← Chapters

မော့မိသားစုဝင်ဖြစ်ဖို့ မွေးဖွားလာတယ် မော့မိသားစုရဲ့ တစ္ဆေအဖြစ်ပဲ သေဆုံးမယ်

Vol. 1 Ch. 5

မော့မိသားစုဝင်ဖြစ်ဖို့ မွေးဖွားလာတယ် မော့မိသားစုရဲ့ တစ္ဆေအဖြစ်ပဲ သေဆုံးမယ်

Vol. 1 Ch. 5

ဒီကိစ္စက သူတို့ကို အလျင်အမြန် သတင်းပေးရမည်ဟု ဟဲကျစ်ယန်လည်း ခံစားမိသည်။ သို့သော် မော့ကျိုးယွီကိုယ်တိုင် ပြောပြခြင်းက သူမကဲ့သို့ ယနေ့မှ အိမ်တော်ထဲဝင်လာသူ လူသစ်လေးပြောခြင်းထက် များစွာ အကျိုးရှိပေမည်။

“ကောင်းပြီ။ ကျွန်မ သူမတို့ကို ချက်ချင်းပဲ ခေါ်ခိုင်းလိုက်ပါမယ်”

ဟဲကျစ်ယန်သည် တံခါးအပြင်ဘက်မှ အစေခံများကို ဝင်းအသီးသီးသို့ သွားကာ ဖိတ်ခေါ်ရန် စေခိုင်းလိုက်ပြီး သူမက အခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။

သူမက မော့ကျိုးယွီကို မေးလိုက်၏။ “ရှင့်မှာ အစီအစဉ်ကောင်းများ ရှိလား”

“မင်းနဲ့ မရီးတွေ ကွာရှင်းစာစောင်တွေယူပြီး ထွက်သွားကြတော့” ထိုအချိန်တွင် မော့ကျိုးယွီတွေးနိုင်သမျှမှာ ပါဝင်ပတ်သက်သူ နည်းလေလေ ပိုကောင်းလေလေ ဟူ၍ပင်။

ထိုအရာကို ဟဲကျစ်ယန် မချေပခဲ့ပေ။

သူမ၏ မရီးရှစ်ယောက်နှင့် အဆက်အသွယ် သိပ်မရှိသေးသော်လည်း သူမတို့ အားလုံးက ကြင်နာတတ်သူများဖြစ်ကြောင်း သူမ ပြောနိုင်ပေသည်။

သူမတို့အတွက် ဤမျှ အသက်ငယ်ငယ်တွင် မုဆိုးမဖြစ်ရသည်မှာ သနားဖွယ်ကောင်းလှသည်။ ပြည်နှင်ဒဏ်ခံရပြီး အခက်အခဲတွေ ကြုံတွေ့ရမည်မှာ ပိုလို့ပင် သည်းမခံနိုင်ဖွယ်ရာပင်။

သူမကိုယ်တိုင်အတွက်တော့ အများကြီး မတွေးထားပေ။

သူမက မော့မိသားစုနှင့် ကံကြမ္မာပါခဲ့ပြီဖြစ်သောကြောင့် မော့ကျိုးယွီ၏ စောသောသေဆုံးရမည့် ကံကြမ္မာကို သူမ၏ စွမ်းရည်ဖြင့် ပြောင်းလဲပေးနိုင်ဖို့သာ မျှော်လင့်မိပေသည်။

သိပ်မကြာခင်ပင် သခင်မကြီးမော့နှင့် မရီးများ အလျင်အမြန် ရောက်ရှိလာကြ၏။

ဟဲ့ကျစ်ယန်သည် တစ်ဦးချင်းစီ၏ မျက်နှာပေါ်မှ စိတ်ပူပန်မှုများကို ကြည့်ကာ မော့ကျိုးယွီပြောတာ မမှားဘူးပဲဟု တွေးလိုပ်သည်။

သခင်မကြီးမော့က သူမသားအနီးသို့ ပထမဆုံးရောက်လာသူဖြစ်သည်။ သူမမျက်ဝန်းတွင် မျက်ရည်စများရှိနေသော်လည်း မျက်နှာကတော့ တည်ကြည်နေဆဲပင်။

“ကျိုးယွီ ဒဏ်ရာတွေက ဘယ်လိုဖြစ်ရတာလဲ”

