← Chapters

တစ်ယောက်ယောက် အဆိပ်ခတ်ထားတယ်

Vol. 1 Ch. 10

တစ်ယောက်ယောက် အဆိပ်ခတ်ထားတယ်

Vol. 1 Ch. 10

ဟဲကျစ်ယန် လက်ထပ်သောအခါ လိုက်ပါလာသော အစေခံလေးနှစ်ယောက်မှာ တစ်ခန်းထဲ အတူတူနေကြသည်။ ယနေ့က ချောင်းယွီ၏ တာဝန်အလှည့်ဖြစ်ပြီး ချောင်ရှင်းကတော့ အိပ်ရာဝင်နေပြီဖြစ်သည်။

တံခါးမှ အသံများကြောင့် ချောင်ရှင်း အိပ်ရာမှ နိုးသွား၏။ ချောင်းယွီပြန်လာသည်ဟု ထင်သောကြောင့် ဗလုံးဗထွေးမေးလိုက်သည်။ “ချောင်းယွီ နင် ဒီလောက်အစောကြီး ပြန်လာတာလား”

“ငါပါ” ချောင်ရှင်း၏ စိတ်ရှုပ်ထွေးနေမှုကို ဖြေရှင်းရန် ဟဲကျစ်ယန်ကိုယ်တိုင် အသံထွက်လိုက်၏။

ချောင်ရှင်းသည် အံ့ဩသွားပြီး ချက်ချင်းထကာ ဖိနပ်စီးလိုက်ပြီး အိပ်ရာထဲမှ ထွက်လာခဲ့သည်။ “သခင်မလေး ဘာများ အမိန့်ပေးစရာရှိလို့လဲရှင်”

ဟဲကျစ်ယန်သည် အချိန်ဖြုန်းမနေချင်သောကြောင့် ကျွန်စာချုပ်နှစ်ခုကို စားပွဲပေါ်သို့သာ တိုက်ရိုက်တင်ပေးလိုက်သည်။

“ဒီစာချုပ်တွေကိုယူပြီး ဒီညပဲ ကာကွယ်ရေးဝန်ကြီးအိမ်တော်ကနေ ထွက်သွားကြတော့။ ဒီနေ့ကစပြီး မင်းတို့ လွတ်လပ်သွားပြီ”

နှစ်ယောက်သားမှာ သခင်မလေးက ဘာကြောင့် ဒီလိုပြောနေရလဲ နားမလည်နိုင်ကြပေ။

“သခင်မလေး ချောင်ရှင်း ဘာများအမှားလုပ်မိလို့လဲ။ သခင်မလေး စိတ်ရှိသလို ရိုက်လို့ ဆူလို့ ရပါတယ်။”

“ဟုတ်ပါတယ် သခင်မလေး ချောင်းယွီလဲ သခင်မလေးကို တစ်ဘဝလုံး ခစားချင်တာပါ”

ဟဲကျစ်ယန်သည် ဤအစေခံနှစ်ဦးက သူမအပေါ် အလွန်သစ္စာရှိကြောင်း သိပေသည်။

သူမ အကူအညီမဲ့စွာ ပြောပြလိုက်၏။ “မှူးမတ်ကြီး အခုပဲပြန်ရောက်တော့ ဧကရာဇ်ကို အမျက်တော်ရှစေခဲ့တယ်လို့ ပြောတယ်။ တကယ်လို့ မထင်မှတ်ထားတာတွေသာ ရုတ်တရတ် ဖြစ်မလာရင် ဧကရာဇ်က အိမ်တော်ကို အပြစ်ပေးမှာပဲ။

အဲ့ဒါဆို ငါတို့တွေအကုန် ဒုက္ခရောက်ပြီ။ နင်တို့ သေလားရှင်လား ဂရုစိုက်နိုင်တော့မှာမဟုတ်ဘူး။

အရာရှိတွေဆီ ပြန်ရောင်းစားခံရမဲ့အစား နင်တို့နှစ်ယောက်ကို အခု လွတ်လပ်ခွင့်ပေးလိုက်တာ ပိုကောင်းတယ်”

သူမ ပြောပြီးနောက် ဟဲကျစ်ယန်သည် အင်္ကျီလက်အောက်မှ ငွေချောင်း လေးဆယ်ကိုထုတ်ယူကာ တစ်ယောက်ကို ငွေချောင်း အချောင်း ၂၀ စီ ပေးလိုက်သည်။

အစေခံလေးနှစ်ယောက်မှာ သခင်မက သူမတို့ကို လွှတ်ပေးလိုက်သည့် အကြောင်းရင်းက ဒီလိုဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမတို့ ခဏလောက်တော့ လက်မခံနိုင်ဖြစ်သွားရ၏။

