ချောင်ရန်ကသာ လှုပ်ရှားရဲပါက သူမလဲ ပျော့ညံ့နေမည်မဟုတ်ပေ
Vol. 1 Ch. 14
ဧကရာဇ်ရွှင်းဝူကို မုန်းတီးသော်လည်း မှန်ကန်သော ကျင့်ဝတ်ထုံးတမ်းကိုတော့ ပစ်ပယ်၍ မရပေ။
သခင်မကြီးမော့က ဦးစွာ ဒူးထောက်လိုက်သည်။
မရီးရှစ်ယောက်နဲ့ မော့ဟန်ယွဲ့သည်လည်း ဒူးထောက်လိုက်ကြ၏။
ဟဲကျစ်ယန်သည် ဒူးမထောက်ချင်သော်လည်း သူများတွေနှင့် ကွဲကွဲပြားပြား ပြုမူနေ၍ မရပေ။
ကံကောင်းစွာဖြင့် ရှေးခေတ်အဝတ်အစားများ၏ စကတ်မှာ ကျယ်ဝန်းသည်ဖြစ်ရာ သူမ၏ ခြေထောက်များကို စကတ်ဖြင့် ဖုံးပြီး လူတိုင်းနောက်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
“ကောင်းကင်ဘုံရဲ့ အာဏာ၊ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ပြန်ဆိုချက်၊ စစ်ဆေးစုံစမ်းပြီးနောက် မှူးမတ်ကြီး မော့ကျိုးယွီသည် လူမျိုးခြားဓားပြများနှင့် ပူးပေါင်းကာ စစ်ဘက်ဆိုရင် ပြဌာန်းချက်များကို အလွဲသုံးစားလုပ်ပြီး ရုံးတော်အရာရှိများနှင့်ပူးပေါင်းကာ နိုင်ငံတော်ကို သစ္စာဖောက်ရန် ကြံစည်ခဲ့သည်။
ဧကရာဇ်မင်းမြတ်ရဲ့ ကရုဏာနဲ့ မော့မိသားစုရဲ့ ဘိုးဘေးစဉ်ဆက် တာဝန်ထမ်းရွက်ခဲ့မှုများကို ထောက်ထားကာ သေဒဏ်မှ ကင်းလွတ်ခွင့်ပေးလိုက်သည်။
မော့မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံး အသိမ်းခံရမှာဖြစ်ပြီးတော့ ကျွန်တွေကိုလဲ ရောင်းချမယ်၊ မော့မိသားစုကတော့ အနောက်မြောက်အရပ်ဆီ ပြည်နှင်ဒဏ် ပေးခံရမယ်”
ကံကောင်းစွာဖြင့် မော့မိသားစုတစ်ခုလုံးမှာ စိတ်ကိုပြင်ဆင်ထားပြီး ဖြစ်သောကြောင့် ထိုမတရားသော အမိန့်တော်ကြောင့် ပြိုလဲသွားကြခြင်း မရှိပေ။
သူတို့၏ နာကျည်းမှုများကိုပင် ထုတ်ပြီး မညည်းညူပေ။
ဧကရာဇ်က မော့မိသားစုအား အပြစ်ပေးချင်နေသည်မှာ သိသာနေသောကြောင့် သူမတို့ တောင်းပန်တိုးလျှိုးလျှင်ပင် ဘာမှပြောင်းလဲသွားမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေပြီးသားပင်။
သူတို့၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် လွှတ်လိုက်သော လူများကိုကြည့်ပြီး ဧကရာဇ်က သူမတို့အား ပြည်နှင်ဒဏ်ခရီးလမ်းတွင် အေးအေးဆေးဆေး မဖြစ်စေချင်မှန်း သိသာပေသည်။ မဟုတ်ပါက ချောင်ရန်လို လူယုတ်မာအား တမင်စေလွှတ်လိမ့်မည်မဟုတ်ပေ။
