အခန်း (၁၅၀)
Vol. 10 Ch. 150
ယခု လျှပ်စီးကောင်းကင်သခင် ဖန်တီးထားခဲ့သော တံဆိပ်များ ရှိနေသည့် တောင်ထိပ်ပေါ်တွင် လူ(၃)ယောက် ရပ်နေခဲ့သည်။ တစ်နေရာတွင် ပုန်းနေပြီး ဓားသိုင်းပညာ အလွန်အမင်း ကျွမ်းကျင်သော မိန်းကလေးတစ်ယောက်လည်း ရှိနေသေး၏။ သူတို့က သူမ၏အသံကို ကြားနေရသော်လည်း လူကိုတော့ မမြင်နိုင်ကြပေ။
သူတို့ထဲတွင် ကျင့်စဉ်အဆင့် အနိမ့်ဆုံးကတော့ ကန်ကြည့်ကျောင်းတော်မှ ချွေးမင်ဟွမ်ဖြစ်သည်။ သူကတော့ အတော်လေးကို ခေါင်းကိုက်နေခဲ့၏။ အကယ်၍ တခြားနေရာတွင်သာ ဆိုလျှင် သူက အစွမ်းထက်သော ထိပ်တန်းအင်မော်တယ် တစ်ယောက်အဖြစ် သေချာပေါက် သတ်မှတ်နိုင်ပါလိမ့်မည်။
သူက အထူးဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံခံရနိုင်ပြီး သူ့နားထဲတွင် ချီးကျူးဂုဏ်ပြုသံများကိုသာ ကြားရမည်ဖြစ်သည်။ သို့သော် ယနေ့ညတွင်တော့ ချွေးမင်ဟွမ်က မထင်မရှား ပုရွက်ဆိတ်လေးတစ်ကောင် ဖြစ်နေခဲ့သည်မှာ သနားစရာကောင်းလှသည်။ အမှန်အတိုင်း ပြောရလျှင် သူက ပုရွက်ဆိတ်တစ်ကောင်ထက် ပို၍နိမ့်ကျနေသေး၏။
အလွန်မြင့်မားပြီး ဂုဏ်ရှိသည့် အဆင့်အတန်းတစ်ခုနှင့် ကျွမ်းဝင်နေခဲ့ပြီးနောက် ချွေးမင်ဟွမ်က ထိုကဲ့သို့ ဆိုးရွားသော ခံစားမှုတစ်ခုကြောင့် မသက်မသာ ခံစားနေခဲ့ရသည်။ သူက ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်ရန် သူ၏စိတ်ထဲ၌ ကွန်ဖြူးရှပ်စာပေများကိုသာ တိတ်တဆိတ် ရွတ်ဖတ်နေရသည်။
သူက ကောင်းကင်ကြီးပေါ်တွင် ကြယ်ပင်လယ်မှ ပြန်ရောက်လာသောအဘိုးကြီးကို ကြည့်လိုက်သည်။ ယခု ထိုအဘိုးအိုက ခုံရုံးဝါတိုင်းပြည်၏ ယခင်လက်ထောက်အမတ်ကြီးအဖြစ် ဟန်ဆောင်ထားခဲ့၏။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူက နှစ်ပေါင်းကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့သောရေနဂါးအိုကြီး တစ်ကောင်ဖြစ်သည်။
လက်ရှိအချိန်တွင် သူကတော့ ချွေးမင်ဟွမ်ထက် ပို၍တည်ငြိမ်နေခဲ့၏။ သူက မုတ်ဆိတ်မွေးကို လက်တစ်ဖက်နှင့်ပွတ်ပြီး ဓားချီစွမ်းအင်လှောင်အိမ်ကို စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်၏။
ချွေးမင်ဟွမ်က တော်ဝင်နန်းဆရာ၏အမိန့်နှင့် တောင်ဘက်ကို တိတ်တဆိတ် ခရီးထွက်ခဲ့သည်။ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်ကတော့ ဤနေရာတွင် သိုသိုသိပ်သိပ် နေထိုင်နေသော ရေနဂါးအိုကြီးနှင့် လျှို့ဝှက်ကိစ္စရပ်တစ်ခုကို ဆွေးနွေးရန် ဖြစ်သည်။
တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာက ခုံရုံးဝါတိုင်းပြည်၏ လက်ထောက်အမတ်ကြီးအဖြစ် ယာယီဟန်ဆောင်ထားသော ထိုအဘိုးကြီးကို ပိယွင်တောင်ပေါ်တွင် တည်ဆောက်မည့် ကျောင်းတော်အသစ်တွင် ပထမဆုံးတောင်ထိပ်သခင်အဖြစ် ဖိတ်ခေါ်လိုခြင်းဖြစ်သည်။
ထိုအချိန်တွင် ချွေးမင်ဟွမ်ကတော့ သူ့ကို ကတိပေးထားသည့်အတိုင်း လက်ထောက် တောင်ထိပ်သခင်ရာထူးကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။ တာ့လီအင်ပါယာထဲတွင် နောက်ထပ်နာမည်ကျော် စာသင်သားတစ်ယောက်ကို ထပ်ခေါ်လာနိုင်ပြီး သူတို့(၃)ယောက်က ချောက်ကမ်းပါးကျောင်းတော်ကြောင့် လစ်လပ်သွားသော နေရာလွတ်တွင် ကျောင်းတော်အသစ်တစ်ခုကို ပူးပေါင်းကြီးကြပ်နိုင်ပါလိမ့်မည်။
