အခန်း (၁၄၉)
Vol. 10 Ch. 149
လူငယ်လေးချွေးချန်းဆီသို့ ရေတံခွန်တစ်ခု ကျဆင်းလာနေခဲ့သည်။ ချွေးချန်းကတော့ ကြောင်ကြည့်နေမိခဲ့၏။ သူ၏လက်ရှိခန္ဓာကိုယ်က ငယ်ရွယ်ပြီး စွမ်းအားများ ပြည့်ဝနေသော်လည်း သူ၏စိတ်နှင့် အခြေအနေကို အနည်းနှင့်အများ သက်ရောက်စေနိုင်သည်။ ထို့ပြင် ထိုဓားချီစွမ်းအင်များ၏အရှိန်က ရေတွင်းထဲသို့ သူ ဒိုင်ဗင်ထိုးဆင်းလာသည့်အရှိန်ထက်ပင် အဆပေါင်းများစွာ ပို၍မြန်နေခဲ့သည်။
ချွေးချန်းက နောက်ဆုတ်ရန် လမ်းကြောင်းမရှိတော့ချေ။ ထိုသို့ဖြစ်နေမှတော့ သူလည်း လက်ရှိအခြေအနေမှ ရှောင်လွဲနေနိုင်ခြင်း မရှိတော့ချေ။ သူက လက်တစ်ဖက်ကို ရင်ဘတ်ရှေ့တွင် တင်လိုက်ပြီး တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် တခြားလက်ဖက်ကို ဆန့်လိုက်ပြီး ရေတွင်းအဝဆီသို့ လက်ဝါးနှင့် ချိန်လိုက်၏။ သူက အသက်ကယ်ဝှက်ဖဲ တစ်ချပ်ဖြစ်သော ပစ္စည်းတစ်ခုကို ထုတ်ဖော်လိုက်သည်။
ချွေးချန်း၏လက်ထဲတွင် မှန်တစ်ချပ် ပေါ်လာခဲ့၏။ ထိုအရာက ရေတွင်းအဝထက် အနည်းငယ်လေးသာ ပိုသေးသော မှန်တစ်ချပ်ဖြစ်သည်။ ထိုမှန်၏ မျက်နှာပြင်ပေါ်တွင် အဝါရောင်အလင်းတန်းလေးတစ်ခု တောက်ပလာခဲ့၏။ အဖြူရောင်ဓား အလင်းတန်းတချို့က မှန်ကို ဖြတ်ကျော်သွားခဲ့ပြီး ရေတွင်းထဲတွင် ရှိနေသော ရေများအားလုံးက ချက်ချင်း အငွေ့ပြန်သွားခဲ့သည်။
ထိုအချိန်တွင် မှန်၏မျက်နှာပြင်ကတော့ ဓားချီစွမ်းအင်အများစုကို တားဆီးထားခဲ့ပြီး သူတို့နှစ်ယောက်တိုက်ခိုက်သည့် တိုက်ခိုက်မှုက မီးပွားလေးများ ထွက်ပေါ်လာစေခဲ့သည်။
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ချွေးချန်းက အောက်ကို(၁)မီတာခန့် နိမ့်ကျသွားခဲ့ပြီး လက်တစ်ဖက်လုံးကလည်း ထိန်းချုပ်၍ မရနိုင်အောင် စတင်လှုပ်ရှားလာခဲ့သည်။ ခဏကြာပြီးနောက် သူ့လက်က ဖြည်းညင်းစွာ တွန်းချခံလိုက်ရပြီး ဓားချီစွမ်းအင်များကြောင့် လက်ဝါးကလည်း သူ၏ခေါင်းပေါ်မှတဖြည်းဖြည်း လျော့ကျလာခဲ့သည်။
သူ၏ဦးခေါင်းက ဘေးသို့ အနည်းငယ်စောင်းလာပြီး ခဏကြာပြီးနောက် သူ၏လက်ဝါးအစား ပုခုံးကိုသုံး၍ ရှေးဟောင်းကြေးမုံမှန်ကြီးကို သယ်ဆောင်ထားရသည်။ ချွေးချန်းက ခေါင်းကိုအနည်းငယ်လေးသာ စောင်းနိုင်တော့၏။
အဘယ်ကြောင့်ဆိုသော် မှန်ကိုသာ အနည်းငယ် စောင်းလိုက်မည်ဆိုလျှင် အစွမ်းထက်သော ဓားချီစွမ်းအင်များကို ရင်ဆိုင်ရမည်မှာ သူကိုယ်တိုင် ဖြစ်သွားနိုင်သည်။ ထိုအချိန်တွင် အခြေအနေကတော့ အဖိုးမဖြတ်နိုင်သော ခန္ဓာကိုယ်လေးကို ဆုံးရှုံးရခြင်းထက် အဆပေါင်းများစွာ ပို၍ပြင်းထန်နိုင်၏။
