ဘဏ္ဍာတိုက်ကို မီးရှို့ခြင်း
Vol. 1 Ch. 8
ဆယ်မိနစ်ခန့် လမ်းလျှောက်သွားပြီးနောက် မော့ကျိုးယွီသည် လက်ကိုမြှောက်ကာ သူ့ခေါင်းပေါ်ရှိ ထောင်ချောက်တံခါးငယ်လေးကို ဖွင့်လိုက်၏။ ရုတ်တရတ် အရာအားလုံး လင်းထိန်သွားကာ သူမတို့နှစ်ယောက် နိုင်ငံ့ဘဏ္ဍာတိုက်ထဲတွင် ပေါ်လာကြသည်။
နိုင်ငံ့ဘဏ္ဍာတိုက်သည် ဧရိယာ ကျယ်ဝန်းရုံမျှမက အလွန်တန်ဖိုးရှိပုံပေါ်သည့် ပြိုးပြိုးပြက်ပြက် အရာဝတ္ထုများဖြင့် ပြည့်နှက်နေသည်။
အထူးသဖြင့် တစ်ခန်းလုံးကို နေ့ဘက်အလား လင်းထိန်နေစေသော ညလင်းပုလဲကြီးနှစ်လုံးမှာ လူတစ်ယောက်ကို ကန်းသွားစေနိုင်လောက်သည်။
“အချိန်သိပ်မရှိဘူး မြန်မြန်လှုပ်ရှားတော့” ဟဲကျစ်ယန်၏မျက်လုံးများက ဟိုဟိုသည်သည် လျှောက်ကြည့်နေသည်ကို မြင်ပြီး မော့ကျိုးယွီက သတိပေးလိုက်သည်။
ဟဲကျစ်ယန်သည် ကမ္ဘာကြီးအား အခုမှမြင်ဖူးသည့် တောသားလေးလိုပင်၊ သူမအတွက် အရာအားလုံးက ကောင်းလွန်းနေ၏။
သူမလည်းပဲ အခုချိန်က မြင်ကွင်းကို ရှုစားနေရမည့်အချိန်မဟုတ်ကြောင်း သိပေသည်။
“ရှင် ခဏလောက် အကြည့်လွှဲပေးပါ”
မော့ကျိုးယွီ နားလည်ပေသည်။ သူမက သူမ အသုံးပြုမည့် နည်းစနစ်ကို သူ့ကိုမမြင်စေချင်၍သာဖြစ်၏။
“ကောင်းပြီ” မော့ကျိုးယွီသည် တုံ့ဆိုင်းခြင်းမရှိဘဲ လျို့ဝှက်တံခါးပေါက်ထဲဝင်ကာ အောက်သို့ပြန်ဆင်းသွားလိုက်သည်။
လျို့ဝှက်တံခါးပေါက်က လုံးဝပိတ်သွားသည်ကိုမြင်မှ ဟဲကျစ်ယန်သည် ပစ္စည်းကောင်းလေးများ ရှာဖွေခြင်း လုပ်ငန်းကို စတင်တော့သည်။
နေရာလွတ်၏ သယ်ဆောင်နိုင်စွမ်းက ကန့်သတ်ခံထားရသည်။ နိုင်ငံ့ဘဏ္ဍာတိုက်ထဲရှိ ထိုမျှများပြားလှသော ပစ္စည်းများကို သူမ အကုန်မယူသွားနိုင်ပေ။
နေရာတစ်ဝိုက်ကို လှည့်ပတ်ကြည့်ပြီးနောက် ဟဲကျစ်ယန်သည် သူမ၏ စိတ်ကိုအသုံးပြုကာ ငွေလက်မှတ်များ၊ ငွေချောင်းများ၊ ရွှေနှင့်ငွေလက်ဝတ်ရတနာများ အားလုံးကို နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ထို့နောက် သူမ၏စိတ်ကို အသုံးပြုပြီး နေရာလွတ်ကို စစ်ဆေးကြည့်လိုက်ပြန်သည်။ ထင်ထားသည့်အတိုင်းပင် ထိုပစ္စည်းများဖြင့် နေရာလွတ်က ပြည့်လုနီးပါးရှိနေပြီဖြစ်၏။
