အခန်း (၁၄၅)
Vol. 10 Ch. 145
ချွေးချန်းက အမှန်တကယ်ကို ဆိုးရွားသောအချိန်တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် ရောက်နေသာ ဧည့်သည်များအားလုံးက အသေးစိတ် အချက်အလက်များကိုပင် အလွန်ခံစားချက်ပြင်းထန်လှသည်။
မကျေမနပ်ဖြစ်နေသော မဟာမြစ်နတ်ဘုရား၏ အမူအရာကို ကြည့်ပြီး ချွေးချန်းက ဖိတ်ခေါ်မှုမရှိဘဲ ရောက်လာကြောင်း ချက်ချင်း နားလည်သွားကြသည်။ ထို့ကြောင့် သူတို့က သူ့ကို လှည့်ကြည့်လိုက်ကြပြီး သူက တစ်ခုခုလုပ်ဆောင်ရန် ကြိုးစားနေခြင်းရှိမရှိ စောင့်ကြည့်နေကြသည်။
ခုံးရုံးဝါတိုင်းပြည်၏ မြောက်ပိုင်းနယ်မြေထဲတွင် ပိုင်နက်ကန့်သတ်ချက် ရှိနေသည့် အတွက်ကြောင့် တောင်တန်းနှင့်မြစ်နတ်ဘုရားများက အတော်လေးကို ရှားပါးသည်။ ထို့ကြောင့် မည်သူကမျှ မဟာမြစ်နန်းတော်ကို ဆန့်ကျင်ရဲကြခြင်း မရှိချေ။
သို့သော် ထိုလူငယ်ကတော့ မဖိတ်ခေါ်ဘဲ နန်းတော်ထဲသို့ ရောက်လာခဲ့သည့်အပြင် မဟာမြစ်နတ်ဘုရား၏ရှေ့တွင် ပွင့်ပွင့်လင်းလင်း ပေါ်လာခဲ့သည့်အတွက် သူက သေချင်နေခြင်းလောဟု ခန်းမထဲတွင်ရှိနေသော ဧည့်သည်များအားလုံးက စဉ်းစားမိနေကြသည်။
မူလပုံစံက မြွေဝိညာဉ်ဖြစ်သော မိန်းမဆန်သည့် လူကြီးတစ်ယောက်က သူ၏ လက်ချောင်းလေးများနှင့် အရက်ခွက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး ဖိတ်ခေါ်မထားသော ဧည့်သည်ကို တစ်စစီ ဖျက်စီးပစ်ချင်နေသည့် အမူအရာနှင့် စိုက်ကြည့်နေခဲ့သည်။
အလွန်ချောမောခန့်ညားပြီး လှပသော လူငယ်များက သူ့အကြိုက်ဖြစ်သော်လည်း ဤချောမောသော ကောင်လေးကတော့ အချိန်ကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ သူက ထိုအရာကို ရုတ်တရက် ဆုံးရှုံးသွားသည့်အတွက် ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။
ထိုလူငယ်က မဟာမြစ်နတ်ဘုရားအပေါ် မလေးမစားလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူက ထိုကောင်လေးကို ပြန်ပေးဆွဲရဲခြင်း မရှိသလို သူပျော်ပါးရန် စံအိမ်သို့ ခေါ်သွားနိုင်ခြင်း မရှိချေ။ သူ မျှော်လင့်နေသည်မှာ ထိုကောင်လေး အသတ်ခံလိုက်ရလျှင် သူ့ခန္ဓာကိုယ်ကို ညစာအဖြစ် သုံးဆောင်ဖို့ ယူသွားခွင့်ရရန်သာ ဖြစ်သည်။
ထိုလူက အလွန်ကျယ်လောင်သောအသံနှင့် ပြောလိုက်၏။
"ဒီခွက်ထဲမှာရှိတဲ့အရက်က ရွှေကျောက်စိမ်းဆေးရည်လို့ခေါ်တယ်။ ဒါက ငါတို့ရေခဲစားစရာမြစ်မဟာမြစ်နတ်တော်ထဲမှာ ထူးခြားတဲ့အရက်ပဲ။ ကျင့်ကြံသူတွေအတွက်တော့ ဒီအရက်တစ်ခွက်ကို သောက်လိုက်တာက သုခဘုံတစ်ခုထဲမှာ (၁၀)ရက်လောက် လေ့ကျင့်တာနဲ့ ညီမျှတယ်။ တကယ်လို့ သာမန်လူတစ်ယောက်ကသာ ဒီအရက်ကို သောက်လိုက်မယ်ဆိုရင် သူတို့ရဲ့ အညစ်အကြေးတွေ လျင်မြန်စွာ ပျောက်ကွယ်သွားနိုင်တယ်။ အခုခွက်က တစ်ဝက်ကျန်သေးတယ်ဆိုတော့ မင်းက မြည်းကြည့်ချင်လား..."
ချွေးချန်းက တံခါးကို ကျော်လာခဲ့သော်လည်း ထိုနေရာမှဆက်၍ လျှောက်မလာခဲ့ပေ။ ထိုအစား သူက နေရာတွင်ရပ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေခဲ့၏။ သူကတော့ ရေမြွေဝိညာဉ်၏ ရွံစရာကောင်းသော အပြုအမူများကို အလေးမထားပေ။
ထိုကောင်လေး၏ မောက်မာမှုကြောင့် ရေမြွေဝိညာဉ်ကတော့ အလွန်ဒေါသထွက်သွားခဲ့ပြီး အလွန်ရှည်လျားသော လျှာကိုထုတ်၍ ရယ်လိုက်သည်။
"မင်းက ငါ့ရဲ့ကရုဏာတရားကို လက်မခံချင်ဘူးဆိုရင်တော့ သေဖို့ပဲ တန်တယ်.."