ထိုအစား လူငယ်လေးချွေးချန်းက ဓားချီစွမ်းအင်များကြောင့် သတ်ပစ်ခံရနိုင်ပြီး တော်ဝင်နန်းဆရာ ချွေးချန်းတစ်ယောက်တည်းသာ အသက်ရှင်လျက် ကျန်ခဲ့ပါတော့မည်။ ဤအရာက အဆင့်မြင့်ဆုံး အရည်အသွေးရှိနေသော သဘာဝရွှေသစ်ကိုင်းနှင့် ကျောက်စိမ်းသစ်ရွက် ခန္ဓာကိုယ်ဖြစ်သည်။ လက်ရှိအချိန်တွင် သူ၏အရိုးအဆစ်များအားလုံးက ပြောင်းဖူးပေါက်ပေါက် ဖောက်သကဲ့သို့ တဖောက်ဖောက် မည်နေခဲ့၏။
ချွေးချန်း၏မျက်နှာက ရှုံ့မဲ့နေပြီး မှန်ပေါ်သို့ သက်ရောက်လာသော ဖိအားများကြောင့် ပုခုံးပေါ်တွင် နီရဲသော အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း တစ်လက်မချင်းဆီ ရေတွင်းအောက်ခြေသို့ ဖြည်းညင်းစွာ နိမ့်ကျသွားနေခဲ့၏။
သို့သော် သူက အက်ရှရှလေသံနှင့် ပြောလိုက်သေးသည်။
“ငါ့လို လူတစ်ယောက်က ဒီလိုခံစားရမှာလား။ အဘိုးကြီး၊ ချီကျင့်ချွန် ခင်ဗျားတို့နှစ်ယောက်က ကျုပ်ကို အကြိမ်ကြိမ် ဒုက္ခပေးနေကြတာ။ တစ်ယောက်ကတော့ ကျုပ်ကို အဆင့်(၁၂)ကနေ အဆင့်(၁၀)ရောက်သွားအောင် လုပ်တယ်။ တစ်ယောက်ကတော့ ကျုပ်ကို အဆင့်(၁၀)ကနေ အဆင့်(၅) ရောက်သွားအောင်လုပ်တယ်။ တကယ်လို့ ခင်ဗျားတို့(၂)ယောက်လုံးမှာ အရည်အချင်းရှိတယ်ဆိုရင် ဘာလို့ တပည့်ဖြစ်သူနဲ့ ဂိုဏ်းတူအစ်ကိဖြစ်သူကို သာမန်လူ တစ်ယောက် ဖြစ်သွားအောင် မလုပ်နိုင်ရတာလဲ။ လာစမ်းပါ … ခင်ဗျားတို့မှာ အရည်အချင်းရှိတယ်ဆိုရင် ဘာကိုစောင့်နေကြတာလဲ။ ဒီလိုသိုင်းပညာ အဆင့်(၂)ပဲရှိတဲ့ ကောင်လေးတစ်ယောက် သုံးလိုက်တဲ့ ဓားချီစွမ်းအင်တွေက လျှပ်စီးနယ်ပယ်တံဆိပ်မှန်ကို ဖျက်ဆီးနိုင်မယ်လို့ ကျုပ်က မယုံဘူး…”
မြေပြင်ဓားအင်မော်တယ် တစ်ယောက် ထုတ်လွှတ်လိုက်သော ဓားချီစွမ်းအင်များက ကြယ်များကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။ ထိုဓားချီစွမ်းအင်များက မြေပြင်ပေါ်မှ ရောက်လာပြီး ကောင်းကင်ကြီးတစ်ခုလုံးကို လင်းထိန်သွားစေနိုင်၏။
ချန်းပင်အန်းက ထိုတိုက်ခိုက်မှုနှင့် ရေတွင်း၏အောက်ခြေသို့ တိုက်ခိုက်လိုက်သည့် အတွက်ကြောင့် ဓားချီစွမ်းအင်များကတော့ ပို၍ပင် သိပ်သည်းနေခဲ့သည်။ သို့သော် ရေတွင်းနှင့်မြစ်ကို ဆက်သွယ်ပေးထားသော ရေလမ်းကြောင်းက အလွန်ကြီးမားသော ကပ်ဆိုးကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ အမှန်အတိုင်းပြောရလျှင် အဝေး၌ တည်ရှိနေသော မဟာမြစ်နန်းတော်၏ ကံကြမ္မာကပင် ခြိမ်းခြောက်ခံလိုက်ရသည်။
မူလတုန်းကတော့ ယနေ့ည စိတ်ပျက်ဖွယ်တွေ့ဆုံမှုက ဖုံးကွယ်ထားသော ကံကောင်းမှုတစ်ခုဖြစ်သည်ဟု ရေခဲစားစရာမြစ်၏ မဟာမြစ်နတ်ဘုရားက တွေးမိခဲ့သည်။ ထို့ကြောင့် သူက အရက်သောက်ပြီး အယုံကြည်ရဆုံး လက်အောက်ငယ်သား နှစ်ယောက်ဖြစ်သည့် အကြံပေးဆွေပင်၊ မြစ်ဖြတ်ဖားပြုတ်တို့နှင့်အတူ အောင်ပွဲခံနေကြခြင်း ဖြစ်သည်။
