ငါ သွေး သောက်ချင်တယ်
Vol. 17 Ch. 212
"မင်း"
မျောက် သူတော်စင်၏ အဆိုးဆုံး အိပ်မက်များတွင်ပင် လနတ်သားက တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းလိမ့်မည်ဟု မတွေးထင်ခဲ့ပေ။ နတ်ဆိုးများအကြား တိုက်ပွဲတစ်ခုသည် သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သော ကိစ္စတစ်ခု ဖြစ်ကာ ခန္ဓာကိုယ်ချင်း ရင်ဆိုင်သော ရန်ပွဲတစ်ခုပမာ အဆင့်မြင့် တိရစ္ဆာန် တိုက်ပွဲတစ်ခုနှင့် ဆင်တူ၍ လှုပ်ရှားမှုတိုင်းတွင် အသတ်ခံရနိုင်သည်။ ကောင်းကင်နယ်မြေ၏ လူသူကင်းမဲ့သော လမ်းများတွင် အမြီးသုံးချောင်း မြေခွေးတစ်ကောင် နှင့် မီးလျှံ မျောက်တစ်ကောင် လေထဲတွင် ထိပ်တိုက်ရင်ဆိုင်မိကြသည်။
ဘုန်း
သူတို့၏ တိုက်ပွဲသည် ပြိုးပြက်တောက်ပသော မီးပန်းများကို ဖြစ်ပေါ်စေပြီး သွေးစက်များနှင့်အတူ မြေခွေး နှင့် မျောက် နှစ်ဖက်လုံး လွင့်ထွက်သွားကြသည်။ မျောက်သူတော်စင်က ရွှေမျက်လုံး မီးလျှံ မျောက်တစ်ကောင် ဖြစ်ပြီး ကြောက်မက်ဖွယ် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြောင့် ကျော်ကြားသော်လည်း လက်ရှိတွင် ခန္ဓာကိုယ်အထက်၌ ဆွဲဖြဲခံထားရသော အနီရောင် ဒဏ်ရာများ ရှိနေသည်။
တစ်ဖက်တွင် အမြီးသုံးချောင်း နတ်ဆိုး မြေခွေး၏မျက်နှာ ဘေးတစ်ဖက်တွင် သွေးစွန်း အပေါက်တစ်ခု ရှိနေပြီး မျောက် သူတော်စင်၏ အစွမ်းထက်သော ထိုးချက်ရလဒ်ဖြစ်သော်လည်း ဒဏ်ရာမှာ ချက်ချင်း ပြန်လည်ကောင်းမွန်သွားခဲ့သည်။ ၎င်းက ရွှယ်ချီ၏ ဖန်ဆင်းခြင်းမျိုးစေ့ စွမ်းရည်၊ သွေးယဇ်ပူဇော်ခြင်းမှ အသက်ဓာတ်စွမ်းရည် ဖြစ်သည်။ ဖန်ဆင်းခြင်းမျိုးစေ့ ခြောက်ခု၏ စွမ်းရည်များ၊ နောက်ပိုင်းအဆင့် နတ်ဆိုး သူတော်စင် နယ်ပယ် ကျင့်ကြံမှု နှင့် နတ်ဘုရားခန္ဓာကိုယ်ကြောင့် လနတ်သားက မျောက်သူတော်စင်အောက် များစွာ အားနည်းမနေခဲ့ချေ။ ဤထိပ်တိုက်တွေ့ဆုံမှုက ယွမ်ရှောင်ကို ကိုယ်ပွား၏ အစွမ်းအစကို နက်ရှိုင်းစွာ နားလည်သွားစေပြီး အမှန်တကယ်ပင် လူတစ်ယောက်တည်းဖြင့် နတ်ဆိုးတိုက်ကြီးမှ နတ်ဆိုးသူတော်စင်များကို ရင်ဆိုင်နိုင်စွမ်းရှိနေသည်။
"မင်းက ဘယ်လိုလုပ် အဲ့လောက် သန်မာနေတာလဲ"
မျောက်သူတော်စင်၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးသွား၍ လနတ်သားကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