သူက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ခွက်ထဲတွင် ကျန်ရှိနေသော အရက်က လေထဲသို့ ဖြာထွက်သွားခဲ့သည်။ ထိုအရက်က လေထဲတွင် ရပ်တန့်သွားပြီးနောက် များပြားလွန်းလှသော ရေစက်လေးများအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုရေစက်လေးများစွာက မြားများထက်ပင် ပို၍လျင်မြန်သောအရှိန်နှင့် ချွေးချန်းဆီကို ရောက်လာခဲ့သည်။ သူတို့၏ အရှိန်ကြောင့် လေထဲတွင်ပင် လေချွန်သည့် အသံတစ်ခုပင် ပေါ်လာခဲ့၏။
ခန်းမထဲတွင် ရှိနေသော လူတိုင်း၏ မျက်လုံးထဲတွင်တော့ အကယ်၍ ထိုကောင်လေးကသာ ထိုအရက်များကို ရှောင်တိမ်းနိုင်ခြင်း မရှိလျှင် ခန္ဓာကိုယ်တစ်ခုလုံး အပေါက်များ ဖြစ်သွားပါလိမ့်မည်။ ရေစွမ်းအင်ကို ထိုကဲ့သို့ ထိန်းချုပ်နိုင်သော စွမ်းရည်တစ်ခုတည်းကပင် ဤနေရာ၌ ရှိနေသော လူငယ်ကျင့်ကြံသူများအတွက်တော့ အလွန်အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။ လူတိုင်းကတော့ မောက်မာသော ထိုကောင်လေး၏ ကံတရားကို တွေးမိသွားကြ၏။
ဆံဖြူအဘိုးအိုကလည်း ချွင်းချက်မရှိချေ။ သူက ထိုကောင်လေးကို ပထမဆုံး တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ အံ့ဩနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သို့သော် သူက ချက်ချင်းပင် ခေါင်းခါလိုက်မိ၏။
သူ့မျက်လုံးထဲတွင်တော့ ထိုကောင်လေးက ကျားရိုင်းများကို အကြောက်အလန့်မရှိသော နွားပေါက်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ဤနေရာက အလွန်ထူးခြားသော မဟာမြစ်ကျောင်းဆောင်ဖြစ်ပြီး သူ့စိတ်ကြိုက်သွားလာနိုင်သော နေရာတစ်ခု မဟုတ်ချေ။ အလွန်ချောမောခန့်ညားသော လူငယ်လေးက ဤနေရာတွင် သေဆုံးသွားရမည်မှာ နှမြောစရာကောင်းသည်။ သို့သော် မည်သူကမျှ သူ့ကိုမကယ်နိုင်တော့ပေ။
အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းတွင် ရှိနေသော လူတိုင်းက သိနေကြ၏။ နန်းတွင်းစာမေးပွဲတွင် ပါရမီရှင်များကို ရွေးချယ်ရာ၌ ခုံရုံးဝါတိုင်းပြည်၏ ဘုရင်ကြီး ပထမဆုံး ကြည့်သည့်အရာက စာမေးပွဲဖြေနေသူ၏လက်ရေး လှ မလှဖြစ်သည်။ ထို့နောက်တွင်မှသာ သူတို့ရေးထားသော အဖြေလွှာများကို ချီးကျူးခြင်း ဖြစ်၏။
အကယ်၍ နှစ်ခုစလုံးက ကျေနပ်စရာကောင်းသော အဆင့်အတန်းတစ်ခု ရှိနေလျှင်တော့ စာမေးပွဲဖြေဆိုသူက ရွေးချယ်မှုတွင် အရေးကြီးဆုံးနေရာသို့ ရောက်သွားပါလိမ့်မည်။ ထိုနေရာတွင် ဘုရင်ကြီးက အချောဆုံးလူငယ်များကို ရွေးချယ်စစ်ဆေးတတ်သည်။
အဘိုးအိုက လမ်းမပေါ်တွင် ခရီးသွားနေသော ချွေးချန်းတို့အဖွဲ့ကို တွေ့ခဲ့ပြီးသား ဖြစ်သည်။ သူက လူကဲခတ်ပညာကို အတော်လေး ထူးချွန်သည့်အတွက် ချွေးချန်းကို စစ်ဆေးကြည့်လိုက်သည့်အချိန်တွင် ထိုလူငယ်နှင့် ပတ်သက်ပြီး ထူးခြားသည်မှာ သူ၏ရုပ်ရည်တစ်ခုတည်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။
သူက သူတို့အဖွဲ့ထဲတွင် တစ်ယောက်တည်း နေတတ်ပြီး စိမ်းပြာရောင်ဝတ်ထားသော လူငယ်လေးနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ လုံးဝကို ကွာခြားနေခဲ့၏။ ထိုလူငယ်ကတော့ ထူးချွန်သော ကျင့်ကြံရေးပါရမီရှင် တစ်ယောက်ဖြစ်သည်။
အဘိုးအိုက ကံဆိုးသွားခဲ့သော လူငယ်လေးကို ထပ်မကြည့်တော့ပဲ တစ်ဖက်ကို လှည့်ကြည့်လိုက်ရာ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မျက်နှာမည်းမည်းနှင့် လူငယ်ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူငယ်ကျင့်ကြံသူကလည်း ထိုအကြီးအကဲ၏ အကြည့်ကို သတိထားမိပုံရ၏။ သူက အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း သူ့ဆီတွင် အလွန်အစွမ်းထက်သော နောက်ခံတစ်ယောက် ရှိနေသည်ကို မှတ်မိသွားချိန်တွင် ထိုအဘိုးအိုကို ကြောက်လန့်နေခြင်း မရှိတော့ချေ။