တာ့လီအင်ပါယာ၏ ဘုရင်ကြီးက အလွန်ရည်မှန်းချက်ကြီးမားပြီး ရဲတင်းသည်ကို စဉ်းစားမိမည်ဆိုလျှင် ပိယွင်တောင်ပေါ်တွင် နာမည်မရှိသေးသော ကျောင်းတော်က ချီကျင့်ချွန်၏ ချောက်ကမ်းပါးကျောင်းတော်ထက်ပင် ပို၍စည်ကားသိုက်မြိုက်လာပါလိမ့်မည်။
ကန်ကြည့်ကျောင်းတော်၏ တောင်တန်းသခင်ရာထူးကိုတော့ ပထမ ကတိပေးထားသည့်အတိုင်း တာ့လီအင်ပါယာက သူတို့ကို တိတ်တဆိတ် လျော်ကြေးပေးခဲ့သည်ဟု ကောလာဟလများ ထွက်ခဲ့သည်။
တော်ဝင်နန်းဆရာ ချွေးချန်း၏ လျှို့ဝှက်စာကို မရခင် ချွေးမင်ဟွမ်ကတော့ အလွန်သေးငယ်ပြီး ရှုပ်ထွေးသော ခုံရုံးဝါတိုင်းပြည်ထဲ၌ ထိုကဲ့သို့ အစွမ်းထက်သော ရေနဂါးတစ်ကောင် နေထိုင်နေကြောင်း လုံးဝမသိခဲ့ချေ။ အလွန်ထူးခြားသော ရေနဂါးများ၏ ခန္ဓာကိုယ်နှင့် ရေစွမ်းအားကို ထိန်းချုပ်နိုင်သော သူတို့၏စွမ်းရည်များကို ထည့်တွက်လိုက်မည်ဆိုလျှင် အဆင့်(၁၀) ရေနဂါးများ၏အစွမ်းက အဆင့်(၁၁) ချီကျင့်ကြံသူများထက် သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ချေ။
ချွေးချန်း၏ စာထဲတွင်တော့ နဂါးသတ်တိုက်ပွဲ ပြီးဆုံးသွားသည်မှာ နှစ်ပေါင်း(၁၀)သန်းကျော် ကြာခဲ့သော်လည်း ရှေးဟောင်းရှုတိုင်းပြည်၏ တောင်တန်းများ၊ မြစ်များက ရေနဂါးအလွန်များပြားသည်ဟု နာမည်ကျော်ကြားခဲ့သည်။ ထိုအချိန်တွင် ရေနဂါးများ၏ ခြေပြတ်လက်ပြတ်များ၊ ပျက်စီးနေသော အရိုးများက အမှိုက်များအဖြစ် ပြန့်ကျဲနေသည်မှာ အလွန်ဆိုးရွားပြီး ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်လာခဲ့၏။
ထို့နောက် ထိုရေနဂါးအိုကြီးက နှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့ပြီး ခန္ဓာကိုယ်ကို ဆက်တိုက်ပြောင်းလဲ၍ မတူညီသော ပုံစံများအဖြစ် ဟန်ဆောင်နေခဲ့သည်။ သူက စစ်သူကြီးတစ်ယောက်နှင့် အရာရှိတစ်ယောက်၊ ဈေးသည်တစ်ယောက်နှင့် သာမန်ရဲမက်တစ်ယောက်၊ အစောင့်တစ်ယောက်နှင့် ခရီးသွားလာသူတစ်ယောက် ဖြစ်နေနိုင်သည်။ သူက ရာထူးမျိုးစုံနှင့် ပုံစံမျိုးစုံကို ကြုံတွေ့ခဲ့ရပြီး ဘဝအတွေ့အကြုံမျိုးစုံ ရှိနေခဲ့၏။
ရေနဂါးအိုကြီးက မျိုးဆက်များ ချန်ထားရန် စိတ်မဝင်စားခဲ့ပေ။ ရလဒ်အနေနှင့် သူ့ဆီတွင် ကလေးအနည်းငယ်လေးသာ ရှိသည်။ ခုံရုံးဝါတိုင်းပြည်တစ်ခုလုံးကို ကြည့်လိုက်မည်ဆိုလျှင် ရေနဂါးအိုကြီးဆီ၌ သမီး(၁)ယောက်နှင့် သား(၂)ယောက်သာ ရှိသည်။ သူတို့ထဲတွင် အငယ်ဆုံးသားကတော့ ရေခဲစားစရာမြစ်ထဲ၌ နေထိုင်သော မဟာမြစ်နတ်ဘုရားဖြစ်၏။
တချိန်တည်းတွင် သူ့သမီးကတော့ ဆောင်းဦးကျူပင်တည်းခိုဆောင်မှ လျှိုကျားဟွေ၏ နောက်ခံအဖွဲ့အစည်းဖြစ်သော ခရမ်းနေမင်းစံအိမ်၏ တည်ထောင်သူ ဖြစ်သည်။ သို့သော် သူမကတော့ တချိန်လုံး လျှို့ဝှက်နေခဲ့ပြီး ခရမ်းနေမင်းစံအိမ်မှ ပထမဆုံး တပည့်မျိုးဆက်များကပင် သူမ၏အစစ်အမှန်ပုံစံကို မသိကြပေ။ ထိုအကြီးအကဲများ တဖြည်းဖြည်း သေဆုံးသွားသည့်အချိန်တွင် သူမ၏အဆင့်အတန်းနှင့် ပတ်သက်သော အမှန်တရားက ပျောက်ကွယ်သွားခဲ့ရ၏။