သို့သော် ရုတ်တရက်ဆိုသလို ကံဆိုးမှုက ကျရောက်လာခဲ့၏။ စက္ကန့်ပိုင်းလေးအတွင်း မဟာမြစ်နန်းတော်ဟု ရေးထားသော ရွှေရောင်စကားလုံးများနှင့် ဆိုင်းဘုတ်ပေါ်တွင် အက်ကွဲကြောင်းငယ်လေးများ ပေါ်လာခဲ့သည်။ ချက်ချင်းပင် မဟာမြစ်နတ်ဘုရားက တံခါးဆီသို့ အလျင်အမြန် ပြေးသွားပြီး သူ့လက်နှစ်ဖက်နှင့် ဆိုင်းဘုတ်ကို တည်ငြိမ်အောင် ကြိုးစား၍ ရွှေရောင်စကားလုံးများ ပျက်စီးမသွားအောင် ကာကွယ်ထားရသည်။ သို့သော် ထိုအရာကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ မြစ်၏ကံကြမ္မာများ စီးထွက်လာပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
ရေတွင်းအောက်ခြေတွင် ရပ်နေသော ချွေးချန်းက ပုခုံးနှင့်မှန်ကို ထိန်းထားပြီး အတော်လေးကို နာနာကျင်ကျင် ခံစားနေရသည်။
“ချန်းပင်အန်း …
တကယ်လို့ မင်းသာ ဒီတစ်ကြိမ် ငါ့ကိုမသတ်နိုင်ဘူးဆိုရင် အပေါ်ကိုရောက်တာနဲ့ မင်းကို ငါကိုယ်တိုင် သတ်မယ်။ တကယ်လို့ မင်းကငါ့ကို မသေမရှင် ထားခဲ့မယ်ဆိုရင်တောင် ငါ မင်းကိုသတ်ဦးမယ်။ ငါက မင်းရဲ့ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ်ကို ခွာထုတ်ပြီး နှစ်ပေါင်း(၁၀၀)လောက် နာနာကျင်ကျင် ခံစားနေရအောင်လုပ်မယ်…”
မြို့ငယ်လေးထဲတွင် နေထိုင်နေစဉ် အတောအတွင်း ချွေးချန်းက စုန့်ကျိရှင်း၏ အိမ်နံရံပေါ်မှ နှစ်သစ်ကူးစာသားများကို ခိုးယူသွားခဲ့သည်။ ထို့ပြင် ချွေးချန်းက ရှို့ဟူ ဟူသော နာမည်နှင့် ဦးလေးဟူသော ဂုဏ်ပုဒ်ကို သုံးခဲ့သေးသည်။ ထို့နောက် ချန်းပင်အန်းက ယန်မိသားစုဆေးဆိုင်၏ ခြံဝန်းထဲသို့ သွားလည်ခဲ့သည့်အချိန်တွင် အဘိုးကြီးယန်ကတော့ မည်သည့်အရာမျှမပြောပြခဲ့ချေ။ ချန်းပင်အန်းကလည်း ထိုအကြောင်းကို ထပ်မံမေးမြန်းနေခဲ့ခြင်းမရှိချေ။
အဘိုးကြီးယန်၏ တိတ်ဆိတ်မှုက ထိုကိစ္စကို စိတ်မဝင်စားကြောင်း ပြသနေသည်ဟုသာ ချန်းပင်အန်းက ရိုးရှင်းစွာ သတ်မှတ်ထားခဲ့၏။ အမိုးခုံးအဆောက်အဦးအနားတွင် သူ့နာမည်ကို ပြောသည့်အချိန်၌ မျက်ခုံးကြားထဲတွင် မွေးရာပါအမှတ်အသား ရှိနေသော လူငယ်လေးက သူ၏အစစ်အမှန်နာမည် ချွေးချန်းဟူသော နာမည်ကို သုံးခဲ့သည်။ သူ့နာမည်၏ ဒုတိယစကားလုံးက ထင်ရှားပြီး သာမန်မဟုတ်ကြောင်းလည်း ပြောခဲ့သည်။ ထို့ကြောင့် ချန်းပင်အန်းက သူနာမည် ချွေးဟူသောအရာကိုသာ မှတ်ထားနိုင်ခဲ့သည်။
ထို့နောက် နင်ယောင် ပြောခဲ့သောအရာကို ချန်းပင်အန်းက အမှတ်ရသွားခဲ့သည်။ တာ့လီအင်ပါယာထဲတွင် ရှို့ဟူဟု ခေါ်သော လူတစ်ယောက်ရှိကြောင်း သူမက ပြောခဲ့သည်။ ထိုလူက ကျားကွက်ကစားရာတွင် အလွန်အမင်းကို အရည်အချင်းရှိသည်။ တာ့ဆွေအင်ပါယာမှ ကျားကွက်ပညာရှင်ကို စိန်ခေါ်နိုင်သောသူကလည်း တာ့လီအင်ပါယာထဲတွင် သူတစ်ယောက်တည်းသာ ဖြစ်သည်။