“အမေ သား အဆင်ပြေပါတယ်။ အပေါ်ယံ ဒဏ်ရာလေးတွေပါပဲ”

“နဝမမတ်လေး ဘယ်လိုဖြစ်လို့ ဒဏ်ရာရလာတာလဲ” စတုတ္ထမရီးက သိလိုစိတ်ဖြင့် မေးလိုက်သည်။

မော့ကျိုးယွီက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၏။

“မရီးတွေအားလုံး ဒီမှာစုံသွားရင် ကျွန်တော် အကုန်လု့းကို ပြောစရာရှိပါတယ်”

မော့ကျိုးယွီ ပြောသည်ကိုကြားသောအခါ လူတိုင်းက မေးခွန်းထပ်မမေးတော့ပေ။ သူတို့က သူ့ဒဏ်ရာများကိုသာ စိတ်ပူနေကြသည်။

ခဏကြာပြီးနောက် အနည်းငယ်ဝေးသော ခြံဝန်းမှ မရီးများပါ ရောက်ရှိလာကြ၏။

ဟဲကျစ်ယန်သည် သတိဝီရိယရှိစွာပင် အပြင်ထွက်သွားပြီး အစေခံများကို တံခါးအား သေချာစောင့်ကြပ်ရန်နှင့် တခြားလူ တစ်ယောက်မှပေးမဝင်ရန် မှာကြားလိုက်သည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ မျှော်မြင်တတ်မှုကြောင့် နွေးထွေးသွားရ၏။ တစ်ချိန်တည်းမှာပင် ဟဲကျစ်ယန်အပေါ် သူ၏နားလည်ထားမှုကလဲ အရင်ကနှင့် အများကြီး ကွာခြားသွားခဲ့သည်။

ကံမကောင်းစွာပင် ကံကြမ္မာက လူသားများကို စနောက်တတ်ပြီး ကောင်းကင်ဘုံကလဲ သူ့အား အခွင့်အရေး မပေးခဲ့ပေ။

မော့ကျိုးယွီသည် သူ၏ အတွေးများကို စုစည်းကာ လေးနက်စွာ ပြောလိုက်သည်။ “အမေ၊ မရီးတို့၊ ဒီနေ့ ကျွန်တော် ဧကရာဇ်မင်းမြတ်ဆီက အပြစ်ရှာခံရပြီး ကြိမ်ဒဏ် ၅၀ ခံယူခဲ့ရပါတယ်”

ထိုအရာကိုကြားပြီးနောက် မရီးအားလုံးမှာ စိတ်ထဲ တင်းကြပ်သွားကြသည်။

“နဝမမတ်လေး ဧကရာဇ်က အဲ့လောက်ထိ အပြစ်ပေးရလောက်အောင် ဘာတွေများ အမှားလုပ်ခဲ့မိတာလဲ”

“ဟုတ်တယ် နဝမမတ်လေး ကြိမ်ဒဏ် ၅၀ ဆိုတာ ပေါ့ပေါ့လေးမဟုတ်ဘူး။ ဒဏ်ရာတွေက အရမ်းဆိုးသလား”

“နဝမမတ်လေး ...”

စိတ်ပူပေးသည်များကို ကြားပြီးနောက် မော့ကျိုးယွီလို လူကြမ်းကြီးပင် သူ့နှလုံးသားမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။

ဒီလောက် ညီညွတ်တဲ့ မိသားစုကြီး ဒီနေ့ပြီးရင် ခွဲခွာကြဖို့ ဖြစ်လာရတော့မယ်။

သူ ဝန်လေးနေမိသော်လည်း လုပ်စရာရှိတာတော့ လုပ်ရမည်ပင်။

“အမေ၊ မရီးတို့ ဒီနေ့အဖြစ်အပျက်အရ ဧကရာဇ်မင်းမြတ်က မော့အိမ်တော်ရဲ့ တည်ရှိမှုကို လက်မခံနိုင်တော့ဘူးလို့ မြင်မိပါတယ်။ သူ သိပ်မကြာခင်ပဲ ကျွန်တော်တို့ကို အပြစ်ပေးဖို့ ဆင်ခြေတစ်ခုရှာတော့မှာကို ကျွန်တော် စိုးရွံ့မိတယ်။ ပြည်နှင်ဒဏ်ပေးတာပဲဖြစ်ဖြစ် ကြီးလေးလွန်းရင်တော့ ခေါင်းဖြတ်တာပဲဖြစ်ဖြစ်ပေါ့”