"ဒီလောက်အရည်အချင်းရှိနေတာတောင် မင်းက ဘာကြောင့် လူသားမျိုးနွယ်ကို အမှုထမ်းရတာလဲ။ မင်းက နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တယ်။ နောက်ပိုင်းကျရင် နတ်ဘုရားတိုက်ကြီး နဲ့ နတ်ဆိုးတိုက်ကြီး နှစ်ခုလုံးရဲ့ ဘုရင် ဖြစ်လာနိုင်တယ်"
ထိုအစွမ်းအစက မျောက် သူတော်စင် စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပြီးရက်အနည်းငယ်အတွင်း လနတ်သားသည် နတ်ဆိုးသွေးကြောနယ်ပယ်မှတဆင့် နတ်ဆိုးတိုက်ကြီး၏ ထိပ်တန်း တိုက်ခိုက်ရေးသမား ဆယ်ဦးအတွင်း ဝင်ရောက်နိုင်ခဲ့သည်ဖြစ်ရာ နတ်ဧကရီ၏ ပါရမီထက် သာလွန်နေသည်။
"ငါက လူသားမျိုးနွယ်ကို အမှုထမ်းတယ်လို့ မင်းကို ဘယ်သူ ပြောခဲ့လိုက်တာလဲ။ တရားခံက လနတ်ဆိုးဧကရာဇ်ပဲ။ ဒီခွေးကောင်က ငါ့အရည်အချင်းကို မနာလိုဖြစ်ပြီး စွပ်စွဲခဲ့တယ်။ ငါက သားရဲနတ်ဆိုးဘုရင်ဖြစ်လာမှာကို ကြောက်နေတယ်။ မျောက်သူတော်စင် ငါက အင်မော်တယ်စစ်ပွဲမှာ ရှုံးခဲ့ပေမယ့် ဂုဏ်သိက္ခာအပျက်စီးမခံနိုင်ဘူး။ လနတ်ဆိုးဧကရာဇ်က ငါ့ဆရာကို သတ်တဲ့အတွက် ငါကိုယ်တိုင် လက်စားချေပြီးရင် နတ်ဘုရားတိုက်ကြီးကိုလည်း နင်းချေပစ်မယ်"
လနတ်သားက မျက်နှာထားတည်တည်ဖြင့် မျောက်သူတော်စင်ကို စိုက်ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။
"မင်း ငါတို့ကို သစ္စာမဖောက်ခဲ့ဘူးလား"
မျောက်သူတော်စင်က ဤစကားများကို ကြားသောအခါ စိတ်ရှုပ်ထွေးလာသည်။
"သစ္စာဖောက်တာလား။ မင်း ရူးနေလား။ ငါ့လို နတ်ဆိုးပါရမီရှင်က ဘာကြောင့် အဲ့ဒီ အသုံးမကျတဲ့ လူသားမျိုးနွယ်ကို အမှုထမ်းရမှာလဲ။ လနတ်ဆိုး ဧကရာဇ်က သူ့ပလ္လင်ကို လုံခြုံအောင် လုပ်ဖို့ အင်မော်တယ်စစ်ပွဲရဲ့ အရှုံးကို ငါ့အပေါ် ပုံချခဲ့တယ်။ ဒီလို အမြင်ကျဉ်းမြောင်းတဲ့ ဘူရင်က ငါတို့ သားရဲ နတ်ဆိုးတွေအတွက် ကျိန်စာတစ်ခု ဖြစ်တယ်။ ခွေးတစ်ကောင်က ခွေးတစ်ကောင်သာ ဖြစ်ပြီး ထျန်းလု အသတ်ခံရချိန်မှာ ဟောင်နေရုံပဲ တတ်နိုင်တယ်။ မျောက်သူတော်စင်၊ တကယ်လို့ မင်းမှာ ဦးနှောက်ရှိရင် အနာဂတ်မှာ ဘယ်ဘက်က ရပ်တည်ရမည်ဆိုတာကို သိသင့်တယ်"
လနတ်သား အေးစက်စွာ နှာခေါင်းရှုံ့လိုက်၍ မျောက်သူတော်စင်က နားမလည်နိုင်ဟန်ဖြင့် တိတ်ဆိတ်သွားသည်။ ထူးကဲသော အရည်အချင်းများရှိသော လနတ်သားက သစ္စာဖောက်ခြင်းမှာ အဓိပ္ပာယ်မရှိပေ။ သူက ဤကိစ္စကို အတွေးနက်နေရင်း ယွမ်ရှောင်နှင့် တိုက်ပွဲများတွင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက် ဖြစ်နိုင်ပြီး အင်မော်တယ်စစ်ပွဲအဆုံးတွင် တစ်ဖက်လူသည် လနတ်သားကို အမှန်တကယ် သတ်ဖြတ်ချင်နေကြောင်း ထင်ရှားကြောင်း မည်သူမဆို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သည်။