ချန်းပင်အန်းက ရှို့ဟူ ဟူသော နာမည်ကို ကြားဖူးခြင်းရှိမရှိ လီပေါင်ဖျင်တို့ကို မေးခဲ့သည်။ သို့သော် ကလေး(၃)ယောက်လုံးက မြို့ငယ်လေးထဲ၌ သူ့လို ကြီးပြင်းလာခြင်း ဖြစ်သည့်အတွက် ခေါင်းခါ၍ တုံ့ပြန်လိုက်ကြသည်။
ထို့နောက် ချန်းပင်အန်းက ယင်နတ်ဘုရားကို တူညီသော မေးခွန်းမေးခဲ့သော်လည်း ယင်နတ်ဘုရားက သူ့ကို ပြန်မဖြေခဲ့ပေ။ သူက ထိုမေးခွန်းကိုပြန်မဖြေနိုင်ကြောင်း ရှင်းပြခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက တချို့စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။
အကယ်၍ သူကသာ ထိုစည်းမျဉ်းများကို ချိုးဖျက်လိုက်မည်ဆိုလျှင် မြေကြီးထဲမှ ယင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ပါလိမ့်မည်။ ချန်းပင်အန်းက သူ့ကို ထိုကဲ့သို့အန္တရာယ်မျိုး မကျရောက်စေချင်သည့်အတွက် ထိုမေးခွန်းများကို စိတ်ထဲတွင်သာ သိမ်းထားခဲ့ရသည်။
ချွေးချန်းအပေါ် ယင်နတ်ဘုရား၏ သဘောထားကိုစောင့်ကြည့်ခဲ့သည့် အချိန်တွင်လည်း ယင်နတ်ဘုရားက ထိုလူငယ်လေးနှင့် ခပ်ခွာခွာနေပြီး တည်ငြိမ်အေးချမ်းကြောင်း ချန်းပင်အန်းက သတိထားမိခဲ့သည်။ အနည်းဆုံးတော့ ယင်နတ်ဘုရားက ချွေးချန်းကို သူ၏ရန်သူအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိချေ။ ထို့ကြောင့် ချန်းပင်အန်းက ပို၍စိတ်အေးသွားသလို ခံစားလိုက်ရ၏။
ချွေးတုံရှန်းဖြစ်စေ၊ ကျားကစားသမား ရှို့ဟူဖြစ်စေ ထိုလူငယ်လေးက သူ့ဆီမှ မည်သည့်အရာကို ရယူရန် ကြိုးစားနေစေကာမူ လူနှစ်ယောက်ကြားမှ တိုက်ပွဲတစ်ခုထက် မပိုခဲ့ချေ။ အကယ်၍ သူက ကစားပွဲတွင် ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် ဓားချီစွမ်းအင် အမျှင်လေးတစ်ခုကို ထုတ်လွှတ်ပြီး နှစ်ယောက်လုံးပျက်စီးသွားအောင် လုပ်နိုင်သေးသည်။ အကယ်၍ ဓားချီစွမ်းအင်အမျှင်တစ်ခုက မလုံလောက်လျှင် နောက်ထပ်အမျှင်တစ်ခုကိုထုတ်လွှတ်၍ ရနေသေးသည်။ အကယ်၍ ဓားချီစွမ်းအင်အမျှင်(၂)ခုကပင် ချွေးချန်းကို မသတ်နိုင်လျှင်တော့ ချန်းပင်အန်းက သူ၏ကံကြမ္မာကိုသာ လက်ခံရပါတော့မည်။
မြေပုံပေါ်တွင် ခြေရာလက်ရာများကို မြင်တွေ့လိုက်ရပြီးနောက် ချန်းပင်အန်း၏ စိတ်ထဲတွင် ရှိနေသော မသက်မသာ ခံစားရမှုက တဖြည်းဖြည်း ပို၍ပြင်းထန်လာခဲ့သည်။ ထိုခြေရာလက်ရာများ၏ သဲလွန်စက နယ်မြေရုံးတော်ထက်ပင် ကျော်လွန်နေမှာ အလွန်ကြောက်နေမိခဲ့သည်။ သူကိုယ်တိုင်ပင် ခန့်မှန်းနိုင်ခြင်း မရှိသော လှည့်ကွက်ထဲသို့ ရောက်သွားမှာကို စိုးရိမ်နေခဲ့၏။
