ငါသာ အသက်ရှင်နိုင်ခဲ့ရင် မင်းကို သေချာပေါက် တာဝန်ယူမှာပါ
Vol. 1 Ch. 9
ဒီလူက ဘယ်လောက်တောင် စိတ်ဓာတ်ခိုင်မာမှုရှိသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။ ဤမျှသော ဒဏ်ရာများနှင့် တခြားလူသာဆိုပါက သူမအား နိုင်ငံ့ဘဏ္ဍာတိုက်ဆီ ခေါ်သွားရန်မဆိုထားနှင့်၊ တစ်လက်မလောက်တောင် ရွှေ့နိုင်ကြမှာ မဟုတ်ပေ။
မော့ကျိုးယွီ၏ အသားအရေက ခရမ်းပြာရောင်သို့ ပြောင်းလဲနေပြီး အနီရောင်တောက်တောက် သွေးများ ထွက်နေဆဲ ဒဏ်ရာများလဲ အများအပြားပင်။
ထို့အပြင် ထိခိုက်ထားသော နေရာများက အလွန်ကြီးမားပြီး သူ၏ တင်ပါးနှင့် ပေါင်တွင် အကောင်းအတိုင်းရှိနေသည်မှာ တစ်လက်မပင် မရှိပေ။
သူ့အပေါ် အပြစ်ဒဏ်ကို ချမှတ်ခဲ့သောလူက ဘယ်လောက်တောင် ရက်စက်လဲဆိုတာ တွေးကြည့်နိုင်ပေသည်။
မော့ကျိုးယွီသည် အနည်းငယ် အေးသည်ဟု ခံစားရသောကြောင့် ဘောင်းဘီကို ဆွဲတင်ရန် လက်လှမ်းလိုက်သည်။
သူမ၏ အလုပ်အကိုင်အရ ဟဲကျစ်ယန်သည် ချက်ချင်းပင် လုပ်ငန်းခွင်ကျင့်ဝတ် အပြည့်ရှိသော ဆရာဝန်တစ်ယောကိအဖြစ် ပြောင်းလဲသွား၏။
သူမ၏ အသံမှာ တင်းမာနေပြီး အလျှော့မပေးပေ။
“မလှုပ်နဲ့”
ထိုစကားကို ကြားပြီးနောက် ခါးစည်းကို ကိုင်ထားသော မော့ကျိုးယွီ၏ လက်မှာ အေးခဲသွားရသည်။
ဟဲကျစ်ယန်သည် တုံ့ဆိုင်းမနေဘဲ သူ့လက်ကို ဆွဲဖယ်လိုက်၏။
“ရှင့် အရိုးတွေကို မထိခိုက်ခဲ့ပေမဲ့ ဒီဒဏ်ရာတွေက အသေးအဖွဲလေး မဟုတ်ဘူး။ ပြင်ပဒဏ်ရာတွေကိုလဲ လျှော့မတွက်နဲ့။ သေချာမကုသရင် အဲ့ဒါတွေကလဲ သေစေနိုင်လောက်တဲ့ထိ ဖြစ်စေတယ်”
အဘွားအိုကြီးလို ဆူပူနေသော သူမအသံကို နားထောင်ပြီး မော့ကျိုးယွီသည် လက်လျှော့ကာ လက်ကို ပြန်ရုတ်လိုက်သည်။
မျက်လုံးများကိုမှိတ်ကာ ဟဲကျစ်ယန်အား ကုသခွင့် ပေးထားလိုက်တော့သည်။
ဟဲကျစ်ယန်၏ လက်များမှာ ကျွမ်းကျင်လှသည်။ သူမသည် အရင်ဆုံး ဂွမ်းပေါ်သို့ အရက်ပြန်ကိုလောင်းချလိုက်ပြီး ဂွမ်းကို ညှပ်ဖြင့်ကိုင်ကာ မော့ကျိုးယွီ၏ ဒဏ်ရာများကို ညှင်သာစွာ တို့လိုက်သည်။
“နည်းနည်းနာလိမ့်မယ်၊ သည်းခံလိုက်နော်”
