ်မပြုရင်တောင် ငါက မင်းကို ငါ့ရဲ့ဆရာအဖြစ် အသိအမှတ်ပြုတယ်။ ဒါကြောင့် ငါက မင်းကို မတိုက်ခိုက်ရဲသလို ငါက မင်းကို သတ်လည်း မသတ်ရဲဘူး။ တကယ်လို့ မင်းကသာ ငါ့ကို တိုက်ခိုက်လိုက်မယ်ဆိုရင် သေချာပေါက် ခံစားရမှာက ငါပဲ။ ပြီးတော့ မင်းရဲ့သတ်ဖြတ်ချင်စိတ်တွေက ဒီရေတွင်းတစ်ခုလုံးမှာ ပြည့်နေပြီ။ တကယ်လို့ ငါသာ မင်းတိုက်ခိုက်တာကိုခံဖို့ အပေါ်တက်လာမယ်ဆိုရင် ငါက ရူးမိုက်တာပဲ မဟုတ်ဘူးလား…”

ငယ်ရွယ်သော တော်ဝင်နန်းဆရာက အပြုံးနှင့် ပြောလိုက်သည်။

သူကတော့ သိမ့်မွေ့စွာ လှုပ်ရှားနေသော ရေလှိုင်းများထဲတွင် ရပ်နေရင်း ရေတွင်းအိုကြီး၏ နံရံအတိုင်း လက်ချောင်းလေးများကို လှုပ်ရှားနေခဲ့သည်။ ထိုနေရာတွင် ချောမွတ်ပြီး အေးစက်သော အစိမ်းရင့်ရောင် ရေညှိများ ပြည့်နှက်နေခဲ့၏။

သူ၏လေသံက တည်ငြိမ်နေသော်လည်း သူကတော့ စိတ်အေးနေနိုင်ခြင်း မရှိချေ။ အမှန်အတိုင်းပြောရလျှင် သူ့စိတ်ထဲ၌ ပို၍ပင်ပန်းနေပြီး မဟာမြစ်နန်းတော်ထဲတွင် အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့ရသည်ထက်ပင် ပို၍ဖိအားများနေသည်။

သူက ရေအောက်ထဲမှနေ၍ ရေတွင်းဆီသို့ ပြန်လာခဲ့သည့် အချိန်တွင် လူငယ်လေး ချန်းပင်အန်းက သူ့အသက်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ကြောင်း ချွေးချန်းက ပထမဆုံးအကြိမ် နားလည်လာခဲ့ရ၏။ ချန်းပင်အန်းဆီတွင် မည်ကဲ့သို့သော ကြောက်မက်ဖွယ်ရာ နည်းလမ်းများကို သိမ်းဆည်းထားကြောင်း ချွေးချန်းက မသိသော်လည်း သူ၏မသိစိတ်က အမြဲလိုလိုတိကျသည်။

ချန်းပင်အန်းက စက်ဝိုင်းပုံ လမ်းလျှောက်နေသော်လည်း သူကတော့ ရေကန်အောက်ခြေတွင် ရှိနေသော ချွေးချန်းကို အလေးမဲ့ တိုက်ခိုက်လိုခြင်း မရှိသေးပေ။

“မင်းနဲ့ နယ်မြေခံအရာရှိ ဝူယွမ်တို့က အဲဒီမြေပုံတွေကို တမင်လျှို့ဝှက်ပြီး ပေးလိုက်တာ မဟုတ်လား…”

သူက တိုက်ရိုက်မေးလိုက်သည်။

“စိတ်မကောင်းပါဘူး။ ဘာပြောတာလဲ ။ မင်း စကားကို မကြားရဘူး။ချန်းပင်အန်း … မင်း ဘာပြောလိုက်တာလဲ။ ငါ ဒီနေရာကနေ မင်းစကားတွေကို သေချာမကြားဘူး…” ချွေးချန်းက အော်ပြောလိုက်သည်။

ချန်းပင်အန်းက ခေါင်းညိတ်ပြီးပြောလိုက်၏။

“ဒါဆိုရင် ဟုတ်တယ်ပေါ့…."

"ဟမ်….. ဒါကဘယ်လိုသဘောတရားကြီးလဲ…”

ချွေးချန်းက ချက်ချင်းဆိုသလိုပင် စိုးရိမ်ထိတ်လန့်စွာ ပြောလိုက်သည်။

“ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်။ မင်းက လီပေါင်ဖျင်နဲ့ တခြားသူတွေကို ထိခိုက်အောင် လုပ်မှာလား…”

ချန်းပင်အန်းက မေးလိုက်သည်။

ချွေးချန်းက ထိုမေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ။ ထိုအစား တုံ့ပြန်ပြောဆိုလိုက်၏။

“မင်းက ငါ့အဖြေကို ယုံကြည်ပေးမှာလား…”

“မယုံဘူး…”

ချန်းပင်အန်းက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

ချွေးချန်းက ဒေါသတကြီး ခြေဆောင့်၍ ပြောလိုက်၏။

“ဒါဆိုရင် ဘာကိစ္စ ငါ့ကိုမေးနေရသေးတာလဲ…”

ချန်းပင်းအန်းက နောက်ထပ်စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ချွေးချန်းက သေချာ နားစိုက်ထောင်နေသော်လည်း အချိန်အတော်ကြာသည့် တိုင်အောင် မည်သည့်အသံမျှ မကြားရပေ။ သူက ချက်ချင်းပင် စိုးရိမ်ထိတ်လန့်လာခဲ့၏။ သူ့ခေါင်းထဲတွင်လည်း ဝမ်းနည်းနေသည့် ခံစားမှုတစ်ခု ပေါ်လာပြီး မျက်နှာပေါ်တွင်လည်း အလွန်ဆိုးရွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာကတော့ ဂူထဲမှ ထွက်လာသော ကျားတစ်ကောင် အနိုင်ကျင့်ခံနေရသလိုမျိုး ဖြစ်သည်။ အကယ်၍ သူတို့နှစ်ယောက်လုံးကသာ မဟာမြစ်နန်းတော်ထဲ၌ ရှိနေမည်ဆိုလျှင် ချန်းပင်အန်းက ထိုမျှမောက်မာစွာ လုပ်ဆောင်နိုင်ရဲမည်လော။ သူက ထိုနေရာတွင် ရှိနေသော အားအနည်းဆုံး ပုရွက်ဆိတ်ကိုပင် မောက်မောက်မာမာ ဆက်ဆံရဲဦးမည်လော။