သခင်မကြီးမော့သည် အမိန့်စာကို လက်ခံခဲ့ပြီး အမျိုးသမီးများနှင့်အတူ မတ်တပ်ရပ်လိုက်သည်။
ချောင်ရန်ကတော့ စိတ်မရှည်ဖြစ်နေပြီး ကြွက်တွင်းတောင် ချန်မထားဘဲ ရှာဖွေသိမ်းဆည်းဖို့ ချက်ချင်း အမိန့်ပေးလိုက်၏။
လက်ရှိ ရှိနေသော အမျိုးသမီးများကိုလဲ ရှာဖွေရမည်ဖြစ်သည်။
ပန်းကလေးများနှင့် ကျောက်စိမ်းများကဲ့သို့ တင့်တယ်လှပသော ထိုအမျိုးသမီးများကိုကြည့်ကာ ချောင်ရန်၏ မျက်လုံးထဲတွင် ယုတ်မာရိုင်းစိုင်းသော အကြံက ဖျတ်ခနဲပေါ်လာသည်။
“ဟီးဟီး မော့ကျိုးယွီနဲ့ ငါက လွှတ်တော်မှာ အတူတူ တာဝန်ထမ်းဆောင်ခဲ့တာကို ထောက်ထားပြီး မင်းတို့အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကိုတော့ ငါကိုယ်တိုင် ရှာဖွေပေးမယ်”
ချောင်ရန်၏စကားကို ကြားပြီးနောက် လူတိုင်း အလိုလိုပင် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ကြ၏။
သူမတို့က မုဆိုးမများဖြစ်ကြသော်လည်း ဖြူစင်ကြပေသည်။ ယောက်ျားသားတစ်ယောက်ကို သူမတို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုလုပ် ရှာခွင့်ပြုနိုင်မှာလဲ။
သခင်မကြီးမော့လဲ ဒေါသထွက်သွားကာ လေးနက်စွာပြောလိုက်သည်။
“စစ်သူကြီးချောင် ရှင် လုပ်မဲ့အရာက ကျိုးကြောင်းမဆီလျော်လိုက်တာ။ ငါ့ရဲ့ မော့မိသားစုက အပြစ်ဒဏ်ခံရမယ်ဆိုပေမဲ့ ဒီအမျိုးသမီးတွေက လွယ်လွယ်နဲ့ အရှက်ခွဲခံရမဲ့ မိန်းမမျိုး မဟုတ်ဘူး”
သခင်မကြီးမော့သည် ပြောနေရင်း သူမသည် အသေခံရန်ပင် ပြင်ဆင်ထားလိုက်၏။
အမျိုးသမီးတစ်ယောက်၏ ဂုဏ်သိက္ခာမှာ အရေးကြီးဆုံးပင်။ တစ်စုံတစ်ယောက်ထံမှ အရှက်ခွဲခံရမည့်အစား သူမ အသေသာခံလိုက်မည်ပင်။
ချောင်ရန်သည် သခင်မကြီးမော့၏ စကားများကို စိတ်ထဲတောင် မထည့်ပေ။
သူ့အမြင်တွင် မော့မိသားစုသည် ဆောင်းဦးပြီးသွားသည့်နောက်ပိုင်း ကျိုင်းကောင်များလိုပင်။ သူတို့ အခု မသေလျှင်တောင် ပြည်နှင်ဒဏ်ခရီးတွင် သေဆုံးရမှာဖြစ်သည်။
“သခင်မကြီး အရာအားလုံး ဆုံးရှုံးရဖို့ ပေါင်မုန့်ကို လက်မလွှတ်ချင်စမ်းပါနဲ့။ မင်းတို့အားလုံးကို ငါကိုယ်တိုင် ရှာဖွေပေးမယ်ဆိုတာနဲ့တင် ဂုဏ်ယူသင့်နေပြီ။ မင်းတို့က ခွင့်မပြုချင်ဘူးဆိုရင် အရာရှိတွေနဲ့အတူ အတူတူ ရှာဖွေကြရုံပဲ”