သို့သော် သူမ မကျေနပ်နိုင်သေးပေ။
ထို့ကြောင့် ဟဲကျစ်ယန်သည် သူမ၏စိတ်ကို အသုံးပြုပြီး နေရာလွတ်ထဲရှိပစ္စည်းများကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ထပ်ကာစီလိုက်သည်။ ရေချိုးခန်းနှင့် မီးဖိုချောင်မှ သေးငယ်သော ပစ္စည်းများကို သေချာလေး စုပုံလိုက်ကာ နေရာ အနည်းငယ် ပိုရအောင် ပြုလုပ်လိုက်၏။
နေရာအကျယ်ကို တွက်ချက်ပြီးနောက် နေရာသိပ်မယူသည့် ပန်းချီနှင့် လက်ရေးလှများကို နေရာလွတ်ထဲ ထပ်ထည့်လိုက်ပြီး ကြေးဒင်္ဂါးပြား ဘူးပေါင်းများစွာကိုလဲ ထည့်လိုက်သေးသည်။
နေရာလွတ်ကို ထပ်စစ်ကြည့်ပြီးနောက် ဟဲကျစ်ယန် မူးဝေသွားရသည်။
နေရာလွတ်မှာ ပစ္စည်းများ အပြည့်အသိပ်ဖြစ်နေပြီး သူမ တစ်ကိုယ်စာရပ်နိုင်ရုံလောက် နေရာလေးသာ ကျန်ရှိနေသည်။
သူမ ထပ်ယူချင်သေးသော်လဲ မယူနိုင်တော့မှန်း ဟဲကျစ်ယန် သိနေ၏။
သို့သော်လဲ သူမသည် ထိုလင်းလက်နေသော ညလင်းပုလဲကြီးနှစ်လုံးကို မထားခဲ့နိုင်ပေ။
နေရာလွတ်ထဲသို့ ပုလဲနှစ်လုံးကို ထည့်လိုက်ပြီးနောက် နိုင်ငံဘဏ္ဍာတိုက်ကြီးမှာ ချက်ချင်းပင် မှောင်မဲသွားရသည်။
ဟဲကျစ်ယန်သည် လျို့ဝှက်တံခါးကို ခေါက်လိုက်၏။ “အားလုံး ပြီးသွားပြီ။ ကျွန်မတို့ သွားလို့ရပြီ”
သူမ စကားပြောပြီးပြီးချင်း လျှို့ဝှက်တံခါးကို အထဲမှ ဆွဲဖွင့်ခံလိုက်ရသည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ ပုခုံးကိုကိုင်ကာ လျှို့ဝှက်လမ်းကြောင်းလေးအတိုင်း ပြန်ဆင်းလိုက်၏။
သူမ လှည့်ကြည့်လိုက်ပြီး နောက်တွင်ကျန်ခဲ့သော နိုင်ငံ့ဘဏ္ဍာတိုက်ကြီးကို ကြည့်ကာ ချက်ချင်းပဲ အတွေးတစ်ခု ရလာသညါ။
“ပစ္စည်းတွေက အများကြီးပဲ၊ အကုန်မယူနိုင်ခဲ့ဘူး။ ပိုးဖဲကတ္တီပါတွေ အများကြီး ကျန်ခဲ့သေးတာ”
“မင်းဆိုလိုချင်တာက” မော့ကျိုးယွီလည်း သူမ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပုံပင်။