ထို့ကြောင့် သူက မတ်မတ်ထိုင်လိုက်ပြီး အပြုံးနှင့် အဘိုးအိုကို အရက်ခွက် မြှောက်ပြလိုက်၏။ အဘိုးအိုကတော့ လုံးဝကို လျစ်လျူရှုထားခဲ့သည်။ သူ့ပုံစံက အဘိုးအိုကို လုံးဝဂရုမစိုက်သလို ဖြစ်နေခဲ့၏။
အဘိုးအိုက သူ၏ဒေါသကို ထိန်းချုပ်နိုင်ပုံရသော်လည်း ထိုအရာကိုမြင်သည့်အခါ သူ့ဘေးတွင်ရှိနေသော လူငယ်နှစ်ယောက်ကတော့ အလွန်ဒေါသထွက်သွားကြ၏။ သူတို့ကတော့ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သစ္စာဖောက်ကို စားတော့ဝါးတော့မတတ် စိုက်ကြည့်နေကြ၏။
ထိုစားပွဲတွင် ထိုင်နေသည်မှာ ဝိညာဉ်အဆောင်ဂိုဏ်း၏ ကျင့်ကြံသူဖြစ်ပြီး မကြာသေးခင် အဖြစ်အပျက်၏ တရားခံလည်း ဖြစ်သည်။ သူက တစ်ရွာလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်ပြီးနောက် ထိုနယ်မြေထဲမှ ဖြတ်သွားသော တစ်ကိုယ်တော်ကျင့်ကြံသူကို ရင်ဆိုင်ခဲ့ရသည်။
ဝိညာဉ်အဆောင်ဂိုဏ်းမှ အတွင်းစည်းတပည့်များထဲတွင် သူ၏ပါရမီက အတော်လေး နိမ့်ကျသည်။ သူ၏တိုက်ခိုက်စွမ်းရည်ကလည်း ထူးချွန်မှုမရှိသည့်အတွက် သူက တိုက်ခိုက်စွမ်းရည် မြင့်မားသော တစ်ကိုယ်တော်ကျင့်ကြံသူ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ ထို့ကြောင့်သူက မြို့ထဲသို့ လျင်မြန်စွာ ထွက်ပြေးလာခဲ့ပြီး ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲ၌ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူက တည်းခိုဆောင်ထဲတွင် ပုန်းအောင်းနေပြီး သခင်မလျှိုက သူ့ကိုကာကွယ်ပေးရန်
မျှော်လင့်နေခဲ့၏။ ဝိညာဉ်အဆောင်ဂိုဏ်းမှ ကျင့်ကြံသူ၏နောက်ကို လိုက်လာပြီးနောက် သူရဲကောင်း တစ်ကိုယ်တော်ကျင့်ကြံသူက ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲသို့ ဝင်လာခဲ့သည်။ သူက တည်းခိုဆောင်၏ ရန်သူအဖြစ် သတ်မှတ်ခံရနိုင်သော အခြေအနေရှိနေသည်ကိုပင် ဝိညာဉ်အဆောင်ဂိုဏ်းမှ ကျင့်ကြံသူကို နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲအတောအတွင်း တည်းခိုဆောင်တွင် တန်ဖိုးထားရသော အရိပ်နံရံက ဖျက်ဆီးခံလိုက်ရပြီး ဝိညာဉ်အဆောင်ဂိုဏ်းမှ ကျင့်ကြံသူကတော့ အနီးနားတွင် ရှိနေသော လူရှုပ်ထွေးသည့်လမ်းမပေါ်သို့ တမင်တကာ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် သူက ရတနာမျိုးစုံကို ဦးတည်ရာမဲ့ သုံးလိုက်သည့်အချိန်တွင် အပြစ်မဲ့ မြို့သူမြို့သား(၂၀)ကျော်ကို ဒဏ်ရာရသွားစေခဲ့သည်။
ထို့ကြောင့် မြို့ထဲတွင် ရှိနေသော ချမ်းသာကြွယ်ဝသည့်ကလန်များက အရာရှိများကို ဖိအားပေးလာကြသည်။ ထိုအဖြစ်အပျက်ကို တစ်ကိုယ်တော်ကျင့်ကြံသူ၏ အပြစ်ဖြစ်သွားအောင် လုပ်ဆောင်လိုက်ကြ၏။ ထိုအဖြစ်အပျက်၏ နောက်ကွယ်တွင် ရှိနေသော အမှန်တရားကတော့ သူသေသွားလျှင် ကောလာဟလများသာ ကျန်နေပြီး ထူးခြားမှုတော့ မရှိတော့ချေ။
သူတို့၏နာမည်ကို အရာရှိများ မှတ်တမ်းတင်ခြင်းကို သဘောမကျသော တစ်ကိုယ်တော်ကျင့်ကြံသူများက တိုင်းပြည်အသီးသီးတွင် မကောင်းသော လူများအဖြစ် သတ်မှတ်ကြသည်။ သို့သော် ထိုအရာရှိများက သူတို့ကိုလည်း ပစ်မှတ်ထားရဲခြင်း မရှိချေ။ တစ်ကိုယ်တော်ကျင့်ကြံသူများက သူတို့၏ပိုင်နက်နယ်မြေများထဲတွင် ပြဿနာမရှာရန်ကိုသာ ထိုအရာရှိများက ဆုတောင်းတတ်ကြသည်။