ဥပမာအနေနှင့်ပြောရလျှင် ကျန်းမာရေး အလွန်ကောင်းမွန်သော ဆရာချီက ရုတ်တရက် သေဆုံးသွားခဲ့သည်။ ထို့နောက် လီပေါင်ဖျင်တို့ကို ချောက်ကမ်းပါးကျောင်းတော်သို့ ခေါ်သွားနေစဉ် ဆရာမာက ရုတ်တရက် သေဆုံးသွားခဲ့ပြန်သည်။ အဆုံးတွင်တော့ ချန်းပင်အန်းက မြို့ငယ်လေးထဲတွင် အချမ်းသာဆုံးဖြစ်လာပြီး တောင်(၅)တောင်ကိုပင် ပိုင်ဆိုင်ခဲ့သည်။
ယနေ့ည ရေတွင်းထဲသို့ မဝင်ခင် ချွေးမျိုးရိုး ကောင်လေးက ‘နွေဦးကိုကြိုဆိုသော ကမ္ဘာကြီး’ဟူသည့်စာသားများ ရှိနေသော တံဆိပ်တုံးတစ်ခုအကြောင်းကို ပြောခဲ့သည်။ ထိုအချိန်တွင် ချန်းပင်အန်းဆီတွင်လည်း ‘တည်ငြိမ်သောစိတ်က ဉာဏ်အလင်းပွင့်မှုကိုရစေနိုင်သည်’ ဟူသော စကားလုံးများရှိနေသည့် တံဆိပ်တုံးတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုအရာကို ဆရာချီ လက်ဆောင်ပေးထားခဲ့ခြင်း ဖြစ်၏။
ထိုအရာက လီပေါင်ဖျင်၊ လင်းရှို့ယီ၊ လီဟွိုင်တို့နှင့် သေချာပေါက် ပတ်သက်နေနိုင်သည်။ ထိုအရာက တစ်ယောက် သို့မဟုတ် သူတို့အများစု သေသွားနိုင်သော အခြေအနေတစ်ရပ်ဖြစ်သွားနိုင်သည်။
မြို့ငယ်လေးထဲ၌ နေထိုင်ခဲ့စဉ် ချန်းပင်အန်းက ထိုကျင့်ကြံသူများ၏ ရက်စက်ကြမ်းကြုတ်များမှုကို မြင်တွေ့ခဲ့ရသည်။ ချစ်စရာကောင်းသော လီပေါင်ဖျင်၊ ကြောင်လေးတစ်ကောင်ကဲ့သို့ ကြောက်လန့်တတ်သော လီဟွိုင်နှင့် အလွန်ဉာဏ်ကောင်းသော လင်းရှို့ယီတို့က သူ့ရှေ့၌ သေသွားပြီး သူကိုယ်တိုင်က ဘာမှမလုပ်နိုင်ခဲ့လျှင် ချန်းပင်အန်းက နောင်တတရားနှင့် ဝမ်းနည်းပူဆွေးမှုများကို သေချာပေါက် ခံစားရမည်ဖြစ်ကြောင်း သိနေခဲ့၏။
ချန်းပင်အန်းက ကျားကစားရာတွင် နှေးကွေးပြီး တောင့်တင်းသည်။ သူက လင်းရှို့ယီထက် အဆပေါင်းများစွာ နိမ့်ကျသည်ဟု သူ့ကိုယ်သူ သတ်မှတ်ထားခဲ့၏။ ချန်းပင်အန်းက အခြေအနေတစ်ရပ်လုံးကို ပြည့်ပြည့်ဝဝ နားမလည်နိုင်သော်လည်း သူက အလွန်အမင်းကို အရည်အချင်းရှိသော ကျားကစားသမား တစ်ယောက်ဖြစ်သည့် ရှို့ဟူကို စိတ်တိုင်းကျ လုပ်ဆောင်ခွင့်မပေးရန် ဆုံးဖြတ်ထားသေးသည်။
သူက အခြေအနေအဆိုးဆုံးကို မြင်နေရသည့်အတွက် စိတ်ကြိုက် လုပ်ဆောင်ခွင့်မပေးနိုင်ပေ။ အကယ်၍ ချွေးချန်းကသာ သူ၏ပိုင်ဆိုင်မှုများကို လိုချင်နေလျှင် သို့မဟုတ် လင်းရှို့ယီ၏ မဟာတာအိုကို နှောင့်ယှက်ချင်လျှင် ချန်းပင်အန်းကတော့ အခွင့်အရေးတိုင်းကို အရယူပြီး အရင်ဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချပါလိမ့်မည်။
လက်ရှိအချိန်တွင်တော့ ဓားချီစွမ်းအင်အမျှင်လေးတစ်ခုကို ထုတ်လွှတ်လိုက်ပြီးနောက် ထိုဓားချီစွမ်းအင် ရှိနေခဲ့သော သွေးကြောမှတ်က ဟောင်းလောင်းဖြစ်သွားပြီး လုံးဝကိုဗလာဖြစ်သွားသည်။ ရလဒ်အနေနှင့် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ချန်းပင်အန်း၏ခန္ဓာကိုယ်ထဲတွင် အားဖြည့်ထားခဲ့သော ချီစွမ်းအားများက သွေးကြောမှတ်ထဲသို့ ဝင်ရောက်လာကြသည်။