ညအမှောင်ကို အခွင့်ကောင်းယူပြီး ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ အရက်ပြန်ပုလင်းတစ်လုံးကို စိတ်ဖြင့် ထုတ်ယူလိုက်ပြီး နိုင်ငံ့ဘဏ္ဍာတိုက်အတွင်း ပတ်ပတ်လည်ကို လောင်းချလိုက်သည်။
မော့ကျိုးယွီကလည်း အလွန်ပူးပေါင်းဆောင်ရွက်တတ်သူပင်။ အရက်ပြန်များ လောင်းချပြီးသည်နှင့် သူ့အိတ်ထဲမှ မီးခြစ်ဆံတစ်ချောင်းကိုထုတ်ကာ မီးညှိပြီး အတွင်းသို့ ပစ်ထည့်လိုက်သည်။
အရက်ပြန်နှင့် မီးတို့တွေ့ဆုံသွားကြပြီး နိုင်ငံ့ဘဏ္ဍာတိုက်ကြီးမှာ ချက်ချင်းပင် မီးထလောက်တော့သည်။
မော့ကျိုးယွီသည် ဟဲကျစ်ယန်၏လက်ကိုဆွဲကာ ချက်ချင်းပင် အခင်းဖြစ်ရာနေရာမှ ပြေးထွက်လာလိုက်၏။
သူတို့နှစ်ယောက်လုံး ဘာမှမပြောကြသော်လည်း နိုင်ငံ့ဘဏ္ဍာတိုက်ကြီး မီးလောင်သွားခြင်းကို နှစ်ယောက်လုံး အလွန်ဝမ်းမြောက်နေမိကြသည်။
အထူးသဖြင့် မော့ကျိုးယွီပင်။ သူ၏ မကျေနပ်မှူကြီးအတွက် လက်စားချေနိုင်လိုက်သလို ခံစားလိုက်ရ၏။
နိုင်ငံ့ ဘဏ္ဍာတိုက်ကြီး မီးလောင်မှုကြောင့် ပျာယာခတ်နေမည့် ဧကရာဇ်မင်းမြတ်၏ ရွှေမျက်နှာတော်ကို သူ တကယ်ပဲ ကိုယ်တိုင်ကိုယ်ကျ မြင်ချင်လွန်းလှသည်။
ကာကွယ်ရေးဝန်ကြီး အိမ်တော်ဆီသို့ အောင်အောင်မြင်မြင် ပြန်လာပြီးနောက် နှစ်ယောက်သား ညဘက်ဝတ်အနက်ရောင် ဝတ်စုံကို လဲလှယ်လိုက်ကြပြီး မော့ကျိုးယွီကတော့ အိပ်ရာဝင်လိုက်သည်။
အကဲခတ်တော်သည့် ဟဲကျစ်ယန်သည် ကြမ်းပြင်ပေါ်ရှိ သွေးများကို ချက်ချင်း သတိပြုမိလိုက်၏။
“ရှင် သွေးထွက်နေတယ်။ ကျွန်မ ရှင့်ဒဏ်ရာတွေကို ကုသပေးပါရစေ”
အပေါ်ယံ ဒဏ်ရာများကို အထင်မသေးသင့်ပေ။ သူမ၏ အရင်ဘဝတုန်းကဆို ဒဏ်ရာကို ကောင်းစွာ မကုသသောကြောင့် ပိုးဝင်ပြီး ဆုံးပါးသွားသူ များစွာရှိပေသည်။
သူမသည် ကာကွယ်ရေးဝန်ကြီးအိမ်တော်ရှိ လူအားလုံးကို ကယ်တင်နိုင်ဖို့ သူမ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီးပြီဖြစ်သည်။ မော့ကျိုးယွီအား ဒီလိုဒဏ်ရာလေးကြောင့် အန္တရာယ်အဖြစ်မခံနိုင်ပေ။
“ရတယ်၊ ကိုယ့်ဒဏ်ရာတွေက မပြင်းထန်ပါဘူး”