“အမ်း” ထိုအရာက အမှန်တကယ်ပင် အနည်းငယ် နာကျင်သော်လည်း မော့ကျိုးယွီအတွက်တော့ ထိုနာကျင်မှုက ဘာမှမဟုတ်ခဲ့ပေ။
ဒဏ်ရာကို ပိုးသတ်ပြီးနောက် ဟဲကျစ်ယန်သည် ယွင်နန်ပိုင်ယောင့်အမှုန့်ထုပ်ကို ထုတ်ယူလ်ုက်၏။ ဤဆေးက မော့ကျိုးယွီ၏ ဒဏ်ရာများအတွက် အကောင်းဆုံးဖြစ်သည်။
သူမသည် ဆေးမှုန့်များကို ဒဏ်ရာများဆီ ညီညီညာညာနှင့် ညှင်သာစွာဖြူးလိုက်၏။ သူမ၏ လက်များက မော့ကျိုးယွီ၏ အသားအရေပေါ်တွင် ပြေးလွှားနေကြသည်။
ဤအထိအတွေ့က မော့ကျိုးယွီ၏ ခန္ဓာကိုယ်အား မနေနိုက်ဘဲ တုန်ရီသွားစေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာ မီးလောင်နေသလို ခံစားနေရသည်ကို သူ သေချာသိလိုက်၏။
ဟဲကျစ်ယန်သည် ဒဏ်ရာကုသမှု အပေါ်တွင်သာ စိတ်နှစ်ထားသောကြောင့် မော့ကျိုးယွီ၏ အမူအရာကို သတိထမထားမိပေ။ ထို့နောက် ဒဏ်ရာများကို ပတ်တီးစည်းပေးလိုက်သည်။
သူမက မေးခိုင်ကာကွယ်ဆေးတစ်ချောင်းလဲ ထိုးပေးလိုက်သေးသည်။
မော့ကျိုးယွီသည် လက်မောင်းဆီမှ အပ်စူးသလို ခံစားချက်ကို ရလိုက်ပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက် ခုခံရန် ကြိုးစားလိုက်မိသည်။
“မလှုပ်နဲ့” ဟဲကျစ်ယန်က သတိပေးလိုက်၏။
မော့ကျိုးယွီ၏ ခန္ဓာကိုယ်က ချက်ချင်းငြိမ်ကျသွားပြီး လက်မောင်းဆီမှ အပ်စူးသလို ခံစားချက် ပျောက်သွားမှသာ သူသက်ပြင်းချလိုက်နိုင်သည်။
ထိုအရာများ လုပ်ဆောင်ပြီးနောက် ဟဲကျစ်ယန်သည် သွေးများဖြင့် စိုရွှဲနေသော မော့ကျိုးယွီ၏ အတွင်းဝတ်ဘောင်းဘီကို ကြည့်လိုက်သည်။
“ရှင့် အဝတ်အစားတွေ ဘယ်မှာလဲ။ ကျွန်မ အသစ်တစ်စုံ သွားယူပေးမယ်”
မော့ကျိုးယွီမှာ သူ့မျက်နှာနီနေသောကြောင့် အမေးခံရချိန်တွင် ခေါင်းကိုလှည့်မလာရဲပေ။
“ကိုယ့်အဝတ်အစားတွေက ဘယ်ဘက်က ဗီရိုထဲမှာ”
ဟဲကျစ်ယန်သည် ဗီရိုထဲမှ အတွင်းဝတ်လဘောင်းဘီဖြူနှစ်စုံကို ဆွဲယူပြီး ကုတင်ပေါ်သို့ တင်ပေးလိုက်၏။ ထို့နောက် သူမ ဒူးအထိ ဆွဲချထားသော ဘောင်းဘီကို ချွတ်ပေးရန် ပြင်လိုက်သည်။
မော့ကျိုးယွီက သူမအား အလျင်အမြန် တားလိုက်၏။ “ကိုယ့်ဘာသာပဲ လုပ်လိုက်မယ်”