"စကားနဲ့ ပြောကြရအောင် လနတ်သား။ ငါတို့ နတ်ဆိုးဧကရာဇ်တွေဆီ သွားပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ငါ အကြံပေးချင်တယ်။ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်က မင်းကို တရားမျှတမှု ပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
မျောက်သူတော်စင်က တစ်ချက်တွေး၍ တိုက်တွန်းလိုက်သည်။
"ဘာကို ဆွေးနွေးရမှာလဲ။ ငါက အဲ့ဒီ ခွေးကို သေစေချင်တယ်။ သူက အဲ့ဒီ ခွေးကို ငါ့အတွက် ကွပ်မျက်နိုင်လို့လား"
လနတ်သားက နှာခေါင်းရှုံ့သည်။
"တကယ်လို့ သူက ဒီခွေးကို သေဒဏ်မပေးရင် ငါကိုယ်တိုင် သတ်မယ်။ ဆွေးနွေးစရာ ဘာမှ မရှိဘူး။ ငါက အဲ့ဒီ ခွေးကို သတ်ဖြတ်ပြီးရင် မင်းက သားရဲ နတ်ဆိုးတွေကို ဦးဆောင်ပြီး ငါ့ကို ထောက်ခံပေးဖို့ မျှော်လင့်တယ်"
"ကောင်းပြီ"
မျောက်သူတော်စင်က တစ်ချက်တွေဝေသွားပြီး အဝေးသို့ မျှော်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
"ငါက ဘိုးဘေးကျောင်းတော်မှာ နောက်တစ်ကြိမ် ပေါ်ထွက်လာပေမယ့် သူက ဘာကြောင့် လိုက်မဖမ်းခဲ့တာလဲ။ သူ့မှာ ဘာလုပ်စရာရှိနေလို့လဲ"
လနတ်သားက အေးစက်စက် မေးလိုက်သည်။
"…"
မျောက် သူတော်စင်၏ မျက်နှာတွင် ရှုပ်ထွေးသော စိတ်ခံစားချက်များ ရောယှက်နေကာ ပြောသင့်မပြောသင့် ချင့်ချိန်နေပုံရသည်။
"ဆံပင်နီမျောက်နဲ့ မင်းရဲ့ စကားဝိုင်းကို ခုလေးတင် ကြားဖြတ် ကြားလိုက်ရတယ်။ နတ်ဆိုးတိုက်ကြီးမှာ အခြား ဘာ အကြံအစည်တွေ ရှိနေတာလဲ။ ငါလည်း သိထားမှ ကူညီပေးနိုင်လိမ့်မယ်"
လနတ်သားက မျောက် သူတော်စင်ကို ဖိအားပေး၍ မေးခွန်းထုတ်လာသဖြင့် သံသယမျက်လုံးများ ဖြစ်တည်လာသည်။
"မင်း လူသားမျိုးနွယ်ကို မပြောဘူးမလား"
ဘုန်း
လနတ်သားက သူ့ကို ရုတ်တရက် မျက်နှာဖြတ်ရိုက်လိုက်သောကြောင့် မြေပြင်၌ ဒရွတ်တိုက် လွင့်ထွက်သွားကာ စွတ်ကြောင်းကြီးတစ်ခု ဖြစ်လာသည်။
"မင်းက ငါ့ကို ဘာ ထင်နေတာလဲ။ ငါ့ဘဝအပေါ် အစွန်းအထင်းတစ်ခု ဖြစ်နေတဲ့ ယွမ်ရှောင်နဲ့ အရုဏ်တက်နတ်ဧကရီကို ငါ ကိုယ်တိုင် သတ်ပစ်မယ်။ မင်းက ငါ့ကို လျှော့တွက်နေတုန်းလား၊ မျောက် သူတော်စင်"
သူက မျက်နှာပေါ် တက်နင်း၍ ကြုံးဝါးလိုက်သောကြောင့် မျောက်သူတော်စင်မှာ ရှုံ့မဲ့သွားသော်လည်း တစ်ဖက်လူကို အနိုင်မယူနိုင်သည့်အပြင် မြန်ဆန်လှသော တိုးတက်မှုကြောင့် မစော်ကားရဲတော့ပေ။