မော့ကျိုးယွီသည် ကိစ္စအား ပိုပြီးအလေးအနက်ဖြစ်သွားအောင် ပြောလိုက်သည်မှာ ဤမရီးများ ဘယ်အချိန် နောက်ပြန်ဆုတ်သင့်လဲဆိုတာ သတိပေးချင်ရုံပင်။

ထိုသတင်းကို ကြားပြီးနောက် မရီးရှစ်ယောက်၏ အကြည့်များမှာ မတိုင်ပင်ထားပါပဲ ဟဲကျစ်ယန်ဆီ ရောက်လာကြ၏။

ခုဏက သူမတို့ မင်္ဂလာခန်းဆီမှ ထွက်ခွာလာတုန်းကလဲ နဝမယောင်းမလေးက သူမတို့အား ထိုသို့ သတိပေးခဲ့သေးသည်။

ထိုအချိန်တုန်းက သူမတို့ စိတ်ထဲမထားခဲ့ဘဲ နဝမယောင်းမလေးက မှောင်မိုက်ခြင်းနှင့် ပျက်ဆီးခြင်းတွေကို ဗလုံးဗထွေး လျှောက်ပြောနေသည်ဟု ထင်ခဲ့မိကြ၏။

သို့သော် မော့ကျိုးယွီထံမှ ထိုကဲ့သို့သော စကားလုံးများကို ကြားပြီးနောက် သူမတို့ အလေးအနက်ဖြစ်လာကြတော့သည်။

ဟဲကျစ်ယန်သည် ထိုစပ်စုသော မျက်ဝန်းများကို ကြည့်လိုက်ပြီး ခုဏက သူမ ပြောနေသည်မှာ လျှောက်ပြောနေခြင်းမဟုတ်ကြောင်း ခေါင်းငြိမ့်ပြလိုက်လေသည်။

“ကျိုးယွီ မင်းစကားတွေက အမှန်ပဲလား” ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော မော့သခင်မကြီးပင် စိတ်ထဲ တင်းကြပ်လာရသည်။

“အမေ အဲ့ဒါကက ၈၀ ၉၀ ရာခိုင်နှုန်း ဖြစ်နိုင်နေတယ်” မော့ကျိုးယွီသည် သူ့စကားများက လုံးဝတိကျသည်ဟု မပြောလိုက်ပေ။ ဘာပဲပြောပြော ထိုအရာများက ဟဲကျစ်ယန်၏ စကားများနှင့် သူ၏ ကောက်ချက်ချထားမှုများသာဖြစ်သည်။

ထိုစကားကိုကြားပြီးနောက် သခင်မကြီးမော့၏ ခန္ဓာကိုယ် တုန်ယင်သွားရသည်။

“ငါတို့ မော့မိသားစုက သစ္စာရှိပြီး ဖြောင့်မတ်ခဲ့တာ မျိုးဆက်တွေတိုင်ခဲ့ပြီ။ မိသားစုထဲက ယောက်ျားလေးတွေ တိုင်းပြည်အတွက် သေဆုံးခဲ့ရတာ နောက်ဆုံးတော့ ဒီလိုရလဒ်မျိုးအတွက်တဲ့လား”

သူမ စကားပြောပြီးနောက် အေးစက်စက် ရယ်မောလိုက်၏။

“အဲ့ဒီအချိန်တုန်းက ငါ မင်းအဖေကို သာမန်ပြည်သူဘဝလေးပဲ နေရကြအောင်လို့ အကြံပေးခဲ့တယ်။ ဂုဏ်ပုဒ်၊ ကံကြမ္မာနဲ့ ရာထူးတွေဆိုတာ အေးချမ်းပြီး ရောင့်ရဲနိုင်တဲ့ သာမန်မိသားစုဘဝလေးနဲ့ ဘယ်ယှဉ်လို့ရနိုင်မလဲ။ ဒါပေမဲ့ သူ နားမထောင်ခဲ့ဘူး။