ရေနဂါး၏ အကြီးဆုံးသားကတော့ နှလုံးသားသန့်စင်ပြီး လူကြီးလူကောင်းဆန်သော လူတစ်ယောက်ဖြစ်သည်။ သူ၏အကျင့်စရိုက်က ရေနဂါးအများစုနှင့် လုံးဝကို ဆန့်ကျင်နေခဲ့၏။ သူကတော့ ငယ်စဉ်ကတည်းက ခရီးသွားလာခြင်းကို သဘောကျပြီး ယခုတော့ သူ၏တည်နေရာနှင့် ပတ်သက်ပြီး သတင်းလုံးဝမကြားရပေ။ အမှန်အတိုင်း ပြောရလျှင်တော့ သူက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ဆက်ပြီး ရှိမရှိပြောရန်ပင်ခက်ခဲသည်။
နောက်ကျောတွင် အထုပ်လွယ်ထားသော ဆင်းရဲနွမ်းပါးသည့် စာသင်သားအိုကြီးကတော့ တာအိုဂိုဏ်းမှ နယ်မြေတိုတောင်းခြင်းကျင့်စဉ်ကို အသုံးပြုပြီး ပင်လယ်ကမ်းစပ်မှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ဤနေရာသို့ ရောက်လာပြီးနောက် သူက လူတစ်ယောက်၏ တားဆီးခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အရေးကြီးဆုံးအရာကတော့ ထိုအရာက အလွန်ပြသနာများသော အခြေအနေတစ်ရပ် ဖြစ်နေခဲ့၏။ ထို့ကြောင့် သူက မျက်မှောင်ကြုတ်နေမိသည်။ ဓားချီစွမ်းအင်နံရံကြီးက ကမ္ဘာမြေကြီး၏ အငွေ့အသက်ကို လုံးဝဖြတ်တောက်ထားခဲ့၏။ ထို့ကြောင့် စာသင်သားအိုကြီးကပင် နောက်ဘက်တွင် ဖြစ်နေသောအရာများကို ယာယီစစ်ဆေးကြည့်၍ မရနိုင်ပေ။
သူက မေးစေ့ကို လက်နှင့်ကိုင်ပြီး တီးတိုးရေရွတ်လိုက်၏။
“စိတ်ထားကောင်းတာက ငါ့ရဲ့အားသာချက်ပဲ။ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ မိန်းမတွေအားလုံးက ဒီလောက်တောင် အစွမ်းထက်လာကြပြီလား…”
စာသင်သားအိုကြီးက သက်ပြင်းချလိုက်ပြီး လက်ချောင်းလေးများကို တံခါးခေါက်သည့် ပုံစံလုပ်ဆောင်လိုက်သည်။
“အေးခဲလိုက်တော့…”
သူက တိုးတိုးလေးရေရွတ်လိုက်၏။ ကမ္ဘာမြေကြီးက ချက်ချင်းတိတ်ဆိတ်သွားခဲ့ပြီး မြစ်ရေစီးဆင်းသံနှင့် လေတိုက်ခတ်သည့်အသံများအားလုံးက ငြိမ်သက်သွားခဲ့သည်။
(၅)ကီလိုမီတာအတွင်း အချိန်စီးဆင်းမှုက လုံးဝကို ရပ်တန့်သွားခဲ့၏။ ကွန်ဖြူးရှပ် သူတော်စင်တစ်ပါး၏ အငွေ့အသက်များက ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ပြီး အလွန်ကြီးကျယ်ခမ်းနားနေခဲ့သည်။
ချွေးမင်ဟွမ်တော့ အလွန်အံ့ဩပြီး ကြောက်လန့်နေရာမှ ဝမ်းသာသည့် အခြေအနေကို ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူက ခေါင်းထဲတွင် သူတော်စင်၏ သင်ကြားမှုများကို ကျယ်လောင်စွာ ရွတ်ဆိုနေပြီး သူ၏အမှန်တရား အငွေ့အသက်များကို အားဖြည့်ရန်ကြိုးစားနေခဲ့၏။
ထိုအရာက သူတော်စင်တစ်ယောက်ဖြစ်လာရန် ဆန္ဒရှိနေသော ကွန်ဖြူးရှပ်စာသင်သား တစ်ယောက်အတွက်တော့ တစ်ဘဝတွင် တစ်ကြိမ်သာ ရနိုင်သည့် အခွင့်ကောင်းတစ်ခုလည်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် အလွန်အတွေ့အကြုံရှိပြီး ဗဟုသုတများသော ရေနဂါးအိုကြီးကပင် အံ့ဩမှင်တက်နေခဲ့၏။ သူက နောက်ကို ခြေလှမ်းပေါင်းစွာ ဆုတ်သွားခဲ့သည့်အတွက် သူနှင့် မထင်မရှားစာသင်သားအိုကြီးတို့က အတော်လေး ကွာဝေးသွားခဲ့သည်။ ထိုအရာက ကွဲပြားမှုမရှိသော်လည်း ရေနဂါးအိုကြီးကတော့ ဝေးဝေးနေရန်ရွေးချယ်ခဲ့သေးသည်။ ထိုအရာက သူ၏ရိုသေလေးစားမှုကို ပြသလိုက်ခြင်းလည်းဖြစ်၏။
ရှေးအချိန်တုန်းက နဂါးများကို မသတ်သေးခင် ရေနဂါးအိုကြီး အသက်ငယ်ရွယ်စဉ်အချိန်၌ ကွန်ဖြူးရှပ်ကျောင်းတော်ထဲတွင် ကွန်ဖြူးရှပ် သူတော်စင်များထက် တစ်ဆင့်သာ နိမ့်သော အဆင့်အတန်းရှိနေသည့် သူတော်စင်တစ်ပါး အကြောင်းကို ပြောခဲ့ဖူးသည်။