"ငါ မင်းကို လျှော့မတွက်ရဲပါဘူး။ မင်းရဲ့ အရည်အချင်း ဒီလောက် ရှင်းလင်းနေတာပဲ"
မျောက်သူတော်စင်က စိတ်ပျက်အားလျော့စွာ ရေရွတ်လိုက်သည်။
"မင်း ဒီလိုနားလည်တာ ကောင်းတယ်။ ကောင်းကောင်းနားထောင်စမ်း၊ ငါ စိတ်မတိုချင်ဘူး။ တကယ်လို့ မင်းက ငါ့ကိုရော လနတ်ဆိုးဧကရာဇ်ကိုရော နှစ်ဖက်ခွ ကစားမယ်ဆိုရင် ငါ နတ်ဆိုးဧကရာဇ်ဖြစ်လာရင် မျောက်မျိုးနွယ်ကို မျိုးဖြုတ်ပစ်မယ်"
လနတ်သားက သူ့ကို မြေကြီးထဲရောက်သွားအောင် ဆောင့်နင်း၍ သတိပေးလိုက်သည်။ မျောက်သူတော်စင်၏ မျက်လုံးများ ဗလာဖြစ်သွားကာ အကြီးအကျယ် ဒုက္ခရောက်ပြီဖြစ်ကြောင်း နားလည်လိုက်၏။ နတ်ဆိုးသူတော်စင်များ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည့်အပြင် ဘိုးဘေးကျောင်းတော်မှ အမှောင် အရိပ်တစ်ခုက သူတို့ထံ တရကြမ်း ချီတက်လာနေပြီး လနတ်ဆိုးဧကရာဇ် ဖြစ်နေသည်။
"မျောက်မျိုးနွယ်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းက မင်းအပေါ် မူတည်တယ်"
"တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်က အဆုံးမဲ့ ငရဲပြည်ရဲ့ မဟာမိတ်တွေကို ခေါ်ဆောင်လာပြီး သူတို့ ဒီကို ရောက်နေကြပြီ။ အားလုံးက အလွန် အစွမ်းထက်ကြတယ်"
မျောက်သူတော်စင်က အံကြိတ်၍ လျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့သည်။
"ဘယ် အဆင့်လဲ"
လနတ်သားက အေးစက်စွာ မေးသည်။
"ဧကရာဇ် အဆင့်"
"ဘယ်လောက်များသလဲ"
"သုံးယောက်တော့ အခုရောက်နေပြီ။ နောက်ထပ် ဘယ်လောက်ရှိမလဲဆိုတာတော့ ငါ မသိဘူး"
"အဆုံးမဲ့ ငရဲပြည်က ဘာလဲ"
လနတ်သားက ၎င်းအကြောင်း ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။
"ဒါက နတ်ဆိုးတိုက်ကြီးမှာ မကြာသေးမီက ပွင့်လာတဲ့ ကမ္ဘာ တံခါးပေါက်တစ်ခု ဖြစ်တယ်။ တားမြစ်ကံကြမ္မာက ပို အားကောင်းလာပြီး ဒီမဟာမိတ်တွေကို ဖိတ်ခေါ်လာခဲ့တယ်"
ထိုအချိန်တွင် မီးလုံးတစ်လုံးက လျင်မြန်စွာ ချဉ်းကပ်လာပြီး ထိပ်တန်းအဆင့် နတ်ဆိုး သူတော်စင်၊ မီးသူတော်စင် ဖြစ်ကာ မကျေနပ်မှုနတ်ဆိုး အမျိုးအစားပင်။
"မင်းလုပ်တာ ကောင်းတယ်။ ငါ့အဖွဲ့က ကြိုဆိုပါတယ်"
လနတ်သားက မျောက်သူတော်စင်ကို တစ်ချက်စိုက်ကြည့်၍ အဖြူရောင်အခိုးအငွေ့အဖြစ် ချက်ချင်း ပျောက်ကွယ်သွားသည်။
မျောက်သူတော်စင်က ချွေးများဖြင့် စိုရွှဲနေရင်း သက်ပြင်းချကာ ခေါင်းကိုက်နေမိသည်။