သခင်မကြီးမော့သည် ဒေါသထွက်လွယ်သော စိတ်ထားရှိရာ ထိုကဲ့သို့သော ရိုက်းစိုင်းသည့် စကားလုံးများကို သည်းမခံနိုင်တော့ပေ။
“ချောင်ရန် ဒီနေ့တော့ နင်နဲ့ငါ သူသေကိုယ်သေပဲ”
သခင်မကြီးမော့ ပြောပြီးနောက် သူမ၏ ဆံပင်မှ ဆံထိုးကို ဆွဲဖြုတ်ကာ ချောင်ရန်အား ထိုးစိုက်လိုက်၏။
သို့သော် ချောင်ရန်မှာ စစ်သူကြီးဖြစ်လေရာ အမျိုးသမီးတစ်ယောက်ကို ကြောက်မနေပေ။
သူမကို သတ်ပစ်လိုက်ဖို့ အခွင့်အရေးရနိုင်ရင် ဧကရာဇ်ဆီမှ အချီးကျူးပင် ခံရမည်ဖြစ်သည်။
ချောင်ရန်က ခုခံရန် အနေအထားမျိုး ပြင်လိုက်သည်ကို မြင်သည်နှင့် ဟဲကျစ်ယန်သည် သခင်မကြီးမော့အား အလျင်အမြန်ပင် ဘေးလွတ်ရာသို့ ဆွဲလိုက်သည်။
သူမ၏ လုပ်ရပ်ကြောင့် ချောင်ရန်သည် ဘာမှမရှိသော လေထဲသို့သာ ကန်မိသွား၏။
ချောင်ရန်က သူ့အကြံအစည်ကို ဖျက်လိုက်သော မိန်းကလေးကို ကြည့်လိုက်သည်။
ဤအမျိုးသမီးသည် လက်ထပ်ပြီးသော မိန်းကလေးများ၏ ဆံပင်ပုံစံကို ထုံးဖွဲ့ထားကာ ၁၆ နှစ် ၁၇ နှစ်လောက်သာ ရှိဦးမယ်ဖြစ်ပြီး နူးညံ့သော မျက်ခုံးမျက်လုံးများနှင့် သူမ၏ ဖြူဖွေးသော အသားအရေနှင့် လိုက်ဖက်သည့် ရေပြာရောင် ခပ်ရိုးရိုးဝတ်စုံကို ဝတ်ဆင်ထားသည်။
သူမသည် အမှန်တကယ်ပင် လှပလွန်းပြီး ကာကွယ်ရေးဝန်ကြီးအိမ်တော်တွင် ထိုကဲ့သို့ အလှလေးရှိနေသည်ကို သူ မသိခဲ့ချေ။
ချောင်ရန်သည် ဟဲကျစ်ယန်အား စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးနောက် မျက်နှာကိုမော့ကာ ပြုံးလိုက်သည်။
“ဟီးဟီး ... မင်းက ဘယ်မုဆိုးမလေးလဲ မသိဘူး၊ အမျိုးသမီးလေး”
ဖြစ်နိုင်ပါက ချောင်ရန်သည် ဤအလှလေးအား သူ့အိမ်တော်ထဲသို့ ဆွဲခေါ်ရန် လှည့်ကွက်တစ်ချို့ပင် စဉ်းစားပြီးနေပြီဖြစ်သည်။
ထိုအပြုအမူကို မြင်ပြီးနောက် ဟဲကျစ်ယန်မှာ အန်ချင်သလိုပင် ခံစားလိုက်ရ၏။
သို့သော် သူမသည် အေးစက်နေသော မျက်နှာထားကိုသာ ထိန်းသိမ်းထားသည်။
“ချောင်ရန် ရှင်က နန်းတော်ရဲ့စည်းမျဉ်းတွေကိုတောင် လျစ်လျူရှုပြီး အရာရှိတွေရဲ့ မိသားစုဝင်တွေကို ထိပါးဝံ့တယ်ပေါ့”
“အိုး မိန်းမငယ်လေးက တော်တော်ခက်ထန်တာပဲ။ ငါ အခု မင်းကို ထိပါးတော့ ဘာလုပ်နိုင်မှာမို့လို့လဲ”
ဟဲကျစ်ယန်၏ အမူအရာက မပြောင်းလဲသွားပေ။