ထိုသူတော်စင်က အရပ်မျက်နှာ(၄)ဖက်တွင် ရှိနေသော နဂါးဘုရင်(၄)ယောက်နှင့် ရေးသားဖော်ပြထားခြင်း မရှိသော စည်းမျဉ်းတစ်ခုကို သဘောတူထားခဲ့သည်။ ထိုအရာကတော့ ရေနဂါးများအားလုံးက ကုန်းပေါ်သို့ တက်သည့်အချိန်တွင် လူကောင်းများကို တွေ့သည်နှင့် ဘေးဖယ်ပေးရမည်ဖြစ်ပြီး သူတော်စင်များကို တွေ့လျှင်တော့ ရေအောက်ထဲတွင် ပုန်းအောင်းနေကြရမည်ဖြစ်သည်။
တစ်ချိန်တွင်တော့ နဂါးဘုရင်(၄)ယောက်ထက် အနည်းငယ်လေးသာ အားနည်းသော အစွမ်းထက်နဂါးတစ်ကောင်က ရေကန်ဘေးတွင် သွားလာနေသော သူတော်စင်တစ်ယောက်ကို စိန်ခေါ်ခဲ့သည်။ သူက ရေကန်ထဲတွင် ရှိနေသေးသည့်အတွက် သူ့ကိုယ်သူ အလွန်ယုံကြည်ချက်ရှိနေသလို ခံစားနေခဲ့ရ၏။
ထို့ကြောင့် သူက အနီးနားတွင် ရှိနေသော မြို့၏ လယ်ကွင်းများထက် ပို၍မြင့်မားသော ရေလှိုင်းကြီးများကို တမင်တကာဖန်တီးခဲ့သည်။ ထိုအရာကြောင့် မြို့သူမြို့သားများနှင့် ရေကန်ဘေးတွင် နေထိုင်သူများက အလွန်ကြောက်လန့်သွားကြ၏။ ထိုအရာက သူတော်စင်ကို စိန်ခေါ်သော နည်းလမ်းတစ်ခုဟုလည်း သတ်မှတ်နိုင်သည်။
သူက ရေကန်ထဲတွင် နေထိုင်နေသည့်အတွက် စည်းမျဉ်းကို ဖောက်ဖျက်ခဲ့ခြင်းလည်း မရှိချေ။ ကွန်ဖြူးရှပ်သူတော်စင်က သူ့ကို ဘာလုပ်နိုင်မည်နည်း။ ထိုအချိန်တွင် အသက်ငယ်ငယ်သာ ရှိသေးသော ရေနဂါးအိုကြီးကတော့ အလွန်ကျေနပ်သလို ခံစားမိခဲ့သည်။ သို့သော် သူ၏အကြီးအကဲများကတော့ ကျန်ရှိနေသောဇာတ်လမ်းကို မျက်ရည်များနှင့် ပြောပြခဲ့သည်။
ကွန်ဖြူးရှပ်သူတော်စင်က လက်ညှိုးတစ်ချောင်းထုတ်လိုက်ပြီး ယခုကဲ့သို့ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်သည်။ သူက ကုန်းမြေကို ထိန်းချုပ်နိုင်သော အစွမ်းထက်ကျင့်စဉ်တစ်ခုကို သုံးလိုက်ပြီး ပတ်ဝန်းကျင်ကို အေးခဲပစ်လိုက်သည်။ ကွန်ဖြူးရှပ်သူတော်စင်က ရေနဂါးကို လေထဲတွင် အေးခဲသွားစေခဲ့ပြီး ရေကန်ကို နောက်သို့ ကီလိုမီတာပေါင်း မြောက်များစွာ နောက်ဆုတ်သွားအောင် အမိန့်ပေးခဲ့သည်။
ထိုအစစ်အမှန်နဂါးက သူတော်စင်တစ်ပါးကို တွေ့သည့်အချိန်တွင်ပင် ကုန်းပေါ်၌ သွားလာနေပြီး ရေအောက်ထဲ၌ ပုန်းနေရန် ငြင်းဆန်ခဲ့သည်။ အပြစ်ပေးမှုအဖြစ် ထိုသူတော်စင်က နဂါး၏အရေခွံကို ခွာပစ်လိုက်ပြီး သူ၏အကြောများကိုတော့ ရေကန်ကြီးတစ်ကန်၏ အောက်တွင် တော်တစ်တောင်ကဲ့သို့ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးနှင့် ဖိထားခဲ့၏။ သူတော်စင်က ထိုနဂါးကို နှစ်ပေါင်း(၁၀၀၀)နီးပါးခန့် ထိုနေရာတွင် အပြစ်ပေးထားခဲ့သည်။
ထိုဇာတ်လမ်းကို ပြောပြလိုက်ပြီးနောက် အကြီးအကဲများက ရေနဂါးငယ်လေးများကို သတိပေးထားခဲ့သည်။ ကွန်ဖြူးရှပ်သူတော်စင်များ၏ စိတ်နေစိတ်ထား၊ အထူးသဖြင့် ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲတွင် ရုပ်ထု ရှိနေသော ကွန်ဖြူးရှပ်သူတော်စင်များ၏ စိတ်နေစိတ်ထားက အတော်လေးကို ဆိုးရွားလှသည်။ မဟုတ်လျှင် သဘောထားကောင်းခြင်းနှင့် အလွန်ခေါင်းမာသည်ဟူသော စကားလုံးများ ရှိနေဦးမည်လော။
ထိုအရာကို ကြားသည့်အချိန်တွင် ရေနဂါးအိုကြီးကတော့ ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် မေးလိုက်မိသည်။