အကယ်၍ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်နှင့် နယ်မြေခံပညာရှင် တစ်ယောက်တို့ ပြဿနာဖြစ်မည်ဆိုလျှင်တော့ တစ်ကိုယ်တော်ကျင့်ကြံသူကသာ အလွန်အမင်း အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်မဟုတ်သရွေ့ နယ်မြေခံဂိုဏ်းနှင့် အရာရှိများက နယ်မြေခံပညာရှင်ဘက်ကိုသာ သေချာပေါက် ရပ်တည်ကြပါလိမ့်မည်။
ယခင်တုန်းက ကြောက်လန့်နေခဲ့ရသော အကြီးအကဲဖြစ်သူကို မြင်လိုက်ရသည့်အချိန်တွင် သူ့ဂိုဏ်းကို သစ္စာဖောက်လာသော လူငယ်ကျင့်ကြံသူကတော့ သူ၏အမှားကို အသိအမှတ်မပြုခဲ့သည့်အပြင် ပြုံရုံလေးပြုံးပြီး လက်တစ်ဖက်နှင့် အရက်ခွက်ကို မြှောက်ပြလိုက်သေးသည်။
ထို့နောက် သူက ခေါင်းငုံ့ပြီး အပြုံးနှင့် ပြောလိုက်၏။
"တကယ်လို့ ကျုပ်က ဝိညာဉ်အဆောင်ဂိုဏ်းထဲမှာ နှစ်ပေါင်း(၁၀၀)လောက် လေ့ကျင့်ပြီး အချိန်ဖြုန်းခဲ့မယ်ဆိုရင်တောင် အလယ်ဘုံ(၅)ဆင့်ကိုရောက်ဖို့ အခွင့်အရေး မရှိသေးဘူး။ အခုတော့ ကျုပ်က မဟာမြစ်နတ်ဘုရား သဘောကျတာကို ခံခဲ့ရတယ်။ ဒီတော့ မဟာတာအိုလမ်းစဉ်ကို ဆက်ပြီးလျှောက်လှမ်းဖို့ ကျုပ်ဆီမှာ မျှော်လင့်ချက် တစ်ချို့ရှိလာပြီပေါ့…”
“ဒါကြောင့် ကျုပ်က အကြံပေးနဲ့ တွေ့ခဲ့ရတဲ့အချိန်မှာ ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါက မရေမတွက်နိုင်တဲ့လူတိုင်း လိုချင်နေတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒါကြောင့် ကျုပ်က အရင်ဂိုဏ်းရဲ့ ဂုဏ်သတင်းတွေကို ဘာလို့ ဂရုစိုက်ရတော့မှာလဲ။ ဒါက ကျုပ်ကို တစ်ခုခုလုပ်နိုင်တဲ့အရာမလို့လား။ လုပ်နိုင်တယ်ဆိုရင်ရော ဘာဖြစ်လဲ။ ကျုပ်က အခွင့်အရေးမရခဲ့သလို မျှမျှတတ ဆက်ဆံမှုကိုလည်း မရခဲ့ဘူးလေ…"
လူငယ်ကျင့်ကြံသူက ကျယ်လောင်စွာ ရယ်လိုက်ပြီး တစ်ယောက်တည်း ပြုံးနေခဲ့သည်။ သူ၏ မျက်လုံးထဲတွင် ဖုံးကွယ်ထားသော ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုများကိုတော့ မည်သူကမျှမမြင်နိုင်ကြပေ။
သူက တူနှင့် ငါးအနည်းငယ်ကို ဖဲ့စားလိုက်ပြီးနောက် မဟာမြစ်နန်းတော်၏ ခေါင်းဆောင် အကြံပေးကို ကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"တကယ်လို့ ငါကတောင် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘူးဆိုရင် ဘယ်သူက ဂရုစိုက်မှာလဲ။ ငါက ဒီလိုဘဝပြောင်းလဲစေနိုင်တဲ့ အခွင့်အရေးတစ်ခုရှိနေမှတော့ ဘာလို့လက်နှစ်ဖက်နဲ့ မဆုပ်ယူရမှာလဲ။ ပြီးတော့ ငါက အောက်ဘုံ(၅)ဆင့်မှာ အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ငါက မဟာမြစ်နတ်ဘုရားရဲ့ကမ်းလှမ်းမှုကို ဘယ်လိုပယ်ရှားရမှာလဲ။ ငါက လုပ်ရဲတယ်ဆိုရင်တောင် လုပ်နိုင်တဲ့သတ္တိမရှိဘူး.."
လူငယ်ကျင့်ကြံသူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆံဖြူအဘိုးအိုက ဝိညာဉ်အဆောင်ဂိုဏ်း၏ အပြင်ဂိုဏ်း အဆင့်မြင့် အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူက အပြင်ဂိုဏ်းကို ကြီးကြပ်ရသည့် တာဝန်ရှိသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ အတွင်းဂိုဏ်းရှိ ကိစ္စရပ်များစွာကိုလည်း ဂရုစိုက်ရသည်။
သူက ရေခဲစားစရာမြစ်ပူဇော်ပွဲကို တက်ရောက်ရသည့် အဓိကရည်ရွယ်ချက်ကတော့ သူတို့တပည့်များ အမြင်ကျယ်စေရန်ဖြစ်ပြီး သူတို့ဂိုဏ်း၏ အပြင်ဘက်တွင် မည်သည့်အရာများ ရှိနေကြောင်း ပြသချင်ခဲ့သည်။
အကယ်၍ သူတို့ကသာ ထိုအခွင့်အရေးကို အရယူပြီး တစ်ခြားသော အစွမ်းထက်ပညာရှင်များနှင့် ဆက်သွယ်နိုင်သည့် အခွင့်အရေးတစ်ခု ရမည်ဆိုလျှင်တော့ အပိုဆုတစ်ခုဟု သတ်မှတ်နိုင်သည်။