လှုပ်ရှားနေသော ချီစွမ်းအားများနှင့် အနီးနားသွေးကြောမှတ်များထဲတွင် ရှိနေသော သွေးစီးဆင်းမှုကလည်း ပြင်းပြင်းထန်ထန် လှုပ်ရှားသွားစေခဲ့၏။ အလွန်ပြင်းထန်သော နာကျင်မှုကြောင့် ချန်းပင်အန်းက ရင်ဘတ်ကို လက်နှင့်ဖိလိုက်ပြီး ရေတွင်းနံရံဘေးတွင် ထိုင်လျက်လဲကျသွားခဲ့သည်။ သူက အသက်ကို အမောတကာရှုနေရ၏။
ထိုအချိန်တွင် ရေတွင်းထဲ၌ ရှိနေသော ဓားချီစွမ်းအင်လေးကတော့ ရှေးဟောင်းကြေးမုံ၏ တားဆီးမှုကြောင့် အချိန်တော်တော်ကြာ ဆက်၍ ရှိနေသေးသည်။
ချန်းပင်အန်းက ရေတွင်းအောက်ခြေကို စိုက်ကြည့်နေရင်း သူ၏အသက်ရှုနှုန်းကို ပုံမှန်ပြန်ဖြစ်လာအောင် အလျင်အမြန် ကြိုးစားနေခဲ့သည်။ သူက လေပူများကို မှုတ်ထုတ်ရန် ကြိုးစားလိုက်သော်လည်း အကြိမ်ကြိမ် မအောင်မြင်ခဲ့ပေ။ သူ၏မျက်လုံးများက နီရဲနေပြီး နားထဲမှ လေများ ထွက်နေ၏။ သူ၏နှလုံးသားကလည်း တစ်ယောက်ယောက် ဗုံတီးနေသကဲ့သို့ တဒုန်းဒုန်း ဖြစ်နေခဲ့သည်။
သူ၏သွေးကြောများကလည်း အလွန်ကြောက်စရာကောင်းသော ရေစီးဆင်းမှုကို ကြုံနေရသည့်အလား မြစ်ရေများကဲ့သို့ ပြင်းထန်စွာ စီးဆင်းနေခဲ့သည်။ ချန်းပင်အန်း၏ ခေါင်းထဲတွင်တော့ အတွေးတစ်ခုတည်းသာ ရှိနေတော့၏။
“နောက်တစ်ကြိမ်... ငါက ဒါကို သေချာပေါက် နောက်တစ်ကြိမ် ထပ်လုပ်ရမယ်။ ငါက နောက်ဆုံးကျန်နေတဲ့ ဓားချီစွမ်းအင် အမျှင်လေးကို ပြင်ဆင်ထားပြီး ငါ့ရဲ့သွေးကြောမှတ်ထဲမှာသုံးဖို့ အဆင်သင့် ပြင်ထားရမယ်။ မဟုတ်ရင် ငါက သူ့ကို တုံ့ပြန်တိုက်ခိုက်ဖို့ စွမ်းအား လုံလုံလောက်လောက် ပေးထားလိုက်မယ်ဆိုရင် သူက လူတိုင်းကို သတ်ပစ်လိမ့်မယ်။ ငါက ဆရာချီကို ကတိပေးထားဖူးတယ်။ သူတို့တွေ တစ်ယောက်မှအန္တရာယ်ကျလို့ မရဘူး။ ငါ သေချာပေါက် အောင်မြင်ရမယ်…”
အလွန်ခေါင်းမာသောအတွေး၏ တွန်းအားကြောင့် ချန်းပင်အန်းက လှုပ်ရှားနေသော အမူအရာနှင့် မတ်တပ်ရပ်လိုက်ပြီး ခြေတစ်လှမ်း လျှောက်၍ ခြေထောက်တစ်ဖက်ကို ရေတွင်းနံရံပေါ်သို့ တင်လိုက်သည်။ ထို့နောက် နောက်ထပ် ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရေတွင်းနံရံပေါ်သို့ တင်လိုက်၏။ သူ၏ခန္ဓာကိုယ်က မည်မျှယိမ်းထိုးလှုပ်ရှားစေကာမူ ချန်းပင်အန်း၏ ခြေထောက်ကတော့ ရေတွင်းနံရံပေါ်တွင် ခိုင်မြဲစွာ ရပ်နေနိုင်ခဲ့သည်။ သို့သော် ဤနေရာတွင် ထိုမြင်ကွင်းကို ကြည့်နေသည့် လူတစ်ယောက်မျှ မရှိချေ။
သူ့ခန္ဓာကိုယ်က လှုပ်ရှားနေစဉ် လူငယ်လေးကတော့ လက်ညှိုးနှင့် လက်ခလယ်ကို ဓားတစ်ချောင်း ပုံသဏ္ဌာန် ဖန်တီးလိုက်ပြီး ရေတွင်းအောက်ခြေကို ချိန်လိုက်သည်။
……….