သို့သော် ချွေးချန်းက အလွန်အမင်းကို အရေးနိမ့်နေပြီး ပြိုင်ပြော၍လည်း မရနိုင်သည်မှာ သနားစရာကောင်းလှသည်။ သူက အလျင်အမြန်ပြန်လှည့်ပြီး အော်ပြောလိုက်၏။

“ချန်းပင်အန်း….သခင်လေးချန်း…… ညီလေးချန်း… သခင်ကြီးချန်း…. ဘိုးဘေးချန်း…. မင်းက ငါ့ဆရာဖြစ်လာဖို့ ခေါင်းမာမာနဲ့ သဘောမတူခဲ့ဘူး။ မင်းက လက်မခံဘူးဆိုလည်း ထားလိုက်တော့။ ငါတို့ကြားထဲမှာ ဘာရန်ငြိုးရန်စမှ မရှိဘူး။ဘာပြဿနာမှလည်း မရှိဘူး။ ဒီတော့ မင်းက ဒီလိုမသင့်တော်တဲ့ အပြုအမူမျိုး မလုပ်ပါနဲ့လား။ တကယ်လို့ ငါတို့ရဲ့ကြားထဲမှာ ဆရာတပည့် ပတ်သက်မှုမျိုး မရှိဘူးဆိုရင်တောင် ငါတို့က အချင်းချင်း ကျင့်ကြံသူတွေအနေနဲ့ လေးစားမှုလေးတော့ ရှိသင့်တယ်မဟုတ်လား…”

နောက်ဆုံးတွင်တော့ သူက ချန်းပင်အန်း ပြောသောစကားကို ကြားလိုက်ရသည်။

“ငါက သူတို့တွေကို တာ့ဆွေအင်ပါယာထဲမှာရှိတဲ့ ကျောင်းတော်ဆီ လုံလုံခြုံခြုံနဲ့ ခေါ်သွားပေးမယ်လို့ ဆရာချီကို ကတိပေးထားတယ်…”

ရေတွင်းအောက်ခြေတွင်ရှိသော လူငယ်လေးက လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။ ရေတွင်းဘေးတွင် ရပ်နေသော မြက်ဖိနပ်နှင့် လူငယ်လေးကလည်း တိတ်ဆိတ်သွားခဲ့၏။

ချန်းပင်အန်းက ချွေးချန်းကို လုံးဝ မယုံကြည်ခဲ့ပေ။ သူက တစ်ချိန်လုံး အလွန်အမင်းကို သတိထားနေခဲ့၏။ စလာကတည်းက ချွေးချန်းဆီတွင် အကောက်ကြံချင်သော လှုပ်ရှားမှုများ ရှိနေခဲ့သည်။ ထိုအရာကိုလည်း လုံးဝသံသယဝင်စရာ မလိုအပ်ပေ။ မျက်ကန်းတစ်ယောက်ကပင် ထိုအရာကို နားလည်နိုင်မည်ဖြစ်၏။

ဥပမာအနေနှင့်ပြောရလျှင် ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲ၌ နေထိုင်ရန် ရွေးချယ်ခဲ့သည့်အရာမျိုး ဖြစ်သည်။ ချွေးချန်းက မြို့နတ်ဘုရား ကျောင်းဆောင်ကို အသုံးချပြီး ဆောင်းဦးကျူပင် တည်းခိုဆောင်အကြောင်းကို ပြောခဲ့သည်။ သူ၏ စကားလုံးများက စေတနာနှင့်ပြောသလို ထင်မှတ်ရသော်လည်း သူက တစ်ချိန်လုံး လင်းရှို့ယီ၏ ကျင့်ကြံမှုကို ငါးစာအနေနှင့် အသုံးချခဲ့ခြင်းဖြစ်သည်။

သူက အခြေအနေတစ်ရပ်လုံးကို ထိန်းချုပ်ထားပြီး ချန်းပင်အန်းက မြို့နတ်ဘုရား ကျောင်းဆောင်ဟောင်းကို မေးမြန်းရှာဖွေရန် မျှားခေါ်ခဲ့ခြင်းဖြစ်သည်။ ယဲ့ဖူတောင်ကြားမှ ထွက်လာပြီးနောက် ဤတည်းခိုဆောင်သို့ လာခဲ့ရသော သူတို့၏ခရီးလမ်းက ယခင်တုန်းကလို အခက်အခဲများ ပြည့်နေသော ခရီးစဉ်နှင့် ယှဉ်လိုက်မည်ဆိုလျှင် အဆပေါင်းများစွာ ချောမွေ့နေခဲ့သည်။

လင်းရှို့ယီက တစ်ချိန်လုံး တည်ငြိမ်စွာ လေ့ကျင့်နေခဲ့ပြီး လီဟွိုင်ကတော့ မည်သည့်အရာကိုမျှ စိတ်မဝင်စားသော ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။ လီပေါင်ဖျင်က စကားတစ်ခွန်းမျှ မပြောသော်လည်း ကျူးဝမ်နှင့် ကျူးလုတို့၏ အပြုအမူကြောင့် သေချာပေါက် စိတ်ဆင်းရဲနေနိုင်သည်။

ထို့ပြင် လီပေါင်ဖျင်က နောက်ကျောပေါ်တွင် စာအုပ်များကို သယ်ပြီး ဗဟုသုတရှာဖွေရန် ခရီးထွက်လာသည်ဟူသော စာသားနှင့်လည်း အကိုက်ညီဆုံး ဖြစ်သည်။ သူမက ထူးဆန်းသော မေးခွန်းတစ်ချို့ကို မကြာခဏ စဉ်းစားတတ်သည်။

ချီကျင့်ကြံသူ တစ်ယောက် ဖြစ်နေသော လင်းရှို့ယီ၊ အလွန်ပါရမီရှိသော လီဟွိုင်တို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် လီပေါင်ဖျင်ကသာ ဗဟုသုတရှာဖွေသော ခရီးလမ်းတွင် အခက်အခဲများစွာကို ရင်ဆိုင်ရန် ဆန္ဒရှိသည်။