“အဲဒီလို လုပ်လိုက်တယ်ဆိုရင် ကွန်ဖြူးရှပ်သူတော်စင်က စည်းမျဉ်းကို ဖောက်ဖျက်လိုက်တာပဲ မဟုတ်လား…”
သို့သော် အကြီးအကဲများကတော့ ဝမ်းနည်းမှုများ ပြည့်နှက်နေသော အမူအရာနှင့် သူ့ကို အရူးတစ်ယောက်ကဲ့သို့ အပြစ်တင်ကြိမ်းမောင်းလိုက်သည်။ သူတို့ကသာ ထိုစည်းမျဉ်းများကို ဖန်တီးထားခြင်းဖြစ်ကြောင်း သတိပေးခဲ့၏။
တောင်မျက်နှာပြင်ပေါ်တွင် ရပ်နေရင်း ရေနဂါးအိုကြီးကတော့ အတိတ် အဖြစ်အပျက်များကို ပြန်လည်စဉ်းစားမိကာ အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
“ရေနဂါးတွေက ကောင်းကင်ဘုံရဲ့ကိုယ်စား တိမ်တိုက်တွေနဲ့မိုးကို ထိန်းချုပ်ပြီး အဖိုးမဖြတ်နိုင်တဲ့အလုပ်မျိုးကို လုပ်ပေးရတယ်…”
သူက တီးတိုးရေရွတ်လိုက်သည်။
"ငါတို့က အမိန့်ကိုနာခံတဲ့ နယ်မြေထဲမှာ သီးသန့်အုပ်ချုပ်သူတွေအဖြစ် သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ ငါတို့ကလည်း သီးခြားနေထိုင်မှုကို ထိန်းသိမ်းထားရသေးတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ငါတို့က ဒီလောက်ထိ ဆိုးဆိုးရွားရွား အခြေအနေမျိုးကို ရောက်သွားပြီး မျိုးတုန်းလုနီးပါး အခြေအနေကို ရင်ဆိုင်နေရတယ်။ ဒါက သူတော်စင်တွေကိုလည်း အပြစ်တင်လို့မရနိုင်ဘူး။ ငါတို့တွေက အရမ်းကို ရည်မှန်းချက်ကြီးပြီး လောဘကြီးလွန်းတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ပျက်စီးရာပျက်စီးကြောင်း ဖြစ်သွားတာပဲ…”
စာသင်သားအိုကြီးက အသက်(၇၀)အရွယ် စာသင်သားတစ်ယောက် ပုံစံဝတ်ထားသော ရေနဂါးအိုကြီးကို လှည့်ကြည့်လိုက်သည်။ သူက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
“မှားတာကို လက်ခံပြီး အမှန်ကို ပြင်နိုင်တယ်ဆိုတာက လူကောင်းတစ်ယောက်မှ လုပ်နိုင်တဲ့အရာတစ်ခုပဲ။ တချိန်တုန်းက အဆင့်မြင့်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင် နောက်လည်း အဆင့်မြင့်တဲ့ လူတစ်ယောက်ဖြစ်နေမှာပဲ။ တချိန်တုန်းက တပည့်လေးချီကလည်း... ထားလိုက်ပါတော့လေ။ တွေ့ဆုံတာကကို ကံကြမ္မာပဲ။ ဒါပေမဲ့ ငါက အခုမင်းတို့(၂)ယောက်နဲ့ စကားပြောဖို့အချိန်မရှိသေးဘူး။ မင်းတို့သွားကြတော့…”
စာသင်သားအိုကြီးက တစ်ယောက်တည်းတီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏လက်ချောင်းလေးကို ပေါ့ပါးစွာ လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် ရေနဂါးအိုကြီးနှင့် ချွေးမင်ဟွမ်တို့က တောင်ထိပ်ပေါ်မှ ဖယ်ရှားခံလိုက်ရ၏။
ထိုလူငယ်နှင့် ရေနဂါးတို့က အဝေးတွင် ရှိနေသော မြစ်ရေပြင်ပေါ်တွင် ရောက်လာကြသည်။ သူတို့(၂)ယောက်လုံးက လက်ဝါးကို ဖြန့်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ကြရာ သူတို့၏လက်နှစ်ဖက်က တစ်ထပ်တည်းနီးပါး တူညီနေကြောင်း တွေ့လိုက်ရသည်။ ထိုအရာက သူတို့ဆီတွင် ပေါ်လာနေသော ရွှေရောင်စကားလုံးများကို သေချာဖုံးကွယ်ထားခဲ့၏။ သူတို့ကတော့ ထိုရွှေရောင်စကားလုံးများကို တခြားလူဆီသို့ ပြသလိုခြင်း မရှိကြပေ။
ဓားဝင်္ကပါ လွှမ်းခြုံထားသော တောင်ထိပ်ပေါ်တွင် ရပ်နေရင်း စာသင်သားအိုကြီးက ပတ်ပတ်လည်ကိုကြည့်၍ အားရပါးရ ရယ်လိုက်သည်။
“ပုန်းနေတာက သူရဲကောင်းဆန်ပြီး ရဲရင့်တဲ့လူတစ်ယောက်ရဲ့ အပြုအမူမျိုးမဟုတ်ဘူး..”