အရှေ့ပိုင်းကုန်းမြေကြီး၏ အနောက်ဘက်တွင် ရှိနေသော ပင်လယ်ကမ်းစပ်တစ်နေရာတွင် ဤကုန်းမြေကြီးထဲမှ ထွက်သွားပြီး အလယ်မြေနတ်ဘုရားကုန်းမြေဆီသို့ ပြန်သွားတော့မည့် ဆင်းဆင်းရဲရဲ စာသင်သား တစ်ယောက် ရပ်နေခဲ့သည်။
ထိုအချိန်တွင် သူက တစ်နေရာကို ရုတ်တရက် သတိထားမိခဲ့ပြီး စိတ်တိုသွားသည့် အမူအရာနှင့် ပြောလိုက်၏။
“ဟူး... ကောင်စုတ်လေး…
မင်းက ပိုပြီးတော့ အသက်ကြီးလာလေလေ ပိုပြီးတော့ သေချင်လေလေပါပဲလား။ မင်းကို တင်းတင်းကြပ်ကြပ် မသင်ပေးခဲ့ရတာက ဆရာရဲ့အမှားပဲ။ ထားလိုက်ပါတော့လေ။ အမှားလုပ်ချင်တဲ့သူတွေကတောင် သူတို့ရဲ့စံနှုန်းတွေကို ဖယ်ရှားပစ်တတ်ကြတာပဲ။ မင်း ဘယ်မှာလဲ ကြည့်ရသေးတာပေါ့။ ခုံရုံးဝါတိုင်းပြည်ရဲ့မြောက်ပိုင်း... အခုထိတာ့ဆွေအင်ပါယာထဲကို မရောက်သေးဘူးလား…”
“ဟမ်... အဲဒီမြစ်နဲ့ အရမ်းကပ်နေတာ မဟုတ်လား။ ဒါဆိုရင်တော့ အရမ်းကောင်းတယ်။ မကြာသေးခင်ကမှ ငါက တိုက်တိုက်ဆိုင်ဆိုင် မိုးကြိုးတောင်ထိပ်ကို သွားလည်ခဲ့တာ။ ဒီတော့ ငါက အချိန်ကုန် သက်သာသွားတာပေါ့။ အရမ်းအစွမ်းထက်တာကလည်း ဆိုးရွားတဲ့အရာတစ်ခုပဲ။ ရွေးချယ်မှုတွေ လုပ်တဲ့အချိန်မှာ ပိုပြီးတော့ ခက်ခဲလာစေနိုင်တယ်။ ငါ ခဏစဉ်းစားလိုက်ဦးမယ်။ ငါက တာအိုဂိုဏ်းရဲ့နယ်မြေတိုတောင်းခြင်းကျင့်စဉ်ကို သုံးလိုက်မယ်…”
စာသင်သားအိုကြီးက နောက်ကျောတွင် ရှိနေသော အထုပ်ကို ပြင်ဆင်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် ခြေထောက်နှင့် သူ့ရှေ့တွင် ရှိနေသော သဲပေါ်တွင် ကုန်းကမူလေးတစ်ခု ဖန်တီးလိုက်သည်။ စာသားအနည်းငယ်ကို ရွတ်ဖတ်လိုက်ပြီးနောက် သူက ထိုကုန်းကမူလေးကို ခြေထောက်နှင့် နင်းလိုက်၏။ တချိန်တည်းတွင် စာသင်သားအဘိုးအိုက ပင်လယ်ကမ်းစပ်မှ ပျောက်ကွယ်သွားခဲ့သည်။
တခဏအတွင်း စာသင်သားအဘိုးက ရှေးဟောင်းရှုတိုင်းပြည်၏ တံဆိပ်များ တည်ရှိနေသော တောင်တန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ သူက တောင်ထိပ်ပေါ်သို့ ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်၏။ သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီးနောက် သူက အဝေးကို လှမ်းကြည့်လိုက်သည်။
သူက သူ့ကိုယ်သူ အလွန်ကျေနပ်နေပုံရပြီး ခံစားချက်များပြည့်နှက်စွာ ပြောလိုက်သည်။
“ငါက ဒီခန္ဓာကိုယ်ရဲ့ဝန်ထုပ်ဝန်ပိုးသာ မရှိရင် နည်းနည်းပိုပြီးအစွမ်းထက်သလို ခံစားရတယ်…”
တောင်တန်းကြီးတစ်ခုလုံးက စတင်လှုပ်ရှားလာပြီး မဟာမြစ်ရေပြင်ကြီးကလည်း ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ မီတာအနည်းငယ်အတောအတွင်း အလွန်မြင့်မားသော လှိုင်းလုံးကြီးများပင် ထွက်ပေါ်လာခဲ့သည်။
စာသင်သားအိုကြီးက မြစ်ကမ်းဘေးနှစ်ဖက်တွင် ရှိနေသော ပတ်ဝန်းကျင်ကို ထိခိုက်စေလိုခြင်း မရှိပေ။ ထို့ကြောင့် လက်တစ်ဖက်ကို အလျင်အမြန် ဆန့်လိုက်ပြီး ဖိနှိပ်သည့် အမူအရာမျိုး လုပ်ဆောင်လိုက်၏။ ပြဿနာရှာနေသော ရေနဂါးတစ်ကောင်အလား လှုပ်ရှားနေသည့်မြစ်က ချက်ချင်းတည်ငြိမ်သွားခဲ့သည်။