ရှဲ့ရှဲ့နှင့်ယုလုတို့ကတော့ သူတို့အဖွဲ့ထဲသို့ ချွေးချန်းခေါ်လာသော လူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို သီးခြားဆီ စဉ်းစား၍ရနိုင်၏။ ချန်းပင်အန်းက လူတိုင်းအတွက် စားစရာနှင့် နေထိုင်ရန် တာဝန်ရှိသည့်အတွက် လူတိုင်းထက်ပို၍အလုပ်များသော်လည်း သူကတော့ လမ်းတစ်လျှောက်တွင် လမ်းလျှောက်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နေသေးသည်။ သူ့ဆီ၌ အချိန်ပိုရှိလျှင် သူ၏ခန္ဓာကိုယ်ကို အားဖြည့်ရန် မတ်တပ်ကျင့်စဉ်ကို လေ့ကျင့်ပြီး အားနည်းချက်များကို ဖြည့်ဆည်းနေခဲ့သည်။

သို့သော် ချန်းပင်အန်းက အကြောင်းအရာတစ်ခုကိုတော့ လုံးဝမမေ့ခဲ့ချေ။ ထိုအရာကတော့ သူ့က လီပေါင်ဖျင်တို့ကို ကာကွယ်ပြီး တာ့ဆွေအင်ပါယာထဲတွင် ရှိနေသော ကျောင်းတော်သို့ ခေါ်ဆောင်သွားရန် တာဝန်ဖြစ်သည်။

သွားစားပွဲတောင်တွင် တိုက်ခိုက်ခဲ့သော စပါးအုံးမြွေနှင့်တိုက်ပွဲအတွင်း ဖြစ်စေ၊ ဖယောင်းတိုင်နီမြို့၏ ခေါင်းအုံးဆက်သွယ်ရေးစခန်းထဲတွင် လုပ်ကြံသတ်ဖြတ်မှုနှင့် ကြုံခဲ့ရသည့် အချိန်တွင်ဖြစ်စေ၊ မိန်းကလေးချူး၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့သည့် အချိန်တွင်ဖြစ်စေ၊ ခုံရုံးဝါတိုင်းပြည်သို့ လာခဲ့သော တောင်တန်းများ၊ မြစ်များကို ဖြတ်သန်းလာခဲ့ရသည့်အချိန်တွင်ဖြစ်စေ သူက ထိုတာဝန်ကို လုံးဝမမေ့ခဲ့ချေ။

စံအိမ်အောက်တွင် ရပ်နေသော လင်းရှို့ယီက ထွက်မသွားခင် ချန်းပင်အန်းကို သတိတစ်ခု ပေးခဲ့သည်။ ချွေးတုံရှန်းက သူ့ဆီမှ တစ်စုံတစ်ခုကို ရှာဖွေချင်နေပြီး ထိုအရာက ပစ္စည်းတစ်ခု မဖြစ်နိုင်ကြောင်း သူ့ကို ပြောခဲ့သည်။ ချွေးတုံရှန်းက ကျင့်ကြံသူများ၏ မဟာတာအိုကို ထိန်းသိမ်းနိုင်ရန်အတွက် ကြီးမားသောကိစ္စတစ်ခုကို ရှာဖွေနေခြင်းလည်း ဖြစ်နိုင်သည်။

ချွေးတုံရှန်းက ကျားကစားရာတွင် အလွန်အမင်းကိုကျွမ်းကျင်ကြောင်း လီပေါင်ဖျင်က ပြောခဲ့ဖူးသည်။ သူမနှင့် လင်းရှို့ယီတို့က ခြေလှမ်းအနည်းငယ် ကြိုတင်စီစဉ်နိုင်ကြသော်လည်း ချွေးတုံရှန်း၏ ကျင့်ကြံမှုကတော့ ပို၍ထူးခြားဆန်းကြယ်ပြီး အမြင်အာရုံကလည်း ထူးခြားလှသည်။ အမှန်အတိုင်း ပြောရလျှင် အမျှော်အမြင်ရှိသော သူမ၊ လင်းရှို့ယီ၊ ရှဲ့ရှဲ့၊ ယုလုတို့ကပင် ထိုအရာကို လုံးဝခန့်မှန်းနိုင်ခြင်း မရှိပေ။

ချွေးတုံရှန်းက သူတို့နှင့် ဆော့ကစားသည့်အချိန်တွင် သူက ပထမဆုံးကျားစေ့ကို ချလိုက်ရုံသာ ရှိသေးသော်လည်း ကစားပွဲတစ်ဝက်လောက်ထိ စဉ်းစားထားပြီးသား ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ ကစားပွဲအဆုံးသတ်ထိ စဉ်းစားထားခြင်းပင် ဖြစ်နိုင်သည်။

လင်းရှို့ယီ ထွက်သွားပြီးနောက် ရေတွင်အိုကြီးကို စိုက်ကြည့်နေသော ချန်းပင်အန်း၏ ရင်ထဲတွင် ရှိနေသော အဖုအထစ်က ပို၍တင်းကျပ်လာကြောင်း ခံစားမိခဲ့သည်။ ချန်းပင်အန်းက ထိုအရာကို အချိန်ကြာမြင့်စွာ စဉ်းစားလိုက်သည့်အချိန်တွင် သူ၏ အတွေးများက ရှင်းလင်းမလာသည့်အပြင် ပို၍ရှုပ်ထွေးလာခဲ့သည်။

အဆုံးတွင်တော့ သူက ရှုပ်ထွေးသော အတွေးများကို မတတ်နိုင်ဘဲ စွန့်လွှတ်ခဲ့ရသည်။ သူက အစမှနေ၍ သီးသန့်ခွဲခြမ်း စိတ်ဖြာကြည့်နေခဲ့၏။