သို့သော် သူ၏စကားလုံးက အတိအကျမမှန်ကန်ကြောင်း စာသင်သားအိုကြီးက လျင်မြန်စွာ နားလည်သွားခဲ့၏။ သူက ထိုတွင်းပေါက်ထဲမှ မည်သို့တူးထုတ်ရမည် ဖြစ်ကြောင်း မသိရသည့်အတွက် စကားလည်းမပြောနိုင်တော့ပေ။
ထိုအချိန်တွင် မြစ်ဘက်ခြမ်း ကမ်းပါးပေါ်တွင် အဖြူဝတ် အရပ်ရှည်ရှည်မိန်းမပျို တစ်ယောက် ပေါ်လာခဲ့သည်။ သူမ၏လက်ထဲတွင် အလွန်ကြီးမားသော ကြာရွက်ကြီးတစ်ခု ရှိနေပြီး ထိုအရာက ထီးတစ်ချောင်းအရွယ်အစားခန့်ရှိသည်။ သို့သော် ထိုကြာရွက်၏ရိုးတံက အဖြူရောင်ဖြစ်နေပြီး မိန်းမပျို၏ အဖြူရောင်ဂါဝန်၊ ဖိနပ်တို့နှင့် လိုက်ဖက်ညီနေခဲ့သည်။
ကြာရွက်ကို မြင်သည့်အချိန်တွင် စာသင်သားအိုကြီးက မျက်မှောင်ကြုတ်လိုက်မိ၏။ သူ့ခေါင်းထဲတွင်လည်း တွက်ချက်မှုတချို့ လုပ်ဆောင်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်မိသည်။ သူက ကောင်းကင်ကြီးပေါ်ကိုမော့ကြည့်ပြီး အချိန်တော်တော်ကြာသည့်တိုင်အောင် မျက်လုံးကို ရုတ်သိမ်းခဲ့ခြင်း မရှိချေ။
“ငါတို့က ဘယ်အချိန်တုန်းက နောက်ဆုံးခရီးကို သွားခဲ့တာလဲ…”
သူက တီးတိုးရေရွတ်လိုက်သည်။
“အရင်တုန်းက ပျော်ပျော်နေတတ်ပြီး တက်ကြွတဲ့ကောင်လေးက တာအိုလမ်းစဉ်ကို လိုက်နာပြီး ပေါင်းစပ်ဖို့ထက် ချိုးဖျက်ဖို့ကို ရွေးချယ်ခဲ့တယ်။ အဆုံးမှာတော့ မင်းပဲ ဒုက္ခရောက်ရတာပဲ…”
စာသင်သားအိုကြီးက အဖြူဝတ်မိန်းမပျိုကိုကြည့်ပြီး ပြောလိုက်သည်။
“ချန်းပင်အန်းက လူငယ်လေး ချွေးချန်းကို သတ်လိုက်တာ ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူး…”
မိန်းမပျိုက ပြုံးရုံလေးပြုံးပြီး ပြန်ဖြေလိုက်သည်။
“အဲဒီတော့ ဘာလုပ်ရမှာလဲ။ ဒါပေမဲ့ ကျွန်မ မလုပ်နိုင်တဲ့ အရာဘာမှမရှိဘူး။ တကယ်လို့ ရှင့်မှာ အရည်အချင်းရှိတယ်ဆိုရင်တော့ ရှင်က ဒီဓားဝင်္ကပါထဲကနေ ထွက်သွားပြီးမှပဲ ကျွန်မတို့က ဆွေးနွေးကြတာပေါ့။ ကျွန်မနဲ့ အကြောင်းပြချက်တွေ ပြောနေတာက အသုံးမဝင်ဘူး။ အမှန်အတိုင်းပြောရရင် ရှင်က ကျွန်မရဲ့ပင်အန်းလေးနဲ့ အကြောင်းပြချက်တွေ ပြောမယ်ဆိုရင်တော့ ပိုပြီးတော့ အသုံးဝင်နိုင်သေးတယ်…”
သူမက ခဏရပ်လိုက်ပြီးနောက် အေးစက်စွာပြုံး၍ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ရှင်က ဒီဝင်္ကပါထဲကနေ အရင်ဆုံး ထွက်သွားနိုင်ဖို့ လိုအပ်တယ်။ ရှင်က အဲဒီ(၂)ယောက်ကို ဝင်္ကပါထဲကနေ အပြင်ပို့လိုက်နိုင်တယ်ဆိုတာ ကျွန်မက ရှင့်ကို တားဆီးမထားလို့ပဲ…”
“ငါ အသက်ရှင်နေစဉ် အချိန်တုန်းက တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိခဲ့ဘူး။ အခုတော့ ပိုဆိုးတာပေါ့။ ဒီတော့ မင်းက ငါ့ကို အခက်တွေ့အောင် ဘာလို့လုပ်နေရတာလဲ…"
စာသင်သားအိုကြီးက စိတ်ပျက်လက်ပျက်နှင့် ပြန်မေးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ချန်းပင်အန်းနဲ့ ချွေးချန်းတို့က ငါ့ရဲ့တပည့်တစ်ဝက်နဲ့ မြေးတပည့်တစ်ဝက်လို့ သတ်မှတ်နိုင်တယ်။ ငါက ဘယ်သူ့ကို ကူညီမယ်လို့ မင်းက ထင်လို့လဲ။ ငါက ချွေးချန်းကို အသက်ရှင်စေလိုတဲ့စိတ်နဲ့ အဲဒီကိုသွားနေပေမဲ့ ငါ့ရဲ့ရည်ရွယ်ချက်က ချန်းပင်အန်းကို ဒုက္ခပေးဖို့ မဟုတ်ဘူး…"