အဘိုးအိုနှင့်အတူ ဤစားသောက်ပွဲသို့ လိုက်လာကြသော လူငယ်နှစ်ယောက်က ဝိညာဉ်အဆောင်ဂိုဏ်းတွင် လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်ဆီတွင်တော့ ပေ(၂၀)ခန့် ရှည်လျားသော ဧရာမအနီရောင်မြွေကြီးက သူ့နောက်တွင် ရစ်ခွေနေခဲ့သည်။ တခြားတစ်ယောက်ကတော့ သူ့ဘေးတွင် အလွန်ကြီးမားသော အနက်ရောင်ကျားကြီးတစ်ကောင် ရှိနေခဲ့၏။ သတ္တဝါနှစ်ကောင်ကို ကြည့်လိုက်ရုံနှင့် အတော်လေးကို ကြောက်ရွံ့သွားစေနိုင်သည်။
ချွေးချန်းက သေချာပေါက် သေဆုံးသွားရတော့မည်ဟု ခန်းမထဲတွင် ရှိနေသော လူတိုင်းက တွေးနေမိကြသည့် အချိန်တွင် အံ့ဩစရာကောင်းသော အလှည့်အပြောင်းတစ်ခု ပေါ်လာခဲ့သည်။ ချွေးချန်းက နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး သူ့ဆီသို့ လျင်မြန်စွာ ရောက်လာနေသော ရေစက်လေးများကို ငေးကြည့်နေခဲ့သည်။
သို့သော် ထိုရေစက်လေးများက သူ၏ဝတ်စုံနှင့် ထိတွေ့သွားသည့်အချိန်တွင် မီးဖိုကြီးထဲသို့ ကျသွားသော နှင်းပွင့်လေးများကဲ့သို့ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
မဟာမြစ်နတ်ဘုရားက ခေါင်းညိတ်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
"ဒါဆိုရင် သူ့ဆီမှာ ရေစွမ်းအားတွေကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်တစ်ချို့ရှိနေတာပေါ့။ ဒါကြောင့်လည်း သူက ငါ့ရဲ့စားသောက်ပွဲကို ဖျက်ဆီးရဲတာပဲ…"
သူက ရှေ့ကို အနည်းငယ်ငုံ့လိုက်ပြီး သူ၏အကြံပေးကိုကြည့်၍ အပြုံးနှင့်မေးလိုက်သည်။
"သူ့ရဲ့ဝတ်စုံမှာ တစ်ခုခုထူးခြားတာရှိလား... ဒါမှမဟုတ် သူ့ဆီမှာ ရေစွမ်းအားတွေကို ဖယ်ရှားနိုင်တဲ့ အရာတစ်ခုခုရှိလား…"
အကြံပေးက ချွေးချန်းဆီမှ ပြန်လှည့်လာပြီး မဟာမြစ်နတ်ဘုရားကိုကြည့်၍ ပြောလိုက်သည်။
"သူ့ရဲ့ဝတ်စုံက တစ်ခုခုထူးခြားနေတယ်လို့ မထင်ဘူး။ တကယ်လို့ မင်းက ငါ့ကို မေးမယ်ဆိုရင်တော့ သူ့ဆီမှာ တာအိုသခင်တွေရဲ့ ရေဖယ်ရှားရေးအဆောင်တစ်ခု သယ်ဆောင်ထားတာလို့ပဲ ထင်တယ်။ ဒါပေမယ့် သာမန်ရေစွမ်းအားကို အခြေခံတဲ့ စွမ်းရည်တွေက အဲ့ဒီအဆောင်ရဲ့ သဘာဝကန့်သတ်ချက်တွေကို ချိုးဖောက်ဖို့ အရမ်းခက်တယ်…"
မဟာမြစ်နတ်ဘုရားက အားရပါးရရယ်လိုက်သည်။
"ဒီကောင်လေးက အဆောင်တစ်ခုကို ယူလာရုံနဲ့ ငါ့ရဲ့မဟာမြစ်နန်းတော်ထဲမှာ လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်နေတာပဲ…”
“သူ့ဆီမှာ တစ်ခြားလှည့်ကွက်တွေလည်း ရှိနေဦးမယ်လို့ ထင်တယ်…"
အကြံပေးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ ပျင်းစရာကောင်းတဲ့စားသောက်ပွဲကြီးက ပျော်စရာကောင်းလာပြီပေါ့..."
မဟာမြစ်နတ်ဘုရားက ခဏကြာစဉ်းစားလိုက်ပြီး ပျင်းရိနေသော သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် သူက ရေဝိညာဉ်ကို ပြန်လှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
"မင်းက ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာပဲ မဟုတ်လား။ ငါက မင်းကို ခန်းမထဲမှာ တိုက်ခိုက်ခွင့်ပေးတယ်။ ဒါပေမယ့် မင်းရဲ့သံတင်းပုတ်ကြီးကိုတော့ မသုံးနဲ့.။ မဟုတ်ရင် မင်းကြောင့် ငါတို့က နောက်တစ်ကြိမ် လူတစ်ယောက် ခေါင်းကွဲသွားတာကို မြင်ရလိမ့်မယ်။ ဒါက မင်းအတွက် ကျေနပ်စရာကောင်းပေမယ့် ဧည့်သည်တွေအတွက်တော့ အဆင်မပြေနိုင်ဘူးလေ…"
"ကျွန်တော့်ကို ဒီအခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ် သခင်ကြီး...."