ဥပမာအနေနှင့် ပြောရလျှင် သူ၏မွေးရပ်မြေမြို့ငယ်လေးထဲ၌ နေထိုင်ခဲ့ချိန်တွင် ဖြစ်သည်။ သို့မဟုတ် သူတို့ ပထမဆုံး တွေ့ခဲ့ရသည့်အချိန် ဖြစ်၏။ ထိုအရာကို စဉ်းစားမိသည့်အချိန်တွင် ချန်းပင်အန်းကတော့ နယ်မြေခံအရာရှိဝူယွမ်ကို ရုတ်တရက် တွေးမိသွားသည်။ နယ်မြေခံအရာရှိ ရှိနေသည့်အချိန်၌ နယ်မြေခံရုံးတော်တစ်ခုလည်း ရှိနိုင်သည်။ အမှန်အတိုင်း ပြောရလျှင် သူနှင့်အတူ သယ်ဆောင်လာခဲ့သော မြေပုံအကြီးအသေးများ၏ အစစ်အမှန်နောက်ကြောင်းက ထိုနယ်မြေရုံးသာဖြစ်ပြီး ရွမ်ရှို့မဟုတ်ချေ။

ချန်းပင်အန်းက သူ့အခန်းဆီကို ပြန်သွားပြီး ထိုမြေပုံကို စတင်ရှာဖွေနေခဲ့၏။ သူက နှစ်နာရီနီးပါးခန့် လေ့လာနေခဲ့သည်။ ထိုသို့ဆိုရာတွင် အမှန်တရားကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် သူက ခြေရာလက်ရာတစ်ခုကိုတော့ ဝိုးတဝါး တွေ့လိုက်ရသည်။ မြေပုံပေါ်တွင် မတူညီသော ခြေရာလက်ရာများကို ပေါင်းစည်းလိုက်မည်ဆိုလျှင် ထိုအရာက (၃)မီတာနီးပါးခန့် အရှည်ထပ်ဖြည့်နိုင်သည်။ မြေပုံပေါ်တွင် (၃)မီတာနီးပါးခန့်သာ ရှိသော်လည်း ချန်းပင်အန်းတို့ကတော့ ထိုခရီးတိုလေး အတောအတွင်း အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။

ချွေးချန်းက လက်မြှောက်ပြီး ပြောလိုက်၏။

“ကောင်းပြီ ။ ငါ မင်းကို ကြောက်ပါတယ် ရပြီလား။ ငါက ကောင်းကင်ဘုံနဲ့ ကျိန်ဆိုမယ်။ ငါ ချွေးတုံရှန်းက လီပေါင်ဖျင်၊ လီဟွိုင်နဲ့ လင်းရှို့ယီတို့ ကလေး(၃)ယောက်ကို ထိခိုက်အောင် မလုပ်ဘူးလို့ ကတိပေးတယ်…”

“ချွေးတုံရှန်း....”

ချန်းပင်အန်းက ခဏကြာတွေဝေနေပြီး ဆက်ပြောလိုက်သည်။

“မင်းက အစစ်အမှန်လား…”

ချွေးချန်းက ရင်ဘတ်ကို လက်နှင့်ပုတ်လိုက်ပြီး ရေတွင်းပေါ်မှ ချန်းပင်အန်း ကြားအောင် ပြန်ပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ ငါ့ကို ယုံကြည်လိုက်ပါ…”

ထိုအချိန်တွင် အဝေးမှနေ၍ အလွန်ဝမ်းသာနေသော အသံတစ်ခုကို ကြားလိုက်ရသည်။

“ဦးလေးငယ်….

ဦးလေးငယ်က ဒီကိုရောက်နေတာပဲ…”

အနီရောင်ဝတ်စုံဝတ်ထားသော ကလေးမလေးက အဝေးမှနေ၍ လျင်မြန်စွာပြေးလာပြီး စံအိမ်ဆီသို့ ရောက်လာခဲ့သည်။ တခဏအတွင်း သူမက လက်နှစ်ဖက်ကို လေထဲသို့ ဒေါသတကြီး မြှောက်ထားခဲ့၏။ သူမက စံအိမ်ရှေ့တွင် ဆင်းသက်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်က ဒယိမ်းဒယိုင် ယိမ်းထိုးနေခဲ့သည်။

သူမက ဟန်ချက်ညီသွားသည့်အချိန်တွင် မလှမ်းမကမ်း၌ ရှိနေသော ရေတွင်းအိုကြီးဆီသို့ ပြေးသွားခဲ့၏။ ချန်းပင်အန်းက အနည်းငယ်အံ့ဩသွားခဲ့ပြီး ရယ်ရမလား ငိုရမလား မသိခဲ့ပေ။ သို့သော် ထိုအရာကို သူက တဖြည်းဖြည်း အသားကျလာသည်ဟု ခံစားနေခဲ့ရ၏။

သူက အလျင်အမြန် လျှောက်သွားပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လည်း အိပ်မပျော်ဘူးလား…”

လီပေါင်ဖျင်က ရင့်ကျက်သည့် အမူအရာနှင့် သက်ပြင်းချပြီး ပြောလိုက်သည်။

“ရှဲ့ရှဲ့က အိပ်တဲ့အချိန် အရမ်းဟောက်တယ်…”

ချန်းပင်အန်းက အပြုံးနှင့်တိတ်ဆိတ်နေခဲ့၏။

လီပေါင်ဖျင်က ချက်ချင်းပင် ရိုးသားစွာ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်… သူ အိပ်တဲ့အချိန်မှာ လုံးဝမဟောက်တာ ဝန်ခံပါတယ်။ ကျွန်မက အိမ်မက်ဆိုးတွေ‌ကြောင့် နိုးလာတာ…”

ချန်းပင်အန်းက ပြန်လှည့်လာပြီး ရေတွင်းကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အပြုံးနှင့် မေးလိုက်၏။

“ဘယ်လိုအိမ်မက်ဆိုးတွေလဲ…”

လီပေါင်ဖျင်က ခေါင်းခါပြီး ပြန်ကြည့်လိုက်၏။

“ကျွန်မ ငယ်ငယ်လေးကတည်းကစပြီး နေ့တိုင်းနီးပါး အိမ်မက်တွေ မက်တယ်။ ဒါပေမယ့် အိမ်မက်ထဲက အကြောင်းအရာတွေကို လုံးဝမမှတ်မိဘူး။ အဲဒါက အိမ်မက်ကောင်းလား အိမ်မက်ဆိုးလားဆိုတာကိုပဲ ဝိုးတဝါးမှတ်မိတယ်…”

ချန်းပင်အန်းက သူမကို စံအိမ်ဆီသို့ ဆွဲခေါ်လာခဲ့သည်။ လီပေါင်ဖျင်က မရပ်မနား ဆက်ပြောနေခဲ့၏။

“ဦးလေးငယ်..