“စကားကတော့ တော်တော်လေး နားထောင်လို့ အဆင်ပြေပါတယ်…”
အဖြူဝတ်မိန်းမပျိုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
သို့သော် သူမက ခေါင်းခါပြီး ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ကျွန်မက ဒီနေ့အပြင်ထွက်လာတာ တခြားသူတွေနဲ့ အကြောင်းပြချက်တွေ ဖြေရှင်းနေဖို့ မဟုတ်ဘူး…”
စာသင်သားအိုကြီးက အတော်လေးကို ဒေါသထွက်လာပြီး ဖြောင်းဖြပြောဆိုလိုက်သည်။
“မင်းက ငါနဲ့ မင်းရဲ့ပင်အန်းလေးရဲ့ ပတ်သက်မှုကို စဉ်းစားပြီး ငါ့ကို ချွင်းချက် ထားပေးလို့ရနိုင်မလား။ ငါက ဆရာတစ်ယောက်သက်သက်ပဲလေ။ တကယ်လို့ မင်းကသာ ငါ့ရဲ့အကြောင်းပြချက်တွေကို နားမထောင်ချင်ဘူးဆိုရင် ငါက မင်းကို ဘာမှမပြောတော့ဘူး။ အဲဒီအချိန်မှာ မင်းက စကားလုံး(၄)လုံးနဲ့ တိုက်ခိုက်တဲ့နေရာမှာ အစွမ်းထက်ဆုံး ဓားသမားတွေထဲက တစ်ယောက်ပဲ။ မဟုတ်သေးဘူး... မင်းကို ဓားတစ်ချောင်းလို့ခေါ်ရတာကလည်း လုံးဝမမှန်နိုင်သေးဘူး။ ထားလိုက်ပါတော့လေ ငါက မင်းရဲ့အဆင့်အတန်းကို စိုးရိမ်မနေတော့ဘူး။ ပြောရမယ်ဆိုရင်တော့ ဒီလိုလုပ်တာက ငါ့အတွက် လုံးဝမတရားဘူး…”
အရပ်ရှည်ရှည် မိန်းမပျိုက ထူးဆန်းသော ထီးကိုကိုင်ထားပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ဒါဆိုလည်း ဝင်္ကပါကို အရင်ဖျက်ဆီးလိုက်…”
အဘိုးအိုက အတော်လေးကိုစိတ်ပျက်သွားပြီး အဆုံးတွင်တော့ သေချာဂရုစိုက်၍ ပြောလိုက်သည်။
“ငါ ဘယ်သူလဲဆိုတာ မင်းသိလား…”
“သေချာပေါက် သိတာပေါ့။ ရှင်က စာသင်သားသူတော်စင်လေ…”
အဖြူဝတ် အရပ်ရှည်ရှည်မိန်းမပျိုက အပြုံးလေးနှင့် ပြောလိုက်သည်။
အဘိုးအိုက တွေဝေသွားခဲ့၏။ သူမက သူ၏အဆင့်အတန်းကို သိနေသော်လည်း သူ၏မျက်နှာကို ထောက်ထားမှု မရှိခြင်းပေလော။ သူမက အတော်လေးကို လွန်လွန်းသည်။ လက်ရှိ ဆန်းကြယ်ကမ္ဘာကြီးထဲတွင် သူတော်စင်(၃)ယောက် ရှိနေသည်။ သူတို့ကတော့ အဓိပတိသူတော်စင်၊ ကျင့်ဝတ်သူတော်စင်နှင့် ဒုတိယသူတော်စင်တို့ ဖြစ်ကြ၏။
အဓိပတိသူတော်စင်ကတော့ ကွန်ဖြူးရှပ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟု သတ်မှတ်နိုင်သည်။ ထိုအဘိုးအိုက အကြီးမြတ်ဆုံး သူတော်စင်ဖြစ်ပြီး ဤကမ္ဘာကြီးထဲတွင် ရှိနေသော ကွန်ဖြူးရှပ်ပညာရှင်များအားလုံး၏ ဆရာလည်းဖြစ်သည်။ သူ၏အဆင့်အတန်းက ကွန်ဖြူးရှပ်ကျောင်းတော်ထဲတွင် အမြင့်ဆုံးနှင့် အရေးကြီးဆုံးဖြစ်၏။
သူ့ရုပ်ထု၏ ဘယ်ဘက်နှင့် ညာဘက်တွင် ရှိနေသည်မှာ ဒုတိယမျိုးဆက် ဂိုဏ်းချုပ်ဖြစ်သော ကျင့်ဝတ်သူတော်စင်နှင့် နောက်လိုက်ငယ်သားများ၏ အနာဂတ်သင်ကြားမှုကို တာဝန်ယူထားရသော ဒုတိယသူတော်စင်တို့ဖြစ်ကြသည်။ ကျင့်ဝတ်သူတော်စင်ကတော့ အဓိပတိသူတော်စင်၏ မှတ်ချက်ပေးမှုနှင့် ချီးကျူးမှုအများစုကို ရထားပြီး ကျင့်ဝတ်ပညာရှင်များ၏ စံပြအဖြစ် သတ်မှတ်ထားရသည်။ ထိုကျင့်ဝတ်သူတော်စင်က ကွန်ဖြူးရှပ်ကျောင်းတော်ထဲတွင် သိမ်မွေ့ပြီး ရှုပ်ထွေးမှုအရှိဆုံး စည်းမျဉ်းများကို ရေးဆွဲထားခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ဒုတိယသူတော်စင်ကတော့ ဗဟုသုတအရာတွင် အဓိပတိသူတော်စင်နှင့် အနီးစပ်ဆုံးဟု သတ်မှတ်နိုင်သည်။ ထို့ပြင် ကွန်ဖြူးရှပ်သင်ကြားမှုများကို စမ်းသစ်တီထွင်ပြီး ဤကမ္ဘာကြီးထဲတွင် ရှိနေသော ဘုရင်များနှင့် အုပ်ချုပ်သူများအတွက် သီးသန့်ပြောင်းလဲထားခဲ့သေးသည်။