"တကယ်လို့ လနတ်သားက အမှန်တကယ် လူသားမျိုးနွယ်ရဲ့ မဟာမိတ်တစ်ဦး ဖြစ်ခဲ့ရင်တောင် ငါ ဖော်ထုတ်ခဲ့သမျှက အဆုံးမဲ့ ငရဲပြည်အကြောင်းပါပဲ။ သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ အကြံအစည်ကို မပြောခဲ့တဲ့အတွက် နတ်ဆိုးတိုက်ကြီးကို မထိခိုက်လောက်ပါဘူး။ ဒါပေမယ့် ဒီလိုနတ်ဆိုးတစ်ကောင်က လူသားမျိုးနွယ်လက်အောက်မှာ အမှုထမ်းနေဖို့ မဖြစ်နိုင်ပါဘူး"
စဥ်းစားခန်းဝင်နေရင်း သူ့အတွက် လနတ်သား၏ စကားများက အဓိပ္ပါယ်ရှိလာပြီး လနတ်ဆိုးဧကရာဇ်သာ တစ်ဖက်လူကို အငြှိုးထားနေခြင်း ဖြစ်သည်။ ဟွာလျန် သခင်မ ကွပ်မျက်ခံခဲ့ရပြီး အဖြစ်အပျက် အသေးစိတ်များကို မည်သူမှ မသိရခင် သက်သေ အထောက်အထား မရှိဘဲ တရားစီရင်ခံခဲ့ရသည်။
"လနတ်သားက တကယ် အဲ့လောက်အစွမ်းထက်တာလား"
မီးသူတော်စင် ရောက်ရှိလာပြီး မျောက် သူတော်စင်၏ ဒဏ်ရာရထားသော အခြေအနေကို မြင်တွေ့သည့်အခါ ထိတ်လန့်တကြား ဖြစ်သွား၏။
"သူက တော်တော် ကြောက်စရာကောင်းတယ်"
"ဒီလိုအရည်အချင်းမျိုးနဲ့ နတ်ဆိုးတစ်ကောင်ကို သူတို့က နတ်ဆိုးတိုက်ကြီးရဲ့ သစ္စာဖောက်လို့ သတ်မှတ်ထားတာလား။ သူက အနာဂတ်မှာ ထိပ်တန်း နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်လာမှာ သေချာတယ်"
မီးသူတော်စင်က မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။
"မင်းရဲ့ ပါးစပ်ကို သတိထား၊ ညီလေး။ သူ့ကို လနတ်ဆိုး ဧကရာဇ် ကိုယ်တိုင်က သစ္စာဖောက်လို့ သတ်မှတ်ပြီး မြေခွေး မျိုးနွယ် တစ်ခုလုံး ချေမှုန်းခံခဲ့ရတယ်။ ဒါက ပေါ့သေးသေး ကိစ္စ မဟုတ်ဘူး"
မျောက်သူတော်စင်က မျက်မှောင်ကြုတ်၍ သတိပေးလိုက်သည်။
" သူတို့ မျိုးဆက်တစ်ခုမှာ တစ်ကြိမ်သာ ပေါ်ထွက်တတ်တဲ့ ပါရမီရှင်ကို တွန်းထုတ်နေကြတယ်။ နတ်ဆိုးတိုက်ကြီးမှာ ပါရမီရှင်တွေ နည်းပါးနေတာတောင် ဘာကြောင့် ဒီလိုလုပ်နေရတာလဲ။ ငါ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်နဲ့ စကားပြောရမယ်။ တကယ်လို့ လနတ်သားက လမ်းလွဲသွားရင်တောင် ငါတို့ သူ့ကို ပြန်လည် ဆွဲခေါ်ပေးဖို့ လိုအပ်တယ်"
မီးသူတော်စင်က နှာခေါင်းရှုံ့၍ ကြုံးဝါးလိုက်ပြီး မျောက်သူတော်စင်ကလည်း ခေါင်းညိတ်ပြ၍ ဒေါသတကြီးဖြစ်နေသော မျက်နှာထားမျိုးဖြင့် လနတ်ဆိုးဧကရာဇ်ကို ကြိုဆိုခဲ့သည်။
ဝိညာဉ်ရတနာ နန်းတော်က ထူးခြားစွာ တိတ်ဆိတ်နေပြီး ကောင်းကင်နယ်မြေ၏ အင်မော်တယ်စစ်ပွဲအပြီးတွင် လောင်းကြေးများ ပြန်လည်ထုတ်ယူရမည့်နေ့ ဖြစ်သော်လည်း ပုံမှန်ဖြစ်တတ်သော စိတ်လှုပ်ရှားမှုများ ပျောက်ဆုံးနေခဲ့သည်။