“နန်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေက အပြစ်မရှိတဲ့ မိသားစုတွေကို ထိခိုက်လို့ မရဘူး။ ပြီးတော့ စီရင်ချက်ချခံရတဲ့ အရာရှိရဲ့ မိသားစုတွေကို အရှက်ခွဲလို့ မရဘူး။
အခု ရှင်က ကျွန်မကို ပွင့်ပွင့်လင်းလင်းကို အရှက်ရစေနေတော့ ရှင်က ဧကရာဇ်မင်းမြတ်ရဲ့ အပြစ်ပေးခံရမှာကို မကြောက်တာလား”
ချောင်ရန်သည် နန်းတော်စည်းမျဉ်းများကို သေချာနားလည်နေပြီး မော့မိသားစုရှိ အမျိုးသမီးများက ထိုစည်းကမ်းများကို နားမလည်ဘူးဟု ထင်သောကြောင့်သာ ဘာအကျိုးဆက်မှမရှိဘဲ သူလုပ်ချင်သလို လုပ်လို့ရမည်ဟု ထင်ခဲ့ခြင်းသာဖြစ်သည်။
လူတွေအများကြီး ရှေ့တွင် ငယ်ရွယ်ပြီး လှပသော မိန်းမပျိုလေးက နန်းတော်၏ စည်းကမ်းများကို သူ့မျက်နှာတည့်တည့်၌ လာရွတ်ပြခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့ကြောင့် သူ ဒေါသထွက်သွားရ၏။
သို့သော် သူ့ရှေ့မှလူက မိန်းမငယ်လေးတစ်ယောက်သာဖြစ်သောကြောင့် ခြိမ်းခြောက်လိုက်ပါက သူမ ကြောက်သွားပေလိမ့်မည်။
“နှုတ်သီးကောင်းတာက ငါ့အတွက်တော့ အသုံးမဝင်ဘူး။ ငါအခုပြောလိုက်မယ် မင်း ငါ့စကားနားထောင်သရွေ့ ရှာဖွေတာကို ညှိနှိုင်းပေးလို့ရမယ်။ မဟုတ်ရင်တော့ မညှာတာလို့ဆိုပြီး အပြစ်မတင်နဲ့”
ဟဲကျစ်ယန်သည် နှစ်ဘဝ နေထိုက်ခဲ့ပြီးသော်လဲ ဤမျှ အရှက်မရှိသောလူကို ပထမဆုံးတွေ့ဖူးခြင်းပင်။
အခုတော့ သူမ ကိုင်ထားသည့် ဓားမြှောင်နေရာတွင် ပစ္စတိုအသေးတစ်လက် ရောက်နေပြီ ဖြစ်သည်။
ချောင်ရန်သာ တစ်ချက်လှုပ်ရဲပါက သူမလဲ တုံ့ဆိုင်းနေမည်မဟုတ်ပေ။
သူမ ပြင်ဆင်မှုများ လုပ်ပြီးသော်လဲ ဟဲကျစ်ယန်သည် အကြောင်းပြချက်တစ်ခုကို အရင်ရွေးချယ်လိုက်သည်။
ဤနေရာတွင် အမျိုးသမီးများ ရှိနေသောကြောင့် သူမသာ ဤနေရာတွင် ချောင်ရန်ကို သတ်လိုက်ပါက ထိုအမျိုးသမီးများပါ အမှုပတ်သွားပေလိမ့်မည်။
“ချောင်ရန် ရှင့်ကို ကျွန်မ အကြံပေးလိုက်မယ်။ မော့မိသားစု ပြည်နှင်ဒဏ်ပေးခံရရင် ကျွန်မတို့ရဲ့ မိသားစုတွေက သေချာပေါက် လိုက်ပို့ကြမှာပဲ။
ကျွန်မရဲ့ မရီးတွေကများ သူတို့မိသားစုတွေဆီကို အခုအခြေအနေကို ပြောပြလိုက်ရင် ဖုံးထားတဲ့ ပြဿနာလေးတွေ ပေါ်လာမယ်ဆိုတာ ရှင် ကောင်းကောင်းကြီး နားလည်မှာပါ။ အဲ့ဒါဆို ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်လာမလဲ သိလား။