ရေမြွေဝိညာဉ်က မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့်ပြန်ဖြေလိုက်သည်။
ချွေးချန်းက နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားခဲ့၏။ ထိုသို့ဆိုလျှင် သူက တံခါးခြေနင်းခုံတွင် ထိုင်နိုင်သည်။ ထိုသို့ထိုင်လိုက်ပြီးနောက် သူက စားပွဲနောက်မှ ထွက်လာသော ရေမြွေဝိညာဉ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
"ခဏနေဦး..ငါ့မှာ ပြောစရာရှိတယ်။ ဒါကြောင့် ငါ့ကိုအရင်ဆုံး ပြောခွင့်ပြုဦး…"
စာပေပညာရှင်နှင့် ပြည်နယ်အရာရှိတို့က နားမလည်နိုင်သည့်အမူအရာနှင့် အချင်းချင်း ကြည့်လိုက်မိကြသည်။ သို့သော် မဟာမြစ်နတ်ဘုရားကတော့ အားရပါးရရယ်ပြီး အရက်တစ်ခွက်ကို သောက်လိုက်၏။
ဝိညာဉ်အဆောင်ဂိုဏ်းမှ သစ္စာဖောက် ထိုင်နေသောစားပွဲတွင် နောက်ထပ် လူနှစ်ယောက် ထိုင်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးက အသက်(၃၀)ဝန်းကျင်ခန့်ရှိပြီး သူတို့နှစ်ယောက်လုံးဆီမှ ထက်မြက်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်လာခဲ့၏။
ချွေးချန်း၏ ရေစွမ်းအားဖယ်ရှားခြင်းစွမ်းရည်ကို မြင်လိုက်ရသည်ကိုပင် မည်သူကမျှ သူ့ကို အလေးမထားခဲ့ကြပေ။ ထိုလူထဲမှ တစ်ယောက်ကတော့ နောက်ကျောတွင် ဓားရှည်တစ်လက် ချိတ်ထားပြီး အရက်သောက်နေခဲ့၏။
တစ်ခြားတစ်ယောက်၏ ဓားကတော့ စားပွဲပေါ်တွင် တင်ထားခဲ့သည်။ ထိုဓားက ဓားကိုင်ထားသော ညာဘက်လက်နှင့် မလှမ်းမကမ်းတွင် ရှိနေခဲ့၏။ သူတို့နှစ်ယောက်လုံးက ဓားသမားများ ဖြစ်ကြောင်း သိသာနေသည်။
သူတို့နှစ်ယောက်က သူတို့၏ အသက်ဓားပျံကို အားဖြည့်ရန် အရည်အချင်းမျိုး မရှိသေးသော်လည်း ဓားသမားများဟူသည်မှာ ကျင့်ကြံသူများအားလုံးထဲတွင် ဖျက်ဆီးမှုစွမ်းအား အကောင်းဆုံးဟု လူတိုင်းက လက်ခံထားကြသည်။ သူတို့က သူတို့ထက်ပို၍ အဆင့်မြင့်သော ပြိုင်ဘက်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိတတ်ကြ၏။ ထို့ကြောင့် အလယ်ဘုံ(၅)ဆင့်ကျင့်ကြံသူတစ်ယောက်ကပင် အောက်ဘုံ(၅)ဆင့်မှ ဓားသမားတစ်ယောက်ကို လျော့တွက်ရဲခြင်း မရှိချေ။
ဓားသမားတစ်ယောက်၏ ကျင့်စဉ်အဆင့် တိုးတက်မှုနှင့်အတူ သူတို့ဓားပျံ၏ အစွမ်းတိုးတက်မှုက သာမန်ကျင့်ကြံသူတစ်ယောက်ထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့သည်။ ပြောရမည်ဆိုလျှင် အောက်ဘုံ(၅)ဆင့်မှ ဓားသမားများ၏ အသက်ဓားပျံများက အလွန်ကျွတ်ဆတ်ပြီး ပျက်စီးလွယ်သည်။
သို့သော် ထိုဓားသမားကသာ အလယ်ဘုံ(၅)ဆင့်သို့ ရောက်လာမည်ဆိုလျှင်တော့ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုကို တွေ့ရပါလိမ့်မည်။ အလယ်ဘုံ(၅)ဆင့်ကို ရောက်နိုင်သော ဓားသမားတိုင်းက အသက်ငယ်ငယ်လေးနှင့် နေရာတိုင်းတွင် အထူးဧည့်သည်များအဖြစ် သတ်မှတ်ခံရပါလိမ့်မည်။
ကျင့်ကြံရေးဂိုဏ်းများထဲတွင် နာမည်ကျော်စကားတစ်ခွန်းရှိနေသည်။
"အလယ်ဘုံ(၅)ဆင့်မှာ အသက်(၁၀၀)ရှိတဲ့ ဓားသမားတစ်ယောက်က အသက်(၆၀)ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်တယ်…"
ထိုစကားလုံး၏ အဓိပွါယ်ကတော့ အသက်(၆၀)နှင့် အလယ်ဘုံ(၅)ဆင့် ရောက်နိုင်သည့် ကျင့်ကြံသူတစ်ယောက်က ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သလို အသက်(၁၀၀)တွင် အလယ်ဘုံ(၅)ဆင့်ကို ရောက်နိုင်သော ဓားသမားတစ်ယောက်ကလည်း ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သေးသည်။
မဟာမြစ်နန်းတော်ထဲသို့ လာလည်သော ဓားသမားနှစ်ယောက်ထဲတွင် တစ်ယောက်က တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်သည်။ သူက အစွမ်းထက်သော ခရီးသွားဓားသမား တစ်ယောက်၏ အမွေဆက်ခံမှုကို ရခဲ့ပြီး သံတုံးသံခဲများကိုပင် ဖြတ်တောက်ပစ်နိုင်သော လက်နက်တစ်ခုကို ရထားခဲ့သည်။