ကျွန်မတို့က မြို့ငယ်လေးထဲကနေ ထွက်လာတာ နှစ်ဝက်လောက် ရှိသွားပြီ။ မြေပုံအရဆိုရင် ကျွန်မတို့က ဦးတည်ချက်ရဲ့ တစ်ဝက်ကျော်ကိုတောင် ရောက်လာပြီ။ အချိန်ကုန်တာလည်း မြန်လိုက်တာ။ ကျွန်မတို့ခရီးသွားတဲ့အချိန်ထက်တောင် ပိုပြီးတော့ မြန်နေတာမဟုတ်လား…”

“ဟင်း… တာ့ဆွေအင်ပါယာက အရှေ့ပိုင်းကုန်းမြေကြီးရဲ့ တောင်ဘက်စွန်းမှာရှိနေရင် အရမ်းကောင်းမှာပဲ။ ဒီလိုဆိုရင် ဦးလေးငယ်နဲ့အတူ ပင်လယ်ကြီးကို ကြည့်လို့ရနိုင်သေးတယ်။ ဦးလေးငယ် … သံအဆောင်မြစ် နဲ့ ပန်းထိုးမြစ်တို့က အရမ်းကျယ်ပြီး ရေတွေပြည့်နေတယ်။ ပင်လယ်ကြီးက ဘယ်လောက်တောင်ကြီးပြီး ရေတွေ ဘယ်လောက်တောင် များနေမလဲ။ အဲဒီမှာ နဂါးအိုမြို့လို့ခေါ်တဲ့ မြို့တစ်မြို့ရှိတယ်လို့ အစ်ကိုကြီး ပြောတာကို ကြားဖူးတယ်။ တကယ်လို့ ကျွန်မတို့ကသာ သူ့ရဲ့မြို့နံရံတွေကနေ တောင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် မီတာပေါင်းများစွာ မြင့်မားတဲ့ လှိုင်းလုံးကြီးတွေကို မြင်ရနိုင်တယ်။ အဲဒါက အရမ်းအံ့ဩစရာကောင်းတယ် မဟုတ်လား…”

ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“တကယ်လို့ငါတို့က ခရီးဝေးတစ်နေရာရာကို သွားချင်တယ်ဆိုရင် မြက်ဖိနပ်တွေစီးပြီး သေချာပေါက်သွားလို့ရတယ်။ ဒါပေမယ့် လက်ရှိငါတို့ရဲ့ဦးတည်ချက်က တာ့ဆွေအင်ပါယာထဲမှာရှိတဲ့ ကျောင်းတော်ပဲ။ ငါတို့က တာ့ဆွေအင်ပါယာရဲ့ ပိုင်နက်ထဲကို ရောက်သွားတာနဲ့ တောင်ကုန်း၊ တောင်တန်းတွေ တော်တော်နည်းသွားပြီလို့ ကြားတယ်။ အဲဒီအချိန်ကျရင် မင်းတို့က ဒီမြက်ဖိနပ်တွေကို စီးဖို့မလိုဘူး။ မင်းတို့က ပိုပြီးသက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေဝယ်လို့ရပြီ…”

လီပေါင်ဖျင်က ထူထဲပြီး ကြံ့ခိုင်သော သူမ၏မြက်ဖိနပ်လေးကို ငုံ့ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မက ဦးလေးငယ်နဲ့ ဖိနပ်အတူတူပဲ ဝယ်မယ်။ ကျွန်မက ပိုသေးတဲ့ဖိနပ်ကို ဝယ်မှာပေါ့…ကတိပေးလား……”

“တကယ်လို့ ငါက အဲဒီဖိနပ်တွေ မစီးဘဲ ဒီမြက်ဖိနပ်တွေကို ဆက်ပြီးစီးနေမယ်ဆိုရင် မင်းတို့က အရှက်ရမှာ မကြောက်ဘူးလား…”

ချန်းပင်အန်းက စနောက်လိုက်သည်။

လီပေါင်ဖျင်က အံ့ဩသွားသည့်အမူအရာနှင့် မျက်လုံးပြူးသွားပြီး ဆက်ပြောလိုက်၏။

“ဦးလေးငယ်..

အခုဦးလေးငယ်က ဟာသ ဘယ်လို ပြောရမလဲဆိုတာ သိသွားပြီလား…”

ထိုစကားကိုကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။

လီပေါင်ဖျင်က ထိုင်ခုံပေါ်တွင် ထိုင်ပြီး ခြေထောက်နှစ်ဖက်ကို လွှဲယမ်းနေခဲ့၏။ အပေါ်ကို မော့ကြည့်လိုက်သည့်အချိန်တွင် တံစက်မြိတ်တွင် ချိတ်ထားသော ခေါင်းလောင်းလေးများကို ရုတ်တရက် တွေ့သွားသည်။

“ဦးလေးငယ် …

ကျွန်မတို့ရဲ့ဆရာက ကျွန်မတို့အတွက်ကို အမြဲတမ်းစဉ်းစားပေးနေတယ်လို့ ခံစားမိတယ်…”

သူမက ရုတ်ခြည်းပြောလိုက်သည်။

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။ ကလေးမလေးက မျက်လုံး မှိတ်လိုက်ပြီး စံအိမ်၏ အနီရောင်တိုင်လုံးပေါ်တွင် ခေါင်းမှီထားခဲ့သည်။ သူမက ခေါင်းလောင်းသံလေးများကို တိတ်တဆိတ် နားထောင်နေခဲ့၏။ ဤကမ္ဘာကြီးထဲတွင် နောက်ဆုံးသော နွေဦးလေလှိုင်းက တံစက်မြိတ်မှ ခေါင်းလောင်းလေးများကို ညင်သာစွာ တိုးဝှေ့သွားသလို ခံစားနေရသည်။

“တင်း……ဒေါင်……. တင်း……ဒေါင်....”