မော့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရပေမဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင် မိသားစုတွေကတော့ ပုံမှန်အတိုင်းပဲနော်။
ကျွန်မအဖေက ဝန်ကြီးဖြစ်နေလို့ အဆိုးဆုံးပဲ။ ကျွန်မတို့ကို လိုက်ပို့တဲ့အခါ သူ ကျွန်မကိုမတွေ့ရလို့ စုံစမ်းကြည့်ရင်း ရှင့်လက်ထဲမှာ ကျွန်မသေသွားတာကို သိရရင် ကျွန်မအဖေ ဘာလုပ်မယ်လို့ ရှင်ထင်လဲ”
သူမ၏ စကားလုံးများမှာ အလွန်အင်အားရှိပြီး မရီးများမှာ ချက်ချင်းပင် ယုံကြည်ချက် ရှိလာကြ၏။
“ချောင်ရန် ငါ့အကိုအကြီးဆုံးက လိုက်ပို့တဲ့နေ့မှာ ငါ့ကိုမတွေ့ခဲ့ရင် သူ သေချာပေါက် လက်စားချေလိမ့်မယ်”
“ကျွန်မအဖေရောပဲ၊ ရှင် ဆက်ပြီး ပြောရခက်နေမယ်ဆိုရင် ကျွန်မ ကိုယ့်ခေါင်းကို ရိုက်ခွဲပြီး ဒီမှာပဲ သေပစ်လိုက်မယ်”
မော့အမျိုးသမီးများ၏ စိတ်ဆိုးမာန်ဆိုး အမူအရာကိုကြည့်ပြီး ချောင်ရန်သည် ချက်ချင်းပဲ ရှုံးသွားသလို ခံစားလိုက်ရ၏။
ဤအမျိုးသမီးများက သူ့ကို နည်းနည်းလေးမှ ကြောက်မှာမဟုတ်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
သူမ၏ အဖေက လက်ရှိ ဝန်ကြီးတစ်ဦးဟု ပြောလာသော အလှဆုံးမိန်းကလေးမှာ အဆိုးဆုံးပင်။
သူမက ဘယ်ဝန်ကြီးဟု နာမည်တပ်မပြောသော်လဲ သူ့စိတ်ထဲ သေသေချာချာ သိနေခဲ့သည်။
မော့မိသားစု၏ မိန်းမများထဲတွင် ဝန်ကြီးသမီးတစ်ယောက်တည်းသာ ရှိသည်။
ထိုလူက မနေ့ကမှ မော့ကျိုးယွီ၏ မိန်းမဖြစ်လာသော ဝန်ကြီး ဟဲယွမ်မင်၏ သမီးသာဖြစ်ပေသည်။
ဟဲယွမ်မင်က ဒုတိယအဆင့် ဝန်ကြီးဖြစ်သောကြောင့် သူ့လို စတုတ္ထအဆင့် အရာရှိလေးက သွားဆန့်ကျင်လို့မရပေ။
ထို့အပြင် မော့မုဆိုးမများ၏ မိဘရင်းအိမ်တော်များက ရုံးတော်တွင်ရှိနေကြပြီး တစ်ချို့ဆိုလျှင် သူ့ထက်ပင် ရာထူးကြီးကြသေး၏။
တွေးကြည့်ပြီးနောက် ချောင်ရန်သည် ဒီတစ်ခေါက်တော့ အလျော့ပေးမှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော်လဲ သူက ဟန်မပျက်ချင်ပေ။
“ဟမ့် ငါ မင်းတို့ကို ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်။ မင်းတို့တွေ နှစ်ပေါင်းများစွာ မုဆိုးမဖြစ်နေရလို့ သနားစရာကောင်းတာကို ညှာတာလိုက်တာပဲ”