အခုတောင် ရှက်ဖို့ကောင်းလွန်းနေပြီဖြစ်သည်။ ဒီအမျိုးသမီးကိုသာ ဘောင်းဘီ လဲခွင့်ပြုလိုက်ရင် မြေကြီးထဲက တွင်းတစ်တွင်းသာ ရှာပြီး အောင်းနေရတော့မှာပင်။
ဟဲကျစ်ယန်ကတော့ ထိုကဲ့သို့သော ကိစ္စများကို သိပ်တွေးမနေပေ။ သူမ၏ အရင်ဘဝတုန်းက မရေမတွက်နိုင်သော လူနာပေါင်းများစွာကို အင်္ကျီချွတ်ပေးခဲ့ရဖူးသည်ပင်။
“ရှင့်ဒဏ်ရာတွေက အခုမှ ဆေးထည့်ထားတာ၊ သိပ်မလှုပ်သင့်ဘူး။ သွေးပြန်ထွက်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ ကြိုးစားကုပေးထားတာ အလကားဖြစ်သွားလိမ့်မယ်”
မော့ကျိုးယွီက ငြင်းဆန်ဆဲပင်။ “အမျိုးသားနဲ့ အမျိုးသမီးတွေက အသားချင်းထိတွေ့မှု မရှိသင့်ဘူး။ မင်းကို ဘယ်လိုလုပ် ဘောင်းဘီလဲခွင့် ပြုနိုင်မှာလဲ”
ထိုစကားကြားသောအခါ ဟဲကျစ်ယန်မှာ မနေနိုက်ဘဲ အော်ရယ်မိတော့သည်။ အော့ကျိုးယွီ၏ ခံစားချက်ကို ဂရုမစိုက်တော့ဘဲ သူမ ပြောချလိုက်စ။
“ရှင့်ရဲ့ တင်ပါးကို တစ်လက်မမကျန် ကျွန်မ မြင်ပြီးသွားပြီလေ။ ဘောင်းဘီလဲပေးတာ ဘာထူးမှာမို့လို့လဲ”
မော့ကျိုးယွီ ....
သူ အခုပဲ ရင်ဘတ်ပေါ် ကျောက်တုံးကြီး တစ်တုံးပိနေသလို ခံစားလိုက်ရပြီး အသက်ရှူကြပ်မတတ်ပင်။
ဒီအမျိုးသမီးကတော့ တကယ်ပဲ အထိန်းအကွပ်မရှိ ပြောချင်သလို ပြောချလိုက်တော့တာပဲ။
သို့သော်လည်း သူမပြောတာ မှားမနေခဲ့ပေ။ သူ့တင်ပါးလေးက နေ့တစ်ဝက်လောက် ဖော်ထားရပြီးပြီဖြစ်ရာ သူသာ ဆက်ငြင်းနေမည်ဆိုပါက အနည်းငယ် ဟန်များနေသလိုဖြစ်နေမည်ပင်။
“အဟွတ် ... ငါသာ အသက်ဆက်ရှင်နိုင်ခဲ့ရင် မင်းကို သေချာပေါက် တာဝန်ယူမှာပါ”
မော့ကျိုးယွီ၏ စိတ်ထဲတွင် ဤအရာက သူနှင့် ဟဲကျစ်ယန်တို့ ရုပ်ပိုင်ဆိုင်ရာ ထိတွေ့မှုရှိခြင်းနှင့် အတူတူဟု သတ်မှန်ထားသည်။ ဖြေင့်မတ်သော အမျိုးသားတစ်ယောက်အနေနှင့် သူ့အတွက်ကြောင့် ဒီမိန်းကလေး နစ်နာရတာမျိုး အဖြစ်မခံနိုင်ပေ။
ထိုစကားကိုကြားပြီးနောက် ဟဲကျစ်ယန်မှာ ထပ်ရယ်မိပြန်သည်။
သို့သော် အပြင်ဘက်ရှိ အစေခံများ ကြားသွားမှာစိုးသောကြောင့် ရယ်နေတာကို ထိန်းလိုက်ရသည်။