သခင်မလေးဘေးတွင် တစ်သက်လုံး ခစားဖို့ဟူသော အတွေးက အရိုးစွဲနေပြီဖြစ်သည်။

“သခင်မလေး ချောင်ရှင်းကတော့ မသွားဘူး”

“ချောင်းယွီလဲ ထွက်မသွားဘူး”

အတိတ်တုန်းကသာဆိုလျှင် ဟဲကျစ်ယန်သည် သူမတို့အား အေးအေးဆေးဆေး နားလည်အောင် ရှင်းပြပေးမည်ဖြစ်သော်လည်း ယခုအချိန်‌တွင်တော့ သူမမှာ ရှင်းပြပေးဖို့ အချိန်လဲမရှိသလို ခွန်အားလဲရှိမနေပေ။

“ဒီကိစ္စက မင်းတို့ငြင်းပယ်ခွင့်မရှိဘူး။ အခုထုပ်ပိုးတော့ တစ်နာရီလောက်ကြာရင် မင်းတို့ကို အိမ်တော်အပြင်ပို့ပေးဖို့ လူတစ်ယောက် လွှတ်ပေးလိုက်မယ်”

“သခင်မလေး ...”

ချောင်ယွီက တစ်ခုခုပြောချင်နေသေးပုံ ပေါ်သည့်အတွက် ဟဲကျစ်ယန် လက်ကိုမြှောက်ကာ တားလိုက်သည်။ “တော်လောက်ပြီ။ ထပ်ပြောဖို့မလိုတော့ဘူး”

အစေခံလေးနှစ်ယောက်ကို သွားခွင့်ပေးပြီး မော့ကျိုးယွီဘက်တွင်လည်း အလားတူပင်။

ဟဲကျစ်ယန် ထွက်သွားပြီးနောက် သူသည် ငယ်ရွယ်သန်စွမ်းပြီး သူ့ထံတွင် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သော လူငယ်များကိုခေါ်ကာ လွတ်လပ်ခွင့်ပေးလိုက်သည်။

အိမ်တော်အတွင်းရှိ တခြားအစေခံများအတွက်မူ ထိုအရာက သူ့မိခင်နှင့် မရီးများ၏ အဆုံးအဖြတ်သာ ဖြစ်သည်။

ကျွန်စာချုပ်များ ပြန်ပေးပြီး အစေခံလေးများကို လွှတ်ပေးပြီးနောက် ကောင်းကင်ကြီးမှာ လင်းနေပြီဖြစ်သည်။

ဟဲကျစ်ယန်သည် အခန်းထဲရှိ နာရီကိုကြည့်လိုက်သောအခါ မနက် ငါးနာရီကျော်နေပြီဟု ပြသနေ၏။

အိမ်တော်တွင်းရှိ စားဖိုဆောင် ပစ္စည်းများကို ဟဲကျစ်ယန် အကုန်သိမ်းကြုံးယူခဲ့သော်လည်း နောက်ပိုင်းတွင် ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများထည့်ရန် နေရာလိုသဖြင့် မီးဖိုချောင် ပစ္စည်းများကို အခန်းငယ်လေးထဲတွင် စုပုံထားခဲ့သည်။

ကံကောင်းစွာပင် သခင်မကြီးမော့၏ ခြံဝန်းထဲတွင် မီးဖိုငယ်လေး ရှိနေ၏။

သူမတို့ အမှန်တကယ်ပဲ ပြည်နှင်ဒဏ်ပေးခံရမည်ဆိုလျှင် ထွက်မသွားခင် ဗိုက်ပြည့်နေမှ အဆင်ပြေပေမည်။ ထို့ကြောင့် သခင်မကြီးမော့သည် သူမ၏ မီးဖိုချောင်ငယ်လေးထဲတွင် ဆန်ပြုတ်များ ကြိုခိုင်းလိုက်သည်။

ဤအချိန်တွင် ဆန်ပြုတ်က ကျက်နေပြီဖြစ်သောကြောင့် အသက်ကြီးကြီး အေစခံတစ်ယောက်က မင်္ဂလာခန်းဆီသို့လာကာ သူမတို့နှစ်ဦးကို မနက်စာစားရန် ဖိတ်ခေါ်လာသည်။

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ မင်္ဂလာပထမနေ့တွင် မိခင်ကို သွားရောက်နှုတ်ဆက်ဖို့တော့ မေ့ထားလိုက်ကြတော့သည်။

ဟဲကျစ်ယန်သည် အိပ်ရာပေါ် လှဲနေသော မော့ကျိုးယွီကိုကြည့်လိုက်၏။ “အမေ့ရဲ့ ခြံဝန်းဆီ မနက်စာစားဖို့ သွားမှာလား”