တကယ်တော့ မော့ကျိုးယွီသည် သူ၏ ဒဏ်ရာပြင်းထန်မှုကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိနေခဲ့၏။ အကာအကွယ်အနေနှင့် အခင်းတစ်ချို့ ခံထားခဲ့သော်လည်း ကြီးလေးသော ကြိမ်ဒဏ် အချက် ငါးဆယ်အပြီးတွင် သူ့ဒဏ်ရာများမှာ ပေါ့သေးသေးတော့ မဟုတ်ပေ။
သူ ဒဏ်ရာရသော တင်ပါးနေရာကို တွေးမိပြီး ဟဲကျစ်ယန်ကို ကြည့်ခိုင်းရမှာ အနည်းငယ် ကသိကအောက် ခံစားရရုံသာဖြစ်သည်။
ဟဲကျစ်ယန်၏ စိတ်ထဲတွင်တော့ ယောက်ျားမိန်းမ မခွဲခြားဘဲ လူနာတိုင်းက လူနာပင်။
ထို့ကြောင့် သူမသည် တုံ့ဆိုင်းမနေဘဲ မော့ကျိုးယွီ၏ အဝတ်များကို လှန်ရန် လက်လှမ်းလိုက်၏။
မော့ကျိုးယွီ အလိုလို ရှောင်ထွက်မိလိုက်သည်။
“မဖြစ်ဘူး၊ ကိုယ် ဒဏ်ရာရထားတဲ့နေရာက အမျိုးသမီးတစ်ယောက် ကြည့်လို့မသင့်တော်ဘူး”
ထိုအခါမှသာ ဟဲကျစ်ယန်သည် ရှေးခေတ်အခါတုန်းက ပဒေသရာဇ်စနစ်၏ အတွေးအခေါ်များ ခိုင်မြဲနေသော လူတစ်ယောက်အား ထိုသို့ပြောရမည်မှာ မီးထဲ ဆီထည့်လိုက်သလို ဖြစ်မည်ဖြစ်ကြောင်း သတိရလိုက်၏။
မော့ကျိုးယွီသည် သူမအား ဆွံ့အစွာ စိုက်ကြည့်နေပြီး နှစ်ယောက်သား အသံတိတ်သွားကြရသည်။
ဘာပဲပြောပြော သူမ လုပ်တာက မသင့်လျော်တာတော့ မဟုတ်ပေ။ သူတို့က ခင်ပွန်းနှင့် ဇနီးသည် ဖြစ်ကြပေသည်။
ဒါပေမဲ့ အမျိုးသမီးတစ်ယောက်က ဒီလိုစကားမျိုး လွယ်လွယ်နဲ့ ပြောထွက်နိုင်တယ်လား။
ဒါကို တွေးကြည့်ပြီးနောက် မော့ကျိုးယွီသည် ဟဲကျစ်ယန်အကြောင်း ပို၍ပင် သိချင်လာရ၏။
ဘယ်လို အတွေးအခေါ်ကများ သူမကို ဒီလိုစကားမျိုး လွယ်လွယ်နဲ့ ပြောထွက်စေတာလဲ။
မော့ကျိုးယွီ အတွေးလွန်နေစဉ် ဟဲကျစ်ယန်ကတော့ သူ၏ အပြင်အင်္ကျီကို ပင့်တင်နေပြီဖြစ်သည်။
သူတို့နှစ်ယောက်က မနေ့ကမှ လက်ထပ်ထားတာဖြစ်သောကြောင့် မော့ကျိုးယွီသည် အတွင်းရော အပြင်ပါ အနီရောင်ကို ဝတ်ဆင်ထား၏။
ဒါတောင် ဝတ်ရုံကို ပင့်တင်လိုက်ပြီးနောက် တွေ့လိုက်ရသော မြင်ကွင်းက ဟဲကျစ်ယန်အား ထိတ်လန့်သွားစေသည်
မော့ကျိုးယွီ၏ အနီရောင် အတွင်းဝတ်ဘောင်းဘီက သွေးများဖြင့် စိုရွှဲနေပြီး အနီရောင် အဝတ်စမှာ ခရမ်းရင့်ရောင်သို့ပင် ပြောင်းနေသည်။