တစ်ခြားဓားသမားတစ်ယောက်ကတော့ ပုန်းအောင်းခြင်း နဂါးကျောင်းဆောင် သခင်ကြီး၏ နောက်ဆုံးတပည့်ဖြစ်သည်။ ပုန်းအောင်းခြင်း နဂါးကျောင်းဆောင်က တာအိုလမ်းစဉ် ဆေးဂိုဏ်းခွဲတစ်ခုဖြစ်ပြီး သူတို့က သဘာဝပစ္စည်းများကို ရှာဖွေ၍ ဆေးလုံးများအဖြစ် သန့်စင်ခြင်းကို အလေးထားကြသည်။ ထိုအရာကို သူတို့၏ ကျင့်ကြံမှုတွင် အသုံးပြုတတ်ကြ၏။
ကျောင်းဆောင်၏ အဓိကရတနာကတော့ ရေနဂါးအိုကြီး မင်ကျောက်တုံးဟု နာမည်ခေါ်သော ရှေးဟောင်းမင်ကျောက်တုံးတစ်ခု ဖြစ်သည်။ ထိုအရာက အရှေ့ပိုင်းကုန်းမြေကြီး၏ နာမည်ကျော် မင်ကျောက်တုံး(၁၀)ခုထဲမှ တစ်ခု အပါအဝင်လည်း ဖြစ်သည်။
ထိုမင်ကျောက်တုံး၏ အစွန်တွင်တော့ ရေနဂါးငယ်လေးတစ်ကောင် ခွေနေပြီး သူက ဟောက်သံထွက်၍ တိတ်တဆိတ် အိပ်စက်နေခဲ့သည်။ ရှေးအချိန်တုန်းက ရှုတိုင်းပြည် အုပ်စိုးနေစဉ် အတောအတွင်း ရေနဂါးများက သူတို့သွားသည့်နေရာတိုင်းကို ဖျက်ဆီးပစ်တတ်သည်။ ထို့ကြောင့် နယ်မြေတိုင်းတွင် မကောင်းဆိုးဝါးဆန်သော ရေနဂါးများအားလုံးကို သုတ်သင်ပစ်ခဲ့သော ဒဏ္ဍာရီများ ရှိလာခဲ့၏။
ထိုရေနဂါးငယ်လေးကတော့ ရှေးဟောင်းမင်ကျောက်တုံးတွင် နေထိုင်နေသည်မှာ သိသာပြီး သူကတော့ ရှေးဟောင်းခေတ်မှ လွတ်မြောက်လာခြင်း ဖြစ်ပုံရသည်။ ပုန်းအောင်းခြင်း နဂါးကျောင်းဆောင်၏ တပည့်တစ်ယောက်ဖြစ်သော ထိုလူငယ်ဓားသမားက ကျောင်းဆောင်၏ကိုယ်စား ဤနေရာကို ရောက်လာခြင်းဖြစ်ပြီး မဟာမြစ်နတ်ဘုရားနှင့် ဆွေးနွေးရန်ဖြစ်သည်။ သူက ပုန်းအောင်းခြင်း နဂါးကျောင်းဆောင်ကို ကျောင်းဆောင်တစ်ခုအဖြစ်မှ နန်းတော်တစ်ခုအဖြစ်သို့ အဆင့်မြှင့်လိုခြင်းဖြစ်သည်။
တာအိုကျင့်ကြံရေးဂိုဏ်းတစ်ခုက ကျောင်းဆောင်ဟူသော စကားလုံးကိုရရှိရန်ပင် အတော်လေး ခက်ခဲ၏။ အစစ်အမှန် အရှင်သခင်များ နေရာချပေးသည့်ခြင်းကတော့ လူအနည်းငယ်သာ ရရှိနိုင်သည့်အတွက် ဘုရင်ကြီးကပင် သူ့စိတ်ကြိုက် တာဝန်ပေးနိုင်ခြင်း မရှိချေ။
ထို့ကြောင့် ဘုရင်ကြီးက တာအိုသခင်တိုင်းကို ရွေးချယ်နိုင်ခြင်း မရှိချေ။ ထိုအစား အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော တာအိုဂိုဏ်းများက အစစ်အမှန် အရှင်သခင်အဖြစ် နေရာချပေးနိုင်သော အမှန်တကယ် အစွမ်းထက်သည့်သူကိုသာ ပေးတတ်ကြသည်။
ထိုအချိန်တွင် ချွေးချန်းက လည်ချောင်းရှင်းလိုက်ပြီး တံခါးခြေနင်းတွင် ထိုင်၍ ကျယ်လောင်စွာ ပြောလိုက်၏။
"ဒီနေ့ ငါက မင်းတို့ကို လူသားတွေ နေထိုင်ပြုမူရမယ့် သင်ခန်းစာတစ်ခု လာသင်ပေးတာ။ ဒါပေမယ့် ဒီနေရာမှာ သရဲတွေ နတ်ဘုရားတွေလည်း ရှိနေတယ်ဆိုတော့ ဝိညာဉ်တွေ၊ နတ်ဘုရားတွေက ဘယ်လိုပြုမူနေထိုင်ရမလဲ ဆိုတာကိုလည်း သင်ပေးမယ်။ ဒါက ငါထင်ထားတာထက် နည်းနည်းလေးတော့ ပိုပြီးတော့ ပင်ပန်းတာပဲ…"
ချွေးချန်းက အနည်းငယ် စိတ်မဝင်စားသလို အမူအရာနှင့် မှတ်ချက်ပေးလိုက်သည်။ သူကတော့ ချက်ချင်း ရှေ့ဆက်ပြောခြင်း မရှိချေ။ ရလဒ်အနေနှင့် သူ၏ကြေညာမှုက အတော်လေးကို ရယ်စရာကောင်းလှ၏။
"လူသားတစ်ယောက်က လောကကြီးထဲမှာ တရားမျှတမှုကို စောင့်ရှောက်ရမယ့် ဒေါက်တိုင်တစ်ခု ဖြစ်ရမယ်။ နတ်ဘုရားတစ်ပါးဆိုတာကတော့ လူထုက ကိုးကွယ်ယုံကြည်ကြပြီး သူတို့ကလည်း အဲဒီကိုးကွယ်ယုံကြည်တဲ့သူတွေကို အကာအကွယ်တွေ ကံကောင်းမှုတွေ သေချာပေါက်ပြန်ပေးရတယ်။ တကယ်လို့ သူတို့ရဲ့နတ်ဘုရားတာအိုက ပျက်စီးသွားမယ်ဆိုရင်တောင် သူတို့ကိုသာ ဆက်ပြီးတော့ ကိုးကွယ်ယုံကြည် လေးစားနေကြဦးမယ်ဆိုရင် သူတို့က လုံးဝသေဆုံးသွားမှာ မဟုတ်ဘူး…”
“ကမ္ဘာမြေကြီး ဆန့်ကျင်တာကို ခံရတဲ့ တစ္ဆေသရဲတစ်ကောင်ဆိုရင်တော့ သူတို့က ကြယ်တာရာမုန်တိုင်းတွေနဲ့ မိုးကြိုးတွေကို ခံနိုင်ရည်ရှိအောင် ဇွဲလုံ့လရှိမယ်ဆိုရင် ထာဝရရှင်သန်မှုကို ရနိုင်တယ်။ ဒါက သေချာပေါက်ဖြစ်လာနိုင်တဲ့ ကြေညာချက်တစ်ခုပဲ…"
သို့သော် ထိုအရာကို စိတ်ဝင်တစားမရှိသော လေသံမျိုးနှင့် ပြောသည့်အချိန်တွင် လုံးဝကို အဓိပ္ပါယ်မရှိတော့ချေ။ ချွေးချန်းက သက်ပြင်းချပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
"အစ်ကို အိုက်လျန်...