မော့ကျိုးယွီ ခေါင်းယမ်းလိုက်သည်။ “မသွားတော့ဘူး။ မေ့ချင်ယောင် ဆက်ဆောင်နေဦးမယ်”

ဟဲကျစ်ယန်လည်း မော့ကျိုးယွီလုပ်သည်က မှန်သည်ဟု ထင်မိ၏။

ဧကရာဇ်က သူ့ကို စွပ်စွဲနှိပ်စက်ဖို့ မနေ့ညက နန်းတော်ဆီခေါ်ခဲ့မှတော့ ဒါက ပြည်နှင်ဒဏ်ပေးခံရစဉ် ဒဏ်ရာပြင်းထန်ပြီး သေသွားအောင် တမင်လုပ်ခြင်းပင်။

အကယ်၍ သူသာ အပြင်ထွက်ပြီး စကားပြောနိုင်နေပါက ဧကရာဇ်သာ သိသွားခဲ့လျှင် မော့မိသားစုကို ကိုင်တွယ်ဖို့ တခြားနည်းလမ်းတွေ သုံးလာမှာ သေချာပေသည်။

ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားဖို့ မေ့ချင်ယောင်ဆောင်နေတာ အကောင်းဆုံးပင်။

“ကျွန်မ အရင်သွားကြည့်ပြီး ရှင့်အတွက် စားစရာ ပြန်ယူလာခဲ့မယ်”

ပြောပြီးနောက် ဟဲကျစ်ယန်သည် အစေခံအိုကြီး အနောက်မှလိုက်ကာ သခင်မကြီးမော့၏ ခြံဝန်းသို့သွားလိုက်သည်။

မော့မိသားစုဝင်များမှာ လျော်ကန်သော လူများဖြစ်ကြသည်။ မရီးများနှင့် အဒေါ်ငယ်များမှာ သခင်မကြီး၏ ခြံဝန်းထဲသို့ ရောက်နှင့်နေကြပြီဖြစ်သည်။

အမျိုးသမီးများအားလုံးသည် ဧည့်ခန်းရှိ ထမင်းစား စားပွဲကြီးတွင် စီစီရီရီ ထိုင်နေကြပြီး သခင်မကြီးမော့ စကားပြောသည်အထိ တစ်ယောက်မှ တူမကိုင်ကြပေ။

သခင်မကြီးမော့မှာ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ ရောက်လာပြီး အတူတူစားကြမည်ကို စောင့်နေခြင်းဖြစ်သည်။

ယနေ့က သူမ သားလေး၏ မင်္ဂလာဦးနေ့ဖြစ်သောကြောင့် အနည်းဆုံးတော့ ရိုးရာတကျ ဖြစ်သင့်ပေသည်။

ဟဲကျစ်ယန်ပဲ ရောက်လာသည်ကိုမြင်ပြီး မော့မိသားစုက ကြုံတွေ့နေရသော ဘေးဒုက္ခကြီးကို မသိသော မော့ဟန်ယွဲ့က သူမအား နွေးထွေးစွာ ထွက်ကြိုလိုက်သည်။

သူမသည် တောက်ပစွာ ပြုံးလိုက်ပြီး ဟဲကျစ်ယန်နှင့် လက်ချင်းချိတ်လိုက်၏။ “ယောင်းမလေး နဝမအစ်ကိုက ဘာလို့ အတူတူမလာတာလဲ”

မော့ဟန်ယွဲ့၏ အဆင့်အရ အိမ်တော်ထဲတွင် ဘာဖြစ်နေလဲ သူမ လုံးဝ မသိပေ။

ဟဲကျစ်ယန်သည် ရိုးရိုးရှင်းရှင်းပင် စကားလမ်းကြောင်း ပိတ်လိုက်သည်။ “သူ မနေ့ညက နန်းတော်ကနေ နောက်ကျမှပြန်လာရတာ၊ အခုလေးတင်ပဲ အိပ်ပျော်သွားလို့ပါ”

ဤဖြေရှင်းချက်အား မော့ဟန်ယွဲ့က လုံးဝ သံသယမဝင်ပေ။

“နဝမအစ်ကိုက အလုပ်ကြိုးစားတာပဲ။ သူ့ကို နည်းနည်းလောက် အိပ်ခိုင်းလိုက်ပါ။ ယောင်းမလေး မြန်မြန်လာ မနက်စာ စားကြရအောင်”

သခင်မကြီးမော့နှင့် မရီးများမှာ အခြေအနေကို သိနေကြသောကြောင့် မော့ဟန်ယွဲ့လို မမေးမြန်းကြပေ။