“ဟဟဟ ... အရမ်းကြီး အလေးအနက်မထားပါနဲ့။ ဆရာဝန်တစ်ယောက်ရဲ့ အခြေခံ ကျင့်ဝတ်တွေနဲ့အညီ ရှင့်ရဲ့ ဒဏ်ရာတွေကို ကုသပေးရုံပါ။ တာဝန်ယူတာတို့ဘာတို့ အဲ့ဒါတွေ မတွေးပါနဲ့”
အမှန်အတိုင်းပြောရလျှင် ဟဲကျစ်ယန်သည် သူမနှင့် မော့ကျိုးယွီ၏ အနာဂတ်ကို မစဉ်းစားခဲ့ဖူးပေ။
သူမက ဤသူရဲကောင်းကြီးကို လေးစားမိသော်လည်း သူမတို့နှစ်ယောက်က အခုမှ တွေ့ခါစပင်။ နှစ်ယောက်ကြား ဘာခံစားချက်မှ မရှိကြသေးပေ။
ဟဲကျစ်ယန်လို မော်ဒန်ခေတ်မှ ဝိညာဉ်လေးအတွက်တော့ သူမက ပြည်နှင်ဒဏ်ခရီးတွင် မော့ကျိုးယွီကို အသက်ရှင်စေချင်ရုံသာဖြစ်သည်။
အခြားအရာတွေအတွက်တော့ သူမက ကံအတိုင်းသာ လက်ခံလိုက်မည်ပင်။
ဟဲကျစ်ယန်သည် သူမနှင့်မော့ကျိုးယွီ၏ ဆက်ဆံရေးအပေါ် သူမ၏သဘောထားက မူမမှန်တာမျိုးမရှိဟု ခံစားရသည်။ သူမနှင့် မသက်ဆိုင်ခဲ့သော ဤလက်ထပ်ပွဲကြီးကို တစ်ဖက်လူက သူမ လေးစားရသောသူ ဖြစ်တာကြောင့်ဆိုသော အကြောင်းပြချက်လေးနဲ့တော့ မျက်လုံးစုံမှိတ် လက်မခံလိုက်နိုင်ပေ။
ဒါပေါ့။ နှစ်ယောက်သား အပြန်အလှန် ဆက်ဆံကြရင်း ခံစားချက်လေးတွေ ပေါက်ဖွားလာလျှင်တော့ သူမလည်း မော့ကျိုးယွီနှင့် ချိန်းတွေ့ဖို့ ကြိုးစားပြီး နှစ်ယောက်သား ကံကြမ္မာက သတ်မှတ်ထားသည့် ဖူးစာဖက်တွေ ဖြစ်လာဖို့ ကြိုးစားမှာပင်။ ထိုအခါမှသာ နှစ်ယောက်အတူတူ ရှိနေခြင်းက ပုံမှန်ဖြစ်ပေမည်။
မော့ကျိုးယွီသည် ဘောင်းဘီကို ခြေထောက်တွင် စွပ်ပြီးနောက် ဟဲကျစ်ယန်ထံမှ အကူအညီကို ငြင်းဆန်တော့သည်။
“ကျန်တာ ကိုယ့်ဘာသာ လုပ်လို့ရပါတယ်”
ဟဲကျစ်ယန်လည်း ဆက်မတိုက်တွန်းတော့ပေ။ ခေါင်မိုးတွေ နံရံတွေပေါ်တောင် လမ်းလျှောက်နိုင်သောလူဖြစ်ရာ ဘောင်းဘီကို သေချာဆွဲတင်ဖို့ကတော့ ပြဿနာမရှိနိုင်ပေ။
မော့ကျိုးယွီ ဒီဘက်လှည့်မလာခင် သူမ ချက်ချင်းဘဲ ဆေးပစ္စည်းများကို နေရာလွတ်ထဲ ပြန်ထည့်လိုက်၏။
သူမသည် အရက်ပြန်ဘူး အရေအတွက်ကိုလည်း ရေတွက်လိုက်ရာ သုံးဘူးရှိနေသည်ကို တွေ့လိုက်ရပြီး အလွန်ပင် စိတ်သက်သာရာ ရသွားသည်။