လီပေါင်ဖျင်က အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း ခေါင်းလောင်းလေးများက နောက်တစ်ကြိမ် မမြည်တော့ပေ။ သူမက မတ်တပ်ရပ်လိုက်ပြီးနောက် စံအိမ်ဆီမှ အဝေးကို ပြေးသွားခဲ့၏။ ထိုသို့ ပြေးသွားသည့်အချိန်တွင် သူမက ပြန်လှည့်ပြီး လက်ပြရန် မမေ့ခဲ့ချေ။

“ဦးလေးငယ် … အခုကျွန်မ သွားအိပ်တော့မယ်…"

ချန်းပင်အန်းက ပြုံးလိုက်ပြီး သူမကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် ရေတွင်းအိုကြီးဆီသို့ ပြန်လာခဲ့၏။

ချွေးချန်းကတော့ ထိုနေရာတွင် တစ်ချိန်လုံးရပ်နေပြီး ရေကန်၏အောက်ခြေမှ ထွက်လာခြင်း မရှိသလို အပေါ်ကိုတက်လာခြင်းလည်း မရှိချေ။

…………

လုံချွမ်တိုင်းပြည်၏ အနောက်ဖက်တွင် ရှည်လျားသော တောင်တန်းကြီးတစ်ခု ရှိသည်။ ထိုတောင်တန်းထဲတွင် ရှိနေသော တောင်မြင့်ကြီးတစ်လုံးကတော့ လော်ပိုတောင်ဖြစ်၏။

ယခုတိုင်းပြည်အရာရှိဝူယွမ်၏ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖူယုက လော်ပိုတောင်ပေါ်တွင် တောင်တန်းနတ်ဘုရားကျောင်းဆောင် တည်ဆောက်မှုကို ကြီးကြပ်နေရသည်။ အမှန်အတိုင်းပြောရလျှင် ဝူယွမ်က သူ့ကို ဤနေရာသို့ ပို့လိုက်သည်မှာ မကြာသေးခင်အချိန်တွင် ဖူယုက မြို့ထဲ၌ အပြင်လူများနှင့် စကားများခဲ့ခြင်းကြောင့်ဖြစ်သည်။

ယခုလို အရေးကြီးသည့် အခြေအနေမျိုးတွင် ဝူယွမ်က မလိုအပ်သော ပြဿနာများကို ရှောင်ရှားချင်ခဲ့သည်။ ထို့ကြောင့် ဖူယုကို အေးအေးဆေးဆေးနေရန် စေလွှတ်လိုက်ခြင်းဖြစ်၏။

ညနက်ပိုင်း ကောင်းကင်ကြီးပေါ်၌ လမင်းကြီးနှင့်ကြယ်တာရာများ ပြည့်နှက်နေသည့်အချိန် မြို့တော်ထဲရှိ အစွမ်းထက် ကလန်တစ်ခုတွင် မွေးဖွားလာခဲ့သော လူငယ်လေးက တောင်တက်လမ်းပေါ်တွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့သည်။ သူက လော်ပိုတောင်ပေါ်တွင် ဝါးအဆောက်အဦးတစ်ခု တည်ဆောက်နေသော လူထူးဆန်းတစ်ယောက်ကိုမြင်သည့်အခါ ရပ်လိုက်သည်။

ထိုလူက ဖူယုကိုမြင်သည့်အခါ အပြုံးနှင့်မေးလိုက်၏။

“တော်ဝင်နန်းဆရာချွေးရဲ့တပည့် နယ်မြေအရာရှိဝူယွမ်ကပဲ ငါ့ကို လာရှာသင့်တာ မဟုတ်လား…”

ဖူယု၏အမူအရာက တည်ငြိမ်နေပြီး အေးအေးဆေးဆေးရှင်းပြလိုက်သည်။

“ဝူယွမ်က တော်ဝင်နန်းဆရာရဲ့ဘေးမှာ မိဖုရားကြီးချထားတဲ့ ကျားစေ့လေးတစ်ခုပဲ။ ကျွန်တော်ကတော့ နယ်မြေအရာရှိရဲ့ဘေးမှာ တော်ဝင်နန်းဆရာချထားတဲ့ ကျားစေ့တစ်ခုပဲ…”

ဖူယု၏ပုံစံက အလွန်ချောမောခန့်ညားပြီး အဆင့်မြင့်သော်လည်း အေးစက်သည့် အမူအရာရှိနေသည်။ ထိုအရာက တိုင်းပြည်ရုံးတော်ထဲတွင် ရှိနေစဉ် အလွန်သိမ်မွေ့ညင်သာပြီး ကျက်သရေရှိသော ဖူယု၏ပုံစံနှင့် လုံးဝကို ဆန့်ကျင်နေခဲ့၏။ ဖူယုက လက်တစ်ဖက်ကို ထုတ်လိုက်ပြီး လက်ဝါးဖြန့်၍ အလွန်ကြီးမားသော လျှို့ဝှက်ချက်ကြီးကို ထုတ်ဖော်ပြောခဲ့သည်။

တစ်ဖက်လူက ဖူယု၏လက်ဖဝါးပေါ်မှ အနက်ရောင်ကျားစေ့လေးကိုယူပြီး သူ့ကို ဝါးထိုင်ခုံတွင်ထိုင်ရန် အချက်ပြလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

“ငါ နားလည်ပါတယ်။ ဒီတော့ ငါတို့တွေထဲက တစ်ယောက်က ဈေးကြီးကြီး တောင်းနေပြီး တစ်ယောက်ကတော့ အပေးအယူလုပ်လို့ရပါတယ်။ တောက်ပတဲ့ လရောင်အောက်မှာ လေပြေလေညင်းလေးတွေထဲ ရပ်နေရင်း ငါတို့နှစ်ယောက်လုံးက အကျိုးအမြတ်ကိုယ်စီ လိုချင်နေကြတာပဲ မဟုတ်လား…"