မင်းက ဒီလိုအရာတစ်ခုခုကိုတော့ ပြောခဲ့သင့်တယ်။ ငါပြောတဲ့လေသံကတော့ မမှန်ဘူးမဟုတ်လား…"
ချွေးချန်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ခြေထောက်မြှောက်၍ ဆက်ပြောလိုက်၏။
"ကောင်းပြီ. . .ကစားတာ တော်လောက်ပြီ။ အခုချိန်က အလုပ်ကိစ္စပြောဖို့ အချိန်ရောက်ပြီ…"
ထို့နောက် သူက ခန်းမကြီးထဲသို့ စိုက်ကြည့်ပြီး အပြစ်တင်ကြိမ်းမောင်းလိုက်သည်။
"မင်းလို အားနည်းပြီး သနားစရာကောင်းတဲ့ လူတစ်ယောက်က သူရဲကောင်း တစ်ယောက်လို တိုက်ခိုက်ရဲတဲ့သတ္တိမျိုး ဘယ်သူက ပေးလိုက်တာလဲ။ မင်းက ဒုတိယ အိုက်လျန်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား။ မင်းရဲ့အပြုအမူတွေကြောင့် မင်းရဲ့စိတ်ဝိညာဉ်နဲ့ အာရုံခံစွမ်းအားတွေက လုံးဝကို ပျက်စီးသွားလိမ့်မယ်…”
“တကယ်လို့ မင်းကသာ စိတ်ဝိညာဉ်ထိန်းချုပ်မှုမှာ ကျွမ်းကျင်တဲ့ ငါ့လို လူတစ်ယောက်ကို မတွေ့ရဘူးဆိုရင် မင်းက ဒီနယ်မြေကြီးထဲမှာ ဦးတည်ရာမဲ့ လှည့်ပတ်သွားလာနေရတဲ့ ဝိညာဉ်တစ်ကောင်ပဲ ဖြစ်သွားနိုင်တယ်။ မင်းက နေ့သစ်တစ်ရက် ရောက်လာဖို့အတွက်ကို အစွမ်းကုန် ဆုတောင်းနေသင့်တယ်။ အဲဒါက တကယ်ပဲ ထိုက်တန်လို့လား…"
ချွေးချန်း မတ်တပ်ရပ်လိုက်ပြီးနောက် သူက သူ့ရှေ့တွင် ရှိနေသော လူအားလုံးကို လက်ညှိုးထိုးပြီး ကြေညာလိုက်သည်။
"ပြောရမယ်ဆိုရင် မင်းတို့အားလုံးက ငါ့မျက်စိထဲမှာ ပုရွက်ဆိတ်တစ်ကောင်ထက် လုံးဝမပိုဘူး…"
သူ၏ကြေညာချက်ကြောင့် ခန်းမကြီးက လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။
"မင်းတို့က ငါ့စကားကို မယုံဘူးလား"
ချွေးချန်းက မေးလိုက်သည်။
ခဏကြာပြီးနောက် မဟာမြစ်နတ်ဘုရား၏ လက်ထဲတွင် ကိုင်ထားသော အရက်ခွက်က ချက်ချင်း ပျက်စီးသွားခဲ့သည်။ မဟာမြစ်နန်းတော်တစ်ခုလုံးတွင် ရှိနေသော လူများထဲတွင် မဟာမြစ်နတ်ဘုရားတစ်ယောက်တည်းကသာ ချွေးချန်း၏ နောက်တွင် ရပ်နေသော အရပ်ရှည်ရှည် နတ်ဘုရားရုပ်ထုတစ်ခုကို မြင်နေရသည်။
ကမ္ဘာမြေကြီးတစ်ခုလုံးကို လွှမ်းခြုံနေသော အမှန်တရား အငွေ့အသက်တစ်ခုနှင့် ထိုနတ်ဘုရားရုပ်ထုက သူတို့ကို ပုရွက်ဆိတ်များကဲ့သို့ ငုံ့ကြည့်နေခဲ့၏။ မဟာမြစ်နတ်ဘုရား၏ နှုတ်ခမ်းများက ထိန်းချုပ်၍ မရနိုင်စွာ တုန်ခါလာခဲ့သည်။
"သူက အဆင့်(၁၁) ကျင့်ကြံသူတစ်ယောက်လား..”
“အဆင့်(၁၂) ကျင့်ကြံသူတစ်ယောက်တောင် ဖြစ်နေတာလား…"
Translated by Hein Htet.