ထိုသူတော်စင်(၃)ယောက်ပြီးသွားလျှင် ကွန်ဖြူးရှပ်ကျောင်းတော်ထဲ၌ (၄)ယောက်မြောက် သူတော်စင်က စာသင်သားသူတော်စင်ဖြစ်သည်။ အတိတ်တွင် ကိစ္စရပ်ပေါင်းများစွာ ဖြစ်ခဲ့၏။ ယခုတော့ သူ၏(၄)ယောက်မြောက်နေရာက အချိန်တော်တော်ကြာ လစ်ဟာနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စာသင်သားသူတော်စင်၏ရုပ်ထုက အကြိမ်ကြိမ် အဆင့်နှိမ့်ခံခဲ့ရပြီး ကွန်ဖြူးရှပ်ကျောင်းထဲမှ ဖယ်ရှားခံလိုက်ရခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အလွန်အစွမ်းထက်သော (၄)ယောက်မြောက် သူတော်စင်ကပင် ကွန်ဖြူးရှပ်ကျောင်းတော်ထဲမှ ရိုးရှင်းစွာကန်ထုတ်ခံခဲ့ရသည်။
အဆုံးတွင်တော့ သူ၏အဆင့်အတန်းက ဆိုးရွားသွားခဲ့ပြီး သနားစရာကောင်းသော ရုပ်ထုအစိတ်အပိုင်းများကလည်း ကွန်ဖြူးရှပ်တပည့်များ၏ လက်ထဲတွင်သာ ရှိနေခဲ့သည်။
စာသင်သားအိုကြီးက နောက်တွင် ရှိနေသောအထုတ်ကို ပုတ်လိုက်ရာ ထိုအရာက လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက စိတ်ရှည်လက်ရှည် အမူအရာနှင့် မေးလိုက်၏။
“ငါတို့က အေးအေးဆေးဆေး ဆွေးနွေးလို့ မရနိုင်ဘူးလား။ ကျေးဇူးပြုပြီး ငါတို့က မတိုက်ခိုက်လို့ မရနိုင်ဘူးလား…”
အဖြူဝတ်မိန်းမပျိုက ခဏကြာစဉ်းစားပြီး ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုလည်း ကျွန်မက ရှင့်ကို နည်းနည်းလောက်ထပ်ပြီး လေးစားမှုပေးရတာပေါ့…”
“ဟုတ်တယ်။ အဲဒါ အကောင်းဆုံးပဲ…”
စာသင်သားအိုကြီးက ဝမ်းသာသွားသောအမူအရာနှင့် ပြန်ဖြေလိုက်သည်။
ထိုအခါ ဓားဝင်္ကပါထဲတွင် ရှိနေသော ဓားချီစွမ်းအင်များက မူလတုန်းကထက် ပို၍ပြင်းထန်ပြီး ကြောက်စရာကောင်းလာခဲ့သည်။ ပြိုင်ဘက်ကင်းဓားဝင်္ကပါက ကမ္ဘာမြေကြီး၏ မဟာတာအိုကို ဖြတ်တောက်ရန် ဆန္ဒရှိနေသလို ထင်ရသည်။
ရှေးအချိန်တွင် ရှိခဲ့သော ဓားအင်မော်တယ်များစွာထဲတွင် ထူးခြားသောပါရမီရှင်များ တစ်ယောက်ပြီး တစ်ယောက်ပေါ်ခဲ့သည်ဟု ဆိုကြသည်။ သင်ကြားမှု(၃)သွယ်၏ တည်ထောင်သူများကို ဆန့်ကျင်ရဲသော ဓားအင်မော်တယ်များကတော့ မတူညီသော ကမ္ဘာကြီးများထဲတွင် လှည့်လည်သွားလာနေကြသည်။ သူတို့ကတော့ အဆုံးမဲ့ဓားကျင့်စဉ်ကို တတ်မြောက်ထားသော ဓားအင်မော်တယ်၊ အဓိပတိဓားတာအိုကို ကျွမ်းကျင်နေသော ဓားအင်မော်တယ်နှင့် ပြိုင်ဘက်ကင်းဓားဝိညာဉ် ပိုင်ဆိုင်ထားသော ဓားအင်မော်တယ်များ ဖြစ်ကြသည်။ သူတို့ကတော့ နေရာအနှံ့တွင် ခရီးသွားလာနိုင်ကြ၏။
အဖြူဝတ်မိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဝင်္ကပါကို အနိုင်ရအောင်ကြိုးစားပါ စာသင်သားသူတော်စင်။ ရှင်က နည်းနည်းလောက် ပိုပြီးလေးစားစေချင်တယ်ဆိုတာ ဒီလိုမျိုး တောင်းဆိုတာ မဟုတ်လား…”
Translated by Hein Htet.