သူ ပြောတာ မော့မိသားစုက ရွှမ်ပြည်ထောင်စုကြီးကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်တဲ့။ သူ့ရဲ့ ဒီစကားနဲ့ပဲ ငါဟာ ယောက်ျားနဲ့ သားရှစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်။

အဲ့တော့ ငါတို့ ရွှမ်ပြည်ထောင်စု နယ်မြေတွေကို ကာကွယ်ဖို့ အသက်တွေ ပေးဆပ်ခဲ့တာ ဘာပြန်ရလဲ။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ”

မရီးရှစ်ယောက်သည်လည်း အမှန်တရားဒေါသများဖြင့် ပြည့်နှက်လာကြသည်။

“ဒါက လွန်လွန်းတယ်။ ကျွန်မတို့ မော့မိသားစုက ဘာလို့ဒီလိုမျိုး ကြုံတွေ့ရမှာလဲ”

“ကျွန်မ လက်မခံနိုင်ဘူး။ ကျွန်မရဲ့ မိသားစုအိမ်တော်ဆီပြန်ပြီး အဖေ့ကို တောင်းပန်ပြီး စကားကောင်းပြောခိုင်းရမယ်။”

“ကျွန်မလဲ ကျွန်မရဲ့ အကိုကြီးကို သူကူညီပေးနိုင်မလားလို့ သွားရှာမယ်”

မော့ကျိုးယွီ ခေါင်းယမ်းလိုက်သည်။

“မရီးတို့ လက်လျှော့လိုက်ပါတော့။ ဧကရာဇ်အရှင်က မော့မိသားစုကို အမြစ်ဖြတ်ချေမှုန်းချင်နေတာ။ အကြံဉာဏ်စကားလုံးတွေကို သူနားထောင်မှာ မဟုတ်ဘူး”

“ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ။ ဒီတိုင်းပဲ တစ်ယောက်ယောက်က ကျွန်မတို့ကို မဟုတ်မမှန်ချောက်တွန်းပြီး စွပ်စွဲတော့မှာကို ထိုင်စောင့်နေရုံပဲလား” သတ္တမမရီး ယန်မန်က တည့်မေးလိုက်သည်။

မော့ကျိုးယွီ ပြန်မဖြေပေ။ ထိုအစား သခင်မကြီးမော့ကိုသာ လှမ်းကြည့်လိုက်၏။

“အမေ သားအထင်ကတော့ မရီးတို့ကို မော့မိသားစုကိစ္စထဲ ပတ်သက်စေမဲ့အစား ဒီအခွင့်အရေးကိုယူပြီး ကွာရှင်းစာစောင် ပေးလိုက်တာ ပိုကောင်းမယ်လို့ထင်ပါတယ်”

သခင်မကြီးမော့က ခဏလောက်စဉ်းစားပြီး ဖြောင့်မတ်စွာ ပြောလိုက်သည်။ “အမ်း ကျိုးယွီပြောတာ အဓိပ္ပာယ်ရှိတယ်။ မင်း မရီးတွေက အရင်ကတည်းက သနားစရာကောင်းနေပြီ။ ငါတို့ မော့မိသားစုက မင်းတို့အားလုံးကို စွပ်စွဲမှုထဲ ဆက်မပါစေသင့်တော့ဘူး။ ပြီးတော့ ဟဲမိန်းကလေးအတွက်လည်း အတူတူပဲ။ အခုမှလက်ထပ်ပြီးခါစကို မော့မိသားစုရဲ့ ပြဿနာထဲ ပါဝင်ပတ်သက်လိုက်ရင် သူမအတွက် တကယ်မတရားဘူး”

“အမေ၊ နဝမမတ်လေး၊ ကျွန်မ ကွာရှင်းစာ မလိုချင်ပါဘူး။ ကျွန်မ ချွေ့ပီထင်းက မော့မိသားစုဖြစ်ဖို့ မွေးဖွားလာခဲ့တာ သေရင်‌တောင် မော့မိသားစုရဲ့ တစ္ဆေပဲဖြစ်မယ်”

“ကျွန်မလည်း အတူတူပဲ၊ မော့မိသားစုတစ်ခုလုံးကို ကွပ်မျက်ခံလိုက်ရရင်တောင်၊ ကျွန်မ ရှဲ့ဖန်းက အဆုံးထိ မော့မိသားစုဝင်ပဲ”