သို့သော် အားလုံး မျက်နှာမကောင်းကြပေ။

သခင်မကြီးမော့သည် ဟဲကျစ်ယန် စားပွဲဆီသို့ လာသောအခါ ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ပြီး ထိုင်ရန်ပြောလိုက်၏။

“မိန်းကလေးဟဲ အိမ်ရဲ့ အခြေအနေကို သမီးလဲ သိတာကဲ။ မင်္ဂလာဦးနေ့ဖြစ်ပေမဲ့ အများကြီး မပြင်ဆင်ထားနိုင်ဘူး။ ဆန်ပြုတ်အလွတ်နဲ့ပဲ စတင်ကြရအောင်ကွယ်”

“အမေ ဒါက တကယ်ကောင်းလွန်းနေပါပြီ”

ပြောပြီးနောက် ဟဲကျစ်ယန်သည် မော့ဟန်ယွဲ့ဘေးတွင် ထိုင်လိုက်၏။

သို့သော် သူမရှေ့ရှိ ဆန်ပြုတ်ပန်းကန်ကိုကြည့်ပြီး ချက်ချင်းပဲ မျက်မှောင်ကြုံ့လိုက်မိသည်။

“အမေ၊ မရီးတို့ ဒီဆန်ပြုတ်ကို ဘယ်သူချက်ထားတာလဲ”

သခင်မကြီးမော့သည် ပန်းကန်ကိုကိုင်ကာ သောက်မလို့ပြင်နေစဉ်ပဲ ဟဲကျစ်ယန်၏ အမေးကြောင့် ပန်းကန်ကို ပြန်ချလိုက်သည်။

“အမေ့ခြံဝန်းထဲက အစေခံတွေ ပြင်ဆင်ကြတာပဲ။ ဘာဖြစ်လို့လဲ”

“အမေ၊ မရီးတို့ ဒီဆန်ပြုတ်ထဲမှာ အဆိပ်ရှိနေတယ်”

ထိုစကားကိုကြားပြီးနောက် မရီးများနှင့် မော့ဟန်ယွဲ့တို့မှာ ဆန်ပြုတ်ပန်းကန်များကို ချက်ချင်းချလိုက်ပြီး ဟဲကျစ်ယန်အား ကြည့်လာကြသည်။

“မိန်းကလေးဟဲ မင်းပြောချင်တာ ဒီထဲမှာ အဆိပ်ရှိနေတာလား” သခင်မကြီးမော့ မယုံကြည်စွာ မေးလိုက်သည်။

“အမေ ကျွန်မ အမှတ်မမှားဘူးဆိုရင် ဒါက ကောင်းကင်ဘုံတက်လှမ်းခြင်း လို့ခေါ်တဲ့ သေစေနိုင်တဲ့ အဆိပ်ပါ။ ဒါကို စားတဲ့လူတိုင်း အသက်ရှင်နိုင်မှာမဟုတ်ဘူး”

သူမ ပြောပြီးပြီးချင်း အစေခံတစ်ယောက်က အလောတကြီး ပြေးလာခဲ့သည်။ “သခင်မကြီးရှင့် မကောင်းတော့ဘူး။ အဘွားချန်နဲ့ အစေခံချွေ့ ရုတ်တရတ်ကြီး မြေကြီးပေါ် လဲကျသွားပြီး ပါးစပ်ကလဲ အမြှုပ်တွေ ထွက်နေကြတယ်။ ရေနည်းနည်းနည်းသောက်ပြီး အဲ့လိုဖြစ်သွားတာပဲ”

“မင်း ဘာပြောလိုက်တာ...” သခင်မကြီးမော့ ချက်ချင်းပဲ ထရပ်လိုက်ပြီး ခြေလှမ်းငယ်များဖြင့် ခပ်ဖြေးဖြေး လှမ်းထွက်လိုက်သည်။

“သူတို့ ဘယ်မှာလဲ”

“သခင်မကြီးကို ဖြေကြားပါတယ်။ သူတို့ နားနေခန်းမှာပါ”

မရီးများနှင့် ဟဲကျစ်ယန်လည်း သခင်မကြီးမော့နောက်မှ နားနေခန်းဆီသို့ လိုက်သွားကြသည်။

သေချာပေါက်ပင် အဘွားချန်တို့နှစ်ယောက်သည် မြေကြီးပေါ်လဲကျနေပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ တစ်ကိုယ်လုံးတုန်နေပြီး မျက်ဆံများလန်ကာ သေလုမျောပါးဖြစ်နေကြပြီဖြစ်သည်။

သခင်မကြီးမော့က စစ်ဆေးကြည့်လိုက်ပြီးနောက် ဟဲကျစ်ယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“တကယ်ကို တစ်ယောက်ယောက်က သူတို့ကို အဆိပ်ခတ်သွားတာပဲ”

All Chapters