ထိုအချိန်ကျမှသာ စာသင်သားအိုကြီးက တောင်တန်းမျက်နှာပြင်ပေါ်တွင် ခရီးသွားစာသင်သား(၂)ယောက်ကို တွေ့လိုက်ရသည်။ တစ်ယောက်က အဘိုးအိုဖြစ်ပြီး တစ်ယောက်က လူငယ်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက သူ့ကို မျက်လုံးပြုး၍ စိုက်ကြည့်နေကြ၏။
စာသင်သားအိုကြီးက အိုးတိုးအမ်းတမ်း ပြုံးပြီး မှတ်ချက်ပေးလိုက်သည်။
“ဟူး... ဒီနေ့ညတော့ လမင်းကြီးက ဝိုင်းစက်ပြီး လှနေတာပဲ။ ဒီတော့ ငါက မင်းတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူး။ မင်းတို့က ရှုခင်းလေးတွေကို အေးအေးဆေးဆေး ဆက်ပြီးတော့ ကြည့်လိုက်ကြဦး။ ငါ့ကိုမမြင်ချင်ယောင်ဆောင်လိုက်ပါ…”
ထို့နောက် စာသင်သားအိုကြီးက မလှမ်းမကမ်းကိုလှမ်းကြည့်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
“အင်း.... ဒီနေရာပဲ။ အရမ်းမဝေးလို့ တော်ပါသေးတယ်…”
သူက ရှေ့ကို ခြေတစ်လှမ်းလျှောက်ရန် ပြင်လိုက်စဉ် သူ့ခြေထောက်က မြေပြင်နှင့် အနည်းငယ်လေး ကြွရုံသာ ရှိသေးသော်လည်း ရုတ်တရက် ရပ်လိုက်မိသည်။ စာသင်သားအိုကြီး၏ အမူအရာက တည်ငြိမ်သွားခဲ့၏။
တောင်မျက်နှာပြင်ကို ဗဟိုပြု၍ စက်ဝိုင်းပုံသဏ္ဌာန် ဓားချီစွမ်းအင်လေးများက လေထဲတွင် ပေါ်လာခဲ့သည်။ ထိုဓားချီစွမ်းအင်များက သိန်းပေါင်းများစွာ ရှိနေပြီး သူတို့က အလွန်ကြောက်စရာကောင်းသော ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ထိုဓားချီစွမ်းအင်များကို ထိတွေ့ရဲသည့်သူတိုင်းက လုံးဝပျောက်ကွယ်သွားနိုင်သည်။
ထိုအရာက ချွေးမင်ဟွမ်ဆီတွင် ပထမဆုံး ပေါ်လာခဲ့သည့် အတွေးဖြစ်သည်။
ထိုအရာက သေချာပေါက် ဖြတ်သွား၍ မရနိုင်သော လျှပ်စီးရေကန်တစ်ခု ဖြစ်သည်။ ထိုအရာက ကြယ်ပင်လယ်မှ လူသားကမ္ဘာကြီးသို့ ပြန်ရောက်လာသော စာသင်သားအိုကြီး၏ ခေါင်းထဲတွင် ပေါ်လာသော အတွေးဖြစ်သည်။
ထို့နောက် လူကြီးနှစ်ယောက်က အချင်းချင်းကြည့်လိုက်မိကြပြီး သူတို့၏မျက်နှာပေါ်တွင် အံ့ဩနေသည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။ အင်မော်တယ်များ၏ တိုက်ပွဲက သာမန်လူများကို ထိခိုက်စေနိုင်သည်ဟု ပြောကြသည်။ သို့သော် သူတို့နှစ်ယောက်ကတော့ အစစ်အမှန်အင်မော်တယ်များဟု သတ်မှတ်နိုင်သည့်အတွက် လက်ရှိအခြေအနေကို မည်သို့ဖော်ပြရမည်နည်း။
စာသင်သားအိုကြီးက သက်ပြင်းချလိုက်သည်။ သူက အနည်းငယ် ခေါင်းကိုက်နေသော အမူအရာနှင့် ပြောလိုက်၏။
“မင်းတို့နှစ်ယောက်က ဘာရပ်လုပ်နေကြတာလဲ။ မင်းတို့က ဘာကစားချင်နေတာလဲ..”
အဝေးမှနေ၍ မိန်းမပျိုတစ်ယောက်၏ခနဲ့သံကိုကြားလိုက်ရသည်။
“ဘာလဲ .. ရှင်တို့မှာပဲ နောက်ခံတွေ၊ အကူအညီတွေ ရှိနေတယ်လို့ ထင်နေတာလား။ ကျွန်မရဲ့ပင်အန်းလေးမှာရော ဘာအကူအညီမှ မရှိရတော့ဘူးလား..”
Translated by Hein Htet.