သိပ်မကြာသေးခင်က နိုင်ငံ့ဘဏ္ဍာတိုက်ထဲသို့ ခိုးဝင်ရန် သူမအား သယ်ဆောင်ပြီး သွားခဲ့ရသော ခရီးကိုတွေးမိသွားသောအခါ ဒီလိုကြံ့ကြံ့ခံထားနိုင်ဖို့ ဒီယောက်ျားရဲ့ စိတ်စွမ်းအားက ဘယ်လောက်တောင် သန်စွမ်းလိုက်မလဲဟု တွေးမိလိုက်၏။
ထို့နောက်တွင် မော့ကျိုးယွီအပေါ် လေးစားနေသည့် ဟဲကျစ်ယန်မှာ အရင်ကထက် ပို၍ပင် လေးစားမိသွားရသည်။
ဟဲကျစ်ယန်ကို သူ မတားနိုင်တော့သောကြောင့် မော့ကျိုးယွီသည် ကသိကအောက်နိုင်စွာဖြင့် မျက်လုံးမှိတ်ကာ နံရံဘက်သို့သာ မျက်နှာမူထားရင်း ကြိတ်မှိတ် နေလိုက်ရတော့သည်။
မော့ကျိုးယွီ၏ အကြည့်များက သူမဆီတွင် ရှိမနေကြောင်း စစ်ဆေးပြီးနောက် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ အရက်ပြန် တစ်ဘူး ဆွဲထုတ်လိုက်သည်။
သို့သော် ထိုအချိန်တွင် သူမ အံ့ဩစရာကောင်းသော တစ်စုံတစ်ခုအား တွေ့လိုက်ရသည်။
သူမသာ အမှတ်မမှားလျှင် သူမ နေရာလွတ်ထဲတွင် အရက်ပြန် သုံးဘူး ရှိတာ ဖြစ်သည်။ ဘဏ္ဍာတိုက်ထဲတွင် တစ်ဘူးသုံးလိုက်ပြီဖြစ်သောကြောင့် နှစ်ဘူးသာ ကျန်ရှိရမှာဖြစ်သည်။
သို့သော် သူမ တွေ့လိုက်ရသည်မှာ အရက်ပြန်ပုလင်းက လျော့မသွားဘဲ သုံးဘူး အတိုင်းသာ ရှိနေခဲ့သည်။
သူမ၏ နေရာလွတ်က ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိ မရှိကိုတော့ အတည်မပြုရဲသေးပေ။
သို့သော် သူမသည် နေရာလွတ်ထဲမှ အရက်ပြန်ကို သေချာရေတွက်လိုက်ပြီး နှစ်ဘူး ကျန်ရှိကြောင်း အတည်ပြုလိုက်၏။ မော့ကျိုးယွီ၏ ဒဏ်ရာများကို ကုသပြီးနောက် သူမ နောက်တစ်ခေါက် ပြန်စစ်ဆေးကြည့်မှာဖြစ်သည်။ အရက်ပြန်သာ သုံးဘူး ရှိနေခဲ့ပါက သူမသည် နေရာလွတ်၏ စွမ်းရည်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ခြင်းပင်။
သူမ၏ စိတ်ကိုပြန်ဆွဲယူလိုက်ပြီး ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ဂွမ်း၊ ညှပ်နှင့် တခြားပစ္စည်းများကို ထုတ်ယူလိုက်သည်။ ထို့နောက် မော့ကျိုးယွီ၏ ဘောင်းဘီကို ညှင်သာစွာ ဖယ်ရှားလိုက်၏။
ဒဏ်ရာများမှာ ထိတ်လန့်ဖွယ်ရာပင်။ ဟဲကျစ်ယန်လို ဒဏ်ရာပေါင်းစုံမြင်ဖူးနေသော ဆရာဝန်ပင် ထိတ်လန့်သွားရသည်။