ယွင်နန်ပိုင်ယောင့်ဆေးမှုန့်၊ ပိတ်ကျဲစ၊ ဆေးခိုင်ကာကွယ်ဆေး၊ တစ်ခါသုံးဆေးထိုးအပ်နှင့် ညှပ်တို့မှာ သူမ သုံးခဲ့သည့် ပမာဏအတိုင်း ပြန်လည်ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ပိုစိတ်လှုပ်ရှားဖို့ကောင်းသည်မှာ ညှပ်အရေအတွက်က တစ်ခုပိုလာခြင်းပင်။
ဒါက ဘာကို ဆိုလိုတာလဲ။
သူမရဲ့ နေရာလွတ်ထဲက ပစ္စည်းတွေက သူ့အလိုလို ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိနေတယ်လို့ ပြောချင်တာပဲမလား။
ဤပစ္စည်းများသာ ပြန်လည်မဖြည့်တင်းနိုင်ပါက ရှေးခေတ်သို့ရောက်နေသော သူမသည် ကုန်သွားသော ပစ္စည်းများကို ပြန်ရနိုင်မည် မဟုတ်တော့ပေ။
ထို့ကြောင့်ပင် ဟဲကျစ်ယန်မှာ အလွန်ကျေနပ်သွားရသည်။
ဒီအစွမ်းသတ္တိများကြောင့် သူမ၏ကျောရိုး အတော်လေးဖြောင့်သွားသလို ခံစားလိုက်ရ၏။
သူမ၏ နေရာလွတ်က ထိုဆေးဘက်ဆိုင်ရာ အထောက်အပံ့များထက် အများကြီး ပိုအသုံးဝင်နေသေးသည်။
ဒါက ပျော်ရမဲ့အချိန် မဟုတ်သေးကြောင်း သူမ သိနေသည်။ အချိန်က နီးကပ်နေပြီး သူမမှာ ပြင်ဆင်စရာတွေ အများကြီး ရှိနေသေးသည်။
ထိုအရာကို တွေးပြီးနောက် ဟဲကျစ်ယန်သည် ကျွန်စာချုပ်နှစ်ခုကိုကိုင်ကာ အခန်းပြင်ထွက်လာခဲ့လိုက်သည်။
ချောင်းယွီက တံခါးဝတွင် စောင့်ကြပ်လျက်ရှိသည်။ သူမ မြန်မြန်ထွက်လာတာကို မြင်သောအခါ ချက်ချင်းပင် လေးလေးစားစား မေးလိုက်၏။ “သခင်မလေး ဒီအစေခံ ဘာများလုပ်ပေးရမလဲ”
“ချောင်းယွီ နင့်အခန်းကိုသွားရအောင်။ ငါ နင်နဲ့ ချောင်ရှင်း ကို တိုင်ပင်စရာ ကိစ္စလေးရှိနေတယ်”
ပြောပြီးနောက် ဟဲကျစ်ယန်သည် ချက်ချင်းပင် အစေခံများအခန်းသို့ ဦးတည်လိုက်သည်။
ချောင်းယွီသည် သခင်မလေးကို ခစားလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သူမ ဒီလောက် တည်ငြိမ်အေးစက်နေတာ မမြင်ဖူးပေ။ သူမ ချက်ချင်းပဲ နောက်ကနေ အပြေးလေး လိုက်သွားလိုက်၏။
တစ်ချိန်တည်းမှာပင် စိတ်ပူမှုကြောင့် သူမ နှလုံးမှာ ခုန်ပေါက်နေသည်။
သခင်မလေးရဲ့ အပြုအမူကို အကဲဖြတ်ကြည့်ရလျှင် အရေးကြီးကိစ္စ ရှိနေတာ သေချာပေသည်။