အကြောင်းအရင်းမှာ ယွမ်ရှောင်က လူသားမျိုးနွယ်၏ ထိပ်တန်း အင်မော်တယ်ဖြစ်လာမည်ဟု လောင်းထားသူမှာ မရှိသလောက် နည်းပါးသည်။ ဝိညာဉ်ရတနာ နန်းတော်က ပွပေါက်တိုးခဲ့ပြီး လောင်းကြေးများစွာကို ဒိုင်စားခဲ့ခြင်းဖြစ်၏။ ကောင်းကင်နယ်မြေရှိ မတည်ငြိမ်သော အခြေအနေ နှင့် နတ်ဆိုးတိုက်ကြီး၏ စစ်တပ် ကောလာဟာလသတင်းများကြောင့် လူသူလေးပါး ကင်းမဲ့နေစဥ် ပုံရိပ် သုံးခုက လမ်း၏ အမှောင် ထောင့်တစ်နေရာမှ ထွက်ပေါ်လာသည်။ နှစ်ဦးက အနက်ရောင် ဝတ်ရုံများ ဖုံးလွှမ်းထားကာ အမှောင်ထုနှင့် ရောနှောနေသဖြင့် သူတို့၏ အသွင်အပြင်များကို ခွဲခြားမရနိုင်သော်လည်း တတိယတစ်ဦးမှာမူ အရပ်အမောင်း မြင့်မားသော မိန်းမတစ်ယောက်ဖြစ်သည်။ သူမက ခန္ဓာကိုယ်ကြီးမား သန်မာသော ချန်ကျင်း နှင့် လန့်ကော်တို့ထက် အရပ်ပိုရှည်ပြီး တင်းကျပ်ပြီး တိုလွန်းသော အနက်ရောင်နှင့် အနီရောင် သားရေ ဝတ်စုံ ဝတ်ဆင်ထားကာ ခြေတံများ အလွန်ဖြောင့်စင်း ရှည်လျားပေသည်။ သူမ၏ ကိုယ်ဟန်အနေအထားက မီးလျှံကဲ့သို့ တောက်လောင်ပြီး ပြီးပြည့်စုံကာ ထူးခြားဆန်းပြားသော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်နေသည်။ သူမ၏ မျက်နှာက လှပသော်လည်း အထင်ရှားဆုံး အသွင်အပြင်မှာ နားထင်နှစ်ဖက်တွင် သေးငယ်သော ဦးချို နှစ်ချောင်း ရှိနေပြီး တစ်ခုစီတွင် သွေးရောင် အမြောင်းကိုးခုဖြင့် အမှတ်အသားပြုထားသဖြင့် ထူးခြားဆန်းပြားသော အရှိန်အဝါမျိုး ပိုင်ဆိုင်နေသည်။ သူမက ဆူးများဖြင့် ပြည့်နေသော နီရဲရဲ နှင်းဆီတစ်ပွင့်ကဲ့သို့ အလှတရားနှင့် အန္တရာယ် ယှဥ်တွဲပိုင်ဆိုင်ထားပြီး အနောက်မှ ပုံရိပ် နှစ်ခုသည် အစေခံများ သို့မဟုတ် ကာကွယ်သူများ ဖြစ်သည်မှာ ရှင်းလင်းနေသည်။ ထွက်လာသည်နှင့်တပြိုင်နက် သူတို့၏ အကြည့်က ဝိညာဉ်ရတနာ နန်းတော်အပေါ် ချက်ချင်း ကျရောက်သွားကာ ထိုမိန်းမက မေးခွန်းထုတ်လိုက်သည်။
"ဒီနေရာလား"
"ဟုတ်ပါတယ် မင်းသမီး။ ပထမဆုံး ပစ်မှတ်၊ ကျောက်ရွှမ်းကျန်းက ဒီမှာ ရှိနေပါတယ်"
"ဘယ်သူက ဒီ အသုံးမကျတဲ့ စာရင်းကို လိုအပ်လို့လဲ။ ငါက ငယ်ရွယ်ပြီး အရသာရှိတဲ့ သွေး လိုချင်တယ်"
သူမက လက်ချောင်းတစ်ချက် ယမ်းလိုက်ရုံဖြင့် စာရင်းကို ပြာချပစ်ခဲ့ပြီး ပန်းရောင်လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သောအခါ ၎င်းလျှာမှာ ပါးစပ်အပြင်သို့ လေးလက်မကျော်အထိ ရှည်ထွက်နေခဲ့လေသည်။