“ကျွန်မလည်း ကွာရှင်းစာ မလိုချင်ပါဘူး။ မော့မိသားစုဝင်အဖြစ်နေမယ်၊ မော့မိသားစုဝင်အဖြစ်ပဲသေမယ်”

“ဘာတွေပဲဖြစ်လာပါစေ သူ့အစား အမေ့အပေါ် တာဝန်ကျေပွန်ပါ့မယ်လို့ ကျွန်မရဲ့ ဆုံးသွားတဲ့ ခင်ပွန်းကို ကတိပေးထားခဲ့ပြီးသားပါ”

“ကျွန်မလည်း ထွက်မသွားဘူး”

“….”

မော့မိသားစု၏ မုဆိုးမ ၈ ယောက်မှာ မှန်ကန်သော ဂုဏ်သိက္ခာအပြည့်ဖြင့် ရှိနေပြီး ကွာရှင်းစာနှင့်အတူ ထွက်သွားလိုသူ တစ်ယောက်မျှ မရှိပေ။

ဒါက ထွက်သွားဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သော်လည်း သူမတို့က ထွက်သွားဖို့ အလိုမရှိကြပေ။ သူမတို့သည် မော့မိသားစုဝင်အဖြစ် ရှင်သန်ပြီး မော့မိသားစုဝင်အဖြစ်သာ သေဆုံးလိုကြသည်။

ချွေးမရှစ်ယောက်လုံး၏ စကားများကိုကြားပြီးနောက် သခင်မကြီးမော့ စိတ်လှုပ်ရှားသွားရ၏။ ထို့နောက် သူမသည် ဟဲကျစ်ယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“မိန်းကလေးဟဲ မင်းကရော ဘယ်လိုလဲ”

“ကျွန်မလဲ အတူတူပါပဲ” ဟဲကျစ်ယန်သည် စဉ်းတောင်စဉ်းစားမနေဘဲ အသံကျယ်ကျယ်ဖြင့် ဖြေလိုက်သည်။

‌သခင်မကြီးမော့သည် မော့ကျိုးယွီဘက်သို့ လှည့်လိုက်ပြီး “ကျိုးယွီ မင်းမြင်လား။ အမေတို့ မေ့မိသားစုရဲ့ အမျိုးသမီးတွေက စိတ်ဓာတ်ခိုင်မာကြတယ်။ အမေလည်း သူတို့ကို ချီးကျုးမိတယ်”

မော့ကျိုးယွီသည် လူတိုင်းအား လေးနက်စွာ ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် လေးစားမှုများကို မြင်နေရသည်။

“မရီးတို့ ကျွန်တော်တို့ အသက်တစ်ချောင်းပဲရှိတာ။ အသက်ရှင်နိုင်မယ်ဆို ဘယ်သူကများ သေဖို့ ရွေးချယ်ချင်မလဲ။ ကျွန်တော်ကတော့ အားလုံးရဲ့ ဖြောင့်မတ်မှုကြောင့်နဲ့ ဒီကိစ္စထဲ ဝင်မပါဖြစ်ကြဖို့ မျှော်လင့်ပါတယ်”

“နဝမမတ်လေး ကျွန်မကတော့ ဆုံးဖြတ်ပြီးသွားပြီ။ ထပ်မပြောပါနဲ့တော့”

အကြီးဆုံးမရီးက ဦးဆောင်လိုက်ပြီး အားလုံးသော မရီးများကလည်း တူညီသော အဖြေကိုသာ ထပ်ရွေးချယ်ခဲ့ကြသည်။

သခင်မကြီးမော့သည် ချွေးမအားလုံး၏ စိတ်ထားကို ကောင်းစွာ သိပေသည်။ သာမန်နေ့များတွင် အတူတကွ နေထိုင်ကြရင်း ကတောက်ကဆလေးများ ရှိနိုင်သော်လည်း အရေးကြုံလာသောအခါတွင်တော့ ဘယ်သူကမှ ပစ်ပြေးမည့် လူစားမျိုး မဟုတ်ကြပေ။

ဒါကပဲ မော့အမျိုးသမီးတွေ လုပ်သင့်တဲ့အရာပဲ။

All Chapters