ဖူယုက ခေါင်းညိတ်ပြလိုက်ပြီး နတ်ဘုရားရေတိုင်းပြည် မြောက်ပိုင်းတောင်တန်း၏ တောင်တန်းနတ်ဘုရား ဖြစ်ခဲ့ဖူးသော ထိုလူကို ကြည့်လိုက်သည်။ သူက ဝေ့ပို၏ လှောင်ရယ်သော စကားသံကြောင့် ဒေါသထွက်သွားခဲ့ခြင်းမရှိဘဲ ဝါးထိုင်ခုံလေးတွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ သူက ယခုအချိန်ထိ မပြီးသေးသော ဝါးအဆောက်အဦးကို ပြန်လှည့်ကြည့်လိုက်၏။

ထိုဝါး အဆောက်အဦးက ကြီးမားခြင်း မရှိသော်လည်း အချိန်အတော်ကြာ တည်ဆောက်ခဲ့ပြီးနောက် တစ်ဝက်ခန့်သာ ရှိသေးသည်။ ထိုအရာကလည်း ဝေ့ပိုက မြို့ငယ်လေးထဲမှ ကြံ့ခိုင်သော လူငယ်လေးများကို မငှားခြင်းကြောင့်ဖြစ်သည်။ သူက လုံချွမ်တိုင်းပြည်မှ နယ်မြေအရာရှိကို ဆက်သွယ်ပြီး လုတိုင်းပြည်မှ အကျဉ်းသားများကို ငှားလိုခြင်း မရှိချေ။

ထိုအစား သူတစ်ယောက်တည်းသာ အရာအားလုံးကို လုပ်ဆောင်ရန် ရွေးချယ်နေခဲ့သည်။ ယခု လော်ပိုတောင်နှင့် တခြားတောင်တန်း အနည်းငယ်က လူအများကို ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။ မြို့ငယ်လေးထဲမှ သစ်ခုတ်သမားများ၊ နေထိုင်သူများက လော်ပိုတောင်သို့ ထင်းခုတ်ရန် ရောက်လာကြသေးသည်။

ထိုအချိန်တွင် တခြားတောင်တန်းများကတော့ နတ်ဘုရားများ ၊ အင်မော်တယ်များ၏ လမ်းညွှန်မှုနှင့် ဧရာမစံအိမ်ကြီးများကို တည်ဆောက်နေကြသည်။ ထိုတောင်တန်းများဆီမှ နေ့စဉ်နေ့တိုင်း ဖုန်မှုန့်များလည်း ထွက်လာကြ၏။

လော်ပိုတောင်တွင် အလွန်အမင်းကို နက်ရှိုင်းသော လိုဏ်ဂူကြီးတစ်ခုရှိသည်ဟုလည်း ကြားဖူးကြသည်။ ထိုလိုဏ်ဂူ၏အနားတွင်တော့ ဧရာမခန္ဓာကိုယ်ကြီးတစ်ခု ဖန်တီးထားသော စွတ်ကြောင်းရာကြီးတစ်ခုကို တွေ့မြင်နိုင်သည်။ လက်အောက်ခံအရာရှိများနှင့် လော်ပိုတောင်တွင် တောင်တန်းနတ်ဘုရား တည်ဆောက်ရန် တာဝန်ရှိသော မြို့ငယ်လေးထဲမှ မြို့သူမြို့သားများ၏ စကားအရ အတော်များများက ရေတွင်းတစ်တွင်း လုံးပတ်အရွယ်အစားရှိသော အနက်ရောင် စပါးအုံးမြွေကြီးတစ်ကောင်ကို မြင်ကြသည်ဟု ဆိုကြသည်။

ထိုစပါးအုံးမြွေကြီးက စမ်းချောင်းထဲသို့ ရေသောက်ရန်ရောက်လာသော်လည်း သူတို့ကို မြင်သည့်အချိန်တွင် ကြောက်လန့်တကြား တိုက်ခိုက်ခြင်း၊ ရူးသွပ်သွားခြင်းမျိုး လုံးဝမရှိပေ။ ရေသောက်ပြီးသွားလျှင် တည်ငြိမ်စွာ နောက်ပြန်ဆုတ်သွားခဲ့၏။

ဝေ့ပိုက သူ့အတွက် အလွန်ထူးခြားပြီး လှပသော ဝါးယပ်တောင်လေးတစ်ခု ဖန်တီးထားခဲ့သည်။ သူက ဝါးထိုင်ခုံလေးတွင် တင်ပျဉ်ခွေ ထိုင်နေရင်း ထိုယပ်တောင်ကို အေးအေးဆေးဆေး ခပ်နေခဲ့၏။

ယခုနှစ်နွေရာသီတွင် ခြစ်ခြစ်တောက် ပူလောင်နေခြင်းမျိုး မရှိသည့်အပြင် ဆောင်းရာသီကလည်း ရောက်ခါနီးပြီဖြစ်သည်။ ထို့ကြောင့် လူတိုင်းက အံ့ဩနေကြ၏။ ရာသီဥတုကလည်း နွေရာသီမှ ဆောင်းရာသီကို တိုက်ရိုက်ခုန်ကူးတော့မည့်အလား ထင်မှတ်ရ၏။

ဖူယုက ခဏကြာ စဉ်းစားနေပြီးနောက် ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။

“ငါတို့က အဖွဲ့တွေ မတူညီကြပေမယ့် နောက်ပိုင်း သခင်ကြီးဝူက အရာရှိကောင်း တစ်ယောက် ဖြစ်လာနိုင်ပါတယ်…”

ဝေ့ပိုကတော့ စိတ်ပျက်လက်ပျက်အမူအရာနှင့် ပြောလိုက်သည်။

“ဒါဆိုရင်လည်း သူက အရင်ဆုံးအသက်ရှင်နေဖို့ လိုအပ်တယ်…”

ဖူယုက အတော်လေးကို မျက်နှာပျက်သွားခဲ့၏။

ဝေ့ပိုကတော့ ထိုအရာကို လျစ်လျူရှုထားခဲ့ပြီး သူ၏ဝါးယပ်တောင်ကိုသာ ခပ်နေခဲ့သည်။ လေလှိုင်းများက သူတို့ကို ဖြတ်တိုက်သွားသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်ဘေးဖက်ခြမ်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူက နတ်ဘုရားတစ်ပါးထက်ပင် ပို၍ ကြီးကျယ်ခမ်းနားနေပုံရ၏။

ဝေ့ပိုက ပျင်းရိစွာ ဆက်ပြောလိုက်သည်။

“အခုချိန်မှာ ငါ မင်းကို ကမ်းလှမ်းနိုင်တဲ့အရာ အများကြီးမရှိဘူး။ ဒီတော့ မင်းက ဘာကိုလိုချင်နေလဲဆိုတာ အရင်ဆုံးပြောပြတာ မကောင်းဘူးလား…”

ဖူယုက လေးလေးနက်နက် ပြောလိုက်သည်။

“မင်းက တာ့လီအင်ပါယာ မြောက်ပိုင်းတောင်ရဲ့ တရားဝင်နတ်ဘုရားဖြစ်လာနိုင်တယ်..”

ဝေ့ပို၏အမူအရာကတော့ တည်ငြိမ်နေပြီး အပြုံးနှင့် ပြန်ပြောလိုက်သည်။

“ငါထင်တာမမှားရင် တိုက်ပွဲထဲမှာ မြောက်ပိုင်းတောင်ရဲ့နတ်ဘုရားက ဒဏ်ရာမရခဲ့ဘူး။ တာ့လီအင်ပါယာရဲ့ ဘုရင်ကြီးကလည်း ဒီလိုအရေးပါတဲ့ နတ်ဘုရားအဆင့်အတန်းမျိုးကို အလွယ်တကူ ဖယ်ရှားမှာမဟုတ်ဘူးမလား…”

ဖူယုက အသံတိုးတိုးနှင့်ပြန်ဖြေလိုက်သည်။

“ဘုရင်ကြီးက ပိယွင်တောင်ကို တာ့လီအင်ပါယာရဲ့ မြောက်ပိုင်းတောင်အဖြစ် သတ်မှတ်ဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမယ့် အခုတော့ ခဏဆိုင်းငံ့ထားတယ်။ ဒါပေမယ့် မကြာသေးခင် အတောအတွင်း တိုးတက်မှုအသစ်တွေ ရှိလာတယ်ဆိုတော့ ဘုရင်ကြီးက ဒီနယ်မြေထဲကို ရဲရဲတင်းတင်း ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ…”

“အဲဒါက တကယ်ပြောနေတာလား…”

ဝေ့ပိုက မေးလိုက်သည်။

“တကယ်ပြောတာပါ…”

ဖူယုကခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

“ဒါက နည်းနည်းတော့ အလျင်လိုတယ်မဟုတ်ဘူးလား…”

ဝေ့ပိုက အပြုံးနှင့် မေးလိုက်သည်။

“တာ့လီအင်ပါယာက တာ့ဆွေတိုင်းပြည်ကို မပြောနဲ့ ခုံရုံးဝါတိုင်းပြည်ကိုတောင် မသိမ်းပိုက်ရသေးဘူး။ ဒါပေမယ့် တိုင်းပြည်ရဲ့တောင်ဘက်ဆုံးနယ်မြေထဲမှာ မြောက်ပိုင်းတောင်ကို နေရာချဖို့ စီစဉ်နေတယ်…”

ဖူယုကတော့ တိတ်တိတ်နေရန် ရွေးချယ်ပြီး ပါးစပ်ပိတ်နေခဲ့သည်။ သူက ရှင်ဘုရင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မဆင်မခြင် မှတ်ချက်မပေးရဲပေ။

ဝေ့ပိုက ဝါးယပ်တောင်ကို သိမ်းလိုက်ပြီးနောက် အချိန်တော်တော်ကြာ စဉ်းစားနေခဲ့သည်။ အဆုံးတွင်တော့ သူက ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်၏။

“တာ့လီအင်ပါယာက ငါ့ကို မငြင်းနိုင်တဲ့ ကမ်းလှမ်းမှုမျိုး ပေးလိုက်တာပဲ…”

သူက မတ်တပ်ရပ်လိုက်ပြီး သူ၏ခေါက်ယပ်တောင်နှင့် လက်ဖဝါးကိုပုတ်လိုက်သည်။ ထို့နောက် သူက ဝါးအဆောက်အဦကိုလှည့်ကြည့်လိုက်၏။

“ဟားဟား.ဟား.. ဟား. မင်းတို့ဘုရင်ကြီးက တကယ့်ကို အမြင်စူးရှတာပဲ။ ငါ ဝေ့ပိုက အိုက်လျန်ရဲ့တိုက်ခိုက်မှုကနေ အသက်ရှင်တဲ့အပြင် ကျန်းမာရေးကောင်းနေသေးတယ်။ ဒီတော့ ငါက မြောက်ပိုင်းတောင်ရဲ့နတ်ဘုရားဖြစ်ဖို့ အရည်အချင်းရှိတာထက်တောင် ပိုတယ်…”

အဆုံးတွင်တော့ သူက ဖူယုကို မျက်ခုံးပင့်၍ကြည့်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ။ မင်းက အခုပြောလို့ရပြီ။ မင်းက ငါ့ကိုဘာလုပ်စေချင်နေတာလဲ..”

ထိုအချိန်တွင် ဝေ့ပိုကတော့ ချန်းပင်အန်းတို့နှင့် တွေ့ခဲ့ဖူးသော ဆံပင်ဖြူနှင့် တောင်တန်းသခင်အိုကြီး မဟုတ်တော့ပေ။ ယခုသူက လက်ထဲတွင် အဝါရောင်ယင်းတိုက်သား သေတ္တာလေးကို သယ်ဆောင်ထားခဲ့သော ချောမော့ခန့်ညားသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူက တောင်တက်လမ်းတွင် ကလေးမလေးများ တွေ့ခဲ့သော သနားစရာလူ တစ်ယောက် မဟုတ်တော့ပေ။

လက်ရှိအချိန်တွင် ဖူယုက အနည်းငယ် စိုးရိမ်နေသလို ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ရှိနေသော သူက အနာဂတ် အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အစွမ်းထက်ဆုံး နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သည်။ သူက မြောက်ပိုင်းတောင်၏ နတ်ဘုရားဖြစ်လာနိုင်၏။ ထိုအရာက အစွမ်းထက်ဆုံး မဟုတ်သော်လည်း အတော်လေး အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

Translated by Hein Htet.

All Chapters